Friday, June 17, 2011

လွတ်လပ်တဲ့  မြန်မာပြည်သို့  လွတ်လပ်ပျံပါ ငှက်ခိုပြာရယ်

Free Bird Toward A Free Burma



ကျမရဲ့ အိမ်
မွေးဖွါးခဲ့ ရာ
ပျိုးထောင်ခဲ့ ရာ
ချစ်ခင်ယုယ
နွေးထွေးမှူများ ရှိခဲ့  ဖူးပါရဲ့  ။။။။ ။။။။

ခုဆိုရင်လေ
ထိပ်လန့် ကြောက်ရွံ့ စရာအပြည့်
မှောင်ကြီးမဲမဲ ပကတိပေါ့ ။။။။။

ကျမရဲ့ မိသားစု
ကြီးပြင်းလှုပ်ရှားခဲ့ ရာ
ရွှင်လမ်းချမ်းမြေ့ 
ရှင်သန်နေထိုင် ခဲ့ ဖူးပါရဲ့  ။။။။ ။။။။။

ခုဆိုရင်လေ
စိုးရိမ်သောက လွှမ်းမိုးမှူတွေ
အကြောက်တရားတွေနဲ့ 
ရပ်တည်နေကြရပေါ့ ။။။။။။

ကျမရဲ့ မိတ်ဆွေတွေ
ကျမဘ၀ကို မျှဝေခံစားပေးတဲ့ အခါ
ရိုးစင်းဖြူစင်စွာ
ရွှင်ပြမှူတွေ ရှိနေခဲ့ ဖူးပါရဲ့  ။။။ ။။။။။

ခုဆိုရင်လေ
နှလုံးသားမှာ
အမာရွတ်တွေနဲ့ 
နေထိုင်နေကြရပေါ့ ။။။

ခုဆိုရင်လေ
ပျံသန်းနေတဲ့  ငှက်ကလေးရယ်
ဘယ်နေရာဖြစ်ဖြစ်
တောင်ပံခတ်ကာ ပျံပါလေတော့
လှောင်ချိုင့်ထဲမှာ နေခဲ့ ဖူးပြီမို့  ။။

ခုဆိုရင်လေ
ခွင့်လွှတ်ကြေအေး
တေးလေးဆိုရင်း
ဟို-ချစ်မြတ်နိုးရာအရပ်
လွတ်လပ်တဲ့ မြန်မာပြည်ဆီ
ပျံသာပျံပါ နှင်ပါလေ ။။။။။ ။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )

Free Brid Towards A Free Burma By Daw Aung San Suu Kyi ကို ဆီလျှော်အောင် ခံစားသီဖွဲ့ သည်။
ဒီကဗျာကို ဒေါ်စုက နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ ရစဉ် ရေးဖွဲ့ ခဲ့ တာမို့  (၂၀၀၉ ) ခုနှစ်မှာ ဒီကဗျာကို ခံစားသီဖွဲ့ တာကြောင့် ( ၆၆ ) နှစ်မြောက်မွေးနေ့ မှာ ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ်

၁၇.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
17 Jun 2011 Yeyintnge's Diary.doc17 Jun 2011 Yeyintnge's Diary.doc
543K   View   Download  
17 Jun 2011 Yeyintnge's Diary.pdf17 Jun 2011 Yeyintnge's Diary.pdf
1860K   View   Download  
statement on war offensive by juntas.pdfstatement on war offensive by juntas.pdf
40K   View   Download  

http://www.mediafire.com/file/elj969t18986qjj/17%20Jun%202011%20Yeyintnge%27s%20Diary.pdf
17 Jun 2011 Yeyintnge's Diary

အခြေခံကျကျဖြေရှင်းနိုင်မှသာ ရေရှည်တည်ငြိမ်မှု၊ အေးချမ်းသာယာမှုနဲ့ဖွံ့ဖြိုးမှုကို ရရှိနိုင်မယ်



2 attachments — Download all attachments  
D_16_june_conversation_by_TMN.docD_16_june_conversation_by_TMN.doc
24K   View   Download  
D_16_june_conversation_by_TMN.pdfD_16_june_conversation_by_TMN.pdf
25K   View   Download  


(တူမောင်ညို )
(၂၀၁၁ ဇွန် ၁၆ ရက်)

နိုင်ငံရေးအရ အခြေခံကျကျဖြေရှင်းမှုနဲ့ပြေလည်မှုတွေ မရရှိခဲ့ဘူးဆိုတာကို ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ က အထင်အရှားသက်သေပြနေပါတယ်။
ဇွန်လ(၉) ရက်နေ့ကနေ ဇွန်လ (၁၆) ရက်နေ့အထိ ရက်သတ္တပတ်ခန့် အတွင်းဖြစ်ပေါ်ခဲ့တဲ့ဖြစ်ရပ်တွေအပေါ်ကျနော့် မိတ်ဆွေနဲ့ ကျနော်ဆွေးနွေးဖြစ်ခဲ့ပါတယ်။
အဲဒီဆွေးနွေးချက်တွေကို မိတ်ဆွေတို့လည်းစိတ်ဝင်စားတယ်ဆိုရင်ဖြင့်ပါဝင်ဆွေးနွေးနိုင်ရန်တင်ပြလိုက်ပါတယ်။


(ကျနော်) မနေမြေက ထွက်ပေါ်လာနေတဲ့ သေနတ်သံတွေနဲ့ပတ်သက်လို့ ခင်ဗျားထင်မြင်ချက်ပြောပါဦး။


(မိတ်ဆွေ)
အခိုင်အမာကောက်ချက်တစ်ခုချဖို့အထိတော့ အချိန်နဲနဲစောနေလိမ့်ဦးမယ်ဗျ။ ဦးသိန်းစိန်အစိုးရ က ဇွန်လ ၉ ရက်နေ့ကနေ ဒီနေ့အထိ ဘာမှထုတ်ဖေါ်မပြောသေးဘူး၊ ရေငုံနေတယ်။ ကန့်လန့်ကာ နောက်ကွယ် က ဗိုလ်ချုပ်မှူးကြီးတွေက ဘာမှမပြောခိုင်းသေးဘူးနဲ့တူတယ်ဗျ။ သတိပြုမိတဲ့ ထူးခြားချက်ကလေးတွေနဲ့ ဖြစ်နိုင်ခြေကို ခင်ဗျားနဲ့ကျနော် အပြန်အလှန်အမြင်ဖလှယ်ကြတာပေါ့။ မဟုတ်ဘူးလား။


(ကျနော်)
ဘယ်လိုထူးခြားချက်တွေကိုခင်ဗျားသတိပြုမိလို့လဲဗျ။ နောက်ဆုံးတော့ သေနတ်နဲ့ဖြေရှင်တာပဲလေ။ ဒါကလည်း (KIO) တစ်ခုထဲကို ကွက်ပြီးဖြေရှင်းတဲ့ နည်းလမ်းတော့မဟုတ်ပါဘူး။
နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရေးကို လက်မခံနိုင်သေးတဲ့ ကျန်တဲ့အဖွဲ့အစည်းတွေကိုပါ လက်တွေ့ပြလိုက်တဲ့ပြဿနာပဲမဟုတ်လား။ကရင်ပြည်နယ်မှာလည်းသေနတ်နဲ့ဖြေရှင်းနေတယ်။ရှမ်းပြည်နယ်မှာလည်းသေနတ်နဲ့ပဲဖြေရှင်းနေတယ်လေဗျာ။ အခုလည်း (KIO) စခန်းကို အမြောက်ကြီးတွေနဲ့အချက် ၁၀၀၀ ကျော်လောက်ပစ်ခတ်ပြီး သိမ်းယူသွားတယ်မဟုတ်လား။ အမြောက်ပစ်အားသုံးရတယ်ဆိုတာကလည်းသူတို့စစ်သားတွေရဲ့တိုက်စိတ်ခိုက်စိတ်အခြေအနေသိလို့နဲ့တူတယ်ဗျ။ ဒီအချက်ကို (KIA) ဘက်ကလည်းရိပ်စားမိပုံရတယ်။ “မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်များသို့ အသိပေးကြေညာချက်” ဆိုတာထုတ်ပြန်ထားတယ်တဲ့ဗျ။


(မိတ်ဆွေ)
ဒါလည်းထူးခြားမှုတစ်ခုပေါ့ဗျာ။ နောက်ဆုံးမှာသေနတ်နဲ့ပဲဖြေရှင်းတယ်ဆိုတဲ့ခင်ဗျားဆွေးနွေးချက်ကိုကျနော်မငြင်းပယ်ပါဘူး။
ထောင်ထဲမှာဆန္ဒပြတာကိုလည်း အကြမ်းဖက်ဖြေရှင်းတာပဲ။ လမ်းမပေါ်မှာဆန္ဒပြရင်လည်း အကြမ်း ဖက်ဖြေရှင်းတာပဲလေ။ မဟုတ်ဘူးလား ။
အခုပြဿနာမှာသတိပြုမိတာလေးတွေတချို့တော့ရှိတယ်။ ကာယကံရှင်ဖြစ်တဲ့(KIO)က ထိန်းထိန်း သိမ်းသိမ်းပြောဆိုနေတာပဲဗျ။သူ့ဘက်ကအတတ်နိုင်ဆုံး“ငြိမ်းချမ်းရေး”ပျက်ပြားမှာကိုလိုလားပုံမရဘူး။ မတတ် သာတဲ့အဆုံးမှာ “ငြိမ်းချမ်းရေး”ပျက်ခဲ့ရင်လည်းသူ့ဘက်ကအလွန်မဖြစ်ချင်တဲ့ ပုံစံကိုအထင်အရှားတွေ့ရတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပမှာရှိတဲ့ အဓိကကျတဲ့အင်အားစုတွေဘက်ကလည်း အရင်အခြေအနေ တွေတုန်းကလို ကြေညာချက်တွေထုတ်ပြီး ထင်မြင်ချက်ပေးတာ၊ကန့်ကွက်ပြောဆိုတာတွေ မတွေ့ရဘူးဗျ။ အထူးသဖြင့် တိုင်းရင်းသားတပ်ပေါင်းစုတွေကတောင် ဒီကိစ္စအပေါ် တိတိလင်းလင်းထုတ်ဖေါ်ပြောဆိုတာမျိုး ကျနော်ဖြင့်မကြားမိသေးဘူးဗျ။ လူပုဂ္ဂိုလ်တစ်ဦးချင်းပြောတာဆိုတာတွေတော့ရှိပါတယ်။
ဒါ့အပြင်“ငြိမ်းချမ်းရေး” အကျိုးတော်ဆောင်ခဲ့ကြတဲ့လူပုဂ္ဂိုလ်တွေကလည်း အခုကိစ္စမှာဝင်ရောက် ပြောဆိုတာလည်း မကြားမိဘူးဗျ။ ပြည်ပရောက်ကချင်အမျိုးသားအသင်းအဖွဲ့တွေကပြောတာဆိုတာတော့ရှိပါ တယ်။
နိုင်ငံရေးပါတီတွေ၊ လွှတ်တော်အမတ်တွေကလည်းနေနိုင်တာဗျာ။ ဘာမှမပြောကြဘူး။




(ကျနော်)
လက်တွေ့မှာတော့ဗျ။ (KIO) ဘက်က ဆန်ဂန်ဒေသ ဘွမ်ဆဲန် (Bum Sen) အခိုင်အမာ တပ်စခန်း လက်လွှတ်လိုက်ရတယ်မဟုတ်လား။ ၂ ဖက် သေကျေဒဏ်ရာရမှုတွေရှိတယ်မဟုတ်လား။ စစ်မက်ဘေးကနေ လွတ်ရာပြေးကြရတဲ့ ဒေသခံပြည်သူတွေအရေးလည်းရှိလာတယ်မဟုတ်လား။ မိုးတွင်းကြီးလေဗျာ။ဘေးလွတ် ရာ ပြေးကြရတဲ့ ဒေသခံပြည်သူတွေနေရေးထိုင်ရေး ဘယ်လောက်ခက်ခဲမလဲဗျ။


(မိတ်ဆွေ) ပန်းနဲ့ပေါက်ကြတာမဟုတ်ဘူးလေ။ နှလုံးသားစစ်ဆင်ရေးမဟုတ်ဘူးဗျ။
သေနတ်ကိုင်ပြီး “သူသေကိုယ်ရှင်” စစ်ခင်းတာဗျ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်း နိုင်လို့ စစ်တိုက်ကြရပြီဆိုရင် အဲလို ပြဿနာတွေကြုံရမှာဘဲ။ အဲဒီလို ကြေကွဲစရာပြဿနာတွေ ခဏခဏ မကြုံတွေ့ချင်ရင်တော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ထိထိရောက်ရောက်ဖြေရှင်းနိုင်ဖို့လိုတယ်ဗျ။


(ကျနော်) စစ်ကိုလူထုနည်းနဲ့တားလို့မရဘူးလားဗျ။ ကျနော်ဆိုလိုချင်တာစစ်ကိုလူထုနည်းနဲ့တားဖို့ အဆုံးသတ် ဖို့ပြောတာပါ။


(မိတ်ဆွေ)
စစ်ကိုလူထုနည်းနဲ့တားလို့ရတာပေါ့။ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးတစ်ရပ်လုံးက “စစ်ကိုတား ဆီးမယ်”ဆိုတဲ့ သံဓိဋ္ဌာန်ကို ကိုင်စွဲပြီးလက်တွေ့လှုပ်ရှားမှုထဲ ပါဝင်လာတဲ့အခါမျိုးမှာ စစ်ကိုတားဆီးနိုင်လိမ့်မယ်၊ ဆန့်ကျင်ကန့်ကွက်နိုင်ပါလိမ့်မယ်။ အခုတော့လူထုက စစ်ကိုတားဆီးနိုင်တဲ့အဆင့်မရောက်သေးဘူးနဲ့တူတယ်။ ဘယ်အဖွဲ့အစည်းကမှလည်း စစ်တားဆီးရေးအတွက် တစ်စိုက်မတ်မတ် စည်းရုံးလှုံ့ဆော်နေတာ မတွေ့ရသေး ဘူးဗျ။

(ကျနော်)
ဒါဆိုအခုလောလောဆယ်ပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဗျ။


(မိတ်ဆွေ)
ဒီပြဿနာကနိုင်ငံရေးပြဿနာရဲ့အဆက်ဗျ။ဒီတော့နိုင်ငံရေးပြဿနာကိုအရင်းအမြစ်ကျကျ ဖြေရှင်း မှသာပြီးပြတ်ပြေလည်မှုကိုရရှိနိုင်မှာဖြစ်တယ်။ အဲလိုမှမဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဖွဲမီးလိုတငွေ့တငွေ့လှိုက်စား လောင်မြိုက်နေမှာဖြစ်တယ်။ အဲဒီကမှတဆင့် ဟုန်းကနဲထတောက်တဲ့ အဆင့်ထိဖြစ်လာနိုင်တယ်လေ။
နောက်ထပ်ထင်သာမြင်သာမြင်တွေ့နိုင်တဲ့အချက်တစ်ခုက ကချင်ပြည်နယ်ထဲမှာရှိတဲ့တရုတ်ပြည်က လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာပဲဗျ။ ရေရှည်အာမခံချက်ရှိတဲ့ ဖြေရှင်း ပြေလည်မှုမျိုးသာ မရရှိခဲ့ရင် တရုတ်အစိုးရအတွက် အရှိုက်ကိုလက်သီးနဲ့ အထိုးခံရတာမျိုးဖြစ်လိမ့်မယ်။


(ကျနော်)
ဟုတ်တယ်ဗျ။ တရုတ်သမ္မတကိုယ်တိုင်ကနယ်စပ်တည်ငြိမ်ရေးကိစ္စကို အထူးအလေးထားပြီး ထည့် သွင်းပြောဆိုထားတာဖြစ်တယ်။ ကချင်လူမျိုးက ကချင်ပြည်နယ်တစ်ခုလုံးမှာနေထိုင်သလို ရှမ်းပြည်နယ်ထဲမှာ လည်းနေထိုင်တာဗျ။ ဒီတော့ (KIO)က ခုခံစစ်ကို အနှံ့အပြားဆင်နွှဲလာခဲ့ရင် ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် ထဲကို ဖြတ်သန်းသွားရမယ့်/လုပ်ကိုင်ဆောင်ရွက်ရမယ့် “တရုတ်အကျိုးစီးပွား” ဆိုတာတွေအတွက် မသေချာ မရေရာမှုတွေဖြစ်လာမှာအမှန်ပဲဗျ။
ဒီအတွက် အာမခံချက်ကို ဦးသိန်းစိန်အစိုးရက ပေးနိုင်ပါ့မလား။

(မိတ်ဆွေ) အဲဒါတွေနဲ့ရေရှည်ကိုကြည့်ပြီး ဦးသိန်းစိန်အစိုးရ ဘက်ကလည်းချိန်ဆနေပုံပဲဗျ။ အဲလိုမှမဟုတ်ဘဲ မိုက်မိုက်ကန်းကန်း ထိုးစစ်တွေဆင်လာရင်တော့ မတည်ငြိမ်မှုတွေက ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတင် ကွက်ပြီးဖြစ်နေမှာမဟုတ်တော့ဘဲ။ တပြည်လုံးအနှံ့ဖြစ်လာနိုင်စရာရှိတယ်။
ကျနော်ထင်ပါတယ်။ တရုတ်အစိုးရလည်း ဒီကိစ္စဖြေရှင်းရေးမှာတနည်းနည်းနဲ့ ပါဝင်ပတ်သက်နေပုံရ တယ်ဗျ။ သူ့အကျိုးစီးပွားက အများကြီးဗျ။
မေလ ၂၇ ရက် “တရုတ်- မြန်မာ ပူးတွဲကြေညာချက်”ထဲမှာ နယ်စပ်ကိစ္စတွေကို အချိန်နဲ့တပြေးညီ ပူးတွဲဖြေရှင်းကြမယ်ဆိုတာ အချက်တစ်ခုအနေနဲ့ပါတယ်မဟုတ်လား။

(ကျနော်)
ဒါဟာ နယ်စပ်ဒေသတည်ငြိမ်ရေးပြဿနာ၊ တရုတ်အကျိုးစီးပွားတွေအတွက် ရေရှည်အာမခံချက် ရရှိရေးသီးသန့်ပြဿနာ့မဟုတ်ဘူး။
မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးပြဿနာနဲ့အမျိုးသားတန်းတူရေးပြဿနာတွေကိုအခြေခံကျကျ ဖြေရှင်း နိုင်မှသာ ရေရှည်တည်ငြိမ်မှု၊ အေးချမ်းသာယာနဲ့ဖွံ့ဖြိုးမှုကို ရရှိနိုင်မယ့် နိုင်ငံရေးပြဿနာတွေဖြစ်တယ်ဗျ။

(မိတ်ဆွေ)
မှန်လိုက်လေဗျာ။ “အဖွဲ့ကြီး ၁၇ ဖွဲ့” နဲ့ရရှိခဲ့ပါတယ်ဆိုတဲ့၊ ဘယ်အစိုးရလက်ထက်မှာမှ မရရှိခဲ့ဖူးတဲ့ “ငြိမ်းချမ်းရေး” ဆိုတာရဲ့ အတွင်းသရုပ်ဟာ ပွင့်ကျနေပြီလေ။

DVB - 16.06.2011 - Documentary

စာပေလွတ်လပ်ခွင့် ဖြေလျော့ပေးတာလား၊ တင်းကျပ် ချုပ်ချယ်လာတာလား


Published on June 17, 2011 by တိုင်းကျော်

သတင်း​နဲ့​ စာ​ပေ​လောကသား​တွေ အား​လုံး​ ​မျှော်လင့်​နေကြတဲ့​ ပထမအဆင့်​ စာ​ပေလွတ်လပ်ခွင့်​ပေး​မှုကြီး​က​တော့​ ​ပေါ်ထွက်လာပါပြီ။ ဒါနဲ့​ပတ်သက်လို့​ ပြီး​ခဲ့​တဲ့​ ဇွန်လ (၈) ရက်​နေ့​က ဂျာနယ်၊​ မဂ္ဂဇင်း​နဲ့​ အ​ထွေ​ထွေ ထုတ်​ဝေသူ​တွေကို စာ​ပေစိစစ်​ရေး​က ​ခေါ်ယူရှင်း​လင်း​ခဲ့​ပါတယ်။ ရှင်း​လင်း​ပြီး​နောက်တနေ့​မှာ​တော့​ စာ​ပေစိစစ်​ရေး​က အသစ်ချမှတ်ထား​တဲ့​ စည်း​ကမ်း​တွေ၊​ အ​ရေး​ယူမယ့်​ ပုံစံ​တွေကိုပါ ထုတ်ပြန်​ပေး​ခဲ့​ပါတယ်။ အဲဒီ​နောက်ပိုင်း​ သတင်း​နဲ့​ စာ​ပေ​လောကသား​တွေရဲ့​ စိုး​ရိမ်မှုဟာ ပိုပြီး​ ကြီး​မား​လာပါတယ်။ ဒီလိုနဲ့​ပဲ ဇွန်လ ၁၃ ရက်​နေ့​က ပြုလုပ်ခဲ့​တဲ့​ စာ​ပေနဲ့​ စာနယ်ဇင်း​ အဖွဲ့​ ​တွေ့​ဆုံပွဲမှာ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​က ခုလို စာ​ပေစိစစ်​ရေး​ဆိုင်ရာ မူဝါဒ ​ပြောင်း​လဲကျင့်​သုံး​တာဟာ စာနယ်ဇင်း​ အသိုင်း​အဝိုင်း​အတွက် တင်း​တပ်ချုပ်ချယ်တာ မဟုတ်ပဲ ​ဖြေ​လျော့​တာသာ ဖြစ်​ကြောင်း​ တုန့်​ပြန်​ပြောဆိုသွား​ခဲ့​ပါတယ်။ ဒီလို ​ပြောလိုက်တဲ့​အတွက် လက်ရှိ ​ပြောင်း​လဲကျင့်​သုံး​မယ့်​ စာ​ပေစိစစ်​ရေး​မူဟာ ဘယ်လိုများ​ ဖြစ်မလဲဆိုတာ ဦး​ကျော်ဆန်း​ပြောတဲ့​ စကား​ထဲမှာ ဝန်ခံခဲ့​ပြီး​သလို ဖြစ်သွား​စေခဲ့​ပါတယ်။ အ​ကြောင်း​က​တော့​ ခု အပြောင်း​အလဲ ဆိုတာကို သတင်း​နဲ့​ စာ​ပေအသိုင်း​အဝိုင်း​က ပိုပြီး​ တင်းကျပ်ချုပ်ချယ်တာလို့​ မြင်​နေကြတဲ့​ အတွက်​ကြောင့်​ပဲ ဖြစ်ပါတယ်။ ခုတပတ် အဲဒီ စာ​ပေစိစစ်​ရေး​ဆိုင်ရာ မူဝါဒအ​ကြောင်း​ ​ဆွေး​နွေး​တင်ပြသွား​ပါ့​မယ်။

လက်ရှိ ​ပြောင်း​လဲလိုက်တဲ့​ စာ​ပေစိစစ်​ရေး​ဆိုင်ရာ မူဝါဒအရ ဂျာနယ်၊​ မဂ္ဂဇင်း​တွေနဲ့​ အ​ထွေ​ထွေ ထုတ်​ဝေသူ​တွေကို အုပ်စု (၂) စုခွဲလိုက်ပါတယ်။ ပထမ အုပ်စု (၁) မှာ အနုပညာ သုတ ရသ၊​ က​လေး​၊​ ကျန်း​မာ​ရေး​၊​ နည်း​ပညာ၊​ အား​ကစား​ (၅) မျိုး​ပါဝင်ပြီး​ အုပ်စု (၂) မှာ​တော့​ သတင်း​ဂျာနယ်နဲ့​ ကျန်တဲ့​ အမျိုး​အစား​တွေ ပါဝင်ပါတယ်။ မူသစ်အရ အုပ်စု (၁) မှာပါတဲ့​ အား​ကစား​ အပါအဝင် အနုပညာဆိုင်ရာ ဂျာနယ်နဲ့​ မဂ္ဂဇင်း​တွေကို အရင်လို စာ​ပေစိစစ်​ရေး​ကို တင်ပြစရာ မလိုဘဲ ထုတ်ပြန်ထား​တဲ့​ စည်း​ကမ်း​တွေနဲ့​အညီ ကိုယ့်​ဘာသာကိုယ် ထုတ်​ဝေခွင့်​ရ​တော့​မယ်လို့​ ဆိုပါတယ်။ ကျန်တာ​တွေက​တော့​ အရင်အတိုင်း​ အစစ်​ဆေး​ခံကြရဦး​မှာ ဖြစ်ပါတယ်။ ဒီအတွက် အုပ်စု (၁) မှာ ပါသူ​တွေက လွတ်လပ်ခွင့်​ရလာပြီး​ အုပ်စု (၂) မှာ ပါသူ​တွေက​တော့​ အရင်အတိုင်း​ပဲလို့​ ထင်​ကောင်း​ထင်ကြပါလိမ့်​မယ်၊​ တကယ့်​တကယ် လက်တွေ့​မှာ​တော့​ အဲဒီလို မဟုတ်ခဲ့​ပါဘူး​။

ဒီလို မဟုတ်ခဲ့​တဲ့​ အ​ကြောင်း​ရင်း​တွေအနက် ပထမတချက်က​တော့​ စာ​ပေစိစစ်​ရေး​က အသစ်ထုတ်ပြန်လိုက်တဲ့​ စာ​ပေစိစစ်​ရေး​မူ (၁၂) ချက်နဲ့​ အ​သေး​စိတ်ရမယ့်​ အချက် (၁၆) ချက်​ကြောင့်​ ဖြစ်ပါတယ်။ တကယ့်​တကယ် ​လေ့လာကြည့်​ရင် ဒီအချက်​တွေဟာ လိုက်နာဖို့​ ခက်ခဲသလို အပြည့်​အဝ လိုက်နာခဲ့​ရင် ဘယ်လို သတင်း​ ​ဆောင်း​ပါး​မျိုး​ကိုမှ ​ရေး​လို့​ မရနိုင်ဘူး​ဆိုတဲ့​ အ​ဖြေကို ရပါတယ်။ စာ​ပေစိစစ်​ရေး​မူ (၁၂) ချက်ထဲမှာ ကြီး​မား​တဲ့​အချက်​တွေပါသလို အချက်နံပါတ် (၁၁)မှာ​တော့​ ပြည်သူတဦး​ချင်း​၏ ကိုယ်ပိုင်လွတ်လပ်ခွင့်​နှင့်​ ဂုဏ်သိက္ခာကို ထိခိုက်​ရေး​သား​ ​ဖော်ပြခြင်း​မပြုရ၊​ ဆိုပြီး​ ​ဖော်ပြထား​ပါတယ်။ တကယ်​တော့​ ဒီအချက်ဟာ အများ​ကြီး​ ကျယ်ပြန့်​ပါတယ်။ ဒီအချက်​ကြောင့်​ နိုင်ငံ​ခေါင်း​ဆောင်​တွေ ဝန်ကြီး​တွေ အစိုး​ရ အရာရှိ​တွေ မ​တော်မတရား​ လုပ်တာ​တွေကို ​ဖော်ထုတ်​ရေး​သား​ရ ခက်သွား​စေပါတယ်။ ဒါတင်မက ပြည်သူ​တွေ သိချင်​နေတဲ့​ လုပ်ငန်း​ရှင် သူ​ဌေး​ကြီး​တွေ၊​ အနုပညာအသိုင်း​အဝိုင်း​က နာမည်ကြီး​သူများ​ရဲ့​ အ​ကြောင်း​တွေကိုလည်း​ ​ရေးသား​ရ ခက်သွား​စေပါတယ်။

အ​သေး​စိတ် အ​ခြေခံရမည့်​ အချက် (၁၆) ချက်ထဲမှာ ပါတာ​တွေက လိုက်နာဖို့​ ပိုပြီး​ ခက်ခဲပါတယ်။ ဥပမာအား​ဖြင့်​ နိုင်ငံ​ရေး​ခေါင်း​စဉ်​အောက်က အချက် နံပါတ် (၄)မှာ အဂတိလိုက်စား​မှု၊​ တရား​မဝင် မူး​ယစ်​ဆေး​ဝါး​ ထုတ်လုပ်​ရောင်း​ဝယ်မှု၊​ အဓမ္မ လုပ်အား​ပေး​ ​စေခိုင်း​မှု၊​ လူကုန်ကူး​မှု က​လေး​စစ်သား​ စ​သောအ​ကြောင်း​အရာတို့​နှင့်​ ပတ်သက်ပြီး​ သတင်း​အရင်း​အမြစ် မခိုင်မာဘဲ ​ရေး​သား​ဖော်ပြခြင်း​ မပြုရလို့​ ​ဖော်ပြထား​ပါတယ်။ အလား​တူ စီး​ပွား​ရေး​ ​ခေါင်း​စဉ်​အောက်က နံပါတ် (၂) မှာဆိုရင် သတင်း​အရင်း​အမြစ် မခိုင်မာ​သော စီး​ပွား​ရေး​ဆိုင်ရာ အချက်အလက်များ​ သတင်း​ ​ဆောင်း​ပါး​နှင့်​ ဓာတ်ပုံများ​အား​ ​ဖော်ပြခြင်း​မပြုရလို့​ ပါပါတယ်။ ဒါတင်မက အ​ထွေ​ထွေ ​ခေါင်း​စဉ်​အောက်က အချက် နံပါတ် (၁) မှာ ဌာနဆိုင်ရာ လုပ်ငန်း​များ​၊​ ပုဂ္ဂလိက လုပ်ငန်း​များ​၏ အား​နည်း​ချက်များ​အား​ ​ထောက်ပြ​ဝေဖန်ရာတွင် အချိန် ​နေရာ၊​ အဖွဲ့​အစည်း​အမည် စသဖြင့်​ သတင်း​အရင်း​အမြစ်နှင့်​ အ​ထောက်အထား​ ခိုင်လုံစွာ ​ရေး​သား​ဖော်ပြရမည် ဆိုပြီး​ ထည့်​သွင်း​ထား​ပါတယ်။

တကယ်​တော့​ မြန်မာနိုင်ငံမှာ အစိုး​ရဌာနဆိုင်ရာ​တွေ​ရော ပုဂ္ဂလိက လုပ်ငန်း​တွေကိုပါ ပြည်သူ​တွေ သိသင့်​သိထိုက်တဲ့​ သတင်း​အချက်အလက်​တွေ ထုတ်ပြန်​ပေး​ဖို့​ ဥပ​ဒေပြဋ္ဌာန်း​​ထား​တာ၊​ ညွှန်ကြား​ထား​တာ မရှိပါဘူး​။ ဒါတင်မက သတင်း​ဌာန​တွေက သတင်း​အချက်အလက်​တွေကို ​မေး​လာရင် ပြန်ပြီး​ ​ဖြေကြား​ပေး​ဖို့​ တာဝန်ရှိတယ်လို့​လည်း​ ပြဋ္ဌာန်း​ထား​တာ မရှိပါဘူး​။ ဒီလို အခြေအ​နေ​အောက်မှာ သတင်း​ရင်း​မြစ် တိကျခိုင်လုံမှ ​ရေး​ဖို့​ ဆိုတာ ဘာကိုမှမ​ရေး​နဲ့​လို့​ ညွှန်ကြား​လိုက်တာနဲ့​ အတူတူပါပဲ။ ဒါတင်မက သတင်း​ရေး​တဲ့​အခါ အချိန် ​နေရာ၊​ အဖွဲ့​အစည်း​အမည် စသဖြင့်​ တိတိကျကျ ​ရေး​ခိုင်း​တယ် ဆိုတာဟာလည်း​ သတင်း​ရေး​တာနဲ့​ မတူဘဲ တိုင်စာ​ရေး​ခိုင်း​သလို ဖြစ်​နေတာ​ကြောင့်​ သတင်း​ရင်း​မြစ်​တွေကို ကာကွယ်ရမယ် ဆိုတဲ့​ သတင်း​စာလုပ်ငန်း​ ကျင့်​ဝတ်​တွေနဲ့​လည်း​ ​သွေဖည်သလို ဖြစ်​စေပါတယ်။

ဒီထက်ဆိုး​တဲ့​ အဆိုး​ဆုံး​ ကိစ္စက​တော့​ သတင်း​နဲ့​ စာ​ပေသမား​တွေအတွက် စာ​ပေစိစစ်​ရေး​ ကြီး​ကြပ်မှု ဗဟိုအဖွဲ့​ ဆိုတဲ့​ ​နောက်ထပ် တရား​ရုံး​တခုကို တရား​ဝင် ထူ​ထောင်လိုက်ခြင်း​ ဖြစ်ပါတယ်။ တကယ်ဆိုရင် နဂိုက ဒီအဖွဲ့​ဟာ ဂျာနယ် မဂ္ဂဇင်း​တွေနဲ့​ စာ​ပေထုတ်​ဝေသူ​တွေကို မထုတ်ခင် လာပြီး​တင်ပြ၊​ သူတို့​က စိစစ်မယ်၊​ သူတို့​က လိုအပ်မယ် ထင်တာ​တွေကို ဖြုတ်ခိုင်း​တာ၊​ ပယ်ခိုင်း​တာ၊​ ဆိုင်း​ငံ့​ခိုင်း​တာ စသဖြင့်​ ညွှန်ကြား​မယ်၊​ တကယ်လို့​ အဲဒီ ညွှန်ကြား​ချက်​တွေကို မလိုက်နာဘူး​ မထည့်​ခိုင်း​တာ ထည့်​တယ်၊​ မျက်နှာဖုံး​မှာ မတင်ခိုင်း​တာ တင်တယ် စသဖြင့်​ လုပ်လာတာမျိုး​ဆိုရင်​တော့​ ​ခေါ်ယူသတိ​ပေး​တာ၊​ လက်မှတ်ထိုး​ခိုင်း​တာ၊​ ဂျာနယ် မဂ္ဂဇင်း​ကို တပတ်နား​ခိုင်း​တာ၊​ နှစ်ပတ်နား​ခိုင်း​တာ စသဖြင့်​ အဆင့်​ဆင့်​ အ​ရေး​ယူပိုင်ခွင့်​ရှိတဲ့​ အဖွဲ့​အစည်း​ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ သူတို့​က ဖြုတ်ပယ်ခိုင်း​တာ​တွေ ဖြုတ်ပယ်ပြီး​နောက် ထုတ်​ဝေတဲ့​ စာအ​ရေး​အသား​တွေနဲ့​ ပတ်သက်ပြီး​ ပြသနာတစုံတခု​ပေါ်ရင် တရား​ဝင် ဝင်​ရောက်ဆုံး​ဖြတ်​ပေး​ပိုင်ခွင့်​တော့​ မရှိခဲ့​ပါဘူး​။ ကာယကံရှင်​တွေကို အလွတ်သ​ဘော ​ခေါ်ယူညှိနှိုင်း​ပေး​တာလောက်ပဲ ရှိခဲ့​ပြီး​ တရား​ရုံး​တွေက​နေ တဆင့်​သာ ​ဖြေရှင်း​ကြရပါတယ်။ ခု မူဝါဒ အသစ်မှာ​တော့​ ဒီလို မဟုတ်​တော့​ပါဘူး​။ ဂျာနယ်တစောင် မဂ္ဂဇင်း​ တစောင်ဟာ စာ​ပေစိစစ်​ရေး​ရဲ့​ ချမှတ်ထား​တဲ့​ စီမံခန့်​ခွဲမှုဆိုင်ရာ စည်း​ကမ်း​ချက်​တွေကို လိုက်နာသည်ထား​ဦး​ အ​ရေး​အသား​နဲ့​ ပတ်သက်လို့​ ပုဂ္ဂိုလ်တစုံတဦး​က တိုင်ကြား​လာရင် ဖြစ်​စေ၊​ ကုမ္ပဏီတခု အစိုး​ရဌာန တခုက အ​ကြောင်း​ကြား​လာရင်ဖြစ်​စေ၊​ သက်ဆိုင်ရာ သတင်း​ရေး​သား​သူကို ​ခေါ်ယူ၊​ ခုံရုံး​ဖွဲ့​ စစ်​ဆေး​ခွင့်​ရှိတယ်လို့​ မူဝါဒအသစ် ညွှန်ကြား​ချက်အမှတ် ၄၇ မှာ အတိအလင်း​ ပြဋ္ဌာန်း​​လာပါတယ်။

ဒီလို စစ်​ဆေး​မှုကို အဆင့်​(၃) ဆင့်​ခွဲပြီး​ ပြုလုပ်မယ် ဆို​ပေမယ့်​ ​နောက်ဆုံး​အဆင့်​ အဆုံး​အဖြတ်​ပေး​မှာက​တော့​ ကြီး​ကြပ်မှု ဗဟိုအဖွဲ့​ပဲ ဖြစ်ပါတယ်။ အဲဒီအဖွဲ့​ရဲ့​ စစ်​ဆေး​စီရင်ပိုင်ခွင့်​ အမြင့်​ဆုံး​အာဏာက​တော့​ ကျပ်​ငွေ သိန်း​ (၅ဝ) အထိ ဒါဏ်​ငွေချမှတ်နိုင်ခြင်း​ ဖြစ်ပါတယ်။

ဒီ​တော့​ လက်ရှိ စာ​ပေစိစစ်​ရေး​ မူဝါဒအသစ်ကို သုံး​သပ်ရရင် အား​ကစား​ ဂျာနယ်​တွေအပါအဝင် အမျိုး​အစား​ (၅)မျိုး​ ကို စိစစ်​ရေး​တင်စရာ မလိုပဲ ထုတ်​ဝေခွင့်​ပြုတာကလွဲရင် ကျန်အချက်အလက်​တွေက​တော့​ ပိုပြီး​ တင်း​ကျပ်လာတာ​တွေ့​မြင်နိုင်ပါတယ်။ ထင်ရှား​တဲ့​ ဥပမာ​တွေက​တော့​ တကယ်သတင်း​ရေး​နေတဲ့​ သတင်း​ဂျာနယ်​တွေ အပါအဝင် ဂျာနယ်အများ​စုကြီး​ဟာ နဂိုကအတိုင်း​ စိစစ်မှုအဆင့်​ဆင့်​ ခံယူခိုင်း​တာ၊​ လိုက်နာဖို့​ ခက်ခဲလှတဲ့​ စည်း​ကမ်း​ချက် (၂၈) ချက် ထုတ်ပြန်လာတာ၊​ အဆိုး​ဆုံး​က​တော့​ အရင်က မရှိခဲ့​ဖူး​တဲ့​ စာ​ပေစိစစ်​ရေး​ ဗဟိုကြီး​ကြပ်မှုအဖွဲ့​ တရား​ရုံး​ဆိုတာ​ပေါ်​ပေါက်လာပြီး​ ကျပ်သိန်း​ ၅ဝ အထိ စီရင်ပိုင်ခွင့်​ရယူပြီး​ ဆုံး​ဖြတ်မယ် ဆိုတာ​တွေပဲ ဖြစ်ပါတယ်။ ဒီလိုနည်း​အား​ဖြင့်​ ဦး​ကျော်ဆန်း​နဲ့​ စာ​ပေစိစစ်​ရေး​အဖွဲ့​ဟာ သူတို့​ လူစု​တွေရဲ့​ ဩဇာကိုကြီး​သထက် ကြီး​အောင် ဖန်တီး​ရင်း​ သတင်း​နဲ့​ စာ​ပေ​လောကမှာ ဆက်လက် တင်း​ကျပ် ဖိနှိပ်မှု​တွေ ပြုလုပ်​နေဆဲ ဖြစ်ပါ​ကြောင်း​ တင်ပြလိုက်ရပါတယ်။
http://burmese.dvb.no/

ဒေါ်အောင်ဆန်းစုကြည် ဇွန် ၂၂ ရက်နေ့ ခရီးစထွက်မည်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံး

ပြည်တွင်းခရီးစဉ်အား ဇွန်လ ၂၂ ရက်နေ့တွင် စတင်ရန် ပြင်ဆင်နေကြောင်း အမျိုးသား

ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းတာဝန်ရှိသူက “ မွေးနေ့ပွဲပြီးတာနဲ့

၃ ရက်အကြာ ဇွန် ၂၂ ရက်မှာခရီးစတင်ထွက်မှာပါ၊

ဘယ်နေရာကိုစတင် ထွက်မယ်ဆိုတာတော့ ပြောဖို့ စောပါသေးတယ်”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက်တွင် မိမိသည် နိုင်ငံသား

တစ်ဦးဖြစ်ခြင်းကြောင့် မိမိလုံခြုံရေးသည် အစိုးရတွင် အပြည့်အဝတာဝန်ရှိကြောင်း မီဒီယာ

စာမျက်နှာထက်တွင် ဆိုခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်

မွေးနေ့ အခမ်းအနားအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် အခမ်းအနားပြင်ဆင်မှုများ

ရှိနေသော်လည်း ပြည်တွင်းခရီးစဉ် ထွက်ရှိရန် ဒေါ်အောင်ဆန်းစုကြည်က နှောင့်နှေးမည်ကို

မလိုလားကြောင်း ယင်းအဖွဲ့ချုပ်အသိုင်းအဝိုင်းမှ ကြားသိရသည်။

အဖွဲ့ချုပ်လူငယ်တစ်ဦးက “ခရီးထွက်ဖို့ကို အမေက နောက်ကျမှာ မလိုလားဘူး။ အခု အောက်က

အခန်းမှာ အမေ့မွေးနေ့အတွက် ပွဲတိုက်တယ်၊ အပေါ်က အခန်းတွေမှာတော့ ခရီးသွားဖို့ ပြင်ဆင်နေ

ကြတယ်။ အစည်းအဝေးတွေ လုပ်နေကြတယ်” ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်

ဒီပဲယင်းလုပ်ကြံမှု အပြီးတွင် ၇ နှစ်ကျော်ကြာ နအဖအစိုးရ၏ နေအိမ်အကျယ်ချုပ်ထားခြင်းခံခဲ့ရသည်။


ကျော်စွာ


( မေးထဲသို့ ရောက်လာသော Yangon Chronicle သတင်းလွှာမှ ကူးယူဖော်ပြပါသည် )