Wednesday, March 23, 2011

၂၃.၃.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/03q4y71i8ddcb2w/23%20march%202011%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/0v4iygeu9r8yclg/23%20march%202011%20Yeyintnge%27s%20Diary.doc23 march 2011 Yeyintnge's Diary

မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း။

http://www.mediafire.com/file/s4tjuvr9vwjd6c0/history%20of%20Student%20Movements%20in%20Burma.pdf
history of Student Movements in Burma

စီးပွားရေး ပိတ်ဆို့မှုများ ဆက်ထားဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2011-03-23
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ထားတာတွေကို ဆက်ပြီး ထားဖို့ လိုမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၂၃ ရက် ဒီကနေ့ ဂျာမနီက သတင်းစာတစောင်နဲ့ မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။
Photo: AFP
ဥရောပ သမဂ္ဂ အလံ (ဝဲအစွန်) နှင့် အဖွဲ့ဝင် ၂၅ နိုင်ငံတို့၏ အလံများကို ပြင်သစ်နိုင်ငံ စထရာ့စ်ဘော့ဂ်မြို့ရှိ ဥရောပ ပါလီမန်အဆောက်အအုံ ရှေ့တွင် လွှင့်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းရေး ဥရောပသမဂ္ဂက ပြန်လည် စဉ်းစားမဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောဆိုလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်က ဂျာမန်သတင်းစာ Franfurter Rundschau နဲ့ မေးမြန်းခန်းမှာ ပိတဆို့မှုတွေ ရုပ်သိမ်းပေးဖို့ ဆိုရင် တိုးတက်မှု အပြောင်းအလဲတခုခု မြင်တွေ့ရဖို့ လိုတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံက လူ့ အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဥရောပနဲ့ အမေရိကန် နိုင်ငံတွေက စီးပွားရေးအပါအဝင် တခြားပိတ်ဆို့မှုတွေ ကန့်သတ်ထားတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ကန့်သတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆက်ပြီး ထားရှိဖို့ ဆုံးဖြတ်ထားပေမဲ့ ဥရောပသမဂ္ဂ EU အနေနဲ့လာမဲ့ ဧပြီလအတွင်း ပြန်လည် သုံးသပ်စဉ်းစားဖို့ ရှိနေပါတယ်။
စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံသူတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂,၂၀၀ ကျော် ရှိနေတဲ့ စစ်အစိုးရကို ဖိအားပေးနိုင်ဖို့ မြန်မာနိင်ငံအပေါ် ပိတ်ဆို့မှုတွေ ထားရှိဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။
ဒါပေမဲ့ သဘာဝ သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံက အရင်းအမြစ်တွေကို မျက်စိကျနေတဲ့ အနောက်နိုင်ငံက စီးပွားရေးသမားများ အာဆီယံကုမ္မဏီများ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းနဲ့ တောင်ကိုရီးယားက စီးပွားရေးသမားတွေကတော့ ဒီအယူအဆကို လက်ခံချင်ပုံ မရဘူးလို့ AFP သတင်းတရပ်မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဂျာမန်သတင်းစာနဲ့ မေးမြန်းခန်းမှာရွေးကောက်ပွဲ ပြီးကတည်းက မြန်မာနိုင်ငံမှာ ဘာတွေ ပြောင်းလဲလာတာ မြင်ရသလဲလို့ မေးခွန်းပြန်ထုတ်ထားပါတယ်။ ကျွန်မ အရင်ပြောခဲ့ဖူးသလိုပါပဲ၊ ဘာမှရှင်းရှင်းလင်းလင်း မမြင်ရသေးပါဘူးလို့ ပြောဆိုသွားပါတယ်။
http://www.rfa.org/burmese/news/suu_kyi_wants_keeping_sanctions-03232011105850.html

မြန်မာ တော်လှန်ရေး မအောင်မြင်ရသေးသည့် အကြောင်း ( ဂျင်းရှ )

by Pyo Pone on Tuesday, March 22, 2011 at 3:07pm
By SIMON ROUGHNEEN ( The Irrawaddy News Agency) CM. >. >. THAILAND

သူဟာ မူဘာရက်ကို ဖြုတ်ချခဲ့သူလို့ တင်စားပြောဆိုခြင်း ခံရသူပါ။ အဲလို တင်စားပြောဆိုခြင်းဟာ အီဂျစ်ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးပြီး အာဏာရှင်ကို ဖြုတ်ချခဲ့တဲ့အချက်ကို မျက်ကွယ်ပြုခြင်း ဖြစ်တယ်လို့ သူကဆိုပါတယ်။ အရင်တုန်းကတော့၊ သူဟာ ပြည်သူလူထုလှုပ်ရှားမှု မျက်နှာဖုံးစွပ်ပြီး အခြားနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို ဖြုတ်ချရေး လုပ်ဆောင်နေတဲ့ အမေရိကန်အစိုးရကိုကို ရှေ့ဆုံးကပါဝင်ကူညီနေသူ တစ်ယောက်အဖြစ် တိတ်တဆိတ် စွပ်စွဲခံ ရသူပါ။ အဲဒီ စွပ်စွဲချက်တွေဟာ "ပြက်လုံး တစ်ခု" သာဖြစ်တယ်လို့ဆိုပြီး သူဟာ အမေရိကန် ထောင်မှာ နိုင်ငံသားတာဝန် မကျေပြွန်မှုနဲ့ ထောင်တောင်ကျခဲ့ဖူးတယ်လို့ ထောက်ပြပါတယ်။

"အာဏာရှင်စနစ်မှသည် ဒီမိုစနစ်ဆီသို့"စာအုပ် ကတော့ သူ့ရဲ့ အထင်ရှားဆုံး နဲ့ လွှမ်းမိုးမှု အရှိဆုံး လက်ရာတစ်ခု ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ ဗျူဟာမြောက် အကြမ်းမဲ့ ဆန့်ကျင်ရေး လက်စွဲလို့ ကျော်ကြားတဲ့ အဲဒီ စာအုပ်ဟာ ဒေါက်တာ ရှ   က ၁၉၉၀ ဝန်းကျင်လောက် တိုင်းရင်းသား အဖွဲ့တွေနဲ့အတူ လှုပ်ရှားရင်း အစတည်လာတဲ့ ကျမ်းစာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စစ်တပ်လက်အောက်က လွတ်မြောက်ရေး အတွက် ရည်ရွယ် ပြုစု ခဲ့တဲ့ အုတ်မြစ် တစ်ခု ဖြစ်ပါတယ်။

၁၉၆၂ ကစပြီး စစ်တပ်လက်အောက် ကျရောက်ခဲ့ခြင်း၊ စိတ်ကြိုက်ပြင်ထားတဲ့ ပါလီမံ နောက်မှာ ပိတ်မိနေသယောင်ရှိခြင်း စတဲ့ အချက်တွေကိုကြည့်ရင် မြန်မာက နိုးထသူတွေနဲ့ အာဏာရှင် ဆန့်ကျင်သူတွေကြုံတွေ့ရတဲ့ အခက်အခဲတွေဟာ ကမ္ဘာ ပေါ်မှာ ရင်လေးစရာ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ လက်ရှိ ၈၃ အရွယ်ရှိပြီး ဒုတိယ ကမ္ဘာစစ်မှာ နော်ဝေး  နာဇီဆန့်ကျင်သူတွေနဲ့ အတူလှုပ်ရှားခြင်းစတဲ့ သမိုင်းကြောင်းတွေရဲ့ ပိုင်ရှင် ဒေါက်တာ ရှဟာ လတ်တလော မြောက် အာဖရိက နဲ့ အရှေ့အလယ်ပိုင်းက အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အတွေးတွေကို စိုင်မွန် ရဖနင်း (Simon Roughneen) နဲ့ မျှဝေထားပြီး မြန်မာမှာ အာဏာရှင် ဖြုတ်ချရမှာ မအောင်မြင်သေးရတဲ့ အကြောင်းနဲ့ပတ်သက်တဲ့ သူ့ရဲ့ ယုံကြည်ချက်တွေကိုလည်း ဖွင့်ချပြထားပါတယ်။

မေး။ ဒေါက်တာ ရှ ခင်ဗျာ၊ ဆရာ့ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဒီမို  လှုပ်ရှားမှုတွေဟာ ဟိုးအရင်ထဲကစခဲ့တာလို့ သိရပါတယ်။ ဆရာ့ရဲ့ မြန်မာ့အရေး လှုပ်ရှားမှုသမိုင်းကြောင်းကို ဧရာဝတီ စာဖတ်သူတွေ သိအောင် တစ်ချက်လောက်ပြောပြပေးစေချင်ပါတယ်။

ဖြေ။ ကျွန်တော်ဟာ အစိုးရကိုမလိုလားတဲ့ အဖွဲ့တွေ(အထူးသဖြင့် ကရင်တွေ)အတွက် စိတ်မကောင်းဖြစ်နေတဲ့ စစ်သံအမတ်ဟောင်း ရောဘတ် ဟယ်ဘီ (Robert Helvey) က ခေါ်လို့ ရန်ကုန်ကို ရောက်လာတာပါ။ ကွယ်လွန်သူ ဦးတင်မောင်ဝင်းဦးဆောင်တဲ့  မြန်မာ အင်္ဂလိပ် နှစ်ဘာသာထုတ် ဘန်ကောက် အခြေဆိုက် ခေတ်ပြိုင်ဂျာနယ် အတွက် ဆောင်းပါးအချို့ရေးသားရန် တောင်းဆိုခံခဲ့ရပါတယ်။ အဲဒီ ဆောင်းပါးတွေဟာ နောက်ထွက်လာတဲ့ အာဏာရှင်စနစ်မှသည် ဒီမိုစနစ်စီသို့"စာအုပ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါရော။ ပြီးတော့ ကျွန်တော်ဟာ မနာပလောကိုလဲ သုံးလေးခေါက် ရောက်ဖူးပြီး နယ်နှင်ခံ မြန်မာတွေနဲ့လဲ တွေ့ဆုံဖူးပါတယ်။

မေး။ ဆရာ့ရဲ့အမြင်မှာ စစ်အစိုးရကို အကြမ်းမဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဘာလို့ ခုထိ မတော်လှန်နိုင်သေးလဲလို့ ထင်ပါသလဲ? မြန်မာကို လတ်တလော ပြောင်းလဲနေတဲ့ အီဂျစ်၊ တူနီးရှား ပြီးတော့ ဆိုဗီယက်ဟောင်းက အရောင်တော်လှန်ရေးတွေ၊ ၂၀၀၀ ခုနှစ် က ဆားဗီးယား၊၊ ၁၉၈၆ က ဖိလစ်ပိုင် စတဲ့နိုင်ငံတွေနဲ့ ကွဲပြားစေတဲ့ အချက်တွေဟာ ဘာလို့ထင်ပါသလဲ?

ဖြေ။ အကြောင်းအရင်း သုံးလေးခုရှိတယ် ထင်ပါတယ်။ စပြောရင်၊ ဆန့်ကျင်ရေးအဖွဲ့တွေ၊ ကရင်၊ မွန် စတဲ့ တိုင်းရင်းသား အဖွဲ့တွေ၊ သူတို့တွေအကုန်လုံးမှာ စစ်တပ် သို့မဟုတ် စစ်တပ်ငယ်ရှိပြီး သူတို့ဟာ လက်နက်ချပြီး အကြမ်းမဲ့ လှုပ်ရှားမှု(သို့မဟုတ် နိုင်ငံရေး အာခံမှု)ဘက်ကို သွားရင် သူတို့ကို အင်အားချိနဲ့ သွားစေလိမ့်မယ်လို့ ထင်နေကြတယ်။ ဗမာကျောင်းသားများသမ္မဂ (ABSDF) လို အဖွဲ့တွေကျတော့ စစ်တပ်ငယ်တစ်ခုပိုင်ပေမဲ့ တရားရှိတဲ့ နိုင်ငံရေးအာခံမှု လမ်းကြောင်းလိုက်ဖို့ ခဏသဘောတူပြီးတော့ နှစ်အနည်းငယ်အတွင်းမှာပဲ သဘောထားပြန်ပြောင်းသွားခဲ့တယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးဟာ စစ်တပ်ကို အနိုင်တိုက်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြတယ်။ ဒါပေမဲ့ စစ်တပ်ဟာ အင်အားပိုမိုကြီးမားရုံမက လက်နက်တွေလဲပိုကောင်းတဲ့ အလျောက် ဒါဟာ လက်နက်ကိုင် အဖွဲ့တွေဘက်က မှားရွင်းတဲ့ အတွေးအခေါ်ပဲလို့ ယူဆပါတယ်။

ညွှန့်ပေါင်း အစိုးရ လို့ခေါ်ပြီး လက်တွေ့မှာ လုံးဝ ညွှန့်မပေါင်းတဲ့ မြန်မာကနေ သိပ်မနီးတဲ့ ဝါရှင်တန်အခြေဆိုက်အဖွဲ့ဟာလဲ သူတို့ဘာသာသူတို့ လွတ်လပ်ရေးအတွက် အစိုးရကို ဖြုတ်ချနိုင်တဲ့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်လို့ ထင်နေကြပေမဲ့ လက်တွေ့မှာ အသစ်သင်ယူဖို့ စိတ်အားမထက်သန်တာကို တွေ့ရပါတယ်။

ပြီးတော့ အာဇာနည်စိတ်ဓတ်၊ လွတ်လပ်ရေးတောင့်တနေသူတွေအတွက် လှုံ့ဆော်အသက်သွင်းနိုင်မှု စတဲ့ အံ့ဩဖွယ် အရည်အသွေးတွေကို  ပိုင်ဆိုင်တဲ့ အောင်ဆန်းစုကြည်ဟာ မဟာဗျူဟာ ပညာရှင် တစ်ယောက်မဟုတ်၊ စိတ်ဓာတ်ရေးရာ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ ဒါဟာ မဟာဗျူဟာ ရေးဆွဲဖို့အတွက် မလုံလောက်ပါဘူး။

"အာဏာရှင်စနစ်မှသည် ဒီမိုစနစ်ဆီသို့"စာအုပ်ဟာ မြန်မာတွေအတွက် ရည်ရွယ်ရေးသားခဲ့တာ ဖြစ်ပေမဲ့ အဲဒီစာအုပ်ကို သေချာ လေ့လာသုံးသပ်ပြီး ဗျူဟာရေးဆွဲနိုင်ခဲ့သူ မြန်မာအုပ်စုတွေထဲမှာ တစ်ယောက်မှမရှိပါဘူး။ လူတွေဟာ အဲဒီစာအုပ်ကို မြန်မာ၊ အင်္ဂလိပ် ဘယ်ဘာသာနဲ့မဆို လက်ဝယ်ထားရုံနဲ့ အဖမ်းခံရ၊ ထောင်ထဲထဲ့ခံရ ပါတယ်။  သူတို့ဟာ အလွန် အစွမ်းထက်ပြီးရဲစွမ်းသတ္တိရှိတဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်နဲ့ တခြားမြို့တွေမှာလုပ်နိုင်ခဲ့ပေမဲ့ မဟာဗျူဟာကျတော့ မချနိုင်ခဲ့ကြဘူး။ ခင်ဗျားတို့ဟာ သေချာမစီစဉ်ထားရင်၊ သေချာ ပိုကြီးတဲ့ ဗျူဟာမချထားရင် ခင်ဗျားတို့ဟာ နိုင်နိုင်မှာမဟုတ်ပါဘူး။

မေး။ နိုဝင်ဘာ ရွေးကောက်ပွဲအလွန်၊ ပြီးတော့ ဇန်နဝါရီ ၃၁ ပါလီမံ အစည်းအဝေးအလွန် မြန်မာမှာ ဘာပြောင်းလဲမှုတွေ တွေ့ရှိပါသလဲ? လက်ရှိအချေအနေမှာ အကြမ်းမဲ့လှုပ်ရှားသူတွေအတွက် လမ်းပေါ်မထွက်ပဲ၊နှစ်ပေါင်းများစွာ ဆရာဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို ပြန်မကျက်ပဲ ဆန္ဒထုတ်ဖော်တောင်းဆိုလို့ ရနိုင်မဲ့ နည်းလမ်းသစ်တွေ ရှိလာပြီလို့ ထင်ပါသလား?

ဖြေ။ နောက်ဆုံးအခြေအနေတွေကို ဂဂဏဏမသိလို့ ဒီမေးခွန်းကို ဖြေဖို့ ခက်ခဲပါတယ်။ တောင်းပန်ပါတယ်။

မေး။ မြန်မာ့ရေးရာကနေ ခွါကြရအောင်။  ဆရာ့ရဲ့ လက်ရာတွေဟာ အခြား အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကို ဝင်ရောက် နှောင့်ယှက်ဟန့်တားလိုတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေအတွက် အလျင်းသင့် အနုနည်းတိုက်ခိုက်မှု ဖြစ်တယ်ဆိုတဲ့အကြောင်း၊ ပြည်တွင်းရှိ အကြမ်းမဲ့လှုပ်ရှားမှုတွေကို သွေးထိုးအားပေးအားမြှောက်မှု လုပ်နေတဲ့ လက်နက်တစ်မျိုးဖြစ်တယ်ဆိုတဲ့အကြောင်း စွပ်စွဲနေတဲ့ တစ်မျိုးမြင် သီအိုရီသမား တွေကို ဘာပြောလိုပါသလဲ?

ဖြေ။ ဒါဟာ ပြက်လုံးကြီးတစ်ခုပါ။ ကျွန်တော်တို့ဟာ အမေရိကန် အစိုးရ၊ စစ်တပ် ဒါမှမဟုတ် အခြား ထောက်လှမ်းရေး အဖွဲ့ တွေဆီက ဘာအကူအညီမှ မရပါဘူး။ ကျွန်တော်တို့ ရုံးခန်းလေးက ကျင်းကျင်းလေးပါ။ လုပ်ရှားဖို့ ငွေကလဲ နဲနဲလေးပဲရှိပါတယ်။ တစုံတယောက်ဟာ ကျွန်တော်တို့ရဲ့ ဝေဖန်သုံးသပ်ချက်တွေကို ခုတ်ချဖို့ကြံနေရုံသက်သက်ပါပယ်။ အဲလို စွပ်စွဲချက် တွေဟာ မှားရွင်းပါတယ်။

မေး။ ဆရာ့ကို ပြည်တွင်းရေးဝင်ရောက် စွက်ဖက်တဲ့ နယ်ချဲ့တစ်ယောက်အဖြစ် ဝေဖန်သူအချို့ဟာ သူတို့ကိုတိုင် ကိုလိုနီနယ်ချဲ့ စိတ်ဓတ်အရင်းခံ ရှိသူတွေလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီ မြန်မာ၊ အီဂျစ် ဒါမှမဟုတ် အခြားဘယ်နိုင်ငံမဆိုက နိုင်ငံသားတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး  ပြင်ပက လမ်းပြအကူအညီမပါပဲ  လှုပ်ရှားမှု မပြုနိုင်ကြသူများဖြစ်တယ်လို့ ယူဆနေသူများ ဖြစ်ကြလို့ ဖြစ်ပါတယ်။

ဖြေ။ အဲဒါဟာ ကောင်းတဲ့ အချက်တစ်ချက်ပါ။ ပြီးတော့ ကျွန်တော့ရဲ့ ရာစုနှစ်ပေါင်းများစွာ၊ နိုင်ငံပေါင်းများစွာ၊ ကမ္ဘာအရပ်ရပ်က လွပ်လပ်ရေး မြတ်နိုးသူများနဲ့ ထိတွေ့မှုပေါင်းများစွာတို့ကို ရင်းပြီး ပြုစုခဲ့တဲ့ ဒီ ဝေဖန်သုံးသပ်မှုကို တိုက်ချဖို့ ကြိုးစားနေသူများရှိလာတဲ့အခါ မှတ်မိဖို့လိုတဲ့ အရေးကြီးတဲ့ အချက်လဲ ဖြစ်တယ်လို့ထင်ပါတယ်။

မကြာခဏဆိုသလိုပဲ ကျွန်တော်တို့ကို တိုက်ခိုက်သူများဟာ ကိုယ်တိုင် အကြမ်းဖက်ရေးကို လိုလားသူများဖြစ်ကြပြီး၊ သူတို့ဟာ အကြမ်းမဲ့သမားတွေကို ချိနဲ့စေလိုပြီး အကြမ်းမဲ့ ဗျူဟာရဲ့ တစ်ကယ် အသုံးဝင်မှုကိုလဲ လျော့နဲစေလိုကြတယ်။ သူတို့ကို ခင်ဗျားတို့ ဘာကူပေးနိုင်သလဲလို့ မေးကြည့်လိုက်ပါ။ အကြိုးဖြစ် ဝေဖန်ရေး အစစ်ကို အမြဲ ဖိတ်ခေါ်ပေမဲ့ မှားရွင်းတဲ့ စွပ်စွဲမှုတွေကတော့ အကျည်းတန်ပါတယ်။

အဲဒီလိုကျွန်တော်ဟာ အမေရိကန် အစိုးရရဲ့ လက်နက်တစ်ခုသာဖြစ်တယ်လို့ မတရား စွပ်စွဲသူတွေအတွက်၊ ကျွန်တော်ဟာ အမေရိကန် အစိုးရ ပေါလစီတွေကို ဝေဖန်လို့ နိုင်ငံသား တာဝန် ပျက်ကွက်မှုနဲ့ အပြစ်ပေးခံရတဲ့ ထောင်ဒါဏ် ၂ နှစ် အနက်က ၉ လကျော်လောက် တကယ် ထောင်ထဲမှာ နေဖူးသူ ဖြစ်တယ်ဆိုတာ အသိရနေစေချင်ပါတယ်။

မေး။ ဆရာ့ လက်ရာတွေဟာ မြောက်အာဖရိကနဲ အရှေ့အလယ်ပိုင်းက အဖြစ်အပြက်တွေကြောင့် လူမြင်ကွင်းကို ပြန်လည် ရောက်ရှိလို့လာပါတယ်။ သတင်းစာတစ်စောင် ခေါင်းကြီးပိုင်းမှာဆိုရင် "ဂျင်းရှ၊ ၈၃ နှစ်အရွယ် အီဂျစ်ကို မြေလှန်ခဲ့သူ" လို့တောင် ဖော်ပြကြပါတယ်။ အဲဒါနဲ့ ပါတ်သက်ပြီး ဘယ်လိုအမြင်ရှိပါသလယ်?

ဖြေ။ ကျွန်တော်ရဲ့ ဝေဖန်သုံးသပ်ချက်တွေဟာ အဲဒီက ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပါတ်သက်ခြင်း ရှိနိုင်ချေရှိလို မရှိနိုင်ချေလဲရှိပါတယ်။ သေချာမသိပါဘူး။ ဒါပေမဲ့ မူဘာရက်ကို ဖြုတ်ချနိုင်ခဲ့ခြင်းရဲ့ ဂုဏ်ထူး ဟာ ကျွန်တော်မဟုတ်၊ အီဂျစ်ပြည်သူတွေနဲ့သာ ထိုက်တန်ပါတယ်။

မေး။ တူနီးရှားနဲ့ အီဂျစ်နောက်ပိုင်း အဲဒီနယ်တဝိုက်က ဆန္ဒပြတဲ့ပုံစံ ပြောင်းလဲလာတာကို တွေ့ရပါတယ်။ လစ်ဗျား ထကြွမှုဟာ လက်နက်ကိုင် တော်လှန်ရေးအထိ ဖြစ်လာတာကို တွေ့ရပါတယ်။ ကုလသမ္မဂနဲ့ အာရပ် ညွန့်ပေါင်းရဲ့ ခွင့်ပြုချက်ရတောင်မှ လက်ရှိအခြေအနေ လစ်ဗျားမှာ ဝင်ရောက်ဟန့်တားတာဟာ မှန်ကန်တယ်လို့ ထင်ပါသလား?

ဖြေ။ ကျွန်တော်ဆိုရင် အဲဒီရွေးချယ်မှုကို ရှောင်ကျဉ်ခဲ့မှာဖြစ်ပါတယ်။ လစ်ဗျား ဒီမိုသမားတွေ အီဂျစ်တွေလိုမျိုး အိမ်စာကြိုမလုပ်ခဲ့ဘူးလို့ ထင်ပါတယ်။ အီဂျစ်မှာဆိုရင် သူတို့ဟာ သေချာ စီစဉ်ပြီး၊ ရဲရင့်စွာ အကြမ်းမဲ့  လှုပ်ရှားဖို့ လုပ်ဖို့ အစီအစဉ်ကို အချိန်တော်တော်ယူ လေ့လာထားပုံရပါတယ်။ ဒါကြောင့်လဲ အောင်မြင်မှုကို အမြန်ရရှိခဲ့တာ ဖြစ်ပါတယ်။ လစ်ဗျားမှာကတော့ အဲလိုဟုတ်ပုံ မရပါဘူး။ လစ်ဗျားတွေက ခေါင်းကြီးဝင်သွားကြတယ်။ သူတို့ဟာ ဂဒါဖီလုပ်နိုင်လောက်တဲ့ ဖိနှိပ်မှုတွေကို ကြိုတွက်ထားဖို့သင့်တယ်။

နိုင်ငံရေး အာခံမှုကို တစ်ကယ် သိရှိနားလည်သူဆိုရင်၊ အာဏာရှင်တွေဟာ သူတို့အတွက် ချိမ်းခြောက်မှုတစ်ခု ရှိလာရင် အဲဒီ ချိမ်းခြောက်မှုကို အမှန်သိမြင်ပြီး တန်ပြန်တိုက်ခိုက်တတ်တာကို သိရှိပါလိမ့်မယ်။ အာဏာရှင်ဟာ ထောင်ချ၊ ရိုက်နှက်၊ သတ်ဖျတ်ပါလိမ့်မယ်။ သူတို့အဲလိုလုပ်လာရင် ဒါဟာ ခင်ဗျားတို့လုပ်နေတဲ့အလုပ်ဟာ အာဏာရှင်တွေအပေါ် ချိမ်းခြောက်မှုရှိနေတယ် ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။

အာဏာရှင်တွေဟာ ခင်ဗျားတို့ကို အကြမ်းနည်းနဲ့ အနိုင်ယူနိုင်ပါတယ်။ အကြမ်းနည်းနဲ့ ယှဉ်ပြိုင်ရင် သေချာပေါက် သူပုံတွေဟာ ဂဒါဖီရဲ့ လက်နက်ကိုင်တပ်တွေကို မနိုင်နိုင်ပါဘူး။ နောက်ဆုံးတော့ သူတို့ဟာ သူတို့လိုချင်တဲ့ အားဖြည့်မှု၊ အောင်မြင်မှု အစစ်အမှန်တွေကို ပေးနိုင်စွမ်းမရှိတဲ့ ပြင်ပအကူအညီကို တောင်းဆိုရုံသာ တပ်နိုင်တော့တယ်။

မေး။ မြန်မာလိုနိုင်ငံမျိုးမှာ တရားဝင် ငြိမ်းချမ်းတဲ့ တောင်းဆိုမှုတွေ ဖြစ်ပေါ်လာလို့ အကြမ်းဖက်နှိမ်နင်းခံရတဲ့အခါ ဆန္ဒပြသူတွေဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့၊ ပြန်လည်တိုက်ခိုက်ဖို့၊ ပြည်တွင်း ရဲနဲ့ စစ်တပ်တို့နဲ့ ပူးပေါင်းဖို့၊ ပြည်ပစစ်တပ် အကူအညီ တောင်းခံဖို့ အခွင့်အရေးရှိတယ်လို့ ထင်ပါသလား?

ဖြေ။ လူတွေရဲ့ ကံမကောင်းတဲ့ ရွေးချယ်မှုလို့ပဲ ထင်ပါတယ်။ ရန်သူဟာ အကြမ်းဖက်မယ်၊ ဖိနှိပ်မယ်ဆိုတာ မှန်းထားပြီးသားဖြစ်ပါတယ်။ အခြားတယောက်ကို ကူပါလို့ ခေါ်ရင် အဲဒီလူဟာ သူတို့ရဲ့ အကြိုးစီးပွါးကိုပါကြည့်နိုင်တဲ့အပြင်၊ ခင်ဗျားတို့ နိုင်ငံကိုပါ စစ်မြေပြင်အဖြစ် ပြောင်းလဲလိုက်နိုင်ခြေ ရှိပါတယ်။ သူတို့ဟာ ဖိနှိပ်သူတွေကို ကူဖြုတ်ခဲ့တယ်ထား၊ ခင်ဗျားတို့ဟာ အားဖြည့်လောင်းခြင်း အစစ်အမှန်ကို ရနိုင်မှာမဟုတ်ပါဘူး။  လူတွေဟာ နောက်တက်လာမဲ့ အာဏာရှင်အသစ်တွေကို တွန်းလှန်ဖို့ အသင့်ဖြစ်မှာမဟုတ်ပါဘူး။ ယှဉ်ကြည့်ရင်၊ တစ်ကယ်လို့ အီဂျစ်စစ်တပ်က အာဏာသိမ်းဖို့ ကြံတယ်ထား၊ အီဂျစ်ပြည်သူတွေဟာ ဘယ်လို တန်ပြန်ရမလဲဆိုတာ သဘောပေါက်ပြီးဖြစ်ပါတယ်။ သူတို့ဘာသာသူတို့ အာဏာလက်ထဲရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိကြတယ်။

နောက်ဆုံးမှာတော့၊ ဘယ် အကြမ်းမဲ့ ဆန့်ကျင်ရေးမှာမဆို၊ အစီအစဉ်ချဖို့ လိုအပ်တယ်၊ သင်ယူလေ့လာဖို့ လိုအပ်တယ်။

ကိုယ့်ဘာကိုယ် ဘာတွေလုပ်နေလဲဆိုတာ သဘောပေါက်ဖို့ လိုအပ်တယ်။

မေး။ ဆရာဟာ ကမ္ဘာတစ်ဝှမ်းက ကြံစည်သူ၊ အကောင်အထည်ဖော်သူတွေရဲ့ လုပ်ဆောင်ချက်တွေမှာ လွှမ်းမိုးမှုရှိတယ်လို့ ဆိုကြပါတယ်။ ဆရာ့ကိုကော ဘယ်လို ပုဂ္ဂိုလ်တွေက လွှမ်းမိုးမှု ရှိခဲ့ပါသလဲ?

ဖြေ။ ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာတစ်လွှားက လူအမြောက်အများဆီက သင်ယူခဲ့ပေမဲ့ လမ်းပြမီးအိမ်တစ်ခုကို ရွေးထုတ်ပြပါဆိုရင်တို့ ပြနိုင်မယ်မထင်ပါဘူး။ ဂန္ဒီ၊ စေ့စပ်ပြီး အမျှော်အမြင်ကြီးမားတဲ့ ဂန္ဒီဆီကလဲ သင်ယူဖူးခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်တုံးက ဖက်စစ်အစိုးရကို တော်လှန်ခဲ့တဲ့ နော်ဝေးတွေဆီကလဲ သင်ယူခဲ့ပါတယ်။ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူအားနီးရား စတဲ့ ဘောတစ်နိုင်ငံတွေရဲ့ အကြမ်းမဲ့ ဆန့်ကျင်ရေးတွေဆီကလဲ သင်ယူခဲ့ပါတယ်။ နိုင်ငံရေး ကျမ်းစာ၊ နိုင်ငံရေး တန်ခိုးရှင်တွေဆီက သင်ယူခဲ့ခြင်းမရှိပါ။ အများစုကတော့ ကိုယ်တွေ့ သင်ယူမှုနဲ့ ဆင်ခြင်တုံတရားသာ ဖြစ်ပါတယ်။


ဧရာဝဒီမှ အင်တာဗျူးအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။
Pyo Pone

ဖျာပုံ ရေလုပ်သား ၄ဝဝဝ ကျော် ပျောက်ဆုံးနေဆဲ


မျိုးသိဏ်း | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ စိုက်ဆင်းလေပြင်းကြောင့် ငါးဖမ်းစက်လှေနှင့် ပုစွန်ဖမ်းကျားဖောင်များ ပျက်စီးကာ ပျောက်ဆုံးနေသည့် ရေလုပ်သား အရေအတွက် ဖျာပုံခရိုင် တခုအတွင်းပင် လေးထောင်ထက်မနည်းရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

အင်္ဂါနေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အပတ်စဉ် သားငါးကဏ္ဍဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးပွဲတွင် ဖျာပုံခရိုင်အတွင်း ကျားဖောင် ၂ဝဝဝ ကျော်ခန့်မှ အလုပ်သမား ၄ထောင်ထက်မနည်း ပျောက်ဆုံးနေသေးကြောင်း ဦးဝင်းကြိုင်က ပြောဆိုသွားခဲ့သည်ဟု တက်ရောက်သတင်းယူခဲ့သည် သတင်းထောက်တဦးက ပြန်လည်ပြောပြခြင်းဖြစ်သည်။

“သူပြောတာက ဖျာပုံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ကျားဖောင် ၁၅ဝဝ နဲ့ ၊ မှတ်ပုံမတင်ထားတာ ၅ဝဝ ကျော်ရှိတယ်ပေါ့နော်။ ဖောင်တစီးကို အနည်းဆုံး လူသုံးယောက် အနည်းဆုံး ပါတယ်ဆိုတော့ လူလေးထောင်ထက်မနည်း ပျောက်ဆုံးနေသေးတယ်လို့ ပြောတယ်” ဟု သတင်းထောက်က ပြောသည်။

ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနသို့ မဇ္ဈိမက ဆက်သွယ်စုံစမ်းရာ တာဝန်ရှိသူတဦးက - ဖျာပုံခရိုင်အတွင်းရှိ ကျားဖောင်များ အားလုံး ရာနှုန်းပြည့် ပျက်စီးသွားကြောင်းနှင့်၊ ပိုက်များမှာမူ ရေတွင်ချထားပြီး ဖြစ်၍ ၅ဝ ရာခိုင်နှုန်းခန့်သာ ဆုံးရှုံးကြောင်း အတည်ပြုသည်။

"သေဆုံးတို့ ပျောက်ဆုံးတို့ စာရင်းတွေကတော့ ကျနော်တို့က အတည်မပြုနိုင်သေးတာတွေရယ် စာရင်းအကုန် မရတာရယ် ရှိတယ်။ တချို့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ရောက်နေကြတာတွေ ရှိတယ်" ဟု ဖျာပုံ ငါးဦးစီးမှ တာဝန်ရှိသူက ပြောသည်။

ဗုဒ္ဓဟူးနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် မတ်လ ၁၄ ရက်မှ ၁၇ ရက်အကြား ရာသီဥတုကြောင့် ငါးဖမ်းစက်လှေ ၁၇ စီးခန့် ငါး၊ပုစွန်ဖောင် ၈ဝဝ ခန့် ပျက်စီးခဲ့ကြောင်း၊ ရေမျော ဒုက္ခသည် ရေလုပ်သားများ စုစုပေါင်း ၃၆၃၈ ဦး ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသော်လည်း သေဆုံး၊ ပျောက်ဆုံး စာရင်းများ ဖော်ပြထားခြင်း မရှိပေ။
http://www.mizzimaburmese.com/news/inside-burma/7163-2011-03-23-13-58-55.html

တရားစွဲသည့် လယ်ပိုင်ရှင်များကို အမှုဆင် ရိုက်နှက်ဖမ်းဆီး

ဇာနည်မာန် Wednesday, 23 March 2011 19:22
မကွေးတိုင်း၊ သရက်ခရိုင် ကံမမြို့နယ် စစ္စရံကျေးရွာ အနီးတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ထူးကုမ္ပဏီတို့ ပူးပေါင်း၍ ကော့စတစ်စက်ရုံ တည်ဆောက်ရန် လယ်ယာမြေများ သိမ်းယူမှုအပေါ် တရားစွဲဆိုထားသည့် လယ်ပိုင်ရှင်များကို မတ်လ ၂၁ ရက်နေ့ညက ယင်းကုမ္ပဏီများမှ စေခိုင်းသူဟု ယူဆရသူများက ရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည့်အပြင် ရဲစခန်းမှ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ရွာခံတဦးက “ဦးသန်းဦးက ခေါင်းမှာ ဒဏ်ရာတွေ အများကြီးရတယ်။ ခေါင်းက ဒဏ်ရာက သွေးမတိတ်သေးဘူး။ ဦးအောင်လင်းလည်း တကိုယ်လုံး ဒဏ်ရာတွေချည်းပဲ။ ဗိုက်လည်း တအားအောင့်တယ်လို့ပြောတယ်။ သူတို့ အခု ကံမဆေးရုံမှာ။ ခြေကျင်းတွေ ခတ်ထားတွေ့တယ်။ သူတို့နဲ့ အဖော်ပါတဲ့ ၃ ယောက်က လွတ်သွားပေမယ့် မနက်မှာ ရဲက မေးစရာရှိတယ်ဆိုပြီး လာခေါ်သွားတာ ပြန်မလွတ်သေးဘူး” ဟု ပြောသည်။

ဦးသန်းဦး၊ ဦးအောင်လင်းနှင့် တခြား လယ်ပိုင်ရှင် ၂ ဦးတို့ ပိုင်ဆိုင်သော လယ်ဧက ၄ ထောင်ကျော်ကို ၂၀၁၀ နှစ်ကုန်ပိုင်းအတွင်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ထူးကုမ္ပဏီတို့က နစ်နာကြေးတစုံတရာမပေးပဲ သိမ်းယူခဲ့သည်။

လယ်မြေပိုင်ဆိုင်ခွင့် ပြန်လည်ရလိုမှုနှင့် မတရားသိမ်းယူမှုအပေါ် တရားရုံးအဆင့်ဆင့်သို့ တိုင်ကြားထားခြင်းကို တဘက်မှ မကျေနပ်၍ အာဏာပိုင်နှင့်ပူးပေါင်းကာ ယခုလို ပြုမူခံရခြင်းဖြစ်သည်ဟု ရွာခံများက ဆိုသည်။

ရွာခံတဦးက “ည ၉ နာရီလောက် သူတို့ ၅ ယောက် ရွာအပြန် အဲဒီရုံးရှေ့လမ်းရောက်တော့ သူခိုး၊ သူခိုးဆိုပြီးတော့ လူ ၂၀ လောက်က ထွက်လာပြီးတော့ ၀ိုင်းရိုက်ကြတာ။ အမှန်က အဲဒီဒီ အခြေစိုက်ရုံးထဲမှာက လုံခြုံရေးအတွက် ရဲ ၃ ယောက်လောက်က ရှိနေတာ။ ဒီလို ရှိနေတာကို သူခိုးဆိုပြီး လုပ်တာက တမင်လုပ်တာပေါ့ဗျာ” ဟု ပြောသည်။

ဒဏ်ရာများရသွားသည့် ၎င်းတို့နှစ်ဦးကို စက်ရုံစီမံကိန်း အခြေစိုက်ရုံးခန်းအတွင်း အခင်းဖြစ်သည့်ညက ချုပ်နှောင်ထားပြီး လာရောက်သည့် မိသားစုဝင်များကိုလည်း တွေ့ဆုံခွင့်မပေးကြောင်း သိရသည်။

လယ်ပိုင်ရှင်များမှ တရားစွဲဆိုမှုကိုလည်း ကံမမြို့နယ်တရားရုံးနှင့် သရက်ခရိုင် တရားရုံးတို့က ပယ်ချခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။

“ကိုယ့်ဘက်က ခံနေရတာ ပေါ်လွင်နေတာကို ဒီလို ဖန်တီးပြီး အာဏာပိုင်တွေနဲ့ ပေါင်းလုပ်တာကို ကျနော်တို့က အထက်အဆင့်ဆင့်ကို ဆက်ပြီး တိုင်သွားမယ်” ဟု ဦးအောင်သိန်းက ပြောသည်။

ပဲမျိုးစုံနှင့် နှမ်းတို့ အဓိကထား စိုက်ပျိုးရာ စစ္စရံကျေးရွာအနီးရှိ အဆိုပါ ကော့စတစ်စက်ရုံစီမံကိန်းအတွက် မြေနေရာ၊ လယ်မြေများတွင် လယ်ပိုင်ရှင်များကို အသိမပေးဘဲ အလံများစိုက်၍ သတ်မှတ်ထားကြောင်း၊ ဆောက်လုပ်ရေးအတွက် ထူးကုမ္ပဏီက တာဝန်ယူထားပြီး ကနဦး မြေဖော်မှု ဆောက်လုပ်မှုများအတွက် စတင်နေရာ လယ်ယာဧက ၄ ထောင်ကျော် ဆုံးရှုံးပြီးဖြစ်ကြောင်း သိရသည်။

ထပ်မံ သိမ်းယူမည့် လျာထား လယ်မြေများလည်း ရှိနေသေးပြီး အဆိုပါ လယ်မြေများကို ထိခိုက်လာပါက လယ်ယာပိုင်ရှင်များက တရားစွဲဆိုမှုများ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း၊ မိမိတို့ လယ်မြေများ ဆုံးရှုံးရမှုကြောင့် အဆိုပါ စက်ရုံတည်ဆောက်မှုကို မလိုလားကြကြောင်း ဒေသခံများက ပြောသည်။
http://www.irrawaddy.org/bur/index.php/news/6033-2011-03-23-12-23-51

ဗုံးကွဲမှု သံသယဖြင့် ရခိုင်တိုင်းရင်းသားများကို ဖမ်းဆီးနှိပ်စက်

E-mail Print
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်ဇေယျအိမ်ရာတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးကွဲမှု သံသယဖြင့် ရန်ကုန်တိုင်း မြို့နယ်များရှိ ရခိုင်တိုင်းရင်းသား ၁၀၀ ခန့်ကို အာဏာပိုင်များက ဖမ်းဆီး နှိပ်စက် စစ်မေးကြောင်း သိရသည်။

Home-made-bomb
ဗုံးကွဲမှုတွင် ဒဏ်ရာရရှိသူ၏ အိမ်ခန်းတွင် ရှာဖွေတွေ့ရှိပြီးနောက် အသက်မဲ့အောင် ပြုလုပ်ထားပြီးဖြစ်သော လက်လုပ်ဗုံးတလုံးဟုဆိုကာ စစ်အစိုးရသတင်းစာတွင် ဖော်ပြထားသည့်ပုံ (ဓာတ်ပုံ - မြန်မာ့အလင်း)
ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့ပြီး စစ်အစိုးရ သတင်းစာများက တရားခံဟု ဖော်ပြသူနှင့် အောင်ဇေယျ အိမ်ရာတွင် အတူနေထိုင်သူမှာ ရခိုင်တိုင်းရင်းသား တဦးဖြစ်ပြီး ထွက်ပြေးလွတ်မြောက် သွားသဖြင့် အင်းစိန်၊ လှိုင်သာယာ အပြင် တခြားမြို့နယ်များမှ ရခိုင်တိုင်းရင်းသားများကိုပါ လိုက်လံဖမ်းဆီး စစ်မေးနေခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ် ရခိုင်မောင်မယ်အသင်း ဥက္ကဋ္ဌ ဦးစောလှအောင်ကို လှိုင်သာယာမြို့နယ် ရဲစခန်းက ၄ ရက်ကြာ ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ်အတွင်း လူမျိုးရေး စော်ကားသည့် အသုံးအနှုန်းများဖြင့် ပြောဆိုခဲ့ကြောင်း ဦးစောလှအောင်နှင့် နီးစပ်သူတဦးက ပြောသည်။

ရခိုင်အမျိုးသားများဖြစ်သည့် ကိုကျော်လှစိန် (၂၇နှစ်)၊ ကိုအောင်မြသန်း (၃၁နှစ်) တို့ ညီအစ်ကိုနှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ပြီး ကိုအောင်မြသန်းကို ၄ ရက်ကြာတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ကိုကျော်လှစိန်ကို ၁၀ ရက်ကြာ နှိပ်စက်စစ်ဆေးခဲ့ကြောင်း၊ ထိုးကြိတ် ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး စိတ်မူမှန်ဖြစ်နေကြောင်း ၎င်းတို့၏ မိသားစုဝင်တဦးက ဆိုသည်။

၎င်းက “လတ်တလောမှာ စိတ်မူမှန်တော့ဘူး။ ဘယ်သူလာလာ ကျနော့်ကို မရိုက်ပါနဲ့၊ မဟုတ်ပါဘူးဆိုပြီးပဲ ပြောနေတယ်။ လောလောဆယ်တော့ စိတ်ရောဂါ အထူးကုဆရာဝန်တွေနဲ့ ပြနေရတယ်။ ဒါမှ မရရင်တော့ စိတ်ကျန်းမာရေးဆေးရုံ တင်ရမယ်ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တခြားသော ရခိုင်တိုင်းရင်းသားများဖြစ်သည့် ကိုသက်တင်ဟန် (၂၆နှစ်) ကို ၄ ရက်ကြာ၊ မောင်စောရွှေ ( ၂၇ နှစ်) ကို ၁၀ ရက်ကြာ၊ ကိုသက်တင်ဟန်၏ ဖခင်ဖြစ်သူ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်ဝေကို ၂ ရက်ကြာ အသီးသီး ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ရခိုင်မောင်မယ် အသင်းဝင်များထံမှ သိရသည်။

ဖမ်းဆီး စစ်ဆေးမှုများကို လှိုင်သာယာနှင့် လှည်းကူးမြို့နယ် ရဲစခန်းတို့မှ ပြုလုပ်ခြင်းဖြစ်ပြီး လူမျိုးရေး စော်ကားသည့် စကားများပြောဆိုကာ ရိုက်နှက်ခဲ့သူများတွင်  လှိုင်သာယာမြို့နယ် ရဲအထူးသတင်းတပ်ဖွဲ့မှ မြင့်ဦး၊ စခန်းမှူး လှအောင်၊ လှည်းကူးမြို့နယ်မှ ဒုရဲမှူး အောင်မြင့်၊ ဖောင်ကြီးရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းလင်းတို့ ပါဝင်ကြောင်း၊ ၎င်းတို့က ငါ ဘယ်သူကွဟု ပြောဆိုပြီး ရိုက်နှက်ဆဲဆိုသဖြင့် မှတ်မိခြင်းဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူများက ဆိုသည်။

စစ်ဆေးနေစဉ်တွင် လှည်းကူးရဲစခန်းမှ ဒုရဲမှူး အောင်မြင့်နှင့် အဖွဲ့က လူမျိုးရေး စော်ကားမှုများ ပြောဆိုပြီး အဖွဲ့လိုက် ၀ိုင်းဝန်းရိုက်နှက်ကြောင်း၊ ညို့သကျည်းကို မျဉ်းလုံးဖြင့် လှိမ့်ခြင်း၊ ထုတ်တန်းတွင် ဇောက်ထိုးဆွဲ၍ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမည်မဖော်လိုသည့် ဖမ်းဆီး စစ်မေးခံရသူတဦးက “ကျနော်တို့ မခံနိုင်ဆုံးကတော့ မအေ၊ နှမတွေနဲ့ မိုက်မိုက်ရိုင်းရိုင်း ဆဲတယ်။ တချက်ရိုက်တိုင်း လူမျိုးကို စော်ကားတယ်။ ဆဲတယ်။ ကျနော်တို့နဲ့လည်း ဘာမှ မပတ်သက်ဘူး။ တရားခံလည်း မဟုတ်ဘူး။ တရားခံ မဟုတ်လို့ လက်ထိပ်မခတ်ပါနဲ့ဆိုတော့ သူတို့က မင်းတို့တွေကို နှိပ်ကွပ်ချင်နေတာကြာပြီ၊  အမှုနဲ့တကယ် မပတ်သက်လည်း ထောင် မကျ ကျအောင် ချမယ်၊ ကြည့်မရတာကြာပြီဆိုပြီး ပြောတယ်” ဟု ဆိုသည်။

ဗုံးဖောက်ခွဲရာတွင် ဒဏ်ရာရခဲ့သည့် တရားခံဆိုသူ ခေါ်ယူအသုံးပြုလေ့ရှိသော ရခိုင်တိုင်းရင်းသား အငှားယာဉ်မောင်းတဦးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ပြီး ညို့သကျည်းကို မျဉ်းလုံးဖြင့် လှိမ့်သဖြင့် ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရပြီး လမ်းမလျှောက်နိုင်တော့ကြောင်းလည်း သိရသည်။

ဖမ်းဆီး စစ်မေးခံရသူများကို အကူအညီပေးနေသူတဦးက ဤကိစ္စများကို သက်ဆိုင်ရာသို့ တိုင်ကြားမည့် ကိစ္စနှင့် ပတ်သက်၍ “စစ်ဆေးခံရတဲ့သူတွေအားလုံး ဘာမှပတ်သက်မှုမရှိလို့ ပြန်လွှတ်ပေးလိုက်ပြီ။ ဒါပေမယ့် အပြစ်မဲ့ပြည်သူတွေအပေါ် အနိုင်ကျင့်တာတွေကိုတော့ သူတို့ပြန်တာဝန်ယူရမှာပါ” ဟု ပြောသည်။

ယင်းကဲ့သို့ ရခိုင်တိုင်းရင်းသားများ အနိုင်ကျင့်စော်ကားခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရခိုင်လူမျိုးစုလွှတ်တော်အတွက် ရခိုင်တိုင်းရင်းသားများ မဲပေးရွေးချယ်ထားသည့် ဦးဇော်မောင်ကို အကြောင်းကြားထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်မှ ရခိုင်တိုင်းရင်းသား တဦးက “ရခိုင်အမျိုးသားတွေရဲ့ အရေးကိစ္စတွေကို ကာကွယ်ဖို့ ရခိုင်အမျိုးသားတွေက မဲပေးရွေးချယ်ထားတာပါ။ ဒါပေမယ့် ဒီကိစ္စကို ဘာမှ ထိထိရောက်ရောက် ကိုင်တွယ်တာ မတွေ့ရဘူး။ ဒီလိုဖြစ်နေတာတောင် ကျနော်တို့ ဖုန်းဆက်အကြောင်းကြားမှ သိတယ်။ သူဘာမှ မသိဘူး” ဟု ဆိုသည်။

၂၀၁၀ အတွင်း နိုင်ငံအနှံ့ ၈ နေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၁ ဒါဇင်ကျော်နှင့် ဒဏ်ရာရသူ ၁၉၀ နီးပါး ရှိခဲ့သည်။

စစ်အစိုးရသည် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပါက ပြည်ပအခြေစိုက် အစိုးရဆန့်ကျင်သော အဖွဲ့အစည်းများ၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုစွပ်စွဲလေ့ရှိသည်။
http://www.irrawaddy.org/bur/index.php/news/6026-2011-03-23-08-52-32