Saturday, January 8, 2011

လူမှုမီဒီယာကွန်ယက်နှင့် နိုင်ငံရေးပါဝါ


၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်း အင် တာနက် စတင်အသုံးပြုကတည်းက ကမ္ဘာ့ကွန်ယက်ထဲ ပါဝင်လာတဲ့ လူဦး ရေကို သန်းချီပြီး ပြောကြရသည်။ ယခု ၂၀၁၁ ရောက်တော့ သန်းထောင်ချီပြီး ပြောလာရသည်။ နှစ်နှစ်ဆယ်အတွင်း မိုးပေါ်တက်လာသူ ဦးရေမှာ မီလီယံမှ ဘီလီယံသို့ ပါရာဒိုင်း ရွေ့သွားသည်။
ထိုကာလအတွင်း အီးမေးလ်၊ ယူကျူးဘ်၊ တွစ်တာ၊ ဖေ့စ်ဘွတ် စတဲ့ လူမှုကွန်ယက်များမှာ ကမ္ဘာ့လူထု civil society လှုပ်ရှားမှုအတွက် သော့ချက်ဖြစ်လာခဲ့သည်။ သာမန်နိုင်ငံသားများ၊ နိုင်ငံရေး လူမှုရေး လှုပ်ရှားသူများ၊ NGOများ၊ သတင်းမီဒီယာများ၊ ပညာရေးသမားများ၊ ဆော့ဝဲလုပ်ငန်းများနှင့် အစိုးရများအတွက် အွန်လိုင်းက အသက်ဖြစ်နေသည်။
၂၀၀၁ ဇန်န၀ါရီ ၁၇ ရက် နေ့တွင် ဖိလစ်ပိုင်သမ္မတ ဂျိုးဇက်အက်စ်ထရာဒါ ကို ရုံးတင်စစ်သည်။ ဖိလစ်ပိုင် ကွန်ဂရက်မှ  သူ့သစ္စာခံများက အမှုကနေ ကွင်းလုံးကျွတ်လွတ်ဖို့ မဲပေးလိုက်သည်။ နှစ်နာရီတောင် မကြာပါ။ ကျင့်ဝတ်ပျက်တဲ့ သမ္မတကို ဖြုတ်ချဖို့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မြို့တော်ရင်ပြင်နဲ့ မနီလာ လမ်းဆုံလမ်းခွတွေမှာ စုရုံးလာကြသည်။ သူတို့ မိုဘိုင်းလ်ဖုန်း၊ အီးမေးလ်တွေကနေ ‘အကျင့်ပျက်သမ္မတ ဖြုတ်ပစ်’ ဆိုတဲ့ မက်ဆေ့ခ်ျစာတွေ ရေးပို့ကြသည်။ နောက်ရက်အနည်းငယ်အတွင်း လူတစ်သန်းကျော် ရောက်လာပြီး ယာဉ်ကြောတွေ ပိတ်ဆို့သွားသည်။
တစ်ပတ်အတွင်း မက်ဆေ့ခ်ျ ၇ သန်း ပြန့်သွားသည်။ လွှတ်တော်အမတ်မင်းများ လန့်သွားပြီး အက်စ်ထရာဒါကို ရုံးပြန်တင်သည်။ ဇန်န၀ါရီ ၂၀ ရက်နေ့တွင် အက်စထရာဒါ ပြုတ်သွားသည်။ ပထမဆုံးအကြိမ် အွန်လိုင်း လူမှု့မီဒီယာက နိုင်ငံခေါင်းဆောင်တစ်ယောက်ကို ဖြုတ်ချခဲ့တဲ့ဖြစ်ရပ် ဖြစ် သည်။ အက်စ်ထရာဒါ ကိုယ်တိုင်က သူ့ကို ပြုတ်ကျအောင် လုပ်တာ မက်ဆေ့ခ်ျပို့တဲ့ မျိုးဆက် (the text-messaging generation) ဟု အပြစ်တင်ခဲ့သည်။
သတင်းဆက်သွယ်ရေး မြင်ကွင်းမှာ နက်ရှိုင်း ကျယ်ပြန့် လာတာနဲ့အမျှ လူထုပူးပေါင်းပါဝင်မှု ပိုများလာသည်။ ကွန်ယက်ထဲပါဝင်လာတဲ့ လူထုအဖို့ အင်ဖော်မေးရှင်းတွေ အောတိုက် ရလာသည်။ လူထုအသံထုတ်ဖို့ အခွင့်အလမ်း အပေါက်တွေ ပိုပွင့်လာသည်။ ကမ်ပိန်းတွေ အားပါးတရ ထုလာကြသည်။
၂၀၀၄ ခုနှစ် စပိန်တွင် လူထုက ၀န်ကြီးချုပ် ဂျိုးဇက်အက်စ်နာ ကို မက်ဒရစ်မြို့ ဗုန်းခွဲခံရမှုအပေါ် မကျေနပ်လို့၊  မိုဘိုင်းလ်နဲ့ အီးမေးလ်တွေမှ မက်ဆေ့ခ်ျပို့ လူစုပြီး ရာထူးထပ်မရအောင် လုပ်ခဲ့သည်။ ၂၀၀၉ ခုနှစ် အရှေ့ဥရောပ မော်လ်ဒိုဗာ နိုင်ငံမှာလည်း ရွေးကောက်ပွဲ အင်ထုတဲ့ ကွန်မြူနစ်ပါတီကို အာဏာလက်လွှတ်အောင် ဖေ့စ်ဘွတ် တွစ်တာတို့ ကျေးဇူးနဲ့ ဆန္ဒပြဖြုတ်ချခဲ့သည်။ နောက် ကက်သလစ်ကျောင်းများမှ ခရစ်ယာန်ဘုန်းကြီးအချို့ရဲ့ ကလေး အဓမ္ပပြုကျင့်မှုများကို  အွန်လိုင်းတွေကနေ အကြိမ်ကြိမ် ဖွင့်ချတာကြောင့် တရားစွဲခံရပြီး၊ ဗာတီကန်မှာ ကမ္ဘာ့အလည် မျက်နှာပျက်ရင်း လိုက်ရှင်းနေရသည်။
သို့သော် အွန်လိုင်းလူမှုကွန်ယက် အကူအညီနဲ့ လှုပ်ရှားမှုတိုင်း အောင်မြင်ခဲ့တာတော့မဟုတ်။ ၂၀၀၆ မတ်လ ဘီလာရပ်စ်နိုင်ငံမှာ အီးမေးလ်ကတဆင့် စုစည်းမိတဲ့ ဆန္ဒပြသူတွေက မဲအကြီးအကျယ်လိမ်တဲ့ သမ္မတ အလက်ဇန္နဒါး လူကာရှန်ကို ကို ဖြုတ်ချဖို့ကြိုးစားသည်။ လူနပ်လူပါး လူကာရှန်ကို က အွန်လိုင်း မီဒီယာကွန်ယက်တွေ တင်းတင်း ကျပ်ကျပ် ပိတ်ဆို့ပြီး အာဏာကို ဆက်ထိန်းထားသည်။
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် မြန်မာလူထုက ဆက်သွယ်ရေး ကွန်ယက်ကို ယခင် လှုပ်ရှားမှုများနဲ့မတူအောင် ထူးခြားစွာ အသုံးပြုခဲ့ကြသည်။ ဒါပေမဲ့ အိုင်စီတီနဲ့ သေနတ် အားပြိုင်ပွဲတွင် သေနတ်က အနိုင်ရသွားသည်။ ၂၀၀၉ ဇွန်လ အီရန် အစိမ်းရောင် လှုပ်ရှားမှုတွင် နည်းပညာပေါင်းစုံသုံးပြီး ရွေးကောက်ပွဲ ကလိမ်ကျတဲ့ အစိုးရကို ဆန့်ကျင်ခဲ့ကြသည်။ သို့သော် အကြမ်းဖက် ဖြိုခွင်းမှုအောက်တွင် အကြောင်းမလှစွာ အဆုံးသတ်သွားသည်။  ၂၀၁၀ တွင် ထိုင်းနိုင်ငံ ရှပ်နီဆန္ဒပြသူတွေက လူမှုမီဒီယာမျိုးစုံ သုံးခဲ့ပေမယ့်၊ အောင်မြင်မှုလမ်းကြောင်းကနေ ဝေးနေသည်။
ဖုန်းမက်ဆေ့ခ်ျပို့ခြင်း၊ ဓါတ်ပုံရှယ်ခြင်း၊ အီးမေးလ်၊ တွစ်တာ၊ ဖေ့စ်ဘွတ် စတဲ့ လူမှုမီဒီယာများ အသုံးပြုခြင်းက အမြဲရလဒ်ကောင်း ထွက်မယ်လို့ အတပ်မပြောနိုင်။ သို့သော် နိုင်ငံရေး လှုမှုရေး လှုပ်ရှားမှုများအတွက် ခွင်ပိုကျယ်လာသည်။ အဓိက လူထုမီဒီယာနဲ့ နိုင်ငံရေးပါဝါ ဖြစ်လာသည်။
မေးသင့်တဲ့မေးခွန်းက ဒစ်ဂျစ်တယ်ကရိယာတွေက ဒီမိုကရေစီ မြှင့်တင်ပေးနိုင်မလား ဆိုတာပင်။ ရေတိုမှာတော့ အဲဒီ့  ဒစ်ဂျစ်တယ်ကရိယာတွေက အမြစ်ခိုင်လွန်းတဲ့ အာဏာရှင်များနဲ့ ခြစားနေတဲ့ ဗျူရိုကရေစီများကို လှန်ချဖို့ ခက်ကောင်း ခက်နေဦးမည်။ ရေရှည်တွင်တော့ ဒီမိုကရေစီကို အာမခံဖို့ အားကိုးအားထားပြုရမယ့် အဓိကလက်နက် ဖြစ်နေမည်။
ပသို့ဆိုစေ ကမ္ဘာ့အာဏာရှင်ဆိုးဆိုးတိုင်းကတော့ အိုင်စီတီနဲ့ လူထုကင်းကွာအောင် ပိတ်ဆို့ဖို့ ကြိုးစားနေမှာပဲ ဖြစ်သည်။ ဘယ်လိုတားတား လူမှုမီဒီယာက ကမ္ဘာ့နိုင်ငံရေးလှုပ်ရှားမှုများ အားလုံးအတွက် အဓိက တိုက်ပွဲဝင် ကရိယာလက်နက် ဖြစ်လာသည်။ အင်တာနက်လွတ်လပ်စွာသုံးခွင့် (internet freedom) သည် လူ့အခွင့်အရေး ဖြစ်ရမည်။ အင်တာနက်ကို ပိတ်ပင်ခြင်းမှာ လူ့အခွင့်အရေးနှင့် အသိပညာလွတ်လပ်ခွင့်ကို အကြီးအကျယ် ချိုးဖောက်ခြင်း ဖြစ်သည်။ လူထု အသိပညာပွင့်လင်းမှာ ကြောက်သူတိုင်း၊ မရှုစိမ့်သူတိုင်း၊ မော်ဒန်နိုက်ဇေးရှင်း မုန်းသူတိုင်းက လူမှုမီဒီယာများ မိုက်မိုက်မဲမဲ ပိတ်ပင်ရင်း အလုပ်ရှုပ်နေကြမည်။
တရုတ်အစိုးရတွင် အင်တာနက်စောင့်ကြပ်တဲ့ရဲ လေးသောင်းကျော်ရှိသည်။ သို့သော် လက်ရှိ အင်တာနက် သုံးသူဦးရေမှာ သန်း ၆၀၀ ကျော်နေပြီ။ တရုတ်ဘလော့ဂါ သန်း ၄၀ ရှိသည်။ ၀ဘ်ဆိုဒ်တွေ    ဘယ်လောက် ပိတ်ထားထား ကျော်ခွ ဖတ်နေကြသည်။ အသုံးရ လွယ်ကူသလောက် မိုးပျံအောင်ထိရောက်တဲ့ မိုက်ခရိုဘလော့ဂ် ခေါ်  တွစ်တာ ဖေ့စ်ဘွတ် တို့ကြောင့် လူငယ်များသာမက၊ လူအိုများပါ လူမှုမီဒီယာကွန်ယက်ထဲ ပါလာကြသည်။ အင်တာနက် သုံးသူ သန်းတစ်ထောင်နဲ့ ဘလော့ဂါ သန်း ၁၀၀ ထိဖြစ်လာရင် တရုတ်ပြည် အပြောင်းအလဲက ဘာတွေဖြစ်လာဦးမည် မသိ။
အွန်လိုင်းနဲ့ ထိစပ်နိုင်သူ ပြည်တွင်း ပြည်ပ မြန်မာလူငယ်များအဖို့ ရထားတဲ့ ရင်းမြစ်ကို ထိထိရောက်ရောက် အသုံးချကြဖို့ လိုသည်။ အင်တာနက်သုံးသူ တစ်ဦးအဖို့ ကိုယ်ပိုင် ဘလော့ဂ် ဖွင့်တာ ဘာမှမခက်လှ။ လက်ရှိ နေ့စဉ်ပုံမှန် ရေးနေကြတဲ့ မြန်မာဘလော့ဂ် ငါးရာ ရှိမည်ဆိုပါစို့။ တကယ်လို့ မြန်မာဘလော့ဂ် ငါးထောင် ကနေ ငါးသောင်း၊ ငါးသိန်း အထိ တက်လာရင် တိုင်းပြည်အခြေအနေ တစ်မျိုးပြောင်း သွားနိုင်သည်။ အလားတူ ၀ဘ်ဆိုဒ် အသစ်တွေလည်း အရေအတွက် တက်လာဖို့လိုမည်။ မိုးပေါ်ကနေ အားလုံးကြားအောင် ရင်ဖွင့်တဲ့ ဘလော့ဂါ စာရေးသူတွေ များများလိုနေသည်။ လူထုပါဝါနဲ့ နိုင်ငံရေးပါဝါအတွက် ဆက်သွယ်ရေး မီဒီယာကွန်ယက်ကို အစွမ်းကုန် အသုံးချဖို့၊ ရည်ရွယ်ချက်ရှိရှိ လုပ်ကြဖို့ လိုအပ်သည်။
မြန်မာနိုင်ငံ ၁၉၉၀ ရွေးကောက်ပွဲ ကာလက မဲဆွယ်စည်းရုံးမှု အမြင့်ဆုံးပုံစံမှာ လက်ကမ်းစာစောင်ဝေခြင်း ဖြစ်သည်။ လသာမြို့နယ်အမတ်တစ်ယောက်က ကျူရှင်ဆန်ဆန် လက်ကမ်းစာစောင်ဝေပြီး မဲဆွယ်တာ သူတစ်ယောက်ပဲ အဲဒီအချိန်မှာ ရှိတယ်လို့ ကြွားခဲ့တာ အမှတ်ရမိသည်။
ယခု ၂၀၁၀ ရွေးကောက်ပွဲတွင် လက်ကမ်းစာစောင်လောက် မဟုတ်တော့။ ပါတီအချို့က အွန်လိုင်းကို တွင်တွင် သုံးလာသည်။ အချို့က ပါတီဝဘ်ဆိုဒ်များ လုပ်လာသည်။ ရွေးကောက်ပွဲ အနှစ်သာရက ဗလာဖြစ်သော်လည်း လုပ်နည်းကိုင်နည်း စည်းရုံးရေးများတွင် ပုံစံအချို့ ပြောင်းလဲလာသည်ဟု ဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည် မလွတ်ခင်က တွစ်တာသုံးချင်သည်ဟု ဆန္ဒပြင်းပြင်းပြပြ ပြောခဲ့သည်။ ရန်ကုန်မှာ တွစ်တာ သုံးမရလို့ ဝေဖန်မှုအချို့ရှိပေမယ့်၊ မြန်မာလူထုခေါင်းဆောင်ရဲ့ ခေတ်မှီ လူမှုမီဒီယာကွန်ယက် အသုံးပြုချင်စိတ်ရှိတာက လေးစားဖို့ကောင်းနေသည်။
NLD ပါတီအနေဖြင့် ၀ဘ်ဆိုဒ်တစ်ခု အမြန်ဖွင့်နိုင်ဖို့လိုမည်။ ပြည်တွင်းမှာ ဖွင့်ဖို့ အခက်အခဲရှိရင် အပြင်မှာဖွင့်ရမည်။ ကနေ့ ပါတီတစ်ခု အဖွဲ့အစည်းတစ်ခုမှာ မဖြစ်မနေ ကိုယ်ပိုင်ဝဘ်ဆိုဒ် ဖွင့်ကိုထားရမည်။ ဘယ်သူမှ ခွင့်တောင်းနေဖို့ မလို။ အကြာကြီး အစည်းဝေးထိုင်နေဖို့မလို့။ တထိုင်ထဲဆုံးဖြတ်ပြီး ပါတီအာဘော်များ၊ ဒေါ်အောင်ဆန်းစုကြည် ရေးသားချက်များ၊ ဒီမိုကရေစီ အယူအဆများ၊ ကိုယ်သွားမယ့် လမ်းကြောင်းများကို ပါတီဝဘ်ဆိုဒ်ကတဆင့် လူထုကို နေ့စဉ် များများ ပြောနေရမည်။
တရားဝင်ပြီးသား အဖွဲ့အစည်းတစ်ခု ဆက်တရားဝင်နိုင်ရေးမှာ တခြားသူဆီ ခွင့်တောင်းနေတာထက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကနေ များများဖြန့် အလုပ်လုပ်ဖို့ လိုမည်။ မကြာခင်က ဒေါ်အောင်ဆန်းစုကြည် အမြင်တစ်ခုနဲ့ပတ်သက်ပြီး၊ The New York Times က ရေးလိုက်သည်။ ဒေါ်စုအယူအဆ မဟုတ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူက လိုက်ရှင်းရသည်။ မကြာခဏ ဖြေရှင်းနေတာကို ကြားရသည်။ ကိုယ်ပိုင် ပါတီမီဒီယာတစ်ခု ရှိထားလျှင် ထိုပြဿနာများ ရှင်းသင့်သလောက် ရှင်းသွားမည်။
ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းကိုသင်တာ မအအောင်လို့ဟု ဆုံးမသည်။ သို့သော် ၂၁ ရာစုတွင် သမိုင်းကို  သိရုံနဲ့ မအသူဟု ယူဆမရတော့။ အွန်လိုင်း လူမှုကွန်ယက်၊ လူမှုမီဒီယာများနဲ့ ဝေးနေသမျှ အ, နေကြဦးမည်။ လူသော့လူသွမ်းများရဲ့ ဖိနှိပ်မှုမှန်သမျှ လှိမ့်ခံနေကြရဦးမည်။ ငွေကြေးအပါအ၀င် အခက်အခဲမျိုးစုံကြောင့် လူမှု ကွန်ယက်သစ်ထဲ မပါဝင်နိုင်သေးသူများကို အသာထား။ အွန်လိုင်းပေါ် ရောက်နှင့်သူများကတော့ လူမှုမီဒီယာကို နိုင်ငံရေး ပါဝါနဲ့ လူထုပါဝါအဖြစ် ရက်ရက်စက်စက် အသုံးချကြရလိမ့်မည်။
http://www.maukkha.org/ မှ....

၈.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
8 Jan 2011 Yeyintnge's Diary.odt8 Jan 2011 Yeyintnge's Diary.odt
1365K   Download  
8 Jan 2011 Yeyintnge's Diary.pdf8 Jan 2011 Yeyintnge's Diary.pdf
1510K   View   Download  
Democracy.pdfDemocracy.pdf
262K   View   Download  

http://www.mediafire.com/file/9t9zn94rc7hzh3n/8%20Jan%202011%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/9zs24plzrgxqbqp/8%20Jan%202011%20Yeyintnge%27s%20Diary.odt8 Jan 2011 Yeyintnge's Diary

“လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနဲ့ မြန်မာ့ရွေးကောက်ပွဲ (၂၀၁၀)” အမည်ရှိ အစီရင်ခံစာကို ပြည်တွင်းမှ ထုတ်ဝေ



မြန်မာပြည်အတွင်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ လှုပ်ရှားဆောင်ရွက်နေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) အဖွဲ့က “လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနဲ့ မြန်မာ့ရွေးကောက်ပွဲ (၂၀၁၀)” အမည်ရှိ လေ့လာသုံးသပ်ချက် အစီရင်ခံစာတစောင်ကို ယနေ့ ထုတ်ဝေလိုက်သည်။

အဆိုပါအစီရင်ခံစာတွင် စာမျက်နှာ ၅၉ မျက်နှာပါရှိပြီး ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စည်းရုံးမှု အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပချိန်တွင် ဆန္ဒမဲပေးမှုအခြေအနေ၊ မဲရုံဝန်ထမ်းများနှင့် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်၏ ဆောင်ရွက်မှုအနေအထားများ၊ ရွေးကောက်ပွဲအလွန်ကာလ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ၏ တုန့်ပြန်ချက်များ၊ အာဏာပိုင်များ၏ လုပ်ကိုင်ဆောင်ရွက်ပုံများကို အသေးစိတ် မှတ်တမ်းတင်ဖော်ပြထားကြောင်း သိရသည်။

HRDP ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်လေးက “၂၀၁၀ ရွေးကောက်ပွဲထဲမှာ ကျနော်တို့က ဖြစ်စဉ်တခုတိုင်း တခုတိုင်းမှာ လူ့အခွင့်အရေးရဲ့ တကယ့်အခြေခံကျတယ်လို့ ပြောလို့ရတဲ့ တိုင်းပြည်ရဲ့ အာဏာဆင်းသက်ရမယ့် လူထုရဲ့ ဆန္ဒသဘောထားတွေ စစ်စစ်မှန်မှန် ထုတ်နိုင်/မထုတ်နိုင်၊ ဖော်ပြနိုင်/မဖော်ပြနိုင် ဆိုတဲ့ အချက်ကို နိုင်ငံတကာနဲ့ လူထုသိရှိအောင် ဒီအစီရင်ခံစာကို ပြုစုရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေများကို ချိုးဖောက်ပြီး အာဏာပိုင်များကိုယ်တိုင် ကြံ့ဖွံ့ပါတီအတွက် တအိမ်တက်ဆင်း ကြိုတင်မဲကောက်ခံမှု၊ ဖိအားပေးခြိမ်းခြောက်မှု၊ မက်လုံးပေး မဲဆွယ်စည်းရုံးမှု၊ မဲဝယ်မှုများအပြင် မဲရုံဝန်ထမ်းများ မဲရေတွက်ရာတွင် မသမာမှု စသည့် အခြေအနေများကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များအတွင်းရှိ မြို့နယ် ၄၂ မြို့နယ်မှ မဲရုံပေါင်း ၄၀၀ ကျော်နှင့် လူပေါင်း သုံးသောင်းကျော်အား တွေ့ဆုံမေးမြန်း စစ်တမ်းကောက်ယူကာ အဆိုပါအစီရင်ခံစာကို ရေးသားပြုစုခဲ့ခြင်းဖြစ်သည်ဟု HRDP တာဝန်ရှိသူများက ပြောသည်။

HRDP ကောက်ယူခဲ့သည့် စစ်တမ်းများအရ စစ်အစိုးရကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ကြောင်း ဦးမောင်မောင်လေးက သုံးသပ်ပြောဆိုသည်။

သူက “နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံအင်တာဗျူးတဲ့အခါမှာသော်လည်းကောင်း၊ လူထုစစ်တမ်း သုံးသောင်းကျော်ထဲက အချက်တွေကို အခြေခံလို့သော်လည်းကောင်း မဲပေးရတဲ့သူတွေကလည်း သူတို့ရဲ့ စစ်မှန်တဲ့ ဆန္ဒကို ထုတ်ဖော်ပိုင်ခွင့်ကို မရရှိခဲ့ဘူး။ ပါတီတွေ မဲဆွယ်စည်းရုံးတဲ့ ကိစ္စမှာလည်း ပါတီတိုင်းက တန်းတူအခွင့်အရေး မရခဲ့တာတွေကို ကျနော်တို့က အထောက်အထားတွေ၊ အချက်အလက်တွေနဲ့ ဒီရီပို့(အစီရင်ခံစာ)ထဲမှာ ထည့်သွင်းထားပါတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲကြီးဟာ လွတ်လပ်တရားမျှတတယ် ဆိုတာကတော့ ဘယ်လိုမှ ဖြစ်နိုင်ဘွယ်ရာမရှိပါဘူး” ဟု ပြောဆိုသည်။

အစီရင်ခံစာကို မြန်မာပြည်တွင်းက ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ အန်ဂျီအိုအဖွဲ့အစည်းများထံသို့ ယနေ့ ဖြန့်ဝေခဲ့ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များအတွင်း ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

HRDP အဖွဲ့သည် ၂၀၀၂ ခုနှစ်အတွင်း ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးမြင့်အေး ဦးဆောင်ပြီး လူ့အခွင့်အရေးစိတ်ဝင်စားသူ လူငယ် ၃၅ ဦးတို့မှ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းကို ရန်ကုန်နှင့် ဧရာဝတီတိုင်းများအတွင်း စတင်ဖြန့်ဝေရာမှ သန္ဓေတည်ခဲ့သည်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့တွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) အမည်ဖြင့် ဖွဲ့စည်းပြီး လူ့အခွင့်အရေးကိစ္စများကို ယနေ့တိုင် လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့ဖြစ်ည်။

ထိုသို့ လူ့အခွင့်အရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ကွန်ယက်အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးအပါအ၀င် အဖွဲ့ဝင် ၄၀ ခန့်အား စစ်အစိုးရမှ ဖမ်းဆီးထောင်ချထားဆဲဖြစ်သည်။
http://www.yoma3.org/?p=1819

“နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့နိုင်ငံရေး”

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေတွေ့ဆုံဆွေး နွေးပွဲတခုပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေရော၊ အဖွဲ့ချုပ်ပါတီဝင်မဟုတ်သူတွေရော စိတ်ဝင်တစား တက်ရောက်လာကြသလို အင်ဂျီအိုတွေကလူငယ်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမှုဟာ အလွန်ကောင်းပါတယ်။ တက်ရောက်လာတဲ့ လူငယ်တွေဟာ တိုင်းပြည်ရဲ့ ဒီကနေ့ နိုင်ငံ ရေး လူမှုရေး စီးပွားရေးအကြောင်းတွေကို အရင်ကထက်ပိုပြီးစိတ်ဝင်တစား ရှိလာကြတယ်လို့ ယူဆရပါတယ်။ နိုင်ငံ ရေးဆိုတာ ပြည်သူလူထုတိုင်းနဲ့ ပတ်သက်နေသလို ပြည်သူလူထုအားလုံးပါဝင်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကားကို နားလည်လက်ခံလာကြပုံလည်း ရပါတယ်။ ဒါဟာလည်း ကိစ္စကောင်းဖြစ်သလို ကြေနပ်အားရစရာဖြစ်ပါတယ်။
လူငယ်တွေသိချင်လို့ မေးလာတဲ့မေးခွန်းတွေကို ကြည့်လိုက်တဲ့အခါမှာ လည်းတိုင်းပြည်ရဲ့ အနာဂတ်နိုင်ငံရေး၊ နိုင်ငံ တော်ကို ဦးဆောင်မှုပေးမယ့် လူထုခေါင်းဆောင်ရဲ့အခန်းကဏ္ဍ၊ ပြည်သူလူထုရဲ့အခန်းကဏ္ဍစတာတွေအပေါ်မှာ စိုး ရိမ်ပူပန်မှုတွေ ရှိနေကြတာ တွေ့ရပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့တောင် မေးသွားပါသေး တယ်။ မေးခွန်းတွေကို ဖြေဆိုသွားတဲ့ လူထုခေါင်းဆောင်ရဲ့အဖြေဟာလည်း မှန်ကန်ကောင်းမွန်သလို ပါးနပ်လိမ်မာ ပါတယ်။တချို့နေရာတွေမှာတော့ ဒီထက်ပိုပြီး ပြတ်သားရဲရင့်တဲ့စကားလုံးမျိုးတွေနဲ့ သုံးစွဲသွားမယ်ဆိုရင် လူငယ်တွေ အတွက် ပိုပြီးအားတက်ကြိုးစားချင်စိတ် ရှိလာနိုင်ပါတယ်။
ကျနော်တို့ သတိထားကြရမှာကတော့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားပြီး ဒီမိုကရေစီနိုင်ငံတခုတည်ဆောက် နိုင်ဖို့မှာ အကြမ်းမဖက်ငြိမ်းချမ်းတဲ့ နည်းလမ်းတခုတည်းကို ကိုင်စွဲထားလို့ရနိုင်ပါ့မလား။ တွေ့ဆုံဆွေးနွေးရေးကို လုံးဝ လုပ်စရာအကြောင်းမရှိပါဘူးလို့ ပြောထားပြီး တွေ့ဆုံဆွေးနွေးဖို့ လုံးဝလေသံမဟစိတ်မ၀င်စားပဲ သူတို့ရဲ့ အရေခွံလဲ စစ်အာဏာရှင်စနစ်အတွက် တင်ပေးမယ့် အရပ်ဝတ်စစ်အစိုးရဖွဲ့စည်းရေးနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို လက်ဝါးကြီးအုပ်သိမ်းယူရေးအတွက်ကိုပဲ ကြိုးစားအားထုတ်နေတဲ့ စစ်အာဏာရှင်တွေကို တွေ့ဆုံဆွေးနွေးရေးပဲ ဆက် တောင်းဆိုနေလို့ရပါ့မလား။ ကျနော်ကတော့ အဲဒီလိုမယုံကြည်ပါဘူး။ သူတို့ မိုက်မည်းဆိုးသွမ်းမှုတွေ၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို နောင်တတရားရပြီး ပြည်သူလူထုလက်ထဲ အလွယ်တကူ အာဏာပြန်အပ်မယ်လို့ ယုံကြည်တယ်ဆိုရင် လည်း မိုက်မည်းရာကျမယ်ထင်ပါတယ်။
အဲဒီလို စစ်အာဏာရှင်အစိုးရမျိုးရော ဖြစ်နိုင်ပါသလား။ အတိတ်တုံးက ဘာတွေလုပ်ခဲ့ ဘာတွေကျူးလွန်ခဲ့ပြီး ခုချိန်မှာ ဘာတွေလုပ်နေ ကျူးလွန်နေ ပြင်ဆင်နေပါသလဲ။ အလွန်မြင်သာထင်ရှားပြသထားပြီး ဖြစ်ပါတယ်။ စစ်အာဏာရှင်စ နစ်ကို တွန်းလှန်ဖယ်ရှားနိုင်သူတွေဟာ ပြည်သူလူထုကြီးသာဖြစ်ပါတယ်။ ပြည်သူလူထုကြီးရဲ့ ကြီးမားတဲ့ အင်အားပါ။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်က အမျိုးသားစစ်အာဏာရှင်တွေလို ရက်စက်သလောက် ကောက်ကျစ်စဉ်းလဲ ရိုင်း မိုက်တဲ့ စစ်အစိုးရမျိုးကို တွန်းလှန်ဖယ်ရှားနိုင်ဖို့  အကြမ်းဖက်လက်နက်ကိုင်တော်လှန်ရေးလည်း လိုအပ်ပါတယ်။ ပြောလိုရင်းကတော့ အကြမ်းမဖက်ဆန့်ကျင်တော်လှန်ရေး၊ တပိုင်းအကြမ်းဖက်တော်လှန်ရေး၊ အကြမ်းဖက်တော်လှန် ရေး အာလုံးကို လိုအပ်တယ်ဆိုတာပါပဲ။ သုံးစွဲလို့ရနိုင်သမျှ တော်လှန်ရေးနည်းနာအားလုံးကို အသုံးချနိုင်မှပဲ စစ်အာ ဏာရှင် အစိုးရကို အောင်ပွဲရသည်အထိ တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမယုံကြည်ရာတိုက်ပွဲပုံသဏ္ဍန်ကို ဖော်ဆောင်ရာမှာ၊ ပြည်သူလူထု ရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု လိုအပ်သလို၊ တခြားဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားလက်နက်ကိုင်အင်အား စုတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရာမှာလည်း ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု လိုအပ်ပါ လိမ့်မယ်။ ကိုယ်ယုံကြည်ရာ၊ အားသန်ရာ တိုက်ပွဲပုံသဏ္ဍန်မှာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တခု တည်းသော ဦးတည်ချက်ကတော့ စစ်အာဏာရှင်စနစ် ဖယ်ရှားရှင်းလင်းပစ်ရေးသာ ဖြစ်ပါတယ်။
ပြည်သူလူထုကြီးတရပ်လုံး စည်းလုံးညီညွတ်မှု ရှိရှိနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက် ကို ရဲရဲရင့်ရင့်လိုက်ပါကြဖို့ဖြစ်သလို စစ်အာဏာရှင်စနစ် ဆန့်ကျင်တွန်းလှန်ရေးအတွက် တခြားဒီမိုကရေစီအင်အားစု တွေ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ဖော်ဆောင်လာတဲ့ တိုက်ပွဲတွေမှာလည်း ပါဝင်ထောက်ခံအားပေးကြဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။
ရန်သူရဲ့ရန်သူဟာ မိတ်ဆွေပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန့်ကျင် တွန်းလှန်သူတိုင်းဟာ မိတ် ဆွေ မိတ်ဖက်တွေသာ ဖြစ်ကြပါတယ်။ မတူကွဲပြားမှုတွေ ရှိကောင်းရှိနေမှာဖြစ်ပေမယ့် ဒါတွေဟာ ရန်ဘက်သဘော မဟုတ်ပဲ မိတ်ဘက်သဘောသာဖြစ်ပါတယ်။ ပဋိပက္ခ ရှိလာရင်တောင် မိတ်ဘက်ပဋိပက္ခသာဖြစ်ပြီး မိတ်ဘက်ပဋိပက္ခ ဖြေရှင်းနည်းနဲ့သာ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ဒါဟာအလွန်အရေးကြီးပါတယ်။
သတင်းဌာနတခုရဲ့မေးမြန်းချက်တခုကိုဖြေကြားရင်းဒေါ်အောင်ဆန်းစုကြည်က တတိယလမ်း တတိယအုပ်စုအပေါ် အမြင်ကိုပြောပြသွားရာမှာ သူ့အနေနဲ့ တတိယဖြစ်ဖြစ် စတုတ္ထဖြစ်ဖြစ် ပဉ္စမဖြစ်ဖြစ် အင်အားစုအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်လို ကြောင်းပြောကြားသွားပါတယ်။ အဓိကကတော့ ဘုံအကျိုးစီးပွားအတွက် ဘုံလုပ်ငန်းစဉ်အတိုင်း ပူး ပေါင်းဆောင်ရွက်သွားကြဖို့သာ ဖြစ်ပါတယ်။
စစ်အာဏာရှင်အစိုးရကိုတော့ ပြည်သူလူထုရဲ့ရန်သူ တိုင်းပြည်ရဲ့ရန်သူလို့ ပြတ်ပြတ်သားသားမြင်နိုင်ကြဖို့ အရေးကြီး ပါတယ်။ စစ်အစိုးရကတောသူတို့ရဲ့အာဏာကို ထိပါးလာတာနဲ့တပြိုင်နက် ပြည်သူလူထုကို ရန်သူလိုသဘောထားပြီး ရက်ရက်စက်စက် သတ်ဖြတ်ခြေမှုန်းတတ်တယ်ဆိုတာကို အားလုံးတွေ့မြင်သဘောပေါက်ကြပြီး ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အတိုက်အခံဒီမိုကရေစီ အင်အားစုတွေဘက်ကသာ စစ်အာဏာရှင်တွေဆီက အကျိုးစီးပွား အခွင့်အရေး တခုရဖို့အတွက် သစ္စာဖောက၊် ခွဲမထွက်ကြဖို့ အရေးကြီးပါတယ်။ ပြည်သူလူထုကြီးအတွင်းကလည်း ကိုယ်ကျိုးစီးပွား တခုအတွက် အခွင့်အရေးမက်လုံးတခုအတွက် အချင်းချင်းပြန်သစ္စာမဖောက်မိကြဖို့ အရေးကြီးပါတယ်။ အဲဒီလို ပြည် သူကိုသစ္စာဖောက်ပြီး စစ်အစိုးရရဲ့အလိုတော်ရိ လက်ကိုင်တုတ်ဖြစ်သွားခဲ့ကြသူတွေကို ကုန်ဈေးနှုံးကျဆင်းရေး လှုပ် ရှားမှုတွေနဲ့ ရွှေဝါရောင်အုံကြွမှုကာလအတွင်းမှာ အများကြီးတွေ့မြင်ခဲ့ကြရပြီးဖြစ်ပါတယ်။
အဲဒီလိုသစ္စာဖောက်မျိုးတွေရဲ့ အန္တရာယ်ကို လည်းလျှော့မတွက်မိကြဖို့ သတိကြီးကြီးရှိကြဖို့ ကာကွယ်တားဆီးကြဖို့ ဖယ်ရှားရှင်းလင်းပစ်ဖို့လိုရင် ဖယ်ရှားရှင်းလင်းပစ်ဖို့ခုချိန်ကတည်းက သတိထား ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ရက်စက်ကြမ်းတမ်းတဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ဖျက်ရာမှာ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဘက်အချင်းချင်းနားလည်ခွင့်လွှတ်မှု စတာတွေ အရေးတကြီးလိုအပ်သလို၊ ရန်သူရဲ့သဘောသဘာဝ၊ကောက် ကျစ်စဉ်းလဲမှုတွေကို သတိချပ်ဖို့ စစ်အာဏာရှင်တွေရဲ့ သူလျှိုဒလန်တွေ ဒေါက်တိုင်တွေ၊ ရန်သူအားပေးတွေရဲ့ အန္တရာယ်တွေကိုလည်း သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။
ကျနော်တို့အားလုံး တညီတညွတ်တည်းဆန့်ကျင်တိုက်ဖျက်ကြမယ်ဆိုရင် စစ်အာဏာရှင်စနစ်ဟာမုချကျဆုံး ရှုံးနိမ့်ရ မှာ အသေအချာပဲ ဖြစ်ပါတယ်။      ။
စိုးနေလင်း
http://www.naytthit.net/?p=6263

လူငယ်ကွန်ယက် ဖွဲ့စည်းမှု NLD ဦးတင်ဦး ရှင်းလင်းပြောကြား


2011-01-08
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး နောက်ပိုင်း ပြည်တွင်းပြည်ပ မြန်မာတွေက ကိုယ်စားပြုရာ အဖွဲ့အစည်းအလိုက် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး ကွန်ယက်ငယ်တွေ စတင် ဖွဲ့စည်းနေကြရာမှာ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမျိုးရန်နောင်သိန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ အမျိုးသားလူငယ်ကွန်ယက် ဆိုပြီး ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီလ ၇ ရက် နေ့စွဲနဲ့ ကြေညာပါတယ်။
(Photo: AFP)
‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
ဒီ ကြေညာချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ လူငယ်တွေအကြား၊ အထူးသဖြင့် NLD လူငယ် တချို့အကြား မကျေမနပ် ပြောဆိုသံတွေ ပေါ်ထွက်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကိုမျိုးရန်နောင်သိန်း ကို သီးခြား တာဝန်ပေးခဲ့ခြင်းတော့ မရှိပါဘူးလို့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားကွန်ယက်လို့ ပြောတာလည်း မဟုတ်ဘူး။ ကို မျိုးရန်နောင်သိန်းတို့ ဒီလိုပဲ စပြီး ကွန်ယက်ကြီး လုပ်တော့လို့ ပြောတာလည်း မဟုတ်ဘူး။ မနေ့က ကျနော် မေးပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ကျနော် နားထောင်ရသလောက်က သူက ကိုမျိုးရန်နောင်သိန်းကို ခေါ်ပြီးတော့ ဘယ်လိုဘယ်လိုလုပ် ဆိုပြီး ဒီလိုပြောတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတာက သူ ဒီလူတွေနဲ့ ပတ်သက်ပြီး တာဝန်ပေးတာ မဟုတ်ဘူးတဲ့။ ဒါနဲ့ ပတ်သက်လို့ သူတင်မဟုတ်ဘူး။ ဒီပြင့် လူငယ်တွေလည်း ရှိသေးတယ်ဗျ။ ဒီ့ပြင် လူငယ်တွေကတော့ ကျနော် ထင်တယ်။ မလုပ်တတ် မကိုင်တတ်လို့လားတော့ မပြောတတ်ဘူး။ ကိုမျိုးရန်နောင်သိန်းကတော့ တော်တော်လေး လုပ်ချင်ကိုင်ချင်စိတ် တက်ကြွတဲ့စိတ်ဓာတ် ရှိနေတာတော့ အမှန်ပဲ။ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ သူက အကောင်းဆုံး၊ အတက်ကြွဆုံး သူ့နည်းသူ့ဟန်နဲ့ လုပ်နေတာတော့ အမှန်ပဲ။ သို့သော် သူ့ကို ဒီကိစ္စနဲ့ ပတ်သက်လို့ တာဝန်ပေးတယ် ဘာညာ ဒီလိုတော့ မဟုတ်သေးဘူးဗျ”

ဒီကိစ္စနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ တက်ကြွမှုကို မိမိတို့ NLD ခေါင်းဆောင်တွေက နားလည်ပါကြောင်း၊ ကိုမျိုးရန်နောင်သိန်း ကိုယ်တိုင်လည်း မနေ့ကပဲ မိမိကို လာရောက် ရှင်းပြခဲ့ပြီ ဖြစ်ကြောင်းလည်း ဦးတင်ဦးက ပြောပါတယ်။

“သူက တာဝန်ခံပြီး လုပ်တဲ့သဘော ဆိုတာ မဟုတ်ပါဘူး၊ သူတို့က အခု လုပ်နိုင်တဲ့ နည်းလမ်း၊ ယန္တယားနဲ့ ပတ်သက်တဲ့ အားလုံးကို စီစဉ်လုပ်ကိုင်တာလောက်ပဲ ရှိပါတယ် ဆိုပြီး သူလုပ်တဲ့ လုပ်နည်းလုပ်ဟန်တွေကို ကျနော့်ကို ရှင်းပြတယ်။ ဒီလို လုပ်ကိုင်ပြီးတော့ လှုပ်ရှားမှု အနေနဲ့ကတော့ အားရတာပေါ့ဗျာ။ တိုင်းပြည်နဲ့ ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက် ကောင်းအောင်လုပ်မယ်၊ တတ်နိုင်သမျှ ညှိနှိုင်းဆောင်ရွက်ပြီးတော့ တွေ့ဆုံ ဆွေးနွေး အဖြေရှာ၊ ဆက်စပ်ပြီးတော့ လုပ်မယ် ဆိုပြီး ကလေးတွေ ပြောသွားတာ ချစ်စရာကောင်းတယ်”

ဒီ ကွန်ယက်ဖွဲ့စည်းရေး ကိစ္စဟာ အထူး အရေးကြီးတဲ့အတွက် လူငယ်တွေအကြား နားလည်မှု အပြည့်အဝ ရှိအောင် ဒေါ်အောင်ဆန်းစုကြည်က အသေအချာ သတိထား ကိုင်တွယ် ဆောင်ရွက်နေကြောင်းလည်း NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက RFA ကို ပြောဆိုပါတယ်။
http://www.rfa.org/burmese/news/former_political_prisoner_form_youth_network_group_claiming_under_dassk_guidance-01082011104015.html

မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ဖွဲ့မည်


By ကိုသားညွှန့်ဦး စနေ, 08 ဇန်နဝါရီ 2011

မြန်မာနိုင်ငံတွင်း သတင်းဂျာနယ်အသီးသီးက သတင်းထောက်တွေကို အကာအကွယ် အကူအညီပေးဖို့ အဖွဲ့တဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေနဲ့ စာနယ်ဇင်းအဖွဲ့နဲ့ သတင်းဂျာနယ် အယ်ဒီတာတွေ စုစည်းပြီး ဖွဲ့စည်းနိုင်ဖို့ စတင် လုံးပမ်းနေပြီဖြစ်ပါတယ်။ အာဏာပိုင်တွေနဲ့ စာပေသတင်းသမားတွေ အကြား အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်လာနိုင်မယ်ဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်တွေ ပိုရလာနိုင်တယ် လို့ စာနယ်ဇင်းတာဝန်ရှိသူအချို့ ယူဆပေမဲ့ သတင်းစာနယ်ဇင်းသမားတွေကတော့ ဒီအဖွဲ့ရဲ့ လက်တွေ့ လုပ်နိုင်ချေကိုပဲ သံသယနဲ့ စောင့်ကြည့်နေတယ်လို့ ပြောရမှာပါ။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

သတင်းယူနေတဲ့သတင်းထောက်တွေကို အကူအညီ အကာအကွယ်ပေးနိုင်ဖို့ ဦးတည်ဖွဲ့စည်းတဲ့ ဒီကော်မတီကိုတော့ Committee for Professional Conduct လို့ အမည်ပေးထားပါတယ်။ သတင်းထောက်တွေရဲ့ ကျင့်ဝတ်ဆိုင်ရာကို ထိန်းညှိပေးမှာဖြစ်သလို တဖက်မှာ သတင်းထောက်တွေကို အကာအကွယ်ပေးသွားဖို့လည်း ရည်ရွယ်ပါတယ်လို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ကိုကို(စက်မှုတက္ကသိုလ်) က ရှင်းပြပါတယ်။

“သတင်းများလိုက်ရာမှာ တွေ့ကြုံရတဲ့အခက်အခဲတွေကို ကျနော်တို့ ၀ိုင်းဝန်းကူညီဖြေရှင်းပေးဖို့၊ အကယ်၍ သတင်းများ ရယူရမှာလည်း ကျနော်တို့ အဖွဲ့အစည်းတွေ၊ တခြားသော အဲန်ဂျီအို ဒါမှမဟုတ် တခြားသော အာဏာပိုင် အဖွဲ့အစည်းတွေ ကြားထဲမှာ မမျှော်လင့်တဲ့ နားလည်မှုလွှဲမှားတာတွေ ဖြစ်ရင်လည်း ဒီကော်မတီအနေနဲ့ ၀ိုင်းဝန်းပြီးတော့ ကျနော်တို့ လိုအပ်တာတွေ ညှိနှိုင်းဖြေရှင်းပေးဖို့ပါ။”

အဲဒီတော့ ဒါက ပြန်ကြားရေးဝန်ကြီးဌာနကနေပြီးတော့ ကြီးကြပ်ပြီး စီစဉ်တာဆိုတော့ တဖက်မှာ သတင်းထောက်တွေရဲ့ ခုနကပြောတဲ့အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေကို အကာအကွယ်ပေးမယ်ဆိုတော့ နည်းနည်း conflict ဖြစ်မနေဘူးလား။ ဘယ်လောက်အထိ အကာအကွယ်ပေးနိုင်ပါ့မလဲ။ -

“ပြန်ကြားရေးဝန်ကြီးဌာန ပါနေတယ်လို့ ပြောတဲ့အတွက်ကြောင့် independent ဖြစ်ပါ့မလားဆိုတာတော့ မေးခွန်းမေးစရာ ရှိပါတယ်။ သို့သော် ဖွဲ့ရမယ့်ကိစ္စက သူ့ရပ်နဲ့သူ့ဇာတ်ဆိုတဲ့သဘောလည်း ဖြစ်တယ်ဗျ။ တခါတခါကျရင် နိုင်ငံတကာစံညွှန်းစံထားတွေနဲ့ ချိန်မယ်၊ အဲဒီ စံညွှန်းစံထားတွေနဲ့ကျမှပဲ ကျနော်တို့ လုပ်မယ်ဆိုရင် ရနိုင်ဖို့က နှောင့်နှေးသွားနိုင်တယ်။ တဖက်ကလည်း အာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မပါဘဲနဲ့ ကျနော်တို့ နိုင်ငံမှာ တိုက်ရိုက် အဖွဲ့တခုကနေ လုံးဝ လွတ်လပ်တဲ့ အဖွဲ့အစည်းတခုကနေပြီးတော့ ၀င်ရောက်ဖြေရှင်းပေးဖို့ ဆိုတာကတော့ လောလောဆယ်အနေအထားတွေမှာ ခက်ဦးမယ်ထင်ပါတယ်။”

ဒီကော်မတီကနေပြီးတော့ သတင်းထောက်တွေရဲ့ တဦးချင်း လူမှုရေး၊ တခြား ရပိုင်ခွင့်တွေကို ၀ိုင်းဝန်းဆောင်ရွက်ပေးမယ် ဆိုတော့ တဖက်မှာ စာနယ်ဇင်းလောကမှာဖြစ်နေတဲ့ သတင်းလွတ်လပ်ခွင့်၊ ဆင်ဆာကိစ္စတွေနဲ့ပတ်သက်လို့ရော တစုံတရာ ၀င်ရောက်ဖြေရှင်းဖို့ စဉ်းစားချက် ရှိပါသလား။ -

“ကျနော်တို့ ဖြည်းဖြည်းချင်း လုပ်ယူရမယ့်ကိစ္စတခုလို့ မြင်တယ်။ ကျနော်ကတော့ အဲဒီဟာကို စလာကတည်းက ကျနော်တို့က press freedom ကိစ္စတို့၊ censorship ကိစ္စတို့ဘာတို့ဆိုတဲ့ ဟာတွေပေါ့ဗျာ။ အဲဒီလိုမျိုး သွားနေမယ်ဆိုရင်တော့ ဒီအဖွဲ့ကြီးက ပေါ်ပေါက်လာဖို့မလွယ်ဘူး။ အဲဒီတော့ ကျနော်တို့ လုပ်လို့ရသလောက်လေးနဲ့ စလုပ်မယ်။ ကျနော်တို့ အာဏာပိုင်တွေရဲ့ ယုံကြည်မှုကိုလည်း ရဖို့လိုတယ်။ ဒီအဖွဲ့ပေါ်မှာ ပူးပေါင်းပါဝင်မယ့် ဂျာနယ်လောကသားတွေရဲ့ ယုံကြည်မှုလည်း လိုတယ်။ အဲဒီယုံကြည်မှု နှစ်ခုဟာ တကယ်ရလာပြီဆိုရင် ခုနကပြောတဲ့ censorship ကိစ္စတို့၊ press freedom ကိစ္စတို့ကိုလည်း ကျနော်တို့ ကူညီဆောင်ရွက်ပေးဖို့က သိပ်ခက်ခဲလိမ့်မယ် မထင်ဘူး။ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ ယုံကြည်ကြဖို့အတွက်ကို အရင်ဆုံး လုပ်ကြရဦးမယ်။”

သတင်းထောက်တွေ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်တွေ ပိုရလာဖို့ဆိုရင် အာဏာပိုင်တွေနဲ့ အပြန်အလှန် ယုံကြည်နားလည်မှုရှိဖို့ လိုတယ်လို့ ကိုကို(စက်မှုတက္ကသိုလ်) က ပြောပေမဲ့ သတင်းသမားတွေကို တကယ်ပဲ ကူညီကာကွယ်ပေးနိုင်မလား ဆိုတာကို သတင်းသမားတွေ စာနယ်ဇင်းသမား အတော်များများကတော့ သံသယရှိနေဆဲပါ။ လက်တွေ့ ဘယ်လိုလုပ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ချင်တယ်လို့ နိုင်ငံရေးဆောင်းပါးတွေ ဆက်တိုက်ရေးလာတဲ့ ရုပ်ရှင် ဒါရိုက်တာချိုတူးဇော်က ပြောပါတယ်။

“လုပ်ပေးခါမှပဲ လုပ်ပေးတယ်လို့ ကျနော်တို့ လက်ခံရမှာပဲဗျ။ လောလောဆယ် အခု ကိုသားညွှန့်ဦးနဲ့ စကားပြောနေတဲ့အချိန်မှာ ကျနော် အင်တာနက်သုံးမယ်ဗျာ။ ကျနော် သုံးလို့မရဘူးခင်ဗျ။ ကျနော့်ကို ဖေ့စ်ဘုက် ပိတ်ထားတယ်။ ကျနော့်ရဲ့ ဖေ့စ်ဘုက်ကို တိုက်ခိုက်ထားတာပေါ့။”

တခြား သတင်းလောကသားတွေကရော အခုဖွဲ့စည်းတဲ့ကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုမြင်ကြလဲခင်ဗျ။ -

“တချို့လူတွေက ဒီလိုမျိုး လုပ်ပေးတာကိုပဲ သူတို့စိတ်ထဲမှာ ဒါဟာ အရမ်းလုပ်ပေးတယ်လို့ မြင်တဲ့သူတွေ ရှိသလို တချို့ ကျနော်တို့ပေါ့နော် ဒီဘက်က ကျနော်တို့လူတွေကတော့ ဒါက လုပ်ပေးတာမဟုတ်ဘူးခင်ဗျ။ ကျနော်တို့ နဂိုကတည်းက ကျနော်တို့ အခွင့်အရေးလေဗျာ။ ဘယ်သူကမှ ဘယ်လိုလူမျိုးကမှ ကျနော်တို့ကို ပိတ်ပင်ပိုင်ခွင့်ကို မရှိတာဗျ။”

ဒါပေမဲ့ ခုနကပြောသလိုပေါ့ သတင်းထောက်တွေအတွက် တကယ်တမ်း ဘာမှ ရပ်တည်ပေးမယ့် အဖွဲ့အစည်း မရှိတာနဲ့စာရင် ဒီလိုအဖွဲ့အစည်းလေးတရပ်ပေါ်လာရင်ရော ပိုမကောင်းလာနိုင်ဘူးလား။ အဲဒီလိုထောင့်ကရော ကြည့်လို့မရဘူးလား။ -

“အခုဆိုရင် ကျနော်တို့ သတင်းကြည့်နေရင်းနဲ့ အောက်ကနေ စာတမ်းတွေ ထိုးနေတယ်ဗျာ။ ပြည်သူ့အစိုးရ တရပ် ပေါ်လာတော့မည်တို့ဘာတို့ပေါ့။ အဲဒီလိုမျိုးဆိုရင် ဒီသတင်းထောက် အဖွဲ့အစည်းတွေ ဘာတွေ ထက်ကိုဗျာ ကျနော် ပြောပြီးပြီပဲ ၁၉၄၈ ကနေ ၁၉၆၉ လောက်ထိနဲ့တူပါတယ်ဗျာ။ စာပေစိစစ်ရေးတခုက လုံးဝမရှိခဲ့ဘူးဗျ။ ပြီးတော့ ကျနော်တို့ မဟာဗန္ဒူးလ ပန်းခြံထဲမှာ ပြည်သူ့ဟစ်တိုင်တို့လို ဟာမျိုးကလည်း ရှိတယ်ဗျ။ လွတ်လပ်စွာ ဟောပြောပိုင်ခွင့် ဆိုတာလည်း ရှိတယ်။ ကျနော်တို့ အခုတက်လာမယ့်အစိုးရသည် ဖဆပလ လောက်တောင်မှ မပေးနိုင်ရင် ဒါကို ပြည်သူအစိုးရလို့ ခေါ်ဖို့မသင့်ဘူးလို့ ကျနော် ထင်တာပဲဗျာ။”

ဒီ အဖွဲ့ဖြစ်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေနဲ့စာနယ်ဇင်းအဖွဲ့နဲ့ သတင်းဂျာနယ်တွေက သုံးပွင့်ဆိုင် စီစဉ်နေကြတာ ဖြစ်ပေမဲ့ အဖွဲ့ရဲ့ တာဝန်ရှိသူတွေ ရွေးခြယ်တဲ့နေရာမှာတော့ သတင်းဂျာနယ်ဖက်က ပုဂ္ဂိုလ်တွေနဲ့ပဲ အဓိကထားဖွဲ့ဖို့ သတင်းဂျာနယ်ဖက်က တောင်းဆိုထားပါတယ်။ သတင်းဂျာနယ်သမားတွေပဲ တာဝန်ယူဖွဲ့ဖို့ အာဏာပိုင်တွေဖက်ကလည်း ခွင့်ပြုထားပြီဖြစ်တယ်လို့ ဂျာနယ်အယ်ဒီတာချုပ်တဦးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။
http://www.voanews.com/burmese/

ထားဝယ် အထူးစီးပွားရေးဇုန် စီးပွားရေးကို ဦးမော့စေမှာလား


၁၉၇၀ ခုနှစ်များ နှောင်းပိုင်း တံခါးဖွင့် မူဝါဒနဲ့ တိုင်းပြည်ရဲ့စီးပွားရေး ဦးမော့လာအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အထူး စီးပွားရေး ဇုန်တွေဟာ အာရှက တခြားနိုင်ငံတွေကို စံနမူနာယူရ လောက်အောင် အားကျစေခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပြီး မကြာသေးခင်က ထိုင်းနိုင်ငံရဲ့ ဓနနဲ့ နည်းပညာအင်အား အကူအညီနဲ့ ပထမဆုံး အထူးစီးပွားရေးဇုန်တခုကို တနင်္သာရီကမ်းရိုးတန်းက ထားဝယ်မြို့မှာ တည်ဆောက်ဖို့ မြန်မာစစ်ဗိုလ်ချုပ်တွေ သဘောတူခဲ့ကြပါတယ်။

Than-Shwe-looking-at-a-scaled-model-of-Shenzhen-SEZ-during-his-trip-to-China-in-September-2010
၂၀၁၀ စက်တင်ဘာလအတွင်းက တရုတ်ပြည်သို့ အလည်အပတ် ခရီးစဉ်၌ ရှန်ဇန်း အထူး စီးပွားရေးဇုန် နမူနာပုံစံငယ်ကို ကြည့်ရှုနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ (ဓာတ်ပုံ - AP)
စစ်အစိုးရဟာ ၁၉၈၉ ခုနှစ်ကတည်းက ဈေးကွက်စီးပွားရေးကို ကျင့်သုံးခဲ့ပြီး ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို တံခါးဖွင့်ပေးခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ကျော်ကြာပြီးနောက် စီးပွားရေး ဦးမော့မလာတဲ့အဆုံး စစ်ဗိုလ်ချုပ်ကြီးတွေဟာ တရုတ်ပုံစံ အထူး စီးပွားရေးဇုန်မျိုးနဲ့ တိုင်းပြည်ရဲ့စီးပွားရေးကို ဖွံ့ဖြိုးအောင်လုပ်ဆောင်ဖို့ စဉ်းစားလာပါတယ်။

စီမံကိန်း အကောင်အထည်ဖော်မှု အသေးစိတ်ကို မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထားဝယ် အထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံက အအောင်မြင်ဆုံး ရှန်ဇန်း (Shenzhen) စီးပွားရေးဇုန်လို ဖြစ်အောင်လုပ်ပေးဖို့ Italian-Thai Development ကုမ္ပဏီ ဥက္ကဋ္ဌ ပရင်မ်ချိုင်း ကာနာဆုတ (Premchai Karnasuta) ကို ပြောကြောင်း The International Herald Tribune သတင်းစာပါ “မြန်မာပြည်ကို ပြောင်းလဲစေနိုင်မည့် စက်မှုစီမံကိန်း” (An Industrial Project That Could Change Myanmar) ဆောင်ပါးမှာ ဖော်ပြခဲ့ပါတယ်။

ဒီနေရာမှာ တရုတ်နိုင်ငံရဲ့အထူးစီးပွားရေးဇုန်တွေ ဘယ်လိုအောင်မြင်ခဲ့လို့ ဒေသတွင်းနိုင်ငံတွေက စံနမူနာအနေနဲ့ လိုက်ပါကျင့်သုံးဖို့ စဉ်းစားလာကြသလဲဆိုတာ လေ့လာဖို့လိုလာပါတယ်။ ထားဝယ်အထူး စီးပွားရေးဇုန်ကို ဘယ်လို အကောင်အထည်ဖော်မှာလဲ၊ တရုတ်တို့အောင်မြင်သလို ထားဝယ်အထူးစီးပွားရေးဇုန်က တိုင်းပြည်ရဲ့စီးပွားရေးကို အမှန်တကယ် ဦးမော့လာစေမှာလားဆိုတာ ဆန်းစစ်ဖို့လိုလာပါတယ်။  

တကယ်တော့ တရုတ် အထူးစီးပွားရေးဇုန်တွေ အောင်မြင်ခဲ့တဲ့ခရီးလမ်းက ချောမွေ့လှတာမဟုတ်ပါဘူး။ နိုင်ငံရေးအရ စိန်ခေါ်မှုတွေ အများအပြားကို ကျော်လွှာခဲ့ရသလို ပထ၀ီအနေအထားကို မှန်မှန်ကန်ကန် ရွေးချယ်မှု၊ ခေါင်းဆောင်မှု ပုံစံသစ်ကို ကျင့်သုံးနိုင်မှုနဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ တည်ဆောက်မှုတွေမှာ အားကောင်းတဲ့ မျိုးဆက်သစ် စီမံခန့်ခွဲမှုပုံစံတွေကို ကျင့်သုံးနိုင်ခဲ့တာတွေက အောင်မြင်မှုရဲ့ အခြေခံတွေဖြစ်တယ်ဆိုတာကို အခု နှစ်ပေါင်း ၃၀ ကြာလာချိန်မှာ ပညာရှင်များက သုံးသပ်လာကြပါတယ်။

အဲဒါတွေက တရုတ်ပြည်တွင်း ပြုပြင်ပြောင်းလဲမှုတွေ (Internal Changes) မှာ အဓိကကျသော အချက်များဖြစ်ပါတယ်။ ဒါပေမယ့် ထိုအချက်များ လုပ်နိုင်ရုံနဲ့ အထူးစီးပွားရေးဇုန်တွေ အောင်မြင်ခဲ့တာမဟုတ်ပါဘူး။ ပြင်ပအကြောင်းတရားများ (External Factors) ရဲ့ ပံ့ပိုးမှုများလည်း ပါဝင်ခဲ့ပါတယ်။ အဲဒါတွေထဲက အဓိကအချက်ကတော့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (Foreign Direct Investment - FDI) တွေ အဲဒီစီးပွားရေးဇုန်တွေထဲ အလုံးအရင်း စီးဝင်လာခဲ့လို့ပါပဲ။ 

အုပ်ချုပ်ရေးဆိုင်ရာ အပြောင်းအလဲ

ပြည်တွင်းပြုပြင်ပြောင်းလဲမှုမှာ အကြီးမားဆုံးစိန်ခေါ်မှုက နှစ်ပေါင်းများစွာ ဗဟိုချုပ်ကိုင်မှု အားကြီးခဲ့တဲ့ အထက်အောက် အမိန့်ပေးစနစ်နဲ့သွားခဲ့သော နိုင်ငံရေး အဆောက်အအုံပဲ ဖြစ်ပါတယ်။ အရင်းရှင်နိုင်ငံတွေမှာပဲ အလုံးအရင်းနဲ့ရှိတဲ့ အရင်းအနှီးတွေကို ဆွဲဆောင်နိုင်ဖို့ အရင်းရှင်တွေအကြိုက် ဗဟိုချုပ်ကိုင်မှုနည်းတဲ့၊ ကြိုးနီစနစ်နည်းတဲ့၊ အကျင့်ပျက်ချစားမှုမရှိတဲ့၊ အရည်အချင်းရှိတဲ့ အုပ်ချုပ်ရေးခေါင်းဆောင်တွေ စီမံခန့်ခွဲတဲ့၊ အထူးစီးပွားရေးဇုန် အုပ်ချုပ်ရေးပုံစံသစ်နဲ့ ဆွဲဆောင်မှုကောင်းတဲ့ စီးပွားရေး အာမခံချက်တွေပေးထားတဲ့ ဥပဒေပြဌာန်းမှုတွေ လုပ်ခဲ့ပါတယ်။

ဒီလို အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို တနိုင်ငံလုံးမှာ အကောင်အထည်ဖော်တာ မဟုတ်ဘဲ အဲဒီစီးပွားရေးဇုန်တွေမှာပဲ အကောင်အထည် ဖော်တဲ့အတွက်ကြောင့် “အထူး” ဆိုတဲ့ ၀ိသေသကို ခေါ်ဝေါ်သုံးစွဲတာလည်း ဖြစ်ပါတယ်။ တရုတ်အစိုးရက အဲဒီစီးပွားရေးဇုန်တွေရဲ့ အုပ်ချုပ်ရေးအဖွဲ့အရွယ်အစားကို ကျုံ့လိုက်ပြီး တာဝန်ယူ အကောင်အထည်ဖော်နေတဲ့ မတူညီတဲ့ဌာနတွေကို မြို့တော်ဝန်ရဲ့ လက်အောက်မှာထားကာ မြို့တော်ဝန်ကို အာဏာကုန်ပေး အုပ်ချုပ်စေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မကြာသေးခင်က ရွေးကောက်ပွဲတွေကျင်းပခဲ့ပြီး အရပ်သားအစိုးရသစ်ကို ထူထောင်ဖို့ပြင်ဆင်နေပါတယ်။ စီးပွားရေးအရ နိုင်ငံခြားဝင်ငွေ ကြီးကြီးမားမားရခဲ့တဲ့ မြန်မာ့ကမ်းလွန်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံကို ရောင်းချနိုင်တာကလွဲရင် မြန်မာစစ်အစိုးရဟာ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း တိုင်းပြည်စီးပွားရေးကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တာ မရှိခဲ့ပါဘူး။

ပြည်တွင်းမှာရော ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကပါ ပြစ်တင်ဝေဖန်ခဲ့တဲ့ ရွေးကောက်ပွဲကနေ အသစ်ဖွဲ့စည်းအုပ်ချုပ် လာမဲ့ အရပ်သားအစိုးရဟာ သူတို့ရဲ့ ဆွေမျိုးပေါက်ဖော်တရုတ်တွေလို နိုင်ငံရေးအဆောက်အုံပိုင်းမှာ အကြီးအကျယ်ပြောင်း လဲမှုတွေလုပ်ပြီး တိုင်းပြည်စီးပွားရေး ဦးမော့လာအောင် ထားဝယ်စီးပွားရေးဇုန်ကို အောင်အောင်မြင်မြင် ထူထောင်နိုင်မှာလား။ တရုတ်တို့လို အောင်မြင်ချင်တယ်ဆိုရင် ဗိုလ်ချုပ်ကြီးတွေ၊ ၎င်းတို့သားသမီးတွေနဲ့ နီးစပ်ရာစီးပွားရေးလုပ်ငန်းရှင် လက်တဆုပ်စာသာ အခွင့်အရေးယူ လုပ်ကိုင်နေကြတဲ့ လက်ရှိစီးပွားရေးပုံစံနဲ့တော့ သွားလို့မဖြစ်တော့တာ အသေအချာပါပဲ။

ပထ၀ီစီးပွားရေးရဲ့ အရေးပါမှု

ရေမြင့်မှ ကြာတင့်တယ်ဆိုတဲ့ စကားပုံဟာ တရုတ် အထူးစီးပွားရေးဇုန်တွေ အောင်မြင်မှုရဲ့ နောက်ထပ် ထူးခြားချက်တခုဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန်တွေရဲ့ ပထ၀ီအနေအထား ရွေးချယ်သတ်မှတ်မှုဟာ အရေးကြီးတဲ့အချက် တခုဖြစ်တယ်။ အထူးစီးပွားရေးဇုန်တွေကို သတ်မှတ်တဲ့အခါ အနီးဝန်းကျင်မှာ ဖွံ့ဖြိုးမှုအားကောင်းတဲ့ အိမ်နီးချင်း စီးပွားရေးတွေ ရှိနေဖို့လိုပါတယ်။

တရုတ်တို့က အဲဒီအချက်ကို အလေးအနက်ထားပြီး အထူးစီးပွားရေးဇုန်တွေ သတ်မှတ်ခဲ့ပါတယ်။ ဖွံ့ဖြိုးအားကောင်းတဲ့ အိမ်နီးချင်း စီးပွားရေးရှိမှ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မှာဖြစ်သလို အလွယ်တကူ စီးဝင်လာမှာလည်း ဖြစ်ပါတယ်။

ရှန်ဇန်း အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်တုန်းက သူနဲ့ကပ်လျက် ဟောင်ကောင်က စီးပွားရေး အရင်းအမြစ်တွေကို ဆွဲဆောင်ဖို့ ပစ်မှတ်ထားခဲ့ပါတယ်။ ထို့အတူ ဆူဟိုင် (Zhuhai) အထူးစီးပွားရေဇုန်က မကာအိုနဲ့ ကုန်းမြေချင်း ထိစပ်နေသလို ရှာမင် (Xiamen) အထူးစီးပွားရေးဇုန်က ထိုင်ဝမ်နဲ့ကပ်လျက် ရှိနေပါတယ်။ ရှန်ထို (Shantou) အထူးစီးပွားရေးဇုန်က ဟောင်ကောင်နဲ့ ထိုင်ဝမ်အကြားမှာ ရှိပါတယ်။

ဒီနေရာမှာ သတိပြုသင့်တာတခုက တရုတ်တို့ အထူးစီးပွားရေးဇုန် စတင်ချိန် ၁၉၇၉ ခုနှစ်မှာ ဟောင်ကောင်ဟာ ဗြိတိသျှအစိုးရရဲ့ အုပ်ချုပ်ရေးအောက်မှာ ရှိနေပြီး မကာအိုဟာ ပေါ်တူဂီအစိုးရလက်အောက်မှာ ရှိနေပါတယ်။ ၁၉၉၇ ခုနှစ်မှ ဟောင်ကောင်ဟာ တရုတ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိခဲ့သလို ၁၉၉၉ ခုနှစ်မှ မကာအိုဟာလည်း တရုတ်ပိုင် ဖြစ်လာပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ နီးစပ်တဲ့ ဖွံ့ဖြိုးအားကောင်းတဲ့ စီးပွားရေးဆိုလို့ ထိုင်းနိုင်ငံတခုပဲ ရှိပါတယ်။ ထိုင်းနိုင်ငံဟာလည်း ဒေသတွင်း အားကောင်းတဲ့ စီးပွားရေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှားတို့ နောက်မှာရှိနေတယ်။ အဲဒီနိုင်ငံတွေက ထားဝယ် အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားကြသလား၊ ဒေသတွင်း အခြားစီးပွားရေး အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီယားတို့ကရော စိတ်ဝင်စားကြသလားဆိုတာ သိပ်မတွေ့ရသေးပါဘူး။

တရုတ်တို့နဲ့ တူညီတဲ့အချက်တခုကတော့ ထားဝယ် အထူးစီးပွားရေးဇုန်ဟာ ပင်လယ်ထွက်ပေါက်ရှိတဲ့ ရေကြောင်းသွားလာရေး အချက်အခြာကြတဲ့ နေရာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ထားဝယ် ရေနက်ဆိပ်ကမ်းကို တည်ဆောက်ပြီး အဲဒီကနေတဆင့် ထိုင်းနိုင်ငံအထိ ရထားနဲ့ ကားလမ်းဖောက်ပြီး မဲခေါင်မြစ်ဝှမ်းဒေသ ကုန်စည်ကူသန်းရေးနဲ့ သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးရေး စီမံကိန်းနဲ့ ချိတ်ဆက်ဖို့ အစီအမံတွေလည်း ပါပါတယ်။

စီးပွားရေးအရ အားနည်းတဲ့ အိမ်နီးချင်း မြန်မာအပါအ၀င် အာဆီယံနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီယားနဲ့ ဗီယက်နမ်နိုင်ငံ တွေကြားမှာ စီးပွားရေးဗဟိုချက်အဖြစ် ပေါ်ထွက်လာစေရန် ထိုင်းနိုင်ငံက ရည်မှန်းထားပါတယ်။ အဲဒီနိုင်ငံတွေက ထိုင်းနိုင်ငံလောက် ကမ္ဘာ့စီးပွားရေးနဲ့ ချိတ်ဆက်မှု အားမကောင်းသေးတဲ့အတွက် ထားဝယ် ရေနက်ဆိပ်ကမ်းဟာလည်း ထိုင်းတို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ထိုင်းစီးပွားရေးကို ဒေသတွင်းနဲ့ရော နိုင်ငံတကာနဲ့ပါ ချိတ်ဆက်ဆောင်ရွက်တဲ့နေရာမှာ အထောက်အပံ့ဖြစ်မှာ အမှန်ပါပဲ။

လူမှုစီးပွားဆိုင်ရာ ထူးခြားချက်

အထူးစီးပွားရေးဇုန်တွေကို အဓိက၀ိုင်းပတ်ထားတဲ့ ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ မကာအိုတို့ဟာ ပြည်ပရောက် တရုတ်လူမျိုးတွေ အများစုနေထိုင်ရာ ဒေသတွေဖြစ်နေတဲ့ အချက်ဟာလည်း တရုတ်စီးပွားရေးကို ဦးမော့လာစေတဲ့အချက် ဖြစ်ပါတယ်။ ပြည်ပရောက် တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အရင်းအနှီးတွေ အများအပြား အထူးစီးပွားရေးဇုန်တွေထဲ ၀င်ရောက်လာပါတယ်။ ဒါပေမယ့် ထားဝယ် အထူးစီးပွားရေးဇုန်မှာတော့ ဒီအချက်ကင်းမဲ့နေပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၂ သန်းကျော်ရှိပေမယ့် အားလုံးနီးပါးဟာ ထိုင်းစီးပွားရေးရဲ့ အောက်ဆုံးအလွှာက အလုပ်သမားများဖြစ်နေတဲ့ အတွက် ပြည်ပရောက် မြန်မာများရဲ့ အရင်းအနှီးကို မျှော်ကိုးလို့မရပါဘူး။

တရုတ် အထူးစီးပွားရေးဇုန်တွေနဲ့ ဆင်တူတဲ့အချက်တခုတော့ ထားဝယ် စီးပွားရေးဇုန်မှာ ဖြစ်လာနိုင်စရာရှိပါတယ်။ အဲဒါက အထူး စီးပွားရေးဇုန်တွေက ဖန်တီးပေးလိုက်တဲ့ အလုပ်တွေကြောင့် တရုတ်ပြည်မကြီးကနေ တရားမ၀င် ပြည်ပကိုခိုးထွက်ပြီး အလုပ်အကိုင်ရှာဖွေကြတဲ့ တရုတ်လူမျိုးအရေအတွက် ကျဆင်းလာတဲ့ကိစ္စပါ။ ထားဝယ်စီးပွားရေးဇုန်ကလည်း မြန်မာလူငယ်တွေ ထိုင်းနိုင်ငံကို နေ့စဉ်နယ်စပ်ဖြတ်ကျော် အလုပ်အကိုင် ရှာဖွေနေကြတာတဲ့နှုန်းကို လျော့ကျသွားစေနိုင်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာရရှိတဲ့ အလုပ်သမားတယောက်ရဲ့ အခြေခံလစာထက် မနိမ့်ကျတဲ့ လစာမျိုး ပေးနိုင်ဖို့တော့လိုပါတယ်။

အခြေခံအဆောက်အအုံ တည်ဆောက်မှု

အထူးစီးပွားရေးဇုန်တွေကို စတင်ထူထောင်ချိန်မှာ တရုတ်အစိုးရ ရင်ဆိုင်ရတဲ့ နောက်ထပ်ကြီးမားသော ပြဿနာတခုက စီးပွားရေးဇုန်တခုမှာရှိရမယ့် ခေတ်မီ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရတဲ့ ကိစ္စပါပဲ။ ခေတ်မီ မြို့ကြီးတခုမှာရှိရမယ့် ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ခေတ်မီလူထုဆက်သွယ်ရေး ကွန်ယက်များ၊ စီးပွားရေး လုပ်ငန်းကြီးများအတွက် လုံလောက်သောမြေနေရာ အကျယ်အ၀န်းနဲ့ ခေတ်မီအဆောက်အဦးများ၊ ကမ္ဘာနဲ့ချိတ်ဆက်ဆောင် ရွက်နိုင်မယ့် ခေတ်မီဘဏ်စနစ်များ စတဲ့နည်းပညာနဲ့ အုပ်ချုပ်ရေးယန္တယားများကို မောင်းနှင်မယ့် အရည်အချင်းပြည့်ဝတဲ့ နိုင်ငံတကာ အဆင့်မီ ပညာတတ် လူသားအရင်းအမြစ်များ လိုအပ်ပါတယ်။

တရုတ်အစိုးရက နှစ်တိုတိုအတွင်းမှာ ဒါတွေအားလုံး ပေါ်ထွန်းလာအောင် စွမ်းဆောင်နိုင်ခဲ့သလို စီးပွားရေးဇုန်ကို တည်ဆောက်ရာမှာလည်း သတ်မှတ်ထားတဲ့ နယ်မြေအတွင်းမှာ တဆင့်ချင်း မြေဧရိယာကို တိုးချဲ့သတ်မှတ် တည်ဆောက်ခဲ့ကြတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရရဲ့ ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုက တရုတ်တို့နဲ့ ကွာခြားပါတယ်။

ထားဝယ်မြို့က မောင်းမကန်ကမ်းရိုးတန်းရှိ စတုရန်းကီလိုမီတာ ၂၅၀ ရှိတဲ့မြေဧရိယာမှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန် စီမံကိန်းတခုလုံးကို ထိုင်းနိုင်ငံရှိ အကြီးဆုံးဆောက်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Italian-Thai Development တခုတည်းကို နှစ် ၆၀ လုပ်ပိုင်ခွင့်စာချုပ်နဲ့ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်စေခဲ့တာဖြစ်ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်ရဲ့ အားသာချက်အဖြစ် Italian-Thai ကုမ္ပဏီက သုံးသပ်တဲ့အထဲမှာ သဘာဝအရင်းအမြစ်နဲ့ အလုပ်သမား ပေါများတာတို့ ဖြစ်ပါတယ်။ လာမယ့် နှစ်ပေါင်း ၆၀ အတွင်းမှာ အထူးစီးပွားရေးဇုန်က ကျွမ်းကျင်လုပ်သား (Skilled Labor) ဘယ်လောက် မွေးထုတ်ပေးနိုင်မလဲဆိုတာ မသေချာပေမယ့် ဈေးပေါပေါနဲ့ရမယ့် အလုပ်ကြမ်းသမား (Hard Labor) တွေကိုတော့ ရထားလမ်းဖောက်၊ ကားလမ်းဖောက်၊ စက်ရုံအဆောက်အအုံတွေ ဆောက်တဲ့နေရာမှာ ခေါ်ယူသုံးစွဲဖို့အတွက် အဲဒီကုမ္ပဏီက စဉ်းစားထားတာတော့ အသေအချာပါပဲ။

ဒီနေရာမှာ ကျွမ်းကျင်လုပ်သားတွေနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ပညာတတ်ကော်လာဖြူ (White Collar) တွေကို ထိုင်းလူမျိုးတွေနဲ့ တခြားနိုင်ငံတွေကနေ ခေါ်ယူခန့်ထားမယ့် အခြေအနေတွေလည်း ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာဈေးကွက်နဲ့ တကြိမ်တခါမျှ ချိတ်ဆက်လုပ်ကိုင်ဖူးခြင်းမရှိတဲ့ မြန်မာစီးပွားရေးလုပ်ငန်းတွေလည်း အထူးစီးပွားရေးဇုန်မှာ သွားရောက် ရင်းနှီးမြုပ်နှံမယ်ဆိုရင် လူသားအရင်းအမြစ်ဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်။

နိုင်ငံရေးတည်ငြိမ်မှု

တရုတ် အထူးစီးပွားရေးဇုန်တွေရဲ့ နောက်ထူးခြားချက်တခုက နိုင်ငံရေးတည်ငြိမ်မှုရှိတာ တွေ့ရပါတယ်။ ထို့အတူ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေကလည်း တည်ငြိမ်တဲ့ နိုင်ငံရေးအခြေခံပေါ်မှာ တည်ဆောက်ထားတဲ့ အားကောင်းတဲ့ စီးပွားရေးအဆောက်အအုံတွေ ဖြစ်ပါတယ်။

ဒီနေရာမှာတော့ တရုတ်တို့နဲ့ ကွဲပြားတဲ့အချက်က မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး နိုင်ငံရေးတည်ငြိမ်မှု မရှိသလို ယခုလည်း အစိုးရသစ် အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေပေမယ့် တည်ငြိမ်မှုမရှိပါဘူး။ ထားဝယ် အထူးစီးပွားရေးဇုန်ကနေ ထိုင်းနိုင်ငံက ကချနဘူရီခရိုင်ကို ရထားလမ်းနဲ့ ကားလမ်း ဖောက်လုပ်မယ့်ဒေသမှာ လှုပ်ရှားနေဆဲဖြစ်တဲ့ မွန်နဲ့ ကရင်လက်နက်ကိုင် အဖွဲ့များ ရှိနေဆဲပါ။

စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ အပစ်အခတ်ရပ်စဲမှုတွေကို ၁၉၉၀ ခုနှစ်များအစောပိုင်းမှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင် အဲဒီ အဖွဲ့တွေကို နိုင်ငံရေးအရ တန်းတူအခွင့်အရေးမပေးဘဲ နယ်စပ်ဒေသ လုံခြုံရေးအဖွဲ့များအသွင် အတင်းအကျပ်ပြောင်းခိုင်းပြီး စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်ကို သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရရှိဘဲ ရရှိပြီးသားငြိမ်းချမ်းရေးလည်း ပျက်လုနီးပါးအခြေအနေ ဖြစ်နေပါပြီ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုအပြင် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေက မြန်မာစစ်အစိုးရအပေါ် စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေကလည်း ပြန်လည်ရုတ်သိမ်းမယ့်လက္ခဏာ မတွေရသေးပါဘူး။ အဲဒီ အခြေအနေမျိုးမှာ နိုင်ငံခြားရင်းနှီး မြုပ်နှံသူတွေအနေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြုပ်နှံဖို့ဆိုတာ အန္တရယ်ကင်းတဲ့ ရင်းနှီးမြုပ်နှံမှု မဟုတ်ဘူးဆိုတာ သိကြပါတယ်။

Dewai-Deepsea
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် မြေပုံအကြမ်း
အထူးစက်မှုဇုန်များရဲ့ဆိုးကျိုး

Italian-Thai ကုမ္ပဏီက ထားဝယ် အထူးစီးပွားရေးဇုန်မှာ တည်ဆောက်မယ့် စီမံကိန်းတွေထဲမှာ သံမဏိစက်ရုံ၊ ဓာတုဗေဒ အခြေခံစက်ရုံတွေနဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားစက်ရုံတို့လို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ စက်ရုံတွေဖြစ်ပါတယ်။ အဲဒီ စက်ရုံတွေကို ထိုင်းနိုင်ငံတောင်ပိုင်းက စက်မှုဇုန်တွေမှာ တည်ဆောက်ဖို့ လျာထားပေမယ့် ထိုင်းပြည်သူတွေက သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှာစိုးလို့ အပြင်းအထန် ကန့်ကွက်နေတဲ့အတွက် ထားဝယ် အထူးစီးပွားရေးဇုန်မှာ တည်ဆောက်မှာဖြစ်ပါတယ်။

ဒီနေရာမှာ တရုတ် အထူးစီးပွားရေးဇုန်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကလည်း မနည်းပါဘူး။ အထူးစီးပွားရေးဇုန်တည် ဆောက်ခြင်းနဲ့ ၎င်းနဲ့အတူ ပေါ်ထွက်လာတဲ့ မြို့ပြဖြစ်ထွန်းမှုတွေကြောင့် ယခင်က ထိုဒေသတွေမှာရှိခဲ့တဲ့ လယ်ယာစိုက်ပျိုးမြေ ဧက မြောက်များစွာကို အစိုးရက သိမ်းယူတာ၊ ကျေးရွာတွေကို ရွှေ့ပြောင်းတာနဲ့ လယ်သမားအများအပြား အလုပ်လက်မဲ့ဘ၀ ရောက်ရတာတွေဟာ တရုတ် အထူးစီးပွားရေးဇုန်တွေမှာ ကြုံတွေ့ခဲ့ရပါတယ်။

မြေယာနဲ့ တခြားပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရတဲ့အပြင် အစိုးရက အခွန်ကောက်ခံမှုနှုန်းထားများ တိုးမြှင့်ခဲ့တဲ့အတွက် ကျေးလက်နေလူထုရဲ့ လူမှုစီးပွားရေး မတည်ငြိမ်မှုများဖြစ်လာပြီး လယ်သမားများရဲ့ အကြမ်းဖက်မှုများ၊ ဆန္ဒပြမှုများလည်း တိုးမြင့်လာခဲ့ပါတယ်။

ထားဝယ် အထူးစီပွားရေးဇုန်စီမံကိန်းအတွင်း ကျရောက်နေတဲ့ ကျေးရွာ အတော်များများ ရှိပါတယ်။ အရင်က အစဉ်အလာအတိုင်းဆိုရင် စစ်အစိုးရဟာ ကျေးရွာတွေ ရွှေ့ပြောင်းမှုကို စနစ်တကျ လုပ်လေ့မရှိပါဘူး။ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းပါတယ်။ ထို့အတူ ထိုက်သင့်တဲ့လျော်ကြေးမပေးဘဲ လယ်ယာမြေတွေကိုလည်း နိုင်ငံတော်ပိုင်ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ သိမ်းယူပါတယ်။

ကမ္ဘာမှာ လူ့အခွင့်အရေး အချိုးဖောက်ဆုံးနိုင်ငံတွေစာရင်းထဲ ပါရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ပါဝင်ဆောင်ရွက်မယ့် ကုမ္ပဏီတွေအတွက် လူ့အခွင့်အရေးကိစ္စ၊ အလုပ်သမား အခွင့်အရေးကိစ္စတွေကို အလေးထား မဆောင်ရွက်ဘူးဆိုရင် ဝေဖန်ပြစ်တင် ခံလာရနိုင်တာကို သတိပြုမိဖို့လိုပါတယ်။

(ဤဆောင်းပါးပါ တရုတ် အထူးစီးပွားရေးဇုန်များအကြောင်း အချက်အလက်များကို ၂၀၀၆ ခုနှစ်ထုတ် Asian Perspective အတွဲ ၃၀၊ နံပါတ် ၃ တွင်ပါဝင်သော ဆောင်းပါးရှင် Hongyi Harry Lai ရေးသားသည့် SEZs And Foreign Investment in China: Experience and Lessons for North Korean Development ကို ကိုးကားထားပါသည်။)
http://www.bur.irrawaddy.org/index.php/articles/2-articles/5440-2011-01-08-08-45-14

what makes a great leader


CNN's Fareed Zakaria looks at what makes a great leader. His guests include former British Prime Minister Tony Blair.
http://www.cnn.com/video/#/video/podcasts/fareedzakaria/site/2011/01/02/gps.podcast.1.02.cnn

" ရောင်နီလာ နံနက်ခင်းဆီသို့”-အပိုင်း ( ၂ )


ရေးသူ-မောင်မောင်ဝမ်း


“ကိုယ်ကျင့်တရားကို လေးစားသော ပုဂ္ဂိုလ်ဟူသည် အောင်ပွဲကိုလည်း သိက္ခာရှိသော နည်းဖြင့်သာ ရယူရာသည်။ သိမ်ဖျင်းယုတ်ညံ့သော နည်းလမ်းမျိုး ကိုကား မိမိအသက်ကို ကယ်ဆယ်ရန် အတွက်ပင် အသုံး မပြုသင့်” ----- ဆာတိုးရီးယပ်(စ) (Sertorius ဘီစီ ၁ရာစု)

ဒီနေ့ရာသီဥတုလေးက အတော်နေလို့ထိုင်လို့ကောင်းနေတယ်၊ မပူလွန်းအအေးလွန်းအနေထား၊ အညာမြေမှာ ဒီလိုအနေထား မျိးကို လူတော်တော်များများနှစ်ခြိုက်ကြတယ်၊ တခါတရံ မိုးနံ့လေးတွေပြေးနေတယ်၊နေလည်းမပူ ၊ မိုးကလည်း အအုံ့ကြီးမဟုတ်၊ တခါတရံမိုး ဖွားလေးများ ရွာချလာတတ်တယ်၊ ရုတ်တရက်နာရီကိုကြည့်လိုက်မှ ဒီအချိန်ဆို ကျနော့် လူတွေ အမှတ်တရ လဘက်ရည်ဆိုင်မှာ စုံနေရော့မယ်၊ အကျီကို ကပျာကယာလည်းလိုက်ပြီး ခပ်သုတ်သုတ်လေးထွက်လာခဲ့တယ်၊ လမ်းထိပ်ရောက်တော့ မဆုံ ချင်တဲ့ လူတယောက်နဲ့လာဆုံဖြစ်ပြန်ပြီ ၊ ဘာလုပ်နေကြတာလည်းမသိ ကျနော့် ဦးလေး အိမ်ထဲက ကောင်လေး၊ကောင်မလေး ၅ ယောက်လောက်နဲ့ ကျနော့်ငယ်သူငယ်ချင်း အောင်နိုင်---ထွက်လာတာကိုတွေ့လိုက်ရတယ်၊ သူက မြို့နယ် ပြည်ခိုင်ဖြိုး( ကြံ့ဖွတ် ) အဖွဲ့က အတွင်းရေးမှုး ကျနော်နဲ့ ဆယ်တန်းအထိသူငယ်ချင်းဖြစ်ခဲ့ဘူးတယ်၊ ၈၈ လူထုအရေးတော်ပုံကြီးဖြစ်တော့ ကျနော်တို့ကျောင်းသားတွေနဲ့ အတူ သမဂ္ဂမှာတက်တက်ကြွကြွပါဝင်ခဲ့ဘူးသူ၊ မှတ်မိတဲ့ တချက်က လူထုဟောပြောပွဲတခုမှာ-- ဒီမိုကရေစီရသည်အထိ ကျနော့်ဘ၀ကိုပေးဆပ်သွားပါမယ်ဆိုတာကတိပြုပါတယ်တို့၊ ကျောင်းသားသမဂ္ဂဆိုတာ ကျနော့်ရဲ့နှလုံးသည်းပွတ်ပါတို့ပြောဆိုခဲ့ဘူးသူ၊ အော် --ခုတော့လည်း တိုက်ပုံအကျီ အဖြူတကားကား၊ရင်ဘတ်မှာခြင်္သေ့တံဆိပ်ရင်ထိုးကြီးက ကြွားကြွားဝံ့ဝံ့နဲ့၊ ကျောင်းသားသမဂ္ဂဆိုတာ သူပုန်တွေစုဝေးထားတဲ့ တရားမ၀င် အဖွဲ့အစည်းတခုပါလို့တွင်တွင်ကျယ်ကျယ်ဟစ်ကြွေးနေလေရဲ့၊အာဏာရှင်စနစ်ကို နောက်ဆုံးထွက်သက်ထိတိုက်ပွဲဝင်ပါမယ်လို့ တွင်တွင်ပြောတတ်သူတယောက်က အာဏာရှင်များရဲ့ခြေအစုံအောက်မှာ ကျုံ့ကျုံ့လေးဝပ်တွားခယလို့၊ တတ်လည်းတတ်နိုင်ပါ့လားလို့သာပြောလိုက်ခြင်ပါရဲ့။

ကျနော့်ဦးလေးဆိုသူကလည်း ငွေသာရမယ်ဆို ဘယ်လိုကိုယ်ကျင့်တရားကိုမဆိုချိုးဖောက်ဘို့ဝန်မလေးတတ်သူ၊ သူ့အိမ်ထဲက ထွက်လာတာကိုမြင်လိုက်ရတော့ ဂွင်တခုခုဖန်နေပြီဆိုတာ မမေးပဲနဲ့သဘောပေါက်နေပြီးဖြစ်နေတယ်။ငယ်ငယ်က ကျနော့်သူငယ်ချင်းပြောတဲ့စကားနဲ့ပြောရရင် “ဘုန်းကြီးရူးနဲ့ရေဒီယိုပျက် ” ဆိုတဲ့စကားလိုပဲ၊ ဟုတ်တယ် ဘုန်းကြီးရူးက ရေဒီယိုပျက်ကိုမှသွားတွေ့ဆိုတော့ ပတ်ဝန်းကျင် ဒုက္ခရောက်တော့တာပဲ။ ကျနော်လည်းမကောင်းတတ်လို့ ပြုံပြီးတချက်နှုတ်ဆက်လိုက်ရင်း မြန်မြန်အဲဒီနားကခွာလာခဲ့ရတယ်။ အမှတ်တရ လဘက်ရည်ဆိုင်ကိုရောက်တော့ ကိုယ့်လူတွေက လူစုံတက်စုံရောက်နေကြပြီ အားလုံးက ကြိုဆိုနှုတ်ဆက်ရင်း အပြုံးတွေကိုယ်ဆီနဲ့ ကျနော်ကလည်းပြန်ပြုံးပြီးနှုတ်ဆက်လိုက်ရင်း ၀ိုင်းထိုင်လိုက်တယ်၊ ဒီတခါအပြုံးကတော့ ရင်ထဲအသဲထဲက နှစ်နှစ်ကာကာထွက်လာတဲ့ အပြုံးပါ၊

“ ဒီနေ့ ဟိုရက်က ဆွေးနွေးခဲ့တဲ့ဟာရဲ့အဆက်ကိုဆက်သွားချင်တယ် ”

အားလုံးတယောက်တပေါက်စကားတွေပြောနေရာက ရုတ်တရက်ဆိုသလိုငြိမ်သွားကြတယ်။ ကျနော်လည်းပြီးခဲ့တဲ့နေ့ကဆွေးနွေးခဲ့တဲ့ အကြောင်းအရာကို ဆက်လက်ပြီး………“ အာဏာရှင်စနစ်မှာ ဘုရင်ပဲဖြစ်ဖြစ်၊တပါတီအာဏာရှင်ပဲဖြစ်ဖြစ်၊ပစ္စည်းမဲ့ အာဏာရှင်ပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်အ၀၀ကို တဦးတယောက် ဒါမှမဟုတ် တစုတဖွဲ့၊တပါတီပေါ်မှာ စုပုံထားတယ်.. သူတို့ကထင်ရာစိုင်း လုပ်ခြင်ရာလုပ်တယ်..အာဏာကိုထိန်းချုပ်ကန့်သတ်တာတို့..ခွဲဝေကျင့်သုံးတာတို့ဆိုတာမရှိဘူး.. ဒီမိုကရေစီစနစ်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင် ဘက်ပဲ .. ဒီမိုကရေစီဟာ အာဏာရှင်ကိုတော်လှန်ဘို့ပေါ်ပေါက်လာတဲ့ အတွေးအခေါ်တရပ်ဖြစ်လာခဲ့တယ် .. ဟိုနေ့က ငါရှင်းပြခဲ့သလိုပဲ.. ဒီမိုကရေစီဆိုတာကိုက ပြည်သူ့အာဏာ ပြည်သူအုပ်ချုပ်ရေး…အာဏာကိုပြည်သူကပိုင်စိုးတယ်.. အာဏာရှင်မှာက အာဏာကို လက်တဆုတ်စာ လူတစု၊ လူတယောက်က ချုပ်ကိုင်ထားတယ် ”

“ အကို ဟိုနေ့ကရှင်းပြခဲ့တဲ့အထဲက တိုက်ရိုက်ဒီမိုကရေစီဆိုတာကို ထပ်ရှင်းပြပါဦး” စန်းမောင်ကမေးလာတော့…

“ အေသင်မြို့မှာစတင်အသုံးပြုခဲ့တဲ့ ရှေးဦး ဒီမိုကရေစီမှာတော့ မြို့သား ( ပြည်သူတွေ ) ကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်တဲ့ စနစ်ကို ကျင့်သုံးတယ်…တဦးတည်းပိုင်တဲ့ အာဏာဆိုတာမရှိဘူး….ပြည်သူအားလုံး မြို့လယ် လဟာပြင်ဈေးမှာစုရုံးကြပြီး လုပ်ဆောင်ရမဲ့ ကိစ္စအ၀၀ကိုဆွေးနွေးတိုင်ပင်ကြတယ်.. အများစုဆန္ဒနဲ့အညီအတည်ပြုဆုံးဖြတ်..လုပ်ဆောင်ကြတယ်.. တဦးတယောက်၊တစုတဖွဲ့ဆီကို အာဏာပေးအပ်ထားတယ်ဆိုတာမရှိသေးဘူး.. ဒီနေ့ခေတ်မှာတော့ ဆွစ်ဇာလန်နိုင်ငံ ကန်တုံဒေသ ဆိုတာမှာ ကျင့်သုံးစဲပဲ.. နောက်တခါကွာ သေးငယ်တဲ့ အဖွဲ့အစည်း၊ဒေသအတွင်းမှာတော့ တိုက်ရိုက် ဒီမိုကရေစီကိုကျင့်သုံးကြတာပေါ့ ” ဆိုတော့ ထက်အောင် က……..

“ ကျနော် ဆယ်တန်းနှစ်က မှတ်မိသေးတယ် အကိုရ .. အတန်းထဲမှာ နှုတ်ဆက်ပွဲလုပ်မယ်လုပ်တော့ စုပေါင်းပြီး ဘာချက်မယ်ညာချက်မယ်ဆို ဆွေးနွေးကြတယ်.. ကျနော်တို့အတန်းပိုင် ဆရာကြီးကလည်း ဒီမိုကရေစီသမားလားမသိဘူး.. အဲဒီမှာ အုန်းနို့ခေါက်ဆွဲချက်ချင်တဲ့ အုပ်စုနဲ့ မုန့်ဟင်းခါးချက်ချင်တဲ့အုပ်စု ဆိုပေါ်လာတယ်..သူအုပ်စုအလိုက်ပေါ့ အုန်းနို့ခေါက်ဆွဲသမားကလည်း သူ့အုန်းနို့ခေါက်ဆွဲက ဘယ်လိုကောင်းကြောင်း.အကုန်ကျဘယ်လိုသက်သာနိုင်ကြောင်း..စသဖြင့်ပေါ့ အပြန်အလှန်ငြင်းခုံဆွေးနွေးတိုင်ပင်ကြတာ…ပျော်စရာလည်းကောင်းပေါ့ဗျာ.. အဲဒါ ဆရာကြီးက ပထမ စပြီးကျေငြာတယ်..အုန်းနို့ခေါက်ဆွဲချက်ခြင်တဲ့သူတွေလက်ထောင်ပါဆိုတော့..လက်ထောင်ကြတယ်..အဲဒါကိုရေတယ်..ပြီးတော့ တခါမှတ်ထားတယ်..မုန့်ဟင်းခါးချက်မဲ့ကိစ္စကိုလည်း ထို့နည်းတူစွာမေးတယ်..လက်ထောင်ကြတယ်..မှတ်ထားတယ်..အဲဒီနှစ်ခုကို နှိုင်းယှဉ်ရေတွက်လိုက်တော့ မုန့်ဟင်းခါးချက်ချင်တဲ့ အုပ်စုက အနိုင်ရသွားတာမှတ်မိသေးတယ်…”

“ အဲဒါ.. ဒီမိုကရေစီပေါ့.. တနည်းအားဖြင့် တိုက်ရိုက်ဒီမိုကရေစီအမျိုးစားပေါ့ ” ကိုသွေးက၀င်ပြီးထောက်ခံဆွေးနွေးလိုက်တယ်၊

“ ငါတို့ကြတော့ ဒီလိုကွ…. တို့အတန်းထဲမှာ အတန်းခေါင်းဆောင်အဖြစ်ငါ့ကိုရွှေးချယ်ခဲ့တယ်ကွာ….နောက်ထပ် အတန်းခေါင်းဆောင်တွေထဲကမှတဆင့် ကျောင်းကောင်စီအတွင်းရေးမှုးတယောက်ကိုရွေးချယ်ခဲ့တယ်…..အဲဒါမျိုးကိုကြဘယ်လိုခေါ်နိုင်မလည်း အကို..” စန်းမောင်က ကျနော့်ဘက်ကိုလှည့်ပြီးမေးလိုက်တော့….

“ ဒါက ကိုယ်စားပြု ဒီမိုကရေစီအမျိုးစားပေါ့…မင်းအတန်းထဲမှာရှိတဲ့ ကျောင်းသားတွေက မင်းကို အတန်းကိုယ်စားလှယ်အဖြစ်ရွေးလိုက်တော့ မင်းက အဲဒီကျောင်းသားတွေကို ကိုယ်စားပြုပေးရတဲ့ ကိုယ်စားလှယ်ဖြစ်သွားတယ်လေ…အဲဒီအတန်းခန်းဆောင်တွေက မှနောက်တခါ ကျောင်းကောင်စီအတွင်းရေးမှုး တယောက်ကို ထပ်ရွှေးပေးရတာဟာ ကိုယ်စားပြုဒီမိုကရေစီအမျိုးစား….ဒီနေ့ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာကျင့်သုံးတဲ့ ပုံစံပေါ့… မဲဆန္ဒနယ်အသီးသီးကနေ ကိုယ်စားလှယ်တွေကို လူထုက ရွှေးချယ်ပေးရတယ်လေ..အဲဒီကိုယ်စားလှယ်တွေကမှတခါ လူထုအကျိုးစီးပွားတွေကိုပြန်အကောင်ထည်ဖော်ပေးရတယ်..မင်းတို့စိတ်ထဲမှာစွဲမြဲသွားစေဘို့ ဒီမိုကရေစီအဓိပါယ်ဖွင့်ဆိုချက်ကို ထပ်ပြောပြခြင်တယ်…ဒီမိုကရေစီဆိုတာ..ပြည်သူလူထု၏သဘောတူညီချက်ဖြင့်အုပ်ချုပ်သည့်အစိုးရ၊ အမြင့်ဆုံးအာဏာဟာ ပြည်သူလူထုလက်ထဲမှာပဲတည်ရှိရမယ်ဆိုတဲ့ အစိုးရစနစ်ကို ခေါ်တယ် ” ကျနော်စကားအဆုံးမှာ လဘက်ရည်ခွက်ထဲမှာကျန်နေတဲ့ အကျန်လေးကို တကျိုက်ထဲ သောက်လိုက်ရင်းက မျက်လုံးတချက်ဝေ့ကြည့်လိုက်တော့ ဆိုင်ထဲကို ရအဖ ( ရပ်ကွက်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ ) ၀င်တချို့ဝင်လာတာကိုတွေ့လိုက်ရတယ်။အဲဒီထဲက တယောက်က ကျနော့်ကိုပြုံးပြနှုတ်ဆက်ရင်း သူတို့အစုလေးနဲ့သူတို့ဘာတွေစတင်ဆွေးနွေးနေကြလည်းမသိ….ကျနော်ကိုပြုံးပြနှုတ်ဆက်ခဲ့တဲ့ ရအဖ တယောက်က တချိန်က သူလည်း ၈၈ အရေးတော်ပုံကြီးမှာတက်ကြွစွာပါဝင်လှုတ်ရှားခဲ့သူ..ခုတော့ ကျနော်တို့ကိုတောင်ခေါ်ရ ပြောရ..နှုတ်ဆက်ရမှာကြောက်ရွံ့နေပုံရတယ်။ ကျနော်နားလည်ပေးလိုက်ပါတယ်၊ ပြီးခဲ့တဲ့သတင်းပါတ်က ရပ်ကွက်ကလူတွေဆင့်ခေါ်ပြီး ရပ်ကွက်အလယ်က ပင်မလမ်းကြီးကိုပြင်ဘို့ အလှုငွေ မထဲ့မနေရတောင်းခံခဲ့တယ် ရပ်ကွက်တွင်းကပြည်သူတွေက အဲသလောက်ငွေကြေးကိုထဲ့ဝင်ဘို့မဖြစ်နိုင်ကြောင်းကို ပြန်လှန်စောဒက တက်ကြတော့ ရအဖ ဥက္ကဌ လုပ်တဲ့သူက အထက်အမိန့်ရဆို မဖြစ်မနေ ထဲ့ဝင်ရမယ်လို့ အမိန့်မပေးရုံတမယ်သတ်မှတ်ခဲ့တယ်၊ လူထုခမျာ ဘာပြန်ပြောရဲရှာမလည်း သူတို့ကခြောက်လှန့်ထားတော့ ကြောက်ကြတာပေါ့၊ အဲဒီအစည်းဝေးမှာ ကျနော်ကသူတို့ကိုမေးခွန်းတခုမေးခဲ့တယ်၊ ကျနော်တို့ပြည်သူလူထုအနေနဲ့ ကောင်းမွန်တဲ့လမ်းတခုကို အလိုရှိတာအမှန်ပါ ဒါပေမဲ့ ဒီလောက်ငွေကြေးထဲ့ဝင်ဘို့ဆိုတာ ကျနော်တို့လူထုအဖို့ဝန်ထုတ်ဝန်ပိုးဖြစ်တယ်ဆိုတာကို ဥက္ကဌ အနေနဲ့ အထက်အဆင့်ဆင့်ကိုတင်ပြသင့်တယ် နောက်တခါ ဒီလို ကိစ္စမျိုးတွေကိုလုပ်ဘို့ဆိုတာ အစိုးရမှာပဲတာဝန်ရှိတယ် ဘယ်သူမှာမှတာဝန်မရှိဘူးလို့ပြောတော့…သူက

“ ဒါကတော့ဗျာ အထက်လူကြီးတွေက ဖြူဆို ကျနော်တို့က ဖြူရမှာပဲ..မဲဆိုမဲရမှာပဲ ” တဲ့ ……………

ကျနော်က သူတို့ကိုတွေ့ခါမှ သတိရပြီး အဲဒီ့အကြောင်းလေးကို ကျနော်တို့လဘက်ရည်ဝိုင်းမှာ ခပ်တိုးတိုးရှင်းပြမိလိုက်တယ်။ နားထောင်နေတဲ့ ချမ်းမြေ့က……

“ ဒါ အာဏာရှင်စနစ်ရဲ့ အင်မတန်မှ ခါးသီးလှတဲ့.. အဖြစ်ဆိုးတွေပေါ့အကိုရာ… ဒီမိုကရေစီ အစိုးရဆို ဒါမျိုးလုပ်လို့ဘယ်ရမလည်း.. လုပ်ကြည့်ပါလား… နောက်တခါ မဲအရွှေးခံရင် သူတို့လိုလူမျိုးဘယ်တော့မှမဲပေးမှာမဟုတ်ဘူး.. ပြုတ်ပြီသာပြင်”

“ သိပ်မှန်တာပေါ့ ” ထက်အောင်က ကြားထဲမှဖြတ်ပြီးဝင်ရောက်ထောက်ခံရင်း…..

“ ကျနော်ကြားဘူးတဲ့.. ဖြစ်ရပ်လေးတခုပြောခြင်သေးတယ်ဗျ ” သူကပြုံးဖြီးဖြီးကြီးနဲ့စလာတယ်

“ တခါက စစ်တပ်က အရာရှိလုပ်တဲ့သူ တစ်ယောက်က သူတို့တပ်ရံပုံငွေအတွက်ဆို မွေးမြူရေး လုပ်ငန်းတခုလုပ်တယ်လေ..တနေ့ သူ့မွေးမြူရေးခြံတွေကိုသွားရောက်စစ်ဆေးတော့….မွေးမြူရေးခြံမှာတာဝန်ယူလုပ်ကိုင်နေရတဲ့ ရဲဘော်က အရာရှိလုပ်သူကို ဆီးကြိုအလေးပြုရင်း..မွေးမြူရေးလုပ်ငန်းတွေကို လိုက်လံရှင်းလင်းပြသတယ်…အရာရှိလုပ်သူကလည်း ခေါင်းလေးတငြိမ့်ငြိမ့် လက်ကလေးနောက်ပစ်..လိုက်လံစစ်ဆေးပေါ့..

“ အခု ၀က်တွေမွေးထားတာနော် ” ၀က်တွေကိုမြင်နေရက်သားနဲ့ရဲဘော်ကိုလှမ်းမေးလိုက်တယ်…..ရဲဘော်လုပ်သူကလည်း ချက်ခြင်း သတိကောက်ဆွဲတဲ့ပြီး….

“ ဟုတ်..ဗိုလ်မှုး..၀က်တွေပါ ” အရာရှိလုပ်သူက ၀က်တွေနားကိုကပ်သွားပြီးသေသေချာချာကြည့်တယ်……

“ ၀က်မတွေပဲ”

“ ဟုတ်..ဗိုလ်မှုး ၀က်မတွေပါ ” တခါ ရဲဘော်လုပ်သူက အရာရှိလုပ်သူရဲ့စကားကို သတိဆွဲပြီးပြန်ဖြေလိုက်ပြန်တယ်..အရာရှိလုပ်သူက ၀က်တွေကို ကြည့်ရင်း..ကြည့်ရင်းကနေ…..

“ ဟာ…ဘယ်ကလာ..၀က်မတွေရမလည်း..သေသေချာချာကြည့်မှ ၀က်ထီးတွေပဲကွ ” ဆိုတော့

“ ဟုတ်..ဗိုလ်မှုး..၀က်ထီးတွေပါ… ” အရာရှိလုပ်သူက ရဲဘော်ကို မကျေနပ်တဲ့ ပုံသဏ္ဍန်နဲ့ တချက်လှည့်ကြည့်ရင်းကနေ…ပြန်.ပြောလိုက်တယ်

“ မင်း ဟာကလည်းကွာ.. ငါဘာပြောပြော ဖော်လို ( follow ) ပဲလိုက်နေတော့တာပဲ ” လို့ ဆိုတော့ ရဲဘော်ကချက်ခြင်းပဲ သတိပြန်ဆွဲတဲ့ပြီး….

“ ဟုတ်..ဗိုလ်မှုး … ဖော်လို ( follow ) ပါ ဗိုလ်မှုး ”

အားလုံးဝါးကနဲ ပွဲကျသွားကြတယ်။ဘေးခပ်လှမ်းလှမ်းမှာ ထိုင်နေကြတဲ့ ရအဖ တွေက မလုံမလဲ မျက်နှာသွင်ပြင်တွေနဲ့လှည့်ကြည့်ပြီး ကုတ်ကုတ်..ကုတ်ကုတ်နဲ့ပဲ ခေါင်းခြင်းဆိုင် ဘာတွေပြောနေလည်းမသိ၊ ရီသံတွေစဲသွားမှ စကားဝိုင်းကိုပြန်စရတော့တယ်……..၊

“ ထက်အောင် ပြောလိုက်တာ.. ဒီနေ့ စစ်အာဏာရှင်နဲ့ လက်ပါးစေတွေကို ရည်ညွှန်းလိုက်သလိုပါပဲကွာ ”

“ ရည်ညွန်းတာမဟုတ်ဘူး အကိုရ.. ကျနော်က ဒီအတိုင်းဖြစ်နေတာလို့တောင် ရဲရဲပြောခြင်တယ် ” ထက်အောင် စကားအဆုံးမှာ စန်းမောင်က လက်မ ကိုအသာလေးဖွက်ပြီး ရအဖ တွေဘက်ထိုးညွှန်ပြလိုက်တော့.. ထက်အောင်က သွားစမ်းပါ ဆိုတယ့် စိတ်ကုန်ခန်းသွားတဲ့ပုံစံနဲ့ မျက်နှာကိုရှုတ်တွလုပ်ပြနေသေးတယ်။

“ အဲဒီအချိန်က.. အေသင်က စတင်ကျင့်သုံးခဲ့တဲ့ ဒီမိုကရေစီ အတွေးအခေါ်က တဖြေးဖြေးနဲ့ မြို့ပြနိုင်ငံတွေဆီကူးသွားခဲ့တယ်.. မြို့ပြနိုင်ငံဆိုတာ…မြို့တမြို့ခြင်းဆီက..နိုင်ငံလိုဖြစ်နေတာ…အခု မင်းတို့တွေ့နေ သိနေရတဲ့ နိုင်ငံတွေလို အကြီးကြီးတွေမဟုတ်သေးဘူးပေါ့ကွာ..ဒီမိုကရေစီသက်တမ်းကလည်း နုသေးတော့ အခက်ခဲတွေအမျိုးမျိုးနဲ့တော့ကြုံတွေ့ရတာပေါ့….လိုအပ်ချက်တွေလည်း အများကြီးပေါ့.. စစခြင်းမှာတော့ .. ဒီမိုကရေစီ စနစ်ကို.. တိုက်ရိုက် ဒီမိုကရေစီ စနစ်နဲ့ပဲသွားခဲ့တာ..နောက်တခါ မဲပေးရွှေးချယ်တဲ့ အခါမှာလည်း ကန့်သတ်ချက်တွေက ပါလာတယ်…ယောကျာင်္းပဲမဲပေးပိုင်ခွင့်ရှိတာတို့၊ ပစ္စည်းပိုင်ဆိုင်မှု့ရှိမှတို့ မိန်းမတွေဆို မဲပေးပိုင်ခွင့်ကိုကန့်သတ်ထားတာတို့ အဲသလိုတွေ……..အခုခေတ် အောင်မြင်နေတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးတွေ ထူထောင်နိုင်ဘို့ အတွေ့အကြုံတွေ ၊ သင်ခန်းစာတွေ အများကြီးယူခဲ့ရတာပေါ့ ”

“ ကျနော်တို့ နိုင်ငံမှာလည်း ဒီမိုကရေစီ ကာလတစ်ခုကိုကျော်ဖြတ်ခဲ့ဘူးတယ်လို့ကြားဘူးတယ်.. အဲဒါ ဘယ်တုန်းကလည်း အကို ” စန်းမောင်က မေးတော့….

“ လွတ်လပ်ရေးရပြီးစအချိန်လောက်ကပေါ့ ( ၁၉၄၈ ကနေ ၁၉၆၂ ထိပဲ )သိပ်ကြာကြာမခံလိုက်ပါဘူးကွာ..ဆယ်လေးနှစ်သက်တမ်းပဲရှိသေးတယ်..စစ်တပ်ကအာဏာသိမ်းအုပ်ချုပ်လာလိုက်တာ..ခုထိပဲဆိုပါတော့”

“ ကျနော်တို့ အဲဒီ သမိုင်းကြောင်းတွေကိုလည်း သိချင်တယ် အကိုရာ .. တကယ်တော့ ကျနော်တို့ တကယ်ကိုသိထားသင့်တဲ့ အရာတွေပါ ” ကျနော် လူငယ်တွေကို တော်တော်သနားသွားတယ်။ စစ်အာဏာရှင်အဆက်ဆက်ဟာ မှန်ကန်တဲ့ သမိုင်းကြောင်းတွေကို ရိုက်ချိုးပြီး သူတို့ရဲ့ဘုန်းတော်ဘွဲ့တွေကလွဲလို့ ဘာမှမှန်မှန်ကန်ကန်ဖော်ထုတ်ဖွင့်မပေးခဲ့ပါဘူး၊ဒါကလည်း နိုင်ငံရေးသားကြောဖြတ်နည်းတမျိုးပါ၊ ကျနော်တို့တတွေတောင်မှ ၈၈ အရေးတော်ပုံကြီးကမွေးဖွားပေးလိုက်လို့ နိုင်ငံရေးကို သိခွင့်လေ့လာခွင့်ရခဲ့တာကိုး၊ အကယ်လို့များ ၈၈ အရေးတော်ပုံကြီးသာ ပေါ်ပေါက်မလာခဲ့ဘူးဆိုရင် ကျနော်လည်း သူတို့နဲ့ ဘာမှမထူး ဘာကိုမှသိခွင့်မရ၊ သိဘို့ကိုလည်းကြိုးစားဖြစ်မှာမဟုတ်ပါဘူး…

“ ငါ အခု..ဒီမိုကရေစီရဲ့အခြေခံလေး အစပျိုးပေးနေတဲ့အချိန်မှာပဲ…နိုင်ငံရေးဆိုတာ ဘာလည်း…တို့နိုင်ငံရဲ့သမိုင်းဖြစ်စဉ်လေးကိုလည်း အကျဉ်းချုံးပြောပြခြင်သေးသကွ ..ဒါတွေကို ငါဆက်ပြောသွားပေးပါ့မယ်..”

“ ကောင်းတာပေါ့ အကိုရာ အထူးသဖြင့် ၈၈ နောက်ပိုင်းမှာမွေးလာတဲ့ လူငယ်တွေတချို့က ကျနော်တို့ကို အဲဒီသမိုင်းကြောင်းတွေမေးတာတောင် ကျနော်တို့မဖြေနိုင်ဘူး.. ကျနော်တို့လည်း ကောင်းကောင်းမှမသိကြတာ ကျနော်ဆို ၈၈ တုန်းက ငါးတန်းကျောင်းသားပဲရှိသေးတာ ဘာမှကောင်းကောင်းမသိပါဘူး..လူတွေအစုအဝေးကြီးနဲ့ အော်ကြ..ဟစ်ကြတာတော့သိတယ်..နောက်တခါ အစိုးရဆန့်ကျင်တာလည်းသဘောပေါက်တယ် ကျန်တာဘာမှမသိဘူး..ကျနော်က အဲဒီတုန်းက ပျော်နေတာဗျ…စိတ်ထဲမတော့ရေးတေးတေးပါပဲ..ကိုယ်ကိုယ်တိုင်က ဘာမှန်းမသိတော့ နောက်မျိုးဆက်တွေကိုရှင်းပြဘို့ဆိုတာက ခက်တယ်ဗျ ”ထက်အောင်က မချိတင်ကဲလေသံနဲ့ပြောအပြီး…………….ကျနော်စောစောကပြောလက်စစကားကိုပြန်ဆက်လိုက်တယ်…..

“စကားလမ်းကြောင်းလွဲသွားမှာစိုးတယ်….ငါ ပြောလက်စ ဒီမိုကရေစီ အကြောင်းလေး ခရီးဆက်ခြင်သေးတယ်ကွ..ဒီလို..ဒီမိုကရေစီဆိုတဲ့တော်လှန်တဲ့အတွေးအခေါ်တရပ်က နေရာအနှံ့ဒေသအနှံ့ကိုပြန့်သွားပြီး ကြိုးစားလုပ်ဆောင်ခဲ့ကြတယ်….ပဒေသရာစ် အာဏာရှင်ကနေ..ပြည်သူ့အာဏာပိုင်စိုးလာတာပေါ့ကွာ…နှစ်ကာလတွေကျော်ဖြတ်လာပြီးတဲ့နောက်မှာတော့ ဒီမိုကရေစီ သဘောတရားကို ကောင်းသထက်ကောင်းအောင် မွန်းမံပြင်ဆင် ကျင့်သုံးလာရင်း..နိုင်ငံရေးအယူအဆတွေနဲ့တွဲဘက်ကျင့်သုံးလာခဲ့တယ်…”

“ အကို ကျနော် သိပ်မရှင်းဘူးဖြစ်နေတယ်…ဘယ်လို နိုင်ငံရေးအယူအဆတွေနဲ့တွဲသုံးတာလည်း..” ကိုသွေးရဲ့ထိမိလှတဲ့မေးခွန်းလေးပါ။

“ လူဦးရေနည်းနည်းလေးအခြေနေမှာ ကိစ္စသိပ်မရှိလှပေမဲ့ နိုင်ငံတနိုင်ငံလို တည်ရှိနေတဲ့ဒေသကြီးမျိုးမှာကြ..အယူအဆတွေက လိုလာပြီလေ…လူထုက ဒီမိုကရေစီနဲ့ ကိုယ်စားပြု အုပ်ချုပ်သူများကို ပြည်သူလူထုကိုယ်စားတင်မြှောက်ပေးလိုက်တာကတော့ဟုတ်ပါပြီ..ဘယ်လို အခြေခံမှုတွေ..အယူအဆတွေနဲ့ လူထုကို စီမံမှာလည်းဆိုတဲ့ ပြသနာအပေါ်မှာအခြေခံရင်းက…နိုင်ငံရေး အယူအဆတွေပေါ်ထွန်းလာခဲ့တယ်..ဒီနေ့ ကမ္ဘာကြီးမှာအထင်ရှားဆုံး နိုင်ငံရေးအယူအဆကို ပြောပါဆိုရင်တော့ လက်ယာလို့ခေါ်တဲ့ ( အရင်းရှင်စနစ်ကို အခြေခံတဲ့ နိုင်ငံရေးဝါဒနဲ့ ) လက်ဝဲ လို့ခေါ်တဲ့ ( ဆိုရှယ်လစ်၊ ကွန်မြူနစ်ကို အခြေခံတဲ့ နိုင်ငံရေးဝါဒတွေကတော့ အထင်ရှားဆုံးနဲ့ ယနေ့အထိ ဂယက်တွေရိုက်ခပ်ဆဲပဲပေါ့…..” ကျနော့် စကားအဆုံးမှာ အားလုံးကိုလေ့လာကြည့်လိုက်တော့ တော်တော်ကိုစိတ်ဝင်စားနေတာတွေ့လိုက်ရတော့ ကျနော်လည်းပြောရတာ အားရှိလာတယ်…။

“ ဒီအယူအဆတွေ အကြောင်းလည်း မင်းတို့ တီးမိ ခပ်မိအောင် ငါရှင်းပြပေးပါဦးမယ်…ငါပြောခဲ့တာတွေမှာ ရှုတ်ထွေးသွားနိုင်တာတွေများပါသွားမိသလား”

“ မပါ ပါဘူး.. ဒါပေမဲ့ သိခြင်တာတွေတော့များလာတယ် ” စန်းမောင်က ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်းပြောလိုက်တော့

“ငါတတ်နိုင်သလောက် နားအလည်ဆုံးဖြစ်အောင်ရှင်းပြပေးပါ့မယ်….ဒီနေ့ ကျင့်သုံးနေတဲ့ ဒီမိုကရေစီဟာ ဘာနဲ့တူသလည်းဆိုတော့.. အင်ဂျင်စက်တလုံးလိုပဲကွ….အင်ဂျင်စက်ဆိုတာ သူချည်းဘာမှသုံးလို့ရတာမဟုတ်ဘူး..တခုခုနဲ့ပေါင်းစပ်ပေးရတယ်..ဥပမာ..ကားနဲ့တွဲလိုက်တော့ ကားအင်ဂျင်ပေါ့၊ လေယာဉ်နဲ့တွဲလိုက်တော့လေယာဉ်အင်ဂျင်ပေါ့ ၊ သူရဲ့ပကတိ အရှိတရား အင်ဂျင်ဆိုတဲ့ အရာကို ပေါင်းစပ်တန်ဘိုးတွေနဲ့ တွဲလိုက်ရင်းက အမျိုးမျိုးသောပြောင်းလည်းမှု့တွေတော့ရှိတာပေါ့..ထိုနည်းတူစွာပဲ.. ဒီမိုကရေစီကိုလည်း ပေါင်းစပ်တန်ဘိုးဖြစ်တဲ့ နိုင်ငံရေးအယူအဆတွေနဲ့တွဲဘက်သုံးကြတယ်…ဒီမိုကရေစီကို လက်ဝဲ၊လက်ယာ အယူအဆတွေနဲ့ တွဲသုံးကြတယ်….လက်ယာအယူအဆဖြစ်တဲ့ အရင်းရှင် နဲ့တွဲစပ်ပြီးတော့ အရင်းရှင်ဒီမိုကရေစီ ( နောက်ပိုင်းမှာတော့ ခေတ်မှီတဲ့ အတွေးအခေါ်အယူအဆတွေတိုးဝင်လားပြီး ပြောင်းလည်းရေးပုံသဏ္ဍန်တွေနဲ့ ဖြစ်တည်လာတဲ့ လစ်ဘရယ်ဒီမိုကရေစီ တနည်းအားဖြင့် လွတ်လပ်တဲ့ ဒီမိုကရေစီ နောက်တခုက လက်ဝဲအယူအဆဖြစ်တဲ့ ဆိုရှယ်လစ်၊ ကွန်မြူနစ် ၀ါဒတွေနဲ့ပေါင်းစပ်ပြီးတော့ ဆိုရှယ်လစ်ဒီမိုကရေစီ နောက် ပြည်သူ့ဒီမိုကရေစီ ( ကွန်မြူနစ်ဝါဒနဲ့ ဒီမိုကရေစီကိုပေါင်းစပ်ထားတာ ) ဒါပေမဲ့လည်း ငါလေ့လာမိသလောက် လက်ဝဲ၀ါဒမှာ ဒီမိုကရေစီဆိုတာ နာမည်ခံ အရောင်ပြသက်သက်ပါပဲ…

“ တော်တော်စိတ်ဝင်စားစရာတွေပဲအကိုရာ ..ကျနော်တို့အတွက်ကတော့ ရှယ် တွေပါပဲ ”

“ မင်းတို့ အတိုင်းတာတခုထိနားလည်သွားမယ်ဆို ငါကျေနပ်ပါတယ်..တခါက ကဗျာဆရာကြီးဦးတင်မိုးပြောခဲ့တဲ့စကားလေးတခွန်းကိုသတိရမိတယ်ကွ….သူ ကဗျာရေးတဲ့ အခါ အခက်ဆုံးက ကလေးကဗျာရေးရတာပဲတဲ့ ….. ငါဆိုလိုတာက မင်းတို့ကို ကလေးလို့ပြောတာမဟုတ်ပါဘူး..ကလေးဆိုတာနဲ့နှိုင်းယှဉ်ပြောပြတာပါ..ကလေးဆိုတာ..ဦးနှောက်က ရှင်းတယ်၊ အတွေးရှင်းတယ်..သူတို့ရဲ့လက်ခံနိုင်မှု့စွမ်းအားက သိပ်မမြင့်သေးဘူး..အဲဒီလို အခြေနေမျိုးမှာ ရှောရှောရှုရှု ခေါင်းထဲကိုဝင်သွားဘို့ဆိုတာ တော်တော်ကြိုးစားရတာကွ…”

“ အကိုလည်း အချိန်ပေးရတာ တော်တော်ကြာသွားပြီ.. နောက်နေ့မှပဲ..ခရီးဆက်ကြတာပေါ့နော်..ဒီနေ့လဘက်ရည်ဘိုးကို ကျနော်ရှင်းပါ့မယ် ” စန်းမောင် ကပြောပြောဆိုဆို အိပ်ကပ်ထဲကပိုက်ဆံကိုဆွဲထုတ်ရင်းက..ပိုက်ဆံတွေကိုရေဟန်ပြုပြီး တုန်တုန် တုန်တုန်လုပ်ပြနေတော့ ကျနော်တို့ တ၀ါးဝါး ရယ်မောလိုက်ကြရင်း…….။

အဖိုးတန်စကားဝိုင်းလေးရဲ့တနေ့တာကို ကျနော်တို့ကျော်ဖြတ်ခဲ့ကြပါတယ်။

အပိုင်း ( ၃ ) ဆက်ပါဦးမည်။

စစ်မှုမထမ်း မနေရ ဥပဒေ မူကြမ်းတစ်ရပ်ကို ရေးဆွဲလိုက်ပြီး စစ်မှုမထမ်းဘဲရှောင်ပြေးရင် ထောင်ဒဏ်(၅)နှစ်အထိချလို့ရတယ်