Wednesday, June 22, 2011

သူ့အနုပညာ သူ့ယုံကြည်ချက်နဲ့ မြန်မာနိုင်ငံအတွက် အလှကိုသာ ဖန်တီးနေသူ


ကိုဇာဂနာက သူ့အနုပညာ သူ့ယုံကြည်ချက်နဲ့ မြန်မာနိုင်ငံအတွက် အလှကိုသာ ဖန်တီးနေသူ - (အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်:ပြည် )




by Sophia Sofia Chan on Wednesday, June 22, 2011 at 1:36pm
ကိုဇာကနာ ရဲ့ အနုပညာကြောင့် လူထုတွေ ပျော်ရွှင်ရသလို။ ကိုဇာဂနာရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် လူထုတွေ အင်အားဖြစ်ခဲ့ရတယ်။ ကိုဇာဂနာက သူ့အနုပညာ သူ့ယုံကြည်ချက်နဲ့ မြန်မာနိုင်ငံအတွက် အလှကိုသာ ဖန်တီးနေသူဖြစ်သည်။

ကိုဇာဂနာ

လေးစားရသော သောတရှင်များရှင်

မြန်မာပြည်မှာ နာဂစ်လေမုန်တိုင်းတိုက်ခိုက်ခဲ့တာ ၁ နှစ်ပြည့်ပြီးချိန်ဆိုပေမယ့် မုန်တိုင်းရဲ့နောက်ဆက်တွဲ သောကမုန်တိုင်းတွေကတော့ မပြီးသေးပါဘူး။ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီအားပေးလှူဒါန်းခဲ့သူများရဲ့ ဘ၀မုန်တိုင်းတွေလည်း အကျဉ်းထောင်တွေထဲမှာ အခုအချိန်ထိ တိုက်ခိုက်နေဆဲပါ။

မြစ်ကြီးနား အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်တွေအများကြီးနဲ့ အကျဉ်းကျခံနေရတဲ့ လူရွှင်တော် ကိုဇာဂနာက နာဂစ်အလှူမှာ ရှေ့တန်းကဦးဆောင်ပါဝင်ခဲ့သူပါ။ အနုပညာသည် အများစု ပါဝင်ဖို့ မီဒီယာကနေ လှူံ့ဆော်ခဲ့ပါတယ်။ ကိုဇာဂနာ ရုပ်ရှင်သရုပ်ဆောင်တွေ ဆန်ဆီ၊ ငရုပ်ကြက်သွန်၊ ခေါက်ဆွဲခြောက်၊ ဆေးဝါး၊ မိုးကာဖျင်တွေ လှူဒါန်းနိုင်ဖို့ ပါဝင်ကူညီကြပါတယ်။ ရုပ်ရှင် သရုပ်ဆောင်တွေရဲ့ အလှူကို ကိုဇာဂနာ ကူညီပံ့ပိုးသလို အလှူဖြစ်မြောက်အောင် တောင်ဒဂုံ အဖွဲ့ချုပ်လူငယ် မဥမ္မာလည်း ပါဝင်ခဲ့ပါတယ်။ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ နေရာအနှံ့ လေဘေးသင့်ပြည်သူတွေရဲ့ ဒုက္ခအခဲကို တတ်အားသလောက် ကူညီနိုင်ဖို့ ဒေသခံတွေနဲ့ ဆက်သွယ်ပြီး လတ်တလော အကူအညီပေးနိုင်ခဲ့ပါတယ်။

ကိုဇာဂနာတို့ အလှူကို မဥမ္မာနဲ့ အတူ ကျမပါဝင်လှူဒါန်းပေးရစဉ်က အဖြစ်အပျက်လေးကလည်း မောစရာတွေကြားက ရယ်စရာဖြစ်ရပါသေးတယ်။ ရွာသာကြီး လေးထောင့်ကန် လေဘေးသင့်ပြည်သူတွေလက်ထဲ အလှူပစ္စည်းတွေရောက်ဖို့ တိုကင်ကြိုပေးစဉ်က ဒေသခံတွေကို အကူအညီတောင်းရပါတယ်။ ဒီတိုကင်ရသူတွေကို မနက်ဖြန် ၉ နာရီမှာ လာလှူမယ်။ အလှူရှင်တွေက သရုပ်ဆောင်တွေလို့ပြောထားတယ်။ တကယ်က ပစ္စည်းကသာ ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ပစ္စည်း၊ လုပ်အားပေးကူညီသူက ကျမတို့တွေ၊ လေးထောင့်ကန်ရွာကိုရောက်တော့ ပစ္စည်းတွေတင်လာတဲ့ ကားနားကို ဒုက္ခသည်တွေ ၀ိုင်းလာကြတယ်။ ဘယ်မင်းသားပါလဲ။ ဘယ်မင်းသမီးပါလဲဆိုပြီး ဆင့်ထက်ကဲ ၀ိုင်းမေးကြတယ်။ ကားပေါ်ကသူတွေက မင်းသားမင်းသမီးတွေ မဟုတ်တဲ့အပြင် ဖြတ်လျှောက်ထဲမှာတောင် မတွေ့ဖူးဘူး။ ဒီတော့ ရှူတင် ထမင်းဟင်းချက်တွေပဲ ဖြစ်မယ်လို့ စကားတင်းဆိုကြတယ်။ ဒါကို ကိုဇာဂနာ သိတော့ ဟုတ်တာပေါ့။ ပြည်သူလူထုက သူတို့ချစ်ခင် တဲ့ သရုပ်ဆောင်တွေ မြင်ချင်ရှာမှာပဲ၊ ဒါလည်း စိတ်ကုထုံးတမျိုးလို့ပြောပြီး နောက်ထပ်အလှူတွေကို ရုပ်ရှင်သရုပ်ဆောင်တွေ တစ်ယောက်မဟုတ်တစ်ယောက် လိုက်ခိုင်းပါတယ်။ အဆိုတော်တွေလည်း ပါပါတယ်။ ကိုဇာဂနာက သူကိုယ်တိုင်မလိုက်နိုင်ရင်လည်း အလှူပစ္စည်းတွေ ဝေမယ့်နေရာကို ဖုန်းဆက်တတ်ပါတယ်။ ဒုက္ခသည်တွေကို ဖုန်းနားထောင်ခိုင်းပြီး သူ့အသံကြီးနဲ့ အားရပါးရ အားပေးတယ်။ ခုထက်လှူနိုင်အောင် ကြိုးစားမယ်လို့ ကတိပေးတယ်။ အဲ့ဒီ ကတိ အတိုင်းလည်း ထပ်ပြီး လှူနိုင်အောင်လုပ်တယ်။ ဒီတော့ ဒုက္ခသည်တွေက ကိုဇာဂနာကို ပိုပြီး ချစ်ခင်လေးစားကြတယ်။

တောင်ဒဂုံ ၆၁ ရပ်ကွက်မှာ လှူဒါန်းစဉ်က ရုပ်ရှင်သရုပ်ဆောင် ကိုအောင်ခိုင်၊ ကိုငှက်ပျောကြော် နဲ့ ကိုလူချောတို့အဖွဲ့ကို ဒိုင်နာ ၃ စီးနဲ့ လွှတ်လိုက်ပါတယ်။ ကြိုတင်ရောက်နှင့်နေတဲ့ မဥမ္မာတို့ကိုကျော်ပြီး ကားမောင်းသွားတော့ ဒုက္ခသည်စခန်းထဲက သူတွေကိုစေဖို့ တင်လာတဲ့ ဆန်အိတ်တွေထဲက ၁၀ အိတ်ကို ကြံ့ခိုင်ရေးရုံးကို လှူခဲ့ရတယ်။ မဥမ္မာတို့ သိတော့ တောက်တခေါက်ခေါက်နဲ့ မခံချင်ဖြစ်ကြတယ်။ ဒုက္ခသည် စခန်းတိုင်းမှာ ကြံ့ခိုင်ရေးအလံတွေ ထောင်ထားပေမယ့် ဒုက္ခသည်တွေကို ကူညီရတာက ပုဂ္ဂလိက အလှူရှင်တွေပါ။ အဲဒီနေ့က ဒုက္ခသည် အိမ်ထောင်စု အလိုက် ဆန် ၅ပြည်၊ ခေါက်ဆွဲခြောက်၊ အ၀တ်အထည် ဆေးဝါးပေးပါတယ်။ ဆန်တွေကို တောင်လိုပုံပြီး ပြည်တောင်းနဲ့ချင်တွယ်ပြီးပေးတာပါ။ ဆန်ချင်တွယ်သူတွေ အဖွဲ့ကတော့ ကိုလူချောတို့ အဖွဲ့ပါ။  ဒုက္ခသည်တွေက သူတို့မှတ်မိနေသူတွေမို့ သူတို့ဘ၀နဲ့ ဆက်နွယ်တဲ့ ဆုတောင်းကို ၀ိုင်းပေးကြတယ်။ မင်းသမီးတွေကို ဗလက်ကာယ များများလုပ်နိုင်ပါစေတဲ့။

ကိုလူချောတို့အဖွဲ့ကလည်း တကယ့်ကို ခွန်အားစိုက်ထုတ်ပြီး ကူညီတာပါ။ ဆန်အိတ်တွေကို ကိုယ်တိုင်ချ၊ ကိုယ်တိုင်သယ် ကိုယ်တိုင်သွန်၊ ကိုင်တိုင်ချင်တွယ် လုပ်ကြရတာ ခါးချိတဲ့အထိပါ။ ဒီလို ငွေအားခွန်အားနဲ့ကူညီသူတွေ အများကြီးထဲမှာ ငွေမျက်နှာ တစ်ခုကိုသာ ကြည့်တဲ့ ၀ိသမလောဘ သမားတွေလည်း ရှိပါတယ်။ ကိုဇာဂနာ ၀ယ်လာတဲ့ ဆန်အိတ်ထဲ ရေဆိုမိတဲ့ ဆန်အိတ်တွေ ကြားညှပ်ထည့်ပေးတော့ ကိုဇာဂနာက ချက်ချင်းပွဲရုံ ကို ဖုန်းဆက်တယ်။ နောက်နေ့မ၀ယ်တော့ဘူး။ သိန်းရာချီနေ့စဉ်ဝယ်နေတာ ကျနော်တို့ကို အားမနာရင်တောင် ဒုက္ခသည်တွေကို အားနာဖို့ကောင်းတယ်။ ကျနော် မျက်နှာပူတယ်။ ဒုက္ခသည်ပဲ ငါတို့လုပ်သလို ခံရမယ်ဆိုတာ ဘယ်ဟုတ်ပါ့မလဲ။ ဘယ့်နှယ့်ဗျာ၊ တခြားနည်းနဲ့ စီးပွားရှာလို့ ပြောတော့တာပဲ။

တကယ်လည်းဟုတ်ပါတယ်။ ဒုက္ခသည်တွေကို အလှူလှူပြီး ပြန်လာခဲ့ရင် ကျမတို့မှာ ဝေဒနာ တခုပါလာတယ်။ အလှူရှင်တွေက လှူတဲ့နေရာမှာ လွယ်ကူအောင် ဒုက္ခသည်တွေကို တန်းစီခိုင်းပြီး လက်ထဲကို ကိုယ်တိုင်ထည့်ပါတယ်။ အဲဒီလို တန်းစီနေတဲ့အချိန်မှာ ဒုက္ခသည်တွေရဲ့ မျက်နှာတွေ ညှိုးကြသွားတယ်။ သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေ လွှမ်းနေတယ်။ ရှက်လည်းရှက်ကြတယ်။ နာဂစ်မဖြစ်ခင်မှာ ဆင်းရဲအုံးတော့ ကိုယ့်လက် ကိုယ့်ခြေ၊ ကိုယ့်အိမ်ကိုယ့်ယာဆိုတဲ့အသိက ဘ၀ကို ရင်ဆိုင်ဖို့ ခွန်အားတွေနဲ့ တက်ကြွနေကြတာ။ ခုတော့ အလှူရှင်ကို မျှော်ရတဲ့ဘ၀။ အလှူရှင်ပါလာတဲ့ ပစ္စည်းနဲ့ အသက်ဆက်ရတော့ ရှက်လို့ သိမ်ငယ်လို့ မယူဘူးဆိုလည်း စားစရာမရှိ။ ရှေ့မျက်နှာ နောက်ထားပြီး တန်းစီရတော့တာပါပဲ။ ဒုက္ခသည်တွေရဲ့ စိတ်ခွန်အားဖြစ်ဖို့ ကြိုးစားပါတယ်။ မြစ်ဝကျွန်းပေါ်လေဘေးသင့် ပြည်သူတွေဆီကိုလည်း သူကိုယ်တိုင်လည်းသွားပါတယ်။ မြစ်ဝကျွန်းပေါ်ကို ကျမရောက်သွားတော့ ဒုက္ခသည်တွေက ကျော်သူထမင်း ကျော်သူဟင်း၊ ဇာဂနာထမင်း ဇာဂနာဟင်း တဲ့။

သောတရှင်များရှင်
ကျော်သူထမင်း ကျော်သူဟင်း၊ ဇာဂနာထမင်း ဇာဂနာဟင်း ဆိုတာ နာဂစ်ဒုက္ခသည်တွေရဲ့ ရင်တွင်းဖြစ်စကားတွေပါ။ သူတို့ရှိတဲ့ နေရာတွေဆီအရောက် ဒုက္ခအမျိုးမျိုးခံပြီး သွားခဲ့တဲ့လှူဒါန်းတဲ့ ကိုဇာဂနာအဖွဲ့၊ ကိုကျော်သူ ဦးစီးတဲ့ နာရေးကူညီမှူအဖွဲ့ပေးတဲ့ မိုးကာဖျင်နဲ့ ယာယီတည်းစခန်းဆောက်တယ်။ သူတို့ပေးတဲ့ ဆန်ဆီဆား၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်ကို ချက်စားရတယ်။ အခြားပုဂ္ဂလိက အလှူရှင်တွေရဲ့ ပစ္စည်းတွေနဲ့လည်း သူတို့ အသက်ဆက်ကြတယ်။ ဒီထဲကမှ သူတို့ချစ်တဲ့ အနုပညာရှင်တွေကို ဗီဒီရိုထဲမှာ မဟုတ်ဘဲ အပြင်မှာ လက်တွေ့ဆက်ဆံနေထိုင်နေရတဲ့အခါ သူတို့ဝမ်းသာပြီး ခံစားနေရတဲ့ ဒုက္ခကို ခဏမေ့သွားတယ်။ ကျေးဇူးတင်ကြတယ်။ သာဓုခေါ်ကြတယ်။ သူတို့ခံစားရတဲ့အတိုင်း တုံ့ပြန်ကြတယ်။ ဒီလိုလေဘေးသင့် ဒုက္ခသည်တွေကို ရှေ့ခရီးအတွက်လိုအပ်မယ့် လုပ်ငန်းသုံးလယ်ထွန်စက်၊ ငါးဖမ်းလှေတွေ လှူဒါန်းဖို့ပြင်ဆင် နေဆဲမှာပဲ ကိုဇာဂနာကို စစ်အာဏာရှင်က မတရားဖမ်းဆီးလိုက်ပါတယ်။ ကိုဇာဂနာ မဖမ်းခံရတဲ့ သတင်းကိုကြားတော့ ရန်ကုန်၊ မြစ်ဝကျွန်းပေါ်က နာဂစ်ဒုက္ခသည်တွေ အံ့သြတုန်လှူပ်သွားကြတယ်။ သူတို့အားလုံးအားထားနေရတဲ့သူတွေ ဖမ်းဆီးခံ၊ တားမြစ်ခံရတော့ သူတို့ရှေ့ခရီးကို ဘယ်လိုအထောက်အပံ့နဲ့ ဘယ်လိုခရီးဆက်ရပါ့မလဲ။

အားကစားဝန်ကြီးကတော့ ဒုက္ခသည်တွေကို စာသင်ခန်းတွေက ဖယ်ပေးဖို့။ မိမိတို့ရပ်ကွက်တွေကို ပြန်ဖို့လာပြောပါတယ်။ နိုင်ငံတော် အစိုးရက ဒီလောက်ခွင့်ပြုထားရင် ကျေနပ်ဖို့ကောင်းပြီ။ ကိုယ်ထူကိုယ်ထပဲ။ စစ်သားမိန်းမတွေ နေ့စဉ်ချဉ်ပေါင်ရွက်စားရတယ်။ ကိုယ်စားတဲ့ ချဉ်ပေါင်ရွက်ကို ပြန်စိုက်။ တစ်ပတ်ကြာလို့ အရွက်ထက်လာရင် ပြန်ခူးစား။ ဒီလိုနဲ့ အသက်ဆက်ရတာပဲလို့ ဒုက္ခသည်တွေကို ပြောသွားပါတယ်။ အဲဒီစကားကလွဲလို့ တခြားဘာအကူအညီမှ မပေးခဲ့ပါဘူးဂ္ဂလ ၀င်ရောက်အရွေးခံခဲ့ပါတယ်။
နာဂစ်ဒုက္ခသည်တွေကို ကူညီနေတဲ့သူတွေကို တားမြစ်ဖမ်းဆီး ထောင်ချပြီး ကယ်ဆယ်ရေးမရှိတော့ဘူး။ ပြန်လည်ထူထောင်ရေးပဲ ရှိတော့တယ်လို့ စစ်အာဏာရှင်က ဗြောင်လိမ်ခဲ့ပါတယ်။ နာဂစ်ဒုက္ခသည်တွေ မုန်တိုင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေထဲက ကုန်ရုန်းထခဲ့ရပါတယ်။ အခုထိ အခြေမခိုင်သေးဘူး။ နာဂစ်ဒုက္ခသည်တွေကို ကူညီခဲ့တဲ့ ကိုဇာဂနာ တစ်ယောက်လည်း မြစ်ကြီးနား အကျဉ်းထောင်မှာ အကျဉ်းကြခံနေရဆဲပါ။

၁၉၉၀ ၀န်းကျင်က ကိုဇာဂနာ ထောင် ၃ နှစ်ကျခဲ့ဘူးပါတယ်။ ၉၀ ရွေးကောက်ပွဲကို ကိုဇာဂနာ့မိခင် သခင်မ၊ စာရေးဆရာမကြီး ဒေါ်ကြည်ဦးက တသီးပုဂ္ဂလ ၀င်ရောက်အရွေးခံခဲ့ပါတယ်။ ကိုဇာဂနာကလည်း မိခင်ကြီးအတွက် မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ကိုဇာဂနာ့ကို မိုးနတ်သူဇာ အငြိမ့်မှာ လူရွှင်တော်အဖြစ်လူတိုင်းက လက်ခံအားပေးနေချိန်ပါ။ ရှစ်လေးလုံးမတိုင်ခင် မဆလ အစိုးရတွေကို သူ့ဟာသတွေနဲ့ ထိရောက်စွာ ထိုးနှက်သရော်ခဲ့ပါတယ်။ ခေတ်နဲ့အညီ ဖြစ်ပျက်နေတာတွေကို တီဗီအငြိမ့်မှာ ဖျော်ဖြေခဲ့ပါတယ်။ သူ့ရဲ့တီဗီအငြိမ့်အစီအစဉ်ဟာ တမူထူးခြားလူကြိုက်များခဲ့ပါတယ်။ အဲဒီတုန်းက ပါတီကောင်စီခေတ်ကို ထိထိမိမိ ထိုးနှက်သရော်နိုင်ခဲ့တယ်။ လူရွှင်တော်တွေကို ကိုဇာဂနာက အုတ်ခဲစီခိုင်းပါတယ်။ လူရွှင်တော်တွေစီတာကို သူမကြိုက်ဘူး။ ပါးစပ်ကလည်းပြောပါတယ်။ ဟိုကောင်စီလည်းမကြိုက်ဘူး။ ဒီကောင်စီလည်းမကြိုက်ဘူးတဲ့။ ဒီပြက်လုံးကို ပြန်ပြန်သတိရပြီး ပြုံးမိရပြန်သေးတယ်။

ကိုဇာဂနာက လူရွှင်တော်တို့တတ်အပ်တဲ့ပညာရှိပြီး သူ့ပြက်လုံးတွေက မသေတဲ့ပြက်လုံးတွေ ဖြစ်တယ်။ ကိုဇာဂနာပြက်လုံးထုတ်ရင် ပြောနေတဲ့သူ့လေသံနဲ့ မျက်နှာက သိပ်ကြည့်ကောင်းပါတယ်။ သူ့မှာ လူပြက်မှင်မောင်း အပြည့်ရှိတယ်။ သူ့ပုံစံ၊ သူ့လေ၊ သူ့မျက်နှာထားက သူများတုလို့မရပါဘူး။ ကိုဇာဂနာက စိတ်ထားကောင်းတယ်။ စေတနာကောင်းတယ်။ လောကကြီးမှာ ရယ်စရာကောင်းတဲ့ ကိစ္စလေးတွေကို ထောင့်စေ့အောင်ပြောတတ်ပါတယ်။ အားနေရင်တောင် ပါးစပ်ဆိုင်းတော့ တီးနေသေးတယ်။ အင်းစိန်အကျဉ်းထောင်ထဲမှာ သူနေခဲ့ရစဉ် သူနဲ့အတူနေခဲ့ဖူးသူတွေက သူ့အကြောင်းမှတ်မှန်ရရပြောတတ်ပါတယ်။ အဲ့ဒီတုန်းက သူကထောင်ထဲမှာ အမျှော်စိုက်တေးတွေကြီးပဲ၊ အငြိမ့်သီချင်းမဟုတ်ဘူး။ အလှဘွဲ့၊ ရာသီဘွဲ့သီချင်းတွေကို အငြိမ့်သီချင်းလုပ်ချင်တယ်လို့ပြောတယ်။

သူက ထောင်ထဲမှာ သီချင်းတွေရေးတယ်။ ပြဇာတ်တွေရေးတယ်။ သူ့ရဲ့ အနုပညာ ရှေ့ဆက်ဖန်တီးမှာတွေကို ပါးစပ်နဲ့ သရုပ်ဆောင်ဖန်တီးပြီး ဘ၀တူ နိုင်ငံရေးအကျဉ်းသား တွေကို ဖျော်ဖြေခဲ့တယ်။ သူနဲ့အတူနေခဲ့ရသူတွေက သူ့အသံအိုးက သာမန်လူတွေထက်ကြီးတယ်။ သူ့အသံကို ၁၀ ခန်းကျော်ကတောင်ကြားရတယ်တဲ့။ ထောင်ကအကျဉ်းသားဆိုတာ ဟိုဘက်တိုက်ဒီဘက်တိုက် စကားမပြောရဘူး။ မဆက်သွယ်ရဘူး။ ထောင်ထဲမှာ ဟင်းကအရေးကြီးသလို သတင်းက အရေးကြီးတာမို့ သူသိတဲ့သတင်းကို သူက အမူအရာနဲ့ ပြန်ပြောပြသတဲ့။ ကရင်ပြည်နယ်ဆိုတာကို သိအောင် ကရင်ဒုံးယိမ်းကပြတယ်။ လက်နဲ့ သေနတ်ပစ်ပြတယ်။ အပွင့်အခက်တွေကို လက်မောင်းမှာ ပုတ်ပြပြီး လျှာထွက်ပက်လက်လှန်ပြတယ်။ စစ်အစိုးရနဲ့ ကရင့်တော်လှန်ရေးမားတွေ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်ဆိုတာကို နိုင်ငံရေးအကျဉ်းသားတွေ နားလည်သွားကြတယ်။ နိုင်ငံရေးသတင်းကို သူ့အနုပညာနဲ့ သရုပ်ဖော်ပြသွားတာဖြစ်တယ်။ လူရွှင်တော် ကိုဇာဂနာ အများပြည်သူကို ပျော်ရွှင်အောင် ဟာသတွေလုပ်ပေးခဲ့ပေမယ့် သူ့ဘ၀ကတော့ ပျော်စရာမဖြစ်ခဲ့ပါဘူး။ မိသားစုက နိုင်ငံခြားမှာ၊ သူကနှစ်ရှည်ထောင်ဒဏ်နဲ့ မြစ်ကြီးနား အကျဉ်းထောင်ထဲမှာ မိခင်ကြီးရဲ့ နောက်ဆုံးခရီး ဈာပနကိုလည်း သူလိုက်ပို့ခွင့်မရခဲ့ပါဘူး။ မိခင်ရဲ့ နာရေးသတင်းကိုကြားပြီး လူသားပီပီ သူကြေကွဲနေပါလိမ့်မယ်။

ဒါပေမယ့် ခေတ်တွေစနစ်တွေကို ကိုဇာဂနာတစ်ယောက် ဟာသနဲ့ ကြည့်နေမယ်ဆိုတာကို တော့ ကျမတို့ ယုံကြည်လျက်ပါ။

မျှဝေခံစားနိုင်ကြပါစေ

"အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်" RFA အသံလွှင့် ဆောင်းပါးများစာအုပ်မှ ကူးယူဖြန့်ဝေသည်။

၂၂.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
22 Jun 2011 Yeyintnge's Diary.doc22 Jun 2011 Yeyintnge's Diary.doc
438K   View   Download  
Suu.docSuu.doc
31K   View   Download  
22 Jun 2011 Yeyintnge's Diary.pdf22 Jun 2011 Yeyintnge's Diary.pdf
1055K   View   Download  
http://www.mediafire.com/file/06j309309lyzmb0/22%20Jun%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/982v45v05e49ua8/22%20Jun%202011%20Yeyintnge%27s%20Diary.pdf22 Jun 2011 Yeyintnge's Diary

ကားပေါ်မှာလိုက်လာပြီး ပရိသတ်မိုင်း မထိတဲ့ မောင်မျိုးမင်းနှင့် မင်းအုပ်စိုး

အခုတလော ရပ်ထဲရွာထဲမှာ လူပြောသူပြောများနေတဲ့ မြန်မာဗီဒီယိုဇာတ်ကား၊ လူကြည့်များ
နေတဲ့ ဗီစီဒီအခွေနဲ့ ပတ်သက်လို့ ဝေဖန်သံမျိုးစုံကြားရလွန်းလို့ “မိုင်တိုင် (၇၆)”ကို နှစ်ခေါက်
သုံးခေါက် ကြည့်ဖြစ်ပါတယ်။
နေပြည်တော်သွားတဲ့လမ်းဆိုတော့ ဆင်ဆာခွင့်မပြုတာ...
တကယ့်အဖြစ်အပျက်၊ လူကြီးတစ်ယောက် သားရဲ့ ကားက တကယ်တိုက်ခဲ့တာ...
ဦးပိုင်လိမိတက်ကားလိုင်းဖြစ်လို့  ဆင်ဆာထိတာ...
စသဖြင့် ဗီဒီယိုပရိသတ်တွေရဲ့ ထင်မြင်ချက်ပေါင်းစုံ ပလူပျံနေပေမယ့် အားလုံး တညီတညွတ်
တည်း ပြောကြတာက “ကြည့်လို့ ကောင်းတယ်”ဆိုတာပါဘဲ။
ဗီဒီယိုဇာတ်ကားနံမည်အမှန်က “ကားပေါ်မှာလိုက်လာတယ်”ဖြစ်ပြီး လူတွေပါးစပ်ဖျားမှာတော့
“မိုင်တိုင်(၇၆)”လို့ ရေပန်းစားပါတယ်။ ဆင်ဆာအဖွဲ့ ရဲ့ တားမြစ်မှုကို ခံထားရပေမယ့်အပြင်လောကမှာ
ဈေးကွက်မြင့်ပြီး လူအကြည့်ဆုံး၊ ရောင်းအကောင်းဆုံးအခွေ ဖြစ်နေပါတယ်။မင်းအုပ်စိုး၊ ခွန်းဆင့်နေ
ခြည်နဲ့ လင်းဇာနည်ဇော်တို့ အဓိက သရုပ်ဆောင်ပါတယ်။ ဒါရိုက်တာက မောင်မျိုးမင်း (ရင်တွင်းဖြစ်)ပါ။
ဆင်ဆာအဖွဲ့ ရဲ့ ၁၃ / ၂၀၁၀ အစည်းအဝေးမှ အများပြည်သူသို့  ပြရန်မသင့်၍ ခွင့်မပြုခဲ့တဲ့
ဇာတ်ကားဖြစ်ပြီး ဘာသာ သာသနာနှင့် ယုံကြည်ကိုးကွယ်မှုကို ယုံမှားသံသယဖြစ်စေခြင်း၊
ကြည့်ရှုသူပရိသတ်အတွက် အကျိုးပြုမှု မရှိသော လူအများစိတ်ခြောက်ခြားဖွယ် သရဲတစ္ဆေ၊
ဝိညာဉ်ဇာတ်ကားများကို ရိုက်ကူးဖော်ပြခြင်း မပြုရန် ညွှန်ကြားထားပြီးဖြစ်ခြင်းအပြင် စာပေ
စိစစ်ရေးမူအချက် (၇၀)မှ လူမှုရေးမူ (၇)နှင့် ငြိစွန်းနေ၍ ဗီဒီယိုဆင်ဆာအဖွဲ့ မှ ထောက်ညွှန်ချက်
(၁၀)ချက်ဖြင့် အများပြည်သူသို့  ပြသရန် မသင့်သောကြောင့် ခွင့်မပြုခဲ့တာလို့ “မိုင်တိုင် (၇၆)”
နဲ့ ပတ်သက်ပြီး ဗီဒီယိုဆင်ဆာအဖွဲ့ က ဆင်ခြေပေးတုန့် ပြန်ခဲ့ပါတယ်။
ကျွန်တော့်အမြင်ပြောရရင် ဗီဒီယိုဆင်ဆာအဖွဲ့ ရဲ့ လုပ်ရပ် အမှားကြီးမှားပါတယ်။ ဒီဇာတ်ကားကို
ခွင့်မပြုတာဟာ အခု လူတွေပြောနေကြတဲ့၊ စွပ်စွဲနေကြတဲ့ အကြောင်းအချက်တွေကို အဓိကပေတံ
အဖြစ် ကိုင်ပြီး ချိန်ထိုးခဲ့လို့ ဘဲ ဖြစ်နိုင်ပါတယ်။
ဆင်ဆာအဖွဲ့ ရဲ့ ခွင့်ပြုချက်နဲ့ အများပြည်သူ ကြည့်ရှုရန် သင့်တော်တယ်ဆိုပြီး ထွက်ခဲ့ပြီးသား
သရဲလိုလို၊ စုန်းလိုလို၊ ရာဇ၀င်လိုလို ကားမျိုးတွေ အများကြီးရှိပါတယ်။ ယုတ္တိရှိမှ၊ ပရိသတ်ကို
အကျိုးဖြစ်စေမှဆိုတဲ့ စံချိန်စံညွှန်းကြီးကို ကျစ်ကျစ်ဆုတ်ကိုင်ပြီး မြန်မာရုပ်ရှင် ဗီဒီယိုဇာတ်ကား
တွေကို ဆန်တုတ်တိုက်ချနေမယ်ဆိုရင်တော့ “မြန်မာ့ရုပ်ရှင်ဗီဒီယို အဆင့်အတန်းမြင့်မားရေး၊
နိုင်ငံတကာအဆင့်သို့  ထိုးဖောက်နိုင်ရေး” ဆိုတဲ့ ကြွေးကြော်သံတွေဟာ အရူးချီးပန်းဟစ်အော်သံ
တွေဘဲ ဖြစ်မှာပါ။
ရုပ်ရှင် ( Movie ) ရဲ့ အနက်အဓိပ္ဖာယ်စစ်စစ်ကို နားလည်တတ်ကျွမ်းကြဖို့  လိုအပ်နေပါပြီ။
နိုင်ငံတကာအဆင့်ကို မလှမ်းပါနဲ့ ဦး၊ အာရှအဆင့်ကို မပြောပါနဲ့ ဦး၊ အာဆီယံနိုင်ငံတွေက ထုတ်
လုပ်လိုက်တဲ့ ရုပ်ရှင်တွေကို ကြည့်ကြပါ။ သူတို့ တွေရဲ့ “အများပြည်သူသို့  ပြသရန်မသင့်”ဆိုတာ
ဘာကိုခေါ်တာလဲ၊ ဘာနဲ့ ချိန်ထိုးတာလဲဆိုတာ လေ့လာစူးစမ်းဖို့ ကောင်းတယ်။ ကမ္ဘာ့ အဆင့်
ရောက်ချင်ရင် ကိုယ့်အရပ် ကိုယ့်ဇာတ် လုပ်နေလို့  မရပါဘူး။ ၀ါးလုံးခေါင်းထဲ လသာ နေလို့  မဖြစ်
ပါဘူး။
ကျွန်တော်တို့ ဆီမှာ စက်ပိုင်းဆိုင်ရာ ချို့ တဲ့ပါတယ်။ အတတ်ပညာပိုင်းဆိုင်ရာ အားနည်းပါတယ်။
ဒီနှစ်ချက်ဟာ ဘာ့ကြောင့်ဖြစ်ခဲ့ရတာလဲဆိုတာ ရုပ်ရှင်လောကသားတွေ သိကြပါတယ်။ ဒါပေမယ့်
ကျွန်တော်တို့ ရဲ့ အိုင်ဒီယာတွေ၊ စဉ်းစားပေါက်တွေ၊ Fine Art တွေဟာ လုံးဝ မချို့ တဲ့ဘူး၊ လုံးဝ
အားမနည်းဘူး။ နိုင်ငံတကာအဆင့်နဲ့ ယှဉ်ရင် အလှမ်းမဝေးဘူး။ ဒီအချက်တစ်ခုဘဲ ထူးထူးခြားခြား
ပေမီဒေါက်မီရှိနေတာလေးကို နိုင်ငံကို ချစ်မြတ်နိုးလှပါတယ်ဆိုတဲ့သူတွေက အားပေးအားမြှောက်
လုပ်ပေးရမယ့်အစား ရှင်သန်ကြီးထွားခွင့်မရအောင် စောင့်ကြည့်သင်းကွတ်နေတာဟာ အင်မတန်
ဝမ်းနည်းစရာပါ။ “ပရိသတ် အကျိုးပြုမှု မရှိ” ဆိုတဲ့ ကြိမ်လုံးနဲ့  ရိုက်ရိုက်နေတာကို ကျောကော့အောင်
ခံနေကြရလွန်းလို့  အစစအရာရာ ချည့်နဲ့ နေပါပြီ။ ရုပ်ရှင်ဆင်ဆာ၊ စာပေဆင်ဆာတွေက ချမှတ်ထားတဲ့
ခေတ်နဲ့ အဆီအငေါ်မတဲ့၊ ကန့် လန့် တိုက်၊ ကင်ပေတိုင်ဆန်ဆန် အချက်အလက်တွေကို ပြန်လည်
ပြင်ဆင်သင့်ပါပြီ။ အမျိုးသားရေးတစ်ခုလို ဦးတည်ပြီး ပြောင်းပြန်လှန်ပစ်ရမှာတွေကို ရဲရဲတင်းတင်း
ကိုင်တွယ်ဆောင်ရွက်သင့်ပါပြီ။
“မိုင်တိုင် (၇၆)”ကို ပရိသတ်တွေ အုတ်အော်သောင်းနင်း အားပေးကြပြီး၊ ဆင်ဆာအဖွဲ့ က မျက်စိ
စပါးမွှေးစူးတာမျိုးဟာ ရုပ်ရှင်နယ်ပယ်မှာတင်မဟုတ်ဘဲ ကျန်တဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာ
ရေး၊ ကျန်းမာရေးနယ်ပယ်များမှာလည်း အလားတူ ပရိသတ်နဲ့ အာဏာပိုင်အဖွဲ့ တို့  ပေါင်းစပ်လို့  မရ
နိုင်သေးတဲ့ ဖြစ်ရပ်မြောက်များစွာ ရှိနေပါတယ်။ နိုင်ငံနဲ့ လူမျိုး ရှေ့ ရေးအတွက် စိုးရိမ်မိပါတယ်။
ပြောကြကြေးဆိုရင် ဒီဇာတ်ကားဟာ ဘုရားဟော ငါးပါးသီလထဲက “သေရည်သေရက် သောက်စား
ခြင်းကို ရှောင်ကြဉ်ပါမည်”ဆိုတဲ့ ကောင်းမြတ်တဲ့သီလတစ်ပါးကို စောင့်ထိန်းချင်တဲ့စိတ် ဖြစ်ပေါ်လာ
အောင် တိုက်တွန်းလှုံ့ ဆော်ထားပြီး အဲဒီပစ်မှတ်ကို “မိ” အောင် ဇာတ်အိမ်။ ဇာတ်ကွက်ကို တည်ဆောက်
ထားတဲ့အပြင် သရုပ်ဆောင်အားလုံးလည်း ကွက်တိသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်ညွှန်းဆရာ၊
ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့တကွ နောက်ကွယ်က ပံ့ပိုးပေးတဲ့သူအားလုံး ပင်ပင်ပန်းပန်းအားထုတ်
ခဲ့ကြပုံ ရပါတယ်။ အကယ်ဒမီဆုတွေ ဘာတွေတောင် မှန်းနိုင်ပါသေးတယ်။
ဒါပေမယ့် “မိုင်တိုင် (၇၆)” ဟာ ဆင်ဆာမိုင်း “ထိ” ခဲ့ပါတယ်။
ဒါပေမယ့် “မိုင်တိုင် (၇၆)” ဟာ ပရိတ်သတ်မိုင်း “မထိ” ခဲ့ပါဘူး။

အောင်မျိုးထွန်း
၂၂- ၆- ၂၀၁၁

အိန္ဒိယ၊ အီးယူခြေလှမ်းများ နဲ့ မြန်မာစစ်အစိုးရ ပေါ်လစီသစ်



အိန္ဒိယ၊ အီးယူခြေလှမ်းများ နဲ့ မြန်မာစစ်အစိုးရ ပေါ်လစီသစ်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဇွန် ၂၂၊ ၂၀၁၁
အိန္ဒိယ၀န်ကြီးအဖွဲ့က အခုမြန်မာပြည်ကို အစိုးရခရီးစဉ်အဖြစ် ရောက်လာတယ်။ ဘာထူးခြားတယ် ထင်ပါသလဲ ဆရာ။
နှစ်ပေါင်းများစွာအတွင်းမှာ အိမ်နီးချင်းတိုင်းပြည်တွေအနက် တရုတ်ပြည်က ထိပ်ပိုင်းခေါင်းဆောင်တွေက မြန်မာပြည်က အာဏာရအစိုးရနဲ့ ကူးလူးဆက်ဆံမှု မပြတ်လုပ်နေချိန်၊ အိန္ဒိယနိုင်ငံက ပထမဦးဆုံးအကြိမ်အဖြစ် အစိုးရခရီးစဉ်တခု လာရောက်တယ်ပေါ့။ ဒါက ထူးခြားတယ်လို့ ဆိုရမယ်။ နောက်တခုကတော့ သူတို့အစိုးရခရီးစဉ်မှာ လက်ရှိအာဏာရအစိုးရနဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံတာအပြင် ရန်ကုန်က ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အတိုက်အခံပါတီတွေ၊ မဟာမိတ်တွေနဲ့လည်း "အခွင့်အရေးရခဲ့မယ်ဆိုရင်" တွေ့ဆုံမယ်လို့ ဆိုပါတယ်။

အိန္ဒိယအာဏာရအစိုးရက အာရှကအာဏာရအစိုးရတွေအချင်းချင်း ပေါင်းကူးဆက်ဆံဖို့ အစပထမခြေလှမ်းတွေလား ဆရာ။
ကျနော်ကတော့ သည်လိုပဲ မြင်ပါတယ်။ ရှင်းရှင်းပြောရရင် အိန္ဒယအစိုးရဟာ သူတို့ပထ၀ီဒေသ နိုင်ငံရေးသြဇာအတွက် အရှေ့မျှော်ပေါ်လစီကို ကျင့်သုံးလာတယ်လို့ ပြောချင်တယ်။ အိမ်နီးချင်း မြန်မာအစိုးရကို အခြားတဖက်က အိမ်နီးချင်းတရုတ်ဖက် သိပ်ပါသွားမှာ စိုးလို့ ၀င်လာဆွဲတာလည်း ပါတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့စတဲ့ စွမ်းအင်ဈေးကွက်တွေ ချဲ့ထွင်ဖို့လည်းပါတယ်။ ပြီးတော့ နယ်စပ်ချင်းထိတွေ့နေတဲ့ မြန်မာနဲ့ အိန္ဒိယနယ်စပ်တွေက သူတို့အစိုးရကို ဆန့်ကျင်နေတဲ့ သူပုန်တွေကို မြန်မာအစိုးရက လက်မခံဖို့စတဲ့ နယ်မြေလုံခြုံရေးတွေလည်း ပါနိုင်တယ်။

အိန္ဒိယအစိုးရရဲ့ အရှေ့မျှော်ဝါဒထဲမှာ ဘယ်နိုင်ငံတွေအထိ ပါဝင်နိုင်သလဲ ဆရာ။
မြန်မာပြည်ကနေ အစပြုပြီးတော့ အာဆီယံနိုင်ငံတွေအပါအ၀င်၊ တရုတ်ပြည်အထိကို အိန္ဒိယအစိုးရက လက်ရှိထက်ပိုမိုပြီး ဆက်ဆံမှုတွေ လုပ်ကိုင်လာတယ်လို့ ကျနော် ထင်ပါတယ်။ ဒါ့အပြင် အရှေ့အာရှတိုက်နယ်ထဲမှာ နဂိုကတည်းက သြဇာကြီးနေပြီဖြစ်တဲ့ တရုတ်နဲ့ မြန်မာပြည်ဆက်ဆံရေးလိုမျိုးမှာ အပြိုင်အဆိုင် ဆက်ဆံရတာတွေလည်း ဖြစ်လာနိုင်တယ်။ 

အာရှတိုက်က နိုင်ငံတွေနဲ့ အိန္ဒိယက အကျိုးစီးပွားကို အခြေခံပြီး ဆက်ဆံရေးတွေ အလုပ်အကိုင်တွေ ထူထောင်ကြရင် ဘယ်လိုမျိုး တန်ဖိုးတွေကို ဘုံသဘောထားနဲ့ ဆက်ဆံမှာလဲ ဆရာ။ ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေက ရှေ့တန်းရောက်လာပါ့မလား။
အာရှမှာ အိန္ဒိယပြည်ဟာ အခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ ရွေးကောက်ပွဲတွေ၊ ပါတီစုံစနစ်တွေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်နေတဲ့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ တိုင်းပြည်ဖြစ်တယ်။ ဒါပေမယ့် အခြားအာရှတိုက်နိုင်ငံတွေကို မပြောနဲ့ဦး လက်ရှိ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးထူထောင်ဖို့ ကြိုးစားတဲ့အခါမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ရှေ့တန်းတင်ပြီး အခြေခံပြီး ဆက်ဆံရေးထူထောင်မှာ မဟုတ်ဘူးလို့ ပြောနိုင်တယ်။ သူ့ရဲ့ နိုင်ငံခြားရေးပေါ်လစီကို ကိုယ့်အကျိုးစီးပွားကိုပဲ ကြည့်တဲ့ ပေါ်လစီကို ကျင့်သုံးလာရင်တော့ သိက္ခာရှိတဲ့ ရပ်တည်ချက်မျိုး ဖြစ်လာမယ် မထင်ဘူး။ ဒါကို နိုင်ငံတကာက အစိုးရအသိုင်းအ၀ိုင်းတွေက ထောက်ပြ ဝေဖန်ကြဖို့ လိုပါတယ်။

သမိုင်းအစဉ်အလာကိုကြည့်ရင် ကိုလိုနီလက်အောက်က လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြကတည်းက အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မြန်မာနဲ့ အိန္ဒိယပြည်ဆိုတာဟာ ညီအကိုတွေလို လက်ချင်းတွဲ၊ သဘောချင်းတူညီပြီး ဖြတ်သန်းခဲ့ကြတာ မဟုတ်လားဆရာ။ ဒီအစဉ်အလာတွေက ဘယ်ရောက်သွားမှာလဲ။
လွန်ခဲ့တဲ့ လွတ်လပ်ရေးလှုပ်ရှားမှုကာလကတည်းက ဗိုလ်ချူုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အိန္ဒိယက နိုင်ငံရေးမျိုးဆက်တွေဖြစ်တဲ့ ဂန္ဓီ၊ နေရူးနဲ့ သူတို့ မျိုးဆက်တွေ ရင်းနှီးမှုတွေ၊ ဆက်ဆံရေးတွေ ရှိခဲ့တယ်။ အခုချိန်မှာ မြန်မာပြည်ရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ မျိုးဆက် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ဒီမိုကရေစီရေးအတွက် အစွမ်းကုန် ဆောင်ရွက်နေချိန်မှာ အိန္ဒိယ အာဏာရအစိုးရက မြန်မာပြည်က စစ်အုပ်စုတွေနဲ့ ဆက်ဆံရေးတွေ လုပ်လာတယ်ဆိုတော့၊ အိန္ဒိယအစိုးရဟာ ဒီမိုကရေစီအာမခံချက်တွေ ပထ၀ီဒေသမှာ ရရှိဖို့ကို ကျောခိုင်းလိုက်ပြီးတော့ ကိုယ်ကျိုးစီးပွားရေးတွေအတွက် အာဏာရှင်တွေနဲ့ လိုက်လျောတဲ့ ဆက်ဆံမှုတွေကို ထူထောင်လာတာကို သူတို့ကိုယ်တိုင်က ဥပက္ခာပြုနေလို့ မရဘူးလို့ ပြောချင်ပါတယ်။

အိန္ဒိယအစိုးရရဲ့ အရှေ့မျှော်ဝါဒဆိုတာ အာဏာရအစိုးရတွေအချင်းချင်း ကိုယ်ကျိုးစီးပွားအာမခံချက်တွေကို ရှေ့တန်းတင်ဖို့ ဖြစ်တယ်ဆိုရင် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေအတွက် အာမခံချက် မရှိတော့ဘူး ဆိုတဲ့ သဘောပေါ့ ဆရာ။
ကျနော်တော့ အဲသည်လိုပဲ မြင်တယ်။ မြန်မာပြည်ရဲ့ ရေနံကိစ္စတွေ၊ ဓာတ်ငွေ့ကိစ္စတွေမှာ အိန္ဒိယအစိုးရကိုယ်တိုင်က တိုက်ရိုက်ပါဝင် ပတ်သက်ချင်လာတယ်။ အစုတွေ ရှယ်ယာတွေအပြင်ကို ပိုက်လိုင်းတွေကိုပါ ကိုယ်တိုင် တည်ဆောက်တာ၊ ဆွဲယူထုတ်လုပ်တာတွေ လုပ်ချင်လာတယ်။ မြန်မာပြည်ရဲ့ စွမ်းအင်တွေက တရုတ်ပြည်ကို ရောက်ရှိပြီးတော့မှ တရုတ်က ဖြန့်ချိတာတွေ၊ အကျိုးရှိနေတာတွေကို သူကလည်း တွက်မှာပေါ့။ နောက်ပြီးတော့ မဏိပူ၊ အာသံ စတဲ့ အစွန်အဖျားဒေသတွေမှာ သူပုန်တွေရှိတယ်။ ကိုယ်ပိုင်အုပ်ချူုပ်ရေးအတွက် လှုပ်ရှားမှုတွေ ရှိနေတယ်။ မြန်မာပြည်နယ်စပ်ကို မှီတည်ပြီး ဆန့်ကျင်တော်လှန်မှုတွေကို မလိုလားဘူး။ မြန်မာစစ်အစိုးရကနေပြီး သူတို့သူပုန်တွေကို လက်မခံဖို့၊ ဖမ်းဆီးမိရင်လည်း အစိုးရလက်ထဲကို အပ်နှံပေးဖို့တွေကို လိုလားမှာပဲ။ မြန်မာအစိုးရနဲ့ သည်လိုမျိုး လုံခြုံရေးသဘောတူညီချက်ရရင် သူတို့နှစ်ဖက်စလုံးရဲ့ လုံခြုံရေးပေါ်လစီဟာ နှစ်ဖက်စလုံး အကျိုးရှိတယ်လို့ မြင်မှာပဲ။

ဆရာပြောလိုက်တော့ လက်ရှိမြန်မာစစ်အစိုးရကလည်း အိမ်နီးချင်းနိုင်ငံများနဲ့ နယ်စပ်လုံခြုံရေးပေါ်လစီမှာ အားလုံးနဲ့ သည်တဘောတခုတည်း ထားချင်တယ်နဲ့ တူတယ်ဆရာ။ အခုဆိုရင် အရှေ့ဖက်က အိမ်နီးချင်းတွေနဲ့လည်း လုံခြုံရေးအရ နယ်စပ် အုံကြွမှုတွေ၊ အရေးအခင်းတွေမှာ တဖက်က အားပေးတာတွေ၊ လက်ခံတာတွေ မလုပ်ဖို့ သူတို့ ဖော်ဆောင်နေတယ် မဟုတ်လားဆရာ။
ကျနော်လည်း သည်လိုပဲ ထင်တယ်။ အိန္ဒိယနဲ့ မြန်မာစစ်အစိုးရက ခုချိန်မှာ နယ်စပ်ဒေသလုံခြုံရေးအတွက် သဘောတူညီချက်ရသွားပြီဆိုရင် ဒါကို လက်ကိုင်ထားပြီး နမူနာပြပြီး အခြားအိမ်နီးချင်းနိုင်ငံတွေကိုလည်း မြန်မာအစိုးရက တောင်းဆိုမှုတွေ တိုးလာမယ် ထင်တယ်။ တိုင်းရင်းသား အဖွဲ့တွေဖြစ်တဲ့ ကရင်၊ ရှမ်း၊ ကယားစတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်လာရင် ဥပမာ ထိုင်းနိုင်ငံက လက်မခံဖို့၊ ပြည်တွင်းကို ပြန်အပ်ဖို့ စတဲ့ နိုင်ငံခြားရေးပေါ်လစီတခု ခိုင်ခိုင်မာမာ ချမှတ်နိုင်အောင် လုပ်လာမယ်လို့ ယူဆတယ်။ ဒါဟာ မြန်မာပြည်ရဲ့ တင်းမာတဲ့ နိုင်ငံခြားရေးပေါ်လစီအသစ်တခု ဖြစ်လာမယ် ထင်တယ်။

တရုတ်ပြည်နဲ့ မြန်မာပြည် အစိုးရအချင်းချင်းကြားမှာ ကွယ်သွယ်ရေး၊ ဆက်သွယ်ရေး၊ လမ်းပန်း၊ ဆောက်လုပ်ရေး၊ စွမ်းအင်၊ လုံခြုံရေးစတဲ့ သဘောတူညီချက်တွေ အဆင်ပြေချောမွေ့နေတော့ ဒါကို အိန္ဒိယအစိုးရက မြန်မာပြည်ကို အားယူပြီးတော့ ပေါင်းကူးမှုတွေ၊ တိုးတက်မြှင့်တင်မှုတွေ လုပ်လာနိုင်မယ်လို့ ထင်သလား ဆရာ။
ဟုတ်ပါတယ်။ ဟိုးယခင်ကတည်းက အာရှရဲ့ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ လမ်းပန်းတွေကို မြန်မာပြည်ကို ဖြတ်သန်းပြီး ဖောက်ဖို့၊ ဖော်ဆောင်နိုင်ဖို့ တရုတ်နဲ့ အိန္ဒိယပြည်ကြားထဲမှာ မြန်မာပြည်က အဓိကကြားထဲမှာ ရှိနေတာကိုး။ ဒါတွေကို အစိုးရအချင်းချင်းဆွေးနွေးကြလိမ့်မယ် ထင်ပါတယ်။
 
အိန္ဒိယရဲ့ မြန်မာပြည်တင်သာမကဘူး၊ ပထ၀ီဒေသထဲက ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအာမခံချက်တွေ ကာကွယ်စောင့်ရှောက်ဖို့ကို ကျောခိုင်းပြီးတော့ အာဏာရှင်တွေနဲ့ အပြန်အလှန် ကိုယ်ကျိုးစီးပွားကာကွယ်ရေးတွေ၊ အာမခံချက်တွေ ပေးရေးတွေ လုပ်လာတာကို ဘယ်သူတွေက ကန့်ကွက်နိုင်မှာလဲ ဆရာ။
ကျနော်တို့ဆီက အင်န်အယ်ဒီပါတီခေါင်းဆောင်တွေ၊ မဟာမိတ်ပါတီခေါင်းဆောင်တွေက သည်အချက်တွေကို ထုတ်ဖော် ရှင်းလင်းပြသပြီးတော့ ထောက်ပြ ပြောဆိုဆွေးနွေးဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ပြောစရာရှိတာကို ပြောရမှာပဲလို့ ထင်ပါတယ်။ အိန္ဒိယမှာ ရှိတဲ့ ဒီမိုကရေစီအင်အားစုတွေကလည်း ပြောဆို ထောက်ပြ ဝေဖန်နေကြပြီလို့ သိရှိရပါတယ။် ပြောကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာမှာ နိုင်ငံရေးအရ မျက်နှာရမှာ မဟုတ်ဘူး။ ဒေသတွင်းမှာ စီးပွားရေးအရ မျက်နှာသာရတာတွေပဲ ရှိမှာ ဖြစ်တယ်ဆိုတာကို သိစေချင်ပါတယ်။ 

ကဲ … အီးယူနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်သလဲဆရာ။ စစ်အစိုးရအသစ်ပေါ်ထွန်းလာပြီးနောက်မှာ လက်ရှိအာဏာရအစိုးရကို အတတ်နိုင်ဆုံး ထိတွေ့ ဆက်ဆံဖို့၊ အကူအညီတွေ ပေးဖို့၊ အာဏာရနဲ့ အဆင်ပြေတဲ့ နိုင်ငံရေးပါတီတွေ၊ အာဏာရတွေကို ထောက်ခံတဲ့ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေကို ပိုပြီး မျက်နှာသာပေးဖို့ ဆိုတာမျိုးတွေ အလုပ်တွေ၊ အသံတွေ ပိုကြားရနေသလားလို့။ အင်န်အယ်ဒီက ထောက်ပြနေတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ၊ အကာအကွယ်ပေးဖို့တွေ၊ နိုင်ငံရေး၊ ဥပဒေရေးဆိုင်ရာတွေကို ထုတ်ဖော် ဝေဖန်ခြင်းတွေ အားနည်းလာသလား။
သတင်းတွေအရ လက်ရှိအီးယူအဖွဲ့ဝင်အချို့က ဂျာမဏီနိုင်ငံအပါအ၀င်ပေါ့လေ မြန်မာစစ်အစိုးရနဲ့ သူ့အသိုင်းအ၀ိုင်းကို ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံချင်တယ်။ ဥရောအရှေ့ပိုင်းနိုင်ငံတွေထဲ ချက်လို နိုင်ငံမျိုးကလွဲရင် ကျန်တဲ့ အရှေ့ဥရောပနိုင်ငံတွေက မြန်မာကို ပိတ်ဆို့အရေးယူတာတွေ သိပ်စိတ်မ၀င်စားလှဘူးလို့ ဆိုတယ်။ ဒါပေမယ့်လည်း တလောက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမန်ခေါင်းဆောင်တို့ စကားပြောဆိုဖြစ်ကြတဲ့ဆီမှာ မြန်မာပြည်ကို ဆက်လက်ပိတ်ဆို့ အရေးယူဖို့သဘောထားက အလေးသာပြီးတော့ အီးယူက ဧပြီမှာ သက်တမ်း တနှစ်တိုးလိုက်တာကို တွေ့ရတယ်။ ဒါက ဘာပြသလဲဆိုတော့ အီးယူအဖွဲ့တွေကိုယ်တိုင်က မြန်မာပြည်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီးတော့ အားလုံးနဲ့ တွေ့ဆုံဆွေးနွေး လေ့လာကြည့်ရင် မြန်မာပြည်သူတွေ အကျိုးအတွက် ဘယ်လိုရပ်တည်ရမယ်ဆိုတာ သူတို့ဖာသာ သူတို့ သဘောပေါက်သွားလိမ့်မယ် လို့ ထင်ပါတယ်။ ဒီအတွက် အင်န်အယ်ဒီခေါင်းဆောင်တွေ၊ မဟာမိတ်စီအာရ်ပီပီခေါင်းဆောင်တွေက သဘောထားတွေ ပေးနိုင်ကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်။ အခုလည်း လက်ရှိအစိုးရအဖွဲ့က ပုဂ္ဂိုလ်တွေနဲ့သာမက အခု ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီ ၁၁ ပါတီအဖွဲ့ဆိုတာတွေနဲ့လည်း သူတို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ကြလိမ့်မယ် ထင်ပါတယ်။

ဒါဆိုရင် အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်တွေကို မြန်မာပြည်ရဲ့ နိုင်ငံရေးမျက်နှာစာမှာ တရားဝင်နိုင်ငံရေးအင်အားစုအဖြစ်၊ အဖွဲ့အစည်းတခုအဖြစ် နိုင်ငံတကာက သတ်မှတ်ပြီး တွေ့ဆုံဆွေးနွေး သဘောထားတောင်းခံတာတွေ၊ ထည့်သွင်းစဉ်းစား ထုတ်ဖော်ပြောဆိုရတာတွေဟာ အခု ရွေးကောက်ပွဲပြီးမှ ပိုပြီး သိသာထင်ရှားလာတယ်လို့ ပြောရင် ရမယ် ထင်တယ် ဆရာ။
ဒါက အမှန်တရားပဲ။ အစကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေရဲ့ ဆန္ဒ၊ သဘောထား၊ ရပ်တည်ချက်၊ လှုပ်ရှားမှုတွေကို ပြည်သူတွေက အမြဲတန်း ထောက်ခံရပ်တည်ခဲ့တယ်။ ပြည်သူတွေကို ကျောခိုင်းခြင်း၊ စွန့်ခွာခြင်း ကျနော်တို့က မပြုလုပ်ခဲ့ဘူး။ အခုအချိန်မှာ ပိုပြီး ထင်ရှားမှုတွေ၊ ထောက်ခံမှုတွေ၊ လက်တွေ့ အကျိုးသက်ရောက်မှုတွေကို အားလုံးက မြင်တွေ့နေကြပြီ ဖြစ်တယ်။ ဒါကြောင့် မြန်မာပြည်သူလူထုရဲ့ အသံနဲ့ အကျိုးအတွက်ကို ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်တွေက ကိုယ်စားပြုပြီး ပြောဆို ရပ်တည် ဆောင်ရွက်ပေးနေတယ်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။       
http://moemaka.com/index.php?option=com_content&task=view&id=9219&Itemid=1

Video Testimony of Burma's Democracy Leader Aung San Suu Kyi




ကျဉ်တုတ်မခံဝံ့တဲ့ သမ္မတလား


မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၅၄ မိနစ်

ကချင်လွတ်လပ်ရေးအဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် သက်တမ်း ၃ လနီးပါးရှိသော ဝန်ကြီးချုပ်မှသည် သမ္မတ ဖြစ်လာခဲ့သူ ဦးသိန်းစိန် အစိုးရ၏ ညံ့ဖျင်းမှု ပြယုဂ်တခု ဖြစ်သလို လက်ရှိ အခြေခံ ဥပဒေအရ
ရွေးကောက်ပွဲဝင်ပြီး ယှဉ်ပြိုင်ကြဆိုသော စကားကို ရယ်စရာ ပြက်လုံးတခုလို ဖြစ်သွားစေတော့သည်။

စစ်ဗိုလ်ချုပ်ဟောင်းများအကြား နှိုင်းစာပြောလျှင် လူကောင်းဟု ပြောရမည် ဖြစ်သော်လည်း ဦးသိန်းစိန်မှာ စစ်အုပ်ချုပ်ရေး အမွေမှသည် ဒီမိုကရေစီ ခေတ်ပြောင်းတခုကို သွားနိုင်လောက်အောင် ထက်ထက်မြက်မြက် လုပ်နိုင်စွမ်း မရှိခြင်းကား ခြစားယိုယွင်းနေသော အုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်နိုင်စွမ်း မရှိခြင်းလည်း ဖြစ်သည်။

အစိုးရ အသက်ကယ်ဆေးအတွက် အားထားရာ တရုတ်နိုင်ငံသို့  အလည်အပတ် သွားရောက်ပြီးချိန်တွင်
မြန်မာပြည်တွင်း တရုတ်၏ အကျိုးစီးပွားများ လွန်ကဲဖြစ်ထွန်းနေသည်ဟု စိုးရိမ်ကြောင့်ကြသံများ အစိုးရ လူရင်းများ၊ လူယုံစီးပွားရေးသမားများထံမှပါ ထွက်လာခြင်းကား ထူးခြားနေသည်။ သတင်းများ ဖော်ပြထားသလို တရုတ်အစိုးရက
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွင် တရုတ်စစ်သင်္ဘောများ ဆိုက်ကပ်ခွင့်ကို
တောင်းဆိုခဲ့သည်သာ မှန်ကန်လျှင် မြန်မာ့မြေပေါ်တွင် မည်သည့် နိုင်ငံခြားတပ်မျှ တပ်စွဲခွင့်မပြု ဟူသော
မြန်မာအစိုးရ အဆက်ဆက် ဆွဲကိုင်ထားသည့်မူကို ချိုးဖောက်လာရမည့်ကိန်း ဖြစ်နေခြင်းကား ဦးသိန်းစိန်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ပေလိမ့်မည်။

အမည်ခံ လွတ်ငြိမ်းချမ်းသာခွင့်က အတိုက်အခံများအတွက် ဒေါသူပုန်ကို ထစေသလို စီးပွားရေး ကျပ်တည်းမှုကို
ပြေလျော့အောင် လုပ်ပေးနိုင်ပါမည် ဆိုသော မျှော်လင့်ချက်ကို မပေးနိုင်ချိန်တွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်
ပြဋ္ဌာန်းခွင့်ကို လျစ်လျှူရှုထားပြီး ထင်ရာစိုင်းနေခြင်းကား အရေခြုံပြီး လမ်းဟောင်းလျှောက်တာကို
ပြသလိုက်ခြင်းလည်း ဖြစ်သည်။

သေနတ်ပြန်ပေါက်ခဲ့ရသည့် လတ်တလော အကြောင်းကား တရုတ်ငွေ ယွမ်သန်း ၁ဝ၈ ကုန်ကျမည် ဖြစ်ပြီး ထွက်သော လျှပ်စစ်များကို တရုတ်နိုင်ငံသို့  ရောင်းချရမည့် ကချင်မြေမှ တာပိန် ရေအားလျှပ်စစ် စီမံကိန်းကို
သေနတ်ပြ အဓမ္မ အကောင်အထည် ဖော်လိုခြင်းကြောင့် ဖြစ်သည်။ စစ်ပွဲများ၊ ဒုက္ခသည်များကား ရေကာတာ
ဆောက်နေသော တရုတ်နိုင်ငံပိုင် ကုမ္ပဏီကြီးတခုဖြစ်သည့် ဒါးတန်း၏ ဆောင်ပုဒ်ဖြစ်သော “ သန့်စင်သော စွမ်းအားကို ထောက်ပံ့ပေးမည်၊ ပျော်ရွှင်သော ဘဝများ ဖြစ်စေရန် အလင်းပေးမည် ”ကို ပျက်ရယ်ပြုနေသည်။

ကချင်ပြည်နယ်ထဲမှာတွင်ပင် မြန်မာ့အသက်သွေးကြောမကြီးဖြစ်သော ဧရာဝတီမြစ်ဖျားရှိ မြစ်ဆုံအပါအဝင် ဧရာမ ရေကာတာစီမံကိန်း ၉ ခုကို တရုတ်ကုမ္ပဏီကြီးများဖြင့် တည်ဆောက်လျှက် ရှိသည်၊ လျစ်လျှူမရှုသင့်သော သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေး အဖွဲ့များ ထောက်ပြထားကြသည့် ဒေသခံလူထုအတွက် ကောင်းကျိုးထက် ဆိုးကျိုးများကို ပေးစွမ်းမည့် အနှီ ဧရာမ စီမံကိန်းများကား ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေသော ပဋိပက္ခများကို မီးထိုးပေးနေခြင်းလည်း ဖြစ်သည်။

ကချင်မှာတွင်သာမက ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်များတွင်လည်း အလားတူပင်
ဖြစ်သည်။ လူနှင့်နေရာ လွဲချော်နေပြီဟု ပြောရမည့် အဖြစ်အပျက်တခုမှာ ဦးသိန်းစိန် တယောက် နေပြည်တော်ရှိ လယ်ကွင်းများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသန လုပ်နေသည်ဆိုခြင်း ဖြစ်သည်။ တပ်ကို မနိုင်၊ ပါတီမနိုင် အချိန်ကုန်အောင် လုပ်ဆောင်နေခြင်းဟု ကဲ့ရဲ့ခံရမည့် လုပ်ရပ်သာ ဖြစ်သည်၊ အရာရောက်ဖွယ် မမြင်ပါ။ သက်တမ်း မရင့်သေးခင် ပြုပြင်ပြောင်းလဲ နိုင်ပါသေးသည်၊ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်န်ဆိုစဉ်က ကတိပေးခဲ့မှုများကို အကောင်အထည်ဖော်မှု ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရေးပင် ဖြစ်တော့သည်။
http://www.mizzimaburmese.com/edop/editorial/7788-2011-06-22-06-30-05.html