Saturday, May 28, 2011

မြန်မာပြည်သို့အလုံပိတ်ကွန်ပြူတာများသာသွင်းခွင့်ပြုတော့မှာလား...

အများပြည်သူ အသုံးပြုရန် ဖွင့်လှစ်ထားသော အင်တာနက်ကဖေးများတွင် လိုက်နာရန် ဟူသော ညွှန်ကြားချက် တစ်စောင်ကို လွန်ခဲ့သည့် ရက်အနည်းငယ်က အစိုးရမှ ထုတ်ပြန် ခဲ့ကြောင်း သတင်းရရှိသည်။ တင်းကြပ်လွန်းသော အဆိုပါ ညွှန်ကြားချက်ကို မလိုက်နာပါက ဆိုင်လိုင်စင် ပိတ်သိမ်းသည်အထိ တည်ဆဲဥပဒေများနှင့် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် ဥပဒေများဖြင့် အရေးယူသွားမည် ဖြစ်ကြောင်းလည်း ကြေညာချက်၌ ပါရှိခဲ့သည်။

အဆိုပါ စည်းကမ်းများ အနက် အင်တာနက်ကဖေး လိုင်စင်သုံးစွဲခြင်းနှင့် အခွန်ဆောင်ခြင်း စည်းကမ်းချက်များမှာ မဆန်းသော်လည်း လာရောက်သုံးစွဲသူ တစ်ဦးချင်း၏ အမည်၊ မှတ်ပုံတင်၊ နိုင်ငံခြားသား ဆိုလျှင် Passport No. ၊ လိပ်စာနှင့် ဖုန်းနံပါတ်များကို မှတ်သားထားရမည်၊ လာရောက်သုံးစွဲသူ တစ်ဦးချင်းစီ၏ သုံးစွဲမှု screen shot မှတ်တမ်း၊ သုံးစွဲသော URL များကို မှတ်တမ်းပြုလုပ်၍ တစ်လတစ်ကြိမ် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ပေးပို့ရမည်၊ တားမြစ်ထားသော အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ဆိုမှုများကို လုံးဝ မလုပ်ရ၊ တားမြစ်ထားသော နည်းပညာများ၊ ဆော့ဖ်ဝဲလ်များ၊ Hacking ၊ Spyware များ အသုံးမပြုနိုင်ရန် ဆိုင်က စီမံထားရမည် စသည့် တင်းကြပ် ပြင်းထန်သော စည်းကမ်းချက်များ အပြင် အပြင်းထန်ဆုံး အချက်မှာ CD Drive, Floopy Drive, USB Port နှင့် အခြား External Drive များ အသုံးပြုနိုင်ရန် တပ်ဆင်ထားခြင်း မရှိစေရ ဟူသော အချက် ဖြစ်လေသည်။

အဆိုပါ အချက်များကြောင့် မိမိတို့ အလုပ်ရှုပ်ရဦးမည် ဖြစ်ကြောင်း၊ လတ်တလောတော့ VOIP ဖုန်းများ ခေါ်ဆိုပေးခြင်း မလုပ်တော့သည်မှ အပ ကျန်အချက်များကို စတင်လိုက်နာကြခြင်း မရှိသေးကြောင်း ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံအနီး၌ ဖွင့်လှစ်ထားသော အင်တာနက်ဆိုင် ၀န်ထမ်း တစ်ဦးက mmDailyNews သို့ ပြောဆိုခဲ့သည်။

အသက် ၂၀ အရွယ် အစိုးရနည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးက “မန်မိုရီ စတစ်တောင် သုံးလို့ မရတော့ဘူး ဆိုတာ ဘယ်လိုဥပဒေကြီးလဲ။ လွတ်လပ်တဲ့ သူများအကျိုး မထိခိုက်ရင် ရတဲ့ ဒီမိုကရေစီ စနစ်ဆို……..။ အခုတော့ ကိုယ်ရေးကိုယ်တာ ဘာတွေကြည့်သလဲ ဆိုတာ ပြောပြရသလို ကတ်ပြားပါ ပြရဦးမယ်တဲ့။ အစိုးရအသစ်ဟာ ပိုကောင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြနိုင်မလား ဆိုတာ ကျွန်တော်တို့တွေ စောင့်နေကြပါတယ်။ အဓိပ္ပာယ်မဲ့ တင်းကြပ်မှုတွေ ဆိုရင်တော့ မလိုလားပါဘူး။ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းတော့မလိုလို ဖြစ်နေတဲ့ အချိန်မှာ ဒီကြေညာချက်ဟာ အနုတ်သဘောဆောင်တဲ့ သက်ရောက်မှုမျိုးပဲ ဖြစ်စေပါလိမ့်မယ်” ဟု သူ၏အမြင်ကို ပြတ်သားစွာ ပြောပြသွားခဲ့သည်။

လူစည်ကားရာ နေရာများ၌ ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်များတွင် အသုံးပြုသူအားလုံး၏ ၇၀% ခန့်သည် USB Memory Stick များကို အသုံးပြု၍ အင်တာနက်မှ ရယူသော အချက်အလက်များ (ဥပမာ ပုံများ၊ ဗီဒီယိုဖိုင်များ၊ mp3 ဖိုင်များ၊ စာများ စသည်) ကို သိမ်းဆည်းရရှိနေကြပြီး ထိုပစ္စည်းများသာ လုံးဝအသုံးပြုခွင့် မရတော့လျှင် အင်တာနက်ဆိုင်များ၏ ၀င်ငွေ၌ သိသိသာသာ ထိခိုက်ဖွယ် ရှိကြောင်း ရန်ကုန်မြို့ခံ အမျိုးသမီးငယ်တစ်ဦးက သုံးသပ် ပြောကြားသည်။



ဒီမိုကရေစီစနစ်ကိုသွားပါပြီဆိုတဲ့ ဦးသိန်းစိန်ဒီလိုမိန့် ခွန်းပြောရဲလား



U Nay Meinda
ဒီမိုကရေစီစနစ်ကိုသွားပါပြီဆိုတဲ့ ဦးသိန်းစိန် ၀န်ကြီးချုပ်ဦးနုကဲ့သို့ ဒီလိုမိန့်   ခွန်းတွေပြောရဲလား

မပြောရဲရင် သွားလေရာထမိန်ဝတ်သွားပါ။

ဝန်ကြီးချုပ်ဦးနုသည်တိုင်းပြည်အုပ်ချုပ်စဉ်တိုင်းပြည်တွင်းလှည့်လည်၍မိန့်ခွန်းပြောသည့်အခါ 
အောက်ပါဒီမိုကရေစီသဘောတရား(၇)ချက်ကိုအမြဲတိုင်းထည့်ပြောလေ့ရှိပါသည်။

၁။နိုင်ငံတစ်နိုင်ငံဟာ လူတစုသာပိုင်တဲ့ ပစ္စည်းမဟုတ်ဘူး။ နိုင်ငံသူ နိုင်ငံသားအားလုံးစုပေါင်းပြီးပိုင်တဲ့ အားလုံးပိုင်ပစ္စည်းဖြစ်တယ်။

၂။ဒီလိုပိုင်တာကြောင့် နိုင်ငံသူနိုင်ငံသား လူများစုက ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြောက်ခြင်းကို ခံရတဲ့ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့ကသာလျှင် ဒီတိုင်းပြည်ကို အုပ်ချုပ်နိုင်ခွင့်ရှိတယ်။

၃။အုပ်ချုပ်တဲ့အခါ ထင်သလို အရမ်းမအုပ်ချုပ်ရဘူး။ပြည်သူလူထုက ကြည်ကြည်ဖြူဖြူ ရွေးကာက်တင် မြောက်ထားတဲ့ အမတ်တွေက ရေးဆွဲပြီး အတည်ပြုပြဌာန်းထားတဲ့ ဥပဒေအရ တိုက်ဖျက်ပိုင်ခွင့် အစရှိတဲ့ ပြည်သူလူထု တရပ်လုံးရဲ့ မွေးရာပါမူလ အခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ ဥပဒေတွေရှိရမယ်။

၎။ပြည်သူလူထုဟာ ဂုဏ်သိက္ခာ ရှိတဲ့လူတွေလို နေနိုင်အောင် လွတ်လပ်စွာ ဟောပြောခွင့်၊ ကိုးကွယ်ခွင့်၊ စီးပွါးရှာဖွေခွင့်၊ မတရားဖိနှိပ်ချုပ်ချယ်မှုများကို ဥပဒေအရ တိုက်ဖျက်ပိုင်ခွင့် အစရှိတဲ့ ပြည်သူလူထု တရပ်လုံးရဲ့ မွေးရာပါမူလ အခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ ဥပဒေတွေရှိရမယ်။

၅။အရွယ်ရောက်သူတိုင်း မဲပေးနိုင်ခွင့်ရှိရမယ်။

၆။ပြည်သူလူထု လူများစုရဲ့ ထောက်ခံမှုကို မရတဲ့ အစိုးရအဖွဲ့ ဟာ အလိုအလျောက် ရာထူးကနှုတ်ထွက် ပေးရမယ်။

၇။အခုပြောခဲ့တဲ့ အဓိကအချက်တွေကို လက်ခံနိုင်တဲ့ နိုင်ငံရေးသဘောတရားဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလတရားတွေကို အခြေခံထားတဲ့ သဘောတရားဖြစ်တယ်။ ဒီသဘောတရားကို ဒီမိုကရေစီလို့ခေါ်တယ်။ ဒီမိုကရေစီ မရှိတဲ့နိုင်ငံမှာ လူဖြစ်ရတာဟာ ဂွေးသင်းခံထားရတဲ့ နွားဖြစ်တာနဲ့အတူတူပါပဲ။ မခြားနားပါဘူး ။ အဲဒါကြောင့် ဒီမိုကရေစီဖျက်ဆီးသူမှန်သမျှကို ခံချရမယ်။တိုက်ထုတ်ရမယ်။



ပြည်သူလူထုကြီးခင်ဗျား အခုတက်လာတဲ့ အစိုးရသစ်ဟာ ခုဖေါ်ပြခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီပါသလား။

စဉ်းစားဝေဖန်ဆုံးဖြတ်၍ မညီပါက ဒီမိုကရေစီရရှိရေးအတွက်အားလုံး ပူးပေါင်းပါဝင်တိုက်ပွဲဝင်ကြပါ။

မှတ်ချက်။ ။ ၀န်ကြီးချုပ်ဟောင်း ဦးနု ရေးတဲ့ တာတေစနေသားစာအုပ်မှ ကူးယူဖေါ်ပြပါသည်။

၂၈.၅.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



--
http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
28 May 2011 Yeyintnge's Diary.doc28 May 2011 Yeyintnge's Diary.doc
312K   View   Download  
28 May 2011 Yeyintnge's Diary.pdf28 May 2011 Yeyintnge's Diary.pdf
723K   View   Download  
amaydawsuu.wavamaydawsuu.wav
324K   Download  

http://www.mediafire.com/file/jtm63cgbgx001x8/28%20May%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/rn49taby5yb84al/28%20May%202011%20Yeyintnge%27s%20Diary.pdf
28 May 2011 Yeyintnge's Diary

ပင်လယ်ထဲမျောပျောက်ဆုံး ရေလုပ်သားများရဲ့ ဇနီးသည်တွေနစ်နာကြေးမရ

မုန်တိုင်းမိလို့ ပင်လယ်ထဲမျောပါပျောက်ဆုံးသွားသည့် ရေလုပ်သားများရဲ့ ဇနီးသည်တွေ မိမိတို့လင်သားလုပ်အားခနဲ့ နစ်နာကြေးမရ

ပြီးခဲ့သည့် မတ်လလယ်မှာ လေပြင်းမုန်တိုင်းကြောင့် ပင်လယ်ထဲ မျောပါသွားသည့် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်မှ ရေလုပ်သား (၈၀၀) ခန့်၏ ကျန်ရစ်သည့် ဇနီးသည်များမှာ ၎င်းတို့၏ယောက်ျားများသတင်း ယခုအချိန်ထိ တိတိကျမသိရသည့်အပြင် လုပ်အားခနှင့် နစ်နာ ကြေးငွေလည်းမရကြသည့်အတွက် ဒုက္ခတွေ့နေရကြောင်း ရေလုပ်သားအရေး ကူညီလုပ်ဆောင်နေသူများက ပြောသည်။

ယခုချိန်ထိ ပျောက်ဆုံးနေသည့် ရေလုပ်သား အတော်များများရှိနေပြီး ကျန်ရစ်သည့် မိသားစုဝင်များမှတဆင့် သိရှိရသည့် စာရင်းများအရ ယခုမေလထဲမှာပင် နောက်ထပ် ရေလုပ်သား (၃၀၀) ကျော် ပျောက်ဆုံးစာရင်းရရှိကြောင်းနှင့် ယခင်က (၄၀၀)ကျော်စာရင်းရရှိထားသည့်အတွက် ရေလုပ်သား ၈၀၀ ခန့် ပျောက်ဆုံးစာရင်း ကောက်ခံရရှိကြောင်း ဖျာပုံခရိုင်နှင့် ဘိုကလေးဒေသတွင်းက ရေလုပ်သားအရေးကူညီ လုပ်ဆောင်ပေးနေသူများက ပြောသည်။

“မုန်တိုင်းတိုက်ပြီးတော့ ဧပြီလအတွင်းမှာဘဲ ပျောက်ဆုံးရေလုပ်သား (၄၀၀)ကျော်စာရင်းကောက်ခံရတယ်။ အခု မတ်လထဲမှာ (၃၀၀)ကျော်ကောက်ခံရတယ်ဗျာ။ အဲဒါက ဖျာပုံနဲ့ ဘိုကလေးပိုင်ဒေသတွင်းက ရေလုပ်သားစာရင်းတွေပါ၊ အများစုက ၀ါးဖောင်လိုက်တယ် ဝါးဖောင်က အစိုးရကို တရားဝင်လိုင်စင်တင်လုပ်တဲ့ ဖောင်မဟုတ်ဘူး ခိုးလုပ်တဲ့ဝါးဖောင်ဖြစ်နေတော့ အဲဒီမှာလုပ်တဲ့ ရေလုပ်သားစာရင်းက တဖြည်းတဖြည်းနဲ့မှသိရ တာမျိုးပေါ့” ဟုပြောသည်။

မုန်တိုင်းကြောင့် ပင်လယ်ထဲ မျောပါသွားကြသည့် ရေလုပ်သားများမှာ ဖျာပုံနှင့်ဘိုကလေးဒေသတွင်းက ဒေါ်ညိမ်း၊ ကဗျက်၊ ကမံတာ၊ ဖိုးညို၊ ဘုန်းကြီးသောင်၊ ကုလားထိပ်၊ နောင်မီးစသည့် ကျေးရွာများမှ ဖြစ်ကြသည်။

အဆိုပါ ရေလုပ်သားများသည် ဝါးဖောင်လိုက်ကြရသည့်သူအများစုဖြစ်ပြီး ၎င်းတို့မှာ ထက်ယံ၊ မင်းရွှေစင်၊ ပြည့်စုံကျော်၊ နိုင်အောင်ကျော်၊ စိန်ဇင်ယော်၊ မာန်သစ်၊ နေ၀င်း၊ စိန်မင်္ဂလာ၊ တိုးတက်ကျော်နှင့် ချီးသဲကြီးအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်သည်။

မုန်တိုင်းတိုက်ခတ်ခံရပြီး ပင်လယ်ထဲမျောပါသွားသည်မှာ (၂) လကျော်အထိ သတင်းအစအနမရသည့် ရေလုပ်သားများ၏ ဇနီးသည်များက လုပ်ငန်းရှင်များထံ ၎င်းတို့၏ ယောင်္ကျားများအား မည်သည့်နေရာတွင် ရောက်ရှိနေပြီး မည်ကဲ့သို့ ဆက်သွယ်ရမည်ကို သွားရောက်စုံစမ်းမှုများ ယနေ့အထိရှိနေသေးကြောင်း ဖျာပုံခရိုင်တွင်း ရေလုပ်သားအရေး အကူအညီလုပ်ဆောင်ပေးနေသူတဦးက ပြောသည်။

“ဒေါ်စန်းမြင့်ဆိုတဲ့ အမျိုးသမီးက ဒေါ်ညိမ်းကျေးရွာက၊ နောက်တယောက်က မလှလှဝေဆိုတာ ဖိုးညိုရွာက သူတို့လင်သားတွေရဲ့သတင်း ဘာမှမသိရသေးတော့ သူတို့လင်သားတွေကို တွေ့ချင်ကြောင်းနဲ့ ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို ကဗျက်ရွာမှာနေတဲ့ လုပ်ငန်းရှင်ဆီ မနေ့က သွားမေးတယ်။ ပြီးတော့ သူတို့ယောက်ျားတွေရဲ့ လုပ်အားခတွေ သွားတောင်းတယ်။ လုပ်ငန်းရှင်က စာရင်းရှင်းမပေးဘူး သူတို့ယောင်္ကျားတွေရှိနေသေးတယ်ပေါ့ ပြန်လာမှ ရှင်းပေးမယ်အဲလိုပြောတာ။ ဒါကလိမ်တာ အခု (၂)လကျော်နေပြီ ဘယ်လို အသက်ရှင်မှာလဲ သဘောကတော့ တာဝန်မယူတော့ဘူးပေါ့ဗျာ”ဟု ပြောသည်။

ဝါးဖောင်လုပ်ငန်းရှင်အများစုသည် ၎င်းတို့ဝါးဖောင် (၁၀၀)ထွက်ခွာမည်ဆိုလျှင် အစိုးရထံ ၄၀ သာစာရင်းတင် တရားဝင်ထွက်ခွာခြင်းဖြစ်ပြီး အခြားဖောင်များမှာ ခိုးဖောင်အဖြစ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

မုန်တိုင်းကြောင့် မျောပါခဲ့သည့် ဖောင်အများစုမှာ ခိုးဖောင်များဖြစ်ပြီး ရေလုပ်သားအများစုလိုက်ပါ အလုပ်လုပ်ကိုင်ခဲ့သည့် ဖောင်များဖြစ်နေသည့်အတွက် ရေလုပ်သားအများစု၏ ကျန်ရစ်သည့် မိသားစုများမှာ လုပ်အားခ ခံစားခွင့်အပါအ၀င် နစ်နာကြေး စသည့် ရပိုင်ခွင့်များ ဆုံးရှုံးနေရပြီး လင်လည်းဆုံး လုပ်အားခလည်း ဆုံးရှုံးရသည့်အဖြစ်နှင့် ရင်ဆိုင်နေကြရသည့် မိသားစုဝင်အတော်များများရှိနေကြောင်း ဖျာပုံခရိုင် ရေလုပ်သားများအရေးကူညီ လုပ်ကိုင်နေသူများက ပြောသည်။

ဖျာပုံမြို့နယ် ကျားဖမ်းပိုက်အသင်း ဥက္ကဌ ဦးသံချောင်းက မတ်လ (၃၀)ရက်နေ့အထိ ရေလုပ်သား (၁၂၀၀၀) ကယ်ဆယ်ရရှိခဲ့ပြီး ရေလုပ်သား (၆၀၀)ခန့် ပျောက်ဆုံးနေကြောင်းနှင့် မုန်တိုင်းကြောင့် မျောပါခဲ့ရသည့် ကျားဖောင်နှင့် ငါးဖမ်းပိုက်များအပါအ၀င် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း (၆၀၀၀)ကျော်ရှိကြောင်း ဧပြီလအတွင်းက ပြောကြားခဲ့သည်။

အဆိုပါ မုန်တိုင်းမိ ရေလုပ်သမားအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ ပြည်သူ့လွှတ်တော်အမတ် ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင်က ဧပြီလ (၇)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ နောင်မီးရွာမှ ရေလုပ်သား (၁၈၀၀)အတွက် ငွေကျပ် တစ်သောင်းနှုန်း လှူဒါန်းခဲ့သည်။ အဆိုပါ နောင်မီးကျေးရွာတွင် ရေလုပ်သား (၃)ထောင်ကျော်ရှိနေသည့်အတွက် အချို့သာ အလှူငွေရရှိခဲ့သည်။

မတ်လ(၁၅) ရက်နေ့က တိုက်ခိုက်ခဲ့သည့် မုန်တိုင်းကြောင့် ဖျားပုံခရိုင်တွင်းမှ ပင်လယ်ပြင်ရေလုပ်သား တစ်သောင်းမှနှစ်သောင်းအထိ မျောပါခဲ့ကြောင်း ရေလုပ်ငန်းတာဝန်ရှိသူများက ပြောသည်။ ရေလုပ်သား (၅၀၀) နီးပါးခန့်ကို ထိုင်းငါးဖမ်းလှေများက ကယ်ဆယ်နိုင်ခဲ့ပြီး အချို့ရေလုပ်သားများမှာ အိမ်နီးနိုင်ငံများအထိ ရောက်ရှိနေသည်များလည်းရှိသည်။ အဆိုပါ မုန်တိုင်းမိရေလုပ်သားများအရေးကို အစိုးရတာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက် ကူညီဖြေရှင်းပေးနိုင်ခြင်း ယခုအချိန်ထိ မရှိသေးကြောင်း ရေလုပ်သားအများအရေး ကူညီလုပ်ကိုင်နေသူများ ပြောကြားခဲ့သည်။
http://www.yoma3.org/?p=2190

ကြံ့ဖွံ့ ပါတီ ရခိုင်ပြည်အတွင်းရေးမှူး ဦးကျော်ရင် သူများမယားကို ကြာကူလီ

ယခုတလော စစ်တွေမှာ ရေပန်းစားနေတဲ့ သတင်းကတော့ ကြံ့ဖွံ့ ပါတီ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးကျော်ရင် သူများသားမယားကို ကြာကူလီရိုက်တဲ့ သတင်းဘဲ ဖြစ်ပါတယ်။ ခုလို သူများမိန်းမကို အိုးတန်းရပ်ကွက်က အိမ်တစ်ခုမှာ ကြာကူလီ ရိုက်နေတုန်း အိမ်က မိန်းမဖြစ်သူမှ လက်ပူး လက်ကြပ်မိတဲ့ အတွက် မိန်းမ နှစ်ဦး ထွေးလုံးရိုက်ပုတ်ကြတာက တရုတ်သိုင်းကားတွေလောက် ကြည့်မကောင်းပေမယ့် လောလောဆယ်မှာတော့ စစ်တွေမှာ လူတွေ စိတ်ဝင်တစားနဲ့ အပြောအများဆုံး သတင်း ဖြစ်နေတယ်လို့ သိရပါတယ်။
www.narinjara.com

မြန်မာပြည်သား..ဟေ့..မြန်မာပြည်သား.........။

၁၉၈၈ နောက်ပိုင်း တရုတ် - မြန်မာ ဆက်ဆံရေး ကစားပွဲ - အပိုင်း (၂)




By ရော်နီညိမ်း စနေ, 28 မေ 2011

တပ်မှူးတပ်သား ပြောစကား (၀၆၂)

မြန်မာအစိုးရသစ်ရဲ့ သမ္မတသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သမ္မတ ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် သုံးရက်ကြာခရီး သွားရောက်ခဲ့ပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးကို ဆွေမျိုး ပေါက်ဖေါ်ဆက်ဆံရေးအဖြစ် နှစ်ဘက်လုံးက လူသိရှင်ကြားပြောဆိုနေကြပေမယ့်၊ ကန့်လန့်ကာ နောက်ကွယ် မှာ တဘက်နဲ့တဘက် မရိုးသားကြဘူးလို့၊ ထောက်လှမ်းရေးအရာရှိဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ပြောပြထားတာကို၊ ဒီသီတင်းပတ်ရဲ့“တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ “၁၉၈၈ နောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး ကစားပွဲ - အပိုင်း (၂) ခေါင်းစဉ်နဲ့ ဦးရော်နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တရုတ်ကလည်း ဘယ်လောက်အထိ တွက်လဲဆိုတော့၊ သူရဲ့ ယူနန်ပြည်နယ် (Yunan Province) ပေါ့ဗျာ။ ယူနန်ပြည်နယ်ဆိုတာ တရုတ်ပြည်ထဲမှာ အကြီးကြီးလည်း အကြီးကြီးပါ။ အရေး ကြီးတဲ့ ပြည်နယ်တခုပါ။ ယူနန်ပြည်နယ်ဆိုတာ ပင်လယ်ထွက်ပေါက် မရှိပါဘူး။ အဲဒီထွက်ပေါက်ကို အိန္ဒိယ သမုဒ္ဒရာကနေ ထွက်ဖို့ အတွက်ကို ၂၀၀၁ခုနှစ်မှာ၊ မြန်မာအစိုးရဆီကနေ ဧရာဝတီမြစ်ကို ငှားပါတယ်။ ဧရာဝ တီမြစ်ထဲမှာ တရုတ်ရဲ့သင်္ဘောတွေကို တရုတ်အလံထူပြီး သွားလာခွင့်ပေးဖို့ဆိုပြီး ငှားပါတယ်။ ဗန်းမော်မှာ ရေနက်ဆိပ်ကမ်းကို တရုတ်က ဆောက်ပေးမယ်၊ ဗန်းမော်ကနေ တရုတ်နယ်စပ်အထိ ကားလမ်းကို တရုတ်က အကုန်အကျခံပြီး ဖေါက်ပေးမယ်၊ ဧရာဝတီမြစ်ထဲမှာ မဲခေါင်မြစ်လိုပဲ သင်္ဘောသွားလာလို့ ကောင်းအောင် ကျောက်ဆောင်တွေကို သူတို့ ရှင်းပေးမယ်၊ ဆိုတဲ့ project အကြီးကြီးကို သူတို့ တင်ခဲ့ပါတယ်။ ဒါကိုလည်း မြန်မာအစိုးရက မူအားဖြင့် သဘောတူတယ်။ တရုတ်ရဲ့သင်္ဘောတွေကို ဧရာဝတီမြစ်ထဲမှာ သွားလာခွင့်ပေး မယ်လို့၊ မြန်မာအစိုးရက ပြောပြီးသားပါ။ ၂၀၀၁ခုနှစ်မှာ၊ တရုတ်သမ္မတကျန်ဇီမင်း မြန်မာနိုင်ငံကို လာတဲ့အခါ မှာလည်း၊ ဒီprojectကို၊ (သမ္မတကျန်ဇီမင်းနဲ့) ဗိုလ်ချုပ်ကြီးသန်းရွှေတို့ရဲ့ ရှေ့မှောက်မှာ၊ သက်ဆိုင်ရာ တရုတ် - မြန်မာ အရာရှိတွေ လက်မှတ်ထိုးကြဖို့ဆိုတာကို၊ အားလုံး ပြင်ဆင်ထားပြီးတဲ့ အချိန်အခါကျမှ၊ တရက်အလို ကျမှ၊ ဒီဥစ္စာကို သဘောမတူဘူး ဆိုပြီးတော့မှ၊ ကောက်လုပ်လိုက်တယ်။ သမ္မတကျန်ဇီမင်း တော်တော်ဒေါသ ဖြစ်သွားတာပေါ့ ဗျာ။

ဦးရော်နီညိမ်း ။ ။ ဘယ်သူက လုပ်လိုက်တာလဲ၊ သဘောမတူဘူး ဆိုပြီးတော့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသန်းရွှေပဲ အမိန့်ပေးလိုက်တာ ခင်ဗျ။ ဒီကိစ္စကို နိုင်ငံခြားရေးဝန် ကြီး ဦးဝင်းအောင်က သွားပြီးသတင်းပို့တဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးသန်းရွှေက ဒီဥစ္စာကိုတော့ ငါ သဘောမတူနိုင် ဘူးလို့၊ ပြောလိုက်တာ။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ဒီလောက်ကြီး တရုတ်ကိုလိုက်လျောရမယ့်ကိစ္စကို မလိုက်လျောနိုင်ဘူးဆိုတဲ့ သဘော ပေါ့။ ခုနပြောသလို တရုတ်တပည့်ချည့်ပဲ ခံနေတယ် ဆိုတဲ့နေရာမှာ၊ နည်းနည်းမာမာတင်းတင်းတော့ တရုတ်ကို ပြန်လုပ်တဲ့ သဘောလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူး ကိုရော်နီ။ အဲဒီအချိန်အခါမှာ ခင်ဗျား သတိထားမိလိမ့်မယ်။ (အမေ ရိကန်မှာ) ကလင်တန် (သမ္မတ Bill Clinton) အစိုးရပြောင်းပြီးတော့၊ ဘွတ်(ရှ်) (သမ္မတ George W. Bush) အစိုးရ တက်တော့မယ်။ အဲဒီအချိန်မှာ ကျနော်တို့က ဒီမှာ (၀ါရှင်တန်ဒီစီ) ရောက်နေပြီ။ ကျနော်တို့ကိုလည်း (ဗိုလ်ချုပ်မှူးကြီးသန်းရွှေက) green light ပေးထားတာက၊ ဘွတ်(ရှ်) အစိုးရကို lobby လုပ်ဖို့ပေါ့ဗျာ။ ငွေကုန် ကြေးကျ အတော်ကို အကုန်ခံပြီးတော့ D.C.I. လို lobby ကုမ္ပဏီကို ငှားပြီးလုပ်ကြတဲ့ အချိန်ကျတော့၊ ထင် ကြတာက၊ အမေရိကန်နဲ့ အဆင်ပြေလိမ့်မယ်လို့ သူတို့ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ )ထင်ကြတယ် ခင်ဗျ။

(D.C.I. = အမေရိကန် Republican ပါတီကို ထောက်ခံသည့် lobby အုပ်စု ဖြစ်သည်။ D.C.I.ကို ငှားရမ်းသူ များက မိမိတို့အကျိုးအတွက် Republican ပါတီခေါင်းဆောင်များကို စည်းရုံးနိုင်ရန်၊ နိုင်ငံရေး သံတမန်ရေး စီးပွားရေးဆိုင်ရာ ထိတွေ့မှုများအဖြစ်၊ ငှားရမ်းသူများနှင့် Republican ပါတီခေါင်းဆောင်များကြား၊ ဆွေးနွေး ပွဲ စားပွဲသောက်ပွဲပါတီပွဲများ၊ ဖန်တီးစီစဉ်ပေးသည့် တရားဝင်ကြားပွဲစား lobby ကုမ္ပဏီကြီး ဖြစ်သည်။ သမ္မတ George W. Bush ၏ ဒုသမ္မတ Dick Chaney ပါဝင်ပတ်သက်နေသည့် D.C.I.သည်၊ မြန်မာစစ် အ စိုးရ၏ ငှားရမ်းခံရမှုကြောင့် နံမည်ပျက်သွားခဲ့ကာ၊ မြန်မာစစ်အစိုးရအတွက် lobby လုပ်ခဲ့သော D.C.I. ကို စတင်တည်ထောင်သူ Dough Davenport နှင့် D.C.I. ၏ CEO အမှုဆောင် အရာရှိကြီး Douglas Goodyear တို့ နှစ်ဦးမှာ၊၊ ၂၀၀၈ သမ္မတရွေးကောက်ပွဲတွင်၊Republican ပါတီ သမ္မတလောင်း John McCain ၏ စည်းရုံးရေးမှူးများအဖြစ်မှ နှုတ်ထွက်ပေးခဲ့ရသည်။ Ref: DCI Group: Controversies: Myanmar Representation )

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ခုနက တရုတ်ရဲ့ကဏ္ဍကို ပြန်ပြီးပြောရရင်၊ အမေရိကန်နဲ့ အဆင်ပြေသွားလို့ ရှိရင်၊ ခုနက တရုတ်ကို သွားပြီးတော့ အရမ်းကို ဒီလိုမျိုး အလျှော့ပေး လိုက်လျောရတာတွေကို၊ လျှော့ချနိုင် လိမ့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့လား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒါလည်း ပါပါတယ် ခင်ဗျ။ အမေရိကန်နဲ့ အဆင်ပြေလို့ရှိရင်၊ တရုတ်ကို သိပ် ပြီး ဂရုစိုက်စရာ မလိုဘူးပေါ့ ဗျာ။ သဘောကတော့ အမေရိကန်ရယ် တရုတ်ရယ် အိန္ဒိယရယ် အဲဒီနိုင်ငံကြီး တွေကြားမှာ နိုင်ငံရေးကစားမယ်ဆိုတဲ့ အကွက်ကို သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) ထွင်တာပါပဲ။

ဦးရော်နီညိမ်း ။ ။ ဒါပေမယ့်၊ ၂၀၀၃ ခုနှစ် ဒီပဲယင်းကိစ္စ ဖြစ်သွားတဲ့အခါမှာတော့၊ သူ့ကစားကွက်က ပျက် မသွားဘူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ ၂၀၀၃ ခုနှစ် ဒီပဲယင်းကိစ္စ ဖြစ်သွားတဲ့အခါမှာ၊ အားလုံးသိ တဲ့အတိုင်း တကမ္ဘာလုံးရဲ့ဝိုင်းပြီးတော့ အဆူခံအဆဲခံဘ၀နဲ့ ဘယ်သူကမှ (မြန်မာစစ်အစိုးရကို) အယုံအကြည် မရှိဘူးဆိုတဲ့ အနေအထားမျိုးတွေ ASEAN အပါအ၀င်မှာ အားလုံး ဖြစ်ကြတဲ့အခါမှာ၊ အရင်ဆုံး တရုတ်ဆီကို သွားပြီးတော့ သူတို့ (မြန်မာစစ်အစိုးရဘက်ကို) ရပ်ပေးဖို့ဆိုပြီး၊ ဒူးထောက်ခဲ့ရတဲ့ အနေအထားမျိုးက ၂၀၀၃ ခုနှစ် ဒီပဲယင်းကိစ္စ ပြီးကတည်းက ဖြစ်လာခဲ့တယ်လို့၊ ဆိုရမှာပဲ။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ ဒီပဲယင်းကိစ္စရဲ့ရလဒ်ကို ပြန်ကြည့်ရင်၊ အဲဒီတုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အာဏာရှင်ဟောင်းတွေအတွက်က အပေါင်း ဖြစ်မလာဘူး။ သူတို့မှာ အနှုတ်ပဲ ဖြစ်သွားတာပဲ။ ဒီပဲယင်းကိစ္စကနေ စပြီးတော့၊ တရုတ်ဘက်ကို ပိုပိုပြီး သွားသွားပြီး အရှုံးပေးနေရတယ့် အနေအထားမျိုးကို ရောက်လာတာဟာ၊ အခုအချိန်အထိပဲလို့ ပြောရမှာပေါ့။ အဲဒီတော့ သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၊ တရုတ်ပြည်ကို သမ္မတအနေနဲ့ သွားတဲ့အခါမှာလဲ၊ ဘာတွေများ ထပ်ပြီး အလျှော့ပေးလာခဲ့ရမယ် လို့၊ ဗိုလ်မှူး မြင်ပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မကြာသေးခင်ကပဲ တရုတ်က စစ်ရေးခေါင်းဆောင်နဲ့ နိုင်ငံရေးခေါင်းဆောင် တွေ၊ မြန်မာပြည်ကို လာလည်သွားတာ ရှိပါတယ်။ တရုတ်က အဓိက မြန်မာပြည်ရဲ့နိုင်ငံရေးတည်ငြိမ်မှုကို လိုချင်ပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုဆိုတဲ့ နေရမှာ၊ အထူးသဖြင့် နယ်စပ်ဒေသမှာ တည်ငြိမ်ဖို့ အတွက်ကို (မြန်မာအစိုးရအနေနဲ့) ကိုးကန့်တွေ “၀” တွေနဲ့ စစ်မဖြစ်ဖို့ကိစ္စ၊ အေးအေးချမ်းချမ်းဖြေရှင်းဖို့ ကိစ္စတွေကို၊ တရုတ်က အတော်လေး အလေးအနက် ထားတဲ့ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ တခါဖြစ်ခဲ့ပြီးပြီ မဟုတ်လား။ တရုတ်ကနေ နယ်စပ်ဒေသတွေက တရုတ်သွေးပါနေတဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး၊ အကြမ်းမဘက်ဖို့ဆိုပြီး၊ လာပြီး မေတ္တာရပ်ခံတဲ့သဘောမျိုး ပြောပြီးတဲ့ နောက်မှာတောင်မှပဲ၊ ၂၀၀၉ခုနှစ်က ကိုးကန့်တွေနဲ့ ဖြစ်လိုက်တာ၊ မြန်မာပြည်ထဲကနေ တရုတ်ပြည်ထဲ တခါမှ မပြေးဘူးတဲ့ ဒုက္ခသည်တွေ သုံးသောင်းလောက် ပြေးသွားခဲ့ကြရတယ်။ အဲဒါတွေ ဖြစ်လာတဲ့အခါမှာ၊ တရုတ် ဘက်က မြန်မာအစိုးရကို ဘယ်လို ထိတွေ့အရေးယူဆောင်ရွက်နေတဲ့ သဘောရှိလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီကိုးကန့်ကိစ္စ မဖြစ်ခင်၊ ၂၀၀၈ခုနှစ် နှစ်ကုန်ပိုင်းမှာ၊ တရုတ်နိုင်ငံခြားရေးဝန် ကြီး မြန်မာနိုင်ငံကို လာပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့အဖွဲ့နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ ခေါင်းဆောင်တဲ့ အဖွဲ့နဲ့၊ အစည်းအဝေးခန်းမှာ တွေ့ကြပါတယ်။ အဲဒီအစည်းအဝေးခန်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စလေးတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ၂၀၀၇ခုနှစ် သံဃာ့အရေးအခင်း၊ နောက်မကြာခင်မှာပဲ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့၊ ကုလသမဂ္ဂကိုယ်တိုင်ကပင် ကြေညာချက်ထုတ်ပြီး မြန်မာအစိုးရကို ပြောရဆိုရတဲ့ အနေအထားတွေ ရှိခဲ့ပါတယ်။ တရုတ်လည်း ငပွကြီးမြန်မာစစ်အစိုးရကို လိုက်ပြီး အကာအကွယ်ပေးနေရ တော့၊ မျက်နှာပူပုံပေါ်ပါတယ်။ ကုလသမဂ္ဂရဲ့ထုတ်ပြန်ကြေညာချက်အတိုင်း၊ လိုက်နာဖို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးကိုယ်တိုင် ပြောတဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးသန်းရွှေက သူ့ကို အဲဒီလို ပြောရပါ့မလားဆိုပြီး၊ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးကို လုံးဝစကားပြန်မပြောတော့ဘူးလို့၊ ကျနော်တို့ သိရပါတယ်။ ဒီအစည်းအဝေးက နည်းနည်း ဆူဆူပူပူလေး အနေအထားမျိုး ဖြစ်သွားတယ်။ အဲဒီနောက်ပိုင်း အဲဒီအစည်းအဝေးရဲ့နောက်မှာ၊ ၂၀၀၉ခုနှစ် က ကိုးကန့်အရေးအခင်းက ဖြစ်လာခဲ့တယ်။ “မလုပ်ပါနဲ့” လို့၊ တရုတ်က မေတ္တာရပ်ခံနေတဲ့ ကြားထဲက၊ ဒီလို လုပ်လိုက်တဲ့အခါမှာ၊ ခုန ကိုရော်နီပြောတဲ့ ဖြစ်စဉ်တွေ ဖြစ်လာခဲ့တာပေါ့ ဗျာ။ ဒီအပေါ်မှာ တရုတ်က အခုချိန် ထိ သံသယက ရှိနေတယ်။ မြန်မာအစိုးရကို မယုံဘူး။ မယုံလို့လဲ၊ အခု ထပ်ခါထပ်ခါ လာပြီးတော့၊ သတိပေး နေတဲ့ အနေအထားမျိုးရှိနေတယ်လို့၊ ကျနော်တို့ ပြောလို့ရတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အဲဒီတုန်းက ကိုးကန့်အရေးအခင်း ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ၊ စစ်ခေါင်းဆောင်အနေနဲ့ဆို ညှိကွပ် (တပ်မတော် ကြည်း-ရေ-လေ ညှိနှိုင်းကွပ်ကဲရေးမှူး) ဗိုလ်ချုပ်ကြီးသူရရွှေမန်း တရုတ်ပြည်ကို သွားခဲ့ တယ်။ မကြာဘူး။ (ဒုတိယ) ဗိုလ်ချုပ်မှူးကြီးမောင်အေးပါ တရုတ်ပြည်ကို သွားတယ်။ ဒီလောက်တောင် စိပ်စိပ် ကလေး တရုတ်ပြည်ကို သွားနေခဲ့ရတာ၊ ကိုးကန့်အရေးအခင်းနဲ့ ဘယ်လို ဆက်နွယ်နေလို့လဲ။ နောက်တခု သတိထားမိတာက၊ သူတို့တွေ အဲဒီလိုတွေ သွားပြီးတော့မှ၊ တရုတ်နဲ့သဘောတူစာချုပ်တွေ နားလည်မှုစာချွန် လွှာ (MOU – Memorandum of Understanding) တွေ၊ မြန်မာပြည်မှာ တရုတ်က စီးပွားရေးလုပ်မယ့်ကိစ္စ တွေ အများကြီးကို၊ မြန်မာဘက်က လက်မှတ်ထိုးပေးခဲ့ရတာတွေ ရှိတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။ ကိုးကန့်ကိစ္စ ဖြစ်တဲ့အခါကျတော့၊ ချက်ချင်းဆိုသလိုပဲ၊ ဗိုလ် ချုပ်ကြီးရွှေမန်းက သွားပြီးရှင်းပြတာ။ တရုတ်ခေါင်းဆောင်တွေက တော်တော်ဒေါသဖြစ်တယ်။ ဗိုလ်ချုပ်ကြီး ရွှေမန်းသွားတာ နိုင်ငံတော်အဆင့်ခေါင်းဆောင် တယောက်အနေနဲ့ သွားတာပဲဗျာ။ ဒါပေမယ့်၊ တရုတ်ဘက်က “မင်းထက်ကြီးတဲ့ကောင် လာခဲ့” ဆိုတဲ့ပုံစံမျိုး ပြောပြီးနှင်ထုတ်လိုက်တယ်။ အဲဒီမှာ ရက်ပိုင်းအတွင်းမှာပဲ၊ ဗိုလ် ချုပ်ကြီးမောင်အေး တရုတ်ပြည်ကို သွားရတယ်။ အားလုံး သတိထားမိပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီးမောင်အေး တရုတ်ပြည်ရောက်တဲ့အချိန်မှာမှ၊ တရုတ်က လိုချင်နေတဲ့ ကျောက်ဖြူကနေ တရုတ်ပြည် (ယူနန်ပြည်နယ်) ထဲကို ရေနံပိုက်လိုင်း သွယ်ယူခွင့်၊ တရုတ်ကို ဓါတ်ငွေ့ရောင်းဖို့၊ အခု နံမည်ကြီးနေတဲ့ ဧရာဝတီမြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း၊ ဒါတွေ တော်တော်များများ စီမံကိန်း ခြေက်ခု ခုနစ်ခုလောက်ကို၊ ဗိုလ်ချုပ်ကြီးမောင်အေးက အဲဒီမှာ MOU တွေ၊ လက်မှတ်ထိုးပေးခဲ့ရတယ်။

ဦးရော်နီညိမ်း ။ ။ အခု ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန် တရုတ်ပြည်ကို သွားတဲ့အခါမှာကော၊ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်သေးလဲ။ တယောက်နဲ့တယောက်ကလည်း ရိုးရိုးသားသားမဟုတ်ဘူး၊ တရုတ် ကလည်း မြန်မာကို အမြတ်ထုတ်ဖို့ ကြည့်နေတာ၊ မြန်မာကလည်း မီးနဲ့ကစားသလို တရုတ်ကို သွားပြီးတော့ အမေရိကန်နဲ့ ကစားပြလိုက်၊ အိန္ဒိယနဲ့ ကစားပြလိုက် လုပ်နေတဲ့ဟာမှာ၊ သူတို့ပြောနေသလို တကယ်တမ်း ချစ်ခင်ရင်းနှီးတဲ့ ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေး မဟုတ်ပဲနဲ့၊ တယောက်နဲ့တယောက် အလစ်ချောင်းနေကြတဲ့ မိတ်ဆွေလိုလို ရန်သူလိုလို၊ ရန်သူမကျမိတ်ဆွေမကျတဲ့ အဲဒီကြားထဲက ဆက်ဆံရေးမျိုးဖြစ်နေတဲ့ အနေအ ထားဟာ၊ ဘယ်အထိ ပေါက်ကွဲသွားနိုင်သလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ တရုတ်ကလည်း၊ နယ်စပ်မှာရှိတဲ့ “၀” တို့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေတို့ကို သူတို့ရဲ့လက်နက်တခုလို ကိုင်ထားတာပဲ။ တရုတ်က စိုးရိမ်နေ တာက မြန်မာပြည်ထဲက တရုတ်လူမျိုးတွေ၊ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံထားတဲ့ အကျိုးစီးပွား တွေကိုပါ။ ဒါတွေကို မြန်မာအစိုးရအနေနဲ့ အကာအကွယ်ပေးဖို့ဆိုတဲ့ အာမခံချက်က၊ တရုတ်က အလိုချင်ဆုံး ပါ။ (တစ်) အဲဒီအာမခံချက်ကို အခုသွားတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်က မဖြစ်မနေ ပေးခဲ့ရမှာပါ။ (နှစ်) က နယ်စပ် ဒေသကိစ္စ။ အခု တရုတ်စစ်ကောက်မရှင်ရဲ့ ဒုဥက္ကဌ ရောက်လာပြီးတဲ့နောက်၊ တရုတ်-မြန်မာနယ်စပ်မှာ ရှိတဲ့ နှစ်နိုင်ငံစစ်တပ်တွေ အောက်ခြေက တပ်တွေမှာ၊ အပြန်အလှန် အစည်းအဝေးလုပ်ကြဖို့ အဆက်အသွယ်လုပ် ကြဖို့ ဆိုတာတွေကို၊ မြန်မာဘက်က သဘောတူပေးခဲ့ရ တာတွေ ရှိပါတယ်။ အခု ဒါကို ထပ်ပြီး သဘောတူခဲ့ရ မှာပါ။ အရင်တုန်းက ဒါမျိုးတွေက မရှိခဲ့ဘူး။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ အခု ပြည်သူလူထုဘက်က အပိုင်းကို ပြန်ကြည့်ကြရအောင်။ ရှေ့ကနေပြီး တော့မှ တိုင်းပြည်ကိုအုပ်ချုပ်နေကြတဲ့ ဒီပုဂ္ဂိုလ်တွေက၊ အခုလို မီးနဲ့ကစားသလို၊ တရုတ်နဲ့သွားသွားပြီးကစား တဲ့အခါ၊ ဟိုဟာဖြစ်လိုက် ဖြစ်လိုက်၊ ကိုယ့်ထက်အားကြီးတဲ့လူနဲ့ သွားကစားတိုင်းမှာ ကိုယ့်မှာက အရှုံးပဲပြပြ လာ။ တရုတ်က မြန်မာပြည်ထဲမှာ နိုင်ငံရေးစီးပွားရေးကို လာပြီးတဖြည်းဖြည်းချုပ်ကိုင်လာ။ အဲဒီတော့ လူထု ရဲ့ဒေါသက၊ မြန်မာအစိုးရအပြင် တရုတ်ဘက်ကို လှည့်မသွားနိုင်ဘူးလား။ အဲဒီအခါကျရင် မြန်မာအစိုးရက ဘယ်လိုထိန်းမလဲ။ အခု နေရာတကာမှာ တရုတ်ကို အကုန် ဦးစားပေးနေရတယ်။ သွားပြီး မီးနဲ့ကစားတိုင်း၊ မနိုင်တဲ့ ဇာတ်လမ်းတွေက ဖြစ်ဖြစ်လာနေတော့၊ အဲဒီအခြေအနေမျိုးမှာ၊ ပြည်သူလူထုရဲ့ အနေအထားက ဘယ်လို ဖြစ်မလဲ။ တရုတ်နဲ့ ပတ်သက်ပြီးတော့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ပြောရရင်တော့၊ တရုတ်လို အမေရိကန်လို အိန္ဒိယလို အင်အားကြီးနိုင်ငံကြီး တွေကို၊ သွားသွားပြီးတော့ နိုင်ငံရေးကစားနေတာက၊ ခုချိန်ထိ ဗိုလ်ချုပ်ကြီးသန်းရွှေပဲ ဒါတွေ လုပ်နေတာ။ သူ့ကိုယ်သူ လည်လှပြီ၊ နိုင်ငံရေးနားလည်လှပြီ ထင်နေတာ။ ဟိုလူတွေက ပိုပြီး လည်တယ်၊ သူ့ထက်ပိုပြီး ပညာရှိတယ်။ အခုအတိုင်း ဆက်သွားရင်၊ မြန်မာပြည်က စစ်ခေါင်းဆောင်တွေကို ပြန်ကြည့်လိုက်ပါ။ သူတို့ကို တရုတ်အပါအ၀င် ဘယ်နိုင်ငံကမှ အယုံအကြည် မရှိပါဘူး။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ မြန်မာပြည်က စစ်ခေါင်းဆောင်အဟောင်းတွေရဲ့ အဆက်ဆက် ဖြစ်လာခဲ့တာ တွေမှာ၊ အခု စစ်ခေါင်းဆောင်အသစ်တွေ၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က စလို့ အောက်ကိုကြည့်လိုက်ရင်၊ သူတို့တွေက အသစ်တွေပဲ။ သူတို့တွေက ဒါတွေကို ရှေ့ကဆိုးမွေတွေကို၊ သူတို့က ဖယ်ရှားပြီးတော့၊ သူတို့ လက်ထက်မှာ တကယ့် အမှန်အကန်ဖြစ်အောင်၊ တိုင်းပြည်မှာ အေးချမ်းသာယာငြိမ်းချမ်းတဲ့ အပြောင်းအလဲ ဖြစ်အောင်၊ အခုလို တရုတ်ကို သွားပြီး ကစားလိုက် အမေရိကန်ကို ဟိုလိုလှည့်လိုက် ဒီလိုပတ်လိုက်၊ တခါ အိန္ဒိယကိုပါ ကစားကြည့်လိုက်၊ အဲဒါမျိုးတွေ မလုပ်ပဲနဲ့၊ တကယ့်ကို သမာသမတ် လူရိုသေရှင်ရိုသေ အုပ်ချုပ် ရေးစနစ်မျိုး မြန်မာပြည်မှာရှိလာအောင်၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဦးစီးတဲ့ အခု စစ်ခေါင်းဆောင်တွေက၊ မလုပ်နိုင်ဘူးလား။ လုပ်ဖို့ မစဉ်းစားသင့်ဘူးလား။ သူတို့က အခုအချိန်မှာ သန့်ရှင်းနေကြသေးတယ်။ ဗိုလ်မှူး ဘယ်လိုမြင်လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အများကြီး လုပ်နိုင်ပါတယ်။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တို့ဆိုရင်၊ တိတိပပ လက်ညှိုး ထိုးပြီးတော့မှ ပြောစရာအပြစ်တစုံတရာ မရှိသေးပါဘူး။ လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် အများ ကြီးလုပ်နိုင်တဲ့အနေ အထားမျိုးတွေ ရှိပါတယ်။ သူတို့ကိုယ်တိုင်၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကိုယ်တိုင်၊ တရုတ်ကို လက်ခံချင်တဲ့လူမျိုး မဟုတ်ဘူး။ အားလုံးသိတဲ့အတိုင်း တရုတ်က မြန်မာပြည်မှာ လူမျိုးရော စာပေ ယဉ်ကျေးမှုကော၊ အကုန် လွှမ်းလာပြီ ခင်ဗျ။ အဲဒါတွေကို လူထုက မခံနိုင်တဲ့အခါမှာ ၁၉၆၇ ခုနှစ်ကဖြစ်တဲ့ တရုတ်-မြန်မာအရေးအခင်းထက် ကြီးတဲ့၊ အရေးအခင်းမျိုးကြီး မဖြစ်ဘူးလို့၊ မပြောနိုင်ဘူး။

ဦးရော်နီညိမ်း ။ ။ လူထုတင် မကဘူး။ ဒီအခု စစ်ခေါင်းဆောင်တွေမှာလည်း မကြိုက်တဲ့လူတွေ ရှိနေမှာပဲ။ တရုတ်က မြန်မာပြည်ကို ခွစီးလာနေတယ်လို့ မြင်နေတဲ့လူတွေ ရှိနေမှာပဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အားလုံး ဗျ။ အားလုံးပဲ။ ကျနော်သိသလောက် တပ်ထဲမှာက ကျနော်တို့ရှိစဉ် ကတည်းက၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပါအ၀င်၊ ရဲဘော်လေးအထိ မေးကြည့်ပါ။ တရုတ်ကို ကြိုက်လား လို့ မေးရင်၊ ဘယ်သူမှ မကြိုက်ပါဘူး။ ရှမ်းပြည်နယ်မှာ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် အစပ်တွေမှာ၊ တရုတ် ရဲ့ပယောဂကြောင့်၊ တရုတ်ရဲ့(ဗမာပြည်ကွန်မြူနစ်ပါတီတပ်တွေကို) အားပေးမှုကြောင့်၊ စစ်သည်အများအပြား ကျဆုံးခဲ့ရတာတွေ ရှိခဲ့ပါတယ်။ တပ်မတော်သားတွေအနေနဲ့ တရုတ်အပေါ်မှာ အထင်လည်း မကြီးဘူး။ အခု ဒါ၊ အမေရိကန်ကို ကိုလိုနီလက်သစ် ဘာညာပြောနေတာ။ တကယ်တော့ ကိုလိုနီလုပ်နေတာက တရုတ်နိုင်ငံ ဖြစ်ပါတယ် ခင်ဗျ။ တရုတ်နဲ့ ပတ်သက်ပြီး တော့ ၊ မြန်မာစစ်တပ်ထဲမှာ ဒီလိုပဲ ခံယူထားကြတာပါ ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ လက်ရှိ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့၊ ထောက်လှမ်းရေးအရာရှိ ဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့၊ ဆက်သွယ်မေးမြန်းပြီး တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။



၁၉၈၈ နောက်ပိုင်း တရုတ် - မြန်မာ ဆက်ဆံရေး ကစားပွဲ - အပိုင်း (၁)

By ရော်နီညိမ်း စနေ, 21 မေ 2011
တပ်မှူးတပ်သား ပြောစကား (၀၆၁)

လာမယ့် မေလ (၂၆) ရက်နေ့မှာ၊ မြန်မာအစိုးရသစ်ရဲ့ သမ္မတသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သမ္မတဖြစ်ပြီး ပထမဆုံးအကြိမ် သွားရောက်တော့မှာ ဖြစ်ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးကို ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေးအဖြစ် နှစ်ဘက်လုံးက လူသိရှင်ကြား ပြောဆိုနေကြပေ မယ့်၊ ကန့်လန့်ကာ နောက်ကွယ်မှာ တဘက်နဲ့တဘက် မရိုးသားကြဘူးလို့၊ ထောက်လှမ်းရေးအရာရှိဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ပြောပြထားတာကို၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားပါတယ်

ဦးရော်နီညိမ်း ။ ။ ဦးအောင်လင်းထွဋ် ခင်ဗျား၊ တရုတ်နိုင်ငံကို မြန်မာနိုင်ငံက သမ္မတသစ် ဦးသိန်းစိန် မကြာခင်မှာ သွားတော့မယ်။ အရင်ကလည်း သူဟာ ၀န်ကြီးချုပ်ဘ၀နဲ့ ခဏခဏ သွားဘူးပါတယ်။ ကျနော်တို့ က ပြန်ကြည့်တဲ့အခါမှာ၊ တရုတ်-မြန်မာ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့နှစ်သုံးဆယ်အတွင်း၊ ၁၉၉၀ ရွေးကောက်ပွဲ မှာတုန်းကတော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိသွားတာကို လာပြီးတော့ ပထမဆုံး အားပေးချီးကျူး စကားပြောခဲ့သူဟာ တရုတ်သံအမတ်ကြီး ဖြစ်တယ်ဆိုတာကို၊ မြန်မာ့နိုင်ငံရေးလောကတခုလုံးက ခုထက်ထိ မမေ့နိုင်ကြသေးဘူး။ အဲဒီအနေအထားကနေ ဘယ်လိုတွေ အပြောင်းအလဲတွေ ဆက်တိုက်ဆက်တိုက်၊ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဖြစ်လာခဲ့သလဲ ဆိုတာကို၊ ဗိုလ်မှူးက အဲဒီအချိန်က ကကလှမ်း (ကာကွယ်ရေး ၀န်ကြီးဌာန၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး) ကကကြည်း(ကာကွယ်ရေးဦးစီးချုပ်-ကြည်း ရုံး) မှာ ရှိနေခဲ့တာကြောင့်၊ အဲဒီအချိန်မှာ ဗိုလ်မှူးတို့ ဘယ်လိုမြင်လဲ ခင်ဗျ၊ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးကစား ကွက်ကို။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တရုတ်ကတော့ အဓိက ကတော့၊ စီးပွားရေးမျက်စေ့နဲ့ ကြည့်တာပါပဲ။ တကယ် ပဲ၊ ရွေးကောက်ပွဲမှာ နိုင်တဲ့ပါတီကို အာဏာလွှဲပေးမယ် ဆိုပြီးတော့မှ၊ ခေါင်းဆောင်လုပ်တဲ့ ဗိုလ်ချုပ်ကြီးစော မောင်ကိုယ်တိုင်က၊ ပြောခဲ့တာပဲ ဗျာ။ ကျနော် ဒီဘက်(၀ါရှင်တန်ဒီစီမှ မြန်မာသံရုံး) ရောက်တဲ့အခါမှာ၊ ၂၀၀၁ ခုနှစ်လောက်မှာ အဲဒီအချိန်က ဟူကျင်းတောင်က တရုတ်ဒုသမ္မတအနေနဲ့ အမေရိကားကို လာလည်တာ ရှိပါ တယ်။ သူ့တပည့်တွေနဲ့ ကျနော်တို့နဲ့ တွေ့တဲ့အခါမှာ၊ သူတို့သဘောထားတွေကို တီးခေါက်ကြည့်တဲ့အခါမှာ၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ၊ နိုင်ငံရေးတည်ငြိမ်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ စီးပွားရေးလုပ်ဖို့ပဲ စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံမှာ ဘယ်အစိုးရပဲ တက်တက်၊ ဘယ်ပါတီပဲ တက်တက် တရုတ်က လက်ခံမယ်၊ လို့ပြောကြပါတယ်။ ကျနော်က မေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ ဘယ်လိုမြင်လဲလို့ ဆိုတဲ့ အခါကျတော့၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း သူတို့က အကောင်းမြင်ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ကို ဝေဖန်တာ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် တက်လာရင်လည်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နဲ့ လုပ်နိုင်ကိုင်နိုင်တယ် ဆိုတဲ့ အနေအထားမျိုးတွေ ပြောခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒုသမ္မတ ဟူကျင်းတောင်နဲ့ ပါ လာတဲ့ကိုယ်စားလှယ်အဖွဲ့နဲ့၊ ကျနော်တို့နဲ့ (မြန်မာ)သံအမတ်ကြီးအိမ်မှာ တခါ တွေ့ခဲ့ကြတာ ရှိပါတယ်။ နောက် တခါ ၀ါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးမှာ ထောက်လှမ်းရေးလို အဖွဲ့အစည်းမျိုး၊ ကျနော်တို့လို အဖွဲ့တွေ ရှိပါ တယ်။ သူတို့နဲ့ နှစ်ခါသုံးခါလောက် ဟော်တယ်တွေမှာ တွေ့ပြီး၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး စကားစမြည် ပြောခဲ့ ဘူးလို့၊ အခု ဒါကို ကျနော် ပြန်ပြောနိုင်တာပါ။

ဦးရော်နီညိမ်း ။ ။ နောက်တခုက ရေဒီယိုအင်တာဗျူးတခုမှာ ကျနော်တို့ကို ပြောပြဘူးတာ ရှိပါတယ်။ ၁၉၉၀ ကျော် လာတဲ့အခါမှာ၊ တကြိမ်တခါမှာ၊ ဗိုလ်မှူးတို့က ထိုင်ဝမ်ထောက်လှမ်းရေးအဖွဲ့ကို မိလိုက်တယ်။ နည်းနည်းနောနော ပိုက်ကွန်အဖွဲ့ကြီး မဟုတ်ဘူး။ ဒါပေမယ့်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့၊ ဘာမှ မလုပ်ပဲ ဒီအတိုင်းထားရတယ်၊ ဆိုတာ။ အဲဒါကို အခု နောက်တခေါက် ပြန်ပြီး ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဟုတ်ပါတယ် ခင်ဗျ။ အဲဒါကလည်း၊ ခုနကကိစ္စတွေနဲ့ ပြန်ဆက်ပြီးပြောရရင်၊ ၁၉၉၀ ရွေးကောက်ပွဲနိုင်သူတွေကို အာဏာလွှဲမပေးတော့ဘူးဆိုတဲ့အချိန်အခါမှာ၊ တရုတ်က မြန်မာအစိုးရ အပေါ်မှာ၊ အခြေအနေ စောင့်ကြည့်တဲ့ အနေအထားမျိုးတွေ ရှိလာပါတယ်။ နောက်ပိုင်းမှာ၊ အားလုံးသိတဲ့အ တိုင်းပဲ ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာကတည်းကိုက၊ တရုတ်နဲ့ ပတ်သက်ပြီးတော့ရော အမေရိကန်နဲ့ ပတ် သက်ပြီးတော့ရော၊ သူက ကြွေးကြော်ခဲ့တာက၊ တရုတ်ဆိုရင်လည်း “ငါတို့ တရုတ်ကိုချစ်လို့ ပေါင်းနေတာ မဟုတ်ဘူး။ မလွှဲသာလို့ ပေါင်းနေတာကွ” ဆိုတာ ပါ။ အဲဒီလို ကြွေးကြော်သံမျိုးတွေ ရှိခဲ့ပါတယ်။ တရုတ်ဆန့် ကျင်ရေးပေါ့။ သူ ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာ တပ်မမှူး (အမှတ် (၈၈) ခြေမြန်တပ်မ) ဖြစ်တဲ့အချိန်ထိ ကို၊ တရုတ်က ထောက်ခံနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီတပ်တွေနဲ့ တိုက်ခဲ့ရတာကိုး။ သူတင် မဟုတ်ပါဘူး။ ဗိုလ်ချုပ်ကြီးမောင်အေးရော၊ နှစ်ယောက်စလုံးပါ။

ဦးရော်နီညိမ်း ။ ။ အရှေ့မြောက်ခြမ်းတို့ အရှေ့ဘက်ခြမ်းတို့မှာ၊ တိုက်ပွဲတွေ ၀င်ခဲ့ဘူးတဲ့၊ မြန်မာ့တပ်မ တော်သား အကုန်လုံးမှာ၊ တရုတ်နဲ့ ပတ်သက်လို့၊ ဒီခံစားချက်မျိုး ရှိမယ် ထင်ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ ဒီ ခံစားချက်တွေ ရှိပါတယ်။ (ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်ဖွဲ့များ ဖြစ်ခဲ့သည့် ‘၀’ တပ်၊ ကိုးကန့် တပ်များနှင့်) ငြိမ်းချမ်းရေးလုပ်ဖို့ ကိစ္စမှာလည်း၊ ဒီလိုပဲ၊ အဲဒီအချိန် တုန်းက ဗိုလ်ချုပ်စောမောင်တို့၊ ဗိုလ်ချုပ်ခင်ညွန့်တို့၊ သူတို့ ဦးနေ၀င်းကို ပြောပြီးတော့၊ ဦးနေ၀င်းဆီက green light ရလို့၊ သူတို့ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်လိုက်ကြတာကိုး။ အဲဒီလိုမျိုး အခြေခံစိတ်ဓါတ်ရှိတဲ့အတွက် ကြောင့်၊ ၁၉၉၄ခုနှစ်မှာ ဖြစ်ခဲ့တာတခုက၊ အဲဒီအချိန်က လားရှိုးထောက်လှမ်းရေး(၉) တပ်မှူးက၊ ဗိုလ်မှူးတင် မောင်ဋ္ဌေးပါ။ အဲဒီအချိန်မှာ လားရှိုးက AD ဂိတ်မှာ၊ တရုတ်လူမျိုးတယောက်ကို ဆက်သွယ်ရေးစက်တွေနဲ့ အတူ ဖမ်းမိလိုက်တာ ရှိပါတယ်။ သူလျှိုတွေသုံးတဲ့ ဆက်သွယ်ရေးစက်မျိုးနဲ့ ဖမ်းမိလိုက်တယ်။ အဲဒီတရုတ် ဟာ ဒီလို ပစ္စည်းတွေ ပါလာတယ်ဆိုပြီး၊ ကကလှမ်းကို သတင်းပို့တယ်၊ ရန်ကုန်ကို ပို့လိုက်ဆိုပြီး၊ ကကလှမ်း က ထောက်လှမ်းရေး(၉)ကို ညွှန်ကြားလိုက်ပါတယ်။ အဲဒီတရုတ်ကို ရန်ကုန် ရောက်တဲ့အခါ interrogation (စစ်ကြောရေး) လုပ်လိုက်တဲ့အခါ၊ သူတို့ဟာ ထိုင်ဝမ်ထောက်လှမ်းရေးရဲ့ spy ပေါ့ဗျာ၊ သူလျှိုတယောက်ဖြစ် ပြီးတော့၊ တရုတ်နိုင်ငံရဲ့သတင်းတွေကို ယူနေတဲ့ကောင်တွေ ဖြစ်ပါတယ်။ သူ့ကို ဆက်ပြီး ဖေါ်ထုတ်လိုက်တဲ့ အခါမှာ မန္တလေးမှာ ဆက်ဖမ်းလို့ ရတယ်။ လားရှိုးဘက်မှာ ဆက်ဖမ်းလို့ ရတယ်။ ဟိုဘက် ကွတ်ခိုင် ဘက်မှာ ဆက်ဖမ်းလို့ ရတယ်။ အားလုံးအတွဲလိုက် (၉) ယောက်လောက်၊ ကွန်ယက်တခု ပိုက်ကွန်တခုကို ကျနော်တို့ ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ အကြီးဆုံးကောင်က ရန်ကုန်ကဗျ။ အဲဒီအချိန်မှာ ဒီကောင်က၊ သမိုင်းလမ်းဆုံနားမှာ နေတယ်။ အယောင်ပြထားတာက၊ electronic ဆိုင်မျိုးကို၊ ဒီကောင်က ဖွင့်ထားတယ်။ ထိုင်ဝမ်ထောက်လှမ်း ရေးက ပေးထားတဲ့ သူ့ရဲ့အဆင့်က၊ Colonel ဖြစ်ပါတယ်။ သူ့နံမည် တရုတ်လိုတော့၊ ကျနော် မေ့နေပြီ။ မြန်မာနံမည်က ၀င်းနိုင်။ ဆိုတော့၊ ထိုင်ဝမ်ထောက်လှမ်းရေးရဲ့ ဗိုလ်မှူးကြီးဝင်းနိုင် ပေါ့။ အဲဒီအချိန်တုန်းက၊ သူက မကြာမကြာ ထိုင်ဝမ်နဲ့ သွားသွားလာလာ လုပ်နေတဲ့ လူပါ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ဒီကိစ္စကို ဘယ်လို ဆက်ပြီး အရေးယူလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ သူတို့က မြန်မာပြည်နဲ့ မြန်မာအစိုးရနဲ့ ပတ်သက်ပြီး၊ ဘာမှ သတင်း ထောက် လှမ်းတာ မရှိဘူး ခင်ဗျ။ အထူးသဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တ၀ိုက်က သတင်းတွေကို၊ ထိုင်ဝမ်ကို သူ တို့ ပြန်ပို့ပေးရတဲ့ အနေအထားမျိုး ရှိတယ်။ ဒီလို စစ်ကြောရရှိချက်တွေကို ကျနော်တို့က အထက်ကို တင်ပြ တယ်။ ဗိုလ်ချုပ်ခင်ညွန့်က ဗိုလ်ချုပ်ကြီးသန်းရွှေကို ဆက်ပြီး တင်ပြတယ်။ အဲဒီအခါကျ၊ ကျနော်တောင် အံ့သြ သွားတယ်။ ဘာဖြစ်လို့လဲ အံ့သြသွားလဲ ဆိုတော့၊ ကျနော်တို့ကို အများက ထင်ကြတယ်၊ ကျနော်တို့ကို တရုတ်ရဲ့တပည့် တရုတ်ရဲ့ သြဇာခံလို့၊ ပြောနေကြတာကိုး။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးသန်းရွှေဆီက မှတ် ချက်ကို ကျနော်တို့ ပြန်သိရတာက၊ သူပြောတာက “ဒီ ထိုင်ဝမ်ကောင်တွေက၊ ငါတို့ကို ဒုက္ခပေးတာ မဟုတ် ဘူး၊ သူတို့ကို ပြန်လွှတ်ပေးလိုက်၊ ပြီးတော့ သူတို့ရတဲ့ တရုတ် ပြည်မကြီးရဲ့ သတင်းကို၊ ငါတို့ကိုလည်း ပေး ခိုင်း” ဆိုပြီးတော့မှ၊ ကျနော်တို့ ထောက်လှမ်းရေးသဘောနဲ့ ပြောရင် double agent (နှစ်ဘက်ချွန်သူလျှို) လုပ်ခိုင်းတဲ့၊ မှတ်ချက်ကို ချခဲ့တယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ တရုတ်အစိုးရရဲ့ ထောက်လှမ်းရေး မဟုတ်တောင်မှ၊ သူတို့ကို သတင်းပေးနေ တဲ့ လူတွေ၊ မြန်မာပြည်ထဲမှာ အများကြီး ရှိနေတာပဲ။ ထိုင်ဝမ်ထောက်လှမ်းရေးအဖွဲ့ တဖွဲ့ကို၊ မြန်မာအစိုးရက မိသွားခဲ့တာ ကို၊ တရုတ်အစိုးရဘက်က တနည်းတနည်းနဲ့ မသိနိုင်ဘူးလား၊ မသိသွားဘူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မသိနိုင်ဘူး ခင်ဗျ။ ဒီကိစ္စက ကျနော်တို့ ကကလှမ်းမှာ၊ လူတိုင်း မသိဘူး ခင် ဗျ။ အဲဒီအချိန် အဲဒီအခါက ဒီကိစ္စကို လုပ်နေတဲ့သူ တယောက်နှစ်ယောက်လောက် သိတယ်ဗျာ။ မှတ်မှတ်ရရ ဗျာ၊ ကျနော်သတိ ထားမိတာက၊ အဲဒီအချိန်က Colonel (G.S.) စစ်ဦးစီးဗိုလ်မှူးကြီး(ကြည်း)က၊ အခု သမ္မတ ကြီးလုပ်နေတဲ့ ဦးသိန်းစိန် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဒါဆိုရင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ အဲဒီအချိန်က စစ်အစိုးရက၊ ထိုင်ဝမ် ထောက်လှမ်းရေးတွေကို ထပ်ဆင့် အသုံးချပြီး၊ တရုတ်ပြည် ယူနန်ပြည်နယ်ထဲမှာ တရုတ်အစိုးရ ဘာတွေလုပ် နေသလဲ ဆိုတာကို၊ ထပ်ဆင့်ထောက်လှမ်းနေတဲ့ အလုပ်ကို၊ ဗိုလ်မှူးတို့က လုပ်နေကြတဲ့ သဘောပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ဒီလို ပြောလို့ မရဘူးလား။ မြန်မာအစိုးရနဲ့တရုတ်အစိုးရတို့က တကယ်တမ်း လည်ပင်းဖက် ပုခုံးဖက်ထားကြတာက၊ ဟန်ပြကောင်းရုံပဲ၊ တကယ်တမ်းက တယောက်နဲ့တယောက် သူ့အိပ် ထဲမှာ ဘာရှိလဲ၊ ကိုယ့်အိပ်ထဲမှာ ဘာရှိလဲ၊ ချောင်းနေကြတဲ့ သဘော၊ ရှိမနေဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန် အဲဒီအခါက၊ အဲဒီလို ရှိနေတာကတော့၊ အမှန်ပါပဲ ခင်ဗျ။ တရုတ်ကလည်း….

ဦးရော်နီညိမ်း ။ ။ အခုကော၊ ဒီအတိုင်းပဲ ဖြစ်မနေဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အခုလည်းပဲ ဒီအတိုင်း ဖြစ်တော့ဖြစ်တယ်၊ ဒါပေမယ့် မြန်မာအစိုးရက တရုတ် အစိုးရရဲ့ အောက်မှာ၊ အတော်လေးကို ခံနေရပြီ ခင်ဗျ။ တရုတ်ကို သွားသွားကစားရင်းနဲ့ မြန်မာက ခံနေရ တာ။ တရုတ်ကလည်း သူတို့ အကြောင်းကို သိသွားပြီလေဗျာ။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ခုနက ထိုင်ဝမ်ထောက်လှမ်းရေးတွေက၊ နောက်ဆုံး ဘယ်လို ဖြစ်သွားလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နောက်ပိုင်း တောက်လျှောက်မှာ၊ အဲဒီ ၀င်းနိုင်ဆိုတဲ့ ပုဂ္ဂိုလ်ကို၊ အဲဒီအဲဒီအခါ တုန်းက တပ်မတော်ထောက်လှမ်းရေး အကူတပ်က၊ သူတို့က ထိန်းထားတယ် ခင်ဗျ။ ကျနော် အမေရိကားကို ထွက်လာတဲ့ အထိ၊ သူ့ရဲ့ ဖိုင်တွေရော၊ report (အစီရင်ခံစာ) တွေရော၊ ကျနော်တို့ (ကကလှမ်း) ရုံးမှာ ကျန်ခဲ့ ပါတယ်။

ဦးရော်နီညိမ်း ။ ။ လူတွေက ရော။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ လူတွေလည်း၊ နောက်ပိုင်းမှာ ဘယ်လိုဆက်ဖြစ်လဲ ကျနော် မပြောတတ်ဘူး။ ကျနော်တို့ အဖွဲ့တွေ ပြုတ်သွားပြီးတဲ့ နောက်ပိုင်းမှာပေါ့။

ဦးရော်နီညိမ်း ။ ။ အဲဒီလိုတော့ ဖြစ်ခဲ့တယ်ပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီလို ဖြစ်ခဲ့တာကိုတော့၊ ကျနော်ကိုယ်တိုင် ဒီကိစ္စမှာ ကိုင်တွယ်ပါဝင်ခဲ့ရလို့၊ ကျနော် ပြောတာပါ။

ဦးရော်နီညိမ်း ။ ။ ဒါဆို တယောက်နဲ့တယောက် ဟန်ပြပြောနေသလို ဆွေမျိုးပေါက်ဖေါ် ရင်းနှီးချစ်ကြည် မှု မဟုတ်ပဲနဲ့၊ ဖြစ်နေကြတာပေါ့။ အဲဒီတော့ မြန်မာအစိုးရက ခံနေရတဲ့ ဘက်ကို၊ ဘယ်လို ရောက်လာလဲ ခင် ဗျ။ ကိုယ်က သွားပြီး ကစားပေမယ့်၊ တဖြည်းဖြည်း ကိုယ်က ခံလာရတဲ့ အနေအထားကို၊ ဘယ်လိုရောက်လာ ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီလိုမျိုးတွေ တရုတ်ကို သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) က၊ သွားသွားလုပ် တယ် ခင်ဗျ။ အဲဒီအချိန် အဲဒီအခါတုန်းကတော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်က သူ့ကိုယ်သူ ဟုတ်လှပြီ၊ လည်လှပြီလို့ ထင်နေတာပေါ့ ခင်ဗျာ။ အဲဒီလောက်အထိကို သူ့ကိုယ်သူ ဘ၀င်တွေမြင့်ခဲ့တဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ကလည်း အချဉ်တော့ မဟုတ်ဘူး။ မြန်မာပြည်မှာ အဲ့ဒီအချိန်က ဘာ income (၀င်ငွေ) မှ မရှိသေးဘူး။ မူးယစ်ဆေးဝါးပိုက်ဆံ (လက်နက်ကိုင် မူးယစ်ဆေးဝါးရာဇာများ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေအစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး၊ မူးယစ်ဆေးဝါးမှ ရရှိနေသောငွေများနှင့် ကုမ္ပဏီကြီးများ၊ ဘဏ်ကြီးများ၊ လေကြောင်းလိုင်းများ မြန်မာနိုင်ငံတွင် တရားဝင်ထူ ထောင်ကြပြီး၊ ငွေမည်းများကို ငွေဖြူအဖြစ် လျှော်ဖွပ်ကြ ရာမှ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရထံလည်း အခွန်ငွေ၊ ၄င်းတို့၏ လုပ်ငန်းလည်ပတ်ငွေများ အဖြစ် ၀င်လာ ကြသည့်၊ ငွေဖြူများ) ကို မှီခိုရတာ ရှိတယ်။ သစ်ရောင်းလို့ ရတာ ရှိတယ်။ ကျန်တဲ့ ငါးတို့ ရေထွက်ပစ္စည်းတို့ ရောင်းလို့ရတာတွေ ၀င်ငွေ နည်းနည်းပါးပါးပဲ ရှိတယ်။ အဲဒီအချိန်မှာမှ၊ ဗိုလ်ချုပ်ကြီးစောမောင်လက်ထက်က၊ စစ်ပစ္စည်းတွေ (အမေရိကန်ဒေါ်လာ) two billions (သန်းပေါင်းနှစ်ထောင်) ဖိုး ၀ယ်ထားခဲ့တာတွေကို၊ တရုတ် က အကြွေးတောင်းတယ် ခင်ဗျ။ အားလုံးကို မဆပ်ခိုင်းပေမယ့်၊ အတိုးကို ဆပ်ခိုင်းတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ အဲဒီအချိန်က အတိုးလည်း မပေးနိုင်ဘူး။ တရုတ်ဆိုတာကလည်း၊ စီးပွားရေးသမား ဆိုတော့၊ အတိုးတောင် မပေးနိုင်တဲ့ အခါကျတော့၊ ကဂျီကဂျောင် ကျရော ခင်ဗျ။ ပူညံပူညံ ဖြစ်တာတွေ၊ အဲဒီအချိန်က ရှိခဲ့ပါတယ်။ တရုတ်ဆီက စစ်ပစ္စည်း two billions ဖိုး ၀ယ်လိုက်တဲ့ ဟာတွေကလည်း၊ အစုတ်တွေချည့်ပဲ။ လေယာဉ်ပျံတွေကော၊ တင့်ကားတွေကော၊ တော်တော်အျားများက အစုတ်တွေချည့်ပါပဲ။

ဦးရော်နီညိမ်း ။ ။ မြန်မာပြည်ကို တရုတ်သမ္မတကျန်ဇီမင်း ရောက်လာခဲ့တယ်။ အဲဒီတုန်းက စပြီး၊ မြန်မာ အစိုးရနဲ့ တရုတ်အစိုးရတို့ သဘောတူညီမှုတွေ၊ MOU (memorandum of understanding - နားလည်မှုစာ ချွန်လွှာ) တွေ၊ အရေအတွက် တော်တော်များများ စပြီး၊ လက်မှတ်တွေ ထိုးလာခဲ့တယ်၊ ၁၉၈၈ ခုနှစ် နောက် ပိုင်းမှာ။ အဲဒါတွေလည်း ကျနော်တို့ တွေ့ခဲ့ရပါတယ်။ အဲဒီ အချိန်အခါရော၊ ဗိုလ်မှူးက မှီလိုက်လား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ အဲဒီဇာတ်လမ်းကို ကျနော်ပြောရရင်၊ ၁၉၉၆ခုနှစ်မှာ ဒီဇာတ် လမ်းက စခဲ့ပါတယ်။ ၁၉၉၆ ပြီးတော့ ၁၉၉၇မှာ၊ အမေရိကန်အပါအ၀င် အနောက်ဥရောပနိုင်ငံတွေ အပါအ ၀င်၊ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဖြစ်လာတာ ရှိတယ်။ နောက်တခု သတိထားမိပါလိမ့်မယ်။ အဲဒီ အချိန်ကျမှ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး၊ လူ့အခွင့်အရေးတို့၊ forced labor (အဓမ္မလုပ်အားပေးခိုင်းစေခြင်း) တို့၊ ကလေးစစ်သားကိစ္စတို့ ဆိုတာတွေ က၊ အဲဒီ ၂၀၀၀ ခုနှစ် မတိုင်ခင်လောက်အတွင်းမှာမှ ကုလသမဂ္ဂမှာ ပြဿနာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါတွေ ဖြစ်လာတဲ့အခါကျတော့၊ အနောက်နိုင်ငံတွေထဲကလည်း သူ့ (ဗိုလ်ချုပ် မှူးကြီးသန်းရွှေ) ကို၊ ကယ်မယ့်လူ မရှိတော့ဘူး။ ဘာလို့လဲ ဆိုတော့၊ စီးပွားရေးပိတ်ဆို့တာတို့၊ ၀ိုင်းပြီး pressure (ဖိအား) ပေးတာ တို့တွေ ရှိလာပြီ။ အဲဒီအချိန်အခါမှာ၊ သူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) တရုတ်ကို ပြေးပြီး ကပ်ရတဲ့၊ အနေအထားမျိုး ရောက်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ၊ အားလုံး သိကြပါတယ်၊ မြန်မာ နိုင်ငံကို ASEAN ထဲ ၀င်ဖို့ ဘာတို့ ကိစ္စတွေမှာ၊ တရုတ်ရဲ့ အကြံပေးချက်တွေလည်း တစိပ်တပိုင်း ပါပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီ ၁၉၉၇ ခုနှစ်နောက်ပိုင်း နိုင်ငံတကာက အနောက်အုပ်စုက၊ ပြင်းပြင်းထန်ထန် အရေးယူပိတ် ဆို့ဒဏ်ခတ်တာတွေ လုပ်လိုက်တဲ့အခါမှာ၊ တရုတ်ဘက်ကို ပိုပြီးရွေ့သွားတဲ့ တရုတ်ကို အား ကိုးလာရတဲ့ သဘောကို၊ စလာတာလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်အခါမှာ၊ ကျနော်တို့ အဖွဲ့ (ထောက်လှမ်းရေးအဖွဲ့) တွေ အနေနဲ့ သိ လိုက်ပြီ။ သူ ဒီလိုလုပ်နေရင်၊ အနောက်အုပ်စုကလည်း ဖိအားတွေ တောက်လျှောက်ပေးလာတဲ့ အခါမှာ၊ တရုတ်ဘက်ကို ရောက်သွားမယ် ဆိုတာ။ ဒါက မှန်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီအခါကျတော့၊ ဒီ အမေရိကန်တို့ တရုတ်တို့ အိန္ဒိယတို့ ကြားမှာ၊ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အစိုးရက၊ သွားသွားပြီး ကစားနေတာဟာ၊ နောက်ဆုံးရလဒ်က ဘယ်လို ဖြစ်လာလဲ ခင်ဗျ။ အခုလက်ရှိ စစ်ခေါင်းဆောင်တွေအတွက် ဘယ်လို သင်ခန်းစာယူစရာ ဖြစ်နေပါလဲ ခင်ဗျ။ အခု စစ်ခေါင်းဆောင်တွေက၊ ပြောမယ်ဆိုရင်တော့၊ အခုအချိန်ထိ နိုင်ငံရေးနဲ့ ပတ်သက်လို့ သံတမန် ရေးနဲ့ ပတ်သက်လို့၊ ရှေ့က လူဟောင်းတွေ လုပ်သွားသမျှ၊ သူတို့က ခံရမယ့် သဘောမှာ ရှိနေတယ်။ သူတို့ ကတော့ လောလောဆယ်မှာ၊ ပြစ်မျိုးမှည့်မထင် အနေအထားမှာပဲ ရှိသေးတယ်။ ဒါပေမယ့် အခု သူတို့ တချက် မှားသွားရင်တော့၊ ရှေ့ကလူတွေ လုပ်သွားတဲ့ဟာတွေက၊ သူတို့ရဲ့ အမှား ဖြစ်သွားမယ့် အနေအထား လည်း ရှိနေတယ်။ အဲဒီတော့ ဒါတွေကို ဗိုလ်မှူး ဘယ်လိုမြင်လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ရှေ့က ဖြစ်ခဲ့တဲ့ ဥစ္စာတွေကို၊ အခု လက်ရှိစစ်ခေါင်းဆောင်တွေ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအ၀င်၊ ကျန်တဲ့ အောက်က စစ်ခေါင်းဆောင်တွေအနေနဲ့၊ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ ဗိုလ် ချုပ်ကြီးမောင်အေးတို့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့၊ နောက် ဗိုလ်ချုပ်ကြီးရွှေမန်းတို့ အဖွဲ့တွေ၊ ဘာတွေလုပ်ခဲ့ကြ တယ် ဆိုတာကို၊ သူတို့ ဂဃနဏ သိပုံ မပေါ်ပါဘူး။ တရုတ်နဲ့ပတ်သက်ပြီး ကျနော်ဆက်ပြောချင်တာက၊ ခုန ၂၀၀၁ ခုနှစ်မှာ ကိုရော်နီပြောတဲ့ တရုတ် သမ္မတ ကျန်ဇီမင်းက မြန်မာပြည်လာတယ်။ လာတဲ့အခါမှာ၊ ရေအား လျှပ်စစ်တို့ စီမံကိန်းတွေ အပြင်မှာ၊ တော်တော် များများ သူတို့ (စစ်အစိုးရ) လက်မှတ်ရေးထိုး ပေးလိုက်ရတာ တွေ ရှိတယ်။ ပထမ အမေရိကန်က ယူနိုကော်လ် (UNOCAL ရေနံကုမ္ပဏီ) တို့၊ ပြင်သစ်က တိုတယ်လ် (TOTAL ရေနံကုမ္ပဏီ) တို့က တူးလို့ရတဲ့ gas (သဘာဝဓါတ် ငွေ့)ကို ယိုးဒယားကို ရောင်းခဲ့တယ် ဗျာ။ ဒါတွေ ကနေ ပိုက်ဆံရတာကို မျှော်ကိုးပြီးတော့မှ၊ ကျန်ဇီမင်း လာတဲ့အချိန်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက၊ အဲဒီ အချိန်အခါကျမှ မြန်မာနိုင်ငံထဲမှာ စတင်ရတဲ့ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ လက်ရှိ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့၊ ထောက်လှမ်းရေးအရာရှိ ဟောင်း သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့၊ ဆက်သွယ်မေးမြန်းပြီး တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ ရှေ့သီတင်း ပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဦးအောင်လင်းထွဋ်နဲ့ ပြောစကားတွေကို ဆက်ပြီး တင်ဆက်ပေးသွားပါမယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။
http://www.voanews.com/burmese/news/