Tuesday, December 13, 2011

စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးနှင့် ဆွေးနွေးခဲ့သူ ဦးကိုကိုလှိုင်


ထွန်းထွန်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး H.E.Mr.K.Shanmugam ၏ မြန်မာပြည်ခရီးစဉ်မှာ မြန်မာ့
နိုင်ငံရေး တည်ငြိမ်မှုနှင့် စီးပွားရေး အခွင့်အလမ်းများကို လာရောက်လေ့လာခြင်းဖြစ်သည်ဟု သမ္မတ ဦးသိန်းစိန်၏
နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောဆိုသည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ သမ္မတ အကြံပေး အဖွဲ့ဝင်များဖြစ်သည့် ဦးကိုကိုလှိုင်၊ ရဲမှူးကြီး စစ်အေး (ငြိမ်း)နှင့် ဒေါက်တာစိန်လှဗိုလ်တို့အား တွေ့ဆုံခဲ့သည်။

ဒီဇင်ဘာလ ၁၄ ရက်အထိ သုံးရက်ကြာခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရားသူကြီး ချုပ် ဦးထွန်းရှိန်အပြင် ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့နှင့်လည်း တွေ့ဆုံဖွယ်ရှိသည်ဟု စင်္ကာပူနိုင်ငံထုတ် Channel News Asia သတင်းစာတွင် ဖော်ပြထားသည်။

စင်္ကာပူနိုင်ငံမှာ မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် ရင်းနှီးမြုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး ၂ဝ၁၁ ခုနှစ် မတ်လအထိ အမေရိကန်ဒေါ်လာ ၁၈၁၈.၆၁၃ သန်းအထိ ရင်းနှီးမြှုပ်နှံထားကြောင်း ပြည်တွင်းထုတ် Eleven ဂျာနယ်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

သမ္မတအကြံပေးအဖွဲ့နှင့် စင်္ကာပူဝန်ကြီးချုပ် တွေ့ဆုံစဉ်အတွင်း ဆွေးနွေးခဲ့သည်ကိစ္စရပ်များနှင့် ပတ်သက်၍ ဦးကိုကိုလှိုင်အား မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားသည်။

သမ္မတအကြံပေးအဖွဲ့နဲ့ စင်္ကာပူနိုင်ငံခြားဝန်ကြီးတွေ့တယ်ဆိုတော့ ဘယ်လိုကိစ္စတွေကို အဓိက ဆွေးနွေး ခဲ့ပါသလဲ။

“အဓိက ကတော့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို လာတာကတော့ Introducotry ပေါ့နော်။ မိတ်ဆက် အနေနဲ့ လာတာပါပဲ။ သူကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြောင်းလဲမှုတွေ၊ ဖြစ်ပေါ် တိုးတက်မှုတွေကို သူကိုယ်တိုင် လာရောက်ပြီးတော့မှ လေ့လာမယ်။ အဲဒီကနေပြီးတော့မှ စင်္ကာပူက ရှိနေတဲ့ ကျန်တဲ့ စီးပွားရေး အသိုင်းအဝိုင်းတွေ၊ ဒါတွေ အကုန်လုံးကလည်းပဲ မြန်မာနိုင်ငံမှာ လာပြီးတော့မှ ရင်းနှီးမြှုပ်နှံဖို့က စိတ်ဝင်စား
နေတယ်။ ဒီက စီးပွားရေးလုပ်နိုင်မယ့် အခွင့်အရေးတွေ၊ အခြေအနေတွေ၊ နိုင်ငံရေးတည်ငြိမ်မှု စသဖြင့်ပေါ့။ ဒီအခြေအနေတွေက လာပြီးတော့မှ သူက ရှေ့ပြေးအနေနဲ့ လေ့လာ စူးစမ်းတဲ့ ခရီးစဉ် ဖြစ်ပါတယ်”

ဒါဆိုရင် နိုင်ငံရေးထက် စီးပွားရေးအတွက် လာတဲ့ခရီးစဉ်လို့ ပြောလို့ရမလား။

“နှစ်ခုကတော့ တွဲနေတာပေါ့။ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှလည်းပဲ စီးပွားရေးကလည်း လုပ်လို့ ကောင်းမှာကိုး။
နောက် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလည်းပဲ ဘယ်လောက်ခိုင်မာလည်းပဲဆိုတာ သူက သိချင်မှာပဲ။ သူကိုယ်တိုင်ကလည်း ဥပဒေသမား ဖြစ်နေတော့လေ။ ဆိုတော့ အဲဒီအကြောင်းအရာတွေ အကုန်လုံးကို နည်းနည်းစီ
ပေါ့လေ။ သူသိချင်တာတွေ မေးသွားတဲ့သဘောပါပဲ”

မြန်မာပြည်ရဲ့ ပြောင်းလဲမှုအပေါ်မှာကော စင်္ကာပူသဘောထား ဘယ်လိုရှိတယ်လို့ သိရလဲ။

“စင်္ကာပူကတော့ အခြားသော အာဆီယံ မိသားစုနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ၊ ဖြစ်ပေါ် တိုးတက်မှုတွေကို အသိအမှတ်ပြုပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ အဲဒါကို သူ ပြောသွားပါ တယ်။ နောက်တခုက အခု ဖြစ်ပေါ်လာတဲ့အခြေအနေသစ်မှာ မြန်မာနိုင်ငံမှာ ပွင့်လန်းလာတဲ့ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေပေါ့လေ။ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းပဲ စင်္ကာပူနိုင်ငံအနေနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ နှစ်ဖက်အကျိုးရှိနိုင်တဲ့
နေရာတွေမှာ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စိတ်ဝင်စားနေတဲ့အကြောင်းလည်း သူပြောပါတယ်။ လိုအပ်တဲ့ အကူအညီတွေ ရှိလို့ ရှိရင်လည်းပဲ စင်္ကာပူက ပေးဖို့အဆင်သင့်ပဲဆိုတာလည်း သူပြောသွားပါတယ်”

စင်္ကာပူအတွက်ကော မြန်မာနိုင်ငံမှာ ဘယ်လိုအကျိုးအမြတ်လုပ်ငန်းတွေ ရှိနိုင်သလဲ။

“စင်္ကာပူကတော့ အထူးသဖြင့် ဝန်ဆောင်မှုကို အဓိကထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီတော့ ဝန်ဆောင်မှု လုပ်ငန်းနဲ့ ပတ်သက်ရင် သူတို့စိတ်ဝင်စားတာကတော့ ဥပမာ…ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းပေါ့လေ။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွေမှာ စင်္ကာပူရဲ့ ဟိုတယ်လုပ်ငန်းတွေ လာပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတာ ရှိပါတယ်။ အဲဒါအပြင် ကျန်တဲ့ စက်မှုလက်မှုတို့၊ နောက် သယ်ယူပို့ဆောင်ရေးပေါ့လေ။ ထားဝယ်ရေနက် ဆိပ်ကမ်းလိုဟာမျိုးတွေ။
နောက်ပြီးတော့ တခြားသော စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ။ သူကတော့ အခွင့်အလမ်းရှိတဲ့
နေရာမှန်သမျှကိုတော့၊ သူတို့က ငွေပိုငွေလျှံရှိတဲ့ နိုင်ငံလည်း ဖြစ်တော့ ဖြစ်နိုင်တဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ သဘော ရှိပါတယ်”

အခု မြန်မာပြည်ကို နိုင်ငံတကာက ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေလာတာဟာ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားလာတာလို့ ပြောဆိုမှုတွေ ရှိပါတယ်။ ဒီတော့ သမ္မတအကြံပေး အနေနဲ့ကော ဘယ်လိုမြင်ပါ သလဲ။

“မှန်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးဆိုတာတော့ ကိုယ့်အကျိုးစီးပွားကို ကိုယ် အတည်ပြုပြီးတော့ လုပ်ကြ တာပါပဲ။ ဒါပေမယ့် ဒီဘက်ခေတ် ရောက်လာတဲ့အခါကျတော့ ကိုယ့်အကျိုးလည်းရှိသလို သူ့အကျိုးလည်းရှိမှ၊ Win-Win Situation ပေါ့နော်။ အဲဒီဟာကို မှီတည်ပြီးတော့မှ အပြန်အလှန် အကျိုးဖြစ်ထွန်းမယ့် ဧရိယာ နယ်ပယ်တွေမှာ ပိုပြီးတော့မှ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လာကြတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ ကလည်းပဲ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် လာသလို မြန်မာနိုင်ငံအနေနဲ့ကလည်း ကိုယ့်ရဲ့ အမျိုးသား အကျိုးစီးပွားကို ရှေ့ရှုပြီးတော့မှ အပြန်အလှန် အကျိုးဖြစ်မယ့်နေရာတွေမှာ ပိုပြီးတော့မှ ပူးပေါင်းဆောင်ရွက်သွားဖို့ပဲ လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်”

မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုလုပ်ထားတော့ စင်္ကာပူက တဆင့် လိုအပ်တာ
တွေ ဝယ်သွင်းရသလို ငွေမည်းကို ငွေဖြူဖြစ်အောင် လုပ်ပေးနေသူလို့ နိုင်ငံတကာက ထောက်ပြမှုတွေ ရှိပါတယ်။ ဒီတော့ စင်္ကာပူနဲ့ ဒီလိုမျိုး စီးပွားရေး ဆက်ဆံမှု ထပ်တိုးလုပ်ရင် နိုင်ငံတကာဆက်ဆံရေးမှာ ထိခိုက်နိုင်မလား။

“အခုက တကယ်ပြောရမယ်ဆိုရင် နိုင်ငံတကာ ဆက်ဆံရေးမှာ မြန်မာနိုင်ငံရဲ့ အနေအထားက အရင်နဲ့ မတူပဲနဲ့ လုံးဝပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ လုံးဝပြောင်းလဲသွားပြီဆိုတော့ အရင်တုန်းက ပိတ်ဆို့မှုကြောင့် မို့လို့ရှိနေတဲ့ အဖြစ်အပျက်တွေနဲ့ ကြားထဲမှာ ဖြစ်နေတဲ့ ပုံမှန်မဟုတ်တဲ့ ဆက်ဆံမှုတွေကလည်း တဖြည်းဖြည်းချင်း ပျောက်သွား
တော့မှာ ဖြစ်ပါတယ်။ အားလုံးက မြန်မာနိုင်ငံအနေနဲ့ ပုံမှန် ကမ္ဘာ့လူ့အဖွဲ့အစည်းထဲမှာ ရင်ဘောင်တန်းနိုင်မယ့် နိုင်ငံ တခု အဖြစ်နဲ့ ဖြစ်လာပါပြီ။ အဲဒီလို ဖြစ်လာတဲ့အခါမှာ စင်္ကာပူအနေနဲ့ကလည်းပဲ နိုင်ငံတကာမှာ စီးပွားရေးအရ
ရှေ့တန်းရောက်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အခါ ကျတော့ ကျနော်တို့ရဲ့ ပုံမှန်ဖြစ်လာတဲ့ မြန်မာနိုင်ငံရဲ့ တိုးတက် ဖွံ့ဖြိုးမှု အတွက်ကို အများကြီး အထောက်အကူပေးနိုင်မယ့် အနေအထားမျိုး ရှိပါတယ်”

မြန်မာဘက်က အမျိုးသားအကျိုးစီးပွား မထိခိုက်ဖို့ဆိုရင် ဘာတွေ ပြင်ဆင်ထားသင့်သလဲ။

“ကျနော်တို့ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စတိုင်းမှာပေါ့နော်။ ကျနော်တို့ရဲ့ ရှိနေပြီးဖြစ်တဲ့ နိုင်ငံရေးစနစ်မှာကိုက အပြန် အလှန် ချိန်ညှိမှုတွေ၊ စစ်ဆေးမှုတွေ ရှိနေပြီးသား ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုအားလုံးဟာ ကိုယ့်အမျိုးသား
ရေး အကျိုးစီးပွားကို မထိခိုက်စေဘဲနဲ့ အမျိုးသားအကျိုးစီးပွားကို ဖြည့်ဆည်းနိုင်ဖို့အတွက် လိုအပ်တဲ့ စိစစ်မှုတွေ၊
လေ့လာမှုတွေနဲ့ သုံးသပ်မှုတွေကတော့ ပညာရှင်တွေကော၊ ဥပဒေပြုတဲ့အဖွဲ့တွေ၊ နောက် အုပ်ချုပ်ရေးအဖွဲ့တွေ စသဖြင့်ပေါ့နော်။ နောက် မီဒီယာပေါ့။ အားလုံးကနေပြီးတော့မှ လေ့လာစိစစ် သွားကြဖို့ပဲ ရှိပါတယ်။ အဲဒီကနေမှ
ကောင်းတဲ့ဟာတွေ ယူမယ်။ ထိခိုက်မယ့်ကိစ္စတွေကို ပြန်ပြီး ညှိနှိုင်းကြရ မှာပေါ့။ အဲဒီလိုမျိုးပဲ လုပ်သွားကြရမယ့် သဘောရှိပါတယ်”

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် သဘာဝပတ်ဝန်းကျင်တို့၊ အလုပ်သမား အခွင့်အရေး ဥပဒေတွေ ကြိုတင်ပြဋ္ဌာန်းသင့်တယ်လို့ အကြံပြုချက်တွေ ရှိပါတယ်။ ဒီတော့ မြန်မာဘက်က ဘယ်လိုဥပဒေတွေကို ကြိုတင် ပြဋ္ဌာန်းသင့်သလဲ။

“အဲဒီဥစ္စာတွေ အကုန်လုံးကတော့ လုပ်နေပါတယ်။ လွှတ်တော်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်နေပါတယ်။ ဥပမာအားဖြင့်ဆိုရင် ရင်းနှီးမြှုပ်နှံမှုဥပဒေပေါ့နော်။ နောက်ပြီးတော့မှ ကုမ္ဗဏီတွေ ဥပဒေ၊ နောက်ပြီးတော့ လက်ဝါးကြီးအုပ် လုပ်ဆောင်မှုကို တားမြစ်တဲ့ဥပဒေ စသဖြင့် စီးပွားရေးထဲမှာ ဥပဒေတွေ လုပ်နေသလိုပဲ သဘာဝပတ်ဝန်းကျင်မှာလည်း သက်ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုအပ်တဲ့ ဥပဒေတွေ ထုတ်ပြန်နေတာ၊ ပြုစုနေတာတွေလည်း အများကြီး ရှိပါတယ်”

“အဲဒီလိုပဲ အထူးသဖြင့် အထူးစီးပွားရေးဇုန်ကြီးတွေနဲ့ ပတ်သက်လို့ရှိရင်လည်း Substainble Development လို့ခေါ် တဲ့ စဉ်ဆက်မပြတ်နဲ့ ထိန်းထိန်းသိမ်းသိမ်း တိုးတက်နိုင်ဖို့အတွက် ဘယ်ဟာကိုမှ မထိခိုက်ပဲ တိုးတက် နိုင်ဖို့ဆိုတော့ အထူးအက်ဥပဒေတွေ ထုတ်ပြန်ဖို့လည်းပဲ လုပ်နေတာတွေ ရှိပါတယ်။ ဒါတွေကတော့ လွှတ်တော် အဖွဲ့အစည်း ကလည်းပဲ စနစ်တကျ ပေါ်ပေါက်လာပြီဆိုတဲ့အခါကျတော့ လွှတ်တော်အနေနဲ့က လည်းပဲ ဒါတွေကို လေ့လာပြီးတဲ့ အခါကျတော့ လိုအပ်သလို ဆောင်ရွက်နေတာ ရှိပါတယ်။ အဲဒါအပြင်ကိုပဲ မီဒီယာတွေက ထောက်ပြနေတာ အားလုံးကိုလည်း အားလုံးကနေပြီးတော့မှ သေချာစိစစ်လေ့လာပြီးတဲ့အခါ ကျတော့မှ လိုအပ်နေတာတွေ ထည့်သွင်း
နေတာလည်း ရှိပါတယ်”
http://www.mizzimaburmese.com/interview/8751-2011-12-13-12-28-53.html

0 အကြံပြုခြင်း: