Saturday, September 24, 2011

ဧရာဝတီမြစ် (လားရှိုးသိန်းအောင်)


http://www.youtube.com/watch?v=SEjH6T6WjV8

ရပ်ကွက်အုပ်ချုပ်ရေးမှူးအရမ်းအရမ်းကို အကျင့်ပျက်နေ

ရန်ကုန်တိုင်းဒေသကြီး ၊သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာအရမ်းအရမ်းကို အကျင့်ပျက်နေပါ၍ တင်ပြပါရစေ။
ကျွန်တော်တို့ ရန်ကုန်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးမှာ ကြံ့/ဖွတ် ပါတီမှ ပါတီစိတ်မှူးတစ်ယောက်အဖြစ်မှနေ၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ်သို့ ၂၇.၆.၂၀၁၁တွင် ခန့်အပ်ခံရသူဖြစ်ပါသည်။ ခန့်အပ်ပြီး ၂ရက်အကြာတွင် ရပ်ကွက်အတွင်း လူငယ် ချင်း စကားများ ၇န်ဖြစ်၍ ရပ်ကွက်ရုံးသို့ လာရောက်ညှိနှိုင်းဖြေရှင်းမှုအပေါ် ငွေကျပ်တစ်သောင်း တောင်းသည့် ကိစ္စနှင့် ပါတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးထံ လိပ်မူတိုင်ကြားခဲ့ကြောင်း သိရပါသည်။
နောက်နှစ်ပါတ်ခန့် အကြာတွင် ရပ်ကွက်ရုံးခန်းတွင် တီဗွီ အပေါ်စက်အောက်စက်ဝယ်ရန်ဆိုပြီး ပြည်သူအချို့ထံ အလှူခံပြီး ရရှိသော ငွေဖြင့် တီဗွီအသစ်တစ်လုံးဝယ်ယူခဲ့သော်လည်း ရပ်ကွက်ရုံးတွင် မထားရှိဘဲ သူ၏နေအိမ်တွင် ထားပြီး သူ၏အိမ်မှ တီဗွီအဟောင်းအစုတ်တစ်လုံးအား ရုံးခန်းတွင် ထားရှိခြင်းကြောင့် လှူထားသော အလှူရှင်များမှာ မကျေနပ်ဖြစ် နေကြပါသည်။
ထို့နောက် နိုင်ငံတော်စီမံချက်ဖြစ်သည့် ရပ်ကွက်/ကျေးရွာအတွင်း ဆင်းရဲသားလျော့နည်းရေးစီမံချက်ဖြင့် ငွေစု ငွေချေး စီမံချက်အပေါ်တွင် အစုထည့်ဝင်ငွေ (၁၀၀၀၀ိ/)ကျပ်ထည့်ဝင်သူတိုင်း (၃၀၀၀၀ိ/)ကျပ်ရရှိမည်ဟု ဆိုကာ အစုငွေ(၁၀၀၀၀ိ/) ကျပ် မထည့်နိုင်သော ဆယ်/ရာမှူးများနှင့် အချို့ဆင်းရဲသားများအား မိမိစိုက်ထည့်ပေးမည်ဟုဆိုကာ စိုက်ထည့်ပေးပြီး ချေးငွေ (၃၀၀၀၀ိ/)ကျပ်ရသည့်အခါ မိမိကိုယ်ကျိုးအတွက်သူထည့်ဝင်ထားသော (၁၀၀၀၀ိ/)ကျပ်အား ၂၀၀၀ိ/ ကျပ် အတိုးနှုန်းပေးရမည်ဟု စိုက်ထည့်ထားသောနှစ်ရက်တာ ကာလအတွက် အတင်းအဓမ္မတောင်းယူပါသည်။
ဒါကြောင့် ဆင်းရဲသားအချို့နှင့် ဆယ်/ရာမှူးများမှာ မကျေနပ်ကြပါ။
ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ သိမ်သမုဒ်သည့်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ လိုအပ် သော အကူအညီများပေးရန် ဘုန်းကြီးမှတောင်းဆိုသောအခါ ဘုန်းကြီးအား ဆယ်/ရာမှူးများ စားသောက်ရန် ဆိုပြီး သုံးသောင်းကျပ်တောင်းယူသွားပါသည်။ သို့သော်ဆယ်/ရာ အိမ်မှုးများပင် မသိရှိကြပါ။
လွန်ခဲ့သော တစ်ပါတ်ခန့်ကလည်း ရပ်ကွက်အတွင်း နှစ်လုံးထီရောင်းသော အမျိုးသမီးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးသောအခါ “ငါ အမှုပေါ့အောင် လုပ်ပေးမယ်။ ငါ့ကို ပိုက်ဆံတစ်သိန်းပေး” ဟု ဆိုကာ အတင်းအဓမ္မတောင်းယူသွားပါ သည်။ ၄င်းအုပ်ချုပ်ရေးမှူးမှာ ဆယ်/ရာမှူးများ အစည်းအဝေးတွင် မိမိအား ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးမြင့်ဆွေမှ ခန့်အပ်ထား သူဖြစ်ကြောင်း မည်သူမှ သူ့ကို မဖြုတ်နိုင်ကြောင်းလည်း အစည်းအဝေးတွင် ကြွေးကြော်ပါသည်။
အဆိုပါ အချက်များအပြင် ရပ်ကွက်လုပ်သားပြည်သူများအနေဖြင့် ယခင်ထဲက အကျင့်ပျက်များဖြင့် အစစအရာရာ နာမည်ပျက်သတင်းကျော်ကြားနေသည့် ကြံ့ဖွတ်ပါတီမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာသူအား လိုအပ်သလိုဆောင်ရွက်ပေး ပါရန် နိုင်ငံတော် သမ္မတကြီးနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူ အပေါင်းအား ပြောပေးပါ ခင်ဗျာ။

ပြန်သွားသူတွေက ကျန်ခဲ့ သူတွေကို သစ္စာဖေါက်သူများအဖြစ် ပြောဆိုနေကြလေတော့


သီးလေးသီးအဖွဲ့ ကို ကျွန်တော်တို့  ကြည့်ဖြစ်သည်။ စိတ်၏ထွက်ပေါက်အဖြစ် ရီစရာတွေကို ကြည့်ကြရသည်။ ပျက်လုံးများကို နားထောင်ပြီး စိတ်အပျော်များ ရရှိခဲ့ ကြသည်။ ထို့ ကြောင့်လည်း ထင်သည်။ သူတို့ အား ကမ္ဘာတပါတ်ခေါ်ပြီး ကိုရွှေမြန်မာတို့ က လက်ခုပ်သံကြားထဲက ရီရီမောမောနှင့် အားပေးလိုက်ကြသည်မှာ နိုင်ငံတိုင်းလိုလို ဖြစ်နေသည် ။ ခုတော့ ပြည်သူချစ်သော အနုပညာသည်တွေက မစင်စားသောပါးစပ်မျိုးဖြင့် သူတို့  လူတွေကို စော်ကားသွားပြီ ။ ပြည်ပမှာ လုပ်စားနေကြတာပါဟု ပြောသောသူတို့ မှာ သူတို့ ကို ကောင်းကောင်းကြီး ခေါင်းပေါ်တင်ခဲ့ သူများဖြစ်ပါသည်။ ယင်းကဲ့ သို့  ခေါင်းပေါ်တင်ခဲ့ သူများကို ဘာကြောင့်များ စော်ကားလေသနည်း ။အေးအေးဆေးဆေးပြန်သွားရုံတင်မက ဇိမ်နဲ့ ဘဲ နေနေ မည်သို့ မျှ ပြောစရာမရှိ ။ လမ်းတ၀က်က ခါးကျိုးပြီး ပြန်သွားသူတွေကို ဂရုစိုက်စရာမှ မလို ။ ခုလည်းနောက်တယောက် ဂေါ်ဇီလာပြောသလို ပြောပြီ ၊ သူကား အဆင့်အတန်းမရှိသူ ဂေါ်ဇီလာလို မဟုတ်။
၈၈ - အရေးအခင်းနောက်ပိုင်း ပြည်ပနိုင်ငံတွင် ပြည်ထောင်စုမြန်မာနိင်ငံ အမျိုးသားညွန့် ပေါင်းအစိုးရ မှာ နိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့ သူ ပီတာလင်းပင်ဖြစ်သည် ။ ဦးပီတာလင်းပင်ကို လူတိုင်းလေးစားကြပါသည်။ သို့ သော် သူကလည်း ယခုပြည်ပကလူတွေကိုချပြီ ။ ပြည်ပမှာ ရှိနေတဲ့  သူတွေက တဦးကို တဦး မလေးစားတဲ့  ။ သမတဦးသိန်းစိန်က လက်ကမ်းတာကို လက်ခံရမယ်တဲ့ ၊ မပယ်ချသင့်ဘူးတဲ့  ၊ လူပျက်တွေက ပြောချင်ရာ ပြော၍ ဆိုချင်ရာ ဆိုခြင်းကို ကျွန်တော်တို့  ဘာမျှ ပြောစရာမရှိ ။ ခုတော့ နိုင်ငံရေးလောက ပုဂ္ဂိုလ်ဖြစ်နေသည်။ တခုခုတော့ ကျွန်တော်တို့  ပြောရမည် ။ အကယ်၍ သူတို့ သာ မပြန်ဖြစ်ခဲ့ လျှင် ခုလောက်ဆိုက အမေရိကန်အစိုးရအနေနဲ့  တွေ့ ဆုံဆွေးနွေးပွဲ တခုခုကို ဖန်တီးစရာ ဖြစ်နေအုံးမည်ထင်သည်။ အကြောင်းမှာ အခုအချိန် သမတဦးသိန်းစိန်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်နှင့် သမတအကြံပေး ဦးကိုကိုလှိုင်တို့ မှာ နယူးယောာက်မြို့ ရှိ ကုလသမဂ္ဂညီလာခံ တက်ရောက်ရန် ရောက်ရှိနေကြသည်။ အကယ်၍ အမေရိကန်အစိုးရမှ ကြားဝင်စေစ့ပ်ပေးမည့်သူ တဦးဦးက ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့် ပေါင်းအစိုးရနှင့် တွေ့ ဆုံဆွေးနွေးစေရေးအတွက်ကို၎င်း၊ နယူးယောက်မြို့ ရှိ ဒီမိုကရေစီ အ၀ိုင်းအ၀န်းမှ အင်အားစုများနှင့်၎င်း ၊ သူတို့ နှင့် တွေ့ ဆုံပွဲ တခုခုကို ပြုလုပ်လာခဲ့ လျှင် ဦးပီတာလင်းပင်မှာ ဂုဏ်သရေရှိစွာဖြင့် ပါဝင်နိုင်ပါသည်။
ခုတော့ လမ်းတ၀က်မှာ တက်ကျိုးသည်မဟုတ် ။ လက်ကျိုးခြေကျိုးစွာနှင့် ကျားသနားမှ နွားချမ်းသာဘ၀မျိုးဖြင့် သူတို့  ပြည်တော်ကို ပြန်သွားကြလေပြီ ။ ထို့ ကြောင့် ဂုဏ်သရေရှိသော နိုင်ငံရေးသမားတဦးမှာ ရစရာမရှိအောင် နိုင်ငံရေးသိက္ခာ စုတ်ပြတ်သွားသည်။ ပြန်သွား၍ သူ့ ဖါသာ သူစုတ်ပြတ်သွားခြင်းကို ဘာမျှပြောစရာ မရှိ။ သူ့ အကြောင်းနှင့် သူ သွားခြင်းသာဖြစ်သည်။ ခုတော့ ပြန်သွားသူက ကျန်ခဲ့ သူကို တော်လှန်ရေးအပေါ်မှာ သစ္စာမဲ့ သူများအဖြစ် ဖေါ်ပြပြောဆိုနေခြင်းကတော့ မပြုလုပ်ကောင်းပေ ။ နိုင်ငံတကာရှိ နိုင်ငံရေးသမားတွေမှာ တဦးကို တဦး မလေးစားကြဟု ပြောဆိုနေခြင်းမှာ တရားမဲ့ လွန်းရာ ကျသည်။ သူပြောသလိုဆိုလျှင် သူရှိနေစဉ် ပြောဆိုခဲ့ ရမည်။ ခုတော့ သတ်ကွင်းထဲမှာ ရောက်နေခဲ့ ပြီးမှ ပြောဆိုသော သူ့ စကားမှာ ဘာမျှ အဓိပ္ပါယ်မရှိချေ။ အဓိကမှာ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးတို့ မှာ ပြည်ပနိုင်ငံတွင် လွတ်လပ်မှူအများကြီး ရှိသည်။ အထူးသဖြင့် အမေရိကန်နိုငံတွင်ဆိုလျှင် မပြောနဲ့ တော့ ။ ဦးပီတာလင်းပင်မှာ အမေရိကန်နိုင်ငံတွင် နေထိုင်စဉ် ထောက်ပြဖို့ ကောင်းခဲ့ သည် ။ ပြောဆိုဖို့  ကောင်းခဲ့ သည်။
သို့ သော် သူကား နေရာမှားမှာ စကားပြော မှားခဲ့ပြီ ။ ထို့ ကြောင့် ကျွန်တော်က သူ့ စကားကို ပြန်လည်တင်ပြလိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာတွင် ဒီမိုကရေစီအင်အားစုများကသာ ခုလို တက်ကြွစွာ မလှုပ်ရှားဘဲ နေခဲ့ ကြလျှင် ခုအချိန်မှာ နိုင်ငံရေးအကျဉ်းသား သိန်းနှင့်ချီပြီး ရှိနေလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်သည်ပင် လွပ်မြောက်နေချင်မှ လွပ်မြောက်နေလိမ့်မည် ။ ယင်းမှာ ပြည်ပနိုင်ငံများတွင် ဒီမိုကရေစီ အင်အားစုများက စစ်အစိုးရကို ဆန့့် ကျင်တွန်းလှန်မှူများ၏ ရလဒ်ဖြစ်သည်။ ယင်းရလဒ်ကို ဦးပီတာလင်းပင် သိရှိမည်ထင်သည်။ ကျွန်တော်တို့ မှာ ပြည်တော်ပြန်သွားသုများကို မပြန်နဲ တော့့ဟု ပြော၍ရသူများလည်း မဟုတ် ။ ပြောစရာလည်းမလို ။ ပီတာလင်းပင် ပြန်မည့်သတင်းကို ကျွန်တော်တို့  ကြားသိထားသည်မှာ ကြာပြီ ။ သည်တော့ သူတို့  ပြန်သွားတော့ ကျန်တဲ့ သူများက ဆက်ပြီး လုပ်စရာတွေလုပ်ရုံပါ့ ။
မည်သို့ ပင်ဆိုစေ ပြန်သွားသူများက ကျန်ခဲ့ သူများကို ရစရာမရှိအောင် ပြောသည်မှာတော့ မလိုအပ်ဟု ထင်သည်။ လိုအပ်သည်ဟု ထင်လျှင်တော့ ကျွန်တော်တို့ ကလည်း သူတို့  မည်သို့  သွားခဲ့ ရသနည်းဆိုသည်ကို ဆန်းစစ်ရဖို့ ဘဲရှိလာသည် ။ သူတို့  ပြည်တော်ပြန်သွားသည်မှာ လွယ်လွယ်ကလေးနှင့် ပြန်သွားရလျင် ကျွန်တော်တို့  ၀မ်းသာအားရ ပီတိ ဖြစ်မိမည် ။ ခုတော့ ယင်းသို့ ယင်းနှယ် မဟုတ်၊ သူတို့ မှာ ပြည်တော်ပြန်ဖို့  အတွက် ဂတိခံဝန်ချက်တွေကို လက်မှတ်ထိုးရသည်။ သာမန်လူပျက်တွေ ဖြစ်သော ဂေါ်ဇီလာလို ပုဂ္ဂိုလ်တွေက အခုလို လက်မှတ်ထိုးပြီးသွားရခြင်းမှာ ဘာမှ ပြသနာမရှိ ။ သူတို့ မှာ နိုင်ငံရေးသမား သိက္ခာလည်းမရှိ၊ လူရွှင်တော် သိက္ခာလည်း မရှိ ။ အစောင်တရာလည်း သူတို့  ထိုးလို့ ရသည် ။ သို့ လင့်ကစား နိုင်ငံရေးသမားတွေက ပြည်တော်ပြန်သွာဖို့ အရေးမှာ အခုလို ဂတိခံဝန်ခံချက်မှာ လက်မှတ်ထိုးလိုက်ရပြီဆိုကတည်းက ဘ၀ပျက်ကိန်း ဖြစ်သွားရပြီ ။ တသက်လုံး ယုံကြည်ချက်ကြောင့် နေခဲ့ သော သူတို့ မှာ ယုံကြည်ချက်ကို စွန့် လွှတ်ပါသည်ဟု လက်မှတ်ထိုးရတော့ လောကအလယ် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည် စရာဘဲ ကျန်တော့သည်။
သူတို့  ပြည်တော်ပြန်သွားသည်မှာ လွယ်လွယ်ကလေးလို့  သမတဦးသိန်းစိန်က လာခဲ့ တော့ဆို၍ သွားလိုက်တာပါဟု ပြောသောစကားကို ယုံကြည်နိုင်စရာ မရှိချေ ။ ဂတိခံဝန်ချက်တွေမှာ လက်မှတ်တွေ ထိုးပြီး မျက်နှာအောက်ကျို့ ခံကာ နေသွားရတော့မည်ကို တွေးမိသည်။ The Voice ၈ျာနယ်မှာ အင်တာဗျူး ပေးထားသော ဦးပီတာလင်းပင်မှာ မျှော်လင့်ချက်တွေနှင့် မေးတာဖြေတာတွေ့ ရသည်။ ပြန်သွားသူတွေက ကျန်ခဲ့ သူတွေကို သစ္စာတရားနဲ့ ပါတ်သက်ပြီး ရှုတ်ချ ပြောနေသမျှကတော့ သမတဦးသိန်းစိန်အစိုးရက မြှောက်စားတာ -တမနက်ဘဲ ဖြစ်လိမ့်မည် ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးအကျဉ်းသားတွေ ကို မလွှတ်ဘဲ ထားသော အစိုးရမှာ ပြည်တော်ပြန်လာသော နိုင်ငံရေးသမား သစ္စာဖေါက်ကို နေရာပေးလိမ့် မည်ဟု ခံယူထားလို့ ကတော့ ဘာဖြစ်မှာလဲ ဟု ဦးပီတာလင်းပင်က ဂေါ်ဇီလာကို မေးရုံဘဲ ရှိနေတော့သည်။ အကယ်၍ သူတို့ နှစ်ယောက်က ( ၆၅ ) နှင့် လိုက်မှာလားဟု မေးလို့ ကတော့ မေးတဲ့ သူက ဖြေကြားသူရှာမတွေ့ ဘဲ သူတို့ ကိုယ်တိုင် မကြာခင် လိုက်ပါသွားရရင်ဖြင့် ကျန်ရစ်သူများက တခါပြန်ပြီး ရီနေရအုံးမည်ဟု ပြောရုံဘဲ ရှိတော့သည်။

ခိုင်အောင်ကျော် ( နယူေးယာက် )




သံရုံးမှာသင်ဒီလိုယောကျာင်္းကတိပေးရမယ်။


အကြည်ညိုပျက်အောင်မလုပ်ရဖူး၊(ကြည်ကြည်ညိုညိုနေပါ့မယ်)

လှုံ့ဆော်ရေးသားဖြန့်ဝေမလုပ်ရဖူး၊(ကောင်းရောင်းကောင်းဝယ်လုပ်စားပါ့မယ်)

တရားမ၀င်အဖွဲ့အစည်းနဲ့မဆက်သွယ်ရဖူး၊(အန်အယ်ဒီရုံးမသွားပါဖူး)

အဖျက်အမှောက်မလုပ်ရဖူး၊(ကောင်းရောင်းကောင်းဝယ်လုပ်စားပါ့မယ်)x၂

ဥပဒေဘောင်အတွင်းအေးချမ်းစွာနေထိုင်ရမယ်။(အသေသာသတ်လိုက်ပါတော့...)

ဒါတွေဝန်ခံလက်မှတ်ထိုးရမယ်။

ကဲ ..သင့်ရာဇ၀င်ကိုစာတင်ကြရအောင်....

ရဲရင့်ငယ်

လေမှာဝဲပျံ ခွပ်ဒေါင်းအလံ


http://www.ziddu.com/download/16504854/kwutdawnflag.pdf.html

Kwutdawn Flag

၂၄.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



http://www.mediafire.com/file/p2r1pbjqvl4d26b/24%20Sep2011%20Yeyintnge%27s%20diary.doc


http://www.mediafire.com/file/nd6zcma81vx4lm6/24%20Sep2011%20Yeyintnge%27s%20diary.pdf


http://www.ziddu.com/download/16504810/24Sep2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16504811/24Sep2011Yeyintngesdiary.pdf.html

24 Sep2011 Yeyintnge's Diary

အမုန်းခံစိတ်နှင့် သင်ယူနေရဆဲ ဗမာစကား


Saturday, 24 September 2011 07:06 မြတ်ပန်းရှင်

“သင်ပြောဆိုတဲ့ ဘာသာစကား အသစ် တစ်ခုတိုင်းအတွက် ဘ၀အသစ် တစ်ခုစီကို ပိုင်ဆိုင် နေထိုင်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ ဘာသာစကား တစ်ခုမျှသာ သိတယ်ဆိုရင်တော့ သင်ဟာ တစ်ကြိမ်မျှသာ ရှင်သန် နေထိုင်ခွင့် ရှိနေတယ်။”

ဒီ ချက်လူမျိုးများ၏ စကားပုံကလေးမှာ ဥရောပ ဘာသာစကားများနေ့ ကြွေးကြော်သံ ဆောင်ပုဒ်လည်း ဖြစ်လို့နေသည်။

စက်တင်ဘာလ ၂၆ ရက်နေ့သည် “၁၀ ကြိမ်မြောက် ဥရောပ ဘာသာစကားများနေ့” နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်ပါသည်။ ညီလာခံသဘင်များ၊ ပဟေဠိပြိုင်ပွဲများ၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲများ၊ လမ်းမပေါ်က အားကစားပွဲများဖြင့် ဥရောပ အနှံ့အပြားတွင် ဆင်ယင် ကျင်းပမည်ဖြစ်ကြောင်း ဥရောပ ကော်မစ်ရှင်အဖွဲ့က ကြေညာချက်ထဲတွင် ဖေါ်ပြထားသည်။

အဓိက ရည်ရည်ရွယ်ချက်မှာ ဘာသာစကားများ သင်ယူရေးကို မြှင့်တင်ပေးရန်အတွက်နှင့် ဥရောပ၏ ဘာသာစကား ထွေပြားစုံလင်မှုကို ဂုဏ်ပြု ဆင်ယင် ကျင်းပပေးရန်အတွက် ဖြစ်သည်။ အီးယူ၏ တရားဝင် ဘာသာစကား ၂၃ မျိုး အပါအ၀င် ပူးတွဲ တရားဝင်ဘာသာစကားများ၊ ဒေသန္တရသုံးစကား၊ လူမျိုးနွယ်စု စကားများအတွက် ဖြစ်ပါသည်။

ဥရောပ ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာစကားစုံလင်မှုနှင့် လူငယ်ရေးရာ ကော်မစ်ရှင်နာ အန်ဒရိုအူလာ ဗာစီလီအိုနှင့် ဥရောပ ကောင်စီ အထွေထွေ အတွင်းရေးမှူး သော့ယန် ဂျဂလန်တို့အတူ ပူးတွဲ ကြေညာချက်လည်း ထုတ်ပြန်ကြမည်။ ဘာသာစကား ထွေပြားစုံလင်မှုအတွက် သူတို့၏ တာဝန်ယူ လုပ်ဆောင်ရမည့် ကတိက၀တ်ကို ထပ်မံ အတည်ပြု ပေးခြင်းလည်ဖြစ်သည်။


တိုင်းရင်းသားစကားတွေ အများကြီး ပြောကြစို့

ပိုလန်က ဥက္ကဌ နေရာ တာဝန် ယူထားသော အီးယူ၏ အာဂျင်ဒါထဲတွင် ဘာသာစကား သင်ယူမှုကို အမြင့်ဆုံး ထည့်သွင်း ထားရှိပါသည်။ မိခင်ဘာသာစကားအပြင် အခြားသော ဘာသာစကား ၂ မျိုးကိုလည်း သင်ယူလေ့လာရန် လူငယ်ထု တစ်ရပ်လုံးကို တိုက်တွန်းထားသည်။ ပုဂ္ဂလ ရည်မှန်းချက်များအပြင် အလုပ်အကိုင် အတွက်လည်း အကျိုး ဖြစ်ထွန်းစေသည်ဟု ဆိုပါသည်။

“မိခင်ဘာသာစကား အပြင် အခြားသော ဘာသာစကားတစ်ခုခုကို တတ်မြောက်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ လက်တွေ့ကို အလွယ်တကူ မြင်တွေ့နိုင်တာပါ။ ဂျာမဏီမှာ ထွက်ပြီး အလုပ်လုပ်မလား၊ ပြင်သစ်မှာ ပညာ သွားသင်ချင်သလား၊ ဒါမှမဟုတ်ရင် ဆိုက်ပရပ်မှာ အပန်းဖြေခရီး ထွက်မလား၊ ဒေသခံတွေနဲ့ ဆက်သွယ်ပြောဆို နိုင်တာကတော့ဖြင့်ရင် အင်မတန်မှ အကျိုးများလှတယ်။ ဘာသာစကားတွေဟာ စိတ်ပြတင်းပေါက်ကို ဖွင့်လှစ်ပေးတယ်။ မိုးကုပ်စက်ဝိုင်းပေါင်း များစွာကိုလည်း ခံစားနိုင်ပြန်တယ်။ အလုပ်ရနိုင်တဲ့ အခွင့်အလမ်းလည်း တိုးပွားတယ်လေ။” ကော်မစ်ရှင်နာ ဗာစီလီအိုက ဆိုသည်။

မြန်မာနိုင်ငံနှင့် ဘာသာစကား ထွေပြားစုံလင်မှု

တိုင်းရင်းသားမျိုးနွယ်စု ထွေပြားစုံလင်လှပြီး ဘာသာစကားလည်း ပေါများ ကြွယ်ဝလှသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း ဖက်ဒရယ်ပြည်ထောင်စု တိုင်းပြည် တည်ထောင်ရန်အတွက် ဘာသာစကား တတ်မြောက်မှုမှာ အရေးကြီးလွန်း နေသည်။ မိခင်ဘာသာစကားအပြင် အခြားသော ဘာသာစကားတို့ကို ဂုဏ်ယူစွာဖြင့် ပြောဆို တတ်မြောက်သင့်လှပါသည်။

မတူကွဲပြားသည့် ယဉ်ကျေးမှုများကို ခံစားသိမြင်ပြီး သဟဇာတဖြစ်ရေး၊ ငြိမ်းချမ်းရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း တို့အတွက် မိခင်ဘာသာ စကားအပြင် အခြားသော တိုင်းရင်းသား ဘာသာစကားများနှင့် အိမ်နီးချင်း တိုင်းပြည်၏ ဘာသာစကားတို့ကိုလည်း တတ်မြောက် ထားသင့်ပါသည်။

မိခင်ဘာသာစကား၊ တိုင်းရင်းသား ဘာသာစကားတို့ကို သင်ကြားခွင့် ပိတ်ပင်ခြင်း၊ တားဆီးဟန့်တားခြင်း၊ နှောက်ယှက်ခြင်းတို့မှာ အလွန်ပင် ဆိုးဝါးလှပါသည်။ နောက်ဆက်တွဲ ဆိုးကျိုးများစွာကို အားလုံးက ခံစား နေရပေပြီ။ မိမိလူမျိုးစုကိုလည်း မချစ်တတ်၊ အခြားသော တိုင်းရင်းသားများနှင့်လည်း ချစ်ကြည်ရင်းနှီး၊ ငြိမ်းအေးစွာ မနေတတ်သော လူများအဖြစ် ကြီးပြင်း လာနေကြရာ ဤတိုင်းပြည်၊ ဤဒေသ၊ ဤလူမျိုးစု၏ အနာဂတ်အတွက် ရင်လေးဖွယ်ရာပင်။

မိခင်ဘာသာစကားကို ပိတ်ပင်တားဆီး၊ နှောက်ယှက်မှု၏ ဆိုးကျိုး များစွာထဲက တစ်ခုမှာ ဗမာ (မြန်မာ) စကားကို မုန်းတီးစိတ်နှင့် သင်ယူနေရကြောင်း လေ့လာတွေ့ရှိရသည်။ အထူးသဖြင့် ပြည်တွင်းစစ် ဒေသများနှင့် ဒုက္ခသည်စခန်းများ၊ တိုင်းရင်းသား ဒေသများရှိ တိုင်းရင်းသား ပြည်သူတို့မှာ မိမိစကားလည်း သင်ခွင့်မရ၊ ဗမာ (မြန်မာစာ) ကိုလည်း မိမိရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်အပေါ် အမုန်းခံစိတ်ဖြင့် သင်ယူနေရပြန်သည်။

လွှတ်တော်ထဲတွင် အင်္ဂလိပ်ဘာသာစကားပြောဆိုရန် တိုင်းရင်းသား အမတ်မင်းများက ရဲရဲဝံ့ဝံ့ အကြံပြုကြမည်ဟုလည်း မောက္ခက သတင်းများ ကြားသိရပါသည်။

Maybe, it is a good idea for the future of Burma, MPs. Good on you. Carry on. Speak out, men. You can do it. Why don't you speak ethnic languages in your State Parliaments? Don't be afraid, ethnic MPs.

တိုင်းရင်းသားများကလည်း မြန်မာ (ဗမာ) စကားကို မပြောချင်ကြတော့။ မသင်ယူချင်ကြတော့။ အမုန်းခံစိတ်ဖြင့် သင်ယူနေရလေရာ ကျွမ်းကျင်စွာ တတ်မြောက်မှု ပြဿနာ ရှိနေလေသည်။ သို့ဖြစ်လေရာ တစ်ဦးချင်း၊ လူမျိုးနွယ်စု တစ်မျိုးချင်း၏ ဆုံးရှုံးနစ်နာမှုသာလျှင် မကတော့ဘဲ တိုင်းပြည်ပါ နစ်နာလှလေသည်။

အိမ်နီးနားချင်း ချစ်ကြည်မှုနှင့် ထိုင်းရဲကို ရိုးသားစွာ နေထိုင်ပါကြောင်း ရှင်းပြနိုင်ရေးတို့ အတွက် မောက္ခ ပညာရေး မဂ္ဂဇင်း ၀ိုင်းတော်သားများလည်း ဖုဖါ့စာထိုင်းကို ကိန်မမ ဖြစ်ရေး အားထုတ်နေရပါကြောင်း။

မောက္ခသတင်း

မြတ်ပန်းရှင်

Source: EU & မောက္ခ
http://www.maukkha.org/index.php?option=com_content&view=article&id=1842:2011-09-24-07-11-39&catid=119:2010-10-11-07-36-06&Itemid=373

ဂြိုလ်တု ပျက် စနေ နေ့ အစောပိုင်း အမေရိကန် နိုင်ငံ ပေါ် ကျရောက် နိုင်


by politics on September 24, 2011


ကမ္ဘာ့ လေထု အထက်လွှာ ကို စောင့်ကြည့် ဖို့  လွှတ်တင် ထား တဲ့ ဂြိုလ် တု တစ်လုံး က အပိုင်း
အစ တွေ ဟာ စနေ နေ့ မနက် အစော ပိုင်း မှာ ကမ္ဘာ့  လေထု ထဲ ကို ၀င်ရောက် လာ ပြီး မြေပြင်
ကို အရှိန် နဲ့  ကျလာ လိမ့် မယ် လို့  အမေရိကန် အမျိုး သား အကာသ သိပ္ပံ နဲ့  လေကြောင်း
အေဂျင်စီ (NASA) က သတိပေး ချက် ထုတ်ပြန် ထား ပါတယ်။

ခြောက်တန်း ခွဲ အလေး ချိန် ရှိ တဲ့ ဒီဂြိုလ်တု ကို ၁၉၉၁ ခုနှစ် မှာ အမေရိကန် နိုင်ငံ က အိုဇုန်း
လွှာ လေ့လာ ဖို့  လွှတ်တင် ခဲ့ တာ ဖြစ် ပြီး ၂၀၀၅ ခုနှစ် မှာ ရပ်နား ခဲ့ ပါတယ်။

ဂြိုလ် တု က အပိုင်း အစ တွေ ဟာ အမေရိကန် နိုင်ငံ ထဲကို ကျဖို့  ဖြစ် နိုင်ခြေ ပို များ တယ်လို့ 
နာဆာ က အခု နောက် ဆုံး သတင်း ထုတ် ပြန်ထား ပါတယ်။

၆ တန် လေး တဲ့ ဒီဂြိုလ် တု ရဲ့  ကျန်တဲ့ အပိုင်း တွေ ဟာ အပြောကျယ် တဲ့ အာကာသ ထဲ ကို
မျောလွင့် သွား မှာ ဖြစ် ပြီး ကျန် တဲ့ ကျန် တဲ့ အပိုင်း ၂၆ ခု က တော့ ကမ္ဘာ မြေပြင် ကို ပြန်လည်
ဝင်ရောက် လာမှာ ဖြစ်ပါတယ်။

ပထမတော့ ကမ္ဘာ မြေပြင် ရဲ့  ၇၀ ရာ ခိုင် နှုန်းလောက် ကို ဖုံး အုပ် ထား တဲ့ သမုဒ္ဒရာ ရေပြင် ထဲ
ကို ကျသွား မယ် လို့  ခန့် မှန်းထား ပေမယ့် အပိုင်း အစ တွေ ရဲ့  အချို့  ဟာ မြောက် အမေရိက
တိုက် ထဲ ကို ကျ နိုင် တယ် လို့  ခန့် မှန်း တွက် ချက် ထား ပါတယ်။

ဂြိုလ်ပျက် ဟာ တစ်နာ ရီ ကို မိုင် ၁၀၀ ကျော် နှုန်း နဲ့  ကမ္ဘာ မြေပြင် ဆီ ကို ပြန်လည် ၀င် ရောက်
မှာ ဖြစ် ပါတယ်။
http://freedomnewsgroup.com

လူငယ်များရဲ့ ဧရာဝတီလှုံဆော်ပွဲကျင်းပ


လူငယ်များရဲ့ ဧရာဝတီလှုံဆော်ပွဲကျင်းပ
တာရာဝေယံ၊ စက်တင်ဘာ ၂၄၊ ၂၀၁၁
ယမန်နေ့က နာရေးကူညီမှုအသင်းနဲ့ ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများက ဧရာဝတီကာကွယ်ဖို့ လှုံဆော်ပွဲကို ရန်ကုန်တိုင်း၊ ဒဂုံမြောက်ပိုင်းမှာရှိတဲ့ နာရေးကူညီမှုအသင်းမှာ ကျင်းပခဲ့ကြပါတယ်။ အဲဒီနေ့က ကျင်းပတဲ့ ပွဲမှာ ဧရာဝတီမြစ်ဆုံရေကာတာတည်ဆောက်ရေး စီမံကိန်းကို ရပ်တန့်ပြီး ဧရာဝတီကို ကာကွယ်ဖို့ ပြည်သူလူထုကို လှုံဆော်တဲ့ ကဗျာ၊ သီချင်း၊ အက်ဆေး၊ စာတမ်းများ ရွတ်ဆိုဖတ်ကြားခဲ့ကြပါတယ်။

ဇေယျာသော်၊ လူဇော်သစ်

 အနဂ္ဂ၊ ရန်ရန်ချမ်း၊ ရဲတိုက်၊ ဇေယျာသော်



ပွဲကို အနုပညာနဲ့ နိုင်ငံရေးနယ်ပယ်အသီးသီးက လူငယ်များ အများအပြားတက်ရောက်ကြကာ ပရိသတ် တထောင်ကျော်ခန့် ရှိပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် ပွဲတက်ရောက်ခြင်း မရှိတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ လူထုစိန်ဝင်းတို့ရဲ့ ဗီဒီယိုအမှာစကားများကို ဖွင့်လှစ်တင်ဆက်ခဲ့ကြတာကို တွေ့ရပါတယ်။

 နေထက်နိုင်၊ ရွှေဇီးကွက်

 ဆောင်းဦးလှိုင်၊ သားထွေး

 ဦးအုန်း၊ ဦးသောဘိတ
ထိုနေ့က ပွဲမှာ မြန်မာစီးပွားရေးပညာရှင် ဦးမျိုးမြင့်၊ အင်န်အယ်ဒီဗဟိုကော်မီတီဝင် ဦးအောင်ကြည်ညွန့်တို့ရဲ့  အခြေခံဥပဒေပါ အခွင့်အရေးတွေနဲ့ ဧရာဝတီကို ဘယ်လို ကာကွယ်လို့ရတယ် စတဲ့စာတမ်းများနဲ့ စာရေးဆရာမ သန်းမြင့်အောင်ရဲ့ စာစုတခုကို ဖတ်ကြားခဲ့ကြောင်း သိရှိရပါတယ်။
နေထက်နိုင်၊ တိုးနှောင်မိုး၊ ၀ိုင်ချို၊ ဦးသောဘိတ၊ သူရဇော် စတဲ့ ကဗျာဆရာများက ကဗျာများ ရွတ်ဆိုခဲ့ကြပြီး ဇေယျာသော်၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဆောင်းဦးလှိုင်တို့က ဟစ်ဟော့သီချင်းများနဲ့ လှုံဆော်ခဲ့ကြပါတယ်။

 ဒေါ်ဒေ၀ီ

 ကိုကီးဂျွန်၊ ကျော်သူ

 ကျော်သူ၊ ကိုရဲလွင်
ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဧရာဝတီကို ကာကွယ်ရေးလှုပ်ရှားမှုမှာ လူငယ်ထုတရပ်လုံးက အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဧရာဝတီဟာ ကမ္ဘာတည်နေသ၍ တည်တံ့ရမယ့် မြစ်ကြီးတစင်းဖြစ်တာကြောင့် ဒီအရေးကိစ္စအပေါ်မှာ အစိုးရတဖွဲ့၊ လွှတ်တော်တရပ်၊ အဖွဲ့အစည်းတခုခုကပဲ ဆုံးဖြတ်လို့မရနိုင်တဲ့အကြောင်း ယခုပွဲကို တာဝန်ခံစီစဉ်တဲ့ ၈၈ မျူိးးဆက်ကျောင်းသားအဖွဲ့က ကိုမြတ်သူက တင်ပြသွားကြောင်း သိရပါတယ်။
       လှုံဆော်ပွဲမှာ ကိုရဲလွင်၊ သားထွေး၊ ကိုကီးဂျွန်တို့ ဂီတအဖွဲ့နဲ့ ကိုခင်ဝမ်းရဲ့ "ဧရာဝတီ"၊ ထူးအိမ်သင်ရဲ့ "ရာဇ၀င်ထဲက သတို့သမီး"၊ ကိုရဲလွင်ရဲ့ "ငြိမ်းချမ်းရေး" စတဲ့သီချင်းများကို ပရိသတ်နဲ့အတူ ပူးပေါင်းသီဆို ဖျော်ဖြေကြရင်း ဧရာဝတီကို ကာကွယ်စောင့်ရှောက်ကြဖို့ သန္နိဋ္ဌာန်တွေ ပိုမိုခိုင်မြဲလေးနက်စေခဲ့ကြောင်း သတင်းရရှိပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=10004&Itemid=1

ဗိုလ်ချုပ်မှူးကြီးစောမောင်ကို န၀တဥက္ကဌ ရာထူးကနေ ဖယ်ရှားခဲ့ကြစဉ်က

စနေ, 24 စက်တင်ဘာ 2011

By ရော်နီညိမ်း

၁၉၆၂ခုနှစ်ကကော၊ ၁၉၈၈ခုနှစ်ကကော၊ စိတ်တူသဘောတူအာဏာသိမ်းခဲ့ကြတဲ့ လုပ်ဖေါ်ကိုင်ဘက် မြန်မာ့ တပ်မတော်စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားမှာတောင်၊ တဦးးနဲ့တဦး သစ္စာမဲ့ခဲ့ကြတဲ့ သမိုင်းအထောက် အထားတွေ အများအပြားရှိနေတာကြောင့်၊ မြန်မာ့နိုင်ငံရေးမှာ စစ်ခေါင်းဆောင်တွေအပေါ် ဘယ်လောက်ယုံ ကြည်ရမလဲဆိုတာ၊ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ သမိုင်းထဲကနေ သင်ခန်းစာယူစရာဖြစ်တဲ့၊ ၁၉၈၈ အာ ဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို စစ်ကောင်စီဝင် ကျန်စစ်ခေါင်းဆောင်တွေ သစ္စာ ဖေါက်ပြီး၊ ၁၉၉၂ ဧပြီလ (၂၇)ရက် နေ့ မှာ စိတ်တူသဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်အကြောင်း၊ မနှစ်က ၂၀၁၀ ခုနှစ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ဦးရော်နီညိမ်း တို့ ဆွေးနွေးတင်ပြထားတာကို၊ ဒီသီတင်း ပတ် တပ်မှူးတပ်သား ပြောစကား ကဏ္ဍမှာ ပြန်ပြီး တင်ဆက် လိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကျနော်တို့ ဟိုနေရာလေး ပြန်ကြည့်ရအောင်။ ခုနက ဗိုလ်ချုပ်ကြီးသန်းရွှေ န၀တ ဒုတိယ ဥက္ကဌ ပိုင်ပိုင် နိုင်နိုင် ဖြစ်သွားတဲ့ အနေအထားလေးကို ပြောပြပေးပါဦး ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ပြန်တမ်း ထွက်ပါတယ်။ ပြီးတော့မှ သတင်းစာတွေထဲမှာ ဒုတိယဥက္ကဌ ဆိုတာကို စပြီး တော့မှ ကြေညာတာက ၁၉၈၉ ပေါ့လေ၊ ၁၉၈၉ အကုန်ပိုင်းလောက်မှာ စ ကြေညာတာ ဖြစ်ပါတယ်။ အစည်းအဝေး တွေမှာ ထိုင်ကြတဲ့အခါ စစ်ရုံးမှာ “၀ါစဉ်” ရှိပါတယ်။ နိုင်ငံရေးပိုင်းအရ လုပ်တဲ့အစည်းအဝေး တွေမှာဆိုရင် ဗိုလ်ချုပ် ကြီးစောမောင်၊ ဘယ် နဲ့ ညာက အတွင်းရေးမှူး (၁)၊ (၂)။ ပြီးမှ ကျန်တဲ့ member (န၀တ အဖွဲ့ဝင်) တွေက တန်းစီပြီး တော့မှ ထိုင်ရပါတယ်။ ဒါ “၀ါစဉ်” ပါပဲ။ စစ်ရေးနဲ့ပတ်သက်တဲ့ အစည်း အဝေးဆိုရင် ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ် ကြီးသန်းရွှေ၊ ပြီးရင် ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေ။ ပြီးတော့မှ ဗိုလ်ချုပ်ခင်ညွှန့်က ထောက်လှမ်းရေးညွှန်ကြား ရေးမှူးအနေ နဲ့ အဝေးကြီးမှာ ထိုင်ရပါတယ်။ လေးလပတ် အစည်းအဝေးတို့၊ စစ်တပ်အစည်းအဝေးတို့ ဆိုရင်၊ ဗိုလ်ချုပ်ခင်ညွှန့်ခုံက အဝေးကြီး ရောက်သွားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်မှာ သူ တရားဝင် န၀တ ဒုတိယ ဥက္ကဌ ဖြစ်လာပြီ။ အဲဒီအခါကျတော့ကော ဒုတိယဥက္ကဌနဲ့ ဥက္ကဌနဲ့ ဆက်ဆံရေး ပိုပြီးတော့ တိုးတက်မှု ရှိလာပါသလား ခင်ဗျ။ ဆက်ဆံရေး ပြန်ကောင်းသွားလား ခင်ဗျ။ ပို တိုးတက်လာ သလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ သိပ်တော့ ထူးခြားမှု မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ကြီး စောမောင် အနေနဲ့က ဗိုလ်ချုပ်ကြီး သန်းရွှေကို အဲဒီအချိန်မှာ ခုန ကျနော်ပြောခဲ့တဲ့ ဆည်မြောင်း၊ တာတမံတွေကလွဲလို့ ကျန်တဲ့ တာဝန်ပေး တာမရှိပါဘူး ခင်ဗျ။ ဗိုလ်ချုပ်ကြီး သန်းရွှေမှာ power မရှိပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီဟာတွေ ဖြစ်နေတာကို ဦးနေ၀င်းက ဘာမှ ၀င်ရောက် စွက်ဖက်ခြင်း မရှိဘူး လား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်နောက်ပိုင်းမှာတော့ ဦးနေ၀င်းရဲ့ အခန်းကဏ္ဍက လူပုဂ္ဂိုလ်နေရာချထား မှုနဲ့ ပတ်သက်ပြီးတော့ မှ သူ့အနေနဲ့ ၀င်ရောက်စွက်ဖက်တာ မရှိတော့ပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ နောက်တစ်ခု ကျနော်တို့ ပြန်တွက်ကြည့်လို့ မရဘူးလားခင်ဗျ၊ ဒီလိုလေ။ ဦးနေ ၀င်းသည် အောက်ကတပည့်တွေ မတည့်အောင် လုပ်ထားပြီးတော့မှ သူ့အာဏာမြဲအောင် တစ်သက်လုံး လုပ် လာတာဆို တော့၊ အဲဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီး စောမောင် နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ ဒီလိုမျိုး အဆင်မပြေ ဖြစ်နေတာ သူ့အတွက် ပိုပြီး တော့ balance မဖြစ်ဘူးလားခင်ဗျ၊ သူ အကယ်၍ နောက်မှာ ရှိနေတယ်ဆိုလို့ရှိ ရင် ဒီသဘောမျိုးကော ရှိနေပါ သလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဆင်မပြေဖြစ်နေတယ်လို့တော့ အဲဒီအချိန်အခါက ပြောလို့မရဘူးခင်ဗျ။ ဘာလို့ ပြောလို့မရလဲ ဆိုတော့ ဗိုလ်ချုပ်ကြီးသန်းရွှေအနေနဲ့ မကျေနပ်ဘူးဆိုတဲ့အမူအရာ လုံးဝမပြခဲ့ပါဘူး။ တကယ့် တကယ် သူ အာဏာရလာတဲ့ အချိန်ကျတော့မှ၊ ဗိုလ်ချုပ်စောမောင်ရဲ့ အသုဘတောင် မသွားရဘူးဆိုပြီး ပိတ် တဲ့ သဘောမျိုးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတင်ဦးပေါ့နော်၊ နောက်ပိုင်းမှာတော့ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးပေါ့၊ ဘယ်သူ့လူပါလဲ ခင်ဗျ။ ဗိုလ်ချုပ် ကြီးစောမောင်လူလား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လူလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်ခါမှာ စစ်ရုံးမှာရှိတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး၊ နောင် ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး ပေါ့လေ။ နောက်တစ်ယောက်က (ဒုတိယ)ဗိုလ်မှူးကြီးခင်မောင်သန်း (စစ်ဦးစီးမှူး - ပထမတန်း) G-1 ပေါ့။ အဲဒီအချိန်အခါမှာ၊ ဗိုလ်ချုပ်ကြီးစောမောင် အနေနဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကော၊ ဗိုလ်မှူးကြီးခင်မောင် သန်းကိုကော ကြည့်မရပါဘူး။ ကြည့်မရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ဒီလူတွေ ဟာ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ အင်မတန် မှ closed ဖြစ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီး စော မောင်က “တင်ဦးကို ငါ စစ်ရုံးမှာ မမြင်ချင်ဘူး” ဆို တဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးတင်ဦးက ဘယ်သူမှ ရာထူး မပေးဘဲ နဲ့ သူ့ကိုယ်သူ ကစထမှူး (ထိုအချိန်က တဦးတည်း သော ကစထမှူး) ဆိုပြီးတော့မှ ကရင်ပြည် နယ် ဘက်ကိုသွားပြီးတော့မှ ရှောင်နေရတဲ့ အနေအထားမျိုးရှိပါတယ်။ နောက်တစ်ယောက်က ဗိုလ်မှူးကြီးခင် မောင်သန်း (နောင် ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း)၊ သူဆိုရင်လည်း စစ်ဦးစီးဗိုလ်မှူးကြီး (ကက(ကြည်း) စစ်ဆင် ရေးဌာန G-1 ကနေ စစ်ဦးစီးဗိုလ်မှူးကြီး (ကြည်း)အဖြစ် ရာထူးတက်ခဲ့ပြီး နောက်) ကနေ၊ “မင်းသွား ခင်မောင်သန်း၊ တပ်မ(၅၅) ဒုတပ်မမှူး” ဆိုပြီးတော့မှ မောင်းထုတ် လိုက်ပါတယ်။ အဲဒီ အချိန်အခါတုန်းက တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ပြောပိုင်ခွင့် မရှိဘူးပေါ့ဗျာ။ သူ့အထက်က ဦးစီးချုပ်က လုပ်တယ်ဆို တော့ သူက မကျေနပ်ပေမယ့် ငြိမ်ခံနေရတဲ့ အနေအထားမျိုးရှိပါတယ်။ ကျနော် ဘာဖြစ်လို့ အဲလိုပြောရသ လဲ ဆိုတော့ ကျနော်တို့က ရန်ကုန်မှာ သင်တန်းနည်းပြအရာရှိပေါ့လေ၊ ဒီ ကကလှမ်း (ကာကွယ်ရေးဝန်ကြီး ဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး) နဲ့တော့ အမြဲသွားဟယ်လာဟယ် အဆက်အသွယ်ရှိ တယ်။ ဗိုလ်ချုပ်ကြီး စောမောင်အနားမှာ နေတဲ့ ဗိုလ်မှူးမြင့်ဦးတို့၊ ဗိုလ်မှူးခင်မောင်စိုး (ဗိုလ်ချုပ်မှူးကြီးစော မောင်၏ ကိုယ်ရေးအရာရှိများ) တို့ဆိုတာ ကျနော်တို့ သူငယ်ချင်းတွေပါ။ ကျနော်တို့ က အမြဲတမ်း ထိတွေ့၊ ဆက်ဆံ၊ ပြောဆိုနေကြတဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော် ကကလှမ်း ရောက်သွားတဲ့ အခါကျတော့ ပိုသိရပါတယ်။

(ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း = “နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ” အဖွဲ့ဝင် အဖြစ်၊ အဆိုပါစစ်ကောင်စီ စတင်ဖွဲ့စည်းချိန် ၁၉၉၇ခုနှစ်မှ စတင်၍၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအနေနှင့် ပါဝင် လာခဲ့ပြီး၊ နောက်ဆုံး ဧရာဝတီတိုင်း၊ ပဲခုးတိုင်းနှင့် ရခိုင်ပြည်နယ်တို့၏ စစ်ရေးနှင့် အရပ်ဘက်အုပ်ချုပ်ရေးကို ကွပ်ကဲရသော ကစထ(၃) ၏ ကစထမှူး ဖြစ်ခဲ့သူ။ ၂၀၀၆ တွင် ကစထမှူး ရာထူးမှ ဖယ်ရှားခံရပြီး “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ”၀င် အဖြစ်မှပါ ၂၀၀၉ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အနား ပေး ဖယ်ရှား ခြင်းခံခဲ့ရသူ)

ဦးရော်နီညိမ်း။ ။ ရွေးကောက်ပွဲကို တကယ်ပဲ တရားမျှမျှတတ၊ရိုးရိုးသားသားနဲ့ လုပ်ပေးမယ်။ ပြီးလို့ ရှိရင် တပ်မတော်ဟာ စစ်တန်းလျားကိုပြန်မယ် ဆိုတဲ့ရည်ရွယ်ချက်ဟာ၊ ဗိုလ်ချုပ်ကြီးစောမောင် အပါအ၀င် အားလုံးမှာ ရှိပါသလား။ သူ တစ်ယောက်ထဲမှာ ရှိတာလား၊ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” ဟာ၊ (၈၃)ရာခိုင် နှုန်းလောက်နဲ့ အပြတ်အသတ်အနိုင်ရသွားတဲ့အချိန်မှာ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ် ကြီးသန်းရွှေ၊ ဗိုလ်မှူးချုပ်ခင်ညွန့်တို့ သုံးယောက် ပတ်လည်ကြားမှာ ဘယ်လိုဖြစ်လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ဟာ တကယ့် ရိုးရိုးသားသား စစ်သားကြီးပါ။ သူ တကယ်ပြောခဲ့တဲ့ စစ်တန်းလျားပြန်မယ်ဆိုတာ အမှန်ပါ။ ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ကလိမ်ကကျစ် လုပ် ပြီးတော့မှ ပြောတဲ့အနေအထားမျိုး မရှိပါဘူး။ ဗိုလ်ချုပ်ကြီးနေ၀င်းနေတဲ့ အေဒီလမ်းအရှေ့က အင်းလျားလေး စခန်းဆိုတာ ရှိပါတယ်။ သနက(၅) (ဗမာ့သေနတ်ကိုင်တပ်ရင်း - ၅) တပ်ရင်းက၊ ဒေါက်တာမောင်မောင် ရဲ့ သားအငယ်ရှိပါတယ်။ ဗိုလ်မှူးအောင်နိုင်ပေါ့၊ကိုကျော်သူရဲ့ အငယ်ပေါ့လေ၊ သူနဲ့ကျနော် အဲဒီမှာနှစ်လလောက် ကြာအောင် လုံခြုံရေး လုပ်ရပါ တယ်။ int. cover (intelligence cover = ထောက်လှမ်းရေးအရ လုံခြုံရေး) ပေးရတဲ့ အနေအထားမျိုးတွေ ရှိပါ တယ်။ အဲဒီမှာ လုံခြုံရေးလုပ်တဲ့အချိန်ခါမှာ ဗိုလ်ချုပ်ကြီးစောမောင် ကော၊ ဗိုလ်မှူးကြီးခင်ညွန့်ကော ဗိုလ်ချုပ်ကြီး နေ၀င်း အိမ်ကို မကြာမကြာ အ၀င်အထွက်ရှိခဲ့ပါတယ်။ နောက်တခါ ကျနော် ဗိုလ်ချုပ်ကြီးသန်းရွှေ golf ရိုက်တော့ အနီးကပ်လုံခြုံရေးလိုက်တဲ့အချိန်အခါမှာ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ချစ်ဆွေ ၊ ဗိုလ်ချုပ်မောင်မောင်ခင်နဲ့ ဗိုလ်ချုပ်ဘုန်းမြင့်တို့ လေးယောက် ချက်ချင်းပဲ သူ တို့ golfရိုက် တာကိုရပ်ပြီးတော့၊ သူတို့ golf club ကိုပြန်ပါတယ်။ golf club ရောက်ပြီးတော့မှ ဦးနေ၀င်းရဲ့ကားယာဉ်တန်း ၀င်လာပါတယ်။ ဘာလုပ်ရလဲဆိုတော့ အဲဒီအချိန်က ဦးနေ၀င်းကို ရန်ကုန်မြို့မှာ လမ်းမကြီးလေးသွယ်ဖောက် မယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကို ကျူတံထောက်ပြီးတော့မှ ဗိုလ်ချုပ်ကြီး သန်းရွှေက ရှင်းပြခဲ့ရ ပါတယ်။ ဒါ ကျနော့်မျက်စိရှေ့မှာ ကျနော်တို့ ကိုယ်တိုင်လည်း ပါပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းက အဲဒီ အချိန်အခါထိ နောက်ကွယ်မှာ ရှိပါတယ်။

(အငြိမ်းစားဗိုလ်မှူးကြီး ဦးကျော်သူ (စစ်တက္ကသိုလ် အပတ်စဉ် - ၁၃) = ယခု ပြည်ထောင်စုဝန်ကြီးနှင့် အဆင့် တူ၊ လက်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ (ယခင် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် နိုင်ငံ ခြားရေး ဒု-၀န်ကြီး ဖြစ်ခဲ့သူ၊ ကွယ်လွန်သူ သမ္မတဟောင်း နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌဟောင်း ဒေါက်တာမောင် မောင် ၏ သားကြီး)

(ဗိုလ်မှူးအောင်နိုင် - စစ်တက္ကသိုလ် အပတ်စဉ် (၁၆) = ဒေါက်တာမောင်မောင်၏ သားငယ်)

(ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ = ၁၉၈၈ အာဏာသိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့”၀င်၊ ကစထ နှစ်ခုထဲ ရှိစဉ်က၊ အောက်မြန်မာနိုင်ငံ တခုလုံး၏ စစ်ဆင်ရေးများကို ကွပ်ကဲရသူ၊ ကာကွယ် ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (၂)၏ ကစထမှူး နှင့် ၁၉၉၇ တွင် သစ်တောရေးရာဝန်ကြီး အဖြစ်မှ အနားပေး ဖယ်ရှားခံရသူ)

(ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင် = ၁၉၈၈ အာဏာသိမ်းချိန်တွင် “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေး အဖွဲ့”၀င်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ၂၀၀၁ တွင် ဒုတိယ၀န်ကြီးချုပ်အဖြစ်မှ အနားပေး ဖယ် ရှားခံရသူ)

(ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့” ၀င်၊ စစ်ထောက်ချုပ် နှင့် ၁၉၉၇ တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး အဖြစ်မှ အနားပေး ဖယ်ရှား ခံရသူ)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဒီဟာက ၈၈၈၈ လူထုအုံကြွအရေးတော်ပုံကြီး နောက်ပိုင်းမှပေါ့ နော်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၈၉ - ၉၀၊ အဲလောက် ကာလပေါ့ လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင် ကိုယ်တိုင်ကလည်း ခုနက ကိုရော်နီပြောသလို ပြောထား ပြီးသား၊ တကယ်လည်း သူက လွှဲပေးမယ် ဖြစ်လာတဲ့အခါ သူ pressure အများကြီး မိပါတယ်။ အပြင်က NLD ရဲ့ pressure တင်မဟုတ်ဘူး ဗျ၊ အထဲက လုပ်ဖော်ကိုင်ဖက် တွေရဲ့ pressure လည်း များပါ တယ်။ အထူးသဖြင့်တော့ န၀တအဖွဲ့မှာ ဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဗိုလ်ချုပ်ကြီးမြင့်အောင်တို့ aggressive ပုဂ္ဂိုလ်တွေချည့်ပဲလေ။ အဲဒီလူတွေက အဲဒီမှာ “ဘာလို့ အာဏာလွှဲပေးရမှာလဲ” ဆိုတဲ့ အတွေးအခေါ်မျိုး တော် တော်များများမှာ ၀င်ပါတယ်။ ဒီလူတွေကို ပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ နီးစပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေပဲ။

(ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းကြည် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေး အဖွဲ့” အဖွဲ့ဝင်၊ အနောက်မြောက်တိုင်း (ယခု အလယ်ပိုင်းတိုင်း) စစ်ဌာနချုပ်တိုင်းမှူးနှင့် ၁၉၉၇တွင် ကုန် သွယ်ရေးဝန်ကြီး အဖြစ်မှ အနားပေး ဖယ်ရှားခံရသူ။ ၂၀၁၀ ဇွန်လတွင် ဗိုလ်ထွန်းကြည် (မုံရွာ) အမည်နှင့် "နှစ် (၅၀) ကျော် ကိုယ်တွေ့ များ" ပထမတွဲကို ရေးသားထုတ်ဝေခဲ့သူ)

(ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်အောင် (ကွယ်လွန်) = ၁၉၈၈ အာဏာသိမ်းချိန်တွင် “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေး အဖွဲ့” ၀င်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ၁၉၉၇ တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီး အဖြစ်မှ အနားပေး ဖယ်ရှားခံရသူ)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီအခင်းအကျင်းကို ကျနော်တို့ ကြည့်လိုက်တဲ့အခါကျတော့၊ ဒီ န၀တ ထိပ်ဆုံးက ခေါင်းဆောင်တွေထဲမှာ အနိုင်ရသွားတဲ့ NLDကို အာဏာလွှဲမပေးချင်တဲ့ အုပ်စုက တစ်စု၊ နောက် တခါ ဘယ်လိုပဲ ပြောပြော ငါတို့က စစ်သား၊ စစ်သားစကား တည်ရမယ်၊ အာဏာလွှဲပေးပြီး တပ်ကို ပြန်မယ် ဆိုတာ ဗိုလ်ချုပ်ကြီးစော မောင်တစ်ယောက်ထဲ ဖြစ်နေတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က အဲဒီအချိန်ခါကျတော့ ခြံနှစ်ခြံ ဖြစ်နေတဲ့အထဲမှာ ဘယ်ခြံ ဘက်ကို ခုန်လိုက်သလဲ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဟိုဘက်၊ ဆန့်ကျင်တဲ့ဘက်ကို ခုန်သွားတဲ့ သဘောမျိုးဖြစ်ပါတယ်။ အဲဒီ ခြံထဲဝင် သွားတဲ့ အကြောင်းရင်းကလည်း ကိုရော်နီ သတိထားမိပါလိမ့်မယ်။ အဲဒီအချိန်ခါမှာ အခု ကွယ်လွန် သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နျုရင်ဘတ် ခုံရုံး”တို့ ဘာတို့၊ ဒါတွေက ဖြစ်လာတဲ့ အချိန်အခါမှာ “သူတို့ အာဏာတောင် မရ သေးဘူး၊ အခုကတည်းက လာပြီးတော့၊ ဘာမို့လို့လဲကွ” ဆိုပြီး ဖြစ်ကြတာကိုး၊ အဲဒီအချိန်ကပေါ့ဗျာ။

(ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး” = ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )မှ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက်၊ ထိုစဉ်က NLD ပါတီဥက္ကဌ တာဝန်ယူထားသည့် ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူး ကြီးကြည်မောင်အား၊ Asiaweek မဂ္ဂဇင်း သတင်းထောက် Dominique Faulder က၊ “ရွေးကောက်ပွဲ အနိုင်ရ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်၍ အစိုးရသစ် ဖွဲ့စည်းပြီးလျှင်၊ မြန်မာ့တပ်မ တော်မှ စစ်ခေါင်းဆောင်တချို့အား၊ တရားရုံးတင်ပြီး စစ်ဆေးအပြစ်ပေးဖို့ အစီအစဉ်ရှိပါသလား”ဟု မေးမြန်း ခဲ့ရာ၊ ဦးကြည်မောင်မှ “မြန်မာနိုင်ငံမှာ နုရင်ဘတ်ခုံရုံးလို၊ ရုံးတင်စစ်ဆေးဖို့ အစီအစဉ် မရှိပါဘူး”ဟု ပြန်လည် ဖြေကြားခဲ့သော်လည်း၊ ထိုစဉ်က စစ်ခေါင်းဆောင် များမှ၊ NLD မှ သူတို့အား နုရင်ဘတ်ခုံရုံးကဲ့သို့ ရုံးတင်စစ် ဆေးဖို့ အစီအစဉ်ရှိသည်ဟု၊ တထစ်ချ မှတ်ယူခဲ့ကြသည်။)

(နုရင်ဘတ်ခုံရုံး (Nuremberg Tribunal) = ဒုတိယကမ္ဘာစစ်ကြီးအပြီး၊ စစ်ရှုံး နာဇီ ဂျာမန်ခေါင်းဆောင်များ အား စစ်နိုင် မဟာမိတ်နိုင်ငံများက၊ တရားရုံးတင်ပြီး စစ်ဆေး အပြစ်ပေးခဲ့ရာ၊ ဂျာမဏီနိုင်ငံ နုရင်ဘတ်မြို့မှ စစ်တရားခုံရုံး)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ န၀တထဲမှာ နှစ်ခြမ်းဖြစ်သွားပြီလား။ နံပါတ်(၁)နဲ့ နံပါတ်(၁)မှ တပါး ကျန် တဲ့လူတွေနဲ့ အဲလို သိသိသာသာ ဖြစ်သွားပြီလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ရွေးကောက်ပွဲ နောက်ပိုင်း၊ ပြီးကတည်းကိုက တပ်ထဲမှာ ဒီ ဗိုလ်ချုပ်ကြီး စောမောင် ရဲ့ သြဇာအာဏာကျသွားပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကို ရံတဲ့ ဗိုလ်ချုပ်တွေ တစ်ယောက်မှ မရှိဘူး။ ဗိုလ်ချုပ်ကြီး စောမောင်က ရုတ်တရက်ကောက်ပြီး အာဏာယူလိုက်တဲ့အခါကျတော့ အာဏာတည် ဆောက်နိုင်တဲ့အချိန်ကို မရဘူး။ တကယ်တော့ လက်ရှိ ရှိတဲ့လူတွေကို ဖြုတ်ပစ်ရမှာဗျ။ ဖြုတ်ပြီးတော့မှ အာ ဏာတည်ဆောက်လို့ ရမယ်။ ဖြုတ်နိုင်တဲ့ အနေအထား သူ့မှာ မရှိဘူး၊ သူကိုယ်တိုင် အဖြုတ်ခံလိုက်ရတဲ့ သဘောပါပဲ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ကြစို့ ဆိုတာ ဘယ် လို ဖြစ်လာတာလဲခင်ဗျ၊ အားလုံးအတူတူ လက်ဝါးရိုက်ပြီး ဖြစ်လာတာလား၊ သို့မဟုတ် ဘယ်သူ့အကြံအစည် နဲ့ ဘယ်လိုပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့လည်း ပါတယ်ခင်ဗျ၊ တဘက် မှာလည်း ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ဥနှောက်ဖောက်သွားတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဒါ ပေမယ့် ဒီလောက်ကြီးတော့ ရက်ရက်စက်စက်နဲ့ သူ့ကို မဖြုတ်သင့်ဘူး၊ ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင် မှာ အရင်ဆုံး ဗိုလ်ချုပ်ကြီး စောမောင်မသိအောင်၊ အရင်က အင်္ဂလန်သံအမတ်ကြီးလုပ်သွားတဲ့ ဗိုလ်မှူးချုပ် ကျော်ဝင်း (ကွယ်လွန်) အဲဒီအချိန်တုန်းက တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးပါ။ သူက ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်တွေကို ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး briefing လုပ်ပေးရ တယ်လို့ သိရပါ တယ်။ တကယ့်အစည်းဝေးကြီးမှာ မဟုတ်ဘူး။ ကြိတ်ဝိုင်းပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ စစ်ရုံးထဲမှာ အရင် စည်းရုံးရမှာပေါ့။ စစ်ရေးချုပ်တို့ စစ်ထောက်ချုပ်တို့ အဲဒီ“ချုပ်” တွေ နဲ့ ညွှန်ကြားရေးမှူးတွေနဲ့ သူတို့ ယုံကြည်တဲ့လူ လက်တစ်ဆုပ်စာလောက်နဲ့ hint (သတင်းအရိပ်အမြွက်) ပေးတဲ့ သဘော လား ခင်ဗျ၊ ဒီပုဂ္ဂိုလ်ကြီးကိုတော့ ဖယ်ရှားတော့မယ်ဆိုတဲ့ ဟာကို။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ hint ပေးတဲ့ သဘောမျိုးပါပဲ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ်ကြီး သန်းရွှေကို တင်ပြပြီးတော့မှ စီစဉ်တယ်လို့ ကျနော်တို့ သိရပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒီလိုဆိုရင်၊ အဲဒီအခါကတည်းက အပေးအယူ ဘယ်လိုလုပ်ထားသလဲ၊ ဗိုလ်ချုပ်ကြီး သန်းရွှေကို နံပါတ်(၁) ဖြစ်အောင် ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ပြီးတော့ တင်ပေးမယ်။ တင် ပေးမယ်ဆိုတာ သူက လည်း သူ့အုပ်စုနဲ့ သူ့လူနဲ့ သူ့အခံတွေနဲ့ ရှိပြီးသား၊ သို့သော်လည်း သူနံပါတ်(၁) ဖြစ် သွားရင် ဗိုလ်ချုပ်ခင်ညွန့်ကို ဘယ် လို ဆိုတဲ့ အနေအထားမျိုးပေါ့၊ အပေးအယူသဘောမျိုး၊ အခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာ။ ဗိုလ်မှူး ကြားသိသလောက် ပေါ့ အဲဒီအချိန်က။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နှုတ်ကတိ အနေနဲ့ကတော့ ဘာမှ မရှိဘူးခင်ဗျ၊ ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ ကတော့ မျှော်လင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးသန်းရွှေ နံပါတ်(၁)ဖြစ်ရင်၊ သူ နံပါတ်(၂) ဖြစ်မယ်လို့ မျှော်လင့်တယ်၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့်အပိုင်းက ဘယ်လောက်ထိ လုပ်ပေးရသလဲဆိုတော့၊ နောက်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်ကိုမဖြုတ်ခင်မှာ ထောက်လှမ်းရေးအရာရှိတွေ တပ်မတော်(လေ)လေယာဉ် လေးတွေ PC လေးတွေနဲ့ တိုင်းတစ်တိုင်းကို တစ်ယောက် စာအိပ်တစ်အိပ်နဲ့ သွားရတယ်ဗျ။ သွား ပြီးပေးတဲ့ အဲဒီစာအိပ်လေးကို တိုင်းမှူးက ယူ လာတဲ့ ထောက်လှမ်းရေးအရာရှိ ရှေ့မှာ ဖွင့်တယ်၊ ဖတ်တယ်၊ ဖတ်ပြီး တော့မှ တိုင်းမှူးရဲ့ သဘောထားပေါ့၊ သဘောတူလား မတူလား၊ အဲဒါကို မေးခိုင်းတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ စစ်တိုင်းက အဲဒီအချိန်က (၁၀)တိုင်းရှိတယ်နော်၊ မန္တလေး(နမခ)ကို အဲဒီအချိန် တုန်းက နှစ်ပိုင်းခွဲ ပြီးသွားပြီ နော်။

(၁၉၈၈ စစ်အာဏာသိမ်းချိန်တွင် စစ်တိုင်း(၉)တိုင်း သာရှိပြီး၊ ၈၈၈၈ လူထုအုံကြွမှုကြီး ဖြိုခွင်းခံရပြီး နောက် ပိုင်း ယခင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မန္တလေး) အား နှစ်ခြမ်းခြမ်း၍၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် (လပခ - မန္တ လေး) နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မုံရွာ) ဟူ၍ ဖြစ်ပေါ်လာသည်။ ယခင် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်(လပခ - တောင်ငူ)မှ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ - တောင်ငူ)ဟု ဖြစ်လာခဲ့သည်။ ယခုအခါ ကာကွယ်ရေး ၀န်ကြီးဌာနအောက်တွင်၊ ၂၀၁၁ နှစ်ဆန်းတွင် အသစ်ဖွင့်ခဲ့သည့် ရှမ်းပြည်နယ် ခိုလမ်တွင် ဌာနချုပ်ထားရှိသော အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) အပါအ၀င်၊ စုစု ပေါင်း စစ်တိုင်း (၁၄) တိုင်း ရှိသည်။)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တိုင်းမှူးရဲ့ သဘောထားကို ပြန်မေးခဲ့။ သဘောတူလား မတူလား။ ဒါဘဲ။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က တိုင်မှူးတွေက န၀တ စဖြစ်တဲ့အချိန်က တိုင်းမှူးတွေ လား။ နောက် တစ်သုတ် တက်လာတဲ့ တိုင်းမှူးတွေလား ခင်ဗျ။ နောက်တစ်သုတ်ဆိုတာ၊ ဗိုလ်ချုပ်ညွှန့်တင်၊ ဗိုလ်ချုပ်ကက် စိန်တို့ အသုတ်လား ခင်ဗျ။

(ဗိုလ်ချုပ်ညွှန့်တင် DSA 7၊ ၁၉၆၄ = န၀တအဖွဲ့ဝင် စစ်တိုင်းမှူးများ ၁၉၉၂ တွင် ၀န်ကြီးများ ဖြစ်သွားကြပြီး နောက်၊ ၁၉၈၈နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်) တိုင်းမှူး ဖြစ် လာပြီး၊ ၁၉၉၇ တွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၄ တွင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ ဖယ်ရှားခြင်းခံရပြီး လာဘ်စားမှုများနှင့် အကျဉ်းချခံထားရသူ)

(ဗိုလ်ချုပ်ကက်စိန် OTS 29၊ ၁၉၆၄ = ဒို့ဗမာအစည်းအရုံးဝင် သခင်ဗဟုန်၏ သား။ န၀တအဖွဲ့ဝင် စစ်တိုင်း မှူးများ ၁၉၉၂ တွင် ၀န်ကြီးများ ဖြစ်သွားကြပြီးနောက်၊ ၁၉၈၈ နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲ တွင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ် (မော်လမြိုင်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉၇ တွင် ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၆ တွင် အငြိမ်းစားယူခွင့် တောင်းခံပြီး၊ အနားယူသွားခဲ့သူ)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ၊ န၀တအဖွဲ့ဝင် ဗိုလ်ချုပ်ထွန်းကြည်တို့ ပဲရှိသေးတယ်။ အဲဒီအချိန် တုန်းက ဗိုလ်ချုပ်ထွန်းကြည်တို့က ကုန်သွယ်ရေးဝန်ကြီး မဖြစ်သေးဘူး၊ တိုင်းမှူးတွေပဲ ရှိကြသေး တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ တိုင်းမှူးတွေ အနေနဲ့က ဘယ်လို စဉ်းစားမလဲ ခင်ဗျ။ စစ်ရုံးက လာတယ် ဆိုရင်၊ ဟိုတခါ “ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ”တုန်းကလိုပေါ့။ စစ်ရုံးကပဲ အကြီးဆုံးအရာရှိတွေ ပါသလိုလို ဖြစ်နေတော့၊ ကိုယ့် ကို လာပြီးစည်းရုံးတဲ့အခါ ၀င်ပါရမလိုလို၊ ၀င်မပါဘဲ နေရမလိုလို၊ အဲဒီလိုမျိုး ဖြစ်ခဲ့ဖူး တယ်လေ။ အဲဒီတော့ ဒီကိစ္စမှာလည်း အဲဒီလိုမျိုး ရှိပါသလားခင်ဗျ၊ အကုန်လုံးအစုံ တခါထဲ၊ ရှိသမျှ စစ်တိုင်း (၁၀)တိုင်းလုံးက မှန်တယ်၊ ဖယ်ရှားပစ်မှဖြစ်မယ် ဆိုတဲ့ သဘောထားပေးခဲ့ပါသလား၊ ဒါမှမဟုတ် တစ်ဦးတစ် ယောက်လောက်က သဘောမတူဘူး၊ ဒီလိုတော့ မလုပ်သင့်ဘူး ဆိုတာမျိုး ရှိပါသလား ခင်ဗျ။

(ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ = ၁၉ရ၆ တွင်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ ကိုယ်ရေး လုံခြုံရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့်(OTS 29)ဦးဆောင်၍ လူငယ်အရာရှိများမှ၊ ထိုစဉ်က မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေ၀င်းနှင့် ထိပ်တန်းခေါင်းတချို့အား လုပ်ကြံပြီး အာဏာသိမ်းရန် ကြံစည်မှုတွင်၊ ပါဝင်ရန် စည်ရုံးခံရ သူ စစ်အရာရှိကြီးတချို့က ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင် နှင့် တခြား စစ်ခေါင်းဆောင်များပါ ထိုအကြံအစည်တွင် ပါဝင်နေသလား သေချာမသိရသဖြင့်၊ မိမိတို့ကိုယ် တိုင် ပါဝင်ရေးကို မဆုံးဖြတ်ရဲပဲ ဖြစ်ခဲ့ကြရသည့် ဖြစ်ရပ်)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မရှိပါဘူးခင်ဗျ၊ ဒီလို လုပ်တယ်ဆိုတာလည်း officially လုပ်တဲ့သဘော ပါပဲ။ hint က ပေးပြီးသား ဖြစ်ပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ ဒါ နောက်မှ ဒီဟာကို သေသေချာချာလိုက်တဲ့ သဘောပေါ့။ စောစောကတော့ စစ် တိုင်းမှူး တွေကိုပါ လက်ဝါးရိုက်သင့်သလောက် ရိုက်ထားပြီးပြီဆိုတဲ့ သဘောပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဆုလာဘ် အနေနဲ့ ဘယ်လိုများရပါသလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးသန်းရွှေဆီက။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖြုတ်တဲ့နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ဇနီး ဒေါ်အေးအေးရီ စစ်ရုံးပေါ် တက်လာပါတယ်။ တက်လာပြီးတော့ ဗိုလ်ချုပ်ကြီးသန်းရွှေအခန်းကို သွားပြီး လက်ညှိုး ထိုးပြီးတော့မှ ဆူပူတာပေါ့ ခင်ဗျာ။ အနားမှာလည်း ကျနော်တို့ သူငယ်ချင်းတွေရှိနေတော့ ကျနော် တို့ ပြန်သိသလောက် ပေါ့လေ၊ “ ရှင်တို့ ဒီလောက် တစ်ယောက်နဲ့တစ်ယောက် အတူတွဲလုပ်လာပြီးမှ၊ သစ္စာမဲ့ ရသလား”ပေါ့လေ၊ “ရှင်တို့ ဒီလို အာဏာယူမယ်ဆိုရင်လည်း၊ သူ့ကို ပြောရင် ပြောလို့ရတာပဲ” ပေါ့လေ၊ “ပြော ပြီးမှ လုပ်လည်း ဘာမှ လက်မခံစရာအကြောင်းမှ မရှိတာ၊ အခု ရေဒီယို တီဗီတို့က သတင်းထွက်လာတော့မှ သူတို့က သိရတာကိုး။

ဦးရော်နီညိမ်း။ ။ ဘယ်လို လုပ်လိုက်တာလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖမ်းပြီး တနေရာရာ မှာ ထားလိုက်တာလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့မိသားစုဟာ စစ်ရုံး (war office) ၀င်းထဲမှာရှိတဲ့ တပ်မတော်ဧည့်ဂေဟာမှာပဲ နေပါတယ်ခင်ဗျ၊ “ရှစ်လေးလုံး” ပြီးကတည်း က အဲဒီမှာ ပြောင်း ပြီးတော့မှ နေကြတာခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်ရင်၊ အဲဒီ ရုံးနဲ့အိမ် နီးနီးလေး ပေါ့ဗျာ၊ ဂိတ်ထဲ ၀င်လာရုံပဲ လေ၊ အဲဒီနေ့က သတင်းလည်းကြေညာပြီးရော၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက် စရာ ရုံးမရှိတော့ဘူး။ အဲဒီလိုဖြစ်တာ။

ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဒီလိုမျိုး တာဝန်တွေများလွန်းတဲ့အတွက် ကြောင့် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာ ကျနော် မှတ်မိတယ်လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် ခုနက တင်ပြခဲ့သလိုပေါ့ ဗိုလ်ချုပ်ကြီးစောမောင်အိမ်က စစ်ရုံး ၀င်းထဲမှာ ရှိတဲ့အတွက်ကြောင့်မို့လို့၊ အထဲကနေ အပြင်မသွားနဲ့ ဆိုတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီ ၀င်းထဲမှာ ထိန်းထား လိုက်တယ်။ ပြီးမှ သူ့ကို အစောင့်အရှောက်နဲ့ သူ့ရဲ့ကိုယ်ပိုင်အိမ်ကို ပြန်ပို့တယ်။ ပြန်ပို့ ပြီးတော့မှ အကျယ်ချုပ်သဘောမျိုး ချထားတယ်လို့ ကျနော်တို့ သိရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒါက ၁၉၉၂ မှာ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၉၂ ၊ ဧပြီလ မှာပါခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားလို့ ပြီးသွားပြီဆိုတော့၊ ခုနက ပြော တဲ့ ဆုလာဘ် ခွဲဝေယူမှုတွေ ဘယ်လို များဆက်ဖြစ်ပါသလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်ကတော့ အဲဒီအချိန်က နံပါတ် One ကို ဖယ်လိုက်ပြီးတော့ ဗိုလ်ချုပ်သန်းရွှေကို နံပါတ် “One” နေရာ ပို့တဲ့အလုပ်ကို သူ ဆောင်ကြဉ်းပေး လိုက်ရင် သူလည်း နံပါတ် Two နေရာကို ရောက်လာမှာ ဖြစ်တဲ့အတွက်၊ ဒီအကွက်ကို ကစားခဲ့တယ်လို့ တွက်လို့ မရဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီအတိုင်း ကစားတာပဲ။ အဲဒီအချိန်ကတည်းက သူ့ရဲ့ feeling ပေါ့လေ၊ သူ ဒီ post ကိုရချင်တယ်၊ လိုချင်တယ်။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နေရာကိုတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်အနေနဲ့ ဘယ် လိုမှ စဉ်းစားမယ်မထင်ဘူး။ သူနဲ့လည်း မဆိုင်ဘူး လိုဖြစ်နေတယ်လေ၊ ခုနက န၀တ ဒုတိယဥက္ကဌ နေရာကို သူ ဘယ်လိုများ သဘောထားပါသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော်တို့ အဲဒီအချိန်အခါတုန်းက ဗိုလ်ချုပ်ကြီးသန်းရွှေနေရာကို ဘယ် သူများ ရမလဲ ဆိုတဲ့ ထင်ကြေးတွေက ကျနော်တို့ စစ်ရုံးထဲမှာလည်း ဖြစ်တယ်။ သံတမန်တွေ ကြားထဲမှာ ကော အရပ်သားတွေ ကြားထဲမှာပါ ဖြစ်ပါတယ်။ ကျနော်တို့ဌာနနဲ့ ဆိုင်တဲ့သတင်းတွေကို ကျနော်ကိုယ်တိုင် ဗိုလ်မှူးကြီးကျော်သိန်း(DSA 11) (တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံး ‘မူးယစ်ဆေးဝါးနှင့် တိုက်ပွဲထောက် လှမ်းရေး’ ဌာနမှူး)တို့ ခရီးသွား တဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ကိုယ်တိုင်တွေ့ပြီးတော့မှ ဒီသတင်းတွေကို ကျနော် ပို့ခဲ့ဖူးပါတယ်။ အဲဒီ သံတမန် တွေဆီက သတင်းတွေ ဗျာ။ အထူးသဖြင့်တော့ နိုင်ငံခြားဆက်ဆံရေး ပေါ့၊ နိုင်ငံခြားသံရုံးတွေ ကလာတဲ့ သတင်းတွေ နဲ့ ပတ်သက်ပြီးတော့ ကျနော်တခါ ၀င် သတင်းပို့ရပါတယ်။ သတင်းပို့တဲ့အခါ “ဗိုလ်ချုပ်၊ ဗိုလ်ချုပ်အပေါ်ကိုတော့ ဒီ သတင်းတွေ ဒီသတင်းတွေ ဖြစ်နေပါတယ်” ဆိုတဲ့ ကြောက်ကြောက်နဲ့ ပါပဲ။ ကျနော်တို့က အဆင့် အများကြီး ကွာတဲ့ အခါကျတော့။ ၀င် သတင်းပို့တယ်။ ပို့တဲ့ အခါကျတော့ ကျနော့်ကို သူ မော့ကြည့်လိုက်တယ်၊ မော့ကြည့်ပြီးတော့မှ “အောင်လင်းထွဋ် မင်းဘယ်လို ထင်လဲ” ဆိုပြီး မေးတော့၊ ကျနော်တောင်မှ “ကျနော်မသိပါဘူး” ဆိုပြီးတော့ ပြောရ တယ်။ သူ့ကို Second Man အနေနဲ့ ပေးလိမ့်မယ် ထားလိမ့်မယ်လို့ သူ လုံးဝ မျှော်လင့်ပါတယ်။ ဒါပေမယ့် တကယ် ဖြစ်မလာတဲ့ အခါကျ တော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက် စစ်အာဏာသိမ်းချိန်က ဖြစ်စဉ်နဲ့ ၁၉၉၂ ဧပြီလမှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ဦးဆောင်ပြီးတော့ အဲဒီ အချိန်က “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့” တစ်ဖွဲ့လုံး စိတ်တူသဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေအကြောင်း တင်ဆက်ခဲ့ တာပါ ခင်ဗျာ၊ ကျနော် ရော်နီညိမ်း ပါ။
http://www.voanews.com/burmese

ထိုင်းဝန်ကြီးချုပ် မစ္စယင်းလပ် မြန်မာနိုင်ငံ သွားမည်


စနေ, 24 စက်တင်ဘာ 2011
By ဗွီအိုအေ (မြန်မာပိုင်း)


ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလပ်ရှီန၀ဒ် ဟာ လာမယ့်အောက်တိုဘာလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံ အကျိုးတူကိစ္စတွေကို ဆွေးနွေးကြမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Torwijakchaikul က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

(၆၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပရာ နယူးယောက်မြို့မှာ မစ္စတာ Torwijakchaikul က ပြောကြားလိုက်တာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်သစ်အနေနဲ့ အာဆီယံနိုင်ငံတွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း အိမ်နီးချင်းနိုင်ငံတွေကို သွားရောက် မိတ်ဆက် နုတ်ဆက်တာ ဖြစ်တဲ့အတိုင်း ၀န်ကြီးချုပ် မစ္စ ယင်လပ် ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နဲ့ လာအိုနိုင်ငံတို့ကို သွားရောက်ခဲ့ပြီးပါပြီ။ လာမယ့် အောက်တိုဘာ ၃ ရက်နေ့မှာတော့ မစ္စ ယင်းလပ်ဟာ မလေးရှားနိုင်ငံကို သွားရောက်မှာပါ။

ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွက် မြန်မာအစိုးရရဲ့ အတည်ပြု ပြန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံ သဘာပတိနေရာ ရယူရေးကို ထိုင်းနိုင်ငံက ထောက်ခံထားတာလည်း ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/Thai-Burma-09-24-11-130498283.html

နိုင်ငံရေးအကျဉ်းသားကိစ္စ အရေးတယူ စဉ်းစားနေကြောင်း အကြံပေးပုဂ္ဂိုလ် ပြော


2011-09-24

မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ယူဆပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်း က မိမိတို့နဲ့ တွေ့ဆုံတိုင်း ဒီကိစ္စကို အလေးထား ပြောဆို နေကြတဲ့အတွက် မိမိတို့ကလည်း အရေးတယူ စဉ်းစားနေပါကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးဆိုင်ရာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က RFA ကို ပြောကြားလိုက်ပါတယ်။

အကျဉ်းသားအားလုံးကို ထောင်ဒဏ်တနှစ်စီ လျှော့ပေါ့ပေးပြီး အင်္ဂါနေ့မှစပြီး အကျဉ်းသား ၁၇ ၀၀၀ ကို စတင် လွှတ်ပေးနေကြောင်း ဦးသိန်စိန် အစိုးရက ကြေငြာခဲ့ပြီး သော်လည်း နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင်တွင်း ကျန်ရှိနေသေးသည့်အပေါ် ပြည်တွင်းပြည်ပ အဖွဲအစည်းများက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။ ဓါတ်ပုံ (AFP)

အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် အခြေအနေ အရပ်ရပ်ကို ချင့်ချိန် လုပ်ကိုင်နေတယ်လို့ ယူဆကြောင်းလည်း သူက ပြောပါတယ်။

“အပြင်ဘက်ကနေပြီးတော့မှ တောင်းဆိုနေတဲ့အတိုင်း ဒီလူတွေကို ခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးရမယ် ဆိုတဲ့ကိစ္စမှာတာ့ ကျနော်ထင်တယ်၊ နိုင်ငံတော်အစိုးရ အနေနဲ့လည်း အများကြီး စဉ်းစားစရာတော့ အခြေအနေတွေ ရှိပါလိမ့်မယ်။ အပြောင်းအလဲလေး ကာလလေးထဲမှာ ဘာလိုအပ်သလဲဆိုတော့ ကျနော်တို့က တိုးတက်မှုလည်း လိုအပ်တယ်၊ တည်ငြိမ်မှုလည်း လိုအပ်တယ်၊ တိုးတက်မှု တည်ငြိမ်မှုအတွက်ကို အကုန်လုံးကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားဖို့ ဆိုလို့ရှိရင်လည်း မဖြစ်နိုင်ဘူး၊ လွတ်လပ်မှု ဆိုတာလည်း လိုအပ်တယ်။ ဆိုတော့ အဲဒီ ၃ ခုကို ကျနော်တို့က မျှမျှတတ ချိန်ညှိပြီးတော့မှ သွားရတာပေါ့နော်။ သွားရတဲ့အခါကျတော့ တဘက်မှာလည်းပဲ ဒီတည်ငြိမ်မှုကို ထိန်းထိန်းသိမ်းသိမ်းနဲ့၊ တဘက်မှာလည်းပဲ တိုးတက်မှုရအောင်၊ တဘက်ကလည်း လူတွေ ကျေနပ်အောင်၊ လွတ်လပ်မှုကိုလည်း ပေးနိုင်ဖို့အတွက်ကို အားလုံးကို သူတို့ ချိန်ဆနေရတယ်လို့ ကျနော် ထင်ပါတယ်”

နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က ပြောဆိုတဲ့ အရေအတွက်နဲ့ အစိုးရက ပြုစုထားတဲ့ အရေအတွက် ကွာခြားမှု ရှိနေတယ်လို့လည်း ဦးကိုကိုလှိုင်က ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ပြောနိုင်တဲ့အချက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စာရင်းကတော့ ၂ ထောင်ကျော် ပေါ့နော်၊ ၂ ထောင်ကျော် ဆိုတာလည်းပဲ ထိုင်းနယ်စပ်ရဲ့ ဟိုဘက်မှာ ရှိနေတဲ့ အေအေပီပီ အဖွဲ့တို့ဘာတို့က ပြုစုထားတဲ့ သတင်းပေါ့။ ဘယ်လောက်ကြီးတိကျတယ် ဘယ်လောက် မတိကျဘူးဆိုတာ ကျနော်တို့လည်း သိပ်တော့ မသိဘူး။ သို့သော် သက်ဆိုင်တဲ့ တာဝန်ရှိတဲ့ ဒီ ပြည်ထဲရေးဝန်ကြီးဌာနတို့ ဘာတို့က ပြန်စိစစ်တော့ သူတို့ပြောတဲ့ စာရင်းလောက်တော့ မရှိတော့ဘူး။ တချို့အတိုင်းအတာရှိတယ်ပေါ့နော် ကျနော် သိပ်ပြီးတော့ အရေအတွက်တော့ မသိဘူး။ သို့သော် အဲဒီအထဲမှာတောင်မှပဲ တချို့သောပုဂ္ဂိုလ်များသည် Serious Crime ပေါ့၊ အဲဒီမှာဆိုလို့ရှိရင် အကြမ်းဖက်တဲ့ ဗုံးဖောက်ခွဲမှုတွေ၊ နောက် မူးယစ်ဆေးဝါးမှုတွေ၊ လူသတ်မှုတွေ စတဲ့ အမှုကြီးတွေနဲ့ ဆက်စပ်နေတဲ့ လူတွေထဲ ဒီစာရင်းထဲမှာ ရာနဲ့ချီပြီးတော့မှာ ပါနေတယ်လို့ ပြောပါတယ်။”
(မှတ်ချက် - ရာနှစ်ဆယ်လောက်လေးပါ)
အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင် ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်က နယူးယောက်မြို့ကို ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချဲလ် အပါအဝင် အမေရိကန် အစိုးရပိုင်းက အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တွေ့ဆုံကာ မနေ့က ညနေပိုင်းမှာ အမေရိကန် ပြည်ထောင်စုကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
http://www.rfa.org/burmese

သင့်နိုင်ငံရေးစိတ်ဓါတ်အားရိုက်ချိုးနိုင်မှပြည်တော်ဝင်ပါ..


သံရုံးမှာသင်ဒီလိုယောကျာင်္းကတိပေးရမယ်။

အကြည်ညိုပျက်အောင်မလုပ်ရဖူး၊(ကြည်ကြည်ညိုညိုနေပါ့မယ်)

လှုံ့ဆော်ရေးသားဖြန့်ဝေမလုပ်ရဖူး၊(ကောင်းရောင်းကောင်းဝယ်လုပ်စားပါ့မယ်)

တရားမ၀င်အဖွဲ့အစည်းနဲ့မဆက်သွယ်ရဖူး၊(အန်အယ်ဒီရုံးမသွားပါဖူး)

အဖျက်အမှောက်မလုပ်ရဖူး၊(ကောင်းရောင်းကောင်းဝယ်လုပ်စားပါ့မယ်)x၂

ဥပဒေဘောင်အတွင်းအေးချမ်းစွာနေထိုင်ရမယ်။(အသေသာသတ်လိုက်ပါတော့...)

ဒါတွေဝန်ခံလက်မှတ်ထိုးရမယ်။

ကဲ ..သင့်ရာဇ၀င်ကိုစာတင်ကြရအောင်....

ပြည်တွင်းဧရာဝတီ လက်ကမ်းစာ