Monday, January 24, 2011

၂၄.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/k066i7fz35z2ku2/24%20Jan%202011%20Yeyintnge%27s%20Diary.doc24 Jan 2011 Yeyintnge's Diary

စစ်တပ်နှင့် အမိန့်နာခံမှု - အပိုင်း (၁)



By ရော်နီညိမ်း စနေ, 22 ဇန်နဝါရီ 2011
တပ်မှူးတပ်သား ပြောစကား (၀၄၄)

ကမ္ဘာ့နိုင်ငံတွေက စစ်တပ်တွေနဲ့အမိန့်နာခံမှုအကြောင်းကို မြန်မာ့တပ်မတော်ရဲ့အမိန့်နာခံမှုနဲ့ယှဉ်တွဲပြီး ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ်နှင့်အမိန့် နာခံမှု-အပိုင်း (၁)” ခေါင်းစဉ်နဲ့ စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ကမ္ဘာပေါ်ကစစ်တပ်တိုင်းမှာ မရှိမဖြစ်လိုအပ်ချက်တစ်ခုကတော့ အထက်က ပေးအပ်တဲ့ အမိန့်ကိုနာခံ လိုက်နာဆောင်ရွက်ခြင်းပါ။ ရန်သူနဲ့ရင်ဆိုင်တိုက်ခိုက်နေကြချိန်မှာ ဘယ်လောက်ပဲ ရန်သူရဲ့ကျည်ဆံမိုးတွေ ရွာသွန်းနေပါစေ၊ စစ်သည်တွေဟာ အထက်ကအမိန့်အတိုင်း ရန်သူ့တောင်ကုန်းကို လှံစွပ်တက်ထိုးဆို တက်ထိုးကြပါတယ်။ ရန်သူရဲ့ပစ်ကွင်းထဲကို အတင်းဝင် ရန်သူနဲ့ လုံးထွေးတိုက်ခိုက်ကြပါတယ်။ ရန်သူရဲ့သင်္ဘောကြီးပေါ်ကို မိမိရဲ့တိုက်လေယာဉ်နဲ့ ဦးစိုက်ထိုးချ တိုက်ခိုက်ခဲ့ကြတဲ့ ခါမိခဇဲ (Kamikaze) ခေါ် အသေခံ ဂျပန်တိုက်လေယာဉ်မှူးတွေလည်း ဒုတိယ ကမ္ဘာစစ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါဟာ စစ်မြေပြင်မှာ အထက်ကအမိန့်ကို တသွေမတိမ်းနာခံပြီး တိုက်ကြခိုက်ကြရတဲ့ စစ်သားဘ၀ရဲ့ လေ့ကျင့်ထားတဲ့ ပြုမူဆောင်ရွက်ချက်တွေပါ။

ရန်သူနဲ့ သူသေကိုယ်သေတိုက်ခိုက်နေရတယ်ဆိုတဲ့ အခြေအနေပေါ်မှာ အနိုင်မခံ အရှုံးမပေးလိုတဲ့ စိတ်ဓာတ်၊ ငါ့တပ်မတော်၊ ငါ့တိုင်းပြည်အတွက် ငါ့အသက်ကို စွန့်လွှတ်မယ်ဆိုတဲ့စိတ်ဓာတ်၊ အဲဒီ စိတ်ဓာတ်တွေနဲ့ အထက်ကအမိန့်ကိုနာခံပြီး အသက်ကိုစွန့်လွှတ်အသေခံ လုပ်ကိုင်ဆောင်ရွက်သွားကြတဲ့ အစဉ်အလာတွေ ကမ္ဘာ့နိုင်ငံအသီးသီးက တပ်မတော်တွေမှာ ရှိကြပါတယ်။ ၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်ခံရမှုအတွက် မြောက်ကိုရီးယားသူလျှိုတွေကို လက်ရဖမ်းဆီးစဉ်က သေမယ်ဆိုတာသိလျက်နဲ့ အမိန့်ကို တသွေမတိမ်းလိုက်နာပြီး အသက်စွန့်လွှတ် လုပ်ဆောင်သွားကြတဲ့ မြန်မာ့တပ်မတော်သားတွေရဲ့လုပ်ရပ်ကို အဲဒီဖြစ်စဉ်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ သံလျင်မြို့ခလရ(၉၀)က တပ်သားဟောင်းဦးထွန်းလင်းက ၂၀၁၀ခုနှစ် ဗီအိုအေ မြန်မာပိုင်းရဲ့ “တပ်မှူး တပ်သား ပြောစကား” ကဏ္ဍတစ်ခုမှာ အခု လိုပြောပြခဲ့ပါတယ်။

ဦးထွန်းလင်း။ ။ ကျနော်တို့ကို တခါထဲ သူတို့ မှတ်ပုံတင် စာအုပ်ခေါ်မယ်ထင်ပါတယ်၊ စာအုပ်ကြီး အကြီးကြီးပေါ့ဗျာ၊ အဲဒီအထဲမှာ ကျနော်တို့ ကိုယ်ပိုင်နံပါတ်တွေ၊ နံမည်တွေ၊ နေရပ်လိပ်စာတွေ အဖေ အမေနံမည်တွေ၊ သွေး အမျိုးအစားတွေ၊ တကယ်လို့ ကျဆုံးခဲ့ရင် အမွေစား အမွေခံအတွက် ဘယ်သူ့ကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး ဘာ ညာ ..အဲဒါတွေ ဖြည့်တယ်ပေါ့ဗျာ။

ဖြည့်ပြီးတော့မှ briefing ပေးတာ။ “အခု မင်းတို့ ရန်သူ သွားရှာရမယ်။ ရှာတဲ့အခါမှာ ဆူးတွေ့လည်း နင်း၊ ကျားတွေ့လည်း တိုး၊ မြေကြီး တစ်လက်မ မကျန်အောင် နင်းရှာ။ တွေ့လို့ရှိရင် အရှင်ရအောင် ဖမ်း၊ တို့တိုင်းပြည်ရဲ့ဂုဏ်သိက္ခာပြန်ဆည်ဖို့ တို့ရဲဘော်တွေရဲ့ အသက်နဲ့ စတေးသင့်ရင်စတေးရမယ်။ ဒါပေမယ့် ရန်သူ ဒဏ်ရာရတာမလိုချင်ဘူး” တဲ့။ “ရန်သူကို အရှင်ဖမ်းရမယ်”တဲ့။ အဲဒီလို အမိန့် အပြတ်ပေးတယ်။ အမိန့်ပေးပြီးတာနဲ့ သူတို့က တစ်စီး၊ ကျနော် တို့က တစ်စီးပေါ့ဗျာ၊ ရဟတ်ယာဉ် ပေါ်ကို တက်တယ်။ တက်ပြီးတော့ ကျနော်တို့ကို ရွှေတိဂုံဘုရားကို သုံးပတ် ပတ်ပြီး ပျံပေးတယ်။ ကျနော်တို့ကို အမှန်ကတော့ သရဏဂုံတင်တဲ့ သဘောပေါ့။ နောက် အမိန့်က ဘာပြန်လာလဲဆိုတော့ “မရဘူး လူကြီးတွေ စိတ်ဝင်စားတယ်။ အခု လောလောဆယ် စက်နဲ့ကိုထိုင်ပြီး လူကြီးတွေ စောင့်နေကြတယ်။ ၀င်ဖမ်းပါ၊ ၀င်လုံးပါ။” အရှင် ၀င်လုံးခိုင်းတာ။ အဲဒီအချိန်တုန်းက service အရင့်ဆုံး ရဲဘော်ကြီးကပေါ့ဗျာ ..နော်။

“ဘယ်အစွန်ကသုံးယောက် အသင့်ပြင်”လို့ သူက အမိန့်ပေးတယ်ဗျ။ အဲဒီအချိန်မှာ ဘယ်ဘက်အစွန်မှာ ရှိနေတဲ့သုံးယောက်က သေနတ်ကိုဘေးချပြီးတော့၊ ရှေ့ကို တစ်ယောက်တစ်လှမ်းစီ တိုးလိုက်တယ်။ အဲဒါ ကို ကျနော်တို့ လှမ်းတွေ့လိုက်တယ်။

အဲဒီအချိန်မှာ သူကနေ လက်ခုပ်တီးပြီး “စ” လို့ အမိန့်ပေးလိုက်တဲ့ အချိန်မှာ ရဲဘော်သုံးယောက်က “ကျား” ဆိုပြီး အော်တဲ့အသံနဲ့ ပြေးသွားတယ်။ နောက် “ ဂျိမ်း” ဆိုတဲ့ ပေါက်ကွဲသံ ထွက်လာတယ်။ နောက် မီးခိုးလုံးကြီးနဲ့ အဲဒီ မြင်ကွင်းတခုလုံးကို ဖုံးသွားတယ်။ ကျနော်တို့ဆီက သုံးယောက်က အဲဒီမှာ ဖရိုဖရဲ လဲနေပြီပေါ့ဗျာ။ အဲဒီမှာ နောက်သုံးယောက် အဆင်သင့်ပြင်ဆိုတော့ ကျနော်တို့ သုံးယောက် အဲဒီလိုပဲ သေနတ်ချပြီးတော့ ရှေ့တစ်လှမ်းတက်ပေါ့ဗျာ။ နောက် သူက အမိန့်ပေးတော့ ကျနော်တို့က “ကျား” ဆိုပြီး ၀င်လုံးတာပေါ့။

ဒါပေမဲ့ ကံကောင်းချင်တော့ အဲဒီအချိန်မှာ သူ ပစ်လိုက်တဲ့လက်ပစ်ဗုံးက သူကိုယ်တိုင်လည်း ထိထား တော့ အဲဒီ ကင်မင်ချူး (ဗိုလ်ကြီးအဆင့်ရှိ မြောက်ကိုးရီးယား သူလျှို) က သူ ကျနော်တို့ကို ပစ်စရာ လက်ထဲမှာ ဘာမှ မရှိတော့ဘူးပေါ့ဗျာ။ အဲဒီမှာ ကျနော်တို့ဝင်လုံးတော့ မိပြီပေါ့ဗျာ။ သုံးယောက်က ကျ သွားတာပေါ့နော်။ ဒီ ရဲဘော်တွေကျတာတော့ ဒါကတော့ ထုံးစံကတော့ ကျနော်တို့ အမြဲတမ်း ရှေ့တန်းမှာလည်း ဒီလိုပဲ ကျနေကြတာပါပဲ။ ဒါပေမယ့် မတူတာတစ်ခုကတော့ လက်နက်ရှိတဲ့ရန်သူကို ကိုယ့်လက်နက်ကိုဘေးချပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးအတွက် အမိန့်ကို ကျနော်တို့က ဦးထိပ်ထားပြီးတော့ ထမ်းဆောင်ရင်းနဲ့ ကျဆုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့ အရမ်း စိတ်ထဲမှာတော့ မကောင်းဘူးပေါ့နော်။ အဲဒီအချိန်မှာတော့ ကျနော်တို့ တော်တော်ကို ခံစားရပါတယ်။ ကျနော်တို့က ဖြေပါတယ်။ ပြန်ဖြေပါတယ်။ ကျနော်တို့က မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သစ္စာ အဓိဋ္ဌာန် (၄)ချက်ကို ဆိုရတယ်ဗျ။

“ငါတို့သည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် ကျဆုံးလေပြီးသော ရဲဘော်တို့၏သစ္စာကို စောင့်သိရိုသေပါမည်။ ငါ့အား အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏။”

ဆိုပြီးတော့ ကျနော်တို့က မနက်တစ်ကြိမ်၊ ည တစ်ကြိမ် သစ္စာဆိုရတယ်။ ကျနော်တို့ ဒီသစ္စာကို စောင့်ပြီးတော့ ကျနော်တို့တိုင်းပြည်နဲ့လူမျိုးအတွက် ကျနော်တို့တပ်မတော်အတွက် ကျနော်တို့ အသက်တွေပေး ကျနော်တို့ခန္ဓာကိုယ်တွေစတေး၊ ဘ၀တွေစတေးပြီး လုပ်ခဲ့တာပါ။ ကျနော်တို့က အဲဒီအချိန်မှာ ကိုယ့်ရဲဘော်ကျဆုံးတာတော့ စိတ်ထဲမကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ သိလိုက်တာက ကိုယ့်နိုင်ငံကိုလာတဲ့ဧည့်သည်ကို၊ လာပြီးတာ့ စော်ကားတဲ့၊ ကိုယ့်နိုင်ငံကိုလာပြီး သိက္ခာကျအောင် လုပ်တဲ့လူတွေကို ကျနော်တို့ ကိုယ့်အသက်နဲ့လဲပြီးတော့ ဒီကောင်တွေကိုရအောင် ဖမ်းလိုက်တယ်ဆိုတာတော့ ကျနော်တို့ ဂုဏ်ယူတယ်ပေါ့၊ အဲဒီအချိန်မှာ ကျနော်တို့ရဲ့စိတ်ထဲမှာ အဲဒီလိုတော့ ရှိတယ်ပေါ့ နော်။

You’re beautiful သီချင်း။ ။ My life is brilliant. My love is pure. I saw an angel. Of that I'm sure.

She smiled me on the subway. She was with another man. But I won't lose any sleep on that, 'cause I've got a plan.

You're beautiful, you’re beautiful; you’re beautiful, it's true. ……………

ဦးရော်နီညိမ်း။ ။ You're beautiful ဆိုတဲ့ ဒီကမ္ဘာကျော် သီချင်းကလေးကိုတော့ ဒီနေ့ခေတ် လူငယ်လူလတ်တွေ သိကြမှာပါ။ You're beautiful အပါအ၀င် သီချင်းများစွာနဲ့ ကမ္ဘာ့ဂီတလောကမှာ ထင်ရှားကျော်ကြားလာခဲ့သူ ဗြိတိသျှအဆိုတော် James Blunt ဟာ အဆိုတော် မဖြစ်မီက ဗြိတိသျှ တပ်မတော်(ကြည်း)မှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ အင်္ဂလန် Bristol တက္ကသိုလ်မှာ လူမှုဗေဒ Sociology ဘာသာရပ်နဲ့ သိပ္ပံ (ဂုဏ်ထူး) ဘွဲ့ ရယူခဲ့တဲ့ James Blunt ဟာ ဗြိတိသျှ တပ်မတော်မှာလည်း လေးနှစ် စစ်မှုထမ်းဖို့အတွက် တော်ဝင် Sandhurst စစ်တက္ကသိုလ် (RMAS - The Royal Military Academy Sandhurst) မှာ ဗိုလ်သင်တန်းတက်ခဲ့ပါတယ်။

သူဟာ စစ်မှုထမ်းဘ၀မှာ ကျရာနေရာကို သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာ အရှေ့ဥရောပ ယူဂိုဆလားဗီးယားနိုင်ငံထဲက ကိုဆိုဗိုဒေသမှာ ဒေသခံ အယ်(လ်)ဘေးနီးယား တိုင်းရင်းသားတွေကို ဆားဗီးယားစစ်တပ်က ဖိနှိပ်ညှင်းပန်းသတ်ဖြတ်နေတာကြောင့် မြောက်အတ္တ လန္တိတ်စစ်စာချုပ် NATO(North Atlantic Treaty Organization) တပ်ဖွဲ့ဝင်တွေက ကုလသမဂ္ဂ ငြိမ်း ချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေအဖြစ် ကိုဆိုဗိုအယ်(လ်) ဘေးနီးယားဒေသခံတွေကို အကာအကွယ် ပေးနေသလို ရုရှတပ်မတော်ရဲ့တပ်ဖွဲ့တွေကလည်း ရှေးရိုးအစဉ်အလာမဟာမိတ်ဖြစ်တဲ့ ယူဂိုဆလားဗီးယား နိုင်ငံထဲက ဆားဗီးယားစစ်တပ်ကို NATO တပ်တွေရဲ့ ချေမှုန်းခြင်းမခံရအောင် အကာအကွယ်ပေးဖို့ ကုလသမဂ္ဂရဲ့သဘောတူညီချက်နဲ့ ကိုဆိုဗိုကို ရောက်ရှိနေခဲ့ကြပါတယ်။

၁၉၉၉ခုနှစ်က ကိုဆိုဗိုဒေသ NATO သံချပ်ကာရှေ့ပြေးကင်းထောက်တပ်ဖွဲ့ရဲ့တပ်မှူးငယ် အသက် (၂၅) နှစ်ပဲရှိသေးတဲ့ ဗိုလ်ကြီး James Blunt ရဲ့တပ်ဟာ အင်အား (၃၀၀၀၀) ရှိတဲ့ NATO တပ်ဖွဲ့တွေရဲ့ ရှေ့ကနေ ကိုဆိုဗိုဒေသ ပရစ္စတီးနား (Pristina) မြို့တော်ကို ချီတက်နေပါတယ်။ တပ်ဦးက ဗိုလ်ကြီး James Blunt ရဲ့တပ်ဖွဲ့ Pristina မြို့ကို မရောက်သေးခင်မှာ ရုရှားတပ်ဖွဲ့တွေက Pristina နိုင်ငံတကာ လေဆိပ်ကို ကြိုတင်ရောက်ရှိ သိမ်းပိုက်ထားကြပါတယ်။ အဲဒီအချိန်မှာ ရှေ့ဆုံးက point တပ်ဖွဲ့ရဲ့ တပ်မှူး၊ ဗိုလ်ကြီး James Blunt ဆီကို ရေဒီယိုဆက်သွယ်ရေးစက်က တဆင့် NATO တပ်ဖွဲ့တွေရဲ့တပ်မှူးကြီး ကြယ်လေးပွင့်ရ အမေရိကန်ဗိုလ်ချုပ်ကြီး Wesley Clerk ဆီကနေ တိုက်ရိုက်ပေးအပ်တဲ့ အမိန့်တစ်ရပ် ရောက်ရှိလာခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး Wesley Clerk ဆီက သူရရှိ ခဲ့တဲ့အမိန့်ကို အခုအခါမှာတော့ အဆိုတော် James Blunt က ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ လ ၁၄ ရက်နေ့ ဘီဘီစီ ရေဒီယို Channel 5 (Live) နိုင်ငံရေးကဏ္ဍ အစီအစဉ် တင်ဆက်တဲ့ John Pienaar နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခု လိုပြောပြခဲ့ပါတယ်။

James Blunt ။ ။ ကျနော့်ရဲ့တပ်က Pristina နိုင်ငံတကာလေဆိပ်က အင်အား (၂၀၀) လောက် ရှိတဲ့ ရုရှတပ်ကို အနိုင်တိုက်ပြီး လေယာဉ်ကွင်းကိုသိမ်းယူဖို့ ဗိုလ်ချုပ်ကြီး Wesley Clark ရဲ့ တိုက်ရိုက် အမိန့်ကို ကျနော် ရခဲ့ပါတယ်။ “ရုရှတွေကို ချေမှုန်းပစ်” ဆိုတဲ့ သူ့ရဲ့အမိန့်က ရေဒီယို ဆက်သွယ်ရေး စက်ထဲကနေ ထွက်လာခဲ့ပါတယ်။ ကျနော့်ရဲ့ ရှေ့ပြေးpointတပ်ဖွဲ့ရဲ့နောက်မှာ ကပ်နေတာက လေထီး တပ်ရင်း တစ်ရင်းပါ။

အဲဒီ နောက်မှာတော့ သံချပ်ကာကားတွေ၊ တင့်ကားတွေ၊ စစ်ကားအမျိုးမျိုးတွေနဲ့ ကျနော်တို့ ချီတက် လာခဲ့တဲ့လမ်းမကြီးတလျှောက် နောက် ကိုပြန်ကြည့်လိုက်ရင် လက်နက်အပြည့်အစုံနဲ့ NATO တပ်တွေ အင်အား (၃၀၀၀၀)လောက် သူ့တပ်အမျိုးအစားနဲ့ သူ၊ တမျှော်တခေါ်ကြီး ရှိနေပါတယ်။ တပ်ဦးကတော့ ကျနော့်ရဲ့တပ်ပေါ့၊ သွေးရိုးသားရိုးမဟုတ်တဲ့ စစ်မိန့်ကို ကျနော်ရခဲ့တာပါ။ ကျိန်းသေပေါက် တတိယ ကမ္ဘာစစ်ကြီး ဖြစ်သွားနိုင်တဲ့အမိန့်ပါ။ ဒီလေယာဉ်ကွင်းကို သိမ်းပြီး ရုရှတွေအပေါ် အပေါ်စီးရယူဖို့ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ပေးတဲ့အမိန့်ပါ။

ဦးရော်နီညိမ်း။ ။ ဒီအမိန့်ကို မနာခံရင် စစ်ခုံရုံးကို ရောက်သွားနိုင်တာကို သူ သိရှိပြီးတော့ ဒီအမိန့် အတိုင်းနာခံပြီး လိုက်နာဆောင်ရွက်ခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုတာ သူ ဘယ်လိုတွေးတောဆင်ခြင်ခဲ့ ပါသလဲလို့ James Blunt ကို မေးတဲ့အခါမှာတော့ သူက အခုလို ဖြေဆိုခဲ့ပါတယ်။

James Blunt ။ ။ ပြောရမယ်ဆိုရင် အခြေအနေတွေကတော့ ရှုပ်ထွေးနေတာပေါ့ဗျာ။ ကျနော့် ရဲ့တပ်က တိုက်ချင်ခိုက်ချင်နေကြတဲ့ ရုရှစစ်သား (၂၀၀) လောက်ရဲ့ သေနတ်ပြောင်းဝအောက် ရောက်နေတဲ့ အနေအထားပါ။ ဒီ လေယာဉ်ကွင်းကိုရရင် NATO တပ်တွေ Pristina မှာ လက်မ ထောင်ပြီး ဇိမ်ကျကျ တပ်ချထားနိုင်ပြီပေါ့ဗျာ။ ဒီလို နိုင်ငံရေးအမြတ်ထုတ်နိုင်အောင် တပ်ဦးက ကျနော့်ရဲ့တပ်က ပေးအပ်လာတဲ့ အမိန့်အတိုင်း အကောင်အထည်ဖော်ရမယ်ပေါ့။ လက်တွေ့မှာ ဒီအမိန့်အတိုင်း လိုက်လုပ်လိုက်လို့ကတော့ တတိယကမ္ဘာစစ်ကြီး ဖြစ်သွားနိုင်တယ်လို့ ကျနော်တွေးမိ တယ်။ ဒါကြောင့်လည်း အမေရိကန်ဗိုလ်ချုပ်ကြီးက ပေးအပ်လာတဲ့ အမိန့်တာဝန်ကို ကျနော်တို့ စောဒက တက်ခဲ့ရတာပေါ့။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက်သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်း ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ “တပ်မှူးတပ် သား ပြောစကား” ကဏ္ဍမှာ “စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း (၂) ” ကို ဆက်ပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
http://www.voanews.com/burmese/news/soldier-talk/01_22_11_soldiers_talk044-114420639.html

ပြည်နယ်လွှတ်တော် အခင်းအကျင်း နဲ့ တိုင်းရင်းသားများ အခွင့်အရေး



By ဦးသန်းလွင်ထွန်း တနင်္ဂနွေ, 23 ဇန်နဝါရီ 2011

မြန်မာနိုင်ငံရဲ့  အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေရဲ့  ပထမဦးဆုံး အစည်းအဝေးပွဲတွေကို ဇန်နဝါရီလ (၃၁) ရက်နေ့မှာ စတင်မြင်တွေ့ကြရပါမယ်။ စစ်တပ်ကခန့်အပ်တဲ့ ကိုယ်စားလှယ်တွေစာရင်းကိုလည်း စစ်အစိုးရက ကြေညာထားခဲ့ပြီးပါပြီ။ မြင်တွေ့ကြရမယ့် လွှတ်တော် (၃) ရပ်ထဲမှာ တိုင်းရင်းသားများအတွက် အရေးပါဆုံးဖြစ်တဲ့ ပြည်နယ်လွှတ်တော် အခင်းအကျင်းနဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းပုံအခြေအနေတွေကို နားလည်နိုင်ဖို့အတွက် ချင်းပြည်နယ် ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေး အလားအလာအကြောင်းကို ချင်းအမျိုးသား တဦးဖြစ်သူ အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ် အခြေခံဥပဒေနဲ့ ဒီမိုကရေစီရေးရာဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန်ကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန်။ ။ ၂၀၀၈ အခြေခံဥပဒေအရ ပုဒ်မ ၂၆၁ အရဆိုလို့ရှိရင် ချင်း ပြည်နယ်မှာ ချင်းပြည်နယ်ရဲ့  ဝန်ကြီးချုပ်ဖြစ်လာမယ့်လူက ချင်းပြည်နယ်အမတ်ထဲကလူတယောက် ယောက်ပဲ ဖြစ်ရမယ်။

ဦးသန်းလွင်ထွန်း ။ ။ စစ်တပ်က ခန့်အပ်ထားတဲ့အမတ်တွေက ရွေးချယ်တင်မြှောက်ခံထားရတဲ့ လူတွေ မဟုတ်တဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာဖို့ မရှိဘူးပေါ့။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ စစ်တပ်က ခန့်အပ်ထားတဲ့လူတွေက ရွေးချယ်ခံထားရတဲ့လူတွေ မဖြစ်ပေမယ့် ချင်းပြည်နယ်လွှတ်တော်အတွက် ဒီမနေ့က ထုတ်ပြန်လိုက်တဲ့ ချင်းပြည်နယ်လွှတ်တော် အတွက် စစ်တပ်ကခန့်အပ်လိုက်တဲ့ လူ ၆ ယောက်ကလည်း ပြည်သူတွေရွေးထားတဲ့ လူတွေနဲ့ အတူ တူပဲဖြစ်နေတယ်။ အဲဒီတော့ ပုဒ်မ ၂၆၁ (ခ) (၁ နဲ့ ၂) အရ သမ္မတက ချင်းပြည်နယ်လွှတ်တော်က ချင်းပြည်နယ်ဝန်ကြီးချုပ်အတွက် အများသဘောတူထားတဲ့သူတွေကို ခန့်ရမယ်။ ဆိုတော့ ဒီလို အနေအထားမှာ စဉ်းစားစရာတွေ အများကြီးပေါ်လာတယ်။

ဥပမာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက ချင်းပြည်နယ်မှာ (၇) နေရာရထားတယ်။ တပ်မတော်က ခန့်ထားတဲ့ လူက (၆) ယောက်ရထားတယ်။ သူတို့ နှစ်ခုပေါင်းလိုက်လို့ရှိရင် (၁၃) နေရာရတယ်။ နောက်ပြီးတော့ Chin Progressive Party နဲ့ Chin National Party တို့ ပေါင်းပြီးတော့ သူတို့မှာ အားလုံးက (၁၁) နေရာ ရတယ်။ ဆိုတော့ (၁၁) နဲ့ ဟိုဘက်က (၁၃) တို့မှာ အများသဘောတူတဲ့လူဟာ နောက်လာမယ့် (၅) နှစ်အတွက် ချင်းပြည်နယ်ဝန်ကြီး ဖြစ်ရမယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာလည်း ကျနော်တို့က အထူးသဖြင့် ချင်းပြည်နယ်အကြောင်း ပြော နေရတာက ပြည်နယ်တခုတည်းကိုပဲ ဦးစားပေးကြည့်ပြီး ယေဘုယျအခြေအနေကို မြင်သာထင်သာ အောင် ဆွေးနွေးကြည့်တာပါ။ ဒီနေရာမှာ စောစောကပြောသလို ဒေါက်တာအင်ဒရူး ပြောသလို အခု ပထမဦးဆုံးအနေအထားအရ ချင်းပြည်နယ်လွှတ်တော်မှာ စုစုပေါင်း (၂၄) နေရာ ရှိတဲ့အထဲမှာ ကွဲနေ တာက (၁၁) နဲ့ (၁၃) - အထူးသဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ စစ်တပ်က ခန့်အပ်တဲ့အမတ်တွေက ပူးပေါင်း ပြီးလုပ်ဆောင်ကြမယ်ဆိုတာကို သံသယဖြစ်စရာ မရှိဘူး။ အဲဒါဆိုရင် ဘယ်သူတွေ ဝန်ကြီးချုပ် ဖြစ် လာစရာ ရှိလာမလဲ။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ အခုန ဆရာပြောသလို ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တပ်မတော်က ခန့်အပ် လိုက်တဲ့ (၆) ယောက်နဲ့ပေါင်းပြီးတော့ (၁၃) က သဘောတူလို့ရှိရင် ဥပမာဖြစ်နိုင်ခြေက တခုရှိပါ တယ်။ ပထမ ကြံ့ခိုင်ဖွံ့ဖြိုးရေးကနေ အနိုင်ရသွားတဲ့ ဗိုလ်မှူးချုပ်ဘုန်းလှိုင် ဖြစ်မလား။ ဒါမှမဟုတ်လို့ ရှိရင် အခု တပ်မတော်ကနေ ချင်းပြည်နယ်အတွက် ခန့်လိုက်ထဲက အကြီးဆုံးရာထူး အမြင့်ဆုံးဖြစ်တဲ့ ဗိုလ်မှူးကြီးဇော်မင်းဦး ဖြစ်မလား။ ဒါပေမဲ့ ချင်းအမျိုးသားတိုးတက်ရေးပါတီ နဲ့ ချင်းအမျိုးသားပါတီတို့ ပေါင်းပြီးတော့ သူတို့ဘက်ကလည်း သူတို့လိုချင်တဲ့လူကို အဆိုတင်သွင်းနိုင်တယ်။ အဲဒီတော့ အဆို တင်သွင်းချိန်မှာ နှစ်နေရာမျိုး ဖြစ်နိုင်တယ်လို့ ကျနော်က ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အဲဒီလူ နှစ်ယောက်မှာ တကယ်လို့ မဲခွဲကြပြီဆိုရင် သူတို့ အချင်း ချင်းကြားထဲ မဲခွဲတယ်ဆိုလို့ရှိရင် (၁၃) နေရာကို ထိန်းထားတဲ့အဖွဲ့က နိုင်သွားမယ့် သဘောလား။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန်။ ။ အဲဒီလို နိုင်ငံရေးကို (၅) နှစ်အတွက်ပဲ တွက်လို့ရှိရင် (၁၃) နေရာကို အနိုင်ရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တပ်မတော်တို့ အတူတူလက်တွဲလို့ရှိရင် (၁၃) နေရာ ဘက်ကနေ ဥပမာ ဗိုလ်မှူးချုပ်ဘုန်းလှိုင် ဒါမှမဟုတ် ဗိုလ်မှူးကြီး ဇော်မင်းလွင် တယောက်ယောက် နိုင်သွားမယ်။

ဒါပေမဲ့ စဉ်းစားစရာတချက်ရှိတာက ဥပမာ မတူပီမြို့ နယ် မဲဆန္ဒနယ်မြေမှာ အနိုင်ရထားတဲ့ ပြည်ထောင်စု ဖွံ့ဖြိုးရေးပါတီက (၄၅၉၅) မဲနဲ့ နိုင်သွားတယ်။ ဒါပေမဲ့ ချင်းတိုးတက်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ နှစ်ခုပေါင်းလို့ ရှိရင် သူ့ထက် မဲပိုရတယ်။ အဲဒီတော့ (၅) နှစ် နောက်ပိုင်းအထိ နိုင်ငံရေးကို ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးတွက်လို့ရှိရင် သူတို့က ဒီအချိန်မှာ ပြည်ထောင်စုဖွံ့ဖြိုးရေးနဲ့ တပ်မတော်က ခန့်လိုက်တဲ့လူထဲက လူကို မဲပေးသင့်သလား၊ မပေးသင့် ဘူးလား။ ရေရှည်နိုင်ငံရေးကို ကြည့်မလား၊ ငါးနှစ်နိုင်ငံရေးကို ကြည့်မလားဆိုတာက အရေးကြီးတယ်။

အဲဒါ ပါတီစုံနိုင်ငံရေးစံနစ်မှာ မကြုံတွေ့ခဲ့တဲ့ဟာမျိုး ဖြစ်တယ်။ ဥပမာ- မြို့ နယ် မဲဆန္ဒနယ်မြေမှာ ကြည့် လို့ရှိရင် ပြည်ထောင်စုဖွံဖြိုးရေးပါတီက အနိုင်ရသွားတယ်။ ဒါပေမဲ့ ချင်းတိုးတက်ရေးပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နှစ်ခုပေါင်းလို့ ရှိရင် သူ့မဲထက် ပိုများတယ်။ အဲဒီတော့ ရေရှည်ကိုကြည့်လို့ရှိရင် လွယ်လွယ်ကူကူနဲ့ (၅) နှစ်အတွက် မဲပေးတာ မဖြစ်သင့်ဘဲ ရေရှည်အတွက် ကြည့်ပြီးတော့ မဲပေးတာမျိုး ဖြစ်လို့ရှိရင် တပ်မတော်က တင်သွင်းလိုက်တဲ့ (၆) ယောက်ထဲကဖြစ်ဖြစ် ကြ့ခိုင်ဖွံ့ဖြိုးရေးထဲက အနိုင်ရတဲ့ (၇) ယောက်ထဲက ဖြစ်ဖြစ် တယောက်ယောက်ကို ချင်းပြည်နယ် ဝန်ကြီးချုပ်အတွက် မဲပေးဖို့၊ မပေးဖို့ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပြည်နယ်ထဲမှာ ပြည်နယ်အစိုးရဖွဲ့ဖို့ကိစ္စကရော ဘယ်လိုဖြစ်လာ မလဲ။ ဒီပြည်နယ်ထဲမှာ ပြည်နယ်အစိုးရအဖွဲ့ထဲမှာ ဘယ်လိုဝန်ကြီးဌာနတွေ၊ ဘယ်လို စီမံခန့်ခွဲမှုတွေ ဖြစ်လာနိုင်မလဲ။ အဲဒီလိုနေရာမျိုးတွေမှာ နေရာယူဖို့ကိစ္စကရော လုပ်ပိုင်ခွင့်ရှိတဲ့ ပြည်နယ်အစိုးရ ရာထူးတွေမှာ သက်ဆိုင်ရာချင်းအမျိုးသားတွေထဲက ရွေးချယ်ခံထားပေးလိုက်တယ်ဆိုရင်ကော လူထုအတွက် ကောင်းကျိုးဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလား။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ အဲဒါ အများကြီးဖြစ်နိုင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ (၂၄၈) မှာ ပြဌာန်းထားတာက ပြည်နယ်အစိုးရဖွဲ့ခြင်းနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတဟာ ပြည်နယ် လွှတ်တော် သဘောတူညီချက်နဲ့ ချင်းပြည်နယ်ဝန်ကြီးကို လိုအပ်သလို သတ်မှတ်နိုင်တယ်၊ ပြင်ဆင် နိုင်တယ်၊ ဖြည့်စွက်နိုင်တယ်၊ လျှော့ချနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီတော့ ချင်းပြည်နယ်မှာ အခု ကြံ့ခိုင်ဖွံ့ဖြိုးရေးက (၇) ယောက်၊ တပ်မတော် (၆) ယောက်။ နောက်ပြီးတော့ ချင်းတိုးတက်ရေး ပါတီ နဲ့ ချင်းအမျိုးသားပါတီ က (၅) ယောက်စီ။ နောက် CNDP က (၁) ယောက် စုစုပေါင်း (၁၁) ယောက် အားလုံးပေါင်းပြီးတော့ ရေရှည်အကျိုးကို ကြည့်လို့ရှိရင် သူတို့ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးကပဲ ပြည်နယ်ဝန်ကြီးကို ကိုင်ထားမယ်ဆိုတာမျိုး မဖြစ်နိုင်ဘူး။ တပ်မတော်က ခန့်ထားတဲ့ (၆) ယောက် ထဲကပဲ ပြည်နယ်ဝန်ကြီးကို ဖြည့်ရမယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။

နောက်ပြီးတော့ ချင်းပါတီတွေဖြစ်တဲ့ (၃) ပါတီဖြစ်တဲ့ (၁၁) ယောက်ထဲကပဲ ပြည်နယ်ဝန်ကြီးဌာနတွေကို ကိုင်ရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ အားလုံး ညှိနှိုင်းပြီးတော့ ရေရှည်အတွက် အတူတကွလုပ်ဆောင်နိုင်မယ့် လမ်းကြောင်းကို သူတို့ ဖော်ဆောင်နိုင်တဲ့ လမ်းကြောင်းပေါ် သူတို့ရောက်နေတယ်လို့ ကျနော်က ယူဆ ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောအားဖြင့်တော့ ဒါက ပြည်နယ်လွှတ်တော်အဆင့်မှာတော့ တိုင်းရင်းသားတွေရဲ့  အခွင့်အရေးက ပိုမိုလာတယ်ဆိုတဲ့ သဘောလား။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ ပိုမိုလာတယ်ဆိုတာကတော့ နှစ်ခုရှိပါတယ်။ တိုင်းရင်းသား တွေ လိုလားတောင့်တနေတဲ့ အခွင့်အရေးကတခု၊ ၂၀၀၈ အခြေခံဥပဒေအရ ပြဌာန်းပေးထားတဲ့ အခွင့်အရေးကတခု။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းကနေ ဒီနေ့အထိ ကြည့်လို့ရှိရင် (၄၈) နောက်ပိုင်းမှာ ကျနော်တို့ အခွင့်အရေးကို ကျနော်တို့လွှတ်တော်ကနေ တိုင်းရင်းသားတွေက ပါဝင်ပတ်သက်ပြီးတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် တောင်းဆိုမှု၊ ဥပဒေပြုမှု၊ လုပ်ဆောင်မှု တွေက ၂၀၀၈ အခြေခံဥပဒေအပေါ် မူတည်ပြီး ၂၀၁၀ ရွေးကောက်ပွဲရလာဒ်ပေါ်မှာ ကျနော်တို့ လုပ်နိုင်ခြေတွေ အများကြီးရှိလာတယ်။

အရင်တုန်းက ဘယ်လိုမှ လွန်ခဲ့တဲ့ (၄၈) နှစ်လုံးလုံး ကျနော်တို့က လုပ်နိုင်ခြေမရှိခဲ့ဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ကို တပါတီအာဏာရှင်ဖြစ်ဖြစ်၊ တပ်မတော်အာဏာရှင်ဖြစ်ဖြစ် အုပ်ချုပ်လာတဲ့ ဘဝမှာ နေလာခဲ့တယ်။ အခုက လုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်။ လုပ်တတ်သလား၊ မလုပ်တတ်လား ဆိုတာကတော့ ကျနော်တို့အပေါ်မှာပဲ မူတည်နေတယ်လို့ ကျနော်က ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမယ့်လည်း ဒီလို အခွင့်အရေးရှိတယ်လို့ ပြောတာက စောလွန်းမနေဘူး လား။ အထူးသဖြင့် ချင်းပြည်နယ်မှာဆိုရင် လွှတ်တော်တောင် မခေါ်ရသေးဘူး၊ လွှတ်တော်မှာလည်း ဆွေးနွေးမှုတွေ ကျနော်တို့ မမြင်ရသေးဘူး။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ နှစ်ခုနဲ့ ပြောလို့ရတယ်။ စောလွန်းတယ် မစောလွန်းဘူး ဆိုတာက မရှိသေးတဲ့ အခွင့်အရေးထဲမှာ ကျနော်အမြဲတမ်း ပြောပါတယ်။ ၂၀၀၈ အခြေခံဥပေဒအရ ၂၀၁၀ ရွေးကောက်ပွဲပေါ်လာပြီးတော့ နောက်ပိုင်းမှာ ဖြစ်လာမယ့် နိုင်ငံရေးအခင်းအကျင်းမှာ ကျနော့် အနေနဲ့ အမြဲတမ်း အမြတ်လို့။

၄၈ နှစ်လုံးလုံးမရခဲ့တဲ့ အခွင့်အရေးတခုအနေနဲ့ ကျနော်မြင်တာကတော့ လွှတ်တော်ရဲ့  လုပ်ထုံး လုပ်နည်းတွေအရ အတိုက်အခံနဲ့ အာဏာရတဲ့လူနဲ့ အတိုက်အခံ အင်အားနည်းသည်ဖြစ်စေ၊ အင်အား ကြီးသည်ဖြစ်စေ။ အာဏာရတဲ့လူ အင်အားကြီးသည်ဖြစ်စေ၊ အင်အားသိပ်မကြီးသည်ဖြစ်စေ အတူ တကွထိုင်ပြီးတော့ တတိုင်းပြည်လုံး။ ဒါမှမဟုတ် ချင်းပြည်နယ်တခု အတိုင်းအတာကို အတူတကွ ဆွေးနွေးလုပ်ကိုင်နိုင်တဲ့ အခွင့်အရေးဆိုတာ (၄၈) နှစ်လုံးလုံး မရခဲ့တဲ့ အခွင့်အရေး ဖြစ်တယ်။ ဒီ အခွင့်အရေးကို ကျနော်တို့ရတာနဲ့ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အသုံးချတတ်သလား၊ အသုံး မချတတ်သလားဆိုတာ ကျနော်တို့အပေါ်မှာပဲ မူတည်လို့ ကျနော်က ယူဆတယ်။

အဲဒါကြောင့် ဒီကိစ္စက စောလွန်းတယ်လို့ မဟုတ်ဘူး။ ကျနော့် အယူအဆမှာတော့ ဒီကိစ္စ အခွင့်အရေး တရပ်ဖြစ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ချင်းပြည်နယ်အပြင် တခြား မြန်မာနိုင်ငံရဲ့  တိုင်းရင်းသားတွေရဲ့  ဒေသနဲ့ ပြည်နယ်တွေတချို့ မှာ ဥပမာအားဖြင့် ကယားပြည်နယ်တို့လို။ နောက်တခုက ရခိုင်ပြည်နယ် တို့လို အဲဒီမှာရှိတဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ရော ဘယ်လိုနှိုင်းယှဉ် သုံးသပ်လို့ ရနိုင်မလဲ။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ ကယားပြည်နယ်၊ ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲအရ (၁၅) နေရာရှိတာ အားလုံးက ကြံ့ခိုင်ဖွံ့ဖြိုးရေးက အနိုင်ရသွားတယ်။ တပ်မတော်က အဲဒီပြည်နယ်တွေမှာ ဘယ်လောက်ထည့်သလဲတော့ ကျနော်မသိဘူး။ ဒါပေမဲ့ ဥပမာ ရခိုင်ပြည်နယ်ကို ကြည့်လို့ ရှိရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးက (၁၄) နေရာရတယ်။ တပ်မတော်က (၁၂) နေရာ ထပ်ဖြည့်တယ်။

သူတို့ နှစ်ယောက်အတူတူ ပေါင်းလို့ရှိရင် (၂၆) နေရာ သူတို့နေရာရတယ်။ အဲဒီမှာ ရခိုင် RRNP, NDPD, NUP အားလုံးပေါင်းလို့ရှိရင် (၂၁) နေရာ ရှိတယ်။ အဲဒီတော့ (၂၁) နဲ့ (၂၆) ပြိုင်ရမယ့်ကိန်း ဆိုတာကတော့ သူတို့ ရခိုင်ပြည်မှာရှိတဲ့ ခေါင်းဆောင်ကြီးတွေ ဘယ်လိုကစားတတ်သလဲ၊ မကစား တတ်ဘူးဆိုတဲ့အပေါ်မှာ မူတည်လာလိမ့်မယ်လို့ ထင်တယ်။

ဥပမာ ရှမ်းပြည်နယ်မှာဆိုရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးက (၅၄) နေရာ၊ တပ်မတော်က (၃၆) နေရာ အားလုံးက (၉၀) နေရာ ရတယ်။ ကျန်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တပ်မတော် မဟုတ်တဲ့ ပါတီတွေက (၅၃) နေရာရှိ တယ်။ အဲဒီတော့ (၅၃) အမတ်နဲ့ (၉၀) အမတ်ကြားမှာ သူတို့နိုင်ငံရေး အခင်းအကျင်း အသစ်အတွက် ကစားရမယ့်နေရာ ဖြစ်လာတယ်။ အဲဒီလိုပဲ ပြည်နယ်အလိုက်၊ တိုင်းအလိုက်ဖြစ်လာတယ်။ အဲဒီတော့ အဖြစ်နိုင်ဆုံးရှိတာက ချင်းပြည်နယ်မှာဆိုရင် (၁၁) နေရာ နဲ့ (၁၃) နေရာဆိုတော့ အနီးကပ်ဆုံး ဖြစ် တယ်။ ဟိုဘက်က လူတယောက်ယောက်က ဒီဘက်ပြောင်းလိုက်ရင် (၁၂ - ၁၂) ဖြစ်သွားတော့ ဆုံးဖြတ်ချက်က ချလို့မရဘူး။

အဲဒါကြောင့် ကျနော်ပြောနေတာ အခုန ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ အရွေးခံနေရတဲ့ ချင်းပြည်နယ် အမတ်တွေ အများကြီးက နောက် (၅) နှစ်နောက်ပိုင်းမှာ ဖြစ်လာမယ့် နိုင်ငံရေး အခင်းအကျင်းကို ကြည့်လို့ရှိရင် သူတို့မှာ ဘက်ပြောင်းနိုင်တဲ့ အလားအလာရှိတယ်လို့ ကျနော်ပြောနေတာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပြည်နယ်တွေထဲမှာ ကြည့်လိုက်မယ်ဆိုရင် စောစောက စာရင်းဇယားတွေအရဆိုရင် တိုင်းရင်းသားတွေရဲ့  ပြောပိုင်ဆိုပိုင်ခွင့် အများဆုံးရမယ့် ပြည်နယ်က -

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျှန် ။ ။ ချင်းပြည်နယ် ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ်က (၂၁) နဲ့ (၂၆)။ ချင်းပြည်နယ်က (၁၂) နဲ့ (၁၃) ဆိုတော့ အချိုးအစားနဲ့ တွက်လို့ရှိရင် ချင်းပြည်နယ်က အများဆုံး။ ဒုတိယအလိုက်က ရခိုင်ပြည်နယ်။ ပြီးတော့ တတိယက ရှမ်းပြည်နယ်ဖြစ်မယ်လို့ ကျနော် ယူဆတယ်။
http://www.voanews.com/burmese/news/democracy-forum/burma_forum_01-23-2011-114401019.html

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) ကြေညာချက်

မင်းတြားကြီး သန်းရွှေ နဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၁)


ဒီလကုန်ရင် နေပြည်တော်မှာ လွှတ်တော် ခေါ်တော့မယ်။ အစိုးရ အုပ်ချုပ်ရေး ပြောင်းသွားမယ်လို့ ယူဆသူ တချို့ ရှိပေမယ့် မြန်မာ လူထု အများစုကတော့ ဘာမှ မပြောင်းဘူးလို့ ပြောနေကြတယ်။ ဗိုလ်ချုပ်မှူးကြီးနဲ့ အပေါင်းအပါ မိသားစုဝင်တွေ စိတ် ထင်တိုင်း ကျဲနေတာကို တရားဝင်မှု ပြုပေးရုံ လွှတ်တော် အမည်ခံ သက်သက်ပဲလို့ ဆိုကြတယ်။ လာမယ့် အစိုးရသစ်ကလည်း ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ခေါင်းဆောင်လုပ်ရင်လုပ်၊ မလုပ်ရင် သူ့သစ္စာခံတွေကို သူကောင်းပြု ခန့်ထားမှာ လို့လည်း ပြောကြတယ်။

ဘယ်သူပဲ တက်တက် အစိုးရ အဖွဲ့ဝင်တွေဟာ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း ကြေညာရမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားကတော့ အစိုးရသစ်ကို ဆက်ပြီး ဦးဆောင်မယ်လို့ သတင်းပြေးနေတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအ၀င် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်းနဲ့ လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် တို့ အပြင် နေပြည်တော်က စစ်အာဏာပိုင်တွေ အတွက် ဒီ ဥပဒေက အရာမ၀င်ဖြစ်နေရတယ်။ ဥပဒေအထက်မှာ ထင်ရာဆိုင်းနေကြတဲ့ ဗိုလ်ချုပ်မှူးကြီး နဲ့ အပေါင်းအပါတွေ အကြောင်း တစေ့တစောင်းကို ဧရာဝတီ က ဖော်ထုတ် တင်ပြအပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

Chief-Ge.-Than-Shwe-and-Wife
ပြီးခဲ့သည့် ၂၀၁၁ ခု ဇန်န၀ါရီ ၄ ရက်က နေပြည်တော်၌ ကျင်းပသည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ ညစာ စားပွဲတွင် အစိုးရ အဖွဲ့ဝင်များကို နှုတ်ဆက်နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် (ဓာတ်ပုံ - AP)
ကွယ်လွန်သူ အာဏာရှင်ကြီး ဦးနေ၀င်းက နိုင်ငံတော် အစည်း အဝေးတွေမှာ သူများထက်မြင့်တဲ့ ထိုင်ခုံနဲ့ ထိုင်လေ့ရှိပါတယ်။ လက်ရှိ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာတော့ မိသားစုဝင် တွေပါ သူများထက် ခေါင်းတလုံး ပိုမြင့်ချင်ကြတယ်။ နိုင်ငံတော် ပွဲတွေဆို ရှေ့ဆုံးမှာ နေရာယူ ကြတယ်၊၊ ပဒေသရာဇ် စိတ်ဝင်နေတဲ့ ဒီမိသားစုဟာ ဘယ်လောက်အထိ ချမ်းသာ ကြွယ်ဝတယ်ဆိုတာ မသိနိုင် လောက်အောင်ပါပဲ။

လေ့လာ သုံးသပ်သူတွေ အဆိုအရ နိုင်ငံတော် ဘဏ္ဍာငွေ ရှင်းတမ်းမှာ တဒေါ်လာ ၆ ကျပ်နဲ့ စာရင်းပြထားလို့ ပိုနေတဲ့ ဘီလျံနဲ့ ချီတဲ့  ဂက်စ်ရောင်းရ ငွေတွေဟာ စင်ကာပူ ဘဏ်တွေမှာ စာရင်းဖွင့် အပ်ထားကြောင်း သိရတယ်။ အဲ့ဒီငွေတွေကို စာရင်းကိုင်ဖို့ ဒု ဗိုလ်ချုပ်ကြီး တင်အေးက တာဝန်ယူရတယ်။ တရုတ်ပြည် ပီကင်းနဲ့ ရှန်ဟိုင်းမှာလည်း အိမ်တွေ ၀ယ်ထားတယ်လို့ ဆိုတယ်။

ပြည်တွင်းမှာကတော့ လက်ညှိုးညွှန်ရာ အကုန်ပိုင်တယ် ဆိုတဲ့ အခြေအနေမျိုးပါ။ ကာကွယ်ရေး ၀န်ကြီးဋ္ဌာန အသိုင်းအ၀ိုင်းတွေ အဆိုအရ ဗိုလ်ချုပ်မှူးကြီး မပါဘဲ ဒေါ်ကြိုင်ကြိုင်နဲ့ သမီးတွေ မကြာခဏ တိုင်းခန်းလှည့်လည် သလိုမျိုး ခရီးထွက် တတ်တယ်၊ သူတို့ ရောက်လာရင်လည်း ရောက်ရာ အရပ်က တိုင်းမှူး တပ်မမှူးတွေက စိတ်ညစ်ရတယ်လို့ ဆိုတယ်၊၊ ဈေးတွေ၊ ရှော့ပင်းမောလ်တွေ၊ စူပါ မားကက်တွေကို ရောက်ရင်လည်း လက်ညှိုထိုးပြီး ယူကြသလို၊ စိန်၊ ရွှေ လက်ဝတ်ရတနာ တွေကိုလည်း တိုင်းမှူး တပ်မမှူး ကတော် တွေက ဗန်းနဲ့ ယူပြရတယ်။ သူတို့က ကြိုက်တာရွေးပြီး တခါယူရင် အောက်ထစ် သိန်းနှစ်ထောင် ဖိုးလောက် ယူတယ်။ အဲဒီလို ယူတာတွေကို တိုင်းမှူးတွေက နောက်ကနေ လိုက်ရှင်းပေးရတယ်။ ဒီမိသားစု စိန်ကြိုက်တတ်ပုံကိုတော့ ၂၀၀၆ ခုနှစ်မှာ လူတွေ ကျယ်ကျယ် ပြန့်ပြန့် ကြည့်လိုက်ရတဲ့ သမီးတော် သန္တာရွှေ ရဲ့ မင်္ဂလာပွဲ မှတ်တမ်းတင် ဗီဒီယို အခွေမှာ အမြည်းအစမ်း သဘောတွေ့လိုက်ကြရပါတယ်။

ရှေးမြန်မာမင်းများထုံး နှလုံးမူသလားတော့ မသိဘူး။ မကွေး၊ မုံရွာ နယ်တွေဘက်မှာရှိတဲ့ လက်ယက်ရေနံတွင်းတွေ တူးဖော်ခွင့်၊ ကောလင်း၊ ၀န်းသို၊ မုံရွာနယ်က ရွှေတူးဖော်ခွင့်တွေအားလုံးကို ချုပ်ကိုင်ထားပြီး တခြားသူတွေကို လုပ်ပိုင်ခွင့် ပြန်ချပေးတယ်။ လုပ်ပိုင်ခွင့် လိုင်စင်တွေကိုတော့ ဒေသဆိုင်ရာ တိုင်းမှူးတွေက တဆင့်လျှောက်ရတယ်။ လိုင်စင်ကြေးကတော့ တဧက ကို သိန်း ၃၀ ပေါက်ဈေး ရှိတယ်လို့ သိရတယ်။ လုပ်ပိုင်ခွင့် ဧက ၁၀၀၀ ဆိုရင် ကျပ်ငွေ သိန်း တသောင်း။ အမေရိကန် ဒေါ်လာ ၁ သန်း နဲ့ ညီမျှတဲ့ ငွေကို နှစ်စဉ်ကြေး ပေးကြရတယ်။ သူတို့ဆီကနေ ပြန်ပြီး လုပ်ပိုင်ခွင့်ယူတဲ့သူတွေထဲမှာတော့ မုံရွာမှာ လက်ရှိ ရေနံ တူးနေတဲ့ မန္တလေးမြို့က တရုတ်သူဌေး ဂရိတ်ဝေါလ် အုပ်စုလို့ နာမည်ကြီးတဲ့ ဟွန်ဒါ တင်မောင်က အများဆုံး ယူထားတယ်။
နေပြည်တော်နဲ့ မေမြို့မှာလည်း အကောင်းဆုံး အိမ်တွေ ခြံတွေကို ပိုင်ဆိုင်ထားလို့ အားမရဘူး။ ရန်ကုန်မြို့က အင်းလျားကန် အနီးတ၀ိုက်မှာရှိတဲ့ ကောင်းပေ့ညွန့်ပေ ဆိုတဲ့ နိုင်ငံတော်နဲ့ စစ်တပ်ပိုင်မြေတွေကိုလည်း ယူထားပြီးပြီလို့ သိရတယ်။ ရန်ကုန် ပြည် လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းကြား၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်းမကြီးဘေးမှာရှိတဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ ၁၊ ကပစ ၄) တပ်နေရာတွေကိုလည်း အခု ဖယ်ရှားခိုင်းပြီး သူတို့မိသားစု ယူထားတယ်လို့ သိရတယ်။

အလားတူပဲ ပြည်လမ်း ရိုးမရိပ်သာနားက အင်းလျားလမ်းထိပ်မှာရှိတဲ့ အရင် မိသားစုအမွေမှု ဖြစ်နေတဲ့အိမ်(မြို့နယ် ငြိမ်ဝပ် ပိပြား ရေး ရုံးဟောင်း) ကို ရဟတ်ယာဉ် ပျက်ကျလို့ ကွယ်လွန်ရသူ ဗိုလ်ချုပ်ကြီးတင်ဦး ဇနီး ဒေါ်ခင်သန်းနွဲ့ကို ပေးပေမယ့် မယူတဲ့ အတွက် ဒေါ်ကြိုင်ကြိုင်က ယူပြီး ဦးတေဇက နာမည်ခံပေး ထားရတယ်။ စီးပွားရေး အသိုင်းအ၀န်းမှာတော့ ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီး တို့ မိသားစု စီးပွားရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ပေးနေရတဲ့ ကိုယ်စားလှယ်လို့ ပြောနေကြတယ်။ ပုဂ္ဂလိက ဆေးရုံလုပ်ဖို့  ဦးတေဇ ၀ယ်ယူလိုက်တဲ့ အင်းလျားကန်ထိပ်က ကန်သာယာဆေးရုံမှာလည်း သမီးတွေရှယ်ယာ ငွေ ပါတယ်၊ ငွေဆောင်ကမ်းခြေနဲ့ ချောင်းသာက ဦးတေဇပိုင် ဟိုတယ်တွေမှာလည်း ရှယ်ယာထည့်ထားတယ်လို့ သိရတယ်။

ဗိုလ်ချုပ်မှူးကြီးတို့ မိသားစု စီးပွားရေး သောင်းကျန်းတာကတော့ နောက်ဆုံး ဖိုးလပြည့်တောင် မကျန်ဘူးလို့ ဆိုရမယ်။ တရားဝင် ကုမ္ပဏီထောင်ပြီးတော့ စီးပွားရေး လုပ်တာမဟုတ်ဘဲ အဘိုး အရှိန်အ၀ါနဲ့ မာဖီးယား ဆန်ဆန် မျက်နှာပြပြီး ပွဲစားစီးပွားရေးမျိုး လုပ်နေတာပါ။

သူ့လုပ်နည်းလုပ်ဟန်က တချို့ကုမ္ပဏီတွေ တရားမ၀င် ပစ္စည်းတွေသွင်းလာရင် အကောက်ခွန်ဌာနက အစစ်အဆေးမခံရ အောင် တရားဝင် အခွန်မဆောင်ရအောင် ဆိပ်ကမ်းမှာရှင်းပေးတယ်။ ၀န်ဆောင်မှု အနေနဲ့ကတော့ ပစ္စည်းအမျိုးအစားပေါ် မူတည် ပြီး ပိုက်ဆံယူတယ်။ ဒါ့အပြင် ရန်ကုန်မြို့က မြေနေရာတွေမှာ အလုပ်လုပ်လိုတဲ့ လုပ်ငန်းရှင်တွေကို ၀န်ကြီးတွေ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ပေးတဲ့ ပွဲစားမျိုးလည်း လုပ်တယ်။

အထင်ရှားဆုံးကတော့ ပြည်လမ်းနဲ့ မနော်ဟရီလမ်း အတွင်းမှာရှိတဲ့ ထိုင်းသံရုံးဘေးက ဖျာပုံမမြနွယ်ခြံလို့ လူသိများတဲ့ မြေကွက်ကြီး ကို ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့ နိုင်ဂရု(Naing Group)က ကုလားသူဌေးတွေ ၀ယ်ယူရာမှာ မြို့တော် စည်ပင်က အတည်မပြုပေးတဲ့ အတွက် ကုမ္ပဏီက ဖိုးလပြည့်ကို ကျပ် သိန်း ၅၀၀၀ ပေးပြီး မြို့တော်ဝန် ဦးအောင်သိန်းလင်းကို နားချပေးခိုင်း တာပါ။

ဖိုးလပြည့်ဟာ စီးပွားရေးနဲ့ ပတ်သက်လာရင် ဘယ်စစ်ဗိုလ်ချုပ်သားသမီးတွေကိုမှ ဗိုလ်မထားပါဘူး။ နေရာကောင်းမှာ ဆိုင်ဖွင့်ထား တဲ့ အတွင်းရေးမှူး(၁)သီဟသူရ တင်အောင်မြင့်ဦး ရဲ့သား ဗိုလ်ကြီး ဟောင်း တေဇာစောဦး လုပ်ကိုင်နေတဲ့ “7 Lekker” ကော်ဖီ ဆိုင်ကို နောက်လိုက်တွေ စေလွှတ်ပြီး ဖျက်ဆီးပြခဲ့သလို သူပွဲစားလုပ်နေတဲ့ ပြည်သူ့ ဥယျာဉ်ထဲက မြေကွက်နဲ့ ပတ်သက်ပြီး ကာ ကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူရေး(ကက ၀ယ်) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်ရဲ့သား ၀င်းထွေးလှိုင်က ၀င်လာလို့ နောက်လိုက်တွေကို ရိုက်နှက်ဖို့ ခိုင်းစေခဲ့ဖူးပါတယ်။

အနိုင်ကျင့်တဲ့နေရာမှာတော့ အဘိုးခြေရာမီပါတယ်။ ဖိုးလပြည့်ဟာ သူ့မကောင်းကြောင်း Facebookမှာ ရေးမိတဲ့ အမေရိကားနေ သူငယ်ချင်းတယောက်ကို မြန်မာပြည် ပြန်အလာ ရဲနဲ့ ဖမ်းခိုင်းပြီး ဒုက္ခပေးခဲ့တာကြောင့် မိဘများ အခက် ကြုံခဲ့ရတယ်။၂၀၀၉ ခုနှစ် တုန်းကလည်း စင်ကာပူမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတယောက် အလားတူမကောင်းကြောင်း ရေးမိတဲ့ အတွက် ရန်ကုန်မြို့က အဲ့ဒီ သူငယ်ချင်းမိဘတွေရဲ့ အိမ်ကို ခဲနဲ့ထု၊ လူတွေကို ရဲနဲ့ဖမ်းခိုင်းပြီး ဦးချတောင်းပန်ခိုင်းတဲ့အတွက် မိဘတွေမှာ သား ဇော ကြောင့် ရှက်ရှက်နဲ့ပဲ ဦးချတောင်းပန်ခဲ့ရတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရန်ကုန်မြို့ လမ်း ၅၀ မှာရှိတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ရုံး ကားရပ်နားရာ နေရာမှာ နိုင်ငံခြား ရေး ၀န်ကြီး ဦးဉာဏ်ဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးတဦး က ဖိုးလပြည့်ကားရှေ့မှာ ပိတ်ရပ်မိတဲ့ အတွက် အိမ်ကို ခေါ်သွားပြီး ဆုံးမသြ၀ါဒ ပေးခဲ့တာကို အဲဒီဗိုလ်ကြီး က သတိအနေအထားနဲ့ နာယူရတယ်လို့လည်း သိရပါတယ်။
အလားတူ အဲပုဂံရဲ့ နေပြည်တော်သွား ပြည်တွင်းခရီးစဉ်တခုမှာ ဖိုးလပြည့်နဲ့ အပေါင်းအပါ အုပ်စုရောက်လာခဲ့လို့ အရင်ရောက်နှင့် နေပြီး ဗီအိုင်ပီ အတန်းမှာ နေရာယူထားတဲ့ ဦးရွှေမန်းရဲ့သား အောင်သက်မန်း က အောင့်သက်သက်နဲ့ ရိုးရိုးတန်းကို ပြောင်းပေး လိုက်ရတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုရဲ့ မတရားမှုတွေက ဒီလောက်နဲ့တင် ရပ်မသွားပါဘူး။ အရည်အချင်း ပြည့်ဝ၏ မပြည့်ဝ၏ နောက်ထား။ အာဏာရှင်ကြီး ဦးနေ၀င်း လက်ထက်ကတောင် မလုပ်ခဲ့တဲ့ စင်ကာပူ၊ တရုတ်နိုင်ငံက သံရုံး တွေမှာ သမီးတွေကို အကြီးတန်း သံတမန် ရာထူးတွေ ခန့်ထားခဲ့တယ်။ သမီးတွေကတော့ သံတမန်အလုပ်ထက် သံရုံးက ကောက်ထားတဲ့ အခွန်ငွေတွေကို အချိန် မှန်လာရောက် သိမ်းတဲ့ အလုပ်ကိုပဲ လုပ်တယ်။ သားတွေဖြစ်တဲ့ ထွန်းနိုင်ရွှေ၊ ကြိုင်ဆန်းရွှေ တို့ကတော့ နေပြည်တော်က ဟိုတယ် လုပ်ငန်းတွေနဲ့ မြန်မာပြည်အနှံ့ လက်ညှိုးထိုး မလွဲအောင် မှိုလိုပေါက်နေတဲ့ လောင်စာဆီ ဆိုင်တွေကို ပိုင်ကြတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုက ဒီလို မြန်မာတပြည်လုံးမှာ ထင်သလို ချယ်လှယ်ပိုင်ခွင့်၊ ထင်ရာဆိုင်းပိုင်ခွင့်ရှိနေတာဟာ ရှေးဘ၀ ကုသိုလ် ကြောင့် ဒီဘ၀မှာ အကျိုးပေးတာလို့ နှစ်နှစ်ကာကာ ယုံကြည်နေကြပါတယ်။ ဒါပေမယ့် ရှေးကုသိုလ်ဟာ ဗိုလ်ချုပ်မှူးကြီး ယူနီဖောင်း ချွတ်မချွတ်နဲ့ သက်ဆိုင်နေကြောင်း သူတို့ ကောင်းကောင်းကြီး သဘောပေါက်နေကြတယ်။

ဗိုလ်ချုပ်မှူးကြီး အသက်အရွယ် ထောက်လာလို့ နားချင်တယ်ဆိုတာတောင် ဒေါ်ကြိုင်ကြိုင်က နားခွင့်မပေးဘူးလို့ သိရပါတယ်။

လက်ရှိ စစ်တပ်မှာ ဗိုလ်ချုပ်မှူးကြီးဟာ နောက်တက်လာမယ့် စစ်ခေါင်းဆောင်တွေကို စိတ်မချသလို အာဏာရှင် ဦးနေ၀င်းလို ကျ ဆုံးခန်းရောက်မှာမျိုးကို စိုးရိမ်တဲ့အတွက် သီဟ သူရ ဦးတင်အောင်မြင့်ဦးနဲ့ ဦးတင်အေးကိုလည်း လက်ရှိ စစ်တပ် ခေါင်းဆောင် ငယ်တွေကို စိတ်ချလက်ချ လွှတ်မထားဖို့ ပြောဆိုကြောင်း သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်ထောက်ချုပ်နဲ့ စစ်ရေးချုပ်ဟာ နာမည်သာရှိပြီး တပ်နဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်ကတော့ မရှိသေးပါဘူး။ 

သမ္မတကြီးပဲ လုပ်မှာလား၊ နာယက ကြီးပဲ လုပ်မှာလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ မကြာခင် ရုပ်လုံးပေါ်လာလိမ့်မယ်လို့ ယူ ဆ ရပါတယ်။ လူတွေကတော့ အနားယူတယ်ဆိုတာ အနားကပ်တော့မှ သိမ်းကျုံးယူသွားတယ်လို့ ဆိုကြတယ်။ တကယ် အနားယူတယ်ဆိုဦးတော့ မိသားစု အနာဂတ် လုံခြုံရေး စိတ်ချရအောင် ဗိုလ်ချုပ်မှူးကြီး စီမံထားပြီးပါပြီ။ ဒီပဲယင်း အရေးအခင်းမှာ နာမည်ကြီးခဲ့ပြီး မကြာခင်က အငြိမ်းစားယူသွားတဲ့ ဗိုလ်မှူးကြီး သန်းဟန်ကို Eagle Security ဆိုတဲ့ လုံခြုံရေး ကုမ္ပဏီဖွဲ့စေပြီး မိသားစုလုံခြုံရေးကို လက်ရှိ စောင့်ရှောက် ခိုင်းထားတယ်လို့ သိရပါတယ်။

နောက်လာမယ့် အပိုင်း (၂) မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း အကြောင်း တင်ပြပါဦးမယ်။ စောင့်မျှော် အားပေးကြပါကုန်။http://www.bur.irrawaddy.org/index.php/articles/2-articles/5543-2011-01-24-12-25-02

ကြံ့ဖွံ့အစိုးရနဲ့ ရှေ့ဆက်မြန်မာနိုင်ငံ

by Ramanya Ravika on Sunday, January 23, 2011 at 9:25pm
မြန်မာနိုင်ငံမှာ ပိုက်ဆံတစ်သိန်း လမ်းပေါ်မှာ ကျယင် အားရဝမ်းသာကောက်မယ့်လူတွေ မည်မျှများမလဲ။ တစ်နေကုန်လုပ်အားနဲ့ တစ်နေ့ ဆန်တစ်ပြည်သာသာ ပိုက်ဆံ(၁၀၀၀ိ)နဲ့ (၂၀၀၀ိ)ကြာ ဝင်ငွေရှိတဲ့ (၈၀)ရာခိုင်နှုန်းသော ပြည်သူတွေ အလုအယက်ကောက်ယူကြပါ့မယ်။ တစ်နေ့ (၁၀၀၀၀ိ)ကနေ (၁၀၀၀၀၀ိ)အထိ ဝင်ငွေရှိတဲ့ (၁၅)ရာခိုင်နှုန်းသော ပြည်သူတွေက အိနြေ္ဒမပျက် ကောက်ယူကြပါ့မယ်။ တစ်နေ့ (၁၀၀၀၀၀ိ)ကနေ (၁၀၀၀၀၀၀ိ)အထိ ဝင်ငွေရှိတဲ့ (၄.၉၉)ရာခိုင်နှုန်းသော ပြည်သူတွေက မုန့်ဖိုးအနေနဲ့ ကောက်ချင်ကောက် မကောက်ချင်နေမယ်။ တစ်နေ့ သန်းပေါင်းများစွာ ဝင်နေတဲ့ (၀.၀၁)လူတန်းစားတွေ အနေနဲ့ လမ်းပေါ်မှာ ကျနေတဲ့ ကျပ်ငွေတစ်သိန်းကို ကောက်ယူဖို့ အချိန်မရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဒေါ်လာသန်းပေါင်း(၂၀၀၀)ကျော် ချမ်းသာတယ်လို့ သတင်းပေါက်ကြားခဲ့တယ်။ ဒါက အသားတင်ချမ်းသာတာပါ။ ဗိုလ်ချုပ်မှူးကြီးလိုပဲ တေဇကုမ္ပဏီ၊ မက်စ်ကုမ္ပဏီ အစရှိတဲ့ ကုမ္ပဏီပိုင်ရှင်တွေဟာလည်းပဲ တစ်နေ့ကို ဒေါ်လာသန်းချီ ဝင်ငွေရှိကြပါတယ်။ သူတို့တတွေဟာ မြန်မာကျပ်ငွေကုဋေပေါင်းမရေမတွက်နိုင်အောင် ချမ်းသာကြွယ်ဝကြပါတယ်။ သူတို့သားသမီးတွေရဲ့မုန့်ဖိုးဟာ ကျပ်ငွေသန်းချီရှိနေမှာပါ။ စင်ကာပူအစရှိတဲ့နိုင်ငံတွေမှာ သူတို့ဖြုန်းတဲ့ မုန့်ဖိုးတွေဟာ သာမန်မြန်မာပြည်သူတွေ တသက်လုံးရှာလည်း မရနိုင်တဲ့ ငွေကြေးပမာဏတွေပါ။ သူတို့ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ (၀.၀၁)ရာခိုင်နှုန်းတောင် ကောင်းကောင်းမရှိတဲ့ လူတန်စားတွေပါပဲ။

ဒီတော့ကာ သာမန်ပြည်သူတွေဟာ ကျပ်တစ်သိန်းရဖို့ အနည်းဆုံး(၃)လလောက် ရင်းရပါတယ်။ ဒီငွေတစ်သိန်းဟာ နာမကျန်းဖြစ်နေတဲ့ မိအိုဖအိုရဲ့အသက်ကိုလည်း ကယ်နိုင်ပါတယ်။ ကျောင်းနေအရွယ်ညီအကိုမောင်နှမတွေကိုလည်း ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ လမ်းမပေါ်မှာ ငွေတစ်သိန်းကျကျန်နေတယ်ဆိုယင် အားရဝမ်းသာစွာနဲ့ အပြေးအလွှားကောက်ယူကြမှာပါ။ ဒါပေမယ့် ဗိုလ်ချုပ်တွေနဲ့ ဗိုလ်ချုပ်တွေကို မှီပြီး ကြံစုတ်နေတဲ့ ကုမ္ပဏီပိုင်ရှင်တွေဟာ တစ်စက္ကန့်ရှိသူတို့ဝင်ငွေကို အစိတ်ပေါင်းကုဋေချီခွဲပြီး တစ်စိတ်မျှ မရှိတဲ့အတွက် သူတို့အတွက် အဲဒီပိုက်ဆံတစ်သိန်းကို ကောက်ဖို့ အချိန်မရှိပါဘူး။ ပြည်ထောင်စုမြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာအပြင် လူတန်းစားပြဿနာတစ်ရပ်လည်း မသိမသာ ဖြစ်ပေါ်လာပြီလို့ ပြောရမှာပါ။

နောက်ပြီး သတိထားရမှာက သူတို့ ချမ်းသာသမျှဟာ သူတို့ကိုယ်ရည်ကိုယ်သွေးအရ တရားသဖြင့် ရလာတဲ့ စည်းစိမ်းဥစ္စာတွေ မဟုတ်ပါဘူး။ ပြည်ထောင်စုသားတိုင်း၊ အထူးသဖြင့် တိုင်းရင်းသားတွေပိုင်တဲ့ သယံဇာတတွေကို မိမိသဘောအတိုင်း ရောင်းချပြီး အချောင်တိုက်ကြီးပွားနေကြတာပါ။ သူတို့ဟာ ပြည်ထောင်စုမှာ ထွက်ရှိသမျှ ကျောက်မျက်ရတနာတွေ၊ သစ်မာတွေ၊ ရေနံတွေ၊ ဓာတ်ငွေ့တွေ၊ ဆန်စပါးတွေအားလုံးကို လက်ဝါးကြီးအုပ် အလစ်သုတ်ပြီး ချမ်းသာနေကြတာပါ။ နေ့တိုင်းမပြောနဲ့ စက္ကန့်တိုင်းမှာ သူတို့အတွက် မြန်မာကျပ်ငွေကုဋေပေါင်းများစွာ ဝင်ငွေရလျက် ရှိနေပါတယ်။

နောက်လူတန်စားတစ်ရပ်ဟာ စစ်သားတို့ပဲ ဖြစ်တယ်။ ဒီစစ်သားတွေဟာ တိုင်းပြည်အတွက်ဆိုယင် ဦးလည်မသုံ ထမ်းရွက်ကြသူများလို့ ဆိုပါတယ်။ သူတို့ဟာ အင်အား(၅)သိန်းမျှ ရှိတယ်။ သူတို့ဟာ ပညာရေးအခြေခံနိမ့်ကျပြီး စစ်ထဲဝင်ကတည်းက ဘရိန်းဝါ့ရှ်လုပ်ခံရသူများ ဖြစ်ကြတယ်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုတာ တပ်မတော်ကို တားဆီးပိတ်ပင်ရမယ့်အခွင့်အရေးများအဖြစ် ယူဆကြတယ်။ ယင်းအခွင့်အရေးများအတွက် တိုက်ပွဲ ဝင်နေသူများဟာ တပ်မတော်ရဲ့ရန်သူလို့ ထင်မြင်အောင် မှိုင်းတိုက်ခံထားရသူများ ဖြစ်တယ်။ သူတို့က သူတို့ထင်မြင်ချက်အရ ပြည်သူတွေကို ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ သားသမီးချင်းမစာနာဘဲ မုဒိမ်းကျင့်ခြင်း၊ အတိုက်အခံများကို မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ပြီး မိသားစုများဒုက္ခရောက်အောင် အကွက်ချဆောင်ရွက်ခြင်း၊ တိုင်းရင်းသားများနေထိုင်ရာဒေသများမှာ လူသားတံတိုင်းအသုံးပြုပြီး စစ်ဆင်ရေးလုပ်ခြင်း အစရှိသဖြင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက် ရှိတယ်။ ဒါကိုပဲ စစ်ရာဇဝတ်လို့ မမြင်ဘဲ အများကောင်းကျိုးအတွက် လူနည်းနည်းဒုက္ခရောက်အောင် လုပ်မိခြင်းဟာ မလွဲမရှောင်သာ လုပ်ရတဲ့ကိစ္စဆိုပြီး မိမိတို့ရဲ့ မကောင်းမှုများကို မသိကျိုးကျွံပြုလျက် ရှိနေတယ်။

လာမယ့် ဇန္နဝါရီလကုန်မှာ ရွေးကောက်ပွဲအနိုင်ရကြံ့ဖွံ့က လွှတ်တော်ခေါ်ကြဦးမယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ယင်းလွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်ကို ခေါ်ယူကျင်းပပြီး အရပ်သားအစိုးရတစ်ရပ် ပေါပေါက်လာမယ်လို့ ဆိုပါတယ်။ နောက်ပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးတို့မှာလည်းပဲ လွှတ်တော်တွေ ခေါ်ပြီး ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရတွေ ဖွဲ့စည်းကြရမှာပါ။ ပြည်ထောင်စုအဆင့်မှာလည်းကောင်း၊ ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့်မှာလည်းကောင်း ကြံ့ဖွံပါတီကပဲ မဲအပြတ်အသတ် (တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ) နိုင်ခဲ့လို့ တနိုင်လုံးမှာ သူတို့ပဲ စိတ်ထင်တိုင်း ကြဲနိုင်ပါလိမ့်မယ်။ သမ္မတ၊ ဒုသမ္မတများကို သူတို့စိတ်ကြိုက် ရွေးလို့ရနေပြီး သူတို့ရွေးလိုက်တဲ့သမ္မတကပဲ ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များကို တိုက်ရိုက်တင်မြှောက်မှာဖြစ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ အမှန်တကယ်ပဲ တစ်သွေးတစ်သံတစ်မိန့် တပြည်ထောင်နိုင်ငံတစ်ခု ဖြစ်ခဲ့ရပြီ။

သာမန်အားဖြင့် ကြည့်ယင် ဗမာပြည်ကို ကြံ့ဖွံ့အစိုးရက ဇိမ်ကျကျနဲ့ အုပ်ချုပ်တော့မယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ထဲထဲဝင်ဝင်လေ့လာကြည့်ယင် မဲခိုးပြီး နိုင်လာတဲ့ ကြံ့ဖွံ့ပါတီဟာ သူတို့မှာ ဘာအာဏာမှ မရှိဘဲ ဗိုက်အငှားနဲ့ ဓားအထိုးခံရမယ့်လူများလို့ မကြာခင် သဘောပေါက်လာကြမှာပါ။ ကြံ့ဖွံ့ပါတီဟာ စာရေးသူပြောပြခဲ့တဲ့ အထက်ဖော်ပြပါ လူတန်းစား(၂)ရပ်ကို ကြာခံလုပ်ပေးရုံပါတီမျှသာ ဖြစ်ပါတယ်။ မတရားသဖြင့် ချမ်းသာကြွယ်ဝနေတဲ့ စစ်ဗိုလ်ချုပ်တွေကို အပြင်စည်းကနေ ကာကွယ်ပေးရတဲ့ လူသားတံတိုင်းများသာ ဖြစ်နေပါတယ်။ သူတို့နဲ့ စစ်ဗိုလ်ချုပ်တွေကြားမှာ စစ်တပ်က ရှိနေမှာ ဖြစ်ပြီး လွှတ်တော်တိုင်းမှာ ရှိတဲ့ (၂၅)ရာခိုင်နှုန်းသော စစ်တပ်ကိုယ်စားလှယ်များက သူတို့ကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေမှာပါ။

ကြံ့ဖွံ့အစိုးရအတွက် ခံပြင်းရမယ့်အခြားကိစ္စတစ်ခုမှာ စစ်မှုထမ်းဥပဒေဖြစ်ပါတယ်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ကြပါမည်ဆိုပြီး အားခဲခဲ့သမျှ အဲဒီစစ်မှုထမ်းဥပဒေနဲ့ သဲထဲရေကျခဲ့ရပြီ။ ၁၉၉၃-ခုကစပြီး ၂၀၀၈-ခုအထိ (၁၅)နှစ်ကြာ အချိန်ယူရေးဆွဲလာတဲ့ တစ်ဖက်သတ်ဥပဒေဟာ ဘာမှ အာဏာသက်ရောက်မှုမရှိဘူး၊ ဗိုလ်ချုပ်မှူးကြီးရဲ့ နှုတ်ကပါဌ်တော်တစ်ခွန်းမျှလောက်တောင် ပါဝါမရှိဘူးဆိုတာ အဲဒီစစ်မှုထမ်းဥပဒေက သက်သေပြလိုက်ပါပြီ။ အဲဒီစစ်မှုထမ်းဥပဒေဟာ ဒီလာမယ့်ဇန္နဝါရီလကုန်မှာ ကျင်းပမယ့် ကြံ့ဖွံ့ရဲ့ နှစ်ပေါင်း(၂၀)ကျော်အတွင်း ပထမဆုံးခေါ်ယူကျင်းပမယ့် လွှတ်တော်အစည်းအဝေးကိုလည်း ပြက်ရယ်ပြုလိုက်ပါပြီ။ အဲဒီစစ်မှုထမ်းဥပဒေကိုယ်နှိုက်ပဲ လဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ လူအခွင့်အရေးချိုးဖောက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ တကိုယ်ကောင်းဆန်မှု၊ မတရားမှုများအတွက် လမ်းဖွင့်ပေးထားရာ ကြံ့ဖွံ့အစိုးရအနေနဲ့ ဗမာပြည်ကို လုံခြုံအောင် ဘယ်နည်းနဲ့မှ အုပ်ချုပ်နိုင်စွမ်း ရှိမှာမဟုတ်တော့ဘူး။ ဒါဟာ လွှတ်တော်အတွင်း ကြံ့ဖွံ့အစိုးရနဲ့ ပူးပေါင်းပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်လို့ အားခဲထားတဲ့ အတိုက်အခံပါတီများ၊ တိုင်းရင်းသားပါတီများအတွက် စိတ်ဓာတ်ကျစရာပါပဲ။

ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံစိတ်ချမှုမရှိတဲ့နိုင်ငံဟာ ဘယ်နည်းနဲ့မှ မဖွံ့ဖြိုးမတိုးတက်နိုင်ဘူး။ ဒါကို ကြံ့ဖွံ့အစိုးရက တဖြည်းဖြည်းသဘောပေါက်လာမှာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို အပြုတ်တိုက်မယ်၊ ဒါမှမဟုတ် စစ်အင်အားကို တိုးချဲ့လို့ရအောင် တည်ကြက်အဖြစ် ထားထားမယ်၊ ဒါမှမဟုတ် သူတို့ကို ပြုတ်အောင် မတိုက်နိုင်ဘဲ သူတို့နဲ့လည်း နိုင်ငံရေးအရ ဖြေရှင်းနိုင်အောင် မလုပ်ဘဲ ထားမယ်ဆိုယင် ဒါဟာ နိုင်ငံရေးတည်ငြိမ်မှု
လုံးဝမရှိတဲ့အခြေအနေပါပဲ။ စစ်အင်အားကို တိုးချဲ့ရုံ၊ စစ်မှုထမ်းဥပဒေကို ထုတ်ပြီး လူတိုင်းကို စစ်ထဲဝင်ခိုင်းရုံ၊ ပြည်သူတွေကို ကြောက်အောင် နှိပ်စက်ပညာပြရုံနဲ့ မလုံလောက်ဘူးဆိုတာ ကြံ့ဖွံ့တွေ အမှန်သိလာမှာပါ။ ဒီမိုကရေစီဘက်တော်သားတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ အပေါစားနိုင်ငံရေးသမားတွေ မဟုတ်ဘူးဆိုတာကိုလည်း ကြံ့ဖွံ့တွေ နားလည်လာမှာ အသေအချာပါပဲ။

နိုင်ငံရေးတည်ငြိမ်မှုရှိမှ နိုင်ငံတစ်ခု စည်ပင်ဝပြောနိုင်မယ်။ တိရစ္ဆာန်ဖြစ်တဲ့ ကြက်ငှက်သရကာတွေကို ကြည့်ပါ။ သူတို့ဟာ အနှောင့်အယှက်ကင်းတဲ့နေရာမှာပဲ မျိုးပွားကြပါတယ်။ လူသတ္တဝါတို့မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ လုံခြုံစိတ်ချလို့ရမယ့်နေရာမှာပဲ မျိုးပွားနိုင်ကြပါတယ်။ တတိယနိုင်ငံရောက်မြန်မာလူမျိုးကို မေးကြည့်ပါ။ တတိယနိုင်ငံမှာ ရောက်နေတဲ့ မြန်မာပြည်သားတွေဟာ သိပ်ချမ်းသာကြတာ မဟုတ်ပါဘူး။ လုပ်သမျှဟာ အိမ်ငှားစရိတ်၊ ကားစရိတ်၊ ရေခမီးခ၊ ဓာတ်ငွေ့သုံးခ၊ ကျန်းမာရေးအာမခံခ၊ ခရိုင်အခွန်၊ ပြည်နယ်အခွန်၊ ဖက်ဒရယ်အခွန်ပေးဆောင်ရလို့ လက်ထဲပိုက်ဆံသိပ်မကျန်ပါဘူး။ လုပ်သမျှ ကုန်တာပါပဲ။ ဗမာပြည်ပြန်ပါလားဆိုတော့ မပြန်ကြသေးပါဘူး။ ဘာကြောင့်လဲမေးတော့ အဓိကကတော့ လုံခြုံမှုမရှိလို့ပါပဲ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရလည်း လုံခြုံမှုမရှိဘူး။ စီးပွားရေးအရလည်း လုံခြုံမှုမရှိဘူး၊ လူမှုရေးအရလည်း လုံခြုံမှုမရှိဘူး။ ဘာမှ လုံခြုံမှုမရှိတဲ့နေရာမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ မိသားစုလွတ်လပ်မှု၊ ပိုင်ဆိုင်မှုလွတ်လပ်ခွင့် အားလုံးဆုံးရှုံးရလို့ပါပဲ။ ဒီလိုအခြေခံမရှိတဲ့နေရာမှာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
မြန်မာနိုင်ငံမှာ နိုင်ငံတော်တည်ငြိမ်ရေးဆိုတာ တက်လာမယ့် ကြံ့ဖွံ့အစိုးရမှာ လုံးဝတာဝန်ရှိတယ်လို့ ယေဘုယျအားဖြင့် ပြောလို့ရပါတယ်။ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သေးသရွေ့ နိုင်ငံတော်တည်ငြိမ်ရေးဆိုသည်မှာလည်း လုံးဝမဖြစ်နိုင်ဘူး။ ဒါလည်းပဲ ထားလိုက်ပါတော့။

ဒါပေမယ့် အစိုးရတစ်ရပ်အနေနဲ့ အဲဒီလို နိုင်ငံရေးတည်ငြိမ်မှုရအောင် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်။ အဲဒီလို ကြိုးပမ်းဆောင်ရွက်သင့်ကစား လက်ရှိကြံ့ဖွံ့အစိုးရဟာ လက်တစ်ဆုပ်စာစစ်ဗိုလ်ချုပ်တွေနဲ့ ဓနရှင်တွေကို ကာကွယ်ဖို့ စစ်အမတ်တွေကိုလည်း ကြောက်ရတဲ့ဇောနဲ့ အတိုက်အခံတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ မဝံ့မရဲဖြစ်နေမှာ သေချာပါတယ်။ မှောင်ရိပ်ခိုဗိုလ်ချုပ်တွေ ကျေနပ်အောင် အတိုက်အခံတွေနဲ့ ပဋိပက္ခကြီးထွားလာအောင်၊ ပြည်သူနဲ့တပ်မတော် ပိုပြီး စိတ်ဝမ်းကွဲအောင်လည်း လုပ်ရမယ့်တာဝန် ကြံ့ဖွံ့မှာ ရှိပါတယ်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ထိုးစစ်ဆင်ခြင်းဖြင့် အလုပ်ကို ကြိုးစားလုပ်နေကြောင်း လူကြီးတွေကို ပြသချင်မှာပါ။ ဒါကြောင့် တိုင်ပြည်မငြိမ်ချမ်းအောင် ကြံ့ဖွံ့ကိုယ်တိုင်က လုပ်ရမှာဖြစ်လို့ ကြံ့ဖွံ့အစိုးရဟာ နိုင်ငံတော်ကို တည်ငြိမ်အောင် အုပ်ချုပ်မှာမဟုတ်ဘဲ စစ်အစိုးရအတွက် အဖျက်အမှောင့်လုပ်ငန်းတွေကို လူငှားလုပ်ပေးရတဲ့အစိုးရတစ်ရပ်သာ ဖြစ်ပါလိမ့်မယ်။ ရှေ့ဆက်မြန်မာနိုင်ငံမှာ တည်ငြိမ်မှု၊ အေးချမ်းမှု၊ ဖွံ့ဖြိုးမှု လုံးဝ ရှိမှာမဟုတ်ဘူး။

ကြံ့ဖွံ့တွေဟာ စစ်သားတွေလိုပဲ လူများစုကောင်းကျိုးအတွက် လူနည်းစုဒုက္ခရောက်သင့်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့ စခန်းသွားနေပါလိမ့်မယ်။ အမှန်မတော့ ကြံ့ဖွံ့တွေလည်း လမ်းပေါ်က ပိုက်ဆံတစ်သိန်းကို အားရဝမ်းသာ ကောက်ကြမယ့်အစားထဲကပါပဲ။ ပါတီအကြီးအကဲတွေမှာ တစ်စက္ကန့်သန်းကုဋေချီဝင်တဲ့ သူဌေးတွေ ရှိနေမှာပါ။ ဒါပေမယ့် ကြံ့ဖွံ့ပါတီဝင်တွေဟာ သာမန်လက်လုပ်လက်စားတွေပဲ များပါတယ်။ အခွင့်အရေးရလိုရငြား ပါတီထဲကို ဝင်လာကြပေမယ့် အခွင့်အရေးမရဘဲ လူတစ်စုကို ပိုမိုအာဏာရှိလာဖို့၊ ပိုမိုချမ်းသာလာဖို့အတွက် လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလူတစ်စုအတွက် လူများစုဖြစ်တဲ့ မိမိတို့ရဲ့မိဘမောင်နှမသူငယ်ချင်းရောင်းရင်းတွေ ဒုက္ခရောက်အောင် လုပ်မိကြမှာ အသေအချာပါပဲ။ လူများစုကောင်းကျိုးအတွက် လူနည်းစုကို စတေးသင့်ယင် စတေးရမှာပဲဆိုတဲ့ အယူအဆမှန်တယ်ဆိုယင်တောာင် သူတို့ဟာ အဲဒီအယူအဆနဲ့ ပြောင်းပြန်လုပ်နေတာပါ။ အဘယ်ကြောင့်ဆိုသော် အများကောင်းကျိုးအတွက်ပါလို့ ဟောနေတဲ့ သူတို့လူကြီးတွေဟာ မိသားစုကောင်းကျိုးအတွက်ပဲ သိကြပြီး သူတို့လို လူစားမျိုးတွေမဟုတ်ဘူးဆိုတာ မသိကြလို့ပါပဲ။

ကြံ့ဖွံ့ပါတီဝင်တွေဟာ သူတို့သားသမီးတွေ ထမင်းငတ်နေတဲ့အချိန်၊ သူတို့သားသမီးတွေ ကျောင်းမတက်နိုင်တဲ့အချိန်၊ သူတို့မောင်နှမတွေ နားမကျန်းဖြစ်ပြီး ဆေးခန်းမပြနိုင်တဲ့အချိန်၊ သူတို့က နာမည်ကောင်းရချင်လို့ အတိုက်အခံတွေကို နှိပ်ကွပ်ပြနေချိန်မှာ သူတို့အကာအကွယ်နောက်မှာ ရှိနေတဲ့ သူတို့လူကြီးတွေနဲ့သားသမီးတွေဟာ အကောင်းဆုံးစားသောက်ဆိုင်မှာ အကောင်းစားအစားအသောက်တွေကို  မှာယူစားသောက်နေကြပါလိမ့်မယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ (အခုကတည်းက သူတို့သားသမီးတွေ နိုင်ငံခြားတိုင်းပြည်တွေမှာ ကျောင်းတက်နိုင်ဖို့ ဒေါ်စုကို ပြောခိုင်းနေပြီ) ကျောင်းတက်နေကြပါလိမ့်မယ်။ သူတို့သားသမီးတွေ နှာချေးယင် အနည်းဆုံး စင်ကာပူကို ပြေးပြီး သမားတော်တွေနဲ့ တိုင်ပင်နေကြပါလိမ့်မယ်။ ကြံ့ဖွံ့က အပြင်စည်း၊ စစ်တပ်က အတွင်းစည်း အကာအကွယ်ပေးပြီး စစ်ဗိုလ်ချုပ်တွေနဲ့ ဓနရှင်တွေက မကောင်းမှုဒုစ္စရိုက်မျိုးစုံကို စိတ်ကြိုက်ကျူးလွန်နိုင်ကြပါလိမ့်မယ်။

ဒီမျှနဲ့ ကြံ့ဖွံ့အစိုးရဆိုတာ ဘာလဲ ရိပ်မိလောက်ပါပြီ။ ကြံ့ဖွံ့အစိုးရအုပ်ချုပ်မှုအောက်မှာ ပြည်ထောင်စုကြီးက ရှေ့ဆက်ဘာဖြစ်မလဲ ပြေးကြည့်စရာတောင် မလိုဘူး။ တွေးကြည့်ရုံနဲ့ သိနိုင်ပါပြီ။

စစ်မိန့်နာခံသည့်ပြည်သူများတိုင်းပြည်

“သာမန်အချိန်မှာ သာမန်ပြည်သူဖြစ်ချင်သူ” ( မျိုးမြင့်ချို )

by Maung Maung Wann on Sunday, January 23, 2011 at 9:31pm
“သာမန်အချိန်မှာ သာမန်ပြည်သူဖြစ်ချင်သူ”

အခုတလော လူပြောအများဆုံးဖြစ်မည်ထင်သည့် ပြည်တွင်းသတင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းဖြစ်ဖို့များမည်။ ကမ္ဘာကြီး ရွာဖြစ်သွားပြီ၊ ကမ္ဘာကြီးပြားသွားပြီ၊ ကမ္ဘာမှုပြုခြင်းဖြစ်နေပြီ စသည်ဖြင့် ပြောဆိုသံများထောင်းလမောင်းထမည်မျှပင်ထထ၊ အချုပ်အခြာအာဏာဆိုသည်နှင့်ပတ်သက်လျှင်ကား ထိုအကောက်အယူများမှန်ကန်ကြောင်း ထောက်ပြနိုင်စရာ “အရွေ့”များများစားစားမယ်မယ်ရရ ဘာတခုမရှိသေးသည်မှာ သေချာဆဲပင်ဖြစ်သည်။ အင်တာနက်နှင့်ခေတ်သစ်နည်းပညာများက နိုင်ငံတို့၏နယ်နမိတ်တို့ကိုဖြုတ်ချလိုက်ပြီဟု ဘယ်သို့ပင်ဆိုဆို သက်ဆိုင်ရာအစိုးရတို့က သူတို့မကြည့်စေ မမြင်စေချင်သည့်အင်တာနက်ဝက်ဘ်ဆိုက်များကို ကန့်ထား ပိတ်ထား ဆို့ထားနေသည်မှာလည်း အထင်အရှားပင်ဖြစ်သည်။ နိုင်ငံတို့၏နယ်နမိတ်များ၊ စည်းများ ဖျက်ချလို့မရနိုင်သေး။ နိုင်ငံအချို့ဆိုလျှင် ခြံစည်းရိုးပင်ခတ်လိုက်သေး၏။ ဘာတတ်နိုင်သနည်း။ ဘာမှမတတ်နိုင်။ သူ့အခြေအနေ သူ့အကျိုးအကြောင်း အဆက်အစပ်တို့ အထင်အရှားရှိနေသည်မှာလည်း မျက်မြင်ပင်ဖြစ်သည်။ နိုင်ငံတို့၏“အချူပ်အခြာအာဏာနှင့်နယ်နမိတ်စည်းများ” ရှိနေဆဲပင်ဖြစ်သည်။ဖျက်လို့မရနိုင်သေး၊ ဖျက်လို့မဖြစ်နိုင်သေး။
နိုင်ငံသားတိုင်းစစ်မှုထမ်းရမည်ဆိုခြင်း ဥပဒေအကြောင်းပြောလျှင် နိုင်ငံတကာနှုန်းစံတန်ဖိုးတွေနှင့် ချိန်ကြည့်ကြရမည်ထင်သည်။ နိုင်ငံတကာစံဆိုသည့်
အထိုင်ပေါ်မှပြောမှလည်း ခြုံမိမည်ထင်၏။ ကမ္ဘာ့နိုင်ငံတော်တော်များများတွင် နိုင်ငံသားတိုင်းစစ်မှုထမ်းရန်လိုသည် ဆိုသည့်ဥပဒေများရှိတတ်ကြသည်။
ဥပဒေဆိုသည့်အတိုင်း ခြွင်းချက်များလည်းရှိ၏။ မထူးဆန်း။ ထိုသို့ဆိုက ဒါဆိုလျှင် ဒီကိစ္စဟာ “စကားလုပ်ပြောနေစရာအကြောင်းမရှိဘူးလား” ဟု တွေးစရာရှိပါမည်။ ရှိပါသည်။ နိုင်ငံတကာစံများအကြောင်းထက် ဗမာပြည်၏လက်ရှိထုတ်ပြန်လိုက်သည့် စစ်မှုထမ်းဥပဒေအကြောင်း၊ ထိုဥပဒေလိုအပ်/မလိုအပ်။
ဘာကြောင့် ထိုဥဒေထုတ်ပြန်ရ အကျိုးဆက်ဘာတွေဖြစ် စသည်တို့ကား မပြောမဖြစ်ပြောရမည့်ကိစ္စဖြစ်သည်ဟု ယူဆမိသည်။
နိုင်ငံသားတိုင်းစစ်မှုထမ်းရန်လိုအပ်သည် ဆိုသည့်ဥပဒေကို ယင်းတို့၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥဒေများတွင် ပြဋ္ဌာန်းထားသောသက်ဆိုင်ရာနိုင်ငံတို့သည်
ယင်းနိုင်ငံသားတို့အား အမြဲတမ်းအချိန်ပြည့်စစ်သည်တော်များအဖြစ် ကာလအကန့်အသတ်ဖြင့် ပုံမှန်တပ်မတော်များတွင် အမှုထမ်းခိုင်းခြင်းမှာ အလွန်နည်း
ပါး ပါသည်။ “ကမ္ဘာနှင့်ချီ၍ စစ်ရိပ်စစ်ငွေ့များသန်းလာချိန်၊ တနိုင်ငံကတနိုင်ငံကိုကျူးကျော်စစ်ပြုရန် စစ်ပြင်ချိန်၊ တနိုင်ငံငံ၏ ကျူးကျော်စစ်အား တွန်းလှန်ရန်
ခုခံစစ်ပြင်ချိန်” စသည့်အချိန်များတွင်ကား အစိုးရတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ဆိုသည့် ဝှက်ဖဲအားထုတ်သုံးကြရတော့သည်။ သာမန်
အချိန်တွင် သာမန်ပြည်သူတို့ သတိပင်မထားမိသည့်အချက်ဖြစ်၏။
ကမ္ဘာပေါ်တွင်အကန့်အသတ်နှင့်ဖြစ်နေသည့် စစ်ပူရာဒေသများရှိနေသည် မှန်သော်လည်း တကမ္ဘာလုံးနှင့်ချီ၍ စစ်ဖြစ်မည့်အလားအလာများ လက်တွေ့တွင်
မရှိသေးပါ။ ဗမာပြည်သည် ကမ္ဘာ့အစိတ်အပိုင်းဖြစ်ပါသည်။ ကမ္ဘာနှင့်ချီ၍ စစ်ပူနေခြင်းမရှိသေးသလို စစ်ရိပ်စစ်ငွေ့များလည်းမတွေ့ရသေးပါ။ ကမ္ဘာစစ်ကြီး
ဆိုသည့်လှန့်လုံးဖြင့် ထိုဥပဒေပြဋ္ဌာန်းရမည့်အချိန်မဟုတ်ပါ။ မရောက်သေးပါ။ မလိုပါ။
ဗမာပြည်၏ပကတိအခြေအနေအရ တိုင်းတပါးကိုကျူးကျော်စစ်ဆင်နွှဲရန် အကြောင်းတရားအရရော လက်တွေအနေအထားအရရော ဘာမှပြစရာမရှိပါ။
လက်ဆုပ်လက်ကိုင်လည်း ပြမရပါ။ စစ်အင်အား၊ နည်းပညာ၊ စစ်ရေးလေ့ကျင့်မှုတို့တွင်လည်း တိုင်းတပါးအားကျူးကျော်ချင်ဦးတော့ အဖက်ဖက်မှာ
နိမ့်နေသေးသည်။ အရည်အသွေးပြည့်ဝသည့်ခေတ်မီတပ်မတော်မဖြစ်သေး။ ခေတ်မီတပ်မတော်များနှင့်မယှဉ်နိုင်သေး။ ထို့အတွက် တိုင်းတပါးအား
ကျူးကျော်ရန်ဟူ၍ စစ်သားသစ်စုဆောင်းစရာ၊ ထိုဥပဒေပြဋ္ဌာန်းစရာအကြောင်းမမြင်ပါ။ မရှိပါ။မလိုပါ။
ပတ်လည်နိုင်ငံများကဖြစ်ဖြစ် အဝေးတိုင်းပြည်များကဖြစ်ဖြစ် ဗမာပြည်အားကျူးကျော်စစ် ဆင်နွှဲရန်စစ်ပြင်နေသည့် လက္ခဏာဘာတခုမှမရှိ။ ထိုနိုင်ငံများမှ
ငွေကြေး၊ နည်းပညာ၊ အရင်းအနှီး၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုတ်နှံမှုများသာ ဒလဟောဝင်လာနေသည်။ စစ်ဝင်လာခြင်းမရှိ။ ထို့အတွက် ခုခံစစ်အတွက်၊
“အမျိုးသားရေးတို့၊ အချူပ်အခြာအာဏာကိုကာကယ်ွရန်တ”ို့ ဆိုပြီးစစ်သားသစ် သိမ်းသွင်းယူစရာမလိုအပ်။ တပ်တိုးချဲ့ရန်မလိုအပ်။ နောက်တခုကလည်း
သန်း ၅ဝ သောပြည်သူအတွက် စစ်တပ်အင်အားယခုထက်ပိုရှိနေလည်း “အမျိုးသားသွေးစည်းညီညွတ်မှု” မရှိလျှင် ဘာမှလုပ်မရ။ ဘယ်တော့မှတွန်းလှန်မရ။
အမျိုးသားသွေးစည်းညီညွတ်မှုအတွက် အကောင်းဆုံးပြယုဂ်မှာ ဗမာ့မျိုးချစ်တပ်မတော်၏ အစပင်ဖြစ်သည်။ ဘီအိုင်အေကို ဗိုလ်တေဇဦးဆောင်ပြီး
ဝင်လာချိန်က ဗမာပြည်တွင် “အမျိုးသားအမြဲတမ်းမတော်” မရှိ။ ကိုယ့်ထမင်းကိုယ်စား ကိုယ့်လက်နက်ကိုယ်ရှာပြီး စစ်သားဖြစ်လာသူတွေသာများ၏။
အမျိုးသားသွေးစည်းညီညွတ်မှုဖြင့်သာ လွတ်လပ်ရေးရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အမြင်တချို့က ယခုလုပ်ဆောင်ချက်အား န.အ.ဖ လက်ထက်တွင် တပ်အင်အားတွေတိုးချဲ့လာသည်။ တပ်တွေမှာ နံပတ်တွေသာတိုးလာသော်လည်း
ဖွဲ့စည်းပုံမပြည့်၊ တပ်သားအင်အားနှင့်အရာရှိအချိုးအစားကမညီ ထို့ကြောင့် တပ်ဖွဲ့စည်းပုံဖြည့်ရန်နှင့် အချိုးမညီသည်ကိုညီအောင်လုပ်ခြင်းဖြစ်သည်၊
“ဖွဲ့စည်းပုံပြည့်ရေးနှင့်အချိုးညီရေး” လောက်သာ လုပ်ခြင်းဖြစ်သည်၊ ထို့ထက်မပို ဟုဆိုသည်။ သည့်ထက်ပိုမတွေးချင်တာလား မတွေးမိတာလားမပြောတတ်။
ထိုမျှနှင့် အတွေးရပ်သွားသည်မှာလည်း မသင့်ဟုထင်သည်။
နောက်အမြင်တခုက မငြိမ်းသေးသည့်ပြည်တွင်းစစ်ကို စစ်ဖြင့်အပြီးငြှိမ်းရန်(တနည်းပြောရလျှင် အပြုတ်တိုက်ရန်) တပ်အင်အားတိုးချဲ့ခြင်းဖြစ်သည်။ ကြီးထွား
လာမည့်တပ်အင်အားကြီးဖြင့် “ပြည်တွင်းစစ်ကိုအပြုတ်တိုက်ပြီး နယအ.ဖ က ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ပြရန်” ရည်ရွယ်ခြင်းဖြစ်သည် ဟု
ဆိုသည်။ စစ်ပွဲကို သို့မဟုတ် စစ်ပွဲတပွဲကို စစ်ဖြင့်အနိုင်တိုက်၍ရပါသည်။ စစ်ပွဲနိုင်ရုံမျှဖြင့် ငြိမ်းချမ်းရေးကိစ္စပြီးမြောက်သွားသည်ဟု အဓိပ္ပါယ်မထွက်ပါ။
စစ်ပွဲနောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တသီကြီးရှိနေပါသည်။ စစ်မတိုင်မီ (သို့မဟုတ်) စစ်အတွင်း (သို့မဟုတ်) စစ်အပြီးတွင် စားပွဲဝိုင်း
ဆွေးနွေးမှုများဖြင့် မျှမျှတတအပေးအယူများ ရှိရပါမည်။ ထိုသို့မဟုတ်မူကား နောက်ထပ်စစ်ပွဲများစွာ လိုက်နေပါလိမ့်မည်။
နောက်အမြင်တခုက “နိုင်ငံသားတိုင်းစစ်ပညာတတ်မြောက်ထားဖို့” လိုသည်။ တတ်ထားလျှင်ကောင်းသည်။ စစ်ဖြစ်လျှင် “ရော့သေနတ်” ဆိုပြီးပေးလိုက်ရုံ
ဖြင့်ပွဲပြီးသည် ဟုဆိုသည်။ စစ်ပညာတတ်မြောက်ထားလျှင်၊ သင်ယူထားနိုင်လျှင်၊ သင်ပေးထားနိုင်လျှင်ကောင်းပါသည်။ သို့သော် “စစ်ပညာတတ်မြောက်
ထားရန်လိုခြင်း”နှင့်“မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်း”တွင် ကွာခြားချက်တွေအများကြီးရှိသည်။ မတူ။ ယခုကိစ္စက စစ်ပညာသင်ပေးခြင်း၊ သင်ယူခြင်းမဟုတ်။
မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်းဖြစ်သည်။ ကွဲကွဲပြားပြားရှိရန်၊ မြင်ရန်လိုမည်ထင်သည်။
သို့ဆိုလျှင် ဘာကြောင့် ဒီအချိန်မှာ ဒီဥဒေကိုတိုးတိုးတိတ်တိတ် ထုတ်ပြန်ရသနည်း။ စဉ်းစားစရာရှိလာပြီဖြစ်သည်။ န.အ.ဖ အနေဖြင့် နိုင်ငံသားတိုင်းကို
သေနတ်ကိုင်ထားသည့် (သို့မဟုတ်) ပစ်တတ်ခတ်တတ်သည့်သူများ(တနည်း စစ်သားများ) အဖြစ်မခံနိုင်ပါ။ စစ်သားဆိုသည်မှာ အမိန့်နာခံခြင်းဆိုသည်နှင့်
အသေတုတ်ထားခံရသည့် လူသားများဖြစ်သည်။ လူချင်းလည်းအတူတူ၊ သူရောကိုယ်ပါသေနတ်တလက်စီ ကိုင်ထားတာလည်းအတူတူ၊ အဘယ်ကြောင့်
အခြားသူတယောက်၏အမိန့်ကို အခြားသူတယောက်က အသက်ပေး၍လိုက်နာနေကြရသနည်း။ ထို အရာသည် “အမိန့်နာခံခြင်း” ပင်ဖြစ်သည်။ မိမိဆန္ဒ
အလျှောက် စစ်သားဖြစ်လာသူနှင့် မထမ်းမနေရအမိန့်ကြောင့် စစ်သားဖြစ်ရသူမှာ အလွန်ခြားနားပါသည်။ ဆန္ဒအလျှောက်စစ်သားလုပ်သူမှာ စစ်သားမဖြစ်မီ
ကပင် စစ်သားဖြစ်လျှင်ဘယ်လိုနေရ ကျင့်ကြံရမည်ကိုကြိုတွေပြီးသား ဖြစ်နေတတ်သည်။ တနည်းပြောရလျှင် အပိုးကျိုးပြီးသား အမိန့်နာခံလိုစိတ်မွေးပြီးသူ
များဖြစ်နေသည်။ မထမ်းမနေရကြောင့် စစ်သားဖြစ်ရသူမှာကား ထိုသို့မဟုတ်။ ကိုယ့်ကိုယ်ကိုအပိုးချိုးမထား၊ အမိန့်နာခံရန်အဆင်သင့်မဖြစ်။ အမိန့်နာခံလို
စိတ်လည်းမရှိတတ်။
သို့အတွက် စစ်သားခြင်းအတူတူမှန်သော်လည်း ကိုင်တွယ်ရပုံမှာခြားနားလာသည်။ ခွဲခြားကိုင်တွယ်ရသည်။ တတန်းတည်းထားလို့မရ။ မဖြစ်။ သည်တော့
မထမ်းမနေရစစ်သားကို အမိန့်ဆိုသည့်ကြိုးဖြင့် နေရာတကာမှာချုပ်လို့မရ။ အလျှော့အတင်းရှိရသည်။ ထားရသည်။ ကိုင်ရတွယ်ရခက်လာသည်။ သေစမ်း
သတ်စမ်းဟူ၍ အမိန့်ဖြင့်ထိန်းချုပ်ခိုင်းစေရသည့်နယ်ပယ်တွင် “အမိန့်နာခံရေး/မနာခံရေး”ဆိုသည်ထက် ကြီးသောပြဿနာဆိုသည်မှာမရှိ။ သည်တော့
တပ်တွင်းမှာ ပြဿနာတွေတက်လာသည်။ လျော့တိလျောရဲတွေဖြစ်လာသည်။ အာဏာဖီဆန်တာတွေ အမိန့်မနာခံတာတွေဖြစ်လာသည်။ သည်မှာတင်
အမိန့်ဆိုသည်ကြိုးသည် ကောင်းကောင်းအမြဲနိုင်တော့။ စစ်တပ်သည် စစ်တပ်နှင့်မတူတော့။ န.အ.ဖသည် သူစိတ်တိုင်းကျထူထောင်သည့်တပ်အား ထို
အဖြစ်မျိုးအရောက်မခံနိုင်။ အရောက်ခံလို့မရ။ “စစ်တပ်ဖြင့်ထူထောင်ထားသည့်အာဏာ” သည် စစ်မိန့်အတိုင်းမသွားတော့လျှင် အာဏာလက်ဆုပ်ပြေမည်။
န.အ.ဖက အာဏာလက်ဆုပ်ဖြေချင်သူမဟုတ်။
န.အ.ဖ ပြချင်သည်က ၂ ခု ဖြစ်မည်။ သူ့စိတ်တိုင်းကျရွေးကောက်ပွဲလည်းပြီးပြီ။ သူလိုချင်တာလည်းရပြီ။ ရွေးကောက်ပွဲဝင်သူတိုင်းကလည်း ၂ဝဝ၈
ဖွဲ့စည်းပုံကိုသစ္စာထားပါမည်ဟု အတိအလင်းပြောပြီးပြီ။ စစ်တပ်က တိုက်ရိုက်လာမည့် စစ်ဗိုလ်ကိုယ်စားလှယ်တွေလည်း လွှတ်တော်ထဲဝင်ရန်အသင့်ဖြစ်ပြီ။
အကုန်အစင်ပြီးပြီလားဆိုတော့မပြီးသေး “ငါတို့နောက်ကိုဒီအတိုင်းလုပ်သွားတော့မယ်” ဆိုသည်ကို ချပြထားရဦးမည်။ ဤတွင် ယခုဥပဒေရေးပြီး တိုးတိုး
တိတ်တိတ်ချပြထားရသည်။ “မင်းတို့ လွှတ်တော်ထဲကကောင်တွေက၊ ငါတို့ရေးပေးလိုက်တာကို ဥပဒေဖြစ်လာအောင်လုပ်၊ အတည်ပြုပြဋ္ဌာန်းပေး၊ မင်းတို့
ခြင်း နည်းနည်းပါးပါးငြင်းစရာ ခုန်စရာဖြစ်မှာလေးတွေ မသိမသာလေးထည့်ပေးထားမယ်။ အဲဒါလေးတွေကို ငြင်းကြခုန်ကြပေါ့၊ ပြီးရင်ဖြုတ်လိုက်ကွာ၊
လူကြားလည်းကောင်း အမြင်လည်းတင့်တယ်တာပေါ့၊ နောက်နောင်လည်း ဒီအတိုင်းသွားကြတာပေါ့” ဆိုသည်ကို လုပ်ပြခြင်းဖြစ်သည်။ ဒါက “အနာဂတ်
မြန်မာနိုင်ငံတော်တွင် တပ်မတော်၏အမျိုးသားရေးဦးဆောင်မှုကဏ္ဍ” ဆိုသည်မှာ ဒီအတိုင်းပင်ဖြစ်ကိုဖြစ်ရမည်ဆိုသည်ကို နိုင်ငံရေးလက်ဦးမှုယူပြီး အစီ
အစဉ်ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိ၊ ခြေလှမ်းရှိရှိ လုပ်ပြခြင်းဖြစ်သည်။
နောက်တကြောင်းက န.အ.ဖ အနေဖြင့် မြောက်ကိုးရီးယားလို “စစ်တပ်ပထမတိုင်းပြည်” တည်ဆောက်မည်ဆိုလျှင် စစ်သားများအားတိုင်းပြည်၏ ကုန်ထုတ်
စွမ်းအားစုထဲတွင်ပါဝင်စေရမည်။ တပြိုင်နက်တည်းတွင် စစ်သားသည် စစ်သားလည်းဖြစ် အလုပ်သမားလည်းဖြစ်နေရမည်။ ထိုသို့ဆိုလျှင် တိုင်းပြည်သည်
စစ်ဝန်ကိုအထမ်းရသက်သာ၏။ စစ်အင်အားကြီးထွားခြင်းဆိုသည်မှာ စစ်သည်များကိုမှီခိုနေရသည့် မိသားစုဝင်များပါကြီးထွားလာခြင်းဖြစ်သည်။ စစ်သားများ
နှင့်ယင်းတို့၏မိသားစုများသည် ကုန်ထုတ်စွမ်းအားစုတွင်မပါပါက တိုင်းပြည်အတွက် “ဝန်ထုံ့ဝန်ပို” ဖြစ်သည်။ ရေရှည်မှာမထမ်းနိုင်။ ဝန်ပိပြီးပြိုမည်။
ထိုသို့လည်း အပြိုမခံနိုင်၊ သူတပ်သားတွေကိုလည်း အလုပ်သမားအဖြစ်မခံနိုင်သည့် န.အ.ဖ အနေဖြင့် အခြားတလမ်းကိုစဉ်းစားလာရသည်။ ဤလမ်းမှာ
တိုင်းသူပြည်သားတိုင်း စစ်သားဖြစ်ရေးမဟုတ်။ စစ်သားများနှယ် စစ်မိန့်မှန်သမျှ နာခံရမည့်၊ နာခံရသည့်၊ နာခံတတ်သည့်အရပ်သားများ မွေးမြူရေး
ဖြစ်လာသည်။ “စစ်မိန့်နာခံသည့်ပြည်သူများတိုင်းပြည်” ကိုထူထောင်လိုခြင်းဖြစ်သည်။
ဤအကြောင်း ၂ ရပ်အတွက် ဤဥဒေကို ဤအချိန်အတွင်း လက်သိပ်ထိုးပြဋ္ဌာန်းလိုက်ခြင်းဖြစ်မည်ဟုထင်၏။

                                                                             မျိုးမြင့်ချို (၁၊ ၂၃၊ ၂၀၁၁)

အိပ်ခ်ျအိုင်ဗီရှိသူများအတွက် ဆေးခန်းလမ်းညွှန်


ခင်မြတ်
Myanmar Times အတွဲ ၂၆၊ အမှတ် ၅၀၂ (၂၁ - ၂၇၊ ၁၊ ၂၀၁၁)

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗီပိုး သယ်ဆောင်နေထိုင်သူ ခန့်မှန်းခြေစုစုပေါင်း ၂၃၀,၀၀၀ ကျော်ရှိသည်။

အဆိုပါ အိပ်ခ်ျ အိုင်ဗီပိုးသည် လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများအနေဖြင့် အသုံးပြုသော အပ်များ အတူမျှဝေသုံးစွဲခြင်းတို့မှ ကူးစက်လျက်ရှိသည်။

အိပ်ခ်ျအိုင်ဗီပိုးကူးစက်ခံရသူအများစု၏ ပြောကြားချက်အရ အဆိုပါရောဂါပိုး ကူးစက်ခံရပြီဆိုသည်နှင့် ကြောက်ရွံ့ ထိတ်လန့်ခြင်း၊ လူသိမခံလိုခြင်း၊ ကောက်ရိုးတစ်ပင်ကဲ့သို့ ကယ်ဆယ်ရာ ရှာဖွေခြင်း စသည်တို့ကိုခံစားရပြီး လွဲမှားသော အပြုအမူအတွေးအခေါ် များကို အရင်ဆုံး ပြုမူတတ်ကြကြောင်း သိရသည်။

တချို့က လူသိမခံဘဲ အသေသာခံသွားတော့မည်ဟု တွေးမိခဲ့ကြသည်။ တချို့က ကြားဖူးနားဝ တိုင်းရင်းဆေးများနှင့် ကုသခြင်း တို့ဖြင့် ငွေကုန်လူပန်းဖြစ်ကာ အကျိုးမရှိ အချိန်ကုန်နေတတ်ခဲ့ကြပြန်သည်ဟုဆိုသည်။

သို့ဖြစ်၍ ဤရောဂါပိုး ကူးစက်ခံရပြီဆိုသည်နှင့် တတ်ယောင်ကား ကြိတ်ကုနေမည့်အစား တတ်ကျွမ်းသူ ဆရာဝန်များရှိရာသို့ အမြန်ဆုံးသွားရောက်ကာ တိုင်ပင်ဆွေးနွေး၊ အကြံဉာဏ်ယူသင့်ကြောင်း အိပ်ခ်ျအိုင်ဗီပိုး ကိုယ်တိုင်ခံစားနေကြရသူများကပြောသည်။

ခက်သည်က ထိုသို့သွားလိုသော်လည်း ဘယ်ကိုသွားလို့ သွားရမှန်းမသိ ဖြစ်နေတတ်ပြန်သည်ဟုဆိုကြပြန်သည်။

အိပ်ခ်ျအိုင်ဗီပိုးဖြင့် နေထိုင်နေသူများဖြစ်ပြီး အဆိုပါရောဂါပိုး ရှိသူများအား ကူညီထောက်ပံ့မှုများ ပေးနေသော Myanmar Phoenix Association မှ သဘာပတိဖြစ်သူ ဦးသီဟကြိုင် အဆိုအရ မဂ္ဂဇင်းတစ်စောင်တွင်ပါသော အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ရောဂါသည်များအား ဆေးဝါးကုသမှုများပေးနေသည့် ဆေးခန်းလိပ်စာကြောင့်သာ ယနေ့အထိ သူအသက် ရှင်သန်ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

သို့ဖြစ်၍ အိပ်ခ်ျအိုင်ဗီပိုးရှိလူနာများ သွားရောက်ဆက်သွယ်နိုင်သည့် ၀န်ဆောင်မှုဌာနများအား ရေးသားဖော်ပြလိုက်ရပါသည်။

မင်္ဂလာဒုံ အထူးကုဆေးရုံကြီး
ကျိုက္ကလို့မှတ်တိုင်၊၊သဘာဝဓာတ်ငွေ့ ဆိုင်ရှေ့၊ ပြည်လမ်း၊ မင်္ဂလာဒုံမြို့။ ဖုန်း- ၆၃၅ ၂၉၉

ဝေဘာဂီဆေးရုံကြီး
မေဒါဝီလမ်းမအဆုံး (၆ ကွေ့မှတ်တိုင်) ဝေဘာဂီမြို့သစ်၊ မြောက်ဥက္ကလာပ မြို့နယ်။ ဖုန်း- ၆၉၀ ၁၁၉၊ ၆၉၀ ၁၇၄

AZG
၅၇-၅၈၊ ဧရာဝဏ်လမ်း၊ မြခွာညို၊ (၈)ဂိတ်မှတ်တိုင်အနီး၊ ဖုန်း-၅၄၇၀၆၅။ လှိုင်သာယာ၊ ရွှေရင်အေးဈေးအနီး၊ ဗိုလ်အောင်ကျော် လမ်း၊ (၁၉) ရပ်ကွက်။

AFXB
အမှတ် ဗ၊ ယိုးဒယားလမ်း (၉)မိုင် မှတ်တိုင်၊ ပြည်လမ်း၊ ရန်ကုန်။ ဖုန်း- ၆၆၀ ၆၇၃

Alliance
အမှတ် (၇)ဗ (၆)၊ ရန်ကင်း၊ ရန်ကုန်၊ ဖုန်း- ၅၄၀ ၅၄၂၊ ၅၅၈ ၀၉၀၊

PSI
QC ဆေးခန်း၊ အမှတ် ၁၊ ထီးတန်း (၄)လမ်း၊ ကြည့်မြင်တိုင်။ ဖုန်း- ၇၂၀ ၃၉၃

ရတနာ့မေတ္တာ
၄၀၆ ဆေးခန်း၊ အမှတ် (၄၀၆)၊ အောက်ပုဇွန်တောင်လမ်းမကြီး၊ ရေအရင်းအမြစ်ရုံးနှင့် ညောင်တန်းအိမ်ယာကြား

ဦးသီဟကြိုင်(Myanmar Phoenix Association)
ဖုန်း- ၀၉ ၅၀၅ ၉၁၇၂

ဦးမျိုးဇော်ဦး (Myanmar Phoenix Association)
ဖုန်း- ၀၁- ၇၂၅ ၉၅၄

myozawoo.2009@gmail.com
ကိုအောင်ကျော် (အိပ်ခ်ျအိုင်ဗီဆိုင်ရာ နှစ်သိမ့်ဆွေးနွေး အကြံပေးသူ)၊ ဖုန်း- ၀၁- ၃၇၇ ၉၄၅

ကိုယ်ကျိုးရှာသမားများနဲ့ မအပ်စပ်တဲ့အလုပ်

Written by လူထုစိန်ဝင်း   
လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထမဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်းဂျာနယ်ပေါင်း ၆၀ လောက်ရှိတယ်။
အခါမလပ်စောင့်ကြည့်
သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထမဏ္ဍိုင်ထဲထည့်သွင်းမထားဘူးလားလို့ မေးစရာရှိတယ်။ ဘယ်နိုင်ငံမှာမဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထမဏ္ဍိုင်ထဲပါဝင်တယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ရဲ့လုပ်ရပ်တွေကို နေ့စဉ်အခါမလပ်စောင့်ကြပ်ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီးကို အစီရင်ခံတင်ပြတဲ့ တာဝန်ကိုထမ်းဆောင်နေရတဲ့အတွက်ဖြစ်တယ်။ ဒါကြောင့်သတင်းစာနဲ့သတင်းမီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာဖြစ်တယ်။

ဘ၀ချင်းမတူ
စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးမ၀င်ဘူးလို့ဆိုတဲ့အတွက် ကျန်တဲ့ဟာတွေကအလကားပဲ အသုံးမကျဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစားကဏ္ဍများအရေးကြီးသလို ဖျော်ဖြေရေးလည်းလိုအပ်တယ်။ ဒါပေမယ့် အဲဒီကဏ္ဍများရဲ့သဘာဝက အဓိကမဏ္ဍိုင်ကြီးသုံးရပ်ကို စောင့်ကြပ်ကြည့်ရှုတဲ့ ‘watch dog’ သဘာဝမဟုတ်ဘူး။  သတင်းစာနဲ့ သတင်းမီဒီယာလုပ်ငန်းတွေကသာ စောင့်ကြည့်ပြီး ပြည်သူကို အစီရင်ခံတင်ပြတဲ့အလုပ်ကိုလုပ်တာဖြစ်လို့ စတုတ္ထမဏ္ဍိုင်လို့ခေါ်တာဖြစ်တယ်။  

လူသူတော်ကောင်းကြီးတွေ
စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ထားတဲ့အတွက် သတင်းမီဒီယာအလုပ်ဟာ အင်မတန်မှကိုတာဝန်ကြီးတယ်။ နိုင်ငံသားတိုင်းလိုက်နာကျင့်ကြံရတဲ့ နိုင်ငံသားကျင့်ဝတ်အပြင် အင်မတန်တင်းကြပ်တဲ့သတင်းသမားကျင့်ဝတ်တွေကိုလည်း လိုက်နာစောင့်ထိန်းရတယ်။သတင်းသမားကျင့်ဝတ်တွေကို အတိအကျအမှန်အကန်လိုက်နာစောင့်ထိန်းနိုင်ရင် အဲဒီပုဂ္ဂိုလ်ဟာ အလွန့်အလွန်ဖြူစင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ ဆရာဂျာနယ်ကျော်ဦးချစ်မောင်လို၊ ဆရာလူထုဦးလှလို ပုဂ္ဂိုလ်များဟာ လူတွေကြားမှာ အင်မတန်ရှားတဲ့လူသူတော်ကောင်းကြီးတွေပါ။ အင်မတန်ထူးချွန်ထက်မြက်တဲ့ သတင်းစာဆရာကြီးများလည်း ဖြစ်ကြတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက ဒီခေတ်မှာရှားတယ်။ ကမ္ဘာမှာကိုရှားတာ။ တော်သူတွေပေါပါတယ်။ တော်လည်းတော်ပြီး လူသူတော်ကောင်းကြီးတွေလို့လည်းခေါ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတော့တွေ့ဖို့ မလွယ်ပါဘူး။

လူတော်ဆိုတာ
လူတော်လူကောင်းလို့ပြောတဲ့အခါမှာ အကျယ်ဝိတ္တာရချဲ့ပြီးပြောဖို့ နည်းနည်းတော့လိုအပ်တယ်။ လူတော်ဆိုတာနဲ့ပတ်သက်လို့ကတော့ ပြောစရာမရှိပါဘူး။ ပညာရပ်နယ်ပယ်တစ်ခုခုမှာ ထူးထူးချွန်ချွန်ကျွမ်းကျင်တတ်မြောက်ထားသူကို လူတော်လို့ခေါ်ကြတာပါပဲ။ နိုင်ငံလူမျိုးကွဲပြားခြားနားမှုမရှိ၊ စံနှုန်းတစ်ခုတည်းပါပဲ။ တောင်အာဖရိကနိုင်ငံသား နှလုံးအစားထိုးခွဲစိတ်ကုသမှုလုပ်ခဲ့တဲ့ ဆရာဝန်ကြီး ခရစ္စတီယန်ဘားနာ့ဒ်ဟာ အမေရိကန်ရောက်တော့လည်း နှလုံးခွဲစိတ်ကုသဆရာဝန်ကြီးအဖြစ် အသိအမှတ်ပြုကြတာပါ။ အင်္ဂလန်က တွေးခေါ်ပညာရှင်ကြီးဘာထရန်ရပ်ဆဲလ်ကို ကမ္ဘာတစ်ခုလုံးကလည်းတွေး ခေါ်ပညာရှင်ကြီးအဖြစ် လေးစားကြပါတယ်။

လူကောင်းဆိုတာ
လူကောင်းဆိုတာကျတော့ ပြောစရာနည်းနည်းရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ လူကောင်းလို့ သတ်မှတ်တဲ့နှုန်းစံက လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ နိုင်ငံတစ်ခုနဲ့တစ်ခု မတူကြလို့ဖြစ်တယ်။ အလွယ်ဆုံးဥပမာပေးရရင် အရက်ကိစ္စကိုပြချင်တယ်။ အရက်သောက်တာကို ကမ္ဘာ့လူမျိုးတိုင်းလိုလိုကအပြစ်ကြီးတစ်ခုလို့ မယူဆကြတော့ဘူး။ အရက်သောက်တတ်လို့ လူကောင်းမဟုတ်ဘူးလို့ မသတ်မှတ်ဘူး။ ဗုဒ္ဓဘာသာလက်ခံကျင့်သုံးတဲ့ မြန်မာလူမျိုးတွေကတော့ အရက်သောက်တာကို အပြစ်ကြီးတစ်ခု၊ သီလပျက်ယွင်းမှုတစ်ခုလို့သဘောထားတယ်။ အရက်သောက်သူကို လူကောင်းလို့ မမြင်နိုင်ကြဘူး။ ဘုရားဂေါပကရွေးရင် တခြားစာရိတ္တပိုင်းမှာ ဘယ်လောက်ပဲကောင်းကောင်း၊ အရက်သေစာသောက်စားသူဆိုရင် ၀င်ရောက်အရွေးခံခွင့်တောင်မရှိပါဘူး။ ဂေါပကအဖွဲ့တိုင်းရဲ့စည်းမျဉ်းမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားကြတယ်။

တောင်ပေါ်မြေပြန့်ခြားနားမှု
ဒါပေမဲ့ မြန်မာပြည်မှာလည်း တောင်ပေါ်နဲ့မြေပြန့်မတူတာမျိုးတော့ ရှိသေးတယ်။ မြေပြန့်သားတွေက အရက်သောက်တာကို သီလပျက်ယွင်းမှုအဖြစ် ရှုမြင်ပေမယ့် အလွန်ချမ်းအေးတဲ့တောင်ပေါ်ဒေသတွေမှာတော့ ဒီလိုမမြင်တော့ဘူး။ အအေးဒဏ်ကိုကာကွယ်ဖို့ လူကြီးလူငယ်ကျားမ မရွေးအရက်သောက်ကြတယ်။ အနောက်နိုင်ငံတွေမှာလည်း ဒီလိုကွဲပြားမှုတွေရှိကြတာပဲဖြစ်တယ်။ အင်္ဂလိပ်ဘောလုံးသမားတွေ အိမ်ထောင်ဖက်အပေါ်သစ္စာမစောင့်မှုကြောင့် ပြဿနာဖြစ်ရတဲ့သတင်းတွေ အမြဲမပြတ်သတင်းစာတွေမှာဖတ်နေရတယ်။ အင်္ဂလိပ်တွေကဒီကိစ္စကိုတော်တော် ရေးကြီးခွင်ကျယ်သဘောထားတယ်။ ပြင်သစ်ဘောလုံးလောကမှာတော့ ဒါမျိုးတွေကိုသတင်းစာတွေကရေးကြီးခွင်ကျယ် လုပ်ပြီးရေးလေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ပြင်သစ်နိုင်ငံမှာက အိမ်ထောင်ဖက်အပြင်ချစ်သူ(Lover)ထားတာမျိုးကမဆန်းတော့တဲ့ကိစ္စအဖြစ် သဘောထားကြလို့ဖြစ်တယ်။ ယောက်ျား၊ မိန်းမဘယ်သူမဆို 'ချစ်သူ' ထားကြတာပဲလို့ ပြောလေ့ရှိတယ်။

မတားပါဘူး
အတိအကျ အခိုင်အမာပြောချင်တာတစ်ခုတော့ရှိတယ်။ မြန်မာလူမျိုးအဖြစ်နဲ့ မြန်မာနိုင်ငံမှာနေထိုင်နေသမျှကာလပတ်လုံး မြန်မာလူမျိုးတို့ရဲ့ ရိုးရာအစဉ်အလာဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကိုစောင့်ထိန်း လိုက်နာရမယ်ဆိုတဲ့အချက်ဖြစ်တယ်။

မျက်စိရှက်လို့
အထက်မှာပြောခဲ့တဲ့ စတုတ္ထမဏ္ဍိုင်ကိစ္စမှာလည်း နိုင်ငံနဲ့လူမျိုးအလိုက် ကွဲပြားခြားနားတဲ့နှုန်းစံတွေရှိကြတယ်။ သတင်းသမားဆိုတာ အဖြစ်မှန်၊ သတင်းမှန်ကို အတိအကျအမှန်အကန် ရေးသားတင်ပြရတယ်။ ဒါပေမဲ့ နိုင်ငံနဲ့လူမျိုးရဲ့ဓလေ့ထုံးစံယဉ်ကျေးမှုအလိုက် ခြားနားချက်တော့ရှိကြတယ်။ မှုခင်းသတင်းတစ် ပုဒ်ကိုဖော်ပြရာမှာ အနောက်နိုင်ငံများ က မှုခင်းကျူးလွန်သူရော၊ ကျူးလွန်ခံရသူကိုပါ နာမည်လိပ်စာအတိအကျဖော်ပြလေ့ရှိတယ်။ ဂျပန်နိုင်ငံမှာတော့ သတင်းမီဒီယာအများစုက နာမည်နဲ့လိပ်စာနေရာမှာ ကွက်လပ်ထားဖော်ပြကြတယ်။ အနောက်နိုင်ငံသတင်းစာတွေမှာမျက်နှာဖုံးသတင်းအဖြစ် အသားပေးဖော်ပြလေ့ရှိတဲ့ သတင်းတစ်မျိုးဆိုရင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ရေးသားဖော်ပြဖို့ဆိုတာထား။ ဖတ်ရမှာတောင်မျက်စိရှက်လို့ ကျော်ဖတ်သွားရတယ်။
စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်လို့ မကြာခဏလာမေးကြတဲ့ လူငယ်တွေကို မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားကောင်းတစ်ယောက်အခေါ်ခံရဖို့က နိုင်ငံခြားမှာထက်ပိုခက်တဲ့အကြောင်း အမြဲပြောပြဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာရဲ့ သြဇာရိပ်ကြီးမားတဲ့နိုင်ငံဖြစ်တော့ မြန်မာတွေက 'သီလ' ပိုင်းကို သိပ်အလေးထားတဲ့အတွက်ဖြစ်တယ်။

သာသနာပြုနဲ့တူတဲ့အလုပ်
အရက်သောက်တာကြောင့် စာနယ်ဇင်းသမားကောင်းမဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ အရက်လုံးဝမသောက်ပေမယ့် တခြားနည်းမျိုးစုံနဲ့ ပျက်စီးနေတဲ့ စာနယ်ဇင်းသမားတွေလည်းအများကြီးရှိပါတယ်။ အဓိကအကျဆုံးကတော့ စာနယ်ဇင်းသမားအလုပ်ကို ခုတုံးလိုအသုံးချပြီး ကိုယ်ကျိုးစီးပွားရှာတဲ့အလုပ်မျိုး မလုပ်ဖို့ဖြစ်ပါတယ်။ စာနယ်ဇင်းအလုပ်ဆိုတာ သာသနာပြုလုပ်ငန်းနဲ့တူတဲ့ မွန်မြတ်တဲ့အလုပ်ဖြစ်တယ်၊ ကိုယ်ကျိုးရှာသမားများနဲ့ လုံးဝမအပ်စပ်တဲ့ အလုပ်ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။
http://www.news-eleven.com/index.php?option=com_content&view=article&id=6903%3A2011-01-23-18-48-43&catid=78%3A2009-11-13-06-25-17&Itemid=135