Monday, May 23, 2011

တော်လှန်စစ်

May 23, 2011
နိဒါန်း

တော်လှန်စစ်တွေဟာ ပြည်တွင်းပဋိပက္ခတွေအပေါ်မှာ အဓိက အခြေ ခံပါတယ်။ လူမျိုးရေး တန်းတူညီမျှမှုမရှိတာတွေ၊ ၀ါဒကွဲပြားမှု ညှိနှိုင်း လို့မရတာတွေနဲ့ အာဏာရှင်စနစ်ကျင့်သုံးမှု တွေ ကြောင့် တော် လှန်စစ်တွေ ဖြစ်ပွားလာရပါတယ်။ တော်လှန်ရေးတွေမှာ တူနီးရှား၊ အန်ဂိုလန်၊ ကွန်ဂို၊ ဗီယက်နမ်၊ အင်ဒိုနီးရှားဆိုပြီး၊ သက်ဆိုင်ရာ လူမျိုးအလိုက်၊ ၀ါဒအ လိုက် ကွဲပြားမှုတွေရှိပေမယ့်၊ မပြောင်းလဲတဲ့ မဟာဗျူဟာအခြေခံအချက်ကတော့ တော်လှန်စစ်ဆိုတာ သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ အုပ်ချုပ်ရေးအာဏာကို စိန်ခေါ်ခြင်း ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေက စစ်တပ်၊ ရဲနဲ့ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကို ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် တော်လှန်စစ်မှာ စစ်တပ်နဲ့ ရဲအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာတွေ ရှိ သလို၊ စစ်တပ်နဲ့ ရဲအဖွဲ့ကို တော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းလာအောင် စည်းရုံးလှုံ့ဆော်ရတာတွေလဲ ရှိပါတယ်။ အာဏာရှင်တွေ ကြိုးကိုင်ထားတဲ့ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကို ယိုင်လဲအောင် ပြုလုပ်ပြီး၊ တိုင်းပြည်အတွက် သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားနဲ့ အစားထိုးနိုင်ရေးဟာ တော်လှန်စစ်ရဲ့ အဆုံးသတ်ပန်းတိုင်ပဲ ဖြစ်ပါတယ်။

တော်လှန်ရေး၊ အာဏာသိမ်းခြင်းနှင့် သူပုန်ထခြင်း

နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို ယာယီရည်မှန်းချက်ဖြင့်ဖြစ်စေ၊ ရေရှည်ရည်မှန်းချက်ဖြင့် ဖြစ်စေ ရယူရာမှာ နည်းလမ်းသုံးခုရှိပါတယ်။ ပထမတခုကတော့ တော်လှန်ရေး (Revolution) နည်းလမ်းနဲ့ ဖြစ်ပါတယ်။ တော်လှန်ရေး ဆိုတာက ပေါက်ကွဲမှု အရှိန်ပြင်းပြင်းနဲ့ အုပ်ချုပ်ရေးအာဏာကို ပြည်သူလူထုက စိန်ခေါ်ခြင်းဖြစ်ပါတယ်။ တခါတရံမှာ ရုတ်ခြည်းဖြစ်ပေါ်လာတတ်ပြီး အရှိန်အဟုန်လည်း ပြင်းထန်တတ်ပါတယ်။ တော်လှန်ရေးတိုင်းဟာ ကြိုတင်ပြင်ဆင် ပြီးမှ စီမံချက်နဲ့ ပေါ်ထွက်လာမယ်ဆိုတော့ မသတ်မှတ်နိုင်ပါဘူး။ တခါတရံမှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်မှာ လဲ ရုတ်ခြည်း ထဖြစ်သွားတတ်ပါတယ်။ တော်လှန်ရေး မပေါ်ပေါက်ခင်မှာ တော်လှန်ရေးပေါ်ပေါက်နိုင်သော အခြေ အနေ (Revolutionary situation) ရှိနေတတ်ပေမယ့် တော်လှန်ရေးတရပ်ဟာ ဘယ်အချိန်မှာ၊ ဘယ်လိုအခြေအနေ မျိုးနဲ့ ဖြစ်ပေါ်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ သေချာတပ်အပ် မပြောနိုင်ကြပါဘူး။

၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေး၊ ၁၉၁၁ ခုနှစ် တရုတ်တော်လှန်ရေး၊ ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးနဲ့ ၁၉၅၆ ခု နှစ် ဟန်ဂေရီ တော်လှန်ရေးတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လူထုက စတင်လိုက်တဲ့ တော်လှန်ရေးတွေ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာကို ခေါင်းဆောင်က စတင်ရမယ်လို့ အချို့က ယူဆပြီး၊ ယခင်တော်လှန်ရေးအဆက်ဆက်က ခေါင်းဆောင်တွေကို တော်လှန်ရေးခေါ်ဖို့ တောင်းဆိုတတ်ကြပါတယ်။ လူထုနဲ့ တော်လှန်ရေး တသားတည်း ဆက် တိုက်ဖြစ်နေချိန်တွေမှာသာ ဒီလို လုပ်ဆောင်လို့ ရနိုင်ပေမယ့်၊ လူထုနဲ့ တော်လှန်ရေး ရေချိန်မညီချိန်တွေမှာ ဒီလို တော်လှန်ရေး Timing ပေးမှုတွေ လုပ်ရင် တော်လှန်ရေး ကျွံသွားတတ်ပါတယ်။ နောက်ဆက်တွဲတော်လှန်ရေးတွေ ပြတ်တောက်သွားတတ်ပါတယ်။

တော်လှန်ရေးရဲ့ အခြေခံသဘောတရားအရ လူထုတော်လှန်ရေးတွေ စတင်လာချိန်မှာ တိုက်ပွဲထဲက ခေါင်းဆောင် တွေ ပေါ်ထွက်လာလေ့ရှိပါတယ်။ ဒီခေါင်းဆောင်တွေဟာ ရှေ့ပိုင်းတော်လှန်ရေး အဆက်ဆက်က ခေါင်းဆောင်တွေ လဲ ဖြစ်နိုင်သလို၊ ခေါင်းဆောင်သစ်တွေလဲ ဖြစ်နိုင်ပါတယ်။ မန်ချူးမျိုးဆက်ကို တော်လှန်ရေးနဲ့ အဆုံးသတ်ခဲ့စဉ်တုန်း က ဒေါက်တာဆွန်ယက်ဆင်က အင်္ဂလန်မှာ ရှိနေခဲ့ပါတယ်။ Romanovs ကျရှုံးချိန်တုန်းက လီနင်က ဆွစ်ဇာလန်မှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ခေါင်းဆောင်မှုဆိုတာကို ပြည်တွင်းခေါင်းဆောင်၊ ပြည်ပရောက်ခေါင်းဆောင်၊ ၀ါရင့်ခေါင်း ဆောင်၊ ၀ါနု ခေါင်းဆောင် စသဖြင့် ကြိုတင်ခွဲခြားသတ်မှတ်လို့ မရနိုင်ပါဘူး။ ရုတ်ခြည်းပေါ်ထွက်လာတဲ့ တော်လှန် ရေးတွေက ခေါင်းဆောင်တွေကို ရွေးချယ်သတ်မှတ်သွားစမြဲပါ။

နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ ဒုတိယနည်းလမ်းကတော့ အာဏာသိမ်းခြင်း (plot) ဖြစ်ပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များကိုပဲ ပစ်မှတ်ထားတာ ဖြစ်တဲ့အတွက် ဒီနည်းလမ်းမှာ အများပြည်သူ ပါဝင် မှု မလိုအပ်ပါဘူး။ ကြိုတင်ပြင်ဆင်မှုတွေအများအပြား လိုအပ်ပေမယ့်၊ လက်တွေ့လှုပ်ရှားမှုမှာတော့ မြန်ဆန်တိကျဖို့ လိုအပ်ပါတယ်။ အာဏာသိမ်းပွဲဟာ လောင်းကစားပွဲလို သဘောသဘာဝရှိတာကြောင့် အရှုံး၊ အနိုင်ကို တိတိကျကျ ခန့်မှန်းဖို့ ခဲယဉ်းပါတယ်။ အာဏာသိမ်းမှုမှာ အာဏာရှင်စနစ် ယန္တရားအတွင်းက ခေါင်းဆောင်အချင်းချင်း အာဏာ သိမ်းမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ ရှိသလို၊ သူပုန်တွေက အစိုးရအဖွဲ့ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ပြီး အာဏာ သိမ်းမှုတွေလဲ ရှိနိုင်ပါတယ်။

နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ရယူတဲ့ တတိယနည်းလမ်းကတော့ သူပုန်ထခြင်း (insurgency) ဖြစ်ပါတယ်။ မတရားတဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုချနိုင်ဖို့ အဆုံးသတ်ပန်းတိုင် ချမှတ်ပြီး၊ ရည်မှန်းချက်အဆင့်ဆင့်နဲ့ လက်နက် ကိုင်ပြီး တော်လှန်ပုန်ကန်ရတာ ဖြစ်တဲ့အတွက် သူပုန်ထ တော်လှန်ခြင်းဟာ အချိန်အတိုင်းအတာ တခုအထိ ကြာ တတ်ပါတယ်။ တရုတ်ပြည်မှာ (၁၉၂၇) ခုနှစ်ကနေ (၁၉၄၉) ခုနှစ်အထိ ၂၂ နှစ်ကြာခဲ့ပြီး၊ ဂရိ မှာ ငါးနှစ်၊ အင်ဒိုချိုင်နား မှာ ကိုးနှစ်၊ အယ်ဂျီးရီးယားမှာ ရှစ်နှစ်ခန့် ကြာခဲ့ပါတယ်။ သူပုန်ထခြင်းကတော့ တော်လှန်ရေးလို ရုတ်ခြည်းပေါ်ထွက် လာတာ မဟုတ်ပါဘူး။ ကနဦး ခေါင်းဆောင်တွေ ပေါ်ထွက်လာပြီးမှ လူထုက လှုပ်ရှားလာတာ ဖြစ်ပါတယ်။ လူထုက လှုပ်ရှားပြီးမှ ခေါင်းဆောင် ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် သူပုန်ထပြီး ပုန်ကန်တော်လှန်တဲ့အခါ ခေါင်း ဆောင်တွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။

အတွေးအခေါ်နှင့် ယုံကြည်ချက်

နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ဖြိုချဖယ်ရှားနိုင်ရေးကို ဦးတည်ပြီး၊ တော်လှန်စစ်ကို တော်လှန်ရေးသမားတွေက စတင်ရတာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဘယ်နေရာကနေ စတင်တော်လှန်မယ်ဆိုတာကို တော်လှန်ရေးသမားတွေ က စီမံချက်တွေ ချမှတ်ပြီး၊ အကောင်အထည်ဖော်ဆောင်ကြပါတယ်။ တော်လှန်စစ် စတင်ချိန်မှာ အုပ်ချုပ်ရေးအာ ဏာကို တရားသောနည်းဖြင့် ဖြစ်စေ၊ မတရားသော နည်းဖြင့် ဖြစ်စေ ရယူထားတဲ့ အစိုးရတရပ်မှာ သံတမန်ရေးရာ အသိအမှတ်ပြုမှု၊ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ် ရှိမှု၊ အုပ်ချုပ်ရေးယန္တရားများကို ထိန်းချုပ်ထားနိုင်မှု၊ စစ်တပ်နဲ့ ရဲကို အမိန့်ပေးစေခိုင်းနိုင်မှု၊ နိုင်ငံတော်ဘဏ္ဍာများကို ခွဲဝေအသုံးပြုနိုင်မှု၊ လမ်းပန်း ဆက်သွယ်ရေးကို ထိန်းချုပ်နိုင်မှု၊ ကုန်ထုတ်လုပ်ရေးကို အသုံးပြုနိုင်မှု၊ သတင်းနဲ့ စာနယ်ဇင်းကို ထိန်းကျောင်းအသုံး ပြုနိုင်မှု စတဲ့ အားသာချက်တွေ ရှိနေတတ်ပါတယ်။ တော်လှန်ရေးသမားတွေဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။

သို့ပေမယ့် တော်လှန်ရေးသမားတွေ ဘက်မှာတော့ ဒီလို သိသာထင်ရှားတဲ့ အားသာချက်တွေ မရှိပါဘူး။ တော်လှန် ရေးအတွေးအခေါ်နဲ့ တော်လှန်ရေး ယုံကြည်ချက်ဆိုတဲ့ အားသာချက် နှစ်ရပ်ကိုပဲ တော်လှန်ရေးသမားတွေဘက်က ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် တော်လှန်စစ်မှာ အတွေးအခေါ် တိုက်ပွဲက အလွန်ပဲ အရေးကြီးပါတယ်။ အတွေးအ ခေါ်တွေ ရှုပ်ထွေးေ၀၀ါးနေရင် တော်လှန်စစ် အောင်နိုင်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒါကို ရန်သူကလဲ တွေ့မြင်ပြီး အတွေးအခေါ် စစ်မျက်နှာကို ထိုးနှက်လေ့ရှိပါတယ်။ ဒါကြောင့် တော်လှန်ရေး ခေါင်းဆောင်တွေဟာ အတွေးအခေါ် ရှုပ်ထွေးတဲ့ ကာလတွေမှာ အင်အားပြိုလဲမှု မဖြစ်အောင် စနစ်တကျ စည်းရုံးထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။

တော်လှန်စစ်မှာ ယုံကြည်ချက်ကလဲ အရေးကြီးပါတယ်။ တော်လှန်ရေး အခြေခံ ရည်မှန်းချက်တွေ အပေါ်မှာ စွဲစွဲမြဲမြဲ ယုံကြည်ချက်ရှိပါမှ၊ ရည်မှန်းချက် မပြည့်ခင် အချိန်အထိ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင် ထားနိုင် မှာ ဖြစ်ပါတယ်။ တော်လှန်ရေးသမားဆိုတိုင်း၊ တော်လှန်ရေးဖြတ်သန်းမှု ရှိတိုင်း ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ် ကိုင်ထားမည့်သူလို့ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ပါဘူး။ တော်လှန်ရေး ရထားကြီး ဖြတ်သန်းခဲ့တဲ့ ဘူတာစဉ် တလျှောက်မှာ ရထားပေါ်က ခုန်ချသွားသူတွေ ရှိသလို၊ ကြားဘူတာတွေကနေမှ တက်လာသူတွေလဲ ရှိနိုင်ပါတယ်။ အဓိကကတော့ ယုံကြည်ချက် ခိုင်မာဖို့ပါပဲ။ တုတ်၊ ဓား၊ သေနတ်တွေကို အားမတန်လို့ ချချင် ချထားရမယ်၊ လက်ခြေ တွေကို တုပ်နှောင်ထားလို့ မလှုပ်နိုင်ပဲ ဖြစ်ချင်ဖြစ်မယ်၊ ရင်ထဲက ယုံကြည်ချက်ကို ဆုပ်ကိုင်ထားသရွေ့ ရန်သူကို မရှုံးသေးပါဘူး။ တော်လှန်စစ်မှာ တော်လှန်ရေးအတွေးအခေါ်နဲ့ ယုံကြည်ချက် ခိုင်မာပြတ်သားသူ ဆယ်ယောက်ဟာ တော်လှန်ရေးကို ပုဂ္ဂလိက အခွင့်အလမ်း၊ ခံစားချက်တွေနဲ့ လုပ်ဆောင်သူ အယောက် တထောင်ထက် ပိုပြီး တန်ဖိုး ရှိပါတယ်။

ပြည်သူသာ အခရာ

တော်လှန်စစ်ရဲ့ အရှုံးအနိုင်ကို ပြည်သူလူထုက အဆုံးအဖြတ်ပေးမှာ ဖြစ်တဲ့အတွက် လူထုစည်းရုံးရေး လုပ်ငန်းစဉ် တွေကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ လူထုက တော်လှန်စစ်ကို ထောက်ခံမှသာ အောင်ပွဲရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာကို လက်တွေ့ကျကျ အသုံးချနိုင်ဖို့ လူထုထောက်ခံမှု ရှိဖို့ လိုအပ်ပါတယ်။ ပြည်သူ့အာဏာ မဖြစ်သရွေ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်တွေမှာ ပြည်သူလူထုနဲ့ အစိုးရ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအာဏာအတွက် တရားမျှတစွာ ယှဉ်ပြိုင်နိုင်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးမှာ အနှောင့်အယှက်အတားအဆီးဖြစ်တဲ့ အာ ဏာရှင်စနစ်နဲ့ ရွေးကောက်ပွဲအယောင်ပြ ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေကို တော်လှန်စစ်နဲ့ တိုက်ဖျက်ကြတဲ့အခါမှာ လူထုထောက်ခံမှု ရရှိဖို့ လိုအပ်ပါတယ်။

လူထုစည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို အ ကောင်အထည်ဖော်ဆောင်ခြင်းဖြင့် လူထုနဲ့ တော်လှန်ရေး တသားတည်းဖြစ်အောင် ပြုလုပ်လေ့ရှိကြပါတယ်။ ဒါကို သိမြင်တဲ့ အာဏာရှင်အစိုးရတွေကလဲ သက်ဆိုင်ရာကဏ္ဍအလိုက် အရပ်ဘက်လူ့အဖွဲ့အစည်း အဖွဲ့တွေ (Civil Society Organizations) တွေ ဖွဲ့စည်းပြီး၊ အာဏာရှင်စနစ်ကို ထောက်ခံသူတွေ များပြားလာအောင် လုပ်ယူလေ့ရှိ တတ်ပါတယ်။

ဒါကြောင့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူများကတော့ အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) ဆိုတာကို လူထု ထောက်ခံမှု ရယူရေး စစ်မြေပြင် (battleground for population support) လို့ သတ်မှတ်ထားကြပါတယ်။ တော် လှန်စစ်ရဲ့ ရေခံမြေခံကို Civil Society စစ်မြေပြင်ကနေတဆင့် တည်ဆောက်ယူလို့ ရနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အာရပ်ကမ္ဘာရဲ့ တော်လှန်ရေးဖြစ်ပွားရာ မှာ နိုင်ငံတိုင်းမှာ Civil Society အားကောင်းခြင်းဆိုတဲ့ တော်လှန်စစ် ရေခံ မြေခံ ရှိထားကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

နိုင်ငံရေးစစ်

တော်လှန်စစ်ရဲ့ instrument of war က နိုင်ငံရေး ဖြစ်တဲ့အတွက် တော်လှန်စစ်တိုင်းဟာ နိုင်ငံရေးစစ် (political war) ပဲ ဖြစ်ပါတယ်။ တော်လှန်စစ်မှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုပဲ ရှိလို့ မရနိုင်ပါဘူး။ ပါတီတခု (သို့မ ဟုတ်) ပါတီပေါင်းစုံ စုဖွဲ့ထားတဲ့ ညွန့်ပေါင်းအဖွဲ့အစည်း (သို့မဟုတ်) ညွန့်ပေါင်း အစိုးရ တရပ်ဆိုတဲ့ political establishment တရပ် ရှိဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေက အဆိုပါ political establishment ရဲ့ military wing (သို့မဟုတ်) တပ်ပေါင်းစုတွေ အနေနဲ့ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ political establishment မရှိပဲ လက်နက်ကိုင်တော်လှန်ရေး အင်အားစုပဲ ရှိနေရင် (သို့မဟုတ်) political establishment နဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အောင်ပွဲရဖို့ ခဲယဉ်းပါတယ်။

political establishment ဆိုရာမှာလဲ တရုတ်ပြည်မှာကဲ့သို့ တပါတီတည်းက ဦးဆောင်တိုက်ပွဲဝင်တာမျိုး မဟုတ်ပဲ၊ မဟာမိတ်တပ်ပေါင်းစုတွေ အနေနဲ့ စုစည်းမှု ရှိနေရင်၊ တိုက်ပွဲကာလ နိုင်ငံရေး ဘုံရည်မှန်းချက် ရှိမှသာ အင်အားဖြစ် နိုင်ပါတယ်။ ရန်သူရဲ့ စေ့စပ်မှုကို ဘယ်လို အခြေခံ အကြောင်းတရားတွေ အောင်နိုင်ပြီးမှ လက်ခံမယ်ဆိုတဲ့ အချက် ကို ကြိုတင်သဘောတူ ညှိနှိုင်းထားနိုင်မှသာ တော်လှန်စစ်ကို အင်အားဖြစ်စေမယ့် မဟာမိတ်တပ်ပေါင်းစု ဖြစ်လာမှာ ပါ။ တဖွဲ့က တိုက်လိုက်၊ တဖွဲ့က စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်၊ တဖွဲ့က လက်နက်ချလိုက် ဖြစ်နေတဲ့ တပ်ပေါင်းစု တော်လှန်စစ်ဟာ ဘယ်သောအခါမှ အောင်မြင်မှာ မဟုတ်ပါ။ တော်လှန်စစ်ဟာ နိုင်ငံရေးစစ် ဖြစ်တဲ့အတွက်၊ တိုက်ပွဲ ကာလ နိုင်ငံရေးဘုံရည်မှန်းချက်ကို ညှိနှိုင်းချမှတ်နိုင်မှသာ တပ်ပေါင်းစုတွေ ဦးဆောင်တဲ့ တော်လှန်စစ် အောင်မြင်မှာ ဖြစ်ပါတယ်။

တော်လှန်စစ် သဏ္ဌာန်

နိုင်ငံရေးအတွေးအခေါ်နဲ့ တော်လှန်ရေးသဘောတရားတွေပေါ်မှာ အခြေခံပြီး တော်လှန်စစ်ရဲ့ မဟာဗျူဟာ သဏ္ဌာန် (strategic pattern) တွေ ကွဲပြားခြားနားပါတယ်။ ကမ္ဘာတ၀ှမ်းက တော်လှန်ရေးအများစုမှာတော့ တော်လှန်စစ် သဏ္ဌာန်က ပါတီထောင်ခြင်းနဲ့ အစပြုပါတယ်။ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး မြေပေါ် (သို့မဟုတ်) မြေအောက် ပါတီတရပ်ကို ခိုင်ခိုင်မာမာ စုဖွဲ့တည်ထောင်ဖို့ လိုအပ်ပါတယ်။ ဒီပါတီမှာ လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်လာ အောင် စည်းရုံးလှုံ့ဆော်ဖို့ လိုအပ်ပါတယ်။ တတ်သိပညာရှင်များနဲ့ တက္ကသိုလ်ကျောင်းသားများဟာ ပါတီတရပ်ရဲ့ ardour လဲဖြစ်၊ brain လဲ ဖြစ်တဲ့အတွက် ပညာတတ်တွေ ပေါင်းစည်းပါဝင်လာအောင် ပါတီခေါင်းဆောင်များက ကြိုး ပမ်းကြရမှာ ဖြစ်ပါတယ်။

ကျစ်လျစ်ခိုင်မာတဲ့ ပါတီတရပ်က ပေါ်ပေါက်လာပြီးချိန်မှာ တပ်ပေါင်းစု (United Front) ပေါ်ထွက်လာရေးအတွက် မဟာမိတ်ဆက်ဆံရေး တည်ထောင်ဖို့ လိုပါတယ်။ တပ်ပေါင်းစုဆိုတာ ခေါင်မိုးချင်း ထိစပ်တာ ဖြစ်ပါတယ်။ ခိုင်ခိုင်မာ မာ အုတ်မြစ်ချထားတဲ့ အကာအရံ ရှိတဲ့ အဆောက်အအုံတွေရဲ့ ခေါင်မိုးချင်း ထိစပ်မှသာ အကျိုးရှိပါတယ်။ အုတ်မြစ် မရှိ၊ အကာအရံမရှိဘဲ ခေါင်းမိုးတွေပဲ လိုက်ထိစပ်နေလို့ကတော့ ခေါင်မိုးရောင်စုံ မြေမှာ ဖြန့်ခင်းထားသလိုပဲ ဖြစ်ပြီး၊ တော်လှန်စစ်အတွက် အကျိုးရှိမယ့် အင်အားကို ဖြစ်ထွန်းစေနိုင်မှာ မဟုတ်ပါဘူး။ တပ်ပေါင်းစု ပေါ်ထွက်လာရေးဟာ အရေးကြီးပေမယ့် တပ်ပေါင်းစု ပေါ်ထွက်ရုံနဲ့ အောင်ပွဲကို မဆောင်ကျဉ်းနိုင်ပါဘူး။ Minimum Common Programme ကို တပ်ပေါင်းစုအကြား ကြေလည်အောင် ချမှတ်နိုင်မှာသာ အောင်ပွဲရရေးအတွက် အထောက်အကူ ဖြစ်ပါတယ်။

တပ်ပေါင်းစုတွေ ရှိလာတဲ့အခါမှာတော့ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး၊ မြို့ပြပြောက်ကျား နဲ့ Movement Warfare တွေကို အဆုံးသတ်အောင်ပွဲ ရရှိချိန်အထိ အကောင်အထည် ဆက်လက်ဖော်ဆောင်ရမှာဖြစ်ပါတယ်။ တော်လှန်စစ်မှာ အဆုံးသတ်အောင်ပွဲရရှိဖို့အတွက် အရေးကြီးဆုံး နောက်ဆုံး အချက်ကတော့ psychological superiority ပဲ ဖြစ်ပါတယ်။ ပန်းတိုင်မရောက်ခင် တက်မ ထောင်တတ်တဲ့ ဓလေ့တွေကို ဖျောက်ဖျက်နိုင်ဖို့ လိုအပ်ပါ တယ်။ အဆုံးသတ်အောင်ပွဲဟာ အာဏာရှင် (သို့မဟုတ်) အာဏာရှင်ကြိုးကိုင် အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြို ဖျက်ပြီး၊ သင့်လျော်မယ့် အုပ်ချုပ်ရေးယန္တရားကို ယာယီဖြစ်စေ အစားထိုးနိုင်မှ ရရှိမှာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးယန္တရား မပြိုခင်နဲ့ ပြိုကျပြီး အချိန်တွေမှာ အာဏာရှင်တွေဘက်က စေ့စပ်ဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှု (negotiation and peace offers) တွေ ပေါ်ထွက်လာတတ်ပါတယ်။ တဘက်ရန်သူရဲ့ time buying မဖြစ်စေဖို့ ဂရုစိုက်ရန် အလွန်အရေးကြီးပါတယ်။ တူနဲ့ ရိုက်ခွဲရတဲ့ ရေခဲတုန်းတခုကို နေပူပူမှာ အချိန်အတိုင်းအတာ တခုအထိ ချထားလိုက်ရင် ရိုက်ခွဲဖို့မလိုပဲ အလိုလို အရည်ပျော်ကျသွားတတ်ပါတယ်။ တော်လှန်စစ်မှာလဲ ရန်သူက time buying မလုပ်သွားအောင် သတိပြုဖို့ လိုပါတယ်။

နိဂုံး

နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေ ရောထွေးပြီး (separation of powers) အားနည်းနေချိန် (သို့မဟုတ်) မတရားမှုဟာ ဥပဒေဖြစ်ချိန် (သို့မဟုတ်) လွတ်လပ်ပြီး တ ရားမျှတသော ရွေးကောက်ပွဲတွေ မရှိချိန် (သို့မဟုတ်) လူမျိုးရေး တန်းတူညီမျှမှု မရှိချိန် (သို့မဟုတ်) ပြည်သူ့အာ ဏာကို မတရား ရယူခံထားရချိန်တွေမှာ တော်လှန်စစ်တွေ ပေါ်ထွက်လာတတ်ပါတယ်။ တော်လှန်ရေးရဲ့ အဆုံးသတ် ပန်းတိုင်က အုပ်ချုပ်ရေး ယန္တရားကို ဖြိုချပြီး၊ သင့်လျော်မယ့် ယန္တရားတခုကို ယာယီဖြစ်စေ၊ ရေရှည်ဖြစ်စေ အစား ထိုးနိုင်ရေးဖြစ်ပြီး၊ တော်လှန်စစ် အောင်မြင်ရေးဟာ အတွေးအခေါ်နှင့် ယုံကြည်ချက် ခိုင်မာမှု၊ ပြည်သူလူထုကို စည်း ရုံးနိုင်မှုနဲ့ political establishment တည်ရှိမှုတို့အပေါ်မှာ မူတည်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၂၊ ၅၊ ၂၀၁၁)

http://www.naytthit.net/?p=13108

သမ္မတ၏ ဖွင့်ဟ၀န်ခံချက် (တူမောင်ညို)




110523_tu_maung_nyo.pdf110523_tu_maung_nyo.pdf
150K   View   Download  

thein sein

၂၃.၅.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


--
http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
23 May 2011 Yeyintnge's Diary.doc23 May 2011 Yeyintnge's Diary.doc
2153K   View   Download  
23 May 2011 Yeyintnge's Diary.pdf23 May 2011 Yeyintnge's Diary.pdf
2631K   View   Download  
http://www.mediafire.com/file/a4n7lrtjzsphhuf/23%20May%202011%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/wy20r1qnqc8vp23/23%20May%202011%20Yeyintnge%27s%20Diary.pdf

23 May 2011 Yeyintnge's Diary

ပြည်သူ့ဖက်ကရပ်တည်ပါ


ပြည်သူ့ဖက်ကရပ်တည်ပါ

အကြိမ်ကြိမ်အခါခါပြန်စဉ်းစားကြည့်တယ်

အပေါ်ယံလား၊တကယ်လား

ပြုပြင်ပြောင်းလဲရေးလား

စကားလုံးလောက်ပဲပြောင်းလဲတာလား

ရာဇ၀င်တွေထုဆစ်

ကျန်ရစ်ခဲ့မယ့်သမိုင်းစာမျက်နှာတွေမှာ

လက်ရေးလှအောင်တော့ထားရစ်ခဲ့ပါ --- ။

စက္ကူကျားလား၊တကယ့်ကျားလားဆိုတာ

ကိုယ့်ကိုကိုယ်မသိ

ကန့်လန့်ကာနောက်ကွယ်ဝင်ကာ

ကြိုးကိုင်ကာညွှန်ကြားနေတဲ့

မျက်လှည့်ဆရာအလိုကျ

လျှောက်ကာ ကနေရရင်တော့

ဝံပလွေတွေသိုးရည်ခြုံထားတာ

မကြာမှီမှာကွက်ကွက်ကွင်းကွင်းပေါ်လာတော့မယ် --- ။

မျက်နှာဖုံးတွေကိုဆွဲဆုတ်လိုက်

သိုးရည်ခြုံထားတဲ့ဝံပလွေတွေကိုရှုတ်ချလိုက်

အမှားအယွင်းတွေမကင်းခဲ့ပေမယ့်လည်း

ပြည်သူ့ကြားကပေါက်ဖွားလာတဲ့ ပြည်သူ့ရဲသားတယောက်ပေမို့

တတ်စွမ်းသမျှအလင်းရောင်ပေးကာ

ကိုယ့်ပြည်သူတွေကိုအလုပ်အကျွေးပြုနိုင်ဖို့

သင့်နှလုံးသားရဲ့ယုံကြည်မှုနဲ့

ပြည်သူ့ဖက်ကရပ်တည်လိုက်စမ်းပါ --- ။

ဇာနည်မောင်

မိုးသီးဇွန် (သို့မဟုတ်) ဖမ်းဆီးမရတဲ့ ခွပ်ဒေါင်း


မိုးသီးဇွန်
ကျနော်ငယ်ဘဝ တချို့ကို ယနေ့ကာလ၌ ပြန်သတိရ တွေးနေမိသည်။ ထိုအထဲ တွင် မျိုးသန်းထွဋ် (ခေါ်) မိုးသီးဇွန် အကြောင်းလဲပါသည်။ ကျနော်တို့ တရပ် ကွက်ထဲ နေကြသည်။ ကျနော်တို့ဆိုရာ၌ ယနေ့ မြန်မာပြည် စစ်အစိုးရများ မုန်းတီး ကြောက်ရွံ့၊ ထောင် ၆၅ နှစ် ချထားခဲ့သော အမည်ရင်း “ပေါ်ဦးထွန်း” (ခေါ်) ကိုမင်းကိုနိုင် တယောက်လည်းပါသေးသလို၊ ၁၉၈၈ ရှစ်လေးလုံးအရေး   တော်ပုံကြီးအပြီး ဗမာပြည်လူငယ်ကျောင်းသားထုတရပ်လုံးကို ကိုယ်စားပြုဖွဲ့ စည်းထူထောင်ထားသော “လူ့ဘောင်သစ်ပါတီ” ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ “ကိုသက်ထွန်း” လည်း ပါသည်။
အထူးသဖြင့် ကိုမိုးသီးဇွန်နှင့် ကိုသက်ထွန်း မှာ ငယ်ပေါင်းသူငယ်ချင်းအတွဲ များ ဖြစ်သည်။ ကျနော်ကလည်း ကျနော့် အပေါင်းအသင်းများနှင့် သတ်သတ်၊ ကိုမင်းကိုနိုင် ကလည်း သူ့ခင်ရာမင်ရာ သူငယ်ချင်းတွေနှင့် ပျော်မွေ့ရာ၊ ထို့အတူ ကိုမိုးသီးဇွန်နှင့် ကိုသက်ထွန်း နှစ်ဦးကလည်း သူတို့ အာရုံနှင့် သူတို့၊ သေချာသည်မှာ သူတို့ နှစ်ဦးသည် ၁၉၈၈ မတိုင် ခင် ၈၅ – ၈၆ ကာလများကတည်းက ဗမာပြည်ကျောင်းသားအရေး၊ နိုင်ငံရေးများကို စိတ်ဝင်စား၊ ထက်သန်ဝင်စားနေ ကြပြီ ဖြစ်ပြီး၊ တစုံတရာ ဗမာပြည်နိုင်ငံရေး၊ ကျောင်းသားရေးနှင့် သမိုင်းဆိုင်ရာ စာအုပ်စာပေများကို လေ့လာဖတ်ရှု မြည်းစမ်းနေခဲ့ ကြပြီး ဖြစ်သည်။


အမှတ်တရ တခုမှာ ကျနော်တို့ ရပ်ကွက်ထဲတွင် ဂေါ်ရချို (ခေါ်) ဂေါ်ရခါး အရက်ချက်လုပ်ရောင်းစားကြသော ဂေါ်ရ ခါးလူမျိုး တချို့ရှိပြီး၊ သူတို့ အိမ်ဆိုင်များတွင် ကျနော်တို့ လူငယ်များ ရံဖန်ရံခါ သွားရောက်၍ သူတို့၏ ဂေါ်ရချိုအရက်  နှင့် ဗယာကြော်သုပ်ကို တွဲဖက်စားသုံး အပန်းဖြေတတ်ကြသည်။ သူတို့ အိမ် (သို့) ဆိုင်များသည် လူအတော်ရှင်းသ ဖြင့် ကိုမိုးသီးဇွန်နှင့် ကိုသက်ထွန်း တို့အတွက် သူတို့ ထက်သန်ထက်ကြွနေသော ဗမာပြည် ထိုစဉ် မဆလ တပါတီ အာဏာရှင်၊ စစ်အစိုးရ ဗိုလ်နေဝင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အကြောင်းများကို ဂေါ်ရချို နှင့် တွဲစပ်၍ ပြော ဆိုရင်း နှစ်ဦးသား အာဘောင်အာရင်း ငြင်းဆန်ရင်း မိန့်ခွန်းများသဖွယ် ဖွဲ့နွဲ့ရင်း ကြိုတင်လေ့ကျင့်ကွင်းများ ဖြစ်ခဲ့သည်။
ဒါသည်ပင် အထူးသဖြင့် ကမ္ဘာ့ကျော် ဗမာပြည် ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်း ဗမာပြည်ကျောင်းသား လူငယ် ထု တရပ်လုံးနှင့် နောက်ပိုင်း ရာဇဝင်တွင်မည့် ဗမာပြည်ကျောင်းသား သူပုန်တပ်ဖွဲ့၏ အရေးပါသော ခေါင်းဆောင် တဦး ဖြစ်လာခဲ့သည့် မိုးသီးဇွန် (ခေါ်) မလိုသူ လုပ်ဖေါ်ကိုင်ဖက် အင်အားစုတချို့တို့မှ စွပ်စွဲတံဆိပ်ကပ်ခဲ့သော “ကြိုးမဲ့လေတံခွန်” ဖြစ်လာမည့် မျိုးသန်းထွဋ် ပဲ ဖြစ်သည်။
မိုးဟိန်း၊ မင်းကိုနိုင်၊ မိုးသီးဇွန်
သို့သော် လူရင်း (သို့) ပုဂ္ဂိုလ်ရေး (ဝါ) သမိုင်းဖြတ်သန်းမှုများအရ ကျနော့်တဦးချင်း အမြင်သဘောထားမှာ မိုးသီးဇွန် သည် “ကြိုးမဲ့လေတံခွန်” တစင်းမဟုတ်၊ လုံးဝမဟုတ်၊ သူ့သမိုင်း၊ သူ့ကျောင်းသားအရေး၊ နိုင်ငံရေး အတွေးအခေါ်ခံ ယူချက်များဖြင့် သူ့ ရစ်ဘီးလုံး၊ ဖိနှိပ်ခံ ဗမာပြည်သူတို့အတွက် ဒီမိုကရေစီဟူသော ကြိုးတချောင်းဖြင့် သူ့ရည်ရွယ်ချက် အိပ်မက်ရာ အနာဂတ်တခုဆီသို့ အမြင့်ပျံလေတံခွန်တစင်းအဖြစ် ယနေ့တိုင် ပျံသန်း ရွက်လွှင့်နေသူ ဖြစ်ပေသည်။
မိုးသီးဇွန်
သူသည် ဗမာပြည်စစ်သုံးစစ် ဒုက္ခဘုံအောက်မှ လွတ်မြောက်ရေးအခန်းကဏ္ဍတွင် ဗကသများအဖွဲ့ချုပ် ပြီးတော့ “လူ့ဘောင်သစ် ပါတီ” နောက် ပိုမိုခက်ခဲကြမ်းတမ်း ဂန္ထဝင်မြောက် “ကျောင်းသားတပ်မတော်” သူပုန်ဘဝသမိုင်းများ ကို ဆက်တိုက်ရေးသားခဲ့ရင်း၊ ယခုတိုင် လူပုဂ္ဂိုလ်အကျိုးစီးပွားကို ကျောဖက်မှာထား၍ အမြင့်ပျံခွပ်ဒေါင်းတကောင် အဖြစ် ရေဆန် လေဆန် မုန်တိုင်းတွေထဲ ပျံသန်းနေဆဲ ဖြစ်သည်။
ယနေ့ နယ်စပ်ဒေသတနေရာ၌ မမျှော်လင့်ဘဲ ကျနော်နှင့် ပြန်လည်တွေ့ဆုံချိန်၌ ဗမာပြည် စောမောင်၊ သန်းရွှေ၊ မောင် အေး စစ်အစိုးရတို့ လုံးဝဖမ်းဆီးမရ၊ နရသိမ် အကျဉ်းထောင်တွေထဲ နှိပ်ကွပ် မရသည့် ပုဂ္ဂိုလ်နှစ်ဦးရှိသည်ဟု သူဟာ နောက်သလိုလို အတည်လိုလိုနှင့် ပြောခဲ့၏။ တဦးဟာ နိုင်ငံကျော် “သာမည ဆရာတော် ဘုရာကြီး” ဖြစ်ပြီး ကျန်တဦး ဟာ “မိုးသီးဇွန်” ပဲဟု ပြောသည်။ ကျနော် မငြင်းခဲ့ပါ။ သေချာသည်မှာ သူ (သို့မဟုတ်) မိုးသီးဇွန် သည်၊ မည်သည့် အာဏာရှင်များ (ဝါ) ဗမာပြည် စစ်အစိုးရ အဆက်ဆက်မှ လုံးဝဖမ်းဆီး နှိပ်ကွပ်လို့ ရမည်မဟုတ်သည့် အမြင့်ပျံလေဆန် ခွပ်ဒေါင်းတကောင်ပဲ ဖြစ်နေပါလိမ့်မည်။ ခံစားဝေဖန် ကြည့်ကြပါကုန်။
ကိုဆက်


(ရှေ့ဆက်ပြီး ဗမာပြည် ဒီမိုကရေစီ တော်လှန်ရေးကြီးအတွင်းမှာ လှုပ်ရှားခဲ့ကြတဲ့ ညီအကို ကျောင်းသားခေါင်းဆောင်တွေရဲ့ ရုပ်ပုံလွှာတွေကို ဆက်လက် ရေးသားသွားမှာ ဖြစ်ပါတယ်။ ကိုမိုးသီး အကြောင်း ရေးသားတင်ဆက်ပြီးတဲ့ အခါမှာ မင်းကိုနိုင် (သို့) သံမဏိခွပ်ဒေါင်း ကို ဆက်လက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။)
http://www.naytthit.net/?p=13052

“ဇာတိပြတဲ့ လိမ်ဆင်နဲ့ သံခွာတပ် ပိန်းတန်းဖိနပ်ရှင်များ”

အစိုးရသစ်လို့ခေါ်တဲ့သူကခေါ် ဒီမိုကရေစီ အစိုးရသစ်လို့ ခေါ်တဲ့သူကခေါ်၊ ဦးသိန်းစိန်အစိုးရ၊ သိန်းစိန်အစိုးရ ခေါ်သူတွေက ခေါ်နေတဲ့ တလခွဲသက်တန်းရှိလာပြီဖြစ်တဲ့ အရေခွံလဲ စစ်အစိုးရက အများမျှော်လင့်တောင့်တနေတဲ့ “လွတ် ငြိမ်း ချမ်းသာခွင့်” ဆိုတာကြီးကို သူ့ရဲ့အမိန့်ကြေငြာချက်အမှတ်၂၈/၂၀၁၁ နဲ့ မေလ ၁၆ ရက်နေ့က သမတဦးသိန်းစိန် က လက်မှတ်ရေးထိုး ထုတ်ပြန်ပြလိုက်ပါပြီ။၂၀၀၈ စစ်အခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီလို့ခေါ်တဲ့ စစ်ကောင်စီရဲ့သဘောထားကို တောင်းခံပြီးမှ ဗိုလ်ချုပ်ကြီး တဖြစ်လဲ သမတ က ထုတ် ပြန်ပေးခဲ့တာပါ။ ဒါဟာ တိုင်းပြည်ကိုအပေါ်ဆုံးက အုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးများအဖွဲ့ရဲ့ သဘောထား၊ သူတို့တွေ သုံးနေကြအသုံးအနှုံးအရ ဆိုရင် တပ်မတော်ရဲ့သဘောထားအမှန်ပါ။
MILITARY SHOE TRACK
ယူနီဖောင်းရော လူဝတ်လဲအစိုးရဟာ ပြည်တွင်းက ဒီမိုကရေစီအင်အားစုတွေ၊ ပြည်သူလူထုတွေနဲ့ နိုင်ငံတကာရဲ့ နိုင် ငံရေးအကျဉ်းသားတွေအားလုံးကို လွတ် ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုဖိအားပေးတာတွေကို ခံနေခဲ့ရတာကြာပါ ပြီ။ သူတို့တွေအတွက် သခွတ်ပင်က မီးတတကျည်ကျည် ဖြစ်နေတဲ့ကိစ္စပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို တ ကယ်လုပ်မှာလား။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်လုပ်မှာလား၊ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေက လည်း စစ်အစိုးရနဲ့ သူတို့ရဲ့အပေါင်းအပါတွေရဲ့ အကျိုးစီးပွားကို တကယ်တန်းထိခိုက်နေတော့ အရေးယူပိတ်ဆို့မှု တွေကိုလည်း အမြန်ဆုံးရုတ်သိမ်းပေးစေချင်နေပြီ၊ ဒေသတွင်းနဲ့ အပြည်ပြည်ဆိုင်ရာအစည်းအဝေးတွေ၊ ညီလာခံတွေ မှာလည်း ညာဝါး လှည့်စားနေရတာ မောလှပြီ။ ပြည်တွင်းက နိုင်ငံတကာအထိ သြဇာသက်ရောက်မှုရှိနေတဲ့ ဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထောက်ခံမှုရဖို့ကိုလည်း သူ့လက်ဝေခံ စီးပွားရေးသမားတွေ၊ အင်ဂျီအို အမည်ခံစီးပွားရှာနေတဲ့ သူတွေကို သုံး၊ လူထုအကျိုး၊ ဒီမိုကရေစီအကျိုးထက် အာဏာအရိုးအရင်းလေး ၀ါးရလည်း မနည်းဘူး စစ်အစိုးရနဲ့ပူးပေါင်းမှလို့ တွေးခေါ်ကြတဲ့ အခွင့်အရေးသမား နိုင်ငံရေးသမားတွေကိုသုံးပြီး အရေးယူပိတ် ဆို့မှုတွေကို အမြန်ဆုံးရုတ်သိမ်းပေးဖို့ တဘက်လှည့်နဲ့ ပြောခိုင်း အော်ခိုင်းတာတွေ လုပ်နေတာလည်း ကြာပါပြီ။ အ တိုင်းအတာတခုထိလည်း တချို့နိုင်ငံတွေရဲ့ သဘောထား ပျော့ပျောင်းလာအောင် လုပ်နိုင်လာခဲ့တယ်လို့ ပြောရမှာပါ ပဲ။
ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဆိုတာကိုလည်း ပြဋ္ဌာန်းပြီးပြီ၊ ရွေးကောက်ပွဲဆိုတာကြီးကိုလည်း လုပ်ပြခဲ့ပြီးပြီ၊ ခေတ်မီတိုးတက်တဲ့ လွှတ်တော်ကြီးကိုလည်း လုံခြုံရေးအပြည့်နဲ့ ကျင်းပပြီးသွားပြီ၊ အရပ်သားတပိုင်း အရေခွံလဲ အစိုး ရတခုကိုလည်း ဖွဲ့စည်းပြီးခဲ့ပြီဆိုတော့ ထုံးစံအတိုင်း အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် (General Amnesty) ပေးဖို့လို အပ်နေပြီ။ နိုင်ငံတော်သစ်တခုကို တည်ဆောက်တော့မယ့်အချိန်မှာ တကယ်တန်းတိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အ နစ်နာခံလုပ်မယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေ၊ တိုင်းပြည်ရဲ့ မှားယွင်းပျက်စီးခဲ့တဲ့ နိုင်ငံရေး၊ လူ မှုရေး၊ စီးပွားရေး စနစ်တွေကြောင့် အပြစ်လုပ်မိကြတဲ့သူတွေကို တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်ဆောင်ရွက်ကြ ဖို့ တံခါးဖွင့်ပေးရမယ့် အချိန်ဖြစ်နေပြီဆိုပြီး ပြည်တွင်းကရော ပြည်ပကပါ၊ နိုင်ငံတကာကပါ အဓိက တောင်းဆိုနေတာ က အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဖြစ်ပါတယ်။
ခု အရေခွံလဲအစိုးရက ပေးလိုက်တာက ဘာပါလဲ။ ဒါကိုလွတ်ငြိမ်းချမ်းသာခွင့်လို့ ခေါ်လို့မရတာကတော့ သေချာပါ တယ်။ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာက အစိုးရတရပ်က အပြစ်ကျူးလွန်ထားတဲ့ လူပေါင်းမြောက်များစွာကို အပြစ်က နေခွင့်လွှတ်ပေးခြင်းဖြစ်တယ်လို့ အဓိပါယ် ဖွင့်ဆိုထားတာပါ။ ကျနော်တို့တိုင်းပြည်လို စစ်အာဏာရှင် စနစ်အောက်မှာ အပြစ်မရှိပဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မတရားသဖြင့် ဖမ်းဆီးထောင်ချထားခံရသူတွေ အများကြီးရှိ တဲ့ တိုင်းပြည်တခုမှာဆိုရင်တော့ ပိုလို့တောင် ပေးသင့်ပေးထိုက်တဲ့ အရာတခုဆိုတာကတော့ သာမန်လူတွေတောင် တွေးခေါ်စဉ်းစားနိုင်တဲ့ ကိစ္စပါ။ စေတနာ ပါပါနဲ့လုပ်ရင် တိုင်းပြည်ရဲ့အင်အားကို ပိုပြီးတောင့်တင်းလာစေနိုင်သလို၊ လူ့အဖွဲ့အစည်းအတွက် ပြုပြင်ပြောင်းလဲကောင်းမွန်လာတဲ့ နိုင်ငံသားကောင်းတွေ၊ အလုပ်သမား၊ လယ်သမားကောင်း တွေလည်း အများကြီး တိုးများရရှိလာစေနိုင်ပါတယ်။
ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက ကျနော်တို့တိုင်းပြည်မှာ ခုအုပ်ချုပ်မယ့်အစိုးရဟာလည်း အရင်တုံးက ကျောင်း သား၊ အလုပ်သမား၊ ပြည်သူလူထုပေါင်းများစွာကို သတ်ဖြတ်ညှင်းဆဲ၊ ဖိစီးနှိပ်စက်ခဲ့၊ ရဟန်းသံဃာတွေကိုတောင် ရက်ရက်စက်စက် သတ်ဖြတ်နှိပ်ကွပ်ခဲ့တဲ့ အစိုးရပဲ ဖြစ်နေတာပါ။ ပြောင်လိမ် ပြောင်စားလုပ်လိုက်တဲ့အစိုးရပါ။ ကျနော် တို့အနေနဲ့ကတော့ ဓားပြဂိုဏ်းကြီးလို့ပဲ သဘောထားပါတယ်။ အဲဒီလို အစိုးရမျိုးဆီက ဘာတွေများရလာဖို့ မျှော်လင့် ကြပါသလဲ။ ခုလပိုင်းအတွင်းအစိုးရဆိုတာရဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက ၀န်ကြီးချုပ်ဆိုသူတွေ၊ ၀န်ကြီးဆိုသူ တွေ ဘာတွေများ တိုင်းကျိုးပြည်ပြုလုပ်ဆောင်နေကြပါသလဲ။
စကိုင်းတိုင်းဒေသကြီးရဲ့ ၀န်ကြီးချုပ် (ကြံ့ဖွံ့လက်မရွံ့ အဖွဲ့/ပါတီ) က မုံရွာမြို့က လမ်းဘေးဈေးသည်တွေကို ဖယ်ရှား ရှင်းလင်းပစ်ဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ သတင်းရရှိ ထားပါပြီ။ ကျန်ဝန်ကြီး ၀န်ကလေးတွေကလည်း စစ်အစိုးရရဲ့ နည်းလမ်းဟောင်းကြီးအတိုင်း လှည့်လည်ကြည့်ရှု စစ်ဆေး၊ လိုအပ်သည်များကို ညွှန်ကြားတာတွေ တွေ့နေရပါတယ်။ ပြည်သူလူထုတွေရဲ့ တကယ့်လိုအပ်ချက်တွေ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် အခြခံတည်ဆောက်မှုတွေ ကိုတော့ ဘာတခုမှ ဖြည့်ဆည်းတည်ဆောက်ပေးတာ မတွေ့ရသေးပါဘူး။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၀န်ကြီးဆိုသူ တဦးကလည်း စာပေလွတ်လပ်ခွင့်ဟာ အစိုးရကို ထိခိုက်မရေးသားဘူးဆိုရင် ရှိပါတယ်လို့ ခပ်တည်တည်နဲ့ စာနယ် ဇင်းသမားတွေကို ရှင်းပြသွားပြီးပါပြီ။ ရှင်းရှင်းလင်းလင်း ပြောသွားတာပါ။
အများပြည်သူအကျိုးစီးပွားအတွက် စေတနာနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေကို သတိနဲ့စောင့်ကြည့်မှတ်တမ်းရ ယူတာ၊ လုပ်ငန်းဆောင်ရွက်မှုကို အနှောက်အယှက်ပေးတာ၊ ဖမ်းဆီးတာ၊ အနိုင်ကျင့်ဗိုလ်ကျတာတွေကလည်း ကြား နေမြင်နေရတုံးပါပဲ။ ပြည်တွင်းမှာ ပြည်သူလူထုအတွက် ဘာတာဝန်ယူမှုမှ မရှိသလို၊ နယ်စပ်ဒေသတွေမှာတော့ ပြည် တွင်းစစ်မီးကို အလျှံညီးညီး တောက်လောင်အောင်ဖန်တည်း၊ လူမျိုးတုံးသတ်ဖြတ်ညှင်းဆဲမှုတွေ၊ မုဒိမ်းမှုတွေကို ဆက်လက်ကျူးလွန်နေဆဲ၊ ပြည်သူလူထုကို သူတို့ရဲ့ကျေးရွာတွေ၊ လယ်ယာ ဥယာဉ်ခြံမြေတွေကနေ မောင်းထုတ်၊ ပြည်သူလူထုရဲ့ ဥစ္စာပစ္စည်းတွေကို ဖျက်ဆီး၊ လုယူနေကြဆဲ ဖြစ်ပါတယ်။ တန်ဘိုးရှိတဲ့ လူသားရင်းမြစ်တွေကို အိမ် နီးချင်းနိုင်ငံတွေမှာ လုပ်အားကိုမတန်တဆဈေးနဲ့ရောင်းချရသူ တရားမ၀င် အလုပ်သမားတွေဖြစ်အောင်၊ လူကုန်ကူး ရောင်းစားခံရအောင် တွန်းပို့နေဆဲ ဖြစ်ပါတယ်။ ဒါဟာ ဘယ်လိုအမျိုးအစား အစိုးရပါလဲ။ ဒီမိုကရေစီအစိုးရ တကယ့် ပြည်သူ့အစိုးရ မဟုတ်တာကတော့ သေချာပါတယ်။
အရေခွံလဲ စစ်အစိုးရဟာ စစ်အစိုးရသာဖြစ်ပါတယ်။ အလွန်ကောက်ကျစ်စဉ်းလဲပါတယ်။ အရာရာကို စစ်ဆင်ရေးတခု လို သဘောထားပါတယ်။ စစ်ပွဲအနိုင်ရရေးကိုပဲ အဓိကထားပါတယ်။ သူ့ အာဏာစက်ဖြန့်ကျက်တည်တန့်ရေးအတွက် ကိုပဲ အဓိကထားပါတယ်။ ဒါကြောင့် သူ့အာဏာကို အတိုင်းအတာတခုထိ ခြိမ်းခြောက်လာနိုင်တဲ့သူတွေကို ခေါင်းမ ဖော်ရဲအောင် လုပ်ထားဖို့၊ ပိပြားနေအောင်ဖိနှိပ်ထားဖို့ကို စနစ်တကျ စစ်ဆင်ရေးစီမံချက် ဆွဲထားပြီးဖြစ်ပါတယ်။
အဖိ အဖွ၊ အလျှော့အတင်း ကျွမ်းကျင်ကောက်ကျစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းကဒီမိုကရေစီ လှုပ်ရှားသူတွေ၊ ပြည် ပအတိုက်အခံ အင်အားစုတွေနဲ့ နိုင်ငံတကာလူ့အဖွဲ့အစည်းတွေကို ဘယ်အချိန်မှာ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို အဓိကထားစဉ်းစားပါတယ်။အရေခွံလဲ စစ်အစိုးရဟာ အကျဉ်းသားတွေကို လွှတ်ပြအုံးမယ်လို့ အစောကြီးကတည်းက ခန့်မှန်းလို့ရပါတယ်။ လွှတ်တဲ့နေရာမှာ ဘယ်လို ကလိန်ကျမလဲ ဆိုတာကိုပဲ ကြည့်ရမှာပါ။ ၁၉၈၈ စက်တင်ဘာ ၁၈ အာဏာသိမ်းပြီးချိန်ကစပြီး စစ်အစိုးရဟာ အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာ/ သက်သာလွတ်ငြိမ်းစသဖြင့် လွှတ်ပေးခဲ့တာ ခုဆို ၁၅ ကြိမ် ၁၆ ကြိမ်လောက်ရှိပါပြီ။
ကျနော့ အနေနဲ့ ၂၀၀၄ ခုနှစ်ထဲမှာ ခေတ်ပြိုင်ဂျာနယ် (ပုံနှိပ်) နဲ့ အင်တာနက်စာမျက်နှာမှာ “စစ်အစိုးရနဲ့ သူ၏ ဖမ်း လွှတ်ကစားနည်း” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးသားဖော်ပြခဲ့ဖူးပါတယ်။ အသစ်အဆန်းတခု မဟုတ်ပါဘူး။ အဲဒီဆောင်းပါးကို အခုပြန်ဖော်ပြမယ်ဆိုရင်လည်း အနှစ်သာရ တူတူပဲ ဖြစ်ပါလိမ့်မယ်။ စစ်အစိုးရက အဲဒီနည်းကို ဆက်သုံးနေတုံးပါပဲ။ သူတို့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လုံးဝချွင်းချက်မရှိ လွှတ်မပေးရဲပါဘူး။ ဒါကြောင့် လည်း အကြိမ်ကြိမ် ရာဇ၀တ်အကျဉ်းသားအများစု နိုင်ငံရေးအကျဉ်းသား မဆိုသလောကထည့် လွှတ်ပေးပြီး နိုင်ငံတ ကာနဲ့ ပြည်သူလူထုကို လှည့်စား ကစားနေတာပါ။ စစ်အစိုးရဟာ ၈၈ လို လူထုအရေးတော်ပုံကြီးမျိုး၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လူထုသံဃာ အုံကြွမှုမျိုး နောက်တကြိမ် ထပ်ဖြစ်ပေါ်ပေါက်ကွဲလာမှာကို သူတို့လုံးဝ ကြောက်ပါတယ်။ အဖြစ်မခံဘူးလို့လည်း ဆုံးဖြတ်ချက်ချထား အမိန့်ပေးထားပြီးဖြစ်မှာပါ။ ဒီတခါအဲဒီ လူထုအုံကြွမှု ကြီးမျိုးထပ်ဖြစ်လာ ရင်လည်း သူတို့စစ်အာဏာရှင်တွေ ရှေ့သမိုင်းစာမျက်နှာတွေပေါ်က စစ်အာဏာရှင်တွေရဲ့ ကံကြမ္မာအတိုင်း လိုက်ကြ ရတော့မှာကတော့ မြေကြီးလက်ခတ်မလွဲနိုင် ဖြစ်ပါလိမ့်မယ်။
အဲဒီလို မဖြစ်အောင်ကာကွယ်ဖို့က အရေခွံလဲ စစ်အစိုးရရဲ့အဓိကအလုပ်ပါ။ လိမ်နည်းပေါင်းစုံ လိမ်ဆင်ပေါင်းစုံကို သူ တို့ ဇာတိအရ ပြသအသုံးပြုပါလိမ့်မယ်။ စစ်သံခွာဖိနပ်ကနေ သံခွာတပ် ပိန်းတန်းဖိနပ်ကို ပြောင်းစီးလာတာပဲ ကွာတာ ပါ။ အဲဒီ ဖိနပ်စီးပြီး အုပ်ချုပ်လို့မရတော့ဘူးလို့ ယူဆလာတဲ့ တနေ့မှာ သူတို့ စစ်သံခွာဖိနပ်ကို ပြန်စီးဖို့ ကြိုးစားကြပါ လိမ့်အုံးမယ်။
ကျနော်တို့ မြန်မာနိုင်ငံပြည်သူလူထုက အစိုးရတရပ်အဖြစ် စစ်သံခွာဖိနပ်၊ သံခွာတပ်ပိန်းတမ်းဖိနပ်တွေကို ဘယ်သူမှ ပြန်မစီးနိုင်ရအောင် အပြီးတိုင် ဖျက်ဆီးပစ်ကြဖို့သာ။
စိုးနေလင်း

တောင်သူလယ်သမားဆိုင်ရာ ဥပဒေများ ဘာကြောင့် ထုတ်ပြန်ခဲ့ကြသနည်း






လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် မြေရှင်စနစ်ကို ဖျက်သိမ်းပစ်ရန် အခိုင်အမာ ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံကို ဖောက်ဖျက်သူများမှာ အစိုးရများသာဖြစ်ကြောင်း တွေ့ရပါသည်။ လွတ်လပ်ရေး နှင့် ပြည်တွင်းစစ် အမြွာပူး ဖြစ်နေသည့်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ အစိုးရ အဆက်ဆက်နှင့် တော်လှန်ရေးသမားများ ကြားက တောင်သူလယ်သမားများဘဝမှာ မြေဇာပင်
 ဖြစ်ခဲ့ကြရသည်။ သူနိုင် ကိုယ်ပြိုင် အမိန့်စည်းကမ်း ဥပဒေများကို ထုတ်ခဲ့ကြသည်ကို မျက်စိမလည်သင့်ပါ။ ၁၉၄၈  မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီ က လက်နက်ကိုင်တော်လှန်ရေးကို ဖဆပလ လက်ယာအစိုးရကြောင့် ဆင်နွှဲခဲ့ရသည်ဆိုသည်။ ထို့အတူ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး အင်အားစုများလည်း အသီးသီး ပေါ်ပေါက်ခဲ့ကြရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သူကအစိုးရ။ လက်နက်ကိုင် တော်လှန်ရေး
 ပေါ်ပေါက်အောင် ဖန်တီးသူကလည်း အစိုးရပင် ဖြစ်နေသည်။

ပင်လုံ ပြည်ထောင်စု စိတ်ဓာတ် ဖြင့် ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်ခဲ့လျှင် ယနေ့မြန်မာပြည်တွင် ယခုကဲ့သို့ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ ပေါ်ပေါက်လာစရာ အကြောင်းမရှိနိုင်ပါ။ ပြည်တွင်းစစ်လည်း
 ပေါ်လာစရာမရှိပါ။ ဥပဒေကို လိုက်နာရမည့်အစိုးရက ဥပဒေကို ချိုးဖောက်ခဲ့ကြသောကြောင့်ဖြစ်သည်။ တရား ဥပဒေ စိုးမိုးရေး၏ အနှစ်သာရကို သက်ဆိုင်ရာ အစိုးအဆက်ဆက်ကသာ လာဘ်ပေးလာဘ်ယူ မတရားသြဇာစွက်ဖက်ပြီး ခံစားခဲ့ကြသည်ချည်း ဖြစ်သည်။ ပြည်သူများတွင် တရားဥပဒေ၏ အခွင့်အရေးကို ဘာတခုမှ မခံစားရသည့်အပြင် တရားဥပဒေကြောင့်သာ တောင်သူလယ်သမားများ အချုပ်ထဲရောက်၊
 ထောင်ထဲရောက် အကျဉ်းချခံကြရသည်။ ဥပဒေဟူသမျှ သူတို့၏ ရန်သူများ ဖြစ်နေကြသည်မှာ ယနေ့ထက်တိုင်အောင်ပင်။

ပြည်သူများတွင် တရားဥပဒေ၏ အခွင့်အရေးကို ဘာတခုမှ မခံစားရသည့်အပြင် တရားဥပဒေ
 ကြောင့်သာ တောင်သူလယ်သမားများ အချုပ်ထဲရောက်၊ ထောင်ထဲရောက် အကျဉ်းချခံ ကြရသည်
ဤနေရာတွင် မြန်မာနိုင်ငံ၏ စစ်ဗျူရိုကရက် ဥပဒေစနစ်
 ဖြစ်ပေါ်လာရသည့် ဇာစ်မြစ်ကို ကွက်ကွက်ကွင်းကွင်း
 တွေ့ရှိနိုင်ပါသည်။ ပြည်တွင်းစစ်အတွင်း လက်နက်ကိုင်
 တော်လှန်ရေး အင်အားစုများက လယ်သမား၊ အလုပ်သမားများကို ကိုယ်စားပြုနေသည်ဟု ယူဆသည်။ ကျေးလက်တွင် လယ်သမား သမဂ္ဂများ အသီးသီးရှိကြသည်။ ဘုံလယ်ယာမြေစနစ် လည်း လွတ်မြောက်ဒေသများတွင် ရှိနေကြသည်။ အနည်းဆုံး ပြည်သူ့အုပ်ချုပ်ရေး ဘုံအဖွဲ့တွေ ရှိနေကြသည်။ သက်ဆိုင်ရာ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးသမားများကလည်း ကျေးလက် တောင်သူလယ်သမားများနှင့် တထပ်တည်း
 ဖြစ်နေသည့်အသွင်ဆောင်သည်။ တောင်သူလယ်သမား အများစုကြီးနှင့် အနီးစပ်ဆုံးအင်အားစုကြီးရှိနေသည်။

သက်ဆိုင်ရာ အစိုးရအဆက်ဆက် ထုတ်ပြန်သည့် ဥပဒေများ ကိုကြည့်လျှင် အစိုးရ ပြိုင်ဖက် တော်လှန်ရေးသမားများကို ဖြိုဖျက်နိုင်အောင် အလုအယက် ပြိုင်ဘက် ဥပဒေများ ထုတ်ပြန်ခဲ့ကြသည်။ တောင်သူလယ်သမား အကျိုးကို သယ်ပိုးချင်သယောင် အယောင်ဆောင်ခဲ့သည်။ လက်တွေ့အစိုးရဥပဒေများ နှင့် ဆန့်ကျင်ဖက် အကျိုးဆက်ကို ခံစားခဲ့၊ ခံစားနေကြရသည်က ဘဝအဆက်ဆက်ကို ကြည့်လျှင် လယ်ပြင်မှာ ဆင်သွားသလိုပ ဆိုရပါတော့မည်။

အစိုးရ ပြိုင်ဖက် တော်လှန်ရေးသမားများကို ဖြိုဖျက်နိုင်အောင် အလုအယက် ပြိုင်ဘက် ဥပဒေများထုတ်ပြန်ခဲ့ကြသည်။ 
တောင်သူလယ်သမား အကျိုးကို သယ်ပိုးချင်သယောင် အယောင်ဆောင်ခဲ့သည်။
အတွေးအခေါ်အရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ ၊ လုပ်ဟန်အရ ဗမာပြည် ကွန်မြူနစ်ပါတီကို တိုက်ဖို့ ဖက်ဆစ်နေဝင်း ဖန်ဆင်းခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစုံလုံးကို တွေ့မြင်နိုင်ပါသည်။ ကမ္ဘာတွင် ဆိုရှယ်လစ်ကို ဆိုရှယ်လစ်နဲ့တိုက် ရမည်ဆိုသော လမ်းကို ဦးကျော်ငြိမ်း၊ဗိုလ်နေဝင်းတို့က သက်သေပြခဲ့ကာ
 ပြည်တွင်းစစ် တရားခံများအဖြစ် ကျဆုံးသွားလေပြီ။ ဤကဲ့သို့ပင် အစိုးရဆန့်ကျင်သည့် တော်လှန်ရေးသမား အဆက်ဆက်ကို တိုက်နိုင်ရန်အတွက် ဥပဒေဆေးဝါး ဖော်စပ်ခဲ့ကြသည်။ ကိုယ်ဖော်သည့်ဆေးနှင့် ကိုယ်နိဂုံးချုပ်ကြသည်ချည်းပင် ဖြစ်သည်။ ၁၉၇၄  အခြေခံဥပဒေ နှင့် တဆက်တည်း ဥပဒေ တစုံလုံး ထုတ်ခဲ့ကြသည် ကို အမြည်းသဘော လေ့လာနိုင်ပါသည်။

ယခုလည်း ၁၉၈၈  ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဖြိုဖျက်သည့် စစ်အုပ်စုက စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီကို အော်လာသည်ကို သတိမူမိ ရန်လိုလာပါသည်။ စစ်အုပ်စုလိုအပ်သည့် စစ်ဥပဒေစနစ်ကို
 ဗြောင်ဖော်ထုတ်လာ သည်ကို မျက်ချည်မပြတ်သင့်ပါ။ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ အားအင်ကြီးမားစဉ်က ထုတ်သည့် မဆလ ဥပဒေက တမျိုး၊ တော်လှန်ရေး အင်အားစုများ အားအင်ချိနဲ့စဉ် ထုတ်သည့် ဥပဒေက ထိုထက်ပိုဆိုးဝါးနေသည်ကို နှိုင်းယှဉ်လေ့လာနိုင်ပါသည်။

၁၉၈၈  ဒီမိုကရေစီ အရေးတော်ပုံကြီးကို ဖြိုဖျက်သည့် စစ်အုပ်စုက စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီကို အော်လာသည်ကို သတိမူမိရန် လိုလာပါသည်။
အနည်းကပ်ဆုံး ဥပမာ တခုကို ပြရလျှင် မဆလ ခေတ်က
 နှစ်တရာ ထောင်ဒဏ်ကို တရံတခါကမျှ မကြားဖူးမနာသာ။ နဝတ နအဖ ခေတ်တွင် ဗိုလ်ချုပ်ဆေထင်၊ ခွန်ထွန်းဦး တို့အမှုကို ကြည့်ပါ။ ယခင်က လက်နက်ကိုင်
 တော်လှန်ရေးတပ်သား တဦးကိုဖမ်းမိလျှင် မတရားသင်းအက်ဥပဒေ ၁၇(၁)၊ ၁၇ (၂) ဖြင့် ၂ နှစ် ၃ နှစ်သာဖြစ်သည်။ ယခု ၎င်းဥပဒေ ကိုအကြောင်းပြ၍ တဆက်တည်း ဥပဒေ ပုဒ်ထီး ပုဒ်မ တွေတပ်ကာ အနည်းဆုံး နှစ် ၄ဝ ချလာသည်ကို ကြည့်လျှင် တော်လှန်ရေး အင်အားစုကြီးမားချိန်တွင် ထောင်ဒဏ်နှစ်နည်း ပြီး တော်လှန်ရေး အင်အားစု အားနည်းချိန်မှာ နှစ်များကြောင်း ခွဲခြားတတ်ရန်လိုပါသည်။ တော်လှန်ရေးကြောင့်
 ပြည်သူအများ ထောင်ဒဏ် သက်သာခဲ့ရသည်ကို လုံးလုံး မမေ့သင့်ပါ။

တော်လှန်ရေး မရှိလေ နှိပ်စက်ခံရလေ ဆိုသည်ကို တောင်သူလယ်သမား အားလုံး နားလည်သဘောပေါက်ပြီးသား
 ဖြစ်ကြပါသည်။ ထို့ကြောင့် တောင်သူ လယ်သမား ဘဝ လွတ်မြောက်ရေးအတွက် လယ်သမားတော်လှန်ရေး ရှိရပါမည်။ 

၈ လေးလုံး အရေးတော်ပုံကြီးအတွင်းက တောင်သူလယ်သမားထု တရပ်လုံး တောင်းဆိုခဲ့ကြသည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

(က) လယ်သမား သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်း ထူထောင်ခွင့်ရရှိရေး။

(ခ) လယ်ယာမြေပိုင်ဆိုင်ခွင့်၊ ရောင်းဝယ်ခွင့်၊ လှူဒါန်းခွင့်၊ အမွေဆက်ခံခွင့်၊ ပေါင်နှံခွင့်၊ လွှဲပြောင်းခွင့် ရရှိရေး။

(ဂ) မိမိတို့ ပိုင်ဆိုင်ထားသည့် လယ်ယာမြေပေါ်တွင် လွတ်လပ်စွာ ထွန်ယက်စိုက်ပျိုးခွင့် ရရှိရေး။

(ဃ) မိမိတို့ ထွန်ယက်စိုက်ပျိုးခဲ့သော ကောက်ပဲသီးနှံ၊ ဆန်စပါး ကို လွတ်လပ်စွာ ကြိတ်ခွဲခွင့်၊ သယ်ယူပို့ဆောင်ခွင့်၊ ရောင်းဝယ်ဖောက်ကားခွင့် ရရှိရေး။

(င) ဆေးဝါးကုသခွင့်၊ လူမှုဖူလုံခွင့် နှင့် အခမဲ့ ပညာသင်ကြားခွင့် ရရှိရေး။ 

တို့ကို တောင်းဆိုခဲ့ကြပါသည်။ မြဲမြဲမြံမြံ ကိုင်စွဲထားရပါမည်။ ထို့ပြင် တောင်သူ လယ်သမားများ၏ ဘဝမြှင့်တင်ရေးအတွက်- 

-လုံလောက်သည့် မြေယာပိုင်ဆိုင်မှု ရှိရပါမည်။

-လွတ်လပ်စွာ စိုက်ပျိုး ထုတ်လုပ် ရောင်းချခွင့် ရှိရမည်။

-လိုအပ်သည့် မျိုးကောင်း မျိုးသန့်နှင့် ချေးငွေ ငွေကြေးစိုက်ထုတ်ပေး နိုင်မှုရှိရမည်။

-လိုအပ်သည့် သွင်းအားစုတွေကို အစိုးရထံမှ အကူအညီပေးအပ်စေရမည်။

  အထက်ပါ အချက်များအားလုံးကို တောင်သူလယ်သမားများ ရရှိခံစားနိုင်မှသာလျှင် ဒီမိုကရေစီ အရေးတော်ပုံ အောင်မြင်ပြီဟု ပြောနိုင်ပါမည်။

ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ခဲ့သော်




တလောတုန်းက ဒေါ်အောင်ဆန်းစုကြည်က သူမကြာမီ နယ်ဆင်းမယ်လို့ ကြေညာသွားပါတယ်။နိုင်ငံရေးခေါင်းဆောင် တယောက်နယ်ဆင်းတာ ဘာများဆန်းလို့လဲလို့ မေးကောင်းမေးလာနိုင်ပါတယ်။ ဟုတ်ပါတယ်၊ တခြားနိုင်ငံ၊ တခြားအခြေအနေမှာဆိုရင် ဘာမှမဆန်းပါဘူး။ ဒါပေမဲ့ ဒါဟာဗမာပြည်ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် နယ်ဆင်းမယ်ဆိုတဲ့ အချိန်ဟာ အရပ်ဝတ် စစ်အစိုးရတက်လာကာစ အချိန်ဖြစ်တဲ့အပြင် ဒီပဲယင်း အရေးအခင်း ရှစ်နှစ်ပြည့်ကာလနဲ့လည်း တိုက်ဆိုင်နေတော့ စဉ်းစားစရာတွေ၊ ပြောစရာတွေဖြစ်လာပါတယ်။

သေချာတာတခုက ဒေါ်စုသာခရီးထွက်လိုက်ရင် ဗိုလ်ချုပ်တဖြစ်လဲ ဦးသိန်းစိန်ရဲ့အစိုးရက ဘာလုပ်မလဲဆိုတာဟာ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေလို တဇောက်ကန်း လုပ်မလား၊ သူတို့ရဲ့ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အနက်ဖွင့်ပြမလား၊ ဘာမှမလုပ်ပဲ ဒီအတိုင်းပဲကြည့်နေမလား၊ ရင်တမမ
 စောင့်ကြည့်ရမယ့်ကိစ္စ ဖြစ်လာမှာကတော့ သေချာပါတယ်။ နောက်ပြီး ဗိုလ်ချုပ်ဦးသိန်းစိန်ရဲ့မိန့်ခွန်းရဲ့ တကယ့်အနှစ်သာရကိုလည်း ကမ္ဘာက မြင်လာရစရာရှိပါတယ်။

နိုင်ငံသားတဦးရဲ့ ဒီမိုကရေစီ အခွင့်အရေးကို ကာကွယ်ရမယ့် တာဝန်ကို နိုင်ငံရေး အဖွဲ့အစည်းနဲ့ နိုင်ငံရေးသမား ဆိုသူတွေက
 ခေါင်းရှောင်လို့ မဖြစ်ပါဘူး။
ဗိုလ်ချုပ်ဦးသိန်းစိန်ရဲ့ အရပ်ဝတ်စစ်အစိုးရဟာ ၂ဝဝ၃ မေ ၃ဝ တုန်းကလို မလုပ်လေဘူးလို့ထင်ရပေမယ့် အာဏာရကာစ ကြံ့ဖွတ်တွေက နည်းသဏ္ဌာန်မျိုးစုံနဲ့ “ဆန္ဒပြ” တာလောက်တော့ ဖြစ်နိုင်သေးတယ်လို့ ယူဆရပါတယ်။
 ဒေသခံကြံ့ဖွတ်တွေက အစိုးရအလိုကျ လက်စွမ်းပြ မျက်နှာလုပ်တာ ဖြစ်နိုင်သလို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း တွေက“ဥပဒေအရ” လုပ်ဆောင်ပြတာတွေလည်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အကော်ဒီယံလို ဥပဒေကလည်း ဆွဲလိုဆွဲ၊ စေ့လိုစေ့ လုပ်လို့ရတာကိုး။ တွေးကြည့်လိုက်ရင်တော့ သူတို့အုပ်စိုးသူများဘက်က လုပ်လာနိုင်စရာတွေက အများကြီး ရှိပါတယ်။ အာဏာရသူနဲ့အာဏာမဲ့သူ ယှဉ်လိုက်ရင် အာဏာရသူဘက်က ရွေးချယ်စရာ ပိုများလေ့ ရှိတယ်ဆိုတဲ့ တရားအတိုင်းပါပဲ။ အရပ်ဝတ်စစ်အစိုးရက မလုပ်လေဘူးလို့တွက်မိတာကြောင့် ခံလိုက်ရတယ်ဆိုရင် သမိုင်းက ကိုယ့်ကို အပြစ်တင်လာနိုင်စရာရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပြောခဲ့ပြီဆိုတော့ နယ်ခရီးကိုထွက်ကိုထွက်ရတော့မှာပါ။ နောက်ဆုတ်လို့မဖြစ်တော့ ပါဘူး။ ကိုယ့်ဘက်က အဘက်ဘက်ပြင်ဆင်ပြီးမှ သွားတာဖြစ်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။ သတိပေါ့လို့တော့မဖြစ် ပါဘူး။ တချိန်ထဲမှာစဉ်းစားရမှာက ဒီလိုကြိုကြေညာထားတဲ့အတွက် အစိုးရဘက်ကပြင်ဆင်ချိန်ကောင်းကောင်းရသွား တယ်ဆိုတာပါပဲ။

တဆက်ထဲ ဒီခရီးကြောင့်ဗမာပြည်နိုင်ငံရေးနယ်ပယ်က အစိုးရမဟုတ်တဲ့အင်အားစုတွေအထဲမှာ မတူတဲ့ အမြင်တွေ အမျိုးမျိုး ပေါ်လာနိုင်ပါတယ်။ ပုစဉ်းလှံဖျားနား ကျီးကန်းချေးပါတာမျိုးရှိနိုင်သလို ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ကြည့်ပြီး ဝေဘန်တာတွေလည်းဖြစ်နိုင်ပါတယ်။ ဘေးထိုင်ဘုပြောတာတွေကတော့ မုချပေါ်လာမှာပါ။

တဖက်နဲ့တဖက်က ရာစုနှစ်တဝက်နီးပါး ရင်ဆိုင်ခဲ့ကြတာဆိုတော့ နှစ်ဖက်စလုံးဟာ အံခွ နေတယ်လို့တောင် ဆိုနိုင်တဲ့ အခြေအနေ
 ဖြစ်ပါတယ်။ ဒါကြောင့် ငါညံ့လို့ ခံလိုက်ရတာမျိုး ဖြစ်ရင်တော့
ဒါဖြင့် အရပ်ဝတ်အစိုးရထဲမှာရော မတူတဲ့အမြင်တွေ
ပ်ါမလာနိုင်ဘူးလား။ ဒီပဲယင်း အရေးအခင်းအပြီး
မကြာခင်မှာ ဗိုလ်ခင်ညွန့် ပြုတ်သွားခဲ့တာကို
ပန်စဉ်းစားလိုက်ရင် တန်ပြန် အကျိုးသက်ရောက်မှုတွေ မရှိနိုင်တာမဟုတ်၊ ရှိနိုင်တယ်လို့ ဆိုရမှာပါ။ အမှန်ပဲ ရာထူးဌာနန္တရ ရကာစ ပုဂ္ဂိုလ်များကတော့ ပြောဝံ့၊ လှုပ်ဝံ့မယ်မထင်ရပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ဦးသိန်းစိန် အနေနဲ့ ဘာလုပ်မယ်ဆိုတာအပေါ် အများကြီးမူတည်ပါတယ်။ သူ့နောက်က ဗိုလ်သန်းရွှေတို့က ဘာညွှန်ကြားမလဲဆိုတာကိုလည်း ထည့်စဉ်းစားရပါလိမ့်မယ်။

တကယ်တမ်းသာ ဒီခရီးထွက်ဖြစ်တယ်ဆိုရင် အစိုးရသစ်က ဒီပဲယင်းတုန်းကလို မလုပ်အောင် နိုင်ငံရေးအဖွဲ့အစည်း အားလုံးက ဆန္ဒတွေ ဖော်ပြသင့်ပါတယ်။ ကိုယ်နဲ့တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ နိုင်ငံသားတဦးရဲ့ ဒီမိုကရေစီအခွင့်အရေးကို ကာကွယ်ရမယ့်တာဝန်ကို နိုင်ငံရေးအဖွဲ့အစည်းနဲ့ နိုင်ငံရေးသမားဆိုသူတွေက
 ခေါင်းရှောင်လို့မဖြစ်ပါဘူး။ နအဖရဲ့ ရွေးကောက်ပွဲကို ဝင်တုန်းက ဒါဟာနအဖပေးတဲ့ “ဒီမိုကရေစီအခွင့်အရေး” ကို ခံစားခဲ့ကြတယ်ဆိုသူတွေဟာ ဒီလို အရေးအခင်းကြုံလာရင် ဒီမိုကရေစီဘက်ကရပ်ပါ့မလား စောင့်ကြည့်ရပါမယ်။

ပြောရရင် ဗမာပြည်နိုင်ငံရေးမှာ စစ်အာဏာရှင်စနစ်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြသူတွေအဖို့ ဒီအရပ်သားစစ်အစိုးရက ဘာလုပ်လာမယ်ဆိုတာကို အတိအကျ မပြောနိုင်ပေမယ့် သတိကြီးကြီး ထားရကောင်းမှန်းတော့ သိကြပါတယ်။ ပြောရရင် တဖက်နဲ့တဖက်က ရာစုနှစ်တဝက်နီးပါး ရင်ဆိုင်ခဲ့ကြတာဆိုတော့ နှစ်ဖက်စလုံးဟာ အံခွ နေတယ်လို့တောင် ဆိုနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ငါညံ့လို့ခံလိုက်ရတာမျိုး ဖြစ်ရင်တော့ ဖြစ်တဲ့ဘက်က ခံပေရော့ဖြစ်ပါလိမ့်မယ်။

 တခုခုလုပ်မယ်ဆိုရင် ကျန်တဲ့ အင်အားစုတွေ၊
 ပြည်သူလူထုတွေပါ ပါလာအောင်ဘယ်လို လုပ်မယ်ဆိုတဲ့ စဉ်းစားမှု အမြဲရှိသင့်ပါတယ်။
၂ဝဝ၃ တုန်းက ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လူထုကိုအားကိုး၊ လူထုနဲ့အတူချီတက်ခဲတာမှန်ပေမယ့် ဗိုလ်သန်းရွှေတို့ရဲ့ ရက်စက်ယုတ်မာနိုင်စွမ်းဟာ သာမန်လူ မှန်းဆနိုင်တာထက် အဆပေါင်းများစွာ ပိုနေတာနဲ့ ကြုံခဲ့ရပါတယ်။ ဒီတခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အဲဒီသင်ခန်းစာကိုယူထားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ သင်ခန်းစာဆိုတဲ့အထဲမှာ အရေးကြီးတဲ့တခုက လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက NLD အင်အားထု တခုတည်းနဲ့ရင်ဆိုင်ခဲ့ တာဟာ မလုံလောက်ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ ၂ဝဝ၇ သံယာ့အရေးတော်ပုံမှာ သံဃာတော်တွေချည်း လှုပ်ရှားတာ မလုံလောက်ဘူးဆိုတာတွေ့ခဲ့ရပါပြီ။ ဒါကြောင့် တခုခုလုပ်မယ်ဆိုရင် ကျန်တဲ့အင်အားစုတွေ၊ ပြည်သူလူထုတွေပါ ပါလာအောင်ဘယ်လို လုပ်မယ်ဆိုတဲ့ စဉ်းစားမှုအမြဲရှိသင့်ပါတယ်။

အခုလိုဗိုလ်ချုပ်ဦးသိန်းစိန်ရဲ့အရပ်ဝတ်စစ်အစိုးရကို ကြိုတင်အသိပေးထားသလိုဖြစ်နေတော့ သူ့ဘက်ကပြင်ဆင်
 နေမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ သူ့အကွက်ထဲဝင်လာပြီလို့ တွက်နေကောင်းလည်း တွက်နေပါလိမ့်မယ်။ ဒါဖြင့် ကိုယ့်ဘက်ကရော။ အရပ်ဝတ်စစ်အစိုးရဘက်က အရင်ဒီပဲယင်းတုန်းကလို ခြေကျွံလက်ကျွံဖြစ်လာရင် ကိုယ့်အကွက်ထဲကို ဝင်လာတာပဲလို့ ဖြစ်အောင်မပြင်ဆင်နိုင်ဘူးလား။ ဗိုလ်ချုပ်ဦးသိန်းစိန်တို့ကို မဟုတ်တယုတ် မလုပ်ဝံ့အောင် ကိုယ်က ကြိုတင်အကြပ်ကိုင်နိုင်တဲ့ နည်းတွေမရှိဘူးလား။

ဗမာပြည်နိုင်ငံရေးရဲ့ထူးခြားချက်ကိုမေ့လို့မဖြစ်ပါဘူး။ ဗမာပြည်မှာက အုပ်စိုးသူနဲ့အတိုက်အခံတို့ဟာ တန်းတူအား ပြိုင်နေကြတာမဟုတ်ပါဘူး။ အဘက်ဘက်မှာမတရားချုပ်ခြယ်ခံနေရတဲ့ အတိုက်အခံတွေအနေနဲ့ စစ်ရေးမှာ လိုပဲလှုပ်ရှား မှုတခုကို ကိုယ်ပိုင်တဲ့ခွင်ထဲမှာ အကောင်အထည်ဖော်တာ၊ အသေအချာပြင်ဆင်တာ၊ အလျင်အမြန်လှုပ်ရှားတာ စတာတွေလုပ်ရမယ်လို့ထင်ပါတယ်။
http://www.mizzimaburmese.com/edop/songpa/7594-2011-05-23-05-12-27.html

ကိုယ့်အား ကိုယ်ကိုးမှ ရမည်ဟု ဒေါ်စုပြော



ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအတိုက်အခံများအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) နှင့် အိန္ဒိယနိုင်ငံတို့မှ ထောက်ခံမှုရရန် သိပ်မျှော်လင့်၍ မဖြစ်ကြောင်းနှင့် ဒီမိုကရေစီရရန် ကိုယ့်အား ကိုယ်ကိုးမှဖြစ်မည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျာမန်ရုပ်သံ သတင်းဌာနတခုကို ပြောကြားလိုက်သည်။

‘‘နောက်ဆုံးတော့ ကိုယ့်အားကိုယ်ကိုးမှ ရမယ်ဆိုတာ ကျမတို့ သိလာကြပါပြီ။ ဒါလည်း မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဂျာမန်ကမ္ဘာတလွှား အစီအစဉ်ဖြစ်သော Deutsche Welle က Hertie School of Governance နှင့် ပူးတွဲထုတ်လွှင့်သည့် Sunday to Asia တွင် ပြောကြားခဲ့သည်။

ဒီမိုကရေစီခေါင်းဆောင်သည် အဆိုပါ စားပွဲဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခဲ့ပြီး၊ မြန်မာ့အနာဂတ်အရေးကို ပြောကြားခဲ့ကြသည်။ ၎င်းအစီအစဉ်ကို ရန်ကုန်မြို့ရှိ `လျှို့ဝှက်နေရာ´တနေရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကိုလိုနီခေတ်ကတည်းက အဆက်အဆံများခဲ့သော အိန္ဒိယနိုင်ငံ၏ `စိတ်ပျက်ဖွယ် ကောင်းလှသော သဘောထား´ ကြောင့် အထူးတလည် ၀မ်းနည်းရကြောင်း သူက ပြောကြားခဲ့သည်။ ဤအရှေ့တောင်အာရှနိုင်ငံတွင် တရုတ်၏ သြဇာအာဏာ ကြီးထွားလာခြင်းကို သတိထားမိသည့်အတွက် မြန်မာအာဏာပိုင်များနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် အိန္ဒိယအစိုးရက ကြိုးစားခဲ့သည်ဟု ဆိုသည်။ သူတို့၏ မြန်မာနိုင်ငံရှိ မဟာဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်ရမည်ဖြစ်ပြီး၊ ဒီမိုကရေစီရေးတိုက်ပွဲမှာ မြန်မာပြည်သူများသာ ပြုလုပ်ရမည်ဖြစ်သည်ဟု နယူးဒေလီရှိ အစိုးရက အလေးထား ပြောကြားခဲ့သည်။

အာဆီယံနှင့်ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်က သူတို့အနေဖြင့် အာဖရိကနိုင်ငံများက ပြဿနာများကို မည်သို့မည်ပုံ ဖြေရှင်းကြသည်ကို လေ့လာနိုင်ကြကြောင်းနှင့် အာဆီယံ၏ ပြဿနာတရပ်မှာ မစွက်ဖက်ရေးမူဝါဒကို ကိုင်စွဲထားခြင်းဖြစ်ပြီး ယင်းသည် အာဖရိကနိုင်ငံများနှင့် ကွာခြားကြောင်း ပြောကြားသွားသည်။ ၅၃ နိုင်ငံပါ အာဖရိက သမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ဝင်တစား တက်ကြွစွာ ဆောင်ရွက်ကြပြီး အချို့သော အကျပ်အတည်း ဖြစ်ပွားနေသော နိုင်ငံများတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့များ ထားရှိပေးသည်။

နိုင်ငံတကာ ထောက်ခံမှုကင်းမဲ့ခြင်းနှင့် နိုင်ငံတကာ အကူအညီများ ပေးအပ်ရာတွင် ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းအတွက်လည်း သူက ၀မ်းပန်းတနည်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် ဥရောပသမဂ္ဂသည် `အလွန်မညီမညွတ်´ ဖြစ်ကြကြောင်းလည်း သူက ပြောသည်။

မြန်မာပြည်သူများသည် ပြင်းထန်စွာ ဆင်ဆာဖြတ်တောက်နေသည့်အကြားမှ အာရပ်ကမ္ဘာတွင် ဖြစ်ပွားနေသော အရေးအခင်းများကို စိတ်ဝင်တစား လေ့လာစောင့်ကြည့်လျက် ရှိကြကြောင်းပါ သူက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယား၊ တူနီးရှား၊ ယီမင်နိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော `အာရပ်နွေဦး´ ဆန္ဒပြပွဲများက မြန်မာ ပြည်ပမီဒီယာများကို မေးခွန်းများစွာ ထွက်ပေါ်လာစေခဲ့ကာ၊ မြန်မာနိုင်ငံတွင်လည်း စစ်အစိုးရကို ဆန့်ကျင်သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမျိုး တကျော့ပြန် ဖြစ်နိုင်မဖြစ်နိုင် မေးခွန်းများ ထုတ်လာကြကြောင်းနှင့် အကဲခတ်များကမူ ရန်ကုန်အခြေအနေသည် ကိုင်ရိုလမ်းမများပေါ်တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် လွန်စွာကွာခြားကြောင်း ပြောဆိုနေကြသည်။

မြန်မာပြည်လူငယ်ထုကြားတွင် နိုင်ငံရေးစိတ်ဝင်စားမှု တိုးပွားလာသည့်အတွက် အားတက်မိကြောင်းဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ‘‘ဒါ .. ကျမ နေအိမ်အထိန်းသိမ်းခံနေက လွတ်လာပြီးကတည်းက မြင်ခဲ့ရတဲ့ အလွန်ကြီးမားတဲ့ အပြောင်းအလဲတွေထဲက တခုပါပဲ’’ ဟု သူက ပြောသည်။

‘‘လူငယ်တွေဟာ နိုင်ငံရေးကို အရမ်းစိတ်ဝင်စားလာကြတယ်။ သူတို့ဟာ မချင့်မရဲ ဖြစ်လာကြပြီး အပြောင်းအလဲဆိုတာ ကိုယ့်ဘာသာလုပ်မှ ဖြစ်မယ်ဆိုတာ သိလာကြလို့ပဲ’’။

‘‘မြန်မာနိုင်ငံက လူငယ်တွေဟာ လုပ်တတ်အောင်လုပ်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ခဲ့ကြပြီ။ လူငယ်တွေဟာ အလွန့်ကို ပိုပြီး ကိုယ့်အား ကိုယ်ကိုးလာကြတယ်’’

သို့သော် `နေရာအနှံ့ အကြောက်တရား´ စိုးမိုးနေခြင်းကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုတွင် အဟန့်အတား ဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်သော တရားစီရင်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် လိုအပ်လျက်ရှိကြောင်း သူက ပြောသည်။ ဥပဒေစိုးမိုးမှုရှိပါက အပြောင်းအလဲအတွက် ကြိုတင်စည်းကမ်းချက်ဖြစ်သော တိုင်းပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာမည်ဟုပါ သူက ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/7602-2011-05-23-15-21-36.html