Wednesday, August 17, 2011

မငိုပါနဲ့ ဧရာဝတီ



အိမ့်ချမ်းမြေ့ @ 11:37 am

သူတို့ဟာ… ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးကို ပိုင်ဆိုင်ထားခဲ့တယ်။
အဲသလို ရှည်လျားလှပတဲ့ ကမ္ဘာ့အံ့ဖွယ် ယန်စီမြစ်ကြီးဟာဆိုရင် ယဉ်ကျေးမှုတွေ အမျိုးမျိုးကို တည်ဆောက်ခဲ့တဲ့ မြစ်ကြီးတစ်စင်း ဖြစ်တယ်။
သူတို့ဟာ… အဲဒီမြစ်ကြီးကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင်သဘာဝတရားကြီးတစ်ခုလုံးကို မှောက်လှန်ဖျက်ဆီးလိုက်ခြင်းအားဖြင့် လူတွေသာမက ကျွဲနွားတိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာ့အထင်ရှားဆုံး သဘာဝသယံဇာတ ၁၀ ခုထဲမှာ တစ်ခုပါနေပြီ။ နောက်နှစ်အနည်းငယ်မှာ.. ယန်စီဆိုတာ တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီနဂါးကြီးတွေလို.. ရှေးဟောင်းစာပေကျမ်းဂန်တွေထဲမှာပဲ ရှင်သန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ရဲ့။
ဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ သူတို့ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River), Songhua River, Huai River, Hai River နဲ့ Liao River တွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။ ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် သူတို့တိုင်းပြည်အနှံ့မှာ မိုးခေါင်ရေရှားရပ်ဝန်းတွေ ပေါ်တယ်၊ ရေတွေကြီးတယ်၊ လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်နေတယ်။
dry9.jpg
{ခြောက်သွေ့နေတဲ့ မြစ်ကမ်းပါးတွေပေါ်မှာ ငုတ်တုပ် အသက်ပျောက်ကြရတဲ့ တိရစ္ဆာန်တွေ }

ရေမလွှတ်တာကြာတဲ့ မြစ်တွေဟာ ကျဉ်းသွားတယ်၊ တိမ်သွားတတ်တယ်။ နေရောင်အောက်မှာ အရှင်လတ်လတ် အကြာကြီးနေဖုတ် ခံရတဲ့ ကမ်းပါးတွေဟာ မာခဲသွားတော့တယ်။ အဲသလို မာခဲသွားတဲ့အတွက်… ရေလွှတ်တဲ့အခါ မိုးရွာတဲ့အခါတွေမှာ.. ကမ်းပါးမြေဟာ ရေကိုမစုပ်နိုင်တော့ဘူး။ ရေကို မစုပ် နိုင်တဲ့အတွက် မြစ်တွေရေလျှံတယ်။ လူတွေ ဒုက္ခရောက်ကြတယ်။ မြစ်ရေလျှံခြင်း၊ မြစ်ရေခမ်းခြောက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့… သူတို့လူတွေ ဒုက္ခရောက်တဲ့အခါမှာ.. အနည်းငယ်အမြင်မှန် ရသယောင်ဖြစ်လာတယ်။ ယန်စီမြစ်ကို အသက်ပြန်သွင်းဖို့ အစွမ်းကုန် ကြိုးစားတယ်။
ဒါပေမယ့် ….
ဒါပေမယ့် …… အချိန် မမှီတော့ဘူး။

ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှုလုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော်ရှည်တဲ့ ရေကာတာကြီးကြောင့်၊ အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရရင်း ခြေတော်အတင်ခံနေခဲ့ရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။ ယန်စီရေကာတာကြီးရဲ့ သက်တမ်းဟာ အနှစ်တစ်ရာကနေ သုံးရာလို့ ခန့်မှန်းထားတယ်။ ယန်စီရေကာတာ သက်တမ်းကုန်ဆုံးသွားမယ့်နေမှာ…ယန်စီမြစ်ဟာလည်း တစ်ပါတည်း အစတေးခံရမှာ ဖြစ်ပါတယ်။ ယန်စီမြစ်တစ်လျှောက်က biodiversity တစ်ခုလုံးလည်း ပျောက်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။
dry.jpg
{ဆန့်ငင်ဆန့်ငင်နဲ့ အသက်ငင်နေခဲ့ပြီး နောက်ဆုံးတော့ ဇီဝိန်ချုပ်ငြိမ်းသွားပြီဖြစ်တဲ့ ရှန်ဆီနယ်မြေထဲက လန်မြစ် }

သူတို့တွေဟာ concrete junk တွေဖြစ်တဲ့ မိုးမျှော်တိုက်ကြီးတွေ၊ လမ်းမကြီးတွေဟာ တိုးတက်တဲ့ အရိပ်အရောင်တွေအဖြစ်နဲ့ ကျေနပ်နေကြတယ်။ သဘာဝတရားရဲ့ အလှအပတွေကိုတော့ မတိုးတက်ခြင်းနဲ့ တောဆန်ခြင်းလို့ လွဲမှားစွာ (ဒါမှမဟုတ်) သိသိနဲ့ ခေါင်းမာစွာ.. ယူဆနေကြတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တိုင်းပြည်ထဲမှာ ရေကာတာအများဆုံးတိုင်းပြည်အဖြစ်နဲ့ ကိုယ့်မျက်နှာက မျက်လုံးကို ဖောက်ထုတ်နေတဲ့ တိုင်းပြည်ဖြစ်နေပြီလို့ ၀ိုင်းသတိပေးတာကို သူတို့ နားမထောင်ခဲ့ဘူး။ သူတို့တွေဆောက်တဲ့ ရေကာတာကြောင့် လူပေါင်း သုံးသောင်း သေဆုံးခဲ့ပြီးပြီ။ မိုးမျှော်တိုက်ကြီးတွေဘေးက ခမ်းခြောက်တိမ်ကောနေတဲ့ မြစ်တွေ ရေချိုကန်တွေ၊ မြေတွေကျွံလို့ နစ်ဝင်သွားတဲ့ မြို့ကြီးတွေ၊ အက်စစ်ရေတွေ၊ ပျောက်ဆုံးသွားတဲ့ ရှားပါးတိရစ္ဆာန်တွေဟာ.. တိုးတက်ခြင်းရဲ့ ပြယုဒ်တွေတဲ့လား….။
2.jpeg
{ရေတွေခမ်းသွားလို့ မြေပက်ကြားအက်တွေဖြစ်၊ မြေတွေဟာ ရေတိုက်စားခြင်းခံရ၊  စပါးစိုက်စရာမြေမရှိ… အက်စစ်ရေတွေထဲမှာလည်း  ဘယ်ငါးမှ မရှိလို့  ကြံရာမရဖြစ်နေရှာတဲ့ ယန်စီမြစ်ကမ်းနဖူးပေါ်က တံငါသည် တစ်ဦး}
4.jpg
{တရုတ်ပြည် Jiangxi ပြည်နယ်က စိမ်းစိုခဲ့တဲ့ Poyang ရေကန်ထဲကို ရေတွေ မ၀င်တော့လို့ ပက်ကြားအက်နေတဲ့ မြေပြင်ပေါ်မှာ ငေးမောနေတဲ့ လူတစ်ယောက်။ November 26.- The water level of the largest freshwater lake in China has fallen to dangerous limits due to severe droughts since this summer.}

ယန်စီမြစ်ရေခမ်းခြင်းဟာ အနီးအနားပတ်ဝန်းကျင်က မြစ်စွယ်ပေါင်း ၃၀၀ နီးပါးနဲ့ ရေကန် ၂၆၆ ကန်ကိုလည်း ဒိုမီနိုeffect လို ဆက်ဆက်ပြီး ခမ်းခြောက်စေပါတယ်။

၂၀၀ဂ ခုနှစ်မှာ လှုပ်သွားတဲ့ ငလျှင်ကြီးဟာ Zipingpu Damကြောင့်ဖြစ်ရတာလို့ပြောနေတဲ့ သိပံ္ပပညာရှင်တွေရဲ့ စကားတွေကို နားပိတ်ထားကြတယ်။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာတောင် သမိုင်းတစ်လျှောက်လုံး ၇၅GW မှ ၈၅GW ရေပါဝါထုတ်တဲ့ အချိန်မှာ တရုတ်ပြည်ကတော့ လာမယ့် ငါးနှစ်အတွင်းမှာ ၁၄၀GW ထပ်ထုတ်ပါဦးမယ်။

ဒီလို… တိုးတက်ခြင်းတွေရဲ့နောက်မှာ ပေးဆပ်မှုတွေ ဘယ်လောက်ရှိသလဲ…. ဘယ်လောက်ဆက်ရှိလာမလဲ…. ဆိုတာကို မစဉ်းစား နိုင်ကြလောက်အောင် လောဘတွေ ယှဉ်ပြိုင်လိုမှုတွေနဲ့.. အမိုက်မှောင်ဖုံးနေခဲ့တယ်။
3.jpeg
{ခြောက်သွေ့နေပြီဖြစ်တဲ့  Hubei ပြည်နယ်ထဲက Honghu ရေကန်ထဲမှာ သေဆုံးနေတဲ့ ငါးတွေပါ။ (May 20, 2011)The Yangtze River, China’s longest, has been plagued by a severe drought, with the lowest level of rainfall this year since 1961, an official with the river’s flood control and drought relief headquarters said Monday, Xinhua News Agency reported. Picture taken May 20, 2011. REUTERS/Stringer (CHINA - Tags: ENVIRONMENT ANIMALS)}
5.jpg
{ တရုပ်ပြည်အရှေ့ဘက်ပိုင်း ၊ Jiangxi ပြည်နယ်က Poyang ကန် ဟာ တရုတ်ပြည်ရဲ့အကြီးဆုံး ရေ၀င်/ရေထွက်ကန်ကြီးပါ။ အခုဆိုရင် ကန်ထဲမှာ ရေဟာ ၁၀ပုံ ၁ပုံပဲ ကျန်ပါတော့တယ်။ မကြာခင်မှာ တရုတ်ပြည်ရဲ့ အကြီးဆုံး ဒီရေကန်ကြီးဟာ ဒဏ္ဍာရီ စာရင်းထဲ ၀င်တော့မှာ ဖြစ်ပါတယ် }
6.jpg
{တရုပ်ပြည်အလယ်ပိုင်းHubei ပြည်နယ်ရဲ့Hanjiang မြစ်ကမ်းပါးပေါ်မှာ ရေရှာမရတော့လို့ သေဆုံးရတဲ့ သတ္တ၀ါတွေများစွာထဲက တစ်ကောင် May 19, 2011) Hanjiang မြစ်လက်တက်ဟာ ယန်စီရဲ့ မြောက်မြားလှစွာသော ခမ်းခြောက်မြစ်လက်တက်ထဲက တစ်ခုဖြစ်ပါတယ်။ [Photo/Xinhua]}
7.jpg
{Henan ပြည်နယ်မှ ခမ်းခြောက်လာနေသော အ၀ါရောင်မြစ်ကမ်းပါး တစ်နေရာ [File Photo: China News Service]}

သူတို့ ယန်စီကို အားပါးတရ ချေတော်တင်ပြီးပြီ။ ယန်စီတင်မက သူတို့တိုင်းပြည်ထဲက အခရာမြစ်ကြီး ခြောက်မြစ်ကိုလည်း ခြေတော်တင်ခဲ့ပြီးပြီ။ သူတို့ပြည်ထဲက ရှိသမျှ မြစ်တွေကို ခြေတော်တင်လို့ အားရတော့….. သူတို့ရဲ့ စီးပွားရေး ယန္တရားတွေ ဆက်လက်လည်ပတ်ဖို့အတွက်.. concrete junk ကြီးတွေကို လျှပ်စစ်ပေးဖို့.. အသွေးအသားစုတ်ထုတ်ဖို့ မြစ်မကြီးတွေကို တွေ့လိုတွေ့ငြား.. ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်တယ်။
သူတို့ တွေ့သွားတယ်။

တိုင်းပြည်သေးသေးလေးတစ်ခုထဲက မြစ်တစ်စင်းဖြစ်တဲ့ ဧရာဝတီ ကို သူတို့ တွေ့သွားတယ်။ အဲဒီတိုင်းပြည်ဟာ ဟိုးတုန်းကပေါ့.. လျှမ်းလျှမ်းတောက် ဆန်ရေစပါးတွေ ထွက်ခဲ့လို့ ဘေးပတ်ဝန်းကျင်က နိုင်ငံတွေကတောင် အားကျမျှော်ကိုးခဲ့ရတဲ့ တိုင်းပြည်။ အဲသလို.. ဆန်ရေစပါးတွေ ပြောင်းပဲသီးနှံတွေ အလျှံပယ်ထွက်အောင် ဓာတ်သတ္တိအမျိုးမျိုးကို တစ်ပြည်လုံးနှံ့အောင် သယ်ဆောင်ပေးနေတဲ့ ဧရာဝတီ ဆိုတဲ့ သွေးကြောမကြီးကို ဖောက်ထုတ်ပြီး တစိမ့်စိမ့်ယိုစီးလာမယ့် သွေးတွေကို စိမ်ပြေနပြေသောက်ချင်လွန်းလို့ သူတို့တွေဟာ…. သွားရေတများများနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့တာ ကြာပါပြီ။
8.jpg
{ဧရာဝတီ ရဲ့ မျိုးပြုန်းလုနီး လင်းပိုင်များ}

သူတို့ဟာ. ဧရာဝတီ ကို ခြေတော်တင်ဖို့ ပြုံးပြုံးကြီး ရှုစားနေကြပြီ။ ကျေနပ်လွန်းလို့ အော်ဟစ်ရယ်မောနေသံတွေဟာ မကောင်းဆိုးဝါးတွေရဲ့ ရယ်သံတွေလိုပဲ မေခ၊ မေလိခ တောင်နံရံတွေပေါ်မှာ ပဲ့တင်ထပ် ရိုက်ခတ်နေကြတယ်…..
အဲဒီတိုင်းပြည်ကလေးဟာ …
အတွေးအခေါ်… ယဉ်ကျေးမှု တစ်ဖြည်းဖြည်း ၀ါးမျိုခံနေရတယ်……
အဲသလို… အမျိုခံနေရတန်းလန်းမှာတောင် မျိုနေတဲ့ သူတွေကို အထင်ကြီးစွာ မော့ကြည့်နေရရှာတယ်။
အဲဒီတိုင်းပြည်ကလေးဟာ….
အရှင်လတ်လတ် ဂုတ်သွေးစုတ်ခံနေရတယ်…
ဂုတ်ကို သွေးစုတ်ခံနေရတာတောင်… သွေးသံရဲရဲ သွားစွယ်ကြီးတွေကို မော့ငေးရင်း..
“တော်လိုက်တဲ့ စီးပွားရေးသမားတွေ”ဆိုပြီး တဖွဖွ ချီးကျူးနေလိုက်ကြသေးတယ်။
သူတို့ဟာ…တိုင်းပြည်ကို စိမ်ပြေနပြေ မျိုလို့ အားမရတော့…
တိုင်းပြည်ရဲ့ သွေးကြောမကြီးကိုဖြတ်တောက်.. အစိမ်းလိုက် သောက်..
အောင်သေအောင်သား စားကြတော့မယ်။
ဒါကို…. လည်စင်းခံပေးရင်း
ကျေကျေနပ်နပ်ကြီးနဲ့ … သွေး အသောက်ခံနေကြသူတွေကို……
ဘယ်လို နားလည်ရမှာလဲ….
လူတွေဟာ… သဘာဝတရားကို အတင်းအဓ္ဒ္ဒမ လုယူတတ်ကြတယ်။
အဲသလို.. အလုယူခံရတဲ့ သဘာဝတရားဟာ တန်ပြန်တုံ့ပြန်တဲ့ အခါမှာ..
လူသားတွေပဲ နစ်နာဆုံးရှုံးကြရတတ်ပါတယ်။
သူတို့တွေရဲ့ ဂုတ်သွေးစုတ်ခံနေရခြင်းမှ…. တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ ရုန်းထွက်နိုင်ဖို့ … ရှိရှိသမျှသောနတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပါစေတော့ .. လို့…..
ဧရာဝတီ ဟာ ငိုကြွေးရင်း တောင်းပန်နေပါတော့တယ်။
(( ကျမဟာ ဘူမိဗေဒပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာကို မြန်မာပြည်သူတစ်ယောက်အနေနဲ့ စာတွေအများကြီးဖတ်ပြီးတဲ့နောက်… နှလုံးသားနဲ့ ရေးပါတယ်။ တရုတ်ပြည်မှာ သူတို့ဖျက်ဆီးစရာ မြစ်ချောင်းတွေအများကြီး ရှိပါတယ်။ ကျမတို့တိုင်းပြည်မှာ.. ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ကို စီးတာ.. ဒီမြစ်ကလေးပဲ … ရှိပါတယ်။
တစ်နေ့မှာ…
နောင်လာနောက်သားတွေဟာ..
ဒီနေရာမှာ…
ဧရာဝတီ ဆိုတဲ့ မြစ်ကြီးတစ်စင်း ရှိခဲ့ဖူးတယ်…
မြန်မာဆိုတဲ့ လူမျိုးတွေ နေခဲ့ဖူးတယ်…
ဆိုပြီး….
ဒဏ္ဍာရီဆန်ဆန် ပုံပြင်တွေ ပြောကြတော့မှာမျိုး မဖြစ်ပါစေနဲ့လို့ဘဲ …. ဆုတောင်းရတော့မလို ဖြစ်နေရပါပြီ ))
စာရေးလို့အပြီး..
ခေါင်းစဉ်တပ်လို့အပြီးမှာ..
မျက်ရည်ကျပါတယ် ဧရာဝတီ။
http://articlesofinterest-kelley.blogspot.com/2011/05/china-drought-affects-35-million-people.html
http://www.trust.org/alertnet/multimedia/pictures/detail.dot?mediaInode=48161642-795e-4b29-9800-566b78ca70a8
http://english.peopledaily.com.cn/90001/90776/90882/7397337.html
http://www.itsnature.org/sea/aquatic-mammals/irrawaddy-dolphin/
http://ipsnews.net/mekong/stories/dolphins.html


http://www.ainchannmyay.com/?p=1190#more-1190

သူတို့ဟာ.. ဧရာဝတီ ကို ခြေတော်တင်ဖို့ ပြုံးပြုံးကြီး ရှုစားနေကြပြီ

မြန်မာ့ တပ်မတော် အလုံးစုံပြိုကွဲပျက်စီးဖို့နီးပြီလော

နယ်ချဲ့လွတ်လပ်ရေးတိုက်ပွဲအတွင်းက မွေးဖွားအခြေခံလာခဲ့သော၊ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် ရဲဘော်သုံးကျိပ် စတင် တည်ထောင်လာခဲ့သော ဘီအိုင်အေမှ အစပြုသည့် မြန်မာ့တပ်မတော်၏ အစဉ်အလာသည်
ယနေ့အခါသမယ၌ ပြုပြင်မရလောက်အောင် ချွတ်ခြုံကျ၊ ယိုယွင်းနေချေပြီလော။

နေ၀င်း၊ သန်းရွှေတို့၏ ကလိန်ကျ၊ ကိုယ်ကျိုးရှာ၊ အတ္တကြီး၊ အာဏာရှင်ဆန်မှုတို့ကြောင့် ပေါ်ပေါက်လာခဲ့ရသော တပ်မတော်အတွင်း ဖြုတ်၊ထုတ်၊သတ် ဇာတ်လမ်းမျိုးစုံကို လူအများ ကြားသိတွေ့မြင် ခဲ့ရပြီးချေသည်ကား သေချာပေ၏။ အနီးစပ်ဆုံးဥပမာများကား အထင်အရှားရှိ၏။ နေ၀င်းကာလကို အသာထားဦး။ သန်းရွှေကာလမှာပဲ စောမောင်၊ တင်ဦး၊ ခင်ညွန့်နှင့် တပည့်များ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည် မဟုတ်လော။

တပ်မတော်အတွင်း ဗိုလ်များသာ တိုးလာပြီး စစ်သားရှားပါး၊ ထွက်ပြေးမှုများ မကြာခဏကြုံတွေ့နေရရုံမျှသာ မကသေး။ ယနေ့တပ်မတော်အရာရှိကြီးကြီးမာစတာတို့၏ စိတ်ဓာတ်၊ စည်းကမ်းများမှာလည်း အဆိုးဖက်သို့ ဦးတည်နေသည်ကား ဆက်လက်ဖော်ပြမည့် အကြောင်းအရာများက သက်သေခံနေပေပြီ။

စော၊တင်၊ညွန့်တို့ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည့်နည်းတူ ယနေ့အခါတွင်လည်း တပ်မတော်အရာရှိကြီးကြီးမာစတာချင်း ဖြုတ်၊ထုတ်၊ဖမ်း လုပ်နေကြပြန်သည့် ဇာတ်လမ်းများမှာ ယခုအခါ မကြားချင်အဆုံး ဖြစ်နေပေသည်။

-မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ်ဖုန်းဇော်ဟန် ဖမ်းဆီးစစ်ဆေးခံနေရပြီဆိုသည်သတင်း...
(၄င်းမှာ လက်ရှိ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုသူ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ရန်ဘက်ကြီးဖြစ်သည်ဆို၏)
(မှတ်ချက်။ ။ ဖုန်းဇော်ဟန်၊ ရဲမြင့်တို့မှာ တပ်မတော်မှ ထွက်ထားသူများဟု မည်သို့ပင် အသံဟစ်ထားစေကာမူ ၄င်းတို့ကို ၄င်းတို့၏ ရှိရင်းစွဲ တပ်မတော်အဆင့်အတန်းအတိုင်း အာဏာပေးထားသည်ကို ငြင်းဖွယ်မမြင်ပေ။ ဥပမာ - သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ သိန်းစိန်၊ တင်အောင်မြင့်ဦး၊ ကျော်ဆန်း၊ ခင်ရီ အစရှိသူတို့သည် လက်ရှိတိုင် တပ်မတော်အပေါ် သြဇာညောင်းနေပေဘိသကဲသို့။)

-ကာကွယ်ရေး စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ(ယခင် မန္တလေးတိုင်းမှူး)၊ ဗိုလ်ချုပ်ထွန်းသန်း(ရန်ကုန်တိုင်းတိုင်းမှူး)တို့လည်း ဖမ်းဆီးစစ်ဆေးခံနေရပြီဆိုသည့်သတင်း...
-ဗိုလ်ချုပ်ကျော်ဖြိုး(ယခင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး)လည်း ဖမ်းဆီးစစ်ဆေးခံနေရပြီဆိုသည့်သတင်း...
စသဖြင့်.. စသဖြင့် ။

ဖြုတ်၊ထုတ်၊ဖမ်းသတင်းများကား စိတ်မချမ်းမြေ့ဖွယ်ကောင်းလောက်အောင် ကြားနေရပြန်ချေပြီ။ မြန်မာ့တပ်မတော်၏ အစဉ်အလာကို အပြိုင်ကိုယ်ကျိုးရှာတမ်း၊ အာဏာလုတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ်တမ်းကစားနေကြရင်း ချိုးဖျက်နေကြပြီလော။

ကျွန်တော်သည် ပြည်တွင်းမှာ နေထိုင်သော ပြည်တွင်းဖြစ် မြန်မာနိုင်ငံသား၊ ဗမာလူမျိုး စစ်စစ်တစ်ဦးဖြစ်ပြီး "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" စကားများနှင့် ကြီးပြင်းလာခဲ့ရသူဖြစ်ရာ ယခုလို တပ်မတော်၏ အမိ၊ အဖ ဆိုသူများ အချင်းချင်း ကိုယ်ကျိုးရှာအာဏာလုစတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ်တမ်းကစားနေကြသည်ကို မြင်နေရ၍ လွန်စွာ စိတ်မကောင်းဖြစ်မိတော့သည်။

တပ်မတော်သားသည် တစ်သားတည်းရှိရမည်မဟုတ်လော။ ယခုတော့ ဘယ်သူ့လူ၊ ဘယ်ဝါ့လူခွဲကာ တစ်ဦးနှင့်တစ်ဦး ဦးရာလူချစတမ်းလုပ်တတ်သည့် ဓလေ့တစ်ခု မြန်မာ့တပ်မတော်မှာ စွဲနေလေပြီ။ တပ်မတော်အတွင်း အာဏာစင်ပြိုင်ထောင်သည့် ဓလေ့ဆိုးသည် အမြစ်တွယ်နေလေပြီ။ တပ်မတော်ကိုအသုံးချကာ နိုင်ငံရေးဖြတ်လမ်းလိုက်တတ်သည့် ဓလေ့သိုးသည် အနံ့ထွက်နေလေပြီ။ တပ်မတော်အရာရှိကြီးကြီးမာစတာ ကိုယ်တိုင်သော် လည်းကောင်း၊ ၄င်း၏ဆွေမျိုးတသိုက်သော် လည်းကောင်း တပ်မတော်အာဏာသုံး၍ စီးပွားရှာတတ်သည့် ဓလေ့မျိုးသည် ရိုးနေလေပြီ။

"ဘယ်သူကွဲကွဲ တို့မခွဲ အမြဲစည်းလုံးမည်" ဆိုသည့် စကားများနှင့် တည်ဆောက်ထားသယောင်ရှိသော တပ်မတော်သည် မည်သူမျှ ခွဲစရာမလိုဘဲ ခေါင်းဆောင်အချင်းချင်းကွဲပြီး အာဏာရှိုးပြပွဲ လုပ်နေကြပေရာ ရိုးသား ထက်မြက်စွာ နိုင်ငံ့တာဝန်ထမ်းနေသော လက်အောက်ခံ တပ်မတော်အရာရှိကြီးငယ်များနှင့် လက်ဝေခံစစ်သားများခမျာ စိုးတထိတ်ထိတ်၊ ရင်တဖိုဖိုနေရသည့် ဘ၀သို့ တမုတ်ဟုတ်ချင်း အမြဲတမ်းကျရောက်နေလေပြီ။ "ငါ့တော့ ဘယ်နေ့အတွယ်ခံရမလဲမသိဘူး" ဟူသော စိတ်နှင့် တပ်မတော်သားဘ၀ကို စိတ်ညစ်စွာ ဖြတ်သန်းနေရလေပြီ။

မြန်မာ့တပ်မတော်ကို အမြစ်ကလှန်၍ ပြုပြင်မွမ်းမံရန် လိုပေပြီ။ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုသော်ငြား ထိုသွေး၊ ထိုအသံ၊ ထိုအမိန့်သည် "ညစ်၊ အက်၊ မှား"၍ နေပေသည်ကို သိလျက်ကြီးနှင့် ပညာဥာဏ်၊ မျိုးချစ်စိတ်ကြီးမားသူ လက်အောက်/လက်ဝေခံ တပ်မတော်သားများက ဒီအတိုင်းလက်ပိုက်ခေါင်းငုံ့ပြီး ငြိမ်ခံနေကြဦးမည်လော။

သွေးဆိုးသွေးညစ်ကို ဖောက်ထုတ်ဖယ်ရှားကာ တပ်မတော်ကို အသစ်တဖန်မွေးဖွားဖို့ လိုပေပြီ။ တပ်မတော်မျိုးဆက်သစ်တို့အနေဖြင့် တပ်မတော်တော်လှန်ရေးကို အမြန်လုပ်ဖို့လိုပေပြီ။ တပ်မတော်ကို ဖြိုခွဲမည့်အကြံ ကျွန်တော်လည်း လက်မခံပါ။ စိတ်ဓာတ်၊ စည်းကမ်းပြိုကွဲနေသော တပ်မတော်ကိုမူ ပြန်လည်စုစည်း ပြုပြင်ကြပါဟုသာ တိုက်တွန်းလိုပေသည်။

အနာသိလျှင် ဆေးရှိသည်ဆိုသော်ငြား ဆေးနှင့် ဆေးကုပေးမည့်သူကား လိုပေသည်။ အနာကား ရင့်ချေပြီ။ သတ္တိရှိရှိ၊ ပညာဥာဏ်ကြီးကြီးနှင့် အနာကို အမြန်ဆေးကုကြပါတော့ဟုသာ တပ်မတော်ချစ်၊ တိုင်းပြည်ချစ် မျိုးဆက်သစ်မြန်မာ့တပ်မတော်သားများကို အလေးအနက်ထားကာ ဦးတည် ရေးသားလိုက်ရပေသတည်း။ ။

ချေဗားမား (Che Burma)
11:59 PM, 16.8.2011

၁၇.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/czb104ug51y66k4/17%20August%202011%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/gwjl59p1mi71equ/17%20August%202011%20Yeyintnge%27s%20diary.pdf


http://www.ziddu.com/download/16085028/17August2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/16085029/17August2011Yeyintngesdiary.doc.html

17 August 2011 Yeyintnge's Diary

Smuggling of Migrants အကြောင်း သိကောင်းစရာ




Illegal Burmese migrants were found hiding in iceboxes in Ranong last year. File photo by Charnnarong Porndilokrat.

Human Migration ဆိုတာ ယနေ့ကမ္ဘာမှာ အရေးပါတဲ့ သဘောတရား တရပ်ဖြစ်ပေမယ့်၊ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများ စွာကတည်းက ပေါ်ပေါက်နေခဲ့ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ ဘ၀အခြေအနေအတွက် လူအများဟာ မွေးရပ်မြေ၊ အိမ်ယာတွေကို ခွဲခွာပြီး အခြားမြို့ရွာ၊ အခြားနိုင်ငံတွေမှာ အလုပ်သွားရောက် လုပ်ကိုင်တာတွေ၊ အခြေချ နေထိုင်တာတွေ ပြုလုပ်ကြပါတယ်။ ၂၀ ရာစုနှောင်းပိုင်းကာလရောက်တော့ ဂလိုဘယ်လိုင်းဇေးရှင်း အရှိန်အဟုန် မြင့် တက်လာတာနဲ့အမျှ အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့ အရှေ့ဥရောပနိုင်ငံများကနေ အနောက်ဥရောပ၊ သြစတြေး လျနဲ့ မြောက်အမေရိကနိုင်ငံများဆီကို migration လုပ်မှုတွေ များပြားလာပါတယ်။ ဒေသတွင်းမှာတင် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကနေ အခြားအိမ်နီးချင်းနိုင်ငံတွေကို migration လုပ်မှုတွေလဲ များပြားလာပါတယ်။ တရားဝင် ပြုလုပ်မှုတွေ ရှိသလို၊ တရားမ၀င် ပြုလုပ်တာတွေလဲ ရှိလာပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး၊ smuggling of migrants ဆိုတဲ့ ရာဇ ၀တ်ပြစ်မှုတွေကို ကျူးလွန်လာမှုတွေလဲ ရှိပါတယ်။

Smuggling of Migrants ဆိုရာဝယ်

၂၀၀၀ ခုနှစ်မှာ The United Nations Convention against Transnational Organized Crime ကို ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေညီလာခံရဲ့ Resolution 55/25 အဖြစ် ချမှတ်ခဲ့ကြပါတယ်။ ဒီကွန်ဗင်းရှင်းကို နောက်ထပ် ပရိုတို ကောလ် သုံးခုနဲ့ ထပ်ဆင့်ဖြည့်စွက်ပြီး၊ နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှု (Transnational Organized Crime) တိုက်ဖျက် ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ပါတယ်။ ဒီပရိုတိုကောလ်သုံးခုကတော့ the Protocol to Prevent, Suppress and Punish Trafficking in Persons, especially Women and Children; the Protocol against the Smuggling of Migrants by Land, Sea and Air; and the Protocol against the Illicit Manufacturing of and Trafficking in Firearms, their Parts and Components and Ammunition စတာတွေ ဖြစ်ပါတယ်။

The Protocol against the Smuggling of Migrants by Land, Sea and Air ရဲ့ ပုဒ်မ (၃) နဲ့ ပုဒ်မ (၆) မှာ smuggling of migrants ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ရာဇ၀တ်ပြစ်မှု မြောက်စေတဲ့ အပြုအမူတွေကို ရှင်းလင်းစွာ ထည့် သွင်းဖော်ပြ ထားပါတယ်။ Smuggling of migrants ဆိုတာ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသား မဟုတ်သော လူပုဂ္ဂိုလ်တဦး တယောက်ကို အဲဒီနိုင်ငံမှာ အခြေချနေထိုင်လို့ရအောင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူပြီး အကူအညီပေးခြင်း ဖြစ်ပါတယ်။ ပုဒ်မ (၆) အရ တိုင်းပြည်တခုအတွင်းသို့ ခိုးသွင်းခြင်း၊ အဆိုပါ ခိုးသွင်းခံရသူသည် ခိုးသွင်းခံရသော တိုင်းပြည်၏ နိုင်ငံသား (သို့မဟုတ်) တိုင်းပြည်တွင်းတွင် တရားဝင် နေထိုင်နိုင်ခွင့် မရှိခြင်းနှင့် ယင်းသို့ခိုးသွင်းရာတွင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ် များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူခြင်းဟာ ရာဇ၀တ်ပြစ်မှု မြောက်ပါတယ်။

အလားတူပဲ တိုင်းပြည်တခုအတွင်းမှာ တရားဝင်နေထိုင်ခွင့် သက်တမ်းကုန်လွန်နေသူ (သို့မဟုတ်) တရားမ၀င် ၀င် ရောက် နေထိုင်နေသူ တယောက်ကို အဆိုပါ တိုင်းပြည်တွင်းမှာ တရားမ၀င် ဆက်လက်နေထိုင်ခွင့် ရရှိအောင် (သို့မ ဟုတ်) ဥပဒေသတ်မှတ်ချက်များနှင့် ဘောင်ဝင်အောင် လိမ်လည် ကူညီပေးခြင်းနှင့် ယင်းသို့ပြုလုပ်ရာတွင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူခြင်းဟာလဲ ရာဇ၀တ် ပြစ်မှု မြောက်ပါတယ်။

The Protocol against the Smuggling of Migrants by Land, Sea and Air ဟာ migrants များကို အရေးယူ ဆောင်ရွက်ရတဲ့ legal instrument တခုတော့ မဟုတ်ပါဘူး။ တခါတရံမှာ migrants တွေက ရာဇ၀တ်ပြစ်မှုကျူးလွန်ရန် ကြိုးပမ်းနေသူများရဲ့ သားကောင်တွေ ဖြစ်နေတတ်ပါတယ်။ အခြားနိုင်ငံသို့ ခိုးသွင်းပေးခြင်း (သို့မဟုတ်) နေထိုင်ခွင့် သက်တမ်း ကျော်လွန်နေသော နိုင်ငံ (သို့) တရားမ၀င် ၀င်ရောက်နေသော နိုင်ငံတခုမှာ တရားမ၀င် ဆက်လက်နေထိုင် ခွင့် ရရှိအောင် (သို့မဟုတ်) ဥပဒေသတ်မှတ်ချက်များနှင့် ဘောင်ဝင်အောင် လိမ်လည် ကူညီပေးမည်လို့ ဆိုပြီး ငွေကြေး (သို့မဟုတ်) အခြားတစုံတရာအကျိုးအမြတ်များကို ရယူတောင်းဆိုမှု လုပ်ဆောင်လာပြီဆိုရင် ဒါဟာ ရာဇ၀တ်ပြစ်မှု ကျူးလွန်ရန် ကြံစည်အားထုတ်နေသူများရဲ့ ချဉ်းကပ်မှုဆိုတာကို လူအများနားလည်မှသာ ရာဇ၀တ် ပြစ်မှုတွေရဲ့ သား ကောင်တွေဘ၀က လွတ်မြောက်မှာ ဖြစ်ပါတယ်။ Smuggling of migrants ဟာ လူကုန်ကူးမှုနဲ့ ကွဲပြားခြားနားပါတယ်။

လူကုန်ကူးမှု (Human Trafficking (or) Trafficking in Persons)

The Trafficking in Persons Protocol ရဲ့ အပိုဒ် (၃)၊ အပိုဒ်ခွဲ (က) အရ လူကုန်ကူးမှုဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုထား ရမှာ အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။ ပထမတပိုင်းကတော့ ပြုမူဆောင်ရွက်ချက် ဖြစ်ပါတယ်။ ပြုမူဆောင်ရွက်ရာမှာ လူ ကုန်ကူးမှု၏ သားကောင်ဖြစ်နိုင်သူများကို ရှာဖွေခေါ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ လက်ခံခြင်း (သို့မ ဟုတ်) ၀ယ်ယူခြင်း စတာတွေ ပါဝင်ပါတယ်။

ဒုတိယအပိုင်းကတော့ နည်းလမ်းများ ဖြစ်ပါတယ်။ လူကုန်ကူးရာမှာ အသုံးပြုတဲ့ နည်းလမ်းတွေကတော့ ဆွဲဆောင် သိမ်းသွင်းခြင်း၊ စည်းရုံးခြင်း၊ အင်အားသုံးခြင်း၊ ခြိမ်းချောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်း၊ သားကောင်ဖြစ်သူရဲ့ တစုံတရာ အားနည်းချက်ကို အသုံးပြုခြင်းနဲ့ ငွေ (သို့) အခြား တစုံတရာ အကျိုးအမြတ်များကို ပေးအပ်ပြီး၊ သားကောင်ဖြစ်သူ၏ consent ကို ရယူထိန်းချုပ်ရန် ကြိုးပမ်းခြင်း စတာ တွေ ပါဝင်ပါတယ်။

တတိယအပိုင်းကတော့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ လူကုန်ကူးမှုရဲ့ ရည်ရွယ်ချက်တွေထဲမှာ ပြည့်တန်ဆာအဖြစ် ရောင်း ချရန်၊ လူတဦးတယောက်(သို့မဟုတ်) လူအစုအဖွဲ့ တခုရဲ့ လိင်ကျေးကျွန်အဖြစ် အသုံးပြုရန်၊ ထိုက်တန်သော လစာနှင့် ခံစားခွင့် မရှိသော အလုပ်များကို စေခိုင်းရန်၊ ကျေးကျွန် (သို့မဟုတ်) ကျေးကျွန်နှင့် အလားသဏ္ဍာန်တူသော အခြေအ နေများသို့ သွတ်သွင်းရန် နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ (ဥပမာ- ကျောက်ကပ်၊ အသည်း၊ နှလုံး စသည်များ) အား ရယူ ရန် စတာတွေ ပါဝင်ပါတယ်။

ဒီလို ရည်ရွယ်ချက်တွေအတွက် လူကုန်ကူးမှုကျူးလွန်ရန် ကြိုးပမ်းအားထုတ်သူများက နည်းမျိုးစုံအသုံးပြုပြီး၊ ဒါတွေဟာ သားကောင်ဖြစ်သူရဲ့ သဘောတူညီချက်အရ ပြုလုပ်ခြင်းဆိုတဲ့ ခုခံကာကွယ်မှုကို လုပ်တတ်ကြပါတယ်။ ဒီလို သဘော တူညီချက်ဆိုရာမှာ အထက်မှာ ဖော်ပြထားတဲ့ ရည်ရွယ်ချက်တွေအတွက် ဆွဲဆောင် သိမ်းသွင်းခြင်း၊ စည်းရုံးခြင်း၊ အင် အားသုံးခြင်း၊ ခြိမ်းချောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်း၊ သားကောင်ဖြစ်သူရဲ့ တစုံတရာ အားနည်းချက်ကို အသုံးပြုခြင်းနဲ့ ငွေ (သို့) အခြား တစုံတရာ အကျိုးအမြတ်များကို ပေးအပ်ပြီး၊ သားကောင်ဖြစ်သူ၏ consent ကို ရယူထိန်းချုပ်ရန် ကြိုးပမ်းခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုထားမယ် ဆိုရင် ဒီသဘောတူညီချက်တွေက အလိုအလျောက် ပျက်ပြယ်ပါတယ်။

ခြားနားချက်များနှင့် ကွင်းဆက်များ

Smuggling of migrants နဲ့ လူကုန်ကူးမှုဟာ ကွဲပြားခြားနားပါတယ်။ အဓိကကတော့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ Smuggling of migrants က ငွေကြေး (သို့မဟုတ်) တစုံတရာ အကျိုးအမြတ်အတွက် ဖြစ်ပါတယ်။ လူကုန်ကူးမှု ကြတော့ ပြည့်တန်ဆာအဖြစ် ရောင်းချရန်၊ လူတဦးတယောက်(သို့မဟုတ်) လူအစုအဖွဲ့ တခုရဲ့ လိင်ကျေးကျွန်အဖြစ် အသုံးပြုရန်၊ ထိုက်တန်သော လစာနှင့် ခံစားခွင့် မရှိသော အလုပ်များကို စေခိုင်းရန်၊ ကျေးကျွန် (သို့မဟုတ်) ကျေးကျွန် နှင့် အလားသဏ္ဌာန်တူသော အခြေအနေများသို့ သွတ်သွင်းရန် နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ (ဥပမာ- ကျောက်ကပ်၊ အသည်း၊ နှလုံး စသည်များ) အား ရယူရန် စတဲ့ အသုံးချမှုအတွက် ဖြစ်ပါတယ်။

နောက်ထပ်ကွဲပြားခြားနားမှု တခုကတော့ တိုင်းပြည်တခုအတွင်းသို့ တရားမ၀င် ၀င်ရောက်မှု (သို့မဟုတ်) တရားမ၀င် နေထိုင်မှု ဖြစ်ပါတယ်။ smuggling of migrants မှာက တိုင်းပြည်တခုကနေ အခြားတိုင်းပြည်တခုအတွင်းကို တရားမ ၀င် ခိုးသွင်းမှု (သို့မဟုတ်) တရားမ၀င် နေထိုင်နေသူများအား သက်ဆိုင်ရာ တိုင်းပြည်ရဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ အရ ဘောင်ဝင်သွားအောင် ငွေကြေးရယူ ကူညီပေးမှု စတာတွေ ပါဝင်ပါတယ်။ လူကုန်ကူးမှုမှာကျတော့ တရားဝင် ၀င် ရောက်မှု (သို့မဟုတ်) တရားဝင်နေထိုင်မှု တွေပါ အကျုံးဝင်သလို၊ တိုင်းပြည်တခုအတွင်းမှာတင် တနေရာမှ အခြားတ နေရာသို့ ပို့ဆောင်အသုံးချမှုတွေလဲ ဖြစ်ပွားနိုင်ပါတယ်။

နောက်ထပ်ကွဲပြားခြားနားမှု တခုကတော့ သားကောင်ကိုယ်တိုင်ဖြစ်ပါတယ်။ Smuggling of migrants မှာ သားကောင် ကိုယ်တိုင်ရဲ့ လိုက်လိုက်လျောလျော သဘောတူညီချက် ပါဝင်ပါတယ်။ ဒါကြောင့်လဲ smuggling of migrants ပြစ်မှုကို ကျူးလွန်သူအချို့က သားကောင်ရဲ့ ဆန္ဒသဘောထားပါဝင်ပြီး၊ နှစ်ဦးနှစ်ဘက် အကျိုးရှိစေတာကြောင့် ဒါဟာ ပြစ်မှုမ မြောက်ဘူးလို့ ထင်မှတ်မှားနေတတ်တာတွေ ရှိပါတယ်။ သို့ပေမယ့် နိုင်ငံတကာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဒါဟာ ရာဇ၀တ်ပြစ်မှု ဖြစ်ပါတယ်။ လူကုန်ကူးမှုမှာကျတော့ သားကောင်ရဲ့ သဘောတူညီချက် ပါဝင်ရင်တောင် အထက် မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ ရယူထားတာ ဖြစ်ပါတယ်။

လူကုန်ကူးမှုနဲ့ smuggling of migrants တို့အကြားမှာ အခုလို ကွဲပြားခြားနားချက်တွေ ရှိပေမယ့် ဆက်စပ်မှုတွေလဲ ရှိ တတ်ပါတယ်။ အချို့သားကောင်တွေဟာ အခြားတိုင်းပြည်ကို ခိုးဝင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ငွေပေးခဲ့တာ ဖြစ်ပေမယ့်၊ သက်ဆိုင်ရာ နိုင်ငံကို ရောက်သွားချိန်မှာ ရောင်းစားခံရတာတွေ ရှိနိုင်ပါတယ်။ လူကုန်ကူးမှု ကျူးလွန်သူများက smuggling လုပ်ပေးနေသူများအနေနဲ့ ဟန်ဆောင်အသွင်ယူထားခြင်းတွေ ရှိသလို၊ ရာဇ၀တ်မှုကျူးလွန်သူများ အချင်း ချင်း အစကနဦး ကတည်းက ချိတ်ဆက်ထားမှုတွေလဲ ရှိနိုင်ပါတယ်။ တခါတရံမှာ လမ်းကြောင်းတကြောင်းထဲမှာ smuggling လုပ်ခံရသူများနဲ့ လူကုန်ကူးခံရသူများ အတူတွဲပြီး ပါဝင်နေတတ်ပြီး၊ ပြစ်မှူကျူးလွန်နေသူများဟာ လူကုန် ကူးမှုနဲ့ smuggling of migrants နှစ်မျိုးလုံးကို ကျူးလွန်နေတဲ့ ကွင်းဆက်တရားခံများ ဖြစ်နေနိုင်ပါတယ်။

Smuggling of migrants ဆိုင်ရာ ရာဇ၀တ်မှု သဏ္ဌာန်များ

migrants တွေကို အခြားနိုင်ငံတွင်းသို့ ခိုးသွင်းရာမှာ ပြစ်မှုကျူးလွန်သူတွေ အသုံးပြုလေ့ရှိတဲ့ ရာဇ၀တ်မှုသဏ္ဌာန်တွေ မတူညီပါဘူး။ ပထမ တမျိုးကတော့ အရေးပေါ် ခိုးသွင်းပေးမှု ဖြစ်ပါတယ်။ ဒီသဏ္ဌာန်မှာ migrants တွေကို နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) ကို ခိုးသွင်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ organized trip မပါဝင်ပါဘူး။ သူတို့တတွေဟာ နိုင်ငံ (အေ) အတွင်းမှာ တရားဝင် လှုပ်ရှားသွားလာပြီးမှ၊ နိုင်ငံ (ဘီ) နဲ့ အနီးဆုံး နယ်စပ်ကို ရောက်ရှိသွားကြပါတယ်။ အဲဒီ ကနေ ဒေသခံတွေကို ငွေပေးပြီး၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်ရေးအတွက် အသုံးပြုကြပါတယ်။ ဒီရာဇ၀တ်မှုမှာ လူတ ဦး တယောက် (သို့မဟုတ်) လူတစုကို အခြားနိုင်ငံအတွင်းသို့ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်သွားနိုင်ရေး အတွက် ငွေကြေးရယူပြီး ဆောင်ရွက်ပေးသူများဟာ လူတဦးတယောက်၊ တဖွဲ့တည်းတင် မကပဲ လူများစွာ၊ အဖွဲ့များစွာ အဆင့်ဆင့် ပါဝင်နေတတ်ပါတယ်။

နောက်ထပ် သဏ္ဌာန်တမျိုးကတော့ စာရွက်စာတမ်း အတုများ အသုံးပြုမှု ဖြစ်ပါတယ်။ နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) ကို migrants တွေ ခိုးသွင်းရန် (သို့မဟုတ်) နိုင်ငံ (ဘီ) အတွင်းသို့ တရားမ၀င် ရောက်နေသူများ နိုင်ငံတွင်းတွင် ဆက်လက် နေထိုင်နိုင်ရန် အတွက် နိုင်ငံ (အေ) မှာ နေထိုင်သူကဖြစ်စေ၊ နိုင်ငံ (ဘီ) မှာ နေထိုင်သူကဖြစ်စေ စာရွက်စာတမ်း အတု များ ပြုလုပ်ပေးမှု ဖြစ်ပါတယ်။ ဒီရာဇ၀တ်မှုမှာ နိုင်ငံကူးလက်မှတ် အတုများ၊ ဗွီဇာအတုများနဲ့ အခြားဆက်စပ် စာရွက် စာတမ်း အတုများ ပြုလုပ်ပြီး ခိုးသွင်းမှု (သို့မဟုတ်) ဆက်လက်နေထိုင်နိုင်ရန် ကြိုးပမ်းပေးမှုတွေ ပါဝင်ပါတယ်။

စာရွက်စာတမ်း အတုများ ပြုလုပ်ပေးမှုမှာ အတုအယောင် လက်ထပ်ခြင်းနဲ့ နိုင်ငံရေးဒုက္ခသည်များအဖြစ် လိမ်လည်ခံ ယူရန် ငွေကြေးများ ရယူဆောင်ရွက်ပေးမှု စတာတွေ ပါဝင်ပါတယ်။ စာရွက်စာတမ်း အတုများဆိုရာမှာ ပတ်စ်ပို့အတု များ၊ ပတ်စ်ပို့ ဓာတ်ပုံများခွာယူ၍ အသစ်ပြန်ကပ်မှုများ၊ ခိုးယူထားသော ပတ်စ်ပို့များတွင် အချက်အလက်များ ပြင်ဆင် ထည့်သွင်းမှုများ၊ နိုင်ငံရေးဒုက္ခသည် မခံယူခင် ပတ်စ်ပို့များအား ဖျက်ဆီးလွှင့်ပစ်ရန် အကြံပေးချက်များ၊ ဖျောက်ဖျက် ပေးမှုများ စတာတွေ ပါဝင်ပါတယ်။

နောက်ထပ်ရာဇ၀တ်မှု သဏ္ဍာန်တမျိုးကတော့ ကြိုတင်ပြင်ဆင်ထားမှုများ ပါဝင်သော stage- to – stage smuggling ဖြစ်ပါတယ်။ ဒီသဏ္ဍာန်မှာ နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) (လမ်းခရီးတွင် အခြားနိုင်ငံများတွင်လည်း transit လုပ်ရမှုများ ရှိနိုင်သည်) သို့ ခိုးဝင်ရမယ့် သူများဟာ လမ်းခရီးအတွက် ကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားရန် မလိုအပ်ပါဘူး။ သက် ဆိုင်ရာနိုင်ငံအလိုက် stage co-ordinators များ ရှိပါတယ်။ ဒီလူတွေဟာ ကွန်ယက်သဏ္ဌာန် ချိတ်ဆက်ထားပြီး၊ တခါ တရံမှာလဲ တဖွဲ့တည်း ဖြစ်နေတတ်ပါတယ်။

ဥပမာ- နိုင်ငံ (အေ) ကနေ လူတယောက်ကို နိုင်ငံ(စီ)ကို ပို့ပေးသူက တယောက်၊ နိုင်ငံ (စီ) မှာ ခေတ္တ ၀ှက်ထားပေးပြီး၊ နိုင်ငံ (ဒီ) သို့ သွားရမည့် အိုင်ဒီ အတု စီစဉ်ပေးသူက တယောက်၊ နိုင်ငံ (ဒီ) ရောက်ချိန်တွင် အခြား အိုင်ဒီ အတုများ ထပ်မံစီမံပြီးမှ နိုင်ငံ (ဘီ) သို့ ပို့ဆောင်ပေးသူများက တယောက်၊ နိုင်ငံ (ဘီ) သို့ ရောက်ချိန်တွင် ကြိုဆို လက်ခံထား သူက တယောက်၊ နိုင်ငံ (ဘီ)တွင် အိုင်ဒီအတုများ ဖျောက်ဖျက်ပေးပြီး၊ တရားဝင် နေထိုင်ခွင့် ရရှိစေရန် လုပ်ဆောင် ပေးသူများက တယောက် ဖြစ်နေတတ်ပါတယ်။ ဒီလူတွေ အားလုံးဟာ ချိတ်ဆက်မှုနှင့် ဖြစ်စေ၊ အဖွဲ့တခုတည်း အနေ နှင့်ဖြစ်စေ stage- to- stage smuggling process ကြီး တခုလုံးမှာ ပါဝင်ပြီး ရာဇ၀တ်မှုကျုးလွန်ကြသူများ ဖြစ်ပါတယ်။

smuggling process တွင် ပါဝင်သူများ

smuggling process မှာ အော်ပရေးရှင်းတခုလုံး (သို့မဟုတ်) အဆင့်တဆင့်ကို ကြိုးကိုင်စီမံကြတဲ့ co-ordinators တွေ ရှိပါတယ်။ co-ordinators တွေမှာ အဆက်အသွယ်များစွာ ရှိပြီး၊ ဆက်သွယ်ရေးစနစ်၊ နေရာချထားရေး အစီအမံ၊ လမ်း ကြောင်း စတာတွေအားလုံးကို တာဝန်ယူကြီးကြပ်စီမံလေ့ရှိကြပါတယ်။ co-ordinators တွေဟာ နောက်ကွယ်ကနေ ကြိုးကိုင်စီမံလေ့ရှိကြတဲ့အတွက် သူတို့ကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်သေအထောက်အထားများ ရယူ ရန် ခဲယဉ်းတာကြောင့် co-ordinators များကို ပစ်မှတ်ထားပြီး စုံစမ်းသူများဟာ covert နည်းလမ်းတွေကို အသုံးပြု လေ့ရှိကြပါတယ်။

နောက်ထပ် တမျိုးကတော့ recruiters တွေ ဖြစ်ပါတယ်။ သူတို့တတွေက smuggling လုပ်မယ့်သူတွေနဲ့ migrants တွေ အကြားမှာ ဆက်သွယ်ပေးရသူများ ဖြစ်ပါတယ်။ migrants များနဲ့ recruiters တွေဟာ လူမျိုးတူတွေ ဖြစ်တာများပြီး၊ တခါတရံ အိမ်နီးချင်းတွေ၊ အသိမိတ်ဆွေတွေ ဖြစ်တတ်ပါတယ်။ တရားမ၀င် ခိုးသွင်းမှုမှာ ပါဝင်ပတ်သက်နေတဲ့ recruiters တွေဟာ မိခင်နိုင်ငံတွေမှာ အခြေချနေထိုင်သူများ ဖြစ်လေ့ရှိပြီး၊ ရံဖန်ရံခါမှာတော့ နိုင်ငံရပ်ခြားမှ အလည်အ ပတ် ပြန်လာသူများလဲ ဖြစ်တတ်ပါတယ်။

Recruiters တွေဟာ မိခင်နိုင်ငံမှာ နေထိုင်သူများထဲမှ နိုင်ငံရပ်ခြားသို့ တရားဝင် သွားရောက်ရန် ခက်ခဲနေသူများကို သတင်းအချက်အလက် မှားများပေးခြင်း၊ မက်လုံးများပေးခြင်း (နိုင်ငံဘီတွင် သွားရောက် အလုပ်လုပ်ပါက ဘယ်နှစ်နှစ် အတွင်း ချမ်းသာမည် စသည်များ)ဖြင့် သွားရောက်နိုင်ရန် ကူညီပေးမည်ဆိုကာ smuggling process ထဲသို့ သွတ်သွင်း တတ်ပါတယ်။ နိုင်ငံတွင်း တရားမ၀င်နေထိုင်မှုမှာလဲ recruiters တွေဟာ လူမျိုးတူတွေ ဖြစ်တာများပြီး၊ လူ့အဖွဲ့အစည်း ထဲမှာ စိမ့်ဝင်နေတတ်ပါတယ်။ တရားမ၀င်နေထိုင်သူများ၊ တရားဝင်နေထိုင်ရန် အခက်အခဲဖြစ်နေသူများကို ပစ်မှတ် ထားပြီး စည်းရုံးလေ့ရှိပါတယ်။ အဲဒီကနေတဆင့် migrants smuggling လုပ်နေသူများနဲ့ ထပ်မံဆက်သွယ်ပေးကြ ပါတယ်။

နောက်ထပ်တမျိုးကတော့ လမ်းခရီး သယ်ယူပို့ဆောင်ရေးမှာ အဆင်ပြေဖို့အတွက် လုပ်ဆောင်ပေးတဲ့ transporters တွေနဲ့ လမ်းပြတွေ ဖြစ်ပါတယ်။ လမ်းခရီးအဆင့်ဆင့်မှာ လမ်းပြတယောက် (သို့မဟုတ်) တစု ရဲ့ လက်ထဲကနေ အခြား လမ်းပြတွေရဲ့ လက်ထဲကို ထပ်မံလွှဲပြောင်းပေးမှုတွေလဲ ရှိနိုင်ပါတယ်။ ကားမောင်းသမားတွေ၊ လမ်းပြတွေ (သို့မဟုတ်) လေယာဉ်နဲ့ လူအများကို ဦးစီးခေါ်ဆောင်သူတွေဟာ smuggling operation ကို လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်တွေ ဖြစ် နိုင်သလို၊ ကန်ထရိုက်အနေနဲ့ လုပ်ကိုင်သူများလဲ ဖြစ်တတ်ပါတယ်။

နောက်ထပ်တမျိုးကတော့ အခြေအနေကို စောင့်ကြပ်ကြည့်ရှုပေးရတဲ့ spotters တွေ ဖြစ်ပါတယ်။ ရဲ၊ စစ်တပ်၊ လူဝင် မှုကြီးကြပ်ရေး တို့ရဲ့ လှုပ်ရှားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုပေးရပြီး၊ လှုပ်ရှားလို့ ရနိုင်မယ့် အခြေအနေနဲ့ အချိန် အခါတွေကို မီးစိမ်းပြပေးရသူများ ဖြစ်ပါတယ်။ နောက်ထပ်တမျိုးကတော့ လာဘ်စားသော ပြည်သူ့ ၀န်ထမ်းတွေ ဖြစ် ပါတယ်။ ရဲတပ်ဖွဲ့၊ စစ်မှုထမ်း၊ လူဝင်မှုကြီးကြပ်ရေး စသူများက လာဘ်စားပြီး၊ smuggling operation တွေကို မသိ ချင်ယောင်ပြီး လွှတ်ပေးတာတွေ ရှိပါတယ်။

နောက်တမျိုးကတော့ smuggling process အဆင့်ဆင့်မှာ တည်းခိုနေထိုင်ခွင့်ပြုထားတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဟို တယ်၊ တည်းခိုခန်းနဲ့ လူနေအိမ် စတာတွေ ပါဝင်ပါတယ်။ ဒီလို ရာဇ၀တ်မှုတွေမှာ တည်းခိုခန်းပိုင်ရှင်တွေပါ ပါဝင်ပတ် သက် နေတဲ့အခါ စုံစမ်းအရေးယူသူများအတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။ နောက်တမျိုးကတော့ smuggling process အောင်မြင်သွားစေရန်အတွက် ငွေကြေးရယူပြီး သတင်းထိန်ချန်ထားသူများ ဖြစ်ပါတယ်။ ကားလက်မှတ်နဲ့ ရထားလက်မှတ် ရောင်းသူများ၊ တက္ကဆီကားမောင်းသူများ၊ လေကြောင်းဝန်ထမ်းများ၊ လှေပိုင်ရှင်များနှင့် လှေသားများ၊ ကားစက်ပြင်များ ပါဝင်နိုင်ပါတယ်။ နောက်ထပ်တမျိုးကတော့ ရာဇ၀တ်မှုများကနေ ရလာတဲ့ ငွေမည်းတွေကို ငွေဖြူ ဖြစ်အောင် ပြုလုပ်ရာမှာ ကူညီလုပ်ဆောင် ပေးသူများ ဖြစ်ပါတယ်။

ဒီလို active role မှာ ပါဝင်သူတွေအပြင် passive role မှာ ပါဝင်နေသူတွေလဲ ရှိပါတယ်။ ဥပမာ- တက္ကဆီမောင်းသမား တယောက်ဟာ လူအုပ်စုကို မြင်ချိန်မှာ illegal immigrants တွေမှန်း သိမြင်ပေမယ့်၊ safe house ကို လိုက်လံ ပို့ဆောင်ပေးပြီး ပုံမှန်ကြေးပဲ တောင်းယူခဲ့ပေမယ့်၊ သက်ဆိုင်ရာကို သတင်းအချက်အလက် ပေးပို့မှု မရှိပဲ blind eye လုပ်ခဲ့ရင် ဒါဟာလဲ passive role မှာ ပါဝင်ပတ်သက်ခြင်းပဲ ဖြစ်ပါတယ်။

နိဂုံး

smuggling of migrants ဆိုတဲ့ ရာဇ၀တ်မှု ပေါ်ပေါက်လာရတဲ့ အခြေခံအကြောင်းရင်းတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ ဆင်းရဲနွမ်းပါးမှု စတာတွေကနေ ရုန်းထွက်ဖို့အတွက် ဘ၀အခြေအနေ ပိုမိုကောင်းမွန်စေနိုင်မယ့် တိုင်းပြည်တွေကို migration လုပ်မှုတွေပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကို ငွေကြေး (သို့မဟုတ်) အခြားတစုံတရာ အကျိုးအမြတ် အတွက် အခွင့်ကောင်းယူပြီးဖြစ်စေ၊ နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့အလုပ်လို့ ထင်မြင်၍ ဖြစ်စေ လုပ်ဆောင်ကြရာကနေ smuggling operations တွေမှာ ရာဇ၀တ်မှုမှန်းသိရက်နဲ့ ဖြစ်စေ၊ မသိ၍ပဲဖြစ်စေ ပါဝင် ပတ်သက်နေသူတွေ အများ အပြား ရှိလာပါတယ်။ ဒေါသကြောင့်ဖြစ်တဲ့ လူသတ်မှုတခုမှာ သတ်မိသူကို စာနာနားလည် ပေးလို့ ရနိုင်ပါတယ်။ သို့ပေမယ့် သက်သေအထောက်အထား ဖျောက်ဖျက်ပေးရင်တော့ လူသတ်မှု ကြံရာပါ ဖြစ်သွားနိုင် ပါတယ်။

ဆင်းရဲနွမ်းပါးမှုကနေ ပေါ်ထွက်သွားတဲ့ လုယက်မှုတခုမှာ လုယက်သူရဲ့ ဘ၀အခြေအနေကို စာနာနားလည် ပေးကြလို့ ရနိုင်ပါတယ်။ သို့ပေမယ့် ဆင်းရဲနွမ်းပါးသူတွေ လုယက်ကြပါလို့ အားပေးလှုံ့ဆော်တာတွေ၊ လုယက်လာတဲ့ ပစ္စည်းတွေ ကို ထုခွဲရောင်းချ ပေးတာကိုတော့ ဘယ်လိုနိုင်ငံရဲ့ ဥပဒေကမှ ခွင့်ပြုကြမှာ မဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ။ smuggling of migrants ဟာ (၂၁) ရာစုကမ္ဘာရဲ့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို နှိမ်နင်းရေးဆိုင်ရာ ရာဇ၀တ်ပြစ်မှု တခုဖြစ်တဲ့ အတွက် smuggling operations တွေမှာ သိရက်နဲ့ ဖြစ်စေ၊ မသိဘဲ ဖြစ်စေ ပါဝင်ပတ်သက်ခြင်းများကို ရှောင်ရှားပြီး၊ လူ့အဖွဲ့အစည်းအတွင်းမှာ Rule of Law ရှိလာအောင် ၀ိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါ တယ်။

ခင်မမမျိုး (၁၆၊ ၈၊ ၂၀၁၁)
http://www.naytthit.net/?p=17190

ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီ နိုင်ငံရေးခြေလှမ်းသစ်များ


ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ သြဂုတ် ၁၇၊ ၂၀၁၁
ယမန်နေ့က မြန်မာပြည်ရဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်နဲ့ တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။ အဲသည်မှာ အများက စိတ်ဝင်စားနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ဖွံ့အစိုးရသစ်တွေ့ဆုံပွဲကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးခရီးစဉ် စတာတွေကို မေးမြန်းဖြစ်ပါတယ်။
ယခင်အပတ်က ပဲခူးကိုသွားခဲ့တဲ့ခရီးစဉ်က အရင်ပုဂံခရီးစဉ်လိုမျိုး ပုဂ္ဂိုလ်ရေးခရီးစဉ်မျိုးပဲလား ခင်ဗျ။
ကျနော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ခုနှစ်မေလကုန်က စတင်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးချိန်ကစလို့ ယခု၂၀၁၀ နိုဝင်ဘာလ လွတ်မြောက်လာပြီးတဲ့နောက်ပိုင်း ပထမဦးဆုံးအကြိမ် နိုင်ငံရေးခရီးစဉ်လို့ ပြောချင်တယ်။ ဒါက အင်န်အယ်ဒီပါတီရဲ့ အထွေထွေအတွင်းရေးမှူးရဲ့ နိုင်ငံရေးခရီးလို့ ကျနော်တို့ဖက်က သုံးနှုံးပါတယ်။ အဖွဲ့ချူပ်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်ဦးကိုယ်တိုင် လိုက်ပါတဲ့ ခရီးဖြစ်တယ် ဆိုတာကို တွေ့ရတယ်။

ဆိုတော့ လက်ရှိအာဏာရအစိုးရက ခရီးစဉ်ကို ဘယ်လိုမျိုး တုန့်ပြန်တာမျိုး၊ ဆောင်ရွက်ပေးတာမျိုး ရှိတယ်လို့ ပြောနိုင်လဲ။
လက်ရှိအာဏာပိုင်တွေက ပြေပြေလည်လည်နဲ့ လိုက်လိုက်လျောလျောလုပ်ပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။ ကျနော်တို့ဖက်ကလည်း လက်ခံတယ်။ အောက်ခြေပိုင်းက လုံခြုံရေးတာဝန်ယူသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို နွေးထွေး တက်ကြွစွာနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်ကြတာကို တွေ့ရပါတယ်။ ဦးတင်ဦးကိုယ်တိုင်ကလည်း မိန့်ခွန်းပြောဆိုတာတွေလည်း ရှိပါတယ်။ ဒါတွေက ကြည့်လိုက်လို့ရှိရင် အင်န်အယ်ဒီခေါင်းဆောင်တွေရဲ့ နိုင်ငံရေးခရီးစဉ်ဆိုတာ လွန်ခဲ့တဲ့ ၇ နှစ် ဒီပဲယင်းအရေးအခင်းမတိုင်ခင်က အခြေအနေမျိုးလိုမျိုး ပြန်မြင်တွေ့ရတယ်လို့ ပြောလို့ရပါတယ်။
ဟုတ်ကဲ့။ နောက်တချက်ကတော့ လက်ရှိပြည်ထောင်စုဝန်ကြီးတဦးဖြစ်တဲ့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးတဲ့ အပေါ်မှာကော တိုးတက်မှုတွေ၊ ကောင်းမွန်မှုတွေဆိုတာက ၂ ဖက်စလုံးမှာ ဖြစ်ပေါ်နေတယ်လို့ မြင်ပါသလား။
အဲသည်မှာ တခု အရင်ပြောချင်တာက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ အချက်တခုပေါ့လေ။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိပြည်ထောင်စုဝန်ကြီးက လက်ခံတွေ့ဆုံတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်က အင်န်အယ်ဒီပါတီရဲ့ ပြည်ထဲရေးဝန်ကြီးဆီကို ပန်ကြားချက်အရ ဦးအောင်ကြည်နဲ့ တွေ့ခွင့်ရတာဖြစ်တာလိုမျိုး ပြောတယ်။ နောက်ပြီးတော့လည်း အင်န်အယ်ဒီပါတီရဲ့ လှုပ်ရှားမှုတွေကို လက်ရှိအခြေအနေမှာ သူတို့ဖက်က စိတ်ကောင်း စေတနာကောင်းနဲ့ ကြည့်ထားမယ်။ ဒီအတိုင်း မျှောထားမယ်လိုမျိုးလည်း ပြောတယ်။ ဒါပေမယ့် နောက်ဆုံးကျရင်တော့ အင်န်အယ်ဒီပါတီဟာ မှတ်ပုံတင်ရမယ်လို့ ပြောတာမျိုးတွေ ရှိတယ်။
သို့သော် တဖက်ကလည်း လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတယ်။ အရင်ပထမတွေ့ဆုံပွဲအပေါ်မှာ ကျနော်က ဦးအောင်ကြည်ဟာ လက်ရှိအစိုးရရဲ့ ဆက်သားပဲလို့တောင် သုံးနှုံးဖူးတယ်။ ဒါပေမယ့် အခုတကြိမ်မှာကျတော့ သူတို့ဖက်က သုံးနှုံးတဲ့ စကားလုံးကိုယ်တိုင်မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလို့ သုံးစွဲလာတယ်။ ဒါက ဘာပြသလဲဆိုတော့ သူတို့အစိုးရဖက်မှာကို ကွဲပြားတဲ့ သဘောထား ၂ရပ် ဖြစ်နေတာကို တွေ့ရတယ်လို့ ပြောချင်တယ်။
ဆိုတော့ အခုတွေ့ဆုံဆွေးနွေးပွဲတွေဆိုတာဟာ တသီးပုဂ္ဂလတွေ့ဆုံပွဲတွေ မဟုတ်ဘူးဆိုရင် အင်န်အယ်ဒီပါတီရဲ့ စီအီးစီတွေ၊ ခေါင်းဆောင်တွေနဲ့ တင်ပြတာတွေ၊ တိုင်ပင်ဆွေးနွေးတာတွေကိုကော ဒေါ်အောင်ဆန်းစုကြည်က လုပ်ပါသလား။
လုပ်ပါတယ်။ အရင်တုန်းက ပထမအကြိမ်တွေ့ဆုံပွဲဖြစ်ခဲ့စဉ်က အချိန်အကန့်အသတ်အရ အခြေအနေအရ ပါတီဦးဆောင်သူတွေထဲက ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို အသိပေးခဲ့တယ်၊ ပြောဆိုခဲ့တယ်။ အခု ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ အင်န်အယ်ဒီပါတီက စီအီးစီတွေအားလုံးကို အသိပေးတိုင်ပင်တာ၊ တင်ပြတာတွေ လုပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လဲ ပါတီအနေနဲ့ ပြည်သူတွေကို ထုတ်ပြန်အသိပေးပါတယ်။
ဆရာတို့ပါတီထုတ်ပြန်ချက်ကလည်း ဒေါ်စုနဲ့ ဦးအောင်ကြည် ပူးတွဲထုတ်ပြန်ချက်ကို လက်ခံတယ်ဆိုတာလောက်ပဲ ဖြစ်နေတယ်လေ။ မြန်မာပြည်သူတွေကိုယ်တိုင်က သည်ထက်ပိုပြီးတော့ သိချင်တာတွေ ရှိနေတယ်။ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်။ လက်ရှိမှာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့၊ ခံစားနေရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေ၊ လိုလားချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က တင်ပြတောင်းဆိုတာတွေ၊ ဆွေးနွေးတာတွေ မရှိဘူးလား။ နဲနဲတော့ သိချင်ကြတာပေါ့ ဆရာရယ်။ ကျနော်တို့ အပါအ၀င်ပေါ့။
အခုအချိန်မှာ ကျော်ဆန်းတို့ အစိုးရတဖက်က သဘောထားတွေ ထုတ်ပြန်နေချိန်၊ တဖက်ကလည်း ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေချိန်မှာ ကွဲပြားမှုတွေကြားထဲမှာ ဆွေးနွေးနေတာဖြစ်တယ်။ အဲသည်လိုအခြေအနေတွေထဲမှာ ကျနော်ပြောလို့ရသလောက် ပြောရမယ်ဆိုရင် - ကျနော်တို့ အဓိကအချက်ကတော့ အင်န်အယ်ဒီပါတီ မသေဖို့ ဖြစ်တယ်။ အင်န်အယ်ဒီကို ကွယ်ပျောက်သွားခြင်း မရှိစေရဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ် ထို့အတူ အင်န်အယ်ဒီပါတီခေါင်းဆောင်လည်း ဖြစ်တယ်။ ဒါကြောင့် အင်န်အယ်ဒီပါတီဟာ မသေစေရဘူး။ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ပြောင်းလဲရပ်တည်ခြင်းမျိုး မဖြစ်စေရဘူးလို့ ကျနော်တို့က သဘောထားကို ကိုင်စွဲထားတယ်။
နောက်အချက်တွေအနေနဲ့ ဆရာတို့ပါတီအပါအ၀င်ပေါ့လေ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ သဘောထားဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လုံးဝလွတ်မြောက်ရေး၊ ကူညီစောင့်ရှောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ပွဲတွေ ပပျောက်ရေး၊ ပြည်ထောင်စုအရေး၊ လူ့အခွင့်အရေးတွေအားလုံး အာမခံချက် ရရှိရေး၊ ကာကွယ်စောင့်ရှောက်နိုင်ရေး စတဲ့အချက်တွေပေါ့လေ။ ဒါတွေကို ဆရာတို့ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်တွေ၊ ဒီမိုကရေစီကွန်ယက်တွေ၊ လူမှုကွန်ယက်တွေ၊ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုက တစိုက်မတ်မတ် တောင်းဆိုနေတယ်။ လှုပ်ရှားနေတယ်။ လှုံဆော်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးမှု၊ တင်ပြမှု၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ ပြောနိုင်မလား။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ ယခင်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဆရာတို့ကိုယ်တိုင်လည်း ပြောခဲ့တယ်။ အဲသည် ၉၀ ရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုကြရမယ် ဆိုတာမျိုးတွေ ပေါ့လေ။
ကျနော့်အနေနဲ့ ပြောနိုင်သလောက် ပြောရရင်တော့ ကျနော်တို့တွေ အထက်က ခင်ဗျားပြောတဲ့ ကိစ္စတွေကို ဆွေးနွေးပါတယ်။ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျနော်တို့က အသေးစိတ် ထုတ်ဖော်ပြောဆိုတာတွေ မလုပ်နိုင်သေးပါဘူး။ သို့သော် အထက်ကပြောခဲ့သလို အင်န်အယ်ဒီရပ်တည်ချက် ပျောက်ပျက်မသွားဘူး။ အင်န်အယ်ဒီ သေမသွားဘူးဆိုတဲ့ အနေအထားနဲ့ ရပ်တည်ချက်နဲ့ ကျနော်တို့တတွေ ဆက်လက်ပြီး ဆွေးနွေးမှုတွေ လုပ်နေတယ်လို့တော့ ပြောနိုင်ပါတယ်။
ဒါဆိုရင် ဟိုးအရင်တုန်းက ၂၀၀၇ သံဃာ့အရေးအခင်းအပြီးမှာ နိုင်ငံတကာနဲ့ မြန်မာပြည်သူလူထုရဲ့ ဖိအားတွေကြောင့် ဗိုလ်သန်းရွှေလက်ထက်မှာ တွေ့ဆုံဆွေးနွေးဖို့ သူ့ဖက်ကတောင်းဆိုခဲ့သလိုမျိုး အတိုက်အခံဖက်က ဒီအချက် ဒီအချက်တွေကို စွန့်လွှတ်မှ၊ ဒါတွေကို လျှော့မှ တွေ့ဆုံဆွေးနွေးမယ်လို့ ကြိုတင်စည်းမျဉ်းတွေ သတ်မှတ်ခဲ့တာမျိုးတွေ ရှိခဲ့တယ်။ အခုဒီတခေါက်က အဲသည်လိုမျိုး တဖက်သတ် ကြိုတင်သတ်မှတ်ချက်တွေကို လက်ခံပြီး တွေ့ဆုံတာမျိုး မဟုတ်ပါဘူးလို့ ပြောနိုင်မလား ဆရာ။ ဥပမာ ၂၀၁၀ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေက ၉၀ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်တယ်၊ ၂၀၀၈ အခြေခံဥပဒေကို လက်ခံတယ်လို့ ကြိုတင်သတ်မှတ်ချက်တွေကို ခံဝန်ကတိပေးပြီးမှ သူတို့တွေ ရွေးကောက်ပွဲ ၀င်ခဲ့ကြတာမျိုးတွေ ရှိခဲ့တယ်။ အခုတွေ့ဆုံဆွေးနွေးပွဲဆိုတာ ၂ ဖက်စလုံးအတွက် အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲလား ဆရာ။
အခုအချိန်မှာတော့ ကျနော့်အနေနဲ့က စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတခု ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဆွေးနွေးတဲ့အထဲမှာလည်း အင်န်အယ်ဒီရဲ့ ပါတီရပ်တည်ချက် ရှင်သန်နေရေး၊ ၉၀ ရွေးကောက်ပွဲ အသိအမှတ်ပြုနိုင်ရေး၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး စတာတွေကို ဆွေးနွေးနေပါတယ်လို့ ပြောလို့ရပါတယ်။
ဟုတ်ပါပြီ။ တွေ့ဆုံဆွေးနွေး အဖြေရှာနေပြီ ဆိုမှာတော့ လူထုလှုပ်ရှားမှုတွေ လှုံ့ဆော်မှုတွေက ဆက်လက်ပြီး လိုအပ်နေဦးမှာလား ဆရာ။ အထက်မှာ ပြောခဲ့သလို နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ သူတို့တွေကို မိသားစုတွေကို ကူညီစောင့်ရှောက်အားပေးဖို့ လှုပ်ရှားမှုတွေ ရှိနေတယ်။ လူ့အခွင့်အရေး၊ အလုပ်သမားအရေး၊ တောင်သူလယ်သမားအရေး၊ ကိစ္စတွေ အာမခံချက်ရှိဖို့၊ ကာကွယ်စောင့်ရှောက်ဖို့၊ ချိုးဖောက်မှုတွေကို ထုတ်ဖော်တားဆီးဖို့တွေ လုပ်ဆောင်နေကြတယ်။ ပြည်တွင်းစစ်တွေ ဖြစ်နေတယ်။ တိုင်းရင်းသားတွေ အိုးမဲ့အိမ့်မဲ့ စွန့်ခွာနေရတယ်။ အထွေထွေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြပ်အတည်းတွေ ပြသနာတွေ ရှိနေတယ်။ ဒါတွေအတွက် ဆရာတို့ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဦးဆောင်ပြီး လမ်းညွှန်မှုတွေ ပေးခဲ့တယ်။ လူထုလှုပ်ရှားမှုရဲ့ အခမ်းကဏ္ဍကို ဘယ်လို သဘောထားမလဲဆရာ။
ကျနော့်အနေနဲ့ ပြောနိုင်တာကတော့ တွေ့ဆုံဆွေးနွေးပွဲဟာ အစိုးရကိုယ်စားလှယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲဖြစ်ပါတယ်။ မြန်မာပြည်သူ လူထုနဲ့ တိုင်းရင်းသားအရေးကိစ္စတွေကိုပါ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ အဲသည်အချိန်မှာ ပြည်သူလူထုတွေ တိုင်းရင်းသားတွေရဲ့ ပကတိလှုပ်ရှားမှုတွေ၊ အသံတွေ၊ လှုံဆော်မှုတွေကို ကျနော်တို့က ဘာမှ ကန့်ကွက်စရာ တားဆီးစရာ မလိုဘူးလို့ မြင်ပါတယ်။ ဒီလိုမျိုး မြန်မာပြည်သူလူထုတွေရဲ့ လှုပ်ရှားမှုတွေ၊ လှုံဆော်မှုတွေ၊ စည်းရုံးနေကြတာတွေကလည်း တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်ပြီး အထောက်အကူဖြစ်တယ်။ နိုင်ငံရေးအရ လူထုရဲ့ လှုပ်ရှားမှုတွေ အသံတွေ တောင်းဆိုမှုတွေကို ကျနော်တို့တတွေ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း နားထောင်နေပြီးတော့ နားစွင့်နေပြီးတော့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်လုပ်ကိုင်ဖို့ လိုအပ်နေတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။
ဟုတ်ကဲ့ပါ ဆရာ။ အခုအချိန်မျိုးမှာ စိတ်ရှည်ရှည်နဲ့ ဖြေပေးတာကို ကျေးဇူးတင်ပါတယ်။ ဆရာလည်း အမြန်ဆုံး နေကောင်းကျန်းမာပါစေလို့ အားလုံးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=9686&Itemid=1

အိန္ဒိယ အဂတိလိုက်စားမှု တိုက်ဖျက်သူ လွတ်မိန့်ကို ငြင်းဆို

အင်္ဂါ, 16 သြဂုတ် 2011
By ဗွီအိုအေ (မြန်မာဌာန)

အိန္ဒိယနိုင်ငံမှာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဦးဆောင် ဆန္ဒပြနေသူကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်တာကို ကန့်ကွက်တဲ့ အနေနဲ့ နိုင်ငံတ၀န်း ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာကြောင့် သူ့ကို ဖမ်းဆီးထားတဲ့ နယူးဒေလီ ထောင်ကနေ နေ့တွင်းချင်း ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေက အမိန့် ထုတ်ပြန်လိုက်ပါတယ်။

အကျင့်ပျက် ခြစားမှုနဲ့ ပတ်သက်လို့ အိန္ဒိယ အစိုးရက ပိုမိုပြင်းထန်တဲ့ ဥပဒေတွေ ထုတ်ပြန် သတ်မှတ်ပေးရေး အစာငတ်ခံ ဆန္ဒပြဖို့ စီစဉ်နေတုန်းမှာပဲ တက်ကြွလှုပ်ရှားသူ အန်နာ ဟာဇာရီ (Anna Hazare) ကို အာဏာပိုင်တွေက အင်္ဂါနေ့ မနက်ပိုင်းမှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တာပါ။

သူ့ကိုလွှတ်ပေးဖို့ အမိန့်ထုတ်ပြန်ထားပြီး ဖြစ်ပေမဲ့ အပြင်ရောက်တဲ့အခါ သူ ဦးဆောင်ပြုလုပ်မယ့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဆန္ဒပြပွဲတွေကို အကန့်အသတ်မရှိ ပြုလုပ်ခွင့်ပေးမှ ထောင်ကထွက်မယ်ဆိုပြီး ဟာဇာရီက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲတွေကို ၃ ရက်ထက် ကျော်မလုပ်ဖို့၊ လူ ၅,၀၀၀ ထက် ပိုမပါစေဖို့ အာဏာပိုင်တွေက တောင်းဆိုတာကိုတော့ အသက် ၇၄ နှစ်အရွယ် ဟာဇာရီက သဘောတူခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

အခုလ အစောပိုင်းမှာ အစိုးရက အဆိုပြုခဲ့တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေဟာ လုံလောက်ခြင်း မရှိတဲ့အတွက် ဂန္ဒီကြီး နည်းလမ်းအတိုင်း သေတဲ့အထိ အစာငတ်ခံ ဆန္ဒပြသွားဖို့ စီစဉ်ထားတယ်လို့ ဟာဇာရီက ခြိမ်းခြောက်ထားတယ်လို့လည်း ဆိုပါတယ်။
http://www.voanews.com/burmese/news/india-corruption-anna-hazare-127908873.html

သမ္မတ၏ ပြည်တော်ပြန်ဖို့ဖိတ်ခေါ်မှုအပေါ် သူတို့အမြင်


ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၆ မိနစ်

သမ္မတ ဦးသိန်းစိန်က ဗုဒ္ဓဟူးနေ့ နေပြည်တော်တွင် မိန့်ခွန်းပြောကြားရာ ပြည်ပရောက် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အနေဖြင့် သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရများကို တိုက်ရိုက် ဆက်သွယ်၍ ပြန်လာနိုင်ကြောင်း ပြောသွားသည့် အပေါ် ဒီမိုကရေစီလိုလားသည့် ပြည်ပအခြေစိုက် နိုင်ငံရေးလှုပ်ရှားသူများ၏ တုံ့ပြန်ချက်ကို မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက စုစည်း တင်ပြထားသည်။

==================///////====================

ဒေါက်တာနိုင်အောင်
အတွင်းရေးမှူးချုပ်
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (Forum for Democracy in Burma - FDB)

“ပထမတခုကတော့ ဒီသူတို့က ဒီလိုမျိုး နှုတ်နဲ့ ပြောတာမျိုးထက်ပေါ့ဗျာ ဥပဒေတို့ အမိန့်တို့ ဒီဂရီ တို့ပေါ့လေ
အဲဒီလိုမျိုး တရားဝင် ထုတ်ပြန်ပေးဖို့ လိုမယ်လို့ထင်တယ်။ ဆိုတော့ အဲဒါကမှ ပြောရင်တော့ လွတ်ငြိမ်းချမ်းသာခွင့်
လား၊ ဘာလား ညာလားဆိုတဲ့ ဥစ္စာမျိုး ကျနော်တို့ ထင်ထင်ရှားရှား သိရမှာဖြစ်တယ်ပေါ့နော်။ ဒါ့အပြင်တခုကတော့ ကျနော်တို့ ဒီဘက်ကိုရောက်ကြတယ်ဆိုတာကလည်းကျနော်တို့ နိုင်ငံရေးအင်အားစုတွေအနေနဲ့ ပြောမယ်ဆိုရင်တော့ တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမရလို့၊ နောက် ဖိနှိပ်မှုတွေရှိနေလို့၊ နိုင်ငံရေး လွတ်လပ်ခွင့်တွေ မရှိ
လို့ ဒါတွေကို တိုက်ပွဲဝင်ဖို့လာတာပဲ။”

“အဲဒီအခွင့်အရေးတွေ ရမယ်၊ ရှိမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ ကျနော်တို့တိုင်းပြည်မှာပဲ ပြန်အလုပ်လုပ်မှာပေါ့။
ဒီမှာ ဘာအလုပ်လုပ်နေစရာရှိမှာလဲ။ အဲဒီအခွင့်အရေးတွေ အာမမခံဘူး၊ မရှိဘူးဆိုလို့ရှိရင်တော့လည်း ကျနော်တို့ လိုချင်တဲ့ အခြေအနေ မဖြစ်ဘူးပေါ့။ တကယ်လို့များ ဒီ ဦးသိန်းစိန်ရဲ့ အစိုးရကနေပြီးတော့မှ တကယ်ကို စိတ်ရင်း
စေတနာမှန်နဲ့ ခုနပြောတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ငြိမ်းချမ်းရေးတို့ ဆိုတဲ့ စိတ်တွေအမှန်နဲ့ ခေါ်တယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ကို သေသေချာချာ တိတိကျကျလေး တရားဝင် ထုတ်ပြန်ပြီးတော့ ဖိတ်ခေါ်ဖို့ လိုမယ်။
နောက်ပြီးတော့ ကျနော်တို့ အမြဲတန်း တောင်းဆို နေတဲ့ ခုနပြောတဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေကို အဲဒါတွေကို အာမခံမှု ရှိတယ်။ အားလုံးကိုလည်း ဘာပြစ်ဒဏ်နဲ့မှ အရေးမယူပါဘူးဆိုတဲ့ ဥစ္စာလေး တိတိကျကျ ပြောပြဖို့တော့ လိုမှာပေါ့ဗျာ။”



-----------------------------------------------------------------------------------------------------------------------------------

ဦးငွေလင်း
အထွေထွေ အတွင်းရေးမှူး
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

“ပြန်ဝင်ချင် ဝင်လို့ရပြီ ဒို့ပြန်ဝင်မလား ဆိုတဲ့ ကိစ္စက အဓိက ဆိုလို့ရှိရင်တော့ ကနေ့ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီမျိုး၊ ကျနော်တို့လိုချင်တဲ့ လူ့အခွင့်အရေးမျိုး၊ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုမျိုးကို
ကနေ့အခြေအနေမှာ ဆောင်ရွက်လို့ရ၊ မရဆိုတဲ့ကိစ္စက အဓိကပြဿနာ ဖြစ်လိမ့်မယ်။”

“ဒီဥစ္စာမျိုးက ဦးသိန်းစိန်အစိုးရရဲ့အောက်မှာ သို့မဟုတ် ၂ဝဝ၈ အခြေခံဥပဒေရဲ့ အောက်မှာ ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ အဲဒီလိုပဲ နားလည်ပါတယ်။ ဒါကြောင့်မို့လို့ သူဘယ်လိုပဲ ပြောပြော အဲဒီဥစ္စာက ကျနော်
တို့အတွက် ဘာမှ အဓိပ္ပါယ်ထူးတဲ့ စကားရပ် မဟုတ်ဘူး။”

“သူတကယ်လို့ တကယ့် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် ထာဝရ ငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ်၊ ဒီမိုကရေစီပြည့်ဝတဲ့ နိုင်ငံမျိုးကို တကယ် ဖန်တီးချင်တယ် ဆိုလို့ရှိရင် သူပထမဦးဆုံး လုပ်ရမယ့် အလုပ်တွေ ကတော့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးထုတ်၊ နေရာတိုင်းမှာ တကယ့်ငြိမ်းချမ်းရေးတွေ ရသွားအောင်ဆောင်ရွက်၊ ပြီးရင် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်။ အဲဒီလို လုပ်ငန်းစဉ်တွေ မလုပ်ဘဲနဲ့ ဒီလို လူကြားကောင်းအောင် ဖိတ်ခေါ်တာမျိုး၊ တခုကို ထုတ်ပြောတာ မျိုးကတော့ ဘာမှ အဓိပ္ပါယ်မရှိဘူး၊ သဘာဝမကျဘူးလို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ်။”

“တကယ်ကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ဥစ္စာမျိုး ၈ဝ ခုနှစ်လောက်က ဖန်တီးတာ မျိုးပေါ့ဗျာ အဲဒီလို ကြေညာချက်မျိုး ထွက်တယ်ဆိုရင်တော့ တချို့ စိတ်ကူးယဉ်တဲ့သူတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျာ။ တချို့ပေါ့ဗျာ ဒီလိုမျိုးကြေညာလိုက်ရင်တော့ စဉ်းစားတာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ အခုလို ဘာမှ တိကျတဲ့ အလားအလာပေါ့ဗျာ အနာဂတ်ကို ဘာမှတောင် မျှော်စရာ လင်းပွင့်တဲ့အနာဂတ်မျိုး မရှိဘဲနဲ့တော့ ကျနော်ထင်တယ် ဘယ်သူမှ စိတ်ကူးယဉ်မယ် မထင်ပါဘူး။ တကယ်လို့ စိတ်ကူးယဉ်တယ်ဆိုရင်လည်း တော်တော်လွဲချော်တဲ့ စိတ်ကူးယဉ်မှုပဲ ဖြစ်မှာပါ။”



------------------------------------------------------------------------------------------------------------------------------------

ဦးညိုအုန်းမြင့်
နိုင်ငံခြားရေး တာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

“ဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက်ကတော့ အပြုသဘောဆောင်တယ်လို့တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီနေ့
ပြဿနာက အပြည်ပြည်ဆိုင်ရာမှာ ရောက်နေကြတဲ့ နိုင်ငံရေးသမားတွေရော ကျန်တဲ့အကြောင်း အမျိုးမျိုးနဲ့ပေါ့
နော် ထွက်တဲ့သွားတဲ့လူတွေရဲ့ အဓိကက ယုံကြည်ချက်နဲ့ ဒီလိုထွက်လာကြတာတွေဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုလူတွေ ပြန်မယ်ဆိုရင် တချို့လူတွေ အတွက်က လုံခြုံရေးထက် စာရင် နိုင်ငံရေးရဲ့ အနှစ်သာရ ပိုပြီးတော့
ပြည့်စုံဖို့ လိုမယ်လို့ ကျနော်ထင်ပါတယ်။”

“အဲဒီတော့ ဒီလူတွေကို ထွက်သွားတယ် ဟုတ်လား ထွက်သွားပေမယ့် သူတို့ရဲ့ နိုင်ငံရေး ခံယူချက်တွေကို အသိအမှတ် မပြုဘူးဆိုရင် ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ ဒီကထွက်သွားကြတဲ့လူတွေကိုပဲပေါ့နော် နိုင်ငံရေးအရ အသိအမှတ်ပြု မခံရတဲ့ အခါကျရင် ဒါက အမျိုးသား ရင်ကြားစေ့ရေးအတွက် တကယ်တမ်း လမ်းတခုလို့တော့
ပြောလို့တော့ နည်းနည်းခက်ဦးမယ်လို့ ကျနော် ထင်ပါတယ်။”

“သူတို့ နိုင်ငံရေး အကျဉ်းသမားတွေလည်း တဖြည်းဖြည်းချင်း ခွဲပြီးတော့ လွှတ်မယ်လို့ ကျနော် ယုံကြည်တယ်။ ဒါပေမယ့် ခုနပြောသလို နိုင်ငံရေးအရ ကိုယ့်ရဲ့ ယုံကြည်ချက်တခုကို အသိအမှတ် ပြုမခံရဘဲနဲ့ ဒီလို ပြန်လာချင်ရင် လာလို့ ရပါတယ်ဆိုတာ သမ္မတရဲ့ ဆောင်ရွက်တဲ့ အပေါ်မှာတော့ နားလည်ပေး နိုင်တယ်လေ။ ဒါပေမယ့် တကယ့် တကယ်မှာ ဒီလူတွေရဲ့ လုံခြုံရေးနဲ့ သူတို့ရဲ့ နိုင်ငံရေး အာမခံချက်ပေါ့ မြန်မာပြည် ပြန်တယ် နိုင်ငံရေး မလုပ်ရဘူး
ဆိုရင် သူဘာအတွက် ပြန်မှာလဲပေါ့နော်။ အဲတော့ နိုင်ငံရေး အာမခံချက်ရှိတဲ့ ပြန်ကြိုဆိုမှုမျိုးဆိုရင် ပိုပြီးတော့ သင့်တော်မယ်လို့ ကျနော်ထင်ပါတယ်။”



--------------------------------------------------------------------------------------------------------------------------------------

ဒေါ်တင်တင်ညို
အတွင်းရေးမှူး
အမျိုးသမီးများအဖွဲ့ချုပ် - မြန်မာနိုင်ငံ

“အခု တောက်လျှောက်ဖြစ်ခဲ့တဲ့ ပြဿနာတွေ၊ ပြီးတော့မှ ဒီဘက်ကနေပြီးတော့ ဒီမိုကရေစီ တိုက်ပွဲ ဝင်နေတဲ့ သူတွေ အနေအထားနဲ့ ပေါ့လေ ပြောရမယ်ဆိုရင် အခုလိုမျိုး ပြန်လာချင် ပြန်လာလို့ရတယ် ဆိုတဲ့ ပြောဆိုချက် တခွန်းတည်းနဲ့က ယုတ္တိမရှိဘူးလို့ သဘောရတာပေါ့နော်။ ဒါမျိုးကိုပြန်ခေါ်မယ် ဆိုရင် တကယ်ပဲ နှစ်ဘက်အကြားမှာ အစီအစဉ်တွေ သေချာ ကောင်းကောင်း ရေးဆွဲပြီးတော့မှ ပြန်ပြီးတော့ ခေါ်ရမယ့်ကိစ္စမျိုးလေ။ ခုသူခေါ်တဲ့ ပုံစံက လာပြီးတော့မှ အလင်းဝင်ခိုင်း သလိုလို၊ အမှောင်ထဲပဲ လာဝင်ခိုင်း သလိုလို ဖြစ်တယ်။ ဆိုတဲ့အခါကျတော့ သူတို့ကို သွားပြီးတော့ အညံ့ခံပေါ့ ဒါမျိုးသွားဖြစ်မှာလေ။ ဆိုတော့ ဒါက ကောင်းသော ကြိုဆိုခေါ်ခြင်း မဟုတ်ဘူးလို့တော့ ကျမတော့ မြင်တယ်။ အရမ်းကြီး ပေါ့ပျက်ပျက်ဆန်လွန်းတယ်လို့လည်း သုံးသပ်လို့ရတာပေါ့။”

“အဓိကကတော့ အကြံပြုချင်တာပေါ့နော် သမ္မတ ဦးသိန်းစိန် အနေနဲ့က သူ့ရဲ့အထူး အလေးထား လုပ်ဆောင်ရမှာက အခု ဒီဘက်မှာ ရောက်နေတဲ့လူတွေကို ပြန်လာချင် ပြန်လာလို့ရတယ် မဟုတ်ဘဲနဲ့ လက်ရှိ နယ်စပ် တလျှောက်
မှာဖြစ်နေတဲ့ စစ်ပွဲတွေ အမြန်ရပ်ဖို့၊ ပြီးတဲ့အခါ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောပြီးတော့မှ တကယ့်
နိုင်ငံရေးအရ ဖြေရှင်းလို့ရမယ့် နည်းလမ်းတွေ ရှာဖွေပြီးတော့မှ အမြန်ဆုံး နိုင်ငံ အေးအေးချမ်းချမ်းနဲ့ ဖြစ်ဖို့၊ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နိုင်ဖို့ကို သူ့အနေနဲ့ စဉ်းစားပြီးတော့မှ လုပ်ဆောင်သွားဖို့ အရေးတကြီးလိုအပ်တယ်။ ပြီးတော့မှ တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ စားဝတ်နေရေးအခက်အခဲပြဿနာ၊ စီးပွားရေး အကျပ်အတည်း ပြဿနာ ဒါမျိုးတွေ သူက ဦးစားပေး ဖြေရှင်းသင့်တယ်လို့ ကျမတို့မြင်တယ်။ အဲဒါကို အဓိကအကြံပြုပေးချင်တယ်။ ပြီးတော့မှ ဒီနယ်စပ်ဘက်မှာ ဖြစ်နေတဲ့ ဒုက္ခသည်တွေရဲ့ စားရမဲ့မဲ့ နေရမဲ့မဲ့ အခြေအနေမျိုးတွေကနေ လွတ်မြောက်အောင်လည်းပဲ သူ့အနေနဲ့ အထူးကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ ကျမတို့ အကြံပြုချင်ပါတယ်။”



--------------------------------------------------------------------------------------------------------------------------------------

ဦးမျိုးဝင်း
ဒုတိယ ဥက္ကဋ္ဌ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး


“အဓိက အရေးအကြီးဆုံး ပြဿနာကတော့ နိုင်ငံရေး ပြဿနာကို ဘယ်လိုနည်းနဲ့ အဖြေရှာမလဲ ဆိုတဲ့ဟာကို မပြောဘဲနဲ့တော့ အဲဒီလိုမျိုးခေါ်နေရုံ သက်သက်နဲ့တော့ ကျနော်တို့ တိုင်းပြည်မှာ ရှိနေတဲ့ ပြဿနာကို ပြေလည်
အောင် ဖြေရှင်းလို့ မနိုင်ဘူး ထင်တယ်လေ။ အခုလက်ရှိ ဦးသိန်းစိန် အစိုးရအနေနဲ့ တိုင်းပြည် ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာချင်တယ်ဆိုရင် အဓိက အရေးအကြီးဆုံး ကတော့ ကျနော်တို့ အားလုံး တောင်းဆို
နေတဲ့ အတိုင်းပေါ့ လက်ရှိပဋိပက္ခမှာ ပါဝင်နေတဲ့ အင်အားစုအားလုံးနဲ့ နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးဖို့ ပိုအရေးကြီးတယ်။”

"နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးမှုမျိုးမဟုတ်ဘဲနဲ့ ပြန်လာကြပါ၊ လာကြပါလို ဟာမျိုးနဲ့တော့ နိုင်ငံရေး
ုပြဿနာကို အဖြေရှာဖို့မရှိပဲနဲ့တော့ ပြေလည်မှာ မဟုတ်ဘူးလို့ ထင်တယ်။ ထိုနည်းတူစွာပဲ အခု ကျနော်တို့လက်ရှိ ဒီလက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ အနေအထားမှာလည်းပဲ အပစ်အခတ် ရပ်စဲရုံ သက်သက်နဲ့တော့ နိုင်ငံရေး
ပြဿနာကို အဖြေရှာနိုင်မှာ မဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးပြီဆိုရင် နိုင်ငံရေးအရ ဘယ်လို လုပ်ငန်းစဉ် အကောင်အထည် ဖော်မလည်းဆိုတာ တိကျတဲ့ လုပ်ငန်းစဉ် ပါရမယ်လေ။”

“ထိုနည်းတူစွာပဲ ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှု ဖြစ်ဖြစ်၊ ပြည်ပနိုင်ငံရေး လှုပ်ရှားမှုဖြစ်ဖြစ် ဒီအင်အားစု အားလုံး ပါဝင်ပြီးတော့ တိုင်းပြည် ပြန်လည် ထူထောင်ဖို့ အကျိုးရှိရှိနဲ့ အသုံးချချင်တယ် ဆိုရင်တော့ ကျနော်မြင်တာတော့
နိုင်ငံရေး လုပ်ငန်းစဉ် သူတို့အနေနဲ့ ဘယ်လို သွားမလည်း ဆိုတာဟာမျိုး နိုင်ငံရေး လုပ်ငန်းစဉ် ချပြဖို့ အရေးကြီး
တယ်။ တပြိုင်နက်တည်းမှာပဲ ခေါ်နေရုံနဲ့ မပြီးသေးဘူး တိုင်းပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ
အားလုံး လွှတ်ပေးဖို့အတွက် သူတို့မှာ ရည်ရွယ်ချက် ရှိရမယ်၊ လုပ်ငန်းစဉ် ရှိရမယ်။ ဒီအင်အားစု အားလုံးနဲ့ အတူတူ လက်တွဲပြီး တိုင်းပြည် ပြန်လည် ထူထောင်ဖို့ အတွက် နိုင်ငံရေး လုပ်ငန်းစဉ် သူတို့မှာ ရှိရမယ်။ အဲဒီလုပ်ငန်းစဉ် သူချပြပြီးတော့ ဒါတွေ ဒါတွေ ငါတို့ အကောင်အထည် ဖော်ချင်တယ်၊ ဒါတွေ လုပ်ဖို့ အတွက် အားလုံး တန်းတူ ရည်တူ ဆွေးနွေးပြီး လုပ်မယ်ဆိုရင်တော့ ဒါ အကျိုးရှိမယ့် ကမ်းလှမ်းမှု ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဒီလို ခေါ်ရုံနဲ့
တော့ နိုင်ငံရေးပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့တော့ ကျနော့အနေနဲ့ မမြင်ဘူး။”
http://www.mizzimaburmese.com/interview/8159-2011-08-17-12-31-19.html


ဗုဒ္ဓဟူး, 17 သြဂုတ် 2011
ဌာနေပြန်ရေး နိုင်ငံရေး လွတ်လပ်ခွင့် လိုအပ်ဟု ပြည်ပရောက် အတိုက်အခံများ တုံ့ပြန်

By ဦးသားညွန့်ဦး

အီးမေးလ်
ပုံနှိပ်ရန်

၁၉၈၈ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား အားလုံးကို မြန်မာနိုင်ငံကို ပြန်လာခွင့် ပြုလိုက်ပြီလို့ ဒီကနေ့ နေ့လယ်ပိုင်း နေပြည်တော်မှာလုပ်တဲ့ အစည်းအဝေး တခုမှာ သမ္မတ ဦးသိန်းစိန်က ကြေညာသွားပါတယ်။ ပြည်ပရောက် အတိုက်အခံ လှုပ်ရှားသူတွေကတော့ မြန်မာပြည် ပြန်ဖို့ဆိုရင် လွတ်လပ်တဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ လွတ်လပ်စွာ နိုင်ငံရေး လှုပ်ရှားခွင့်ရှိဖို့ လိုအပ်မယ်လို့ တုံ့ပြန်ကြပါတယ်။ ဒီပြောဆိုချက်ဟာ အမျိုးသား ရင်ကြားစေ့ရေး အတွက် ရည်ညွှန်းတယ် ဆိုရင်တော့ အကျဉ်းထောင်တွေ အတွင်းမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို အရင် ပြန်လွှတ်သင့်တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြည်တွင်း စီးပွားရေးနဲ့ လူမှုရေးနယ်ပယ် အသီးသီးက တာဝန်ရှိသူတွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လာခွင့် ပြုလိုက်ပြီး ပြစ်ဒဏ်ရှိသူတွေကို လျှော့ပေါ့ဖို့ စဉ်းစားပေးမယ်လို့ ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အင်အားစု (FDB) ရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်ကတော့ ပြည်ပရောက် အတိုက်အခံ လှုပ်ရှားသူတွေ မြန်မာပြည် ပြန်နိုင်ဖို့ဆိုရင် လွတ်လပ်တဲ့ နိုင်ငံရေးနောက်ခံ၊ နိုင်ငံရေး အခင်းအကျင်း ရှိဖို့လိုမယ်လို့ ပြောပါတယ်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ မိသားစုတွေ အားလုံး အတူတူလုပ်ကြရေး ဆိုတဲ့ အနှစ်သာရ တကယ်များ ရှိတယ်ဆိုရင်တော့ ဒါက ကြိုဆိုရမယ့်ကိစ္စ၊ ကြိုဆိုသင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ တဘက်မှာလည်း အဲဒီလိုစိတ်မျိုးရှိတယ် ဆိုတာကို သေသေချာချာ ထင်ထင်ရှားရှား ပြဖို့ လိုတာပေါ့။

“ဥပမာ ဒီလိုမိန့်ခွန်းမျိုးမှာတင် ပြောတာ မဟုတ်ဘဲနဲ့ အမိန့်ဒီဂရီလို ဟာမျိုးနဲ့ ထုတ်ပြန်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဆိုလိုတာက ဒီလိုလူမျိုးတွေ ပြန်လာသင့်တယ် ဘာညာဆိုတာ သေသေချာချာ အမိန့်ဒီဂရီလို ဟာမျိုးပေါ့၊ အဲဒီလိုမျိုး ထုတ်ပြန်ပြီး ပြောတယ်ဆိုရင်တော့ ပိုပြီးတော့ အချက်အလက် တိတိကျကျ ကျနော်တို့ သိနိုင်တာပေါ့။”

အခုလို ပြန်လာခွင့်ပြုမယ် ဆိုတဲ့ သဘောကြောင့် ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းတွေ ကြားထဲမှာရော တစုံတရာ ရိုက်ခတ်မှု ရှိနိုင်လား။

“ကျနော်တို့ စပြီး ထွက်လာကတည်းက မြန်မာပြည် ဒီမိုကရေစီရေး ရဖို့၊ လူ့အခွင့်အရေးရဖို့၊ နိုင်ငံရေးတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မရှိလို့၊ လှုပ်ရှားမှုတွေကို ဖိနှိပ်လို့ ဆိုပြီး ကျနော်တို့ ထွက်လာခဲ့ကြတာကိုး။ ဆိုတော့ ကျနော်တို့က စီးပွားရေးအရ လုပ်ကိုင်ရှာဖွေ စားသောက်ဖို့မှ မဟုတ်တာ။ အဲဒီတော့ ကျနော်တို့ ပြန်မယ်ဆိုရင်လည်း ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးတွေ ရမရဆိုတဲ့ အပေါ်မှာ အဓိက မူတည်တာပေါ့။

“ကျနော်တို့ နိုင်ငံရေး လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရှိမလား၊ လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ရှိမလား၊ ကျနော်တို့အပေါ်မှာ ဖိနှိပ် ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ ၅(ည) လို ဥပဒေမျိုးတွေ၊ ပယ်ဖျက်ပေးတာမျိုးတွေ ရှိမလား။ အဲဒီလိုမျိုးတွေ ရှိမယ် ဆိုရင်တော့၊ ကျနော်တို့ နိုင်ငံရေးလုပ်ချင်လို့ ဒီဟာတွေ ပြောနေတာ၊ ဒီမိုကရေစီ လိုချင်လို့ ပြောနေတာပဲ။ အဲဒီလို အခွင့်အရေးတွေ ရှိတယ်ဆိုရင်တော့ ကျနော်တို့ ပြန်ပြီးလုပ်ရမယ်။ ကျနော်တို့ ဒီအလုပ် လုပ်နေတာလည်း ကျနော်တို့တိုင်းပြည်ကို ကောင်းစေချင်လို့၊ နောက် ကျနော်တို့လည်း တိုင်းပြည်ကို အဲဒီလို အခြေအနေမျိုးနဲ့ ပြန်စေချင်လို့ပဲ လုပ်နေတာပေါ့။

“ဆိုတော့ အဲဒီဟာမျိုးတွေ ရှင်းရှင်းလင်းလင်းဖြစ်တယ် ဆိုရင်တော့ သဘောထား ကွဲစရာ မရှိပါဘူး။ နိုင်ငံရေးအတွက်၊ တိုင်းပြည်အတွက် လုပ်ဖို့ ထွက်လာတဲ့လူတွေ တိုင်းပြည်မှာ ဒါမျိုး ပြန်လုပ်ခွင့်ရပြီ ဆိုရင် ကျနော်တို့ ဘာဖြစ်လို့ အပြင်မှာ လုပ်နေမလဲ။”

AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်ကတော့ အသွင်ကူးပြောင်းရေး ကာလမှာ အထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အရင်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့ ယူဆပါတယ်။ တဘက်မှာလည်း လက်ရှိ အစိုးရအပေါ်မှာ အများပြည်သူက နိုင်ငံရေးအရ အယုံအကြည် ရှိလာအောင် လက်တွေ့ ဆောင်ရွက်ပြမှုမျိုးတွေ လုပ်ဖို့ လိုအပ်သေးတယ်လို့ ပြောပါတယ်။

“ပြည်ပရောက်နေတဲ့သူတွေ ပြန်လာဖို့ ပြောတာထက်စာရင် ပြည်တွင်းမှာ ရှိနေတဲ့ ဥပမာ နိုင်ငံရေး အကျဉ်းသားတွေကို အရင်လွှတ်ပေးတာ ပိုပြီးတော့ လက်တွေ့ကျတယ်၊ ပိုသဘာဝကျတယ်လို့ ထင်ပါတယ်။ ဒီလူတွေရဲ့ ကိစ္စကို မဖြေရှင်းဘဲနဲ့ တခြားကိစ္စတွေ လိုက်ဖြေရှင်းနေတာက သိပ်သဘာဝ မကျပါဘူး။ အသွင်ကူးပြောင်းရေးကာလ တခုမှာ နိုင်ငံရေး အကျဉ်းသားတွေ အရင်ဆုံး လွှတ်ဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါကို အရင်လုပ်ဖို့ လိုအပ်ပါတယ်။ နောက်တခုက ကျနော်တို့ အခုရှိနေတဲ့ ဦးသိန်းစိန် အစိုးရကို ဘယ်လောက် ယုံကြည်ရမလဲ ဆိုတာက စောင့်ကြည့်ရဦးမှာပါ။”

တကယ်တော့ ဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့နဲ့ ပြည်ပမှာ ရောက်ရှိနေတဲ့ အတိုက်အခံ လှုပ်ရှားသူတွေ မြန်မာနိုင်ငံတွင်းကို ပြန်လာခွင့်ရဖို့ နိုင်ငံရေးပါတီကြီး အချို့က အစိုးရကို လွှတ်တော်တွင်းမှာရော လွှတ်တော်ပမှာပါ တောင်းဆိုခဲ့ဖူးပါတယ်။ ဒီအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်သဘော ထုတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ဖွဲ့စည်းပုံအရဆိုရင် နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ သမ္မတက အတည်ပြု ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။

အခု ပြည်ပရောက်တွေ ပြန်လာခွင့်ပြုတယ်ဆိုတဲ့ သဘောဟာ Amnesty သဘော သက်ရောက်နိုင်မှု ရှိမရှိ ဆိုတာတော့ နောက်ပိုင်း အသေးစိတ် ထုတ်ပြန်မယ်ဆိုတဲ့ အခြေအနေကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/react-thein-sein-speech-127931473.html

မြန်မာ့တပ်မတော်အတွင်း နောက်ဆုံးအခြေအနေများ


အောင်လင်းထွဋ် Wednesday, 17 August 2011 16:18 ဆောင်းပါး
E-mail Print
မြန်မာ့တပ်မတော်တွင် ၂၀၁၁ ဇွန်လမှစ၍ ဒုတိယတန်း စစ်ဗိုလ်ချုပ်ကြီးများအတွင်း အာခံမှု၊ မကြေလည်မှုများ စတင်ပေါ်ပေါက်လျက်ရှိသည်။ ၂၀၀၇ စက်တင်ဘာလ သံဃာ့အရေး အခင်းမှစ၍ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များအတွင်း အေးချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းလိုသော သဘောထား ပျော့ပြောင်းသည့် စစ်ဗိုလ်ချုပ်များနှင့် ကြမ်းတမ်းစွာ အင်အားသုံး ဖြေရှင်းလိုသော သဘောထား တင်းမာသည့် စစ်ဗိုလ်ချုပ်များဟူ၍ အမြင်နှစ်မျိုးကွဲခဲ့သည်။

Aung Lin Htut-Pho၂၀၀၇ သံဃာအရေးအခင်း နောက်ပိုင်းတွင် စစ်တပ်အတွင်း တည်ငြိမ်မှုနှင့် အမိန့်နာခံမှု အားနည်းလာသည်ဟု ပြောရပေမည်။ အများအားဖြင့် အသက် ၅၀ ၀န်းကျင် ခေတ်အမြင် အတွေးအခေါ်ရှိသော စစ်ဗိုလ်ချုပ် အများစုသည် လက်ရှိအခြေအနေပေါ်တွင် အကြမ်းဖက်ဖြိုခွင်းမှု မပြုလုပ်လိုကြပါ။

လက်ရှိ ထိန်းသိမ်း စစ်ဆေးမေးမြန်းခံနေရသော ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ဆင်ရေးအထူး အဖွဲ့မှူးများဖြစ်သည့် ယာယီ ဒု ဗိုလ်ချုပ်ကြီး တင်ငွေ၊ ယာယီ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ယာယီ ဒု ဗိုလ်ချုပ်ကြီး ကျော်ဖြိုး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ယာယီ ဗိုလ်ချုပ် ထွန်းသန်း ၊ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ယာယီ ဗိုလ်ချုပ် သန်းထွန်းဦး တို့သည် လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ချွတ်ခြုံကျပြီး စစ်သည်များအပါဝင် တနိုင်ငံလုံး ဆင်းရဲနွမ်းပါးနေမှုကို ကောင်းစွာသဘောပေါက် နားလည်သည်။ ၎င်းတို့သည် ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းလိုသူများ ဖြစ်သည်။ ဆက်လက်၍လည်း နေပြည်တော်တွင် အမြင်ကွဲပြားသော စစ်ဗိုလ်ချုပ်များ အပါအ၀င် စစ်တပ်အရာရှိကြီးများကို ဆက်လက်ဖော်ထုတ် ထိမ်းသိမ်းဆဲ ဖြစ်သည်ဟု သိရသည်။

ပြဿနာ၏အစသည် နိုင်ငံတော်မူဝါဒအသစ်ဟု ပြောရမည့် ဆင်းရဲမွဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တပ်မတော် တပ်မှူးကြီးများ၏ ၂၀၁၁ ခုနှစ် မေ၊ ဇွန် ပုံမှန် လေးလပတ်အစည်းအဝေးတွင် ခေါင်းစဉ်တခုအနေဖြင့် ထည့်သွင်းဆွေးနွေးခဲ့ရာမှ စသည်ဟု ဆိုရပါမည်။ အဆိုပါအစည်းအဝေးမတိုင်မီ စစ်တပ်အတွင်းတွင် ၂၀၀၉ ခုနှစ်လောက်မှစ၍ ပြည်ပ VOA, BBC, RFA, DVB အသံလွှင့်ဌာနများ၏ စစ်တပ်အတွင်း စစ်သည်နှင့် မိသားစုများအား လှုံ့ဆော်ပေးနိုင်မှုများကြောင့် စစ်တပ်အတွင်းတွင် စားဝတ်နေရေးအတွက် မိသားစု စီးပွားရေး မပြေလည်မှုအပေါ် အခြေခံ၍ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုလက်အောက်ရှိ ရဲမွန်တပ်နယ်၊ အင်းတကော် တပ်နယ်၊ မှော်ဘီတပ်နယ်များရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များ ဆန္ဒဖော်ထုတ် ပုန်ကန်မှုများ ဖြစ်ခဲ့သည်။ ထိုကဲ့သို့ အရေးဆိုမှုများကြောင့် စစ်တပ်အတွင်း ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများ အတော် တုန်လှုပ်ခဲ့ကြသည်။

အလားတူ တခြားစစ်တိုင်းများတွင်လည်း စစ်သည်တချို့ ဆန္ဒဖော်ထုတ် တောင်းဆိုမှုများကြောင့် စစ်သည်များအား လစာငွေ ကျပ် ၂၀၀၀၀ နှင့် ရိက္ခာအစိုငွေများ ထပ်မံတိုးမြှင့်ပေးခဲ့ကြသည်။ သို့သော် ကုန်ဈေးနူန်း မြင့်တက်နေမှုကြောင့် စစ်သည်များ၏ မိသားစုစားဝတ်နေရေး အဆင်ပြေမှုမရှိခဲ့ပါ။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲနေ့မှစ၍ ငြိမ်းချမ်းရေးယူထားခဲ့သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ခွဲထွက်အဖွဲ့များနှင့် တိုက်ပွဲများ စတင်ဖြစ်ခဲ့ပြီး ရှမ်းပြည်တပ်မတော် (SSA) တပ်များ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့နှင့်ပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာသည်။ တိုက်ပွဲများတွင် အစိုးရတပ်မှ စစ်သည် အကျအဆုံးများခဲ့မှုအပေါ် တပ်မှူးကြီးများနှင့် တပ်မှူးငယ်များအကြား သူကြောင့်ကိုယ့်ကြောင့်ဟူ၍ ပြစ်တင်ပြောဆို ဝေဖန်ခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားသော တိုက်ပွဲကြီးငယ်များတွင် စစ်တပ်ဘက်မှသာ အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိမှု များပြားသည့်အတွက် စစ်သည်များ စိတ်ဓာတ်ကျကာ တပ်မှထွက်ပြေးသူ ပြေး၊ ရန်သူထံ လက်နက်ချသူ ချ ပိုမိုဖြစ်လာခဲ့သည်။ KIA နှင့် တိုက်ခိုက်နေသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၃၇) ဆိုလျှင် စစ်သည်များ၏ တောင်းဆိုမှုကြောင့် စစ်ဆင်ရေးထွက်ရန်အမိန့်ကို တပ်ရင်းမှူး ကိုယ်တိုင် ငြင်းဆိုပြီး အရေးယူခံသည့်ဖြစ်စဉ်များ ရှိခဲ့သည်ဟု သိရသည်။

တပ်မတော်တပ်မှူးကြီးများ၏ ၂၀၁၁ ခုနှစ် မေ၊ ဇွန် ပုံမှန် လေးလပတ်အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က နိုင်ငံတော်မူဝါဒဖြစ်သော ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တပ်မတော်အတွင်းရှိ စစ်သည်မိသားစုများ စားဝတ်နေရေး သက်သာချောင်ချိရေးလုပ်ငန်းများကို အပေါ်တပ်မှူးများအား တင်ပြခိုင်းသည်များရှိပါသည်။ ထို့အပြင် စစ်ပွဲများတွင် စစ်သည် အကျအဆုံးများမှု၊ စစ်ရေးစွမ်းရည် ကျနေမှု၊ ရှေ့တန်းစစ်မြေပြင်နှင့် မြို့ပေါ်တွင် ပြည်သူလူထုအပေါ် စည်းရုံးရေးစွမ်းရည် ကျဆင်းနေမှု၊ တပ်တွင်း စစ်ပြေးများမှု၊ အမှုအခင်းများပြားခြင်း၊ တပ်အတွင်းစည်းလုံး ညီညွတ်မှု အားနည်းပြီး အုပ်ချုပ်ရေးစွမ်းရည် ကျဆင်းလာမှုတို့အပေါ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လက်အောက်တပ်မှူးကြီးများအား ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းသည်ဟု သိရသည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက်သော ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု ဗိုလ်ချုပ်ကြီး တချို့နှင့် စစ်တိုင်းမှူး ဗိုလ်ချုပ်တချို့တို့က ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်အပေါ် အမှန်တကယ် အောက်ခြေစစ်သည်များအတွင်း ဖြစ်ပျက်နေသော စစ်သည်နှင့် မိသားစုများ၏ ကြုံတွေ့နေရသည့် ဒုက္ခခံစားနေရမှုများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင့်အလွန် နိမ့်ကျနေမှုများ၊ စီးပွားရေး မပြေလည်မှုကြောင့် စစ်ပြေးများလာရခြင်းများကို တင်ပြခဲ့ကြသည်။
အစစအရာရာ ချွတ်ခြုံကျပြီး စိတ်ဓာတ်ပျက်ပြားနေခြင်းကြောင့် စစ်ပွဲများတွင် အဆုံးအရှုံးများလာရခြင်းတို့ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် လက်ရှိအစိုးရသစ်၏ ပြည်နယ်ဝန်ကြီးချုပ်များနှင့် စစ်တိုင်းဌာနချုပ်များ၏ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ မကြေလည်မှုများကို ထည့်သွင်းပြောဆိုကြရာမှ ကာကွယ်ရေးဦးစီးချုပ်နှင့် မပြေမလည်ဖြစ်ခဲ့ကြသည်ဟု သိရသည်။ အဆိုပါအစည်းအဝေးတွင် ဝေဖန်ပြောဆိုဆွေးနွေးခဲ့သူများကို ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တိုင်ကြားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များနောက်ပိုင်းတွင် လက်ရှိ စစ်ခေါင်းဆောင်များအပေါ် အာခံသည်ဟု ယူဆသူများကို ထုံးစံအတိုင်း လာဘ်စားသည်ဟူသော ပုဒ်မဖြင့် အရေးယူမှုများ ပြုလုပ်ခဲ့သည်။

အတည်ပြုဆဲသတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တပ်မတော်မှ တရားဝင် အနားယူသေးခြင်း မရှိသေးပါ။ လက်ရှိအဆင့် ဗိုလ်ချုပ်မှူးကြီး ရာထူးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးရန် အစီစဉ်မရှိသေးကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၄င်း၏ နေအိမ်ဝန်းအတွင်း ရုံးခန်းဖွင့်လှစ်ထားဆဲဖြစ်သည်။ စစ်ဘက်လက်ထောက် ဗိုလ်ချုပ် နေ၀င်း၊ အမျိုးသားထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ် စိုးရှိန်နှင့် ရုံးအဖွဲ့ ယခင်အတိုင်း ရှိနေပါသည်။ ပုံမှန် တနင်္လာမှ သောကြာနေ့ နံနက်တိုင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒု ဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်းတို့သည် ပုံမှန် သတင်းပို့ လမ်းညွှန်ချက် ခံယူရဆဲဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ ဦးတင်အောင်မြင်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ကို သီးခြားခေါ်တွေ့လေ့ရှိပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ ဆင့်ခေါ်ပေးရသည်ဟု သိရပါသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကြံ့ဖွံ့ပါတီမှ ဦးအောင်သောင်းတို့သည် ယခင်အတိုင်း ဒေါ်ကြိုင်ကြိုင် လမ်းကြောင်းမှတဆင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ၀င်ထွက်ခွင့်ရှိနေဆဲဟု ဆိုပါသည်။

အစိုးရသစ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်မှုအောက်တွင် အပြည့်အ၀ လိုက်နာဆောင်ရွက်နေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လက်နက်ကိုင်အရေး အစရှိသည့် နိုင်ငံရေးလှုပ်ရှားမှုများအပေါ် အစိုးရသစ် တက်လာကာစတွင် တင်းတင်းမာမာ ပြသခဲ့သော်လည်း ယနေ့ ပျော့ပြောင်းသယောင် ပြသလာမှုများသည် စစ်တပ်အတွင်း အခြေခံစစ်သည်မှသည် စစ်ဗိုလ်ချုပ်အဆင့်များအထိ အမိန့်မနာခံမှု၊ ပုန်ကန်မှုများနှင့် တစိတ်တပိုင်း ဆက်စပ်နေသည်။

သမိုင်းကြောင်းအရ မြန်မာ့တပ်မတော်တွင် ဗိုလ်ချုပ်များ ဖြုတ်ထုတ်ခံခဲ့ရသော်လည်း ယနေ့အချိန်အခါကဲ့သို့ အခြေခံစစ်သည် အများစုပါဝင်ပြီး ဆန္ဒပြတောင်းဆိုမှု၊ အမိန့်မနာခံမှုများ မရှိခဲ့ပါ။ မြန်မာနိုင်ငံအနေဖြင့်လည်း အပြင်းထန်ဆုံး ပြည်တွင်းပြည်ပ ဖိအားနှင့် ရင်ဆိုင်နေရချိန်၊ အာရပ်ကမ္ဘာ၏ ပြောင်းလဲနေမှုများသည် မြန်မာ့နိုင်ငံရေးသို့ ရိုက်ခတ်နေပါသည်။

ထို့ကြောင့် မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား၊ စစ်တပ်နှင့် ပြည်သူလူထုအပေါ်တွင် နိုင်ငံရေးကစားနေမှုကို သတိကြီးစွာ စောင့်ကြည့်ပြီး ဒီမိုကရေစီ အင်အားစုများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံ၍ သတင်းအမှန်များပေးခြင်း၊ အားပေးထောက်ခံခြင်းဖြင့် ကူညီကြသင့်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း မဟာဗျူဟာ နည်းဗျူဟာများ ချမှတ်ပြီး ပြည်သူလူထုအား လမ်းညွှန်မှုများ ပီပီပြင်ပြင် ညွှန်ကြားပေးစေလိုပါသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)
http://www.irrawaddy.org/bur/index.php/articles/2-articles/7086-2011-08-17-09-20-24