Tuesday, July 12, 2011

သမိုင်းတွေကို ခဏလောက်မေ့ထားကြပါစို့



by Ye Thurein Min on Tuesday, July 12, 2011 at 7:33pm facebook
"ဒီတခေါက် ထောင်ဝင်စာ သွားတွေ့တဲ့အခါမှာ ထောင်ဝင်စာ မတွေ့ရဘူးလို့ ပြောတယ်။ ပြောတော့ သူ့အဖေက ထောင်ပိုင်ကြီးနဲ့ တွေ့ချင်တယ်လို့ ပြောပြီးတော့ သူ့အဖေ ထောင်ပိုင်ကို စောင့်နေတဲ့ အချိန်မှာ၊ နိုဘယ်လ် အသံနဲ့ မေမေကြီးရေ မေမေကြီးရေ ဆိုပြီးတော့ နှစ်ခွန်းထအော်တဲ့ အသံကို သူ့အဖေက ကြားလိုက်တယ်"

 မနိုဘယ်လ်အေးရဲ့အော်သံပါ သူ့မိဘတွေထောင်ဝင်စာသွားတွေ့တော့ ထောင်ထဲကသူ့သမီးရဲ့အော်သံကို ကြားလိုက်ပြီး ထောင်တခုလုံးလည်း တိတ်ဆိတ်သွားတယ်လို့ ဆိုပါတယ်။
ဒီလို သမီးတယောက်ရဲ့ အားကိုးတကြီး အော်ခေါ်သံကို ကြားတဲ့ ဖခင်တယောက်ရဲ့ ရင်ထဲ ဘယ်လို ခံစားရမလည်း စဉ်းစားကြည့်စရာတောင် မလိုပါဘူး။ မိသားစုတွေ ဘယ်လောက် သောကတွေရောက်နေကြမလဲ။ ဒီလိုမိသားစုတွေဟာ လယ်လောက်တောင်များလိုက်လေမလဲ၊ ကျွန်တော် တို့ မသိနိုင်တဲ့ ဒုက္ခတွေ ဘယ်လောက်တောင်များလိုက်မလဲ။

 အဖြစ်ကဒီလိုပါ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ မှာ မနိုဘယ်လ်အေးက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားမရှိဘူးဆိုတာကို  ကန့် ကွက်စာပို့ လိုက်တာလို့ ထာင်ဝင်စာ ပိတ်လိုက်ပြီး၊ ထောင်တွင်း တိုက်ပိတ်ပြစ်ဒဏ် ချထားတယ်လို့  ဒါကြောင့်  ဇူလိုင်လ ၇ ရက်နေ့က ဖခင်ဖြစ်သူ ထောင်ဝင်စာ သွားတွေ့တဲ့အခါမှာ ထောင်အာဏာပိုင်နဲ့  ထောက်လှမ်းရေးတွေက တွေ့ခွင့်မပေးတော့တာလို့ဆိုပါတယ်။

နိုင်ငံရေးအကျဉ်သား မရှိပါဘူးလို့ အခု အချိန်ထိပြောနေသေးတဲ့ သဘောက ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးမဲ့သဘောဆောင်နေပါတယ်။ ဒီလိုဗျာ နိုင်ငံရေးအကျဉ်းသားဆိုရင်လွှတ်ပေးမှာပေါ့ ၊ ခု ၂၀၀၀ ကျော်က နိုင်ငံရေးပုဒ်မနဲ့ ဖမ်းထားတာမဟုတ်လို့ လွှတ်မပေးဘူးပေါ့ ။

အခြားတဘက်မှာ ရှိတဲ့ လွတ်တော် ထဲမှာကော ဘာတွေဖြစ်နေလဲ သုံးသတ်ကြည့်ရအောင် အခု ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ လူငယ် အသိ ဖလှယ်ရေး အစီအစဉ်နဲ  ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ၁၀ ဦး ပါဝင်ပြီး ကျန်ပါတီတွေ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီနဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီတွေက ၂ ဦးစီ လိုက်ပါ သွားခဲ့ကြတယ်လို့ သိရပါတယ်။

အခုခရီးစဉ်အတွင်း NDF ပါတီ လူငယ်ကိုယ်စားလှယ် ၂ ဦးထဲက တစ်ဦးအဖြစ် စောစောပိုင်း တုန်းကတော့ ကိုမျိုးဇော် အောင်ကို ရွေးထားပြီးမှ ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်မပြုတဲ့အတွက် ခရမ်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ဝင်အရွေးခံခဲ့တဲ့ ကိုကျော်သူရကို အစားထိုး ပေးလိုက်ရတယ်။
ဘာကြောင့် ခွင့်မပြုတာလဲဆိုတာကို ပြည်ထဲရေးက အကြောင်းမပြဘူးလို့ NDF ပါတီ ဒုတိယ ဥက္ကဌ ဦးစိုးဝင်းက ပြောပါတယ်။

ဂျပန်နိုင်ငံကို လေ့လာရေးမလိုက်ရလို့ ကြေးတန်းထိုးတဲ့ လေသံနဲ့ မလိုက်ရတဲ့ အကြောင်းပြောနေတာပါ။

လွတ်တော်ကိုလေ့လာတယ်ဆိုတာ အခြားတိုင်းပြည်မှာတော့ ကျောင်းသားလေးတွေ လုပ်တဲ့ အလုပ်ပါ၊ လေ့လာရေး ခရီးထွက်တဲ့ နေရာတနေရာပေါ့။ အထူးသဖြင့် ဥပဒေကျောင်းသားတွေဆို အကြိမ်ကြိမ် ရောက်ဘူးတဲ့နေရာပေါ့။ သူတို့ကိုယ် သူတို့ တတ်သိနားလည်တယ်ထင်လို့ အမတ်ဝင်ရွေးပြီး ၀န်ကြီး မလုပ်ရလို့ ဒုသမ္မတနေရာဆိုတာ အဝေးကြီးရောက်နေတော့ မီဒီယာမှာ ဖွပါတယ်။
စေတနာလို့ မထင်လိုက်ပါနဲ့။ အဲ့ဒီ မီဒီယာမှာ ဖွနေတဲ့ အမတ်တွေ ဦးမြင့်လို နေရာ တနေရာလောက်ပေးလိုက်ပါ။ ဘာသံမှ မထွက်ပဲ ပါးစပ်တွေပိတ်ကုန်ပါလိမ့်မယ်။ နိုင်ငံအရေးဆောင်ရွက် နိုင်ငံတော် အုပ်ချုပ်ပါမယ်ဆိုသူတွေက ခုမှ အခြားနိုင်ငံက လွတ်တော်တွေကို လေ့လာနေတုန်း ၊ ပထမငါးနှစ်စီမံကိန်းကို လွတ်တော် လေ့လာခြင်းနဲ့ပဲ ပီးဆုံးစေမယ်ထင်ပါတယ်။

လွတ်တော်ကလည်း တိုင်းပြည်ရေးရာတွေ ငြင်းခုန် ဆွေးနွေးခြင်းလည်းမရှိ ၊ ပွင့်လင်းမြင်သာမှုအပိုင်းမှာရော - နိုင်ငံတကာမှာ လွတ်တော်တွင်း ဆွေးနွေးမှုတွေကို တီဗွီက တိုက်ရိုက်ထုတ်လွင့် ပြသနေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ ခွင့်မပြုရင် မီဒီယာမှာတောင် ပြောခွင့်မရှိလို့ အမိန့်ထုတ်ထားတဲ့ အထိပါပဲ။ လွတ်တော်တွင်းဝင် သတင်းယူဖို့ဆိုတာ အဝေးကြီးပါ။

  ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ အမတ်ဆိုသူတွေရှိပါတယ်။ ဥပဒေကို သူတို့ဘာသာ လက်ဝါးရိုက်ထုတ်ပါတယ်။ အခြေံခံဥပဒေကို မဲခိုးပြီး အတင်းအဓမ္မ မဲယူပြီး အတည်ပြုပါတယ်။ ဘာလုပ်လုပ် လွတ်တောတ် ဥက္ကဌ ဆိုသူကသော်လည်းကောင်း၊ အမတ်ဆိုကသော် လည်းကောင်း ၊ စင်မြင့်ရှေ.ထွက်ပါတယ် စာရွက်ကိုင်ပြီး ကြိုတင်ရေးထားတဲ့ အကြောင်းအရာတွေကို ကန့်ကွက်သူမရှိ ဖတ်ကြားပါတော့တယ်။ ပြီးရင် အတည်ပြုလိုက်တော့တာပါပဲ။ ဒါဟာ ဒီမိုကရေစီမဟုတ်ပါဘူး သက်ဦးဆံပိုင် စံနစ်ဆီကို ပြန်သွားနေပါတယ်။ ဗဟိုကအုပ်ချုပ်တဲ့ တပါတီ စံနစ်ပါပဲ ။ သိန်းစိန်တယောက်ထဲက ဆုံးဖြတ် အုပ်ချုပ်နေတာ ဘယ်လိုလုပ် ဒီမီုကရေစီကို သွားနေပါတယ် ဆိုတာ နားမလည်နိုင်အောင်ပါပဲ။

လွတ်တော်ဆိုတာ အကြောင်းအရာတခုကို မဲခွဲဆုံးဖြတ်ခြင်းမပြုခင် ထိုအကြောင်းအရာနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးရမယ်။ ဒါကို မကြေလယ်တဲ့သူက ပြန်ပြီးမေးခွန်းမေးမယ် ကောင်တာမေးခွန်းမေးမယ်။ တင်ပြတဲ့ ပါတီမှ ပြန်လည်ချေပ ဖြေရှင်းရမယ်။ ငြင်းခုံရမယ်။
Debate လုပ်တာပါ ။ Debate ဆိုတဲ့ စကားလုံရဲ့ အဓိပ္ပါယ်က ရန်လိုခြင်းမဟုတ်သော ငြင်းခုံဆွေးနွေးပွဲလို့ အဓိပ္ပါယ်ရပါတယ်။

ဥပဒေတခု ၊ မူတခုကို မဲမခွဲခင် ပြည်သူတွေ ၊ အစိုးရပိုင်းဆိုင်ရာ အမတ်တွေ နားလည်အောင် ၊ ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးမှုတွေ လုပ်ရပါတယ်။ အားလုံးပါဝင်နိုင်မှုရှိရပါမယ်။ မြန်မာနိုင်ငံမှာတော့ ဒီအချက်အလက်တွေ တခုမှ မကျင့်သုံးပါဘူး ။ ပါလီမန်ဆိုပေမဲ့ ဖွဲ.စည်းပုံ လုံးဝမရှိသလို ပြောချင်ရာပြော လုပ်ချင်ရာလုပ်နေကြပါတယ်။

ပါလီမန်ဟာ သက်တမ်းနုခြင်း သက်တမ်းရင့်ခြင်းနဲ့ မသက်ဆိုင်ပါဘူး။ ခုလည်း ရှက်စရာကောင်းလောက်အောင် လွတ်တော်ဥက္ကဌက ရုရှားပါလီမန်ကို သွားရောက်လေ့လာတယ်လို့ဆိုပါတယ်။ ဒီမိုကရေစီ ချီတက်နေပါတယ်လို့ ကြွေးကြော်ပြီး အခိုက်အခံအားလုံးကို နိပ်ကွပ် ထောင်ချ ပြည်တွင်းမှာ မနေနိုင်အောင် နည်းမျိုးစုံနဲ့ ခြောက်လှန့် နေဆဲပါ။ နိုင်ငံတကာရဲ့ ပါလီမန်ဆွေးနွေးမှုတွေကို တီဗွီတွေကနေ လေ့လာနိုင်ပါတယ်။ ဒါကိုမှ အစဉ်အလာမရှိတဲ့ ဂုဏ်သိက္ခါမရှိတဲ့ ရုရှားပါလီမန်ကိုမှ သွားလေ့လာတယ်ဆိုတော့ ယုတ္တိမရှိပါဘူး၊ ရုရှားပါလီမန်မှာကို ဖြုတ်ထုတ်သတ်တွေ မတရား ဖမ်းဆီးမှုတွေရှိပါတယ်။

စစ်ဝတ်စုံကနေ အရပ်ဝတ်သာပြောင်းသွားပေမဲ့ နေ၀င်းချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း တသဝေမတိမ်း ကျင့်သုံးနေကြဆဲပါ။ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် ဒီစစ်အာဏာရှင် အုပ်စုကို တိုက်ထုတ်မှ ရပါမယ်။ ရွေးစရာလမ်းမရှိပါဘူး။

အခြားနိုင်ငံတွေမှာ ထုတ်ကုန် မျိုးဆက်တွေ(ဥပမာ ၊ကွန်ပြူတာ ၊ မိုဘိုင်း ၊ ကား) တရိပ်ရိပ် မြင့်တက်နေချိန်မှာ ကျွန်တော်တို့နိုင်ငံကတော့ ၊ ဘုံရန်သူကို မတိုက်ဘဲ အချင်းချင်းတိုက်နေကြဆဲ။ မြန်မာဖောင့်လေးလောက်ရေးတာကိုပင် သူပိုင်တယ်ငါပိုင်တယ် ငြင်းခုံနေရဆဲပါ။

တခြားနိုင်ငံတွေ အချိန်နဲ့ အမျှတိုးတက်နေချိန်မှာ ကျွန်တော်တို့ဟာ အဆင်းရဲဆုံးနိုင်ငံတွေ စာရင်းထဲ ရာစုနှစ်ဝက်ကျော် ပါဝင်နေဆဲ။ ဒီလိုအချိန်မှာ စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ရင်တောင်မှ အခြားနိုင်ငံတွေရဲ့ တိုးတက်မှုကို မှီဖို့ နှစ်ပေါင်း ၃၀ လောက် ကြိုးစားရပါအုန်းမယ်။ အချိန်နဲ့ တိုးတက်မှုဟာ ရပ်တန့်နေခြင်းမရှိ စီးဆင်းနေခြင်းသဘောကြောင့် နောက်ထပ် အနှစ် ၃၀ ကြိုးစားလို့ အခြားနိုင်ငံတွေရဲ့ အခုအခြေအနေကို လိုက်မှီတယ်ဆိုရင်တောင် ထိုနိုင်ငံများသည် ထိုအချိန်တွင်(နောင်နှစ် ၃၀ အကြာတွင်) မည်မျှ ထပ်မံတိုးတက်နေမည်လဲ ဆိုတာ မတွေးရဲစရာပါ။

အစစအရာရာ နိမ့်ပါးနေတဲ့ နိုင်ငံအတွက် တွေးခေါ်မှုတွေလိုအပ်နေပါပီ။ စိမ်ခေါ်မှုတွေကို ထိပ်တိုက်ရင်ဆိုင်သင့်ပါပီ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေဟာ ကျွန်တော်တို့ ခံစားခဲ့ရသလို မုချ ခံစားရမဲ့ အနေအထားတွေ မြင်နေရပါတယ်။

သမိုင်းတွေကို ခဏလောက်မေ့ထားပြီး တကယ်တိုက်ထုတ်ရမဲ့ စစ်အစိုးရကို အပြီးသတ်ချေမှုန်းဖို့ နည်းလမ်းတွေရှာဖွေ သင့်ပါပီ။


ရဲသူရိန်မင်း
13.07.2011
GMT 00:25

တိရစ္ဆာန်ရုံကို မသွားချင်တော့ဘူး။


နိဒါန်း။ ။



ကျွန်တော်၏ ကိုယ်တွေ့ခံစားချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြီး “I Do not Want to Go to a Zoo Any More” ခေါင်းစဉ်ဖြင့် အမေရိကန်နိုင်ငံထုတ် “Yellow Medicine Review” A Journal of Indigenous Literature, Art, and Thought စာစဉ်၏ (Spring) နွေဦးရာသီ ၂၀၀၈ ခုနှစ်တွင် ဖေါ်ပြခဲ့ပါသည်။ အင်္ဂလိပ်ဘာသာဖြစ်သဖြင့် မြန်မာပရိသတ်များကြားတွင် လူသိနည်းခဲ့ပါသည်။ ထို့ကြောင့် ၎င်း ကိုယ်တွေ့ဖြစ်စဉ် ဆောင်းပါးကို မြန်မာလို ဘာသာပြန်၍ ပိုမို ပြည့်စုံစေရန် အသေးစိတ် အဖြစ် အပျက် အချို့ကိုပါဖြည့်စွက်ကာ ဒေါင်းအိုးဝေ စာစောင် အတွက်ရေးသားလိုက်သော် လည်းစာစောင်လိုအပ် ချက် ထက်နှစ်ဆမက ပိုသွား သည့်အတွက် အင်တာနက်မှဖြန့်ရန်ဆုံးဖြတ်လိုက်ပါသည်။ ယ္ခုဆောင်းပါး ထက် ပိုမိုပြည့်စုံသော ကိုယ်တွေ့မှတ်တမ်း ကို ဇွန်လအရေးအခင်းတွေ ဆက်လက် ရေးသားပါမည်။ ကျွန်တော်တို့ အတွေ့အကြုံများကို နောင် လာနောင်သားများ အတုယူ၍ တိုင်းပြည် အကျိုး ဆထက်တံပိုး ကျိုးစားလုပ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့လျှင် ကြိုးစား ရေးရကျိုးနပ်ပါသည်။

လေးစားလျက်

ထွန်းအောင်ကျော်

ဇူလိုင်လ (၇) ရက် ၂၀၁၁ ခုနှစ်။



တိရ စ္ဆာန်ရုံကို မသွားချင်တော့ဘူး။


ကျွန်တော် ၇ နှစ်သားလောက်တုံးက ကျွန်တော့်မိဘတွေကို အတော့်ကို တုံးတာဘဲဟု ထင်ခဲ့မိပါသည်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ငွေအမြောက်အမြား ရှိသော်လည်း ဘယ်လို အကျိုးရှိရှိ သုံးစွဲရမယ် ဆိုတာကို မသိကြလို့ပါဘဲ။ ကျွန်တော် ငှက်ပျောသီး အလွန်ကြိုက်ပါသည်။ ထို့အတူ တိရစ္ဆာန်ရုံကို သွားရခြင်းကိုလည်း အလွန်နှစ်သက်မိပါသည်။ တိရစ္ဆာန်ရုံထဲမှာ မျောက်တွေ၊ ခြင်္သေ့တွေ၊ ဆင်တွေ၊ ကျားတွေ၊ ကြက်တူရွေးတွေစတဲ့ အကောင်ပေါင်းများစွာရဲ့ ပုံသဏ္ဍာန် အရွယ်အစား၊ အရောင်အသွေး မျိုးစုံတို့ကို ကြည့်ရှုရတာ အင်မတန်ကို ပျော်စရာ ကောင်းလှပါသည်။

သို့ရာတွင် ကျွန်တော့်မိဘတွေက ကျွန်တော့်ကို တနေ့ငှက်ပျောသီး ၂ လုံးဘဲ စားခွင့်ပေးပါသည်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကိုလည်း တလမှ တခါလောက်သာ သွားရောက်ကြည့်ရှုခွင့် ပြုခဲ့ပါသည်။ ကျွန်တော့် အတွက်တော့ ကျေနပ်မှု မရှိပါ။ ကျွန်တော့်ကိုယ် ကျွန်တော် တိုင်တည်ပြီး “တနေ့ ငါကြီးပြင်းလာတဲ့အခါ ငှက်ပျောသီးတွေ ကြိုက်သလောက် အဝစားပစ်မယ်၊ တိရစ္ဆာန်ရုံကိုလဲ နေ့တိုင်း သွားလည်မယ်” ဟု ကြုံးဝါးခဲ့ဖူးပါသည်။

အချိန်တွေ တရွေ့ရွေ့ ကုန်လွန်လာခဲ့ပါသည်၊ ကျွန်တော်လည်း ကျွန်တော်တို့နိုင်ငံ စစ်ကျွန်ဘဝ ရောက်နေတာ မကြည့်ရက်လို့ မှားယွင်းနေတာတွေကို ပြင်ဘို့ ကြိုးစားရင်း လူ့အခွင့်အရေး ရရှိရေး ကြိုးပမ်းသူတဦး ဖြစ်လာခဲ့ပါသည်။ ကျွန်တော်တို့ နိုင်ငံဟာ ၁၉၆၂ ခုနှစ်မှ စပြီး စစ်အုပ်ချုပ်ရေးအောက် ကျရောက်ခဲ့ရပါသည်။ ကျွန်တော်တို့ နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ စီးပွားရှာဖွေခွင့်တွေ မရှိပါဘူး။

မြန်မာပြည်သူ ၅၅ သန်းကျော်အတွက် သတင်းစာ (၄) စောင်ဘဲ ရှိပါသည်။ ၎င်းသတင်းစာ များကိုလည်း စစ်အစိုးရက ဦးစီးထုတ်ဝေပြီး ၎င်းတို့ရဲ့ ဝါဒဖြန့်ချိရေး လက်နက်သက်သက် အဖြစ်သာ အသုံးချနေခဲ့ပါသည်။ ပြန်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုထက် လက်တဆုတ်စာ လူတစု၏ အကျိုးစီးပွား အတွက်သာ ဦးတည်ထားခဲ့ခြင်းပင် ဖြစ်သည်။

အစိုးရလုပ်သမျှ အားလုံး မှန်ပါသည် ခင်ဗျား ဆိုသည့် ဆောင်ပုဒ်ကို အစိုးရပိုင် သတင်းစာများက ခိုင်ခိုင်မြဲမြဲ ကိုင်စွဲထားခဲ့သည့် ခေတ်ပင်ဖြစ်သည်။

ကျွန်တော်သည် ဦးသန့်အရေးအခင်းတွင် ဦးဆောင်ဦးရွက် ပြုသူများထဲမှ တဦးဖြစ်ပါသည်။ ဦးသန့် သည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ရသည့် တဦးတည်းသော မြန်မာ အမျိုးသားကြီး ဖြစ်ပါသည်။ ထို့အတွက် ကျွန်တော်တို့ ကျောင်းသားများမှ သူ့အောင်မြင်မှုကို မြန်မာ ကျောင်းသားများအနေနှင့် ဂုဏ်ယူခဲ့ကြပါသည်။

ဦးသန့်မှာ ကင်ဆာရောဂါစွဲကပ်ပြီး နယူးယောက်မြို့ရှိ ဆေးရုံတရုံတွင် ၁၉၇၄ ခုနှစ် ကုန်ခါနီးတွင် ကွယ်လွန်ခဲ့ပါသည်။ သူ့ဆန္ဒအရ သူ့အလောင်းကို တာဝန်ရှိသူများနှင့် သူ့မိသားစုတို့မှ မြန်မာပြည်တွင် မြှုပ်နှံရန် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ယူဆောင်လာခဲ့ကြပါသည်။

သို့ရာတွင် မဆလ အစိုးရမှ သူ့အလောင်းကို နိုင်ငံတော်ဈာပနအဖြစ် ပြုလုပ်မပေးဘဲ လျစ်လျူရှု ခဲ့သည့် အတွက် မြန်မာနိုင်ငံသားများ အထူးသဖြင့် ကျောင်းသားလူငယ်များအတွက် အလွန်ခံပြင်း ဒေါသထွက်စရာ အခြေအနေမျိုး ဖန်တီးစေခဲ့ပါသည်။ ပြည်သူများအနေနှင့် အစိုးရ၏ ဂုဏ်ပြု ထိုက်သူကို ဂုဏ်ပြုရန် ပျက်ကွက်မှုအတွက် မကျေနပ်ကြသော်လည်း ဘယ်လိုတုံ့ပြန်ရမှန်း မသိကြချေ။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားများဖြစ်သော ကျွန်ုပ်တို့က ဦးသန့်အလောင်းကို လုယူ၍ တက္ကသိုလ်ဝင်းထဲသို့ သယ်ဆောင်သွားခဲ့ကြပါသည်။ ထိုနေ့သည် ဒီဇင်ဘာလ ၅ ရက်နေ့ ဖြစ်သည်။

တက္ကသိုလ်ဝင်းထဲတွင် ကျောင်းသားများ ဆန္ဒပြပွဲကြီးကို ၅ ရက်အကြာ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၄ နာရီ အချိန်တွင် ဖြိုခွဲ၍ အလောင်းထည့်ထားသည့် အခေါင်းကြီးကို ကရိန်းကားကြီးဖြင့် အင်းယားလမ်း အတိုင်း သယ်ယူသွားခဲ့ပြီး ကန်တော်မင် ပန်းခြံတွင် အစိုးရမှ ကြီးကြပ်၍ မြှုပ်နှံခဲ့ပါသည်။

ကျွန်တော်နှင့် သူငယ်ချင်း တင်မောင်ဦးတို့ အစိုးရမှ အကြမ်းဖက် ဝင်ရောက်သိမ်းပိုက်ခြင်း မပြုမီ ကျောင်းဝင်းထဲမှ တိတ်တဆိတ် ထွက်ခွာခဲ့ကြပါသည်။ ပထမတွင် ရဲဘော်များကို ထားခဲ့ပြီး ထွက်သွားခြင်းထက် အတူတူ အဖမ်းခံခြင်းကိုသာ ရွေးချယ်ကြောင်း ပြောပြငြင်းဆိုခဲ့သောအခါ ကိုတင်မောင်ဦးက သူ့အတွေ့အကြံအရ အဖမ်းခံရပါက ရဲဘော်များကို ကူညီရန် တတ်နိုင်တော့မည် မဟုတ်သည့်အပြင် ကိုယ့်ကိုယ်နှင့် သူ့စိတ်ထောင်ထဲတွင် ဘဝသေနေမည်သာဖြစ်သည်။ ဝါဒါတွေ ခိုင်းသလို နေ၊ စေသလို သွားရမည့်ဘဝ။ လူအဆင့်မှ လျှောကျ၍ ကျွန်ဘဝသို့ ရောက်သွားမည်ဟု ဖြောင်းဖျပြောဆို ရှင်းလင်းပြသည့်အတွက် သူရှင်းပြချက်သည် လွန်စွာမှ အဓိပ္ပါယ်ရှိသဖြင့် အဖမ်း မခံဘဲ ကျန်ရစ်သူများ အဖမ်းခံရသည့်အခါ ၎င်းတို့ လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်ကြရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်ဝင်း မလွယ်ပေါက်မှ နှစ်ဦးသား သဘက်များ ခေါင်းပေါင်း၍ ထွက်လာခဲ့ကြပါတော့သည်။

ဒုတိယအကြိမ်တိုက်ခြင်းနှင့်ငရဲကျခြင်း။

နောင် ၆ လ ကြာသောအခါ ကျွန်တော်တို့တတွေ ဇွန်အရေးအခင်းကြီးကို ဖန်တီးပြီး အစိုးရ ဆန့်ကျင် ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြပြန်ပါသည်။ ဇွန်အရေးအခင်းကြီးသည် အလုပ်သမား ဆန္ဒပြမှု နှစ်ပတ် လည်နေ့နှင့် တိုက်ဆိုင်နေခဲ့ပါသည်။ ဂျွန်အရေးအခင်းဖြစ်ပြီးနောက် ကိုတင်မောင်ဦး ကို လက်ဝဲစွန်း တဖြစ်လဲ ကျောင်းသားပြည်ပြေး တင်မောင်ဦး အဖြစ် ဓါတ်ပုံနှင့်တကွ ဖေါ်ပြပြီး သတင်းစာများတွင် ဝရမ်းထုတ် အလိုရှိကြောင်း ကြေငြာခဲ့သော်လည်း ကိုတင်မောင်ဦး မြေလျှိုး ပျောက်ကွယ် သွားခဲ့ပါသည်။

ဇွန်အရေးအခင်း ဖြစ်ပြီး နောင် ၂ လအကြာ စစ်ထောက်လှမ်းရေးမှ ကျွန်တော့်အား နေအိမ်သို့ ပြန်လာ ခိုက် ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။ ကျွန်တော့်အား ထောက်လှမ်းရေးဗိုလ်ကြီး မောင်မောင်သွင်က စစ်ဆေးပါသည်။ ဗိုလ်ကြီး မောင်မောင်သွင်က ကျွန်တော်နှင့် ၎င်းသည် ပညာတတ်များဖြစ်ကြောင်း ထို့ကြောင့် သူနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အသားအနာမခံဘဲ သူသိလိုသမျှကို ထုတ်ဖေါ် ပြောဆိုရန် ဖျောင်းဖျပါသည်။ သူက-

“တပ်ကြပ်ကြီးတွေ တပ်သားတွေဟာ ပညာမရှိဘူးကွ။ သူတို့သိတာက လူတွေကို ရိုက်နှက် နှိပ်စက်ဖို့လောက်ဘဲ သိတယ်။ ငါ့ညီ မင်းပညာတတ်ဘဲ မင်းလုပ်သမျှ ဝန်ခံပြီး ဘယ်သူတွေ ပါဝင်တယ် ဆိုတာကို ထုတ်ပြောလိုက်ရင် အသားမနာဘဲ မင်းသက်သာလိမ့်မယ်” ဟု စည်းရုံး ဖျောင်းဖျပါသည်။

“မင်းအနေနဲ့ သက်သာတဲ့နည်းကို လိုက်မလား၊ အသားနာတဲ့နည်းကို လိုက်မလားရွေးပေါ့” ဟု ဆိုသည်။

"မင်းဘယ်လို အတွေးအခေါ် ရှိသလဲ၊ ဘယ်စံနစ်ကို ကြိုက်သလဲ? မင်းတို့ခေါင်းဆောင် ဘယ်သူလဲ? တင်မောင်ဦးနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ခဲ့သလဲ? လက်နက်ရှိသလား? ဘယ်မှာထားသလဲ?” စသည်ဖြင့် မေးသမျှ ကျွန်တော်က ဘူးခံခဲ့ပါသည်။

ကျွန်တော်က အသားအနာခံသည့် နည်းကို ရွေးချယ်လိုက်ပါသည်။ ကျွန်တော့်မှာ ရွေးစရာ ဒီ တလမ်းဘဲ ရှိပါသည်။ အကယ်၍ မိမိလုပ်ဖေါ်ကိုင်ဖက် ရဲဘော်များကို ထုတ်ပြောလိုက်ပါက မီးခိုး ကြွက်လျှောက် တပြုံလုံး ပါလာမည်ဖြစ်သလို၊ ကျွန်တော်တို့ အုပ်စု၏ လုပ်ရပ်များလည်း ရပ်ဆိုင်း သွားမည် ဖြစ်သဖြင့် စိတ်ဒုံးဒုံးချပြီး ဘူးခံခဲ့ပါသည်။ သူတို့ကျွန်တော့်ကို နှိပ်စက်ညှင်းပမ်းမည်ကို မသိ မဟုတ်၊ သိပါသည်။ သို့ရာတွင် ကျွန်တော်တို့၏ တော်လှန်ရေးကို မရပ်တန့်စေလိုသလို ကျွန်တော့် ရဲဘော်များကိုလည်း နှိပ်စက်ညှင်းပမ်းမှု မခံစေလိုပါ။ ကျွန်တော် နှိပ်စက်သမျှကို လည်စင်းခံရန် အတွက် ခိုင်မာစွာ ဆုံးဖြတ်ပြီး သူတို့နှင့် ပူးပေါင်းရန် ငြင်းဆိုခဲ့ပါသည်။

နောက်ဆုံး ချောက်တလှည့် ချော့တလှည့်လုပ်၍ မရသည့်အဆုံး ဗိုလ်ကြီးများက သူတို့၏ လက်အောက်ခံ အာဏာပါးကွက်သားများလက်သို့ ကျွန်တော့်အား အပ်နှံလိုက်ပါသည်။ အခန်းတွင်း သို့ ဝင်လာသူမှာ အရပ် ၆ ပေကျော်မြင့်ပြီး ခန္ဓာကိုယ် တုတ်ခိုင်ကြီးမားသူဖြစ်သည်။ သူက ကျွန်တော့် ကို ကြည့်ပြီး မာန်ဖီလိုက်ပါသည်။ ကျွန်တော်က သူ့ကို ပြုံးပြလိုက်သည်။ ကြည့်ရသည်မှာ ကျွန်တော် က သူ့ကို ပြုံးပြလိုက်ဖြင့် အံ့သြသွားပုံရပါသည်။ ထီမထင်ဟန်ဖြင့် သူ့ကို ပြုံးပြလိုက်သော်လည်း ကျွန်တော့် နှလုံးခုန်နှုန်းက မြန်နေပါသည်။ ကျွန်တော်စိတ်လှုပ်ရှားနေသည်မှာ အမှန်ဖြစ်သည်။

သူက ကျွန်တော့်သူငယ်ချင်းများ ဘယ်သူဖြစ်သနည်းဟု ထုတ်ဖေါ် မပြောဆိုပါက သူလက်တဘက် တည်းနှင့် ကျွန်တော့်လည်ပင်းကို ချိုးပစ်မည်ဟု ခြိမ်းခြောက်ပါသည်။

ကျွန်တော်က ကျွန်တော့်အနေဖြင့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော်လည်း တဦးတည်း အနေနှင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။ အပေါင်းအသင်းမရှိဘဲ မိမိသဘောနှင့်သာ ပါဝင်ခဲ့ကြောင်း ပြောလိုက် ပါသည်။ ရုတ်တရက် သူက ကျွန်တော့် မျက်နှာကို ဖြတ်ရိုက်လိုက်သည့်အခါ ကျွန်တော် ဘယ်လက်က အလိုအလျောက် ဝင်လာသော လက်ကို ပုတ်ထုတ်ပြီး ဖြစ်သလို ညာလက်က အသင့်ထိုးရန် ရွယ်ပြီး ဖြစ်သွားပါသည်။ သူအံ့သြသွားပုံရပါသည်။

“မင်းသိုင်းတတ်လား” ဟု မေးပါသည်။

“ကျွန်တော် မတတ်ပါဘူး” ဟု လိမ်ပြီး ပြောလိုက်ပါသည်။ ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝတွင် ဆရာဦးလှသိန်းထံတွင် သိုင်းဗြောင်းပြန်သင်ဘူးပါသည်။ ပယ်ခုတ်ထိုးကို စနစ်တကျ လေ့ကျင့်ဖူး ပါသည်။ သူထွက်သွားပြီး လူနှစ်ယောက်ကို ထပ်ခေါ်လာခဲ့ပါသည်။ ၎င်းနောက် ကျွန်တော့် လက်နှစ်ဖက်ကို ပူးချည်ပြီး ကြိုးဖြင့် ထုတ်တန်းတွင် ဆွဲပြီး လက်နှစ်ဖက်ကို အစွမ်းကုန်မြှင့်ပြီး မတ်တပ်ရပ်ပုံစံ ချည်ထားခဲ့ပါသည်။

သူက ဝါးကျစ်တလုံးကို ယူလာခဲ့ပြီး ကျွန်တော့် တင်ပါးကို အစွမ်းကုန် လွှဲ၍ ရိုက်ပါသည်။ ရိုက်ချက် များက တင်ပါးတလျှောက် ဆက်တိုက်ကျရောက်လာခဲ့ပြီး မညဉ်းညူမိစေရန် အံတင်းတင်း ကြိတ်ထား ခဲ့ရသည်။ နာကျင်ကိုက်ခဲမှုက တကိုယ်လုံး ပျံ့နှံ့နေခဲ့ပါသည်။ နာကျင်မှုနှင့်အတူ ဒေါသကလည်း လှိမ့်ထွက်လာသည့်အတွက် ရိုက်တိုင်းပြန်ဆဲမိသည်အထိ ဖြစ်ခဲ့ပါသည်။ ဆဲသည့်အခါ ပါးကို ဘယ်ပြန် ညာပြန်ရိုက်သည့်အခါ ရိုက်ပါသည်။ မျက်နှာကို လက်သီးနှင့် မထိုးသည့်အတွက် ထူးဆန်းသလို ရှိပါသည်။ (အသေးစိတ်ကို ဇွန်အရေးအခင်းတွင် ရေးပါမည်။) ည ၉ နာရီခန့်မှ စ၍ ရိုက်လိုက်သည်မှာ လူသာလဲသွားသည်။ တုတ်မလဲခဲ့ပါ။ ပထမ စစချင်း နာကျင်ကိုက်ခဲမှု ဝေဒနာမှာ ကြာလာသည့်အခါ ထုံကျင်မှုအဖြစ် ပြောင်းလာခဲ့ပြီး ထိုမှတဖန် ပျို့ချင် အန်ချင်သည်အထိ ဖြစ်လာခဲ့ပါသည်။ လူလဲ ရိုက်နှက်သူများ ချွေးစို့ရွှဲလာခဲ့ပြီး ကျွန်တော်လည်း ရိုက်ချက်တိုင်း တင်ပါးပေါ်ကျသည့်အခါ တုန်ခါသွားသည်ကလွဲ၍ အသံသိပ်မထွက်နိုင်တော့ပါ။ ဗိုလ်ကြီးများက တလှည့်စီ အနုနည်းဖြင့် အကြမ်းဖက်သမားများ ထွက်သွားတိုင်း ဝင်လာတတ်ပြီး “ညီလေး မင်းသိပ်ခေါင်းမာတယ်။ စိတ်ကို လျှော့လိုက်၊ မင်းအသက်က သူတို့ထက် အများကြီး တန်ဖိုးရှိတယ်။ ဘယ်သူတွေ ပါတယ်ဆိုတာ ဖွင့်ပြောလိုက်။ တယောက်ပြောရင်ရပြီ။ မင်းကို ဆက်မရိုက်စေရဘူး။ မင်းတို့လို ပညာတတ်တွေ အသက်မဆုံးရှုံးစေချင်ဘူး” ဟု ဖျောင်းဖျတတ်သည်။ ကျွန်တော်က ငြင်းဆိုမြဲ ငြင်းဆိုနေခဲ့သည့် အတွက် ဝါးရင်းတုတ်ကလဲ ကျွန်တော့်တင်ပါးပေါ်ကျမြဲတိုင်း ကျနေခဲ့ပါသည်။ နံနက် ၂ နာရီခန့်တွင် ကျွန်တော့်ကို ရိုက်နေသော ဝါးရင်းတုတ် အကျစ်ကြီး အနည်းငယ်ကွဲထွက်သွားပါသည်။ ထိုအချိန်တွင် ၆ ပေကျော် လူကြီးက ဝင်လာပြီး ဝါးရင်းတုတ်ကွဲသွားသည့် ဖက်ကို လက်မှ ကိုင်ရင်း မကွဲသည့်ဖက်ကို အဖျားတွင် ပြောင်းကိုင်၍ အချိန်ယူပြီး တအားလွဲရိုက်ထည့်လိုက်သည့်အခါ ကျွန်တော့်နားတွင်းမှ လေထွက်သံ ရွှီးခနဲ ကြားလိုက်ရပြီး လောကကြီး တခုလုံး မှောင်မိုက်သွားခဲ့ပါသည်။

ကျွန်တော်သတိရလာသည့်အခါ အဝါရင့်ရောင် လွင်ပြင်ကြီးကို မြင်နေရပါသည်။ တဖြည်းဖြည်း အဝါရောင် လွင်ပြင်ကြီးတွင် အမဲရောင်ကောက်ကြောင်းများ ရေးရေးပေါ်လာခဲ့ပါသည်။ အခန်းတွင်းရှိ ကုလားထိုင်များ၊ စားပွဲများ၏ ကောက်ကြောင်းများပင်ဖြစ်သည်။ ကျွန်တော်သည် ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ပန်းချီသင်တန်း တက်ခဲ့ဖူးသဖြင့် (Out line) ကောက်ကြောင်း အကြောင်း ကောင်းကောင်း သိပါသည်။

ထိုကြောင့် နာကျင်မှုကိုမေ့ပြီး အဝါရောင်လွင်ပြင်တွင် ပေါ်လာသော ကောက်ကြောင်းများကိုကြည့်ပြီး “အော် Out line လေးတွေဘဲ” ဟု ပြုံးပြီး ကြည့်နေမိပါသည်။ ထိုအခါတယောက်က “အောင်မာ ခွေးမသား ဒီကောင်က ပြုံးတောင်နေသေးတယ်” ဆိုတဲ့အသံနဲ့အတူ ဝှီးခနဲ မြည်သံကြားရပြီး အမှောင်တိုက်ထဲသို့ နစ်မျောကျရောက်သွားခဲ့ပြန်ပါသည်။

ကျွန်တော် သတိပြန်ရလာသောအခါ ကျွန်တော့်ခန္ဓာကိုယ်သည် ကြမ်းပြင်တွင် လဲလျောင်းနေပြီး ခေါင်းတခုလုံး စိုရွှဲနေပါသည်။ ခန္ဓာကိုယ် အောက်ပိုင်းတခုလုံး ထုံကြင်နေပြီး အောက်ပိုင်းသေသလို ဖြစ်နေခဲ့ပါသည်။ ထောက်လှမ်းရေး (၇) တပ်မှူး ဗိုလ်မှူးရဲထွဋ် (နံမည်အတိအကျတော့ မမှတ်မိတော့) က သူ့လူများကို လှမ်းပြောလိုက်သည့်အသံကို ကြားရသည်။ “ဟေ့ကောင်တွေ ဒီကောင်လေးကို မရိုက်နဲ့တော့ တော်ကြာ သေသွားနိုင်တယ်၊ သူ့အမှုတွဲတွေကို သွားထုတ်ခဲ့” ဟု ပြောလိုက်သည်။ “ဒီကောင်တွေကို မျက်နှာချင်းဆိုင်ထားပြီး စစ်မယ်၊ ဒါမှ ဘယ်သူလိမ်တယ်ဆိုတာ သိမယ်” လို့ ပြောပါသည်။ ည ၉ နာရီမှ မနက် ၄ နာရီအထိ ကျွန်တော့်ကို ဝါးရင်းတုတ်စာ ကျွေးခြင်းကို တပ်မှူးက ဝင်ပြောမှ ရပ်လိုက်ပါသည်။

နံနက် (၅) နာရီကျော်လောက်တွင် ပြည်ချစ်ပါတီမှ ကျွန်တော်တို့ လာရောက်ဆွေးနွေးခဲ့စဉ်က လမ်းပြ လုပ်ခဲ့သူ ထွန်းကြင်နှင့် အာဇံခေါ် မောင်မောင်လွင်တို့ နှစ်ယောက်ကို ထောက်လှမ်းရေးမှ အင်းစိန်ထောင်မှ ထုတ်လာပြီး ကျွန်တော့်နှင့် တွေ့ပေးပါသည်။

ထွန်းကြင်က ငိုယိုပြီး သူသေရပါတော့မည် ဖွင့်ဝန်ခံလိုက်ပါဟု တောင်းပန်ပါသည်။ ကျွန်တော့်ရှေ့တွင် တပ်ကြပ်ကြီးက ထွန်းကြင်ကို ပါးနှစ်ချက်ဆင့်ရိုက်လိုက်သည့်အခါ ငိုယိုတောင်းပန်နေပါသည်။ အာဇံကို ကြည့်လိုက်သည့်အခါ ပုံကျတော့မည့်ပုံ ပြိုလဲတော့မယောင်ဖြစ်နေပြီး ဒူးနှစ်လုံးမှာ ဂျစ်ဆောင်တက်၍ သွေးယိုစီးနေသည်ကို တွေ့ရပါသည်။ အာဇံမှ ကျွန်တော့အား စိတ်လျော့ရန် ခေါင်းငြိမ့်အချက်ပြပါသည်။ မထူးတော့ဆိုသည့် သဘောပင် ဖြစ်သည်။ သူတို့နှစ်ယောက်ကို မြင်ရ သည့်အခါ တင်းထားသော ကျွန်တော့်စိတ်များ လျော့ကျ၍ လူတကိုယ်လုံး မလှုပ်ချင်လောက်အောင် နုံးကျသွားခဲ့ပါသည်။ ထွန်းကြင်က သူ့ကိုမိလျှင် နံရံကို ခေါင်းနဲ့တိုက်ပြီး ကိုယ့်ကိုယ်ကို သတ်သေမည် ဟု ကြုံးဝါးခဲ့သူဖြစ်ပါသည်။ ကျွန်တော့်ရှေ့တွင် လက်တွေ့တွင် ကြောက်ရွံ့တုန်လှုပ်နေသည့် ငိုယို တောင်းပန်နေသည်မှာ အပြောနှင့်အလုပ် မတူညီသည့်သူ ဖြစ်ကြောင်း တွေ့ရသဖြင့် အလွန် စက်ဆုပ် မိပါသည်။

နောင် ထောက်လှမ်းရေးဗိုလ်ကြီး မောင်မောင်သွင်က “ထွန်းကြင်ကို ဖမ်းမိတာ ငါတို့သိလို့မဟုတ်ဖူး။ ရပ်ကွပ်မှာ ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့ ပြန်ရောက်လာရင် ငွေကရွှင်နေပြီး ဖဲဝိုင်းမှာ သုံးဖြုန်း နေတာကို ရပ်ကွက်ကောင်စီက သတင်းပို့လို့ ပြည်ချစ်က လမ်းပြလုပ်တဲ့ သူ့နံမည်ထွန်းကြင်ဆိုတာနဲ့ ဆက်စပ်ပြီး ဖမ်းစစ်လိုက်တာ၊ တချက်မှ မရိုက်ရဘူး၊ တိုက်တရက် ပိတ်မိတာနဲ့ ငိုပြီး အကုန်ဖေါ် တာဘဲ။ မင်းလိုခေါင်းမမာတော့ မနာဘူးပေါ့ကွာ” တဲ့။ အော် - ထောက်လှမ်းရေးကောင်းလို့ မဟုတ်ဘဲ ကိုယ့်လူတွေ သောက်သုံးမကျလို့ကိုးဟု သက်ပြင်းချမိပါသည်။ ဖေါ်တဲ့ သူတွေက ဖေါ်ပြီးတဲ့အတွက် ကျွန်တော်မငြင်းတော့ပါ။ ဟုတ်သည်။ တင်မောင်ဦးနှင့် တွဲလုပ်သည်၊ ထွန်းကြင်နှင့် အာဇံကို တင်မောင်ဦး မိတ်ဆက်ပေးသည့်အတွက် သိကြောင်း ထုတ်ပြောလိုက်သည်။ ရဲမြင့်သိန်းကိုလည်း ၎င်းတို့ ထုတ်ဖေါ်ချက်အရ ဖမ်းထားပြီး ကျွန်တော်တို့ အားလုံးကို အင်းစိန်ထောင်သို့ ပို့လိုက်ပါသည်။

အလုံတိုက်ထဲမှစိတ်ဓါတ်။

ကျွန်တော်တို့ကို အထူးတိုက်၊ ၎င်းနောက် ၅ တိုက်၊ ထို့နောက် စီရင်ချက်ကို ထောင်ပြင် စစ်ခုံရုံးတွင် ချပြီး (၄) တိုက်သို့ ပို့ခဲ့ပါသည်။ တိုက်တွင် (၁၁) လ ခန့်ကြာပြီးနောက် အဆောင် (၃) နိုင်ငံရေး ဆောင်သို့ ပို့ခဲ့ပါသည်။

တိုက် (၄) တွင် နေစဉ်ကာလ ဝမ်းသွားခြင်းကို အကျင့်လုပ်ယူရပါသည်။ တိုက်ထဲတွင် ဂန်ဖလား နှစ်လုံးပေးပါသည်။ တခုကို အောက်တွင် ပက်လက်ထားပြီး မစင်နှင့် ကျယ်ငယ်စွန့်ရန်ဖြစ်ပြီး တခုက အနံ့အသက် ထိန်းရန်အပေါ်မှ အုပ်သည့်အဖုံးအနေနှင့် သုံးရန်ဖြစ်သည်။ အကယ်၍ မနက်ပိုင်း ထောင်ကျလုံချည်ပြာ နှစ်ကြီးအကျဉ်းသားက မစင်ပုံးကို ထမ်း၍ အိပ်ဆောင်ဖွင့်ချိန်တွင်လာပါက ဂန်ဖလားတွင် ရှိသော မစင်နှင့် ကျင်ငယ်ကို မယူ၍ တိုက်ခန်းမှ တံခါးဖွင့်ပေးသည့်အခါ ထွက်၍ သွန်ပေးရသည်။ ထိုသွန်ပြီးသား ဂန်ဖလားကို အဝတ်ပတ်ထားသော တုတ်နှင့် လုံချည်ပြာက သုတ်ပြီးသည်နှင့် မိမိတိုက်ခန်းတွင်းသို့ ပြန်ဝင်ရသည်။ တိုက်ခန်းတခါးကို မိလ္လာသွန်ချိန်နှင့် တပတ်တခါ ရေချိုးချိန်မှ လွဲ၍ ဖွင့်မပေးချေ။ ထို့ကြောင့် တနေ့လုံး ကျင်ငယ်သာစွန့်၍ ကျင်ကြီးမစွန့်ရန် အကျင့်လုပ်ရသည်။ သို့မဟုတ်ပါက ဂန်ဖလားချပြီး၊ မနက်တွင်လည်းကောင်း၊ နေ့လည်တွင် လည်းကောင်း ကျင်ကြီးစွန့်မိပါက တနေ့လုံးကျင်ငယ်၊ ကျင်ကြီးရောနေသည့် ပုတ်အက်အက် အနံ့ဆိုးကြီးကို တနေ့ကုန် တိုက်ခန်းတွင် ရှူနေရမည်ဖြစ်သည်။ ထို့ကြောင့် မနက်မှသာ ကျင်ကြီးစွန့်ရန် ကျင့်ရသည်။ နံနက် မိလ္လာသွန်ရန် တိုက်ခန်း (၁) တွင် တံခါးဖွင့်သံကြားသည်နှင့် ချက်ချင်းထပြီး ဝမ်းသွားရသည်။ ကိုယ့်အခန်း ဖွင့်သည့်အခါ ချက်ချင်းသွန်ပစ်လိုက်၍ တနေကုန် အနံ့အသက် ကင်းစွာ နေနိုင်သည်။

ကျွန်တော်တိုက်ခန်းမှ ထွက်၍ မိလ္လာသွန်တိုင်း အခြားတိုက်ခန်းမှ သွန်သောသူများနှင့် တွေ့ရသည်။ သို့ရာတွင် စကားပြောခွင့်မပေး။ နေ့စဉ် အခန်းဝမှ ထွက်သွန်ရင်း တခု ထူးခြားမိသည်မှာ ထိုမိလ္လာ ထွက်သွန်သူများ၏ လုံချည်များ တစနှင့် တစတိုလာခြင်းပင်ဖြစ်သည်။ နောက်မှ အကြောင်းစုံကို သိရသည်။ မိလ္လာ စက္ကူမရှိသဖြင့် မိမိလုံချည်စကို ဖြဲ၍ ချီးကုန်းခြင်းဖြစ်သလို၊ ကြိုးကျစ်၍ မီးဇာ အဖြစ်သုံးပြီး ဆေးလိပ်မီးညှိကြ သည့်အတွက်ဖြစ်သည်။ ကျွန်တော်ကတော့ ညစ်ပတ်သည် ပြောချင်ပြော လုံးဝ ချီးမကုန်းဘဲနေသည်။ တခါတရံသောက်ရေခွက်နှင့် ရေဆေးသည်။ လောက်လည်း ဒီရေခွက်၊ ဖင်ဆေးလည်း ဒီရေခွက်။ ရွံဘို့ အချိန်မရှိပါ။ ဘဝပေး အခြေအနေအရ ဖြစ်သလို ကြံ့ကြံ့ခံရန် ဆုံးဖြတ်ချက်ကြောင့်သာဖြစ်သည်။

ထောင်တသက်တကျွန်းချလိုက်ပြီးနောက် ၄ တိုက် အခန်း (၇) တွင် သူငယ်ချင်း ရဲမြင့်နှင့် နှစ်ယောက် အတူနေရသည်။ ၎င်း (၄) တိုက်တွင် ၈ လ ခန့်နေစဉ်အတွင်း ၈ ပေx ၆ ပေ တိုက်ခန်းတွင်း နေ့စဉ် ခေါက်တုံ့ခေါက်ပြန် ခြေလှမ်း ၂၇၀၀ မှ ၄၀၀၀ အထိ လမ်းလျှောက်ပြီး ဒိုက်ထိုးခြင်း (Pushup) ကို ၉၀ လုပ်ပါသည်။ ကိုယ့်ကိုယ်ကို တော်လှန်ရေးအတွက် ပြင်ဆင်ထားဟု အမြဲအားပေး၍ ကြိုးစားလုပ် ခဲ့ပါသည်။ ကျွန်တော်အရှုံးမပေးလိုပါ။ ဘယ်တော့မှ အရှူံးမပေးရန်လည်း ဆုံးဖြတ်ထားခဲ့ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးသော်လည်းညစ်လိုက်သေးသကိုး။

ကျွန်တော့် ၂/၈၀ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ငါးနှစ်အကြာတွင် ၁၉၈၀ ခုနှစ်တွင် ထောင်မှ မထင်မှတ်ဘဲ လွတ်မြောက်လာခဲ့ပါသည်။ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သဖြင့် ကျွန်တော့်တို့ လွတ်လာခြင်း ဖြစ်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မကြေငြာခင် ကျွန်တော် ထောင်ဆေးရုံသို့ သွား၍ ရဲမြင့်သိန်းကို တွေ့သည်။ သူ့အသဲ ရောင်နေသဖြင့် ဆေးရုံတက်နေရခြင်းဖြစ်သည်။ ဦးသန့်အရေးအခင်း ဖြစ်ပြီးနောက် တင်မောင်ဦး ပြည်ချစ်ပါတီမှ ဦးသွင်တို့နှင့် မြို့ပြလက်နက်ကိုင်တိုက်ပွဲ ဖေါ်ဆောင် ရန်အတွက် ဆွေးနွေးပြီးနောက် ကျွန်တော့်ကို ဒုတိယအသုတ်အဖြစ် ဆွေးနွေးရန် တိုင်ပင်သည့်အခါ ကျွန်တော်က ရဲမြင့်သိန်းကို ကျွန်တော် တောတွင်းသွားရောက်ဆွေးနွေးမည် ဖြစ်ကြောင်း ပြောပြသည်။ ယခင် ပါဝင်သည့် သူငယ်ချင်းများမှာ အမှန်တကယ် လက်နက်ကိုင် တိုက်ပွဲလုပ်ရန် တာစူပြီ ဖြစ်ကြောင်း ဆွေးနွေးသည့်အခါ နောက်ဆုတ်သွားကြသည်။ သူတို့အနေနှင့် အစိုးရကို မကြိုက် သော်လည်း ဆန္ဒပြရုံထက် ပိုလုပ်ရန် မဝံ့ရဲကြ။ ယခင် ဆွေးနွေးစဉ်က အားလုံးက လက်နက်ကိုင် မြို့ပြတိုက်ပွဲကို အားသန်ကြသည်။ လုပ်လိုကြသည်။ အားပေးကြသည်။ လက်တွေ့ အကောင်အထည် ဖော်မည့်အခါ လက်တွန့်သွားကြသည်။ ကျွန်တော် တယောက်တည်း လုပ်မည်ဆိုသည့်အခါ ရဲမြင့်က စိတ်မချ။ သိပ်ချစ်ကြသည့် သူငယ်ချင်းတွေမို့ သူလိုက်မည်ဟုပြောသည်။ ကျွန်တော်က “အေး ငါတို့ အလုပ်က အဆိုးဆုံး သေနိုင်တယ်၊ မသေရင် ထောင်ကျမယ်” လို့ ပြောသည်။ ရဲမြင့်က “အေး အဖမ်းခံရင် ဘယ်လောက်ကျမလဲ” ပြန်မေးသည်။ ကျွန်တော်က အဖမ်းခံရရင် ကြာလှ ၅ နှစ်ပေါ့” ဟု ဖြေလိုက်သည်။ ရဲမြင့်က “အေး လုပ်မယ်ကွာ ငါးနှစ်ဆိုရင် နေနိုင်ပါတယ်” တဲ့။

ထောင်ဆေးရုံတွင် ကုတင်ပေါ်တွင် လှဲနေသော သူငယ်ချင်းကို “ဟေ့ကောင် စိတ်တင်းထား ငါပြောတယ် မဟုတ်လား၊ ငါတို့ ငါးနှစ်လောက်ဘဲ နေရမှာဆိုတာလေ၊ ငါးနှစ်ပြည်ဘို့ တလဘဲ လိုတော့တယ်။ ငါတို့လွတ်မှာပါ”ဟု သူငယ်ချင်း ဖြစ်သူကို အားပေးမိသည်။ ထို့နောက် အလ္လာ သလ္လာပပြောပြီး ထောင်ဆေးရုံမှ ထွက်ခဲ့သည်။ ဆေးရုံမှ ခြေလှမ်း ၁၀ လှမ်း အကွာတွင် ထောင်ဆေးမှူး ကိုဘသန်း (ထောင်ပိုင် မက္ကနားသားမက်) က “ဟေ့ကိုထွန်းအောင်ကျော် ဒီကို မြန်မြန်လာ” ဟု လှမ်းခေါ်လိုက်၍ သူ့ရုံးခန်းသို့ ပြေးသွားသည်။ သူက ရေဒီယို ဖွင့်ထားပြီး “နားထောင် နားထောင်” ဟု ဝမ်းသာအယ်လဲ ပြောသည်။

ရေဒီယိုက “မြန်မာနိုင်ငံတော်အစိုးရ ၂/၈၀ အမိန့်အမှတ်အရ နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ကြောင်းဖြစ်သည်။ ကျွန်တော် ရဲမြင့်အခန်းသို့ ပြေးသွားပြီး “သူငယ်ချင်း ငါမပြောဘူးလား၊ ငါတို့ ငါးနှစ်ဘဲနေရမယ်ဆို အခု အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်ပြီ ငါတို့လွတ်ပြီကွ” ဟု ဆိုသည်။

ရဲမြင့်က ကျွန်တော့်ကို မချိုမချဉ်ကြည့်ရင်း “ငါတော့ စိတ်မကောင်းဘူးကွာ” ဟု ညည်းလိုက်သည်။

“ဟ။ ဘာဖြစ်လို့ မင်းကလွတ်မဲ့ဟာ စိတ်မကောင်းဖြစ်နေတာလဲ” ဟု မေးသည့်အခါ သူကပြုံးပြီး “အခုလွတ်ရင် ငါက အသဲရောင်နေတော့ ဘယ်အရက်သောက်လို့ ရမှာလဲကွာ” တဲ့ အဲဒီတော့ “ခွေးမသား မင်းက အရက်မသောက်ရမှာ တွေးပူနေရသေးတယ်” ဆိုပြီး သူငယ်ချင်းနှစ်ယောက် ဝမ်းသာမိခဲ့ကြသည်။

နိုင်ငံရေးမှ တော်လှန်ရေးသို့ ပြောင်းလုပ်ခဲ့စဉ်က ထောင်ကျရင် ငါးနှစ်ဘဲ နေရမယ်ဆိုပြီး ကျွန်တော် ပြောခဲ့သည်က ကျွန်တော်ဘဲ နှုတ်စည်း၍လား မသိ၊ ဒက်ထိမှန်ခဲ့သည်မှာ တိုက်ဆိုင်မှုလား မသိ၊ နိုင်ငံရေးစလုပ်ကထဲကထောင်ငါးနှစ်ထက်ပိုမနေရဟုအလိုလိုသိနေသည်။ထူးဆန်းသလိုတော့ ရှိသည်။

အကျဉ်းသားများမိသားစုများ၏မျှော်လင့်ချက်ကိုရိုက်ချိုးခြင်း။

ကျွန်တော်တို့ကို မလွှတ်ခင် ထောင်အာဏာပိုင်များနှင့် အစိုးရက ထောင်တွင်း၌ နိုင်ငံရေး အကျဉ်းသားများမရှိ၊ ရာဇဝတ်သားများ သာရှိကြောင်း ကြွေးကြော်ခဲ့ပါသည်။ ရာဇဝတ်သားများကိုမူ ၃ ပုံ ၂ ပုံ လျှော့ရက်ပေး၍ လွှတ်ပါသည်။ ကျွန်တော့်မိသားစုများနှင့် နိုင်ငံရေးအကျဉ်းသား မိသားစုများ ထောင်ဗူးဝတွင် လာရောက်ပြီး မိမိသား လွတ်နိုး၊ မိမိယောက်ျား လွတ်နိုး၊ မိမိအကို၊ မောင်၊ ညီ လွတ်နိုးနှင့် လာစောင့်ကြပါသည်။

ပထမစစခြင်း ရာဇဝတ်သားများကို ၃ ပုံ ၂ ပုံ လျှော့၍ ၎င်းတို့ နေသား ၁ ပုံကျော်လျှင် လွှတ်ပေး ပါသည်။ ဥပမာ- ထောင် (၃) နှစ် ကျသူသည်၊ ၃ ပုံ ၂ ပုံ လျှော့လိုက်သဖြင့် တနှစ်သာ ကျန်သည်။ သူထောင်ထဲတွင် နေသား တနှစ်ကျော်လျှင် လွတ်သည်။ နိုင်ငံရေး အကျဉ်းသားများကိုလည်း ရာဇဝတ်သား အဖြစ်သတ်မှတ်၍ နေသားတပုံ ကျော်ပြီး သူများကို ရာဇဝတ်သားများအဖြစ် သတ်မှတ်၍ လွှတ်ပေးပါသည်။ ကျွန်တော့်အတွက်မှာမူ တသက်တကျွန်း ကျခံထားသူလည်းဖြစ်နေ၊ နေသားကလည်း ၅ နှစ်သာ ရှိသေးသဖြင့် မလွတ်ဘဲ ရှိနေပါသည်။ သူတို့ကို အစိုးရ ကြေငြာချက်ကို ပြောပြ၍ ကျွန်တော့်တို့သည် နိုင်ငံရေး အကျဉ်းသားများဖြစ်ကြောင်း ထို့ကြောင့် ချက်ချင်းလွှတ်ပေးရန် တောင်းဆိုသည့်အခါ ထောင်ပိုင်က ကျွန်တော်တို့သည် ရာဇဝတ်သားများသာ ဖြစ်သဖြင့် မလွှတ် နိုင်ကြောင်း ငြင်းဆိုခဲ့ပါသည်။ ထောင်တွင်းရှိ ရာဇဝတ်သားများနှင့် နိုင်ငံရေး အကျဉ်းသားများထဲမှ ၃ ပုံ ၁ ပုံ နေသားရှိပြီး၊ သူများအားလုံး ရာဇဝတ်သားများ အနေနှင့် လွှတ်လိုက်ပြီး ၁၆ ရက်အကြာ ည ၁၀ နာရီခန့်တွင် နှစ်ကြီးသမားများ ဖြစ်သည့် တသက်တကျွန်းများနှင့် သေဒါဏ်ကျခံနေရသူ နိုင်ငံရေး အကျဉ်းသားများကို နောက်ဆုံးရာဇဝတ်သားများအဖြစ် သတ်မှတ်၍ လွတ် မရ နိုင်မှန်း သိသည့် အခါကျမှသာ နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ပြီး လွှတ်ပေးခဲ့ပါသည်။ စစ်အစိုးရသည် နိုင်ငံရေးအကျဉ်းသားများ နိုင်ငံတွင်း မရှိဟု ဖုံးကွယ်ဘို့ရန် အစွမ်းကုန် ကြိုးစားပြီး လွတ်မြောက် လာသူများထဲတွင် နိုင်ငံရေး အကျဉ်းသားအဖြစ် လွတ်မြောက်သူ နည်းနိုင်သမျှ နည်းကြောင်း ကမ္ဘာသို့ ဗြောင်လိမ်ရန် ကြံစည်မှုသက်သက်ဖြစ်ကြောင်း သုံးသပ်မိပါသည်။

ကျွန်တော့ မိဘများ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြောင့် အလွန်ဝမ်းမြောက်ကြပြီး အခြား နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့် ထောင်ဗူးဝတွင်နေစဉ် ရက်ဆက် (၁၀) ရက်တိုင်တိုင် လာစောင့်ကြသော်လည်း ကျွန်တော်တို့လို နှစ်ကြီးသမားများ လွတ်မလာဘဲ ၅ နှစ်၊ ၉ နှစ် ကျသည့် နိုင်ငံရေး အကျဉ်းသားများသာ ရာဇဝတ်သားများအဖြစ် သတ်မှတ်၍ လွှတ်သည့်အတွက်ဝမ်းနည်းစွာ နှင့် အိမ်ပြန်ခဲ့ကြရသည်။ ထောင်ပိုင်ကို မေးသည့်အခါ ကျွန်တော်တို့သည် နိုင်ငံရေး အကျဉ်းသား မဟုတ်ဟု ပြောလွှတ်လိုက်ပြန်သည်။

ဆန္ဒပြရန် စီစဉ်ခြင်း။

ထောင်ထည်းတွင်လည်း ကျွန်တော်က အချုပ်ကျနေသူ နိုင်ငံရေး အကျဉ်းသားများကို စည်းရုံး၍ ဆန္ဒပြရန် စီစဉ်ပါသည်။ ၎င်းတို့ကလည်း ပူးပေါင်းပါဝင်မည်ဟု ကတိပေးပါသည်။ ထိုမှတဖန် ကြိုးတိုက်သို့သွား၍ ကြိုးဒဏ်ကျနေသော နိုင်ငံရေး အကျဉ်းသားများကို ကျွန်တော်တို့နှင့် ပူးပေါင်း ပါဝင်ရန် ဆွေးနွေးပါသည်။ ဆွေးနွေးကြသူများမှာ မန်းငွေအောင်၊ မန်းဒါဝိတ်၊ ရခိုင်လူမျိုးဦးထိန်လင်း၊ ဇေယျ၊ သူရတို့ ညီအစ်ကို၊ ဗုံးခွဲသူ ဇော်ကြီးခေါ် ဇော်မြင့်နှင့် ဘုန်းကြီး ဦးလာဘတို့ ဖြစ်ပါသည်။ ၎င်း နေ့တွင်ပင် အချုပ်နှင့် ဖမ်းထားသည့် စီရင်ချက် မကျသေးသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်သဖြင့် ဆန္ဒပြမည့်သူ ကျွန်တော်တို့ အုပ်စုဘဲ ကျန်ပါတော့သည်။ ညဘက် ရောက်သည့်အခါ ကျွန်တော်တို့ ဆန္ဒပြမည်ကို သိသဖြင့် ထောင်ပိုင်က (၃) ဆောင် တခုလုံးကို အထုတ်အပိုး ပြင်ဆင်စေပြီး ညကြီးမင်းကြီး (၅) ဆောင်သို့ ပြောင်းရွှေ့ပါသည်။ တဆောင်လုံး ပြောင်းသဖြင့် ကျွန်တော်တို့ လိုက်ပါသွားရပါသည်။ (၅) ဆောင်အောက် (၂) တွင် ကျွန်တော်တို့ အုပ်စု နေရာချပြီးသောအခါ (၃) ဆောင်မှ ပြောင်းလာသည့် ရာဇဝတ်သားများအားလုံးကို ပြန်ထုတ်၍ (၃) ဆောင်သို့ ပို့ပြန်ပါသည်။ ထိုအခါမှ ကျွန်တော်တို့ အုပ်စု သက်သက်ကို ပြောင်းလျှင်ပြဿနာလုပ်မည် စိုးသဖြင့် တဆောင်လုံး ပြောင်းစေကြောင်း သတိပြုမိပါတော့သည်။

ကျွန်တော်၊ ရဲမြင့်သိန်း၊ အာဇံ၊ တင်ကြိုင်၊ မောင်မောင်အေး၊ လေးခင်၊ ထွန်းကြင် ထို (၇) ယောက်ကို (၅) ဆောင် ပြောင်းရန်အတွက် တဆောင်လုံး ပြောင်းခိုင်းခြင်းသည်။ ကျွန်တော်ဦးဆောင် ဆန္ဒပြ မည်ကို အတော်စိုးရိမ်ဟန်တူသည်ဟု တွေးပြီး ပြုံးမိပါသည်။

(၅) ဆောင်ပြောင်းပြီး ကျွန်တော်မိန်းဂျေး (Main Jail) ဂိတ်သို့ သွား၍ ထောင်ပိုင်နှင့် တွေ့လိုကြောင်း ကျွန်တော်တို့သည် နိုင်ငံရေး အကျဉ်းသားများဖြစ်ကြောင်း အရေးဆိုပါသည်။ ဝါဒါများက ကျွန်တော် တို့သည် နိုင်ငံရေး အကျဉ်းသားများ မဟုတ်သည့်အတွက် မလွှတ်ခြင်းဖြစ်ကြောင်း ချေပပါသည်။ ကျွန်တော်က ၁၂၂/၁-၂ ဆိုသည်မှာ နိုင်ငံရေးအရ အမြင့်ဆုံး ပုဒ်မဖြစ်ကြောင်း နိုင်ငံတော် ပုန်ကုန်မှု ဖြစ်ကြောင်း ၁၂၂/ ၁-၂ သည် နိုင်ငံရေး ပုဒ်မမဟုတ်လျှင် သူအမေလင် ပုဒ်မလားဟု ပြန်မေးသည့်အခါ ဝါဒါများ စိတ်ဆိုးကြသော်လည်း ရိုက်မောင်းပုတ်မောင်း မလုပ်ကြပါ။ ထိုချိန်က ကျွန်တော်တို့အား မလွှတ်သေးသော်လည်း ထောင်တွင်း ပြောချင်ရာ ပြော၊ သွားချင်ရာသွား လွတ်လပ်ရေး ပေးထား ပါသည်။

ခိုးကြောင်ခိုးဝှက်လွှတ်ပေးခြင်း။

လွတ်ငြိမ်းချမ်းသားခွင့်ပေးပြီး ၁၆ ရက် အကြာ ကျွန်တော်တို့ အုပ်စုနှင့် သေဒါဏ်သမားများကို ထောင်းဗူးဝသို့ ည ၁၀ နာရီခန့်တွင် ခေါ်သွားပါသည်။ ထောင်ဗူးဝသို့ မရောက်ခင် ဘယ်ဘက်ရှိ တန်းလျားတခုတွင် ထောင်မှူးများက အမည်၊အသက်၊ နေရပ်လိပ်စာတို့ကို စစ်ဆေးပါသည်။ ၎င်းစစ်ဆေးသူများထဲတွင် တင်မောင်ဦးကို ကြိုးပေးသတ်သူ ထောင်မှူးကြီးကျော်ဒင်၊ ထောင်မှူးကျော်ဒင် သည် မြန်မာ့လက်ရွေးစင် ဘော်လီဘောသမားဖြစ်သည်ဟု သိရသည်။ ၎င်းသည် အရပ် ၆ ပေ ခန့်မြင့်ပြီး အသားမဲကြုတ်ကြုတ်နှင့် ခန္ဓာကိုယ်ကြီးမား တုတ်ခိုင်သူတဦးဖြစ်သည်။ ၎င်းက ထွန်းကြင် အား…

“ဟေ့ကောင် ပုံစံရပ်” ဟု ပြောသဖြင့် ထွန်းကြင်က ပုံစံရပ်သည်။ ကျွန်တော်က “ငါတို့ကို အခု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ဘို့ လုပ်နေတာ ပုံစံမရပ်နိုင်ဘူး” ဟု ပြန်ပြောသည့်အခါ ကျော်ဒင်က ကျွန်တော့်ကို ဒေါသနှင့် ကြည့်ပြီး ဘာမှ ထပ်မပြောတော့ချေ။ ထို့နောက် ကျွန်တော်တို့ တသိုက် ဘယ်သူမှ ပုံစံမရပ်ဘဲ သူတို့မေးသမျှကို ဖြေပြီး ည (၁၂) နာရီခန့်တွင် အထုတ်အပိုးများ ယူလျက် ထောင်ဗူးဝထဲတွင် တန်းစီရပ်လိုက်ကြသည်။ ကျွန်တော်တို့နှင့်အတူ ပန်းချီဆရာကြီး ဦးမြတ်ကျော်၏ သားများဖြစ်သော ဇေယျ၊ သူရတို့ ညီအစ်ကိုလည်းပါသည်။ သူတို့ကလည်း သေဒါဏ်ကျထားသူများ ဖြစ်သည်။

ထောင်ဗူးဝတွင် ကျွန်တော်တို့ကို ဖမ်းစဉ်က သိမ်းယူထားသည်များကို လက်မှတ်ထိုး ထုတ်ယူပြီး တယောက်လျှင် အိမ်ပြန်စားရိတ် ၄၇ ပြား ထုတ်ပေးပြီး ထောင်ထွက်လက်မှတ်လည်း ပေးလိုက်သည်။ လိုက်ပို့မည့်ကားများမှာ အချုပ်ကားများဖြစ်သည်။ ထရပ်ကား လူစီးကားများ မဟုတ်။

လွတ်ပြီကျွတ်ပြီ။

ထောင်ဗူးဝ အချုပ်ကားကြီးထည်းသို့ တံခါးကို မပြီး ဝင်လိုက်ကြသည်။ ကျွန်တော်တို့နှင့်အတူ အခြား အကျဉ်းသားများလည်းပါသည်။ စုစုပေါင်း ၂၀ ကျော် ၃၀ ခန့်ရှိမည်။ အားလုံး မျက်နှာများ အပြုံးဖြင့် တောက်ပနေကြသည်။ ဇေယျနှင့် သူရတို့ ညီအစ်ကိုလည်း ပါသည်။ သူတို့က ကျွန်တော့်အိမ် နောက်ဖက်လမ်းတွင် နေသည်၊ တရပ်ကွက်တည်းသားများဖြစ်သည်။ ကမာရွတ်မီးပွိုင့်တွင် ရဲမြင့်ဆင်းသည်။ ကျွန်တော်နှင့်အတူ ကိုအောင်စိုး၊ ဇေယျတို့ ညီအစ်ကိုလည်းဆင်းသည်။ ရဲမြင့်က အိမ်နှင့်နီးသဖြင့် လမ်းလျှောက်ပြန်သည်။ ကျွန်တော်တို့က အချုပ်ကားနောက်တွင် ရပ်လာသည့် လေးဘီးကားပေါ် တက်စီးသည်။ ကိုအောင်စိုးသည် ပြည်ချစ်ပါတီမှဖြစ်သည်။ မော်လမြိုင် ရဲစခန်းကို ဝင်စီးရန် ကြံစည်မှုဖြင့် အဖမ်းခံရပြီး မော်လမြိုင်ထောင်ဖေါက်ရန် ကြံစည်မှုဖြင့် ခြေကျင်းခတ်ပြီး အင်းစိန်ထောင် အပို့ခံရသူဖြစ်သည်။ ထောင်တွင်း ခြေကျင်းဖြင့် ခြင်းခတ်၊ ဘော်လီဘောကစား၊ ဘောလုံးကန် အကုန်လုပ်သည်။ အလွန်ပေသည်။ သူ့သံခြေကျင်းသည် စတီးရောင် ပြောင်နေသည်။ လှုပ်ရှားပွတ်တိုက်လွန်းသဖြင့် သံချေးမတက်။ ထောင်ဖေါက်ရန် ကြံစည်မှုဖြင့် ခြေကျင်းမဖြုတ်ဘဲ တောက်လျှောက် ၅ နှစ်ကျော် ခတ်ခံထားရသူ ဖြစ်သည်။ ရန်ကုန်တွင် တည်းစရာ အိမ်မရှိ၊ အသိမရှိ။ ကျွန်တော်က ကျွန်တော့်အိမ်လိုက်အိပ်ရန် ဖိတ်သဖြင့် ဝမ်းသာစွာ လိုက်လာသည်။

လေးဘီးကား အသံလွှင့်ရုံရှေ့ ရောက်သည့်အခါ ရုပ်မြင်သံကြားမျှော်စင်ကြီးကို တွေ့ရသည်။ အော် ငါတို့ဗမာတွေ ရုပ်မြင်သံကြားတွေ ဘာတွေ ကြည့်နေရပြီကိုးဟု ပြုံးမိသည်။ ကျွန်တော်တို့ အဖမ်းခံ ရစဉ်က ရုပ်မြင်သံကြား မရှိသေး။

လေးဘီးကား အိမ်ရှေ့တွင် ရပ်စေပြီး ကျွန်တော်တို့ နှစ်ယောက် ဆင်းလိုက်သည်။ ဇေယျတို့ ညီအစ်ကို က သူတို့အိမ်ဘက်ဆက်ပြီး သွားသည်။ သူတို့ ကားခပေးလိုက်မည်ဟု။ “အေး တွေ့မယ်ကွာ” ဟု ပြောခါ ကားပေါ်မှ ဆင်းလိုက်သည်။ ကျွန်တော်တို့အိမ်ကြီးကို ကြည့်လိုက်သောအခါ အိမ်ပတ်ပတ် လည်တွင် အုံးပင်များက မိုးသို့ထိုးထွက်နေသည်၊ လွန်ခဲ့သည့် ငါးနှစ်က အပင်တွေ အမြင့်မှာ ၂၅ ပေခန့်သာ ဖြစ်သည်။ ယ္ခု အပင်များက ပေ ၄၀ ခန့်ကျော်ပင် ကျော်မည် မလျှော့။ အိမ်ဘေးမှ သစ်တိုပင်ကြီးကလည်း စိမ်းစိမ်းထနေသည်၊ မည့်လျှင် အလွန်ချိုသော အပင်ကြီးဖြစ်သည်။ သစ်တို ပင်ကြီးနှင့် မလှမ်းမကမ်းတွင် စိုက်ထားသည့် ပိန္နဲပင်ကြီးကလည်း ပေ ၃၀ ကျော်လောက် မြင့်နေပြီ၊ အော်အတော် ပြောင်းလဲသွားပါပေါ့လားဟု တွေးမိသည်။ အချိန်က သန်းခေါင်ကျော်နေပြီ။ ဘယ်သူမှ ကျွန်တော်တို့ လွတ်လာမည်ကို မသိသလို၊ လွတ်မည်ဟုလည်း မထင်ကြတော့။

မိဘမေ တ္တာတုနှိုင်းလို့မရပါ။

“ကဲ ကိုအောင်စိုးရေ ခြံတံခါးတော့ ပိတ်နေပြီ၊ လှမ်းအော်လည်း သူတို့နိုးမှာ မဟုတ်ဘူး၊ ခြံတံခါးကို ကျော်တက်ကြစို့။ အမေ့ကို နှိုးမယ်ဟု ပြောလိုက်သည်။ ပြီးနောက် နှစ်ယောက်သား သံဘောင် အကန့်များဖြင့် လုပ်ထားသည့် ခြံတံခါးကို ကျော်တက်ကြသည်။ တံခါးထိပ်တွင် သံဆူးကြိုးများ သွယ်တန်းထားသဖြင့် သံတိုင်အချွန်များနှင့် သံဆူးကြိုးများကို သတိထား ခွကျော်ပြီး ခြံထည်းသို့ ခုန်ဆင်းလိုက်သည်။ ကိုအောင်စိုးမှာ သံခြေမကျင်းမရှိသဖြင့် လမ်းမလျှောက်တတ်သလို ဖြစ်နေသည်။ ကွတကွတနှင့် လမ်းလျှောက်ပြီး ပေါ့တော့တော့ကြီး ဖြစ်နေတယ်ဗျဟု ပြောသည်။ အိမ်မကြီးရှိရာသို့ လျှောက်လာပြီးကား ဂိုဒေါင်သို့ ကပ်ပြီး အမေနှင့် အဖေကို အော်ခေါ်လိုက်သည်။

“အမေ၊ အဖေ တံခါးလာဖွင့်ပါအုံး” ဟု နှစ်ခါ သုံးခါ ခေါ်သည့်အခါ အိမ်အပေါ်ထပ် စင်္ကြန်မီး ဖြတ်ခနဲ ပွင့်လာသည်။ အမေနှင့် အဖေ မီးဖိုခမ်းနှင့် အိမ်မကြီး သွယ်တန်းထားသော စင်္ကြန်ပေါ်သို့ ပြေးထွက် လာသည်။

“သား… လူလေး… အထွန်းလား” ဟု အမေကမေးသည်။ “ဟုတ်တယ်အမေ ကျွန်တော် လွတ်လာပြီ တံခါးဖွင့်ပါအုံး”ဟု လှမ်းပြောသည်။ အဖေက နောက်ဖေးလှေကားမှ ပြေးဆင်းလာပြီး “တံခါးသော့ ယူခဲ့ပါအုံး” ဟု ဆိုသည်။ အမေက “အေးအေး” ဟုဆိုပြီး အိမ်တွင်းပြန်ဝင်သွားသည်။ တခဏချင်း ပြေးထွက်လာပြီး တံခါးသော့ကို အဖေ့ကို ပစ်ပေးရင်း လူကိုယ်တိုင် ဆင်းလိုက်လာသည်။

အဖေက တံခါးကို လက်တုန်တုန်ရင်ရင်နှင့် ဖွင့်သည်။ မျက်ရည်တွေ စီးကျလို့၊ ပြုံးလို့။ တံခါးက တော်တော်နှင့် ဖွင့်မရ၊ လက်တွေက တုန်နေသည်ကိုး။

“ကဲ ရှင်ဖယ်စမ်းပါ” ဟု ဆိုကာ အဖေ့လက်ထဲသော့ကို လှမ်းယူပြီး အမေဖွင့်၍ တံခါးပွင့်သွားသောအခါ အမေက လှမ်းဖက်သည်။

“ငါ့သား ဒီတသက် တွေ့မှတွေ့ရပါတော့မလား အောက်မေ့တာ” ဟု ပြောပြီး မျက်ရည်ကျသည်။ အမေ့ကို တင်းတင်းဖက်လိုက်မိသည်။ အမေက တသိမ့်သိမ့်ရှိုက်နေသည်၊ တဦးတည်းသောသားလေး မသေမပျောက် ပြန်တွေ့ရသည်မဟုတ်လား။ အဖေက နှစ်ယောက်လုံးကို ဖက်ထားသည်။

“ကဲ အိမ်ပေါ်တက်ကြစို့ဟု အဖေက သတိပေးမှ သားအမိနှစ်ယောက် အိမ်ပေါ်တက်ခဲ့ကြသည်။ ကိုအောင်စိုးကို “အမေ ဒါကျွန်တော့်ရဲဘော် ကိုအောင်စိုး ဒီညဒီမှာတည်းမယ် ဒါ ကျွန်တော့ အမေ ဒေါ်ကြင်လှ၊ အဖေဦးတင်အုံး”ဟု မိတ်ဆက်ပေးသည်။ တညလုံးသား အမိသားအဖတွေ စကားလက်ဆုံ ပြောမကုန်ကြ။ အဖေနှင့် အမေက သူတို့ ၁၀ ရက်တိတိ ထောင်ဗူးဝတွင် လာစောင့်ပြီး ည ၉ နာရီခန့်မှ ပြန်ပြန်သွားကြကြောင်း၊ မလွတ်သည့်အတွက် စိတ်ထိခိုက် ကြေကွဲရကြောင်း ပြန်ပြောင်းပြောပြကြသည်။ အမေက ကော်ဖီဖျော်ပြီး မုန့်များဖြင့် ဖွယ်ဖွယ်ရာရာ ကျွေးသည်။ ဝမ်းသာလုံး ဆို့နေကြ၍ မစားနိုင်ကြ။ ကော်ဖီသာ တခွက်ပြီး တခွက်သောက်ရင်း မိုးလင်း သွားခဲ့ကြသည်။

ကိုအောင်စိုးကို နေ့လည်ရထားဘူတာဆင်းဘို့ ရန်ကုန်ဘူတာရုံကြီးသို့ လိုက်ပို့ပြီး လမ်းစားရိတ်ပါ ပေးလိုက်သည်။ ကိုအောင်စိုး ရထားထွက်ခါနီး မျက်ရည်လည်နေသည်။ သေအတူ ရှင်မကွာ နေလာကြသူတွေ ခွဲခွါကြရတော့မည်ကိုး။

ကိုယ်ချင်းစာတရား။

ကျွန်တော်တိရစ္ဆာန်ရုံသို့ မသွားချင်တော့ပါ။ တိရိစ္ဆာန်ရုံသို့ သွားခြင်းသည် ပျော်စရာဟုလည်း မထင် တော့ပါ။ သူတို့အားလုံး ကျွန်တော်တို့လို အကျဉ်းကျနေကြတာပါလားဆိုသည့် ဘဝပေးအသိက ကျွန်တော့် နှလုံးသားတွင်း၌ နက်နက်ရှိုင်းရှိုင်း နေရာယူလိုက်ပါပြီ။ သူတို့ဟာ ရာသက်ပန် အကျဉ်းသားတွေပါလား။ လွတ်ရက်လုံးဝမရှိဘဲ ဒီအကျဉ်းကျလှောင်အိမ်ထဲမှာ မဝရေစာ စားရင်း သေကြရမှာပါလားဟု ကိုယ်ချင်းစာစိတ်နဲ့ မြင်တတ်လာပါသည်။ ပျော်ရွှင်စရာထက် သူတို့အတွက် စာနာစိတ်ဖြင့် ဝမ်းနည်းမိလာပါသည်။

ကျွန်တော်တိုက်ပိတ်ခံထားရစဉ် သံတိုင်ကြားတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည့် နည်းတူ ကျားများ၊ ခြင်္သေ့များကလည်း လှောင်အိမ် သံတိုင်များကြားတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဘဝတွေ ဆုံးခဲ့ကြရမည်မှာ အတူတူပင်ဖြစ်သည်။ အကျဉ်းကျနေသူများဘဝကို အကျဉ်းကျဖူးသူမှ ကိုယ်ချင်းစာ နားလည်နိုင်ပါသည်။ ထောက်လှန်ရေးမှ ဗိုလ်ချုပ်ခင်ညွန့်တို့ လူသိုက် ထောင်ကျသည့်အခါ သူတို့အနေနှင့် အကျဉ်းသားများဘဝကို ကောင်းကောင်းသဘော ပေါက် လိမ့်မည်ဟု ထင်မြင်ပါသည်။ ထို့အတူ တချိန်က အာဏာယစ်မူး၍ ခက်ထန်ခဲ့သူ ဦးနေဝင်း၊ စန္ဒာဝင်းတို့ မိသားစုသည်လည်း ယ္ခုအချိန်တွင် စစ်အာဏာရှင်စံနစ် ၏ ဆိုးဝါးမှုကိုမိသားစုအားလုံး ခံစားရ သည့်အခါအကျဉ်းသားများဘဝကို စာနာစိတ်များ ဖြစ်ပေါ်နေမည့်အပြင် စစ်အာဏာရှင်စံနစ် အမြန်ဆုံး ချုပ်ငြိမ်းပါစေဟု ဆုတောင်းနေမည့် သဘောရှိပေလိမ့်မည်။

လက်ရှိ သန်းရွှေ၊ မောင်အေး၊ သိန်းစိန်တို့ အုပ်စုသည်လည်း ၎င်းတို့ ဆရာကြီးများကို သင်္ခန်းစာယူ၍ တိုင်းပြည်အာဏာကို ပြည်သူ့လက်သို့ အသာတကြည်အပ်နှင်းပါက ဗိုလ်နေဝင်းတို့ကဲ့သို့ အဖြစ်ဆိုး မကြုံဘဲ ရှောင်လွဲနိုင်ပေလိမ့်မည်။ သို့ရာတွင် ကိုယ်ချင်းစာစိတ်ဆိုသည်မှာ ခံစားတတ်သူ၊ ကြင်နာ တတ်သူ၊ လူပီသသူများတွင်သာ ရှိပါသည်။

ထွန်းအောင်ကျော်


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။


2 attachments — Download all attachments  
Noremore to Zoo.docNoremore to Zoo.doc
75K   View   Download  
Noremore to Zoo.pdfNoremore to Zoo.pdf
64K   View   Download  

၁၂.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
12 July 2011 Yeyintnge's Diary.doc12 July 2011 Yeyintnge's Diary.doc
593K   View   Download  
12 July 2011 Yeyintnge's Diary.pdf12 July 2011 Yeyintnge's Diary.pdf
1935K   View   Download  
http://www.mediafire.com/file/kpq6lhir5l5ttk5/12%20July%202011%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/34ral88949ro478/12%20July%202011%20Yeyintnge%27s%20Diary.pdf
12 July 2011 Yeyintnge's Diary

မနှင်းမေအောင် မုံရွာထောင်မှာ တိုက်ပိတ်ခံနေရ

2011-07-12
ဦးသိန်းစိန်အစိုးရက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောဆိုတာကို မုံရွာထောင်ကနေ စာရေးသား ကန့်ကွက်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသူ မနှင်းမေအောင် (ခေါ်) မနိုဘယ်လ်အေး ကို ထောင်ဝင်စာ ပိတ်လိုက်ပြီး၊ ထောင်တွင်း တိုက်ပိတ်ပြစ်ဒဏ် ချထားတယ်လို့  သတင်းရရှိပါတယ်။
AAPP
မုံရွာထောင်မှာ ထောင်ဒဏ် (၁၁) နှစ်ကျခံနေရသော နိုင်ငံရေးအကျဉ်းသူ မနှင်းမေအောင်
ဒီကိစ္စနဲ့ ပတ်သက်လို့  မနိုဘယ်လ်အေးရဲ့မိခင် ဒေါ်အေးမြင့်သန်းက RFA ကို အခုလိုပြောပါတယ်။ "ဒီတခေါက် ထောင်ဝင်စာ သွားတွေ့တဲ့အခါမှာ ထောင်ဝင်စာ မတွေ့ရဘူးလို့ ပြောတယ်။ ပြောတော့ သူ့အဖေက ထောင်ပိုင်ကြီးနဲ့ တွေ့ချင်တယ်လို့ ပြောပြီးတော့ သူ့အဖေ ထောင်ပိုင်ကို စောင့်နေတဲ့ အချိန်မှာ၊ နိုဘယ်လ် အသံနဲ့ မေမေကြီးရေ မေမေကြီးရေ ဆိုပြီးတော့ နှစ်ခွန်းထအော်တဲ့ အသံကို သူ့အဖေက ကြားလိုက်တယ်" "အဲသလို ကြားလိုက်တဲ့ အခါကျတော့ သူ့အဖေက ပိုပြီးတော့ စိတ်သောက ဖြစ်သွားပြီးတော့ ထောင်ပိုင်ရယ်၊ ထောက်လှမ်းရေး နှစ်ယောက်ရယ်နဲ့ တွေ့တဲ့အခါမှာ သူ့အဖေကမေးတယ်။ နိုဘယ်လ် ဘာလို့ ထောင်ဝင်စာ မတွေ့ရတာလဲ။ ပြီးတော့ နိုဘယ်လ် ဘာလို့အော်တာလဲလို့ မေးတဲ့အခါကျတော့ ထောင်ပိုင်က အဲဒါကျနော် မကြားဘူးလို့ ပြောတယ်။ အပြင်က လူတွေတောင် အကုန်ကြားနေတယ်။ တထောင်လုံးလည်း တိတ်ဆိတ်သွားတယ်။ ထောင်ပိုင်ကြီး မကြားဘူးဆိုတာ အဓိပ္ပါယ်မရှိဘူးလို့ ပြောတဲ့အခါကျတော့မှ အဲဒါဆို ထောင်ဝင်စာ မတွေ့ရလို့ အော်တာ နေမှာပေါ့လို့ ထောင်ပိုင်က ပြောတယ်" ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ မှာ မနိုဘယ်လ်အေးက ကန့် ကွက်စာပို့ လိုက်တာလို့ ဆိုပါတယ်။ ဒါကြောင့် အခု ဇူလိုင်လ ၇ ရက်နေ့က ဖခင်ဖြစ်သူ ထောင်ဝင်စာ သွားတွေ့တဲ့အခါမှာ ထောင်အာဏာပိုင်နဲ့  ထောက်လှမ်းရေးတွေက တွေ့ခွင့်မပေးတော့တာပါ။ ဘာကြောင့် ထောင်ဝင်စာ ပိတ်လဲလို့  မနိုဘယ်အေးရဲ့ဖခင်က ထောင်ပိုင်ကို မေးတဲ့အခါမှာ ထောင်စည်းကမ်း ဖောက်ဖျက်လို့ အထက်အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာလို့  ပြန်လည်ပြောဆို လိုက်တယ်လို့ ဆိုပါတယ်။ မနိုဘယ်လ်အေးဟာ အရင်ကလည်း ထောင် (၄၂) နှစ်ချ မှတ်ခံရပြီး အဲဒီတုန်းက ထောင်ထဲမှာ (၇) နှစ် နေခဲ့ရပါတယ်။ အခုတခေါက်မှာတော့ ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ 
http://www.rfa.org/burmese/news/political-prisoner-hinn-may-aung-07122011133447.html

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်သွားရောက်




2011-07-12
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ သားငယ် Kim Aris ခေါ် ကိုထိန်လင်းနဲ့ ဒီမနက်ပိုင်းမှာ ရွှေတိဂုံ ဘုရားဖူးပြီး အာဇာနည် ဗိမာန်နဲ့ ရွှေတိဂုံ ဘုရားလမ်းမှာ ရှိတဲ့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ရဲ့ ဂူဗိမာန်ကို သွားရောက် ကန်တော့ကြပါတယ်။ ဒီနေ့ ညနေပိုင်းမှာ ကိုထိန်လင်း ပြန်တော့မှာမို့ မပြန်ခင် မိခင်နဲ့ ဘုရားလည်း ဖူးမျှော် ကန်တော့ပြီး ကွယ်လွန်သူ ဘိုးဘွားတွေကို ဂူဗိမာန်တွေမှာ သွားရောက် ကန်တော့တာလို့ NLD ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောပါတယ်။
NLD
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် Kim Aris ခေါ် ကိုထိန်လင်းတို့ကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က အာဇာနည် ဗိမာန်ရှေ့တွင် တွေ့ရပုံ။ ဓါတ်ပုံ - NLD
"ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းက ဒီနေ့ပြန်မှာ၊ ဒေါ်စုက သူ့အဘိုးအဘွားနဲ့ ကုသိုလ်ရေး ကိစ္စ လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မနက် ၇ နာရီမှာ သူတို့ သားအမိ နှစ်ယောက် ထွက်ပါတယ်။ ရွှေတိဂုံ ဘုရားကို သွားကန်တော့ပြီးတော့မှ အင်္ဂါထောင့်မှာ ပန်းကပ်တယ်။ ရေချမ်းကပ်တယ်။ ဆုတောင်းတယ်။ နောက်ပြီးတော့ စနေထောင့်မှာ မောင်ထိန်လင်း အတွက် ပန်းကပ်တယ်။ ရေချမ်းကပ်တယ်။ ဆုတောင်းတယ်။ အဲဒါပြီးတဲ့ အခါကျတော့ သူတို့ သားအမိက အာဇာနည်ကုန်း သွားပြီးတော့ သူ့အဘိုး ဗိုလ်ချုပ်အောင်ဆန်း အုတ်ဂူမှာ ကန်တော့ပါတယ်ခင်ဗျ။ အဲဒါ ကန်တော့ပြီးတဲ့ အခါမှာ ရွှေတိဂုံ ဘုရားလမ်းမှာ ရှိတဲ့ ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူကို သွားပြီးတော့ ဂါရ၀ ပြုပါတယ်။ မနက် ၇ နာရီက ထွက်တာ အိမ်ပြန်ရောက်တော့ ၈ နာရီထိုးပါပြီ။" ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိ ရွှေတိဂုံ ဘုရားဖူးမျှော်ချိန်မှာ ပြည်တွင်း သတင်းထောက်တွေ ဓာတ်ပုံ ရိုက်ကူးနိုင်ပေမယ့် အာဇာနည် ဗိမာန်မှာတော့ သတင်းထောက်တွေကို သက်ဆိုင်ရာက အထဲဝင်ခွင့် မပေးဘူးလို့ စာနယ်ဇင်းသမား တဦးက ပြောပါတယ်။ မိခင်ရဲ့မွေးနေ့ အမှီ ရန်ကုန်ကို အရောက်လာပြီး မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပုဂံ-ညောင်ဦး ခရီးသွားခဲ့တဲ့ ကိုထိန်လင်းဟာ ဒီ ညမှာ ထိုင်း လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာမယ်လို့ သိရပါတယ်။ ဒီခရီးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ ၂၀၁၀ ခုနှစ် နိုဝင်ဘာလက ပြန်လွတ်မြောက်လာပြီးနောက် မိခင်ထံ ကိုထိန်လင်း ဒုတိယ အကြိမ်မြောက် လာရောက်တဲ့ ခရီး ဖြစ်ပါတယ်။
http://www.rfa.org/burmese

နိုင်ငံအုပ်ချုပ်ခဲ့သူများကို အစိုးရပိုင် သတင်းစာ ဆောင်းပါး တပုဒ်က ဝေဖန်



နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သူ အဆက်ဆက်သည် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူတို့ အရေးကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း အစိုးရပိုင် သတင်းစာ တစ်စောင် ဖြစ်သော ကြေးမုံ သတင်းစာပါ ဆောင်းပါး တပုဒ်က ဝေဖန် ရေးသားလိုက်သည်။


burmese-news
ဇူလိုင်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ရေးသားထားသော ဆောင်းပါးရှင် ဝေယံမောင်၏ " တိုင်းရင်းပီစွာ ရိုင်းပင်းညီကာ ၀ိုင်းဝန်း ပါဝင်ကြပါစို့ " ဆောင်းပါးတွင် ဝေဖန်ချက်ကို ထိုသို့ ရေးသားဖေါ်ပြထားခြင်း ဖြစ်သည်။

စာရေးသူ ဝေယံမောင်က ပွင့်ပွင့်လင်းလင်း ဝေဖန်ရမည် ဆိုလျှင် ရေမြေတောတောင် သဘာဝနှင့် သယံဇာတ ပေါကြွယ်ဝလှသည့် ကျွန်တော်တို့ နိုင်ငံ၊ မြေကြီးက ရွှေသီးသည်ဟု တင်စားသည့် ကျွန်တော်တို့ တိုင်းပြည်တွင် ဆင်းရဲ နွမ်းပါးမူ ၂၆ ရာခိုင်နုန်း ကျော်ခဲ့ရခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်သူ အဆက်ဆက်တို့က ဆင်းရဲနွမ်းပါးသူတို့၏ အရေးကို လုပ်သင့် လုပ်ထိုက်သလောက် မလုပ်ဆောင်နိုင်ခဲ့၍ ဖြစ်သည်ဟု ဆိုကာ ရေးသားဖေါ်ပြထားသည်။

၎င်းပြင်သူက အုပ်ချုပ်မူ အားနည်းခြင်းနှင့် အထူးအခွင့်အရေးများ ပေးခြင်း တို့ကြောင့် ဆင်းရဲ ချမ်းသာ ကွာဟမူ မြင့်မားခြင်းတို့ကို ရင်ဆိုင်နေကြရခြင်း ဖြစ်ကြောင်း၊ ခေတ် အဆက်ဆက် အုပ်ချုပ်မူ အားနည်းခြင်းတို့၏ ရလဒ်ကြောင့် ဖွံ့ဖြိုးတိုးတက်မူ နှေးကွေးခဲ့ရကြောင်း၊ လက်တစ်ဆုတ်စာ လူတန်းစားတို့၏ အခွင့်ထူးခံ လုပ်ရပ်များကြောင်း ပြည်သူအများစု နစ်နာခဲ့ရသည်။ တိုင်းပြည်၏ အကျိုးစီးပွား အကျိုးမဲ့စွာ ဆုံးရှုံးခဲ့ရသည်ဟုလည်း ဖေါ်ပြထားသည်။

စာရေးသူ ဝေယံမောင်က တိုင်းပြည်ကို အုပ်ချုပ်သူ အစိုးရ အဆက်ဆက်ကို ပြောဆို ဝေဖန်ထားသဖြင့် တိုင်းပြည် အာဏာကို နှစ်ပေါင်း ၂၃ နှစ် ကြာ ရယူ ထားခဲ့သော စစ်အစိုးရအားလည်း သူ့ဆောင်းပါးက အရှက်ရစေလိမ့်မည်ဟု စာဖတ်သူများက သုံးသပ် ပြောဆိုသည်။

၎င်းပြင် ယနေ့ မြန်မာနိုင်ငံ တွင် ကောင်းစားနေသော လက်တဆုတ်စာ လူတန်းစားမှာ ယခင် တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့သော တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ၏ ဆွေမျိုးသားချင်းများနှင့် နီးစပ်သူများ ဖြစ်သဖြင့် ဝေယံမောင်၏ ဆောင်းပါးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအပါအ၀င် သန်းကြွယ် သူဌေး ဦးတေဇတို့၏ အရှိုက်ကို လက်သီး တိုက်ရိုက် ထိမှန်သွားသလို ခံစားရမည့် ဆောင်းတပါး တပုဒ်အဖြစ် စာဖတ်သူများက ရှု့မြင်နေကြရသည်ဟု သတင်း ရရှိသည်။ 

http://www.narinjara.com/detailsbur.asp?id=3313

ရှစ်လုံးကို နောက်ကြောင်းပြန်ဖို့ ...




ရှစ်လုံး ခေါ် မှုံပေပေမျက်နှာထားနဲ့ တင်အောင်မြင့်ဦးအကြောင်း ခုတလော လူပြောများနေကြပါတယ်။ မျက်နှာရှစ်ခေါက်ချိုးနဲ့ ခေါင်းပေါင်း ပုဆိုးဝတ်ပြီး စစ်ဟန်ပေါက်နေသေးတာ၊ တချို့လုပ်ရပ်တွေမှာ သမ္မတဖြစ်တဲ့ ဦးသိန်းစိန်ကို ကျော်လုပ်နေသလို မြင်ရတာ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ထင်သလို ခြယ်လှယ်နေဆဲ ဖြစ်နေတာတွေကြောင့်လည်း လူပြောများတယ်လို့ ထင်ပါတယ်။

ဧရာဝတီ ဘလော့ဂ်မှာ ပုံမှန်ရေးသားနေတဲ့ ကျားပေါက်ကလည်း သူ့ရဲ့ တချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ် ဆောင်းပါး (၁) နဲ့ (၂) မှာ ရှစ်လုံး ချိုးနေတဲ့ အချိုးတွေကို ရေးခဲ့ပါသေးတယ်။ မကြာသေးခင်က နေ့သစ်မှာလည်း တိုင်းပြည်ကို သစ္စာဖောက်နေခြင်း ဆိုပြီး ရေးထားတာ ဖတ်ရပါတယ်။ အဲဒီ နေ့သစ်ပို့စ်ရဲ့ အောက်မှာ ကော်မန့်ပေးသူတယောက်ကတော့ ရှစ်လုံးနဲ့ “နေရွှေငါးပုဇွန်ဂိုဏ်း” အကြောင်းကို အောက်ပါအတိုင်း ရေးထားတာလည်း တွေ့မိပါတယ်။

“နေရွှေငါးပုဇွန်ဂိုဏ်းရဲ့ ရုပ်သေးတွေ ဖြစ်နေဦးမယ်။ ... မှန်တာတွေပါသင့်သလောက် ပါပေမဲ့၊ သတိပေးချင်တာ တခုကတော့၊ သမ္မတဦးသိန်းစိန် ဘာမှ လုပ်လို့ မရဘူး၊ ရှစ်လုံးက ဘာတွေလုပ်ပြီး၊ လေးယောက်ဂိုဏ်းက ဘာတွေ ဖြစ်နေ တယ်ဆိုတဲ့၊ အသံတွေကို စစ်ကြည့်လိုက်ရင်၊ ရွှေမန်း မပါတာ တွေ့လိမ့်မယ်။ ဘယ်ပါမလဲ၊ ဒီအသံတွေကို ရွှေမန်းကို အမှီပြုပြီး ခြေကုပ်ယူထားတဲ့၊ Egress နေ၀င်းမောင် + လှမောင်ရွှေ ဂိုဏ်းက ထုတ်လွှင့်ပေးနေတာကိုး။ ........
နောက်တကြောင်းက ရွှေမန်းကို လှမောင်ရွှေ တို့က ကိုင်ထားတာ။ ငွေဆောင် beach စဖွင့်တော့၊ ဘယ်သူမှ ဟော်တယ်သွား မဖွင့်ချင်တဲ့ နေရာမှာ၊ အဲဒီတုန်းက လှမောင်ရွှေ တို့က ဟော်တယ်ကို အရှုံးခံ ဖွင့်ခဲ့လို့၊ ပုသိမ်တိုင်းမှူး ရွှေမန်း ကျေနပ်သွားရာ က၊ ရွှေမန်းဟာ လှမောင်ရွှေတို့ အိတ်ကပ်ထဲ ရောက်သွားခဲ့တာ။ ....... ဒါကြောင့်၊ လေးယောက်ဂိုဏ်း၊ ရှစ်လုံးဂိုဏ်းတို့ကို ဖြိုပြီး၊ ထိပ်တက်ဖို့ လုပ်နေတဲ့ ရွှေမန်းကိုရုပ်ပြထားတဲ့ နေရွှေငါးပုဇွန်ဂိုဏ်းက၊ ပြိုင်ဘက် ဂိုဏ်းတွေ အကြောင်း၊ အတိုက်အခံ မီဒီယာတွေကို (သိတောင် မသိလိုက်ရအောင်) အသုံးချနေတယ် ဆိုတာ၊ အသိပေးလိုက်တာပါ။ ဂိုဏ်းတွေက များပါတယ်။ နေရွှေငါးပုဇွန်ဂိုဏ်းက၊ အသွက်ဆုံးပဲ။ သတိထားကြ ဖို့ပါ။”

ဘာဖြစ်လို့ ရှစ်လုံးဂိုဏ်းကို ဖြိုချင်သလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ တင်အောင်မြင့်ဦး စစ်တပ်ထဲမှာ နေတုန်းက ဘာတွေ လုပ်ခဲ့သလဲ၊ လူသိပ်မသိသေးတဲ့ သူ့လုပ်ရပ် ဘာတွေ ရှိခဲ့လဲ။ တပ်ထဲမှာကတည်းက သူ့ဆိုးသတင်းက အတော်ပြန့်ပြီးသားဖြစ်ပါတယ်။

ကချင်ဒေသကို ရောက်ရှိခဲ့တဲ့ ဧရာဝတီ သတင်းထောက် ကိုဘကောင်းကတော့ သူ့အကြောင်းနဲ့ ပတ်သက်လို့ နောက်ကြောင်းပြန် ရေးသားနေပါတယ်။ ဒီရက်အတွင်းမှာ ဖတ်ရမယ်၊ ဓာတ်ပုံအထောက်အထားတွေလည်း ရရှိလာတယ်လို့ ဆိုပါတယ်။

ကဲ ... ရှစ်လုံးခေါ် တင်အောင်မြင့်ဦးအကြောင်း ဘာတွေ ဖော်ဦးမလဲ၊ စောင့်ကြစို့ ...။

http://www.irrawaddyblog.com/2011/07/blog-post_6050.html

တကျော့ပြန် အာဏာလုပွဲ




အရပ်သားယောင်ယောင် အစိုးရဖွဲ့ပြီးတာ ၃ လပဲရှိသေးတယ်။ မြန်မာပြည်ဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေပြီလို့ နိုင်ငံတကာကို အယုံသွင်းဖို့ ဘောင်းဘီချွတ်ပြီး လုံချည်ဝတ်ထားတဲ့ အစိုးရထဲက ဗိုလ်ချုပ်ကြီးဟောင်းတွေကြားမှာ အာဏာလုပွဲ ပေါ်လာပြန်ပါပြီ။

အခုအာဏာလုပွဲကတော့ လက်ရှိ အောက်လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းနဲ့ ဒုတိယ သမ္မတ - ၁ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ရဲ့ အင်အားပြတဲ့ လွန်ဆွဲပွဲ ဖြစ်နေပါတယ်။

သူတို့နှစ်ယောက်ရဲ့ ပဋိပက္ခက ဘယ်ကို ဦးတည်မယ်ဆိုတာ ခန့်မှန်းရခက်ပေမယ့် ထိန်းမနိုင်သိမ်းမရ မဖြစ်ခင် ဒီပြဿနာကို ဖြေရှင်းဖို့အရေး သမ္မတ ဦးသိန်းစိန်တယောက် ခေါင်းမီးတောက် နေလောက်ပြီ။ တကယ်လို့ အခြေအနေကို မထိန်းဘူးဆိုရင် သူလည်း ဘေးရောက်သွားမှာဖြစ်သလို၊ မြန်မာပြည်ဟာလည်း စစ်အာဏာရှင်စနစ်အောက်က စက်ဆုပ်ဆိုရွားတဲ့ အခြေအနေ ဆီကို ပြန်ရောက်သွားနိုင်တယ်။

ဦးရွှေမန်းဟာ ပြီးခဲ့တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်မှာ အလားအလာ အရှိဆုံး ထိပ်ပိုင်းအဖွဲ့ဝင် ဖြစ်ခဲ့ဖူးတယ်။ လက်ထောက် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တာဝန်ယူခဲ့ပြီး နအဖ မှာ နံပါတ် ၃ ခေါင်းဆောင် လည်း ဖြစ်ပါတယ်။ သူရဲ့ တရားဝင် ရာထူးက ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး၊ ဒီရာထူးကို မကြာသေးခင်က “အနားယူသွားပြီ” ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖန်းတီးခဲ့ပြီး သက္ကရာဇ် ၂၀၀၀ အစောပိုင်းမှာ သူ့ကို ပေးခဲ့တာပါ။

ဒီရာထူးကြောင့် ဦးရွှေမန်းဟာ တပ်မတော် စစ်ဆင်ရေးတွေကို ကြီးကြပ်ရပြီး တိုင်းမှူး၊ တပ်မမှူးတွေ့ရဲ့ လေးစားမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ရခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ တရားဝင် အနားယူ ပြီးနောက်ပိုင်းမှာ တပ်ရဲ့ ထောက်ခံမှုကို အခိုင်အမာ ရမယ့်သူလို့လည်း အများကယူဆကြတယ်။ ဒါကြောင့်မို့လည်း ရွေးကောက်ပွဲပြီးရင် သူ သမ္မတဖြစ်လာ လိမ့်မယ်လို့ ထင်ကြေးပေးခံရတာပေါ့။

ဒါပေမယ့် သူ့ရဲ့ အောင်မြင်မှုနဲ့ လူကြိုက်များမှုတွေကပဲ သူ့ကို ကျရှုံးစေခဲ့တာဖြစ်နိုင်တယ်။ တပ်မတော်ထဲမှာ သူ့ရဲ့သြဇာ တဖြည်း ဖြည်း ကြီးလာမှုဟာ တဖက်သားအပေါ် သံသယ လွန်ကဲတတ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တုန်လှုပ်ကောင်း တုန်လှုပ်စေနိုင် တယ်။ ဒါကြောင့်လည်း သမ္မတ ရာထူး သူ့ကိုမပေးဘဲ သူ့ထက်စာရင် လိုသလို ပုံသွင်းလို့ ပိုရပြီး အန္တရာယ်လည်းနည်းတဲ့ ဦးသိန်းစိန်ကို ပေးခဲ့တာပေါ့။ ဦးသိန်းစိန်က သူ ဦးနေဝင်းနဲ့ မိသားစုကို လက်စားချေခဲ့သလိုမျိုး သူနဲ့ သူ့မိသားစုကို လက်စားချေဖို့ ဖြစ်နိုင်ချေ နည်းတဲ့သူလို့ ခန့်မှန်းတွက်ဆလို့ရပါတယ်။ 

ဦးသိန်းစိန်ဟာ အရင်တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် သစ္စာရှိတဲ့ အရာရှိ၊ ပြီးတော့ အရင်စစ်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ် လုပ်ခဲ့စဉ်ကလည်း ရှေ့တန်းမှာ မားမားရပ်ပြီး တခြားဗိုလ်ချုပ်ကြီးတွေကို သံတမန်နည်းနဲ့ ကျွမ်းကျွမ်းကျင်ကျင် အကာအကွယ်ပေးခဲ့တာ ဖြစ်တယ်။ သူဟာ သူတော်စဉ်တော့မဟုတ်တာ သေချာပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီးနဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့တယ် ဆိုတာကို အမြဲတမ်း သတိရနေဖို့တော့လိုတယ်။ ဒါပေမယ့် သူဟာ အရင် စစ်အစိုးရ ခေါင်းဆောင် အများစုထက်စာရင် ချစားမှုနည်းပြီး သူများပြောတာကို စိတ်ရှည်လက်ရှည် နားထောင်တတ်သူလို့ လူသိများတယ်။ ရွေးကောက်ပွဲ အပြီးမှာ ကျန်းမာရေးကြောင့် တာဝန်က အနားယူချင်ပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို လိုအပ်တာမို့ တာဝန်ဆက် ယူခိုင်းခဲ့တာလို့လည်း ကောလာဟလ ထွက်လာခဲ့သေးတာ ဖြစ်ပါတယ်။

အရှက်ရပြီး သောကတွေ ပတ်လည်ဝိုင်းနေတဲ့ ဦးရွှေမန်းဟာ အထိနာစရာတခုနဲ့ ထပ်ကြုံရပြန်တယ်။ အဲဒါကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးတင်အောင်မြင့်ဦးကို ဒုတိယ သမ္မတ - ၁ အဖြစ် ပွဲထုတ်လိုက်တာကြောင့်ပါပဲ။ နအဖ အတွင်းရေးမှူး ၁ နဲ့ နံပါတ် ၄ ခေါင်းဆောင်၊ တချိန်တည်းမှာလည်း စစ်ထောက်ချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးတင်အောင်မြင့်ဦးဟာ သဘောထား တင်းမာသူ ဖြစ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောတတ်သူလို့ နာမည်ကြီးသူဖြစ်တယ်။ သူ့လူရင်းတွေနဲ့ မြန်မာပြည်ထဲမှာ ရင်းနှီးမြှုပ်နှံကြတဲ့ တရုတ် ကုမ္ပဏီတွေကို စီးပွားရေးလုပ်ငန်းတွေ အထူးအခွင့်အရေးနဲ့ ချပေးပြီး ရလာတဲ့ ဝင်ငွေအပေါ် ရာခိုင်နှုန်း အတော်များများ ဖြတ်ယူတယ်လို့လည်း အပုပ်နံ့ ထွက်နေသူဖြစ်တယ်။

ဒါပေမယ့် ဒီအရာတွေက ဗိုလ်ချုပ်မှူးကြီးကို စိုးရိမ်ကြောင့်ကြမှု မဖြစ်စေခဲ့ဘူး။ သူ့ကိုပဲ ဒုသမ္မတ - ၁ အဖြစ် ခန့်အပ်ခဲ့တယ်။ ဒါဟာလည်း အံ့သြစရာတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ဗိုလ်ချုပ်မှူးကြီးရဲ့ ဂန္ထဝင်မြောက်တဲ့ ကျား ရွှေ့ကွက်တွေပါ။ အတွင်း ပဋိပက္ခရှိလေလေ၊ သူ့အတွက် လုံခြုံတယ်လို့ ယူဆလေကိုး။ အဲဒီတော့ အစိုးရသစ်ထဲမှာ လူကောင်းနဲ့ လူဆိုး ဆိုတာ တွေကို တွဲထားချင်မှာပေါ့။

အခုတော့ ဗိုလ်ချုပ်မှူးကြီး မှန်းထားခဲ့အတိုင်း အရပ်သားအစိုးရသစ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကြားမှာ တင်းမာမှုတွေ သိသိသာသာ ဖြစ်နေပြီ။ ဒါပေမယ့် မေးစရာရှိလာတာက သူ့အနေနဲ့ သူ့အစွမ်းအစအပေါ် အရမ်း ယုံကြည်စိတ်ချမှု ထားခဲ့လေသလား ဆိုတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူရဲ့ကစားကွက်တွေက ဦးတင်အောင်မြင့်ဦးဆိုတဲ့ အာဏာရှင် နောက်တယောက် ပေါ်ထွက် လာဖို့ စင်တင်ပေးသလိုမျိုး ဖြစ်မယ်ဆိုရင် ဦးရွှေမန်း သမ္မတ ဖြစ်တာထက်ကို သူ့အတွက် ပိုပြီး အန္တရာယ်ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

ဦးတင်အောင်မြင့်ဦးအနေနဲ့ သဘောထားတင်းမာသူ၊ အာဏာလိုချင်သူ ဖြစ်တာမို့ အရပ်သားအစိုးရသစ်ထဲမှာ အာဏာရှိတဲ့၊ ဒါမှမဟုတ်လည်း အာဏာအရှိဆုံးဆိုတဲ့ ခေါင်းဆောင်ဖြစ်လာတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ သူဟာ ဆုံးဖြတ်ချက်တွေချတဲ့ နေရာမှာ ကိုယ်တိုင် ပါဝင်နိုင်အောင် လုပ်ခဲ့တာဖြစ်တယ်။ အဲဒီလိုလုပ်နေတဲ့ နေရာမှာလည်း ဘတ်ဂျက်ကနေ ကုန်သွယ်ရေးမူဝါဒ၊ နိုင်ငံတော်လုံခြုံရေး ကိစ္စတွေအထိ တိုက်ရိုက်ပါဝင်နိုင်အောင် သမ္မတ ဦးသိန်းစိန်ကိုကျော်ပြီး လုပ်ခဲ့တာဖြစ်တယ်။

ဒါတင်မကသေးဘူး အခုဆိုရင် သူဟာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အစောင့်အရှောက်ခံ လူယုံတဦးဖြစ်တဲ့ အထက်လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့နဲ့လည်း အုပ်စုဖွဲ့ထားတယ်လို့ ဆိုကြတယ်။ ဒီလို ငါ့မြင်းငါစိုင်း တဲ့ ဦးတင်အောင်မြင့်ဦးတို့ဂိုဏ်းဟာ လွှတ်တော်ထဲမှာ ရှိနေတာမို့လည်း သူ့အနေနဲ့ အစိုးရသစ်ရဲ့ အဓိကဆုံးဖြတ်ချက် အတော် များများကို ပုဂ္ဂိုလ်ရေးအရ ဝင်ရောက် စွက်ဖက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုလုပ်တဲ့အတွက် ဦးသိန်းစိန်ရဲ့ အုပ်ချုပ်ရေး အာဏာနဲ့ မူဝါဒ အကောင်အထည်ဖော်မှု စွမ်းရည် နှစ်ရပ်စလုံးကို ထိခိုက်လျော့ပါး သွားစေပါတယ်။

တချိန်တည်းမှာလည်း သူဟာ ဦးရွှေမန်းကို အသံမထွက်အောင် လုပ်ထားနိုင်ပြန်တယ်။ စီးပွားရေးသမားတွေကို ရန်ကုန်မှာ ပြောခဲ့တဲ့ ဦးရွှေမန်းရဲ့ မိန့်ခွန်းကို ဦးကျော်ဆန်းရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဆင်ဆာဖြတ်ခဲ့တာကိုး။

စီးပွားရေးသမားတွေကို နိုင်ငံ့သားကောင်းတွေ ဖြစ်ကြဖို့ ဦးရွှေမန်းက သူ့မိန့်ခွန်းထဲမှာ တိုက်တွန်းခဲ့တယ်။ သူကိုယ်တိုင်လည်း ဦးသိန်းစိန် လူထုကိုပြောခဲ့တဲ့အတိုင်း “အစိုးရကောင်း” တရပ်ဖြစ်လာဖို့ တာဝန်ရှိသူတွေနဲ့အတူ ကြိုးပမ်းသွားမယ်လို့ ကတိပေး ခဲ့တယ်။ “ဥပဒေအထက်တွင် မည်သူမျှမရှိစေရ” လို့တောင် ဆိုခဲ့သေးတယ်။ ဒီစကားကို စစ်အစိုးရက ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ၂၀၀၄ မှာ ဖြုတ်တုန်းက ဦးရွှေမန်းပဲ နောက်ဆုံး ပြောခဲ့တာပါ။ ဒီတကြိမ် ဒီစကားကို ပြောတဲ့ အခါကျတော့ တယောက်ယောက်ကို ရည်ရွယ်ပြီး ပြောတာလားလို့ လူတိုင်းက စူးစမ်းကြတယ်။ သူ့ပြိုင်ဘက် ဦးတင်အောင်မြင့်ဦးကို ညွှန်းတာလား၊ ဒါမှမဟုတ် ဦးသန်းရွှေကိုလား စသဖြင့်ပေါ့။  

တိုင်းပြည်တပြည်မှာ လွှတ်တော် မရှိဘူးဆိုရင် တိုင်းသူပြည်သားတွေ ဖိနှိပ်ခံရမယ်လို့လည်း ဦးရွှေမန်းက ဆက်ပြောသေးတယ်။ သူဟာ စစ်အစိုးရဟောင်းမှာ အထင်ရှားဆုံးနဲ့ အာဏာအရှိဆုံး တယောက်ဖြစ်ခဲ့တယ်ဆိုတာရယ်၊ ပြီးတော့ သူ့သားနှစ်ယောက်ဟာ အဲ့ဒီအစိုးရဆီကနေ အရေးပါတဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရတဲ့အတွက် သူ့မိသားစု ကြွယ်ဝ ချမ်းသာလာခဲ့တယ် ဆိုတာရယ်ကို မေ့ပြီး ဒီစကားတွေကို ပြောနေသလိုမျိုး ဖြစ်နေပါတယ်။

ဒါပေမယ့် တိုင်းပြည်ရဲ့ ဆုတ်ယုတ်မှုတွေကိုတော့ ဦးရွှေမန်းက ဝန်ခံတယ်။ မြန်မာပြည်ဟာ အခြားနိုင်ငံတွေထက်စာရင် အများကြီး နောက်ကျကျန်ခဲ့ပြီ၊ နိုင်ငံတကာ အမြင်မှာ အထင်သေးစရာဖြစ်နေပြီလို့ သူကဆိုတယ်။ ဒီလို တဲ့တိုးပြောတာဟာ စီးပွားရေးသမား တွေ အတော်များများအတွက် သဘောကျစရာဖြစ်ခဲ့တယ်။ ဒါပေမယ့် ဦးကျော်ဆန်းအတွက်တော့ သဘောကျစရာမဟုတ်ဘူး။ ဒါကြောင့် သူ့မိန့်ခွန်းကို သတင်းစာထဲမှာ ပြည့်ပြည့်စုံစုံ ထည့်ခွင့်မပြုတာပေါ့။ သူနဲ့ ဘယ်လိုမှ သင့်မြတ်လို့ရမှာ မဟုတ်ဘူးလို့ မြင်တာကိုး။

ဘယ်လိုပဲဖြစ်ဖြစ် အရင် လက်ထောက် စစ်ဦးစီးချုပ်လုပ်ခဲ့တဲ့ ဦးရွှေမန်းရဲ့ သြဇာက သိပ်ကြီးတာမို့ သူ့ကို လုံးဝ အသံတိတ်အောင် လုပ်လို့မရသလို ဖယ်ထုတ်လိုက်လို့လည်း မရပါဘူး။ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဦးရွှေမန်းအပေါ် သစ္စာရှိသူလို့ အများက တွက်ဆ ခန့်မှန်းကြပါတယ်။ မကြာသေးခင်က လုပ်ခဲ့တဲ့ တိုင်းမှူး တပ်မမှူးတွေ အပြောင်း အလဲမှာ လက်ရှိ ကာချုပ်က သူဘာလဲဆိုတာ စပြီး အမောက်ထောင်ပြပြီလို့ လေ့လာစောင့်ကြည့်သူတချို့က မှတ်ချက်ချကြတယ်။

လူတိုင်း နားလည်သဘောပေါက်တာကတော့ ဒီကိစ္စတွေအားလုံးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ကန့်လန့်ကာ နောက်ကွယ် ကနေ စောင့်ကြည့်နေတယ် ဆိုတာပဲ။ နအဖ အရင် နိုင်ငံတော်ငြိမ်ဝပ်ပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) မှာ တာဝန်ယူဘူးတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးတယောက်က သတိပေးဖူးတယ်၊ မြန်မာပြည်က စစ်အာဏာရှင်တွေဟာ ဘယ်တော့မှ အေးအေးဆေးဆေး ထွက်မသွားဘူးတဲ့။ နိုင်ငံရေးမှာ သူတို့ အမြဲတမ်း ပြန်လည် ဝင်ရောက် စွက်ဖက်လေ့ရှိတယ်လို့ သူ ဆိုချင်တာပါ။

ဗိုလ်ချုပ်ကြီးနေဝင်းတုန်းကဆို ၁၉၈၈ မှာ တရားဝင် အငြိမ်းစား ယူတယ်ဆိုပေမယ့် နောက်ဆုံး အာဏာသိမ်းဖို့ ပူးပေါင်းကြံစည် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်အကျယ်ချုပ် ချခံရတဲ့ ၂၀၀၂ ခုနှစ်အထိ ကိစ္စရပ် တော်တော်များများကို ကြိုးကိုင်သွားတာပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုရင်လည်း နိုင်ငံရေး စစ်တုရင် ကစားရာမှာ ဆရာတဆူ ဖြစ်တဲ့အပြင် သူ့ လိုအင်ဆန္ဒနဲ့ ကိုက်ညီမယ့် အရာတွေအတွက် လက်ရှိအစိုးရကို ချယ်လှယ်ဖို့ လုံးဝ စိတ်စနိုးစနောင့်ဖြစ်မယ့်သူ မဟုတ်ဘူး။ လက်ရှိအစိုးရ ထိပ်တန်းအရာရှိ တယောက်နဲ့ နီးစပ်တဲ့ စီးပွားရေး သမားတယောက်က မကြာခင်က သတိပေးခဲ့ပါတယ်။ “အိပ်ပျော်နေတဲ့ကျားကို ဘယ်သူမှ သွားမနှိုးပါနဲ့” တဲ့။

အခုဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေ အာဏာလုပွဲ အလယ်မှာရှိနေသူကတော့ ဖာသိဖာသာ နေတတ်ပြီး ပြတ်သားမှုမရှိတဲ့ သမ္မတ ဦးသိန်းစိန်ပဲ ဖြစ်ပါတယ်။ အဲဒီလူတွေအားလုံးဟာ အရင် စစ်အစိုးရ လက်ထဲမှာ သူ့ထက် ပို အာဏာရှိခဲ့တဲ့ သူတွေချည်းပဲ။ ပြီးခဲ့တဲ့ ၃ လအတွင်း သူလုပ်ခဲ့တာဆိုလို့ မိန့်ခွန်းကောင်းကောင်းတချို့ ခြွေတာပဲ ရှိတာ၊ တကယ် လုပ်ငန်းအောင်မြင်အောင် အကောင်အထည်ဖော်တာ သိပ်နည်းတာ တွေ့ရပါတယ်။

အစိုးရထဲမှာ ဦးတင်အောင်မြင့်ဦး အုပ်စု အားကောင်းလာတာကို ဦးသိန်းစိန်အနေနဲ့ ကောင်းကောင်း နားလည်သဘောပေါက်ပုံ ရပါတယ်။ အဲဒီ အုပ်စုရှိနေတဲ့အတွက် အစိုးရကောင်း တရပ်ဖြစ်ဖို့နဲ့ ချစားမှု ပပျောက်ရေးအတွက် သူပေးထားတဲ့ ကတိတွေကို ထိခိုက်စေတာကိုး။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ သူ ဘာလုပ်နိုင်မှာလဲ။

အာဏာရှင်ဟောင်းရဲ့ နိုင်ငံရေးအရိပ်အောက်မှာပဲ ရှိနေတဲ့ သမ္မတ တယောက်က သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ချိုးဖောက်တဲ့အပြင် အာဏာကို အလွဲသုံးစားလုပ်ပြီး စီးပွားရေးလုပ်ငန်းတွေကနေ ငွေအလုံးအရင်း ယူတယ်ဆိုတဲ့ ကောလာဟလထွက်နေတဲ့ ဒု-သမ္မတ တယောက်ကို ဒေါသအလျှောက် ထုတ်ပစ်တာမျိုး လုပ်နိုင်ပါ့မလား။

တကယ်လို့ ဦးသိန်းစိန်အနေနဲ့ အဲ့ဒီလိုလုပ်နိုင်ဖို့ နိုင်ငံရေးအမြင်တွေနဲ့ သူ့ကို ဝန်းရံမယ့်သူတွေကို စုစည်းနိုင်မယ်ဆိုရင် သမ္မတ တယောက် အပြောနဲ့အလုပ် ညီစပြုပြီလို့ ပြည်သူတွေက ဆိုကြလိမ့်ပါမယ်။ ပြီးတော့ တိုင်းပြည်အတွက်လည်း အခွင့်အလမ်းတခု ပွင့်ကောင်း ပွင့်လာနိုင်တယ်။ သူ့အနေနဲ့ မလုပ်နိုင်ဘူးဆိုရင်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က မြန်မာ့သမိုင်းကို ပြန်လှန်ပြီး အစိုးရတွင်း အာဏာလုပွဲ ရလဒ်ကိုပဲ ခန့်မှန်းရတော့မှာပဲ။ အဲဒီလိုဆိုရင် စစ်တပ်က အနိုင်၊ လူထုက အရှုံး ဒုံရင်းက ဒုံရင်းပဲ ဖြစ်တော့မှာပေါ့။

အောင်ဇော်၏ The Rut and Roar Begins in Burma ကို ဆီလျော်အောင် ပြန်ဆိုသည်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/6830-2011-07-12-08-20-20

“တဖက်စောင်းနင်းဖြစ်နေတဲ့ ကိစ္စတွေကို မီဒီယာက ထောက်ပြရမယ်”



ဧရာဝတီ Tuesday, 12 July 2011 13:22 အင်တာဗျူး


ဇွန်လ ၃ ရက်နေ့ထုတ် HOT NEWS ဂျာနယ်ပါ “ပုဂ္ဂလိက ဆေးခန်း SSC ၏ ၀န်ဆောင်မှု” အမည်ရှိ မျက်နှာဖုံး ဆောင်းပါးတွင်  ရွှေဂုံတိုင် အထူးကု ဆေးခန်း (SSC) ၏ ဝန်ဆောင်မှု အားနည်းချက်များကြောင့် ပြည်သူလူထု နစ်နာဆုံးရှုံးမှုများ ရှိနေကြောင်း ရေးသားထားသဖြင့် SSC က HOT NEWS ဂျာနယ်ကို အသရေဖျက်မှုတမှု၊ နစ်နာစေမှု လျော်ကြေး ကျပ် သိန်းပေါင်း ၂ သောင်း ရလိုမှု စသည့် အမှု ၂ ခုဖြင့် တရားစွဲဆို လိုက်သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ အယ်ဒီတာချုပ် မဟေမာ (ခေါ်) မမ ကို ဧရာဝတီ သတင်းထောက် နရီလင်းလက်က ဆက်သွယ်မေးမြန်းထားသည်။

HOT NEWS ဂျာနယ် အယ်ဒီတာချုပ် မဟေမာ (ခေါ်) မမ သည် ဒုဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်း၏ သမီးဖြစ်ပြီး ခင်ပွန်း ဖြစ်သူမှာလည်း ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်သည်။

Hot_News_Editor
ဇူလိုင် ၈ ရက်နေ့က ကျင်းပသည့် HOT NEWS ဂျာနယ် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် အယ်ဒီတာချုပ် မဟေမာ (ခေါ်) မမ (ဓာတ်ပုံ - ဧရာဝတီ)

မေး
။     ။ HOT NEWS ဂျာနယ် စာမျက်နှာပေါ်မှာ “ပုဂ္ဂလိက ဆေးရုံ SSC ရဲ့ ၀န်ဆောင်မှု” ဆိုပြီး ရေးသား ဖော်ပြဖြစ်တဲ့ အကြောင်း သိပါရစေ။

ဖြေ။     ။ SSC မှာဆေးကုသမှု ခံယူပြီး သေဆုံးသွားတဲ့သူရဲ့ မိသားစုက ရက်လည်တဲ့နေ့မှာ SSC ဆေးခန်းရဲ့ ၀န်ဆောင်မှု တွေနဲ့ ပတ်သက်ပြီး ရင်ဖွင့် ပြောဆိုလာတာပါ။ ကျမ အနေနဲ့ ကိုယ့်ဂျာနယ်ရဲ့ သတင်းစာမျက်နှာမှာ ဖော်ပြတဲ့ အကြောင်း အရာ မှန်သမျှ၊ ကိုယ်တိုင် ရေးသားတာပဲ ဖြစ်ဖြစ်၊ ကိုယ့် တိုက်က သတင်းထောက် ရေးသားတာပဲဖြစ်ဖြစ်၊ ပြင်ပ ဆောင်းပါးရှင် ရေးသားတာ ဖြစ်ဖြစ်  ကိုယ်က တာဝန် ယူရမှာ ဖြစ်တော့ မှန်ကန်လားဆိုတာ အချက်အလက် စုရပါတယ်။ ကိုယ်က ဖြစ်ရပ်ကို သေချာ မေးမြန်း စုံစမ်းပြီး အချက်အလက်စုတာ အပြင်၊ ပုဂ္ဂလိက ဆေးရုံတွေ အပေါ်မှာ ပြဌာန်းထားတဲ့ ၂၀၀၇ ဥပဒေ ပြဌာန်းချက် ဆိုတာ ရှိတယ်။ တချို့ ၀န်ဆောင်မှုတွေမှာ အားနည်းချက် လေးတွေ ရှိတဲ့အပြင် ပြည်သူလူထု နစ်နာနေတာ လေးတွေ တွေ့လို့ ဖော်ထုတ် ရေးသားပြတဲ့ သဘောပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဆိုတာ အများ ပြည်သူအတွက် အရမ်းကို အရေးကြီးတယ်လို့ ခံယူထားတာကြောင့် သေချာ လုပ်ဖြစ်ခဲ့ပါတယ်။

ဆရာဝန်က ဆေးကုရမှာ ဖြစ်သလို၊ ကျောင်းဆရာက စာသင်ရမှာပဲ။ ဒီလိုပဲ သတင်းသမားက ပြည်သူလူထု နစ်နာနေတဲ့ ကိစ္စ တခုကို စာမျက်နှာပေါ်ကို အချက်အလက်မှန်တယ်ဆို ဖော်ပြရမှာပဲလေ။ မီဒီယာသမားတယောက် အနေနဲ့ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တာလို့ ခံယူထားတယ်။ လူပုဂ္ဂိုလ် အနေနဲ့ ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒမရှိဘူး။

မေး။     ။ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆို ခံထားရမှုအပေါ်မှာ ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားဖို့ရှိလဲ။

ဖြေ။     ။ လောလောဆယ် ကိုယ်က တရားခံနေရာ၊ တရားစွဲ ခံထားရတဲ့ နေရာမှာ ရောက်နေတော့ မိန်းကလေးဖြစ်တဲ့ အပြင် ဒီလိုမျိုးတွေ မကြုံဘူးတာကြောင့် မကြောက်ဘူးလို့ ပြောရင်လည်း လိမ်ရာကျမှာပါ။ ကျမ ရင်ဆိုင်ရတဲ့ တဘက်က အင်အား ကြီးတာလည်း တခုပါတယ်။ ဒါပေမယ့် သတင်းသမားတယောက်ရဲ့ ကျင့်ဝတ်ဖျက်ပြီး ထိခိုက်နစ်နာစေတဲ့ ဆန္ဒသဘောထားနဲ့  ပုတ်ခတ် ရေးသားထားတာ မရှိတာကြောင့်ရယ်၊ နောက်တခုက အများပြည်သူ နစ်နာတဲ့ ကိစ္စတခုကို လုပ်လိုက်မိလို့ အခုလို တရားစွဲခံရတာ ဖြစ်တာကြောင့် သတ္တိမွေးပြီး ရင်ဆိုင်သွားဖို့ စိတ်ကူးတယ်။ ကျမဘက်က ရုံးတော်မှာ တရားဥပဒေ လမ်းကြောင်းအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမှာပါ။

မေး။     ။ လက်ရှိ အခြေအနေမှာ သတင်းမီဒီယာတွေ လွတ်လပ်စွာရေးသားခွင့်နဲ့ ပတ်သက်ပြီး ရနေကြတယ်လို့ ပြောဆိုကြ တယ်။ အခုဖြစ်သွားတဲ့ ကိစ္စရပ်ကြောင့် တစုံတရာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်ထင်လား။

ဖြေ။     ။ လက်ရှိ အမတို့ တိုင်းပြည်က ဒီမိုကရေစီနိုင်ငံကို အသွင်ကူးပြောင်းနေတဲ့ အချိန်ဖြစ်တယ်။ အားလုံးကတော့ ကိုယ့် တိုင်းပြည်ကို ကောင်းစေချင်ပါတယ်။ ဒီလို စနစ်တခုကို ပြောင်းလဲနေတဲ့ အချိန်မှာ အုပ်ချုပ်တဲ့ အကြီးအကဲသာမက တိုင်းသူ ပြည်သားတွေကပါ ၀ိုင်းလုပ်ရမယ့် အချိန်တခုလို့ မြင်ပါတယ်။ ဒီအချိန်မှာ တဖက်စောင်းနင်း ဖြစ်နေတဲ့ ကိစ္စရပ်တွေကို မီဒီယာ က ထောက်ပြရမယ်၊ ဝေဖန်ရမယ်။ တိုင်းသူပြည်သား အများမြင်အောင် ချပြရမှာ ဖြစ်သလို၊ အကြီးအကဲတွေ မြင်အောင် ရေးပြရမယ်။ ဒါသည် မီဒီယာ တာဝန်ဖြစ်တယ်။

နစ်နာနေတဲ့ မိသားစု ကိုယ်တိုင်က လာပြောတာကို စာမျက်နှာပေါ်ကို တင်ပေးချိန်မှာ နစ်နာစေလိုတဲ့ ဆန္ဒမရှိဘဲ ၀န်ဆောင်မှု အားနည်းတာကို ထောက်ပြဝေဖန်တဲ့ သဘောပါပဲ။ မီဒီယာမှာ ပွင့်လင်းတိုးတက်မှု ရလာသလို၊ တဘက်မှာလည်း ပွင့်လင်းတိုး တက်ပြီး လွတ်လွတ်လပ်လပ် ထောက်ပြဝေဖန်တာကို လက်ခံနိုင်ဖို့လိုတယ်။ ဒီအချက်ကို သတိလစ်နေတယ်လို့ မြင်တယ်။

မေး။     ။ လက်ရှိ မီဒီယာ လောကမှာ စာပေ လွတ်လပ်စွာရေးသားခွင့်၊ မှန်ကန်တဲ့ အချက်အလက်တွေကို ကိုင်စွဲပြီး ထောက်ပြ ဝေဖန်ခွင့်တွေ ရလာပြီလို့ ထင်ပါသလား။

ဖြေ။     ။ တိုင်းပြည် စနစ်ပြောင်းနေတဲ့ ကာလမှာ ဥပဒေပြဌာန်းချက်တွေတောင် ပြောင်းနေတာပဲ၊ ပြောင်းသင့် ပြောင်းထိုက် တဲ့ စာပေလွတ်လပ်စွာ ရေးခွင့်တွေ ရမယ်လို့ ယုံကြည်တယ်။ မီဒီယာ သမားတွေ အနေနဲ့ ထောက်ပြဝေဖန်တဲ့ အမြင်အာရုံက စူးရှထက်မြက်ပါတယ်။ တိုင်းပြည် တည်ဆောက်ရေးမှာ ထောက်ပြဝေဖန်မှုက အင်မတန် အသုံးဝင်တယ်၊ အကျိုးပြုတယ် ဆိုပြီး နိုင်ငံတော် အကြီးအကဲတွေက လက်ခံယုံကြည်တယ်လို့ ပြောတယ်။ ပြောတဲ့ လူတွေက နိုင်ငံတော် အကြီးအကဲတွေ  ဖြစ်တော့ သူတို့ဂုဏ်ဒြပ်နဲ့ သူတို့ပြောတဲ့ စကားကို  တာဝန်ယူတဲ့ လူကြီးလူကောင်း တွေဖြစ်မယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် အများနဲ့ လုပ်ရမှာဖြစ်တော့ ချက်ခြင်းမပြင်နိုင်တဲ့ လူတန်းစားအနည်းငယ် အတွက်ကတော့ ဖြစ်လာမယ့် ဘေးထွက် ဆိုးကျိုးတွေကို အသွင် ကူးပြောင်းနေတဲ့ ကာလမှာ သည်းခံ စိတ်ရှည်ရမယ်လို့ မြင်ပါတယ်။

မေး။     ။ နစ်နာကြေး အနေနဲ့ ကျပ် သိန်းပေါင်း ၂ သောင်း တောင်းတဲ့အပေါ်မှာ ဘယ်လို ယူဆလဲ။

ဖြေ။     ။ လွန်ခဲ့တဲ့ ၁ နှစ် ခိုင်ရွှန်းလဲ့ရည် သေဆုံးသွားတုန်းက SSC က နစ်နာကြေး ကျပ်သိန်း ၁၀၀၀ ပေးခဲ့တာကို ပြန်သတိ ရမိတယ်။ လူ့အသက်ထက် တန်ဖိုးရှိတာ မရှိပါဘူး။ ဆင်းရဲသား တယောက် သေသေ၊ ၀န်ကြီးချုပ် တယောက်ပဲ သေသေ အသက်တချောင်းက အသက်တချောင်းပါပဲ။ သူများအသက် တန်ဖိုးက သူတို့အမှားဖြစ်လို့ သေဆုံးသွားစဉ်က သိန်း ၁၀၀၀ နဲ့ ပြီးသွားတယ်။ အခု သူတို့ ကျဆင်းသွားတဲ့ ဂုဏ်သိက္ခာအတွက် သိန်း ၂ သောင်းတန်လားဆိုတာ ကျမ သူတို့ ဂုဏ်သိက္ခာ တကယ် ရှိမရှိ ရှာဖွေကြည့်ပါဦးမယ်။

မေး။     ။ လက်ရှိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်နဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနဲ့ အညီ အဂတိ လိုက်စားမှုမရှိဘဲ မှန်ကန်တဲ့ တရားစီရင်ချက်ကို ရမယ်လို့ မျှော်လင့်ပါသလား။

ဖြေ။     ။ ဥပဒေပြဌာန်းချက်ဆိုတာ နိုင်ငံတိုင်းမှာ လူတန်းစားမရွေးကို အကာအကွယ်ပေးဖို့ ပြဌာန်းထားတာပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေ တခုကလည်း ဘက်လိုက်မှုမရှိဘဲ သာတူညီမျှ ပြဌာန်းထားတဲ့ ဥပဒေ တခုလို့ ယုံကြည်ပါတယ်။ တခုရှိတာက တရားစီရင်ရေး မဏ္ဍိုင်နဲ့ ပတ်သက်ပြီး ကျမ ပြောချင်တာက ဘယ်နေရာ ဘယ်အရပ် ဒေသမှာ ဖြစ်ဖြစ် သက်မဲ့ ဥပဒေ ပြဌာန်းချက် တွေက သမာသမတ် ရှိရှိ သူ့ဟာသူ တည်ရှိနေတာပါ။ ဒီဟာအပေါ်မှာ အသုံးပြုပြီး လုပ်ခွင့်ရတဲ့ တရားရေး ၀န်ထမ်းတွေထဲမှာ သမာသမတ်ကျတဲ့ တရားသူကြီးတွေ ရှိသလို၊ ငွေကြေးလာဘ်လာဘ မက်တဲ့ တရားသူကြီးတွေလည်း ရှိကောင်း ရှိပါမယ်။ ဘယ်လို စိတ်သဘောထားရှိတဲ့ တရားသူကြီးရဲ့ တရားခွင်ထဲကို ဒီအမှုက ရောက်မလဲ ဆိုတာကို မမျှော်မှန်း နိုင်ပါဘူး။ ကျမ ဘက်ကတော့ အမှန်တရား ပေါ်ပေါက်လာမယ်လို့ လက်ခံယုံကြည်ပါတယ်။     ။
http://www.irrawaddy.org/bur/index.php/interview/4-interview/6829-2011-07-12-06-26-24