Sunday, April 24, 2011

Canada Toronto Thingyan Festival 2011

canada toronto thingyan

ပုဇင်းရင်ကွဲအော်သံများ(အောင်မိုးဝင်း)

ပုဇင်းရင်ကွဲအော်သံများ

မကြာသေးခင်တုံးက အကြမ်းမဖက်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး သီအိုရီများစွာ၊ နည်းလမ်းများစွာကို ရေးသားခဲ့သူ ဒေါက်တာ ဂျင်းရှပ်ရဲ့ အင်တာဗျူးတခုကို ဘီဘီ ကနေ ပြန်လည်ထုတ်လွှင့်ပေးခဲ့တယ်။ အင်မတန်ကောင်းမွန်တဲ့ အမေးအဖြေတွေပါ။ “ အကြမ်းမဖက်လှုပ်ရှားမှုဆိုတာ ပါးတချက်ရိုက်ခံရရင် နောက်ထပ်ပါးတချက် ထိုးပေးတဲ့အလုပ်မျိုးမဟုတ်ပါဘူး။ သိတ်တော့ မအနဲ့ပေါ့ဗျာ။ အာဏာရှင်ဆိုတာက နည်းပေါင်းစုံနဲ့ ဖြိုခွဲဖိနှိပ်မှာပဲ။ ကိုယ့်ဘက်က စံနစ်တကျပြန်လည်ပြင်ဆင်ဖို့လည်း လိုတာပေါ့” တဲ့။ မှန်တာပေါ့။ အကြမ်းမဖက်လှုပ်ရှားမှုဆိုတာ ကိုယ်လိုချင်တဲ့ပစ်မှတ်တခုကို အလျော့မပေးစတမ်း၊ နောက်မဆုတ်စတမ်းပစ်တာဖြစ်တယ်။ ပဋိပက္ခဖြေရှင်းရေးသီအိုရီ လို မဟုတ်ဘူး လို့ ပွင့်ပွင့်လင်းလင်းမိတ်ဆက်ထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ ပစ်မှတ်ကို ထိဖို့ဆိုတာ နိုင်ငံရေးအခင်းအကျင်းတခုရှိဖို့လိုပါတယ်။
(၁)
နိုင်ငံရေးအခင်းအကျင်းပွင့်လာဖို့အတွက် မတူညီတဲ့အမြင်တွေနဲ့ချည်းကပ်ကြတယ်။ တချို့ ၂၀၁၀ ရွေးကောက်ပွဲ ကို ဝင်ရောက်မပြိုင်ပဲ လူထုနဲ့နီးစပ်မဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ ပြန်လည်တည်ဆောက်ကြတယ်။ တချို့ကတော့ ၂၀၁၀ ရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာမဲ့ လွှတ်တော်အသစ်မှာ တဖြည်းဖြည်း  ပြုပြင်ပြောင်းလဲယူမယ်လို့ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စကားကို တည်ကြည်ဖို့ပဲလိုတယ်။ တခုတော့ ရှိတယ်။ ရွေးကောက်ပွဲမတိုင်ခင်က ပြည်သူကို မဲဆွယ်စည်းရုံးခဲ့သလိုမျိုး လွှတ်တော်ထဲမှာ ငြင်းခုန်ရဲတဲ့သတ္တိမရှိပဲ၊ အမျိုးမျိုးတိုက်ခိုက်ခံနေရတဲ့ ဒီမိုကရေစီအင်အားစုတွေကို အပြစ်တင် နေရင်တော့၊ ဖက်ဆစ်အလိုတော်ရိ ရဲ့ အပြုအမူမျိုးနဲ့ဘာမှမထူးပါဘူး။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ရှိတဲ့မိတ်ဆွေတယောက်နဲ့ မကြာခဏ စကားပြောဖြစ်တယ်။
သူက “ ရန်ကုန်၊ မန္တလေးမှာ မြေဈေးတွေထိုးတက်သွားပြီ၊ တရုတ်နဲ့ စီးပွားရေးဇုံတွေ စာချုပ်ချုပ်ထားတာကြောင့်ဖြစ်တယ်၊စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းပေးသင့်တယ်။ ဒေါ်စု ကလည်း ခေါင်းမာတယ်” တဲ့။ ကျနော်က “ ဟုတ်လား။ ခင်ဗျားတို့ကသာ ခေါင်းမာတယ်ပြောနေတာ။ အပြင်က လူတွေက ပျော့လို့အားမရဘူး” တဲ့
 ရယ်ရယ်မောမောပြန်ပြောလိုက်တယ်။ သူကလည်း မဆိုင်းမတွ ပြန်ပက်တယ်။ “ သွားစမ်းပါဟာ နင်တို့အပြင်ကလူတွေကို ၂၀၀၇ သံဃာတော်တွေ ဆန္ဒပြပွဲအပြီးကတည်းက လူတွေယုံကြည်မှု့နည်းနေတာသိလား”တဲ့။
ကျနော်ဆွေးနွေးချင်တဲ့အချက်က ခုမှရောက်လာတော့တယ်။


(၂)
၂၀၀၇ ရွေဝါရောင်တော်လှန်ရေအပြီးမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက နယ်စပ်မှာရှိတဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ပုံအောထောက်ပံ့ကြတယ်။ ပြည်တွင်းလူထုလှုပ်ရှားမှုတွေကို ထိုင်းနယ်စပ်က ချုပ်ကိုင်လှုပ်ရှားနေတယ် လို့ထင်တာကိုး။ သိတ်မကြာဘူး။ ပြဿနာတွေပေါ်လာတော့တယ်။ ပြဿနာက နယ်စပ်တခုတည်းက အမှားလုပ်မိတာလို့ မမြင်ပါဘူး။ အထဲမှာလည်း လူလည်တွေအများကြီးပေါ်လာတယ်။ တချို့ဆို ဒေါ်အောင်ဆန်းစုကြည် ဘယ်သူမှန်းမသိဘူး။ မဲဆောက်ကိုမရောက်ဘူးလို့သင်တန်းတက်ရင်း အလည်လိုက်လာတာ တဲ့။ တချို့ထောက်လှမ်းရေး လူငယ်တွေဆို ဖေ့ဘွတ်မှာ ချတ်လုပ်ရင်း ပြည်ပအဖွဲ့အစည်းတွေဆီက ငွေလိမ်တောင်းတယ်။ ကိုယ့်လူတွေကလည်း ပေးတယ်။ ယူဂျီလုပ်တာ ငွေလိုတယ်ပေါ့။ ( သုံးလေးခါလောက် ခံရပြီးတဲ့အခါမှာတော့ ကျနော့ကို ရင်ဖွင့်လို့ သိလိုက်ရတာပါ) မိတ်ဆွေတယောက်ကဆို မဲဆောက်မှာ ယူဂျီသင်တန်းပို့ချနေသူတွေနဲ့လစာတွေကို စာရင်းရေးပြတယ်။ ဖုံးကဒ်ဖိုး၊ သင်တန်းပို့ချခ၊ ပုံမှန်လခ၊ မဆိုးဘူး။ တချို့ ဆို လစဉ် -ထိုင်းငွေ ဘတ် နှစ်သောင်းလောက်ရကြတယ်။ တချို့က နှစ်သီးစား၊ သုံးသီးစား ရတယ်။ နှစ်သီးစား သုံးသီးစားဆိုတာက အဖွဲ့နှစ်ဖွဲ့( ဒါမှမဟုတ်) သုံးဖွဲ့မှာတာဝန်ယူပြီး လခနှစ်မျိုးသုံးမျိုးရတဲ့လူတွေကို ခေါ်တာတဲ့။ အကုန်လုံးက သင်ခန်းစာအသစ်တွေပဲ။ ကျနော်က စာရေးတာ ဝါသနာပါတဲ့သူဆိုတော့ စာရင်းတွေအားလုံး၊ သင်တန်းပို့ချသူတွေအားလုံးရဲ့အမည်တွေကို သိမ်းထားလိုက်တယ်။ တချိန်မှာ သုတေသန စာတမ်းလုပ်ရအောင်လို့ပါ။ ဘာပဲဖြစ်ဖြစ် အဆင်ပြေကြတာဝမ်းသာပါတယ်။ ( ကိုယ်ပေးရတဲ့ပိုက်ဆံမှမဟုတ်တာ။ ပေးတဲ့သူက ကျေနပ်ရင်ယူကြပေါ့။) တခုပဲရှိတယ်။ ပြည်ပမှာ ကိုယ်ကိုယ်တိုင်က နိုင်ငံရေးပျက်နေတဲ့ အသိုင်းအဝိုင်းမှာ မျှောလိုက်နေပြီး သူများကို အားမရဘူးပြောချင်တယ် ဆိုရင်တော့၊ မှန်တချပ်ဝယ်ပြီး ညမအိပ်ခင် ပုံမှန်ကြည့်ပါ လို့သာ အကြံပေးပါရစေ။
တချို့ကတော့ ပြည်ပမှာ ကြုံတွေ့နေရတဲ့အခြေအနေတွေကို နိုင်ငံရေးယဉ်ကျေးမှုမဲ့တယ်လို့ပဲဆိုချင်တယ် တဲ့။
ဒါဖြင့် နိုင်ငံရေးယဉ်ကျေးမှုမဲ့တယ်ဆိုတာဘာလဲ။ ပြည်ပမှာ နိုင်ငံရေးယဉ်ကျေးမှုမဲ့တယ် ဆိုတာ အတိုချုပ်ပြောရရင်၊ ခြစားအကျင့်ပျက်နေတဲ့သူတွေရဲ့ခေါင်းဆောင်မှုအောက်က ရုန်းမထွက်နိုင်သေးတဲ့သူတွေ၊  သောက်စားမူးယစ်နေတဲ့ အသိုင်းအဝိုင်းက ရုန်းမထွက်နိုင်သေးတဲ့လူတွေ၊  လက်နက်ကိုင်အကြမ်းဖက်မယ်ပြောပြီး အတင်းအဖျင်းတွေကြားမှာ အချိန်ဖြုန်းနေသူတွေကိုပြောတာဖြစ်တယ်။   ဒီလိုအခြေအနေမျိုးမှာ ပြည်ပမှာရှိတဲ့ လူငယ်တချို့ရဲ့အင်တာဗျူးတွေ၊ နိုင်ငံရေးသုံးသပ်စာတမ်းတွေကို အဆက်မပြတ်ဖတ်ရတယ်။ အဓိကကတော့ ပြည်တွင်းက နိုင်ငံရေးခေါင်းဆောင်တွေကို အားမရဘူးပေါ့။ ပြတ်ပြတ်သားသားလုပ်ရမယ်ပေါ့။ ကွယ်လွန်သူ ဖဒိုမန်းရှာရဲ့စကားကို သွားသတိယမိတယ်။
“ထောက်လှမ်းရေးက သိတ်ပြတ်ပြတ်သားသားလုပ်စရာမလိုပါဘူး၊ ကျောင်းသားတွေကို အရက်ပုလင်းနဲ့ ဆိုင်ကယ်သာ ဝယ်ပေးလိုက်၊ မူးရူးဆိုင်ကယ်မှောက်ပြီး သေသွားကြလိမ့်မယ်” တဲ့။ နယ်စပ်မှာ ပျက်စီးနေပုံတွေကို ရယ်စရာမောစရာပြောပြခဲ့တာပါ။ ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်တတ်တယ် ဆိုတဲ့စကားပုံတွေကို သတိယစေချင်ပါတယ်။
(၃)
အုပ်စုတစုကခေါင်းမာတယ် လို့ယူဆပြီး နောက်ထပ်အုပ်စုတစုက ပျော့လွန်းတယ်။ အလျော့ပေးစေ့စပ်လွန်းတယ် ဆိုတဲ့စွပ်စွဲမှုကို ပါလက်စတိုင်းခေါင်းဆောင် ရာဆာအာရာဖတ် လည်းကြုံတွေ့ခဲ့ရတယ်။
အာရာဖတ် ရဲ့ ပီအယ်လ်အိုဟာ အစ္စရေးနဲ့ နှစ်နိုင်ငံရပ်တည်ရေးမူဝါဒ ကို သဘောတူပြီးကတည်းက ပြဿနာတွေကြုံတွေ့ခဲ့ရတယ်။ အစ္စရေးထောက်လှမ်းရေးက ရာဆာအာရာဖတ် ရဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုအယုံအကြည်မရှိသလို၊ အာရာဖတ် ဟာ ပစ်ခပ်သတ်ဖြတ်လုပ်ကြံမှုတွေရဲ့နောက်ကွယ်မှာ စီစဉ်ညွှန်ကြားနေဆဲ ဖြစ်တယ် လို့ သံသယရှိကြတယ်။  တဘက်မှာတော့ ပီအယ်လ်အို ရဲ့ နိုင်ငံရေးအတောင်ပံဖြစ်တဲ့ “ဖာတာ” ခေါင်းဆောင်တွေကို အားမရတဲ့ ပါလက်စတိုင်းတွေဟာ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ကိုတည်ဆောက်လိုက်ကြတယ်။ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ဆိုတာ ဝုန်းကနဲ ဒိုင်းကနဲ့ပေါ်ပေါက်လာတာမဟုတ်ပါဘူး။  ဒုက္ခသည်စခန်းတွေမှာ လူငယ်တွေကို လူမှုရေးလုပ်ငန်းတွေနဲ့စတင်စည်းရုံးတယ်။ ဘဝလုံခြုံရေးအတွက်  အစ္စရေးနိုင်ငံတွင်းဆီကို အလုပ်အကိုင်ရှာဖွေလုပ်ကိုင်နေကြတဲ့ လူငယ်တွေရဲ့အခက်အခဲတွေ၊ ပြဿနာတွေကို ဆွေးနွေးကြတဲ့ စကားဝိုင်းတွေက တဆင့် နိုင်ငံရေးအစုအဖွဲ့ပုံသဏ္ဍန်၊ လူထုအုံကြွမှု ပုံသဏ္ဍန်ဖြစ်တဲ့ အန်တီဖာတာတွေကို စတင်လုပ်ဆောင်ခဲ့ကြတာပါ။
ဗမာပြည်နိုင်ငံရေးမှာ ဟားမတ်စ်လို အဖွဲ့အစည်းလိုပေါ်ဖို့နေနေသာသာ၊ အန်တီဖာတာ လို အင်အားကောင်းမဲ့ အစုအဖွဲ့တွေ ဆွေးနွေးဖို့နေနေသာသာ၊ ကိုယ်ရထားတဲ့ ဂွင်လေးမှာ မိန်းပြီး မည်သူ့ကိုမှ အကပ်မခံတဲ့ လူတန်းစားတွေဟာ မျိုးပွားနေခဲ့တယ်။  နွံနစ်နေခဲ့ရတယ်။ နိုင်ငံတကာက ပြည်ပမှာဖြစ်ပျက်နေတဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့အခြေအနေတွေကို နားလည်နေပါတယ်။ ဒါကြောင့်လည်း ထောက်ပံ့ကူညီမှုတွေကို ပုံသဏ္ဍန်ပြောင်းဖို့ကြိုးစားတယ်။ နည်းလမ်းသစ်တွေကို စမ်းသပ်ကြည့်တယ်။ သဘာဝကျပါတယ်။ မည်သူမပြု မိမိမှု ပါ။ ဗမာပြည်ပြေးတွေကို သုံးသပ်ရတာ အီရတ်ထက်မြန်တယ် တဲ့။ သူတို့အသံတွေကိုလည်း ပြန်နားထောင်စေချင်ပါတယ်။
ပြည်ပနိုင်ငံရေးအကျင့်ပျက်မှုတွေဟာ ပြည်တွင်းနိုင်ငံရေးအခြေအနေတခုလုံးကို ကသိကအောက်ဖြစ်စေခဲ့တော့တယ်။ ပြည်သူကြားမှာ သူပုန်တွေမြှုပ်နှံထားတဲ့ယူဂျီမရှိ၊ စိတ်လှုပ်ရှားဖွယ် ပစ်ခပ်သံတွေနဲ့ အားတက်ဖွယ်မြို့တွေမရှိ၊ ရိုသေလေးစားခံရမှု ကင်းမဲ့နေသော နယ်စပ်မျဉ်းပေါ်က အောက်ကြေးများ နှင့် အန်ဂျီအိုစီးပွားရေးလုပ်ငန်းများ” တဲ့လေ…. ပြည်သူတွေကတော့  မိုးထဲလေထဲမှာ ယိုင်နဲ့နဲ့ဖြစ်နေတဲ့နိုင်ငံရေးအခင်းအကျင်းတွေကို ပြန်လည်တည်ဆောက်နေကြရတော့တယ်။
နိဂုံး
တကယ်တော့ ပြည်တွင်းက အသက် (၆၀) ကျော် အမေအရွယ်၊ အဖေအရွယ်လောက်တွေကို အားမရဘူး၊ မပြတ်သားဘူး ၊ရဲရဲရင့်ရင့်ခေါင်းဆောင်ပါ လို့  ပြောနေတဲ့ လူငယ်တွေလောက် ရှက်စရာကောင်းတဲ့သမိုင်းမျိုးနိုင်ငံတကာဖြစ်ရပ်တွေမှာ ရှိမယ်မထင်ပါဘူး။ သူပုန် အဖြစ် မိတ်ဆက်ချင်စိတ်သာရှိပြီး နိုင်ငံရေးပျက်နေတဲ့အသိုင်းအဝိုင်းကိုတောင် ပြုပြင်ပြောင်းလဲချင်စိတ်မရှိသူများ။
အချိန်တန်တော့လည်း ပုဇင်းရင်ကွဲသံတွေလို အော်နေကြအုံးမှာပါ။