Tuesday, September 13, 2011

Yeyintnge catch Michelle Yeoh


file ရယူရန်



ဓါတ်ပုံများ...





ကမ္ဘာ့ဒီမိုကရေစီနေ့ NLD ကျင်းပမည်


ကိုပေါက် | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကြာသပတေးနေ့တွင် ကျရောက်သည့် ကမ္ဘာ့ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနား တခုကို ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်တွင် ကျင်းပမည် ဖြစ်သည်။

“ဒီနေ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးကနေ ဆုံးဖြတ်တာက ကျနော်တို့လည်း ကမ္ဘာ့ဒီမိုကရေစီနေ့ အခမ်းအနားကို အဖွဲ့ချုပ်ရုံးမှာ ကျင်းပမယ်။ ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ် အသီးသီး၊ တိုင်းနဲ့ဗဟို အဆင့် ပုဂ္ဂိုလ်
တွေကို ဖိတ်ကြား ထားပါတယ်။ မန္တလေးတိုင်းဆိုရင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ စီစဉ်နေပါတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
nlddemo
အခမ်းအနားတွင် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ဒီမိုကရေစီအကြောင်း ဟောပြောခြင်း အစီအစဉ်တခုသာ ထည့်သွင်းထားပြီး
နေ့လည်ပိုင်းတွင် အလုပ်ရုံ ဆွေးနွေးပွဲတခု ပြုလုပ်ရန် ရှိသဖြင့် အခမ်းအနားကို အကျဉ်းရုံး ကျင်းပသွားမည်
ဖြစ်သည်။

စက်တင်္ဘာ ၁၅ ရက်နေ့အား ကမ္ဘာ့ဒီမိုကရေစီနေ့ အဖြစ် ၂၀၀၇ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ သတ်မှတ်ထားရာ မြန်မာနိုင်ငံတွင်လည်း ပထမဆုံးအကြိမ် အဖြစ် ဦးသိန်းစိန် အစိုးရက နေပြည်တော်တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းစာများတွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ၌ ကျင်းပမည့် အစိုးရ၏ အခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒု-ဝန်ကြီးများနှင့် ကုလ အဖွဲ့အစည်းများ တက်မည်ဟု ဖော်ပြ ပါရှိသည်။

အစိုးရ ကျင်းပမည့် အဆိုပါ အခမ်းအနားသို့ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားခြင်း မရှိသည့် အပေါ် NLD က မည်သည့် မှတ်ချက်မျှ မပေးလိုကြောင်း ဦးအုန်းကြိုင်က ပြောသည်။

သို့သော် လွှတ်တော် အသိုင်းအဝိုင်းအတွင်းသာ ကျင်းပမည့် ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဒီမိုကရေစီ အနှစ်သာရ
များ ကင်းမဲ့နေကြောင်း ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ မျိုးဆက် ကိုမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောသည်။

“ဒီမိုကရေစီရဲ့ သဘောသဘာဝ အရကိုက အားလုံးပါဝင်မှုက အရမ်း အရေးကြီး ပါတယ်။ သဘောထား မတူတဲ့လူရော၊ အမြင်မတူတဲ့ လူရော၊ ရန်သူရော မိတ်ဆွေရော အကုန်ပါမှ ဒီမိုကရေစီနေ့ အနှစ်သာရ
ပြည့်ဝမှာ ဖြစ်ပါတယ်။ အဲလို မပါဘူးဆိုရင်တော့ လူတစုက ကျင်းပတဲ့နေ့ပဲ ဖြစ်မှာပေါ့။ ဒါဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရ ပျောက်ကွယ်သွားပြီလို့ ပြောလိုပါတယ်” ဟု ပြောသည်။

ဒီမိုကရေစီ၏ အနှစ်သာရများ အဖြစ် အားကောင်းသော လွှတ်တော်များ၊ လွတ်လပ်၍ တရားမျှတသော
ရွေးကောက်ပွဲများ၊ လူ့အခွင့်အရေး အာမခံချက်များ ရှိရမည် ဖြစ်သည်။ ထို့ပြင် ထိရောက်သော နိုင်ငံရေး
ပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် လွတ်လပ်သော မီဒီယာများ စသည့် အခြေခံများ ရှိဖို့လိုအပ်
ကြောင်း အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသမဂ္ဂ IPU က ဆိုသည်။

နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀ ခန့် ရှိနေဆဲဖြစ်သည့် မြန်မာနိုင်ငံ၏ အစိုးရက ဒီမိုကရေစီနေ့ ကျင်းပခြင်းမှာ ရယ်စရာတခု ဖြစ်နေကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။

စက်တင်္ဘာ ၂၇ ရက်နေ့တွင် ကျရောက်မည့် NLD ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနား တခုကိုလည်း
နိုင်ငံရေး အဓိပ္ပါယ်ရှိရှိ၊ စည်စည်ကားကား ကျင်းပသွားရန် စီစဉ်နေကြောင်း ဦးအုန်းကြိုင်က ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/8314--nld-.html

ဘာသာရေးလွတ်လပ်ခွင့် အဆိုးဝါးဆုံးချိုးဖောက်တဲ့ ၈ နိုင်ငံထဲမှာ မြန်မာပါဝင်


အင်္ဂါ, 13 စက်တင်ဘာ 2011

By ဒေါ်ခင်မျိုးသက်

ဒီနှစ်အတွက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထဲမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘာသာရေးလွတ်လပ်ခွင့် အဆိုးဝါးဆုံးချိုးဖေါက်တဲ့ နိုင်ငံစာရင်းမှာ မနှစ်ကလိုပဲ ပါဝင်နေပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၇ခုနှစ် သံဃာ့ အရေးအခင်းနောက်ပိုင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ပိုမိုဖိနှိပ်လာပြီး ရာနဲ့ချီတဲ့ သံဃာတွေ အကျဉ်းကျခံနေရဆဲ ဖြစ်သလို မူစလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကိုလည်း အခုထိ အသိမှတ်မပြုသေးပဲ ခရစ်ယန်ဘာသာဝင် တိုင်းရင်းသားတွေ အတွက်ဆိုလည်း အခွင့်အရေး ရပိုင်ခွင့် တွေ ဆုံးရှုံးမှု ရှိနေတယ်လို့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို CPC လို့ခေါ်တဲ့ ဘာသာရေး လွတ်လပ်ခွင့် အပြင်းအထန်ချိုးဖေါက်နေတဲ့ နိုင်ငံထဲမှာ ဆက်လက်ထည့်သွင်းထားပြီး ဒီနှစ်အတွက် မြန်မာနိုင်ငံအပါအ၀င် စီပီစီ ရှစ်နိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်နေမှု အပြည့်အစုံကို အင်္ဂါနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ် ပေါ့စ်စနာ(Michael Posner) ကပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အထူးစိတ်ပူဖို့ကောင်းတဲ့ နိုင်ငံအဖြစ် ၈ နိုင်ငံကို သတ်မှတ်ခဲ့ပါတယ်။ ဒီနိုင်ငံတွေကတော့ မြန်မာ၊ တရုတ်၊ အီရစ်ထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်နဲ့ အူဇဘက်ကစ်စတန် နိုင်ငံတွေပါ။ ဒီနိုင်ငံတွေအားလုံးမှာ ဘာသာရေး လွတ်လပ်ခွင့် မရှိတာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်သလို ဆိုးဆိုးဝါးဝါးလည်း ချိုးဖေါက်နေတာ တွေ့ရပါတယ်။ ဒီချိုးဖေါက်မှုတွေကို အစီရင်ခံစာမှာ အပြည့်အစုံဖေါ်ပြထားပါတယ်။”

အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပိုင်းလေးပိုင်းခွဲ တင်ပြထားပါတယ်။ နိုင်ငံတွင်း ဒေသအလိုက် ဘာသာရေး ကိုးကွယ်မှုကို ဆန်းစစ်ထားသလို ဗုဒ္ဓဘာသာဝင် ၉၀ ရာခိုင်နှုံးရှိပြီး ခရစ်ယန်နဲ့ မူစလင် ၄ ရာခိုင်နှုန်း စီလောက်ရှိတဲ့ မြန်မာနိုင်ငံမှာ အစိုးရရဲ့ ဘာသာရေးဆိုင်ရာ လေးစားလိုက်နာမှုနဲ့ လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးဆိုင်ရာ လေးစား လိုက်နာမှု အခြေနေတွေကိုပါ

ခွဲခြားဖေါ်ပြထားပါတယ်။

“မြန်မာနိုင်ငံမှာ ကြည့်မယ်ဆိုရင် အခုထိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ထောင်အကျခံနေရတာ တွေ့ရသလို မြန်မာနိုင်ငံက မူစလင် ရိုဟင်ဂျာတွေကိုလည်း အခုထိ အသိမှတ်ပြုတာမျိုး မတွေ့ရသေးပါဘူး။”

မစ္စတာ ပေါ့စ်နာပြောသွားတာပါ။ မြန်မာအစိုးရအနေနဲ့ ဗုဒ္ဓဘာသာကို အထူးဦးစားပေးပြီး အလေးအမြတ်ထားကြောင်း ပြသနေပေမယ့် ၂၀၀၇ခုနှစ် သံဃာ အများအပြားကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပြီး နယ်ဝေးအကျဉ်းထောင်တွေ ပို့တာရှိသလို အစီရင်ခံစာရေးသားတဲ့ ၂၀၁၀ ဇူလိုင်လ ၁ ရက်ကနေ ဒီဇင်ဘာလကုန် အတွင်း သံဃာအပါး ၂၅၆ ပါး အကျဉ်းထောင်ထဲမှာ ကျန်နေသေးတယ်လို့ ဆိုပါတယ်။ သံဃာ့ဥသျှောင်မြန်မာ ရဟန်းတော်များအဖွဲ့ အတွင်းရေးမှုး အရှင်ဂုဏိဿရကတော့ လွတ်လပ်စွာကိုးကွယ်မှုကို သင်ပေးတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို အကျဉ်းချထားတာ မသင့်လျှော်ဘူးလို့ မိန့်ပါတယ်။

“မြန်မာစစ်အစိုးရဖမ်းထားတာကတော့ ရာဂဏန်းရှိတယ်ပေါ့ ဘယ်သူ့မှ အဆက်အသွယ်မမှီတဲ့ အတွက် စာရင်းမပြုနိုင် တာတွေလည်း အများကြီးရှိတယ်။ တချို့ဖမ်းထားရင်းနဲ့ ပျံလွန်တော်မူသွားတာတွေလည်း ရှိပါတယ်။ ၂၀၀၇ခုနှစ်က သံဃာတော်တွေက ဦးဆောင်ပြီး မေတ္တာပို့တယ်၊ လမ်းလျှောက်တယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သံဃာတော်တွေနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ပိတ်တာ၊ ၀ါတွင်း ကာလတောင် ကိုယ့်ကျောင်းကိုယ် မပြန်နိုင်ဘူး။ တောက သံဃာ မြို့မတက်နိုင်အောင် မြို့ကသံဃာ တောမပြန်နိုင်အောင် အမျိုးမျိုးဒုက္ခပေးတာရှိတယ်။

ဘာမှ အပစ်မရှိတဲ့ ဆရာတော်တွေ ဦးဂမ္ဘီယအပါအ၀င် တခြားဆရာတော်သံဃာတွေကို ဖမ်းထားတာဟာ ဘာသာရေးကို အမျိုးမျိုး ပိတ်ပင် တားဆီးနေတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့ ဘာသာ သာသနာထွန်းကားတဲ့ တိုင်းပြည်မှာ ဒီလို ဖြစ်တယ်ဆိုတာ ရှက်ဖို့လည်းကောင်းပါတယ်။ ဒါတွေကိုရပ်တန်းကရပ်ဖို့ တိုက်တွန်းပါတယ်။”

ရခိုင်ပြည်နယ်မှာ အများဆုံးနေထိုင်တဲ့ ရိုဟင်ဂျာ အပါအ၀င် မူစလင်တွေ အပြင် ခရစ်ယန်ရော၊ ဗုဒ္ဓဘာသာ သံဃာတွေကိုပါ ဖိနှိပ် ချုပ်ချယ်နေတဲ့ မြန်မာအစိုးရအနေနဲ့ အမေရိကန် အစိုးရရဲ့ အခု အစီရင်ခံစာဟာ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေတယ်ဆိုတဲ့ ပြောကြားချက်တွေကို စိန်ခေါ်နေတယ်လို့ မြန်မာ မူစလင်အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဦးအောင်တင်ကပြောပါတယ်။

“မြန်မာပြည်မှာက မူစလင်ဖြစ်ခြင်းကိုက အစ္စလာမ်ဘာသာ ကိုးကွယ်တယ်ဆိုတာနဲ့ ဒီလူဟာ တိုင်းရင်းသားမဟုတ်တော့ဘူး။ နိုင်ငံသား မဟုတ်တော့ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အထူးသဖြင့် ဒီ ရိုဟင်ဂျာ လူမျိုးတွေဆိုရင် နိုင်ငံသားဟုတ်တယ် မဟုတ်ဘူး ဆိုတဲ့ အဆင့်ထက်တောင် မကတော့ဘဲနဲ့ ဒီလူသားရဲ့ ဖြစ်တည်ခွင့်တွေမှာပါ အဖိနှိပ်ခံရတယ်။ ဥပမာ အရွယ်ရောက်လို့ အိမ်ထောင်ပြုချင်ရင် တောင်မှ အိမ်ထောင်ပြုလို့ မရတာ၊ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေဟာ ကျန်းမာရေးအတွက် ဆေးကုမယ်ဆိုရင် ဆေးကုလို့မရ တနေရာက တနေရာသွား လို့မရ၊ ပညာသင်လို့ မရ၊ အလုပ်အကိုင် ရှာဖွေလို့မရ၊ သူတို့ကို ဆယ်စုနှစ်ပေါင်းများစွာ စီစစ်လို့ မပြီးနိုင်သေးဘူးလား။ ဒီကနေ့ ယူနိုက်တက် စတိတ်ကထုတ်ပြန်တဲ့ ဒီ ဘာသာရေးဆိုင်ရာ အဖိနှိပ်ဆုံးနိုင်ငံမှာ မြန်မာ နိုင်ငံဆက်လက်ပါရှိနေခြင်း သည်ပင်လျှင် ဒီကနေ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်နေပါတယ် ဆိုတဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရကို မေးခွန်းထုတ်လိုက်တယ် လို့တောင် ထင်မိပါတယ်။”

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက်လာစေဖို့ အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ။ NGO အဖွဲ့အစည်းတွေနဲ့ အခါသင့်တိုင်း တွေ့ဆုံဆွေးနွေးနေသလို ၂၀၀၈ခုနှစ် ကစပြီး အမေရိကန်လွှတ်တော်အမတ် တွန်လန်းတို့စ် (Tom Lantos Block Burmese Junta Anti- Democratic Efforts Act) ရဲ့ JADE အက်ဥပဒေနဲ့ ချမှတ် အရေးယူ ဆောင်ရွက်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
http://www.voanews.com

မြန်မာဗိုလ်ချုပ်များ လာဘ်စားပုံ ဝီကီလိခ်တွင်ပါရှိ


ကိုဝိုင်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အာဏာသိမ်း နဝတ စစ်အစိုးရ လက်ထက် ထိပ်တန်း ဗိုလ်ချုပ်တချို့ လာဘ်စားခဲ့ပုံများကို ရန်ကုန်မြို့ အမေရိကန် သံရုံးမှ ဝါရှင်တန် နိုင်ငံခြားရေး ဝန်ကြီးထံ ပေးပို့သည့် လျို့ဝှက်ကြေးနန်း တစောင် ဝီကီလိခ်
စာ မျက်နှာမှ ပေါက်ကြားလာသည်။

ငါးဖမ်းသင်္ဘော အစင်း ၁ဝဝ ကျော်ဖြင့် မြန်မာ့ရေပိုင်နက်တွင် လုပ်ကိုင်ခွင့်ရနေသည့် ထိုင်းလုပ်ငန်းရှင်ကြီး တဦးက
မြန်မာနိုင်ငံကို အပတ်စဉ်သွားတိုင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဟောင်း ဗိုလ်ချုပ် ချစ်ဆွေအား လာဘ်ထိုးရပုံ
ကို ရန်ကုန်အမေရိကန် သံရုံးသို့ ပြောပြခဲ့သည်။

ထို့အပြင် လာဘ်စားသူများထဲတွင် နဝတ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်တင်ဦး၊ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်၏ ဇနီးတို့လည်းပါခဲ့သော်လည်း နောင်တွင် အာဏာရှင်ဖြစ်လာသော ဗိုလ်ချုပ်ကြီးသန်းရွှေမှာ အနေအထိုင် ရိုးအေးကြောင်း ၂ဝ၁၁ ခု သြဂုတ်လ ၃ဝ ရက်စွဲဖြင့် ပေါက်ကြားလာသည့် ကြေးနန်းစာက ဖော်ပြ
နေသည်။

"မြန်မာပြည်ကို အပတ်စဉ်သွားတိုင်း ငွေသားနဲ့ချည်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ လောက် ကုန်တယ်။ အဲဒီထဲ က ၁၅ ရာခိုင်နှုန်းလောက် (ဒေါ်လာ ၇,၅၀၀) က ဗိုလ်ချုပ်ကြီးတွေကို ချန်ထားရတာ (ကျန်တဲ့ငွေတွေကတော့ ငါးဖမ်းခွင့် ရဖို့အတွက် မြန်မာအစိုးရဆီ ရောက်ကုန်တယ်)" ဟု သံရုံးက သိရှိရသည်ကို ၁၉၉၂ ခု မေလ ၄ ရက်စွဲဖြင့် ဝါရှင်တန် အမေရိကန် နိုင်ငံခြားရေးရုံးသို့ ပေးပို့သည့် ကြေးနန်း၌ ပါရှိသည်။

၁၉၈၈ ခုနှစ် နဝတ ကောင်စီတွင် ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေးအထူး အဖွဲ့ (၂) ကစထမှူး ရာထူးဖြင့် အဖွဲ့ဝင်အဖြစ် ပါခဲ့ပြီးနောက်ပိုင်း မွေး/ရေနှင့် သစ်တောဝန်ကြီး ဗိုလ်ချုပ် ချစ်ဆွေဖြစ်သည်ဟု ထိုင်းလုပ်ငန်းရှင်က ဆိုသည်။ ဗိုလ်ချုပ်ချစ်ဆွေသည် ၁၉၉၀ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပြီး ၁၉၉၇ တွင် အနားယူခဲ့ရသည်။

"ထိုင်းတွေကပဲ သင်ပေးလို့" (မွေး/ရေ) ဝန်ကြီးသည် အတိုင်းအတာတခုအထိ ငြင်းသာအောင် လာဘ်ဘယ်လို ယူရသည် ဆိုသည်ကို ကောင်းစွာတတ်မြောက်ခဲ့သည်ဟု ဆိုသည်။ "ချစ်ဆွေဟာ ထိုင်းစီးပွားရေး သမားတွေနဲ့ တယောက်ချင်းတွေ့ဖို့ ငြင်းလေ့ရှိပြီး သူ့သားနဲ့ သာ အလုပ်လုပ်စေတယ်" ဟုဆိုသည်။

ဗိုလ်ချုပ်ချစ်ဆွေ၏ သားက ထိုင်းလုပ်ငန်းရှင်တွေပြန်ရင် လိုက်ပို့လေ့ရှိပြီး အကောက်ခွန်ဌာနက သူပါလို့ စစ်ဆေးမှု မလုပ်ဘူးဟု ဆိုသည်။

"မကြာခင်ကပဲ ချစ်ဆွေရဲ့သားဟာ လေဆိပ်ကို ထိုင်းလုပ်ငန်းရှင် ၆၀ လောက်နဲ့အတူ မိနစ် ၂၀ လောက်ပဲ ကြိုတင် အသိပေးပြီး အကောက်ခွန်ဂိတ်တွေကို ဖြတ်သွားခဲ့သေးတယ်" ဟု သံရုံးက သီးးသန့် မှတ်ချက်ပြုထားသည်။

တခြားသော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဝင်များနှင့်လည်း ဆက်ဆံရသည့် အကြောင်း ထိုင်းစီးပွားရေးသမားက ပြောဆိုခြင်းကို မှတ်တမ်းတင်ထားရာတွင် စစ်ဦးစီး ဗိုလ်ချုပ်တင်ဦး၏ လာဘ်စားမှုလည်း ပါသည်။

ဗိုလ်ချုပ်တင်ဦးကား "အထပ်ထပ်ညှိရတယ်"ဟု နာမည်ကြီးပုံကို ဆိုသည်။ ဗိုလ်ချုပ်တင်ဦး၏ သားက လာဘ်ရထား
သော မာစီဒီးဘင့်ဇ်ကား တစီအား မြို့ထဲတွင် လှည့်ပတ်မောင်းရာက စစ်ထောက်လှမ်းရေးက ဗိုလ်ချုပ်တင်ဦးကို မျက်လုံး ဒေါက်ထောက်ကြည့်လာပြီး ဗိုလ်ချုပ်တင်ဦးနေအိမ်ကို စစ်ဆေးတာ လုပ်သည်ဟု ဆိုသည်။

"စစ်ထောက်လှမ်းရေးချုပ် ခင်ညွန့်က အဲဒီကားကို အစိုးရထံအပ်နှံဖို့ တင်ဦးကို ဖိအားပေးခဲ့တယ်" ဟု သံရုံးက မှတ်ချက်ပြု ဖော်ပြထားသေးသည်။

၁၉၉၇ ခု၌ ပါဆယ်ဗုံး လုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော ဒုဗိုလ်ချုပ်ကြီး တင်ဦးသည် ၂၀၀၁ ခု ဖေဖော်ဝါရီလက ကရင်ပြည်နယ် ဘားအံမြို့အနီး ရဟတ်ယာဉ် ပျက်ကျသဖြင့် သေဆုံးသွားခဲ့သည်။

"ထိုင်းစီးပွားရေးသမားကြီးများထဲတွင် တန်ဖိုးကြီး ကျောက်မျက်များကို မက်မောသည့် ခင်ညွန့်၏ ဇနီး၊ နဝတ ဥက္ကဋ္ဌအသစ် သန်းရွှေ၏ သားတို့နှင့် ညှိနှိုင်းဆောင်ရွက်ဖူးကြသူများ ရှိသည်"ဟု ရန်ကုန်မြို့ အမေရိကန် သံရုံးက သိရှိရချက်ကို ကြေးနန်းစာအတွင်း ရေးသားထားသည်။

၂ဝဝ၃ ခုတွင် နအဖ ဝန်ကြီးချုပ် ဖြစ်လာသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်မှာ ၂ဝဝ၎
အောက်တိုဘာတွင် လာဘ်စားမှု၊ အမိန့်မနာခံမှု စွဲချက်များဖြင့် ရာထူးမှ ဖယ်ရှားကာ ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ဖြင့် နေအိမ်အကျယ်ချုပ် ချခံရသည်။

၁၉၉၂ ခု ဧပြီ ၂၃ တွင် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေ နဝတ ဒုဥက္ကဋ္ဌ မှ ဥက္ကဋ္ဌ ရာထူးတက်သွားခြင်းကိုလည်း "ဒီတာဝန်ကို သူဘာသာသူ တခြား မတရားတဲ့နည်းနဲ့ ယူလိုက်တာလား" သို့မဟုတ် "အခြားဗိုလ်ချုပ်တွေကို လာဘ်စားခွင့်ပြုထားပြီး သူက ဒီရာထူးကို ရယူတာလား" ဟု ထိုင်းငှား လုပ်ငန်းရှင်က သံသယ ရှိခဲ့သည်။

ထိုစဉ်က "ဗိုလ်ချုပ်ကြီးသန်းရွှေမှာ မြန်မာ အဆင့်အတန်းအရပင် ရိုးရိုးစင်းစင်း နေတတ်သူဖြစ်ပြီး လေအေးပေးစက်
လို အနောက်တိုင်း ဇိမ်ခံ အသုံးအဆောင်တွေ အသုံးနည်းတယ်" ဟု ရန်ကုန်မြို့ အမေရိကန် သံအရာရှိက တဆင့် သိရှိရချက်ကို ကြေးနန်းအတွင်း ပြန်လည် ရေးသားထားသည်။

စစ်ခေါင်းဆောင်အဖြစ် ၁၉ နှစ် ကျော်အာဏာကိုဆုပ်ကိုင်ပြီးနောက် အသက် ၇၈ နှစ်အရွယ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရာထူးမှနှုတ်ထွက်ကာ လက်ရှိ နေပြည်တော် ဇမ္ဗူသီရီမြို့နယ်တွင် နေထိုင်လျက် ရှိသည်။ သို့သော်
လည်း စစ်ဘက် အရေးအရာများကိုမူ ဆက်လက် စွက်ဖက်ကြိုးကိုင်လျက် ရှိသည်ဟု လေ့လာသူအများက ယုံကြည်ကြသည်။

၂ဝဝ၆ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီးတဦးဖြစ်သော မသန္တာရွှေ၏ လက်ထပ်မင်္ဂလာဆောင် အခမ်းအနားတွင် အမေရိကန် ဒေါ်လာ သန်း ၅ဝ ခန့် အကုန်အကျခံ အသုံးပြုခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့
သည်။
http://www.mizzimaburmese.com/special/burma-related-leaked-us-cables/8315-2011-09-13-14-11-57.html

နိုင်ငံရေးအကျဉ်းသားတွေ အိမ်ပြန်မရောက်ခင် ပြည်ပကလူတွေ အရင်ပြန်ကြမှတဲ့လား



အိမ်ပြန်ဖို့အရေး ဦးဝင်းတင် ဘာပြောသလဲ
Wednesday, September 14, 2011 zarny win

ဦးဝင်းတင်နဲ့ မေးခွန်းများ

လွန်ခဲ့တဲ့ စနေနေ့ကဆရာဦးဝင်းတင်နဲ့စကားပြောခဲ့စဉ်မှာ မေးမြန်းခဲ့တဲ့ မေးခွန်းအစိတ်အပိုင်းတခုကတော့ ပြည်ပက မြန်မာတွေ လုံခြုံ အေးချမ်း စိတ်ချစွာ အိမ်ပြန်လာခွင့် ရှိပြီလား၊ မိသားစုတွေ၊မိဘတွေ၊သားသမီးတွေ စောင့်မျှော်နေရာ နေအိမ်တွေဆီ နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်က ပြန်ရောက်မလာသေးခင်မှာပြည်ပက မြန်မာတွေက အိမ်ပြန်ကြဖို့ အဆင်သင့်နေပြီလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

- ဆရာရေ … အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ အိမ်ပြန်ခွင့်မရှိသေးခင်မှာ ပြည်ပက မိသားစုနဲ့ ခွဲခွာနေရသူတွေက အိမ်ပြန်ကြဖို့အတွက် အခြေအနေတွေ ပေးနေပြီလို့ ဆိုနိုင်မလား ခင်ဗျာ။

- နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရဲ့ လွတ်မြောက်ခွင့်နဲ့ ပြည်ပမှာရှိနေတဲ့ မြောက်များစွာသော မြန်မာပြည်သားတွေရဲ့ အိမ်ပြန်လာခွင့်နဲ့က တပိုင်းဆီလို သတ်မှတ်မလားလို့ မေးစရာပေါ်လာတယ်။ ဒါကြောင့် ဒီလိုမေးလာတယ်လို့ မြင်တယ်။ တနည်းအားဖြင့်ကတော့ ဆက်စပ်မှု ရှိနေတယ်လို့တော့ ပြောလို့ရတယ်။ မြန်မာပြည်ပကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတိုင်းဟာ နိုင်ငံရေးသမားတွေ မဟုတ်ဘူးပေါ့ကွာ။ တချို့က မိမိတို့ နိုင်ငံရေးယုံကြည်ချက်တွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် တိုင်းပြည်ကို စွန့်ခွာရသူတွေ၊ ထွက်ခဲ့ရသူတွေ၊ ပြည်ပြေးတွေလို့ ဆိုနိုင်ပေမယ့်၊ တချို့တွေကတော့ ရေကြည်ရာ မြက်နုရာ ထွက်ခွာသွားသူတွေ ရှိတယ်။ တချို့တွေကတော့ ဒုက္ခသည်တွေအဖြစ်နဲ့ အသက်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ပြည်ပနိုင်ငံတွေကို ရောက်ရှိသွားသူတွေလည်း ရှိတယ်။ ခုဆိုရင် ကမ္ဘာအနှံ့မှာ မြန်မာတွေ ရောက်ရှိနေပြီဖြစ်တယ်။ အယင်က မကြားဖူးခဲ့တဲ့ ဥရောပနိုင်ငံတွေမှာ အာဖရိကနိုင်ငံတွေမှာ ရောက်နေကြတာကို တွေ့နေရတယ်။ အဲသည်လို လူတွေအားလုံးဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့တော့ တတန်းတည်း မတူဘူးပေါ့။ အဲသလိုမျိုး အတူတူပဲလို့တော့ သဘောထားလို့တော့ မရဘူးပေါ့။

- အဲသည်လို အခြေအနေမျိုးနဲ့ဆိုရင် ပြည်ပကသူတွေကို ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့်ပေးစရာအထိ မလိုဘူးပေါ့ ဆရာ။
- အာဏာပိုင်တွေရဲ့ အမိန့်တွေ၊ ပြစ်ဒဏ်တွေကြောင့် ထောင်ထဲမှာ အကျဉ်းကျနေသူတွေဟာ လွတ်ငြိမ်ချမ်းသာခွင့်ရရှိမှသာ ထောင်တွင်းက လွတ်မြောက်ခွင့်ရမှာ ဖြစ်တယ်။ သူတို့ဖာသာ သူတို့ ထောင်ထဲက လမ်းလျောက်ပြီး ထွက်လာလို့မှ မရတာပဲ။ ဒါပေမယ့် ပြည်ပမှာ ရောက်နေသူတွေကတော့ အဲသည်လို လွတ်ငြိမ်းချမ်းသာခွင့်အထိ မလိုဘူးလို့ ပြောချင် ပြောလို့ရတာပေါ့။ ဒါကို ဥပဒေပညာရှင်တွေက အသေးစိတ် ပြောနိုင်မှာ ဖြစ်ပါတယ်။ အဲသည်မှာ ကျနော်ပြောနိုင်တာ တခုကတော့ ပြည်ပကို ရောက်ရှိနေသူတွေမှာ ၂ ပိုင်းတော့ ခွဲခြားလို့ ရနိုင်မယ်။ တပိုင်းကတော့ သူတို့ဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တန်းတူပဲ၊ နိုင်ငံရေးလုပ်ရင်း ပြည်ပကို ရောက်သွားကြတယ်။ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်တွေကြောင့်၊ လှုပ်ရှားမှုတွေ ပြောဆို ရေးသားမှုတွေကြောင့် ဖမ်းဆီး ထောင်ချ ချုပ်နှောင်ခြင်း မခံရပေမယ့် မြန်မာပြည်ပကို စွန့်လွှတ်ရသူ၊ ထွက်ခွာရောက်ရှိသွားသူတွေက တပိုင်းဖြစ်တယ်။ နောက်တပိုင်းကတော့ သူတို့ဘ၀ရှေ့ရေးအတွက်၊ စီးပွားရေး၊ ပညာရေးအတွက် ရေကြည်ရာ မြက်နုရာကို ထွက်ခွာသွားသူတွေက တပိုင်းရှိတယ်။ အဲသည်ထဲမှာ နိုင်ငံရေးခံယူချက်တွေ လှုပ်ရှားမှုတွေကြောင့် မဟုတ်ပေမယ့် အသက်ဘေးကြောင့် ထွက်ပြေးစွန့်ခွာရသူ မြန်မာတိုင်းရင်းသားမိသားစုတွေဟာ နယ်စပ်ဒေသတွေကနေ ဒုကသည်စခန်းထဲကို ရောက်သွားသူတွေ၊ အဲသည်ကနေ ပြည်ပကို ရောက်ရှိသွားသူတွေ ရှိတယ်။ အဲဒါကြောင့် ပြည်ပမှာ ရှိတဲ့ မြန်မာလူထုတွေထဲက အချို့အစိတ်အပိုင်းကိုတော့ နိုင်ငံရေးအကျဉ်းသားတွေလိုမျိုး amnesty တစုံတရာ ပေးမှသာလျင် အဲသည်လို ကမ်းလှမ်းမှ လက်ခံမှသာလျင် ဖြစ်နိုင်မယ်လို့တော့ ပြောလို့ ရမယ် ထင်တယ်။

- အဲသည်တော့ ခေတ်အဆက်ဆက်မှာ စစ်အစိုးရရဲ့ လိုက်လံ ဖမ်းဆီး နှိပ်စက်မှုတွေ၊ နှိမ်နှင်းမှုတွေကြောင့် ပြည်ပကို ထွက်ပြေးရောက်ရှိသွားသူတွေ၊ တိုင်းပြည်ကို စွန့်ခွာသွားရသူတွေကို ဆရာက သတ်မှတ်ပြီး ပြောလိုက်တဲ့သဘောပေါ့နော် ဆရာ။

- ဟုတ်တယ်။ လက်ရှိအစိုးရနဲ့ ယခင်စစ်အစိုးရအဆက်ဆက်က နံမယ်တပ်သလိုမျိုး ပြည်ပြေးတွေလို့ ခေါ်မလား၊ နိုင်ငံရေးဝရမ်းပြေးများလို့ ခေါ်မလား၊ နိုင်ငံရေးတိမ်းရှောင်နေသူများ
လို့ ခေါ်မလား၊ ခေါ်ချင်တာ ခေါ်ပေါ့လေ၊ ဒီလူတွေကို စဉ်းစားတဲ့အခါမှာ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို စဉ်းစားသလိုမျိုး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို သတ်မှတ်ပြီး ထုတ်ပြန်ရမယ်၊ သူတို့ကို အဲသည်လို လုပ်ပေးရမယ်လို့ ထင်တယ်။

- ဒါဆိုရင် ပြည်ပရောက်နေတဲ့ အခြားသော အစိတ်အပိုင်း မြန်မာပြည်သူ ပြည်သားတွေကို ကျတော့ကော ဆရာ။ သူတို့အတွက် ဘယ်လို အာမခံချက်၊ လုံခြုံစိတ်ချရမှုတွေ ပေးဖို့လိုအပ်မလဲ။

- အဲသည်လို အပိုင်းတွေကိုတော့ တရုတ်ပြည်ရဲ့ ပြည်ပရောက်တွေကို ဖိတ်ခေါ်တဲ့ ပုံသဏ္ဍန်မျိုးနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားရမယ်လို့ ပြောချင်တယ်။ တရုတ်ပြည်ပရောက်တွေထဲမှာ စီးပွားရေး၊ ပညာရေး၊ စားဝတ်နေရေး၊ မိသားစုအရေးတွေအတွက် ထွက်ခွာသွားသူတွေကို တရုတ်အစိုးရကိုယ်တိုင်ကလည်း တိုင်းပြည်ကို ပြန်လာကြဖို့၊ ရင်းနှီးမြုပ်နှံကြဖို့၊ ထူထောင်ကြဖို့ ဖိတ်ခေါ်ခဲ့တာတွေ ရှိတယ်။ တရုတ်က လူတွေကို ကြော်ငြာတွေ၊ ၀ါဒဖြန့်ချိတာတွေ အစီအစဉ်တွေ ကြေညာပြီး ထုတ်ပြန်ပြီး ပြန်ခေါ်တာတွေ လုပ်တယ်။ မျိုးချစ်တွေဆိုတာ တိုင်းပြည်ထူထောင်ဖို့ ပြန်လာကြတယ် ဆိုတာမျိုး ထုတ်ပြန်တာ ကြော်ငြာတာတွေ လုပ်တယ်။

- ဒါဆိုရင် မြန်မာပြည်မှာက တရုတ်ပြည်ကြီးလိုမျိုး ပြန်လည်ထူထောင်ရေးအတွက် အခြေအနေတွေ ပေးနေပြီ၊ အဆင်သင့်ဖြစ်နေပြီဆိုတာမျိုးတွေ ရှိနေပြီလား၊ ထုတ်ပြန်ထားတွေကော ရှိလို့လားဆရာ။

- တရုတ်ပြည်မှာက အဲသည်ပြည်တွင်းမှာ လုပ်ငန်း ကိုင်ငန်း အခွင့်အရေးတွေ၊ အလုပ်တွေ၊ အစိုးရကိုယ်တိုင်က ရေးဆွဲထားတဲ့ စီမံကိန်းတွေ အဆင်သင့် ရှိနေတယ်၊ ရင်းနှီးမြုပ်နှံစရာတွေကလည်း ရှိနေတယ်။ အဲသည်နေရာတွေမှာ သူတို့အမျိုးသားတွေကို ကြိုဆိုဖို့၊ တရုတ်စကားလည်း တတ်မယ်၊ နိုင်ငံတကာအတွေ့အကြုံလည်း ရှိတဲ့သူတို့လူမျိုးတွေကို အစိုးရအဆင့်သာမက ပုဂ္ဂလိကလုပ်ငန်းနယ်ပယ်တွေမှာပါ ကြိုဆိုနေကြတာမျိုး ဖြစ်တယ်။ မြန်မာပြည်တွင်းမှာက စစ်တပ်က အာဏာသိမ်းပြီး မကြာခင် လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလည်း ဗိုလ်ချူပ်ခင်ညွန့်တို့တွေက ပြည်ပရောက် မြန်မာလုပ်ငန်းရှင်တွေ၊ ပညာသည်တွေကို ဖိတ်ခေါ်ပြီး မြန်မာပြည်တွင်းမှာ လိုက်ပြ၊ ခေါ်ပြီး စကားပြောတာတွေ လုပ်ခဲ့ဖူးတာတွေ ရှိတယ်။ အဲသည်နောက်ပိုင်း ဘယ်လိုတွေ ဆက်ဖြစ်သွားခဲ့တယ်ဆိုတာကို ပြန်ကြည့်ဖို့လိုတယ်၊ ပြန်လေ့လာသုံးသပ်ကြည့်ဖို့ လိုတယ်။

- ဟုတ်ကဲ့။ အဲသည်တုန်းကကော၊ အခုချိန်မှာပါ မြန်မာပြည်မှာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတယ်။ တရားမျှတတဲ့ ဥပဒေနဲ့ လွတ်လပ်မှု အာမခံချက်တွေ မရှိဘူး၊ ခုချိန်ထိမှာလည်း မြန်မာပြည်မှာက အထွေထွေ ချွတ်ခြုံကျနေတဲ့ အချိန်ဖြစ်တယ်။ တရုတ်ပြည်ရဲ့ ဥပမာလိုမျိုး စီးပွားရေးအခွင့်အလမ်းတွေ အာမခံချက်တွေ ပေးနိုင်တဲ့ အခြေအနေမျိုး မရှိဘူးလို့ ကျနော်တို့က ပြောမယ် ဆိုရင်ကော ဆရာ။

- တိုင်းပြည်မှာက လက်ရှိအခြေအနေမှာ ဆင်းရဲကြပ်တည်းမှုတွေ ရှိနေတယ်။ တိုင်းရင်းသားဒေသတွေမှာလည်း ပြည်တွင်းစစ်မီးတွေ တောက်လောင်နေတယ်။ အဲသည်လို အခြေအနေမျိုးမှာ မြန်မာပြည်ကို ပြန်လာဖို့ ဖိတ်ခေါ်တယ်၊ ကြိုဆိုတယ် ဆိုရင် သူတို့တတွေက ပြန်လာပြီးတော့ သူတို့တွေမှာ သူတို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ နေမှု ထိုင်မှု ဘ၀တွေ အဆင်မပြေဘူး၊ အာမခံချက်တွေ အခွင့်အလမ်းတွေ မရဘူးဆိုရင် မကောင်းပေဘူးလို့တော့ ပြောချင်ပါတယ်။ ကျနော်တို့ကလည်း ပြည်ပက သာမန်မြန်မာမိသားစုတွေ ပြန်လာချင်တာကို ကြိုဆိုချင်ပါတယ်။ သို့သော်လည်း မြန်မာပြည်နဲ့ ပြည်သူပြည်သားတွေအတွက် မှန်ကန်တဲ့ အနေအထား၊ ကောင်းမွန်တဲ့ အနေအထားတွေ ရှိသလဲဆိုတာကို ကာယကံရှင်ဖြစ်တဲ့ ပြည်ပကမြန်မာမိသားစုတွေကိုယ်တိုင်က စဉ်းစား၊ ဆွေးနွေး၊ သုံးသပ်ကြဖို့လည်း လိုအပ်လိမ့်မယ်လို့ ကျနော်က ပြောချင်ပါတယ်။


moemaka.blogspot.com

ပျဉ်းမနားမြို့ကရဲတွေအကြောင်းသက်ဆိုင်ရာအထက်လူကြီးများသိရှိစေရန်

နိုင်ငံတော်အကြီးအကဲကြီးများ နှင့် သက်ဆိုင်ရာအထက်လူကြီးများသိရှိစေရန်
ပျဉ်းမနားမြို့၊ နေပြည်တော်။

နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်း (၃) ချယ်ရီလမ်းမှ
နေထိုင်သူတစ်ဦးမှ တင်ပြအပ်ပါသည်။
ပျဉ်းမနားမြို့ ပေါင်းလောင်း(၃)လမ်း၊ (ခိုင်သဇင်)
အမည်ရှိသောအနှိပ်ခန်းတွင် ပျဉ်းမနားမြို့နယ်မှူးနှင့် ဒုရဲအုပ်ရာဇာဟိန်း၊
နယ်ထိန်းကိုလတ်နှင့် အောင်ကိုလတ်တို့က (ခိုင်သဇင်) အနှိပ်ခန်းအား
ဖမ်းဆီးပြီးမှ ဆိုင်ရှင်၊ ဆိုင်ရှိပစ္စည်းများ နှင့် မိန်းခလေးများကို
ကားပေါ်တင်ပီးမှ ဆိုင်ပိုင်ရှင်ကငွေပေးပြီး ညှိနှိုင်းသဖြင့်
မဖမ်းစီးခဲ့ကြောင်း တွေ့မြင်ခဲ့ရပါသည်။ ထို့နောက်
ပျဉ်းမနားမြို့နယ်မှူးနှင့် ဒုရဲအုပ်ရာဇာဟိန်း၊ နယ်ထိန်းကိုလတ်နှင့်
အောင်ကိုလတ်တို့အဖွဲ့မှ ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၃)၊ (၁၅)လမ်း၊
(ပန်းမြို့တော်)
အနှိပ်ခန်းကို ဖမ်းသွားခဲ့ပါသည်။
ပျဉ်းမနားမြို့နယ်မှူးနှင့် ဒုရဲအုပ် ရာဇာဟိန်း၊ နယ်ထိန်း ကိုလတ်နှင့်
အောင်ကိုလတ်တို့က ဆိုင်တစ်ဆိုင်လျှင် ငွေကျပ် (၁)သိန်း (၁၀၀၀၀၀ိ/-)
ပေးရမည်ဟုပြောပါသည်။ မပေးသော အနှိပ်ခန်းဆိုင်များ ကို ဖမ်းဆီးမည်ဟု
ပြောဆိုခဲ့သည်ကို မျက်မြင်သက်သေနှင့်တကွ ကြားသိရှိခဲ့ရပါသည်။
ထိုအဖြစ်အပျက်မျိုးကို နိုင်ငံတော်အကြီးအကဲကြီးများ နှင့်
သက်ဆိုင်ရာအထက်လူကြီးများသိရှိစေရန် တင်ပြအပ်ပါသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၃)ရပ်ကွက်
ချယ်ရီလမ်းမှ နေထိုင်သူ.....