Thursday, March 17, 2011

ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်း NLD နှင့် တွေ့ ဆုံစဉ် ဟောပြောချက်

၁၇.၃.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
17 March 2011 Yeyintnge's Diary.pdf17 March 2011 Yeyintnge's Diary.pdf
3136K   View   Download  
Tectonic Plates.pdfTectonic Plates.pdf
49K   View   Download  
17 March 2011 Yeyintnge's Diary.doc17 March 2011 Yeyintnge's Diary.doc
2185K   View   Download  

http://www.mediafire.com/file/yn57616lu72s93j/17%20March%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/yyv6d02zwu6jgwn/17%20March%202011%20Yeyintnge%27s%20Diary.pdf
17 March 2011 Yeyintnge's Diary

ရန်ကုန်တက္ကသိုလ်ကျောင်းသူ မမိုးကလျာဦးနှင့် တံတားနီနေ့ တွေ့ ဆုံမေးမြန်းခန်း၊



http://university-freedom.blogspot.com

ကဒါဖီ ရဲ့ သား ပြင်သစ်သမ္မတထံမှ ငွေ ပြန်တောင်း


လစ်ဗျား ကိစ္စအပေါ် ပြင်သစ်ရဲ့ တုံ့ပြန့်ပုံက တူနီရှားနဲ့ အီဂျစ် လူထုဆန္ဒပြပွဲတွေကလို ခပ်ရှော်ရှော် မဟုတ်တော့။ ဘာစိတ်ကူးပေါက်သွားတယ်မသိ၊ ယခု ရက်ပိုင်း ပြင်သစ် အတော် တိုးတက်လာတယ် ဆိုရမည်။
ပြင်သစ်သမ္မတ ဆာကိုဇီက ကဒါဖီ အစိုးရကို ဖိအားပေးလာသည်။ သူပုန်တွေကို အသိအမှတ်ပြုပြီး လေယာဉ် မပျံသန်းရ ဇုံကို တွန်းပေးနေသည်။ ဒီအတွက် ကဒါဖီ သားအဖက အရင် သမ္မတ ဆာကိုဇီ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ထောက်ပံ့ ပေးခဲ့တဲ့ ငွေတွေ ပြန်တောင်းနေသည်။
ကဒါဖီရဲ့ သား ဆာအိဖ် အယ်လ် အစ္စလာမ်က သမ္မတ ဆာကိုဇီ ကို “ကျူပ်တို့ပေးခဲ့တဲ့ ငွေတွေ ပြန်ပေး” ဟု အင်တာဗျူး တစ်ခုပြောရင်း အော်တောင်းသည်။ CNN သတင်းထောက်က ကဒါဖီ့ သားကို “အခု ပြင်သစ်က လစ်ဗျားမှာ ကြားဖြတ် အစိုးရ ဖြစ်ဖို့ တောင်းဆိုနေတယ် ခင်ဗျား သဘောထား ဘယ်လိုရှိလဲ” မေးကြည့်တော့ ဆာအိဖ် က
“ဆာကိုဇီ ဟာ သူရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ လစ်ဗျားက ယူသွားတဲ့ ငွေတွေ အရင်ဆုံး ပြန်ပေးရမယ်။ ကျူပ်တို့ သူ ရွေးကောက်ပွဲ စည်းရုံးနိုင်ဖို့ ငွေအများကြီး ထောက်ပံ့ ပေးခဲ့တယ်။ ကျူပ်တို့မှာ အသေးစိတ် အချက်အလက်တွေ အတိအကျ ရှိတယ်။ အကုန်လုံး ဖွင့်ချလိုက်ဖို့ အသင့်ပဲ” ဟု ဆိုသည်။
ဆက်ပြီး သူက “အဲဒီ ပြောင်ချော်ချော်ရုပ်နဲ့ ဆာကိုဇီ ကို ပထမဆုံး ပြောချင်တာက လစ်ဗျားက ငွေတွေ ပြန်ပေးပါလို့။ လစ်ဗျားကို သူအမြဲကူပါမယ်ဆိုလို့ ကျူပ်တို့ ပိုက်ဆံတွေ ပေးလိုက်ရတယ်။ အခု သူက ကျူပ်တို့ကို စိတ်ပျက်အောင် လုပ်နေပြီ။ ကျူပ်တို့ ငွေတွေပြန်ပေးပါ။ ကျူပ်တို့မှာ ဘဏ်စာရင်း အတိအကျနဲ့ ငွေလွှဲတဲ့ အထောက် အထားတွေ အားလုံး ရှိပါတယ်။ မကြာခင် လူသိရှင်ကြား ဖွင့်ချပစ်မယ်” ဟု ပြောခဲ့သည်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း အနောက်နိုင်ငံများက ကဒါဖီ ရဲ့ ငွေကြေးပိုင်ဆိုင်မှု အားလုံးကို ချိတ်ပိတ်လိုက်သည်။ ကဒါဖီ သားအဖက အနောက်မှ ခေါင်းဆောင်အချို့ကို အရင် လက်ဖွာခဲ့သမျှ ပြန်လိုချင်နေကြသည်။ ကဒါဖီ သားအဖကို မြန်မြနှ်ရှင်းပစ်မှပဲ သူတို့ သားအဖနဲ့ မကင်းတဲ့ သူတွေလည်း စိတ်ချမ်းသာနိုင်မည်။ ဒီအတွက် ယခု လုံခြုံရေးကောင်စီ လည်း အသက်ဝင်လာပြီ။
မောက္ခ နိုင်ငံတကာသတင်း Source: FP & CNN

ဈာပနထဲက အတွေး

Posted by admin on March 16, 2011 
ကျနော်ရဲ့ မိတ်ဆွေတယောက်က ဗွီစီဒီလေးတချပ်လာပေးပြီး ကော်ပီကူးပေးပါဆိုလို့ ကူပေးလိုက်တယ်၊ ကျနော်က ဘာကားလဲမေးတော့ အစ်ကိုလည်းကြည့်ပါဆိုလို့ ကူးပြီးတော့ကြည့်ဖြစ်တယ်၊ အားလားလား…. ကရင်လူမျိုးတို့ရဲ့ ဘိုး တော်ချုပ် စောဘိုမြရဲ့ ဈာပနအခန်းအနားကို ရိုက်ထားတဲ့ အခွေပေါ့။ တချိန်က အစိုးရသတင်းစာတွေမှာ သူ့အကြောင်း တော်တော်လေး သိခဲ့ဖတ်ခဲ့ရတယ်။ ခုတော့ သင်္ခါရတရားကို သူလည်း မလွန်ဆန်နိုင်ခဲ့ပြီ။ ကျနော်က စစ်သားလုပ်ခဲ့တဲ့ လူဆိုတော့ အတွေးထဲမှာ ငါတို့နဲ့ သေနတ်အပြန်အလှန်ပစ်နေတဲ့တယောက် မရှိတော့ဘူးပေါ့ အဲဒီလို့ခံစားမိတယ်။ ဒီလောက်ပဲတွေးပြီး ဆက်ကြည့်နေရင်းနဲ့ အတွေးနယ်ချဲ့မိတယ်။

Than Shwe
ကျနော်တွေးမိတာက ၁၉၉၁ …
ထိတွေ့ခဲ့တဲ့ မြစ်ဝကျွန်းပေါ်ပွဲဆိုရင် ကရင်သူပုန် ဘိုကလေး၊ မြောင်းမြဘက် စိမ့်ဝင်နေပြီ၊ တပ်နဲ့ ထိတွေ့မှုဖြစ်ပြီး အပ်နဲ့ မထွင်းပဲ ပုဆိန်နဲ့ ပေါက်ခဲ့တယ်။ အဲဒီတုန်းက အနောက်တောင်တိုင်း စစ်ဌာနချုပ်နယ်မြေ (နတခ) တိုင်းမှူးက ဗိုလ်ချုပ် မြင့်အောင်၊ ဘယ်လောက်အထိ နှိပ်ကွပ်ခဲ့သလဲဆို လေတပ်က ရဟတ် ယာဉ် ၂ စီးကို ဦးစီးချုပ်ဆီကနေ တောင်းယူပြီးလယ်ကွက်ထဲမှာရှိနေတဲ့ သူပုန် နဲ့ ဆက်စပ်မယ်ထင်တဲ့ နေရာတွေကို လက်တည့်စမ်းခဲ့တယ်။ တပ်ချုပ်ကလည်း ဘာကြောင့်ပေးသုံးခဲ့သလဲဆိုရင် ၀ါဆောစာချုပ်ဖျက်ပြီး ဘ၀ပျက်ကြတဲ့ အဖွဲ့ဝင် တွေထဲက ပိုလန်နဲ့ ရုရှက မြန်မာပြည်ကို ဆန်နဲ့လဲတန်လဲ၊ ဈေးပေါပေါနဲ့ရောင်း လိုရောင်း လုပ်ထားတဲ့ မီ-၂ နဲ့ ဆူဂေါ ရဟတ်ယာဉ်တွေကလည်း ၀ယ်ထားပြီး မ စမ်းရသေးခင် အတော်ပဲဖြစ်သွားတယ်။
…..
အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) မှာ ဘယ်လိုမှ ထင်မထားတဲ့ ရန်သူကို တွေ့လိုက်ရတော့ တိုင်းမှူးပြာယာ ခတ်ပြီး ဆော်တော့တာပေါ့၊ သူကိုယ်တိုင် ရဟတ်ယာဉ်ပေါ်တက်၊ မသင်္ကာစရာ လယ်တဲတွေ့ရင် အောက်ကိုဝိုင်းခိုင်း ထားပြီး အပေါ်က ရော့ကက်ခ်နဲ့ပစ်တယ်။ ထွက်ပြေးလာတဲ့ အမာခံ (ရွာသားနဲ့ သူပုန်ခွဲမရရင်သုံးတဲ့ သတ်မှတ်ချက်)ကို ဖမ်းတယ်၊ တိုင်းမှူး အမိန့်ပေးတာက (ငါ အသံမကြားချင်ဘူးတဲ့) ဘာလုပ်လိုက်တယ်ထင်သလဲ၊ ၀ါးရင်းတုတ်နဲ့ ရိုက် သတ်ပစ်လိုက်တယ်။ အဲ့ဒီတိုက်ပွဲကို ပြန်ကြည့်ရင် မိုက်တန်စန်နဲ့ မူးနေတဲ့ ဆိုက်ကားသမား ထိုးသလိုပါပဲ။
အာပီဂျီ လက်ထဲမှာရှိပြီး မပစ်တတ်သေးတဲ့ အမာခံဟာ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးအောက်မှာ အသက် ပျောက်သွားရရှာတယ်၊ အချို့ရွာသားတွေသေသာသေသွားတယ်၊ သူတို့ကိုယ်သူတို့ ကေအန်ယူ ဟုတ် မဟုတ်တောင် မသိသွားရှာဘူး၊ ဘာကြောင့်လဲဆိုတော့ ကေအင်ယူက စပြီး စိမ့်ဝင်ကာစရှိသေးတာ တကြောင်း၊ စည်းရုံးရေး ကာလ ဖြစ်နေတာတကြောင်း၊ မိုးတွင်းကာလ၀င်သွားတာ တကြောင်း၊ သူတို့ရဲ့ အခြေခံ စစ်သင်တန်းက မစရသေးတာ တ ကြောင်း၊ အကြောင်းကြောင်းကြောင့် အရှုံးနဲ့ တွေ့ခဲ့ရတယ်၊ ပြောရရင် အဲဒီ့ပွဲက ကရင်သူပုန် မြစ်ဝကျွန်းပေါ် စိမ့်ဝင်တာ ကို တပ်က အသိစောပြီး စစ်ဦးဘီလူး ပုံစံလုပ်လိုက်တယ်၊ အဲဒီခေတ်က ဗိုလ်ချုပ်စောမောင် ခေတ်ပေါ့။
အဲဒီ့တိုက်ပွဲအပြီးမှာ တိုင်းမှူးလည်း လူတွေတော့ သေသင့်သလောက် သေပြီးပြီ (ကိုယ်လည်း သတ်သင့်သလောက် သတ်ပြီးပြီ) ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုပြီး ယတြာချေတယ်ထင်ပါ့၊ နတခ ၀န်းထဲမှာ ကိုးလံပြည့်စေတီကို ကိုးရက်နဲ့ အပြီး တည်တော့တာပဲ။ ရှိသမျှလိုင်းထဲက မိန်းမရော၊ ကလေးပါ အိမ်ထောင်ဦးစီးစစ်သားကြီးရဲ့ ကျွန်ဝယ်ရာအဆစ်ပါ ဇာတ်ကို ၀င်ကခဲ့ရတယ်။
တိုင်းမှူး ဘုရား၊ စစ်သားကောင်းမှုပေါ့နော် …
တပ်ချုပ်ကြီးကလည်းမြှောက်စားပါတယ်။ စစ်ရေးချုပ်ရာထူးပေး၊ စစ်ရုံးခေါ်ထား၊ ပြီးတော့ လယ်ဆည်ဝန်ကြီးပေးပြီး ဆက်တိုက်မြှောက်စားလိုက်တာ၊ နောက်ဆုံး ၀န်ကြီး ၁၇ ယောက်ကိုဖြုတ်တဲ့အထဲ ထည့်လိုက်တဲ့အထိပဲ၊ ထွန်းကြည်၊ ကျော်ဘ၊ မောင်လှ၊ ကျော်မင်း၊ သိန်းဝင်း၊ သန်းညွန့်၊ စိန်အောင်၊ ဖေသိန်း၊ မျိုးညွန့် စတဲ့ စီနီယာ န၀တ အုပ်စုဝင်တွေကို လာဘ်စားမှုနဲ့ ဖမ်းစစ်ပြီး ပိုင်ဆိုင်မှုတွေ သိမ်းလိုက်တာ နေစရာအိမ်တောင် ဘုံပျောက်သွားတဲ့အထိ ဂျူနီယာ န၀တ က သူကောင်းပြုလိုက်တာ မရှုမလှခံလိုက်ရတယ်။
သူများကိုသတ်ခဲ့တဲ့လူ၊ ဘုရားတည်တာတောင် Force Labour သုံးခဲ့တဲ့စစ်ဗိုလ်ချုပ် တယောက်၊ ဘယ်လိုလဲ ဘ၀ တောင် မကူးလိုက်ပါလား၊ ၀ဋ်ကြွေးက ကြီးလိုက်တဲ့အမျိုး (ဒါတောင် တိုင်းမှူးတယောက်ရဲ့ နိဂုံးပဲရှိသေးတယ်)။
တွေးရင်းနဲ့ ကြည့်လက်စ ဈာပနအခမ်းအနားကို ဆက်ကြည့်နေလိုက်တယ်၊ တောထဲမှာလုပ်တဲ့ ဈာပန၊ ငိုတဲ့သူတွေက ငိုကြ၊ တော်တော်များများရဲ့မျက်နှာက ၀မ်းနည်းနေကြတဲ့ မျက်နှာတွေ၊ တယောက်ပြီးတယောက် လာကန်တော့ကြ တယ်၊ နောက်ဆုံးတော့ ကေအင်ယူ စစ်အခမ်းအနားနဲ့ ယူနီဖေါင်းအပြည့်အစုံဝတ်ပြီး နောက်ဆုံးခရီးကို လိုက်ပို့ကြ တယ်။ စထွက်တဲ့နေရာကနေ နောက်ဆုံးသင်္ဂြိုလ်တဲ့နေရာအထိက တော်တော်ဝေးတယ်။ ထမ်းလာတဲ့လမ်းတလျှောက်
လိုက်ပို့ကြတဲ့ ပရိတ်သတ်က ငိုလို့ပေါ့။
အဲ့ဒီမှာ ကျနော်ရဲ့အတွေးတခုက ဒိန်းကနဲ ၀င်လာတယ်။ ဒီလူတွေဟာ တကယ်ငိုကြတာလား၊ မကောင်းတတ်လို့ ဟန် ဆောင်ပန်ဆောင် ငိုကြတာလားဆိုတာ။ အခွေကို ပြန်ရစ်ပြီး ငိုကြတဲ့သူတွေမျက်နှာကို အဓိပ္ပါယ်ဖွင့်ကြည့်မိတယ်။ တမင် ဖန်တီးပြီး လန်ကျုပ်ငိုတာ မဟုတ်ဘူး၊ တကယ် ၀မ်းနည်းမှုနဲ့ ငိုတဲ့မျက်နှာဆိုတာ ပေါ်လွင်လာတယ်။ သူ့ရဲ့မိသားစုဝင် တွေဆိုလည်း ဒီလောက်များမှာ မဟုတ်ပါဘူး၊
သြော်.. သိပြီ… ဒါတွေက သူ့ရဲ့ပြည်သူတွေ (သူ့ကိုချစ်တဲ့ သူ့ပြည်သူတွေ) ဆိုတာ သဘောပေါက်လာတယ်။
နှိုင်းယှဉ်ပြီးတွေးစရာက အသက်လည်းကြီးနေပြီ၊ အနားလည်း ယူသင့်နေပြီဖြစ်တဲ့ တပ်ချုပ်ကြီး အတွက်ပါ။ ကဲဗျာ….
တပ်ချုပ်ကြီး အခုသေသွားရင် ခင်ဗျားငိုမှာလား … မေးစရာမလိုတဲ့ မေးခွန်းကို မေးလို့ဆိုပြီး ကျနော့်ကို မဆဲနဲ့လေဗျာ၊ ခင်ဗျားလည်း ပြည်သူတဦးမဟုတ်လား… တောထဲမှာဖွဲ့ထားတဲ့ အဖွဲ့ရဲ့ ဂိုဏ်းချုပ်သေတာတောင် သူ့လူတွေ ငိုကြသေး တာပဲ။ ခင်ဗျားတို့ ကျနော်တို့က မြို့ပေါ်မှာဖွဲ့ထားတဲ့ အစိုးရရဲ့ လူတွေလေ၊ ပိုပြီးမငိုသင့်ဘူးလား အဆင့်မြင့်မြင့်တောင်
ငိုသင့်တယ်။
ဟုတ်တော့ … ဟုတ်တယ်ဗျ… (အခုသေမယ်ဆိုရင်တောင်) တပ်ချုပ်ကြီးအတွက်ကို စိတ်ကူးနဲ့တောင် ၀မ်းနည်းလို့မရ ဘူး၊ ၅၉ သန်းသော ပြည်သူတွေထဲက ၁% လောက်တောင် သူ့ဘက်က မကျိန်းသေဘူး၊ မြန်မြန်သေပါစေလို့ ဆု တောင်းနေကြပြီ။ မြန်မာလူမျိုးတွေရဲ့ ကြီးသူကိုရိုသေတယ်ဆိုတဲ့ ဂါရ၀တရား ဘယ်ရောက်သွားပြီလဲ၊ အုပ်ချုပ်မင်းလုပ် တဲ့သူကို စိတ်ထဲကနေတောင် မပြစ်မှားကြတဲ့သူတွေ၊ အခုဘယ်လိုဖြစ်ကုန်ပြီလဲ.. ပြောရရင် ခင်ဗျားတို့ ကျနော်တို့က အရမ်းအမျိုးချစ်တတ်တဲ့ လူမျိုးဗျ၊ ကိုယ့်ဆွေမျိုးအရင်းမဟုတ်ရင်တောင် မြန်မာဆိုတဲ့အသံကြားတာနဲ့ ဘယ်နေရာ ရောက်ရောက် (ပြည်ပမှာဆိုရင်တော့ ပိုသိသာတယ်) ကရင်ပဲဖြစ်ဖြစ်၊ မွန်ပဲဖြစ်ဖြစ်၊ ရှမ်းပဲဖြစ်ဖြစ် အားလုံးကစည်းလုံးပြီး သားပါ။ ဘယ်သူ့ကိုမှ အောက်ကျမခံခဲ့တဲ့စိတ်ဓါတ် အရမ်းကြီးတဲ့လူမျိုးမှပဲ။
မင်းဆိုးမင်းယုတ်တွေ အုပ်ချုပ်တာ နှစ်ရှည်လများခံခဲ့ရတယ်။ သီးခံခြင်း၊ ရောင့်ရဲခြင်းတွေနဲ့ စောင့်ဆိုင်းခြင်းတွေအောက် မှာ လူစဉ်မမီတဲ့ လူ့ဘ၀ကို ဖြစ်သလိုတည်ဆောက်နေကြရတယ်၊ စစ်တပ်က အုပ်ချုပ်မှုတာဝန်ယူပြီးမှ လူတွေက ပိုပြီး ဆင်းရဲတွင်းနက်လာတယ်၊ ပညာပိုပြီးမဲ့လာတယ်။ ၀မ်းရေးကို ကိုယ်ကျင့်တရားနဲ့ရင်းပြီး ဖြေရှင်းနေကြရတယ်၊ ဒီလိုအ ချိန်မှာ ထွက်ပေါက်အမျိုးမျိုးကို စဉ်းစားကြရင်း စစ်အာဏာရှင်တွေကို ဆုံးမနိုင်မယ့် နည်းအားလုံးကို တွေးကြတယ်။ UN တပ်ကိုမျှော်မိတာ၊ နိုင်ငံစုံတပ်ကို မျှော်မိတာ၊ ဒါတွေအားလုံးဟာ လိုအပ်မှုတခုက တောင်းဆိုလို့ ဖြစ်လာကြတာ၊ ပြည်သူ တွေက လောဘတကြီးနဲ့ အနောက်မျှော်ကြတာ မဟုတ်ပါဘူး၊ အားကိုးရှာကြတာပါ၊ ဘယ်သူက တိုင်းတပါးသားကို အားကိုးချင်မှာလဲ။
ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေကို ရိုက်တယ်၊ သတ်တယ်။ ပြည်သူတွေ ခေါင်းမထောင်နိုင်အောင် နှိပ် ကွပ်တယ်။ မထင်ရတဲ့ ရက်စက်ခြင်းတွေနဲ့ အာဏာကိုမြဲအောင် ဆုပ်ကိုင်ထားတယ်။ ကိုယ့်လက်အောက်ငယ်သား လုပ် ရင်တောင် ဒီလိုကိစ္စမျိုးက ပြင်းပြင်းထန်ထန် အရေးယူပေးရမယ့်အနေအထား၊ အာဏာနဲ့ နေရာကိုထိရင် ရေဆုံးမြေဆုံး ရက်စက်တတ်သူပါ။
ခုချိန်ခါ သာသနာ့တာဝန် ထမ်းနေကြတဲ့ သံဃာတော်တွေကို မေးကြည့်ရင်တောင် သေနတ်ချင်းယှဉ်ပစ်မလားဆိုရင် ငါး ပါးသီလမှာ တပါးဖြစ်တဲ့ သူတပါးအသက်ကို သတ်ဖြတ်ခြင်းကို မကျူးလွန်ကြတဲ့ သံဃာတော်တွေတောင် ကျုပ်တို့ရဲ့ တပ်ချုပ်ကြီးကို ယှဉ်ပစ်ချင်ကြလိမ့်မယ်။ ဒါတွေအားလုံးဟာလည်း တပ်ချုပ်ကြီးရဲ့ တောင်းဆိုမှုတွေပဲမဟုတ်လား။
ကြည့်နေတဲ့ ဈာပနအခွေလည်း ပြီးသွားပြီ။
မပြီးသေးတာက ကျနော့်အတွေး …
တပ်ချုပ်ကြီးသေရင် ဘယ်သူတွေလိုက်ပို့မှာလဲ …
ဘယ်သူတွေငိုမှာလဲဆိုတာ …
အဲ.. ကျိန်းသေတာကတော့…. ဟန်ဆောင်ပြီးငိုမယ့်၊ ဒါမှမဟုတ် အခကြေးငွေနဲ့ငိုမယ့် စွမ်းအားရှင်နဲ့ ကြံ့ဖွတ်တွေတော့ ရှိနေဦးမှာပါ၊
ခေတ်ပျက်စစ်သည်ဟောင်းတဦး
http://www.naytthit.net/?p=10528 

ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောဆို

2011-03-17

ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်အောင် လုပ်တဲ့နေရာမှာ တိုင်းရင်းသားတွေက ဗမာအစိုးရကို မယုံသလို၊ ဗမာအစိုးရက တိုင်းရင်းသားအရေးကို အလေးမထားဘူးလို့ ခံယူနေတဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာသင့်သလောက် မခိုင်မာခဲ့တာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်တွေနဲ့ ရှမ်းပြည်နယ်က စည်းရုံးရေး ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံတဲ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“ကျွန်မတို့ ပြည်ထောင်စု စိတ်ဓာတ်ကို ရှင်သန်အောင် လုပ်တဲ့နေရာမှာ ဘယ်လို အထစ်အငေါ့တွေ ရှိနေသလဲ၊ ဘယ်လို အပိတ်အဆို့တွေ ရှိနေသလဲ၊ ဘယ်လို ခလုတ်ကန်သင်းတွေ ရှိနေသလဲဆိုတာကို ကျွန်မတို့ နားလည်ဖို့ လိုပါတယ်တဲ့။”

“အဓိက အချက်တခုကတော့ ကျွန်မတို့ တိုင်းရင်းသားများအနေနဲ့ ညီအစ်ကို မောင်နှမတွေ အနေနဲ့ ပြည်မ အစိုးရကို မလွန်ဆန်နိုင်တဲ့ ကိစ္စ ဒီလိုပဲ ကျွန်မ မြင်ပါတယ်။ ဗမာအစိုးရကို မယုံကြည်သလို ဗမာအစိုးရဟာ တိုင်းရင်းသားတွေရဲ့ အရေးကို ဘယ်တော့မှ အလေးမထားဘူး ဆိုတဲ့ ခံယူချက်တွေကြောင့် ကျွန်မတို့ ပြည်ထောင်စု စိတ်ဓာတ်ဟာ ခိုင်မာသင့်သလောက် မခိုင်မာခဲ့တာ ဖြစ်တယ်။”

“ဒီလို ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို အဓိက ထားပြီးတော့ ကျွန်မတို့ မြို့နယ်တွေက အခြေအနေတွေ၊ ပြည်နယ်တွေက အခြေအနေတွေ တင်ပြစေချင်ပါတယ် စသဖြင့် သူက အဲဒီလို ဖွင့်ပေးပါတယ်ခင်ဗျ။”

ဒါ့အပြင် လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ အမျိုးသားခေါင်းဆောင်တွေက ပြည်ထောင်စုအတွက် ရှမ်းပြည်နယ် ပင်လုံမြို့မှာ ညီလာခံ ကျင်းပနိုင်ခဲ့တာဟာ ရှမ်းတိုင်းရင်းသားတွေရဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒါကြောင့် ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးမှာလည်း ရှမ်းတိုင်းရင်းသားတွေအနေနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ရှမ်းပြည်နယ်ကနေ ဆွေးနွေးပွဲ တက်လာတဲ့ ကိုယ်စားလှယ်တွေကလည်း ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးအတွက် သူတို့အနေနဲ့ အတတ်နိုင်ဆုံး ပံ့ပိုးကူညီမယ်လို့ ပြန်လည် ပြောဆိုကြောင်း သိရပါတယ်။

ဒါ့အပြင် သူတို့ဒေသတွေမှာ NLD ကို ဖိအားပေးတာတွေ များတဲ့အတွက် ပြည်သူတွေကြား လှုပ်ရှားရတာတွေ နှေးကွေးနေရတဲ့ ကိစ္စ၊ စစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ စီးပွားရေး ချဲ့ထွင်မှုကြောင့် ဒေသခံလယ်သမားတွေ လယ်မြေတွေ အသိမ်းခံရတဲ့ကိစ္စ၊ ဘိန်းစိုက်ပျိုးမှုတွေ ဆက်ရှိနေတဲ့ ကိစ္စတွေ တင်ပြကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်တို့ကလည်း ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည် ဖြေဆိုကြပါတယ်။
http://www.rfa.org/burmese/news/suu_kyi_talks_union_spirit-03172011114020.html

ICG စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေး အစီရင်ခံစာအကြောင်း


ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က အရှေ့ တောင်အာရှ စီမံကိန်း ညွှန်ကြားရေးမှူး Mr. Jim Della-Giacoma ကို ဆက်သွယ်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ရုတ်သိမ်းသင့်တယ်လို့ ICG (International Crisis Group) နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ အစီရင်ခံစာ ကို သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ICG အစီရင်ခံစာရဲ့  ထောက်ခံတင်ပြချက်တွေမှာ အဓိကအချက်ကတော့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုတ်သိမ်းရေးကိစ္စဖြစ်တယ်လို့ ထင်ပါတယ်။ ဟုတ်ပါသလား။
Mr. Jim Della-Giacoma ။ ။ ကျနော်တို့ ထောက်ခံတင်ပြထားတာတွေ အတော်များပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေတွေပေါ်ကြည့်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းဖက်က ပြောင်းလဲသင့်တဲ့အချက်တွေလို့ ထင်ပါတယ်။ ပထမအချက်က ဖွံ့ဖြိုးရေးအစီအစဉ်တွေကို မပိတ်ပင်ဘဲ အတော်မြှင့်မားတိုးတက်လာတဲ့အထိ ပေးသင့်ပါတယ်။ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့တွေက နည်းပညာပိုင်ဆိုင်ရာ အထောက်အပံ့တွေကို ရပ်ဆိုင်းထားမယ်ဆိုရင် ဖြစ်နိုင်ပေမယ့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အထောက်အပံ့တွေကိုတော့ ပြန်ပေးသင့်ပါတယ်။ အမေရိကန်နဲ့ ဥရောပတို့ရဲ့  ကုန်သွယ်ရေးကန့်သတ်ချက်တွေကိုလည်း လုံးဝရုတ်သိမ်းရပါလိမ့်မယ်။ ဒီလို ပိတ်ဆို့မှုတွေကို ရုတ်သိမ်းလိုက်တဲ့အတွက် ပြဿနာ ရုတ်တရက် ပြေလည်သွားမယ်လို့ မဆိုလိုပါဘူး။ သာမန်ပြည်သူတွေရဲ့  ဘဝအခြေအနေ တဖြည်းဖြည်းတိုးတက်လာနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပိတ်ဆို့မှုတွေက targeted sanctions - ပစ်မှတ်ထားပြီး အရေးယူတယ်လို့ ဆိုနေကြပါတယ်။ ICG က ထောက်ခံတင်ပြချက်နဲ့ ဘယ်လောက်အကြုံဝင်ပါသလဲ။
Mr. Jim Della-Giacoma ။ ။ အခု သုံးနေတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေက သိပ်ကျယ်ပြန့်ပါတယ်။ ကုန်သွယ်ရေးပိတ်ဆို့မှု၊ မြန်မာအထည်စက်ရုံတွေကို ပိတ်ပင်မှု၊ ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံတကာ အထောက်အပံ့တွေကို ပိတ်ပင်မှုတွေ။ ဒါတွေဟာ targeted sanctions လို့ခေါ်တဲ့ ပစ်မှတ်ထား ပိတ်ဆို့မှု မဟုတ်တော့ပါဘူး။ သိပ်ကျယ်ပြန့်ပါတယ်။ မြန်မာပြည်သူ သာမန်ပြည်သူလူထုကို ထိခိုက်စေပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံလို့ အိမ်နီးချင်းတိုင်းပြည်က လူထုရရှိနေတဲ့ အကျိုးစီးပွားမျိုးကို မြန်မာပြည်သူတွေ မရရှိနိုင်ဖြစ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ targeted မဟုတ်ဘူး။ ပစ်မှတ်ထားအရေးယူမှု မဟုတ်ဘူးဆိုတဲ့ သဘောပေါ့။
Mr. Jim Della-Giacoma ။ ။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အရေးယူပိတ်ဆို့မှု၊ ကုန်သွယ်ရေး ကန့်သတ်ပိတ်ပင်မှု၊ နိုင်ငံတကာ အေဂျင်စီတွေရဲ့  အထောက်အပံ့ ထိန်းချုပ်မှုတွေဟာ ပစ်မှတ်ထားအရေးယူမှုတွေ မဟုတ်တော့ပါဘူး။ ဒါတွေဟာ သိပ်ကျယ်ပြန့်ပါတယ်။ သာမန်လူထုကို နစ်နာစေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရတဲ့ အကျိုးခံစားမှုမျိုးကို မြန်မာလူထုမရရှိနိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ICG အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ လက်ရှိအခြေအနေကို သုံးသပ်တဲ့အခါကြတော့ အာဏာပြအုပ်ချုပ်မှုက ဆက်လက်ရှိနေသေးတယ်၊ ဘာမှ တိုးတက်တာ မတွေ့ရသေးဘူး၊ ရွေးကောက်ပွဲကလည်း အစစ်အမှန်မဟုတ်ဘူးဆိုတာကို အမှန်အတိုင်း သုံးသပ်ရေးသားထားတယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ ထောက်ခံတင်ပြတဲ့အခါမှာတော့ သိပ်ကိုလျှော့လျှော့ပေါ့ပေါ့နဲ့ အကောင်းမြင်တွေ့ရပါတယ်။ ဒါကြောင့် ဒီ အစီရင်ခံစာဟာ ရှေ့ နောက်မညီညွှတ်ဘူးလို့ ဆိုရင် မှားပါသလား။
Mr. Jim Della-Giacoma ။ ။ နှစ်ပေါင်း (၂၀) ကျင့်သုံးလာတဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ရလဒ်ကို ကျနော်တို့ ကြည့်ပါတယ်။ အလုပ်မဖြစ်ဘူးလို့ ကျနော်တို့ သုံးသပ်မိပါတယ်။ နိုင်ငံရေးအခြေအနေကို မပြောင်းလဲနိုင်ပါဘူး။ အခုအခါမှာ အစိုးရတရပ် ဖြစ်ပေါ်လာပါပြီ။ ဒါကြောင့် ကျနော်တို့က ချည်းကပ်မှုတရပ်တောင်းဆိုပါတယ်။ ပြည်သူလူထုကို အပြစ်ဒဏ်မခတ်တဲ့ ချည်းကပ်မှုကို ကျနော်တို့ တောင်းဆိုလာခဲ့တာပါ။ နှစ်ပေါင်းများစွာ အလုပ်မဖြစ်ခဲ့တဲ့ ကျယ်ပြန့်တဲ့ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ တောင်းဆိုတာပါ။ အခုအချိန်ကာတော့ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် အနောက်နိုင်ငံတွေ မူဝါဒ အပြောင်းအလဲလုပ်ဖို့ အခါအခွင့်သင့်ပြီလို့ ထင်ပါတယ်။ (၃း၅၀)
ဦးကျော်ဇံသာ ။ ။ ICG အနေနဲ့ ဒီလို ထောက်ခံချက်တွေမလုပ်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  တင်ပြချက်ကို ထည့်သွင်းစဉ်းစားခဲ့ပါသလား။ စီးပွားရေးပိတ်ဆို့တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှု၊ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းစေချင်ရင် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင် အရင်လုပ်ပါလို့ အန်အယ်လ်ဒီ က အကြံပေးထားပါတယ်။ အဲဒီအချက်ကို လူကြီးမင်းတို့ ထည့်သွင်းစဉ်းစားထားပါသလား။
Mr. Jim Della-Giacoma ။ ။ ဒေါ်အောင်ဆန်းစုကြည် Davos (World Economic Forum) မှာ စကားပြောတုန်းက မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ ရင်းနှီမြုပ်နှံမှုလုပ်ဖို့ကိစ္စကို အပြုသဘောနဲ့ ပြောသွားခဲ့ပါတယ်။ အခု ကန့်သတ်ပိတ်ပင်မှုတွေထဲမှာ သဘာဝပတ်ဝန်းကျင် မပျက်သုဉ်းရေးကို ဦးစားပေးတဲ့ကုမ္မဏီတွေ၊ လူမှုရေးတာဝန်ယူမှုတွေကို ခေတ်သစ်စံနှုန်းတွေနဲ့အညီ လိုက်နာတဲ့ ရင်နှီးမြုပ်နှံမှုတွေလည်း ပါဝင်နေပါတယ်။ အဲဒီလို ကုမ္မဏီတွေ ရင်းနှီမြုပ်နှံမှုတွေကို လက်ခံသင့်တယ်လို့ ထင်ပါတယ်။ တားဆီးပိတ်ပင်ခြင်း မပြုသင့်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ရင်းနှီမြုပ်နှံမှုကို ဒေါ်အောင်ဆန်းစုကြည် က အားပေးတဲ့ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး အဲဒီ မိန့်ခွန်းထဲက တကယ့် စကားအသုံးအနှုန်းကို လူကြီးမင်း ကိုးကားပြနိုင်ပါသလား။ အဲဒီ Davos မိန့်ခွန်းကို အချို့ က ဒေါ်အောင်ဆန်းစုကြည် က ရင်းနှီမြုပ်နှံမှုတွေကို အလေးအနက် စဉ်းစားကြဖို့ ထောက်ပြတာပဲလို့ အဓိပ္ပါယ်ဖွင့်ကြပါတယ်။
Mr. Jim Della-Giacoma ။ ။ ဟုတ်ပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ကွဲလွဲမှုတွေ ရှိနေကြပါတယ်။ Davos မှာ သူမိန့်ခွန်းပြောပါတယ်။ ကုန်သွယ်ရေးအစရှိတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ငွေကြေးပြောင်းလဲမှုအပေါ် ထားရှိတဲ့ ကျယ်ပြန့်တဲ့အရေးယူမှုတွေ ဘာညာမရုတ်သိမ်းသေးသမျှ နိုင်ငံတကာ ရင်းနှီမြုပ်နှံမှုတွေ မလုပ်ဘဲ နေကြဖို့ အားပေးသွားတာပါ။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်တဲ့နေရာမှာ ရှေ့ တန်းကပါဝင်တဲ့ အမေရိကန်က အခု အိုဘားမား လက်ထက်မှာ မြန်မာနိုင်ငံအပေါ် အယူအဆကို နည်းနည်းပြုပြင်တယ်လို့ ဆိုရမှာပါ။ မြန်မာနိုင်ငံဖက်က တိုးတက်မှုတစုံတရာ ပြသလာရင် နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်အောင်လုပ်မှာကို အဆင်သင့်ပဲလို့ ပြောဆိုနေပါတယ်။ ဒါဟာ မလုံလောက်ဘူးလား။ တင်းမာတဲ့သဘောကို ပြသနေဆဲပဲလို့ ဆိုနိုင်ပါသလား။
Mr. Jim Della-Giacoma ။ ။  အမေရိကန် အပါအဝင် sanction ကျင့်သုံးတဲ့ နိုင်ငံအနည်းအကျဉ်းတို့ဟာ မြန်မာနိုင်ငံအပေါ် မူဝါဒချမှတ်ရမှာ ထိရောက်မှုရှိဖို့ထက် တင်းတင်းမာမာ ရှိဖို့ကို ဦးစားပေးနေကြတယ်လို့ ကျနော်တို့ယူဆပါတယ်။ သူတို့ဟာ ပြည်တွင်းဖိအားကို အခြေခံပြီး မူမပြောင်းဘဲ ဆက်လုပ်နေကြတယ် ထင်ပါတယ်။ လက်ရှိ မြန်မာပြည်အခြေအနေကို ကျနော်တို့က ပြောင်းလဲနေပြီးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံဟာ အာဏာပြအုပ်စိုးမှုအောက် နေလာခဲ့ရတာ နှစ်ပေါင်း (၅၀) ရှိလာခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စု နဲ့ တခြား အနောက်နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ တခြား အာဏာရှင်နိုင်ငံတွေနဲ့ ပျော်ပျော်ကြီး ဆက်ဆံနေကြပါတယ်။ မြန်မာပြည်သူတွေကိုတော့ အဲဒီလိုမျိုး မဆက်ဆံကြပါဘူး။ ဒီအတွက် မြန်မာပြည်သူတွေ နစ်နာကြရပါတယ်။ တခြားနိုင်ငံက သာမန်ပြည်သူတွေရရှိတဲ့ တိုးတက်မှုတွေ၊ အကျိုးခံစားခွင့်တွေ မရရှိကြပါဘူး။ ဒါဟာ မြန်မာနိုင်ငံအပေါ် ဆက်ဆံတာဟာ တခြားနိုင်ငံတွေအပေါ် ဆက်ဆံတဲ့ပုံစံနဲ့ မတူလို့ ဖြစ်ရတာပါ။ ဒါကြောင့် အနောက်နိုင်ငံတွေဟာ မြန်မာပြည်အပေါ် မူပြောင်းရမယ်။ နေပြည်တော်နဲ့ အပြုသဘောဆက်ဆံရမယ်။ sanction သည်သာ တခုတည်းသောနည်းလမ်း တင်းမာသော သဘောထားသည်သာ တခုသောနည်းလမ်းဆိုတာကို ထိုးဖောက်ကြရပါလိမ့်မယ်။ ဒါတွေဟာ အလုပ်မဖြစ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တချို့  ဒီမိုကရေစီလှုပ်ရှားသူတွေက ပြောကြပါတယ်။ Sanction တွေ တင်းကြပ်မှုတွေကို လျှော့ပေးလိုက်ရင် စစ်အစိုးရက သူတို့လိုရာဆွဲပြီး အဓိပ္ပါယ်ဖွင့်လိမ့်မယ်။ သူတို့အာဏာကို ချုပ်ကိုင်ရေးအတွက် အသုံးချမယ်။ သူတို့က တရားဝင်အစိုးရဖြစ်တယ်လို့ ကမ္ဘာက အသိအမှတ်ပြုတယ်ဟေ့ သူတို့ လုပ်ကြပါလိမ့်မယ်။ ဆိုတော့ အဲဒီလို လုပ်မှာကို စိုးရိမ်တဲ့အတွက် sanction တွေ ဆက်ထားသင့်တယ်လို့ ဒီမိုကရေစီလှုပ်ရှားသူတွေက ဆိုကြပါတယ်။ အဲဒီလို ယူဆနိုင်တဲ့ အထောက်အထားတွေ မရှိဘူးလို့ ထင်ပါသလား။
Mr. Jim Della-Giacoma ။ ။ ကျန် ကမ္ဘာ့နိုင်ငံတွေအပေါ် အမေရိကန်ပြည်ထောင်စုတို့ ကျင့်သုံးနေတဲ့ကိစ္စကို ကြည့်သင့်ပါတယ်။ အဲဒီ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ အောင်မြင်နေပါတယ်။ တွေ့ဆုံဆွေးနွေးနေတယ်၊ ကုန်သွယ်မှုလုပ်တယ်၊ ပြည်ပရင်းနှီမြုပ်နှံမှုတွေ လုပ်ကြတယ်။ ဒီလိုနဲ့ သူတို့ တံခါးဖွင့်စေတယ်။ သာမန်ပြည်သူတွေဆီကို အကျိုးအမြတ်တွေ ရောက်ရှိစေတယ်။ အထီးကျန်ပြစ်ထားတဲ့ မူဝါဒက အလုပ်မဖြစ်ဘူးလို့ ထင်ပါတယ်။ အရေးယူပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံကို ပိုပြီးတော့ အထီးကျန်ဖြစ်စေပါတယ်။ လူထုအတွက် အကျိုးယုတ်စေတယ်။ နိုင်ငံတကာ တိုးတက်မှုတွေကို လက်လွှတ်စေတယ်။ နိုင်ငံတကာ အကူအညီနဲ့ ဆက်နွှယ်ဖြစ်ထွန်းစေမယ့် နိုင်ငံရေးအခြေအနေ တိုးတက်မှုတွေကိုလည်း လက်လွှတ်သွားစေပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘေးဖယ်ပေးတော့မယ်လို့ ICG အစီရင်ခံစာထဲမှာ ရေးထားတာတွေ့ရပါတယ်။ ဒါ သေချာပါရဲ့ လား။ ကြေညာထားတဲ့ မရှိသေးပါဘူး။
Mr. Jim Della-Giacoma ။ ။ အခု ယန္တယားအသစ်ထဲမှာ သမ္မတအသစ် ရှိနေပါပြီ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အခန်းကဏ္ဍကတော့ စောင့်ကြည့်ရအုံးမှာပေါ့။ လာမယ့်လတွေအတွင်းမှာပါ။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံရေးမှာ ရာထူးတစုံတရာမရှိဘဲ ပုဂ္ဂိုလ်ရေး လွှမ်းမိုးကြီးစိုးမှုကလည်း သိပ်အရေးကြီးပါတယ်။ လစ်ဗျားမှာ ကြည့်ပါ။ ကဒါးဖီး က သူ့မှာ ဘာရာထူးမှမရှိဘူး၊ ထွက်ပေးစရာ မလိုဘူးလို့ ပြောနေတယ် မဟုတ်ဘူးလား။ အဲဒီတော့ မြန်မာနိုင်ငံမှာလည်း အဲဒီလိုမျိုးတွေ ရှိနေပါတယ်။
Mr. Jim Della-Giacoma ။ ။ ဒါမျိုးက နိုင်ငံတော်တော်များများမှာ ရှိနေပါတယ်။ အာဏာအပြောင်းအလဲလုပ်ရာမှာ မြင်ကွင်းနောက်ကွယ်က လူတွေရှိနေတတ်ပါတယ်။ ကျနော်တို့ ထောက်ခံတင်ပြတာက ဒါကို စောင့်ကြည့်ပြီး လိုက်လျောညီထွေစွာ လိုက်လံပြောင်းလဲဖို့ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/

ဂျပန်ငလျင်၊ ဆူနာမီနှင့် အနုမြူပြဿနာ



မတ်လ ၁၁ ရက်နေ့က လှုပ်သွားတဲ့ ဂျပန်ငလျင်ဟာ  ၁၉ဝဝ ခုနှစ် စရင်းစကောက်ချိန်ကစပြီး ပဉ္စမအကြီးဆုံး ငလျင်ကြီးတခု ဖြစ်တယ်။ ဂျပန်ကျွန်းဟာ ၁၂-၁၃ ပေ အရှေ့ဘက်ကို ရွေ့သွားပြီး ကမ္ဘာ့ဝင်ရိုးတောင် ၆.၅ လက်မ ပြောင်းလဲသွားတယ်။ ကမ္ဘာကြီးလည်ပတ်မှုတောင် ၁.၈ မိုက်ခရိုစက္ကန့် (၁ စက္ကန့်=  မိုက်ခရိုစက္ကန့် ၁သန်း) နှေးသွားတယ်လို့ နာဆာ ပညာရှင် Richard S Gross ရဲ့ တွက်ချက်မှုအရ သိရတယ်။ ဒါကြောင့် ဒီငလျင်ဟာ ဒုတိယကမ္ဘာ စစ်အပြီး ဂျပန်နိုင်ငံအတွက် အဆိုးဆုံး သဘာဝဘေးဒဏ်ဖြစ်တယ်။ ဂျပန်နိုင်ငံဟာ ငလျင်ကြောပေါ်မှာ ရှိတာကြောင့် ငလျင်အတွက် ပြင်ဆင်မှုရှိတယ်။

ပြဿနာက ငလျင်ကြောင့်ဖြစ်လာတဲ့ ဆူနာမီပဲ။ ဆူနာမီ ဆိုတာကလည်း ဂျပန်စကားပါပဲ။ တိုက်တွေလောက်ကြီးတဲ့ လှိုင်းလုံးကြီးတွေ ကမ်းပေါ်ကို ရောက်လာပြီး၊ ကမ်းခြေမှာရှိတဲ့ အိမ်ခြေ မြို့ရွာတွေကို တိုက်စားသွားနိုင်တဲ့ လှိုင်းကြီးတွေကို ဆူနာမီလို့ခေါ်တာပါ။

ပိုရှင်းသွားအောင် ဘာကြောင့် ငလျင်လှုပ်တာလဲ၊ ငလျင်ကြောင့် ဆူနာမီဘယ်လို ဖြစ်ရတာလဲဆိုတာကို ကြည့်ကြရအောင်။

ကျနော်တို့ရဲ့ကမ္ဘာကြီးဟာ တကယ်တော့ အသေမဟုတ်ဘူး၊ အရှင်လို့ပြောရလိမ့်မယ်။ ဆိုလိုတာက ကျနော်တို့ ရပ်နေတဲ့ မြေပြင်ကြီးဟာ တကယ်တော့ (ရွေ့)နေတာပါ။ ဥပမာ ရန်ကုန်မြို့အောက်မှာ ကမ္ဘာမြေကြီးရှိတယ်။ ဒီကမ္ဘာမြေကြီးဟာ အမြဲဒီနေရာမှာပဲ တည်တန့်နေမှာ မဟုတ်ဘူး။ ရွေ့နေတာက တနှစ်မှာ ၁ စင်တီမီတာ၊ ၂ စင်တီမီတာ ရွေ့တာဆိုတော့ တိုတောင်းလှတဲ့ လူ့သက်တန်းမှာ ရွေ့တယ်လို့ မထင်ရဘူးပေါ့။ ဒါပေမဲ့ နှစ်ပေါင်း သန်းရာနဲ့ ထောင်နဲ့ချီပြီး ကြာတဲ့ကာလမှာမှ ရွေ့ရှားမှုဟာသိသာလာပါတယ်။ ဥပမာ ကမ္ဘာတည်ပြီးစ တည်ငြိမ်လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၃,၁ဝဝ လောက် ကာလမှာ အခုလို ကုန်းတိုက်ကြီး ၇ တိုက် မရှိပါ။ ကုန်းမြေတွေအားလုံးဆက်နေတဲ့ တိုက်ကြီးတတိုက်ပဲရှိပြီး၊ ရေတွေ ဝိုင်းရံလျက်ရှိပါတယ်။ Super Continentလို့ ခေါ်ပါတယ်။ သိပ္ပံပညာရှင်တွေက နောက်နှစ်ပေါင်း သန်း ၁,ဝဝဝ ကျော်ရင် တိုက်တွေအားလုံး စုပေါင်းလာပြီး၊ Super Continent ပြန်ဖြစ်မယ်လို့ ကွန်ပြူတာ စင်မြူလေးရှင်းလို့ခေါ်တဲ့ တွက်ချက်နည်းအရ ကြိုတင် ဟောကိန်းထုတ်ထားကြပါတယ်။ လက်ရှိ အိန္ဒိယတိုက်ငယ်ဟာ နှစ်သန်းပေါင်းများစွာက အာဖရိကတိုက်နဲ့ ကပ်လျက်ရှိရာကနေ အခုနေရာဆီ တဖြည်းဖြည်း ရွေ့လာတာပါ။

တိုက်ကြီးတွေနဲ့ သမုဒ္ဒရာတွေအောက်မှာ တက်တောနစ်ပလိပ် Tectonic Plates လို့ခေါ်တဲ့ ကမ္ဘာ့ကျောက်လွှာထုကြီးတွေ ရှိပါတယ်။ စက်ရုံတွေမှာ တွေ့လေ့တွေ့ထရှိတဲ့ သံမဏိအပြား Iron Plates ဒါမှမဟုတ် Iron Sheets တွေကို ပြေးမြင်ကြည့်ပါ။ ဘေဆော့ basalt နဲ့ ဂရင်နိုက် granite လို့ ခေါ်ကြပြီး၊ ၅ မိုင်ကနေ မိုင် ၃ဝ အထိ ထူပါတယ်။ ဒီကျောက်လွှာထုတွေအောက်မှာ တဝက်တပျက် အရည်ပျော်နေတဲ့ စီးကပ်ကျောက်အရည် Viscous semi-molten rocks တွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ကမ္ဘာ့ကျောက်လွှာထုကြီး Tectonic Plates တွေဟာ ရွေ့လျားနေကြပါတယ်။

ဒီ Tectonic Plates တွေဟာ တခုနဲ့တခု ထိတွေ့တဲ့ နေရာမှာ အစဉ်တွန်းလျက် အားပြိုင်နေကြပါတယ်။ Tectonic Plate တွေ ထိတွေ့ဆက်စပ် တွန်းအားပြိုင်ရာ လမ်းကြောင်းတွေကို Fault Line ငလျင်အကြောလို့ ခေါ်ကြပါတယ်။ စာဖတ်သူတို့ ကျွဲ ၂ နှစ်ကောင် ခေါင်းချင်းဝှေ့နေတာကို ပြေးမြင်ကြည့်ပါဦး။ အားချင်းမျှနေလို့ ကျွဲနှစ်ကောင် ရွေ့တယ်လို့ မထင်ရပေမယ့် ကျွဲနှစ်ကောင်ရဲ့ တွန်းအားဟာ ထိတွေ့တဲ့နေရာမှာ အားတွေ စုနေပါတယ်။ တချက်လှုပ်ခါသွားမှ အားလွတ်ထွက်ပြီး၊ အားနဲ့ရွေ့လျားသွားတတ်ပါတယ်။ အဲဒီနည်းတူစွာ Tectonic Plates တွေဟာ သူတို့ထိတွေ့ရာမှာ တခုနဲ့တခု အတင်းတွန်းနေပါတယ်။ ဒီတွန်းအားတွေကြောင့် စွမ်းအင် Energy ဟာ အဲဒီဆုံမှတ်နေရာမှာ (စု) နေပါတယ်။ အဲဒီအင်အားတွေ လျှပ်တပြက် အတင်းတုန်ခါ လွတ်မြောက်သွားရင် ငလျင်အကြော Fault Line အတိုင်း ငလျင်လှုပ်တာ ဖြစ်ပါတယ်။

တကယ်တော့ ငလျင်လှုပ်တယ်ဆိုတာက ပလိပ် Plate တွေ တိုက်ပြီး၊ စုနေတဲ့ စွမ်းအင်၊အင်အားတွေ လွတ်ထွက်သွားတာပါ။ ငလျင်လှုပ်ရင် ဘေးတိုက်လှုပ်တာ ရှိသလို၊ အပေါ်အောက်လှုပ်တာ ရှိပါတယ်။ ကံဆိုးတာက ဂျပန်နိုင်ငံဟာ Tectonic Plates ၄ ခု ဆုံရာ ငလျင်ကြောတွေပေါ်မှာ တည်ရှိနေတာပါ။ ဒါကြောင့် ငလျင် ခဏခဏ အလှုပ်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီနည်းတူ အမေရိကန် အနောက်ဘက်ကမ်း တခုလုံးဟာလည်း ငလျင်ကြောတွေအပေါ် တည်ရှိပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ငလျင် ခဏခဏ အလှုပ်ခံရပါတယ်။

ဂျပန်ဟာ မြောက်အမေရိကား၊ ပစိဖိတ်၊ ယူရိုအာရှ Eurasian နဲ့ ဖိလစ်ပိုင် Plates တွေ လာ(စုံ)ရာ ဖြစ်ပါတယ်။ ဂျပန်မြောက်ပိုင်းဟာ မြောက်အမေရိကား Plate ရဲ့ အနောက်အစွန်းဖျားမှာ တည်ရှိပြီး၊ ဂျပန်တောင်ပိုင်းက ယူရိုအာရှ Plate အပေါ် တည်ရှိပါတယ်။

အခုလှုပ်သွားတဲ့ ငလျင်မှာ တိုကျိုမြို့ကနေ အရှေ့မြောက် ၂၃၁ မိုင်နဲ့ ဟွန်ရှူးကျွန်း စင်ဒိုင်မြို့ အရှေ့ဘက် မိုင် ၈ဝ ပစိဖိတ်သမုဒ္ဒရာအောက် Japan Trench အနီး ဖြစ်ပွားတာပါ။ ဒီနေရာမှာ ပစိဖိတ် ပလိပ်ဟာ မြောက်အမေရိကား ပလိပ်နဲ့ အားချင်းပြိုင် ထိပ်တိုက်တွန်းကြရာကနေ ပစိဖိတ်ပလိပ်ဟာ မြောက်အမေရိကား ပလိပ်အောက်ထဲ တဖြည်းဖြည်း ထိုးဆင်းသွားခြင်းပါ။ ဒီလိုနေရာကို Seduction zone (Trench) လို့ ခေါ်ကြပါတယ်။ တချိန်မှာ (အား) တွေ စုစည်းနေရာကနေ လွတ်ထွက်ပြီး၊ အပြင်းအထန် လှုပ်ရှားတာလည်း ဖြစ်တန်ပြန်ပါတယ်။ အပေါ်အောက် လှုပ်ရှားခြင်းပါ။ အဲဒီလို ပစိဖိတ် Plate က အောက်ထဲ လျှိုဝင်အဖိခံခြင်းကနေ ရုန်းထွက်ပြီး၊ အပေါ်ကို ပြန်ဦးမော့လာတာကြောင့် သမုဒ္ဒရာအောက် မြေကြီးဟာ အပေါ်ကိုမြင့်တက်လာကာ အရှေ့ဘက်ဆီ ၁၂-၁၃ ပေလောက် ရွေ့သွားပါတယ်။ ဗဟိုချက်မဟာ သမုဒ္ဒရာအောက် ၁၅.၂ မိုင်မှာ ဖြစ်ပွားတာကြောင့် တိမ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို သမုဒ္ဒရာအောက် ကမ္ဘာမြေကြီး ပြောင်းလဲမှုကြောင့် အရှိန်နဲ့ဖယ်ရှားခံရတဲ့ ပင်လယ်ရေတွေဟာ အရပ်လေးမျက်နှာဆီ လှိုင်းနှစ်ခုသဏ္ဍာန် ရွေ့လျားသွားကြပါတယ်။ တနာရီမှာ မိုင် ၅ဝဝ နှုန်းနဲ့ ရွေ့လျားတယ်လို့ တွက်ချက်လို့ ရပါတယ်။

လှိုင်းတွေဟာ သမုဒ္ဒရာရေကြောကို ဖြတ်သန်းရာမှာ အတိုက်ခံမရှိလို့ မကြီးမားပေမယ့် ကမ်းခြေနဲ့ နီးလာတာနဲ့အမျှ အနောက်က ပါလာတဲ့ အရှိန်နဲ့၊ အရှေ့က ကာဆီးထားမှုကြောင့် လှိုင်းလုံးကြီးတွေဟာ ကမ်းခြေနဲ့ နီးလေကြီးလာလေ ဖြစ်ပါတယ်။ ဆူနာမီဆိုတာက လှိုင်းတခုထဲ မဟုတ်ပါဘူး။ အရှိန်ကြီးရင် ကြီးသလို လှိုင်းလုံးကြီးတွေ ဆက်တိုက် လိုက်လာပြီး၊ Plates တွေ နှစ်ပေါင်းများစွာ ထိပ်တိုက်တွန်းကြရင်း စုပြုံနေတဲ့ စွမ်းအားတွေဟာ လှိုင်းအရှိန်အဖြစ် ပြောင်းလဲသွားတာကြောင့် ဒီလှိုင်းတွေရဲ့ အင်အားဟာ အလွန်ပဲ ကြီးမားလှပါတယ်။ ငလျင်လှုပ်ရာ ဗဟိုနဲ့နီးလေ အင်အားကြီးမားလေ ဖြစ်ပါတယ်။ အခုလှုပ်တဲ့ ဗဟိုဟာ ဂျပန်ကျွန်းနဲ့  မိုင် ၈ဝ ပဲဝေးတာမို့၊ ထွက်ပြေးဖို့လည်း သိပ်အချိန်မရ၊ လှိုင်းအရှိန်ကလည်း ကြီးမားလှပါတယ်။ ဒါကြောင့် တနေရာမှာ အတွင်းပိုင်းထဲ ၆ မိုင်အထိ ရေတွေဝင်လာကြပါတယ်။ အလွန်အင်အားကြီးမားတဲ့ လှိုင်းလုံးကြီးတွေဟာ အိမ်တွေ၊ ကားတွေကို အရုပ်လေးတွေလိုပဲ ဖယ်ရှားသယ်ဆောင်သွားနိုင်တာ ဖြစ်ပါတယ်။ လှိုင်းအမြင့်က ပေ ၂ဝ အထိ မြင့်တယ်လို့ ဆိုကြပါတယ်။

ဒီငလျင်ကြီး ပြီးသွားတဲ့အခါ Plate နှစ်ခုဟာ ဆက်တွန်းနေကြပြန်ပြီ။ နောင်နှစ်ပေါင်း ၅ဝဝ-၁ဝဝဝ လောက်မှ တခါ ငလျှင်ကြီး ထပ်လှုပ်ပါမယ်။ တချို့ပညာရှင်တွေက ဒီငလျင်မျိုးဟာ နှစ် ၅ဝဝ မှာမှ တခါလှုပ်တတ်တယ်လို့ ဆိုသလို၊ တချို့က ၁၇ဝဝ ခုနှစ် လောက်တုန်းက တခါလှုပ်ဖူးကြောင်း ရာဇဝင်မှာ မှတ်တမ်းရှိတယ်လို့ ထောက်ပြကြပါတယ်။

ငလျင်ကို လေ့လာကြတဲ့ သိပ္ပံရဲ့ ပြဿနာမှာ နောက်တခါလှုပ်ဖို့ အချိန်တန်ပြီလို့ ပြောနိုင်ပေမယ့် ဘယ်အချိန်မှာ ဒီစွမ်းအင် အင်အားတွေ လွှတ်ထွက်မှာကို မသိနိုင်ကြသေးပါ။ ဥပမာ ငလျင်လှုပ်မှု အချိန်ဇယားကို ကြည့်ပြီး၊ အနှစ် ၁ဝဝ မှာ တခါလှုပ်တယ်၊ အနှစ် ၂ဝဝ မှာ တခါလှုပ်မယ်လို့ ခန့်မှန်းခြေ ပြောနိုင်ပေမယ့် အတိအကျ ဘယ်တော့လှုပ်မယ်လို့ ပြောနိုင်လောက်အောင် သိပ္ပံက မထွန်းကားသေးပါ။ ကမ္ဘာမြေပြင်ပေါ်မှာပင် ကိရိယာတွေ မြှုပ်နှံပြီး၊ tremor လို့ ခေါ်တဲ့ တုန်ခါမှု အသေးတွေကို တိုင်းထွာခန့်မှန်းနိုင်ပေမယ့် Plate အဆင့်အထိ ဖြစ်စဉ်ကို မတိုင်းနိုင်ကြသေးပါ။

ဒါကြောင့် ဒီ ၂ဝ၁၁ ခု ဂျပန်ငလျင်မှာ ဆူနာမီက ငလျင်ထက် ကြီးမားတဲ့ ပျက်စီးမှုကို ဖြစ်စေပါတယ်။ ဆူနာမီ ဖျက်စီးမှု နောက်ဆက်တွဲမှာ အနုမြူဓာတ်ပေါင်းဖိုတွေ ပေါက်ကွဲမှုကြောင့် Radiation အနုမြူရောင်ခြည် ပျံ့နှံ့မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ကမ္ဘာမှာ စွမ်းအင်အသုံးဆုံး ၂ နေရာ ရှိပါတယ်။ လျှပ်စစ်နဲ့ ကား၊ လေယာဉ်၊ ရထားတွေ မောင်းနှင်ဖို့ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ လူနေအိမ်တွေ မီးရဖို့ လျှပ်စစ်ထုတ်လုပ်ရပါတယ်။ ဒီနေ့ခေတ်မှာ လျှပ်စစ်အပေါ် အားလုံး မီခိုနေကြရရာ လျှပ်စစ်မရှိရင် မည်ရွေ့မည်မျှ ဒုက္ခရောက်ကြောင်း မြန်မာနိုင်ငံသားတွေ အသိဆုံးပါ။ လျှပ်စစ်ထုတ်လုပ်ဖို့ လျှပ်စစ်တာဘိုင် စက်ကြီးတွေကို လည်စေရပါတယ်။ ရေအားဖြင့်သော်လည်းကောင်း၊ အပူအားဖြင့်သော်လည်းကောင်း၊ လေအားဖြင့်သော်လည်းကောင်း ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စသည်တို့ကို မီးရှို့ခြင်းဖြင့်သော်လည်းကောင်း ဒီ လျှပ်စစ် တာဘိုင်တွေကို လည်စေခြင်းဖြင့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ရပါတယ်။ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စတာတွေကို မီးရှို့တဲ့အခါ ကာဘွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထွက်ကာ၊ ဒီဓာတ်ငွေ့ဟာ လေထုကို ညစ်ညမ်းစေပြီး၊ နေမှ အပူဓာတ်ကို စုပ်ယူထားတာကြောင့် Global Warming လို့ ခေါ်တဲ့ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေပါတယ်။

သိပ္ပံညာရှင် အိုင်စတိုင်းရဲ့ ကမ္ဘာကျော် ဖော်မြူလာ ရှိပါတယ်, E=mc2 ။ Mass ဒြပ်ထုနဲ့ စွမ်းအင် Energy ရဲ့ ဆက်စပ်မှုကို ဖော်ထုတ်ထားတဲ့ ဖော်မြူလာဖြစ်ပါတယ်။ အနုမြူဗုံးဟာ အနုမြူတွေ ခွဲထုတ်ပြီး၊ ဆက်တိုက်ပြိုကွဲစေပြီး ထွက်ပေါ်လာတဲ့စွမ်းအင်ကို လက်နက်အဖြစ် သုံးတာပါ။ အဲဒီနည်းတူ အနုမြူစွမ်းအင်ကို ထိန်းချုပ်မှုရှိတဲ့ ပတ်ဝန်းကျင်မှာ အကျိုးရှိရှိသုံးနိုင်ပြန်ပါတယ်။ လွယ်လွယ်နားလည်အောင် ပြောရရင် သဘာဝအရ မတည်ငြိမ်တဲ့ ယူရေနီယမ် ၂၃၈ ဟာ ပိုပေါ့ပါးတဲ့ ယူရေနီယမ် ၂၃၄ ဘဝဆီ ကူပြောင်းစဉ် စွမ်းအင်အဖြစ် ဂန္မာရောင်ခြည် (Gamma Rays) တွေ ထွက်ပြီး၊ နြူထရွန် neutron တွေ ထွက်ကျလာပါတယ်။ သဘာဝအရ ဒီဖြစ်စဉ်ဟာ နှစ်ပေါင်း သန်းပေါင်းများစွာ ကြာပါတယ်။ ဒါကြောင့် ထွက်ကျလာတဲ့ နြူထရွန်တွေကို တခြား ယူရေနီယမ် နြူကလီးယပ်စ်နဲ့ တိုက်စေရာမှာ နြူထရွန်တွေ ထွက်ကျစေတာကို ဆက်တိုက်ပြိုကွဲစေပြီး Chain Reaction လို့ ခေါ်ပါတယ်။ ဒီဖြစ်စဉ်ကနေ (အပူ) ဓာတ်ထွက်ပါတယ်။ ဒီအပူဓာတ်ကိုသုံးပြီး ရေကို (ဆူ) စေကာ၊ ရလာတဲ့ (ရေနွေးငွေ့) ရဲ့ စွမ်းအားနဲ့ လျှပ်စစ် တာဗိုင်တွေကို လည်စေကာ လျှပ်စစ်ထုတ်ပါတယ်။

ဒါပေမဲ့ ဒီဖြစ်စဉ်မှာ ယူရေနီယမ် ၂၃၄ ဟာ အနုမြူရောင်ခြည်လို့ခေါ်တဲ့ Radiation ကို ထုတ်လွင့်ပြီး၊ ဒီရောင်ခြည်ဟာ လူ့ခန္ဓာကိုယ်ရှိ ဆဲလ်တွေကို ဖျက်ဆီးနိုင်တာကြောင့် လူသားတွေအတွက် အလွန်အန္တရာယ် ကြီးမားလှပါတယ်။ ဒါကြောင့် Radiation ကို ထုတ်လွင့်နေတဲ့ ယူရေနီယမ် ၂၃၄ တွေ အပြင်ဘက် ပြန့်မထွက်ဖို့ အလွန်ထူတဲ့ သံမဏိသံပေါင်းဖိုတွေမှာထားပြီး၊ ထပ်ဆင့်အလွန်ထူတဲ့ ကွန်ကရစ်အကာ အဆောက်အအုံတွေထဲ ထားရပါတယ်။

ထပ်တူအရေးကြီးတာက အပူလွန်ပြီး ပေါက်ကွဲမှုမဖြစ်စေဖို့၊ လျှပ်စစ်တာဘိုင်တွေကို လည်စေတဲ့ ရေနွေးငွေ့တွေကို ရေကန်ထဲဖြတ်စေကာ အပူကို လျော့ချစေရပါတယ်။ ဒီရေကန်ထဲဆီ ဒီဇယ်ဆီနဲ့ မောင်းနှင်တဲ့ ရေစုပ်စက်တွေမှ ပိုက်တွေကတဆင့် (ရေ) တွေကို ပို့ပေးရပါတယ်။ တချိန်ထဲမှာ သံမဏိ သံပေါင်းဖိုတွေကို ရေလှည့်ပတ်မှုနဲ့ အပူမလွန်ဖို့ ထိန်းပေးထားရပါတယ်။

ဒီအနုမြူဓာတ်ပေါင်းဖို ဒီဇိုင်းမှာ ၁၉၇ဝ ခေတ်ကဖြစ်ပြီး၊ နှစ် ၄ဝ ကျော်ပါပြီ။ ခေတ်ပေါ် ဒီဇိုင်းတွေမှာ ရေကိုသုံးပြီး၊ အအေးခံတဲ့ စနစ်ကို မသုံးကြတော့ပါ။ ဂျပန်ရဲ့ ပြဿနာမှာ တာဝန်ရှိသူတွေဟာ ငလျင်ရန်ကို စိုးရိမ်ကြလို့ ငလျင်ဖြစ်တာနဲ့ အလိုလျောက် ရပ်ဆိုင်းခြင်း Automatic Shutdown ကို အလေးပေးခဲ့ကြပေမယ့် ဆူနာမီရန်ရဲ့ အန္တရာယ်ကို အလေးမပေးမိကြ။ ဒါ့အပြင် နားလည်သူတွေက သတိပေးတဲ့ကြားက ဒီဇယ် ရေစုပ်စက်တွေကို နေရာမရွှေ့မိခဲ့ကြ။ ဒီအနုမြူဓာတ်ပေါင်းဖို ၆ ခုကို တနေရာတည်းမှာ စုပြုံထားမိတာကလည်း တဒုက္ခ။

ပြဿနာမှာ ဆူနာမီကြောင့် အရန်အပို မီးပေးစနစ် Backup electricity system ပျက်သွားပြီး လျှပ်စစ်မရှိလို့ ရေစုပ်စက်တွေ မလည်နိုင်။ ဒါ့ကြောင့် ရေပြတ်သွားတာကြောင့် ဒီအနုမြူဓာတ်ပေါင်းဖိုတွေ အပူလွန်ကာ ပြဿနာတက်ခြင်း ဖြစ်ပါတယ်။ လျှပ်စစ်ထုတ်လုပ်တဲ့ ဒီအနုမြူဓာတ်ပေါင်းဖိုမှာ လျှပ်စစ်ပြတ်သွားခြင်း ဖြစ်ပါတယ်။ နောက်ဆုံး အပူလွန်ပြီး အဆောက်အအုံတွေ ပေါက်ကွဲကာ Radiation တွေ လေထဲလွင့်သွားပါရင်၊ ကမ္ဘာ့လေကြောင်းတွေမှတဆင့် တခြားနိုင်ငံတွေဆီ ပျံ့နှံ့ကုန်ပါရင် လူတွေအတွက် အန္တရာယ်ရှိပါတယ်။ Radiation ပျံ့နှံ့မှုများရင်သော်လည်းကောင်း၊ အနီးကပ်ဖြစ်ရင်သော်လည်းကောင်း၊ အန္တရာယ် ပိုကြီးပြီး၊ Radiation နည်းနည်း လေထဲမှ ရှူမိရင် ရေရှည်မှာ ကင်ဆာဖြစ်နိုင်တာကြောင့် လူတွေ စိုးရိမ်ကြခြင်း ဖြစ်ပါတယ်။

ပြဿနာမှာ Radioactive ဖြစ်နေတဲ့ အရာဝတ္ထုတွေ လေမှတဆင့် မိုးရေနဲ့ ရောသွားပါရင် Radiation Rain ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အက်စစ်မိုး Acid Rain နဲ့ ဘာမှမဆိုင်ပါ။ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တွေကို မီးရှို့ပြီး၊ လျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံတွေဟာ စီအိုတူးလို့ခေါ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့တွေကို လေထဲမှုတ်ထုတ်ကြပါတယ်။ အဲဒီနည်းတူ အကြီးစားစက်မှုလက်မှု စက်ရုံတွေဟာလည်း ဆာလ်ဗါဒိုင်အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ်တွေကို လေထုထဲ စွန့်ထုတ်ပါတယ်။  အလားတူပင် သန်းပေါင်းများစွာသော ကားတွေကနေ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို မှုတ်ထုတ်ကြကာ လေထုထဲ ပျံ့နှံ့စေပါတယ်။

ဒီဓာတ်ငွေ့တွေဟာ မိုးရေနဲ့ ပေါင်းမိတဲ့အခါ အက်ဆစ်တွေအဖြစ် ပြောင်းလဲကာ မိုးထဲမှာ အက်ဆစ်တွေ ပါလာတဲ့အတွက် ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဥပမာ အက်ဆစ်ကြောင့် သစ်ပင်တွေ၊ ပန်းပင်တွေ သေစေနိုင်ပါတယ်။ အဆောက်အအုံတွေ သံချေးတက်နိုင်ပါတယ်။ ဒါ့ကြောင့် အမေရိကန်မှာ လေထုထဲကို ညစ်ညမ်းတဲ့ ဓာတ်ငွေ့တွေ မှုတ်ထုတ်မှုကို အသေအချာ သုတေသနပြုပြီးမှ ဥပဒေနဲ့ တားမြစ်လာရပါတယ်။ ဒါပေမဲ့ Radiation နဲ့ အက်ဆစ်မိုးနဲ့က ဘာမှ မဆိုင်ပါ။

နောက် မိုးလေဝသပညာအရ ကမ္ဘာ့လေကြောတွေဟာ နာရီပတ်တံနဲ့ ပြောင်းပြန် (လက်ဝဲရစ်) လည်ပတ်ပါတယ်။ ဒါကြောင့် ဂျပန်၊ တရုတ်ပြည်မှ လေတွေဟာ မြန်မာနိုင်ငံဆီ တိုက်ခတ်မလာပါ။ အမေရိကန် နိုင်ငံဘက်သာ သွားနိုင်တယ်။ အိန္ဒိယ သို့မဟုတ် မြန်မာရဲ့ အရှေ့မှာရှိတဲ့ နိုင်ငံတွေ (အီရန်လိုနိုင်ငံမျိုး) ဖြစ်ခဲ့ရင် အန္တရာယ် ရှိနိုင်ပါတယ်။ ကျနော် ဥာဏ်မီသလောက် တင်ပြခြင်းပါ။

အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ အနုမြူ ကောလာဟလတွေကိုယုံပြီး၊ မြန်မာပြည်သူတွေ စိုးရိမ်စိတ် များနေမှာကို စိုးလို့ ဒီဆောင်ပါး ရေးရခြင်းပါ။ မကြာခင် ဟိုက်ထရိုဂျင်ခေတ်ဆီ ရောက်လာရမှာက မော်တော်ကားတွေဟာ ရေနံမှဖြစ်တဲ့ ဓာတ်ဆီအစား ဟိုက်ထရိုဂျင်ကို လောင်စာအဇြစ်သုံးပြီး၊ ကာဘွန်ဒိုင်အောက်ဆိုဒ်အစား ရေသာ ထွက်လာကာ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်မယ်။

အခုအသုံးပြုနေတဲ့ အနုမြူနိဿရမှာ ဖစ်ရှင် Fission လို့ ခေါ်ပါတယ်။ နေမင်းကြီးမှာ သဘာဝအလျောက် စွမ်းအင်ထုတ်လုပ်တဲ့ နည်းမှာ ဖြူရှင် Fusion လို့ ခေါ်ပါတယ်။ ဖြူရှင် Fusion ဟာ ဖစ်ရှင် Fission ရဲ့ ပြောင်းပြန်ဖြစ်တယ်။ ဖစ်ရှင် Fission ဟာ ပိုကြီးတဲ့ အနုမြူကို ခွဲပြီး၊ ပိုငယ်တဲ့ အနုမြူကို ဖော်ထုတ်ခြင်းပါ။ ဖြူရှင် Fusion မှာ ပိုငယ်တဲ့ အနုမြူ နှစ်ခုကို ပေါင်းစပ်ပြီး၊ ပိုကြီးတဲ့ အနုမြူကို ဖော်ထုတ်တာပါ။ ဒါပေမဲ့ စွမ်းအင်ထုတ်လုပ်မှုမှာ ဖြူရှင် Fusion က ဖစ်ရှင် Fission ထက် ၃ - ၄ ဆ ပိုထုတ်နိုင်ပါတယ်။

အနုမြူဗုံး (Atomic Bomb) ထက် အစွမ်းထက်တဲ့ ဟိုက်ထရိုဂျင်ဗုံး ဆိုတာက ဖစ်ရှင် Fission ကို သုံးပြီး၊ ဖြူရှင် Fusion ဖြစ်စဉ် Reaction ရအောင် လုပ်ကာ လက်နက်အဖြစ် သုံးခြင်းပါ။ ဖြူရှင် Fusion ဖြစ်ဖို့ ဖိအားနဲ့ အပူလိုတယ်။ သိပ္ပံပညာရှင်တွေ ဖြူရှင် Fusion အနုမြူဓာတ်ပေါင်းဖို တည်ဆောက်နိုင်ဖို့ သုတေသန လုပ်နေတာ နှစ်ပေါင်း ၅ဝ ကျော်ပြီ။ မအောင်မြင်သေးပါ။ သုံးရတဲ့ စွမ်းအင်က ထွက်လာတဲ့ စွမ်းအင်ထက် များနေလို့ပါ။ ဖြူရှင် Fusion ရဲ့ အားသာချက်မှာ လူတွေကို ဒုက္ခပေးနိုင်တဲ့ radioactive particles အနုမြူရောင်ခြည်လွှမ်းအရာတွေ များများစားစား မဖော်ထုတ်ခြင်းဖြစ်ပြီး၊ ပိုအသုံးဝင်တဲ့ သိပ္ပံနည်းပညာ ဖြစ်ပါတယ်။

လောလောဆယ် အနုမြူအတတ်ပညာမှာလည်း သုံးပြီးသား ယူရေနီယမ် အချောင်းတွေကို လောင်စာအဖြစ် အသုံးပြုတဲ့ Breeder Reactor ဆိုတာ ပေါ်နေပါပြီ။ ဒါ့ကြောင့် Radioactive ဖြစ်တဲ့ လောင်စာတွေကို မြေကြီးအောက်မှာ မြှုပ်ပြီး စွန့်လွှတ်စရာ မလိုတော့ပါ။

ဒီမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဂျပန်တွေကို အတုယူသင့်တာတွေ ရှိပါတယ်။ ဂျပန်တွေဟာ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့စိတ် အင်မတန် ပြင်းထန်တယ်။ ဂျပန်ထုတ်ပစ္စည်းမှ ကောင်းတယ်။ ဂျပန်ဆန်ကမှ တကယ့် ဆန်ဆိုပြီး ဂျပန်မှ ဂျပန်စိတ် ရှိပါတယ်။ စည်းကမ်းရှိတဲ့ နေရာမှာလည်း စံယူသင့်ပါတယ်။ သဘာဝ ဘေးဒုက္ခ ရောက်တာတောင် ခိုးဝှက်မယ့်သူတွေ မရှိတာကြည့်ပြီး ကမ္ဘာက ချီးကျူးရတယ်။ ဟေတီမှာ ငလျင်လှုပ်တော့ ခိုးလိုက်ကြတာ သောက်သောက်လဲ။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ သူခိုးတွေ။

နောက် သတိပြုစေချင်တာက အနုမြူပညာဆိုတာ လူတွေ သေကြေဖို့ ဗုံးအဖြစ် သုံးနိုင်သလို ထိန်းချုပ်နိုင်တဲ့ ပတ်ဝန်းကျင်မှာ လူတွေကို အလင်းပေးတဲ့၊ အကျိုးပြုတဲ့ လျှပ်စစ်ထုတ်လုပ်ရာမှာလည်း အသုံးချနိုင်ပါတယ်။ စစ်တပ်ဆိုတာလည်း ထိုနည်းတူပါပဲ။ စိတ်ထားမှန်ရင် တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုနိုင်တဲ့ ကဏ္ဍကနေ ရပ်တည်နိုင်ပါတယ်။

မြန်မာပြည်ကြီး တိုးတက်ချမ်းသာပါစေ။
စာဖတ်သူတို့ အသိကြွယ်၍ စိတ်အေးမှု ရပါစေ။

(မှတ်ချက်။ စာရေးသူသည် အင်ဂျင်နီယာဖြစ်၍ သိပ္ပံပညာကို ဝါသနာပါသဖြင့် တသက်လုံး လေ့လာဖတ်ရှုခဲ့ရာ တသက်လုံး စုဆောင်းလာသည့် အသိကြောင့် သိပ္ပံအကြောင်းအရာများကို နားလည်လွယ်လာပါသည်။ ဤဆောင်းပါးအတွက် အသုံးပြုရသည့် ဆောင်းပါးနှင့် စာစောင်များမှာလည်း များပြားလွန်းပါသဖြင့် အညွှန်းကို မဖော်ပြတော့ပါ။ ဘာသာရပ်ဆိုင်ရာ အသုံးအနှုံး များသဖြင့် နားလည်မလွဲရန် မူလ အင်္ဂလိပ် အခေါ်အဝေါ်များကို မလွှဲမရှောင်သာ အသုံးပြုရသည်ကိုလည်း ခွင့်လွှတ်စေချင်ပါသည်။)

ဘိုဘိုကျော်ငြိမ်း
http://www.mizzimaburmese.com/edop/songpa/7121-2011-03-17-12-26-35.html


http://www.mediafire.com/file/30hmid7fyqddwkk/Tectonic%20Plates.pdf
Tectonic Plates