Sunday, August 21, 2011

တရားဥပဒေစိုးမိုးမှုမရှိသေးသော မြန်မာပြည်



သန်းဝင်းလှိုင်
သြဂုတ် ၂၁၊ ၂၀၁၁
လူသားသည် တရားမျှတမှုဖြင့် ပြည့်စုံနေချိန်တွင် အကောင်းမြတ်ဆုံးသတ္တ၀ါဖြစ်၏။ သို့သော် တရားမျှတမှုကင်းမဲ့သွားသောအခါတွင်မူ အဆိုးယုတ်ဆုံးသတ္တ၀ါဖြစ်သွားတော့သည်။
(အရစ္စတိုတယ်)


မြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀မှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခုအခါ (၆၃)နှစ်တိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ပြည်သူလူထု အဖို့ လွတ်လပ်ခွင့်နှင့် လုံခြုံမှုများကင်းမဲ့ နေသလို၊ ဥပဒေ၏ အကာအကွယ်ကို မရရှိခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းကြာခဲ့ပြီဖြစ်သည်။ နိုင်ငံ သားပေါင်းမြောက်မြားစွာသည် မိမိယုံကြည်ချက်အရ ဆောင်ရွက်ခဲ့မှုကြောင့် လွတ်လပ်ခွင့်အခွင့်အရေးပိတ်ပင်ခြင်းခံခဲ့ရကာ မြန်မာ နိုင်ငံရှိ အကျဉ်းထောင်အသီးသီး၌ နှစ်ရှည်ထောင်ဒဏ်များဖြင့် စံမြန်းနေရပေသည်။ စင်စစ် ၎င်းတို့သည် မည်သည့်ရာဇ၀တ်မှုကိုမျှ ကျူး လွန်ခြင်းမရှိပါဘဲလျက်၊ ဥပဒေမဲ့ ဖမ်းဆီးအကျဉ်းကျခံနေသူများဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားများ၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို အကာအကွယ်ပေးသော ဥပဒေများမရှိ၍လော။ ပွင့်ပွင့်လင်းလင်းဆိုရပါမူ ဥပဒေပြဋ္ဌာန်းထားသော်လည်း ၁၉၆၂ ခုနှစ်မတ်လ ၂ ရက်နေ့မှ ယနေ့တိုင် အရပ်သားအရေခြုံစစ်အစိုးရအုပ်ချုပ်နေသော ကာလအထိ ထိုဥပဒေများ၏ အကာအကွယ်ကို ပြည်သူတို့ မခံစားရပေ။


၁၉၄၇ ခုနှစ်အခြေခံဥပဒေတွင် လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ကို အကာအကွယ်ပေးသော ပြဋ္ဌာန်းချက်ကို လွတ်လပ်ခွင့် အခွင့်အရေးအောက်တွင် ပြဋ္ဌာန်းထားပေသည်။ အခြေခံဥပဒေ ပုဒ်မ (၁၆) တွင် “တရားဥပဒေအရမဟုတ်လျှင်၊ မည်သည့်နိုင်ငံသားမျှ မိမိလွတ်လပ်မှုကို ရုပ်သိမ်း ခြင်းမခံရစေရ။ မိမိနေအိမ်အတွင်းသို့ အ၀င်ခံရခြင်း၊ ပစ္စည်းအသိမ်းခံရခြင်းမရှိစေရ” ဟူ၍ ပြဋ္ဌာန်းကာ၊ လွတ်လပ်မှုနှင့်လုံခြုံမှုအတွက် အကာအကွယ်ပေးထားသည်။ ထို့ပြင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေပုဒ်မ ၁၅၉ တွင်လည်း နိုင်ငံသားတိုင်းသည် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့် နှင့်လုံခြုံ မှုအတွက် အာမခံချက်ရှိစေရမည်ဟူ၍ ပြဋ္ဌာန်းထားပေသည်။

ထို့နည်းတူစွာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁) ပုဒ်မ (၄၄) ၌ လူ့သိက္ခာညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဋ္ဌာန်းခွင့်မရှိစေရဟူ၍လည်းကောင်း။

အခန်း(၈)ပုဒ်မ ၃၅၃ ၌ မည့်သူကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံရှုံး မှုမရှိစေရ။


ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေးတရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသားယာရေး (သို့) ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲ ဆောင်ရွက်ခွင့်ရှိသည်။


(က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုပ်ဖေါ်ပြေဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်။

(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်။

(ဂ) အသင်းအဖွဲ့(သို့) အစည်းအရုံးများဖွဲ့စည်းဆောင်ရွက်ခွင့်။

(ဃ) တိုင်းရင်းသားလူမျိုးတမျိုးနှင့်တမျိုး (သို့) တိုင်းရင်းသားလူမျိုးအချင်းချင်းကို လည်းကောင်း၊ အခြားဘာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု ကိုးကွယ်သည့်ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၅၆ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွေ့ပြောင်းနိုင်သောပစ္စည်း၊ မရွေ့ပြောင်းနိုင်သောပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။


ပုဒ်မ ၃၅၇ တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်မဆန်းကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာလုံခြုံမှုများအတွက် ဥပဒေအရကာကွယ်ပေးရမည်။


ပုဒ်မ ၃၅၈ တွင် နိုင်ငံတော်တွင်ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်။


ပုဒ်မ ၃၅၉ တွင် နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကို ခံရသဖြင့် အလုပ်ဒဏ်ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုး အတွက်ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်။


ပုဒ်မ ၃၇၃ တွင် ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှုကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာဥပဒေအရသာ ပြစ်မှုထင်ရှားစီရင်ရမည်။ ထို့ပြင် ယင်းဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ချမှတ်ခြင်းမပြုရ။


ပုဒ်မ ၃၇၅ တွင် ပြစ်မှုကျူးလွန်ကြောင်းစွပ်စွဲခံရသူတဦးဦးသည် ဥပဒေနှင့်အညီ ခုခံချေပခွင့် ရှိစေရမည်။


ပုဒ်မ ၃၇၆ တွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့် အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သော ကိစ္စ(သို့)တည်ဆဲဥပဒေတရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတပါး စီရင်ပိုင်ခွင့်ရှိသော တရား သူကြီး၏ချုပ်မိန့် မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ချုပ်နှောင်ခြင်းမပြုရဟူ၍ ပြဋ္ဌာန်းထားသော်လည်း ယနေ့မြန်မာနိုင်ငံသည် အပြင် ပန်းအားဖြင့် အရပ်သားအစိုးရဖြစ်နေသော်လည်း အနှစ်သာရအားဖြင့် စစ်အာဏာရှင်အစိုးရဖြစ်နေသည့်အတွက် နိုင်ငံသားတိုင်းသည် ယနေ့တိုင် အခြေခံဥပဒ၏ အကာအကွယ်ကို တန်းတူညီမျှမရရှိမခံစားကြရပေ။


ယနေ့မြန်မာနိုင်ငံတွင် လိုက်နာကျင့်သုံးနေသောဥပဒေအများစုမှာ အင်္ဂလိပ်လက်ထက်က ပြဋ္ဌာန်းခဲ့သော ဥပဒေအများစုဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်နေ၀င်းစစ်အစိုးရတက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ယခင်လိုက်နာကျင့်သုံးခဲ့သည့် ဥပဒေများအနက် အချို့သည် ခေတ်စနစ်နှင့် မလျော်ညီတော့သည့်အတွက်ကြောင့်လည်းကောင်း၊ လိုက်နာကျင့်သုံးခြင်းမရှိသည်မှာ အချိန်ကြာမြင့်ပြီးဖြစ်သဖြင့်လည်း ကောင်း စသည့်အကြောင်းပြချက်များဖြင့် မြန်မာကိုဓဥပဒေ (Myanmar Code) ပေါင်းချုပ်အတွဲ ၁၃ တွဲမှ ဥပဒေပေါင်း (၄၃၅) ခုအနက် ဥပဒေ (၂၂၁) ခုရုပ်သိမ်းခဲ့သဖြင့် (၂၁၄) ခုသာကျန်ရှိတော့သည်။


ထို့ပြင် ပါလီမန်ခေတ် (၁၉၅၅ မှ ၁၉၆၂ မတ်လ ၁ နေ့အထိ) တွင် ကျင်းသုံးခဲ့သော ပြဋ္ဌာန်းဥပဒေ (၃၃၄) ခုအနက် (၁၅၈) ခုကို ရုပ်သိမ်းခဲ့ သောကြောင့် (၁၇၆) ခုသာ ကျန်ရှိသည်။ ထိုခေတ်၌ ပြင်ဆင်ချက်ဥပဒေ ၁၂၀ ကို ထုတ်ပြန်ခဲ့သည်။


ထိုနည်းတူစွာ တော်လှန်ရေးကော်စီခေတ် (၁၉၆၂ မတ်လ ၂ မှတ် ၁၉၇၄ မတ်လ ၁ အ ထိ) တွင် ကျင့်သုံးခဲ့သော ပြဋ္ဌာန်းဥပဒေ (၁၈၂) ခုအနက် ၇၀ ကို ဖျက်သိမ်းခဲ့ရာ (၁၁၂) ခုသာ ကျန်ရှိပြီး ထိုခေတ်တွင် ပြင်ဆင်ချက်ဥပဒေ (၃၆) ခုကို ထုတ်ပြန်ခဲ့သည်။


မဆလခေတ် (၁၉၇၄ မတ် ၂ မှ ၁၉၈၈ စက်တင်ဘာ ၁၇ ထိ) ပြဋ္ဌာန်းဥပဒေ (၁၂၅) ခု အနက် (၃၂) ခုကို ဖျက်သိမ်းခဲ့ရာ လက်ကျန်ဥပဒေ (၉၃) ခုသာ ကျန်ရှိပြီး၊ ထိုခေတ်၌ ပြန်ဆင် ချက်ဥပဒေ (၂၉) ခုကို ထုတ်ပြန်ခဲ့သည်။


တဖန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ခေတ် (၀ါ) န၀တခေတ် (၁၉၈၈ စက်တင်ဘာ ၁၈ မှ ၁၉၉၇ နိုဝင်ဘာ ၁၄ထိ) တွင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁ ရပ်အပါအ၀င် ပြဋ္ဌာန်းဥပဒေ (၁၃၉) ခုရှိရာ ဥပဒေ (၈) ခုကို ဖျက်သိမ်းခဲ့၍ လက်ကျန်ဥပဒေ (၁၃၁) ခုသာ ကျန်ရှိသည်။ ထိုခေတ်တွင် ပြင်ဆင်ချက်ဥပဒေ (၄၃) ခုအား ထပ်မံထုတ်ပြန်ခဲ့သည်။


ယင်းနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ် (၁၉၉၇ နိုဝင်ဘာ ၁၅ မှ ၂၀၁၁ မတ်လ ၃၀ ရက်နေ့အထိ) တွင် ပြဋ္ဌာန်းဥပဒေ (၁၄၁) ခုရှိသည့်အနက် (၂) ခုကို ဖျက်သိမ်းခဲ့သဖြင့် လက်ကျန်ဥပဒေ (၁၃၉) ရှိသည်။ ယင်းခေတ်၌ ပြင်ဆင်ချက်ဥပဒေ (၄၄) ခုကို ထုတ်ပြန်သည်။

သို့ကလို တည်ဆဲဥပဒေတရပ်ရပ်ကို ဖျက်သိမ်းသည်ဖြစ်စေ၊ ယခင်ဥပဒေကို ပြင်ဆင်ပြောင်းလဲ၍ ဥပဒေအသစ်များကို ပြင်ဆင်ပြဋ္ဌာန်းသည် ဖြစ်စေ မူအားဖြင့် ဥပဒေများကို ရေးဆွဲရာ၌လည်းကောင်း၊ ပြင်ဆင်ရာတွင်လည်းကောင်း၊ ထပ်မံဖြည့်စွက်ရာတွင်လည်းကောင်း ဥပဒေပြု ပိုင်ခွင့်ရှိသော အဖွဲ့အစည်းမှ ဥပဒေကို ရေးဆွဲ၍ပြည်သူတို့၏ ကိုယ်စားလှယ်များပါဝင်သည့် ပါလီမန် (သို့) ပြည့်သူ့လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူပြီးမှသာလျှင် ပြင်ဆင်၊ ဖြည့်စွက်၊ ဖျက်သိမ်းနိုင်ပေသည်။


ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းရာတွင်လည်း သက်ဆိုင်ရာ နိုင်ငံတနိုင်ငံ၏နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အစိုးရ၏မူဝါဒလမ်းညွန်ချက် စ သည့်တို့အပေါ်အခြေပြု၍ ဥပဒေများကို လိုအပ်သလို ရေးဆွဲပြဋ္ဌာန်းရပေမည်။ ထိုသို့ရေးဆွဲပြဋ္ဌာန်းသည့်ဥပဒေသည် အများပြည်သူတို့အား အကျိုးဖြစ်ထွန်းစေပြီး အမှန်တကယ်ဥပဒေအရ ပြည်သူလူထု၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန် လိုအပ်ပေသည်။ ထိုကဲ့သို့ မဟုတ်ဘဲ အုပ်စိုးသူအစိုးရကိုသာ အကျိုးပြုစေပြီး၊ ပြည်သူလူထုကို နစ်နာစေသည့်ဥပဒေများဖြစ်ပါက ထိုဥပဒေမျာပြဋ္ဌာန်းထားခြင်းကို အမြန်ဆုံးဖျက်သိမ်းပစ်ရန် လိုအပ်ပေသည်။ သူ့ကျွန်ဘ၀ကျရောက်နေစဉ်က အင်္ဂလိပ်ကိုလိုနီအစိုးရသည် မြန်မာနိုင်ငံ၌ အခြေခံ လူ့အခွင့် အရေးများကို ထိခိုက်နစ်နာစေသည့် ဥပဒေများကို မပြဋ္ဌာန်းခဲ့ပေ။


သို့သော် ၁၉၆၂ ခုနှစ်မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေ၀င်းဦးဆောင်သော တော်လှန်ရေးကောင်စီက အာဏာသိမ်းပိုက်ပြီးနောက် နိုင်ငံရေး ပါတီများနှင့် အခြားအသင်းအဖွဲ့များကို ဖျက်သိမ်းနိုင်ရန် ၁၉၆၄ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေပြဋ္ဌာန်း၍ နိုင်ငံရေးပါတီနှင့် အခြားအသင်းအဖွဲ့များကိုဖျက်သိမ်းခဲ့သည်။ တဖန် ၁၉၇၅ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်(၃) ဖြင့် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ၏ အန္တရာယ်မှ ကာကွယ်သည့်ဥပဒေတို့ကို ပြဋ္ဌာန်း၍ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ကန့်သတ်နိုင်ရန် ပြ ဋ္ဌာန်းခဲ့သည်။ အဆိုပါဥပဒေများသည် ပြည်သူလူထု၏ အကျိုးစီးပွားနှင့်လုံခြုံမှုရှိစေရေးတို့ကိုအကာအကွယ်ပေးသည့် ဥပဒေမှားမဟုတ်ဘဲ၊ အုပ်စိုးသူအစိုးရတို့အနေဖြင့် နိုင်ငံသားတဦးအား မလိုလျှင်မလိုသလို အရေးယူအပြစ်ပေးနိုင်စေရန် အုပ်စိုးသူအစိုးရကိုသာ အကာအ ကွယ်ပေးထားသည့် ဥပဒေများဖြစ်ပေသည်။


န၀တ၊ နအဖ လက်ထက်တွင်လည်း ဥပဒေသစ်များပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်း၊ ပယ်ဖျက်ခြင်းစသည်တို့ကို လုပ်ဆောင်ရာတွင် အများပြည်သူလူထု၏ သဘောထားမပါ။ ၎င်းတို့အာဏာတည်မြဲရေးအတွက်သာ လွတ်လပ်စွာ အဟန့်အတားမရှိ ဆောင်ရွက်နိုင်စေရန် အတွက် ဥပဒေများကို လိုအပ်သလို ထုတ်ပြန်ပြဋ္ဌာန်းနေခြင်းသာဖြစ်သည်။ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာအကောင်အထည်ဖေါ် ဆောင်ပေးရသည့် တရားစီရင်ရေးစနစ်တွင်လည်း ပြဋ္ဌာန်းထားသည့်ဥပဒေများ၏ ရည်ရွယ်ချက်ကောင်းမှ မှန်ကန်၍တရားမျှတသည့် ဆုံးဖြတ်ချက်များကို ချမှတ်ပေးနိုင်မည်ဖြစ်သည်။ အစိုးရသစ်ပေါ်လာသည်မှာ ၅ လကျော်ရှိပြီဖြစ်သော်လည်း ယနေ့မြန်မာနိုင်ငံအတွင်းရှိ တရားရုံးများသည် လွတ်လပ်သောတရားစီရင်ရေးကို မဖော်ဆောင်နိုင်သေးပေ။ စစ်ထောက်လှမ်းရေး၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ ရဲ ဌာနများနှင့် အာဏာပိုင်များ၏အလိုကျသာ အမှုများကို စစ်ဆေးစီရင်ကြားနာနေရပေသည်။ အထူးသဖြင့် ပြစ်မှုဆိုင်ရာအမှုများတွင် ပြ ဋ္ဌာန်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လျစ်လျူရှု၍ စစ်ဆေးစီရင်ဆုံးဖြတ်နေရသည့် သာဓကများကိုလည်း တွေ့မြင်နေရသည်။


နအဖအစိုးရလက်ထက်တွင် ပြည်သူ့ဆန္ဒမပါဝင်ဘဲ စစ်အစိုးရစိတ်ကြိုက်ရေးဆွဲခဲ့သော နာဂစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၀ါ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် -


(၁) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရာသူကြီးချုပ်ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ရမည်။

(၂) ပြည်ထောင်စုသမ္မတက အမည်တင်သွင်းသော ပြည်ထောင်စုတရားသူကြီးချုပ်ကို အခြေခံဥပဒေအရ အရည်အချင်းမပြည့်မီကြောင်း ခိုင်လုံသော သက်သေအထောက်အထားမပြနိုင်လျှင် ပြည်တောင်စုလွှတ်တော်က ငြင်းပယ်ခွင့်မရှိစေရဟု ဖော်ပြထားသည်။


အဆိုပါပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မသည် တရားသူကြီးချုပ်ခန့်အပ်ရာတွင် အပြည့်အ၀သြဇာအာဏာရှိသည်။ ပြည်ထောင်စုလွှတ် တော်သည်ပင်လျှင် အရည်အချင်းမပြည့်မီခြင်းမှတပါး ကန့်ကွက်ခွင့်မရှိပေ။ ဆိုလိုသည်မှာ တရားဝင်အရည်အချင်းပြည့်မီသည်ဟူသော ယေဘုယျခြွင်းချက်ဖြင့် သမ္မတအား အောက်ကြို့သူ မည်သူ့ကိုမဆို သမ္မတက ရွေးချယ်နိုသည်။


လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် တရားသကြီးချုပ်ကို ရွေးချယ်ခန့်အပ်နိုင်သော တဦးတည်းအာဏာရှိသူဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်သည်ပင်လျှင် ကန့်ကွက်ခွင့်မရှိပေ။ ၂၀၀၈ အခြေခံဥပဒေဆိုင်ရာမူသည် တရားစီရင်ရေးကို သမ္မတ၏လက် အောက်ရောက်စေခဲ့သည်။ တရားရုံးချုပ်တရားသူကြီးချုပ်မှအစ အောက်ခြေတရားရုံးတရားသူကြီးအထိ သမ္မတကခန့်အပ်သည်။


တရားသူကြီးများအား ရာထူမှဖယ်ရှားရေးအတွက် သမ္မတ၏အာဏာများလည်း မေးခွန်းထုတ်စရာဖြစ်သည်။ ၂၀၀၈ အခြေခံမူတွင် တရား သူကြီးချုပ်နှင့် ပြည်ထောင်စုတရားရုံးချုပ် တရားသူကြီးများအား သမ္မတက ရာထူးမှဖယ်ရှားနိုင်သည်။ ပါလီမန်ဒီမိုကရေစီစနစ်တွင်မူ တရားသူကြီးများအား ရာထူးမှဖယ်ရှားရန်အဆိုကို ပါလီမန်၏ ပြည်သူ့လွှတ်တော်တွင် စတင် တင်သွင်းနိုင်သည်။ နာဂစ်အခြေခံမူ၌ သမ္မတ အားအပ်နှင်းထားသည်။ ထို့ကြောင့် တရားစီရင်ရေးသည် စီမံအုပ်ချုပ်ရေး၏ ခြိမ်းခြောက်မှုအောက်တွင်ရှိသည်။ တရာသူကြီးများ၏ ရာထူး သက်တမ်းကာလကိုလည်း အခြေခံမူတွင် မပြဋ္ဌာန်းထားပေ။ တရားသူကြီးများအား ခန့်အပ်ခြင်း၊ ရထူးမှဖယ်ရှားခြင်းသည် အုပ်ချုပ်ရေးအား တရားစီရင်ရေး၏အထက်တွင် ရှိရေးအတွက် ပံ့ပိုးထားသော အနေအထားပင်ဖြစ်သည်။ ဤကားလွတ်လပ်တရားစီရင်ရေးအား အန္တရာယ် ဖြစ်စေမည်ဖြစ်သည်။


တရားသူကြီးများကိုယ်တိုင်သည် ဥပဒေ၏အထက်တွင်မရှိရပေ။ တရားသူကြီးများတာဝန်ဝတ္တရားကို ကောင်းစွာ မဆောင်ရွက်ပါက အခြေခံ ဥပဒေအရ တိုင်တန်းနိုင်သော စနစ်တရပ်ကို ဖန်တီးရပေမည်။ တရားသူကြီးများအာ စုံစမ်းစစ်ဆေးသော နည်းလမ်းတရပ်ရှိရပေမည်။ လိုအပ်ပါက မူမမှန်သောတရားသူကြီးများကို ဖယ်ရှားပစ်ရမည်။ အရေးယူနိုင်ရမည်ဖြစ်သည်။


တရားစီရင်ရေးသည် နိုင်ငံသားများ၏ အုပ်ထိန်းသူသဖွယ်ဖြစ်သည်။ Lord Bryce က “အစိုးရကောင်းမကောင်းကို စမ်းသပ်ရာတွင် တရားစီရင်ရေးစနစ်စွမ်းဆောင်ရည်ကို ကြည့်ခြင်းမှတပါး အခြားပိုကောင်းသည့် နည်းမှရှိပေ” ဟု ဆိုခဲ့သည်။


ဒီမိုကရေစီနှင့် အုပ်ချုပ်ရေးကောင်းတို့၏ အောင်မြင်မှုမှာ တရားစီရင်ရေးစနစ်၏ ဘက်မလိုက်မှု၊ လွတ်လပ်သည့်သဘောသဘာဝရှိမှုနှင့် တရားဥပဒေစိုးမိုးမှုတို့အပေါ်တွင် မူတည်သည်။ တကမ္ဘာလုံးက လက်ခံထားသော လွတ်လပ်စွာတရားစီရင်ရေးမူများကို ကျင့်သုံးမှသာ လျှင် ဤအောင်မြင်မှုမှာ အမှန်တကယ်ပင်ရရှိလာနိုင်ပေသည်။


မတရားဖမ်းဆီးထိန်းသိမ်းခြင်းမခံရစေရေးနှင့် မျှတသောကြားနာစစ်ဆေးမှုခံရစေရေးသည် နိုင်ငံသားတိုင်းရရှိသင့်သော အခွင့်အရေးများ ဖြစ်သည်။ အစိုးရ၏အယူအဆများကို ဆန့်ကျင်ဖေါ်ပြခြင်းကြောင့် မတရားထိန်းသိမ်းခံရခြင်း၊ အစိုးရ၏မူဝါဒနှင့်အယူအဆကို ဆန့် ကျင်ဝေဖန်ထောက်ပြခြင်း (သို့) ထုတ်ဖေါ်ဆန္ဒပြခြင်း၊ သို့မဟုတ် အတိုက်အခံနိုင်ငံရေးအပါတီများနှင့် ပူးပေါင်းခြင်းတို့ကြောင့် သံသယ အဖြစ်ခံရကာ၊ မတရားဖမ်းဆီးထိန်းသိမ်းခြင်းမှ ကာကွယ်ခြင်းတည်းဟူသော အချက်ကို မထည့်သွင်းထားခြင်းမှာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ မတော်မတရားပြုခံရခြင်းမှ အကာအကွယ်ပေးရန် ပြဋ္ဌာန်းချက်မရှိခြင်း၊ ဘက်လိုက်မှုကင်းသော တရားရုံးမှ လျှော်ကန်သောအချိန်အတွင်း အမှုများကြားနာစစ် ဆေးရန် အခိုင်အမာပြဋ္ဌာန်းချက်မရှိခြင်းမှာ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းဖြင်းမျိုး ဆက်လက်ရှိနေဦးမည့်ပုံဖြစ်သည်။ ၂၀၀၈ အခြေခံဖွဲ့စည်းပုံတွင် တရားမျှတသော ကြားနာစစ်ဆေးခွင့်ကို မျက်ကွယ်ပြုထားသည်။


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများတွင် ပြဋ္ဌာန်းထားသော်လည်း ထုတ်ဖေါ်ပြောဆိုမှုလွတ်လပ်မှု အခွင့်အရေးများကို အ ခြေခံဥပဒေဆိုင်ရာမူများတွင် ဖော်ပြထားခြင်းမရှိပေ။ လက်ရှိအစိုးရသစ်ခေတ်တိုင် မြန်မာနိုင်ငံ၌ မည်သည့်ထုတ်ဖော်ပြောဆိုခွင့်အရေး မဆို အစိုးရမှ ထိန်းချုပ်ထားခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်းများရှိသည်။ အစိုးရ၏ မူဝါဒများနှင့်မညီမညွတ်သော ထုတ်ဖော်ပြောဆို ရေးသားမှုပြုမိပါက ရေးသားသူများသည် ပြင်းထန်သောတုံ့ပြန်မှုများနှင့် ရင်ဆိုင်ကြရသည်။ မကြာခဏ ထောင်ချအပြစ်ပေးခံခဲ့ကြရ သည်။ စာနယ်ဇင်းသမားများသည် ပြည်သူတို့၏နား၊ မျက်စိဖြစ်ရုံသာမက ပြည်သူများ၏ ပါးစပ်ပေါက်ဖြစ်သောကြောင့် ပြည်သူ့ ကိုယ်စား ပြည်သူလူထု၏အကျိုးစီးပွားဘက်က၊ အမှန်တရားဘက်ကရပ်တည်ပြီး ၀ံ့ဝံ့စားစား ထုတ်ဖော်သင့်သမျှကို ထုတ်ဖေါ်၍ ဆွေးနွေးတင်ပြရေးသားလိုကြပေသည်။ စစ်မှန်သော ဒီမိုကရေစီစနစ်တွင် စာနယ်ဇင်းသမားတိုင်းသည် အစိုးရချမှတ်ထားသော မူဝါဒ တို့ကို ကောင်းမွန်ပုံ၊ အကျိုးရှိပုံကို တင်ပြနိုင်သကဲ့သို့ မကောင်းမွန်ပုံ၊ အကျိုးမရှိပုံတို့ကိုလည်း လူထုသိအောင် တင်ပြနိုင်ခွင့်ရှိသည်။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်မှုသည် သတင်းစာများနှင့် အခြားသတင်းလုပ်ငန်းများ၊ အီးမေးလ်ဆက်သွယ်မှုများ၊ တယ်လီဖုန်းနှင့် ဖက်ဒ်ဆက်သွယ်မှုများ၊ အင်တာနက်ချိတ်ဆက်မှုများ၊ တေးဂီတဆိုင်ရာထုတ်ဖေါ်မှုများနှင့် အနုပညာဆိုင်ရာ ထုတ်ဖေါ်မှုများကို သိမ်းကျုံး ထိခိုက်ပျက်ဆီးစေသည်။


လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်ခြင်းသည် ပုဂ္ဂလိကအခွင့်အရေး၊ စုပေါင်းအခွင့်အရေးများနှင့် သက်ဆိုင်သည်။ လူတိုင်းအလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်နှင့် အလုပ်သမားသမဂ္ဂများတွင် ရွေးချယ်ပါဝင်ခွင့်နှင့် သမဂ္ဂများသည် ဥပဒေပြဋ္ဌာန်းချက်မှလွဲ၍ မည်သည့်ကန့်သတ် မှုမျှမရှိစေဘဲ လှုပ်ရှားဆောင်ရွက်နိုင်ခွင့်ရှိကြောင်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာစာချုပ်အပိုဒ် (၈) တွင် အာမခံ ထားသည်။


သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ့ဒေတွင် လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းခွင့်ကို ဖော်ပြထားခြင်းမရှိပေ။ ဤသည်မှာ ဤအခြေခံဥပဒေ အခွင့်အရေးများကို ဖျက်ဆီးစေရန်နှင့် ဆက်လက်ဖိနှိပ်ရန် စစ်တပ်အား လိုင်စင်ပေးထားခြင်းဖြစ်သည်။ ဤအခွင့်အရေးကို ထည့် သွင်းမပြဋ္ဌာန်းခြင်းသည် အစိုးရအား အတိုက်အခံပြုရသည့်အဖွဲ့အစည်းတစုံတရာအား သို့မဟုတ် နိုင်ငံရေးအတိုက်အခံအုပ်စုများ အား အားပေးထောက်ခံခြင်းမှ ဟန့်တားသည့်နည်းနာတရပ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံအား ခေတ်မီတိုးတက်လိုသော ဒီမိုကရေစီ နိုင်ငံတော်ကြီးတည် ဆောက်လိုပါက နိုင်ငံရေးပါတီများကို ဆက်လက်ဖိနှိပ်ခြင်း၊ ပါတီဝင်များနှင့် မိမိယုံကြည်ချက်ကြောင့် နိုင်ငံရေးဆောင်ရွက်လှုပ်ရှားသူများကို ဖမ်းဆီးထောင်ချခြင်း၊ နှိပ်စက်ခြင်းများကို လုံးဝ ဖယ်ရှားပစ်ရမည်ဖြစ်သည်။


လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၂၀ တွင် လူတိုင်းသည် ငြိမ်းချမ်းစွာ စုရုံးခွင့်နှင့် စုရုံးမှုတွင် ပါဝင်ခွင့်ကို ပြဋ္ဌာန်းထားသည်။ ၂၀၀၈ အခြေခံဥပဒေဆိုင်ရာများတွင် လွတ်လပ်စွာ စုရုံးခွင့်နှင့်ပတ်သက်၍ ဖော်ပြမထားခြင်းသည် မည်သည့်စုရုံးမှုမျိုးကိုမဆို ၎င်းတို့အနေဖြင့် ရပ်တန့်စေလိုပါက ဥပဒေနှင့်ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ အတင်းအကြပ်ဖိနှိပ်စေရန် လမ်းဖွင့်ပေးထားခြင်းဖြစ်သည်။ ဤသည်မှာ ပြည်သူလူထု၏ ထင်မြင်ယူဆချက်များနှင့်ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို လက်မခံသည့် သဘောဖြစ်သည်။


ထို့ပြင် လူ့ဂုဏ်သိက္ခာကို စော်ကားခံရမှုအတွက်ဖြစ်စေ၊ မိသားစုရေးရာ၊ အိုးအိမ်၊ စာပေးစာယူကိစ္စများကို ဥပဒေနှင့်မညီ နှောက်ယှက်ခံရမှု အတွက်ဖြစ်စေ အကာအကွယ်ပေးထားခြင်း မရှိပေ။ ဤသို့ အကာအကွယ်မပေးထားခြင်းသည် မည်သူ့ကိုမဆို ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက် ခိုက်နိုင်ရန် အာဏာပိုင်များအား လွတ်လပ်စွာဆောင်ရွက်ခွင့် အာဏာပေးထားခြင်းပင် ဖြစ်သည်။


၂၀၀၈ ဖွဲ့စည်းပုံတွင် နိုင်ငံတော်တွင် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်ထားသည်ဟူ၍ ပြဋ္ဌာန်းထားသော်လည်း ယနေ့ အစိုး ရသစ်လက်ထက်တိုင် လူကုန်ကူးခံရမှုများနှင့် အတင်းအကြပ်လုပ်အားစေခိုင်းရန် မူဝါဒများဆက်လက်တည်ရှိနေသေးသည်။ အထူးသ ဖြင့် ကျေးလက်နေပြည်သူလူထုအား ကျား/မ မရွေး အတင်းအဓမ္မစစ်ဆင်ရေးများတွင် အခကြေးငွေမပေးဘဲ ခဲယမ်းမီးကျောက်များနှင့် စစ်တပ်၏ရိက္ခာသယ်ခိုင်းခြင်း၊ တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်ဆင်ရေးနယ်မြေများအတွင်း လူသားဒိုင်းသဖွယ် အသုံးပြုနေခြင်း၊ မိုင်းရှင်းကိရိ ယာအဖြစ် မိုင်းတွင်းများသို့ အတင်းချီတက်စေခြင်းများနှင့် မြန်မာနိုင်ငံတ၀ှမ်း လမ်းများအဆောက်အဦးများ ဆက်လက်ထိန်းသိမ်းမွမ်းမံရေးလုပ်ငန်းများတွင် အတင်းအကြပ် လုပ်အားပေးစေခိုင်းလျက်ရှိသည်။ ဤသို့လုပ်အားပေးစေခိုင်းခြင်းများသည် ပြည်သူတို့၏ နေ့စဉ်ဘ၀ရပ် တည်မှုကိုလည်းကောင်း၊ မိသားစုစောင့်ရှောက်ရေးနှင့် မိသားစုဘ၀ရပ်တည်ရေးကိုလည်းကောင်း၊ ဆက်လက်ထိခိုက်ပျက်ဆီးစေသည်။ နိုင်ငံရေးအကြပ်ကိုင်မှု၊ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အတင်းအကြပ်စေခိုင်းမှုများကို ဆန့်ကျင်ကာကွယ်ရမည်မှာ အခြေခံအခွင့်အရေးဖြစ် သည်။


လက်ရှိအစိုးရ၏ ဥပဒေများသည် ပြည်သူလူထု၏ ပစ္စည်းပိုင်ဆိုင်ခွင့်အခွင့်အရေးများကို အာမခံပေးထားခြင်းမရှိပေ။ အစိုးရ၏ မတော်မတရားဆောင်ရွက်မှုစာရင်းများထဲတွင် အတင်းအကြပ်နေရာရွှေ့ပြောင်းခိုင်းမှုနှင့် ပိုင်ဆိုင်ပစ္စည်းများဖျက်ဆီးပစ်မှု ဆက်လက်ရှိနေသေး ကြောင်း ပါဝင်သည်။ အတင်းအကြပ်နေရာရွှေ့ပြောင်းခြင်းကို စစ်သားများ၊ ရဲများ၊ ထောက်လှန်းရေးများက မကြာခဏဆောင်ရွက်ရာတွင် အတင်းအကြပ်ဝင်ရောက်ပြီး ပစ္စည်းများကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ကျူးလွန်မှုများရှိသည်။ ထိုသို့ ပြုကျင့်ခံရမှုအတွက် လျော်ကြေးငွေ မရရှိကြပေ။ ဤဖိနှိပ်သည့်မူဝါဒများကို နိုင်ငံတကာနှင့်ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် သိနေကြသော်လည်း ဆက်လက်ကျင့်သုံးလျက်ရှိသည်။


ယခုအခါ အစိုးရသစ်သည် တရားစီရင်ရေးစနစ်အား ပြောင်းလဲနိုင်ရန် ပြည်ထောင်စု တရာစီရင်ရေးဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့တွင် ဥပဒေအမှတ် (၂၀/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မှစ၍ အာဏာတည်စေရမည်ဟု ပြဋ္ဌာန်းထားရာ ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်နေပြီဖြစ်သောကြောင့် ပြည်ထောင်စုတရားစီရင် ရေးဥပဒေသည်လည်း အာဏာတည်ခဲ့ပြီ ဖြစ်ပါသည်။


ထို့အတူ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်များနှင့် တရားသူကြီးများသည်လည်း ၂၀၁၁ ခုနှစ်မတ်လ ၃၀ ရက်နေ့တွင် ကတိသစ္စာပြုခဲ့ကြပြီးဖြစ်သည်။


တရားရေးမဏ္ဍိုင်နှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်က “တရားစီရင်ရေးအဖွဲ့အစည်းများအနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင် ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီ လွတ်လပ်စွာတရားစီရင်ရေး၊ ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည် သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊ အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိ ရေးဆိုတဲ့တရားစီရင်ရေးမူများအတိုင်း ရပ်တည်လုပ်ဆောင်သွားဖို့လို့ပါတယ်” ဟု ၂၀၁၁ မတ် လ ၃၁ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးခန်းမဆောင်၌ ပြောကြားခဲ့သော မိန့် ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။


ယနေ့မြန်မာနိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရန် မူဝါဒလမ်းစဉ်ချမှတ်နေသော ကာလတွင် ဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ် ရေးဆွဲပြဋ္ဌာန်းခြင်းများပြုရန် သုံးသပ်ဝေဖန်ကြသည့်အခါ ဒီမိုကရေစီ၏အနှစ်သာရများနှင့် ညီ ညွတ်ခြင်းမရှိဟူသည်ကို အလေးထားစဉ်းစားသုံးသပ်ရန် လိုပေသည်။ ၂၀၁၁ ခုနှစ် ဇွန် ၂၄ တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက - “ပြည်သူများသည် အချုပ်အခြာအာဏာ၏မူလပိုင်ရှင်များဖြစ်ကြောင်း၊ လွှတ်တော်သည် ပြည်သူ့ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းထားသည့်အတွက် ပြည်သူများ၏ အာ ဏာအုပ်စိုးမှုသည် လွှတ်တော်၌ရှိနေကြောင်း” ပြောကြားသွားရာ ၎င်းပြောစကားအတိုင်း ညီ ညွတ်စေရန်အတွက် ဥပဒေကြမ်းပြုစုခြင်း၊ ဥပဒေပြုရန်စဉ်းစားဝေဖန်ခြင်းများပြုသည့်အခါ အများပြည်သူ၏ ဆန္ဒသဘောထားများပါဝင်စေနိုင်မည့် အစီအမံများလည်း ချမှတ်သင့်ပေသည်။ ဥပမာ လယ်ယာမြေဆိုင်ရာ ဥပဒေများတွင် လယ်သမားတို့၏ သဘောထားအမြင်များနှင့် လယ်ယာကျေးလက်အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သည့် ရပ်တည်ချက်များပါဝင် သင့်သကဲ့သို့ စက်ရုံအလုပ်ရုံ အလုပ်သမားများဆိုင်ရာ ဥပဒေများတွင်လည်း အလုပ်သမားတို့ ၏ သဘောထားအမြင်များနှင့် ၎င်းတို့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့်ရပ်တည် ချက်များပါဝင်ဖို့လိုသည်။ ဥပဒေများကို အကဲဖြတ်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ် ခြင်းရှိမရှိဟူသည်ကိုလည်း အရေးကြီးသော တိုင်းတာစိစစ်ချက် တရပ်ဖြစ်သင့်ပေ သည်။


စင်စစ် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးတို့သည် အပြန်အလှန်အဆက်အစပ်ရှိ သည်။ ဒီမိုကရစီကင်းမဲ့မှုအောက်တွင် ဥပဒေလေး စားလိုက်နာရေး၊ တရားဥပဒေစိုးမိုးရေးတို့ သည် မရှိနိုင်ပေ။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုက အုပ်ချုပ်ခြင်း၊ တနည်းအားဖြင့်အများ သဘောဆန္ဒဖြင့် အုပ်ချုပ်ခြင်းပင်ဖြစ်ပါသည်။ အုပ်ချုပ်ခြင်းကို အချုပ်အခြာအာဏာကျင့်သုံး ခြင်းဟုလည်း မှတ်ယူနိုင်ပါသည်။ ယခုမျက်မှောက်ကာလ၌ ဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် သွယ်ဝိုက်ဒီမိုကရေစီစနစ်ကို ကျင့်သုံးကြပါသည်။ ဆိုလိုသည်မှာ ပြည်သူက ရွေးချယ်တင် မြှောက်ထားသည့် ကိုယ်စားလှယ်များက အချုပ်အခြာအာဏာကို ပြည်သူ့ကိုယ်စား ကျင့်သုံး ကြရခြင်းဖြစ်ပါသည်။


အချုပ်အခြာအာဏာဟု ပြောဆိုရာတွင် စီမံခန့်ခွဲရေးအာဏာဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ပါဝင်ပါသည်။ ဤအာဏာသုံးရပ်အား လူတစု၊ လူတဖွဲ့၊ တပါတီထဲ က ကျင့်သုံးပါက တရားဥပဒေစိုးမိုးရေး မည်သို့မျှမရှိနိုင်တော့ပါ။


မြန်မာနိုင်ငံတွင် ဦးနေ၀င်းခေတ်တလျှောက်လုံး အာဏာသုံးရပ်စလုံးကို တပါတီထဲက ကျင့်သုံးခဲ့သဖြင့် တရားဥပဒေစိုးမိုးမှုမရှိခဲ့ကြောင်း အားလုံးအသိပင်ဖြစ်သည်။ ထိုစဉ်က ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေလေးစားလိုက်နာရေးစသည်တို့ကို တွင် တွင်ကျယ်ကျယ်အော်ခဲ့ပါသေးသည်။ သို့သော် ၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့ ဒီမိုကရေစီရေး ဆန္ဒပြမှုအတွင်း ဦးနေ၀င်းက “…စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ ခြိမ်းခြောက်တာ မပါဘူး၊ မိုးပေါ်ထောင်မပစ်ဘူး….” ဟူ၍ လူထုကို စစ်တပ်နှင့်ကိုင်ပြီးခြိမ်း ခြောက်ခဲ့သည်။ တရားဥပဒေအထက်၌ သေနတ်ပြောင်းရှိသည့် သဘောဖြစ်နေသည်။


ထိုသေနတ်ပြောင်းကို မစွန့်လွှတ်ဘဲ န၀တ၊ နအဖခေါင်းဆောင်များနှင့် ယနေ့အစိုးရ သစ်ကလည်း တရားဥပဒေစိုးမိုးရေးကို တွင်တွင်ကြီးပြောနေခဲ့ပြန်ပြီ။ ကြေညာချက်အမှတ် ၁/၉၀ ကို ထုတ်ပြန်ပြီး အချုပ်အခြာအာဏာသုံးရပ်စလုံးကို န၀တ၊နအဖက ကျင့်သုံးခဲ့ကြောင်း ဆိုခဲ့သည်။ န၀တ၊နအဖ ခေတ်တလျှောက်လုံးတွင် ပြည်သူ့လွှတ်တော်မရှိဘဲ စစ်အစိုးရသာ ဦးဆောင်၍ စစ်အစိုးရ၏လက်ကိုင်တုတ်လက်ညှိုးထောင်ခေါင်းညိမ့် ပုဂ္ဂိုလ်များဖြင့် ၂၀၀၈ အ ခြေခံဥပဒေကို ရေးဆွဲခဲ့ကြသည်။ ယင်းဥပဒေကို သေရေးရှင်ရေးတမျှ ဖြစ်နေသော နာဂစ်မုန် တိုင်းကာလတွင် ပြည်သူ့ဆန္ဒမပါဘဲ အတင်းအဓမ္မအတည်ပြုခဲ့ပြန်သည်။ ၎င်းတို့ရေးဆွဲထား သည့် အခြေခံဥပဒေကို တိုင်းတာမည့်အခြေခံဥပဒေလည်းမရှိချေ။ ၎င်းတို့ပြုသည့်ဥပဒေအား မတရားကြောင်း၊ မမျှတကြောင်း၊ ဆီလျော်မှုမရှိကြောင်းကန့်ကွက်နိုင်သည့် အာဏာ၊ အခွင့်အ ရေးလည်း မည်သူ့ထံ၌မျှ မရှိပေ။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပေါ်ပေါက် ရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်ဟု (၁၄) နှစ်နီးပါး စာနယ်ဇင်းများ၊ ရုပ်မြင်သံ ကြားနှင့်ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတိုင်းတွင် ထည့်သွင်းပြောဆိုခဲ့သော်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲရန် ကြိုးပမ်းခဲ့သည့် ကျောင်းသားတဦးကို ထောင်ဒဏ်ပင် ချမှတ်လိုက်သေးသည်။


တရားဥဒေစိုးမိုးမှုရှိရန်ဆိုလျှင် အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်း သက်စေရမည်ဖြစ်သည်။ တနည်းအားဖြင့် ဒီမိုကရေစီအခြေခံကျင့်သုံးမှုရှိရမည်ဖြစ်သည်။ ဒီမို ကရေစီအုပ်ချုပ်ရေးစနစ်ကျင့်သုံးသည့်နိုင်ငံများတွင် အာဏားသုံးရပ်အား တခုကိုတခု လွှမ်းမိုး မှုမရှိအောင် ထိန်းညှိသည့်စနစ်အား ကျင့်သုံးကြပါသည်။ အုပ်ချုပ်သည့်စိုးရကလည်း ပြည်သူလူထုကို တာဝန်ခံရသည်။ စီမံခန့်ခွဲရေးအာဏာပိုင်များ၏ ဆောင်ရွက်ချက်များကို လည်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်များက ခေါ်ယူမေးမြန်းစုံစမ်းခွင့်ရှိသည်။ ဥပဒေပြုရေးအာဏာပိုင်များကလည်း ဥပဒေတရပ်ပြုတော့မည်ဆိုလျှင် ဥပဒေကြမ်းများကို အ ကြေအလည်ငြင်းခုံဆွေးနွေးပြီးမှ ဥပဒေပြုကြရပါသည်။ ဤသည်မှာ ဒီမိုကရေစီကို ဖေါ်ဆောင် သည့် သဘောသဘာဝအချို့ပင် ဖြစ်ပါသည်။


တရားဥပဒေစိုးမိုးရေးတွင် “တရားဥပဒေ၏အထက်တွင် မည်သူမျှမရှိစေရ” ဆိုသည့် အချက်သည် အရေးအကြီးဆုံးနှင့်အဓိကအကျဆုံးအချက်ဖြစ်ကြောင်း သတိမူသင့်သည်။ ထို့ အပြင် တရားစီရင်ရေးဌာနအား ဥပဒေပြုရေးဌာန၊ စီမံအုပ်ချုပ်ရေးဌာနတို့နှင့် သီးခြားကင်း လွတ်စေရန်လည်း အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် အမှုကိစ္စများနှင့် ပတ်သက် လာလျှင် ပြည်သူအားလုံး၏ အားကိုးအားထားရသည် တရားရုံးများပင်ဖြစ်သည်။ တရားရုံး၏ တာဝန်မှာ ပြည်သူလူထုမှအစ၊ သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီးချုပ်အဆုံး ဥပဒေချိုးဖေါက်သူမှန်သ မျှအား ဘက်လိုက်ခြင်းကင်းစွာ ဥပဒေနှင့်အညီ အဆုံးအဖြတ်ပေးရန်ဖြစ်သည်။ အကယ်၍ တ စုံတယောက် (သို့မဟုတ်) ဌာနတခုက တရားရုံးနှင့် တရားသူကြီးများအား ၀င်ရောက်စွက်ဖက် နေလျှင် (သို့မဟုတ်) လွှမ်းမိုးထိန်းချုပ်နေလျှင် တရားရုံးသည် ဘက်မလိုက်ဘဲ တရားမျှတစွာ ဆုံးဖြတ်ချက်များပေးနိုင်မည်မဟုတ်ပေ။

ထိုနည်းတူစွာ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာတို့ကို ပူးတွဲထားပါကလည်း တရားသူကြီးသည် ဥပဒေပြုသူဖြစ်သွားပြီး၊ တဖက်သတ်ဆုံးဖြတ်ချယ်လှယ်မှုကို ပြည်သူအ များခံရပေလိမ့်မည်။ အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုအာဏာတို့ကို လူတဦးသို့မဟုတ် လူတ စု၏ လက်ဝယ်အတွင်း ထားရှိပါက အာဏာရရှိထားသော အုပ်ချုပ်သူတဦး (သို့မဟုတ်) တ အုပ်စုက စိတ်တိုင်းကျအုပ်ချုပ်ရန်အတွက် မတရားဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကိုသာ ပြဋ္ဌာန်းပြီး အုပ်ချုပ်နေမည်သာဖြစ်သည်။


မည်သို့ဆိုစေ….၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လက်ရှိကျင့်သုံး၍ ပြဋ္ဌာန်းထားသော ဥပဒေများသည် တရားစီရင်ရေးမဏ္ဍိုင်ကြီးတခုလုံးကို မျက်ကွယ်ပြုထားသောကြောင့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေ၏အကာအကွယ်ကို ပြည်သူတိုင်းရရှိခံစားနိုင် ရေးဆိုသည်မှာ အိပ်မက်ထဲ၌ပင် တည့်မတ်ရန် အလွယ်သည့်အရာတခုပင် ဖြစ်နေဦးမည်မှာ မြေကြီးလက်ခတ်မလွဲ ဧကန်ပင်တည်း။ ။


(မြန်မာနိုင်ငံသားတိုင်း ဥပဒေ၏ အကာအကွယ်ကို ရရှိခံစားနိုင်ကြပါစေ။)
http://moemaka.com/index.php?option=com_content&task=view&id=9727&Itemid=1