Wednesday, July 6, 2011

ပုပ္ပားမှာအမေစု







U Kyaw Win Defects

၆.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
6 July 2011 Yeyintnge's Diary.doc6 July 2011 Yeyintnge's Diary.doc
544K   View   Download  
6 July 2011 Yeyintnge's Diary.pdf6 July 2011 Yeyintnge's Diary.pdf
1241K   View   Download  
http://www.mediafire.com/file/qrjx6dnarfvtm83/6%20July%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/lixl4p8s67k0xw8/6%20July%202011%20Yeyintnge%27s%20Diary.pdf
6 July 2011 Yeyintnge's Diary

သမ္မတကြီး သို့ အိတ်ဖွင့်ပေးစာ

မင်္ဂလာပါ သမ္မတကြီး...ဦးသိန်းစိန် ခင်ဗျာ



ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံ သားတစ်ယောက် အနေနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ရင်း ကျနော့်ကို ကျနော်ဘဲ မိတ်ဆက်ပေးပါရစေ ။ ကျနော်ဟာ မြန်မာမြေမှာ မွေးဖွားကာ ရှင်သန်းကြီးထွားလာပြီး လက်ရှိ အနေအထားမှာ တိုင်းပြည် အခြေအနေ အရ ပြည်ပရောက်နေတဲ့ အညတရ မြန်မာနိုင်ငံသား တစ်ဦးပါ ။ ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုချင်လို့ ပညာသင်ကြားခဲ့တဲ့ ကျနော်ဟာ သမ္မတကြီးတို့ အသိုင်းအ၀ိုင်းမှာ
ရေပန်းစားနေတဲ့ ဂွင်ဆိုတဲ့ စကားလုံးကို နာကြည်းမုန်းတီးတာက အစပြုကာ ပြည်ပကို ထွက်ခွာပြီး မိမိတတ်ထားတဲ့ ပညာလေးနဲ့ ရိုးသားစွာ အသက်မွေးဝမ်းကြောင်းပြုရင်းက တိုင်းပြည် အတွက် တတ်နိုင်သလောက်လေး ပေးဆပ်ဖို့ ကြိုးစားနေသူ တစ်ယောက်ပါလို့ ဦးစွာ ပထမ မိတ်ဆက် စကား ဆိုပါရစေ ခင်ဗျာ ။

မြန်မာနိုင်ငံသား တော်တော်များများက မင်္ဂလာ ဆိုတဲ့ စကားလုံးကို ရေလည် သုံးစွဲနေကြပေမယ့် မင်္ဂလာ ရှိအောင် မနေတတ်ကြလို့ ကျနော်တို့ တိုင်းပြည် အခုလို အနေအထား ကို ရောက်လာတာပါ ဆိုရင်လည်း မှားမည် မထင်ပါဘူး သမ္မတကြီး ခင်ဗျာ ။ မင်္ဂလာဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပာယ်ကို ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံ သား တစ်ယောက် ဖြစ်တဲ့ သမ္မတကြီး က ကျနော့်ထက် ပိုမို နားလည်လိမ့်မယ်လို့ ကျနော် ထင်ထားပါတယ်.။ သို့ပေသော်ငြား လိုက်နာ ကျင့်ကြံဖို့ အားနည်းနေတယ်ထင်လို့ စေတနာရှေ့ထားကာ ကျနော် လေးစားစွာ အကြံပြုတင်ပြချင်ပါတယ်... ။

လက်ရှိ အနေအထားအမှာ သမ္မတကြီးဆိုတဲ့ ရာထူးကို ဆုပ်ကိုင်ထားတဲ့ သူ တစ်ယောက် အနေနဲ့ တိုင်းပြည်ကို တကယ်ချစ်ပါသလား ၊ တိုင်းပြည် ကို တကယ် တိုးတက်ထွန်းကားစေလိုပါသလား လို့ ပထမဦးစွာ ကိုယ်တိုင်ဘဲ ဖြေကြားစေလိုပါတယ် ။ အကယ်၍များ တိုင်းပြည်ကို တကယ်ချစ်ခဲ့ရင် ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကမ္ဘာမှာ ပြည်သူလူထု ဒုက္ခကြီးစွာ မခံစားရအောင် ကြံဆောင် လုပ်ဆောင်ပေးဖို့ အတွက်သမ္မတကြီး ကြိုးစားလုပ်ဆောင်စေလိုတဲ့ အချက်လေးများကို ကျနော် တင်ပြပါရစေ........။


မြန်မာပြည်က ပြည်သူလူထု ဆင်းရဲ ဒုက္ခကြီးစွာရောက် လို့ ကံကြမ္မာဆိုး အမျိုးမျိုးနဲ့ရင်ဆိုင်နေရတာ သမ္မတကြီး သိပါတယ် ဆိုတာ သမ္မတကြီးက မိန့်ခွန်းများက ဖော်ပြနေပါတယ် ။ ကျနော်တို့ တိုင်းပြည်ဟာ နိုင်ငံတကာ အလယ်မှာ မျက်နှာငယ်နေကြရတာလည်း သမ္မတကြီး အသိဆုံးပါဘဲ........ ။ နဂိုကမှ ယိမ်းယိုင်နေတဲ့ ကျနော်တို့ တိုင်းပြည်ကြီးမှာ ပြည်တွင်းစစ်ကြီး ဖြစ်ပွားအောင် ဖန်တီးထားလို့ မကြာခင် ဗုန်းဗုန်းလဲတော့ပါမယ် ခင်ဗျာ... ။ ဒီစစ်ပွဲတွေ ဘယ်က စတင်လာတယ်ဆိုတာ သမ္မတကြီး အသိဆုံးပါဘဲ ။ ဒါကြောင့် ပြဿနာတွေရဲ့ ရင်းမြစ်မူလကို သိနေမှတော့ ဖြေရှင်းရတာ သိပ်မခက်လောက်ပါဘူးဗျာ..... ။ စိတ်ထားမှန်ဖို့ကသာ အဓိပါ ဆိုတဲ့ စကားလေးကို သေချာစွာ တွေးပြီး အမြန်ဆုံး ရပ်တန့်နိုင်အောင် ကြိုးစားစေလိုပါတယ် ။

ဒီနေရာမှာ သမ္မတကြီးတို့ ဘက်က ငါတို့က နိုင်ငံခြား ၀င်ငွေရှာဖို့ အတွက် ကြိုးစားတာကို မင်းတို့က အပြစ်မြင်တာလို့ ပြောမှာ အသေအချာပါဘဲ ။ ဥပမာ ဆိုကြပါစို့ သမ္မတကြီး အိမ်မှာ အထွဋ်အမြတ် ထားတဲ့ အခန်းလေးတွေကို တည်းခိုခန်း ဖွင့်စားရင် အပိုဝင်ငွေရတာပေါ့လို့ ကျနော်က သမ္မတကြီးကို ပြောလာခဲ့ရင် သမ္မတကြီး ဘယ်လို ခံစားရမလည်း ။ မင်းကွာ ကြံကြံဖန်ဖန် တွေးတတ်တယ် ငွေရတာ မှန်ပေမယ့် ငါ့အိမ် ကျက်သရေယုတ်ပါတယ်လို့ ပြန်ဖြေမှာ အမှန်ပါဘဲ ။ အခုလည်း ဒီလိုပါဘဲ ခင်ဗျာ ။ သမ္မတကြီး မိသားစုနဲ့ သက်ဆိုင်တဲ့ နေရာလေးမှာတောင်
ငွေကြေးနဲ့ မလဲနိုင်တဲ့ အရာတွေ ရှိနေခဲ့ရင် တနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အရာ တခုဆို ပိုဆိုးတာပေါ့လို့ ကျနော်က ဥပမာပေးခဲ့ရင် ရိုင်းတယ်လို့ မယူဆပါနဲ့ ။ တထွာပြရင် တလံလောက် မြင်တတ်လို့ သမ္မတကြီး ရာထူးရလာခဲ့ပြီးမှ စေ့စေ့တွေးမှ ရေးရေးပေါ် ဆိုရင်တော့ သိပ်မဟန်သေးဘူးလို့ ယူဆမိတာပါဘဲ ။

ကျနော်တို့ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတ မှန်သမျှကို ယခင် အစိုးရက လက်ညိုးထိုး ရောင်းစားလို့ ကုန်သလောက် နီးပါး ရှိသွားတဲ့ အခါ သဘာဝ အရင်းအမြစ်တွေကို ပါ ယခု အစိုးရ အသစ်က ဆက်လက် ရောင်းချပြီး စီးပွားရှာနေရုံမျှနဲ့တော့ တိုင်းပြည် တိုးတက် ထွန်းကားဖို့ မလွယ်ပါဘူး ။ သယံဇာတမှ တပါး ထုတ်ကုန်ဆိုတာ နတ္တိဖြစ်နေတဲ့ ကျနော်တို့ တိုင်းပြည် ပြန်လည် ထူထောင်ရေး အတွက် နိုင်ငံတကာ အကူအညီဆိုတာ အရမ်းကို လိုအပ်နေတဲ့ အချိန်ပါ ။ နိုင်ငံတကာကလည်း စစ်မှန်တဲ့ အပြောင်းအလဲ လုပ်ပြခဲ့ရင် အကူအညီပေးပါ့မယ်လို့ ဂတိတွေ ပြုထားကြတာ သတင်းများအရ ကျနော် ကြားသိခဲ့ရပါတယ် ။

သူတို့တွေ တောင်းဆိုတဲ့ အချက်ကို သမ္မတကြီး ဘာကြောင့် လိုက်လျောဖို့ နောက်တွန့်နေရတာလည်း ။ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရက စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နေတာ အမှန်ပါ ဆိုရင် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ဖို့အတွက် အသက်သွေးချွေးတွေ ပေးဆပ်ကာ စတေးခံခဲ့ကြတဲ့ ပြည်သူလူထုရဲ့ သူရဲကောင်းတွေကို ဘာကြောင့် ဆက်လက် ချုပ်နှောင်ထားချင်ရတာလည်း ။ သူတို့တွေ ပြင်ပကမ္ဘာကို ရောက်သွားတဲ့ အခါ ငါတို့ကို တုန့်ပြန်မှာ စိုးတယ် ဆိုတဲ့ အတွေးတွေ သမ္မတကြီးမှာ ၀င်နေပုံထောက်တော့ သမ္မတကြီး စိတ်သဏ္ဍန်မှာ အမှန်တရားရဲ့ ခွန်အား နည်းပါးနေသေးသလို မဟုတ်တာတွေ ဆက်လုပ်ဖို့ ကြံစည်နေတာ ဖြစ်မယ်လို့ မြတ်ဗုဒ္ဓရဲ့ တရားတော်များ အရ ကျနော် ခန့်မှန်းမိပါတယ် ။


အခုချိန်မှာ သမ္မတကြီးရဲ့ အစိုးရ အသစ်ကြီး ဖရိုဖရဲ နဲ့ ကပိုကရို ကပွဲတွေ ဆင်နေတာကို ကျနော်တို့ အနေနဲ့ မျက်ဝါးထင်ထင် တွေ့မြင်ရနေသလို သမ္မတကြီးကိုယ်တိုင်လည်း အသိဆုံး ဖြစ်ပါမှာ ။ တကယ်တော့ သမ္မတကြီးနဲ့ လက်ရှိ အုပ်ချုပ်သူ ရာထူးကို ယူထားကြသူများဟာ သူတို့လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို လုံးဝ ရင်းနှီးကျွမ်းဝင်မှု မရှိဘူး ဆိုတာ မြန်မာနိုင်ငံ ပကတိ အနေအထားက ဖော်ပြနေလို့ လေးနက်စွာ စဉ်းစားဆင်ခြင်စေလိုပါတယ် ။ အဲဒီနောက်ဆက်တွဲ ပြဿနာရဲ့ ဆိုးကျိုးမှန်သမျှကိုတော့ သမ္မတကြီးနဲ့ အဖွဲ့လေးတွေသာ မက တနိုင်ငံလုံးက ပြည်သူလူထုပါ ခံစားရမှာ ဖြစ်လို့ အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲရေး လုပ်စေလိုပါတယ် ။


ကိုယ်တိုင် မလုပ်နိုင်လို့ အကြံပေးတွေ ခေါ်ထားပြီး ငါတို့ ရှေ့ဆက်သွားမယ် လို့ သမ္မတကြီးရဲ့ စိတ်ကူးလေးက မဆိုးပါဘူး ။ ဒါပေမယ့် လူရွေးတာ မှားသွားတယ်...။ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ အတွက် သူတောင်းစားတွေ ဖမ်းပြီး ထောင်ထဲထည့်ထားလိုက်ပါ ဆိုတဲ့ နည်းလမ်းလောက်သာ ပေးတတ်တဲ့ လူအများက သမ္မတကြီးကို ရယ်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးနိုင်ဖို့ သွေးထိုးပေးကြပါလိမ့်မယ် ။ သူတို့တွေဟာ အခွင့်အရေး ဆိုတဲ့ စကားကို ကြားတာနဲ့ အသိဥာဏ်တွေ ဖောက်ပြားသွားလို့ သူတို့ အကြံပေးတာကို သမ္မတကြီး ဆက်လက် လုပ်ဆောင်နေရင် ကျနော်တို့ ပြည်သူလူထု အမြင်မှာသာ မက နိုင်ငံ တကာ အလယ့်မှာ အရှက်ကွဲတော့မှာ အသေအချာပါဘဲ ဆိုတာ မြေကြီး လက်ခက် မလွဲ ကျနော် ရဲဝင့်စွာ ပြောရဲပါတယ် ။



သမ္မတကြီး ဦးဆောင်တဲ့အစိုးရ တိုင်းပြည် ကောင်းစားရေးကို တကယ်လုပ်ဆောင်ချင်တဲ့ဆန္ဒ အမှန်သာ ရှိခဲ့ရင် နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက် မရှိ ပြန်လွှတ်ပေးသင့်ပါတယ် ။ ကမ္ဘာတလွှားက ပညာရှင်ပါလို့ တင်စားခေါ်ဝေါ်နေကြကာ ဆုတံဆိပ်တွေ အမျိုးမျိုး အပ်နှင်းခြင်းခံထားရတဲ့ ကောင်းကင်များရဲ့ လမင်း ၊ ပညာရှင်များရဲ့ မိခင် ၊ တိုင်းပြည်အတွက် အဖိုးမဖြတ်မနိုင်တဲ့ ရတနာ တပါးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးလုပ်သင့်ပါတယ် ။ သမ္မတကြီး ခေါ်ထားတဲ့ အကြံပေးပညာရှင်တွေ အားလုံးပေါင်းပြီး တသက်လုံး စဉ်းစားလို့ မရတဲ့ အဖြေများကို အမေစုက ခဏတာ အချိန်လေး အတွင်းမှာ အဖြေပေးနိုင်ပါတယ် ဆိုတာ မယုံရင် လက်တွေ့ကျကျ တွေ့ဆုံဆွေးနွေးလိုက်တာ အကောင်းဆုံးပါဘဲ ခင်ဗျာ ။



အတိတ်ကံကြောင့် အခုလို ရာထူးမျိုးကို ပိုင်ဆိုင်ခွင့်ရတဲ့ သမ္မတကြီး အနေနဲ့ ပစ္စပ္ပုန်မှာ ရေစုန်မျောလိုက်ရင် သမိုင်းမှာ အကြီးမားဆုံး တရားခံ စာရင်းထဲကို ရောက်ဖို့ တည်းတည်းလေးဘဲ ကျန်ပါတော့တယ်....။ သမ္မတကြီးလည်း ကျနော်တို့ အမျိုးသား ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတော့ ကျနော့်ထက် ပိုသိမှာပါ ။ သူတို့တွေဟာ ကိုယ်ကျိုး မဖက် တိုင်းပြည် အကျိုး အတွက် သယ်ပိုးဆောင်ရွက်ခဲ့ကြတာ တပါးသူကျွန်ဘ၀က လွတ်မြောက်ဖို့ ဆိုတာ အားလုံးသိပြီးသားပါ ။ အခုတော့ အဲဒီကျေးဇူးရှင်ကြီးများဟာ သူတို့စွန့်ပြီးဘာတခုမှ မစားသွားကြဘဲ နောက်လူများ စားသောက်ဖို့ ချန်ထားခဲ့တာကို အလွယ်တကူ စားသောက်နေရလို့ ယခင် အစိုးရက ကျေးဇူးတရားကို နားမလည်တဲ့ အပြင် သူတော်ကောင်းတွေရဲ့ မျက်နှာကို တံတွေးနဲ့ အကြိမ်ကြိမ် ထွေးခဲ့ကြသလို လုပ်ဆောင်ခဲ့တာကို တွေ့ရတော့ များစွာ ၀မ်းနည်းမိပါတယ်။


လွတ်လပ်ရေးရဲ့ ယဇ်ပလ္လင်ထက်မှာ အသက်သွေးချွေးပေါင်းများစွာ စတေးခဲ့သွားခဲ့ကြတဲ့ သူရဲကောင်းတွေက ကျနော်တို့ တပါးကျွန်ဘ၀မှ လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြတာပါ ။ ယခင်အစိုးရက လက်ထက်က စတင်လာခဲ့တဲ့ တရုတ်ကျွန်ဘ၀ ပြန်ရောက်အောင် လုပ်ဆောင်နေတဲ့ စီမံကိန်းများကို လက်ရှိအစိုးရက ဆက်လက် အကောင်အထည်ဖော်နေကြဆဲ ဖြစ်လို့ သမ္မတကြီးတို့လည်း ထူးမခြားနားပါဘဲလို့ ပြည်သူလူထုက သုံးသပ်နေတာကို နားခံရသိပ်ခက်လှရင် ထူးခြားတဲ့ အပြောင်းအလဲကို ရဲရဲကြီးသာ ပြောင်းလဲလိုက်စမ်းပါ လို့ အကြံပေးပါရစေ .....။


သမ္မတကြီးထက် ရာထူးကြီးမားသူ လက်ရှိ အနေအထားမှာ မရှိပါဘူး ။ အမှန်နဲ့အမှား ဆိုတာ လက်ရှိ ပကတိ အနေအထားကို လက်တွေ့ကျကျ ရှုမြင်သုံးသပ်ကာ အမှန်တရားနောက်ကို လိုက်ပါမယ်လို့ စဉ်းစားထားရင် သမ္မတကြီး နောက်ကျောက ထောက်ထားတဲ့ ဒါးသွားတစ်ချောင်းကို ငဲ့ကြည့်မနေပါနဲ့ ။ တိုင်းပြည်အပေါ်ကို တကယ့်စိတ်ရင်းစေတနာကောင်းနဲ့ လုပ်ဆောင်မယ် ဆိုရင် သမ္မတကြီးရဲ့ ရှေ့မှ သန်းငါးဆယ်ကျော်သော ပြည်သူလူထုကြီးက လက်ခုပ်သြဘာတီးဖို့ အဆင်သင့်စောင့်စားနေကြပါတယ် ....။


သဘာဝ ကို လုပ်အား မထည့်နိုင်ရင် ထိုက်တန်တဲ့ တန်ဖိုးကို ရရှိဖို့ သိပ်ခက်လို့ လုပ်အားဆိုတာ ပေါင်းထည့်နိုင်အောင်ကြိုးစားကြရပါတယ် သမ္မတကြီး ။
သကြံန်အမြောက်ကြီးလို ကြွေးကြော်သံတွေ ရွတ်ပြနေလို့ တိုင်းပြည် တိုးတက်ထွန်းကားလာမှာ မဟုတ်တာ အသေအချာပါ ။ အဲဒီလို လုပ်အား ဆိုတာတောင် ပညာကို အခြေခံထားကာ အဆင်မြင့်နည်းပညာများပါ ပေါင်းစပ်နိုင်တဲ့ နိုင်ငံများကသာ ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားလာကြပါတယ်။

ဒါကြောင့်လည်း ကမ္ဘာမှာ ပညာသာ အဓိက ဆိုပြီး နိုင်ငံတကာက ခေတ်မှီနည်းပညာများနဲ့ အဆင့်မြင့် ပညာရေးများကို သင်ကြားပေးဖို့ ကြိုးစားနေကြချိန်မှာ ကျနော်တို့ နိုင်ငံက ကလေးတွေမှာ စာရေးစရာ ဗလာစာအုပ်တောင် မလောက်ငတာ အားလုံးအသိပါ ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို ကလေးငယ်တွေ များလာလို့ ကရုဏာသက်သူများက စေတနာများဖြင့် ကိုယ်ထူကိုယ်ထ လုပ်အားပေးကာ လူမှုရေး လုပ်ငန်းလေးတွေ လုပ်ဆောင်ကြတော့လည်း သမ္မတကြီးရဲ့ အစိုရ အသစ်ကြီးက လိုက်လံ နှောက်ယှက်ကြပြန်တယ် ။ ဒီလို အနေအထားကို သိသိကြီးနဲ့ တိုင်းပြည်တိုးတက်ထွန်းကားအောင် ဆောင်ရွက်နေပါတယ် ဆိုတာ ကျနော်တို့ ဘယ်လို အသိဥာဏ်မျိုးနဲ့ လက်ခံပေးရမှာလည်း ဗျာ ။


ကမ္ဘာမှာ ဘွဲ့ရပြီး အိမ်ဖော် အလုပ်ကို လုပ်နေကြရတာ မြန်မာနိုင်ငံသားဘဲ ရှိပါတော့တယ် သမ္မတကြီး ။ အဲဒီဘွဲ့ရပညာတတ်တွေကို နည်းနည်းလေးသာ မွမ်းမံပြင်ဆင်ပေးနိုင်ခဲ့ရင် သူတို့တွေ အကျိုးစီးပွား ဖြစ်ထွန်းသလို တိုင်းပြည်အတွက်လည်း အင်မတန် အကျိုးစီးပွားရရှိစေလို့ ဥပမာလေးနဲ့ တင်ပြပါရစေ ။ အိမ်ဖော်တစ်ယောက်ရဲ့ လစာက စကာင်္ပူမှာ ဆို ဒေါ်လာ 450 မကျော်ပါဘူး ။ အကယ်၍များ သူဟာ သူသင်ထားတဲ့ ပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုနိုင်ခဲ့ရင် အဲဒီထက် လေးဆလောက် ရနိုင်ပါတယ် ။ သူ့ဝင်ငွေတွေက မြန်မာနိုင်ငံထဲကို ပြန်လည် စီးဝင်လာလို့ တိုင်းပြည်အတွက်လည်း အကျိုးရှိသလို သူ့ရဲ့ ဘ၀ရပ်တည်ချက် အတွက်လည်း ပိုမို ကောင်းမွန်မှာ အမှန်ပါဘဲ ဆိုတာ သမ္မတကြီးတွေးကြည့်ရင်တောင် သိသာလွန်းလှပါတယ် ။


နောက်တချက်က စကာင်္ပူဆိုတဲ့ ပွဲစားနိုင်ငံက လူတွေ မြန်မာနိုင်ငံက ပညာရှင်များကို အသုံးချကာ ကြီးပွားနေကြပုံလေး တခုကို သမ္မတကြီးကို တင်ပြချင်ပါသေးတယ် ။ မြန်မာနိုင်ငံက အင်ဂျင်နီယာ ဘွဲ့ရ တစ်ယောက် စကာင်္ပူမှာ အလုပ်လုပ်တဲ့ အခါ ဒေါ်လာ 1800 လောက် ပေးလေ့ ရှိပါတယ် ။
အဲဒီ လူကို ကုမ္ပဏီက သင်တန်းလေး သုံးလလောက် အလုပ်နဲ တွဲပြီး သင်ပေးပြီးတဲ့ အခါ တနာရီကို 75 ဒေါ်လာနဲ့ အခြား ကုမ္ပဏီတွေကို ဌားစားကြတယ် ။ အဲဒီလူကိုဘဲ မြန်မာနိုင်ငံသို့ ပညာရှင် အဖြစ် ပြန်လည် စေလွှတ်လိုက်တဲ့အခါ ကျနော်တို့ တိုင်းပြည် အတွက် မိအေး နှစ်ခါနာဆိုသလို ဖြစ်ကြရပြန်တယ် ။လုပ်အားဆုံးရှုံးရုံသာ မက ကိုယ့်တိုင်းပြည်က ငွေကြေးပါ အဆစ်ပေးလိုက်ရတယ် ။ ဒီလို အဖြစ်အပျက်တွေ အများကြီးတွေ့ခဲ့ရလို့ များစွာ ၀မ်းနည်းခဲ့ရပါတယ် ။


မြန်မာနိုင်ငံက ပညာတတ်တော်တော်များများ တိုင်းတပါးကို ထွက်ခွါ အလုပ်လုပ်ကိုင်ကြတာ တိုင်းပြည်ကို မချစ်လို့ပါ ဆိုပြီး လူတချို့က လက်ညိုးထိုးကာ စွပ်စွဲနေကြတယ် ခင်ဗျာ ။ တကယ်တော့ အဲဒီပညာတတ်တွေ သူတို့သင်ယူတတ်မြောက်ထားတဲ့ ပညာများနဲ့ လွတ်လပ်စွာ အသက်မွေးဝမ်းကြောင်းခွင့် မရကြသလို ထိုက်တန်တဲ့ အခွင့်အရေး ဆိုတာလည်း ဖန်တီးပေးဖို့ ဘယ်သူမှ မစဉ်းစားကြဘဲ ပြစ်တင်ပြောဆိုနေရုံမျှနဲ့တော့ ဘယ်လိုနည်းနဲ့မျှ တားဆီးနိုင်မှာ မဟုတ်ပါဘူး ။ ကိုယ့်တိုင်းပြည်က လုပ်အားကို သူတပါးတိုင်းပြည်ကို အလကားပေးလိုက်ကြမယ့် အစား ကိုယ့်ပြည်တွင်းမှာ အလုပ်လုပ်ပိုင်ခွင့်တွေ ရရှိအောင် ဖန်တီးပေးနိုင်ဖို့ အတွက် သမ္မတကြီးတို့ အဖွဲ့ ပြင်ဆင်တာ တခုမှ မတွေ့ရသေးလို့ အမြန်ဆုံး ကြိုးစားဆောင်ရွက်စေလိုပါတယ် ။


သမ္မတကြီး ခင်ဗျာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံ အများစုက ကျနော်တို့ တိုင်းပြည်က ခေါင်းဆောင်တွေ ပညာအရည်အချင်း နည်းပါးကြလို့ ရည်ရှည် အကျိုးစီးပွားကို ထည့်သွင်း မစဉ်းစားဘဲ တိုင်းပြည် သယံဇာတကို အလွယ်တကူ လက်ညိုးထောင်းပြီး ရောင်းချတာကို သိပ်ကို သဘောကျနေလို့ သမ္မတကြီးတို့ လုပ်သမျှ အမှန်ပါလို့ ထောက်ခံပေးထားကြပါလိမ့်မယ် ။ အဲဒါတွေကို အဟုတ်မှတ်ပြီး ငါတို့အတွက် အဆွေခင်ပွန်းကောင်းပါလို့ သတ်မှတ်ထားကာ ဆက်လက် ယုံစားထားကြရင်တော့ ရှေ့ဆက်ရမည့် အနာဂတ်ခရီးမှာ ပြည်သူလူထုရဲ့ ဘ၀များဟာ ဒုက္ခပင်လယ် ဝေနေကြအုံးမှာ အမှန်ပါဘဲ ။


တိုင်းပြည်ကို စစ်မှန်တဲ့ တိုးတက်ထွန်းကားစေလိုတဲ့ ဆန္ဒများနဲ့ တကယ် လုပ်ဆောင်ချင်တာ မှန်ခဲ့ရင် ပြုပြင်စရာ တွေကတော့ အများကြီးပါဘဲ ။ အိမ်တလုံး တည်ဆောက်ဖို့ အတွက် အုတ်မြစ်ချ တိုင်ထောင်ပြီးမှ ခေါင်မိုး မိုးလို့ ရမှာပါ ။ အဲဒီလိုပါဘဲ တိုင်းပြည် ပြန်လည် ထူထောင်ရေး လုပ်တဲ့ နေရာမှာလည်း အခြေခံ အကျဆုံး လုပ်ငန်းများကို လုပ်ဆောင်မှ ဖြစ်မှာပါ ။ အုတ်မြစ်မချ ၊ အိမ်တိုင် မထောင်ဘဲ အမိုးကို အရင်မိုးဖို့ ကြိုးစားနေကြလို့ ဘယ်သောအခါမှ အိမ်ဆောက်လို့ ရမှာ မဟုတ်သလို အခုလက်ရှိ အနေအထားမှာ သမ္မတကြီးရဲ့ အစိုးရ အသစ်ကလည်း ခေါင်မိုးအရင်မိုးစမိုးကြတာ ပေါ့ ဆိုတဲ့ ၀ါဒကို လက်ကိုင်ထားသမျှတော့ တိုင်းပြည်ကလည်း ဘယ်တော့မှ တိုးတက်ထွန်းကားလာမှာ မဟုတ်ပါဘူး ခင်ဗျာ ။


ဒီလိုမှ မဟုတ်ဘဲ သမ္မတကြီးတို့ အနေနဲ့ ငါသာလျှင် အဓိက ၊ ငါသာလျှင် ပဓာန ၊ ငါသာလျှင် ပညာရှိ ၊ ငါသိ ငါတတ် အစရှိတဲ့ ငါဆိုတဲ့ အတ္တကို ကိုင်စွဲပြီး ယခုပုံအတိုင်း ချီတက်ကြရင်တော့ မြန်မာပြည်ဆိုတာ မကြာခင် ဗုန်းဗုန်းလဲကာ တိုင်းတပါး လက်အောက်ကို ပြန်လည် ရောက်ရှိ၍ လွတ်လပ်မှုတို့ ပျောက်ဆုံးကာ လူဖြစ်ရှုံးရတဲ့ ဘ၀များကို ခံစားကြရ ပါလိမ့်အုံးမယ် ။ တချိန်က အာဇာနည်တွေ အသက်ပေးဆပ်ခဲ့ရတဲ့ လွတ်လပ်ရေးကို အခုလို အလွယ်တကူ အဆုံးရှုံးခံလိုက်ကြရင် သမိုင်းမှာ ကျနော်တို့ ဟာ တရားခံ အဖြစ် အလိုတူ အလိုပါ ဖြစ်သွားမှာ အမှန်ပါဘဲ ။ ဒါကြောင့် တိုင်းတပါး ကျွန်အောက် အဖြစ် ၀င်ရောက် ရမယ့် အချိန်များကို ဒူးထောက်ပြီး စောင့်စားနေမယ့် အစား တော်လှန်ရေး လုပ်ကာ ပြုပြင်ပြောင်းလဲရေးများကို ပြည်သူလူထု က လုပ်ဆောင်လာကြ ပါလိမ့်မယ် ။



ဒါကြောင့် သမ္မတကြီး အနေနဲ့ ဆုံးဖြတ်ချက် တခုကို ခိုင်ခိုင်မာမာချပြီး လုပ်စရာ ရှိတာကို ရဲဝင့်စွာ ဆောင်ရွက်နိုင်မှ ကျနော်တို့ တိုင်းပြည် အမြန်ဆုံး ပြန်လည် ထူထောင်နိုင်မှာ ဖြစ်လို့ အစွမ်းကုန် ကြိုးစားဆောင်ရွက်စေချင်ပါတယ် ။ အချိန်တုံ့ဆိုင်းခြင်း မရှိဘဲ သမ္မတကြီးရဲ့ အစိုးရ အသစ်အနေနဲ့ ပထမဆုံး လုပ်ဆောင်သင့်တဲ့ အခြေခံ အုတ်မြစ် အဖြစ် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပေးကာ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးကို ကြိုးစား ဆောင်ရွက်လိုက်တာဟာ အကောင်းဆုံးပါလို့ အကြံပြုတင်ပြရင်းလေးစားစွာ တိုက်တွန်း နိုးဆော်လိုက်ရပါတယ် ခင်ဗျာ ။



ခင်မင်လေးစားလျှက်

ဗမာ့သွေး

နှိပ်စက်ခံရသူ ၉ နှစ်အရွယ် က​လေး​ငယ်အတွက် ​ရှေ့​နေ မရှိ၊​ ​ဆေး​ဖိုး​မရှိ




Published on July 6, 2011 by နော်နိုရင်း  
ဧရာဝတီတိုင်း ​ ဟင်္သာတမြို့​မှာ လျှပ်စစ်မီး​ပူနဲ့​ ထိုး​တာအပါအဝင် အပြင်း​အထန် နှိပ်စက်ခံရပြီး​ ဒဏ်ရာ​တွေနဲ့​ ​ဆေး​ရုံတက်ရတဲ့​ ကိုး​နှစ်အရွယ် မိဘမဲ့​ က​လေး​ငယ်​လေး​ဟာ ​ဆေးဖိုး​မတတ်နိုင်လို့​ ဟင်္သာတ​ဆေး​ရုံက ဆင်း​ခဲ့​ရပါတယ်။
ဟင်္သာတမြို့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်အပါအဝင် ဘယ်အဖွဲ့​အစည်း​ကမှ က​လေး​ရဲ့​ အခက်အခဲကို ဝင်​ရောက် မ​ဖြေရှင်း​ပေး​သေး​သလို ​ရှေ့​နေမရှိ​သေး​ဘူး​လို့​ နယ်​မြေအ​ခြေစိုက် လူ့​အခွင့်​အ​ရေး​သမား​တွေက ​ပြောပါတယ်။
ဟင်္သာတမြို့​က You & Me လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး​လုပ်​နေတဲ့​ ၉ နှစ်အရွယ် မိဘမဲ့​လေး​ ​မောင်ထိပ်ကွက်ကို ပြီး​ခဲ့​တဲ့​ ဇွန်လ ၂၇ ရက်​နေ့​တုန်း​က ဆိုင်ရှင်သမက် ကိုစနိုး​က ရိုက်နှက်ပြီး​ လျှပ်စစ်မီး​ပူနဲ့​ ​ပေါင်၊​ ​ကျောနဲ့​ ဗိုက်​တွေကို ထိုး​တဲ့​အတွက် ဒဏ်ရာအပြင်း​အထန်ရပြီး​ ဟင်္သာတ ​ဆေး​ရုံမှာ တက်ကုရတာပါ။
က​လေး​ရဲ့​ ဒဏ်ရာ မ​ပျောက်​သေး​ပေမယ့်​ ​ဆေး​ဖိုး​မတတ်နိုင်လို့​ ​ဆေး​ရုံက အခုလ ၃ ရက်​နေ့​က ဆင်း​ခဲ့​ရပါတယ်လို့​ လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူတဦး​က ခုလို ​ပြောပါတယ်။
“​ဆွေနီး​ မျိုး​စပ်​တော်တဲ့​ အ​ဒေါ်အိမ်မှာ လိုက်​နေရတယ်။ ပိုဆိုး​တာက အနာမကျက်​သေး​ဘဲနဲ့​ ​ဆေး​ရုံအုပ်ကြီး​က ဆင်း​လို့​ ရပြီဆို​တော့​ သူတို့​ကလည်း​ ဆက်​နေဖို့​ ရပ်တည်ဖို့​ ရှိပုံ မ​ပေါ်ပါဘူး​။ ​ဆေး​ရုံကလည်း​ အခမဲ့​ ကြည့်​မ​ပေး​တော့​ဘူး​၊​ ဗမာပြည်​ဆေး​ရုံထုံး​စံက​တော့​။ ရပ်မိရပ်ဖ​တွေက ​ငွေ​ကြေး​မ​ပြောနဲ့​ မုန့်​စား​ဖို့​တောင် ဘယ်သူမှ သွား​မ​ပေး​ဘူး​။”
ပထမပိုင်း​ တုန်း​က ကျူး​လွန်သူဘက်က ​ဆေး​ဖိုး​ဝါး​ခ လိုက်ပါကူညီ​ပေး​ပေမယ့်​ ​နောက်ပိုင်း​မှာ ​ထောင်သွင်း​ချုပ်​နှောင်ပြီး​ အာမခံမရတဲ့​ ​နောက်ပိုင်း​မှာ မကူညီ​တော့​တာ​ကြောင့်​ ​ဆေး​ဖိုး​မတတ်နိုင်ဘဲ ​ဆေး​ရုံက ဆင်း​ခဲ့​ရတာ ဖြစ်ပါတယ်။
ဖြစ်စဉ်က​တော့ ​ ​မောင်ထိပ်ကွက်က ​ခွေး​ကို ရိုက်လို့​ဆိုပြီး​ ဆိုင်ရှင် သမက် ကိုစနိုး​က လျှပ်စစ်မီး​ပူတဲ့​ ​ကျောကုန်း​၊​ ​ပေါင်၊​ ဗိုက်နဲ့​ လက်မှာ ထိုး​လို့​ ဒဏ်ရာအပြင်း​အထန် ရရှိခဲ့​တဲ့​အမှုကို ဒီက​နေ့​ ဟင်္သာတတရား​ရုံး​မှာ စစ်ပါတယ်။
မြို့​နယ်တရား​သူကြီး​ ဦး​သက်ထွန်း​က တရား​လိုပြသက်​သေ​တွေကို စစ်ပါတယ်။
က​လေး​ထွက်​ ပြေး​တာကို လက်ခံတဲ့​အိမ်က သက်​သေနဲ့​ ​ဆေး​ရုံလိုက်ပို့​သူ​တွေကို စစ်ပါတယ်။ ဒီက​လေး​ဘက်က လိုက်ပါ​ဆောင်ရွက်ရမယ့်​ ​ရှေ့​နေ တဦး​မှ မ​ပေါ်လာ​သေး​ပါဘူ။
ဒီက​နေ့​ တရား​ရုံး​မှာ ထွက်ဆိုတဲ့​ က​လေး​ဘက်က သက်​သေ မ​အေး​အေး​စိုး​ကို ​မေး​မြန်း​ရာမှာ အဲဒီ​နေ့​တုန်း​က သူအလုပ်ကအပြန် ထမင်း​ဆိုင်မှာစား​နေတုန်း​ အ​မှောင်ထဲမှာ တုန်ရီ​နေတဲ့​ ဒဏ်ရာအများ​ကြီး​နဲ့​ က​လေး​ကို သနား​လို့​ အိမ်ကို​ခေါ်ပြီး​ ​မေး​မြန်း​ရာမှ သိသမျှကို ထွက်ဆိုခဲ့​တယ်လို့​ ​ပြောပါတယ်။
“အဲဒီ​တော့​ စနိုး​က သူကို့​ မီး​ပူနဲ့​ ထိုး​တယ်တဲ့​။ ​ပေါင်ကို အရင်ထိုး​တာတဲ့​၊​ ​ပေါင်မှာလည်း​ မီး​ပူရာ ​တွေ့​ရတယ်။ ​နောက်ပြီး​ ကျောကုန်း​ကိုလည်း​ ထိုး​ထား​တဲ့​ အရာ​တွေ ​တွေ့​ရတယ်။ ​နောက်ပြီး​တော့​ လက်မှာလည်း​ အစက်က​လေး​တွေ ​တွေ့​လို့​မေး​တော့​ ပလတ်စတစ်ကို မီး​ရှို့​ပြီး​တော့​ သူ့​လက်ကို အစက်နဲ့​ ချတာတဲ့​။ သား​ကတဲ့​… သူ့​ကို ​ရေစာလို့​ ​တောင်း​လည်း​တောင်း​ရော မင်း​ကို ​ရေ​တော့​ မတိုက်ဘူး​ဆိုပြီး​တော့​ ​သေး​ပဲတိုက်မယ် ဆိုပြီး​တော့​ ​သေး​ပေါက်ပြီး​တော့​ သူ့​ပါစပ်ထဲ ထည့်​တယ်တဲ့​။ အဲဒါ ​ရေစာ​တော့​ မျိုချလိုက်ရတယ်တဲ့​။ ည​နေ​စောင်း​လောက် ဗိုက်စာလို့​ ထမင်း​တောင်း​တော့​ ​ခွေး​ချေး​ခြောက်​တွေ ယူပြီး​တော့​ ကြွပ်ကြွပ်အိတ်နဲ့​ သူ့​ပါး​စပ်ထဲ ထည့်​ပြီး​တော့​ အဝတ်စနဲ့​ ဆို့​ထား​တယ်တဲ့​။ သူ့​မိန်း​မလည်း​ ပါတယ်တဲ့​။ သူ့​မိန်း​မက သူ့​ကို ကြိုး​နဲ့​ တုပ်ပြီး​တော့​ ရိုက်တယ်တဲ့​။”
ဒီက​နေ့​ထိ တရား​ခွင်မှာ က​လေး​ဘက်က ​ရှေ့​နေလိုက်​ပေး​မယ့်​သူ မရှိဖြစ်​နေပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဦး​စီး​လုပ်​ဆောင်​နေတဲ့​ ​ရှေ့​နေကွန်ရက်ထံက အကူအညီရရှိ​ရေး​ကို ​ဒေသခံ​တွေက ကြိုး​ပမ်း​နေကြဆဲဖြစ်ပါတယ်။
လူမမယ်က​လေး​ ငယ်ကို အပြင်း​အထန်နှိပ်စက်ကလူပြု​ပေမယ့်​ ရဲက သာမန်နာကျင်​စေမှုနဲ့​သာ ဖွင့်​ခဲ့​တဲ့​အတွက် ​ဒေသခံ​တွေမ​ကျေနပ်သံ​တွေ ထွက်​ပေါ်ခဲ့​ပြီး​နောက် ညှဉ်း​ပန်း​နှိပ်စက်မှုနဲ့​ ​ပြောင်း​လဲပြီး​ အာမခံမ​ပေး​တော့​ဘဲ ​ထောင်ချုပ်မှာ ချုပ်ထား​ပါတယ်။

http://burmese.dvb.no/archives/12272

မြန်မာကလေး ၃ သန်းကျော်၊ ကမ္ဘာ့ကလေးငယ်ဦးရေ ၆၇ သန်း ပညာရေး အခွင့်အရေး ကင်းမဲ့နေဆဲ




ကုလသမဂ္ဂ အစီရင်ခံ ထုတ်ပြန်ချက်အရ ကမ္ဘာ့ကလေးငယ်ဦးရေ ၆၇ သန်းခန့်မှာ ကျောင်းပညာသင်ကြားခွင့် ဆုံးရှုံးနေလျက်ရှိကြောင်း သိရပါသည်။
စီးပွားရေး၊ လူမှုရေးနှင့် အခြားသော စိန်ခေါ်ချက်များဖြစ်သည့်ကျန်းမာရေး ပြဿနာများနှင့် လက်နက်ကိုင် ပဋိပက္ခတို့ကြောင့် ဖြစ်ကြောင်းဆို၏။

နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသမှ စာသင်ခန်းတစ်ခု
နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသမှ စာသင်ခန်းတစ်ခု
အီကိုဆော့ ECOSOC ခေါ် ကုလသမဂ္ဂ လူမှုရေးနှင့် စီးပွားရေးရာ မူဝါဒများကို ညှိနှိုင်းသည့် ကောင်စီ၏ ထုတ်ပြန် ကြေညာချက်များကို ကိုးကားပြီး တရုတ်ဆင်ဟွာ သတင်းဌာနက ဖေါ်ပြထားသည်။
သက်ကြီး ၇၉၆ သန်းမှာ အခြေခံ စာရေးစာဖတ် မတတ်မြောက်သေးကြောင်းနှင့် ဤသည်မှာ ကမ္ဘာ့လူဦးရေ၏ ၁၇ ရာခိုင်နှုန်း ရှိနေကြောင်း အစီရင်ခံစာက ဆို၏။
“နိုင်ငံ၊ ဒေသတွင်းနှင့် တကမ္ဘာလုံး အတိုင်းအတာအရ “အားလုံးအတွက် ပညာရေး” တကယ်ဖြစ်သလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေပါသည်” ဟု အီကိုဆော့ ဥက္ကဌဖြစ်သူ Larazous Kapambwe က ပြောကြားခဲ့သည်။
များမကြာမီက စိန်ခေါ်ချက်တစ်ရပ်မှာ ကမ္ဘာ့ငွေကြေး အကျပ်အတည်းကြောင့် အစိုးရများမှ ပညာရေး ဘတ်ဂျက်ငွေကို လျော့ချပစ်လိုက်ခြင်း ဖြစ်သည်ဟု အီကိုဆော့ ECOSOC က ဆိုပါသည်။
ဝင်ငွေ နည်းပါသည့် နိုင်ငံ ၁၈ နိုင်ငံကို ဆာဗေး ပြုလုပ်ရာတွင် ၇ နိုင်ငံက ၂၀၀၉ ခုနှစ်တွင် ပညာရေး အသုံးစရိတ်ကို လျော့ချခဲ့ကြောင်း၊ အကျိုးဆက်အနေဖြင့် ကလေးငယ်များစွာမှာ ပညာသင်ကြားခွင့် ဆုံးရှုံးလိုက်ရကြောင်း ထောက်ပြခဲ့သည်။
ပညာသင်ကြားခွင့်အတွက် နောက်ထပ် ပြဿနာ တစ်ရပ်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း နိုင်ငံ ၃၅ နိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပါသည်။
အီကိုဆော့ ဥက္ကဌက ချမ်းသာသည့် ဖွံ့ဖြိုးပြီး နိုင်ငံများမှ  အကူအညီပေးရန်၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့် အစိုးရများ အနေဖြင့်လည်း ဆင်းရဲနွမ်းပါးသည့် နိုင်ငံများတွင် ပညာ သင်ကြားခွင့်ကို တိုးမြှင့် လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်သည်။ အထူးသဖြင့် အဆင်းရဲဆုံးနိုင်ငံများ Least develped countries (LCDs) များအတွက် လုပ်ဆောင်ကြရန် ပန်ကြားခဲ့သည်။
စာသင်ခန်း အပြင်ဘက်မှ မြန်မာကလေးငယ်များ
၂၀၀၅ - ၂၀၀၇ ခုနှစ်များတွင် ပြုလုပ်ခဲ့သည့် ပြည်တွင်းနှင့် နယ်စပ်ဒေသ NHEC ပညာရေး သုတေသန အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေးငယ် ၁၅ သန်း ခန့်ရှိပြီး ၃ သန်းကျော်မှာ စာသင်ခန်း အပြင်ဘက်တွင် ရှိနေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။
မိသားစု လူမှုစီးပွား နိမ့်ပါးလွန်းခြင်း၊ ကျောင်းလုံးဝ မရှိခြင်း၊ ကျောင်းဆရာဆရာမ မလုံလောက်ခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့်  အကျိုးဆက်တို့ကြောင့် မြန်မာကလေးငယ်များစွာမှာ ကျောင်းပညာသင်ကြားခွင့် မရရှိခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
ပိုမိုဆိုးဝါးလာနေသည့် လူမှုစီးပွား အကျပ်အတည်းများနှင့် ပြည်တွင်းစစ်မီးလျှံကြောင့် မြန်မာ ကလေးငယ်များ၊ အထူးသဖြင့် ကရင်၊ ကချင်၊ ရှမ်းနှင့် ကရင်နီ လူမျိုးစု တိုင်းရင်းသား ကလေးငယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း သိရပါသည်။
၂၀၁၁-၂၀၁၂ ပညာသင်နှစ် စတင်သည်မှာ ရက်သတ္တပတ် ၅ ပတ်ကြာမြင့်ပြီ ဖြစ်သော်လည်း မြို့နယ်တိုင်းတွင် ကလေးငယ်များစွာကို ကျောင်းစာသင်ခန်း အပြင်ဖက် လုပ်ငန်းခွင် များတွင် တွေ့မြင်ရကြောင်းလည်း ဒေသအသီးသီးမှ မြန်မာ ကျောင်းဆရာဆရာမများက မောက္ခ ပညာရေး မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။
မောက္ခပညာရေးသတင်း
Source: IANS & NHEC school education research journal
http://www.maukkha.org/

“ဇူလိုင် ၇ ရက်- ၇ ရက်ဇူလိုင် မမေ့နိုင်တဲ့ ကျောင်းသားသမိုင်း ထာဝစဉ် နီ”




“ဇူလိုင် ၇ ရက်- ၇ ရက်ဇူလိုင် — မမေ့နိုင်တဲ့ ကျောင်းသားသမိုင်း ထာဝစဉ် နီ …” ဆိုတဲ့ စာသားဟာ ၇ ရက် ဇူလိုင် အရေးတော်ပုံကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်းတပုဒ်ထဲက စာသားတကြောင်းပါ။ ဟုတ်ပါတယ်၊ “ဆဲဗင်းဇူလိုင် (ခေါ်) ၇ ရက်ဇူလိုင်အရေးတော်ပုံကြီး” ဟာ ဗမာပြည်ရဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ- ကျောင်းသားသမိုင်းမှာ ဘယ် တော့မှ မေ့ပျောက်လို့ မရနိုင်တဲ့၊ မေ့ဖျောက်ချန်လှပ် ကျော်လွှားသွားလို့ မရနိုင်တဲ့၊ အမြဲထာဝရ နီနေမယ့် အရေး တော်ပုံမှတ်တိုင်ကြီး တခုပါပဲ။
ဗမာပြည်လွတ်လပ်ရေးမကျေညာနိုင်ခင် ကိုလိုနီခေတ်တလျောက်ကို ခဏထား၊၊ လွတ်လပ်ရေးကျေညာပြီးစ ခေတ် တလျောက်အတွင်းမှာကို၊ ကျောင်းသားလှုပ်ရှားမှု သမိုင်းကြောင်းတလျောက်မှာ- အရေးအခင်းနဲ့ အရေးတော်ပုံတွေ ပေါ်ပေါက်ခဲ့တာ အရေအတွက်တော်တော်များ များ- ( ဥပမာအားဖြင့် – အောက်တိုဘာ ကျောင်းတလပိတ် အရေး တော်ပုံ၊ ဟယ်ရီတန်အရေးအခင်း-စသဖြင့် စသဖြင့်-) ရှိခဲ့ပါလျက် –
တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ဆင်နွဲခဲ့ကြတဲ့ “၁၃၅ဝပြည့် အရေးတော်ပုံ (ရှစ်လေးလုံးအ ရေးတော်ပုံကြီး)” မတိုင်ခင်အထိအတွင်း၊ ဗိုလ်နေဝင်း စစ်အာဏာရှင်အုပ်စိုးမှု ခေတ်တလျောက်အတွင်းမှာကို တခြား သော အရေအတွက်မနည်းလှတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ၊ ကျောင်းသားအရေးအခင်းတွေ တော်တော်များများ (ဥပမာအားဖြင့် – ကျွန်းဆွယ်အရေးအခင်း၊ တက္ကသိုလ်ရွှေရတု လှုပ်ရှားမှု ၊ ဦးသန့် ဈာပနအရေးအခင်း၊ ၇၅ ဇွန် (၆) ကျောင်းသားသပိတ်-စသဖြင့် စသဖြင့် -) ရှိခဲ့ ပေါ်ပေါက်ခဲ့ပါလျက် –
ဆဲဗင်းဂျူလိုင် (ခေါ်) ၇ ရက်ဇူလိုင်အရေးတော်ပုံကြီးဟာ တခြားသော ကျောင်းသားအရေးအခင်း အရေးတော်ပုံတွေ ထက်ကို ပိုမိုစူးရှ ပေါ်လွင်ပြီး၊ ပိုမိုထူးခြားတဲ့ အနက်အဓိပ္ပါယ်တွေ ရှိနေတယ်လို့ ယူဆမိပါတယ်။ ဘာ့ကြောင့်လဲ ?
(ဘယ်လိုတွေ ဖြစ်ပျက်ခဲ့ကြတယ်၊ ဘယ်လိုတွေ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ကြရတယ်၊ စစ်အစိုးရဟာ ဘယ်လို တွေ မိုက်မိုက်ရိုင်းရိုင်း ယုတ်မာရမ်းကားခဲ့တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး၊ အဖြစ်အပျက်ရဲ့ ဖြစ်စဉ်တွေအကြောင်း ကို မှတ်တမ်းတင်ကြ ပြောကြဆိုကြ ရေးသားခဲ့ကြတာတွေကတော့ (ပြည့်စုံလုံလောက်ပြီလို့ မဆိုနိုင်သေးတဲ့ တိုင် အောင်)၊ တော်တော်များများ ရှိနေပြီဖြစ်တဲ့အတွက် ကျနော်ကတော့ ဒီအရေးတော်ပုံကြီးရဲ့ ထူးခြားတဲ့ ဝိသေသတွေ ကို ဒီနေရာမှာ နိုင်ငံရေးဖက်ကနေပဲ ရှု့ မြင်ဖေါ်ပြကြည့်ချင်ပါတယ်။ )
၇ ရက် ဇူလိုင်အရေးတော်ပုံကြီးဟာ ဗမာပြည်စစ်အာဏာရှင်စနစ်ကို ဗွေဆော်ဦးစတင် တိုက်ပွဲဆင်ခဲ့တဲ့ အရေးတော်ပုံ ဖြစ်တယ်၊
ပါလီမန်ဒီမိုကရေစီစနစ်ကို မြေမြှုပ်သဂြုင်္ိလ်ပစ်ပြီး၊ လက်နက်နဲ့ အကြမ်းဖက်အာဏာသိမ်းယူကာ ဗိုလ်နေဝင်းခေါင်း ဆောင်တဲ့ စစ်အုပ်စုဟာ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ဗမာပြည်စစ်အာဏာရှင်စနစ်ကို စတင်ထူထောင်လာ ရာမှာ စစ်အစိုးရရဲ့တရားမျှတမှု လုံးဝမရှိတဲ့ အမိန့်အာဏာတွေကို ရဲရဲရင့်ရင့်ပြန်လည်တုံ့ပြန် ဆန့်ကျင်ကန့်ကွက်ပြသ ကြရာက စစ်အာဏာရှင်ရူးတွေရဲ့ ကြိုတင်အစီအစဉ်ရှိရှိ ယုတ်မာရက်စက်မှုတွေကြောင့် ဒီအရေးတော်ပုံကြီး ဖြစ်ပေါ် လာခဲ့ရတာ ဖြစ်တယ်။ စစ်တပ်အာဏာသိမ်းတက်လာပြီး (၄) လ ကျော်ကျော်လေးအကြာမှာပဲ ဒီအရေးတော်ပုံကြီး ပေါ်ထွန်းခဲ့ရတာဖြစ်တဲ့အတွက်၊ ဒီအရေးတော်ပုံကြီးဟာ ဗမာပြည်စစ်အာဏာရှင်စနစ်ကို ဗွေဆော်ဦး ဆန့်ကျင်အံတု ပြခဲ့တဲ့ တော်လှန်တဲ့အရေးတော်ပုံကြီး ဖြစ်တယ်။ သမိုင်းဝင် အရေးတော်ပုံကြီးဖြစ်သွားတယ်။
ဒီအရေးတော်ပုံကြီးဟာ စစ်အစိုးရရဲ့ မဆလဆိုရှယ်လစ်မျက်နှာဖုံးကို ပထမဆုံးဆွဲချွတ် ပြလိုက်နိုင်တဲ့ အရေးတော်ပုံ ကြီး ဖြစ်တယ်၊ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အစိုးရဟာ အာဏာသိမ်းတက်လာပြီး မကြာမီ၊ ရှိနေတဲ့ နိုင်ငံရေးပါတီ အဖွဲ့ အစည်းအင်အားစုတွေ အပါအဝင် ပြည်သူလူထုကြီးတရပ်လုံးကို လိမ်လည်လှည့်ဖြားနိုင်ဖို့၊ မြန်မာ့နည်း မြန်မာ့ ဟန်နဲ့ ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ဖို့ ဆိုပြီး၊ ၁၉၆၂ ခုနှစ် ဇူလိုင် (၄) ရက်နေ့မှာပဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ (မဆလ ပါတီ ) ကို စတင်ထူထောင်ခဲ့ရာမှာ မဆလပါတီစတင် ထူထောင်ပေါ်ပေါက်လာပြီး (၃) ရက်အကြာမှာ “ရရက်ဇူလိုင် အရေးတော်ပုံကြီး” ပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။
ဗိုလ်နေဝင်း စစ်အစိုးရဟာ မဆလပါတီကို ထူထောင်လိုက်ပြီး “ခေတ်ပြောင်းတော်လှန်ရေးကြီးကို ဆင်နွဲမယ်၊ သာယာ ဝပြောသော လူ့ဘောင်သစ်ကြီးကို မရောက် ရောက်အောင်သွားမယ်၊ စာနာမှု ညှာတာထောက်ထားမှု စသည့်ကောင်း မြတ်သောတရားနှင့် ဗြမ္မစိုရ်တရားများ ထွန်းကားနိုင်တဲ့ လူ့ဘောင်သစ်ကြီးဆီ ချီတက်သွားရောက်မယ်” လို့ တဖက် က ကြွေးကြော်မြည်ဟည်းပြနေတုန်းမှာပဲ၊ အပြစ်မဲ့တဲ့ နိုင်ငံ့အညွန့်အဖူး ကျောင်းသားတွေကို သွေးချောင်းစီးအောင် ရက်ရက်စက်စက် သတ်ဖြတ်ကျူးလွန်ပြလိုက်တာ ဖြစ်တဲ့အတွက်၊ စစ်အစိုးရရဲ့ကြွေးကြော်နေချက်တွေဟာ ဗလာစ ကားတွေသာ ဖြစ်တယ်၊ လက်တွေ့ကတော့ လူသတ်သမားတွေသာ ဖြစ်တယ် ဆိုတာကို မီးမောင်းထိုး ပြလိုက်သလို ဖြစ်သွားပြီး၊ စစ်အစိုးရရဲ့မဆလမျက်နှာဖုံးစွပ်ကို ဆွဲချွတ်ပြလိုက်ဘိသကဲ့သို့  ဘွားဘွားကြီး ပေါ်လွင်သွားစေခဲ့ပါတယ်။ ဒါကြောင့် ဒီအရေးတော်ပုံကြီးဟာ စစ်အစိုးရရဲ့မဆလဆိုရှယ်လစ်အတုအယောင် မျက်နှာဖုံးအောက်က အစွယ်ပြူး ပြူး သွေးစိမ်းရှင်ရှင် တကယ့် ဘီလူးရုပ်အစစ်အမှန်ကို ဆွဲချွတ်ပြသလိုက်နိုင်တဲ့ အရေးတော်ပုံကြီး ဖြစ်ပါတယ်။
ဒီအရေးတော်ပုံကြီးဟာ သမိုင်းမှာ-တော်လှန်သူလား၊ ဖေါက်ပြန်သူလား-စည်းခြား မှတ်တမ်းတင်ပေးနိုင်ခဲ့တဲ့ အရေး တော်ပုံဖြစ်တယ်၊ စစ်အစိုးရဟာ ဒီလောက်ရက်ရက်စက်စက် သတ်ဖြတ်နှိပ်ကွပ်ပြခဲ့တာ လက်တွေ့ မျက်တွေ့မြင်နေ ရတာတောင်၊ တဖက်က ဆိုရှယ်လစ်အနံ့ ပေးထားမှုကြောင့်သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးအလိုရမ္မက် မျှော်လင့်ချက် တွေကြောင့်သော်လည်းကောင်း အမှန်တရားကို မမြင်နိုင်ဘဲ၊ ဒါမှမဟုတ် မျက်ကွယ်ပြုခဲ့ကြရင်း သဘောထားမမှန် ကြသူတွေ၊ ရပ်တည်ချက်မခိုင်မာခဲ့ကြသူတွေ၊ စံသွေခဲ့ကြသူတွေ အထင်အရှား ပေါ်ပေါက်လာခဲ့ကြရာမှာ “ဒီအရေး တော်ပုံကြီးအပေါ် ဘယ်လိုသဘောထားသလဲ၊ သဘောထားမလဲ” ဆိုတာ အရေးပါတဲ့ မှတ်ကျောက် မေးခွန်း တခု ဖြစ်လာခဲ့ရပါတယ်။
တစုံတရာ တိုးတက်ပါတယ် တိုးတက်တဲ့လက်ဝဲဝါဒကို လက်ခံကိုင်စွဲပါတယ်လို့ ဆိုခဲ့ကြတဲ့ ပမညတ အဖွဲ့ ကြီးထဲက ပမညတခေါင်းဆောင်ကြီးတယောက်ဟာ၊ ဒီအရေးတော်ပုံကြီးပြီးစ-ဒီအရေးတော်ပုံကြီး အပေါ် ဘယ်လိုသဘောထား မလဲလို့ ပြောဆိုဆွေးနွေးကြတဲ့ ပမညတအစည်းအဝေးပွဲတခုအတွင်းမှာ၊ “ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေး ကောင်စီအစိုးရဟာ ဆိုရှယ်လစ်ရေးဆီ ရှေ့ရှုပြီး ဆိုရှယ်လစ်လမ်းကြောင်းအတိုင်းသွားဖို့  လုပ်ဆောင်နေတာ ဖြစ်တဲ့ အတွက် ဒီ ၇ ရက်ဇူလိုင်အရေးအခင်းဟာ ဆိုရှယ်လစ်သန္ဓေသားကို သားလျှောအောင် လုပ်တဲ့ လုပ်ရပ်” လို့ ဆို လိုက်တော့၊ ဒီအရေးတော်ပုံကြီးရဲ့ဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ပြခဲ့တဲ့ ဦးခင်မောင်မြင့် (ပြည်သူ့ တိုးတက် ရေးပါတီ ) က ချက်ချင်းကန့်ကွက်ခဲ့ရင်း “သခင် … ရဲ့ ဒီသဘောထားပြောကြားချက်ကို မှတ်တမ်းတင်ပေးပါ” လုံးဝ လက်မခံနိုင်ပါဘူး- လို့တုံ့ပြန်ချေပ ခဲ့ရပါတယ်။
ဒီအရေးတော်ပုံကြီးအပေါ် အဲဒီလို မတူကွဲပြားစွာ သဘောထားခဲ့ကြ သူတွေရဲ့ ဖြစ်စဉ်တွေကနေ မဆလ (၂၆) နှစ် တာကာလအတွင်း ဘယ်သူတွေ ဘယ်လိုဖြစ်ပေါ်သွားကြသလဲဆိုတာ ဇာတ်ပေါင်းကြည့်လိုက်မယ်ဆိုရင် အရေး တော်ပုံကြီးအပေါ် သဘောထားမမှန်ကန်ခဲ့သူတွေဟာ မဆလရဲ့ခွေးကတက်ရင်းက ပုဂ္ဂိုလ်တွေ၊ မဆလရဲ့ ကျေး တော်မျိုး ကျွန်တော်မျိုးတွေအဖြစ်-သမိုင်းမှာ မျက်နှာမလှ ဇာတ်သိမ်းသွားကြရပြီး၊
အရေးတော်ပုံကြီးဖက်က ရပ်ခံရပ် တည်ဖေါ်ပြသွားခဲ့ကြသူတွေကတော့ မဆလစစ်အစိုးရကို ဆက်လက်ဆန့်ကျင်အံတုသွားခဲ့ကြရင်း သူရဲကောင်းတွေ တော်လှန်သူတွေအဖြစ် ကမ္ပည်းမော်ကွန်းတင်သွားခဲ့ကြတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် ဒီအရေးတော်ပုံကြီးဟာ သ မိုင်းမှာ တော်လှန်သူလား-ဖေါက်ပြန်သူလား စည်းခြားသတ်မှတ်ပေးလိုက်တဲ့၊ သမိုင်းအချိုးအကွေ့တခုရဲ့ မှတ်
ကျောက်တခုသဖွယ်လဲ ဖြစ်ခဲ့ပါတယ်။
ဒီအရေးတော်ပုံကြီးဟာ ခွပ်ဒေါင်းတွေရဲ့ တောင်ပံခတ်သံတဖျတ်ဖျတ်ကို တကျော့ပြန် တကျော့ပြန် အဖန်ဖန်အထပ် ထပ် အမြဲမပြတ်စေနိုင်လောက်အောင် ပဲ့တင်ဆောင်နိုင်စွမ်းအား အလွန်ကြီးမားလှတဲ့ အရေးတော်ပုံကြီးဖြစ်တယ်။
ဗမာပြည် ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အမှန်တရားအတွက် ပြည်သူလူထုအတွက် ကျောင်းသားထုရဲ့ တရားမျှတ တဲ့ အခွင့်အရေးနဲ့ ရပိုင့်ခွင့်တွေအတွက်၊ ဖေါက်ပြန်တဲ့အုပ်စိုးသူ အဆက်ဆက်ကို ပြန်လည်တွန်းလှန် ဆန့်ကျင်အံတု တိုက်ပွဲဆင်ခဲ့ကြတဲ့ ဂုဏ်ပြောင်တဲ့ ကျောင်းသားလှုပ်ရှားမှုနဲ့ ကျောင်းသားတိုက်ပွဲတွေ၊ အရေးတော်ပုံနဲ့ အရေးအခင်း တွေ ခေတ်တိုင်းလိုလို ပေါ်ပေါက်ခဲ့တာ တော်တော်များများ ရှိခဲ့ပါတယ်။ အားလုံးဟာ သူ့ခေတ် သူ့ကာလအလျောက် သူ့အတိုင်းအတာနဲ့သူ မော်ကွန်းတင် ကမ္ပည်းထိုးထားရမယ့် အရေးပါတဲ့ တိုက်ပွဲတွေချည်း ဖြစ်ပါတယ်။ ဒီအထဲမှာမှ ၇ ရက်ဇူလိုင် အရေးတော်ပုံကြီးရဲ့ ထူးခြားချက်ကတော့၊ တော်လှန်တဲ့ ကျောင်းသားထုရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်း ရှိုင်းကို စူးဝင်နေပြီး၊ ဒီနေ့ဒီရက် ဒီအချိန်ရောက်လေတိုင်း-‘ဆဲဗင်း ဇူလိုင်-ဆဲဗင်းဇူလိုင်’ ဆိုတဲ့ အသံဟာ တိုက်ပွဲခေါ် သံပမာ ပဲ့တင်ထပ်နေစေခဲ့တာ၊ ‘ကျောင်းသားမျိုးဆက်အဆင့်ဆင့်မှသည် ကနေ့ထက်တိုင်အောင်’ ပါပဲ။
နှစ်စဉ် နှစ် တိုင်းလိုလိုမှာ ‘ရရက် ဇူလိုင် လှုပ်ရှားမှုတွေ’ အသွင်အမျိုးမျိုးနဲ့ ရှင်သန်ပေါ်ပေါက်နေလေ့ရှိပြီး၊ ခွပ်ဒေါင်း တောင်ပံခတ်သံ တဖျတ်ဖျတ်ကို တကျော့ပြန် တကျော့ပြန် ပြန်လည်ကြားရ နားထောင်ရလေ့ ရှိပါတယ်။
ဒီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရတဲ့ ၁၉၆၂ခုနှစ် ဇူလိုင် ၇ ရက်နေ့နောက်ပိုင်းကစပြီး နှစ်စဉ်နှစ်တိုင်းလိုလို ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ နေရာအမျိုးမျိုးကနေ အထိမ်းအမှတ်ပြုကြ၊ သတိတရရှိနေစေခဲ့ကြတာ သိကြတဲ့အတိုင်းပါပဲ။ ၁၉ရရ ခုနှစ် ဇူလိုင် ၇ ရက်နေ့တုန်းကဆိုရင် ‘၇-၇-၇၇’ ခွန်လေးလုံးအရေးတော်ပုံအထိ ပေါ်ပေါက်အောင် ဦးတည်လှုပ်ရှားခဲ့ကြဖူး
တာတွေ ရှိသလို၊ အဲဒီတုန်းက တိုးတက်တဲ့ စီးပွားရေးတက္ကသိုလ်ကျောင်းသားများကနေ-စီးပွားရေးတက္ကသိုလ် နှစ် လည် မဂ္ဂဇင်းကို အနက် ရောင်အဖုံးကြီးနဲ့ပဲ ထုတ်ဝေခဲ့တာတွေလဲ ရှိပါတယ်။ ၁၉၇၈ ခုနှစ် ထဲမှာလဲ စက်မှုတက္ကသိုလ် ကျောင်းဝင်းအတွင်းကနေ၊ ၇ ရက် ဇူလိုင်နှစ်ပတ်လည်လှုပ်ရှားမှု အဖြစ်၊ ‘ရရက်ဇူလိုင်’ နေ့မှာ အစီအစဉ်ရှိရှိ တိုက်ပွဲ ခေါ်သံပေးပြီး သပိတ်ပေါ်အောင် ဖေါက်ခွဲလှုပ်ရှားပြခဲ့ကြရင်း မဆလ စစ်အစိုးရရဲ့ဖမ်းဆီးထောင်ချခံခဲ့ရသူတွေလဲ ပေါ်ပေါက်ခဲ့ရဖူးပါတယ်။
ဒီအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့တာ နောက်နှစ်ဆိုရင် နှစ် (၅ဝ) တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်။ ၁၉၆၂- ၇ ရက် ဇူလိုင်တုန်းက လူမဖြစ်ခဲ့ကြသေးတဲ့ အသက် (၅ဝ) အောက် ကျောင်းသား လူငယ်မျိုးဆက်အဆင့်ဆင့် တွေအတွင်း မှာရော၊ ကနေ့မှ ကျောင်းသားအဖြစ် ဖြတ်သန်းနေကြရသူ လက်ရှိ မျိုးဆက်ကျောင်းသားလူငယ်တွေအတွင်းမှာပါ ‘၇ ရက် ဇူလိုင်’ ‘ဆဲဗင်းဇူလိုင်’ ဆိုတဲ့အသံကို ကြားလိုက်ရလေတိုင်း၊ တရားမျှတမှုကို လိုလားတဲ့၊ နိုးကြားတဲ့ ကျောင်း သား မှန်သမျှ၊ ရင်ခုန်လှုပ်ရှားကြရတုန်း၊ ခွပ်ဒေါင်းသွေးတွေ တရိပ်ရိပ် မြင့်တက်နိုးကြွလာရတုန်းဖြစ်သလို၊ ခွပ်ဒေါင်း တောင်ပံခတ်သံ တဖျတ်ဖျတ်ကို အတိတ်တောစပ်ကနေ ပစ္စုပ္ပန်မြေအထိ ကြားနေ မြင်နေ လှုပ်ရှားနေကြရတုန်း ဖြစ် ပါတယ်။ ဒါကြောင့် ဒီအရေးတော်ပုံကြီးဟာ (ရှစ်လေးလုံး အရေးတော်ပုံကြီးကလွဲရင်) ခွပ်ဒေါင်းတောင်ပံခတ်သံ တ ဖျတ်ဖျတ်နဲ့ အထပ်ထပ်အဖန်ဖန် ပဲ့တင်သံလှိုင်းအား အမြင့်မားဆုံးသော အရေးတော်ပုံကြီးလို့လဲ သတ်မှတ်ဂုဏ်ပြု ချင်ပါတယ်။
ဒီအရေးတော်ပုံကြီးဟာ ဖေါက်ပြန်တဲ့ မဆလ စစ်အာဏာရှင်တသိုက်ကို နောက်ဆုံးထွက်သက်အထိ သွေးပျက် ချောက်ခြားနေအောင် အဆက်မပြတ် စွဲချက်တင်ရင်း၊ အစဉ်မပျက် အရိုးတွန်သံပေးနေခဲ့တဲ့ အရေးတော်ပုံကြီးဖြစ် တယ်။
ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီ စစ်အာဏာရှင်အစိုးရဟာ တရားမျှတတဲ့ ကျောင်းသားထု အခွင့် အရေးတွေအတွက် ဥပဒေဘောင်အတွင်းကနေ အေးချမ်းစွာဆန္ဒပြတောင်းဆိုနေကြတဲ့ ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေအပေါ် ရက်ရက်စက်စက် သွေးချောင်းစီးအောင် သတ်ဖြတ်ဖြိုခွင်းပြလိုက်တဲ့အပြင်၊ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး အစဉ်အလာကြီးခဲ့တဲ့ ကျောင်းသားထုရဲ့အဖွဲ့ အစည်းတွေဖြစ်တဲ့  ‘ဗကသ’ ‘တကသ’ ‘ရကသ’ တွေ ကိုလဲ အပြီးတိုင် ဖျက်သိမ်းချေမှုန်းပစ်နိုင်ဖို့ အစီအစဉ်ရှိရှိနဲ့ လက်တွေ့အကောင်အထည် ဖေါ်ပြလိုက်တာ ဖြစ်သလို၊ သမိုင်းတလျောက် ကိုလိုနီအုပ်စိုးသူတွေလက်ထက်ကတောင် မတို့မထိဝံ့ခဲ့တဲ့ သမိုင်းအစဉ်အလာ ကြီးမားလှတဲ့ ‘ကျောင်းသားသမဂ္ဂ အဆောက်အဦကြီး’ ကိုပါ မိုက်မိုက်ရိုင်းရိုင်းနဲ့ ဒိုင်းနမိုင်းကပ်ပြီး ဖြိုချဖျက်ဆီးပစ်ခဲ့ပါတယ်။
ဗမာပြည်သမိုင်းမှာ အုပ်စိုးသူအဆက်ဆက် ဘယ်သူမှ မလုပ်ဝံ့ခဲ့တာတွေကို ကောက်ကောက်ကျစ်ကျစ် ယုတ်ယုတ် မာမာနဲ့ ပေါ်ပေါ်ထင်ထင် ရမ်းကားပြခဲ့တာပဲ ဖြစ်ပါတယ်။ တက္ကသိုလ်နဲ့မဝေးလှတဲ့ မြန်မာ့အသံ အသံလွှင့်ရုံထဲမှာကို တော်လှန်ရေးကောင်စီဝင်တွေရော ရဲချုပ်ပါ ပါဝင်တဲ့ ‘အမိန့်ပေး ကွပ်ကဲရေးရုံး’ ဖွင့်လှစ်ထားပြီး တိုက်ရိုက်အကောင် အထည်ဖေါ် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဇူလိုင် (၇) ရက်နေ့မှာ ကျောင်းသားတွေကို ပစ်သတ်၊ (၈) ရက်နေ့ မနက် အစောကြီးမှာပဲ သမဂ္ဂအဆောက်အဦကြီးကိုပါ အုတ်ပုံတစပြင်ဖြစ်အောင် လုပ်ပြီးပြီချင်း အဲဒီမနက်ပိုင်းမှာပဲ
တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်နေဝင်းရဲ့ ‘ဓါး ဓါးချင်း၊ လှံ လှံချင်း၊ Face to Face ရင်ဆိုင်ဖို့ပဲ’ ဆိုတဲ့ ရိုင်းပျမောက် မာလှတဲ့ စိန်ခေါ်သံ မိန့်ခွန်းကြီးကို ရေဒီယိုကနေ အသံလွှင့်ကျေညာသွားခဲ့ပါတယ်။ နောက်တရက်မှာတော့ တော် လှန်ကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းဟာ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်အောင်ကြီးကို ယာယီတာဝန်လွှဲအပ်ပေးခဲ့ပြီး နိုင် ငံခြားကို အပန်းဖြေခရီး ထွက်သွားလိုက်ပါတော့တယ်။
အဲဒီလို ရက်ရက်စက်စက် ပြတ်ပြတ်သားသား အကောင်အထည်ဖေါ်ခဲ့ပြီး ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုပါ တစစီဖြစ်အောင် လုပ်ဆောင်ပြခဲ့ကြကာ၊ အောင်မြင်စွာ ရှင်းလင်းပစ်လိုက်နိုင်ပြီးပြီအဖြစ် အဲဒီတုန်းက တော်လှန် ကောင် စီတအုပ်စုလုံး ဂျိုကြွမောက်မာ ဝမ်းသာအူမြူးခဲ့ကြပေမဲ့၊ ကာလသိပ်မကြာခင်မှာပဲ သမဂ္ဂကြီးရဲ့ အရိုးတွန်းသံ တွေကို အဆက်မပြတ်လိုလို ကြားလာရပြီးတဲ့နောက်၊ ဥက္ကဋ္ဌကြီးဆိုသူ ဗိုလ်နေဝင်းကိုယ်တိုင် ချောက်ခြားသွေးပျက် လာခဲ့ရပါတော့တယ်။ သမိုင်းဝင်အဆောက်အဦကြီးဖြစ်တဲ့ ‘သမဂ္ဂကြီး’ ကို ဖျက်ဆီးခဲ့သူ ‘သမိုင်းတရားခံ’ အဖြစ်ကနေ ရုန်းထွက်နိုင်ရေးအတွက်၊ ၁၉၆၈-၆၉ ဝန်းကျင်မှာ ဗိုလ်နေဝင်းဟာ (‘၇ ရက် ဇူလိုင် အရေးတော်ပုံကာလ’ က ‘ကွပ်ကဲ ရေးအဖွဲ့ ’မှာ ရှေ့တန်းကနေ ပါဝင်ခဲ့ကြသူတွေတချို့ကို ခေါ်ယူပြီး ) ‘လှဟန် လာဦး’ ‘စောမြင့် လာဦး’ ‘ကျော်စိုး လာ ဦး’ ဆိုပြီး ခေါ်ယူကာ၊ “အဲဒီနေ့က အဖြစ်အပျက်မှာ မင်းတို့ ပါဝင်ခဲ့သမျှ ရေးကြစမ်း” ဆိုပြီး အဲဒီပုဂ္ဂိုလ်တွေရဲ့ တဦး ချင်းဆိုင်ရာ ‘တင်ပြချက်’ တွေကို ရယူထားရတဲ့အထိ ကိုယ်လွတ်ရုန်းနိုင်ဖို့ ပြင်ဆင်လာခဲ့ရပါတော့တယ်။
တော်လှန် ရေးကောင်စီ အာဏာသိမ်းအဖွဲ့မှာ ဒုတိယခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဗိုလ်အောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး) ကလဲ နောက်ပိုင်းမှာ- သမဂ္ဂအဆောက်အဦကြီးကို ဖြိုတဲ့ကိစ္စမှာ သူ မဟုတ်၊ ဥက္ကဋ္ဌကြီးလဲ မဟုတ်တန် ရာ ဗိုလ်ကျော်စိုး လုပ်လိုက်တာ ဖြစ်မယ် ဆိုတဲ့သဘောမျိုး၊ ဟိုလိုလို ဒီလိုလို ဆင်ဝှေ့ ရန်ရှောင်စကားတွေ ပြောဆို လာခဲ့ပြီး၊ သမိုင်းတရားခံအဖြစ်ကနေ ရုန်းထွက်နိုင်ရေး ကြိုးစားလာတဲ့အထိ ‘လိပ်ပြာလန့်’ လာတာ တွေ့ ရပါတယ်။ ‘၇ရက် ဇူလိုင်’ ရဲ့အရိုးတွန်သံ၊ သမဂ္ဂကြီးရဲ့အရိုးတွန်းသံတွေက ဘယ့်လောက်ထိအောင်များ မြည်ဟိန်းရိုက်ခတ်ပြီး၊ စစ်အာဏာရှင်တသင်းကို သွေးပျက်ချောက်ခြားအောင် အဆက်မပျက် ထိုးနှက်ထုပုတ်နေသလဲဆိုရင် မဆလပါတီရဲ့ ဥက္ကဋ္ဌကြီးဗိုလ်နေဝင်းဟာ ၁၉၈၈ခုနှစ် ဇူလိုင်လထဲမှာပဲ၊ ရာဇာပလ္လင်ပေါ်က ဆင်းပေးကြောင်း ထုတ်ဖေါ်ကျေညာ လိုက်ရတဲ့ နောက်ဆုံးနှုတ်ထွက်ပေး မိန့်ခွန်းထဲမှာအထိတောင်၊ ‘သမဂ္ဂကြီးကို ဗုံးနဲ့ခွဲပစ်တဲ့ကိစ္စဟာ သူအမိန့်ပေးခဲ့တာ
မဟုတ်ပါဘူး’ လို့  အထိတ်တလန့်ရှင်းလင်းတင်ပြရင်း ကိုယ်လွတ်ရုန်းနိုင်ဖို့ ကြိုးစားသွားခဲ့တာ တပြည်လုံးကြားလိုက် ကြရပါတယ်။
အဲဒီ မဆလရဲ့နောက်ဆုံးအရေးပေါ်ညီလာခံမှာ ဗိုလ်နေဝင်းက လွန်ခဲ့တဲ့ အချိန်ကာလတခုတုန်းကတည်းက အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး၊ ကွပ်ကဲရေးအဖွဲ့ မှာ ကိုယ်တိုင်ပါဝင်ခဲ့ကြတဲ့ ဗိုလ်လှဟန်၊ ဗိုလ်ကျော်စိုး၊ ဗိုလ်စောမြင့် တို့ကို သီး သန့်ခေါ်ယူပြီး၊ ‘အဲဒီနေ့ကအဖြစ်အပျက်မှာ မင်းတို့ ပါဝင်ခဲ့ကြသမျှ သိသမျှ ရေးကြစမ်း-’လို့ ခိုင်းပြီး တင်ပြချက်တွေ ရယူထားတာရှိကြောင်း ထုတ်ဖေါ်ပြောဆိုရင်း၊ သမဂ္ဂကြီးကို ဗုံးနဲ့ခွဲခဲ့တဲ့ အဓိကတရားခံဟာ ဗိုလ်အောင်ကြီးပဲ ဖြစ် တယ်လို့  ဖေါ်ညွှန်းပြောဆိုသွားခဲ့ပါတယ်။ အဲဒီကာလ မတိုင်ခင်ကတည်းကစပြီး သမဂ္ဂရဲ့အရိုးတွန်သံ လာမှာမှန်း သိနေတဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ ဗိုလ်အောင်ကြီးကလဲ ဗိုလ်နေဝင်းထုတ်ဖေါ်မပြောဆိုမီကာလကတည်းက ‘သမဂ္ဂကြီးကို ဗုံးနဲ့ခွဲပြီး ဖြိုဖျက်ခဲ့တဲ့ကိစ္စမှာ သူမဟုတ်ရကြောင်း၊ ဥက္ကဋ္ဌကြီးလဲ ဟုတ်ဟန်မတူ၊ ဗိုလ်ကျော်စိုး ပဲ လုပ် လိုက်တာဖြစ်မယ် ဆိုတဲ့သဘောမျိုး၊ ထမင်းရည်ပူ လျှာလွှဲပြတဲ့ ကိုယ်လွတ်ရုန်းမှုတွေကို တိုးတိုးတဖုံ ကျယ်ကျယ် တမျိုး ပြောဆိုကြိုးစားနေခဲ့ရတာ အားလုံး သိကြတဲ့အတိုင်းပါပဲ။
ဗိုလ်နေဝင်းကတော့ ‘ဓါး ဓါးချင်း-လှံ လှံချင်း’ ဆိုတဲ့ မိန့်ခွန်းကို ပြောကြားခဲ့ရတာကိုတောင်၊ သူ့ အပြောအရကတော့ ‘သူက ခေါင်းဆောင်မို့၊ စုပေါင်းလုပ်တာကို တာဝန်ယူတဲ့အနေနဲ့ပြောရတာ’ အဖြစ် ပုံဖေါ် ရှင်းလင်းသွားခဲ့ပါတယ်။ အမှန်ကတော့ ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီးဟာ သမဂ္ဂကြီးကို မိုက်မိုက်ရိုင်းရိုင်း ဗုံးနဲ့ခွဲ ဖျက်ဆီးခဲ့တဲ့ အယုတ်တမာ အမှုကြီးမှာ၊ တယောက်က ‘တစ်တရားခံ’ ဆိုရင် ကျန်တယောက်က ‘နံပတ်၂ တရားခံ’ ပါပဲ၊၊ သမိုင်းတရားခံတွေ အ ဖြစ်ကတော့ ပြေးမလွတ်ပါ။ ဒါတွေကနေ ဘာကိုဖေါ်ပြနေသလဲဆိုတော့-မတရားမှု ယုတ်မာမှုကို ကျူးလွန်ခဲ့ကြတဲ့ စစ်ဘီလူးကြီးတွေဟာ နောက်ဆုံးအချိန်အထိ ဒီအရေးတော်ပုံကြီးရဲ့ အရိုးတွန်းသံတွေကို အဖန်ဖန်အထပ်ထပ် ကြား နေရရင်း၊ အသေအလဲခုခံကာကွယ် ငြင်းဆန်နေရရင်း၊ အဆက်မပြတ်သွေးပျက် ချောက်ခြားနေခဲ့ရတယ်ဆိုတာကို ဖေါ်ပြနေတာပါပဲ။ နောက်ဆုံးထွက်သက်တွေအထိလဲ သွေးပျက်ချောက်ခြားသွားကြရမှာ အသေအချာပဲ ဖြစ်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီးကာလအတွင်းတုန်းကလဲ မဆလနောက်ဆုံး သမတကြီးလုပ်ခဲ့တဲ့ ဒေါက်တာ မောင် မောင်က တိုက်ပွဲဝင်ကျောင်းသားထုကို လေပြေထိုးပြတဲ့အနေနဲ့ “ကျောင်းသားသမဂ္ဂအဆောက်အဦ” ကို ပြန်လည် ဆောက်လုပ်ဖို့  အတူလက်တွဲပြီး ပျော်ပျော်ပါးပါး ပန္နက်ချကြရအောင်” လို့  မရဲတရဲ သွေးတိုးစမ်းကြည့်ခဲ့ဖူးပါသေး တယ်။ ကျောင်းသားတွေကို သတ်ဖြတ်ပြီး လက်မှာ သွေးအထပ်ထပ် စွန်းနေသူတွေနဲ့အတူ၊ လက်ရှိလဲ အသတ်ခံနေ ဆဲဖြစ်တဲ့ စစ်မှန်တဲ့ ကျောင်းသားတွေဟာ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို ပြန်ဆောက်ဖို့ ဘယ်လိုလုပ်ပြီး ပျော်ပျော်ပါးပါး အုတ်မြစ်ချ ပန္နက်ရိုက်ပြနိုင်ပါ့မလဲ။ ဒေါက်တာမောင်မောင်ရဲ့စကားဟာ အကောင်းဆုံးပြက်လုံး တစ လိုပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါကလဲ ဘာကို ဖေါ်ပြနေသလဲဆိုတော့ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကိစ္စဟာ အာဏာရှင် ဖေါက်ပြန်ရေးသမား အုပ်စိုးသူတွေရဲ့ ရင်တွေထဲမှာလဲ လုံးဝဖျောက်ဖျက်ပစ်လိုက်လို့မရတဲ့ ကိစ္စကြီးအ ဖြစ် ဆန့်ကျင်ဖက်ကနေ အသိအမှတ်ပြုထားရရင်း အမြဲလိုလို ချောက်ခြားသွေးပျက်နေရတဲ့သဘော၊ တနေ့နေ့မှာ
မုချ ကို မလွှဲမသွေ ပြန်လည်ပေးဆပ်ရမယ့် ‘သွေးကြွေး-သမိုင်းကြွေး’ ရှိနေတာကို လက်ခံအသိအမှတ်ပြုထားလိုက် ရတဲ့သဘောလို့ ယူဆချင်ပါတယ်။
၇ ရက်ဇူလိုင်အရေးတော်ပုံကြီးဟာ နောက်နှစ်မှာဆိုရင် နှစ် (၅ဝ) တင်းတင်း ပြည့်ပါတော့မယ်။ တော်လှန်တဲ့ ကျောင်း သားလှုပ်ရှားမှု၊ ကျောင်းသားသမိုင်းနဲ့ ဆက်စပ်နေတဲ့၊ ကျောင်းသားတွေရဲ့ အရေးတော်ပုံနဲ့ သပိတ်တွေကို သင်္ကေတ ပြု အမှတ်အသားပြုပြီး ဖေါ်ပြကြည့်မယ်ဆိုရင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး ခေတ်ကာလတုန်း ကတော့ -
၁၉၃၆-ကျောင်းသားသပိတ်ကြီးရဲ့ အမှတ်အသားဟာ ကိုနု၊ ကိုအောင်ဆန်း
၁၉၃၈-အထွေထွေသပိတ်အရေးတော်ပုံကြီးရဲ့ အမှတ်အသားဟာ – ကိုဗဟိန်း (သခင်ဗဟိန်း)၊ ကိုလှရွှေ (ဒေါက်တာလှရွှေ) လို့ ဆိုကြပါတယ်။
ဒီလို ဆိုရင် …
ဗမာပြည် လွတ်လပ်ရေးကျေညာပြီးနောက်ပိုင်း၊ စစ်အာဏာရှင်အုပ်စိုးမှု ဆန့်ကျင်ရေးတိုက်ပွဲတွေအတွင်းက
၁၉၆၂ – ၇ ရက် ဇူလိုင် အရေးတော်ပုံကြီးရဲ့ အမှတ်အသားဟာ ဘယ်သူတွေဖြစ်မလဲ။
ကျနော်ကတော့ ကျနော့်ရဲ့တဦးချင်းအမြင်အရ …
၁၉၆၂ – ၇ ရက် ဇူလိုင် အရေးတော်ပုံကြီးရဲ့ အမှတ်အသားကတော့ ကိုသက် (ဗကသ)၊ ကိုဗဆွေလေး (တကသ)
လို့ပဲ ဆိုလိုက်ချင်ပါတယ်၊၊ သတ်မှတ်လိုက်မိပါတယ်။
နောက်ထပ် အမြဲလိုလို အမှတ်ရနေသင့်တာတခုကတော့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေ တဲ့ကြားက မြောင်းမြသား တက္ကသိုလ်ကျောင်းသား ‘ကိုကျော်ဝင်း’ ဟာ သူ့ ခန္နာကိုယ်ပေါ်က စီးကျလာနေတဲ့ သွေး တွေနဲ့ကို မန္တလေးဆောင်နံရံပေါ်မှာ ရေးထိုးပြသွားခဲ့တဲ့  “၇ ရက် ဇူလိုင် မမေ့ကြနဲ့” ဆိုတဲ့ သွေးသစ္စာ ကမ္ပည်းစာတန်း လို့ပဲ ဆိုလိုက်ချင်ပါတယ်။   ၊၊
(ဝင်းတင့်ထွန်း)
၁၃၊ ၆ ၊ ၂ဝ၁၁
http://www.naytthit.net/?p=15168

အခြေချတရုတ်၊ နေရာပျောက် မြန်မာနှင့် မန္တလေး ကိုယ်ခံအား




မန္တလေးမြို့လယ် အချက်အချာ နေရာမျိုးများတွင် မြန်မာများ မနေနိုင်ကြတော့ဘဲ တရုတ်များ ကြီးစိုးနေထိုင်လာခြင်းမှာ ယခု သတင်း မဖြစ်တော့ကြောင်း မန္တလေးသား ပဲကုန်သည် ဦးစိန်လှက  အိမ်ဝင်းအတွင်း ပိတောက်ပင်ရိပ်အောက်ရှိ ၀ါးပက်လက်ကုလားထိုင်ပေါ်မှ ထရင်းပြောသည်။

downtown-mandalay-cn-1
“မန္တလေးက အကွက်အကွင်း ကောင်းကောင်းတွေအားလုံး တရုတ်တွေ ပိုင်ကုန်ကြတာ သတင်းမဟုတ်တော့ဘူး။ အဲဒီနေရာကို မန္တလေးသား မြန်မာတွေ ပြန်ဝယ်ပြီးနေနိုင်တယ်ဆိုမှပဲ သတင်းဖြစ်တော့မှာ” ဟု အသက် ၅၇ နှစ်အရွယ် ဦးစိန်လှက ဆိုသည်။

မန္တလေးမြို့လယ်ခေါင်တွင် တရုတ်များအခြေချ ချဲ့ထွင်လာခြင်းမှာ မြန်မာများ ကိုယ်ခံအား မကောင်းကြသောကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့က ငွေထုတ်ပိုက်ပြီး ၀င်လာချိန်တွင် မြန်မာများက စီးပွားပျက်နေချိန်ဖြစ်၍ တောင့်မခံနိုင်ခဲ့ကြကြောင်း ဦးစိန်လှက ဆက်လက်ပြောသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းအများစုမှာ အဆင်မပြေခြင်း၊ တချို့မှာလည်း လုပ်ငန်းတိုးချဲ့ လုပ်ကိုင်လိုခြင်းတို့ကြောင့် မြို့ခံစီးပွားရေးလုပ်ငန်းရှင်များမှာ ငွေလိုခဲ့သည်။

၁၉၉၀ ခုနှစ် ၀န်းကျင်ကတည်းက ယူနန်နှင့် တခြားဒေသမှ တရုတ်လူမျိုးအများအပြား ငွေထုတ်ပိုက်၍ မန္တလေးမြို့၏ စီးပွားရေးလောကတွင်းသို့ စတင်အခြေချ ၀င်ရောက်လာပြီး မြေကွက်များကို ဈေးမြင့်ပေးကာ စတင်ဝယ်ယူခဲ့ကြသည်။

ပြည်မကြီးမှ တရုတ်တယောက် မြေ၀ယ်ပြီးပါက ဆွေမျိုးများကိုပါ ခေါ်လာပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ မန္တလေးမြို့၏ အချက်အချာ နေရာကောင်းများတွင် တရုတ်များ တယောက်ပြီး တယောက် ၀ယ်ယူနေထိုင်လာကြရာမှ မြို့ခံမြန်မာများ မြို့ပြင်ရောက်ကုန်ကြသည်။

မန္တလေးမြို့ခံ အသက် ၇၀ အရွယ် ဦးလွင်မောင်က “၃၈ လမ်းနဲ့ ၅၃ လမ်းပေါ်က ခြံကို ရောင်းခဲ့တုန်းက ၁၉၉၃-၉၄ လောက်ပဲ၊ အဲဒီတုန်းကတော့ သိန်း ၁၇၀ ကျော်နဲ့ ရောင်းခဲ့တာ။ အခု အဲဒီခြံရဲ့ပေါက်ဈေးက သိန်း ၈ သောင်းဈေး ပေါက်နေပြီတဲ့။ ကဲ … တခါမှ မကြားဖူးခဲ့တဲ့ဈေး” ဟု ပြောပြသည်။

ထိုစဉ်က ငွေလိုသဖြင့် ရောင်းခဲ့ပြီး အလုပ်ကြိုးစားလျှင် မကြာမီ ပြန်ဝယ်ရန် ရည်မှန်းခဲ့သော်လည်း ယခုအချိန်ပေါက်ဈေးနှင့်ဆိုလျှင် မဝယ်နိုင်မည်မှာ သေချာသွားပြီ ဖြစ်ကြောင်းလည်း ဦးလွင်မောင်က ပြောသည်။

“တရုတ်တွေ ကြီးစိုးသွားတယ်ဆိုတာ  ကျနော်တို့မြို့ခံတွေ ညံ့တာက အဓိက ပိုကျပါတယ်။ မြန်မာပြည်သားတွေက ပိုက်ဆံမွဲတယ်၊ ပညာလည်း မွဲတယ်၊ အတွေးအခေါ်လည်း ဖိနှိပ်ထားကြတော့ မွဲတယ်၊ စာပေဗဟုသုတမှာလည်း မွဲကြတော့ စီးပွားရေးအမြင်လည်း နည်းကုန်တယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ်ဇွန်လအတွင်းက ကျင်းပသည့် Eleven Media Group ၏ ၁၁ နှစ်ပြည့်အခမ်းအနားတွင် CEO ဒေါက်တာ သန်းထွဋ်အောင် က “Super Power ဖြစ်လာမယ့် နိုင်ငံတနိုင်ငံရဲ့အနီးနားမှာ ကျနော်တို့ ကိုယ်ခံအားမရှိဘဲနဲ့ ရပ်တည်လို့ မရနိုင်ပါဘူး။ ငွေကြေး အရမ်းချမ်းသာလာပြီးတော့ အင်အားကြီးမားတဲ့ နိုင်ငံတနိုင်ငံရဲ့အနားမှာ ကျနော်တို့ရဲ့ ဆင်းရဲတဲ့ ပြည်သူတွေက ဘယ်လိုမှ ခုခံနိုင်စွမ်း မရှိပါဘူး” ဟု တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ထည့်သွင်းပြောခဲ့သည်။

ယခင် မြေတကွက်လျှင် သိန်း ၁၀၀ ကျော်ခန့်သာ ဈေးပေါက်ခဲ့သော မြေနေရာများမှာ ယခုတပေလျှင် ကျပ် သိန်း ၅၀၀ ကျော်အထိ ဈေးပေါက်နေပြီး မြေတကွက်လုံးအနေဖြင့် အနည်းဆုံး ကျပ် သိန်း သောင်းဂဏန်းအထိ ရှိကြောင်း သိရသည်။

မန္တလေးမြို့မှ အိမ်ခြံမြေအကျိုးဆောင် ဦးပုလေး က “အရောင်းအ၀ယ်ကတော့ သွက်တယ်နေတာပဲ။ တရုတ်ဝယ်လက်တွေက ဈေးမြင့်တဲ့အပိုင်းတွေ စိတ်ဝင်စားပြီး ၀ယ်တယ်။ မြန်မာတွေနဲ့ တိုင်းရင်းသားတွေကတော့ လုပ်ငန်းလုပ်ဖို့ အကွက်ကောင်း မြေကွက်တကွက်ရောင်းပြီး မြို့သစ်ဘက်မှာ ၂ ကွက် ၃ ကွက်လောက် ပြန်ဝယ်ထားကြတော့ မန္တလေးအိမ်ခြံမြေက အမြဲတမ်း အတက်ဖက်မှာပဲ ရှိနေတယ်” ဟု ပြောသည်။

ယခု ဇူလိုင်လဆန်းမှာပင် ၃၈ လမ်းနှင့် ၅၃ လမ်းရှိ မြေကွက်တကွက်ကို ကျပ် သိန်း ၈ သောင်းနီးပါးနှင့် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး တရုတ်လူမျိုးတဦးက ၀ယ်ယူခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ယူနန်မှာက မြေ၀ယ်ဖို့ မလွယ်ဘူး။ လူများတယ်၊ နေဖို့နေရာကောင်းကောင်း မရှိဘူး။ မန္တလေးနဲ့ ရန်ကုန်မှာတော့ မြေ၀ယ်လို့ရတယ်။ ဒီမှာ နေဖို့လည်း စဉ်းစားလို့ ၀ယ်တာ” ဟု မြန်မာအမျိုးသမီးကို လက်ထပ်ထားသော အသက် ၄၀ အရွယ် တရုတ်ကုန်သည်တဦးက ပြောပြသည်။

နယ်စပ်နှင့် ပြည်မကြီးမှ ၀င်လာသော တရုတ်များသည် မန္တလေးမြို့၏ စီးပွားရေးနယ်ပယ်အသီးသီးသို့ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လုပ်ကိုင်ကြကြောင်း မန္တလေးမှ ကျောက်ကုန်သည် ကိုမောင်မောင်က ပြောသည်။

“နယ်စပ်တရုတ်တွေက အကုန်လုပ်တယ်။ မြန်မာပြည်ပေါက် တရုတ်တွေက ပုံမှန်စီးပွားရေးလုပ်ငန်းတွေနဲ့ တက်လာကြတာ။ နယ်စပ်တရုတ်နဲ့ ယူနန်တရုတ်တွေကတော့ ကျောက်လည်း လုပ်တယ်၊ ရွှေလည်း တူးတယ်၊ ပဲလောကထဲလည်း ၀င်တယ်။ အိမ်ဆောက်ပစ္စည်း ဈေးကွက်ထဲမှာလည်း သူတို့ပဲ” ဟု ကိုမောင်မောင်က ဆိုသည်။

တရုတ်အချင်းချင်း စည်းလုံးကြခြင်း၊ စီးပွားရေး အကွက်မြင်ခြင်း၊ ဈေးကွက်ဝေစု မျှပေးတတ်ခြင်းတို့ကြောင့် မန္တလေးမြို့၏ စီးပွားရေးလုပ်ငန်းများတွင် အတက်မြန်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် တရုတ်က ကြီးပွားနိုင်မည့် စီးပွားရေးလုပ်ချိန်တွင် မြန်မာက မနက် လက်ဖက်ရည်ဆိုင်ထိုင်၍ အချိန်ဖြုန်းခဲ့ခြင်း၊ ဘောလုံးပွဲ လောင်းခြင်း၊ နှစ်လုံးသုံးလုံး ထိုးခြင်းဖြင့် ကျင်လည်နေကြကြောင်း ကိုမောင်မောင်က ဝေဖန်သည်။

၎င်းက ဆက်လက်၍ “မြန်မာထဲမှာ တကယ်ကြိုးစားပြီး တော်တဲ့သူတွေ ရှိပါတယ်။ ဥပမာ ရွှေလောကက အောင်သမာဓိ ကိုအောင်ဆန်းဝင်းတို့လို ကြိုးစားတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အများစုကတော့ မကြိုးစားဘူး၊ လုံ့လ မထုတ်ဘဲ အချိန်ဖြုန်းခဲ့ကြတယ်” ဟု ပြောသည်။

မန္တလေး စီးပွားရေးလုပ်ငန်းရှင်များက မိသားစုလုပ်ငန်းနှင့် မျိုးရိုးစဉ်ဆက် ကြွယ်ဝခဲ့သော လုပ်ငန်းရှင်များ ပေါများခဲ့ပြီး မိရိုးဖလာနည်းအတိုင်း လမ်းဟောင်းလိုက်ကြခြင်းကသာ များကြောင်း သိရသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း အလုံးအရင်းနှင့် ၀င်ရောက်လာသော တရုတ်များသည် မြန်မာ အစိုးရ အရာရှိများကို လာဘ်ပေးကာ နိုင်ငံသားမှတ်ပုံတင် ကတ်များ ရရှိပြီး အိုးအိမ်၊ ခြံ၊ မြေများ ၀ယ်ယူခွင့်ရခြင်းများကြောင့် မြန်မာနိုင်ငံသားများ၏ မကျေနပ်မှုများလည်း ကျယ်ပြန့်စေခဲ့သည်ဟု လေ့လာသူများက ပြောသည်။

“မုန်းတီးမှုဆိုတာ မကျေနပ်တဲ့မီးပွားလေး တခုကနေ ပေါက်ကွဲတတ်တယ်။ ယမ်းတွေက ရှိပြီးသား၊ မီးပွားလေးထိရင် အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ အနေအထားရှိပါတယ်။ ကျနော့်သဘောကတော့ လူမျိုးတမျိုးကို မုန်းတီးတာမျိုး ဆန့်ကျင်တာမျိုး မဖြစ်သင့်ဘူး။ အမှန် ဖြစ်နေတာက လူမျိုးတွေကြောင့် မဟုတ်ဘဲနဲ့ သူတို့ရဲ့နောက်ကွယ်က အစိုးရတွေကြောင့် ဖြစ်နေတယ်လို့ ထင်ပါတယ်” ဟု မန္တလေးမြို့ခံ သတင်းစာဆရာ ကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။

ဇူလိုင်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် မန္တလေး ကျောက်ဝိုင်း တရုတ်-မြန်မာ ရန်ပွဲကိစ္စတွင် လတ်တလောအကြောင်းရင်းမှာ ကျောက်ဝိုင်းပြဿနာ ဖြစ်သော်လည်း မုန်းတီးမှု၊ မကျေနပ်မှုများသည် ကာ လရှည်ကြာကတည်းက သန္ဓေတည်နေခဲ့ကြောင်း၊ မကျေနပ်မှုသည် အစိုင်အခဲသဖွယ် ဖြစ်နေပြီး အချိန်မရွေး ပြဿနာပေါ်နိုင်ကြောင်း ခန့်မှန်းသုံးသပ် ပြောဆိုနေကြသည်။

အဆိုပါခိုက်ရန်ဖြစ်ပွားမှုတွင် မြန်မာတာဝန်ရှိသူများက တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးခေါ်ဆောင် သွားသည်။ ပြဿနာစတင်ခဲ့သော တရုတ်နိုင်ငံသား ၆ ဦး ကို တစုံတရာ အရေးယူဖြေရှင်းမှု မရှိဘဲ တရုတ်နိုင်ငံသို့ နောက်တနေ့တွင် ပြန်ပို့ခဲ့သည်။ ဧရာဝတီမှ စုံစမ်းသိရှိချက်အရ ၄င်းတို့ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်သည်ဟု သိရသည်။

တရုတ်အစိုးရကသော်လည်းကောင်း၊ မြန်မာအစိုးရကသော်လည်းကောင်း မှန်ကန်သည့် ဖြေရှင်းမှုမျိုး မရှိခဲ့လျှင် ၁၉၆၇ ခုနှစ်က တရုတ်-မြန်မာလူမျိုးရေး အဓိကရုဏ်းထက် ပိုမိုဆိုးရွားနိုင်သည်ဟု လေ့လာသူများက သတိပေး ပြောကြားသည်။

“ပြဿနာကြီးမားသွားရင် အရင်ဖြစ်ဖူးတာထက် ပိုဆိုးသွားပြီး ကိုင်တွယ်ရခက်သွားနိုင်တယ်။ တရုတ်အစိုးရနဲ့ မြန်မာ ဆက်ဆံရေးပါ ထိခိုက်သွားနိုင်တယ်” ဟု ဆရာကျော်ရင်မြင့်က သုံးသပ်ပြသည်။

ကျယ်ပြန့်လာသည့် တရုတ်နှင့်ပတ်သက်သည့် မကျေနပ်မှုသည် မြန်မာနိုင်ငံသားများ၏ အကျိုးကို ငဲ့ညှာခြင်း မရှိဘဲ ဖိနှိပ်နေသည့် အစိုးရအပေါ် တရုတ်အစိုးရ၏ ရပ်တည်မှုကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုကို သတိရှိကြရန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။

“တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ကျနော်တို့ ဂရုစိုက်ရမယ်။ ဒါအရေးကြီးတယ်။ တရုတ်နိုင်ငံဟာ ကျနော်တို့ နိုင်ငံရဲ့ သဘာဝ အရင်းအမြစ်တွေကို ဖျက်ဆီးနေရုံတင်မကဘူး၊ အကြင်နာတရားမဲ့တဲ့ မြန်မာအစိုးရနဲ့ပေါင်းပြီး အစိုးရကိုပဲ ကျားကန် ရပ်တည်ပေးနေတာ၊ ကျနော်တို့ရဲ့ လူသားအရင်းအမြစ်ကိုပါ ဖျက်ဆီးနေတာကြောင့် ဒါ အဆိုးဆုံးဘဲ” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုစိုးထွန်းက ဧရာဝတီကို ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်မီး ပြန်လည် စတင်ခြင်းသည် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံသည့် ရေကာတာ စီမံကိန်းမှ အစပြုကာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို မြန်မာအစိုးရက အကာအကွယ်ပေးခြင်းမှ ဖြစ်ပြီး တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုကို ရှောင်လွှဲရန် မြန်မာအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းထဲ ပြန်ဝင်ရောက်မှသာ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။

ဒေါက်တာ သန်းထွဋ်အောင်က “လူမျိုးရေးမုန်းတီးမှုလည်း မပါဘူး။ ကိုယ်နိုင်ငံကို ကာကွယ်လိုတဲ့ ဆန္ဒ၊ ကိုယ့်နိုင်ငံကို အဓွန့်ရှည်လိုတဲ့ ဆန္ဒ၊ ကိုယ့် နိုင်ငံရဲ့ လွတ်လပ်ရေး တည့်တံ့ခိုင်မြဲလိုတဲ့ ဆန္ဒပဲရှိပါတယ်။ ဒီအန္တရာယ်ကို ကာကွယ်ဖို့အတွက် တခုတည်းသော လုပ်ဆောင်နိုင်တဲ့အရာဟာ ဒီနိုင်ငံရဲ့ ဆက်ဆံရေး ပျက်ပြားသွားတဲ့ မုန်းတီးစိတ် မဟုတ်ပါဘူး။ ကျနော်တို့ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲကို ပြန်လည်ဝင်ရောက်ဖို့ပဲဖြစ်ပါတယ်” ဟု Eleven Media Group ၏ မွေးနေ့အခမ်းအနားတွင် ထည့်သွင်းပြောခဲ့သည်။

ဧရာဝတီသတင်းထောက် လင်းသန့် ပူးပေါင်းရေးသားသည်။
http://www.irrawaddy.org/bur/index.php/articles/2-articles/6783-2011-07-06-11-45-28