Wednesday, July 13, 2011

(ဖရေဇာလမ်းမှာ မောင့်ကိုထားခဲ့).....





ရန်ကုန်မြို့လယ်ခေါင်က အနေအထိုင်သရမ်းတဲ့ လေးဘမ်းဆိုင်တွေ တစ်စခန်းသိမ်းပြီရယ်လို့ သတင်းစကားကြားရတော့ သူတစ်ပါးစီးပွားအိုး တုတ်နဲ့ထိုးတယ်လို့တော့ အပြစ်တော်မမြင်လေနဲ့၊ ကျနော်ကတော့ အင်မတန် ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ တခြားမကြည့်နဲ့ .. အားလုံးအတက်အဆင်း၊ အနင်းအဆုတ် လုပ်နေကြရတဲ့ ဖရေဇာ တစ်ကြောဘဲ ကြည့်ကြရအောင်ဗျာ။


၃၈ လမ်း မှတ်တိုင်မှာ မိတ်ဆွေရို့ ကားပေါ်က ဆင်းလိုက်ကတည်းက ဟင်းရွက် ၊ ကန်စွန်းရွက်၊ သားငါး ပုစွန် တောင်ပါလိုက်သေး။ ၃၈ လမ်းညနေဈေးကြောင့် ပလက်ဖောင်းတစ်လျှောက် ပွဲတော်ကြီးလို အုတ်အုတ်ကြတ်ကြတ်ကို ဖြစ်ကရော့ ။ လူသွားပလက်ဖောင်းဖော် ဂဏန်းတွေ ၊ ပုစွန်တွေ ပျော်လေတော့ ခြေနှစ်ချောင်းသမားများက လမ်းပေါ်ဆင်းလျှောက်ရပါရော။ ကားစောင့်လည်း လမ်းပေါ် လမ်းလျှောက်လည်းလမ်းပေါ်မယ်။

လက်ဖက်ရည်ဆိုင်များကလည်း ဘယ်လို ကျောထောက်နောက်ခံ ရှိသလဲရယ်လို့တော့ မသိ၊ လမ်းပေါ်အထိကို ခွေးချေခုံတက်ခင်းတဲ့ ဆိုင်များလည်းရှိရဲ့။ ၃၈ လမ်း၊ ဘားလမ်း ကနေစပြီး မိတ်ဆွေအကို ..ခင်ဗျား ယောင်လည်လည်တော့ လုပ်မနေနဲ့။ 'သွားမလား အကို၊ တစ်ကြောင်းမောင်းမှ ဂေါ်ချိန်း' ဆိုတဲ့ အပေါစားမိပ်ကပ် ထူလဗျစ်နဲ့ ၊ နှုတ်ခမ်းနီပါးနီမလေးများက မျက်နှာချိုသွေး၊ လေပြေထိုးတာ ခံရမယ်ခင်ဗျ။

မိတ်ဆွေ .. ဆက်သာ လျှောက်သွားပါဦး။ ဗမာပြည်မယ် အုံနဲ့ ကျင်းနဲ့ကို စားမကုန်၊လှူမခမ်း စီးပွားဖြစ်နေတဲ့ ခိုးကူးခွေဈေးကွက်ကြီးထဲ ခင်ဗျား ဖြတ်ရလိမ့်မယ်။ အပြာရောင် အဖော်အချွတ် ဒီဗီဒီများက ကြိုက်ရာယူ ငွေ ၅ဝဝ ပါ။ မနက် ၉ နာရီမှာ အဆိုတော်ကိုယ်တိုင်လက်မှတ်ထိုး ထုတ်လိုက်တဲ့ ဗီစီဒီကို တစ်ခွေ ၂ဝဝ ကျပ်နှုံးနဲ့ သင့် အိမ်အပြန် မျက်နှာပန်းလှနိုင်ပြီ။

ဆီပူအိုးထဲ ပလက်စတစ် ထည့်ကြော်တယ်ဆိုတဲ့ ရောင်းမကုန်၊နေ့ကူး ဘူးသီးငါးပေါင်းကြော်ဆိုင်များကလည်း ညှော်နံ့ထောင်းထောင်းထလို့။
ရန်ကုန်မှာ ခေတ်အစားဆုံး အိမ်တွင်းမှုစီးပွားရေးလုပ်ငန်းရယ်လို့ ဝိဂြိုလ်ပြုရမယ့် ကိုရီးယားဒုတ်ထိုး၊ မာလာဟင်း၊ မြေအိုးမြီးရှည်နဲ့ ရှမ်းဆောက်ခွဲ၊ ငါးကင်ဆိုင်များ ... ၊ ကြာဇံကြော်၊ လက်လုပ်စုံ၊ လူမှုအဖုံဖုံရယ်တဲ့ တွေ့နိုင်ပါသေး။


မိတ်ဆွေ .. ဗိုက်ပြည့်ပလား။ အိုကေ .. ဆေးပေါင်းအောင်၊ ဆေးမွှေးစုံ၊ သီးစုံမွှေး ကွမ်းယာ၊ နိုင်တီတူး နွယ်ချို ၂ဝဝ ဖိုးဝါးမလား၊ စိမ်းမြဝန်းကျင် မီဂါစီးတီးကြီးမှာ ကွမ်းတံတွေးထွေးခြင်းဖြင့် ဇာတိဂုဏ်ကို မြှင့်တင်နိုင်သေး။

ပီကယ် ယူမလား၊ ကော်ဖီထုပ်ယူမလား၊ ကြီးရှည်ကြာ ဆိုတဲ့ သစ်သားခုံတစ်ဗန်းခင်းလို့ ငှက်ပျော၊နာနတ်၊ပန်းသီး၊ စတော်ဘယ်ရီ
သစ်သီးတွေလားလို့တော့ မမေးပါနဲ့။ ဘားလမ်းထိပ်ကနေ သိမ်ကြီးဈေးထိ အဲ့သလို ကွန်ဒွန်ဆိုင်တွေ ခင်ဗျား ရေ ကြည့်။ ဆိုင် ၁ဝဝ မကျော်ယင် ကျနော့်ပါး လာရိုက်လှည့်။

လူအော်သံ၊ လူခေါ်သံ ဈေးဦးမပေါက်သေးလို့ပါ အကိုရယ် ဆိုတဲ့ ပူမှုတစ်ကုဋေတေးသံသားများကြားမှာ ၁ ပေခွဲသာသာ လျှောက်လမ်းလေးတစ်ခု ချန်ပေးထားတာကိုဘဲ ကျေးဇူးးရယ် .. တင်လို့ ဆုံးနိုင်အောင်ပါဘဲဗျာ။ ဆိုင်ခန်းတွေက မှန်ကောင်တာ ၊ တံစက်မြိတ်တွေက ၅ ပေလောက် လမ်းပေါ်လျှံကျလာတယ်၊ ပလက်ဖောင်းဈေးသည်အစုံရဲ့ တိုလီမုတ်စ၊ ပေါက်ကရပေါင်းစုံက လမ်းမပေါ် အခန့်သားခင်းလို့။ မသိယင် အောင်သိန်းလင်း ကဘဲ ဆွေခုနှစ်ဆက်၊မျိုးခုနှစ်ဆက် လုပ်ကိုင်စားစေ လို့ မိန့်တော်ခြွေခဲ့လေသလားရယ်လို့။

သည်ကြားထဲ ... အခုလို မိုးကလေး စွေစွေမယ် ယောင်တောင်ပေါင်တောင် မြို့ထဲဒိုးမိယင် ကိုယ့်မျက်စိ အကောင်းပကတိ အိမ်ပြန်ပါလာဘို့ ဂုဏ်တော်သက်စေ့ရွတ်ပေရော့။ ဆိုင်ခန်းတံစက်မြိတ် နဲ့ ပလက်ဖောင်းဈေးသည် က မဟာဂရုဏာတော်ကျရှာလို့ အခွင့်သာရတဲ့ ၁ ပေခွဲသာသာ နေရာလေးမှာ တင်မိုးလွင် သမီးတွေက ကြောင်လျှောက်လေး လျှောက်ကြသေးရဲ့။ မိုးကြီးနဲ့ ရွံဗွက်အလယ်မှာ ကျမရို့ စတိုင်ပျက်ပါမယ် ...ဆိုဘဲစ်။
ဖဲသားခေါက်ထီးကို ခေါင်းပေါ်က မချစတမ်း လေလံဆွဲထားလေတော့ မိန်းမသားရို့ထက် အရပ်အမောင်းမြင့်ကြရှာတဲ့ ကျုပ်ရို့ ပုရိသတွေခမျာ ၊ ခယိုင်ရိုးလက်စာ မိပြီး အချောင် မျက်စိမကမ်းစေဘို့လည်း သွားသတိ၊လာသတိ နဲ့ အချိန်နဲ့တစ်ပြေးညီ သတိထားရပေသေးဗျိုး။ မျက်စိအဆုံး၊ နားအရှုံးလို့ ဆိုပေသကိုးဗျ။ မတော်လို့ ခယိုင်ရိုးလက်စာ မိသွားယင် ဒွတ်ခိတများ ပြန်လည်စောင့်ရှောက်ရေးဆိုတာကလည်း ကျုပ်ရို့အစိုးရအသစ်စက်စက်ကြီးက ယောင်လို့တောင်မှ လှည့်မကြည့်အားပေတာကိုး။

ဆိုတော့ .. ကျုပ်ရို့ ရဲ့ မီဂါစီးတီးကြီးကို ပုံရိပ်မြှင့်ချင်ကြတာ မြို့တော်သူ မြို့တော်သားများ ရင်ထဲက စေတနာအမှန်တွေရယ်ပါ။ လမ်းဘေးမယ် မြင်မကောင်း၊ရှုမကောင်း တောင်လိုပုံနေတဲ့ အမှိုက်ပင်လယ်ကြီးထဲမယ်၊ မိုးကလေးတစ်ပြိုက်လောက်သည်းရင်ပဲ လောင်းးးးကယ်နဲ့ပျော် ... လို့ ရွှေဘိုလှေလှော်သားရို့ကို လွမ်းရမယ့် အပေါက်။ အရောင်၊အမှိုင်း၊ အမှိုက်၊ အစုပ်နဲ့ သောက်ကျင့်ပါ ပုပ်ကြတဲ့ လူရှုပ်လူပွေများကလည်း ရှိသေး။

အံမယ်မင်း .. အထင်မသေးလေနဲ့။ ဖရေဇာ တကြော၊ တိုက်အောက်လှေခါးထောင့် ၃ ပေတစ်နေရာ ဈေးဗန်းခင်းနိုင်လို့ သိန်းကို ဆယ်ဂဏန်းချီပြီး အရောင်းအဝယ် လုပ်ထားရပါသဗျ။ လမ်းဘေး ပလက်ဖောင်းပေါ်မယ် ခင်းရောင်းနေလို့ အထင်တော် မစမောလိုက်ပါနဲ့၊ ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ် ဆိုတဲ့ တစ်နေရာစာကို ငွေရှိယင်တောင် ချက်ချင်း မဝယ်နိုင်ပေါင်။

ဈေးသည်ဈေးဝယ်ရို့ရဲ့ ဈေးကွက်ပျားအုံကြီး ၊ ပျားလဘို့ မီးဖွတ်ခံရသလို ဖရိုဖရဲတော့ ဖြစ်တာ မှန်ပေမယ့် ၊ အပြောင်းအလဲ ဆိုတာ အခုနေမျိုးမှမစယင်လည်း နောက် ဆယ်စုနှစ် ဘယ်နှခု ကြာဦးမယ်လို့ မမှန်းရဲပေါင်ဗျာ။ သည်နေရာလေးမယ်၊ သည်ဟာလေးတွေ ရောင်းတာကို အပြစ်တော် မမြင်ပေမယ့်၊ လူအမြင်မသင့်တဲ့ ဘီလူးဆိုင်းတီး၊ အပြာကားတွေ၊ ရသာစုံကွန်ဒွန်ဗန်းတွေ၊ နှုတ်ခမ်းနီတျာရဲ 'လိုက်ဦးမလားကို' ဆိုတဲ့ ညီမလေးတွေ၊ နိုင်ငံကျော်အဆိုတော်ကြီးတွေ ချူသံပါအောင် ညည်းနေရတဲ့ ခိုးကူးဆြာတွေ .. အဘယ်သို့သောဈေးကွက်မယ် ဝေစုခွဲ စားခွက်လုကြဦးမလဲရယ်လို့တော့ ကြံဖန်ပြီး ..စိုးရိမ်မိသေးတော့စ်လေ။

ပတ်စ်ပို့တ်ရုံးရှေ့က ထမင်းဆိုင်၊ကွမ်းယာဆိုင်လေးတွေကတော့ ဆန်စင်ရာ ကျည်ပွေ့လိုက်ခံရမှာဘဲ မောင် .. တဲ့။ ရန်ကင်းကို အောင်မြေနင်းကြဦးမတဲ့။ ကျန်းမာပါစေ၊ ချမ်းသာပါစေဗျာ။ ကောင်းရောင်းကောင်းဝယ် လုပ်စားရတာကိုး ။ ရသာစုံကွန်ဒွန် နဲ့ နှုတ်ခမ်းနီပါးနီ ညီမလေးတို့တတွေကတော့ မင်္ဂလာဈေးဘဲ ပြေးကြမလား၊ ပျဉ်းမနား ကျက်ပြေးဘဲ ဒိုးကြမလား၊ ဒါမှမဟုတ် မာလာယုမယ် ဝလုံးတွေ တရားဝင်ပြီကြေငြာလေတော့ ..၊ အောက်လမ်းကဘဲ ခိုးကူးလို့ နိုင်ငံခြားစံချိန်မီ ပို့ကုန်လေးတွေဘဲ ဆက်ဖြစ်ကြတော့မလားဆိုပြီး 'ညီမလေးရယ် စိုးရိမ်မိတယ်' ရယ်လို့ ... သဘောဖြူအူစင်း၊ ရိုးရိုးသားသား ပူပန်မိကြောင်းပါဗျာ။

လုပ်သင့်တာကို လက်သွက်ခြေသွက် ပြောင်းလဲလိုက်တဲ့ တာဝန်ရှိ ဘဘဂျီးများကိုလည်း ကျေးဇူးတင်ကြောင်း မမေ့မလျော့ပြောရတာပေါ့လေ။ ချီးမွမ်းသင့်တဲ့လုပ်ရပ်မို့ ချီးမွမ်းရခြင်းဟာလည်း မင်္ဂလာတစ်ပါးပေဘဲ မဟုတ်လားခင်ဗျာ။
သို့ပေမယ့် ကျုပ် စားနေကျ ဖရေဇာ နဲ့ ပန်းဆိုးတန်းထောင့်က အမဲအူဒုတ်ထိုးဆိုင်လေးတော့ နှမျောလှချေသားးဗျာ။

လူဇိုးဒွေ. အဲ့ဆိုင်လေးတော့ ချန်ထားခဲ့ပါလား .. ဟင့် .. အင့် .. ။

မောင်မား (ဖရေဇာလမ်းမှာ မောင့်ကိုထားခဲ့)

မြန်မာကျူ့ ပစ်ဖိုရမ်မှတဆင့်ရယူမျှဝေသည်။

၁၃.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
13 July 2011 Yeyintnge's Diary.doc13 July 2011 Yeyintnge's Diary.doc
556K   View   Download  
13 July 2011 Yeyintnge's Diary.pdf13 July 2011 Yeyintnge's Diary.pdf
1585K   View   Download  

http://www.mediafire.com/file/nq03n4kxoz41nkj/13%20July%202011%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/zfz2l9aa4qzri5q/13%20July%202011%20Yeyintnge%27s%20Diary.pdf

13 July 2011 Yeyintnge's Diary

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း – ၄)



(၃) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
အချုပ်အခြာအာဏာ ဆိုတဲ့ သဘောတရားကို ဥရောပမှာ ဖြစ်ပွားခဲ့တဲ့ နှစ်သုံးဆယ်စစ်ပွဲအပြီး (၁၆၄၈) ခုနှစ်မှာ ချုပ် ဆိုခဲ့တဲ့ Westphalia Treaty မှာ စတင်ပြီး အဓိပ္ပာယ်ဖွင့်ဆို ခဲ့ကြပါတယ်။ (၁၉၃၃) ခုနှစ်မှာ ကျင်းပခဲ့တဲ့ Montevideo Convention on Rights and Duties of States of 1933, Article 1) မှာ နိုင်ငံတနိုင်ငံမှာ နယ်မြေ၊ လူဦးရေနဲ့ အချုပ် အခြာအာဏာရှိသော အစိုးရ၊ အခြားသော နိုင်ငံများနှင့် နိုင်ငံတကာ ဆက်ဆံရေး ထူထောင်နိုင်သော စွမ်းရည် စတဲ့လို အပ်ချက်တွေ ရှိဖို့လိုအပ်ကြောင်း ကြေငြာပြီး အချုပ်အခြာအာဏာ သဘောတရားကို ထပ်မံအတည်ပြုခဲ့ပါ တယ်။ ၂၁ ရာစုမှာ အချုပ်အခြာအာဏာ သဘောတရားနဲ့ သွေဖည်ဆန့်ကျင်တဲ့ သဘောတရားသစ်တွေ ထပ်ပြီး ပေါ်ထွက်လာခဲ့ ပါတယ်။ ထင်ရှားတဲ့ သဘောတရားတွေကတော့ လူသားလုံခြုံရေး (human security)၊ လူသားချင်း စာနာမှုဖြင့် ၀င် ရောက် စွက်ဖက်ခြင်း (humanitarian intervention)၊ နိုင်ငံတကာ အရပ်ဘက် လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍ တိုးချဲ့ ခြင်း (expansion of the role of global civil society) စတာတွေ ဖြစ်ပါတယ်။
နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ အချုပ်အခြာအာဏာဆိုတာကို realist paradigm ကနေ သုံးသပ်လေ့လာကြပါ တယ်။ ဒီရှုထောင့်အရ ကမ္ဘာပေါ်မှာ နယ်မြေပိုင်ဆိုင်မှုနဲ့ အချုပ်အခြာအာဏာရှိသောတိုင်းပြည်များ စုဖွဲ့ဖြစ်တည်နေပြီး၊ ဒီတိုင်းပြည်တွေဟာ သက်ဆိုင်ရာဒေသမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေအပေါ်မှာ အုပ်ချုပ်ရေးအာဏာ ကျင့်သုံး နိုင်သော စွမ်းရည်ရှိပါတယ်။ ဒါကို ပြည်တွင်းအချုပ်အခြာအာဏာ (internal sovereignty) လို့ ခေါ်ဆိုကြပါတယ်။ သို့ ပေမယ့် တိုင်းနိုင်ငံတခုဟာ သက်ဆိုင်ရာနယ်မြေနှင့် လူထုကို ထိန်းချုပ်နိုင်ရုံနဲ့ အချုပ်အခြာအာဏာ အပြည့်အ၀ရှိပြီလို့ မဆိုနိုင်ပါဘူး။ အချုပ်အခြာအာဏာရှိသော နိုင်ငံအဖြစ် နိုင်ငံတကာစနစ် အတွင်းမှာရှိတဲ့ အခြားနိုင်ငံများက အသိ အ မှတ်ပြုမှသာ အချုပ်အခြာအာဏာ အပြည့်အ၀ရှိပြီလို့ ဆိုနိုင်ပါတယ်။ ဒါကို ပြည်ပအချုပ်အခြာအာဏာ (external sovereignty) လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။
ပြည်တွင်း အချုပ်အခြာအာဏာဟာ domestic order နဲ့ ဆက်စပ်နေပါတယ်။ ရှေးပဝေသဏီကာလများက အစပြုလို့ ၁၉ ရာစု ခေတ်ကာလအထိ အချုပ်အခြာအာဏာဟာ အာဏာကျင့်သုံးမှုဆိုင်ရာအမျိုးအစားတမျိုးပဲ ဖြစ်ပါတယ်။ တိုင်း နိုင်ငံ တခုအတွင်းမှာ အုပ်ချုပ်ရေး ခိုင်မာတည်တံ့ဖို့အတွက် အုပ်ချုပ်ရေးအာဏာ ကျင့်သုံးဖို့ လိုအပ်ပါတယ်။ အုပ်ချုပ် သူနဲ့ ပြည်သူအကြားက ဆက်နွယ်မှုဟာ အာဏာကျင့်သုံးမှု ဖြစ်ပြီး၊ ဒီမိုကရေစီ အခြေခံသဘောတရားများအရ ဒီအာ ဏာက ပြည်သူဆီက သက်ဆင်းပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးအာဏာဟာ (၁၆၄၈) ခုနှစ်ကတည်းက နိုင်ငံတကာ ဆက်ဆံရေးရဲ့ pillar တခု ဖြစ်လာခဲ့ပါတယ်။
နောက်တချက်ကတော့ နယ်မြေပိုင်နက် ဖြစ်ပါတယ်။ အချုပ်အခြာအာဏာ သဘောတရားအရ တိုင်းနိုင်ငံတခု (nation-state) အဖြစ် သတ်မှတ်ကြေငြာမှုမှာ နယ်မြေပိုင်နက်ရှိဖို့ လိုအပ်ပါတယ်။ ပါလက်စတိုင်း လူမျိုးတွေရဲ့ နှစ် ပေါင်းများစွာ ပဋိပက္ခအရေးဟာ နယ်မြေပိုင်နက်နဲ့ ပတ်သက်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂထဲမှာ အစိတ်အပိုင်းတခု အနေနဲ့ ကိုယ်စားပြု နေပေမယ့် ပါလက်စတိုင်းလူမျိုးတွေမှာ နယ်မြေပိုင်နက် မရှိတဲ့အတွက် နိုင်ငံတကာစနစ်အတွင်း မှာ အချုပ်အခြာ အာဏာရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နိုင်ခွင့် မရှိသေးပါဘူး။
ပြည်ပအချုပ်အခြာအာဏာ သဘောတရားအရ အချုပ်အခြာအာဏာရှိတဲ့ နိုင်ငံတွေအကြားမှာ တန်းတူညီမျှမှု ရှိပါ တယ်။ တန်းတူညီမျှမှုရှိတဲ့အတွက် ဘယ်နိုင်ငံကမှ တခြားနိုင်ငံကို အမိန့်ပေးဖို့ မလိုအပ်သလို၊ ဘယ်နိုင်ငံကမှ အမိန့် ပေးမှုတွေကို လိုက်နာစရာ မလိုအပ်ကြောင်း Kenneth Waltz က အဆိုရှိခဲ့ပါတယ်။ ဒီအဆိုဟာ မင်းမဲ့သဘောတရား (concept of anarchy) နဲ့ ဆက်စပ်နေပါတယ်။ ဒီသဘောတရားအရ နိုင်ငံတကာစနစ်မှာ ပါဝင်တဲ့ နိုင်ငံတွေအားလုံး ဟာ ကိုယ်ပိုင် အကျိုးစီးပွားအတွက် ပြိုင်ဆိုင်နေကြပြီး၊ ဘယ်နိုင်ငံကမှ အခြားနိုင်ငံတခုအပေါ်မှာ သူရဲ့ အကျိုးစီးပွားနဲ့ အမြင်တွေကို တရားဝင် သွတ်သွင်းပိုင်ခွင့် မရှိပါဘူး။ နိုင်ငံတော်အထက်မှာ အခြားဘာမှ မရှိရဘူးဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ကျဉ်းပါတယ်။
စစ်အေးတိုက်ပွဲကာလအတွင်းမှာ ဒီလို ပြည်ပအချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ သဘောတရားတွေ စတင်ပြောင်း လဲ လာပါတယ်။ အနောက်နိုင်ငံအများစုမှာ နိုင်ငံတကာ စံနှုန်းတွေ၊ တန်ဖိုးထားမှုတွေ၊ နိုင်ငံတကာ ပူးပေါင်း ဆောင် ရွက်မှုတွေကို လက်ခံကျင့်သုံးလာကြပြီး၊ စစ်အေးတိုက်ပွဲမှာ မပါဝင်တဲ့ တတိယကမ္ဘာ နိုင်ငံတွေမှာကျတော့ ပြည်ပ ကျူး ကျော် စွက်ဖက်မှုတွေကို ကာကွယ်ရေး၊ ကိုယ်ပိုင်နိုင်ငံရေးစနစ်ကို မိမိတို့ဘာသာ ကျင့်သုံးနိုင်ရေး စတာတွေကို လက်ခံ ကျင့်သုံးလာ ကြပါတယ်။ စစ်အေးတိုက်ပွဲလွန်ကာလရောက်တော့ new world order ဖြစ်လာပြီး၊ ဘုံရန်သူ (common enemy) ပျောက်ကွယ်သွားချိန်မှာ ပေါ်ထွက်လာတတ်တဲ့ နိုင်ငံတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ပြန်လည်ရှင်သန်လာပြီး တိုင်းနိုင်ငံပြိုကွဲမှုတွေပါ ဖြစ်လာခဲ့ပါတယ်။
၂၁ ရာစုမှာ ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲမှုနဲ့ ပြည်တွင်းပဋိပက္ခတွေဟာ အချုပ်အခြာအာဏာသဘောတရားရဲ့ challenges တွေ ဖြစ်လာခဲ့ပါတယ်။ ဒါတွင်မကပဲ ဂလိုဘယ်လိုင်ဇေးရှင်းနဲ့ လူသားလုံခြုံရေး သဘောတရားတွေကလဲ ရှေးယခင်က ရှိခဲ့တဲ့ အချုပ်အခြာ အာဏာ သဘောတရားတွေကို challenges လုပ်လာခဲ့ပါတယ်။ International Governmental Organizations (IGO) အဖွဲ့အစည်းတွေက ဂလိုဘယ်လိုင်ဇေးရှင်းကို လက်ခံကျင့်သုံးလာကြတာနဲ့ အမျှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စတာတွေဟာ ရှေးယခင်က ရှိခဲ့ တဲ့ ပြည်ပအချုပ်အခြာအာဏာ သဘောတရားနဲ့ ကိုက်ညီမှု မရှိတော့ပဲ ဖြစ်လာပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေကနေ public goods တွေကို ထောက်ပံ့ကူညီမှုတွေ ရှိလာပါတယ်။ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေက နိုင်ငံတော် ဆုံးဖြတ်ချက် (state decisions) တွေကို လွှမ်းမိုးမှု တွေ ရှိလာပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေး တိုးတက်ကောင်းမွန်လာတာနဲ့အမျှ ပရိုက်ဗစ် အင်တာပရိုက်စ်များ၊ ကုမ္ပဏီများရဲ့ အခြေစိုက်မှု၊ ဘဏ္ဍာရေး ၀န်ဆောင်မှုများ၊ ဆက်သွယ်ရေးစနစ်များနဲ့ migration patterns များအနေနဲ့ အချုပ်အခြာအာဏာ သဘောတရားနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ခဲယဉ်းလာပါတယ်။ ရှေးအ စဉ်အဆက်ကာလတွေတုန်းက public goods တွေကို နိုင်ငံတော်က ၀န်ဆောင်မှုပေးတာဖြစ်ပေမယ့် ၂၀ရာစု နှောင်း ပိုင်းကာလက အစပြုပြီး၊ နိုင်ငံတော်သာမက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်း များကပါ ၀င်ရောက်မှုပေးလာကြပါပြီ။
လုံခြုံရေးရာမှာလဲ နိုင်ငံတော်လုံခြုံရေး (state security) သာမကပဲ လူသားလုံခြုံရေး (Human Security) ဆိုတာက လဲ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး အရေးပါတဲ့ သဘောတရားတရပ် ဖြစ်လာပါတယ်။ ရှေးယခင်က လုံခြုံရေးဆို တဲ့ သဘောတရားကို ရှုမြင်သုံးသပ်ကြရာမှာ နယ်မြေပိုင်နက်ကို ကျူးကျော်ခြင်းမခံရအောင် ကာကွယ် စောင့်ရှောက် ရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး စတာတွေကိုပဲ အဓိကထားခဲ့ကြပါတယ်။ နိုင်ငံတွင်းမှာ မှီ တင်း နေထိုင်သူတွေထက် တိုင်းနိုင်ငံလုံခြုံရေးဆိုတာကိုပဲ ဦးစားပေးခဲ့ကြပါတယ်။ သို့ပေမယ့် ၂၁ ရာစုမှာ ကမ္ဘာ့အရပ် ဘက် လူ့အဖွဲ့အစည်း (Global Civil Society) ကျယ်ပြန့်လာတာနဲ့အမျှ နိုင်ငံတွေအနေနဲ့ နိုင်ငံတော်လုံခြုံရေးသာမက ပဲ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ လိုအပ်ဆန္ဒနဲ့ အကျိုးစီးပွားတွေကိုလဲ အာရုံစိုက်ဖို့ လိုအပ်လာပါ တယ်။
နိုင်ငံတော်ဟာ ပြည်သူလူထုရဲ့ အကြောက်တရားမှ လွတ်ကင်းရေး (freedom from fear) နဲ့ တန်းတူညီမျှစွာ ကိုယ့် ကြမ္မာ ကိုယ်စီရင်ခွင့် ရရေးတို့ကို ကာကွယ်စောင့်ရှောက်ရပါမယ်။ လူသားတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်တားဆီး ခံရမှုမှ လွတ်ကင်းရေး၊ လုံခြုံအေးချမ်းစွာ နေထိုင်ခွင့်ရရှိရေးတို့အတွက် နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ပေးနိုင် ခြင်း မရှိဘူးဆိုရင် (သို့မဟုတ်) နိုင်ငံတော်ကိုယ်တိုင်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ခြိမ်း ခြောက်နေပြီဆိုရင် ဒီနိုင်ငံမှာ အချုပ်အခြာအာဏာ failure ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ လူ သားလုံခြုံရေး မရှိတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာနဲ့ အကြောက်တရားနဲ့ ဖိနှိပ်ခံရတာတွေဟာ အချုပ်အခြာ အာ ဏာကို ထိပါးတာတွေပဲ ဖြစ်ပါတယ်။
အချုပ်အခြာအာဏာသဘောတရားအရ နိုင်ငံတော်အထက်မှာ ဘာမှ မရှိရဘူးလို့ ရှေးယခင်က ရှုမြင်သုံးသပ်ခဲ့ကြပေ မယ့် နိုင်ငံတော်ကိုယ်တိုင်က လူသားလုံခြုံရေးကို ခြိမ်းချောက်လာတဲ့အခါ လိုအပ်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ နိုင် ငံတကာ ဥပဒေတွေ၊ စာချုပ်စာတမ်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေလဲ ပေါ်ပေါက်လာခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ တိုင်းသူ ပြည်သားတွေကို ဘယ်လိုဆက်ဆံရမယ်၊ ဘယ်လိုဝန်ဆောင်မှုပေးရမယ်ဆိုတဲ့ နိုင်ငံတကာတန်ဖိုးတွေလဲ ပေါ်ထွက် လာခဲ့ပါတယ်။ လူသားလုံခြုံရေးကို ခြိမ်းချောက်တဲ့ နိုင်ငံတွေက တာဝန်ရှိသူတွေကို အရေးယူဖို့အတွက် International Criminal Court ၊ လူသားချင်းစာနာမှုကင်းမဲ့စွာ ကျူးလွန်သော ရာဇ၀တ်မှုများကို ကျူးလွန်ခံနေရတဲ့ ပြည်သူလူထုကို ကယ်တင်ရေးအတွက် Responsibility to Protect (R2P) စတာတွေ ပေါ်ထွက်လာပါတယ်။ ဒီလို ပေါ်ထွက်လာမှုတွေကြောင့် အချုပ်အခြာအာဏာဆိုရာမှာ ပြည်တွင်းအချုပ်အခြာအာဏာ၊ ပြည်ပအချုပ်အခြာအာဏာ တင်မကပဲ တဦးချင်း အချုပ်အခြာ အာဏာ (individual sovereignty) ပါရှိကြောင်း ပညာရှင်များက ထောက်ပြပြော ဆိုလာကြပါတယ်။
တဦးချင်းအချုပ်အခြာအာဏာဟာ ပြည်တွင်းအချုပ်အခြာအာဏာနဲ့ ပြည်ပအချုပ်အခြာအာဏာတွေအတွက် အရေးပါ တဲ့ သဘောတရား ဖြစ်လာပါတယ်။ လူ့အခွင့်အရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်တိုင်စီရင်ခွင့်ရရေး၊ အကြောက်တရားကင်း ဝေးရေး၊ လူသားလုံခြုံရေးတို့ပေါ်မှာ အခြေခံတဲ့ တဦးချင်းအချုပ်အခြာအာဏာကို နိုင်ငံတော်ကကာကွယ်စောင့်ရှောက် ပေးခြင်း မရှိတဲ့အခါ နိုင်ငံတကာက ဝေဖန်မှုတွေ၊ အပြစ်တင်မှုတွေ၊ စိုးရိမ်မကင်းမှုတွေ ပေါ်ပေါက်လာတာကြောင့် ပြည်ပ အချုပ်အခြာအာဏာကို ထိခိုက်မှုရှိစေပါတယ်။ လိုအပ်လာတဲ့အခါမှာ ပြည်သူတွေရဲ့ တဦးချင်းအချုပ်အခြာအာ ဏာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် နိုင်ငံတကာက ၀င်ရောက်ကျူးကျော်စွက်ဖက်ပြီး အရေးယူမှု ပြုလုပ်လာနိုင် တာကြောင့် ပြည်ပအချုပ်အခြာအာဏာကို ထိပါးစေမယ့် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ပြည်ပအချုပ်အခြာအာဏာ ကို ကာကွယ် စောင့်ရှောက်ဖို့အတွက် နိုင်ငံတော်အနေနဲ့ တဦးချင်းအချုပ်အခြာအာဏာကို ကာကွယ်ဖို့လိုအပ်ပါတယ်။
နိုင်ငံတော်က တဦးချင်းအချုပ်အခြာအာဏာကို စောင့်ရှောက်ခြင်း မရှိတဲ့အခါ ပြည်တွင်းအချုပ်အခြာအာဏာကိုလဲ ထိ ခိုက်မှု ရှိစေပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် အစိုးရအပေါ် ယုံကြည်မှုကင်းမဲ့လာပြီး၊ အတိုက်အခံပါတီတွေကနေ လွှတ်တော်တွင်းမှာ အစိုးရအယုံအကြည်မဲ့မှု အဆိုတွေ တင်သွင်းလာတာအထိ ဖြစ်သွားနိုင်ပါတယ်။ စစ်အာဏာရှင်နဲ့ ရွေးကောက်ခံ အာဏာရှင် နိုင်ငံတွေမှာဆိုရင်တော့ ပုန်ကန်ခြားနားမှုတွေ ဖြစ်လာနိုင်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်း အားကောင်းလာတာနဲ့အမျှ တဦးချင်းအချုပ်အခြာအာဏာကို လေးစားမှုတွေ ရှင်သန်လာပြီး၊ system of checks and balance ပေါ်ထွက်လာပြီး ပြည်တွင်းအချုပ်အခြာအာဏာအပေါ်မှာ သက်ရောက်မှုတွေ ရှိလာပါတယ်။ အချို့နိုင်ငံတွေ မှာ ဆိုရင် တဦးချင်းအချုပ်အခြာအာဏာကို နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ခြင်း မရှိတဲ့အတွက် state collapse အထိ ဖြစ်သွားတတ်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလဲ အချုပ်အခြာအာဏာ သဘောတရားတွေကို သက်ရောက်မှု ရှိပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့အခါ ပြည်တွင်းအချုပ်အခြာအာဏာ ထိန်းသိမ်းစောင့်ရှောက်မှုစွမ်းရည် ပိုမိုမြင့်တက် လာနိုင်သလို၊ နိုင်ငံတကာစနစ်မှာလဲ အခြားနိုင်ငံများက လေးစားအသိအမှတ်ပြုရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတဲ့ တိုင်းပြည်တွေမှာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကြားက ဆက်နွယ်မှု (state-society relationship) ကို ထိခိုက်စေပြီး၊ ပြည်တွင်းအချုပ်အခြာအာဏာ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု စွမ်း ရည် လျော့နည်းလာတတ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခြင်းနဲ့ state-society relationship အားနည်း ချက် တွေဟာ collapsed or failed states ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် အချုပ်အ ခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလဲ အရေးကြီးပါတယ်။
ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good Governance) ဟာလဲ အချုပ်အခြာအာဏာ သဘောတရားတွေကို သက် ရောက်မှုရှိပါတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် မရှိပဲ အာဏာအလွဲသုံးစားမှုတွေ။ လာဘ်ပေးလာဘ်ယူမှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတဲ့ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှု တွေ၊ ပြစ်တင်ရှုံ့ချမှုတွေကို ခံရတတ်ပါတယ်။ ပြည်သူလူထုရဲ့ လူနေမှုဘ၀ကို မြှင့်တင်ပေးနိုင်ခြင်း မရှိတဲ့ နိုင်ငံတနိုင် ရဲ့ အုပ်ချုပ်ရေးစနစ်ဟာ လူထုအပေါ် တာဝန်ယူနိုင်တဲ့ စွမ်းရည်ရှိတဲ့ အုပ်ချုပ်ရေးစနစ် မဟုတ်ပါဘူး။ ဒါကြောင့် တဦး ချင်း အချုပ်အခြာအာဏာ ရှုထောင့်ကကြည့်ရင် ဒီလိုအုပ်ချုပ်ရေးစနစ် ရှိနေတဲ့ နိုင်ငံဟာ အချုပ်အခြာအာဏာ အပြည့် အ၀ရှိတဲ့ နိုင်ငံတနိုင်ငံလို့ မသတ်မှတ်နိုင်ပါဘူး။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် မရှိသမျှ ပြည်သူလူထုရဲ့ ယုံကြည် မှုနဲ့ အခြားနိုင်ငံများရဲ့ လေးစားမှုကို မရနိုင်တဲ့အတွက် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ရေရှည် ထိန်းသိမ်းဖို့ မလွယ်ကူပါဘူး။
United Nations Secretary General Kofi Annan က အချုပ်အခြာအာဏာရဲ့ သဘောသဘာဝဟာ ၂၁ ရာစုမှာ ပြောင်းလဲသွားပြီလို့ ဆိုခဲ့ပြီး၊ အချုပ်အခြာအာဏာဆိုတာ ပါဝါနဲ့တင် မဆိုင်ပဲ တာဝန်ယူမှု သဘောတရားပါ ဆက်နွယ် ပါဝင်ကြောင်း တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာ (sovereignty as a responsibility) ကို မီးမောင်း ထိုးပြခဲ့ပါ တယ်။ တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာ သဘောတရားအရ နိုင်ငံတော်ဟာ ပြည်သူလူထုကို ကာကွယ်စောင့် ရှောက်ဖို့အတွက် လိုအပ်တဲ့ သင့်လျော်သော နိုင်ငံရေးဆိုင်ရာ ၀န်ဆောင်မှုကို ပေးအပ်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံရေး ၀န်ဆောင်မှု ဆိုရာမှာ တိုင်းသူပြည်သားတွေအတွက် လုံခြုံအေးချမ်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း၊ တရားမ ၀င် နယ်စပ်ဖြတ်ကျော် မှုများကို တားဆီးနိုင်ခြင်း၊ မြေပိုင်နက်ကို ထိန်းသိမ်းခြင်း၊ ရာဇ၀တ်မှုများကို လျော့နည်းအောင် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နိုင်ခြင်း၊ အုပ်ချုပ်ရေးယန္တရားခိုင်မာတည်တံ့မှုရှိခြင်း၊ နိုင်ငံရေးပါဝင်ပတ်သက်မှု အ ခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း၊ ကျန်းမာရေးနှင့် ပညာရေး စောင့်ရှောက်မှု အားကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ ဘဏ်စနစ် ခိုင်မာတောင့်တင်းစေရန် ဆောင်ရွက်ခြင်း စ တာတွေ ပါဝင်ပါတယ်။
နိုင်ငံတော်က ဒီလို ၀န်ဆောင်မှုကို မပေးအပ်တဲ့အခါ နိုင်ငံတကာ လူ့အဖွဲ့အစည်းက ၀င်ရောက်စွက်ဖက်ဖို့ တာဝန်ရှိပါ တယ်။ ဒီသဘောတရားဟာ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး သွင်ပြင်လက္ခဏာ နှစ်မျိုးကို ဖန်တီးပေးပါတယ်။ ပ ထမ သွင်ပြင်လက္ခဏာက နိုင်ငံတော်နဲ့ ပြည်သူအကြား ဆက်ဆံရေးဆိုင်ရာ internal component ဖြစ်ပြီး၊ ဒုတိယ သွင်ပြင်လက္ခဏာကတော့ နိုင်ငံအချင်းချင်းဆက်ဆံရေးဆိုင်ရာ external component ဖြစ်ပါတယ်။
Robert Jackson ဆိုသူက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်ရပ်တည်နေပေမယ့် ပြည်သူလူထုအတွက် တာဝန်မယူနိုင်တဲ့ နိုင်ငံတွေ၊ ပြည်ပကူညီထောက်ပံ့မှုကို မှီခိုနေရတဲ့ နိုင်ငံတွေနဲ့ international order ကို ဘာမှ အထောက်အကူ မပြုနိုင်ပဲ ကမ္ဘာ့ငြိမ်းချမ်းရေးကို အနှောင့်အယှက်ပြုနေတဲ့နိုင်ငံတွေ ရှိနေပြီး၊ ဒီလိုနိုင်ငံတွေမှာ နိုင်ငံတ ခုရှိသင့်တဲ့ တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာ မရှိတဲ့အတွက် “quasi-states” အဖြစ်သာ သတ်မှတ်နိုင်ကြောင်း ဖော်ထုတ်ရေးသားခဲ့ပါတယ်။ ဒီလိုနိုင်ငံတွေမှာ ရာဇ၀တ်မှုထူပြောခြင်း၊ နိုင်ငံရေးအကြမ်းဖက်မှုများရှိခြင်း၊ နယ်စပ် ဒေ သ ထိန်းချုပ်နိုင်မှု လျော့နည်းခြင်း၊ လူမျိုးရေးပဋိပက္ခများရှိခြင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပဋိပက္ခများ ရှိခြင်း၊ ဆက်သွယ်ရေးစနစ် အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခြင်း၊ လာဘ်ပေးလာဘ်ယူမှုများရှိခြင်း၊ ကျန်းမာရေးစနစ် ချို့ယွင်းမှုများရှိခြင်း၊ ပညာရေးအခွင့်အလမ်းများ နည်းပါးခြင်းနဲ့ သ ဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းချက် စတာတွေ ဖြစ်ပွားနေတတ်ပါတယ်။
ကျွန်မတို့ မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စုကြိုးဆွဲ ရုပ်သေးအစိုးရတွေဟာ ၂၁ ရာစု ကမ္ဘာမှာပြောင်း လဲလာတဲ့ အချုပ်အခြာအာဏာ သဘောသဘာဝ တွေကို လိုက်နာ ကျင့်သုံးခြင်း မရှိကြပါဘူး။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတာကို ဒို့တာဝန် အရေးသုံးပါးမှာ ထည့်သွင်းထားပေမယ့် ၁၇ ရာစုနှစ်က ကျင့်သုံးတဲ့ အချုပ်အ ခြာအာဏာ သဘောတရားတွေနဲ့ စစ်အေးတိုက်ပွဲကာလ နိုင်ငံရေး scenario အယူအဆတွေကိုပဲ နိုင်ငံတော်ကာကွယ် ရေး တက္ကသိုလ်၊ စစ်ဦးစီး တက္ကသိုလ်၊ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များ၊ စစ်ကျောင်းများနဲ့ ကြံ့ဖွံ့ပါတီ တဖြစ်လဲ ကြံ့ဖွံ့ အသင်းက သင်တန်းတွေမှာ သင်ကြားပို့ချမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အကျိုးဆက်ကတော့ ခေတ်မမှီတော့တဲ့ အတွေးအခေါ်သဘောတရားတွေကို ဦးနှောက်ထဲ ရိုက်သွင်းခံထားရသူ များ ပြားလာပြီး ပြည်ပကျူးကျော် စွက်ဖက်မှု တွေကို ကာကွယ်ရေး၊ ကိုယ်ပိုင်နိုင်ငံရေးစနစ်ကို မိမိတို့ဘာသာ ကျင့်သုံးနိုင် ရေး စတာတွေကသာ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ခြင်းလို့ ထင်မှတ်နေကြသူတွေ ရှိနေတာပဲ ဖြစ် ပါတယ်။ ဒီလို ထင်မှတ်နေကြသူတွေဟာ လူသားတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင် တားဆီးခံရမှုမှ လွတ်ကင်းရေး၊ လုံခြုံအေးချမ်းစွာ နေထိုင်ခွင့်ရရှိရေးတို့အတွက် နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း မရှိဘူးဆိုရင် (သို့မ ဟုတ်) နိုင်ငံတော် ကိုယ်တိုင်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ခြိမ်းချောက်နေပြီဆိုရင် ဒီနိုင်ငံ မှာ အချုပ်အခြာအာဏာ failure ဖြစ်နေပြီဆိုတာကို နားမလည်ပဲ စစ်အုပ်စုတွေ အမိန့်ပေးမှုအောက်မှာ လူသားလုံခြုံ ရေး (Human Security) ကို ခြိမ်းချောက်မှုတွေ ပြုလုပ်ပြီး အချုပ်အခြာအာဏာကို ကိုယ်တိုင်ထိပါးနေကြပါတယ်။
တဦးချင်းအချုပ်အခြာအာဏာ (individual sovereignty) ကို ကာကွယ်စောင့်ရှောက်ခြင်း မရှိတာကြောင့် ပြည်တွင်း အချုပ်အခြာအာဏာ၊ ပြည်ပအချုပ်အခြာအာဏာတို့အပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်နေတာကို နားလည်ခြင်း မရှိ ပဲ ဒီလိုဆိုးကျိုးတွေဟာ ပြည်ပနိုင်ငံတွေရဲ့ ၀င်ရောက်စွက်ဖက်မှုကြောင့်လို့ အမြင်လွဲနေကြပါတယ်။ တကယ်တော့ နိုင် ငံတော်ကသာ တဦးချင်း အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်မယ်ဆိုရင် ဒီလိုဆိုးကျိုးတွေ သက်ရောက် မှု ရှိလာမှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်ခြင်း မရှိတဲ့ နိုင်ငံ၊ လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်တဲ့ နိုင်ငံတွေကို အခြားနိုင်ငံများက ဖိအားပေးတာတွေ၊ ပြစ်တင်ရှံ့ချခြင်း မပြုနိုင်ကြပါဘူး။ ၀င်ရောက်စွက်ဖက်ခြင်းမပြုနိုင် ကြပါဘူး။ နိုင်ငံတော်က တဦးချင်း အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်လာတဲ့အခါ ပြည်တွင်း အချုပ်အခြာ အာဏာနဲ့ ပြည်ပအချုပ်အခြာ အာဏာတို့ရဲ့ တည်တံ့ခိုင်မြဲရေးကို ပိုပြီး ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
စစ်အုပ်စုအဆက်ဆက်လက်ထက်တွေနဲ့ ရုပ်သေးအစိုးရလက်ထက်တွေမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရပါ တယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကိုလဲ မကျင့်သုံးနိုင်ခဲ့ပါဘူး။ စစ်အုပ်စုနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ရဲ့ လက်ဝါးကီးအုပ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ စစ်အုပ်စုဝင်တွေရဲ့ သားသမီးဆွေမျိုးများကသာ အခွင့်အရေးများကို မောင်ပိုင် စီးထားမှု၊ မတရားသော အမိန့်အာဏာများ ကျင့်သုံးမှု၊ အထက်ဖား အောက်ဖိမှု၊ အာဏာအလွဲသုံးစား ပြု လုပ်မှု စတာတွေကြောင့် စစ်အုပ်စု အာဏာတည်မြဲရေးကို ပခုံးပေါ်ထမ်းထားပေးရတဲ့ မြန်မာ့တပ်မတော်တွင်းက တပ် မတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်တို့ရဲ့ မိသားစုဝင်တွေ အပါအ၀င် ပြည်သူတရပ်လုံးမှာ စားဝတ်နေရေး ဒုက္ခတွေ၊ ကျန်း မာရေးနဲ့ ပညာရေးဆိုင်ရာ သောကတွေ ပင်လယ်ဝေခဲ့ကြရပါတယ်။ ၂၁ ရာစုရဲ့ အချုပ်အခြာအာဏာ သဘောတရား တွေအရ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် မရှိတဲ့ နိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတဲ့ နိုင်ငံတွေမှာ အ ချုပ်အခြာအာဏာ အပြည့်အ၀ရှိတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲရေး ရှိဖို့ဆို တာလဲ မလွယ်ကူပါဘူး။ ဒီလို ဖြစ်ရတာဟာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိတဲ့ စစ် အုပ်ချုပ်ရေးစနစ်နဲ့ ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တို့ကြောင့်ပဲ ဖြစ်ပါတယ်။
ဒီလိုစနစ်ဆိုးတွေကြောင့် မြန်မာနိုင်ငံမှာ ရာဇ၀တ်မှုထူပြောခြင်း၊ နိုင်ငံရေးအကြမ်းဖက်မှုများရှိခြင်း၊ နယ်စပ်ဒေသ ထိန်း ချုပ်နိုင်မှု လျော့နည်းခြင်း၊ လူမျိုးရေးပဋိပက္ခများရှိခြင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပဋိပက္ခများ ရှိခြင်း၊ ဆက် သွယ်ရေးစနစ် အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခြင်း၊ လာဘ်ပေးလာဘ်ယူမှုများရှိခြင်း၊ ကျန်းမာရေးစနစ် ချို့ယွင်းမှုများရှိခြင်း၊ ပညာရေးအခွင့်အလမ်းများ နည်းပါးခြင်းနဲ့ သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းချက် စတာတွေ ဖြစ်ပွားနေပြီး၊ တိုင်းနိုင်ငံမှာ တာဝန်ယူမှုဆိုင်ရာ အချုပ်အ ခြာအာဏာ မရှိတာကြောင့် နိုင်ငံတကာဆက်ဆံရေးမှာ မြန်မာနိုင်ငံရဲ့ အဆင့်ဟာ “quasi-states” အဆင့်ကို ရောက် နေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ခရီးသွားသူများ နိုင်ငံတကာမှာ မျက်နှာငယ်ကြရပါတယ်။ မြန်မာလူမျိုးဆို လိုက်တာနဲ့ နိုင်ငံတကာပြည်သူတွေက သနားစရာကောင်းသော လူတွေအဖြစ် ရှုမြင်ကြပါတယ်။ မြန်မာနိုင်ငံက ပေး အပ်ထားတဲ့ ပညာရေး အောင်လက်မှတ်များကို ကိုင်ဆောင်ထားသူများ ကမ္ဘာ့အလုပ်အကိုင်ဈေးကွက်မှာ အနှိမ်ခံရပါ တယ်။ လူမျိုးရဲ့ စရိုက် လက္ခဏာနဲ့ ပတ်သက်ပြီး ဝေဖန်ရှုံ့ချမှုတွေ ခံကြရပါတယ်။ စစ်ဘေး စစ်ဒဏ်သင့်လို့ တဘက် နိုင်ငံတွေကို ပြေးလွှားသွားကြရတဲ့ ဒုက္ခသည်များ မျက်နှာငယ်ကြရပါတယ်။
နိုင်ငံက ထွက်ပြေးလာရတဲ့ စစ်ပြေးဒုက္ခသည်များ၊ နိုင်ငံရေး ဒုက္ခသည်များ ကမ္ဘာတ၀ှမ်းမှာ ပြည့်နှက်နေတဲ့ နိုင်ငံ၊ လူ သားချင်းစာနာမှု မရှိသော အစိုးရ အုပ်ချုပ်နေတဲ့ နိုင်ငံ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရမယ့် စစ်တပ်က ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်၊ ရွာများကို ဖျက်ဆီး၊ အမျိုးသမီးငယ်များကို မုဒိမ်းကျင့်မှု တွေ လုပ်နေတဲ့ နိုင်ငံ၊ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ရမယ့် ရဲတပ်ဖွဲ့က အာဏာရှင် လက်ကိုင်ဒုတ်ဖြစ်ပြီး ပြည် သူလူထုကို ရန်မူနေတဲ့ နိုင်ငံ၊ နိုင်ငံရေးအကြမ်းဖက်မှုများ ပြည့်လျှံနေတဲ့ နိုင်ငံ၊ လူမျိုးတုန်းသတ်ဖြတ်မှုများနဲ့ ကမ္ဘာ ကျော်နေတဲ့ နိုင်ငံ၊ ကျန်းမာရေး- ပညာရေး စောင့်ရှောက်မှုတွေ အားနည်းပြီး တိုင်းပြည်ဘဏ္ဍာငွေတွေကို စစ်လက် နက်ပစ္စည်းများ ၀ယ်ယူရေးမှာသာ အသုံးပြုနေတဲ့ နိုင်ငံ၊ မဆုံးနိုင်သော ရေရှည်ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ နိုင်ငံ၊ ဘိန်း စိုက်ပျိုးထုတ်လုပ်နေတဲ့ နိုင်ငံ၊ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းချောက်နေတဲ့နိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများကို ဒုက္ခသည်တွေ တွန်း ပို့နေတဲ့ နိုင်ငံ၊ ရာဇ၀တ်မှုများ ထူပြောနေတဲ့ နိုင်ငံ၊ ဆင်းရဲနွမ်းပါးမှုသံသရာ ရှည်ကြာနေတဲ့ နိုင်ငံ၊ လူသားလုံခြုံရေး မရှိ တဲ့ နိုင်ငံ စတဲ့ ပုံရိပ်ဆိုးတွေဟာ နိုင်ငံတော်ရဲ့ တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်နိုင် ခြင်း မရှိတဲ့ ပြယုဂ်တွေပါပဲ။
ဒါကြောင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ အချက်ဟာ ဒို့တာဝန် အရေးသုံးပါးမှာ ပါဝင်နေပေမယ့် မြန်မာ နိုင်ငံမှာ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စုကြိုးကိုင် ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေ ထွန်းကားနေသမျှ ကာလပတ်လုံး တဦးချင်း အချုပ်အခြာအာဏာ၊ ပြည်တွင်းအချုပ်အခြာအာဏာ၊ ပြည်ပအချုပ်အခြာအာဏာတွေဟာ တည်တံ့ခိုင်မြဲမှု မရှိပဲ ဖြစ်နေမှာပါပဲ။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးရဲ့ အဓိက အတားအဆီး၊ အနှောင့်အယှက် ရန်သူဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ကြိုးကိုင် ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေပဲ ဖြစ်ပါတယ်။

ခင်မမမျိုး

(ဆက်လက်ဖော်ပြပါမည်)
http://www.naytthit.net/?p=15391

Dead Men Walking(Convict Porters on the Front Lines in Eastern Burma)


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

burma0711_OnlineVersion.pdfburma0711_OnlineVersion.pdf
1777K   View   Download  
http://www.mediafire.com/file/ya4dciy3nyadid6/burma0711_OnlineVersion.pdf
Dead Men Walking(Convict Porters on the Front Lines in Eastern Burma)
http://www.hrw.org/en/reports/2011/07/12/dead-men-walking-0

မြန်မာသံရုံး နောက်ထပ် အရာရှိတဦး အမေရိကားမှာ ခိုလှုံ


ဗုဒ္ဓဟူး, 13 ဇူလိုင် 2011

ဝါရှင်တန်ဒီစီ မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်။
ဓာတ်ပုံ VOA
ဝါရှင်တန်ဒီစီ မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်။
ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးက နောက်ထပ် မြန်မာသံတမန်တဦးဟာ အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ၀ါရှင်တန်ဒီစီ သံရုံးက သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေး ခိုလှုံခဲ့တာနဲ့ ဆက်စပ်ပြီး မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်ကို ၂၄ နာရီအတွင်း နေပြည်တော်ကို ပြန်လာဖို့ ဆင့်ခေါ်ခဲ့တာကြောင့် ဦးစိုးအောင်က မပြန်ဖို့ ဆုံးဖြတ်ပြီး နိုင်ငံရေးခိုလှုံမှု ရယူခဲ့တာလို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ဒုတိယ တာဝန်ခံ သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံခဲ့ပြီး တပတ်အကြာမှာပဲ နောက်ထပ် မြန်မာသံအရာရှိတဦး ထပ်ပြီး အမေရိကန်မှာ ခိုလှုံခွင့် တောင်းခံလိုက်တာပါ။ အခုလို ခိုလှုံခွင့် တောင်းတဲ့ကိစ္စ အမေရိကန် နိုင်ငံခြားရေးဌာနကို ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာပဲ အကြောင်းကြားလိုက်တယ်လို့ မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်က ဗွီအိုအေကို ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံသွားတာနဲ့ ပတ်သက်လို့ စုံစမ်းဖို့အတွက် နေပြည်တော်ကို ပြန်လာဖို့ ဆင့်ခေါ်လိုက်တာကြောင့် သူ အခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဦးစိုးအောင်က ပြောပါတယ်။ မကြာခင်ကမှ အမေရိကန်က ပြန်သွားတဲ့ မြန်မာသံရုံး အမှုထမ်း ၂ ဦးလည်း နေပြည်တော်မှာ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။
ဦးစိုးအောင်ကိုတော့ ၂၄ နာရီအတွင်း စစ်တပ်က အရာရှိတဦးနဲ့အတူ နေပြည်တော်ကို ပြန်ရမယ်ဆိုပြီး ဇူလိုင် ၁၂ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက အမိန့်ထုတ်ခဲ့တဲ့အပြင် သူ့ရဲ့ သံတမန် နိုင်ငံကူး လက်မှတ်တွေကိုလည်း သံရုံးက သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အပြစ်ပေးတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ ဦးစိုးအောင်က ယူဆပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့အပတ် အတွင်းက အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် ယူခဲ့တဲ့ မြန်မာသံရုံး ဒုတိယ တာဝန်ခံဟောင်း ဦးကျော်ဝင်းကတော့ သူ့ကိစ္စကို စုံစမ်းဖို့ ပိုပြီး တာဝန်ရှိတဲ့ စစ်ဘက်ကလာတဲ့ အရာရှိတွေအစား အခုလို အရပ်ဘက် အရာရှိတွေကို ပစ်မှတ်ထားတဲ့အပေါ် ဝေဖန်ပါတယ်။ မြန်မာအစိုးရဌာန အကြားမှာ အရပ်ဘက်နဲ့ စစ်ဘက်ကလာသူတွေ အပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေတဲ့ကိစ္စ မကျေနပ်မှုတွေ ပိုတိုးလာတယ်လို့ သူက ပြောပါတယ်။
“ကျနော် သိရသလောက် သူ့ကို ၂၄ နာရီအတွင်း ပြန်ခိုင်းတယ်ဆိုတာ ဒါ အပြစ်ရှိတဲ့သူတွေကို ပြန်ခိုင်းတဲ့ဟာမျိုးလေ။ နောက်ပြီးတော့ ဘာကို ပုံပေါ်လဲဆိုတော့ ၀န်ထမ်းချင်း အတူတူ အရပ်သား ၀န်ထမ်းကို မယုံဘူး၊ တပ်ကလာတဲ့ ၀န်ထမ်းကိုမှ ယုံတယ်ဆိုတာ ဒါ အဆင်မပြေဘူးလေ။”
ဦးကျော်ဝင်း ပြောသွားတဲ့ အထဲမှာ သံရုံးဝန်ထမ်းတွေ အနေနဲ့ စစ်ဘက်ကလာတဲ့ လူတွေနဲ့ အရပ်ဘက်ကလာတဲ့လူတွေ ခွဲခြား ဆက်ဆံတယ်ဆိုတာ ဘယ်လိုမျိုးလဲခင်ဗျ။
“ဆိုကြပါစို့၊ အခုလို ကျနော်လည်း ဒီဘက်မှာ နိုင်ငံရေး ခိုလှုံခွင့်ရှိလို့ ကျန်တဲ့လူကို စစ်ဆေးတယ် ဘာညာဆိုတာ ကိုစိုးအောင်က ကျနော်တို့လိုပဲ အရပ်သားပဲလေ။ သူ့ကျတော့ ဒီလိုပဲ ကြီးကြီးကျယ်ကျယ်နဲ့ ချက်ချင်းပြန်လာ ဘာညာနဲ့၊ ကျန်တဲ့ တာဝန်ရှိတဲ့သူတွေ ရုံးမှာ မရှိကြတော့ဘူးလား။ နောက်ပြီးတော့ ရုံးတွေမှာ ၀န်ထမ်းတွေကို ခံစားခွင့်ပေးတာ၊ ၀န်ထမ်းတွေနဲ့ ပတ်သက်တဲ့ ရာထူးတိုးတာတို့၊ Transfer ပေးတာတို့ ဒါတွေအားလုံးကို စဉ်းစားတဲ့အခါ ကွဲပြားတာ သိပ်သိသာတယ်။
“ကျနော်တို့ ဆိုလိုတာ တကယ် အရည်အချင်း ပြည့်တဲ့လူ၊ တကယ် ဦးဆောင်နိုင်တဲ့လူ၊ တကယ် နားလည်တဲ့လူဆို ကျနော်တို့က နောက်ကလိုက်ရတာ ၀န်မလေးပါဘူး။ အခုလောလောဆယ် ကျနော်တို့ဆီမှာ တပ်ကလူတွေ ရှိနေတာပဲ။ ရှိနေတဲ့ တပ်ကလူတွေနဲ့ အရပ်ဘက်ကလူတွေ ယှဉ်ကြည့်ပါ။ အောက်ခြေမှာ ဖြစ်နေတာကို သေချာကြည့်ပြီးတော့ ၀န်ထမ်းတွေကို သေချာ ပြန်ပြုပြင်ဖို့ လိုတယ်။
“ကျနော်တို့ ၀န်ထမ်းအဖွဲ့အစည်းတွေက ပွင့်ပွင့်လင်းလင်း ကျနော့်အမြင် ပြောရရင်တော့ တပ်ကလူတွေ ၀င်လို့ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ၀န်ထမ်းအဖွဲ့အစည်း အားလုံးက ပျက်တာပဲ။ နိုင်ငံကို ပြန်တည်ဆောက်တဲ့ အခါကျတော့ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းကို ပြန်ပြီးတော့ မပြုပြင်ဘဲ၊ ပြန်မတည်ဆောက်ဘဲနဲ့ ဘယ်လိုလုပ် သွားကြမလဲ။”
ဝါရှင်တန် မြန်မာသံရုံးက သံအရာရှိတွေ အနေနဲ့ အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းခဲ့ကြပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က နိုင်ငံတကာ လိုလားတဲ့ အပြောင်းအလဲမျိုးတွေ လုပ်မလာတဲ့ အပေါ်မှာလည်း မြန်မာ သံအရာရှိတွေဘက်က စိတ်ပျက်ကြရတယ်လို့ ဦးကျော်ဝင်းက ပြောပါတယ်။
“ကျနော်တို့ဘက်ကတော့ ဒီဘက်မှာ ကိုယ်မြင်တာကို တင်ပြကြတဲ့အခါ သူတို့ဘက်က၊ ဆိုကြပါစို့ အမေရိကန်ကို ကျနော် နားလည်သလောက်က အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီက ကျနော်တို့ အပေါ်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပေါ်မှာ တည်တယ်။ ခက်တာက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုတာ တော်တော့ကို အခြေအနေ ဆိုးတယ်။ လူကို လူသားတယောက်လို မဆက်ဆံဘူး ဆိုကတည်းက ဒါ အခြေအနေက တော်တော်ဆိုးတယ်။ နယ်တွေမှာ ကြုံနေကြတာပဲ။
“ဒါပေမဲ့လည်း ကျနော်တို့က မှန်းကြည့်ရတာ တောက်လျှောက် လုပ်လာကြတယ်ဆိုတာ ပြောင်းလာမလား၊ ပြောင်းလာမလား၊ ဒီလိုမျှော်လင့်ချက်နဲ့ တောက်လျှောက် လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ပြောင်းလာတာကို မတွေ့ဘူး ဖြစ်နေတယ်။ ၈၈ ပြီးတဲ့ နောက်ပိုင်းမှာလည်း အစိုးရသစ် ဖြစ်လာပြီး နိုင်ငံတော်ကို လူကြီးတွေကလည်း အဲဒီအချိန်မှာ ပြောင်းကြမယ် ပြောတော့ တကယ်ပဲ ပြောင်းမယ် အောက်မေ့ကြတာ။ တကယ်လည်း ပြောင်းမလာပြန်ဘူး။ နောက်တခါ ၂၀၀၄ မှာ ဦးခင်ညွန့်တို့ကို ဖယ်လိုက်ပြီး နောက်ပိုင်း ပြောင်းဖို့ လုပ်ကြတာပဲ။ ဒါပေမဲ့ တကယ်တမ်း ပြောင်းမလာဘူး။ အခုလည်း သေချာကြည့်၊ ပြောင်းမလာတဲ့အပြင် ပိုဆိုးလာတယ်။”
သံမှူးကြီး ဦးကျော်ဝင်း ကိုယ်တိုင်ဟာလည်း အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းခဲ့ပေမဲ့ တဘက်မှာ နေပြည်တော်ဘက်က သူ့အပေါ် အမြင်မကြည်လာတာကြောင့် ဒီအပေါ်မှာ စိုးရိမ်စိတ်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံခွင့် တောင်းခဲ့သူ ဖြစ်ပါတယ်။
အခု ဒီနေ့ အမေရိကန်မှာ ခိုလှုံခွင့် တောင်းခဲ့တဲ့ ဦးစိုးအောင်ဟာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ၁၉၇၉ ခုနှစ် ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်ရင့် အရပ်သား ၀န်ထမ်းတဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက ၀ါရှင်တန်မြို့တော် မြန်မာသံရုံးမှာ ပထမ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ သူဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မြန်မာသံရုံး၊ ထိုင်းနိုင်ငံနဲ့ စင်ကာပူမှာရှိတဲ့ မြန်မာသံရုံးတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဦးစိုးအောင်ဟာ ဒီနှစ်ပိုင်းတွေအတွင်း သံမှူးကြီး ဦးကျော်ဝင်းနဲ့ ၂၀၀၅ ခုနှစ်က အမေရိကန်ကားမှာ ခိုလှုံခဲ့တဲ့ ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ပြီးရင် ၀ါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကနေ အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံဖို့ ဆုံးဖြတ်ခဲ့တဲ့ တတိယမြောက် သံအရာရှိတဦး ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/u-soe-aung-defect.html

အမေစုမိဘများအားဂါရ၀ပြုကန်တော့....

ရေမြေဆုံးတိုင်


သဲသဲ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒေါ်စုစုကြည် ပင်တိုင်လုပ်နေရတဲ့ အလုပ်တခုကတော့ နယ်ဝေးမှာ နိုင်ငံရေးကြောင့် အကျဉ်းကျနေတဲ့ သူ့မိသားစုဝင် ၅ ယောက်ဆီကို အလှည့်ကျ ထောင်ဝင်စာတွေ့နေရတာပဲ ဖြစ်ပါတယ်။

သမီး မသက်သက်အောင်က မြင်းခြံထောင်မှာ ၆၅ နှစ်၊ သားမက် ကိုချစ်ကိုလင်းက ပခုက္ကူထောင်မှာ ၇ နှစ်၊ ၆၃ နှစ်အရွယ် အစ်မဖြစ်သူ ဒေါ်စန်းစန်းတင်က မိတ္ထီလာထောင်မှာ ၅ နှစ်၊ တူမ မနိုးနိုး (ခေါ်) နွဲ့နှင်းရီကတော့ မအူပင်ထောင်မှာ ၇ နှစ်နဲ့ တူ ကိုကျော်စွာဌေးက ကချင်ပြည်နယ် ဗန်းမော်ထောင်ထဲမှာ ၁၄ နှစ် ၆ လ ထောင်ကျနေပါတယ်။

“လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ လှေတတန်၊ ကုန်းတတန် သွားရတယ်။ နှစ်တွေလည်း နည်းနည်း ကြာလာပြီဆိုတော့ စီးပွားရေး အဆင်မပြေဖြစ်တာတွေလည်း ပါတယ်” လို့ ဒေါ်စုစုကြည်က ပြောရင်း တယ်လီဖုန်းလိုင်း အတန်ကြာ အသံတိတ်သွားတယ်။

“မသက်ရဲ့ (ကလေး) အကြီးနှစ်ယောက်ကို အန်တီ့အစ်မ
‘‘စည်သူမောင့်အမေဆိုရင် သူ့ယောက်ျားကို လွိုင်ကော်ထောင်မှာ တွေ့ခဲ့ပြီးပြီ။ အခု သူ့သား ကိုတွေ့ဖို့ ရခိုင်ဘက် ထပ်သွားရအုံးမယ်’’

အိမ်မှာထားခဲ့ပြီး အငယ်ဆုံးကလေးကို အန်တီနဲ့အတူ
ခေါ်သွားရတာ။ တခေါက်သွားရင် ၁ဝ ရက်ကျော်ကြာတယ်။ ကလေးက တောက်လျှောက်လိုက်ရတော့ ခရီးပန်းပြီး ဖျားနေတယ်။ နေမကောင်းတဲ့ ကလေးကို ထားခဲ့ပြီး နောက်တခေါက် အန်တီ ဘယ်လိုသွားရမလဲ မသိဘူး"

မြေးအငယ်ဆုံးက ၂ နှစ်သား အရွယ်ကထဲက သူထောင်ဝင်စာတွေ့တိုင်း လိုက်လေ့ရှိတာ အခုဆို ကလေးတောင် ငါးနှစ်သားရှိနေပြီ။

၂ဝဝ၇ တုန်းက ရန်ကုန်မှာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေ ဆန္ဒပြအပြီး ရက်ပိုင်းအတွင်း သမီး မသက်သက်အောင်နဲ့ သမက် ကိုချစ်ကိုလင်း အဖမ်းခံခဲ့ရတာပါ။ သူတို့အဖမ်းခံရပြီးကထဲက မြေး ၃ ယောက် ဖွားအေလက်ပေါ်ပဲ ကြီးခဲ့ရတာပါ။

‘‘မြေးအငယ်ဆုံးဆိုရင် ကျန်ခဲ့တုန်းက နို့တောင် မပြတ်သေးဘူး။ နောက်ပြီးသူက မွေးကထဲက သွေးလဲ ထားရတယ်လေ။ သူ့ဆိုရင် ထိန်းမပေးရဲကြဘူး။ သူနဲ့ မတည့်တာတွေလည်း များတယ်။ နေမကောင်းရင်တောင်
ဆေးတိုက်ဖို့ ကြောက်ကြတော့ အန်တီပဲ ခေါ်သွားရတာ။ သူကလည်း အဖွားနောက်ပဲ လိုက်ကပ်တယ်’’

အသက် ၅၆ နှစ်အရွယ် ဒေါ်စုစုကြည်အတွက် ထောင်ဝင်စာ တွေ့ခွင့်မရဘဲ ပြန်ခဲ့ရတဲ့ ရက်တွေလည်း ရှိခဲ့ဖူးပါတယ်။

တကြိမ်မှာတော့ မိတ္တီလာတောင်မှာ တခြားသူတွေ ထောင်ဝင်စာတွေ့ချိန် တနာရီရပေမယ့် သူ့ကို နာရီဝက်ပဲ ခွင့်ပြုတော့ ဆန္ဒပြတဲ့အနေနဲ့ တနာရီမထတမ်း စကားဆက်ပြောခဲ့ကြတယ်။ အကျိုးဆက်ကတော့ အစ်မ
ဒေါ်စန်းစန်းတင်ကို နိုင်ငံရေး အကျဉ်းသားတွေထားတဲ့ သီးသန့်အခန်းကနေ ရာဇဝတ်သားတွေနဲ့အတူ ရောနှော ထားလိုက်တာပါပဲ။ ထောင်ထဲမှာ ဆေးကုမပေးလို့ အမ ဘယ်ဘက်မျက်လုံး ကွယ်သွားခဲ့တယ်လို့ သူက စွပ်စွဲပါတယ်။

သူပိုင်တိုက်ခန်း ရောင်းခဲ့ရပြီးပေမယ့် မိသားစုတွေ ပြန်လွတ်တဲ့အထိ ထောင်ဝင်စာ ပိုက်ကာ လိုက်နေအုံးမယ်လို့
ဒေါ်စုစုကြည်က ပြောပါတယ်။

“ရန်ကုန်မှာ မဟုတ်တောင် နယ်က ထောင်တခုထဲမှာ စုထားပေးရင် တော်သေးတယ်။ သူတို့ကိုလည်း ဖမ်းထားတယ်၊ အန်တီတို့ကိုလည်း နှိပ်စက်ထားသလိုပဲ”

သူလို ထောင်ဝင်စာပုံမှန် အားခဲတွေ့နေရသူ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ၂ဝ ကျော် ဇူလိုင် ၁ဝ ရက်က
ဒေါ်စုစုကြည်ရဲ့ စမ်းချောင်း ဇလွန်လမ်းအိမ်မှာ ဆုံခဲ့ကြပါသေးတယ်။ သံတိုင်နောက်က မိသားစု ဆွေမျိုးတွေကို ကူညီဖို့ စုပေါင်းဖလှယ်ကြတာလို့ ဆိုပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း (ခန္တီးထောင်)၊ ကိုစည်သူမောင် (ဘူးသီးတောင်ထောင်) နဲ့ ၈၈ မျိုးဆက်
ကျောင်းသား ကိုဇော်ထက်ကိုကို (ကျောက်ဖြူထောင်) တို့ရဲ့ မိခင်တွေ၊ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူ ကိုထင်ကျော် (ခန္တီးထောင်) ရဲ့ ဇနီး၊ ၈၈ ကျောင်းသား ကိုသန်းတင် (စစ်တွေထောင်) ရဲ့ နှမ၊ ဗကသ ကျောင်းသူ မဟန်နီဦး (လားရှိုးထောင်) ရဲ့ ဖခင်တို့ ဖြစ်ပါတယ်။ မကြာခင်ကမှ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အဆိုတော် ဇေယျာသော်လည်း လာခဲ့ပါတယ်။

ဒီကနေ ထောင်တွင်းဆေးကုသဖို့ လိုအပ်နေသူတွေအတွက် တတ်အားသရွေ့ ငွေကြေး ထည့်ဝင်သလို ထောင်ဝင်စာ သွားတွေ့မယ့်သူတွေအတွက် အစားအသောက်တွေ ကူညီချက်ပြုတ်ပေးကြပါတယ်။

‘‘စည်သူမောင့် အမေဆိုရင် သူ့ယောက်ျားကို လွိုင်ကော်ထောင်မှာ တွေ့ခဲ့ပြီးပြီ။ အခု သူ့သားကိုတွေ့ဖို့ ရခိုင်ဘက် ထပ်သွားရအုံးမယ်’’ လို့ ဒေါ်စုစုကြည်က ပြောပြပါတယ်။

ဗန်းမော်ထောင်မှာရှိတဲ့ သားဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်းဆီ ထောင်ဝင်စာ
တွေ့နေတဲ့ မိခင် ဒေါ်ညွန့်ညွန့်ဦးကတော့ “အန်တီက ကျန်းမာရေး မကောင်းတော့ သားကို မတွေ့နိုင်တာ ၆ လတောင် ကြာတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ကမှ တွေ့နိုင်တယ်။ ခရီးကြမ်းလို့ အန်တီရောက်တော့ နေမကောင်းကို ဖြစ်တာ။ ဒါပေမဲ့ သားစိတ်ဆင်းရဲမှာ စိုးလို့ ဖီးလိမ်းသွားရတာပဲ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝှမ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ နီးပါး ကျန်နေတုန်းပါ။

အစိုးရသစ် တက်လာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တနှစ်လျှော့ပေါ့ ခပ်ပြတ်ပြတ် အမိန့်ကြောင့် အကျဉ်းသားပေါင်း ၁၄၆ဝဝ ပေးလွှတ်တဲ့အနက် နိုင်ငံရေးအကျဉ်းသား ၅ဝ ကျော်ပဲ ပါလာပါတယ်။

“နောက်တခါတော့ အန်တီ ထပ်မမျှော်တော့ပါဘူး” လို့ ဒေါ်စုစုကြည်က ရယ်သံနှောကာ ပြောပါတယ်။

“အမေတယောက်အနေနဲ့ ပြောရရင် ထောင်ကျနေတာကို အန်တီမကြိုက်ဘူး။ ဒါပေမဲ့ သူတို့လွတ်လာရင်လည်း မလုပ်နဲ့လို့ အန်တီမတားဘူး။ ဘာလို့ဆိုတော့ သူတို့က တိုင်းပြည်အတွက်၊ အများအတွက် ယုံကြည်ချက်နဲ့ ဒုက္ခခံနေတာ။ အန်တီကတော့ သူတို့မလွတ်သေးသရွေ့ ထောင်ဝင်စာအတွက် ဆက်လုပ်နေရမှာပဲ။ သေခါမှ
သေရော” လို့ ဆိုလိုက်တဲ့ သူ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။
http://www.mizzimaburmese.com/edop/songpa/7938-2011-07-13-09-56-57.html