Friday, August 5, 2011

စက်ာပူရောက် မြန်မာတပြည်လုံး G.T.I ကျောင်းဆင်းများ တွေ့ဆုံပွဲ

စက်ာပူရောက် မြန်မာတပြည်လုံး G.T.I ကျောင်းပေါင်းစုံမှ A.G.T.I ကျောင်းဆင်းများ တွေ့ဆုံပွဲကို သြဂုတ်လ (၇) ရက်နေ့ (တနဂ်နွေနေ့)၊ နေ့လည် (၁) နာရီအချိန်၊ No. 17, Jalan Sendudok, Sembawang Spring Estate, Singapore 769454 (Behind Sembawang Shopping Centre) မှာ ကျင်းပမယ်လို့သိရပါတယ်။တက်ရောက်​မည်သူများ ကိုဌေး (84159477), ကိုသိန်း (98004706), နဲ့ ဦးထိုက်တင်စိန် (97898640) တို့ကို ဆက်သွယ်စာရင်းပေးနိုင်ပါတယ်။

၅.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

4 attachments — Download all attachments  
Amaysuu Bio.pdfAmaysuu Bio.pdf
97K   View   Download  
5 August 2011 Yeyintnge's Diary.doc5 August 2011 Yeyintnge's Diary.doc
694K   View   Download  
5 August 2011 Yeyintnge's Diary.odt5 August 2011 Yeyintnge's Diary.odt
294K   Download  
5 August 2011 Yeyintnge's Diary.pdf5 August 2011 Yeyintnge's Diary.pdf
420K   View   Download  
http://www.mediafire.com/file/zw30ztgt214c1r0/Amaysuu%20Bio.pdf
http://www.mediafire.com/file/ktqe4kx22ty9k6w/5%20August%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/7euhwox826uk8gq/5%20August%202011%20Yeyintnge%27s%20Diary.pdf
5 August 2011 Yeyintnge's Diary

ချီလီတက္ကသိုလ် ကျောင်းသားများ အာဏာရှင်ကို ဆန့်ကျင် တော်လှန်ကြပြီ




“အစိုးရဟာ သေချင်းဆိုး မဟာ အမှားကြီးကို ကျူးလွန်လိုက်ပြီဖြစ်တယ်။” ကျောင်းသားခေါင်းဆောင် ၀ါလယ်ဂျို့စ်က ဆိုသည်။ “ဒီဆန္ဒပြပွဲကို ဖုံးကွယ်၊ ဖျောက်ဖျက်ပစ်ဖို့ မိုက်မိုက်မဲမဲ ကြိုးစားနေတုန်းပဲ။ ဒီလိုလုပ်လို့ကတော့ လူထုဟာ လမ်းမပေါ်ကို ပိုလို့သာ ဆက်ထွက်လာမယ်။ မကျေနပ်ချက်တွေက အတုံးလိုက် အတစ်လိုက်ပဲ။”
 ဆန်တီယာဂိုမြို့ ရဲသားများက မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်လုံးကြီးများဖြင့် ပြုပြင် ပြောင်းလဲမှုများအတွက် တောင်းဆို ဆန္ဒပြကြသူ ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းပြီး ၂၃၅ ဦးကို ဖမ်းဆီးထားကြသည်။
 ပညာရေးစနစ်ပြောင်းလဲရန် ဆန္ဒပြပွဲများတွင် ကျောင်းသားများနှင့် ကျောင်းဆရာများ တက်ကြွစွာ ပါဝင်လျက်ရှိသည်
ပညာရေးစနစ်ပြောင်းလဲရန် ဆန္ဒပြပွဲများတွင် ကျောင်းသားများနှင့် ကျောင်းဆရာများ တက်ကြွစွာ ပါဝင်လျက်ရှိသည်

လုံထိန်းတပ်ဖွဲ့များက အထက်တန်းအဆင့်နှင့် တက္ကသိုလ် ကျောင်းသားများ၏ မြို့လယ် လမ်းမကြီးပေါ်တွင် ဆန္ဒပြမှုကို တိုက်ခိုက် ဖြိုခွင်းခဲ့ကြသည်။ မီးသတ်ပိုက် ရေလုံးကြီးများနှင့် မျက်ရည်ယိုဗုံးများကို အသုံးပြုခြင်းနှင့် မြင်းစီး လုံထိန်း တပ်သားများကလည်း ကျောင်းသားများ မီးရှို့တားဆီးထားသော အတားအဆီးများကို ဖြတ်ကျော်လျက်ရှိသည်။
ရဲဖက်က ကျောင်းသား ၂၃၅ ဦးကို ဖမ်းဆီးထားပြီး ရဲသား ၂ ဦး ဒဏ်ရာရသွားခဲ့သည်။ ဆန္ဒပြမှုများမှာ တရားမ၀င်ကြောင်း ပြည်ထဲရေးဝန်ကြီး ရိုဒရီဂိုနှင့် အာဏာပိုင်တို့က ကြေညာခဲ့သည်။
ချီလီနိုင်ငံ၏ ငွေကြေးမပြည့်မစုံ၊ မမျှတမှုဖြင့် တည်ရှိနေသည့် ပညာရေးစနစ်အား ပြုပြင် ပြောင်းလဲပေးရန် ကျောင်းသားများက တောင်းဆို ဆန္ဒပြခဲ့ပြီး မော်တော်ကား တာယာများကို မီးရှို့ပြီး လမ်းမများအား ပိတ်ဆို့ ထားခဲ့ကြသည်။ ယာဉ်ကြော လမ်းကြောင်းများ ပိတ်ထားခဲ့ရသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ကျောင်းသားများ ရှိသလို မျက်နှာဖုံးစွပ် ဆန္ဒပြသူများက ရဲများနှင့် လုံထိန်းများကို ကျောက်ခဲများဖြင့် ပြန်လှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။
“အရာအားလုံးမှာ အကန့်အသတ်ဆိုတာ ရှိရမယ်” သမ္မတ ဆဘတ်စ်ရှန် ပင်နာရာက သတိပေးစကား ဆို၏။
“လမ်းပေါ်ဆန္ဒပြတဲ့ ကာလက ခေတ်ဟောင်းသွားပြီ” ပြည်ထဲရေးဝန်ကြီးက ပြောသည်။
“သိမ်းပိုက်ခံ မြို့ကြီးလိုပဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းကလိုမျိုးပေါ့။” တက္ကသိုလ် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကာမီလာဝါလဲဂျို့စ်က တုံ့ပြန် ပြောဆိုလိုက်သည်။ သူမက ၁၉၇၃-၉၀ ကာလ စစ်အာဏာရှင် လက်အောက်ကို ရည်ညွန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“လူထုမှာ လူစုလူဝေးနဲ့ လုပ်ပိုင်ခွင့် မရှိတော့ဘူးတဲ့လား”  
 ဖိနှိပ် အုပ်ချုပ်မှုကို တွန်းလှန် တိုက်ပွဲဝင်ကြပါစို့
ဖြိုခွင်း၊ ဖမ်းဆီးမှုများရှိနေသော်လည်း ကျောင်းသား ခေါင်းဆောင်က ဆက်လက် တိုက်ပွဲဝင်ကြပါရန် ဆန္ဒပြ ကျောင်းသားများကို လှုံ့ဆော် တိုက်တွန်း ပြောကြားလိုက်ပြီး ကြာသပတေး ညဖက်တွင် တမြို့လုံး “သံပုံး၊ ဒယ်အိုးတီး” ကြရန်လည်း ကြေညာထားသည်။
ပြီးခဲ့သည့် အပတ်က စတင်သော လမ်းမကြီးများပေါ် ဆန္ဒပြပွဲများတွင် ကျောင်းသားများ၊ ဆရာဆရာမများနှင့် အခြားသော ပညာရေး ၀န်ထမ်းများလည်း ပါဝင်ကြပြီး လူ တစ်သိန်းခန့် စုဝေး ခဲ့ကြသည်။ စစ်ဗိုလ်ချုပ်ကြီးများ လက်အောက်၊ အာဏာရှင် စနစ်ခေတ်ကတည်းက တည်ရှိနေခဲ့သည့် ပညာရေး စနစ်ဟောင်းနှင့် အစိုးရက ငွေကြေး ထောက်ပံ့ ကူညီနေမှု ပုံစံတို့ကိုလည်း အခြေခံကျကျ ပြောင်းလဲ လုပ်ဆောင်ပေးရန် တောင်းဆိုထားကြသည်။
အာဏာရှင်ကြီး သြဂတ်စ်တို ပင်နိုရှေးလက်ထက်က လူထုပညာရေးမှာ မြို့နယ်အဆင့် အုပ်ချုပ်ရေး လက်အောက်က မပြည့်မစုံသော ငွေကြေး ထောက်ပံ့မှုဖြင့် ရှင်သန်ခဲ့ရသည်။
သမ္မတ ပင်နာရာက အချက် ၂၁ ချက်ပါ ပြုပြင် ပြောင်းလဲရေးမူများကို ကမ်းလှမ်းထားခဲ့သည်။ လက်ဝဲယိမ်း ဥပဒေပြုသူများနှင့် တွေ့ဆုံရန် ဖိတ်ခေါ်ထားသည်။
ရဲတပ်ဖွဲ့ဝင် ၁၃၀၀ က ဆန္ဒပြသူများကို သမ္မတ နန်းတော်သို့ မ၀င်ရောက်နိုင်ရန် တားဆီးခဲ့ကြရသည်။ လူငယ် ရာပေါင်းများစွာက အပိတ်အဆို့၊ အတားအဆီးများကို ကျော်လွှားပြီး လူစုလူဝေးဖြင့် ဆန္ဒပြကြသည့် ရင်ပြင်တော်နေရာသို့ ၀င်ရောက်ခဲ့သည်။ မြို့တော် အနှံ့အပြားတွင်လည်း လူစု လူဝေးများဖြင့် စုရုံး ဆန္ဒပြခဲ့ကြသည်။
ရဲတပ်ဖွဲ့က ဖြိုခွင်းလိုက်သည်နှင့် အခြားနေရာတွင် ပြန်လည် စုစည်းကြပြီး ဆက်လက် ဆန္ဒပြခဲ့ကြသည်။ ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးများဖြင့် ဆက်လက် ဖြိုခွင်းကြပြန်သည်။
မျက်ရည်ယိုဗုံးဒဏ်ကြောင့် မြို့တော်အနှံ့အပြားတွင် အသက်ရှုကြပ်ခြင်းကို ခံစားနေကြရသည်။ မီးရထားများကို ပိတ်ထားလိုက်ပြီး လူထု ဆက်သွယ်ရေး ရပ်တန့်သွားပြီဖြစ်သည်။
ဆန္ဒပြသူ အများစုက ငြိမ်းချမ်းစွာဖြင့် ဆန္ဒပြသော်လည်း အချို့ကမူ မျက်နှာဖုံးစွပ်များ ၀တ်ဆင်ပြီး ကားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
“အစိုးရဟာ သေချင်းဆိုး မဟာ အမှားကြီးကို ကျူးလွန်လိုက်ပြီဖြစ်တယ်။” ကျောင်းသားခေါင်းဆောင် ၀ါလယ်ဂျို့စ်က ဆိုသည်။ “ဒီဆန္ဒပြပွဲကို ဖုံးကွယ်၊ ဖျောက်ဖျက်ပစ်ဖို့ မိုက်မိုက်မဲမဲ ကြိုးစားနေတုန်းပဲ။ ဒီလိုလုပ်လို့ကတော့ လူထုဟာ လမ်းမပေါ်ကို ပိုလို့သာ ဆက်ထွက်လာမယ်။ မကျေနပ်ချက်တွေက အတုံးလိုက် အတစ်လိုက်ပဲ။”
မောက္ခ နိုင်ငံတကာ ကျောင်းသားလှုပ်ရှားမှု သတင်း
Source: Aljazeera
http://www.maukkha.org/

ဆင်း​ရဲမွဲ​တေမှု ​လျှော့​ချ​ရေး​ လက်​တွေ့​ ပြဿနာများ​ ရင်ဆိုင်​နေရ


Published on August 5, 2011 by နေသွင်

မြန်မာပြည် ​ဒေသတချို့​မှာ အစိုး​ရက အ​ကောင်အထည်​ဖော်​နေတဲ့​ ဆင်း​ရဲမွဲ​တေမှု တိုက်ဖျက်​ရေး​ အစီအစဉ်တခုဖြစ်တဲ့​ အ​သေး​စား​ ​ချေး​ငွေ လုပ်ငန်း​မှာ အဂတိ လိုက်စား​မှု​တွေ၊​ စနစ်မကျ မှု​တွေ​ကြောင့်​ ​ရေရှည်မှာ ​အောင်မြင်မှာ မဟုတ်ဘူး​လို့​ ​ဝေဖန် ​နေကြပါတယ်။

စီး​ပွား​ရေး​ပညာရှင် ဦး​ဟန်ထွန်း​ (အခွန်) က အ​သေး​စား​ ​ချေး​ငွေလုပ်ငန်း​ဟာ ဆင်း​ရဲမွဲ​တေမှု ​လျှော့​ချ​ရေး​အတွက် အာမမခံနိုင် ​တော့​ဘူး​လို့​ ဆိုပါတယ်။

“မကြာ​သေး​ဘူး​ဗျာ။ ကျ​နော်တို့​ အာဖရိကမှာ အဲဒီလို ပြဿနာ ကြုံရတယ်။ ကျ​နော်တို့​ microfinancing (အ​သေး​စား​ချေး​ငွေလုပ်ငန်း​) ​ပေါ့​ဗျာ။ ​စော​စောပိုင်း​တုန်း​က​တော့​ ယူနွတ် (Muhammad Yunus) တို့​ ဘာတို့​ ဘင်္ဂလား​ ​ဒေ့​ရှ်က microfinancing လုပ်တဲ့​ Grameen Bank ဘဏ်တို့​ ဆိုတာက ​အောင်မြင်တယ် ဘာညာဆိုပြီး​ သူတို့​ နိုဘယ်လ် ဆု​တွေ​တောင် ​ပေး​တယ်​ပေါ့​ဗျာ။ အခု​တော့​လည်း​ပဲ ​နောက်ပိုင်း​ ပညာရှင်​တွေ သု​တေသန ပြန်လုပ်တဲ့​အခါကျ​တော့​ microfinancing က တကယ်​တော့​ ဆင်း​ရဲမွဲ​တေမှု ​လျှော့​ချ​ရေး​အတွက်ကို အ​ထောက်အကူ မဖြစ်ဘူး​လို့​ ဆိုတဲ့​ အ​ဖြေတခု ထွက်လာတယ်။ ဆင်း​ရဲမွဲ​တွေမှု ​ပျောက်မသွား​နိုင်ဘူး​ပေါ့​ဗျာ။ သူတို့​ ဘာကို အဓိကထား​ပြောလဲဆို​တော့​ လူတိုင်း​ လူတိုင်း​ဟာတဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင် အ​နေနဲ့​ ​မွေး​ဖွား​လာတဲ့​လူ​တွေ မဟုတ်ဘူး​တဲ့​။ စီး​ပွား​ရေး​လုပ်ငန်း​ လုပ်ငန်း​လုပ်နိုင်စွမ်း​ရှိတဲ့​ လူ​တွေ မဟုတ်ဘူး​ပေါ့​ဗျာ။”

လော​လောဆယ် ထုတ်​ချေး​ပေး​နေတဲ့​ အ​သေး​စား​ချေး​ငွေ​တွေမှာလည်း​ ပြဿနာ​တွေရှိ​နေပါတယ်။ ဆင်း​ရဲသား​တွေအတွက် ထုတ်​ချေး​ ​ပေး​နေတဲ့​ ​ချေး​ငွေ​တွေဟာ အမှန်တကယ် လိုအပ်​နေတဲ့​ လူ​တွေလက်ထဲ မ​ရောက်ဘဲ ဖြစ်​နေတယ်လို့​ ​ဝေဖန်ခံ​နေရပါတယ်၊

ပဲခူး​တိုင်း​၊​ ​ရွှေကျင်​ဒေသခံတဦး​က “နိုင်ငံ​တော်သမ္မတကြီး​ရဲ့​ မဟာကရုဏာ​တော်နဲ့​ သတ်မှတ်လိုက်တဲ့​ ဆင်း​ရဲသား​ ပ​ပျောက်​ရေး​ စီမံကိန်း​ဟာ စပြီး​လို့​ တလမပြည့်​သေး​ဘူး​ မ​အောင်မြင်ဘူး​ဆိုတာ သွား​တွေ့​နေရတယ်။ သက်ဆိုင်ရာ အုပ်ချုပ်​ရေး​တွေ​ခေါ်ပြီး​တော့​ ​ရော့​ မင်း​တို့​တိုက်နယ်အတွက် ​ချေး​ငွေ ဒီ​လောက်ရတယ် ​ချေး​ပေး​လိုက်ဆို​တော့​ အင်မတန်ကို က​ရော်ကမည် နိုင်တယ်” လို့​ ​ပြောပါတယ်။

မြို့​နယ်အဆင့်​က​နေ ​ကျေး​ရွာ​တွေကို ခွဲ​ဝေ​ပေး​တဲ့​ ​ချေး​ငွေ​တွေကို ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​တွေက အလွဲသုံး​စား​ လုပ်တာ​တွေ၊​ အဆင်​ပြေတဲ့​ လူ​တွေကိုပဲ ​ချေး​ပေး​တာ၊​ တဆင့်​အတိုး​ချ စား​တာတဲ့​ အထိရှိ​နေတယ်လို့​ ဆိုကြပါတယ်။

ပြီး​ခဲ့​တဲ့​ ​မေလအတွင်း​က ​နေပြည်​တော် ဆင်း​ရဲမွဲ​တေမှု တိုက်ဖျက်​ရေး​ အလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ သမ္မတ ဦး​သိန်း​စိန်က ဆင်း​ရဲနွမ်း​ပါး​မှု​လျှော့​ချဖို့​ မြန်မာနိုင်ငံလူဦး​ရေရဲ့​ ၇၀ ရာခိုင်နှုန်း​ ​နေထိုင်တဲ့​ ​ကျေး​လက်ပြည်သူ​တွေဘဝ တိုး​တက်လာဖို့​ လိုတယ်လို့​ ​ပြောကြား​ခဲ့​ပါတယ်။

လူဦး​ရေရဲ့​ ၇၀ ရာခိုင်နှုန်း​မှာ ​ကျေး​လက်လယ်သမား​တွေသာမက၊​ ​မြေယာမဲ့​ လက်လုပ်လက်စား​တွေလည်း​ ပါဝင်​နေပါတယ်။

ပဲခူး​တိုင်း​ မင်း​လှနယ်ခံတဦး​က အစိုး​ရ​ချေး​ငွေ​တွေကို လယ်သမား​တွေ သာမက လက်လုပ်လက်စား​သမား​တွေ အတွက်လည်း​ ​ချေး​ငွေ လိုအပ်​နေတယ်လို့​ ဆိုပါတယ်။

ဒါ​ပေမယ့်​ ​ချေး​ငွေထက် ပိုပြီး​အ​ရေး​ကြီး​တာက အလုပ်အကိုင်ရဖို့​ လို့​ ဆိုပါတယ်။

“ဒီက ၃ ​သောင်း​ထုတ်​ပေး​ရင် ​လော​လောဆယ် ​ချေး​ငှား​စား​ထား​တဲ့​ အ​ကြွေး​လေး​တွေကို နည်း​ရောများ​ရော ဖဲ့​ပေး​ရမယ်။ ​လော​လောဆယ်ဆယ် ဆပ်ပြီး​တော့​ ထား​မယ်။ ဆို​တော့​ ဒီ ၃ ​သောင်း​ကို ပြန်​ပေါ်လာ​အောင်ဆိုတာက မဖြစ်နိုင်ဘူး​။ အရင်း​နှီး​တခုခုကို ​ပေး​တယ်ဆိုတာက တမျိုး​ပေါ့​နော်။ ​ငွေအ​နေနဲ့​က​တော့​ ဒီ​ငွေဟာ အချိန်တန်လို့​ရှိရင် ၂ ကျပ်တိုး​ပဲဖြစ်ဖြစ် ၁ ကျပ်တိုး​ပဲဖြစ်ဖြစ် လနဲ့​ချီပြီး​ တက်လာတဲ့​ အတိုး​ပေါ်မှာ အ​တောင်း​ခံရမှာပဲ။ မ​ပေး​နိုင်လို့​ရှိရင် ဥပ​ဒေအရ ကန့်​သတ်မှု​တွေ ရှိလာလိမ့်​မယ်။”

တကယ်​တော့​ ​လော​လောဆယ် အစိုး​ရ ​ချေး​ငွေရတယ်ဆိုတဲ့​ လယ်သမား​တွေ ကိုယ်နှိုက်က အရင်း​နှီး​ မလုံ​လောက်​သေး​တဲ့​ အ​ခြေအ​နေပါ။

မင်း​လှနယ်မှာ ဒီနှစ် ​ရေကြီး​ပြီး​နောက် ​ရေမြှုပ်ပျက်စီး​ကျန်ခဲ့​တဲ့​ လယ်​တွေကို​တောင် ပြန်မစိုက်နိုင်ကြဘူး​လို့​ နယ်ခံ လယ်သမား​တဦး​က ဆိုပါတယ်။

“၂ ဧက ပိုင်တဲ့​လူရှိတယ်၊​ ၃ ဧက ပိုင်တဲ့​လူရှိတယ်၊​ ၅ ဧက ပိုင်တဲ့​လူရှိတယ်၊​ ဧက ၃၀ ပိုင်တဲ့​လူ ရှိတယ်​ပေါ့​။ ဒီလယ်ကွင်း​တခုအတွင်း​မှာ လယ်ပိုင်ဆိုင်မှု အတိုင်း​အတာ မညီမျှဘူး​။ အဲဒီအခါကျ​တော့​ လယ်ဧက များ​များ​ရှိတဲ့​လူက​တော့​ သူက အခံရှိတဲ့​ အတွက်​ကြောင့်​မို့​လို့​ သူက​တော့​ တချို့​ပြုပြင်မှု​တွေ လုပ်ကြတယ်။ တချို့​ ၂ ဧက၊​ ၃ ဧက လယ်သမား​က​တော့​ ပြန်ကို မစိုက်​တော့​ဘူး​။ သူတို့​မှာ အဲဒီဥစ္စာကို ပြန်လိုက် ဖာ​ထေး​နိုင်တဲ့​ ​ငွေအင်အား​ မရှိ​တော့​ဘူး​။”

နေပြည်​တော် အလုပ်ရုံ​ဆွေး​နွေး​ပွဲမှာပဲ သမ္မတဦး​သိန်း​စိန်က တနိုင်ငံလုံး​ရဲ့​ စီး​ပွား​ရေး​တခုလုံး​ ​ပြောင်း​လဲတိုး​တက်ဖို့​အတွက် ​ငွေ​ကြေး​မူ ဝါဒ၊​ ဘဏ္ဍာ​ရေး​မူဝါဒ၊​ ကုန်သွယ်​ရေး​မူဝါဒ၊​ ရင်း​နှီး​မြှုပ်နှံမှု မူဝါဒ​တွေ၊​ လုပ်ထုံး​လုပ်နည်း​တွေကို ပြုပြင်သွား​မယ်လို့​ ​ပြောကြား​သွား​ခဲ့​ပါတယ်။

စီး​ပွား​ရေး​ပညာရှင် ဦး​ဟန်ထွန်း​ (အခွန်) က မြန်မာပြည်မှာ ​မြေယာစနစ် ပြုပြင်​ပြောင်း​လဲဖို့​ လိုအပ်​နေတယ်လို့​ ​ပြောပါတယ်။

“အထူး​သဖြင့်​လိုအပ်​နေတာ ​မြေယာစနစ်ပဲ။ ယ​နေ့​ ​မြေယာစနစ်ကို လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့်​ရှိတယ်ဆိုတဲ့​ မူက​နေ၊​ လယ်လုပ်သူ လယ်ပိုင်ခွင့်​ဆိုတဲ့​ မူကို ​ပြောင်း​ရွှေ့​ဖို့​ လိုအပ်တယ်လို့​ ကျ​နော်ထင်တယ်။”

ကျေး​လက်ဆင်း​ရဲမွဲ​တေမှုပ​ပျောက်​ရေး​ဟာ ​ကျေး​လက် စိုက်ပျိုး​ရေး​ တိုး​တက်ထွန်း​ကား​ ​အောင်လုပ်ဖို့​ပဲဖြစ်တယ်လို့​ ဆိုပါ တယ်။ ဒါ​ကြောင့်​ ​မြေယာစနစ်​ပြောင်း​လဲလိုက်လို့​ စိုက်ပျိုး​ရေး​စနစ်ထွန်း​ကား​လာရင်၊​ လယ်သမား​တွေ​ရော၊​ စိုက်ပျိုး​ရေး​စနစ်ကို မှီခို​နေတဲ့​ လက်လုပ်လက်စား​တွေပါ ဆင်း​ရဲတွင်း​က ရုန်း​ထွက်နိုင်မယ်လို့​ ဦး​ဟန်ထွန်း​က ဆိုပါတယ်။

ကျွမ်း​ကျင်သူတချို့​က​တော့​ ​ကျေး​လက်ဆင်း​ရဲမွဲ​တေမှု ​လျှော့​ချဖို့​ဆိုရင် ​ကျေး​လက်လယ်သမား​တွေအတွက် တိုက်ရိုက်အကျိုး​ဖြစ်ထွန်း​စေမယ့်​၊​ စိုက်ပျိုး​ရေး​ပို့​ ကုန်​တွေ ကမ္ဘာ​ဈေး​ကွက်နဲ့​ တိုက်ရိုက် ချိတ်ဆက်ခွင့်​ မရ​အောင်၊​ ကန့်​သတ်ထား​တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​တွေကို အရင်ပြုပြင် ​ပြောင်း​လဲဖို့​ သင့်​တယ်လို့​ ​ထောက်ပြကြပါတယ်။
http://burmese.dvb.no/archives/13745

စစ်တကောင်းတောင်တန်းနယ်တွင် ဗုဒ္ဓဘာသာ အမျိုးသမီးငယ် တစ်ဦး အုပ်စုလိုက် မုဒိမ်းပြုကျင့်ခံရ


News Date:8/5/2011

ထွန်းထွန်း
-----------
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ရခိုင်မျိုးနွယ်စုဝင် ဗုဒ္ဓဘာသာ မာရ်မာ အမျိုးသမီးငယ် တစ်ဦး အုပ်စုလိုက် မုဒိမ်းပြုကျင့်ခံရကြောင်း သတင်း ရရှိသည်။

အဆိုပါ အမျိုးသမီးငယ်မှာ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ ညနေပိုင်းက အနီးအနားရှိ ကျေးရွာ တစ်ခုကို သွားရောက်စဉ် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းကို ခံရခြင်း ဖြစ်သည်။

Marma-Chittagong-Hill-Tracts
အခင်း ဖြစ်ပွားရာ ဒေသ မာတိန်ရန်ဂ ရဲစခန်းမှာ တာဝန်ရှိသူ ရဲစခန်းမှူး မီဇာနုရ် ရာဟာမန် ( Mizanur Rahman) က အဆိုပါ အမျိုးသမီးငယ်မှာ သူမ၏ သူငယ်ချင်း ဖြစ်သူ Shankar Chandra Shil နှင့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရိန်းချမ်း ဂျာနာ ပတ်ဝန်းကျင်သို့ သွားရောက်စဉ် အဆိုပါ အမျိုးသားမှ လမ်းမှ စောင့်နေသူ တခြား အဖေါ်နှစ်ဦးနှင့် အတူ အဆိုပါ အမျိုးသမီးငယ်အား တောထဲ ဆွဲခေါ်ပြီး မုဒိမ်းပြုကျင့်ခဲ့ကြောင်း ပြောကြားသည်။

သူမအား မုဒိမ်းပြုကျင့်စဉ် အော်ဟစ် အကူ အညီတောင်းခံ သဖြင့် အနီးပတ်ဝန်းကျင်မှ လူများ လိုက်လာပြီး အဆိုပါနေရာတွင် Shankar ကို လက်ပူး လက်ကြပ် ဖမ်းမိပြီး နောက် (၂) ဦးမှာ လွှတ်မြောက်သွားခဲ့သည်။

ယခုအခါ အမျိုးသမီးငယ်အား ခါဆိုရီမြို့ ဆေးရုံတွင် ဆေးစစ်နေပြီး မုဒိမ်းကျင့်ရာ ပါဝင်သူဟု စွပ်စွဲခံရသူ Shankar ကိုမူ ဖမ်းဆီးထားသည်။

မုဒိမ်းကျင့်ခံရသူ အမျိုးသမီးငယ်မှာ အသက် ၁၄၊ ၁၅ နှစ်အရွယ်ရှိပြီး ခါကာဆိုရီ ( ဖလံထောင်) ခရိုင် မာနီချရီမြို့နယ် ဟာတီမူရ နေရာမှ ဦးသိန်းကြာလှ သမီး ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ဇူလိုင်လ (၃၀) ရက်နေ့ကလည်း မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ကပ်နေသည့် စစ်တကောင်း တောင်တန်းနယ် တောင်ပိုင်း လမားမြို့နယ်တွင် ရခိုင်မျိုးနွယ်စုဝင် မာရမာ အမျိုး သမီးငယ် တစ်ဦးကို ဒေသခံ ဘင်္ဂလီ တစ်ဦးက မုဒိမ်းကျင့်ရန် ကြိုးစားစဉ် သူမ၏ အဖိုးတော်သူ ၆၅ နှစ်အရွယ် လူကြီး တစ်ဦး၊ အသက် ၃၅ နှစ်ရှိ သူမမိခင်နှင့် အသက် ၅ နှစ်အရွယ် သူမ မောင်ငယ်တို့ကို သတ်ဖြတ် ပစ်ခဲ့သည်။

ယခုကဲ့သို့ ပြဿနာများ ရက်ဆက်ဆိုသလို ဖြစ်ပွားနေသဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံရှိ တောင်တန်းနယ် တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် လူနည်းစုတို့၏ ဘ၀လုံခြုံရေးမှာ အလွန်တရာ စိုးရိမ်စရာ အခြေအနေသို့ ဆိုက်ရောက်နေကြောင်း ဒေသခံ ဆရာတော် တပါးက ပြောသည်။
http://www.narinjara.com/detailsbur.asp?id=3370

ဒေါ်အောင်ဆန်းစုကြည်၏ နေ့စွဲမှတ်တမ်းများ




ဒေါ်အောင်ဆန်းစုကြည်၏ နေ့စွဲမှတ်တမ်းများ
သန်းဝင်းလှိုင်
သြဂုတ် ၅၊ ၂၀၁၁
၁၉၄၂၊ စက်တင်ဘာလ ၆၊ နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ်ဆေးရုံကြီး (ယခု နိုင်ငံတော် ကာကွယ်ရေးတက္ကသိုသ်) အရှေ့ဘက် အစွန်ဆုံးခန်းမဆောင်တွင် သူနာပြုဆရာမ မခင်ကြည်နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ် ဗိုလ်တေဇတို့ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်သည်။

စက်တင်ဘာလ ၇၊ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့ Nippon Military Club (မင်တိုမစ်ရှင်ဟိုတယ်)၌ ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ်ဗိုလ်တေဇနှင့် ဇနီး ဒေါ်ခင်ကြည်တို့ မင်္ဂလာထမင်း တည်ခင်းဧည့်ခံကျွေးမွေးသည်။

၁၉၄၃ ဇွန် ၁၃၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ သားဦး အောင်ဆန်းဦးကို ဖွားမြင်သည်။

၁၉၄၄ မေ ၁၀၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ ဒုတိယသား အောင်ဆန်းလင်းကို ဖွားမြင်သည်။

၁၉၄၅ ဇွန် ၁၉၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ တတိယမြောက် သမီး အောင်ဆန်းစုကြည်ကို ဖွားမြင်သည်။

၁၉၄၆ စက်တင်ဘာ ၂၂၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ စတုတ္ထသမီးကို ဖွားမြင်သည်။ (ဖွားမြင်ပြီး ၅ ရက်အကြာတွင် ကွယ်လွန်သည်။)

၁၉၄၇ ဇူလိုင် ၁၉၊ နံနက် ၁၀ နာရီ ၃၅ မိနစ်၌ ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး (ယခုဝန်ကြီးများရုံး) ၌ အစည်းအဝေးကျင်းပနေစဉ် ဂဠုန်ဦးစော၏ လက်ပါးစေလူသတ်သမားတို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရသည်။ လုပ်ကြံခံရစဉ်က အောင်ဆန်းစုကြည်သည် ၂ နှစ်သမီးအရွယ်သာ ရှိသေးသည်။

၁၉၄၉၊ ရန်ကုန်မြို့စိန့်ဖရန်စစ်ကွန်ဗင့်ကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည် စတင် ပညာသင်ကြားသည်။

၁၉၅၃ ဇန်န၀ါရီလ ၁၆၊ ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုလတ် အောင်ဆန်းလင်းသည် အမှတ်၂၅၊ တာဝါလိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း) ရှိနေအိမ်၌ ရေနစ် သေဆုံးသည်။

မေလ၊ အမှတ် ၂၅ ၊ တာဝါလိန်းလမ်းနေအိမ်မှ ဗဟန်းမြို့နယ် အမှတ် ၅၄၊ တက္ကသိုလ် ရိပ်သာလမ်းနေအိမ်သို့ ဒေါ်အောင်ဆန်းစုကြည်မိသားစု ပြောင်းရွေ့သည်။

၁၉၅၇ မှ ၁၉၆၀၊ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်း(အထက - ၁ ဒဂုံ) တွင် ဒေါ်အောင်ဆန်းစုကြည် ဆက်လက် ပညာသင်ကြားခဲ့သည်။

၁၉၆၀၊ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရ၍မိခင်နှင့်အတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လိုက်ပါနေထိုင်ခဲ့သည်။

၁၉၆၀ မှ ၁၉၆၁၊ ဒေါ်အောင်ဆန်းစုကြည်သည် ယေရူနှင့် မေရီကွန်ဗင့်ကျောင်း (Convent of Jesus and Mary) နှင့် လေဒီရှယ်ရီရမ်ကောလိပ် (Lady Sheri Ram College) တို့၌ ဆက်လက် ပညာသင်ကြားသည်။

၁၉၆၂ မှ ၁၉၆၃၊ ဒေလီတက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာဆည်းပူးခဲ့သည်။

၁၉၆၄ မှ ၁၉၆၇၊ အောက်စဖို့တက္ကသိုလ် ဟူ့စ်ကောလိပ်၌ ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး၊ ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။

၁၉၆၈၊ လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာန၊ နိုင်ငံရေးသိပ္ပံဌာန၌ သုတေသနလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်သည်။

၁၉၆၉ မှ ၁၉၇၁၊ နယူးယောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ အုပ်ချုပ်ရေး နှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအကြံပေးကော်မတီ (Advisory Committee on Administrative and Budgetary Questions, United Nations Secretariat, New York တွင် လက်ထောက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၁ နိုဝင်ဘာ ၃၁၊ မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယန၏ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာသ မိုင်းအကြောင်း သုတေသီ ဒေါက်တာမိုက်ကယ်အဲရစ် (Dr. Michael Viallancourt Aris) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထိမ်းမြားလက်ထပ်သည်။

၁၉၇၂ မှ ၁၉၇၃၊ ဒေါ်အောင်ဆန်းစုကြည်သည် ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ကုလသမဂ္ဂများဆိုင်ရာ အကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၃ ဧပြီ ၁၂၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမိုက်ကယ်အဲရစ်တို့၏ သားကြီး မြင့်ဆန်းအောင် ခေါ် အလက်ဇန်ဒါး (Alexander John Christopher Aris) ကို ဖွားမြင်ခဲ့သည်။

၁၉၇၅ မှ ၁၉၇၇၊ အောက်စဖို့တက္ကသိုလ် ဘော့ဒလီယန် စာကြည့်တိုက် (Bodleian Library) ၌ မြန်မာစာနှင့် ပေပရပိုက်ကစ်တလောက် ပြုစုသူပညာရှင်အဖြစ် ဆောင်ရွက်သည်။

၁၉၇၇ စက်တင်ဘာ ၂၄၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မိုက်ကယ်အဲရစ်တို့၏ သားငယ် ထိန်လင်း ခေါ် ကင်မ် (Dannian Kim Arundel Aris) ကို ဖွားမြင်သည်။

၁၉၉၅ မှ ၁၉၈၆၊ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးဌာနတွင် သုတေသနပညာရှင်အဖြစ် သွားရောက်သုတေသနပြုခဲ့သည်။

၁၉၈၇၊ အိန္ဒိယနိုင်ငံ ဆင်းမလင်းမြို့ရှိ အထူးလေ့လာရေး အိန္ဒိယသိပ္ပံဌာနတွင် သုတေသီအဖြစ် လုပ်ကိုင်သည်။

- လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနတွင် ပါရဂူဘွဲ့အတွက် “၁၉၂၀-၁၉၄၅ အတွင်း ထုတ်ဝေခဲ့သော စာနယ်ဇင်းများသည် မြန်မာ့လွတ်လပ်ရေးကို အထောက်အကူပြုခဲ့ပုံ” အမည်ရှိ ဘွဲ့လွန်စာတမ်းကိုတင်သွင်းသည်။

၁၉၈၈၊ လန်ဒန်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ပါရဂူဘွဲ့ယူရန်အတွက် ထိုက်တန်သူအဖြစ် သတ်မှတ်သည်။

၁၉၈၈ မတ်၊ မိခင်ကြီး ဒေါ်ခင်ကြည် နာမကျန်းဖြစ်မှုကြောင့် မိခင်ကြီးအား ပြုစုစောင့်ရှောက်ရန် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ရောက်ရှိလာသည်။

သြဂုတ်လ ၈၊ မြန်မာနိုင်ငံတ၀ှမ်းလုံး၌ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။

သြဂုတ် ၂၆၊ ရွှေတီဂုံစေတီတော် အနောက်ဘက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မဆလအစိုးရ၏ ပြည်သူလူထုအား အကြမ်းဖက်ဖြိုခွဲနေမှုကို ဆန့်ကျင်ခဲ့သော မိန့်ခွန်းကို လူပေါင်း တသိန်းကျော် တက်ရောက်သည့် လူထုအစည်းအဝေးပွဲ၌ ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့သည်။

၁၉၈၈ စက်တင်ဘာလ ၁၄၊ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ ပြည်သူတရပ်လုံးသို့ ပန်ကြားချက်စာတစောင် ထုတ်ပြန်ကြေညာသည်။

စက်တင်ဘာ ၁၈၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်မှလက်နက်ဖြင့် အကြမ်းဖက် ဖြိုခွင်းပစ်လိုက်ပြီးနောက် စစ်တပ်မှ အာဏာသိမ်းပိုက်ကာ နအဖခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

စက်တင်ဘာ ၂၇၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြီး၊ သူရဦးတင်ဦး၊ ဦးဝင်းတင်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ

(၁) ဦးအောင်ကြီး - ဥက္ကဋ္ဌ

(၂) သူရဦးတင်ဦး - ဒုဥက္ကဋ္ဌ

(၃) ဒေါ်အောင်ဆန်းစုကြည် - အထွေထွေအတွင်းရေးမှူး

(၄) ဦးကြည်ဟန် - အတွင်းရေးမှူးအဖွဲ့ဝင်

(၅) ဦးချစ်ခိုင် - အတွင်းရေးမှူးအဖွဲ့ဝင်

(၆) ဦးဝင်းတင် - အတွင်းရေးမှူးအဖွဲ့ဝင်

(၇) ဒေါ်မြင့်မြင့်ခင် - လူထုလူတန်းစား ဌာနမှူး

(၈) ဦးလွင် - ဘဏ္ဍာရေး ဌာနမှူး

(၉) ဦးအောင်လွင် - ပြန်ကြားရေး ဌာနမှူး

(၁၀) ဦးအောင်ရွှေ - စည်းရုံးရေး ဌာနမှူး

(၁၁) ဦးကြည်မောင် - သုတေသန ဌာနမှူး

(၁၂) ဦးဘရွှေ - အုပ်ချုပ်ရေး ဌာနမှူးတို့ ဖြစ်သည်။

စက်တင်ဘာ ၃၀၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင် မှတ်ပုံတင်ခဲ့သည်။ အဖွဲ့ချုပ်၌ ဒေါ်အောင်ဆန်းစုကြည်သည် အထွေထွေအတွင်းရေးမှူးတာဝန်ကို ယူခဲ့သည်။

အောက်တိုဘာ ၃၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၃) ဖြင့် နိုင်ငံရေးပါတီအဖြစ် အတည်ပြုကြေညာသည်။

ဒီဇင်ဘာ ၁၀၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးအား ရွေးချယ်တင်မြှောက်လိုက်ကြောင်းနှင့် ဦးအောင်ကြီးနှင့်အတူ အခြားဗဟိုဦးစီး အဖွဲ့ဝင်များ ဖြစ်ကြသော (၁) ဦးကြည်ဟန် (၂) ဦးဘရွှေ၊ (၃) ဦးနန်းနွယ်၊ (၄) ဦးကျော်မြင့်လေး၊ (၅) ဦးခင်မောင်မောင်၊ (၆) ဦးသာထို၊ (၇) ဦးသိန်းနိုင်၊ (၈) ဦးမင်းဒင်၊ (၉) ဦးခင်ညို၊ (၁၀) ဦးဘိုး အောင်၊ (၁၁) ဦးမောင်မောင်၊ (၁၂) ဦးဇော်ဝင်းဦးတို့ကလည်း အဖွဲ့ချုပ်အဖွဲ့ဝင်များအဖြစ် နုတ်ထွက်ပြီးဖြစ်ကြောင်း ရွေးကောက် ပွဲကော်မရှင်သို့ အကြောင်းကြားခဲ့သည်။

ဒီဇင်ဘာ ၁၃၊ အဖွဲ့ချုပ်မှ ဦးအောင်ကြီး အပါအ၀င် ပုဂ္ဂိုလ် (၁၂) ဦးကို ထုတ်ပယ်လိုက်ကြောင်း ကော်မရှင်သို့ အကြောင်းကြားစာ ပေးပို့သည်။

ဒီဇင်ဘာ ၂၇၊ ဒေါ်အောင်ဆန်းစုကြည်မိခင် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ သား အောင်ဆန်းဦးနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်ရစ်ခဲ့သည်။

၁၉၈၉ ဖေဖော်ဝါရီ ၉၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင် ဖွဲ့စည်း၍ ရွေးကောက်ပွဲကော်မရှင်သို့ပေးပို့သည်။ ယင်းတို့မှာ -

(၁) ဦးတင်ဦး - ဥက္ကဋ္ဌ

(၂) ဒေါ်အောင်ဆန်းစုကြည် - အထွေထွေအတွင်းရေးမှူး

(၃) ဦးဝင်းတင် - အတွင်းရေးမှူး

(၄) ဦးချစ်ခိုင် - အတွင်းရေးမှူး

(၅) ဦးကြည်မောင် - သုတေသနမှူး

(၆) ဦးအောင်ရွှေ - စည်းရုံးရေးမှူး

(၇) ဦးလွင် - ဘဏ္ဍာရေးမှူး

(၈) ဦးအောင်လွင် - ပြန်ကြားရေးမှူး

(၉) ဒေါ်မြင့်မြင့်ခင် - လူထုလူတန်းစား ဌာနမှူး တို့ ဖြစ်သည်။

ဇူလိုင် ၂၀၊ ဒေါ်အောင်ဆန်းစုကြည်အား န၀တ အစိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၀(ခ) အရ နေအိမ်တွင် တားဆီးမိန့်ထုတ်ပြန်၍ တားဆီးလိုက်သည်။

ဒီဇင်ဘာ ၂၂၊ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေစဉ် အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာသည်။ သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအား ကိုယ်စားပြု၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ယှဉ်ပြိုင်ရန် အဆိုပြုထားခြင်းခံရသူ ဦးလဘန်ဂရောင်မှ ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ရန်ကုန်တိုင်း ရွေးချယ်တင်မြောက်ပွဲကျင်းပရေး ကော်မရှင်မှ လက်ခံစစ်ဆေး၍ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) ဖြင့် ငြိစွန်းသည်ဟုဆိုကာ အမည်စာရင်း တင်သွင်းလွှာကို ပယ်ချခဲ့သဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ချေ။

၁၉၉၀ မတ်လ ၂၇၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒနယ် ၄၄၇ နယ်၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃၉၂ နယ်၌ အနိုင် ရရှိခဲ့သည်။ အဖွဲ့ချုပ်သည် တနိုင်ငံလုံးတွင် မဲဆန္ဒနယ် ၄၈၅ နေရာ၌ ၃၉၂ နေရာ အနိုင်ရရှိသောကြောင့် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။

ဇူလိုင်လ ၂၇၊ န၀တ စစ်အစိုးရသည် အတွင်းရေးမှူး ဗိုလ်ချုပ်ခင်ညွန့် လက်မှတ်ဖြင့် အမိန့် အမှတ် ၁/၉၀ ကို ထုတ်ပြန်၍ ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၈-၂၉ တွင် အဖွဲ့ချုပ်ဗဟို ဦးစီးအဖွဲ့မှ ကြီးမှူးပြုလုပ်မည့် လွှတ်တော်ကိုယ်စားလှယ်များ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကြီးကို ဟန့်တားကန့်သတ်လိုက်သည်။

ဇူလိုင် ၂၈၊ ၂၉၊ ယာယီဥက္ကဋ္ဌ ဦးကြည်မောင် ဦးစီးသည့် ဂန္ဒီခန်းမ အစည်းအဝေးကြီးကို ပြုလုပ်ခဲ့သည်။

၁၉၉၁ ဒီဇင်ဘာ ၁၀၊ ၁၉၉၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ချီးမြှင့်ခဲ့ရာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို မိခင်ကိုယ်စား သားကြီးဖြစ်သူ မြင့်ဆန်းအောင်က နော်ဝေးနိုင်ငံ အော်စလိုမြို့၌ တက်ရောက် ဆုယူခဲ့သည်။

၁၉၉၅ ဇူလိုင်လ ၁၀၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်အဖြစ် တားဆီးထား သည့်အမိန်အား န၀တအစိုးရမှ ပြန်လည် ရုပ်သိမ်းပေးခဲ့သည်။

- နယူးယောက်အခြေစိုက် ‘မစ်’ (Ms) မဂ္ဂဇင်းမှ ၁၉၉၅ ခုနှစ်အတွက် အမျိုးသမီး ထူးချွန်ဆုရွေးချယ်ရာ၌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့သည်။

၁၉၉၉၊ ဒေါ်အောင်ဆန်းစုကြည် ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ် လန်ဒန်မြို့၌ ကွယ်လွန်ခဲ့သည်။

၂၀၀၀ မတ် ၁၈၊ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဒဗ္ဗလင်မြို့ တော် လွတ်လပ်ရေးဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

သြဂုတ် ၂၄၊ ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယ ဥက္ကဋ္ဌသူရဦးတင်ဦး ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌသခင်စိုးမြင့်၊ ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ဝင် ဒေါက်တာ မျိုးအောင်၊ အဖွဲ့ချုပ်လူငယ် ၁၆ ဦး (ယာဉ်မောင်းနှစ်ဦး အပါအ၀င်) တို့နှင့်အတူ ရန်ကုန်တဖက်ကမ်း ဒလမြို့မှ တဆင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့များသို့ စည်းရုံးရေးကိစ္စများဆောင်ရွက်ရန် ရန်ကုန်မြို့ ပန်းဆိုးတန်း ဆိပ်ကမ်းမှတဆင့် ခရီးထွက်ရန်စီစဉ်ခဲ့ရာ ပန်းဆိုးတန်းဆိပ်ကမ်းတွင် ၁ နာရီခွဲခန့် အာဏာပိုင်များမှ ပိတ်ဆို့ထားခဲ့ပြီး တဖက်ကမ်းသို့ ကူးခွင့်ရခဲ့သည်။ ဒလမြို့သို့ ရောက်ရှိသည့်အခါ ကြိုတင်စောင့်ဆိုင်းနေသည့် အဖွဲ့ချုပ်ကားနှစ်စီးဖြင့် ကွမ်းခြံကုန်းသို့ ခရီးထွက်လာစဉ် ဒလမြို့မှ ၃ မိုင်ခန့်အရောက် ကျန်စစ်သားရပ်ကွက်တွင် အာဏာပိုင်များမှ ရှေ့ခရီးမဆက်နိုင်ရန် အတင်းအဓမ္မ ပိတ်ဆို့ထားမြစ်ထားခဲ့သဖြင့် စက်တင်ဘာလ (၁) ရက် နေ့ည ၁၁း၁၅ နာရီအချိန်တွင် ရဲတပ်ဖွဲ့နှင့် စစ်ထောက်လှမ်းရေး အင်အား ၃၀၀ ကျော်က ဒေါ်အောင်ဆန်းစုကြည်အဖွဲ့အား ၀င်ရောက်စီးနင်းပြီး အတင်းအကြပ် ဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်ပြီး ရန်ကုန်မြို့နေအိမ်သို့ ပြန်ပို့ခဲ့သည်။

စက်တင်ဘာ ၁ မှ ၁၄ ထိ၊ ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ် ဖမ်းဆီးခဲ့ပြန်သည်။

၂၀၀၀ စက်တင်ဘာ ၂၁၊ ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယဥက္ကဋ္ဌဦးတင်ဦးနှင့်အတူ အဖွဲ့ဝင်များလိုက်ပါ၍ အဖွဲ့ချုပ်လှုပ်ရှားမှုမရှိနိုင်ရန် ပိတ်ပင်တားဆီးမှုများ၊ အဖွဲ့ချုပ်ရုံးများ ပိတ်သိမ်းခြင်း၊ ဆိုင်းဘုတ်များချစေခြင်းများကို စုံစမ်းလေ့လာရန် ပထမခရီးစဉ်အဖြစ် ညနေ မီးရထားဖြင့် မန္တလေးမြို့သို့သွားရောက်ရန် စီစဉ်ခဲ့ရာ မီးရထားလက်မှတ် ကုန်နေသည်ဟု အကြောင်းပြ၍ လက်မှတ်ရောင်းချမပေးဘဲ နောက်တနေ့ နံနက် စောစော ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန်ဘူတာကြီးမှ အဓမ္မနေအိမ်သို့ပြန်ပို့ပြီး တတိယအကြိမ် နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၂၀၀၁၊ ဒေါ်အောင်ဆန်းစုကြည်အား ဂျာမနီအခြေစိုက် နိုင်ငံတကာ နိုင်ငံရေးနှင့် ယဉ်ကျေးမှုများ လွတ်လပ်စွာ ပေါင်းစည်းရေးဆိုင်ရာ ဆုပေးရေးအဖွဲ့ကြီးက Colleague United Nations ဆုချီးမြှင့်သည်။

၂၀၀၂ မေ ၆၊ ကုလသမဂ္ဂ၏ လျှို့ဝှက်ယုံကြည်မှု ညှိနှိုင်းချက်အရ ဒေါ်အောင်ဆန်းစုကြည် အား နအဖအစိုးရက နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ်ပေးခဲ့သည်။

မေ ၂၃၊ ဗိုလ်မှူးအောင် ဦးဆောင်သည့် ၀ါရင့်နိုင်ငံရေးသမားကြီးများက ဒေါ်အောင် ဆန်းစုကြည်အား သခင်သိန်းဖေနေအိမ်တွင် ဂုဏ်ပြုပွဲကျင်းပသည်။

မေ ၂၅၊ အမေရိကန်ပြည်ထောင်စုရှိ ဘာ့သ်ကောလိပ်၏ ၁၄၂ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်သည်။

၂၀၀၃ မေ ၃၀၊ ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စည်းရုံးရေးခရီးစဉ်အတွင်း သူမ၏ယာဉ်တန်းအား စစ်အစိုးရ၏ ဒေါက်တိုင် အဖွဲ့အစည်းများဖြစ်ကြသော ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက ဒီပဲယင်းမြို့နယ် ကျီရွာအနီး အကြမ်းဖက် တိုက်ခိုက်ခဲ့ကြသည်။ သူမအားထောက်ခံသည့် အဖွဲ့ဝင်များ ၁၈၀ ကျော်သေဆုံး၍ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မေ ၃၁၊ ဒေါ်အောင်ဆန်းစုကြည်သည် နအဖ လက်ပါးစေများ၏ ချောင်းမြောင်းတိုက်ခိုက်မှု ခံခဲ့ရာမှ အသက်မသေ လွတ်မြောက်ခဲ့ပြီးနောက် ရေဦးမြို့အ၀င်ဂိတ်အရောက်၌ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသည်။

ဇွန် ၂၊ ဒေါ်အောင်ဆန်းစုကြည်အား အမှတ် (၆) တင့်ကားတပ်ရင်း ဧည့်ရိပ်သာတွင် ဖမ်းဆီးထားရာမှ အင်းစိန်ထောင်သို့ပို့၍ ထိန်းသိမ်းခဲ့သည်။

ဇွန် ၂၄၊ အင်းစိန်ထောင်မှ ဒေါ်အောင်ဆန်းစုကြည်အား ရဲမွန်တပ်စခန်းရှိ ရဲခေါင်ရိပ်သာသို့ ပြောင်းရွှေ့ထိန်းသိမ်းခဲ့သည်။

စက်တင်ဘာ ၁၆၊ ဒေါ်အောင်ဆန်းစုကြည်အား ဆေးရုံတက် ခွဲစိတ်ကုသရန်အတွက် ရဲမွန်ရိပ်သာမှ ရန်ကုန်မြို့အာရှတော်ဝင်ဆေးရုံသို့ တင်ပို့ခဲ့သည်။

၂၀၀၃ စက်တင်ဘာ ၂၇၊ ဒေါ်အောင်ဆန်းစုကြည်အား အာရှတော်ဝင်ဆေးရုံမှ နေအိမ်သို့ ပြန်ပို့၍ စတုတ္ထအကြိမ် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခဲ့သည်။

၂၀၀၄ ဧပြီ ၂၇၊ ဒေါ်အောင်ဆန်းစုကြည်အား တော်ကိုရီးယားနိုင်ငံမှ ၂၀၀၄ ခုနှစ်အတွက် ဂွမ်ဂျူး လူ့အခွင့်အရေးဆု ချီးမြှင့်သည်။

နိုဝင်ဘာ ၂၇၊ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလို သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၀(ခ)ဖြင့် ပြစ်ဒဏ် တနှစ် ထပ်မံတိုးခဲ့သည်။

၂၀၀၅ နိုဝင်ဘာ ၂၇၊ နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ် ပြစ်ဒဏ် (၆) လ ထပ်မံတိုးခဲ့သည်။

၂၀၀၆ မတ် ၁၊ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၅ ခုနှစ်အတွက် အိုလော့ပန်းဆု ချီးမြှင့်ခဲ့သည်။

မေလ ၂၀၊ ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂနိုင်ငံရေးဌာနမှ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဘရာဟင်ဂမ်ဘာရီက တွေ့ဆုံခဲ့သည်။

မေလ ၂၇၊ ဒေါ်အောင်ဆန်းစုကြည်အား နအဖ အစိုးရက အကျယ်ချုပ်သက်တမ်း တနှစ်ထပ်မံ တိုးခဲ့သည်။

နိုဝင်ဘာ ၁၁၊ ဒေါ်အောင်ဆန်းစုကြည်အား ကုလလက်ထောက်အထွေထွေ အတွင်းရေးမှူး ဂမ်ဘာရီက သွားရောက်တွေ့ဆုံခဲ့သည်။

၂၀၀၇ ဇန်န၀ါရီ ၁၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာနိုင်ငံရှိ စစ်ခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစုကြည်အား ချွတ်ယွင်းချက်မရှိ ပြန်လည် လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဇန်န၀ါရီ ၁၈၊ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ နိုဘယ်ဆုကြေးငွေများကို အခွန်ပေးဆောင်ခြင်းမရှိဘဲ ပြည်ပတွင် အသုံးပြုခဲ့သည်ဟု စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာ၌ စွပ်စွဲရေးသားသည်။

အောက်တိုဘာ ၂၊ စက်တင်ဘာ ရွှေဝါရောင် သံဃာ့တော်လှန်ရေးကြီးအပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည် အား ထပ်မံတွေ့ဆုံခဲ့သည်။

အောက်တိုဘာ ၂၄၊ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် (၁၂) နှစ်ပြည့်အဖြစ် ကမ္ဘာ့မြို့ကြီး ၁၂ မြို့တွင် တပြိုင်နက်တည်း ဆန္ဒပြပွဲကျင်းပခဲ့ကြသည်။

အောက်တိုဘာ ၂၅၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုနိုင်ရန် ကြားခံ ဆက်သွယ်ရေးဝန်ကြီးအတွက် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို နအဖ အစိုးရက ခန့်အပ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရေး အတုအယောင်များ ဖန်တီးပြသခဲ့သည်။

နိုဝင်ဘာ ၈၊ ဒေါ်အောင်ဆန်းစုကြည် (၃)နှစ်အတွင်း ပထမဆုံးအကြိမ် သူမ၏ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

၂၀၀၉ မေ ၁၅၊ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေ အိမ်ခြံဝင်းအတွင်းသို့ နအဖ စစ်အစိုးရ အာဏာပိုင်များ၏ စီစဉ်ပေးမှုဖြင့် တိတ်တဆိတ် ၀င်ရောက်ခဲ့သည်။

မေ ၁၈၊ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ တရားစွဲဆိုသည်။

သြဂုတ် ၁၁ ၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ အမိန့်ချမှတ်ပြီး မိနစ်ပိုင်းအတွင်းမှာပင် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန်စာဖြင့် ထိုချမှတ်ထားသည့်ပြစ်ဒဏ်ကို ထက်ဝက်လျော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် (၁၈) လသို့ ပြောင်းလဲ ချမှတ်ပေးလိုက်သည်။

အောက်တိုဘာ ၂၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် နအဖစစ်အစိုးရက မတရားပြစ် ဒဏ်ချမှတ်မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေများက အယူခံလွှာတင်သွင်းမှုကို တိုင်းတရားရုံးက ပယ်ချခဲ့သည်။

ဒီဇင်ဘာလ ၂၁၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဗဟိုတရားရုံးချုပ်သို့ အယူခံ ပြင်ဆင်ခွင့်လျှောက်ထားမှုကို ဗဟိုတရားရုံးချုပ်က လက်ခံခဲ့သည်။

၂၀၁၀ ဇန်န၀ါရီ ၁၄၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည် တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ -

(၁) ဦးအောင်ရွှေ - ဥက္ကဋ္ဌ

(၂) သူရဦးတင်ဦး - ဒုတိယ ဥက္ကဋ္ဌ

(၃) ဒေါ်အောင်ဆန်းစုကြည် - အထွေထွေအတွင်းရေးမှူး

(၄) ဦးလွင် - အတွင်းရေးမှူး

(၅) ဦးဝင်းတင် - အဖွဲ့ဝင်

(၆) ဦးခင်မောင်ဆွေ - အဖွဲ့ဝင်

(၇) ဦးသန်းထွန်း - အဖွဲ့ဝင်

(၈) ဦးစိုးမြင့် - အဖွဲ့ဝင်

(၉) ဦးလှဖေ - အဖွဲ့ဝင်

(၁၀) ဦးလွန်းတင် - အဖွဲ့ဝင်

(၁၁) ဦးညွန့်ဝေ - အဖွဲ့ဝင်

(၁၂) ဒေါက်တာသန်းငြိမ်း - အဖွဲ့ဝင်

(၁၃) ဦးအုန်းကြိုင် - အဖွဲ့ဝင်

(၁၄) ဦးဝင်းမြင့် - အဖွဲ့ဝင်

(၁၅) ဦးထွန်းထွန်းဟိန် - အဖွဲ့ဝင်

(၁၆) ဒေါက်တာဝင်းနိုင် - အဖွဲ့ဝင်

(၁၇) ဦးဉာဏ်ဝင်း - အဖွဲ့ဝင်

(၁၈) ဦးဟံသာမြင့် - အဖွဲ့ဝင်

(၁၉) ဦးသိန်းညွန့် - အဖွဲ့ဝင်

(၂၀) ဒေါက်တာမေ၀င်းမြင့် - အဖွဲ့ဝင် တို့ဖြစ်သည်။

၂၀၁၀ နိုဝင်ဘာ ၁၃၊ နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်ပေးခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် မိနစ်ပိုင်းအတွင်းမှာပင် သူ့ခြံရှေ့သို့ထွက်၍ လူထုကို မိန့်ခွန်းတို ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၄၊ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီး နောက် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့၌ နေ့လယ် ၁၂ နာရီတွင် လူထုအား နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၃၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက် သားငယ်ကင်မ်ခေါ် ကိုထိန်လင်းသည် ပြည်ဝင်ခွင့်ဗီဇာရရှိသဖြင့် မြန်မာနိုင်ငံသို့လာရောက်ပြီး မိခင်ဖြစ်သူအား တွေ့ဆုံသည်။

နိုဝင်ဘာ ၂၆၊ လွတ်လပ်သည့်အာရှအသံ (R.F.A) မှ စီစဉ်တင်ဆက်သည့် လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ၌ အနယ်နယ်အရပ်ရပ် ပရိသတ်များ၏ မေးမြန်းချက်များကို ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးအကြိမ် ဖြေကြားခဲ့သည်။

ဒီဇင်ဘာ ၂၈၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များအား အဖွဲ့ချုပ်ရုံး၌ တွေ့ဆုံဆွေးနွေး၍ သြ၀ါဒစကား ပြောကြားသည်။

၂၀၁၁ မေလ ၁၂၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေးနမ်ဗီးယားသည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မေ ၁၉၊ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်းသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နေအိမ်၌ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

ဇွန်လ ၁၀ မှ ၁၉၊ မြန်မာနိုင်ငံအမျိုးသမီးများနေ့ (ဒေါ်အောင်ဆန်းစုကြည် မွေးနေ့) အထိမ်းအမှတ် ရိုးရာယဉ်ကျေးမှု ဂီတပွဲတော်ကို အဖွဲ့ချုပ်ရုံး၌စည်ကားစွာ ပြုလုပ်ခဲ့သည်။

ဇွန်လ ၁၉၊ ပြည်တွင်း ပြည်ပမြို့ကြီးများ၌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဇွန် ၂၁၊ ဒေါ်အောင်ဆန်းစုကြည်အား EU ဥရောပသမဂ္ဂ ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးရာနှင့် လုံခြုံရေးရာအကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာရောဘတ်ကူးပါးနှင့် အီးယူကိုယ်စားလှယ် (၁၁) ဦးတို့က ၎င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

ဇွန် ၂၃၊ ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယနိုင်ငံခြားရေး ဒုတိယ၀န်ကြီး Ms. Narupama Rao က သူမ၏နေအိမ် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဇူလိုင်လ ၄ မှ ၇၊ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ရောက်ရှိနေသော သားငယ် ကိုထိန်လင်းနှင့်အတူ (၄) ရက်ကြာ ပုဂံဖုရားဖူး သွားရောက်ခဲ့သည်။

ဇူလိုင် ၁၉၊ (၆၄) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ တက်ရောက်၍ အာဇာနည်ကြီးများကို လွမ်းသူပန်းခွေချ အလေးပြုခဲ့သည်။

ဇူလိုင် ၂၅၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့သည် နေ့လယ် တနာရီတွင် တက္ကသိုလ်ရိပ်သာလမ်း စိန်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌ ၁ နာရီနှင့် ၁၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်တွင်းပြည်ပ သတင်းထောက် ၈၀ ကျော်၏မေးမြန်းချက်များကို ပြန်လည်ဖြေကြားသွားခဲ့သည်။
http://www.moemaka.com/



http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။
3 attachments — Download all attachments  
Amaysuu Bio.docAmaysuu Bio.doc
79K   View   Download  
Amaysuu Bio.odtAmaysuu Bio.odt
47K   Download  
Amaysuu Bio.pdfAmaysuu Bio.pdf
97K   View   Download  

ဈေးကွက် ငွေလဲနှုန်း သတ်မှတ်ရေး

သောကြာ, 05 သြဂုတ် 2011
By Moe Zaw Aung

မြန်မာပြည်မှာ နိုင်ငံခြားငွေကြေးဈေးကွက် ပေါ်ပေါက်ရေးနဲ့ ငွေလဲနှုန်း တရားဝင်သတ်မှတ်ရေးကို ဦးစားပေး ဆောင်ရွက်နေကြောင်း အစိုးရသတင်းမီဒီယာမှာ ဇူလိုင်လ (၂၃) ရက်နေ့က ဖော်ပြထားပါတယ်။ မြန်မာပြည်မှာ ငွေလဲနှုန်း အမျိုးမျိုးရှိပါတယ်။ တစ်ဒေါ်လာ (၆) ကျပ်နဲ့ ငွေလဲနှုန်း အစိုးရက သတ်မှတ်ထားတာ အနှစ် (၃၀) ကျော်ပါပြီ။ ဒါပေမဲ့ ကာလပေါက်ဈေးဟာ အစိုးရနှုန်းထက် အဆပေါင်းများစွာ မြင့်မားပါတယ်။ အခွန်ကောက်ယူရာမှာသုံးတဲ့ ငွေလဲနှုန်း၊ ဟော်တယ်မှာသုံးတဲ့ ငွေလဲနှုန်း၊ ငွေလဲသူ (money changer) သုံးတဲ့နှုန်း၊ FEC (Foreign Exchange Currency) ဝယ်ယူတဲ့ ငွေဖလှယ်နှုန်းစသဖြင့် အမျိုးမျိုးရှိပါတယ်။

ဒီလို စင်ပြိုင်ငွေလဲနှုန်း အမျိုးမျိုးရှိနေတာဟာ ဈေးကွက်နဲ့ ဈေးနှုန်းကို ကမောက်ကမဖြစ်စေပြီး ကုန်ကျစရိတ် ကြီးမားစေတယ်လို့ ထောက်ပြကြပါတယ်။ ဒါပေမဲ့ ဒီစနစ်ကြောင့် စစ်အုပ်စုအသိုင်းအဝိုင်း အကျိုးခံစားနေရတဲ့အတွက် ဈေးကွက်သဘောအတိုင်း ဖြစ်ပေါ်လာတဲ့ ငွေလဲနှုန်းကို အခွင့်ထူးခံ လူတန်းစားက လက်ခံနိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ လက်ရှိငွေလဲစနစ်ဟာ အစိုးရကို အယုံအကြည်ကင်းမဲ့စေတဲ့ အချက်တခုလည်း ဖြစ်ပါတယ်။

နိုင်ငံခြားက မြန်မာအလုပ်သမားက ကြားပွဲစား/ကြားလူကိုသုံးတဲ့ ဟွန်ဒီ (Hundi) စနစ်ကိုသာ ယုံကြည်ကြပါတယ်။ ဥပမာ ဘန်ကောက်မှာ အလုပ်လုပ်သူက ရန်ကုန်က မိသားစုကို ငွေပို့ချင်ရင် ဘန်ကောက် ဟွန်ဒီကတဆင့် ပို့ပါတယ်။ ဟွန်ဒီအချင်းချင်း ချိတ်ဆက်ထားတာမို့ ဘန်ကောက်မှာ ဘတ်ငွေပေးလိုက်ရင် ရန်ကုန်မှာ ကျပ်ငွေထုတ်ယူနိုင်ပါတယ်။ ငွေလွှဲခကိုတော့ ငွေဖလှယ်နှုန်းထဲ ထည့်ပြီးသားမို့ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ဘန်ကောက် ဟွန်ဒီမှာ ဘတ်ငွေတွေ ပုံလာပြီး ရန်ကုန် ဟွန်ဒီမှာ ကျပ်ငွေ နည်းသွားနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ဘန်ကောက် ဟွန်ဒီဟာ ရန်ကုန်ကမှာတဲ့ ပစ္စည်းကို ပို့ပေးပါတယ်။ ဘဏ်တိုက်ကတဆင့် ငွေလွှဲတာမဟုတ်တဲ့အတွက် မြန်မာပြည်ကို ဒေါ်လာငွေ ရောက်မလာတာကြောင့် ဗမာအစိုးရ အကျိုးမခံစားရဘူးလို့ ပြောနိုင်ပါတယ်။

FEC ခေါ် ဒေါ်လာအတု သုံးဖို့ စီစဉ်ထားတာဟာလည်း အစိုးရစားကွက်တခု ဖြစ်ပါတယ်။ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာအသုံးပြုတာကို လက်မခံဘဲ၊ အစိုးရထုတ်တဲ့ FEC ဒေါ်လာအတုကို သုံးခွင့်ပြုပါတယ်။ အရင်ကဆိုရင် နိုင်ငံခြားခရီးသည် ရောက်လာတာနဲ့ သတ်မှတ်ထားတဲ့ FEC ကို ဝယ်ရပါတယ်။ ၂၀၀၃ ရောက်မှ ဒီ မဝယ်မနေရစနစ်ကို ရုတ်သိမ်းလိုက်ပါတယ်။ လေယာဉ်လက်မှတ်၊ နိုင်ငံခြားပစ္စည်း စတာတွေကို ဝယ်ယူရာမှာလည်း FEC ကို သုံးနိုင်ပါတယ်။ အမေရိကန်ဒေါ်လာ ပြည်သူတွေသုံးတာကို တရားမဝင်ဘူးလို့ အစိုးရက သတ်မှတ်ပေးမယ့် အလွတ်ဈေးကွက်မှာ အမေရိကန်ဒေါ်လာကိုသာ တန်ဖိုးထားကြပါတယ်။ ဒါကြောင့် FEC ဟာ ဒေါ်လာလောက် ဈေးမရပါဘူး။ ဒေါ်လာကို FEC နဲ့လဲပြီး သုံးနေရတဲ့ နိုင်ငံခြားအမှုထမ်းတွေဟာ အမြဲတမ်းအရှုံးပေါ်နေပါတယ်။ FEC ကို သုံးလာတာ (၁၈) နှစ် ရှိနေပါပြီ။ ငွေလဲနှုန်းအမျိုးမျိုးသုံးတာ အဂတိလိုက်စားမှုကို အားပေးသလို ဖြစ်နေပါတယ်။

၂၀၀၈ မှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်လေဘေးမှာ နိုင်ငံခြားကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ဒေါ်လာကို FEC နဲ့လဲပြီး သုံးကြရတဲ့အတွက် ဒေါ်လာ (၁၀) သန်းကျော် ဗမာအစိုးရ အမြတ်ထွက်သွားကြောင်း သိရပါတယ်။ အဲဒီအချိန်က အပြင်ဈေးကွက်မှာ တဒေါ်လာ ကျပ်တထောင်ကျော်ဈေး ရှိနေပေမယ့် FEC ဟာ ရှစ်ရာဝန်းကျင်မှာသာ ဈေးရှိတာကြောင့် FEC ဝယ်သုံးသူဟာ အရှုံးပေါ်နေရတာ ဖြစ်ပါတယ်။ FEC တစ်ဒေါ်လာဟာ အမေရိကန် တစ်ဒေါ်လာနဲ့ တန်ဖိုးတူညီတယ်လို့ ဆိုပေမယ့် အစိုးရပိုင် နိုင်ငံခြားငွေဖလှယ်ရေးဘဏ်မှာ သွားလဲရင် FEC ဟာ ဒေါ်လာပေါက်ဈေးထက် အမြဲတမ်းနည်းနေပါတယ်။ ၁၉၉၃ ကစပြီး ပြည်တွင်းသုံးအတွက် (၁၀) ဒေါ်လာ၊ (၅) ဒေါ်လာ နဲ့ (၁) ဒေါ်လာ တန်ဖိုးနဲ့ ညှီမျှတဲ့ FEC ငွေစက္ကူ (၃) မျိုး ထုတ်ဝေထားပါတယ်။ ကမ္ဘာ့လှည့်ခရီးသည်လုပ်ငန်း၊ နိုင်ငံခြားအဖွဲ့အစည်းနဲ့ ကုမ္မဏီအမှုထမ်းတွေထဲမှာ FEC နဲ့ လစာရကြသူတွေ ရှိပါတယ်။

ဗမာအစိုးရအသုံးစရိတ်မှာ အမြဲတမ်း လိုငွေပြနေပါတယ်။ ဓါတ်ငွေ့ရောင်းရလို့ ဒေါ်လာတွေ သန်းပေါင်းထောင်ချီပြီး ဝင်လာလည်း လိုငွေပြတုန်းပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဓါတ်ငွေ့ရောင်းလို့ရတဲ့ ဒေါ်လာကို (၆) ကျပ်နှုန်းနဲ့တွက်ပြီး စာရင်းပြထားလို့ဖြစ်ကြောင်း မြန်မာ့စီးပွားရေးစောင့်ကြည့်ရေးအဖွဲ့က ဘောဂဗေဒပညာရှင် Dr. Sean Turnell က ဆိုပါတယ်။ ဥပမာ ၂၀၀၆/၂၀၀၇ ဘဏ္ဍာရေးနှစ်မှာ ဓါတ်ငွေ့ရောင်းလို့ရတဲ့ ဒေါ်လာသန်း (၁၂၅၀) ကို ကျပ်ငွေသန်း (၇၅၀၀) အဖြစ် စာရင်းပြထားပါတယ်။ ပေါက်ဈေးနဲ့တွက်ရင် ကျပ်ငွေသန်းထောင်ပေါင်း တသန်းငါးသိန်း (၁၅၀၀၀၀၀) ရှိမှာဖြစ်တဲ့အတွက် အစိုးရအသုံးစရိတ်လိုငွေပြမှုကို အနည်းနဲ့အများ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဓါတ်ငွေ့ကရတဲ့ ဒေါ်လာတွေကို အစိုးရဝင်ငွေစာရင်းမှာမပြဘဲ စစ်အုပ်စုရဲ့  အထူးရန်ပုံငွေအဖြစ် သီးသန့်ဖယ်ထားတာ ဖြစ်နိုင်တယ်လို့ Dr. Sean Turnell က သုံးသပ်ပါတယ်။

ဓါတ်ငွေ့ဒေါ်လာကို တမင်တကာ (၆) ကျပ်နှုန်းနဲ့တွက်ပြီး စာရင်းပြတာဟာ နားလည်ရခက်တဲ့ ကွယ်ဝှက်ချက်ဖြစ်တယ်လို့ ဂျပန်စီးပွားရေးပညာရှင် Koji Kubo က ဆိုပါတယ်။ နိုင်ငံခြားငွေလဲနှုန်းကို မချုပ်ကိုင်ဖို့သူက တင်ပြထားပါတယ်။ ယုတ္တိမတန်တဲ့ ငွေလဲမှုစနစ်ကို ဖျက်သိမ်းဖို့ IMF (International Monetary Fund) အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က တိုက်တွန်းနေတာလည်း ကြပြီဖြစ်ပါတယ်။
http://www.voanews.com/burmese/news/

ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်နှင့် တကျော့ပြန်



ရှေ့တပတ် (ဝ၈၊ ဝ၈၊ ၁၁) ဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကြီး ၂၃-နှစ် ပြည့်ပါတော့မယ် အဲဒီ အရေးတော်ပုံ အတွင်း ပါဝင်ခဲ့သူတွေ အခုဘယ်ရောက်နေလဲ။ ဘာတွေ ဆက်လုပ်နေသလဲ။

အဲဒီကာလက စတင်ခဲ့တဲ့ ဒီမိုကရေစီရရှိရေး တိုက်ပွဲဟာ အခု ၂၃နှစ် ကြာပြီးတဲ့အခါမှာ ဘယ်လောက်အထိ ခရီးရောက် နေပြီလဲ။ နောက်ထပ်ဘယ်လောက် ထပ်ကြာဦးမလဲ။ ဒါဟာ နှစ်ပတ်လည်နေ့ရောက်တိုင်း လူအတော်များများက မေးလေ့ရှိတဲ့ မေးခွန်းတွေဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ မေးခွန်းထုတ်သူ ဦးရေဘက်မှာ ပိုများများလာနေပြီး ကိုယ်တိုင် အဖြေရှာသူ ဦးရေဘက်မှာ ပိုနည်းနည်းလာနေတာကို ကျနော်သတိထားမိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေအနေနဲ့ မေးဖို့တာဝန်ရှိသလို။ ဖြေဖို့လဲ တာဝန်ရှိတယ်လို့ ကျနော် ထင်ပါတယ်။ အကြမ်းအားဖြင့် ပြောမယ်ဆိုရင်တော့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့သူတွေထဲက ကိုမင်းကိုနိုင်အပါဝင် ၈၈ မျိုးဆက် ကျောင်းသားတွေဟာ အခုချိန်ထိ အကျဉ်းထောင်တွေအတွင်းရှိ နေဆဲဖြစ်ပါတယ်။
8888student
ABSDF ကျောင်းသား အမှတ်တရ (ဓါတ်ပုံ မဇ္ဈိမ)
အဖမ်းမခံရဘဲ ကျန်နေသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လက်တွဲပြီး
 ဆောင်ရွက်နေပါတယ်။ တချို့ကတော့ နိုင်ငံရေး ပါတီထောင်ပြီး လွှတ်တော်နိုင်ငံရေး အခင်းအကျင်းသစ်နဲ့ စခန်းသွားဖို့ ပြင်နေပါတယ်။

တချို့ကတော့ Low profile နဲ့နေပြီး ကိုယ်ပိုင်စီးပွါးရေး လုပ်သူလုပ်။ NGO တွေမှာ လုပ်သူလုပ်။ ရွာပြန်ပြီး ခြံစိုက်သူစိုက်နဲ့ ရတဲ့အလုပ်ကို လုပ်ပြီး နိုင်ငံရေး အခွင့်အလမ်းသစ်တခု ပေါ်လာမယ့်အချိန်ကို စောင့်ကြည့်
နေကြပါတယ်။ ဒါကရန်ကုန်နဲ့ ပြည်တွင်းက အခြေအနေပါ။

ကျနော် အဓိကတင်ပြလိုတာကတော့ ကျနော်ကိုယ်တိုင်ပါဝင်ခဲ့တဲ့၊ ပါဝင်နေဆဲဖြစ်တဲ့ နယ်စပ်နဲ့ ပြည်ပအခြေနေပါ။

ရှစ်လေးလုံးအရေးတော်ပုံအပြီး စက်တင်ဘာ ၁၈-မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နယ်စပ်ဒေသဆီ ထွက်လာခဲ့တဲ့ ထောင်၊သောင်းချီရှိတဲ့ ကျောင်းသားလူငယ်တွေ အခု ဘယ် ရောက်ကုန်ပြီလဲ။ ဘာတွေ ဆက်လုပ်နေကြသလဲဆိုတဲ့ အပိုင်းဖြစ်ပါတယ်။

နယ်စပ်ရောက် ကျောင်းသားတွေ စုပေါင်းဖွဲ့စည်းခဲ့တဲ့ ABSDF ခေါ် ကျောင်းသား တပ်မတော်ဟာ အခုချိန်ထိ နယ်စပ်တကျောမှာ လှုပ်ရှားနေဆဲဖြစ်ပေမယ့် သူတို့ရဲ့အင်အား ၇၅ ရာခိုင်နှုန်း ကျော်ကျော်က တတိယ နိုင်ငံတွေ
ဆီ ရောက်ကုန်ကြပါပြီ။ အဲဒီလူတွေဟာ နေ့စဉ် စားဝတ်နေရေးကိစ္စတွေနဲ့ လုံးပန်းနေရတဲ့အတွက် တောထဲက သူငယ်ချင်းတွေကို ပြန်ပြီး သိပ်မကူနိုင်တဲ့အပြင် သူတို့ရောက်နေတဲ့ တိုင်းပြည်မှာလည်း လက်တွေ့ကျတဲ့နိုင်ငံရေး သိပ်မလုပ်နိုင်တော့။

ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့ အမျှ မေးခွန်း ထုတ်သူ ဦးရေဘက်မှာ ပိုများများလာနေပြီး ကိုယ်တိုင် အဖြေရှာသူ ဦးရေဘက်မှာ ပိုနည်း နည်းလာနေတာကို ကျနော် သတိထားမိပါတယ်
ဒီလိုနေ့မျိုးမှာ နှစ်ပတ်လည် အခမ်းအနားလုပ်။ နိုင်ငံရေး
ကြေငြာချက်တွေထုတ်။ နယ်စပ်က ရဲဘော်တွေ အတွက် အလှူငွေ စုပို့ရုံထက်ပိုပြီး နေပြည်တော်က အရပ်ဝတ် စစ်အစိုးရကို လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် သိပ်လုပ်နိုင်ဖွယ် မမြင်။ ဒါက နှစ်စဉ် မြင်နေကျအခြေနေပါ။

ဒါပေမဲ့ ဒီနှစ်မှာတော့ အခြေနေက အရင်နှစ်တွေထက် နည်းနည်းပိုပြီး ထူးခြားမှုရှိနေတယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အငြင်းပွါးဖွယ် ရွေးကောက်ပွဲ နေ့စကစပြီး လက်နက်ကိုင်တိုက်ပွဲတွေ နယ်စပ်နဲ့မြို့ပြဒေသ တချို့မှာ ပြန်လည်ဖြစ်ပွါးနေပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂၃ နှစ် ကျနော်တို့ တောစခိုစဉ်ကနဲ့ ပြန်တူလာတဲ့ တခုတည်းသော အခြေနေဖြစ်ပါတယ်။

တိုက်ဆိုက်မှုအဖြစ်ကတော့ အဲဒီရွေးကောက်ပွဲ အလွန်လောက်ကစပြီး အရှေ့အလယ်ပိုင်းနဲ့ အာရပ်ကမ္ဘာမှာ လူထုအုံကြွမှုတွေ ဆက်တိုက်ဖြစ်ပွါးနေပြီး လစ်ဗျားနိုင်ငံမှာဆိုရင် လက်နက်ကိုင် တော်လှန်ရေး အမြင့်ဆုံး အခြေအနေအထိ ရောက်နေတဲ့အချက်ဖြစ်ပါတယ်။

ဒါဟာ ABSDF နဲ့ လက်နက်ကိုင် တော်လှန်ရေးအပေါ် စွန့်ခွာသွားသူတွေ။ လက်နက်ကိုင် လှုပ်ရှားနေလို့ အလှူငွေ ဖြတ်ရပါတယ်ဆိုတဲ့ နိုင်ငံတကာ အလှူရှင်တွေ။ အကြမ်းမဖက် အနုနည်းသက်သက် လုပ်မှရမယ် ဆိုတဲ့လူတွေ။ နောက်တခါ လက်နက်ကိုင် တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကို ကွဲကွဲပြားပြား မခွဲခြားတတ်သူတွေ သူတို့ရဲ့မူဝါတွေကို ပြန်လည် သုံးသပ်ရမယ့် အချိန်ဖြစ်နေပြီလို့ ကျနော်ထင်ပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်တလျှောက်မှာ တိုက်ပွဲဖြစ်နေစဉ် တိုက်ဆိုင်စွာ ပေါ်ပေါက်လာတဲ့ နောက်ထပ် လက်နက်ကိုင် တိုက်ပွဲတခုကတော့ တရုတ်၊ မြန်မာနယ်စပ်က ကချင်ဒေသမှာဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ လွန်ခဲ့တဲ့ ၂ဝဝ၉ ဩဂုတ်လက ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသ တိုက်ပွဲနဲ့ မတူဘဲ ရေရှည်စစ် ပွဲတခု ဖြစ်လာနေပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက ဦးစီးဆောက်လုပ်နေတဲ့ ရေကာတာ စီမံကိန်းတွေနဲ့ ဆက်စပ်နေတဲ့အတွက် နိုင်ငံတကာရဲ့
ဝေဖန်မှုတွေ တိုးလာနေပြီး ဒီစစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပြီး ဆွေးနွေးအဖြေရှာဖို့ အမေရိကန် အပါဝင် နိုင်ငံတကာ ဘက်က တောင်းဆိုသံတွေ ထွက်လာနေပါတယ်။

၁၉၉၄ မှာ စစ်အစိုးရနဲ့ တရားဝင်အပစ်ခတ် ရပ်စဲရေး သဘောတူစာချုပ်၊ချုပ်ခဲ့တဲ့ ကေအိုင်အို ဘက်ကတော့ (ကေအိုင်အို ဟာတခုတည်းသော စာချုပ်ချုပ်တဲ့အဖွဲ့ဖြစ်ပြီး ကျန် ၁၆-ဖွဲ့က နှုတ်ကတိနဲ့ အပစ်ရပ်ခဲ့တာ ဖြစ်ပါတယ်) အပစ်ရပ်မယ်ဆိုရင် တရုတ်ဖြစ်ဖြစ် အာဆီယံဖြစ်ဖြစ် ကြားနိုင်ငံတခုခုက သက်သေအဖြစ် ပါဝင်ပေးဖို့
တောင်းဆိုနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်သေမရှိဘူးဆိုရင် အင်အားများသူက အချိန်မရွေး ကတိဖျက်နိုင်တာကြောင့်လို့ ကေအိုင်အိုဘက်က ထောက်ပြနေပါတယ်။

ကချင်တောင်တန်း ဒေသမှာ အပစ်ရပ်ရေး ဆွေးနွေးနေစဉ်မှာပဲ ရှမ်းပြည် အလယ်ပိုင်းဒေသမှာ သေနတ်သံတွေ ထွက်ပေါ်လာပါတယ်။ ဒါကတော့ ၁၉၉၂ ဝန်းကျင်က စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ ရှမ်းပြည် တပ်မတော်အတွင်း တချို့က နယ်ခြားစောင့်တပ်ကို လက်ခံပေမယ့် တချို့က လက်မခံရာကနေ လက်မခံတဲ့အဖွဲ့နဲ့ အစိုးရတပ်တွေကြား ထိပ်တိုက်တွေ့လာတာ ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေရဲ့ ထူးခြားချက်ကတော့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းနဲ့ ဖြစ်နေတဲ့ တိုက်ပွဲအတွင်း ထိုင်းနယ်စပ် အခြေစိုက် ဗိုလ်မှူးကြီး ရွက်စစ်ရဲ့ တောင်ပိုင်းတပ်တွေပါ ပါလာတဲ့ အချက် ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ တိုက်ပွဲဟာ စစ်မျက်နှာ ပိုကျယ်လာနေတဲ့ သဘောဖြစ်ပါတယ်။

ဒီလိုအခြေနေမှာ ရှေ့က ကျနော်တင်ပြခဲ့တဲ့ လွန်ခဲ့သော ၂၃ နှစ်က နယ်စပ်ဆီ တောခိုပြီး လက်နက်ကိုင် တိုက်ပွဲနဲ့ စစ်အစိုးရကို ဖြုတ်ချမယ်ဆိုတဲ့ ကျောင်းသားတွေ အခုဘာလုပ်နေသလဲ။ ဗိုလ်မှူးနှုတ်ခမ်းမွေး (DKBA) တို့အဖွဲ့နဲ့
အတူ လက်တွဲ တိုက်ပွဲဝင်နေတာ အတော် အောင်မြင်နေပြီလို့ တတိယနိုင်ငံ ရောက်ပြီးမှ ပြန်လည် တောခိုလာသူ
ကျောင်းသား တပ်မတော် စစ်ဦးစီး အရာရှိတဦးက ကျနော့်ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အငြင်းပွါးဖွယ် ရွေးကောက်ပွဲ နေ့စကစပြီး လက်နက်ကိုင် တိုက်ပွဲတွေ နယ်စပ်နဲ့ မြို့ပြ
ဒေသတချို့မှာ ပြန်လည် ဖြစ်ပွါးနေပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂၃ နှစ် ကျနော်တို့ တောစခို စဉ်ကနဲ့ ပြန်တူလာတဲ့ တခုတည်းသော အခြေအနေ ဖြစ်ပါတယ်
အခုချိန်မှာတော့ ကေအန်ယူ တပ်တွေပါ သူတို့နဲ့ အတူ ပူးတွဲပါဝင်လာပြီး သောင်ရင်းမြစ်နဲ့ သံလွင်မြစ်တလျှောက်က စခန်း အတော်များများကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီလို့ သူက ဆိုပါတယ်။ ဗိုလ်မှူးနှုတ်ခမ်းမွေး ကိုယ်တိုင်ကလဲ
ကျောင်းသားတပ်တွေ သူတို့နဲ့ လာပေါင်းတဲ့အပေါ် အထူးအားရ ကျေနပ်ပြီး ဒါဟာ တပ်ပေါင်းစုနဲ့ အောင်ပွဲခံဖို့ ပထမအဆင့် ဖြစ်တယ်လို့ ပြောပါတယ်။

အထူးသဖြင့် ပြည်တွင်း၊ ပြည်ပ ဆက်စပ်ရေး။ မီဒီယာတွေ သံတမန်တွေနဲ့ ဆက်စပ်ရေးမှာ ABSDF က သူတို့အတွက် အများကြီး ကူညီပေးနိုင်ခဲ့တယ်လို့ ဗိုလ်မှူးနှုတ်ခမ်းမွေးက ကျနော့်ကို ပြောပြခဲ့ပါတယ်။

ဒါဆိုရင် ကေအိုင်အိုနဲ့ ရှမ်းတပ်တွေဆီကိုကော ABSDF က သွားရောက် မပူးပေါင်းဘူးလား။ နယ်စပ်ဒေသရှိ ABSDF ခေါင်းဆောင်ပိုင်းကို ကျနော် တီးခေါက်ကြည့်တော့ KIO က သူတို့ကို ကမ်းလှမ်းထားပြီး ပူးပေါင်း တိုက်ပွဲဝင်ရေးအတွက် ထိပ်တန်း ခေါင်းဆောင်အဖွဲ့တခု လိုင်ဇာဒေသဆီ သွားပြီး ဆွေးနွေးနေတာ အတော် ခရီးရောက်နေပြီလို့ အမည်မဖေါ်လိုတဲ့ ABSDF ခေါင်းဆောင်တဦးက ပြောပါတယ်။

တကယ်တော့ ABSDF ဟာ အရင်က ကေအိုင်အို အပါဝင် တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အတူ လက်တွဲ တိုက်ပွဲဝင်နေပေမယ့် ၁၉၉၀ ပြည့်လွန် နှစ်တွေအတွင်း အပစ်ခတ်ရပ်စဲရေး လုပ်တဲ့အခါမှာတော့
ကျောင်းသားတွေကို ငြိမ်းနယ်မှာ လက်ခံ မထားရဘူးဆိုပြီး စစ်အစိုးရက ဖိအားပေးတဲ့အတွက် ၁၉၉၆ နှစ်လယ်
လောက်မှာ ကေအိုင်အိုနယ်ကနေ ကျောင်းသားတွေ ထွက်ခွာလာခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ အပစ်ခတ် ရပ်စဲရေး သဘောတူညီချက်တွေ ပျက်ပြယ်သွားပြီ ဖြစ်တဲ့အတွက် ကျောင်းသား
တွေကို တိုင်းရင်းသား တပ်တွေကိုယ်တိုင်က ဖိတ်ခေါ်လာတဲ့ သဘောဖြစ်ပါတယ်။အလားတူ ဖိတ်ခေါ်မှုမျိုးကို မွန်ပြည်သစ်နဲ့ ရှမ်းပြည် တပ်မတော်တွေဆီကနေ မကြားရသေးပေမယ့် မကြာခင် ဖြစ်လာနိုင်တယ်လို့
ကျောင်းသားတွေက မျှော်လင့်နေပါတယ်။

၁၉၉ဝ ပြည့်လွန် နှစ်တွေအတွင်း အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ ငြိမ်းအဖွဲ့တွေဟာ တဘက်မှာ စစ်အစိုးရနဲ့ ဒီလို အဆင်မပြေမှုတွေ ရှိလာနေပေမယ့် တခြား တဘက်မှာလည်း မြို့ပြ တည်ဆောက်ရေး။ မြို့ပြ အုပ်ချုပ်ရေးနဲ့ ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ကောင်းကောင်း လုပ်ပြနိုင်ခဲ့ပါတယ်။

၁၉၈၉ မှာ ပထမဆုံး အပစ်ရပ်ခဲ့တဲ့ ဝ' ဒေသမှာဆိုရင် မြို့နယ်ပေါင်း ရှစ်ခုနဲ့ တကယ့်ကို မြို့ပြနိုင်ငံတခုလို ဖြစ်နေ
ခဲ့ပါပြီ။ အလားတူ ဦးစိုင်းလင်းရဲ့ မိုင်းလားဒေသနဲ့ အခုတိုက်ပွဲတွေဖြစ်နေတဲ့ ကေအိုင်အိုရဲ့ လိုင်ဇာ-ဒေသတွေကို ကြည့်မယ်ဆိုရင်လည်း သူပုန်တွေမှာ မြို့ပြတည်ဆောက်ရေး၊ အုပ်ချုပ်ရေး လုပ်နိုင်တဲ့စွမ်းရည် နေပြည်တော်က စစ်အစိုးရထက် ပိုအားသာနေတယ် ဆိုတာကို သိသာနိုင်ပါတယ်။

ဒါကြောင့်လဲ သူတို့ဒေသကို စစ်အစိုးရ အုပ်ချုပ်မှုအောက် သွတ်သွင်းမယ့် ၂ဝ၁ဝ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ
ကိုလဲ သူပုန်ဟောင်းတွေက သူတို့နယ်မြေမှာ ကျင်းပခွင့် မပေးခဲ့ပါဘူး။

တကယ်လို့ အခုဖြစ်နေတဲ့ တိုက်ပွဲတွေ၊ နယ်ခြားစောင့် တပ်ပြဿနာတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဿနာတွေကို အချိန်မီ ငြိမ်းချမ်းစွာနဲ့ ဆွေးနွေး အဖြေမရှာနိုင်ဘူး ဆိုရင်တော့ ခုနက ထောက်ပြခဲ့တဲ့ သူပုန်တွေရဲ့ မြို့ပြနိုင်ငံသစ်
တွေ အပြင် နေပြည်တော်နဲ့ တခြားဒေသက မြို့ပြနိုင်ငံတွေပါ ပျက်စီးလာနိုင်တဲ့ အခြေနေမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် အမြန်ဆုံး ဆွေးနွေး အဖြေရှာဖို့ နိုင်ငံတကာက တောင်းဆိုနေပါတယ်။

ဒီတောတွင်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလဲ အစိုးရဝန်ကြီး တဦးဖြစ်သူ ဦးအောင်ကြည်နဲ့ ပြီးခဲ့တဲ့လ အတွင်းကပဲ ဆွေးနွေးမှုတွေ ပြန်စလာတာတွေ့ရပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်စေရေးအတွက်  သူတတ်နိုင်တဲ့ဘက်က ကူညီပေးချင်တယ်လို့ ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

နောက်တခါ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၅ ခုကလည်း အလားတူ ကြေငြာချက်မျိုး ထုတ်ပြန်ထားပါတယ်။ ဒါမေပဲ့ အခုချိန်ထိတော့ ကြေငြာချက်တွေ စာရွက်စာတမ်းတွေ အဆင့်မှာပဲ ရှိနေသေးပြီး တိုက်ပွဲတွေကို တားဆီး ရပ်တန့်အောင် တကယ်ဝင်လုပ်နိုင်တဲ့သူ မတွေ့ရသေးပါဘူး။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးဦးအောင်ကြည်တို့ရဲ့ဆွေးနွေးမှုကကော အရင်စစ်အစိုးရ လက်ထက် ကထက် ပိုပြီးထူးလာပါ့မလား ဆိုတာကိုလဲ အကဲခတ်တွေက သံသယ ရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့် ၂၃ နှစ်ကြာ ကျနော်တို့ရဲ့ တော်လှန်ရေးအခြေနေကို ဆန်းစစ်မယ်ဆိုရင် အခြေနေဟာ ရှေ့ကို မတိုးနိုင်
တဲ့ အပြင် နောက်ပြန်ဆုတ်နေတဲ့သဘော။ ငြိမ်းချမ်းရေး ပျက်ပြီး စေ့စပ် ဆွေးနွေးရေးသမားတွေ ဖမ်းဆီးခံရ။
သေနတ်သံတွေ ပြန်ကြားလာနေတဲ့သဘော ဖြစ်ပါတယ်။ ဒီပြဿနာတွေကို နိုင်ငံတကာ အသိုင်းဝိုင်းက အမြန်ဆုံး ကြားဝင် ဖြန်ဖြေပေးဖို့ လိုနေပါတယ်။

၁၉၈၉ မှာ ပထမဆုံး အပစ်ရပ်ခဲ့တဲ့ ဝ' ဒေသမှာ ဆိုရင်
မြို့နယ်ပေါင်း ရှစ်ခုနဲ့ တကယ့်ကို မြို့ပြ နိုင်ငံ တခုလို
ဖြစ်နေခဲ့ပါပြီ။ အလားတူ ဦးစိုင်းလင်းရဲ့မိုင်းလား
ဒေသနဲ့အခုတိုက်ပွဲ တွေဖြစ်နေတဲ့ ကေအိုင်အိုရဲ့
လိုင်ဇာ-ဒေသ တွေကို ကြည့်မယ်ဆိုရင်လည်း သူပုန်တွေမှာ မြို့ပြ တည်ဆောက်ရေး၊ အုပ်ချုပ်ရေး လုပ်နိုင်တဲ့ စွမ်းရည် နေပြည်တော်က စစ်အစိုးရထက် ပိုအားသာနေတယ် ဆိုတာကို သိသာနိုင်ပါတယ်
တရုတ်နဲ့ အမေရိကန်အပါဝင် နိုင်ငံတကာဘက်ကနေ အချိန်မီကြားဝင် ဖြန်ဖြေပေးဖို့ အချိန် နောက်ကျသွားမယ် ဆိုရင်တော့ လက်နက်ကိုင် ပဋိပက္ခ အခြေနေဟာ ၁၉၈၈၊ ရှစ်လေးလုံး အရေးတော်ပုံကာလ အခြေနေကို ပြန်ရောက် သွားဖို့ သေချာသလောက်ရှိနေပါတယ်။

ဒီလိုအခြေနေမျိုးမှာ အာရပ်ကမ္ဘာမှာ လူထုအုံကြွမှုတွေ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုးတက်ဖြစ်ပေါ် နေပါတယ်။ လစ်ဗျားနိုင်ငံမှာဆိုရင် လက်နက်ကိုင် တော်လှန်ရေးက အမြင့်ဆုံး အခြေအနေ ရောက်နေပြီး မြို့တော် ထရီပိုလီ ကိုတောင် သူပုန်တွေက မနက်ဖြန် သဘက်ခါမှာ သိမ်းဖို့
 ပြင်နေပါတယ်။

ဒီဖြစ်စဉ်တွေအပေါ် ကျောင်းသားတွေက အားကျနေပြီး ဒီကယက်တွေ မြန်မာနိုင်ငံဆီကိုပါ ပျံ့နှံ့လာမယ်လို့ သူတို့က
မျှော်လင့်နေပါတယ်။ ဒီမျှော်လင့်ချက်ကို ပေးခဲ့သူတွေထဲမှာ အမေရိကန် လွတ်တော်အမတ် ဂျွန်မက်ကိန်းလို ပုဂ္ဂိုလ်မျိုးတောင် ပါဝင်နေတဲ့အတွက် မဖြစ်နိုင်တာကို ကျောင်းသားတွေက မျှော်လင့်နေတယ်လို့တော့ ပြောဖို့ ခက်ပါတယ်။

တကယ်ကတော့ သူတို့ရဲ့မျော်လင့်ချက်ဟာ လူထုလှုပ်ရှားမှုတင် မကပါဘူး။ လစ်ဗျားကို နေတိုးအဖွဲ့က ဗုံးကြဲပြီး သူပုန်တွေက တနိုင်ငံလုံးကို တဖြည်းဖြည်းချင်း သိမ်းပိုက်နေတဲ့ ဖြစ်စဉ်ကိုလဲ သူပုန်တွေက အားကျနေတာ
ဖြစ်ပါတယ်။

သူတို့ရဲ့မျှော်လင့်အားကျမှုတွေဟာ လက်တွေ့နဲ့ ဘယ်လောက် နီးစပ်သလဲ။ စိတ်ကူးယဉ် သက်သက်များ ဖြစ်နေ
လေ မလား။ ဒါဟာ နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ ရပ်တည်ချက်နဲ့ ပြည်တွင်းရှိ နိုင်ငံရေးပါတီတွေ။ နယ်စပ်က လက်နက်ကိုင် အဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်နေပါတယ်။

လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေ၊ နိုင်ငံရေး ပြဿနာတွေကို တွေဆုံ ဆွေးနွေးပြီး အဖြေရှာနိုင်အောင် ကုလသမဂ္ဂနဲ့
နိုင်ငံတကာ အသိုင်းဝိုင်းက အရပ်ဝတ် စစ်အစိုးရကို အသေချာ ဖိအားပေးနိုင်မလား။ ဒါမှမဟုတ် လစ်ဗျားပုံစံ စစ်ရေးအရ အရေးအရေးယူပြီး အာဏာရှင်စနစ်ကို ဖြုတ်ချရေးကို ဆောင်ရွက်မလား။ ဒီနှစ်ခုထဲက တခုခုကို
ရွေးချယ်ပြီး အချိန်ဇယားအတိအကျနဲ့ စတင်အကောင်ထည် ဖေါ်ဖို့ အရေးပေါ် လိုနေပါတယ်။

ဒီ ၂ ခု လုံးကို လျစ်လျူရှုပြီး လွန်ခဲ့တဲ့ ၂၃ နှစ်ကလိုပဲ သောင်မတင် ရေမကျ ဇာတ်မျှော ဆက်လုပ်ထားမယ် ဆိုရင်တော့ မြန်မာ့နိုင်ငံရေး အခြေနေဟာ မထူးဇာတ်ခင်းပြီး လက်နက်ကိုင် တိုက်ပွဲနဲ့ လက်နက်ကိုင် တော်လှန်ရေး ဘက်ဆီ ပြန်လည် ဦးလှည့်သွားဖို့ အခြေနေ အရပ်ရပ်က တွန်းပို့နေပြီ ဖြစ်ပါတယ်။
http://www.mizzimaburmese.com/edop/songpa/8089-2011-08-05-09-37-08.html

ဝါးရင့်ကို ၀ါးနုပတ်တာလား ဦးဇေကမ္ဘာ

လွတ်လပ်ရေးကြိုးပမ်းစဉ်မှစ၍ ယနေ့ တိုင် (၁၀၅)နှစ်သက်တမ်းရှိခဲ့ပြီဖြစ်သော ဗုဒ္ဓဘာသာကလျာဏယုဝ

အသင်း ( YMBA ) ဥက္ကဌဦးတင်ဝင်းကို သာသနနုဂ္ဂဟအသင်းဗဟို၌ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ပေးပါရန်

သာသနနုဂ္ဂဟအသင်းဥက္ကဌ ဒေါက်တာခင်ရွှေ၏ ကမ်းလှမ်းအဆိုပြုချက်ကို YMBA မှ လက်မခံခဲ့ကြောင်းသိရ

သည်။

အဆိုပါတွေ့ ဆုံပွဲတွင် သာသနနုဂ္ဂဟအသင်းဗဟိုဥက္ကဌ ဒေါက်တာခင်ရွှေက “ YMBA အသင်း၏ ရည်ရွယ်

ချက်များ၊ လုပ်ဆောင်ချက်များမှာ သာသနနုဂ္ဂအသင်းနှင့်တူနေကြောင်း၊ YMBA အသင်းဥက္ကဌကြီး၏

လုပ်ဆောင်ချက်များကို အားရကြောင်း၊ YMBA အသင်းဥက္ကဌကြီးကို သာသနနုဂ္ဂဟအသင်း၌ ဗဟို ဒုတိယ

ဥက္ကဌအဖြစ် ဆောင်ရွက်ပေးပါရန် propose လုပ်ပါကြောင်း၊ ဆန္ဒပြုပါကြောင်း၊ ၄င်းအပြင် YMBA မှလည်း

ဗဟို၊ တိုင်း၊ ပြည်နယ်၊ ခရိုင်အဆင့်ဆင့်၌ ပါဝင်စေလိုကြောင်း၊ YMBA မှ လိုအပ်သောငွေကြေးကို ပံ့ပိုးပေးသွား

မှာဖြစ်ကြောင်း YMBA မှ ပြုလုပ်သောအကြောင်းကို စီမံချက်တင်ပြပေးပါရန်နှင့် YMBA အသင်းအနေဖြင့်

သာသနနုဂ္ဂဟအသင်းအတွက် လုပ်ဆောင်ပေးပါရန် မေတ္တာရပ်ခံပါကြောင်း ” စသည်ဖြင့် ကမ်းလှမ်းဆွေးနွေး

ခဲ့ကြောင်းသိရသည်။


ဓမ္မပါလမြို့ သား


( The HOT NEWS ဂျာနယ်၊ Vol. 1, No. 51 “YMBA အသင်းဥက္ကဌ သာသနနုဂ္ဂဟအသင်း ဗဟိုဒုဥက္ကဌနေရာ

လက်မခံခဲ့” မှ တည်းဖြတ်ထုတ်နုတ်ဖော်ပြပါသည်)
aung myo tun

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဖိတ်ရေး လက်တွေ့ကမ်းလှမ်းမှု မရှိသေး



ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဖိတ်ရေး လက်တွေ့ကမ်းလှမ်းမှု မရှိသေး

E-mail Print
ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်ဟု ပြောဆိုသော်လည်း လက်တွေ့ကမ်းလှမ်းမှု မရှိသေး၍ သံသယဖြစ်မိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဝေဖန်ပြောဆိုလိုက်သည်။

DASSK_and_AKနေပြည်တော်၌ ယခုလအလယ်၌ အစိုးရကပြုလုပ်မည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား NLD ပါတီ ခေါင်းဆောင်တဦးအနေဖြင့် ဖိတ်ကြားခြင်းမဟုတ်ဘဲ တသီးပုဂ္ဂလအနေဖြင့် ဖိတ်ကြားမည်ဟု ယခုသီတင်းပတ်အတွင်း ဧရာဝတီအပါအ၀င် ပြည်ပမီဒီယာတချို့ကို သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်က ပြောခြင်းဖြစ်သည်။

NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ဖိတ်စာလည်းမရဘူး၊ အဆက်အသွယ်လည်း မရှိဘူး၊ မှားပြောတယ်လို့ ထင်တယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ဒေါက်တာ နေဇင်လတ်က မီဒီယာများတွင် ပြောဆိုခြင်းသည် ၎င်း၏ ပုဂ္ဂိုလ်ရေးထင်မြင်ချက်ဖြစ်ပြီး အစိုးရ၏ အာဘော်ဟု မထင်ကြောင်း၊ ဖိတ်ကြားခံရမည်ဟုလည်း မျှော်လင့်ချက် မထားကြောင်း ဆက်ပြောသည်။

ပြီးခဲ့သည့် လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှစ်ဌာန ၀န်ကြီး ဦးအောင်ကြည်တို့ အစိုးရ ဧည့်ဂေဟာတွင် တွေဆုံဆွေးနွေးပြီး ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ထိုတွေ့ဆုံပြီးနောက်ပိုင်း သမ္မတ နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင်လတ်၏ ယခုကဲ့သို့ ပြောဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဒေါက်တာ နေဇင်လတ်ကမူ “ပူးပေါင်းဆောင်ရွက်ဖို့ အားလုံး ကျယ်ကျယ်ပြန့်ပြန် ဖိတ်မယ်။ ၀န်ကြီးဌာနက အကြောင်းကြားလိမ့်မယ်။ ဒါ အလားအလာကောင်းတွေပဲ” ဟု ဧရာဝတီသို့ ပြောသည်။

NLD ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်က “ဖိတ်စာတွေ ဘာတွေနဲ့ တရားဝင်ပြောရမယ်၊ အခုပြောတာက မီဒီယာကဆိုတော့ တရားဝင်ပြောတာ မဟုတ်ဘူးလို့ သတ်မှတ်ပါတယ်” ဟု ဆိုသည်။

ယခု ပြောဆိုမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များ အကြားတွင်လည်း ပြောဆိုဆွေးနွေးခြင်း မရှိကြောင်း၊ အပြောင်းအလဲ ဖြစ်လာမည်ဟုလည်း မထင်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောဆိုသည်။

ထိုဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲများသည် အစိုးရသစ်လက်ထက် ပြီးခဲ့သည့် မေလအတွင်းကမှ စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ကြီးမှူးကျင်းပခြင်းဖြစ်သည်။

“အကောင်းဘက်က မြင်ပါတယ်”

သမ္မတဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဆင်းရဲမှုပပျောက်ရေး ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားမည် ဟူသော သတင်း ထွက်ပေါ်နေသည်၊ မကြာသေးမီကလည်း အစိုးရကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့သည်။ ဤအခြေအနေတွင်  သမ္မတဦးသိန်းစိန်၏ အကြံပေးအဖွဲ့ဝင် ဗိုလ်ကြီးဟောင်း၊ လုပ်ငန်းရှင်၊ ပညာရှင် ဒေါက်တာနေဇင်လတ်က  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ အနေအထား၊ အစိုးရအဖွဲ့၏ အခြေအနေအကြောင်း ဧရာဝတီကို  သုံးသပ်ပြောပြသည်။ ဧရာဝတီ အကြီးတန်းသတင်းထောက် ဝေမိုးက ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။

Nay_Zin_Latt2
ဒေါက်တာနေဇင်လတ်
မေး ။    ။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဆင်းရဲမှုပပျောက်ရေး ဆွေးနွေးပွဲတက်ဖို့ ဖိတ်မယ်လို့ ကြားပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ ။    ။ ဒီလိုပဲ ကြားပါတယ်။ ပူးပေါင်းဆောင်ရွက်မှုအတွက် ဖိတ်မယ် ဆိုပြီး ကျနော်တို့လည်း အဲဒီလို ကြားပါတယ်။

မေး ။    ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မယ်လို့ ဒေါက်တာနေဇင်လတ်တို့ အကြံပေးအဖွဲ့ကို သမ္မတဦးသိန်းစိန် သို့မဟုတ် အစိုးရအဖွဲ့က အဲဒီလို ပြောတာလား။

ဖြေ ။    ။ ကျနော်တို့က လုပ်ငန်း ခွဲထားတာလေးတွေ ရှိတယ်။ ကျနော်တို့လုပ်ငန်းတွေကို ကျနော်တို့က တောက်လျှောက် engage ဖြစ်နေ (ထိတွေ့နေ) တယ်လေ။  information (သတင်းအချက်အလက်) ကလည်း ကျနော်တို့ သိပ်ပြီးတော့လည်း ရလှတယ်လို့ မဟုတ်ဘူး။ ဖိတ်မယ် ဆိုတာတော့ ကြားနေပါတယ်။

မေး ။    ။ သူ့ကို ဘယ်လို ဖိတ်မှာလဲ။ တသီးပုဂ္ဂလအနေနဲ့ ဖိတ်မှာလား။ နိုင်ငံရေးပါတီခေါင်းဆောင် အနေနဲ့ ဖိတ်မှာလား။

ဖြေ ။    ။ လေ့လာသူ၊ observer, attendance အနေနဲ့ ဖိတ်မယ်လို့ ကြားရပါတယ်။

မေး ။    ။ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် လှမ်းပြီးတော့ ပြောတာတွေ ရှိသလား။

ဖြေ ။    ။ ဒါ ကျနော်တို့နဲ့ သိပ်မဆိုင်ဘူးလေ၊ ၀န်ကြီးဌာနနဲ့ ပိုဆိုင်လိမ့်မယ်။ သူတို့က ကမကထ လုပ်တာကိုး။ ၀န်ကြီးဌာနတွေက အခါအားလျော်စွာပေါ့၊ ပြီးခဲ့တဲ့လကဆိုရင် ဆက်သွယ်ရေးဝန်ကြီးဌာနက e-government ဆိုပြီး လုပ်သွားတယ်လေ။ အဲဒီတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနက ပိုပြီးတော့ သိပါလိမ့်မယ်။

မေး ။    ။ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးဦးအောင်ကြည်နဲ့ တွေ့တယ်။ အခု ဆွေးနွေးပွဲတခုတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မယ်လို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး စာထုတ်တယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လို ထင်ပါသလဲ။

ဖြေ ။    ။ ကောင်းတယ်လေ၊ ဘာကြောင့်လဲ ဆိုတော့ (ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး တွေ့အပြီး)  ပူးတွဲကြေညာချက်ထုတ်တယ် ဆိုတော့ ဘုံရပ်တည်ချက်တွေက သဘောတူသွားပြီ လို့ ကျနော်တို့ ယူဆလို့ ရတယ်လေ။ အရင်ကတော့ ဆွေးနွေးတယ်၊ ရလဒ်တခုတော့ ရှိမှာပေါ့၊ သို့သော်လည်း ဘုံ သဘောတူညီချက် အဆင့်အထိ မရခဲ့ကြဘူး။ အဲဒီလို သုံးသပ်ပါတယ်၊ ဒါကလည်း အပြုသဘော အများကြီး ဆောင်မှာပါ။

မေး ။    ။ အပြုသဘော ဆောင်မှာပါ ဆိုတာ ဆင်းရဲမှုပပျောက်ရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မှာကို ပြောတာလား။ ဖြစ်စဉ်တခုလုံးကို ပြောတာလား။

ဖြေ ။    ။ ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ကြတယ်၊ တွေ့ပြီးတဲ့အခါမှာ နှစ်ဘက် ကြေညာချက်ထုတ်နိုင်တယ်။  ကြေညာချက်ထုတ်နိုင်တာကနေ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပြီးတော့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကူညီဆောင်ရွက်ပေးပါမယ် ဆိုတဲ့  statement (ကြေညာချက်) ထွက်လာတယ်။ ဒါတွေဟာ အကုန်လုံး ခြုံပြီးကြည့်လိုက်မယ် ဆိုရင် ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးတော့  ရခဲ့တဲ့ ဘုံ သဘောတူညီချက်ရဲ့ အသီးအပွင့်လို့ ကျနော်တို့က ယေဘုယျ  မှတ်ယူလို့ ရမှာပေါ့ဗျာ။ ဖြစ်စဉ်တခုလုံးကို ကြည့်မယ်ဆိုရင် အပြုသဘော၊ အပေါင်းလက္ခဏာ အများကြီး ဆောင်လာတာကို တွေ့ရပါတယ်။

မေး ။    ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ကြည်တို့ နောက်တကြိမ်တွေ့ဖို့က ဘယ်တော့လောက် ဖြစ်မယ်လို့ ခန့်မှန်းထားသလဲ။

ဖြေ ။    ။ ကျနော်တို့ကတော့ အကြံပေးပဲဗျ။ အကြံပေးဆိုတော့ ကျနော်တို့ရဲ့ တာဝန်ပဲ ထမ်းဆောင်ပါတယ်။ ကျန်တာကတော့ အစိုးရအဖွဲ့ကပဲ ဆုံးဖြတ်ဖို့ ရှိပါတယ်။ ကြေညာချက်မှာလည်း သင့်တင့်လျောက်ပတ်တဲ့အချိန်မှာ ထပ်ပြီး တွေ့ဆုံမယ် ဆိုတာ ပါပါတယ်။ အဲဒီအချိန်မှာ ထပ်တွေ့မယ်လို့ မျှော်လင့်လို့ရတာပေါ့။

မေး ။    ။ လုံခြုံရေးအရ အရေးယူထားတယ် ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားများအရေး၊ ပြီးတော့ တိုင်းရင်းသား ဒေသတိုက်ပွဲတွေ စတဲ့  မြန်မာပြည်နိုင်ငံရေးမှာ အဖုအထစ်တွေ ဖြစ်နေတဲ့ ကဏ္ဍတွေနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်ချက် ပေးချင်လဲ။

ဖြေ ။    ။ stabality (တည်ငြိမ်ရေး) ကိုတော့ အရင် ကြည့်ရတာပေါ့ဗျာ၊ အမေရိကန်တောင်မှ stabality ကို ဒီနေ့အထိ ကြည့်ရတုန်းပါပဲ။ stabality  ဖြစ်ပြီလို့ ယူဆတဲ့အချိန်ကျရင်တော့ အကျဉ်းသားတွေ အကုန်လုံးပေါ့နော်၊ ကျနော် ထင်တယ် ဖြည်းဖြည်းချင်းတော့ release လုပ်ပေး (လွှတ်ပေး) မှာပါ။ နယ်စပ်ဒေသတွေမှာ ပစ်ခတ်မှု ဆိုတာကလည်း အာရှမှာ အထူးသဖြင့် အင်ဒိုနီးရှားမှာ ဆိုရင် ကျနော်တို့ထက်တောင် ပိုပြီးတော့ ကြီးကြီးမားမား ဖြစ်ခဲ့ဖူးသေးတယ်လေ။ ကျနော်တို့ဆီမှာလည်း ဒီကိစ္စမျိုးတွေက ရှိနေပါတယ်။ အစိုးရသက်တမ်းကလည်း အခုမှ ၄ လပဲ ရှိသေးတယ် ဆိုတော့ ဒါက ရုတ်တရက်ကြီးတော့ အပစ်အခတ် တစုံတရာ မရှိတော့တဲ့ အခြေအနေ ဖြစ်သွားဖို့ကတော့ အချိန်တခုတော့ ပေးရမှာပေါ့။ ကြိုကြားကြိုကြားလေးတွေကတော့ ရှိနေမှာပါပဲ၊ နိုင်ငံ တနိုင်ငံ အနေနဲ့။ သို့သော်လည်း အရှည်ကို ကြည့်တဲ့အခါ positve (အကောင်းဘက်) ကို သွားနေလား၊ negative (အဆိုးဘက်) ကို သွားနေလား ဆိုရင် ကျနော် ထင်တယ် positve လမ်းကြောင်းဘက်ကို အများကြီး ဦးတည်နေပါတယ်။

မေး ။    ။ ဒေါက်တာနေဇင်လတ်တို့မှာ နိုင်ငံရေးအကျဉ်းသားအရေး၊ တိုင်းရင်းသားအရေး တို့နဲ့ ပတ်သက်ပြီး  အမြန်ဆုံး ဖြေရှင်းဖို့အတွက် အားထုတ်မှုတွေ ရှိသလား။

ဖြေ ။    ။ ရှိပါတယ်။ အစိုးရတရပ် အနေနဲ့ ဒါကိုလည်း သူ (သမ္မတဦးသိန်းစိန်) အလေးထားပြီးတော့ စဉ်းစားမှာပါ။   အမြင်မတူလို့ အပြင်ရောက်သွားတဲ့သူတွေရော၊ ပြည်တွင်းမှာ ရှိတဲ့သူတွေရော အားလုံးဟာ သန်း ၆၀ ရှိတဲ့ မိသားစုကြီးတခုလို့ သူ ယူဆထားပါတယ် တဲ့။ ဘုံသဘောတူညီချက်တွေ ယူမယ်၊ ဖြည်းဖြည်းချင်း အမြင် မတူတာတွေကို ပြန်ညှိမယ်။ ဒါတော့ ရေရှည် လုပ်ရမယ့် အလုပ်ပဲ ဆိုပြီး ကျနော့်ကို ပြောထားပါတယ်၊ အားလုံးကို အမြင်တူတူ မတူတူပေါ့ဗျာ။ အားလုံးဟာ သန်း ၆၀ မှာ ရှိတဲ့ မိသားစုလို့ သဘောထားတာကို ကျနော်တို့ သေချာလေး သတိထားမိတယ်လေ။ ကျနော်တို့ (အကြံပေးအဖွဲ့) သက်တမ်းလည်း ဘာမှ မရှိသေးပါဘူး၊ သုံးလပဲ ရှိပါသေးတယ်။ သုံးလအတွင်း ထိထိရောက်ရောက် လုပ်ပေးတာကို ကျနော်တို့ တွေ့ရပါတယ်။

မေး ။    ။ ဆင်းရဲမူ ပပျောက်ရေးနဲ့ ပတ်သက်ပြီးတော့ သမ္မတ ဦးသိန်းစိန်က ၂၀၁၄ – ၂၀၁၅ မှာ ၁၆ ရာခိုင်နှုန်းအထိ လျော့ချနိုင်မယ် ဆိုပြီး သူပြောထားတယ်။ ထို့အတူပဲ နိုင်ငံရေး အကျဉ်းသား အရေး၊ တိုင်းရင်းသားအရေး ဆိုင်ရာတွေ အတွက် အချိန်သတ်မှတ်ထားတာမျိုးရှိသလား။

ဖြေ ။    ။ target (အချိန်သတ်မှတ်မှု) ရှိပါလိမ့်မယ်။ သို့သော်လည်း ခက်တာက သဘာဝ မတူဘူးလေ။ ရေရမှု ပပျောက်ရေးမှာ ကျတဲ့တော့ ကျနော်တို့မှာ ငွေထုတ်ချေးမယ်၊ job creation (အလုပ်အကိုင်ဖန်တီးမှု) လုပ်ပေးမယ် ဆိုရင် အနေထားတရပ် ကြားထဲမှာ လုပ်လို့ရတယ်။ တိုင်းရင်းသား အရေးကျတော့ ၀ိဝါဒ ကွဲပြားတာမျိုး ရှိတာကိုး။ အမြင်မတူတာကို တူအောင် ညှိဖို့အတွက်ပေါ့ဗျာ၊  ညှိနှိုင်းမှုတွေ လုပ်ရဦးမှာကိုး။ ဆိုတဲ့အခါကျတော့ target တော့ ရှိလိမ့်မယ်။ ညှိရနှိုင်းရတဲ့ ကိစ္စရပ်လေးတွေတော့ ပိုရှိသွားလိမ့်မယ်။

မေး ။    ။ ဒေါ်အောင်ဆန်းစုကြည်က အရင်တပတ်က တိုင်းရင်းသားအရေး သူ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးဖို့အတွက် အသင့်ပါပဲလို့  သမ္မတဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာပေးပြီး ပြောထားတာ ရှိတယ်။ ဒါကို ဘာပြောချင်ပါသလဲ။

ဖြေ ။    ။ ကျနော်ကတော့ အကောင်းဘက်က မြင်ပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့  ကမ်းလှမ်းတယ်ပေါ့ သူ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကြားကနေ ဆောင်ရွက်ပေးမယ် ဆိုပြီးတော့ သူကမ်းလှမ်းတယ်ပေါ့ဗျာ။ အဲဒီ ကမ်းလှမ်းချက်ကလည်း ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ပြီး မကြာခင်မှာ ဖြစ်လာတယ်လေ။ ဒီ ရလဒ်တွေရဲ့ အသီးအပွင့်တွေလို့ ကျနော်တို့ ယူဆရပါတယ်။

မေး ။    ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ တရားဝင် ရပ်တည်ရေးနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။ ဒီအကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးဦးအောင်ကြည်နဲ့ တွေ့တုန်းကလည်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဖြေ ။    ။ ကျနော် comment (မှတ်ချက်) ပေးလို့တော့ မရဘူးဗျ။ ကျနော်တို့က အကြံပေးဆိုတော့ ကျနော်တို့အပိုင်း၊ တာဝန်ပဲ ထမ်းဆောင်တယ်။ ဟိုဘက် အသေးစိတ်ကိုတော့ သမ္မတက တာဝန်ပေးထားတဲ့ ၀န်ကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆွေးနွေးချက်တွေ ဖြစ်လာတယ်၊ အဲဒီအပေါ်မှာမှ သင့်လျော်တဲ့၊ အကောင်းဆုံး အလုပ် တခုကို လုပ်ကြမယ်လို့ အဲဒီလောက်ပဲ ကျနော် မြင်ပါတယ်။ 

မေး ။    ။ သူတို့ တွေ့ပြီးတဲ့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အိတ်ဖွင့်ပေးစာတစောင် ထုတ်တဲ့အခါ NLD ရဲ့ အထွေထွေအတွင်းရေးမှူး အနေနဲ့ မဟုတ်ဘဲနဲ့ သူတဦးတည်းအနေနဲ့ ထုတ်ခဲ့တယ်။ အဲဒါက ဦးအောင်ကြည်နဲ့ ဆွေးနွေးမှုရဲ့ ရလဒ်လား။

ဖြေ ။    ။ ဟုတ်ပါတယ်။ ကျနော် အဲဒီလို ယူဆပါတယ်။ နိုင်ငံတော်ကလည်း တရားဝင် offer လုပ်ထားတာ (ကမ်းလှမ်းထားတာ) ရှိတယ်လေ၊ လူမှုရေးအသင်းအဖွဲ့ အနေနဲ့ ဖွဲ့မလား၊ ဒါဆိုရင်လည်း register လုပ်လို့ (အဖွဲ့အစည်းမှတ်ပုံတင်လို့) ရတယ်။ သို့မဟုတ်ရင်လည်း နိုင်ငံရေးအသင်းအဖွဲ့ အနေနဲ့ register  ပြန်လုပ်မလား၊ ဒါလည်း လုပ်လို့ ရတယ်ပေါ့။ အဲဒီ နှစ်ခုကို မလုပ်သေးတဲ့ အခါကျတော့ ကျနော် ထင်ပါတယ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ ပုဂ္ဂိုလ်ရေးအရ စာထုတ်တယ် လို့ ကျနော် မြင်တယ်လေ။

မေး ။    ။ ဒီလို သူ ပုဂ္ဂိုလ်ရေးအရ လှုပ်ရှားလာတာကို ဘယ်လို မြင်ပါသလဲ။ ပါတီခေါင်းဆောင်အနေနဲ့ မဟုတ်ဘဲ အမျိုးသားရေးမှာ လှုပ်ရှားလာတယ်လို့ မြင်သလား။

ဖြေ ။    ။ ပါတီကို register ပြန်မလုပ်သေးတဲ့အတွက် ပါတီကိုယ်စားပြုဖို့ လောလောဆယ်တော့ ကြောင်းကျိုး မဆီလျော်သေးဘူးပေါ့။ အဲဒီအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပေါ့ ပုဂ္ဂလိကလုပ်တဲ့ သဘောမျိုး အနေနဲ့ပေါ့။

မေး ။    ။ အစိုးရသစ်ကလည်း သက်တမ်း ၄ လ ရှိလာပြီ၊ အကြံပေးအဖွဲ့ကလည်း ၃ လ ရှိပြီ၊ ဒီကာလ အတွေ့အကြုံတွေ အကြောင်း ခြုံပြီး ပြောပြပါဦး။

ဖြေ ။    ။  သမ္မတကြီး အနေနဲ့ သေသေချာချာ ကျနော်တို့ရဲ့ report (အစီရင်ခံစာ) တွေကို သူတို့ ဖတ်ပါတယ်။ တကယ်လို့ မည်ကာမတ္တအကြံပေးသဘောမျိုး ထားမယ် ဆိုရင်  ကျနော်တို့ အလုပ် သိပ်မများနိုင်ဘူးပေါ့။ အခု ကျနော်တို့ တော်တော်လေး အလုပ်များပါတယ်။ အလုပ်များတယ် ဆိုတာက ကျနော်တို့ရဲ့ report တွေကို မှန်မှန်တင်တယ်ဗျ၊ ပြောချင်တာက အကြံပေးပုဂ္ဂိုလ်ထားပြီး သူတို့ရဲ့အကြံကို မယူကြဘူး ဆိုရင် ကျနော်တို့ အလုပ်နည်းမယ်ပေါ့။ လက်ရှိအနေအထားမှာတော့ ကျနော်တို့ တော်တော်လေး အလုပ်များပါတယ်။ ဆိုလိုတာက တင်တဲ့ report တွေ အကုန်လုံးကို သမ္မတက ခြုံငုံပြီး စဉ်းစားတာတွေ အများကြီးပေါ့ဗျာ၊ report တွေ အကုန်လုံးကိုတော့ ဂရုစိုက်ဖတ်ပါတယ်။

မေး ။    ။ သတင်းစာမှာ တွေ့ရတာက နိုင်ငံခြားခေါင်းဆောင်တွေဆီကို သ၀ဏ်လွှာပို့ရင် သမ္မတဦးသိန်းစိန်က သမ္မတတွေကို ပို့တယ်၊ ၀န်ကြီးချုပ်အဆင့်တွေကိုတော့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦးက ပို့တာ တွေ့ရတယ်။  ဦးတင်အောင်မြင့်ဦးက အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ်အနေနဲ့ရှိတဲ့သဘောလား။

ဖြေ ။    ။ အဲဒါကျတော့ ကျနော်တို့နဲ့ သိပ်မဆိုင်ဘူး။ ကျနော်တို့က သမ္မတကြီးရဲ့ အကြံပေးပဲ ဖြစ်ပါတယ်ဗျ။ အစိုးရအဖွဲ့တခုလုံးနဲ့ ပတ်သက်ရင် ကျနော်တို့က တော်တော်များများ မသိနိုင်ဘူးလေ။ အဲဒီအတွက် ကျနော် comment ပေးရင်လည်း သိပ် မှန်မှာ မဟုတ်ဘူး။ ။
http://www.irrawaddy.org/bur/