Saturday, September 3, 2011

၃.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/bwspu5lf0b4kff2/3%20Sep2010%20Yeyintnge%27s%20diary.doc

http://www.mediafire.com/file/ubrs456xf9vl8v6/3%20Sep2010%20Yeyintnge%27s%20diary.pdf


http://www.ziddu.com/download/16274702/3Sep2010Yeyintngesdiary.doc.html

http://www.ziddu.com/download/16274703/3Sep2010Yeyintngesdiary.pdf.html

3 Sep2010 Yeyintnge's Diary

ပြည်တော်ပြန်ရေးကိစ္စ ဒုက္ခသည် ဆန္ဒကောက်ယူဖို့တော့ မသင့်တော်



ရေးသားသူ - ကူးဒူ စနေနေ့, 03 စက်တင်ဘာလ 2011 09:46
မြန်မာတိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေအနေနဲ့ မိမိတို့လက်ရှိ ခိုလုံနေထိုင်နေကြတဲ့ ထိုင်းနိုင်ငံဒုက္ခသည်စခန်းတွေမှာ တသက်လုံးအခြေချနေထိုင်လို့ မရဘူးဆိုတာ ဒုက္ခသည်တို့အနေဖြင့် နားလည်သဘောပေါက်ထားကြပါတယ်။ တိုင်းပြည်လွတ်လတ်တဲ့တနေ့ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်တိုင်းပြည်ကို ပြန်နေကြဖို့ မျှော်လင့်ချက်တော့ရှိကြပါတယ်။

ဒုက္ခသည်တွေအနေနဲ့ ထိုင်းနိုင်ငံမှာ ခိုလုံနေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်း ၂၀ ကျော် ရှိသွားပြီးဖြစ်တဲ့အတွက် ဒုက္ခသည်တွေကို ဒီအတိုင်းဘဲဆက်ထားလို့ မဖြစ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေဟာ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေကို အသုံးချပြီး မြန်မာစစ်အစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ဆူပူမှုတွေဖြစ်ပေါ်စေပြီး တိုင်းပြည်မအေးမချမ်း၊ မတည်မငြိမ်ဖြစ်နေရတယ်လို့ မြန်ပြည်က အသစ်တက်လာတဲ့အစိုးရက ပြောဆိုထားပါတယ်။ တဆက်ထဲမှာဘဲ နယ်စပ်ဒုက္ခသည်စခန်းတွေကို ပိတ်ချပစ်ဖို့ လိုအင်ဆန္ဒရှိနေကြတဲ့ အဲန်ဂျီအိုအုပ်စုတွေလည်း ရှိနေကြောင်း ပြည်ပရှိမြန်မာမီဒီယာတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။

“အကြောင်း အမျိုးမျိုးကြောင့်၊ နောက် ပြည်ပကို ရောက်နေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေကိုလည်း ပြစ်မှုတစုံတရာ ကျူးလွန်သွားတာမရှိဘူး ဆိုလို့ရှိရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျနော်တို့ ဒါ စဉ်းစားပေးမှာ ဖြစ်ပါတယ်” လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲ၌ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

“ ပြစ်မှုကျူးလွန်ခဲ့သည့် တိုင်အောင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူဖို့ ပြန်လာမယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ ဒါ သဘောထားကြီးစွာနဲ့ စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်” လို့ သမ္မတက သူ့ရဲ့မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

သမ္မတရဲ့ ပြောဆိုမှုတို့ဟာ မြန်မာဒုက္ခသည်တွေအကြား UNHCR ရဲ့ မူဝါဒတွေ ပြောင်းလဲလာမလားဆိုတဲ့ စိုးရိမ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။


ဟောပြောပွဲအတွင်းသို့ ရပ်ကွက်အလိုက် တက်ရောက်လာကြသော ကရင်နီဒုက္ခသည် အမှတ် ၁ စခန်း (ဓါတ်ပုံ-ကေတီ)

ဒါကြောင့် လူဦးရေ ၂၀၀၀၀ ခန့်ရှိတဲ့ ကရင်နီဒုက္ခသည်စခန်းအတွင်း သြဂုတ်လ ၃၁ ရက်နေ့က စခန်းအုပ်ချုပ်ရေးနဲ့ လူထုအကြား ဟောပြောပွဲတွေ စတင်နေတာကို တွေ့ရပါတယ်။

“အိုးအိမ်၊ လယ်ယာမြေ၊ ကျွဲ၊ နွား တွေက ဘာတခုမှ မရှိတော့ဘူးလေ။ အဲကြောင့် အဖိုးတို့ အနေနဲ့ ပြန်မယ်ဆိုရင်လည်း စားဝတ်နေရေး အစစ အရာရာတွေကို စီစဉ်ပေးနိုင်ဖို့ ဆိုတာက လွယ်တဲ့ အလုပ်မဟုတ်ဘူးလေ။ အခု သမ္မတကြီးက ပြန်လာပါလို့ ပြောနေတဲ့ စကားဟာ စိတ်ထဲမှာ လိမ်နေတယ် ဆိုတာ သိပြီးသားပဲလေ။ အခု အဖိုးရဲ့ ခံယူချက်ကတော့ အေးအတူပူအမျှ ကိုယ့်လူကြီး အဖွဲ့အစည်းနဲ့ပဲ နေသွားမယ်။ တတိယနိုင်ငံဆိုတာလည်း အဖိုးလည်း သွားမှာ မဟုတ်ဘူး။ တနေ့ ပြန်ခွင့်ရပြီလို့ ပြောတဲ့ တနေ့မှာပဲ ကိုယ်အဖွဲ့အစည်း ကိုယ့်လူကြီးတွေနဲ့ပဲ အတူ ပြန်သွားမလို့ ယုံကြည်တယ်” လို့ ကရင်နီ အမှတ် ၁ ဒုက္ခသည်စခန်းမှာ အနှစ် ၂၀ နေထိုင်လာခဲ့တဲ့ ခူးငါးရယ်က ပြောပါတယ်။

UNHCR အနေဖြင့် မြန်မာအစိုးရဲ့ ပြောဆိုချက်ကို ယုံကြည်ခဲ့ပါက ဒုက္ခသည် အသစ်များ လက်မခံတော့ဘဲ တတိယနိုင်ငံသို့ အခြေချနေထိုင်ရေး အစီအစဉ်ကိုလည်း ရပ်ဆိုင်းနိုင်မလားဆိုတဲ့ စိုးရိမ်မကင်းဖြစ်မှုတွေကိုလည်း လူထုဟောပြောပွဲမှာ ဆွေးနွေးဖလှယ်ကြပါတယ်။ အဓိကတော့ ပြည်သွင်းသို့ ပြန်မလားဆိုတဲ့ စိန်ခေါ်မှုအပေါ် ဒုက္ခသည်တို့အနေနဲ့ အချိန်ယူပြီးအသေအချာ စဉ်းစားဆုံးဖြတ်ဖို့ဘဲ ဖြစ်ပါတယ်။

အမှတ် -၁ ဒုက္ခသည်စခန်းတွင်း လူထုဟောပြောပွဲတွင် ကရင်နီဒုက္ခသည်အမျိုးသားတဦးမှ မိန့်ခွန်းပြောကြားရာမှာ… “ကျနော်တို့တွေဟာ စစ်ဘေးဒဏ်ကြောင့် ကျနော်တို့ ဒီနေရာကို ရောက်လာနေကြတာ ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ ပြန်မယ်ဆိုရင် ကျနော်တို့ရဲ့ လုံခြုံမှုဆိုတာက သိပ်ကိုအရေးကြီးနေပါတယ်။ ဒီနေ့ မြန်မာပြည်ကိုကြည့်တဲ့ အခါမှာ အရင်က အပစ်ရပ်ထားတဲ့ အဖွဲ့တိုင်းလိုလိုဟာ တောပြန်ခိုပြီး စစ်ပြန်ဖြစ်နေကြတယ်။ စစ်ဖြစ်တဲ့ နေရာတဝိုက်မှာလည်း IDP ဒုက္ခသည်တွေလည်း သောင်းနဲ့ ချီပြီးတော့ ထွက်ပြေးနေကြတာတွေလည်း ရှိနေကြတဲ့အတွက် ကျနော်တို့ ပြန်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။ ခဏနေ တခြား NGOs အဖွဲ့ အစည်းတွေက ဝင်လာပြီးတော့ ပြန်မလားနေမလား သွားမလားဆိုတဲ့ မေးခွန်းတွေလာပြီးတော့ မေးခဲ့ရင် တချို့သောလူတွေက နားရောင်မိမှာကို စိုးရိမ် နေရတယ်”

မြန်မာနိုင်ငံတွင် စစ်အစိုးရရဲ့ ဖိနှိပ်မှုကြောင့် ဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည် စခန်းတွေဖြစ်တဲ့ ထဟင်၊ ဘန့်ဒုံယမ်း၊ အုန်းဖျံ၊ မယ်လ၊ နို့ဖို့၊ ဘန်မိုင်နိုင်ဆွိုင်၊ ဘန့်မယ်စူရင်း၊ မယ်လဦး၊ မယ်ရာမူလမ်နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ ဝေဟန်ဆိုစခန်း ၁၀ ခုတို့မှာ ယာယီခိုအောင်းနေကြရပါတယ်။

တတိယနိုင်ငံ အခြေချနေထိုင်ရေးအစီအစဉ်မှာ ဒုက္ခသည်တွေ ထောင်နဲ့သောင်းနဲ့ချီပြီး ပါသွားခွင့်ရှိပြီဖြစ်ပေမယ့် လက်ရှိနယ်စပ်စခန်းတွင် မြန်မာတိုင်းရင်းသားဒုက္ခသည် ၁ သိန်းကျော်ရှိနေသေးကြောင်း ထိုင်းမြန်မာဒုက္ခသည် ကူညီပေးနေတဲ့ Thailand Burma Border Consortium – TBBC ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှတ်တဲ့ ဒီမိုကရေစီနဲ့ စစ်မှတ်တဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်ဖို့ လက်ရှိထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ပိတ်ချလိုက်ပြီး ဒုက္ခသည်တွေကို နေရပ်သို့ပြန်ပို့ရမယ်ဆိုတဲ့ နည်းလမ်းထက် လက်ရှိ အစိုးရအနေဖြင့် စစ်မှန်တဲ့ ပြောင်းလဲမှုလုပ်လိုပါက ပြည်တော်ပြန်ရန် ခေါ်ယူခြင်းထက် ပြည်တွင်းစစ် ငြိမ်းချမ်းရေးနဲ့ အကျဉ်းထောင်များအတွင်းမှ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ကို ပထမဦးဆုံးလုပ်ဆောင်သင့်ကြောင်း ပြည်ပရောက် မြန်မာ့အရေး လုပ်ဆောင်သူများနဲ့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

“ ကျမတို့ အတော်များများကလည်း အိမ်ပြန်ချင်ကြတယ်လေ။ ပြန်ချင်ကြတဲ့ အဓိက ရည်ရွယ်ချက်ကလည်း နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုရှိနေရင် ပြန်ချင်ကြတာပဲလေ။ ကျမ အမြင်ကတော့ သူ(သမ္မတသိန်းစိန်) ဆိုလိုချင်တာ မင်းတို့ ပြန်လာလို့ရပြီ နိုင်ငံတော်က ပြောင်းလဲနေပြီ ဆိုတဲ့ ပုံစမျိုးနဲ့ သက်သေပြချင်တဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်။ ကျမဆိုလိုချင်တာက တကယ်တမ်း ပြန်ချင်ကြမယ်ဆိုရင် အထဲမှာ လွတ်လပ်မှု ဘယ်လောက်ရှိမှာလဲ။ တကယ်တမ်းပြန်ကြမည့် လူအတွက်ရောလုံခြုံမှုဆိုတာရှိရဲ့လား ဆိုတာပြန်စဉ်းစားရမယ်လေ။ အခုက အထဲက နိုင်ငံရေး အကျင်းသားတွေကိုလည်း ပြန်မလွတ်ပေးသေးဘူး။ ပြီးတော့ တိုင်းရင်သားဒေသမှာ ဖြစ်နေတဲ့ဟာလည်း သူတို့ ဘာအစီစဉ်မှ မရှိပဲ ကူညီမှုမရှိပဲနဲ့ အပြည်ကလူတွေ ပြန်လာပါ ဆိုတဲ့ဟာကတော့ ကျမထင်တယ် လုံခြုံမှုမရှိဘူး။ တကယ်တမ်းလည်း ကျမတို့ ပြန်လို့လည်း မရပါဘူး။ စကားအဖြစ်ပဲ ရှိနေမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးမှာ ပါဝင်လုပ်ရှားတဲ့ သူတွေအနေနဲ့ ပြန်မယ်ဆိုရင်လည်း ထောင်ကျမှာပဲလေ။ ဒါက ထောင်ခြောက် တခုလို့ပဲထင်မိပါတယ်” လို့ လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့-Burma Campaign UK တွင် လှုပ်ရှားမှု တာဝန်ခံ တဦးအဖြစ်တဲ့ မဝေနှင်းပွင့်သုန်က ကန္တာရ၀တီတိုင်း(မ်)ကို ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ကြောင့် အတည်တကျမရှိပဲ ပြောင်းရွှေ့နေရသူပေါင်း ၆၂,ဝ၁၅ ဦး ရှိကာ ဘင်္ဂလားဒေခ်ျ၊ အန္ဒိယ၊ ထိုင်း၊ မလေးရှားစတဲ့နိုင်ငံတွေမှာ ခိုလုံနေတဲ့ မြန်မာဒုက္ခသည်မှာ ၄၁၅,၆၇ဝ ဦးရှိတယ်လို့ UNHCRရဲ့ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

UNHCR အနေဖြင့် ဒုက္ခသည်များအရေးနဲ့ ပတ်သက်ပြီး တိကျခိုင်မာတဲ့ အဖြေတရပ် ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရှာဖွေသုံးသပ်နေဆဲရှိပြီး မြန်မာပြည် ပြောင်းလဲမှုရှိ၍ ပြန်ကြမည် ဆိုပါကလည်း အတတ်နိုင်ဆုံး စေတနာထား၍ လုပ်ကိုင်ပေးသွားမယ်လို့ အိန္ဒိယအခြေစိုက် UNHCR ရဲ့ Chief of Mission ဖြစ်သူ မစ္စစ် Montserrat Feixas Vihe က ပြောပါတယ်။

ပြည်တော်ပြန်ရေး၊ မပြန်နိုင်ရေးကိစ္စကိုတော့ ဒုက္ခသည်တဦးချင်းစီရဲ့ ဆန္ဒကိုကောက်ယူပြီး လုပ်သွားလို့ မရပါဘူး။ ဒုက္ခသည်တွေအနေနဲ့ ပြည်တွင်းသို့ပြန်ပြီး မိမိတို့ရဲ့ အနာဂတ် လုံခြုံစိတ်ချမှုကို မိမိတို့အနေဖြင့် ဖန်တီးလုပ်ယူခွင့်မရှိကြပါဘူး။ ယခုတိုင်းပြည်ရဲ့အခြေအနေဟာ အမှန်တကယ် လွတ်လပ်မှုမရှိသေးသလို ဒီမိုကရေစီနည်းလမ်းအရ နိုင်ငံရေးလုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေဆဲဘဲ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ခတ်ရပ်စဲရေးကိစ္စမှာလည်း အစိုးရက တတိုင်းတပြည်လုံး ကမ်းလှမ်းရမည့်အစား ဟိုတစုတမျိုး ဒီတစုတမျိုး လုပ်နေတဲ့အပေါ်မှာ တိုင်းရင်းသားအုပ်စုတွေ အနေနဲ့ အစိုးရအပေါ် ဘယ်လိုမှယုံကြည်မှု တည်ဆောက်လို့ရမှာ မဟုတ်ကြောင်း...
http://www.ktimes.org/

ဒေါ်အောင်ဆန်းစုကြည် အင်တာဗျုးနှင့် ကိုယ်တိုင်ရေးဆောင်းပါးများ ဖော်ပြခွင့်ရ


Published on September 3, 2011 by ရွှေအောင်

စက်တင်ဘာ ၄ ရက် တနင်္ဂနွေနေ့ထုတ် Messenger News Journal မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး ဖော်ပြထားပါတယ်။



ဂျာနယ်ရဲ့ ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာမှာ ” အနှစ် ၂၀ ကျော်အတွင်း မြန်မာပြည် စာနယ်ဇင်းလောကမှာ ဘယ်ဂျာနယ်မှ မဖော်ပြနိုင်သေးတဲ့ အင်တာဗျူးတခုကို Messenger က အစောဆုံးဖော်ပြလိုက်နိုင်တာပဲ”လို့ ရေးထားပါတယ်။

ဂျာနယ်တိုက်ကို ဆက်သွယ်မေးကြည့်တော့ ဒေါ်စုနဲ့အင်တာဗျုးကို အကြိမ်ပေါင်းများစွာ စိစစ်ရေးတင်ပြခဲ့ရပြီး အခုတကြိမ်မှာ ဖော်ပြခွင့်ရတာပါလို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့ပြီး ကတည်းက သတင်းဂျာနယ်တချို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး လုပ်ပြီး စိစစ်ရေးတင်ပြခဲ့တာ တခါမှ ဖော်ပြခွင့်မရခဲ့ကြပါဘူး။

အလားတူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးတဲ့ ‘အပမ်းဖြေနားရက်များ’လို့ အမည်ပေးထားတဲ့ ဆောင်းပါးလည်း ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခွင့်ရပြီလို့ အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသက အတည်ပြုပြောပါတယ်။

“ ‘အပမ်းဖြေနားရက်များ’ သားနဲ့ ပုဂံကို ခရီးသွားတဲ့အကြောင်းပေါ့။ ခရီးစဉ်အစက စရေးထားတာ။ မူလရေးထားတဲ့အတိုင်းပဲ ခွင့်ပြုပါတယ်။ ဒေါ်စုဆီက ပေးပို့ထားတာတွေကိုလည်း ထပ်ပြီးတော့ တင်ဦးမှာပါ။”

ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါး ပါဝင်တဲ့ ပြည်သူ့ခေတ်ဂျာနယ်ကတော့ အင်္ဂါနေ့မှာ ထွက်ရှိလာမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေအပြင် အင်တာဗျုးတွေ ကိုယ်တိုင်ရေး စာမူတွေကိုပါ ဖော်ပြခွင့်ပေးလာတဲ့အပေါ် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ကြိုဆိုလိုက်ကြပြီး တသမတ်တည်း ဆက်လက် ဖော်ပြခွင့်ပေးဖို့လည်း မျှော်လင့်နေကြပါတယ်။

ARAKAN ကို တရားမ၀င် အသုံးပြုနေခြင်းကို ကန့်ကွက်သည့် အခမ်းနား ရန်ကုန်မြို့တွင် ကျင်းပ

News Date:9/3/2011
စံလင်း
---------
ARAKAN ဟူသော ရခိုင် အမျိုးသားပိုင် ဝေါဟာရကို မသက်ဆိုင်သူ လူမျိုးခြား ဘာသာခြားတစုက တရားမ၀င် လွဲမှားစွာ သုံးစွဲနေခြင်းနှင့် ပတ်သတ်ပြီး ကန့်ကွက်သည့် အခမ်းအနား တစ်ခုကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

ဦးဆောင်ရာတွင် ပါဝင်သူ တစ်ဦးက “ ခုလို ပြုလုပ်နေတာကို ကန့်ကွက်သလို တခြား တဘက်မှာလည်း ရခိုင်တမျိုးသားလုံးကို အရေးပေါ် အသိပေး တင်ပြတာ ဖြစ်ပါတယ် ” ဟု ပြောသည်။

Yangon-Rakhine-meeting
အခမ်းနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် စက်တင်ဘာ(၂)ရက် နေ့လည်(၂)နာရီ မှ ညနေ (၅)နာရီထိ ကျင်းပ ပြုလုပ်ခဲ့သည်။

ကန့်ကွက်ပွဲ ကျင်းပရခြင်းကို သူက ယခုလို ရှင်းပြ ပြောဆိုသည်။

“ အခု ရိုဟင်ဂျာ ဝပ်ဆိုက်တွေမှာ အာရကန်ကို အာရကန်ရိုဟင်ဂျာ Association ရခိုင်ပြည်နယ် မြေပုံကို သူတို့၏ တိုင်းပြည် သဘောမျိုးနဲ့ ထိပ်စီးခေါင်းစဉ်မှာ တင်ထားပြီးတော့ အာရေဗျာဘာသာ၊ ကိုရန်ဘာသာတွေနဲ့ ရေးထားတယ်။ ပြီးတော့ သူတို့ရဲ့ လစဉ်ထုတ် ဂျာနယ်တွေမှာ အာရကန်ဆိုတဲ့ အသုံးနှုန်းကို သူတို့၏ လူမျိုး၊ သူတို့တိုင်းပြည်၊ သူတို့၏ ယဉ်ကျေးမှု ဘာသာစကား အနေနဲ့ သုံးထားတာတွေ၊ ကမ္ဘာမှာလည်း လူ့အခွင့်ရေးကို အခွင့်ကောင်း ယူပြီးတော့ ရခိုင်သမိုင်းကို သူတို့ သမိုင်းလုပ်တယ်။ ရခိုင်ဘုရားတွေကို သူတို့ဘုရားလုပ်တယ်။ ရခိုင်ဘုရင်တွေကို သူတို့ဘုရင် လုပ်တယ်။ ရခိုင်ယဉ်ကျေးမှုတွေကို သူတို့ယဉ်ကျေးမှုလုပ်တယ်။ ရခိုင်ဒင်္ဂါးတွေကိုလည်း သူတို့ ဒင်္ဂါးလုပ်တယ်။ ပြီးတော့ လုပ်ကြံထားတဲ့ သမိုင်းတွေနဲ့ ကမ္ဘာမှာ တော်တော်လေးကို လိမ်လည် လှည့်ဖျားနေတယ်။ ရိုဟင်ဂျာတွေက အဲဒီလို လုပ်နေတဲ့အတွက် ရခိုင်ပြည်သူ တရပ်လုံးက လှုပ်ရှားမှ ဖြစ်တော့မယ်လို့ ယူဆတဲ့ အတွက် ကျနော်တို့က ခုလို တင်ပြဆွေးနွေးတာဖြစ်ပါတယ်။” ဟု ပြောသည်။

၎င်း အခမ်းအနားသို့ ရခိုင်သဟာယဥက္ကဌ ဦးခင်မောင်စိုး၊ ဦးမင်းကြည်၊ ဆရာကြီးဦးထွန်းရွှေခိုင်၊ ဆရာကြီးဒေါက်တာကျော်သိန်း၊ ဆရာမကြီးဒေါ်စောခင်တင့်၊ ဦဦးလှမြင့် နှင့် ရန်ကုန်မြို့ရှိ ရခိုင်မြို့နယ်ပေါင်းစုံ အသင်းအဖွဲ့များမှ ဥက္ကဌများ၊ ရခိုင်သဟာယအသင်းဝင်များ လှိုင်သာယာမြို့နယ် ရခိုင်အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ အပြင် အခမ်းအနားကိုလူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့သည်။

ယခုကဲ့သို့ ဆောင်ရွက်နေသည်ကို မြန်မာနှင့် နိုင်ငံတကာ အတိုင်းအတာထိ ကျယ်ပြန့်စွာ လုပ်ဆောင်သွားမည်ဟု လည်း သူက ပြောသည်။

" ကျနော်တို့ မနေ့က ဆုံးဖြတ်တဲ့ အခါ အဲဒီ အချက်တွေလည်းပါတယ်။ ကျနော်တို့ အသေးစိတ် ထုတ်ပြန်တဲ့ စာရွက် စာတန်းတွေကို အားလုံးရဲ့ သဘောတူညီချက်နဲ့ ယူနီစကို၊ ယူအန်နဲ့ သက်ဆိုင်တဲ့ အဖွဲ့စည်းတွေ၊ မနေ့က ယူအန်မှာ လုပ်ခဲ့တဲ့သူတွေ လည်းတက်ရောက်ပါတယ်။ သူတို့ကလည်း သူတို့ အဆက်သွယ်နဲ့ ယူအန်ကို ရောက်အောင် ပို့ပေးမှာပါ။ သံရုံးတွေကို ပို့မယ်၊ အမေရိကန် အစိုးရတို့နောက်ပြီး မူဆလင် အရေးနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေကို ပို့ပေးမယ်။ ပြည်ပမှာ ရှိနေတဲ့သူတွေက ပို့ပီးလှုပ်ရှားရ လွယ်ကူတယ်။ ပြည်ပက လူတွေနဲ့လည်း ဆက်သွယ်ပြီး ဒီကိစ္စကို အလေးနက်ထား လုပ်စေချင်ပါတယ။် အဓိကတော့ ရခိုင်သူ ရခိုင်သားတွေဟာ ဘာမဟုတ်တာလေးနဲ့ ကွဲပြား နေတာမျိုး အသာထားပြီး အခုကိစ္စကို ပါရာဒိုင်းက ဘင်္ဂါလီအရေး ဖြစ်လို့ အခြား တိုင်းရင်းသားတွေ၊ မြန်မာလူမျိုးတွေ အကုန်လုံးပါဝင်အောင် စည်းရုံးသွားမှာပါ။” ဟု ပြောသည်။

၎င်းပြင် အဆိုပါ အခမ်းအနားတွင် ဆုံးဖြတ်ချက် (၂) ခုကိုလည်း ချမှတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်များမှာ (၁) ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့၏ တိုင်ပြည်နှင့် လူမျိုးကို ခေါ်ဆိုသော ARAKAN ဟူသော ဝေါဟာရကို ဘင်္ဂါလီ မူဆင်လင် အချို့က တရားမ၀င် လုယူသုံးစွဲ နေမှုကို ရခိုင် တမျိုးသားလုံးက တခဲနက် ရှုတ်ချ ကန့်ကွက်ကြောင်း။ (၂) ယင်းသို့ တရားမ၀င်သုံစွဲနေခြင်းကို ရခိုင်သူ ရခိုင်သား တရပ်လုံးက ဖြစ်နိုင်သမျှ နည်းလမ်း အသွယ်သွယ်ဖြင့် တုန့်ပြန် ဆောင်ရွက်သွားရန် တို့ ဖြစ်ကြောင်း သိရသည်။

http://www.narinjara.com/detailsbur.asp?id=3446

ပွင့်လိုက် ပိတ်လိုက် မြန်မာ့အင်တာနက်


သောကြာ, 02 စက်တင်ဘာ 2011

By မသင်းသီရိ
မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အရင်တုန်းက ပိတ်ပင်ထားတဲ့ ပြည်ပ သတင်းဌာနတချို့ရဲ့ ၀က်ဘ်ဆိုက် စာမျက်နှာတချို့ကို ပြီးခဲ့တဲ့တပတ်ကျော်လောက်က တိုက်ရိုက် ကြည့်ရှုလို့ ရနေခဲ့ပါတယ်။ ဒါပေမဲ့ အခုကတော့ ဒီဝက်ဘ်ဆိုက်တွေ အားလုံး ကြည့်လို့မရတော့ဘဲ ပြန်ပိတ်သွားတယ်လို့ သိရပါတယ်။ သတင်းမီဒီယာရဲ့အခန်းကဏ္ဍကို မြင့်တင်မယ်လို့ အစိုးရကပြောပြီး ပိတ်ထားတဲ့ ၀က်ဘ်ဆိုက်တွေ ကြည့်ခွင့်ရလာတာက သတင်းအင်တာနက် ထိန်းချုပ်တာတွေ လျော့လာပြီလား ဆိုတဲ့ သုံးသပ်ချက်တွေကို ရိုက်ချိုးခံလိုက်ရသလို ဖြစ်နေပြီလို့ ပြည်တွင်းသတင်းသမားတွေက ဆိုပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။

ပြည်တွင်းမှာ ကြည့်ခွင့်မပေးဘဲ ပိတ်ပင်ထားတဲ့ ပြည်ပသတင်းဌာနတွေရဲ့ သတင်းစာမျက်နှာ ၀က်ဘ်ဆိုက်တွေ၊ ဘလော့ဂ် တွေနဲ့အတူ Youtube လို အင်တာနက် ၀က်ဘ်ဆိုက်တွေကို ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းအတွင်းမှာ တိုက်ရိုက်ဝင်ပြီးကြည့်လို့ ရနေတာကြောင့် သတင်းသမားတွေနဲ့အတူ အင်တာနက်သုံးကြတဲ့ လူငယ်အများအပြား အတော် ၀မ်းသာခဲ့ကြတာပါ။ ဒါပေမဲ့ အခု အဲဒီကြည့်လို့ရနေတဲ့ ၀က်ဘ်ဆိုက်တွေအားလုံး ပြန်ပိတ်သွားပြီးတော့ ဘယ်လိုမှ ပြန်ဖွင့်လို့ကို မရတော့ဘူးလို့ အင်တာနက်သုံးတဲ့ လူငယ်တဦးက ပြောပါတယ်။

“ပထမတရက်ကဖွင့်တော့ Youtube ပွင့်တယ်ပေါ့နော်။ နောက် ဧရာဝတီ ဆိုက်ပွင့်တယ်ပေါ့နော်။ မဇ္ဈိမ တို့ဘာတို့ ပွင့်တယ်။ နောက် တရက် နှစ်ရက်နေတော့ Youtube တခုပဲရပြီး ကျန်တာအကုန်လုံး ပြန်ပိတ်သွားတယ်။”

ရန်ကုန်မြို့ခံ လူငယ်တဦး ပြောပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ အရင် စစ်အစိုးရလက်ထက် တလျှောက်လုံး သတင်းထိန်းချုပ်မှု ရှိခဲ့သလို အင်တာနက်ပြင် ဆက်သွယ်မှုဆိုင်ရာ လုပ်ငန်းတွေအားလုံးမှာ ကန့်သတ်ချက်တွေ များတာကြောင့် မြန်မာနိုင်ငံဟာ သတင်းနဲ့စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံအဖြစ် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်အဖွဲ့ကြီးတွေက သတ်မှတ်ထားတာပါ။

ဒါပေမဲ့ အခုအရပ်သားအစိုးရ တက်လာပြီး နိုင်ငံရဲ့ သတင်းမီဒီယာကဏ္ဍကို မြင့်တင်မယ်လို့ သမ္မတရဲ့ ပထမဦးဆုံး နိုင်ငံတော် မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အရင်ကခွင့်မပြုတဲ့ သတင်းတချို့ ဖော်ပြခွင့် ပေးလာတာ၊ အစိုးရအခမ်းအနားတွေမှာ သတင်းတချို့ ယူခွင့်ရေးခွင့် ရလာတာတွေ ဖြစ်လာပြီးတဲ့နောက်ပိုင်း အင်တာနက်တွေကိုပါ ကြည့်ရှုခွင့် ရလာပြီဆိုတော့ သတင်းထိန်းချုပ်မှုတွေ လျော့ကျလာပြီ၊ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်တွေအတွက် ခြေလှမ်းကောင်း အစ ဖြစ်တယ်လို့ ခန့်မှန်းချက်တွေအားလုံး အခုတော့ ပျက်ကုန်ပြီလို့ ပြည်တွင်းသတင်းအယ်ဒီတာ တဦးက ပြောပါတယ်။

“သမ္မတကြီးကိုယ်တိုင်က စတုတ္ထမဏ္ဍိုင်ကို ဦးစားပေးပြောသွားတဲ့အခါကျတော့ အားလုံးကတော့ အရင်ထက်ပိုပြီး လွတ်လပ်ခွင့် ရတော့မယ်လို့ မျှော်လင့်နေတဲ့အချိန်မှာ အဲဒီလိုလေးတွေ ဖွင့်ပေးလိုက်တော့ အများစုကတော့ ဒါဟာ အကောင်းဘက်ကို ရောက်သွားပြီလို့ အကုန်လုံးက မျှော်လင့်နေကြတာပါ။ ဒါပေမဲ့ အခုလို ပိတ်လိုက်တဲ့အခါကျတော့ ဒုံရင်းဒုံရင်း ပါပဲ။ ဟန်ပြလုပ်နေတာပဲ ဆိုတဲ့ အမြင်မျိုးတွေ လူတွေမှာ ပိုပြီး ခိုင်မာသွားပါတယ်။”

ဒီလိုမျိုး အင်တာနက်တွေကို လွတ်လွတ်လပ်လပ် သုံးခွင့်မရှိတာဟာ သတင်းလုပ်ငန်းတွေမှာ အတော်ထိခိုက်သလို ကမ္ဘာကြီးအတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအားလုံးအတွက် သူတို့ဟာ အမှောင်ချသလို ခံစားရတယ်လို့လည်း ဆိုပါတယ်။

“နောက်ဆုံးအခြေအနေတွေကို သူ့ထက်ငါ အပြိုင်အဆိုင် စာဖတ်ပရိဿတ်၊ ဒီ့ထက်ပြောရရင်တော့ ပြည်သူလူထုကို အသိပေးဖို့ကြိုးစားနေတဲ့အချိန်မှာ ခုနကလို ကန့်သတ်ခြင်းခံရတယ်၊ ကွန်နက်ရှင်မကောင်းဘူး၊ အပိတ်ခံရတယ် ဆိုလို့ရှိရင် သူတို့က နောက်ဆုံးအခြေအနေတွေကို စာဖတ်ပရိဿတ်ကို ပြနိုင်မှာမဟုတ်ဘူး။ ဒါဟာ အများကြီး ထိခိုက်ပါတယ်။ သတင်းဆိုတာက အချိန်နဲ့ တပြေးညီ ပြောင်းလဲနေတာလေ။ အဲဒီတော့ နောက်ဆုံး အနေအထားတွေကို တင်ပြနိုင်မှ ဖော်ပြနိုင်မှ ဒါက တာဝန်လည်းကျေရာရောက်မယ်။ ပြည်သူလူထုကလည်း ပိုပြီးတော့ စိတ်ဝင်စားမှု ရှိမယ်လေ။”

ပြည်တွင်း သတင်းအယ်ဒီတာတဦး ပြောပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ အင်တာနက် အဓိက၀န်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေကတော့ အစိုးရကထိန်းချုပ်ထားတဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ Yadanabon Teleport ကုမ္ပဏီတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်ပသတင်းဌာနတချို့ရဲ့ သတင်းစာမျက်နှာတွေ၊ ဘလော့ဂ်တွေနဲ့ နိုင်ငံခြားသတင်းစာတွေကို အင်တာနက်ကျွမ်းကျင်တဲ့လူငယ်တွေက ပရောက်ဆီ ဆာဘာတွေ ခံပြီးတော့မှ တဆင့်ကျော်ပြီး ၀င်ရောက်ကြည့်ရှုနေကြတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/Burma-internet-09-02-11-129167498.html

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ နေပြည်တော်မှာ ကျင်းပမည်


2011-09-03

လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို မြန်မာအစိုးရက ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် မှာ ကျင်းပသွားမယ်လို့ အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားခံရသူတွေက ပြောပါတယ်။

အခမ်းအနားကို တက်ရောက်ဖို့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြား သတင်းဌာနတွေကို ဖိတ်ကြားထားတယ်လို့ ရန်ကုန်မြို့က နိုင်ငံခြားသတင်းထောက်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က သတင်းထောက်တဦးက အခုလို မှတ်ချက်ပေးပါတယ်။

“အရင်တုန်းက သူတို့ ဒီမိုကရေစီ ဆိုတဲ့ အသံတောင်မှ မကြားချင်တာ။ အခု အခမ်းအနား လုပ်တယ်ဆိုတော့ နည်းနည်းတော့ ထူးတာပေါ့။ နှစ်ပတ်လောက်အတွင်းမှာတော့ အပြောင်းအလဲတွေ အံ့အားသင့်ဖို့တွေ အများကြီးပဲ။ တခုပြီးတခု ပြောင်းနေတာပဲ။ ဟုတ်လား မဟုတ်လားတော့ နောက်ပိုင်း ကြည့်ရမှာပေါ့ ”

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေမှာ ဒီမိုကရေစီစနစ် ထွန်းကားလာရေးကို ရည်ရွယ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ၂ဝဝ၇ ခုနှစ်မှာ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/naypyidaw-democracy-day-09032011100155.html

မြန်မာ့အရေး EU ချဉ်းကပ်ပုံ တာဝန်မဲ့လုပ်ရပ်ဖြစ်နေ


2011-09-03

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ‘စောင့်ကြည့်သင့်တယ်’ ဆိုတဲ့ ဥရောပသမဂ္ဂ EU အဖွဲ့ရဲ့ ချဉ်းကပ်ပုံကို တာဝန်မဲ့တဲ့ လုပ်ရပ်အဖြစ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ဝေဖန်လိုက်ပါတယ်။


ဥရောပသမဂ္ဂ ဒုတိယ ဥက္ကဌလည်းဖြစ်၊ နိုင်ငံခြားရေးနဲ့ လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ မစ္စတာ ရောဘတ်ကူးပါး ခေါင်းဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က လာရောက်တွေ့ဆုံ ဆွေးနွေးအပြီး တွေ့ရပုံ။ ဥရောပ သမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ပဲရို ဖာစီနို (၀ဲ)၊ မစ္စတာ ရောဘတ်ကူးပါး (အလယ်)။ ဓါတ်ပုံ - AFP

တဆက်တည်းမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင် စေလွှတ် စုံစမ်းဖို့အရေးမှာ EU အနေနဲ့ ထောက်ခံဖို့ Amnesty International က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

လန်ဒန်အခြေစိုက် Amnesty International အဖွဲ့ သုတေသနမှူး Benjamin Zawacki အဆိုအရ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ တပြိုင်နက်တည်း အမြောက်အမြား တထိုင်တည်း ချိုးဖောက်နေတာတွေ မြင်တွေ့ခဲ့ရပြီး ဆက်လက် ချိုးဖောက်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အစုလိုက် အပြုံလိုက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ၂ဝဝ၇ စက်တင်ဘာလက သံဃာ့ အရေးအခင်းကို ထောက်ပြသလို တိုင်းရင်းသားဒေသတွေက သောင်းနဲ့ချီတဲ့ ဒေသခံတွေကို ရွှေ့ပြောင်းပစ်ခဲ့တဲ့ ကိစ္စတွေကို Amnesty International က ထောက်ပြထားပါတယ်။ ဒီဖြစ်ရပ်တွေဟာ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် အစိုးရသစ် တက်လာတဲ့ နောက်ပိုင်းမှာလည်း ဆက်လက် ဖြစ်ပေါ်နေဆဲလို့ ဆိုပါတယ်။ ဒါ့ကြောင့် မြန်မာအစိုးရသစ်ရဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်မယ်လို့ EU အဖွဲ့က ပြောနေခြင်းဟာ တာဝန်မဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို AI အဖွဲ့ ရဲ့ EU ကို ဝေဖန်တာနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း

“ကျနော်တို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်တာဟာ တကြိမ်နှစ်ကြိမ်၊ တနှစ် နှစ်နှစ် မဟုတ်ဘူး။ နှစ်ပေါင်း မြောက်မြားစွာ ကြာလာပြီ။ အဲဒီလောက် နှစ်ပေါင်းများစွာ ကြာလာတာကို စောင့်ကြည့်နေလို့ ဘာမှ အကျိုး မရှိတော့ဘူး။ လုပ်နိုင်တာတွေ လုပ်ကြရမယ်။ ကျနော်တို့ကလည်း လှုပ်ရှားနိုင်တာ လှုပ်ရှားရမှာပဲ။ အဲဒါကို စောင့်ကြည့်မယ်လို့ ပြောတာကတော့ တာဝန်မယူတဲ့သဘော ဖြစ်နေပါတယ်”

Amnesty International အဖွဲ့ အဆိုအရ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေခဲ့တာ ဆယ်စုနှစ်တွေ များလှပါပြီလို့ ဆိုပါတယ်။ EU နိုင်ငံ ၁၂ နိုင်ငံက လူထုအဖွဲ့အစည်းတွေက မြန်မာနိုင်ငံအရေး စုံစမ်းမှုတွေ လုပ်ဖို့ ထောက်ခံနေတာကိုလည်း Amnesty International အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

EU အဖွဲ့ဝင်နိုင်ငံ အစိုးရအများစုက မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စုံစမ်းဖို့ လက်ခံပေမယ့် ဂျာမဏီ၊ အီတလီ၊ စပိန်နဲ့ ဆွီဒင်နိုင်ငံတွေရဲ့ အမြင်ကတော့ ပွင့်ပွင့်လင်းလင်း မရှိလှဘူးလို့လည်း Amnesty International အဖွဲ့က ဝေဖန်ထားပါတယ်။
http://www.rfa.org/burmese/news/eu-burma-09032011102006.html

တရုတ်ပိုင်ရေကာတာဆောက်လုပ်ရေးအဖွဲ့မလေးရှားမှာလည်းကန့်ကွက်ခံနေရ


တရုတ်နိုင်ငံ၏အကြီးဆုံးရေကာတာဆောက်လုပ်ရေးအဖွဲ့ Sinohydro သည် Malaysian firm Sime Engineering
နှင့်ပူးပေါင်း၍ Bakun ရေကာတာကိုတည်ဆောင်လျက်ရှိရာရှေ့နှစ်တွင်ပြီးစီးမည်ဖြစ်သည်။

သို့သော်တည်ဆောက်ရာတွင်နည်းပညာပိုင်ဆိုင်ရာအားနည်းချက်၊အစီအစဉ်အကျတည်ဆောက်မှုမရှိကြောင်းအန်န်ဂျီအိုအဖွဲ့တွေက
ထောက်ပြလာကြပါတယ်။
ရေနဲ့ထိတွေ့မယ်နေရာမှာသုံးတဲ့ဘိလပ်မြေတွေကလည်းအရေအသွေးမပြည့်မှီလို့အနာဂတ်အတွက်လုံခြုံမှုမရှိဖူးလို့environmental journal ကဖေါ်ပြလိုက်ပါတယ်။

ဒါတွေဟာ Sinohydro ရဲ့တည်ဆောက်ရေးကြံ့ကြာမှုနဲ့ငွေကြေးသုံးစွဲမှုလွန်ကဲမှုတွေကိုမလေးရှားအစိုးရက မြန်မြန်နဲ့သက်သက်
သာသာဆောက်ဖို့ဖိအားပေးရာကအစပြုတယ်လို့လည်းဖေါ်ပြပါတယ်။မလေးရှားအစိုးရက၂၀၀၉နှစ်မှာထဲကပြီးခြင်နေခဲ့တာပါ။

Bakun ရေကာတာကို Borneo ကျွန်းပေါ်က Sarawak ပြည်နယ်မှာတည်ဆောက်နေတာဖြစ်ပါတယ်။








ပြည်ပရောက်မြန်မာတွေလိုက်ဖမ်းမယ်ဆိုတဲ့ဗိုလ်ချူပ်ကြီးကိုကို




ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချူပ်ကြီးကိုကို


ပြည်ပရောက်မြန်မာတွေပြန်လာဖို့နေနေသာလိုက်ကိုဖမ်းလိုက်အုံးမှာ...


လွှတ်တော်ဆိုတာဒီကိစ္စဖြစ်သင့်တယ်၊ဘာအကြောင်းကြောင့်ဖြစ်သင့်တယ်၊ကျွန်တော်ပြုစုလာတာတွေတင်ပြတယ်၊
အခြားတယောက်ကပြန်ဆွေးနွေး ကိုယ်ကလည်းပြန်ဆွေးနွေး ပြီးရင်မဲခွဲဆုံးဖြတ်...

အခုကတော့သတင်းစာရှင်းလင်းပွဲလုပ်သလိုဖြစ်နေတယ်။အဲဒါနဲ့ပတ်သက်ပြီးသိချင်ပါတယ်။
ဝန်ကြီးက..ဟုတ်ကဲ့..ကျွန်တော်တို့ဘာလုပ်ဖို့အစီအစဉ်ရှိပါတယ်..ပြီးရင်ပြန်ထိုင်...
ဘယ်တော့လုပ်ပေးမှာလဲတောင်ပြန်မမေးရဲရှာဖူး..ဘုရားစူးလွှတ်တော်လို့တောင်ပြောယူရမယ်။
လွှတ်တော်အမတ်လားလုပ်မှာလားသတင်းထောက်လုပ်မှာလား။


http://www.myanmar.com/newspaper/myanmarahlin/Aug30.pdf

ကိုမင်းကိုနိုင်နဲ့ကျနော့်ကိုတပြိုင်တည်းဗျူးပြီး တပုဒ်ထဲမှာရေးထားတဲ့သတင်းဆောင်းပါး(မျိုးမြင့်ချို)


by Myo Myint ( facebook )on Saturday, September 3, 2011 at 1:23am

နိုင်ငံရေးအကျဉ်းသားဟောင်းတွေက နှိပ်စက်ညှဉ်းပမ်းမှုအကြောင်း ဖေါ်ပြ

ရေးသူ အလန်ဆိုက်ပရပ်နှင့် အီလန်နာကာရှီမေး

ဝေါ်ရှင်တန်ပို့စ်သတင်းစာ နိုင်ငံခြားရေးရာဋ္ဌာန

ဇန်နဝါရီ ၃ ရက် ၂ဝဝ၆ ခုနှစ်(အင်္ဂါနေ့)

အဲဒီတုန်းက ကျနော်မဲဆောက်မှာပါ။ အီလန်နာကားရှီမေးက ကိုဇော်ဇော်အောင်ကို ဗျူးချင်တာပါ။ သူက အင်တာဗျူးလုပ်ဖို့ငြင်းတာနဲ့ ကျနော်နဲ့လုပ်ဖြစ်သွားပါတယ်။ ကိုညိုအုန်းမြင့်က စကားပြန်အနေနဲ့ကူညီပေးပါတယ်။ ကိုမင်းကိုနိုင်ကို သူ့အဖေါ်က ပြည်တွင်းသွားဗျူး၊ သူက ကျနော့်ကို မဲဆောက်က အေအေပီပီရုံးထဲမှာ ဗျူးတာပါ။ အမှန်အတိုင်းပြောရရင် ကိုယ့်အကြောင်း သူများရေးတာဗျူးတာတွေကို ပြန်တော့ မပြောချင်ပါဘူး။ မလေးရှားကသူငယ်ချင်းက လုပ်စမ်းပါဆိုတာနဲ့ ပြန်ဖြစ်တာပါ။ သတင်းဘာသာပြန်တာအတွေ့အကြုံမရှိပေမယ့် တတ်နိုင် သလောက်တော့ ဆီလျော်အောင်ဖြစ်ဖို့ ကြိုးစားထားပါတယ်။ ကိုယ့်အကြောင်းကိုယ်ပြန်ပြောရတာ တော်တော်လက်ဝင်တယ်လို့လည်း ထင်ပါတယ်။ လင့်ခ်ကနေဖတ်ချင်ရင်တော့ ဒီနေရာကနေ ဖတ်ပါ။

http://www.washingtonpost.com/wp-dyn/content/article/2006/01/02/AR2006010201865.html

ရန်ကုန်မြို့- ဗမာပြည်- ကိုမင်းကိုနိုင်ဟာ ထောင်ထဲမှာတိုက်ပိတ်ခံပြီး ၁၆ နှစ်နီးပါးနေခဲ့သူဖြစ်ပါတယ်။ သူ့ကို စောင့်ရတဲ့ ထောင်မှူးထောင်ပိုင် တွေနဲ့တောင် မျက်လုံးချင်းဆုံခဲ့လိမ့်မှာမဟုတ်ပါဘူး။

မျိုးမြင့်ကတော့ ဗမာစစ်အာဏာရှင်တွေကို အံတုစိန်ခေါ်ခဲ့လို့ ကိုမင်းကိုနိုင်နဲ့ တခေတ်တည်းတထောင်တည်းမှာ အချိန်အများကြီးနေခဲ့ရပြီး ထိုးတာကြိတ်တာ၊ ရိုက်နှက်ကန်ကျောက်တာတွေအပြင် ခြေကျဉ်းခတ်လည်း ထပ်လဲလဲခံခဲ့ရသူဖြစ်ပါတယ်။ တကြိမ်မှာသူ့ကို စစ်ကြောရေး လုပ်နေတုန်း ကိုယ်တုံးလုံးချွတ်ထားပြီး နံပတ်တုတ်တွေနဲ့ ဝိုင်းရိုက်တာလည်းခံခဲ့ရကြောင်း သူပြန်ပြောပြလို့ သိရပါတယ်။ နောက်တကြိမ်မှာ တော့ သူ့ကိုကလေးတွေကစားတဲ့ Seesaw လိုဟာပေါ်မှာ ကြိုးတုတ်ပြီး သတိလစ်သွားတဲ့အထိ ဇောက်ထိုးတင်တာကို ခံခဲ့ရပါတယ်။

၂ဝဝ၄ ခုနှစ်မှာ ၂ ယောက်လုံး ထောင်ကလွတ်လာကြပါတယ်။ အဲဒီအခါမှာတော့ သူတို့ဘဝရဲ့ ၃ ပုံ ၁ ပုံလောက်အချိန်တွေကို ထောင်ထဲမှာ ကုန်ဆုံးခဲ့ရပါပြီ။ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ကိုမင်းကိုနိုင်ဟာ အခုဆိုရင် ပြည်တွင်းမှာပဲရှိနေပြီး ထောက်လှမ်းရေးရဲ့ မျက်ခြေမပြတ်စောင့် ကြည့်တာကိုခံနေရပါတယ်။ မျိုးမြင့်ကတော့ ထိုင်းဗမာနယ်စပ်ကမြို့လေးတခုကို ထွက်ပြေးတိမ်းရှောင်ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့လက သူတို့ ၂ ယောက်ကို သီးခြားစီခွဲပြီးအင်တာဗျူးလုပ်ခဲ့ပါတယ်။ အဲဒီအင်တာဗျူးမှာသူတို့ပြန်ပြောပြတာတွေကတော့ အခု မြန်မာပြည်လို့စစ်အာ ဏာပိုင်တွေအမည်ပြောင်းလိုက်တဲ့ ဗမာပြည်ကအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေခံရတဲ့ စိတ်ပိုင်းရုပ်ပိုင်းနှိပ်စက်ညှဉ်းပမ်းမှုတွေ အကြောင်းက အဓိကဖြစ်နေပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့အဆိုအရ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေအတွက် လုပ်ကိုင်ကြံဆရင်း ထောင်ချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၁ဝဝ ကျော်ဟာ ထောင်တွေထဲမှာရှိနေဆဲလို့ သိရပါတယ်။

ထောင်ထဲမှာ နှိပ်စက်ညှဉ်းပမ်းမှုတွေ ဘယ်လောက်ပဲရှိရှိ၊ ထောင်ပြင်မှာ အာဏာအလွှဲအပြောင်းဖြစ်လာမယ့် မျှော်လင့်ချက် ဘယ်လောက်ပဲ အလှမ်းဝေးဝေး တိုင်းပြည်အပြောင်းအလဲအတွက် သူတို့ဘယ်ပုံပိုင်းဖြတ်ချက်ချပြီး လုပ်ခဲ့ကြတယ်ဆိုတာကို အင်တာဗျူးမှာပြောပြခဲ့ကြပါ တယ်။

အခုဆိုရင် မျိုးမြင့်က နိုင်ငံရေးအကျဉ်းသားတွေအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုမှာလုပ်နေပြီး ကိုမင်းကိုနိုင်ကတော့ အစိုးရနဲ့ အတိုက်အခံတွေကြား နိုင်ငံရေးအရကွဲပြားနေတာတွေ ဘယ်လိုပဲရှိရှိ အဲဒါတွေဘေးဖယ်ထားပြီး ဆင်းရဲတွင်းနက်သထက်နက်လာတဲ့ တိုင်းပြည်ကိုကယ်တင်ဖို့၊ ကူးစက်ရောဂါတွေ ထိန်းမရသိမ်းမနိုင်ပြန့်ပွားနေတာကိုဟန့်တားနိုင်ဖို့ အတွက်အလုပ်အတူလုပ်ကြဖို့တောင်းဆို တိုက်တွန်းနေပါတယ်။ သူတို့ ၂ယောက်ထောင်ကျခဲ့တဲ့အကြောင်းက ထပ်တူမကျပါလားလို့ လက်လွတ်စပယ်ပြောလို့တော့မဖြစ်နိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့လိုပဲ ထောင်ကျခဲ့တဲ့တခြားနိုင်ငံရေးအကျဉ်းသားဟောင်းတွေမှာလည်း အလားတူကွဲပြားတာတွေရှိနေလို့ပါပဲ။

၁၉၈၀ ခုနှစ်တဝိုက်တွေမှာ ကိုမင်းကိုနိုင်ဟာ ဒီမိုကရေစီရေးဖိအားပေးဖို့အတွက် နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂပေါ်ပေါက်ရေး စည်းရုံး လှုံ့ဆော်ခဲ့ပါတယ်။ ဒါပေမယ်လို့ ၁၉၈၈ ခုနှစ် သြဂုတ်လထဲမှာ စစ်တပ်က ဒီလှုပ်ရှားမှုတွေကိုဖြိုခွဲခဲ့ပြီး၊ တပါတီအုပ်စိုးမှုအဆုံးသတ်ပါတော့လို့ တောင်းတိုခဲ့ကြတဲ့ အလုပ်သမားတွေ ကျောင်းသားတွေကို ထောင်ချီပြီး သုတ်သင်သတ်ဖြတ်ခဲ့ပါတယ်။ တကြိမ်မှာ သူ့ကို ထောက်လှမ်းရေး တွေက ညှပ်ပူးညှပ်ပိတ်ဖမ်းပြီး အနီရောင်ထရပ်ကားတစင်းနဲ့ ခေါ်ချသွားပါတယ်။ အဲဒါက ၁၉၈၉ ခုနှစ် ထဲမှာဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ သူဟာ ဗမာပြည်က နံမည်အကျော်ဆုံး နိုင်ငံရေးအကျဉ်းသားတွေထဲကတယောက် ဖြစ်လာရပါတော့တယ်။ သူဟာ ပြန်အဖမ်းခံရမယ့် အန္တရာယ်တွေရှိနေတဲ့ကြားကပဲ နိုင်ငံခြားသတင်းထောက်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဘာ့ကြောင့် သူ ဒီလိုတွေ့ရသလဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ်မှာထားတဲ့ သူ့မျှော်လင့်ချက်တွေကို မီးမောင်းထိုးပြချင်တာကြောင့်ပဲလို့ ဆိုပါတယ်။ ဒီအင်တာဗျူးကို ရန်ကုန်မြို့လည်က လူနေတိုက်ခန်းလေးတခုထဲမှာ တံခါးတွေပိတ်ပြီး လုပ်ခဲ့ရတာဖြစ်ပါတယ်။ အင်တာဗျူးမှာ သူက (ဒါးသီးတဲ့အတွေ့အကြုံ တွေကတော့အများကြီးပေါ့လေ။ ကျနော့် ကိုယ်ရေးကိုယ်တာဘဝနဲ့ အတွေ့အကြုံတွေဟာ ခါးသီးစရာတွေ အများကြီးပါပဲ) လို့ပြောပါတယ်။ ဒါပေမယ်လို့ သူဟာ အတိတ်ကိုအတိတ်မှာပဲထားခဲ့ချင်သူ။ အတိတ်မှာပဲတဝဲလည်လည်နေချင်သူမဟုတ်ပါဘူး။ စကားပြောနေတုန်း သူ့ အနားကကျောင်းသားဟောင်းတယောက်ကို လှမ်းညွှန်းလိုက်ပြီး(ကျနော်တို့ ဗုဒ္ဓမြတ်စွာရဲ့တရားဒေသနာကို ထင်ဟပ်ကြည့်ခဲ့ကြပါတယ်။ ခွင့်လွှတ်ခြင်းနဲ့ မေတ္တာတရားကသာ အမုန်းတရားကို အောင်နိုင်ရတာဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေအပေါ်ထားတဲ့ ကျနော်တို့ရည်မှန်း ချက်ကတော့ဗျာ အတိတ်တုန်းက တဦးချင်းအနေနဲ့ ခံစားနာကျင်ခဲ့ရတာတွေ၊ စွန့်လွှတ်ပေးဆပ်ခဲ့ရတွေကို အတိတ်မှာပဲ ထားလိုက်စေချင် တာပါပဲ) လို့ ဆိုပါတယ်။

ကိုမင်းကိုနိုင်ရဲ့အသံဟာ ရင်ထဲကလာတဲ့အသံဖြစ်ပြီး သိမ်မွေ့နူးညံ့ပါတယ်။ မျက်ခုံးမွှေးနက်နက်တွေနဲ့ တည်ကြည်လေးနက်နေပါတယ်။ သူ့အမြင်အတွေးတွေကို ပြန်ရှင်းပြရင်း အရေးကြီးတဲ့အချက်တွေကိုတော့ သူ့လက်ချောင်းသွယ်သွယ်တွေနဲ့ ချိုးရေပြပါတယ်။ သူ တခုခုကို ပြန်စဉ်းစားပြီဆိုရင် နဖူးပေါ်လက်မလေးနဲ့ ဖိဖိပြီး စဉ်းစားတတ်ပါတယ်။ သူ့ထောင်သက်တလျှောက်လုံး တခြားသူတွေနဲ့ခွဲပြီး တိုက်ထဲမှာပဲ ပိတ်ထားခဲ့တာလို့ ဆိုပါတယ်။ စစ်ထောက်လှမ်းရေးတွေက ပုန်းလျှိုးကွယ်လျှိုးတချိန်လုံးစောင့်ကြည့်နေကြပြီး စာအုပ်လေးတအုပ် ဘောပင်န် လေးတချောင်းတောင် ပေးမကိုင်ခဲ့ကြဘူးလို့လည်းပြောပါတယ်။ (လူဆိုလို့ ဘယ်လူနဲ့မှကို မတွေ့ခဲ့ရတာပါဗျာ) လို့ပြောရင်း၊ ပိုလေးနက်စေ ချင်လို့ထင်ပါရဲ့ Nothing ဆိုပြီး အင်္ဂလိပ်လိုတောင် ပြောင်းပြောလိုက်ပါသေးတယ်။ သူ့ထောင်သက်ရဲ့ ပထမ ၉ နှစ်ကျော်ကာလကို နံမည်ကြီး အင်းစိန်ထောင်ကြီးက အလင်းရောင်မှုံဝါးဝါး ၁ဝ ပေ ၈ ပေ ပတ်လည်တိုက်ခန်းလေးထဲမှာ နေခဲ့ရပါတယ်။ ပြောနေရင်း သူနေခဲ့ရတဲ့အခန်းရဲ့ အကျယ်ကို ခန့်မှန်းလို့ရအောင်ဆိုပြီး လက်နဲ့ဝိုင်းပြပါတယ်။ ပြီးတော့ သူမတ်တပ်ထရပ်လိုက်ပါတယ်။ ကျနော်တို့ကို နောက်ခိုင်းလိုက်ပြီး သူ့ ညာလက်ကို နောက်ပစ်ဆန့်ထုတ်လိုက်ပါတယ်။ ပြီးတော့ မီးခြစ်ခြစ်သလိုမျိုးလုပ်ပြပါတယ်။ သူထောင်ထဲနေတုန်းက ဆေးလိပ်သောက်ချင် လို့ ဆေးလိပ်မီးတောင်းတဲ့အခါ ထောင်ဝါဒါတွေက သူ့ကို မျက်နှာချင်းမဆိုင်ပဲ ဆေးလိပ်မီးလှမ်းပေးပုံကို လုပ်ပြတာဖြစ်နေပါတယ်။ (စစ် ထောက်လှမ်းရေးက မပြတ်စောင့်ကြည့်နေတာဆိုတော့ ထောင်ဝါဒါတွေက ကျနော့် မျက်နှာကိုတောင် မကြည့်ရဲကြဘူးဗျ။ သူတို့က ကျနော့် ကို တခြားလူတွေနဲ့ ဆက်သွယ်မိသွားမှာ အရမ်းကြောက်နေကြတယ်လေ၊ လူမပြောနဲ့ဗျာ ကြောင်လေးတကောင် ငှက်ကလေးတကောင်နဲ့ တောင် မတွေ့ခဲ့ရပါဘူး) လို့ ပြန်ပြောပြပါတယ်။

၁၉၉၁ ခုနှစ်ထဲရောက်တော့ သူ့ကိုထောင်ဝင်စာဖွင့်ပေးလိုက်ပါတယ်။ ၂ ပတ်တကြိမ် ၁၅ မိနစ်သာသာလောက်တွေ့ရတာဖြစ်ပါတယ်။ သူ့ မိဘတွေနဲ့ ညီမကလွဲလို့ မိသားစုဝင်မဟုတ်သူ ဘယ်သူ့ကိုမှတော့ ပေးမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ထောင်ဝင်စာထွက်ပြီဆိုလည်း တွေ့မယ့်နေ ရာကိုအသွားမှာ ခေါင်းကိုအစွပ် စွပ်ပြီး ဘယ်သူမှမမြင်အောင် တိတ်တိတ်ကလေးထုတ်သွားပါတယ်။ ၁၉၉၈ ခုနှစ်ထဲရောက်တော့ ရန်ကုန် ကနေ မိုင် ၃၅၀ လောက်ဝေးတဲ့ ရခိုင်ပြည်နယ်စစ်တွေထောင်ကို ထောင်ပြောင်းလိုက်ပါတယ်။ မိသားစုထောင်ဝင်စာလာတွေ့ဖို့ မလွယ်တော့ ဘူးဖြစ်သွားတာပဲလို့ဆိုပါတယ်။

ဒီလိုနဲ့ ၂၀၀၄ ခုနှစ် နိုဝင်ဘာလမှာ သူထောင်ကလွတ်လာပါတယ်။ လွှတ်တော့မယ်လို့ ကြိုတင်ပြောပြတာမရှိသလို မမျှော်လင့်ပဲလွတ်ခဲ့ရတာ လည်းဖြစ်ပါတယ်။ အင်တာဗျူးလုပ်နေတုန်း သူက စစ်တပ်ကအာဏာလက်လွှတ်ဖို့ဆိုတာ လတ်တလောမှာ ဖြစ်ဖို့မလွယ်သေးဘူးလို့ သူမြင် တဲ့အကြောင်းပြောပြပါတယ်။ ဒါ့ကြောင့် သူလွတ်လာပြီးကတည်းက သူနဲ့အတူအခြားလှုပ်ရှားနေသူတွေက စစ်အစိုးရကိုသူတို့နဲ့အတူအလုပ် အတူတွဲလုပ်ဖို့ တိုက်တွန်းတောင်းဆိုနေတယ်လို့ဆိုပါတယ်။ အထူးသဖြင့် တိုင်းသူပြည်သားတွေရဲ့ဝင်ငွေတွေတိုးလာဖို့ လူမှုရေးစီမံချက်တွေချ ရာမှာ၊ အိဒ်စ်နဲ့ငှက်ဖျားလို ကူးစက်ရောဂါတွေ ထိန်းမနိုင်သိမ်းမရကူးစက်ပြန့်ပွားနေတာတွေကို တိုက်ဖျက်ရာမှာကူညီလုပ်ဆောင်ရာမှာ အတူ လုပ်ကြမယ်လို့ တောင်းဆိုနေတာဖြစ်တယ်လို့ဆိုပါတယ်။ ခုချိန်ထိတော့ အစိုးရက သူတို့တောင်းဆိုတိုက်တွန်းနေတာတွေကို မသိကျိုးကျင် ပြုနေတုန်းပဲဖြစ်ပါတယ်။ သူတို့လိုနိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ဆက်သွယ်လုပ်ဆောင်နေကြတဲ့လူတချို့ကို အစိုးရက သိတ်မကြာသေး ခင်ကပဲ ဖမ်းဆီးထောင်ချတာတွေလည်း လုပ်ခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကတော့ မြန်မာပြည်လို့သူတို့နံမည်ပြောင်းခဲ့တဲ့ ဗမာပြည်မှာ စစ်အစိုးရဟာ ပြည်သူတွေရဲ့အခွင့် အရေးတွေကို လေးစားလိုက်နာပါတယ်လို့ဆိုပါတယ်။ (မြန်မာပြည်သူတွေ လူ့အခွင့်အရေးခံစားရရှိနေကြတာဟာ တခြားနိုင်ငံတွေထက် မလျော့ပါဘူး။ ကျနော်တို့ပြည်တွင်းက လူ့အခွင့်အရေးစံချိန်စံညွှန်းဟာ တော်တော်မြင့်ပါတယ်။ ဒါပေမယ့် လူတိုင်းက စည်းကမ်းတော့လိုက် နာရမှာပဲ။ တိုင်းပြည်မငြိမ်သက်အောင်လုပ်လာမယ်၊ နိုင်ငံတော်လုံခြုံရေးကို ထိပါးလာမယ်၊ အမျိုးသားအကျိုးစီးပွားကိုထိခိုက်အောင်လုပ် မယ်ဆိုရင်တော့ သူတို့အခွင့်အရေးတွေ ပြန်အရုပ်သိမ်းခံရမှာပဲ) လို့ အင်တာဗျူးတခုမှာပြောသွားပါတယ်။

မျိုးမြင့်ဟာ ကိုမင်းကိုနိုင်ကို လူချင်းမတွေ့ဖူးပေမယ့် သူ့အကြောင်းသိသူဖြစ်ပါတယ်။ ပြီးတော့လည်း သူတို့ဟာတူတဲ့ပန်းတိုင်တွေကို အတူ သွားနေကြတာလို့လည်း သိနေပါတယ်။ စစ်မှုထမ်းအရာရှိတဦးရဲ့သား အရပ်၆ပေလောက်ရှိပြီး ယောင်္ကျားပီသတဲ့ရုပ်ရည်နဲ့ မျိုးမြင့်ဟာ ဖခင် ခြေရာနင်းပြီး စစ်မှုထမ်းခဲ့ပါတယ်။ ရှေ့တန်းမှာ မြေမြှုတ်မိုင်းကြောင့် ဒဏ်ရာရပြီး ခြေတွေလက်တွေပြတ်ခဲ့ပါတယ်။ ဒဏ်ရာရပြီးနာလန်ထ ကာလမှာ သူ့မှာ နောက်ကြောင်းကိုပြန်စဉ်းစားသုံးသပ်ဖို့ အချိန်တွေအများကြီးရခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအချိန်တွေမှာ သူ တပ်ထဲနေတုန်း က ရှေ့တန်းမှာ စစ်သားတွေလုပ်ခဲ့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုပြန်မြင်လာတယ်။ အစိုးရရဲ့ အယုံသွင်းမှိုင်းတိုက်တာတွေကိုလည်း ပြန်တွေး တတ်မြင်လာတယ်လို့ဆိုပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူနဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ခဲ့ကြတယ်လို့ပြောပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင် ဆန်းစုကြည်ဟာ သက်တမ်းနုနယ်ပြီးအားကောင်းမောင်းသန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထူးချွန်ထက်မြက်ရဲရင့်တဲ့ခေါင်းဆောင် ဖြစ်နေ ပါပြီ။ သူ့ကိုထောက်ခံသူတွေသူ ထောင်ပေါင်းများစွာကို စတင်ပြီးဆွဲဆောင်သိမ်းသွင်းနေစပြုနေပါပြီ။ မျိုးမြင့်လည်း အဖွဲ့ချုပ်ထဲဝင်ပြီး အဖွဲ့ ချုပ်လူငယ်ခေါင်းဆောင်တွေထဲက တယောက်ဖြစ်လာပါတယ်။ ၁၉၈၉ ခုနှစ် သြဂုတ်လ(တကယ်က ဂျူလိုင်လဖြစ်ပါတယ်) ထဲမှာ မျိုးမြင့် အဖမ်းခံရပြီး အင်းစိန်ထောင်ရောက်သွားပါတယ်။

နောက်တနှစ်ကြာတော့ ထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေက သူတို့ကိုလွှတ်ပေးဖို့ အစာအငတ်ခံတိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒါကို အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး နှိပ်စက်ညှဉ်းပမ်းတာတွေ ပြင်းပြင်းထန်ထန်လုပ်ပါတော့တယ်။ သူ့ကို မြေကြီးပေါ်အားလျားမှောက်ခိုင်းထားပြီး ကျန် သေးတဲ့သူ့ခြေတွေလက်တွေကို စစ်ဖိနပ်နဲ့နင်းပြီး ၇ နာရီလောက်ကြာအောင် နံပတ်တုတ်တွေနဲ့ ဆက်တိုက်ရိုက်တာခံခဲ့ရပါတယ်။ နောက်တ ကြိမ်မှာတော့ ခေါင်းကိုအစွပ်စွပ်ထားပြီး ခြေတဖက်နဲ့ တနေ့ကို ၄ နာရီကြာအောင် မတ်တပ်ရပ်ခိုင်းပြန်ပါတယ်။ စစ်ခွေးတိုက်လို့ဆိုရင် အင်း စိန်ထောင်ရောက်ဖူးသူတိုင်း သိကြပါတယ်။ မှောင်မဲနေတဲ့ တိုက်ခန်းကျဉ်းလေးပါ။ (ဒီနေရာမှာ ကျနော်ပြောတာက စစ်ခွေးတိုက်နဲ့ ၆ တိုက် ကိုခွဲပြီးပြောပေမယ့် သတင်းထောက်က သိတ်သဘောပေါက်ဟန် မရှိဘူးထင်ပါတယ်)

ထိုင်းဘက်အခြမ်းက မဲဆောက်ဆိုတဲ့မြို့ကလေးမှာ အင်တာဗျူးလုပ်နေတုန်း သူ့ကို စစ်ခွေးတိုက်ခေါ်သွားပြီးတလတိတိတိုက်ပိတ်ထားတဲ့ အကြောင်းပြန်ပြောပြပါတယ်။ တိုက်ပိတ်ထားတုန်းမှာ အခန်းထဲကိုမလွယ်ပေါက်ကလေးကနေ တနေ့၂ကြိမ် ထောင်ပုံစံလုံးတီးထမင်းနဲ့ ငါးပိ ပုတ်လာလာထိုးထည့်ပေးတဲ့ အကျဉ်းသားတယောက်ရဲ့ လက်ဖျားလေးတွေကလွဲလို့ ဘာမှကိုမမြင်ရတာလို့ဆိုပါတယ်။ နေ့လားညလားဆိုတာ လည်း မသိနိုင်တော့ဘူးလို့ဆိုပါတယ်။ နောက်တကြိမ်မှာ သူ့ကို ကိုယ်လုံးတီးချွတ်၊ ခေါင်းစွပ်စွပ်၊ လက်ထိတ်နောက်ပြန်ခတ်ပြီး ၄ ပေလောက် မြင့်တဲ့ ခွေးခြေအမြင့်ပေါ် ထိုင်ခိုင်းထားပြီး အချိန်တော်တော်ကြာတော့ တယောက်က ထိုင်နေတဲ့ခုံကို နောက်ကနေ ဆောင့်ကန်ထည့်လိုက်ပါ တယ်။ အောက်ကိုပြုတ်ကျသွားချိန်မှာတော့ တုတ်တွေနဲ့ဝိုင်းရိုက်၊ ဝိုင်းပြီးထိုးကြကြိတ်ကြတော့တာပါပဲ လို့ဆိုပါတယ်။

၃ ကြိမ်တိုင်အဖမ်းခံရပြီး ထောင်သက် ၁၅ နှစ်နီးပါးကို ဘယ်လိုကြံ့ကြံ့ခံဖြတ်သန်းခဲ့သလဲဆိုတော့ သူက (ဒီလိုအဖြစ်ဆိုးတွေ တနေ့တော့ နိဋ္ဌိတံရမှာပဲ၊ လူတွေဟာ သူတို့ဘဝတွေကို စတေးနေရတယ်၊ ကျနော်လည်း ခြေလက်အင်္ဂါတွေ စတေးခဲ့ရသလို မိဘတွေက သားသမီး တွေကို သားသမီးတွေကမိဘတွေကို စတေးနေကြရတာပဲလေ၊ တိုင်းပြည်အေးချမ်းပြီး ဒီမိုကရေစီအစိုးရတရပ်ရပ်အောက် ရောက်သွားရင် ပေါ့လေ၊ ကျနော်လိုချင်တာကလည်း ဒါပါပဲ) လို့ပြောပြပါတယ်။ ၁၉၉၇ ခုနှစ်မှာ တကြိမ်သူထောင်ကပြန်လွတ်တော့ ထောင်ထဲမှာကျန်နေခဲ့တဲ့ ဘဝတူနိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောက်ပံ့တာတွေလုပ်မယ်လို့ ပိုင်းဖြတ်ချက်ချလိုက်ပါတယ်။ ထောင်ထဲနဲ့ထောင်ပြင် ချိတ်ဆက်ပြီး သတင်းတွေ အစားအစာတွေ ခိုးသွင်းပေးခဲ့ပါတယ်။ တလလောက်အတွင်းမှာပဲ အဲဒါအတွက် သူ ပြန်အဖမ်းခံရပြီး စစ်ကြောရေးစခန်းနဲ့အင်း စိန်ထောင်ကို ပြန်အပို့ခံရပြန်ပါတယ်။ ဒီတကြိမ်မှာတော့ သူ့ကို အစာရေစာအငတ်ထားပြီး နှိပ်စက်ရုံတင်မကပဲ စအိုထဲကနေသွေးစိမ့်ထွက်တဲ့ အထိ ရိုက်တာနှက်တာတွေကိုပါ ခံရပြန်ပါတယ်။ ၂ဝဝ၄ ခုနှစ်မှာ နောက်ဆုံးအကြိမ် ထောင်ကနေသူပြန်လွတ်လာပါတယ်။ ပေါ်ပေါ်တင်တင် နိုင်ငံရေးလုပ်မရတာနဲ့ မြေအောက်နိုင်ငံရေးလှုပ်ရှားမှု ဆက်လုပ်နေခဲ့ပါတယ်။ ဒါပေမယ့်လို့ စစ်ထောက်လှမ်းရေးက ၂ ရက်တကြိမ်အိမ်လာ လာပြီး မေးလားမြန်းလားတွေလုပ်ပြီး သူလက်ရှိလုပ်နေတာတွေကို ရပ်တန်းကရပ်ဖို့၊ မရပ်ရင်ပြန်အဖမ်းခံရမယ်ဆိုပြီး ခြိမ်းခြောက်တာခံရပါ တယ်။ တနေ့မှာ သူ့ကို စစ်ကြောရေးစခန်းခေါ်သွားပြီး တနေကုန်စစ်ကြောရေးလုပ်ပြန်ပါတယ်။ ဒီတော့မှ သူက ဒီအချိန်ငါအပြင်ထွက်မှဖြစ် တော့မယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ သူ ထွက်လာတော့ လမ်းတလျှောက်က စစ်ဆေးရေးဂိတ်တွေမှာ သူ့တပ်ထွက်လက်မှတ်ကိုပြပြ ပြီး ထိုင်းနယ်စပ်အထိ ဖြတ်လာနိုင်ခဲ့ပါတယ်။

အခုတော့ သူ မဲဆောက်မှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာပြည်) မှာ အလုပ်လုပ်နေပါပြီ။ အဲဒီအသင်းက ထောင်ထဲမှာရှိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောက်ပံ့တာ၊ သူတို့နဲ့ဆိုင်တဲ့သတင်းအချက်အလက်တွေစုဆောင်းမှတ်တမ်း တင်တာ၊ ထုတ်ပြန်တာတွေလုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့အပတ်ကပဲ အဲဒီအသင်းက ကိုမင်းကိုနိုင်တို့ မျိုးမြင့်တို့လို ထောင်ကျခံခဲ့ရဖူးတဲ့ နိုင်ငံ ရေးအကျဉ်းသားဟောင်း ၂၄ ဦးရဲ့ အတွေ့အကြုံတွေ ဖြစ်ရပ်တွေကိုစုပြီး အစီရင်ခံစာတစောင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ စစ်အစိုးရဟာ ပြည်သူတွေကြားမှာ အကြောက်တရားတွေ ဝင်နေအောင်လို့၊ နိုင်ငံရေးလှုပ်ရှားနေသူတွေရဲ့ စိတ်ဓါတ်ကို ရိုက်ချိုးဖို့ရည်ရွယ်ပြီး နှိပ်စက်ညှဉ်းပမ်းမှုကို နိုင်ငံတော်မူတခုအနေနဲ့ကို သုံးနေတာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အခုဆို ညညတွေမှာ ခြောက်အိပ်မက်တွေနဲ့ တကိုယ်လုံးချွေးပြန်တုန်လှုပ်ပြီး ဂယောင်ခြောက်ခြားနိုးရတဲ့အဖြစ်တွေ ဖြစ်နေပြီလို့ မျိုးမြင့်က ပြောပြပါတယ်။ အိပ်မက်ထဲမှာ ခွေးဆိုးကြီးတွေနဲ့ ရှူးတိုက်တာခံရသလိုမျိုး ခွေးအူသံတွေ ခွေးဟောင်သံတွေ ခွေးမန်ဖီသံတွေကြားနေရသလိုပဲ လို့ဆိုပါတယ်။ ဒါတွေဟာ စစ်ကြောရေးနဲ့ထောင်ထဲက အနှိပ်စက်ခံခဲ့ရတာတွေရဲ့ နိမိတ်ပုံတွေဖြစ်နိုင်ပါတယ်။ (ထောင်ထဲက နိုင်ငံရေးအကျဉ်း သားတွေ ဘယ်လိုခံစားနေရမယ်။ ဘယ်လိုဒုက္ခတွေ ခါးစည်းခံနေရမယ်ဆိုတာ ကျနော် ကောင်းကောင်းသိတာပေါ့ဗျာ။ ထောင်ထဲမှာ သူတို့ တွေရှိနေသရွေ့ ကျနော် သူတို့ကို ဥပေက္ခာမပြုရက်ဘူး၊ ဒါ့ကြောင့်လည်း အခု ကျနော် သူတို့အတွက်အလုပ်လုပ်နေတာပေါ့) လို့ ပြောပြခဲ့ပါတယ်။

(ဘာသာပြန်သူ မျိုးမြင့်ချို)



မူးယစ်ဆေးဝါးရှာတာလား အနုကြမ်းစီးတာလား


ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့ နယ်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ နှင်းဆီလမ်း၊ တိုက် ( B-4 )၊အခန်း
(၂၀၅ ) အား ရန်ကုန်တိုင်းမူးယစ်အထူး အရှေ့ ပိုင်းခရိုင်မှ ရဲအုပ်မြင့်သိန်း ဦးဆောင်သောအဖွဲ့ ဝင် (၅ )ဦးတို့ က
သတင်းပေးတိုင်တန်းချက်အရဟုဆိုပြီး ၂၇-၈-၂၀၁၁ (စနေ )နေ့ ၊ ည (၇)နာရီခန့် က ရှာဖွေခဲ့ကြပါတယ်။
ထိုတိုက်ခန်းပိုင်ရှင် ဗိုလ်စိုင်း(ခ)သားကြီးကို တိုက်ရဲ့ အရှေ့ဘက်၊ လမ်းမပေါ်မှာ တွေ့ ရှိပြီး မူးယစ်အထူးတပ်ဖွဲ့ က
သားကြီးကို လက်နှစ်ဘက် လက်ထိပ်ခတ်ပြီး အတင်းတွန်းထိုးဆွဲတင်ရာ အဓမ္မဖမ်းဆီးခံရသူသားကြီးက သက်သေ
ပါမလာလို့  သက်ဆိုင်ရာရပ်ကွက်တာဝန်ရှိသူကို ခေါ်ပေးဖို့ အော်ဟစ်တောင်းဆိုတဲ့အတွက် ထိုသို့ အော်ရမလား
ဆိုပြီးမူးယစ်အထူးအဖွဲ့ ဝင်တွေက၀ိုင်းဝန်းထိုးကြိတ်ကြပါတယ်။ တိုက်ပေါ်ကိုအတင်းဆွဲတင်ကြပါတယ်။

ဒီဲဖြစ်ရပ်ကို အပြင်ကပြန်လာတဲ့ ဇနီးသည်ကမြင်ပြီး ပတ်ဝန်းကျင်သို့  အော်ဟစ်ခဲ့ရာ သိပ်မကြာခင်မှာ ရပ်ကွက်
အုပ်ချုပ်ရေးမှုး ရောက်လာခဲ့ပါတယ်။ ဇနီးသည်က တာမွေရဲစခန်းကို ဖုန်းဆက် အကြောင်းကြားတဲ့အခါ စခန်းသို့ 
ဖုန်းဆက်တာကို မကျေနပ်တဲ့အတွက် အဖွဲ့ ခေါင်းဆောင်က မိန်းမကို ပါးရိုက်ခဲ့ပါတယ်။

အုပ်ချုပ်ရေးမှုးနဲ့ တာမွေစခန်းမှုးတို့ ရောက်လာပြီးမှ တိုက်ခန်းရှင်က မိမိအိမ်ပေါ်သို့  တက်ရောက်ခွင့်ပြုပြီး
ရှာဖွေမှုကို ခံယူပါတယ်။ တိုက်ခန်းတစ်ခုလုံး မွှေနှောက်ရှာဖွေတဲ့အခါ အခန်းတွင်းရှိ ဘီဒိုသေတ္တာများကို ဓားမနဲ့ 
ကလန့် ဖွင့်ပြီး ချိုးဖဲ့ဖျက်ဆီးကြပါတယ်။ သူတို့ တွေ့ ချင်တဲ့ မူးယစ်ဆေးဝါးဆိုတာကို ရှာလို့ မတွေ့ ပါဘူး။
ဒါနဲ့  အိပ်ခန်းထဲကို ဆက်ရှာဖွေမယ်အလုပ်မှာ ရှာမယ့်သူတွေကို အခန်းထဲ မ၀င်ခင် ဦးဆုံး ပြန်ပြီးရှာကြည့်ချင်
တယ်လို့  တိုက်ခန်းပိုင်ရှင်သားကြီးက ပြောတော့ အဲဒီလို ပြန်ပြောရကောင်းလားဆိုပြီး စခန်းမှုး၊ အုပ်ချုပ်ရေးမှုး
တို့ ရှေ့ မှာဘဲ ထိုးကြိတ်ကန်ကျောက်ပါတယ်။

သူတို့ လင်မယားဟာ လောင်းကစား၊ မူးယစ်ဆေးတို့ နဲ့ မပက်သက်ဘဲ သားသမီး နှစ်ယောက်နဲ့  ရိုးရိုးသားသား
လုပ်ကိုင်စားသောက်နေတဲ့ မိသားစုဖြစ်ပါတယ်။ ဒီအဖြစ်အပျက်မတိုင်ခင် တစ်ပတ်လောက်က ဘာသာခြား
ရာအိမ်မှုးအဖွဲ့ နဲ့  လမ်းထဲမှာ ပုဂ္ဂိုလ်ရေးအရ ကတောက်ကဆ စကားများအချင်းပွားခဲ့ဖူးပါတယ်။ ပုဂ္ဂိုလ်ရေးအရ
ချောက်ချ၊ သတင်းပေး တိုင်ကြားတဲ့အပေါ်မှာ တာဝန်ရှိမူးယစ်အဖွဲ့ က လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး စည်းလွတ်
ဝါးလွတ် ပြုမူခဲ့မှုများကြောင့် မိသားစုအရှက်တကွဲဖြစ်ရပါတယ်။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ မျက်နှာပျက်ရပါ
တယ်။ အခုအခါ ထိုအိမ်မှာ မနေတော့ပါဘူး။

အဆိုပါဖြစ်စဉ်ဟာ ဥပဒေစိုးမိုးမှုကို လျော့ရဲစေပြီး သာမန်နိုင်ငံသားတစ်ဦးရဲ့  အခွင့်အရေးနဲ့ လုံခြုံမှုဘ၀ကို
ထိပါးကျူးလွန်ခဲ့ခြင်းဆိုတာ ထင်ရှားလှပါတယ်။ နိုင်ငံတော်ရဲ့ လက်ရှိသွားနေတဲ့ မူဝါဒလမ်းစဉ်အပေါ် အောက်ခြေ
ဝန်ထမ်းအဖွဲ့ အစည်းတွေရဲ့ လိုက်နာဆောင်ရွက်မှုအားနည်းခြင်းနဲ့  ကိုယ်ကျိုးရှာနေမှုများကို ဖော်ညွှန်းနေတဲ့
မြင်ကွင်းများဘဲဖြစ်ပါတယ်။


S ခင်ဇိုင်