Saturday, July 30, 2011

မြန်မာ့ဘောလုံးပရိတ်သတ်အထဲဘယ်လိုရောက်လာသလဲ၊




Myanmarvsoman by shanlay_mongnai

၃၀.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
30 July 2011 Yeyintnge's diary.doc30 July 2011 Yeyintnge's diary.doc
854K   View   Download  
30 July 2011 Yeyintnge's diary.pdf30 July 2011 Yeyintnge's diary.pdf
588K   View   Download  
http://www.mediafire.com/file/5ms336115d5yd0n/30%20July%202011%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/bx7b1t91dj7xc97/30%20July%202011%20Yeyintnge%27s%20diary.pdf
30 July 2011 Yeyintnge's Diary

လန်ကွတ်တီနဲ့ပြန်မယ့် MAXဇော်ဇော်

က်မှိုင်ချ ပြန်သွားခဲ့သော ဥက္ကဌ ဦးဇော်ဇော် ::  မြန်မာပရိတ်သတ်ကို တောင်းပန်၍ မရသည့်အဆုံး လက်မှိုင်ချ ပြန်သွားခဲ့သော မြန်မာဘောလုံးအသင်း ဥက္ကဌ ဦးဇော်ဇော် (ဓာတ်ပုံ- မဇ္ဈိမ)


FIFA က အိုမန်အသင်းကို အနိုင်ပေးပြီး မြန်မာကို အရေးယူ​ဖို့ ​ပြင်

Published on July 30, 2011 by webteam   
မြန်မာပရိတ်သတ်တချို့ရဲ့ တိုက်ခိုက် နှောင့်ယှက်မှုတွေကြောင့် ရပ်နားခဲ့ရတဲ့  မြန်မာ-အိုမန် ဘောလုံးပွဲစဉ်မှာ အိုမန်အသင်းကို အနိုင်ပေးလိုက်ပြီဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
FIFA ရဲ့  ကမ္ဘာ့ဖလား စီမံအုပ်ချုပ်ရေးကော်မတီက  အိုမန်နဲ့ မြန်မာဘောလုံးပွဲ ရပ်နားခဲ့ရတဲ့ အချိန်မှာရှိနေတဲ့ (၂ – ၀) ဂိုးမရှိ ပွဲရလဒ် အဖြေကို ဒီပွဲရဲ့  နောက်ဆုံးရလဒ်အဖြစ် သတ်မှတ်လိုက်တဲ့ အကြောင်း   သောကြာနေ့မှာ  ကြေညာချက်ထုတ်ပြန် အတည်ပြုပေးလိုက်တာပါ။
အိုမန်အသင်းဟာ အိမ်ကွင်းမှာ မြန်မာကို  (၂-၀)ဂိုးနဲ့ နိုင်ပြီး အဝေးကွင်းမှာလည်း (၂-၀) ဂိုး  စုစုပေါင်း ဂိုးရလဒ် (၄-၀)ဂိုးနဲ့ မြန်မာအသင်းကို အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်တဆင့် တက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညနေက  ရန်ကုန်သုဝဏ်ဏကွင်းမှာ ကမ္ဘာ့ဖလား အာရှဇုန်  ခြေစစ်ပွဲ ဒုတိယ အကြော့ပွဲစဉ်အဖြစ် မြန်မာနဲ့ အိုမန်တို့  ယှဉ်ပြိုင် ကစားစဉ်  အိမ်ရှင်မြန်မာအသင်း (၂) ဂိုး သွင်းခံရပြီးနောက် ပရိသတ်တချို့ က ကွင်းထဲကို ရေသန့်ဗူးတွေ၊ တုတ်တွေ၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် ဘောလုံးပွဲဆက် မကစားနိုင်တော့ဘဲ ရပ်နာထားခဲ့ရတာပါ။
မြန်မာ ပရိတ်သတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အိုမန် အသင်းနည်းပြတဦးနဲ့ ကစားသမားတချို့ ထိခိုက် အနာတရ ဖြစ်ခဲ့ရတဲ့အပြင် သုဝဏ်ဏ ဘောလုံးကွင်းက အကာအရံ သံတိုင်တွေနဲ့ ထိုင်ခုံတချို့ ပျက်စီးမှု ရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာဘောလုံးအဖွဲ့ချုပ်ကို စည်းကမ်းအရ အရေးယူ အပြစ်ပေးမှုတွေ လုပ်ဖို့  စတင်ဆောင်ရွက်နေပြီလို့လည်း ဖီဖာက ကြေညာထားပါတယ်။ ဘယ်လိုအရေးယူမလဲ ဆိုတာကိုတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဆီကရော အာရှဘောလုံးအဖွဲ့ ချုပ်ဆီကပါ တရားဝင် အကြောင်းကြားစာ​ လတ်တလော​ ရောက်မလာသေးဘူးလို့​ မြန်မာဘောလုံး အဖွဲ့ချုပ်က ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် မြန်မာဘောလုံးလောကအတွက် သာမက တနိုင်ငံလုံး အတွက် ထိခိုက်နစ်နာရတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ  ဦးစိုးမိုးက ဒီဗွီဘီကို ပြောကြားသွားပါတယ်။
“ဘောလုံးတခု အတွက်တင် မဟုတ်ဘူး။ ကျနော်တို့နိုင်ငံ၊ ကျနော်တို့ တိုင်းပြည်၊ ကျနော်တို့ လူမျိုး အတွက် အများကြီး သိက္ခာကျပါတယ်။ ဒါဟာ ဘယ်သူ့အတွက်မှ အကျိုး မရှိပါဘူး။ ကျနော်တို့ပဲ နစ်နာတယ်။ ၃၆ မိနစ်နဲ့ ပွဲရပ်လိုက်ရတယ်ဆိုတော့ ကျနော်တို့အတွက် အခွင့်အရေးလည်း မရှိတော့ဘူး။ ဥပမာ လေးငါးခြောက်နှစ်ပိတ်မယ်ဆိုရင် ကျနော်တို့ပဲ နစ်နာမှာ။ ကျနော်တို့ ကြည့်ချင်ပါတယ်ဆိုတဲ့ အဆင့်မြင့် ဘောလုံးအသင်းတွေ ဒီကိုလာမှာ မဟုတ်တော့ဘူး။ လာခွင့်လည်း ရမှာ မဟုတ်တော့ဘူး။ အဲဒီလိုမျိုး ဖြစ်သွားမှာ။ competition (ပြိုင်ပွဲ)ဥပဒေမှာကိုက ပစ္စည်းတခုကျရင် အမေရိကန် ဒေါ်လာ ၅၀၀၀ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ရိုက်မယ်ဆိုပြီး ဖော်ပြထားတယ်။ အဲဒီလို ပစ္စည်း အခုတသိန်းလောက်သာ ကျရင် ငါးထောင်နဲ့ မြောက်လိုက်ရင် ကျနော်တို့ ဥက္ကဋ္ဌက ဘယ်လောက်ပဲ စိုက်ပါတယ်ပြောပြော ဥက္ကဋ္ဌက လန်ကွတ်တီနဲ့ပဲ ပြန်ရမှာ။” 
http://burmese.dvb.no/archives/13454

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းအကြောင်း တစေ့တစောင်း



၂၀၀၀ ခုနှစ် နှောင်းပေါင်းကာလတွေမှာ တိုင်းပြည်တွေရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ စီမံချက်တွေနဲ့ ပတ်သက် ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်း (Poverty Reduction Strategy paper- PRSP) တွေရဲ့ အ ခန်းကဏ္ဍက အရေးပါလာပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းတွေဟာ ပြည်တွင်းမူဝါဒများ နဲ့ ပြည်ပအကူအညီရယူမှုအတွက် လမ်းပြမြေပုံတွေ ဖြစ်လာပြီး၊ ရလဒ်အခြေပြု ကိန်းဂဏန်းများပါဝင်တဲ့အတွက် အပြည် ပြည်ဆိုင်ရာ ဘဏ္ဍာရေးအင်စတီကျူးရှင်းများ (International Financial Institutions)၊ အလှူငွေထောက်ပံ့သူများ (Donors) တွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများထံက ချေးငွေများ၊ ထောက်ပံ့ကြေးများ ရယူရာမှာ လိုအပ်ချက်တ ရပ် ဖြစ်လာပါတယ်။
သွင်ပြင်လက္ခဏာများ
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းမှာ အခြားစီမံကိန်းတွေ၊ စီမံချက်တွေနဲ့ ခြားနားတဲ့ သွင်ပြင် လက္ခ ဏာ ခြောက်ရပ် ရှိပါတယ်။ ပထမသွင်ပြင်လက္ခဏာကတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းကို သက်ဆိုင်ရာနိုင်ငံရဲ့ အစိုးရများက ဦးဆောင်ပြီး ချမှတ်ရတဲ့ national ownership သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။ ဒုတိ ယကတော့ သက်ဆိုင်ရာအစိုးရများက ဦးဆောင်ရေးဆွဲရာမှာ အရပ်ဘက်လူ့အဖွဲ့အစည်း၊ ကုန်သည်များအသင်း၊ လုပ် ငန်းရှင်များ၊ အလုပ်သမား သမဂ္ဂများနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများကို တိုင်ပင်ညှိနှိုင်း ရမှာဖြစ်တဲ့ public consultation သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။

တတိယသွင်ပြင်လက္ခဏာကတော့ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနဲ့ သက်ဆိုင်ပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မ ဟာဗျူဟာစာတမ်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ Public Expenditures Review ပြုလုပ်ရမှာ ဖြစ်ပါ တယ်။ စတုတ္ထ သွင်ပြင်လက္ခဏာကတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းတွေဟာ ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ United Nations Development Assistance Framework (UNDAF) ရဲ့ country programming process မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မဟာဗျူဟာ စာတမ်းရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။

ပဉ္ဇမ သွင်ပြင်လက္ခဏာကတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းတွေဟာ public actions ကို ဦးစားပေးရမှာ ဖြစ်ပါတယ်။ ဆဋ္ဌမသွင်ပြင်လက္ခဏာကတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာ စာတမ်း တွေထဲမှာ တိုးတက်မှုကို လေ့လာတိုင်းတာတဲ့ ကိန်းဂဏာန်းတွေ ပါဝင်တဲ့အတွက် monitoring process ပါဝင်တဲ့အ တွက် မူဝါဒတွေ၊ မဟာဗျူဟာတွေကို စာရွက်ပေါ်မှာတင် ရေးသားထားတာမဟုတ်ပဲ လက်တွေ့ အကောင်အထည် ဖော် မှုကို တွန်းအားပေးပါတယ်။
စာတမ်းရေးသားသူများ
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ စာတမ်းတွေ ပေါ်ထွက်လာရေးအတွက် အစိုးရက ဦးဆောင်ဦးရွက်ပြုရပြီး၊ အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိသူများ (သို့မဟုတ်) အစိုးရအကြံပေးများက ရေးသားလေ့ရှိပါတယ်။ များသောအားဖြင့် စာတမ်း မူကြမ်း နှစ်စောင်၊ သုံးစောင် ပေါ်ထွက်လေ့ရှိပြီး၊ အများပြည်သူကြားကို ဖြန့်ဝေကြပါတယ်။ စာတမ်းနဲ့ ပတ်သက်ပြီး တိုး တက်မှု၊ ပြန်လည်ပြင်ဆင်မှုတွေကို နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးပွဲများမှာ ပြုလုပ်လေ့ရှိပါတယ်။ ပထမစာတမ်းကို အ တည်ပြုပြီးနောက် (၃) နှစ် (သို့မဟုတ်) (၅) နှစ် ကြာလာချိန်မှာ ပြန်လည်သုံးသပ်ပြင်ဆင်မှုတွေ ပြုလုပ်ရမှာ ဖြစ်တဲ့အ တွက် နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးပွဲများက အရေးကြီးလှပါတယ်။
တချို့နိုင်ငံတွေမှာတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းနဲ့ ပတ်သက်ပြီး အထူးကော်မတီတွေ ဖွဲ့စည်းထားတတ်ကြပါတယ်။ အထူးကော်မတီတွေထဲမှာ အဆင့်အမြင့်ဆုံး ကော်မတီကတော့ ၀န်ကြီးများအဆင့် ကော်မ တီ ဖြစ်ပါတယ်။ ဒီကော်မတီထဲမှာ ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီး၊ စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး စတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရမယ့် ၀န်ကြီးဌာနများက ၀န်ကြီးတွေ ပါဝင်ပါတယ်။
ဒီဝန်ကြီးများအဆင့် ကော်မတီကိုတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာ technical committee က အစီရင်ခံရပါတယ်။ ဒီကော်မတီက ပုံမှန်ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ အရေးကြီးဆုံး ကော်မတီဖြစ်ပြီး၊ ဘဏ္ဍာရေး ၀န် ကြီးဌာန (သို့မဟုတ်) စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတခုက ကော်မတီဥက္ကဋ္ဌအဖြစ် တာ ၀န်ယူလေ့ရှိပါတယ်။ ဒီကော်မတီထဲမှာ ၀န်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ သုတေသနပညာရှင်များ ပါဝင်လေ့ရှိပြီး၊ ရံဖန်ရံခါမှာ ကုလသမဂ္ဂအကြံပေးအရာရှိများလဲ ပါဝင်တတ်ပါတယ်။
ပါဝင်သည့် အကြောင်းအရာများ
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းမှာ များသောအားဖြင့် အောက်ပါအကြောင်းအရာများ ပါဝင်လေ့ ရှိပါတယ်။
(၁) Macroeconomic issues
စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင်၊ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများ၊ ဈေးကွက်၊ ပုဂ္ဂိလိကပိုင်ဆိုင်မှု၊ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ၊ ဆင်းရဲနွမ်းပါးမှု အခြေအနေ၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု၊ မြို့ပြဆင်းရဲနွမ်းပါးမှု၊ ချမ်းသာဆင်းရဲ ကွာဟမှု၊ လူမှုဖူလုံရေး၊ လယ်ယာစိုက်ပျိုးရေး၊ မြေယာပိုင်ဆိုင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
(၂) The consultative process
လက်ရှိပြီးစီးထားမှု၊ အနာဂတ်လုပ်ငန်းဆောင်တာ လျာထားချက်များ
(၃) Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)
တရားဥပဒေစိုးမိုးရေး၊ ဥပဒေရေးရာ ပြင်ဆင်ပြောင်းလဲမှု၊ ပြည်သူ့ဝန်ထမ်းရေးရာ ပြုပြင်ပြောင်းလဲမှု၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု၊ လာဘ်ပေးလာဘ်ယူမှု တားဆီးရေး
(၄) Human Capability (လူသားစွမ်းရည်)
ကျန်းမာရေးနှင့် အာဟာရပြည့်ဝရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ အလုပ်သမားအခွင့်အရေး၊
(၅) Private Sector
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သမ၀ါယမလုပ်ငန်းများ၊ ဘဏ် လုပ်ငန်းများ၊ အိုင်တီနှင့် ဆက်သွယ်ရေးနည်းပညာ၊ သဘာဝသယံဇာတ အရင်းအမြစ်
(၆) Infrastructure
စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ သောက်သုံးရေ ရှိရှိရေး
(၇) Poverty monitoring and analysis
ရည်ညွန်းတိုင်းတာသော ကိန်းဂဏာန်းများ၊ တိုးတက်မှုအခြေအနေ၊ စာရင်းအင်းစနစ် (statistical systems) များ
(၈) Cross-cutting Issues
ကျားမရေးရာ၊ အေအိုင်ဒီအက်စ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မဟာဗျူဟာဆက်ဆံရေး၊ လူ့အဖွဲ့ အစည်း အခြေပြု ဖွံ့ဖြိုးတိုးတက်ရေး
(၉) Policy matrix
ရည်မှန်းချက်များ၊ လက်ရှိအခြေအနေအထိ တိုးတက်မှုအခြေအနေ၊ စီမံချက် လုပ်ငန်းစဉ်များ၊ ကုန်ကျစရိတ်တွက်ချက်မှု၊ ဘတ်ဂျက်ချမှတ်ခွဲဝေသုံးစွဲမှု၊ မူဝါဒရေးရာ framework များ
(၁၀) Country specific topics
ကလေးလုပ်သား၊ ပဋိပက္ခနှင့် လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်အန္တရာယ် ကာကွယ်ရေး၊ အစားအစာ လုံခြုံရေး၊ လူကုန် ကူးမှု၊ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုနှင့် တားဆီးကာကွယ်ရေး
မဟာဗျူဟာစာတမ်း ရေးဆွဲဖော်ဆောင်မှုအဆင့်ဆင့်
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မဟာဗျူဟာစာတမ်းဟာ စက္ကူပေါ်က စီမံကိန်းမဟုတ်ဘဲ၊ လက်တွေ့အကောင် အ ထည်ဖော်ဆောင်ရမယ့် မဟာဗျူဟာများ၊ မူဝါဒများနဲ့ လုပ်ငန်းစဉ်များ ပါဝင်တဲ့အတွက် မဟာဗျူဟာစာတမ်း ရေးဆွဲဖော် ဆောင်မှုတွေဟာ ongoing process အနေနဲ့ အဆင့်ဆင့် ပါဝင်နေပါတယ်။ မဟာဗျူဟာ ရေးဆွဲချမှတ်ခြင်း (Formulation)၊ အကောင်အထည်ဖော်ဆောင်ခြင်း (Implementation) နဲ့ စောင့်ကြည့်လေ့လာသုံးသပ်ခြင်း (Monitoring and Analysis) စသဖြင့် အဆင့် သုံးဆင့်ပါဝင်ပါတယ်။
စာတမ်းမူကြမ်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ပညာရှိသူတွေက ရေးသားပြီးတဲ့အခါ ပထမဦးဆုံးအနေနဲ့ Interim PRSP (I-PRSP) တွေကို ရေးဆွဲဖို့လိုပါတယ်။ I-PRSP ရေးဆွဲပြီး၊ တနှစ်ခန့်အကြာ (ကိုးလနှင့် နှစ်နှစ်အတွင်း) မှာ Full PRSP ရေးဆွဲရမှာ ဖြစ်ပါတယ်။ Full PRSP က သုံးနှစ် (သို့မဟုတ်) ငါးနှစ် သက်တမ်းရှိပြီး၊ သက်တမ်းကာလ တလျှောက်မှာ တိုးတက်မှု အစီရင်ခံစာတွေ ရေးသားတင်ပြလေ့ ရှိကြပါတယ်။ သက်တမ်းကုန်ချိန်မှာ PRSP Review ပြန်လုပ်ပြီး၊ နောက်ထပ် PRSP ကို ဖြည့်စွက်ပြင်ဆင်ရေးဆွဲရမှာ ဖြစ်ပါတယ်။ မဟာဗျူဟာ ရေးဆွဲချမှတ်ခြင်း (Formulation)၊ အကောင်အထည် ဖော်ဆောင်ခြင်း (Implementation) နဲ့ စောင့်ကြည့်လေ့လာသုံးသပ်ခြင်း (Monitoring and Analysis) အဆင့် သုံးဆင့်ဟာ စက်ဝန်းတခုကဲ့သို့ ဆက်လက်လည်ပတ်မှု ရှိနေမှာ ဖြစ်တဲ့အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်များ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးကို အထောက်အကူပြုပါ တယ်။
အရေးပါသော မေးခွန်းများ
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မဟာဗျူဟာ စာတမ်းအတွက် key building blocks များ ဖြစ်တဲ့ အရေးပါသော မေး ခွန်းများ (လေ့လာဆန်းစစ်ရမည့် အချက်များ) ကိုလဲ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရှင်များက ရေးသား တင်ပြထားကြ ပါတယ်။
(၁) ဘယ်သူတွေက ဆင်းရဲနွမ်းပါးသူတွေလဲ။ ဘာကြောင့် ဆင်းရဲနွမ်းပါးကြရလဲ။
ဆင်းရဲနွမ်းပါးသူ အရေအတွက်၊ အများစုနေထိုင်ရာ ဒေသ၊ ဆင်းရဲနွမ်းပါးရသော အကြောင်းရင်းများ၊ ဆင်းရဲတွင်းထဲသို့ ကျရောက်နေရသည့် အချိန်ကာလအတိုင်းအတာ၊ ချမ်းသာဆင်းရဲ ကွာဟမှု အခြေအနေ၊ ငွေကြေးံသုံးစွဲမှု မူဝါဒများ၊ ၀င် ငွေရရှိသည့် အရင်းအမြစ်များ၊ လူသားအရင်းအမြစ်၊ ဆင်းရဲနွမ်းပါးသူများ၏ အရေးပေါ် လိုအပ်ချက်များ၊ ရင်ဆိုင်နေရ သည့် အခက်အခဲများ၊ မရေရာမသေချာမှုများ၊ နိုင်ငံတော်၏ ၀န်ဆောင်မှုများအား အသုံးပြုနိုင်သည့် အခြေအနေများကို လေ့လာဆန်းစစ်ရန် လိုအပ်ပါတယ်။
(၂) စီးပွားရေးတိုးတက်ရေးအတွက် ဘယ်လို မူဝါဒတွေ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရမလဲ။
macrostability ဖြစ်လာစေရန်လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ထိရောက်သော စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒများ ချ မှတ်ခြင်း၊ ငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ကြိုးပမ်းခြင်း၊ ငွေကြေးဖောင်းပွမှု မဖြစ်ပွားစေသော ဘဏ္ဍာရေးဆိုင်ရာ အ ရင်းအမြစ်များအား ရှာဖွေခြင်း၊ fiscal management တွင် ပွင့်လင်းမြင်သာမှု ရှိစေခြင်း၊ ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာပိုင်ဆိုင်မှု အခွင့်အရေး၊ လာဘ်ပေးလာဘ်ယူမှုများအား တိုက်ဖျက်ခြင်း၊ ဘဏ် လုပ်ငန်းစနစ်၊ အခွန်စနစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်သော လုပ်သားများ မွေးထုတ်ရေး၊ အသေးစား ငွေချေး စနစ် (microcredit) အင်စတီကျူးရှင်းများ ဖော်ဆောင်ရေး စတဲ့ မူဝါဒတွေကို ဆန်းစစ်လေ့လာရန်လိုအပ်ပါတယ်။
(၃) စီးပွားရေးတိုးတက်ရေး ဆောင်ရွက်မှုတွေမှာ ဆင်းရဲနွမ်းပါးသူတွေ ပါဝင်ဖို့အတွက် ဘာတွေက အတားအဆီး ဖြစ် စေသလဲ။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အစိုးရအသုံးစရိတ်၊ စစ်အသုံးစရိတ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသုံးစရိတ်၊ မြို့ ပြအသုံးစရိတ်များ စသည့် ဘတ်ဂျက်ခွဲဝေသုံးစွဲမှု အခြေအနေ၊ လာဘ်ပေးလာဘ်ယူမှု အခြေအနေ၊ ပြည်သူ့ဘဏ္ဍာ ခွဲ ဝေသုံးစွဲမှုတွင် ပွင့်လင်းမြင်သာမှု၊ အခွန်စနစ်၏ ဆင်းရဲနွမ်းပါးမှုအပေါ် သက်ရောက်မှု အခြေအနေ၊ ပညာရေးနှင့် ကျန်း မာရေး ၀န်ဆောင်မှု၊ အကြွေးရယူသုံးစွဲနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ စသည်များအား လေ့လာဆန်းစစ်ရန် လိုအပ်ပါတယ်။
(၄) အုပ်ချုပ်ရေး အစီအမံများ ထိရောက်စေရန် မည်သို့ ပြုလုပ်မည်နည်း။
ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲများကျင်းပခြင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဦးတည်စေမည့် ပါဝါခွဲဝေမှု အစီအမံများ ဖော်ဆောင်ခြင်း၊ လူသားအချင်းချင်း ခွဲခြားသတ်မှတ်မှု ရှိစေသည့် ဥပဒေများအား ပြင်ဆင်ခြင်း၊ ယုံကြည် အားကိုးရမည့် ဥပဒေဘက်တော်များ တိုးပွားစေမည့် စနစ်အား တည်ဆောက်ခြင်း၊ ဘက်မလိုက်သော တရားစီရင်ရေး စနစ် ရှိခြင်း၊ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုဆိုင်ရာ အခက်အခဲများနှင့် အတားအဆီးများအား ဖော်ထုတ်ခြင်း၊ တိုင်းပြည် ဘဏ္ဍာ ခွဲဝေသုံးစွဲမှုဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိခြင်း စတာတွေကို ဆန်းစစ်လေ့လာဖို့ လိုအပ်ပါတယ်။
(၅) တွေ့ဆုံဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတွင် အများပြည်သူမှ ပူးပေါင်းပါဝင်လာအောင် မည်သို့ဆောင်ရွက် မည်နည်း။
အများပြည်သူမှ လက်ရှိပူးပေါင်းပါဝင်မှု အခြေအနေ၊ ကိုယ်စားပြုမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ခံမှု၊ ဆင်းရဲနွမ်းပါးမှု လေ့လာဆန်းစစ်ချက်များနှင့် မူဝါဒရေးရာ စာတမ်းများကို အများပြည်သူသို့ ဖြန့်ဝေအသိပေးမှု၊ မူဝါဒများရေးဆွဲရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍ ဆွေးနွေးညှိနှိုင်းမှု အခြေအနေ၊ စီမံချက်များ အကောင်အထည် ဖော် ဆောင်မှုဆိုင်ရာ feedback များ စတာတွေကို ဆန်းစစ်လေ့လာဖို့ လိုအပ်ပါတယ်။
(၆) အရေးပါသော ကဏ္ဍများ (ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စသည်များ) ၏ မူဝါဒများနှင့် စီမံချက် များသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူ ပြုပါသလား။
စီမံချက်များအား ဒေသအလိုက် ဖြန့်ကျက်ဆောင်ရွက်ထားမှု အခြေအနေ၊ supply side ဆိုင်ရာ အခက်အခဲများ၊ demand side ဆိုင်ရာ အခက်အခဲများ၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါး သူများ၏ ဘဏ္ဍာရေးလိုအပ်ချက်များ၊ ကဏ္ဍအလိုက် ၀င်ရောက်စွက်ဖက်မှု (sectoral interventions) စတာတွေကို လေ့ လာဆန်းစစ်ရန် လိုအပ်ပါတယ်။
(၇) ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မူဝါဒများနှင့် အစီအစဉ်များ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု အခြေအနေများကို တိုင်းတာနိုင်ပါသလား။
တိုင်းတာနိုင်သည့် ကိန်းဂဏာန်းများ၊ အခြေပြဇယားများ သတ်မှတ်ခြင်း၊ သင့်လျော်သော အချက်အလက်များ စုဆောင်း နိုင်ခြင်း၊ ရလဒ်များအား ဆန်းစစ်လေ့လာ၍ အများပြည်သူသို့ ဖြန့်ဖြူးခြင်း၊ stakeholders များထံမှ feedback များ ရယူ နိုင်ခြင်း စတာတွေကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။
နိဂုံး
တိုင်းပြည်တပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်တွေကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်း တွေက ဖော်ဆောင်ရုံနဲ့ မအောင်မြင်နိုင်ပါဘူး။ နိုင်ငံတော်အစိုးရတွေက ဦးဆောင်ပြီး (country ownership) သဏ္ဌာန်နဲ့ ဖော်ဆောင်မှု၊ ပြည်သူများက ပူးပေါင်းပါဝင်မှု၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံတကာ အဖွဲ့ အစည်းများက အားပေးကူညီထောက်ပံ့မှုတွေ ရှိလာမှသာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါ တယ်။ ဒါကြောင့်လဲ country owner သဏ္ဌာန်ရှိမှု၊ အများပြည်သူပူးပေါင်းပါဝင်နိုင်မှု၊ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ဖွံ့ဖြိုး တိုးတက်ရေးအကူအညီပေးမှု၊ အရပ်ဘက်လူ့အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု စတဲ့ သွင်ပြင်လက္ခဏာများရှိနေတဲ့ ဆင်းရဲနွမ်းပါးမှု မဟာဗျူဟာ စာတမ်း (Poverty Reduction Strategy Paper) တွေကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင် ရာ လမ်းပြမြေပုံများအဖြစ် ကမ္ဘာတ၀ှမ်းက ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ရေးဆွဲအကောင်အထည်ဖော်နေကြပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၈၊ ၇၊ ၂၀၁၁)
ရည်ညွှန်းကိုးကား
IMF (2001) Guidelines for Joint Staff Assessment of a Poverty Reduction Strategy Paper, Washington DC.
Review of the Poverty Reduction Strategy Paper (PRSP) Approach: Early Experience with Interim PRSPs and
Full PRSPs (2002), IMF and International Development Association
UNDP & NDI (2004) Strengthening Parliamentary Involvement in the Poverty Reduction Strategy Process and the Millennium Development Goals: Legislative Public Outreach on Poverty Issues, Parliaments and Poverty Series Toolkit No. 3
World Bank (2002) Poverty Reduction Strategy Sourcebook, Washington DC.
http://www.naytthit.net/?p=16341

နေပြည်တော် နဲ့ ပေါင်းလောင်းဆည်

စနေ, 30 ဇူလိုင် 2011

By ဦးအောင်ခင် & မညိုညိုလွင်

နေပြည်တော်ကို မီးပေးနေတဲ့ အောက်ပေါင်းလောင်း ရေအားလျှပ်စစ် စက်ရုံရဲ့ အထက် (၁၅) မိုင်အကွာမှာ တည်ဆောက်နေတဲ့ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီး ဇူလိုင်လ (၁၆) ရက်နေ့က သွားရောက်စစ်ဆေးကြောင်း အစိုးရသတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရသတင်းစာထဲမှာ မပါတာကတော့ ဆည်ရေတက်လာလို့ နစ်မြုပ်သွားမယ့် ရွာပေါင်း (၂၀) ကျော်ကို လာမယ့် အောက်တိုဘာလ နောက်ဆုံးထားပြီး ရွှေ့ ပြောင်းခိုင်းတာပဲ ဖြစ်ပါတယ်။ အထက်ပေါင်းလောင်းဆည်ကြောင့် နေရာရွှေ့ ပြောင်းရမည်သူ ရှစ်ထောင်ကျော်ရှိကြောင်း ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က မကြာမီက ကြေညာခဲ့ပါတယ်။ အထက်ပေါင်းလောင်းဆည် တည်ဆောက်တဲ့အတွက် နေပြည်တော်သာ အကျိုးခံစားရမှာဖြစ်ပြီး ဒေသခံကျေးရွာတွေ ပျက်စီးမယ့်အကြောင်း၊ ကယန်းအမျိုးသမီးအဖွဲ့က ၂၀၀၈ မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသေးတယ်။

ပေါင်းလောင်မြစ်က ရေအားလျှပ်စစ်ထုတ်ယူဖို့ ၁၉၅၃ ခုနှစ်ကတည်းက အမေရိကန်ကုမ္မဏီတခုက လေ့လာခဲ့ပါတယ်။ နောက်တော့ ၁၉၆၄ ခုနှစ်နဲ့ ၁၉၇၆ ခုနှစ်မှာ နှစ်ကြိမ်လေ့လာပါတယ်။ နော်ဝေးကုမ္မဏီက ၁၉၈၂ ခုနှစ် နဲ့ ၁၉၉၀ ခုနှစ်အကြား (၄) ကြိမ် လေ့လာခဲ့ပြီး ရေကာတာဆောက်ဖို့ ၁၉၉၀ မှာ ဗမာစစ်အစိုးရက ဆုံးဖြတ်ပါတယ်။ ဒါပေမဲ့ ငွေရှိမှာ တည်ဆောက်နိုင်မှာ ဖြစ်တာမို့ တရုတ်ဆီက ဒေါ်လာသန်း (၁၇၀) ရတော့မှ အောက်ပေါင်းလောင်းရေအားလျှပ်စစ်ကို ၁၉၉၇ ခုနှစ်မှာ စတင်တည်ဆောက်ပြီး ၂၀၀၄ မှာ ပြီးစီးခဲ့ပါတယ်။ ဒါကြောင့် နေပြည်တော်နဲ့ ပေါင်းလောင်းရေအားလျှပ်စစ်ဟာ ဖွားဘက်တော် ဖြစ်နေပါတယ်။ အောက်ပေါက်လောင်း ရေအားလျှပ်စစ်ပြီးတာနဲ့ အထက်ပေါင်းလောင်း စီမံကိန်း စတင်တာ တွေ့ရပါတယ်။

အောက်ပေါက်လောင်းဆည်ဟာ နေပြည်တော်ကိုတောင် မီးအလုံအလောက်ပေးနိုင်တာ မဟုတ်ပါဘူး။ မိုးရာသီ ဆည်ရေပြည့်ချိန်မှသာ စက်တလုံး (သို့မဟုတ်) နှစ်လုံးသာ လည်နိုင်ပါတယ်။ ဒါကြောင့် အောက်ပေါင်းလောင်းဆည်အထက် (၁၅) မိုင်အကွာမှာ တရုတ်ချေးတဲ့ငွေနဲ့ အထက်ပေါင်းလောင်းဆည်နဲ့ ဓါတ်အားပေးစက် နှစ်လုံးကို တည်ဆောက်ဖို့ စီမံတာဖြစ်ပါတယ်။ ကယန်းဌာနေရဲ့  မြေသြဇာအကောင်းဆုံး မြစ်ဝှမ်းဒေသ ဆည်ရေလွှမ်းမိုးသွားပါလိမ့်မယ်။ ဒါပေမဲ့ ကယန်းလူ့အဖွဲ့အစည်းကို ထိခိုက်မယ့် ဆိုးကျိုးတွေကို အစိုးရက စဉ်းစားတာ မဟုတ်ပါဘူး။ ပြင်းထန်တဲ့ ငလျင်ဒဏ်ခံနိုင်တဲ့ အလွန်ခိုင်ခံတဲ့ ဆည်ကြီးဖြစ်ဖို့သာ လိုလားပါတယ်။ ပေါင်းလောင်းအထက်ပိုင်းဆည်မှာ ရေသိုလှောင်မှုများလာလေလေ အောက်ပိုင်းဆည်မှာ ရေအားများလေလေ ဖြစ်လာဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ အစိုးရသတင်းမီဒီယာမှာ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်တာကို အသားပေးဖော်ပြကြပေမယ့် ဒေသခံတွေ ဒုက္ခရောက်ပြီး ဘုံပျောက်ရပုံကိုတော့ သတင်းအမှောင်ချထားပါတယ်။

အထက်ပေါင်းလောင်းဆည်ကို ၂၀၀၄ မှာ စတင်တည်ဆောက်ပြီး ၂၀၀၉ မှာ ပြီးစီးဖို့ ခန့်မှန်းပေမယ့် ရှေ့ နှစ်ကြမှ ပြီးစီးလိမ့်မယ့်လို့ မျှော်လင့်ရပါတယ်။ လာမယ့် အောက်တိုဘာလကို နောက်ဆုံးထားပြီး နေရာရွှေ့ ပြောင်းကြဖို့ အစိုးရ အမိန့်ထုတ်ထားပါတယ်။ အခုအချိန်အထိတော့ မပြောင်းတဲ့သူက အများစု ဖြစ်နေပါတယ်။ ပေါင်းလောင်းမြစ်ကမ်းမှာ စပါး၊ အာလူး၊ ပဲ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်း၊ အုန်းပင်၊ ဒညင်းပင်တွေ စိုက်ပျိုးကြပါတယ်။ တစ်ဧကမှာ စပါးတင်း (၈၀) ကနေ (၁၀၀) အထိ တွက်တဲ့အရပ် ဖြစ်ပါတယ်။ အထက်ပေါင်းလောင်းဆည် တည်ဆောက်ပြီးစီးသွားရင် ဒေသခံရွာသားတွေဟာ အိုးအိမ်တွေသာမကပဲ အလွန်မြေသြဇာကောင်းတဲ့ စိုက်ပျိုးမြေတွေပါ ဆုံးရှုံးကြရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးမြေဧက ခြောက်ထောင်လောက် ရေလွှမ်းမိုး ခံရဖွယ်ရှိပါတယ်။

ရွှေ့ ပြောင်းတဲ့ မိသားစုတွေကို တအိမ်ထောက်ပံ့ကြေး ကျပ်ငါးသောင်းပေးဖို့ အာဏာပိုင်တွေက ပြောထားပေမယ့် ဒီ ငွေလေးမဖြစ်စလောက်ကို ဂတိအတိုင်းပေးမယ် မဟုတ်ဘူးလို့ ယူဆနေကြပါတယ်။ နည်းလွန်းတဲ့အတွက် လျော်ကြေးပေးတာဟာ စော်ကားတဲ့သဘော ဆောင်နေတယ်လို့ ရွာသားတဦးက ဆိုပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၄၀) ကျော်က ကယန်းပြည်သစ်ပါတီကို တည်ထောင်ပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်ရတဲ့ အကြောင်းရင်းတွေထဲမှာ မိုးဗြဲဆည် တည်ဆောက်တာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီတုန်းကလည်း ကျေးရွာပေါင်းတရာကျော် နေရာရွှေ့ ပြောင်းပေးခဲ့ရပါတယ်။

ကယန်းပြည်သစ်ပါတီဟာ ၁၉၉၄ မှာ ဗမာအစိုးရနဲ့ အပစ်အခတ်ရပ်စဲတဲ့အတွက် ပေါင်းလောင်းမြစ်ဝှမ်းဒေသကို ထိန်းချုပ်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ပေါင်းလောင်းဆည် စီမံကိန်းလုံခြုံရေးကိုအကြောင်းပြပြီး အစိုးရတပ်တွေများပြားလာတာကြောင့် ကယန်းပြည်သစ်ပါတီက ထိန်းချုပ်ထားတဲ့ နယ်မြေအများစုဟာ အစိုးရတပ်လက်ထဲ ရောက်သွားပါတော့တယ်။ ကယန်းပြည်သစ်ပါတီအတွက် သမိုင်းသံသရာလည်သလို ဖြစ်နေပါတယ်။ ရေကာတာတည်ဆောက်လို့ ဒေသခံအရပ်သား နစ်နာဆုံးရှုံးရတာကို အလုံအလောက် ဖြေရှင်းပေးနိုင်တဲ့ အစဉ်အလာမရှိသေးကြောင်းပါ။
http://www.voanews.com/burmese/news

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု




(UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။      ။ အရပ်သားအစိုးရသစ်တွင် သမ္မတနှင့် စစ်တပ်အကြား အားပြိုင်နေသည့် အတွက်
အစိုးရ အဖွဲ့တွင်း ဦးစွာ ညှိနှိုင်းမှသာလျှင် အများလိုချင်သည့် ငြိမ်းချမ်းရေးအတွက် ပြုလုပ်နိုင်မည်ဟု ညီညွတ်သော တိုင်းရင်သားလူမျိုးများ ဖက်ဒရယ်ကောင်စီ -UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

UNFC တွင် ကရင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMS၊ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် SSPP/SSA၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့မှာ အခြေခံအဖွဲ့ဝင်များအဖြစ် ပါဝင်သည်။

UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။


UNFC အဖွဲ့ဝင်တွေရဲ့ အဓိက တောင်းဆိုချက်ကကော ဘာများလဲဗျ။

“ကျနော်တို့ရဲ့ အဓိကတောင်းဆိုချက်ကတော့ ကျနော်တို့
nainghanthar
UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ Photo : kaowaw.org
နိုင်ငံက လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့ အပေါ်မှာ
 စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့။ လူမျိုးတိုင်း၊ လူမျိုးတိုင်းမှာ အမျိုးသား ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူ
ရေးတွေ ရှိဖို့။ အဲဒီလို စစ်မှန်တဲ့ ပြည်ထောင်စုမျိုးကို ပြန်လည်
ဖွဲ့စည်းနိုင်ဖို့ ပေါ့ဗျာ။ နောက် လွယ်လွယ်နဲ့ ပြောရမယ်ဆိုရင်
တချိန်က ၁၉၄၇ ခုမှာ စတင်ပြီးတော့ အခြေ တည်လာခဲ့တဲ့ ပင်လုံစာချုပ်အပေါ်မှာ ပြန်လည်ပြီးတော့မှ အကောင်အထည်
 ဖော်နိုင်ဖို့ပေါ့လေ။ အဲဒီ အပေါ်မှာ”


အခုအစိုးရက ပြည်ထောင်စုစနစ်ကို လုပ်ဆောင်နေတယ် ဆိုတော့ အန်ကယ်တို့ကလည်း ပင်လုံစာချုပ် ပါ ပြည်ထောင်စုစနစ်ကို လိုလားတယ်ဆိုတော့ ဘယ်လိုများကွာဟနေသလဲ။

“ကျနော်တို့က ကျနော်တို့ကို ကျနော်တို့ မြင်တာကတော့ ပင်လုံစာချုပ် အခြေခံအရ ပေါ့နော်။ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့
လမ်းကြောင်းက သွားပြီးတော့မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ချင်တာ။ ဒါပေမဲ့ အာဏာရထားတဲ့ အစိုးရအသစ်က အဲဒီလို မမြင်ဘူး။ ကျနော်တို့ဘက်က ခံယူချက်ကတော့ သူတို့ကတော့ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေကို လက်အောက်ခံ လူမျိုးတွေ အနေနဲ့
 ပေါ့ဗျာ။ အဲဒီလိုထားပြီးတော့မှ ကျနော်တို့ကို နှိမ့်ချထားပြီးတော့မှ သူတို့ရဲ့ဦးဆောင်မှုအပေါ်မှာ လိုက်နာစေချင်တဲ့ ပုံစံမျိုးနဲ့ ချုပ်ကိုင်ပြီးတော့မှ တပြည်ထောင်စနစ်ပုံစံပေါ့ဗျာ။ အဲဒီလိုပုံစံနဲ့ သွားချင်နေတဲ့ပုံစံ ရတယ်။ အဲဒါကို
ကျနော်တို့ ခံစားမိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ လက်မခံနိုင်ဘူးဗျ။ အဲဒါကြောင့် ကွာခြားနေတာပါ”

“တနေ့ လက်ရှိအစိုးရသည်ပင်လျှင် ဒီကနေ့ မြန်မာပြည်နယ်တွေ ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ ပြည်နယ်တွေမှာ
 ပြည်နယ်အခွင့်အရေးတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိဘူး။ အနိမ့်ဆုံးပေါ့ဗျာ။ ပြည်နယ်ထဲမှာ သက်ဆိုင်ရာ လူမျိုးရဲ့ ဘာသာစကား၊ စာပေကိုယ်တောင် တရားဝင်သင်ကြားခွင့် မရှိဘူးဗျာ။ အဲဒီလို ဘာမှ အခွင့်အရေး မရှိတဲ့ ပြည်နယ်
မျိုး ကိုလည်း ကျနော်တို့က လက်ခံလို့ မဖြစ်နိုင်ဘူး။ ကျနော်တို့က မခံယူနိုင်ဘူး”


အခု မြန်မာအစိုးရသစ်က ငြိမ်းချမ်းရေးအတွက် ပါလီမန်ထဲကနေ လုပ်ဆောင်ဖို့ ပြောထားတာ ရှိတယ်။ ဒီတော့ UNFC ကကော လုပ်ကိုင်ဖို့ အစီအစဉ် ရှိသလား။

“သူတို့ရဲ့ လွှတ်တော်ထဲမှာ ပြောဖို့ဆိုတာ ကျနော်တို့မှာ အစီအစဉ်လည်း မရှိဘူး။ ပြောလို့လည်း ရနိုင်မယ်လို့ လည်း မထင်ဘူး။ ကျနော်တို့က လွှတ်တော် ကိုယ်စားလှယ်တွေလည်း မဟုတ်ဘူးလေ။ ကျနော်တို့ ပါဝင်နိုင်ခြင်းလည်း မရှိဘူး။ နောက် သူတို့ထဲမှာ ကန့်သတ်နေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအရပေါ့ဗျာ။ အဲဒီထဲကို ကျနော်တို့က ဝင်ပြီး တော့မှ လှုပ်ရှားရမယ်ဆိုရင် ကျနော်တို့ လွတ်လပ်ခွင့်မရှိဘူးလေ”


အခု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ပွဲကြောင့် လူတွေ နစ်နာတဲ့ အတွက် အစိုးရ အပါအဝင် အားလုံးကို အပစ်ရပ်ဖို့နဲ့ ကြားဝင်စေ့စပ်ဖို့ ကမ်းလှမ်းမှုကကော အကောင်အထည်
 ဖော်နိုင်မယ်လို့ မျှော်လင့်ထားလား။


“ကျနော်တို့ဘက်ကတော့ အဲဒါကို ကြိုဆိုတယ်၊ ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုပ်သင့် လုပ်ထိုက်လို့ လုပ်တဲ့လုပ်ငန်းဖြစ်တယ်။ ဒါက အလုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးဆိုတာကတော့ အာဏာရထားတဲ့ အစိုးရအပေါ်မှာ အဓိက မူတည်တယ်လို့ မြင်တယ်လေ”

သမ္မတက ငြိမ်းချမ်းရေးအတွက် ပြောနေပေမယ့် စစ်တပ်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်
တာဟာ သမ္မတနဲ့ စစ်တပ်ကြား အာဏာခွဲဝေမှု ပြဿနာလို့ သုံးသပ်မှုတွေ ရှိနေတယ်။ ဒီတော့ UNFC ကကော ဘယ်လိုမြင်ပါသလဲ။


“ကျနော်တို့လည်း အဲဒီကိစ္စမှာ ခန့်မှန်းမိတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အစိုးရမှာ တဖက်က အစိုးရက အာဏာအားလုံး သူ့လက်ထဲမှာ မရှိဘူးဗျ။ စစ်တပ်က သီးခြားလို ဖြစ်နေ တယ်။ လွှတ်တော် ကလည်း သီးခြားလို ဖြစ်နေတယ်။ ဒါက ဗိုလ်ချုပ်သန်းရွှေက နေပြီးတော့မှ အစီအစဉ် ချထားတဲ့အပေါ်မှာ အာဏာတွေခွဲပြီးတော့ လုပ်ထားတဲ့ပုံစံ ဖြစ်နေတယ်”

“အဲဒီတော့ သူတို့က တခုခုလုပ်မယ်ဆိုရင်တော့ ကျနော်တို့ အများကြီး စဉ်းစားရတယ်ဗျ။ သူတို့မှာ လုပ်ပိုင် ခွင့်ရှိရဲ့လား၊ အားလုံးရဲ့ သဘောတူညီမှုရှိရဲ့လားဆိုတာ အဲဒါ ခက်နေတယ်။ အဲဒီအနေအထားမျိုး ရှိနေတော့ ကျနော်တို့လည်း အစစအရာရာ ချင့်ချိန်နေရတယ်”


ဒါဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး တကယ်လိုချင်ရင် သမ္မတနဲ့ စစ်တပ်ကြား အရင်ညှိနှိုင်းရမယ့် သဘောလားဗျ။

“ဟုတ်တယ်။ ဒါလည်း လိုအပ်တယ်။ သူတို့ဘက်မှာ အဓိက ပိုလိုအပ်တယ်လို့ မြင်တယ်။ ဘယ်လိုမျိုး ညှိနှိုင်း သင့်သလဲဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ဆန္ဒရှိဖို့ လိုတယ်။ တချို့ကတော့ အဲဒီလိုဆန္ဒ
မရှိဘူး။ စစ်ရေးနည်းနဲ့ပဲ ဖြေရှင်းချင်တယ်။ အဲဒီလို ညှိနှိုင်းတဲ့နေရာမှာလည်း တိုင်းရင်းသားတွေ အပေါ်မှာ မှန်ကန်တဲ့သဘောထား သူတို့အတွင်းမှာ ညီဖို့လိုတယ်ဗျ။ ဥပမာ တချို့က ဘယ်လို အခွင့်အရေးမျိုး ပေးချင်တယ်၊ တချို့က ဘယ်လိုအခွင့်အရေးမျိုးပဲ …ဥပမာ မပေးချင်ဘူးဆိုတဲ့ အနေအထား မျိုးပေါ့ဗျာ။ သူတို့ထဲမှာ အမြင်မတူရင် အဲဒီကိစ္စက ပုံစံချဖို့က တော်တော်လေး ခဲယဉ်းမယ်လို့ ကျနော် ထင်တယ်”


UNFC ရဲ့တောင်းဆိုခွင့်ရမယ်ဆိုရင် အစိုးရဘက်က ဦးဆုံး လိုက်လျောရမှာက ဘာဖြစ်မလဲ။

“သဘောကတော့ ကနေ့ ထိုးစစ်ကို မလုပ်ဖို့။ တဖက်က ထိုးစစ်မလုပ်ဘူး။ ကျနော်တို့ဘက်ကလည်း ထိုးစစ်
မလုပ်ဘူး။ အဲဒီလို နားလည်မှုယူပြီးတော့မှ ယာယီမပစ်အခတ် ရပ်စဲရေးလုပ်ကြမယ်။ အဲဒီကာလမှာ ကျနော်တို့
ဟာ နိုင်ငံရေးအရ ဘယ်လို တွေ့ဆုံ ညှိနှိုင်းဖြေရှင်းနိုင်မလဲဆိုတာကိုလည်း တဖက်က နည်းလမ်း ရှာသွားမယ်။ အဲဒီလိုပုံစံနဲ့ဆိုရင် ညှိနှိုင်းလို့ရပါတယ်”

“ကျနော်တို့အနေနဲ့က စစ်အစိုးရက ထိုးစစ်ဆင်နေတဲ့ အဓိကအားဖြင့် ကချင်တို့၊ ရှမ်းတို့၊ ကရင်တို့ ဧရိယာ မှာ
ပေါ့ဗျာ။ အဲဒါအားလုံးကို ရပ်ဆိုင်းပြီးတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာစေချင်တယ်။ ကျနော်
တို့ဘက်ကလည်း ကျနော်တို့ လိုက်နာမယ်”


စစ်တပ်က အပစ်မရပ်ဘူးဆိုရင်ကော။

“ကျနော်တို့က ကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ အားလုံးစုပေါင်းပြီး ခုခံသွားရမှာပေါ့။ ဒါက မလွဲမရှောင်သာ လုပ်ရတဲ့ လုပ်ငန်းဖြစ်တယ်လို့ ခံယူထားတယ်”


ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။

“ကျနော်တို့နိုင်ငံမှာက ပြည်တွင်းစစ်ဖြစ်နေတာ နှစ်ပေါင်း ၆ဝ ကျော်ပြီ။ ကျနော်တို့ နိုင်ငံက တဖက်က ကြည့်မယ်
ဆိုရင် သဘာဝသယံဇာတတွေက တော်တော်လေးကို ကြွယ်ဝတယ်၊ ပြည့်စုံကောင်းမွန်တယ်။ ဒါပေမဲ့ ပြည်တွင်း စစ်ဖြစ်နေလို့ ကျနော်တို့နိုင်ငံဟာ အဲဒီသဘာဝသယံဇာတတွေရဲ့ အကျိုးကျေးဇူးတွေကို လည်း မခံစားနိုင်ဘူး။ တဖြည်းဖြည်းချင်းနဲ့ ခေတ်နောက်ကျပြီး ဆင်းရဲမွဲတေနေတယ်။ ပြည်သူလူထုတွေ လည်း ဒုက္ခ ဖြစ်နေတယ်”

“ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားတွေ အမျိုးမျိုးနစ်နာနေရသလို ဗမာလူမျိုးတွေလည်း လွတ်လပ်ရေးရဲ့ အခွင့်အရေးကို ခံစားခွင့်မရှိကြဘူးလို့ မြင်တယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက် ဘယ်လူမျိုးမှာမှ အကျိုး မရှိဘူး။ နိုင်ငံအတွက်လည်း အကျိုးမရှိဘူး။ အဲဒါကို ကျနော်တို့က စစ်ရေးနည်းနဲ့ ထပ်ပြီး ရှင်းနေရင်လည်း
 ပြေလည်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်တဲ့နည်းကို ရှာပြီးတော့မှ အမြန် ဖြေရှင်း
နိုင်တာက အကောင်းဆုံးပဲ”
http://www.mizzimaburmese.com/interview/8055-2011-07-29-11-01-55.html