Friday, September 23, 2011

တော်စမ်းပါ----ကျော်ဆန်းရာ(သို့ ) သုဘဒ္ဒါကျော်ဆန်း






တော်စမ်းပါ----ကျော်ဆန်းရာ(သို့ ) သုဘဒ္ဒါကျော်ဆန်း


ရေး/ဆို)စိုင်းစိုင်းသန်းရွှေ(Canada)


သတင်းများ-- ဖတ်တိုင်း

နင်တို့ လုပ်သမျှအကြောင်းတွေ အပ်ကြောင်းထပ်

ဒီစကားတခွန်းဘဲနင်ပြောတတ်တယ်

သတင်းများဆိုလဲ--တရုပ်ကြိးအကောင်းအကြောင်းဘဲ

အမြဲတန်းဖေါ်ပြတယ် အရမ်းအရမ်းဘဲ စိတ်ကုန်မိတယ်

တော်ပါတော့ ---

တော်စမ်းပါ ကျော်ဆန်းရာ--နင်ပါးစပ်ကို ပိတ်ထားစမ်းပါ

ထပ်ပီးမလိမ်ပါနဲ့ တော့ -- ငါမယုံဘူး

တော်စမ်းပါ ကျော်ဆန်းရာ--နင့် အပေါက် ကို ပိတ်ထားပေးပါ

လိမ်နေတာတွေရပ်ပါတော့ 

BBC နဲ့  VOA ကို--လေလှိုင်းပေါ်ကလူသတ်သမားတဲ့ 

ငါနားတွေငြီးလွန်းလို့  --စိတ်တွေတောင်ရှုပ်လာတယ်

မဂ္ဂဇင်းတွေ ဆောင်းပါးတွေဆို--နင်ခွင့် ပြုမှ ထုတ်ရတယ်တဲ့ 

ကြက်ဆူပင်စိုက် ရေလောင်းလိုက်နဲ့ -- နင်လုပ်တတ်တာဒါဘဲရှိတယ်

နင့် ရဲ့ သတင်းစာ ဘယ်သူမှမဖတ်ဘူး -- နာရေးကြော်ငြာတခုကလွဲရင်

လက်တွေ့ မှာနင့်  သတင်းစာက -- ပလာတာထုပ်ဘို့ ဖြစ်နေတယ်

ငါ့ ရှေ့ မှာရုပ်တည်နဲ့  -- ယုံတမ်းစကားတွေနင်အမြဲပြောတယ်

ကြာလာတော့ နင့် စကားတွေလဲ -- အရူးချီးပန်းသလိုဖြစ်ဖြစ်လာတယ်

သတင်းထောက်တွေရှေ့ -- ဟန်လုပ်တဲ့ စကားလေးခနခန နင်ပြောသေးတယ်

စောင်ရေ၃သိန်း---ဖြန့် ချီသတဲ့ 

ဗုံးပေါက်တဲ့ သတင်း --အမှန်အတိုင်းမရေးရဲတဲ့ နင့် ရဲ့ အကျင့် ဆိုးတွေ

ငါတဖြေးဖြေး စိတ်ကုန်မိတယ်

တော်ပါတော့ ---

တော်စမ်းပါ ကျော်ဆန်းရာ--နင့် ပါးစပ်ကို ပိတ်ထားစမ်းပါ

ထပ်ပီးမလိမ်ပါနဲ့ တော့ -- ငါမယုံဘူး

တော်စမ်းပါ ကျော်ဆန်းရာ--နင့် အပေါက် ကို ပိတ်ထားပေးပါ

လိမ်နေတာတွေရပ်ပါတော့ 

လွှတ်တော်မှာ တလောကအရှက်ကွဲ--သုဘဒ္ဒါဇာတ်ခင်းသွားတယ်

ဥက္ကဌကြီးတောင်တားယူရတယ်-- တိုတိုနဲ့ လိုရင်းပြောဘို့ 

နာမည်တောင်ပြောင်းခေါ်ကြပီ--သုဘဒ္ဒါကျော်ဆန်းတဲ့ 

လွှတ်တော်မှာသတင်းစာရှင်းပွဲ -- ငိုကြီးချက်မ ပဲများသေးတယ်

မီဒီယာကိုမီဒီယာနဲ့ ဘဲ ပြန်ပီးတိုက်မယ် နင်ပြောဘူးတယ်

ပေါက်ကရတွေရှောက်ပြောသေးတယ် -- လူသားအစ ကျော်ဆန်းကတဲ့ 

သမ္မတကြီးရဲ စတုတ္ထမဏ္ဍိုင် -- ကျော်ဆန်းငပုက ခွင့် မပြုဘူး

ခုချိန်ကစပီးနင့် စကား -- တခွန်းမှငါမယုံတော့ ပါ

တော်ပါတော့ ---

တော်စမ်းပါ ကျော်ဆန်းရာ--နင့် ပါးစပ်ကို ပိတ်ထားစမ်းပါ

ထပ်ပီးမလိမ်ပါနဲ့ တော့ -- ငါမယုံဘူး

သုဘဒ္ဒါ ကျော်ဆန်းရာ--နင့် အပေါက် ကို ပိတ်ထားပေးပါ

လိမ်နေတာတွေရပ်ပါတော့ 

သမတ ဦးသိန်းစိန်၏ အကြံပေး ဦးကိုကိုလှိုင်နှင့် တွေ့ ဆုံဆွေးနွေးပွဲ တခုကို ဖန်တီးကြမယ်ဆိုရင်



နယူးယောက်မြို့ မှာ အမေရိကန်အစိုးရပိုင်းနှင့် တွေ့ ဆုံဆွေးနွေးနေသော သမ္မတအကြံပေး ဦးကိုကိုလှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်း ပြောဆိုပြီ့း တွေ့ ဆုံနေသည်။ နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုတိုးတက်လာစေဖို့  မျှော်လင့်ကြောင်းကို ထုတ်ဖေါ်ပြောဆိုနေပြီ ။ သမ္မတဦးသိန်းစိန်၏ အကြံပေး ဦးကိုကိုလှိုင်မှာ အမှန်တကယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၏ လွတ်လွတ်လပ်လပ် ဆန္ဒရှိသမျှ ထုတ်ဖေါ်ပြောဆိုမှူကို ရရှိခဲ့ သူ မဟုတ်ချေ။ ဒီမိုကရေစီ တ၀က်တပျက် အရောရောဖြစ်နေသာ ပြည်သူ့ လွှတ်တော်၏ ကိုယ်စားလှယ်များမှာ ပြည်သူတို့  ၏ အသံထက် ကိုယ်စားလှယ်တော်တို့  ၏ အသံကိုပင် မည်သို့ မျှ ပြောဆိုစွမ်းမရှိ ။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၏ အသံနှင့် ပြည်သူလူထု၏ အသံများကို ယူဆောင်လာသော ပုဂ္ဂိုလ်မဟုတ်ဘဲ သူပြောနေသည်မှာ ဦးသိန်းစိန် ၏ အသံကို ယူဆောင်လာခြင်းဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်ကို တော်ကြောင်း တတ်ကြောင်း ပြောနေပြီး အမေရိကန်အစိုးရကို ချွေးသိပ်နေခြင်းပင်ဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ အမေရိကန်အစိုးရ အရာရှိကြီးငယ်တို့ ကလည်း ညံ့သည့်သူများတော့ မဟုတ်တန်ရာ ။ သို့ သော် သွားခဲစေ ၊လာခဲစေ ၊ ဆိုသည့်သဘောကိုမူ အသိပေးတန် ပေးရလိမ့်မည်။ ပြောတန်ပြောရလိမ့်မည်။
နယူးယောက်မြို့ ရှိ ဒီမိုကရေစီအင်အားစုတွေထဲမှာ ယခုတခေါက် ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တော်တွေကို ထိထိရောက်ရောက် ဆန္ဒမပြသေး ။ ထို့ ကြောင့် ယခုအချိန်တွင် သမ္မတအကြံပေး ပုဂ္ဂိုလ်လည်း ပါလာနေရာ တွေ့ ဆုံဆွေးနွေးရေး တခုကို ဖန်တီးယူရန်လိုအပ်နေသည်ဟုထင်သည် ။ အကြောင်းမှာ ရုပ်သေးအစိုးရဖြစ်သော သမ္မတ ဦးသိန်းစိန်၏ အစိုးရမှ ဆန္ဒတခုတည်းကို ချင့်ချိန်မစဉ်းစားဘဲ နယူးယောက်မြို့ ရှိ ဒီမိုကရေစီ အင်အားစုများ၏ အသံကိုလည်း အမေရိကန်အစိုးရမှ သိရှိစေရန် လိုအပ်နေသည်။ တနည်းအားဖြင့် သမ္မတအကြံပေး ဦးကိုကိုလှိုင်မှာ နယူးယောက်မြို့ ရှိ ဒီမိုကရေစီ အင်အားစုများ၏ သဘောထားအမှန်ကိုလည်း သမ္မတ ဦးသိန်းစိန်အား အနီးကပ် တင်ပြသွားနိုင်ပါလိမ့်မည်။ သည်တော့ ဤအခွင့်အရေးကို ကျွန်တော်တို့ ကလည်း လက်လွှတ် မခံသင့်သလို့  သမတအကြံပေး ဦးကိုကိုလှိုင်တို့  ဖက်မှလည်း လက်လွှတ်မခံသင့်ဟု ထင်မြင်ယူဆသည်။ တခုတော့ ရှိသည် ။ ဤသို့ တွေ့ ဆုံမှူသည် သမတဦးသိန်းစိန်၏ ပြည်တော်ပြန်လာရန် ဖိတ်ခေါ်ချက်အပေါ် မည်သည့်နည်းနှင့်မျှ မပတ်သက်ကြောင်း ဆွေးနွေးစရာ မဟုတ်ကြောင်း သိထားရန်လည်း အထူးလိုအပ်သည်။
ကျွန်တော်တို့ ၏ နယူးယောက်မြို့ ရှိ ဒီမိုကရေစီအင်အားစုများသည် မြန်မာသံရုံးရှေ့မှာ အခါအားလျှော်စွာ ဆန္ဒသဘောထားများကို ထုတ်ဖေါ်ပြောဆိုခဲ့ ပြီးဖြစ်သည်။ ယခုတခေါက်တွင် သမတဦးသိန်းစိန်၏ အကြံပေး ပုဂ္ဂိုလ်ပါ နယူးယောက်မြို့ သို့  အဖွဲ့ ဝင်အင်အား စုံစုံလင်လင်နှင့် ရောက်ရှိနေသောကြောင့် မျက်နှာစုံညီ တွေ့ ဆုံဆွေးနွေးပွဲ လုပ်ရန် အခြေအနေအရ လိုအပ်နေသည် ။ ထို့ ကြောင့် ဤဖိတ်ခေါ်ကမ်းလှမ်းမှူကို ကျွန်တော်က စတင်ဆွေးနွေးခြင်းဖြစ်သည်။ အကယ်၍ ကျွန်တော်တို့ ဖက်က လူကြီးလူကောင်းဆန်ဆန် မည်သို့ မျှ မပြောမဆိုလိုက်လျှင် ၊ သို့ မဟုတ် အမေရိကန်အစိုးရနှင့် သူတို့  တွေ့ ဆုံမှူမျိုးကို နောက်ပိုင်းမှ သိလိုက်ရပြီဆိုလျင် အခြေအနေတို့ မှာ တဖက်စောင်းနင်း ဖြစ်နေလိမ့်မည်ဖြစ်သည်။ စဉ်းစားထားရမည်မှာ ကျွန်တော်တို့ သည် နယူးယောက်မြို့ ရှိ ဒီမိုကရေစီအင်အားစုများဖြစ်၍ ဦးသိန်းစိန် အစိုးရမှ သမ္မတ အကြံပေးအဖွဲ့ မှ သိထားစေရန် အသိအမှတ်ပြုထားစေရန် အချက်အလက် တခုပေးထားရမည်ဖြစ်သည်။
ကုန်ခဲ့ သည့်နှစ်က အမေရိကန်အစိုးရမှ ဆီးနိတ်လွှတ်တော်အမတ် မစ္စတာကဘ်ကမ်ဘဲလ် က မြန်မာနိုင်ငံအရေး ကြားနာပွဲကို ၀ါရှင်တန်မြို့ မှာ ပြုလုပ်ခဲ့ သည် ။ ကြားနာပွဲမှာ မစ္စတာဂျင်ဝပ်က ဦးဆောင်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ၏ မြေး ဒေါက်တာသန်းမြင့်ဦးက မြန်မာနိုင်ငံသူများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ တောင်းဆိုချက်များကို လက်မခံရန် ကြားနာပွဲမှာ တိုက်တွန်းသွားသည် ။ သဘောက နအဖစစ်အစိုးရအား စီးပွါးရေးပိတ်ဆို့ မှူများကို ချက်ချင်း ရုပ်သိမ်းရန် တင်ပြခြင်းဖြစ်သည်။ ယခုသမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ ဝင်များသည်လည်း အမေရိကန်အစိုးရနှင့် တွေ့ ဆုံနေသည့်အခါ မည်သို့ ပင်ဆိုစေကာမူ သူတို့ က နိုင်ငံကို ကယ်တင်သူအဖြစ် ပြောကြဆိုကြတော့မည်။
ကျွန်တော်ဖြစ်စေချင်သည်မှာ တဖက်သတ် မဖြစ်စေချင် ။ ကျွန်တော်တို့ ၏ တွေ့ ဆုံပွဲအသံကို အမေရိကန်အစိုးရမှလည်း သိသွားစေရန် အထူးလိုအပ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ ဆုံခြင်း တကြိမ်လောက်နှင့် မြန်မာနိုင်ငံ ပြောင်းလဲ လာနေသည် ဆိုခြင်းကို ကျွန်တော်တို့  လက်သင့်မခံနိုင်သေး ။ နိုင်ငံရေးအကျဉ်းသားများ မလွပ်မြောက်သေး ။ ခုအချိန်ထိ မတရားဖမ်းဆီးထားသူများ -၂၀၀၀- ကျော် ရှိနေတုံးဖြစ်သည်။ လွှတ်လိုက်သောအခါ ဘိမ်းဖြူမှောင်ခိုသမားတွေ လွှတ်ပေးသည်။ ယင်းမှာ တိတိကျကျ စော်ကားခြင်းဖြစ်သည်။ မြစ်ဆုံရေကာတာ တည်ဆောက်မူမှာ အနာဂတ်တွင် လူတွေ မျိုးပြုတ်လားအောင်အထိ သေကြေပျက်သုဉ်းနိုင်သည်။ ယင်းကိစ္စကို ဦးသိန်းစိန်အစိုးရက သူတို့  အကျိုးအတွက် ဆောင်ရွက်နေသည်။ ကချင်ပြည်နယ်မှာ အကြီးအကျယ် ပြည်တွင်းစစ်ဖြစ်နေ၍ ကချင်လူမျိုးတွေ ဒုက္ခသည်အဖြစ် နယ်စပ်ကို အသက်လုပြီး ထွက်ပြေးတိမ်းရှောင် နေကြရသည်။ ဤထက်ဆိုးဝါးသော လူ့ အခွင့်အရေးပေါင်းမြောက်မြားစွာ ရှိနေသည်။ ယင်းကိစ္စကို ကျွန်တော်တို့ က ရပ်တန့် စေချင်သည်။ ငြိမ်းချမ်းသာယာစေချင်သည်။
ယခုအချိန်တွင် အမေရိကန်အစိုးရ ၏ ဆိးနိတ်လွှတ်တော်အမတ် ဒဲရက်မစ်ချယ်းရနှင့် ထိပ်တိုက်တွေ့ ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်လာစရာ ထင်မြင်ယူဆနေပါသည် ဟု မျှော်လင့်ကြောင်း ထုတ်ဖေါ်ပြောဆိုနေပြီ ။ ဆီးနိတ်လွှတ်တော်အမတ် ဒဲရက်မစ်ချဲလ် နှင့် အခြားပုဂ္ဂိုလ်များကို သူတို့  တွေ့ ဆုံပြီးသွားပြီ ။ မတွေ့ ဆုံရသေးသူများမှာ နယူးယောက်မြို့ မှ ဒီမိုကရေစီအင်အားစုများနှင့် ဖြစ်သည်။ အိမ်ရှင်ဖြစ်သော နယူးယောက်ြမို့ မှ ဒီမိုကရေစီ အင်အားစုများကို လျှော့တွက်၍ ရနိုင်လိမ့်မည်မထင် ။ ထို့ ကြောင့် သမတဦးသိန်းစိန် ၏ အကြံပေး ဦးကိုကိုလှိုင်နှင့် အဖွဲ့ ဝင်တို့ နှင့် နယူးယောက် ဒီမိုကရေစီအင်အားစုတို့  မျက်နှာစုံညီ တွေ့ ဆုံပွဲကို ပြုလုပ်ရန် သင့်သည်ဟု ထင်မြင်ယူဆသည် ။ ဤသို့ တွေ့ ဆုံမှူမျိုးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သဘောကျလက်ခံလိမ့်မည် ထင်သည် ။ အကြောင်းမှာ သမ္မတ အကြံပေး ဦးကိုကိုလှိုင် က ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားကြောင်း တော်ကြောင်း တတ်ကောင်း ပြောထားသူဖြစ်နေလို့ ပင်ဖြစ်သည်။

ခိုင်အောင်ကျော်
( နယူးယောက် )

၂၃.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/iqic1bo71q51cim/23%20Sep2011%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/c8qavn7t8id56cn/23%20Sep2011%20Yeyintnge%27s%20diary.pdf


http://www.ziddu.com/download/16493714/23Sep2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/16493715/23Sep2011Yeyintngesdiary.doc.html


23 Sep2011 Yeyintnge's Diary

အသုံးမ၀င်တဲ့ မှတ်ပုံတင်နဲ့ ခရီးသွားတွေရဲ့ဒုက္ခ


Published on September 23, 2011 by ဒီဗွီဘီ

ကျနော်က ရန်ကုန်ကနေ ကော့သောင်းကို အရေးကြီးကိစ္စနဲ့ ခရီးသွားရပါတယ်။ ရန်ကုန်ကနေ မော်လမြိုင်အထိ ဘာမှ ပြဿနာ မရှိပေမယ့် မော်လမြိုင်လွန်တာနဲ့ လ၀ကနဲ့ လူကုန်ကူးတားဆီးရေး ဆိုတဲ့အဖွဲ့တွေ တောက်လျှောက်လာစစ်တယ်။ မှတ်ပုံတင်တစောင်ကို ၅၀၀ ကနေ ၁၀၀၀ အထိ ပေးဆောင်ပြီး ခရီးသွားရတယ်။ ပိုဆိုးလာတဲ့နေရာက ထားဝယ်အ၀င်မှာပါ။ မှတ်ပုံတင်နယ်ခြားကို ၅၀၀၀ ကောင်းကောင်းမတောင်းဘူး။ ဟိန်းဟောက်ခြောက်လှန့်ပြီး တောင်းတယ်။ ပေးတဲ့လူတွေပေးတယ်။ ကျနော်ကတော့မပေးဘူး။ စကားတော်တော်များ လိုက်တယ်။ မှတ်ပုံတင် ထားခဲ့လိုက်တယ်။ တိုင်းရဲစခန်းကို သွားအမှုဖွင့်တယ်။ မှတ်တမ်းရေးပေးပါ့မယ်ဆိုပြီး ရေးပေးတယ်။ ထားဝယ်မှာ သုံးရက်ကြာတယ်။ တိုင်းရုံးက ထောက်ခံစာ ရေးပေးလိုက်တယ်။ ကော့သောင်းရောက်တော့ လူကုန်ကူးတားဆီးရေးအဖွဲ့ ရဲတွေက ကျနော့် ထောက်ခံစာကို လုံးခြေ လွှတ်ပစ်လိုက်ပြီး မင်း ရန်ကုန်ပြန်ရမယ်၊ ကော့သောင်းမ၀င်ရဘူးဆိုပြီး သီရိမြိုင်အုပ်ချုပ်ရေးမှူးရုံးမှာ သွားချုပ်ထားတယ်။ မင်းတို့ ထွက်ချင်ရင် မှတ်ပုံတင်တစောင်ကို ၇ သောင်း ဆိုပြီး လာပြောတယ်။ ကောင်မလေးတွေကိုတော့ မှတ်ပုံတင် တစောင် ငါးသောင်းနဲ့ တည့်ပြီး လာထုတ်သွားတယ်။ ခဏနေတော့မှ ကျနော့်သူငယ်ချင်း ရောက်လာလို့ ကျနော်ထွက်ရတယ်။ ခရီးသွားတွေ စိတ်ချမ်းသာမလား။ မှတ်ပုံတင်က မြန်မာပြည်မှာ သုံးမရဘူးလား။ တဖက်နိုင်ငံခိုးထွက်မဲ့သူတွေ ဘယ်နေရာကနေ တားသင့်သလဲ။ အသုံးမ၀င်တဲ့ ဒီမှတ်ပုံတင် ဘာလို့ ထုတ်ပေးနေမလဲ။ အခုလို လာဘ်စားပြီး ရိုင်းပြတဲ့ ၀န်ထမ်းတွေကို ဘယ်လိုအရေးယူမလဲ။ သမ္မတကြီးနဲ့ တိုင်းမှူးကြီးသိအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

ခရီးသည်တဦး
http://burmese.dvb.no/archives/15845

ဒုတိယ လေးလပတ် အစည်းအဝေး နေပြည်တော်မှာ ပြုလုပ်မည်


Published on September 23, 2011 by မင်းလွင်

မြန်မာတပ်မတော်ရဲ့ ဒုတိယလေးလပတ် အစည်းအဝေးမှာ နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ်မှာ ပွင့်လင်းရာသီထိုးစစ်တွေနဲ့ စစ်တိုင်းအသစ် တိုးချဲ့မယ်ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ စစ်ဘက် သတင်းရပ်တွေအရ သိရပါတယ်။

နေပြည်တော်မှာ အခုလာမယ့် စနေနေ့ ပြုလုပ်မှာဖြစ်တဲ့အတွက် ဒေသအသီးသီးက စစ်တိုင်းမှူးတွေ၊ တပ်မမှူး၊ စခကမှုးနဲ့ ဒကစမှုးတွေဟာ နေပြည်တော်ကို ရောက်ရှိနေကြပြီလို့ ဆိုပါတယ်။

ဒီအစည်းအဝေးမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ရဲ့ နယ်မြေတွေမှာ ဖြစ်ပွားနေတဲ့ မြန်မာတပ်မတော် စစ်ဆင်ရေးတွေကိုလည်း ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းက ကေအိုင်အေစစ်ဆင်ရေးတွေကို အဓိကထား သုံးသပ်ဆွေးနွေးသွားမယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

တပ်မတော်ထဲမှာ တိုင်းမှူးနဲ့ တပ်မှူးတွေ နေရာအပြောင်းလဲကိုလည်း အခု လေးလပတ် အစည်းအဝေးမှာ ကြေညာမယ်လို့လည်း သိရပါတယ်။

အရပ်ဘက် စစ်ဗိုလ်ချုပ်ဟောင်းတွေကို အာဏာလွှဲပြောင်းလိုက်ပြီးနောက်ပိုင်း လွှတ်တော်အတွင်းရှိ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ အခြေအနေနဲ့ အရပ်သား အစိုးရအဖွဲ့နဲ့ စစ်တပ်အပေါ် ဆက်ဆံရေးကိုလည်း အလေးထား ဆွေးနွေးကြမယ်လို့လည်း နယ်စပ်က စစ်ရေးအကဲခပ်တွေက ပြောကြပါတယ်။

`အဲဒီလေးလပတ် အစည်းအဝေးနဲ့ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုချက် မပေးနိုင်ပါဘူး။

စစ်ဘက်သတင်းရပ်ကွက်တွေအဆိုအရ မြန်မာနိုင်ငံ အနောက်မြောက်ဘက် အိန္ဒိယနယ်စပ် တနိုင်းမြို့မှာ အခြေစိုက်တဲ့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (တနိုင်း) ကို အဆင့်တိုးမြင့်ပြီး တိုင်းစစ်ဌာနချုပ်တခုအဖြစ် အသစ်ဖွဲ့စည်းမယ်လို့လည်း ကြားသိရပါတယ်။

မတ်လ ၃၀ ရက်နေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေးဦးစီးချုပ်ကနေ လွှဲပြောင်းလိုက်ပြီးတဲ့နောက်ပိုင်း အခုလို လေးလပတ်အစည်းအဝေးကို ဒုတိယမြောက် ခေါ်ယူတာပါ။
http://burmese.dvb.no/

အမေရိကန်၊ စင်ကာပူဒေါ်လာနဲ့ မြန်မာကျပ်ရာဇ၀င်





အမေရိကန်၊ စင်ကာပူဒေါ်လာနဲ့ မြန်မာကျပ်ရာဇ၀င်

ဇော်အောင် (မုံရွာ)
စက်တင်ဘာ ၂၃၊ ၂၀၁၁




၁၉၉၀ တုန်းကပေါ့ဗျာ။
အမေရိကန်တစ်ဒေါ်လာ ၃၀ ကျပ်
စင်ကာပူတစ်ဒေါ်လာ ၄၅ ကျပ်
တိုက်ခန်းတစ်ခု ၃ သိန်း၊ ဟိုင်းလတ်ကားတစ်စီး ၃ သိန်း၊ တယ်လီဖုန်းတစ်လုံး ၃သိန်း၊ ဒန်ပေါက်တစ်ပွဲ ၅ ကျပ်။

၂၀၀၇ သံယာအရေးအခင်းကျတော့
အမေရိကန်တစ်ဒေါ်လာ ၁၃၅၀ ကျပ်
စင်ကာပူတစ်ဒေါ်လာ ၉၀၀ ကျပ်
တိုက်ခန်းတစ်ခု ၃၀၀ သိန်း၊ ဟိုင်းလက်တစ်စီး ၃၀၀ သိန်း၊ တယ်လီဖုန်းတစ်လုံး ၂၅ သိန်း၊ ဒန်ပေါက်တစ်ပွဲ ၈၀၀ ကျပ်။



၂၀၁၁ ရောက်ပါပြီ။
အမေရိကန်တစ်ဒေါ်လာ ၇၅၀ ကျပ်
စင်ကာပူတစ်ဒေါ်လာ ၆၂၀ ကျပ် .. ဟိုက် ... ကျလှချည်လား...
တိုက်ခန်းတစ်ခု ၅၀၀ သိန်း၊ ဟိုင်းလက်တစ်စီး ၂၀၀ သိန်း၊ တယ်လီဖုန်းတစ်လုံး ၅ သိန်း၊ ဒန်ပေါက်တစ်ပွဲ ၁၂၀၀ ကျပ်
(မှန်းချေ၊ ဈေးနှုန်းဖြစ်သည်)။





မြန်မာနိုင်ငံ၏ GDP ppp ကုန်ထုတ်စွမ်းအားသည် ၁၉၉၉ခုနှစ် 14 billion သာရှိခဲ့သည်။ ထိုင်းနိုင်ငံသို့ ရတနာဓါတ်ငွေ့ ပိုက်လိုင်းပြီးစီးကာ စတင် ရောင်းချသည်မှစပြီး တဟုန်ထိုးတက်လာသည်။ ၂၀၁၀တွင် 77 billion ရောက်ရှိပြီး၊ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု Foreign Direct Investment FDI 2011 တွင် 20 billions ရရှိပြီး၊ ဗီယက်နမ်နိုင်ငံထက် များမည်ဟုဆိုသည်။ ကောင်းသောအလားအလာများဖြစ်ပါသည်။ မြန်မာအစိုးရသစ်တွင် ပြုပြင်ပြောင်လဲလိုသူများ Reformists နှင့် လက်ရှိအရေးပါနေရာသောစီးပွားလုပ်ကွက်များတွင် ရှိနေသည့် လူ ဟောင်းများ (မီဒီယာများတွင် ခရိုနီဟု ခေါ်ခံရသူများ) ရှိနေပါသည်။ သမ္မတဦးသိန်းစိန်အစိုးရက ဦးဆောင်ပြောင်းလဲ လုပ်ဆောင်ရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံပါတီများလည်း အပြုသဘောလုပ်ဆောင်လျှက်ရှိသည်။

တိုင်းပြည်တည်ထောင်ရန်အတွက် မီဒိယာကို ဖွင့်ပေးလာခြင်း၊ စီးပွားရေးလုပ်ငန်းများမှ အခွန်ကောက်နိုင်ရန်လုပ်ဆောင်ရင်း၊ ယခု ၂နှစ်အတွင်း မြန်မာကျပ်ငွေသည် အလွန်ခိုင်မာလာသည်ကို အံ့သြဘွယ်တွေ့ရသည်။ ၂နှစ်အတွင် အမေရိကန်တစ်ဒေါ်လာသည် ကျပ်ငွေ ၉၀၀အောက်သို့ ကျဆင်းသွားသောကြောင့်၊ အခက်အခဲများစွာ တွေ့လာရသည်။ စီးပွားရေးအကြံပေးအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးသူ ဒေါက်တာဦးမြင့်ကို ခန့်ထားရာမှ၊ အကြံပေးမှုများကို မီဒီယာများတွင် တွေ့ရပါသည်။ အစိုးရသစ်က မည်သို့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုရရှိရေးအတွက် ဆွဲဆောင်မှုများစွာရှိသော်လည်း နိုင်ငံခြားမှ အထူးစီးပွားရေးကုမဏ္ဍီများသာ လာရောက်ကြသည်။ ဥပမာ .. ဓါတ်ငွေ့ ၊ ရေနံ၊ ရေအားလျှပ်စစ်၊ ကျောက်စိမ်း၊ သစ်၊ အထည်ချုပ်၊ စသည့်လုပ်ငန်းများဖြစ်သည်။


မြန်မာကျပ်ငွေကို 1-Jul-1952 တွင်စတင်ခဲ့သည်။ တစ်ကျပ်လျှင်တစ်အိန္နိရူပီးသတ်မှတ်ခဲ့သည်။
ထိုအချိန်တွင် US$1=4.7619 Kyat = 4.7619 Indian Rupees ပေါက်ဈေးရှိသည်။
အနီးစပ်ဆုံး US$1.00 ပေါက်ဈေးများကို မြန်မာ့နိုင်ငံရေးဖြစ်ရပ်များနှင့် အမှတ်တရလေ့လာနိုင်ပါသည်။




ကျပ်ငွေသမိုင်းဇယားကို မှတ်တမ်းတင်ပါသည်။



၂၀၁၁ လွှတ်တော်တွင် အစိုးရငွေဈေးမှာ US$1.00= Kyat 6.50 ဖြစ်နေခြင်းကို နှုန်းသစ်သတ်မှတ်ရန်ဆွေးနွေးနေကြပါသည်။ ကျနော် ပြည်ပတွင်နှစ်ပေါင်း၂၀ အလုပ်သွားလုပ်ရသောကြောင့် မြန်မာပြည်ကြီး ရှိတာအကုန်ထုတ်ရောင်းရခြင်းကိုပဲ စိတ်ပျက်ပြီး၊ မြန်မာ့ စီးပွား ရေးကိုလည်း လုံးဝနားမလည်ပါ။ ယခုအစိုးရသစ်အနေနှင့် ကျပ်ငွေတန်ဖိုးမြင့်အောင်လုပ်နိုင်ခြင်းအတွက် စိတ်အားတက်မိပါသည်။

ကမ္ဘာစီးပွားရေးကို ကြည့်ပါက၊ ၂၀၀၈ အမေရိကန်စီးပွားရေးကပ်ကဲ့သို့ ထပ်မံဖြစ်လာမည့် အရိပ်ယောင်ပြနေပါသည်။ စီးပွားရေးမကောင်းလျှင့် အိမ်ယာဈေးများ တက်လာလေ့ရှိသည်။ မြန်မာပြည်တွင်လည်း အိမ်ယာဈေးများတက်နေပါသည်။ စီးပွားရေးကျဆင်းမည့်ပုံရှိသည့် နိုင်ငံများတွင်လည်း အိမ်ယာဈေးများတက်လာပြန်ပါသည်။ ယခု စင်ကာပူတွင်လာရောက်အလုပ်လုပ်ကြသော မြန်မာများအဖို့ အ ခက်အခဲများ ကြုံတွေ့နေရပြီဖြစ်သည်။ အလုပ်ပါမစ်များ ဆက်မတိုးပေးခြင်း၊ အသစ်ချမပေးခြင်း၊ အိမ်ဈေးများကြီးလာခြင်းအပြင် မြန်မာပြည်ငွေပို့လျှင် ဒေါ်လာပိုကုန်ကျလာသောကြောင့် နိုင်ငံခြားလုပ်ရသည်မှာ မကိုက်တော့ဘူး ဖြစ်လာကြပါသည်။

မြန်မာအစိုးရအဖို့ အရှေ့တောင်အားရှနိုင်ငံများတွင် စင်ကာပူကိုမှီရန် မဖြစ်နိုင်ပါ။ တစ်ဦးချင်းဝင်ငွေတွင် စင်ကာပူသည် နော်ဝေး၊ ကာတာ စသည့်နိုင်ငံငယ်များနှင့် ယှဉ်ပြီး ထိတ်တန်းတွင်ရှိနေပါသည်။ စင်ကာပူသည် ငယ်သော်လည်း၊ GDP တွင် အရှေ့တောင်အာရှအဆင့်ပင် ဗီယက်နမ်၊ မြန်မာနိုင်ငံကြီးများထက် ၂ ဆမျှသာလွန်သေးသည်။ GDP မြင့်များလာပါက ထိုနိုင်ငံငွေကြေးကို ကမ္ဘာကအသိအမှတ်ပြုရသည်။ နိုင်ငံချမ်းသာလာခြင်းဟု ပြောနိုင်ပါသည်။

GDP ကုန်ထုတ်စွမ်းအား တိုးတက်လာသောအခါ၊ အစိုးရက အခွန်များများရပါသည်။ အစိုးရအခွန်ကောက်ရငွေသည် GDP ၏ ၁၀ ရာနှုန်းခန့် ရရှိပြီး၊ ထိုငွေဖြင့် စစ်ရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လမ်း၊တံတား၊ လူနေအိမ်တည်ဆောက်ခြင်းများကို လုပ်ရသည်။ စင်ကာပူတွင် လူများဝင်ငွေမှ ၃၀% ခန့်ကို CPF ဟုခေါ်သော စနစ်ဖြင့် မစုမနေရ၊ စုဆောင်းခိုင်းထားသည်။ ထိုငွေဖြင့် နိုင်ငံ၊ ခေါင်းဆောာင်၊ စီးပွားပညာရှင်များက ပြန်လည်ရင်းနှီးရင် တိုင်းပြည်ပိုမိုချမ်းသာလာပါသည်။

အောက်ပါဇယားအရ၊ မြန်မာနိုင်ငံ GDP တဟုန်ထိုးတက်လာသည်။ ဗီယက်နမ်ကို ကျော်ပြီးလျှင် စင်ကာပူ၊ မလေးရှားကို မှီရန် ပြည်ပရောက်၊ မြန်မာများ၊ ပြည်တော်ပြန်လာမှဖြစ်ပါမည်။ အခုပြန်လို့မရပါ။ အလုပ်မရှိ၊ စီးပွားရပ်ချိန်ခဏစောင့်ရန်ဖြစ်သည်။ နိုင်ငံစုဆောင်းငွေ Foreign Reserve Money များလာရမည်။ Foreign Direct Investment FDI များစွာရှိရမည်။ အခွန်ရှောင်ပြေးသူ (Corruption) နည်းရမည်။ ထိုအချိန်တွင် ကျွန်ုပ်တို့အတွက် အလုပ်အကိုင်များရှိလာပြီး ပြန်နိုင်မည်ဖြစ်သည်။

အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းသမိုင်းကို လေ့လာပါက၊ စင်ကာပူ၊ ဂျပန်၊ ဂျာမဏီ၊ ဆွဒ်ဇာလန် နိုင်ငံများမှာ ငွေကြေးအလွန်ခိုင်မာသည်ကို တွေ့နိုင်သည်။ http://fx.sauder.ubc.ca/etc/USDpages.pdf ၊ အမေရိကန်ဒေါ်လာသည်လည်း အခြားငွေကြေးများနှင့်ယှဉ်ပါက တော် တော်ခိုင်မာနေဆဲဖြစ်သည်။ စီးပွားအင်အားအကြီး ဆုံး ဖြစ်နေဆဲပင်ဖြစ်သည်။ ကျပ်ငွေခိုင်မာခြင်းဖြင့်၊ ပြည်ပရောက်မြန်မာများထံမှ ၀င်ငွေခွန်ကောက်စရာမလိုတော့ပါ။ သူတို့မျာနိုင်ငံခြားငွေရှာပေး သူများဖြစ်သည်။ ယခုအခါ ၁၀% မှ ၂% သို့ ခေတ္တလျှော့ကောက်နေ ပါသည်။ ကောင်းပါသည်။ နိုင်ငံတကာတွင် ပြည်ပလုပ်ကိုင်သူများကို ၀င်ငွေခွန်မကောက်ကြပါ။

မည်သို့ပင်ဖြစ်စေ၊ ကျပ်ငွေတန်ဖိုးတက်လာခြင်းကို ကြိုဆိုရပါသည်။




အရှေ့ တောင်အာရှနိုင်ငံများ GDP နှိုင်းယှဉ်ချက်ဇယား



ကမ္ဘာ့ချမ်းသာသောနိုင်ငံများ၏ GDP. တရုတ်သည် ဂျပန်ကိုကျော်ပြီး ဒုတိယစူပါနိုင်ငံဖြစ်လာ၏။

http://www.moemaka.com/

လက်ဝါးကြီးအုပ် နိုင်ငံရေးစနစ်

သောကြာ, 23 စက်တင်ဘာ 2011
By Moe Zaw Aung

စက်တင်ဘာ (၁၅) ရက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ဒီမိုကရေစီစနစ်ကောင်းကြောင်းတွေကို ပြောဆိုကြပါတယ်။ ဒီဖြစ်ရပ်မျိုးကို မကြုံစဘူး လွတ်လွတ်လပ်လပ် သတင်းယူနိုင်ကြတာ တွေ့ရပါတယ်။ စစ်အစိုးရ တည်ထောင်တဲ့ ပြည်ခိုင်ဖြိုး (ခေါ်) ကြံ့ဖွံ့ပါတီ ပြည်သူ့ဆက်ဆံရေး မျက်နှာပန်းလှနေပုံကို လွှတ်တော်မှာ တွေ့နိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် (၈၀) ရာခိုင်နှုန်း နီးပါးရှိတဲ့ ကြံ့ဖွံ့ပါတီဟာ အဆုံးအဖြတ်ပေးနိုင်တဲ့အဖွဲ့ ဖြစ်ပါတယ်။

စစ်တပ်တည်ထောင်တဲ့ နိုင်ငံရေးပါတီက အရပ်သားအစိုးရဖွဲ့တာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ် ၁၉၇၄ ခုနှစ်မှာ စစ်တပ်တည်ထောင်တဲ့ မဆလ - ဆိုရှယ်လစ်ပါတီက အရပ်သားအစိုးရအဖွဲ့ ဖွဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် အရေးတော်ပုံမှာ မဆလ အရပ်သားအစိုးရနိဂုံးချုပ်ပြီး စစ်အစိုးရ တက်လာပြန်ပါတယ်။ အဲဒီစစ်အစိုးရက ကြံ့ဖွံ့ပါတီတည်ထောင်ပြီး အရပ်သားအစိုးရ ဖွဲ့စည်းတာပါ။ ၁၉၇၄ ခုနှစ်မှာ တပါတီ အရပ်သားအစိုးရကို စစ်တပ်က တည်ထောင်ပြီး အခုတခါ ဒီမိုကရေစီအမည်ခံ အရပ်သားအစိုးရကို တည်ထောင်ပါတယ်။ ဒီနည်းနဲ့ စစ်ဗိုလ် လူတန်းစား အာဏာယူထားတာ အနှစ် (၅၀) နီးပါး ရှိနေပါပြီ။

ဗမာအစိုးရ ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေဟာ စစ်ဗိုလ်ကို တရားဝင်နိုင်ငံရေး လုပ်ပိုင်ခွင့်ပေးတဲ့ အင်ဒိုနီးရှား အာဏာရှင် ဆူဟာတိုရဲ့  ဒွိဖန်စီ (Dwifungsi) သဘောတရား ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ စစ်တပ်ဟာ ကာကွယ်ရေးမှာ လုပ်ပိုင်ခွင့်ရှိသလို နိုင်ငံရေး၊ စီးပွားရေးမှာ လုပ်ပိုင်ခွင့် ရှိတယ်လို့ဆိုတဲ့ လုပ်ပိုင်ခွင့် နှစ်ရပ်ကို ဥပဒေပြုပြီး ပြဋ္ဌာန်းတာဟာ ဆူဟာတို လမ်းစဉ် ဖြစ်ပါတယ်။ စစ်ဝတ်စုံချွတ်ပြီး သမ္မတအဖြစ် နှစ်ပေါင်းများစွာ အာဏာရှင်လုပ်ခဲ့တဲ့ ဆူဟာတိုဟာ ဗမာဗိုလ်ချုပ်တွေရဲ့  စံပြပုဂ္ဂိုလ် ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ဇွန်လမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆူဟာတို အား သွားရောက်ဂါရဝပြုပြီး ဆူဟာတို ကိုယ်တိုင် ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလမှာ မြန်မာပြည်ကို လာလည်တဲ့အတွက် မြန်မာနဲ့ အင်ဒိုနီးရှားကို အသွင်တူတဲ့ နိုင်ငံတွေအဖြစ် ဗမာအစိုးရ စာနယ်ဇင်းတွေက အမွှမ်းတင် ရေးသားခဲ့ကြပါတယ်။

ဒွိဖန်စီ သဘောတရားကို အမျိုးသားရေးဝါဒအဖြစ် အသုံးပြုပြီး တိုင်းပြည်နေရာ အနှံအပြားမှာ စစ်မှုထမ်းတွေ စွက်ဖက်လာကြပါတယ်။ စစ်တပ်ရဲ့  လက်ဝါးကြီးအုပ်ချုပ်မှုကြောင့် တပြည်လုံး ချွတ်ခြုံကျလာရတယ်လို့ အင်ဒိုနီးရှား ဗိုလ်ချုပ်တွေက ယုံကြည်လာတဲ့အခါမှာ ဒွိဖန်စီ စနစ် နိဂုံးချုပ်သွားပါတယ်။ ဒွိဖန်စီ စနစ် ကျင့်သုံးလာတဲ့ အနှစ် (၃၀) ကျော်မှာ အင်ဒိုနီးရှား လွှတ်တော်မှာ စစ်ဗိုလ်ပါဝင်တဲ့ အချိုးအစား နည်းလာပါတယ်။ ဆူဟာတို စနစ်နိဂုံးချုပ်တဲ့ ၁၉၉၈ ခုနှစ်မှာ လွှတ်တော်ကိုယ်စားလှယ် (၅၀၀) မှာ စစ်ဗိုလ် (၇၅) ဦးပဲ ရှိပါတော့တယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ ၁၉၉၉ ခုနှစ်မှာ စစ်ဗိုလ် (၃၈) ဦးအထိ လျော့နည်းလာပြီး နောက်ပိုင်း ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ စစ်ဗိုလ်ကိုယ်စားလှယ် မပါတော့ပါဘူး။ စစ်တပ်အားကိုးပြီး တိုင်းသူပြည်သားများကို ဖိနှိပ်နေလို့ စီးပွားရေး၊ နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေး ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်လာတာဟာ အာဏာရှင်စနစ်ရဲ့  နိဂုံး ဖြစ်ပါတယ်။

တချို့ ကလည်း ပျက်စီးသွားတဲ့ အင်ဒိုနီးရှား အာဏာရှင်စနစ်ကို ဗမာက အတုမခိုးတော့ဘူးလို့ ဆိုပါတယ်။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို နိုင်ငံရေးပါတီအဖြစ် အရင်ကတည်းက အသိအမှတ်ပြုသူဟာ တရုတ်ကွန်မြူနစ် ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလ ဘေဂျင်းမှာ ကျင်းပတဲ့ အာရှနိုင်ငံရေးပါတီ ညီလာခံကို ကြံ့ခိုင်အသင်း တက်ရောက်ခဲ့ချိန်ကစပြီး အာဏာမြဲတဲ့ တရုတ်နိုင်ငံရေးစနစ်ကို ဗမာစစ်ဗိုလ်တွေ မျက်စိကျလာတယ်လို့ သုံးသပ်တာမျိုး ရှိလာပါတယ်။ တရုတ်ပြည်မှာ တပါတီ အာဏာရှင်စနစ် ကျင့်သုံးတယ်လို့ လူသိများပေမယ့် တရုတ်ကတော့ ပါတီစုံ ဒီမိုကရေစီစနစ်သာ ဖြစ်ကြောင်း စောဒက တက်ထားပါတယ်။ ပါတီဝင်သန်း (၉၀) ရှိတဲ့ ကွန်မြူနစ်ပါတီအပြင် အခြား နိုင်ငံရေးပါတီ (၈) ပါတီရှိတာကို ထောက်ပြပါတယ်။ ကွန်မြူနစ် မဟုတ်တဲ့ (၈) ပါတီမှာ ပါတီဝင် (၁) သန်းလောက်ရှိပြီး အသိပညာရှင် အတက်ပညာရှင်တွေ အများဆုံး ပါဝင်ကြတယ်လို့ သိရပါတယ်။

၂၀၀၇ မှာ နိုင်ငံတော်ကောင်စီကထုတ်တဲ့ တရုတ်နိုင်ငံရေးပါတီစနစ် ဆိုတဲ့ စာတမ်းမှာ ပါတီစုံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ တိုင်ပင်ဆွေးနွေးရေးဟာ တိုင်းပြည်ရဲ့  နိုင်ငံရေးဘဝ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးပါတီ (၈) ပါတီကို အတိုက်အခံအဖြစ် မသတ်မှတ်ဘဲ အေးအတူပူအမျှ ကွန်မြူနစ်ပါတီနဲ့ လက်တွဲ လုပ်ကိုင်သူအဖြစ် သတ်မှတ်ထားပါတယ်။ (၈) ပါတီက ပုဂ္ဂိုလ်တွေဟာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီမှာရော အစိုးရဌာနတွေမှာရော ပါဝင်ကြပါတယ်။ တိုင်ပင်ဆွေးနွေး ပူးပေါင်းလုပ်ကိုင်ရေး စနစ်ကြောင့် ပြိုင်ဆိုင်ရမှုနဲ့ ထိပ်တိုက်တွေ့မှုကင်းပြီး နိုင်ငံရေး တည်ငြိမ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တိုင်ပင်ဆွေးနွေးရမယ်ကိစ္စနဲ့ ဘယ်သူတွေ ပါဝင်ရမယ်ဆိုတာကို အာဏာရပါတီကသာ ဆုံးဖြတ်ပါတယ်။ ၁၉၉၀ က ၂၀၀၆ အထိ (၁၆) နှစ်အတွင်း တိုင်ပင်ဆွေးနွေးပွဲ၊ နှီးနှောဖလှယ်ပွဲပေါင်း (၂၃၀) ကျော် ကျင်းပခဲ့ပြီး အယူအဆအမျိုးမျိုးကို ကွန်မြူနစ်ပါတီက ကြားနာခဲ့တယ်လို့ ဆိုပါတယ်။ တရုတ် ဒီမိုကရေစီ အနှစ်သာရဟာ ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ပါ။ နေပြည်တော်မှာ ကျင့်သုံးတဲ့ ဒီမိုကရေစီဆိုတာဟာလည်း ကြံ့ဖွံ့ပါတီ ကြီးကြပ်မှုအောက်မှာ ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ကြတာကို ဆိုလိုတာဖြစ်ပုံ ရပါတယ်။
http://www.voanews.com/burmese

သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့ခွင့်မပေးတာ သဘာဝကို လွန်ဆန်တာဟု ဗကပတုံ့ပြန်



ကိုပေါက် | သောကြာနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၁၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ လွတ်လပ်သော လူထုလူတန်းစား သမဂ္ဂများ ဖွဲ့ခွင့် မပြုခြင်းမှာ သဘာဝအား လွန်ဆန် ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) က ပြောဆို လိုက်သည်။

ဗုဒ္ဓဟူးနေ့ ပြည်သူ့လွှတ်တော်တွင် အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်းက "လွတ်လပ်ရေး မရမီနှင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသား ကိုယ်စားပြု အဖွဲ့အစည်း များ၏ အကွဲအပြဲမျိုး၊ နိုင်ငံရေးသမားများ၏ အသုံးချခံ ဖြစ်ခဲ့ရသည့် အခြေအနေမျိုး ထပ်မံ မကြုံတွေ့
ရအောင် စနစ်တကျ စီမံဆောင်ရွက်ရန်" ၂ဝဝ၈ ဖွဲ့စည်းပုံအရ လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းပြီး ဥပဒေနှင့် အညီ ဖွဲ့စည်း ဆောင်ရွက်ပေးသွားရမည်ဟု ပြောဆိုသွားသည်။

လွတ်လပ်ရေးရပြီးစ ပါလီမန် ဒီမိုကရေစီခေတ်အတွင်း ကျောင်းသားတပ်ဦး၊ ဒီအက်စ်အို၊ အလုပ်သမား/လယ်သမား သမဂ္ဂ၊ အလုပ်သမား/လယ်သမား အစည်းအရုံး စသဖြင့် အမျိုးမျိုး ကွဲပြားခဲ့ကြသည့်အတွက် "စည်းလုံးမှု ပျက်ပြားခြင်း၊ သဘောထား ကွဲပြားခြင်းများကိုသာ ဖြစ်ပေါ်စေခဲ့သည်"ဟု အကြောင်းပြဆိုထားသည်။

သို့သော် လူထုလူတန်းစား အဖွဲ့အစည်း ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ရောင်ပြန်ဟပ်မှုသာဖြစ်ပြီး ဟန့်တားခြင်းမှာ မဖြစ်နိုင်သည့်ကိစ္စဖြစ်ကြောင်း ဗကပ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက “ကျောင်းသား သမဂ္ဂ ဖြစ်ဖြစ်၊ အလုပ်သမား သမဂ္ဂဖြစ်ဖြစ် အဲဒီတုန်းက နိုင်ငံရေးအခြေအနေ၊ အယူအဆတွေ ဝင်တာ မဆန်းဘူးလို့ ထင်ပါတယ်။ ဒါဟာ သမဂ္ဂတွေအပါအဝင် ဘယ်အဖွဲ့အစည်းမဆို လူ့အဖွဲ့အစည်းရဲ့ ရောင်ပြန်ဟပ်မှုကို အမြဲခံရတာ ဓမ္မတာပါပဲ။ ဘာသာရေးအရပဲပြောပြော၊ နိုင်ငံရေးအယူအဆအရပဲပြောပြော တခုတည်း ဘယ်လိုမှ မရှိနိုင်ဘူး။ ဒါသိပ် သဘာဝကျတဲ့ကိစ္စပါ။ အဲလို မဖြစ်နိုင်တဲ့ကိစ္စကို အတင်းဖြစ်ရမယ်လို့ လုပ်တဲ့လူဟာ အာဏာအားကိုးနဲ့
သဘာဝကို လွန်ဆန်ပြီး ဖျက်ဆီးနေကြတာဖြစ်တယ်” ဟု တုန့်ပြန်ပြောဆိုသည်။

၁၉၆၃ မန္တလေးခရိုင် ဗကသ အတွင်းရေးမှူး၊ ကျောင်းသား ညီညွတ်ရေး တပ်ဦး တွဲဖက် အတွင်းရေးမှူးအဖြစ် တာဝန် ယူခဲ့သည့် ရဲဘော်ဖိုးသံချောင်းက ဆက်လက်၍ ပဋိပက္ခများဖြင့်သာ တိုးတက်ဖြစ်ထွန်းစေနိုင်ပြီး မှန်ကန်စွာ ထိန်း၍ တည်ရှိခွင့် ပြုသင့်ကြောင်း “အဲလို ပဋိပက္ခတွေထဲ ကနေပြီးတော့ပဲ ရှေ့တက်လှမ်းမှုဆိုတာ ဖြစ်ပေါ်တာပါ။ အဲလို ပဋိပက္ခတွေ မရှိတဲ့ အခါကျတော့ မဆလ ခေတ်တလျှောက်လုံး ဥပမာ ကျောင်းသားတွေရဲ့ ပညာရေးပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ် ကြံ့ခိုင်ဖွံ့ဖြိုးမှုပဲ ဖြစ်ဖြစ်၊ ဦးနှောက် ကြံ့ခိုင်ဖွံ့ဖြိုးမှုပဲ ဖြစ်ဖြစ် တိုးတက်လာသလား။ အဘက်ဘက်က ဆုတ်ယုတ်လာတာ ဒီနေ့ထိ ကြာလေဆိုးလေပဲ” ဟု ပြောသည်။

လွတ်လပ်ရေးနှင့် အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှုများတွင် ရှေ့တန်းမှ ပါဝင်ခဲ့သော ကျောင်းသားသမဂ္ဂများ
အား ၁၉၆၂ အာဏာသိမ်း ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရမှသည် တရားဝင် တည်ရှိခွင့် မပေးခဲ့သည်မှာ ယနေ့တိုင်
ဖြစ်သည်။

မဆလ ခေတ်တလျှောက် ကျောင်းသားသမဂ္ဂ အရေးကိစ္စနှင့် ပတ်သက်၍ နောက်ဆုံး ပြောကြားခဲ့သည်မှာ ၁၉၈၈
နောက်ဆုံး သမ္မတ ဒေါက်တာမောင်မောင်က “ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြရအောင်ပါ” ဟုဆိုကာ ဆန္ဒပြ ကျောင်းသားထုကြီးအား နှစ်သိမ့်ဖို့ ကြိုးစားခဲ့သည်။

သို့သော် ကျောင်းသားများက သမဂ္ဂအား လူထုပရိသတ်ရှေ့တွင် မိမိဖာသာ ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့နောက် ၁၉၈၈ အာဏာသိမ်း စစ်အစိုးရများ လက်ထက်မှသည် ယနေ့အချိန်ထိ မြေအောက်သဏ္ဍာန်ဖြင့်သာ စည်းရုံး လှုပ်ရှား
မှုများ ပြုလုပ်နေရဆဲ ဖြစ်သည်။

သို့သော် ဗကသမှာ အာဏာပိုင်များ ဖွဲ့ခွင့်ပြုခြင်းနှင့် မသက်ဆိုင်ဘဲ ကျောင်းသားထု၏ စိတ်ဓါတ်သာ အရေးကြီးကြောင်း ဗကသများအဖွဲ့ချုပ် နိုင်ငံခြားရေးရာ ကော်မတီ တာဝန်ခံ ကိုမင်းနိုင်က မဇ္ဈိမကို ပြောသည်။

“ဗကသများ အဖွဲ့ချုပ်ဆိုတာ ကျောင်းသားရှိရင် သမဂ္ဂရှိမယ် ဆိုတဲ့အတိုင်း အာဏာပိုင်တွေ၊ အုပ်ချုပ်သူတွေက
ခွင့်ပြုမှ ဖွဲ့ခွင့်ရှိတာ မဟုတ်ပါဘူး။ ကျောင်းသား လူငယ်ထုတွေ ကိုယ်၌က သမဂ္ဂ စိတ်ဓါတ်နဲ့ ကျောင်းသားထု အခွင့်အရေး အတွက်ဖြစ်စေ၊ အမျိုးသား နိုင်ငံရေး အတွက်ဖြစ်စေ ရပ်တည်နေနိုင်ရမယ်” ဟု သူက ပြောသည်။

စက်တင်္ဘာ ၂၁ ရက် လွှတ်တော်တွင် ဝန်ကြီး ဦးကျော်ဆန်း ပြောကြားချက်မှာ အာဏာရ အစိုးရများ အဆက်ဆက် ဒုတိယအကြိမ် ကျောင်းသားသမဂ္ဂ အရေးမှာ ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

အလုပ်သမား အဖွဲ့အစည်းနှင့် ပတ်သက်သည့် ဥပဒေကြမ်းတခုကိုမူ သြဂုတ်လ လွှတ်တော်က အတည်ပြုလိုက်ပြီး
ဖြစ်သည်။

ဤဥပဒေအရ ပေါ်ထွက်လာနိုင်ဖွယ်ရှိသည့် အလုပ်သမား အဖွဲ့အစည်းမှာ မဆလခေတ် အလုပ်သမား/ လယ်သမား
ကောင်စီများကဲ့သို့ မဖြစ်သင့်ကြောင်း ရဲဘော်ဖိုးသံချောင်းက “မဆလခေတ် တလျှောက်လုံးမှာ အလုပ်သမား
ကောင်စီ၊ လယ်သမား ကောင်စီတွေ ရှိခဲ့တာပါ။ အဲဒီဟာမျိုး နောက်ထပ်မျိုးကွဲ တခု ဆိုလို့ကတော့ အလုပ်သမား/ လယ်သမားတွေ အတွက် ဘာမှမထူးပါဘူး” ဟု ပြောသည်။

အလုပ်သမားများ၏ မကျေနပ်မှုများမှာ နေရာတိုင်းတွင် ရှိနေပြီး အစိုးရ အဝန်းအဝိုင်း၏ အကျိုးစီးပွားကိုကား အထိခိုက်ခံလိမ့်မည် မဟုတ်ကြောင်းလည်း သူက ဆက်ပြောသည်။

“နိုင်ငံခြား ကုမ္ပဏီတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေမှာ အလုပ်သမား လှုပ်ရှားမှုတွေ ပေါ်ခွင့်ပေးတယ်။ သူတို့ အစိုးရက ဝင်ပြီး ဖြေရှင်းတယ်။ ဒါပေမယ့် သူတို့ ကုမ္ပဏီတွေ၊ သူတို့ လုပ်ငန်းတွေမှာ လုံးဝ ပေါ်ခွင့်မပြုဘူး။ အဲဒါ အစိုးရရဲ့ သဘောထား ဖြစ်တယ်။ နောင် အလုပ်သမား သမဂ္ဂလို့ သူတို့ ဖန်တီးလာရင်လည်း အဲဒီလို သဘောထားမျိုးပဲ။ တခြားဟာတွေကိုတော့ ဆန္ဒပြခွင့်တို့၊ ဆန့်ကျင်ခွင့် ပေးကောင်းပေးမယ်။ ဒါပေမယ့် သူတို့ရဲ့ အကျိုးစီးပွားတွေကို
တော့ လုံးဝ ထိခွင့်ပေးမှာ မဟုတ်ပါဘူး” ဟု ရဲဘော်ဖိုးသံချောင်းက ပြောသည်။

အဆိုပါ အလုပ်သမားအဖွဲ့အစည်း ဥပဒေမူကြမ်းအား လက်ရှိ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က တင်သွင်းခြင်း
ဖြစ်ပြီး ဆန္ဒပြခွင့်မရှိသည့် နေရာများအား သတ်မှတ်ဖော်ပြထားသည်။
http://www.mizzimaburmese.com/news/inside-burma/8373-2011-09-23-07-49-14.html

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်း သမ္မတအကြံပေး ခေါင်းဆောင် ပြောဆို


2011-09-22

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥာဏ်ပညာ အင်မတန် ထက်မြက်သူ ဖြစ်တဲ့အတွက် မိမိတို့ အင်မတန် လေးစားရပါကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး ဆိုင်ရာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က RFA ကို ပြောကြားလိုက်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုတော့ ကျနော်တို့ရဲ့ အင်မတန်မှလေးစားရတဲ့ အစ်မကြီးပေါ့နော်။ နောက်တစ်ခုကလည်း သူ့ရဲ့ အသိဥာဏ် ပညာ အမြော်အမြင်ပေါ့နော်။ ဥာဏ်ပညာတွေ အင်မတန်မှပဲ ထူးခြားတယ်၊ ထက်မြက်တယ်၊ နိုင်ငံတကာနဲ့ပတ်သက်လို့ကလည်း အတော်ကလေး နှံ့နှံ့စပ်စပ် သိမြင်တယ်၊ ဒီအတွက်ကတော့ သူ့အပေါ်မှာ ကျနော်တို့ အများကြီး လေးစားပြီးသား ဖြစ်ပါတယ်။"

အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင် ပါဝင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဟာ အမေရိကန် အစိုးရနဲ့ မြန်မာ အစိုးရ အကြား ဆက်ဆံရေး မြှင့်တင်ရေးအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဆုံဖို့ နယူးယောက် မြို့တော်ကို ရောက်ရှိနေစဉ် အတွင်း RFA ကို သီးသန့် တွေ့ဆုံ မေးမြန်းခွင့်ပြုခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ တိုးတက် ပြောင်းလဲမှုတွေကို ဆောင်ကြဉ်း ပေးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့လည်း ဦးကိုကိုလှိုင်က RFA ကို ပြောခဲ့ပါတယ်။

"သူက ပြည်သူ့အပေါ်မှာ၊ နိုင်ငံတကာ အသိုင်းအ၀န်းအပေါ်မှာ တော်တော်လေးကို ဆွဲဆောင်နိုင်တယ်။ ဆက်သွယ်ထားနိုင်တဲ့ ကွန်ရက်တွေရှိနေတယ် ဆိုတော့ ဒါတွေကို အသုံးပြုပြီးတော့မှ ကျနော်တို့နိုင်ငံရဲ့ ကောင်းကျိုးအတွက်ပေါ့နော်၊ ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက် သူ အများကြီး ဖြည့်ဆည်းပေးနိုင်မယ်။ တကယ်ကို ထိထိရောက်ရောက် အကျိုးပြုနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။"

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချဲလ်နဲ့ အမေရိကန် အစိုးရပိုင်းက တခြားအရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ရှင်းလင်း တင်ပြခဲ့ကြောင်း၊ မြန်မာနိုင်ငံနဲ့ အမေရိကန် အစိုးရအကြား ဆက်ဆံရေးတွေ ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ကြောင်း စသဖြင့်လည်း ဦးကိုကိုလှိုင်က ပြောပါတယ်။
http://www.rfa.org/burmese/news/president-advisor-assk-09222011225541.html

စည်သူဇေယျ သို့မဟုတ် စာကလေး တကောင်





ကြယ်ဖြူ Friday, 23 September 2011 15:03 အောက်မေ့ဖွယ်

စည်သူဇေယျကို စတွေ့တုန်းက အနုပညာတက္ကသိုလ်က ကျောင်းကပွဲတခုမှာ သူက သူငယ်ချင်းတွေနဲ့အတူ စင်ပေါ်တက် ကနေတာ။ အဲဒီတုန်းကတော့ သူ့ကို ပျော်ပျော်နေတတ်တဲ့ ပန်းချီကျောင်းသား တယောက် အဖြစ်ပဲ သိခဲ့တာပေါ့။


Si-Thu-Zarya
စည်သူဇေယျ (ဓာတ်ပုံ - Free Burma VJ)
သူ့ကို ရင်းနှီးသူတချို့က စာကလေးလို့ ခေါ်ကြတယ်။ အစကတော့ လူကောင် ခပ်သေးသေးမို့ စာကလေးလို့ ပြောင်ခေါ်တယ် ထင်တာ။ နောက်တော့ သူ့အဘိုးက နိုင်ငံကျော်စာရေးဆရာကြီး လင်းယုန်မောင်မောင်၊ သူ့အဖေကလည်း စာရေးဆရာ သားကြီးမောင်ဇေယျ ဆိုတာ သိရတယ်။ အဲဒီတော့မှ သူဟာ သူ့အဘိုးလို လင်းယုန်ကြီးလောက် မစွမ်းပေမယ့် စာကလေးလောက်တော့ စွမ်းနိုင်မယ် ဆိုတဲ့သဘောနဲ့ စာကလေးဆိုတဲ့ နာမည်ပြောင် ပေးထားမှန်း သိတော့တယ်။

ခရီးချင်းတူလို့ လမ်းမှာဆုံတယ်ပဲ ဆိုပါစို့။ ကျနော်က ကျောင်းသားစည်းရုံးရေး အလုပ်တွေကို လုပ်ရင်း သူ့ကို နိုင်ငံရေးဘက်မှာ စိတ်ဝင်စားသူ တယောက်မှန်း သတိထားမိခဲ့တယ်။ အစကတော့ သူ့ကို နိုင်ငံရေးသမားပေါက်စများလား လို့ ထင်ထားခဲ့တာ။ မြန်မာနိုင်ငံကို နာဂစ် မုန်တိုင်းကြီး ၂၀၀၈ ခုနှစ်မှာ ရောက်လာတော့မှပဲ သူ့ကို မီဒီယာသမား တယောက်မှန်း သိခဲ့ရတယ်။

နာဂစ် အဖျားခတ်သွားလို့ ရန်ကုန်မှာ ရှိတဲ့ ကျနော်တို့ အဆောင်လေး အမိုးပွင့်ပြီး တခြမ်း ပြိုကျသွားတော့ လေငြိမ်ငြိမ်ချင်း သူ ကျနော်တို့ဆီကို ရောက်လာတယ်။ မိုးရေတွေ စိုရွှဲနေတဲ့ ကျနော်တို့ကို ကြည့်ပြီး ဘာအကူအညီပေးရမလဲလို့ သူ မေးတယ်။ နောက်တော့ ကျနော်တို့ ပြန်ပြောတာကို သူမကြားတော့ဘူး၊ အဆောင်ပျက်ကြီးပေါ် တက်ပြီး ပတ်ဝန်းကျင်က အပျက်အစီး မှန်သမျှတွေကို ဗီဒီယို လိုက်ရိုက်တော့တာပဲ။ အဲဒီလောက် သတင်းထောက် ပီသတဲ့ကောင်။ ပြီးတော့ သူက ဧရာဝတီတိုင်း နာဂစ်လေဘေးသင့် ဒေသတွေကို သွားပြီး သတင်းတွေယူတယ်။

သူက ဗီဒီယိုသတင်းယူတဲ့ နေရာမှာ ရဲတင်းတယ်။ သူများတွေ မသွားရဲ၊ မရိုက်ရဲတဲ့ နေရာတွေကိုလည်း သူက သွားရိုက်တာပဲ။ မြန်မာပြည် ဆိုတာက ပွင့်လင်းတဲ့ဒေသ၊ လွတ်မြောက်တဲ့နယ်မြေ မဟုတ်ဘူး၊ သတိထားပါလို့ သူ့ကို အမြဲတမ်း သတိပေးနေရတာ။

တခုခုကို မှတ်တမ်းတင်နေပြီ၊ ဗီဒီယို ရိုက်နေပြီ ဆိုရင် သူက ဘာကိုမှ ဂရုမစိုက်တော့ဘူး။ ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေပြီလဲ သူမသိတော့ဘူး။ သူရိုက်နေတဲ့ မြင်ကွင်းတွေမှာပဲ စီးမျောနေတတ်တယ်။ လုံခြုံရေးတို့၊ စစ်သားတို့ လာတာမြင်ရင် ဘေးကလူက သူ့ကို လက်တို့ရတယ်။

သူမှတ်တမ်းတင် ရိုက်ကူးထားတာတွေကို ဘာလုပ်မှာလဲ မေးရင်တော့ မီဒီယာမှာ တင်မယ်၊ အင်တာနက်မှာ တင်မယ်လို့ ပြောတယ်။ ဘယ်သတင်းဌာနကို ပို့သလဲ ဆိုတာတော့ မမေးမိခဲ့ဘူး။ ကျနော် ကျောင်းကနေ ထွက်လာပြီးနောက်ပိုင်း သူနဲ့ အဆက်အသွယ် ပြတ်သွားတယ်။

၂၀၁၀ သင်္ကြန်တွင်းမှာတော့ သတင်းဆိုးနှစ်ခုကို တွဲပြီး ကြားလိုက်ရတယ်။ ရန်ကုန်က X2O သင်္ကြန်မဏ္ဍာပ် ဗုံးကွဲတယ် ဆိုတဲ့ သတင်းရယ်၊ ဗုံးကွဲပြီးမြင်ကွင်းကို ဗီဒီယိုမှတ်တမ်းသွားတင်ရင်း စည်သူဇေယျ အဖမ်းခံလိုက်ရပြီဆိုတဲ့ သတင်းတွေပါပဲ။ သူနဲ့ပတ်သက်ပြီး သူ့အဖေကိုပါ လာဆွဲသွားတယ်လို့လည်း သိရတယ်။ သူပါသွားတော့ အနုပညာတက္ကသိုလ်၊ ပန်းချီ ဒုတိယနှစ်။ ကျောင်းပြီးအောင်တောင် သူ မတက်ရရှာဘူး။

သူအဖမ်းခံရပြီး နှစ်ရက်လောက်အကြာ ကျနော် အင်တာနက် သုံးနေတုန်း သူ့ကို Gmail မှာ တွေ့ပါတယ်။ ကျနော်လည်း ၀မ်းသာအားရ "ဟိုင်း" မိသေးတယ်။ တကယ်တော့ သူ့အီးမေးလ်ကို ဖွင့်သုံးနေတာ သူ မဟုတ်ပါဘူး။ တုံ့ပြန်ချက် ပုံမှန်မဟုတ်မှ သူ့ အီးမေးလ်အကောင့်ကို ထောက်လှမ်းရေးက ၀င်သုံးနေတာပဲ ဆိုတာ ကျနော် ရိပ်မိတာပါ။ လူတယောက်ဆီက အီးမေးလ် password ကို ရအောင် ထောက်လှမ်းရေးတွေ ဘယ်လို လုပ်သလဲဆိုတာတော့ ကျနော် စဉ်းစားလို့ မရပါဘူး။

နောက်တော့ သူ့အကြောင်းကြားရတဲ့ သတင်းတွေက စုံနေတာပါပဲ။ သူ့ကို စစ်ကြောရေးမှာ တီးတာ၊ ထောင်ဒဏ် ၈ နှစ် ချလိုက်တာ၊ အင်းစိန်ထောင်အတွင်း လိုအပ်ချက်တွေကို အာဏာပိုင်တွေ သိအောင် ထောက်ပြမိလို့ စစ်ခွေးတိုက် ပို့တာ၊ ဒီလ ၁၄ ရက်နေ့မှာပဲ နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် တိုးချခံရတာ စသဖြင့် စသဖြင့် စုံလို့ပါပဲ။

ကျနော်ကတော့ စာကလေးတဖြစ်လဲ စည်သူဇေယျ ဆိုတဲ့ နာမည်ကို မြင်လိုက်တိုင်း၊ ကြားလိုက်တိုင်း ကျောင်းကပွဲမှာ သူငယ်ချင်းတွေအကြား ကွေးနေအောင် ကနေတဲ့ ကျောင်းသားလေး တယောက်၊ ဒါမှမဟုတ် စက္ကူဖြူဖြူတရွက်ပေါ်မှာ ဆေးတွေ၊ စုတ်တွေနဲ့ အလှတရားတွေကို အရောင်ခြယ်နေတဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (National University of Arts and Culture) က ပန်းချီဆရာပေါက်စလေး၊ ဒါမှမဟုတ် ကင်မရာကိုင်ပြီး ပရိသတ်အတွက် အားကြိုးမာန်တက် သတင်းလိုက်ယူနေတဲ့ သတင်းထောက် တယောက် အဖြစ်သာ မြင်နေမိ၊ မြင်နေဆဲပါပဲ။
http://www.irrawaddy.org/bur/index.php/special/2010-03-04-07-10-48/7405-2011-09-23-08-06-23

မြစ်ဆုံဆည်စီမံကိန်း လေ့လာတွေ့ရှိမှုများ ပြည်သူကို ပြောပြလိုတဲ့ ဒေါက်တာထင်လှ



ထွန်းထွန်း | သောကြာနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြစ်ဆုံဆည် စီမံကိန်း ကန့်ကွက်မှုများ ဖြစ်ပေါ်နေချိန် ဆည် တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို လေ့လာခဲ့သော ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း Biodiversity And Nature Conservation Association (BANCA) ဥက္ကဌ ဒေါက်တာထင်လှက သူ၏ လေ့လာတွေ့ရှိချက်များ ပြည်သူလူထုကို ချပြလိုကြောင်းနှင့် ပြောဆိုခွင့်ရရှိရန် အစိုးရနှင့် တရုတ် ကုမ္ပဏီကို တောင်းဆိုပေးပါရန် ပန်ကြားလိုက်သည်။

လေ့လာမှုအတွက် စီမံကိန်း ကုမ္ပဏီနှင့် သဘောတူညီမှုတွင် မည်သည့်ကိစ္စကိုမျှ ထုတ်ဖော်ခြင်းမပြုရန် သဘောတူညီ ထားသည့်အတွက် ပြောဆိုခွင့်မရခြင်းသာဖြစ်ပြီး ခွင့်ပြုချက်မရချင်း ထုတ်ဖော်ခွင့်ရမည် မဟုတ်ကြောင်း ဆိုသည်။

BANCA အဖွဲ့မှာ ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းကြောင့် ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ ငါးလကြာ လေ့လာ ဆန်းစစ်ခဲ့သည်။ လေ့လာမှုများအတွင်း သစ်တောပျက်စီးခြင်းများ၊ သဘာဝ
တောရိုင်း တိရစ္ဆာန်များအား စည်းကမ်းမဲ့ ဖမ်းဆီးသတ်ဖြတ်၊ ရောင်းချမှုများ တွေ့ခဲ့ရသည်ဟု ပြောသည်။

myitsone

စက်တင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ဆည်စီမံကိန်းများအလုပ်ရုံဆွေးနွေးပွဲတွင် လည်း လေ့လာခဲ့မှုများအား “သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု” စာတမ်း
ကို တင်သွင်းခဲ့သည်။ သို့သော် ယင်းစာတမ်းမှ တွေ့ရှိမှုအားလုံး မဟုတ်ဘဲ တချို့အဝက်ကိုသာ တင်ပြခွင့်ရရှိခဲ့ခြင်း
ဟု သိရသည်။

ယင်းအပြင် စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းကိစ္စများနှင့် ပတ်သက်၍ မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်း ထားသည်။ 


-------------------------------------------////////////////////////////////////--------------------------------------------

ဒီကနေ့ ဆရာတို့ BANCA က နေပြည်တော်မှာလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ တင်ပြခဲ့တဲ့ အစီရင်ခံစာကို သတင်းစာရှင်းလင်းပွဲ လုပ်မယ် သိရပါတယ်။ ဟုတ်ပါသလား။

“မဟုတ်ပါဘူးခင်ဗျ။ အဲဒါက ကျနော်တို့ နာမည်ကို ကျနော်တို့ရဲ့ ခွင့်ပြုချက် မရဘဲနဲ့၊ ကျနော် တို့ကိုလည်း ခွင့်မတောင်းဘဲနဲ့ အဲဒီ မြန်မာနိုင်ငံ ငှက်နဲ့ သဘာဝထိန်းသိမ်းရေးအသင်းသား ဦးစိုးညွန့်တို့ အလွဲသုံးစား လုပ်ပြီး
သူတို့ လုပ်မယ်ဆိုပြီး ပြောထားတာပါ။ သူ ဘာလို့ အဲဒီလိုလုပ်လဲတော့ ကျနော်တို့လည်း ရည်ရွယ်ချက်ကိုတော့ မသိပါဘူး။ ကျနော်တို့ သတိတော့ ပေးထားပါတယ်။ ဒါမလုပ်သင့်တဲ့ဟာလို့ ကျနော်တို့ သတိပေးထားပါတယ်။ ကျနော်လည်း ပြန်ပြီးတော့ ဂျာနယ်ထဲမှာ ပြန်ထည့်ထားပါတယ်။ ကျနော်တို့ လုပ်တဲ့ဟာ မဟုတ်ပါဘူးဆိုတာ”

“အင်တာနက်ပေါ်ကို ကျနော်တို့ တင်ထားတာ မဟုတ်ပါဘူး။ ကျနော်တို့ကိုလည်း မတိုင်ပင်ဘူး။ ကျနော့်နာမည်
တော့ သုံးပြီးတော့ အလွဲသုံးစားလုပ်ပြီးတော့ သုံးသွားတာပါ”

“ကျနော်လုပ်ချင် ကိုယ့်ဟာကိုယ် လုပ်မှာပေါ့ဗျာ။ သူတို့ကို အားကိုးစရာမှ မလိုဘဲဟာကို။ ကျနော့်ကို တွေ့ချင်တဲ့ သူတွေက အခုအချိန်မှာ အများကြီး။ ကျနော်က ပြောခွင့်မရလို့သာ မပြောတာ။ ကျနော်လည်း ကိုယ့်တိုင်းပြည် ချစ်တဲ့သူပဲဗျာ။ ကျနော်ကတော့ ခင်ဗျားတို့ လုပ်သင့်တာက ဒီအချိန်မှာတော့ အစိုးရစီကနေ ပြီး BANCA ကို လွတ်လွတ်လပ်လပ် ပြောခွင့်ပေး ပေးပါဆိုတာ ခွင့်တောင်းလိုက်။ အဲဒါဆို ကျနော် အကုန် လုပ်ပေးလို့ ပြောတာ။ သူတို့က အဲဒါကို ဇွတ်လုပ်ပစ်လိုက်တယ်။ ကျနော်မသိဘဲ လုပ်တယ်ဗျာ”


ဘယ်အချိန်ကျရင်ကော BANCA အနေနဲ့ သီးသန့် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ရှိလဲ။

“အဲဒါကျတော့ ကျနော်တို့နဲ့ မဆိုင်တော့ဘူးနဲ့ ထင်တယ်ဗျ။ ဒါကတော့ အစိုးရကနေ တရုတ်က စာချုပ် ချုပ်သွား
တဲ့ CPI တို့ကနေပြီးတော့ ဒါကို လွတ်လပ်ခွင့် ပေးလိုက်ပြီ။ ကိုယ့်ဟာကိုယ် ပြောပါတော့လို့ပြောမှ ကျနော်တို့ က ပြောလို့ ရမှာလေ” 

နေပြည်တော်မှာ တင်သွင်းခဲ့တာကကော CPI ရဲ့ သဘောတူညီချက်နဲ့ တင်သွင်းခဲ့တာလား။

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ အဲဒီလောက်တော့ ပြောလို့ ရပါတယ်ဆိုလို့ အဲဒီလောက် ပြောတာပါ။ ကျနော် သတင်းထဲမှာပါတဲ့ဟာထက်တော့ ပိုမပြောနိုင်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်က ကျနော် ပြောတယ်
မလား။ စာချုပ်ရှိတယ်ဆိုတော့ ကျနော့်မှာ ပြောပိုင်ခွင့်မရှိဘူးပေါ့ဗျာ။ အဲဒါပါပဲ။ ကျနော် အဲဒီထက် ပြောလို့ရှိရင် ကျနော့်ကို တရားစွဲလိမ့်မယ်ဗျ”

နေပြည်တော်မှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာကကော လေ့လာမှု ပြုလုပ်တုန်းက တွေ့ရှိခဲ့တာတွေကို အခြေခံ ရေးသားထားတာလား။

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့ကိုယ်တိုင် အဲဒါကို ပြန်စစ်ပြီးမှ မှန်ကန်ပါတယ် ဆိုပြီး ကျနော်တို့က၊ သူတို့လည်း ကျနော်တို့ကို ပြန်စစ်ခိုင်းပါတယ်။ သူတို့အနေနဲ့ အပြောခံရမှာစိုးလို့ ပြန်စစ်ခိုင်း ပါတယ်။ ကျနော်တို့ စစ်ကြည့်တော့လည်း ကျနော်တို့ ပြောခိုင်းတဲ့၊ ကျနော်တို့ ရေးထားတဲ့ဟာပါပဲ”

“အကုန်လုံးတော့ မဟုတ်ဘူးပေါ့ဗျာ။ သူတို့ တချို့ဟာတွေက အများကြီး ချန်တာပေါ့။ အဲဒါတွေက Details တွေ ကတော့ သူတို့ကို မေးမှ အဲဒါရမှာပါ”

ပညာရှင်တယောက်အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးမှုမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ မထိခိုက်မှုဟာ ဘယ်လောက်ထိ အရေးကြီးတယ်လို့ ပြောနိုင်ပါသလဲ။

“ကျနော်တို့က တိုင်းပြည် Develop ဖြစ်ဖို့ ဆိုတာထက် ရေရှည် Develop ဖြစ်ဖို့ ပေါ့ဗျာ။ အခု Develop ဖြစ်ပြီး ပျက်သွားလို့ရှိရင်လည်း မကောင်းဘူးလေ။ အဲဒီတော့ ပတ်ဝန်းကျင်ပျက်လို့ရှိရင် Development မှန်သမျှ အကုန်လုံးက ရေရှည်ခံမှာ မဟုတ်ဘူးလေ။ နောက်လာ နောက်သားတွေ အတွက်ကလည်း ဘာမှ ကျန်မှာ
မဟုတ်ဘူး။ Resources တွေ ဘာမှ ကျန်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ အကုန်လုံး သွားနေတာ အကုန်
လုံးက Sustainable Development ပေါ့။ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ Development ကို ကျနော်တို့ သွားနေတာပါ။ အဲဒီမှာ ပတ်ဝန်းကျင်က အရေးအကြီးဆုံးပါပဲ”

တိုင်းပြည် ဖွံ့ဖြိုးဖို့ အတွက် လျှပ်စစ်ထုတ်ရင် သဘာဝ ပတ်ဝန်းကျင် မထိခိုက်ဘဲ ထုတ်နိုင်တဲ့ နည်းလမ်း ရှိပါသလား။

“အဲဒါတွေကတော့ အခုလို Environment Impact Assessment တွေ အခုလို လုပ်၊ လုပ်ပြီးလို့ရှိရင် ရေ အသုံးချမှု များပြားတဲ့၊ ပတ်ဝန်းကျင် ပျက်စီးနိုင်တဲ့ မြေ အသုံးချမှု၊ ရေ အသုံးချမှုပေါ့။ ပြီးတော့ လေ အသုံးချမှု များပြားတဲ့ ဟာတွေ အကုန်လုံးကို ကျနော်တို့ EIA လုပ်ပြီးတော့ Potential Impact တွေ ရှာ။ ရှာပြီးတော့ အဲဒီဟာတွေ အကုန်လုံးကို ကျနော်တို့က ဘယ်လို ဖြေလျော့တဲ့ နည်းတွေ ရှိမလဲ ဆိုတာတွေရှာ။ တခုနဲ့ တခုတော့ မတူဘူး
ပေါ့ဗျာ”

“အဲဒါတွေကို EIA လုပ်ပြီးတော့၊ လုပ်သွားလို့ရှိရင်တော့ ဒါ ရေရှည် Development အတွက် ကောင်းပါတယ်။ အဲဒီလို လုပ်သင့်ပါတယ်။ နိုင်ငံတကာလည်း အဲဒီလိုပဲ ချိတ်ဆက်နေကြတာပါပဲ”

လေ့လာမှု ခရီးစဉ်အတွင်း သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး တွေ့ခဲ့ရတာထဲက အမှတ်တရ တခုက ဘာရှိနိုင်မလဲ။ ဥပမာ သစ်တော ပျက်စီးမှု လိုဟာမျိုးပေါ့။

“ရွှေတူးတာတို့၊ အဲဒီ မြေတွေ ပျက်စီးကုန်တာပေါ့လေ။ သစ်တွေ အတိုင်းအဆမရှိ ထုတ်နေကြတဲ့ ဟာတွေက
တော့ ကျနော် သွားတဲ့အချိန်မှာ အဲဒါတွေ တွေ့တဲ့အခါကျတော့ တော်တော် အံ့သြတာပေါ့။ အဲဒီလောက်ထိ
အောင် ဖြစ်လိမ့်မယ်လို့ ကျနော် မထင်ဘူးပေါ့။ အဲဒါ ကျနော်ရဲ့ တော်တော် အံ့သြတဲ့ အချက်ထဲမှာ အဲဒါပါတယ်။ အဲဒီလောက်ထိအောင် လုပ်နေကြတယ်ဆိုတာ မသိဘူး”

“မြစ်ဆုံဆိုတာ အရင်က မေခကော၊ မလိခကောက ရေကြည်ကြည်လေးတွေနဲ့ အင်မတန်လှတဲ့နေရာတွေက အခုက ရွှေတူးတာတို့၊ တောမရှိတဲ့အချိန်မှာ ရေတိုက်စားလို့ မြစ်ရေတွေက အကုန်နောက်နေပြီ။ မြစ်ဆုံက
ကျနော်တို့ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က တွေ့ခဲ့တဲ့ မြစ်ဆုံနဲ့ မတူတော့ဘူးပေါ့။ အဲဒါတခုတော့ ကျနော် တော်
တော် အံ့သြပါတယ်”

“ရွှေတူးတာတွေပေါ့ဗျာ။ ရွှေတူးတာတွေကတော့ တော်တော်ဆိုးပါတယ်။ နောက် အဖွဲ့အစည်း ကလည်း ပေါင်းစုံ ဆိုတော့ အဲဒီနားက အုပ်ချုပ်မှုက အင်မတန် ရှုပ်ထွေးတာကိုဗျ။ သူ့နယ် ကိုယ့်နယ်၊ ဘယ်ဘက်က ဘယ်သူ ဘာညာဆိုတော့ ကျနော် ဘယ်သူ့ကို အပြစ်တင်ရမှန်းတောင် မသိတော့ဘူး။ ဒါပေမဲ့ အကုန်လုံးကတော့ ဒီလို
ဟာမျိုး ရှုပ်ထွေးတဲ့နေရာဆိုတော့ ဝိသမလောဘသားတွေကတော့ လုပ်လို့ ကိုင်လို့ ကောင်းတာ ပေါ့ခင်ဗျာ။ ဟိုဘက်ကမ်း ဒီဘက်ကမ်း၊ ဟိုဘက်ရွာ ဒီဘက်ရွာတောင် မတူဘူးလေ။ ကျနော် ဘယ်သူ့ လက်ညှိုးထိုးပြီး ဘယ်သူ့အပြစ်တင်ရမှန်းတောင် မသိပါဘူး။ လုပ်နေကြတာကတော့ အများကြီးပဲ။ ကျနော်တို့ အဲဒီတွေ အကုန်လုံး တွေ့ခဲ့တာပဲ။ အဲဒါတခုကတော့ ကျနော့်ကို အင်မတန် အံ့သြစေတယ်ပေါ့ဗျာ”

အခြားဘယ်ဟာတွေ ပျက်စီးတာကော တွေ့ခဲ့ရသလဲ။

“နောက်တခုကတော့ ဒါ မြစ်ဆုံစီမံကိန်းနဲ့တော့ မဆိုင်ဘူးပေါ့လေ။ တောရိုင်းတိရစ္ဆာန် အရောင်းအဝယ်တွေ။
ပြီးတော့ လွတ်လွတ်လပ်လပ် လုပ်နေကြတယ်ပေါ့ဗျာ။ အဲဒါတွေကျတော့ တရုတ်တွေကလည်း ကြိုက်တာကိုဗျ။ သူတို့က တောသားဆိုရင် ကြိုက်ကြတာကိုး။ အဲဒါတွေကလည်း အုပ်ချုပ်မှု ရှုပ်ထွေးတော့ ဘယ်သူမှလည်း မသွားနိုင်ဘူး။ လာလည်း မတားဆီးနိုင်ဘူး။ လွတ်လွတ်လပ်လပ် လုပ်နေတော့ အဲဒီနားလေးက Biodiversity
hotspot ပါ”

“အဲဒါတွေကို အထိန်းအကွပ်မရှိဘဲ လုပ်နေတော့ အဲဒါလေးတခုတော့ ကျနော် တော်တော်လေး စိုးရိမ်နေတယ်။ ဘာလို့လဲဆိုတော့ အင်မတန်ရှားပါးတဲ့ ဇီဝမျိုးစုံကွဲတွေ အဲဒီနေရာမှာ ရှိတာကိုး။ အဲဒါကို မထိန်းဘဲ ဒီလိုပဲ ဆက်
သွယ်မယ် ဆိုရင်တော့ ကျနော်တို့ နိုင်ငံရဲ့ အင်မတန်တန်ဖိုးရှိတဲ့ Resources တွေ မကြာခင် ပျောက်သွားမှာပဲ။ အလုပ်သမားတွေအများကြီး ပိုဝင်လာလို့ရှိရင် သူတို့က အဲဒါတွေကို ကြိုက်တာကိုး။ ကြိုက်တော့ ပိုဆိုးလိမ့်မယ်
လို့ ကျနော် ထင်တယ်။ အဲဒါတွေကို အချိန်မီတားပေးဖို့ ကျနော် တရုတ်တွေကိုလည်း ပြောပါတယ်။ သူတို့လည်း တတ်နိုင်သလောက် လုပ်မယ်လို့ ကျနော့်ကို ပြောတာပဲ။ အခုတော့ လုပ်၊ မလုပ်တော့ အဲဒီကို မရောက်တာ
တော်တော်ကြာပြီဆိုတော့ ကျနော် မသိဘူးပေါ့ဗျာ။  အဲဒီကလည်း သိပ်ပြီး တော့ မငြိမ်းချမ်းသေးတော့ သွားလို့ မရသေးဘူးပေါ့။ အဲဒါ နောက်ထပ် ထူးခြားတဲ့တခု တွေ့တာပါ”

နောက်ထပ်ကော ရှိသေးလားဆရာ။

“အဲဒီလောက်ပါပဲ။ ဒါပေမဲ့ လောလောဆယ် အဲဒါတွေကို ထိန်းလို့ရှိရင် ထိန်းလို့ရသေးတယ်။ ကျနော်တို့ ပြော
ထားတဲ့ အတိုင်း ကာကွယ်ဖို့လုပ်၊ Potential Area Management တွေ ကောင်းကောင်းလုပ်မယ်ဆိုလို့ ရှိရင်
တော့ ထိန်းချုပ်နိုင်မယ်။ ဒါမေပဲ့ ဒီထက် နောက်ကျသွားမယ်ဆိုလို့ရှိရင်၊ နောက် ၂၊ ၃ နှစ်မှ လုပ်လို့ရှိရင် ထိန်းလို့ မရဘူးထင်တယ်”

“ဆည်တွေရဲ့ သက်တမ်းလည်း ခံမှာ မဟုတ်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ တောတွေ မရှိတော့ ရေတိုက်စား
မှုတွေ များပြီး ဆည်ထဲမှာ နုန်းတွေချည်းပဲ ဖြစ်မှာလေ။ ဆိုတော့ အဲဒါတွေက အချိန်မီ ထိန်းပေး ဖို့လိုမယ်လို့
ကျနော် ထင်တယ်ပေါ့လေ”

အဲဒီထဲမှာပါတဲ့ တာတမံဆိုးကျိုး၊ ကောင်းကျိုးဆိုပြီး ဖော်ပြထားတဲ့နေရာမှာ ဆိုးကျိုးဆိုတာက
လေ့လာမှုတွေအရ သိရတာလား၊ ဒါမှမဟုတ် တခြားသော နိုင်ငံတကာက ဗဟုသုတွေတွေကို ထည့်သွင်း ဖော်ပြထားတာလား။


“ကျနော်တို့ Environment Impact Assessment မှာ ကျနော်တို့က Potential Impact (ဖြစ်နိုင်ခြေ အကျိုးသက်ရောက်မှု) ပဲ ပြောလို့ရပါတယ်။ ဒါတွေက Prove (အတည်ပြု) လုပ်တယ်ဆိုတဲ့ဟာက ဆည်ကြီး ပြီးတော့မှ။ နောက်မို့ဆို ကျနော်တို့မှာ Evidence  (သက်သေ) မရှိပါဘူး။ Potential Impact ဟာ တခုအနေနဲ့ပဲ ပြောလို့ရပါတယ်။ ကျနော်တို့မှာ။ ကျနော်တို့လည်း အဲဒီလိုပဲ ပြောထားပါတယ်”

အစီရင်ခံစာမှာ ပြည်သူတွေကို ချပြသင့်တယ်လို့ အကြံပြုထားတော့ ဘာကြောင့်ပါလဲ။

“ဒါကတော့ EIA Report မှန်သမျှကတော့ နိုင်ငံတကာ ကျင့်ပုံကျင့်နည်းအရတော့ ပြည်သူတွေကို ချပြတာပဲလေ။ သူတို့ရဲ့သဘောတူညီချက် ယူတာပဲ။ ကျနော်တို့ နိုင်ငံလည်း လမ်းစဉ်က ပြောင်းပြီဆိုတော့၊ ဒါကို ပွင့်ပွင့်လင်းလင်း ချပြပြီး လုပ်ရင်တော့ လုပ်ရကိုင်ရတဲ့သူတွေအကုန်လုံး သံသယကင်းကင်းနဲ့ လုပ်နိုင်တာပေါ့ဗျာ။ ဒါကြောင့်မို့ ကျနော် အကြံပေးတာပါ” 

ပုဂ္ဂိလ်ရေးအနေနဲ့ အခု လေ့လာဆန်းစစ်မှုတွေအားလုံး ပြည်သူကို ချပြသင့်တယ်လို့ ထင်ပါသလား။

“ကျနော် အဲဒီလို ထင်လို့လဲ အဲဒီလို ချပြသင့်တယ်လို့ ကျနော် သတင်းစာရှင်းလင်းပွဲလိုဟာမျိုးမှာ ပြောရဲတာပေါ့
လေ” 

ကန်ထရိုက်စာချုပ်အရ ပြောခွင့်မရဘူးဆိုတော့ ဘယ်လိုဖြစ်စေချင်သလဲ။

“သူတို့ကို တောင်းဆိုပေးပါ။ ကျနော်တို့က တောင်းဆိုလို့မှ မရဘဲဗျာ။ သူတို့ တောင်းဆိုပေးပါပေါ့။ တောင်းဆို
ပေးလို့ အစိုးရနဲ့ CPI က ခွင့်ပြုရင် ကျနော် ပြောလို့ရပါတယ်”

လေ့လာမှုတွေအရ ပြည်သူသိသင့်တာတွေ ရှိနေတဲ့အတွက် ပြောပြချင်တဲ့သဘောလား။

“ဟုတ်ပါတယ်။ အတိအကျပါပဲ”

အခု လေ့လာမှုတွေနဲ့ပတ်သက်ပြီးကော သီးခြားပြောဆိုချင်တာ ရှိပါသေးလား။

“ကျနော်ကလည်း ဒီထက်ပို ပြောတော့ ပြောချင်တယ်။ ဒါပေမဲ့ ပြောပိုင်ခွင့်မရှိတော့ ပြောလို့မရဘူးဗျာ။ အဲဒီလို လွတ်လွတ်လပ်လပ် ပြောလို့ရအောင်လို့ အကြံဉာဏ်ပေးတာပါ။ အကုန်လုံးလည်း ဝိုင်းပြီးတော့ ပြောကြပါ။ အဲဒါမှလည်း အားလုံးကောင်းမှာပေါ့လေ။ ရှင်းရှင်းလင်းလင်းတွေ ဖြစ်သွားတာပေါ့ဗျာ။ Transparency ရှိရှိ
ဖြစ်သွားတာပေါ့ဗျာ။

၁ မြစ်ကို ထိခိုက်ပျက်စီးစေသည်။
၂ သန့်ရှင်းသောရေနှင့် ဂေဟစနစ်ကို ပျက်စီးစေသည်။
၃ မြစ်ကျိုးအင်းများ ဖြစ်ပေါ်ခြင်းကြောင့် ပြောင်းရွှေ့ကျက်စားတတ်သော ငါးများကို သက်ရောက်မှု ဖြစ်ပေါ်စေသည်။
၎ နုန်းပို့ချမှုကို ပျက်ပြားစေသည်။
၅ တမံကျိုးပေါက်ခြင်းကြောင့် တမံအောက်ပိုင်းတွင် နေထိုင်သည့် လူသန်းပေါင်းများစွာ အသက် အိုးအိမ်များကို ပျက်စီးစေသော အန္တရာယ်ရှိသည့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်စေသည်။
၆ ကုန်ကျစရိတ်များပြားပြီး ပမာဏကြီးမားသော တမံများ၏ စီးပွားရေးနှင့် လူမှုရေးအကျိုးအမြတ် များသည် သေချာရေရာမှု မရှိပါ။
၇ ရေလွှမ်းမိုးမှုကြောင့် လူသန်းပေါင်းများစွာ နေထိုင်သော နေရာဒေသများကို ဆုံးရှုံးစေပါသည်။
၈ သဘာဝရေစီးနှုန်း၊ နုန်းအနည်အနစ်နှင့် ရိုးရှင်းသော ဂေဟစနစ်ကို ပျက်စီးစေသည်။
၉ ဆိုးကျိုးများကို လျော့နည်းအောင် ဆောင်ရွက်နိုင်သော်လည်း ပျက်စီးမှုအားလုံးအား လျော့ပါးအောင် ဆောင်ရွက်ရန် မဖြစ်နိုင်ပါ။
၁၀ နှစ်စဉ်ရေကြီးမှုကို ကာကွယ်နိုင်သော်လည်း နှစ်များစွာကြာမှ တခါတရံဖြစ်ပေါ်သော ရေကြီးရေလျှံမှု ကိုမူ ကာကွယ်နိုင်ခြင်းမရှိပေ။
၁၁ တမံအနီးဝန်းကျင်တွင် နေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာအန္တရာယ်များ ဖြစ်ပေါ်စေသည်။
၁၂ ရေအားလျှပ်စစ်သည် သန့်ရှင်းသော စွမ်းအင်မဟုတ်ပါ။
၁၃ ရေလှောင်ကန်သည် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှင့်ပါသည်။
၁၄ နေစွမ်းအင်ကဲ့သို့ ခေတ်မီနည်းပညာရပ်များ အသုံးပြုပါက တမံများ တည်ဆောက်မှုကို လျော့ချနိုင်ပါသည်။
၁၅ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုကို လျော့ကျစေခြင်းသည် စဉ်ဆက် မပြတ် မဖြစ်ပေါ်နိုင်ပါ။
၁၆ ဂေဟဆိုင်ရာ၊ လူမှုစီးပွားရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်များသည် တည်ဆောက် ရေး၏ အကျိုးတရားနှင့် ဆက်နွှယ်နေပါသည်။
၁၇ တမံကြီးသည် ကုန်ကျစရိတ် ကြီးမားပါသည်။


ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ ဆက်ဆံရေးဆု ချီးမြှင့်


2011-09-22

ဗြိတိန်နိုင်ငံ အခြေစိုက် The Royal Institute of International Affairs နိုင်ငံတကာ ရေးရာ တော်ဝင်အသင်းက နှစ်စဉ် ချီးမြှင့်နေတဲ့ Chatham House Prize ခေါ် နိုင်ငံတကာ ဆက်ဆံရေး ဂုဏ်ပြုဆု အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။

ဗြိတိန်နိုင်ငံ အခြေစိုက် The Royal Institute of International Affairs နိုင်ငံတကာ ရေးရာ တော်ဝင်အသင်းက နှစ်စဉ် ချီးမြှင့်နေတဲ့ Chatham House Prize ခေါ် နိုင်ငံတကာ ဆက်ဆံရေး ဂုဏ်ပြုဆု ဖြစ်ပါသည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေး အတွက် အကြမ်းမဖက် လမ်းစဉ်နဲ့ တစိုက်မတ်မတ် ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမှာ ဒီမိုကရေစီနဲ့ တာဝန်သိတဲ့ အစိုးရတွေ ပေါ်ပေါက်ဖို့ လှုပ်ရှားနေကြသူတွေ အတွက် သြဇာ ကြီးမားတဲ့ စံပြပုဂ္ဂိုလ် ဖြစ်ပါတယ်လို့ Chatham House ညွန်ကြားရေးမှုး Robin Niblett က ပြောပါတယ်။

NLD ဒုတိယ ဥက္ကဌ ဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ၊ ဇွဲ၊ ကိုယ်ကျိုးစွန့်မှု၊ ညီညွတ်ရေး ကြိုးပမ်းမှုတွေဟာ မြန်မာပြည်သူတွေ တင်မက ကမ္ဘာ့ပြည်သူတွေရဲ့ နှလုံးသားထဲအထိ စွဲဝင်နေကြတယ် ဆိုတာ အခုလို ဆုတွေ ချီးမြှင့်နေတာက သက်သေပြနေတာမို့ မြန်မာပြည်သူ တစ်ယောက် အနေနဲ့ နှစ်ထောင်းအားရ ဖြစ်ရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီဆုကို လက်ခံရရှိတဲ့ အတွက် နိုင်ငံတနိုင်ငံရဲ့ အရေးကိစ္စဟာ နိုင်ငံတကာနဲ့ပါ သက်ဆိုင်နေတယ် ဆိုတဲ့ ပေါင်းကူး ဆက်စပ်မှုကို သတိပေးလိုက်တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံတကာရဲ့ အရေးစိုက်ခံရတာက မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ကူညီအားပေးရာ ရောက်သလို ဒီလှုပ်ရှားမှုဟာ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေး အတွက် လူသားအားလုံးရဲ့ ဆန္ဒကို အထောက်အကူ ဖြစ်စေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုကြောင်း Chatham House ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံတကာ ဆက်ဆံရေးဆု ချီးမြှင့်မယ့် အခမ်းအနားကို လာမယ့် ဒီဇင်ဘာလ (၁) ရက်မှာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Madeleine Albright က လက်ခံရယူမှာ ဖြစ်ပါတယ်။

ဒီဆုကို မနှစ်က တူရကီ သမ္မတကို ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။
http://www.rfa.org/burmese/news/assk-chatham-house-prize-09222011234216.html

အောင်ဆန်း - ပင်လုံစာဖတ်ခန်းဖွင့်ပွဲ




NLD Face Book မှ