Saturday, February 19, 2011

The Voice Weekly vol. 7-11

The Voice 7-11

အမျိုးသားပြန်လည်သင့်မြတ်ရေး : ပြည်ထောင်စုစိတ်ဓါတ် နှင့် ၂၁ ရာစု ပင်လုံညီလာခံ (၃)


အမျိုးသားပြန်လည်သင့်မြတ်ရေး : ပြည်ထောင်စုစိတ်ဓါတ် နှင့် ၂၁ ရာစု ပင်လုံညီလာခံ ()
ခွဲထွက်ခြင်းနဲ့ တွဲဖက်ခြင်း (အဆက်)

ခွဲထွက်ရေးလှုပ်ရှားမှုများ။

ကမ္ဘာပေါ်ရှိပြည်ထောင်စုနိုင်ငံနဲ့လူမျိုးစုတွေနဲ့စုစည်းထားတဲ့တပြည်ထောင်နိုင်ငံတော်တော်များများမှာ၊ကုလသမဂ္ဂ ပဋ္ဋိညာဉ်စာတမ်းပါ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ အချက်ကိုကိုင်ပြီး ခွဲထွက်ဖို့ ကြိုးစားခဲ့ကြ၊ ကြိုးစားနေကြ တာတွေရှိပါတယ်။

လက်နက်ကိုင်လှုပ်ရှားမှုနဲ့ ကြိုးစားနေတာရှိသလို၊ လက်နက်ကိုင်မဟုတ်တဲ့နည်းလမ်းနဲ့ကြိုး စားနေတာတွေ လည်းရှိပါတယ်။ အောင်မြင်သွားတဲ့နိုင်ငံများ(ဖေါ်ပြခဲ့ပြီးဖြစ်တယ်)လည်းရှိသလို၊ မအောင်မြင်ခဲ့တာတွေ၊ မ အောင်မြင်သေးတာတွေလည်းရှိပါတယ်။ ခွဲထွက်ရေးလှုပ်ရှားမှုရှိနေတဲ့ နိုင်ငံတွေထဲက မအောင်မြင်တဲ့၊ မအောင် မြင်သေးတဲ့၊ လတ်တလောထင်သာမြင်သာ အဖွဲ့အချို့အကြောင်းဖေါ်ပြရရင်။

သီရိလင်္ကာနိုင်ငံ တမီလ်ခွဲထွက်ရေး။ တမီလ်လူမျိုးစုတွေဟာ ဆယ်စုနှစ်သုံးခုနီးပါး လက်နက်ကိုင် တိုက်ပွဲ ဆင်နွဲပြီး သိရိလင်္ကာနိုင်ငံထဲက ခွဲထွက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီခွဲထွက်ရေး လှုပ်ရှားမှုရဲ့အခြခံ နောက်ကြောင်းကို အကျဉ်းခြုံးပြန်ကြည့်ရင်

သီရလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ၇က်နေ့မှာ ဗြိတိသျှလက်အောက်က လွတ်လပ်ရေးရခဲ့တယ်။
ဗြိတိသျှမတိုင်ခင်က ပေါ်တူဂီ နှင့် ဒခ်ျ တို့လက်အောက်ကျရောက်ခဲ့သေးတယ်။ အင်္ဂလိပ်လက်အောက်က လွတ် လပ်ရေးယူစဉ်က ရေးခဲ့တဲ့ အခြေခံဥပဒေအရသီရိလင်္ကာဟာ တပြည်ထောင်စနစ်နိုင်ငံဖြစ်တယ်။ အင်္ဂလိပ်စာကို တရားဝင်ရုံး သုံး စာပေအဖြစ်ပြဌာန်းခဲ့တယ်။

၁၉၅၆ ခုနှစ်မှာ အက်စ်. ဒဗလျူ. အာ. ဒီ. ဗန္ဒရာနိုက်ကေး ဝန်ကြီးချုပ်ဖြစ်လာတော့ ဆင်ဟာလာ ဘာသာစကား တခုတည်းသာရုံးသုံးဘာသာစကားဖြစ်ရေးဆိုတဲ့ သူရဲ့ရွေးကောက်ပွဲဂတိကို အကောင်အထည်ဖေါ်ပါတော့ တယ်။ ဒီမှာ ပြဿနာကစတာပါ။ လူမျိုးရေးပဋိပက္ခတွေစတင်လာပါတယ်။ လူမျိုးရေးဆိုလို့ သီရိလင်္ကာမှာ ဆင်ဟာလီနဲ့တမိလ်လူမျိုးဆိုပြီး အဓိကလူမျိုး ၂ မျိုးရှိတယ်။ ဆင်ဟာလီလူမျိုးများက လူများစုဖြစ်ပြီး ဗုဒ္မွ ဘာသာဝင်တွေဖြစ်တယ်။ ဘီစီ ၅၀၀ ခုနှစ်လောက်ကတည်း(ယခု အိန္ဒိယနိုင်ငံ) ကနေလာရောက် အခြေချကာ ဘုရင့်နိုင်ငံထူထောင်ခဲ့ကြတယ်။ ၁၃ ရာစုလောက်မှာ တမီလ်လူမျိုးတွေက မြောက်ပိုင်းကိုဝင်ရောက် အခြေချ နေထိုင်လာခဲ့တယ်။ တမိလ်တွေကတော့ ဟိန္ဒူဘာသာဝင်တွေဖြစ်တယ်။ ဒါ့အပြင် ဆင်ဟာလီမွတ်စလင်၊ တမီလ် မွတ်စလင်တွေ ရှိသလို ဆင်ဟာလီခရစ်ယာန်၊ တမီလ် ခရစ္စယာန်တွေလည်း ရှိပါတယ်။

အထက်ကဖေါ်ပြတဲ့တရားဝင်ဘာသာစကားကစခဲ့တဲ့ပြဿနာဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တောင်း ဆိုချက်မှသည် ခွဲထွက်ရေးတောင်းဆိုချက်အထိရောက်ခဲ့ရတယ်။ အဓိက ပါတီကြီးဖြစ်တဲ့ Tamil United Liberation Front က တမီလ်တွေကို မျိုးချစ်စိတ်တွေပြင်းထံစေခဲ့တယ်၊ မျိုးချစ်ဝါဒီလူငယ်တွေ မွေးထုတ်ပေးခဲ့ တယ်။ တမီလ်တွေအမျိုးသားရေးစိတ် တွေပြင်းထန်လာသလို တဖက်မှာလည်း ဆင်ဟာလီ မျိုးချစ်အစွန်းရောက် သမားတွေ လည်းရှိနေပါတယ်။ ၁၉၇၀ ခုနှစ် နောက်ပိုင်းမှာတော့လက်နက်ကိုင် တိုက်ပွဲဝင်ခြင်းဖြင့်သာ လွတ် လပ်ရေး ရနိုင် တယ်ဆိုတဲ့ ကျောင်းသားလူငယ်တွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုအဖွဲ့များလည်း ပေါ်လာခဲ့တယ်။ ၁၉၈၀ခုနှစ်များ အစောပိုင်းကစလို့ ပြည်တွင်းစစ်ဖြစ်လာတော့ အလယ်အလတ်သဘေားထားရှိတဲ့ TULF ဟာ ဆင်ဟာလီတို့ရဲ့ အပစ်တင်ခြင်းခံရသလို၊ တမီလ်လက်နက်ကိုင် အဖွဲ့အစည်းရဲ့ပစ်မှတ်လည်းဖြစ်လာခဲ့ရတယ်။ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်တချို့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ဆိုပါတယ်။

၁၉၇၆ ခုနှစ် ကဖွဲ့စည်းခဲ့တဲ့တမီလ်တိုင်းဂါး အဖွဲ့(LTTE)ဟာ အင်အားတောင့်တင်းတဲ့ အဓိကကျတဲ့ လက်နက် ကိုင်အဖွဲ့ကြီးဖြစ်လာပြီး ဂျဖနာကျွန်းအပါအဝင် တမီလ်နယ်မြေ တော်တော်များများကိုထိန်းချုပ်ထား နိုင်ခဲ့တယ်။ De facto Government (ဥပဒေအရမဟုတ်တဲ့) အစိုးရ အဖြစ်ရပ်တည်နိုင်ခဲ့တယ်။ ဒါပေမဲ့ အယူအဆ မတူတဲ့ လက်နက်ကိုင်အုပ်စုများကလည်းရှိနေကြတော့ အုပ်စုအချင်းချင်း အားပြိုင်မှုတွေ၊ ပဋ္ဋိပက္ခဖြစ် မှုတွေက လည်းရှိကြတယ်။ ဆိုတော့ကာ အုပ်စုထဲမှခွဲထွက်ပြီး သီရိလင်္ကာအစိုးရနဲ့ပေါင်းတဲ့ အဖွဲ့ရှိသလို၊ ပြည်သူ့ စစ်ဖွဲ့ပြီး အစိုးရကို ကူညီနေတာလည်းရှိခဲ့ပါတယ်။ ခွဲထွက်တာကို မလိုလားဘဲ ပြည်ထောင်စုတည်ဆောက်ပြီး အာဏာခွဲ ဝေရေးကို လိုလားတဲ့ တမီလ် အဖွဲ့များလည်းရှိကြပါတယ်။

သီရိလင်္ကာ လူနည်းစုတမီလ်လူမျိုးတွေကို လူများစုဆင်ဟာလီ အစိုးရကရဲ့ခွဲခြားဖိနှိမ်မှုအပေါ် နိုင်ငံတကာက စာနာထောက်ထားမှု ရှိခဲ့သော်လည်း၊ နောက်ပိုင်းမှာတော့ ထောက်ခံမှုတွေကျဆင်းလာခဲ့တဲ့အပြင်၊ အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံက ဒီအဓိကအဖွဲ့ကြီးဖြစ်တဲ့ တမီလ်တိုင်းဂါး အဖွဲ့(LTTE) ကို အကြမ်းဘက်အဖွဲ့လို့ သတ်မှတ်ခဲ့ကြပါတယ်။ တမီလ်တိုင်းဂါးအဖွဲ့ဟာ တော်လှန်ရေးအဖွဲ့ဖြစ်ပေမဲ့ တော်လှန်ရေး အဖွဲ့တွေလိုက်နာသင့်တဲ့ စံစည်းမျဉ်းတွေမရှိဘူး၊ လူအခွင့်အရေးချိုးဖေါက်မှုတွေရှိတယ်။ လူမျိုးပြုန်းသတ်ဖြတ် မှုတွေလုပ်တယ်။ သူတို့ထိန်းချုပ်ရာဒေသတွေ မှာနေထိုင်တဲ့တမီလ်မွတ်စလင် စင်ဟာလီစကားပြောမွတ်စလင်၊ သောင်းနဲ့ချီတဲ့မွတ်စလင်တွေကို နေ့ချင်းညချင်း အတင်းအကြပ်ရွေ့ပြောင်းခိုင်းတယ်၊ ဗလီထဲမှာ ဘုရားဝတ်ပြုနေ စဉ် ရာနဲ့ချီတဲ့မွတ်စလင်တွေကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တယ်။ ဆင်ဟာလီတွေကို မောင်းထုတ်တယ်။ အသေခံဗုန်းခွဲတိုက်ခိုက်မှုအစီအစဉ်တွေနဲ့ အရပ်ဘက်ဆိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်၊ ဆိုတဲ့အချက် တွေကြောင့် နိုင်ငံတကာက အကြမ်းဘက်အဖွဲ့အဖြစ်သတ်မှတ်ခဲ့တာဖြစ်တယ်။

၂၀၀၉ ခုနှစ် မေလမှာ သီရိလင်္ကကာအစိုးရစစ်တပ်က တမီလ်တိုင်းဂါး ထိန်းချုပ် နယ်မြေအားလုံးကို စစ်ဆင် သိမ်းပိုက်လိုက်တယ်။ တိုင်းဂါးခေါင်းဆောင် ဘယ်လူပီလိုင်း ဘရာပကရာန် နဲ့ စစ်ခေါင်းဆောင်များဟာလည်း စစ်ပွဲမှာ ကျဆုံးကာ ခွဲထွက်ရေးကိစ္စ တခန်းရပ်သွားပါတယ်။

အင်ဒိုနီးရှားမှ အာချေးပြည် ခွဲထွက်ရေး။ Free Aceh Movement အာချေးပြည်လွတ်မြောက်ရေး လို့ခေါ်တဲ့ GAM ဟာ ၁၉၇၆ ခုနှစ်မှာ ပေါ်လာပြီး လက်နက်ကိုင်တိုက်ပွဲနည်းလမ်းနဲ့အင်ဒိုနီးရှားနိုင်ငံထဲက ခွဲထွက်ဖို့ ကြိုးပမ်း ခဲ့တာ ဖြစ်တယ်။ အာချေးဒေသဟာ ရေနံထွက်တယ်၊ သယံဇာတပစ္စည်းကြွယ်ဝတယ် ဆိုပေမဲ့လည်း ဒီ သယံဇာ တရဲ့ အကျိုးအမြတ်များကို အာချေးဒေသသားများမခံစားရတာရယ်၊ နောက် ၁၉၅၉ ခုနှစ်တုန်းက အင်ဒိုနီးရှား အစိုးရက အာချေးကို အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်နယ်မြေအဆင့် သတ်မှတ်ပေးခဲ့ပြီး သီးခြားလွတ်လပ်တဲ့ ဥပဒေ စနစ် ကျင့်သုံးခွင့်ပေးအပ်ခဲ့တာ လက်တွေ့မှာတော့ ဟုတ်တိပတ်တိမရတာရယ် စတာတွေကို မကျေမနပ်လို့ အင်ဒိုနီးရှားက ခွဲထွက်ပြီးနဂိုမူလ အတိုင်းလွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ပြန်လည်နေထိုင်ဖို့ ကြိုးပန်းခဲ့တာဖြစ်တယ်။

သမိုင်းကြောင်းအရ အင်ဒိုနီးရှားနိုင်ငံ စူမားတြားကျွန်းမြောက်ပိုင်းက အာချေးပြည်နယ်ဟာ ၁၈၇၅ ခုနှစ် ဒခ်ျတွေ မသိမ်းပိုက်ခင်အချိန်အထိ လွတ်လပ်တဲ့ စူလတန်စော်ဘွားနိုင်ငံဖြစ်ခဲ့တယ်။ ၁၉၄၉ခုနှစ် အင်ဒိုနီးရှားကိုလွတ်လပ် ရေးပေးတဲ့အခါ အာချေးဒေသကို ဒခ်ျတို့က အင်ဒိုနီးရှားထဲပေါင်းထည့်ခဲ့တယ်လို့ဆိုပါတယ်။ အဲသလို အင်ဒိုနီးရှား ထဲပေါင်းလိုက်တာမှာ အာချေးပြည်သူတွေကို ဘာမှတိုင်ပင်ခြင်းမရှိဘဲ ပြည်သူများရဲ့ဆန္ဒမပါဘဲ ပေါင်းလိုက်တာ ဖြစ်လို့ တရားမဝင်ဘူးလို့ GAM ဆိုပါတယ်။

ဒီအဖွဲ့ရဲ့ လက်နက်ကိုင်တိုက်ပွဲ ကျယ်ကျယ်ပြန့်ပြန့်မဆင်နွဲနိုင်ခင်မှာဘဲ အင်ဒိုနီးရှားစစ်တပ်ရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရတယ်။ အဖွဲ့ခေါင်းဆောင် (အမေရိကန် ကိုလံဘီယာ တက္ကလိုလ်ဆင်း) ဟာဆန်ဒီတီရို လည်း အသက် ဘေးမှ သီသီလေးလွတ်ကာ မလေးရှားကိုရှောင်တိမ်းခဲ့ရတယ်။ ဂျီအေအဲမ်အဖွဲ့ မအောင်မမြင်ဖြစ်ရတာကတော့ ဒေသတွင်းထောက်ခံမှုမရသလို အနောက်နိုင်ငံများကလည်း ဗိုလ်ချုပ်ကြီးဆူဟာတိုရဲ့ ကွန်မြူနစ်ချေမှုန်းရေး မူ ကို ထောက်ခံနေတဲ့အပေါ်မှာ အစိုးရနဲ့နီးနီးကပ်ကပ်ဆက်ဆံနေရတော့ ဂျီအေအဲမ် အနေနဲ့ နိုင်ငံတကာ ထောက် ခံမှုလည်းမရခဲ့ဘူး လို့ဆိုကြပါတယ်။ ဒါပေမဲ့ ဟာဆန် ဒီတီရိုဟာ ပြည်ပကနေ ဆက်လက်ကြိုးစားခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ စနစ်တကျလက်နက်ကိုင်တပ်များကိုစုစည်းပြီး ပြန်လည်လှုပ်ရှားလာပါတယ်။ အင်အား လည်းအတော်အသင့် တိုးတက်လာခဲ့တယ်။ ပြည်တွင်းထောက်ခံမှုတွေလည်း အရှိန်မြင့်လာတဲ့အတွက် အင်ဒို နီးရှား အစိုးရက အာချေး ဒေသကို အထူးစစ်ဆင်ရေးဇုံအဖြစ်ကြေညာရသည်အထိဖြစ်ခဲ့ပြီး အပြတ်ချေမှုန်း ပြန်ပါတယ်။ ဒီတကြိမ်မှာတော့အစိုးရ စစ်ဆင်ရေးအောက်မှာ အာချေးပြည်သူများ အလူးအလိမ့်ခံခဲ့ကြရပါတယ်။ အစိုးရက လူ့အခွင့်အရေး ချိုးဖေါက်မှု တွေကျူးလွန်ခဲ့သလို ဂျီအေအဲမ် အဖွဲ့ဝင်များကလည်း အရပ်သားနေရာ တွေကို ပစ်မှတ်ထားတိုက်တာတွေ ရှိတယ်လို့ဆိုတယ်။ စစ်တပ်သတင်းပေးလို့ သံသယရှိသူတွေကို သတ်ဖြတ် တာတွေလုပ်ခဲ့တယ်လို့ဆိုတယ်။ ၁၉၉၆ ခုနှစ်မှာတော့ အစိုးရက ဂျီအေအဲမ်အဖွဲ့ကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ ကြောင်းကြေညာပါတယ်။ ဂျီအေအဲမ် အဖွဲ့ဝင်များဟာလည်း မလေးရှား နယ်မြေထဲသို့ တိမ်းရှောင်ခဲ့ကြပြန်ပါ တယ်။

၁၉၉၈ ခုနှစ် သမတ ဆူဟာတိုပြုတ်ကျပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံရေး အပြောင်းအလဲဖြစ်လာတဲ့ ကာလမှာ တော့ အာချေးကနေ စစ်တပ်တွေရုပ်သိမ်းလိုက်ပါတယ်။ အဲဒီအချိန်မှာ ဂျီအေအဲမ် အတွက်အကွက်ကောင်း ဆိုက်လာပါတယ်။ လှုပ်ရှားမှုတွေတိုးချဲ့လာနိုင်ပြန်တယ်။ နယ်မြေတွေကိုလည်း တစုံတရာ ထိန်းသိမ်းလာ နိုင်ခဲ့တယ်။ အထူးစစ်ဆင်ရေးကာလတုန်းက စစ်တပ်ရဲ့မတရားရက်စက်တဲ့ လုပ်ရပ်တွေအပေါ်မှာ ခံပြင်းစိတ် တွေကြောင့် လူငယ်များဟာ အာချေးလွတ်လပ်ရေးတပ်ဖွဲ့ထဲ (ဂျီအေအဲမ် တပ်) ဒလဟော ဝင်ရောက်ခဲ့ကြ ပါတယ်။ ၁၉၉၉ ခုနှစ်နိုဝင်ဘာလထဲမှာ ပြည်သူအင်အား ၅ သိန်းကျော်ကလည်း လွပ်လပ်ရေးအတွက် ဆန္ဒပြခဲ့ပါ ကြပါသေးတယ်။ ကွန်မြူနီတီခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များနဲ့ အရပ်ဘက်ရုံးဝန်ထမ်း များက စစ်တပ်မှ အာချေးလွတ်မြောက်ရေးအဖွဲ့အားထိုးစစ်ဆင်တာကို ဆန့်ကျင်ခဲ့ကြပါတယ်။ အဖွဲ့ခေါင်းဆောင် ဟာဆန် ဒီတိုတီနဲ့ ဒုခေါင်းဆောင်၂ယောက်တို့ဟာ ဆွီဒင်နိုင်ငံ စတော့ဟုန်မ်း ကနေပြီး အာချေးလှုပ်ရှားမှုကို စီစဉ်နေတာ အရှိန်မြှင့်လာပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အစိုးရက ၂၀၀၁ ခုနှစ်မှာ အာချေးအထူးကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကိုပြဌာန်းပေးပါတယ်။ အဲဒီဥပဒေထဲမှာ အာချေးပြည်နယ် သယံဇာတ ဝင်ငွေရဲ့ ၇၀% ကို အာချေးပြည်နယ်ကယူဖို့နဲ့၊ ရှရီယာ ဘာသာ ရေးဥပဒေပြဌာန်းလိုက ပြဌာန်းခွင့်များပါပေးထားပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ ဆွီဒင်အစိုးရရဲ့ ကြားဝင် ဆောင် ရွက်ပေးမှုကြောင့် အင်ဒိုနီးရှားအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖြစ်ပါတယ်။ သို့သော်အဆင်မပြေခဲ့ပါ။ အစိုးရက ဂျီအေအဲမ်အနေနဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကို လက်ခံစေခြင်တယ်။ ဂျီအေအဲမ်က လွတ်လပ်ရေး အ တွက် လူထုဆန္ဒခံယူပွဲ ကျင်းပခွင့်ကိုတောင်းတယ်။ အဲဒါအစိုးရကလက်မခံပါ။ အစိုးရက ဂျီအေအဲမ် အနေနဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကို ၂၀၀၂ ဒီဇင်ဘာလမှာ နောက်ဆုံးထားလက်ခံဖို့ ရာဇသံပေးလိုက်တယ်။ လက်မခံရင်တော့ ထိုးစစ်ဆင်မယ်ပေါ့။ ဆိုတဲ့အတိုင်းဘဲ ၂၀၀၂- ၂၀၀၄ မှာတော့ အစိုးရက အာချေးဒေသ စစ်ဆင်ရေးပြန်လည်စတင်ခဲ့ပါတယ်။ ဂျီအေအဲမ်က အထိနာလာပြန်ပါတယ်။ တပ်အင်အား ၅၀%လောက်အထိ ဆုံးရှုံး ရပြန်တယ်။ အတွေ့အကြုံကလည်းနည်း၊ တပ်အင်အားကလည်းသောင်းဂဏန်းသာသာ လောက်ဘဲရှိတဲ့ လွတ်မြောက်ရေးအဖွဲ့ဟာ အင်အားလေးသိန်းကျော်ရှိတဲ့ အစိုးရစစ်တပ်ကို လွတ်လပ်ရေးစိတ်ဓါတ်နဲ့သာ ကျား ကုတ်ကျားခဲ တိုက်ပွဲဝင်နေရတဲ့အထဲ သဘာဝတရားကပါရောပြီး ဖိစီးပေးလိုက်ပါတယ်။ အာချေးပြည်သူ များကံခေတယ်လို့ဆိုရမလားဘဲ၊ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ဆိုနာမီ ပင်လယ်ငလျှင်ဒဏ် အကြီး အ ကျယ်ခံလိုက်ရရှာတယ်။

ဆိုနာမီဒဏ်ခံလိုက်ရတော့ကာ အင်ဒိုနီးရှားအစိုးရကလည်း နိုင်ငံခြားမှ အကူအညီများ ဆူနာမီ ဒုက္ခသည်များထံ အရောက်ပို့ပေးစေနိုင်ဖို့ ရှိထားတဲ့ကန့်သတ်ချက်တွေကို လျော့ပေးခဲ့တယ်။ အစိုးရဘက်က အာချေးလူထု အပေါ် စာနာပျော့ပြောင်းမှု သဘောထားတွေဖေါ်ထုတ်ပြသခဲ့တယ်။ အစိုးရကကန့်သတ်ချက်တွေ လျှော့ပေး လိုက်တဲ့အပေါ် ဂျီအေအဲမ် အနေနဲ့ အခွင့်ကောင်းယူ စစ်ရေးအရဝင်လှုပ်ရှားရင်ဖြင့် ဒါအလွန် မလျှော်ကန်ရာကျ မှာဖြစ်တယ်။ တဘက် မှာလည်း ဖင်လန်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဂျီအေအဲမ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုက်တွန်းမှု တွေကရှိနေပါတယ်။ ၂၀၀၅ ခုနှစ်အကုန်မှာတော့ ငြိမ်းချမ်းရေးကိစ္စပြေလည်သွားကြပါတယ်။ အင်ဒိုနီးရှား တပြည်ထောင်နိုင်ငံထဲမှာဘဲ အာချေးအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလက်ခံပြီး ငြိမ်းချမ်းရေးစာချုပ် လိုက်ပါတော့တယ်။

ပြောရရင် အာချေး လွတ်လပ်ရေးလှုပ်ရှားမှုကို နိုင်ငံခြားတိုင်းပြည်များက စာနာမှုရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံ ပဲ့ထွက်တာမျိုးကို မထောက်ခံလိုကြပါဘူး။ အာချေးလွတ်မြောက်ရေးအဖွဲ့က အာချေးရှိ အမေရိကန် Exxom Mobile Gas ကုမ္ပဏီကို တိုက်ခိုက်ခဲ့ပေမဲ့လည်း အမေရိကန်ပြည်ထောင်စုက ဒီအဖွဲ့ကို အကြမ်းဘက်အဖွဲ့ (Terrorist)စာရင်းမသွင်းခဲ့ပါဘူး။ သတိပေးရုံသာပေးခဲ့ပါတယ်။ ဒါအပြင် ဂျီအေအဲမ်ကို ယူနိုက်တက် အင်ဒိုနီးရှား နိုင်ငံထဲမှာ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဆွေးနွေးဖို့ကိုဘဲ ယခင်ကလည်း တိုက်တွန်းခဲ့သလို ဆက်လက်ပြီး လည်းတိုက်တွန်းခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံတွင်းက ခွဲထွက်ရေး လှုပ်ရှားတဲ့ နယ်မြေတွေ(အာချေးနဲ့ အနောက် ပါပူးဝါး) မှာ အရှေ့တီမောမှာ ထားခဲ့တဲ့မူမျိုး မထားတော့ဘဲ အင်ဒိုနီးရှား နယ်မြေတည်တံ့ရေးကို အားပေးသွား မယ်လို့ အမေရိကန်ကဆိုပါတယ်။ ဒါကြောင့်လည်း အာချေးလွတ်မြောက်ရေး အဖွဲ့ခေါင်းဆောင်များဟာ အခြေအနေမပေးတဲ့အလျှောက်၊ ပါးနပ်စွာဘဲ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကျေနပ်လိုက်ကြပုံပါတယ်။ နှစ်ပေါင်း ၃၀ ကြာ လက်နက်ကိုင် လွတ်လပ်ရေးတိုက်ပွဲဟာလည်း အဆုံးသတ်လိုက်ပါတယ်။
(ဆက်လက်ဖေါ်ပြမည်)

ဝင်းမောင်
( ၁ရ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂၀၁၁)

၁၉.၂.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
19 Feb 2011 Yeyintnge's Diary.doc19 Feb 2011 Yeyintnge's Diary.doc
830K   View   Download  
19 Feb 2011 Yeyintnge's Diary.pdf19 Feb 2011 Yeyintnge's Diary.pdf
940K   View   Download  

http://www.mediafire.com/file/o9xpkx7rp14v47p/19%20Feb%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/5j1fosw5clfovdk/19%20Feb%202011%20Yeyintnge%27s%20Diary.pdf
19 Feb 2011 Yeyintnge's Diary

အကျဉ်းသားကူညီရေး ဝိုင်းဝန်းကြဖို့ ဦးဝင်းတင် ပန်ကြား


2011-02-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ နိုင်ငံရေး အကျဉ်းသား တဦးချင်းအလိုက် မဲနှိုက်ပြီး ကူညီနေတဲ့ အစီအစဉ်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဝိုင်းဝန်းကူညီ ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင် ဦးဝင်းတင်က ပန်ကြားလိုက်ပါတယ်။
(Photo: AFP)
စက်တင်ဘာ ၂၇ ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
“နိုင်ငံရေး အကျဉ်းသား ၅ဝ လောက်ကို အမေရိက ကနေ တာဝန်ယူမယ်ပေါ့။ အလားတူပဲ ကျနော်တို့ရဲ့ စိတ်ဆန္ဒ အစီအစဉ်ထဲမှာတော့ အင်္ဂလန်တို့ သြစတြေလျတို့ ဂျပန်တို့ ဆိုတဲ့ဒေသတွေမှာလည်း မဲနှိုက်ပြီး တာဝန်ယူမှုတွေ လုပ်သွားဖို့ ရည်ရွယ်ချက် ရှိပါတယ်။ အကျဉ်းသားတွေရဲ့ ဒုက္ခသုက္ခတွေ၊ ပုဂ္ဂိုလ်ရေး အခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့ အကူအညီပေးသွားဖို့ အဆင်သင့် ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

လက်ရှိ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်မှာ ကူညီစောင့်ရှောက်ဖို့ မဲနှိုက် တာဝန်ယူထားသူ ၆ ရာကျော်အတွက်သာ ရှိသေးတာကြောင့် ကျန် နိုင်ငံရေး အကျဉ်းသားတွေအတွက် တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီကြဖို့ ဦးဝင်းတင်က လှုံ့ဆော်လိုက်တာပါ။

အခုနောက်ပိုင်း ဒီအစီအစဉ်မှာ ပါဝင်လာသူတွေ ပိုများလာတယ်လို့လည်း ဆိုပါတယ်။ မြန်မာစစ်အစိုးရဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ မနီလာသိမ်း အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီး ထောင်ချပြီး မိသားစုတွေ ထောင်ဝင်စာတွေ့ဖို့ ခက်ခဲမယ့် နယ်ဝေးထောင်တွေကို ပို့ထားပါတယ်။

ဒါ့ပြင် အကျဉ်းထောင်တွင်းမှာ နောက်ထပ် အခက်အခဲ တွေ့အောင် ဖန်တီးထားတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို စိတ်ဓာတ်ရေးရာ အားပေးမှုပဲ ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုပဲဖြစ်စေ ကူညီကြဖို့ NLD က ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးဝင်းတင်နဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

နိုင်ငံတော်ကိုယ်တိုင်က အကြမ်းဖက်သမားဖြစ်နေပြီလား



ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၁

ဒီတပတ် ဆရာဦးဝင်းတင်နဲ့ ဆုံတွေ့စကားပြောဖြစ်တဲ့အခါမှာ အဓိကမေးဖြစ် ပြောဖြစ်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီကို စစ်အစိုးရအာဘော် သတင်းစာများကနေပြီးတော့ ကြေကွဲဖွယ် ဇာတ်သိမ်းနဲ့ ကြုံရလိမ့်မယ်လို့ တရားဝင်ခြိမ်းခြောက်လိုက်တာရယ်၊ စီးပွားရေးပိတ်ဆို့မှုများနဲ့ ပတ်သက်တဲ့ သဘောထားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို ပြစ်တင်ဝေဖန်ပြောဆိုလာတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလ ၁၃၊ ၁၄၊ က စပြီးတော့ စစ်အစိုးရသတင်းစာတွေကနေပြီးတော့ အင်န်အယ်ဒီရဲ့ ဆန်ရှင်အပေါ် သဘောထားနဲ့ ပတ်သက်ပြီး ပြန်လှန် ဝေဖန်တိုက်ခိုက်တဲ့ ဆောင်းပါးတွေ ထည့်လာတယ်။ အဲဒီအထဲမှာ စီးပွားရေးပိတ်ဆို့မှုအပေါ်မှာ ပြန်လှန်ပြီး ပြောဆိုဆွေးနွေး ဝေဖန်ရန်တွေ့နေတာတွေအပြင်ကို ထူးထူးခြားခြား ဘာကို ထည့်ပြောလာသလဲဆိုတော့ ဒီလိုမျိုးစစ်အစိုးရကို ဆန့်ကျင်တဲ့ သဘောထားရှိတဲ့ ဒေါ်စုနဲ့ အင်န်အယ်ဒီပါတီဟာ သမိုင်းနိဂုံးချုပ်မယ်၊ နိုင်ငံရေးကျဆုံးမယ်လို့ ခြိမ်းခြောက်တဲ့ စကားကို ပြောတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့သတင်းစာမှာတော့ ဒေါ်စုကို အင်္ဂလိပ်ဘာသာနဲ့ တိတိကျကျ ပြတ်ပြတ်သားသားကို အသက်အန္တရာယ်နဲ့ ကြုံရမယ်၊ ကြေကွယ်ဖွယ် ဇာတ်သိမ်းနဲ့ ဇာတ်သိမ်းမလှ ဖြစ်လိမ့်မယ်လို့ကို ပြောင်ပြောင်တင်းတင်း ပြောလိုက်တယ်။ အတိအကျ စကားလုံးက She will meet her tragic end လို့ ပြောလိုက်တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့က ဘာမြင်သလဲဆိုတော့ လက်နက်ကိုင်ထားတဲ့ စစ်အစိုးရက စစ်အာဏာပိုင်တွေက လက်နက်မဲ့တဲ့ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အကြမ်းဖက်မယ်၊ ရန်မူမယ်လို့ ပြောလိုက်တယ်လို့ မြင်တယ်။ စိုးရိမ်စရာကောင်းတဲ့ သဘောလို့ မြင်ပါတယ်။ ဒါကို ဆရာက ဘာပြောချင်သလဲ။ ဆရာတို့က ဒါကို ပေါ့ပေါ့ဆဆပဲ သဘောထားသလား။

အဲသည်ဆောင်းပါ်းတွေရဲ့ ဂယက်နဲ့ ကျနော်တို့ သဘောထားကို မပြောခင်မှာ၊ ပြည်သူလူထုဖက်က တုန့်ပြန်မှုကို မပြောခင်မှာ အရင်ဆုံး ဘာကို ပြောချင်သလဲ ဆိုတော့ - သူတို့စစ်အစိုးရရဲ့ သတင်းစာကနေ ဒီလိုမျိုး စကားလုံးတွေ သုံးစွဲပြီး ခြိမ်းခြောက် ရေးသားလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနကနေပြီး အလွန်အမင်း စိုးရိမ်သွားပြီးတော့ သူတို့အစိုးရတရပ်အနေနဲ့ စစ်အစိုးရကို တရားဝင် သတိပေးပြောဆိုချက် ထွက်ပေါ်လာတာကို တွေ့ရတယ် လို့ ပြောချင်ပါတယ်။

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရကို သတိပေးတဲ့ စကားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့၊ စောင့်ရှောက်ပေးဖို့ တာဝန်ဟာ စစ်အစိုးရမှာ တာဝန်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တယ်။ မြန်မာပြည်တွင်းက ပြည်သူတွေနဲ့အတူ စိုးရိမ်တယ်လို့ သဘော ပြောလာတာကို တွေ့ရပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့တွေမှာကော၊ ပြည်သူလူထုတွေ ကြားထဲမှာ စိုးရိမ်မှုတွေ၊ သောကတွေ ပိုပြီး ဖြစ်လာတယ်။ ကျယ်ပြန့်လာတယ်လို့ ကျနော်တို့ ကြုံတွေ့နေရပါတယ်။

သူတို့စစ်အစိုးရ ကျင်းပနေတဲ့ လွှတ်တော်ဆိုတဲ့ ဆီမှာကလည်း ၀န်ကြီးတွေ ခန့်တာတွေ၊ ထွက်တာတွေ၊ အပြောင်းအလဲတွေ ဖြစ်တယ်လို့ သတင်းတွေ၊ ပါးစပ်အပြောတွေကလည်း ပြန့်နှံ့ပြီး တိုင်းပြည်ကလည်း မငြိမ်မသက်ဖြစ်နေတဲ့အတွက် ဖေဖော်ဝါရီလ ၁၇ နေ့က ဆိုရင် ဘယ်လောက်ထိ ကောလဟလတွေက ဖြစ်သလဲ ဆိုတော့ ညကပဲ အင်န်အယ်ဒီပါတီကို ၀င်သိမ်းတယ်၊ ၀င်ဖမ်းတယ် ကြားလို့ သတင်းဌာနတွေက ပြည်သူတွေက ဖုံးဆက်ပြီး မေးကြ၊ မြန်းကြ၊ စုံစမ်းကြတာတွေကိုတောင် ကျနော်တို့ ကြုံကြရတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ စစ်အစိုးရရဲ့ တင်းမာတဲ့ သဘောထား ထုတ်ပြန်ချက်ကြောင့် နိုင်ငံတကာမှာကော၊ ပြည်တွင်းက ပြည်သူလူထုတရပ်လုံးမှာပါ မတည်မငြိမ်နဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ပြောချင်ပါတယ်။

နောက်မေးခွန်းတခုကတော့ ဆရာရယ်။ အခု ဖေဖော်ဝါရီလမှာ ထုတ်ပြန်လိုက်တဲ့ အင်န်အယ်ဒီရဲ့ နိုင်ငံတာကဆန်ရှင်ပေါ်မှာ လက်ခံတယ်ဆိုတဲ့ သဘောထား၊ ပြီင်္းတော့ နိုင်ငံတကာကလည်း ဆန်ရှင်တွေ၊ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းမယ်၊ စဉ်းစားမယ် ဆိုရင်လည်း စစ်အစိုးရနဲ့ အပေါင်းအပါတွေနဲ့ တဖက်သတ် တွေ့ဆုံပြီး မဆုံးဖြတ်နဲ့၊ ပြည်သူလူထုထောက်ခံမှုရရှိထားတဲ့ အတိုက်အခံဒီမိုကရေစီအင်အားစုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အင်န်အယ်ဒီနဲ့တကွ မဟာမိတ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးပါလို့ ကမ်းလှမ်းလိုက်တယ်၊ ပြောလိုက်တယ်လို့ ကျနော်တို့က မြင်ပါတယ်။ အဲသည်လို ပြောတာ ဖြစ်တဲ့အတွက် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာလုံးနဲ့ မြန်မာပြည်တွင်းသာမက၊ ပြည်ပက မြန်မာပြည်အရေးစိတ်ဝင်စားသူတွေကိုပါ ရည်ရွယ်ပြီး ရေးသားလိုက်တယ်လို့ ရှုမြင်မိပါတယ်။ ဒီလိုမျိုး ရှင်းလင်းချက်က ဘာများ လူအများ နားမလည်စေတဲ့ မျက်စိလည်စရာများ ရှိနေလို့လဲ။

ဒါက ရှင်းလင်းပါတယ်။ ကျနော်တို့ရဲ့ ကမ်းလှမ်းချက်၊ သဘောထားထုတ်ပြန်ချက်က အင်န်အယ်ဒီနဲ့ မဟာမိတ်နိုင်ငံရေးအင်အားစုတွေ မပါဝင်ဘဲနဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့တာတွေကို ရုတ်သိမ်းဖို့၊ ပြင်ဆင်ဖို့၊ ဘာပဲ လုပ်လုပ်၊ မစဉ်းစားပါနဲ့၊ မဆုံးဖြတ်ပါနဲ့။ ကျနော်တို့နဲ့ ဆွေးနွေးပါလို့ ပြောလိုက်တာ ဖြစ်တယ်။ ဒါကို အနောက်နိုင်ငံတွေထဲမှာ အရင်ဦးဆုံး လက်ခံတာ၊ အသိအမှတ်ပြုတာက အမေရိကန်နိုင်ငံဖြစ်တယ်။ ဥရောပတို့ အီးယူတို့က ဘာပြောမလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။

စစ်အစိုးရနဲ့ သူတို့ အပေါင်းအပါတွေက အမြဲတစိုက်ပြောနေတာက ဆန်ရှင်တွေက ပြည်သူလူထုကို ထိခိုက်တယ်လို့ ပြောတယ်။ ကျနော်တို့ပြောနေတာက ပြည်သူလူထုကို ထိခိုက်တာထက် လူ့အခွင့်အရေးတွေ အမြဲချိုးဖောက်နေတဲ့ ဒီမိုကရေစီရေး တိုင်းပြည်အရေးကို အလေးမထားတဲ့ စစ်အစိုးရကို ထိခိုက်စေတယ် လို့ ပြောတယ်။ ဒါကြောင့် ဆန်ရှင်ကိစ္စကို လျော့ချင်တာပဲ ဖြစ်ဖြစ်၊ တိုးချင်တာပဲဖြစ်ဖြစ် ကျနော်တို့နဲ့ ဆွေးနွေးပါ၊ တိုင်ပင်ပါ။ သဘောထားကို တောင်းပါလို့ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါဆိုရင် ကျနော်တို့က ပြောချင်တာတခုကတော့ ပြည်သူလူထုတွေ၊ ပြည်တွင်းက တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်သမား လယ်သမားတွေ အားလုံးမှာ နိုင်ငံရေးချွတ်ခြုံကျမှု၊ စီးပွားရေး ချွတ်ခြုံကျမှု၊ ပညာရေးချွတ်ခြုံကျမှု၊ လူ့အခွင့်အရေးတွေ၊ အလုပ်သမား လယ်သမားအခွင့်အရေးတွေ အားလုံး ချွတ်ခြုံကျမှုတွေ ဖြစ်နေတယ်။ ခံစားနေရတယ်။ လူမှုရေး ကျန်းမာရေး အစစအရာရာ အထွေထွေ ဆင်းရဲ ချို့တဲ့နေရတာတွေ အားလုံးဟာ ဆန်ရှင်ကြောင့်လို့ စစ်အစိုးရနဲ့ အပေါင်းအပါတွေက ၀ိုင်းပြီး လက်ညှိုးထိုးနေတာကို စစ်အစိုးရလက်အောက်က ပြည်သူလူထုကြီး အားလုံးက တပြိုင်နက်တည်း ခေါင်းတွေ ညိတ်ပြီး ဟုတ်တယ် ဟုတ်တယ်လို့ ပြောနေကြလို့လား။ လူထုက ဘယ်လိုခံစားနေရတယ်၊ ဘယ်လိုနားလည် သဘောပေါက်နေတယ်လို့ ဆရာက မြင်သလဲ။ ပြောချင်သလဲ။

အခု ကျနော်တို့ သဘောထားထုတ်ပြန်ချက်တွေမှာလည်း ပြောပြီးပါပြီ။ တိုင်းပြည်မှာ အစစအရာရာ ချွတ်ခြုံကျပြီး ဆင်းရဲဒုက္ခမျိုးစုံနဲ့ လွတ်လပ်ရေးတွေ ဆိတ်သုဉ်းနေတာ၊ လူ့အခွင့်အရေးတွေ၊ အလုပ်သမား၊ လယ်သမားတွေ၊ တိုင်းရင်းသားတွေ အားလုံးရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးနေရတာဟာ ဆန်ရှင်ဆိုတာထက် စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ခြယ်မှုတွေ၊ စီမံခန့်ခွဲမှု ချွတ်ခြုံကျနေတာတွေ ကြောင့်ဖြစ်တယ်။ လက်ဝါးကြီးအုပ် စစ်အုပ်ချုပ်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေကြောင့် ဖြစ်တယ်ဆိုတာကို ပြည်သူတွေက ထင်ထင်ရှားရှား ပြတ်ပြတ်သားသား နားလည်နေပြီး ဖြစ်ပါတယ်။

အခုအချိန်မှာ လူထုက စစ်အစိုးရကြောင့် သည်လို အထွေထွေဆင်းရဲကြပ်တည်းမှုကို ရင်ဆိုင်နေရတာ ဖြစ်တယ်။ လူ့အခွင့်အရေး အလုပ်သမား လယ်သမား အခွင့်အရေးတွေ မရှိလို့ ဆင်းရဲတာ၊ စီးပွားရေးအခွင့်အရေးတွေ မရှိတာကြောင့် တိုင်းပြည် ကြပ်တည်းတာဆိုတာကို သိပြီး ဖြစ်တယ်။

အခုထုတ်ပြန်တာကလည်း ပြည်သူလူထုကို ရှင်းပြတာထက် နားဝေးတဲ့ ပြည်ပက အစုအဖွဲ့တွေ၊ သက်ဆိုင်ရာတွေကို သဘောပေါက်အောင်၊ နားလည်အောင် ရှင်းတာပဲ ဖြစ်တယ်။ ဒါကြောင့် ဘာလုပ်လုပ် ကျနော်တို့နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ပါ၊ ဒါကြောင့် ကျနော်တို့က အင်္ဂလိပ်ဘာသာနဲ့ စနစ်တကျ အချက်အလက်နဲ့ သေသေချာချာ ရေးသား ထုတ်ပြန်ရတာဖြစ်တယ်။ ဒါကို နားလည်ကြစေချင်တယ်။

ကျေးဇူးတင်ပါတယ် ဆရာ။
http://www.moemaka.com/

စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၅)



By ရော်နီညိမ်း စနေ, 19 ဖေဖော်ဝါရီ 2011

တပ်မှူးတပ်သား ပြောစကား (၀၄၈)

မြန်မာ့တပ်မတော်ရဲ့အမိန့်နာခံမှုနဲ့ ပတ်သက်ပြီး၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးတို့နဲ့ ဆက်သွယ် မေးမြန်းထားတာတွေကို ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၅)” ခေါင်းစဉ်နဲ့ စီစဉ် တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ အမိန့်မနာခံတာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရာထူးကနေ ဖယ်ရှားပြီး မကြာခင်မှာ၊ ဗိုလ်ချုပ်ကြီး သူရရွှေ မန်း ကိုယ်တိုင်လုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောသွားတဲ့ စကားတခွန်းက “ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အထက်က ပေးအပ်တဲ့ အမိန့် တွေကို မနာခံတာတွေက ရှိသေးတယ်။ အဲဒါကိုတော့ နောက်မှပြောမယ်”ဆိုပြီး အခန်းဆက်ဝထ္ထုလိုလိုဘာလိုလိုနဲ့လုပ်သွားတာ (၇)နှစ်လောက် ရှိပြီ။ အဲဒီတော့ သူပေးတဲ့ အမိန့်ကို မနာခံဘူးလို့ ဆိုလိုချင်တာလား၊ ဗိုလ်ချုပ်မှူးကြီး ပေးတဲ့အမိန့်ကို မနာခံဘူး လို့ဆိုချင်တာလား၊ ဘာများဖြစ် ခဲ့လို့ ဘာအမိန့်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်က မနာခံဘူးလို့ ဗိုလ်ချုပ်ကြီးရွှေမန်းက ဆိုလိုတယ်လို့ ဗိုလ်မှူး ဘယ်လိုယူဆပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်တုန်းကတော့ ကျနော်တို့သိသလောက် ကျနော်တို့ ရှိစဉ်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရာထူးကို (ဒုတိယ) ဗိုလ်ချုပ်ကြီးမြင့်ဆွေ (ယခု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ) ပေါ့လေ၊ သူ့ကိုလွှဲပေးဖို့ ဆိုတာမျိုးကို ဗိုလ်ချုပ်မှူးကြီးက ပြောတယ်လို့ ကျနော်တို့ ကြားရပါ တယ်။ တိုက်ရိုက်တော့ မဟုတ်ဘူးဗျ။ သူ တိုက်ရိုက် လူတစ်ယောက်ကို ဒဲ့သွားပြီးတော့မှ အဲဒီလို သူမပြောရဲဘူး။ ကြား လူကနေပြီး ပြောခိုင်းတာ။ အဲဒီအချိန်တုန်းကတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့ထောက်လှမ်းရေး အဖွဲ့အစည်းဟာ သူနဲ့ တိုက်ရိုက်အလုပ်လုပ်နေတဲ့လူတွေ ဖြစ်တယ်။ နောက်ပြောင်းလာမယ့် ဗိုလ်ချုပ်ကြီးမြင့်ဆွေ(DSA 15, 1973)ကလည်း အများကြီး junior ကျတယ်။ အဲဒီအချိန်မှာ (ဒုတိယတပ်မတော်ထောက်လှမ်းရေးမှူးချုပ်) ဗိုလ်ချုပ်ကျော်ဝင်း (OTS 38, 1968) တို့နဲ့ ဗိုလ်ချုပ် မြင့်ဆွေတို့ seniority အများကြီးကွာတယ်။ ဒါကို တချက် ထောက်ပါတယ်။ ဒုတိယတခါ ထပ်ပြီးတော့မှ စရဖ(တပ်မတော်စစ်ဖက်ရေးရာလုံခြုံ ရေး) ချုပ်လုပ်သွားတဲ့ ဗိုလ်ချုပ်(ဒုတိယဗိုလ်ချုပ်ကြီး) ရဲမြင့် (DSA 15, 1973) (ယခု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်) ပေါ့လေ၊ သူ့ကို MI Chief ဆိုပြီးတော့မှ ထပ်ပြီးခန့်ဖို့ဆိုပြီး ပြောလာပြန်တယ်။ အဲဒီအချိန်တုန်းကလည်း အလားတူပဲ ဗိုလ်ချုပ်ခင်ညွန့်က လက်မခံခဲ့ဘူး ပေါ့ဗျာ။ လက်မခံတဲ့ သဘောမျိုးနဲ့ ကိုသူရမြင့်အောင်လိုပဲ အသာလေး ငြင်းထုတ်ခဲ့တဲ့ အနေအထားမျိုး ရှိတယ်။ နောက်တခါ….

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျာ၊ ကျနော်တို့ ၂၀၀၄ ခုနှစ်က ကြည့်ရင်၊ အဲဒီတုန်းက ဗိုလ်ချုပ်ကြီးတစ်ဦးဟာ သူ့ကို ရာထူးစွန့်လွှတ်ခိုင်းတာ ကို သူ မစွန့်လွှတ်နိုင်ဘူးလို့ အမိန့်ကို မနာခံခဲ့ဘူး။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ဒါကို ဆိုလိုပြီး ပြောသွားတယ်လို့ အခု ဒါ ဗိုလ်မှူးရဲ့ ပြောကြား ချက်အရ ကျနော်တို့ သိရပြီ။ နောက် (၇)နှစ်လောက်ကြာတဲ့ အခါမှာ (ဒုတိယ)ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က သူ့ကို ‘မင်း ကာကွယ်ရေးဝန်ကြီး လုပ်” ဆိုတာကို မလုပ်နိုင်ဘူး ဆိုပြီးတော့ အခု အမိန့်မနာခံပြန်ဘူး။ အဲဒီတော့ ဒီ ဗိုလ်ချုပ်ကြီးလောက် အဆင့်တွေက အမိန့်မနာခံတဲ့ဟာ စဖြစ် နေပြီလို့ ပြောလို့ ရလားခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ပြောလို့ရပါတယ်။ အခုနောက်ပိုင်းဖြစ်လာမယ့် ဗိုလ်ချုပ်ကြီးတွေလည်း ထွက်လာပါဦးမယ်။ စောင့်ကြည့်ပါ ခင်ဗျ။ အခြေအနေအရပေါ့လေ။ ကိုယ့်ရဲ့မိသာစုအရေးကို ကြည့်ပြီးတော့သာ အခြေအနေအရ နေနေရတာပါ။ ဘယ်သူမှတော့ အခုလို ဖြစ်နေတဲ့ အနေ အထားမျိုးကို မကြိုက်ကြပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ နောက်တခု ကျနော်တို့ သိချင်တာပေါ့နော်။ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ကာကွယ်ရေးဝန်ကြီးကို ငြင်းတယ် ဆိုတော့ ဟိုတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကဆိုရင် ဒုတိယ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦး ကျော်ထင်က လုပ်တဲ့အချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်က လုပ်ခဲ့တယ်။ အဲဒီအချိန်ကတော့ ဗိုလ်ချုပ် ကြီးစောမောင်အနေနဲ့ပေါ့ နော်။ အဲဒီ အချိန်တုန်းက ဘာမှ ပြဿနာမရှိဘူး။ ၀န်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်။ အခု ပြဿနာဖြစ်ရတဲ့ (cause) အကြောင်းရင်းက ခုန ၀န်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်မှာ ဘယ်သူက ဘယ်လိုပိုပြီး powerful ဖြစ်နေလို့လဲ။ နောက်တခါ ကိုယ့်အထက်က ကိုယ့်အပေါ်မှာ powerful ဖြစ်မယ့်နေရာကို ကိုယ့် junior လာပြီးထားတာကို မခံနိုင်ဖြစ်တဲ့ သဘောလား။ ဘယ်လို မြင်ပါသလဲခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။အဲဒါလည်း ပါပါတယ် ခင်ဗျ။ ၀ါစဉ်ပေါ့လေ၊ ဘယ်သူကမှ ကြီးတဲ့လူက ငယ်တဲ့လူရဲ့ အောက်မှာ မလုပ်ချင်ပါဘူး ခင်ဗျ။ ကြီးတဲ့လူ ဖယ်သွားမှသာ ငယ်တဲ့လူက တက်ရပါတယ်။ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ဗိုလ်ချုပ်ကြီးဖြစ်တာမှန်သော်လည်း သူရဲ့အထက် က ဦးစီးချုပ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)၊ ဒုချုပ် (ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်) ၊ ညှိကွပ် (တပ်မတော် ညှိနှိုင်းကွပ်ကဲရေး မှူး ကြည်း-ရေ-လေ) ပေါ့ဗျာ။ ဒါတွေက သူ့ရဲ့အထက်မှာ ရှိနေမယ့်အခါကျတော့၊ ကိုမြင့်အောင်လို့ senior တော်တော်ကျနေတဲ့ ဗိုလ်ချုပ်ကြီး တယောက်အနေနဲ့ junior ကျတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့အောက်မှာ သူ လုပ်ဖို့အတွက်ကတော့ ၀န်လေးပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီတော့ အခု အဲဒီ junior နဲ့ senior ကိစ္စကိုကြည့်တဲ့အခါမှာ အဲဒီလိုမျိုး senior တွေကို နှိမ်ထားလိုက် ပြီးတော၊့ ကိုယ်ပိုပြီး နိုင်နိုင်နင်းနင်း ကိုင်လို့ရမယ့် ကိုယ့်ကို မော်မကြည့်ရဲတဲ့ seniority အရမ်း ပြတ်တဲ့ junior တွေကို ဆွဲဆွဲတင်ပြီး လုပ်တာ ဟာ တော်တော်ကြာနေပြီ။ ၁၉၉၇ မှာတော့ ပိုပြီး ရှင်းရှင်းလင်းလင်းပဲ။ junior တွေဆွဲတင်ပြီး senior တွေအပေါ်မှာ တင်ပစ်လိုက်တာ၊ အခု နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဆိုတာ ၁၉၉၇ မှာ ဖွဲ့စည်းလိုက်တဲ့အခါ၊ senior ဗိုလ်ချုပ်တွေ အကုန်လုံးရှိနေတာကို သူ တို့အောက်က လူတွေကို အပေါ်ဆွဲတင်ပြီး၊ အပေါ်ဆုံး အမြင့်ဆုံး စစ်ကောင်စီ ဖွဲ့ခဲ့တာ၊ ကျနော်တို့ တွေ့ရတယ်။ အဲဒီကနေစပြီးတော့ အဲဒီလိုမျိုး seniority ကို ဂရုမစိုက်ဘဲနဲ့ လုပ်လာတာ ဆက်တိုက်ပဲ။ အခုထိ တွေ့ရတာပေါ့နော်။ အဲဒီအခါကျတော့ ဒါတွေဟာ ဘယ်တော့တုန်းက စဖြစ်ပြီး တော့၊ ဒီဟာနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်တာတွေ၊ ဗိုလ်မှူး စစ်ရုံးမှာ ရှိနေတုန်းက ကြားခဲ့ဖူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။အဲဒါ စတာကတော့ န၀တ ဗိုလ်ချုပ်ကြီးတွေပေါ့လေ၊ ဗိုလ်ချုပ်ကြီးထွန်းကြည်တို့ ဗိုလ်ချုပ်ကြီးကျော်ဘတို့ အဖွဲ့ တွေပေါ့၊ သူတို့ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မတိမ်မယိမ်းပါ။ ဗိုလ်ချုပ်ကြီးထွန်းကြည် တို့ဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကိုသန်းရွှေပဲ ခေါ်တာ။ န၀တဥက္ကဌဖြစ်တဲ့ အထိလည်း ကိုသန်းရွှေပဲ ခေါ်ကြတာကိုး။ ရေရှည်ကျတဲ့အခါကျတော့ သူ အဲဒီဒဏ်တွေ ပေါ့လေ၊ သူ့ကို ပုခုံးချင်းယှဉ်တယ်၊ သူ့ကိုဂရုမစိုက်ဘူး ဆိုတာမျိုး တွေးခေါ်လာတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့်မို့ န၀တကို ရှင်းစဉ်တုန်းကလည်း မူလပြဿနာဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတွေတင် မဟုတ်ဘူး။ ကျန်တဲ့ သူနဲ့ တန်းတူရှိတဲ့ ဗိုလ်ချုပ်ကြီးတွေကိုပါ အားလုံးဖယ်ပြီးတော့မှ ရှင်းပစ်လိုက်တာပါ။ အဲဒီ နောက် ပိုင်းမှာ သတိထားမိပါလိမ့်မယ်။ တိုင်းမှူးတွေက အထက်က၊ ၀န်ကြီးတွေက အောက်က၊ ဆိုတဲ့ ဥစ္စာဟာ။ အဲဒီ နောက်ပိုင်းမှာမှ ဖြစ်လာတဲ့ ဖြစ်စဉ်ပါ။ အဲဒါကို သူက အငယ်တွေကို ဦးစားပေးသယောင်ယောင်နဲ့ အပေါ်တင်ပြီးတော့ အကြီးတွေကို နှိပ်ကွပ်လိုက်တဲ့ အနေအထားမျိုး ရှိပါ တယ်။ အဲဒီလမ်းစဉ်က ၁၉၉၇ နောက်ပိုင်းကတည်းက စကျင့်သုံး လာတာ အခုထိပဲ ဆိုပါတော့ဗျာ။

ဦးရော်နီညိမ်း။ ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကနေ ကာကွယ် ရေးဝန်ကြီးအဖြစ် တင်မြှောက်ခံရတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး ကိုလည်း၊ အဲဒီအချိန်က လွှတ်တော် ရဲ့ ရွေးချယ်တင်မြှောက်မှုနဲ့ ပတ်သက်ပြီး မေးကြည့်ခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ အန်ကယ် ဒုကာကွယ်ရေးဦးစီးချုပ်(ကြည်း) ကနေပြီးတော့မှ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့အချိန်မှာ၊ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ ပေါ်လာပါပြီလား ခင်ဗျ။

ဦးတင်ဦး။ ။ ကျနော် ဒုကာကွယ်ရေးဦးစီးချုပ် ဖြစ်တာက ၁၉၇၂ ခုနှစ်။ ၁၉၇၄ ခုနှစ်ကျတော့ သူတို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ လုပ်ပြီး တော့ ပထမဦးဆုံး လွှတ်တော် ခေါ်တယ်။ အဲဒီအခါမှာ ကျနော်က ဗိုလ်မှူးချုပ်ကနေ ဗိုလ်ချုပ်ကြီး တခါတည်း ဖြစ်သွားတာ ခင်ဗျ။ ၁၉၇၄ ခုနှစ် လွှတ်တော်အစည်းအဝေး ကျင်းပတဲ့ မတ်လထဲမှာပဲ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်။ အဲဒီတော့ ဒုချုပ်(ကြည်း) ကနေပြီးတော့၊ ကာကွယ်ရေးဦးစီးချုပ် အရင်ဖြစ်ပြီး နောက်တော့မှ လွှတ် တော်အစည်းအဝေးပေါ်လာပြီးမှ ကာကွယ်ရေးဝန်ကြီးအဖြစ် ထပ်ပြီး ပူးတွဲ ခန့်အပ်ခံရတာလား ခင်ဗျ။

ဦးတင်ဦး။ ။ ဟုတ်တယ်။ ဗိုလ်ချုပ်(ဗိုလ်ချုပ်ကြီး)စန်းယုတို့ (ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ်သို့) တက်သွားတဲ့အခါကျတော့၊ အဲဒီနေရာမှာ ကျနော်က ကာကွယ်ရေးဦးစီးချုပ် ဖြစ်တာပေါ့။ ပြီးတော့မှ ၀န်ကြီးက သပ်သပ်။ နောက်တော့ လွှတ်တော်ခေါ်တဲ့အချိန် ၀န်ကြီးတွေ ခန့်တော့မှ ကာကွယ်ရေးဝန်ကြီး ဖြစ်တာခင်ဗျ။

ဦးရော်နီညိမ်း။ ။အန်ကယ် အဲဒီတုန်းက ဒီ ကာကွယ်ရေးဦးစီးချုပ်ဟာ ကာကွယ်ရေးဝန်ကြီး လုပ်ရမယ်လို့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ထဲမှာ ပြဌာန်းထားတာလား ဒါမှမဟုတ် ဦးနေ၀င်းရဲ့ တချက်လွှတ် အမိန့်နဲ့ပဲ ပါတီရဲ့ CEC (Central Executive Committee - ဗဟိုအလုပ် အမှုဆောင်ကော်မီတီ) အစည်းအဝေးကနေ ဆုံးဖြတ်တာလား။ အဲဒါက ဘယ်လိုပါလဲ ခင်ဗျ။

ဦးတင်ဦး။ ။ အမှန်ကတော့ ကာကွယ်ရေးဦးစီးချုပ် သပ်သပ် ခန့်လည်း ရတယ်။ ကာကွယ်ရေးဝန်ကြီးကို သပ်သပ် ခန့်ရင်လည်း ရတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ တပါတီ စနစ်ဆိုတဲ့အတွက်ကြောင့်မို့ ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ကာကွယ်ရေးဝန်ကြီးအဖြစ် တခါထဲ တွဲပေး လိုက်တာပါပဲ။ ဥပဒေမှာကတော့ ကာကွယ်ရေးဦးစီးချုပ်ဟာ ကာကွယ်ရေးဝန်ကြီးဖြစ်ရမယ် ဆိုတာမျိုးတော့ မဆိုလိုဘူး။ (၁၉၆၂) တော်လှန် ရေးကောင်စီ အာဏာသိမ်းတုန်းကလည်းပဲ အဲဒီလို အစဉ်အလာမျိုးဖြစ် လာတော၊့ အဲဒီအစဉ်အလာပေါ် မူတည်ပြီး ဖြစ်သွားတဲ့ သဘောပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အန်ကယ့်ကို နှစ်ခုစလုံး ပူးတွဲ တာဝန်ပေးအပ်တဲ့အပေါ်မှာ၊ အဲဒီအချိန်တုန်း က မကျေနပ်တဲ့လူ တပ်မတော်ခေါင်းဆောင်ပိုင်းမှာ ရှိခဲ့ပါသလား ခင်ဗျ။ ၀န်ကြီးကော ကာကွယ်ရေးဦးစီးချုပ်ကော တဦးထဲကို ပေးတယ် ဆိုပြီးတော့။

ဦးတင်ဦး။ ။ အဲဒီလိုတော့ မရှိဘူးခင်ဗျ၊ ဒါပေမယ့် ဒီ ကာကွယ်ရေးဝန်ကြီး မဲခွဲတဲ့ အချိန်မှာ (လျှို့ဝှက်မဲပေးသည့်) ခလုပ်တွေနဲ့ နှိပ်တဲ့ အချိန် မှာ ကျနော့်ကျတော့ ကန့်ကွက်မဲ နည်းနည်းပိုများတယ် ခင်ဗျ။ ကန့်ကွက်မဲ (၁၁) မဲလား (၁၂) မဲလား ပါတယ်။ အဲဒါတော့ ထူးခြားတဲ့ သဘောရှိ တယ်။ မဲပုံးထောင်တဲ့အခါမှာ အမှား နဲ့ အမှန်ပဲ၊ ကြိုက်တာနဲ့ မကြိုက်တာ ခြစ်ဖို့ပဲ ရှိတယ်။ တယောက်တည်းပဲ။ အဲဒီ တယောက်တည်း nominate လုပ်တာကို မကြိုက်ရင် cross လုပ်၊ ကြိုက်ရင် အမှန် ခြစ်၊ ဒါပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ အန်ကယ်က ကာကွယ်ရေးဦးစီးချုပ်ကော ကာကွယ်ရေးဝန်ကြီးပါ တာဝန်ယူတဲ့အချိန်မှာ၊ဒုချုပ်(ကြည်း) ကို ဘယ်သူ့ကို တာဝန်ပေးပါသလဲ။

ဦးတင်ဦး။ ။ ဒုချုပ်(ကြည်း) ဆိုတာက၊ အဲဒီတုန်းက မူလ ကျနော်တို့ တင်ထားတာကတော့ ဗိုလ်မှူးကြီးတင့်ဆွေ (နောင် စက်မှု(၁) ၀န်ကြီး အငြိမ်းစားဗိုလ်မှူးချုပ် ဦးတင့်ဆွေ) ခင်ဗျ။ ဗိုလ်မှူးကြီးတင့်ဆွေကို အားလုံး သဘောတူပြီး နောက်ပိုင်းကျမှ ဗိုလ်မှူးကြီးတင့်ဆွေကို ကာကွယ်ရေး ဒုဝန်ကြီး ပေးလိုက်ပြီးတဲ့နောက်၊ ဗိုလ်မှူးကြီးကျော်ထင်ကို ဒုချုပ်(ကြည်း) ပေးလိုက်ပြီးတော့၊ ဗိုလ်မှူးချုပ်ကျော်ထင် ဆိုပြီး ဒုကာကွယ်ရေးဦးစီး ချုပ်(ကြည်း)တာဝန် ပေးလိုက်တာ ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အန်ကယ်တို့ အချိန်တုန်းကလည်း၊ ဗိုလ်မှူးကြီးတင့်ဆွေဟာ ဒုကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဖြစ်လာ မယ်၊ တပ်မတော်မှာ ဒုတိယအကြီးအကဲ ဖြစ်လာမယ်၊ လို့ အားလုံးက မျှော်လင့်နေတဲ့အချိန်မှာ သူက မဖြစ်ဘဲနဲ့ ဒုဝန်ကြီးဖြစ်သွားပြီးတော့၊ တခြားတယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးကျော်ထင်က ဒုချုပ်(ကြည်း) ဖြစ်လာတဲ့အပေါ်မှာ “ကျနော်တော့ ဒုဝန်ကြီး မလုပ်နိုင်ပါဘူး၊ ကျနော် ဒီတာ ၀န်ကို မယူနိုင်ပါဘူး” ဆိုတဲ့ကိစ္စမျိုး ပေါ်ခဲ့ဖူးပါ သလား ခင်ဗျ။ အခုတော့ ပေါ်တယ်လို့ သတင်းက ထွက်နေပါတယ်။

ဦးတင်ဦး။ ။ မပေါ်ပါဘူး ခင်ဗျ။ အဲဒီ ဥစ္စာက နည်းနည်းလေး ရှုပ်ထွေးတဲ့ သဘောရှိတယ်။ ဒီလိုပါ၊ အဲဒီဟာနဲ့ပတ်သက်ပြီး လွှတ်တော်ခေါ်ခါ နီးမှာ ကျနော်ကတော့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်မယ်ဆိုတော့၊ ဒုချုပ်(ကြည်း)အဖြစ် ကျနော်တို့ ဗိုလ်မှူးကြီးတင့်ဆွေကို nominate လုပ်တယ်။ ဗိုလ်မှူးကြီးတင့်ဆွေက အတည်ဖြစ်လောက်တဲ့အထိ ဖြစ်သွားပြီ ခင်ဗျ။ ဖြစ်သွားပြီးတော့မှ အဲဒီမှာ လွှတ်တော်ခေါ်နေတုန်းပဲ ထင်ပါတယ်ခင်ဗျ၊ အဲဒီလိုအချိန်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဒါနဲ့ပတ်သက်ပြီးတော့ ဗိုလ်ချုပ်စန်းယုက တင်ပြလာတာ ရှိတယ်ခင်ဗျ။ သူ့ရဲ့ဆန္ဒကတော့ ဗိုလ်ချုပ် ကျော်ထင်ကို ပေးချင်တယ်ဆိုတဲ့ သဘော။ ဗိုလ်မှူးကြီးတင့်ဆွေကိုတော့ လောလောဆယ်မှာ မပေးချင်သေးတဲ့ သဘောပေါ့။ အဲဒီလို ဖြစ်တယ် ခင်ဗျ။ အဲဒီအခါမှာ ဒါနဲ့ပတ်သက်လို့ ကျနော်ကတော့ ဗိုလ်မှူးကြီးတင့်ဆွေကိုပဲ ပေးချင်တယ်ဆိုပြီးတော့၊ တော်တော်လေးပဲ ပြောတာရှိတယ်။ သို့သော် နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ကာ၊ ဒါနဲ့ပတ်သက်ပြီးတော့ ဒါဟာ ကျနော်တို့ ဒီ No. 1 ကြီး (ဦးနေ၀င်း) ပေါ့ ဗျာ၊ သူ့ရဲ့ သဘောဆန္ဒအတိုင်းလုပ်ဖို့ ကောင်းတယ်။ သို့သော်လည်းပဲ မနစ်နာရအောင် ဒီလိုလုပ်ရင် ကောင်းမယ်ဆိုပြီး အကြံတခုပေးတယ် ခင်ဗျ။ အဲဒီအကြံက ဘယ်သူပေးလဲဆိုတော့ကာ၊ ဗိုလ်မှူးကြီးကြည်မောင်က ပေးတယ်ခင်ဗျ။ ဒါကလည်း သူတို့ အောက်မှာ ပြောပြီးဆိုပြီး ထင်ပါတယ် ခင်ဗျ။ ဗိုလ်မှူးကြီးကြည်မောင်က “ဒီလိုလုပ်ပါလား ကာကွယ်ရေး ဒုဝန်ကြီးဟာလည်းပဲ အဆင့်မြင့်တာပဲ။ အဲဒီတော့ သူ့ (ဗိုလ်မှူးကြီးတင့်ဆွေ) ကို ဒုဝန်ကြီးပေးလိုက်ပြီးတော့ ဗိုလ်ချုပ်ကျော်ထင်ကို ဒုကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဖြစ်မယ် ဆိုပြီး ပြောလိုက်တဲ့အခါမှာ အားလုံးက ကောင်း သားပဲ ဆိုပြီးတော့ လက်ခံလိုက်ပြီးတော့ အဲဒီလို တင်လိုက်တယ် ခင်ဗျ။ ဒါပေမယ်လို့ နောက်ဆုံး ထွက်လာတဲ့အခါကျတော့ ဗိုလ်မှူးကြီးတင့် ဆွေ မပါ လာပြန်ဘူး ခင်ဗျ။ မပါလာဘူးဆိုတာက ဗိုလ်မှူးကြီးတင့်ဆွေဟာ ဒုဝန်ကြီးအဖြစ်နဲ့ကို မပါလာဘူး။ အဲဒီအခါမှာ ကျနော် တော်တော် လေးပဲ စိတ်ထိခိုက်တာနဲ့ ၀န်ကြီးချုပ်ဗိုလ်ချုပ်စိန်ဝင်း (အငြိမ်းစားဗိုလ်မှူးချုပ် ဦးစိန်ဝင်း)ကို ကျနော်က သွားပြောတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ ‘စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း(၆)’ ကိုတော့ နောက်သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်းတွေ မှာ ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ ‘တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကနေ ဆက်ပြီး ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင် ကြပါ။ ကျနော် ရော်နီညိမ်းပါ။
http://www.voanews.com/burmese/news/

ငွေကိုလမ်းခင်းတဲ့ တရုတ်လမ်းစဉ်



By ဦးအောင်ခင် & မညိုညိုလွင် စနေ, 19 ဖေဖော်ဝါရီ 2011

မြန်မာနိုင်ငံက ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနနဲ့ တရုတ်ပို့ကုန်သွင်းကုန်ဘဏ် Exim Bank တို့ ငွေချေးစာချုပ်တွေကို နေပြည်တော်မှာ လက်မှတ်ထိုးတဲ့သတင်းကို ဇန်နဝါရီလ (၂၈) ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ တရုတ်ဆီက ချေးယူထားတဲ့ ငွေပမာဏကိုတော့ မဖော်ပြပါဘူး။ တရုတ် Exim Bank ဟာ နိုင်ငံခြားကို ချေးငှားထားတဲ့ ငွေပမာဏကို ကြေညာလေ့မရှိပါဘူး။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ CDB (China Development Bank) တရုတ်ဖွံ့ဖြိုးရေးဘဏ်ကလည်း ဗမာစစ်အစိုးရဘဏ်ကို ဒေါ်လာသန်း ၂၄၀၀ ချေးဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။ ကျောက်ဖြူ၊ ယူနန် ဓါတ်ငွေ့ပိုက်လိုင်းဆောက်ဖို့ CDB တရုတ်ဖွံ့ဖြိုးရေးဘဏ်က ငွေထုတ်ချေးလိုက်တာလို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက တရုတ်ပြည်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သွားရောက်စဉ်က တရုတ်အစိုးရက ယွမ်ငွေသန်း (သုံးသောင်း) ဒေါ်လာငွေ တန်ဖိုးသန်း (၄၂၀၀) အတိုးမယူဘဲ ဗမာစစ်အစိုးရကို ချေးငှားဖို့ သဘောတူခဲ့ပါတယ်။ ကမ္ဘာမှာ တရုတ်စီးပွားရေးစားကွက် ချဲ့ ထွင်ရာမှာ Exim Bank နဲ့ CDB ဟာ အဓိကအခန်းက ပါဝင်နေပါတယ်။ ဒီဘဏ်တွေကို ၁၉၉၄ မှာ တည်ထောင်စဉ်က ငွေရင်း ဒေါ်လာသန်း အနည်းငယ်သာ ရှိခဲ့ပေမယ့် အခုတော့ ငွေရင်းဒေါ်လာသန်းပေါင်း သိန်းသန်းချီပြီး ရှိနေကြပါပြီ။ ဒီအထဲမှာ အာဖရိကနိုင်ငံတွေကို ချေးထားတဲ့ငွေက ဒေါ်လာသန်း (လေးသောင်း) လောက်ရှိနေပါတယ်။ အမေရိကန်ဘဏ်က အာဖရိကမှာ ရင်းနှီးထားတာ ဒေါ်လာသန်း (ရှစ်ထောင်) ပဲ ရှိပါသေးတယ်။

တရုတ် စီးပွားရေးနယ်ချဲ့ ရာမှာ ငွေကို လမ်းခင်းပေးသူဟာ တရုတ် Exim Bank ဖြစ်ပါတယ်။ CDB တရုတ် ဖွံ့ဖြိုးရေးဘဏ်ကတော့ ပြည်တွင်းကို အဓိကထားပါတယ်။ တရုတ်ပြည်မှာ ငွေစုလက်မှတ်အများဆုံးထုတ်တဲ့ ဘဏ်ဖြစ်ပြီး အမြတ်အစွန်းအရဆုံးလည်း ဖြစ်ပါတယ်။ နိုင်ငံခြားမှာ စီးပွားရေးလုပ်တဲ့ တရုတ်တွေကိုလည်း CDB တရုတ်ဖွံ့ဖြိုးရေးဘဏ်က ငွေကြေးထောက်ပံ့ပါတယ်။ ဥပမာ အာဖရိကတိုက်မှာ စီးပွားရေးလုပ်မယ့် တရုတ်ကုမ္မဏီကို ငွေကြေးထောက်ပံ့ဖို့အတွက် တရုတ်-အာဖရိက ရန်ပုံငွေ ကို ၂၀၀၇ ခုနှစ်မှာ CDB တရုတ်ဖွံ့ဖြိုးရေးဘဏ်က တည်ထောင်ပါတယ်။ အခုဆိုရင် တရုတ်-အာဖရိက ရန်ပုံငွေဟာ ဒေါ်လာသန်း (၅၀၀၀) ကျော် ရှိနေပါတယ်။ တရုတ်လုပ်ငန်းရှင်တွေ အာဖရိကမှာ လက်လီလက်ကားဆိုင်ဖွင့်ပြီး တရုတ်ကုန်ပစ္စည်းရောင်းချတာကိုလည်း ငွေကြေးထောက်ပံ့ပါတယ်။

၂၀၀၉ နဲ့ ၂၀၁၀ နှစ်နှစ်အတွင်းမှာ တရုတ် Exim ဘဏ်နဲ့ CDB တရုတ်ဖွံ့ဖြိုးရေးဘဏ်တို့က ဖွံ့ဖြိုးစနိုင်ငံတွေကို ထုတ်ချေးခဲ့တဲ့ ငွေပမာဏဟာ အနည်းဆုံး ဒေါ်လာသန်းပေါင်း တသိန်းတသောင်း ရှိတယ်လို့ လန်ဒန်အခြေစိုက် Financial Times သတင်းစာက ဇန်နဝါရီလ (၁၇) ရက်နေ့က ဖော်ပြပါတယ်။ ဒါပေမဲ့ ဝါရှင်တန်အခြေစိုက် ကမ္ဘာဘဏ်ကတော့ ဒီအချိန်ကာလမှာ ဒေါ်လာသန်း တသိန်းသာ ချေးငှားနိုင်ခဲ့တဲ့အတွက် တရုတ်အစိုးရဘဏ် နှစ်ခုရဲ့  ငွေချေးပမာဏဟာ ကမ္ဘာဘဏ်ထက်များနေပါတယ်။ ထူးခြားတာကတော့ တချိန်ကဆိုရင် တရုတ်အစိုးရကိုယ်တိုင် ကမ္ဘာဘဏ်က ငွေချေးခဲ့ရတာပါ။ အခုတော့ ကမ္ဘာ့ဘဏ်နဲ့ တရုတ်ဘဏ်တွေ ပြိုင်ဆိုင်ငွေချေးပြီး သြဇာညောင်းအောင် လုပ်နေသလို ဖြစ်နေပါတယ်။

တရုတ်အစိုးရပိုင် ကုမ္မဏီရော တရုတ်ပုဂ္ဂလိက ကုမ္မဏီရော အာဖရိကမှာ ခြေသွက်နေကြပါတယ်။ စီးပွားရေးအခြေခံ အဆောက်အအုံ တည်ဆောက်မှု၊ သဘာဝသယံဇာတ ထုတ်လုပ်မှု၊ ကူးသန်းရောင်းဝယ်မှု စတဲ့ လုပ်ငန်းတွေမှာ တရုတ်က ရင်းနှီးမြုပ်နှံထားပြီး စီးပွားရှာကြပါတယ်။ တရုတ်အစိုးရပိုင် ကုမ္မဏီကြီးတွေဟာ သူတို့အလုပ်သမားတွေနဲ့အတူ ရောက်လာပြီး စီမံကိန်းတွေ အကောင်အထည်ဖော်ကြပါတယ်။ စီမံကိန်းပြီးသွားတဲ့အခါမှာ တရုတ်ပြည်မပြန်ဘဲ အလွတ်ကန်ထရိုက်တာအဖြစ် စီးပွားရေး ဆက်လုပ်သူတွေလည်း ရှိပါတယ်။ အာဖရိကတိုက်မှာ အလုပ်လုပ်နေကြတဲ့ တရုတ်ရွှေ့ ပြောင်းအလုပ်သမား တသန်းလောက် ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တရုတ်ကုမ္မဏီဟာ တရုတ်အလုပ်သမားတွေကိုသာ အသုံးပြုတဲ့အတွက် ဒေသခံ အာဖရိကတိုက်သားတွေ အလုပ်မရနိုင်တာဟာ ပြဿနာဖြစ်လာပါတယ်။

တရုတ်ဆီက ငွေယူတဲ့ အစိုးရတွေဟာ ပြုပြင်ရေးလုပ်စရာမလိုတဲ့အတွက် ရေရှည်မှာ တိုင်းပြည်အတွက် အကျိုးမရှိဘူးလို့ အမေရိကန်တက္ကသိုလ်က ဘောဂဗေဒပါမောက္ခ George Ayittey က သုံးသပ်ပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ဂါနာ (Ghana) နိုင်ငံသားဖြစ်ပြီး စာအုပ်စာတမ်းအများအပြား ရေးသားထားသူ ဖြစ်ပါတယ်။ ငွေကိုလမ်းခင်းပြီး လိုချင်တာယူတဲ့ တရုတ်စီးပွားရေးလမ်းစဉ်ကြောင့် ရေတိုမှာ အကျိုးခံစားနိုင်ပေမယ့် ရေရှည်မှာ အကျိုးမရှိဘူးလို့ သူကမြင်ပါတယ်။ အကြောင်းကတော့ အနောက်တိုင်းဘဏ္ဍာရေးအဖွဲ့တွေလို စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ တရုတ်က မတောင်းဆိုလို့ဘဲ ဖြစ်ပါတယ်။

ဥပမာ အန်ဂိုလာ (Angola) အစိုးရဟာ ရေနံကရရှိတဲ့ငွေတွေကို သုံးဖြုန်းပစ်ပြီးတဲ့နောက် ဝါရှင်တန်ဒီစီ အခြေစိုက် IMF (International Monetary Fund) အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှာ ဒေါ်လာသန်း (၂၀၀၀) ချေးဖို့ ကြိုးစားခဲ့ပါတယ်။ ငွေမချေးခင် ရေနံကရရှိခဲ့တဲ့ ငွေတွေကို ဘယ်လိုသုံးပစ်ကြောင်း အရင်ဆုံးရှင်းပြဖို့ IMF က တောင်းဆိုပါတယ်။ အဲဒီအခါကြတော့ Angola အစိုးရက တရုတ်ဆီက ချေးယူလိုက်ပါတယ်။ တရုတ်ကတော့ အကြွေးကို ရေနံနဲ့ ပြန်ဆပ်ဖို့သာ ပြောဆိုပါတယ်။ အကျင့်ပျက်အစိုးရကို ပြုပြင်ပြောင်းလဲဖို့ စိတ်မကူးပါဘူး။ ဒါကြောင့်မို့ ဖောက်ပြန်နေတဲ့ အစိုးရ ကြီးစိုးရာနိုင်ငံတွေမှာ တရုတ်ဟာ ငွေကိုလမ်းခင်းပြီး စီးပွားရှာနိုင်တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/

ရယက တွေကို ကြံ့ဖွံ့တွေနဲ့ အစားထိုးဖွဲ့မည်



By မသင်းသီရိ စနေ, 19 ဖေဖော်ဝါရီ 2011

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေအားလုံးမှာရှိတဲ့ ရယက အဖွဲ့ဝင်တွေရဲ့နေရာတွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အဖွဲ့ဝင်တွေနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ အောက်ခြေအကျဆုံး အာဏာပိုင်အဖွဲ့အစည်းတွေအတွင်းမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်ထားဖို့ စီစဉ်နေတာလို့ သုံးသပ်ကြတာတွေရှိပါတယ်။ အခြေအနေအပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ရယက လို့ခေါ်တဲ့ ရပ်ကွက်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်တွေရဲ့နေရာတွေမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဝင်တွေကို အစားထိုးဖို့အတွက် တရပ်ကွက်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ၁၀ ဦး လျာထားပြီး မကြာခင် အစားထိုးခန့်အပ်ဖို့ မြို့နယ်အာဏာပိုင်တွေက စီစဉ်နေပါတယ်။ သူတို့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲမတိုင်ခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွှက် မဲဆွယ်စည်းရုံးပေးခဲ့ကြတဲ့ စည်းရုံးရေးမှူးတွေ ဖြစ်ကြပြီး သူတို့ကို ရွေးကောက်ပွဲပြီးတာနဲ့ ရပ်ကွက်အာဏာပိုင်တွေအဖြစ် ခန့်အပ်မယ်ဆိုတာ ပြောထားပြီးပြီ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တဦးက ပြောပါတယ်။

“၁ လပိုင်းမှာ ကျနော်တို့ စည်းကော်မတီကခေါ်ပြီးတော့ ကိုယ့်ရပ်ကွက်မှာ အဖွဲ့ဝင်တွေ ၁၀ ဦးဖွဲ့ပြီးတော့ လျှို့ဝှက်စွာတင်ပေါ့နော်။ တယောက်နဲ့တယောက်လည်း သူ့ရပ်ကွက်ကဘယ်သူတင်လဲတော့ ကျနော်တို့ မသိဘူး။ ဒါပေမဲ့ ကျနော်တို့က လျှို့ဝှက်စွာတင်ထားရပါတယ်။ တင်ထားပြီးမှ အခု ၂ လပိုင်းအကုန်မှာ ကျနော်တို့ကို ကြံ့ခိုင်ရေးတာဝန်ခံတွေက - မင်းတို့တွေ ကိုယ့်ရပ်ကွက်မှာရှိတဲ့ ရယကဥက္ကဋ္ဌတွေ ရပ်ကွက် ထဲမှာ နံမည်ပျက်လာဘ်စားမှုတွေ ဖြစ်နေတယ်။ အဲဒါတွေကို မင်းတို့အသေးစိတ် အစီရင်ခံစာ တင်ပေးပါ။ ဒါမှမင်းတို့တွေကို ငါတို့က လက်ရှိပြောသလို ရယကနေရာတွေမှာ မင်းတို့ကို ငါတို့က နေရာပေးနိုင်မယ်၊ ရယကတွေရဲ့ ပြစ်ချက်တွေကို စုံစမ်းဖော်ထုတ်ပေးပါ၊ - ဆိုပြီးတော့ ကျနော်တို့ ရပ်ကွက်စည်းတွေကို တာဝန်ပေးတာပေါ့။ အခုဆို ကျနော်တို့လုပ်ကတည်းက အဆင့်ဆင့်ပေါ့နော်၊ လက်ရှိပြောထားသလိုပေါ့။ ကျနော်တို့တွေပဲ ရဖို့အစီအစဉ်ရှိတယ်။ ဒါကြောင့် အပေါ်ပိုင်းတွေက ပြီးသွားပြီလေ။ အောက်ပိုင်းတွေမှာ ကျနော်တို့ကိုရအောင်လုပ်ပေးဖို့ အစီအစဉ်နဲ့ ဆက်လက်ဆောင်ရွက်နေတယ်လို့ပဲ ကျနော်တို့ ထင်ပါတယ်။”

အခုဆိုရင် သင်္ဃန်းကျွန်းမြို့နယ်ထဲက ရပ်ကွက်ထဲမှာဆိုရင် ရယက အဖွဲ့ဝင်တွေ အပြောင်းအလဲလုပ်မယ့် ကိစ္စကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အချင်းချင်းမသိကြလို့ မကျေမနပ် ဖြစ်နေကြတာတောင် ရှိနေတယ်လို့ သင်္ဃန်းကျွန်းမြို့ခံတဦးက ဆိုပါတယ်။

“ပြီးခဲ့တဲ့ဇန်န၀ါရီလ ၁၅ ရက်လောက်က ကျနော်တို့ ဓမ္မာရုံမှာပေါ့လေ။ လာရောက်ပြီးတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး မြို့နယ်စည်းရုံးရေးမှူးက လာပါတယ်။ လာပြီးတော့ အဲဒီမှာ ရပ်ကွက်ဥက္ကတွေ ရွေးမယ်ဆိုပြီးတော့ သူကိုယ်နှိက်ကဦးစီးပြီး လာလုပ်နေတာပါ။ ရပ်ကွက်မှာ ကော်မတီဥက္ကဌတို့ ဘာတို့ သူတို့ရဲ့ စည်းရုံးရေးအင်အားတွေကိုရအောင် လိုက်လုပ်ပေးတဲ့သူတွေကိုပဲ ခေါ်သွားပါတယ်။ စာရင်းတွေ ယူသွားတယ်။ ယူသွားပြီးတော့ အဲဒီလူတွေကိုပဲ အခုဥက္ကဌတွေ တင်မြှောက်မယ်ဆိုပြီးတော့ သူတို့အခု အစီအစဉ်လုပ်နေပါတယ်။ သူတို့ပြည်ထောင်စု ကြံ့ခိုင်ရေးအချင်းချင်းတောင်မှပဲ မဖိတ်တဲ့သူက မဖိတ်လို့ဆိုပြီး ဒေါသတွေထွက်ပြီးတော့ ဘယ်တုန်းကလုပ်လိုက်တာလဲ။ ဘယ်သူကဦးဆောင် လုပ်လိုက်တာလဲ။ အဲဒီလို ပြဿနာတွေနဲ့ စကားများမှုတွေတောင် ရှိနေကြပါတယ်။ ပြည်သူလူထုဆိုတာမျိုးဟာ အနားတောင် ကပ်လို့ မရပါဘူး။”

ရပ်ကွက်တွင်းမှာ ဥပဒေနဲ့မလွတ်ကင်းတဲ့ အလုပ် လုပ်ကြသူအများစုဟာ အာဏာပိုင်တွေအလိုကျ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ အဖွဲ့ဝင်ထားကြသူတွေ ဖြစ်ကြပြီး သူတို့ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတလျှောက်မှာလည်း ပါတီအတွက် အလုပ် လုပ်ပေးခဲ့ကြတာပါ။ ဒါ့ကြောင့် သူတို့တွေထဲကနေ ရပ်ကွက်အာဏာပိုင်အဆင့်တွေထဲကို ရောက်လာရင် ရပ်ကွက်ထဲမှာ ပိုပြီးတော့ပြဿနာများစရာ အခြေအနေတွေ ဖြစ်လာမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှု တွေလည်း လူထုကြားမှာရှိနေပါတယ်။

“ပြည်ထောင်စုကြံ့ခိုင်ရေးကလည်း ချဲတွေရောင်းတာတွေ ရှိတယ်။ ချဲတွေရောင်းတဲ့အခါမှာဆိုရင် ပေါက် လာခဲ့ရင် မလျော်တဲ့အခြေအနေလည်း ဖြစ်နေတယ်။ ဗြောင်ပဲ သူတို့က တိုင်ချင်ရာကိုတိုင်။ အဲဒီလူတွေက အခု ရပ်ကွက်မှာ အုပ်ချုပ်ရေးဘက်မှာ ၀င်ပါနေတယ်။ ၀င်ပါနေတဲ့အတွက် ပြည်သူလူထုက သူတို့ မကောင်းတာ လုပ်နေကြတယ်၊ အရက်ဆိုင်တွေဖွင့်ပြီး လိုင်စင်မဲ့တွေရောင်းနေတယ်။ အဲဒါကို ပြည်ထောင်စု ကြံ့ခိုင်ရေးကလည်း အကာအကွယ်ပေးပြီးတော့ မသိချင်ယောင် ဆောင်နေတယ်။ ရဲကလည်း မဖမ်းရဲဘူး။ အဲဒီလူတွေက အုပ်ချုပ်ရေးမှာ ၀င်ပါနေတဲ့အတွက် ပြည်သူလူထုက စိတ်ချမ်းသာမှုက ဘယ်တော့မှ မရပါဘူးခင်ဗျ။ ပြည်သူတွေအနေနဲ့ ရိုသေသော လေးစားသောသူတွေကို တင်မြှောက်ပိုင်ခွင့် မရှိတဲ့အတွက် စိတ်ဆင်းရဲနေရပါတယ်၊ ခုချိန်ထိပါပဲ။”

ဒါကတော့ သင်္ဃကျွန်းမြို့ခံတဦးက ပြောပြခဲ့တာပါ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ အပြတ်အသတ်အနိုင်ရရမယ်ဆိုတဲ့ အစီအစဉ်တွေနဲ့ စနစ်တကျ ဆောင်ရွက်ခဲ့တဲ့အတိုင်း အစိုးရသစ်အဖွဲ့ရဲ့ အကြီးအကဲနေရာတွေအားလုံးဟာ ကြံ့ခိုင်ရေးပါတီက လူကြီးတွေပဲဖြစ်နေပြီး အခုဆိုရင်လည်း နိုင်ငံရဲ့ နောက်ဆုံးအဆင့် အောက်ခြေရပ်ကွက်တွေအတွင်းမှာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့သာ အစားထိုးဖို့ ပြင်ဆင်နေကြတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်၊၊

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗုဒ္ဓဘာသာနုဂ္ဂဟ ဆိုတဲ့ ဘာသာရေး အသင်းကြီးတခုဖွဲ့ပြီးတော့လည်း သာသနာ အကျိုး သယ်ပိုးရေးအတွက်ဆိုပြီး ပြီးခဲ့တဲ့လအတွင်းကစလို့ ဘာသာရေးအသင်းဝင် အဖွဲ့ဝင်သစ်တွေကို စတင်စုဆောင်းတာတွေ ပြုလုပ်နေပါတယ်။ အစပထမကတော့ လူမှုရေးအသင်းအဖြစ်နဲ့ ထူထောင်ထားတဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ဖို့အတွက် နိုင်ငံရေးပါတီတခု အဖြစ်နဲ့ ပြောင်းလဲ လိုက်တဲ့အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/

ရောင်နီလာ နံနက်ခင်းဆီသို့ (အပိုင်း ၁မှ၆)

ရောင်နီလာ နံနက်ခင်းဆီသို့ (အပိုင်း ၁မှ၆)

The Globe and Mail နှင့်ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး


http://www.mediafire.com/file/uq9zgn011jn2kk2/MacKin%20Interview%20with%20Amay%20Suu.mp3

By
http://www.demowaiyan.co.cc/

မူရင်းလင့်
http://www.theglobeandmail.com/news/world/myanmar-where-the-generals-play-and-the-people-pay/article1913849/