Saturday, September 17, 2011

သီးနှစ်သီးနှင့် အင်တာဗျူး


by Mess Journal on Tuesday, September 13, 2011 at 11:22pm

သြဂုတ်လ ၁၇ ရက်နေ့က ပြောကြားခဲ့သော နိုင်ငံတော်သမ္မတသစ်၏ မိန့်ခွန်းတွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံပြည်ပရောက်နေသူများကို ပြန်လာခွင့်ပြုလိုက်ကြောင်းပါရှိပြီးနောက် နိုင်ငံကျော် သီးလေးသီးအငြိမ့်အဖွဲ့မှ ခေါင်းဆောင်မင်းသမီး ချောစုမျိုးနှင့် လူရွှင်တော်များဖြစ်ကြသည့် ဂေါ်ဇီလာ၊ စိန်သီးနှင့် ဇီးသီးတို့သည် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။



ချင်းမိုင် တွင် ကျန်ရစ်ခဲ့သော သီးလေးသီးအဖွဲ့ဝင်များလည်း မကြာမီ နိုင်ငံတွင်း ပြန်လာကြရန် စီစဉ်နေကြကြောင်း လူရွှင်တော် ဂေါ်ဇီလာမှ ရန်ကုန်လေဆိပ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရန် အစီအစဉ်ရှိမရှိ သီးလေးသီးအဖွဲ့ဝင် လူရွှင်တော် ကြယ်သီးနှင့် ပန်းသီးတို့ကို Messenger News Journal မှ မေးမြန်းထားပါသည်။






ဦးဂေါ်ဇီလာက လူရွှင်တော် ကြယ်သီးတို့လည်း မကြာခင် ပြန်လာကြလိမ့်မယ်လို့ ရန်ကုန်လေဆိပ်မှာ သတင်းထောက်တွေနဲ့ တွေ့တော့ ပြောသွားပါတယ်။ ဦးကြယ်သီးတို့ ဘယ်အချိန်လောက်ပြန်ဖြစ်မလဲ။



ကြယ်သီး။ ။ အရင်ကတည်းက ပြောဖူးပါတယ်။ ကျနော်တို့မှာ ခံစားချက်ရှီပြီးသား။ မြန်မာပြည်ပြန်ဖို့ဆိုတာက မြန်မာပြည်သားတိုင်း မြန်မာပြည်ပြန်ချင်တယ်။ ဒါက မဆန်းဘူး။ ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော်တို့အနေနဲ့ တိုင်းပြည်အကြောင်း ထဲထဲဝင်ဝင် မသိဘူးဆိုပေမဲ့ လက်ရှိအခြေအနေမှာ ကျနော်တို့ အကိုဆရာ ထောင်ထဲမှာပဲ ရှိသေးတာကို ကျနော်တို့သိတယ်။ ကျနော်တို့ သိသလို အများပြည်သူလူထုလည်း သိကြတယ်။ ကျနော်တို့က ကိုဇာဂနာရဲ့ တပည့်ဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုဇာဂနာ ပြန်ထွက်လာတာကို ကျနော်တို့ မြင်ချင်တယ်။ သူ ပြန်ထွက်လာမယ်ဆိုရင် ကျနော်တို့ အိမ်ပြန်မယ်။ ဒိနေ့ သူထွက်လာရင် မနက်ဖြန် ကျနော်တို့ပြန်မယ်။



ပန်းသီး။ ။ ကျနော်တို့ပြန်မဲ့အချိန်က နောက်ထပ် ကောင်းသော အပြောင်းအလဲအပေါ်မှာ မူတည်နေပါတယ်။ အဓိကကတော့ သမ္မတက မိန့်ခွန်းထဲကနေ အားလုံးပြန်လာကြပါဆိုတဲ့ဟာမျိုး၊ ပြန်လာမယ်ဆိုရင် အားလုံးခွင့်ပြုတယ်ဆိုတာကို မိန့်ခွန်းထဲကနေ တစ်စိတ်တစ်ဒေသ ပြောပြီးပြီ။ ဒါပေမဲ့ အဲဒါက တရားဝင်ဖြစ်ဖို့ အရေးကြီးတယ်။ တရားဝင်ဖြစ်ဖို့ဆိုတာက သူတို့ကိုယ်တိုင်က ဥပဒေထုတ်မယ်လို့ ပြောထားတယ်။ တရားဝင် ဥပဒေ ထုတ်တာမျိုး၊ ကျနော်တို့ ဆရာ ကိုဇာဂနာနဲ့ တကွ တခြားသူတွေ လွတ်မြောက်ဖို့ ကိစ္စတွေမှာ ကောင်းသော အပြောင်းအလဲတွေ ဖြစ်လာဖို့လိုတယ်။ အကောင်းဘက်ကို ရှုမြင်ပြီးတော့ အဲဒါလေးတွေ ပြောင်းလဲလာမယ်ဆိုရင် ကျနော်တို့ ပြန်ဖို့ ကိစ္စကလည်း ပိုပြီးမြန်ဆန်လာမှာပေါ့။



အခု ပြည်တွင်းကို ပြန်လာတဲ့ ဦးဂေါ်ဇီလာတို့ရဲ့ လုပ်ရပ်အပေါ်မှာရော ဘယ်လိုသဘောရလဲ။ သူတို့ပြန်ဝင်တာ မှန်တယ်လို့ ထင်လား။



ကြယ်သီး။ ။ အဲဒါကတော့ ကျနော်တို့ ပြောလို့မရဘူး။ ကျနော်လည်း အဆုံးအဖြတ်မပေးရဲဘူး။ ကျနော်တို့က အနုပညာသမားဖြစ်တယ်။ ပြည်သူက ကျနော်တို့ကို ပေးတဲ့ အမှတ်ပဲ ရှိတယ်။ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ သူတို့မှားတယ်လို့ ပြောခွင့်မရှိပါဘူး။ ဘာလို့လဲဆိုတော့ အခုအခြေအနေက နည်းနည်း အရေးကြီးတဲ့အခြေအနေဖြစ်တယ်။ ကျနော်တို့ကတော့ ခုလောလောဆယ် ကျနော်တို့ကိုယ် ကျနော်တို့ မှားတယ်လို့မထင်ဘူး။ သူတို့ကိုလည်း မှားတယ်လို့ မထင်ပါဘူး။



ပန်းသီး။ ။ သူတို့အနေနဲ့ကြည့်ရင် သူတို့က မှန်တယ်လို့ပဲပြောမယ်။ သူတို့အနေနဲ့လည်း မှားတယ်လို့ပြောလို့မရဘူး။ ဒါက သူတို့ရဲ့ ခံယူချက်၊ သူ့ရဲ့ယုံကြည်ချက်၊ သူ့ရဲ့ဆန္ဒကိုး၊ ဒီအပေါ်မှာ ကျနော်တို့က မှားတယ်မှန်တယ် သုံးသပ်ဖို့က ကျနော့်အနေနဲ့ မသုံးသပ်ချင်ဘူး။ ဘာလို့လဲဆိုတော့ ဒီမှာ ပြန်မယ်မပြန်ဘူးကိစ္စကို ငြင်းနေရင်လည်း အပိုပဲထင်တယ်။ အဲဒိတော့ ကိုယ့်ဆန္ဒနဲ့ကိုယ်ပြန်ချင်တယ်ဆိုရင် ပြန်သွားကြတာပဲ။ ခုကိုဂေါ်ဇီလာတို့ဆိုရင်လည်း ကိုယ့်ဆန္ဒ၊ ကိုယ့်သဘောထား၊ ကိုယ့်ယုံကြည်ချက်နဲ့ ပြန်ကြတာ။ ကျနော်တို့မပြန်ဘူးဆိုတာလည်း ကိုယ့်ခံစားချက်၊ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်သဘောနဲ့ကိုယ် မပြန်သေးတာ။ တနေ့ကျရင် ပြန်သင့်ပြန်ထိုက်တဲ့တစ်နေ့ကျရင်တော့ ကျနော်တို့က ပြန်မှာပဲ။



ဟုတ်ကဲ့ပါ။ ခု အစိုးရသစ်ရဲ့ နိုင်ငံတော် သမ္မတပြောထားတဲ့ မိန့်ခွန်းစကားကိုရော ဘယ်လိုထင်ပါသလဲ။



ကြယ်သီး။ ။ မိန့်ခွန်းကို အခု ရိုးရိုးသားသားပြောပြရရင် စာနဲ့တကွ ယုံကြည်စေမဲ့ ကြေငြာချက်မျိုးမမြင်ရသေးဘူး။ အဲဒီအတွက် ဘယ်လိုပြောရမှန်းမသိဘူး။



ပန်းသီး။ ။ မယုံကြည်တာတော့ မဟုတ်သေးဘူး။ အပြည့်အ၀တော့ ယုံကြည်လို့မရ သေးဘူး။ တကယ်တမ်းခေါ်မယ်ဆိုရင် မိန့်ခွန်းအနေနဲ့ မဟုတ်ပဲနဲ့ တရားဝင် စာထုတ်ပါလား၊ ဥပဒေထုတ်ပါ လား၊ တကယ်ထုတ်လာလို့ရှိရင် အပြည့်အ၀ ယုံကြည်ရမယ်လို့ထင်ပါတယ်။ ခုကတော့ ပြန်လာပါလို့ပြောပြီူး ကျန်တဲ့ နောက်ပိုင်းကိစ္စတွေက ကျနော်တို့ ဘာမှ တိတိကျကျ မသိသေးဘူး။



အခု ပြန်သွားတဲ့ ကိုဂေါ်ဇီလာတို့နဲ့ ညှိနှိုင်းထားတာရောရှိလား။



ကြယ်သီး။ ။ ညှိနှိုင်းထားတာမျိုးမရှိ။ အဖွဲ့ သံယောဇဉ်၊ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်း သံယောဇဉ်တော့ရှိတယ်။ အနုပညာသမားဆိုတာ ဘယ်နေရာပဲ ပြန်ဆုံဆုံ ကျွန်တော်တို့ဟာ အမျိုးတွေပါပဲ။



ပန်းသီး။ ။ ညှိနှီုင်းထားတာမရှိပါဘူး။ သူတို့ပြန်မယ်ဆိုတဲ့ အကြောင်းအရာမျိုးပဲ သိတယ်။ ကျန်တဲ့ အထဲမှာဘာလုပ်မယ်၊ဆိုတဲ့ ညှိနှိုင်းမှုမျိုးတွေ မရှိခဲ့ဘူး။



ဒီနိုင်ငံ (ထိုင်း) မှာနေရတာရော ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။



ကြယ်သီး။ ။ အခက်အခဲကတော့ရှီတယ်။ နဂိုကတည်းကတော့ရှိတယ်။ ကိုယ့်အိမ်မှာ နေသလို တော့ဘယ်ဟုတ်မလဲ။ သူများ တိုင်းပြည်မှာနေရတာ။ ဘယ်လိုအခက်အခဲပဲ ရှိရှိပါ၊ ကျနော့် နှလုံးသားထဲမှာ ရှိတာက အနုပညာ။ အဲဒါကိုတော့ ဆက်လုပ်သွားရမှာပဲ။



ပန်းသီး။ ။ အမှန်တရားပြောရရင်တော့ ကျနော်တို့လို အနုပညာသမားတွေက ပြည်ပမှာ နေထိုင် ဖို့ မသင့်တော်ဘူး။ ဘာလို့လည်းဆိုတော့ ပြည်တွင်းလို အနုပညာလုပ်ပိုင်ခွင့်မရှိဘူး၊ ဇာတ်ကားရိုက် တာမျိုးမ လုပ်နိုင်ဘူး။ အငြိမ့်ကတယ်ဆိုတာကလည်း ထိုင်းနိုင်ငံထဲမှာ လျှောက်ကလို့မရဘူး။ အငြိမ့်ကဖို့ ပွဲလည်းမရှိဘူး၊ ပြည်ပဆိုတာ အနုပညာသမားတွေအတွက် နေလို့မကောင်းဘူးလို့ ကျနော့်အနေနဲ့ ယူဆတယ်။ ဒါပေမဲ့ ဘာဖြစ် လို့နေရလဲဆိုတော့ ကျနော်တို့တွေ စားဝတ်နေရေးတွေ အခက်အခဲရှိတယ်။ ကျန်တဲ့ အခက်အခဲတွေ မျိုးစုံကြား ကနေ ကျနော်တို့ ဘာလို့ နေရလဲဆိုတော့ နံပါတ် ၁ အချက်၊ ကိုဇာဂနာကို ကျနော်တို့ယုံတယ်။ နံပါတ် ၂၊ အချက်၊ ကျနော်တို့ အနုပညာကို ကျနော်တို့ယုံတယ်။ အဲဒါတွေအတွက် ကျနော်တို့ အခက်အခဲတွေ ရုန်းကန် ရင်းနဲ့ မြန်မာပြည် အနုပညာ လွတ်လပ်ခွင့် ၊ တကယ်ပဲ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတဲ့အချိန်ထိ ကျနော်တို့က စောင့်နေတာပါ။



ဒီမှာကျတော့ သီးလေးသီးအနေနဲ့ ဘာတွေလုပ်နေလဲရှင့်။



ကြယ်သီး။ ။ ကလေးတွေကို အကသင်ပေးတာရှိ။ လူရွှင်တော် မျိုးဆက်သစ်တွေ မွေးထားတာလည်းရှိတယ်။ အမျိုးသမီး လူရွှင်တော်လေးတွေလည်းရှိတယ်။ ကဗျာလွတ်ကို အင်္ဂလိပ်လို ဘာသာပြန်ထုတ်ဖို့ရှိတယ်။ အပေါင်းအသင်းတွေ အကူအညီနဲ့။



ပန်းသီး။ ။ ခုတော့မောင်ကြယ်သီးနဲ့ကျနော်ကျန်ရစ်ခဲ့တယ်။ ပြည်တွင်းမှာ လုပ်လို့မရတဲ့ အနု ပညာတင်ဆက်မှုတွေ ဆက်လုပ်နေအုံးမယ်။ အထဲမှာဆိုရင် တချို့ပြက်လုံးတွေ ပြက်လို့မရသေးဘူး၊ ဒါကြောင့်ဒီဘက်မှာ အပြုသဘောနဲ့ တင်ပြတဲ့ အနုပညာလုပ်ငန်းတွေ ဆက်လုပ်နေအုံးမယ်။



တကယ်လို့ ပြည်တွင်းပြန်ရောက်ရင်ရော ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲ



ကြယ်သီး။ ။ အနုပညာပဲလုပ်မယ်။ ကိုယ့်အကန့်နဲ့ကိုယ် အစီအစဉ်တွေ ရှိပြီးသား။ သူများနိုင်ငံမှာ တချို့ဟာတွေ လုပ်လို့မရတာတွေ လုပ်စရာတွေရှီတယ်။ လူတွေက ဘ၀အမော အကျပ်အတည်း တွေရှိလာတဲ့ အတွက် ကျနော်တို့ တင်ဆက်စရာ အနုပညာတွေကိုပဲ ဆက်လုပ်သွားမယ်။



ပန်းသီး။ ။ အငြိမ့်သဘင်ကို ခေတ်နဲ့အညီဆန်းသစ်လာအောင်လုပ်မယ်။ အရင်ထက်ပိုပြီးတော့ အနုပညာလွတ်လပ်ခွင့် တွေပိုရလာအောင် လုပ်မယ်။ ဥပမာ မြ၀တီ အငြိမ့်ပြိုင်ပွဲလိုမျိုး ပြန်လုပ်ချင်တယ်။



ကိုကြယ်သီး ခုနက ပြောသလို ကိုဇာဂနာကိုရော တကယ်လွတ်လာမယ်လို့ မျှော်လင့်ထားလား



ကြယ်သီး။ ။ ကျနော်တို့ မျှော်လင့်ချက်က ကျနော်တို့ ဆရာက မဟုတ်တာ လုပ်ထားတဲ့လူ မဟုတ်ပါဘူး။ မျှော်လင့်ချက်ရှိတယ်။ ပြန်လွတ်လာမယ်လို့ မျှော်လင့်တာကို မဟုတ်ဖူး ယုံကြည်တယ်။ အခြေအနေ အကြောင်းကြောင်းကြောင့်သာ ဒီလိုဖြစ်နေရတာပါ။



ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။



သီးလေးသီး အဖွဲ့ကို ၂၀၀၃ ခုနှစ်တွင် နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက ဦးဆောင်စတင်တည် ထောင်ခဲ့ သည်။နိုင်ငံရေး သရော်သည့် အဖွဲ့စည်းအဖြစ် ရပ်တည်လာ၍ ကိုသူရ(ဇာဂနာ)မှ သီးလေးသီး အမည်ဖြင့် ဗီဒီယိုအငြိမ့်ခွေနှင့် စတင်ခဲ့ပြီး အစိုးရ၏ သတိပေးခြင်းခံခဲ့ရသည်။ သီးလေးသီးအဖွဲ့သည် ၂၀၀၇ ခု နှစ်ဒီဇင်ဘာလတွင် မလေးရှား၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်၊ အမေရိကန် တို့တွင် သွားရောက် ဖျော်ဖြေခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် နှစ်အတန်ကြာ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

သီးညီနောင်(သီးလေးသီး) သီချင်းမိတ်ဆက်ပွဲ

ခင်မင်ရင်းနှီးသော ချစ်မိတ်ဆွေခင်ဗျာ....

ကြွရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်.....

သီးညီနောင် (သီးလေးသီး)