Sunday, February 6, 2011

“ အက်ဆစ်”အရက်သောက်လွန်ပြီးစိတ်ကျရောဂါဖြစ်...

အီဂျစ်မှာ ဒါတွေဖြစ်ခဲ့ပါရဲ့လား ( အောင်မိုးဝင်း )

အီဂျစ်နိုင်ငံမှာဖြစ်ပျက်နေတဲ့ လူထုအုံကြွမှုတွေကို ကြည့်ပြီး ဗမာပြည်ကနိုင်ငံရေးခေါင်းဆောင်တွေ လိုက်မလုပ်ရကောင်းလားလို့

အားမလိုအားမရဖြစ်နေတဲ့ ဖြစ်နေတဲ့သူတွေရှိမှာအမှန်ပဲ။လူတိုင်းဟာ၊ကိုယ်လိုက်မှီတဲ့ နိုင်ငံရေးအဆင့်လောက်ကနေတွေးပြီး

ရေးကြတာကိုး။တချို့ကနိုင်ငံရေးစလုပ်ခါစလူတွေမို့လို့ စိတ်ခံစားမှုနောက်လိုက်ပြီးရေးကြသလို၊တချို့ကတော့လူထုလှုပ်ရှားမှုမှာ

တခါမှမပါဘူး၊နိုင်ငံရေးမလုပ်ဘူးတော့၊ပြည်ပရောက်မှလူထုအုံကြွမှုတို့၊ကြားဖြတ်အစိုးရတို့-ဘာတို့အော်ချင်ရှာကြတယ်။

ဒါပေမဲ့၊အရက်သမားများ စိတ်ကျတဲ့အချိန်မှာ ဟိုလူ့မကျေနပ်၊ဒီလူ့မကျေနပ်။ အလိုမပြည့်တဲ့ရောဂါရပြီး ရေးလေ့ရှိတဲ့သဘောဆိုရင်တော့

မကောင်းဘူးပေါ့၊ထားတော့။သမိုင်းဆိုင်ရာနှိုင်းယှဉ်ချက်တွေကိုသာ ကြည့်ကြမယ်။

ကဲ ဒီအချက်အလက်တွေကို စဉ်းစားကြည့်ပါ။



၁၉၈၈ လူထုအုံကြွမှုဟာ ရက်ပေါင်း(၄၁) ရက်ကြာပါတယ်။ ဗမာပြည်မှာ ရှိတဲ့မြို့အားလုံးကို အတိုက်အခံတွေက သိမ်းပိုက်ခဲ့တယ်။

စစ်တပ်က အာဏာသိမ်းပွဲညမှာ ပြည်သူထောင်ချီပြီးသေခဲ့ရတယ်။ ကျောင်းသားတွေထောင်ချီပြီးတောခိုတယ်။ လက်နက်ကိုင်တိုက်ပွဲဆင်နွဲတယ်။ ကျောင်းသားတပ်မတော်ပေါ်ပေါက်လာခဲ့တယ်။အကြမ်းဖက်နဲ့နည်းက လွတ်လပ်ရေးရပြီး

ကတည်းကစရေကြည့်ရင် နှစ်ပေါင်း ( ၆၃) နှစ်ကျော်ရှိခဲ့သလို၊ အကြမ်းမဖက်လှုပ်ရှားမှုကလည်း အနှစ် (၂၀) ကျော်ထဲကို

ရောက်ရှိလာခဲ့တယ်။ အကြမ်းဖက်တဲ့နည်းက (၄၃) နှစ်စောပါတယ်။ ဘယ်လှုပ်ရှားမှုက ပိုသာတယ်ဆိုတဲ့ ကောက်ချက်ချဖို့

အဖြေတခုရခဲ့ပါပြီလား။



အီဂျစ်မှာ ဗမာပြည်အတိုက်အခံတွေလုပ်ခဲ့တဲ့အခြေအနေမျိုး ရခဲ့ပါသလား။ ရက်ပေါင်း (၁၂) ရက်အတွင်းမှာ ရှုပ်ထွေးတဲ့

နိုင်ငံတကာစွက်ဖက်မှုများနဲ့သံသရာလည်နေဆဲဖြစ်တယ်။ စစ်တပ်ခေါင်းဆောင်တွေက ဆန္ဒပြသူတွေကိုလာပြီး

စကားပြောညှိနှိုင်းတယ်။ စစ်တပ်က လူထုကို ပစ်မှာမဟုတ်ဘူးလို့ကြေငြာတယ်။ အမေရိကန်ပြည်ထောင်စုကလည်း

အီဂျစ်စစ်တပ်ကိုနေ့တိုင်းစကားပြော ဖိအားပေးတယ်။ အခွင့်အရေးနဲ့ ညှိနှိုင်းတယ်။ သူတို့ရင်ဆိုင်နေရတဲ့ နိုင်ငံရေးပွဲကလည်း

တမျိုးခက်ခဲတယ်။ ပွဲမပြီးသေးပါဘူး။ မူဘာရက် ထွက်သွားပြီးနောက်ပိုင်းမှာ ပိုမိုရှုပ်ထွေးတဲ့လမ်းကြောင်းတခုကို

သွားကြရအုံးမယ်။ ဒီမိုကရေစီနိုင်ငံတော် ကို ဦးတည်မှာလား၊ အစ္စလာမ် အစွန်းရောက်နိုင်ငံတော်ကိုဦးတည်မှာလား ဆိုတဲ့ အိမ်နည်းချင်းနိုင်ငံတွေရဲ့ စိုးရိမ်မှုတွေကလည်း အီဂျစ်နိုင်ငံရေးပြောင်းလဲမှုမှာ အခက်အခဲရှိနေပါအုံးမယ်။



ဒီလိုတွေနှိုင်းယှဉ်ပြလို့ ဘယ်သူက ဘယ်သူထက်ပိုပြီးရဲရင့်တယ်ဆိုတာ ပြောနေခြင်းမဟုတ်ပါ။

နိုင်ငံတိုင်း၊ ပြည်သူတိုင်းမှာ သူ့အခက်အခဲတွေရှိနိုင်ပါတယ်။ မတူခြားနားတဲ့ ကြိုးစားမှုတွေ၊ အနစ်နာခံမှုတွေရှိနေပါလိမ့်မယ်။ တခြားပြည်သူတွေရဲ့ ရုန်းကြွမှုကို အားပေးထောက်ခံဖို့လိုသလို၊ကိုယ်လုပ်နေတဲ့ အလုပ်ကိုလည်း ယုံယုံကြည်ကြည်နဲ့

ဂုဏ်ယူနေဖို့လိုပါလိမ့်မယ်။ ကိုယ်ကလည်း ဘာမှမလုပ်နိုင်၊ ပြည်သူတွေယုံကြည်အားကိုးတဲ့ နိုင်ငံရေးသမားတွေကို ညစ်တွန်းတွန်းလျှောက်ရေးနေရင်တော့၊စိတ်ဓါတ်ကျရောဂါစွဲကပ်နေတဲ့ အရက်သမား၊ဆေးသမားများရဲ့

နောက်ဆုံးထွက်ပေါက်ဟာ ကိုယ့်ဘာသာသတ်သေရမဲ့အဖြစ်သာဖြစ်ပါလိမ့်မယ်။

ကိုယ့်နိုင်ငံက လာတဲ့သူတွေ အဲ့သလိုမျိုးဇာတ်သိမ်းမသွားစေချင်ပါ။



အီဂျစ်နဲ့ ဗမာပြည် နိုင်ငံရေး ယဉ်ကျေးမှု နှစ်ခု ကို လေ့လာကြည့်လိုက်ပါအုံး။

အီဂျစ်မှာ အဓိကဦးဆောင်နေတဲ့ အတိုက်အခံအဖွဲ့က နှစ်ဖွဲ့ပဲရှိတယ်။ “ Enough” လို့ခေါ်တဲ့တပ်ပေါင်းစု နဲ့ မွတ်စလင်ညီအကိုတော်များအဖွဲ့ဖြစ်တယ်။ ဒီနှစ်ဖွဲ့လုံးက သူတို့လုပ်ချင်တဲ့ နိုင်ငံရေးလမ်းစဉ်ကို စည်းကမ်းတကျလုပ်တယ်။

ကိုယ့်ဘာသာတန်ဘိုးထားတယ်။ လူရိုသေ ရှင်ရိုသေဖြစ်အောင်နေတယ်။ ပညာတတ်တွေများတယ်။ဇွဲကောင်းတယ်။မိတ်ဆွေတွေအပေါ်

သစ္စာရှိတယ်။ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေက တဆင့်နိုင်ငံရေးခေါင်းဆောင်အများအပြားကိုမွေးထုတ်ပေးတယ်။



ဗမာပြည်မှာ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲဝင်ဖို့အတွက် ပါတီပေါင်း (၂၀၀) ကျော်ထောင်တယ်။ မဆလစရိုက် လွှတ်တော်အမတ်

အများအပြား အတိုက်အခံလောကထဲမှာ ပါလာတယ်။တိုင်းရင်းသားအဖွဲ့တွေကိုကြည့်လိုက်ပါအုံး။

၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များဖြစ်ကြတဲ့၊ရခိုင်ခေါင်းဆောင်ဒေါက်တာအေးမောင် က သိန်းစိန်ရဲ့ဘုန်းတော်ဘွဲ့တွေကို ခြီးမြောက်သဝဏ်လွှာတွေဖတ်၊ ကျားဖြူပါတီကလည်း သူတို့ရဲ့ရှမ်းလူမျိုး ကြံ့ဖွံ့ကိုယ်စားလှယ် ဒေါက်တာ စိုင်းခမ်းမောက် တယောက်သမ္မတဖြစ်တာကို၊ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဘောတွေ့အူခွေ့နေသလို၊

ငါတို့လူမျိုးစုအတွက် အခွင့်အရေးနည်းနည်းပဲရရ၊ ရတဲ့အခွင့်အရေးကို ဗမာစစ်အစိုးရနဲ့ပေါင်းပြီးယူမယ် ဆိုတဲ့

လူမျိုးစုခေါင်းဆောင်တချို့ရဲ့ အတွေးအခေါ်တွေကလည်း ဗမာပြည်ရဲ့ထူးခြားတဲ့နိုင်ငံရေးဖြစ်စဉ်ဖြစ်တယ်။ ဒါ့အပြင် “တကောင်တည်းပဲဒါပေမဲ့ ကြွက်” ဖြစ်နေတဲ့၊အန်အယ်ဒီနဲ့ အန်ဒီအက်ဖ်အဖွဲနှစ်ခုလုံးရဲ့အနားကို ကပ်ခွင့်မရှိရှာသူ၊

ဦးသိန်းညွှန့်ကလည်း လွှတ်တော်တက်ခွင့်ရတာကို အလွမ်းဇာတ်ကနေရသလိုမျိုး ဂိုက်ဖမ်း။



ဒါတင်လား။ မပြီးသေးဘူးလေ။ နယ်စပ်က လူလိမ်သူခိုးများ ကလည်း ဘယ်ပြည်သူလူထုကိုမှ အသိမပေးရဲ၊ အများဆန္ဒမဲပေးမှု

မလုပ်ပဲနဲ့ ပါလီမန်ခေါ်၊ လွှတ်တော်အတွင်းဝန်ရုံးမှူးဆိုလား၊ စာရေးဆိုလားဖွဲ့၊ ရူးပုံများတော့ ကမ်းကုန်ပဲ။တကယ်တော့

ကိုယ်ရေပြားရောဂါ ရွာလေးတရွာမှာ သူတောင်းစားနဲ့သူခိုးများ စားခွက်လုနေတဲ့အဖြစ်ထက်မပိုတဲ့နေရာဟာ တော်လှန်ရေးဗဟိုချက်မဖြစ်နိုင်ပါ့မလား။ အနှစ်နှစ်ဆယ်အတွင်းမှာ လူတိုင်းသဘောပေါက်နေကြပါပြီ။

( လက်နက်ကိုင်တိုက်ပွဲကို ယုံယုံကြည်ကြည် အနစ်နာခံတိုက်နေတဲ့ ရဲဘော်များ ကို မဆိုလိုပါ၊ )



ဆိုတော့ ဗမာပြည်နိုင်ငံရေးဟာ အကြမ်းဖက်နည်း နှစ်ပေါင်း (၆၃) နှစ်၊ အကြမ်းမဖက်နည်း (၂၃) နှစ် ကိုဖြတ်သန်းခဲ့ဘူးတယ်။

အဖွဲ့အစည်းပေါင်းစုံ၊ လူပေါင်းစုံရဲ့မြွေလိုအရေခွံအမျိုးမျိုးပြောင်းတဲ့ ပုံသဏ္ဍန်တွေကိုလည်းမြင်တွေ့ခဲ့ကြတယ်။ အတိုက်အခံခေါင်းဆောင် အမည်ခံ လူလိမ်၊ သူခိုး၊ ကြာကူလီများကိုလည်းတွေ့ခဲ့ရ၊ တွေ့နေဆဲဖြစ်တယ်။ ဒီကြားထဲမှာ ပဲ ကျောင်းသားတိုက်ပွဲတွေဖြစ်ခဲ့တယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်ခဲ့တယ်။ ပြည်ပအတိုက်အခံအဖွဲ့အစည်းတွေမှာ လူလိမ်သူခိုးများရဲ့အကြီးအကျယ်ခြစားမှုများ ကို သိနေပေမဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေဟာ စိတ်ပျက်အားလျော့ခြင်းမရှိခဲ့ကြဘူး။

လမ်းဆက်လျှောက်ကြတယ်။ အီဂျစ်မှာ ဒီလို အခြေအနေတွေ ကြုံခဲ့ပါရဲ့လား။



ဒီလို တယောက်တပေါက်ဖြစ်၊ အမြှီထွက်အမြှီးစား၊ ဂေါင်းထွက် ဂေါင်းစား ( ကျက်ချိန်တောင် မစောင့်တော့ပါဘူး) ဖြစ်နေတဲ့ ဗမာပြည်နိုင်ငံရေးကို စိတ်ဓါတ်မကျပဲ ယုံယုံကြည်ကြည်လုပ်နေကြသူ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေအားလုံးကို ကိုယ်ချင်းစာမိတာအမှန်ပါ။ ဗမာပြည်နိုင်ငံရေးဟာသူများနိုင်ငံမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေထက်ကျော်ပြီးအင်မတန်သိမ်မွေ့တဲ့အဆင့်ကို

ရောက်ရှိလာတယ်။ဒါကိုနိုင်ငံရေးလုပ်ဘူးသူတိုင်းနားလည်ကြပါတယ်။



ဒီလိုအခြေအနေမျိုးမှာ ကလေးတယောက်လိုပူဆာအော်ဟစ်နေတဲ့ “ အက်ဆစ်” လို ချာတိတ် တယောက်ကိုတော့

ဥနှောက်ကြပ်မပြည်တဲ့ကလေးတယောက် လမ်းမပေါ်ရောက်လာတယ်လို့သာ သဘောထားပေးလိုက်ကြပါ။ လူတွေအာရုံစိုက်မှုရချင်တော့ အော်ဟစ်နည်းတခုသာ တတ်ရှာတာကိုး။ သူ့အတွေ့အကြုံသူ့အဆင့်နဲ့သူပြောနေရှာတဲ့သူကို

ရှင်းပြရင်လည်းလိုက်မမှီ၊အော်သံကိုနားထောင်နေရင်လည်းအာရုံနောက် ယုံကလွဲလို့ ဘာမှအကျိုးရှိတာမဟုတ်။

အကြမ်းဖက်ချင်တဲ့သူ၊ လူထုအုံကြွမှုလုပ်ချင်နေသူများကလည်း၊ အရက်သောက်အတင်းပြောအော်ဟစ်နေမဲ့အစား လက်တွေ့လုပ်ပြ လိုက်ကြပါ။ တစုံတခုကို ဖြစ်ချင်တယ်ဆိုရင်၊ ကိုယ်က စလုပ်ပြမှ လူထုကယုံကြည်မှာပေါ့။

တခုတော့ အကြံပေးပါရစေ။ လူထုဟာ ကြွေးကြော်သံစကားလုံးတွေကို အတောင့်လိုက်ရွတ်နေတဲ့ သူတွေကို ရင်မခုန်တော့ဘူး ဆိုတာကိုသဘောပေါက်စေချင်ပါတယ်။ ဗမာပြည်လူထုက၊ လူထုအုံကြွမှုလည်းကြုံခဲ့ပြီးပြီ။ရှစ်လေးလုံးအရေးတော်ပုံပြီးတော့ သူပုန်တွေများမြို့တက်သိမ်းမလားလို့စောင့်ခဲ့ရှာတဲ့ရက်တွေလည်းပေးဆပ်ခဲ့ပြီးပြီ။သဘာဝဘေးအန္တရာယ်၊ကပ်ပေါင်းစုံကိုလည်း

နဖူးတွေ့ဒူးတွေ့ခံစားပြီးပြီ။ကိုယ့်ကျင့်သိက္ခာပျက်စီးယိုယွင်းနေတာ၊စစ်ခေါင်းဆောင်တွေသာမက၊နယ်စပ်အတိုက်အခံတွေမှာလည်း

HIV ရောဂါစွဲသလိုစွဲနေပါလားဆိုတာလည်းသဘောပေါက်နေကြပြီ။



ဘာပဲဖြစ်ဖြစ်၊မိမိလုပ်နေတဲ့အလုပ်ကို ယုံယုံကြည်ကြည်လုပ်ပြီး၊ ဘဝတူတွေရဲ့အခက်အခဲကို စာနာနားလည်တတ်မယ်ဆိုရင်

စိတ်ကျပြီး ကိုယ့်ဘာသာသတ်သေတဲ့အဖြစ်ဆိုးတွေမှ ရှောင်ကွင်းသွားနိုင်ပါလိမ့်မယ်။



အရက်နည်းနည်းလျော့သောက်ပြီး၊ အကောင်းမြင်ခြေလှမ်းတွေ ပိုမိုလှမ်းနိုင်ကြပါစေ။



ခင်မင်စွာဖြင့်

အောင်မိုးဝင်း

" နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အတွက် အမှတ်တရ"

ဆောင်းပါးရှင်။ ဗိုလ်မှူးအောင်လင်းထွဋ်

စာရေးသူဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ တိုက်ပွဲ ထောက်လှမ်းရေးဌာနရဲ့ စစ်ဦးစီးမှူး(ဒုတိယတန်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ယခုသမ္မတ ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ကကကြည်း၏ စစ်ဦးစီးဗိုလ်မှူးကြီး (စစ်ဆင်ရေး) (Colonel GS) ဗိုလ်မှူးကြီးတာဝန်ကို ထမ်းဆောင်လျက် ရှိနေပါတယ်။ အချိန်ကတော့ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘိန်းဘုရင် ခွန်ဆာနဲ့အဖွဲ့ရဲ့ လက်နက်ချ အခမ်းအနားကို တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာ့ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခိုင်းရာမှာ သူပြောသည့်အတိုင်း မလုပ်ရကောင်းသလား ဆိုပြီး စိတ်ကောက်ကာ လူကြီးမဆန်ဘဲ ခလေးဆိုးကြီးလို စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီးသိန်းစိန်အား တပ်ချုပ်ကြီးက စားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ ပေါက်ခဲ့သည့်ဇာတ်လမ်းအား အမှတ်ရလို့ စာဖတ်သူများ သိရှိနိုင်ပါရန် တင်ပြပေးလိုက်ပါတယ်။

၁၉၉၆ခုနှစ်၊ ဇန်နဝါရီလအတွင်း၊ ဘိန်းဘုရင်ခွန်ဆာနဲ့အဖွဲ့ လက်နက်ချတော့ စာရေးသူဟာ တာဝန်အရ တပ်မတော် အကြီးအကဲများနဲ့အတူ လက်နက်ချအခမ်းအနားကို တက်ရောက်ဖို့ ဟိုမိန်းမြို့ကို လိုက်ပါသွားခဲ့ရပါတယ်။ လက်နက်ချအခမ်းအနားကို အောင်အောင်မြင်မြင် ကျင်းပနိုင်ကြောင်း သတင်းပို့ပြီးတဲ့အချိန်မှာဘဲ ညနေ ၅ နာရီတွင် အရေးကြီး ကြေးနန်းဝင်လာပါတယ်။ အဲဒီကြေးနန်းဟာ ကကကြည်း ကြေးနန်းဖြစ်ပြီး စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ညွှန်ကြားချက်အရ ဗိုလ်မှူးအောင်လင်းထွဋ် (ကျွန်တော့်ကို) ကို မြန်မာ့အသံက ရိုက်ကူးထားတဲ့ လက်နက်ချ အခမ်းအနား ဗွီဒီယိုတိတ်ခွေနဲ့အတူ ရဟတ်ယာဉ်တစ်စီးဖြင့် ရန်ကုန်မြို့သို့ အမြန်ပြန်လွှတ်ခိုင်းဖို့ အမိန့်ပေးတဲ့ ကြေးနန်း ဖြစ်ပါတယ်။

ဒီလိုနဲ့ စာရေးသူ တစ်ဦးတည်း ရဟတ်ယာဉ်တစ်စီးဖြင့် မင်္ဂလာဒုံ ၅၀၂ လေတပ်စခန်း လေဆိပ်ရောက်လာတော့ ညနေ မှောင်ရီပျိုးစ အချိန်ဖြစ်နေကာ ချက်ချင်းဘဲ စစ်ရုံး(Colonel GS) ဗိုလ်မှူးကြီးသိန်းစိန်ထံသို့ သွားရောက် သတင်းပို့လိုက်ပါတယ်။ စာရေးသူက ဗွီဒီယိုတိတ်ခွေ ပေးလိုက်တော့ Colonel ကြီးက ချက်ခြင်းဆိုသလို ကပ်ရက်အခန်းမှာရှိနေတဲ့ တပ်ချုပ်ကြီးရုံးခန်း ထဲဝင်ပြီး ဗွီဒီယိုတိတ်ခွေကို ပေးလိုက်ပါတယ်။ သူက ပြန်ထွက်လာတဲ့အချိန်မှာ “ကိုအောင်လင်းထွဋ် ရုံးခန်းမှာ စောင့်နေပါ၊ တပ်ချုပ်ကြီး ဗွီဒီယိုခွေ ကြည့်ပြီးရင် ပြန်ခေါ်လိုက်မယ်” လို့ ပြောပါတယ်။ (၄၅) မိနစ်ကျော်ကျော်လောက်မှာ Colonel ကြီးက စာရေးသူကို သူ့အခန်းကို အခုလာဖို့ စာရေးသူကိုခေါ်ပါတယ်။ Colonel ကြီး အခန်းရောက်သွားတော့ “ဒီအခွေကို ဒီနေ့ည မြန်မာ့အသံ (၈) နာရီသတင်းမှာ ပါအောင်ထည့်ဖို့ အဘကြီးက ပြောတယ်၊ အဲ့ဒါ ကိုအောင်လင်းထွဋ် သွားပါ” ဆိုပြီး ပြောပါတယ်၊ စာရေးသူက “Colonel ကြီး သတင်းက ဘယ်သူရေးမှာလဲ” ဆိုတော့ “ကိုယ့်ညီဘဲ ရေးလိုက်ပါ” ဆိုလို့ သူရဲ့ရှေ့မှာဘဲ သတင်းစာသားကို ထိုင်ရေးကာ Colonel ကြီးဆီက အတည်ပြုချက်ရယူပြီး မြန်မာ့အသံကို စာရေးသူတို့ရဲ့ဌာနက ဗိုလ်မှူးအောင်မင်းနဲ့အတူ အမြန်ထွက်ခဲ့ကြပါတယ်။

မြန်မာ့အသံရောက်တော့ ညနေ(ရ) နာရီ ကျော်ပြီ ဖြစ်ပါတယ်။ မြန်မာ့အသံ ညွှန်ကြားရေးမှူး ဗိုလ်ကြီး ဝင်းကြည်နဲ့တွေ့ပြီး “ဘိန်းဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခန်းအနားကို ဒီည (၈) နာရီ သတင်းမှာ ပါအောင်လွှင့်ဖို့ တပ်ချုပ်ကြီးက ပြောတယ်” ဆိုပြီး သတင်းနဲ့တိတ်ခွေကို အပ်လိုက်ပါတယ် ၊ ကိုဝင်းကြည်က “ကိုအောင်လင်းထွဋ် ဗွီဒီယိုအခွေ အကြမ်းကို ဒီအတိုင်းလွှင့်ရင် အချို့အပိုင်းတွေမှာ ရုပ်မြင်သံကြားကြည့် ပြည်သူတွေအတွက် မကောင်းဘူး၊ မကောင်းတဲ့ အပိုင်းတွေကို တည်းဖြတ်ဖို့လိုတယ်” ဆိုပြီး တည်းဖြတ်လိုက်တော့ လွှင့်ချိန် (၂၅) မိနစ် လောက်ကြာမဲ့ အချောကိုင်ပြီး အခွေတစ်ခွေ ဖြစ်လာခဲ့တယ်။

အဲဒီလို အချောကိုင်ပြီးတော့ ည (၈) နာရီ အစပိုင်း သတင်းကို မမှီတော့ဘူး။ ဒါနဲ့ Colonel ကြီးဆီကို ဖုန်းဆက်ပြီး မိနစ် (၃၀) လောက် နောက်ကျမယ်ဆိုသည့်အကြောင်း သတင်းပို့ ခွင့်တောင်းခဲ့ရတယ်။ ည (၈) နာရီခွဲမှာ ဘိန်း ဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြားကနေ အသံနှင့်အရုပ်ကို (၂၅) မိနစ်ကြာ ထုတ်လွှင့်ခဲ့ပါတယ် ၊ စာရေးသူတို့လဲ အသံလွှင့်ပြီးတာနဲ့ စစ်ရုံးကိုပြန်ဖို့ ကားစောင့်နေတုံး မြန်မာ့အသံဝန်ထမ်းတစ်ဦးက “ဗိုလ်မှူး စစ်ရုံးကအရေးကြီးဖုန်း လာတယ်” ဆိုလို့ ဖုန်းကိုင်လိုက်တော့ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီးသိန်းစိန်က စာရေးသူကို “ကိုအောင်လင်းထွဋ် စစ်ရုံးမှာ တပ်ချုပ်ကြီး ဒေါသူပုန်ထနေတယ်၊ သူ့အခန်းထဲ ကိုယ်တို့ဝင်သွားတာ သူ့စားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ ပစ်ပေါက်နေတယ်၊ ဘယ်သူမှ မဝင်ရဲဘူး ဖြစ်နေတယ်၊ သူခိုင်းတဲ့အတိုင်း မလုပ်လို့ဆိုပြီး မင်းကိုဒေါသထွက်နေတယ်” ဆိုပြီး ပြောတော့ စာရေးသူ ကြောင်သွားတယ်။

“ကျွန်တော်ဘာမှားလို့လဲ” မေးတော့ Colonelကြီး ပြောတာက “တပ်ချုပ်ကြီးက မင်းကို သူခိုင်းတဲ့အတိုင်း ဘာဖြစ်လို့ မလုပ်လဲ ဆိုပြီး ဒေါသထွက်နေတာ၊ သူက ဗွီဒီယိုတိတ်ခွေကို အကြမ်းအတိုင်း မင်းကိုလွှင့်ခိုင်းတာ မင်းက မလုပ်ရ ကောင်းမလားဆိုပြီး ငါတို့ကို ရန်လုပ်နေတယ်” စာရေးသူ သဘောပေါက်သွားပြီ ၊ စိတ်ထဲကလဲ ကြိတ်ပြီးပြုံးမိတယ်၊ နိုင်ငံခေါင်းဆောင်လုပ်ပြီး ဒီလောက်တုံးရသလား ဆိုပြီးတော့ပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူလုပ်ချင်တာဘဲ သိတဲ့သူ၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတဲ့သူလို့ စိတ်ထဲက မှတ်ချက်ပြုမိပါတယ်။ ရီစရာတော့ ကောင်းတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ကြိုက် ခလေးဆိုးကြီးကို ချော့ရသလို မြန်မာ့ရုပ်မြင်သံကြား အစီစဉ်တွေကို ရပ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်စေချင်တဲ့အတိုင်း အကြမ်းထည် ဗွီဒီယိုအခွေကိုဘဲ (၄၅) မိနစ်ကြာ အစ မှ အဆုံး ပြန်လွှင့်ပေးခဲ့ရပါတယ်။

အဲဒီတုံးက ဖန်ခွက်နဲ့ အပေါက်ခံခဲ့ရတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်တစ်ယောက်ကတော့ အခုမကြာသေးခင်ကာလမှာဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြှောက်စားမှုနဲ့ သမ္မတ ဖြစ်လာသည့် ဦးသိန်းစိန်ကို ဒီဆောင်းပါးနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ဦးသိန်းစိန် တစ်ယောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လောင်းရိပ်အောက်က ရုန်းထွက်ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းကို ဆောင်ကျဉ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်။

http://www.photayokeking.org/မှတဆင့်ရရှိသည်။