Monday, March 7, 2011

ရုရှားလေယာဉ်ပျက်ကျပုံ..

၇.၃.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
Democratic Front.pdfDemocratic Front.pdf
102K   View   Download  
7 March 2011 Yeyintnge's Diary.doc7 March 2011 Yeyintnge's Diary.doc
1382K   View   Download  
7 March 2011 Yeyintnge's Diary.pdf7 March 2011 Yeyintnge's Diary.pdf
3228K   View   Download  

http://www.mediafire.com/file/cc4i747y5ob8ipg/7%20March%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/4d05u48eykge8sy/7%20March%202011%20Yeyintnge%27s%20Diary.pdf7 March 2011 Yeyintnge's Diary

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ဆွေးနွေးဖို့လိုကြောင်း ထိုင်းဝန်ကြီး ပြောကြား

2011-03-05
မြန်မာအစိုးရ အနေနဲ့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိကျတဲ့ စကားပြော ဆွေးနွေးမှုတွေ လုပ်ဖို့လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ခါဆစ်ဖိရုမ်း (Kasit Piromya) က ပြောလိုက်ပါတယ်။
AFP
နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါတလဲလဲ တောင်းဆိုနေပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်က ပြောရင် တကမ္ဘာလုံးက အလေးထား လက်ခံမှာဖြစ်ကြောင်း၊ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ တင့်တင့်တယ်တယ် နေရာရ ဝင်ဆန့်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကူအညီ လိုတယ်ဆိုတာ မြန်မာအစိုးရသစ်ကို နားချဖို့ လိုကြောင်း အိန္ဒိယကို ချစ်ကြည်ရေးခရီး ရောက်နေတဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက် တဘက်တချက်စီမှာ ရှိကြတဲ့ အိန္ဒိယနဲ့ ထိုင်း နှစ်နိုင်ငံအကြား မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ထိုင်းနဲ့ အိန္ဒိယအကြား ငွေမဲ ခဝါချမှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေမှာ သတင်းအချက်အလက် ဖလှယ်ရေးနဲ့ တိုးမြင့်ဆက်ဆံရေးကို အထူးသဖြင့် ဆွေးနွေးဖို့ရှိပြီး တဘက်မှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ သဘောထား တူညီတယ်လို့ အိန္ဒိယထုတ် The Hindu သတင်းစာနဲ့ မေးမြန်းခန်းမှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ခါဆစ် ဖီရွမ်က ဖြေကြားပါတယ်။

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ငြင်းဆန်ရင်း တဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့် ပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသား လွတ်ပေးရေးကိစ္စတွေမှာ မြန်မာ စစ်အစိုးရကို စည်းရုံး တိုက်တွန်းရေးတွေမှာ သဘောထားတူတယ်လို့ မစ္စတာ ခါဆစ်က ဆိုပါတယ်။

မစ္စတာခါဆစ်ဟာ ထိုင်းဝန်ကြီးချုပ် အဘိဆစ်ရဲ့ အိန္ဒိယခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
http://www.rfa.org/burmese

မြန်မာစစ်အစိုးရ ရသုံးငွေဆိုင်ရာ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဦးသန်းလွင်ထွန်း က မြန်မာနိုင်ငံစစ်အစိုးရရဲ့ နှစ်စဉ်ရသုံးငွေ စာရင်းတွေကို လေ့လာနေတဲ့ မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ နေပြည်တော်မှာ အသစ်စက်စက် လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေဆဲကာလမှာပဲ မြန်မာစစ်အစိုးရက မြန်မာနိုင်ငံရဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် (budget) အသုံးစရိတ်စာရင်းတွေကို နိုင်ငံတော်ပြန်တမ်းအဖြစ် မတ်လ ၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ စစ်ရေးနဲ့ ကာကွယ်ရေး အသုံးစရိတ်အဖြစ် စုစုပေါင်းအသုံးစရိတ်ရဲ့ ၂၄ ရာခိုင်နှုန်းနီးပါး သတ်မှတ်ထားပြီး ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်ကတော့ ၂ ခုပေါင်း ၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ မြန်မာနိုင်ငံ၊ စစ်အစိုးရရဲ့ နှစ်စဉ် ရသုံးငွေစာရင်းတွေကို လေ့လာနေတဲ့ စီးပွားရေးပညာရှင် ဦးစိန်ဌေးကတော့ စစ်ရေးနဲ့ ကာကွယ်ရေးအသုံးစရိတ် ၂၄ ရာခိုင်နှုန်းနီးပါး ရှိတယ်ဆိုတာဟာ အမှန်တကယ် သုံးစွဲနေတာတွေထက် လျှော့တွက်ဖော်ပြထားတဲ့စာရင်း ဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အခုကျင်းပနေတဲ့ လွှတ်တော်ဆွေးနွေးပွဲတွေမှာရော၊ နောင်ဆွေးနွေးပွဲတွေမှာပါ ဒီဘဏ္ဍာရေးအသုံးစရိတ် အရေးဟာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခွင့်ရမယ့် ရှိမယ့်ပုံမရဘူးလို့လည်း သူက ဆိုပါတယ်။
ဦးစိန်ဌေး ။  ။ သူတို့ထုတ်ပြန်တဲ့စာရင်းဟာ နှစ်စဉ်လည်း ဒီသဘောပဲ။ သူတို့တရားဝင်ထုတ်ပြန်တဲ့ ဂေဇက် (gazette) က ထွက်လာပြီဆိုရင် ဒါတွေကို ကဏ္ဍလိုက်တွက်တဲ့အခါကြရင်တော့ ဒီအတိုင်းပါပဲ။ န.အ.ဖ ရဲ့ ဒီဘက်နှစ်တွေမှာပေါ့လေ၊ အရင်တုန်းကတော့ ကျနော်တို့ တွက်လိုက်တာမှာ ၉၇ ခုနှစ်လောက်ကဆိုလို့ရှိရင် စစ်တပ်အသုံးစရိတ်က ၄၀ ရာခိုင်နှုန်းရှိတယ်။ တရားဝင်ထုတ်ပြန်တာပေါ့။ နောက်ပိုင်းကျ စစ်တပ်အသုံးစရိတ် သိပ်မြင့်တယ်၊ မြင့်တယ်ဆိုပြီး ပညာရှင်တွေထောက်ပြတော့ သူတို့က စာရင်းအရ ကြည့်ကောင်းအောင် လျှော့လာတယ်ဗျာ။
ဥပမာ ဆိုပါစို့၊ ၂၀၀၀ ခုနှစ်နောက်ပိုင်းက ဆိုလို့ရှိရင် သူတို့ တရားဝင်တော့ နိုင်ငံတကာကို ထုတ်ပြန်တာမရှိဘူးဗျ။ ပြည်တွင်းမှာ ဗမာလိုပဲ ဂေဇက်အနေနဲ့ထုတ်တာ။ အဲဒီကနေ တွက်တဲ့အခါမှာ ၂၃ ရာခိုင်နှုန်း၊ ၂၄ ရာခိုင်နှုန်း၊ လေးပုံ တပုံပဲ ပြောကြပါစို့ဗျာ။ လေးပုံတပုံဝန်းကျင်ပဲ စစ်တပ်မှာထားတယ်။ ဒါကိုက များလှပါပြီ။ တိုင်းပြည်တပြည်ရဲ့ သန်း ၅၀ ရှိတဲ့လူထုအတွက် သုံးရမယ့် ပိုက်ဆံတွေထဲမှာ ဒီ လေးသိန်းလောက်ရှိတဲ့လူတွေအတွက်သုံးတာ လေးပုံတပုံဆိုတော့ ဘယ်လောက်များနေပလဲ။ ဒါကိုက မဟုတ်ဘူး။ တကယ်တန်းကျ ဒါ့ထက်လည်း များတယ်ဗျ။
ဦးသန်းလွင်ထွန်း ။  ။ ဒါ့ထက်လည်း များနေတယ်ဆိုတာက ဘယ်လိုအကြောင်းအချက်တွေ ထောက်ပြနိုင်သလဲ။
ဦးစိန်ဌေး ။  ။ အဲဒါက ဒီလို၊ ကျနော်တို့အတွေ့အကြုံအရပေါ့။ ကျနော်တို့ ၀န်ထမ်းလုပ်စဉ်လည်း ဘတ်ဂျက်ဌာနတွေမှာ တွေ့တဲ့ အတွေ့အကြုံအရဆိုလို့ရှိရင် သူတို့က ဒီလိုပဲ ပြည်သူလူထုကို တရားဝင်အသိပေးတဲ့ ကိန်းဂဏန်းကတမျိုး၊ တကယ်လုပ်နေတာက တမျိုး၊ မ.ဆ.လ ခေတ်ကတည်းက အဲဒါတွေက ဖြစ်တော့ အဲဒါတွေက အမြဲတမ်း အကျင့်ပါနေပြီ။ ဒီအတိုင်းလည်း သွားနေတယ်။
ဒါပေမဲ့ စစ်တပ်အသုံးစရိတ် ဘာ့ကြောင့်များနေလဲဆိုတဲ့အပိုင်းမှာ ဒါက သူက တရားဝင်ထုတ်ပြန်တာနော်- ၂၃-၂၄ ရာခိုင်နှုန်းဆိုတာက။ ဆိုကြပါစို့ဗျာ။ တခြား ၀န်ကြီးဌာနတွေရှိတယ်။ လယ်ယာသစ်တော်ကဏ္ဍတို့၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးတို့၊ ဆက်သွယ်ရေးတို့ စသည်ဖြင့်ပေါ့ဗျာ။ အဲဒီ အရပ်ဘက်ဌာနတွေက စစ်တပ်အတွက်ကုန်ကျစရိတ် ဘတ်ဂျက်တွေကို ခွဲသုံးတာရှိတယ်။
သိသာတာတခုအဖြစ် ကျနော့်ကိုယ်တွေ့ကို ပြောရမယ်ဆိုရင်ကိုပဲ အခု နေပြည်တော်တို့၊ လှိုဏ်ဂူတို့ ဆောက်တဲ့ထဲမှာ ဆောက်လုပ်ရေးကနေ သွားတာတွေရှိတယ်။ ဒါ စစ်တပ်အတွက် သွားတာမဟုတ်ဘူး။ တချို့နေရာတွေက bunker တွေ ဆောက်တယ်ဗျာ။ အဲဒါကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကျခံလိုက်ရတယ်။ ထူးခြားတာ ကျနော့်ကိုယ်တွေ့ တိတိကျကျ ပြောရမယ်ဆိုရင် မနှစ်က ဒီဗွီဘီကနေ ထုတ်ပြန်တဲ့ လှိုဏ်ဂူကြီးတွေ ဆောက်တာဆိုလို့ရှိရင် လှိုဏ်ဂူဆောက်တဲ့နေရာမှာဆောက်တဲ့ ဘတ်ဂျက်ကို ဘယ်ကယူလဲဆိုတော့ ဆက်သွယ်ရေး ၀န်ကြီးဌာနကနေ လွှဲယူတာရှိတယ်။ အဲလိုမျိုးတွေ၊ နောက်တခါ နယ်စပ်ဒေသတွေမှာ ဆိုလို့ရှိရင် အခု န.၀.တ၊ မ.အ.ဖ ခေတ်မှာ ထူထောင်လိုက်တဲ့ ၀န်ကြီးဌာန။ အဲဒီက ဘတ်ဂျက်တွေကို စစ်တပ်အတွက် သုံးတာတွေရှိတော့ တကယ်တမ်း ပညာရှင်တွေ ခန့်မှန်းတာက ဗမာပြည်ရဲ့ဘတ်ဂျက်ဟာ စစ်တပ်အတွက်က ၅၀ ရာခိုင်နှုန်းဝန်းကျင်၊ တခါတခါ အထက်မှာ ၆၀ ရာခိုင်နှုန်းကျော်တောင် ရှိပါတယ်ဆိုပြီး သုံးသပ်ပါတယ်။ ဒါ့ကြောင့် ဒီဂဏန်းတွေဟာ လူကြည့်ကောင်းအောင် ထုတ်ပြန်တာပဲဖြစ်တယ်။ တကယ်တမ်းမဟုတ်ဘူး။
ဦးသန်းလွင်ထွန်း ။  ။ အစောက ဦးစိန်ဌေးပြောတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက် အသုံးစာရင်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်ထောက်ပြမှုတွေ ရှိနေတယ်ပေါ့နော်။ အဲဒီနေရာမှာ စစ်တပ် အသုံးစရိတ်များတာကို ထောက်ပြတဲ့ အပြင်ကို ပိုပြီးအရေးကြီးတဲ့အချက်က နိုင်ငံတနိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ ကျန်းမာရေးနဲ့ပညာရေး အသုံး စရိတ်တွေ နည်းလွန်းနေတယ်ဆိုတာလည်း ထောက်ပြနေတာ ရှိတယ်လေ။
အခု ဘတ်ဂျက်မှာဆိုလို့ရှိရင် ကျန်းမာရေးဘတ်ဂျက်က ၁.၃ ရာခိုင်နှုန်း၊ ပြီးတော့ ပညာရေးအတွက် အသုံးစရိတ်က ၄.၁၃ ရာခိုင်နှုန်းဆိုတော့ ဦးစိန်ဌေးပြောသလို နိုင်ငံတကာရဲ့ထောက်ပြမှုတွေရှိလို့ စစ်အသုံးစရိတ်ကို တကယ်တန်း ရှိနေတာကနေပြီးတော့ ၅၀ ရာခိုင်နှုန်းလောက်ကနေ အခု ၂၃.၆ ရာခိုင်နှုန်းလောက်ပဲ စာရင်းပြတယ်ပဲ ထားပါစို့။
ဒီကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်ကို တကယ်တမ်းလိုအပ်ချက်အရ မြှင့်တင်ဖို့လိုတယ်ဆိုပြီးတော့ စီမံ၊ ဘဏ္ဍာဌာနမှာ ထောက်ပြနိုင်တဲ့ပညာရှင်တွေ၊ သူတို့အနေနဲ့ ဒီကိစ္စအပေါ်ကို လူမြင်ကောင်းအောင် လုပ်ကြဖို့ဆိုတဲ့ အတွေးအခေါ်တွေရော မရှိကြဘူးလား ခင်ဗျ။
ဦးစိန်ဌေး ။  ။ မရှိဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ စီမံ၊ ဘဏ္ဍာမှာလုပ်တုန်းက စစ်အစိုးရလက်ထက်မှာ ကျနော်နည်းနည်းမှီတယ်။ ၃-၄ နှစ်လောက်မှီပါတယ်။ အရင် မ.ဆ.လ လက်ထက်မှာပေါ့လေ။ မ.ဆ.လ ခေတ်တုန်းကလည်း ထောက်ပြပိုင်ခွင့် မရှိဘူးဗျ။ ထောက်ပြလည်း လက်ခံတာမဟုတ်ဘူး။ ဒီဘက် စစ်တပ်ခေတ်ကျတော့ ဘယ်သူမှ သွားမပြောရဲဘူး။ ပြောရင် အကုန်ဖြုတ်ပစ်တာလေ။ ခန့်တဲ့လူလည်း သူတို့ကြိုက်တဲ့လူ ခန့်တော့ ဘယ်လိုမှ ပြည်တွင်းမှာ ပြောခွင့်မရှိဘူး။
ဥပမာ- ဗဟိုဘဏ်မှာ ပညာရှင်ဆိုလို့ စီးပွားရေးတက္ကသိုလ်က ကျနော်တို့သူငယ်ချင်းတွေ တော်တော် ရာထူးကြီးကြီး ဖြစ်နေတာတွေ ရှိပါတယ်။ တပ်ထဲဝင်သွားတဲ့ လူတွေ။ အဲဒီလူတွေပဲ အုပ်ချုပ်နေတယ်ဗျ။ အဲဒီလူတွေက ဘာလဲဆိုတော့ သူတို့ထုတ်ပြန်တဲ့ဟာတွေက အထက်က ဗိုလ်သန်းရွှေက ဒါခိုင်းရင် ဒါပဲလုပ်တာပဲ။ အဲဒါကို ကျန်တဲ့လူတွေက အတွန့်တက်လို့ မရဘူး၊ အရပ်သား အတွန့်တက်မယ့်သူလည်း ဂျောင်း ပဲ။
အထူးသဖြင့် ပညာအရ သူတို့ မသုံးမဖြစ်တဲ့လူဆိုလည်း Research မှာထားတာဗျ။ ဒါက စက္ကူထုတ်တဲ့ဌာန ဗဟိုဘဏ်ကို ပြောတာနော်။ ဘတ်ဂျက်ဌာနလည်း ဒီသဘောပဲ။ သူတို့ ဘာမှ ပြင်လို့မရဘူး။ ပြင်မရတဲ့အခါကျတော့ ဒါတွေက ပြင်ရစရာအကြောင်းမရှိဘူး။
ကျနော်တို့အရင်က ဆိုပါစို့ဗျာ။ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် မ.ဆ.လ ခေတ်မှာကိုက စုစုပေါင်း ဘတ်ဂျက်ထက် တရားဝင် ၁၀ ရာခိုင်နှုန်းအထက်မှာ ရှိတယ်။ အဲဒါတောင်မှာ ဗမာပြည်မှာ ပညာရေး၊ ကျန်းမာရေး နိမ့်ကျလာတာကြည့်။ အခုက သူတို့က 2-3 percent ဆိုတာ နည်းတဲ့အခါကျတော့ ဒါ အခြေအနေမကောင်းဘူး။ ဒါ့ကြောင့်လည်း ပညာရေးနဲ့ ကျန်းမာရေးတွေ ချွတ်ခြုံကျနေတာလေ။ ဒါက သိပ်ထူးမလာဘဲ ပိုပိုဆိုးလာတဲ့သဘောမှာပဲ ရှိနေတဲ့ သဘောပဲ။
ဦးသန်းလွင်ထွန်း ။  ။ ဦးစိန်ဌေးပြောတဲ့ အတိုင်းဆိုရင် ဒါက မ.ဆ.လ ခေတ်၊ နောက် စစ်အစိုးရခေတ်ပေါ့နော်။ အဲဒီ ခေတ်တွေမှာ ဆိုလို့ရှိရင် ထောက်ပြပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ အခုအခြေအနေက နည်းနည်းပြောင်းလဲလာပြီလို့ ကျနော်တို့ ယူဆပါတယ်။ အထူးသဖြင့်ပေါ့နော်။ ပြောင်းလဲလာပြီဆိုတာက ဗမာပြည်မှာ ရွေးကောက်ပွဲလည်းရှိလာပြီ။ အရပ်သားအစိုးရလည်း ဖွဲ့ပြီးပြီ။ အလားတူပဲ ရွေးကောက်ပွဲကနေ တက်လာတဲ့ လွှတ်တော်လည်း ရှိနေပြီဆိုတော့ စစ်အစိုးရ ပြောနေတဲ့ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတဲ့နေရာမှာ အစိုးရနဲ့ လွှတ်တော်ကြားမှာ အပြန်အလှန် ချိန်ခွင်လျှာညှိပြီးတော့ ထိန်းချုပ်ယူကြတဲ့ အချက်တချက်ထဲမှာ အဓိကအားဖြင့် ဘဏ္ဍာရေးဥပဒေ၊ ဘတ်ဂျက်ဥပဒေတွေကို ပြဌာန်းတဲ့ အချက်လည်း ပါတယ်လို့ ကျနော်ယူဆပါတယ်။ အဲဒီတော့ ဒီအစိုးရက အခုလို သူတို့ရဲ့ ဘတ်ဂျက် အသုံးစရိတ်ကို တင်ပြပြီးလို့ရှိရင် လွှတ်တော်ထဲမှာ အခြေအတင်ဆွေးနွေးပြီးတော့မှ လွှတ်တော်အနေနဲ့ အတည်ပြုပေးရမှာ မဟုတ်ဘူးလား။
ဦးစိန်ဌေး ။  ။ ဟုတ်ပါတယ်။ ဒါက နိုင်ငံတကာကို ကြည့်ဗျာ။ ဘယ်နိုင်ငံမဆို အယောင်ပြတဲ့လူပဲဖြစ်ဖြစ် ဒီမိုကရေစီ ကျင့်စဉ်ကို သွားတဲ့လူတွေပဲဖြစ်ဖြစ် တိုင်းပြည်တပြည်ရဲ့အသက်ဆိုတာက ဘတ်ဂျက်ဗျ။ စီးပွားရေး၊ ဓနဥစ္စာနဲ့ ပတ်သက်လို့ စီမံခန့်ခွဲတဲ့ ဘတ်ဂျက်က အရေးအကြီးဆုံး။ အခု အမေရိကားကို ကြည့်ဗျာ။ ပြည်နယ်တွေကိုပဲကြည့်ကြည့်၊ ဖက်ဒရယ်တွေကိုပဲကြည့်ကြည့် ဘတ်ဂျက်ဆိုရင် အသည်းအသန်ပဲ။ ဘတ်ဂျက်က Key အဓိကပဲ။ အဲဒီတော့ ဘတ်ဂျက်ကို လွှတ်တော်ကနေ အတည်ပြုပြီးမှ balance ပေါ့ဗျာ။ တိုင်းပြည်ရဲ့စီးပွားရေးမှာ သုံးသင့်သလား၊ မသုံးသင့်ဘူးလား။ ၀င်ငွေတွေ ဘယ်လိုရအောင်ကောက်မလဲပေါ့နော်။ သုံးတာတင်မဟုတ်ဘူး။ ထွက်ငွေ ၀င်ငွေတွေကိုလည်း ကြည့်ရ သေးတာ။  သုံးဖို့အတွက် ၀င်ငွေ… ဒါတွေလည်း ကြည့်ရသေးတယ်ဗျ။ အဲဒီတော့ ဒါတွေကို အသည်းအသန် ဆွေးနွေးပြီးတော့မှ အတည်ပြုပြီးမှ လုပ်ရတာ။ ဗမာပြည်ကတော့ မ.ဆ.လ ခေတ်ကလည်း ဒါ မရှိခဲ့ဘူး။ လွှတ်တော် ဆိုတာလည်း မည်ကာမတ္တ၊ န.၀.တ နှစ်နှစ်ဆယ်ကတော့ ပြောမနေနဲ့တော့။ ဗိုလ်သန်းရွှေရဲ့ တချက်လွှတ်နဲ့ သွားခဲ့တာ။ အခု လွှတ်တော်လာတဲ့အခါကျတော့  လွှတ်တော်ကြီးက ဘတ်ဂျက်ကော်မတီဆိုတာ ကျနော်မတွေ့သေးဘူး။ အခုလေးကပဲ သတင်းဌာနမှ ကျနော် ကြည့်လိုက်တယ်။ ငွေစာရင်းအဖွဲ့ဝင်ဆိုလား။ အခေါ်လေးကတော့ မေ့တေ့တေ့ ဖြစ်သွားတယ်။ အဲဒီမှာ အရပ်သား အမတ် ၂ ယောက် ပေါ့ဗျာ။ အတိုက်အခံအမတ်လို့ပဲ ဆိုကြပါစို့။ NDF အမတ်တွေလို့ ပြောတယ်။ ချင်းတို့၊ ရခိုင်တို့ နည်းနည်းပါတယ် ပြောတယ်။ အဲဒါလည်း တယောက် နှစ်ယောက်ပဲ ပါတာဗျ။
ဆိုတော့ ဒီလွှတ်တော်က ဘာလုပ်နိုင်မှာလဲ။ အခုလည်း ကြည့်၊ ခုနက ဦးသန်းလွင်ထွန်း ကျနော့်ကို ပြောတာ မှတ်မိလိုက်တယ်။ သူတို့ ဒီလွှတ်တော်ကြီး ကျင်းပဖို့ မတိုင်မီမှာတောင်မှ ဘတ်ဂျက်ကို န.အ.ဖက တရားဝင် ထုတ်ပြန်ပစ်တာကိုက အမြီးအမောက် မတည့်ဘူးဗျာ။
ဦးသန်းလွင်ထွန်း ။  ။ ဆိုတော့ အဲဒီအချက်ကိုပဲ ကျနော်မေးချင်တာပါ။ အထူးသဖြင့် လွှတ်တော်အစည်းအဝေး ကျင်းပတာက ဇန်န၀ါရီလကုန်ပိုင်းမှာ။ ဒီရက်ပိုင်းအတွင်း၊ အဲဒီ မတိုင်ခင်လေးမှာကိုပဲ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ဒီ ဘဏ္ဍာရေးဥပဒေကို ပြဌာန်းပြီးတော့ နိုင်ငံတော် ပြန်တမ်းအဖြစ်ကို မတ်လ ၁ ရက်နေ့က ထုတ်ပြန်လိုက်တယ်ဆိုတော့ ကျနော်တို့အခု မသဲကွဲသေးတဲ့အချက်က အခု ထုတ်ပြန်လိုက်တဲ့ ဘတ်ဂျက်ဥပဒေကို လွှတ်တော်မှာ ဆွေးနွေးခွင့် မရှိတော့ဘူးလား ဆိုတဲ့ အချက်ပါ။ အဲဒါနဲ့ ပတ်သက်လို့ရော ဦးစိန်ဌေးအနေနဲ့ ဘယ်လို ခန့်မှန်းသလဲခင်ဗျ။
ဦးစိန်ဌေး ။  ။ အဲဒါကြောင့် ပြောတာပေါ့။ ကျနော်တို့နှစ်စဉ် ဗမာပြည်ရဲ့ ဘတ်ဂျက် year က ဧပြီလ ၁ ရက်နေ့မှာ စတာဗျ။ ဧပြီလ ၁ ရက်နေ့မှာ စတာဆိုတော့ ဥပမာ ဧပြီလ တရက်နေ့ မတိုင်ခင် တရားဝင်ထုတ်ပြန်ရင် ရတာပဲ။ ရေးဆွဲတာကတော့ ဘတ်ဂျက်ဌာနက ပညာရှင်တွေက ဆွဲရတာပေါ့။ စီမံဘဏ္ဍာမှာ ဘတ်ဂျက်ဌာန ရှိပါတယ်။ အခုလည်း ရှိမှာပါ။ အဲဒီ ဘတ်ဂျက်ဌာနကနေပြီးတော့ ရေးဆွဲတယ်။
မနှစ်က ဘယ်လောက်ကုန်ခဲ့တယ်။ ဘယ်ကဏ္ဍအတွက် ဘယ်လောက်ကုန်ခဲ့တယ်။ အသေးစိတ်ပေါ့ဗျာ။ အဲဒါကြီးကို ကျနော်တို့က အစိုးရအဖွဲ့ကို တင်ပြရတယ်။ တင်တဲ့အခါမှာ သူ့မူအရ အစိုးရအဖွဲ့က လွှတ်တော်ကိုတင်။ ဒီလိုသွားရတာကိုဗျ။ အခုဟာက လွှတ်တော်လည်း ခေါ်နေပြီ။ လွှတ်တော်ခေါ်တာကို ရက်ပိုင်းလေးမှ မစောင့်နိုင်အောင် ဘာလုပ်တာလဲဆိုတော့ လူမြင်လို့တောင် မကောင်းဘူး။ ဒါရှင်းနေပြီဗျာ။
လွှတ်တော်ကိုစောင့်ပြီး တရားဝင်ချင်တယ်ဆိုရင် လွှတ်တော်တင်ပြ၊ ဒါကို ငြင်းကြ၊ ခုန်ကြ၊ ဆွေးနွေးကြ - ဒီလို သွားရမှာလေ။ အခုတော့ အဲဒီလို မဟုတ်ဘဲနဲ့ ဦးအောင်တင်ပြပြီးတော့ ဗိုလ်သန်းရွှေအမိန့်နဲ့ ထုတ်လိုက်တယ်ဆိုတော့ ထုတ်တာက ၂၇ ရက်၊ ဟုတ်တယ်နော် ။ မတ်လ ၁ ရက်ဆိုတော့ တလလေး ကွာတယ်။ တလလောက်ပဲထားကြပါစို့။ ဘာလို့ တလ မစောင့်နိုင်တာလဲ။
နောက်ပြီးတော့ ကျနော်ပြောမယ်။ ခုနကပြောသလို မြန်မာနိုင်ငံရဲ့ ဘတ်ဂျက် year က ဧပြီ ၁ ရက်နေ့မှာ စတဲ့အခါကျ တော့ ထုံးစံအားဖြင့် မတ်လလောက်မှာ တရားဝင်ထုတ်ပြန်တာဗျ။ ဘာလို့ မတ်လကို မစောင့်နိုင်တာလဲ။ အဲဒါက သဘာဝမကျဘူးလေ။ အဲဒါကြောင့်မို့လို့ ကျနော် စောစောက ပြောခဲ့သလိုပဲဗျာ။ စစ်တပ်အတွက်သုံးထားတဲ့ဟာတွေကို လူသိမခံနိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် လွှတ်တော်ထဲမှာ အတိုက်အခံကနေထပြီးမှ ပြောလို့ရှိရင်လည်း ဒါတွေကို သူတို့က ရှုတ်တယ်ကွာ-ဆိုတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ ကျနော်တို့ အတွေ့အကြုံအရဆိုရင် ဒီပိုက်ဆံတွေဟာ ဆတ်ဆတ်ထိ မခံဘူးဗျ။ ခင်ဗျားတို့ ကျနော်တို့ မှတ်မိမယ်။ ၈၈ အရေးအခင်းဖြစ်တော့ ဗဟိုဘဏ်ကနေ ပိုက်ဆံတွေ စစ်တပ်ကသိမ်းသွားတာ မှတ်မိတယ်မဟုတ်လား။ အဲဒါကို ၀န်ကြီးဌာကလူတွေက ထုတ်ပြန်လို့ ဦးထွန်းဝေတို့ဆိုလို့ရှိရင် ထောင်ကျပါပကော။
အဲဒီတော့ ကျနော်ပြောချင်တာက စစ်တပ်က ပိုက်ဆံဆိုရင် အသည်းအသန်ဗျ။ ဒါကြောင့် အရပ်စကားပြောရလို့ ရှိရင်တော့ လွှတ်တော်ကြီး ကျင်းပခါနီးနေပြီ။ လွှတ်တော်ကို ဘာလို့မစောင့်ဘဲနဲ့ ဦးအောင်လုပ်တာလဲ။ ဒါ ရှင်းနေပြီလေဗျာ။
ဦးသန်းလွင်ထွန်း ။  ။ အဲဒီတော့ တဖက်က ပြောရမယ်ဆိုရင်တော့ ဒီနှစ်ကတော့ ထားလိုက်ပေါ့ဗျာ။ ဒါပေမဲ့လည်း နောက်နှစ်တွေမှာဆိုရင်ရော လွှတ်တော်ထဲမှာ ဘတ်ဂျက် အသုံးစရိတ်တွေကို အစိုးရအနေနဲ့ စနစ်တကျတင်ပြပြီးတော့ လွှတ်တော်ဘတ်ဂျက်ကော်မတီတွေ၊ ဘဏ္ဍာရေးကော်မတီတွေကနေပြီး စီစစ်၊ မေးမြန်းပြီးတော့ အတည်ပြုပေးတာတွေ၊ ချပေးတာတွေ ပြင်ဆင်တာတွေလုပ်နိုင်မယ်လို့ မျှော်လင့်သလား ခင်ဗျ။
ဦးစိန်ဌေး ။  ။ ခင်ဗျားတို့ မီဒီယာတွေလို နိုင်ငံတကာဌာနတွေကနေ၊ စာနယ်ဇင်း ဌာနတွေပေါ့ဗျာ။ ပြည်တွင်းပြည်ပ သတင်းဌာနတွေ ဒီလို ပြောလာရင်တော့ သူတို့ နည်းနည်းလေးတော့ ဂရုစိုက်ရင် စိုက်မှာပေါ့လေ။ ဒါပေမဲ့ အယောင် ဆောင်တော့ ဖြစ်လာနိုင်တယ်။ အယောင်ဆောင် ဖြစ်လာနိုင်တယ်ဆိုတာက သူတို့လွှတ်တော်ကြီးလည်း ကျင်းပပြီ။ အခုနတင်ပြသလိုပဲ၊ ဘတ်ဂျက်ဆိုတာ တိုင်းပြည်ရဲ့အသက်၊ အမေရိကန်နိုင်ငံကြည့်၊ အင်္ဂလန်နိုင်ငံကြည့်၊ ကြိုက်တဲ့ နိုင်ငံ ကြည့်။ ကုန်ကုန်ပြောရလို့ရှိရင် အာဏာရှင်နိုင်ငံ ကြည့်အုံးဗျာ။ လွှတ်တော်ရှိရင် လွှတ်တော်ကိုတင်ပြပြီး အတည်ပြုချက် ယူတာပဲ။ မ.ဆ.လ ခေတ်ကလည်း လုပ်ခဲ့တာပဲ။ အဲဒီတော့ ဒါတော့ လုပ်မှာပဲ။ လုပ်ပေမဲ့ မှန်မှန်ကန်ကန် လုပ်မှာလား ဆိုတော့ ကျနော်တော့ မဖြစ်နိုင်ဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် အခုနက တင်ပြခဲ့သလို ငွေကြေးသည် အဓိကဖြစ်တယ်။ သူတို့ စစ်တပ်အစသုံးစရိတ်ကို သူတို့ဘယ်လိုမှ မချနိုင်ဘူး။ မချနိုင်ရင် ပြဿနာရှိမယ်။
နောက်တခုက လွှတ်တော်ထဲမှာတင်ပြလည်း လွှတ်တော်အတိုက်အခံက ဘယ်လောက်ထိ အားကောင်းလို့လဲ။ နောက်နှစ်လည်း အားကောင်းဖို့မရှိဘူး။ နောက်ငါးနှစ်တိတိလည်း အားကောင်းနိုင်စရာ အကြောင်းမရှိဘူး။ ဘာ့ကြောင့်လဲဆိုတော့ ခင်ဗျား စဉ်းစားကြည့်။ အခု လက်ရှိ လွှတ်တော်နှစ်ရပ်လုံးထဲမှာ ကြီးစိုးထားတာက ကြံ့ဖွံ့က ကြီးစိုးထားတယ်။ ဒီထဲမှာ သူတို့စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားသေးတယ်။ အတိုက်အခံဆိုတာက ကျနော်ထင်တယ်။ 5% တောင်မရှိဘူး။ အဲဒီလူတွေ ကြိုက်သလောက်ပြော၊ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ လွှတ်တော်ဥက္ကဌကလည်း စစ်တပ်က ဗိုလ်ရွှေမန်းဥက္ကဌ။ ဟိုဘက်ကလည်း စစ်တပ်ကလူပဲ။ ဆိုတော့ ဒီလူတွေက တချက်လွှတ်အမိန့်နဲ့ ပယ်လိုက်ရင် ပီးသွားမှာပဲ။
အဲဒီတော့ ကျနော်ပြောချင်တာက မ.ဆ.လ ခေတ်က ကျနော်တို့ ကြုံခဲ့ပြီးပါပြီ။ ဦးနေ၀င်းရဲ့လွှတ်တော်ကြီးကို ကြုံခဲ့ပြီးပါပြီ။ ဒီအတိုင်းပဲသွားမှာပဲ။ ထူးမလာဘူးခင်ဗျာ။ ကြိုက်တာလုပ်မှာ။ သို့သော် Formalize တော့ လုပ်မှာပေါ့။ လူမြင်ကောင်းအောင် ပုံစံကျအောင်တော့ လုပ်မှာပေါ့။
http://www.voanews.com/burmese/news/

တရုတ်ရေတပ်



မော်စီတုံးလက်ထက်က တရုတ်ရေတပ်ဟာ ဖွတ်ချပ်ဖွတ်ချပ်နဲ့ မီးကျိုးမောင်းပျက် အဆင့်ပဲ ရှိပါတယ်။ ဧပြီလ ၂၃ရက် ၁၉၄၉ခု မှာ တရုတ်အရှေ့ပိုင်း စစ်နယ်မြေရေတပ်ကို စတင်ဖွဲ့စည်းခဲ့တယ်။

စစ်ကော်မရှင်က   ကြည်းတပ်ဗိုလ်ချုပ် Xiao Jinguang ကို  ရေတပ်ဦးစီးအဖြစ် ခန့်အပ်တယ်။ ၁၉၅ဝခု ဧပြီလ ၁၄ ရက်မှာ ဘေဂျင်းမှာ တရုတ်ရေတပ်ဌာနချုပ်ကို စတင်တည်ထောင်ခဲ့တယ်။ ကနဦးအစမှာ ရေတပ်ဟာ တိုးတက်စနိုင်ငံတိုင်းမှာလို ကြည်းတပ်ရဲ့ အရိပ်အောက်က ရုန်းမထွက်နိုင်ခဲ့ပါ။ ထို့ပြင် ယဉ်ကျေးမှု တော်လှန်ရေးခေတ်က “လင်ပြောင်”က ရေတပ်ဦးစီးချုပ်ကို ရန်ရှာလို့ နိုင်ငံရေးမှူးက ဦးဆောင်ပြီး နိုင်ငံရေး စွက်ဖက်ခဲ့တာကြောင့် ဖယိုဖရဲဖြစ်ခဲ့ရတယ်။ တိန့်လျောက်ပိန် ပြန်တက်လာအပြီးမှာမှ တရုတ်စစ်တပ်ကို ခေတ်မီစစ်တပ် ဖြစ်ရစေမယ်ဆိုတဲ့ မူဝါဒချမှ  ရေတပ်လည်းခေတ်မီ တိုးတက်လာရတာပါ။

တရုတ်ရေတပ်အတွက် တာဝန် ၃ ရပ်က ရှင်းရှင်းလေးပါပဲ
(၁)  ရေကြောင်းဘက်မှ ရန်သူများကျူးကျော်လာမှုကို ကာကွယ်ရန်
(၂)  မိမိ ရေပိုင်နက်အတွင်း အချုပ်အခြာအာဏာပိုင်မှုကို ထိန်းသိမ်းရန်
(၃) တရုတ်နိုင်ငံအကျိုးနှင့် ရေကြောင်းလမ်းအခွင့်အရေးများကို ထိန်းသိမ်းရန် 
တရုတ်ရေတပ်ရဲ့ ကြေငြာချက်တွေမှာ တောင်ပိုင်းတရုတ်ပင်လယ် South China Sea  နဲ့ အရှေ့ပိုင်း တရုတ်ပင်လယ် East China Sea  (Yellow Sea အပါအဝင်)တွေမှာ တရုတ်ရဲ့အဓိကကျတဲ့ အကျိုး (Core Interest) ကို ကာကွယ်ရန်ဆိုတာ အမြဲပါပေမယ့် ဒီ အဓိက တရုတ်အကျိုးနယ်မြေဟာ ဘယ်လောက် ကျယ်တယ်ဆိုတာ မပါဘူး။

မြောက်ပိုင်းမှာ တရုတ်နဲ့ဂျပန်တို့  ရူကူကျွန်းတွေ (Ryukyu Islands)ကို သူပိုင်တယ်ငါပိုင်တယ် ဆိုတဲ့အငြင်းပွားမှု ရှိသလို၊ တောင်ပိုင်းမှာ စပရက်လီကျွန်း (Spratly Islands) တွေကိုလည်း ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နဲ့ အငြင်းပွားလျက်ရှိတယ်။ 

တရုတ်ရေတပ် အားကြီးလာတာနဲ့အမျှ တရုတ်ရဲ့ အကျိုးသက်ရောက်မှုနယ်ပယ် (Core Interest)ဟာ ကျယ်သထက်ကျယ်လာတယ်။ တရုတ်နိုင်ငံဟာ သူ့တိုင်းပြည်ထူထောင်ဖို့  ရေနံနဲ့သဘာဝသံယာဇာတတွေကို အာဖရိကတိုက်နဲ့ အရှေ့အလယ်ပိုင်းက သွင်းယူနေရတယ်။ ဒီသင်္ဘောလမ်းကြောင်းတွေ လုံခြုံရေးအတွက် အမေရိကန်ရေတပ်ကို အားကိုးရမှာကို မလိုလားဘူး။ မိမိ၏ပင်လယ်ပြင် လုံခြုံရေးနဲ့ ကမ္ဘာ့ သင်္ဘောလမ်းကြောင်းများ လုံခြုံရေးဟာ တရုတ်ရေတပ်အတွက် အဓိကတာဝန်နှစ်ရပ်ဖြစ်တယ်။

၁၉၉၁ ခု သမ္မတကလင်တန် လက်ထက်မှာ တိုင်ဝမ်ပြဿနာဖြစ်တော့ ကလင်တန်က လေယာဉ်တင် သင်္ဘောအုပ်စု နှစ်ခုလွှတ်ပြီး ခြိမ်းခြောက်ခဲ့တယ်။ တရုတ်ရေတပ်က အင်အား မရှိသေးတာကြောင့် တရုတ်တွေ အလျော့ပေးခဲ့ရတယ်။ ဒါပေမယ့် အင်မတန် မခံချင်ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် စစ်ကော်မရှင်က ဖျက်သင်္ဘော Destroyer တွေဝယ်ဖို့ အမိန့်ချမှတ်ခဲ့တယ်။

ဒါ့အပြင် တရုတ်ပိုင်နက်ရေပြင်ထဲ အမေရိကန်နဲ့ ဂျပန်သင်္ဘောတွေ ဝင်မလာရဲအောင် A2/AD လို့ခေါ်တဲ့ (for "anti-access/area denial")  အဝင်အထွက် ပိတ်ဆို့ခြင်း နယ်မြေအဝင်မခံဆိုတဲ့ ဗျူဟာကိုချမှတ်ပြီး
Anti-Ship Ballastic Missiles   ASBM
Anti-Ship Cruise Missiles   ASCM
Land–based Cruise Missiles   LBCM
(မှတ်ချက် စာ (၁၃)စာ(၁၆) CRS (Congressional Research Service) Report For Congress on China Naval Modernization  October 2010 နှင့် Austin Bay ရေးတဲ့ China’s Navy Gets Bigger, but Why?, December 28, 2010 ရဲ့ ဆောင်းပါးကိုညွှန်းပါသည်။)
အမေရိကန်တွေ နောက်မစော်ကားရဲအောင် ပြင်ဆင်တာပဲ။ အမှန်တကယ်လည်း အမေရိကန်တွေ အရင်လို အရမ်းကာရော တရုတ်ရေပြင်ထဲ မဝင်ရဲတော့ဘူး။

တလောက မြောက်ကိုရီးယားကိုခြိမ်းခြောက်ဖို့ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်လေ့ကျင့်မှုတရပ် Yellow Sea မှာ လုပ်တာနီးလွန်းတယ်လို့ တရုတ်က ကန့်ကွက်လို့ နေရာပြောင်းလေ့ကျင့်ကြရတယ်။ အမေရိကန်တွေလည်း ဒီလေယာဉ်တင် သင်္ဘောပစ်ဒုံးကျည်ရန်ကိုတန်ပြန်ဖို့ ကြိုးစားနေပေမယ့် လုံးဝပစ်ချနိုင်တဲ့အဆင့် မရောက်သေးဘူး။ လေယာဉ်တင် သင်္ဘောကြီးအမြှပ်ခံရရင် အရှက်တွေဗြန်းဗြန်းကွဲမှာ စိုးရိမ်စရာပါ။ Warfare စိတ်ဓါတ်စစ်ဆင်ရေးတွေလည်း အများကြီးပါပါတယ်။

တရုတ်ရဲ့ တိုင်ဝမ်မူဝါဒ မဟာဗျူဟာကိုလေ့လာရင် စစ်ရေးအရ အင်မတန်ချီးကျူးစရာကောင်းတယ်။ တရုတ်က ဆန်ဇူး ( Sun Zhu) ပြောခဲ့တဲ့ စစ်မတိုက်ရဘဲ အောင်နိုင်ခြင်းဗျူဟာကို ကျင့်သုံးနေတာပဲ။

ဆန်ဇူး က ပြောခဲ့တယ်မဟုတ်လား (The supreme art of war is to subdue the enemy without fighting) စစ်တိုက်ခြင်းပညာရဲ့ အထွဋ်အထိပ်ဟာ စစ်မတိုက်ရဘဲ ရန်သူကိုနှိပ်ကွပ် အနိုင်ရခြင်းပဲ။ In the practical art of war, the best thing of all is to take the enemy's country whole and intact; to shatter and destroy it is not so good. လက်တွေ့စစ်တိုက်ခြင်းပညာမှာ ရန်သူ့နိုင်ငံကို တခုလုံးမပျက်စီးဘဲ ရရှိုနိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။ အားလုံးကြေမွပျက်စီးပြီးမှဆိုရင် မကောင်းပါတဲ့။

တရုတ်ခေါင်းဆောင်တွေဟာ အင်မတန်စိတ်ရှည်ကြတယ်။ တဘက်က စစ်အင်အားကြီးလာ၊ တဘက်က စီးပွားရေးအရပူးပေါင်းမှု နယ်ကျွံလာပြီး ဟောင်ကောင်နဲ့ မကာအိုလို လက်ရှိဘဝလက်ရှိစံနစ် မပျက်ဘူးဆိုရင် တိုင်ဝမ်ဟာ နောက်အနှစ်အစိတ်နဲ့ ငါးဆယ်ကြားမှာ တရုတ်အမြိုခံရမှပဲ။ တနိုင်ငံအတွင်း စနစ် ၂ ခု ဆိုတဲ့ မူဝါဒဟာ တိန်လျောက်ပိန် ဘယ်လောက် ဥာဏ်အမြှော်အမြင်ကြီးတယ် ဆိုတာကိုပြတာပဲ။ ပါးစပ်ကို (ဟ) ထားပေမယ့် (သွား) တွေကို မပြဘူး။ မော် လက်ထက်က အားရင်ခြိမ်းခြောက်နေတာမျိုး မလုပ်ဘူး။ အမှန်က ပိုကြောက်ဖို့ကောင်းတယ်။ 

တရုတ်ရေတပ်ဖွဲ့စည်းပုံဟာ အမေရိကန်ရေတပ်လောက် မရှုပ်ဘူး၊ ရေတပ်ကို ၃ ပိုင်းခွဲထားတယ်
North Sea Fleet  မြောက်ပိုင်း ရေတပ်မတော်
South Sea Fleet  တောင်ပိုင်း ရေတပ်မတော်
East Sea Fleet   အရှေ့ပိုင်း ရေတပ်မတော်
ဆိုပြီး နယ်မြေအလိုက် ရေတပ်မတော် ၃ ခု ရှိတယ်။ တရုတ်ရေတပ်မတော်  အောက်မှာ ကဏ္ဍ ၅ ခု ပါဝင်တယ်။
(၁) ရေပေါ်သင်္ဘော(Surface)
(၂) ရေငုပ်သင်္ဘော(Submarines)
(၃) ကမ်းခြေတက် စစ်တပ်(Marines)
(၄) ရေတပ်၏ လေတပ်(Naval Aviation)
(၅) ကမ်းခြေကာကွယ်ရေး(Coastal Defense)
ဒီအောက်မှာမှ စစ်သင်တန်းလေ့ကျင့်ရေးကျောင်းနဲ့ အကယ်ဒမီ ၁ဝ ခု၊ သုတေသန အထူးအထောက်အကူ (Specialized Support)  နိုင်ငံရေးထောက်ပံ့ရေး (Logistic) ထိန်းသိမ်းရေး  (Maintenance) ဆိုပြီး ရှိပြန်တယ်။ တရုတ်ရေတပ်မှာရှုပ်တာက ရေတပ်အောက်မှာ မရိန်း နဲ့ ကမ်းခြေကာကွယ်ရေးဟာ ပါဝင်နေတော့ ဖွဲ့စည်းပုံမှာလာရှုပ်ပါတယ်။ ဥပမာ တရုတ်ရေတပ်မှာ တပ်ဖွဲ့စည်းပုံအဆင့် ၃ ခုရှိတယ်
Zhidui   - division leader organization   Flotilla
Dadui   - regiment leader organization  Squadron
Zhongdui - battalion leader organization  Detachment
ဘာသာပြန် အဘိဓါန်တချို့က Zhidui ကို Flotillaလို့ ပြန်သလို တချို့က Division လို့ ပြန်ကြတယ်။ တရုတ်ရေတပ်မတော်မှာ zhidui အဆင့် (၇) မျိုးရှိတယ်။

o    Submarine
o    Destroyer
o    Frigate
o    Speedboat
o    Combat support vessel
o    Submarine chaser and frigate
o    Landing ship

ဒါကိုကြည့်ရင် အမေရိကန်ရေတပ်ရဲ့ Types နဲ့ အတူတူပါပဲ။ နောက် dadui ကို ရေတပ်ဝေါဟာရအရ Squadron သင်္ဘောအစု  လို့ခေါ်တယ်။ မရိန်း ရေတပ်ရဲ့ လေတပ် (Naval Aviation) ထိန်းသိမ်းရေးတပ် (Maintenance troops) အခေါ်အဝေါ်နဲ့ကျရင် Batallion level ဖြစ်သွားရော။ တချိန်တည်းမှာ ရေတပ်အတွက် Zhongdui ဟာ တပ်ရင်း Batallion level ဖြစ်ပေမယ့် မရိန်း စတဲ့တခြားတပ်ဖွဲ့တွေအတွက် တပ်ခွဲ Company အဆင့်ဖြစ်သွားပြန်တယ်။ မရိန်းနဲ့ ကမ်းခြေကာကွယ်ရေး Coastal Defense တွေဟာ ရေတပ်အောက်မှာ သွတ်သွင်းထားတာကြောင့် ဖွဲ့စည်းပုံအခေါ်အဝေါ်တွေ ရှုပ်ကုန်ပြီး ဘာသာပြန်မှာ ပိုရှုပ်ကုန်တယ်။

ရေတပ်မတော် (Fleet) ၃ ခုဖွဲ့စည်းပုံက တခုနဲ့တခုမတူပါ။ ဥပမာ တရုတ်ကမ်းခြေတက်တပ် Marines မှာ Battlalions ၂ ခုပဲရှိပြီး အားလုံးကို တောင်ပိုင်းရေတပ်မတော်  အောက်မှာပဲထားတယ်။ ဒီရေတပ်တွေက အချင်းချင်း အပြန်အလှန် ဖလှယ်ကြတာနည်းတယ်။ အကြောင်းက ကိုယ့်ဘတ်ဂျက်နဲ့ကိုယ် သပ်သပ်စီ ရပ်တည်ရတာကြောင့်တဲ့။ ကျနော်တို့ ဗမာတွေရဲ့ မဆလစိတ်ဓာတ် ပြဿနာမျိုးဟာ ယနေ့အထိ တရုတ်ပြည်မှာ ရှိသေးတယ်။ အခုတော့ ပူးပေါင်းဆောင်ရွက်မှုရှိအောင် တပ်အချင်းချင်း သိရအောင် အပြန်အလှန် ဖလှယ်ပြီး စစ်မှုထမ်းကြတယ်။ ဥပမာ မရင်းတပ်ခွဲတခွဲကို မြောက်ပိုင်းရေတပ်ဆီ ၆ လ အမှုထမ်းစေမယ်ပေါ့။

တရုတ်ရေတပ်မတော်မှာလည်း အမေရိကန်လို ရေပေါ်သင်္ဘော (Surface ships) နဲ့ ရေငုပ်သင်္ဘော (Submarines) အုပ်စုဆိုပြီး ခွဲထားပါတယ်။ ရေငုပ်သင်္ဘောအုပ်စုမှာ တခါ အမေရိကန်တို့လိုပဲ တိုက်စစ် Attack Submarines နဲ့ အနုမြူသင်္ဘော SSBN ဆိုပြီး ခွဲထားပြန်ပါတယ်။ ဒါပေမယ့်ကွာတာက တရုတ်တွေဟာ ဒီဇယ်နဲ့မောင်းတဲ့ ရေငုပ်သင်္ဘောတွေကို အသုံးပြုနေတုန်းပဲ။ ဒီဇယ်ရေငုပ်သင်္ဘောက ကြာကြာရေအောက်မှာ မနေနိုင်ပါ။ အနုမြူနဲ့မောင်းတဲ့ ရေငုပ်သင်္ဘောအစင်းရေကလည်း နည်းပါသေးတယ်။ ဒါကြောင့် မိမိကမ်းရိုးတန်းနဲ့ မနီးမဝေးမှာပဲ ကင်းလှည့်နိုင်တဲ့အဆင့်ပဲ ရှိပါသေးတယ်။

တရုတ်တွေရဲ့ အဓိကအားနည်းချက်က  ခေတ်မှီသင်္ဘောဆောက်တဲ့ အတတ်ပညာမှာ  နောက်ကျနေတုန်းပဲ။ ဒါကြောင့် ရုရှားလုပ် ဖျက်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကို ရုရှားက ဝယ်နေကြရတုန်းပဲ။ တရုတ် ရေငုပ်သင်္ဘောတပ်ဖွဲ့မှာ Xia Class SSBN နဲ့ ရုရှားတွေရဲ့ နောက်ဆုံးပေါ်အတတ်ပညာတွေကို ပေါင်းထည့်ထားတဲ့ Jin-class SSBN ဆိုတာရှိတယ်။ Jin-class မှာမှ Type 093 နဲ့ Type 094 ဆိုပြီး နှစ်မျိုး နှစ်စားရှိပြန်တယ်။ Type 093 က attack submarine Type 094 ကမှ SSBN အနုမြူဒုံး သယ်ဆောင်နိုင်တဲ့ အနုမြူရေငုပ်သင်္ဘော ဖြစ်ပါတယ်။

အမေရိကန် ရေတပ်ထောက်လှမ်းရေး Office of Naval Intelligence ရဲ့ အမေရိကန်လွှတ်တော်ကို နှစ်စဉ်အစီရင်ခံစာတွေအရ Type 094 SSBN ဟာ ကီလိုမီတာ ၈,ဝဝဝ အကွာအဝေးအထိ ပစ်နိုင်စွမ်းရှိတဲ့ JL-2 ballistic missiles (DF-31s) ၁၂ ခုကို သယ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တရုတ်ကမ်းခြေအလွန် ကူရီကျွန်း Kuril Islands အနီးမှာ ကင်းလှည့်နေရုံနဲ့ အမေရိကန်နိုင်ငံရဲ့ သုံးပုံလေးပုံကို အန္တရာယ်ပြုနိုင်ပါတယ်။ အမေရိကန် ရေတပ်ထောက်လှမ်းရေး ONI က အချိန်ပြည့် ကင်းလှည့်နိုင်စွမ်းရှိအောင် တရုပ်ရေတပ်က Type 094 SSBN ၅ စီး တည်ဆောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ရေငုပ်သင်္ဘောကို နားထောင်ဖို့ ဆိုနာ (Sonar) လို့ခေါ်တဲ့ နားထောင်ကရိယာတွေကို ပင်လယ်အောက်မှာ ချထားရပါတယ်။ အမေရိကန် အခေါ်အဝေါ်အရ SONUS လို့ခေါ်ပါတယ်။ တရုတ်ရဲ့မဟာဗျူဟာက ပထမစည်းဝိုင်းက မိမိတို့ရဲ့ ကမ်းရိုးတန်း။

ဒုတိယစည်းဝိုင်းက ကိုရီးယား၊ ဂျပန်၊ တိုင်ဝမ်၊ ဖိလစ်ပိုင၊် စင်္ကာပူ၊ ထိုင်း၊ မြန်မာ စတဲ့နိုင်ငံတွေအထိရောက်တဲ့ အပြင်စီးဝိုင်း။

တတိယစည်းဝိုင်းက ဒုတိကမ္ဘာစစ်အတွင်း အမေရိကန်တို့ သိမ်းပိုက်ခဲ့တဲ့ Mariana  စတဲ့ ကျွန်းတွေအထိရောက်တဲ့ စည်းးဝိုင်း၊ ဒီစည်းဝိုင်း ၃ ခုနဲ့ တရုတ် အကျိုးကိုခုခံမှာကိုး။ အကယ်၍ စစ်ရေး တင်းမာမှုဖြစ်ခဲ့ရင် အမေရိကန်ရေတပ်က  မလက်ကာ ပင်လယ်ကြားထိပ်က ပိတ်ခဲ့ရင် တရုတ် အရှေ့ဘက်ကမ်းကို သင်္ဘောတွေ မဝင်နိုင်တော့ရင် စစ်ရေးအရ အခက်အခဲရှိနိုင်တယ် မဟုတ်ပါလား။ ဒါကြောင့် မြန်မာနိုင်ငံဟာ စစ်ရေးအရ အရေးပါလာရတာပေါ့။

(မှတ်ချက် - တရုတ်သင်္ဘောတွေ ရခိုင်မှာကပ်ပြီး ကုန်းလမ်းကနေ ကူမင်းကိုတင်ပို့ နိုင်အောင် ရခိုင်ကမ်းခြေမှာ ရေနက်ဆိပ်ကမ်း တရုတ်အကူနဲ့ တည်ဆောက်နေတာပါ)

ဒီနေရာမှာ အများကသတိမပြုမိကြတဲ့ အချက်ရှိပါတယ်။ အဲဒါကတော့ ဂျပန်ရေတပ်မတော်ပါပဲ။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ ဂျပန်တွေက စစ်အင်အားကိုအားမကိုးပဲ စီပွားရေးအင်အားကိုပဲ အာရုံစိုက်ခဲ့ကြပေမယ့် ဂျပန်နိုင်ငံဟာ ကျွန်းနိုင်ငံဖြစ်တာကြောင့် နိုင်ငံကာကွယ်ရေး Defense Forcesလို့ ဆိုပေမယ့် ရေတပ်ကို အရေးပေး ဖွဲ့ခဲ့ကြတာကြောင့် ဂျပန်ရေတပ်မတော်ဟာ ကမ္ဘာ့ရေတပ်မတော်တွေထဲမှာ ထိပ်တန်း ရေတပ်မတော်တခု ဖြစ်တယ်။ တရုတ်က ကြောက်တာလည်း ဂျပန်ကိုပဲဖြစ်တယ် ဒါကြောင့် အကယ်၍များ စစ်ဖြစ်ခဲ့ရင် တရုတ်ရင်ဆိုင်ရမှာက အမေရိကန်ရေတပ်သာမက ဂျပန်ရေတပ်ရဲ့ အန္တရာယ်လည်းရှိပြန်တယ်။ ဂျပန်တွေဘက်ကလည်း တရုတ်ရေတပ် ကြီးထွားလာတာကို စိုးရိမ်စိတ်နဲ့ ကြည့်နေကြရတယ်။

မကြာသေးခင်အထိ  အိုကီနာဝါကျွန်းက အမေရိကန်တွေ ထွက်သွားဆိုပြီး ဆန္ဒပြနေတဲ့ဂျပန်တွေဟာ တရုတ်ရဲ့အန္တရာယ်ကြောင့် ဆန္ဒမပြကြတော့ဘူး။ အမေရိကန်တွေ ထွက်သွားလို့ မအော်ကြတော့ဘူး။ ဒုတိယကမ္ဘာစစ်က ဂျပန်စစ်သားတွေဟာ တရုတ်ပြည်သူတွေအပေါ် အလွန်ရက်စက်ခဲ့ကြတယ်။ ဂျပန်နဲ့ တရုတ်အကြား ရာဇဝင်အကြွေး ရှိနေသေးတာကိုး။

တဘက်မှာလည်း တရုတ်နဲ့ နယ်စပ်စစ်ဖြစ်ခဲ့ရတဲ့ အိန္ဒိယ  နိုင်ငံကလည်း ရှိနေပြန်သေးတယ်။ ဒါကြောင့် တရုတ်က အဝိုင်းမခံရအောင် အနားအကပ်မခံတဲ့ A2/ADလို့ ခေါ်တဲ့ (for "anti-access/area denial")  အဝင်အထွက် ပိတ်ဆို့ခြင်း - နယ်မြေအဝင်မခံဆိုတဲ့ ဗျူဟာကို ချမှတ်လာတာပါပဲ။

မကြာသေးခင် ၂ဝ၁ဝ စက်တင်ဘာလက တရုတ်ငါးဖမ်းသင်္ဘောဟာ တရုတ်နဲ့ဂျပန် သူပိုင်ငါပိုင် အငြင်းပွားနေကြတဲ့ ဆင်ကာကူကျွန်း Senkaku Islands အနီးမှာ ငါးဖမ်းနေရာ ဂျပန်စစ်သင်္ဘေင်္ာက သတိပေးတာကို  ဂရုမစိုက်ဘဲ၊ ဂျပန်စစ် သင်္ဘော ၂ စီးကို ဝင်တိုက်ပစ်ရာ ဂျပန်တွေက တရုတ် သင်္ဘောသားများကို ဖမ်းဆီးခဲ့တာကြောင့် နှစ်နိုင်ငံအကြားပြဿနာ ပေါ်ခဲ့ရပါတယ်။

အရင်က စစ်သင်္ဘောများလာရင် ရှောင်ထွက်သွားတတ်တဲ့ ငါးဖမ်းလှေများဟာ အခုဂရုမစိုက်ကြဘူးလို့ ဂျပန်ဘက်က စွပ်စွဲလာပါတယ်။ အနာဟောင်းများ ပြန်ပေါ်လာကြပြီး တရုတ်လူထုက အမျိုးသားစိတ်ဓါတ်တွေ တက်ကြွဆူညံလာကြပါတယ်။ ဒီပဋိပက္ခကြောင့် တရုတ်အစိုးရက ကွန်ပြူတာနဲ့ အခြားအဆင့်မြင့်ပစ္စည်းတို့မှာ မရှိမဖြစ်တဲ့ Rare Earth Metals လို့ခေါ်တဲ့ သဘာဝသတ္ထုကို ဂျပန်ပြည်ကို တင်ပို့မှု ရပ်ဆိုင်းခဲ့တဲ့အတွက် ဂျပန်တွေ ဒီနေ့အထိ  ပြဿနာပေါ်လျက်ရှိပါတယ်။

ယနေ့ကမ္ဘာကြီးရဲ့ ၉၇% သော Rare Earth Metals ထုတ်လုပ်မှုဟာ တရုတ်ပြည်ကဖြစ်တာကြောင့် တရုတ်တွေက စီးပွားရေးအင်အားပါသုံးပြီး ဂျပန်တွေကို ပညာပေးလျက်ရှိပါတယ်။ ဂျပန်ဆိုတာနဲ့ တရုတ်လူထုက အမျိုးသားစိတ်တွေဝင်လာကာ ဆူညံလာတာကြောင့် တရုတ်အစိုးရကလည်း အလျော့မပေးရဲပါ/ ဒါ့ကြောင့် ဂျပန်ကစိုးရိမ်လျက်ရှိသည်မှာလည်း  သဘာဝကျပါတယ်။

တရုတ်ပြည်မှာ စစ်သံမှူးအဖြစ်ဆောင်ရွက်ခဲ့ကြတဲ့ ကွန်မင်ဒါသောမတ်နဲ့ ဒုဗိုလ်မှူးကြီး ချက်ဘယာဂီယား တို့ရေးတဲ့ စာတမ်းမှာ တရုတ်ရေတပ်ရဲ့ “အမေရိကန် ကျွမ်းကျင်သူတွေ” ဟာ တသက်လုံး အမေရိကန်စကား၊ ယဉ်ကျေးမှု၊ ရာဇဝင်၊ ဗျူဟာ တို့အပြင် အရေးပါတဲ့ရေတပ်နဲ့ မရိန်းလူကြီးတွေကိုပါ အသားပေး လေ့လာကြတယ်။ တနည်းအားဖြင့် စစ်သက်တန်းတလျောက် လေ့လာကြရတယ်။ အမေရိကန် စစ်ဗိုလ်တွေကတော့ တာဝန်ကျရာသက်တမ်း အချိန်ပိုင်းကာလမှာပဲ လေ့လာနိုင်ကြတယ်။

တရုတ်ရေတပ်ရဲ့ နိုင်ငံခြားရေးအရာရှိတွေဟာ အင်္ဂလိပ်စကားပြော ကျွမ်းကျင်ကြရုံမက နိုင်ငံခြားမှာ ပညာသင်ကြရပြီး အမေရိကန်ရေတပ်ရဲ့ ပြဿနာတွေကို အတွင်းကျကျသိကြပြီး ထိပ်ပိုင်း ရေတပ်ဗိုလ်ချုပ်တွေရဲ့ ယုံကြည်အားကိုးရတဲ့ အကြံပေးအရာရှိတွေ ဖြစ်ကြတယ်။ တရုတ်ရေတပ်ရဲ့ အမေရိကန်ဗျူဟာနဲ့ တပ်တွင်းလုပ်ထုံးတွေအပေါ် သုတေသနပြုမှုဟာ အံ့သြစရာကောင်းလောက်အောင် နက်လည်းနက် ကျယ်လည်းကျယ်ပြန့်တယ်။ အမေရိကန်ရေတပ်က တရုတ်ရေတပ်ကိုလေ့လာဖို့ Naval Intelligence ဆိုတာရှိပါတယ်။ ကွန်ကရက်ကို တနှစ်တခါ အစီရင်ခံရတဲ့ အစီရင်ခံစာတွေဟာ အင်မတန် တိကျမှုရှိပါတယ်။

အမေရိကန်တွေကတော့ ငပွကြီးပဲ။ အမေရိကန်တွေကထွင်လိုက် ရန်သူတွေက ခိုးလိုက်ပဲ။ ဆိုဗီယက်ခေတ်က ဝါဒနဲ့(ငွေ)နဲ့မျှားပြီး ခိုးတယ်။ တရုတ်ခေတ်ရောက်တော့ မျိုးချစ်စိတ်နဲ့ခိုးတယ်။ အမေရိကန်နိုင်ငံသား တရုတ်ပညာရှင်တွေ ရှိကြတာကိုး။

နောက်တခုသာတာက တရုတ်ကနှစ်စဉ်ထုတ်တဲ့ အင်ဂျင်နီယာ ပမာဏက အမေရိကန်ထက် အများကြီး ပိုတယ်။ အမေရိကန်မှာက အတော်ဆုံးလူတွေက ပိုက်ဆံများများရတဲ့ ရှေ့နေ၊ MBA ယူကြတယ်။ တရုတ်တွေက အင်ဂျင်နီယာဘက်လိုက်ကြတယ်။ ဒါကြောင့် အခုအချိန်မှာတရုတ်က ပညာရပ်ဆိုင်ရာမှာ နောက်ကျနေပေမယ့် မကြာခင်မီလာလိမ့်မယ်။

ဒီနေရာမှာ တခုသတိရှိရမှာက တရုတ်ရေတပ်ကလည်း အမေရိကန်ရေတပ်ကို အကြောင်းပြပြီး ပိုက်ဆံတိုးတောင်းတယ်။ အမေရိကန်ရေတပ်ကလည်း တရုတ်ရေတပ်ကို လက်ညှိုးထိုးပြီး ဘတ်ဂျက်ပို တောင်းတယ်။ အသေးစိပ်ကတော့ classified လို့ခေါ်တဲ့ လျှို့ဝှက် စာတမ်းတွေဖတ်ရမှ အတိအကျ အသေအချာ ပြောနိုင်မှာပါ။ အမေရိကန်ရေတပ်က ၆ဝ% ကို တရုတ်ကိုရင်ဆိုင်နိုင်ဖို့ ပစိဖိတ်သမုဒ္ဒရာ ရေတပ်ဘက် ပို့ထားပါတယ်။ တရုတ် ရေတပ်ရဲ့အင်အားက
တပ်သားဦးရေ - ၂၅၅,ဝဝဝ

ရေပေါ်စစ်သင်္ဘော
ဖျက်သင်္ဘော: ၂၆
ဖရီးဂိတ်: ၄၉
Medium landing Ship: ၃၁
အလျင်အမြန်တိုက်ခိုက်ရေးရေယာဉ်း ၂ဝဝ ကျော်

ရေငုပ်သင်္ဘော
SSBN: ၃ စီး
SSN: ၅ မှ ၇ စီး
SSK: ၅၆

ရေတပ်၏လေတပ်
တပ်သားဦးရေ  - ၂၆,ဝဝဝ 
လေယာဉ် - ၄ဝဝ မှ ၅ဝဝ အစီး
ကုန်းတက်တပ်သား(မရင်း) တပ်အင်အား   ၁ဝ,ဝဝဝ

အဓိကကျသော ရေတပ်စခန်းများ
•    Lushun
•    Qingdao
•    Shanghai (Wusong)
•    Zhoushan
•    Fuzhou
•    Xiamen
•    Guangzhou
•    Zhanjiang
•    Yulin
James R. Holmes and Toshi Yoshihara တို့ရေးတဲ့ စာတမ်အရ ပဋိပက္ခဖြစ်ခဲ့သော် အမေရိကန် တို့ဘက် စစ်ရေယာဉ်  ၂၈၅ စီးအပြင် အောက်ပါရေတပ်များကို အားကိုးမိတ်ဖက်ပြုနိုင်ပါတယ်။

ဂျပန် ၁၄၇ စီး  ( Aegis Cruisers နှင့် Helicopter Carriers) အပါအဝင် တောင်ကိုရီးယား ၈၅ စီး၊ သြတြေးလျ ၅၆ စီး၊ တိုင်ဝမ် ၁ဝဝ စီး၊ အမေရိကန်အင်အားနှင့် ပေါင်းခဲ့သော် အင်အားမနည်းပါ။

မနေ့တနေ့ကပဲ တရုတ်အစိုးရက သူ့ရဲ့စစ်တပ်အသုံးစရိတ်ကို ၁၂.၅% ပိုတိုးသုံးမယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေက အာကာသလေဟာပြင် (Space)နဲ့ တချို့အသုံးစရိတ်တွေ မပါသေးဘူး။ ကမ္ဘာမှာ နိုင်ငံတိုင်းဟာ စစ်အသုံးစရိတ်တွေကို လျော့ချနေရချိန်မှာ တနှစ်ထက်တနှစ် ၁ဝ%ကျော်ကျော် တိုးသုံးနိုင်တာ တရုတ်ပဲရှိတာကိုး။ သို့သော် အမေရိကန်ဘတ်ဂျက်က ဘီလျံ ၅ဝဝ ကျော်တာမို့ တရုတ်သုံးငွေဟာ ၁ဝချိုးတချိုးပဲ ရှိပါသေးတယ်။

သို့သော် များများအော် ကျယ်ကျယ်အော်မှ မိမိတို့ဘတ်ဂျက်လည်း မလျော့မှာကိုး။ တရုတ်ရေတပ်ဟာ အမေရိကန်ရေတပ်ကိုမီဖို့ရာ အနည်းဆုံး အနှစ် (၂ဝ) လောက် လိုပါသေးတယ်။ သို့သော် အန္တရာယ်ကို လက်ညှိုးထိုးထားမှ မိမိတို့လည်း ဘတ်ဂျက်အဖြတ်မခံရမှာဖြစ်ပါတယ်။  
ဘိုဘိုကျော်ငြိမ်း

အဓမ္မ လုပ်အားပေး ပပျောက်ရေး ILO ဆက်လက်ဆောင်ရွက်မည်



ရန်ကုန် ILO အရာရှိ Steve Marshall နှင့် အင်တာဗျူး

ချင်းမိုင် (မဇ္ဈိမ) ။       ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO သည် ပြီးခဲ့သည့်လအတွင်း မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးခဲ့ပြီး ILO လုပ်ငန်းစဉ်များ နောက်ထပ်တနှစ် ဆက်လက်လုပ်ကိုင်ရန် သဘောတူခဲ့သည်။

ILO သည် မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး ခိုင်းစေမှုများ လျော့နည်းစေရေးအတွက် ဆယ်စုနှစ်တခုကျော် ကတည်းက ကြိုးပမ်းလာခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်းကြီး ဖြစ်သည်။

ILO ၏ မြန်မာနိုင်ငံအတွင်း အောင်မြင်စွာ လုပ်ဆောင်နိုင်မှုများနှင့် နောက်ထပ်တနှစ်အတွက် ILO ရည်ရွယ်ချက်များ သိရှိနိုင်ရန် ရန်ကုန်ရှိ ILO ဆက်ဆံရေးအရာရှိ Steve Marshall ကို ဆက်သွယ် မေးမြန်းထားသည်။

......................................................

ILO အနေနဲ့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ နောက်ထပ်တနှစ်အထိ ဆက်ပြီး လုပ်ငန်းတွေ လုပ်နိုင်မလား။ တကယ်လို့ လုပ်နိုင်မယ်ဆိုရင် ဘယ်လိုစီမံကိန်းတွေ၊ မျှော်လင့်ချက်တွေနဲ့ လုပ်သွားချင်တာလဲ။

’’ILO နဲ့ မြန်မာအစိုးရက ILO အနေနဲ့ မြန်မာနိုင်ငံထဲမှာ လုပ်ငန်းတွေ နောက်ထပ် ၁၂ လ ဆက်ပြီး လုပ်ဖို့ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးပြီးပါပြီ။ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အထိပါ’’

’’ILO အနေနဲ့ ဒီတနှစ် သက်တမ်းအတွင်းမှာ ၁၉၉၈ ခုနှစ်က လုပ်ခဲ့တဲ့ ILO စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြု တိုက်တွန်းချက်တွေ မြန်မာအစိုးရ လိုက်နာလာရေးအတွက် လုပ်ဆောင်သွားဖို့ ရည်မှန်းထားပါတယ်။ အဲဒါတွေကတော့ - (၁) အတင်းအဓမ္မ ခိုင်းစေမှုကို ဥပဒေနှင့် ဆန့်ကျင်သည့် ကိစ္စအဖြစ် သတ်မှတ်ကာ အကယ်၍ ယခင်က ဥပဒေများသည် အတင်းအဓမ္မ ခိုင်းစေမှုကို အားပေးသလို ဖြစ်နေပါက ထိုဥပဒေများအား ပြင်ဆင်ရန်နှင့် ရုပ်သိမ်းရန် (၂)  ပုံစံအမျိုးမျိုးဖြင့် ရှိနေသည့် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ပပျောက်သွားစေရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် (၃) ကျူးလွန်သူများအား အရေးယူသည့် ဥပဒေ အပါအဝင် အဓမ္မခိုင်းစေမှု တိုက်ဖျက်ရေး ဥပဒေများအား အသုံးချမှုနှင့် လိုက်နာမှုများ မြင့်တက်လာစေရေး ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်’’

အဓမ္မ ခိုင်းစေမှု ပပျောက်ရေး ILO ရဲ့ ကမ်ပိန်းတွေဟာ မြန်မာနိုင်ငံထဲမှာ ဘယ်လောက်အထိ စိမ့်ဝင်ပျံ့နှံ့နေတယ်လို့ ထင်လဲ။

’’မြန်မာနိုင်ငံဟာ ဆက်သွယ်ရေးနဲ့ ပညာပေးရေးတွေအတွက် အကန့်အသတ်တွေ ရှိနေတဲ့၊ ကြီးမားတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစိုးရနဲ့ ILO သဘောတူ ရိုက်နှိပ်ထားတဲ့ ပညာပေး လက်ကမ်းစာစောင်တွေကိုတော့ အစိုးရ ဌာနတွေကနေတဆင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေပါတယ်။ ပြီးတော့ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့၊ ဒေသတွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ပြည်တွင်းပြည်ပ မီဒီယာတွေကတဆင့် ပညာပေးနေကြပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ပညာပေးပေး၊ လူဦးရေ တော်တော်များများဟာ အဲဒီပညာပေး အစီအစဉ်တွေကို လက်လှမ်းမီနိုင်တဲ့ အနေအထားမှာ မရှိကြသေးပါဘူး။ တကယ်လို့ ပညာပေး လက်ကမ်းစာစောင်တွေကို တိုင်းရင်းသား ဘာသာစကားတွေနဲ့ပါ ရိုက်နှိပ်ဖြန့်ဝေဖို့အတွက် သဘောတူညီမှု ရခဲ့ရင်တော့ တော်တော်လေး အဆင်ပြေသွားမှာပါ’’

’’အစိုးရ အရာရှိ (အရပ်သားနဲ့ စက်ဘက်အရာရှိ) တွေလည်း ပါဝင်တဲ့ အစိုးရနဲ့ ILO ပူးတွဲ ပညာပေး အစီအစဉ်တွေကိုလည်း ဆက်လုပ်နေပါတယ်။ ပြီးတော့ ILO အနေနဲ့လည်း မြန်မာပြည်အနှံ့က လူထုအခြေစိုက် အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးတော့ ပညာပေးဆွေးနွေးပွဲ အစီအစဉ်တွေကို လစဉ် စတင်ပြုလုပ်နေပါတယ်’’

စစ်အစိုးရနဲ့ အရပ်ဘက် အာဏာပိုင်တွေက အလုပ်သမား အခွင့်အရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ လူကြီးမင်း ထင်မြင်ယူဆထားလား။

’’အစိုးရအနေနဲ့ အလုပ်သမား အဖွဲ့အစည်းတွေအတွက် အခြေခံဥပဒေနဲ့ ညီညွတ်ပြီးတော့ အဖွဲ့အစည်းတွေရဲ့ လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ ILO ရဲ့ သဘောတူညီချက် ကွန်ဗန်းရှင်း ၈၇ နဲ့ ညီညွတ်တဲ့ ဥပဒေမူကြမ်းကို ရေးဆွဲပြီးပြီလို့ သိရပါတယ်။ သူတို့အနေနဲ့ ဥပဒေမူကြမ်းအတွက် ILO ဆီကလည်း ကနဦး အကြံဥာဏ်တချို့လည်း ယူခဲ့ပါတယ်။ အဲဒီ ဥပဒေမူကြမ်းဟာ မကြာခင် ကာလမှာ ပါလီမန်မှာ တင်သွင်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်’’

ပြီးခဲ့တဲ့ အပတ်က လူကြီးမင်းနဲ့ အစိုးရ အာဏာပိုင်တွေရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ဘယ်လို အခြေအနေ ရှိခဲ့လဲ။ အစိုးရအနေနဲ့ ILO ရဲ့ မြန်မာပြည်ထဲမှာ အားထုတ်မှုတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှု အနေအထားကရော ဘယ်လိုရှိလဲ။

’’အစိုးရအနေနဲ့ ILO က အလုပ်သမား ဝန်ကြီးဌာန၊ အဓမ္မလုပ်အားပေး ခိုင်းစေမှု တိုက်ဖျက်ရေး အုပ်စု၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ကော်မတီနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတဲ့ အပေါ်မှာ အတော်ကိုပဲ လိုလိုလားလား ရှိခဲ့ပါတယ်’’

လာမယ့် နှစ်ထဲမှာ အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေအသစ်တွေက ဘယ်လိုအနေအထားမျိုး ဖြစ်လာစေမယ်လို့ ထင်ပါသလဲ။

’’တကယ်လို့ အလုပ်သမားတွေ ကိုယ်စားပြု ပါဝင်တဲ့ အဖွဲ့အစည်းတွေကို ခွင့်ပြုတဲ့ ဥပဒေတွေ ထွက်ပေါ်လာခဲ့မယ်ဆိုရင် အလုပ်သမား အခွင့်အရေးအတွက် အဓိက တိုးတက်မှု ခြေလှမ်းတရပ် ဖြစ်လာပြီးတော့ အသီးအပွင့်တွေ ထွက်ပေါ်လာမှာပါ’’

အဓမ္မ ခိုင်းစေမှု တိုင်ကြားရေးနဲ့ ပတ်သက်တဲ့ ILO ရဲ့ ဆောင်ရွက်မှု ယန္တရားကရော ဘယ်လိုအခြေအနေ ရှိပါသလဲ။ မြန်မာနိုင်ငံထဲမှာ အဲဒီစနစ်ရဲ့ အကျိုးသက်ရောက်မှုကရော အခုချိန်ထိ ဘယ်လိုအနေအထားမှာ ရှိလဲ။

’’ပညာပေး အစီအစဉ်တွေကြောင့် အခွင့်အရေးနဲ့ ဥပဒေတွေကို နားလည် သတိထားမိလာကြတာတွေရယ်၊ တိုင်ကြားဖို့ ယုံကြည်မှု ပိုမိုရှိလာကြတာတွေရယ်ကြောင့် တိုင်ကြားမှုတွေကို ပိုမို လက်ခံရရှိနေပါတယ်။ အဓမ္မ ခိုင်းစေမှုတွေကတော့ ဆက်ရှိနေတုန်းပါ။ အထူးသဖြင့် စစ်တပ်ကနေ အတင်းအကျပ် ခိုင်းစေတဲ့ ပြဿနာတွေက ကြီးမားတဲ့ ပြဿနာ ဖြစ်နေတုန်းပါပဲ’’

၂ဝ၁၂ ခုနှစ်ထဲမှာ အတည်ပြု ပြဋ္ဌာန်းနိုင်စရာ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ စစ်မှုမထမ်းမနေရ ဥပဒေအပေါ် ဘယ်လိုမြင်ပါသလဲ။ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ စနစ်က အဓမ္မခိုင်းစေမှုနဲ့ ကလေးစစ်သား ပြဿနာတွေကို လျော့ပါးသွားစေမယ်လို့ ထင်ပါသလား။

’’အဲဒီပြန်တမ်း ထွက်လာပေမယ့် ၂ဝ၁၂ ထဲမှာ အသက်ဝင်လာမယ်၊ မဝင်လာဘူးဆိုတာတော့ ကျနော်တို့ မသိနိုင်ပါဘူး။ အဲဒီဥပဒေမူကြမ်း အသက်ဝင်လာဖို့ဆိုရင် တကယ်အတည်ပြုခံရဖို့ လိုနေပါသေးတယ်။ တကယ်လို့ အဲဒီဥပဒေကို အတည်ပြုမယ်၊ ပြီးတော့ အသက်ကိုလည်း စနစ်တကျ စစ်ဆေးအတည်ပြုပြီး လုပ်မယ်ဆိုရင်တော့ အရွယ်ရောက်ပြီးသူတွေကို အတင်းအကျပ်ခိုင်းစေတာတွေ၊ ကလေးငယ်တွေကို စစ်တပ်ထဲ အတင်းသွတ်သွင်းတာတွေ လျော့နည်းသွားလိမ့်မယ်လို့ ထင်ပါတယ်’’

ILO အနေနဲ့ ရန်ကုန်ရဲ့ အပြင်ဘက်မှာရှိတဲ့ မိသားစုတွေဆီကနေ အာဏာပိုင်တွေရဲ့ အဓမ္မ ခိုင်းစေမှုကိစ္စ တိုင်ကြားမှုတွေကိုရော  အများကြီး လက်ခံရရှိလား။ ပြီးတော့ အဲလိုတိုင်ကြားလို့ ထောင်ကျသွားတဲ့ အရေအတွက်ကရော အခုလောလောဆယ်မှာ ဘယ်လောက်ရှိပါသလဲ။

’’ကျနော်တို့အနေနဲ့ တိုင်ကြားမှုတွေကို မြန်မာနိုင်ငံရဲ့ ပြည်နယ်တွေ၊ တိုင်းတွေ အားလုံးကနေ လက်ခံရရှိပါတယ်။ လောလောဆယ်မှာ တိုင်ကြားတဲ့အတွက် ထောင်ကျသွားတဲ့ အမှု ၅ ခု ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ အဲဒီလူတွေ ပြစ်ဒဏ်ချမှတ်ခံရတာဟာ ILO ကို တိုင်ကြားတဲ့ ကိစ္စနဲ့ မပတ်သက်ဘူးလို့ ဆင်ခြေပေးနေပေမယ့် ILO အနေနဲ့ အဲဒီဖမ်းဆီးမှုတွေဟာ သဘောတူညီချက်တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာလို့ ယူဆပါတယ်။ အဲဒီလူတွေ အမြန်ဆုံး လွတ်မြောက်လာရေးအတွက်လည်း နည်းလမ်းတွေ ရှာဖွေနေပါတယ်’’

ပြီးခဲ့တဲ့ နှစ်ထဲမှာ ကလေးစစ်သား ဘယ်နှယောက်လောက် မိသားစုဆီ ပြန်ရောက်ခဲ့ပါသလဲ။

’’၂ဝ၁ဝ မှာ ILO က လက်ခံရရှိထားတဲ့ ကလေးစစ်သား အမှုတွေထဲကနေ ကလေး ၇ဝ ဦး စစ်တပ်ထဲကနေ ထွက်ခွါခွင့် ရခဲ့ပါတယ်။ အဲဒီအစီအစဉ် စတင်တဲ့ ၂ဝဝ၇ ခုနှစ်ကနေ စတင်ရေတွက်မယ် ဆိုရင်တော့ ၁၅၇ ယောက် ရှိသွားပါပြီ။ အစိုးရက စုံစမ်းစစ်ဆေး ကိုင်တွယ်နေဆဲဖြစ်တဲ့ နောက်ထပ် အမှုပေါင်းက ၁၂ဝ ရှိနေပါတယ်။ ပြီးတော့ အစိုးရဆီ မတင်ရသေးတဲ့၊ ILO က စုံစမ်းအကဲဖြတ်နေဆဲဖြစ်တဲ့ လက်ခံရရှိထားတဲ့ ကလေးစစ်သား အမှုပေါင်းက ၁၁ဝ ခု ရှိနေပါတယ်’’

လူကြီးမင်းရဲ့ အမြင်မှာ ကလေးစစ်သား ခန့်အပ်တဲ့ ကိစ္စဟာ အခုလောလောဆယ် တိုးပွါးလာတယ်လို့ ထင်သလား။ ဒါမှမဟုတ် လျော့သွားတယ်လို့ ထင်သလား။


’’အဲဒါကတော့ ပြောလို့ မဖြစ်နိုင်ပါဘူး။ အစိုးရကတော့ စစ်ဘက်အမှုထမ်းတွေကို ကလေးစစ်သား ခန့်အပ်မှု ပပျောက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ကလေးစစ်သားကိစ္စ တိုင်ကြားမှုတွေကတော့ ပိုမို လက်ခံရရှိနေပါတယ်။ ဒါပေမဲ့ ဒါဟာ ကလေးစစ်သား ခန့်ထားတဲ့ ကိစ္စတွေ များလာတာလို့ တထစ်ချ ပြောလို့ မရနိုင်ပါဘူး။ ပညာပေးမှုတွေကြောင့် ကလေးအခွင့်အရေးတွေ နားလည်လာတဲ့အတွက် တိုင်ကြားမှုတွေ ပိုမို ပြုလုပ်လာတာလည်း ဖြစ်နိုင်ပါတယ်’’

တချို့ ကလေးတွေက စစ်ထဲကို လိုလိုလားလား ဝင်ချင်နေရတာကိုရော ဘယ်လိုမြင်ပါသလဲ။

’’ကျနော်တို့ လက်ခံရရှိထားတဲ့ တချို့တိုင်ကြားချက်တွေမှာ ကလေးတွေကိုယ်တိုင်က သူုတို့ဆန္ဒအလျောက် စစ်တပ်ထဲကို ဝင်ချင်ကြတာပါ။ ဒါကလည်း မဆန်းပါဘူး။ ဆင်းရဲမွဲတွေမှုတွေ၊ ပညာရေး ချို့တဲ့မှုတွေ၊ မိဘကိုယ်၌က စစ်ထဲဝင်ဖို့ အားပေးတာတွေ၊ နောက်ဆုံး စစ်ယူနီဖောင်းနဲ့ စစ်ထဲဝင်ရင် စိတ်လှုပ်ရှားစရာ ကောင်းမယ်လို့ ထင်မြင်ယူဆမှုတွေကြောင့် စစ်ထဲဝင်ကြတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ဥပေဒအရကတော့ အသက် ၁၈ နှစ်အောက် ယောကျာ်းလေး မှန်သမျှ မိမိဆန္ဒအလျောက်ဖြစ်ဖြစ်၊ အတင်းအကျပ်ပဲဖြစ်ဖြစ် စစ်တပ်ထဲမှာ ခန့်ထားမှု မပြုလုပ်ရပါဘူး’’

အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ မစုစုနွေးက အခုထိ အကျဉ်းကျတုန်းပဲဆိုတော့ ILO အနေနဲ့ သူလွတ်မြောက်ဖို့ လောလောဆယ် ကြိုးပမ်းပေးနေတာတွေ ရှိပါသလား။

’’ကျနော်အထက်မှာ ဖြေခဲ့တဲ့ အတိုင်းပါပဲ။ စုစုနွေးဟာ အဓမ္မလုပ်အားပေးခိုင်းစေမှုကိစ္စ တိုင်ကြားတဲ့အတွက် အကျဉ်းကျသွားတဲ့ တယောက်ပါ’’
http://www.mizzimaburmese.com/interview/7054----ilo-.html