Sunday, June 26, 2011

သာသနာရေးဝန်ကြီးဌာန၏ ချစားမှုအား စုံစမ်းအရေးယူပေးပါရန် တိုင်ကြားခြင်း


သမ္မတကြီးခင်ဗျား

။သာသနာရေးဝန်ကြီးဌာနနှင်.ပူးပေါင်းပြီးဟဂ်ျလုပ်ငန်းကိုမတရားစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများအား ဖေါ်ထုတ်စစ်ဆေး အရေးယူပေးပါရန် သမ္မတကြီးထံတိုင်ကြားအပ်ပါသည်။


နိုင်ငံတော်မှ ဘာသာပေါင်းစုံအား လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပြုထားသော်လည်း သာသနာရေးဝန်ကြီးဌာနမှ အကျင့်ပျက်ချစားပြီး၊အစ္စလာမ်ဘာသာဝင်များ၏
လွတ်လပ်ခွင့်ကို ၄င်းတို့ကိုယ်ကျိုး အတွက် အမြဲတစေအနိုင်ကျင့်ပိတ်ပင်မှုများ ပြုလုပ်နေပြီး၊ ယခင်နှစ်(၂ဝ၁ဝ)ခုနှစ်ကဟာဂျီများ မသွားရောက် နိုင်အောင်
တားဆီးခဲ့သူဦးမောင်မောင်လွင်(ခေါ်)ဖိုးလုံး(ခေါ်)မိုဟာမက် Arabian Travels & Toursဆိုသူ၊ လူအများစု၏တိုင်ကြားခံရသူ၊ အစ္စလာမ်ဘာသာဝင်
အများစုမလိုလားအပ်သူအား ယခု (၂ဝ၁၁)ခုနှစ်အတွက် ဘာသာရေးဆိုင်ရာဟဂ်ျလုပ်ငန်းတစ်ခုလုံး၏ခေါင်းဆောင်အဖြစ် ထပ်မံခန့်အပ်ပြီး၊ဘာသာရေးခေါင်းဆောင်များ၏
ခေါင်းဆောင်အဖြစ် ထပ်မံခန့်အပ်ခဲ့သောကြောင့်၊၄င်းဘာသာရေးပညာ မတတ်ကျွမ်းသူသည် ဆယ်စုနှစ်ကြာသာသနာရေးဝန်ကြီးဌာနအားလာဘ်ငွေများပေး၍
ဟာဂျီများအား ဟာဂျီတစ်ဦးလျှင် အရင်းငွေ အမေရိကန်ဒေါ်လာ၁၈ဝဝ.ဝဝ သာကျသော်လည်း၊ ဝန်ကြီးဌာနနှင့်ရိုက်စားပြုလုပ်၍ ဟာဂျီတစ်ဦးလျှင်အမေရိကန်ဒေါ်လာ ၃ဝဝဝ.ဝဝ ကျော်ရယူပြီး၊ ပြောင်ပြောင်တင်းတင်းလုပ်ကိုင်နေသူကို လူအများစုက တိုင်တန်းခဲ့သော်လည်း၊ယနေ့အချိန်ထိမည်သူကမျှ အရေးယူခြင်းမရှိသည့်အပြင်၊
သာသနာရေးဝန်ကြီးဌာန၌၄င်းနှင့်ယှဉ်ပြိုင်၍ ကုမ္ပဏီ(၃ဝ)ခန့် တင်ဒါ တင်သွင်းသူများကိုဈေးနှုန်းနည်းနည်းဖြင့်တင်ဒါတင်သွင်းခဲ့သောကြောင့်၊
၎င်းကုမ္ပဏီ(၃ဝ)ခန့်အားရုံးအဖွဲ့မှူး၏ ကျောထောက်နောက်ခံဖြင့်ခြိမ်းခြောက်ခြင်း၊အနိုင်ကျင့်မှုများ ပြုလုပ်နေပါသည်။သမ္မတကြီးခင်ဗျား။ ။


လေးစားစွာဖြင့်

ဦးအလီ ( ခ ) ခင်စိုး

လူသားကမ္ဘာရဲ့ သစ္စာတရား - (အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်:ပြည် )



by Sophia Sofia Chan on Wednesday, June 8, 2011 at 1:18pm
မြန်မာပြည်ရဲ့ အနာဂတ် လူငယ်တွေရဲ့ချစ်ခြင်း။ အိပ်မက်တွေ စစ်အာဏာရှင်ကြောင့် ငုတ်လျှိုးနေခဲ့ရတယ်။ နိုင်ငံရေးအကျဉ်းသား ကိုခင်မောင်ဝင်း နဲ့ သူချစ်သူ မပန်းဝါတို့ အမိန့်ချမယ့်နေ့ တရားခွင်မှာ လူသားကမ္ဘာရဲ့ သစ္စာတရားကို အလှပဆုံး ဖော်ကျူးသွားပါတယ်။

ကိုခင်မောင်ဝင်း

လေးစားရတဲ့ သောတရှင်များရှင်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အကျဉ်းထောင်ထဲမှာ ကဗျာတွေ အများကြီး စပ်ခဲ့ဘူးတယ်။ ထောင်ထဲမှာ ကဗျာဆရာက ကဗျာကို ပါးစပ်နဲ့ရေးပြီး ပရိတ်သတ်က နားနဲ့ဖတ်ပါတယ်။ ဒီတော့ ကဗျာကို အပြည့်အစုံမဟုတ်တော့ပဲ မှတ်မိသလောက် ကိုပဲ ပြန်ပြောနိုင်ကြတော့တယ်။ အဲဒီကဗျာတွေထဲက မောင်ရုပ်ဆိုးဆိုတဲ့ ကဗျာလေးက ဂရုဏာ သက်စရာ ခေတ်နဲ့ယှဉ်တဲ့ လူ့ဘ၀ကို ပေါ်လွင်တဲ့ ကဗျာလေးပါပဲ။ ကဗျာထဲမှာ မိခင်နဲ့ နှမတွေက သားနဲ့မောင်အတွက် သတို့သမီးရှာသတဲ့။ မိန်းကလေးမိဘတွေက ယောက်ျားလေးရှင်ကို ခုလိုမေးတယ်။

သတို့သားလောင်းက ရုပ်ချောရဲ့လား၊ ပညာတတ်ရဲ့လား၊ အလုပ်ကောင်းကောင်းရှိရဲ့လား၊ ငွေရှာကောင်းရဲ့လားတဲ့။ ဒီတော့ အမေနဲ့နှမတွေက သတိုးသားက ရုပ်ရည်က ရွက်ကြမ်းရေကျို၊ ကျောင်းပြီးအောင်တောင် မတက်ခဲ့ရဘူး၊ အလုပ်လက်မဲ့ ထောင်ထွက်ဆိုတော့ သူတို့သမီးဘက်က ခါးခါးသီးသီး ငြင်းလိုက်တဲ့အကြောင်းပါ။

၂၀၀၅ ခုနှစ်မှာ ကိုမင်းကိုနိုင် ထောင်ကပြန်လွတ်လာတော့ အဲဒီကဗျာအကြောင်း ကျမ မေးခဲ့ပါတယ်။ ဒီကဗျာက နိုင်ငံရေးသမားလူငယ်တွေကို ကိုယ်စားပြုတာပါအမရယ်လို့ သူ့ဟန်အတိုင်း ပြုံးစစနဲ့ အရွှန်းဖောက်တယ်။ နိုင်ငံရေး သမားလူငယ်တွေရဲ့ အချစ်ရေးကလဲ တိုင်းပြည်ရေးနဲ့ ဆက်စပ်နေတာမို့လား။ နိုင်ငံရေးသမားတွေကို နားလည်ပေးနိုင်တဲ့ ဇနီးမယားတွေ အများကြီးရှိသလို ဇနီးမယားတွေရဲ့ အငြင်းပယ်ခံရပြီး သံတိုင်တွေနောက် ကွာရှင်းစာချုပ်တွေ ရောက်ခဲ့တာလည်းရှိပါတယ်။ ထောင်ထဲက နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ကြေကွဲခဲ့ရတယ်ဆိုတဲ့ အဖြစ်အပျက်တွေလည်း ကျမတို့ နာနာကျင်ကျင် နားထောင်ခဲ့ရဘူးပါတယ်။

မွန်သူရဲကောင်း လဂွန်းအိမ်က ရှေ့တန်းထွက်မှ သူရဲကောင်းမဟုတ်ပါဘူး။ နောက်တန်းကနေပြီး သူရဲကောင်းတွေအတွက် ပါရမီဖြည့်နေတဲ့သူကလည်း သူရဲကောင်းပါလို့ ပြောခဲ့တဲ့စကား ကျမ ဖတ်ခဲ့ဘူးပါတယ်။ ခင်ပွန်းသည်ကို အရိပ်လို အတူလိုက်။ နောက်တန်းကနေ အင်အားဖြည့် မေတ္တာအပြည့်နဲ့ ကူညီသူ အမျိုးသမီးတွေကို ပြောတာဖြစ်ပါလိမ့်မယ်။ အိမ်ထောင်ဖက် ဇနီး မောင်နှံ ဆိုတာ ဘ၀ခရီးဖော်ပါပဲ။ လူ့ဘသခရီးရှည်ကြီးကို အတူတကွ ဖြတ်သန်းရတဲ့ ရဲဘော်ရဲဘက် နှစ်ဦးပါ။ သေအတူရှင်မကွာ လောကဓံကို ရင်ဆိုင်မယ်။ ဆင်းရဲအတူ ချမ်းသာအတူ အေးအတူ ပူအမျှလို စဉ်းစားဆုံးဖြတ်ပြီး ဘ၀ခရီးကို အတူလျှောက်ခဲ့ကြတာပါ။ ဒီထဲကမှ အုပ်ချုပ်သူရဲ့ ဖိနှိပ်မှူကြောင့် မိမိတိုင်းပြည် ပြည်သူလူထုအတွက် တိုက်ပွဲဝင်ကြတဲ့ နိုင်ငံရေးသမား လောကဓံလှိုင်းက မိသားစုကိုပါ ရိုက်ခတ်ပါတော့တယ်။ လှိုင်းဆိုတာ ဂယက်ထတတ်ပါတယ်။ လှိုင်းရဲ့အားပေါ် မူတည်ပြီး ဂယက်အရှိန်ဆိုတာ ပါလာပြီ။ ဒီလှိုင်းဂယက်ကို မျှဝေခံစားနိုင်သူဇနီးသည်ကြောင့် သေတပန်သက်တဆုံးမြဲသူမြဲသလို။ မျှဝေမခံစားနိုင်သူ ဇနီးသည်ကြောင့် ကွဲသူတွေ ကွဲသွားဘူးပါတယ်။

ထောင်ဝင်စာမှာ ကွာရှင်းစာချုပ်ပေါ် လက်မှတ်ထိုးပေးခဲ့ပြီး အခန်းအပြန်မှာ သက်ပြင်းချသူချ။ တောက်ခေါက်လို့ ငိုကြွေးသူကငိုကြွေး၊ အပြစ်မမြင်ပဲ ဒါစနစ်ရဲ့သားကောင်လို့ ကြုံးဝါးသူတွေရဲ့ ကြေကွဲနာကျဉ်ခံစားရတဲ့ ထောင်တွင်းပုံပြင်တွေကလည်းအများကြီးပါ။ ဒီအထဲကမှ ယနေ့ကျမတို့မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားတွေကို မတရားဖမ်းဆီး၊ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်၊ နယ်စွန်နယ်ဖျားထောင်တွေဆီ ပို့နေတဲ့ကြားက အမိန့်ချမယ့်နေ့တရားခွင်မှာ နိုင်ငံရေးသမား ကိုခင်မောင်ဝင်း နဲ့ သူ့ချစ်သူ မပန်းဝါတို့ ရုံးတော်မှာ လက်မှတ်ထိုးသတဲ့.. တရားရုံးတော်က အမိန့်ချမယ့်နေ့ တရားခွင်မှာ ဒီအဖြစ်က ကြားမကောင်းပါဘူးလို့ တောင်းပန်ရတဲ့အထိ။ ဒီအဖြစ်ကိုကြားလို့ ရုံးတော်နားရောက်လာတဲ့လူထုကို သူတို့သား က တရားခွင်ကနေ လှမ်းဧည့်ခံတယ်။ အသစ်စက်စက် ဇနီးသည်ကို အခုလက်မှတ်ထိုး အခုခွဲပြီး၊ အချုပ်ကားနဲ့ ပဲခူးထောင်ပြန်သွားရတဲ့ အဖြစ်က စိတ်ကူးမြင်ကွင်းထဲမှာ ပြန်ကြည့်ရင်တောင် သိပ်ကို ကြေကွဲစရာကောင်းလှပါတယ်။

မျက်ရည်စနဲ့ အချုပ်ကားကို လှမ်းကြည့်ပြီး ကျန်ခဲ့တဲ့ဇနီးသည်အသစ်စက်စက်က ဘယ်နေရာရောက်ရောက် ထောင်ဝင်စာလိုက်တွေ့မယ်လို့ ခင်မွန်းသည်ကို မှာလိုက်တဲ့ အသံက အားမာန်အပြည့်နဲ့ အုပ်စိုးသူကို စိန်ခေါ်လိုက်သလိုပါပဲ။ ဒီလိုမျိုး အမျိုးသမီးငယ်တွေရှိတဲ့နိုင်ငံမှာ ဒီမိုကရေးစီရေး အင်အားတရပ်အဖြစ် တည်ရှိနေခြင်းဟာလည်း ၀မ်းမြောက်စရာပါ။ ပြည်သူလူထုက သူတို့ဇနီးမောင်နှံကို မင်္ဂလာလက်ဖွဲ့ အဖြစ်ချီးမြောက်လိုက်တဲ့ လက်ခုပ်သံတွေ တော်တော်နဲ့ စဲမသွားတော့ပါဘူး။

အချုပ်ကားပေါ်က သတိုးသားက ပြည်သူလူထုကို နှူတ်ဆက်သွားပါတယ်။ ကိုမင်းကိုနိုင် ရဲ့ ကဗျာတပုဒ်နဲ့ပါ။ ကျောင်းနံရံတ၀ိုက် ဒေါင်းအလံစိုက်တဲ့နေ့ ငါပြန်လာမယ်တဲ့။ သူရဲကောင်းတွေရှိတဲ့ တိုင်းပြည်မှာ အမှောင်လှိုင်းတွေ ဘယ်လောက်ထန်ထန် ရိုက်ချိုးမှောက်လှန် အောင်ပွဲခံနိုင်ကြမှာပါ။

အမှန်တရားကို သတ္တိရှိရှိ ရှာဖွေဖော်ထုတ်မှူအပေါ်
တန်းဖိုးထားတတ်တဲ့ လူသားတိုင်း ခံစားနိုင်ကြပါစေ။


"အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်" RFA အသံလွှင့် ဆောင်းပါးများစာအုပ်မှ ကူးယူဖြန့်ဝေသည်။

မအ အောင်လို့ . . .



by Cho Tu Zal on Saturday, June 25, 2011 at 2:44pm
စ ကတည်းက အမြတ်အဓိက လို့ ကြွေးကြော်ပြီး ဒီနေ့အထိ အဲဒီ အရင်းရှင်စနစ် သက်ဆိုးရှည်လာစေတဲ့ အဓိက အချက်က တဦးချင်းလွတ်လပ်ပိုင်ခွင့်ကို ကာကွယ်ပေးတဲ့ အခြေခံလူ့အခွင့်အရေးတွေကြောင့်ပဲလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ဒါပေမယ့် အဒမ်စမစ်ရဲ့ အမြတ်ပဓာန အရင်းရှင်စနစ်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာပဲ ကိုလိုနီစနစ်နဲ့အတူ ကမ္ဘာပေါ်မှာ အပြီးတိုင်ချုပ်ငြိမ်းသွားခဲ့တယ် လို့ ပြတ်ပြတ်သားသား မြင်ပါတယ်။
၂၀ ရာစုမှာ လက်ဝဲ လက်ယာ အားပြိုင်မှုနဲ့ ဘာလင်တံတိုင်းပြိုပြီး လက်ဝဲအလုံးစုံကျဆုံးမှုဟာ သိသာထင်သာမြင်သာပေမယ့် တကယ့်တကယ်တန်း ပြန်ကြည့်လိုက်ရင် အဒမ်စမစ်ရဲ့အမြတ်ပဓာနအရင်းရှင်စနစ်က ဒုတိယကမ္ဘာစစ်ပြီးကတည်းက ချုပ်ငြိမ်းခဲ့ပြီးသားပါ။ လက်ယာအုပ်စုတွေဟာ အဆုံးစွန်ကိုလိုနီထိရောက်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေကို မဖြစ်မနေလုပ်ခဲ့ကြပါတယ်။ အဲဒီလို ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်လို့မဖြစ်အောင်လည်း သူတို့ကို ကွန်မြူနစ်လက်ဝဲ၀ါဒက တွန်းအားပေးခဲ့တယ်။ ကွန်မြူနစ်တွေဟာ ရုရှားမှာ မဟာအောက်တိုဘာတော်လှန်ရေးနဲ့အတူ အောင်ပွဲခံခဲ့၊ ဇာဘုရင်ရဲ့အဖြစ်ဆိုးကို သူတို့ သင်ခန်းစာရခဲ့တယ်။ ဒါကြောင့် အမေရိကနဲ့ဗြိတိန်တို့ဟာ ပါလီမာန်တွင်းပြုပြင်ပြောင်းလဲမှုတွေ၊ အလုပ်သမားအခွင့်အရေးပြုပြင်မှုတွေ ကို လုပ်ပြီး ကွန်မြူနစ်ခြေကုပ်မယူနိုင်အောင် ခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့တယ်။ အမေရိကမှာတော့ အထက်လွှတ်တော်အမတ် ဂျိုးဇက်မက္ကာသီ က စီအိုင်အေ နဲ့ပေါင်းပြီး ဥပဒေမဲ့ကို ကိုင်တွယ် ရှင်းလင်းခဲ့တယ်။ အမေရိကန်တွေကြောက်လန့်စရာကောင်းလောက်အောင် ကမ္ဘာတခြမ်းက နေ့ချင်းညချင်း လက်ဝဲ စနစ်ကို ထူထောင်ခဲ့ကြတယ်။ ကွန်မြူနစ်တစ္ဆေအခြောက်ခံနေတဲ့ အမေရိကန်တွေဟာ အရှေ့တောင်အာရှ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကိုရီးယားကျွန်းဆွယ်တွေမှာ အမှားတွေ လူမဆန်တဲ့ လုပ်ရပ်တွေအများကြီးလုပ်ခဲ့တယ်။
တချိန်တည်း ကွန်မြူနစ်တွေကလည်း တော်လှန်ရေးကြီးအောင်မြင်ဖို့ ဆိုပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အဓမ္မမှုတွေ လုပ်ခဲ့တယ်။
သမိုင်းစာမျက်နှာတွေကို ဖြတ်သန်းဖတ်ကြည့်တဲ့အခါ ကမ္ဘာဟာ အရမ်းကိုအထိ နာခဲ့တာပါ။ ဘယ်သူတွေနာခဲ့တာလဲ ဆိုတော့ ပြည်သူတွေပါ။
ဂျိုးဇက်မက္ကာသီ ကြောင့် ယိုင်နဲ့ခဲ့ရတဲ့ ဒီမိုကရေစီကို အချိန်မီပြုပြင်ပြီး လူ့အခွင့်အရေးတွေနဲ့ အချိန်မီဆေးကုအဖတ်ဆည်ခဲ့နိုင်လို့ပေါ့။ နို့မို့ဆို အဖြေက တမျိုးတောင်ဖြစ်သွားနိုင်တယ်လို့ကျနော်သုံးသပ်မိတယ်။
အမေရိကရဲ့ကောင်းမွန်တဲ့ အတုယူစရာစနစ်က အဲဒါပါပဲ။ ပြုပြင်ပြောင်းလဲမှု ရှိတာပါ။ ပြုပြင်ပြောင်းလဲမှု ဆိုတာရှိမှ ယဉ်ကျေးမှု လို့ခေါ်တယ် ဆိုသလိုပဲ၊ အမေရိကန်တွေရဲ့ အရင်းရှင်စနစ်ဟာ အဒမ်စမစ်ရဲ့ အမြတ်အဓိက ကိုလိုနီစနစ်ကနေ ပြန်လည်ပြင်ဆင်ရေးတွေနဲ့ ဈေးကွက်စီးပွားရေးဆီထိပြောင်းလဲရွေ့လျားလာပါတယ်။
ဒီနေ့အမေရိကန်ပြည်ထောင်စုထဲမှာ ကော်ပိုးရေးရှင်းတွေ၊ ကုမ္ပဏီတွေကို မလှုပ်နိုင်မယှက်နိုင်အောင် ဥပဒေတွေအမျိုးမျိုးနဲ့ ကန့်သတ်ထားတာ တကယ့်ကို ဆိုရှယ်လစ်ဆန်ဆန်ဖြစ်ဖြစ်နေပါပြီ။ လက်ရှိ ကမ္ဘာမှာ အလုပ်သမားအခွင့်အရေးအများဆုံးရထားတာလည်း အမေရိကပါ။
အဲဒီတော့ ပစ္စည်းမဲ့လူတန်းစားတွေအတွက် ပစ္စည်းမဲ့အာဏာကိုထူထောင်မယ်၊ အလုပ်သမားနိုင်ငံတော်ထူထောင်မယ်ဆိုတဲ့ လက်ဝဲနိုင်ငံတွေမှာ ပါတီကို ပြန်မပြောရဲ၊ သမဂ္ဂဆိုတာ လွတ်လပ်စွာဖွဲ့ခွင့်မရှိနဲ့ နှိုင်းယှဉ်လိုက်တော့
လက်ဝဲတွေ ဘာကြောင့်ကျဆုံးပြီး၊ လက်က်ျာတွ ဘာကြောင့် ကျန်ခဲ့တယ် ဆိုတာ မြင်သာပါပြီ။
ဈေးကွက်စီးပွားရေးစနစ်ဆိုတာ အရင်းရှင်စီးပွားရေးစနစ်နဲ့ မတူပါဘူး။ အနှစ်သာရမှာ အရမ်းကို ကွဲပြားပါတယ်။ အမည်နာမ အခေါ်အဝေါ်မှာတင် သိသိသာသာ ကွဲပြားပါတယ်။ အရင်းရှင်စီးပွားရေးစနစ်မှာ အရင်းရှင်လူတန်းစားကို ဗဟိုပြုဖွဲ့စည်းထားတာဖြစ်ပါတယ်။ အရင်းရှင်စနစ်မတိုင်မီက မြေရှင်စနစ်၊ အဲဒီမတိုင်မီက ပဒေသရာဇ်စနစ်၊ သမိုင်းကို နောက်ပြန်သွားကြည့်ရင် ဘယ်လိုတွေ တိုးတက်ပြောင်းလဲလာတယ်ဆိုတာကို အထင်အရှားတွေ့ရလိမ့်မယ်။ အဲဒီလို တိုးတက်ပြောင်းလဲမှုတွေဟာ အလကားအချည်းနှီးပြောင်းလာတာတော့မဟုတ်ပါဘူး။ကျနော်တို့ လူသားတွေဟာ သမိုင်းဦးဘုံမြေခေတ်မှာ အတူတကွ စုပေါင်းနေထိုင်ရင်း လူမျိုးစုတွေ ဖြစ်ခဲ့တယ်။ သားရဲတိရစ္ဆာန်တွေရဲ့အန္တရာယ်တွေ၊ တခြားလူမျိုးစုတွေရဲ့ အန္တရာယ်တွေ၊ သဘာဝဘေးအန္တရာယ်တွေကို ဦးဆောင်ကာကွယ်ပေးနိုင်ခဲ့တဲ့ သူရဲကောင်းကို ခေါင်းဆောင်တင်မြှောက်ရာက ဘုရင်စနစ်ကို တီထွင်ပြီးသားဖြစ်ခဲ့တယ်။ ဘုရင်သေတော့ သူ့သားကို အစဉ်အဆက်အုပ်ချုပ်ခိုင်းရာကနေ အဲဒီ ဘုရင်နဲ့ အဲဒီ ဘုရင်ရဲ့အမျိုးတွေ ဖိနှိပ်မှုတွေကို မခံနိုင်စရာတွေပေါ်လာတယ်။ အရင်ဆုံး သူတို့အမျိုးအချင်းချင်း(နယ်စားပယ်စားတွေရဲ့ မကျေနပ်မှုနဲ့စခဲ့တာ) ၁၂၁၅ မှာ အင်္ဂလန်မှာ ဂျွန်ဘုရင် နဲ့ ပြည်သူတွေ မဂ္ဂနာကာတာ စာချုပ်ကိုချုပ်တာက စလို့စည်းမျည်းခံဘုရင်စနစ်ကို စ ခဲ့တယ်။ ဒါပေမယ့် အဲဒီစာချုပ်ကို အဲဒီ ဘုရင်တွေက ချက်ခြင်းလက်ခံတာမဟုတ်ဘူးနော်။ နှစ်တရာလောက် နည်းအမျိုးမျိုးနဲ့ဖေါက်ဖျက်ခဲ့သေးတယ်။ ဒီလိုနဲ့ ပါလီမန်စည်းမျည်းခံ ဘုရင်စနစ်ကို တီထွင်ရာကနေ ပါလီမန်ထဲ မြေရှင်တွေက သြဇာရှိနေရာ ၀င်ယူလာကြတယ်။ မြေရှင်တွေ ဘယ်လိုနည်းနဲ့ သြဇာဝင်ယူလာသလဲ လို့မေးရင် စီးပွားရေးစနစ်ကြောင့်ဆိုတာ သုံးသပ်ရပါတယ်။ စိုက်ပျိုးရေးအဓိက စီးပွားရေးစနစ်ခေတ်ကြီးမှာ မြေသြဇာကောင်းတဲ့ မြေယာတွေပိုင်ဆိုင်တဲ့သူတွေဟာ အလိုအလျောက်ကြွယ်ဝပြီး သြဇာရှိလာတယ်။ သူတို့ရဲ့ကြွယ်ဝမှု၊ သြဇာရှိမှုတွေက ပါလီမန်ထဲမှာ သူတို့စိတ်တိုင်းကျ ခြယ်လှယ်နိုင်ခဲ့စေတယ်။ ပါလီမန်ဟာ မြေရှင်တွေကြီးစိုးတဲ့ မြေရှင်ပဒေသရာဇ်စနစ်ကိုမွေးထုတ်ပေးတဲ့ ပါလီမန်ဖြစ်ခဲ့တယ်။ မြေရှင်တွေဆိုတာလည်း ပဒေသရာဇ်တွေနဲ့ သူတို့အမျိုးတွေ၊ ပဒေသရာဇ်တွေကို သစ္စာစောင့်သိပြီးစစ်တိုက်ပေးထားတဲ့ စစ်ဗိုလ်တွေကို မြေယာတွေအပိုင်စားပေးထားတာတွေပါ။ ဒီတော့ ပါလီမန်ထဲမှာ သူတို့အကျိုးစီးပွားကို ကာကွယ်တဲ့ဥပဒေတွေကိုပဲ ရေးဆွဲ ပြဌာန်းခဲ့ကြတယ်။ အများစု ဖြစ်တဲ့ပြည်သူတွေကတော့ နင်းပြားဘ၀မှာပါပဲ။ပြည်သူတွေဟာ မြေယာကိုမှီပြီး နေထိုင်ရ၊ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်စားသောက်ရတယ်။ မြေရှင်တွေ ဖိနှိပ်သမျှခံခဲ့ရတယ်။ အဲဒီလို နေနေရတုန်းမှာပဲ ၁၇၇၀ ၀န်းကျင်လောက်မှာ ဂျိမ်းဝပ်ဆိုတဲ့ လူ တယောက်ရေနွေးအိုးအတည်ကောင်းတာက အစပြုပြီး အင်ဂျင်ဆိုတာကို တီထွင်လာနိုင်၊ အဲဒီနောက် စက်မှုတော်လှန်ရေးကြီးပေါ်လာပြီး မြေကြီးပိုင်တိုင်း သြဇာမရှိတော့တဲ့ ဘ၀ကို မြေရှင်တွေ ရင်ဆိုင်လိုက်ရတယ်။ ဒီနေရာမှာ စဉ်းစားစရာက ဒီလိုဖြစ်မယ်မှန်းသာ စောစောကြိုသိခဲ့ရင် မြေရှင်တွေဟာ ဘယ်သူမှ ရေနွေးအိုးမတည်ရ လို့ ပါလီမန်ထဲမှာ အမိန့်တွေပြဋ္ဌာန်းခဲ့မှာ သေချာတယ်ဗျ။ ခုခေတ် အီလက်ထရွန်နစ် ဥပဒေတို့ ဘာတို့လို ရေနွေးအိုး ဥပဒေ တို့ ဘာတို့ ပြဋ္ဌာန်းခဲ့လောက်တယ်။ ဥပမာ ရေနွေးမတည်ရ၊ သတ်မှတ်ချိန်မှာ သတ်မှတ်သလောက်ပဲတည်ရမယ်၊ တည်ရင်း မစဉ်းစားရ တို့ဘာတို့ပေါ့ဗျာ။စက်မှုတော်လှန်ရေးဆိုတာ ပညာရှင်တွေကြောင့်ပေါ်လာတာပါ။ ဒါပေမယ့် ပညာရှင်တွေကဒီတော်လှန်ရေးဖြစ်စေလို့လုပ်ခဲ့တာမဟုတ်သလို အရင်းရှင်ဆိုတဲ့ လူတန်းစားတရပ်ပေါ်ကောင်းစေတော့ရယ်လို့လုပ်ခဲ့တာမဟုတ်ပါဘူး။ဒါပေမယ့် ပေါ်ခဲ့တယ်။ အဲဒီနောက်မှာတော့ အရင်းရှင်တွေဟာ ပါလီမန်ထဲ အာဏာတွေယူလာပြီး အရင်းရှင်တွေကို ကာကွယ်မယ့် ဥပဒေအမျိုးမျိုးကိုေ၇းဆွဲပြဋ္ဌာန်းကြပြန်ပါလေရော။ အရင်းရှင် စနစ်မှာ အရင်းရှင်က အဓိက အခရာပါ။ ဒီတော့ သူ့ကိုယ်ကျိုးစီးပွားကို ကာကွယ်ပေးတဲ့ အစိုးရ၊ ပါလီမန်၊ စစ်တပ်တို့နဲ့ တည်ဆောက်လာကြတယ်။ ထုံးစံအတိုင်းပြည်သူတွေကတော့ နင်းပြားပါ။ ကျနော်တို့ သမိုင်းမှာ သင်ခဲ့ရတဲ့ ရေနံမြေအလုပ်သမားတွေလို အလုပ်ချိန် ၁၂ နာရီထိခိုင်းတာ၊ မ၀တ၀ လစာ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုတွေ နဲ့ လူအများအပြားဟာ ဆင်းရဲတွင်းနက်ခဲ့ရတယ်။ အလုပ်သမားတွေရဲ့ ကလေးအများစု ဟာ ပညာကောင်းကောင်းသင်ခွင့်မရခဲ့ဘူး။ ဒီတော့ အရွယ်ရောက်လာရင် အလုပ်သမားပဲပြန်ဖြစ်ကြပေါ့။ သမိုင်းဆိုတာ သေချာနားလည် သဘောပေါက်အောင်လေ့လာမယ်ဆိုရင် စာနာစိတ်ကလေးနဲ့ လေ့လာဖို့လိုပါတယ်။ ခုခေတ် မြန်မာပြည်မှာ ပြည်သူအများစု ဟာ ဆင်းရဲတွင်းနက်နေကြတယ်။ မိန်းကလေးငယ်လေးတွေ ဘ၀တွေပျက်ကြရတဲ့အထိ အဖြစ်ဆိုးတွေ ကြုံနေရတယ်။ လူငယ်လေးတွေဟာ ဆင်းရဲပင်ပန်းစွာ အလုပ်လုပ်နေရတယ်။ ဒါပေမယ့် ဘ၀အာမခံချက်ဘာမှ မရှိဘူး။ ဒီလိုပဲအတတ်ပညာရှင်၊အသိပညာရှင်တွေဟာလည်း ငွေကြေးရင်းနှီးလုပ်ကိုင်နေသူတွေလောက် အခွင့်အရေးမရကြဘူး။ ဘယ်လိုလူတွေက ဘယ်လို အာဏာတွေ၊ ဘယ်လိုစည်းစိမ်တွေနဲ့ ဘယ်လိုအခွင့်ကောင်းယူ အမြတ်ထုတ်ပြီး ဘယ်သူတွေက ကာကွယ်ပေးနေသလဲ ဆိုတာ သမိုင်းနဲ့ယှဉ်ပြီးဆင်ခြင်ပါ။သမိုင်းအဆက်ဆက် ဥပဒေပြုခွင့်တွေ၊ အုပ်ချုပ်ခွင့်အာဏာတွေ၊ တရားစီရင်မှုတွေကို လူတန်းစားတရပ်ကသာ ချုပ်ကိုင်ထားပြီး၊ အာဏာနဲ့ စည်းစိမ်ချမ်းသာမှုကို လူတန်းစားတရပ်၊ အလွှာတခုကသာ ချုပ်ကိုင်ထားပြီး ပြည်သူအများစုဟာ ဆင်းရဲနိမ့်ပါး ဖိနှိပ်ခံခဲ့ရတာ ခုချိန်ထိ မလွတ်မြောက်သေးပါဘူး။ အရင်းရှင်တွေဟာ အစွန်းရောက်ဖိနှိပ်မှုအပြင် ဘယ်လောက်ထိ လူသားချင်းစာနာစိတ်ကင်းမဲ့ခဲ့သလိုဆို ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကာလမှာ အလျှံပယ်သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေ၊ ဂျုံအိတ်တွေကို နောက်တရာသီပေါ်တဲ့အချိန်မှာဈေးကျမှာ စိုးလို့ ပင်လယ်ထဲ စွန့်ပစ်တဲ့ အထိ ရိုင်းပျခဲ့တယ်။ အဲဒီအချိန်မှာ ဈေးကွက်ထဲ ဂျုံဈေးနှုန်းတွေက အရမ်းမြင့်မားနေတော့ ဆင်းရဲသားပြည်သူအများစု ၀ယ်မစားနိုင်ခဲ့ဘူး။ အရင်းရှင်တွေ ကုန်ကြမ်းရဖို့နဲ့ ကုန်ချောပြန်ရောင်းဖို့ ကိုလိုနီစနစ်ပေါ်လာတာကိုတော့ အကျယ်တ၀င့်ရေးမနေတော့ပါဘူး။ သင်ရိုးညွှန်းတမ်းမှာလည်း အပ်ကြောင်းထပ်အောင် သင်ခဲ့ပြီးသားပါ။
လူတွေ ငတ်မွတ်ခေါင်းပါးနေတာကို လျစ်လျူရှုပြီး အမြတ်ရဖို့ အဓိကသာ မောင်းနှင်ခဲ့တဲ့ အရင်းရှင်စနစ်ဟာ အဆုံးစွန် ရိုင်းပျခဲ့တာကတော့ နာဇီတွေ၊ ဖက်ဆစ်တွေပေါ်လာတဲ့ အထိဖြစ်ခဲ့ပါတယ်။
ကားလ်မာ့ခ်စ် ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေကို လက်တဆုပ်စာလူတန်းစားတရပ်ကပဲ ခေတ်အဆက်ဆက် ကိုင်တွယ်ခဲ့ပြီး သူတို့ကိုယ်ကျိုးစီးပွားကို ကာကွယ်တဲ့ဥပဒေတွေနဲ့ ပြည်သူလူထုအများစုကို ဖိနှိပ်ခဲ့တာကို တန်ပြန်တဲ့အနေနဲ့ ပြည်သူလူထုဟာ အာဏာကို လက်ဝယ်ရရင် ဘယ်တော့မှ လူတန်းစားတရပ်လက်ထဲကိုပြန်မရောက်အောင် ဆိုပြီး တပါတီစနစ်ကို ရေးဆွဲခဲ့တယ်။ ဒါပေမယ့် ကားလ်မာ့ခ်စ် ရဲ့ တပါတီစနစ်ဟာ အာဏာရှင်စနစ် မဟုတ်ဘူး။ ပါတီတွင်း လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်တွေ၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်တွေအပြည့်ပါတယ် ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ထားတဲ့ တပါတီစနစ်ပဲဖြစ်ပါတယ်။ ဆရာဦးစိန်ဝင်း ဆိုလိုချင်တာလည်း အဲဒီ သဘောပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါကလည်း ထုံးစံအတိုင်း စာအုပ်ထဲမှာ ပဲ ရှိပါတယ်။(မမေ့ဖို့က ကားလ်မာ့ခ်စ် ကိုယ်တိုင် ဘယ်တော်လှန်ရေးမှာမှ မပါခဲ့ဘူး) တကယ့်တကယ်တမ်း လူတွေက အာဏာနဲ့ထိတွေ့တဲ့အခါ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ရှိလာတဲ့အခါ အဲဒီတပါတီစနစ်ဟာ ကြောက်စရာအကောင်းဆုံး အာဏာရှင်စနစ်ကို
ပြန်မွေးထုတ်ပြန်တော့တာပါပဲ။
အရင် ဆိုဗီယက်တို့ ၊ တရုတ်တို့မှာ ခေါင်းဆောင်ကြီးဆို ဧရာမဓါတ်ပုံကြီးတွေနဲ့ လူတွေကလည်း ဘယ်တော့မှ ထမင်းမ၀တဲ့ ရှုသိုးသိုး မျက်နှာကြီးတွေနဲ့ မှတ်မိကြဦးမှာပါ။ ကျနော်ကတော့ ဒီလူကြီးတွေမျက်နှာ ကို မှတ်မိနေသေးတယ်။ ဆိုဗီယက် က ဘရက်ဇညက်တို့၊ မော်စီတုန်းတို့၊ မဆလက ဦးစန်းယုတို့ အမြဲတမ်း ရှုတည်တည်မျက်နှာကြီးတွေလေ။ လူတဦးချင်းတယောက်ချင်း ပုဂ္ဂလိက လွတ်လပ်ခွင့်တွေ ဆိပ်သုဉ်းပြန်တော့ အဲဒီတော်လှန်ရေးဆိုတာကြီးတခါ ကျဆုံးပြန်တာပေါ့။ ဒီလိုနဲ့ ကမ္ဘာကြီးဟာ စနစ်တွေ အမျိုးမျိုးပြောင်းပြီး ခုထိ ပြည်သူအများစုရဲ့ ဘ၀တွေကတော့ မကောင်းသေးပါဘူး။ ခု အရင်းရှင်စနစ်ကနေ အမျိုးမျိုးပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားတဲ့ ဈေးကွက်စီးပွားရေးစနစ် ဆိုတာ နဲ့ ဒီမိုကရေစီ စနစ်နဲ့ ကမ္ဘာကို ပဲထိန်းမောင်းနှင်နေပါတယ်။ဈေးကွက်စီးပွားရေးဆိုတာ အရင်းရှင်စီးပွားရေးလုံးဝ မဟုတ်ပါဘူး။ အရင်းရှင်စီးပွားရေး ဟာ အရင်းရှင်ဆိုတဲ့ လူတန်းစားတရပ်ကိုသာ ကိုယ်စားပြုတည်ဆောက်ထားတဲ့စနစ်ပါ။ ဈေးကွက်စီးပွားရေးမှာတော့ ဈေးကွက်သာ ပဓါနကျတဲ့စနစ်ပါ။ ဒါဆိုဈေးကွက်ဆိုတာ ဘာလဲ လို့မေးခွန်းထုတ်ကြည့်ပါ။ ဘောဂဗေဒမှာ ဈေးကွက်ဆိုတာ လူ တွေ လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ Market is people.တဲ့။
ဒီတော့ ဈေးကွက်စီးပွားရေးဟာ လူတွေ တနည်းအားဖြင့် စားသုံးသူပဓါန စီးပွားရေးစနစ်လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒီတော့ ရှင်းပြီပေါ့။ ဈေးကွက်လိုအပ်ချက်က ဘာလဲ ဆို.. စားသုံးသူတွေဟာ အကောင်းဆုံးအရည်အသွေးကို၊ အချိုသာဆုံးဈေးနှုန်းနဲ့၊ ပေါပေါများများ လွယ်လွယ်ကူကူ ၀ယ်ချင်ပါတယ် တဲ့။ အဲဒါ ခေတ်အဆက်ဆက် စားသုံးသူတွေရဲ့ လိုအပ်ချက်ပါပဲ။ ဒါကိုပဲ အဓိကထားယှဉ်ပြိုင်ထုတ်လုပ်နေ၊ ရောင်းချနေရတာပါ။ ကုန်စည်တွေကိုမှ ဒါမျိုးလိုချင်တာမဟုတ်ဘူး။ လူတွေရဲ့ဆန္ဒက နယ်ပယ် အသီးသီးမှာ ၀န်ဆောင်မှုအပါအ၀င် နယ်ပယ်အသီးသီးမှာလည်း အဲဒီ စံသတ်မှတ်ချက်အတိုငးပဲ လိုချင်ပါတယ်။ ဘယ်အထိ လိုချင်သလဲ ဆိုရင် အုပ်ချုပ်တဲ့ စနစ်၊ အုပ်ချုပ်တဲ့အစိုးရကိုလည်း အဲဒီ လိုပဲ လိုချင်ပါတယ်။ အစိုးရဆိုတာ ဟိုလိုနေ၊ ဒီလိုနေ အမိန့်တွေ ပေးပြီး ကန့်သတ်မယ့် လူမျိုးတွေကို မလိုချင်တော့ဘူး။ ကျနော်တို့လိုချင်တဲ့အစိုးရဟာ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီလို အဖွဲ့အစည်းမျိုးပဲလိုချင်တယ်။ လွယ်လွယ်ကူကူ ဥပမာ တခုပေးပါမယ်။ လှိုင်သာယာ က အက်ဖ်အမ်အိုင်မြို့ မှာ နေကြည့်ပါ။(အရင်တုန်းက ခုတော့ နည်းနည်းမကောင်းတော့ဘူးပြောတယ်) မြို့ထဲဝင်လာတာနဲ့ ခင်ဗျားဟာ မြို့နေမြို့သူမြို့သားဆိုတာနဲ့ လုံခြုံရေးဝန်ထမ်းက ခင်ဗျားကို အလေးပြုပြီး ၀င်းတံခါးဖွင့်ပေးမယ်။ ခင်ဗျားအိမ်ရှေ့မှာ ရေမ၀ပ်စေရဘူး၊ လမ်းမီးတွေလင်းရမယ်။ အမှိုက်မရှိစေရဘူး။ တကယ်လို့ အမှိုက်တွေ့ရင်၊ လမ်းမီးမလင်းရင်၊ ရေ၀ပ်နေရင် အဲဒီ မြို့အုပ်ချုပ်တဲ့ ကော်မီတီကို ခင်ဗျား ဖုန်းနဲ့လှမ်းဆဲလို့ရတယ်။ သူတို့ ချက်ခြင်း လာပြီးဝန်ဆောင်မှုပေးမယ်။ တောင်းပန်မယ်။ ခင်ဗျားဘက်က လိုတာက လစဉ်ကြေးမှန်မှန်ပေးဖို့ပါပဲ။ အရင် အက်ဖ်အမ်အိုင်မှာ လူနေကျဲတုန်းက မြို့ကော်မီတီဟာ စည်းကမ်းအမျိုးမျိုးနဲ့နေထိုင်သူတွေကို ကန့်သတ်ခဲ့တယ်။ ဆေးအရောင်မသုတ်ရ၊ မြို့ထဲမှာ ဆိုင်မဖွင့်ရ၊ တချို့ မုန့်ဟင်းခါးဆိုင်လေးဘာလေး ကိုယ့်အိမ်ထဲဖွင့်ရင် လုံခြုံရေးက လာပြီး ဆိုင်ကို သိမ်းသွားတာမျိုးတွေ ရှိခဲ့တယ်။ တဖြည်းဖြည်း လူနေစိတ်လာတဲ့အခါမှာတော့ မြို့နေတွေက မြို့မိမြို့ဘများကော်မီတီဆိုတာ ဖွဲ့ပြီး အဲဒီ မြို့သာယာရေးကော်မီတီနဲ့ အပြိုင် စကားပြောလာတယ်။ ငါတို့ဆိုင်တွေဖွင့်မယ် ကအစ ပေါ့။ ခုတော့ အက်ဖ်အမ်အိုင်ဟာ လမ်းတိုင်းမှာ ဆိုင်တွေနဲ့ စည်လို့ကားလို့။ အဲဒါ ဒီမိုကရေစီ အုပ်ချုပ်ရေးပုံစံပါ။ဒီမိုကရေစီ စနစ်မှာ၊ ဈေးကွက်စီးပွားရေးဟာ အင်မတန်မှ သဟဇာတ စနစ်ဖြစ်တယ်။ (စစ်ဖို့တော့ လိုပါသဗျာ)။ ပြည်သူလူထုရဲ့ အဆုံးစွန်သော အန္တိမလိုချင်တဲ့ အစိုးရပုံစံကတော့ အစိုးရမလို၊ စည်ပင်သာယာပဲ လိုတယ် ဆိုတာပါပဲ။ ကျနော်တို့ကို ဟိုဟာလုပ်၊ ဒီဟာလုပ် အမိန့်ပေးတဲ့အစိုးရမျိုးကို မလိုချင်ဘူး။ ကျနော်တို့ လိုချင်တာကို ဖြည့်ဆည်းပေးမယ့် အဖွဲ့အစည်းပဲ လိုချင်တယ်။ စိတ်တိုင်းမကျရင် အချိန်မရေးဖြုတ်လို့ရရမယ်။ နောက်တဖွဲ့ကို စမ်းခန့်ကြည့်မယ်။ အကောင်းဆုံးဝန်ဆောင်မှု၊ အကောင်းဆုံးပြည်သူ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့ အဖွဲ့အစည်းဟာ အစိုးရသက်တမ်းကြာမှာပဲ။
အဲဒါ အတိုင်းတိုင်းအပြည်ပြည်က ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရည်မှန်းချက်ပဲ ဖြစ်ပါကြောင်းဗျာ။        ။

ချိုတူးဇော်

တရုတ်ထိလျှင် မချိအောင်နာတဲ့ မြန်မာအစိုးရ



ကချင်အဖွဲ့နဲ့ အစိုးရ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် ဒီလ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ကချင်အဖွဲ့တွေက ခြိမ်းခြောက်မှုတွေ၊ စတင်ပစ်ခတ်တာတွေ လုပ်လာလို့ အစိုးရတပ်တွေက မလွှဲသာ မရှောင်သာ ပြန်လည် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းထားတာ တွေ့ရတယ်။ ဘာတွေများ ခြိမ်းခြောက်လို့လဲဆိုတော့ တာပိန်မြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေးက တရုတ်နိုင်ငံသား ဝန်ထမ်းတွေ နဲ့ မလိခမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ကျောက်တောင်တွေကို မိုင်းခွဲနေတဲ့ တရုတ်တွေကို ခြိမ်းခြောက်ဟန့်တားလို့ ဖြစ်ပါသတဲ့။ ဒါကြောင့် ကချင်စစ်တပ် ဟာ မိမိနိုင်ငံရဲ့ အရေးကြီးစီမံကိန်းတွေကို နှောင့်ယှက် ဖျက်ဆီးတဲ့အတွက် အစိုးရတပ်တွေက ပြန်လည်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သတင်းစာမှာ ဖော်ပြ ထားပါတယ်။ တာပိန်မြစ်ရေအားလျှပ်စစ်တွေက မိမိနိုင်ငံနဲ့ လူမျိုးအတွက် အရေးပါတဲ့ စီမံကိန်းကြီးဆိုတော့ အဲဒီ ရေအားလျှပ်စစ်တွေက ကချင်လူထုအတွက် လား၊ တရုတ်ပြည်အတွက်လား၊ တရုတ်ပြည်ကိုရောင်းလို့ အဲ့ဒီကရတဲ့ငွေတွေကရော ကချင်လူထုအတွက် ဘယ်ကဏ္ဍတွေမှာ သုံးနေတယ်ဆိုတာ စာရင်း ဇယားနဲ့ အတိအကျပြောနိုင်ရင်တော့ အစိုးရရဲ့ဖြေ ရှင်းချက်ဟာ ယုတ္တိရှိကောင်းရှိပါလိမ့်မယ်။


ပြီးတော့ မလိခဘက်မှာ ကျောက်တောင်တွေ မိုင်းခွဲယူတဲ့ တရုတ်တွေအကြောင်းဆက်ရရင် လမ်းဖောက်ဖို့၊ စီမံကိန်းမှာသုံးဖို့ ကျောက်တွေထုတ် နေတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လောက်အောင် စည်းမဲ့ကမ်းမဲ့ထုတ်နေလို့ ကချင်စစ်တပ်က တားဆီးတာလားဆိုတာ အရင်စုံစမ်းဖို့လိုပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ အလုပ်သမားအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေမှာ စည်းမဲ့ကမ်းမဲ့လုပ်တတ်တာ နာမည်ကြီးပါတယ်။ ဒါကြောင့် ကချင်လူထုရဲ့မြေကို ကချင်လူထုက ပိုပြီးမြတ်နိုးတာဖြစ်လို့ ကချင်စစ်တပ်အနေနဲ့ တားဆီးတယ်ဆိုရင် အံသြစရာမဟုတ်ပါ။ အစတည်းက အစိုးရက ဒီလို ကိစ္စတွေကို ကြိုတင်စဉ်းစားထားပြီး ပြည်သူလူထုကိုလည်း နားလည်အောင် သတင်းထုတ်ပြန်ထားသင့်ပါတယ်။ အခုတော့ စီမံကိန်းကရတဲ့ အကျိုးအမြတ် ဟာ အစိုးရထိပ်တန်းပုဂ္ဂိုလ်အချို့နဲ့ သူတို့ရဲ့ လက်ဝေခံတွေဆီကိုသာ စီးဝင်သွားပြီး ကချင်ပြည်နယ်ကတော့ ပျက်စီးပြီး ကျန်ခဲ့မယ့်ပုံစံ ဖြစ်နေပါတယ်။ သတင်းစာထဲမှာ ထပ်ပြီးရှင်းလင်းထားတာက အစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ချမှတ်ထားတဲ့ လမ်းစဉ် (၇) ရပ်ကို မကြိုက်နှစ် သက်တဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံသားတွေပဲဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ငြိမ်းချမ်းရေး တံခါးဖွင့်ထားတဲ့အကြောင်း၊ ဖွဲ့စည်းပုံပါ အချက်တွေကို ပြင်ချင်တယ် ဆိုရင် ရွေးကောက်ပွဲဝင်ပြီး ပြင်ဆင်ဖို့လိုကြောင်း ရေးထားတာကိုတွေ့ရပါတယ်။ ဒီလိုဆိုရင် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လုံလောက်တဲ့ ကချင်ကိုယ်စားလှယ် အရေအတွက်ရအောင် ခွင့်ပြုထားခြင်းရှိပါသလားဆိုတာ အရင်မေးရပါမယ်။ ဒေါက်တာတူးဂျာ ရွေးကောက်ပွဲ ဝင်ခွင့်မရခဲ့တာ၊ ဒေါ်ဘောက်ဂျာနဲ့ ကိုမာခါး တို့ သိသိကြီးနဲ့ မဲလိမ်ခံရတာ၊ အနိုင်ကျင့်ခံရတာတွေဟာ ကချင်လူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် အရေအတွက် မရနိုင်ဘူးဆိုတာ သိသာစေပါတယ်။ မြန်မာနိုင်ငံသားမို့လို့ ကချင်ပြည်နယ်ကိုချစ်တာမှန်ပေမယ့် အမှန်တကယ်နေထိုင်တဲ့ ကချင်လူမျိုးလောက်တော့ ကချင်မြေကို ချစ်နိုင်မယ်မထင်ပါဘူး။ တကယ်တော့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းဆိုတာကိုက ပြန်လည်သုံးသပ်ဖို့ ကောင်းပါတယ်။ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ မိမိနိုင်ငံရဲ့ အမျိုးသားတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဆိုရင် ငြင်းပယ် ပိုင်ခွင့်ရှိတယ်ဆိုတာ သိရပါမယ်။ ဧရာ ဝတီပျောက်ရင် တမျိုးသားလုံးပျောက်မှာဖြစ်သလို ကချင်ပြည်နယ်ရဲ့ သဘာဝအလှအပတွေဟာ တရုတ်တွေ ဂုတ်သွေးစုပ်လို့ ပျက်စီးတာမျိုးကို အစိုးရ အနေနဲ့ ပြန်လည်သုံးသပ်သင့်ပါတယ်။ အခုတော့ အစိုးရက တရုတ်နိုင်ငံသားတွေကို ကချင်တွေက တိုက်ခိုက်လို့ပါလို့ အကြောင်းပြရင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ တရုတ်တပ်တွေ ဝင်လာရင် မခက်ပါလား။ ဒီလိုဆိုရင် သူများလူမျိုးအတွက်နဲ့ ကိုယ့်တိုင်းရင်းသားအချင်းချင်း ပြန်သတ်တဲ့ အစိုးရရယ်လို့ နာမည်ပျက်တော့မယ်။ တရုတ်ပေးတဲ့လက်နက်နဲ့ ကိုယ့်လူမျိုးကို ပြန်သတ်တဲ့ အစိုးရလောက် ညံ့ဖျင်းတဲ့အစိုးရမျိုး မဖြစ်စေလိုတာရယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရဖို့ဆိုရင် ကိုယ့်အမျိုးသားအချင်းချင်း သွေးရင်းတွေလို သဘောထားပြီး အမေကျော် ဒွေးတော်လွမ်းတာတွေ ရှောင်ကြဖို့ အစိုးရကို တိုက်တွန်းလိုက်ချင်ပါတယ်။
http://jacbaburma.blogspot.com/

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအတွက် မေးခွန်းများ



2 attachments — Download all attachments  
25_june_11_some question for Shwe Man_by_TMN.doc25_june_11_some question for Shwe Man_by_TMN.doc
17K   View   Download  
25_june_11_some question for Shwe Man_by_TMN.pdf25_june_11_some question for Shwe Man_by_TMN.pdf
21K   View   Download  



တူမောင်ညို
(၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်)


ဇွန်လ ၂၄ ရက် ၊ မွန်းလွဲ ၁ နာရီ တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ (UMFCCI) မှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော တိုက်ပွဲ များနှင့်ပတ်သက်ပြီး “မူလအခြေအနေနီးပါး တည်ငြိမ်အေးချမ်းမှုအနေအထားများသို့ရောက်ရှိခဲ့ကြောင်း” ပြောသည်။
သို့သော်လည်း ဇွန်လ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ ပတ်ဝန်းကျင်ခန့်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်း ရပ်ကွက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ်တို့တွင် တပြိုင်နက်တည်းဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့သည်။
ထိုသို့သော ဗုံးပေါက်ကွဲမှုများက “မူလအခြေအနေနီးပါး တည်ငြိမ်အေးချမ်းမှုသို့ ရောက်ခဲ့ပြီ ” ဟုပြောဆိုခဲ့သော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီး၏ ပြောဆိုချက်ကို ပျက်ရယ်ပြုနေသကဲ့သို့ရှိပါသည်။
ဗုံးပေါက်ကွဲသည့်နေရာများကလည်း ကချင်ပြည်နယ်တွင်မဟုတ်။ နေပြည်တော်၊ မန္တလေးမြို့တော်နှင့်ပန်းမြို့တော် ဟုဆို သော ပြင်ဦးလွင်မြို့များတွင်ဖြစ်နေသည်။
ကချင်ပြည်နယ် မြို့တော်မြစ်ကြီးးနားမြိှု့အမှတ် (၁) ရဲစခန်းနှင့် လူဝင်မှုကြီးကြပ်ရေး(လဝက) ရုံးတွင် ဇွန်လ ၂၁ ရက်နေ့ က ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးပြီ။ ဗုံးကွဲမှုများသည် ကချင်ပြည်နယ်တွင်ရပ်တန့်မနေဘဲ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် အထိ ခြေဆန့်လာခဲ့သည်။ ကျယ်ပြန့်လာနေသည်။
“မူလအခြေအနေနီးပါး တည်ငြိမ်အေးချမ်းမှုသို့ ရောက်ခဲ့ပြီ” ဟုဆိုသဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး အား အောက်ပါ မေးခွန်းများ မေးပါရစေ။
ကချင်ပြည်နယ်ထဲက ပြည်သူတွေ ကြောက်ရွံ့စိုးရိမ်မှုများကင်းစင်ပြီး စိတ်အေးချမ်းသာစွာဖြင့် သွားလာနေထိုင် လုပ်ကိုင်စားသောက်နိုင်ပါပြီလား။
မန္တလေးမြစ်ကြီးနား မီးရထားပုံမှန်ပြေးဆွဲခုတ်မောင်းနိုင်ပါပြီလား။
ဇွန်လ(၁၄)ရက်နေ့မှစ၍ လည်ပတ်မှုရပ်နားပိတ်သိမ်းခဲ့ရသော “ရင်းနှီးမြှုပ်နှံမှုကြီးမားပြီးအရေးကြီးသောစီမံကိန်းတစ်ရပ်” ဟုဆိုသည့်“တာပိန်ရေးအားလျှပ်စစ်စီမံကိန်း”ပြန်လည်စတင်နိုင်ပါပြီလား။
တရုတ်ပြည်ပြန်သွားသည့်(DUHD)ကုမ္ပဏီမှ ကျွမ်းကျင် သူ ပေါက်ဖော် ၂၁၅ ဦးပြန်ရောက်နေပြီလား။
တရုတ်ပြည်ဘက်အခြမ်းကူးသွားရတဲ့ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင် ဒေသခံပြည်သူတွေပြန်ရောက်လာပါပြီလား။
KIA နဲ့ ဆွေးနွေးဖြေရှင်းဖို့အဆင်သင့်ရှိပါပြီလား။
KIA နဲ့တရားဝင် (စာနှင့်ပေနှင့်) အပစ်အခတ်ရပ်စဲပြီးပါပြီလား။
ဒါ့အပြင် နောင်မှာယခုကဲ့သို့ ပစ်ခတ်မှုတွေနဲ့ မတည်မငြိမ်ဖြစ်မှုတွေထပ်မံမဖြစ်ပွားရအောင် ရေရှည်ပြေလည်မှုနှင့် အာမခံ ချက်ကိုရရှိစေနိုင်မယ့် ဖြေရှင်းမှုနည်းလမ်းတွေအဆင်သင့်ရှိနေပြီလား။
လွှတ်တော်ဥက္ကဋ္ဌကြီးပြောသလို“ပြီးခဲ့သည့် အတိတ်ကာလက ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များ အပေါ်သင်ခန်းစာယူ၍ မကောင်းတာတွေဖြစ်မလာရအောင်၊ ကောင်းတာတွေဖြစ်ပေါ်လာရအောင်” တိုင်းပြည်မှာတည်ရှိနေတဲ့ ဒီမိုကရေစီရေးပြဿနာ၊ တိုင်းရင်းသားလူမျိုးရေးပြဿနာ စတဲ့ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဆောင်ရွက်မယ်လို့ စဉ်းစားပြင်ဆင်ထားပြီး ပြီလား။
ဤပြဿနာများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်မှာတင်ဖြစ်ပွားနေသည့် သီးခြားပြဿနာသက်သက် မဟုတ်ဘဲ၊ တမျိုးသားလုံး၊ တနိုင်ငံလုံး၊ လူမျိုးစုံပြည်သူတရပ်လုံးနှင့် ခွဲခြားမရနိုင်တဲ့ပြဿနာတွေဖြစ်တယ်ဆိုတဲ့အချက်ကို လက်ခံ အသိအမှတ်ပြုပါသလား။
“ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ” အစွဲမထားကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကပြောပါသည်။
“ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ” အစွဲဖြုတ်ရအောင် “လွှတ်တော်” သည် လောကုတ္တရာတရားကို ရှာဖွေနေ သည့်နေရာမဟုတ်ပါ။“လွှတ်တော်”သည် တိုင်းပြည်နှင့်ပြည်သူ့အကျိုးစီးပွားဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ဘဏ္ဍာရေး စသော ပြဿနာအရပ်ရပ်ကို သူ့အမြင် ကိုယ့်အမြင် တင်ပြညှိနှိုင်း ဆွေးနွေးဖြေရှင်းကြသည့် နေရာတစ်ခုသာဖြစ်ပါသည်။
“အစွဲဖြုတ်ချင်/အစွဲပြုတ်”လိုလျှင်တော့“ရိပ်သာ”တစ်ခုခုသို့သွား၍ တရားအားထုတ်ပါလေ။

ချစ်ဦးညို ဝေဖန် ပြီ ...အဖိနှိပ်ခံရတဲ့ တိုင်းပြည်မှာ ဒီလို ဟောပြောရဲဖို့ သတ္တိဆိုတာ...