Saturday, March 26, 2011

ဆီဆိုင်နဲ့ နောက်ခန်း အပြည့် ဆီတိုင်ကီလုပ်ထားတဲ့ ဘောက်ဆာ





Ah Bayah .......ဒီလို ဓါတ်ဆီဆိုင်တွေနဲ့ ... နောက်ခန်း အပြည့် ဆီတိုင်ကီလုပ်ထားတဲ့ ..ဘောက်ဆာ တွေ ပေါင်းရိုက်နေကြတယ် ။ ဘာမှ ပြောင်းလဲမှု မရှိတဲ့ မြန်မာပြည် နဲ့ စစ်အစိုးရ ပဲ ။

ဆင်သေကို ဆိတ်ရေ ဖုံးပါလို့ဦးချစ်လှိုင် ပြန်လာပြီ




အလင်းမှာ အမှောင်ဆိုတဲ့ သတ္တိတစ်မျိုး ကိန်းဝပ်နေသလို၊ အဖြစ်မှာ အပျက်၊ ဇာတိမှာ မရဏဆိုတဲ့ သဘောဗီဇမူလတွေ တည်ရှိနေမှုဟာ ရှောင်လွှဲလို့ မရတဲ့ လောကနိယာမတွေ ဖြစ်ပါတယ်။ မရဏမရောက်ခင် ဇရာဆိုတဲ့ ကာလလေးကို ကံကောင်းထောက်မစွာ ဖြတ်ခွင့်ရသူ အချို့ရဲ့ လောကအမြင်တွေဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းတတ်ပါတယ်။

အထူးသဖြင့် ဘဝတလျှောက်လုံးမှာ အဆိုးတွေနှင့် သံသရာလည်ခဲ့မိရင်တောင်မှ မိမိရဲ့ နောက်ဆုံးအချိန်တွေမှာ အတိတ်က သင်္ခန်းစာတွေ ထုတ်နှုတ်ပြီး လောကကို အလင်းဆောင်၊ အကျိုးပြု ပေးဆပ် သွားလေမလား။ ဒေါသ အာဂါတတရားတွေ မုန်တိုင်းထန်ဆဲ၊ မိုက်လုံးကြီးဆဲဘဲလား။ ဒါမှမဟုတ် မျက်မှုံ၊ စွယ်ကျိုး၊ အံနဲ့၊ ဒူးဆီခန်းလာတဲ့ ဘဝအခြေအနေမျိုးမှာ ခြေနှစ်ချောင်း ပြိုင်ထောက်လိုက်ရင် ကမ္ဘာကြီးက ဝန်ပိပြီး ပြိုကျသွားမှာစိုးလို့ သတ္တဝါတွေကို သနားသောအားဖြင့် ခြေတစ်ချောင်းသာ ထောက်ရင်း မျက်နှာမော့၊ ပါးစပ်ဟ၊ လေကိုသာ စားနေဟန်ဆောင်တဲ့ ကြောင်ဖါးအိုကြီးလို ကြွက်ကလေးတွေကို တနည်းတဖုံနှင့် လှည့်ဖျားစားသောက်ဖို့ ကြိုးစားနေဦးမှာလား။

လောကသို့ ကောင်းသောလာခြင်း၊ လောကတွင် ကောင်းသောနေခြင်း၊ လောကမှ ကောင်းစွာထွက်ခွါခြင်းဆိုတဲ့ ကောင်းခြင်းသုံးပါးနှင့် ပြည့်စုံသူများဟာ လူဖြစ်ရကျိုး အနပ်ဆုံးသူများ ဖြစ်ပါတယ်။ အခြေအနေတွေအရ ကောင်းသော လာခြင်း၊ ကောင်းသော နေခြင်း မဖြစ်ခဲ့ရင်တောင် အနိမ့်ဆုံးအားဖြင့် ကောင်းသောသွားခြင်းဖြစ်အောင် ကြိုးစားသင့်ကြပါတယ်။

လူတစ်ယောက်ရဲ့ တန်ဖိုးကို အဲဒီလူရဲ့ ပုခုန်းပေါ်မှာ ကျရောက်နေတဲ့ လူ့တာဝန်၊ ခေတ်တာဝန်ကို သူဘယ်လောက် ထမ်းဆောင်နိုင်သလဲ ဆိုတာနဲ့ တိုင်းတာတယ်လို့ ဗန်းမော်တင်အောင်က ဆိုခဲ့ပါတယ်။ ဦးဝင်းတင်က ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်ခြင်းဆိုတဲ့ ခေါင်းစဉ်နှင့် သူ့ခေတ်၊ သူ့ဝန်အကြောင်းကို မှတ်ကျောက်တင်နေဆဲပါ။

ဦးချစ်လှိုင်၊ မောင်စူးစမ်း၊ သခင်တင်မြ၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဆရာတော်ဦးဥတ္တမ၊ ဗိုလ်ချုပ်အောင်ဆန်းစသူတွေ သူတို့ခေတ်တွေကို ဘယ်လို ဖြတ်ကျော်ခဲ့ကြသလဲ။ သူတို့သည် လောကရဲ့ ကောင်းချီးတွေ၊ ဂုဏ်တွေ၊ အမြိုက်တွေလား။ လောကရဲ့ ဝန်တွေ၊ အဆိပ်တွေ၊ အမိုက်တွေလား။ သမိုင်းက မျက်နှာမလိုက်တန်း မှတ်တိုက်သွားမှာပါ။

ပေါ်ပြူလာ သတင်းမှာ မဆလ သဘောတရား ထိပ်ခေါင်ဆရာကြီး ဦးချစ်လှိုင်နှင့် တွေ့ဆုံမေးမြန်းခဏ်းကို ဖတ်လိုက်ရပါတယ်။ တိုင်းပြည်အတွက် သင်္ခန်းစာ ယူစရာတွေ၊ လေ့လာစရာတွေ တပုံတပင်ကြီး ဖတ်ရလို့ ပေါ်ပြူလာနှင့် ဦးချစ်လှိုင်ကို ကျေးဇူးတင်ပါတယ်။ အဲဒီ လေ့လာစရာတွေ၊ သင်္ခန်းစာတွေရဲ့ အောက်မှာ ဘွားကနဲ တွေ့လိုက်တာကတော့

- - - ဒေါက်တာ မောင်မောင်ခမျာလည်း ကြိုးစားသေးတယ်။ အရေးအခင်းမှာ လူထု ခေါင်းဆောင်တွေ ညံ့ဖျင်းလို့။ ဒေါက်တာမောင်မောင် ကမ်းလှမ်းတာကို လက်ခံလိုက်ရင် ပြီးပြီ။ လူထုလက်ထဲ အာဏာရောက်သွားပြီ။ လူထု ခေါင်းဆောင်ကလည်း အစိုးရကို မကျေနပ်တာ။ လမ်းစဉ်ကို မကျေနပ်တာ။ ဦးနေဝင်းကို မကျေနပ်တာပဲ ရှိတယ်။ ဒေါသဖြစ်တာပဲ ရှိတယ်။ နိုင်ငံရေး မလုပ်တတ်ဘူး။ သူတို့ကိုလည်း အဲဒီလို ဘဘက ပြန်စွပ်စွဲချင်တယ်။ ဒေါက်တာမောင် မောင်က ခင်ဗျားတို့လာကြပါ။ ကျောင်းသားသမဂ္ဂလည်း ပြန်ဆောက်မယ်၊ ခင်ဗျားတို့နဲ့လည်း ဆွေးနွေးမယ်။ ဘယ်လိုရွေးကောက်ပွဲလုပ်မယ်။ အဲသလောက်ခေါ်တာကိုပဲ သူတို့က မလာကြဘူး။ အမှန်က ဒေါက်တာမောင်မောင်ခေါ်တာက ဒီမှာ ရဲတိုက်ကြီးရှိတယ်။ ခင်ဗျားတို့ ဝင်လာကြ။ သော့က ကျုပ်လက်ထဲမှာရှိတယ်။ ရဲတိုက်ထဲက ပစ္စည်းတွေ ခင်ဗျားတို့ ပိုင်ရမယ်။ ခင်ဗျားတို့အတွက် ကော်ဇောနီလည်း ခင်းထားတယ်။ လာကြပါလို့ ခေါ်တာကို မလာတာ။ သူတို့လက်ထဲကို သော့အပ်မလို့ ဒေါက်တာ မောင်မောင်က ခေါ်တာ။ မှတ်မိတယ်မို့လား။ အဲဒီအခွင့်အရေးဟာ အကြီးမားဆုံးအခွင့်အရေး။ သူတို့ ပထမဆုံး ဆုံးရှုံးတာ။ ဒုတိယဆုံးရှုံးတာက ဘာလဲဆိုတော့ ရွေးကောက်ပွဲနိုင်ရဲ့သားနဲ့ ၁/၉ဝ နဲ့ စစ်တပ်က ခေါ်တာကို မယူလိုက် တာ။ ယူလိုက်ရင် အခုလောက်ဆို သူတို့လက်ထဲ အာဏာရောက်နေပြီ။ အဲတော့ ဘာမှမတတ်နိုင်ဘူး။ ခံပဲ။ နှစ်ခါဆုံးရှုံးသွားတယ်။ ဦးစိန်လွင်လည်း လုပ်ခွင့်မရလိုက်ဘူး။ - -

- - - ကိုစိန်လွင်က လုပ်ဖို့ကြံသေးတယ်နော်။ အားလုံးကို ပြန်ကောင်းအောင် လုပ်မလို့။ ဒေါက်တာမောင်မောင်ပေါ်လာတော့ သူကပိုပြီး ဥပဒေနားလည်တော့ သူကဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ အရပ်သားတွေပါတဲ့ ဥပဒေကောင်စီဖွဲ့ဖို့ လုပ်နေပြီ။ - - -(စာမျက်နှာ ၁၁)

သမ္မတဖြစ်တာနဲ့ ကျောင်းသားသူငယ်ပါ မချန် လူထုကို ရက်ရက်စက်စက် ရာချီ ပစ်သတ်လွန်းလို့ Butcher of Rangoon (ရန်ကုန်က သားသတ်သမား)လို့ အမည်ဆိုးနှင့် ကမ္ဘာကျော်ခဲ့တဲ့ ဦးစိန်လွင်ကိုတောင် လုပ်ခွင့် မရလိုက်ရှာဘူးလို့ ဦးချစ်လှိုင်က ဂရုဏာသက်ရှာပါတယ်။ လုပ်ခွင့်များ အပြည့်ရလိုက်ရင် တိုင်းပြည်မှာ လူကျန်မယ်တောင် မထင်ပါဘူး။ သူကိုယ်တိုင်က စစ်အုပ်စုနှင့် တစ်လှေတည်းစီး တစ်အုပ်စုတည်း ဖြစ်နေသေးကြောင်းကို အမှတ်မထင် လှစ်ပြလိုက်မိခြင်း ဖြစ်ပါတယ်။

အဲဒီတုန်းက ဒေါက်တာမောင်မောင်က ကမ်းလှမ်းခဲ့ခြင်းဟာ အမှန်တစ်ကယ်ဘဲ လူထုလက်ထဲ အာဏာအပ်ဖို့ဖြစ်တယ်။ လက်မခံလိုက်တဲ့ လူထုခေါင်းဆောင်တွေ ညံ့ဖျင်းလို့သာ အခုလို ဖြစ်နေရတာလို့ ဦးချစ်လှိုင်က ဆိုပါတယ်။

လူထုဘက်ကတော့ ရှင်းပါတယ်။ ၂၆နှစ်လုံးလုံး ပြည်သူကို နည်းမျိုးစုံနှင့် နှိပ်စက်ပြီး ကိုယ်ကျိုးရှာနေခဲ့တဲ့ ဗိုလ်ချုပ်နေဝင်း စစ်အုပ်စုက အမြင်မှန်ရ၊ ချက်ချင်း သူတော်ကောင်းဖြစ်သွားပြီး လူထုဆန္ဒ လိုက်လျောမယ်ဆိုတာ ယုံကို မယုံလို့ လက်မခံခဲ့တာပါ။ ဒေါက်တာမောင်မောင်ကလည်း သမ္မတသာဆိုတယ်။ ဗိုလ်ချုပ်နေဝင်းက ဝင်ဆို ဝင်၊ ထွက်ဆို ထွက်ရတဲ့ ရုပ်သေးရုပ်ဘဲ ဆိုတာကိုလည်း ဖြစ်ရပ်တွေက သက်သေထူခဲ့ပြီဘဲ။ ဦးချစ်လှိုင်ပြောသလို ဒေါက်တာမောင်မောင် ကမ်းလှမ်းတာကို လက်ခံလိုက်ရင် တစ်ကယ်ဘဲ ဒီမိုကရေစီ ရသွားမလား (သို့မဟုတ်) လူထုထင်သလို ဒေါက်တာမောင်မောင်က ဗိုလ်ချုပ်ကြီး အမိန့်အရ လိမ်ဖို့ ထောင်ချောက်ဆင်၊ အချိန်ဆွဲခဲ့တာလားကတော့ လူထုနှင့် လူထုခေါင်းဆောင်တွေက အဲဒီကမ်းလှမ်းချက်ကို လက်မခံခဲ့လို့ ဘယ်ဘက်ကမှ အထင်အရှား သက်သေ မပြနိုင်တော့ပါဘူး။ ဒါ့ကြောင့် သက်သေမပြနိုင်တဲ့ ဒီအချက်ကို သူမှန်၊ ငါမှန် ကန်ငြင်းနေမဲ့အစား အဲဒီနောက်ပိုင်း တပ်မတော်ရဲ့ လုပ်ရပ်တွေ၊ အမူအကျင့်တွေ၊ ဖြစ်စဉ်တွေမှတဆင့် ဓမ္မဒိဌာန်ကျကျ ဘက်မလိုက်တန်း ကောက်ချက် ဆွဲကြည့်ကြရအောင်ပါ။

ဒေါက်တာမောင်မောင် ကမ်းလှမ်းတာ လက်မခံခဲ့လို့ စစ်တပ်ကဘဲ အကြမ်းဖက် အာဏာပြန်သိမ်းပြီး ၁၉၉၀ မေလ(၃၀)မှာ ရွေးကောက်ပွဲ လုပ်ပေးခဲ့တဲ့ကာလကို ပြန်ကြည့်ပါ။ ရွေးကောက်ပွဲ မတိုင်မီ မတ်လ(၂၇) တပ်မတော်နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်က တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲပြီးတာနဲ့ အနိုင်ရပါတီကို အာဏာအပ်ပြီး စစ်တပ်က စစ်တန်းလျားကို ပြန်မယ်လို့ တနိုင်ငံလုံးကို အတိအလင်း အသံလွှင့် ဂတိပေးခဲ့ပါတယ်။ ဦးချစ်လှိုင် မှတ်မိမှာပါ။

ရွေးကောက်ပွဲပြီးတော့ တစည ရှုံးတာနဲ့ တပ်မတော်က တပ်မတော်က ထုံးစံအတိုင်း ကိုယ့်တံတွေး ကိုယ်ပြန်မျိုပြီး အမိန့်အမှတ် ၁/၉၀ကိုထုတ်၊ ရွေးကောက်ပွဲဟာ အခြေခံဖွဲ့စည်းပုံဆွဲဖို့သာ ဖြစ်တယ်လို့ မျက်နှာပြောင်တိုက် လူသိရှင်ကြား ဗြောင်လိမ်လိုက်တာကို ထောက်ဆခြင်းဖြင့် ဒေါက်တာမောင်မောင် အရင်တုန်းက ကမ်းလှမ်းခဲ့တာကလည်း ဗိုလ်ချုပ်ကြီးများရဲ့ အလိမ်အညာ တစ်မျိုးသာ ဖြစ်တယ်လို့ ကောက်ချက်ဆွဲမယ်ဆိုရင် သဘာဝမကျဘူးလို့ ဦးချစ်လှိုင် ငြင်းချက်ထုတ်ချင်ပါသလား။

နောက်တစ်ခါ ၁/၉၀မှာ ဖွဲ့စည်းပုံဆွဲဖို့ စစ်တပ်က ခေါ်တာကို မယူလိုက်လို့ ဒုတိယအရှုံးလို့ ဦးချစ်လှိုင်က ဆိုပြန်ပါတယ်။ ပြည်သူလူထုက အစိုးရဖွဲ့ဖို့ မဲပေးလိုက်တဲ့ အနိုင်ရပါတီကို သူ့လူတွေ(ဦးချစ်လှိုင်ရဲ့ သွေးသောက်ကြီးတွေ) ရှုံးတာနဲ့ ဖွဲ့စည်းပုံဘဲ ဆွဲရမယ်ဆိုပြီး အပြောတမျိုး အလုပ်တမျိုးလုပ်နေကျ ဗိုလ်ချုပ်တွေက အမိန့်ထုတ်လေတော့ ဟုတ်ကဲ့ခင်ဗျာ။ ကျနော်တို့က ဖွဲ့စည်းပုံဘဲ ဆွဲပါတော့မယ်ဗျာလို့ ပြည်သူ့မျက်နှာ ပြန်မငဲ့ဘဲ ဘယ်နိုင်ငံရေးသမားက လွယ်လွယ် ဒူးထောက်ချင်ပါ့မလဲ။

သို့သော် ၁/၉၀က တစ်ကယ်ဘဲ တိုင်းပြည်ကောင်းကျိုးအတွက် လိုအပ်တဲ့အတွက် လမ်းကြောင်းမှန်ဖြစ်တယ်လို့ တပ်မတော်ခေါင်းဆောင်ကြီးများက ယုံကြည်တယ်ဆိုရင် နောက်ပိုင်းကာလမှာ နိုင်ငံရေးပါတီတွေက ၁/၉၀အတိုင်း သွားပါတော့မယ်ဆိုတော့ ဗိုလ်ချုပ်ကြီးများက ဘာကြောင့် ငြင်းခဲ့သလဲ။ တိုင်းရင်းသားငြိမ်းအဖွဲ့တွေရဲ့ တင်ပြချက်မှန်သမျှကို အကုန်ပယ်ချပြီး ညောင်နှစ်ပင်မှာ စစ်ကျွန်ဖွဲ့စည်းပုံကို ဘာ့ကြောင့် အတင်းအကြပ် တစ်ဖက်သတ် ရေးဆွဲခဲ့တာလဲ။ စစ်ကျွန်ဖွဲ့စည်းပုံ အတည်ပြုရေးအတွက် အခိုး၊ အလိမ်၊ အညစ် ဆန္ဒခံယူပွဲ လုပ်ခဲ့ပုံကိုလည်း မမေ့ထားပါနဲ့။ ဒါတွေကို ထပ်ကြည့်ခြင်းအားဖြင့် ၁/၉၀ကို စကမ်းလှမ်းတုန်းက လက်ခံခဲ့ရင်လည်း အနိုင်ရပါတီတွေကို နိုင်ငံရေးသတ်ပြီး စားနေကြ ကြောင်ဖါးကြီးက လှည့်ဖျားအုန်းမှာဘဲ ဆိုတာကို သက်သေပြနေတယ်လို့ မတွက်ဆနိုင်ဘူးလား။

တစ်ကယ်တော့ ဦးချစ်လှိုင် ပြောချင်တာက စစ်တပ်က စားကြွင်းစားကျန်လောက် ပေးတာကို ကျေးဇူးတင်ကြ။ အရိုးများသော၊ ချေးခါးသောလုပ်ပြီး ဂျီး(ကြေး)များ မနေကြနှင့်။ နာဂစ်ဖွဲ့စည်းပုံအတိုင်း စစ်တပ်ဗိုလ်ကျနေတာ မခံရင် ဒိထက် ပိုဆိုးပြီး စားကြွင်းစားကျန်တောင် ပိတ်သွားလိမ့်မယ်။ အတိတ်က ဖြစ်ရပ်တွေကို ပြန်ကြည့်ကြဆိုပြီး လူထုကို ပညာသားပါပါနှင့် ခြိမ်းချောက်လိုက်ခြင်းသာ ဖြစ်ပါတယ်။ စစ်ဗိုလ်တွေသာ လူတွေဖြစ်ပြီး သာမန်ပြည်သူတွေကို လူလို့ မမြင်နိုင်သေးတဲ့ လူနှင့် လူ့ပါတ်ဝန်းကျင်ရဲ့ အညမည သဘောတရား ထိပ်ခေါင် ဆရာကြီးရဲ့ ဆည်းဆာချိန် လောကအမြင်ပါ။

နာဂစ်ဖွဲ့စည်းပုံအရ တိုင်းပြည်ရဲ့ အမြင့်ဆုံးဆိုတဲ့ သမ္မတကို ဖြုတ်ခွင့်ရှိပေမဲ့ တပ်ချုပ်ကြီးကို ဘယ်သူကမှ ဘာပြစ်မှုနှင့်မှ ဖြုတ်ခွင့် မရှိ။ သွက်သွက်ခါအောင် ရူးနေရင်တောင် ဒီအရူးလက်ထဲက တိုင်းပြည် ကိုင်လှုပ်နိုင်တဲ့ အာဏာကို ဘယ်သူမှ ရုပ်သိမ်းခွင့် မရှိ၊ ပြည်သူ့လွှတ်တော်ကပင် ထိလို့ မရ။ တိုင်းပြည်မှာ အာဏာအပိုင်ဆုံး၊ ထင်သလိုလုပ်၊ ထင်သလို သုံးဖြုံး ရုံသာမက စိတ်ထင်သလို အာဏာသိမ်းခွင့်(လူသတ်ခွင့် လိုင်စင်)ကိုတောင် တရားဝင် ပေးထားလိုက်သေးတယ်။ သောက်ကျိုးနဲ ဒီမိုကရေစီ။ ရင်ပြည့် ရင်ကယ်ဖြစ်လောက်အောင် စားမကုန်၊ သုံးမကုန်တဲ့ တပ်မတော်ရဲ့ စေတနာမှန်တွေပါ။ တပ်မတော်ကျွေးတဲ့ အမဲလုံးတွေကို သားစဉ်မြေးဆက် ငြိမ်ငြိမ်လေး နားရွက်မကုပ်ဘဲ စားကြလို့ သဘောတရား ဆရာကြီး ဦးချစ်လှိုင်က သူနှင့် သွေးတူ မွေးတူ စစ်ဗိုလ်တွေဘက်က ရွှေကြိုလုပ်နေခြင်းသာ ဖြစ်ပါတယ်။

ရောင်စုံသူပုန်ကာလမှာ ဗမာပြည် ကွန်မြူနစ်တွေ ဆန့်ကျင်ရေးလောက်အတွက် တပွဲတိုး ရေးဆွဲထားတဲ့ ဖြတ်ညှပ်ကပ် စိတ်ဓါတ်စစ်ဆင်ရေးစာတမ်းထဲက ဒီမိုကရေစီနေရာမှာ ဆိုရှယ်လစ် စကားလုံးနှင့် အစားထိုးပြီး တစ်တိုင်းပြည်လုံးရဲ့ ဦးဆောင် လမ်းညွှန်သဘောတရားအဖြစ် လုပ်ကြံဖန်တီးခဲ့တယ်။ လူထုကို ဖါးကလေး၊ ကြွက်ကလေးလို ၂၆နှစ်ကျော် စမ်းသပ်ရင်း တိုင်းပြည်ဒေဝါလီခံလိုက်ရတဲ့ အဓိက လက်သည်တရားခံတစ်ဦး ဖြစ်ခဲ့ကြောင်းကို ဦးချစ်လှိုင်က စာမျက်နှာ(၄)မှာ ဝန်ခံလိုက်တဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်။

ပေါ်ပြူလာ သတင်း မေးမြန်းခဏ်း(စာမျက်နှာ ၂)မှာ အောက်ပါအတိုင်း ဖတ်ရပါသေးတယ်။

ဘဘတို့ခေတ်တုန်းက လူငယ်တွေက နိုင်ငံရေးသမားအရင်စ ဖြစ်တယ်။ နိုင်ငံရေးသမားဖြစ် ပြီးတော့မှတပ်ထဲကိုရောက်သွားကြတာ။ ဒီဘက် ၁၉၆၂ ဗိုလ်ချုပ်နေဝင်းတို့တက်လာပြီး နောက်ပိုင်းကစလို့ တပ်ထဲကလူတွေက နိုင်ငံရေးလောကထဲကို ပြန်ရောက် လာခဲ့တာ ပေါ့။ အဲဒီနှစ်ခုကြားမှာ ဘာတွေကွာဟလဲ။

စစ်ဗိုလ်ဖြစ်တာနဲ့ လွှတ်တော်ထိုင်ခုံ ၂၅%ကို အချောင်အုပ်လို့ ရနေတဲ့ ခေတ်ကာလမှာ အင်မတန့်ကို လက်တွေ့ကျတဲ့ နိမိတ်ပြ မေးခွန်းဖြစ်တဲ့အတွက် ပေါ်ပြူလာကို ကျေးဇူးတင်ပါတယ်။ ဦးချစ်လှိုင်က “ဘာမှ မကွာဟပါဘူး”လို့ မျက်နှာဗြောင်တိုက် ဖြေသွားပါတယ်။

တိုင်းချစ် ပြည်ချစ်တွေက လွတ်လပ်ရေးအတွက် သက်စွန့် ကြိုးပမ်းကြရင်း လိုအပ်လာလို့ နိုင်ငံရေးသမားက စစ်သားဖြစ်သွားတာနှင့် ဗိုလ်ချုပ်နေဝင်းခေတ် ၁၉၆၂ နောက်ပိုင်းတလျောက်လုံး စစ်ဗိုလ်ဖြစ်တာနဲ့ဘဲ နိုင်ငံရေးအာဏာ အချောင်နှိုက် ကိုယ်ကျိုးရှာနေခြင်းက ဘာမှ မကွာပါဘူးလို့ ဦးချစ်လှိုင်က ဆိုလိုက်ခြင်းဖြင့် မိမိရဲ့ ဘဝ နောက်ဆုံးအချိန် ရောက်နေတာတောင် တိုင်းပြည်အပေါ် စေတနာမွဲမွဲနှင့် ပုဇွန်ဆီနှင့် ဥတု အတူတူဘဲဆိုပြီး ရောကြိတ်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဦးအောင်ဆန်းအဖြစ် ခံယူပြီး သတ္တိရှိရှိ လူထုဆန္ဒခံ ရွေးကောက်ပွဲ ဝင်ခဲ့တာနှင့် ဗိုလ်ချုပ်နေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြိုက်သရွေ့ လူတွေကို ကျွန်မှတ်ပြီး ထင်တာလုပ်နိုင်တာတို့ဟာ အတူတူပါဘဲ ဆိုလိုက်တဲ့ ဦးချစ်လှိုင်ရဲ့ စေတနာကို စာဖတ်သူများကဘဲ အကဲဖြတ်တော်မူကြပါတော့။

ဦးချစ်လှိုင် ပြောကြားချက်တွေထဲမှာ ထောက်ပြစရာတွေ အများကြီး ကျန်ပါသေးတယ်။ စာလေးနေမှာမို့ အရေးကြီးမယ် ထင်တာလောက်ဘဲ ဖေါ်ပြလိုက်ပါတယ်။ သူ့ပြောကြားချက် တစ်ခုလုံးကို လေ့လာနိုင်ဖို့ ပူးတွဲပေးထားပါတယ်။

ဦးချစ်လှိုင်တစ်ယောက် လောသို့ ကောင်းသောလာခြင်း ဟုတ် မဟုတ်။ လောကတွင် ကောင်းသောနေခြင်း ဟုတ် မဟုတ်ကို သမိုင်းကသာ သက်သေခံမှာပါ။ ဘယ်သူမှ ဘွာခတ်ပြီး နှစ်ခါပြန် လုပ်လို့ရတဲ့ အရာမျိုးလည်း မဟုတ်ပါဘူး။

ဦးချစ်လှိုင်ရဲ့ ကျေးဇူးရှင်ကြီး ဦးနေဝင်းကတော့ စစ်တပ်ဆိုတာ သေနပ်ကို မိုးပေါ်ထောင် မဖေါက်ဘူး၊ တည့်တည့် ပစ်တယ်ဆိုပြီး လူထုကို ချိမ်းခြောက်ပြီးမှ ကန့်လန့်ကာနောက်ကို ဝင်ခဲ့တယ်။ အိုကြီး အိုမ ဖြစ်နေတဲ့ ဦးချစ်လှိုင်တစ်ယောက် လောကမှ အနိမ့်ဆုံးအားဖြင့် ကောင်းသောထွက်ခွါခြင်း ဖြစ်ရလေအောင် ကနေ့အထိ ရာစုနှစ်တစ်ဝက်လောက်နီးနီး စစ်ဖိနပ်အောက် ပြားပြားမှောက်ပြီး ဖွတ်ကြောပြာစု ခရုဆံကျွတ်ဖြစ်နေတဲ့ ပြည်သူလူထုကို စိတ်စေတနာမှန်မှန် သန့်သန့်နှင့် အကျိုးပြုသွားနိုင်ပါစေ၊ ဘဝကူးကောင်းပါစေလို့ ဆန္ဒပြုလိုက်ပါကြောင်း။


အောင်ထီ

မတ်လ ၂၆၊ ၂၀၁၁



U Chit Hlaing Interviewed by Popular

http://www.mediafire.com/file/ume62b2gadsu58x/U%20Chit%20Hlaing%20Interviewed%20by%20Popular.pdf


http://www.mediafire.com/file/s6hptfa9ct75a9z/Let%20Me%20Say%20What%20I%20See%20100.pdf

၂၆.၃.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
26 march 2011 Yeyintnge's Diary.odt26 march 2011 Yeyintnge's Diary.odt
1780K   Download  
26 march 2011 Yeyintnge's Diary.doc26 march 2011 Yeyintnge's Diary.doc
2178K   View   Download  





http://www.mediafire.com/file/hdiuyrdumu291d6/26_march_2011_Yeyintnge%27s_Diary%5B1%5D.pdf

http://www.mediafire.com/file/u6du51qsq828a06/26%20march%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/4g66zpgimaf0t3c/26%20march%202011%20Yeyintnge%27s%20Diary.odt

26_march_2011_Yeyintnge's_Diary[1]

လမ်းပေါ်ထွက်ရင် စစ်တပ်က မပစ်သတ်ရဆိုတဲ့  ဆုံးဖြတ်ချက်ထွက်ပြီ

မတ်လ-၂၅-ရက်နေ့ က ဤဆုံးဖြတ်ချက်ကို ချပေးလိုက်ပြီ။ မလိုက်နာ၍မရ။ စစ်ရာဇ၀တ်မူဆိုသည်မှာ စစ်တပ်က လူတွေကို ပစ်သတ်ခြင်းခေါ်သည်။ ဂျီနီဗာမှာ ကုလသမဂ္ဂလက်အောက်ခံ ဖြစ်သည့် လူ့ အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်ချက်ကို ချလိုက်ကြခြင်းဖြစ်သည်။ သည်တော့ တနိုင်ငံလုံးက မျိုးဆက်သစ်လူငယ်တွေ ဘာာလုပ်ကြမည်နည်း ။ ခေါင်းဆောင်မျော်နေကြမည်လား။ အဓိကမှာ မိမိတို့ ကိုယ်တိုင် ခေါင်းဆောင်လုပ်ကြဖို့ ဘဲ ရှိတော့သည်။ ဒီပွဲက နောက်ဆုံးပွဲဖြစ်လာပြီ။ လူသားမျိုးနွယ်များကို ပြစ်မူဆိုင်ရာ ကျူးးလွန်၍မရဟု ဆိုလျင် ဥပဒေစကားက ကြီးကျယ်နေသည်။ သည်တော့ လူတွေက နားမလည်။ ရှင်းရှင်းလင်းလင်း ပြောလျင် စစ်တပ်ကမပစ်သတ်ရ အမိန့် ကို လူ့ အခွင့်အရေးကောင်စီက ချပေးလိုက်ြပီဖြစ်သည်။
အခြေအနေတွေက ကိုယ့်ဖက်ရောက်လာနေကြပြီ။ သည်လိုရောက်နေတာကို သတိထားရတော့မည်။ ကမ္ဘာ့အရှေ့ဖက်ခြမ်းမှာ နိုင်ငံတွေပြောင်းလဲလာနေပြီ။ သမတတွေ ထွက်ပြေးနေကြရပြီ။ ယခုလည်း မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂက မျက်နှာလွှဲ၍ မနေတော့။ မီးစိမ်းပြလိုက်ပြီ ။ မျိုးဆက်သစ်လူငယ်တွေက ဒီအချိန်မှာ ခေါင်းဆောင်ပီသစွာ ကယ်တင်ရန်သာလိုသည်။ လူ့ အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအစိုးရက လိုက်နာပါမည်ဟု ကြေညာခြင်း၊ မကြေညာခြင်းမှာ လူထုနှင့်မဆိုင်။ မလိုက်နာလျင် သူတို့  အုပ်စု ကမ္ဘာနှင့် ထိပ်တိုက်တွေ့  သွားမည်။ သူတို့  အုပ်စုဆိုသည်မှာ နအဖစစ်အုပ်စုကို ပြောခြင်းဖြစ်သည်။ မည်သို့ ပင်ဆိုစေကာမူ စစ်အစိုးရသည် ယခုအချိန်တွင် တုံဏှိဘာဝေ နေ၍မရ။ တခုခုတော့ ပေးဆပ်ရတော့မည်။ ယင်းမှာ အာဏာလွှဲပြောင်းပေးရမည့် အခြေအနေကို ပြောခြင်းဖြစ်သည်။ နအဖစစ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အာဏာလွှဲပြောင်းပေးရမည်မှာ ပြည်သူတွေကို ဖြစ်သည်။ လာမည့် မတ်လ-၃၁-ရက်နေ့ တွင် လွှတ်တော်မှ ကျမ်းသစ္စာ ကျိန်ဆိုကြမည်ဟု သိရသည်။ ဧပြီလ-၁-ရက်နေ့ တွင် ဦးသိန်းစိန်ကို သမတအဖြစ် ခန့့် အပ်လွှဲပြောင်းပေးမည်ဖြစ်သည်။ စင်စစ်အာဏာလွှဲပြောင်းပေးခြင်းမဟုတ်။ ရာထူးလွှဲပြောင်းခြင်းသာဖြစ်သည်။ ဦးသိန်းစိန်မှာ သမတဆိုသော်လည်း အာဏာဆိုတာ မူးလို့ တောင် ရှူပြစရာ တကွက်မျှ ပြစရာမရှိ။
ဒင်းတို့ အနေအထားမှာ ဆုက်လဲစူး စားလဲရှူးနေရပြီ ။ တနေ့ ကမျိုးဆက်သစ်လူငယ်တွေ အသံကိုကြားလိုက်ရသည်။ ယင်းမှာသည်းညည်း မခံနိုင်တော့ကြောင်း ပြောဆိုသံပင်ဖြစ်သည်။ ခုအချိန်မှာ ကိုကျော်ထင် နှင့် မစုစုနွေးတို့ ကို ဂရုစိုက်ကြည့်ရတော့မည်ဖြစ်သည်။ သူတို နှစ်ဦးမှာ -၈၈-မျိုးဆက်ခေါင်ဆောင်တွေမဟုတ်။ သို့ သော် ဖေါက်ထွက်ခဲ့ သောကြောင့် သူတို့ နှစ်ဦးခေါင်းဆောင်နေရာ ရောက်နေသည်။ ယခုလည်းသူတို့ နှစ်ဦးလို ဖေါက်ထွက်ခေါင်းဆောင်မည့် လူငယ်တွေ ရှိနေကြပြီ။ သည်တော့ ယင်းလူငယ်တွေသည် သမိုင်းကပေးသော ပခုံးပြောင်းတာဝန်ကို ဆက်လက်ယူဆောင်ကြတော့မည်ဖြစ်သည်။ မည်သူ့  တိုက်တွန်းချက်များကိုမှ စောင့်ဆိုင်းစရာမလို။ အကြံပေးချက်များကိုလည်း ထိုင်စောင့်စရာမလိုတော့ ။ အကြောင်းမှာ လူထုမှအုံကြွမူဖြစ်နိုင်လာသည်ဟု ဝေဖန်သံတွေ ထွက်လာနေပြီဖြစ်သည်။
ယင်းသို့  ဝေဖန်သံထွက်ပေါ်နေခြင်းမှာ နိုင်ငံရေးပါတီများမှ လာသောအသံဖြစ်သည်။ သည်တော့ယင်းနိုင်ငံရေးပါတီများသည်ပင် လူထုကို မျော်လင့်စောင့်စားနေကြပြီ။ နိုင်ငံရေးပါတီများသည် လူထုထံမှ ခေါင်းဆောင်ပေါ်ပေါက်လာမည်ကို စောင့်မျှော်နေခြင်းမှာ သဘာဝတော့ ကျလှသည်မဟုတ်။ သို့ သော် မြန်မာနိုင်ငံရေးလောကမှာကား အမှန်စင်စစ် ယင်းသို့ ဖြစ်နေသည်။ ထို့ ကြောင့် ဒီမိုကရေစီအရေးတော်ပုံအတွက် လူထုခေါင်းဆောင်မှာ လုံးဝမုချ တဖန်ပေါ်ပေါက်လာမည်ဖြစ်နေပြီ။ ဆန္ဒပြသည်နှင့်ပင် လူထုခေါင်းဆောင်ဟု ပြောနိုင်သလား ဆိုသော မေးခွန်းကလည်း ရှိနေသေးသည်။ ရှင်းရှင်းလင်းလင်း ပြောရလျင်တော့ လူထုကိုခေါင်းဆောင်ပြီး စစ်အစိုးရကို ဖြုတ်ချဖို့  စွမ်းဆောင်လာသူဆိုလျင် လူထုခေါင်းဆောင်အဖြစ် အသိအမှတ် ပြုရတော့မည်ဖြစ်သည်။ ယင်းမှာ နိုင်ငံတကာနိုင်ငံရေး ရေစီးကြောင်း သီအိုရီဖြစ်သည်။ ခေါင်းဆောင်ဆိုသည်မှာ ပြည်သူက ရွေးချယ်ခြင်းသာဖြစ်သည် မဟုတ်လား။
စစ်အစိုးရသည် လူထုလှုပ်ရှားမူများကို အမြဲတမ်းစိုးရိမ်ထိပ်လန့် စွာ ကြည့်နေသည်။ အကယ်၍ လူထုကလမ်းပေါ်ထွက်လာလျင် စစ်အစိုးရက ပထမတွင် အခြေနေများကို စောင့်ကြည့်နေပြတတ်သည်။ သူတို့ ၏ ဦးတည်ချက်များမှာ မည်သို့ ရှိသည်။ မည်မျှ နိုင်ငံတကာဖိအား ပါနိုင်သည်ကအစ တွကိချက်ထားသည်။ သူတို့ ၏ တွက်ချက်မူပြီ်းသည်နှင့် ပွဲကိုကြမ်းတတ်ပြသည်။ လက်နက်အားကိုးနှင့် ပစ်ခတ်ပြလျင် သေဆုံးသူက သေဆုံးသွားရသည်။ လက်နက်မဲ့ ပြည်သူတွေမှာ သေနတ်နှင့် ပစ်ခတ်တော့ မိမိတို့  အသက်ဘေးအန္တရယ်ကို စိုးရိမ်၍ ထွက်ပြေးရတော့သည်။ သည်တော့ သပိတ်တိုက်ပွဲမှာ မျှားဦးကျိုးပြီး လူထုဆန္ဒပြပွဲက အဆုံးသတ်သွားသည်။ မကြာခင် ဆန္ဒပြပွဲကို ဦးဆောင်သူများအား လူဖမ်းပွဲလုပ်တော့သည်။ အုဋ်အရောရောကျောက်အရောရော ဖမ်းဆီးပြီး နှိပ်စက်တော့သည်။ ထောင်ချတော့သည်။ ယင်းသို့ အရေးအခင်းများကို ဖိနှိပ်သော စစ်အစိုးရသည် လမ်းပေါ်ထွက်လာသော အတိုက်အခံလူထုများကို အမြဲတမ်းအနိုင်ရခဲ့ သည်။ ယင်းမှာစစ်အစိုးရ၏ အဓိကရုမ်းနှိမ်နှင်းရေးလက်စွဲဖြစ်သည်။ စစ်အစိုးရ၏ ပုံသဏ္ဍန်ဖြစ်သည်။
ယခုလူ့ အခွင့်အရေးကောင်စီမှ ချမှတ်ပေးလိုက်သော ဆုံးဖြတ်ချက်များမှာ ယင်းဖြစ်စဉ်များကို ကြိုတင်ကာကွယ်ထားသည်။ လူထုကလမ်းပေါ်ထွက်လာလျင် စစ်တပ်မှ မပစ်သတ်ရ ဆိုပြီး တားထားသည်။ ဤသည်မှာ လွပ်လွပ်စွာ ပြည်သူများ၏ ထုတ်ဖေါ်ခွင့်အာဏာကို ပေးထားခြင်းဖြစ်သည်။ သဘောက ပြည်သူလူထုမှာ မိမိတို့ သဘောဆန္ဒအတိုင်း ထုတ်ဖေါ်ခွင့်ရှိသည်။ ယင်းထုတ်ဖေါ်ခွင့်မှာ ပြည်သူလူထုက စစ်အစိုးရကို ဆင်းတော့ဟုလည်း ကြွေးကြော်နိုင်သည်။ အလိုမရှိဟုလည်း အော်ဟစ်နိုင်သည်။ စုရပ်ထားပြီး မိမိတို့ ၏ အတွေးးအခေါ်များကို ထုတ်ဖေါ်နိုင်သည်။ လူစုလူဝေးဖြင့် ထုတ်ဖေါ်နိုင်ခြင်းကို စစ်တပ်မှ မည်သို့ မျှမပစ်သတ်ရ။ ယင်းမှာ ယခုလူ့အခွင့်အရေးကောင်စီမှ ချမှတ်ပေးလိုက်သော စည်းကမ်းကလနားတွေ ဖြစ်သည်။ နိုင်ငံတကာဥပဒေဖြစ်သည်။ ဤဥပဒေကိုစစ်အစိုးရသည် လိုက်နာရမည်ဖြစ်သည်။ မလိုက်နာက တောင်စွယ်မှာ နေကွယ်သည်နှင့် ဘ၀နိနဂုံးချုပ်ငြိမ်းသွားရမည့် ကိန်းရောက်သွားနိုင်သည်။
ကောင်းပြီ ။ ကျွန်တော်တို့ မှာ ကိုယ်ဖြစ်စေချင်သော စိတ်ဆန္ဒအတိုင်း ကောက်ချက်ဆွဲ ပြနေပြီး လက်နက်မဲ့  လူငယ်တွေကို လမ်းပေါ်ထွက်ခိုင်းနေသည် ။ တကယ်တမ်း လမ်းပေါ်ထွက်ပြီး မှ ပစ်ခတ်လျင် သေဆုံးကြရတော့မည်ကို တစက်မျှ မစဉ်းစားပေဘူးလားဟု စောဒကတက်နိုင်စရာရှိပါသည်။ ယင်းမှာ အင်မတန်တိကျသော မှန်ကန်သော မေးခွန်းဖြစ်သည်။ ကျွန်တော်တို့ မှာ နိုင်ငံခြားတွင်နေထိုင်ပြီး ပြည်တွင်းမှလူများကို သေတွင်းပို့ ခိုင်းနေသည်ဟု ပြောလျင်လည်း ခံရရုံမှတပါး အခြားပြောစရာမရှိ ။ သို့ သော် ယင်းသို့  လမ်းပေါ်ထွက်ပြီးမှ ပစ်သတ်လျင်ဆိုသောစကားကို ကျွန်တော်တို့  အလေးအနက် စဉ်းစားကြရပါလိမ့်မည်။ ဆွေးနွေးကြရပါလိမ့်မည်။ တိုင်ပင်ကြရပါလိမ့်မည်။ ထို့ကြောင့် ယင်းမေးခွန်းအပေါ်မှာ ကျွန်တော်တို့ က မည်ရွေ့ မည်မျ ဆောင်ရွက်နိုင်ကြမည်နည်းဆိုသော အဖြေကို ရှာကြဖို့ ဘဲ ရှိတော့သည်။ ယင်းအဖြေသည် အဓိကဖြစ်သည်။
သည်တော့ ဘာများလုပ်ကြမှာလဲ ရဲဘော်တို့ ဟု မေးရတော့မည်ဖြစ်သည်။ ပြည်တွင်းက ပုဂ္ဂိုလ်ကြီးတွေက စစ်အစိုးရကို ပြောင်းလဲသွားစေချင်သည့် ဆန္ဒဖေါ်ပြနေကြသည်။ လူငယ်တွေကလည်း စုစုဝေးဝေးနှင့် ပြောကြဆိုကြ ၇ှိနေကြပြီ။ ပြည်ပကပုဂ္ဂိုလ်ကြီးများမှာ ဘာတွေများဖြစ်နေကြပြီင်္လဲ မပြောတတ်။ ဖွဲ့ ထားလိုက်သည့်အဖွဲ့ တွေ ၊ နောက်ဆုံးပါလီမန်တွေတောင် ဖွဲ့ စည်းလိုက်ပြီးပြီ ။ ပြီးတော့ ပြည်ပရောက်အစိုးရကလည်း ရှိနေသေးသည်ဆိုတော့ ပြည်တွင်းကလူထုတွေ လမ်းပေါ်ထွက်ပြရင် ပိုးစိုးပက်စက်နှင့် သေကြေမည်လို့ တော့ မထင်ဟု တွေးမိမိသည်။ သို့ သော် ယင်းအတွေးသည် ခဏတာသာ ခံသည်။ တာရှည်တာများ မခံလိုက်ရသော ပုဂ္ဂိုလ်ကြီးများကို တွေးရသည်မှာ မိမိအချိန်ကို မိမိကပင် အပုပ်ခံလိုက်သလို ဖြစ်သွားသည်။ ထားပါလေတော့။ ရှိပါလေတော့။ ဒီမိုးဒီလူ ဒီလှေတွေ နှင့် သူတို့ ကို အဖက်လုပ်ပြီး စကားမပြောလိုတော့။
ပြည်တွင်းက လူငယ်တွေက အကြမ်းမဖက်နိုင်ငံရေးနည်းဖြင့် ဆန္ဒပြကြတော့မည်ဖြစ်သည်။ သူတို့ ဆန္ဒပြကြလျင် စစ်အစိုးရ၏ လူမဆန်စွာ ပစ်သတ်ပြုမူမျိုးကို မခံရအောင် နိုင်ငံတကာအစိုးရများနှင့် ဆွေးနွေးထားရန်လိုပြီ။ လူ့ အခွင့်အရေးပုဂ္ဂိုလ်များနှင့် သေချာစွာ ဆွေးနွေးအဖြေရှာထားရန်လိုပြီ။ သေကြေကုန်ပြီးမှ စစ်အစိုးရမကောင်းကြောင်း ဝေဖန်ပြောမည့် ကာလမဟုတ် ။ ထို့ ကြောင့် ပြည်ပမှာရှိနှင့်ကုန်သော လူကြီးလူကောင်း ပုဂ္ဂိုလ်ကြီးများမှာ ယခုအချိန်တွင် ရှေ့မျက်နှာ နောက်ထား၍ တွေ့ ဆုံဆွေးနွေးရန် လုပ်ကြရတော့မည်။ သို့ မဟုတ်က ယခုအချိန်မှာ ဤပွဲကို လက်လွပ်ခံရတော့မည်ဖြစ်သည်။ ဒီမိုကရေစီတိုက်ပွဲအတွက် တခုနည်းသော နည်းမှာ လူထုညီညွတ်ရေးနည်းနှင့် ဦးတည်ချက်မှန်ကန်ရေးဖြစ်သည်။ ဦးတည်ချက်မှန်ကန်ရေးဆိုသည်မှာ စစ်အစိုးရ ပြုတ်ကျရေးဖြစ်သည်။ ကောင်းပြီ ၊စစ်အစိုးရပြုတ်ကျလျင် ဒီမိုကေ၇ရစီအရပ်သားအစိုးရ ဖွဲ့ ရမည်ကို သိထားနှင့်သည်။ အကြောင်းမှာ နိုင်ငံရေးလုပ်သည်ဆိုမှဖြင့် အာဏာလိုချင်၍ဖြစ်သည်။ နို်ုင်ငံရေးအာဏာ မလိုချင်ဟု ပြောသော နိုင်ငံရေးသမားမှာ လိမ်ညာသောသူသာဖြစ်သည်။
၁၉၈၈-ခုနှစ်ကာလက ၀န်ကြီးချုပ်ဟောင်းဦးနုက စင်ပြိုင်အစိုးရဖွဲ့ ခဲ့ သည်။ သေသည့်တိုင်အောင် ယင်းစင်ပြိုင်အစိုးရကို မဖျက်ခဲ့  ။ ခုလည်းဘဲ လူထုတွေက ဆန္ဒပြဖို့  လမ်းပေါ်ထွက်လာကြပြီ ဆိုလျင် အရပ်သားအစိုးရဖွဲ့ စည်းရေးကို ဦးတည်ဆန္ဒပြကြရမည်သာဖြစ်သည်။ သို့ မှသာ နိုင်ငံတကာမှ ယင်းအစိုးရအဖွဲ့ ကို ထိတွေ့ ဆက်ဆံလာလိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏နိုင်ငံရေးအခြအနေမှာ ယခုအချိန်တွင် ကမ္ဘာက မေ့လျော့နေသော နိုင်ငံရေးပြသနာ မဟုတ်။ တခုပ်တရ သတိထားနေသော ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် နိုင်ငံတခုဖြစ်ကြောင်း လူတိုင်းသိသည်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှိနေပြန်ရာ စစ်အစိုးရနှင့် ဒီမိုကရေးကို ပိုမိုသိနေကြပြီးဖြစ်သည်။ တခုတော့ရှိသည်။ တောင်အာဖရိကမှ နယ်လဆင်မင်ဒဲလားက သမတဖြစ်နေချိန် လူမဲလူငယ်တဦး လမ်းပေါ်မှာ သေဆုံးသွားရသည်။ ယင်းအခင်းဖြစ်ပွါးရာသို့  နယ်လဆင်မင်ဒဲလား၏ ပထမဇနီးဖြစ်ခဲ့ သူက ချက်ချင်း ရောက်ရှိလာပြီး သမတက ခုထက်ထိမရောက်သေးဘူးလား ဆိုကာ သမတနယ်လဆင်ကို ဝေဖန်သွားသည့်  အကြောင်းအရာကို အမှတ်ရနေမိသည်။
ဆိုလိုသည်မှာ လူုတွေက လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေလျင် သူတို့ ၏ အသက်အိုးအိမ် ထိပါးခဲ့ လျင် နိုင်ငံရေးခေါင်းဆောင်များက သူတို့ အတွက် ရင်ဆိုင်ဖြေ၇ှင်းနိုင်ရမည်ဖြစ်သည်။ ပြည်ပမှာဆိုက ယင်ကဲံ့သို့  မဖြစ်ရအောင်ကြိုတင်စီစဉ်ပေးထား၍ရသည်။ သည်တော့ ညီသလားဟေ့လို့  သင်္ကြန်သံချပ်လို အတိုင်အဖေါက်ညီညီ သံချပ်ကလေးထိုးဖို့  လုပ်ကြရတော့မည်။ မစွန်းရင်းကလဲ ရှိ၊ ကဇွန်းရင်းကလဲ ငြိသော ပုဂ္ဂိုလ်တို့ အနေဖြင့် ယခုအချိန်မှာ ဇွဲသတ္တိတွေကို ထုတ်ပြကြပါတော့လို့  ပြောချိန်ရောက်နေပြီ။ အကြောင်းမှာ နအဖစစ်အစိုးရမှာ မပြေးသော် ကန်ရာရှိ ဖြစ်သွားမည်ကို သိလျက်နှင့် လက်ပိုက်ထိုင်နေလို့ ကတော့ နောက်ထပ်နှစ်ပေါင်း အများကြီးကြာမြင့်သွားနိုင်သည်။ အကယ်၍ လမ်းပေါ်ထွက်ပြီး ဆန္ဒပြလျင် မပစ်သတ်ဟု အာမခံပြောရဲသော သူတွေမှာ အနီးကလေးမှာရှိသည်။ ယင်းအနီးကလေးမှာ ရန်သူကိုတိုက်ခိုက်ဖို့  ယခုအချိန်တွင် အရေးကြီးသည်။ အရေးကြီး၍ သွေးစည်းခဲ့ ကြလျင် စစ်အစိုးရမှာ လုံးဝခံနိုင်မည်မဟုတ်။ အကြောင်းမှာ လွပ်လွပ်စွာ ထုတ်ဖေါ်နိုင်ဖို့  အတွက် နိုင်ငံတကာမှ မြန်မာနိုင်ငံသားတွေကို လိုင်စင်ချပေးလိုက်ပြီ။ အခွင့်အရေး မျက်နှာသာပေးလိုက်ပါပြီ။ ကဲ တို့ ခေတ်မှာ ဘာများမလုပ်နိုင်စရာ ၇ှိပါတော့နည်း။ ဒီအချိန် စစ်အစိုးရ မပြုတ်ဘဲ ခံနိုင်ရိုးလား လို့ ပြောရုံမှတပါး ။။။။ ။။။။။

ခိုင်အောင်ကျော် ( နယူးယောက်)

CLICK IN FEAR


CLICK IN FEAR from Sai Kyaw Khaing on Vimeo.

http://vimeo.com/14711543>

တာလေငလျင်၃













http://www.demowaiyan.co.cc/မှ

ကျပ် ၁ဝဝဝ တန် ငွေစက္ကူတု ၁ဝ သိန်းဖိုး လက်ပံတန်းမြို့နယ်မှာ ဖမ်းဆီးမိ


2011-03-26
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ဆီးဖြူကုန်း ဘူတာမှာ ကျပ် တထောင်တန် ငွေစက္ကူအတု ၁ဝ သိန်ဖိုးကို ရထားစီး ခရီးသည် တဦးဆီကနေ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ် လို့ သတင်းရရှိပါတယ်။
(Image: RFA)
မြန်မာငွေစက္ကူ ကျပ်တထောင်တန်အုပ်ကို တွေ့မြင်ရပုံဖြစ်ပါသည်။ (Image: RFA)
အခုလို ဖမ်းဆီးရမိတဲ့ ငွေအတုတွေနဲ့ ပတ်သက်ပြီး လက်ပံတန်း မြို့ခံတဦးက RFA ကို အခုလို ပြောပြပါတယ်။

“ငွေစက္ကူအတု ဆိုတာလည်း သပ်သပ်ရပ်ရပ် လုပ်ထားတာ မဟုတ်ဘဲ လျှောက်လွှာစာရွက် အဖြူပေါ်မှာ မိတ္တူကူးထားတဲ့ တထောင်တန်တွေ၊ နံပါတ်တွေကလည်း တခုတည်း။ ၁ဝ သိန်းလောက် ရှိတယ်။ ဖမ်းမိတဲ့ တရားခံကို စစ်ဆေးလိုက်တဲ့အခါမှာ အဲဒီစက္ကူကို ဆီးဖြူကုန်း၊ သာရဝေါ၊ ရွာလေး၊ စမုံဆိပ်ရွာတို့မှာ နေ့စဉ် လုပ်နေတဲ့ လောင်းကစားဝိုင်းတွေမှာ သုံးဖို့လို့ ထွက်ဆိုတယ်။ အဲဒါကို လက်ပံတန်းရဲစခန်းက ဆက်ပြီး အရေးယူ ဆောင်ရွက်နေတယ်။ လောင်းကစားဝိုင်းတွေ နေ့စဉ်နဲ့အမျှ ဖြစ်နေတာကနေပြီး မသိနားမလည်တဲ့ တောသူတောင်သားတွေ၊ အရက်သေစာ သောက်စားပြီး လောင်းကစား လုပ်ကြတဲ့သူတွေကို ဒိုင်တွေက မလိမ့်တပတ် လုပ်နေတယ်ဆိုတာ ပေါ်လွင် ထင်ရှားသွားတာပေါ့”

လက်ပံတန်းမြို့နယ်မှာ လောင်းကစားဝိုင်းတွေ အတော် များနေပြီး လောင်းကစားပွဲတွေကြောင့် ရန်ပွဲတွေ၊ လုယက်မှုတွေပါ မကြာခဏ ဆိုသလို ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက ဘာမှ အရေးယူ ဆောင်ရွက်တာတွေ မရှိသေးဘူးလို့လည်း သိရပါတယ်။
http://www.rfa.org/burmese

လုံခြုံရေးကောင်စီရဲ့လစ်ဗျား ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ


2011-03-26
လစ်ဗျားအာဏာရှင် ဗိုလ်မှူးကြီးဂဒါဖီ သြဇာခံ စစ်တပ်တွေရဲ့ ရက်ရက်စက်စက် ချေမှုန်းမှုဒဏ်ကို ခံနေရတဲ့ လစ်ဗျားပြည်သူတွေကို ကယ်တင်ဖို့ နိုင်ငံတကာတပ်ဖွဲ့တွေ စစ်ရေးအရ ဝင်ရောက်နိုင် ရေးအတွက် ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့မှာ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ ကို ချမှတ်ခဲ့တာဟာ သင့်တော်တဲ့လုပ်ရပ် ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။
(Photo: AFP)
လစ်ဗျားနိုင်ငံကို လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ပြီး ဂဒါဖီအစိုးရ သစ္စာခံတပ်တွေအပေါ် လိုအပ်သလို အရေးယူရေး ဆုံးဖြတ်ချက်ကို ၂ဝ၁၁ ခုနှစ် မတ်လ ၁၇ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြင်သစ် အပါအဝင် အဖွဲ့ဝင် ၁ဝ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပါသည်။ (Photo: AFP)
RFA က အပတ်စဉ် ထုတ်လွှင့်နေတဲ့ လူထုနဲ့ ‘ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ’ ကဏ္ဍအတွက် အဖြေစကားတွေကို သောကြာနေ့က ကြိုတင်ပြီး ရရှိခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သဘောထားကို အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မြန်မာစစ်အစိုးရကို လုံခြုံရေးကောင်စီက အလားတူ အရေးယူနိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာကိုတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် လုံခြုံရေးကောင်စီအနေနဲ့ အားပေးတဲ့ ဆုံးဖြတ်ချက်မျိုးကို မိမိလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး ရရှိမှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တဲ့အတွက် ရေရှည်အတွက် အားပေး ဆောင်ရွက်သင့်တယ်ဆိုတဲ့ အချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အားလုံး သဘောပေါက်အောင် စည်းရုံး ပြောဆိုနိုင်ရင် ကောင်းမွန်မှာဖြစ်ကြောင်း၊ အဲဒီလို လိုက်လျောမှုမျိုး ရရှိဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ပေမယ့်လည်း ဖြောင်းဖြတိုက်တွန်းတဲ့ နည်းအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းကြဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
http://www.rfa.org/burmese/news/dassk_supports_unsc_resolution_on_libya-03262011091043.html

ပြောက်ကျားတိုက်ပွဲများ

against
တိုက်ပွဲ(၁)- ပြက္ခဒိန် ပိုစတာ
အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- မန္တလေးတိုင်း
“ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ။ ငါတို့ ဒီအတိုင်း ငြိမ်ခံနေလို့ မဖြစ်တော့ဘူး။ တခုခုတော့ လုပ်ရမယ်”
“ငါလဲ မင်းလိုပဲ စဉ်းစားမိတယ်။ ဘယ်နဲ့ကွာ။ စစ်မတိုက်ချင်လို့ စစ်တက္ကသိုလ်မတက်ပဲ ရိုးရိုးတက္ကသိုလ်တက်တာပေါ့။ ဘွဲ့ရပြီးကာမှ ငါတို့က စစ်သားဝင်လုပ်ရမှာလား”
“အေးကွာ။ တတိယကကမ္ဘာစစ်ဖြစ်နေတာလဲ မဟုတ်ဘူး”
“တတိယကကမ္ဘာစစ်ဖြစ်နေတာ မဟုတ်ဘူးဟေ့။ လူသတ်ပွဲဖြစ်နေတာ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီး တွေ၊ သီလရှင်တွေကို ပစ်သတ်တာ၊ ရိုက်သတ်တာ မတွေ့ဘူးလား။ ငါတို့ကို စစ်မိန့်နဲ့ အဲလို သတ်ခိုင်းဖို့ ကြံစည်နေတာ”
“မိုက်ရိုင်းတယ်ကွာ။ ငါကတော့ စစ်မိန့်တွေ၊ဘာတွေ ဂရုမစိုက်ဘူး။ ဦးနှောက်ရှိတဲ့ လူကွ။ ငါ့ကိုလာပြီး ဘုန်းကြီးသတ် ခိုင်းလို့ကတော့ ငါ့သေနတ်ပြောင်းဝမှာ ဘုန်းကြီးတွေ မရှိစေရဘူး။ သေနတ်ပြောင်းပြန်လှည့်မှာပဲ”
“သေနတ်ပြောင်းပြန်လှည့်တာက နောက်မှကွ။ ပြန်မလှည့်ခင် ငါတို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်ခိုင်း မယ်၊ ရွာတွေ မီးရှို့ခိုင်းမယ်၊ မိုင်းကွင်းဖြတ်ခိုင်းမယ်၊ လူသတ်ခိုင်းမယ်။ ဒါတွေလုပ်ဖို့ စစ်တပ်မှာ အင်အားအပြည့် မရှိ တော့ဘူးကွ။ သူတို့တပ်တွေမှာ ဗိုလ်တွေပဲ ရှိပြီး၊ အရာခံ၊ အကြပ်တပ်သား ဖွဲ့စည်းပုံတွေ မပြည့်ဘူးလို့ ကြားတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းတာ”
“ဒါတခုတည်းတင် မဟုတ်ဘူးကွ။ ငါတို့တိုင်းပြည်က နောင်တခေတ်ရဲ့ ခေါင်းဆောင် လူငယ်မျိုးဆက်သစ်တွေကို စစ် ဗိုလ်တွေရဲ့ အမိန့်အောက်မှာ ပြားပြားဝပ်နာခံရပြီး၊ ဦးကျိုးသွားအောင် လုပ်တာ။ ဒါမှလဲ သူတို့ရဲ့ စစ်သွေးကြွနိုင်ငံတော် တည်ဆောက်ရေး စီမံချက်ကြီး အောင်မြင်သွားမှာပေါ့”
“အေး၊ ဟုတ်တယ်ကွ။ ခုဆို ရွေးကောက်ပွဲမှာလဲ အရပ်ဝတ်ဗိုလ်တွေနဲ့ ကြံ့ဖွတ်တွေပဲ အနိုင်ရကြတယ်။ လွှတ်တော်ထဲ မှာလဲ ရွေးကောက်ပွဲမ၀င်ပဲ အချောင်ပါလာတဲ့ ဖားတပိုင်း၊ ငါးတပိုင်းတွေကလဲ ရှိသေးတယ်ကွာ။ ဒီတော့ လွှတ်တော်နိုင် ငံရေးမှာ သူတို့ပဲ ကြီးစိုးထားတာ။ ဒါပေမယ့် လွှတ်တော်ပြင်ပ နိုင်ငံရေးကိုတော့ သူတို့ ကြောက်တယ်ကွ။ ဒါကြောင့် လူ ငယ်တွေ ဦးကျိုးသွားအောင် ချိုးဖို့ လုပ်တာ”
“အဲလိုဆိုရင် ငါတို့ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်တွေအားလုံး စစ်ကျွန်ဘ၀ရောက်ပြီပေါ့ကွ။ လွှတ်တော်တွင်းမှလဲ ဖား တပိုင်း၊ ငါးတပိုင်းတွေ၊ လွှတ်တော်ပြင်ပမှာလဲ စစ်မှုထမ်းဟောင်းတွေပဲ ဖြစ်ကုန်ပြီပေါ့။ အရပ်ဘက်- စစ်ဘက် ဆက်ဆံ ရေးကို ဘယ်လို တည်ဆောက်ကြမှာလဲ”
“တောက်၊ ခံပြင်းတယ်ကွာ”
“ခံပြင်းနေလို့ မပြီးဘူးကွ။ ဒါကို ငါတို့က ငြိမ်ခံနေကြမှာလား။ ငါတော့ကွာ စစ်မှုထမ်းပြီး ဦးချိုးခံရ၊ စစ်မြေပြင်မှာ ခွေးသေ၊ ၀က်သေ အသေခံရတာထက်စာရင် မတရားတဲ့ ဒီအမိန့်အာဏာတွေကို ဖီဆန်ပြီး သေရတာကမှ တော်သေးတယ်လို့ မြင်တယ်”
“ဟုတ်တယ်ကွ။ ငါတို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်ကြောင့် ဒီလိုဖြစ်နေရတာ။ ဒီစနစ်ကို မဖယ်ရှားမချင်း ငါတို့ ဘ၀အနာဂတ်တွေ မရေမရာဖြစ်နေဦးမှာပဲ”
“ငါတို့ ဘာလုပ်ကြမလဲ”
“အေး၊ ဟုတ်တယ်။ ငါတို့ တခုခုလုပ်ရမယ်။ ဒါပေမယ့် ငါတို့မှာ အဆက်အသွယ် မရှိဘူးကွ”
“မန္တလေးဘက်မှာတော့ ကျောင်းတုန်းက သူငယ်ချင်းတချို့ရှိတယ်။ သူတို့ကတော့ အင်တာနက်ပေါ်ကနေ ပိုစတာလေး တွေရတယ်။ အဲဒါလေးတွေ ပရင့်ထုတ်ပြီး၊ ပိုစတာကင်ပိန်း လုပ်တယ်ကွ”
“မင်းကလဲကွာ။ ပိုစတာကပ်ရုံနဲ့ ဒီအစိုးရက ပြုတ်ကျမှာတဲ့လား”
“အဲလိုတော့ မဟုတ်ဘူးလေကွာ။ တဘက်ရန်သူက အင်အားကြီးတယ်။ ငါတို့ အုပ်စုလေးမှာက လူ ၅ ယောက်ပဲ ရှိတာ။ ဒီအတိုင်းပဲ ထွက်တိုက်လိုက်ရင် အင်အားချင်းမမျှဘူးလေ။ ဒီတော့ ပြောက်ကျားတိုက်ပွဲ လုပ်ရမယ်။ ဒီလို လုပ်တာမှာလဲ ငါတို့လိုမျိုး စစ်အာဏာရှင်စနစ်ကို တိုက်ချင်တဲ့ လူတွေအားလုံး ပါဝင်လာအောင် လှုံ့ဆော်ဖို့ ပိုစတာကင်ပိန်း လုပ်ဖို့လို တယ်”
“ဒါပေမယ့် ငါတို့ဆီမှာ ပိုစတာမှ မရှိတာ”
“သားတို့ ဘာတွေ ပြောနေကြတာလဲ”
အဖေ ၀င်လာသဖြင့် လူငယ်တစု ပြောနေသော စကားဝိုင်း ရပ်သွားသည်။ သူတို့ လူငယ်များ အချင်းချင်းဆွေးနွေးနေ သော စကားလုံးများကို အဖေများ ကြားသွားလေသလားဟူသော စူးစမ်းကြည့်ဖြင့် မိုးအေး က လှမ်းကြည့်သည်။ အဖေ က ခပ်အေးအေးပင်။
“သားတို့တွေ၊ ပိုစတာလုပ်ချင်လို့လား။ လူငယ်ဆိုတာ မရှိတာကို အကြောင်းပြတာထက်၊ ရှိအောင် ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစားရတယ်။ လိုရင်ကြံဆ၊ နည်းလမ်းရပေါ့ကွာ။ သြော်-သား၊ မင်းအမေ သိမ်းထားတဲ့ ပြက္ခဒိန်ဟောင်းတွေ အများကြီးရှိတယ်လေ။ ပြက္ခဒိန် စာမျက်နှာ အလွတ်တဘက်မှာ မင်းတို့ဆွဲချင်တဲ့ ပုံဆွဲပြီး၊ ကြွေးကြော်သံတွေ ရေးလိုက် ရင် ပိုစတာဖြစ်ပြီပေါ့ကွ။ ကွန်ပျူတာတွေ၊ ဂရပ်ဖစ်တွေ မပေါ်တဲ့ ခေတ်တုန်းက အဖေတို့တွေ ဒီလိုပဲ လုပ်ခဲ့ကြတာပဲ”
“အဖေ”
မိုးအေးက ၀မ်းသာအားရဖြင့် လှမ်းခေါ်တော့ အဖေက သားပခုံးကို လှမ်းဖက်လိုက်သည်။
“ပိုစတာသွားကပ်ရင်တော့ သတိထားကြကွာ။ သတိရှိရှိနဲ့လုပ်။ တိုက်ပွဲဖော်တယ်ဆိုတာ သတိရှိရတယ်”
ထူးခြားသော အားအင်တခုက အဖေဆုပ်ကိုင်ထားသော လက်မောင်းများမှတဆင့် မိုးအေးကိုယ်ထဲသို့ စီးဝင်သွားသည်။ အခန်းထဲမှ မိုးအေးသူငယ်ချင်းများတွင်လဲ အပြုံးကိုယ်စီဖြင့်။
မည်သို့ဆိုစေ၊ သေချာသည်ကတော့ မကြာမီရက်ပိုင်းအတွင်းတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ပြက္ခဒိန်ပိုစတာများ မိုးအေးတို့ မြို့လေးတွင် ပျံ့နှံ့သွားပေတော့မည်။ အခြားမြို့များ၊ ရွာများသို့လည်း အဆိုပါ ပြောက်ကျားတိုက်ပွဲလေးများ ဆက်လက်ပျံ့နှံ့သွားပါက …။

တိုက်ပွဲ (၂) – ဗလာစာရွက်၊ ဖြန့်ဝေစာ
အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ပဲခူးတိုင်း
“မမဆီမှာ ပိုက်ဆံ အပိုနည်းနည်းများ ရှိလားဟင်”
“ဟဲ့၊ မိသူ။ နင်ငါ့ကို ဒီလိုတခါမှ မမေးဖူးပါဘူး။ ဘာဖြစ်လို့လဲ။ အမေက မုန့်ဖိုးမပေးဘူးလား”
“မုန့်ဖိုးတော့ ပေးပါတယ်။ ဒါပေမယ့် ငွေနည်းနည်းလိုနေလို့ပါ”
“မဟုတ်သေးပါဘူးဟယ်။ မိသူ၊ နင်မှန်မှန်ပြောစမ်း။ ဘာလုပ်မလို့လဲ။ နင့်မှာ ရည်းစားရှိနေပြီလား။ ဆယ်တန်းကျောင်း သူ ရည်းစားထားကို မမ ခွင့်မပြုဘူးနော်”
“မဟုတ်ပါဘူး၊ မမရဲ့။ ရည်းစားမထားပါဘူး။ ညီမလေးက ဒီစာရွက်လေးတွေကို ကော်ပီကူးပြီး ဖြန့်ချင်လို့ပါ”
သူသူ့လက်ထဲမှ စာရွက်လေးတွေကို ကြည့်ပြီး၊ မမမျက်လုံးပြူးသွားသည်။
“ဟဲ့၊ ဒါက စစ်အစိုးရဆန့်ကျင်ရေးကြေငြာချက်တွေပဲ”
“ဟုတ်တယ်မမ။ ညီမလေး ဒါတွေကို ဖြန့်ချင်လို့။ အဲဒါ ကော်ပီဆွဲဖို့ ငွေလိုနေတာ”
“ဘာလို့ လုပ်ချင်ရတာလဲ မိသူရယ်။ နင်အဖမ်းခံရလိမ့်မယ်”
“မမရယ်၊ အဖမ်းခံရမှာကို ညီမလေး မကြောက်ပါဘူး။ ညီမလေးတို့ ဘ၀တွေ ဘယ်လောက်ခက်ခဲနေတယ်ဆိုတာ မမ အသိဆုံးနေမှာပါ။ မမဆိုရင် အဝေးသင်နဲ့ ဘွဲ့ရပြီးပြီ။ ဒီဘွဲ့လေးရအောင် စတိုးဆိုင်မှာ အလုပ်လုပ်ရင်း မမ ဘယ်လောက် ကြိုးစားခဲ့ရလဲ။ မုဆိုးမအမေလဲ ဘယ်လောက်ရုန်းကန်ခဲ့ရလဲ။ ဟော- ခုဘွဲ့ရတော့ကော မမဘ၀က တိုးတက်လာလား။ မမဘွဲ့ရရင် ရုံးတရုံးမှာ အရာရှိဖြစ်မှာပဲလို့ မျှော်လင့်ချက်လေးနဲ့ အမေ့မှာ ရုန်းကန်ခဲ့ရတာ။ ၀န်ထမ်းရွေးချယ်ရေးက အ ဝေးသင်ဘွဲ့ရတွေကို အရာရှိအလုပ် မလျှောက်ရဘူးဆိုတော့ ခု မမ ဘာလုပ်နေရလဲ။ မနက်မှာ စတိုးဆိုင်အရောင်းစာရေး၊ ညနေမှာ စားသောက်ဆိုင် အဆိုတော်။ ခုညီမလေး ဆယ်တန်းအောင်ပြီးရင်ကော၊ ဘာဖြစ် လာမှာလဲ။ ဘယ်မှာလဲ ညီမလေးတို့ ကျောမွဲကျောင်းသူတွေရဲ့ အနာဂတ်”
သူသူ့ အပြောကြောင့် မမ ငိုင်သွားသည်။ ဘွဲ့ရရင်တော့ ဘ၀ အပြောင်းအလဲလေး တစုံတရာဖြစ်မလားလို့ မမ မျှော်လင့် ခဲ့ဖူးသည်။ သို့ပေမယ့် ဘ၀ပြောင်းဖို့နေနေသာသာ၊ မယိုင်လဲအောင်တောင် မနည်းထိန်းနေရသည်။ အမေမျှော်လင့် ခဲ့ သလို၊ ရုံးအရာရှိဖြစ်ဖို့ဝေးစွ။ ရုံးစာရေးအလုပ်ပင် အဆက်အသွယ်ကောင်းရှိမှ ရသည်တဲ့။ ဖခင်ကလဲ မရှိ၊ ဆွေမျိုးသား ချင်းလဲ မရှိသော မုဆိုးမအမေနှင့် ညီအစ်မနှစ်ယောက်ဘ၀မှာ ဘယ်လိုအဆက်အသွယ် ရှိပါမည်တဲ့လဲ။ စားသောက် ဆိုင် အဆိုတော်အလုပ်လေး ရတာတောင် ကံကောင်းပေလွန်းလို့။
“မမရယ်။ ညီမလေးတို့ဘ၀တွေ ဒီလိုနဲ့ပဲ အဆုံးသတ်ရတော့မှာလားဟင်။ ညီမလေးတို့ မရေရာ၊ မသေချာ ဘ၀နဲ့ပဲ မဆုံး ချင်ဘူး။ ကျောင်းမှာလဲ ကျူရှင် မတက်နိုင်တော့ သိပ်မျက်နှာငယ်တာပဲ။ ဒီကြားထဲ ရေအိုးဖိုး၊ တံမြက်စည်းဖိုး၊ အချိန်ပိုဖိုး၊ ဆရာကန်တော့ပွဲအလှူငွေဆိုပြီး တမျိုးပြီးတမျိုးတောင်းကြသေးတယ်။ ဟိုနေ့တုန်းကဆို အေတန်းက ဗိုလ်မှူးသမီး တ ယောက်က ညီမလေးတို့ကို မဆီမဆိုင်ချိုးချိုးဖဲ့ဖဲ့လာပြောလို့ ညီမလေးတို့ ဘီတန်းက ကျောင်းသူတွေနဲ့ စကားများကြ တယ်။ ဆရာမတွေက ဘာလုပ်လဲသိလား မမ။ အကောင်သမီးနဲ့ ရန်ဖြစ်လို့တဲ့။ ညီမလေးတို့ကို ရိုက်ပြီး သူ့ကိုတောင်းပန် ခိုင်းတယ်။ ညီမလေးတို့ဘ၀တွေက ဘာဖြစ်နေပြီလဲဟင်။ ဘယ်မှာလဲ။ ကျောင်းသားတွေရဲ့ တန်းတူညီမျှ အခွင့်အရေး။ ဘယ်မှာလဲ။ ကျောင်းသားတွေရဲ့ အနာဂတ်ပန်းတိုင်”
သူသူက ပြောရင်း မျက်ရည်များကျလာသည်။ မမလဲ မျက်ရည်ကို မနည်းထိန်းထားရသည်။ ဆိုင်မှာ ပြောနေကြသော ဇိုင်းဂနိုင်း လူသတ်ပွဲကို သတိရလာသည်။ စားသောက်ဆိုင်ကအပြန် လူငယ်ချင်းရန်ဖြစ်တာကို တဘက်စစ်ဗိုလ်က စစ် တပ်ခေါ်လာပြီး လမ်းမပေါ်မှာတင် လူငယ်တွေကို ပစ်သတ်သတဲ့။ မမတို့ တိုင်းပြည်ကြီး ဘာဖြစ်နေပြီလဲ။ ရောမခေတ် ကလို ကျွန်ဇာတ်သွင်းခံနေရပြီလား။ ဒါဆို ဘယ်သူတွေက သခင်တွေလဲ။ ဘယ်သူတွေက ကျွန်တွေလဲ။ ပြည်သူလူထု က စစ်အာဏာရှင်တွေရဲ့ ကျွန်တွေ ဖြစ်နေပြီလား။
“ညီမလေးကို ပိုက်ဆံနည်းနည်းပေးပါ မမရယ်။ ကော်ပီဆွဲပြီး၊ ကြေငြာချက်လေးတွေ သွားဖြန့်ချင်လို့ပါ”
“မမဆီမှာလဲ ငွေပိုငွေလျှံ သိပ်မရှိဘူး သူသူ။ ပြီးတော့ ကော်ပီသွားဆွဲတုန်း ကော်ပီဆိုင်က အစိုးရလူတွေကို သတင်းပေး လိုက်ရင် ဘယ်လို လုပ်မလဲ။ ဒီလိုလုပ်ပါလား။ မမတို့ ရှိတဲ့ ပိုက်ဆံလေးတွေနဲ့ ဗလာစာအုပ်လေးတွေ ၀ယ်မယ်လေ။ ပြီး ရင် အချိန်အားတွေမှာ ဗလာစာရွက်တွေပေါ်မှာ ကူးရေးမယ်။ မမသူငယ်ချင်းတွေကိုလဲ ကူရေးခိုင်းမယ်၊ သူသူ့သူငယ် ချင်းတွေကိုလဲ ကူရေးခိုင်း။ ပြီးရင် စုပြီး ဖြန့်မယ်လေ”
“ကောင်းတယ်မမ။ အဲဒါကောင်းတယ်။ ညီမလေးက ငွေမရှိလို့ စိတ်ဆင်းရဲနေတာ။ ခုလိုဆို ငွေကုန်ကြေးကျ သက်သက် သာသာနဲ့ ကြေငြာချက်တွေ ဖြန့်လို့ရပြီပေါ့နော် မမ”
သူသူက မျှော်လင့်ချက်မျက်ဝန်းလေးများဖြင့် ၀မ်းသာအားရ ပြောသည်။ မမလည်းပျော်ပါသည်။ အချိန်အားရတာနှင့် ကြေငြာချက်စာလေးများကို ဗလာစာအုပ်ထဲမှာ ကူးပြီး စာရွက်လေးတွေ လိုက်ဖြန့်မည်။ သူငယ်ချင်းများကိုလဲ ကူးပြီး ဖြန့်ခိုင်းမည်။ ငွေမရှိလို့ စစ်အာဏာရှင်စနစ်ကို မတိုက်နိုင်တာ မဖြစ်စေရ။ ဗလာစာရွက်၊ ဖြန့်ဝေစာများဖြင့် စစ်အစိုးရကို တိုက်မည်။ ဗလာစာရွက်၊ ဖြန့်ဝေစာလေးများ တပြည်လုံးအနှံ့၊ ပျံ့နှံ့သွားသော တနေ့မှာ …။

တိုက်ပွဲ (၃) – နှုတ်ခမ်းနီ လှုံ့ဆော်စာ
အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်
“ဟဲ့။ ကျော်အောင်။ သား ဒါဘာလုပ်နေတာလဲ”
ကျောင်းသို့ အစောကြီးလာပြီး၊ ပြတင်းပေါက်မှန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်စာများ လိုက်ကပ်နေသော ကျော်အောင်တယောက်၊ နောက်မှ အသံကြောင့် ရုတ်တရက်လန့်သွားရသည်။ လှည့်ကြည့်လိုက်တော့ ကျော်အောင်တို့ ဌာနမှ ကထိက ဆရာမ။
“ကျနော် လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာပါ ဆရာမ”
“ကဲလာလာ၊ ဆရာမတို့ ကင်တင်းဘက်သွားရအောင်၊ ဒီနားမှာ ရပ်နေလို့ သိပ်မကောင်းဘူး”
ပြောပြောဆိုဆိုဖြင့် ဆရာမက ကင်တင်းဘက်ထွက်သွားတာကြောင့် ကျော်အောင်လဲ ဆရာမနောက်သို့ လိုက်သွားရ သည်။
“ဘာလို့ ဒီလို လုပ်ရတာလဲ သားရယ်။ သားက စာလဲတော်တယ်။ မိဘတွေ မရှိတော့ပေမယ့် ကိုယ့်ထူးကိုယ်ချွန်ကြိုးစားရင်း အလုပ်လုပ်နေရတာ။ ဆရာမနဲ့ တွေ့တာမဟုတ်ပဲ တခြားလူတွေနဲ့ တွေ့သွားရင် သားဘ၀ပျက်သွားမှာပေါ့”
“ကျနော်တို့ လူငယ်တွေရဲ့ ဘ၀တွေက ပျက်ပြီးသားပါ ဆရာမရယ်။ ဒီလိုကျောင်းတက်နိုင်အောင် ကျနော်ဘာလုပ် နေရတယ်လို့ ဆရာမထင်လဲ”
“သားပြောမှ ဆရာမသိမှာပေါ့”
“ကျနော်ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ်မတက်ခင် အလုပ်ရှာတယ်ဆရာမ။ အလုပ်က လွယ်လွယ်ကူကူ မရ ဘူး။ နောက်တော့ အသိတယောက်အဆက်အသွယ်နဲ့ လိုင်စင်မဲ့ဆိုင်ကယ်သွင်းတဲ့ အလုပ်ရတယ်။”
“လိုင်စင်မဲ့ဆိုင်ကယ်။ ဒါဆို ဥပဒေနဲ့ ဘယ်ကင်းပါ့မလဲ”
ဆရာမက အံ့သြတကြီးနှင့် ကျော်အောင့် ကို ကြည့်သည်။
“ဟုတ်တယ်ဆရာမ။ ယိုးဒယားဘက်ကနေ ဆိုင်ကယ်ပစ္စည်းတွေသွင်း၊ ပြန်ဆင်ထားတဲ့ ၀စ်ဒေါက် တွေလေ။ ကျနော်တို့ က ဆင်ပြီးသားဆိုင်ကယ်တွေကို တောင်ကြီးအထိ သွားမောင်းယူပေးရတာ”
“အန္တရာယ်များလိုက်တာဟယ်”
“ဟုတ်တယ်ဆရာမ။ အန္တရာယ်များပါတယ်။ ဒါပေမယ့် ငွေလွယ်လွယ်ရတော့ ဒီအလုပ်တွေထဲမှာ လူငယ်တွေ အများကြီး ပဲ။ ဆိုင်ကယ်တင်မဟုတ်ဘူး ဆရာမ။ ရာဘဆေးတွေ သွင်းတဲ့လိုင်းတွေ၊ ကားတွေသွင်းတဲ့လိုင်းတွေ အများကြီးရှိတယ်။ ဒါတွေကို ဘယ်သူတွေက လုပ်နေတယ်ထင်လဲဟင် ဆရာမ။ အကျင့်စာရိတ္တမြင့်မားရေးဆိုတာကို လူမှုရေးဦးတည်ချက် ထဲ ထည့်ထားတဲ့ စစ်အာဏာရှင်တွေ ကိုယ်တိုင် လုပ်နေကြတာ။ ကျနော်တို့ကို အဲဒီ ပခုံးကြယ်ပွင့်ပါ ပုဂ္ဂိုလ်တွေနဲ့ ဆွေ မျိုးသားချင်းတွေက ခိုင်းနေကြတာဗျ။ သူတို့အချင်းချင်း စားကျက်လုပြီး သူ့လူ၊ ကိုယ့်လူစားကြရင်လဲ ကျနော်တို့ လူငယ် တွေက မဖြစ်စလောက်ငွေလေးတွေနဲ့ ကြားကနေ ထောင်ကျခံကြရတာပါ”
ဆရာမက ဂရုဏာမျက်လုံးဖြင့် လှမ်းကြည့်နေရုံမှတပါး ဘာမှ ဆက်မပြောနိုင်ဖြစ်သွားသည်။
“ဒီစစ်အာဏာရှင်တွေလက်အောက်မှာ ကျနော်တို့ တိုင်းပြည်ကြီးရဲ့ စီးပွားရေးကဏ္ဍကြီးတခုလုံး ခြွတ်ခြုံကျ ပျက်စီးနေ တာကို ပညာတတ်ကထိကကြီးဖြစ်တဲ့ ဆရာမက ပိုပြီး သိမှာပါဗျာ။ စီးပွားရေးလုပ်ငန်းတွေကို ဘယ်သူတွေက လုပ်နေ ကြတာလဲ။ တရားဝင်စီးပွားရေး လုပ်ငန်းတွေမှာလဲ စစ်အာဏာရှင်တွေနဲ့ ဆွေမျိုးသားချင်းတွေ၊ နီးစပ်ရာတွေက ချုပ်ကိုင် ထားကြတာပါ။ တရားမ၀င်စီးပွားရေး လုပ်ငန်းတွေမှာလဲ သူတို့နဲ့ ဝေစားမျှစား လုပ်နိုင်သူတွေကပဲ ချုပ်ကိုင်ထားကြတာ ပါ။ ပြည်သူတွေဆိုတာက လက်ဝေခံတွေပါ။ ကျနော်တို့ တိုင်းပြည်ကြီးတခုလုံး နွံနစ်နေပြီ ဆရာမ။ အဲဒီနွံထဲမှာ ကျနော် တို့ လူငယ်တွေရဲ့ အနာဂတ်တွေပါ မြုပ်နေပြီ။ ကျနော်တို့ ဘယ်လို ရုန်းထွက်ရမလဲ။ ဒီစစ်အာဏာရှင်တွေကို မဖြုတ်ချပဲ ကျနော်တို့ တိုင်းပြည်ကြီးကို ဘယ်လိုတည်ဆောက်လို့ ရမှာတဲ့လဲ။ ကျနော်တို့ရဲ့ ဘ၀တွေကို ရိုးရိုးသားသား၊ ကြိုးကြိုး စားစားနဲ့ ဘယ်လို ရုန်းကန်လို့ ရမှာတဲ့လဲ။ တက္ကသိုလ်ပရ၀ုဏ်တွေအထဲထိ ရောက်နေတဲ့ နှစ်လုံးထီ၊ သုံးလုံးထီတွေ၊ ရာ ဘဆေးတွေ၊ စာကူးချပညာရေးစနစ်တွေ၊ အမှတ်ဝယ်စနစ်တွေကို ကျော်လွှားပြီး ဆရာမတို့ကကော ဘယ်လို ပညာရေး အဆင့်အတန်းကို မြှင့်တင်နိုင်မှာတဲ့လဲ”
တက္ကသိုလ်ကျောင်းတော်ကြီးမှ သင်ကြားထားပေးခြင်းမရှိသော ပကတိအရှိတရား ဘ၀ပညာများကို ရရှိထားသော တ ပည့်ငယ်ကို ကြည့်ရင်း ဆရာမ ငိုင်သွားမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် တပည့်လေးကို သတိကြီးကြီးနှင့် လုပ်စရာရှိတာများလုပ်ဖို့ သတိပေးရသည်။ တပည့်ငယ်နှင့် လမ်းခွဲပြီးချိန်အထိ ကျောင်းသူကျောင်းသားများ၊ ဆရာမများက ကျောင်းပရ ၀ုဏ်တွင်းမှ သိပ်မရှိသေးကြ။
ပြတင်းပေါက်မှန်တခုပေါ်မှာ ကြွေးကြော်သံများပါသော စာရွက်လေးကို ကြည့်ရင်း သူမ ပြုံးမိသည်။ ပြီးတော့ သူမအိတ် ထဲမှ နှုတ်ခမ်းနီတောင့်လေးကို ထုတ်ပြီး စာရွက်မကပ်ထားသော ပြတင်းမှန်များပေါ်တွင် စစ်အစိုးရဖြုတ်ချရေး- ဒို့အရေး ဟု လိုက်ရေးလိုက်မိသည်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်ဆေးရန်အဖြေလွှာတချို့ ရုံးခန်းထဲ ကျန်ခဲ့တာမို့ ကျောင်းစောစောလာခဲ့မိတာကို ကိုယ့်ဘာသာ ကိုယ် ကျေနပ်မိတာတော့အမှန်။ လှုံ့ဆော်စာ စာရွက်များ လက်ထဲမှာ မရှိပေမယ့် သူမတို့ မိန်းကလေးများရဲ့ ပိုက်ဆံ အိတ်တွေထဲမှာ နှုတ်ခမ်းနီတောင့်များ ကိုယ်စီဆောင်ထားလေ့ရှိပါသည်။ အဆိုပါ နှုတ်ခမ်းနီလေးများဖြင့် လူအများမြင် နိုင်သော မှန်များပေါ်တွင် လှုံ့ဆော်စာများ လိုက်ရေးထားပါက နှုတ်ခမ်းနီ လှုံ့ဆော်စာများကလဲ တနည်းတဖုံဖြင့် လူထု လှုပ်ရှားမှုကို ထောက်ကူပြုမည် မလွဲ… ။

တိုက်ပွဲ (၄)- ကြက်ခြေခတ်၊ ဆန္ဒဖော်ထုတ်ပွဲ
အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ဧရာဝတီတိုင်း

“မမ၊ ကော်ဖီသောက်ပါဦးရှင့်”
သူနာပြုဆရာမ ဖျော်ပေးသော ကော်ဖီကို ဟန်ပင်မဆောင်နိုင်တော့ပဲ အားရပါးရ မော့ချလိုက်မိသည်။
“သြ၀ါဒခံယူပွဲ အဆင်ပြေရဲ့လား မမ”
“နော်ဆေးရယ်။ မသိတာလဲ မဟုတ်ပဲနဲ့၊ မေးနေသေးတယ်။ တို့လဲ လူနာတွေ ဆေးကုချင်လို့ ဆရာဝန်လုပ်တာပါဟယ်။ သူတို့နဲ့ကျမှပဲ ကိုယ့်ဘာသာကိုယ် ဆရာဝန်လား၊ မူလတန်းကျောင်းသူလားဆိုတာ မသိတော့ဘူး။”
“တိုးတိုးပြောမမ။ တော်ကြာ ဟိုကြံ့ဖွတ်သူနာပြုမ ကြားသွားလို့ တိုင်နေဦးမယ်”
“အမယ်လေး။ တိုင်စမ်းပါစေဟယ်။ နယ်ပြောင်းခံရရုံမကလို့ အလုပ်ထုတ်ခံရရင်တောင် တို့မှာ နားအေးပါးအေး နေရဦး မယ်။ ခုတော့ တခါလာ ၀န်ကြီး၊ တခါလာ ဒုဝန်ကြီး၊ တခါလာ တိုင်းမှူးနဲ့ တယောက်ပြီးတယောက်လာပြီး သြ၀ါဒပေးနေ ကြတာ။ တို့မှာ အလုပ်ပျက်၊ အကိုင်ပျက်နဲ့။ ဒီကြားထဲ သူတို့အလာမှာ လက်အုပ်လေးတွေ ချီပြီ ကြိုရသေးတယ်။ ဘယ် နဲ့ဟယ်။ လူ့အသက်ကယ်တဲ့ လက်ဆိုပြီး ကိုယ့်ဘာသာကိုယ်ကျေနပ်နေတာ။ ခုမှပဲ လူသိရှင်ကြား လူသတ်သမားတွေကို လက်အုပ်ချီနေရတယ်။ ကိုယ့်လက်ကိုတောင် ကိုယ် မသတီတော့ဘူး”
“မမ။ ဒီနေ့ တခုခုဖြစ်လာတယ်ထင်တယ်။ ဒီလိုပြောတာ တခါမှ မကြားဖူးဘူး”
“ဘာမှမဖြစ်လာပါဘူးနော်ဆေးရယ်။ တို့စိတ်ကုန်နေတာကြာပြီ။ ပြောမထွက်ပေမယ့် ရင်ထဲမှာ မခံချင်စိတ်တွေ အပြည့် ပဲ။ ရှစ်လေးလုံးတုန်းက ဆေးရုံထဲ ၀င်ပစ်တာတွေ သိပြီးကတည်းက သူတို့ မျက်နှာတွေကို မြင်ရရင် မျက်စိထဲ ဆံပင်မွှေး စူးသလို ခံစားနေရတာ”
“မမတောင် ဒီလိုခံစားရရင် နော်ဆေးတို့ဆို ပိုဆိုးတာပေါ့ မမရယ်။ ရွာမှာတုန်းကဆိုရင်လေ သူတို့ဝင်လာပြီဆိုရင် ဘယ် သူအသတ်ခံရမလဲ၊ ဘယ်သူ မုဒိမ်းကျင့်ခံရမလဲဆိုပြီး တထိတ်ထိတ်နဲ့ နေကြရတာ။ ကလေးတောင် သူတို့လာပြီပြောရင် အငိုတိတ်တယ်။ အဲလောက်ထိ ရမ်းကားကြတာ။ အပြစ်မဲ့ လူတွေကို အပြစ်ရှာပြီး သတ်ဖြတ်တာ၊ ရွာမီးရှို့တာတွေ မြင် ရ၊ ကြားရဖူးတော့ သိပ်မုန်းတာပဲ မမရယ်။ အမှန်ပြောရရင် မြို့ပေါ်မှာ ဗမာဆို မုန်းနေတာ”
“မမလဲ ဗမာပါပဲ နော်ဆေးရယ်။ မမတို့ ဗမာတွေက နော်ဆေးတို့တွေကို ဒီလိုလုပ်နေတာ မဟုတ်ပါဘူး။ စစ်အာဏာရှင် တွေက လူမျိုးပေါင်းစုံ ပါဝင်နေတဲ့ စစ်တပ်ကို ထိန်းချုပ်ပြီး လုပ်နေကြတာပါ။ တကယ်တမ်းကျတော့ ဗမာလူမျိုးတွေ အ ပါအ၀င် တိုင်းရင်းသား ပြည်သူတွေအားလုံးက စစ်အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ခံနေကြရတာပါ”
“ဟုတ်ပါမယ် မမ။ မမတို့နဲ့ နာဂစ်ကယ်ဆယ်ရေး လိုက်မိတော့မှ နော်ဆေး သဘောပေါက်သွားတာပါ။ နော်ဆေးတို့ တိုင်းရင်းသားတွေကိုတင် သတ်ဖြတ်နှိပ်စက်နေတာမှ မဟုတ်ပဲ။ ဗမာလူမျိုးတွေကိုလဲ ဖိနှိပ်လိုက်ကြတာနော်။ ကူညီ ကယ်တင်မယ့် လူတွေကိုလဲ တိုင်းပြည်ထဲ အ၀င်မခံဘူး။ ဒုက္ခဆင်းရဲ ရောက်နေကြသူတွေကိုလဲ မစောင့်ရှောက်ဘူး။ ဒီကြားထဲ မနေနိုင်လို့ အလောင်းတွေစုပြီး သင်္ဂြိုလ်ပေးသူတွေကိုလဲ ဖမ်းလားဆီးလားနဲ့”
“ကျန်းမာရေးစောင့်ရှောက်သူတယောက်အနေနဲ့ ဒီအကြောင်းတွေကို ပြန်ကြားရတိုင်း၊ ပြန်တွေးမိတိုင်း အော့နှလုံးနာမိ တယ် နော်ဆေးရယ်။ အရေးထဲ သေစာရင်းလူနာမည်တွေကို သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံမဲထည့်တဲ့ စာရင်း ထဲ လိုက်ထည့်နေတာက တမျိုး”
“ဟုတ်တယ်မမရယ်။ ဒါလား လူထုဆန္ဒ။ မုန်တိုင်းရောက် တမလွန်ရောက်သွားသူတွေရဲ့ အလောင်းတွေကိုကျတော့ ပုပ် ပွနေမှ သင်္ဂြိုလ်ကြပြီး၊ ဒီလူတွေရဲ့ နာမည်တွေကိုကျတော့ ထောက်ခံမဲထည့်တဲ့ စာရင်းထဲ ထည့်ထားတာကို လူထုဆန္ဒ အပြည့်အ၀ ရထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ ပြောနေတာများ၊ သူတို့မို့ မရှက်မကြောက်”
“ဟိုတလောက ရွေးကောက်ပွဲကကော ဘာထူးလို့လဲ နော်ဆေးရယ်။ ကြိုတင်မဲတွေ လိုက်ကောက်ကြတာပဲလေ။ တို့တွေအားလုံး ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်ခွင့်မှ မရခဲ့ကြတာ”
“အဲဒီတုန်းက ဖော်ထုတ်ခွင့် မရပေမယ့် အချိန်တော့ မနှောင်းသေးဘူး မမ။ နော်ဆေးတို့တွေ သူတို့လုပ်ရပ်တွေကို လက် မခံဘူးဆိုတဲ့ ဆန္ဒအစစ်အမှန်ကိုတော့ တနည်းနည်းနဲ့ ဖော်ထုတ်ကြရမယ်”
“ပြောပါဦးနော်ဆေး။ နော်ဆေးက ဘယ်လိုနည်းတွေ တွေ့ထားလို့လဲ”
“အထွေထွေ သပိတ်မပေါ်သေးပေမယ့် ပြောက်ကျားတိုက်ပွဲလှုပ်ရှားမှုတော့ လုပ်လို့ရမယ်ထင်တယ် မမ”
“ပြောက်ကျားနည်းဆိုလို့ လူတိုင်းအလွယ်တကူ ပါဝင်နိုင်တဲ့ နည်းတွေနဲ့ စသင့်တယ်ထင်တယ်”
“ဟုတ်တယ် မမ။ ဥပမာ- သတင်းစာတွေ၊ ဂျာနယ်တွေထဲက အစိုးရဦးတည်ချက်ဆိုတာတွေ၊ ကြွေးကြော်သံတွေကို ကြက်ခြေခတ်ပြီး ဆန္ဒဖော်ထုတ်တာကတော့ လူတိုင်းအလွယ်တကူ လုပ်လို့ရတယ်။ အဲဒီကြက်ခြေခတ်ထားတဲ့ သတင်း စာဖြတ်ပိုင်းတွေကို သစ်ပင်တွေ၊ အုတ်နံရံတွေမှာ လိုက်ကပ်ထားလို့လဲ ရတယ်။ ရုံးတွေ၊ ဆိုင်တွေမှာလဲ ဖတ်ပြီးရင် မသိ မသာ ကြက်ခြေခတ်ထားလိုက်ရင် နောက်လူက မြင်သွားမှာပဲ”
“ဟုတ်တယ်။ ဒါလဲ လှုပ်ရှားမှုတခုပဲ။ အခြေအနေ၊ အချိန်အခါကြည့်ပြီး လူတိုင်းပါလို့ရတယ်။ ဆန္ဒအစစ်အမှန်ကို ကြက် ခြေခတ်သင်္ကေတနဲ့ ဖော်ထုတ်ပြလို့ရတယ်”
ဒေါက်တာကြူကြူက ပြောရင်းဆိုရင်း၊ သူမရှေ့မှာရှိသော ကျန်းမာရေးစာစောင်၊ မဂ္ဂဇင်းများမှ ဦးတည်ချက်စာမျက်နှာ များကို ကြက်ခြေခတ် စလုပ်ချိန်တွင် နော်ဆေးကလဲ ဆေးရုံထဲမှ သတင်းစာများကို သွားယူလေတော့သည်။ ကြက်ခြေ ခတ် သင်္ကေတများပါသော သတင်းစာများ၊ စာစောင်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများဖြင့် စစ်မှန်သော ဆန္ဒကို ဖော်ထုတ် ကြသည့် တိုက်ပွဲများ လူထုကြားသို့ ပျံ့နှံ့လာခြင်းဖြင့် …။

တိုက်ပွဲ (၅)- အမှောင်တိုက်ပွဲ
အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ရန်ကုန်တိုင်း

“တောက်။ မီးကပျက်ပြန်ပြီကွာ”
ဦးစိတ်တို၏ တောက်ခေါက်သံက အမှောင်နှင့် အတူ ထွက်ပေါ်လာသည်။ အကြောင်းသိသော သားနှင့် သမီးကလဲ အ ခန်းထဲက ထွက်လာကြသည်။ မီးပျက်လျှင် ဖယောင်းတိုင်ခြွေတာသည့်အနေဖြင့် မိသားစုအားလုံး အခန်းတခန်းထဲမှာပဲ စုနေကြသည်။ စာကျက်သူကလဲ ၀ါကျင့်ကျင့် ဖယောင်းတိုင်မီးရောင်လေးဖြင့် စာကျက်ကြရသည်။ ဖခင်၏ လုပ်စာလေး တခုတည်းနှင့် တအိမ်လုံးစားနေကြရသော မိသားစုလေးအတွက် သူများတွေလို အက်ဗာတာ အိပ်မက်တွေလဲ မမက်နိုင် ပါ။
“အမယ်လေး၊ လာကြပါဦးတော်”
အိမ်နောက်ဖေးဘက်မှ အသံကြားတော့ သားသမီးနှစ်ယောက်က ပြုံးကြသည်။ ဦးစိတ်တိုက ပုဆိုးကို ခပ်တိုတိုပြင်ဝတ် ရင်း ပါးစပ်က တတွတ်တွတ် ရေရွတ်သည်။
“ဒီမိန်းမကွာ။ ကလေးပဲ နှစ်ယောက်ရနေပြီ။ ခုထိ သရဲကြောက်တုန်း”
မကျေမနပ်ဖြင့် ရေရွတ်မိပေမယ့် ထုံးစံအတိုင်း နောက်ဖေးအိမ်သာမှ ပြန်ထွက်လာသော မိန်းမဖြစ်သူကို ဖယောင်းတိုင် လေးဖြင့် သွားကြိုရပြန်သည်။
“ရှင်ကလဲတော်။ မှောင်မှောင်မည်းမည်းကြီးကို။ ကျုပ်ကြောက်တာပေါ့”
အိမ်ထဲပြန်ရောက်လာတော့ ဒေါ်ပိစိကလဲ ထုံးစံအတိုင်း အရှက်ပြေပြောသည်။ ကြားနေကြ စကားမို့ ဘယ်သူမှ ဘာမှ ပြန်မပြောကြ။
“ငါတို့ဘ၀တွေလဲ ဘယ်တော့များကျမှ အမှောင်ထဲက လွတ်မလဲ မသိပါဘူးကွာ”
“ရှင်က ဘယ်အမှောင်ကို ပြောနေတာတုန်း”
“သြော်- ဒီမိန်းမ။ မီးမှောင်တာကို ပြောတာပေါ့။ ငါ့မှာ တနေ့လုံး အလုပ်က ပင်ပန်းလာပြီး အပျင်းပြေစာအုပ်လေး ဖတ်ချင်တာတောင် မဖတ်ရဘူး။ မီးက ပျက်ပြီ”
“သိပါဘူးတော်။ ဈေးမှာ ဟိုကောင်မတွေ ပြောသံကြားတာတော့ အမှောင်က နှစ်မျိုး ရှိတယ်တဲ့။ မီးမလာတဲ့ အမှောင်က တမျိုး။ နောက်တမျိုးက စစ်အစိုးရရဲ့ လက်အောက်မှာ တိုင်းပြည်တခုလုံးကျနေတာကလဲ အမှောင်ထဲ ရောက်နေတာပဲ တဲ့”
“ဟ။ မင်းတို့က နိုင်ငံရေးပြောနေကြတာလား”
“နိုင်ငံရေးဆိုတာလဲ ကျုပ်တို့အရေးပါပဲ တော်ရယ်။ ကျုပ်တို့နိုင်ငံကြီးတိုးတက်မှ ကျုပ်တို့ရဲ့ ဘ၀တွေလဲ တိုးတက်မှာပေါ့ တော်။ ခုတော့ ကျုပ်မှာလေ၊ ဈေးရောင်းတာတောင် အေးအေးဆေးဆေး မရောင်းရဘူး။ ဈေးခေါင်းတွေ ကြောက်ရ၊ စည်ပင်တွေ ကြောက်ရနဲ့။ ဒီကြားထဲ ဈေးတွေက တက်တော့ အမြတ်မရပဲ အရင်းထဲက မပါသွားအောင်တောင် မနည်း ပြောရောင်းနေရတာ။ ခုဆို ကျုပ်ဘုရားရှိခိုးရတာတောင် စိတ်မဖြောင့်ဘူးတော်။ ငါးပါးသီလခံပြီး အလေးခိုးနေရတာ မ ကောင်းပါဘူးရှင်”
“ငါတို့လဲ မထူးပါဘူးကွာ။ ဒီခေတ်ကြီးမှာ ရုံးကားမောင်းတယ်ဆိုတာနဲ့ ဆီခိုးတာနဲ့က ဒွန်တွဲနေတာပဲ။ ဒီလိုမှ မလုပ်ရင်လဲ လခက လောက်မှ မလောက်တာ”
“တခါတလေ၊ ကျုပ်စဉ်းစားမိတယ်။ ကလေးတွေကြီးလာရင် စာရိတ္တကောင်းဖို့ သင်ပေးရမှာလား၊ အနေအစားချောင် အောင် ဘာမဆိုလုပ်ဖို့ သင်ပေးရမှာလားလို့”
“ဟေ”
ဦးစိတ်တို ငိုင်သွားသည်။ အလင်းရောင်ဖျော့ဖျော့ကြားမှ သူ့မိန်းမမျက်နှာကို ပြန်ကြည့်မိသည်။
“ကျုပ်တကယ်ပြောနေတာ။ ကျုပ်လေ၊ စိတ်မကောင်းဘူး သိလား။ ဈေးထဲမှာ ပြောနေကြတာတော့ ဒါတွေဟာ စစ်အစိုး ရကြောင့်တဲ့။ အုပ်ချုပ်သူတွေကိုယ်တိုင်က စာရိတ္တတွေ ချို့ယွင်းပြီး တိုင်းပြည်ဘဏ္ဍာခိုးစားနေကြမှတော့ တတိုင်းပြည် လုံးမှာလဲ သူခိုးကြီး၊ သူခိုးလေးတွေ ပြည့်နေတော့မှာပေါ့တဲ့”
စကားဝိုင်းက အတန်ကြာတိတ်ဆိတ်သွားသည်။ ကလေးများလဲ စာဖတ်ရင်း စားပွဲပေါ်မှာ မှောက်အိပ်နေကြသည်။ ဦး စိတ်တိုက ငုတ်တုတ်ထိုင်နေသည်။ ဒေါ်ပိစိကလဲ နံရံမှီပြီး ငိုက်နေသည်။
“ဟော- မီးလာပြီတော့”
မီးပြန်လာသဖြင့် ဒေါ်ပိစိက ၀မ်းသာအားရ ဖြစ်သွားသည်။
“မီးခလုတ်တွေ သွားပိတ်လိုက်စမ်း”
“ရှင်ဘာပြောတယ်”
“ဟုတ်တယ်။ မီးခလုတ်တွေကို ပိတ်ပစ်လိုက်။ ဒီနည်းနဲ့ ငါတို့တိုင်းပြည်ကို ကယ်တင်ရမယ်”
ဒေါ်ပိစိက အလန့်တကြားဖြင့် ဦးစိတ်တိုကို ကြည့်သည်။
“ငါတို့တွေက သူတို့မီးဖြတ်ရင် မီးမလာဘူးဆိုပြီး စိတ်ညစ်၊ သူတို့မီးပေးရင် မီးလာပြီဆိုပြီး ပျော်နဲ့ သူတို့ခြယ်လှယ်သမျှ ငုံ့ခံနေမှတော့ တတိုင်းပြည်လုံး သူတို့လက်ထဲ ရောက်နေတာ ဆန်းသလားကွ။ ဒီတော့ အာဏာဖီဆန်ရမယ်။ သူတို့မီး ပေးတဲ့ နေ့တွေမှာလဲ တတ်နိုင်သမျှ အမှောင်ချပြီး အာဏာဖီဆန်ရမယ်။ မီးမပေးတဲ့ နေ့တွေမှာလဲ မီးပေးဖို့ လျှပ်စစ်ရုံး တွေကို သွားဝိုင်းပြီး တောင်းဆိုရမယ်။ မင်းလဲဒါကို ဈေးထဲမှာပြော။ ငါလဲ လူတွေကို ပြောမယ်။ ဒီလိုအာဏာဖီဆန်တဲ့ တိုက်ပွဲတွေနဲ့မှ ငါတို့ တိုင်းပြည်တခုလုံး အမှောင်ကျနေတာကို ကယ်နိုင်မှာပေါ့ကွ”
ဦးစိတ်တိုစကားဆုံးတော့ ဒေါ်ပိစိက မီးခလုတ်ကို အမြန်သွားပိတ်လိုက်သည်။ အာဏာဖီဆန်သည့် အမှောင်တိုက်ပွဲ စ လေပြီ။ မတရားသည့် အမိန့်အာဏာဟူသမျှကို တတ်နိုင်သည့်နည်းလမ်းဖြင့် ဖီဆန်သည့် တိုက်ပွဲများ တနိုင်ငံလုံးကို ပျံ့နှံ့သွားခြင်းဖြင့်… ။
ပြောက်ကျားတိုက်ပွဲများမှသည်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆီသို့

ခင်မမမျိုး (၂၆၊ ၃၊ ၂၀၁၁)
http://khinmamamyo.blogspot.com
http://www.naytthit.net/

တာလေငလျင်၂

GOOGLE SLIDESHOW HERE




ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း တာလေမြို့နယ် ငလျင်ဒဏ်ထိ မြင်ကွင်းတွေကို ဧရာဝတီသတင်းထောက် ကိုခိုင်စိုးက ရိုက်ကူးပေးထားပါတယ်။
http://www.irrawaddyblog.com/ကတဆင့်ဖေါ်ပြပါသည်။

လက်နက်ကိုင်တပ်ဖွဲ့များနေ့ အဓိပ္ပါယ်


မြန်မာပြည်မှာ တပ်မတော်နေ့လို့ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့များနေ့ Armed Forces Day ကို နိုင်ငံအတော်များများမှာ ကျင်းပပါတယ်။ လက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ ကြည်းတပ်၊ လေတပ်၊ ရေတပ် တို့မှာ တာဝန်ထမ်းဆောင်သူတွေကို ဂုဏ်ပြုတဲ့နေ့ ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဂုဏ်ပြုဖို့ ရက်သတ်မှတ်ပြီး အခမ်းအနားကျင်းပ ကြတာရှိသလို၊ ကြည်းရေလေ ခွဲခြားပြီး ကျင်းပကြတာမျိုးလည်း ရှိကြပါတယ်။
အများအားဖြင့် စစ်ပွဲအောင်နိုင်တဲ့နေ့ (ဒါမှမဟုတ်) စစ်တပ်တည်ထောင်တဲ့နေ့ကို လက်နက်ကိုင်တပ်ဖွဲ့များနေ့လို့ သတ်မှတ်လေ့ရှိပါတယ်။ ဥပမာ ၁၆ ရာစုနှောင်းပိုင်း နန္နဘုရင်ရဲ့  သားတော်နဲ့ ထိုင်းဘုရင် နရတ်ဆွမ် (Naresuan) တို့ ဆင်စီးချင်းထိုးရာမှာ နန္နဘုရင်သားတော် မဟာဥပရာဇာသားတော် ကျဆုံးသွားပါတယ်။ ဗမာမင်းကိုအောင်နိုင်တဲ့ ဇန္နဝါရီလ ၁၈ ရက်နေ့ကို ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များနေ့အဖြစ် သတ်မှတ်ထားပါတယ်။ ဂျပန်မှာ ဖက်ဆစ်အားကောင်းစဉ်က ၂၀ ရာစုအစောပိုင်းမှာ ရုရှားစစ်တပ်ကို အောင်မြင်လိုက်တဲ့ စစ်ပွဲ နှစ်ပွဲကို ဂုဏ်ပြုပြီး ကြည်းတပ်နေ့ နဲ့ ရေတပ်နေ့လို့ သတ်မှတ်ထားခဲ့ပါတယ်။ စစ်ပြီးခေတ်မှာတော့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ တည်ထောင်တဲ့နေ့ကို ဂျပန်နိုင်ငံရဲ့  လက်နက်ကိုင်တပ်ဖွဲ့များနေ့အဖြစ် သတ်မှတ်ထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဘီအိုင်အေ (BIA = Burma Independence Army) ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ဘီအိုင်အေ တည်ထောင်တဲ့နေ့ကို ဗမာ့တပ်မတော်နေ့အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဟိုင်နန်ကျွန်းမှာ ရဲဘော်သုံးကျိပ် စစ်သင်တန်း စတက်တဲ့ ၁၉၄၁ ဇူလိုင်လကစပြီး ဂျပန်ဖက်ဆစ်ကို တော်လှန်တဲ့ ၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်အထိ ဗမာတပ်ဟာ ဂျပန်စစ်တပ်အောက်မှာ လေးနှစ်နီးပါး (၃ နှစ် ၁၀ လ) နေခဲ့ရပါတယ်။ စစ်ပြီးတဲ့အခါ ဗမာစစ်တပ်ကို ပြန်လည်ဖွဲ့စည်းဖို့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ လူးဝစ် မောင့်ဘက်တန် (Louis Mountbatten) ဦးစီးတဲ့ မဟာမိတ်စစ်ခေါင်းဆောင်တွေ အိန္ဒိယပြည် ကန္ဒီမြို့ မှာ တွေ့ဆုံဆွေးနွေးပြီး ဗမာ့တပ်မတော်ဖွဲ့စည်းဖို့ ၁၉၄၅ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှာ သဘောတူချက် ရယူနိုင်ပါတယ်။ ဒါကြောင့် ကန္ဒီစာချုပ် လက်မှတ်ထိုးတဲ့နေ့ကိုလည်း ဗမာတပ်မတော်နေ့ကို သတ်မှတ်နိုင်ပါတယ်။
ဒါပေမဲ့ ကန္ဒီစာချုပ်အရ ပြန်လည်ဖွဲ့စည်းတဲ့ တပ်မတော်မှာ စစ်ဗိုလ်စစ်သား သုံးထောင်နီးပါး (၂၆၆၈) ယောက်သာ ရှိပါတယ်။ စစ်ပြီးခေတ်မှာ ပြန်လည်ဖွဲ့စည်းတဲ့ တပ်မတော်ဟာ လူတန်းစားမျိုးစုံ ပါဝင်တဲ့ ဖက်ဆစ်တော်လှန်ရေးကို ကိုယ်စားမပြုနိုင်ပါဘူး။ ဖက်ဆစ်တော်လှန်ရေးမှာ အားမာန်အပြည့်နဲ့ ပါဝင်ခဲ့ကြသူများသလောက် စစ်ပြီးလို့ ဗမာ့တပ်မတော် ဖွဲ့စည်းတဲ့အခါမှာ အင်အား သုံးထောင်တောင်မပြည့်တာ တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း စစ်တပ်ကထွက်ပြီး ဖဆပလ ဥက္ကဌရာထူးကို လက်ခံလိုက်တဲ့အတွက် စစ်တပ်ထဲဝင်ချင်သူတွေ နည်းသွားတယ်လိုပ ဆိုကြပါတယ်။ ဂျပန်တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီးအကြောင်းအမျိုးမျိုးကြောင့် စစ်ပြီးခေတ် ဗမာ့တပ်မတော်ထဲ မဝင်တဲ့ ပြောက်ကြားတပ်သားဦးရေက နှစ်သောင်း ငါထောင်ကျော် ရှိပါတယ်။ ဒီလူတွေကို ပြည်သူ့ရဲဘော်များလို့ ခေါ်ကြပါတယ်။
လွတ်လပ်ရေးရပြီး နှစ်အနည်းငယ်ကြာတဲ့အထိ မတ်လ (၂၇) ရက်နေ့ကို တော်လှန်ရေးနေ့အဖြစ် တပြည်လုံးမှာ ကျင်းပနေခဲ့ပါတယ်။ အဲဒီတုန်းက တပ်မတော်နေ့ဆိုတာ မရှိသေးပါဘူး။ ၁၉၅၈ မှာ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရ တက်လာတော့မှ တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် အမည်ပြောင်းလိုက်တာ ဖြစ်ပါတယ်။ ဗမာစစ်အစိုးရဟာ ဂျပန်အစိုးရဆီက စစ်လျော်ကြေးရယူနေတဲ့အတွက် ဂျပန်တော်လှန်ရေး နေ့ မကျင်းပဖို့ ဂျပန်နိုင်ငံက မေတ္တာရပ်ခံတာကို လိုက်လျောပြီး တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် အသွင်ပြောင်းလိုက်ကြောင်း သိရပါတယ်။ အဲဒီနောက်မှာ ဂျပန်ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့လုပ်ပြီး စစ်ရေးပြ အခမ်းအနားတွေနဲ့ နှစ်စဉ်ဂုဏ်ယူနေတဲ့အတွက် တော်လှန်ရေးဆင်နွှဲခဲ့သူတွေရဲ့  အခန်းကဏ္ဍဟာ ကွယ်ပျောက်နေပါတယ်။
တိုင်းပြည် လွတ်လပ်ရေးရဖို့အတွက် ကျဆုံးသွားရသူတွေကို သတိ၇အောက်မေ့တဲ့ သဘောနဲ့ တော်လှန်ရေးနေ့ကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ မူရင်းရည်ရွယ်ချက်က တပ်မတော်ကို ဂုဏ်ပြုဖို့ မဟုတ်ပါဘူး။ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် နဲ့ အခြားစစ်ပွဲ အများအပြားဆင်နွှဲခဲ့တဲ့ ဗြိတိန်နိုင်ငံမှာ တိုင်းပြည်အတွက် အသက်စွန့်သွားကြသူတွေကို သတိရအောက်မေ့တဲ့နေ့ သတ်မှတ်ထားပါတယ်။ အဲဒီနေ့မှာ ကျဆုံးသွားသူတွေကို သတိရပြီး ချီတက်အလေးပြုကြပါတယ်။ စစ်သည်နိုင်ငံလို့ အမည်ရတဲ့ ဗြိတိန်မှာ လက်နက်ကိုင်တပ်ဖွဲ့များနေ့ ကျင်းပတာ မကြာသေးပါဘူး။ ၂၀၀၉ ခုနှစ် ဇွန်လ (၂၇) ရက်နေ့ဟာ ဗြိတိန်နိုင်ငံရဲ့  ပထမဆုံးသော လက်နက်ကိုင်တပ်ဖွဲ့များနေ့ ဖြစ်ပါတယ်။
မြန်မာပြည်မှာတော့ အများနဲ့သက်ဆိုင်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ ကို တပ်မတော်နေ့ အဖြစ် စစ်တပ်က ကိုယ်ပိုင်လုပ်ထားပြီး စစ်ရေးပြ အခမ်းအနားတွေ လုပ်တတ်ပါတယ်။ ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့သူတွေနဲ့ ဆွေးမျိုးမိတ်သင်္ဂတွေကလည်း သတိရ အထိမ်းအမှတ်တွေ လုပ်လေ့ရှိပါတယ်။ မတ်လ (၂၇) ရက်နေ့ဟာ ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လူမျိုးစုံကို သတိရအောက်မေ့တဲ့နေ့ဖြစ်ပြီး တပ်မတော်ကို ဂုဏ်ပြုတဲ့နေ့မဟုတ်ကြောင်း နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။
http://www.voanews.com/burmese/

အကျဉ်းထောင်ထဲက စစ်ပြေး ကလေးတွေရဲ့ဘဝ


(မြန်မာနိုင်ငံတွင် ကလေးစစ်သား ပြဿနာ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။ နိုင်ငံတကာဖိအားပေးမှုများ ရှိနေသည့်တိုင် စစ်အစိုးရ တာဝန်ရှိသူများကိုယ်တိုင်က ကလေးစစ်သား စုဆောင်းမှုများ ဆက်လက်ပြုလုပ်နေခြင်း၊ ပြည်တွင်းရှိ အကူအညီပေးရေး အဖွဲ့များကလည်း ထိရောက်စွာကူညီရန် အကန့်အသတ်ရှိနေခြင်းတို့ကြောင့် ကလေးစစ်သားအဖြစ် စုဆောင်းခံရသူများ၏ အခွင့်အရေးများ ဆုံးရှုံးနေရပါသည်။ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် အကျဉ်းချခံရသည့် စစ်ပြေး ကလေးစစ်သားများအကြောင်း ဖော်ပြလိုက်ပါသည်။) 

child-soldier
ရှမ်းပြည်နယ် လောက်ကိုင်မြို့တွင် တွေ့ရသော ကလေးစစ်သားတဦး (ဓာတ်ပုံ - Reuters)
သံချောင်းခေါက်သံ၊ တုန်းမောင်း ခေါက်သံနဲ့အတူ “အားလုံးကောင်းပါသည် ဆရာကြီး” ဆိုတဲ့ ဘာယာ (ညကင်းစောင့် အကျဉ်းသား) တွေရဲ့အော်သံ၊ စစ်ဖိနပ်သံ တရှပ်ရှပ် အသံတွေကြောင့် ကျနော် အိပ်မပျော်နိုင် ဖြစ်နေစဉ်မှာပဲ တရှုံ့ရှုံ့ ငိုကြွေးသံ တသံကို ကျနော် ကြားလိုက်ရတာပါ။

ခေါင်းထောင်ကြည့်တော့ ကျနော့်အခန်း မျက်စောင်းထိုး ပြစ်ဒဏ်ခန်းတခုရဲ့ သံတိုင်တံခါးဝမှာ သံတိုင်တွေကို လက်နှစ်ဘက်ပိုက်လို့၊ ခေါင်းကိုငုံ့ပြီး ငိုကြွေးနေတဲ့ ကလေးငယ် တယောက်ကို တွေ့လိုက်ရပါတယ်။ သူ့အသံက  တိတ်ဆိတ်ခြင်းကို တအိအိဖြိုခွဲနေသလို ဖြစ်နေတယ်။

မနက်မိုးလင်းတော့မှ ညက ငိုကြွေးနေတဲ့သူကို သဲသဲကွဲကွဲ ကျနော် မြင်ခွင့်ရလိုက်တယ်။ ကြိုးတိုက်ထဲ ရောက်နေတဲ့ သူက အသက် ၁၆ နှစ်ပဲရှိသေးတဲ့ မောင်သော်ဇင် ဆိုတဲ့ ကလေးစစ်သား စစ်ပြေးကလေး တယောက်ပါ။ သူ ဘယ် အချိန်က၊ ဘာကြောင့် ဒီနေရာကို ရောက်နေတာပါလိမ့်။

“ကျနော် ညမိုးချုပ်မှ ဒီတိုက်ကိုရောက်လာတာ။ အရင် ၅ ဆောင်မှာ နေရတာ။ ထောင်ကိုရောက်တာ ၅ ပတ်ပဲ ရှိသေးတယ်။ မနေ့ညက ပြဿနာတက်လို့ ဒီကို ရောက်လာတာ” လို့ သူက ရှင်းပြတယ်။

“ဘာပြဿနာလဲ” ဆိုတဲ့ ကျနော့်အမေးကို သူက ဆက်ရှင်းပြရင်း မျက်ရည်တွေ ကျလာပြန်ပါတယ်။

စစ်ပြေးမှု (ပုဒ်မ ၆၅) နဲ့ ထောင်ဒဏ် တနှစ်ကျခံရလို့ အင်းစိန်ထောင်ကို ရောက်လာခဲ့ပြီး ရက်သတ္တ ၅ ပတ်အကြာ အဲဒီနေ့ည ၁၀ နာရီလောက်မှာ သူဟာ ထောင်အခေါ် “စစ်သမီး” ဖြစ်နေတယ် ဆိုတာကို ကျန်တဲ့သူတွေ သိသွားလို့ သူ ငိုနေတာလို့ ပြောပြတယ်။

အဲဒီ နေ့ညက ၅ ဆောင် အခန်းလူကြီးရဲ့ လက်ရုံးတဆူ ထောင်လူဆိုးတဦးက သူ့ကို လိင်တူချင်း အဓမ္မ ပြုကျင့်နေတာကို ဘာယာက တွေ့သွားတဲ့အတွက် အခုလို ပြစ်ဒဏ်တိုက်ကို ရောက်လာခဲ့ရတာလို့ သိခွင့်ရလိုက်ပါတယ်။

သူ့အနေနဲ့ ထောင်ကိုရောက်ခါစမှာ မိသားစုနဲ့ အဆက်အသွယ် ပြတ်နေတဲ့အတွက် ထောင်ဝင်စာလည်းမရှိ၊  ထမင်းတောင် ၀လင်အောင် မစားခဲ့ရဘူးလို့ ပြောပြပါတယ်။ ကလေးစစ်သားတွေဟာ စစ်သားစုဆောင်း ခံရပြီးနောက်မှာ မိသားစုနဲ့ လုံးဝ အဆက်အသွယ်လုပ်ခွင့် မရကြတော့ ပါဘူး။ တချို့ဆိုရင် ဘယ်လိုမှ မိသားစု ရင်ခွင်ကို ပြန်မရောက်တော့ဘဲ ပျောက်ချင်းမလှ ပျောက်သွားကြတော့တာပါ။

မောင်သော်ဇင်ဟာ ထောင်ကိုရောက်တာနဲ့ မိလ္လာအိုး ထမ်းခဲ့ရတယ်။ အလုပ်ကြီး မိလ္လာဘုတ်ကိုင်က မစင်အိုးကို လက်မှာ ဘာအကာအကွယ်မှမပါဘဲ သေချာပြောင်စင်အောင် ဆေးကြောခိုင်းတာ ခံခဲ့ရတယ်၊ ဒါတွေကို မောင်သော်ဇင် အနေနဲ့ စိတ်မပါဘဲ လုပ်နေရတာကြောင့် ဒီဒုက္ခက လွတ်မြောက်ချင်စိတ် တခုပဲ သူ့မှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို အဖြစ်အပျက်တွေ ခံစားနေရခိုက်မှာပဲ သူနဲ့ ထောင်တွင်းပြစ်ဒဏ် အတူ ခံစားနေရတဲ့ ကျော်ကြီးဆိုသူက သူ့ကို အစစအရာရာ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့အပြင် “သား” လို့ခေါ်ပြီး ဂရုစိုက်ခဲ့တယ်လို့ သိရတယ်။

“ဖေကျော်ကြီးက သားလို့ခေါ်ပြီး ရေကန်မှာ ရေချိုးပေးတယ်။ ရေချိုးရတာလည်း အ၀ ချိုးရတာ။ အရင်ရောက်စက ကျနော့်မှာ ၀ဲတွေ တကိုယ်လုံးပေါက်နေခဲ့တာ။ ဆေးကအစ သူကိုယ်တိုင် ၀ယ်ပေးပြီး ကျနော့်ကို ဆေးလိမ်း ပေးတယ်။ ကျနော့်မိဘတောင် ကျနော့်ကို ဒီလောက် မကြင်နာခဲ့ဘူး” လို့ မောင်သော်ဇင်က ရှင်းပြပါတယ်။

ကျော်ကြီးဆိုတဲ့ ထောင်လူဆိုးဟာ သူ့အတွက် ကျေးဇူးရှင်တယောက် ဖြစ်လာခဲ့ပါတယ်။ သူဟာ ကျော်ကြီးနဲ့အတူ နေထိုင်ရင်းက တညမှာတော့ သူ့ကို လိင်တူချင်းဆက်ဆံဖို့ ကျော်ကြီးက အတင်းအဓမ္မ တောင်းဆို ခဲ့တာပါ။ ပထမတော့ သူ့အနေနဲ့ စစ်သားတောင် လုပ်ခဲ့သေးတာမို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တကယ်လို့များ ကျော်ကြီးရဲ့ ဆန္ဒကို သူဖြည့်ဆည်းမပေးခဲ့ဘူး ဆိုရင် သူ လုံးဝ မလုပ်ချင်တဲ့၊ စက်ဆုပ်တဲ့ မိလ္လာထမ်းရတာ၊ မိလ္လာအိုး ဆေးရတာတွေ ပြန်လုပ်ရတော့မယ်။ ထမင်းနပ်မှန်မှန် ဟင်းကောင်းကောင်းနဲ့ စားရ တာတွေ၊ အ၀တ်အထည် ကောင်းကောင်း ၀တ်ရတာတွေ၊ ရေ ၀ဝလင်လင် ချိုးရတာတွေ … အဲဒီလို နတ်ပြည်နဲ့ တူတဲ့ ဘ၀လေးကိုလည်း သူ မစွန့်လွှတ်နိုင်ဘူး။ နောက်ဆုံးတော့ သူ လက်လျှော့ခဲ့ပြီး ယောက်ျားစင်စစ် ဘ၀ကို ပေးဆပ်ခဲ့ လိုက်ရတာဖြစ်တယ်လို့ မောင်သော်ဇင်က ရှင်းပြတယ်။

အခုလို ပြဿနာမဖြစ်ခင် ဘယ်သူမှ မသိခဲ့ပေမယ့် အဲဒီညကတော့ သူ့ဖြစ်အင်ကို တခြားအကျဉ်းသား တွေ တော်တော်များများ သိသွားကြပြီး သူ့ကို “စစ်သမီး” လို့ ခေါ်တဲ့အပြင် ရိုက်နှက်၊ ဒေါက်ခတ်ပြီး ပြစ်ဒဏ် ပို့ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး မိဘရင်းချာထက် ကောင်းမွန်နွေးထွေးတဲ့ ဂရုစိုက်မှုတွေ၊ မစင်အိုးဆေးရတဲ့ဒုက္ခ၊ နေပူထဲမှာ အလေးအပင် ထမ်းရတဲ့ ဒုက္ခ၊ အိပ်စရာ နေရာမရှိဘဲ အိမ်သာအိုးတွေနားမှာ နေထိုင်အိပ်စက်ရတဲ့ ဒုက္ခတွေထဲက ကယ်တင်ခဲ့တဲ့ ကျော်ကြီးကို မောင်သော်ဇင် အနေနဲ့ ကန္တာရထဲက အိုအေစစ်လို့ ထင်သွားခဲ့တာ မဆန်းပါဘူး။ မော်သော်ဇင်တို့ အရွယ်က မိသားစုရဲ့ နွေးထွေးမှု ငတ်နေတဲ့ ကလေးအရွယ်ပါ။

ဒီလိုနည်းနဲ့ပဲ စစ်သားကလေးတွေကနေ စစ်သမီးဘ၀ အပြောင်းခံရတာတွေ၊ ရဲသားက ရဲမေ ဖြစ်သွား ရတာတွေဟာ မြန်မာ အကျဉ်းထောင်ရဲ့ယဉ်ကျေးမှု တခုလိုဖြစ်နေခဲ့တာကြာပါပြီ။

မောင်သော်ဇင်လိုပဲ တခြား ကလေးသူငယ် အကျဉ်းသားတွေလည်း အဓမ္မပြုကျင့် ခံရတာတွေ ရှိပါတယ်။ ဒါကို ထောင် စကားအရ “ဂျိုမွေးစားတယ်” လို့ခေါ်ပါတယ်။ ဂျိုမွေးစားသူကိုတော့ ဗိုလ်လို့ ခေါ်ပြီး မွေးစားခံရသူကို ဂျို လို့ခေါ်ပါတယ်။ ဗိုလ် ဆိုသူတွေက ထောင်အာဏာပိုင်တွေကို လာဘ်ပေးပြီး အထက်ပါ အပြုအမူမျိုးကို စိတ်ကြိုက် လုပ်ခွင့်ရအောင် ဖန်တီးထားတာပါ။

ဒီလိုဖြစ်နေရတဲ့ အကြောင်းရင်းကတော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ စစ်သားနဲ့ ရဲကို မုန်းတီးစိတ်တွေ ထူပြော နေတာကြောင့် ဖြစ်တယ် ဆိုတာ သိခဲ့ရပါတယ်။

မြန်မာ့ လူ့အဖွဲ့အစည်းမှာ စစ်သားနဲ့ ရဲကို မုန်းတီးစိတ်က အကျဉ်းထောင်တွေထဲက ရာဇ၀တ် အကျဉ်းသားတွေကြားမှာ ပိုပြီး သိသာထင်ရှားနေပါတယ်။ ရပ်ထဲ၊ ရွာထဲမှာ စစ်သား တော်တော်များများရဲ့ အနိုင်ကျင့် ဗိုလ်ကျတတ်တာတွေက မုန်းတီးမှုကို အခြေခံတာပါ။

ရာဇ၀တ် အကျဉ်းသားတွေရဲ့ မုန်းတီးမှု အကြောင်းကတော့ သူတို့တွေဟာ မကြာခဏ စစ်ပေါ်တာ (၀န်ထုပ်ထမ်း) တွေအဖြစ် အကျဉ်းထောင် အသီးသီးကနေ စစ်မြေပြင်ဆီကို ခေါ်ဆောင်ခြင်း ခံကြရပါတယ်။ အဲဒီ အခါတွေမှာ စစ်သားတွေက အကျဉ်းသားတွေကို ရိုက်နှက် ညှင်းပန်း နှိပ်စက်၊ နောက်ဆုံး သေနတ်နဲ့ပါ ပစ်သတ်ထားခဲ့တာတွေ ရှိခဲ့တာကြောင့် ထောင်ကျလာတဲ့ စစ်သားတွေ၊ ရဲတွေကို ထောင်သား ရာဇ၀တ်အကျဉ်းသား တွေက စစ်သမီး ဖြစ်သွားစေဖို့အတွက် တာဝန်တခုလို ထမ်းဆောင်တတ်ကြပါတယ်။ အဲဒီလိုပဲ သူတို့ကို ဖမ်းဆီး၊ ငွေညှစ် ထောင်ကျစေခဲ့တဲ့ ရဲတွေကိုလည်း ရဲမေ အဖြစ် သူတို့ ပြောင်းလဲပေးတတ် ကြပါတယ်။

မောင်သော်ဇင်ဟာ နအဖစစ်အစိုးရ စစ်သားစုဆောင်းရေးရဲ့ သားကောင် ဖြစ်ခဲ့ရသူ တယောက်ပါ။ သူဟာ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်က သာမန် လယ်သမားတဦးရဲ့ သားသမီး ၄ ဦးထဲက ဒုတိယမြောက်သား ဖြစ်ပြီး ပျော်ဘွယ်မြို့နယ် ကျေးရွာကလေး တရွာရဲ့ တွဲဘက် အလယ်တန်းကျောင်းရဲ့ သတ္တမတန်းမှာ သင်ကြားနေတဲ့ ၁၄ နှစ်အရွယ် ကျောင်းသားတဦးပါ။

ဆင်းရဲသား ယာသမား၊ ထန်းတက်သမား မိသားစုက မွေးဖွားလာရသူဖြစ်ပါတယ်။ စားဝတ်နေရေး မပြေလည် တာတွေကြောင့် ကျောင်းစာသင်ချိန်တွေ မကြာခဏ ဖျက်ပြီး အိမ်ရဲ့ အလုပ်တွေဖြစ်တဲ့ ထန်းရည်အိုး သယ်ပို့ပေးရ တာတွေ၊ နွားစာ ရိတ်ရာမှာ ကူညီရတာတွေ ရှိပါတယ်။ ဒီအတွက်ကြောင့်လည်း ကျောင်းမှာစာသိပ် မလိုက်နိုင်ခဲ့ဘူးလို့ သူ့ဘဝအကြောင်း ပြောပြပါတယ်။

သူ့ဘ၀ အပြောင်းအလဲကတော့ တနေ့ ကျောင်းက အပြန်မှာ သက်လတ်ပိုင်း အမျိုးသား တယောက်က သူ့ကို မုန့်ဝယ်ကျွေးရင်း စကားစမြည်လာပြောတာကနေ စတင်ခဲ့တာပါ။ အဲဒီလူက မောင်သော်ဇင်ကို ရင်းနှီးလာအောင် ပေါင်းသင်းပြီး နေ့တိုင်း သူ့အတွက် ကောင်းကောင်းမွန်မွန် ကျွေးမွေးတာ၊ မုန့်ဖိုးပေးတာတွေ လုပ်လာတဲ့အတွက် အထင်ကြီး ခဲ့မိတယ်လို့ သူက ဆိုပါတယ်။

တပတ်လောက် အကြာမှာပဲ မောင်သော်ဇင်နဲ့အတူ သန်းထိုက်လို့ ခေါ်တဲ့ အသက် ၁၃ နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသားလေး တို့ဟာ အိမ်က မိဘတွေမသိအောင် အဲဒီလူနဲ့အတူ လိုက်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးဟာ ပျော်ဘွယ်မြို့နယ် စစ်သားစုဆောင်းရေး စခန်းကနေတဆင့် ရမည်းသင်း လေ့ကျင့်ရေး ၃ တပ်ရင်းကို ရောက်ပြီး သင်တန်း ၄ လ တက်ခဲ့ရပါတယ်။ အရင်က စစ်သားတွေအတွက် လေ့ကျင့်ရေး သင်တန်း ၆ လ တက်ရပေမယ့် အခုနောက်ပိုင်း ၄ လ ပဲ တက်ရတော့တယ်လို့ သူက ပြောပြပါတယ်။

လေ့ကျင့်ရေး သင်တန်းပြီးတာနဲ့ မောင်သော်ဇင်ကို မော်လမြိုင်ကနေ တဆင့် သံဖြူဇရပ်၊ အဲဒီကမှ ကျိုင်းတုံ၊ နောက်တော့ ဗန်းမော် စတဲ့ ခြေလျင်တပ်ရင်းတွေကို အပို့ခံခဲ့ရပြီး သူနဲ့အတူတူ စစ်ထဲဝင်သွားခဲ့တဲ့ သန်းထိုက် ဆိုတဲ့ တရွာတည်းသားနဲ့လည်း မတွေ့ရတော့ပါဘူး။

သူ တပ်ထဲရောက်သွားတဲ့အချိန်မှာ အသက် ၁၀ နှစ်၊ ၁၁ နှစ်အရွယ် ကလေးတွေပါ ရှိနေကြပြီး တချို့ ကလေးစစ်သား ကလေးတွေဆိုရင် သူတို့ကိုင်တဲ့ သေနတ်က သူတို့အရပ်ထက်တောင် မြင့်နေတယ်လို့ မောင်သော်ဇင်က ပြောပါ တယ်။

ကလေးစစ်သားတဦး စုဆောင်းပြီးတာနဲ့ တပြိုင်နက်တည်း မိသားဝင်တွေ အလွယ်တကူ သတင်းလိုက် စုံစမ်းလို့ မရအောင် တနေရာပြီး တနေရာကို ပြောင်းရွှေ့ပစ်တတ်တာ ထုံးစံတခုလို ဖြစ်နေတာပါ။ မိသားစုဆီ ဆက်သွယ်ခွင့် လည်း မရကြပါဘူး။

ရမည်းသင်း လေ့ကျင့်ရေး သင်တန်းကျောင်းမှာကတည်းက သူအပါအ၀င် သူတို့လို ကလေးစစ်သားတွေဟာ စစ်တပ် အရာရှိတွေ၊ တခြားအဆင့် စစ်သက်ရင့် စစ်သားကြီးတွေရဲ့ အိမ်တွေမှာ အ၀တ်လျှော်၊ ထင်းခွဲ၊ ရေခပ်၊ နွားကျောင်း၊ ကန်တူး၊ သစ်ပင်စိုက်၊ ထုံးသုတ်၊ လမ်းမြေဖို့၊ မြေသယ်၊ စတဲ့ အလုပ်ကြမ်းတွေကို လုပ်ပေးခဲ့ကြရတာပါ။

သူတို့ ကလေး စစ်သားတွေကို တပ်ကြပ်ကြီး၊ ဒါမှမဟုတ် တပ်ကြပ်တဦးဦးက ထိမ်းကျောင်းပါတယ်။ တခါတလေတော့ သူတို့ကို မုန့်ဖိုးပေးတတ်တယ်လို့ ဆိုပါတယ်။ လစာအနေနဲ့တော့ မရတဲ့သူတွေ ရှိသလို၊ နောက်ပိုင်း တပ်ထဲမှာ လည်ဝယ်လာလို့ လစာရသွား ကြတဲ့သူတွေလည်း နည်းနည်း ရှိတယ်လို့ သိရပါတယ်။
အခုလို အရွယ်မရောက်သေးသူ ကလေးငယ်တွေကို မြန်မာစစ်တပ်အတွင်း နည်းမျိုးစုံသုံးပြီး သွတ်သွင်းနေတဲ့ အဖြစ်အပျက်တွေဟာ တပ်ထဲမှာ ဖြစ်ပွားနေတာ ကြာပါပြီ။

မောင်သော်ဇင်လို မြန်မာစစ်တပ် စစ်သားစုဆောင်းရေးရဲ့ သားကောင်ဖြစ်ရတဲ့ မြန်မာကလေးငယ်တွေထဲက ရာချီတဲ့ ကလေးစစ်သား ကလေးတွေဟာ စစ်ပြေးမှုတွေနဲ့ ထောင်ကျခံကြရသလို၊ ထွက်မပြေးနိုင်ဘဲ စစ်တပ်ထဲမှာ စစ်ကျွန်တွေလို နည်းမျိုးစုံ အနိုင်ကျင့်ခံနေကြရတဲ့ သူတွေလည်း အများကြီး ရှိနေပါတယ်။

စစ်ပြေးတဲ့အတွက် ပြစ်ဒဏ်ကျခံရပြီး စစ်ထွက်လက်မှတ်ယူဖို့  တပ်ရင်းကို ပြန်သွားရတဲ့သူ အများစုဟာလည်း တပ်ထွက် လက်မှတ်မရဘဲ နောက်တကြိမ် နာမည်တမျိုးနဲ့ စစ်သားပြန်ဖြစ်သွားကြရပါတယ်။ တချို့ဆိုရင် နှစ်ကျော့၊ သုံးကျော့၊ လေးကျော့ အထိတောင်ရှိတယ်လို့ သိရပါတယ်။

ကလေးစစ်သားတွေဟာ စစ်တပ်ထဲမှာ အနိုင်ကျင့် ညှင်းပန်းနှိပ်စက်တဲ့ ဒဏ်တွေကို မခံစားနိုင်တော့တဲ့ အဆုံး စစ်တပ်ကနေ ထွက်ပြေးကြတာပါ။ တချို့ ထွက်ပြေးရင်း အဖမ်းခံရသလို၊ တချို့ကျတော့ ပြင်းပြင်းထန်ထန် နှိပ်စက် ညှင်းပန်းပြီး တပ်တွင်းအချုပ်တွေမှာ ပစ်ထားပြီးမှ စစ်တပ်ကနေ မထုတ်ပယ်ဘဲ ရှေ့တန်း စစ်မျက်နှာတွေကို ပို့ဆောင် ခံရတာတွေ ရှိပါတယ်။

တပ်တွင်း ပြစ်ဒဏ်ထိ ကလေးစစ်သားတွေကို အကျဉ်းသား ပေါ်တာတွေကို လုပ်သလိုပဲ လူသား မိုင်းရှင်း ကိရိယာအဖြစ် အသုံးချတာမျိုးတွေ ရှိတယ် ဆိုတဲ့အကြောင်း ထွက်ပြေး လွတ်မြောက်လာတဲ့ အကျဉ်းသား ပေါ်တာတဦးက ပြောပြပါတယ်။

ပိုဆိုးတာကတော့ စစ်တပ်အတွင်း ရှိနေစဉ်မှာပဲ ကလေးစစ်သားတွေဟာ စစ်သားကြီးတချို့ရဲ့ မတရား အဓမ္မ ပြုကျင့်မှု၊ ဖျားယောင်းကျင့်ကြံမှုတွေ ခံစားကြရတယ်လို့ ကလေး စစ်သားတချို့နဲ့ တပ်မတော်သားဟောင်း တချို့က ဆိုပါတယ်။

၂၀၀၈ ခုနှစ် နောက်ပိုင်း တပ်မတော် အင်အားဖြည့်တင်းရေး စီမံချက်တွေကြောင့် စစ်သားစုဆောင်းရေးမှာ ကလေးငယ်တွေဟာ အဓိက ပစ်မှတ်ထား ခံနေကြရပါတယ်။ ဒီလို စီမံချက် ချမှတ်ရတာဟာလည်း တပ်မတော်တွင်း ထိခိုက်ဒဏ်ရာရသူတွေ၊ စစ်ပြေးတွေ ပိုများပြားလာတဲ့ အတွက် ဖြစ်တယ်လို့ ကလေးစစ်သားအရေး လျှို့ဝှက် အကျိုးဆောင် ပေးနေသူတဦးက ပြောပါတယ်။

ဒီ စီမံချက်တွေကြောင့် စစ်သားစုဆောင်းရေး တပ်ရင်းတခုအတွက် ပျမ်းမျှ တလကို ကလေးစစ်သား ၁၅၀ လောက် အထိ ရှာနေကြတယ်လို့ သူက ဆိုပါတယ်။

ရှမ်းပြည်နယ် အခြေစိုက် ကလေးစစ်သားအရေး ဆောင်ရွက်နေတဲ့သူ တဦးကတော့ အခု လက်ရှိ အခြေအနေအရ ကလေးတွေဟာ စစ်ကျွန်အဖြစ်နဲ့ လူကုန်ကူးမှု ခံနေရတယ်၊ ကလေးစစ်သား တယောက်ကို စုဆောင်းရေး တပ်အရောက် ပို့ပေးနိုင်ရင် ပွဲစားတွေက ကျပ် ၄၅၀၀၀ ကနေ ၅၀၀၀၀ အထိ ရတယ်၊ အရင်က ကျပ် ၃၀၀၀၀ ပဲရခဲ့ပေမယ့် အခု ဈေးပိုပေးလာတာကြောင့် ပွဲစားအဖြစ် လုပ်ကိုင်သူတွေ ပိုများလာတယ်လို့ ရှင်းပြပါတယ်။

အဲဒီလို ပွဲစားတွေဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ စစ်သားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ၊ အရန် မီးသတ် တပ်ဖွဲ့ဝင်တွေ၊ စွမ်းအားရှင်တွေ စတဲ့ စစ်အစိုးရရဲ့ ကျောထောက်နောက်ခံ ပေးထားတဲ့ သူတွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာစစ်တပ်က ကလေးစစ်သား စုဆောင်းမှုကို ပုံစံမျိုးစုံနဲ့ ပစ်မှတ်ထား လုပ်ဆောင်ကြတာပါ။ ပထမ ပစ်မှတ်ထား ပုံစံကတော့ တပ်မတော် မိသားစုဝင် ကလေးတွေနဲ့ သူတို့ရဲ့ ဆွေမျိုးအသိုင်းဝန်းထဲက ကလေးတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ် ခေါင်းဆောင်တွေဟာ နိုင်ငံရဲ့ အာဏာအရပ်ရပ်ကို စစ်တပ်က ထာဝစဉ် ထိန်းချုပ် ကိုင်တွယ် နိုင်ဖို့အတွက် တပ်မတော်မိသားစုဝင်တွေ ပိုကျယ်ပြန့်ကြီးမားအောင်၊ တပ်မတော်ထဲမှာပဲ အင်အားတခုဖြစ်စေဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

ဒုတိယ ပစ်မှတ်အနေနဲ့ မြို့ပြမှာနေကြတဲ့ လမ်းဘေးဈေးသည် ကလေးငယ်များတွေ၊ တောင်းရမ်း စားသောက်နေရတဲ့ ကလေးငယ်တွေ၊ အခြေအနေမဲ့ လေလွင့်လူငယ်တွေကို စုဆောင်းပါတယ်။ ဒီ ကလေးတွေဟာ နီးစပ်ရာ ဘူတာရုံ၊ ဈေး၊ ပန်းခြံ၊ ကားဂိတ် စရှိတဲ့ လူစုလူဝေး နေရာတွေမှာ ပျံကျလုပ်ကိုင်စားသောက်နေထိုင် ကြသူတွေပါ။

တတိယ ပစ်မှတ်ကတော့ အောက်ခြေလူတန်းစား၊ ကျေးလက် ဒေသများတွေက စာမတတ်သူ မိသားစုဝင် တွေထဲက ကလေးငယ်တွေ ဖြစ်ပါတယ်။ မပြည့်စုံတဲ့ ကျေးလက်ဒေသ နေထိုင်သူတွေ အနေနဲ့ ပညာရေး အခွင့်အလမ်း မရှိ သလောက် နည်းပါးပြီး ဗဟုသုတ အားနည်းတာတွေ၊ စီးပွားရေး အဆင်မပြေတာတွေ၊ အစိုးရ၀န်ထမ်း၊ စစ်သား၊ ရဲနဲ့ တခြားအာဏာပိုင်တွေကို အမြဲတမ်း ကြောက်ရွံ့ နေရတာတွေ စတဲ့အချက်တွေက သူတို့ရဲ့ ကလေးတွေကို စစ်သားစုဆောင်းရေးအတွက် တွန်းအားတွေ ဖြစ်နေပါတယ်။

အဲဒီကတဆင့် ပိုအတင့်ရဲလာပြီး နောက်ဆုံး ပစ်မှတ်ဖြစ်တဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေထဲက  ငွေကြေးချို့တဲ့သူ မိသားစုဝင် ကလေးတွေကိုပါ စုဆောင်းလာကြပါတယ်။ လူမမယ် ကလေးငယ် ကျောင်းသားလေး တွေကို အခွင့်ရေးတခုခုပေးပြီး မြှူဆွယ်တာမျိုး၊ ခြိမ်းခြောက် အကျပ်ကိုင်တာမျိုး စတဲ့ နည်းမျိုးစုံနဲ့ စစ်သား စုဆောင်း ကြတာပါ။

ကလေးသူငယ်တွေကို တရားဥပဒေ ချိုးဖောက်ဖို့ လမ်းစတွေ ဖွင့်ပေးပြီး ထောင်ချောက်ကို မမြင်ဘဲ ချိုးဖောက်မိတဲ့ သူတွေကို ထောင် နဲ့ခြိမ်းခြောက်၊ “စစ်တပ်ထဲ ၀င်မလား၊ ထောင်ကျခံမလား” ဆိုတာမျိုး မေးမြန်းပြီး နောက်ဆုံး စစ်တပ်ထဲ ၀င်ဖို့ တွန်းပို့ စည်းရုံး ဖျားယောင်းတာတွေ ဒုနဲ့ဒေး ဖြစ်နေတယ်လို့ သိရပါတယ်။

မြန်မာ့တပ်မတော် ထဲမှာ အထက်အောက် အနိုင်ကျင့်တာ၊ လာဘ်ပေးလာဘ်ယူမှုတွေ မြင့်မားလာတာ၊ လစာနဲ့ ထောက်ပံ့ကြေး ဖူလုံမှု မရှိတာ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာ စတဲ့ အဘက်ဘက်က ယိုယွင်း ပျက်ဆီးလာတာတွေ များလာတာကြောင့် တပ်ထဲမှာ မနေချင်တော့ဘဲ ထွက်ပြေးကြတာလို့ တပ်ပြေးတွေက ပြောကြ ပါတယ်။

“တပ်က ထွက်ပြေးတာဟာ လူ့ငရဲတခုကနေ ထွက်ပြေးတာပဲ” လို့ တပ်ပြေးတဦးက ဆိုတယ်။

မြန်မာနိုင်ငံမှာ ခြေလျင်၊ ခြေမြန် တပ်ရင်း တပ်ဆွယ်ပေါင်း ၅၀၀ ကျော်နဲ့ စစ်တိုင်းဌာနချုပ်ပေါင်း ၁၅ ခု (အခု ထပ်မံတိုးချဲ့ဖို့ ပြင်ဆင်နေတဲ့ စစ်တိုင်း ၂ တိုင်းအပါအ၀င်)၊ တပ်မဌာနချုပ်ပေါင်း ၁၀ ခု၊ စကခ ၂၂ ခု တို့ကနေ လစဉ် တပ်ရင်း တရင်းမှာ စစ်ပြေး ၃၀ ကနေ ၅၀ အထိရှိနေတယ်လို့ မြန်မာစတပ်အရေး စောင့်ကြည့် လေ့လာ သူတွေက ပြောပါတယ်။

အဲဒီလို စစ်ပြေးတွေ တိုးမြင့်လာတာကြောင့် ကလေးစစ်သား စုဆောင်းတာကို အရင်ထက် ပိုမိုလုပ်ဆောင် နေတာလည်း ဖြစ်ပါတယ်။ ကလေးငယ်တွေကို စစ်တပ်တွင်း အဓိက သွပ်သွင်းရတာဟာ စစ်တပ်ရဲ့ အမိန့်ကို နာခံအောင်၊ သဘောတရား ရိုက်သွင်းရ လွယ်ကူတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ ဥပဒေအရ အစိုးရစစ်တပ်တွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အသက် ၁၅ နှစ်အောက် ကလေး သူငယ်တွေကို စစ်သားအဖြစ် မစုဆောင်းဖို့ ကန့်သတ်ထားပါတယ်။ ဒီလို ကလေးသူငယ်တွေကို စစ်သားအဖြစ် စုဆောင်းတာဟာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး တင်နိုင်တဲ့ စစ်ရာဇ၀တ်မှု မြောက်တယ်လို့လည်း အတိအလင်း ဖော်ပြထားပါတယ်။

မြန်မာ့တပ်မတော်မှာလည်း ကလေးသူငယ်တွေကို စစ်တပ်အတွင်း မသွပ်သွင်းဖို့ ကာကွယ်ရေး ဦးစီးချုပ် လက်မှတ်နဲ့ အမိန့် ထုတ်ပြန်ထားပေမယ့် အောက်ခြေ တပ်ရင်း၊ တပ်ဆွယ်တွေရဲ့ အတင်း အဓမ္မ ကလေးစစ်သား စုဆောင်းမှုတွေ ရှိနေဆဲပါပဲ။

ကလေးစစ်သား စုဆောင်းသူ၊ ပွဲစားလုပ်သူတွေကို နာမည်နဲ့တကွ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) ကို တိုင်ကြားတာတွေ ပြုလုပ်ခဲ့ပေမယ့် ဒီနေ့ ဒီအချိန်အထိ အရေးယူ အပြစ်ပေးတာမျိုး လုံးဝမရှိဘူးလို့ ကလေး စစ်သားအရေး ဆောင်ရွက်နေသူ တဦးက ဆိုပါတယ်။

အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေ၊ ကလေးစစ်သားစုဆောင်း တာတွေနဲ့ ပတ်သက်ပြီး ILO နဲ့ နှစ်ဦးနှစ်ဘက် နားလည်မှု စာချွန်လွှာ လက်မှတ်တွေထိုးပြီး ပူးပေါင်းဆောင်ရွက်မှုတွေလည်း မြန်မာအစိုးရအနေနဲ့ ဟန်ပြ လုပ်ဆောင် ထားတယ် လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် ILO ရုံးကို ရန်ကုန် Treader Hotel မှာ အခြေစိုက်ဖွင့်ခွင့်ပေးထားပြီး ဌာနေ ကိုယ်စားလှယ် တဦးက ILO အရာရှိတွေကို တိုင်တန်းလာတဲ့ ကလေးစစ်သား ပြဿနာတွေနဲ့ ပတ်သက်တာကို လျှို့ဝှက် ကူညီဖြေရှင်းပေး နေပါတယ်။ အဲဒီလို ကူညီဖြေရှင်းပေးနေ သူတွေကို ILO က လက်မှတ် ထုတ်ပေးထားပေမယ့် အဲဒီလက်မှတ်တွေ ကိုတော့ အသုံးမပြုရဲဘူးလို့ ကလေးစစ်သားအရေး ကူညီ ဖြေရှင်းပေးနေသူတွေက ဆိုပါတယ်။

“ကျနော်က အတင်းအဓမ္မ အလုပ်ခိုင်းစေမှု၊ ကလေးစစ်သား ကိစ္စတွေကို ကူညီဖြေရှင်းပေးနေပါတယ်။ ILO က ထုတ်ပေးထားတဲ့ လက်မှတ်တော့ရှိတယ်၊ ဒါပေမယ့် အဲဒါကို မသုံးရဲဘူး။ အဲဒီလက်မှတ်သုံးရင် ကျနော့်ကို တခြား အမှုတခုခုဆင်ပြီး ထောင်ကျသွားမှာစိုးလို့ အခုထိ လျှို့ဝှက်ပြီး ဒီကိစ္စတွေကို ကူညီဖြေရှင်းပေးနေတယ်” လို့ ရန်ကုန် အခြေစိုက် ILO အတွက် ကူညီလုပ်ဆောင်ပေးနေသူ တဦးက ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂက တရားဝင် ထုတ်ပြန်ထားတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကြေညာချက်တွေ၊ ILO နဲ့ မြန်မာ စစ်အစိုးရတို့ လက်မှတ်ရေးထိုးထားကြတဲ့ သဘောတူချက်တွေကို အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာ အပါအ၀င် တခြား သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာတွေနဲ့ ပြန်ဆိုပြီး မြို့နယ်၊ ကျေးရွာတွေမှာ လိုက်လံဝေငှ မယ်ဆိုရင် ပြစ်မှုတခုခုနဲ့ ထောင်ဒဏ်ကျခံရ နိုင်ပါတယ်။

“မြန်မာစစ်တပ်မှာ ကလေးစစ်သား မရှိပါဘူးဆိုပြီး မြန်မာစစ်အစိုးရက အစဉ်တစိုက် ငြင်းဆိုနေပေမယ့် အခု မြန်မာ့ တပ်မတော်ရဲ့ စစ်သည် အင်အား ၄ သိန်း ကျော်ထဲမှာ ကလေးစစ်သား ပါဝင်မှုကတော့ ၃၀ ရာခိုင်နှုန်း အထက်မှာ ရှိနေတယ်” လို့ ရန်ကုန်အခြေစိုက် ကလေးစစ်သားအရေး ဆောင်ရွက်ပေးနေသူ နောက်တဦးက ဆိုပါတယ်။

ILO ရဲ့ ၀င်ရောက်ကူညီဖြေရှင်းပေးမှုတွေကြောင့် စစ်တပ်ကနေ ထွက်ခွာခွင့် ရလာခဲ့ကြတဲ့ ကလေး အနည်းငယ် ရှိပေမယ့် ပိုမိုကျယ်ပြန့် ထိရောက်တဲ့ ကူညီဖြေရှင်းပေးမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေပါ သေးတယ်။

မြန်မာစစ်တပ်ထဲမှာရှိတဲ့ အရွယ်မရောက်သေးသူ ကလေးစစ်သားတွေရဲ့ မိဘ၊ ဆွေမျိုးတွေ အနေနဲ့ ဘယ်လို တိုင်တန်းရမယ်၊ မိသားစုရင်ခွင်ကို ဘယ်လို ပြန်ရောက်နိုင်တယ် ဆိုတာကို မသိကြတာက အလွန်များပြား နေတုန်းပဲလို့ ILO ကို ဝိုင်းဝန်းကူညီနေသူတွေက ပြောပါတယ်။

ကလေးစစ်သားအဖြစ် စုဆောင်းခံရသူတွေဟာ မနိုင်ဝန် စစ်သင်တန်းတွေ ပေးခံရ၊ ရက်ရက်စက်စက် ညှင်းပမ်းခံရ၊ အတင်း အဓမ္မ ပြုကျင့်ခံရ စတာတွေကြောင့် မနေနိုင်တဲ့အဆုံး တပ်ထဲက ထွက်ပြေးကြပါတယ်။ တပ်ပြေးအနေနဲ့ ထောင်ဒဏ် ကျခံရပြန်တော့လည်း စစ်သမီးဘ၀ကို အများစု ရင်ဆိုင်ကြရပြန်ပါတယ်။

ကျနော့်ကို သူ့ဘဝအကြောင်း ရင်ဖွင့်ပြောပြနေတဲ့ မောင်သော်ဇင်ဟာ တခြား ထောင်ကျ အကျဉ်းသား တယောက်ရဲ့ အကူအညီနဲ့ သူ့မိသားစုဆီကို သူ ထောင်ကျနေတယ် ဆိုတဲ့အကြောင်း ဆက်သွယ် အကြောင်းကြားထားလို့ ရက်ပိုင်းအတွင်း မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့် ပြန်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို မိသားစုနဲ့ ပြန်ဆုံ ရချိန်မှာ သူ့အနေနဲ့ ယောက်ျားဘ၀ ဆုံးရှုံးပြီး စစ်သမီးဘဝ ရောက်ခဲ့ရတယ် ဆိုတာကို မိဘ၊ ညီအကိုမောင်နှမတွေ သိသွားမှာ စိုးရိမ်ပူပန်စိတ်နဲ့ ယူကျုံးမရဖြစ်ပြီး ငိုကြွေးလို့ နေပါတော့တယ်။

စာရေးသူ လင်းသန့်သည် မြန်မာပြည်မှ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် အနှစ် ၂၀ ကျော် နေခဲ့ရသူဖြစ်သည်။ ဤဆောင်းပါးမှာ ၎င်းကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် စစ်ပြေးထောင်ကျ ကလေးငယ်များ အကြောင်းကို ရေးသားထားခြင်း ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/articles/2-articles/6055-2011-03-26-11-09-27http://www.irrawaddy.org/bur/index.php/articles/2-articles/6055-2011-03-26-11-09-27

BURMA SOLDIER (မှတ်တမ်းရုပ်ရှင်)

ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် (၅)


by Red Rose Revolution ( 3 R ) on Saturday, March 26, 2011 at 5:58am
 

မောင်သာမည

အာဏာရှင်စနစ်ဆိုတာ လူတယောက် သို့မဟုတ် လူတစုက တိုင်းသူ  ပြည်သား လူအများကို အမိန့် အာဏာတွေနဲ့ အုပ်ချုပ်ပြီး ဂုတ်သွေးစုပ်တဲ့ စနစ် ဖြစ်ပါတယ်။  လူလူချင်း အဆင့်အတန်း ခွဲခြားပြီး အာဏာရှိသူက အာဏာမဲ့သူကို
မတရား အသုံးချတဲ့ စနစ်ဖြစ်ပါတယ်။ သည်လို အမြတ်ထုတ် သွေးစုပ်နိုင်ဖို့အတွက် တိုင်းသူပြည်သားတွေကို အခိုင်းအစေ ဘ၀မျိုး၊ ကျေးကျွန်ဘ၀မျိုးရောက်အောင် နှိမ့်ချထားပါတယ်။ အာဏာရှင်က သခင် ဖြစ်ပြီး အာဏာမဲ့က ကျွန်ဖြစ်နေရတဲ့ စနစ်ပါ။ ဒါကြောင့် အာဏာရှင်စနစ်ဆိုတာ ကျေးကျွန်စနစ် တမျိုး ဖြစ်ပါတယ်။ လူတွေကို အနိမ့်ဆုံးအဆင့်ရောက်အောင် ပို့ဆောင်ပေးတဲ့ စနစ်လို့ ပြောရပါမယ်။

အဘယမုဒြာသခင်က ကျေးကျွန်ကို အပိုင်အနိုင်ထိန်းချုပ်ထားသလိုမျိုး တိုင်းသူပြည်သား တွေကို လုံးဝ ထိန်းချုပ်ထားနိုင်အောင် အာဏာရှင်က စနစ်တကျ စီမံ ထားပါတယ်။ လက်နက်တွေ အမိန့်အာဏာ တွေနဲ့ ခြိမ်းခြောက် ထိန်းချုပ်ထားသလို စားဝတ်နေရေး စီးပွားရေး အခွင့်အလမ်းတွေနဲ့ မက်လုံးပေးပြီးလည်း ထိန်းချုပ်ထားပါတယ်။

ကျေးကျွန်တွေဟာ သူတို့သခင်ကျွေးမှ စားရသလိုမျိုး ပြည်သူလူထုကို သူတို့ ကျွေးမှ စားရမယ့် ဘဝမျိုး ရောက်အောင် လုပ်ထားပါတယ်။ ထမင်းဝတဲ့သူ ထက် ဗိုက်ဆာနေတဲ့သူကို အုပ်ချုပ်လို့ ပိုလွယ် ကူတယ်လို့ အာဏာရှင်များက ခံယူကြပါတယ်။ ဒါကြောင့် အာဏာရှင် စနစ်အောက်မှာ နေရတဲ့သူ တွေဟာ ဆင်းရဲနေကြပါတယ်။ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်နေကြ ပါတယ်။
အလုပ်လက်မဲ့ အများအပြားဖြစ်အောင် လုပ်ထားတာဟာ အာဏာရှင် စနစ်ရဲ့ နည်းဗျူဟာ တမျိုးပါ။ လူတွေ အငတ်ငတ် အပြတ်ပြတ် ဖြစ်နေလေ အာဏာရှင် များ လုပ်ချင်ရာ လုပ်နိုင်လေပါပဲ။ အာဏာရှင်စနစ်ကို တင်းပြည့် ကျပ်ပြည့် ကျင့်သုံးခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်    ကြီးစိုးခဲ့တဲ့ ခေတ်ကာလကို ပြန်ကြည့် ရင် ဒါကို အလွယ်နဲ့  မြင်နိုင် ပါတယ်။
အာဏာရှင်တွေဟာ လူတွေကို ရုပ်ပိုင်းဆိုင်ရာအားဖြင့်သာ ကျေးကျွန်ဖြစ်အောင် လုပ်နေတာမဟုတ်ဘဲ အသိဥာဏ်ပိုင်း အားဖြင့်လည်း ကျေးကျွန်ဖြစ်အောင် လုပ်နေပါတယ်။ တိုင်းသူပြည်သားများကို ထားရာနေ စေရာသွား အကြွင်းမဲ့ နာခံသူတွေဖြစ်အောင် ပုံသွင်းရာမှာ အသိပညာ ဆင်းရဲစေတဲ့နည်းဟာ အဓိကကျတဲ့ နည်းလမ်းဖြစ်ပါတယ်။ အသိပညာ ရှိတဲ့သူကို ခြိမ်းခြောက်ဖို့ ခက်သလို အလွယ်တကူလည်း ဖျားယောင်းလို့လည်း မရနိုင်ဘူးဆိုတာ အာဏာရှင်များ သိနေပါတယ်။
အာဏာရှင်တွေ ကိုယ်တိုင်ကလည်း အသိပညာမဲ့သူများ ဖြစ်နေပြီး အသိပညာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မိုက်ကျင့် မိုက်ကြံများနဲ့ အာဏာရလာတာဖြစ်တဲ့အတွက် အသိပညာကို တန်ဖိုးမထားတတ်သလို အသိပညာရှင်ကို ကြောက်လည်း ကြောက်၊ မုန်းလည်း မုန်းပါတယ်။ အာဏာရှင်စနစ်အောက်က တိုင်းပြည်မှန်သမျှမှာ ပညာရှင်ရှားပါးပြီး ပညာရေးစနစ် ပျက်စီးနေတာ  မထူးဆန်းတဲ့ သဘာဝပါ။
အသိပညာကင်းမဲ့ပြီး အမိုက်မှောင် ဖုံးလွှမ်းတဲ့နေရာဟာ ကျေးကျွန်စနစ် ဒါမှမဟုတ် အာဏာရှင်စနစ်အတွက် ဘူမိ နက်သန် ဖြစ်ပါတယ် ။ ဒါကြောင့် အာဏာရှင်များဟာ ပြည်သူလူထုထံမှာ စီးပွားရေးရော ပညာရေးပါ ဆင်းရဲ ချို့တဲ့အောင် ရည်ရွယ်ချက်ရှိရှိ (တနည်းပြောရရင်) စီမံကိန်းနဲ့ ဆောင်ရွက်ပါတယ်။ လူတွေ ညံ့ဖျင်းလေလေ ကျေးကျွန်စနစ်ကို တည်ဆောက်ဖို့ လွယ် လေလေပါ။
အာဏာရှင်ဟာ ကျေးကျွန်စိတ်ဝင်သွားသူတွေထဲက လူမိုက်ထိပ်ခေါင်တွေကို စိတ်ကြိုက်ရွေးချယ်ပြီး အာဏာရှင်စနစ်ရဲ့ ယန္တရားထဲမှာ ခွေးသွားစိပ်များအဖြစ် ထည့်ပါတယ်။အာဏာတစိတ်တပိုင်းပေးပြီး အချင်းချင်း အနိုင်ကျင့်တဲ့နည်းတွေနဲ့ ရပ်တည်ခိုင်းပါတယ်။ လာဘ်ပေးလာဘ်ယူနည်းတွေနဲ့ ဝမ်းစာ ရှာစေပါတယ်။ မသမာတဲ့ နည်းတွေနဲ့ ဝင်ငွေရအောင် ဖန်တီးပါတယ်။ နိုင်ရာစား စိတ်ဓာတ်ဟာ အာဏာရှင်စနစ်အောက်မှာ ထွန်းကားနေတဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။
လာဘ်ပေးလာဘ်ယူတွေ လုပ်နိုင်အောင် မတရားတဲ့ အမိန့်တွေ၊ အယောင်ဆောင် ဥပဒေတွေကို ထုတ်ပြန်ပေးပါတယ်။ နေရာတကာ အကန့်အသတ်တွေ အချုပ်အချယ်တွေကို ချမှတ်ပြီး ငွေရှာကွက်တွေ ဖန်တီးပါတယ်။ သာမန် ပြည်သူ ပြည်သားတွေဟာ သည်အကန့်အသတ်တွေ၊ အချုပ်အချယ်တွေ၊ အမိန့်တွေ၊ ဥပဒေတွေကြားမှာ အသက်မွေးနိုင်ဖို့ အတွက် အာဏာပိုင်များကို လာဘ်ပေးရပါတယ်။ လာဘ်ပေးလာဘ်ယူမှု အကျင့်ပျက် ခြစားမှုတွေဟာ အာဏာရှင် စနစ်ရဲ့ ဓလေ့ စရိုက်များ ဖြစ်ပါတယ်။
နိုင်ရာစား စိတ်ဓာတ်နဲ့ အကျင့်ပျက်ခြစားတဲ့ ဓလေ့စရိုက်များဟာ ခေတ်သစ် ကျေးကျွန်စနစ်တစ်မျိုးဖြစ်တဲ့ အာဏာရှင် စနစ်ကြီး လည်ပတ်နေဖို့အတွက် လောင်စာ ဆီ သဖွယ် အားဖြည့်ပေးနေပါတယ်။
အာဏာရှင်စနစ်ရဲ့    ယန္တရားထဲမှာ ပါဝင်ရတဲ့သူတွေဟာ မသမာတဲ့ နည်းတွေနဲ့ အသက်မွေးနေရတဲ့အတွက် သူတို့ အထက်က အာဏာရှင် အပေါ် ပြန်မလှန်နိုင် တော့ပါဘူး။အာဏာရှင်နဲ့ တဂိုဏ်းတည်းဖြစ်လာပြီး အာဏာရှင် ခိုင်းစေသမျှ ကို လိုက်နာ လုပ်ဆောင် လာရပါတယ်။ ပြည်သူလူထုအပေါ် ညှင်းပန်းနှိပ်စက်တဲ့ လက်မရွံ့များအဖြစ် သရုပ်ဆောင် ကြရပါတယ်။ သည်လိုနဲ့ ပြည်သူပြည်သား အချင်းချင်းကြားမှာ နှိပ်စက်သူနဲ့ နှိပ်စက်ခံရသူ၊ လိမ်လည်သူနဲ့ လိမ်လည် ခံရသူ၊ အနိုင်ကျင့်သူနဲ့ အနိုင်ကျင့်ခံရသူ ဆိုပြီး စိတ်ဝမ်းကွဲပြားမှုတွေ လွှမ်းမိုးနေပါ တော့တယ်။
တယောက်ကို တယောက် ပြောင်လိမ်ရတာတွေ၊ ပြောင်လှည့်ပတ်ရတာ တွေ၊ ပြောင်အနိုင်ကျင့်ရတာတွေကြောင့် အာဏာရှင် စနစ်အောက်မှာ တယောက်ကို တယောက် ရန်သူတွေလို မြင်နေကြပါတယ်။ ရန်ဘက်တွေလို ပြုမူဆက်ဆန် နေပါတယ်။ အိမ်ကြက်ချင်း အိုးမဲသုတ်ပီး ခွပ်ခိုင်းတဲ့ နည်းနဲ့ အာဏာရှင်က တိုင်းသူ ပြည်သားတွေကို ခွဲခြား အုပ်ချုပ် နေတာပါ။
အာဏာရှင်စနစ်-  နိုင်ရာစားစိတ်ဓာတ်- အကျင့်ပျက်ခြစားဓလေ့စရိုက်- စိတ်ဝမ်းကွဲပြားမှု- ခေတ်သစ်ကျေးကျွန်ဘဝ သည်လို ကြောင်းကျိုး ဆက်စပ် နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ သည်လို စိတ်ဓာတ်မျိုးတွေ ၊ သည်လို ဓလေ့ စရိုက်မျိုး တွေဟာ ဗုဒ္ဓဘာသာဝင်တွေမှာ ရှိရမယ့် စိတ်ဓာတ်တွေ ဓလေ့စရိုက်တွေနဲ့ လုံးဝ ခြားနားနေပါတယ်။ စိတ်ဝမ်းကွဲမှုတွေ ပတိပက္ခတွေဟာလည်း ဗုဒ္ဓဘာသာဝင် အချင်းချင်းကြားမှာ ဖြစ်ပွားရမဲ့ အရာတွေ မဟုတ်ပါဘူး။ ကျေးကျွန်လို ဘဝတွေ ဟာ လည်း ဗုဒ္ဓဘာသာဝင်တွေနဲ့ လားလားမှ မဆိုင်တဲ့ ဘဝတွေပါ။
ဗုဒ္ဓမြတ်စွာက သူ့ရဲ့တရားတော်တွေကို ကျင့်သုံးရင် ဥတ္တရိမနုဿ လို့ခေါ်တဲ့ အမြင့်မြတ်ဆုံး လူသားများအဖြစ်သို့ ဧကန်ရောက်ရှိရမယ်လို့ ပြောခဲ့ပါတယ်။ မြတ်ဗုဒ္ဓဟောညွှန်တဲ့ သမာတရားတော်တွေဟာ အမြင့်ဆုံးဂုဏ်ရည် တွေကို ရရာရကြောင်း အကျင့်တွေ ဖြစ်လို့ပါပဲ။


ဗုဒ္ဓဘာသာမှာ လူသားများ ကျင့်ကြံအားထုတ်စရာ အဖြစ် သမ္မာ တရား (၈)ပါး ကို ဟောညွှန်ပါတယ်။ သမ္မာတရားဆိုတော့ ဆရာယုဒသန် ဘာသာပြန်သွားတဲ့ ခရစ်ယန် သမ္မာကျမ်းစာ ဘိုင်ဘယ်လ် (Bible) နဲ့ ရောထွေး စရာလိုလို ဖြစ်သွား တယ်။ တကယ်တော့ ဆရာယုဒသန်ဟာ ဗုဒ္ဓဘာသာ ထဲက အနှစ်သာရအရှိဆုံး အရေးပါဆုံး စကားလုံးကို အရယူသွားနိုင်တဲ့ သူပါပဲ။ ဒါကြောင့် ဒီနေ့ ဗုဒ္ဓ ဘာသာ ဝင် များဟာ သမ္မာတရားဆိုရင် ခရစ်ယန် ဘိုင်ဘယ်လ်ကျမ်းထဲက တရား တွေကို ပြော တာလားလို့ ဇဝေဇဝါပင် ဖြစ်တတ်ကြပါတယ်။ တကယ် တော့ ဗုဒ္ဓ ဘာသာ တရား တွေကိုသာ သမ္မာ တရားတွေလို့ ခေါ်သင့်ပါတယ်။
လွတ်မြောက်လိုတဲ့ လူသားများအနေနဲ့ ကျင့်သုံးရမယ့် တရားတွေဟာ သမ္မာတရား မှတပါး အခြားမရှိဘူးလို့ ဗုဒ္ဓကိုယ်တိုင်က အတိအလင်း ပြောဟော သွားတာကြောင့်ပါ။ သူကိုယ်တိုင် လည်း သမ္မာတရားကို သိရှိကျင့်သုံးပြီးမှ လွတ်မြောက် ပြီ လို့  ကြွေးကြော်သွားခဲ့တာ ဖြစ်ပါတယ်။ သမ္မာတရားတွေကို ကိုယ်တိုင် သိရှိကျင့်သုံးပြီး တဲ့နောက်မှာမှ သမ္မာသမ္ဗုဒ္ဓ ဆိုတဲ့ ဘွဲ့ထူးကို ခံယူလိုက်တာပါ။ သည်ဘွဲ့ထူးက သမ္မာတရားကို ကိုယ်တိုင် သိရှိသူလို့  အနက်ထွက်ပါတယ်။
သမ္မာတရားဆိုတာ စင်ကြယ်မြင့်မြတ်တဲ့ အဆင့်ကို ရောက်ဖို့အတွက် လူသား များ ကျင့်ရမယ့် အရာတွေ ဖြစ်ပါတယ်။ အတော်အတန် ဗဟုသုတရှိတဲ့ ဗုဒ္ဓ ဘာသာဝင်တွေက မဂ္ဂင်ရှစ်ပါးလို့ သိထားတဲ့ အရာတွေဟာ သမ္မာတရား တွေ ပါပဲ။
ရှေးက ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဟာ ဒီစကားလုံးကို မြန်မာမှုပြုခဲ့ ကြပါတယ်။ သမာတယ် မသမာဘူးဆိုတဲ့ မြန်မာ့ အသုံးအနှုန်းဟာ ဗုဒ္ဓဘာသာလာ သမ္မာ ဆိုတဲ့ ပါဠိစကားလုံးကို မြန်မာမှုပြုပြီး သုံးစွဲခဲ့တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။
သမာတဲ့ အမြင်၊ သမာတဲ့ အတွေး၊ သမာတဲ့ အပြော၊ သမာတဲ့ အလုပ်၊ သမာတဲ့ အသက်မွေးမှု၊ သမာတဲ့ အားထုတ်မှု၊ သမာတဲ့ သတိ၊ သမာတဲ့ တည်ကြည်မှု ဆိုတဲ့ သမာတရား ရှစ်ပါးဟာ ဗုဒ္ဓဘာသာဝင်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထား သူတိုင်း ကျင့်ရမယ့် အရာတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင် တယောက်လို့ သတ်မှတ်ခံယူထားပါ လျက် သည်သမာ တရားတွေကို မသိရှိ မကျင့်သုံးဘဲ အခြားတပါး အကျင့် အကြံတွေကို စွဲမြဲကျင့်သုံးနေရင် ဟန်ဆောင် ပန်ဆောင် အမည်ခံဗုဒ္ဓဘာသာဝင်တယောက်သာ ဖြစ်ပါလိမ့်မယ်။
လူတယောက်ဟာ မသမာမှုတွေကို ရှောင်ရှားပီး သမာ တရား တွေကိုပဲ ကျင့်သုံးမယ်ဆိုရင် သမာသမတ်ကျတဲ့ အမြင့်ဆုံး လူသား( ဥတ္တရိမနုဿ) ဖြစ်လာမယ်လို့ ဗုဒ္ဓဟောညွှန်ခဲ့တဲ့အတိုင်း ဗုဒ္ဓဘာသာဝင်တွေက အလေးအနက် ခံယူခဲ့ကြပါတယ်။
တမျိုးပြောရမယ်ဆိုရင် လူတယောက်ဟာ မသမာမှုတွေကို ရှောင်ရမယ့် အစား  ကျင့်သုံးမယ်ဆိုရင် မသမာသူတွေ ဖြစ်လာပြီး လူ့လောကမှာ အောက်ပိတ် ဆုံး အယုတ် နိမ့်ဆုံးအဆင့်ကို ကျရောက်သွားမယ်လို့ ခံယူထား ခဲ့ကြတာပါ။
ဗုဒ္ဓဘာသာရဲ့ ပေတံနဲ့ ကြည့်လိုက်မယ်ဆိုရင် အာဏာရှင်စနစ်ကို ကျင့်သုံး နေသူများဟာ အနိမ့်ဆုံးလူသားတွေထဲမှာပင် အောက်ဆုံး အဆင့်မှာ ရှိနေသူ တွေလို့ မြင်ရပါမယ်။ ကိုယ်ကိုယ်တိုင်လည်း မသမာမှုတွေကို အချိန်ရှိသရွေ့ ကျင့်သုံးနေကြသလို တိုင်းသူပြည်သားတွေကိုလဲ မသမာမှုတွေ ကျင့်သုံး လာအောင် တွန်းထိုးအားပေးနေလို့ပါပဲ။
ဗုဒ္ဓဘာသာဝင် ကိုးဆယ် ရာနှုန်းလောက်ရှိတဲ့ မြန်မာနိုင်ငံမှာ တကယ် ထွန်းကား နေရမှာက သမာတရားတွေပါ။ ဒါပေမဲ့အခုအချိန်မှာတော့ အာဏာရှင် စနစ်က  ဖန်တီးတဲ့ မသာမှုတွေကိုပဲ လိုက်လိုက်လျောလျော ကျင့်သုံးနေကြပါတယ်။ သူ့အလှည့်မှာ သူစား ၊ ငါ့အလှည့်မှာ ငါစားမယ်ဆိုတဲ့ နိုင်ရာစားစိတ်ဓာတ်တွေပဲ လွှမ်းမိုးနေပါတယ်။
ဗုဒ္ဓဘာသာဝင်တွေဟာ အာဏာရှင်တွေ ဖန်တီးထားတဲ့ နိုင်ရာစား လောကကြီး ထဲမှာ နစ်မွန်းနေရမှာ မဟုတ်ပါဘူး။ အကျင့်ပျက်ခြစား လောကကြီးထဲမှာ ကျင်လည်နေရမှာ မဟုတ်ပါဘူး။ အသိပညာမဲ့တဲ့ ကျေးကျွန်ဘ၀မျိုး အရောက်ခံရမှာ မဟုတ်ပါဘူး။ ဒီလို အကျင့်စရိုက်ဆိုးတွေ ဘ၀ဆိုးတွေကို တွန်းလှန်ပြီး အမြင့်မြတ်ဆုံး လူသားများ အဖြစ် ရောက်အောင် ဗုဒ္ဓဘာသာက လမ်းညွှန် ထားတဲ့ သမာတရားတွေကို ကျင့်ကြံ အားထုတ်ရမှာသာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေ အနေနဲ့ အာဏာရှင်တွေရဲ့ မသမာမှု ကျော့ကွင်း ထောင်ချောက်တွေထဲကို မဝင်ဘဲ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ သမာ တရားတော်တွေကို လေးလေးနက်နက် လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ သည်လို သမာတဲ့ တရားတွေကို ကျင့်သုံးခြင်းသည်ပင် အာဏာရှင်များနဲ့ လမ်းခွဲ ခြင်း ဖြစ်ပါတယ်။
အာဏာရှင်တွေရဲ့ မသမာတဲ့ ယန္တရားအတွင်းမှာ ၀င်ရောက် အမှုမထမ်းဘဲ နေခြင်းသည်ပင် သမာအာဇီဝတရားကို ကျင့်သုံးခြင်း ဖြစ်ပြီး အာဏာရှင် စနစ် ရဲ့ အောက်က လွတ်မြောက်ဖို့ ပထမဆုံး ခြေလှမ်း ဖြစ်တယ်ဆိုတာ သတိ စွဲမြဲဖို့ လိုပါတယ်။
သမာတဲ့အမြင်၊ သမာတဲ့အကြံ၊ သမာတဲ့အလုပ် စတဲ့ သမာတရားတွေကို အပီအပြင်ကျင့်သုံးရင် ခေတ်သစ်ကျေးကျွန် စနစ်ကို ဖော်ဆောင်နေတဲ့ အာဏာရှင်ယန္တရားထဲက လွတ်မြောက်နိုင်မှာ ဖြစ်သလို မြင့်မြတ်စင်ကြယ်တဲ့ လူသားများ အဖြစ်နဲ့ လောကရဲ့ ထိပ်တန်းအဆင့်ကိုလည်း တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။   ။
မောင်သာမည

(ဒီမိုကရက်တစ်မြန်မာ့အသံ ရေဒီယိုတွင် ထုတ်လွှင့်ခဲ့သော ဆောင်းပါး ဖြစ်ပါသည်

နအဖကို ကုလသမဂ္ဂ က စစ်ရေးအရယူဖို့  ၈၈ မျိုးဆက်တွေ ကြိုးပမ်းနေပြီ

နအဖကို ကုလသမဂ္ဂ က စစ်ရေးအရယူဖို့  ၈၈ မျိုးဆက်တွေ ကြိုးပန်းနေပြီ ဒီမှာသင်လက်မှတ်ထိုးခြင်း ဖြင့်ကူညီပါ။
နအဖ ကို ကုလသမဂ္ဂက စစ်ရေးအရအရေးယူဆောင်ရွက်ဖို့  မြန်မာပြည်သား တသိန်း လက်မှတ်လိုနေပါတယ်။ ဒီမှာလက်မှတ်ထိုးပါ။
We Want Military Intervention on Burma
www.change.org
Burmese people have been suffered enough under military rule and now Libya case proved that we will have the same rights to demand from the democracy...