Thursday, February 3, 2011

၃.၂.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



--
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

4 attachments — Download all attachments  
3 Feb 2011 Yeyintnge's Diary.doc3 Feb 2011 Yeyintnge's Diary.doc
2129K   View   Download  
3 Feb 2011 Yeyintnge's Diary.pdf3 Feb 2011 Yeyintnge's Diary.pdf
3129K   View   Download  
national reconciliation 3.docnational reconciliation 3.doc
41K   View   Download  
national reconciliation 3.pdfnational reconciliation 3.pdf
29K   View   Download  

http://www.mediafire.com/file/7d51c6q5wb4dwya/3%20Feb%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/y0ysybxpvnpkd6v/3%20Feb%202011%20Yeyintnge%27s%20Diary.pdf
3 Feb 2011 Yeyintnge's Diary

အကုန်သာ ရိုက်သတ် လိုက်


February 3, 2011

ငြိမ်းချမ်းငြိမ်း
ဗိုလ်ချုပ်မှုးကြီး နဲ့ မူဘာရက် တယ်လီဖုန်းပြောခြင်း
အခုတလော ရှိရှိ သမျှ မီဒီယာ တွေ မှာ ရေပန် အစားဆုံး ဖြစ်နေ တဲ့ မြန်မာ ဗိုလ်ချုပ် မှုးကြီး နဲ့ 
အီဂျစ် က ဟိုးလေး တကျော် ဖြစ်နေတဲ့ ဆရာကြီး မူဘာရက် တို့ မနေ့ ညက ဖုန်း ပြောကြပါတယ်။
သူတို့ နှစ်ဦး ဖုန်းပြောပြီး သိပ်မကြာပါဘူး အီဂျစ် ကြံ့ဖွတ် တွေ ကလည်း လားစီး ပြီး ဆန္ဒုပြ သူတွေ ကို ၀ါးရင်းတုတ်တွေ နဲ့ ဝင်ရိုက် တော့ တာပါပဲ။
နိုင်ငံတကာ မီဒီယာတွေ ဖြစ်တဲ့ ဝေါ လမ်း ဂျာနယ်တို့ ၊မြေခွေး သတင်း တို့ ၊ ကြေးနန်း
ကွန်ယက် တို့ က သုံးသပ်ထားတာကတော့ မနေ့ ညက ကိုင်ရိုမှာ ဆန္ဒပြ သူတွေ ကို မူဘာရက် က ၀င်ရိုက်ခိုင်းတာ
မြန်မာ ဗိုလ်ချုပ်မှုးကြီး က အကြံပေးတယ် လို့ သုံးသပ်ကြပါတယ်။
သူတို့ နှစ် ဦး ဘာတွေ ဖုန်းထဲမှာ ဘာတွေ ပြောခဲ့ကြာသလဲ ဆိုတာ ကို ၀ီကီလိခ် က ဖွင့်ချပုံကတော့။
ကားလိပ်ဖွင့်
မြန်မာ နိုင်ငံ ကြပ်ပြေး နေပြည်တော် မြို့ တော်ရှိ ဗိုလ်ချုပ်မှုးကြီး ၏ ခါးပိုက်ဆောင် ဆိုနီအဲရစ်ဆင်ဖုန်းလေးမှခေါ်ဆိုသံ မြည်လာ သဖြင့် ကောက်ကိုက်လိုက်ရာ..နိုင်းလ် မြစ်ကမ်းဘေးမှ မိတ်ဆွေကြီး မူဘာရက် ဖုံးနံပါတ်ဖြစ်နေသည်။ဗိုလ်ချုပ်မှုးကြီး က ဖုံး ကို နားထောင်လိုက်ရာ
မူဘာရက်၊                ၊ဟောင်းယူဒူရင်း တူဒေး ၊ စီနီယာ ဂျင်နရေတာ

ဗိုလ်ချုပ်မှုးကြီး၊           ၊အပါးတော်မြဲ အင်္ဂလိပ် စကားပြန် ကို လှည့်မေး ဘာပြောတာလဲဟ (ဟောင်းယူ ဒူးရင်း သီး တူဒေးတဲ့)
စကားပြန်၊                ၊အဟောင်း မယူဘူး အသစ်ဘဲ ပေးလို့ ပြောလိုက် …..အဲလေ ….ယောင်လို့ ……နောက်မှာဘာပြောတာလဲ ရှင်းပြတော့ မယ်။ အခုတော့
ဂွတ် ဂွတ် ဂွတ် လို့ …သာ ပြန်ပြောလိုက်
ဗိုလ်ချုပ်မှုးကြီး၊………ဂွတ် ဂွတ် ဂွတ် မိုင် ဒီးယား ….ဟို စနီ
နောက်ပိုင်း ပြောကြား မှု များ တွင် မူ စာမျက်နှာ အခက်အခဲကြောင့်  မြန်မာဘာ သာ သို့ တိုက်ရိုက် ပြန်ဆို ဖော်ပြတော့မည် ဖြစ်ပါသည်။
မူဘာရက်၊             ၊ဗိုလ်ချုပ်မှုးကြီး အကြံဥာဏ် လေး ပေးပါအုံး ၊ ကျုပ်ဆီမှာ ခင်ဗျားကြားတဲ့ အတိုင်းပဲ
ဗိုလ်ချုပ်မှုးကြီး၊       ၊ဒါဘာခက် လို့ တုန်း ၊အကုန် ပစ်သတ် လိုက်လေ။
မူဘာရက်၊             ၊မရတော့ ဘူး ဗိုလ်ချုပ်မှုးကြီး ရယ်၊ စစ်ဗိုလ်ချုပ်တွေ က ပြည်သူကို မပြစ်တော့ ဘူးတဲ့
သူတို့ တွေ အာချောင်ပြီး ရေလက်ကြား  သတင်းဌာန တို့ ၊ ဖရီးဒမ်း နယူး ဂရုပ် တို့ ကို
ပြောပြီးပြီ ဗျ

ဗိုလ်ချုပ်မှုးကြီး၊        ၊ခင်ဗျား မှာ လက်သပ်မွေးထားတဲ့ ဗိုလ်ချုပ်လေးဘာလေး မရှိဘူးလား၊ ကျုပ်လို မျိုး မင်းအောင်လှိုင်တို့ ၊ တင်အောင်မြင့်ဦး တို့ လို ချွတ်တားလေးတွေ ပေါ့။လက်တို လက်တောင်း ခိုင်းကောင်း တာလေးတွေ …..

မူဘာရက်၊             ၊ ရှိတော့ရှိတယ်၊သူတို့ ကိုကျုပ်က အီဂျစ်အမျိုးသား ယဉ်ကျေးမှု အမွေ အနှစ်တွေ ရှိတဲ့
ပြတိုက် တွေ မှာ စောင့်ခိုင်းထားတယ်။
ဗိုလ်ချုပ်မှုးကြီး၊       ၊ခင်ဗျား တယ်ခက်တယ့် သူပဲ ၊ပြတိုက်တွေ က အရေးမကြီး ဘူး၊ ခင်ဗျား ရဲ့ မံမီ
ရုပ်တွေဘာလုပ်ရမှာ လဲ သမိုင်းဝင်တွေ ဘာတွေ လုပ်မနေနဲ့ ၊အာဏာက အရေးကြီး တယ်။အဲဒီ
မာ မီ တွေ ကို ပြီးရင်တရုတ်က မှာ လို့ ရတယ်။ ဟူကျင်တောင် တို့ ဝမ်ကျားပေါင် တို့ ဆီက ကြိုက်သလောက်မှာ လို့ ရတယ်၊ ဘီစီတို့ ၊အေဒီ တို့ ၊ တော်လမီ တို့ ခောတ်က တင် မကဘူး၊  သမိုင်းဦး ဘုံမြေခောတ်က ပစ္စည်းတောင် တရုတ် ဆီက မှာ လို့ ရတယ်။ဒါတွေ ဘာမှ ပူမနေ နဲ့ ၊လုပ်ချင်တဲ့ လုချင်တဲ့ လူ လုပစေ ၊ အာဏာကိုသာ စိတ်ထဲမှာမှတ်ပြီး လက်ငါးချောင်းထောင် ..  အဲ..အဲ ကျုပ်မှာပေးမယ်။
ဘာမှ မပူနဲ့  …..လူရင်းတွေ ဆိုဈေးပေါတယ်။ ကျုပ်တောင် မြန်မာ ပြည်က ရှေးဟောင်းပစ္စည်းတွေ
ရောင်းစားပြီး တရုတ်ဟာတွေ နဲ့ အစား ထိုးထားတာ၊ ပြီးတော့ ရှေးဟောင်း ပစ္စည်းမို့ ၊မထိရ မကိုင်ရ

လို့ ရေးထားရင် ပြီးတာပဲ။
မူဘာရက်၊          ၊ခက်တယ်ဗျာ ၊အဲဒီစစ်သားတွေက လည်း ပြတိုက် စောင့်ရတာ ကို ဂုဏ်ယူနေကြတာဗျ၊
ကျုပ်ဖုန်းခေါ်တာတောင် မကိုင်တော့ဘူး။
ဗိုလ်ချုပ်မှုးကြီး၊     ၊ဒါဆို ခင်ဗျားမှာ ကြံ့ဖွတ် မရှိဘူးလာ။
မူဘာရက်၊           ၊ကြံ့ဖွတ်တော့ မရှိဘူး၊ ရေမြင်း ပဲ ရှိတယ်၊ အဲလေ…ယောင်လို့ ဘာလဲ အဆွေတော်
ကြံ့ဖွတ် ဆိုတာ
ဗိုလ်ချုပ်မှုးကြီး၊     ၊တယ်လဲ နားဝေးတာပဲ၊ အဲဒါကြောင့် မီးဖို တွေ လိုက်စစ်ရတဲ့ ကောင်ကတောင် ထဆန္ဒပြတာ။ကဲကဲ ထားလိုက်ပါတော့…..ခင်ဗျားမှာ လက်မရွံ့ လေးဘာလေး မရှိဘူးလား၊
မူဘာရက်၊             ၊ရှိတော့ ရှိတယ်၊ သူတို့ ကို ဘာလုပ်ခိုင်းရမှာလဲ
ဗိုလ်ချုပ်မှုးကြီး၊        ၊တော်တော် ဝေး တဲ့ ကုလားပဲ(စိတ်ထဲတွင် မြည်တွန်လျှက်) သူတို့ ကို ၀ါးရင်း
တုတ်တွေ ၊၀ါးချွန်တွေ ပေးပြီး အကုန် လူစု ကွဲအောင်လုပ် ပြီးရင် ခေါင်းဆောင် တွေ ကို ပါသတ် ပစ်
မူဘာရက်၊ ၊ဖြစ်ပါ့မလား၊ ဗိုလ်ချုပ်မှုးကြီး ….မွတ်ဆင်လင် ညီအကို တွေ က တမှောင့်၊ အယ်ဘာ
ရာဒေး က တမှောင့်၊သူက နိုဘဲလ် ဆုရထားတာလေ ဗျ.. တစ်ခုခု ဖြစ်သွားရင် ဒုက္ခ

ဗိုလ်ချုပ်မှုးကြီး၊        ၊နိုဘဲလ် ဆုတွေ၊ အော်စကာဆုတွေ လုပ်မနေနဲ့ ၊ ခင်ဗျားနောက်မှာ အမေရိကန်ရှိနေတာပဲ ကျုပ်တောင် နောက်မှာ ဘယ်သူမှ မရှိပဲနဲ့ ၊ ကျုပ်တို့ ဆီက နိုဘဲလ် ဆုရှင် ကို ရိုက်သတ်ဖို့ လုပ်ခဲ့သေးတာ သူတောင် ကံကောင်းလို့ မသေတာ နောက် ၂၀၀၇ မှာ ဘုန်းကြီးတွေ ကို ပစ်သတ်ခဲ့သေးတယ်။ ခင်ဗျား က ဘာမှ မခက်ဘူး ၊ ဗလီဆရာ အဖွဲ့ နဲ့  မီးဖိုတွေ လိုက်စစ်တဲ့ ကုလားပဲ ရှိတာ။
ခင်ဗျား ကောင်တွေ ကို အရက် ၀အောင်တိုက်ပြီးတာ ခပ်နာနာ လေးသာရိုက်ခိုင်းလိုက်
ဒီကောင်တွေ အီးတောင်ပေါက် နိုင်မှာ မဟုတ်ဘူး
မူဘာရက်၊               ၊ကောင်းတယ်ဗျာ..ဗိုလ်ချုပ်မှုးကြီး ရဲ့ အကြံ..ပြီးရင် ဘာလုပ်ရအုံးမှာလဲ
ဗိုလ်ချုပ်မှုးကြီး၊          ၊ပြီးရင် ဒီကောင်တွေ ကို အိုစမာ ဘင်လာဒင် တို့ ချောစုခင် တို့ နဲ့ အဆက်အသွယ် ရှိတယ်ဘာညာဆိုပြီး သတင်းစာရှင်းလင်း ပွဲ လုပ်လိုက်ပေါ့။ ဘာခက်လို့ လဲ။ သူတို့ ဌာနချုပ်က သိမ်းမိတာတွေ ထဲမှာအမေရိကန် စစ်စခန်း တွေ ကို တိုက် ဖို့ စီမံကိန်း ဆွဲထားတွေ ဘာတွေ သိမ်းမိတယ် ဆိုပြီး လက်ပစ်ဗုံး၊အဟောင်းလေးတစ်လုံး နှစ်လုံး ချပြလိုက်ပေါ့။ဘာခက်လို့ လဲ ငှက်ပျော်သီး အခွ့ံ နွာစားရတာထက်တောင် လွယ်သေး……….ခင်ဗျား ကြံ့ဖွတ် ကို တော့ပြီးရင် ပြီးရင် ကားပါမစ်ဘာလေးချပေးလိုက်. ဒါပေမယ် ….နောက်တစ်နှစ်လောက် နေရင်တော့
အဲဒီကောင်တွေ ကို လာဘ်စားတယ်၊မရိုးသားဘူး ဘာညာ အမှု တွေ ရှောက်ကပ်ပြီး ထောင်ထဲထည့်လိုက်…

မူဘာရက်၊               ၊သင့်ခယူ……..ဆာ၊ အိုင် အပရီ ရှိတ် ယူ ၊
ဗိုလ်ချုပ်မှုးကြီး၊         ၊စကားပြန်သို့ လှည်းမေး…ဘာလဲ ဟာ အပရီ ရှိတ် တဲ့
စကားပြန် ၊               ၊အပရီရှိတ် ဆိုတာ အပြီကကြမယ်လို့ ပြောတာ
….အဲ..ယောင်လို့ …ဗိုလ်ချုပ်မှုးကြီးကို အပြီ …..ချီးကျူးပါတယ်လို့  ပြောတာ..
ကားလိပ်ချ……..
သရော်စာ ဖြစ်ပါသည်..အဖြစ်အပျက် အမှန် များ ကို အခြေခံမထားပါ။
ဖတ်ကောင်းအောင်သာ ရေးခြင်း ဖြစ်ပါသည်။
ယခု စာရေးသူ သည် ငြိမ်းချမ်းငြိမ်း သည် Freedom News Group ကို တည်ထောင်သူဖြစ်
ပြီး ယခု သလျှော်စာ သည် ၎င်း ၏ FaceBook မှတ်စုမှ ဖြစ်ပါသည်။
ယခု သရော် စာ၏ မူရင်း FaceBook ခေါင်းစဉ်မှာ”အကုန်သာ ပစ်သတ် လိုက်” ဟု အမည်ရ
ပြီး အင်တာနက်စာမျက်နှာဗားရှင်း တွင် အနည်းငယ်ပြောင်းလဲရေးသားထားပါသည်။

မြန်မာအစိုးရသစ် နဲ့ သတင်းလွတ်လပ်ခွင့်



ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 02 ဖေဖော်ဝါရီ 2011


ဒီတပတ် မျက်မှောက်ရေးရာအစီအစဉ်မှာ ဦးကျော်ဇံသာ က မြန်မာနိုင်ငံရဲ့  သမိုင်းမှတ်တမ်းတင်ရမယ့် ခေတ်တခေတ်ရဲ့  ပထမဦးဆုံး လွှတ်တော်သစ် အစည်းအဝေး နဲ့ သတင်းမီဒီယာတွေ သတင်းရယူခွင့်မရရှိတာနဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်း သတင်းထောက် ကိုကိုဇော်၊ ထိုင်းနိုင်ငံအခြေစိုက် မောင်သာမည တို့နဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မြန်မာနိုင်ငံအတွင်းက အယ်ဒီတာတဦးဖြစ်တဲ့ ကိုကိုဇော် ကို မေးချင်ပါတယ်။ အခု မြန်မာနိုင်ငံမှာ လွှတ်တော်အခမ်းအနား ကျင်းပနေပါပြီ။ မြန်မာနိုင်ငံ စစ်အစိုးရသတင်းစာတွေထဲမှာတော့ တကယ် သမိုင်းမှာ မှတ်တမ်းတင်ရမယ့် လွှတ်တော်အခမ်းအနားကြီး စတင်ပြီလို့ ဖော်ပြထားပါတယ်။ ဒီသတင်းကို လွတ်လပ်တဲ့သတင်းသမားတယောက်အနေနဲ့ ဘယ်လောက်များ ဖော်ပြခွင့်၊ သတင်းရယူခွင့် ရှိပါသလဲ။

ကိုကိုဇော် ။ ။ သတင်းသမားတွေအနေနဲ့တော့ အခုက လွှတ်တော်ထဲဝင်ရောက်ပြီး အစည်းအဝေး ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်ထဲ ဝင်ရောက်ပြီး သတင်းယူဖို့ မပြောပါနဲ့ အခုက ကျနော်တို့ လွှတ်တော်အနားတောင် ကပ်လို့မရတဲ့ အနေအထားပါ။ သတင်းမှာတောင် ရုပ်မြင်သံကြားသတင်း နဲ့ သတင်းစာတွေနဲ့ နိုင်ငံတကာ လွှင့်တဲ့သတင်းတွေအပေါ် နားထောင်ပြီးတော့ ကျနော်တို့ ဝေဖန်သုံးသပ်နေရတာပါ။ ကိုယ်တိုင်ကိုယ်ကျ သတင်းရယူဖို့၊ လက်တွေ့ကျကျ သွားပြီး သတင်းရယူဖို့ဆိုတာ လောလောဆယ် ဖြစ်နိုင်တဲ့ အနေအထား မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ ကိုယ့်အနားမှာ ဖြစ်နေတဲ့ ဖြစ်ရပ်တွေကို သူများတွေ ပြည်ပက ပြန်ပြောမှ သိရတယ်ဆိုတဲ့ သဘောပေါ့။

ကိုကိုဇော် ။ ။ ဟုတ်ပါတယ်။ မိုင်ထောင်ချီဝေးတဲ့ ပြည်ပက ပြန်ဝင်လာတဲ့ သတင်းတွေကိုပဲ နားထောင်နေရတဲ့ သဘောဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာသာမညလည်း မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးနေရာကနေ မြန်မာနိုင်ငံကို စောင့်ကြည့်နေတဲ့ သတင်းအယ်ဒီတာတဦး ဖြစ်ပါတယ်။ ဆရာကော ဒီသတင်းကို ဘယ်လောက်အထိ သတင်းယူခွင့်ရပါသလဲ။

မောင်သာမည ။ ။ ကျနော်တို့ကတော့ အဲဒီအထဲက ပို့တဲ့ ပုံလေးတွေ။ အဲဒီ ပုံလေးတွေဆိုတာကလည်း ဘတ်စ်ကားနဲ့ သယ်သွားတာမျိုးလောက်။ သူတို့သွားမယ့် လွှတ်တော်သို့ဆိုတဲ့ ဆိုင်ဘုတ်လေးတွေ ပြနေတာလောက် ဒီလောက်ပဲ ကျနော်တို့လည်း ရတယ်။ တခြားတော့ ကျနော်တို့ ဘာမှတော့ မရဘူး။ တချို့ လွှတ်တော်ထဲကနေ ပြောရေးဆိုခွင့်ရှိတယ်ဆိုတဲ့ လူတွေကတဆင့် ပြန်ပြီးကြားရတာလေးတွေ ရှိပါတယ်။ အဲဒီလောက်ပါပဲ ကျနော်တို့အနေနဲ့ တိုက်ရိုက်လွတ်ပြီးတော့ လွှတ်တော်ရဲ့  အခင်းအကျင်း၊ လွှတ်တော်ထဲမှာ ပြောကြဆိုကြတာတွေကို ဘယ်လိုမှ တိုက်ရိုက်သတင်းယူလို့ မရပါဘူး။

ဦးကျော်ဇံသာ ။ ။ ကိုကိုဇော် ကို မေးချင်ပါတယ်။ ဒီသတင်းဟာ တကယ့် တိုင်းပြည်ရဲ့  သမိုင်းဝင်ဖြစ်ရပ်ကြီးတခု ဖြစ်တယ်။ နောက်ပြီး သူတို့ကလည်း တိုင်းပြည်အတွက် အကောင်းဆုံးလုပ်ပေးနေတယ်၊ စေတနာသန့်သန့်နဲ့ လုပ်ပေးနေတယ်ဆိုတာ ဘာကြောင့် လူမသိစေချင်ဘူးလို့ ထင်ပါသလဲ။

ကိုကိုဇော် ။ ။ အဲဒါကတော့ ဘယ်လိုပြောရမလဲ။ အခုကြည့်နေရတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး အဆင့်ဆင့် ကျင်းပနေတာကို ကြည့်ရတာက အရမ်းကို သတိထားစောင့်ရွက်နေတယ်ဆိုတာကို တွေ့ရပါတယ်။ သတင်းထုတ်ပြန်ပုံနဲ့ လုံခြုံရေးယူထားပုံတွေက လိုအပ်တာထက် ပိုပြီးတော့ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒါကို ကြည့်ချင်အားဖြင့် သူတို့က တခုခုကို စိုးရိမ်ကြောင့်ကျပြီး အလွန်သတိထားပြီးတော့ လုပ်နေတယ်ဆိုတဲ့ သဘောကို တွေ့ရပါတယ်။ တကယ်တော့ ပြည်သူ့လွှတ်တော် အစည်းအဝေးဆိုတာ သတင်းစာထဲမှာ ဖော်ပြနေသလိုပဲ တိုင်းပြည်အတွက် အရေးကြီးတယ်။ သမိုင်းမှတ်တိုင်ကြီးတခုဆိုလို့ဆိုရင် ပြည်သူကလည်း ရွေးကောက်တင်မြောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်ဆိုလို့ရှိရင် ပြည်သူကို ဘာကြောင့် ဒီသတင်းတွေ မထုတ်ပြန်ရဲတာလဲ။ ကျင်းပပုံတွေ၊ ဆောင်ရွက်နေပုံတွေကို ဘာကြောင့် ပွင့်ပွင့်လင်းလင်း မပြောနိုင်ရမလဲဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ ဒီတော့ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးဆိုတာ အများကြီး မေးခွန်းထုတ်စရာဖြစ်သလို၊ သံသယဝင်စရာတွေလည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကိုကိုဇော်တို့အနေနဲ့ သတင်းသမားတွေပီပီ အကောင်းလုပ်နေတဲ့သတင်းကို ပြည်သူတွေသိအောင် ငါတို့ပြောပြချင်တယ်ဆိုတဲ့ စေတနာသန့်သန့်နဲ့ သွားပြီးကြိုးစားကြတယ်ဆိုပါတော့ ဒီကိစ္စမှာ ဟန့်တားခြင်း ခံရတာတို့၊ သတိပေးခြင်းတို့ သူတို့လုပ်ပါသလား။

ကိုကိုဇော် ။ ။ ရှိတာပေါ့။ အဲဒီနေ့ကဆိုရင် မဂ္ဂဇင်းဂျာနယ်အသီးသီးက သတင်းယူဖို့ ကြိုးစားကြပါတယ်။ ဖိတ်ကြားမခံရပေမယ့် ရနိုင်မယ့်သတင်းကို ယူဖို့ သွားကြတဲ့အခါမှာ အဲဒီမှာ ပြည်သူ့လွှတ်တော်ဘက်ကိုသွားတဲ့ သူတို့နေပြည်တော်မှာတော့ ကြားပန်းအဝိုင်းခေါ်တာပေါ့ အဲဒီအဝိုင်းထိပ်မှာပဲ လုံခြုံရေးရဲအရာရှိတွေ၊ လုံခြုံရေးတပ်က အရာရှိတွေက တားဆီးပြီး သွားခွင့်မရှိဘူး၊ ယူခွင့်မရှိဘူးဆိုပြီးတော့ ပိတ်ပင်တားဆီးတာကို ခံရတယ်။ နောက် ပြည်သူ့လွှတ်တော်သွားတဲ့လမ်းကလည်း ပြည်သူ့လွှတ်တော်တခုပဲ သီးခြားရှိတယ်။ တခြားရုံးအဆောက်အဦးတွေ၊ ဆိုင်တွေ ဘာမှမရှိတဲ့အခါကြတော့ အဲဒီအနားမှာ နေဖို့မဖြစ်နိုင်သလို။ အဲဒီအနားကို ဖြတ်သွားဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကြားပန်းအဝိုင်းထိပ်က ပိတ်ထားလိုက်တဲ့အခါမှာ အဲဒီအနားကပဲ လည့်ပြန်လာရတဲ့ အနေအထား ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာသာမည ကြားတဲ့အတိုင်းပါပဲ။ ဒါက ဗမာပြည်ထဲမှာရှိနေတဲ့ သတင်းအယ်ဒီတာက ပြောပြတာပါ။ သူတို့အတွက် ဘယ်လောက်ခက်ခဲတယ်ဆိုတာ။ ဆရာအနေနဲ့ ဘယ်လိုမြင်သလဲ။ ဘာကိုများ ကြောက်နေသလဲ။ တိုင်းပြည်အတွက် အကောင်းလုပ်နေတယ်လို့ဆိုတယ်။ ဒါကို လူသိသင့်တာပဲ။ ဘာကြောင့် အာဏာပိုင်တွေအနေနဲ့ သတင်းဖော်ထုတ်ဖို့ကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ကို ကြောက်နေတာ ထင်ပါသလဲ။

မောင်သာမည ။ ။ ဒီရွေးကောက်ပွဲမှာဆိုလို့ရှိရင်လည်း နိုင်ငံတကာ သတင်းထောက်တို့၊ တကယ့် မီဒီယာကြီးတွေကို လွတ်လပ်ခွင့် ပေးခဲ့တာကို မတွေ့ရဘူး။ နောက်တခါ ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာလည်း ရွေးကောက်ပွဲအပေါ်မှာ သိပ်ပြီးတော့ အလေးအနက်ထားပြီးတော့ သတင်းတွေ၊ ဘာတွေ ထုတ်ပြန်တာတို့ အစိုးရဘက်က မလုပ်ခဲ့ဘူး။ ဆိုောတ့ ကျနော်ကမြင်တာကတော့ နိုင်ငံရေးအပြောင်းအလဲကြီးလို့ ပြောနေတဲ့ တိုင်းပြည်အတွက် ကောင်းရာမွန်ရာကို လုပ်နေတယ်လို့ ပြောနေတဲ့ ရွေးကောက်ပွဲကြီးတို့၊ လွှတ်တော်တို့ ဆိုတာတွေကို ပြည်သူလူထုကို လုံးဝစိတ်မဝင်စားစေချင်တဲ့ပုံစံမျိုး ရှိနေတော့ ပြည်သူလူထုက ဒါကြီးကို စိတ်ဝင်စားပြီးတော့ ဒီအပေါ်မှာ တစုံတခုလုပ်လာမှာကို သူတို့က စိုးရိမ်ပုံရှိတယ်။ ဆိုလိုတာကတော့ သူတို့က ကောင်းတယ်လို့ လုပ်ပေမယ့် အဲဒီ ကောင်းတာကို လူသိရှင်ကြား မပြရဲဘူးဆိုတော့ ဒါ တကယ်ကောင်းတာမှ ဟုတ်ရဲလားလို့ ကျနော်တို့က သံသယဖြစ်စရာတွေ အများကြီးရှိတယ်။ ရှိနေတဲ့ လက်ရှိလူတွေထဲကပဲ အာဏာရတဲ့ နေရာတွေယူမယ်။ အစိုးရတွေဖြစ်မယ်။ သမ္မတတွေဖြစ်မယ်။ ဒီလူတွေပဲ ပြန်လုပ်မယ်ဆိုတော့ အဲဒါကို စိတ်မဝင်စားအောင် အဲဒါနဲ့ ပတ်သက်ပြီး သတင်းယူတာမျိုးတွေ၊ သတင်းလွှင့်တာမျိုးတွေ မလုပ်အောင် အတတ်နိုင်ဆုံး တားဆီးနေတယ်လို့ပဲ တွက်မိတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကိုကိုဇော်အနေနဲ့ ဆရာသာမည ပြောသလို သူတို့က ပြည်သူလူထုကို စိုးရိမ်ရလောက်အောင် ပြည်သူလူထုက သူတို့လုပ်နေတာကို စိတ်ဝင်စားမှု အပြည့်အဝ ရှိပါရဲ့ လား။ နောက်တခုက ဆရာတို့ ပြည်တွင်းသတင်းသမားတွေအနေနဲ့ သူတို့လုပ်နေတဲ့ သတင်းကို ပုံမှန်အတိုင်းထက် ပိုပြီး ဘာများအလွှဲသုံးစားလုပ် လွှင့်စရာအကြောင်းရှိလို့လဲ။

ကိုကိုဇော် ။ ။ သာမန်ပြည်သူလူထုအနေနဲ့တော့ သိပ်စိတ်မဝင်စားဘူး။ စိတ်မဝင်စားဘူးဆိုတာက ဒီဟာက တကယ်အပြောင်းအလဲ မဟုတ်ဘူး။ ဟန်ပြသက်သက်သာ ဖြစ်တယ်ဆိုတာကို သိထားတယ့်အတွက် အစောကြီးကတည်းက ဒီအခင်းအကျင်းမှာ ဘယ်သူက ဘာလုပ်မလဲ၊ ဘယ်နေရာမှာ ဘယ်သူတာဝန်ယူမယ်ဆိုတာတွေကို အစောကြီးကတည်းက ကြိုတင်အကွက်ချ စီစဉ်ထားတာကို ပြည်သူလူထုက သဘောပေါက်နေတယ်။ ဒါကြောင့်မို့ ပြည်သူလူထုက ဒီအပေါ်မှာ အများကြီး မမျှော်လင့်ဘူး။ သိပ်ပြီးတော့ အပြောင်းအလဲဖြစ်မယ်လို့ မထင်တဲ့အတွက် စိတ်ဝင်စားမှု လျှော့နည်းခြင်းပါ။ သတင်းသမားတွေအနေနဲ့တော့ အဲဒီလို ပုံဖျက်လို့တော့ မရဘူး။ ဦးကျော်ဇံသာလည်း သတင်းသမားတယောက်ပဲ ဖြစ်ပေါ်နေတဲ့ အခြေအနေ၊ ကျနော်တို့ တွေ့ရမြင်ရတဲ့ အခြေအနေအပေါ်မှာ ကျနော်တို့ မြင်တဲ့အတိုင်း ရေးမှာပဲ။ အဲဒီတော့ ခက်တာကဘာလဲဆိုတော့ လက်ရှိ စစ်ခေါင်းဆောင်ပိုင်းက သတင်းလွတ်လပ်ခွင့်ကို မယုံကြည်ဘူး။ နောက်တခုက သတင်းသမားတွေကိုလည်း သူတို့က မယုံကြည်ဘူး။ မယုံကြည်ဘူးဆိုတာက သူတို့ကို မထောက်ခံတဲ့လူတွေ၊ သူတို့ကို တခုခု ဒုက္ခပေးမှာပဲလို့ သူတို့က အမြဲတမ်း တစေခြောက်လန့်တာကို ခံနေရတဲ့လူတွေလိုပေါ့။ သတင်းသမားတွေအနေနဲ့ကတော့ သူတို့မြင်တဲ့အတိုင်း သူတို့တွေ့တဲ့အတိုင်း ရေးမှာပဲ။ တကယ်တော့ အားလုံးသိကြတဲ့အတိုင်း သတင်းစာထဲမှာသာပြောတာ၊ စကားလုံးအဖြစ်သာပြောတာ တရားဝင်ပြည်သူက ရွေးကောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဆိုတာ။ တကယ်တော့ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်တွေ မဟုတ်တဲ့ အခါကြတော့ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မှာ မဟုတ်သလို၊ တဦးတယောက်ရဲ့  ညွှန်ကြားမှု့အောက်မှာပဲ ကြိုတင်စီစဉ်ပြီးသာ အစီအစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဒါတွေကို မသိစေချင်ဘူး။ ဒါကြောင့်မို့ သတင်းသမားတွေကိုလည်း အဲဒီနေရာ၊ အဲဒီဒေသကို မရောက်စေချင်တဲ့ သဘောပါ။

ဦးကျော်ဇံသာ ။ ။ တဆက်တည်း မေးချင်ပါတယ်။ အခု ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အထူးသဖြင့် အာဖရိကရှိ တူနီးရှား ဖြစ်ပြီးတော့ အီဂျစ်မှာဆို အတော်လေး ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ လူထုဆန္ဒပြပွဲတွေ ဖြစ်နေပါတယ်။ တနည်းအားဖြင့် ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စံနစ်ကို လူထုက ဆန့်ကျင်နေကြတာပါ။ ဆိုတော့ ဒီသတင်းတွေကို မြန်မာပြည်သတင်းလောကမှာ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပါသလဲ။ အစိုးရသတင်းစာ နဲ့ ပုဂ္ဂလိက သတင်းတွေမှာ ဘယ်လောက်အထိ အတိအကျ ဖော်ပြခွင့်ရပါသလဲ။

ကိုကိုဇော် ။ ။ ကျနော် သတိထားမိသလောက် အစိုးရသတင်းစာရဲ့  နိုင်ငံခြားသတင်းတွေထဲမှာတော့ မတွေ့မိသေးပါဘူး။ ပြည်တွင်းမှာထုတ်တဲ့ ပုဂ္ဂလိကသတင်းတွေမှာတော့ တူးနီးရှားသတင်းတွေတော့ တွေ့ပါတယ်။ ကျနော် သတိမထားမိလို့လားတော့ မသိပါဘူး။ လောလောဆယ် အီဂျစ်သတင်းနဲ့ ပတ်သက်လို့တော့ မတွေ့သေးသလောက်ပါပဲ။

ဦးကျော်ဇံသာ ။ ။ အဲဒီလိုပဲ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံမှာ သူတို့လွှတ်တော် ကျင်းပတဲ့အချိန်မှာ အဲဒီလို ဖြစ်နေတဲ့အတွက် ဖြစ်ကောင်းလည်းဖြစ်မှာပေါ့။ ဒါကတော့ ဆရာဖြေဖို့ မလိုပါဘူး။ ဆရာသာမည ကို မေးပါရစေ။ စောစောက ပြောသလို အီဂျစ်နိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စတွေကို သိပ်ဖော်ပြတာ မတွေ့ရဘူးဆိုတော့ ဆရာ ဘယ်လိုသုံးသပ်ပါသလဲ။

မောင်သာမည ။ ။ ဒါမျိုးကတော့ သူတို့အကြောက်ဆုံးသတင်း ဖြစ်မယ်ထင်တယ်။ အခုန ကျနော်တို့ပြောသလိုမျိုး ဒီရွေးကောက်ပွဲ၊ လွှတ်တော်တို့ကို ပြည်သူလူထု စိတ်ဝင်စားလာမှာကို သိပ်စိုးရိမ်နေတယ်။ နိုင်ငံရေးမှာ ပြည်သူလူထု ပါဝင်လာမှာကို သိပ်စိုးရိမ်နေတယ်။ အဲဒီလို အနေအထားမှာ ပြည်သူလူထုရဲ့  လှုပ်ရှားမှုသတင်းတွေကို ဘယ်ဖော်ပြရဲပါ့မလဲ။ အဲဒီလို သတင်းမျိုးတွေကို သူတို့က တတ်နိုင်သမျှ ပိတ်မှာပဲလို့ ကျနော်ယူဆတယ်။ အီဂျစ်ဆိုရင် ရှေ့ ပိုင်းမှာဆို အယ်ဂျားဇီးယားက သတင်းထောက် (၆) ယောက်ကို ဖမ်းပြီးတော့ သူတို့ရဲ့  ကင်မရာတွေကို သိမ်းသွားတယ်။ ဘာတို့ အဲဒါတွေရှိခဲ့တော့ ဟိုမှာလည်း သတင်းလွတ်လပ်ခွင့်ကို မပေးရဲဘူး။ နောက်တခါ အီဂျစ်တို့ဘာတို့ ဖြစ်လာတယ်ဆိုရင် ဒီလိုစပြီး မီးရှို့ တဲ့သတင်းက ပြန့်သွားပြီးတော့ လူထုက အုံ့ကြွလာတယ်ဆိုတာမျိုးတွေအထိ ဖြစ်လာတဲ့အခါကြတော့ သူတို့လည်း ဒါမျိုးတွေကို သိပ်ကြောက်မယ်လို့ ထင်တယ်။ အခု ဖြစ်လာမှာကို ကြောက်တာမဟုတ်ဘူးလို့ ထင်တယ်။ အဲဒီလို ဖြစ်တဲ့ ဖြစ်စဉ်အတိုင်းကို သူတို့က ဖော်ပြခဲ့တာမျိုးကို ကျနော်တော့ သတိမထားမိဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး ကိုကိုဇော် ကို တခုမေးချင်တယ်။ အခုလောလောဆယ်မှာ စခစမှာ တခုခု အတိမ်းအစောင်း ဖြစ်သွားမှာကို စိုးရိမ်လို့ မပေးတာလား။ အကောင်းမြင်ကြည့်တာပါ။ တကယ်တော့ သူတို့ လွှတ်တော် process က နည်းနည်း အရှိန်ရလာတဲ့အခါများ သတင်းသမားတွေကို ဒီဟာနဲ့ ပတ်သက်ပြီး လွတ်လပ်ခွင့် ပေးလာမလား။ အင်တာဗျူးလုပ်ခွင့်၊ မေးခွင့်ဆိုခွင့်တွေ။ ကျနော်ကိုယ်တိုင်ကတော့ အမျိုးသားညီလာခံ ကျင်းပချိန်တုန်းက တခါဖိတ်ကြားခြင်း ခံရပြီးတော့ ရောက်ခဲ့ဘူးပါတယ်။ အဲဒီအခါကြတော့ ညီလာခံကိုယ်စားလှယ်တွေကို ကျနော်ကိုယ်တိုင် တွေ့ပြီးတော့ မေးခဲ့တာတွေ အများကြီးရှိပါတယ်။ အဲဒီလိုမျိုး ဖြစ်လာမလား နောက်ဆုံးမှတ်ချက် သိချင်ပါတယ်။

ကိုကိုဇော် ။ ။ အဲဒါတော့ ကျနော်အနေနဲ့ နှစ်ပိုင်း ခွဲပြောပါရစေ။ လောလောဆယ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ၊ အရှိန်ရလာပြီ။ သူတို့လည်း စိတ်ချရတဲ့ အနေအထားရောက်လာရင်တော့ ဆရာဦးကျော်ဇံသာ ပြောသလို သတင်းသမားတွေကို ဖိတ်ကြားပြီး ပြသကောင်း၊ ပြသနိုင်ပါတယ်။ နောက်တပိုင်းက ကျနော်ပြောချင်တာကတော့ လက်ရှိအစိုးရက ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ အဆင့်ဆင့် ကျင်းပတယ်ဆိုတာက သူတို့က တရားဝင်ဖြစ်ဖို့ပဲ။ သူတို့ရဲ့  process ကို ပုံမှန်သွားနိုင်အောင် လုပ်တဲ့ သဘောပါ။ ပြည်သူလူထု သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သတင်းသမားတွေကို ဖိတ်ကြားပြီး ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်နိုင်သည်ဖြစ်စေ မထုတ်ပြန်နိုင်သည်ဖြစ်စေ ဒါက အရေးမကြီးပါဘူး။ တရားဝင်ဖို့ သူတို့သွားနေတဲ့ လမ်းစဉ်မှာ အဆင့်တဆင့်သာ ပြီးမြောက်ဖို့ ဆောင်ရွက်တာဖြစ်တာမို့ ကျနော်တို့က သိပ်ပြီးတော့ ဒီအပေါ်မှာ မျှော်လင့်လို့ မရနိုင်ဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာသာမည နောက်ဆုံး တိုတိုဖြေပေးပါ။ ဆရာကိုကိုဇော် ပြောသလို သူတို့ဟာ တရားဝင်ဖြစ်စေ၊ သူတို့လမ်းပြမြေပုံအတိုင်း ဆက်သွားချင်လို့ လုပ်တယ်ဆိုတော့ တကယ်ကော လူထုက အယုံအကြည် ရှိလာမလား။ တရားဝင်ဆိုတာဘာလဲ။ သူတို့

မောင်သာမည ။ ။ တရားဝင်မှုဆိုတာကတော့ ရွေးကောက်ပွဲကို ရွေးကောက်ပွဲမှာကတည်းက ကြိုတင်မဲဆိုတဲ့ ဘယ်နားကရောက်လာမှန်းမသိတဲ့ မဲတွေနဲ့ အနိုင်ရတာမျိုးတွေ ရှိနေခဲ့တယ်။ တကယ်တော့ တရားဝင်မှုဆိုတာ သူတို့ဘာသာသူတို့ ဒီလို ရွေးကောက်ပွဲတွေကို ဟန်ပြလုပ်တယ်၊ နောက်တခါ ဒီ constitution အတိုင်းသွားတယ်ဆိုတာမျိုးကို ပြဖို့လောက်ပဲလို့ ထင်တယ်။ ပြည်သူလူထုက အသိအမှတ်ပြုပြီးတော့ ပြည်သူလူထုရဲ့  ထောက်ခံမှုတွေနဲ့ သွားတဲ့ တရားဝင်မှုမျိုးကိုတော့ သူတို့က မျှော်လည်းမျှော်လင့်နိုင်မှာ မဟုတ်ဘူး။ ပြည်သူလူထုကလည်း ပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။
http://www.voanews.com/burmese/news/

နိုင်းမြစ်ကမ်းပေါ်က အာဏာရှင် တော်လှန်ရေး

နိုင်းမြစ်ကမ်းပေါ်က အာဏာရှင် တော်လှန်ရေး

နှစ်ပေါင်း ၃၀ ကြာ အီဂျစ်နိုင်ငံကို အာဏာရှင်အဖြစ် အုပ်စိုးခဲ့သော သမ္မတမူဘာရက်အား ချက်ချင်း ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည့် နိုင်ငံတဝန်း လူထုအုံကြွ ဆန္ဒပြမှုကြီး ၁၀ ရက် တိုင်ခဲ့ပြီ ဖြစ်သည်။

အစွန်းရောက် အစ္စလာမ် ဆိုသူများအား နှိပ်ကွပ်ပြီး တဘက်၌ အမေရိကန် အစိုးရနှင့် အလွန် သင့်မြတ်သော်လည်း တိုင်းသူ ပြည်သားများအား အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သော မူဘာရက် ပြုတ်ကျမည်လော၊ သို့တည်းမဟုတ် facebook၊  twitter တို့ဖြင့် လူငယ်တို့ စတင်ခဲ့သည့် ဆန္ဒပြမှုကြီးသည် နှိပ်ကွပ်မှုများကြောင့် ရှုံးနိမ့်ရတော့မည်လော ဆိုသည့် အဖြေသည် မကြာမီရက်ပိုင်းအတွင်း ထွက်လာပေတော့မည်။

egypt2
သမ္မတ မူဘာရက်အား ဆန့်ကျင် ဆန္ဒပြမှု ၁၀ ရက်မြောက်သည့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် တဟီရာရင်ပြင်၌ ဘုရားဝတ်ပြု ဆုတောင်းနေစဉ် (ဓာတ်ပုံ - Getty Images)
ဆန္ဒပြပွဲကြီး စတင်ပြီး ရက်ပိုင်းအကြာ မူဘာရက်သည် ဝန်ကြီးအဖွဲ့တဖွဲ့လုံး အစားထိုးခန့်အပ်ခြင်း ပြုလုပ်သည့်အပြင် ဒုသမ္မတ နေရာတခုကို ဖန်တီးကာ သူ့လူယုံတဦးအား ခန့်အပ်လိုက်သည်။ အတိုက်အခံ အင်အားစုများနှင့် ဆွေးနွေးပွဲများ ကျင်းပကာ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဟုလည်း စကား ကမ်းလှမ်းခဲ့သည်။

ထိုပြောင်းလဲချက်များသည် ဆန္ဒပြပွဲများကို အရှိန်တန့်စေရန် မည်သို့မျှ မလုပ်ဆောင်နိုင်သည်ကို တွေ့မြင်ရသည့်အခါ မူဘာရက်က စက်တင်ဘာလ၌ သူ၏ သမ္မတ သက်တမ်း ကုန်ဆုံးပါက ဆက်လက်၍ အရွေး ခံတော့မည် မဟုတ်ကြောင်း၊ ပြည်သူလူထု၏ လုံခြုံရေးအတွက် အာမခံနိုင်မည့် နိုင်ငံရေးအပြောင်းအလဲ တခုအတွက် သူ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း အင်္ဂါနေ့ ညက တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောဆိုသွားခဲ့၏။

“ဒီတိုင်းပြည်ဟာလည်း ကျုပ်တိုင်းပြည်ပဲ။ ဒီမြေမှာပဲ ကျုပ်နေထိုင်လာခဲ့တယ်။ ဒီတိုင်းပြည်ရဲ့ အချုပ်အချာအာဏာနဲ့ အကျိုးစီးပွားကို ကျုပ် ထမ်းရွက်ကာကွယ်ခဲ့တယ်။ ဒီမြေမှာပဲ ကျုပ်သေသွားမယ်” ဟု တိုက်လေယာဉ် မောင်းသူဘဝမှ သမ္မတ ဖြစ်လာခဲ့သော မူဘာရက်က ပြောသည်။

၁၉၈၁ ခုနှစ်တွင် သမ္မတ ဖြစ်လာခဲ့သော မူဘာရက်သည် အသက် ၈၂ နှစ် ရှိနေပြီ ဖြစ်သော်လည်း အားမာန် အပြည့်ဖြင့် မိန့်ခွန်း ခြွေသွားသည်ကို မြင်တွေ့ရသည်။

သူ၏ ကမ်းလှမ်းချက်အား ဆန္ဒပြသမားတို့ လက်မခံသည်ကို တွေ့ရသည့်အခါတွင် မြန်မာပြည်ရှိ အာဏာရှင်တို့ လုပ်နည်းအတိုင်း သူ့အား ထောက်ခံသည် ဆိုသူတို့နှင့် တန်ပြန်ဆန္ဒပြပွဲများကို မနေ့က စတင်၍ မြို့တော် ကိုင်ရိုနှင့် ဒုတိယမြို့တော် ဖြစ်သော အလက်ဇန်းဒရီးယားတို့တွင် ပြုလုပ်နေပြီဖြစ်၏။

မနေ့ နေ့လယ်ခင်းက ရာနှင့်ချီသော “မူဘာရက်ကိုထောက်ခံသူ” ဆိုသူတို့က မြင်းများ၊ လားများကို စီး၍ ကိုင်ရိုမြို့လယ်ရှိ ဆန္ဒပြသမားတို့ သန်းနှင့်ချီ စုဝေးရာ တဟီရာ ရင်ပြင်သို့ဝင်ရောက်လာပြီး ထိပ်တိုက် ရင်ဆိုင်မူများ ပြုလုပ်ခဲ့သည်။ မူဘာရက် ထောက်ခံသူ တို့က အနီးရှိ အဆောက်အဦး မြင့်များပေါ်တက်၍ ခဲများဖြင့် ပစ်ပေါက်ကြပုံ၊ ဓာတ်ဆီ ပုလင်းများ ကိုမီးရှို့၍ ပစ်ချကြပုံကိုလည်း အယ်ဂျားလ်ဇီးယား ရုပ်သံမှ အဆက်မပြတ်ထုတ်လွှင့် နေသည်။ 

သမိုင်းဝင် နိုင်းမြစ် နံဘေးရှိ တဟီရာရင်ပြင်က အနိဌာရုံ မြင်ကွင်းတခုဖြစ်လာ၏။ မြေပြင်တွင် မူဘာရက် ထောက်ခံသူတို့နှင့် ဆန့်ကျင်သူတို့ အပြန်အလှန် ထိုးကြိတ်နေကြဆဲ ဖြစ်သည်။

မူဘာရက်ကို ဆန့်ကျင်သူတို့က သူတို့ကို တိုက်ခိုက်လာသူတို့သည် မူဘာရက်၏ အမျိုးသားဒီမိုကရက်တစ် ပါတီဝင်များ၊ အရပ်ဝတ်ရဲများနှင့် ပိုက်ဆံပေး စေခိုင်းထားသော လူဆိုးသူခိုးတို့ ဖြစ်ကြောင်း ငိုယိုပြောဆိုကြသည်။

၂၀၀၇ ခုနှစ်က မြန်မာပြည်တွင် သံဃာတော်များ ဦးဆာင်သော ဆန္ဒပြပွဲများ နှိမ်နင်းရာတွင် တွေ့ခဲ့ရသည့် တနေ့ ကျပ် ၂၀၀၀ နှင့် ဒံပေါက် တထုပ်အတွက် ပုဆိုး ကပိုကရိုဝတ်ကာ ဝါးရင်းတုတ် ကိုင်ထားသော စွမ်းအားရှင်ဆိုသူ များနှင့် နှိုင်းလိုက နှိုင်းလို့ရ၏။

မူဘာရက်ကတော့ မြန်မာပြည် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အတုခိုးကာ ပြည်သူအချင်းချင်း တိုက်ပေးသော နည်းကို အသုံးပြုနေပြီဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကဲ့သို့ပင် မူဘာရက်သည် အလွန်ဆင်းရဲ၍ ဆန္ဒပြမှုများတွင်ပင် မပါဝင် နိုင်လောက်အောင် မွဲတေနေသော၊ မြို့နယ် ရပ်ကွက်များတွင် ဆိုးပေ့တေပေ့၊ အသိဥာဏ်ချို့တဲ့ပေ့ ဆိုသော သူများအား ငွေဖြင့်စည်းရုံး၍ ဆန္ဒပြသမားများကို ရိုက်ခိုင်းသည်၊ လူစုပြီး တန်ပြန်ဆန္ဒပြပွဲများကို ပြုလုပ်ခိုင်းသည်။

ထိုအခြေအနေကို အနောက်နိုင်ငံ အစိုးရများနှင့် နိုင်ငံရေး ကျွမ်းကျင်သူများက နားလည်ရန် ခက်ခက်ခဲခဲ သုံးသပ် နေကြရသော်လည်း အာဏာရှင် လက်အောက်တွင် လူလားမြောက်ခဲ့ရသော မြန်မာပြည်သူတို့မှာ အခြေအနေမှန်ကို ကောင်းစွာ နားလည်ကြမည် ဖြစ်ပါသည်။

တဟီရာ ရင်ပြင်တွင် ရောက်ရှိနေသော ဒိုမင်းနစ်ကာဗာကစ် ဆိုသည့် ဆန္ဒပြ လူငယ်တဦးက “မီဒီယာတွေက မူဘာရက် ဆန့်ကျင်သူနဲ့ ထောက်ခံသူဆိုပြီး သတင်း လုပ်နေတာတွေကို ကျနော် တော်တော် ဒေါကန်နေပြီ။ ကျနော်တို့ အီဂျစ် နှစ်ခြမ်း ကွဲသွားတာ မဟုတ်ဘူး။ အစိုးရက ကျနော်တို့ကို နှိပ်ကွပ်တိုက်ခိုက် နေပြီဆိုတာ သိစေချင်တယ်။ ဟောဟိုမှာ မူဘာရက် ပါတီဝင်တွေ။ အမှတ် ၂ လမ်းထဲကနေ ရင်ပြင်ထဲကို လာနေကြပြီ။ သူတို့ လာလို့မရအောင် ကျနော်တို့ လမ်းသွားပိတ်လိုက်ဦးမယ်” ဟု သူ၏ အင်တာနက် twitter တွင် ယနေ့ မနက် အစောပိုင်းက ရေးသားထားသည်ကို တွေ့ရသည်။

အီဂျစ်နိုင်ငံရှိ ဘဏ်များလည်း ပိတ်ထားပြီး ဈေးဆိုင်များတွင်လည်း စားကုန်များ စတင်ပြတ်လပ်နေပြီဟု သိရသည်။ တချို့နေရာများတွင် လုယက်မှုများ ဖြစ်ပေါ်နေပြီး အကျဉ်းထောင် များတွင်လည်း အဓိကရုဏ်းများ ဖြစ်ကာ အကျဉ်းသားများ ထောင်ချီ လွတ်မြောက်လာ၏။ ရပ်ကွက် လုံခြုံရေး၊ လမ်းလုံခြုံရေးအတွက် သက်ဆိုင်ရာ မြို့သူ မြို့သားတို့က တာဝန်ယူ ဆောင်ရွက်နေကြပြီဖြစ်သည်။
egypt001
သမ္မတမူဘာရက်အား ဆန့်ကျင်သည့် ဆန္ဒပြသမားများ (ဓာတ်ပုံ၏အောက်ဘက်) နှင့် ၎င်းအား ထောက်ခံသူများ ဖေဖော်ဝါရီ ၂ ရက်နေ့က ထိပ်တိုက်ရင်ဆိုင် တွေ့နေကြစဉ် (ဓာတ်ပုံ - Getty Images)


အခြေအနေမှာ မြန်မာပြည်တွင် ဖြစ်ပျက်ခဲ့သော ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် ခပ်ဆင်ဆင် ဖြစ်နေသလို ရှိပြီး အခြေခံ ပြဿနာများကတော့ အတူတူပဲဖြစ်သည်။ အထွေထွေလူမှု ပြဿနာများဖြစ်သည့် အုပ်ချုပ်သူလူတန်းစား လက်တဆုပ်စာ၏ အဆမတန် ခြစားမှု၊ အစိုးရ၏ဖိနှိပ်မှု၊ အလုပ်လက်မဲ့ပေါများမှု၊ အဆမတန် ငွေကြေးဖောင်းပွမှုနှင့် ဆင်းရဲမွဲတေမှု တို့သည် လူထုအုံကြွမှု၏ ရေသောက်မြစ်များ အဖြစ် တွေ့မြင်နေရသည်။

အီဂျစ်နိုင်ငံ၏ ပျမ်းမျှ တနေ့ဝင်ငွေသည် အမေရိကန် ၂ ဒေါ်လာ (ကျပ် ၂ ထောင်ဝန်းကျင်) အောက်သာရှိပြီး မြန်မာပြည်ရှိ ပြည်သူတို့၏ ဝင်ငွေမှာ တနေ့ ၁ ဒေါ်လာ (ကျပ် ၁ ထောင် ဝန်းကျင်) အောက်သာ ရရှိသည်။

အီဂျစ်တွင် ယခုအချိန်ထိ အလွန်ထူးခြားသည်က စစ်တပ်၏ အခန်းကဏ္ဍဖြစ်သည်။ ကိုင်ရိုမြို့၏ ကောင်းကင်ယံတွင် စစ်သုံး ရဟတ်ယာဉ်များ ပျံဝဲနေပြီး မြေပြင်တွင်လည်း တင့်ကားများက နေရာယူထားကြသည်။

အီဂျစ် စစ်တပ်က ဆန္ဒပြသမားများအပေါ် အင်အားသုံး နှိမ်နှင်းမည်မဟုတ်ကြောင်း ပြည်သူလူထု၏ ငြိမ်းချမ်းသော နည်းဖြင့် ဆန္ဒထုတ်ဖော်ခြင်းကို အာမခံသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာချက် တစောင် ထုတ်ပြန် ပြောကြားထားသည်။

ယနေ့နံနက် အရုဏ်တက်၌ တဟီရာရင်ပြင်အနီး သေနတ်သံများ ကြိုကြားကြိုကြား ပေါ်ထွက်နေသော်လည်း အီဂျစ် စစ်တပ်က ၎င်းတို့ ပစ်ခတ်ခြင်း မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သြဇာတိက္ကမကြီးမားသည့် နိုင်ငံရေး သုံးသပ်သူ Fareed Zakaria ကမူ အီဂျစ်နိုင်ငံသည် အပေါ်ယံ အရပ်သား ထိန်းချုပ်မှု အသွင်ဆောင်သော်လည်း စစ်တပ် အာဏာရှင် အုပ်စိုးနေသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် စစ်မှန်သည့် ဒီမိုကရေစီ စနစ်တခု ပေါ်လာပြီး ၎င်း၏ သြဇာအာဏာ လုပ်ပိုင်ခွင့်များ ဆုံးရှုံးမည့်အရေးကို စစ်တပ်က အသာတကြည် ခွင့်ပြုမည်မဟုတ်ကြောင်း မနေ့က ပြုလုပ်သော မေးမြန်းခန်း တခု၌ သုံးသပ်ထားသည်။

မြန်မာပြည်က ၈ လေးလုံး အရေးတော်ပုံတွင် ခေါင်းဆောင် တဦးအဖြစ် ပေါ်ထွက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ပုဂ္ဂိုလ်တဦးကို အီဂျစ်ဆန္ဒပြသမားတို့ ရရှိလိုက်ခြင်းက အီဂျစ်နှင့် မြန်မာပြည် တိုက်ဆိုင်စွာ တူညီသည်ဟု ဆိုရမည် ဖြစ်သည်။

ထိုသူသည် အီဂျစ်နိုင်ငံတွင် ငယ်စဉ်က ၁၅  နှစ်ကြာသာ နေထိုင်ဖူးပြီး နောင်တွင် အနောက်နိုင်ငံများ၌ ဘဝကိုနှစ်မြှုပ်ခဲ့သူ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) မှ အကြီးအကဲဟောင်း အသက် ၆၈ နှစ်အရွယ်ရှိ အီဂျစ်နိုင်ငံသား မိုဟာမက် အယ်လ်ဘာရာဒေးပင် ဖြစ်သည်။

IAEA တွင်သူ၏ ကြိုးပမ်း လုပ်ဆောင်မှုများအတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သူဖြစ်သည်။ သူသည် ယခု အီဂျစ်နိုင်ငံတွင် ရောက်ရှိနေပြီး မူဘာရက် လုံးဝနုတ်ထွက်သွားရန် တောင်းဆိုနေပြီဖြစ်သည်။

သူက “တည်ငြိမ်မှုကို ဗန်းပြပြီး ပြည်သူလူထုကို နှိပ်စက်နေတဲ့ စစ်အာဏာရှင်စနစ်ကြီး ရပ်တန့်ဖို့အတွက် အချိန် ကျရောက် နေပါပြီ” ဟုလည်း ပြောဆိုထားသည်။ သူ၏ တောင်းဆိုချက် ၃ ခုမှာ အပြောင်းအလဲ ကာလ အစိုးရတရပ် ဖွဲ့စည်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပေါ်ပေါက်ရေးနှင့် အစိုးရသစ် တရပ်ပေါ်ပေါက်ရေးတို့ ဖြစ်သည်။

အီဂျစ်နိုင်ငံအား တနှစ်လျှင် စစ်ရေးအကူအညီ အမေရိကန် ဒေါ်လာ သန်း ၁၅၀၀ ထောက်ပံ့သော အမေရိကန် အစိုးရသည် ၎င်းနှင့် ဆယ်စုနှစ်များစွာ မဟာမိတ်ဖြစ်ခဲ့သော မူဘာရက် ပြုတ်ကျသွားပြီး အစွန်းရောက် အစ္စလာမ်များ အာဏာရလာမည်ကို စိုးရိမ်နေသည်။

အမေရိကန် ဒုသမ္မတ ဂျိုးဘိုက်ဒန် သည်ပင် မူဘာရက်အား အာဏာရှင်ဟူ၍ မခေါ်ဆိုနိုင်ကြောင်း ယခင်တပတ်က ပြောဆိုခဲ့သည်။ အမေရိကန်တို့၏ သဘောထားများအပေါ် အီဂျစ် ဆန္ဒပြသမားများနှင့် မိုဟာမက် အယ်လ်ဘာရာဒေးက မကျေမနပ် ဖြစ်ခဲ့ကြသည်။

မိုဟာမက် အယ်လ်ဘာရာဒေးက မူဘာရက်အား နုတ်ထွက်ရန်ပြောဆိုသည့် နိုင်ငံ့ခေါင်းဆောင်များထဲတွင် အမေရိကန် သမ္မတ အိုဘားမား အနေဖြင့် နောက်ဆုံးမှ ပြောဆိုသည်ဆိုလျှင် မကောင်းနိုင်ကြောင်း ပြောဆိုသည်။

သို့ရာတွင် အမေရိကန် သမ္မတ အိုဘားမားက အီဂျစ်နိုင်ငံ၏ အခြေအနေသည် ဆက်၍ ထိန်းထားနိုင်တော့သည့် အခြေအနေ၌ မရှိတော့ကြောင်း၊ အပြောင်းအလဲသည် မလွဲမသွေ ကျရောက်လာရတော့မည် ဖြစ်ကြောင်း၊ ထို့အပြင် အပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက်တွင်လည်း လိုအပ်သည့် အကူအညီများကို ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း အင်္ဂါနေ့က ပြောဆိုလိုက်သည်။

“အပြောင်းအလဲဟာ စနစ်ကျပြီး အနှစ်သာရရှိတဲ့ အပြောင်းအလဲ၊ ငြိမ်းချမ်းတဲ့ အပြောင်းအလဲပဲ ဖြစ်ရမယ်။ အဲဒီ အပြောင်းအလဲဟာ အခုကိုပဲ စတင်ရမယ်” ဟု အိုဘားမားက ပြော၏။ သို့ရာတွင် အပြောင်းအလဲသည် ရှည်လျားပြီး အခန့်မသင့်လျှင် သွေးထွက်သံယို ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ဆိုသည့် အနေဖြင့် လာမည့်ရက်တို့သည် အီဂျစ်ပြည်သူတို့အတွက် ခက်ခဲမည့် နေ့ရက်များ ဖြစ်မည်ဟု ဖြည့်စွက် ပြောဆိုသွားသည်။

ထိုမှန်းဆချက် ပြုလုပ်ပြီး နာရီပိုင်း အကြာတွင် မူဘာရက် ထောက်ခံသူဟု ဆိုသူများ ထွက်လာပြီး  သွေးထွက် သံယို အဖြစ်အပျက်များကို တွေ့မြင် ကြရတော့သည်။

အပြောင်းအလဲအတွက် သွေးထွက်သံယို အဖြစ်အပျက်ကို မလိုလားသည့် အနေဖြင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “လူထုဆန္ဒပြပွဲတွေဟာ အပြောင်းအလဲ ဖြစ်စေတဲ့ နည်းလမ်းတခုတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒါဟာ အကောင်းဆုံး နည်းလမ်းလို့တော့ မဆိုနိုင်ပါဘူး” ဟု အင်္ဂါနေ့က ပြုလုပ်သော BBC မေးမြန်းခန်း တခုတွင် ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ နိုဝင်ဘာလက အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီး ရက်ပိုင်းအတွင်းတွင် တော်လှန်ရေး ဆိုသည်မှာ တိုင်းပြည်၌ ကောင်းမွန်သော အပြောင်းအလဲများ အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းခြင်းကို ဆိုလိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့ သည်ကို မှတ်မိကြပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ နိုင်းမြစ်မှ တော်လှန်ရေးသည် အနှစ် ၃၀ ကြာမြင့်ခဲ့သည့် မူဘာရက်၏ အာဏာရှင်စနစ်ကို အပြင်းအထန် ထိုးနှက်လိုက်ရုံမက အာဏာရှင်တို့ ကြီးစိုးသော အာရပ်ကမ္ဘာရှိ ရီမင်၊ ဂျော်ဒန်၊ ဆီးရီးယားနှင့် ဆော်လ်ဒီအာရေဗျ နိုင်ငံများအား တုန်ခါစေခဲ့ပြီဖြစ်သည်။

ရီမင်နိုင်ငံ၌လည်း နှစ် ၃၀ ကျော် အုပ်စိုးခဲ့သော သမ္မတ အလီအဒူဆလက် ရာထူးမှ နုတ်ထွက်ရန် အစိုးရဆန့်ကျင်သူတို့ ထောင်နှင့်ချီ ဆန္ဒပြနေကြသည်။ မနေ့ကမူ သမ္မတက သူသည် လာမည့် ၂၀၁၃ တွင်ဆက်လက်၍ သမ္မတရာထူးကို အရွေးခံတော့မည် မဟုတ်ကြောင်း၊ ထိုရာထူးအား သူ့သားဖြစ်သူလည်း ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြောဆို လိုက်သည်။

တဟီရာ ရင်ပြင်တွင်တော့ ဓားများ၊ တုတ်များ၊ ကျောက်ခဲများ၊ မီးလောင်ဗုံးများ စွဲကိုင်ထားသော မူဘာရက် ထောက်ခံသူ “စွမ်းအားရှင်တို့” နှင့် ဆန္ဒပြသမားတို့ အဓိကရုဏ်းများ ဆက်လက်ဖြစ်ပွားနေသည်။ ထိုအဓိကရုဏ်း များအတွင်း လူ ၈ ယောက် သေဆုံးပြီး ၈၃၆ ဦးကျော် ဒဏ်ရာရရှိကြောင်း ယနေ့နေ့လယ်က နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ကြေညာသွားသည်။ ၏

တဟီရာရင်ပြင်သည် အီဂျစ်နိုင်ငံ၏ သမိုင်းဝင် နေရာ တနေရာဖြစ်သည်။ ၁၉၅၂ ခုနှစ် စစ်တပ် အရာရှိရာများက စည်းမျဉ်းခံ ဘုရင်စနစ်အား ဖြုတ်ချပြီး အီဂျစ် သမ္မတ နိုင်ငံအဖြစ်ထူထောင်စဉ် ထိုနေရာကို လွတ်လပ်ရေး ရင်ပြင်အဖြစ် ပြောင်းလဲ သမုတ်ခဲ့သည်။ ၂၀၀၃ ခုနှစ် အမေရိကန် နိုင်ငံက အီရတ်ကို ဝင်ရောက်တိုက်ခိုက်သည့် အခါတွင်လည်း စစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ထိုနေရာ၌ ဖြစ်ပျက်ခဲ့သေးသည်။

“တဟီရာကို ရောက်မလာတဲ့သူဟာ ကိုယ့်သမိုင်းကိုယ် ကြည့်ပြီး တဘဝလုံး အရှက်ရနေမယ့် သူပဲ ဖြစ်မယ်” ဟုအခင်း ဖြစ်ပွားရာတွင် ရောက်ရှိနေသော မာဝါအယ်ဆာလာ ဆိုသူ အမျိုးသမီးက သူ၏ twitter ဆိုက်တွင် ရေးသားပြီး တော်လှန်ရေးကို ဆက်လက်ဆင်နွှဲရန် ဆော်သြလိုက်သည်။
http://www.bur.irrawaddy.org/index.php/articles/2-articles/5648-2011-02-03-12-49-05

ဒေါ်စုမှာ ကိုင်ထားတဲ့ဖဲ ၃ ချပ်ရှိတယ်

Ye Myo Hein

၁။ ဒေါ်စုမှာ ကိုင်ထားတဲ့ဖဲ ၃ ချပ်ရှိတယ်လို့ တစ်ခါက ပညာရှင်တစ်ဦးက သုံးသပ်ဖူးတယ်။ အဲဒီ ဖဲ၃ချပ်က ၁၉၉၀ ရွေးကောက်ပွဲ၊ လူထု နဲ့ နိုင်ငံတကာပါပဲ။ ခုဆိုရင် ၁၉၉၀ ရွေးကောက်ပွဲဆိုတဲ့ဖဲက သုံးရ၊ မရဆိုတာ ဘာမှပြောလို့မရဘူး။ လူထုဆိုတဲ့ဖဲကလည်း concrete မဟုတ်...ဘူး။ ဒါကြောင့် မကြာသေးခင်တုန်းက FT အယ်ဒီတာ့အာဘော်မှာ sanction ဟာ ဒေါ်စုရဲ့ အကောင်းဆုံးဖဲလို့သုံးသပ်ခဲ့တယ်။ သူမအနေနဲ့ ဒီဖဲကို အလျင်စလို ပစ်ချပြပါ့ မလား။
၂။ စစ်အစိုးရဘက်က မိတ်ကပ်လိမ်းပြောင်းလဲမှု / cosmetic reform မျိုးမဟုတ်ဘဲ အပေါင်းလက္ခဏာဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘဲနဲ့ sanction ကိုပယ်ဖျက်ရလောက်တဲ့အထိတော့ ဒီမိုကရေစီလိုလားသူတွေ ကလည်း မတုံးလောက်ဘူးထင်ပါတယ်။
၃။ မြန်မာပြည်က အရင်းအမြစ်တွေကို တရုတ်ကြီးယူနေတာ မကြည့်နိုင်ရှာဘဲ သရေကျနေတဲ့ အနောက်အရင်းရှင်ကြီးအချို့ဟာ sanction ကို ပယ်ဖျက်ဖို့ ငမ်းငမ်းတက်တောင်းဆိုနေကြပေမယ့် မြန်မာပြည်သူတွေအတွက်ပိုကောင်းတဲ့ လမ်းကြောင်းကိုမစဉ်းစားနိုင်ကြပါဘူး။ သူတို့က sanction ကိုသာ ဖျက်လိုက်ပါလို့ပြောတာ။ ဘာလုပ်မယ်ဆိုတာပြောနိုင်ရဲ့လား။
၎။ ၂၀၁၀ မေလမှာ asia society က current realities and future:possibilities in Burma: perspectives from asia ဆိုတဲ့ စစ်တမ်းတစ်ရပ်ထုတ်တယ်။ ဒီစစ်တမ်းဟာ မြန်မာနိုင်ငံအပေါ် အာရှနိုင်ငံတွေနဲ့ သြစတြေးလျရဲ့ မူဝါဒတွေကို ဆန်းစစ်ထားတဲ့ စစ်တမ်းမှာ။ အဲဒီစစ်တမ်းထဲမှာ အာရှနိုင်ငံတွေအနေနဲ့ သုတို့ရဲ့ မြန်မာအစိုးရအပေါ်အပြုသဘောဆောင်တဲ့ ဆက်ဆံမှုဟာ မအောင်မြင်ဘူးလို့ တစ်သံတည်းနီးပါးဝန်ခံခဲ့ကြတယ်။ ဒါကို ကြည့်ရင် မြန်မာနိုင်ငံအတွက် sanction မဟုတ်ဘဲ တခြားနည်းကို သူတို့ မစဉ်းစားနိုင်ကြပါဘူး။
၅။ မြန်မာနိုင်ငံကို အပြုသဘောဆောင်တဲ့ ဆက်ဆံမှုနဲ့ ရေရှည်ချဉ်းကပ်မယ် ဆိုတဲ့ဂျပန်ကြီးဘာဖြစ်သွားလဲ။ ၂၀၀၇ မှာဂျပန်ကြီးတစ်ယောက် မြို့လယ်ခေါင် မှာ သေနတ်နဲ့ အပစ်ခံလိုက်ရတာပဲ အဖတ်တင်တယ်မဟုတ်လား။
၆။ နောက်ဆုံးကျွန်တော်တို့ အစိုးရကို ဘယ်လောက်ယုံရမှာလဲ။ လူသားချင်းစာနာထောက်ထားမှု အကူုအညီတွေတောင်စစ်တပ်သုံးတွေဖြစ် သွားရတာပဲ မဟုတ်လား။
Face Book မှ...

proxy များ https ........................................

by Chan Myae on Thursday, February 3, 2011 at 12:45am
ကဲခွေးသူခိုး ISA ကကောင်တွေ ဘမ်းစမ်းဗျာ.......ကြိုက်သလောက် www.google.comတောင် ဘမ်းတယ်ဆိုတော့ နည်းနည်းနောနော သတ္တိ မဟုတ်ဘူး......။ အခုသောက်မြင်ကအရမ်းကပ်လာပြီဗျာ လိုင်းတွေက ကျ ဆိုက်တွေကို ဘမ်း ...... ဘယ်လိုကျော်ရမလဲ..........။
https ကို ဘမ်းလို့ မရပါဘူး မရတဲ့ ဘက်ကနေကျွန်တော်တို့ ဖောက်ထွက်ရမှာပဲဗျာ........မတတ်နိုင်ဘူး။
https://kproxy.com/
https://hidemyass.com/
https://byhttps.com/
https://newipnow.com/
https://proximize.me/
https://www.proxy-service.de/
https://sslproxy.co.uk/
https://www.libertybell.biz/
https://www.facebookfirewall.com/

tunnel proxy
...................
https://www.vtunnel.com/
https://www.ctunnel.com/
https://www.ztunnel.com/
https://polysolve.com/

နောက်ဆုံးလုံးဝ မရတော့ ရင်တော့ ဒီ၂ ခုနဲ့ ကျော်လိုက်ပါ

http://184.105.146.13/
http://216.218.254.26/

အမြဲတမ်းကျော်ချင်သူများ ဒီ စာကို တခုခု ထဲမှာ ဆေ့ထားလိုက်ပါ အချိန်တိုင်းကျော်လို့ ရပါတယ်
(လေးစားစွာဖြင့်)
ချမ်းမြေ့

အမျိုးသားပြန်လည်သင့်မြတ်ရေး : ပြည်ထောင်စုစိတ်ဓါတ် နှင့် ၂၁ ရာစု ပင်လုံညီလာခံ (၃)


အမျိုးသားပြန်လည်သင့်မြတ်ရေး : ပြည်ထောင်စုစိတ်ဓါတ် နှင့် ၂၁ ရာစု ပင်လုံညီလာခံ ()

ခွဲထွက်ခြင်း နဲ့တွဲဖက်ခြင်း

ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည်မှာ နှစ်ပေါင်း ၆၄ နှစ်ပင်ပြည့်လာပြီဖြစ်တယ်။ ပင်လုံစာချုပ်ချုပ်ဆိုရခြင်း၏ အဓိက အကြောင်းရင်းက ဗြိတိသျှလက်အောက်မှလွတ်လပ်ရေးယူရာမှာ တောင်တန်းဒေသအုပ်ချုပ်ရေးနယ်မြေများပါ တပါတည်း ပြည်မနှင့်အတူ လွတ်လပ်ရေးယူဖို့နဲ့ ဒါအပြင် ထိုလွတ်လပ်လာမဲ့နိုင်ငံကို ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်သွားဖို့ဖြစ်တယ်။ စာချုပ်ကိစ္စ အပြီးသတ်နိုင်ရေးအတွက် ရှမ်းစော်ဘွားများနှင့်ရှမ်းပြည် နိုင်ငံရေး ခေါင်းဆောင်များ ဆန္ဒရှိတဲ့ ခွဲထွက်ခွင့်ဆိုတာကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြရတယ်။ လွတ်လပ်ရေးရပြီး ၁၄ နှစ်အကြာမှာ ခွဲထွက်ခွင့်ကို အကြောင်းပြုလို့ ချဉ်းနှင်းဝင်ရောက်လာတဲ့ စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်သည် အ ခြေခိုင်သထက်ခိုင်အောင် ဆောင်ရွက်နေသလို၊ ယခုအချိန်တိုင် ခွဲထွက်ခွင့်ကို လူမျိုးစုအခွင့်အရေးကာကွယ်ဖို့ ဒိုင်းအဖြစ်ကိုင်ထားလိုသူများ၊ အဖွဲ့အစည်းများကလည်းကိုင်ထားဆဲဖြစ်တယ်။ တဖန် ခွဲထွက်ရေးစကားပြောသူ တို့ကို သံသယမျက်လုံးများနဲ့ ကြည့်ကြသူများလည်းရှိကြတယ်။ ဒီတော့ နယ်မြေတခုဟာ ပြည်ထောင်စုအဖွဲ့ထဲ ကနေ ခွဲထွက်ခွင့်ရှိသလား၊ ခွဲထွက်ခြင်းကိုနိုင်ငံတကာက ဘယ်လိုသဘောထားကြသလဲ။ အဲဒီလိုခွဲထွက်တဲ့ နိုင်ငံတွေကော ဘယ်အခြေခံပေါ် မှာခွဲထွက်ကြတာလဲ၊ ခွဲထွက်ရေးလှုပ်ရှားတိုင်းကော အောင်မြင်သွားကြတာ ချည်းဘဲလား။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ခွဲထွက်ရေးကိုဦးတည်နေတာလား၊ ဆိုတာတွေကို လေ့လာတင်ပြ လိုက်ပါတယ်။

ခွဲထွက်ခွင့်ရှိသလား။

ဒီကနေ့ ပြည်ထောင်စုနိုင်ငံတွေမှာတင်မက တရုပ်ပြည်သူ့သမတနိုင်ငံလို တပြည်ထောင်စနစ် နိုင်ငံမှာတောင်မှ တိဘက်ပြည်နယ်၊ ဇင်ကျိယန်းပြည်နယ်၊ အတွင်းမွန်ကိုလိယန်းပြည်နယ်တွေမှာ ခွဲထွက်ရေးလှုပ်ရှားမှု များရှိနေ ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတို့၊ ကနေဒါ တို့လိုနိုင်ငံများမှာလည်း (လက်နက် ကိုင် မဟုတ်တဲ့) ခွဲထွက်ရေးလှုပ်ရှားမှုတွေရှိနေပါတယ်။

နယ်မြေတစ်ခုဟာ ဥပဒေအရ ခွဲထွက်ခွင့်ရှိသလားဆိုရင် အပြည်ပြည်ဆိုရာဥပဒေ(International Law) မှာတော့
ခွဲထွက်ခွင့်ရှိတယ်လို့ မပြောထားဘူး၊ ခွဲထွက်ခွင့်မရှိဘူးရယ်လို့လည်း မဆိုထားပါဘူး။ နိုင်ငံတွေရဲ့ ဥပဒေတွေမှာ ကော ခွဲထွက်ခွင့်ဆိုတာကို ထည့်သွင်းပြဌာန်းထားသလားဆိုရင်တော့၊ မရှိသလောက်ပါလို့ဆိုရမှာပါ။ ဆိုဗီယက် ရုရှားပြည်ထောင်စုသမတနိုင်ငံဟောင်းအခြေခံဥပဒေနဲ့ မြန်မာနိုင်ငံအခြေခံဥပဒေ(၁၉၄၇) တို့မှာတော့ ခွဲထွက်ခွင့် ကိုထည့်သွင်းထားပါတယ်။ သို့သော် လက်တွေ့မှာတော့ ခွဲထွက်ခွင့်မရှိခဲ့ကြပါ။ ၁၉၉၀ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုအဖွဲ့ဝင်များ တစ်နိုင်ငံစီဖြစ်သွားခဲ့တာဟာ ကွန်မြူနစ်စနစ်ကြီး ပြိုလဲသွားတာကြောင့်ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း လွတ်လပ်ရေးရလာကြတဲ့ နိုင်ငံအတော်များများမှာ ကုလသမဂ ပဋိညာဉ်စာတမ်း မှာပါတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကိုကိုင်စွဲပြီး ခွဲထွက်ရေးလှုပ်ရှားမှုများ လုပ်ခဲ့ကြ၊ လုပ်နေကြပါတယ်။ တကယ် တန်းအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကို တိကျစွာအဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိပါဘူး။ ပြောရရင်တော့ ပြင်ပ သြဇာမပါဘဲ ပြည်သူ၏ဆုံးဖြတ်ချက်နဲ့ လွတ်လပ်တဲ့နိုင်ငံ၊ အချုပ်အခြာအာဏာပိုင်နိုင်ငံပိုင်နိုင်ငံအဖြစ် ထူထောင် နိုင်တယ် ဆိုတဲ့သဘောပါသလို၊ လက်ရှိလွတ်လပ်တဲ့နိုင်ငံထဲမှာဘဲ မိမိလူမျိုးတို့၏ နိုင်ငံရေးအဆင့်အတန်း (ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်စသည်ဖြင့်)၊ စီးပွားရေး၊ လူမှုရေး အ ဆင့်အတန်း တိုးတက်မြင့်မားအောင် ကြိုးပန်းဆောင်ရွက်ခွင့်ရှိတယ်ဆိုတဲ့သဘောလည်းပါရှိတယ်။ တချို့က ကိုယ်ပိုင်ပြဌာန်း ခွင့်ဆိုတာ ဒုတိယကမ္ဘာစစ်မတိုင်မီက(စပိန်၊ ဒခ်ျ၊ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလိပ်၊ ဂျာမဏီ၊ အီတလီ၊ အမေရိကန် စတဲ့နိုင်ငံတွေရဲ့) ကိုလိုနီလက်အောက်ခံဖြစ်ခဲ့တဲ့နိုင်ငံများအတွက်သာ ရည်ညွန်းတယ်လို့ ဆိုကြတယ်။ သို့သော်လည်း ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ အပြည်ပြည်ဆိုင်ရာဥပဒေမှာ မူ အဖြစ်ပါဝင် နေတာဖြစ်ပြီိး၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေဖြစ်တဲ့ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာနိုင်ငံတကာ သဘောတူညီ ချက်၊ နှင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခွင့်အရေးများ ဆိုင်ရာနိုင်ငံတကာ သဘောတူညီ ချက်တွေမှာ လည်း ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထည့်သွင်းဖေါ်ပြပါထားသည့်အပြင် ဆွေးနွေးပြောဆိုကြတဲ့အခါမှာလည်း ကိုယ် ပိုင်ပြဌာန်းခွင့်ကို ကျယ်ကျယ်ပြန့်ပြန့်ညွန်းဆိုကြပါတယ်။

ဒါကြောင့်လည်း နိုင်ငံအတော်များများမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုကိုင်ပြီး ခွဲထွက်ရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ကြ၊ လုပ်နေကြတာဖြစ်ပုံရတယ်။ သို့သော် ကုလသမဂအပါအဝင် နိုင်ငံကြီးများ၏ ခေါင်းဆောင်များက နိုင်ငံငယ် က လေးတွေအမြောက်အများ ပေါ်ပေါက်လာမှာကို မလိုလားကြပါဘူး။ ဒါကြောင့်ခွဲထွက်ရေးကို တော်ရုံတန်ရုံနဲ့ ထောက်ခံလေ့မရှိပါဘူး။ ခွဲထွက် ပြီးအချုပ်အခြာအာဏာ ပိုင်နိုင်ငံတခုဖြစ်လာဖို့အတွက် အိမ်နားနီးချင်းနှင့် အခြား နိုင်ငံကြီးများ၏ ထောက်ခံမှုကလည်းအရေးပါပါတယ်။ အိမ်နားနီးချင်းနိုင်ငံများကလည်း အနည်းနှင့်အများ သူတို့ဆီမှာလည်း ခွဲထွက်ရေး လှုပ်ရှားမှုတွေရှိနေတော့ကာ ထောက်ခံဖို့သိပ်မလွယ်ဘူးလို့ထင်ပါတယ်။ ဥပမာ မြန်မာနိုင်ငံတွင်းက ခွဲထွက်မှုကို အိန္ဒိယနိုင်ငံနဲ့ တရုပ်နိုင်ငံကြီး နှစ်နိုင်ငံက ထောက်ခံဖို့ခဲယဉ်းပါလိမ့်မယ်။
ခွဲထွက်ခဲ့ကြသောနိုင်ငံများ။

ဒုတိယကမ္ဘာစစ်ပြီး စစ်အေးကာလအတွင်းမှာ နိုင်ငံတကာမှာ ခွဲထွက်ရေး လှုပ်ရှားမှုတွေ အများအပြားရှိနေပေမဲ့၊ ၄၅ နှစ်အတွင်းမှာ စင်္ကာပူနဲ့ ဘင်္ဂလားဒေရှ် နှစ်နိုင်ငံသာ ပြည်ထောင်စုထဲက ခွဲထွက်ခွင့်ရခဲ့ကြပါတယ်။ အကြမ်း ဖျင်းအားဖြင့်ကြည့်ရင် စစ်အေးကာလနဲ့ နောက်ပိုင်းမှာ ပြည်ထောင်စုနိုင်ငံတွေထဲက ခွဲထွက်ခဲ့တဲ့နိုင်ငံ ပေါင်း ၂၆ နိုင်ငံလောက်ရှိပါတယ်။
အာရှက ၃ နိုင်ငံ။ ဥရောပမှာ ၂၁ နိုင်ငံ၊ တဖန် အာဖရိက တိုက်မှာတော့ ၂ နိုင်ငံ။ ဆိုတော့ကာ နှစ်ပေါင်း ၇၀ နီးပါးလောက်အတွင်းမှာ လက်ဝဲပြည်ထောင်စုနိုင်ငံကြီး ၂ နှစ်နိုင်ငံဖြစ်တဲ့ ဆိုဗီယက်ရုရှားပြည်ထောင်စုနဲ့ ယူဂို ဆလားဗီးယားကို ဖယ်ကြည့်လိုက်ရင်၊ အာရှမှ သုံးနိုင်ငံ၊ ဥရောပမှ ၁ နိုင်ငံ၊ အာဖရိကမှ နှစ် နိုင်ငံ၊ စုစုပေါင်း ၆ နိုင်ငံသာ ပြည်ထောင်စုထဲက ခွဲထွက်ခွင့်ရသွားကြတာဖြစ်တယ်။ ဆူဒန်နိုင်ငံ တောင်ပိုင်းက ခရစ်ယာန်နဲ့ နတ် ကိုးကွယ်သူများနေထိုင်တဲ့ ပြည်နယ်တခုဟာလည်း မကြာခင်မှာ မွတ်စလင်နိုင်ငံဖြစ်တဲ့ ဆူဒန်နိုင်ငံ ထဲကနေ ခွဲ ထွက်ရသွားဖို့ ၉၀ ရာခိုင်နှုန်းကျော် သေချာသလောက်ရှိနေ ပါတယ်။

ခွဲထွက်ခဲ့တဲ့နိုင်ငံတွေကိုပြန်ကြည့်ရင် စင်္ကာပူက ၁၉၆၃ ခုနှစ်မှာ အသစ်ဖွဲ့စည်းတဲ့ မလေးရှားပြည်ထောင်စုထဲမှာ ဝင်လာပြီး၊ ၁၉၆၅ ခုနှစ်မှာတော့ ပြည်ထောင်စုထဲက ပြန်ထွက်သွားခဲ့ပါတယ်။ ဘင်္ဂလာဒေရှ်နိုင်ငံကတော့ ၉ လ ကြာစစ်ပွဲဆင်နွဲပြီး ပါကစ္စတန်ထဲကနေ ၁၉၇၁ ခုနှစ်မှာ ခွဲထွက်ခဲ့တာဖြစ်တယ်။ နိုင်ငံရေး စီးပွားရေးအရ ချိုးနှိမ် ခြင်းခံရတဲ့အတွက် ခွဲထွက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဘင်္ဂလာဒေရှ်နိုင်ငံခွဲထွက်မှု အချိန်တိုတိုနဲ့အောင် မြင်သွား တာဟာ နယ်မြေဆက်စပ်မှုမရှိတာကတကြောင်း (ပါကစ္စတန်နဲ့ဘင်္ဂလာဒေရှ်အကြားမှာ အိန္ဒိယနိုင်ငံ ကြီးကခြား ထားပါတယ်)၊ အိမ်နားနီးချင်း အထူးသဖြင့် ပါကစ္စတန်နဲ့ရန်စောင်နေတဲ့ အိန္ဒိယက ဘင်္ဂလာဒေရှ်ဘက် ကနေပံ့ပိုး ပေးခဲ့တာကတကြောင်းကြောင့်ဖြစ်တယ်လို့ ယေဘုယျအားဖြင့်ဆိုနိုင်ပါတယ်။ ချက်နဲ့ စလိုဗက်နိုင်ငံ ကတော့ နဂိုမူလ ချက်ကိုစလိုဘက်ကီးယားနိုင်ငံကနေ ကတီပါလမ်းခွဲခြင်းနဲ့ ၁၉၉၃ မှာခွဲလိုက်ကြတာပါ။ ဆိုဗီယက်ရုရှား ပြည်ထောင်စုထောင်စုမှာတော့ ကွန်မြူနစ်စနစ်ပြိုကွဲသွားခြင်းနဲ့အတူ အဖွဲ့ဝင်၁၄ နိုင်ငံတို့ဟာ တင်းမာမှုအနည်း ငယ်နဲ့ ၁၉၉၀-၉၁ မှာ ဆိုဗီယက်ရုရှားပြည်ထောင်စုထဲကနေ ခွဲထွက်သွား ကြတာဖြစ်တယ်။

ယူဂိုလားဗီးယားပြည်ထောင်စုမှာတော့ သမတ ဆလိုဗိုတန် မီလိုဆေးဗစ်ခ်ျရဲ့တရားလွန်မျိုးချစ်ဝါဒ ကျင့်သုံးမှုဟာ အဓိကအကြောင်းဖြစ်တယ်လို့ဆိုတယ်။ သမတမီလိုဆေးဗစ်ဟာ ကိုဆိုဗိုက နိုင်ငံရေးအဆင့်အတန်း တိုးတက် တောင်းဆိုတာကို မပေးရုံမက ၁၉၈၉ခုနှစ်မှာ နဂိုရှိရင်းစွဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်ကိုပါ ရုပ်သိမ်းလိုက်ပါတယ်။ ဒါ့အပြင် အယ်လ်ဗေးနီယန်း လူမျိုးနိုင်ငံ့ဝန်ထမ်းများကို အလုပ်ဖြုတ်ပြီး ဆာဗ် လူမျိုးများနဲ့အစားထိုးပစ်ခဲ့တယ်။ မီလိုဆေးဗစ်ခ်ျနဲ့ ဆာဗ်လူမျိုးခေါင်းဆောင်များရဲ့ အမျိုးသားရေးစိတ် လွန်ကဲ လာမှုများ ကို စိုးရိမ် လာတဲ့အတွက် အဖွဲ့ဝင် ဆလိုဗေးနီးယား၊ ခရိုအေးရှား၊ မာစီဒိုးနီးယား၊ ဘောစနီယားဟာဇီဂိုဘီးနား၊ တို့က ပြည်ထောင်စုထဲက ၁၉၉၁-၉၂ မှာခွဲထွက် ခွဲထွက်ခဲ့ကြတာဖြစ်တယ်။ ခရိုအေးရှားနဲ့ ဘောစနီးယားဟာဇီဂိုဘီးနားမှာ မီလိုဆေးဗစ် စစ်တပ်နဲ့ ပြင်းထံတဲ့ စစ်တွေဖြစ်ခဲ့တယ်။ မီလိုဆေးဗေစ်နဲ့ ဆားဗီယားစစ်ခေါင်းဆောင်တချို့တို့ဟာ နိုင်ငံတကာ စစ်ရာဇဝတ်ခုံရုံးတင်ခြင်းခံခဲ့ကြရပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ အဖွဲ့ဝင်အဖြစ်ကျန်နေတဲ့ မွန်တီနီဂရိုးရီပတ်ဗလစ် ဟာ ဆားဗီယားနိုင်ငံနဲ့ လမ်းခွဲခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကိုဆိုဗိုကလည်း လွတ်လပ်တဲ့နိုင်ငံသစ်လေး တခုဖြစ် လာခဲ့ပါတယ်။

အာဖရိကတိုက်မှာတော့ နမီးဘီးယားက တောင်အာဖရိကပြည်ထောင်စုကနေ ၁၉၉၀ ခုနှစ်မှာ ခွဲထွက်ခဲ့တယ်။ အီရစ်တိုးရီးယားကတော့ အီသီယိုးပီးယားပြည်ထောင်စုကနေ ၁၉၉၃ ခုနှစ်မှာ ခွဲထွက်ခဲ့တာပါ။ နမီးဘီးယားက ပထမ ကမ္ဘာစစ် စစ်ရှုံးနိုင်ငံဖြစ်တဲ့ဂျာမဏီရဲ့ကိုလိုနီဖြစ်ခဲ့တယ်။ အီရစ်တိုးရီးယားက အီတလီရဲ့ကိုလိုဖြစ်ခဲ့တယ်။
ပထမကမ္ဘာစစ်အပြီးမှာ နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ နောက်ဆက်တွဲသဘောတူညီချက်နဲ့ နိုင်ငံပေါင်းချုပ်အသင်း ကောင်စီလုပ်ပိုင်ခွင့် သဘောတူညီချက်အရ နမီးဘီးယားနယ်မြေကို အင်္ဂလိပ်ကိုလိုနီ တောင်အာဖရိက နိုင်ငံရဲ့ အစောင့်ရှောက်ခံအဖြစ် မဲန်ဒိတ်ပေးအပ်လိုက်ပါတယ်။ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးကိစ္စတွေအတွက် လုပ်ပိုင်ခွင့် အပြည့်အဝပေးလိုက်ခြင်းဖြစ်တယ်။ ၁၉၆၆ ခုနှစ်မှာ ကုလသမဂ မှ ထို မဲန်ဒိတ်အားပြန်လည်ရုပ်သိမ်းလိုက်တာ ကို တောင်အာဖရိကအစိုးရကငြင်းဆန်ခဲ့တယ်။ ဒါကြောင့် အနောက်တောင်အာဖရိကပြည့်သူ့အဖွဲ့(ဆွာပို)က လက်နက်ကိုင်တိုက်ပွဲဆင်နွဲခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ကြာပြီး နိုင်ငံတကာရဲ့ဖိအားနဲ့ ကြားဝင်ဆောင်ရွက်ပေး မှုကြောင့် ၁၉၉၀ ခုနှစ်မှာမှဘဲ တောင်အာဖရိကထဲ ကနေ ခွဲ ထွက်ခွင့်ရခဲ့တယ်။ အီတလီကိုလိုနီနယ်ဖြစ်တဲ့ အီရစ်တရီးယားက ဒုတိယကမ္ဘာစစ်မှာ အီတလီ လက်နက်ချ လိုက်ပြီးကတည်းက လွတ်လပ်ရေးတောင်းဆိုခဲ့ ပေမဲ့ ကုလသမဂက အီသီယိုးပီးယားဖယ်ဒရေးရှင်းထဲ ထည့်ဖွဲ့ပေးလိုက်တယ်။ ဒီမိုကရေအခွင့်အရေးနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အခွင့်အရေးတွေကိုအာမခံတော့ပေးပါတယ်။ ဒါပေမဲ့ အီသီယိုးပီးယား အစိုးရက ဒီအာမခံချက်တွေကို ချိုးဖေါက်တဲ့အတွက် နောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန် ခွဲထွက်မှုဖြစ်လာခဲ့တယ်။ နှစ်သုံးဆယ်ခန့် လက် နက် ကိုင်တိုက်ပွဲဆင်နွဲပြီး ၁၉၉၃ မှာ အီသီယိုးပီးယားက နေခွဲ ထွက်ခဲ့တယ်။ ဆိုရရင် ဒီနှစ်နိုင်ငံဟာ ဂျာမန်နဲ့ အီတလီနိုင်ငံအသီးသီးတို့ရဲ့ကိုလိုနီနိုင်ငံတွေဖြစ်ခဲ့တယ်။ နိုင်ငံပေါင်းချုပ် အသင်းကြီးနဲ့ ကုလသမဂ တို့ အစီအစဉ် အရ နီးစပ်ရာနိုင်ငံမှာ တွဲပေးခဲ့တာဖြစ်တယ်။ ဒီလိုတွဲထားပေးရာကနေ ပြန်ခွဲထွက် လိုက်ကြတာဖြစ်တယ်။

၂၀၀၂နှစ်မှာတော့ အာရှနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံထဲကနေ အရှေ့တီမော ခွဲထွက်သွားပါတယ်။ အရှေ့ တီမောက ပေါ်တူဂီရဲ့ ကိုလိုနီနယ်ဖြစ်ခဲ့တယ်။ ၁၉၆၅ ခုနှစ်မှာ ပေါ်တူဂီက လွတ်လပ်ရေးပေးလိုက်ပါတယ်။ မကြာခင်မှာဘဲ အင်ဒိုနီးရှားသမတ ဆူဟာတိုစစ်တပ်ကဝင်ရောက် သိမ်းပိုက်လိုက်ပါတယ်။ ဒီလိုသိမ်းပိုက်ခဲ့ တာကို ကုလသမဂကတော့ ကန့်ကွက်ခဲ့ပါတယ်။ ထိုစဉ်က အာရှဒေသမှာ ကွန်မြူနစ်စနစ်ခေတ်ထ နေတဲ့အချိန် ဖြစ်တော့ကာ အင်ဒိုနီးရှားအစိုးရက အရှေ့တီမောအားး ကွန်မြူနစ်လွမ်းမိုးမှုမှကာကွယ်ရေးဆိုတာကို အကြောင်း ပြခဲ့တယ်။ ဒါကြောင့် အနောက်အင်အားကြီးနိုင်ငံများက ဆိတ်ဆိတ်နေခဲ့ကြပါတယ်။ ကွန်မြုနစ်စနစ်ပြိုလဲပြီး နောက်ပိုင်း လူ့အခွင့်အရေးလှုပ်ရှားမှု ခေတ်စားလာတော့မှ ဆူဟာတိုရဲ့အာဏာရှင်စနစ်ကိုရှုံ့ချတာတို့၊ လူထု တွေ လူ့အခွင့်အရေး ချိုးဖေါက်မှုကိုရှုံ့ချတာတို့၊ အရှေ့တီမောဒေသသားများရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှု ကြောင့် နှိပ်ကွပ်ခံရတဲ့အပေါ်မှာ စာနာတာတို့ဖြစ်လာပြီး နိုင်ငံလွတ်လပ်ရေးကိုထောက်ခံလာခဲ့ကြပါတယ်။

ခွဲထွက်ရေးအောင်မြင်သွားတဲ့ နိုင်ငံသစ်တွေထဲမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် (တနည်းအား ဖြင့် ခွဲထွက်ရေးထဲက ခွဲထွက်ရေး) လှုပ်ရှားမှုတွေက ရှိနေကြပြန်တယ်ဆိုတာလည်း မှတ်သားစရာဖြစ်ပါတယ်။

ခြုံ၍ပြောရရင် ခွဲထွက်ခွင့်ရှိသလားဆိုတာနဲ့ပတ်သက်လို့ နိုင်ငံတကာဥပဒေမှာ ဖေါ်ပြမထားပေမဲ့၊ သက်ဆိုင်ရာ နိုင်ငံရဲ့ အခြေခံဥပဒေတွေမှာ ဖေါ်ပြမထားပေမဲ့၊ အခြေအနေကဖန်တီးဖြစ်ပေါ်လာရင် အထူးသဖြင့် ကိုယ်နှင့် အတူတကွ အေးအတူပူအမျှနေထိုင်သူ အခြားလူမျိုးများရဲ့ နိုင်ငံရေး စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ အခွင့် အရေးအရာကိစ္စတွေမှာ ခွဲခြားဖိနှိမ်မှုတွေများလာမယ်ဆိုရင်၊ မျှတမှုတွေကင်းမဲ့ လာမယ်ဆိုရင် အစွန်းရောက် မျိုးချစ်စိတ်တွေ၊ လူမျိုးရေးမုန်းတီးစိတ်တွေပြင်းထံလာရင်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကိုကိုင်ပြီး ခွဲထွက်ရေး လှုပ် ရှားမှုတွေလုပ်လာကြတာဖြစ်တယ်၊ လုပ်နေ ကြတဲ့သာဓကများလည်းရှိနေကြပါကြောင်း တင်ပြလိုက်ရပါတယ်။

(ဆက်လက်ဖေါ်ပြပါမည်)

ဝင်းမောင်
(၂ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂၀၁၁ ခုနှစ်)

Today News Update (February 3, 2011)

U Thein Sein is appointed as The President of Regime’s Parliament (News Report) February 3, 2011
မြန်မာစစ်အာဏာရှင်များက နိုင်ငံတော်သမတအဖြစ် ဦးသိန်းစိန်ကို ရွေးချယ် (ကိုညီ၊ ဒီမို) ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၁၁


Icy Streets in New York (Photo Essay)
ရေခဲတွေ ဖုံးနေတဲ့ နယူးယောက်က လမ်းများ (မြင့်လှိုင်)


New York (January 27 - February 1, 2011) (Photo Essay)
နယူးယောက်မြင်ကွင်းများ (ဇန်န၀ါရီ ၂၇ ရက် - ဖေဖော်ဝါရီ ၁ ရက်) (မြင့်လှိုင်)


Snow Storm hits Fort Wayne, Indiana (Photo Essay)
ဖို့တ်ဝိန်းကို စနိုးမုန်တိုင်း တိုက်ခတ်ပြီးချိန် (ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၁၁) (ခင်မောင်လေး)





Information Desk 
Burma Today Inc.
PO Box 300986
Brooklyn, NY 11230 USA

110203_bty_bur_regime.pdf110203_bty_bur_regime.pdf
230K   View   Download