Monday, April 11, 2011

ကနေဒါမြန်မာသင်္ကြန်ဖိတ်ကြားလွှာ


အဆိုတော်ကိုဗလနှင့်မသန္တာဦးတို့ဖြေဖျော်ပါမယ်..

2 attachments — Download all attachments  
Canada thingyin.gifCanada thingyin.gif
84K   View   Download  
Burmese New Year 2011 Invitation.pdfBurmese New Year 2011 Invitation.pdf
289K   View   Download

Burmese New Year 2011 Invitation

၁၁.၄.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments (zipped for )  
52633288-ဖြစ်စဉ်-အကျယ်.pdf52633288-ဖြစ်စဉ်-အကျယ်.pdf
129K   View   Download  
11 April yeyintnge's Diary.doc11 April yeyintnge's Diary.doc
2332K   View   Download  
11 April yeyintnge's Diary.pdf11 April yeyintnge's Diary.pdf
2444K   View   Download  

http://www.mediafire.com/file/4cv6k6pfnhcfj85/11%20April%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/sjiqm7i7542u5pl/11%20April%20yeyintnge%27s%20Diary.pdf
11 April yeyintnge's Diary

တရုတ်ခေါင်းဆောင်များ လိပ်ပြာလန့်၊ လှုပ်လှုပ်ရွရွ တွေ့သမျှ ဖမ်းဆီး

Monday, 11 April 2011 03:05 မောက္ခ နိုင်ငံတကာသတင်း


ဒီနှစ် မတ်လ ၃၁ ရက်နေ့မှာ ထွက်လာတဲ့ တရုတ်အစိုးရရဲ့ စက္ကူဖြူ စာတမ်းက အစိုးရမှာ ပြဿနာ ပေါင်းစုံ ရန်သူ ပေါင်းစုံ ၀ိုင်းနေကြောင်း စိတ်မသက်မသာ ဖြစ်မှုကို ဖော်ပြထားသည်။
တရုတ်အစိုးရက ၁၉၉၈ ခုနှစ်ကတည်းက နှစ်နှစ်တစ်ကြိမ် စက္ကူဖြူစာတမ်းကို ထုတ်ဝေလေ့ရှိသည်။ ရည်ရွယ်ချက်က သူ့ရဲ့ ပြည်တွင်းဖိနှိပ်မှုများကို ကာကွယ်ပြောဖို့နဲ့ စီးပွားရေး စစ်ရေး တိုးတက်မှုတွေ အလေးပေး ၀ါဒဖြန့်ခြင်း ဖြစ်သည်။
ယခု နောက်ဆုံးထွက်လာတဲ့ စက္ကူဖြူစာတမ်းမှာ တရုတ်ရဲ့ ဂလိုဘယ် အင်အားကြီးနိုင်ငံ ဖြစ်လာမှုကို ပြင်ပကမ္ဘာက မရှုစိမ့်ဘဲ ပျက်စီးအောင် ၀ိုင်းလုပ် နေသည်ဟု ဖော်ပြထားသည်။ “ပြင်ပနိုင်ငံများက တရုတ်အပေါ် သံသယတွေ၊ ၀င်ရောက်စွက်ဖက်မှုတွေ၊ တန်ပြန်ဆောင်ရွက်မှုတွေက တစ်နှစ်ထက် တစ်နှစ် ပိုများလာနေသည်” ဟု စာတမ်းတွင် ဖော်ပြထားသည်။
စက္ကူဖြူ စာတမ်းအဆိုအရ “ရန်လိုတဲ့ အင်အားစုတွေရဲ့ အဖျက်အမှောင့် လုပ်ငန်းမှန်သမျှကို တရုတ် စစ်တပ်က ထိန်းချုပ်ထားနိုင်ခဲ့သည်” ဟုလည်း ဖော်ပြထားသည်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပေါ်ထွက်ခဲ့တဲ့ အတိုက်အခံများ၊ လူ့အခွင့်ရေး လှုပ်ရှားသူများ၊ ရှေ့နေများ၊ ဘလော့ဂါများကို တရုတ် အာဏာပိုင်များက ကြိုတင် ထိန်းသိမ်းထားနိုင်ခဲ့သည်ဟု ဆိုသည်။
ပြည်တွင်းမှာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက အုံကြွမှုမျိုး ‘စံပယ် တော်လှန်ရေး’ ဖြစ်အောင် လှုပ်ရှားလို့ ဖမ်းထားတဲ့ အတိုက်အခံ ၃၀ ကျော်ကို ဧပြီ ၄ ရက်နေ့မှာ တရုတ်အစိုးရက ရာဇ၀တ်မှုနဲ့ စွဲချက်တင်ခဲ့သည်။ နောက်ထပ် လူ ၁၀၀နဲ့ ၂၀၀ အကြား ဖမ်းဆီးနှိပ်စက်မှု နေအိမ်အကျယ်ချုပ် ချမှုများ ရှိနေသည်။ အင်တာနက် ဆင်စာကို တင်းတင်းကျပ်ကျပ် လုပ်နေပြီး၊ လစ်ဘရယ်ကျတဲ့ သတင်းစာ အယ်ဒီတာများကို အပြင်မောင်းထုတ်ပစ်ခဲ့သည်။
ပြီးခဲ့တဲ့ အပတ်မှာ တရုတ်နာမည်ကြီး ဒီဇိုင်းအနုပညာရှင် အိုင်ဝေေ၀ ကို ဖမ်းဆီးလိုက်သည်။ အိုင်ဝေေ၀ မှာ တရုတ်လူထုရဲ့ လေးစားမှု ခံရသူဖြစ်ပြီး ပညာတတ် ဆွေကြီးမျိုးကြီးထဲက ဖြစ်သည်။ နောက် သူက တရုတ် တော်လှန်ရေး ကဗျာဆရာကြီးတစ်ဦးရဲ့ သား ဖြစ်သည်။
အိုင်ဝေေ၀က ၂၀၀၈ ခုနှစ် အိုလံပစ်ပွဲတော်အတွက် ‘ငှက်သိုက်’ အားကစားရုံကို တည်ဆောက်ပေးခဲ့သူ ဖြစ်သည်။ တရုတ် လူ့အခွင့် အရေး လှုပ်ရှားသူ လျူရှောင်ဘို အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို နော်ဝေနိုင်ငံ သွားမယူနိုင်အောင်လည်း အိုင်ဝေေ၀ ကို အစိုးရက တားမြစ်ခဲ့သည်။ မကြာခင်က လန်ဒန်မြို့ အနုပညာ ပြခန်းတစ်ခုမှာ သူ့ရဲ့ အင်စတော်လေးရှင်း ပြသမှုများကြောင့် ပေကျင်းလေဆိပ်တွင် ဧပြီ ၃ ရက်နေ့က အဖမ်းခံခဲ့ရသည်။
ဒါပေမဲ့ အိုင်ဝေေ၀ ရဲ့ ကျော်ကြားမှုက သူ့အတွက် အကာအကွယ်ပေးနိုင်ဦးမည်မဟုတ်။ လက်ရှိ တရုတ်ပြည်တွင်းမှာ အတိုက်အခံများအတွက် ဘယ်ဥပဒေမှလည်း အကာအကွယ်ပေးနိုင်မည့်ပုံမပေါ်။ မတ်လ ၃ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုင်ငံခြား သတင်းထောက်တွေကို “တရုတ်မှာ မတည်မငြိမ်လုပ်သူအတွက် မည်သည့် ဥပဒေမှ အကာအကွယ် ရမည်မဟုတ်” ဟု ပြောဆိုခဲ့သည်။
တရုတ်အစိုးရက အင်တာနက်၊ မိုလ်ဘိုင်းဖုန်း၊ လူမှုကွန်ယက် တို့ကနေ ပေါ်ထွက်လာမယ့် အာရပ် တော်လှန်ရေးစတိုင် ဆန္ဒပြမှုများကို သတိထား ချေမှုန်းနေသည်။
တိန့်ရှောင်ပိန်က  ဈေးကွက်တံခါးဖွင့်ရင် ယင်တွေ ခြင်တွေတော့ ၀င်လာမှာပဲဟု  ပြောခဲ့သည်။ သူ ယင်တွေ ခြင်တွေလို့ မြင်တဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး တောင်းဆိုမှုတွေကို လက်ရှိ ခေါင်းဆောင် တွေ ထိတ်လန့်နေရပြီ။ လှုပ်လှုပ်ရွရွမြင်သမျှ စွတ်ဖမ်းနေသည်။
သို့နှင့်တိုင် ၂၁ ရာစု တရုတ် ဒီမိုကရေစီ လူထုအုံကြွမှုကြီး နီးနေပြီဟု သုံးသပ်သူတို့ကလည်း သုံးသပ်နေကြသည်။
မောက္ခ နိုင်ငံတကာသတင်း

http://www.maukkha.org/

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်လာနိုင်

2011-04-11

မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းကို ဧပြီ ၈ ရက် ပြီးခဲ့တဲ့ သောကြာနေ့က ရှမ်းပြည်နယ် ဗထူးတပ်မြို့မှာ ကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
(Photo: AFP)
ထိပ်တန်း စစ်ဖက်အရာရှိကြီးများ ၂၀၁၀ မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသော တော်လှန်ရေးနေ့ အခမ်းအနား တက်ရောက်နေပုံ ဖြစ်ပါသည်။ (ဝဲ မှ ယာ) ထိုစဉ်က စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (ယခု သမတ ဦးသိန်းစိန်)၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး (ယခု ဒုတိယ သမတ ဦးတင်အောင်မြင့်ဦး) နှင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ယခု ကာကွယ်ရေး ဦးစီးချုပ်)။ (Photo: AFP)
သူ့ရဲ့ မိန့်ခွန်းအရ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သြဇာခံတပည့်ရင်း ဖြစ်တာနဲ့အညီ ယခင် ကာကွယ်ရေး ဦးစီးချုပ်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စောမောင်တို့လို အာဏာသိမ်း စစ်ခေါင်းဆောင်တဦး ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေအကြား သုံးသပ်မှုတွေ ထွက်ပေါ်လာပါတယ်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အကြောင်း နိုင်ငံတကာ သတင်းစာစောင်တွေမှာ ဆောင်းပါး ရေးသားဖော်ပြခဲ့သူ မြန်မာသတင်းသမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်                                                             



b0410kya.mp3b0410kya.mp3
370K   Play   Download  


http://www.rfa.org/burmese/news/general_likely_to_be_coup_leader-04112011094359.html

ငွေအကြွေရှားပါး၍ လူထုများ ဒုက္ခရောက်

4/11/2011
---------------
မင်းဆက်ခိုင်
---------------
ရခိုင်ပြည်နယ်တွင် ငွေအကြွေများရှားပါးပြီး သက်ဆိုင်ရာအစိုးရမှ ငွေအဟောင်းများကို လဲလှယ်ပေးခြင်း မရှိသည့်အတွက် ညစ်နွမ်းစုတ်ပြဲနေသည့် ငွေများကိုသာ သုံးစွဲနေရသဖြင့် ပြည်သူများ ဈေးဝယ် ဈေးရောင်း ရာတွင် အထူး ဒုက္ခရောက်နေကြကြောင်း သတင်း ရရှိသည်။

Burmese-kyat-note.jpg လူထုများ အသုံးပြုနေရသော ငွေစက္ကူများ
စစ်တွေမြို့ခံ လူကြီးတဦးက "ဒီမှာ အခုငွေအကြွေ ဆိုတာ တော်တော့ကို ရှားသွားပြီ။ ကျပ် ၅၀တန်ဆိုရင် ရှာလို့ကို မတွေ့တော့ဘူး။ အစိုးရကလည်း ငွေအကြွေးထုတ်ပေးတာမရှိသလို ငွေဟောင်းတွေကို လဲလှယ် ပေးတာမရှိတော့ လူတွေက ဖြစ်သလိုသုံးနေကြရတယ်။ တချို့ ပိုက်ဆံတွေ ဆိုရင် ဘယ်လောက်တန်မှန်းတောင် မသိရ အောင် စုတ်ပြဲသွားပြီ။ ဒါပေမယ့် သုံးနေရတာပါပဲ၊" ဟု ပြောသည်။

ငွေအကြွေရှားပါးပြီး လက်ရှိငွေအကြွေများမှာလည်း ညစ်နွမ်းပြီး ပလက်စတိတ် တိတ်များဖြင့် အဖာ များသောကြောင့် ဈေးရောင်းသူနှင့် ဈေးဝယ်သူများ အကြားတွင် မကြာခဏ စကားများကာ ပြဿနာ ဖြစ်လေ့ ရှိကြောင်း မောင်တောမြို့မှ ကုန်စုံဆိုင်သည်မ တဦးက ပြောသည်။

"တနေ့တနေ့ ဒီအကြွေးကိစ္စနဲ့ပဲ စိတ်ညစ်နေရပါတယ်။ ရှိတဲ့အကြွေတွေကလည်း ဟောင်းနွမ်းနေပြီဆိုတော့ ဈေးဝယ်သူတွေက မယူချင်ကြဘူးလေ။ ကျပ် ၁၀၀တန်၊ ၂၀၀တန်တွေလည်း အသစ်ဆိုတာ ရှာမတွေ့ တော့ပါဘူး။ စုတ်ပြဲပြီးတော့ တိတ်တွေနဲ့ ဖာထားတာတွေ ချည်းပဲ။ တချို့ဆိုရင် ပြန်အမ်းတဲ့ ငွေ အဟာင်းနွမ်း ကြီးဆိုရင် လုံးဝမယူကြဘူး။ ဘယ်လိုမှ မယူကြတာ။ ဒါနဲ့ စကားများ ရတာကလည်း နေ့တိုင်းပါပဲ။"

ယခုရခိုင်ပြည်နယ်တွင် ၅ကျပ်မှ ကျပ်၂၀၀အထိ ငွေများမှာ အစိုးရမှ အသစ်ထုတ်ဝေပေးခြင်းမရှိသလို ရှားပါးနေပြီး သုံးစွဲနေရသည့် ငွေများမှာ ဖြစ်သလို တိတ်များဖြင့် ဖာထားသော ဟောင်းနွမ်းငွေများသာ ဖြစ်သည်ဟု သိရသည်။

"ဒီမှာက ဈေးဝယ်သူတွေကို ပြန်အမ်းဖို့ ငွေအကြွေ ၃၀ကျပ်တို့ ၅၀ကျပ်တို့မရှိရင် ဖယောင်းတိုင်၊ နံ့သာတိုင်တွေ အစားပေးရတာတွေ များပါတယ်။ များသောအားဖြင့်တော့ တယောက်နဲ့တယောက် နားလည်မှုတွေနဲ့ ဖြစ်သလို သုံးစွဲနေရပါတယ်။ ဈေးမှာဆိုရင် ပြဿနာဖြစ်တိုင်း ဒီငွေအကြွေး ကိစ္စပါပဲ။" ဟု အဆိုပါ ကုန်စုံဆိုင်သည်မက ပြောသည်။

မောင်တောမြို့မှ လက်ဖက်ရည်ဆိုင်ရှင်တဦးကလည်း ငွေအကြွေသုံးစွဲနေရပုံကို ယခုကဲ့သို့ ပြောသည်။

"ငွေအကြွေတွေကရှားတော့ ကျနော်တို့ ဆိုင်နာမည်နဲ့ တံဆိပ်တုံးတွေလုပ်ထားတယ်။ ပြီးတော့ တိုကင်ပြား ပေါ်မှာ ဆိုင်တံဆိပ်တုံးကို ရိုက်ထည့်ပြီးတော့ အောက်နားက လက်မှတ်ထိုးပေးတားပါတယ်။ သုံးစွဲနေတဲ့ တိုကင်တွေကတော့ ၂၀ကျပ်တန်၊ ၃၀ကျပ်တန်၊ ၅၀ကျပ်တန်၊ ၁၀၀ကျပ်တန် နဲ့ လိုအပ်ရင် သုံးဖို့ ၂၀၀ကျပ်တန်လည်း နည်းနည်း လုပ်ပေးထားပါတယ်။ ငွေအကြွေမရှိတော့ ဒီလိုပဲ အသုံးပြုနေရတာပါပဲ။"

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၂၀၀၉ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ စတင်ပြီး မြန်မာကျပ်ငွေ အသစ် ၅၀၀၀ ကျပ်တန်ကို ထုတ်ဝေခဲ့သည်။

သို့သော်လည်း ငွေအကြွေအသစ်များထုတ်ပေးခြင်း ဟောင်းနွမ်းငွေများအား အစားလဲပေးခြင်းများ ပြုလုပ်ပေးမှု မရှိခဲ့ကြောင်း သိရသည်။

http://www.narinjara.com/detailsbur.asp?id=3115

ဧရာဝတီ တိုင်း တွင် သူပုန်ထ


April 11, 2011
တင်ကျော်ကျော်စိုး၊ ၊ဧရာဝတီ တိုင်း မြောင်းမြ ခရိုင် ၊ လပွတ္တာ ခရိုင် များ တွင် ယခု သီတင်း
အပတ် အတွင်း လက်နက် ကိုင် အဖွဲ့ များ ၏ သူပုန် ထ ပစ်ခတ်မှု များ ရှိ ခဲ့သည် ဟု FNG မှ
သတင်း ရရှိသည်။ မြောင်းမြ ခရိုင် အတွင်း ရှိ ဆန်စက် အချို့ ကို သူပုန် များ က ၀င်ရောက် စီးနင်း
ပြီး ဆန်များ တောင်းမှု နှင့် ရေကြောင်း အကောက် ဆိပ်များ ကို စက်လှေ များ ဖြင့် ၀င်ရောက် စီးနင်းမှု
များ ရှိ ခဲ့ သည် ဟု မြောင်းမြ-ရန်ကုန်မော်တော် ပြေးဆွဲ သူ တစ်ဦး က ပြောသည်။

လက်နက် ကိုင် သူပုန် များသည် စစ်တပ် များ မှ စစ်သား များ ဖြစ် နိုင်သည် ဟု ယူဆရ ပြီး ၎င်းတို့ ကိုင်
ဆောင် ထားသည့် လက်နက် များ တွင် မြန်မာ့ တပ် မတော် မှ သုံးဆွဲ သည့် လက်နက် များ ဖြစ်သည်
ဟု လပွတ္တာ မြို့ တွင် တာဝန်ထမ်းဆောင် နေသည့် နာဂစ်မုန်တိုင်း ဒဏ် ခံရသူများ အကူ အညီပေးရေး
ကျန်းမာရေး ၀န်ထမ်း တစ်ဦး က FNG သို့ ပြောသည်။

မြန်မာ စစ်တပ် အတွင်း ရိက္ခာ ဖြတ်တောက်မှု များ နှင့် စားဝတ်နေရေး ကျပ် တည်း သောကြောင့် တပ်
မတော်သားများ သည် ယခုကဲ့ သို့ လုပ်ဆောင် ခြင်း ဖြစ် နိုင်သည် ဟု မြောင်းမြ မြို့ တွင် ရွှေ ဆိုင် ဖွင့်
လှစ်ထားသူ တစ်ဦးက FNG သို့ ပြောသည်။

စစ်အစိုးရ အာဏာသိမ်း ပြီး နောက် ပိုင်း တွင် ဧရာဝတီ တိုင်း ရှိ ကရင် အမျိုးသား များက လက်နက်ကိုင်
တော်လှန် ရေး လှုပ်ရှား မှု များ စတင် ခဲ့သော် လည်း စစ်အစိုးရ က အင်အား အလုံးအရင်း ဖြင့် ကြည်း၊ရေ
လေ စစ်ဆင် ရေး ပြုလုပ် ပြီး ချေမှုန်း ခဲ့သည်။

ဧရာဝတီ တိုင်း မှ စစ်တပ် များ သည် နာဂစ် မုန်တိုင်း ဒဏ် ကို ခံခဲ့ရသော် လည်း သက်ဆိုင်ရာ စစ်ဌာနချုပ်
များ မှ ပြန်လည် ထူထောင် ရေး အကူ အညီ အထောက်အပံ့ အနည်းငယ် သာ ရရှိ ခဲ့သည်။ထိုဒေသ များ ရှိ
တပ် စခန်းများ တွင် လက်နက် နှင့် ခဲယမ်း၊မီး ကျောက် များကို ပြန် လည် ထုတ်ရောင်းမှု များ ရှိ ခဲ့သည်။

ပြီး ခဲ့သည့် စနေ နေ့ က အရပ်ဝတ် သူပုန် ခြောက် ဦးသည် လပွတ္တာ ခရိုင် ပြင်စလူ အနီး ရှိ ဆန် စက် တစ်ခု
ကို ၀င်ရောက် ဓားပြ တိုက် သွား ပြီး ဆန်စက် မန်နေဂျာ ထံ မှ ငွေကျပ် ၅၀ ၀၀၀ တောင်း ယူကာ စပါး တင်း
၅၀ ခန့် ကို မော်တော် ဖြင့် သယ်ဆောင် သွား သည် ဧရာဝတီ တိုင်း ဆန်လုပ်ငန်း ရှင် များ အသင်း မှ
ဝန်ထမ်း တစ်ဦးက ပြောသည်။
http://freedomnewsgroup.com/2011/04/11/rebelious-in-irrawaddy/

ရှမ်း ပြည့် ငလျှင် ဘေး၊ ကူမည့်သူဝေး


April 11, 2011


ရှမ်းပြည် ငလျှင် ဒဏ် ခံရသူများ ကို အစိုးရက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီပေး မှု ပျက် ကွက်ခြင်းကြောင့် ဤ သို့ ခိုကိုးရာမဲ့ ဖြစ်နေကြသည်။ Photo - Guardian News Paper
မတ်လ(၂၄)ရက်နေ့ ည ၈ နာရီ ၃၀ မိနစ် အချိန် က  မြန်မာနိုင်ငံ အရှေ့ပိုင်းသို့ ဗဟိုပြု လှုပ်ခတ်သွား
သည့် ပြင်းအားအဆင့် ရစ်ခ်ျတာစကေး ၇ အဆင့် ရှိ ငလျင်ကြောင့် ပျက်စီး ဆုံရှုံး ခဲ့သည့် တာချီလိတ်
တာလေ ၊လွယ်မွေ နှင့် မိုင်းဖြတ် ဒေသများ တွင် နေစရာ မရှိ ဖြစ်နေသည့် မိသားစု များ အတွက်
ကူညီ  ကယ်ဆယ် မည့်  သူ ကို စောင့်မျှော် နေရကြောင်း တာချီလိတ် ခရိုင် ရှိ တပ်မတော် အရာရှိ
တစ်ဦး က Freedom News Group သို့ ပြောသည်။
အင်အား ပြင်းထန်သည့် ငလျှင် ကြောင့် တာလေ မြို့ တွင် လူ ၁၀၀ ကျော် သေဆုံး ခဲ့ပြီး မိသားစု
၇၀ ကျော် လူ ၃၀၀ နီးပါး အိုးမဲ အိမ်မဲ့ ဖြစ်နေကြရာ မိုးရာသီ မစတင် ခင် ၎င်း တို့ ၏ ပြန်လည်
ဆောက် လုပ် နိုင်ရန် အတွက် အကူ အညီ လိုနေကြသည်။
တာချီလိတ် မြို့ တွင် လည်း အနည်း ဆုံး အိမ် ခြေ ငါးဆယ် ကျော်ခန့် ပျက် စီး ဆုံး ရှုံး ခဲ့ရာ ပြန်
လည် ဆောက် လုပ် နိုင်ရန် အတွင် အဆင်သင့် မဖြစ် သေး ဟု သိရသည်။
တာလေ မြို့ တွင် နေအိမ် ပျက်စီး ပြီး မိသားစု ၀င် တစ်ဦး ဆုံးရှုံး ခဲ့ရသည့် အိမ်ထောင်စု ၀င်တစ်
ဦးက ” ငလျှင် လှုပ်ပြီး တုန်းကတော့ ကတော့ ဆေး နဲ့ စားစရာ တွေ လာပေးကြတယ်။ အခု
သိပ် မလာကြတော့ဘူး ၊အိမ် က အကုန် ပြို သွားတယ် အပျက်အစီး တွေ ကို ဖြည်းဖြည်းချင်း
ရှင်နေရတယ်။ ပြန်မဆောက် နိုင် သေး ဘူး “ဟု FNG သို့ ပြောသည်။
ဂျပန် နိုင်ငံ တွင် ငလျှင် လှုပ် ခတ် ရာ ဒေသ သို့  ဂျပန် ၀န်ကြီးချုပ် နှင့် နိုင်ငံ့ ခေါင်းဆောင်း များ
သွားရောက် ကြည့် ရှု သော်လည်း မြန်မာ နိုင်ငံ တွင် လက်ရှိ အစိုးရ အဖွဲ့ မှ ရှမ်းပြည် ကိုယ်စား
ပြု ဒု-သမ္မတ စိုင်းမောက် ခမ်း အပါ အ၀င် မည် သူမှ သွားရောက်ကြည့်ရှု ခြင်း မရှိချေ။
မတ်လ ၂၄ ရက်နေ့ က လှုပ်ခတ် သွား ခဲ့သည့် ရှမ်းပြည် ငလျှင် တွင် လူ ၃၀၀ နီးပါး သေဆုံးသည်။
http://freedomnewsgroup.com/2011/04/11/tachileiak-relief/#more-18719

အာဏာလွှဲပေးရန် ငြင်းဆန်သူ အိုင်ဗရီကိုစ် သမ္မတ လော့ရင့် ဘက်ဘို ကို ဖမ်းဆီးရမိ

From President To Prisoner
ဖမ်းဆီးခံရပြီး နောက် လော့ရင့် ဘက်ဘို သည်းထန် စွာ ငိုကြွေးနေစဉ် (AP Photo/TCI via APTN)
လော့ရင့်ဘက်ဘိုအားဖမ်းဆီးရမိသည့်သတင်း ပေါ်ထွက်ပြီး နောက်အိုင်ဗရီကိုစ် ပြည်သူများ အောင်ပွဲခံနေစဉ် (AP Photo/Rebecca Blackwell)
မိမိကိုယ်ကို သမ္မတ အဖြစ် ကြေငြာထားပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလ က ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သည့် ပြိုင်ဘက် သမ္မတာ အလက်ဆန် ၀ါတာရား ကို အာဏာလွှဲ ပေး ရန် ငြင်းဆန်ခဲ့သည့် လော့ရင့်ဘက်ဘိုကို တနင်္လာ နေ့  က ၎င်း ခိုအောင်းနေရာ သမ္မတ နန်းတော် အတွင်းရှိ ဘန်ကာထဲ တွင် ပြင်သစ်တပ် ဖွဲ့ ဝင်များက အရှင် ဖမ်းဆီးရမိ သည်ဟု France 24ရုပ်သံက ကြေငြာသွားခဲ့သည်။ယခု နှစ်ဆန်း ပိုင်း ကာလကတည်းက သမ္မတ အလက်ဆန်ဝါတာရားလိုလား သူများ က အာဏာလွှဲပေးရန် တောင်း ဆိုမှု ကို သူက ငြင်းပယ်ခဲ့ပြီး နောက် ပြည်သူများ က လက်နက်စွဲကိုင် တော်လှန် ကာသူ့ အား ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။ယမန်နေ့ က ပြင်သစ် နှင့် ကုလ သမဂ္ဂ တပ်များ ဘက်ဘိုပုန်းအောင်း နေရာ သမ္မတနန်းတောာ် ကို လေကြောင်းမှ အပြင်း အထန် တိုက်ခိုက်ခဲ့ပြီး နောက် ပြင်သစ်တပ် များ က ယနေ့ မနက် အစောပိုင်း တွင် ၎င်းခိုအောင်းရာ နေရာ ကိုတင့်ကား အစီး ၃၀ ကျော်ဖြင့် ၀င်ရောက်စီးနင်း ကာ ၀ိုင်းပတ် ပိတ်ဆို့ ပြီး နောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အိုင်ဗရီ ကိုစ် နိုင်ငံ ဆိုင်ရာ ပြင်သစ် သံအမတ်ကြီး ယန်းမတ် ဆိုင်မွန် က AFPသတင်းဌာန ကို အတည်ပြုပြောကြားသည်။အလက်ဆန် ၀ါတာရာ ၏ ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးကဘက်ဘို နှင့်သူ၏ ဇနီး အပါအ၀င်  သူ၏ လက်ထောက်အချို့ အား ဖမ်းဆီး ရမိ ခဲ့ခြင်း ဖြစ်သည် ဟုအတည်ပြု ပြောကြားသည်။လောရင့် ဘက်ဘို အား အလက်ဆန် ၀ါတာရာ စခန်း ချရာ The Gulf Hotel၌ဖမ်းဆီးထိမ်းသိမ်း ထားပြီး ယနေ့ ညတွင် သူ နှင့် သူ့ ဇနီး ကို အကျဉ်းထောင် သို့ လွှဲပြောင်း ပေးမည်ဟု သတင်းရရှိသည်။ဘက်ဘို အား ဖမ်းဆီး ရမိ ပြီး နောက် ပြင်သစ် သမ္မတဆာကိုဇီက သမ္မတ အလက်ဆန် ၀ါတာရာ သို့ ဖုန်းဆက်ပြောကြားသည်။
နိုင်ငံ ၏ အချို့ နေရာများ တွင် ဘက်ဘို ၏ သစ္စာ ခံ တပ် များ က ပြန်လည် ခု ခံ မှု များ ရှိသည်။အိုင်ဗရီကိုစ်နိုင်ငံတွင် ပြင်သစ် တပ်ဖွဲ့ ဝင် ပေါင်း ၁၆၀၀ ခန့် ရှိသည်။
http://freedomnewsgroup.com/2011/04/11/laurent-gbagbo-capture/#more-18734

နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ သမ္မတဦးသိန်းစိန်ထံ NLD စာပို့


By ကိုဇော်ဝင်းလှိုင် တနင်္လာ, 11 ဧပြီ 2011
မြန်မာသမ္မတသစ် အနေနဲ့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေး ရှိဖို့လိုတယ်လို့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ကတိပြုသွားတဲ့အတိုင်း လက်တွေ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက စာတစောင်ပေးပို့ တိုက်တွန်းလိုက်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ပထမခြေလှမ်း အဖြစ် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာလို ဥပဒေနဲ့အညီလုပ်ဆောင်တဲ့ ကိစ္စတွေကို စတင်ဖို့လည်း သမ္မတသစ်ကို ပေးပို့တဲ့စာမှာ ဖော်ပြခဲ့တာပါ။ အစိုးရသစ်ကို ဦးဆောင်ပြီး သမ္မတ ဖြစ်လာတဲ့ ဦးသိန်းစိန်ကို ပေးပို့တဲ့စာနဲ့ပတ်သက်လို့ NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ရှင်းပြပါတယ်။

“ဦးသိန်းစိန်က တိုင်းပြည်နဲ့ပတ်သက်တဲ့ Rule of Law ကို သိပ်ပြောတယ်လေဗျာ၊ သူ့ရဲ့မိန့်ခွန်းထဲမှာ။ ကျနော်တို့ လောကပါလတရားတို့ ဘာတို့ပေါ့ဗျာ။ ပြောတယ်လေ။ ကျနော်တို့ကလည်း ဒါကိုပဲ လိုချင်တာပါ။ ကျနော်တို့ တိုင်းပြည်မှာ အေးအေးချမ်းချမ်း ဖြစ်ဖို့ဆိုတာကတော့ သူ့ရဲ့မိန့်ခွန်းထဲမှာပါတဲ့အတိုင်း ပြည့်ပြည့်စုံစုံပေါ့။ ကျနော်တို့ ဒါ တရားမျှတမှု၊ ဖြောင့်မတ်မှု ဆိုတာကိုပြောတာပါ။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ သူပြောထားတဲ့ လောကပါလတရား အတိုင်းပေါ့နော် အဲဒါကို လုပ်မယ်လို့ ခင်ဗျား (ဦးသိန်းစိန်) ပြောထားတာနဲ့ပတ်သက်လို့ ကျနော်တို့က ကြိုဆိုတယ်ပေါ့ဗျာ။ ဒါပေမဲ့လို့ အခုတွေ့နေရတဲ့ အချိန်အတော်အတွင်းမှာ ဒီကနေ့အထိကတော့ဖြင့် ခင်ဗျားပြောထားတဲ့ ဆိုထားတဲ့ အချက်အလက်တွေ ကတော့ ကျနော်တို့ အရိပ်အယောင် မတွေ့သေးဘူးပေါ့ဗျာ။ သို့သော်လည်း ခင်ဗျားပြောထားတဲ့အတိုင်း ဆက်လက်ပြီးတော့ တရားမျှတမှု၊ ပြည်သူလူထုအပေါ်မှာ အားလုံးရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဆိုတဲ့အကြောင်းကို ကျနော်တို့က သူတို့ဆီ ရေးလိုက်တာ။ ဒါပါပဲ။ အဲဒီဟာနဲ့အညီ လုပ်ပါလို့ ကျနော်တို့က တိုက်တွန်းတာပါပဲ။”

သမ္မတသစ် ဦးသိန်းစိန်ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးရေးကို လုပ်ဆောင်မယ်လို့ ထည့်သွင်း ပြောကြားခဲ့တာကြောင့် ဥပဒေစိုးမိုးရေးကို တကယ် လိုလားရင် နိုင်ငံရေးအကျဉ်းသားတွေ အရင်လွှတ်ပေးဖို့ လိုအပ်တဲ့အကြောင်း တောင်းဆိုတဲ့စာကို NLD က ပေးပို့ခဲ့တာပါ။ အခုပို့လိုက်တဲ့စာဟာ တက်လာတဲ့ အရပ်သား အစိုးရသစ်နဲ့ လက်တွဲလုပ်နိုင်ဖို့ အလားအလာရှိမရှိ စမ်းသပ် ပေးပို့တဲ့စာဖြစ်တဲ့ အကြောင်းကိုလည်း ဦးတင်ဦးက ဆက်ပြောပါတယ်။

“စပြီးတော့ test (စမ်းသပ်) လုပ်ကြည့်တာပါလေ။ တယောက်နဲ့တယောက် ဆက်သွယ်မှု သူပြောထားတဲ့ အတိုင်းကလည်း ကျနော်တို့ လိုလားတဲ့အတိုင်း ဒီနှစ်ခုက ကျနော်တို့ သဘောတူညီမှု ရှိနိုင်တဲ့သဘောပေါ့ဗျာ။ အဲဒီအပေါ်မှာ ကျနော်တို့က ဒီအတိုင်းလေးလုပ်ပါ ဆိုတဲ့ဟာကို စပြီးတော့ စကားဆက်ကြည့်တာပဲလေ။ ကျနော်တို့ကို ဆက်သွယ်ပဲ ဆက်သွယ်မလား၊ မဆက်သွယ်ဘဲ ဒီလိုပဲထားမလား။ ဒါကတော့ သူတို့ အကြောင်းပြန်မှ သိမှာပေါ့ဗျာ။ ခါတိုင်းဆိုရင်တော့ ဒီလို အကြောင်းပြန်ချင်လည်း ပြန်တယ်။ မပြန်ရင်လည်း သတင်းစာထဲမှာ ကျနော်တို့ရေးတဲ့ စာသားကို တုံ့ပြန်တဲ့သဘောထားတွေတော့ ရေးတတ်တာတွေရှိတယ်။ အဲဒါတော့ ကျနော်တို့ စောင့်ကြည့်နေတယ်ပေါ့။”

မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ် ပြောင်းသွားခဲ့ပေမဲ့လည်း တိုင်းပြည်အတွင်း ဥပဒေစိုးမိုးမှုကင်းမဲ့တဲ့ လုပ်ရပ်တွေ နေရာအနှံ့မှာ ရှိနေတုန်းပဲဆိုတာကိုလည်း ဦးတင်ဦးက ထောက်ပြ ပြောဆိုပါတယ်။

“ဒီလိုဟာလေးတွေအပေါ်မှာ တူတယ် ညီတယ်၊ သူတို့လည်း တကယ်လုပ်တယ်ဆိုရင် ကျနော်တို့ ၀မ်းသာတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အဖမ်းအပြုခံနေရတဲ့ အနှောင်အဖွဲ့ထဲမှာ အများဆုံးက ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေက ခံရတာကိုး။ ဒီကြားထဲမှာလည်းပဲ လယ်သမားတွေနဲ့ပတ်သက်ပြီးတော့ မြေယာသိမ်းတာကို ကျနော်တို့ တောင်းဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ တရားစွဲတာတွေဆိုရင် ရိုက်တယ်ပြုတယ် ဆိုတာတွေက ကြားနေရတော့ အဲဒါလေးတွေအပေါ်မှာ တရားမျှတမှုပေးပါလို့ ဒါလေးတွေကို ကျနော်တို့ ဖြစ်စေချင်တာပါ။ အဲဒါပါပဲ။ အဲဒါကို ကျနော်တို့က သူတို့လည်း တရားမျှတမှုနဲ့ ပတ်သက်ပြီးတော့ Rule of Law လို့ပြောတယ်။ ကျနော်တို့ကလည်း အစစအရာရာ Rule of Law ကိုပဲ ဖြစ်ချင်တယ်ပေါ့နော်၊ အေးချမ်းအောင်ဆိုရင် ဒီမိုကရေစီဖြစ်အောင်ဆိုရင်။ အဲဒါက ဒီအပေါ်မှာ သဘောထားက ခင်ဗျားတို့ ဒါလေးတွေကိုတော့ အောင်အောင်မြင်မြင် ဖြစ်ဖြစ်မြောက်မြောက် လုပ်ပေးပါ၊ လုပ်ရင်တော့ ကျနော်တို့ ကျေနပ်တယ်၊ ၀မ်းသာတယ်ပေါ့ဗျာ။ ကျေနပ်တယ် သဘောကျတယ်ပေါ့ဗျာ။ အဲဒါလေးတွေကို ကျနော်တို့က စပျိုးကြည့်တာပဲလေ။ ”

အစိုးရသစ်အနေနဲ့ ပြောထားတဲ့အတိုင်း တကယ် လက်တွေ့မှာ လုပ်ဆောင်ခြင်း ရှိမရှိဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ တကယ်ပဲ လုပ်သလား မလုပ်ဘူးလားဆိုတာ ကြည့်မှာပေါ့။ အခု နိုင်ငံရေးအကျဉ်းသမားများနဲ့ ပတ်သက်ပြီးတော့တောင်မှ လိပ်ခဲတင်းခဲ ဖြစ်နေသေးတာပဲ။ ဘာအရောင်မှ မထွက်သေးဘူးလေ။ သိတဲ့အတိုင်းပဲ။ အဲဒီတော့ ဒါတွေကို စောင့်ကြည့်ရမှာပေါ့။ အဓိကကတော့ ကျနော်တို့ နိုင်ငံရေး အကျဉ်းသမားများ အားလုံးသာ လွှတ်ဖို့ဆိုတဲ့ဟာက အရေးကြီးတာကိုး၊ ကျနော်တို့အတွက်က။ နောက်ပြီးတော့ ဒါက သိပ်လည်း မျှော်လင့်ကြတယ်လေ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ ဆွေးမျိုးသားချင်းတွေ အားလုံးကလည်း မျှော်လင့်ကြတယ်။ ကျနော်တို့ကလည်းပဲ ခုနကပြောတဲ့ ဦးသိန်းစိန်ပြောတဲ့အတိုင်း Rule of Justice တို့ Rule of Law တို့နဲ့ ဆိုရင်တော့ဖြင့် ဒါ စဉ်းစားကောင်း စဉ်းစားရဲ့ဆိုပြီးတော့ စောင့်စားနေတာ။ သို့သော် အခုထက်ထိတော့ မလာသေးဘူးပေါ့။ သင်္ကြန်ပြီးလို့ နှစ်ဆန်းတရက်တို့ ဘာတို့ကျရင်တော့ လာမလားပေါ့ဗျာ။ အဲဒီလိုဟာလေးတွေကလည်း လူတွေက တွေးကြတာပေါ့ဗျာ။”

သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ်ထံ NLD က ရေးသားပေးပို့ခဲ့တဲ့ စာပါ အကြောင်းအရာတွေကို ဒုဥက္ကဌ ဦးတင်ဦးက ပြောပြခဲ့တာပါ။ NLD က ရေးသားပေးပို့ခဲ့တဲ့စာနဲ့ပတ်သက်လို့ အခုချိန်ထိ တစုံတရာ အကြောင်းပြန်ကြားခြင်းတော့ မရှိသေးပါဘူး။

အရင် စစ်အစိုးရလက်ထက်မှာ အကြိမ်ကြိမ် ပြောခဲ့တဲ့အတိုင်းဘဲ NLD အနေနဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပေါ်လာအောင် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အမြဲတမ်း တံခါးဖွင့်ထားတယ်ဆိုတာကိုလည်း ဦးတင်ဦးက ပြောပါတယ်။

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ NLD အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု အပါအ၀င် တိုင်းပြည်တော်တော်များများက တိုက်တွန်းထားကြ သလိုပဲ ပြီးခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းဝေးတွင်းမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စကို တောင်းဆိုခဲ့ကြပါတယ်။
http://www.voanews.com/burmese/news/NLD-letter-04-11-11-119608994.html

မြက်ခြောက်ကို ဗုံးမှတ်ပါလို့


အောင်မြတ်စိုး | တနင်္လာနေ့၊ ဧပြီလ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၃ မိနစ်

ဘန်ကောက် (မဇ္ဈိမ)။ ။ ရန်ကုန် ပုဇွန်တောင်ဈေး၌ ပိုင်ရှင်မဲ့ မြက်ခြောက်ထုပ်အား ဗုံးဟု ထင်မှတ်မှားကာ အထိတ်တလန့်ဖြစ်မှု တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သည်။

ဧပြီလ ၁ဝ ရက်နေ့ မနက် ၁၁ နာရီခန့်တွင် ပုဇွန်တောင်ဈေး ကွမ်းယာဆိုင်၌ အထုပ်တထုပ်အား လူတဦးက ခဏထားခဲ့မည်ဆိုကာ အပ်နှံသွားခဲ့ပြီး ညနေ ၆ နာရီအထိ လာမယူသဖြင့် ဆိုင်ရှင်က ရဲကို အကြောင်းကြားခဲ့သည်။

ရဲများ ရောက်ရှိလာပြီးနောက် ဆိုင်ဝန်းကျင်ကို ဘောင်ခတ် ပိတ်ဆို့လိုက်ပြီး၊ ဗုံးစစ်ဆေးရေး အဖွဲ့ကို စောင့်နေခဲ့ကာ လမ်းများကိုလည်း ပိတ်ဆို့ထားခဲ့သည်။

ည ၇ နာရီခန့်တွင် စစ်ဆေးရေးအဖွဲ့ ရောက်လာပြီး အဆိုပါ ကဒ်ထူပုံးကို ဖြည်၍ စစ်ဆေးကြည့်ရာ ပလပ်စတစ်တိပ်နှင့် ပတ်ထားသည့် မြက်ခြောက်ထုပ် ဖြစ်နေကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားမှုကို စောင့်ကြည့်နေခဲ့သူ လူငယ်တဦးက “ရယ်စရာကြီး ဖြစ်သွားတာပေါ့ဗျာ၊ လမ်းတွေကားတွေ ပိတ်တော့ လူတွေ တော်တော် လန့်သွားကြတယ်။ လမ်းပိတ်လိုက်တော့ ရေကျော်လမ်းမဘက်က ပတ်သွားရတယ်လေ” ဟု ပြောသည်။

ပုံမှန်အားဖြင့် ဈေးအတွင်းပိုင်းမှာ ညနေ ၅ နာရီဆို ပိတ်သော်လည်း အပြင်တွင် ရောင်းချနေသော ပျံကျဈေးတန်းမှာ ညနေ ၈ နာရီခန့်အထိ ဖွင့်လှစ်တတ်သည်။ သို့အတွက် အဆိုပါ ဗုံးလန့်ချိန်တွင် ဈေးသူဈေးသားများဖြင့် စည်ကားလျက် ရှိနေခဲ့သည်။

http://www.mizzimaburmese.com/news/breaking-newsbrief/7379-2011-04-11-10-14-14.html

ကြောက်ဒူးတုန်၍သံချပ်မထိုးရန်အစိုးရသစ် တားမြစ်

သံချပ်မထိုးရန် အစိုးရသစ် တားမြစ်
ထွန်းထွန်း | တနင်္လာနေ့၊ ဧပြီလ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၃ မိနစ်

နယူးဒေလီ ။ ။ သမ္မတ ဦးသိန်းစိန် အစိုးရသစ်က သင်္ကြန်ပွဲတော် ရက်များအတွင်း ရိုးရာ အစဉ်အလာတခုဖြစ်သော သံချပ်ထိုးခြင်း မပြုလုပ်ရန် တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှတဆင့် ပွဲဦးထွက် တားမြစ်လိုက်သည်။

ရက်ပိုင်းမျှသာ သက်တမ်းရသေးသော အစိုးရသစ်၏ ပွဲဦးထွက်တားမြစ်ချက်တခုဖြစ်သည့် ယဉ်ကျေးမှု ဝန်ကြီးဌာန ထုတ်ပြန်နှိုးဆော်ချက်တွင် “တပါးသူ၏ ဂုဏ်သိက္ခာပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့် အပြုအမူများ” မပြုလုပ်ကြရန် ဧပြီလ ၉ ရက်နေ့ထုတ် အစိုးရအာဘော်သတင်းစာတွင် ဖော်ပြပါရှိသည်။

မဟာသင်္ကြန်ကာလအတွင်း ထိုသို့ သံချပ်ထိုးခြင်း၊ သီဆိုခြင်း ပိတ်ပင်ခြင်းသည် တိုင်းပြည်၏ ပါးစပ်၊ နားနှင့် နှလုံးသားကို ပိတ်ပင်လိုက်ခြင်းနှင့် တူညီကြောင်း ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်သည်။

“ဒါတွေက နေ့တိုင်းဆိုနေကျ၊ နေ့တိုင်းပြောနေကြတဲ့ကိစ္စ မဟုတ်ဘူး။ တနှစ်မှာ တခါပဲ ပြောတာ။ တနှစ်မှာ တခါပြောတဲ့ဟာကို ပိတ်ထားတယ်ဆိုလို့ရှိရင် ဒီသင်္ကြန်သံချပ်ဆိုတာက သီတင်းကျွတ်မှာလည်း သွားထိုးလို့ မရဘူးဗျာ။ ဝါဆိုလပြည့်နေ့ သွားထိုးစရာလည်း မလိုဘူးပေါ့ဗျာ။ သင်္ကြန်သံချပ်ကို သင်္ကြန်ကာလမှာ ပိတ်လိုက်တယ်ဆိုတာဟာ တိုင်းပြည်ရဲ့ ပါးစပ်၊ တိုင်းပြည်ရဲ့ နား၊ ဒါတင်မကဘူး တိုင်းပြည်ရဲ့နှလုံးသားကိုပါ ပိတ်တယ်လို့ ကျနော် အဲဒီလိုပဲ ပြောလို့ရတာပေါ့ဗျာ” ဟု ဦးဝင်းတင်က ပြောသည်။

ယခင် သီးလေးသီးအငြိမ့်အဖွဲ့မှ လူရွှင်တော် ဂေါ်ဇီလာကလည်း “သံချပ်ဆိုတာက လူတွေရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်တွေ ဟစ်တိုင်ပဲဗျ။ ဒါ ဖော်ထုတ်ကြတာ။ ဖော်ထုတ်ကြတယ်ဆိုတာက သူတို့ရင်ထဲမှာ နာကျဉ်းမှုက များလေ သံချပ်တွေက ကောင်းလေပဲလေ။ ဆိုတော့ ပိုပြီးတော့ ထိရောက်တယ်ပေါ့နော်။ ပြတ်လုံးတွေထက် စာရင်လည်း သူက ပိုပြီးတော့ ထိရောက်တယ်ဗျ။ အဲဒီလို ထိရောက်တဲ့အခါကျတော့ ဒီ လူရွှင်တော်ပြတ်လုံးတောင်မှ သူတို့က အထိမခံဘူးလေ။ နည်းနည်းလေး ရိပ်ဖမ်းသံဖမ်း ပြောတာတောင် အထိအခံတဲ့အခါကျတော့ သံချပ်ကျတော့ ဒဲ့ဖြစ်တာကိုး။ ဒဲ့တော့ ပိုအပြောမခံဘူး” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်များတွင် ရှေးယခင်ကတည်းက သင်္ကြန်ရောက်တိုင်း သံချပ်ထိုးလေ့ရှိပြီး အပြုသဘောဆောင်သည့် ဝေဖန်ထောက်ပြချက်များကို ရေးသား၊ သီဆိုခဲ့သည့် အစဉ်အလာအဖြစ် မြန်မာများက လက်ခံခဲ့ကြသည်။

သံချပ်ဆိုသည်မှာ “အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတို့တွင် အတိုင်၊ အဖောက် သီဆိုလေ့ရှိသော သံပေါက်ဆန်ဆန် သီချင်းမျိုး ဖြစ်သည်။ သံချပ်ထိုးခြင်းဆိုသည်မှာ အကြောင်းအရာ တရပ်ရပ်ကို သံချပ်စပ်၍ သီဆိုခြင်းနှင့် သံချပ်ဖြင့် ထုတ်ဖော်ပြက်ရယ်ပြုခြင်း” ဟူ၍ ၁၉၈ဝ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့သည့် မြန်မာအဘိဓာန် အကျဉ်းချုပ်၌ ဖော်ပြထားသည်။

“မြန်မာ့လူ့ဘောင်က လုပ်လာခဲ့တာ နှစ်ပေါင်းမြောက်မြားစွာ ရှိပြီ။ ဂျပန့်ခေတ်မှာလည်း ဒီလိုသံချပ်တွေ ပေါ်ခဲ့တာပဲ။ အင်္ဂလိပ်ခေတ်မှာလည်း ဒီလိုသံချပ်တွေ ပေါ်ခဲ့တာပဲ။ အင်္ဂလိပ်ခေတ်ကိုလည်း မြန်မာတွေက ဆော်တာပဲ။ ဖက်ဆစ်ဆိုတဲ့ ဂျပန်တွေကိုလည်း မြန်မာတွေက ဝေဖန် ပြစ်တင် ထိုးနှက်တာပဲ။ နောက် မြန်မာအစိုးရဆိုတဲ့ ဒီမိုကရေစီအစိုးရတွေ၊ ဆိုရှယ်လစ်အစိုးရတွေလည်း ဒီလိုပဲ ထိုးနှက်ကြတာပဲဗျ။ ဒီခေတ်ကျမှ ပိတ်ခံရတယ်ဆိုတာကတော့ ဒါ တော်တော် လွန်တဲ့ဟာ” ဟု ဦးဝင်းတင်က ပြောဆိုသည်။

သံချပ်ထိုးခြင်းကို ပိတ်ပင်ခြင်းသည် ရိုးရာယဉ်ကျေးမှုကို ဖောက်ဖျက်ရာကျပြီး အစိုးရက ပြောဆိုနေသည့် ရိုးရာယဉ်ကျေးမှုထိန်းသိမ်းခြင်းဆိုသည့် အရာနှင့် လွဲချော်နေကြောင်း ဝေဖန်မှုများလည်း ရှိသည်။

“ရိုးရာယဉ်ကျေးမှုကိုလည်း ပိတ်သလိုဘဲပေါ့နော်။ ကျနော်တို့ အနုပညာသမားတွေအနေနဲ့ အဲဒီလို ခံစားရတယ်။ ဒီ သင်္ကြန်နဲ့ သံချပ်ဆိုတာ တကယ်တမ်းပြောရင် လင်နဲ့ မယားပဲ။ ဒီလို ရိုးရာယဉ်ကျေးမှုကို သူတို့က တကယ်တမ်းပြော ရရင် ဒီအစိုးရက ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်း မရှိဘူး။ သူတို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုက သတင်းစာတို့ ပါးစပ်ထဲတို့မှာပဲ ရှိတယ်” ဟု ကိုဂေါ်ဇီလာက မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်ကမူ နိုင်ငံရေး၊ စီးပွားရေးနှင့် အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှုများကို ဖော်ထုတ်မည်ကို စိုးရိမ်သောကြောင့်ဟု သုံးသပ်သည်။

“နိုင်ငံရေး ပတ်သက်ကောင်း ပတ်သက်မယ်ပေါ့ဗျာ။ ဒါ သူတို့ရဲ့ စီးပွားရေးပတ်သက်တာ ဖြစ်မယ်ဗျာ။ သူတို့ရဲ့ အုပ်ချုပ်ရေးနဲ့ ပတ်သက်တာ ဖြစ်မယ်ဗျာ။ ဒါမှမဟုတ်လည်း သူတို့ရဲ့ အသိုင်းအဝိုင်းတခုလုံးက အကျင့်ပျက် ခြစား၊ သူခိုး သဘက်တွေလို ဖြစ်နေတဲ့၊ ဓားပြတွေလို ဖြစ်နေတဲ့အခါမှာ လူတွေကြားထဲမှာ နေ့တိုင်း၊ အချိန်တိုင်း မပြောတတ်ပေမယ့်လို့၊ ပြောဖို့လမ်းတွေ မရှိတဲ့အခါမှာ သင်္ကြန်လို ကာလမျိုးမှာ လူတိုင်းက သူ့ပါးစပ်နဲ့ကို တခါတည်း အော်ပြီးတော့ ဒီသံချပ်တွေဘာတွေနဲ့ ပြောတဲ့အခါ၊ အဲဒီလို ပြောခြင်းဟာ သူတို့အဖို့ကတော့ ဘယ်လိုမှ သည်းညည်းမခံနိုင်တော့ဘူး။ အဲဒါကြောင့် သူတို့က ဒါတွေကို ပိတ်တယ်၊ ဆို့တယ်” ဟု သူက ဆိုသည်။

ဦးသိန်းစိန်၏ သမ္မတသစ် မိန့်ခွန်းတွင် “စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်း မီဒီယာများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ခေတ်နဲ့မလျော်ညီတဲ့ စာပေ၊ စာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ပြဋ္ဌာန်းခြင်း” များ ပြုလုပ်သွားရန် ထည့်သွင်းပြောဆိုခဲ့သေးသည်။
http://www.mizzimaburmese.com/news/inside-burma/7382-2011-04-11-12-35-51.html

အာဏာလုပွဲအစ


ကျားပေါက်

တပ်ချုပ်က လူကြမ်းကြမ်း ချလို့ရအောင် လွှတ်တော်နဲ့ အစိုးရသစ်ကို လွှဲမပေးခင်ကတည်းက နေပြည်တော် ကြိတ်ဝိုင်းတွေမှာ ဘယ်သူ့ကို ဘယ်လို ချရမယ်ဆိုတာ ကြိုတင်ပြင်နေကြပြီလို့ သိရပါတယ်။ စစ်တပ်ရဲ့ အစိုးရသစ်မှာ အဓိက အရေးကြီးတာကတော့ ကထစမှူးနဲ့ တိုင်းမှူးတွေကို ဘယ်သူက ဩဇာလွှမ်းနိုင်မလဲဆိုတာနဲ့ ငွေကြေးတိုးပွားနိုင်မူကို ဘယ်သူက ကြိုးကိုင်မလဲဆိုတာ အာဏာလုပွဲရဲ့ မဟာဗျူဟာ လိုအပ်ချက်လို့ ပြောရပါလိမ့်မယ်။

တပ်ချုပ်က အစိုးရနဲ့ လွှတ်တော်ကိုတော့ အုပ်စုလေးတွေကို ပေးလိုက်ပေမယ့် စစ်တပ်ကိုတော့ ငါအောက်မှာပဲ ရှိပါစေ၊ တပ်ချုပ်ကြီးနဲ့ ဒုချုပ် ဦးအေးတို့က အရံတပ်ဖွဲ့နောက်ခံနဲ့ ကိုမင်းအောင်လှိုင်ကို ဗိုလ်ချုပ်ကြီးအနေနဲ့ ကျေနပ်စေလိုက်ပါတယ်။ ကိုမင်းအောင်လှိုင်ခမျာ ဘယ်တော့မှ တပ်ချုပ်နေရာ ရနိုင်မယ်လို့ မယူဆတော့ဘူးလို့ သိရပါတယ်။ ပြဿနာက တပ်ချုပ်ရဲ့ ငါကလွဲရင် ဘယ်သူမှ မဖြစ်နိုင်စေရ ဆိုတဲ့ဟာပါ။ တပ်ကို တပ်ချုပ်က ပင်စင်ယူတယ်လည်း မပြော၊ နားမယ်လို့ မပြောတဲ့အတွက် တပ်ကို ဆက်ပြီးကိုင် ထားမယ်လို့ နားလည်ရပါတယ်။


ဒါကြောင့် ဖွဲ့စည်းပုံမှာကတည်းက တပ်နဲ့ အစိုးရကို ပြောင်ပြောင်ပဲ ခွဲရတာပါပဲ။ မင်းတို့ ဒီမိုကရေစီကို သွားနေကြပြီ၊ ဒါပေမယ့် တပ်မတော်ကတော့ ငါ့အိတ်ထဲမှာပဲလို့ မပြောရုံတမယ်ပါပဲ။

တပ်ချုပ်ရဲ့ နအဖ နုတ်ထွက်ပွဲ (အဲ) နူတ်ဆက်ပွဲနေ့က မျက်ရည်ကျပါတယ်တဲ့။ တပ်မတော်က ဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ သူ့ရဲ့မိန့်ခွန်းရှည်ကြီးမှာ ရပ်လိုက်၊ ပြောလိုက် မျက်ရည်ကျလိုက်နဲ့ အလွမ်းမင်းသားကြီး သန်းရွှေပါလို့ ဆိုကြပါတယ်။ အဖားလွန်တဲ့ ဝန်ကြီးတယောက်ကတော့ တပ်ချုပ် အရမ်းခံစားသွားရတယ်လို့ ဂရုဏာသက်မိတယ်တဲ့။

တပ်ချုပ်ရဲ့ မျက်ရည်နောက်ကွယ်မှာ နအဖကို ငါ ဖျက်သိမ်းမှာ ဘယ်သူတွေ ပျော်နေသလဲလို့ ချောင်းမနေနိုင်ဘူးလား။ ဒါနဲ့ပဲ နအဖကို တခန်းရပ်၊ စစ်မင်းတွေ အရပ်သား အစိုးရဆန်ဆန်ပေါ့။ (ဒါတောင်မှ အရေးကြီးတဲ့ပွဲတွေမှာ ကိုရွှေမန်းတို့၊ ကိုတင်အောင်မြင့်ဦးတို့ စစ်ဝတ်စုံ ဝတ်နိုင်ပါတယ်၊ ရာသက်ပန် ဗိုလ်ချုပ်ကြီးတွေပါလို့၊ မြန်မာနိုင်ငံမှာမရှိသေး၊ မကြားဖူးတဲ့ ရာထူးသစ်တွေကို ထည့်ထွင်ပေးခဲ့တယ်မဟုတ်လား။)

ပွဲမစသေးပါ။ ပွဲကြမ်းဖို့ တာဆူနေသူကတော့ ရှစ်လုံးပါပဲ။ ပုပ္ဗသီရိ မြို့နယ်မှာ foundation တခု အပြင်းအထန် တည်ထောင်လိုက်ပါပြီ။ ကိုယ့်အိတ်ထဲက မဟုတ်ဘူးနော်။ ဘိန်းဘုရင်သားနဲ့ ရတာ အကုန်ယူ ဦးဇော်ဇော်တို့က ငွေကြေးစိုက်ထုတ်လိုက်တယ်လေ။ ဘောလုံးဥက္ကဋ္ဌလေးက ပုဗ္ပသီရိရပ်ကွက်ကို ကျကျနန ဖြစ်စေချင်ပါတယ်တဲ့။ ဘောလုံးကွင်း မဆောက်ပါ။ နိုင်ငံတော်ကို ဘယ်လို ဒုက္ခပေးရမယ်ဆိုတဲ့ စီမံကိန်းတွေ ချနိုင်ဖို့ ရှစ်လုံးနောက်လိုက် လက်ရွေးစင်တွေ ရွေးထုတ်ဖို့ပါတဲ့။ ဒေါ်လာသန်း ၂၀၀ လောက် သုံးမယ်တဲ့။

ဘောလုံးဥက္ကဋ္ဌလေးက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ သူနဲ့ သောက်ဖော်သောက်ဖက်တွေက ဆိုပါတယ်။ အာဏာကို ရေရှည်မှာ ရှစ်လုံးအတွက်ဖြစ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ သမ္မတသစ်ရဲ့ ကျန်းမာရေး အခက်အခဲဖြစ်လာခဲ့ရင် ရှစ်လုံးအတွက် အချိန်မီ အာဏာရယူနိုင်ဖို့ လက်ရွေးစင်တွေ စပြီးရွေးနေတယ်လို့ ဆိုပါတယ်။

သူ့အတွက် အကျိုးမရှိရင် ဘယ်လုပ်မလဲဗျလို့ ကိုတေဇဆီက ခွဲထွက်ဖို့ ကြိုးစားနေတဲ့ သူကဆိုပါတယ်။ သူ့ရန်သူ ထောက်ခံမှုပေးထားတဲ့ ရှစ်လုံးကလည်း လေကြောင်းလိုင်းတွေကို ဘယ်လို လိုက်ပိတ်ရမလဲဆိုတာကို စီစဉ်နေတယ်လို့ ပြောပါတယ်။ ဘောလုံးဆရာလေးက လေကြောင်းလိုင်းတွေ ကိုင်ချင်နေပြီလို့ ယုံကြည်ရပါတယ်။ ဒါပေမယ့် ကိုတေဇကို အချုပ်ထဲထည့်ဖို့ ခက်အုံးမယ်လို့ ရန်ကုန်အကဲခတ်တွေက ဆိုပါတယ်။ ကိုတေဇက တပ်ချုပ်မိသားစု ပိုက်ဆံတွေကို တိုးအောင်ရှာပေးနေတာပါတဲ့။ ရှစ်လုံးကတော့ ကိုတေဇကို တော်တော် မျက်မုန်းကျိုးနေပြီလို့ ဆိုပါတယ်။ ပွဲတောင်မစရသေးဘူး၊ တပ်ချုပ်ရဲ့ မွေးစားသားလေးကို စတေးဖို့ ကြံနေပါပြီ။

စစ်တပ်နောက်ခံမရှိလည်း အကြောင်းမဟုတ်ပါ။ စစ်သားစစ်ဗိုလ်တိုင်း ပါးစပ်ပါဖို့ပဲ အရေးကြီးပါတယ်တဲ့။ ရှစ်လုံးရဲ့ အာဏာလုပွဲစဉ် (၁) မှာ ရှေ့တန်း ၂ ယောက်ကို ဘောလုံးဆရာနဲ့ ဘိန်းဆရာကို တရားဝင်မဟုတ်၊ ဒါပေမယ့် စီးပွားရေးတိုင်းကို ရှစ်လုံးက စီမံဆုံးဖြတ်၊ ရှေ့တန်း ၂ ယောက်က ဘက်ကန်ပါလို့ မှာတယ်တဲ့။

နအဖ တဖြစ်လဲ အရပ်သား အစိုးရရဲ့ ရက် ၉၀ ပျားရည်ဆမ်းခရီးမှာ ရှစ်လုံး ဗိုလ်ချုပ်ဟောင်း ခေါင်းဘယ်နှလုံးဖြတ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။

ရှစ်လုံးဟာ ဦးအောင်သောင်းရဲ့ လူတွေကို ရန်ရှာဖို့များတယ်လို့ နေပြည်တော် အနီးကပ်များက ဆိုပါတယ်။ ဦးအောင်သောင်း လွှတ်တော်ထဲမှာ ကုတ်ကတ်နေရတာ သူ့သားလေး ရွှေတွင်းတူးမိရာက ချမ်းသာတာကို ရှစ်လုံး မတရားလုပ်မှာ စိုးလို့ဆိုပါတယ်။

ဦးအောင်သောင်းကို ရှစ်လုံးက ရုံးခန်းထဲပေးမဝင်တာ၊ နာရီဝက်နီးပါး မတ်တပ်ရပ်ခိုင်းထားတာ၊ သားတော်မောင် ချမ်းသာမှုတွေကို ဥပဒေနဲ့ ကင်းရဲ့လားလို့ စသုံးလုံး ညွှန်ချုပ်ကို ပြီးခဲ့တဲ့ လပိုင်းတုန်းက မေးခိုင်းတာတွေကို ပြန်ကြည့်ရင် ရှစ်လုံးအနေနဲ့ ဥပဒေထဲက တင်းကျပ်မှု အလေးထားပြီး တပ်ချုပ်ရဲ့ချမ်းသာသမျှတောင် ချန်ပါ့မလားလို့ စိုးရိမ်သူတွေက စိုးရိမ်နေလေရဲ့။

တပ်ချုပ်ကလည်း ရှစ်လုံး အေးဓားပြတိုက်ပြီး ဒု သမ္မတနေရာ ယူထားကတည်းက သတိတော့ထားတယ်လို့ ဆိုပါတယ်။ ပူပူနွေးနွေး သမ္မတကြီးက ကျန်တာတော့ မသိဘူး၊ တပ်ထဲတုန်းက လက်အောက် ငယ်သားတွေကို အပြစ်ရှာပြီး၊ အပြစ်ပေးတာ တော်လွန်းတယ်လို့ ဆိုပါတယ်။ ကိုသိန်းစိန်က ရှစ်လုံးကို တနည်းမဟုတ်တနည်း အပြစ်ရှာလိမ့်မယ်လို့ ဆိုပါတယ်။

ကိုသိန်းစိန်က ခေသူ မဟုတ်ပါ။ ရထားဝန်ကြီး ဦးအောင်မင်းကို ရှစ်လုံးတို့ အဖွဲ့ စောင့်ကြည့်ဖို့ တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။

တပ်ချုပ်မျက်လုံး မမှိတ်သရွေ့ ဘာမှ မလုပ်ပါဘူးလို့ ရှစ်လုံးက တပ်ချုပ်ကို သစ္စာရှိကြောင်း တဖွဖွပြောနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တပ်ချုပ်မျက်လုံးမှိတ်ရင် သူ့မိသားစုကို ချမ်းသားပေးပါ့မလားဆိုတာ ဘုရားပဲ သိပါလိမ့်မယ်။

သေချာတာကတော့ အုပ်စုမရှိပေမယ့် အပြစ်ရှာတော်တဲ့သူကို သမ္မတ ပေးလိုက်တော့ အောက်က ဆရာများ ချောင်မယ်လို့တော့ မထင်ပါ။ ရထားဆရာကို အားကိုး၊ ပြည်ထဲရေး ဝန်ကြီးကို မျက်စိဖွင့် သတိအမြဲရှိနေဖို့ လွန်ခဲ့တဲ့ရက်တွေက အကြိုညှိနှိုင်းပွဲမှာ သမ္မတက ခံစစ်ကြောင်းနဲ့ တိုက်စစ်ကြောင်းကို ပြင်တယ်လို့ ဆိုပါတယ်။

ကာချုပ် မင်းအောင်လှိုင်ကို ရှစ်လုံးက သူ့ရဲ့ foundation အကြောင်းပြောပြီး စစည်းရုံးနေပြီလေ။ ငွေအားနဲ့ တပ်အား ပေါင်းနိုင်ရင် အရေးကိစ္စ အောင်နိုင်တယ်လို့ ဆိုပါတယ်။ ကိုရွှေမန်းတို့ကတော့ လွှတ်တော် ဥက္ကဋ္ဌဆိုတော့ လွှတ်တော်နားရက် ဂေါက်ရိုက်ဖို့ လောက်ပဲ အလုပ်များမယ်ဆိုပါတယ်။ ပြည်ခိုင်ဖြိုးကို ဦးစီးနိုင်ရင်တောင်မှ အိမ်ကွင်းရော အဝေးကွင်းရော ခြေသာနေတဲ့ ရှစ်လုံးကို ရှုံးနေပြီလို့ ယူဆနိုင်ပါတယ်။

၂၀၁၁ ကနေ ၂၀၁၅ အထိ မြန်မာပြည်မှာ ဘောလုံးဆရာလေး အချမ်းသာဆုံးဖြစ်မယ်လို့ စီးပွားရေး ရပ်ကွက်က ဆိုပါတယ်။ ကိုထွန်းမြင့်နိုင်ကိုလည်း ချန်မထားပါ။ ဖြစ်နိုင်ရင် ရှစ်လုံးက နိုင်ငံခြားရေးဝန်ကြီးလောက် ဖြစ်စေချင်တာပေါ့။ အတွေ့အကြုံ နိုင်ငံတကာ စည်းပွားရေး ဝယ်လက်တွေနဲ့ ဆက်ဆံတဲ့နေရာမှာ အင်မတန်မှ အထင်ကြီးစရာကောင်းတဲ့လူလို့ ရှစ်လုံးက သူ့လုပ်ဖော်ကိုင်ဖက်တွေကို ပြောဖူးတာကိုး။

ချုပ်လိုက်ရင်တော့ ရှစ်လုံးက အိမ်ကွင်းမှာ ကစားရတော့ ပစ်မှတ်ဖြစ်လာနိုင်သူတွေက ဦးအောင်သောင်း သား၊ တပည့်များနဲ့ ထူးက သင်္ဘောသားတဖြစ်လဲ အရာရှိကြီးများလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအသစ်မှာ ငွေခင်းနိုင်မှ အခြေခံတွေ တည်ဆောက်နိုင်မှာဆိုတော့ ငွေခင်းပေးမယ့် ထောက်ပို့ ဆရာများကို အရင် ရှင်းရေးပဲလို့ ဆိုပါတယ်။ မြန်မာအလင်း သတင်းစာမှာ ဆက်ကြည့်ကြပါစို့။

http://www.irrawaddyblog.com/2011/04/blog-post_9333.html#more

အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အလွန်


ထက်အောင် Friday, 08 April 2011 18:28
မြန်မာနိုင်ငံကို ကာလရှည်ကြာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်လာခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းကတော့ အမြဲလိုလို နေရာတကာမှာ ပြောစရာတခုလို ဖြစ်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥက္ကဋ္ဌနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လုပ်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ မြန်မာသမိုင်းမှာ အာဏာအရှိဆုံးသူ တယောက်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ လူတိုင်းရဲ့ပါးစပ်ဖျားမှာ မေးနေတဲ့မေးခွန်းတွေက “သူတကယ်ပဲ အနားယူသွားပြီလား” ဒါမှမဟုတ် “အစိုးရသစ်ကို ကန့်လန့်ကာနောက်ကွယ်က ကြိုးဆွဲမယ့် အာဏာရှင်ကြီးအဖြစ် ဆက်ရှိနေဦးမှာလား” ဆိုတာပါပဲ။

မတ်လ ၃၀ ရက်နေ့က နအဖကို ဖျက်သိမ်းလိုက်ပြီး အစိုးရသစ်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံရေး လေ့လာသူအများအပြားက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အာဏာဇာတ်ခုံရဲ့ နောက်ဘက်ကို တိတ်တဆိတ်ပဲ ပုန်းလျှိုးကွယ်ပျောက်သွားဖို့ ကြံရွယ်နေတယ်လို့ မထင်ကြပါဘူး။

မြန်မာ့နိုင်ငံရေးမှာ သမိုင်းတပတ်လည်တာကို မကြာခဏတွေ့ခဲ့ကြရပါတယ်။ အခုလည်းပဲ တိုင်းပြည်ကို ၂၆ နှစ်ကြာ အုပ်ချုပ် ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ အာဏာပလ္လင်ကဆင်းပေးခဲ့တဲ့ ကွယ်လွန်သူ အာဏာရှင်ဟောင်းကြီး ဗိုလ်ချုပ်ကြီး နေ၀င်း ဖြစ်ရပ်နဲ့ လက်ရှိအခြေအနေဟာ အလားသဏ္ဍာန်တူနေပုံကို မြန်မာ့အရေးလေ့လာသူများ ပြန်လည်အမှတ်ရနေကြမှာပါ။ အဲဒီလိုပဲ လမ်းထောင့်က လက်ဖက်ရည်ဆိုင်တိုင်းမှာ ဟိုတုန်းကလိုပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တကယ်မှ အနားယူသွားတာ ဟုတ်ပါရဲ့လားဆိုတဲ့ ယူဆချက်တွေ တီးတိုးပြောဆို ဆွေးနွေးနေကြဦးမှာပါပဲ။

အာဏာကို လွှဲပြောင်းရယူခဲ့တဲ့ အဲဒီတုန်းက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဦးနေ၀င်းက နောက်ကွယ်ကနေ အမိန့်ပေးနေတယ်ဆိုတာကို လူအများမြင်တွေ့နိုင်တဲ့ သမိုင်းအထောက်အထား အခုအချိန်အထိ မရှိသေးပေမယ့် ဦးနေ၀င်းဟာ အမှန်တကယ်အနားယူသွားတာပါလို့ ယုံကြည်တဲ့သူ အင်မတန်နည်းပါတယ်။

အခုအချိန်မှာလည်း သူသာဆန္ဒရှိမယ်ဆိုရင် အစိုးရသစ်ရဲ့မူဝါဒတွေကို ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းတွေမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လွှမ်းမိုးချုပ်ကိုင်ထားနိုင်တဲ့ အခြေအနေမှာ ရှိနေဆဲပါဆိုပြီး ကောက်ချက်ဆွဲမယ်ဆိုရင် ယုတ္တိတန်ပါတယ်။ ဒါပေမယ့် နအဖအလွန် မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက် အတိုင်းအတာအထိ ရှိနေဦးမလဲဆိုတာ မြန်မာပြည်မှာ လူတိုင်းစိတ်ဝင်စားကြမယ့် ကိစ္စတခုပါ။

နိုင်ငံတကာ အသိုင်းအ၀န်းအနေနဲ့ကလည်း ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ နအဖရဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စစ်တပ်နဲ့ သူစိတ်ကြိုက်ရွေးချယ်ထားတဲ့ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်ကို ဆက်လက် အမိန့်ပေးနေလိမ့်ဦးမယ်ဆိုတာကို သေချာပေါက် ယုံကြည်နေကြမှာပါ။

၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီးနောက် ထိုစဉ်က ဗိုလ်ချုပ်ကြီး စောမောင်ဟာ ဦးနေ၀င်းရဲ့နေအိမ်ကို ပုံမှန်လိုလို သွားရောက် လည်ပတ်ခဲ့တဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ Asiaweek မဂ္ဂဇင်းနဲ့ အင်တာဗျူးတုန်းက အဲဒီကိစ္စကို ဦးစောမောင်က ၀န်ခံခဲ့ပြီး ဦးနေ၀င်းဟာ တချိန်က သူ့ရဲ့ဆရာ ဖြစ်ခဲ့တာကြောင့် သွားရောက်လည်ပတ်ခဲ့တာပါလို့ ဖြေရှင်းခဲ့တယ်။

Asiaweek သတင်း ထောက်တွေက ဦးနေ၀င်းဟာ ကန့်လန့်ကာနောက်ကွယ်ကနေ အာဏာကိုဆွဲကိုင်ထားဆဲပဲ မဟုတ်လားလို့ မေးတဲ့အခါမှာ “ဒီလို ကောလာဟလတွေ၊ စွပ်စွဲချက်တွေကို ကျနော်တို့အနေနဲ့ ရှင်းပြဖို့ တော်တော်ခက်ပါတယ်။ ဦးနေ၀င်းကို ကျနော်သွားတွေ့တာကို လူတွေက တွေ့တဲ့အခါကျတော့ ကျနော်က အကြံဉာဏ်သွားတောင်းတယ်၊ ညွှန်ကြားချက်သွား ယူတယ်လို့ ထင်ကြတယ်။ တကယ်က သူဟာ ကျနော့်ရဲ့မိဘလိုဖြစ်နေလို့ပါ” ဟု ဦးစောမောင်က ပြန်လည်တုန့်ပြန်ခဲ့တယ်။

တကယ်တော့ အသစ်တက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေဟာ တိုင်းပြည်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဒါမှမဟုတ် အကူအညီလိုအပ်တဲ့အခါ သူ့အရင် တိုင်းပြည်ကို အုပ်ချုပ်သွားတဲ့ ခေါင်းဆောင်တွေဆီကနေ အကြံဉာဏ်ရယူတာမျိုးဟာ လူ့အဖွဲ့အစည်း အတော်များများမှာ အစဉ်အလာရှိပါတယ်။

ဒီလို အစဉ်အလာမျိုးကို ကမ္ဘာ့ဒီမိုကရေစီ ဦးဆောင်နိုင်ငံတွေမှာ ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပါတယ်။ ဥပမာ အမေရိကန်နိုင်ငံမှာ လက်ရှိသမ္မတ အိုဘားမားဟာ သူ့အရင် သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဘီလ်ကလင်တန်နဲ့ ဂျင်မီကာတာတို့ဆီက အကြံဉာဏ်တွေ ရယူနိုင်သလို ၎င်းတို့ကို အထူးသံတမန်တွေအဖြစ်နဲ့လည်း ခန့်အပ်တာဝန်ပေးနိုင်ပါတယ်။

ဒါပေမယ့် အမေရိကန်ပြည်ထောင်စုဟာ ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံတခုဖြစ်တာကြောင့် လက်ရှိသမ္မတနဲ့ သမ္မတဟောင်းတွေအကြား ဆက်ဆံရေးနဲ့ သူတို့အကြား ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေရှိခဲ့ရင်လည်း အမေရိကန် ပြည်သူတွေအနေနဲ့ ပွင့်လင်းမြင်သာစွာ တွေ့ရမှာဖြစ်ပါတယ်။

ဒါမျိုးက မြန်မာပြည်လို နိုင်ငံမျိုးမှာ မတွေ့နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ သူတို့ကိုယ်တိုင် လူ့အသိုင်းအ၀ိုင်းထဲမှာ မနေဘဲ အထီးကျန်နေထိုင်တတ်တာ၊ တိုင်းပြည်အုပ်ချုပ်စဉ်ကာလမှာ ပြည်သူတွေအပေါ် ဘယ်တုန်းကမှ တာဝန်ခံမှုမရှိတာတွေကြောင့် ဖြစ်ပါတယ်။

အာဏာရှင်ဟောင်း ဦးနေ၀င်းဟာ သူအနားယူသွားတဲ့အချိန်ကစလို့ သေဆုံးချိန် ၂၀၀၂ နှစ် ဒီဇင်ဘာလ ၅ ရက်နေ့အထိ သူ့ရဲ့နောက်ဆုံးနေ့ရက်တွေကို ဘယ်လိုဖြတ်သန်းနေထိုင်ခဲ့သလဲဆိုတာ သိကြတဲ့သူ မရှိသလောက်ပါပဲ။

ဦးနေ၀င်းဟာ အငြိမ်းစားယူသွားပြီး အစောပိုင်းနှစ်တွေမှာ စစ်အစိုးရကို ဆက်လက်အမိန့်ပေး ချုပ်ကိုင်ထားဆဲဆိုတာကို လေ့လာသူများက ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လောက် အတိုင်းအတာထိ ပါဝင်ပတ်သက်ခဲ့သလဲဆိုတဲ့ အချက်အပေါ်မှာ လုံးဝ ပွင့်လင်းမြင်သာမှု မရှိခဲ့ပါဘူး။

၂၀၀၂ ခုနှစ် သူမသေဆုံးမီ သူ့ရဲ့သားမက်နဲ့ မြေးသုံးယောက်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖမ်းဆီးထောင်ချခဲ့ချိန်မှာမှ စစ်အစိုးရအပေါ် ဦးနေ၀င်းရဲ့ သြဇာသက်ရောက်မှု အဆုံးသတ်ခဲ့ပြီးလို့ လူအများက လက်ခံနိုင်ခဲ့ကြပါတယ်။

သူ့အရှေ့က အာဏာရှင်ဟောင်းကြီးရဲ့ မချောမွေ့တဲ့နိဂုံးကို သင်ခန်းစာယူမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ နောက်ဆုံးနေ့များဟာ ယခုနှစ် မတ်လ ၃၀ ရက်က စတင်ခဲ့ပြီဆိုတာကို သူသိမြင်ပါလိမ့်မယ်။ အခုအချိန်မှာ မေးခွန်းထုတ်ရမှာတခုကတော့ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကန့်လန့်ကာနောက်ကွယ်က အာဏာကို ဆက်လက် ထိန်းချုပ်နေသေးလားဆိုတဲ့ အချက်က သာမန်မြန်မာပြည်သူတွေအတွက် ဘယ်လောက်အရေးကြီးပါသလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

၁၉၈၈ - ၂၀၁၁ ကာလ စစ်အစိုးရလက်ထက်ကို သမိုင်းရှုထောင့်ကနေ ပြန်ကြည့်ရင် ဦးနေ၀င်း သက်ရှိထင်ရှားရှိနေစဉ်နဲ့ ဆုံးပြီးနောက်ပိုင်းလို့ အကြမ်းဖျင်းကာလ နှစ်ခုခွဲခြားနိုင်ပါတယ်။

ဒီနေရာမှာ ဘယ်ကာလကိုပဲကြည့်ကြည့် မြန်မာပြည်သူတွေအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပိုင်းမှာ ပြောင်းလဲတိုးတက်လာခဲ့တာ မရှိခဲ့ပါဘူး။ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ သဘာဝဟာလည်း ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါဘူး။

ဦးသန်းရွှေဟာ သူရဲ့တရားဝင်ရာထူးတွေဖြစ်တဲ့ နအဖအကြီးအကဲနဲ့ ကာကွယ်ရေးဦးစီးချုပ် ရာထူးတွေကို စွန့်လွှတ်လိုက်တဲ့အခါ တပ်မတော်ဟာ ပြည်သူတွေအကြားမှာ ၎င်းတို့ရဲဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့၊ ပြည်သူတွေရဲ့အကျိုးစီးပွားကို ရှေးရှုကာကွယ်ဖို့၊ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအခွင့်အရေးတွေကို လေးစားလိုက်နာဖို့ဆိုတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်မယ့် အရိပ်လက္ခဏာ မရှိသလောက်ပါပဲ။

အဲဒီအချက်ကို ကြည့်မယ်ဆိုရင် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဆောက်အအုံတွေကို အခြေခံကျကျ အပြောင်းအလဲလုပ်ဖို့ လက်ရှိတက်လာတဲ့ အစိုးရသစ်အနေနဲ့ နိုင်ငံရေးသန္နိဋ္ဌာန်မရှိသရွေ့ ဦးသန်းရွှေဟာ နောက်ကွယ်က ကြိုးကိုင်နေမလားဆိုတဲ့ မေးခွန်းဟာလည်း မြန်မာပြည်သူတွေအတွက် အဖြေမသိနိုင်တဲ့ မေးခွန်းတခုအဖြစ် ဆက်လက်ရှိနေပါလိမ့်ဦးမယ်။

အဲဒီလိုပဲ စစ်အစိုးရကနေ အရပ်သားအစိုးရကို ပြောင်းခဲ့ပေမယ့် လူထုကို တာဝန်ခံတဲ့၊ ပွင့်လင်းမြင်သာသော အစိုးရတရပ် မရှိတဲ့ မြန်မာနိုင်ငံဟာလည်း ဘယ်ကိုမှမရွေ့ဘဲ နေမြဲအတိုင်း ရှိနေဦးမှာပါပဲ။ ။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/6162-2011-04-08-11-28-59