Monday, December 5, 2011

လက်ရှိ တရားစီရင်ရေးစနစ်ဖြင့် ဒီမိုကရေစီဖော်ဆောင်ရန် ခက်ခဲနိုင်


Sunday, 04 December 2011 12:09

အစိုးရအဖွဲ့သစ်ပြောင်းလဲပြီး ဖြစ်သော်လည်း လက်ရှိတရားစီရင်ရေးစနစ်တွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းအချို့နှင့် တရားရေးဝန်ထမ်းအချို့၏ လုပ်ဆောင်မှုဆုံးဖြတ်မှုအချို့မှာမူ ဒီမိုကရေစီဖော်ဆောင်နိုင်သည့် အခြေအနေတွင် မရှိနိုင်ကြောင်း အမှုသည်များ၊ ရှေ့နေများထံမှ သိရသည်။

"တရားစီရင်ရေးမဏ္ဍိုင် မတိမ်းစောင်းစေဖို့ ဆိုတဲ့နေရာမှာ အဓိကအားဖြင့်တော့ တရားသူကြီးတွေပေါ်ပဲ မူတည်တာတော့ မဟုတ်ပါဘူး။ ဒီတရားစီရင်ရေး အ၀န်းအ၀ိုင်းကြီးထဲမှာ ပါဝင်ပတ်သက်နေသူတွေ ကိုယ်တိုင်လည်းပဲ ၀ိုင်းဝန်းထိန်းကျောင်းကြရမယ်လို့ ပြောရမှာပါ။ အမှုသည်တိုင်းကတော့ အမှုနိုင်ချင်ကြတာချည်းပါပဲ။ ဒါကြောင့် အမှုနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ လာဘ်လာဘ လမ်းကြောင်းဆိုတာကြီးပေါ် တက်သွားပါပြီ။ ရှေ့နေတွေကလည်း သူ့အမှုသည်ကို နိုင်စေချင်တာပါပဲ။ ဒီမှာလည်း အမှုနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လာဘ်လာဘလမ်းကြောင်းကို သွားနေမှာပါပဲ။ တရားသူကြီးတွေ ကိုယ်တိုင်ကလည်း အမှုတိုင်းကို လာဘ်လာဘထက်ဆိုးတဲ့ အဂတိတရား လမ်းကြောင်းပေါ်ကို ရောက်သွားတဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုမျိုးဆိုရင် ဒီတရားစီရင်ရေးမဏ္ဍိုင်ဟာ တိမ်းစောင်းသွားမယ့် အခြေအနေဖြစ်ပါတယ်။ အဂတိတရားမှာလည်း ပြန်ကြည့်မယ်ဆိုရင် မောဟဂတိနဲ့ ဘယဂတိက ပိုအရေးကြီးပါတယ်။ သိမ်မွေ့လွန်းတဲ့အတွက် အဂတိတရား လုပ်မိပါလားလို့ မတွေးမိဘဲ အဂတိလိုက်မိ သွားတတ်ပါတယ်။ မိမိကိုယ်တိုင် ဥပဒေကလည်း မကျွမ်းကျင်၊ ထောက်ထားစာနာစရာလည်း ပေါ်လာမယ်ဆိုရင် မိမိဆုံးဖြတ်လိုက်တာဟာ မောဟဂတိနဲ့ ညှိသွားတယ်လို့ မသိဘဲနဲ့ ဆောင်ရွက်သွားမိတတ်ပါတယ်။ အလားတူပါပဲ ဥပဒေပိုင်းအရ ကျွမ်းကျင်သော်လည်း ဖြောင့်မတ်စွာ ဆောင်ရွက်လိုသော်လည်း ဒီလိုဆောင်ရွက်လိုက်ရင် တစ်စုံတစ်ရာသော ဘေးကျမှာကို ကြောက်တဲ့အတွက် စီရင်ဆုံးဖြတ် လိုက်မိတာလည်းပဲ ဘယဂတိနဲ့ ညှိသွားတာပါပဲ။ ဒါကြောင့် အဂတိတရားတွေထဲမှာ ဒီဂတိတရားနှစ်ပါးဟာ သိပ်ကိုအရေးကြီးတဲ့အတွက် တရားသူကြီးတွေ သတိထားပြီး ဆင်ခြင်ဆောင်ရွက် သင့်ပါတယ်"ဟု စာရေးဆရာ တရားလွှတ်တော်ရှေ့နေတစ်ဦးက မျက်မှောက်တရားစီရင်ရေးမဏ္ဍိုင်နှင့် ပတ်သက်၍ သုံးသပ်ပြောကြားပါသည်။
တရားစီရင်ရေး မဏ္ဍိုင်ကို ဦးဆောင်သူ အချို့ဟာ လာဘ်လာဘ အခွင့်အရေးနဲ့ အာဏာအတွက် ဝေဖန်မယ့်သူ၊ ထောက်ပြမယ့်သူတွေကိုတောင် နှိပ်ကွပ်ဖို့ အားထုတ်လာတဲ့ သဘောတွေတွေ့နေရတယ်။ တရားရုံး မထီမဲ့မြင်ပြုမှုဆိုတဲ့ ဥပဒေကို တရားသူကြီးအချို့က လက်နက်သဖွယ် အသုံးပြု ခြိမ်းခြောက်ဖို့ လုပ်ဆောင်နေတာကို တွေ့ရတယ်။ အဝေဖန်မခံနိုင်တာ တင်မကဘဲ ဝေဖန်မယ့်သူတွေ ဝေဖန်နိုင်အောင် ဥပဒေကို အလွဲသုံးစားလုပ် ခြိမ်းခြောက်ချင်တဲ့ ပုံစံမျိုးတွေရှိနေတယ်

"တရားသူကြီး တစ်ဦးတည်း တရားစီရင်ဆုံးဖြတ်တာ ထက် တရားသူကြီးတစ်ဦးထက် ပိုပါဝင်တဲ့ခုံအဖွဲ့နဲ့ ဆုံးဖြတ်တာကပိုပြီးတော့ ကောင်းပါတယ်။ ဒါပေမယ့် အရေးကြီးတာကတော့ အဲဒီခုံအဖွဲ့မှာပါဝင်နေတဲ့ တရားသူကြီးတွေရဲ့ တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ ကိုယ်ကျင့်တရား ရိုးဖြောင့်မှုက ပိုပြီးအဓိကကျနေပါတယ်။ တစ်ခေတ်တစ်ခါတုန်းကလည်း ခုံအဖွဲ့နဲ့ တရားစီရင်ခဲ့တာ ရှိခဲ့ပေမယ့် အဲဒီတုန်းက တရားသူကြီးတွေဟာ တရားသူကြီး တစ်ယောက်ဖြစ်ထိုက်တဲ့ ကိုယ်ကျင့်တရား အရည်အသွေး၊ တရားဥပဒေ ကျွမ်းကျင်မှုမရှိတဲ့အတွက် တရားစီရင်ရေးမဏ္ဍိုင်မှာ ကမောက်ကမဖြစ်ခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်"ဟု ၎င်းက ထောက်ပြပြောကြားခဲ့သည်။

7104
လက်ရှိတရားစီရင်ရေး စနစ်တွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်း အချို့သည် ဒီမိုကရေစီ ဖော်ဆောင်နိုင်သည့် အခြေအနေတွင်မ ရှိနိုင်ဟု ဆိုရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်အချို့မှာ ဒီမိုကရေစီကို အမှန်တကယ် ဖော်ဆောင်ရာတွင် လိုအပ်ချက်အချို့ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ၀ါရင့်ရှေ့နေကြီးများက ဆိုပါသည်။

လက်ရှိအချိန်အထိ ကျင့်သုံးနေသော တရားစီရင်ရေးနှင့် ဆက်နွှယ်နေသည့် ဥပဒေများထဲတွင် တရားရုံးများကို မထီမဲ့မြင်ပြုမှု အက်ဥပဒေ၊ အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ၊ ပြည်ထောင်စုတရား စီရင်ရေး ဥပဒေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ တရားစီရင်ရေးအခန်းတို့မှာ အဓိကပါဝင်နေကြောင်း သိရသည်။

"တိုင်းပြည်တစ်ပြည်မှာ ပထမမဏ္ဍိုင်၊ ဒုတိယမဏ္ဍိုင်နဲ့ တတိယမဏ္ဍိုင်က အရေးအကြီးဆုံးပဲ။ ဒါကြောင့်နိုင်ငံတိုင်း မဏ္ဍိုင်သုံးရပ်ကို ကောင်းအောင်လုပ်ရတယ်။ ဒီမဏ္ဍိုင်သုံးရပ်ကို စတုတ္ထမဏ္ဍိုင်က ပြန်ထောက်တယ်။ ဒီ ၁၊ ၂၊ ၃ က မမှန်ရင် ၄ ကို ထောင်ချလို့ရတယ်။ အရေးယူလို့ရတယ်။ လောကမှာ မှန်တယ်၊ မှားတယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တရားစီရင်ရေးမဏ္ဍိုင်က စည်းမပျက်ဖို့ လိုတယ်။ ဒီမဏ္ဍိုင် စည်းပျက်ပြီပဲထား။ အဲဒီတိုင်းပြည်က ဘာကျန်သေးလို့လဲ" တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်အချို့မှာ ဒီမိုကရေစီကို အမှန်တကယ် ဖော်ဆောင်ရာတွင် လိုအပ်ချက်အချို့ရှိနေပြီး ယင်းဥပဒေများထဲတွင် အဂတိလိုက်စားသူ တရားသူကြီးများကို မည်သို့အရေးယူရမည် ဆိုသည့်အချက်တို့ မပါဝင်ခြင်း၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ အားလုံး၏ သက်တမ်းသည် နှစ်၂၀ အထိရှိနေပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၏ သက်တမ်းဖြစ်သည့် ၅ နှစ်နှင့်များစွာ ကွာခြားနေခြင်း၊ တရားသူကြီးများ၏ အရည်အချင်းများနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်အချို့သည် အငြင်းပွားဖွယ်ရာ ဖြစ်နေခြင်း၊ အချို့သော ပြဋ္ဌာန်းချက်ပါ စကားလုံးများနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက် မပါရှိသောကြောင့် ဥပဒေကို လိုက်နာကျင့်သုံးရာ၌ အခက်အခဲရှိနေခြင်းတို့ ဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၀၁ တွင် ပြဋ္ဌာန်းထားသည်မှာ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် အသက် ၅၀ နှစ်ထက်မငယ်၊ အသက် ၇၀ နှစ်ထက်မကြီးသူ၊ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊ ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံးငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ်သစ္စာရှိသူ၊ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ စသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် မိမိသဘောအလျောက် ရာထူးမှ နုတ်ထွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ ရာထူးမှ ရပ်စဲခံရခြင်း၊ ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း မရှိကြောင်း တွေ့ရှိရခြင်း၊ ကွယ်လွန်ခြင်းစသည့် အကြောင်းတစ်ရပ်ရပ် မပေါ်ပေါက်လျှင် အသက် ၇၀ နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း သိရသည်။

“ယခု တရားစီရင်ရေးတွင်လည်း တရားသူကြီးများ၏ အဂတိလိုက်စားမှုများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ အစရှိသည့် အဖွဲ့အစည်းအသီးသီးမှ အဆင့်ဆင့်စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်း မရှိသော်လည်း ယခင်တည်ဆဲဥပဒေအရအရေးယူနိုင် . . .”

"ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၁ ကိုကြည့်ရင် အာဏာပိုင်အဆင့် တရားသူကြီးတွေ သက်တမ်းကို နှစ် ၂၀ တောင် ပေးထားတာ တွေ့နိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်  တိုင်းပြည်ရဲ့ တတိယမဏ္ဍိုင် တရားစီရင်ရေးက အာဏာပိုင်တွေက သူတို့အာဏာကို နှစ်ပေါင်းရှည်ကြာ ရယူမဲ့သဘောဖြစ်နေလို့ ကျွန်တော်တို့ တိုင်းပြည်လို ကာလအတော်ကြာ ယိုင်နဲ့ခဲ့တဲ့ တရားစီရင်ရေးမဏ္ဍိုင် အတွက်ဆိုရင် ဒီမိုကရေစီဖော်ဆောင်ရာမှာ အခက်ခဲရှိနိုင်မှာ ဖြစ်ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်က အာဏာပိုင်တွေတောင် ဒီမိုကရေစီနည်းကျကျ အာဏာကိုအကြာကြီးယူမထားပဲ ငါးနှစ်တစ်ခါလဲမှာ ဖြစ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း ၆ တရားစီရင်ရေးအခန်းပါ ဒီအချက်တွေနဲ့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပါ ဒီလိုအချက်တွေကို ပြင်ဆင်သင့်ပါတယ်။ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေမှာလည်း တရားသူကြီးတွေ သက်တမ်းနဲ့ ပတ်သက်လို့ ဒီလိုပဲ ပြဋ္ဌာန်းထားလို့ပါ" အထက်တန်း ရှေ့နေတစ်ဦးက သုံးသပ်ပါသည်။

"တရားသူကြီး အရည်အချင်းတွေကို အထက်မှာ ဘယ်လိုဖြင့် ဘယ်နေရာတွေမှာ လုပ်သက်ရှိရမယ် ပါပေမဲ့ ဥပဒေစာကြောင်း အောက်နားရောက်တော့ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူလို့ပါတယ်။ ဒါကြောင့် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူဆိုတဲ့အချက်နဲ့ ပတ်သက်လို့အဓိပ္ပာယ် ဖွင့်ဆိုချက်မျိုးထည့်ပြီး ပြင်ဆင်မှ ဥပဒေက သရေကြိုးလို လိုသလိုဆွဲလို့ရတယ်လို့ အထင်မြင် မမှားနိုင်မှာဖြစ်ပါတယ်"ဟု ဥပဒေအကြံပေးတစ်ဦးက ရှင်းပြသည်။

တရားရုံးများအား မထီမဲ့မြင်ပြုပါက ပြစ်မှုထင်ရှားသူကို ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ဒဏ်ငွေနှစ်ထောင်အထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံး ဖြစ်စေချမှတ်နိုင်ကြောင်းနှင့် တရားရုံးများအား မထီမဲ့မြင်ပြုမိသူသည် တရားရုံးက  စိတ်ကျေနပ်တဲ့အထိ တောင်းပန်ပါက ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနိုင်ကြောင်း THE CONTEMPT OF COURTS ACT ပုဒ်မ ၃ တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

THE CONTEMPT OF COURTS ACT သည်  ပြည်ထောင်စုမြန်မာနိုင်ငံ ဥပဒေအတွဲ(၁) (THE BURMA CODE VOLUME 1)တွင် ပါဝင်ပြီး ဥပဒေတစ်ခုလုံးတွင် ပုဒ်မ ၁ မှာ ဖျက်သိမ်းထားပြီး ပုဒ်မ၂နှင့် ၃သာ ပြဋ္ဌာန်းထားသည်ဖြစ်ရာ မည်ကဲ့သို့သော အပြုအမူလုပ်ရပ်များသည် တရားရုံးများအပေါ် မထီမဲ့မြင်ပြုရာ ရောက်ကြောင်းကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုပြဋ္ဌာန်းထားချက် မရှိကြောင်း သိရသည်။

ထို့ပြင် THE CONTEMPT OF COURTS ACT ကို မြန်မာနိုင်ငံမှ ပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ ၁၉၂၆ ခုနှစ် မေလ ၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် INDIA ACT X11 ကို ဆက်လက် ကျင့်သုံးနေခြင်း ဖြစ်ကြောင်း တရားရုံးများ မထီမဲ့မြင်ပြုမှုနှင့် ပတ်သက်၍လည်း သတိပြုသင့်သည့် စီရင်ထုံးတစ်ခုရှိခဲ့ကြောင်း သိရသည်။

ယင်းစီရင်ထုံးတွင် "တရားရုံးများ မထီမဲ့မြင်ပြုမှု အက်ဥပဒေပုဒ်မ ၃ တွင် မည်ကဲ့သို့သော အပြုအမူလုပ်ရပ်များသည် တရားရုံးများအပေါ် မထီမဲ့မြင်ပြုရာရောက်ကြောင်း ဖွင့်ဆိုပြဋ္ဌာန်းထားခြင်း မရှိချေ။ အမှုတစ်ခုချင်းကို လိုက်၍ပေါ်ပေါက်သည့် အကြောင်းခြင်းရာ ပြသနာကိုအခြေခံပြီး တရားရုံးအား မထီမဲ့မြင်ပြုရာ ရောက်မရောက် သုံးသပ်ဆုံးဖြတ်ရန် ဖြစ်သည်။ တရားရုံးက အဆုံးအဖြတ်ပေးမည့် ကိစ္စတစ်ရပ်ကို တရားရုံးက မဆုံးဖြတ်မီ တရားရုံး(သို့) တရားသူကြီးကို အထင်အမြင် သေးသိမ်စေနိုင်သော သို့မဟုတ် တရားရုံး၏ တရားဖြောင့်မှန်ရေးကို အနှောင့်အယှက်ဖြစ်စေသော သို့တည်းမဟုတ် တရားရုံး၏ အဆုံးအဖြတ်ကို ၀င်ရောက်စွက်ဖက်ရာ ရောက်သော အရေးအသား၊ အပြောအဆို၊ အပြုအမူများ ပြုလုပ်ခြင်း သတင်းစာမှ ကြော်ငြာခြင်းတို့သည် လည်းကောင်း တရားရုံးက တရားသဖြင့် ထုတ်ဆင့်သော အမိန့်စာ၊ ဆင့်စာ၊ ၀ရမ်းစာစသည်တို့ကို အတည်ပြုရာ၌ အနှောင့်အယှက် အကာအကွယ် အတားအဆီး ပြုလုပ်ခြင်းတို့သည် လည်းကောင်း တရားရုံးကို မထီမဲ့မြင့်ပြုမှုများ ဖြစ်သည်။"ဟူ၍ ဦးမောင်မောင်ပါ-၂ နှင့် ဒေါ်ကြူစိန်ပါ-၃ (၁၉၉၂၊ မ.တ.စ၊ စာ-၁၀၂)တွင် ဆိုထားချက်အရ သိရသည်။  

တရားရုံးတွေကို မထီမဲ့မြင်ပြုရင် တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေနဲ့ အရေးယူလေ့ရှိပါတယ်။ တရားရုံးများကို မထီမဲ့မြင်ပြုမှု အက်ဥပဒေက မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတာမဟုတ်ဘဲ ၁၉၂၆ခုနှစ် မေလ ၁ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တဲ့ INDIA ACT X11 ကို ဆက်လက်ကျင့်သုံးနေတာပါ။ ဥပဒေတစ်ခုလုံးမှာလည်း ပုဒ်မနှစ်ခုပဲပါပြီး ဘယ်လိုကျူးလွန်မှုမျိုးက ပြစ်မှုမြောက်လဲ အတိအကျမပြဋ္ဌာန်းထားပါဘူး။ စီရင်ထုံးပဲရှိပါတယ်။ ဒါကြောင့် ဒီဥပဒေကိုဖျက်သိမ်းသင့်ပြီး ဥပဒေတစ်ခုရဲ့ အင်္ဂါရပ်တွေနဲ့အညီ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အစုံအလင်နဲ့ တရားရုံးကို မထီမဲ့မြင်ပြုခြင်းကို အရေးယူတဲ့ သီးခြားဥပဒေတစ်ခုကို မြန်မာနိုင်ငံအနေနဲ့ ပြဋ္ဌာန်းလိုက်နိုင်မယ်ဆိုရင် အငြင်းပွားဖွယ်ရာတွေရှိမှာ မဟုတ်တော့ပါဘူး။  အဲဒီအခါ အပြစ်မရှိသူတွေကိုလည်း THE CONTEMPT OF COURTS ACT ကို အကြောင်းပြ လက်တစ်လုံးခြားလုပ်ပြီး အရေးယူတာတွေ ရှိလာနိုင်မှာ မဟုတ်တော့ဘူး"ဟု ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေတစ်ဦးက သုံးသပ်ခဲ့ပါသည်။

လာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှုများ ပြုလုပ်သည့် တရားသူကြီးအချို့ကို ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ခဲ့ရခြင်းကြောင့် တရားသူကြီးများသည် အဂတိတရားကင်းရှင်းပြီး ကိုယ်ကျင့်သီလ စင်ကြယ်သည့် ပုဂ္ဂိုလ်များဖြစ်ရေး ကြိုးစားကြရန်လိုကြောင်း ၂၀၀၉ ခုနှစ် မေလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိ တရားရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် တရားရုံးချုပ်နှင့် ပြည်နယ်/တိုင်း တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန် (လက်ရှိနိုင်ငံတော်သမ္မတကြီး)က ပြောကြားခဲ့ဖူးကြောင်း သိရသည်။

ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ပင် နိုင်ငံတော်ဝန်ကြီးချုပ် (လက်ရှိနိုင်ငံတော်သမ္မတကြီး)က "တရားစီရင်ရေးစနစ်ကိုလည်း ပြည်သူများ အားကိုးယုံကြည်သော စနစ်ဖြစ်လာအောင် မိမိတို့ပြုပြင် ထူထောင်သွားရမည် ဖြစ်ကြောင်း၊ အားနည်းချက်၊ ချို့ယွင်းချက်များကို ယေဘူယျခြုံငုံပြီး စိစစ်လျှင် စနစ်၊ ကျင့်ဝတ်၊ လုပ်ထုံး လုပ်နည်းတို့၏ မပြည့်စုံအားနည်းမှုကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းချို့ယွင်းချက်များကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း၊ သို့သော်အချို့သော အားနည်းချက်များသည် ပုဂ္ဂိုလ်တစ်ဦးချင်း၏ အကျင့်သိက္ခာနှင့် မဆိုင်ဘဲ လုပ်ငန်းဆိုင်ရာ မကျွမ်းကျင်မှု၊ မသေသပ်မှု၊ ပေါ့လျော့မှု၊ စည်းကမ်းမကျမှုမျိုးများ တွေ့ရခြင်းကြောင့် အဆင့်ဆင့်သော တရားသူကြီးများကို စနစ်တကျ သွန်သင်လေ့ကျင့် ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ တရားရုံးများက ချမှတ်လိုက်သည့် စီရင်ဆုံးဖြတ်ချက်များသည် အဂတိလိုက်စားမှု ကင်းရှင်းသော စီရင်ဆုံးဖြတ်ချက်များ ဖြစ်ရန်နှင့် မေတ္တာဖြင့်ယှဉ်သော သွန်သင်ဆုံးမမှု၊ ပညာပေးမှုမျိုးဖြစ်စေရန် အမြဲဂရုပြုသင့်ကြောင်း" ပြောကြားခဲ့ပါသည်။

သက်သာချောင်ချိမှု အခက်အခဲနှင့် လောဘကြောင့် လာဘ်ပေးလာဘ်ယူ ဖြစ်ပွားနေရကြောင်း၊ သက်သာချောင်ချိရေးအတွက် မည်သို့ စီမံဆောင်ရွက်မည်ကို စောင့်ကြည့်ပေးစေလိုကြောင်း ပြည်သူများ၏ နစ်နာမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးထံ လိပ်မူတိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မီဒီယာများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ  ၀န်ကြီးဦးဥာဏ်ထွန်းဦးက ပြောကြားခဲ့ပါသည်။

Clean Government, Good Governmnet ကို ပိပိရိရိ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ Clean Government ဖြစ်ရန် Good Government လိုကြောင်း၊ စနစ်တကျ စီမံအုပ်ချုပ် ကွပ်ကဲမှသာလျှင် လာဘ်ပေးလာဘ်ယူ ကင်းလာမည်ဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူ ဘာကြောင့်ဖြစ်သလဲဆိုပါက (၁)အချက် လောဘကြီး၍ ဖြစ်ကြောင်း(၂)အချက် သက်သာချောင် ချိမှုအတွက် အခက်အခဲရှိလာ၍ ဖြစ်ကြောင်း၊ အဲဒီအချက်များအား လေ့လာပြီး သက်သာချောင်ချိမှု မရှိသူများကို သက်သာချောင်ချိမှု ရှိအောင် တာဝန်ရှိသူများက ဘယ်လိုအစီအမံများ လုပ်မည်၊လောဘကြီးပြီး မတရားလုပ်နေသူများကို ဘယ်လိုအရေးယူမည်ကို နည်းနည်းစောင့်ကြည့် စေလိုကြောင်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၀န်ကြီးဦးဥာဏ်ထွန်းဦးက ဆိုပါသည်။

ထို့အတူ လက်ရှိတရား စီရင်ရေးတွင် အဂတိလိုက်စားသူ တရားသူကြီးအချို့ကြောင့် နစ်နာသူ အမှုသည်များရှိနေပြီး တိုင်ကြားသူများလည်း ရှိနေကြောင်း နစ်နာသူအမှုသည်များ အနေဖြင့် သက်ဆိုင်ရာသို့ ထိထိရောက်ရောက် တိုင်ကြားခြင်း လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့်လွှတ်တော်သို့ တင်သွင်းကာ ယင်းတရားသူကြီးအား စွပ်စွဲပြစ်တင်ကာ ရာထူးမှရပ်ဆဲသင့်ကြောင်း နစ်နာသူအမှုသည်များက အကြံပြုခဲ့ကြသည်။

နိုင်ငံတော်သမ္မတ အနေဖြင့် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများအား မိမိသဘောဖြင့် တာဝန်မှရပ်စဲခြင်း မပြုလုပ်နိုင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်မှုသာ ပြုလုပ်နိုင်ကြောင်း စွပ်စွဲပြစ်တင်ခြင်းသည် မှန်ကန်ကြောင်း စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ်တင်ပြမှသာလျှင် နိုင်ငံတော်သမ္မတက ရာထူးမှရပ်စဲရမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအား စွပ်စွဲပြစ်တင်နိုင်ရန် အကြောင်းအရာငါးချက်ကို တိုင်းဒေသကြီး ၀န်ကြီးချုပ်များအား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်းအရာ ငါးချက်အတိုင်း ပြဋ္ဌာန်းထားပြီး အရည်အချင်း ပျက်ယွင်းခြင်း ဆိုင်ရာအချက်သာ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်း ပျက်ယွင်းခြင်း အချက်နှင့် ကွာခြားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၂ အရ သိရသည်။

ထို့ပြင် အဂတိလိုက်စားသော တရားသူကြီးများအား အရေးယူနိုင်သည့် အချက်ကို ပြည်ထောင်စု တရားစီရင်ရေး ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့တွင် ပြဋ္ဌာန်းမထားသော်လည်း ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေအရ သိရသည်။

အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ ပုဒ်မ၄(၁)(ဂ)တွင် ပြည်သူ့ဝန်ထမ်း တစ်ဦးတစ်ယောက်သည်အဖိုးတန်ပစ္စည်း သို့တည်းမဟုတ်၊ ငွေကြေးအကျိုးအမြတ် တစ်စုံတစ်ရာကို မရိုးမသား အဂတိလိုက်စားသော နည်းဖြင့်ဖြစ်စေ၊ တရားဥပဒေနှင့် ဆန့်ကျင်သော နည်းဖြင့်ဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းအဖြစ် မိမိ၏အခြေအနေကို အလွဲအသုံးပြု၍ဖြစ်စေ မိမိအတွက်သော် လည်းကောင်း၊ သူတစ်ပါးအတွက် သော်လည်းကောင်း ရယူလျှင် မိမိ၏ အလုပ်ဝတ္တရားများ ဆောင်ရွက်ရာတွင် ရာဇ၀တ်ပြစ်ဒဏ် ထိုက်သင့်အောင် အကျင့်ဖောက်ပြန် ကျူးလွန်သည်မည်၏ ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

ယင်းဥပဒေအရ ဖောက်ဖျက်ကျူးလွန်သူများကို ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ယခင်ပါလီမန် ဒီမိုကရေစီ လက်ထက်ကတည်းကပင် ဖွဲ့စည်းထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယခုတရားစီရင်ရေးတွင်လည်း တရားသူကြီးများ၏ အဂတိလိုက်စားမှုများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ အစရှိသည့် အဖွဲ့အစည်းအသီးသီးမှ အဆင့်ဆင့် စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်းမရှိသော်လည်း ယခင် တည်ဆဲဥပဒေအရ အရေးယူနိုင်ကြောင်း သိရသည်။

ဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရန် တရားစီရင်ရေးစနစ် ပိုမိုတရားမျှတ လွတ်လပ်လာစေရန် လာဘ်ပေးလာဘ်ယူကိစ္စများ လျော့နည်းရာမှ ပပျောက်သွားစေရန် လိုအပ်ပါက တရားစီရင်ရေးစနစ် တစ်ခုလုံးအား ပြောင်းလဲသင့်ကြောင်း အကျင့်သိက္ခာနှင့် မပြည်စုံသည့် တရားသူကြီးများအား ရှာဖွေဖော်ထုတ် အရေးယူကာ ဖြောင့်မတ်သည့် တရားသူကြီးများနှင့် လဲလှယ် ခန့်အပ်သင့်ကြောင်း ဂျူရီစနစ်ဖြစ်သည့် တစ်ပါးထိုင်မဟုတ်ဘဲ အများထိုင်ဆုံးဖြတ်သည့် စနစ်ဖြင့် လက်ရှိတရားစီရင်ရေး စနစ်အားပြောင်း လဲကျင့်သုံးရန်လိုအပ်ပါကကျင့်သုံးရမည် ဖြစ်ကြောင်း ဂျူရီလူကြီးများ ရွေးချယ်ရာတွင် ဥပဒေကျွမ်းကျင်ကာ သမာသမတ် ရှိသူများသာ ဖြစ်ရန်လိုကြောင်း လက်ရှိ တရားစီရင်ရေးအား လေ့လာသူ ဥပဒေ ပညာရှင်တစ်ဦးက အကြံပြုခဲ့သည်။ “အခုတိုင်းပြည်မှာဖြစ်နေတဲ့ ကိစ္စ၊ ယုံကြည်ချက်ကြောင့် ကျခံရသော အကျဉ်းသားတွေကိစ္စ၊ ယုံကြည်မှု တည်ဆောက်နေရတဲ့ အချိန်မှာ လွှတ်ပေးစေချင်တယ်။ အခုအနေအထားတွေက တချိန်တုန်းက အနေအထားတွေနဲ့ မတူတော့ဘူး။ သက်ဆိုင်ရာဘက်က Sincere ဖြစ်တယ် ဆိုရင် လူထုယုံကြည်မှုကို ရရှိမှာပဲ။ အခုမြစ်ဆုံကိစ္စပြီးသွားပြီ။ ယုံကြည်ချက်ကြောင့် ကျခံရသော အကျဉ်းသား ကိစ္စလည်း အဆင်ပြေတယ်ဆိုရင် အရွေ့ကပိုဖြစ်သွားပြီ။ ဖြစ်သွားရင် တစ်နိုင်ငံလုံး အသီးအပွင့်တွေ ခံစားရမယ်။ ဥပမာ တိုင်းရင်းသားကိစ္စလိုဟာမျိုး နှစ်ပေါင်း ၅၀ လောက် ရန်ဖြစ်ထားတာ ချက်ချင်းအဆင်မပြေတာ လက်ခံတယ်။ အပြစ်မရှိတဲ့လူကို အပြစ်စီရင်တာမျိုးက တရားဥပဒေ မှာ မဖြစ်သင့်ဘူး။ တရားရေးမဏ္ဍိုင်က အားလုံးရဲ့ အပေါ်မှာရှိနေရမယ်။ ဒီတရားရေး မဏ္ဍိုင်ကိုတစ်စုံတစ်ဦး၊ အဖွဲ့အစည်းတစ်ခုခုက ထိန်းကွပ်ထားတာ တိုင်းပြည်အတွက် မကောင်းဘူး။ လောကမှာ မှန်တယ်၊ မှားတယ် ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တရားစီရင်ရေးမဏ္ဍိုင် စည်းမပျက်ပါစေနဲ့။ စည်းပျက်နေရင်လည်း ဒါကိုဖြစ်နိုင်အောင် ကြိုးစားဖို့လိုတယ်။ တရားမျှတမှုဆိုတာ ရှိသလို မတရားမှုဆိုတာ ရှိတယ်။ မှန်ကန်တဲ့ တရားရေး မဏ္ဍိုင်ဟာ တရားမျှတမှုဘက် တည်နိုင်ရမယ်။ ဘယ်သူတစ်ဦးတစ်ယောက် ရဲ့မျက်နှာမှ ကြည့်စရာမလိုဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင် (စစ်တွေ)က ပြောကြားခဲ့သည်။
၂၀၁၁ခုနှစ် သြဂုတ်လ(၂၉)ရက် နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ၁၉၇၄ ခုနှစ် ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေ၊ ၁၉၈၈ ခုနှစ် တရားစီရင်ရေး ဥပဒေနှင့် ၂၀၀၀ပြည့်နှစ် တရားစီရင်ရေး ဥပဒေများတွင်သတ်မှတ်ထားသည့် တရားသူကြီးများသည် ပြစ်ဒဏ်ကျခံ နေရသူများ၊ အချုပ်ခံနေရသူများနှင့် ပတ်သက်၍ ဥပဒေနှင့် အညီရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးနှင့် အမှုစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် အကျဉ်းစခန်များ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ် စခန်းများအား စစ်ဆေးကြည့်ရှုနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်းနှင့် ထို့အတူ ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေတွင်လည်း အဆိုပါကဲ့သို့ပင် ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ် ပါကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ စက်ရှင်တရားသူကြီးများသည် အကျဉ်းထောင်များသို့ သွားရောက်စစ်ဆေး၍ အစီရင်ခံရန်နှင့် တရားဝင်ထုတ်ပြန်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်ထောင်စု တရားသူကြီးချုပ်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာဖြစ်ဖြစ်၊ ပြည်သူ့ လွှတ်တော် ဒါမှမဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဖြစ်ဖြစ်၊ နိုင်ငံတော် ဒါမှမဟုတ် အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ တရားစီရင်ရေးဆိုင်ရာ အခြေအနေကို အခါအားလျော်စွာ တင်ပြနိုင်တယ်လို့ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၆၆ မှာ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အရေးကြီးတဲ့ တရားစီရင်ရေးဆိုင်ရာ အခြေအနေတွေကို တင်ပြရမှာဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးလာပြီ ဆိုရင်လွှတ်တော်မှာ တင်ပြဖို့လည်း သင့်ပါတယ်။ တရားစီရင်ရေးဆိုင်ရာ အခြေအနေလို့ ဥပဒေမှာဆိုထားတာဖြစ်လို့ အများပြည်သူ သိသင့်သိထိုက်ပြီး ပြည်သူတွေအတွက် သက်ဆိုင်တဲ့ အမှုဆုံးဖြတ်ချက်တွေကိုလည်း လွှတ်တော်မှာ တင်ပြနိုင်တာကို တွေ့ရပါတယ်။ အခုတရားစီရင်ရေး အသစ်ရဲ့ ပြည်ထောင်စုတရားသူကြီးချုပ် အနေနဲ့လည်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ အမှု အခြေအနေတွေကို လွှတ်တော်က တစ်ဆင့်တင်ပြဖို့ ပြည်သူတွေကလည်း လိုလားနေပါတယ်”ဟု ဥပဒေ အတိုင်ပင်ခံတစ်ဦးက ဆိုပါသည်။
“ဒီမိုကရေစီဆိုတာ ကျယ်ဝန်းတယ်။ ဒီမိုကရေစီဖော်ဆောင်ဖို့ ဆိုရင် တရားဥပေဒေ စိုးမိုးရေးရှိဖို့ လိုသလိုတရားရေးမဏ္ဍိုင်လည်း ကြံ့ခိုင်ဖို့လိုတယ်။ တရားဥပဒေကို ညွှန်ကြားချက်က လွှမ်းမိုးရင်၊ ညွှန်ကြားချက်ကို နှုတ်မိန့်က လွှမ်းမိုးရင်တရားစီရင်ရေးမှာ အဆင်မပြေနိုင်ဘူး။ တရားခံ တစ်ဦးကို တရားသူကြီးက အပြစ်မရှိဘူးလို့ ယူဆရင် အဲဒီတရားခံကို လွှတ်ပေးနိုင်တယ်။ ဒီလိုမှမဟုတ်ဘဲ တရားဥပေဒေကို ညွှန်ကြားချက်က လွှမ်းမိုးမယ်၊ ညွှန်ကြားချက်ကို နှုတ်မိန့်က လွှမ်းမိုးမယ်ဆိုရင်တော့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အထောက်အကူ မဖြစ်နိုင်ပါဘူး။ တရားစီရင်ရေးမှာ ပါဝင်သူအားလုံးဟာ ကျွမ်းကျင်သူတွေ ဖြစ်ရမယ်။ ကိုယ့်အလုပ်ကိုယ် လုပ်ရမယ်။ အရင်တုန်းက အငြင်းပွားမှု အားလုံးကို တရားလွှတ်တော်ချုပ်ကပဲ ဆုံးဖြတ်ခဲ့တယ်။ ဖွဲ့စည်းပုံ နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုပဲ ဖြစ်ဖြစ်၊ သမ္မတလောင်းရွေးချယ်တဲ့ အငြင်းပွားမှုပဲဖြစ်ဖြစ်၊ စစ်ဘက်ဆိုင်ရာ အငြင်းပွားမှုပဲဖြစ်ဖြစ် တရားလွှတ်တော်ချုပ်က သာ ဆုံးဖြတ်ခဲ့တယ်” မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်ကျော်က ပြောပါသည်။
“မူလည်းပြောင်းရမယ်။ လူလည်းပြောင်းရမယ်။ ပြောချင်တာကတော့ ဥပဒေတွေကိုလည်း ပြင်ရမယ်။ ဆိုကြပါစို့ နိုင်ငံတော်ဘဏ္ဍာ နဲ့သက်ဆိုင်တဲ့ငွေကြေး၊ ပစ္စည်းတွေ ကို အလွဲသုံးစားပြုခဲ့ရင် တော်လှန်ရေးကောင်စီ လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ အပက(၃)ဆိုတဲ့ အများပြည်သူ နဲ့ဆိုင်သော ပစ္စည်းကာကွယ်ရေး ပုဒ်မနဲ့ ကျူးလွန်တယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ချလို့ရတယ်။ အဲဒီဟာကို ပြောင်းလဲလို့ ရတာက ၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းတဲ့ အများပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ အခုခေတ် စကားနဲ့ပြောရင် (၆/ ၁)ပေါ့။ အဲဒါနဲ့ လွှဲပြောင်းပြီး စီရင်မယ်ဆိုရင် ထောင်ဒဏ်က တစ်ရက်လည်းချလို့ရတယ်။ တစ်လလည်း ချလို့ရတယ်။ လေး၊ငါး၊ ခြောက်နှစ်လည်း ချလို့ရတယ်။ အများဆုံးကမှ ၁၀ နှစ်ထိပဲချလို့ရတယ်။ ဥပဒေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာက တပ်မတော်ပိုင်၊ ကော်ပိုရေးရှင်းပိုင်ဆိုရင် အပက(၃)ပဲ ကျန် သာမာန်ပြည်သူပိုင် ပစ္စည်း ဆိုရင် (၆/၁)။ ဥပဒေကိုက အားနည်းချက်တွေ ရှိနေတယ်။ ဒါတွေကို ပြင်ရမယ်။ တရားရေးစနစ် ဖြောင့်မတ်မှန်ကန်ဖို့ ဆိုရင် တရားသူကြီးတွေအပြင် ရှေ့နေတွေမှာလည်း တာဝန်ရှိတယ်။ တရားသူကြီးက တရားခွင်မှာ မတရားသဖြင့် လုပ်တယ်ဆိုရင် ရှေ့နေမှာလည်း တာဝန်ရှိတယ်။ အမှုသည်ဆိုတာ အလုပ်သမားရှိတယ်။ ဆိုက်ကားသမားရှိတယ်။ ဆင်းရဲသားရှိတယ်။ သူတို့အနေနဲ့ ဥပဒေကို ဘာမှ နားလည်ကြမှာ မဟုတ်ဘူး။ တရားသူကြီးရဲ့ စီရင်ချက်မှားနေရင် မှားနေတဲ့အကြောင်း ရှေ့နေက သူတို့ကိုရှင်းပြရမယ်။ အဲဒီတော့ ရှေ့နေတွေအနေနဲ့ ကလည်း တစ်အချက် ဥပဒေ တကယ် တတ်ရမယ်။ နှစ်အချက် တတ်သည့် ဥပဒေနဲ့ ပြည်သူ့အကျိုးကို ရဲရဲဝံ့ဝံ့ တင်ပြရဲရမယ်။ သုံးအချက် တရားခွင် စစ်ဆေးတဲ့နေရာတွေမှာ ရှေ့နေတွေ အနေနဲ့ ဥပဒေနဲ့အညီစစ်ဆေး တတ်ရမယ်။ နောက်ပြီးတော့ တရားသူကြီး ခန့်ထားတဲ့နေရာမှာ သီရိလင်္ကာ  နိုင်ငံကို ဥပမာပေးပြီးပြောရမယ် ဆိုရင် ဥပဒေ ဘယ်လောက်တတ်တတ် ယဉ်ကျေးမှုသင်တန်း တက်မထားဘူးဆိုရင် တရားသူကြီးအဖြစ် မခန့်ဘူး။ ဒီမှာလည်း အလားတူစနစ်မျိုး ကျင့်သုံးဖို့လိုတယ်။ တိုင်းပြည် တည်ဆောက်တဲ့နေရာမှာ ဥပဒေနဲ့ဆေးပညာက အရမ်းအရေးကြီးတယ်။ ဆရာဝန်တစ်ယောက်ဟာ လူတစ်ယောက်ရဲ့အသက်ကို တန်ဖိုးသိသိ၊ တန်ဖိုးထားတတ်ရမယ်။ ယုတ်မာကောက်ကျစ်တဲ့ စိတ်ရှိသူတွေ ဆရာဝန် မဖြစ်ထိုက်ဘူး။ ယုတ်မာကောက်ကျစ်တဲ့ စိတ်ရှိတဲ့အပြင် ဘာသာရေး ယဉ်ကျေးမှုမရှိတဲ့သူတွေ တရားသူကြီး မဖြစ်ထိုက်ဘူး။ ဆရာဝန်တစ်ယောက် ဆေးကုမှားတာက လူတစ်ယောက်ရဲ့အသက် သေဆုံးရပေမယ့် တရားသူကြီးတစ်ဦး မှားယွင်းပြီး စီရင်ချက်ချမယ်ဆိုရင် သက်ဆိုင်ရာ ကာယကံရှင်အပြင် သူ့နောက်က မိသားစုတစ်စုလုံးနဲ့ ဆွေစဉ်မျိုးဆက်ပါ လူမှုဒုက္ခ ခံစားရပါတယ်။
တရားစီရင်ရေးကဏ္ဍမှာ မူလည်းပြောင်းရမယ်။ လူလည်းပြောင်း ရမယ်။ လူတွေက တော်လှန်ရေး ကောင်စီခေတ်နဲ့ မဆလခေတ်မှာ မကောင်းတဲ့အကျင့်တွေ အရိုးစွဲနေပြီ။ အကျင့်ဆိုးတွေနဲ့လူတွေကို တရားရုံးဝန်းကျင်က ခွာထုတ်ပစ်ရမယ်။ မူအရဆိုရင် တချို့တရားစီရင်ရေး နယ်တွေမှာ ရှေ့နေတွေက တရားရေးလမ်းကြောင်း အမှန်တင်ပြပါလျက်နဲ့ တရားသူကြီးက လိုရာဆွဲတွေပြီး စီရင်ချက်ချတယ်။ ဒီလိုဖြစ်စဉ်တွေမှာ တရားသူကြီးကို ပြန်တရားစွဲဖို့က ခက်တယ်။ စီရင်ထုံးနဲ့ ဥပဒေအတိအလင်း ရှိပါလျက်နဲ့ တရားသူကြီးက အမှားချသွားရင် အဲဒီတရားသူကြီးကို ပြန်တရားစွဲပြီး ပြစ်ဒဏ်ပေးရမယ့် ဥပဒေရှိကို ရှိရမယ်။ တရားသူကြီးတွေကို ထိန်းကွတ်တဲ့ ဥပဒေရှိကို ရှိရမယ်။ မရှိခဲ့ရင် တရားသူကြီးတွေ လုပ်ချင်ရာလုပ်ခွင့် ရနေမယ်။ တရားသူကြီး တစ်ယောက် မကောင်းဘူးဆိုရင် ဒီမြို့နယ်မှာရှိတဲ့ ဒါမှမဟုတ် ဒီတိုင်းခရိုင်မှာ ရှိတဲ့ ပြည်သူအများ အင်မတန် ဒုက္ခရောက်ပါတယ်။ အဲဒါကြောင့် တရားသူကြီးတွေကို ထိန်းကွတ်တဲ့ ဥပဒေရှိကို ရှိသင့်ပါတယ်”ဟု ရှေ့နေလိုင်စင် အသိမ်းခံထားရသူ ဦးစိန်လှ (၂၀၁၀ ရွေးကောက်ပွဲဝင် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း)က ပြောကြားခဲ့ပါသည်။
“တရားစီရင်ရေးစနစ်ဆိုတာ အမှားတကာ့အမှားတွေကို နောက်ဆုံးပြင်ပေးတဲ့ နေရာဖြစ်တယ်။ လူဆိုတာ မှားတတ်တာပဲ။ ဒီမှားတာကို ပြင်ပေးတဲ့နေရာမှာ တရားစီရင်ရေးက အဓိကပဲ။ ဒီမိုကရေစီနိုင်ငံမှာ တရား ဥပဒေစိုးမိုးဖို့ဆိုရင် တရားစီရင်ရေး တည့်မတ်မှန်ကန်ဖို့က အရမ်း အရေးကြီးတယ်။ တရားစီရင်ရေးမဏ္ဍိုင် ကြံ့ခိုင်မှုမရှိရင် ဒီမိုကရေစီစနစ်ဆိုတာလည်း ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အုပ်ချုပ်ရေးစနစ်ဘက်က အမှားတွေရှိရင်ထိန်းဖို့ ဖြစ်ပါတယ်။ အခုကတော့ အားလုံးသိတဲ့ အတိုင်းဘဲ တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာမှုနဲ့ပါတ်သက်ပြီးရင် မေးခွန်းထုတ်စရာတွေ အများကြီးရှိလာတယ်။ ဘယ်လောက်ထိ ရှိလာလဲဆိုရင် ကျွန်တော့်ဆီကို အလှုအတန်းနဲ့ ပတ်သက်ပြီး အင်မတန်မှ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးတစ်ယောက်က လာပြောတယ်။ သူမှတ်ပုံတင်ပြီးဝယ်ထားတဲ့ ခြံစာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး အမှုဖြစ်တဲ့အခါမှာ သက်ဆိုင်ရာ တိုင်းတရားသူကြီးက သိန်းဆယ်ဂဏန်း ပေါင်းများစွာ တောင်းတာမပေးလို့ ရှုံးခဲ့တဲ့အကြောင်း ပြောတယ်။
အဲဒီလိုပဲ တော်တော်များများမှာ ငွေတောင်းနေတဲ့ကိစ္စတွေ ကျွန်တော်တို့ ကြားနေရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အုပ်ချုပ်ရေးစနစ်နဲ့ ဥပဒေပြုရေးစနစ်မှာ ပြုပြင်ပြောင်းလဲရေး အငွေ့အသက်တွေ လွှမ်းခြုံနေပေမယ့် တရားစီရင်ရေးနယ်ပယ်မှာ ဘာမျှပြုပြင် ပြောင်းလဲမှု မရှိသေးပါဘူး။ အဲဒီလိုပဲကျန်တဲ့ ပြစ်မှုတို့၊ တရားမမှုတို့ ဆိုရင် ငွေပေးတဲ့သူဘက်က တော်တော်များများ လုပ်နေတယ်ဆိုတာ အခုထိ ပါပဲ။ ကျွန်တော်တို့ တရားစီရင်ရေးစနစ်မှာ ဥပဒေတစ်ကယ် စိုးမိုးဖို့လိုပါတယ်။ ခုနကပြောသလို ဥပဒေစိုးမိုးရေးကို တရားစီရင်ရေးနယ်ပယ်မှာ အမှန်တစ်ကယ် ဖြစ်ပေါ်ဖို့ဆိုရင် လွှတ်တော်ကရော၊ အုပ်ချုပ်ရေးပိုင်းကရော ထိန်းကျောင်းပေးဖို့ လိုပါတယ်။ လာဘ်ပေးလာဘ်ယူ တာတို့၊ တရားမ၀င်နည်းလမ်းနဲ့ ၀င်ငွေရရှိမှုတွေကို ထိန်းချုပ်ပေးရမယ့် ကိစ္စတွေက တရားရေးစနစ်ခန့်အပ် တာထက် ပိုအရေးကြီးပါတယ်။ အခု မြန်မာပြည်မှာ ဂျူရီစနစ်နဲ့ တရားစီရင်ရေးအဖွဲ့ ခန့်ရင်လည်း လာဘ်ပေးရမယ့် လူအရေအတွက် ပိုများလာတာပဲ ရှိမယ်။ အဲဒီတော့ ကျွန်တော်တို့ဆီမှာ ပြဋ္ဌာန်းထားတဲ့ တရားမ၀င် နည်းလမ်းဖြင့် ရရှိသော ငွေကြေးများကို အရေးယူရေး ဥပဒေက အသက်ဝင်ဖို့ လိုတယ်။ အခုဆိုရင်တချို့ တချို့သော တရားရေးလောကက ပုဂ္ဂိုလ်တွေဟာ သိန်း ၅ ထောင် အထက် အိမ်တွေ၊ ကားတွေ၊ တိုက်ခန်းတွေ မြောက်မြားစွာ ၀ယ်ထားတဲ့ သတင်းတွေက လူထုကြားထဲမှာ ပြောဆိုနေကြတယ်။ ရှေ့နေတချို့ကလည်း အဲဒါတွေကို ပြောကြဆိုကြတဲ့ အသံတွေထွက်လာတယ်။ အဲဒါကြောင့် အကောင်းဆုံးကတော့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့ လောလောဆယ် လုပ်သင့်တာကတော့ တရားမ၀င်နည်းလမ်းနဲ့ ရှာဖွေထားတဲ့ ငွေများကို သိမ်းဆည်းအရေးယူတဲ့ ဥပဒေနဲ့ တချို့တရားသူကြီးတွေရဲ့ နေမှုထိုင်မှု သုံးစွဲမှုတွေကို ဒီဥပဒေနဲ့ အညီပြန်လည်စိစစ်ဖို့ လိုပါတယ်။ အဲဒီလိုစိစစ်ပြီး လုပ်မှသာ လာဘ်ပေး လာဘ်ယူမှုနဲ့ ပတ်သက်ရင်ချင့်ချင့် ချိန်ချိန်လုပ်မယ်။ အဲဒီလိုလုပ်လို့ရှိရင် ဒီဥပဒေတွေ ရှိနေပါလားဆိုတာ သိမယ်”ဟု ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တရားရုံးချုပ် ရှေ့နေ)က ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း ၆ ပါတရားစီရင်ရေးအခန်းအား ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ တွင် ပုဒ်မ ၄၃၃ မှ ၄၃၆ အထိပြဋ္ဌာန်းထားပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းရမည်ဖြစ်ကြောင်း ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း ၁၂၊ ပုဒ်မ ၄၃၄ နှင့် ၄၃၅ တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားစီရင်ရေး အခန်းပါ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူလစီရင်ပိုင်ခွင့်အာဏာများ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်းများ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူးသက်တမ်း၊ တိုင်းဒေသကြီး တရားလွှတ်တော်များ သို့မဟုတ် ပြည်နယ် တရားလွှတ်တော်များ၏ စီရင်ပိုင်ခွင့် အာဏာများ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၏ အရည်အချင်း စသည့် ပြဋ္ဌာန်းချက်တို့နှင့် ပတ်သက်၍ ပြင်ဆင်လိုပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန်မလိုဘဲ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သိရသည်။
ထို့ကြောင့် လက်ရှိတရားစီရင်ရေး စနစ် ဒီမိုကရေစီကျကျ ပီပီပြင်ပြင် အကောင်ထည် ပေါ်လာစေရန် မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်သည်များကို အမြန်ဆုံး ပြင်ဆင်သင့်ပြီး ကိုယ်ကျင့်သိက္ခာနှင့် မပြည့်စုံလုပ်ငန်း မကျွမ်းကျင်သော တရားသူကြီးများအား အမြန်ဆုံး လဲလှယ်ခြင်းဖြင့် ဒီမိုကရေစီကို ပိုမိုဖော်ဆောင် လာနိုင်မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း ပြည်သူများ အကျိုးအား ရှေးရှုထား၍ သက်ဆိုင်ရာ လွှတ်တော်များတွင် တရားစီရင်ရေး၏ ချို့ယွင်းချက်များကို ထိထိရောက်ရောက် ဆွေးနွေးသင့်ပြီ ဖြစ်ကြောင်း ဥပဒေပညာရှင်များက အကြံပြုခဲ့ကြပါသည်။
လက်ရှိတရားစီရင်ရေး စနစ်နှင့် ပတ်သက်၍ စစ်တမ်း ကောက်ယူခြင်း
7104b
တရားစီရင်ရေးစနစ်နှင့် ပတ်သက်၍ Eleven Meida Group ၏ website ပေါ်၌ ဆန္ဒမဲကောက်ယူခဲ့ရာ ဒီဇင်ဘာလ ၁ ရက်နေ့ ညပိုင်းမှ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် အစောပိုင်းထိ မဲပေးသူ စုစုပေါင်း ၂၀၂၅ ဦး ရှိသည့်အနက် ၁ဒသမ၉ ရာခိုင်နှုန်း (၃၈ဦး)မှာ လက်ရှိတရားစီရင်စနစ် သည် မျှတမှုရှိပြီး မြန်မာနိုင်ငံ၏ လက်ရှိလူနေမှု အခြေအနေ၊ လူမှုအဖွဲ့အစည်းနှင့် ကိုက်ညီသည်ဟု ယူဆကြောင်း၊ ၂၀ ဒသမ ၁ ရာခိုင်နှုန်း (၄၀၇ ဦး)က လက်ရှိတရားစီရင်ရေး စနစ်သည် မမျှမတ ဖြစ်ပေါ်နေရခြင်းသည် ပြဋ္ဌာန်းထားသောဥပဒေများ၏ အားနည်းချက်ကြောင့် ဖြစ်သည်ဟု မဲပေးခဲ့ကြပြီး၊ ၇၈ ရာခိုင်နှုန်း(၁၅၈၀ ဦး)က ၎င်းတရားစီရင်ရေးစနစ်တွင် ပါဝင်သူများအထူးသဖြင့် တရားသူကြီးများ၏ အဂတိ တရားလေးပါး (ဆန္ဒာဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ဘယာဂတိ)လိုက်စားမှုကြောင့် ဖြစ်သည်ဟု ယူဆကြောင်း ဆန္ဒပေးခဲ့သည်။
လက်ရှိတရားစီရင်ရေး စနစ်အပေါ် သုံးသပ် ပြောကြားချက်များ
ဒေါ်အောင်ဆန်းစုကြည်

အဲဒီလိုပဲယူဆရမှာပဲ။ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုလို့ရှိရင်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါအများသိနေတဲ့ကိစ္စပဲလေ။ ကျွန်မတို့ နိုင်ငံရေး အကျဉ်းသား တော်တော်များများဟာလည်း အကျဉ်းထောင်ထဲ ရောက်သွားတာဟာ လွတ်လပ်ပြီးတော့ တရားမျှတပြီးတော့ သန့်ရှင်းတဲ့တရားရေး မဏ္ဍိုင်မရှိလို့ပါ" ဟု ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Eleven Media Group မှ ဒေါ်အောင်ဆန်းစုကြည်အား 'အန်တီပြောသွားတဲ့အထဲမှာ လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင်အတွက် ကြိုးစားသွားမယ်လို့ ပြောသွားပါတယ်။ ဒါဆို လက်ရှိတရားရေး မဏ္ဍိုင်ဟာ လွတ်လပ်သန့်ရှင်းမှုမရှိဟု သဘောယူဆပါသလား'ဟူသော မေးခွန်းအပေါ်ဖြေကြားချက်  . . .
ဒေါက်တာညိုညိုသင်း (ဒီမိုကရက်တစ်ပါတီမြန်မာ) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

"နိုင်ငံရေးအဆောက်အအုံက ပြောင်းလဲနေပြီ။ တစ်ပါတီစနစ်လိုမျိုး တပ်မတော်က အုပ်ချုပ်တဲ့ ပုံစံမျိုးမဟုတ်တော့ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းနေပြီ။ ဒါပေမဲ့ လက်ရှိတရားစီရင်ရေးကတော့ ပါဝင်တဲ့တရားသူကြီးတွေနဲ့ တရားစီရင်ရေးစနစ်လည်း မပြောင်းသေးပါဘူး။ တရားစီရင်ရေး ယန္တရားမှာပါတဲ့ လူတွေရော မူတွေရော မပြောင်းနိုင်သေးဘူး။ လူတွေဘာလို့ မပြောင်းနိုင်သေးဘူးလဲဆိုတော့ လက်ရှိတိုင်းပြည်မှာ ခေတ်စနစ်နဲ့ လိုက်လျောညီထွေရှိမယ့် တရားစီရင်ရေးစနစ်ကို ကျင့်သုံးနိုင်မယ့် ပညာရှင်တွေ ရှားနေပါတယ်။ တရားစီရင်ရေး ယန္တရားထဲမှာ တရားသူကြီးနဲ့ ရှေ့နေတွေသာမကဘဲ ရဲနှင့်ဥပဒေအရာရှိ တွေလည်းပါတယ်။ တရားစီရင်ရေးယန္တရားဖြောင့်မတ်မှန်ကန်ဖို့ဆိုရင် တရားသူကြီးတွေနဲ့ ရှေ့နေတွေကိုပဲ ပြောလို့မရဘူး။ ရဲနဲ့ ဥပဒေအရာရှိတွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိတွေကိုပါ ပြောရမှာဖြစ်ပါတယ်။ ဥပမာပြောရရင် နယ်တွေမှာ လယ်သမားတွေကို အာဏာဖီဆန်မှုနဲ့ အုပ်ချုပ်ရေးမှူးတွေက တရားစွဲဆိုတာတွေ ရှိနေတုန်းပဲ။ တရားစီရင်ရေးမှာ ပါတဲ့သူတွေ ဘာကြောင့် မပြောင်းနိုင်သေးလဲဆိုရင် ဥပဒေတွေကလည်း မပြောင်းနိုင်သေးလို့ပါ။ နောက်ပြီး သူတို့တွေရဲ့ခံယူချက်တွေက တစ်ပါတီစနစ်ပုံစံ၊ တပ်မတော် စစ်အစိုးရအုပ်ချုပ်တဲ့ ပုံစံတုန်းကလို ဖြစ်နေတော့ ခေတ်နဲ့လိုက်လျော ညီထွေတဲ့ တရားစီရင်ရေးစနစ်ကို မပြောင်းနိုင်သေးပါဘူး။ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ မူကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့အကောင်အထည် ဖော်တဲ့နေရာမှာ တရားမျှတမှု မရှိတာ၊ ခေတ်နဲ့လိုက်လျောညီထွေမှု မရှိတာတွေ ဖြစ်နေတုန်းပါ။ ပြည်သူတွေအနေနဲ့ နစ်နာပေမယ့် တရားရုံးစရိတ်ကြီးလို့ အမှုမဖွင့်နိုင်တဲ့ သူတွေရှိနေပါတယ်။ အခုလိုအသွင် ကူးပြောင်းရေးကာလမှာ ပြည်သူတွေ နစ်နာတယ်ဆိုတာနဲ့ အလွယ်တကူစရိတ် သက်သက်သာသာနဲ့ အမှုဖွင့်နိုင်တဲ့  တရားစီရင်ရေးစနစ်ကို မပြောင်းလဲနိုင်သေးပါဘူး။ ရဲတွေအနေနဲ့ကလည်း အိတ်ကစိုက်ပြီး စရိတ်စခမထုတ်နိုင်လို့ မဖော်ထုတ်နိုင်တဲ့ အမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အခုလက်ရှိ တရားစီရင်ရေးဟာ လူတွေလည်း မပြောင်းနိုင်သလို မူတွေလည်း မပြောင်းနိုင်သေးပါဘူး"။

ကိုဝေဖြိုး  Weekly Eleven News Journal၊ အယ်ဒီတာချုပ်

"ကျွန်တော်တို့နိုင်ငံမှာ အရေးကြီးမဏ္ဍိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်တွေမှာ ဝေဖန်မှုတွေကို လက်ခံသလို၊ ပြုပြင်ပြောင်းလဲသင့်တာ တွေကိုလည်း တစ်ဆင့်ချင်းစီ လုပ်ဆောင်နေတာ တွေ့ရတယ်။ လွှတ်တော် အစည်းအဝေးတွေမှာလည်း တစ်ကြိမ်ထက်တစ်ကြိမ် ဒီမိုကရေစီနည်းကျသွားနိုင်ဖို့ အားထုတ်လာတာကို သိသိသာသာ တွေ့လာရတယ်။ ဒါပေမယ့်တရားစီရင်ရေး မဏ္ဍိုင်မှာတော့ အပြောင်းအလဲတွေ မတွေ့ရသေးပါဘူး။ ခေတ်နောက်ပြန် ဆွဲနေတာတွေ ရှိတုန်းပါပဲ။ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေဟာ ကိုယ့်ရဲ့ အားနည်းချက်နဲ့ လိုအပ်ချက်တွေအပေါ် ပြုပြင်ဖို့ ဝေဖန်မှုတွေကို လက်ခံပေမယ့် တရားစီရင်ရေးမဏ္ဍိုင်ကို ဦးဆောင်သူအချို့ဟာ လာဘ်လာဘ အခွင့်အရေးနဲ့ အာဏာအတွက် ဝေဖန်မယ့်သူ၊ ထောက်ပြမယ့်သူတွေကိုတောင် နှိပ်ကွပ်ဖို့အားထုတ်လာတဲ့ သဘောတွေ တွေ့နေရတယ်။ တရားရုံးမထီမဲ့မြင်ပြုမှုဆိုတဲ့ ဥပဒေကို တရားသူကြီးအချို့က လက်နက်သဖွယ် အသုံးပြုခြိမ်းခြောက်ဖို့ လုပ်ဆောင်နေတာကို တွေ့ရတယ်။ အဝေဖန်မခံနိုင်တာ တင်မကဘဲ ဝေဖန်မယ့်သူတွေ မဝေဖန်နိုင်အောင် ဥပဒေကို အလွဲသုံးစားလုပ် ခြိမ်းခြောက်ချင်တဲ့ ပုံစံမျိုးတွေရှိနေတယ်။ မတရားသဖြင့် ဆုံးဖြတ်တဲ့ အမှုတွေရှိပြီး အရင်စနစ်ဟောင်းက အကြွင်းအကျန်ဖြစ်တဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး မတရားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာတယ်။ ဥပမာတစ်ခုပြောရရင် တာမွေမြို့နယ် တရားရုံးမှာ တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ အမှုတစ်ခုမှာ တစ်ဖက်စွပ်စွဲခံရသူအဖြစ် တရားရုံးမှာ လာရောက်ရင်ဆိုင်ရသူက တရားရုံးမှာ ဥပဒေမဲ့စွာ နင်ပဲငဆ အော်ဟစ်ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေအရ တရားစွဲဖို့ လုပ်ဆောင်ရာမှာ ဒီဖြစ်စဉ်ကိုသိတဲ့ တရားသူကြီးနဲ့ တရားရေးဝန်ထမ်းအချို့က ကိုယ့်ရှေ့မှာဖြစ်တဲ့ကိစ္စကို သက်သေထွက်မပေးခဲ့ကြဘူး။ ဒါကြောင့် ဒီဖြစ်စဉ်ကို မျက်မြင်သိတဲ့ အခြားအနီးအနားက သူတွေကို သက်သေအဖြစ် ထွက်ဆိုစေခဲ့ရတယ်။ ဒါပေမယ့် ဒီအမှုကို ဆုံးဖြတ်တဲ့တရားသူကြီးက အမှုအတွက် လုံလောက်တဲ့ သက်သေမရှိလို့ အမှုမမြောက်ဘူးလို့ လက်မခံခဲ့ဘူး။ ဒါဟာ ဘာမှမဟုတ်တဲ့ သာမန်အမှုလေးလို့ ထင်ရပေမယ့် ရေးနိုင်ပြောနိုင်တဲ့သူတွေကိုတောင် ဒီလိုတရားမဲ့ လုပ်ရဲတယ်ဆိုတာဟာ ဘာမှပြောနိုင်ဆိုနိုင်ခြင်းမရှိတဲ့ ပြည်သူအများစု ဘယ်လောက်တောင် ဖိနှိပ်ခံထားရပြီလဲဆိုတာ မစဉ်းစားနိုင်လောက်အောင်ပါပဲ။ တကယ်တော့ တရားစီရင်ရေးစနစ် တည့်မတ်မှန်ကန်မှသာ ဒီမိုကရေစီစနစ် ခိုင်မာမှာပါ။ ဒါကြောင့် တရားစီရင်ရေးမဏ္ဍိုင်ကို ကျန်မဏ္ဍိုင်တွေဖြစ်တဲ့ အစိုးရ၊ လွှတ်တော်၊ သတင်းမီဒီယာတွေနဲ့ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူတွေကပါ ကွပ်ညှပ်ပဲ့ပြင်မှ ရတော့မယ်။ သတင်းမီဒီယာတွေကလည်း မတရားမှုတွေကို တိတိကျကျ ဖော်ထုတ်ရေးသားဖို့ လိုပါတယ်။ ပြည်သူတွေကလည်း မိမိတို့ တွေ့ကြုံရင်ဆိုင်ရတဲ့ မတရားခံရတဲ့ ကိစ္စတွေအတွက် အမှုမှန်ကို သတင်းပို့ပြီး ရဲရဲဝံ့ဝံ့ပြောဆို ရင်ဆိုင်ကြဖို့ လိုပါတယ်။ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့နဲ့ နည်းလမ်းစနစ်တကျ တုံ့ပြန်သွားရမယ်။

စမ်းချောင်းကိုကိုကြီး (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရာမှ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ပြန်လည် လွတ်မြောက်လာသူ)

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်က သရေကွင်းလိုပဲ။ လိုရင်ချဲ့လို့ရသလို၊ မလိုရင်ချုံ့လို့ရတယ်။ ငွေပေးရင် လွတ်သလို၊ ငွေမပေးရင် မလွတ်တာလည်း ရှိပါတယ်။ အတွေ့အကြုံတစ်ခုပြောရရင် ကျွန်တော် သံတွဲထောင်မှာ ရှိတုန်းကပါ။ မုဒိမ်းမှုနဲ့ စွပ်စွဲခံရတဲ့ နှစ်ယောက်က တစ်ယောက်က ပြစ်မှုကျူးလွန်ရာမှာ မပါခဲ့ဘူး။ ဒါကို တရားလို အမျိုးသမီးကလည်း မပါဘူးလို့ထွက်တယ်။ စွပ်စွဲခံထားတဲ့ နှစ်ယောက်တည်းမှာ ကျူးလွန်သူ ကိုယ်တိုင်ကလည်း သူ့သူငယ်ချင်းက ဒီပြစ်မှုကျူးလွန်ရာမှာ မပါဘူးလို့ပဲ ထွက်တယ်။ ဒီလိုထွက်ခဲ့ပေမဲ့ တရားရုံးက ငွေခြောက်သောင်းပေးမှ လွှတ်ပေးမယ်လို့ ပြောတယ်။ မပေးနိုင်တဲ့အတွက် ပြစ်မှုကျူးလွန်ရာမှာ မပါတဲ့ တစ်ယောက်ဟာ ထောင်ခြောက်နှစ် ကျသွားတယ်။ အခုချိန်အထိ ထောင်ထဲမှာ ရှိနေတုန်းပဲ။ တရားစီရင်ရေးစနစ်ဟာ ဟိုတုန်းကလည်း မကောင်းခဲ့ပါဘူး။ အခုလည်း မကောင်းသေးပါဘူး။ အခုပဲ ကြည့်လို့ရပါတယ်။ အင်းစိန်ထောင်မှာ အထူးတရားရုံးဖွင့်ပြီး စစ်ဆေးနေတဲ့ အမှုတွေပါ။ ဒီအမှုတွေကို စစ်ဆေးတဲ့နေရာမှာ အများပြည်သူရှေ့မှာ တရားစီရင်တာမျိုး မဟုတ်ဘဲ ဘယ်သူမှ မသိအောင် စစ်ဆေးနေတာ မျိုးတွေပါ။ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင်တော့ တရားစီရင်ရေးစနစ်ဟာ မှန်ကန်မျှတမှ ဖြစ်နိုင်မှာပါ။ တရားစီရင်ရေး စနစ်တွေမှာ မမှန်တာတွေ၊ မမျှတတာတွေ ရှိနေမယ်ဆိုရင် ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။ တရားသူကြီးတွေ အဂတိမလိုက်စားဖို့ဆိုရင်တော့ တရားသူကြီးတွေ အဂတိ မလိုက်စားနိုင်အောင် လစာငွေပေးထားမှ ဖြစ်နိုင်မှာပါ။ ဒီအချက်က အခြေခံအချက်ဖြစ်ပါတယ်။ ဒီအခြေခံအချက်ကို မဖြေရှင်းနိုင်ဘဲ၊ တခြားလိုအပ်ချက်တွေကို မဖြည့်နိုင်ဘဲနဲ့တော့ အဂတိလိုက်စားမှုတွေ ပျောက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကို နိုင်ငံတော်ပိုင်းက လုပ်မှဖြစ်နိုင်မှာပါ။

မစုစုနွေး (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရာမှ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ပြန်လည်လွတ်မြောက်လာသူ)

ကျွန်မတို့တုန်းကကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအမှုတွေမှာတော့ တရားသူကြီးတွေဟာ ချမှတ်ထားတဲ့ ဥပဒေအတိုင်း ချပြပိုင်ခွင့်မရှိဘဲ အပေါ်ကလာတဲ့ အမိန့်နဲ့ အမိန့်ချမှတ်ရတာမျိုးတွေ ဖြစ်ပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ သိရသလောက်ကတော့ တရားစီရင်ရေးနယ်ပယ်မှာ အမှန်ကိုအမှန်အတိုင်း ဆုံးဖြတ်မှုမလုပ်နိုင်ဘဲ ငွေများတရားနိုင် ပုံစံမျိုးတွေအများကြီး ရှိနေပါတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ငွေရှင်ကြေးရှင်တွေနဲ့ ဖြစ်ကြတဲ့အခါမှာလည်း နစ်နာသူတွေဘက်က အမှန်ကို အမှန်အတိုင်း၊ တရားဥပဒေအရ အဆုံးအဖြတ်မရတာတွေ ရှိနေပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူးဆိုတာ သူတို့ပြောနေကြစကားပါပဲ။ သတင်းစာ ရှင်းလင်းပွဲတွေမှာလည်း ပြောတတ်ပါတယ်။ ကျွန်မကတော့ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိစေချင်တာ အမှန်ပါပဲ။ သီးခြားအနေနဲ့ ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ယိမ်းယိုင်နေပါတယ်။ နိုင်ငံတော် သမ္မတကြီးနဲ့တကွ တရားစီရင်ရေးနယ်ပယ်မှာ ရှိနေတဲ့သူတွေအားလုံးကို ပြောချင်တာကတော့ တရားဥပဒေရဲ့ အထက်မှာအမှန်တကယ်ပဲ ဘယ်သူမှမရှိဘဲ ကျောသားရင်သားမခွဲခြားဘဲ ဥပဒေအတိုင်း ဆုံးဖြတ်နိုင်အောင် လုပ်ဆောင်ပေးစေ လိုပါတယ်။ ဒီအတိုင်း လုပ်ဆောင်နိုင်ဖို့ကိုလည်း ပြည်သူတွေအတွက် လုပ်ဆောင်နေတဲ့ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ကို တောင်းဆိုချင်ပါတယ်။

ဒေါက်တာမောင်မောင်သိမ်း (မန်နေဂျာ၊ မြန်မာ့အာမခံလုပ်ငန်း)
လာဘ်စားမှုဆိုတာ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ကြုံတွေ့နေရတာပါပဲ။ အဲဒီလို လာဘ်စားမှုတွေ ပပျောက်ဖို့ဆိုရင် သုံးဘက်ညီဖြေရှင်းဖို့ လိုတယ်လို့မြင်ပါတယ်။ နံပါတ်တစ်အနေနဲ့ အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတဲ့စကားလိုပဲ။ ၀န်ထမ်းတွေအနေနဲ့လုံလောက်တဲ့လစာ၊ နေထိုင်မှုတွေလိုအပ်တယ်လို့ ထင်ပါတယ်။ နှစ်အချက်အနေနဲ့ လာဘ်စားမှု ကင်းတဲ့ တရားစီရင်ရေးစနစ် ဖြစ်ဖို့အတွက် တရားသူကြီးတွေ၊ ရှေ့နေတွေ သာမကဘဲ အမှုသည်တွေ ဘက်ကလည်း တရားမျှတမှုကို လေးစားမှုရှိဖို့ လိုပါတယ်။ ကိုယ့်အမှုနိုင်ချင်ဇောနဲ့လာဘ်ထိုးတာတွေ၊ မတရားတာတွေကို လုပ်တာတွေအပေါ်မှာ တရားမျှတမှုဆိုတာကို နားလည်လက်ခံဖို့လဲ အမှုသည်တွေမှာ လိုပါတယ်။ နောက်သုံးအချက်ကတော့ သက်ဆိုင်ရာဝန်ထမ်းတွေကဥပဒေကို တိတိကျကျ လိုက်နာ ဆောင်ရွက်ရပါမယ်။ ဖောက်ဖျက်မှုရှိရင်လဲ ပေးတဲ့သူရော၊ ယူတဲ့သူကိုပါ ထိထိရောက်ရောက် စုံစမ်းအရေးယူပြီး တိုက်ဖျက်မယ်ဆိုရင်တော့ တရားစီရင်ရေးစနစ်ဟာ ပိုကောင်းလာမယ်လို့ မြင်ပါတယ်။
ဦးစိုးညွန့် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)
တရားစီရင်ရေးစနစ်ကိုတော့ ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိတာပဲ ဖြစ်စေချင်တယ်။ ကျောသားရင်သား ခွဲခြားတာတွေ မရှိစေချင်ဘူး။ ပြည်သူလူထုအတွက် လုံလောက်သော အကာအကွယ်ဖြစ်စေ ချင်တယ်။ လူ့အခွင့်အရေးကို ကာကွယ်နိုင်တာပဲ ဖြစ်စေချင်တယ်။ လက်ဖ၀ါး၊ လက်ဖမိုးလို ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက် မဖြစ်ဘဲနဲ့ ခြေဖ၀ါးလို တစ်ဖက်တည်းမှာပဲ ရှိနေစေချင်တယ်။ ငွေများရင်၊ အာဏာရှိရင် တရားနိုင်တာပဲ ဆိုတာကို ပြောင်းရတော့မယ်။ သမာသမတ်ကျတဲ့ တရားစီရင်ရေးစနစ်ကိုပဲ ပြည်သူလူထုက လိုလားတာ။ တိုင်းပြည်ကို ဘယ်လိုဥပဒေနဲ့ အုပ်ချုပ်မလဲဆိုတာက အရေးကြီးသလို တရားစီရင်ရေးဆိုတာလည်း တိုင်းပြည်ရဲ့အသက်ပဲ။
ဦးစောဝေ (ကဗျာဆရာ)
လက်ရှိမြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ တရားစီရင်ရေးကို ကြည့်မယ်ဆိုရင် တရားဥပဒေနဲ့အညီ လွတ်လပ်စွာ စီရင်ပိုင်ခွင့်မတွေ့ရသေးဘူး။ တရားလို၊ တရားခံတွေရဲ့ရပိုင်ခွင့်ကို ဘယ်လိုပေးရမှန်း မသိသေးဘူး။ တရားသူကြီးတွေကလည်း သူတို့ရဲ့ကျင့်ဝတ်ကို မသိကြဘူး။ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကျင့်သားမရသေးဘူး။ ဘာလို့ ဒီလိုဖြစ်နေရလဲဆိုနှစ် ၅၀ လောက် အမိန့်ပေးတဲ့ စနစ်အောက်မှာပဲ ရှိခဲ့တော့ ဘယ်လိုလုပ်ရမယ်ဆိုတာ တရားသူကြီးတွေ ကိုယ်တိုင်မသိကြဘူး။ အခု ဒီတရားစီရင်ရေးစနစ်ကို ပြင်မယ်ဆိုရင် ဦးဆုံး ခေါင်ကစရမယ်။ ခေါင်မိုးလုံဖို့ရမယ်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအာဏာ သုံးရပ်ပြဋ္ဌာန်းတဲ့ အစိုးရကပြုသူတွေကို အုပ်ချုပ်ရာမှာ သူ့လူကိုယ့်ဘက်သား မရှိရဘူး။ တန်းတူညီမျှရှိဖို့ လိုတော့။ ဒါတွေကိုပြုပြင်ရမယ်လို့ ထင်တယ်။
http://www.weeklyeleven.com

0 အကြံပြုခြင်း: