ဆွေးနွေးပွဲတခုလုံးသားသမီး၊သားသမီးနဲ့ပါးစပ်ဖျားကကိုမချဖူး။။
တကယ်ပြေလည်ချင်တယ်ဆိုရင်အခေါ်အပြောလေးတွေပြင်ဆင်သုံးဖို့ဦးသိန်းစိန်ကိုပြောချင်ပါတယ်။
ပြည်သူသာအမိ၊ပြည်သူသာအဖပါ။မိမိကိုယ်ကိုပြည်သူကတင်မြှောက်တဲ့ဒီမိုကရေစီအစိုးရလို့ခံယူတယ်ဆိုရင်ပေါ့။
ဒီဆွေးနွေးပွဲမှာသုံးနုံးတဲ့အခေါ်အဝေါ်တွေကိုကြည့်ရင်နှစ်၆၀လုံး(ဒေါ်အောင်ဆန်းစုကြည်အပါ)ဆွေးနွေးလာခဲ့တာ
တွေမအောင်မြင်နိုင်ခဲ့တာတွေ့ရပါလိမ့်မယ်။
zidduဖြင့်ဖိုင်ရယူရန် ...၉၀မက်
mediafireဖြင့်ဖိုင်ရယူရန် ...၉၀မက်
VOAမှတင်ဆက်မှုကြည့်လိုလျှင်
Tuesday, August 16, 2011
ကေအိုင်အေနဲ့ ပြည်နယ်ဝန်ကြီးဆွေးနွေးပွဲရုပ်သံ
ပြည်တွင်း ၈၈ ကျောင်းသားတွေ ဦးဆောင်တဲ့ မြစ်ဆုံကန်ပိန်း
ပြည်တွင်းက ၈၈ ကျောင်သားတွေ ဦးဆောင်လုပ်တယ်လို့  သိရပါတယ်။
မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုပါ။
(အောင်မျိုးထွန်းပေးပို့ပါသည်)
ဧရာဝတီ အတွက် လှုပ်ရှားမှုတခု
2011-08-16
ဧရာဝတီမြစ် ထာဝရ ရှင်သန်ရေး အတွက် ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့ ဒီကနေ့ သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ထိုး တင်ပြတဲ့ လှုပ်ရှားမှု တခုကို ရန်ကုန်မြို့မှာ စတင် လှုပ်ရှားပါတယ်။
ဒီလှုပ်ရှားမှုဟာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု မဟုတ်ဘဲ ဧရာဝတီမြစ် ထာဝရ ရှင်သန်လိုသူများ အမည်ခံ လူထုလူတန်းစား ပေါင်းစုံက လှုပ်ရှားမှုကို နိုင်ငံတော်က သိအောင် တင်ပြတာ ဖြစ်တယ်လို့ စည်းရုံး လှုံ့ဆော်သူ တွေက ပြောပါတယ်။ လက်မှတ်များ လိုက်လံ ရယူရာမှာ လူထုအနေနဲ့ တော်တော်လေးကို စိတ်ပါဝင်စားတာ တွေ့ရတယ်လို့ စည်းရုံးရေးမှူး တဦးဖြစ်တဲ့ ကိုမြတ်သူက ပြောပါတယ်။
“လူထုတွေ ထဲမှာတော့ အတော့်ကို စိတ်ဝင်းစားတာ တွေ့ရတယ်။ ကျနော်တို့က သေချာရှင်းပြတယ်။ ဒါဟာ ဥပဒေ ချိုးဖောက်တာ မဟုတ်တဲ့ အကြောင်း၊ ဘာအန္တရာယ်မှ မရှိစေရဘူး ဆိုတဲ့ အကြောင်း၊ ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး လှုပ်ရှားမှုသာ ဖြစ်တယ်။ သမ္မတကို မေတ္တာရပ်ခံတာသာ ဖြစ်တဲ့အကြောင်း ရှင်းပြတော့ လူထုက လက်မှတ်ထိုးဖို့ စိတ်အားထက်သန် ကြပါတယ်”
အခုလှုပ်ရှားမှုကို ရန်ကုန်မြို့နဲ့အတူ တခြား နယ်မြို့တွေ အပါအ၀င် လူငယ်အဖွဲ့အစည်းများ ကွန်ယက် များက တဆင့်လည်း လက်မှတ်တွေ လိုက်လံ ကောက်ခံမှာ ဖြစ်တယ်လို့သိရပါတယ်။
နိုင်ငံတော် သမ္မတထံ ပေးပို့တဲ မေတ္တာရပ်ခံစာမှာ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်နေတဲ့ ဆည်တွေ အပါအ၀င် ဒေသဆိုင်ရာတွေရဲ့ စီမံခန့်ခွဲမှု မှားယွင်းတာတွေကြောင့် ဧရာဝတီမြစ်ကြီး ထိခိုက်ရတဲ့ အကြောင်းတွေ အပြင် စီးပွားရေး ၀ိသမ လောဘသားတွေကြောင့် ဧရာဝတီမြစ်ကြီး ထိခိုက်ရတဲ့ အခြေအနေ တွေကို ရေးသားပြီး ဧရာဝတီကို ကယ်တင်ဖို့ မေတ္တာရပ်ခံ ထားတာ ဖြစ်ပါတယ်။
ကောက်ခံ ရရှိတဲ့ လက်မှတ်တွေကို အပတ်စဉ် သမ္မတ ဦးသိန်းစိန်ရုံးကို ဆက်လက်ပို့ဆောင် မှာဖြစ်တယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/irrawaddy-signatures-08162011104918.html
ဆရာ့ကို အန်တီတစ်ယောက်တည်းပိုင်တာ မဟုတ်ပါဘူး
“ဆရာ့ကို သူ့ ရဲ့  ရဲဘော်ရဲဘက်စာရေးဖော်တွေက မီးမသင်္ဂြိုလ်ခိုင်းဘူး။ ဂူသွင်းမြှပ်နှံချင်ပါတယ်လို့ 
အန်တီ့ကို တောင်းဆိုထားပါတယ်။ ဆရာ့ကို အန်တီတစ်ယောက်တည်းပိုင်တာ မဟုတ်ပါဘူး။ သူ့ ရဲ့
အပေါင်းအသင်း၊ စာဖတ်ပရိသတ်တွေအားလုံးပိုင်တဲ့အတွက် သူတို့ ရဲ့ ဆန္ဒတွေကို ဦးစားပေးသွားမှာပါ”
ဒေါ်ခင်မာမာ
(ဆရာနန္ဒာသိန်းဇံ၏ဇနီး)
(ကိုအောင်မျိုးထွန်းပေးပို့သည်။)
ရန်ကုန်မြို့သားတွေလည်းသိစေချင်ပါသည်။
ဆင်းရဲမွဲတေမှု နှင့် အဓိကရုဏ်းကြားက ဆက်မျဉ်းလေးတစ်ချောင်း
Tuesday, 16 August 2011 11:46 မောက္ခ နိုင်ငံတကာသတင်း
လန်ဒန်မြို့တော်တခွင် ပြဲပြဲစင်ခဲ့သော ဆူပူအုံကြွမှုကြီးကား အဆုံးသတ်သွားပါပြီ။ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကတော့ ဒါတွေအတွက် တရားမျှတမှု ရရှိစေရမည်ဟု ကတိပေးလိုက်သည်။
ဒီ အဓိကရုဏ်းအတွင်း လူပေါင်း ၃၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည် ။ ၁၂၀၀ ကျော်ကို တရားရုံးတင် စစ်ဆေးခဲ့ပါသည်။ အခုအချိန်ကား နိုင်ငံရေးသမားတွေနှင့် လူမှုဗေဒပညာရှင်တွေရဲ့ အလှည့်ကို ရောက်လာပါသည်။ ဘာကြောင့် ဒီလိုဆူပူအုံကြွမှု အဓိကရုဏ်းများ ဖြစ်ခဲ့ပါသလဲ။ နောက်နောင်အလားတူ အဖြစ်မျိုးမဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုသည့် မေးခွန်းများ၏ အဖြေများကို တွက်ချက်ကြတော့သည် ။
ဗြိတိန်တွင် လွန်ခဲ့သောနှစ် ညွန့်ပေါင်းအစိုးရ တက်လာပြီးကတည်းက ကျောင်းသားတွေရဲ့ ဆန္ဒပြမှုများ တက္ကသိုလ်များကို ၀င်ရောက်သိမ်းပိုက်မှုများ၊ သပိတ်မှောက်မှုများ ၊ သိန်းဂဏန်းချီသော လူထုချီတက်ပွဲများဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။ အခုလည်း မြို့တော်လန်ဒန်မှာ ရဲက ဆန္ဒပြသူကို ပစ်ခတ်ရာမှ စတင်၍ လူသေဆုံးသည်အထိ ပြင်းထန်သော အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြန်သည်။ ဒီလိုအဖြစ်အပျက်တွေသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။
ဂါးဒီယန်း သတင်းစာကြီးကတော့ ဘာကြောင့် အဓိကရုဏ်း ဖြစ်ပွားရသလဲဆိုသော အမြင်တစ်ခုကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလာလေပြီ။ သူတို့ရဲ့အဆိုအရ ဆင်းရဲမွဲတေ မှုနှင့် အဓိကရုဏ်းတို့ ဆက်စပ်နေကြောင်း ငြင်းချက်ထုတ်ထားပါသည်။ ဂါးဒီယန်းသတင်းထောက် ဆိုင်မန်ရော်ဂျာ နှင့် မတ်စတိုင်လ်က ဆင်းရဲမွဲတေ ချို့တဲ့ခြင်းအပေါ် အခြေခံရေးဆွဲထားသော သီအိုရီကို အသုံးပြုပြီး အဓိကရုဏ်း ဖြစ်ပွားသော နေရာများနှင့် လန်ဒန်သားများနေထိုင်သောနေရာကို ယှဉ်တွဲပြကာ သူတို့၏အဆိုကို ပေါ်လွင်အောင် မြေပုံနှင့် တင်ပြထားပါသည်။
ရလဒ်ကတော့ အံ့သြစရာမရှိပါ ။ မြေပုံပေါ်တွင် ဆင်းရဲသားများနေထိုင်သောနေရာကို အနီရင့်ရင့်ဖြင့် ပြသထားပြီး ပိုမိုချမ်းသာသောသူများ နေထိုင်သောနေရာများကို အပြာရောင်နှင့် အစိမ်းရောင်များဖြင့် ခြယ်သထားသည်။ အကြမ်းဖက်မှု၊ ခိုးဆိုးလုယက်မှု၊ ဖျက်ဆီးမှုများ ဖြစ်ပွားသော နေရာများကိုမူ အပေါ်မှနေ၍ အစက်လေးများဖြင့် ပြသထားပါသည်။
အစိုးရ၏ ခြိုးခြံချွေတာရေးပေါ်လစီ၊ အလုပ်လက်မဲ့ပေါများလာမှု၊ ဆင်းရဲမှုနှုန်း မြင့်မားလာမှု စသော အကြောင်းရင်းများကြောင့် လူတွေလမ်းပေါ်ထွက်လာကြသည်မှာ လယ်ပြင်ဆင်သွားသလို ထင်ရှားလှပေသည်။
အခုအဓိကရုဏ်း စတင်ဖြစ်ပွားရာ တော့တင်ဟမ်မှာ လန်ဒန်တွင် စတုတ္ထမြောက် အဆင်းရဲဆုံးဖြစ်ပြီး အလုပ်လက်မဲ့ ဦးရေမှာ ၈.၈ ရာခိုင်နှုန်းရှိရာ ဗြိတိန်ရှိ ပျမ်းမျှအလုပ်လက်မဲ့ ရာခိုင်နှုန်း၏ ၂ ဆ ရှိပါသည်။ များများထုတ် များများသုံးဝါဒကလည်း လူတွေကို အကြွေးနွံနစ်စေကာ တိုင်းပြည်၏ စီးပွားရေးအခြေအနေကို ဒယိမ်းဒယိုင် ဖြစ်အောင်တွန်းပို့နေပါသည် ။
ရစ်ချတ်ဝီလဆင်နှင့် ကိတ်ပ် ကက်တို့ကတော့ ရာဇ၀တ်မှု၊ ကျန်းမာရေးချို့တဲ့မှု၊ စာရိတ္တယိုယွင်းမှု၊ စသော လူမှုရေး ပြသနာများသည် စီးပွားရေးအခြေအနေ ကောင်းမွန်ပြီး ဆင်းရဲချမ်းသာ ကွာဟမှုနည်းသော လူ့အဖွဲ့အစည်းအတွင်းမှာထက် မညီမျှသော လူ့အဖွဲ့အစည်းအတွင်းမှာ ပိုမိုအဖြစ်များကြောင်း ထောက်ပြပါသည်။
တိုင်းပြည်၏ အချမ်းသာဆုံး ၁၀ ရာခိုင်နှုန်းသည် ကျန်သောဆင်းရဲသားလူတန်းစားအားလုံးထက် အဆ ၁၀၀ မျှ ချမ်းသာနေခြင်းက ဗြိတိန်သည် ညီမျှမှုမရှိဆုံးသော ဖွံ့ဖြိုးပြီး နိုင်ငံများအထဲတွင် တစ်ခုအပါအ၀င် ဖြစ်နေပေပြီ။
အဆောက်အအုံတွေကို မီးရှို့နေသောပုံရိပ်များ၊ မီးတောက်နေသောကားများ၊ အလုပ်လက်မဲ့ ပြဿနာနှင့် စတိုးဆိုင်အတွင်း လုယက်မှုများ။ ဒါတွေကို စကြည့်လျှင်တော့ အဘယ်ကြောင့် အခုလို ဖြစ်ရသလဲဆိုတာ မသဲကွဲ ၀ိုးတိုးဝါးတား ဖြစ်နေပါလိမ့်မည် ။ လင်းကနဲ ဖြစ်စေသော အဖြေတစ်ခုကတော့ ရှိကောင်းရှိမည် ။ ဆင်းရဲမွဲတေမှု၊ အလိုဆန္ဒမပြည့်မှုက ဒေါသတရားတွေအတွက် လောင်စာဖြစ်သည် ။ အဆိုပါလောင်စာတွေသည် အခြေအနေတစ်ခုတွင် ထပေါက်သောအခါ အဓိကရုဏ်းကို အရှိန်ပြင်းသထက်ပြင်းအောင် မီးထိုးပေးနေသလားဆိုတာကိုတော့ လန်ဒန်မြို့သားတွေသာ အသိဆုံး ဖြစ်ပါလိမ့်မည်။
သုခသခင်
Ref :
http://www.guardian.co.uk/commentisfree/2011/aug/08/context-london-riots
http://www.stumbleupon.com/su/8RJ95N/www.good.is/post/don-t-blame-students-for-getting-tricked-into-law-school/
http://www.bbc.co.uk/news/uk-politics-14524834
http://www.maukkha.org/
လူ့အခွင့်အရေး တိုက်ပွဲဝင်ပုဂ္ဂိုလ်များ အပိုင်း ၎
Published on August 16, 2011 by ခင်မောင်စိုး · No Comments
နိုင်ငံသားအခွင့်အရေးကို ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့တဲ့ အမေရိကန်တွေးခေါ်ရှင်ကြီး ဟင်နရီဒေးဗစ်သောရိုးအကြောင်းကို တင်ပြခဲ့ပါတယ်။ နိုင်ငံသားကောင်းတွေအနေနဲ့ အစိုးရဆိုးတွေရဲ့ အမိန့်ဥပဒေတွေကို မလိုက်နာဘဲ အာခံနိုင်တဲ့အခွင့်အရေးရှိတယ် ဆိုတာကို လက်တွေ့ရော စာပေအရေးအသားနဲ့ပါ လူသိအောင် လုပ်ခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီးဒေးဗစ်သောရိုးရဲ့ ဩဇာကို ခံခဲ့ရသူတွေအထဲက ကမ္ဘာကျော်ပုဂ္ဂိုလ်တယောက်ကတော့ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ဖြစ်ပါတယ်။ မဟတ္တမဂန္ဒီဟာ မတရားတဲ့အစိုးရကို ပြည်သူလူထုအနေနဲ့ စုပေါင်းဆန့်ကျင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲပြီး ကိုလိုနီအင်္ဂလိပ်အစိုးရကို အိန္ဒိယနိုင်ငံအတွင်းမှ ထွက်ခွာအောင် လုပ်နိုင်ခဲ့ပါတယ်။ လူထုအားကို သုံးပြီး အကြမ်းမဖက်ဆန့်ကျင်တဲ့ သူ့ရဲ့နည်းလမ်းဟာ ယခုထက်တိုင် လူ့အခွင့်အရေးတိုက်ပွဲဝင်သူများကို ဆွဲဆောင်နေဆဲပါ။
မဟတ္တမဂန္ဒီကို ၁၈၆၉ ခုနှစ်မှာ ဟိန္ဒူလူမျိုး မိသားစုမှ မွေးဖွားပါတယ်။ သူ့ဖခင်က သူ့မွေးရာဇာတိကို အုပ်ချုပ်သူဖြစ်တဲ့အတွက် ဂန္ဒီအဖို့ မတောင့်မတ နေခဲ့ရတယ်လို့ ပြောရပါမယ်။ အသက် ၁၃ နှစ်အရွယ်မှာပဲ ဟိန္ဒူထုံးတမ်းစဉ်လာအတိုင်း အိမ်ထောင်ပြုခဲ့ပါတယ်။ ဒီအိမ်ထောင်နဲ့ သားလေးယောက်ရရှိခဲ့ပါတယ်။ ဂန္ဒီဟာ ပညာရေးမှာ သိပ်ပြီးမထူးချွန်လှပါဘူး။ တက္ကသိုလ်ဝင်တန်းကိုတောင် မအောင်ဘဲ ကျရှုံးခဲ့ပါသေးတယ်။ အသက် ၁၈ နှစ်ရောက်တော့ လန်ဒန်ကောလိပ်ကို ဥပဒေပညာသင်ဖို့ ရောက်သွားပါတယ်။။ ၄ နှစ်ကြာ ပညာသင်ပြီးတဲ့နောက်မှာ အိန္ဒိယကို ပြန်လာပါတယ်။ ဥပဒေပညာရှင်အဖြစ် ရပ်တည်ဖို့ကြိုးစားပေမယ့် မအောင်မြင်ပါဘူး။
အသက် ၂၄ နှစ် အရွယ် ၁၈၉၃ ခုနှစ်မှာတော့ အိန္ဒိယသားပိုင် ကုမ္ပဏီတခုကနေ တနှစ်စာချုပ်နဲ့ အလုပ်လုပ်ဖို့ခေါ်တဲ့အတွက် တောင်အာဖရိကကို ရောက်သွားပါတယ်။ ဒါဟာ ဂန္ဒီအတွက်တော့ ကြီးမားတဲ့ ဘဝအလှည့်အပြောင်းပါ။ ဘာကြောင့်လည်းဆိုတော့ တောင်အာဖရိကမှာရှိတဲ့ အင်္ဂလိပ်ကိုလိုနီအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်ဝါးထင်ထင်တွေ့မြင်ရရုံမက သူကိုယ်တိုင်ခံစားခဲ့ရလို့ ဖြစ်ပါတယ်။
တခါတော့ ဂန္ဒီဟာ ပထမတန်းလက်မှတ်ဝယ်ပြီး ရထားစီးပါတယ်။ တောင်အာဖရိကမှာ လူမဲတွေနဲ့ အိန္ဒိယတွေကို ပထမတန်းက စီးခွင့်မပေးပါဘူး။။ ဒါကြောင့် လက်မှတ်စစ်က သူ့ကို တတိယတန်းပြောင်းစီးဖို့ ပြောပါတယ်။ ဂန္ဒီက မပြောင်းနိုင်ဘူးလို့ ငြင်းတဲ့အခါ ရထားပေါ်ကနေ မောင်းချခံရပါတယ်။ နောက်တခါကတော့ လူဖြူကို နေရာပေးဖို့ ထိုင်ခုံက မထပေးတဲ့အတွက် အရိုက်ခံရပါသေးတယ်။ တောင်အာဖရိကမှာ လူဖြူတွေကိုသာ တည်းခိုခွင့်ပြုတဲ့ ဟိုတယ်တွေ ရှိတာကြောင့် ဟိုတယ်တွေရဲ့ ငြင်းပယ်မှုကို ဂန္ဒီဟာ အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
တောင်အာဖရိကတိုက်မှာ နေထိုင်တဲ့ အိန္ဒိယသားတွေကို ခွဲခြားဆက်ဆံရာမှာ အရေးအကြီးဆုံး အချက်တခုကတော့ မဲပေးပိုင်ခွင့်မရှိတဲ့ အချက်ပါ။ ဒါကို တိုက်ပွဲဝင်ဖို့အတွက် ဂန္ဒီကြီးဟာ တနှစ်စာချုပ်ပြည့်ပေမယ့် တောင်အာဖရိကမှာပဲ ဆက်နေခဲ့ပါတယ်။ တောင်အာဖရိက မှာရှိတဲ့ အိန္ဒိယသားတွေနဲ့ ပူးပေါင်းပြီး အိန္ဒိယကွန်ဂရက်အဖွဲ့ကို တည်ထောင်ပြီး မဲပေးခွင့်ရအောင် ကြိုးစားခဲ့ပါတယ်။ မဲပေးခွင့်ရအောင် မလုပ်နိုင်ခဲ့ပေမယ့် ကိုလိုနီအင်္ဂလိပ်အစိုးရက အိန္ဒိယသားတွေအပေါ် ခွဲခြားဆက်ဆံတာတွေ၊ မတရားပြုမူတာတွေ အိန္ဒိယသားများရဲ့ ဆင်းရဲဒုက္ခတွေကိုတော့ လူသိအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါကို မကျေနပ်တဲ့ လူဖြူအုပ်စုတစုက သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ပြီး လုပ်ကြံဖို့ ကြိုးစားခဲ့ပါသေးတယ်။
၁၉၀၆ ခုနှစ်မှာ တောင်အာဖရိကမှာနေတဲ့ အိန္ဒိယသားတွေကို မှတ်ပုံတင်ဖို့ အစိုးရက အမိန့်ထုတ်ပါတယ်။ ဒါပေမယ့် မဲထည့်နိုင်တဲ့ နိုင်ငံသားအဆင့်ကိုတော့ မပေးပါဘူး။ ခွဲခြားဆက်ဆံမှုတွေ မတရားပြုမူတွေကိုလည်း မလျှော့ပါဘူး။ ဒါကြောင့် ဒါကို တုံ့ပြန်ဖို့အတွက် ဂန္ဒီဟာ ဂျိုဟန်နက်စဘတ်မှာ လူထုဆန္ဒပြပွဲကြီး တခုကို ဦးဆောင် ပြုလုပ်ပါတယ်။ ဒီဆန္ဒပြပွဲကစပြီး သူရဲ့သစ္စာဂရဟ နည်းကို ကျင့်သုံးပါတယ်။
သစ္စာဂရဟ နည်းက အကြမ်းမဖက်ဆန့်ကျင်တဲ့နည်းပါ။ သစ္စာဂရဟတရား အမှန်တရားကို အားကိုးတဲ့နည်းပါ။ ကိုယ်ဆန့်ကျင်တဲ့သူက ဘာပဲလုပ်လုပ် အကြမ်းမဖက်ဘဲ ငုံ့ခံတဲ့နည်းပါ။ တောင်အာဖရိကမှာ ရှိတဲ့ အိန္ဒိယသားတွေအနေနဲ့ ဂန္ဒီရဲ့ဦးဆောင်မှုအောက်မှာ သစ္စာဂရဟနည်းနဲ့ ခုနစ်နှစ်ကြာအောင် ကိုလိုနီအစိုးရကို အာခံခဲ့ကြပါတယ်။ ဂန္ဒီအပါအဝင် လူပေါင်းထောင်နဲ့ချီပြီး ထောင်ကျခံ၊ အရိုက်အနှက်ခံ၊ သေနတ်အပစ်ခံ အသေခံပြီး ဆန့်ကျင်ခဲ့ကြပါတယ်။
အစိုးရအနေနဲ့ ဂန္ဒီတို့အဖွဲ့ကို နှိမ်နင်းနိုင်ခဲ့ပေမယ့် သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်များအတွက် အများပြည်သူရဲ့ ကဲ့ရဲ့ရှုတ်ချမှုကို အကြီးအကျယ် ခံခဲ့ရပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ ဂန္ဒီနဲ့ညှိနှိုင်းမှုတွေ လုပ်ခဲ့ရပါတယ်။
၁၉၁၄ ခုမှာ ဂန္ဒီဟာ အိန္ဒိယကို ပြန်လာပါတယ်။ ဒီအချိန်မှာ သူ့အသက်က ၄၅ နှစ် ရှိပါပြီ။ တောင်အာဖရိကကို ကျောခိုင်းခဲ့ပေမယ့် မတရားတဲ့ အမိန့် ဥပဒေတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ ကိုလိုနီအင်္ဂလိပ်အစိုးရကတော့ ဂန္ဒီကို အိန္ဒိယကနေ အသင့်စောင့်ကြိုနေပါတယ်။
အိန္ဒိယကို ရောက်တဲ့အခါမှာ ဂန္ဒီပထမဆုံး လုပ်ဆောင်တာကတော့ သစ္စာဂရဟ ဝတ်ကျောင်းတော်တခုကို ထူထောင်တာပါ။ အဲဒီဝတ်ကျောင်းတော်မှာ ယောကျာ်း၊ မိန်းမ ၂၅ ယောက် နေထိုင်ပါတယ်။ သူတို့ဟာ သစ္စာဂရဟတရားကို ဦးထိပ်ထားပြီး အစားအသောက်မှာ ခြိုးခြံသလို ဘာကိုမှ ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။ နောက်ပြီး အကြမ်းမဖက်တဲ့ကျင့်စဉ်ကို ကျင့်သုံးနေထိုင်ကြရပါတယ်။ သူတို့ရဲ့ ဘဝပန်းတိုင်ကတော့ အိန္ဒိယနိုင်ငံသားများအတွက် အကျိုးပြုရေးပါ။ ဂန္ဒီဟာ ဘာသာရေးနဲ့ နိုင်ငံရေး၊ လူမှုရေးကို တသားတည်းဖြစ်အောင် ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ သူ့အဖို့တော့ သစ္စာတရားနဲ့ နေထိုင်ခြင်းဟာ ဘုရားသခင်နဲ့ နေထိုင်ခြင်းပါပဲ။ ဒါကြောင့် သူက သစ္စာတရားသည် ဘုရားသခင်ဖြစ်သည်ဆိုတဲ့ ဆောင်ပုဒ်ကို စွဲကိုင်ပြီး လူသားများရဲ့ လွတ်လပ်ရေးကို ရရှိအောင် ဦးဆောင်ရှေ့ရွက် ပြုခဲ့တာပါ။
အိန္ဒိယနိုင်ငံကို ပြန်ရောက်ပြီး မကြာခင်မှာပဲ တချို့ဒေသတွေမှာ ငတ်မွတ်ခေါင်းပါးတဲ့ ကပ်ဆိုက်ပါတယ်။ ဒီလို အငတ်ဘေး ဆိုက်နေတဲ့အချိန်မှာပဲ ကိုလိုနီ အင်္ဂလိပ်အစိုးရကလည်း အခွန်အတုတ်တွေကို တိုးမြှင့်လိုက်ပါတယ်။ ဒါဟာ တိုင်းသူပြည်သားများကို ဆင်းရဲတွင်း ချောက်ကမ်းပါးကြီး အတွင်းသို့ တွန်းချလိုက်ခြင်းပဲလို့ ဂန္ဒီက မြင်ပါတယ်။ ဒါကြောင့် အငတ်ဘေးဆိုက်တဲ့ ဒေသတွေကို သွားပြီး အစာရေစာရအောင်၊ ပညာသင်နိုင်အောင်၊ ကျန်းမာရေးစောင့်ရှောက်မှု ရအောင် အကူအညီပေးပါတယ်။ ဒါကို အင်္ဂလိပ်အစိုးရက တိုင်းပြည်မငြိမ်မသက် ဖြစ်အောင်လုပ်တယ်ဆိုပြီး သူ့ကို ဖမ်းပါတယ်။ ဒီအခါမှာ ပြည်သူလူထု သိန်းနဲ့ချီပြီး ဂန္ဒီကို လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။ အစိုးရလည်း နောက်ဆုံးမှာတော့ လွှတ်ပေးလိုက်ရပါတယ်။ ဒီအချိန်ကစပြီး ဂန္ဒီကို မဟတ္တမဂန္ဒီလို့ ခေါ်ကြပါတယ်။
ဒီနောက်မှာတော့ မဟတ္တမဂန္ဒီဟာ ကိုလိုနီအစိုးရနဲ့ မပူးပေါင်းဖို့ ဟောပြောပါတယ်။ အင်္ဂလိပ်ထုတ်ကုန်တွေကို မသုံးဘဲ ကိုယ့်ဖာသာယက်လုပ်တဲ့ အထည်တွေကိုသာ ဝတ်ဖို့ စည်းရုံးလှုံ့ဆော်ပါတယ်။ သူကိုယ်တိုင်လည်း သူ့ဖာသာယက်တဲ့ အထည်ကိုသာ ဝတ်ပြပါတယ်။ ဒီလိုနည်းနဲ့ နိုင်ငံရေးလှုပ်ရှားမှုအတွင်းကို အမျိုးသမီးများပါဝင်လာအောင် လုပ်နိုင်ခဲ့ပါတယ်။ ဂန္ဒီဟာ အင်္ဂလိပ် အဝတ်အထည်များကို သပိတ်မှောက်ဖို့သာမက အင်္ဂလိပ်အစိုးရနဲ့ မပူးပေါင်းဖို့ အစိုးရဝန်ထမ်းများအဖြစ်က နုတ်ထွက်ကြဖို့ အင်္ဂလိပ်အစိုးရက အပ်နှင်းချီးမြှင့်ထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို ပြန်ပေးဖို့လည်း စည်းရုံးဟောပြောပါတယ်။ ဒီလှုပ်ရှားမှုအတွက် ဂန္ဒီကြီးဟာ ထောင် ၆ နှစ် ပြစ်ဒဏ်ချမှတ်တာ ခံခဲ့ရပါတယ်။
ဂန္ဒီကြီးရဲ့ လူသိများတဲ့ လှုပ်ရှားမှုတခုကတော့ ၁၉၃၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆားခွန်မပေးရေး ဆန္ဒပြချီတက်ပွဲကြီးပါ။ ဂန္ဒီကြီးနဲ့တကွ လူထောင်သောင်းများစွာဟာ ပင်လယ်ရေကနေ ကိုယ့်ဖာသာ ဆားချက်မယ်ဆိုပြီး ကီလိုမီတာ ၄၀၀ ဝေးတဲ့ ခရီးရှည်ကြီးကို ချီတက်ကြပါတယ်။ ဒီချီတက်ပွဲမှာ လူပေါင်း ၆ သောင်းကျော် အဖမ်းခံခဲ့ရပါတယ်။
မဟတ္တမဂန္ဒီဟာ နိုင်ငံသားများ လွတ်လပ်ရေးအတွက် ထောင်အကြိမ်ကြိမ် ကျခဲ့ရသလို လုပ်ကြံမှုလည်း အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ဒီလိုဒုက္ခတွေကို ကြံ့ကြံ့ခံရင်း တိုက်ပွဲဝင်ခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံကနေ ပါကစ္စတန်နိုင်ငံက ခွဲထွက်သွားတဲ့အတွက် ဂန္ဒီကြီး အလွန်စိတ်ထိခိုက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာတော့ ဟိန္ဒူ- မွတ်စလင် ချစ်ကြည်ရေးအတွက် သူဟာ အားသွန် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ၁၉၄၈ ဇန်နဝါရီ ၃၀ ရက်မှာ ဝတ်ပြုဆုတောင်းဖို့ ဘုရားကျောင်းကို အသွား ဟိန္ဒူအယူသည်းသမား တယောက်ရဲ့ လုပ်ကြံမှုကြောင့် ကွယ်လွန်သွားခဲ့ရပါတယ်။
ဂန္ဒီကြီး ကွယ်လွန်သွားတဲ့အခါ ဂျဝါဟာလာနေရူးက တိုင်းပြည်ကို မိန့်ခွန်းတခု ပြောကြားပါတယ်။
“အိုး မိတ်ဆွေအပေါင်းအသင်းများနှင့် ရဲဘော်ရဲဘက်များခင်ဗျား – ကျနော်တို့ ဘဝထဲက အလင်းရောင်တော့ ကွယ်ပျောက်သွားပါပြီ။ နေရာတကာမှာ အမှောင်ထုကြီး ဖုံးလွှမ်းနေပါပြီ။ ကျနော်တို့အလွန်တရာ လေးစားကြည်ညိုရတဲ့ ခေါင်းဆောင်ကြီး ကျနော်တို့ အိန္ဒိယနိုင်ငံရဲ့ ဖခင်ကြီးဟာ အခု မရှိတော့ပါဘူး” လို့ ကြေကွဲဝမ်းနည်းစွာ ပြောကြားခဲ့ပါတယ်။
တကယ်တော့ လွတ်လပ်စွာရှင်သန်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို အိန္ဒိယနိုင်ငံသားများ ရရှိခံစားနိုင်အောင် ကြိုးပမ်းသွားတဲ့ မဟတ္တမဂန္ဒီဟာ အိန္ဒိယနိုင်ငံတခုတည်းအတွက်သာ အလင်းရောင် ဖြစ်တာ မဟုတ်ပါဘူး။ လူသားအားလုံးအတွက် လမ်းပြရှေ့ဆောင် မီးရှူးတန်ဆောင်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးတလုံးအဖောက်ခံရလို့ အခြားမျက်လုံးတလုံးကို ပြန်ဖောက်မယ်ဆိုရင် ကမ္ဘာကြီးဟာ အကန်းကမ္ဘာကြီး ဖြစ်သွားမယ်လို့ ပြောခဲ့တဲ့ မဟတ္တမဂန္ဒီရဲ့ အကြမ်းမဖက်တဲ့နည်းကို နောက်ပိုင်းမှာတော့ မာတင်လူသာကင်း တို့လို လူ့အခွင့်အရေးတိုက်ပွဲဝင်သူများက ဆက်လက်ကိုင်စွဲ ကျင့်သုံးရခြင်း ဖြစ်ပါတယ်။
http://burmese.dvb.no
လမ်းဘေးဈေးသည်များကို စည်ပင်က ဖမ်းပြီ
Published on August 16, 2011 by နော်နိုရင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လမ်းဘေးဈေးသည်တွေကို စတင်ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းယူနေတဲ့အတွက် ဈေးသည်တွေ နစ်နာဆုံးရှုံးနေရပါတယ်။
ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ဝါးတန်းလမ်းမှာ ရောင်းတဲ့ လမ်းဘေးဈေးသည် ၂၀ ဝန်းကျင်ကို ဒီမနက် ၆ နာရီဝန်းကျင်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လာရောက်ဖမ်းဆီးပြီး သိမ်းယူသွားတာလို့ ဈေးသည် ဦးသိန်းဇော်က ပြောပါတယ်။
“ဝါးတန်းလမ်းမှာ ဖွင့်ထားတဲ့ ငါးတန်းတို့၊ ကြက်သည်တို့ကို ဖမ်းထားတာ တော်တော်များတယ်။ ခရိုင်ရုံးက ကားပြာကြီးနဲ့ ဖမ်းသွားတာ။ တော်တော်ကို ဒုက္ခရောက်နေတယ်။ စာကတော့ ၉ ရက်နေ့လောက်က ကမ်းတယ်။ လမ်းမတော်က စည်ပင်ရဲတပ်ဖွဲ့ရုံးက ခေါ်ပြောတာ။ လမ်းမတော်ကတော့ အပေါ်က ညွှန်ကြားချက်လည်း မကျသေးတော့ ၃ နာရီကနေ အကန့်အသတ်မရှိ ရောင်းလို့ရပါတယ်။ အဲလိုပြောပြီးတော့ ဒီနေ့မနက်မှာ ဝါးတန်းလမ်းမှာ ရောင်းတဲ့ ငါးသည်၊ ကြက်သည်တွေကို ဝင်ဖမ်းတယ်။ ဒီနေ့ကြက်သည်တယောက်ဆိုရင် သုံးသိန်းကျော်ဖိုးလောက် ပါသွားတယ်။ ဒဏ်ငွေလည်းမရဘူး။ ဖျက်သိမ်းဆိုပြီး ကားအပြာကြီးတွေနဲ့ အကုန်တင်သွားတာ။ ဈေးသည်တွေ အယောက် ၂၀ လောက်ရဲ့ ပစ္စည်းတွေ ပါတယ်။ လာပြီး ဝင်ဖမ်းတဲ့အချိန်က မနက် ၆ နာရီလောက်ဆိုတော့ ဈေးမရောင်းရသေးတဲ့ အချိန်မှာ ပစ္စည်းတွေက အရမ်းများတယ်။ အကုန်ပါကုန်တယ်။”
ဈေးရောင်းသူတွေကိုတော့ ဖမ်းဆီးမှု မလုပ်ပေမယ့် ပစ္စည်းအားလုံ သိမ်းယူသွားတာဖြစ်ပြီး မိမိပစ္စည်းတွေ လိုချင်ရင် ၅ သောင်းနဲ့ ပြန်ရွေးဖို့ ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
ဈေးသည်တွေအနေနဲ့ တနေ့စာ ဝင်ငွေရရှိရေးအတွက် လုပ်ဆောင်ရတာဖြစ်လို့ ငွေ ၅ သောင်းပေးပြီး မရွေးတော့ဘဲ အရှုံးခံတာတွေ များတယ်လို့ ဆိုပါတယ်။ ဒီမနက် ဖမ်းဆီးထားတဲ့ ပစ္စည်းတန်ဖိုးက ၁၀ သိန်းကျော်လောက်ရှိမယ်လို့ အဲဒီဈေးသည်က ပြောပါတယ်။
ရန်ကုန်စည်ပင်သာယာရေးကော်မတီက လမ်းဘေးဈေးသည်တွေ လိုက်နာရမယ့် စည်းကမ်းချက်နဲ့ ကန့်သတ်ချက်တွေကို အခုလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
စည်းကမ်းချက်တွေထဲမှာ မြို့တွင်း ၆ မြို့နယ်အတွင်း နာမည်တပ် လမ်းမကြီးနဲ့လူသွားစင်္ကြန် တွေပေါ်မှာ ဈေးရောင်းချ ခွင့်မပြုတာ၊ ဈေးရောင်းသူတွေဟာ နိုင်ငံသားစိစစ်ရေးကတ်နဲ့ ဈေးရောင်းတဲ့ မြို့နယ်မှာ နေထိုင်ကြောင်း ပုံစံ ၁၀ အမြဲ ယူဆောင်ရမယ် စတဲ့အချက်တွေ ပါဝင်သလို လမ်းမကြီးတွေနဲ့ လူသွားစင်္ကြန်တွေပေါ်မှာ ဈေးရောင်းသူတွေကို ဩဂုတ် ၁၂ ရက်နေ့ကစပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။
စည်ပင်ကထုတ်ပြန်တဲ့ စည်းကမ်းချက်တွေဟာ သူတို့နဲ့ကိုက်ညီမှုမရှိတဲ့အတွက် ဈေးသည် ၅၀၀ ကျော် စုပေါင်းလက်မှတ်ထိုးပြီး မနေ့က သမ္မတဆီ စာရေးတောင်းဆိုခဲ့ပါတယ်။
ဈေးသည်တွေဘက်က ပေးပို့တဲ့စာကို အကြောင်းမပြန်ခင်မှာ အခုလို ဖမ်းဆီးမှုတွေ ပြုလုပ်နေတာ နဲ့ပတ်သက်ပြီး ဈေးသည် ဦးသိန်းဇော်က အခုလို ပြောပါတယ်။
“ကျနော်တို့က ဒီစာအပေါ်မှာ စောင့်မျှော်နေတယ်။ စည်းကမ်းတကျနဲ့များ ဈေးရောင်းခွင့်ရမလား။ စာရော အထက်ကိုရောက်ပြီလား။ ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ စောင့်နေတာက အမြန်ဆုံး ဖြေရှင်းချက်တခုခုတော့ လိုချင်တာပေါ့။ ဈေးလုံးဝမရောင်းရဘူး ဆိုရင်လည်း အလုပ်အခွင့်အလမ်းတခုခုပေး။ ဈေးကတော့ မရောင်းလို့မရဘူး။ ကျနော်တို့မှာ ဘာမှမလုပ်စားတတ်တော့တာ။ စည်ပင်အရာရှိတွေ ပြောသလို အလုပ်လိုချင်လာခဲ့ဆိုပေမယ့် လမ်းဘေးတံမြက်စည်းလှဲဖို့ဆိုတာ ကျနော်တို့မိသားစုနဲ့ အဆင်မပြေနိုင်ဘူး။ လက်ရှိအနိမ့်ဆုံးဝန်ထမ်းက တနေ့မှ ၁၅၀၀ ကျပ်ပဲ။ မိသားစုငါးယောက်ရဲ့ တနေ့စရိတ်က ၇၀၀၀ ကျော် ရှိတယ်။ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဒီလိုမျိုး ရောင်းလိုက်ပြေးလိုက်နဲ့ဆို ကျနော်တို့ ဘဝဘယ်လိုမျိုးတွေ ဆက်ဖြစ်မလဲဆိုတာတော့ မတွေးရဲတော့ဘူး။”
သူ့အနေနဲ့ ဈေးရောင်းချတာ အနှစ် ၂၀ ရှိပြီဖြစ်ပေမယ့် ဒီလိုဖမ်းဆီးမှုမျိုး အရင်က မကြုံခဲ့ရဘူးလို့ ပြောပါတယ်။
ဈေးသည်တွေအတွက် ကိုက်ညီမယ့် လုပ်ငန်းတွေကို အစိုးရအနေနဲ့ လုပ်ဆောင်နိုင်မှုမရှိဘဲ ဒီလို ဖမ်ဆီးမှု ပြုလုပ်မယ်ဆိုရင် မလိုလားအပ်တဲ့ ရာဇဝတ်မှုမျိုးတွေ ဖြစ်နိုင်တယ်လို့လည်း ဦးသိန်းဇော်က သတိပေးပြောဆိုပါတယ်။
“ကျနော်တို့ဈေးသည်ဆိုတာ ဆိုင်တွေမှာ အကြွေးရှိတယ်။ ရင်းနှီးထားရတဲ့ အဲဒီအကြွေးတွေ အခုဆို လုံးဝမဆပ်နိုင်ဘူး။ တဖက်က ကျနော်တို့ကို လိမ်တယ်လို့ ထင်တယ်။ ကျနော်တို့မှာ လည်ပတ်နေရင် ပေးနိုင်တယ်။ မပေးနိုင်လို့ တရားစွဲတာတွေ ဖြစ်လာမယ်။ ဈေးသည်ကဈေးမရောင်းချရတော့ အကြွေးတွေ ဝိုင်းလာတယ်။ နောက်ဆက်တွဲအနေနဲ့ ဥပဒေနဲ့ မကင်းတဲ့ ဒုစရိုက်မှုတွေဖြစ်လာနိုင်တယ်။”
မနေ့က ပေးပို့တဲ့ ဈေးသည်တွေရဲ့စာမှာတော့ နိုင်ငံတော်အစိုးရကနေ ကောက်ခံသော သင့်တင့်တဲ့ အခွန်အခတွေကို ပေးဆောင်ပြီး၊ ကတ္တရာလမ်းမပေါ်တွင် ရောင်းချခြင်း မပြုပါ။ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ စားသောက်ကုန်တွေကိုသာ ရောင်းချပါမည်။ စည်းကမ်းရှိစွာ၊ ဆူညံမှု မရှိစေရပါ။ သန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိ မရှိ အခါအားလျော်စွာ စစ်ဆေးခြင်းကို လက်ခံပါမည် စသည့်အချက်များ ပါဝင်ပါတယ်။
http://burmese.dvb.no/archives/14229
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
Posted by admin on August 16, 2011
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ၊ အထူးသဖြင့် အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းမှုရာခိုင်နှုန်းက အတော်များပြားပါတယ်။ အာရှဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက ကျေးလက်ဒေသမှာ ရှိပြီး၊ အာဖရိက ဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၆၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိရှိကြောင်း ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းတွေမှာ တွေ့ရှိ ရပါတယ်။ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု မြင့်တက်လာတာနဲ့အမျှ မြို့ပြသို့ ပြောင်းရွှေ့နေထိုင် အခြေချမှုတွေ များပြား လာတဲ့အတွက် မြို့ပြဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း မြင့်မားလာစေနိုင်တဲ့ အချက်တချက်ဖြစ်ကြောင်း ပညာရှင်တွေက သုံး သပ်ပြောဆို ထားကြပါတယ်။ ကျေးလက်ဒေသ အခြေခံအဆောက်အအုံကို လျစ်လျူရှုထားခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရအသုံးစရိတ်ရာခိုင်နှုန်း နည်းပါးခြင်း၊ လယ်ယာမြေများကို အတင်းအဓမ္မသိမ်းယူခြင်း စတဲ့ အုပ်ချုပ်ရေးယန္တရား လစ်ဟာချက်တွေကြောင့် ကျေးလက်ဆင်းရဲနွမ်းပါးမှုတွေ မြင့်တက်လာပြီး၊ မြို့ပြဆင်းရဲနွမ်းပါးမှု တွေပါ ထပ်ဆင့် မြင့်တက်လာတတ်ပါတယ်။
ကျေးလက်ဆင်းရဲနွမ်းပါးမှုဆိုရာဝယ်
ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၀င်ငွေ၊ အလုပ်အကိုင်၊ အသုံးစရိတ်တွေအားလုံးဟာ စိုက် ပျိုးမွေးမြူရေး၊ တံငါနဲ့ ကျေးလက်အခြေပြု စက်မှုလုပ်ငန်း၊ ၀န်ဆောင်မှု စတာတွေအပေါ်မှာ တည်မှီနေပြီး၊ အများစုက တော့ စိုက်ပျိုးရေးကဏ္ဍမှာ ဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးရေးကဏ္ဍမှာ တည်မှီနေတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍရဲ့ ကြိုတင်မ မြင်နိုင်သော အခက်အခဲတွေဖြစ်တဲ့ ရာသီဥတုဖောက်ပြန်မှု၊ မိုးခေါင်ရေရှားမှု၊ လေမုန်တိုင်းကျမှု၊ ရေကြီးမှု စတာတွေ ဖြစ်ပွားပြီး၊ လယ်ယာမြေတွေ ပျက်စီးသွားတဲ့ အခြေအနေတွေ ဖြစ်ပွားလာတဲ့အခါ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေ ရေးကို ထိခိုက်လာတတ်ပါတယ်။
ကျေးလက်ဒေသရဲ့ သွင်ပြင်လက္ခဏာတရပ်က လူဦးရေထူထပ်မှု (population density) လျော့နည်းခြင်း ဖြစ်ပါတယ်။ ဒီလို လျော့နည်းမှုတွေဟာ အခြေခံအဆောက်အအုံ (basic infrastructure)၊ ၀န်ဆောင်မှု အားနည်းချက် စတာတွေနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိတာကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေအတွက် အရံအတား ဖြစ်လာစေပါ တယ်။ ကျေးလက်ဒေသထုတ်ကုန်တွေကို မြို့ပြကို တင်ပို့တဲ့အခါ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ကြီးမားတာ ကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု (market competitiveness) ကျဆင်းလာပါတယ်။ ဒါကြောင့် ကျေးလက်နေ ပြည်သူ တွေရဲ့ assets accumulation နဲ့ income volatility management ကို ထိခိုက်စေပါတယ်။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုမှာ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကလဲ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ မြို့ကြီးများနဲ့ နီးစပ်တဲ့ ကျေးလက်ဒေသ (Peri-urban areas) တွေမှာ ဈေးကွက်များသို့ ၀င်ရောက်နိုင်မှု အခွင့်အလမ်း များပြားခြင်း၊ အခြေခံအဆောက်အအုံနှင့် ၀န်ဆောင်မှုများရှိခြင်း စတာတွေကြောင့်၊ ဝေးလံခေါင်ဖျား ကျေးလက်ဒေသတွေမှာ ဖြစ်ပွား တတ်တဲ့ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန်တွေနဲ့ ကွဲပြားခြားနားပါတယ်။ စစ်မက်ဖြစ်ပွားရာဒေသမှာ နေထိုင်ကြတဲ့ ကျေးလက် ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုကလဲ အခြားဒေသတွေထက် ပိုပြီး ဆိုးရွားမှု ရှိနိုင်ပါတယ်။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို ပိုမိုးဆိုးရွားစေတဲ့ အရာတွေကတော့ ဓနရှင်မြေပိုင်ရှင်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ အစိုးရ ရဲ့ လယ်ယာမြေမူဝါဒဆိုင်ရာ အားနည်းချက်များ၊ လယ်ခွန်၊ ယာခွန် ကောက်ခံမှုများ၊ လယ်ယာမြေများကို မတရားရား သိမ်းယူမှု၊ လယ်ယာထုတ်ကုန်များကို လက်ဝါးကြီးအုပ်မှု စတာတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ rural dualism ပြဿနာကြောင့် ကျေးလက်နေပြည်သူအများအပြား အတိဒုက္ခရောက်ခဲ့ကြရပါတယ်။ ကျေးလက်ဒေသ တွေမှာ လယ်သမား၊ ယာသမားတွေနဲ့ subsistence farming system အပြင် မြေပိုင်ရှင်ကြီးတွေနဲ့ commercial production system တွေကပါ အတူတကွ ယှဉ်တွဲတည်ရှိနေပါတယ်။
အကျိုးဆက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ လယ်သမား၊ ယာသမားတွေဟာ အရင်းရှင်၊ မြေရှင်တွေ၊ ငွေတိုး ချေးစားသူတွေ ရဲ့သွေးစုပ်ခြယ်လှယ် အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ခါးစည်းခံရကြရတာပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေ ဆိုးတွေကို လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဗျူရိုကရက်ယန္တရားက အားဖြည့်လိုက်တဲ့အခါ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေဟာ ဆင်းရဲတွင်းထဲကနေ ရုန်းထွက်နိုင်ဖို့ ခဲယဉ်းလာကြရပါတော့တယ်။ တရား ဥပဒေ စိုးမိုးမှု အားနည်းခြင်း၊ ဥပဒေဘက်တော်သားများက မြေရှင်၊ အရင်းရှင်များဘက်မှ ဘက်လိုက်ခြင်း၊ ဆင်းရဲနွမ်းပါး သူများရဲ့ အသံများကို အလေးမထားခြင်း၊ ပြည်ပပို့ကုန်များအား ဦးစားပေးစိုက်ပျိုးစေခြင်း စတာတွေဟာ ကျေးလက် ဒေသ ဆင်းရဲနွမ်းပါးမှု သံသရာလည်နေစေတဲ့ အကြောင်းတရားတွေပါပဲ။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ
(၁) စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုရှိခြင်းအားဖြင့် စိုက်ပျိုးရေးမဟုတ်သော အခြားကဏ္ဍများရဲ့ တိုးတက်ရေးကို stimulate လုပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့ agroindustries တွေက နေ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အစားအစာ ဈေးနှုန်းများ ကျဆင်းစေခြင်း၊ ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့အခြေချနေထိုင်မှုနှုန်းကို လျှော့ချပေးခြင်း စတာတွေကြောင့် မြို့ပြဆင်းရဲနွမ်းပါးမှုကိုပါ လျှော့ချပေးနိုင်ပါ တယ်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်ပေမယ့်၊ ထိရောက်စွာ လျှော့ချပေးနိုင်ရေးအတွက် အခြေအနေအချို့ကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်မှုကို အာရုံစိုက်ခြင်းအားဖြင့် မြေယာဈေးကွက် (land markets) နဲ့ အရင်းအနှီးဈေးကွက် (Capital markets) တွေကို ထိ ခိုက်စေခြင်း မရှိရပါဘူး။ အရင်းအနှီးဈေးကွက်ကို ဖိနှိပ်မှုတွေ လုပ်လာတဲ့အခါ ဈေးကွက်ကို ထိခိုက်ပြီး ဖွံ့ဖြိုး တိုးတက် ရေးကို နှောင့်နှေးစေတတ်ပါတယ်။
ဈေးနှုန်း၊ အခွန်ကောက်ခံမှုနဲ့ ငွေလဲလှယ်နှုန်းဆိုင်ရာ မူဝါဒတွေကို စိုက်ပျိုးရေးကဏ္ဍတွေကို penalize လုပ်ခြင်း မရှိရပါ ဘူး။ ကျေးလက်ဒေသရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးဝန်ဆောင်မှုတွေကို တိုးမြှင့်ပေးဖို့နဲ့ ကျေးလက် ဒေသရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တနိုင်ငံလုံးအနှံ့ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဆင်းရဲ နွမ်းပါးသူတွေအတွက် safety nets တွေနဲ့ လူမှုထောက်ကူပြု အစီအစဉ်တွေကိုလဲ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒတွေ ချမှတ်ရာမှာ ဈေးကွက်နဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာ အချက် အလက်တွေကို ပဏာမထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေနဲ့ သက်ဆိုင်တဲ့ ဈေးကွက်တွေမှာ ထုတ်ကုန် (products), inputs နဲ့ ဘဏ္ဍာရေးဆိုပြီး ဈေးကွက် (၃) မျိုး ပါဝင်ပါတယ်။ အခြေခံ အ ဆောက်အအုံ ဆိုရာမှာ စီးပွားရေးအဆောက်အအုံ (လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးပေးရေး) နဲ့ လူမှုရေးအဆောက်အအုံ (ကျန်းမာရေး၊ ပညာရေး၊ ရေအလုံအလောက် ရရှိရေး) စတာတွေ ပါဝင်ပါတယ်။
ဒီအချက်အလက်တွေအပြင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေကို မိမိပိုင်လယ်ယာမြေအနည်းငယ်ကို ထွန်ယက် စိုက်ပျိုးသူများ၊ အခြားသူများ ပိုင်ဆိုင်သော လယ်ယာမြေများကို ငှားရမ်းပြီး ထွန်ယက်စိုက်ပျိုးသူများ၊ farm sector နှင့် non-farm sectors များတွင် အလုပ်လုပ်ကိုင်နေရသော မြေယာမဲ့အလုပ်သမားများ နဲ့ အမျိုးသမီးများ စတဲ့ အုပ်စုကြီး လေးမျိုး ခွဲခြားပြီး၊ အုပ်စုတခုချင်းစီအလိုက် သင့်လျော်မယ့် မူဝါဒတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
(၂) Land Inequality လျှော့ချခြင်း
မြေယာမဲ့ခြင်းနဲ့ လယ်ယာမြေအလုံအလောက်မရှိခြင်းတို့ဟာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းတခုဖြစ်ပါတယ်။ လယ်ယာမြေ အရည်အသွေး၊ အကြွေးရယူနိုင်မှုနှင့် ဈေးကွက်အခွင့်အလမ်းများ နည်း ပါးခြင်း၊ ပြည်သူ့ရေးရာဝန်ဆောင်မှု အားနည်းခြင်း စတာတွေလဲ ပါဝင်ပေမယ့် land inequality ကတော့ predominant feature ဖြစ်ပါတယ်။ land inequality လျှော့ချခြင်း၊ မြေယာအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ share-cropping tenancy contracts တွေကို စနစ်တကျ စီမံဆောင်ရွက်ခြင်း စတာတွေ ရှိမှသာ ကျေးလက်ဒေသ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
(၃) Microfinance (အသေးစားငွေချေး) စနစ် ကျင့်သုံးခြင်း
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူ အများစုဟာ စိုက်ပျိုးရေးကဏ္ဍရဲ့ အလုပ်အကိုင်တွေပေါ်မှာပဲ မှီခိုနေကြရပါတယ်။ အိမ်ထောင်စုဝင်ငွေ နည်းပါးပြီး၊ ၀င်ငွေရဖို့ ရိတ်သိမ်းချိန်ကို စောင့်ဆိုင်းရတာတွေ ရှိပါတယ်။ ဒီလိုအချိန်မှာ ဓနရှင်၊ မြေရှင်၊ ကုန်သည်ပွဲစားတွေဆီက အကြွေးရယူသုံးစွဲရပြီး၊ ၀င်ငွေ ရလာချိန်မှာ အကြွေးတွေကို ပြန်ဆပ်ရတာကြောင့် ကြွေးယူသံသရာထဲကနေ ရုန်းမထွက်နိုင်ပဲ ဖြစ်တတ်ပါတယ်။ ဒါကို ဓနရှင်၊ မြေရှင်တွေက အခွင့်ကောင်းယူပြီး အဆမတန် များပြားလှတဲ့ အတိုးနှုန်းတွေနဲ့ သွေးစုပ်ချယ်လှယ်ကြတာကြောင့် လယ်သမား၊ ယာသမားတွေဟာ နင်းပြားဘ၀ကို ကျရောက် ကြရပြန်ပါတယ်။ ဒီလို ဂုပ်သွေးစုပ်နေသူတွေ လျော့နည်းစေရေးအတွက် ကျေးလက်ဒေသမှာ Micro Finance Institutions (MFI) တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ အသေးစားငွေချေးစနစ်ကို လူ့အဖွဲ့အစည်းအခြေပြု အစီအစဉ်တွေနဲ့ အကောင်အထည်ဖော်ဆောင်ခြင်းအားဖြင့် target groups တွေကို ထိထိရောက်ရောက် အကူအညီပေးနိုင်ပါတယ်။
(၄) အခြေခံအဆောက်အအုံ (Infrastructure) ဖွံ့ဖြိုးတိုးတက်မှု
ကျေးလက်ဒေသရဲ့ အခြေခံစီးပွားရေးအဆောက်အအုံနဲ့ လူမှုရေးအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုခြင်းဟာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ရေရှည်မှာ ဖြစ်ထွန်းလာစေနိုင်ပါတယ်။ ဒီလို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာရေးမှာ အစိုးရတွေရဲ့ အခန်းကဏ္ဍက အရေးကြီးသလို၊ လူမှုရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းဖို့ လိုအပ်ပါတယ်။
စာတတ်မြောက်နှုန်း မြင့်မားရေး၊ မူလတန်းကျောင်းများ ကျေးရွာအနှံ့ ပေါ်ထွက်လာရေး၊ အလယ်တန်းနှင့် အထက် တန်းကျောင်းများသို့ တက်ရောက်နိုင်ရန် လမ်းပန်းဆက်သွယ်ရေး ကူညီစောင့်ရှောက်မှုများ (ဥပမာ- အခမဲ့ကျောင်း ကားများ ထားရှိရေး၊ ခရီးသည်တင်ကားများအား အခမဲ့ စီးနင်းခွင့် ရရှိရေး စသည်)၊ ကျေးလက်ဒေသ ဆရာ၊ ဆရာမများ အတွက် လစာနှင့် ခံစားခွင့်များ တိုးမြှင့်ပေးခြင်းဖြင့် ဆရာ၊ ဆရာမ ရှားပါးမှု ပြဿနာများအား ဖြေရှင်းခြင်း၊ ကျေးလက် ဆေးပေးခန်းများ တိုးမြှင့်ဖွင့်လှစ်ရေး၊ ဒေသခံပြည်သူများအတွက် ပြည်သူ့ကျန်းမာရေး ပညာပေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ရေး၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်များ ရေးဆွဲချမှတ်ရာတွင် သက်ဆိုင်ရာ ဒေသခံ ပြည်သူများ၏ အကြံဥာဏ်များအား တောင်းယူခြင်း စတာတွေဟာ ကျေးလက်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုး တက်ရေးကို ထောက်ကူပြုပါတယ်။
(၅) စိုက်ပျိုးရေးနည်းပညာများအား သုတေသနပြုခြင်းနှင့် ဖြန့်ဖြူးအသုံးပြုခြင်း
စိုက်ပျိုးရေး နည်းပညာ စတာမှာ အများအားဖြင့် မြေယာနှင့် ရေအရင်းအမြစ်၊ ဇီဝဓာတုနဲ့ စက်မှု ဆိုတဲ့ ကဏ္ဍသုံးခု ပါ ၀င်ပါတယ်။ မြေယာနှင့် ရေအရင်းအမြစ် ကဏ္ဍမှာတော့ မြေဆီလွှာပျက်သုဉ်းမှု လျော့နည်းရေး၊ တသီးစားမှသည် နှစ် သီးစား၊ သုံးသီးစား နိုင်ရေး၊ စိုက်ပျိုးရေ အလုံအလောက်ရရှိရေး စတာတွေ ပါဝင်ပါတယ်။ ဇီဝဓာတု ကဏ္ဍမှာတော့ ဓာတ်မြေသြဇာအသုံးပြုခြင်း၊ သီးနှံအမျိုးအစားသစ်များပေါ်ထွက်ရေး၊ ထုတ်ကုန်များ အရည်အသွေး မြင့်မားရေး စတာ တွေ ပါဝင်ပါတယ်။ စက်မှုကဏ္ဍမှာတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကဏ္ဍသို့ တိုးမြှင့်ရေး စတာတွေ ပါဝင်ပါတယ်။ နည်းပညာသစ်များကို လုပ်ငန်းရှင်များ အကူအညီနဲ့ သုတေသန ပြုပြီးတဲ့အခါ အချို့သော လုပ်ငန်းရှင်များက နည်းပညာများကို တောင်သူလယ်သမားများကို ဖြန့်ဖြူးအသုံးချစေခြင်း မရှိပဲ၊ လက်ဝါးကြီးအုပ်ထားတာတွေလဲ ရှိတတ်ပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်လာတဲ့အခါ အစိုးရက ၀င်ရောက်စွက်ဖက်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
(၆) အစားအစာ လုံခြုံရေး (Food Security)
အစားအစာ လုံခြုံရေးဟာ ၂၁ရာစု ကမ္ဘာရဲ့ အမျိုးသားလုံခြုံရေး မူဝါဒတွေမှာ ထည့်သွင်းစဉ်းစားလာရတဲ့ အချက်ဖြစ်ပါတယ်။ ဥစ္စာဖြို၊ စားဖိုက ဆိုတဲ့ မြန်မာစကားရှိပါတယ်။ စားဝတ်နေရေးမှာ အစားအစာဟာ အိမ်ထောင်စုဝင်ငွေရဲ့ အများဆုံး ပမာဏကို အမြဲတစေ ဖြိုယူနေတဲ့ အရာဖြစ်ပါတယ်။ ထုတ်လုပ်မှု၊ ကုန်ဈေးနှုန်း၊ လုပ်ခလက်စာ၊ အလုပ်အကိုင် အတက်အကျတွေ ဖြစ်ပွားလာတဲ့အခါမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ အစားအစာ လုံခြုံရေးကို ထိခိုက်လာစေပါတယ်။ အစာအဟာရ မပြည့်စုံမှုကြောင့် လူသားတွေရဲ့ စွမ်းရည်တွေကို ကျဆင်းစေပါတယ်။ လူသားတွေရဲ့ စွမ်းရည်တွေ ကျဆင်းလာတာနဲ့အမျှ ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ အစားအစာ လုံခြုံမှု မရှိခြင်း (သို့မဟုတ်) လုံလောက်မျှတမှု မရှိခြင်းဟာ လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ negative externalities ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အစားအစာ လုံခြုံရေး မရှိတဲ့အခါ အစားအစာ ကူညီထောက်ပံ့မှု (food subsidies) တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အစားအစာ ကူညီထောက်ပံ့မှု လုပ်နိုင်တဲ့ သဏ္ဍာန်တွေကတော့ ရိက္ခာများ ထုတ်ပေးခြင်း၊ food stamps လို့ခေါ်တဲ့ လူတဦးချင်းစီအလိုက်၊ အိမ်ထောင်စုအလိုက် အစားအစာတွေ ၀ယ်ယူနိုင်တဲ့ ငွေကြေးပမာဏ တခုနှင့် ညီမျှ သော အစားအစာ ၀ယ်ယူခွင့် လက်မှတ်များ ထုတ်ပေးခြင်း၊ ကျေးရွာအလိုက် supplementary feeding programs များဖော်ဆောင်ခြင်း စတာတွေ ဖြစ်ပါတယ်။
အချို့နိုင်ငံတွေမှာတော့ အိမ်ထောင်စုတခုချင်းစီရဲ့ ၀င်ငွေပေါ် မူတည်ပြီး ၀င်ငွေနည်းပါးသူများကို အစားအစာ ကူညီ ထောက်ပံ့ပေးမှုတွေ၊ အသက် ငါးနှစ်အောက် ကလေးသူငယ်များနဲ့ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကူညီထောက်ပံ့ ပေးမှုတွေ၊ ဒေသတခုချင်းအလိုက် လိုအပ်ချက်ပေါ်မှာ မူတည်ပြီး ဖြည့်ဆည်းပေးမှုတွေ ပြုလုပ်ကြပါတယ်။ အစိုးရတွေက ဦးဆောင်တဲ့ လုပ်ငန်းဆောင်တာတွေအပြင် အန်ဂျီအိုတွေနဲ့ အခြားစေတနာရှင်များက ကူညီထောက်ပံ့ပေးမှုတွေလဲ ရှိတတ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုတာ မြို့ပေါ်က ချမ်းသာသူတွေဆီက အလှူငွေ ကောက်ခံပြီး၊ ကျေးလက်ဒေသ ပြည်သူတွေအတွက် အသုံးပြုခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ နိုင်ငံတော်က ဦးဆောင် ပြီး သင့်လျော်မယ့် အစိုးရဘတ်ဂျက်များ ချမှတ်အသုံးပြုခြင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင့်လျော် သော မူဝါဒများ ချမှတ်ခြင်း၊ အခြေခံအဆောက်အုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊ land inequality လျှော့ ချခြင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းလာစေခြင်း၊ အစားအစာ လုံခြုံရေးအတွက် အန်ဂျီအိုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ခြင်း၊ မြေရှင်၊ အရင်းရှင်များကို ဘက်လိုက်သော တရားစီရင်ရေး စနစ်များနှင့် ဥပဒေများကို ဖယ်ရှားခြင်း၊ ဘက်လိုက်သော ဥပဒေ ဘက်တော်သားများကို အရေးယူခြင်း၊ rural dualism ပြဿနာများကို တိုက်ဖျက်ခြင်း၊ ဗျူရိုကရက် မြေရှင်စနစ်ကို ဖယ်ရှားခြင်း စသည့် မူဝါဒများ၊ လုပ်ငန်းဆောင်တာများဖြင့်သာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု သံသရာစက်ဝန်းကို ရပ်တန့်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၁၄၊ ၈၊ ၂၀၁၁)
ရည်ညွှန်းကိုးကား။
Behrman, J. (1993) “Macroeconomic policies and Rural Poverty: Issues and Research Strategies”, in Quibria, M.G. (ed) Rural Poverty in Asia, Oxford University Press, Hong Kong
Ashley, C. and S. Maxwell (2001) ‘Rethinking Rural Development’, Development Policy Review, 19 (4), Overseas Development Institute, London
Lipton, M. (2004) ‘New directions for agriculture in reducing poverty: the DFID initiative’.
Marsh, S. P. and T. G. Macaulay (2002) ‘Land reform and the development of commercial agriculture in Vietnam: policy and issues’, Agribusiness Review, Volume 10.
http://www.naytthit.net/?p=17124
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ သစ္စာခံ နှစ်ဦး ကို ရာထူးမှ ဖယ်ရှား
by politics on August 16, 2011
ယခင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အထူးယုံကြည် စိတ်ချရသူများတွင် ပါဝင်သူများ ဖြစ် သည့်ဗိုလ်ချုပ် ဝေလွင် နှင့် ဗိုလ်ချုပ် ခင်ဇော်ဦး တို့  ကို ၎င်း တို့  ၏ ရာထူးများမှ ခေတ္တ အရာ ချထား ကာ အဆိုပါတာဝန် များ ကို အခြား စစ် အရာ ရှိ များ နှင့် အစား ထိုး ထားလိုက်သည် ဟု သိရသည်။
ယခင် နေပြည်တော် တိုင်း မှု အဖြစ် တာဝန်ယူခဲ့ သူ ဗိုလ်ချုပ် ဝေလွင် သည် ယခု စစ်ထောက်ချုပ် အဖြစ် တာဝန် ယူနေစဉ် အတွင်း လာဘ်ပေး လာဘ်ယူမှု များ အတွက် တာဝန် ရှိ သည်ဟု ဆိုကာ ရာထူး မှ ဖယ်ရှားလိုက် ခြင်း ဖြစ်သည်။
ဗိုလ်ချုပ် ဝေလွင် နှင့် ဗိုလ်ချုပ် ခင်ဇော်ဦး တို့ အား လက်ရှိ ရာထူးများ မှ ဖယ်ရှား ခြင်း ကို ဧပြီလဆန်းက ကာကွယ်ရေးဦးစီးချုပ် တာဝန် ကို စတင် ထမ်းဆောင် သည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၏ ညွှန်ကြားချက် ဖြင့် ပြုလုပ် ခြင်း ဖြစ်သည်။
ဗိုလ်ချုပ် ဝေလွင် သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ အထူး ယုံကြည် စိတ်ချရ သူ တစ်ဦး ဖြစ်ပြီးယမန် နှစ်က အိန္ဒိယ နိုင်ငံသို့  ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သွားရောက် လည်ပတ် စဉ် နေပြည်တော်မြို့  ၏ လုံခြုံ ရေး နှင့် အမိန့် ပေး စေခိုင်း နိုင် ခွင့် အာဏာ အချို့  အ၀က် ကို ပင် ဗိုလ်ချုပ် ဝေလွင်အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကယုံယုံကြည်ကြည် နှင့် အပ် နှံ ခဲ့ သည် ဟု သိရသည်။
ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် တာဝန်ယူ ချိန် မှ စပြီး ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှုးချုပ် ထွန်းသန်း၊ ဗိုလ်ချုပ်တင်ငွေ နှင့် ယခင် တြိဂံ တိုင်း စစ်ဌာန ချုပ် တိုင်းမှုး ဟောင်း နှင့်ယခု တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ဗိုလ်ချုပ် ကျော်ဖြိုး တို့ ကို တာဝန် မှ အနားပေး ခဲ့ ပြီး ဖြစ်သည်။
ရာထူးမှ ဖယ်ရှား ခံရသည့် ဗိုလ်ချုပ် ခင်ဇော်ဦး သည် ယခင် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဖြစ်ပြီး၊ ယခုစစ်ရေး ချုပ် နှင့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ၏ ဥက္ကဌ ရာထူးကို တာဝန် ယူထာား သူ ဖြစ်သည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် ဗိုလ်ချုပ် ဝေလွင် နှင့် ဗိုလ်ချုပ် ခင်ဇော်ဦး တို့  နှစ်ဦး ကို မနှစ်က၎င်း တို့  ၏ မူလရာထူး ဖြစ်သည့် ဗိုလ်မှုးချုပ် ရာထူးမှ တိုးမြှင့် ပေး ပြီး တာဝန် များ ကို လည်းလွှဲပြောင်း ပေး အပ်ကာ မြန်မာ စစ်တပ်အတွင်း အရေး ပါသည့် ရာထူးများ ဖြစ်သည့် စစ်ရေးချုပ် နှင့် စစ်ထောက် ချုပ် ရာ ထူး များ ကို ပေး အပ်ခဲ့ ခြင်း ဖြစ်သည်။
ဗိုလ်ချုပ် ဝေလွင် နှင့် ဗိုလ်ချုပ် ခင်ဇော်ဦး တို့  နှစ်ဦး ကို ရာထူးမှ ဖယ်ရှား ခြင်း နှင့် ပတ်သက် ပြီးကာကွယ်ရေးဝန်ကြီးဌာနမှ အရာ ရှိ တစ်ဦးက ” စစ်ထောက် ချုပ် နဲ့  စစ်ရေး ချုပ် ကို ရာထူးကနေ ဖယ်လိုက် ပြီဆိုတော့ Posting နဲ့  Logistic ကို သူလုပ်ချင်တာ လုပ်လို့  ရ သွားတာ ပေါ့ဟု “FNG သို့ ပြောသည်။
http://freedomnewsgroup.com
စစ်ထောက်ချုပ်နှင့် စစ်ရေးချုပ်တို့ကို ရာထူးချထား
ဧရာဝတီ Tuesday, 16 August 2011 17:19
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝေလွင်နှင့် စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦးတို့ နှစ်ဦးကို လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစား မှုများနှင့် စုံစမ်းဆေးလျက်ရှိပြီး လက်ရှိထမ်းဆောင်နေသော ရာထူးတာဝန်များကို ခေတ္တဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။
ဗိုလ်ချုပ် ခင်ဇော်ဦးနှင့် ဗိုလ်ချုပ် ဝေလွင်
ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသော စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦး၏ ရာထူးတာဝန်များကို ဆိုင်းငံ့ထားလိုက်ပြီး ဦးပိုင်လီမိတက်၏ ဥက္ကဋ္ဌအသစ်အဖြစ် လေကြောင်းရန် ကာကွယ်ရေးမှ ဗိုလ်ချုပ် စိန်ဝင်းကို ခန့်အပ်လိုက်ကြောင်း စစ်ဘက်သတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။
“လေကြောင်းရန်ကာကွယ်ရေးက ဗိုလ်ချုပ် စိန်ဝင်းက ရိုးဂုဏ်ကြောင့် နာမည်ကြီးတယ်။ သူက လာဘ်ပေးလာဘ်ယူ အတော်ကင်းတဲ့ပုဂ္ဂိုလ်လို့ တပ်မှာ လူသိများတယ်” ဟု စစ်ဘက်သတင်းရပ်ကွက်နှင့် နီးစပ်သူတဦးက ဆိုသည်။
စစ်ထောက်ချုပ် ဗိုလ်ချုပ် ဝေလွင်သည်လည်း စုံစမ်းစစ်ဆေးခံနေရချိန် ရာထူးအချခံထားရပြီး လက်ရှိအနေအထားအရ ဗိုလ်ချုပ် ဝေလွင်နှင့် ဗိုလ်ချုပ် ခင်ဇော်ဦးတို့သည် မကြာမီ အနားပေးခံရရန် သေချာနေကြောင်း စစ်ဘက် သတင်းရပ်ကွက်က ဆိုသည်။
“ခေတ္တ ရာထူးချခံထားရတယ်ဆိုတာက ပြုတ်ဖို့ ၈၀ ရာခိုင်နှုန်းသေချာပြီလို့ ပြောလို့ရတယ်။ စစ်တပ်ထဲမှာတော့ အကွဲအပြဲတွေရှိလာပြီ။ အဓိက က လာဘ်ပေးလာဘ်ယူ လုပ်တယ်ဆိုပြီး ဗိုလ်ချုပ် တယောက်ပြီးတယောက် အဖြုတ်ခံနေရတယ်။ အရင်လူတွေ လာဘ်စားတာက တော်တော် ကြီးကြီးကျယ်ကျယ် လုပ်ကြတာ။ အခု အဖြုတ်ခံနေရတဲ့သူတွေက သာမန် လာဘ်စားမှုလောက်လို့ ပြောလို့ရတယ်။ မြေကွက်ရောင်း၊ ကားသွင်း ဒီလောက်ပါပဲ။ ဒါကို လာဘ်စားတယ်ဆိုပြီး ဗိုလ်ချုပ်တွေကို အနားပေးနေတာက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ ရည်ရွယ်ချက် တခုခုရှိပုံရတယ်” ဟု စစ်ဘက်ရေးရာ လေ့လာသူတဦးက သုံးသပ်သည်။
ယခုနှစ် ဇူလိုင်လအတွင်းက ခေါ်ယူ စစ်ဆေးခံရသည့် ဗိုလ်ချုပ် ၅ ဦးအနက် တပ်မတော်စစ်ရေး အရာရှိချုပ် ဗိုလ်ချုပ် ကျော်ဖြိုးသည် ယခုလ အစောပိုင်းတွင် အနားပေးခံရပြီး ယခု ဗိုလ်ချုပ် ခင်ဇော်ဦး ရာထူးဆိုင်းငံ့ခံခဲ့ရသည်။ ခေါ်ယူစစ်ဆေးခံရသည့် ကျန် ဗိုလ်ချုပ် ၃ ဦးမှာ ကစထမှူး ဗိုလ်ချုပ် မြင့်စိုး၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးနှင့် ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး တို့ဖြစ်သည်။
ဗိုလ်ချုပ် ခင်ဇော်ဦးသည် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ် ဝေလွင်သည် နေပြည်တော်တိုင်း စစ်ဌာချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၎င်းတို့ တိုင်းမှူးဘ၀က ကျူးလွန်ခဲ့သော လာဘ်ပေးလာဘ်ယူမှုနှင့် အာဏာ အလွဲသုံးစားမှုများကြောင့် စုံစမ်းစစ်ဆေးခံရသည်ဟု သိရှိရသည်။
စစ်တပ်အသိုင်းအ၀ိုင်းက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် သူ၏အာဏာ တည်ဆောက်ရန်အတွက် လာဘ်ပေးလာဘ်ယူမှုကို အကြောင်းပြကာ ဗိုလ်ချုပ်များကို ဖြုတ်ပယ်နေသည်ဟု လေ့လာသူများက ပြောဆိုကြသည်။
“တပ်မှာ ရာထူးကြီးကြီးဖြစ်ဖို့ တဘ၀လုံး ရင်းရတာလေ။ တသက်လုံး တပ်ထဲမှာပဲနေပြီး ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်ပြီးမှ ဗိုလ်ချုပ်ရာထူးရကြတာ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်လည်း လာဘ်ပေးလာဘ်ယူ မကင်းပါဘူး။ သူ့ရဲ့အာဏာ တည်ဆောက်ရေး ရည်ရွယ်ချက်က တပ်ကွဲသွားစေလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အာဏာရှင်ပုံစံမျိုးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ရောက်လာလိမ့်မယ်” ဟု စစ်ဘက်ရေးရာ လေ့လာသူက ပြောသည်။
၂၀၁၁ ခုနှစ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဗိုလ်မှူးချုပ် ထွန်းသန်း၊ ဗိုလ်ချုပ် တင်ငွေနှင့် ဗိုလ်ချုပ် ကျော်ဖြိုးတို့ကို ရာထူးတာဝန်များ ဆက်တိုက် အနားပေးခံခဲ့ရသည်။
http://www.irrawaddy.org/bur/index.php/news/7073-2011-08-16-10-21-14
မြန်မာလူမျိုးနှင့် အကျင့်ဆိုး
(မြန်မာကို မြန်မာက ရှုတ်ချထိုက်သလော)
ရွှေဥဒေါင်း
သြဂုတ် ၁၆၊ ၂၀၁၁
“ဗမာလုပ်လိုကမှဖြင့် ဒီလိုချည်းပဲ”၊ “ဗမာတွေကိုက ဘယ်နေရာမှမကောင်းပါဘူး”၊ “ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ် တာကိုး”၊ “ရွှေဗမာတွေကိုက ဘာတစ်ခုမှဖြစ်အောင်လုပ်နိုင်တာမရှိပါဘူး” အစရှိသော နှိပ်နယ်စကား၊ ချိုးဖဲ့စကား၊ ကဲ့ရဲ့စကား၊ ရှုတ်ချစကားများသည် မကြာခဏဖြစ်ပေါ်လျက်ရှိသည်ကို ကြားမိကြပေလိမ့်မည်။ ထိုသို့သော အသုံး အနှုန်းသည် အင်္ဂလိပ်တို့လက်ထက်တွင် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့၍ အင်္ဂလိပ်တို့ပြေးခါနီး ကာလအပိုင်း အခြားတွင် အထွတ်အထိပ်သို့ ရောက်သဖြင့် အများဆုံးသုံးနှုန်းပြောဆိုကြသည်ဟု ဆိုရပေမည်။
ဝမ်းနည်းဖွယ်ကောင်းသောအချက်မှာ ထိုစကားကို သုံးနှုန်းပြောဆိုနေကြသော သူများသည် တရုတ်လူများ လည်းမဟုတ်။ ကုလားလူမျိုးများလည်းမဟုတ်။ တရုတ်နှင့် ကုလားကပြားများလည်းမဟုတ်။ မြန်မာစစ်စစ်ဆိုသော လူများ၏ပါးစပ်မှ ထွက်လာလေ့ရှိသည်အတွက်ကြောင့် သာ၍ ၀မ်းနည်းဖို့ကောင်းလှ၏။ အချို့သောသူတို့သည် ထို စကားမျိုးကို သုံးနှုန်းကြသောအခါတွင် ၀မ်းနည်းသောလေသံမျိုးလည်းမပါ။ ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ရခြင်းကိုပင် အရ သာရှိဟန်လက္ခဏာနှင့် လေးလေးနက်နက်ပက်ပက်စက်စက် ချိုးဖဲ့ပြောဆိုရက်သည်ကိုတွေ့ရပကား မြန်မာအစစ်ပင် ဟုတ်ပါလေ၏လောဟု ယုံမှားခြင်းပင် ဖြစ်ရလောက်ပေ၏။ တရုတ်လူးမျိုးက မြန်မာအားထိုမျှလောက် ချိုးချိုးဖဲ့ဖဲ့ပြော ဆိုခြင်းကို ကြားရဖူးသည်မရှိ။ ပြောလျှင်လည်း မြန်မာက ခံမည်မဟုတ်။ ကုလားလူးမျိုးက ဤမျှအထိ ရှုတ်ချခြင်းကို ကြားရဖူးသည်မရှိ။ ကြားရလျှင်လည်းမြန်မာက ခံမည်မဟုတ်။ အင်္ဂလိပ်က ပြောလျှင် ခံနိုင်ကြမည်မဟုတ်။ ရှုတ်ချပြောဆိုနေကြသူများကား မြန်မာများပင်ဖြစ်၏။ တရုတ်သည် တရုတ်လူမျိုးအားလည်းကောင်း၊ ကုလားသည် ကုလားလူမျိုးအားလည်းကောင် ထိုကဲ့သို့ လူမျိုးလိုက်ချီ၍ ရွတ်ချပြောဆိုခြင်းကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ရဖူးချေ။ မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် ‘မှိုးချိုးမျှစ်ချိုး’ တစ်တစ်ခွခွ လူမျိုးလိုက်ချီ၍ သိမ်းကျုံးရှုတ်ချပြောဆိုနေကြ သည်ဖြစ်ရာ ထိုကဲ့သို့ ရှုတ်ချပြောဆိုနေကြခြင်း၏ အကြောင်းရင်းမှာကား မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် အထင်အမြင်သေးသိမ်နေကြသောကြောင့် ဖြစ်ချေ၏။ မိမိလူမျိုးကို မိမိတို့က ဤမျှလောက် အထင်အမြင်သေးသိမ် စုတ်ပဲ့နေကြပါလျှင် အခြားလူမျိုးတို့က အဘယ်မှာ ဆိုဖွယ်ရာရှိပါတော့အံ့နည်း။
မြန်မာလူမျိုးသည် ထို့ကဲ့သို့ ပက်ပက်စက်စက် ရှုတ်ချကဲ့ရဲ့ခြင်းခံထိုက်လောက်အောင် အကယ်ပင် ယုတ်ညံ့ သိမ်ဖျင်း သော လူမျိုးဖြစ်လေသလောဟု ရှေးဦးစွာဆန်းစ်ဖို့လိုပေ၏။ လူအသီးသီးဖြစ်စေ ဤနယ်သား၊ ထိုနယ်သား၊ ဤပြည် သား၊ ထိုပြည်သား၊ ဤတိုက်သား၊ ထိုတိုက်သား၊ ရှေ့တိုင်းသား၊ အနောက်တိုင်းသား စသည်ဖြင့် အစုလိုက်အုပ်လိုက် ပေါင်းစည်း၍ဖြစ်စေ၊ အကောင်းအဆိုးဟူ၍ ပိုင်းခြားစစ်ထုတ်လိုက်သောအခါ ကောင်းသောအရည်အချင်းတွေချည် စုပုံ၍နေသော လူဟူ၍လည်းမရှိ။ လူမျိုးဟူ၍လည်းမရှိ။ တိုက်သားဟူ၍လည်းမရှိ။ ဆိုးယူတ်သော အရည်အချိုးတွေ ချည် စုပုံ၍နေသော လူဟူ၍လည်းမရှိ။ လူမျိုးဟူ၍လည်းမရှိ။ တိုက်သားဟူ၍လည်းမရှိနိုင်ကြောင်းကို ဦးခေါင်းပါသူဟူ သမျှ ၀န်ခံပေလိမ့်မည်။
● ပျင်းရိခြင်းနှင့် သတ္တ၀ါသဘော
ယင်းသို့ဖြစ်လျှင် မြန်မာလူမျိုးသည် အခြားလူမျိုးနည်းတူ ကောင်းမြတ်သော အခြင်းအရာနှင့် ညံ့ဖျင်းသော အခြင်းအရာတို့ ရောစပ်စုပေါင်းလျက်ရှိသည်ဟု ဆိုရပေမည်။ အပြစ်အနာဆာကို ရှေးဦးစွာဖော်ပြရမည်ဆိုသော် လူမျိုးကွဲများက အပြစ်ဆိုတတ်ကြ၍ ကျွန်ုပ်တို့ကိုယ်တိုင် မငြင်းမကွယ်နိုင်သော ဖြောင့်ချက်ပေးကြရမည့်အချက်တစ်ခု သည်ကား ပျင်းရိခြင်းပင်ဖြစ်ပေ၏။ မြန်မာလူမျိုးသည် ကုလားနှင့်ဖြစ်စေ၊ တရုတ်နှင့်ဖြစ်စေ နှိုင်းစာလိုက်သော် ချောင်ချောင်လည်လည်လုပ်၍ ချောင်ချောင်နေထိုင်လိုသော စိတ်သဘောမျိုးရှိတတ်ကြောင်းကို ၀န်ခံကြရပေမည်။ ၎င်းစိတ်သဘောကိုပင် ပျင်းရိသည်ဟူ၍ ခေါ်ဆိုကြ၏။ ခေါ်ဆိုလျှင်လည်း ခေါ်ဆိုထိုက်ပါပေ၏။ သို့သော် ပျင်းရိခြင်း၊ လုံ့လ၀ီရိယရှိခြင်းစသော အခြင်းအရာတို့မည်သည် အကြောင်းနှင့် အကျိုးဖန်းတီးစီမံလျက်ရှိသော ဤလောကကြီး၌ မူလရင်းအကြောင်းများရှိကြရမည်သာဖြစ်၏။ သတ္တ၀ါဟူသမျှတို့၏ နဂိုသဘောရင်းမှာ တတ်နိုင်သမျှ အနည်းဆုံး အလုပ်လုပ်၍ အများဆုံး စည်းစိမ်သုခ ခံစားလိုကြမြဲ ဓမ္မတာဖြစ်၏။ တတ်နိုင်ခဲ့လျှင် အလုပ်နှင့် ပတ်သက်၍ လက်တစ်ဖက် မြှောက်ခါမျှနှင့်ပင် ၀တ်မှု၊ စားမှု၊ နေမှု၊ ထိုင်မှုနှင့်တကွ စည်းစမ်ခံထားမှုအတွက်ပါ လုံလောက်စွာ ရလိုကြသည်သာဖြစ်၍ လက်တစ်ဖက်မြှောက်ကာမျှနှင့် လိုသလောက်ရခဲ့လျှင် လက်နှစ်ဖက်မြှောက်လိုသော သတ္တ၀ါ၍မရှိချေ။
● မြန်မာလူမျိုးအပြစ်လော
ကျွန်ုပ်တို့မြန်မာပြည်သည် အင်္ဂလိပ်တို့မ၀င်ရောက်ဖူးသေးမီတစ်ခါက အလွန်တရာဆူဖြိုးချောင်ချိခဲ့သော တိုင်း ပြည်ဖြစ်သည်တစ်ကြောင်း၊ ၃၀ ၄၀ ပေးရသော ဘွတ်ဖိနပ်မျိုး၊ သက္ကလပ်အင်္ကျံမျိုး၊ တစ်နပ်စာအတွက် လေးငါးကျပ် တန်းသော အစားအစာမျိုး အစရှိသည်တို့ မရှိခဲ့ဖူးသည်တစ်ကြောင်းကြောင့် လူတစ်ယောက် အလုပ်လုပ်လိုက်လျှင် တစ်အိမ်ထောင်လုံးအတွက် စားဖို့၊ ၀တ်ဖို့၊ နေထိုင်ဖို့ လုံလောက်စွာ ရရှိခဲ့ကား ကျန်သော အိမ်သူအိမ်သားများသည် ၀တ်ကာ၊ စားကာ၊ သနပ်ခါးလိမ်းကာ၊ ခြင်းလုံးခတ်ကာဖြင့် ချောင်ချိသက်သာစွာ နေထိုင်နိုင်ကြ၏။ မော်တော်ကားစီးမှုအတွက်သူတစ်ပါးနှင့် ဂုဏ်ပြိုင်အားကျရန်လည်းမရှိ၊ သုံးထပ်တိုက်ကြီး တည်ဆောက်ခြင်းအားဖြင့် သူတစ်ပါးထက်သာအောင်ကြွားဝါလိုသော စိတ်ဆန္ဒမျိုးလည်းမရှိ၊ အလွန်စုတ်ပြတ်လွယ်၍ ပါးလွှာလှသောပဒုမ္မာ အင်္ကျံပါးမျိုးကို ၀တ်ဆင်လိုခြင်းလည်းမရှိ။ သောက်ရှူလိုခြင်းလည်းမရှိ။ ခပ်ချောင်ချောင်အလုပ်လုပ်၍ ခပ်ချောင် ချောင်နေထိုင်စားသောက်လာခဲ့ကြသော လူမျိုးဖြစ်ခဲ့၏။ ထို့ကဲ့သို့ ၀မ်းစာအတွက်လည်းကောင်း၊ အားအတွက်လည်းကောင်၊ နေမှု ထိုင်မှုတွက်လည်းကောင်း လှုပ်ကာ လှက်ကာနှင့် လုံလောက်စွာရရှိခဲ့ကြသော လူမျိုးတစ်မျိုးသည် လွယ်လွယ်နှင့် တင်းတိမ်ရောင့်ရဲ၍ ပင်ပန်းကြီးစွာအားထုတ်လုပ်ကိုင်ရန် ပျင်းရိခြင်းရှိကြသည်မှာ အံ့သြဖွယ်ရာမဟုတ်။ သတ္တ၀ါတို့၏ ဓမ္မတာသဘောအတိုင်းမျှသာ ဖြစ်ချေ၏။ ထိုမျှလောက် အသက်မွေးချောင်ချိ လာခဲ့သော လူမျိုးသည် လျှာထွက်မတတ် အလုပ်လုပ်နိုင်မှ ၀မ်းခါး မ၀တ၀ မလှတလှ ရရှိနိုင်ကြသည့် ကုလားပြည်မှ ကုလားလူမျိုး၊ တရုတ်လူမျိုးများနှင့် စံထိုးနှိုင်းယှဉ်ခြင်းခံရသည့်အခါ ပျင်းရိသည်၊ ပေါ့လျော့သည်ဟူ၍ စွပ်စွဲခြင်းခံကြရ ခြင်းမှာ အံ့ဖွယ်ရာမဟုတ်လှချေ။ အမှန်စင်စစ်သော်ကား မြန်မာသည် ပျင်းနိုင်သောအခြေရရှိခဲ့ဖူး၍ ပျင်းရိခြင်း၌ အ ကျင့်ပါနေသေးခြင်းမျှသာ ဖြစ်ပေ၏။ မည်သည့်လူမျိုးပင်ဖြစ်စေ မြန်မာကဲ့သို့ ခေတ်ကောင်း ခေတ်အေးမျိုးမီခဲ့ဖူးလျှင် မြန်မာနှင့် အလားတူစွာပျင်းရိကြမည်သာ ဖြစ်ချေ၏။ ပျင်းရိခြင်းကို အပြစ်တစ်ခုလုပ်၍ ပြောမည်ဆိုလျှင် ထိုအပြစ် သည် မြန်မာလူမျိုး၏အပြစ်မဟုတ်။ ၀မ်းစာရှာရန် ချောင်ချိခဲ့ဖူးသည့် မြန်မာပြည်၏အပြစ်ဟူ၍သာ ဆိုရန်ရှိပေ၏။
● အနှစ်တစ်ရာနှင့် တစ်နှစ်
ထို့ပြင် ကျွန်ုပ်တို့ကို နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှ အုပ်စိုးသွားသည့် အဂ်လိပ်တို့ကလည်း မြန်မာများအား ပျင်းရိသည်ဟု စွပ်စွဲပြောဆိုသွားကြာသော်လည်း ၎င်းတို့ကိုယ်တိုင် ချွေးလုံး ချွေးပေါက်ကျအောင် ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင် သွားကြသည်မှုရှိချေ။ ပန်ကာအောက်တွင် ကလောင်တံနှင့် လက်မှတ်ရေးထိုးရသော အလုပ်မျှလောက်နှင့် နင့် လောက်အောင် လခကြီးများယူလျက် ကာမဂုဏ်စည်းစိမ်းအမျိုးမျိုး ခံစားစံစားသွားကြခြင်း အားဖြင့် နမှုနာပြသွားကြ သည်ကိုသာလျှင် တွေ့မြင်လိုက်ကြရ၏။ ၎င်းတို့၏အနေအထိုင်ကို တွေ့မြင်ရခြင်းအားဖြင့် မြန်မာတို့၌ စည်းစိမ်ခံမှု အတွက် သွားရည်ကျရသော စိတ်မျိုးသာဖြစ်ပေါ်ကြ၍ ပင်ပန်းကြီးစွာအလုပ်လုပ်လိုသော စိတ်သဘောမျိုးမူကား အ လျှင်းပင်မဖြစ်ပေါ်နိုင်ခဲ့ချေ။ သို့ရာတွင် ယခုအခါ နိပ္ပန်တို့ရောက်လာကြရာတွင်မူကား “စစ်ဗိုလ်ကြီးတွေတောင် အလုပ် ကြမ်းလုပ်ကြသည်။ လူကြီးတွေတောင် လူငယ်တွေနှင့်အတူ အလုပ်လုပ်ကြသည်” ဟူသောစကားများသည် အရပ်ထဲ တွင် တစ်နေ့တခြားပြောဆိုစ ပြုလာကြပြီးဖြစ်ရကား ပင်ပန်းကြီးစွာအလုပ်လုပ်မှုနှင့် ပတ်၍ အင်္ဂလူမျိုးတို့က နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှနှင့် သင်ပြရန်မတတ်နိုင် သင်ခန်းစာကို နိပ္ပန်တို့က တစ်နှစ်ခန့် အတွင်းသင်ပြနိုင်သည်ဟု ဆိုရပေ မည်။
● ဂျာမနီပြည်၏စနစ်
ဤနေရာ၌ ဂျာမနီပြည်တွင်း ဟစ်တလာအသုံးပြုလျက်ရှိသော စနစ်ကိုဆိုရာအစိုးရတို့က မြန်မာပြည်တွင် အမြန်ဆုံး နည်းယူအသုံးပြုကြလျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။ ဂျာမနီပြည်၌ သူဌေးသားဖြစ်စေ၊ အမတ်ကြီး၏သာ ဖြစ်စေ၊ အရာရှိကြီး၏သာဖြစ်စေ လူလားမြောက်သောအချိန်အရွယ်တွင် အခြားသော လူဆင်းရဲများ၏သားများနှင့် အတူလမ်း ဖောက်ခြင်း၊ ကောက်ပဲသီးနှံစိုက်မျိုးခြင်းစသော ကူလီအလုပ်ကြမ်းမျိုးကို ၁၀ လတိုင်တိုင် လုပ်ကိုင်ဆောင် ရွက်ကြရ လေသည်။ သူဌေးသားနှင့် ထင်းခွေသမားသားတို့သည်လည်းကောင်း၊ အရာရှိသားများနှင့် ကူလီ၏သားသည်လည်း ကောင်း တစ်ခန်းတည်းအတူနေ၊ အတူအိပ်၊ အတူစားကြရလျက် လယ်ပြင်ထဲတွင် အင်္ကျံကိုတုံးလုံးချွတ် ကာ ပခုံးချင်း ယှဉ်လျက် ရက်ပေါင်း ၃၀၀ ကာပတ်လုံးတန်းတူညီတူ အလုပ်လုပ်ကြရလေသည်။ အိမ်မှ ထမင်းပို့ရခြင်း၊ အိပ်ရာလိပ် ပို့ရခြင်းမရှိစေရ။ တစ်တန်းတည်းစား၍ တစ်တန်းတည်းအိပ်ကြရလေသည်။ အင်္ဂလိပ်တို့ကိုအားကျခြင်းအားဖြင့် အလုပ်ကြမ်းကို ကြောက်ရွံ့၊ ဟန်ကြီးပန်ကြီး လုပ်ချင်တတ်လှသော ကျွန်ုပ်တို့ မြန်မာလူမျိုးလူငယ်များအတွက် ၎င်းစ နစ်ထက်ကောင်းမွန်သော စနစ်တစ်ခုကို ကျွန်ုပ်တို့စဉ်းစားစိတ်ကူး၍မရနိုင်အောင် ရှိချေတော့၏။ ထိုကဲ့သို့လေ့ကျင့် ပေးရလျှင် ပျင်းရိသည်ဟူသော စွပ်စွဲချက်သည်လည်း ပပျောက်သွားတန်ရာချေသည်။
● စွပ်စွဲချက်များ
မြန်မာလူမျိုးကို စွပ်စွဲသော အချက်များအနက် ပျင်းရိခြင်းကို ထုတ်နုတ်လိုက်သည်ရှိသော ကောင်ကျစ်စဉ်းလဲခြင်း၊ မညီညွတ်ခြင်း၊ မရိုးဖြောင့်တတ်ခြင်း စသည့်အခြင်းအရာများ ကြားရဖူးတတ်၏။ မညီညွတ်ခြင်းဆိုသော အခြင်းအရာ မှာ အိမ်ရှင်ဖြစ်သောမြန်မာများကို ဧည့်သည်ဖြစ်သောကုလားများ၊ တရုတ်များနှင့်နှိုင်းစာလိုက်လျှင် အနည်းငယ် အောက်ကျနောက်ကျ ရှိနေသကဲ့သို့ မှတ်ထင်ရန်ရှိပေလိမ့်မည်။ သို့သေ် တစ်မြို့တစ်ရွာသည်းတို့ မည်သည် အခြား သောမြို့တစ်ရွာ၌ ဆုံစည်းကြသည့်အခါ တစ်ယောက်နှင့်တစ်ယောက် သည်းခံဆက်ဆံတတ်သည်ဖြစ်၍ ညီညွတ် သောဘောသည် ဓမ္မတာအလျောက် ပေါ်ပေါက်ရမြဲဖြစ်လေသည်။ ကျွန်ုပ်တို့ မြန်မာများသည်လည်း ကုလားပြည်၊ အင်္ဂလိပ်ပြည်၊ ဂျန်ပန်ပြည် စသည်တို့၌ တွေ့ဆုံကြသည့်အခါ အလွန်ညီညွတ်ကြည်ဟု ကြားရဖူးသောကြောင့် မြန်မာ လူမျိုးတို့ရဲ့ မညီညွတ်သောသဘောသည် သွေးထဲတွင် ပါဝင်နေသည်ဟု မဆိုစကောင်းပေ။
ကောက်ကျစ်စဉ်းလဲခြင်း၊ မရိုးဖြောင့်ခြင်းစသော စွပ်စွဲချက်တို့မှာ အိန္ဒိယတိုင်းသားများနှင့် ရောနှောဆက်ဆံခြင်း အလွန်းနည်းပါးသော သူတို့၏စွပ်စွဲချက်လောက်သာဖြစ်ချေ၏။ လူမျိုးတကာနှင့် ဆက်ဆံဖူးသူတို့ကမူကား မြန် မာလူ မျိုးကို ထုတ်နုတ်ရွေးချယ်၍ ကောက်ကျစ်စဉ်းလဲသော လူမျိုးဟုထုတ်ဖော်စွပ်စွဲခြင်းပြုကြမည်မဟုတ်ချေ။ စင်စစ်သော် ကား လောက၌ ရိုးဖြောင့်သော လူမျိုးဟူ၍ ချီးမွန်းရန်လည်းကောင်း၊ ကောက်ကျစ်သောလူမျိုးဟူ၍လည်းကောင်း လူ မျိုးသီးခြားရှိနိုင်မည်မဟုတ်ပေရာ လူတစ်မျိုးနှင်တစ်မျိုး ပိန်မသာ လိန်မသာ မျှာလောက်သာ ရှိနေကြပေလိမ့်မည်။ ရိုး ဖြောင့်ခြင်း၊ ကောက်ကျစ်ခြင်းဆိုသော အခြင်းအရာမှာ လူမျိုးပေါ်၌မတည်ဘဲ လူတို့၏အခြေအနေအပေါ်၌ တည်နေ တတ်သည်ဖြစ်ပေရာ လူဆင်းရဲဟူ၍ အလွန်နည်းပါးလှသော ပါရမီလူမျိုးများအနက်တွင် သူခိုးဓားပြဟူ၍ အလွန်နည်း ပါးခြင်းကို ကျွန်ုပ်တို့ နားလည်နိုင်ကြပေသည်။
● ထူးခြားသောမြန်မာ့ဂုဏ်
မြန်မာလူမျိုး၏ ညံ့ဖျင်းသည်ဟူ၍ စွပ်စွဲခြင်းခံရသော အခြင်းအရာများကို ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်ရာ ယခုအခါ၌ မြန်မာတို့၏ကောင်းမြတ်သော ဂုဏ်အခြင်းအရာများအကြောင်းကို ဖော်ထုတ်ရေးသားရပေဦးအံ့။ သင်ကြား၍ တတ် မြောက်လွယ်ခြင်းအရာဌာန၌ မြန်မာလူမျိုးသည် ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုးနှင့်မဆို ယှဉ်ပြိုင်နိုင်လောက်ပေရာ ‘ပါး ရည်နပ်ရည်’ ရှိခြင်း၊ အတိုအတွာဘက်၌ ဉာဏ်သွားခြင်းစသော အရာဌာနမျိုးတွင်မူကား မြန်မာသည်ကမမ္ဘာတွင် အ လွန်ကျွမ်းကျင်လိမ္မာသော ဗိုလ်ကပြားကလေးများက အချို့နေရာတွင် မြန်မာဉာဏ်ကို (ညစ်ပတ်ခြင်းမဟုတ်) အသုံး ပြုခြင်းအားဖြင့် အင်္ဂလိပ်များကိုနိုင်ရသည်ဟု ၀န်ခံပြောဆိုသည်ကိုကြားရဖူး၏။ စင်စစ်မှာ အသေးအဖွဲနှင့် ပတ်သက် သည့်ဖြတ်ထိုးဉာဏ်ပေါ်သောအခြင်းအရာမျိုးမှာ ကမ္ဘာပေါ်တွင် မျိုးလိုက် ရိုးလိုက်ချီ၍ မြန်မာတစ်မျိုးတည်း၌သာ ရှိ သည်ဟူ၍ ကျွန်ုပ်တို့ဆိုချင်၏။ အလွန်းနည်းပါးနပ်သော အခြားလူမျိုးတစ်ယောက်တလေ၌ ၎င်းဉာဏ်မျိုးတွေ့ရတတ် သည်မှန်သော်လည်း လူမျိုးလိုက်ခြံ၍ အနည်းနှင့်အများရှိတတ် လူမျိုးလိုက်ခြုံ၍ အနည်းနှင့်အများရှိတတ်သည် ကား မြန်မာတစ်မျိုးတည်းသာရှိ၏။ အခြားလူမျိုးပါးလျှင် မြန်မာအိပ်နေသလောက်ရှိသသည်ဟု ဆိုချင်၏။ ဤကား မြန်မာ လူမျိုး၏ ထူးကဲသောအချက်ပေတည်း။ ဤအခြင်းအရာကို ၀န်မခံလိုသောမြန်မာလူမျိုးတစ်ယောက်ရှိခဲ့လျှင် ထိုသူ၌ ထိုအရည်အချင်းမျိုး ချို့ငဲ့သောကြောင့်သာ ဖြစ်ရမည်ဟု ကျွန်ုပ်တို့ဆိုလို၏။
● မြန်မာနှင့် ဒါနမှု
ထို့ပြင် ပေးကမ်းစွန့်ကြဲခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့မြန်မာလူမျိုး၌ ထူးကဲသောအချက်ကို မကြားသေးမီက ကျွန်ုပ်တို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်မှာ စိတ်နှလုံးကို အလွန်ထိခိုက်သဖြင့် တစ်သက်ပတ်လုံး မမေ့နိုင်အောင်ရှိတော့၏။ ရန် ကုန်မြို့ကို နိပ္ပန်လေယာဉ်ပျံများက ရှေးဦးစွာဗုံးများကြဲချစဉ် မြို့သူမြို့သားများသည် မီးသင်္ဘော၊ မီးရထား စသည် တို့ဖြင့် အမြို့မြို့အရွာရွာတို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၏။ ထိုစဉ်အခါ အရပ်ရပ်သောဆိပ်ကမ်း၊ အရပ်ရပ်သော ဘူ တာရုံစသည်တို့မှ မြို့သူမြို့သားများသည် အမျိုးမျိုးသော စားဖွယ်သောက်ဖွယ်တို့ဖြင့် ရန်ကုန်မြို့မှ ‘ဗုံးပြေး’ ဒုက္ခိတ များအား ပေးဝေလှူဒါန်းကြရာ လမ်းတစ်လျှောက်လုံး စား၍မကုန်နိုင်၊ သောက်၍မကုန်နိုင်အောင် ရှိနေတော့၏။ တတ် နိုင်သူများက ထောပတ်ထမင်း၊ ဒံပေါက်ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်းစသည်တို့ဖြင့် အထုတ်လိုက် ရက် ရောစွာပေးဝေကြရာ မကြွယ်ဝသူအလှူရှင်များကလည်း သရေစာ၊ ဆေးလိပ်၊ ကွမ်းထုပ်၊ လက်ဖက်ထုပ် စသည်တို့ဖြင့် တတ်အားသမျှ ဝေငှပေးကမ်းကြ၏။ တစ်ခုသောဘူတာရုံတွင် အဘိုးကြီးတစ်ယောက်နှင့် အမယ်ကြီးတစ်ယောက် သည် မိမိတို့၏အခင်းမှ လတ်လတ်ဆတ်ဆတ် နှုတ်ယူလာခဲ့ဟန်လက္ခဏာရှိသ့် ပဲစားဥတွဲများ ကို လက်နှစ်ဖက်တွင် မနိုင့်တနိုင်ဆွဲလျက် ကျွန်ုတို့အနီးသို့ ချဉ်းကပ်ကာ…
“လမ်းစားဖို့ ယူသွားစမ်းပါမောင်ရယ်၊ သူများလို လိမ္မော်သီး မတတ်နိုင်ပေမယ့် ကျုပ်တို့ကိုယ်တိုင် စိုက်တဲ့ ပဲစားဥက လေးကို စားစေချင်လွန်းလို့ နှုတ်ပြီးယူခဲ့ရ၊ စားကြစမ်းပါမောင်ရယ်” ဟုပြောကာ အတွဲလိုက် ထည့်ပေးလိုက်ကြလေရာ ကျွန်ုပ်မှာ အဘိုးကြီးလင်မယား၏ သဒ္ဓါကြည်ဖြူရှိသော စိတ်စေတနာကို ဆင်ခြင်အောက်မေ့သဖြင့် မျက်ရည်များ လည်လာမိ၏။
ကျွန်ုပ်တို့၏မီးရထားတွဲပေါ်၌ တရုတ်၊ ကုလားစသည့် အခြားလူမျိုးများလည်ပါရှိလေရာ ကျွန်ုပ်က “ခင်ဗျားတို့ တိုင်း ပြည်မှာ ဒီလိုသဒ္ဓါကြည်ဖြူနဲ့ ရက်ရက်ရောရောပေးလား ကမ်းလား လုပ်ကြတာကို မြင်ဖူးကြုံဖူးရဲ့လား” ဟု မေးလိုက် သဖြင့် ၎င်းတို့က မမြင်ဖူး၊ မကြုံဖူးကြောင်းနှင့် ၀န်ခံထွက်ဆိုကြ၏။ ထိုအခါ၌ကား ကျွန်ုပ်သည် မြန်မာဖြစ်ရခြင်းတည်း ဟူသောအဖြစ်ကို အလွန်တရာဝမ်းမြောက် ဂုဏ်ရောက်လျက် “ဟောဒါမှ ဗမာကွ” ဟု ဟစ်အော်မကြွေးကြော်သော် လည်း ကျွန်ုပ်၏မျက်နှာထားသည် ထိုအကြောင်းကို ဖော်ထုတ်ပြသနေဟန် လက္ခဏာရှိရကား အနီးတွင် လိုက်ပါ လာကြသော တရုတ်နှင့်ကုလားခရီးသည်များက “တော်ပါပေတယ်ဗျာ။ ခင်ဗျားတို့ဗမာတွေ အာကြီးစိတ်ကောင်း တယ်။ အားကြီးကူညီတယ်” ဟု ကျွန်ုပ်အား ဖော်ထုတ်ဝန်ခံသွားကြရ၏။
“ရွှေဗမာတို့လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ” ဟု ရှုတ်ချရွတ်ဆိုလေ့ရှိသော မြန်မာများအား ဤအချက်ကို အထပ်ထပ် နှလုံးသွင်းစေလို၏။
● မြန်မာကို မြန်မာရှုတ်ချထိုက်သလော
မြန်မာလူမျိုး၌ ညံ့ဖျင်းသောအချက်များရှိခြင်း၊ ကောင်းမြတ်သောအချက်များရှိခြင်းကို အပထား၍ မြန်မာလူမျိုး အကြောင်းကို မြန်မာအချင်းချင်းက မြိန်ရေရှက်ရေ ကဲ့ရဲ့ရှုတ်ချထိုက်သလောဟု စဉ်းစားဆင်ခြင်စေလိုသေး၏။ ကျွန်ုပ်တို့သည် ‘အမိမြန်မာပြည်’ ဟူသောစကားကို တိုင်းရေးပြည်မှုနှင့်ပတ်သက်သော နေရာတိုင်းသုံးနှုန်းကြသော စကားမျှသာဖြစ်ပေရာ အမိမြန်မာပြည်ကို ချစ်ခင်ခြင်းဆိုသည်မှာ မိမိတို့၏မြန်မာပြည်နှင့် မြန်မာလူမျိုးကို ချစ်ခင်ခြင်း မျှသာဖြစ်၏။ သို့ဖြစ်ရကား မြန်မာအမျိုးသားသည်ပင်လျှင် မြန်မာတို့၏ မိခင်ဖြစ်ချေ၏။ မြန်မာအမျိုးသားတို့၏ အ ကြောင်းကို ရှုတ်ချပြောဆိုခြင်းသည် အမိမြန်မာပြည်အကြောင်းကို ရှုတ်ချပြောဆိုရာရောက်၏။ အကြင်သူတစ် ယောက်၏ မိခင်သည် အကျင့်စာရိတ္တ မကောင်းသဖြင့် လင်ငယ်နေငြားအံ့။ ထိုသူသည် မိခင်လင်ငယ်နေသောအဖြစ် ကို မြိန်ရေ ရှက်ရေနှင့် ထုတ်ဖော်ကြေညာခြင်းပြုချေမည်လော။ မိခင်မကောင်းသောအဖြစ်ကို လူသူလေးပါးတို့ရှေ့၌ အခါအခွင့်သင့်တိုင်းဖော်ထုတ်စွပ်စွဲခြင်းပြုချေမည်လော။ စင်စစ်သော်ကား မိမိလူမျိုး၏ မကောင်းသောအဖြစ်၊ ညံ့ဖျင်းသိမ်ငယ်သောအဖြစ်တို့ကို ဖော်ထုတ်ရှုတ်ချသော မြန်မာအမျိုးသားသည် မိမိ၏မွေးသမိခင်ကြောင်းကို ပရိသတ်ဗိုလ်ထုအလယ်တွင် ဖော်ထုတ်ရှုတ်ချသောသူနှင့် ခြားနားခြင်းမရှိချေ။ ဤအခြင်းအရာနှင့်နှိုင်းစာသော် ‘ကိုယ့်ပေါင်ကိုယ်လှန်ထောင်း’ ခြင်းတည်းဟူသော ဥပမာသည် အလွန်ပျော့နေသေး၏။ မွေးသမိခင်အကြောင်းကို မြိန်ဖွယ်ရှက်ဖွယ် အားရပါးရ ရှုတ်ချကဲ့ရဲ့ခြင်းကဲ့သို့ မိုက်မဲသောအပြုအမူသည် ရှိမည်မဟုတ်ချေ။
ထိုပြင် မြန်မာလူမျိုး၏ အကျင့်စာရိတ္တကို မြန်မာကိုယ်တိုင်က ကဲ့ရဲ့ရှုတ်ချခြင်းသည် အဘယ်မျှလောက် အကျိုးဆုတ်ယုတ်ပျက်ပြားသည်ဟု စဉ်းစားဆင်ခြင်မိကြဟန်မတူချေ။ မြန်မိာု မြန်မာက ကဲ့ရဲ့ရှုတ်ချခြင်းသည် ယခုအခါတွင် အလွန်ခေတ်စားလျက်ရှိရကား တစ်ဦးကစ၍ ပြောလိုက်လျှင် အနီးရှိလူများက ၀ိုင်းဝန်းထောက်ခံလိုက် ကြသည်သာ များနေတော့၏။ မြန်မာကို ကဲ့ရဲ့ရှုတ်ချပြောဆိုသံ ဆယ်ကြိမ်ကြားသည့်အနက်တွင် တစ်ကြိမ်တလေမှာ မျှ တစ်ဦးတစ်ယောက်သောသူက ခုခံချေပပြောဆိုခြင်းကိုမျှ မကြားဖူးချေ။ ကုလားနှင့်တရုတ်တို့ကို ကဲ့ရဲ့ရှုတ်ချသံ ဆယ်ကြိမ်ကြားရသည့်အခါ ၎င်းတို့ဘကမှ ခုခံပြောဆိုသူ မြန်မာတစ်ယောက်တလေမျှဖြစ်စေ ပေါ်ထွက်တတ်ပေရာ မြန်မာကို မြန်မာက ရှုတ်ချကဲ့ရဲ့ရာတါင်မှ ခုခံချေပလိုသူ မြန်မာတစ်ယောက်တလေမျှ ထွက်ပြူဖော်မရခြင်းမှာ ၀မ်း နည်းဖို့ကောင်းလှ၏။
● ကာကွယ်ရန်နည်းလမ်း
သို့သော် ဤကိစ္စမှာ ၀မ်းနည်းနေရုံမျှမပြီး။ မြနမာ၏အကျိုးကို ထိခိုက်လျက်ရှိသောကြောင့် ခုခံကာကွယ်ရန် နည်းလမ်းရှာကြံကြရပေမည်။ ထိခိုက်ပုံကား မြန်မာကို မြန်မာက အထင်အမြင်သေးသိမ်နေခဲ့လျှင် မြန်မာအချင်းချင်း ဖက်စပ်လုပ်ကိုင်ကြရမည့် လုပ်ငန်ကြီးများ၊ အစုစပ်ကုမ္ပဏီအလုပ်ကြီးများ စသည်တို့ကို မြန်မာများသည် ဘယ်သော အခါတွင် စတင်လုပ်ကိုင်နိုင်ရန်ရှိအံ့နည်း။ မည်သူမဆို အလုပ်ကြီးတစ်ခုကို လုပ်ကိုင်သည့်အခါ ငါသည် ဤအလုပ်ကို ထမြောက်အောင် စွမ်းဆောင်နိုင်သော အရည်အချင်းရှိသည်ဟု ယုံကြည်စိတ်ချနိုင်သော စိတ်သဘောမျိုးရှိထားဖို့ အ ရေးကြီးကြောင်းကို လူတိုင်းပင်နားလည်ရကြမည်ဖြစ်၏။ လူမျိုးကိုမီ၍ လုပ်ကိုင်ရသော အလုပ်မျိုးတွင်လည်းကောင်း၊ ၎င်းစိတ်သဘောမျိုးရှိဖို့ အလားတူအရေးကြီး၏။ စင်စစ်မှာ သာလွန်၍ပင်အရေးကြီး၏။ တစ်ဦးနှင့်တစ်ဦး ယုံကြည်စိတ် ချနိုင်သော စိတ်သဘောမျိုး မဖြစ်ပေါ်နေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့မြန်မာလူမျိုးသည် မည်ကဲ့သို့သော အုပ်ချုပ် ရေးစနစ်မျိုးကိုရရှိသည်ဖြစ်စေ အလုပ်ကြီးအကိုင်ကြီးများ ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်မည်မဟုတ်ချေ။ အလုပ်ကြီး အကိုင်ကြီးများကိုဖြစ်အောင် မစွမ်းဆောင်နိုင်သေးသမျှကာလပတ်လုံး စီးပွားရေးဘက်တွင် ချို့ငဲ့၍ လူမျိုးကွဲများ အောက်မှာ အစဉ်မမြဲကြရမည် ဧကန်မလွှဲပေတည်း။
ယခုအခါ နိပ္ပန်ကို ရောက်လာခဲ့ကြသည့် ထိုက်တန်သော အုပ်ချုပ်ရေးမျိုး ပေးအပ်တော့မည်ဆိုရာ ကျွန်ုပ်တို့မြန်မာလူမျိုးများအဖို့ အလုပ်ကြီးအကိုင်ကြီးများ စတင်တည်ထောင်ရန် အခွင့်အလမ်းများသည် အတိုင်းမသိ အောင်ပေါ်ပေါက်ပေတော့မည်။ ထိုအခါတွင် မြန်မာကို မြန်မာက အထင်အမြင်သေးခဲ့လျှင် အလုပ်လုပ်ရန်ပင် ဖြစ်နိုင်မည်မဟုတ်သောကြောင့် မိမိလူမျိုးကို မိမိအထင်သေးအမြင်သေးသော စိတ်သဘောထားမျိုးကို ယခုမှစ၍ ပယ်ဖျောက်ရန် ကြိုးစားကြရပေလိမ့်မည်။ ကျွန်ုပ်တို့ ဆိုလိုရင်ကား မေးသမိခင်၏ မကောင်းသောအချက်တစ်ခုကို သိထားသောသားသည် ထိုအချက်ကို ပယ်ဖျောက်ရန် ခဲယဉ်းမည်မှန်သော်လည်း မိမိကိုယ်တိုင် ထိုအကြောင်းကို ထုတ်ဖော်ကြေညာခြင်းမှ ရှောင်းကြဉ်ခြင်း၊ သူတစ်ပါးတို့ပြောကြသည်ကို နှိပ်ကွပ်ဖုံးအုပ်ခြင်းစသည်ဖြင့် အရုပ်ဆိုး သည်ထက် မဆိုးရလေအောင် ကာကွယ်စောင့်ရှောက်နိုင်သော နည်းလမ်းရှိသေး၏။
မြန်မာတို့ ညံ့ဖျင်းသည်ဆိုသောအချက်များမှ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တပ်အပ်သေချာစွပ်စွဲနိုင်သည်လည်းမဟုတ်။ ၎င်းတို့နှင့် ခုနှိမ်လောက်စေရန် စင်စစ်ကောင်းမြတ်သော အချက်များသည် ဒုနှင့်ဒေးရှိနေသေးသည်ဖြစ်ပေရကား ကျွန်ုပ်တို့သည် မိခင်၏အရှက်ကို ကာကွယ်သည့်အလားကဲ့သို့ ကျွန်ုပ်တို့လူမျိုးကိ ကျွန်ုပ်တို့ကိုယ်တိုင် ရှုတ်ချအရှက်ခွဲရာရောက်သော စကားမျိုးကို ဆိုခြင်းမှ ရှေးဦးစွာ ရှောင်ကြဉ်အပ်ပေ၏။ ဒုတိယအချက်၌ ထိုကဲ့သို့ ရှုတ်ချအရှက်ခွဲရာရောက်သော စကားမျိုးကို သူတစ်ပါးတို့ဆိုသည်ကို ကြားရသောအခါ အကျိုးအကြာင်းကို နည်းသင့်လမ်းသင့် ဖော်ပြ၍ တောင်းပန်တားမြစ်အပ်ပေ၏။ ဤစာကို ဖတ်ရှုရသော မိတ်ဆွေအပေါင်းတို့သည် အထက်ဖော်ပြာပါ အခြင်းအရာများကို ကျေနပ်နှစ်ခြိုက်သဖြင့် အထက်ပါနည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်ပါတော့မည်ဟု သန္နိဌာန်ချထားကြပါမူ ကျွန်ုပ်တို့ရေးသားသတိပေးရကျိုးနပ်သည်ဟု သဘောထား၍ လူမျိုးကို အညွန့်တုံးအောင် ပြုလုပ်ရာရောက်သည့် အလေ့အကျင့်ဆိုးကြီးတစ်ခုသည်လည်း ကွယ်ပျောက်ရန် အခြေခံသွားပြီဟူ၍ ယုံကြည်မျှော်လင့်မိပေတော့သတည်း။
စာရေးဆရာ၊ (၁၃၀၅)
http://moemaka.com/index.php?option=com_content&task=view&id=9679&Itemid=1
လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး ကင်တားနား မြန်မာနိုင်ငံကို နောက်သီတင်းပတ် သွားမည်
အင်္ဂါ, 16 သြဂုတ် 2011
By ဒေါ်ခင်မျိုးသက်
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) ဟာ လာမယ့် သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားမှာ ဖြစ်ပါတယ်။ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို စတုတ္ထအကြိမ်မြောက် သွားရောက်မှာဖြစ်ပြီး အခုခရီးစဉ်မှာ မြန်မာအစိုးရသစ်ရဲ့ အဖွဲ့ တာဝန်ခံတွေအပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
၂၀၀၈ ခုနှစ်ကစပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူး အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ကင်တားနားက သူဟာ ရှေ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်သလို ဒီခရီးစဉ်ဟာ သိပ်ကို အရေးပါတယ်လို့ ပြောပါတယ်။
“အခုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သြဂုတ်လ စတုတ္ထပတ်ထဲမှာ သွားဖို့ရှိပါတယ်။ ရှေ့သီတင်းပတ်ထဲမှာ သွားမှာပါ။ ဒီခရီးစဉ်ဟာ သိပ်ကို အရေးကြီးတဲ့ ခရီးစဉ်ပါ။ ကျနော့်ကို ပေးအပ်ထားတဲ့ တာဝန်အတိုင်း လုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံ ရွေးကောက်ပွဲအရ တက်လာတဲ့ အာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ စုံစမ်းမှုတွေ လုပ်ရမှာပါ။ တချို့ စီစဉ်နေဆဲမို့ အသေးစိတ်ကို ပြောမပြနိုင်ပေမဲ့ ဒီခရီးစဉ်ရဲ့ အဓိက လုပ်ငန်းကတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို သိအောင် လုပ်ရမှာမို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။” လို့ ပြောသွားပါတယ်။
မြန်မာအစိုးရသစ် အဖွဲ့ရဲ့ ပြန်ကြားရေး ၀န်ကြီးကလည်း သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို မကြာခင် လာရောက်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ပေမဲ့ အစီအစဉ် အသေးစိတ်ကို မပြောခဲ့ပါဘူး။
မစ္စတာ ကင်တားနားဟာ မနှစ်က ဖေဖော်ဝါရီလထဲ တတိယအကြိမ် အဖြစ်နဲ့ မြန်မာနိုင်ငံကို လာခဲ့စဉ်က အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မပေးခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အခု မြန်မာနိုင်ငံကို မစ္စတာ ကင်တားနား လာရောက်တဲ့ အချိန်အတွင်း တွေ့ဆုံမယ့် အထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာဟာ အရေးအကြီးဆုံးလို့ ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် တွေ့ဆုံဖို့ ကိစ္စဟာ သိပ်ကို အရေးကြီးပါတယ်။ သူတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ကိစ္စကို သဘောတူပါတယ်။ ဒါ့အပြင် ကျနော့်တာဝန်က မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ဖြစ်တာမို့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအရ လုပ်ပိုင်ခွင့်တွေ ရှိမရှိကအစ စီးပွားရေး၊ လူမှုရေး အပါအ၀င် အားလုံး အကျုံးဝင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် အဖြစ်နဲ့ လာရောက်တဲ့ ကျနော်နဲ့ တွေ့ချင်တဲ့သူ အားလုံးကိုပဲ တွေ့ဆုံချင်ပါတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့တကွ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် လွှတ်ပေးဖို့ ကိစ္စဟာလည်း အခုခရီးစဉ် အတွင်းမှာ အရေးတကြီး လုပ်ဆောင်ရမယ့် အလုပ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာအစိုးရကို ကျနော် အကြံပြုထားသလို တောင်းလည်း တောင်းဆိုထားပါတယ်။ ဒါဟာ ၂၀၀၉ ခုနှစ် ကတည်းကပါ။ သူတို့ဟာ သူတို့တွေရဲ့ ဆန္ဒတွေကို လွတ်လပ်စွာ ထုတ်ဖော်ခဲ့ကြလို့ ပုံစံမျိုးစုံနဲ့ မတရား ဖမ်းဆီးခံနေကြရတာပါ။ ဒါကြောင့် ဒီမိုကရေစီလမ်းကို လျှောက်လှမ်းမယ်ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုတာဟာ အခြေခံ အချက်မို့ ဒီ ယုံကြည်ချက်ကြောင့် အဖမ်းခံနေရသူ အားလုံးကို လွှတ်ပေးဖို့ဆိုတာ မေးနေစရာတောင် မလိုပါဘူး။” လို့ ပြောပါတယ်။
မစ္စတာ ကင်တားနားဟာ အရင်တခေါက် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်း အင်းစိန် အကျဉ်းထောင် အပါအ၀င် အကျဉ်းထောင် တချို့ကို သွားရောက်ခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် ၅ ရက်ကြာ နေခွင့်ရခဲ့တာမို့ ဒီတခေါက်လည်း အနည်းဆုံး ၅ ရက်ထက်မနည်း နေခွင့်ရမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။
မစ္စတာ ကင်တားနားရဲ့ ဒီတခေါက် မြန်မာနိုင်ငံ ခရီးစဉ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ၀န်ထမ်းတချို့လည်း လိုက်ပါလာဖို့ ရှိတယ်လို့ သိရပါတယ်။
http://www.voanews.com/burmese/news/
ဖက်ဒရယ်စနစ်
ဘိုဘိုကျော်ငြိမ်း | အင်္ဂါနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၂ မိနစ်
federal
ကျနော်တို့မြန်မာပြည်မှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကို အကြောင်းပြဖို့ကြိုးစားရင်း စစ်အစိုးရ အဆက်ဆက်ရဲ့ ဦးနှောက် ရိုက်စားမှုကြောင့် ဖက်ဒရယ် စံနစ်ဆိုလိုက်တာနဲ့ အားလုံး လိုလိုက လက်တွန့်ကုန်တယ်။
ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းပြည်ပြိုကွဲတော့မယ့် သယောင်ယောင် ထင်ယောင်ထင်မှား ဖြစ်လာကြတယ်။ ဒါကြောင့် မြန်မာတွေဟာ ဖက်ဒရယ်စံနစ်နဲ့ ပတ်သက်လာရင် လေ့လာမှုနည်းတယ်လို့ မြင်မိတယ်။ ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းရင်းသားတွေရဲ့ပိုင်နက်၊ ငါတို့နဲ့ မဆိုင်သလို (ရှောင်) နေကြတယ်။
ငြိမ်းချမ်းမှုမရှိဘဲနဲ့ တိုင်းပြည် ပြန်လည်မထူထောင်နိုင်။ တိကျခိုင်မာ မျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရှိမှ မြန်မာပြည် တွင်း နေထိုင်ကြတဲ့ လူမျိုးစုအားလုံး မိမိတို့နယ်မြေ၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေ ပြတ်ပြတ်သားသား တိတိကျကျ သိရှိကြမှာပါ။
တိုင်းရင်းသားတွေအပေါ် တရားမျှတမှုရှိဖို့ အဖြေရှာတဲ့ နေရာမှာ ဖက်ဒရယ် စံနစ်ဟာ အဖြေတခု ဖြစ်နိုင်စရာ
ရှိပါတယ်။ သို့သော် ဖက်ဒရယ် စနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သတိရှိရန်လည်း လိုပါတယ်။ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က ဖက်ဒရယ်စနစ်ကို နက်နက်ကြည့်ပြီး ဖက်ဒရယ်စံနစ်မှာ ရင်ဆိုင်ရမယ့် စိမ်ခေါ်မှုများ (challenges)ကို တွေးတောနိုင်ကြဖို့ ဖြစ်ပါတယ်။
အချက်ကျကျ ဆွေးနွေးနိုင်ရန်လည်း ပြင်ဆင်ထားသင့်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ဖြစ်တဲ့အတွက် (ဥပဒေ)
ရေးရာတွေ ပါဝင်လာသလို၊ နိုင်ငံရေးမူ (principles)နဲ့ အတွေး အခေါ်တွေ ပါဝင်လာတာမို့ အချိန်ယူ လေ့လာသင့် တယ်လို့ ယူဆမိလို့ပါ။
အမေရိကန်ဥပမာ
စာရေးသူ၏အမြင်ကိုပြောရလျှင် နိုင်ငံအများမှာ မျှတခိုင်မာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ရေးဆွဲခဲ့သူများသည်၎င်း၊ ခိုင်မာသည်ထက် ခိုင်မာအောင် ပြင်ဆင်နိုင်ခဲ့သူများမှာ၊ တိုင်းပြည်ကို ကိုယ်စား ပြုနိုင်တဲ့ လူတော် နိုင်ငံရေးသမား များ ဖြစ်ကြပါတယ်။ နိုင်ငံရေးသမားစစ်လျှင် တိုင်းပြည် ကောင်းကျိုးကို ရှေ့ရှုနိုင်မှုကြောင့်လို့ ခံယူမိပါတယ်။
ဥပမာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ဟုဆိုလိုက်လျှင် အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသည် (စံ)အဖြစ် အများကသတ် မှတ်ကြရပါတယ်။ အမေရိကန် နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်မြောက်ရေးတွင် အဓိက ပါဝင်ဦးဆောင်သွားသူတဦးမှာ အမေရိကန် လွပ်လပ်ရေးတိုက်ပွဲတွင် ဗိုလ်ချုပ်ဂျော့ ဝါရှင်တန်၏ စစ်ဘက် လက်ထောက် ကိုယ်ရေး အရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း အက်လက်ဆန်ဒါးဟယ်မတင်
Alexander Hamilton ဆိုသူဖြစ်သည်။
အမေရိကန် နိုင်ငံရေးသမားများကို ဖက်ဒရယ်စံနစ် ဘာကြောင့်လိုကြောင်း သဘောပေါက် လက်ခံလာရန် ဖက်ဒရယ်လစ် စာတမ်း (၈၅) စောင်ကို ဂျိန်းမဒ္ဒာဆင် (James Madison ) နှင့် ဂျွန်ဂျေး (John Jay) တို့နှင့်အတူ ရေးပြပြီး ပြည်နယ်တွေ လက်ခံလာအောင် တိုက်တွန်း နိုင်ခဲ့လို့ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ
ဥပဒေကို အတည်ပြု နိုင်ခဲ့ကြတာဖြစ်သည်။
စာတမ်း (၈၅) စောင်တွင် အများစုကို ရေးသွား သူမှာ အက်လက် ဆန်ဒါး ဟယ်မတင် ဖြစ်ပါတယ်။ နိုင်ငံခြားရေးနဲ့ ပတ်သက်လာလျှင် ဂျွန်ဂျေးရဲ့ စာတမ်း နံပတ် (၃) ကို ခုထိ မှီငြမ်း ကြရသလို၊ ဒီမိုကရေစီနှင့် ပတ်သက်လာလျှင် ဂျိန်းမဒ္ဒာဆင်၏ စာတမ်း နံပတ် (၅၁) သည် အလွန် တန်ဖိုးရှိပါတယ်။ လူ့အခွင့်အရေးများကို ကာကွယ်ဖို့နဲ့ ဗဟို
အစိုးရ (ဝါ) ဖက်ဒရယ် အစိုးရရဲ့ အာဏာကို ကန့်သတ်ဖို့ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ပြင်ဆင် သတ်မှတ်ထားတဲ့ ပထမပြင်ဆင်ချက် ဆယ်ခု စုပေါင်း ပြီး Bills of Rights လို့ခေါ်ကြပါတယ်။
ဒီပြင်ဆင်ချက်တွေကို ပထမ ကွန်ကရက်သို့ ရေးဆွဲတင်သွင်း သူမှာ ဂျိန်းမဒ္ဒာဆင် ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို တချို့က အမေရိကန်ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ၏ ဖခင်ဟု သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ဂျိန်းမဒ္ဒာဆင်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ စတုတ္ထမြောက် သမ္မတ ဖြစ်လာပါတယ်။
ဂျွန်ဂျေးဟာ အမေရိကန်လွပ်လပ်ရေးဖခင် တော်လှန်ရေးသမား တဦးအပြင် အမေရိကန် ပြည်ထောင်စုရဲ့ ပထမဦးဆုံးသော တရားသူကြီးချုပ် ဖြစ်လာပါတယ်။ အက်လက်ဆန်ဒါး ဟယ်မတင် ဟာ အမေရိကားမှာ
မွေးဖွားသူ မဟုတ်တဲ့ အတွက် သမ္မတ ဖြစ်ခွင့် မရှိပါ။
သို့သော် သူသည် ပထမဦးဆုံး ဘဏ္ဍာရေးဝန်ကြီး ဖြစ်ရုံမက နိုင်ငံတော်ဘဏ်ကို စတင် တည်ထောင်ခဲ့သူလည်း
ဖြစ်ပါတယ်။ သမ္မတ ဂျော့ဝါရှင်တန်၏ အစိုးရအဖွဲ့မှာ အာဏာအရှိဆုံးနဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ခေတ်က အာဏာအကြီးဆုံးပါတီ ဖက်ဒရယ်လစ် ပါတီ (Federalist Party) ရဲ့ ခေါင်းဆောင်လည်း
ဖြစ်ပါတယ်။ ထိုစဉ် အခါက ဒီပါတီရဲ့အဓိက ပြိုင်ဖက် ပါတီမှာ ဒီမိုကရက်တစ်-ရီပတ်ဖလင်ကင်ပါတီဖြစ်ပြီး ဂျိန်း မဒ္ဒာဆင် နဲ့ သောမတ်ဂျက်ဖါဆင် တို့က ဦးဆောင်ကြပါတယ်။
သောမတ်ဂျက်ဖါဆင်သည် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပြု အစည်းအဝေးပြုလုပ်စဉ်က ပြင်သစ်တွင် သံအမတ်အဖြစ်
တာဝန် ထမ်းဆောင်လျက် ရှိပေမယ့် သူ့မိတ်ဆွေ ဂျိန်းမဒ္ဒာဆင်က ဖြစ်စဉ် အလုံးစုံကို စာရေး အကြောင်းကြားလျက် ရှိပါတယ်။
ယနေ့ခေတ်မှာ အလွန်အရေးပါတဲ့ အုပ်ချုပ်ရေးနဲ့ ဘာသာရေးခွဲခြားရမည် (Separation of Church and State) ဟူသော (အသိ) ၊ (အဆို) ဟာ ပင်မဥပဒေမှာ မပါ ၊ သောမတ်ဂျက်ဖါဆင်၏ ဆွေးနွေးချက် များကို ကိုးကားကာ (စံ) အဖြစ် မှတ်ယူထားကြခြင်းပါတယ်။ ယနေ့ ခေတ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ ပတ်သက်ပြီး အငြင်းအခုန်ဖြစ်ကြတိုင်း ဖက်ဒရယ်လစ် စာတမ်း (၈၅) ခု ကို ရည်ညွန်း ကြရပါတယ်။
ဥပမာ သမ္မတဘုရ် ၏ အီရတ်စစ်ပွဲ ကြီးကြပ်မှု အပေါ် အငြင်းအခုန်ဖြစ်ကြစဉ်က သမ္မတ ရာထူးနဲ့ အတူ တွဲဖက် ပါဝင်လာတဲ့ အာဏာ (Embedded Power of the Presidency) ဆိုတာကိုကိုင်ဆွဲပြီး ငြင်းဆိုခုခံခဲ့ကြပါတယ်။ ဖက်ဒရယ်လစ် စာတမ်းကို တိုင်တွယ်ပြီး ငြင်းဆို ကြပါတယ်။ ဒါ့ကြောင့် အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ ပတ်သက်လာရင် ဖက်ဒရယ်လစ် စာတမ်းဟာ တိုင်တည်ကိုးကားစရာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ဖက်ဒရယ်လစ် လူ့ဘောင်အဖွဲ့အစည်း (Federalist Society for Law and Public Policy Studies)ဟာ ၁၉၈၂ ခု နှစ်က ရေးလ် ၊ဟားဗတ် နှင့် ရှီကာကို တက္ကသိုလ်တွေက ဥပဒေ ကျောင်းသားများက စတင်ဖွဲ့စည်းခဲ့ကြရာက ယနေ့ဆိုလျှင် တရားသူကြီးချုပ် အဖွဲ့အဝင်တွေအပြင် နာမည်ကျော် တရားသူကြီးများနဲ့ ဥပဒေပညာရှင်များပါဝင်တဲ့ အဖွဲ့အစည်းကြီးဖြစ်နေပါပြီ။
လွပ်လပ်ရေး ခေါင်းဆောင်တွေရဲ့အတွေး၊ မူ (Principles) ၊ (အနှစ်)(Essence) တို့မှာအနှစ် ၂ဝဝ ကျော် သည့်တိုင် တန်ဖိုးရှိနေသေးကြောင်း သာဓကပင်ဖြစ်ပါတယ်။ အမေရိကန် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေကို ဦးဆောင် ရေးဆွဲသွား သူများမှာ လွပ်လပ်ရေးဖခင် နိုင်ငံရေးသမားများသာမက ဥပဒေပညာရှင်များ လည်းဖြစ်ကြပါတယ်။
စာဖတ်သူလူငယ်များကို သတိပြု စေလိုသည်မှာ၊ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ ပုံသဏ္ဍန် (Form & Format) ဆိုတာနှင့် အနှစ်သာရ (Essence) တို့ကို ခွဲမြင်စေချင်ပါတယ်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတွင် အာဏာကို တနေရာတည်းမှာ စုပုံမထားဘဲ အုပ်ချုပ်ရေး၊ ဥပဒေပြုစုရေး၊ တရားရေးဟူ၍ (ခွဲခြား) ထားပြီး တဘက်နှင့် တဘက် ထိန်းထားခြင်းကို အာဏာခွဲဝေမှု (Separation of Power) ဟု အမည်တပ်ကြပါတယ်။
နံမည်ကြီးသလောက် တန်ဖိုးရှိသော တခြား (မူ) တခုမှာ (လွပ်လပ်စွာ ပြောဆိုခွင့်) Freedom of Speech ဖြစ်ပါ
တယ်။ ဒီ (မူ) (Principles) ဆိုတာတွေဟာလည်း အမေရိကန် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေရဲ့ (အနှစ်သာရများ) ဖြစ်၍ တန်ဖိုးအရှိဆုံးဖြစ်ခြင်းကြောင့် အလေးပေး သတိပြုလေ့လာစေချင်ပါတယ်။
အမေရိကန်တို့ဆီမှ (မူ) နဲ့ (အနှစ်) တို့ကို ရယူနိုင်အောင် ကြိုးစားစေချင်တယ်။ ဖြစ်နိုင်လျှင် ဖက်ဒရယ်လစ် စာတန်းကို ဖတ်စေချင်ပါတယ်။ အင်တာနက်ပေါ်မှာ (အွန်လိုင်း) ဖတ်နိုင်ပါတယ်။
တရုတ်ဥပမာ
တရုတ်နိုင်ငံဟာ ကွန်မြူနစ်အမည်ခံ တပါတီ အာဏာရင်စံနစ် ဖြစ်တဲ့အတွက် ဘာဥပမာ ယူစရာ ရှိသလဲလို့ အပေါ်ယံကြော မေးခွန်းထုတ်စရာ ရှိနိုင်ပါတယ်။ သို့သော် အတွင်းကျကျ လေ့လာလျှင် တိန်ရှောက်ဖိန် ပြင်ဆင်ခဲ့
တဲ့ တရုတ်ပြည်ရဲ့ ပါတီ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ အတုယူစရာတွေ နေရှိပါတယ်။ တရုတ်ပြည် နိုင်ငံရေးမှာ ပါတီသည်သာ ပဓာဏ မဟုတ်ပေဘူးလား။
စာရေးသူရဲ့အမြင်ကို ပြောရပါလျှင် တိန်ရှောက်ဖိန်နဲ့ ချောင်အင်လိုင်းတို့ဟာ (၂ဝ) ရာစုနှစ်အတွင်း ထွန်းပေါက်လာ
တဲ့ အတော်ဆုံး ဉာဏ်အထက်မြက်ဆုံး နိုင်ငံရေးသမားများလို့ သတ်မှတ်နိုင်ပါတယ်။
တိန်ရှောက်ဖိန်ကို တရုတ်ပြည်ကြီးရဲ့ စီးပွားရေး တိုးတက်အောင် ပြောင်းလဲပေးခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်အဖြစ်
သာ ထင်လွယ်မြင်လွယ် မြင်မိကြပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးမတည်ငြိမ်ဘဲ ဘယ်နိုင်ငံမှ စီးပွားရေး ရေရှည် တိုးတက်ကြီးပွားအောင် မကြံဆောင်နိုင်ပါဘူး။
ဒါ့ကြောင့် နိုင်ငံရေး တည်ငြိမ်အောင် ဖေါ်ဆောင်ပေးသွားတဲ့ တိန်ရှောက်ဖိန်ရဲ့ ဦးဆောင်မှုဟာ စီးပွားရေးနည်းတူ တရုတ်တွေအတွက် လွန်စွာတန်ဖိုးကြီးပါတယ်။ ဒါ့ကြောင့် တရုတ်ပြည်စနစ်ကိုလည်း လေ့လာရုံမက အတုယူစရာ
တွေကို မြန်မာပြည်အတွက် ထည့်သွင်း စဉ်းစားသင့်ပါတယ်။
မော်စီတုံးက အာဏာအကြောင်း ကောင်းကောင်း နားလည်တဲ့ အာဏာရှင်စစ်စစ် ဖြစ်ပါတယ်။ အာဏာရှင်တိုင်း
ဖြတ်သန်းရတဲ့ အဆင့်(၂) ဆင့်ရှိပါတယ်။ အာဏာတည်ဆောက်ခြင်းနဲ့ အာဏာ ထိန်းသိမ်းခြင်း တို့ဖြစ်ကြပါတယ်။ အာဏာတည်ဆောက်တဲ့ ကာလမှာ၊ အတွင်းအပြင် ရန်သူနဲ့ ရန်သူလို့ ထင်ရသူတွေကို ဖယ်ရှား သုတ်သင်ရတဲ့ အတွက် တိုင်းပြည်တည်ဆောက်ရေးကို အများအားဖြင့် ဂရုမပြုနိုင်ကြပါဘူး။
အာဏာ တည်ဆောက်ပြီးသကာလ အာဏာ ထိန်းသိမ်းရေးကို ဦးစားပေးရပြန်ပါတယ်။ ဒါ့ကြောင့် အာဏာတည် မြဲသော အာဏာရှင်များသည် တိုင်းပြည် အုပ်ချုပ်ရေးထက် မိမိအာဏာ ထိန်းသိမ်းရေးကို အရေးပေးကြရပါတယ်။
မော် ကိုကြည့်လျှင် မော်သည် ဥက္ကဋ္ဌ ရာထူးကိုသာ ကိုင်ထားပါတယ်။ အုပ်ချုပ်ရေး (အစိုးရ)ကို ချောင်အင်လိုင်းနှင့်
သာ လွှဲထားပါတယ်။
ဒါပေမယ့် ပေါ်လစ်ဗြူရိုကအစ ဘယ်သူ ဘယ်နေရာခန့်ဆိုတဲ့ အာဏာကို မော်ကကိုင်ထားပြီး ထိပ်က ဘယ်သူ ဘာလုပ်နေတယ် ဆိုတာကို အချိန်ပြည့် ထိုင်ကြည့်နေရပါတယ်။
ဒီလောက် သတိရှိတာတောင် ခုန်ပြန် ကျော်လွှား အစီအစဉ် ခွက်ခွက်လန်အောင် ကျဆုံးပြီးနောက် မော် အပြစ်တင်
ခံရပါတယ်။ ပါတီနဲ့တိုင်းပြည်ကို လူရှောက်ချီနှင့် တိန်ရှောက်ဖိန်တို့က ပြန်လည် ကယ်တင်ခဲ့ကြရပါတယ်။
နှစ်ဦးစလုံးမှာ လူတော်များဖြစ်ပါတယ်။ လူရှောက်ချီက အုပ်ချုပ်ရေးမှာသာ တော်သည်မဟုတ် သဘောတရားရေးရာ တွင်လည်း အလွန်တော်ပါတယ်။ သမ္မတဖြစ်လာ ပြီးနောက် မော်ရဲ့ အရိုက်အရာကို ခံမည့်သူအဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။
သို့သော် လူ နှင့်တိန်တို့ (၂) ဦးသည် အာဏာရှင်အောက်တွင် ရှင်သန်နိုင်ရန် အရေးအကြီးဆုံးသော (လိုက်နာမှု) (Cardinal Rule) ကို သတိလက်လွတ်ခဲ့ကြတယ်။ အဲဒါကတော့ ဘယ်သောအခါမှ အာဏာရှင်ကို မကျော်ရ။ လူ
နှင့် တိန်တို့က မော်ကို အသိမပေးဘဲ အမိန့်တွေ ထုတ်လာကြပါတယ်။
မော် က ငါသေသွားသည့် အလား ဒီ(၂) ယောက် လုပ်နေကြတယ်လို့ သတိပေးသည့်တိုင် သတိ မရှိခဲ့ကြပါဘူး။ ပါတီဗြူရိုကရက်များမှာ လူ နှင့် တိန် တို့ရဲ့ လူတွေ။ နောက်ဆုံး မော် က အတွေ့အကြုံနုနယ်တဲ့ လူငယ် ကျောင်းသား များကို အားယူပြီး ယဉ်ကျေးမှုတော်လှန်ရေးလို့ အမည်တပ်ကာ အာဏာပြန်သိမ်းခဲ့ရပါတယ်။ အမှန်က ကိုယ့်တပ်ကို ကိုယ်ပြန်နင်းခိုင်းခြင်းပင် ဖြစ်တယ်။ အန္တရယ် အလွန်ကြီးပါတယ်။ တိုင်းပြည် အလွန်နစ်နာခဲ့ပါတယ်။ လူသန်းနှင့် ချီ၍ သေကြေ ကြရတယ်။
သို့သော် မော်စီတုံးသည် ပြိုင်ဘက် လူရှောက်ချီကိုသာ အသေနှိပ်ကွပ်ခဲ့သည်၊ တိန် ကိုအသေမသတ်။ အစိုးရကို ဦးစီးရန် တိန် ကို အသာလေးချောင်ထိုးထား ၊ (ချန်) ထားခဲ့ပါတယ်။ ချောင်အင်လိုင်းရဲ့ ထောက်ခံ အားပေးမှုနဲ့
ပြန်ခေါင်းထောင်လာသော တိန်ရှောက်ပိန်ဟာ မော် သေသွားပြီး စစ်တပ်ရဲ့ ထောက်ခံ အားပေးမှုနဲ့ အာဏာပြန်ရ လာပါတယ်။
ဒီအခါမှာ အာဏာရှင် တဦးတည်းကို အာဏာ ပုံအပ်ထားတဲ့ အန္တရယ်ကို လက်တွေ့ ခံစားခဲ့ရတဲ့ အတွက် အာဏာကို တဦးတယောက် လက်ထဲ ထားမည့်အစား (စုပေါင်း ခေါင်းဆောင်မှု) ပုံသဏ္ဍန်ကို ပုံသွင်းခဲ့ပါတယ်။
ဒါ့အပြင် အရေးအကြီးဆုံးအချက်က တအုပ်စုမှ တအုပ်စုသို့ အာဏာလွှဲ ပြောင်းခြင်းကို ပါတီ ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်ပြီး (စံနစ်) အဖြစ် ပုံလောင်းခဲ့ခြင်းပါ။ ဒါကို အင်္ဂလိပ် လို Institutionalized လုပ်တယ်လို့ ခေါ်ကြပါတယ်။
ဒါ့ကြောင့် သုံးဆက်မြောက် (3rd generation)၊ လေးဆက်မြောက် (4th generation) ခေါင်းဆောင်များ ဆိုပြီး
ပေါ်ထွက်ခဲ့ပါတယ်။ လာမယ့်နှစ် ၊ ၂ဝ၁၂ တွင် ငါးဆက်မြောက် (5th generation) ခေါင်းဆောင်များ နေရာ ယူကြတော့မယ်။
စံနစ်မှာ ထိပ်ဆုံးပုဂ္ဂိုလ်က သမ္မတ၊ ပါတီဥက္ကဋ္ဌ၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူး သုံးခု စလုံးကို ရယူပြီး ဝန်ကြီးချုပ်နှင့် တွဲကာ တာဝန်ယူရပါတယ်။ အာဏာလွှဲပြောင်း ပေးတဲ့အခါလည်း ထိပ်ဆုံး (၂)ဦးသာ မဟုတ် ထိပ်ပိုင်း ခေါင်းဆောင်
နေရာ ယူထားသူများ အုပ်စုလိုက် နေရာဖယ် ပေးကြရပါတယ်။
ဤသို့ စံနစ်တကျ စုပေါင်းခေါင်းဆောင်မှု နေရာဖယ်ပေးခြင်းရဲ့ အဓိက အကျိုးမှာ စီးပွာရေးနဲ့ ပါတီရဲ့ အောင်မြင်မှု များကို အနှောက်အယှက် မရှိဘဲ (ဆက်လက်) ဆောင်ရွက်နိုင်ခြင်း (continuity) ပင်ဖြစ် ပါတယ်။ တဦးတည်း အာဏာရှင်ဖြစ်ရန် အာဏာတိုက်ပွဲများမလို၊ အာဏာတည်ဆောက်မှုအတွက် အချိန်ဖြုန်းစရာမလို၊ အများ သဘောတူထားသော ပေါ်လစီများလည်း ဦးဆောင်သူအပေါ်မူတည်ပြီး မှောက်ချီလှန်ချီ ပြောင်းစရာမလို တပြေးညီ တိုးတက်ခွင့် ရရှိ နိုင်ပါတယ်။
တိန်ရှောက်ဖိန်၏ သစ္စာရှိမှုဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်သူတွေ အပေါ်ဖြစ်ပါတယ်။ မာက်စ်ဝါဒ အပေါ် မဟုတ်။ ဒါ့ကြောင့် လက်တွေ့ အကောင်အထည် မဖေါ်နိုင်တဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို စွန့်လွှတ်တာ မကောင်းလှသော်လည်း လက်တွေ့ကျတဲ့ အရင်းရှင် ဈေးကွက် စီးပွာရေးစနစ်ကို ကူးပြောင်းကာ တရုတ်ပြည်သူ
သန်း ၃ဝဝ ကျော်ကျော်ကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ခဲ့ပါတယ်။
ပြည်သူ အားလုံး မဟုတ်သည့်တိုင်အောင် အများက ကွန်မြူနစ်အောက်မှာလို ဆင်းဆင်းရဲရဲ မနေရလျှင် ပြည်သူတွေ လည်း မဆူပူတော့။ တိန်တို့ တည်ထောင်ခဲ့သော ကွန်မြူနစ် ပါတီလည်း တည်မြဲ နေပေမည်။ ထို့အပြင် လာမည့် ၁၅ နှစ်၊ အနှစ် ၂ဝ ကာလ တွင် တရုတ်ပြည်ကြီးသည် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ ဖြစ်လာလျှင် တရုတ်တွေ ဂုဏ်ယူ
ကာ ပိုတိုးတက် ညီညွတ် လာစရာရှိပါတယ်။
တိန်ရှောက်ဖိန်ထားခဲ့တဲ့ စံနစ်မှာ အပြင်လူတွေ အသိနည်းတဲ့ စနစ်တခုက သက်တန်း(၂) ကြိမ်ပြီး၍ ရာထူး ဖယ်ပေး ရသော လူကြီးများဟာ အနားယူစရာမလိုပါ။ ပါတီ၏ထိပ် ဆုံးမှာ (ပါတီ)ကို စောင့်ရှောက်နေသော ပဲ့ကိုင် ဗြဟ္မာကြီး
များ (Elders)အဖြစ် ဆက်လက် ရပ်တည်နေပါသေးတယ်။
ဥပမာ တိန်ရှောက်ဖိန်လက်ထက်က ချောင်အင်လိုင်းရဲ့ မိန်းမ အပါအဝင်၊ သမ္မတဟောင်း လီ့ရှင်နင်း (Li Xiannian) တို့ပါဝင်သော (လူကြီး) (၆) ယောက် က ပါတီကို ပဲ့ကိုင် ပေးးသွားကြပါတယ်။ ရန်စီမင်းကို တိန်ရှောက်ဖိန်က အဆိုပြုတဲ့အခါ ဤလူကြီး (၆) ယောက်ကပဲ သဘောတူ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ တဖန် တိန်ရှောက်ဖိန်ဆီမှ ကျန်ဇီမင်းကို တင်ခဲ့သူမှာ လီ့ရှင်နင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပါတီ အစည်းဝေးပွဲမှာ (၅)ဆက်မြောက် ခေါင်းဆောင်တွေကို အပြီးသတ် ရွေးချယ်ရာ လက်ရှိခေါင်းဆောင် ဟူကျင်တောင်ရဲ့ လူ အရွေးချယ်မခံရ။ ဟူကျင်တောင်ရဲ့ (အား) ဖြစ်တဲ့ ကွန်မြူနစ် လူငယ်အုပ်စုနဲ့ အပြိုင်ဖြစ်တဲ့ Princelings ဟုခေါ်သော (လူကြီးများ၏ သား သမီး)များ အုပ်စုက စီကျင်းပင် Xi Jinping အရွေးခံရပါတယ်။
စီကျင်းပင်၏ဖခင်မှာ မော်တို့ခေတ် တော်လှန်ရေးသမားကြီး ဖြစ်ပြီး ဒုဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သူပါ။ ဒီလို ဟူကျင်တောင်ရဲ့ လူ အရွေးမခံရခြင်းမှာ ဟူ နဲ့ မတည့်တဲ့ ကျန်ဇီမင်း၊ (လူကြီး) အဖွဲ့တွင်ရှိနေလို့ဟု အကဲခတ်သူများ
က ယူဆကြပါတယ်။ ကျန်ဇီမင်း တယောက်တည်း မဟုတ် သူနဲ့ ခေတ်ပြိုင် အုပ်ချုပ်သူများလည်း လူကြီး အဖွဲ့တွင် ရှိနေရာ သူတို့မှာ ငြင်းပိုင်ခွင့် ရှိပါတယ်။
နောက် (၁ဝ) နှစ် တွင် (၆) ဆက်မြောက် ပါတီ ခေါင်းဆောင်ကို ရွေးချိန်ရောက်လျှင် ကျန်ဇီမင်းတို့လူစု ရှိကြတော့
မည်မဟုတ်။ ဟူ တို့အုပ်စုက ရွေးခွင့်ရကြမည်။ ဒါ့ကြောင့် လက်ရှိပါတီ ခေါင်းဆောင်က မျိုးဆက် တဆင့်ကျော်ကို
ရွေးခွင့်ရကြမည့် စံနစ်ဖြစ်ပေါ်လာရပါတယ်။ (မှတ်ချက်။ ကျန်ဇီမင်း သာမက ဟူဂျင်တောင်ကိုလည်း တိန်ရှောက်ဖိန် ကပင် ရွေးခဲ့ခြင်း ဖြစ်သည်။)
ဒီနေရာမှာ မီးမောင်းထိုးပြချင်တာ တခုရှိပါတယ်။ အာဏာရှင်များ သာမက ခေါင်းဆောင်တိုင်းဟာ မိမိအုပ်ချုပ်မှု
ကာလ ပြီးဆုံးသွားတဲ့အခါ ကျန်ခဲ့မည့် (သမိုင်းနှင့် အမွေ) (Legacy) အတွက် စိတ်ပူကြရသည်။ တိန်ရှောက်ဖိန် တည်ထွင်ခဲ့တဲ့ စနစ် မှာ (လူတဦး) ရဲ့ အမွေထက် (ပါတီ) ရဲ့ အမွေ ကို (ရောင်ပြန်ဟပ်) စေခြင်း ဖြစ်တယ်။ (တိန်) ချခဲ့သော (ပေါ်လစီ)များ ဆက်လက် ရှင်သန်စေဖို့ အစီအမံများဖြစ်ပါတယ်။ ဒါ့ကြောင့်ကြည့်တတ်၊ မြင်တတ် သူများအဖို့ တိန်ရှောက်ဖိန်သည် လွန်စွာ ဉဏ်ပညာကြီးမား အလွန်အမြှော်အမြင်ကြီးသော ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။
ဒီလို နိုင်ငံရေးဘက်မှာ ပြောင်မြောက်ရုံမက စီးပွားရေးဘက်တွင်လည်း ကိုင်တွယ်သွား ပုံများမှာ လွန်စွာ ပညာပါ လှသည်။ ဒါ့ကြောင့် ကွန်မြူနစ်စံနစ်ကို ခါးခါးသီးသီး ဆန့်ကျင်သော စာရေးသူက တရုတ်ပြည်အကြောင်း လေ့လာ
ရင်း တိန်ရှောက်ဖိန်ရဲ့ နိုင်ငံရေး အသိစွမ်းအား မြင့်မားပုံများကို သိမြင်လာတဲ့အခါ တိန်ရှောက်ဖိန်လို လူမျိုးကို မလေးစားဘဲ မနေနိုင်ပါ။
တရုတ်နိုင်ငံဟာ တပါတီအာဏာရှင် စံနစ်ဖြစ်တာကြောင့် အဓိက အာဏာ မဏ္ဍိုင်တွေထဲမှာ ပါတီ၊ အစိုးရ၊ စစ်တပ် ဆိုပြီး ခွဲခြားထားပေမယ့် ပါတီဟာ အဓိကပဲ။ ဒါ ကြောင့် ပါတီရဲ့ ရပ်တည်မှု ပုံသဏ္ဍာန် ဟာ အရေးကြီးလှပါတယ်။ ဖွဲ့သည်းအုပ်ချုပ်ပုံ ဥပဒေ ဆိုတာကလည်း အာဏာမဏ္ဍိုင်တွေကို ဖေါ် ဆောင်တာဟာ အခရာ ပဲ မဟုတ်လား။
တရုတ်ပြည် မှာ ဥပဒေ ပြု ကွန်ကရက် ဆိုတာရှိပေမယ့် ပါတီကချပေးတဲ့ ဥပဒေတွေကို အတည်ပြု ဖေါ်ထုတ်ပေးရ
တဲ့ ယန္တရား သက်သက်ပါပဲ။ တရုတ်ဖွဲ့စည်းပုံမှာ စစ်တပ်ဟာ အစိုးရ အောက်မှာမရှိဘူး။ တော်လှန်ရေး ကာလ ကတည်းက စစ်တပ်ကို ပါတီက စစ်ကော်မရှင်က ဆင့်ထိန်းချုပ်ထားတယ်။
လူသိနည်းတဲ့ မော် ရဲ့ မိန့်ဆိုချက် တခုရှိသေးတယ်။ အဲဒါက ၁၉၂၉ ခုနှစ်မှာ မော် ရွတ်ဆိုခဲ့တဲ့ (ပါတီက သေနတ်
ကို ဦးစီးအုပ်ချုပ်ရမယ်တဲ့)။ ဒါကြောင့် စစ်တပ်ကို စစ်ကော်မရှင်က အုပ်ချုပ်ပြီး ၊ ပါတီက တခါ အပေါ်က တက်ထိုင် ထားတာပဲ။ တကယ်တော့ တရုတ် အုပ်ချုပ်ရေး စံနစ်မှာ အားလုံးကို ပါတီက ခွစီးထားတာပါပဲ။
နောက် အရေးကြီးတဲ့ အချက်က တရုတ်စနစ်မှာ ဒီမိုကရေစီ ဆိုတာက ပြည်သူအတွက် မဟုတ်။ ခေါင်းဆောင်တွေ ကို ပြည်သူက ရွေးခွင့်ရှိသည် မဟုတ် ၊ ပါတီကေဒါတွေကပဲ ရွေးခွင့် ရှိတာပါ။ အစိုးရ၊ ပြည်နယ်အစိုးရ၊ စစ်တပ်။ အားလုံးဟာ ပါတီ ကလူတွေ။ ပါတီအောက် မှာပဲ။ နောက်ဆုံးတော့ မြန်မာနိုင်ငံမှာ စစ်သား စစ်ဗိုလ် တွေဟာ (အုပ်ချုပ်သူ လူတန်းစား) လာဖြစ်သလို တရုတ်ပြည်မှာလည်း ပါတီကေဒါတွေဟာ (အုပ်ချုပ်သူ လူတန်းစား) လာဖြစ်တာပဲ။
တရုတ်ပြည်ရဲ့ ထူးခြားတဲ့အချက်က တိန်တို့လို ဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေက နိုင်ငံရေး တိုက်ပွဲမှာ အနိုင်ရလာတဲ့ အတွက် ပါတီခေါင်းဆောင်တွေဟာ တိုင်းပြည်အတွက် ရေရှည်ကို ကြည့်တတ်ပြီး အာဏာရဲ့ ဖျက်စီးမှုကြားက တိုင်းပြည်ချစ်တဲ့စိတ်၊ တိုင်းပြည်အတွက် ဆိုတာကို အတိုင်းအတာ တခုအထိ ထိန်းသိမ်းထားနိုင်တယ်။
ဒီမိုကရေစီ ကျင့်သုံးတဲ့ အမေရိကန် ပုံစံနဲ့ ဒီမိုကရေစီ မကျင့်သုံးတဲ့ တရုတ် ပုံစံယှဉ်ရင် ဒီမိုကရေစီကပဲ (မျှတ) မှု ကိုပေးနိုင်တယ်ဆိုတာရှင်းပါတယ်။ ဒီ့ပြင် အမေရိကန် စံနစ်က အာဏာတဘက်စွန်း မရောက်အောင်ထိန်းထားတဲ့ (အနှစ်) တွေဟာ တန်ဖိုးကြီးမားလှပါတယ်။ ဒါကြောင့် အနှစ် (၂ဝဝ) ကျော်လာသည့်တိုင် တန်ဖိုး မပြယ်နိုင်ပါ။
တရုတ်ပြည်ကြီးမှာတောင် ဗဟိုက ပေါ်လစီကို ချုပ်ကိုင်ထားပေမယ့် အကောင်အထည်ဖေါ်တော့ ပြည်နယ်တွေကို လွတ်လပ်ခွင့် (Autonomy) ပေးးထားတာပဲ။ ဥပမာ မြန်မာနိုင်ငံအရေးဆိုရင် ယူနန် ပြည်နယ် အစိုးရ ကအဓိက တာဝန်ယူ ဖေါ်ဆောင်ရတာပါ။
လက်ရှိ တရုတ်ပါတီတွင်း မှာတောင် တပါတီစံနစ်ဟာ ပြည်သူကို ကိုယ်စားပြုရဲ့လား ဆိုပြီးမေးလာ ကြပြီ။ လက်ရှိစံနစ်နဲ့ လာဘ်စားမှုကို တိုက်ဖျက်နိုင်ပါ့မလားဆိုပြီး သံသယရှိလာကြပြီ။ ၂ဝ၁ဝ နှစ် သြဂုတ်လ ၅ရက် မှာ သမ္မတဟောင်း လီ့ရှင်နင်းရဲ့ သားမက် ၊ တရုတ်ကာကွယ်ရေးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကြီး
လူရာဇောင် (Liu Yazhou) က ရေရှည် (၁ဝနှစ်အတွင်း) မှာ တရုတ် ကွန်မြူနစ်ပါတီဟာ လက်ရှိ အာဏာရှင်စံနစ်
မှ ပို၍ ဒီမိုကရက်တစ်ကျသော စံနစ်သို့ ကူးပြောင်း ကြရမည်၊ တခြားထွက်ပေါက် မရှိဟု တရုတ် သတင်းသမား
တွေကို ပြောကြားခဲ့ပါတယ်။
နှစ်ရက် အကြာမှာ ပါမောက္ခ ဟူစင်ထောင် (Hu Xingdou) က တရုတ်ပြည်မှာ လူမူရေး တရားမျှတမှု ပျောက်ဆုံး
နေမှုဟာ တရုတ်ပြည်ကြီးကို အန္တရယ်လမ်းပေါ်သို့ တွန်းပို့နေသည်။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများပြု၍ တရုတ်
ပြည်သူတွေရဲ့ လွပ်လပ်ခွင့်နဲ့ ရပိုင်ခွင့်များကို ပြည်သူများကို ပြန်ပေးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူကပင် တရားမျှတတဲ့ လူမှုရေးကို အခြေခံသော အုပ်ချုပ်ရေးစံနစ် Constitutional Socialism ကိုထူထောင်ရမည်ဟု
ဝေါဟာရ အသစ်ကို ဖေါ်ဆောင်လာပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံ ဤမျှရှည်ကြာစွာ အောင်မြင်ခြင်းက တရားဥကဒေစိုးမိုးရေး Rule of Law ကြောင့်
ဖြစ်ပါတယ်။ ငွေကြောင့်မဟုတ်။ တရုတ်တွေ ငွေကို ကိုးကွယ်နေခြင်းမှာမှားသည်။ တရုတ် ကွန်မြူနစ်ပါတီလည်း
ပြုပြင်ပြောင်းလဲရမယ်။ လက်ရှိအနေအထားအတိုင်း မသွားနိုင်ဟု ဆိုလာပြန်တယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ်ဟာ အုပ်ချုပ်သူ လူတန်းစားလာဖြစ်တော့ အာဏာရဲ့ ဖျက်စီးမှုကို မခံနိုင်ဘဲ တိုင်းပြည် ချစ်တဲ့စိတ်၊ အမျိုးချစ်စိတ် ဆိုတာတွေဟာ ပျောက်ဆုံး ကုန်တယ်။ လတ်တလော အကျိုးအမြတ်တွေကို ဦးစားပေးကာ ရေရှည် တိုင်းပြည်အကျိုးကို မျက်ခြေပြတ်ခဲ့ကြတယ်။
အနှစ်ပါတဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံမှာ ပျောက်ဆုံးခဲ့တာ ၁၉၆၂ ခုနှစ် ကတည်းကပါ။ တရုတ်တွေတောင် တိုင်းပြည် တိုးတက်ခေတ်မှီလာတော့ ပြည်သူတွေရဲ့ လွပ်လပ်ခွင့်နဲ့ ရေရှည်အတွက် တရားဥပဒေ စိုးမိုးရေးကို စဉ်းစားလာတတ်ပြီ။
မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ အနှစ်ပါတဲ့အပြင် တိုင်းရင်းသား တွေ အပေါ် တရားမျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရှိမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။ မြန်မာပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြန်ပြင်ရေးရင် ထည့်သွင်း စဉ်းစားနိုင်အောင်ပါ။
ဖက်ဒရယ် လို့ကြားလိုက်တာနဲ့ တိုင်းပြည်ဖျက်ပြီလို့ ကြောက်စရာ မလိုပါ။ ဖက်ဒရယ် စံနစ်မှာ ကောင်းတာတွေ
ရှိသလို ဖက်ဒရယ် ဆိုလိုက်တာနဲ့ အဖြေရပြီလို့ အားကိုးလွန် ဖို့မသင့်ပါ။ ဖက်ဒရယ် စံနစ်မှာ သတိရှိစရာ အချက်
တွေ အများကြီးရှိပါတယ်။ စံနစ်ဆိုတာ (သိ) မှ (ကိုင်တွယ်) တတ်မှ အကျိုးဖြစ်ထွန်းနိုင်တာပါ။
(ကိုးကား ။ General and scholar test reform waters By Wu Zhong, China Editor Aug 12, 2010 ကိုကားပါသည်။ )
အပိုင်း (၂) ကိုဆက်လက်ဖေါ်ပြပါမည်။
http://mizzimaburmese.com/
နိဗ္ဗာန်ယာဉ်ဝယ်ဖို့ ရပ်ကွက်ထဲ ငွေကောက်
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၉ မိနစ်
အယ်ဒီတာရှင့်
ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရပ်ကွက် အုပ်ချုပ်ရေးမှူး
တွေကို ခေါ်ပြီး နိဗ္ဗာန်ယာဉ်ဝယ်ဖို့အတွက် တရပ်ကွက်ကို ကျပ် ၅ သောင်းစီ ကောက်ခံခိုင်းနေပါတယ်။
လက်ရှိ ကြံ့ခိုင်ရေးပါတီက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ခိုင်းနေပြီး ကြံ့ဖွံ့ပါတီက အာဏာပြတာသာဖြစ်တဲ့အတွက် ကျမတို့က မကျေနပ် ဖြစ်နေကြတာပါ။ ဘာလို့လဲဆိုတော့ ကြံ့ခိုင်ရေးက ပါတီလေ၊ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်
ဆိုပြီး အုပ်ချုပ်ရေးတွေခန့်ပြီး သူတို့ လူပဲ ခန့်ပြီးတော့ အုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေးသြဇာနဲ့ ဒီလိုပဲ ပြည်သူ လူထုကို ကောက်ခံခိုင်းတာ မကျေနပ်တာပေါ့နော်။
အုပ်ချုပ်ရေးတွေကလည်း ချက်ချင်းနောက်နေ့ စနေနေ့မှာ လိုက်ကောက်တယ်။ ပြည်သူတွေကနေ မပြည့်တော့ ချဲဒိုင်တွေ၊ သူတို့နဲ့ မကင်းတဲ့ လူတွေဆီကနေလိုက်ကောက်တယ်။
အုပ်ချုပ်တဲ့ လူတွေကလည်း ဘာဖြစ်လို့ ပါတီအနေနဲ့ ခိုင်းတာကို ဒီလိုလုပ်ဆိုတာ မသိဘူး။ အဲဒါကြောင့် မကျေနပ်
ဘူး။ ကြံ့ခိုင်ရေးက ဗိုလ်ကျတာပဲ ထင်တယ်။ သူတို့သြဇာ အာဏာလည်း မပျောက်သေးဘူး။ အဲဒါကြောင့် အစိုးရတောင်မှ ပြည်သူတင်တဲ့ အစိုးရဖြစ်တယ်လို့ သတ်မှတ်ထားပြီးရင် ရပ်ကွက်ကလည်း ပြည်သူလူထုတင်တဲ့ အုပ်ချုပ်ရေးပဲ ဖြစ်ရမယ်လေ။ ဒီတော့ ပါတီကနေ အုပ်ချုပ်ရေးသမားကို ဘာဖြစ်လို့ ခိုင်းခွင့်ရှိတာလဲဆိုတာ မကျေနပ်လို့ ပြောတာပါရှင့်။
ဒဂုံမြို့သစ် မြောက်ပိုင်းသူ
http://mizzimaburmese.com/edop/letters-to-editor/8152-2011-08-16-13-03-33.html
မီဒီယာကို ဦးကျော်ဆန်း မျက်ရည်နဲ့ ပြောင်းတိုက်ပြီလား
ခင်ဦးသာ Tuesday, 16 August 2011 17:41
ပြည်တွင်းပြည်ပ မီဒီယာတွေမှာ ဒီရက်ပိုင်းအတွင်း ရေးသားဖော်ပြနေကြတဲ့ သတင်းတွေအနက် ပရိသတ် စိတ်ဝင်စားမှု အများဆုံးကတော့ သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်ကျပြခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ သတင်းပါပဲ။
သြဂုတ်လ ၁၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော အစိုးရအဖွဲ့၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးခွန်းကို ဖြေဆိုနေသော ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း (ဓာတ်ပုံ - AP)
သြဂုတ်လ ၁၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဧရာဝတီမြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်သွားဖို့ ရှိပါသလဲလို့ စာနယ်ဇင်းသမားတဦးရဲ့ အမေးကို ဖြေဆိုနေစဉ်မှာပဲ ဦးကျော်ဆန်းဟာ “ကျနော်တို့လည်း တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ လုပ်နေပါတယ်” ဆိုပြီး မျက်ရည်ကျ ငိုပြလိုက်တာကြောင့် သတင်းထောက်တွေက မေးခွန်းဆက်မေးဖို့ တွန့်ဆုတ်သွားခဲ့ရတယ်လို့ တက်ရောက်ခဲ့တဲ့ သတင်းထောက်တဦးက ပြောပါတယ်။
“ဟန်ဆောင်ပြီး ငိုပြလိုက်တာတော့ မဟုတ်ဘူး။ ဧရာဝတီမြစ်ဆုံနဲ့ ပတ်သက်ပြီး ဖြေဆိုဖို့ အဆင်သင့်ဖြစ်ပုံ မရသေးတဲ့အတွက် ဖြေရခက်သွားတဲ့အပေါ် ရင်ထဲမှာဆို့နစ်ပြီး ငိုချလိုက်တဲ့သဘောပါ။ သတင်းထောက်တွေကိုလည်း မေးခွန်းတခုစီပဲမေးပါလို့ မေတ္တာရပ်ခံသေးတယ်” လို့ သူက ဆက်ပြောပါတယ်။
စိတ်မထိန်းနိုင်လို့ မတော်တဆ မျက်ရည်ကျသွားတဲ့ကိစ္စကို မီဒီယာတွေက မဖော်ပြကြပါနဲ့လို့ တောင်းပန်ခဲ့ပေမယ့် သတင်းစာ ရှင်းလင်းပွဲအပြီး နာရီပိုင်းအတွင်းမှာပဲ ဦးကျော်ဆန်းငိုပြတဲ့ အကြောင်းဟာ မီဒီယာတွေ၊ အင်တာနက် စာမျက်နှာတွေမှာ ချက်ချင်းပြန့်နှံ့သွားခဲ့ပြီး လူဖတ်အများဆုံးသတင်း ဖြစ်သွားခဲ့ပါတယ်။
ယခင်ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ဘုကျကျဖြေဆိုလေ့ရှိခဲ့တဲ့ ဦးကျော်ဆန်းဟာ အခု သတင်းစာရှင်းလင်းပွဲမှာ သဘောထားပျော့ပျောင်းတဲ့ အသွင်ဆောင်ကာ ဒီမိုကရေစီစနစ်ကို သွားနေတယ်ဆိုတဲ့ အသွင်ကို ပြချင်တဲ့သဘော ဆောင်နေတယ်လို့ တက်ရောက်တဲ့ သတင်းထောက်တချို့က မှတ်ချက်ပေးပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲဟာ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပထမဆုံး သတင်းစာရှင်းပွဲ ဖြစ်ပြီး အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးကျော်ဆန်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။
မြန်မာအစိုးရနဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းတည်ဆောက်နေတဲ့ ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး စီမံကိန်းကို ရပ်တန့်ပေးဖို့ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူတွေ၊ အနုပညာရှင်တွေကအစ ၀ိုင်းဝန်းကန့်ကွက်မှုတွေကို အစိုးရက ရင်ဆိုင်နေရပါတယ်။
ဦးကျော်ဆန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်းပဲ “ကမ္ဘာ့လူသားအစ မြန်မာက” ဆိုပြီး ပြောဆိုခဲ့မှုအပေါ် အတော်များများက ဝေဖန်ခဲ့ကြပြီး “မြန်မာအစ ကျော်ဆန်းက” ဆိုပြီး လှောင်ပြောင်ခဲ့ပါသေးတယ်။
ပုဂံဒေသမှာရှိတဲ့ ရှေးဟောင်းယဉ်မှု အမွေအနှစ်တွေကို ထိန်းသိမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတခုမှာ ဦးကျော်ဆန်းက အဲဒီလို ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုခဲ့တာပါ။
ပုံတောင်ပုံညာဒေသတွေနဲ့ တခြားဒေသတွေက ရတဲ့ အထောက်အထားတွေကို မြန်မာပညာရှင်တွေနဲ့ နိုင်ငံတကာ ပညာရှင်တွေက ခေတ်မီတဲ့ နည်းစနစ်တွေသုံးပြီး စစ်ဆေးခဲ့ရာကနေ မြန်မာတွေဟာ ရှေးအကျဆုံးလူမျိုး ဖြစ်တာကို ကမ္ဘာက လက်ခံအသိအမှတ်ပြုထားတယ်လို့ ဦးကျော်ဆန်းက ဆိုခဲ့ပါတယ်။
အသက် ၆၃ နှစ် ရှိပြီဖြစ်တဲ့ ဦးကျော်ဆန်းဟာ စစ်ကိုင်းတိုင်း၊ မုံရွာဇာတိလို့ အစိုးရ၀န်ကြီးတွေရဲ့ကိုယ်ရေးအကျဉ်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်တက္ကသိုလ် အပတ်စဉ် (၁၁) ကျောင်းဆင်းဖြစ်ပြီး ၂၀၀၁-၀၂ ခုနှစ်ဝန်းကျင်မှာ ကုန်သွယ်ရေး ဒု ၀န်ကြီး၊ ၂၀၀၄ ၀န်းကျင်ကနေ ဒီနေ့အထိ ပြန်ကြားရေးဝန်ကြီးတာဝန်ကို အပိုင်စား ယူထားပြီး မီဒီယာလောကကို ချုပ်ကိုင်ထားခဲ့သူပါ။
ဦးကျော်ဆန်းဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ၁၉၆၄ ခုနှစ်မှာ DSA အပတ်စဉ် (၁၀) ကို ဖြေဆိုခဲ့ပေမယ့် ကိုယ်အလေးချိန် မပြည့်တဲ့အတွက် မအောင်မြင်ခဲ့ဘူးလို့ တနယ်တည်းသား အတန်းတူကျောင်းသား ဖြစ်ခဲ့တဲ့ အခု အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ တင့်ဆွေက ဆိုပါတယ်။
နောက်တနှစ်မှာ ဒေါက်တာ တင့်ဆွေနဲ့အတူတူ ပြန်ဖြေကြတော့ ဦးကျော်ဆန်းက DSA အောင်သွားပြီး သူကတော့ မအောင်လို့ ဆေးကျောင်းရောက် သွားခဲ့တယ်လို့ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။
ဦးကျော်ဆန်းဟာ ငယ်စဉ်က ထူးချွန်တဲ့ ကျောင်းသားတဦး မဟုတ်ခဲ့ပေမယ့် ကြိုးစားတဲ့ ကျောင်းသားတဦးဖြစ်ကြောင်း၊ ဖခင်ဖြစ်သူကတော့ အလံနီကွန်မြူနစ် သခင်စိုးရဲ့ အဖွဲ့ဝင်တဦးဖြစ်ကြောင်း သိရပါတယ်။
ဦးကျော်ဆန်း ကုန်သွယ်ရေး ဒု ၀န်ကြီးဖြစ်စဉ်က ဗိုလ်ချုပ် ခင်ညွန့်ကို ပုလဲမြို့နယ်ထဲက မင်းတိုင်ပင်ရွာဆီ ၂၀၀၂ ၀န်းကျင်တုန်းက ခေါ်လာပြီး ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းက ရှေးဟောင်းပစ္စည်းတွေကို ပြတော့ ဦးခင်ညွန့်က ကျောင်းထိုင်ဘုန်းကြီးကို ပိုက်ဆံနည်းနည်းသာ ပေးကာ အကုန်သိမ်းယူသွားခဲ့ပါတယ်။
“ရွာက ရှေးဟောင်းပစ္စည်းတွေကို ဗိုလ်ချုပ် ခင်ညွန့်က သိမ်းယူသွားပြီး မကြာခင်မှာပဲ သူလည်း ဒု ၀န်ကြီးကနေ ပြန်ကြားရေးဝန်ကြီးအဖြစ် တခါတည်း ရာထူးတက်သွားတယ်” လို့ ဒေါက်တာ တင့်ဆွေက ဆိုပါတယ်။
သူရာထူးတက်ရေးအတွက် ဒေသခံပြည်သူတွေ တန်ဖိုးထားတဲ့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ အထက်လူကြီးကို မျက်နှာလုပ် ဖားသွားတဲ့ ဦးကျော်ဆန်းကို ဒေသခံတွေက သိပ်အမြင်မကြည်ကြသေးပါဘူး။
စစ်တက္ကသိုလ် တက်တုန်းကလည်း စီနီယာတွေကို အရိုအသေ ပေးတတ်တာ၊ ဖားတတ်တာတွေမှာ ဦးကျော်ဆန်းက သူများထက်သာပြီး အချင်းချင်းတွေ ကြားမှာတော့ အာပေါင်အာရင်းသန်သန်နဲ့ ငြင်းခုံပြောဆိုတတ်သူလို့ ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆိုပါတယ်။
ဗိုလ်မှူးကြီးဘ၀နဲ့ စစ်ဦးတက္ကသိုလ်မှာ တော်လှန်ရေး ဘာသာရပ်၊ တိုင်းရင်းသားရေးရာကိစ္စ၊ ထောက်လှမ်းရေး ဘာသာရပ်တွေကို သင်တန်းလာတက်တုန်းကလည်း သူများတွေထက် တမူထူးခြားတဲ့ မေးခွန်းတွေ၊ သူသိ သူကြားထားတဲ့ အကြောင်းအရာတွေထက်ပိုပြီး ခက်ခဲနားမလည်နိုင်တဲ့ မေးခွန်းတွေကို အမေးခံခဲ့ရဖူးတယ်လို့ ထောက်လှမ်းရေး ဘာသာရပ်တွေ ပို့ချပေးခဲ့ဖူးတဲ့ ဦးအောင်လင်းထွဋ်က ဆိုပါတယ်။
“တချို့မေးခွန်းတွေက အရမ်းကို လေးနက်ပြီး ပုံမှန်မဟုတ်တော့ ကျနော်လည်း နားမလည်ဘူး။ ထူးတာတော့ သူများတွေထက် အမေးအမြန်းများတယ်၊ ခက်ခဲနက်နဲတာတွေ မေးတတ်တဲ့ အကျင့်ပါပဲ” လို့ သူက ဆက်ပြောပါတယ်။
စစ်တက္ကသိုလ် တက်တုန်းကလည်း ထူးချွန်မှု မရှိပေမယ့် ကြိုးစားတဲ့ ကျောင်းသားတဦးဖြစ်တယ်လို့ သိရတယ်။ စစ်တက္ကသိုလ် ကျောင်းဆင်းပြီးတဲ့နောက် တပ်ရင်းမှူး၊ တပ်မမှူးစတဲ့ တာဝန်များ ထမ်းဆောင်ခဲ့စဉ်က ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ နီးစပ်ရာက နေရာရလာတယ်လို့ သိရတယ်။
ဗိုလ်ချုပ် မောင်အေး ရှမ်းပြည်နယ်မှာ တိုင်းမှူးဖြစ်စဉ်ကတည်းက ဦးကျော်ဆန်းဟာ ဦးမောင်အေးရဲ့ လက်အောက်တပည့် ဖြစ်ခဲ့ပြီး အရမ်းရိုသေကြောက်ရွံ့ခဲ့ရတယ်။ ဗိုလ်ချုပ် မောင်အေး တိုင်းမှူးဘ၀မှ စစ်ရုံးချုပ် ရောက်လာခဲ့ပြီးနောက်မှာ ဦးကျော်ဆန်းလည်းပဲ ဒု ၀န်ကြီးဖြစ်လာပါတယ်။
ပြန်ကြားရေးဝန်ကြီး ဖြစ်လာချိန်မှာတော့ မီဒီယာသမားတွေ၊ နိုင်ငံတကာ သံတမန်တွေနဲ့ ထိတွေ့မှု များလာပြီး ဗြောင်ကျကျလိမ် ပြောတတ်သူ၊ ပြန်တိုက်ခိုက်တတ်သူ အဖြစ်နဲ့ နာမည်ကြီးလာပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ဗိုလ်ချုပ်တွေကို အရပ်ဝတ်ပြောင်းတဲ့ အသုတ်မှာ ဗိုလ်မှူးချုပ်ရာထူးက အငြိမ်းစားပေးခံရပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကနေ ၀င်ရောက်အရွေးခံခဲ့ကာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အဲဒီနောက် အစိုးရသစ် ပေါ်လာချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနအပြင် ယဉ်ကျေးမှု ၀န်ကြီးဌာနကိုပါ ပူးတွဲတာဝန်ပေးတာ ခံရပြန်တယ်။
“မီဒီယာကို မီဒီယာနဲ့တိုက်” လို့ သဘောထား တင်းတင်းမာမာနဲ့ ကြွေးကြော်လေ့ရှိခဲ့တဲ့ ဦးကျော်ဆန်းဟာ နာမည်အရမ်းကြီးချင်တဲ့စိတ်၊ ပေါ်ပြူလာဖြစ်ချင်တဲ့စိတ်၊ ငါဗိုလ်ချုပ်ဆိုတာမျိုး၊ ဘယ်သူတွေနဲ့ ရင်းနှီးတယ်ဆို တာမျိုးတွေကို ကြွားချင်စိတ်ကရှိတယ်။ သတင်းစာ ရှင်းလင်းပွဲတွေမှာ ဆိုရင်လည်း ပြောချင်ရာလျှောက်ပြောတတ်တဲ့ အကျင့်ရှိတယ်လို့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆိုပါတယ်။
ယခင် နအဖ အစိုးရလက်ထက်မှာ ဦးကျော်ဆန်းဟာ အစိုးရရဲ့ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်နဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၊ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စတဲ့ သံတမန်တွေရဲ့ ခရီးစဉ်တွေမှာ မြန်မာအစိုးရကိုယ်စား လက်ခံတွေ့ဆုံတာ၊ ရှင်းလင်းပွဲ လုပ်တာတွေကို ဦးဆောင်လုပ်ခဲ့ပါတယ်။ နိုင်ငံခြား သံတမန်တွေဘက်က ဆန့်ကျင်ဘက် မေးခွန်းတခုမေးရင် ဘုကျကျ ပြန်ပြော၊ ပြန်ငြင်း တတ်သူတဦးအဖြစ်လည်း နာမည်ကြီးသူပါ။
ဒါကြောင့်လည်းပဲ “တော်စမ်းပါ ကျော်ဆန်းရာ” ဆိုပြီးတော့ သူ့ရဲ့ ၀ါဒဖြန့်မှုတွေ၊ ဗြောင်လိမ်၊ ဗြောင်ငြင်းတတ်တဲ့ အကျင့်စရိုက်တွေကို လှောင်ပြောင်ခြင်း ခံရတာပါ။
“ဘုကျကျ ပြောဆိုတတ်ပေမယ့် မြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးတွေထဲမှာသူက အရည်အချင်းပြည့်တဲ့ ၀န်ကြီးတယောက်၊ မီဒီယာတွေကို ဆက်ဆံရမယ့် နည်းဗျူဟာတွေကို သူက အကုန်သိတယ်” လို့ ဦးကျော်ဆန်းရဲ့ သတင်းစာရှင်းလင်းပွဲတွေကို အမြဲတက်ရောက် သတင်းယူလေ့ရှိတဲ့ ပြည်ပသတင်းဌာနတခုရဲ့ ပြည်တွင်းအခြေစိုက် သတင်းထောက်က ဆိုပါတယ်။
အစိုးရရဲ့ အားနည်းချက်တွေကို ထောက်ပြ မေးခွန်းထုတ်ခဲ့တဲ့ သတင်းထောက်တချို့ဆိုရင် သူတို့ရဲ့ မိခင်အလုပ်တိုက်ကနေ ထုတ်ပစ်ဖို့ ဖိအားပေးခိုင်းတာ ခံခဲ့ရသလို တချို့ကိုလည်း နောင်လုပ်မယ့် ဘယ်သတင်းစာရှင်းလင်းပွဲကိုမှ မတက်ရောက်ရဆိုပြီး အမိန့်ထုတ်တာကို ခံခဲ့ကြရပါတယ်။ တချို့လည်း ထောင်ချခံထားရဆဲပါ။
လက်ရှိ ၀န်ကြီးတွေထဲမှာ ဦးကျော်ဆန်းဟာ သက်တမ်းရှည်ဝန်ကြီးတဦး ဖြစ်ခဲ့တာရယ်၊ အခု ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့မှာလည်းပဲ ပြန်ကြားရေးဝန်ကြီးဌာနကို အပိုင်စားရတာဟာ အဲဒီလို စွာတာ၊ ဗြောင်လိမ်တာ၊ မျက်နှာပြောင် တိုက်ရဲတာ စတဲ့ သူရသတ္တိတွေကြောင့်လို့ စာနယ်ဇင်းအသိုင်းအ၀ိုင်းက ဆိုကြပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့မှာ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာနတွေ တာဝန်ယူထားတဲ့အပြင် တခြားနေရာ တချို့မှာလည်းပဲ ဦးကျော်ဆန်းဟာ တန်ခိုးပိုထွားလာတယ်လို့ ပြောဆိုနေကြပြီး သမ္မတ၊ ဒု သမ္မတ တွေကိုတောင် ကျော်ပြီး လုပ်နေတယ်လို့ ပြောဆိုနေကြတယ်။
သမ္မတနဲ့ တခြားဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေကို သတင်းစာတွေမှာ ထည့်ပေးရာမှာလည်း ဆင်ဆာတွေ အထပ်ထပ် ဖြတ်တောက်၊ ညှပ်ထုတ်ပြီးခါမှ ဦးကျော်ဆန်းအကြိုက်တွေကိုသာ ရွေးချယ်ထည့်ပေးနေတဲ့ ကိစ္စတွေကို မီဒီယာတွေက မကြာခဏ ရေးသားခဲ့ကြပါတယ်။
လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ဇွန်လအတွင်း ရန်ကုန်မြို့က ပြည်သူ့လွှတ်တော် အဆောက်အအုံမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ မီဒီယာတွေနဲ့ တွေ့ဆုံစကားပြောခဲ့တဲ့ အကြောင်းအရာတွေဟာ သတင်းစာမှာ အနည်းငယ်သာ ဖော်ပြခံခဲ့ရပါတယ်။
နအဖ လက်ထက်တုန်းက နံပတ် ၃ အဆင့်ရှိခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးရွှေမန်းဟာ အခုအခါမှာတော့ ဦးကျော်ဆန်း သနားမှ သတင်းစာမှာ နေရာရမယ့်အခြေအနေကို ဆိုက်ရောက်သွားပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ ရုရှားနိုင်ငံကို သွားခဲ့တုန်းကလည်း ပြန်ရောက်ပြီး ရက်အတော်ကြာမှ သတင်းစာထဲမှာ သတင်းခပ်သေးသေး ဖော်ပြပေးတာ ခံခဲ့ရပြန်တယ်။
ဦးကျော်ဆန်းဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေကျတော့ သစ်ပင်စိုက်တာ၊ ရေလောင်းတာကိုတောင် စာလုံးမည်းကြီးနဲ့ သတင်းစာရဲ့ အဓိကကျတဲ့စာမျက်နှာတွေမှာ ဖော်ပြတာတွေဟာ မမြင်ချင် အဆုံးပါပဲ။
“မီဒီယာကို မီဒီယာနဲ့တိုက်” လို့ ကြွေးကြော်နေတဲ့ ဦးကျော်ဆန်းဟာ အစိုးရပိုင် မီဒီယာတွေကို အသုံးချနေပါတယ်။ ဒါ့အပြင် သတင်းစာပညာနဲ့ ပတ်သက်ပြီး ၁၀ တန်းအောင်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် သတင်းစာပညာ ကောလိပ်ကျောင်းတခုကို ရန်ကုန်မြို့ ဗိုလ်တထောင်ကောလိပ်မှာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကစပြီး ဖွင့်ထားပေးကာ သူ့အကြိုက်လိုက်မယ့် သတင်းသမားတွေကို မွေးထုတ်ပေးနေပါတယ်။
၃ နှစ်သင်တန်းပြီးပါက သတင်းစာပညာဘွဲ့ ပေးပါတယ်။ သင်ကြားတဲ့ ဆရာ၊ ဆရာမတွေ အားလုံးနီးပါးဟာ ဦးကျော်ဆန်းရဲ့ ပုံစံသွင်းခံထားရတဲ့ ပြန်ကြားရေးဌာနက ၀န်ထမ်းတွေဖြစ်တယ်လို့ အဲဒီကျောင်းဆင်း ကျောင်းသူတဦးက ပြောပါတယ်။
ဦးကျော်ဆန်းဟာ ကျောင်းသူ ကျောင်းသားတွေ၊ ၀န်ထမ်းတွေ၊ မီဒီယာတွေနဲ့ တွေ့တဲ့အခါတိုင်းမှာ အမျိုးသားရေး အကျိုးစီးပွားကို အခြေခံတဲ့ ဂျာနယ်လစ်ဇင် ဖြစ်ရမယ်၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို အပြည့်အ၀ ကျင့်သုံးရမယ်လို့ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို မကြာခဏ ထည့်သွင်း ပြောဆိုတတ်ပါတယ်။
ဦးကျော်ဆန်းရဲ့တခြားဝန်ကြီးတွေနဲ့ မတူတဲ့ အချက်ကတော့ မိန်းမကိစ္စနဲ့ ပတ်သက်ပြီး နာမည်ဆိုးမထွက်တာ၊ စီပွားရေးကိစ္စ၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ နာမည်ဆိုးထွက်တာ မရှိဘူးလို့ သိရတယ်။
“ပြန်ကြားရေးဝန်ကြီးဆိုတာက မင်းသမီးတွေ၊ မော်ဒယ်လ်တွေနဲ့ နီးစပ်သူတွေဖြစ်တော့ ပြန်ကြားရေးဝန်ကြီး အများစုဟာ မင်းသမီးတွေနဲ့ နာမည်ထွက်ခဲ့တာတွေ ရှိတယ်။ ဦးကျော်ဆန်းကတော့ ဒီနေ့အထိ မကြားရသေးဘူး” လို့ ဦးအောင်လင်းထွဋ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က လုပ်ခဲ့တဲ့ လွှတ်တော်အစည်းအဝေးတခုမှာ မြန်မာပြည်သူတွေဟာ ကမ္ဘာ့ပြည်သူတွေနည်းတူ သတင်းအချက်အလက်၊ အသိ ဗဟုသုတတွေကို အပြည့်အ၀ ရနေပါတယ်။ မြန်မာနိုင်ငံမှာ သတင်းစာစောင်ရေ နေ့စဉ် ၃ သိန်းကျော်၊ တနှစ်ကို စောင်ရေ ၁၀၈ သန်းကျော် ဖြန့်ပေးနေတယ်လို့ ဦးကျော်ဆန်းက ပြောပါတယ်။
နေ့စဉ်စောင်ရေ ၃ သိန်းကျော် ဖြန့်နေတယ်ဆိုတဲ့ ဦးကျော်ဆန်းရဲ့ သတင်းစာတွေအတွက် စိတ်မကောင်းစရာကတော့ စာမျက် ၂၀ ရှိတဲ့အထဲ အနောက်ပိုင်းက နာရေးကြော်ငြာပါတဲ့ စာမျက်နှာကိုသာ ပြည်သူတွေက ရွေးဖတ်နေကြတာပါပဲ။ ရုပ်မြင်သံကြားဆိုရင်လည်း ကိုးရီးယားဇာတ်လမ်းတွေက လွဲရင် ဘာမှမကြည့်ကြသလိုပေါ့။
အစိုးရရဲ့သတင်းစာတွေမှာ ပြည်ပ မီဒီယာတွေရဲ့ ပြောဆိုချက်တွေကို နားမယောင်ဖို့၊ နားမထောင်ဖို့အတွက် စာမျက်နှာ နောက်ကျောဖုံးမှာ စာလုံးမည်းကြီးတွေနဲ့ နေ့စဉ်ဖော်ပြပေးထားပါတယ်။
ဒါပေမယ့် ပြန်ကြားရေးဌာနရဲ့လက်အောက်ခံ ၀န်ထမ်းတွေအပြင် တခြားဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ အစိုးရအရာရှိတွေ ကိုယ်တိုင်က သတင်းသိချင်ရင် ပြည်ပ မီဒီယာတွေဖြစ်တဲ့ DVB , VOA, BBC, RFA စတဲ့ ရေဒီယို အစီအစဉ်တွေ၊ အင်တာနက် သတင်းဝက်ဘ်ဆိုဒ်တွေကိုပဲ နားထောင်လေ့၊ ဖတ်လေ့ ရှိကြပါတယ်။
အဲဒီတော့ မီဒီယာကို မီဒီယာနဲ့ တန်ပြန် မတိုက်ခိုက်နိုင်တော့တဲ့ အဆုံးမှာတော့ ဦးကျော်ဆန်းဟာ “မီဒီယာကို မီဒီယာ” နဲ့ မတိုက်တော့ဘဲ “မျက်ရည်” နဲ့ ပြောင်းလဲ တိုက်ခိုက်တော့မှာလားလို့ မေးခွန်းထုတ်လိုက်ချင်ပါတယ်။
http://www.irrawaddy.org/bur/index.php/articles/2-articles/7074-2011-08-16-10-44-07
ဦးကျော်ဆန်း ပြုတ်မှာလား
Tuesday, August 16, 2011 zarny win
ဦးကျော်ဆန်း ရာထူးကနေ နှုတ်ထွက်ရပြီ ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
ဟုတ်ပါတယ်၊ သြဂုတ်လ ၁၂ ရက်နေ့ အစိုးရသစ်ရဲ့ ပထမဦးဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ငိုပြခဲ့တဲ့ ဇာတ်လိုက်ကျော် ပြန်ကြားရေးဝန်ကြီး အကယ်ဒမီ ဦးကျော်ဆန်း ဖြစ်ပါတယ်။
ပြန်ကြားရေးဌာန အရာရှိကြီးတယောက်ကတော့ ``ဒီနေ့ ၀န်ကြီး ရုံးတက်ပါတယ်။ မျက်နှာတော့ မကောင်းဘူး။ နှုတ်ထွက်ရမယ်ဆိုတဲ့ သတင်းကတော့ ရုံးထဲမှာ ပြန့်နေတယ်´´လို့ ဆိုပါတယ်။
``သိရသလောက်တော့ အဲဒီနေ့က ငိုပြတာကြောင့် လို့ ကြားပါတယ်´´ လို့ သူက ထပ်ပြောပါတယ်။
ပြန်ကြားရေးက ထုတ်ဝေတဲ့ ဒီကနေ့ထုတ် သတင်းစာတွေမှာတော့ အသွင်ပြောင်းမှုတချို့ကို တွေ့ရမှာပါ။ ၀ါဒဖြန့်စာတချို့ကို နောက်ကျောဖုံးမှာ မထည့်ဘဲ အတွင်းစာမျက်နှာထဲ ပြောင်းထည့်လိုက်တဲ့အပြင် BBC, VOA, RFA, DVB စတဲ့ အသံလွှင့်ဌာနတွေကို ပေါ်တင် တိုက်ခိုက်တာတွေလည်း ဖြုတ်ထားပါတယ်။ ဟိုတုန်းကတော့ အဲဒါတွေက နောက်ကျောဖုံးမှာ နေ့စဉ် နေရာရတဲ့ ကြော်ငြာတွေ ဖြစ်ပါတယ်။
စည်သူ
(လတ်တလော သိရသမျှဖြစ်ပါသည်။)
http://www.irrawaddyblog.com/2011/08/blog-post_4866.html