Thursday, April 28, 2011

သူတို့ပြန်ရောက်မလာတဲ့အခါ

၂၀၀၇ ခုနှစ် ကျောင်းသားခေါင်းဆောင် “ဒီငြိမ်းလင်း” မိသားစုရဲ့“ စစ်အာဏာရှင်ကိုဆန့်ကျင် တိုက်ပွဲဝင်ကြတဲ့ မျိုးဆက်(၃) ဆက် အကြောင်းကို ဒီဘီဗွီ ရုပ်သံကနေ ပြန်ပြီးကြည့်လိုက်ရတယ်။ စိတ်ထဲမှာ တော်တော်ထိခိုက်ရတယ်။ ဒီတပတ်လွတ်လပ်တဲ့ အာရှအသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ၊ ဘိုလစ်ဗီးယားနိုင်ငံက သတ္ထုတွင်းအလုပ်သမားတွေအတွက် အစာငတ်ခံတိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသမီးကြီးတွေအကြောင်းတင်ပြရင်း အကျဉ်းထောင်တွေဆီက ပြန်ရောက်မလာနိုင်သေးတဲ့ ရဲဘော်တွေအားလုံးကို သတိတယ ဦးညွှတ်ဂုဏ်ပြုထားပါတယ်။

သူတို့ပြန်ရောက်မလာတဲ့အခါ-------

သောတရှင်များခင်ဗျား။

ဘိုလစ်ဗီးယားနိုင်ငံက စစ်ခေါင်းဆောင် “ဟူးဂိုးဗန်ဇာ”ဟာ အမေရိကန်ပြည်ထောင်စုရဲ့ထောက်ပံ့မှုနဲ့ ၁၉၇၁ မှာ နိုင်ငံတော်အာဏာကို သိမ်းယူနိုင်ခဲ့သူတဦးဖြစ်ပါတယ်။ နိုင်ငံတကာဘဏ်ဆီက ချေးငွေတွေအများအပြားရခဲ့သလို၊ သတ္ထုတွင်းတွေကိုလည်း ပြည်သူပိုင်သိမ်းခဲ့တာကြောင့် စီးပွားရေးတည်ငြိမ်မှုကိုရခဲ့တယ်။ ဒါပေမဲ့ သူ့ကိုထောက်ခံတဲ့သူတွေကိုသာ စီးပွားရေးလုပ်ပိုင်ခွင့်ပေးခဲ့ပြီး အတိုက်အခံနိုင်ငံရေးသမားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို နှောက်ရှက်ဖျက်ဆီးခဲ့ပါတယ်။ ပြည်သူလူထုအတွင်းမှာ မကျေနပ်မှုတွေပိုမိုများပြားလာခဲ့တယ်။

“လူထု ပေါက်ကွဲမှုအသွင် သဏ္ဍန်တွေဆီကို ကူးပြောင်းလာတော့မယ် ဆိုတာ သိနေတဲ့အတွက် အာဏာရှင် ဟူးဂိုးဗန်ဇာ ဟာ အလုပ်သမား သမဂ္ဂတွေကို ပိတ်ပင်တားဆီးလိုက်ပြီး အလုပ်သမားတွေကို အလုပ်ရှာဖွေလို့ခက်စေမဲ့ ဥပဒေတခုကို ပြဋ္ဌာန်းလိုက်တယ်။ သတ္ထုတွင်း အလုပ်သမားတွေက သူတို့ရဲ့ သမဂ္ဂအခွင့်အရေးတွေကို ပြန်လည်ပေးအပ်ဖို့တောင်းဆိုခဲ့ကြတယ်။ အစိုးရကို ရှုတ်ချခဲ့ကြတယ်။ ဘိုလစ်ဗီးယား အစိုးရကလည်း အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့သလို၊ တချို့ကို ပြည်နှင်ဒဏ်ပေးခဲ့တယ်။ ဒါပေမဲ့အလုပ်သမားလှုပ်ရှားဟာ ရပ်တန့်မသွားပဲ ဖိနှိပ်မှုတွေကို လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ဝေဖန်လိုက်ကြပြီး သူတို့ရဲ့နစ်နာခံစားရမှုတွေကို လူထုထံတင်ပြခဲ့ကြတယ်။ မကြာဘူး “လူ့အခွင့်အရေးလွှတ်တော်” ကို စတင်ဖွဲ့စည်းလိုက်ကြတယ်။”

ဘိုလစ်ဗီးယားနိုင်ငံရဲ့ အနောက်ဖက်ဒေသဖြစ်တဲ့ “အန်တီပလန်နို”ဘက်ဆီမှာတော့ အလုပ်သမားလယ်သမားတွေရဲ့အာခံမှုတွေက စတင်ခဲ့ပါပြီ။ အလုပ်သမားခေါင်းဆောင်တွေဟာ မြို့တော် ဆန်တာခရုစ်မှာရှိတဲ့ “လူ့အခွင့်အရေးလွှတ်တော်” မှာ သူတို့ရဲ့အသံတွေကို ပဲ့တင်ထပ်စေခဲ့ပါတယ်။

“ ဆယ်စုနှစ်တွေအတွင်းမှာ ထူးထူးခြားခြားပေါ်ပေါက်လာတဲ့ လူထုရဲ့တုန့်ပြန်မှုတွေလေ။ အာဏာရှင် ဗန်ဇာ ကလည်း သူ့ရဲ့ဖိနှိပ်မှုတွေကို နဂိုအတိုင်းဆက်လုပ်လို့မရတော့ဘူးဆိုတာသိတယ်။ ဒါကြောင့် ၁၉၇၇ မှာ ရွေးကောက်ပွဲကျင်းပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲက “ ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲ” တနည်းအားဖြင့် “ စည်းကမ်းရှိသော ဒီမိုကရေစီ” ပေါ့ဗျာ”

တကယ်တော့ “ဟူးဂိုးဗန်ဇာ”ဟာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ဆိုခဲ့ပေမဲ့ သူ့ရဲ့ရွေးကောက်ပွဲမှာ အလုပ်သမားခေါင်းဆောင်တွေ၊ သူတို့ကိုစာနာနားလည်သူတွေ ပါဝင်လှုပ်ရှားနိုင်မဲ့ ရွေးကောက်ပွဲ နယ်မြေတွေကို ကန့်သတ်တားဆီးခဲ့ပါတယ်။ ဒါကြောင့်လည်း အလုပ်သမားတွေဟာ သူတို့ရဲ့အသံကိုပြောဆိုနိုင်ခွင့်ရမှာ မဟုတ်တဲ့ ဟူးဂိုးဗန်ဇာရဲ့ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ဆော်သြခဲ့ကြပါတယ်။ ဘိုလီးဗီးယား အစိုးရကလည်းသတ္ထုတွင်းအလုပ်သမားအများအပြားကို အလုပ်ကထုတ်ပစ်ခဲ့ပါတယ်။

“ ကျမတို့ အမျိုးသားတွေအပါအဝင် ဟော့ဒီဒေသမှာ ရှိတဲ့ အလုပ်သမားပေါင်းရာချီပြီး အလုပ်ကထုတ်ခံရတယ်။ အဖမ်းခဲ့ခဲ့ကြရတယ်။ ဆာလောင်မွတ်သိပ်မှုနဲ့ ဖခင်ပြန်အလာကို ငိုပြီးစောင့်နေတဲ့ ကလေးတွေ၊ တထိတ်ထိတ်နဲ့ လုံခြုံမှုမရှိတဲ့ ဘဝတွေကို ကျမတို့ဆက်ပြီး မခံစားနိုင်တော့ဘူး။ သတ္ထုတွင်းဆီကိုလိုက်သွားပြီး ကျမတို့ယောင်္ကျားတွေဘယ်ရောက်နေသလဲ လို့ သွားရှာတဲ့အခါတိုင်း အထပ်ထပ်တားဆီးထားတဲ့ ဟူးဂိုးဗန်ဇာ ရဲ့စစ်တပ်တွေနဲ့သာ ရင်ဆိုင်ခဲ့ရတယ်။ ကျမတို့ယောင်္ကျားတွေဟာ တိုင်းပြည်ရဲ့ဝင်ငွေကိုတဘက်တလမ်းက ထောက်ပံပေးနေသူတွေလေ။ အစိုးရဟာ ဘာဖြစ်လို့ ဒီလိုလုပ်နေတယ်ဆိုတာကို နားမလည်နိုင်အောင်ပဲ။”

သတ္ထုတွင်းအလုပ်သမားတွေရဲ့ မိန်းမတွေဟာ နားမလည်နိုင်တဲ့အရာတွေကို ရှင်းရှင်းလင်းလင်း နားလည်အောင်ကြိုးစား ခဲ့ကြပါတယ်။ အဲ့ဒါကတော့ ဒေသအတွင်းမှာ သြဇာကြီးမားတဲ့ ဘုန်းတော်ကြီးရဲ့အိမ်ရှေ့မှသွားပြီး အစာငတ်ခံဆန္ဒပြခြင်းပဲဖြစ်ပါတယ်။

“ ပထမတော့ လူတွေက သိတ်ပြီး သတိမထားမိကြဘူးလေ။ အမျိုးသမီးလေးယောက်က ဘုန်းတော်ကြီးနေအိမ်ရှေ့မှာ အစာမစားပဲ ပျောက်ဆုံးနေတဲ့သူတို့ရဲ့ယောင်္ကျားတွေအကြောင်းပြောဆို နေခဲ့ကြတယ်။ သတ္ထု တွင်းတွေဆီမှာ ပိတ်ဆို့ထားတဲ့ စစ်တပ်ကိုရုတ်သိမ်းပေးပါ။ အလုပ်သမားတွေကို အစစ်အမှန်ကိုယ်စားပြုတဲ့ခေါင်းဆောင်တွေကို တင်မြောက်ပေးရမယ်။ ဖမ်းဆီးထားတဲ့နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးရမယ်လို့တောင်းဆိုကြတယ်။ လူ့အခွင့်အရေးလွှတ်တော်လို နိုင်ငံရေးအဖွဲ့အစည်းတွေက အစ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုဟာ ထိရောက်မယ်မထင်ဘူးလို့ အဆိုးမြင်ခဲ့ကြတယ်။ ခရစ်စမတ်ကာလမှာ သူတို့ရဲ့လှုပ်ရှားမှုတွေဟာ ကျန်တဲ့သူတွေကို စိတ်အနှောက်အရှက်ဖြစ်စေလိမ့်မယ်လို့ယုံကြည်ကြတယ်။ တကယ်တော့ အစာငတ်ခံနေကြတဲ့ အမျိုးသမီးကြီးတွေကို ပထဆုံးလာပူးပေါင်းသူတွေက သူတို့ရဲ့ သားသမီးတွေလေ။ ဒါပေမဲ့ နှစ်ရက်ကြာတော့ ခရစ်ယာန်ဘုရားကျောင်းအတွင်းမှာလုပ်အားပေး လုပ်ကိုင်နေကြတဲ့ “ဘုရားသခင်ရဲ့ နောက်လိုက်များ”အဖွဲ့ဝင်တွေက လာရောက်ပူးပေါင်းကြတယ်။ ကလေးတွေကိုစောင့်ရှောက်ကြတယ်။ အံ့သြစရာကောင်းလောက်အောင်ပဲ။ တပတ်အတွင်းမှာ အစာငတ်ခံဆန္ဒပြသူစုစုပေါင်း (၁၄၀၀) လောက်ရှိလာတယ်။ သမ္မတဟောင်းအပါအဝင်၊ ထင်ရှားတဲ့အနုပညာသည်တွေ၊ ပညာတတ်တွေလည်း ပူးပေါင်းပါဝင်လာကြတယ်။”

ဟူးဂိုးဗန်ဇာကလည်း သတ္ထုတွင်းအလုပ်သမားတွေရဲ့အမျိုးသမီးတွေဟာ စာနာနားလည်တတ်တဲ့သူတွေရဲ့နှလုံးသားကို စတင်ဆွဲဆောင်နေပြီဆိုတာကို သိရှိသွားတာကြောင့် အစာငတ်ခံနေတဲ့လူထုကို စတင်ဖြိုခွဲဖို့ကြိုးစားလိုက်ပါတော့တယ်။ နောက်ကျသွားခဲ့ပါပြီ။ ခရစ်ယာန်ဘုန်းတော်ကြီးတွေက ဗိုလီးဗီးယား သတ္ထုတွင်းအလုပ်သမားတွေပျောက်ဆုံးမှု၊ အလုပ်ဖြုတ်ခံရမှုတွေကို ချက်ခြင်းဖြေရှင်းပေးဖို့၊ ဆန္ဒပြနေသူအပေါ်ဖိနှိပ်နေတဲ့ ဗန်ဇာအစိုးရကို ဘာသာရေးအရ သပိတ်မှောက်ကြဖို့ ဆော်သြလိုက်ပါတယ်။ ဘုန်းတော်ကြီးရဲ့ပန်ကြားစာတွေဟာ မြောက်အမေရိကားတိုက်မှာရှိတဲ့ နိုင်ငံခေါင်းဆောင်တွေအားလုံးဆီကို ရိုက်ခပ်စေခဲ့ပါတယ်။ ဟူးဂိုးဗန်ဇာ ကို နောက်ကွယ်ကထောက်ပံ့ထားတဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင်၊ အနောက်အုပ်စုဟာ ဘိုလစ်ဗီးယားအာဏာရှင်ကို တဖြည်းဖြည်းပြန်လည်ဖိအားပေးခဲ့ ပါတော့တယ်။နောက်တလအကြာမှာတော့ ဟူးဂိုဗန်ဇာဟာ နိုင်ငံရေးအကျဉ်းသမားနှစ်သောင်းနီးပါးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သလို၊ အလုပ်ထုတ်ခံရတဲ့ သတ္ထုတွင်းအလုပ်သမားတွေကို မူလနေရာမှာ ပြန်လည်အလုပ်ခန့်အပ်ပေးခဲ့ပါတယ်။ အလုပ်သမားသမဂ္ဂတွေကို ပြန်လည်ဖွဲ့စည်းခွင့်ပေးခဲ့ပါတယ်။

သောတရှင်များခင်ဗျား

ဗမာပြည်မှာ ကုန်ဈေးနှုန်းခေါင်ခိုက်မှုကြောင့် လူထုခံစားနေရတဲ့ ဒုက္ခတွေကို ပျောက်ကင်းစေဖို့အတွက်ဆုတောင်းမေတ္တာပို့ခဲ့ကြတဲ့ ရဟန်းသံဃာတော်၊သီလရှင်တွေ၊ ကျောင်းသားတွေနဲ့ဒီမိုကရေစီလိုလားသူ အများအပြားဟာ အကျဉ်းထောင်တွေထဲမှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းသစ်ဆီကိုသွားချင်ပါတယ်ဆိုတဲ့ အစိုးရသစ်ဟာ ပထမဆုံးခြေလှမ်းအနေနဲ့ နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးဖို့လိုပါလိမ့်မယ်။ ဘိုလစ်ဗီးယား အမျိုးသမီးကြီးတွေရဲ့စိတ်ဓါတ်ခွန်အားတွေ- သောတရှင်တို့ရဲ့နှလုံးသားတွေဆီ ကူးစက်ခံစားနိုင်ကြပါစေ။


အောင်မိုးဝင်း

အချိန်မကြဘဲ ကြေမွသွားတဲ့ ပန်းတပွင့်

“ ညဏ်လင်းထက်.......”



ရှေ့ကို ထွက်ခဲ့စမ်း ဆိုတဲ့ ဆရာမ စကားသံ အဆုံးမှာ ကျနော်ဟာ မ၀ံ့မရဲ တုန်ရီစွာနဲ့ အတန်းရှေ့ကို ထွက်သွားလိုက်ပါတယ် ။

ပုံနှိပ်စာအုပ်ဖိုး နဲ့ ကျောင်းက အလှူအတွက် နင့်ဆီက ငွေမရလို့ တောင်းတာ ဘယ်နှခါ ရှိပြီးလည်း ။ လူလေး ကြည့်တော့ ငါးတန်းဘဲ ရှိသေးတယ်....

ငါ့ကိုတောင် အာခံချင်တာလား ။

" ကျနော့်တို့အိမ်က အဆင်မပြေသေးလို့ မပေးနိုင်သေးတာပါ ဆရာမ... " ဆိုတဲ့ ဖြေရှင်းချက်ကို သိပ်ကြိုက်ပုံမရတဲ့ ဆရာမက

ဘာပြောတယ် .....ကျောင်းတော့ ထားပြီး စာအုပ်ဖိုးမှ မတတ်နိုင်ရင်လည်း ကျောင်းမထားချင်နဲ့လို့ နင့်မိဘတွေကို ပြောလိုက် ။

ဘယ်လို မိဘတွေလည်း မသိပါဘူး..........ကျောင်းထားပြီး ကျောင်းက တောင်းတဲ့ငွေတော့ မပေးနိုင်ဘူး........ စိတ်ပျက်ဖို့ တကယ်ကောင်းတယ် ။

နင် ဒီနေ့ တနေကုန် မတ်တတ်ရပ်နေရမယ်....ငါက ထိုင်ဆိုမှ ထိုင်..............။ ကဲ .......အားလုံး စာအုပ်ထုတ်.....

ဆရာမရဲ့ စကားသံ အဆုံးမှာ ကျနော့် အတန်းဖော် သူငယ်ချင်းများရဲ့ စူးစိုက်ပြီး ကြည့်နေတဲ့အကြည့်များကို ရင်မဆိုင်ရဲလို့ မျက်နှာကို ခေါင်းငုံ့ထားရင်းက ကျလာတဲ့ မျက်ရည်များကို သုတ်ပစ်ဖို့တောင် အားမရှိတော့ပါဘူး ။ ဖြစ်နိုင်ရင် ကျနော် ဒီနေရာက ဝေးရာကို ထွက်သွားချင်ပါတယ်..........။ ဒီနေ့ ကျောင်းဆင်းချိန်ကလည်း ကြာလိုက်တာနော် တွေးမိရင်းက ဒုက္ခိတ အဖေနဲ့ ဈေးသည်အမေ ရဲ့ မျက်နှာကို ပြန်မြင်ယောင်ကာ ၀မ်းနည်းစွာ သက်ပြင်း ချကာ ကျောင်းဆင်းချိန်ကိုဘဲ စောင့်စားနေလိုက်ပါတော့တယ်...။

ဒီတခါတော့ အမေ့ဆီ က ပိုက်ဆံရအောင် တောင်းမယ်လို့ စိတ်ကူးနဲ့ ပြန်လာရင်း အိမ်အရောက်မှာ အဖေနဲ့ အမေရဲ့ အသံတိုးတိုးနဲ့ တိုင်ပင်သံကို ကြားမိပါတယ် ။

ရှင် ဒီအတိုင်းဆက်သွားရင်တော့ သိပ်မခံလောက်တော့ဘူး ထင်တယ်နော်......... ဆေးခန်းကို သွားပြပါလား ကိုမြင့်ရယ်.။

မင်းလည်း ငွေရှိတာမှ မဟုတ်ဘဲ မပြချင်ပါဘူး မိန်းမရယ်..........ငွေမပါတဲ့ လူနာကို ဒေါသထွက်နေတဲ့ ကြည့်နေတဲ့ ဆရာဝန်ကို ရင်ဆိုင်ရတာထက် ငါ့ဟာငါဘဲ အသေခံလိုက်ပါတော့မယ်. ကွာ... ဆိုတဲ့ အဖေ့ပြောစကားအဆုံးမှာ အမေဟာ ကျနော်တို့ အိမ်ရဲ့ တခုတည်းသော ပစ္စည်းထိန်းသိမ်းရာ နေရာ သေတ္တာစုတ်လေးကို ဆွဲဖွင့်ကာ သူမတန် မြတ်နိုးတဲ့ ဆွဲကြိုးလေးကို အဖေ့အတွက် အသက်ဆက်နိုင်အောင် ဆေးကုပါရစေလို့ ကြိမ်ကြိမ်တောင်းပန်နေပါတယ် ။

သားသမီးတွေ ပညာရေး အတွက် သိမ်းထားလိုက်ပါ မိန်းမရယ်..........ငါသားလေးလည်း အရွယ်ရောက်နေပြီ ။ သမီးလေးက လည်း ကျောင်းစနေပြီ ဆိုတော့ သူတို့အတွက် အရေးပေါ်ရင် သုံးဖို့ သိမ်းထားလိုက်ပါနော် ။

မိဘ နှစ်ပါးရဲ့ အပြန်အလှန် ပြောဆိုမှုတွေကြောင့် ကျနော့်စိတ်ထဲမှာ ၀မ်းနည်းလွန်းလို့ ငိုချင်ပေမယ့် ကျစရာ မျက်ရည်ခမ်းခြောက်ခဲ့ရပါပြီ ။

ငွေမပါရင် ကျောင်းမလာနဲ့ ဆိုတဲ့ ဆရာမရဲ့ စကားသံကို ပြန်ကြားမိတိုင်း သောကပွားနေရတဲ့ ကျနော့်ရဲ့ ခံစားချက်ကို မိဘနှစ်ပါးကို ဘယ်လိုနည်းနဲ့မျှ ရင်မဖွင့်ပြလိုတော့ပါဘူး ။

ခြေဦးတည့်ရာ လျှောက်သွားနေရင်း ကျနာ့်အရွယ်ကလေးငယ်တွေ တုတ်လေးတွေ ကိုယ်စီနဲ့ အိတ်တလုံးကို ကိုယ်စီထမ်းကာ အမှိုက်ပုံမှာ ထိုးဆွနေတဲ့ မြင်ကွင်းလေးက တွေ့မြင်နေကြဖြစ်ပေမယ့် တခါမှ မစူးစမ်းမိခဲ့ပါဘူး ။ သိလိုဇောနဲ့ သူတို့ အနား အသာချည်းကပ်ကာ .. မင်းတို့ ဘာလုပ်နေကြတာလည်းကွ.. ဆိုတော့ ကျနော့်ထက် ငယ်ပေမယ့် သွက်လက် ချက်ချာတဲ့ ကောင်လေးက

“ အမှိုက်ကောက်နေတာလေ “ ကွာ မင်းကလည်း ဒါများ အထူးအဆန်းမှတ်လို့ ။ ဒီက အမှိုက်ရောက် ရလာတဲ့ စက္ကူ ၊ ပလတ်စတစ် ၊ ဒန်အိုး ၊ ဒန်ခွက်တွေကို ဆိုင်မှာ သွားရောင်းရင် ပိုက်ဆံရတာပေါ့ …။

ပိုက်ဆံ ဆိုတဲ့ စကားလုံးက ကျနော့်ကို များစွာ ဆွဲဆောင်ထားလိုက် သလို ခံစားရလို့.

“ ငါလည်း အဲဒီလို လုပ်လို့ ရလားကွ. “

ရတာပေါ့ကွ ဟု ပြောလျှက် သူကိုင်ထားတဲ့ ဒုတ်လေးနဲ့ လွယ်ထားတဲ့ ပလတ်စတစ်လေးကို ညွှန်ပြကာ ဒီနှစ်ခု ရှိရင် မင်း အလုပ်လုပ်လို့ရပြီတဲ့ ..။

ဒါဆို ငါ မနက်ဖြန် မင်းတို့ဆီ လာခဲ့မယ်ကွာ..

နောက်တနေ့ မနက် အိမ်ကနေ ပုံမှန် အတိုင်း လွယ်အိတ်လွယ်ပြီး ကျောင်းသွားသလို ပုံစံမျိုးနဲ့ ထွက်လာခဲ့ပြီး လွယ်အိတ်ကို စိတ်ချရတဲ့ နေရာမှ ထားခဲ့ပြီး ကျနော့် သူငယ်ချင်းတွေ နဲ့ချိန်းထားရာ နေရာကို သွားခဲ့ပါတယ် ။ သူတို့ အသင့်ပြင်ပေးထားတဲ့ သံချွန်တပ် ဒုတ်လေး တချောင်းနဲ့ မြွေရေခွံအိတ်ကို လွယ်ကာ အမှိုက်ပုံများ ရှိရာနေရာ ၊ လမ်းကြိုလမ်းကြားမှန်သမျှ

လှည့်လည်သွားပြီး ငွေရဖို့ ကြိုးစားခဲ့ပါတယ် ။

အစပထမကတော့ အထာသိပ်မနပ်တော့ ဘယ်လို လုပ်ရမယ် ဆိုတာ မသိပေမယ့်

ရက် အနည်းငယ် ကြာလာတော့ သဘောပေါက်လာတယ် ။ ဘယ်နေရာ အမှိုက်ပုံက

ပစ္စည်းရဖို့ လွယ် ၊ ဘယ်အချိန်ဆို ဘယ်အိမ်က အမှိုက် လွှင့်ပစ်တယ် ဆိုတာ သဘောပေါက်လာတယ်။ ဒီလိုနဲ့ တစ်လလောက် လုပ်လိုက်တော့ ဆရာမကို ပေးဖို့

ငွေလေး စုဆောင်းမိလာတဲ့ အပြင် အဖေ့ အတွက် လိုအပ်တဲ့ ဆေးလေးတွေ ၀ယ်ပေးနိုင်ခဲ့ယုံသာ မကဘူး ညီမလေး သိပ်ကြိုက် တဲ့ ရေခဲမုန့်လေးကို နေ့စဉ် ၀ယ်ကျွေးနိုင်ပါတယ် လို့ ကျောင်းဘက်ကို ခြေဦး ပြန်လှည့်ခဲ့ပါတယ် ။

ငွေကြေးချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ အတန်းဖော် သူငယ်ချင်းများကို သား ၊ သမီး ဆိုပြီး ခေါ်ဆိုတတ်တဲ့ ဆရာမဟာ ကျနော့်ကိုတော့ နင်ဆိုတဲ့ အသုံးအနှုန်းက လွဲပြီး ပြောင်းလဲသုံးဖို့ စိတ်ကူး မရှိဘူးလား မသိပါဘူး ။ သူသင်တဲ့ ကျူရှင် မတတ်နိုင်တဲ့ ကျောင်းသားတွေ ဆို အမြဲလိုလို ဒေါသထွက်နေတတ်တဲ့ ဆရာမကို ရင်ဆိုင်နေရတာ

သိပ်ကို ၀မ်းနည်းစရာ ကောင်းလွန်းလှပါတယ် ။

ကျောင်းက ပြန်လာတာနဲ့ လွယ်အိတ်ကို အသာချပြီး အမှိုက်ပုံကို ပြေးသွားရတဲ့ ဘ၀တွေက

လွတ်မြောက်ချင်လှပြီ ။ ကျောင်းက အပြန်ဆော့ကစားနေတဲ့ သူငယ်ချင်းတွေကို မြင်တိုင်း

သူတို့လို ကစားချင်ပေမယ့် အိမ်က ဆန်အိတ်ထဲမှာ မနက်စာဘဲ ကျန်တော့တာကို သိထားတဲ့

ကျနော် အတွက် ကစားမက်လို့ မဖြစ်ပါဘူး ဆိုပြီး ဆုံးဖြတ်ချက်ချကာ အရပ်တကာလည်ပြီး

အမှိုက်ကောက်ခဲ့ရတဲ့ ရက်တွေ တဖြည်းဖြည်း ပိုမို များပြားလာပါတယ် ။

တနေ့တနေ့ လမ်းကြိုလမ်းကြားထဲ ၀င်ပြီး အမှိုက်ကောက်နေတဲ့ ကျနော့်ကို သနားစရာ အကြည့်နဲ့ ကြည့်သူတွေထက် မယုံသကာင်္စိတ်နဲ့ ကြည့်ကြတဲ့ လူတွေရဲ့ မျက်ဝန်းမှာ မနှစ်မြို့ခြင်းတွေ ပါနေတတ်တယ် ။ အထူးသဖြင့် တိုက်ကြို တိုက်ကြား ၀င်ကောက်တဲ့အချိန်တွေဆို အော်ဟစ်မောင်းထုတ်တာကို ခံရပါများလာတော့ ဒီဘ၀ကို တကယ် စိတ်နာလာပါပေမယ့်

ကျနော့် ငွေရမှ အဖေ့အတွက်ဆေးဖိုး ၊ ညီမလေး သိပ်ကြိုက်တတ်တဲ့ မုန့်လေးတွေ ၀ယ်ပေးနိုင်မှာ ဆိုတော့မလုပ်ချင်လည်း လုပ်နေရအုံးမှာပါဘဲ ။

ညနေဘက် ကျနော် ပြန်လာရင် ထွက်ကြိုတဲ့ ညီမလေးကို မုန့်လေးပေး ၊ အဖေ့အတွက် အာဟာရပြည့်စေမယ့် အစားအစာ တခုခုပေးရတဲ့ အချိန်ဟာ ကျနော့်ဘ၀ အတွက် အပျော်မြူးရဆုံးအချိန်ပါဘဲ ။ ကိုယ်တိုင်က ငွေမရှာနိုင်လို့ သားဝယ်လာတာလေးကို

စားနေရတဲ့ ကျနော့်အဖေ့မျက်လုံးမှာ အမြဲလိုလို မျက်ရည်တွေစို့နေတာကို သတိထားမိတယ် ။

အဖေ့အတွက် ဆေးကုပေးဖို့ အမေ ကိုပြောတော့

“ ငါ့သားရယ် ….ဆေးကုဖို့က ငွေမနည်းဘူး ကုန်မှာ .. အမေ့မှာလည်း စားဖို့တောင် အနိုင်နိုင်ဆိုတာ သားလည်း သိသားဘဲ “

ဆိုပြီး ၀မ်းနည်းနေတဲ့ အမေ ၊ ဝေဒနာကို ကြိတ်မှိတ်ခံစားနေရတဲ့ အဖေ ၊ မိဘနှစ်ပါးကို ကြည့်ကာ မျက်ရည်ကျနေတဲ့ ကျနော်တို့ ညီမလေး အတွက် ကျနော် ကျောင်းထွက်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ခဲ့တယ် ။

ရက်ကွက်ထဲက သူငယ်ချင်း တချို့ ညဘက် ပန်းကောက်ပြီး မနက်အစောကြီး ဈေးမှာသွားသွင်း ၊ တခါတလေ ကားဂိတ်တွေမှာ ရောင်းတာ အဆင်ပြေတယ်ဆိုလို့ ကျနော် သူတို့ နဲ့ အတူလိုက်ပြီး ၀မ်းရေး အတွက် ဖြေရှင်းခဲ့ရတယ် ။ နေ့လည် အချိန်အားရင် အမှိုက်ပုံဘက် ပြေးသွားပြီး ငွေရှာပါမှ ထမင်း နပ်မှန်ဖို့ သာ မကဘူး အဖေနဲ့ ညီမလေး အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးနိုင်မှာ ။

အလုပ်နှစ်ခုလုပ်တော့ ငွေပိုလေး နည်းနည်းရလာလို့ ရပ်ကွက်ထဲက ဆရာဝန်နဲ့ အဖေ့ကို ပြနိုင်ခဲ့တယ် ။ သူညွှန်ပြတဲ့ ဆေးကို အဖေ ပုံမှန်စားနိုင်အောင်ကျနော် ပိုပြီး ကြိုးစားရအုံးမယ်..။

ဘာလိုလိုနဲ့ သင်္ကြန်နားတောင် နီးလာပြီ ဘဲ.

လူတော်တော်များများ ပျော်ရွှင်ကြတဲ့ သင်္ကြန်ပွဲ ကျနော်လည်း ပျော်ချင်တာပေါ့ဗျာ..။

သင်္ကြန်အတွက် ဘာအစီအစဉ်ရှိလည်း သူငယ်ချင်းတွေနဲ့တိုင်ပင်တော့

သူငယ်ချင်း တစ်ယောက်က

“ သင်္ကြန်ဆိုတာ ငါတို့အတွက် ဂွင်ဘဲကွ…။ အဲဒီနေ့မှာ ငါတို့ ကြိုးစားလိုက်ရင် မြိုးမြိုးမျက်မျက်လေး

ရနိုင်တယ်တဲ့ ။ ဘာလုပ်ရမှာလည်း ဆိုတော့ အရက်လည်း ရောင်းမယ် ရေသန့်ဘူးတွေ ၊ အချိုရည်ဘူးတွေလည်း ကောက်လို့ ရတယ်”

ဆိုလို့ ကျနော် အရမ်း စိတ်ဝင်စားသွားတယ် ။

မြန်မာရိုးရာ အတာသင်္ကြန်ပွဲကြီး စတင်ကျင်းပတဲ့ နေ့က စပြီး ကားဂိတ်လေးမှာ ရေပုံးလေးတွေ ကိုယ်စီကိုင်ပြီး အရက်ဆိုင်လေးတွေ ကိုယ်ပိုင်ဖွင့်ခဲ့ကြတယ် ။ ဆိုင်လို့သာ ပြောတာပါဗျာ. ထိုင်ခုံတလုံးပေါ်မှာ ရေပုံးတလုံး ၊ အရက်တပုံးနဲ့ ရေသန့်ဘူး အဟောင်းလေးတွေ ဘဲ ရှိတာပါ ။ အရက် တဗူးကို တစ်ထောင်နဲ့ အော်ဟစ်လို့ ရောင်းခဲ့ရတာ ပျော်စရာ မကောင်းပေမယ့်

ဝင်ငွေ ကောင်းကောင်းရလို့ အဖေ့အတွက် ဆေးကုပေးနိုင်မယ် ဆိုပြီး စိတ်ကူးနဲ့ ကြည်နူးခဲ့ရပါတယ် ။ သူငယ်ချင်း တစ်ယောက်က ဆိုင်ထိုင်ရင် နောက်တစ်ယောက်က ကားပေါ်က ပစ်ချလိုက်တဲ့ ရေသန့်ဗူးနဲ့ အချိုရည်ဗူးလေးကို လိုက်စုရတယ် ။

ကောက်တဲ့ လူကများတော့ နည်းနည်းတော့ စွန့်စားရတယ်ဗျာ…။

သင်္ကြန်အတက်နေ့ ဆိုတော့ လူတွေကို ပိုပျော်နေကြလို့လား မသိဘူး ရောင်းလို့ကလည်း ကောင်းပဗျာ..။ နောက်ဆုံးနေ့ ဆိုတော့ သူတို့ အားခဲပြီး ဖြုန်းပြနေလို့ သူတို့ ပစ်ချသမျှ လိုက်ကောက်ရတာတောင် နည်းနည်းမောလာသလိုပါဘဲ ။ ဒီနေ့တော့ နေ့တွက် တော်တော်ကိုက်နေပြီ ဆိုတာသိပေမယ့် ဆက်စောင့်ပြီး ကောက်လို့ များများရရင် မနက်ဖြန် မနက် အမေ ဘုန်းကြီးကျောင်းသွား ရင် မောင်နှမ နှစ်ယောက်လုံးလိုက်မယ်လို့ စဉ်းစားထားတယ် ။

ကားတစီးပေါ်က ပစ်ချလိုက်တာ အချိုရည်ဗူးခွံတွေဗျာ.. အများကြီးဘဲ ကားလမ်းလယ်မှာ သွားကောက်ရင် အန္တာရယ်များမှန်း သိပေမယ့် သူတပါး မဦးခင် အမြန်ဦးအောင် ကားလယ် အလယ်ကို ပြေးအသွားမှာ အရှိန်ပြင်းစွာ မောင်နှင်းလာတဲ့ ကား တစီးကြောင့်……. လေထဲကို မြောက်သွားပြီး ပြန်အကျမှာ သူ့ခန္ဓာက ဖြာဆင်းလာတဲ့ သွေးစက်တွေက မြင်ရက် စရာ အောင် ကျဆင်းပေမယ် ကျနော် အိမ်ပြန်ဖို့ အားခဲထားဆဲပါဘဲ ။

သူ့ကိုယ့်သူ မသယ်နိုင်တဲ့ ခန္ဓာကိုယ်ကို အတင်းကြိုးစားပြီး ရုန်းထနေပုံလေးက မြင်ရသူ အပေါင်း ရဲ နှလုံးသားကို ကွဲကြေပျက်သလို ခံစားလိုက်ရလို့ လူအများက ဆေးရုံပို့ဖို့ ကြိုးစားပေမယ့် “ အဖေနဲ့ ညီမလေး စောင့်နေလို့ အိမ်ကိုသာ ပြန်ပို့ပေးကြပါ “ ဆိုတဲ့ စကားကို သနားစဖွယ် အမူအရာနဲ့ နောက် ဆုံး စကား အဖြစ် ကြိုးစားပြောပြီး အချိန်မကြသေးဘဲ ဘ၀တပါးကို သနားဖွယ်ရာ ကူးပြောင်းသွားရှာပါပြီ.။

မိဘက ဆင်းရဲ နွမ်းပါးလို့ ကျောင်းနေချိန်မှာ ပညာမသင်ရဘဲ အနာဂတ်တွေ ပျောက်ဆုံးကာ စာသင်ခန်းကို ကျောခိုင်းပြီး ၀မ်းရေး အတွက် အခုလို ကြိုးစားရှာဖွေနေတဲ့ ကလေးငယ်တွေ သိပ်ကို များလာတာကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရလို့

မိတ်ဆွေများကို သတိပေးတဲ့ အနေနဲ့ လေးစားစွာ တင်ပြပေးလိုက်ပါတယ် ။

အကယ်၍များ မိတ်ဆွေတို့မှာ ကိုယ်ချင်းစာတရားနဲ့ မျှဝေခံစားလိုကြကာ မိမိတို့ တတ်နိုင်သလောက်လေး ပါဝင်ကူညီဆောင်ရွက်ပေးကြရင် အနာဂတ် မြန်မာနိုင်ငံမှာ အခုလို ကလေးငယ်တွေ တဖြည်းဖြည်း နည်းပါးသွားနိုင်တယ် ဆိုတဲ့ ခံယူချက်လေးထားပြီး သူတို့ဘ၀ အတွက် တစ်ချက်လောက် စဉ်းစားပေးကြပါလားလို့ သူတို့ကိုယ်စား ကျနော်ကဘဲ တောင်းပန်စကား အရင်ပြောကြားချင်ပါတယ် ။

အုပ်ချုပ်သူ နေရာကို ယူထားပြီး တိုင်းပြည်ဘဏ္ဍာကို စီမံခန့်ခွဲနေကြသူများက လှစ်လှူရှုထားလို့ ဒုက္ခမျိုးစုံ ခံစားနေရတဲ့ လူအများကို ပြည်သူလူထုကဘဲ ကိုယ်ထူကိုယ်ထ စနစ်ကို ကျင့်သုံးပြီး နိုင်ငံရာ တာဝန် ထမ်းကြကာ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးမှာ သာ အနာဂတ်ကမ္ဘာမှာ လူငယ်မျိုးဆက်သစ်တွေ အခုလို ဒုက္ခတွေ ကြုံတွေ့ရတဲ့ ဘ၀က လွတ်မြောက်လာမှာ အမှန် ပါဘဲ ဆိုတာကို ယုံကြည်စွာနဲ့ လက်ခံထားပြီး တတ်နိုင်သလောက်လေး ကြိုးစားဆောင်ရွက်ပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျာ ။

ကိုယ်ပိုင် အိမ်မှာ နေခွင့်မရလို့ သူတပါး အိမ်မှာ ခတ္တ ဧည့်သည် အဖြစ်နေကြရကာ စီးပွားရှာနေရတဲက ပြည်ပရောက် ညီအစ်ကို မောင်နှမများ အနေဖြင့်လည်း အချိန်တန်လို့ အိမ်ပြန်ရရင် သာယာလှပတဲ့ ကိုယ်ပိုင်အိမ်လေးမှာ ပြန်နေနိုင်အောင် ၀ိုင်းဝန်း ကြိုးစားပေးစေလိုပါတယ် ။ သူတပါးအိမ်မှာ ဧည့်သည် ဘ၀နဲ့ ထာဝရနေထိုင်သွားမယ့် အစား ပျက်စီးနေတဲ့ ကျနော်တို့ ကိုယ်ပိုင်အိမ်လေးကို နေထိုင်ချင်စဖွယ် ဖြစ်အောင် တည်ဆောက်သွားဖို့ အတွက် ၀ိုင်းဝန်းကြိုးစားပေးကြပါလို့ အနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။

ခင်မင်လေးစားလျှက်



ဗမာ့သွေး

ချိုးလင်းပြာအွန်လိုင်းအမျိုးသမီးမဂ္ဂဇင်း

လေးစားရပါသော မိတ်ဆွေများရှင်

မြန်မာ့အမျိုးသမီးသမဂ္ဂမှ ၂ လတစ်ကြိမ် ပုံမှန်ထုတ်ဝေခဲ့သော ချိုးလင်းပြာ အမျိုးသမီးစာစောင်၏ အွန်လိုင်းစာမျက်နှာကို ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အွန်လိုင်းစာမျက်နှာသို့ ဤလင့်ခ်- http://www.choelinpyar.com/ မှတဆင့် ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ။ အွန်လိုင်းစာဖတ်ပရိသတ်များ၊ အင်တာနက်သုံးသော ပြည်တွင်း ပြည်ပ စာဖတ်ပရိသတ်များ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် အွန်လိုင်းစာမျက်နှာကို စီစဉ်ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ ချိုးလင်းပြာအမျိုးသမီးစာစောင်ပါ အကြောင်းအရာများအပေါ် ဝေဖန်အကြံပြုချက်များ၊ ဆွေးနွေးမှုများကိုလည်း ကြိုဆိုပါသည်။ အမျိုးသမီးရေးဆိုင်ရာ အကြောင်းအရာများကို အားကောင်းကောင်းနှင့် ပိုမိုတင်ဆက်နိုင်ရန်အတွက် မိတ်ဆွေများအနေဖြင့် စောင့်ကြည့်အကဲခတ် ဝေဖန်ပေးရန်နှင့် မြန်မာပြည်သူလူထုအား အသိပေး ဖြန့်ဝေအပ်သည့် အမျိုးသမီးရေးဆိုင်ရာ သတင်းအချက်လက်များ ရှိလျှင်လည်း မျှဝေဖလှယ်ပေးရန် မေတ္တာရပ်ခံပါသည်။ မိတ်ဆွေများအနေဖြင့် လက်လှမ်းမှီရာ စာဖတ်ပရိသတ်များသို့လည်း ချိုးလင်းပြာ အွန်လိုင်းစာမျက်နှာလင့်ခ်အား ထပ်ဆင့် ဖြန့်ဝေပေးစေချင်ပါသည်။

လေးစားလျှက်
ဇင်မာဖြိုး (ချိုးလင်းပြာအမျိုးသမီးစာစောင်- မြန်မာ့အမျိုးသမီးသမဂ္ဂ)