Tuesday, May 31, 2011

ခေါက်ရိုးကျိုးနေသောအလွဲများ

မနေ့ကကျနော့ ဇနီးသည်ကိုယ်ဝန်ရှိလို့ ကျနော်တို့နေတဲ့မြို့လေး
(ရွှေကျင်မြို့)မှာ ရှိတဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းမှာ ကိုယ်ဝန်သွားအပ်တာပါပေါ့ဗျာ..
အဲဒီမှာ (တနင်္လာနဲ့ အင်္ဂါနေ့)နေ့ပဲ မှတ်ပုံတင်တယ်..စစ်ဆေးတယ်ဆိုပါတော့..
တစ်ပတ်မှာ (၂)ရက်ပဲဖွင့်တယ်ဆိုပါတော့...ကျနော်ကလည်း မြို့က (og) ကိုလည်းအပ်ထားပါတယ်..
ဒါအပြင် မိခင်နဲ့ကလေးအသင်းရဲ့ စစ်တမ်းကောက်တဲ့အခါ ကာကွယ်ဆေးတွေဘာတွေညာတွေ လိုအပ်တာတွေ လမ်းညွှန်လို့ရအောင်လို့ မှတ်ပုံသွားတင်ပါတယ်..
အဲဒီမှာ ကိုယ်ဝန်ဆောင်မိခင်တွေ ရှစ်ယောက်၊ကိုးယောက်လောက်ရောက်နေကြတယ်လေ..
များသောအားဖြင့်နွမ်းပါတဲ့မိခင်တွေများပါတယ်..တစ်ချို့ဆို ဆိုက်ကားလေးနဲ့..
တစ်ချို့က ခင်ပွန်းကလိုက်ပို့တဲ့ စက်ဘီးလေးနဲ့ လာကြတာပေါ့..
ဒါနဲ့ကျနော့်တို့လင်မယားနှစ်ယောက်ကလည်း ဆိုင်ကယ်လေးနဲ့ဝင်သွားတော့ သားဖွားဆရာမလို့ထင်ရတဲ့ (ယူနီဖောင်းဝတ်ထားတဲ့ဆရာမတစ်ယောက်)ထွက်လာပြီးတော့  ''ဒီနေ့နဲ့မနက်ဖြန်ဆေးခန်းပိတ်တယ်..လကုန်အစည်းအဝေးရှိလို့ နောက်တစ်ပတ်မှဖွင့်မယ်..အားလုံးနောက်တစ်ပတ်မှ
လာကြပါတဲ့..ဒါနဲ့ကျနော်ကလည်း သြော်အဲဒီလိုကြီးလားလို့ ပြန်မေးမိတော့ ကျနော့ကို ဘုကြည့်ကြည့်လိုက်တယ်ဗျာ..ဒါနဲ့ အမျိုးသမီးတစ်ဦးထပ်မံရောက်ရှိလာပြီးတော့ ဆရာမတစ်ဦးရဲ့နာမည်မေးပြီးတော့ သူ့ကိုလာပင့်တာတဲ့..အခုသူလက်ခံထားတဲ့လူနာ (ကိုယ်ဝန်ဆောင်သည်) က
ဗိုက်နာလို့ မီးဖွားတော့မယ်ထင်တယ်လို့လိုက်ကြည့်ပေးဖို့လာပင့်တာပါတဲ့..(နွမ်းပါးတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက ဆေးရုံမှာမီးဖွားဖို့အခက်အခဲရှိတဲ့အခါ ကိုယ့်အိမ်မှာပဲကိုယ်မီးဖွားရတယ်လေ..ဒါကြောင့်သားဖွားဆရာမကိုအပ်ထားရတာပေါ့..သားဖွားဆရာမကြတော့အိမ်မှာ
ပဲပင့်ပြီးမီးဖွားကြတော့ သုံးလေးသောင်းလေးနဲ့ပြီးသွားတာလေ) ဒါနဲ့အဲဒီလာပြောတဲ့ဆရာမက ဒီနေ့ဘယ်သူမှ
လိုက်နိုင်မှာမဟုတ်ဘူး..လကုန်အစည်းအဝေးရှိလို့ အားလုံးအစည်းအဝေးတက်ရမယ်..ပျက်ကွက်လို့မရဘူး..ဒါကြော င့် ပြန်တော့လို့ပြောလိုက်တယ်ဗျာ..
ကျနော်လည်းတော်တော်စိတ်မကောင်းလည်းဖြစ်မိသွားသလိုစိတ်ထဲလည်းဘ၀င်မကျဖြစ်သွားပါတယ်..ရွှေကျင်မြို့မှာ ဆေးရုံလည်းရှိတယ်..
ဆရာဝန်တွေလည်းထိုက်သင့်သလောက်ရှိပါတယ်..ဒါပေမဲ့ဗျာ..မယောင်ရာဆီလူးဆိုသလို အစည်းအဝေးရှိလည်း ဂျူတီသမားအလုံအလောက်ချပေါ့..
အခုတော့အရေးပေါ်မီးဖွားမဲ့သူက အစည်းအဝေးပြီးတဲ့အထိစောင့်ပြီးမှ မီးဖွားရမလိုဖြစ်နေရတာ ဘ၀င်မကျလို့ ရေးလိုက်မိတာပါ..
သြော် အစိုးရသစ်လက်ထက်မှာလည်း လူသစ်စိတ်သစ် စနစ်သစ်နဲ့ ချီတက်ရမှာကို စနစ်ဆိုးအကျင့်ဆိုး လေးတွေက အမွေပါလာသေးပါလားလို့ (အပြုသဘောနဲ့) ရေရွတ်မိပါသေးတယ်..
တာဝန်ရှိတဲ့သူတွေကလည်း ရာထူးအဆင့်ဆင့်ရှိပြီးတော့ ဒီလိုအုပ်ချုပ်မှုကိစ္စလေးတွေတောင် မစီစဉ်ထားဘူးလားလို့..စိတ်တိုင်းမကျ ဖြစ်ပြီး စိုင်းထီးဆိုင်သီချင်းတစ်ပုဒ်ထဲက စာသားလေးကို သတိရလိုက်မိပါတယ်..ခေါက်ရိုးကျိုးနေတဲ့ အကျင့်ဆိုးကို (ပြန်ညှိရမဲ့ကာရန်တစ်ပုဒ်လို့)စဉ်းစားမိပါတယ်ဗျာ ...

စိုင်းညီလေး
http://mmcpcommunity.net/

ဘာအလုပ် လုပ်တာလဲ




by Kyi Win on Tuesday, May 31, 2011 at 3:56am
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်အသစ်တက်သည့်အချိန်ကဖြစ်သည်။ မြို့တော်ဝန်သည် ရန်ကုန်မြို့တော်၏ စည်ပင်ဆိုင်ရာအခွန်အခများအပါအ၀င် အခြားသောဈေးနှုန်းများကိုပါ မြှင့်တင်ရန်ဆန္ဒရှိနေသည်။ သို့သော်မမြှင့်တင်မီ ရန်ကုန်မြို့နေလူထု၏သဘောထား မည်သို့ရှိမည်နည်းဆိုသည်ကို လေ့လာရန်ဆုံးဖြတ်လိုက်လေသည်။ ထို့နောက် ရုပ်ဖျက်ပြီးလှည့်လည်ကြည့်ရှုလေသည်။ ပုဇွန်တောင်ဈေးရှေ့သို့အရောက်တွင် အ၀တ်အစားခပ်နွမ်းနွမ်း ၀တ်ထားသည့် လူတစ်ယောက်ကိုမေးကြည့်လေသည်။

`တကယ်လို့ စည်ပင်အခွန်အခတွေကို ၅၀%မြှင့်တင်လိုက်မယ်ဆိုရင် ခင်ဗျားတို့အနေကျပ်သွားနိုင်မလား´

`အထွေအထူး ကျပ်သွားစရာအကြောင်းမရှိပါဘူး´

`ရ၅% မြှင့်တင်လိုက်မယ်ဆိုရင်ရော´

`အင်း..နေသာထိုင်သာ ရှိမှာပါ။ ရတဲ့ဝင်ငွေနဲ့ လောက်နိုင်ပါတယ်´

မြိုကတော်ဝန်သည် ၀မ်းသာအားရဖြစ်သွားသည်။ ထို့နောက်အားတက်လာသည့်အသံနှင့် ထပ်မေး၏။

`၁၀၀% မြှင့်တင်လိုက်မယ်ဆိုရင်ရောဗျာ´

`အဲလိုဆိုရင်တော့ တိုက်တစ်လုံးလောက် ဆောက်ရမလားဘဲ´

မြို့တော်ဝန်က စိတ်ဝင်စားသွားပြီး `တယ်ဟုတ်ပါလား။ ဒါနဲ့ ခင်ဗျားက ဘာအလုပ်လုပ်တာလဲဗျ´

`သုဘရာဇာပါ´

(31.5.2011)

၃၁.၅.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
31 May 2011 Yeyintnge's Diary.doc31 May 2011 Yeyintnge's Diary.doc
1578K   View   Download  
31 May 2011 Yeyintnge's Diary.pdf31 May 2011 Yeyintnge's Diary.pdf
2896K   View   Download  
http://www.mediafire.com/file/792b04ddbl6a2yq/31%20May%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/j9fmi7b2d7dtp2l/31%20May%202011%20Yeyintnge%27s%20Diary.pdf

31 May 2011 Yeyintnge's Diary

ကရင်လူငယ်များနဲ့ ၀မ်းတထွာ ပြဿနာ


Submitted by Karen Information Center on Tuesday, 31 May 2011
မေလ ၉ရက်။ ခွန်းအယ်သောင့်

“ဘန်ကောက်ပြန်”ဆိုတဲ့ စကားလုံးဟာ ကရင်ပြည်နယ်တစ်ခုလုံးကို ရေပန်းစားတဲ့ အရပ်သုံးစကားတလုံး ဖြစ်နေပါတယ်။ ဒီ အမည်နာမဟာ ထိုင်းနိုင်ငံက ပြန်လာတဲ့လူတွေကို တင်စားခေါ်ဝေါ်နေကြတဲ့ ကရင်ပြည်နယ်က စကားအသုံးအနှုန်းပါ။ ဘန်ကောက်က ပြန်လာတဲ့သူဟာ သူတို့ရဲ့လုပ်အားခတွေစုပြီး ရပ်ထဲရွာထဲမှာ အိမ်ကောင်းယာကောင်းတွေ ပြန်လာဝယ်နိုင် တဲ့အတွက် အထင်ကြီးသူတွေရှိသလို လူနေမှုအဆင့်အတန်း ပြောင်းလဲလာတဲ့အပေါ် ဆန်းသစ်တဲ့ ၀တ်စားဆင်ယင်မှုတွေ ကြောင့်လည်း စက်ဆုတ်ရွံရှာသူတွေလည်း ရှိပါတယ်။

တစ်ဖက်ကကြည့်ရင် ထိုင်းနိုင်ငံကို အလုပ်ထွက်လုပ်ကြခြင်းအားဖြင့် အိမ်မရှိသေးသူတွေလည်း အိမ်ဆောက်နိုင်ပြီး လယ်မရှိ သူတွေလည်း လယ်ယာမြေတွေ ၀ယ်ယူပိုင်ဆိုင်လာတဲ့အပေါ် နေ့စဉ် ကိုယ်ပိုင်အလုပ်လေးနဲ့ အသက်မွေးဝမ်းကျောင်းပြုနေ ကြတဲ့ သာမန်လူငယ်လူရွယ်တွေအဖို့ ထိုင်းနိုင်ငံကိုသွားဖို့ တွန်းအားတခုလို ဖြစ်နေပါတယ်။

အထူးသဖြင့် ကရင်ပြည်နယ်က လူထုတွေဟာ မိသားစု စားဝတ်နေရေးပြဿနာ ဖြေရှင်းနိုင်ဖို့ ၀င်ငွေကောင်းရရေးအတွက် မျှော်လင့်ချက်အပြည့်နဲ့ ထိုင်းနိုင်ငံဘက်ခြမ်းသို့ နည်းမျိုးစုံဖြင့် နေ့စဉ်လိုလိုကူးပြီး အလုပ်ထွက်လုပ်ကြပါတယ်။ အဲဒီအထဲမှာ ကရင်ပြည်နယ်က ကရင်ပြည်သူတွေ မြောက်များစွာဟာလည်း မိသားစု စားဝတ်နေရေးဆိုတဲ့ စက်ယန္တရားကြီးကို လည်ပတ် နိုင်ဖို့အတွက် နီးစပ်ရာဆွေမျိုးသားချင်းနဲ့ဖြစ်စေ၊ လူကယ်ရီကတဆင့်ဖြစ်စေ ထိုင်းနိုင်ငံဘက်ကို အလုပ်ထွက်လုပ်ကြပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သမား လက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ခွင့်ပေးထားသူ မြန်မာနိုင်ငံသား တသန်းသုံးသိန်းခန့်ရှိတယ် လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် မြန်မာ့အရေး ဆောင်ရွက်သူ အလုပ်သမား အဖွဲ့အ စည်းတွေရဲ့ ခန့်မှန်းချက်အရ အလုပ်သမား လက်မှတ်ကိုင်ဆောင်ထားသူရော တရားမ၀င် အလုပ်လုပ်ကိုင်နေသူပါ ၂သန်းခွဲ ကနေ ၄သန်းအတွင်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီလို ထိုင်းနိုင်ငံထွက်ပြီး အလုပ်လုပ်ကြတဲ့သူတွေထဲမှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွင်းကလေးကျေးရွာ က အသက် ၂၀အရွယ် စောချစ်အေးလည်း အပါအ၀င် ဖြစ်ပါတယ်။ စောချစ်အေးဟာ လက်ရှိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပြီး ထိုင်းနိုင်ငံကိုလာရတဲ့ အကြောင်းရင်းကို အခုလို ပြောပြပါတယ်။

“ရွာမှာ အကောက်အခွန်တွေ နေ့တိုင်းလိုလို လာနေတော့။ ကျနော့်မိဘတွေလည်း ပေးစရာ ဘာမှမရှိတော့ဘူး။ အဲဒါကြောင့် တဖက်တလမ်းကနေ ပြန်ကူညီနိုင်အောင်လို့ ထိုင်းမှာလာပြီး အလုပ်ထွက်လုပ်တာပါ။”လို့ စောချစ်အေးက ပြောပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ စတဲ့မြို့နယ်တွေရဲ့ တောနယ်ကျတဲ့နေရာတွေမှာ သက်ကြီးရွယ်အို တွေနဲ့ ၁၀နှစ်အောက် ကလေးသူငယ်တွေကလွဲရင် လူငယ်လူရွယ်တွေ ကုန်သလောက်နီးပါး ထိုင်းနိုင်ငံမှာ အလုပ်ထွက်လုပ် ကြပါတယ်။

စောချစ်အေးနဲ့အတူ အလုပ်လုပ်နေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်က လမ်းဖားရွာသားတဦးက “ကျနော်တို့ရွာမှာ လူငယ်တွေ ကုန်သလောက် တောင်ပေါ်တက်ပြီး အလုပ်ထွက်လုပ်တဲ့အခါကျတော့ ရွာဟာ တိတ်ဆိတ်ပြီး လူငယ်တယောက်အနေနဲ့ ဆက်နေလို့ မပျော်ပိုက်တဲ့အတွက် တောင်ပေါ်ကိုလာဖို့ ဆုံးဖြတ်ဖြစ်သွားတာပါ။”လို့ ပြောပါတယ်။

သူတို့တွေဟာ ထိုင်းမှာ လစာအများကြီး မရရင်တောင်မှ ထိုက်တန်တဲ့ လုပ်အားခရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့် ထိုင်းကို ရောက်တဲ့အချိန်မှာတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးဖြစ်နေတယ်လို့ ဆိုကြပါတယ်။

ကွင်းကလေးရွာသား စောချစ်အေးက “ကျနော် စားသောက်ဆိုင်မှာလုပ်တာ ၁နှစ်လောက်ရှိပြီး အရင်ကတော့ ရေခဲခွဲတဲ့ စက် ရုံတစ်ခုမှာ လုပ်တယ်။ တလကို ၃,၅၀၀ပဲ ရတယ်လေ။ အခု စားသောက်ဆိုင်မှာ ၄၅၀၀ရတယ် ဆိုတော့ အလုပ်ပြောင်းလိုက် တာ။ ဒါပေမယ့် ရတဲ့ပိုက်ဆံကို ဟိုသုံးဒီသုံး ဘာမှ မကျန်တော့ဘူး။”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားတဲ့လူရှိသလို လူကယ်ရီ(လူမှောင်ခို)ခ ငွေကြေးပေးပြီး တက်လာတဲ့လူတွေက ကယ်ရီခကို ဘတ်ငွေ ၅,၀၀၀ကနေ ၈,၀၀၀အထိ (ကျပ် ၃၀၀,၀၀၀) ပေးရပါတယ်။ အချို့ဆယ်ကျော်သက်အရွယ် လူငယ် တွေဆိုရင် လူကယ်ရီရဲ့ ရောင်းစားမှုကို ခံခဲ့ရသလို အချို့မိန်းကလေးငယ်လေးတွေဆိုရင်လည်း လူကယ်ရီရဲ့ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ ကြုံရတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အဆိုးဆုံးအဆင့် ၃မှာရှိနေကြောင်း ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဇွန်လ ၁၄ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၁၀နှစ်မြောက်မှာ ထုတ်ပြန်ခဲ့တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာများ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကို လူကယ်ရီနဲ့သွားတဲ့လူတချို့ဆိုရင် နီးစပ်ရာ ရွာသားတဦးဦးထံမှချေးငွေယူပြီး လူကယ်ရီခ အများကြီး ပေးကာ လမ်းတ၀က်အရောက်မှာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုခံရတဲ့အတွက် ချေးငွေပြန်မဆပ်နိုင်တော့တဲ့လူတွေ ရှိခဲ့ကြပါ တယ်။

အဲဒီလို ထိုင်းနိုင်ငံကို အလုပ်ထွက်လုပ်တဲ့နေရာမှာ ဆယ်ကျောက်သက်အရွယ် ကျောင်းသူကျောင်းသားတွေလည်း အများအ ပြား ပါဝင်တယ်လို့ ကျောင်းဆရာတွေက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်ရှိ အလယ်တန်းပြ ကျောင်းဆရာတဦးက “ကျနော်တို့ ကျောင်းကတော့ ၁နှစ်ကို အနည်းဆုံး ကျောင်းသား ၅ယောက် ၆ယောက် ကျောင်းထွက်ပြီး ဘန်ကောက်တက်ကြတယ်။ သူတို့ မိဘတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြောင့် ကျောင်းထွက်ပြီး ကျောင်းထွက်တာများပါတယ်။ မိဘတွေလည်း သူုတို့ သားသမီးတွေကို ပညာတတ် ဖြစ်စေချင်ကြပါ တယ်။ အဖက်ဖက်ကလာတဲ့ အကောက်အခွန်တွေ။ ဆက်ကြေးတွေကို မနိုင်လို့ အခုလို သူတို့သားသမီးတွေကို ထိုင်းနိုင်ငံ လွှတ်လိုက်ရတာပါ။”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကိုလာပြီး အလုပ်ထွက်လုပ်ကြတဲ့ ကရင်ပြည်နယ်က လူငယ်လူရွယ်တွေဟာ အမျိုးသမီးတွေဆိုရင် အိမ်ဖော်အလုပ်၊ စားသောက်ဆိုင်တွေမှာ စားပွဲထိုးအလုပ်နဲ့ ဈေးဆိုင်တွေမှာဝင်လုပ်တဲ့အပြင် ပြည့်တန်ဆာလုပ်ငန်းတွေမှာလည်း ၀င်လုပ်တာ လည်း ရှိပါတယ်။ အမျိုးသားတွေကျတော့ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး၊ ဝေါ့ရှော့ဆိုင်၊ ရေခဲစက်ရုံတွေမှာ ၀င်လုပ်တာ များပါတယ်။

ထိုင်းနိုင်ငံမှာ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အမြင့်ဆုံး လစာတွေကတော့ တစ်လကို ဘတ်ငွေ ၃,၅၀၀က နေ ၆,၀၀၀အထိ ရှိတယ်လို့ မြန်မာအလုပ်သမားရေးရာအဖွဲ့တွေက ပြောကြပေမယ့် တလကို ဘတ် ၃၀၀၀ကနေ ၅၀၀၀ လောက်သာ ရတယ်လို့ အလုပ်သမားတွေ ပြောပါတယ်။

အခုလို လူငယ်လူရွယ်တွေ ထိုင်းနိုင်ငံကိုတက်ပြီး အလုပ်ထွက်လုပ်ကြတဲ့အတွက် ကျေးရွာမှာ ကာလသမီး၊ ကာလသားတွေ မရှိကြတော့တဲ့အခါ လူမှုရေးအပိုင်းဖြစ်စေ၊ ယဉ်ကျေးမှုပိုင်းဖြစ်စေ၊ ဆိုးကျိုးတွေ အများကြီး သက်ရောက်တယ်လို့ ရွာသူကြီး တစ်ဦးက ပြောပါတယ်။

သူက “ရွာတရွာမှာ ကာလသမီး ကာလသားတွေ မရှိကြတော့ဘူးဆိုရင် အလှူတွေလုပ်တဲ့အခါမှာ ကာလသမီး ကာလသား တွေ ၀ိုင်းကူမဲ့သူ မရှိတဲ့အခါကျတော့ တော်တော်ဒုက္ခရောက်တယ်။ နောက်တခုက လူငယ်တွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိုင်း နိုင်ငံကို ထွက်သွားကြတယ်။ ကိုယ့်ရိုးရာယဉ်ကျေးမှုဟာ ဘာလဲဆိုတာ မသိကြတော့ဘူး။ စရိုက်တွေလည်း ပြောင်းကုန်ကြ တယ်။”လို့ ပြောပါတယ်။

မဲဆောက်မြို့ ၀ပ်ရှော့ဆိုင်တဆိုင်မှာ အလုပ်လုပ်တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က အသက် ၁၆နှစ်အရွယ် လူငယ် တစ်ဦးကလည်း “ရွာမှာဆိုရင် ကျနော်တို့လို ပညာမတတ်တဲ့ လူငယ်တွေဆိုရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ အကုန်လုံးဟာ တောင်ပေါ်ကိုလာပြီး အလုပ်ထွက်လုပ်တဲ့လူချည်းပဲ။ ကျနော် ဒီမှာလာနေတာ ပညာရတယ်။ ပိုက်ဆံလည်းရတယ်။”လို့ ပြော ပါတယ်။

ဒီလိုကရင်လူငယ်တွေ ထိုင်းနိုင်ငံဘက် အလုပ်လုပ်ရင်း မကောင်းတဲ့ စရိုက်တွေကို အတုခိုးလာတာတွေကြောင့် ဘ၀ပျက်ပြီး အသက်ပါဆုံးရှုံးရတဲ့ အဖြစ်မျိုးတွေ ရှိခဲ့ဖူးသလို တရားမ၀င် နေထိုင်လုပ်ကိုင်နေရတဲ့အတွက် ထိုင်းရဲတွေရဲ့ ဖမ်းဆီးခံရမှာ ကိုလည်း စိုးရိမ်ရတဲ့အကြောင်း အိမ်ဖော်အလုပ်သမတစ်ဦးရဲ့ မိခင်က ပြောပါတယ်။

ကရင်ပြည်နယ်က ထိုင်းနယ်စပ်နဲ့ နီးစပ်တဲ့ ကျေးရွာတွေက လူငယ်ဦးရေ ၁၀၀နဲ့ ၂၀၀လောက်ရှိတဲ့ရွာဆိုရင် အလွန်ဆုံး ၁၀ဦး ခန့်သာ ရွာမှာ ကျန်ရစ်တော့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ကိုယ့်ပြည်နယ်၊ ကိုယ့်ရပ်ရွာအတွက် တိုးတက်သာယာအောင် စွမ်းဆောင်ရမဲ့ လူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံမှာ လုပ်အားခ ထင်သလောက်မရပေမယ့် မြန်မာပြည်နဲ့ နှိုင်းယှဉ်ရင် အများကြီး ကွာခြားလှတဲ့အတွက် ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ကြုံရပါစေ ၀မ်းတထွာရဲ့ ပြဿနာ ဖြေရှင်းနိုင်ဖို့အတွက် လက်ရှိအချိန်ထိ ထိုင်းနိုင်ငံကို နည်းမျိုးစုံဖြင့် အလုပ်ထွက်လုပ်နေဆဲ ဖြစ်ပါတယ်။
http://www.kicnews.org/?p=5712

အမှုပိတ်ရန် လက်မှတ်မထိုးသည့် အလုပ်သမများကို ရဲအာဏာပိုင်များက ဖမ်းဆီး



| ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ ကိုးရီယားပိုင် အက်စ်ဂျီအိုင် (SGI) အထည်ချုပ်စက်ရုံ ဖယ်ရီကားတိမ်းမှောက်ခဲ့သည့်အမှုကို ပိတ်ရန် ကားသမားက အာဏာပိုင်များနှင့်ပေါင်းပြီး အလုပ်သမားများကို လက်မှတ်ထိုးခိုင်းခဲ့ရာတွင် လက်မှတ်မထိုးပေးသည့် အလုပ်သမနှစ်ဦးကို ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မငေးစုကျေးရွာမှ မချိုချိုလွင်နှင့် မဝေဝေသင်းတို့ နှစ်ဦးအား ကားတိမ်းမှောက်မှု မဖြစ်ပွားခဲ့ကြောင်း လက်မှတ်ရေးထိုးခိုင်းသည်ကို ငြင်းဆန်သည်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထန်းတပင်ဒေသခံ ကိုတင်မောင်ဆန်းက ပြောသည်။
“ကောင်မလေးတွေကို သက်သေထွက်ခိုင်းချင်တာ၊ ကားမှောက်ထားတဲ့ ဒရိုင်ဘာက ပိုက်ဆံပေးပြီးလွတ်ချင်တော့ ဒီကောင်မလေးတွေက ကားမမှောက်ပါဘူးဆိုပြီး လက်မှတ်ထိုးပေးမှ ဒရိုင်ဘာက လွတ်မှာ၊ ကောင်မလေးတွေကလည်း သူတို့ခံထားရတော့ မကျေအေးချင်ဘူး ဖြစ်နေတယ်၊ ဥပဒေအတိုင်းဘဲဖြစ်စေချင်တယ်” ဟု ပြောသည်။
လာရောက်ဖမ်းဆီးသွားသူများမှာ ထန်းတပင်မြို့နယ်၊ တပ်သစ်ရဲစခန်းနှင့် ပန်တိုင်စခန်းတို့မှ ရဲအာဏာပိုင်များဖြစ်ပြီး အဆိုပါအလုပ်သမနှစ်ဦးအား တရားလိုပြသက်သေထွက်ဆိုရန် ချိန်းဆိုရာသို့ မလာရောက်သည့်အတွက်ဟု အကြောင်းပြ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“မဖမ်းခင်မှာ ကောင်မလေးတွေ မိဘကို ရွာထိပ်က လဖက်ရည်ဆိုင်မှာခေါ်ပြီး ရဲတွေက အကြိမ်ကြိမ် အကြောင်းကြားတယ် မလာဘူး၊ အခု အဖမ်းခံမလား ကျနော်တို့ ဖမ်းရမလားဆိုပြီးပြောတယ်၊ ကလေးမိဘတွေက ကျမတို့ ကလေးတွေက ကျန်းမာရေးမကောင်းသေးဘူး၊ အဲဒါကြောင့် မလာနိုင်တာဆိုတော့ အာဏာပိုင်တွေက အစကတည်းက ပြောပါလားဆိုပြီး ပြောတယ်၊ ကလေးမိဘတွေက ကျမတို့ အစကတည်းပြောပါတယ်၊ လူကြီးမင်းတို့ဘက်က ဘာမှ မလုပ်ပေးတာပါဆိုပြီး ပြောခဲ့တယ်” ဟု ထန်းတပင်ဒေသခံ ကိုတင်မောင်ဆန်းက ဆက်ပြောသည်။
အဆိုပါ အလုပ်သမနှစ်ဦးအား တရားရုံးတွင် လိုပြသက်သေထွက်ဆိုရန် ဆင့်ခေါ်မှုများရှိခဲ့သော်လည်း တရားဝင် စာရွက်စာတမ်းမူရင်းဖြင့် လာရောက်အကြောင်းကြားခြင်းမျိုး မဟုတ်ဘဲ ကျေးရွာအာဏာပိုင်က ညအချိန်မှ သောက်စားပြီးလာရောက် ပြောဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“တရားလိုပြသက်သေအဖြစ် လာခေါ်တယ်၊ ကလေးမလေးတွေကလဲ ဒဏ်ရာရှိနေတယ်ဆိုတော့ မသွားနိုင်ဘူး၊ နောက်ပိုင်းကျတော့ သူတို့ ခေါ်စာပို့တယ်၊ မူရင်းတော့မပါဘူး မိတ်တူတွေဘဲ ပေးတယ်၊ လာခေါ်တော့လဲ ဥက္ကဌက မူးပြီး ည (၁၀) နာရီလောက် မိန်းကလေးတွေနေတဲ့အိမ်ကို လာခေါ်တော့ ကလေးမလေးတွေက ကြောက်တယ်၊ အဲဒါတွေကြောင့် ရုံးပြင်ကနားကို မသွားရဲတာလည်း ပါတယ်” ဟု ဆက်ပြောသည်။
ယင်းဖယ်ရီကားတိမ်းမှောက်စဉ်က အလုပ်သမား ၂၂ ဦးစလုံး ဒါဏ်ရာရှိခဲ့ပြီး အချို့မှာ အလုပ်ပြန်ဆင်းနိုင်ကြသော်လည်း မဝေဝေသင်းနှင့် မချိုချိုလွင်တို့မှာ ဆေးဝါကုသမှု လုံလောက်စွာမရရှိခဲ့သည့်အတွက် ယနေ့အထိ ရောဂါပျောက်ကင်းခြင်း မရှိသေးကြောင်း ကိုတင်မောင်ဆန်းက ပြောသည်။
“သူတို့ စဖြစ်တုန်းကဆိုရင်လဲ ဆေးရုံရောက်ပြီး တနာရီလောက်ကြာတဲ့အထိ ဘာမှ မလုပ်ပေးဘူး၊ ဒဏ်ရာနာလို့ အော်နေရာ၊ ပြီးတော့မှ ဆရာဝန် တွေရောက်လာပြီး ဓါတ်မှန်ရိုက် ဘာညာလုပ်တယ်၊ ပြီးတော့ တာဝန်ရှိသူတွေရောက်လာပြီး ဆေးရုံက အတင်းမောင်း ထုတ်တယ်၊ ဒီလိုကျိုးပဲ့တဲ့ ဒဏ်ရာနဲ့ ဆေးရုံတက်တယ်ဆိုရင် ဆေးရုံမှာ လူတောင်ဆန့်မှာ မဟုတ်ဘူးဆိုပြီး ပြောတယ်၊ ပြန်သွားပြီးနောက်ပိုင်းမှာလည်း ဆေးကုသမှု လုံလုံလောက်လောက် မရဘူး၊ ဆေးရုံမှာလဲ ဆေးကုသမှု ကောင်းကောင်းမရတော့ တချို့သူတွေလဲ အရိုးတွေ ငေါထွက်နေတယ်၊ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး၊ ခေါင်းတွေလည်း ဒဏ်ရာတွေနဲ့ ခေါင်းမူးခေါင်းကိုက်တွေဖြစ်ကြတုန်းဘဲ၊ တချို့ပျောက်သွားတဲ့ သူတွေကတော့ အလုပ်ပြန်ဝင်နေကြတယ်၊ တချို့ ကလေးတွေက လုံးဝပြန်မလုပ်နိုင်ဘူး” ပြောသည်။
အဆိုပါ ကားမှောက်မှုမှာ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလုပ်သမားအနေဖြင့် တစုံတရာ နစ်နာကြေး ရရှိခြင်းမရှိခဲ့သည့်အပြင် တရားခံဖြစ်သူက ယခုကဲ့သို့ အာဏပိုင်များနှင့်ပေါင်းကာ အလုပ်သမားများအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
http://www.yoma3.org

ကျေနပ်မိပါပြီ။(မြင့်မြင့်ခိုင်ဖေ)




by Myint Myint Khin Pe on Tuesday, May 31, 2011 at 5:53am
ကျွန်မငယ်ငယ်ကတည်းက ရုပ်ရှင်မကြည့်တက်ခဲ့ပါ။ တစ်နှစ်နေလို့ တစ်ခေါက်ရုပ်ရှင်ရုံကို မရောက်ခဲ့ပါဘူး။ ရှင်းရှင်းဝန်ခံရရင် ကျွန်မရုပ်ရှင်လုံးဝ မကြိုက်ခဲ့ပါ။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူရယ်လို့ ဖြစ်လာမယ့် ကျွန်မခင်ပွန်းနဲ့ အိမ်ထောင်ကျခဲ့စဉ် ကလည်း သူဟာ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက် မဟုတ်သေးပါဘူး။ တက္ကသိုလ်ကျောင်းသားလေး မောင်ကျော်ဝင်း (ခ) မောင်မောင်ပါ။ သို့သော်လည်း ဘ၀ကံ အကျိုးပေးကြောင့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ ဇနီးအဖြစ်နဲ့ ဘ၀လမ်းကို လျှောက်လှမ်းခဲ့ရပါတော့တယ်။

တကယ်တော့ သူရုပ်ရှင်သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ရတာ ကျွန်မရဲ့ ပယောက မကင်းဘူး လို့လည်းပြောနိုင်ပါတယ်။ ကျွန်မတို့ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ သူ့ရဲ့ အမနဲ့ ညီတို့ဟာ နိုင်ငံရပ် ခြားကို ထွက်ခွာသွားခဲ့ကြပါတယ်။ ဒီတော့ သူ့ရဲ့မိဘများက ကျွန်မ တို့ကိုလည်း နိုင်ငံခြားသွားဖို့ တိုက်တွန်းကြပါလေရော။ ကျွန်မက မြန်မာပြည်ကို သိပ်ချစ်တဲ့သူ၊ မြန်မာလူမျိုးတွေနဲ့ဘဲ နေချင်တဲ့သူ။ ကျွန်မမိဘတွေကိုလည်း မခွဲနိုင်ပါဘူး။ အဲဒါကြောင့် ကျွန်မသာ မြန်မာပြည်မှာနေရမယ်ဆိုရင် သူလုပ်ချင်တာ လုပ်နိုင်တယ်လို့ ခွင့်ပြုလိုက်ရာက သူဟာ ရုပ်ရှင်သရုပ်ဆောင် ကျော်သူရယ်လို့ ဖြစ်လာခဲ့တာပါ။ အဲဒီမှာ ကျွန်မတစ်ခါမှ အိပ်မက်တောင် မမက်ခဲ့ဖူးတဲ့ ဘ၀ကို မကြိုက်နှစ်သက်ဘဲနဲ့ လက်ခံလိုက်ရပါတယ်။ ကျွန်မတစ်ခါတလေ သူ့ကို “ပြည်သူပိုင်ကြီး”လို့ ခေါ်ခဲ့ပါတယ်။ ဟုတ်တယ် လေ။ ကျွန်မလိုချင်တာက ငြိမ်းအေးတဲ့ ကိုယ်ပိုင်သီးသန့်ဘ၀လေး။ ဒါပေမယ့် ကျွန်မရခဲ့တာက …. ထားလိုက်ပါတော့။ ကျွန်မပြောချင်တာက။ ကျွန်မရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ ဇနီးဘ၀ကို မကြိုက်ခဲ့ဘူးဆိုတာကိုပါ။

ဒီလိုနဲ့ နာရေးကူညီမှုအသင်းကြီး စတင်တည်ထောင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့ကို ရောက်လာခဲ့တယ်ဆိုပါတော့။ အဲဒီမတိုင်ခင် (၃) နှစ်လောက်ကတည်းက ကျွန်မဖေဖေရဲ့ နှစ်မ၊ မန္တလေးတက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါ်လှမြတ်ဆီက သူ နာယက အဖြစ် ဆောင်ရွက်နေတဲ့ မန္တလေး ဗြဟ္မာစိုရ်အသင်းကြီးအကြောင်းကို ကြားသိနေခဲ့ရပါတယ်။ ကျွန်မလေ ကျွန်မချစ်တဲ့ ကျွန်မတို့ လူမျိုးတွေအတွက် အကျိုးရှိမယ့် အဲဒီအလုပ်ကို ရန်ကုန်မှာလုပ်ဖို့ အရမ်းကို စိတ်အားထက် သန်ခဲ့တယ်။ တစ်ချိန်ချိန်မှာတော့ လုပ်ဖြစ်အောင် လုပ်မယ်လို့ စိတ်ကူးတွေယဉ်နေတုန်း အဒေါ်က ရန်ကုန်မှာ ဘဘ ဦးသုခတို့၊ ဆရာဦးအောင်သင်းတို့ စလုပ်ကြမယ်လို့ သတင်းပေးလာတော့။ ၀မ်းသာ အားရနဲ့ ကျွန်မတို့ အလှူငွေလည်း ထည့်ဝင်ရင်းနဲ့ ကိုယ်တိုင်လည်း ၀င်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။ ကျွန်မ မြန်မာပြည်မှာ နေလိုက်ရကျိုးက အခုမှ နတ်တော့တာလေ။ ကိုယ်လည်း ကုသိုလ်ရ၊ အများလည်း အကျိုးရှိတဲ့အလုပ်ကို လုပ်လိုက်ရလို့ ကျွန်မအရမ်းကျေနပ်ပြီ။

အဲဒီထက် ကျေနပ်ရတာကတော့ ကျွန်မတို့အသင်းဟာ ထင်ထားတာထက်ပိုပြီး အချိန်တိုတိုနဲ့ လူသိများ အောင်မြင်လာခဲ့ရတာဟာ အဲဒါ ဘာကြောင့်လဲလို့ သေချာပြန်ကြည့်လိုက်တော့ ကျွန်မတို့ အသင်းမှာ နာမည်ကျော်ကြား လူသိများပြီးသား၊ လူချစ်လူခင်များပြီးသား အနုပညာရှင်တွေ ပါနေကြ လို့ဆိုတာ ကျွန်မလုံးဝ မငြင်းနိုင်ပါ။ ဟုတ်တယ် လုံးဝမငြင်းနိုင်ပါ။ အကယ်ဒမီခြောက်ထပ်ကွမ်း ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာကြီး ဦးသုခ၊ စာရေးဆရာကြီး ဦးအောင်သင်း၊ အကယ်ဒမီရုပ်ရှင် သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူ၊ စာရေးဆရာမ သန်းမြင့်အောင်တို့ရဲ့ အနုပညာသြဇာဟာ သည်နေရာမှာ ဘယ်လောက်ထိသက်ရောက် အကျိုးပြုနေတယ်ဆိုတာ ကျွန်မတို့အသိဆုံးပါ။

၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့မှာ ရွှေဟင်္သာတောရ၊ သီရိမန္တစံကျောင်းတော် ဆရာတော် ဘဒ္ဒန္တရာဇိန္ဒာဘိဝံသ ဆရာတော်ဘုရားကြီးရဲ့ ဒါယကာ၊ ဒါယကာမများဖြစ်တဲ့ ဦးဋ္ဌေး အောင်ဝင်း ဇနီးဒေါ်ဆွေဆွေဝင်းနဲ့ ရဟန်းဒါယကာမကြီး ဒေါ်ခင်စောနွဲ့တို့ ဦးဆောင်တဲ့ ဆွေမျိုးတစ်စု က နာရေးကူညီမှုအသင်းအတွက် အလှူငွေကို ဆရာတော်ကြီးရဲ့ ရှေ့မှောက်မှာ ရေစက်သွန်ချ လှူဒါန်း လိုကြောင်း ပြောကြားတဲ့အတွက် အလှူငွေသွားရောက် လက်ခံပေးခဲ့ကြရပါတယ်။ ဆရာတော်ကြီးကို ရှိခိုးကန်တော့ မိတ်ဆက်စကား လျှောက်ထားကြတဲ့အခါ ကိုကျော်သူကို ဆရာတော်ကြီးက သူ့ရဲ့ ဒကာမတစ်ဦးဖြစ်တဲ့ အင်္ဂလန် သံအမတ်ကြီး ဒေါက်တာ ကျော်ဝင်း ကတော် ဒေါ်ကြည်ကြည်ရဲ့တူ အနုပညာလုပ်နေတဲ့ တစ်ယောက်လာလို့မေးတော့ ကိုကျော်သူက ဟုတ်မှန် ကြောင်း ယခု နာရေးကူညီမှုအလုပ်ကိုလည်း လုပ်နေကြောင်း ပြန်လည်လျှောက်ထားရာ ဆရာတော် ကြီးက “အေးပေါ့ သံဃာတွေ စာမေးပွဲအောင် အောင်၊ ဘွဲ့တံဆိပ်ရအောင် ဖြေဆိုထားကြသလိုပေါ့။ ဂုဏ်အရှိန်ရှိတော သာသနာပြုရတာ ပိုတွင်ကျယ် သလို၊ နာမည်ရှိပြီးသား ရုပ်ရှင်သရုပ်ဆောင်ဆိုတော့ လူမှုရေးလုပ်ရတာ ပိုလွယ်ကူ အောင်မြင်လွယ်တာပေါ့။” လို့ မိန့်ကြားလိုက်တဲ့ စကားတစ်ခွန်းနဲ့ပဲ ကျွန်မလေ ကျွန်မခင်ပွန်းဟာ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တစ်ဦးဖြစ်နေတာကို ကျေနပ်မိပါပြီ။


(ဆောင်းပါးအသစ် မရေးနိုင်သေးခင်မှာ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ထုတ် အလင်းတန်း ဂျာနယ်မှာ ဖော်ပြခဲ့ဘူးတဲ့ ကျွန်မရဲ့ ပထမဆုံးဆောင်းပါးကို ပြန်လည်တင်ပြလိုက်ပါတယ်။ ဒီဆောင်းပါးကို နာရေးကူညီမှုအသင်းက ထုတ်ဝေတဲ့ “ပေးဆပ်နေသူများ” စာအုပ်ထဲမှာလည်း ထည့်သွင်းခဲ့တော့ ဖတ်ဖူးတဲ့သူတွေလည်း ရှိကြမှာပါ။ မဖတ်ရသေးတဲ့သူတွေအတွက်တော့ အသစ်ပေါ့။)

အင်းစိန်ထောင် အစာငတ်ခံ ဆန္ဒပြပွဲ နှင့် Black September


ယခုရက်ပိုင်းတွင် ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံ ဆန္ဒပြခြင်း သတင်းများ ကြားရသော အခါ တချိန်က အစာငတ်ခံ ဆန္ဒပြခဲ့စဉ်က အတွေ့အကြုံများကို ပြန်လည် မြင်ယောင် ခံစားမိရင်း ဆန္ဒပြသူများအတွက် လွန်စွာ စိုးရိမ်ပူပန်မိပါသည်။

သက်ရှိသတ္တ၀ါတိုင်း၏ အသက်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ ပေါ်တွင် တည်မှီသည်။ ထိုအထဲတွင် အာဟာရသည် လူသားတိုင်း၊ သက်ရှိသတ္တ၀ါတိုင်း အသက် ရှင်သန်စေသည့် အဓိက အကြောင်းပင် ဖြစ်သည်။ မြန်မာစကားပုံ တခုတွင် ထမင်းအသက် ၇ ရက်၊ ရေ အသက် ၁ မနက်ဟု ဆိုထားသည်။

Insein-prison
အင်းစိန်ထောင် (ဓာတ်ပုံ - နစ်ခ် ဒန်းလော့ပ်)
ကျွန်ုပ်တို့ဘ၀တွင် အစာအာဟာရသည် အရေးကြီးသည့် အသက် ရှင်သန်ရာဖြစ်သည်။ သို့သော် အသက်သေဆုံး ရမည်ကို မကြောက်ဘဲ မိမိ၏ ယုံကြည်ချက်နှင့် ဆုံးရှုံးနစ်နာနေသည့် တောင်းဆိုချက် တစုံတရာကို အစာငတ်ခံ၍ မိမိဆန္ဒကို ထုတ်ပေါ်ပြသခြင်းသည် ဘ၀တွင် အမြင့်မားဆုံး စွန့်လွှတ်ခြင်းဖြစ်သည်။

အာဏာရှင်လက်အောက် မြန်မာနိုင်ငံ စစ်အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသားများက  မကြာခဏ ဆိုသလို အစာငတ်ခံ ဆန္ဒပြလေ့ ရှိသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ် အသတ် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကို န-၀-တ စစ်အစိုးရက အာဏာမအပ်သဖြင့် အာဏာလွှဲပေးရေး၊ မတရား အကျဉ်းချခံထားရသူများအား ခြွင်းချက်မရှိ လွှတ်ပေးရေး၊ အကျဉ်းသား အခွင့်အရေးများအတွက် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများနှင့် အခြား သေဒဏ်ကျ အကျဉ်းသားများ စုစုပေါင်း ၂၀၀ ခန့်က အစာငတ်ခံ ဆန္ဒပြကြသည်။

ထိုဖြစ်ရပ်သည် ဂန္ဓီကြေညာချက်၏ အကျိုးဆက်ဟု ပြောလျှင် ရမည် ထင်ပါသည်။  အနိုင်ရပါတီ NLD မှ လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် တခြား နိုင်ငံရေးပါတီ များမှ လွှတ်တော် ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ဂန္ဓီခန်းမတွင် စုဝေးပြီး ၁၉၉၀ စက်တင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားကာ စစ်အစိုးရ၏ ကတိ အတိုင်း လွှတ်တော် ခေါ်ပေးရမည်ဟု တောင်းဆို ကြေညာခဲ့သည်။

ကြေညာချက်ထုတ် တောင်းဆိုစာများလည်း ထောင်တွင်းရှိ ကျနော်တို့ လက်ဝယ်ရောက်ရှိနေကြပြီး နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် အခြား ကြိုးသမားများ(သေဒဏ်ကျ အကျဉ်းသားများ)ကလည်း စစ်အစိုးရ၏ မရိုးသားမှု၊ ကတိ မတည်မှု အပေါ် မကျေမနပ် ဖြစ်နေကြချိန်လည်း ဖြစ်သည်။

အင်းစိန်ထောင် အဆောင် ၃၊ ၄၊ ၅ တို့ရှိ အခြေခံပညာ ကျောင်းသား သမဂ္ဂ (အ-က-သ) အဖွဲ့ဝင်များ အပါအ၀င်  နိုင်ငံရေး အကျဉ်းသားများက အဆိုပါ အစာငတ်ခံ ဆန္ဒပြမှုကို စတင်ခဲ့ရာ ထိုသတင်းသည် အင်းစိန်ထောင် အမျိုးသမီးဆောင်သို့လည်း ပျံ့နှံ့ ရောက်ရှိသွားသည်။

အ-က-သ ကျောင်းသားငယ်များ၏ အစာငတ်ခံ ဆန္ဒပြခြင်းသည် Black September ဟု နာမည်ကြီးသော အင်းစိန်ထောင်တွင်း ကြီးမားသည့် ထောင်တွင်း တိုက်ပွဲကို ဆက်လက် ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါသတင်းကို ကြိုးတိုက်မှ နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် ကျန် သေဒဏ်ကျ အကျဉ်းသားများက စိုးစင်းမျှ မသိခဲ့ကြပေ။ အင်းစိန်ထောင် ထောင်ပိုင်အဆင့် ၂ ဗိုလ်မှူးအုန်းဖေ၊ ထောင်ပိုင်အဆင့် ၁ ဦးဘိုကြည် (အထူးထောင်ပိုင်) ၊ ထောင်ပိုင်လေး ဦးလှကြည်၊ ဦးဇော်အုံး စသည်တို့နှင့် အင်းစိန်ထောင်တွင်း တာဝန်ကျ စစ်ထောက်လှမ်းရေးများက သတင်း မကူးစက်စေရန် တိုက်ဝန်းသို့ အ၀င်အထွက် တင်းကျပ်ထားသည်။

သေဒဏ်ကျ ကြိုးသမားများ ၁၀ ယောက်တတွဲစီ ရေချိုးဆင်းချိန်၌ အမျိုးသမီးဆောင်ဘက်မှ အုတ်ရိုးကို ကျော်ပစ်လိုက်သော အထုပ်တထုပ်ကို ကြိုးသမားတယောက်က ကောက်ရလိုက်သည်။

အ-က-သများက တိုက်ပွဲဝင် အစာငတ်ခံ ဆန္ဒပြနေကြကြောင်း ပလတ်စတစ်ပေါ် ရေးထားသော စာတစောင်နှင့် သနပ်ခါးတခဲ အထုပ်ထဲတွင် ပါလာသည်။ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားများက ပေးပို့လိုက်ခြင်း ဖြစ်သည်။

စာကြောင့်  တိုက်ဝန်းအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ ပူးပေါင်း ပါဝင်ရေး၊ ကြိုးတိုက်ရှိ အကျဉ်းသားများ အလှည့်ကျ အစာငတ်ခံဆန္ဒပြ ကြရေး အတွက် တိုင်ပင်ကြသည်။

“ထောင်တွင်းတိုက်ပွဲ ဖော်တဲ့အခါ အထူးသဖြင့် အစာငတ်ခံဆန္ဒပြမယ် ဆိုရင် သေချာ စဉ်းစားကြပါ၊ ဖြစ်နိုင်ရင် နိုင်ငံ ရေး တောင်းဆိုမှု မလုပ်နဲ့၊ အကျဉ်းသားရပိုင်ခွင့်ပဲ တောင်းကြတာ ပိုကောင်းတယ်။ ဒီလိုမဟုတ်ရင် မင်းတို့အကုန် သေသွားတာပဲ အဖတ်တင်မယ်” ဟု အမှတ် ၁ တိုက်မှ ၀ါရင့် နိုင်ငံရေး အကျဉ်းသားကြီး ဦးမန်းဒါဝိတ်က ကျနော်တို့ကို အကြံပေးသည်။

အစာငတ်ခံဆ န္ဒပြပွဲများကို ထောင်အာဏာပိုင်များက ကြမ်းတမ်း ရက်စက်စွာ ဖြေရှင်းတတ်ကြောင်း လေ့လာ သိရှိထားသဖြင့် ဖြိုခွင်းခံရမှုခြင်း အတူတူ နိုင်ငံရေး တောင်းဆိုမှုများ ပြုလုပ်ရန် ကျနော်တို့ နိုင်ငံရေး အကျဉ်းသား ၅ ဦး ဆုံးဖြတ်လိုက်ကြသည်။

“ဒါက မင်းတို့ဆုံးဖြတ်ချက်နဲ့ မင်းတို့ပဲ။ ဒါပေမယ့် အစာငတ်ခံ ဆန္ဒမပြခင် ကြိုတင် ပြင်ဆင်ရမှာတွေကို မင်းတို့ လုပ်ဆောင်ရမယ်။ ဒီလိုမှ မဟုတ်ရင် မင်းတို့ ၄ ရက်မကျော်ဘူး” ဟု ဦးမန်းဒါဝိတ်က အကြံပေးခဲ့သည်။

ထို့ကြောင့် အစာငတ်ခံ ဆန္ဒပြရာတွင် တယောက်ကျ၊ တယောက်တက်စနစ် သုံးရေး တိုင်ပင်ကြသည်။

ပထမအဆင့် အလှည့်ကျ အစာငတ်ခံ ဆန္ဒပြကြမည့်သူများသည် နိုင်ငံရေး ယုံကြည်ချက်ဖြင့် စစ်အစိုးရက သေဒဏ် ချမှတ်ခံထားရသူများ ဖြစ်သည်။ မနက်ဖြန်ဆိုသည့် အနာဂတ် ပျောက်ဆုံးနေသူများ ဖြစ်သောကြောင့် အာဇာနည် အဖြစ် သေဆုံးသွားချင်ကြသည်။

ဦးမန်းဒါဝိတ်၏ အကြံပြုချက်ကို ယုံကြည် လေးစားစွာဖြင့် ပြင်ဆင်ခဲ့ကြသည်။

ဦးစွာပထမ ၀မ်းနုတ်ဆေးများ စားကြပြီး ၀မ်းစင်စင်သွားသည် အထိ ရေကိုသာ သောက်သုံးနေရသည်။ နောက်တနေ့ နံနက်တွင် ထောပတ် မရှိသည့်အတွက် စားအုန်းဆီကို ဆားအနည်းငယ် ခပ်၍ လက်ဖက်ရည် ဖန်ခွက်ငယ် တလုံး နီးပါးကို ရေသောက်သကဲ့သို့ မြိုချခဲ့ပြီး ကျနော် အပါအ၀င် သေဒဏ်ကျ အကျဉ်းသား သုံးဦးသည် အစာငတ်ခံ ဆန္ဒပြရန် အဆင်သင့် ဖြစ်ခဲ့ကြသည်။

သို့နှင့် ကြိုးတိုက်သို့ လာရောက် ဝေငှသော နေ့လယ်စာ ထမင်း၊ ပဲဟင်း၊ ငါးပိ တို့ကို လက်မခံလိုကြောင်း၊ အကြောင်းမှာ အဆောင် ၃၊ ၄၊ ၅ မှ အစာငတ်ခံ ဆန္ဒပြသူများနည်းတူ အစာငတ်ခံခြင်း ဖြစ်ကြောင်း တိုက်ထောင်မှူး ဦးမင်းသူရွှေအုံး ကို ခေါ်ယူ အကြောင်းကြားခဲ့သည်။ 

မေလ ၂၄ ရက်နေ့ နံနက် ကျနော်တို့၏ အစာငတ်ခံ ဆန္ဒပြခြင်း တရက်ပြည့်သွားသည် အထိ မည်သည့် ထောင်အာဏာပိုင်ကမှ ကျနော်တို့ ၃ ဦးကို မေးမြန်းခြင်း မရှိဘဲ ထောင်ပုံစံ ထမင်းဟင်းများကို လာဝေပေးနေမြဲ ဖြစ်သည်။ ကျနော်တို့လည်း ဆက်လက် ငြင်းပယ်ဆဲဖြစ်သည်။ အစာငတ်ခံ ဆန္ဒပြခြင်းကို အလှည့်ကျ ၀င်ရောက်ရန် အတွက်လည်း ကျန်သူများအားလုံးက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် အဆင်သင့် ဖြစ်နေကြသည်။

ထိုညပိုင်းတွင် ကြိုးတိုက်တွင်းရှိ ကျန် နိုင်ငံရေး အကျဉ်းသားများနှင့် ကြိုးသမားများက မကျေနပ်ကြတော့ဘဲ ကမ္ဘာမကျေဘူး သီချင်းအပါအ၀င် နိုင်ငံရေး နိုးကြားတက်ကြွ သီချင်းများကို ထိုည တညလုံး သံပြိုင် သီဆိုခဲ့ကြသည်။

ည ၉ နာရီ တွင် အိပ်ချိန်သံချောင်း ခေါက်ပြီး အိပ်ချိန် ပေးခဲ့သော်လည်း ထောင်ဥပဒေ စည်းကမ်းကိုဆန့်ကျင်ပြီး နိုင်ငံရေးသီချင်းများက ကြိုးတိုက်တွင်းမှ ကျယ်လောင်စွာ ပျံ့နှံ့နေဆဲဖြစ်သည်။Inside_Insein

သန်းခေါင်ကျော် နံနက် ၂ နာရီထိုးသည်အထိ ကြိုးတိုက်တွင်းမှ ဗိုလ်မှူးဟောင်း စာရေးဆရာ မောင်သော်က (NLD)  လူ့ဘောင်သစ် ပါတီဥက္ကဋ္ဌ ကိုအောင်ဇေယျ၊ ဒေါက်တာတင်မျိုးဝင်း (ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်)၊ ပြည်သူ့ရဲဘော် ဗိုလ်အောင်နိုင်၊ စာရေးဆရာ ဒါရိုက်တာ ဦးမိုးသူ(NLD) စသည့် ပုဂ္ဂိုလ်များနှင့် ၂ တို ဟုလည်း ခေါ်သည့် ကြိုးတိုက်အတိုရှိ လူ့ဘောင်သစ်ပါတီမှ ကိုမိုးဟိန်း၊ ကိုသန်းဇော်(NLD) စသည်တို့သည်လည်း အလှည့်ကျ နိုင်ငံရေးမိန့်ခွန်းများ ဟောပြောကြသည်။

မေလ ၂၅ ရက်နေ့ နံနက် ထောင်ဖွင့်ချိန် ရောက်သည့်အခါ ကြိုးတိုက်တံခါးများကို လာရောက် ဖွင့်ပေးခြင်း မရှိတော့ပေ။ နံနက်တိုင်း လုပ်နေကျ ဆီးခွက်၊ မိလ္လာခွက်များ ချရန်အတွက် အခက်အခဲ ဖြစ်နေကြသည်။

အခန်းတွင်း ဆီး၊ မစင်(မိလ္လာ) ခွက်များ ပြည့်လျှံနေသည့်အတွက် အခက်အခဲများ ပိုဖြစ်လာပြီး ကြိုးတိုက်ရှိ အကျဉ်းသား အားလုံး မကျေမနပ်ဖြစ်လာကြသည်။ ထိုစဉ်တွင် နံနက်စာကို ကြိုးတိုက်အတွင်းသို့  ယခင်ထက် စောစွာ လာရောက်ဝေငှသောအခါ တတိုက်လုံးက လုံးဝ လက်မခံကြောင်း ပြောဆို ပြန်လွှတ်ခဲ့ကြသည်။ ထိုစဉ်က ကြိုးတိုက်တွင် နိုင်ငံရေးအကျဉ်းသားများအပါအ၀င် အကျဉ်းသား ၁၃၀ ခန့်ရှိသည်။

ငြိမ်းချမ်းစွာ အစာငတ်ခံ ဆန္ဒပြရေးအတွက် ဆူပူအော်ဟစ်မှုများ ကို ရှောင်ကျဉ်ကြရန် ကျနော်တို့ နိုင်ငံရေး အကျဉ်းသားများက ဟောပြောခဲ့ကြသည်။

“ငါတို့ အစာငတ်ခံ ဆန္ဒပြရင် သူတို့က ရေပါ ဖြတ်လာမယ်၊ သူတို့ ဖြတ်တာကို ငါတော့ လက်မခံဘူး၊ ဒီတော့ ငါ့ ရေအိုး ငါရိုက်ခွဲမယ်”ဟု အရိုးကျည်းပေါင်းတက် ရောဂါ ခံစားနေရပြီး လမ်းလျှောက်ရ ခက်ခဲနေသည့် ဦးသော်က က အများ ကြားအောင် ပြောဆိုလိုက်သည်။

(ဦးသော်ကသည်  ဆန္ဒပြပွဲပြီး များမကြာမီ ကြိုးတိုက် အခန်းနံပါတ် ၂၇ တွင်လဲကျ သေဆုံးသွားသည်။ သို့သော်လည်း အာဏာပိုင်တို့က သူ့ကို ရန်ကုန်ဆေးရုံကြီးသို့ ထုတ်သွားကာ ဆေးရုံကြီးတွင် သေဆုံးသည်ဟု သတင်း လွှင့်ခဲ့သည်။)

ကြိုးတိုက်တွင်းရှိ အကျဉ်းသားအများစုကလည်း မိမိတို့၏ အခန်းရှေ့မှ သောက်ရေအိုးများကို ဦးသော်က နည်းတူ ခွဲခဲ့ကြသည်။

ထိုအချိန်တွင် ကြိုးတိုက်၏ နောက်ကျောဘက်တွင် နံပါတ်တုတ်များ၊ လေးခွများ၊ ဂမ်းပိုက်(မီးသတ်ပိုက်တို) စသည်တို့ ကိုင်ဆောင်ထားသော ထောင်ဝန်ထမ်းများ၊ စစ်ခွေးများထံမှ အင်အားပြ ခြိမ်းခြောက်သံများ ထွက်ပေါ်လာသည်။

ထောင်အာဏာပိုင်များက မည်သို့မျှ အကြောင်းမပြန်ပေ။ ဖြိုခွဲမည့် လက္ခဏာများ မြင်တွေ့နေသည့် အတွက် အကျဉ်းသားတချို့က သည်းမခံနိုင်တော့ဘဲ ပုံစံပန်းကန်များကို တံခါးသံတိုင်တွင် ရိုက်ခတ်ကာ “အာဏာရှင်ကို တောခြောက် မောင်းထုတ်ကြ” ဟု အော်ဟစ်ကြသည်။

မူလ စီစဉ်ထားခဲ့သော ငြိမ်းချမ်းတိတ်ဆိတ်စွာ အစာငတ်ခံ ဆန္ဒပြခြင်းအစား အော်ဟစ်ပြီး အစာငတ်ခံ ဆန္ဒပြသည့် အခြေ အနေ တခုဆီသို့ တွန်းပို့ခြင်း ခံလိုက်ကြရသည်။ တိုက် ၀န်းအတွင်းရှိ အခြားတိုက်များကလည်း ထောက်ခံသံများဖြင့် ပူးပေါင်းခဲ့ကြသည်။

သို့နှင့် လူစာရင်း ပုံမှန် စစ်ခြင်းကို ထောင်ဝန်ထမ်းများက ၀င်ရောက် လုပ်ကိုင်ခြင်း မရှိတော့ဘဲ ကြိုးတိုက် ထိပ်နှစ်ဘက် သံတံခါးများကို ပိတ်ထားကြသည်။ ထောင်ပိတ် သံချောင်းခေါက်ခြင်းလည်း မပြုတော့ပေ။

ကြိုးတိုက် နောက်ဘက်တွင် ဆက်သွယ်ရေးစက်များ လာရောက်ထားသည်ကို တိုက်ခန်း ပြူတင်းပေါက်မှ တဆင့် တွေ့ကြရသည်။

ထို့နောက် တိုက်ဝန်းများမှ အော်ဟစ်တောင်းဆိုသံများ ဖုံးလွှမ်းသွားစေရေး၊ ရိုက်နှက် ညှဉ်းပန်းသံများ ပြင်ပမှ မကြားစေရေးတို့အတွက် ဟင်္သာတထွန်းရင်၏ “စာဥ”သီချင်းကို အင်းစိန်ထောင် ပင်မဘူးကြီးနှင့် ဘူးများ(ထောင် အုတ် ရိုး ပေါ်ရှိ လက်နက်ကိုင်အစောင့် များနှင့်ကင်းတဲများ) ပေါ်ရှိ အသံချဲ့စက်များဖြင့် ကျယ်လောင်စွာ ဖွင့်လေသည်။

အင်းစိန်ထောင် အထူးထောင်ပိုင် ဦးဘိုကြည်၊  ဒု- ညွှန်ချုပ် ဦးအုန်းဟန် အပါ အ၀င် စစ်ထောက်လှမ်းရေးတချို့က လမ်းလျှောက် စကားပြောစက်များ ကိုင်ဆောင်ကာ ကြိုးတိုက်ရှိ အခန်း တခုချင်းစီသို့ ချဉ်းကပ်လာသည်။ စစ်ဝတ်စုံ ၀တ်၂ ဦးနှင့် အရပ်ဝတ် စစ်ထောက်လှမ်းရေးများလည်း ပါဝင်သည်။ “မင်းတို့ တောင်းဆိုချင်တာပြောလေကွာ”ဟု ဆို သည်။

ခါးတွင် သေနတ်ချိတ်ထားသူ ဒုညွှန်ချုပ် ဦးအုန်းဟန်ကမူ ၁ တိုက်ရှိ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ကိုမင်းဇေယျာ အခန်းရှေ့ရပ်ပြီး ဘောင်းဘီဇစ်ကို ဆွဲချွတ်ကာ “မင်းတို့ လိုချင်တဲ့ ဒီမိုကရေစီတော့ မရဘူး၊ ဒါပဲရမယ်”ဟု ပြောခဲ့သည်။ ကြိုးတိုက်အခန်း တချို့ရှေ့တွင်လည်း အလားတူ ပြုမူခဲ့သည်။

မကြာခင်တွင် အင်းစိန်ထောင် ၀န်ထမ်းဦးရေ ၁၅၀ ခန့်၊  အကစ ရုံးချုပ်နှင့် သင်တန်းကျောင်းတွင် ရောက်နေသူ ၀န်ထမ်း များ စုစုပေါင်း ၃၀၀ ၀န်းကျင်တို့က ကြိုးတိုက်တွင်းသို့ ၀င်လာသည်။ လက်ကိုင်တုတ်များ၊ လေးခွများ၊  ခေါင်းစွပ်များ ကိုင်ထားကြသည်။

ကျနော်တို့ တယောက်ချင်းစီကို ခေါင်းစွပ်စွပ်ကာ လက်ထိပ် ခတ်ပြီး အခန်းတွင်းမှ စတင် ထုတ်သွားကြသည်။

အခန်းမှ စတင်ထုတ်ထုတ်ချင်း ထိုးကြိတ် ရိုက်နှက်မှုများ စတင်လေသည်။ မိုင်ဝက်နီးပါးရှိ မြေလမ်းအတိုင်း ထောင်ဘူးဝ နားရှိ အချုပ်ရုံး ရှိရာသို့ အတင်း ဆွဲခေါ်သွားကြသည်။ ထိုနေရာတွင် တဦးချင်းစီကို ထောက်ခြေကျင်းများ ခတ်လိုက်သည်။ ခေါင်းစွပ်ကို ဖြုတ်ပေးခြင်း မရှိပေ။  မိန်းဂျေးလ် အ၀ိုင်း ပတ်လည်တွင် မြေနီ ဂ၀ံခဲများပေါ် ၀မ်းလျားမှောက်ခိုင်းကာ လူအုပ်စုနှင့် အဆက်မပြတ် ရိုက်နှက်ကြသည်။

နောက်ပိုင်း ရိုက်ချက်များ နာကျင်မှု မဖြစ်တော့ဘဲ ထုံသွားသကဲ့သို့ ခံစားခဲ့ရသည်။ ထို့အပြင် ကျနော်တို့၏ အမည် နာမရှေ့တွင် “မ” တပ် ခေါ်ပြီး “ရှင်”ဟု ထူးခိုင်းသည်။ “မ xxxxx! ” ဟု ထောင်ဝန်ထမ်းက ခေါ်လျှင် “ရှိ”ဟု ဖြေရမည့် အစား မြန်မာအမျိုးသမီးများ ဖြေသကဲ့သို့ “ရှင်”ဟု ရိုက်နှက် ခေါ်ဆိုခိုင်းခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကလည်း ယောက်ျားမာနကို ချိုးနှိမ်လို၍ လုပ်ဆောင်နေသည့် ထောင် ၀န်ထမ်းများ၏ လုပ်ရပ်ကို အံတုကာ “ရှိ” ဟုပင် ထူးကြသည်။ ထို့ကြောင့် ဆက်လက် ရိုက်မြဲ ရိုက်နေခဲ့ကြသည်။

ဝိုင်းရိုက်နှက်နေစဉ် ထိုစဉ်က အင်းစိန်ထောင်ဆေးရုံအုပ်ကြီး ဒေါက်တာဦးစိုးကြည်က အကျဉ်းသားများ၏ ရင်ဘတ်ကို နားကြပ်ဖြင့် စမ်းပြီး “ မသေနိုင်သေးဘူး၊ ရိုက်လို့ရသေးတယ်”ဟု ပြောလေသည်။

ကျနော့်အနေဖြင့် မည်သို့မျှ ဆက်လက်ရပ်တည်နိုင်မှု မရှိသည့်နောက် ဉာဏ်ကူရန်အတွက် ချွေးဇောပျံအောင် စဉ်းစားပြီး နောက်ဆုံး အဖြေတခု ထွက်လာသည်။

“မ -------- ” ဟု ထောင်ဝန်ထမ်းက ရိုက်နှက် ထိုးကြိတ် ကန်ကျောက်ရင်း ခေါ်လိုက်သောအခါ မြန်မာအသံ “ရှိ” နှင့် “ရှင်”အကြား “ရှိန့်”ဟု ထူးလိုက်သောအခါ ကျောပြင်နှင့် ဦးခေါင်း အပါအ၀င် တကိုယ်လုံးပေါ်ကျနေသော ရိုက်ချက်များ ရပ်တန့်သွားခဲ့သည်။

ထို့နောက် အစာငတ်ခံ ဆန္ဒပြသူများ ၄၀၀ ခန့်ကို ပြင်းထန်စွာ ရိုက်နှက်ရင်း တချို့ကို စစ်ခွေးတိုက်သို့ ပို့လိုက်ကြသည်။ တချို့ကို တိုက်ဝန်းအတွင်းရှိ ကြိုးတိုက်နှင့် အခြားတိုက်များတွင် လူစုခွဲကာ ဆက်လက် ရိုက်နှက်ကြသည်။ ကျနော့်ကိုတော့ ကြိုးတိုက်အတိုရှိ အခန်းတခုသို့ ပြန်ခေါ်သွားသည်။

နောက်တနေ့ နံနက် စောစောတွင် ကျနော် အပါအ၀င် ကြိုးသမား ၂၀ တို့ကို ခေါင်းစွပ် စွပ်ပေးပြီး ရိုက်နှက်ကာ စစ်ခွေးတိုက်ရှိရာသို့ မိကျောင်းများတွား သွားရသည့်ပုံစံအတိုင်း စစ်ခွေးတိုက် ၁၀ ခန်းတွဲရှိ အခန်းနံပါတ် ၁၀ ရှိရာသို့ အရောက် သွားခိုင်းလေသည်။

စစ်ခွေးတိုက် တာဝန်ကျ တပ်ကြပ်ကြီး ဦးကံထွန်း ခေါ် ဗိုလ်ကံက “စစ်ခွေးတိုက် ၀င်ကြေး” ဟု အော်လိုက်သည်။ စစ်ခွေးတိုက်ဝန်းအတွင်း ဂ၀ံလမ်း တလျှောက် ၂ လက်မ အချင်းရှိ တုတ်ရှည် ဖြင့် တလမ်းလုံး ဆက်လက် ၀ိုင်းရိုက်ကြသည်။

စစ်ခွေးတိုက်ဟူသည်မှာ အကျဉ်းခန်း ၁၀ ခန်းရှိ တိုက် ဖြစ်ပြီး ည ကင်းပတ် စစ်ခွေးများကို ထိန်းကျောင်း သင်ကြားပေးသည့် နေရာ ဖြစ်သည်။ ခွေးသံများဖြင့် ဆူညံနေသည်။ စစ်ခွေးတိုက်တွင်း ရိုက်နှက် ညှဉ်းပန်းသံများကို ထောင်တွင်း မည်သည့်နေရာကမျှ မကြားနိုင်ပေ။

အခန်းတွင်းသို့ ရောက်သောအခါ စစ်ခွေးတိုက်ပုံစံ ထိုင်နည်းကို ရိုက်နှက်သင်ပေးသေးသည်။ စစ်ခွေးတိုက်၏ ပုံစံ ထိုင်နည်းမှာ တင်ပျဉ်ခွေကာ မျက်နှာ၊ ရင်ဘတ်ကို ကြမ်းပြင်နှင့် ကပ်နေစေပြီး လက်နှစ်ဘက်ကို ရှေ့သို့ ဆန့်ထုတ် ထားရသည်။

အခန်းတွင်း နံရံများတွင် သွေးနှင့်ရေးထားသော စာများကို ဖတ်ရင်း မကြာသေးခင် နာရီပိုင်းက အခန်းတွင်း နေထိုင် သွားသူမှာ ကျနော့်အမှုတွဲ မြင့်ဆွေ ဖြစ်မှန်း သိလိုက်ရသည်။ (ကိုမြင့်ဆွေသည် ၁၉၉၆ ခုနှစ်က သရက်ထောင်တွင် ထောင်အာဏာပိုင်များ၏ လှုံ့ဆော်မှုကြောင့် စိတ်ရောဂါသည် အချုပ်သားက တံပိုးဖြင့်ရိုက်သဖြင့် ကွယ်လွန်ခဲ့သည်) “ငါတို့တော်လှန်ရေး မပြီးသေးဘူး”ဟု သူ့ သွေးဖြင့် နံရံတွင် ရေးထားခဲ့သည်။

အားရအောင် ရိုက်နှက်ပြီးနောက် တာလပေါဟင်းရည်၊ ထမင်းပန်းကန်များ ကို သံတံခါးအောက်မှ ထိုးသွင်းလာပြီး “စား”ဟု ပြောသွားသည်။

ကျနော်က “မစားဘူး”ဟု ပြောလိုက်ပြီး ပုံစံထမင်းပန်ကန်ကို ပြန်ထုတ်ပေးလိုက်သည်။ သို့နှင့် တခါ ထုတ်ရိုက်ပြန်သည်။

အစာ မစားရသည်မှာ ၃ ရက်အတွင်း ရောက်လာခဲ့ပြီ။ တကိုယ်လုံး ဒဏ်ရာများနှင့်။ မှောက်အိပ်လို့လည်း မရ။ ပက်လက်အိပ်လို့လည်း မရ။ စောင်းအိပ်လို့လည်း မရ။ ထိုင်လို့လည်း မရ။ ခန္ဓာကိုယ်တွင်းကလည်း တဖျစ်ဖျစ် မြည် သကဲ့သို့ စတင် ခံစားရသည်။

ဒဏ်ရာနာကျင်မှုများနှင့် ဆာလောင်မွတ်သိပ်မှုများ လုံးထွေး ခံစားရင်း တရက်ချင်း ကျော်ဖြတ်ကာ သေခြင်းအတွက် အဆင်သင့်ဖြစ်စေရန် သတိပဌာန်တရားဖြင့် ကြိုးစားရင်း နေခဲ့သည်။

အခန်းဖော်က အစာစားရန် အကြိမ်ကြိမ် နားချ တိုက်တွန်းခဲ့သည်။ ဗိုလ်ကံ (စစ်ခွေးတိုက် တာဝန်ခံ တပ်ကြပ်ကြီး) က ကျနော့်ကို အစာမစားသည့်အတွက် နံနက်တိုင်း စစ်ခွေးပုံစံထိုင်ခိုင်းကာ သစ်သားတုတ်ဖြင့် ရိုက်လေ့ရှိသည်။ သို့သော် ၅ ရက်မြောက်နေ့ နံနက် အိပ်ရာထချိန်မှ စတင်ပြီး လန်းဆန်းလာသကဲ့သို့ ခံစားလာရသည်။

ထိုနေ့တွင် ထောင်အာဏာပိုင်များက ရေအိုးတွင်းရှိ ရေကို ၂ ယောက်အတွက် ၁၅၀၀ စီစီ ခန့်သာ တရက်စာ ထားခဲ့ပြီး ကျန်သည့် ရေကို သွန်ပစ်လိုက်သည်။ အခန်းဖော် စိန်ဝင်း (၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလ အတွင်း မြောက်ဥက္ကလာပ မြို့နယ်တွင် ရဲသတ်မှုဖြင့် သေဒဏ် ကျခံနေရသူ)က ထမင်းစားသည့်သူ ဖြစ်သည့် အတွက် ရေအများစုက ကျနော့်အတွက် ဖြစ်သွားသည်။

ထိုနေ့မှ စပြီး ရေသောက်ခြင်းမှာ အကန့်အသတ် ရှိလာသည်။ စစ်ခွေးတိုက် အခန်းကျဉ်းအတွင်း လမ်း လျှောက်ရာတွင်လည်း အနည်းငယ် မောစ ပြုလာခဲ့သည်။ ၁၀ ရက် ကျော်လာသောအခါ မျက်လုံးများေ၀၀ါးလာသည်။ ၁၅ ရက်မြောက်နေ့တွင် ခန္ဓာကိုယ်တခုလုံး ပျော့အိလာကဲ့သို့ ခံစားလာရပြီး ကိုယ်ကိုထိန်းမတ်ရန် အခက်အခဲဖြစ်လာသည်။

မှတ်မိသည်မှာ ၁၁ ရက်ကျော်လာပြီးနောက်ပိုင်း ကျနော့်ကို လာမရိုက်တော့ပါ။ နားချစည်းရုံးမှု အကြိမ်ကြိမ်ကို စစ်ခွေးတိုက်ထဲရှိ ဘ၀တူ သေဒဏ်ကျအကျဉ်းသားများမှတဆင့် ဆက်လုပ်ခဲ့သည်။ ထောင်ဆရာဝန် ဒေါက်တာထွန်းထွန်းကလည်း နောက်ပိုင်းရက်များတွင် မကြာခဏ လာကြည့်ခဲ့ပြီး အစာစားရန် ဖျောင်းဖျ တိုက်တွန်းခဲ့သည်။

၁၇ ရက်မြောက်သည့်နေ့အထိ အသိ ရှိနေသော်လည်း ခန္ဓာကိုယ်မှာ သယ်ယူရန် ခက်ခဲလာသည်။ သေခြင်းအတွက် ဗုဒ္ဓအဆုံးအမအတိုင်း သတိဖြင့် သေရန်၊ လူပီသစွာ သေရန် ကြိုးစားရင်း အသက်ရှင်စိတ်ကို လုံးဝ မစွန့်လွှတ်ခဲ့ပေ။

သတိရလိုက်စဉ်မှာ အစာငတ်ခံဆန္ဒပြသည့် ၁၈ ရက်မြောက်နေ့ (နောက်ပိုင်းမှ ပြန်လည်ရေတွက်၍ သိရခြင်းဖြစ်သည်) တွင် ကျနော့် တကိုယ်လုံး ပေါ့ပါး လန်းဆန်းနေသည်။ လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားနေရသည်။ အာကာသတွင်း ရောက်သည်မျိုး ဖြစ်မည် ထင်သည်။

အနီးတွင် ထောင်အာဏာပိုင်များကို မတွေ့ရပေ။ ကျနော့် မျက်ဝန်းတွင် ထောင်ဆရာဝန် ဒေါက်တာထွန်းထွန်းကို တွေ့ လိုက်ရသည်။ ကျနော့်လက်တွင် စစ်ခွေးတိုက် အခန်း ၁၀ ၏ တံခါး သံတိုင်တွင် ဂလူးကိုစ့် ပုလင်းကြီး ချိတ်ထားခြင်း ဖြစ်သည်။
အခန်းဖော်က ပြုံးယောင်သန်းနှုတ်ဆက်သည်ကို တွေ့နေရသည်။

“အစ်ကို မသေပါဘူး၊ သေမှာ မကြောက်သူကို သေမင်းက မခေါ်ဘူးဗျ”ဟု အခန်းဖော် ကိုစိန်ဝင်းက အားပါးတရပြောသည်။

“အစ်ကို့စကားအတိုင်း ကျနော် အကြံပေးချင်တယ်။ တော်လှန်ရေးက အတော်ကြာဦးမယ်။ ငါတို့ အသက်ရှင်သန် နေခြင်းသည်ပင် သူတို့ဖြစ်စေချင်တဲ့အတိုင်း မဖြစ်အောင် တော်လှန်ခြင်းဖြစ်တယ်လို့ အစ်ကို ပြောထားတာပဲ။ ကိုယ့်စကားနဲ့ အညီ ကိုယ်တိုင် ကျင့်သုံးသင့်တယ်” ဟု သူက ဆက်ပြောလာသည်။

သေချာ စဉ်းစားစရာ ဖြစ်လာပြီး ယခု ဆက်လက် အစာငတ်ခံ ဆန္ဒပြနေခြင်းသည် မိမိအတွက် ဘာအကျိုးရှိမည်လဲ ဆိုသည်ကို အဖန်ဖန် ဆန်းစစ်ကြည့်မိသည်။

သို့သော် တောင်းဆိုချက်များကို ယခုထိ မည်သို့မျှ တုံ့ပြန်ခြင်း မရှိသေးသည့်အတွက် စစ်ခွေးတိုက် တာဝန်ခံနှင့် တွေ့လိုကြောင်း တာဝန်ကျ ထောင်ဝန်ထမ်းတဦးမှ တဆင့် ပြောဆိုခဲ့သည်။

မကြာခင် ဗိုလ်ကံ နှင့် နောက်တဦး ရောက်လာသည်။ ထိုသူက အကျဉ်းဦးစီး ယူနီဖောင်းဝတ်ထားသော စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီး လှမြင့် ဖြစ်ကြောင်း နောင်မှ သိရသည်။ သူ့လက်ထဲတွင် ခေါက်ဆွဲကြော်တထုပ်နှင့် နွားနို့ပုလင်း ကိုင်ထားသည်။ ကျနော့်ကို ပါလာသည့်အစား အသောက်များစားရန်တိုက်တွန်းပြီး ဆက်လက်  အစာငတ်ခံ ဆန္ဒပြသူ မရှိ ဟူ၍ အထက်ကို သတင်းပို့ထားကြောင်း ပြောဆိုပြီး ထွက်သွားကြသည်။

ကျနော် ဘာဆက်လုပ်မည်နည်း။ မေးခွန်းပေါင်းများစွာက ကျနော့်ခေါင်းထဲ ဆူညံနေသည်။ ဂလူးကိုစ့်ပုလင်းကြီး အရှိန်ဖြင့် လန်းဆန်းနေသော်လည်း စိတ်ထဲတွင် “ဟာ” နေသည်။

ထိုစဉ်က ချခဲ့သော ဆုံးဖြတ်ချက်ကြောင့် ကျနော် ယခု စာရေးနေနိုင်နေခြင်းဖြစ်သည်ဟု ပြောရမည်။

ခေါက်ဆွဲကြော်တလုပ် စားတိုင်း၊ နွားနို့ တငုံ သောက်တိုင်း ကျနော် မျက်ရည်ပေါက်ပေါက် ကျခဲ့ရသည်။ အရှုံးအတွက် ကျခဲ့ရသော ယောက်ျားမျက်ရည်ပင် ဖြစ်သည်။

လူသားတိုင်း အောင်မြင်ခြင်းတွေ ရင်ဆိုင်ရသလို အရှုံးနှင့်လည်း ရင်ဆိုင်ရတတ်သည်မှာ ဓမ္မတာဖြစ်သည်။

အာဏာရှင်လက်အောက် မြန်မာနိုင်ငံတွင် အစာငတ်ခံ ဆန္ဒပြပွဲများထဲမှ ထင်ရှားသည့် အောင်ပွဲတခုမှာ တပါတီ အာဏာ ရှင် ဦးနေ၀င်း လက်ထက် ကိုကိုးကျွန်း အကျဉ်းစခန်းရောက် နိုင်ငံရေးအကျဉ်းသားများ၏ အသက် ၈ ချောင်းဖြင့် လဲလှယ် ခဲ့ရသော ကျွန်းစံနစ် ဖျက်သိမ်းပေးရေး တိုက်ပွဲပင် ဖြစ်သည်။

၁၉၉၈ ခုနှစ် မေလက တိုက်ပွဲဝင်ခဲ့သော သာယာဝတီ အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများက အခြား အကျဉ်းသားများနည်းတူ ထောင်လက်စွဲ ဥပဒေအရ လျှော့ရက် ခံစားခွင့် အတွက် အစာငတ်ခံ ဆန္ဒပြပွဲတွင် ကိုအောင်ကျော်မိုး အသက် ပေးဆပ်ခဲ့ရသည်။

ယခုလည်း အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားများ စစ်ခွေးတိုက်ပို့ပြီး လူစုခွဲ ဖြိုခွင်းခံနေရချိန်တွင် သူတို့ ဘယ်လို ခံစားနေရမည် ဆိုသည်ကိုနားလည်ခံစားရင်း အဆိုပါ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများအတွက် လွန်စွာ စိုးရိမ် ပူပန်နေမိသည်။

ယခု ရေးသားခဲ့သော အတွေ့အကြုံများကို အများ သိစေရန် ဆိုသည့် စေတနာဖြင့်သာ ဖော်ပြလိုက်ခြင်း ဖြစ်ပြီး ခံစားခဲ့ရသော အိပ်မက်ဆိုးများအကြောင်း စိုးစဉ်းမျှ မတွေးချင်တော့ပါ။

စာရေးသူ လင်းသန့်သည် ယုံကြည်ချက်ကြောင့် သေဒဏ်ကျခံခဲ့ရသူဖြစ်သည်။ ထို့နောက် သေဒဏ်မှ တသက်တကျွန်းသို့ ပြောင်းလဲကျခံခဲ့ရပြီး ထောင်တွင်း၌ အနှစ် ၂၀ နီးပါး ပြစ်ဒဏ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား တဦးဖြစ်သည်။
http://www.irrawaddy.org/bur/

Burma Today News Update (May 31, 2011)



Burma Today photo news updates and article update are as follows:

The Depayin Massacre Anniversary Event in Seoul, South Korea (Photo News)
ဆိုးလ်မြို့ မြန်မာစစ်သံရုံးရှေ့က မေ ရွေးကောက်ပွဲနဲ့ ဒီပဲယင်း လုပ်ကြံ သတ်ဖြတ်မှုကြီး နှစ်ပတ်လည်နေ့ သတင်းစာရှင်းလင်းပွဲ (ဇော်မိုးအောင်)


Burmese Thingyan Celebration @ Dhamma Viman Monastery, High Point, North Carolina, USA (Photo Essay)
မြောက် ကာရိုလိုင်းနားပြည်နယ် ဓမ္မဗိမာန်ကျောင်းတိုက်တွင် ကျင်းပတဲ့ မြန်မာ့သင်္ကြန်ပွဲ (ပြည်သူ့သတင်းထောက်)


The Depayin Massacre Anniversary Event in Tokyo, Japan (Photo News)
ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ပြုလုပ်တဲ့ ဒီပဲယင်းလုပ်ကြံမှု နှစ်ပတ်လည် ဆန္ဒပြပွဲ (မင်းညိုဝမ်း)


Depayin Massacre Anniversary Event @ Zetawon Monastery in Fort Wayne, Indiana, USA (Photo News)
ဖို့တ်ဝိန်းမြို့ ဇေတ၀န်ကျောင်းတိုက်တွင် ကျင်းပတဲ့ ဒီပဲယင်းလူသတ်ပွဲ ရှစ်နှစ်မြောက် နှစ်ပတ်လည် ဆွမ်းကပ်လှူပွဲ (ခင်မောင်လေး)


Korean Taekwando Group Performs in Rangoon (Photo News)
ရန်ကုန် အမျိုးသားဇာတ်ရုံတွင် ဖျော်ဖြေတဲ့ ကိုရီးယား တိုက်ကွမ်ဒိုအဖွဲ့ (ကိုရီးယား အွန်လိုင်းသတင်းစာ မှ)


Red Rock State Park, Arizona, USA (Photo Essay)
အမေရိကန်ပြည်ထောင်စု အာရီဇိုးနားက ရက်ဒ် ရော့ခ် (Red Rock) ပြည်နယ် ပန်းခြံ (ရွှေ မန္တလာ)


Summer Course Graduation Event @ Mother's Home Education Camp (Photo News)
အမေ့အိမ် စာသင်ကျောင်း နွေရာသီသင်တန်းဆင်းပွဲ (ပြည်သူ့သတင်းထောက်)


Burma Forum in Seoul, Korea (Photo News)
ကိုရီးယားနိုင်ငံတွင် ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ (စောထွန်းထွန်း (ကေ၀ိုင်အို - ကိုရီးယား))


Free Burmese Political Prisoners Campaign in Korea (Photo News)
တောင်ကိုရီးယားနိုင်ငံ၊ ဂွာန်ဂျူက ဈေးရောင်းပွဲတော်နဲ့ မြန်မာ့အရေး လက်မှတ်ထိုး လှုပ်ရှားမှု (ဇော်မိုးအောင်)


Korean Premiere Screening of This Prison Where I Live (Photo News)
တောင်ကိုရီးယားနိုင်ငံတွင် ပြသတဲ့ ဇာဂနာ့အကြောင်း ရုပ်ရှင်ပွဲ (စောထွန်းထွန်း (ကေ၀ိုင်အို - ကိုရီးယား))


Burma Today Articles

၁၀၈ စစ်ဒေသ သို့ (ဖိုးသံ (လူထု))


ထာဝရ ရန်သူ၊ ထာဝရ မိတ်ဆွေ၊ ထာဝရ အကျိုးစီးပွားနဲ့ ခင်ဗျားတို့ ကျနော်တို့ အရေး (တူမောင်ညို)



Information Desk 
Burma Today Inc.
Brooklyn, NY 11230 USA

2 attachments — Download all attachments  
110531_yebaw_phoe_than_joung.pdf110531_yebaw_phoe_than_joung.pdf
155K   View   Download  
110530_tu_maung_nyo.pdf110530_tu_maung_nyo.pdf
136K   View   Download