Wednesday, March 9, 2011

၈၈၈၈ အကြို ပထမဦးဆုံးလမ်းပေါ်တွင်ဆန္ဒပြခြင်း

၁၉၈၇စက်တင်ဘာလ၇ရက်လား၊၉ရက်လားမမှတ်မိတော့၊မှတ်မိတာအဲဒီနေ့ကစနေနေ့လေ၊
အင်းစိန်ဂျီတီအိုင်၊မှန်ဆောင်၁၀၁မှာမနက်ပိုင်းG.T.I ၀င်ခွင့်အတွက်မြန်မာစာဖြေရတယ်လေ..
အဲဒီတုန်းက မဆလ ကကျောင်း၂ခုခွတက်မှာကြောက်လို့ RC2စာမေးပွဲနဲ့တိုက်ပြီးစစ်တော့
ဂျီတီအိုင်တက်ချင်သူတွေကဒီဖက်လာဖြေကြရတယ်(၀င်ခွင့်မအောင်ရင်တော့ဖွတ်မရဓါးမဆုံး
ဆိုသလိုပေါ့)။

ဒီလိုနဲ့မနက်၁၀နာရီလောက်မြန်မာစာဖြေ..ပြီးတော့ခဏနား..ပြီးရင်အင်္ဂလိပ်ဖြေရမယ်လေ။
ဒါနဲ့သူငယ်ချင်း၃ယောက်ကျောင်းရှေ့ကကုလားဆိုင်မှာဒံပေါက်သွားစားကြတယ်။ပါတ်ဝန်း
ကျင်လည်းဂရုမစိုက်အားပါဖူး၊ဒံပေါက်စားလိုက်စာကြည့်လိုက်ပေါ့။စားပြီးတော့အစိတ်တန်၂
ရွက်ပေးလိုက်တယ်...ကိုရွှေကုလားဗိုက်ပူကအစိတ်တန်ဆိုမယူဘူးဆိုပဲ..
ဟာ...ဒါပဲပါတယ်..၃ကျပ်ပဲပြန်အမ်းရမှာလေ..လို့ပြောတော့..အခုပဲကြေငြာသွားတယ်အစိတ်
တန်တရားမ၀င်တော့ဖူးတဲ့..
ဟိုက်...ဒုက္ခပဲ...ခဏနေစာမေးပွဲပြန်ဖြေရတော့မှာ...ဘီလိုလုပ်မလဲ...ကဲရှိတဲ့အကြွေစုကွာ..
ကျန်တာနောက်မှလာပေးမယ်..ဒံပေါက်ဆိုင်ဘေးကကွမ်းယာဆိုင်နောက်ကအိမ်မှနေတဲ့ထ-၂
ကကျောင်းနေဖက်သူငယ်ချင်းခေါ်..သက်သေလုပ်ထားခဲ့ရတယ်။

တခါမှလည်းမကြားခဲ့ဖူးဘူးလေ...စာမေးပွဲကအရေးကြီးနေတော့ ခေါင်းထဲထည့်မနေတော့ဖူး၊
အင်္ဂလိပ်စာပြီးလို့အိမ်ပြန်ရောက်တော့လည်းမနက်ဖန်သချာင်္နဲ့အထွေထွေဗဟုသုတဖြေရအုံးမှာလေ...
အဖေနဲ့အမေမျက်နှာမကောင်းပေမဲ့သားစာကျက်ပျက်မှာစိုးလို့...သိပ်မမိပါဖူးသားရယ်ပေါ့.....
ညကြတော့ ဘီပီအိုင်မှာလုပ်တဲ့အကိုဝမ်းကွဲကR.I.Tကကျောင်းသားတွေစားစရာမရှိတော့
လို့ဆူကြတယ်...ရထားလက်မှတ်၊ကားလက်မှတ်တွေ ဆရာတွေကအလကားလုပ်ပေးလိုက်ရတယ်တဲ့...
ဟိုဖက်လမ်းထဲကကုန်ကားပိုင်တဲ့ကုလာအဖိုးကြီးသွေးတက်ပြီးလျှောသွားပြီတဲ့...အမေကသူ့သားစာကျက်
ပျက်မှာစိုးလို့အကို့ကိုအိမ်ပြန်ခိုင်းလိုက်သည်။

နောက်နေ့မနက်သချာင်္စဖြေရသည်။ပြီးခါနီးနာရီဝက်လောက်ရောက်တော့ဆူဆူညံညံအသံတွေနဲ့အဆောင်ဖက်
ကကျောင်သားတွေကျောင်းရှေ့ရောက်လာသည်၊ကျောင်းအုပ်ကြီးရုံးခန်းရှေ့မှာဆရာတယောက်နဲ့အခြေအတင်
ဖြစ်နေသည်။နောက်မှသိရတာကဦးဆောင်လာသူမှာရခိုင်မှလာတက်သူနောက်ဆုံးနှစ်ကျောင်းသားမောင်မောင်
နိုင်ဖြစ်သည်။ကျောင်းအုပ်ကြီးဦးမြင့်ဆွေကရောက်မလာ၊ကျောင်းဘေးကသူ့တူမဒေါက်တာ၏အိမ်အပေါ်ထပ်မှ
မှန်ပြောင်းဖြင့်ကြည့်၍မှတ်တမ်းတင်နေသည်။ခဏနေတော့ဝင်ခွင့်ဖြေသူတွေ၏ခုံနံပါတ်တွေကပ်ထားသည့်
Boardကြီးကျောင်းရှေ့ဆွဲယူ၍ရိုက်ဖျက်လိုက်ကြသည်။လက်မှတ်မစီစဉ်ပေး၍ဖြစ်သည်။အခန်းစောင့်ဆရာ
တွေကအချိန်မစေ့ခင်သချာင်္အဖြေလွှာတွေလိုက်သိမ်းပြီးတိုက်ပုံထဲအတင်းထိုးသွင်းနေသည်။အပြင်လည်းပေးမ
ထွက်ပေ။မှန်ဆောင်၁၀၁ကထိပ်ဆုံးအခန်းဆိုတော့အကုန်တွေ့နေရသည်။သူတို့တောင်းဆိုတာမရသေး၊
ကျောင်းအုပ်ကြီးရုံးခန်းဘေးမှအခန်းပွင့်သွားသည်။စာရွက်စာတမ်းတွေအပြင်ထုတ်ပုံ၍မီးရှို့လိုက်ကြသည်။
ကျောင်းခြံစည်းရိုးအပြင်တွင်လာကြည့်သောပြည်သူတွေနှင့်ပြည့်နေသည်။

နောက်ဆုံးတွင်ကားလက်မှတ်၊ရထားလက်မှတ်လုပ်ပေးလိုက်၍ ကျောင်းသားတွေအဆောင်ဖက်ပြန်သွားသည်၊
ဆရာတွေကစာဖြေနေသူတွေကိုအချိန်စေ့၍လွှတ်ပေးလိုက်သည်။ထိုအချိန်တွင်ကျောင်းသားတယောက်ကမီး
ကျွမ်းနေသောစာရွက်အပိုင်းလေးကိုထောင်၍....ဒါ..ငါ့မြန်မာစာအဖြေလွှာလေး...သွားပါပြီကွာ..ဒုတိယနှစ်စာ
မေးပွဲကိုလွှတ်ပြီးလာဖြေရတာ....စာမေးပွဲဖြေကျောင်းသားတွေပွဲကြမ်းကုန်သည်။ကျောင်းအုပ်ကြီးရုံးခန်းမှန်
တွေကွဲကုန်သည်။

အဆောင်ကျောင်းသားတွေပြန်ပြေးလာသည်။မှန်ဆောင်ကိုထိမှာစိုး၍ဖြစ်သည်။(မှန်ဆောင်သည်၃ထပ်အ
ဆောက်အဦးဖြစ်၍မှန်အစောင်းများဖြင့်၃ထပ်လုံးတည်ဆောက်ထားသည့်ဂျီတီအိုင်ကျောင်းသားများအမြတ်
တနိုးထားရှိကြသည့်အဆောက်အဦးဖြစ်သည်။

ထ-၁မှာဖြေနေတဲ့သူတွေကိုသွားပြောကြမယ်.....ကျောင်းသားတွေအပြင်ရောက်သွားသည်..လက်ရှိတက်နေ
သောကျောင်းသားများတော့မပါပေ။ဒညင်းကုန်းဖက်မှလာနေသောသစ်ကားကြီးကိုတားလိုက်သည်။ရပ်ကြည့်
နေသောလူအုပ်ကြားထဲတွင်အဖေ့ကိုတွေ့လိုက်ရသည်။သစ်ကားပေါ်မတက်သူများကလမ်းရှောက်လိုက်လာကြ
သည်။ထ-၁ မှကျောင်းသားများကအထွေထွေဗဟုသုတကိုဖြေနေကြပြီဖြစ်သည်။အခြေအနေမကောင်းမှန်းသိ၍နာရီ
ဝက်လောက်နှင့်စာရွက်တွေသိမ်း၍ပြန်လွှတ်လိုက်၍လူစုခွဲလိုက်သလိုဖြစ်သွားသည်။

အင်းစိန်ဆေးရုံရှေ့အရောက်တွင်.....ရပ်...ရပ်...ဆင်းကြ...ဆင်းကြ....
မဆင်းလို့လည်းမရ..ရှေ့မှာ...အင်းစိန်တရားရုံးနှင့်စီအိုင်ဒီကြားတွင်အဓိကရုန်းနှိမ်နှင်းသည့်ကားတစီး
ရပ်ထားသည်။ကားအပေါ်ထပ်တွင်ရေပိုက်တွေ.မျက်ရည်ယိုဗုံးပြစ်သည့်ပြောင်းတွေနှင့်ကြိုနေသည်။
လမ်းဘေးတဖက်စီမှလည်းဒိုင်းတွေနှင့်လုံထိန်းတွေရပ်စောင့်နေကြသည်။
သစ်ကားသမားကိုဆေးရုံရှေ့လမ်းမှမောင်းရန်လမ်းညွန်၍လူစုခွဲလိုက်ကြသည်။

ရလာဒ်ကတော့ဂျီတီအိုင်ကျောင်းသားများကိုဦးဆောင်သည့်ရခိုင်မှမောင်မောင်နိုင်ကျောင်းထုတ်ခံရသည်။
တလခန့်အကြာတွင်အထွေထွေဗဟုသုတကိုပြန်ဖြေရသည်။မြန်မာစာကိုဖယ်၍ကျန်၃ဘာသာဖြင့်ဝင်ခွင့်
ရမရဆုံးဖြတ်ခံရသည်။အရေးအခင်းဖြစ်ပြီးကျောင်းပြန်ဖွင့်တော့၊ပထမနှစ်ကို၃လ(လာဖြေသူအကုန်အောင်)
၊ဒုတိယနှစ်ကို၆လ..နောက်ဆုံးနှစ်တခုတော့အပြည့်တက်ရပြီးပညာတတ်အင်ချင်နီရာဂျီးဖြစ်လာပါလေတော့
သတည်း။ ။

ရဲရင့်ငယ်

NLD ကြေညာချက် အမှတ် ၅/ ၀၃/၂၀၁၁

http://www.mediafire.com/file/903avce5o6lbsco/statement5-03-11.pdf
statement5-03-11

UTinOo's Speech to Pegu Division of NLD leaders on 5 3 2011

၉.၃.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

5 attachments — Download all attachments  
statement5-03-11.jpgstatement5-03-11.jpg
138K   View   Download  
statement5-03-11.pdfstatement5-03-11.pdf
226K   View   Download  
9 March 2011 Yeyintnge's Diary.doc9 March 2011 Yeyintnge's Diary.doc
1099K   View   Download  
9 March 2011 Yeyintnge's Diary.pdf9 March 2011 Yeyintnge's Diary.pdf
1975K   View   Download  
NLD women day statement.pdfNLD women day statement.pdf
181K   View   Download  

http://www.mediafire.com/file/xax4qica9h8oh97/9%20March%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/54w7m1y11piid49/9%20March%202011%20Yeyintnge%27s%20Diary.pdf9 March 2011 Yeyintnge's Diary

အပေး အယူ


လူရယ်လို့ သိတတ်တဲ့အရွယ်ထဲက အပေးအယူသဘောတွေကို စတင်မိတ်ဆက်ခဲ့ကြရပါတယ်။ ပြုံးတတ်တဲ့အရွယ်မှာ များများပြုံးတဲ့ကလေးက မပြုံးတဲ့ကလေးထက် ပိုလို့ချစ်ခင်ခံရပါတယ်။ ဒါပေမဲ့ ကိုယ်ပေးတဲ့အရာဟာ သူလက်ခံနိုင်တဲ့ အရာဖြစ်ဖို့တော့ အရေးကြီးပါတယ်။
ကျမတို့ ငယ်စဉ်က ကျမတို့အဖေက ဆုပေးဒဏ်ပေး စနစ်ကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးပါတယ်။ ကျမတို့အဖေက နေရာတခုကို အလည်ခေါ်မယ်ဆိုရင် သူ့စည်းကမ်းချက်တွေကို လိုက်နာမှ နောက်တချိန် ထပ်ခေါ်မယ်ဆိုတာမျိုးကစ လို့ စာမေးပွဲမှာ အဆင့်တက်လာအောင် လုပ်တာမျိုးအဆုံး အပေးအယူနဲ့လုပ်တော့ ကျမတို့ ငယ်စဉ်ဘ၀က အရိုက်မခံ ရသလောက်ပါပဲ။ ဒါပေမဲ့ အဖေက ကျမတို့ လိုချင်တဲ့အရာနဲ့ အပေးအယူလုပ်ခဲ့တော့ အဖေအောင်မြင်ခဲ့တာပါ။
၁၉၈၈ ခုနှစ် မတ်လအရေးအခင်းမှာ ကျောင်းသားတွေရဲ့တောင်းဆိုချက်ကို လျစ်လျူမရှုခဲ့ရင်၊ ဇွန်လအရေးတော်ပုံ ဖြစ် လာဖို့ မသေချာပါဘူး။ ဇွန်လအရေးတော်ပုံသာ မဖြစ်ခဲ့ရင် ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်လာမယ်လို့ ဘယ်သူက ပြော နိုင်ခဲ့မှာလဲ။ အကယ်၍ ဗိုလ်ချုပ်နေ၀င်းဟာ တိုင်းပြည်တိုးတက်ဖို့ ကျိုးစားခဲ့မယ်ဆိုရင် ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ် အရေးတော်ပုံတွေ ပေါ်ပေါက်လာစရာ အကြောင်းမရှိပါဘူး။ ပြည်သူတွေလိုလားတာကို စောစောစီးစီးပေးခဲ့ရင် ကမ္ဘာက ပြစ်တင်ဝေဖန်တာကို ခံစရာ မလိုပါဘူး။
ပေးတဲ့လူနဲ့ ယူတဲ့လူ အသံတူဖို့တော့ လိုပါတယ်။ အပေးအယူလုပ်တယ်ဆိုတာ မှန်ကြည့်သလိုပါဘဲ။ တခါထဲတောင်း ဆို၊ တခါထဲ အခွင့်အရေးရတဲ့သူ ဆိုတာက မရှိနိုင်ပါဘူး။ တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင်ခွဲခြားရေးဝါဒ ရပ် တန့်သွားဖို့အတွက် ၄၇ နှစ်ကြာမြင့်ခဲ့ပြီး မင်ဒဲလားက ထောင်ထဲမှာ ၂၆ နှစ်ကြာခဲ့ပါတယ်။ ဒီအတောအတွင်း (ANC) က ဘာတွေလုပ်ဆောင်ခဲ့ကြလဲ။ ဘာကြောင့် P.W.Botha က မင်ဒဲလားနဲ့ တွေ့ဆုံရပါသလဲ။ အေအင်စီက လက်နက်ကိုင် တိုက်ပွဲတွေ၊ လူထုတိုက်ပွဲတွေကို အများအပြား ဆင်နွဲခဲ့ကြပါတယ်။ တကယ့်အကြပ်အတည်းက တောင်အာဖရိကနိုင်ငံ မှာ လူဦးရေတိုးပွားလာတာ၊ စီးပွားရေးမတည်ငြိမ်တာ၊ အလုပ်အကိုင်ရှားပါးတာ၊ ရောဂါဘယထူပြောတာတွေကြောင့် ပြည်သူအများစုက ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်နေရပါတယ်။ ဒီကလပ်အစိုးရကို နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေကလဲ ရှိနေပါတယ်။
နိုင်ငံတကာက ဘာကြောင့်စီးပွားရေးပိတ်ဆို့တာလဲ၊ စီးပွားရေးပိတ်ဆို့တာက အုပ်ချုပ်တဲ့လူတန်းစားရဲ့ လူ့အခွင့်ရေးချိုး ဖောက်မှု တွေ၊ အဂတိလိုက်စားမှုတွေ စတဲ့အပြစ်တွေအတွက် ဒဏ်ခတ်လိုက်တာဖြစ်ပြီး၊ လူ့အခွင့်အရေးလေးစားလိုက် နာရင် တဖြေးဖြေးဖွင့်ပေးတဲ့ နိုင်ငံတကာရဲ့ အပေးအယူပုံစံတခုဖြစ်ပါတယ်။ လေယာဉ်ပျံသန်းရာ လမ်းကြောင်းတွေကို ပါ ပိတ်ဆို့ထိန်းချုပ်ထားပါတယ်။ အတင်းကျပ်ဆုံး အခြေအနေအဖြစ် တောင်အာဖရိက နိုင်ငံကိုကိုယ်စားပြု အားကစား ပွဲတွေကိုပါ ပိတ်ဆို့ ထားလိုက်တာပါ။
မြန်မာပြည်ရဲ့ သမိုင်းတလျောက် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့၊ အစိုးရတပ်တွေ ပြည်တွင်းစစ်ဖြစ်ပွားခဲ့တာ ကြာပါပြီ။ ၁၉၉၀ ခုနှစ်ကစလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လာပါတယ်။ ဒေသခံပြည်သူတွေကလည်း ကြိုဆိုကြ ပါတယ်။ ဒါပေမဲ့ န၀တနဲ့ သေချာတဲ့ သဘောတူညီမှုမရခဲ့ပါဘူး။ သေချာတဲ့ သဘောတူညီမှုအစား စီးပွားရေးလုပ်ပိုင်ခွင့် တွေပေးလိုက်လို့ တိုင်းရင်းသား အဖွဲ့တွေကြား သွေးကွဲခဲ့ရတဲ့ အဖြစ်အပျက်တွေလဲ မရေတွက်နိုင်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်လောက် လက်နက်ကိုင်တိုက်ပွဲတွေမရှိခဲ့ပေမဲ့ တိုင်းရင်းသားအဖွဲ့တွေကိုအင်အားလျော့နည်းသွားအောင်တော့ ကျိုးပမ်းခဲ့ပါတယ်။ အခုတော့  မြန်မာပြည်တနံတလျားမှာ သေနတ်သံတွေက နေရာပြန်ယူနေပါပြီ။
နအဖ က အပေးအယူလုပ်တာ ကျွမ်းကျင်ပါတယ်။ အရှေ့တောင်အာရှကိုတော့ မက်လုံးပေးနိုင်ခဲ့ပါတယ်။ အရှေ့ တောင်အာရှ နိုင်ငံတွေကို သဘာဝအရင်းအမြစ်တွေ ဈေးပေါပေါနဲ့ ပေးလိုက်ပြီး အဲဒီနိုင်ငံတွေက ထောက်ခံမှုတွေကို ယူခဲ့လိုက်နိုင်ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ပစ်လိုက်ပေမဲ့ အ ရှေ့တောင်အာရှနိုင်ငံများအဖွဲ့ကတော့ အရေးမယူနိုင်ခဲ့ပါဘူး။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က မစ္စတာဂန်ဘာရီကို အကြိမ်ကြိမ်စေလွတ်ခဲ့ပေမဲ့၊ တစုံတရာ ထူးခြားမှုမရှိခဲ့ပါဘူး။ ဆက်သွယ် ရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ၃ ကြိမ်လောက်တွေ့ဆုံအပြီးမှာတော့ လမ်းမပေါ်မှာ လူတွေကို ပစ်သတ်ခဲ့တဲ့ ပုံရိပ်တွေပျောက်ကွယ်သွားတာကတော့ နိုင်ငံတကာက မြန်မာပြည်အပေါ်ထားတဲ့ သဘောထားလို့ မှတ် ချက်ချမိပါတယ်။
အီဂျစ်နိုင်ငံဟာလည်း အာဏာရှင် မူဘာရက် နှစ်ပေါင်း၃၀ကျော် အုပ်စိုးခဲ့ပါတယ်။ နိုင်ငံတွင်းက ပညာတတ်လူငယ်များ စွာဟာ အကြိမ်ကြိမ် ထောင်ကျခံနေရတာကို ပြင်ပနိုင်ငံတွေက သတိမထားမိကြပါဘူး။ ၂၀၁၁ ဖေဖော်ဝါရီလမှာတော့ ဖေ့စ်ဘုတ်ကနေ တော်လှန်ရေးတခုကို စတင်ခဲ့ပါတယ်။ ပြည်သူတွေအားလုံးပါဝင်ပြီး သန်းနဲ့ချီတဲ့ လူတွေလမ်းမတွေ ပေါ်မှာ ချီတက်ဆန္ဒ ပြခဲ့ပါတယ်။ မူဘာရက် ပြုတ်ကြပြီးတဲ့နောက်တော့ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိ နိုင်းခဲ့နှိုင်ပါပြီ။
မူစလင်ကမ္ဘာမှာ ပထမဦးဆုံးစတင်ခဲ့တဲ့ တူနီးရှားနိုင်ငံမှာတော့ အာဏာရှင်သမ္မတ ဘင်အာလီက ထွက်ပြေးခဲ့ရပြီး ကြား ဖြတ် အစိုးရက ၆ လအတွင်းရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ ဂတိရရှိထားပြီးဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေရဲ့ အောင်ပွဲ ဟာ စစ်တပ်ရဲ့ အခန်းကဏ္ဍကြောင့်လဲ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးဟာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ချိန်ရောက်မှ ပြန်လည်အသက်ဝင်လာပါတယ်။ အီ ဂျစ် ဆန္ဒပြပွဲတွေမဖြစ်ခင်မှာဘဲ ဒေါ်အောင်ဆန်းစုကြည်က လူငယ်ကွန်ရက်တွေ ဖွဲ့စည်းဖို့ ပြောခဲ့ပါတယ်။ NLD ရဲ့ နိုင် ငံရေးလှုပ်ရှားမှု မြှင့်တင်ဖို့လဲ ပြောနေပါတယ်။ တွေ့ဆုံဆွေးနွေးဖို့အတွက် ကြီးမားတဲ့ဖိအားကတော့ ရှိကိုရှိရပါလိမ့်မယ်။ LSE (London School of Econo-mics) က ကျောင်းသားတွေနဲ့ တွေ့ဆုံစဉ်မှာတော့ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံလို သူတွေဟာ ပြည်သူလူထု ဖွံဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံတယ်ဆိုရင်တော့ အဲဒီအတွေးအခေါ်ဟာ မှားယွင်းသွား မယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်တဆုပ်စာ လူတန်းစားအတွက်ပဲ အကျိုးဖြစ်ထွန်းသွားမှာမို့လို့ပါ။ ဒါ ပေမဲ့ ကိုယ်ကျိုးစီးပွားအတွက် ရင်းနှီးမြုပ်နှံမယ်ဆိုရင်တော့ သူဘာမှ မပြောလိုပါဘူးလို့ ပြောပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တောင်အာဖရိကနိုင်ငံဟာ အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တွန်းလှန်တာဖြစ်ပြီး၊ မြန်မာ ပြည်ကတော့ အာဏာရှင်တွေကို အဖိနှိပ်ခံတွေက ဆန့်ကျင်တော်လှန်တာဖြစ်တယ်လို့ဆိုပါတယ်။ အာဏာလက်ဝယ် ထားရှိနေသူက သူ့ရဲ့အာဏာကို မစွန့်လွတ်ချင်လို့ အမျိုးတူလူတွေကို ထောင်ဒဏ်နှစ်ရှည်ချထား၊ လမ်းမတွေပေါ်မှာ ပစ်ခတ် သတ်ဖြတ်တာမျိုးတွေ လုပ်ခဲ့ပေမဲ့ ပြည်သူတွေက စစ်တပ်ကြီးတခုလုံးကို ဆန့်ကျင်တာမဟုတ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က အကြိမ်များစွာ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
ဆန့်ကျင်တော်လှန်သူတွေ ညီညွတ်ရင်၊ အသံတသံထဲထွက်ရင်တော့ စစ်တပ်အတွင်းက အမှန်တရားမြတ်နိုးသူတွေ ဟာ ဆန့်ကျင်တော်လှန်သူတွေနဲ့ ပူးပေါင်းလာမှာပါ။ စစ်တပ်ကြီးက ပြည်သူလူထုဘက်ကို ရပ်လိုက်ရင်တော့ အာဏာ ရှင်ဟာ ဘာမှ လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ ဒီလိုအခြေအနေ ရောက်လာအောင်တော့ ဆန့်ကျင်တော်လှန်နေသူတွေ က ပေးဆပ်ရမှာပါ။ ဒါမှ အမှန်တရားကို ရယူနိုင်မယ်မဟုတ်လား။
ကျမတို့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ အများကြီးရှိပါတယ်။ အဲဒီရင်းနှီးမြုပ်နှုံမှုတွေဟာ ပြည်သူကို အကျိုးမပြုပါဘူး။ အခုအချိန်မှာ နော်ဝေအပါအ၀င် နိုင်ငံတချို့ ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒါပေမဲ့ ပြည်သူ့ဘ၀ဟာ ကုန်းကောက်စရာ မရှိ အောင် မွဲတေနေဆဲပါ။ အကျိုးအမြတ်ကို ခံစားနေသူတွေက လက်တဆုပ်စာ လူတွေပါ။ ဖိအားပေးတဲ့နေရာမှာ ပြည် တွင်း ပြည်ပ အားလုံးပါဝင်သင့်တယ်လို့ ထင်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ စစ်တပ်ရဲ့ အရည်အသွေးနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို သူမဆန့်ကျင်ဘူး။ စစ်တပ်ဆိုတာ နိုင်ငံအတွက်အရေးကြီးတယ်။ ဒါပေမဲ့ ပြည်သူ့အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်တဲ့ ဂုဏ်သိက္ခာရှိတဲ့ စစ်တပ်ဖြစ်စေချင်တယ်လို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ နိုင်ငံတကာစုံစမ်းရေး အဖွဲ့ဆို တာက စစ်အစိုးရကို ခုံရုံးတင်ဖို့မဟုတ်ဘဲ အဲဒီအဖွဲ့က စေ့စပ်ဆွေးနွေးရေးကို အထောက်အကူပြုနိုင်မယ်လို့သူက ယုံ ကြည်ပါတယ်။
စစ်တပ်ထဲမှာလဲ မညီမျှမှုတွေ ရှိနေပါတယ်။ အောက်ခြေအဆင့် တပ်သားတွေအပါအ၀င် ဗိုလ်မှူးအဆင့်လောက်အထိ က စားဝတ်နေရေး ခက်ခဲပါတယ်။ ပညာမသင်နိုင်တဲ့တပ်တွင်းမိသားစုက ကလေးတွေ၊ စီးပွားရေးအတွက် ဘ၀ကို ရောင်းနေရတဲ့ တပ်မတော်သားရဲ့ ဇနီးတွေအကြောင်းကိုလည်း ကြားနေရပါတယ်။ ဒီလိုအဖြစ်အပျက်တွေဟာ လူတစု ကောင်းစားရေးကိုပဲ စဉ်းစားနေတဲ့ အာဏာရှင်ကြောင့်ပဲ ဖြစ်ပါတယ်။
တကယ်တော့ ကျမတို့မြန်မာပြည်ဟာ အရှေ့တောင်အာရှရဲ့ စပါးကျီဖြစ်ခဲ့ဘူးပါတယ်။ အဖိုးအဖွားတွေပြောပြတဲ့ ဒဏ္ဍာ ရီကို နားထောင်ရင်း ကျမတို့ကိုယ်တိုင် မြန်မာပြည်ကြီးကို ဖွံဖြိုးတိုးတက်စေချင်ပါတယ်။ အိမ်တအိမ်လိုပဲပေါ့ အိမ်သား တွေ မညီညွတ်ရင် ကြီးပွားဖို့ဆိုတာက အိပ်မက်တခုပဲ ဖြစ်မှာပါ။ ဒါကြောင့်ကျမတို့ အမျိုးသားပြန်လည်သင့်မြတ်ဖို့ လိုပါ တယ်။ ကျမတို့ မြန်မာစစ်တပ်ဟာ အမှန်တကယ် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ် ရမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လွတ်လွတ်ချင်းမှာပဲ သူအင်တာနက်အသုံးပြုမယ်လို့ ပြောပြပါတယ်။ သူက ဖေ့စ်ဘုတ်က နေ၊ စကိုက်ကနေ၊ gtalk ကနေလူငယ်တွေနဲ့ တွေ့ချင်တယ်။ လူငယ်တွေတွေရဲ့ အမြင်၊ ခံစားချက်တွေကို သိချင်ပါ တယ်။ လူအများနဲ့ ဆက်သွယ်ဖို့ အင်တာနက်ကို အသုံးပြုဖို့ လူငယ်တွေကိုလဲ တိုက်တွန်းခဲ့ပါတယ်။ ဒေါ်စုပြောတာနဲ့ မရှေးမနှောင်းမှာ ဖေ့စ်ဘုတ်ကိုအသုံးပြုတဲ့ တော်လှန်ရေးတွေ ပေါ်လာတာကတော့ တိုက်ဆိုင်မှုလို့ ပြောနိုင်ပါ့မလား။
ခင်ငြိမ်းသစ်
http://www.naytthit.net/?p=9933 

လူထုနည်းသည် အကောင်းဆုံးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2011-03-09
နိုင်ငံအတွင်း အပြောင်းအလဲတွေ အတွက် လူထုကိုယ်တိုင် ပါဝင်တဲ့နည်းဟာ အစကောင်းတဲ့ နည်း၊ သေချာတဲ့ နည်းဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၉ ရက် ဒီကနေ့ NLD ပါတီ၊ ဧရာဝတီတိုင်း စည်းရုံးရေး ကော်မတီဝင်တွေကို ပြောကြားလိုက်ပါတယ်။
(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀ဝ၂ခုနှစ် ဒီဇင်ဘာလ ရခိုင်ပြည်နယ် စည်းရုံးရေးခရီးစဉ်တွင် မိန့်ခွန်းပြောကြားစဉ် တက်ရောက်လာသော လူထု တစိတ်တဒေသကို တွေ့မြင်ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီကနေ့ ပြုလုပ်တဲ့ ပြည်နယ်တိုင်း စည်းရုံးရေးကော်မတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ NLD ပါတီရဲ့ အကြမ်းမဖက်နည်းနဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်လာအောင် ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီး ဖြစ်ပေမဲ့ ရလဒ် အပေါ် လူထုက အားမရ ဖြစ်နေတယ် ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားခဲ့တာပါ။
အစည်းအဝေးမှာ ဧရာဝတီတိုင်းအတွင်း မြို့နယ်၂၀က ပါတီဝင် ကိုယ်စားလှယ်တွေက တိုင်းအတွင်း လူထုကြုံတွေ့နေရတဲ့ လူမှုရေး၊ စီးပွားရေး၊နိုင်ငံရေး စတဲ့ အခက်အခဲပေါင်းစုံကို တင်ပြသလို မေးခွန်းတွေလည်း မေးခဲ့တာ ဖြစ်ပါတယ်၊ မေးမြန်းလာတဲ့ မေးခွန်းများနဲ့ တင်ပြချက်များကို ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်တို့က ပြန်လည် ဖြေကြားခဲ့ပါတယ်။ ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်း ပြောကြားချက်တခုကို ခုလိုပြောပြပါတယ်။
“မြို့နယ်စည်းတွေက လူထုထဲကို ဆင်းပါ၊ ပြည်သူလူထုရဲ့ အခက်အခဲတွေကို လေ့လာပါ၊ လေ့လာပြီးတော့ ဘာကို ကူညီနိုင်သလဲ ဆိုတာကို နည်းလမ်းရှာပြီးတော့ ကူညီကြပါလို့ အဲဒီလို တိုက်တွန်းလိုတဲ့အကြောင်း အဲဒီကနေပြီးတော့ပဲ ကျွန်တော်တို့ စည်းရုံးရေး အောင်မြင်အောင် လုပ်ဆောင်ပြီး ဒီမိုကရေစီရတဲ့အထိ ဆက်လက်ပြီး ဆောင်ရွက်သွားမယ် ဆိုတဲ့အကြောင်း တိုက်တွန်း ပြောကြားတာ ဖြစ်ပါတယ်။”
ဒါ့အပြင် မြို့နယ်များက တင်ပြတဲ့ အခက်အခဲတွေအနက် လယ်သမားတွေ ရင်ဆိုင် နေရတဲ့ အခြေအနေ အခက်အခဲတွေနဲ့ ပတ်သက်ပြီး မနက်ဖြန် မတ်လ ၁၀ ရက်မှာ သီးခြားဆွေးနွေးတာတွေ လုပ်ဖို့လည်း အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
အစည်းအဝေးဟာ မနက် ၁၀ နာရီက စတင်ပြီး ညနေ ၃နာရီမှာ ပြီးဆုံးသွားပါတယ်။
ဒီ အစည်းအဝေးနဲ့ ပတ်သက်ပြီး ပါတီ ဗဟိုကော်မတီဝင် ဦးအုန်းကြိုင်ကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

http://www.rfa.org/burmese/news/suu_kyi_believes_in_peoples_role-03092011104642.html

ရေနံဈေးကြီးမြင့်မှု လေကြောင်းလုပ်ငန်းတွေ ထိခိုက်နိုင်


မတ်လ ၇၊ ၂၀၁၁-ရေနံဈေးကြီးမြင့်မှုကြောင့် လေကြောင်းလုပ်ငန်းတွေမှာ အကျိုးအမြတ်တွေ လျော့နည်းမယ့် အလားအလာတွေ ရှိနေပါတယ်။
ဓာတ်ပုံ - အေပီ
ရေနံဈေးတွေ တက်လာတဲ့အတွက် လေကြောင်းလုပ်ငန်းမှာ အကျိုးအမြတ်တွေ ထိခိုက်စရာတွေ ကြုံနေရပါတယ်။
"ပင်လယ်ကွေ့ဒေသမှာ ရေနံဈေးတွေတက်လာတဲ့အတွက် စီးပွားရေး လုပ်ငန်းတွေလည်း ကျဆင်းလာပါတယ်။"
အာရပ်နိုင်ငံတွေက နိုင်ငံရေး မတည်မငြိမ်မှုတွေရဲ့ အကျိုးဆက်အဖြစ် ရေနံဈေးတွေ မြင့်တက်လာတဲ့အတွက် စီးပွားရေး လုပ်ငန်းတွေအပေါ် ရိုက်ခတ်လာတဲ့ အထဲမှာ လေကြောင်းလုပ်ငန်းတွေလည်း ပါဝင်လိမ့်မယ်လို့ နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေး အသင်းက သတိပေးလိုက်ပါတယ်။ အာရှတလွှားနိုင်ငံတွေက လေကြောင်းလုပ်ငန်းတွေမှာလည်း အလားတူ ရိုက်ခတ်မှုတွေ ရှိလာနိုင်ပေမဲ့ မြန်မာနိုင်ငံအပါအ၀င် ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးစနိုင်ငံတွေမှာတော့ သိသိသာသာ အကျိုးဆက်တွေ မရှိနိုင်ဘူးလို့လည်း လုပ်ငန်းရှင်တွေက မျှော်လင့်နေကြတာပါ။ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက လေကြောင်း လုပ်ငန်းတွေရဲ့ စီးပွားရေးအလားအလာတွေနဲ့ မျှော်လင့်ချက်တွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
အဓိကရေနံထုတ်လုပ်ရာ အာရပ်နိုင်ငံတွေက နိုင်ငံရေးအုံကြွမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ရေနံစိမ်း စည်တပေပါကို ဒေါ်လာ ၁၀၀ ကျော်အထိ ဈေးနှုန်းတွေ မြင့်တက်လာနေတာမို့ ဒါဟာဆိုရင် နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေး အသင်း (IATA) က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ခန့်မှန်းထားတာထက် အဆမတန်များနေတာ ဖြစ်ပါတယ်။ ဒီလို ရေနံဈေးတွေ မြင့်တက် လာနေတဲ့အတွက် လေကြောင်းလုပ်ငန်းတွေက အကျိုးအမြတ်တွေဟာ ထက်ဝက်လောက်အထိ ကျဆင်းနိုင်တယ်လို့လည်း IATA ရဲ့ မတ်လထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာက သတိပေးလိုက်တာပါ။ အရင်နှစ်ထဲမှာ လေကြောင်းလုပ်ငန်းတွေကနေ အကျိုးအမြတ် ဒေါ်လာသန်းပေါင်း ၁၆,၀၀၀ ရခဲ့ရာကနေ ဒီနှစ်မှာတော့ သန်းပေါင်း ၈,၆၀၀ လောက်အထိ ကျဆင်းသွားနိုင်တယ်လို့ ၂၀၁၁ ခုနှစ်အတွက် ခန့်မှန်းချက်မှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
IATA's Director General and CEO Giovanni Bisignani talks to journalists at the IATA's (International Air Transport Association) AVSEC conference in Frankfurt, central Germany (File Photo)
ဓာတ်ပုံ - အေပီ
ရေနံဈေးတွေ တက်လာတဲ့အတွက် လေကြောင်းလုပ်ငန်းတွေမှာ အကျိုးအမြတ်တွေ ထက်ဝက်လောက်အထိ ကျဆင်းနိုင်တယ်လို့လည်း IATA က သတိပေးနေတာပါ။
IATA ရဲ့ ညွှန်ကြားရေးမှူးချုပ် ဂျီယိုဗန်နီ ဘစ်ဆစ်ဂ်နာနီ (Giovanni Bisignani) ကတော့ လောင်စာဆီဈေး ကြီးမြင့်မှုဟာ လေကြောင်းလုပ်ငန်းအတွက်တော့ ကြီးမားတဲ့ စိမ်ခေါ်မှုဖြစ်မယ်လို့ ပြောဆိုခဲ့တာပါ။
“သိသာမြင်သာတဲ့ အကြောင်းရင်းတခု အနေနဲ့ကတော့ နိုင်ငံရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်နေတဲ့ ကိစ္စပါပဲ။ အီဂျစ်၊ လစ်ဗျားနဲ့ ကျူးနီးရှား နိုင်ငံတွေမှာ ပြဿနာတွေ ကြုံနေရတာပါ။ ဒီဒေသမှာ လေကြောင်းပျံသန်းမှုတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက် ရှိနေတာဖြစ်သလို၊ ဒါတွေအားလုံးကိုလည်း နိုင်ငံရေး အခြေအနေတွေက တကယ့်ကို သိသိသာသာ ဂယက်ရိုက်ခတ်နေပါတယ်။ ပင်လယ်ကွေ့ဒေသမှာ ရေနံဈေးတွေတက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေလည်း ကျဆင်းလာပါတယ်။”
မြောက်အမေရိကတလွှားက လေကြောင်းလိုင်းတွေမှာတော့ ပြီးခဲ့တဲ့နှစ်ကထက် ဒေါ်လာသန်းပေါင်း ၁,၅၀၀ လောက် လျော့နည်းပြီး သန်းပေါင်း ၃,၂၀၀ လောက်သာ ရမယ်လို့ မျှော်လင့်ထားတာ ဖြစ်သလို၊ အထိအနာဆုံး အဖြစ်နဲ့ ဥရောပကတော့ ဒေါ်လာသန်း ၅၀၀ လောက်ပဲ ရနိုင်တယ်လို့ IATA ရဲ့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။ လေကြောင်းလုပ်ငန်းတွေ ကျဆင်းမယ့် အရိပ်အယောင်တွေ ရှိနေတဲ့ အထဲမှာ အရင်နှစ်မှာတုန်းက ဒေါ်လာသန်းပေါင်း ၇,၆၀၀ ၀င်ငွေရခဲ့တဲ့ အာရှပစိဖိတ်ဒေသ အနေနဲ့လည်း သန်းပေါင်း ၃,၇၀၀ လောက်အထိ ၀င်ငွေတွေ ကျဆင်းနိုင်တယ်လို့လည်း တွက်ဆထားတာပါ။
ဒီအတွက် မြန်မာနိုင်ငံ အပါအ၀င် အာရှတလွှားက ခရီးစဉ်တွေမှာ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေ အနေနဲ့ တွက်ချေပိုကိုက်စေဖို့ ၀န်ဆောင်မှုစားရိတ် တိုးမြှင့်တာမျိုးလို အစီအမံမျိုးတွေကို ဆောင်ရွက်လာကြလိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးခင်အောင်ထွန်း ကပြောပါတယ်။
“အဲယားလိုင်းတွေက အမြတ်ငွေတွေ စပြီးတော့ပါကုန်ပါလိမ့်မယ်။ အမြတ်ငွေ ဘယ်လောက်အထိ ပါမလဲဆိုတာကိုတော့ သူတို့က တွက်မှာပဲ။ တွက်တဲ့အခါမှာ ဟိုတခါ လောင်စာဈေးတွေ တက်လာတုန်းက ၁၅၀-၅၅ စသဖြင့် ဖြစ်တုန်းက လောင်စာဆီစားရိတ် အနေနဲ့ ယူတယ်။ ဥပမာ ရန်ကုန်-စင်္ကာပူ သွားမယ့်လူကို ၂၀ ယူလိုက် ၃၀ ယူလိုက် ၁၅ ဒေါ်လာ ယူလိုက် ဒါမျိုးလုပ်ကောင်း လုပ်လိမ့်မယ်။ ဒါပေမဲ့ အခုအထိတော့ မလုပ်သေးဘူး။ ဘာကြောင့်မလုပ်သေးလဲဆိုတော့ မြန်မာပြည်နဲ့က လမ်းကြောင်းက ကောင်းနေတယ်။ ကောင်းနေတော့ အခုအထိတော့ မလုပ်သေးဘူး။ ဘယ်တော့ လုပ်မလဲ ဆိုတာကတော့ ခရီးသည် အ၀င်နည်းသွားမလား၊ များသွားမလား ဆိုတဲ့အပေါ်မှာ မူတည်တယ်။ အခုက အာရပ်ကမ္ဘာကို သွားမယ့်သူတွေက ဥရောပနဲ့ အာရှပစိဖိတ်ဘက်ကို လှည့်လာတာကိုး။ အဲဒီအခါကျတော့ အာရှလေကြောင်းလိုင်းတွေ ထိုင်းတို့၊ စင်္ကာပူအဲယားလိုင်းတို့ ဘာတို့ အတွက်ကျတော့ အသွားအလာ ပိုများလာတာပေါ့။ ဒါပေမဲ့လည်း အာရပ်က အခြေအနေက ပိုဆိုးလာတယ်၊ ရေနံဈေးကလည်း ၁၁၀-၂၀-၃၀ ကနေ ၄-၅ ဆယ် ဖြစ်လာပြီဆိုရင် သူတို့ဘက်က စားရိတ်တွေ တက်လာမှာပါပဲ။”
Source: IATA
ဒီနှစ်လေကြောင်းလုပ်ငန်းတွေမှာ အကျိုးအမြတ်တွေ ထက်ဝက်လောက် ဆုံးရှုံးမယ်လို့ IATA က ခန့်မှန်းထားပါတယ်။
ကမ္ဘာတ၀န်းက လေကြောင်းလုပ်ငန်းတွေနဲ့ စာရင်တော့ အာရှပစိဖိတ်ဒေသက ရမယ့်ဝင်ငွေဟာ အများဆုံး ဖြစ်နေလိမ့်ဦးမယ်လို့လည်း IATA က ပြောပါတယ်။ လတ်တလော မြန်မာနိုင်ငံ အပါအ၀င် ဒေသတွင်း လေကြောင်းလုပ်ငန်းတွေမှာတော့ လောင်စာဆီဈေးနှုန်း မြင့်တက်လာတဲ့ ဂယက်ရဲ့ ရိုက်ခတ်မှုတွေကို သိသိသာသာ မတွေ့ရသေးဘူးလို့လည်း ခရီးသွားလုပ်ငန်းရှင်တွေက ပြောကြပါတယ်။
အဆိုးထဲက အကောင်းအဖြစ်နဲ့ အာရပ်နိုင်ငံတွေက မတည်ငြိမ်မှုတွေကြောင့် အာရှဒေသအပါအ၀င် တခြားနေရာတွေကို ခရီးစဉ်တွေ ပြောင်းလာကြသူတွေနဲ့ လေကြောင်းလုပ်ငန်းတွေမှာ အမြတ်ထွက်နေတာတွေတောင် ရှိနေတယ်လို့ ဘန်ကောက်မြို့က မြန်မာ ခရီးသွား လုပ်ငန်းရှင်တယောက်က ပြောပြပါတယ်။
“အခုလောလောဆယ်တော့ မပြောင်းသေးဘူး၊ သိသိသာသာတော့ မပြောင်းသေးဘူး။ ဈေးတွေဘာတွေကတော့ ကောင်းနေတုန်းပဲ၊ လူတွေလည်း အစီးများနေတုန်းပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အခုက ဟိုဘက်မှာ ပြဿနာဖြစ်၊ ဒီဘက်မှာ အေးနေတယ်ဆိုတော့ ခရီးသွား ဒီဘက်မှာ များလာတာပေါ့။ အခုတော့ ကမ္ဘောဒီးယားရယ်၊ ထိုင်းရယ်၊ မြန်မာပြည်ရယ်၊ မြန်မာပြည်လည်း အခုတလော ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ ဗီဇာလေးဘာလေး နည်းနည်းပြန်ချောင်လာတော့ သွားကြပါတယ်။ လေယာဉ်တွေလည်း ပြည့်တယ်။”
IATA ကတော့ ဒီနှစ်အတွက် ပျမ်းမျှလောင်စာဆီဈေးနှုန်းဟာ ရေနံစိမ်းတစည်ကို ၈၄ ဒေါ်လာ အထိရှိမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ခန့်မှန်းထားရာက အခုအခါ ၉၆ ဒေါ်လာအထိ ဖြစ်မယ်လို့ ပြန်လည်တွက်ချက်ခဲ့တာပါ။ ဒီအတွက်လည်း လေကြောင်းလုပ်ငန်းက လောင်စာဆီအတွက် ကုန်ကျစားရိတ်တွေမှာ နောက်ထပ် သန်း ၁ သောင်းလောက်တိုးပြီး သန်းပေါင်း ၁၆၆,၀၀၀ လောက်အထိ ဖြစ်လာလိမ့်မယ်လို့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြပါတယ်။ လောင်စာဆီဈေးနှုန်းဟာ အရင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ မျှော်လင့်ရတဲ့အတွက်လည်း လေကြောင်းလုပ်ငန်း လည်ပတ်မှုစားရိတ်ရဲ့ ၂၉ ရာခိုင်နှုန်းဟာ လောင်စာအတွက် သုံးစွဲရတာ ဖြစ်လိမ့်မယ်လို့ IATA က ခန့်မှန်းထားတာပါ။ ဒီလို လေကြောင်းလုပ်ငန်းမှာ စိန်ခေါ်မှုတွေ ကြုံနေရတဲ့ ကြားကပဲ မြန်မာနိုင်ငံအပါအ၀င် အာရှတလွှားက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာနေတဲ့ နိုင်ငံတွေမှာတော့ လုပ်ငန်းတွေကို တိုးချဲ့လာနေကြတာပါ။
ဓာတ်ပုံ - အေပီ
မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းတွေမှာတော့ ချဲ့ထွင်လုပ်ကိုင်မှုတွေကို တွေ့မြင်နေကြရတာပါ။
မြန်မာနိုင်ငံမှာလည်း ၂၀၁၁ ခုနှစ်ဆန်းပိုင်းကစလို့ လေကြောင်းလုပ်ငန်းတွေ ချဲ့ထွင်လာနေရာမှာ ကမ္ဘောဒီးယား၊ တရုတ်စတဲ့ ခရီးစဉ်တွေအပြင် တခြားအာရှဒေသတွေကိုပါ ပြေးဆွဲသွားဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးခင်အောင်ထွန်း ကပြောပါတယ်။
“အဲယားရန်ကုန် ရပ်သွားပြီးတဲ့နောက် Asia Wings ဆိုတာဆွဲတယ်။ အဲယား ကမ္ဘောဇကလည်း ၄ စင်းအထိဆွဲမယ်၊ MAI က Siem Reap ကို တပတ် ၂ ကြိမ်စဆွဲတယ်။ ဂွမ်ဂျိုးကို တပတ် ၂ ကြိမ်စတယ်။ ဒီနှစ်ထဲမှာပဲ ဂျပန်တို့ ကိုရီးယားတို့ကို MAI က ထပ်ချဲ့ဖို့ ရှိတယ်။ နောက်ဘာလီတို့ဘာတို့ ကြားခရီးစဉ်တွေပေါ့၊ ဘန်ကောက်၊ စင်္ကာပူစနေတာ ၄ လ ၅ လလောက် ရှိပါပြီ။”
အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေကတော့ ပြီးခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း ခရီးသွားပေါင်း ၃ သိန်းလောက် မြန်မာနိုင်ငံကို လာခဲ့တယ်လို့ ဖော်ပြထားပြီး၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးကာလအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ၀န်ဆောင်မှုလုပ်ငန်းက ၀င်ငွေ အမေရိကန်ဒေါ်လာ ၆ သန်းခွဲကျော် ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေး အသင်း (IATA) ကတော့ အာရှပစိဖိတ်ဒေသက စီးပွားရေးဖွံ့ဖြိုးမှုအခြေအနေတွေ ရှိနေတဲ့အတွက် လေကြောင်းလုပ်ငန်းမှာ အကျိုးအမြတ် ခံစားရနိုင်တဲ့ အလားအလာတွေ ရှိနေဆဲ ဖြစ်တယ်လို့ မတ်လဆန်းမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။ တချိန်တည်းမှာပဲ ဒေသတွင်းက စီးပွားရေးအင်အားကြီး နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံမှာ ငွေကြေးဖောင်းပွမှု ပြဿနာကို တိုက်ဖျက်နေတဲ့ အစီအမံတွေကြောင့် ကုန်သွယ်မှုတွေ၊ လေကြောင်းက ကုန်တင်ပို့တဲ့ လုပ်ငန်းတွေမှာတော့ နှေးကွေးစေမယ့် အကြောင်းရင်းတွေ ဖြစ်နေတုန်းပဲလို့ သတိပေးထားတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။
http://www.voanews.com/burmese/news/

လှိုင်သာယာတွင် အလုပ်သမားများ ဆန္ဒပြ


ဘန်ကောက် (မဇ္ဈိမ) ။        ။ သဘောမတူသော အချိန်ပိုခိုင်းစေမှုကြောင့် အလုပ်သမားများ ဆန္ဒပြမှုတရပ် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ရီသားရေစက်ရုံ၌ အင်္ဂါနေ့တွင် စတင်ဖြစ်ပွားလျက်ရှိသည်။

စက်မှုဇုန် ၃၊ ဖန်ချက်ဝန် ဦးရွှေအုံးလမ်းရှိ ပင်မစက်ရုံနှင့် စက်ရုံခွဲတခုရှိ လုပ်သား ၃ ထောင်နီးပါး တပြိုင်တည်း လစာဖြတ်ခံရမှုနှင့် အချိန်ပိုခိုင်းစေမှုအပေါ် မကျေနပ်၍ ဆန္ဒပြနေကြောင်း အလုပ်သမားများကို ကူညီနေသူ ကိုသန်းက မဇ္ဈိမက ပြောသည်။

“အဓိကက အချိန်ပို ပြန်ခိုင်းဖို့ ကြိုးစားတာ ပါတယ်၊
urgent7
၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် လှိုင်သာယာ စက်မှုဇုန် ၃ရှိ အလုပ်သမားများ ဆန္ဒပြနေပုံ (ဓါတ်ပုံ မဇ္ဈိမ)
နောက်တခုက လစာဖြတ်တဲ့ပုံ မကြိုက်တာ ပါတယ်” ဟု ကိုသန်းက ပြောသည်။

ယခုနှစ် ဇန်နဝါရီလကုန်တွင် တိုင်ရီ Tai Yi အလုပ်သမားများက အချိန်ပို အလုပ်ချိန်လျှော့ချရန် ဆန္ဒပြခဲ့ရာ စက်ရုံ တာဝန်ခံများနှင့် ညှိနှိုင်းမှုအရ အချိန်ပိုအလုပ်ချိန်ကို ည ၈ နာရီအထိသာ သတ်မှတ်ရန် လျှော့ပေးခဲ့ပြီး၊ အလုပ်ပိတ်ရက်များ၌ အလုပ်သမားများ၏ ဆန္ဒမပါဘဲ အလုပ်စေခိုင်းမှု မပြုလုပ်ရန် သဘောတူညီခဲ့ပြီး ဖြစ်သည်။

သို့သော် ကိုရီးယားလူမျိုးပိုင် တိုင်ရီတွင် ည ၉ နာရီအထိ အချိန်ပိုအဖြစ် ပြန်သတ်မှတ်မည်ဟု ဖေဖော်ဝါရီလကုန်တွင် ကြေညာခဲ့ရာမှ ဆန္ဒပြမှု ပေါ်ခဲ့ရသည်ဟု အလုပ်သမားများက ဆိုသည်။ ပုံမှန်အလုပ်ချိန်ကို မနက် ၇ နာရီ ၂ဝ မိနစ်မှ ညနေ ၅ နာရီအထိ သတ်မှတ်ထားသည်။

ဗုဒ္ဓဟူးနေ့ နေ့လည်တွင် စက်မှုဇုန် အလုပ်သမားဥပဒေ စိစစ်ရေးဌာန အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ဖြေရှင်းရန် ကြိုးပမ်းသော်လည်း ပြေလည်မှု မရနိုင်သေးဘဲ ဖြစ်နေသည်။

စက်ရုံတွင် သားရေများကို ကြိတ်ရသဖြင့် ထွက်ရှိလာသော အမှုန်အမွှားများက ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု အလုပ်သမားရေးရာ ဆောင်ရွက်နေသူများက ဝေဖန်ကြပြီး အလုပ်သမားများအတွက် နာရီများစွာ အချိန်ပိုလုပ်ရန် မသင့်တော်ဟု ပြောသည်။

မဇ္ဈိမက တိုင်ရီသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက ဖြေဆိုရန် ငြင်းဆန်သည်။
http://mizzimaburmese.com/news/inside-burma/7071-2011-03-09-10-34-58.html

ဒေါသထွက် မော်လမြိုင်ကျောင်းသားများ ဆူပူ

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေနေစဉ် လျှပ်စစ်မီးမရသဖြင့် ဒေါသထွက်နေသော မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ အင်္ဂါနေ့ ညပိုင်းတွင် ဆူပူမှု ဖြစ်ပွားခဲ့သည်။

ည ၈ နာရီခန့်တွင် ကျောင်းသား ၅ဝ ကျော်က ဆိုင်ကယ်ကိုယ်စီဖြင့် ငန်းတေးရပ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် မန္တလေးရပ်ရှိ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့ ခဲများဖြင့် ပစ်ပေါက်ကြသည်။

“စာမေးပွဲ မဖြေခင် နှစ်ရက်ကတည်းက မီးမလာဘူး၊ အခုဖြေနေတာလည်း နှစ်ရက်ရှိပြီ။ မီးမလာတော့ ၁ဝ တန်း ကျောင်းသူကျောင်းသားတွေ တော်တော်ဒုက္ခရောက်တယ်။ ဒါ့ကြောင့် သူတို့ကိုယ်စား ကျနော်တို့ ဒီလိုလုပ်ရတာပါ” ဟု ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၇ ရက်နေ့မှ နိုင်ငံတဝှန်းတွင် စတင်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့တွင် ပြီးဆုံးမှာ ဖြစ်သည်။

ခဲပေါက်ခြင်းကြောင့် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မှန်များ ကွဲသွားခဲ့ကြောင်း မန္တလေးရပ်မှ မျက်မြင်တွေ့ရှိသူ တဦးက ပြောသည်။

၂ဝဝ၉ ခုနှစ် မတ်လတွင်လည်း တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာမေးပွဲမဖြေဆိုမီ ၄ ရက်ဆက်တိုက် မီးပျက်နေသဖြင့် တက္ကသိုလ်ကျောင်းသား ၁ဝဝ ခန့် ယခုလိုပင် ဆူပူဆန္ဒပြခဲ့အပြီး လျှပ်စစ်မီး ပြန်ရခဲ့သည်။
http://mizzimaburmese.com/news/inside-burma/7082-2011-03-09-12-10-01.html

ဂစ်တာတီးတဲ့ ကျောင်းအုပ်ကြီး


ဂစ်တာတီးလိုက်၊ ဟာမိုနီကာ မှုတ်လိုက်၊ လေချွန်လိုက်၊ သီချင်းဆိုလိုက် တခုပြီးတခု အစီအစဉ်တကျ လုပ်ရင်း ကမ္ဘာကျော် EAGLES အဖွဲ့ကြီးရဲ့ LOVE WILL KEEP US ALIVE သီချင်းကို ခံစားမှုအပြည့်နဲ့ သီဆို နေပုံက နားထောင်သူတိုင်းရဲ့အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိလှပါတယ်။

01-kowincho
ဆူးပုပ်ခြံကျောင်းမှ ကျောင်းသူကျောင်းသားများနှင့် ဆရာ ကိုဝင်းချိုတို့ ကျောင်းဆင်းခါနီး သီချင်းဆိုနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံ မဲဆောက်မြို့က သော်မိုက် (ထိုင်းအမည်) ဆိုတဲ့ ထိုင်းစားသောက်ဆိုင် တဆိုင်မှာ စားသောက်သူ တွေကို မြန်မာနိုင်ငံသား ကိုဝင်းချိုက သီဆို ဖျော်ဖြေနေတာပါ။ သူက ပရိသတ်တွေကို ကြည့်ခဲပါတယ်။ ပုခုံးကျော်ကျော် ရှည်တဲ့ ဆံပင်ရှည်တွေကို ဘေးတဘက်တချက် ဖရိုဖရဲချရင်း အင်္ဂလိပ် သီချင်းတွေကိုပဲ တပုဒ်ပြီး တပုဒ် အာရုံစူးစိုက်လို့ မနားတမ်း ဖျော်ဖြေ ပေးနေပါတယ်။

အဲဒီစားသောက်ဆိုင်မှာ အင်္ဂလိပ်သီချင်း၊ ထိုင်းသီချင်းနဲ့ ဂျပန် သီချင်းတွေကို သီဆို ဖျော်ဖြေလေ့ရှိပေမယ့် အင်္ဂလိပ် သီချင်းကိုတော့ အများဆုံး ဆိုကြပါတယ်။ ကိုဝင်းချို သီဆိုချိန် ဆိုရင် များသောအားဖြင့် လူအပြည့် ရှိတတ်တယ်လို့ သိရပါတယ်။ ထိုင်းစားသောက်ဆိုင် ဆိုပေမယ့် ၀န်ထမ်းအများစုက မြန်မာနိုင်ငံသားတွေပါ။

ဖျော်ဖြေကြတဲ့ သူတွေထဲမှာ ဂစ်တာတီးသူ၊ ဒရမ်တီးသူ စတဲ့ ၂ ယောက်၊ ၃ ယောက်ပါဝင်တဲ့ အဖွဲ့တွေ သီဆိုတတ်ကြပေမယ့် ကိုဝင်းချို ကတော့ တကိုယ်တော် ဖျော်ဖြေပေးတာ တွေ့ရပါတယ်။ အဲဒီဆိုင်မှာ သီဆိုဖျော်ဖြေသူတွေ အားလုံးဟာ ဂီတ ပညာကို ကျွမ်းကျင်ကြသူတွေလို့ သိရတယ်။

သီချင်းတပုဒ်ဆိုပြီးတိုင်း ဘေးက စားပွဲပေါ်မှာ တင်ထားတဲ့ ရေပုလင်းထဲက ရေကို သောက်လိုက်၊ ပြီးရင် သီချင်းပြန်ဆိုလိုက်နဲ့ ကိုဝင်းချိုရဲ့ လှုပ်ရှားမှုကို တွေ့ရပါတယ်။

ကိုဝင်းချိုဟာ သူရဲ့သီဆိုဖျော်ဖြေမှု တွေအတွက် ဆိုင်တဆိုင်ကနေ တလကို ထိုင်းဘတ် ၄၀၀၀ (ကျပ် ၁၂၀၀၀၀ ကျော်) စီ ရပြီး အဲဒီငွေတွေကို သူ့ကိုယ်ကျိုးအတွက် အသုံးမချဘဲ မဲဆောက်ရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ ကလေးတွေကို စာသင် ပေးနိုင်ရေးအတွက် သုံးတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်လည်း ကလေးတွေကို စာသင်ပေးနေသူ ဖြစ်ပါတယ်။

စားသောက်ဆိုင် တဆိုင်မှာ တညကို ၁ နာရီ သီချင်း ၁၅ ပုဒ်လောက် ဆိုပြီး ဆိုင် ၂ ဆိုင်မှာ အချိန်ပိုင်း ဆိုပေးတယ်လို့ ကိုဝင်းချိုက ပြောပြပါတယ်။

ညပိုင်းမှာ သီချင်းဆိုပြီး နေ့ခင်းဘက်မှာ ကလေးတွေကို စာသင်တာပါ။ ညအိပ်ချိန်ကလွဲလို့ ကျန်တဲ့ သူ့ရဲ့အချိန်တွေ အားလုံးကို ဂီတနဲ့ ကလေးတွေအတွက် နားရက်မရှိ မြှုပ်နှံထားပါတယ်။

“သီချင်းဆိုလို့ ရတဲ့ဝင်ငွေတွေကို ကလေးတွေ စာသင်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ တခြား ပစ္စည်းတွေအတွက် အသုံးပြုပါတယ်” လို့ သူက ဆိုပါတယ်။

မဲဆောက်မြို့စွန်က ၂ ဂိတ် အနီးမှာ တည်ရှိတဲ့ ပေ ၂၀ ၀န်းကျင်အကျယ် သွပ်မိုး၊ ၀ါးထရံတ၀က် ကာထားတဲ့ စာသင်ကျောင်း ကလေးမှာတော့ ၁ ဂိတ်နဲ့ ၂ ဂိတ်က ကလေးတွေ လာတက်ကြပါတယ်။ အဲဒီကျောင်းကလေးရဲ့ နာမည်က မြန်မာလို “ဆူးပုပ်ခြံ” လို့ ခေါ်တဲ့အကြောင်း ကိုဝင်းချိုက ရှင်းပြပါတယ်။ ထိုင်း နာမည်ကို ဘာသာ ပြန်ထားတာပါ။

ဆူးပုပ်ခြံ ကျောင်းကလေးမှာ ကလေး ၄၀ နီးပါးရှိပြီး အားလုံးဟာ လက်လုပ်လက်စား အလုပ်သမား သားသမီးတွေမို့ ဆင်းရဲချို့တဲ့ ကြပါတယ်။ အသက်အငယ်ဆုံး ကလေးက ၃ နှစ်ကျော်၊ အကြီးဆုံးကတော့ ၁၃ နှစ်လောက် ရှိပါတယ်။
ဒီကျောင်းကလေးကို ပြီးခဲ့တဲ့  ၂၀၀၉ ခုနှစ်က တည်ထောင်ခဲ့ပြီး စတင် တည်ထောင်တဲ့သူဟာ သူ့ရဲ့သူငယ်ချင်း ကနေဒါ နိုင်ငံသား ပေါလ်လို့ ခေါ်တဲ့ သတင်းသမားတယောက်  ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်တော့ ကိုဝင်းချိုက ကျောင်းဖွင့်ပွဲကို ဧည့်သည်အဖြစ် တက်ရောက်ခဲ့တာပါ။ ဒါပေမယ့် ကျောင်းကိစ္စတွေကို လုပ်ဆောင်မယ့် မြန်မာနိုင်ငံသား တယောက် ဖွင့်ပွဲကို ရောက်မလာဘဲ ကျောင်းဘဏ္ဍာငွေတွေကို ယူပြီး ပျောက်သွားတဲ့ အတွက် အဲဒီနေ့မှာပဲ သူက တာဝန်ယူပြီး စာသင်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်တာလို့ ပြောပြပါတယ်။

“ထွက်ပြေးသွားတဲ့လူက ကျောင်းကို တာဝန်ခံ ဆောင်ရွက်မယ့်သူပါ၊ သူ ရောက်မလာတော့ ပေါလ်က ဘယ်လို လုပ်ကြမလဲ ပြောလို့ ရှိတာနဲ့ပဲ စလိုက်ကြတော့တယ်။ ဒါရှိမှ ဒါလုပ်ရမယ် ဆိုတာမျိုး ကျနော့်မှာ မရှိဘူး။ စတဲ့နေ့မှာ ကလေး ၆ ယောက်ပဲ ရှိတယ်” လို့ သူက ရှင်းပြတယ်။

အခုအချိန်မှာ အသက် ၄၃ နှစ် ရှိပြီဖြစ်တဲ့ ကိုဝင်းချိုဟာ ရန်ကုန် တောင်ဥက္ကလာပမှာ မွေးဖွားခဲ့ပြီး မိဘတွေ တာဝန်ကျရာ မွန်ပြည်နယ် မုဒုံမြို့မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။

ကိုဝင်းချိုဟာ ၁၉၈၈ ခုနှစ်က အသက် ၂၀ ခန့်သာရှိသေးပြီး မော်လမြိုင် တက္ကသိုလ်မှာ တတိယနှစ် သင်္ချာမေဂျာ သင်ယူနေရင်း ၈ လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့ရာကနေ အဲဒီနှစ်မှာပဲ ထိုင်းနိုင်ငံကို ရောက်လာခဲ့တယ်လို့ သိရပါတယ်။

01-kowincho
စားသောက်ဆိုင်တွင် သီဆိုဖျော်ဖြေနေသည့် ကိုဝင်းချို (ဓာတ်ပုံ - ဧရာဝတီ)
အရေးတော်ပုံနောက်ပိုင်း ထွက်ပြေးလာကြတဲ့ ကျောင်းသားတွေ စုပေါင်းပြီး ထူထောင်ခဲ့တဲ့ ကျောင်းသား တပ်မတော် (ABSDF) မှာ ဗဟို အလုပ်မှုဆောင် ရာထူးအထိ တာဝန်အမျိုးမျိုးကို ၂၀၀၀ ပြည့်နှစ်အထိ ကိုဝင်းချိုက ထမ်းဆောင်ခဲ့တာပါ။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ဂီတ ကိုသာ စိုက်လိုက်မတ်တပ် လုပ်ခဲ့တယ်လို့ ကိုဝင်းချိုက သူ့ဘဝအကြောင်းကို ပြောပြပါတယ်။

အဲဒီနောက်ပိုင်း ဘယ်နိုင်ငံရေး အဖွဲ့အစည်းမှာမှ မပါဝင် မလုပ်ဆောင်တော့ဘဲ ဂီတနဲ့ စာသင်တဲ့ အလုပ်ကိုသာ လုပ်ဆောင် ပါတော့တယ်။

ဆူးပုပ်ခြံ ကျောင်းကလေးမှာ သူ စာမသင်ခင် ကာလကတော့ မဲဆောက်က တခြား မြန်မာကျောင်းတွေက ကလေးတွေကို သင်ပေး နေခဲ့ပါသေးတယ်။ ဆူးပုပ်ခြံ စာသင်ကျောင်းဟာ သူကိုယ်တိုင် တည်ထောင်ခဲ့တာ မဟုတ်ပေမယ့် လက်ရှိမှာတော့ သူကသာ အရာ အားလုံးကို တာဝန်ယူထား ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် စာသင်ကျောင်း ဆိုရင်လည်း မမှားလောက် ဘူးလို့ ဆိုရမှာပါ။

ကျောင်း တက်နေကြတဲ့ ကလေးအားလုံး နီးပါးဟာ သွက်လက်၊ ထက်မြက်နေတာ တွေ့ရပါတယ်။ စာသင်ချိန်ကို မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ မြန်မာပြည်တွင်းက စာသင်ကျောင်းတွေအတိုင်း တနှစ်ပတ်လုံး သင်ပေးပါတယ်။

မတ်လကနေ မေလထိ နွေကျောင်းပိတ်ရက် သတ်မှတ်ထားပြီး ကျန်လ တွေမှာတော့ တပတ် ၅ ရက် အချိန်ပြည့် သင်ပေးထားပါတယ်။

မြန်မာစာ၊ ဂီတ၊ ထိုင်းစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုဆက်ဆံရေး၊ သိပ္ပံ၊ ပန်းချီ စတဲ့ ဘာသာရပ် ၈ မျိုး သင်ပေးတယ်လို့ ကိုဝင်းချိုက ပြောပါတယ်။

မဲဆောက်မှာ မြန်မာ ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းပေါင်း ၅၀ ကျော်ရှိနေပြီး အများစုက NGO အဖွဲ့တွေနဲ့ ချိတ်ဆက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ကိုဝင်းချိုရဲ့ စာသင်ကျောင်းကတော့ ဘယ်အဖွဲ့အစည်း၊ ဘယ် NGO နဲ့မှ အချိတ်အဆက် မလုပ်ထားသလို နောင်လည်း လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ သူက ဆိုပါတယ်။

“အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် သူတို့ရဲ့ လွှမ်းမိုးလာတာ ခံရတတ်တယ်” လို့ ကိုဝင်းချိုက ဆိုပါတယ်။

သူ့သူငယ်ချင်းက မထောက်ပံ့တော့ ရင်တောင် ကိုယ်တိုင် လုပ်နိုင်လိမ့်မယ်လို့ သူ့ကိုယ့်သူ ယုံကြည်ထားတဲ့အကြောင်းလည်း သူက ပြောပါတယ်။

ကိုဝင်းချိုရဲ့ သူငယ်ချင်း ဖြစ်သူ ကနေဒါနိုင်ငံသား သတင်းထောက်ဟာ မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည်တွေ အကြောင်းကို ကနေဒါ နိုင်ငံမှာရှိတဲ့ သူ့ရဲ့ဇာတိမြို့လေးက သတင်းစာ တစောင်မှာ ရေးသား ဖော်ပြခဲ့ပြီးတဲ့နောက် ကျေးရွာတရွာမှာ ရှိတဲ့ ပြည်သူတွေက တယောက် တဒေါ်လာစီ လစဉ်စုပေးတဲ့အတွက် ထောက်ပံ့ပေးနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

ကလေးတွေကို စာသင်ပေးတဲ့အတွက် သူငယ်ချင်းဖြစ်သူက ကိုဝင်းချိုကို လစာသဘော ငွေကြေးအနည်းငယ် လစဉ် ထောက်ပံ့ ပေးပေမယ့် သူ့ဝင်ငွေအားလုံးကို ကျောင်းအတွက်ပဲ အသုံးပြုတယ်လို့ ပြောပါတယ်။

ကလေး ၄၀ နီးပါးကို အခမဲ့ စာသင် ပေးထားပြီး နေ့လယ်စာ ထမင်းတနပ် အပါအ၀င် တလကို ထိုင်းဘတ် ၂ သောင်း (ကျပ် ၆ သိန်းကျော်) ကုန်ကျတယ်လို့ ကိုဝင်းချိုက ရှင်းပြပါတယ်။

ကလေးတွေကို တနေကုန်နီးပါး စာသင်ရတာဟာ သာမန် လူတွေအတွက် မလွယ်လောက်ပေမယ့် ကိုဝင်းချို စာသင်ပုံ ကတော့ သက်တောင့်သက်သာ ရှိတာ တွေ့ရပါတယ်။ သူနဲ့ အတူ စာကူသင်ပေးဖို့ မဝေေ၀ ဆိုတဲ့ ဆရာမလေး တယောက်လည်း ရှိပါတယ်။

သူ့ကျောင်းရဲ့ ထူးခြားချက်ကတော့ ကလေးတွေနဲ့ ဆရာရဲ့ကြားက ဆက်ဆံရေးပါပဲ။ ဆရာတပည့် ပုံစံနဲ့ စာသင်နေတာ မဟုတ်ဘဲ အပြန်အလှန် မေးခွန်းထုတ်လိုက်၊ ဆွေးနွေးလိုက်နဲ့ ကလေးတွေအားလုံ တက်ကြွ ပျော်ရွှင်နေတာ တွေ့ရတယ်။

“အမေနဲ့အဖေမှာ ဘယ်သူက အင်အားပိုကြီးလဲ။ ယောက်ျားနဲ့ မိန်းမ ဘယ်သူက အင်အားကြီးလဲ” လို့ ဆရာက မေးတော့ ၅ နှစ် အရွယ် ယောက်ျားလေး တယောက်က “အမေက ထမင်းလည်း ချက်ရတယ်၊ ရေလည်း ထမ်းရတယ်၊ အ၀တ်လည်း လျှော်ရတယ်။ အမေက ပို အင်အားကြီးတယ်” လို့ ဖြေဆိုတာ ကြားရတယ်။ ကျန်သူတွေလည်း သူတို့ သိတာကို လွတ်လွတ်လပ်လပ် ဖြေဆိုကြပါတယ်။

မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ ဆက်တိုက်သင်တာ ဖြစ်ပေမယ့် ကလေးတွေရဲ့ ပုံစံက ပျင်းရိနေတဲ့ ပုံမတွေ့ရ ပါဘူး။ စာသင်တာ၊ သီချင်းဆိုတာ၊ အားကစား၊ ဘောလုံးကန်တာ စတာတွေကို တခုပြီးတခု သင်ပေးထားတော့ ပျင်းရမယ့် အချိန် ရှိပုံ မပေါ်ကြပါဘူး။

စာသင်ကျောင်း ခြံဝန်းထဲမှာ အပေါ်အောက် လျှောစီးနိုင်တဲ့ စင်လေးတခုနဲ့ ခေါင်မိုး တခုပေါ်မှာတော့ ပုခက်စီးနိုင်တဲ့ ကြိုး ၅ ခုလောက်ကို တွဲလောင်းချထား ပါတယ်။ တချို့က စာသင်နေတဲ့ အချိန်မှာ၊ တချို့က ခေါင်မိုးအထိ ခြေထောက်မီအောင် ပုခက်ကို အားကုန် လွှဲနေကြတာ တွေ့ရတယ်။

01-kowincho
ဆူးပုပ်ခြံကျောင်းမှ ကျောင်းသူ ကျောင်းသားများ (ဓာတ်ပုံ - ဧရာဝတီ)
စာသင်တယ် ဆိုတာထက် သူသိထားတဲ့ ဗဟုသုတတွေ၊ ကမ္ဘာကြီးမှာ နေ့စဉ် ဖြစ်ပျက်နေတာတွေကို ကမ္ဘာ့ မြေပုံနဲ့တကွ ရှင်းပြ ပေးတယ်လို့ နံရံမှာ ကပ်ထားတဲ့ ကမ္ဘာ့ မြေပုံကို ညွှန်ပြပြီး ကိုဝင်းချိုက ပြောပါတယ်။

ကမ္ဘာကြီးမှာ နေ့စဉ် ဖြစ်ပျက်နေတဲ့ ဘေးဒုက္ခတွေ၊ လူထုအုံကြွမှုတွေ၊ မြေငလျင် လှုပ်ခတ်မှုတွေကို ကလေးတွေက သိနေတဲ့ အပြင် ပြဿနာ ပေါင်းစုံ ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း ဒေသက ဘုရင်တွေ၊ သမ္မတ တွေရဲ့ နာမည်တွေကိုပါ ကလေး
တွေက သိနေကြပါတယ်။

ကလေးတွေဟာ နေ့စားအလုပ်သမားတွေရဲ့ ကလေးတွေ ဖြစ်ပြီး ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ကြတဲ့အတွက် ယဉ်ကျေးမှု နည်းပါးမယ်လို့ ထင်ရပေမယ့် လက်တွေ့မှာတော့ အတော်ကြီး ယဉ်ကျေးသိမ်မွေ့တာ တွေ့ရပါတယ်။

ကလေးတွေရဲ့သဘာဝအရ သူစိမ်း ဧည့်သည် မြင်ရင် ခပ်စိမ်းစိမ်း အကဲခတ် နေတတ်တဲ့ အကျင့် ရှိတတ်ပေမယ့် ကိုဝင်းချိုရဲ့ ကျောင်းသားတွေ ကတော့ ကျောင်းထဲကို ၀င်လာတဲ့ ဧည့်သည်တွေကို ဖော်ဖော်ရွေရွေ ကြိုဆိုပြီး ရင်းရင်းနှီးနှီးပဲ စကားတွေ ပြောကြပါတယ်။

“သားက ဒီမှာ ကျောင်းတက်ရတာ ပျော်တယ်။ ဆော့လည်း ဆော့ရတယ်၊ အရုပ်တွေလည်း ဆွဲရတယ်” လို့ ၆ နှစ်အရွယ် မောင်မျိုးဇော်က ပြောပါတယ်။

ကင်မရာ ထုတ်ပြီး နီးစပ်ရာ ကလေးတချို့ကို ဓာတ်ပုံရိုက်တော့ စုပြုံ ရောက်လာကြပြီး အရှက်အကြောက်မရှိဘဲ ပုံစံမျိုးစုံနဲ့ ဓာတ်ပုံ အရိုက်ခံကြပါတယ်။ ရိုက်ပြီးတဲ့ သူတို့ရဲ့ ဓာတ်ပုံတွေကိုလည်း အလုအယက် ပြန်ကြည့်ပြီး တယောက် မျက်နှာ တယောက်ကြည့်ရင်း ရယ်မောမဆုံး ဖြစ်နေကြပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံက ILBC လို နိုင်ငံတကာ ကျောင်းမျိုးက ကလေးတွေနဲ့ ဂုဏ်ပကာသနချင်း ပြိုင်ရင်တော့ မိုးနဲ့ မြေလို ကွာခြားပေမယ့် လွတ်လပ်တဲ့ စိတ်၊ ပျော်ရွှင်မှုတွေ ကတော့ ILBC ကျောင်းက ကလေးတွေထက် အဆပေါင်း များစွာ သာလွန်ပါတယ်။ သူတို့မှာ ဘာ ပြိုင်ဆိုင်မှုမှလည်း မတွေ့ရပါဘူး။

ILBC မှာ တက်နေတဲ့ ကလေးတွေရဲ့တလအတွက် ကျောင်းလခဟာ အနည်းဆုံး ကျပ် ၁ သိန်းခွဲ ရှိပေမယ့် ဆူးပုပ်ခြံ က ကလေးတွေ ကတော့ တလကို ဘတ် ၃၀ (ကျပ် ၉၀၀) လောက်တောင် မတတ်နိုင်လို့ အစအဆုံး အခမဲ့ သင်ပေး ထားရတာပါ။

အဓိက ကွာခြားနေတာ တခုကတော့ ILBC က ကလေးတွေရဲ့ အနာဂတ် ပညာရေးဟာ ရာနှုန်းပြည့်နီးပါး သေချာနေပေမယ့် “ဆူးပုပ်ခြံ” က ကလေးတွေရဲ့ အနာဂတ် ပညာရေးကတော့ လုံးဝ သေချာမှု မရှိတာပါဘဲ။

ဘာကြောင့်လဲ ဆိုတော့ နေ့စား လက်လုပ်လက်စား မိဘတွေ ပြောင်းရွှေ့ရာကို လိုက်ပါသွားကြရမှာ ဖြစ်ပြီး ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် ပညာရေးက သူ့တို့အတွက် မသေချာလို့ပါပဲ။ သူတို့ ဘယ်အတန်း ရောက်နေပြီ ဆိုတာလည်း မရှိပါဘူး။

မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ သန်းနဲ့ချီ ရှိနေပါတယ်။ ရောက်နေတဲ့သူ အများစုဟာလည်း ပညာအရည်အချင်း နည်းပါးသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ရရာ အလုပ်ကို လုပ်ကိုင်ရင်း ဘ၀ကို ရပ်တည်နေကြရတာပါ။ အထူးသဖြင့် မဲဆောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသား အများစုဟာ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်ကြရပြီး တချို့ကတော့ ကြုံရာကျပန်း လုပ်ကြပါတယ်။

တနေ့ဝင်ငွေ ထိုင်းဘတ် ရာဂဏန်းတောင် မရှိလှတဲ့ မိဘတွေရဲ့ ၀င်ငွေ၊ နေရာအတည်တကျ မရှိမှုတွေကြောင့် ကလေးတွေရဲ့ ပညာရေး မချောမွေ့တာဟာ အထူးအဆန်း မဟုတ်တော့ပါဘူး။

“သမီးက နောက်နှစ် ဒီကျောင်းမှာ မတက်တော့ဘူး။ ကျောင်းပြောင်းမယ်လို့ အမေကြီးက ပြောတယ်” လို့ မပီတပီ စကားသံလေးနဲ့ ၅ နှစ်အရွယ်  မိန်းကလေး မဖူးပွင့်က ဆိုပေမယ့် ဘာကြောင့် ကျောင်းပြောင်းရမယ် ဆိုတာတော့ သူသိပုံမရပါဘူး။

သူ့မိဘတွေက အလုပ်အခြေအနေအရ  အိမ်ပြောင်းကြရမှာဖြစ်တဲ့အတွက် သူ့မိဘသွားရာ လိုက်ရမှာပါ။

မိဘတွေဟာ သူတို့ စာမတတ်ပေမယ့် မွေးထားတဲ့ ကလေးတွေကိုတော့ စာတတ်စေချင်တဲ့စိတ် အပြည့်ရှိတယ်လို့ ကိုဝင်းချိုက ပြောပါတယ်။ ဒါကြောင့်လည်း ကျောင်းရှိတဲ့ နေရာတွေကို ရှာဖွေပြီး ကျောင်း လာအပ်ကြတယ်လို့ ဆိုပါတယ်။

“အရမ်းထက်တဲ့ ကလေးတွေရှိပေမယ့် အဲဒီလို မသေချာတဲ့ သူတို့ဘ၀တွေ ကြောင့်ပဲ သူတို့အပေါ်မှာ ကျနော် ဘာမျှော်လင့်ချက်မှ မထားရဲဘူး။ သူတို့ရှိနေတဲ့ အချိန်မှာပဲ အကောင်းဆုံး သင်ပေးလိုက်ဖို့ စိတ်ကူးထားတယ်” လို့ ကိုဝင်းချိုက စိတ်မသက်သာတဲ့ လေသံနဲ့ ဆိုပါတယ်။

ကိုဝင်းချို ပြောသလိုပဲ သူ့ကျောင်းက ကလေးတွေဟာ အရာအားလုံးနီးပါးမှာ သွက်လက် ထက်မြက်နေကြတာ တွေ့ရပါတယ်။ ကလေးတွေရဲ့ အနေအထားအရ စာသာ တော်ကြာတာမဟုတ်ပဲ လူမှုဆက်ဆံရေး၊ ပန်းချီဆွဲ၊ သီချင်းဆိုတာ တွေကအစ တတ်မြောက် နေကြပါတယ်။

01-kowincho
ဆူးပုပ်ခြံကျောင်းမှ ကလေးငယ်တဦးကို ၎င်း၏ သင်္ချာသင်ခန်းစာနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“လူ့ဘ၀မှာ ပညာရေးက အတော်ကို အရေးပါတယ်။ ဒါကြောင့်လည်း ကလေးတွေကို ပညာသင်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါပေမယ့် ဒီကလေးတွေရဲ့ ပညာရေးကတော့ သူတို့မိဘတွေ အပေါ်မှာပဲ အဓိက မူတည်နေပါတယ်။ မနက်ဖြန် ဘယ်ပြောင်းရမယ် ဆိုတာ မသိဘူး” လို့ ကိုဝင်းချိုက ပြောပါတယ်။

ကလေးသဘာဝ အရ ရန်ဖြစ်တာတွေ၊ ပြောဆို မရတာတွေ တခါတလေ ရှိတတ်ပေမယ့် မရိုက်မိအောင် စိတ်ရှည်ရှည် ထားပေးရတယ်၊ စိတ်ရှည်မှ စာသင်လို့ ရမယ်လို့ ခံယူထားပြီး စာသင်ပေးနေတာပါလို့ ကိုဝင်းချိုနဲ့အတူ စာကူသင်ပေးနေတဲ့ ဆရာမ ဝေေ၀က ဆိုပါတယ်။ ကလေးတွေကို မရိုက်ဖို့ ကိုဝင်းချိုက ပြောထားတယ်လို့လည်း သူက ဆက်ပြောတယ်။

“ကျနော့် ကျောင်းရဲ့ဆောင်ပုဒ်က နံပတ်တစ် ပျော်ရွင်မှု ဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်” လို့ ကိုဝင်းချိုက ပြောပါတယ်။ နောက်တခု အလေးထား သင်ပေးတာက စိတ်ဓာတ်ကောင်းဖို့ ဖြစ်တယ်ဆိုတဲ့အကြောင်းလည်း သူက ရှင်းပြတယ်။

“စနစ်တခု ပြောင်းဖို့၊ လွတ်လပ်ခွင့်ရဖို့ တော်လှန်ရေးဆိုတာ လိုကိုလိုအပ်တယ်ဗျ။ တော်လှန်ရေး ဆိုတာလည်း လက်နက်ကိုင်မှ မဟုတ်ဘူး။ ပညာရေးနဲ့တော်လှန်ဖို့ ဒီကလေးတွေကို ကျနော် သိတာတွေ၊ ကမ္ဘာ့ အဖြစ်အပျက်တွေကို သင်ပေးနေတာပါ” လို့ ကိုဝင်းချိုက အားမာန်အပြည့်နဲ့ ပြောဆိုပါတယ်။

“ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်တယ်ဆိုရင် ကျဉ်းတယ်လို့ ကျနော်ထင်တယ်။ လွတ်လပ်ခွင့်ဆိုတာက ပိုအရေးကြီးတယ်” လို့လည်း ကိုဝင်းချိုက ဆက်ပြောပါတယ်။

ကလေးတွေကို စာသင်ပေးနေတဲ့ သူ့ရဲ့အပြုအမူ တချို့က ကလေးတွေအပေါ်မှာရော သူ့ရဲ့ အလုပ်အပေါ်မှာပါ အလေးအနက် ထားမှန်း သိသာပါတယ်။ စာသင်ချိန်၊ ဂီတ၊ သီချင်းဆိုတာတွေကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း အတိမ်းအစောင်းမခံဘဲ ကွက်တိ လုပ်ဆောင် သွားတာ တွေ့ရတယ်။

ညနေ ကျောင်းဆင်းခါနီးမှာတော့ အင်္ဂလိပ်သီချင်းကို အရင်ဆိုပြီး ဆရာကြီး မင်းသုဝဏ် ရေးစပ်ခဲ့တဲ့ “ရွှေဥသြ” ကဗျာကို သီဆိုပါတယ်။ ဒီကဗျာက နွေရာသီ ကျောင်းပိတ်ချိန်ကို ရည်ညွှန်းထားတဲ့ ကဗျာလေး ဖြစ်ပါတယ်။ ဒီကဗျာကို သံပြိုင် သီဆိုပြီးတဲ့ နောက်မှာတော့ ကလေးတွေဟာ ပျော်ပျော်ပါးပါး ကျောင်းဆင်းကြပါ တော့တယ်။

အဲဒီလို ပျော်ရွှင်မှုမျိုးကို သူတို့တွေ ဘယ်ကာလအထိ ရကြမလဲ ဆိုတာကတော့ ဘယ်သူမှ အတိအကျ ပြောနိုင်သေးမယ် မထင်ပါဘူး။     ။
http://bur.irrawaddy.org/index.php/articles/2-articles/5913-2011-03-09-05-23-49