Sunday, February 27, 2011

အီဂျစ်နဲ့ လစ်ဗျား အာဏာရှင်တို့ဆီက သင်ခန်းစာများနဲ့ မြန်မာပြည်( ဦးဝင်းတင်နဲ့ မေးခွန်းများ)

အီဂျစ်နဲ့ လစ်ဗျား အာဏာရှင်တို့ဆီက သင်ခန်းစာများနဲ့ မြန်မာပြည်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁
သည်တခေါက်မေးချင်တာက ကမ္ဘာမှာ အာဏာရှင်တွေရဲ့ ပလ္လင်တွေကို ပြည်သူတွေက ကိုင်လှုပ်နေကြပြီ။ ၂၀၁၁ နှစ်ဆန်းမှာတင် အီဂျစ်ပြည်နဲ့ တူနီးရှားမှာ အာဏာရှင်တို့ ရာထူးက ဆင်းပေးလိုက်ရတယ်။ လက်ရှိမှာ လစ်ဗျားပြည်က ပြည်သူတွေနဲ့ အာဏာရှင် ကဒါဖီတို့ရဲ့ အရေးအခင်း၊ ပဋိပက္ခကို မြင်တွေ့နေကြပြီ ဖြစ်တယ်။ အဲဒါကို မြန်မာပြည်က အာဏာရှင်တွေနဲ့ မြန်မာပြည်သူတွေက ဘယ်လို မြင်သလဲ၊ ဘယ်လို သင်ခန်းစာယူကြသလဲ ဆရာ။
ကမ္ဘာနဲ့ အ၀ှမ်းမှာ လူထုအုံကြွမှုတွေ ဖြစ်နေတယ်။ အခုဆိုရင် အာဏာရှင်သက်တမ်း နှစ် ၄၀ ကျော်ပြီဖြစ်တဲ့ လစ်ဗျားမှာ ဖြစ်နေပြီ ဆိုတော့ အခြားနိုင်ငံတွေကိုလည်း အနည်းနဲ့ အများတော့ ဂယက်ရိုက်ကြမှာပဲ ဆိုတာ ပြောလို့ ရပါတယ်။ အခြားနိုင်ငံတွေထက်စာရင် အခုလို အာဏာရှင်စနစ်ကို ဖြိုလှဲတယ်၊ ဆန့်ကျင်တယ် ဆိုတဲ့ အသံတွေ မြန်မာနိုင်ငံမှာဆိုရင် ပိုပြီး ကျယ်လောင်နေတယ်၊ ကြားနေရတယ်လို့ ပြောလို့ ရပါတယ်။
အခု အရှေ့အလယ်ပိုင်းပြသနာတွေကို ခြုံပြီး သုံးသပ်လို့ရှိရင် အာဏာရှင်တွေက မခံနိုင်တော့ဘူး၊ လူတွေကလည်း ဆက်ပြီး သည်းမခံတော့ဘူးဆိုတာ ထင်ရှားလာတဲ့ အခါကျတော့ အာဏာရှင်တွေက နောက်ဆုတ်သွားတယ်၊ တချို့ဆို စင်ပေါ်က ဆင်းသွားတာတွေ တွေ့နေရတယ်။
ဒါမျိုးကိုလည်း မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ကြုံဖူးတယ်။ ၁၉ ၈၈ မတ်လ က စပြီးတော့ ကျောင်းသားလှုပ်ရှားမှုတွေ ပေါ်လာတယ်။ ဧပြီမှာ ခဏ နားသွားပြီးတော့ မေ၊ ဇွန်လတွေမှာ ကျောင်းသားလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်လာတယ်။ အဲသည်အခါမှာ မဆလပါတီ အာဏာရှင် ဦးနေ၀င်းက သိပြီ။ သူက အလွန် လည်တဲ့၊ ပါးတဲ့ သူဆိုတော့ သူက သိနေပြီ။ ဒါကြောင့် ဇူလိုင်လ ၂၃ ရက် သူတို့ ပါတီညီလာခံမှာ သူက ထွက်ပြီးတော့ မိန့်ခွန်းပြောတော့ တာပဲ။
အဲသည်မှာ သူပြောတဲ့ စကားက “စစ်တပ်က ပစ်လို့ရှိရင် မိုးပေါ် ထောင် မပစ်ဘူး၊ တည့်တည့်ပစ်တယ်” လို့ ဆိုပြီး ခြိန်းခြောက်သွားတယ်။ ဒါမှမဟုတ်လည်း စစ်တပ်ကို ပစ်ခိုင်းတဲ့ အမိန့်ပေးသွားပြီးတော့ သူက အသာလေးရှောင်ပြီးတော့ ပါတီက ထွက်သွားတယ်။
ဒါပေမယ့် အခုအချိန်မှာ လစ်ဗျားက အာဏာရှင် ကဒါဖီကတော့ ခေါင်းမာနေတယ်။ ဘာကြောင့် သူက ခေါင်းမာနေသလဲကို ကြည့်မယ်ဆိုရင် သူ့ဆီမှာ စစ်တပ်တွေက မျိုးစုံရှိနေတယ်။ သူ့မှာက စစ်တပ်ကြီး တခုတည်း ရှိနေတာ မဟုတ်ဘူး။ မွေးထားတာတွေ ရှိတယ်။ ပြည်သူ့စစ်တွေ ရှိတယ်၊ လုံခြုံရေးအဖွဲ့တွေ ဆိုတာတွေ ရှိတယ်။ သမ္မတကိုယ်ရံတော် တပ်ရှိတယ်၊ မြို့စောင့်တပ်ရှိတယ်။ အာဖရိကနိုင်ငံတွေ၊ အခြား နိုင်ငံတွေက ခေါ်ထားတဲ့ ကြေးစားတပ်တွေလည်း ရှိနေတယ်။ ဒါကြောင့် သူ့မှာ လက်နက်ကိုင်တပ်မျိုးစုံကို ခွဲခြားပြီး ကိုင်ထားတော့ သူက ခုချိန်မှာ ခေါင်းမာနေနိုင်တာ ဖြစ်တယ်လို့ သုံးသပ်နိုင်တယ်။
နောက်အနေအထားတခုက ဘာလဲဆိုတော့ …အခုလိုမျိုး ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်လာပြီဆိုရင်  နိုင်ငံတကာကလည်း ဆူပွက်လာကြတာပဲ။ လူသားတွေကို ထောင်နဲ့ ချီပြီး သတ်ဖြတ်လာတာကို နိုင်ငံတကာက အစိုးရတွေက ကန့်ကွက် ရှုတ်ချကြတာတွေ လုပ်လာကြမှာပဲ။ ဒါပေမယ့် နိုင်ငံကြီးတွေက အခုလိုမျိုး အရေးပေါ်နေတဲ့ အချိန်မှာ အလျင်အမြန် ချက်ခြင်း အရေးယူဖို့ကြတော့ နှောင့်နှေးနေတာတွေ ရှိတယ်။ ပြောတုန်း၊ ဆိုတုန်း၊ ဆွေးနွေး ညှိနှိုင်းနေကြတုန်း ဖြစ်နေတယ်။ ဒီလောက်တောင် သွေးချောင်းစီးနေတာတောင်မှ နိုင်ငံတကာက အမြန်ဆုံး အရေးယူနိုင်ဖို့ ဆိုတာကလည်း အချိန် ယူရသေးတော့ ကဒါဖီက သူ့အမိန့်နာခံတဲ့ စစ်တပ်တွေနဲ့ ပြည်သူတွေကို အချိန်ပိုင်းနဲ့ အမျှ သတ်ဖြတ်နေနိုင်သေးတာကို လက်ပိုက်ကြည့်နေကြရတာပေါ့။
အီဂျစ်ပြည်မှာ ပြည်သူတွေက ဆန္ဒပြတာကို စစ်တပ်က ပစ်ခတ်ပြီး ဖြေရှင်းတာ မရှိခဲ့ဘူး ဆိုတဲ့ သင်ခန်းစာကို တွေ့ခဲ့ပြီးပြီ၊ အခု လစ်ဗျားမျာကတော့ အာဏာရှင် ကဒါဖီက အချိန်နဲ့ အမျှ ပြည်သူတွေကို စစ်တပ်ကို သုံးပြီး သတ်ဖြတ် နေတယ် ဆိုတာကို တွေ့ရတယ်။ အဲသည်မှာ သင်ခန်းစာတွေ ယူမယ်ဆိုရင် ဘာပြောနိုင်သလဲဆိုတော့ ငါတို့ မြန်မာပြည်မှာလည်း အာဏာရှင်တွေဆိုတာ ခေါင်းမာမြဲ ခေါင်းမာနေနိုင်ပါကလား။
ဦးနေ၀င်းလိုမျိုး အစောကတည်းက ထွက်တော်မူ နန်းက ခွာတယ် လုပ်မယ့်အစား ကဒါဖီလို လမ်းစဉ်လိုက်ပြီးတော့ ခေါင်းမာနေမှာလား။ နောက်ပြီးတော့ ကဒါဖီရဲ့ မျိုးစုံသော လက်နက်ကိုင် စစ်တပ်တွေလို အာဏာရှင်ကို ဘယ်လောက်တောင် သြဇာခံနေမှာလဲ။ ၈၈ အရေးတော်ပုံမှာတုန်းက ဆိုရင် စစ်အာဏာရှင်တွေရဲ့ အမိန့်ကို နာခံပြီး ပြည်သူတွေကို ပစ်သတ်ခဲ့တယ်။ ဖိလစ်ပိုင် စစ်တပ်လိုမျိုး ပြည်သူတွေဖက်က ရပ်တည်တာမျိုး၊ အီဂျစ်စစ်တပ်လို ပြည်သူတွေကို မပစ်ဘဲ ကြားနေတာမျိုး မျှော်လင့်လို ရမှလား။ ဒါတွေကို ကျနော်တို့က စဉ်းစားရမယ်။
မြန်မာပြည်မှာ ဆိုရင် တပ်တွေရဲ့ ဖွဲ့ထားတာတွေက အမျူိုးစုံ ဖြစ်နေတယ်။ တပ်ဖွဲ့စည်းပုံတွေက ဘယ်လို ဖြစ်နေပြီလဲ ဆိုတာကို ကျနော်တို့ မသိနိုင်တော့ဘူး။ သူတို့တွေက စစ်ဗိုလ်ကြီးတွေကို ရာထူးကြီးတွေ မျိုးစုံပေးပြီးတော့ တပ်မျိုးစုံနဲ့ တိုးချဲ့ပြီး ထားတယ်။ ကဒါဖီလိုမျိုး လက်နက်ကိုင်တပ်မျိုးစုံတွေ ခွဲခြားပြီး ထားထားသလိုမျိုး မြန်မာပြည်မှာလည်း တပ်တွေကို နယ်စား ပယ်စားတွေလို ခွဲပေးထားတယ်လို့ ပြောလို့ ရတယ်။ သည်တပ်တွေဟာ တကယ်တမ်းမှာ သူတို့ရဲ့ စစ်အာဏာရှင်တွေကို သစ္စာခံမြဲ ခံမှာပဲ လို့ တွက်လို့ ရတယ်။ ဒါကတော့ သင်ခန်းစာ တခုပေါ့။ စဉ်းစားရမယ့် အချက်တချက်ပေါ့။
နောက်ပြီးတော့ နိုင်ငံတကာက အမေရိကန်တို့၊ ဥရောပတို့၊ အာဖရိကနိုင်ငံတွေတို့ စတဲ့ နိုင်ငံတကာက ၀င်ရောက် အရေးယူဖို့ ဖြေရှင်းပေးဖို့ ဆိုတာတွေကလည်း အခုလို လစ်ဗျားလိုမျိုး သွေးချောင်းစီးနေတာတောင်၊ တိုင်းပြည်ကြီး တခုလုံး အစိတ်အမွှာမွှာ ဖြစ်နေတာတောင်မှ ပြောတုန်း၊ ဆိုတုန်း၊ ဆွေးနွေးတုန်း၊ အဖြေရှာနေတုန်း ဆိုတော့ အနည်းနဲ့ အများတော့ အချိန်ယူတယ်။ အထစ်အငေါ့လေးတွေ ရှိတတ်တယ်ဆိုတာကို လက်ခံထားရမယ်။
ဒါကြောင့် မြန်မာပြည်မှာ တစုံတခုသော အရေးအခင်းတွေ ပေါ်လာခဲ့မယ် ဆိုရင်တောင်မှ၊ လူထုအုံကြွ  တော်လှန်မှုတွေ ပေါ်ပေါက်လာခဲ့ရင်တောင်မှ အိမ်နီးချင်းနိုင်ငံတွေထဲက တရုတ်လို နိုင်ငံမျိုးတွေရဲ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့ရဲ့ မျက်နှာစာတို့မှာ ရှိတဲ့ သြဇာတွေကြောင့် အခုလစ်ဗျားနိုင်ငံအပေါ် တုန့်ပြန်တာမျိုးထက် လျော့နည်းတဲ့ တုန့်ပြန်မှု၊ အရေးယူမှုတွေပဲ ရနိုင်တယ် ဆိုတဲ့ သင်ခန်းစာယူနိုင်တယ်လို့ ပြောချင်ပါတယ်။
အီဂျစ်ပြည်က အဖြစ်အပျက်ကို ကြည့်ုပြီးတော့ ပြည်သူလူထုရဲ့ နိုင်ငံရေး ဇော၊ နိုင်ငံရေး ဆန္̔ဒကြီးမားမှုကြောင့် အာဏာရှင်တွေ မြန်မြန် ပြိုလဲနိုင်တယ်လို့  တဖက်က ယူဆလို့ ရနိုင်ပေမယ့် လစ်ဗျားပြည်က အဖြစ်အပျက်ကို ပြန်ကြည့်လိုက်မယ် ဆိုရင်လည်း အာဏာရှင်တွေရဲ့ ခေါင်းမာမှု၊ သူ့သြဇာခံတဲ့ လက်နက်ကိုင် စစ်တပ်မျိုးစုံတွေရဲ့ သစ္စာခံမှု၊ နိုင်ငံတကာက အနေအထားတွေ စတာတွေကြောင့် သတိထားဖို့ လိုလိမ့်မယ်၊ သင်ခန်းစာဖို့ ယူလိမ့်မယ်။ လစ်ဗျားရဲ့ ပြသနာကို အီဂျစ်တို့ တူနီးရှားတို့နဲ့ တတန်းစားထဲ ထားပြီးတော့ စဉ်းစားလို့ မရဘူးလို့ ကျနော်ကတော့ ပြောချင်ပါတယ်။

ဒါပေမယ့် မြန်မာပြည်နဲ့ လစ်ဗျားနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် လစ်ဗျားက အနှစ် ၄၀ ကျော် ပြည်သူတွေကို ခေါင်းမမော်နိုင်အောင် ဖိနှိပ်ပြီး နိုင်ငံရေးနှိုးကြားမှုတွေကို ဖြတ်တောက်ထားတယ်။ မြန်မာပြည်မှာကတော့ ၁၉၈၈ အရေးတော်ပုံမှာ မဆလတပါတီ အာဏာရှင်တွေကို ဖြုတ်ချခဲ့ပြီးနောက်မှာ အတိုက်အခံ နိုင်ငံရေးပါတီတွေ၊ အင်အားစုတွေ ရှိနေတယ်။ နိုင်ငံရေး အင်အားတွေ ပြတ်တောက်သွားတာ ပျောက်ကွယ်သွားတာတွေ မရှိဘူး မဟုတ်လား ဆရာ။
            ဒါကတော့ ဟုတ်ပါတယ်။ ကျနော်ပြောချင်တာက နိုင်ငံတကာက တုန့်ပြန်မှု အလားအလာ၊ ပြည်သူလူထုရဲ့ နိုင်ငံရေး ဇောနဲ့ ဆန္̔ဒကြီးမားမှု၊ နောက်တချက်က အာဏာရှင်ရဲ့ လက်နက်ုကိုင်တပ်တွေရဲ့ သစ္စာခံမှုတွေကို သင်ခန်းစာယူနိုင်အောင် သုံးသပ်ပြတာ ဖြစ်ပါတယ်။
            ကျနော်တို့ မြန်မာပြည်သမိုင်းကြောင်းနဲ့ အတွေ့အကြုံတွေအရ ဆိုရင်တော့ ကျနော်တို့တတွေမှာ ၈၈ အရေးတော်ပုံက သင်ခန်းစာတွေ ရှိတယ်။ ၈ လေးလုံးကေ အစပြုပြီး ပျံ့နှံသွားတဲ့ ပေါ်ပေါက်လာတဲ့ မျိုးဆက်တွေ၊ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့တွေ အများကြီး ရှိနေတယ်။ ကျနော်တို့ဆီက ပြည်တွင်းမှာကော ပြည်ပမှာပါ အတိုက်အခံအင်အားစုတွေ ရှိနေတယ်။
 ပြီးတော့ အခု အနှစ် ၂၀ အတွင်း မွေးဖွားလာတဲ့ လူငယ်မျိုးဆက်သစ်တွေ အားလုးံရဲ့ နိုင်ငံရေး နိုးကြားမှုတွေ၊ လေ့လာသင်ယူ ဗဟုသုတ ရှာမှီးနေမှုတွေ၊ တက်ကြွ နိုးကြားမှုတွေကလည်း အရင်တုန်းကနဲ့ မတူပဲ အလွန် ထူးခြားစွာ တည်ရှိနေတာကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒါကတော့ ကမ္ဘာကြီးက လူငယ်တွေရဲ့ ခေတ်လို့ ပြောရမယ် ထင်တယ်။ တူနီးရှား၊ အီဂျစ်နဲ့ တကွ လစ်ဗျားနိုင်ငံက လူငယ်မျိုဆက်သစ်တွေ က အာဏာရှင်တွေလက်အောက်က  ရုန်းထွက်နေကြပြီ ဖြစ်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။

ရွေးကောက်ပွဲလွန်ကာ ပေါ်ပေါက်လာမည့် သိန်းစိန် အစိုးရ

ရွေးကောက်ပွဲလွန် ကာလတွင် NLD မှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာသည့် အပေါ် ထိပ်တိုက် ရင်ဆိုင်ရေးထက် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းစဉ်ကိုချမှတ်ပြီး တစိုက်မတ်မတ်ပြောလာခဲ့သည်။
တဖက်မှလည်း ရွေးကောက်ပွဲကို တရားမျှတမှု ရှိလိမ့်မည်၊ မိမိတို့ ကျိုးစားလျှင် အနိုင်ရ ရှိနိုင်သည်ဟူသည့် မျှော်လင့်ချက်တို့ ဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ကြသည့် ပါတီများနှင့် တသီး ပုဂ္ဂလများသည် ၄င်းတို့ မျှော်လင့် သလို ဖြစ်မလာဘဲ ဗြောင်လိမ်၊ဗြောင်မဲခိုး သည့်လုပ်ရပ်များကို မျက်ဝါးထင်ထင် တွေ့ မြင်ရသည့်အခါရွေးကောက်ပွဲကို ထောက် ခံမိသည်ကို နောင်တရကြပြီး NLD နှင့် ပူးပေါင်းလိုကြောင်း ပြောကြားခဲ့ကြသလို မသန့်  ရှင်းသည့် ရွေးကောက်ပွဲ ကိုလည်း အသိအမှတ် မပြုကြောင်း ကြေငြာခဲ့ကြသည်။
တဖက်မှလည်း တတိယ အုပ်စု ဆိုသည့် အမည်ဖြင့် ရွေးကောက်ပွဲပေါ်ထင် ညစ်ပတ်မှုများကို လစ်လျှူရှုပြီး မြန်မာ နိုင်ငံကို စီးပွါးရေး ပိတ်ဆို့ ထားမှုကို ရုတ်သိမ်းရန် လိုအပ်ကြောင်း ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် အဝေးရောက် ပညာတတ်အမည်ခံတို့က တစိုက်စိုက်မတ်မတ် ပစ်မှတ်တစ်ခုအဖြစ် တောင်းဆိုပြီး ဒေါ်အောင်ဆန်း စုကြည်ကို ဘေးကြပ်နံကြပ် ဖြစ်လာစေရန် ဖိအားပေးပြီး ချောင်ပိတ်ရန် ကြိုးစား လာကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း စိးပွါးရေး ပိတ်ဆို့ ထားမှုနှင့် ပတ်သက်၍ စစ်အစိုးရနှင့် ဆွေးနွေး အဖြေရှာလိုကြောင်း ကမ်းလှမ်းခဲ့သော်လည်း ဗိုလ်သန်းရွှေတို့က တစုံတရာတုန့်  ပြန်မှု မပြုဘဲ လစ်လျှူရှု ခဲ့သည်။ NLD ပါတီကို တရားမ၀င် ကြေငြာခြင်းမှ ပယ်ဖျက်ရန် ဥပဒေ ကြောင်းအရ ဗဟိုတရားရုံးချုပ်သို့ ဦးတည် လျှောက်ထားခဲ့သော်လည်း စစ်အစိုးရ၏ ဗဟိုတရားရုံးရုပ်သေးအဖွဲ့မှပယ်ချခဲ့ပြန်သည်။

ထိုအခါ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းအရ NLD ဖက်မှ အစစ အရာရာသဘောထားကြီးပြီးလျှင် တွေ့ ဆုံ ဆွေးနွေး ရင်ကြားစေ့ရေးကို လိုလားသဖြင့် အလှော့ပေး သည်းညည်းခံမှုကို ဗိုလ်သန်းရွှေ တို့က ဒင်းတို့ငါတို့ကို ဘာမှ မလုပ်နိုင်ပါဘူးဟုတင်းမာမြဲတင်းမာနေသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းသည် တဖက်သတ် အလျှော့ပေးရေး မဟုတ် ဆိုသည်ကို သဘောပေါက်စေရန် NLD မှ စီးပွါးရေး ပိတ်ဆို့ထားမှုသည် ဆက်လက် တည်ရှိရန် လိုအပ်သည်။ စစ်အစိုးရဘက်မှ အပြုသဘောဆောင်သည့် ပြောင်းလဲမှု တစုံတရာ မရှိဘဲလွှတ်မပေးသင့်ကြောင်းမကြာမီကထုတ်ပြန်ကြေငြာခဲ့သည်။
ကျွန်ုပ် အနေနှင့် NLD သည် လမ်းမှန်အပေါ်သို့ ပြန်လည်ရောက်ရှိလာသည်ဟု မြင်သည်။ အမျိုးသားရင်ကြားစေ့ရေးသည် NLD မှ တဘက်သတ် နအဖ အုပ်စု လုပ်သမျှ ခေါင်းငုံ့ခံ ၍ မြှောလိုက်ခြင်း မဟုတ်။ အမျိုးသားရင်ကြားစေ့ရေး သည် NLD ဖက်မှ လျော့သလို နအဖ ဘက်မှလည်း လျော့ချညှိနှိုင်း ဆက်ဆံလာရေးပင် ဖြစ်သည်။ ထို့ကြောင့် နအဖ ဘက်မှ ငါ့မြင်း၊ ငါစိုင်း စစ်ကိုင်း ရောက်ရောက် လုပ်နေသမျှ NLD အနေဖြင့် ပြည်သူအားကိုယူ၍ ဖိအားပေးဖို့လိုပေသည်။

ဒေါ်အောင်ဆန်းစုကြည်မရှိခင်နှင့် ရှစ်လေးလုံး အရေး အခင်း မဖြစ်ခင်ကပင် မြန်မာ နိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသော နိုင်ငံဘ၀ ၊ပညာတတ်များ ထွန်းကားပေါက် ပွါးရာ ပွဲလည်တင့်သည့် နိုင်ငံတစ်ခု ဘ၀မှ စစ်အာဏာရှင်များ၏ ကိုယ်မကျွမ်းကျင်သည့် တိုင်းပြည်၏ စီးပွါးရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ တို့ကို လက်ဝါးကြီးအုပ်၍လွဲမှားစွာ ၄င်းတို့ ကိုယ်ကျိုးစီးပွါးအတွက် အုပ်ချုပ်ခဲ့၍ မြန်မာ နိုင်ငံသည် ကမ္ဘာ့ လူမွဲ စာရင်းဝင် နိုင်ငံ တနိုင်ငံ ဖြစ်လာခဲ့ရသည်မှာ ၁၉၈၇ ခုနှစ် မှ စတင်၍ ဖြစ်သည်။ ထို့ကြောင့် မြန်မာ နိုင်ငံ လူမွဲ နိုင်ငံ ဖြစ်နေသည်မှာ စီးပွါးရေး ပိတ်ဆို့မှု မရှိခင်တင်ကတည်းက ဖြစ်ကြောင်း အများသိဘို့လိုသည်။ စီးပွါးရေးဖွင့်လာသည်ဆို သော ယနေ့  စီးပွါးရေး စနစ်သည် စစ်အုပ်စုများ လက်ဝါးကြီးအုပ် ဝေစားမျှစားစီးပွါးရေးစနစ်ဖြစ်သည်။

ပြည်သူ အတွက်စီးပွါးရေး ဖွင့်ထားသည် မဟုတ်။ ၄င်းတို့ အတွက် တိုင်းပြည် သယံဇာတ များကို ဗြောင်ခိုးခွင့် ရရန်ဖွင့်ထားသည့် စီးပွါးရေး စနစ်ဖြစ်သည်။
ဗိုလ်သန်းရွှေတွင် သဘာဝဓါတ်ငွေ့ ရောင်းရငွေ နှစ်စဉ် ၄ ဘီလီယံ (ဒေါ်လာသန်း- ၄- ထောင်) သည်မြန်မာ ပြည်သူများ၏ ကျန်းမာရေး ပညးရေး စီးပွါးရေးတို့ကိုကောင်းကောင်း မြှင့်တင်ပေး နိုင်သည့် ၀င်ငွေ ဖြစ်သည်။ ၄င်းငွေများ ဘယ်ရောက် ကုန်သနည်း???။

ယူသင့်သည့် သင်ခန်းစာများ

၁၉၉၀ ရွေးကောက်ပွဲပြီးနောက် န၀တ၊ နအဖ တို့က ရေငုံ နှုတ်ပိတ် NLD ရွေးကောက်ပွဲ အနိုင်ရမှုကို ရွေးကောက်ပွဲ ကျင်းပပေးသည့် န၀တမှချီးကြူး ဂုဏ်ပြုမှုအလျှင်း မရှိဘဲ ၊ဗိုလ်ချုပ်စောမောင်က `“ကျုပ်တို့ ရွေးကောက်ပွဲကို သန့် သန့် ရှင်းရှင်း လုပ်ပေးခဲ့တာပဲ” ဟုသာပြောခဲ့ပြီး သူပြောခဲ့သည့် မိန့် ခွန်းအရ `“ဘယ်သူနိုင်နိုင်၊ နိုင်တဲ့ သူကို အာဏာလွှဲပေးပြီး စစ်တန်းလျားသို့ ပြန်မယ်” ဆိုသည့် စကားကိုမေ့ချင်ယောင်ဆောင်၍ အခြေခံဥပဒေ မရှိသောကြောင့် အာဏာ လွှဲပြောင်း မပေး နိုင်သေးကြောင်း ပြောဆိုလာ ခဲ့သည်။ ထိုအခြေအနေတွင် လူထုကြီးကလွန်စွာတက်ကြွနေသည်။ NLD ဘာလုပ်လုပ် နောက်က အသေခံ၍ လိုက်မည့် သဘော ဖြစ်သည်။ သို့ရာတွင် ပြည်သူ လူထု မျှော်လင့် သလို NLD ပါတီသည် အရှိန်တက်နေသည့် ပြည်သူ့ ဆန္ဒကို ဆုပ်ကိုင်ဖမ်းယူမည် ဦးဆောင်ရမည့်အစား ဂန္ဓီ ခန်းမ ညီလာခံတွင် တကယ်လုပ်သင့်သည့် ထိပ်တိုက်ရင်ဆိုင် ပြီး အစိုးရ အဖွဲ့ကို သတ္တိရှိရှိ ဖွဲ့စည်းပြီး ထောင်ထဲသို့ အစိုးရ အဖွဲ့ ဝင်များ တန်းစီဝင်ရ၊ ၀င်ရ ၀င်မည်ဆိုသည့် သတ္တိမမွေး နိုင်ခဲ့သဖြင့် ပြည်သူ့ အားဖြင့် အရှိန်ကောင်းကောင်း တိုက်ပွဲ ၀င်နိုင်သည့် အခွင့်အရေး ကောင်းကြီးကို လက်လွတ်ခဲ့ရပြန်သည်။

၁၉၉၀ လွှတ်တော် အမတ်များ အစိုးရ ဖွဲ့ ရန် ကြံစည်မှုဖြင့် နောက်ပိုင်း အဖမ်းခံရပြီး ထောင်တွင်း သေသူသေ၊ နယ်ခြားပြေး၍ အဝေးရောက် အစိုးရ ဖွဲ့ သူဖွဲ့ ဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်သည် ဇာတ်မြောကြီး ဖြစ်လာခဲ့ရသည်။ ပြည်ပရောက် ၁၉၉၀ အမတ်များသည် ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖော်ဖို့ ထက်ရွေးကောက် ပွဲရလာဒ်ကို အသုံးချပြီး လိုင်စင်ရ ရာသက်ပန် ၀န်ကြီးချုပ်များ၊ အမတ်များ ဖြစ်လာခဲ့ကြသည်။ `“အပြင်လူ မ၀င်ရ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ၁၉၉၀ လွှတ်တော်အမတ်များသည် ၄င်းတို့က သာ အစိုးရ ဖွဲ့ ပိုင်ခွင့် ရှိသည်။ အခြားသူများလာလျှင် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ဖျက်ဆီးရာ ရောက်သည်ဟု ခြံခတ် နိုင်ငံရေးဖြင့် အစိုးရ အမည်ခံ NGO တပိုင်း ဖြစ် လာ ကြသည်။
လက်နက်ကိုင်တော်လှန်ရေး အကြောင်းပြောလျှင် တီကောင်ကို ဆားနှင့် ပက်သလို တွန့်သွား တတ်ကြသည်။ ထောက်ပန့် ကြေး အဖြတ်ခံရမည်စိုးသဖြင့် တော်လှန်ရေး စကားကို မပြော ရဲကြ။ အမှန်စင်စစ် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို အသုံးချပြီး တော်လှန်ရေး နယ်မြေရှိ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့်မပူးပေါင်းဘဲ ခြံခတ် နိုင်ငံရေး လုပ်နေ ခြင်း ကသာ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို ဖျက်ဆီးနေခြင်း ဖြစ်သည်။

(၈၈) မျိုးဆက်


မင်းကိုနိုင် ၊ ကိုကိုကြီး၊ မင်းဇေယျာ၊ဌေးကြွယ်၊ ဂျင်မီ၊ မြအေး၊ စသော ၈၈-မျိုးဆက် ခေါင်ေးဆာင်များ နှစ်ပေါင်း ၁၆နှစ်- ၁၈ နှစ်ကြာ ထောင်နန်းစံ ဘ၀ လွတ်မြောက်လာပြီးနောက် မျိုးဆက်ပြတ်တောက်မှုကို ဦးတည် လုပ်ဆောင်လာမှုထက် NLD နှင့် ပူးတွဲ လုပ်ဆောင်လာမှုကို လွဲမှားစွာ လုပ်ခဲ့ကြသဖြင့် နအဖ၏ သတ်ကွင်းထဲသို့ ပြန်လည် ၀င်ရောက်သွားခဲ့သည်။ NLD လုပ်ရပ်ကို ထောက်ခံသည်ကို မငြင်းလိုပါ။ သို့ရာတွင် ၈၈ -ခေါင်းဆောင်များသည် သမိုင်းရှိသည်။ မိမိကွန်ယက်ကို မိမိတည်ဆောက်ရမည့်အစား NGO များ အဖြစ် အထင်ခံရမည်ကို သေးသိမ် သည်ဟု အယူအဆ မှားခဲ့ကြသည်။။စင်စစ် ၈၈ မျိုးဆက်များ၊ နောင်မျိုးဆက်သစ်တို့ နှင့် ကွင်းဆက်ချိတ်နိုင်ရန် ပေါ်လစီ မရှိခဲ့ခြင်းနှင့် လူမှုရေး လုပ်လျှင် နိုင်ငံရေး သိက္ခာ ကျသွားလေမလား ဆိုသည့် စိုးရိမ် မှုတို့က နောက်တကြိမ် ထောင်နန်းစံမှုကို ဖြစ်ပေါ်စေသည်ဟု သုံးသပ်သည်။ ယနေ့  ဒေါ်အောင်ဆန်းစုကြည် လူမှုရေး ကိစ္စများကို ထဲထဲဝင်ဝင် ၀င်ရောက် ကူညီသည်ကို ကြည့်လျှင် ထိုစဉ်က ၈၈-မျိုးဆက်တို့ လူမှုရေးဝင်ရောက် လုပ်ကိုင်လျှင် ၂၀၁၀ ခုနှစ်တွင် လူထုအခြေပြုခေါင်ေးဆာင်များပြည်သူလူထုကြီးကိုစည်းရုံးပြီး သော လူများဖြစ်နိုင်သည်။

၈၈-မျိုးဆက်ကို ၈၈-လွန် ၉၆ မျိုးဆက်တို့ သိကောင်းသိမည်။ ၁၉၉၀- ခုနှစ်မွေးသော ယနေ့  ၂၀၁၀ မျိုးဆက် လူငယ်များ ကြားဖူးယု့သာ ကြားဖူး ကြမည်ဖြစ်သည်။
ပြည်တွင်းရှိ လူငယ် တယောက်က `“မင်းကိုနိုင် ” အမည်ကြားသည့် အခါ စတီရီယို အဆိုကျော် မဟုတ်လားဟု မေးသည်ဟုပြောသံကြားဖူးသည်။ ကိုကျော်သူနှင့်နာရေး ကူညီမှု အသင်းသည် အလွန်အောင်မြင်သည်။ ပြည်သူ့ လေးစားမှုကို ရသည့် ၈၈-မျိုးဆက် အနေနှင့် လွတ်လာသည့် ၁၉၉၆ ခုနှစ်မှစ၍ လူမှုရေးကိုဇောက်ချ လုပ်လျှင် ၂၀၁၀ သည်ပွဲကြီး ပွဲကောင်း နွှဲ နိုင်သည့် အနေအထားတွင် ရှိနိုင်သည်။
ယနေ့ ၈၈-မျိုးဆက်ခေါင်းဆောင်များ`“သူ့ စိတ် နှင့် ကိုယ့်ကိုယ် ထောက်မင်းသား များဘ၀ ” ရောက်ရသည်မှာအလွန်ဝမ်းနည်းစရာကောင်းသည်။”
၎င်းတို့၏ စွန့်စားမှုကို လေးစားပါသည်။ ၄င်းတို့ ယခုကဲ့သို့ ခံစားနေရခြင်းကို ကြားသိပြိး အမြဲ ယူကြုံးမရ ဖြစ်မိသည်။ အလွန် တန်ဘိုးရှိသော အနာဂါတ် ခေါင်းဆောင်များထောင်တွင် မဆုံး ပါးသွားကြပါစေရန်ဆန္ဒပြုပါသည်။

ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ကို တချို့က ဘာမှ မလုပ်နိုင် လမ်းလွဲလိုက်နေသည်ဟုဝေဖန်ကြသည်။ တချိန်တွင် နတ်စင် အဖြစ် ကိုးကွယ်ရာ ဖြစ်သွားနိုင်သည်ဟု ဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည် လုပ်ရပ်များကိုကြည့်ပါ။ သူမ လုပ်နိုင်သမျှလုပ်ခဲ့သည်။ ပြည်သူ လူထုနှင့် ထိတွေ့ ဘို့ ကြိုးစားတိုင်း သူမ ပါသော ရထားတွဲ ကိုဖြုတ်ချ ချန်ထားခြင်းခံခဲ့ရသည်။ သူမ ပါသောကား တံတားထိပ်တွင် ပိတ်၍ ထားသဖြင့် ကားထဲတွင် ၇-ရက်မျှနေခဲ့ရသည်။ ဒီပဲယင်း အရေး အခင်းတွင်သူမ အသက်ကိုပင် ရန်ရှာ လာခဲ့သည်။ သူမ လုပ်နိုင်သလောက် လုပ်သလို နအဖ ကလည်း အပြတ် လိုက်ပိတ်သည်။ နောက်ဆုံး အသေ သတ်ဖို့ ကြ။ိုးစားသည်မှာ အများ အသိပင် ဖြစ်သည်။
ဒေါ်စုရှိလျှင် ပြည်သူကို ဦးဆောင်ပြီး နအဖကို တွန်းလှန် နိုင်သည်ကို ဗိုလ်သန်းရွှေ ကောင်းကောင်းသိသည်။ ထို့ကြောင့်ဒေါ်စုကို နေအိမ် အကျယ်ချုပ်ဖြင့် ၁၅-နှစ်ခန့် ထားခဲ့သည်။ အဓိက တရားခံမှာ အန်ကယ်ကြီးများ အုပ်စုသာ ဖြစ်သည်။ နအဖ အကြိုက်ခေါင်းငုံ့ လိုက်နေသော အန်ကယ်ကြီးများသည် NLD နှင့် ပြည်သူ့  အင်အားစုတို့ကို ဖျက်ဆီးခဲ့သည့် ရွှေ ပြည်အေး သမားများသာ ဖြစ်သည်။ NLD ပါတီ တည်ရှိမှု မပျက်ရန် ဆိုသည့် အကြောင်း ပြချက်ဖြင့် တက်ကြွသည့် NLD လူငယ်များကို အဖွဲ့ မှ ထုတ်ပယ်ခြင်း၊ လူထု လှုပ်ရျားမှု များတွင် မပါဝင်ဘဲ မျက်စိမှိတ်နေခြင်းဖြင့် NLD ပါတီသည် အင်အား ယုတ်လျှော့ ခဲ့ရသည်။ နအဖ၏ပြင်းထန်သော ဖိနှိပ်မှု ညစ်ပတ်မှုများကလည်း တဖက်တွင်ရှိနေသည့် အတွက် ၄င်း အချက် ၂ ခုပေါင်းလိုက်သောအခါ NLD ပါတီနှင့် အဖွဲ့  ၀င် သန်းဂဏန်းမှသောင်းဂဏန်း အဆင့်ကျရောက် လာခဲ့ရသည် ကို မည်သူမျှ မငြင်းနိုင်ပါ။

NLDပါတီ

NLD ပါတီ သည် တရားဝင် ပါတီအဖြစ် အသိအမှတ် ပြုမှု မရှိတော့ချေ။ သိန်းစိန် အစိုးရ တက်လာ သည့်အခါ NLD ပါတီ ကို တမျိုး လှည့်ပြီး မှတ်ပုံတင်လျှင် နိုင်ငံရေး ပါတီ အဖြစ် အသိအမှတ် ပြုမည်ဟု ချဉ်းကပ် လာနိုင်သည်။ သန်းရွှေ။ သိန်းစိန် တို့မှ မသိအမှတ် ပြုပြု- မပြုပြု ပြည်သူက NLD ပါတီ ကို အသိအမှတ် ပြုနေမည်သာ ဖြစ်သည်။ အထူးသဖြင့် ဒေါ်စုက ဦးဆောင်လျှင် ပြည်သူတို့က NLD ပါတီ ကို ပြည်သူ့ ပါတီ အဖြစ်လူထုက လက်ခံမည်မှာ မငြင်းနိုင်ပါ။

NLD ပါတီ အနေဖြင့် ချဉ်းကပ်နည်း ၂ မျိုးဖြင့် ချဉ်းကပ်နိုင်သည်။
အတွင်း အပြင် ချဉ်းကပ်နည်းဆိုလျှင် မမှား နိုင်ပါ။ အတွင်းမှ ချဉ်းကပ်ခြင်း ဆိုသည်မှာ လွှတ်တော်တွင်း ရောက်ရှိနေသော ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အင်အား စုများ၊ နှင့် ချစ်ကြည် ရင်းနှီးမှု ရယူပြီး လွှတ်တော်တွင်း တိုက်ပွဲများကို ပြင်ပမှ အားပေးခြင်း၊ ကူညီခြင်းတို့ဖြင့် မတရား ဥပေဒေများကို တိုက်ဖျက်၍ ဒီမိုကရေစီနည်းလမ်းကျ ဥပဒေတို့ကို ပြင်ဆင်ခြင်း ဆိုသည့် ဘောင်တွင်းက တိုက်ပွဲဖော်နည်းဖြင့် ချဉ်းကပ် ခြင်းကို အားပေး ကူညီခြင်းဖြင့်ခိုင်မာသောမဟာမိတ်ဖွဲ့ စည်းခြင်း။

အပြင်စည်းမှ တိုက်ခြင်းသည် ကျယ်ပြန့် သလောက် အန္တရာယ်လည်း များသည်။ လွတ်လပ်သော လူ့ ဘောင် အဖွဲ အစည်း၊ လူတန်းစား အဖွဲ့ အစည်းများကို တည် ထောင်ရာတွင် အားပေး ကူညီခြင်း၊ အောင်ခြေ လူတန်းစား အတွင်းသို့  စိမ့် ဝင်ပြီး လူထု၏ သာရေး၊ နာရေးများကို ကူညီခြင်း ၊ လူငယ်ကွန် ယက်များကို တူညီသော လမ်းကြောင်းများ ချပေးပြီး လက်တွေ့  ၀င်ရောက် လုပ်ကိုင်စေခြင်းဖြင့် လူထု လူတန်းစားများကို ဦးဆောင် နိုင်သော၊ အောက်ခြေထု ထောက်ခံသော ခေါင်းဆောင်ကောင်းများကို မွေးမြူ ခြင်းတို့ဖြင့် တချိန်တွင် လူထု အားဖြင့် လူထု တိုက်ပွဲကို ဖော်ဆောင်ရာတွင် အတွေ့ အကြုံ ရှိပြီးသားသွေးသစ်များဖြင့်၊ လူထုအား ကိုသုံး၍တော်လှန်ရေးကို ဦးဆောင်သွားရန် အထိ ပိုင်းဖြတ်ပြင်ဆင်ထားရန် လိုသည်။

သိန်းစိန်အစိုးရ

သိန်းစိန် အစိုးရသည် ရုပ်သေး အစိုးရ ဖြစ်နိုင်သလို ၊ ဗိုလ်နေ၀င်း၏ သြဇာကို ဗိုလ်သန်းရွှေ အင်အား ပြည့်သည့်နေ့ တွင် ရုန်းထွက် သကဲ့သို့ ကိုယ့် သြဇာ ကိုယ်တည်ဆောက်မည့် အစိုးရလည်း ဖြစ်နိုင်သည်။ သိန်းစိန်သည် သန်းရွှေ ၏ လူယုံဖြစ်သည်မှာ မငြင်းနိုင်ချေ။ လူယုံ ဖြစ်သည့် အတွက်ကြောင့်သာ သမ္မတ ရာထူးကို ပေးထားခြင်း ဖြစ်သည်။ သို့ရာတွင် သိန်းစိန် အစိုးရသည် အညစ်ပတ်ဆုံး၊ အရှက်တရား အကင်းမဲ့ ဆုံး လုပ်ရပ်ဖြင့် ရွေးကောက်ပွဲတွင် ဗြောင်မဲလိမ်၊ မဲခိုးသည့် စနစ်ဖြစ်သည့် ကြိုတင်မဲ ဆိုသည့် ဘယ်က ရောက်လာမှန်းမ သိ သည့်မဲများဖြင့်အတိုက်အခံများကိုတဖက်သတ်အနိုင်ယူခဲ့သည့်အပြင်ကျင်းပခဲ့သောရွေးကောက်ပွဲကိုလည်းအတိုက်အခံများက အသိအမှတ် ပြု ပေးရန်ကောက်ကျစ်စွာ ကြံ ဆောင် နိုင်ခဲ့ပေသည် မည်သို့ပင်ဖြစ်စေသိန်းစိန်အစိုးရသည်ဂုဏ်သိက္ခာမရှိသော လူထုထောက် ခံမှုမရှိသောအစိုးရဖြစ်သည်


စနစ်တခု ပြောင်းလဲရာတွင် တရား ခံဖြစ်သွား သူများ

အာဏာရှင် စနစ်မှ ဒီမိုကရေစီ စနစ်ပြောင်းလဲသွားသော နိုင်ငံများကို လေ့လာလျှင် ထိုနိုင်ငံများတွင် ဗိုလ်ကျ စိုးမိုးနေသော အာဏာရှင် ပါတီဝင်များ(သို့မဟုတ်)ပါတီဝင်ဟောင်းများနှင့် ဒီမိုကရက်တစ် အင်အားစုတို့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြရာ၌ ဒီမိုကရက်တစ်များက အနိုင်ရပြီး အစိုးရများ ဖြစ်လာကြသည်။
သို့ရာတွင် အာဏာရှင် လက်အောက်တွင် ပျက်စီး ယိုယွင်းနေသောစီးပွါးရေး၊ လူမှုရေး၊ပညာရေး၊ ကျန်းမာရေး၊ တို့ကို ပထမ သက်တမ်း(၄)နှစ် အတွင်း မြှင့်တက်လာရန်မစွမ်းဆောင်နိုင်ကြချေ။ အကြောင်းမှာ အုပ်ချုပ်ရေး အတွေ့ အကြုံ နည်းပါး ခြင်းကြောင့်၎င်း၊ ပြည်သူများ၏ နိုင်ငံရေး အတွေးအခေါ်မှာ အာဏာရှင် လက်အောက်တွင် ဖိနှိပ်ခံ၊ အောက်တန်း နောက်တန်း ကျနေသည့် ဘ၀မှ ဒီမိုကရေစီ စနစ် ဖြစ်ပေါ် လာသည်နှင့် တပြိုင်နက် နေ့ ခြင်း၊ ညခြင်း၊ ၄င်းတို့ ဘ၀ တိုးတက်ပြောင်းလဲ သွား လိမ့်မည်ဟု လွဲမှားစွာ တွေး ထင်ခြင်းကြောင့် ၄င်း တို့ ထင်သလို ဘ၀ တိုးတက်မှု နှေးကွေးမြဲ နှေးကွေး နေသည်ကို တွေ့ ၇သည့်အခါ ၊ နောက်တကြိမ် ရွေးကောက်ပွဲတွင် ယခင်အစိုးရ ပါတီဝင် ဟောင်းများကို မဲပေးခဲ့သဖြင့် ယခင် ကွန်မြူနစ် ပါတီ ၀င်ဟောင်းများ အစိုးရ တလှည့် ဖြစ်လာခဲ့ပြန်ပါသည်။
သို့ရာတွင် ၄င်းတို့သည် ယခင်က အာဏာရှင် ဘ၀၌ တဖက်သတ် အာဏာဖြင့် အစိုးရဖွဲ့ စည်းပုံမျိုး မဟုတ်တော့ဘဲ ပြည်သူကရွေး လိုက်သည့် ဒီမိုကရေစီ နည်းအရ တက်လာ သည့် အစိုးရများ ဖြစ်လာခဲ့ကြပါသည်။ ၄င်းအချက်ကို ဆိုဗီယက်ရုရှားနိုင်ငံ၊ ပိုလန် နိုင်ငံတို့ တွင်တွေ့နိုင်သည်။

ထို့ကြောင့် ဗိုလ်သန်းရွှေ တို့က ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ အမည်ခံ ကာ ကလိမ် ကကျစ် ရွေးကောက်ပွဲ လုပ်ပြီး သိန်းစိန် အစိုးရကို မွေးထုတ် ပေးလိုက်ခြင်းသည်NLD ပါတီ နှင့် ဒီမိုကရေစီ အင်အား စုတို့ အတွက် တမျိုး ကောင်းပါသည်။
သိန်းစိန် အစိုးရသည် သူ့ သက်တမ်း ၅-နှစ်အတွင်း မြန်မာ နိုင်ငံ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ တို့ကို ဦးမော့ လာစေရန် မစွမ်းဆောင်နိုင်ပါ။ ထို့ ကြောင့် ပြည်သူ လူထုကြီး၏ မကျေနပ် ချက်ကို သည်လည်း တိုး၍ လာမည်သာ ဖြစ်သည်။ သိန်းစိန် အစိုးရ နောင် ၅-နှစ်အတွင်း ရွေးကောက်ပွဲ လုပ်သည့် အချိန် အခါ မရောက်ခင် မြန်မာ ပြည်သည်အုံကြွမှုကြီးနှင့်တိုးပါလိမ့်မည်။

ထိုသို့ အုံကြွ လာသည့်အခါ NLD ပါတီ အနေနှင့် ရှေ မှ နောက်မတွန့် ဘဲ ဦးဆောင်နိုင်ဖို့ ယနေ့ မှ စ၍ ပြင်ဆင်ရမည်ဖြစ်သည်။ သုံး လေးနှစ်အတွင်း အတွင်း မြန်မာ ပြည်သည် ပြောင်းလဲ လာတော့မည် ဖြစ်သည်။ ဦးဆောင်သူက ရဲရဲ ဦးဆောင်လျှင်ရွေ့ နိုင်ပါသည်။



ထွန်းအောင်ကျော်

Mr. Ross Dunkley အား ကမာရွတ် တရားရုံးမှာ ရုံးထုတ်စဉ် ရိုက်ကူးထားတဲ့ NTD ရုပ်သံ

http://www.demowaiyan.co.cc/2011/02/mr-ross-dunkley.html

အချိန်တန်ပြီ- *ရေးသူ-ကာနယ်အောင်သန်း*

by Ko Myoe on Saturday, February 26, 2011 at 10:59pm
အချိန်တန်ပြီ

 ယခုအချိန်အခါသည် မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း နိုင်ငံ၏အနာဂတ်အတွက် မဟုတ်တောင် မိမိကိုယ်တိုင်၏ အနာဂတ်အတွက် အလေးအနက် စဉ်းစားရမည့်အချိန်ဟု ဆိုချင်သည်။ အားလုံးသိကြသည့်အတိုင်း နအဖအ စိုးရက မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းလိုက်ပြီ ဖြစ်သည်။ ယောက်ျားလေး ရော မိန်းကလေးပါ သက်တမ်းနှစ်နှစ်ရှိသော စစ်တပ်တာဝန်ကို ထမ်းဆောင်ရမည်ဟု ဆိုထားသည်။ စစ်မှု ထမ်းတာဝန်ကို ကင်းလွတ်ခွင့်ရသော ပုဂ္ဂိုလ်များမှာ သာသနာရေးဆိုင်ရာပုဂ္ဂိုလ်များနှင့် စစ်မှုထမ်းရန် မသင့် တော်သောသူများ၊ စစ်မှုမထမ်းနိုင်ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် တင်ပြလာသော ပုဂ္ဂိုလ်များ (တ နည်းအားဖြင့် သူ၏ ဆွေတော်မျိုးတော်များ၊ ပိုက်ဆံရှိသူများ) စသည် စသည်ဖြင့် ဖော်ပြပါရှိလေသည်။

ဤဥပဒေနှင့် ပတ်သက်၍ ပြောစရာဆိုစရာတွေက အများကြီးရှိသည်၊ ထိုအထဲတွင် ဘယ်အကြောင်းကြောင့် စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းရသနည်းဆိုသော မေးခွန်းက အဓိကဖြစ်ပါလိမ့်မည်၊ အရွယ်ရောက်သူ တိုင်း စစ်မှုမထမ်းမနေရ ထမ်းရလောက်အောင် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေက မည်ကဲ့သို့ဖြစ်နေသ နည်း သို့တည်းမဟုတ် ဒီမိုကရေစီနိုင်ငံများ၏ သဘောသဘာဝကြောင့်လော၊ လက်ရှိအစိုးရသည် ကျွန်ုပ်တို့ ကိုယ်တိုင် ကျေကျေနပ်နပ် တင်မြောက်ထားသည့် ဒီမိုကရေစီအစိုးရလော။ ဒီမိုကရေစီနိုင်ငံများ၏ စနစ်အရ ဆိုလျှင် ဤဥပဒေကို ပြဌာန်းဖို့ မည်သည့်လွှတ်တော်၏ ထောက်ခံချက်ကို ယူခဲ့သနည်း၊ လက်ရှိစစ်တပ်ကိုပင် လူလုံးသူလုံးပေါ်အောင်မထားနိုင်သော စစ်အစိုးရသည် တနိုင်လုံးအတိုင်းအတာဖြင့် တည်ရှိလာမည့် စစ်တပ် ကြီးအား မည်ကဲ့သို့ထောက်ပံ့မည်နည်း။

အဖြေကား ရှင်းပါသည်။ လက်ရှိစစ်တပ်သည် ကြီးနိုင်ငယ်ညှဉ်းစစ်တပ်ဖြစ်သည်။ ထိပ်ပိုင်းက ရာထူးကြီး ပုဂ္ဂိုလ်များက ပိုက်ဆံများ သုံးမကုန်ဖြုန်းမကုန်အောင် အခွင့်အထူးတွေ ခံစားခွင့်တွေရနေကြသလောက် အောက်ပိုင်းမှ သာမာန်စစ်သားများမှာ ငတ်တလှည့် ပြတ်လှည့်ဖြင့် နေလာခဲ့ရသည်က စစ်အစိုးရ စတက်က တည်းကပင် ဖြစ်သည်။ စစ်တပ်၏ လက်ရှိစနစ်သည် အထက်ဖားအောက်ဖိစနစ်ဖြစ်လေရာ အခံရဆုံးသော ပုဂ္ဂိုလ်များမှာ အောက်ခြေစစ်သားလေးများပင် ဖြစ်သည်။ ထို့ပြင် စစ်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်များသည် ကိုယ် တိုင်က သေမှာ ဖိန့်ဖိန့်တုန်အောင် ကြောက်သလောက် မိမိလက်အောက်ရှိ စစ်သားများ၏ အသက်ကိုမူ ရှိ သည်ဟုပင် မထင်သောသူများ ဖြစ်သည်။ သူတို့၏ ပေါ်လစီအမှားများကို ခါးစည်းခံရသူများမှာလည်း သူတို့ ကိုယ်တိုင်မဟုတ် အရာရှိပေါက်စများ၊ သာမာန်စစ်သားများသာ ဖြစ်သည်။

နိုင်ငံတော်၏ အန္တရာယ်အတွက်ဟု အသံကောင်းဟစ်ကြွေးပြီး အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းနေသည် မှာလည်း စစ်အစိုးရပင် ဖြစ်သည်။ သို့သော် သာမန်စစ်သားများသည် ဘာမှအခွင့်အရေး ခံစားခွင့်မရှိ၊ မိမိပေး ဆပ်သလောက် လောက်လောက်လားလား အသိအမှတ်အပြုမခံရ။ စစ်သားဆိုသည်မှာ စစ်တိုက်ဖို့၊ သေရဲဖို့ နှင့် သေဖို့ဟု ကျဉ်းမြောင်းသော အတွေးများကို အခြေခံထားသော စစ်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်များသည် စစ် သားဆိုလျှင် အချိန်မရွေး သေခိုင်းဖို့ အဆင်သင့် ဖြစ်နေကြသည်။ သို့သော် ထိုသို့သေရသည်က နိုင်ငံအ တွက်မဟုတ်ဘဲ စစ်အာဏာရူးများ၏ အာဏာတည်မြဲရေးအတွက်ဖြစ်နေသည်က ရင်ထုမနာဖြစ်စရာပင် ဖြစ် သည်။ စစ်သားတစ်ယောက် သေသည်ဆိုသည်မှာ မဆန်း၊ သို့သော် သေရတာ တန်ရဲ့လား စဉ်းစားဖို့လို သည်။

လက်ရှိစစ်တပ်အခြေအနေကို အကဲဖြတ်ကြည့်မည်ဆိုလျှင် ပရမ်းပတာဖြစ်နေသည်မှာ အသေအချာပင် ဖြစ် သည်။ စစ်တပ်၏ ကြီးနိုင်ငယ်ညှဉ်းဒဏ်ကို မခံနိုင်၍ စစ်တပ်ထဲမှ ထွက်ပြေးနေကြသော တပ်ပြေးများက နေ့ စဉ်နှင့်အမျှ ရှိနေသည်။ တော်လှန်ပုန်ကန်မှုများကိုလည်း မကြာခဏဆိုသလို ကြားနေရသည်။ အရာရှိဦးရေ နှင့် စစ်သားဦးရေကလည်း အချိုးအစားမညီမျှ ဖြစ်နေသည်။ ထို့ကြောင့် စစ်သားစုဆောင်းရေးကို ပြန်ပေးဆွဲ သလိုမျိုး၊ လူကုန်ကူးသလိုမျိုး စုဆောင်းနေရသည်။ စစ်တပ်ထဲကို ဝင်ဖို့ စဉ်းစားသည့်သူက လက်ရှိ အချိန် တွင် လူမိုက်ပင်ဖြစ်သည်။ ဒီအက်စ်အေ စသည့် ဗိုလ်လောင်းသင်တန်းများသို့ သွားရောက်၍ တက်ကြသည့် သူများကလည်း (စစ်တပ်အာဏာရှိနေစဉ်ကာလတွင်) အများအားဖြင့် နိုင်ငံကာကွယ်ရေးဆိုသည်ထက် စစ် တပ်ထဲမဝင်မီကပင် ဆွေမျိုးကောင်းစားရေးဝါဒကို အခြေခံပြီး ဝင်ခြင်းဖြစ်သည်။

အကောင်ကြီးကြီးဖြစ်လာတော့ ရသမျှ သဲ့ယူသည်။ အမှန်တရားကို လက်ကိုင်ထား၍ နိုင်ငံအတွက် အလုပ် လုပ်သော စစ်ဗိုလ်များသည်လည်း ကြာရှည်စွာ သက်ဆိုးမရှည်၊ များများဘုရားထူးနိုင်သည့် ပုဂ္ဂိုလ်သည်သာ ဘုရားအဖြစ်သို့ ရောက်နိုင်သည်။ ယနေ့စစ်ဗိုလ်ချုပ်များ၏ ဘဝသည် အလွန်သနားစရာကောင်းသည်။ နေ့ မြင်ညပျောက်ဆိုသော ဘဝသည် သူတို့၏ ဘဝပင် ဖြစ်သည်။ အခြားဌာနများကို အသာထား၍ ကာကွယ်ရေး ဌာနတခုတည်းက ဗိုလ်ချုပ်များသည်ပင် လေးနှစ်ထက်ပို၍ နေရသည်က ခပ်ရှားရှားဖြစ်နေသည်။ ဗိုလ်ချုပ်တ ယောက်ကို လေးနှစ်ထက် ပိုမထားသောစနစ်သည် စစ်တပ်၏ တရားဝင်ထုတ်ပြန်မထားသော၊ လက်တွေ့ ကျင့်သုံးသော စနစ်ပင်ဖြစ်သည်၊ ထိုသို့ မလုပ်၍လည်း မဖြစ်၊ နောက်မှာက နေစရာပေးစရာတွေက အများ ကြီး ကျန်သေးသည်။

ရုရှားလို နိုင်ငံတခုတည်းမှာပင် ပညာသင်လွှတ်ထားသော အရာရှိပေါက်စ အရေအတွက်သည်ပင် သောင်းဂ ဏန်းချီ၍ ရှိနေသည်။ ဒီတော့ မြန်မြန်စား ''ဝ'' လျှင် မြန်မြန်ဆင်းဆိုသည်က လက်ရှိစစ်တပ်၏ ကျင့်သုံးနည်း တခုပင် ဖြစ်သည်။ နိုင်ငံတော်ဘဏ္ဍာများ အလဟဿဖြစ်သည်/မဖြစ်သည်ထက် တော်လှန်ပုန်ကန်မှု မဖြစ်ဖို့ က အရေးကြီးနေတော့ အသံမထွက်နိုင်အောင် မပြတ်ခွံ့ထားပေးရသည်။ ဆင်းသွားလျှင်လည်း အသံမထွက် ဖို့၊ အသံထွက်နိုင်သေးလျှင် စကားလုံးမထွက်နိုင်အောင် လုပ်နိုင်ဖို့က အရေးကြီးသည်။ တပ်မတော်ထဲတွင် ကောင်းရာကောင်းကြောင်း လုပ်သည့်သူများ၊ နိုင်ငံ၏အကျိုးကို ရှေ့ရှုမိသူများမှာa ''တပ်မတော်ဖြိုခွဲသူ'' ဟူ သော ခေါင်းစဉ်အောက်တွင် ဘဝကို မရှုမလှ နိဂုံးသတ်ကြရသည်မှာလည်း ကောင်းကျိုးလိုလားသူ စစ်ဗိုလ် များအတွက် သင်ခန်းစာကြီးတခုလို ဖြစ်နေသည်။ ကောင်းတာလုပ်ဖို့ ရွံ့ကြရသည်။ ထို့ကြောင့် ထိုသို့ဖြစ်နေ သော စစ်တပ်ထဲကို ကျွန်ုပ်သို့ ဝင်သင့်ကြပါလား။

ထို့ပြင် လက်ရှိမြန်မာနိုင်ငံသူနိုင်ငံသားတိုင်း၏ အခြေအနေမှာ အားလုံးသိတော်မူကြသည့်အတိုင်း ဆွမ်းတော် ထား၍ ဝမ်းတော်မှ အနိုင်နိုင်ဟူသော ဘဝမျိုးဖြစ်သည်။ အောက်ခြေလူတန်းစားများမှာ နေ့စဉ်နှင့်အမျှ ဝမ်းတ ထွာအတွက် နေ့မအား ညမနား အလုပ်လုပ်နေကြရသည်။ မြန်မာနိုင်ငံတွင် ထွက်ပေါ်နေသော ကျောက်သံ ပတ္တမြားမှစ၍ ရေနံ၊ သဘာဝဓာတ်ငွေ့အလယ်၊ ကျွန်းသစ်များအဆုံး နိုင်ငံတဝန်းထွက်ပေါ်နေသော သယံဇာ တများကိုလည်း ဗိုလ်သန်းရွှေနှင့် နီးစပ်သော လက်တဆုပ်စာပင်မရှိသော လူတန်းစားများမှတပါး ပြည်သူလူ ထုအနေဖြင့် မည်သည့်အကျိုးခံစားခွင့်မှ မရှိသည်မှာလည်း အားလုံးအမြင်ပင်ဖြစ်သည်။

မြေပေါ်တွင်ရှိသမျှ ရောင်းစား၍ ရနိုင်သမျှ အပင်များအားလုံး ခုတ်လှဲပြီး ကုန်သွားသောအခါ ဒေသခံပြည်သူ များကို တအိမ်ထောင် သစ်ပင်ဘယ်နှစ်ပင် စိုက်ရမည် စသည်ဖြင့် အတင်းအဓမ္မ ခိုင်းပြန်သည်။ ဒေသခံပြည် သူများအနေဖြင့်မူ မိမိလယ်ကွက်ထဲတွင် ပေါက်သော သစ်ပင်ကိုပင် ထိ၍မရ။ ရောင်းစားသည်ကို ထားဘိဦး၊ အိမ်ဆောက်သည်ကိုပင် မိလျှင် အဖမ်းခံရသည်။ နှလှန်မထူနိုင်သည်အထိ ဒဏ်ရိုက်ခံရသည်။ မိမိလယ်ကွင်း ထဲ မိမိတို့ပိုင်နက်ထဲတွင် ပေါက်နေသော သစ်ပင်များကို အမြစ်မှစ၍ တူးဖော်ကာ ကားကြီးကားငယ် အသွယ် သွယ်တို့ဖြင့် နေ့ညမပြတ် သယ်နေကြသည်ကိုသာ လက်မှိုင်ချစွာ ကြည့်နေကြရသည်။

ကျွန်းပေါသည့် အရပ်တွင် နေရပါလျက် ဝါးအိမ်များဖြင့် နေကြရသည်။ ဆိုရလျှင် ပြည်သူများမှာ နိုင်ငံရေး၊ စီး ပွားရေး မည်သည့်ဘက်တွင်မှ နလန်မထူနိုင်။ ထို့ကြောင့် နိုင်ငံစီးပွားရေးအဆင်ပြေဖို့ မစဉ်းစားဘဲ၊ နိုင်ငံသား များ၏ ဘဝဖူလုံမှုကို ဦးစားမပေးဘဲ လက်ရှိသေကာနီး အချိန်အထိ အာဏာတည်မြဲရေးကို ဦးစားပေးလုပ် ဆောင်နေသော သန်းရွှေ၏ လုပ်ရပ်သည် မည်သို့မှ လက်ခံနိုင်စရာမရှိပေ။ အရွယ်ရောက်ပြီးသူတိုင်း တနိုင်ငံ လုံးအတိုင်းအတာဖြင့် စစ်မှုထမ်းရမည်ဆိုသော်လည်း ထိုအထဲတွင် သူ၏ ဆွေတော်မျိုးတော်များအတွက် ခြွင်းချက်များဖြင့် အကာအကွယ်ပေးထားသည်။ ဘွဲ့ရသူများ၊ သို့မဟုတ် အရည်အချင်းတမျိုးမျိုး ရှိသူများကို အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်သည်ဆိုကတည်းက ဖိုးလပြည့်တို့လို၊ ပြည့်ဖြိုးတေဇတို့လို သူ၏ မြေးမြစ်များ စစ်တပ်ထဲသို့ (မပြောကောင်းပြောကောင်း) ရောက်လာမည်ဆိုလျှင်ပင် အရာရှိဖြစ်မည်ဆို သည်က သေချာပြီးသား ဖြစ်နေသည်။

ထိုစစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နိုင်ပါလျက် ရှောင်လွှဲသော ပုဂ္ဂိုလ်များအတွက် စစ်အစိုးရ၏ လက်သုံး ထောင်ဒဏ်များက အသင့်စောင့်ကြို၍နေလေသည်။ ပြည်သူများကို အလွန်အလေးထားသောသူများပင် ဖြစ် သည်။ အမှန်အားဖြင့် စစ်တပ်ကို သူလုပ်ချင်သလိုလုပ်၍ ပြဿနာပေါ်လာသော ယခုအခါမှ ပြည်သူကို ခုတုံး လုပ်ခြင်းသည် အကြံကုန် ဂဠုန်ဆားချက်ခြင်းသာ ဖြစ်ပါသည်။

ယခု စစ်တပ်ထဲ၌ ရှိသောသူများတွင် ထိပ်ပိုင်းပုဂ္ဂိုလ်များကလည်း စစ်ဘက်ရာထူးပြုတ်မှာ စိုးရသည်နှင့်၊ ရသ လောက်သဲ့နေရသည်နှင့် စစ်ဘက်ကို စိတ်မဝင်စားနိုင်။ ရှေ့တန်းမှာရှိသော စစ်သားများကလည်း စစ်တိုက်ဖို့ စိတ်မပါ။ ဖြစ်လည်း ဖြစ်သင့်သည်။ ယခု သူတို့တိုက်နေသော သူများသည် ယခင်က သူတို့မိတ်ဆွေများပင် မ ဟုတ်ပါလော။ ကာယကံရှင်ချင်း မတည့်၍ မဟုတ်ဘဲ သန်းရွှေနှင့် မတည့်၍သာ သူတို့တွေ ရန်သူဖြစ်နေကြ ရသည်။ သို့သော် သူတို့တွေ ချွေးတွေနှင့် တစက်စက် ဖြစ်နေသည့်အချိန်တွင် အဘိုးကြီးကတော့ အဲယား ကွန်းထဲက မထွက်၊ မြေးအချော့မပျက်။ ကြာတော့ သူတို့တွေသာ စိတ်ပျက်လာကြရသည်။ ထို့ကြောင့် ထိုနေ ရာများတွင် ဘုမသိ ဘမသိသူများနှင့် အစားထိုးဖို့ လိုလာသည်။ သူ သွားတွေ့သည်က သူငယ်နိုင်ဖြစ်ခဲ့သော ပြည်သူများ ...။

လက်ရှိစစ်တပ်သည် ကမ္ဘာ့သမိုင်းတွင် မော်ကွန်းတင်ပြီးသော စစ်တပ်ဖြစ်သည်။ သူတို့သည် မိမိကိုးကွယ် သော အကိုးကွယ်ခံ သံဃာတော်များကို သူခိုး၊ ဓားပြလို စော်ကားပုတ်ခတ်ခဲ့သည်။ အမျိုးဘာသာ သာသနာ ကို ကာကွယ်ရန်ထက် ကိုယ်တိုင်က အမျိုးဘာသာကို ဖျက်ဆီးပြသည်။ သံဃာတော်များကို နှိမ်နင်းမည့် စစ် သည်များကို မတော်မတရားသော ဝါဒမှိုင်းများတိုက်၍ သတ်ရဲအောင်၊ ရိုက်ရဲအောင်လုပ်သည်။ ယခင် တနိုင် ငံလုံးက သူရဲကောင်းများဟု ယူဆထားသော စစ်သားများကိုလည်း သိက္ခာတရား ကုန်းကောက်စရာ မရှိ အောင် လုပ်ပစ်သည်။ ယခင်က တသားတည်းရှိခဲ့သော ပြည်သူနှင့် စစ်တပ်ကို ခွဲခြားပစ်သောသူသည် လက် ရှိစစ်ခေါင်းဆောင်သာလျှင် ဖြစ်သည်။ ဗိုလ်ချုပ်စကားနှင့် ပြောရမည်ဆိုလျှင် ဤကဲ့သို့သော စည်းကမ်းမရှိ သော စစ်တပ်သည် တိုင်းပြည်တွင် ရှိနေသည်ထက် မရှိသည်က ပိုကောင်းသည်ဟုသာ ပြောချင်သည်။

လက်ရှိမြန်မာနိုင်ငံသည် မည်သို့ပင် စဉ်းစားစဉ်းစား စစ်မှုမထမ်းမနေရလုပ်ရလောက်အောင် ဆိုးဝါးနေသော နိုင်ငံတနိုင်ငံမဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။ ယခင် အင်္ဂလိပ်များကို မောင်းထုတ်သည့် အချိန်က ရော ဂျပန်တွေကို မောင်းထုတ်ခဲ့သည့် အချိန်ကပါ စစ်ထဲမဝင်မနေရ ရှိခဲ့သည်ဟု မကြားခဲ့စဖူး။ နိုင်ငံတဝန်း ရောင်စုံသောင်းကျန်းမှု ဖြစ်သောအခါတွင်လည်း စစ်မှုမထမ်းမနေရ ဥပဒေမပြဌာန်းခဲ့ရ၊ (ယခု သူတို့၏ လက် ထက်တွင် နိုင်ငံသည် မကြုံစဖူး ငြိမ်းချမ်းသာယာနေသည်ဆိုမှ စစ်မှုမထမ်းမနေရဆိုတော့ နားတွေပင် မျက်စိ လည်လမ်းမှားကုန်သည်)။

အကယ်၍ ထိုအချိန်က ပြဌာန်းခဲ့လျှင်လည်း ပြည်သူများအနေဖြင့် ကြည်ကြည်ဖြူဖြူ လိုက်နာခဲ့ကြမည်မှာ အ သေအချာပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တနိုင်ငံလုံးက ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များ၏ နိုင်ငံအတွက် မိမိကိုယ်ကို အနစ်နာခံ၊ အစတေးခံသည်ကို ယုံကြည်ကြသည်။ ကြည်ညို ကြသည်။ ယခုစစ်ခေါင်းဆောင်များ နိုင်ငံအတွက် အနစ်နာခံသည်ဟုပြောလျှင် ကမ္ဘာပေါ်တွင် ရှိရှိသမျှသော ပြက်လုံးဆရာများ စုပေါင်း၍ထုတ်သော ပြက်လုံးထက်ပင် ရယ်စရာကောင်းနေမည်မှာ အမှန်ပင် ဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေသော ပြည်သူများကို ပစ်ထားပြီး သူအာဏာတည်မြဲရေးအ တွက် အဓိကအရေးကြီးဆုံးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်ဖြစ်အောင် အတည်ပြုသည်။ အချိန် တိုင်းတွင် နိုင်ငံသည် သူ့အတွက်ချည်း ဖြစ်နေသည်။ စည်းမျဉ်းစည်းကမ်းတွေက လူသားတွေရဲ့အသက်ထက် အရေးကြီးနေသည်။ အလွန်အနစ်နာခံသူများပါပေ။

အမှန်တကယ် စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းခဲ့သင့်သည့်ကာလမှာ ဒုတိယကမ္ဘာစစ်လိုမျိုး တိုင်းတပါးသား ကို မောင်းထုတ်နေရသည့်ကာလ၊ ရောင်စုံသောင်းကျန်းနေသည့် ကာလများကပင်ဖြစ်သည်။ ယခုမူ မြန်မာ နိုင်ငံသည် တောင်ကိုရီယား၊ မြောက်ကိုရီးယားတို့လို မနက်ဖြန်စစ်ဖြစ်မည်လား၊ သန်ဘက်ခါ စစ်ဖြစ်မည်လား မသိနိုင်သော အခြေအနေတွေလည်း ရှိမနေ၊ တကမ္ဘာလုံး တပ်အနှံ့ဖြန့်၍ အကြမ်းဖက်ဝါဒကို တိုက်ဖျက်နေ သည့် နိုင်ငံလည်းမဟုတ်၊ အိမ်နီးချင်း တရုတ်နှင့်လည်း သူတို့လောက် အဆင်ပြေတာ သူတို့ပဲရှိသည်၊ အိန္ဒိယ နှင့်လည်း ထိုနည်းလည်ကောင်းပင်။ ဘယ်အမေရိကန်မှလည်း မြန်မာနိုင်ငံကို တိုက်ဖို့ စိတ်ကူးရမည်မဟုတ်။ ဆိုရသော် တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တပ်ကြီးဖွဲ့ပြီး မည်သည့်နေရာကို သွား၍ တိုက်မည်နည်း၊ တွေး ကြည့်၍ ရသလောက်မှာ အိမ်ကြက်ချင်း အိုးမဲသုတ်၍ ခွပ်ကြသလို တိုင်းရင်းသားအချင်းချင်း တိုက်ကြရုံသာ ရှိသည်။ ဖြစ်ရောဖြစ်သင့်ပါရဲ့လား။

ကရင်တိုင်းရင်းသားများ၊ ရှမ်းတိုင်းရင်းသားများ ... စသည့် တိုင်းရင်းသားများနှင့် သန်းရွှေ၏တပ်များ တိုက် ကြခြင်းသည် သန်းရွှေနှင့် မတည့်၍ တိုက်ကြခြင်းသာဖြစ်သည်။ ပြည်သူလူထုနှင့် မည်သို့မျှမပတ်သက်၊ ပြည် သူလူထုအနေဖြင့် စိတ်လည်း မဝင်စား၊ စိတ်ဝင်စားစရာလည်း မလို၊ မည်သည့်တိုင်းရင်းသားမဆို အဖိနှိပ်ခံရ လျှင် ခံချင်မည်မဟုတ်၊ ပြန်လည်ခုခံမည်သာဖြစ်သည်။ တိုင်းရင်းသားများနှင့် သန်းရွှေ၏ တပ်များတိုက်ကြ ခြင်းသည် မည်သို့ပင် အသံကောင်းဟစ်စေကာမူ ပြည်ထောင်စုအကျိုးလည်းမဟုတ်၊ အကျိုးလည်းမရှိ၊ ပြည် သူများအနေဖြင့်လည်း သူ့ကို ယုံ၍ အလင်းဝင်လာကြသော ဒီကေဘီအေတပ်ဖွဲ့များ၊ ကေအိုင်အေ ကချင်အဖွဲ့ များကို မည်ကဲ့သို့ လုပ်ပစ်သည်ကို ကြည့်ပါက အမှန်တကယ် တိုင်းပြည်ကို ပြိုကွဲအောင်လုပ်နေတာ ဘယ်သူ လဲဆိုတာ အသေအချာ မြင်နိုင်သည်။ သွေးထိုးနေတာ ဘယ်သူလဲဆိုတာ သိနိုင်သည်။

ပြည်သူများသည် တိုင်းရင်းသားတပ်ဖွဲ့များနှင့် သန်းရွှေ၏ တပ်များ တိုက်ပွဲဖြစ်၍ သန်းရွှေ၏တပ် အကျအဆုံး များသည်ဆိုလျှင် ဝမ်းသာကြသည့်သူများသာ ဖြစ်သည်။ မည်သူမျှ သူတို့အတွက် ဝမ်းမနည်း၊ များများသေဖို့ သာ ဆုတောင်းသည်။ မည်သည့်နေရာတွင် မည်သည့်အဖွဲ့က ဗုံးခွဲသည်၊ လျှပ်စစ်ကြိုးတွေကို ဖြတ်တောက် သည် ပြည်သူလူထုကို ဘယ်လိုနစ်နာအောင်လုပ်သည်ဟု ပြောလျှင်လည်း မည်သူမျှ မယုံ၊ သန်းရွှေ၏ လက် ချက်ဟုသာ အားလုံးယုံကြသည်။ လူတကာကို လှည့်စားသည့်နေရာတွင် သန်းရွှေသည် ပါရဂူဖြစ်သည်။ သူ ၏ ဘေးနားက လူတွေအားလုံးကို သူသည် ကောင်းစွာလှည့်စားထားနိုင်သည်။ သို့သော် ထိုအလှည့်စားခံ ထားရသည့်သူများကလည်း သူတို့သည် အဘိုးကြီးကို လှည့်စားထားနိုင်သည်ဟု ယုံကြည်ကြသည်။ ဤသည် ကပင် သန်းရွှေ၏ အရည်အချင်း ဖြစ်လေသည် (မျိုးရိုးစစ်ကြည့်လျှင် သန်းရွှေသည် မျက်လှည့်ဆရာမျိုးရိုးက လာတာလည်း ဖြစ်နိုင်သည်)။

ထို့ပြင် ဗမာ၊ ကရင်၊ မွန်စသည့် ပြည်ထောင်စုတိုင်းရင်းသားများ၏ ဘုံရန်သူမှာ စစ်အစိုးရသာလျှင်ဖြစ်သည်။ ဗမာကလည်း ကရင်ကို မဆန့်ကျင်၊ ကရင်ကလည်း မွန်ကို မဆန့်ကျင်၊ အားလုံးဆန့်ကျင်နေကြသည်က စစ် အစိုးရကိုသာလျှင် ဖြစ်သည်။ ယခု မိမိတို့၏ရန်သူ စစ်အစိုးရ၏ တပ်ထဲသို့ ဝင်၍ အချင်းချင်းတိုက်ကြဖို့ ဆို သည်မှာ ဦးနှောက်မရှိသော လုပ်ရပ်သာဖြစ်သည်။ ဖြစ်လည်း မဖြစ်သင့်၊ မလွှဲသာမရှောင်သာ၍ စစ်သားလုပ် ကြရမည်ဆိုလျှင် မိမိကိုယ်ကို ကြည်ညိုနိုင်သော စစ်သားဖြစ်ဖို့လိုသည်။ ဝါဒမှိုင်းတိုက်ခံထားရ၍ မဟုတ်ဘဲ မိမိကိုယ်တိုင်က မိမိတိုက်ရသော စစ်ပွဲကို တရားသောစစ်ပွဲဟု မြင်ထားဖို့လိုသည်။ ဤသို့ဆိုလျှင် သေလျှင် လည်း မွန်မြတ်သော သေခြင်းပေတည်း။

ကျွန်ုပ်တယောက်တည်း၏ သဘောအရဆိုပါမူ စစ်တပ်ထဲဝင်ရပြီဆိုမှဖြင့် သန်းရွှေ၏တပ်ထဲသို့ ဝင်၍ သန်း ရွှေ၏ ကျွန်လုပ်မည့်အစား အသင်တို့နှစ်သက်ရာ တိုင်းရင်းသားတပ်တတပ်တပ်သို့ ဝင်၍ တရားသော စစ်ပွဲ ကို ဆင်နွှဲဖို့သာ တိုက်တွန်းချင်သည်။ ကျေးရွာများအနေဖြင့်လည်း လူဦးရေတထောင်ရှိသော ကျေးရွာဖြစ် လျှင် အရွယ်ရောက်ပြီး ဦးရေသည် အောက်ထစ်ဆုံး တရာထက်တော့ မနည်းပေ။ ထိုအရေအတွက်ဖြင့် မြို့ နယ်ရဲစခန်းတခုကို ကောင်းကောင်းသိမ်း၍ ရသည်။ လူဦးရေတသောင်းရှိလျှင် အရွယ်ရောက်ပြီး လူဦးရေ တ ထောင် အနည်းဆုံး၊ တသိန်းရှိလျှင် တသောင်း၊ ဆယ်သိန်းဆိုလျှင် တသိန်း၊ ဆယ်သန်းဆိုလျှင် ဆယ်သိန်း ထိုပမာဏမျှလောက်ဆိုလျှင် စစ်အစိုးရကို ကျကျနနကြီး ဖြုတ်ချ၍ ရသည်။ ညီညွှတ်ရေးစိတ်ဓာတ်ရှိဖို့သာ အ ရေးကြီးသည်။ ခပ်ရှင်းရှင်းဆိုရသော် လက်ရှိလူဦးရေ၏ ငါးပုံတပုံမျှဖြင့် လက်ရှိခေတ်သစ်ဖက်ဆစ်အစိုးရကို ဖြုတ်ချနိုင်သည်။

နိုင်ငံရေးအဖွဲ့အစည်းများအနေဖြင့်လည်း ယခု (စစ်မှုမထမ်းမနေရ) ဥပဒေကို ပြည်သူတွေဘက်မှ မားမားမတ် မတ်ရပ်တည်ပြီး ဖြေရှင်းပေးဖို့ ပြည်သူတွေကိုယ်စား အလေးအနက် တောင်းဆိုချင်ပါသည်။ နိုင်ငံရေးခေါင်း ဆောင်ဆိုသည်၏ သရုပ်အမှန်ကို ကောင်းစွာထင်ဟပ်စေချင်ပါသည်။ ပြည်သူတွေအနေဖြင့် ယခုဥပဒေကို လက်ခံ/လက်မခံဆိုသည်ကိုမူ နှစ်ခါပြန်ပင် စဉ်းစားစရာမလိုပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်လည်း စစ်အစိုးရအနေဖြင့် ယခုဥပဒေကို မဖြစ်မနေ အကောင်အထည်ဖော်သည့်အခါ ပြည်သူ များ အပေါ် အမြတ်ထုတ်သလိုမဖြစ်စေဘဲ အကူအညီများပေးဖို့ တောင်းဆိုချင်ပါသည်။ ယခုဥပဒေကို နိုင်ငံအကျိုး ရှေ့ရှု၍ ကောင်းစွာအသုံးချနိုင်လျှင် စစ်အစိုးရပြုတ်ကျသွားသည်အထိ အောင်မြင်မှုရနိုင်သည်။ တခုတော့ ရှိ သည်၊ သင်တို့ အမြင်မကျဉ်းမြောင်းဖို့တော့ လိုသည်။


အို မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ ...
အသင်တို့သည် အသင်တို့၏ ဘဝ၊ အသင်တို့၏ အနာဂတ်အတွက် နိုးထချိန်ရောက်ပြီတကား ...
အသင်တို့ နိုးထကြလော့ ...



အားလုံးကို လေးစားစွာဖြင့် ...
ကာနယ်အောင်သန်း

သတိ ။ ။ သန်းရွှေသည် တိုင်းရင်းသားများ တမျိုးနှင့်တမျိုး မတည့်အောင် အနှေးနှင့်အမြန် ဖန်တီးလာနိုင်သည်။