Tuesday, October 4, 2011

လက်သန်းလေးပဲဝင်သေးတာ...


တကိုယ်လုံးမ၀င်ခင်တိုင်ပင်ပြင်ဆင်ကြရအောင်....

အောက်တိုဘာလ၃ရက်နေ့ကတရုတ်-မြန်မာ ရေနံပိုက်လိုင်းတစ်လျှောက်ရှိ ဒေသများတွင် ကျောင်း(၈) ကျောင်းဆောက်လုပ်ရန် တရုတ်ရေနံကုမ္ပဏီဖြစ်သော China National Petroleum Corporation (CNPC) က နေပြည်တော်မှာအမေရိကန်ဒေါ်လာ ၁.၃၂ သန်းလှူဒါန်းကြောင်းXinhuaသတင်းမှာဖေါ်ပြတယ်။



(Photo-Xinhua)

ဟယ်...
စာသင်ကျောင်းတွေအတွက် အမေရိကန်ဒေါ်လာ ၁.၃၂ သန်း တောင်ရတာ ဖျက်လိုဖျက်စီးလုပ်တယ်မထင်ပါနဲ့..
ရေနံတရက်သယ်ယူလိုက်တာနဲ့အဲ့ဒီစရိတ်ကျေပါတယ်...
မြစ်ဆုံသင်ခန်းစာယူပြီး တရုတ်အစိုးရကမြန်မာပြည်သူတွေပါပေါင်းရမယ်ဆိုတဲ့ ၀ါဒအသစ်နဲ့ မလှူဖူးတာတွေလှုနေတာ...

မြစ်ဆုံ နှစ်၅၀ ...စိတ်နာတာဦးသန်းရွှေကို..စဉ်းစားကြည့်ဗျာ..
တရုတ်ဖက်ကရမှာက၉၀%...ပေးတာကဆိတ်ဟိုအစိ...
တခြားအရင်းအမြစ်တွေမပါသေးဖူး..ထားပါတော့စစ်ကိုင်းပြတ်ရွေ့ကြောနှစ်၅၀ငြိမ်ပေးတယ်ဆိုပါစို့..
သူတို့နှစ်၅၀အဲ့ဒီလျှပ်စစ်တွေနဲ့တိုးတက်..ကမ္ဘာနံပါတ်ဝမ်းဖြစ်ပြီးနှစ်၅၀ကြာမှမြန်မာနိုင်ငံကသရက်စိစုတ်ရသလိုဖြစ်မနေဖူးလား..
ဟိုစကားပုံလိုပေါ့..ကောင်းတာကဟိုဟာ..နာတာကဒီဟာ..

အမေရိကန်နဲ့ဦးသိန်းစိန်ပြေလည်သွားလို့ပဲဖြစ်ဖြစ်ဒီတခုတော့ရဲရင့်ငယ်ပြတ်ပြတ်သားသားသမ္မတဦးသိန်းစိန်ရဲ့
ဆုံးဖြတ်ချက်ကိုထောက်ခံတယ်..

ကျန်တဲ့ တရုတ် - မြန်မာဆက်ဆံရေးလေးကိုပါသုံးသပ်ပေးပါသမ္မတကြီးခင်ဗျ....










၎.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.ziddu.com/download/16661764/4Oct2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16661784/4Oct2011Yeyintngesdiary.pdf.html

4 Oct 2011 Yeyintnge's Diary

ပြည်သူလူထုမှာ ပြောရေးဆိုခွင့် မရှိရဘူးလား



ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ အောက်တိုဘာ ၄၊ ၂၀၁၁
စနေနေ့ကတွေ့ဆုံခဲ့တဲ့ ဆရာဦးဝင်းတင်နဲ့ မေးမြန်းခန်းမှာ ဆက်လက်မေးမြန်းခဲ့တဲ့ အကြောင်းအရာကတော့ ကောင်းမွန် အကျိုးရှိတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ အခြေအနေတွေ ရှိနေတယ်၊ ပေါ်ထွန်းနေတယ် ဆိုတဲ့ အချိန်အခါမှာ မြန်မာပြည်သူတွေက ဘယ်လိုမျိုး ရင်ဆိုင်ကြမလဲ၊ ဘယ်လိုမျိုး ပြင်ဆင်ကြမလဲ။ ဘာမှ ဆန္ဒထုတ်ဖော်ပြောဆို ထောက်ပြခြင်း မပြုကြဘဲ ငြိမ်ဝပ်ပိပြားစွာနဲ့ စောင့်ဆိုင်း မျှော်လင့်နေကြရုံပဲလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီလားဆိုတာမှာ လက်တွေ့အကျိုးသက်ရောက်မှုတွေ ရှိသလားဆိုတာနဲ့ တိုင်းတာလို့ ရတယ်ဆိုတဲ့ မေးခွန်းကို ဆက်မေးပါရစေ ဆရာရေ။
- အခုဘာတွေတွေ့ရသလဲဆိုတော့ မြန်မာဒီမိုကရေစီရေးအတွက် လက်တွေ့အကျိုးသက်ရောက်မှုတွေ စတွေ့နေရတယ်လို့ ပြောရင် ရတယ်ပေါ့။ မြစ်ဆုံဆည်ကိစ္စလိုမျိုးကိုမှာ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ဆိုပြီး ၂ ပိုင်း ကြည့်မယ်ဆိုရ င်ပြည်သူလူထုတွေဖက်က တိုင်းရင်းသားတွေ၊ ပညာရှင်တွေ၊ စာပေ ဂီတ အနုပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေရဲ့ တောင်းဆိုချက်တွေသာမက နိုင်ငံတကာကတောင်းဆိုချက်တွေ ၊ လှုပ်ရှားမှုတွေကို မြင်တွေ့ရတယ်။ ဦးသိန်းစိန်ဖက်က ဆုံးဖြတ်ချက်ကို ကြည့်လိုက်တဲ့အခါမှာ ဒီမြစ်ဆုံဆည်ကို ရပ်ဆိုင်းမယ်လို့ ပြောလိုက်တယ်။ ဒါဟာ အများပြည်သူလူထုရဲ့ တောင်းဆိုချက်ကို လိုက်လျောတာ၊ နာခံတာ ဆိုတဲ့ သဘောကို သက်ရောက်တယ်။ ဒါဟာ ပြည်သူတွေတောင်းဆိုနိုင်ခြင်းဟာ ဒီမိုကရေစီလက္ခဏာများ ရှိသင့်သလောက်ရှိလာလို့သာ အနိမ့်ဆုံး အခြေအနေများ ပေါ်ပေါက်လာလို့သာ တောင်းဆိုလာနိုင်တယ်လို့ ပြောနိုင်တယ်။ နို့မို့ဆိုရင် ဦးသန်းရွှေအစိုးရသာ ငုတ်တုတ်ကြီး ရှိနေမယ်ဆိုရင် ပြည်သူတွေဖက်ကလည်း အခုလို စာပေ အနုပညာ လှုပ်ရှားမှုတွေ၊ သစ်ပင်စိုက်တာတွေ၊ အခုလိုလှုပ်ရှားမှုတွေ လုပ်နိုင်ကြလိမ့်မယ် မထင်ဘူး။ နောက်ပြီး အခုဦးသိန်းစိန်လုပ်သလို လွှတ်တော်ဆီကို တင်ပြတာတွေ လုပ်မယ့်အစား ဦးသန်းရွှေဖက်က အကြမ်းဖက်ဖြေရှင်းပစ်လိုက်မယ်လို့ တွေးကြည့်နိုင်တယ်။ ဒီအခြေအနေ တွေကို ကြည့်ရင် အခုလို အကျိုးသက်ရောက်မှုတွေ ရှိတယ်။ မြစ်ဆုံဆည် ရပ်ဆိုင်းခြင်းဟာ လက္ခဏာတခုလို့ ပြောရင် ရတယ်။
နောက်ကိုလည်း အဲသည်လိုအကျိုးသက်ရောက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာမယ့် အလားအလာတွေ ရှိသလားဆိုတာကို အခြားနယ်မြေတွေကို ကြည့်ပြီး ဆရာဘယ်လို ပြောချင်သလဲ။
- ဒီမိုကရေစီကို ဦးတည်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတယ်ကို မပြောခင် ဥပမာ စာပေနဲ့ စာနယ်ဇင်းလောကမှာလည်း လုံလောက်တဲ့ လွတ်လပ်မှုတွေ လုပ်ကိုင်ခွင့်တွေ မရှိသေးသော်လည်း ဂျာနယ်တွေ စာစောင်တွေ အတော်များများ ပေါ်လာတယ်၊ လွှတ်တော်တို့၊ ပြည်သူ့ဆန္ဒထုတ်ဖော်တာ၊ အင်တာဗျူးတွေ အတော်အသင့် ရေးသားဖော်ပြလာနိုင်တယ်။ နယ်တွေမှာ ဆိုရင်လည်း နောက်ပြီးတော့ လယ်သမားတွေရဲ့ လယ်မြေအရေးကိစ္စတွေကို ထုတ်ဖော်ပြောဆိုတာ၊ ချီတက်ဆန္ဒပြတာတွေ လုပ်ကိုင်လာနိုင်တယ်။ အလုပ်သမားကိစ္စတွေ ကျောင်းသားကိစ္စတွေမှာလည်း သိသိသာသာကြီး အခြေအနေတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နိုင်တယ်။ တိုင်းပြည်မှာ ဒီမိုကရေစီရေးကိုဦးတည်တဲ့ အခြေအနေတော့ ရှိနေတယ်လို့ ပြောနိုင်တယ်။ အခြေအနေဆိုတာကလည်း တကယ်ကိုစေတနာကောင်းနဲ့ အပြောင်းအလဲတွေ၊ အပြုအပြင်တွေဆီကို အကျိုးသက်ရောက်မှု ဖြစ်စေမှာလား၊ အယောင်ပြပဲ ဖြစ်သလားဆိုတာကတော့ ကျနော်တို့ ဆက်လက်ပြီး လုပ်ကိုင်ရင်း တွေ့ကြရမှာပေါ့။
ကဲ ဒါဆိုရင် တချို့ကပြောဆိုနေကြတာမျိုးတွေ ရှိတယ်၊ အစိုးရတွေ အာဏာပိုင်တွေက ပြည်သူတွေအတွက် အကျိုးရှိတာတွေ လုပ်နေပြီ၊ ပြည်သူလူထုက ငြိမ်ငြိမ်သက်သက်နဲ့ ဘာမှသိပ်ပြီး တောင်းဆို တင်ပြတာတွေ သိပ်ပြီး လုပ်နေစရာမလိုဘူး၊ အချိန်စောင့်ကြပါ ဘာညာနဲ့ ပြောလာကြတယ်။ ပြည်သူလူထုဟာ အခုလို အခြေအနေမျိုးမှာ သူတို့ရဲ့ နေ့စဉ် ကြုံတွေ့ ခံစားနေရတဲ့ ဒုက္ခတွေ၊ အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုခြင်း မလုပ်ဘဲ တချိန်ချိန်မှာ ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်နေရုံနဲ့ ပြီးတော့မှာလား။
- အခုလက်ရှိအခြေအနေမှာ အရေးပါတဲ့ အရေးတွေကို ကြည့်လိုက်ရင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ပြည်သူလူထုက မျှော်လင့်နေကြတယ်။ ဒီကိစ္စကိုလည်း ကျနော်တို့တွေက အမြဲ ထုတ်ဖော်ပြောဆို တင်ပြနေရမယ်။ အလားတူပဲ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကလည်း ခုထိ ရေရေရာရာ မရှိသေးဘူး။ ဆွေးနွေးပုံဆွေးနွေးနည်း၊ သတ်မှတ်ပုံ သတ်မှတ်နည်းတွေ ကွာဟတွေရှိတယ်။ တဖက်က ဖယ်ဒရယ်အဆင့်နဲ့ ဆွေးနွေးချင်တယ်။ အစိုးရကတော့ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဆွေးနွေးမယ် ဆိုတာမျိုးတွေ ရှိနေတယ်။ ဒီလိုကိစ္စတွေကို အများပြည်သူအပါအ၀င် သက်ဆိုင်ရာအစုအဖွဲ့တွေရဲ့ သဘောထားတွေ၊ အာဘော်တွေ ထုတ်ဖော် တင်ပြနိုင်မှ ဒါကို ဖြေရှင်းဖို့ အဖြေရှာနိုင်မယ်။ ကန့်သတ် ပိတ်ဆို့ထားလို့ မရဘူး။ နောက်တပိုင်းကလည်း လယ်သမားတွေ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ တောင်းဆိုချက်တွေ၊ မတရားအလုပ်ခံရတာတွေကို ကာယကံရှင်တွေမှာ ဖော်ထုတ်တင်ပြခွင့်တွေ ရှိမှ တောင်းဆိုမှုတွေ ခွင့်ပြုမှ အများက အမှန်တရားကို သိခွင့်ရမယ်။ အစိုးရကလည်း သိရှိမယ်။ အဆင့်ဆင့်သော အာဏာပိုင်တွေမှာလည်းပဲ ဖြေရှင်းဖို့ အခွင့်အရေးရကြမယ်။ ဒါတွေကို ဖုံးဖိထားမယ်၊ ကန့်သတ်ထားမယ်၊ မပြောမဆိုရဘူး၊ လှုပ်ရှား တောင်းဆိုခွင့် မရှိဘူးလို့ လုပ်ထားမယ်ဆိုရင် ဒီလို အရေးအခင်းတွေကို စောစောစီးစီး အချိန်မီ ဖြေရှင်းနိုင်ခြင်း မရှိတဲ့အတွက် အများကြီး နောက်ကျုပြီးမှ အကြပ်အတည်းတွေ အကြီးအကျယ်ဖြစ်တော့မှ မထိန်းမသိမ်းနိုင်ဖြစ်တာတွေ၊ ပေါက်ကွဲမှုတွေ ဖြစ်တာမျိုးတွေ ဘယ်သူမှ မလိုလားဘူး။ ကျနော်တို့ကလည်း မဖြစ်ချင်ဘူး၊ လက်ရှိအစိုးရတွေကလည်း ဖြစ်ချင်မယ် မထင်ဘူး။
အခုချိန်မှာ ဒီမိုကရေစီရေးကို ဦးတည်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့ အခြေအနေတွေရှိဖို့၊ အပြင်အဆင်တွေရှိဖို့အတွက် အခုလိုမျိုး ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားတွေ အားလုံးဆီမှာ ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်၊ တောင်းဆိုခွင့်တွေ ဆွေးနွေးတာတွေ အလွှာတိုင်း၊ နေရာတိုင်းမှာ ရှိရမယ်၊ လိုအပ်နေတယ်လို့ ပြောရမှာပေါ့ ဆရာ။
- ဟုတ်ပါတယ်။ အနီးဆုံး ပြယုဒ်ကတော့ ရွေှ့ဝါရောင်နှစ်ပတ်လည်ကိစ္စပေါ့လေ။ ဒီကိစ္စက အမှန်တကယ် ဖြစ်ပျက်ခဲ့တာပဲ။ ဒီနှစ်ပတ်လည်ကို ဖုံးကွယ်ထားလို့လဲ မရဘူး၊ ရှောင်ရှားနေလို့လဲ မရဖူး။ ဒါကို ရင်ဆိုင်ဖြတ်သန်းရမှာပဲ။ ဒီလိုအဖြစ်အပျက်တွေ၊ အခြေအနေတွေကို ရင်ဆိုင်ဖြတ်သန်းတဲ့နေရာမှာ ကျနော်တို့က ဒေါ်စုနဲ့ ဦးသိန်းစိန်ဆွေးနွေးနေလို့၊ ဦးအောင်ကြည်နဲ့ ပြောဆိုနေလို့ ရွှေဝါရောင်ကို မပြောရဘူး၊ မလုပ်ရဘူးလို့ တားလို့ မရဘူး။ ဒါကို အရှိအတိုင်း လက်ခံရမှာပဲ။ ရွေှ့ဝါရောင်ကာလတုန်းက သံဃာတော်တွေ ဖမ်းဆီးခံထားရတယ်။ လွတ်မြောက်ဖို့ ပြောကြရမယ်။ ရွှေဝါရောင်တုန်းက တောင်းဆိုချက်တွေ ရှိတယ်။ ဒါတွေကို အသိအမှတ်ပြုရမှာပဲ။
သို့သော်လည်း အစိုးရဖက်မှာကော ပြည်သူလူထုတွေဖက်ကပါ အကြမ်းဖက်တာတွေ၊ ဖမ်းဆီးတာတွေ တင်းမာမှုတွေ ပြန်လည်ပေါ်ထွန်းလာမှာကို စိုးရိမ်နေကြတယ် အဲသလိုလည်း ပြောဆိုနေကြတာတွေ ရှိတယ်လေဆရာ။
- ကျနော်တို့ဖက်က သိပ်ပြီး ကြောက်ရွံ့နေစရာ၊ စိုးရိမ်နေစရာမလိုဘူးလို့ ပြောချင်တယ်။ လက်ရှိအစိုးရဖက်ကလည်း အခုလိုအခြေအနေမျိုးမှာ ဖမ်းဆီးမယ်၊ ပစ်ခတ်မယ် လုပ်မယ်လို့ မမျှော်လင့်ဘူး။ အောက်ခြေက စစ်သားတွေ၊ ရဲတွေဖက်ကလည် သူတို့သဘောနဲ့ အကြမ်းဖက်တာတွေ ဘာတွေ လုပ်လာကြမယ် မထင်ဘူး။ ကျနော်တို့က စိုးရိမ်ပူပန်မှုတွေ တဖက်သတ်ဖြစ်ပြီး ဘာမှ မလုပ်ရဲ၊ မကိုင်ရဲ၊ မတောင်းဆိုရဲ ဖြစ်နေလို့တော့ မဖြစ်ဘူး ထင်ပါတယ်။ ဒါကို ကျနော်တို့ပြည်သူတွေက ထုတ်ဖော် ပြောဆို ဖြေရှင်းမှသာ အစိုးရလုပ်သူတွေဖက်က စောစောစီးစီး သိရှိနားလည်ပြီး အဖြေရှာနိုင်မယ်။ စောစောစီးစီး အဖြေရှာနိုင်မှသာ အနာမရင်းခင် ရှင်းနိုင်မှာပေါ့။ ဒါမှ တိုင်းပြည်တခုလုံး ပေါက်ကွဲကုန်တဲ့ အခြေအနေမျိုးကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
အကြမ်းဖက်ပြီး ဖြေရှင်းတဲ့နည်းကို ကျနော်တို့ပြည်သူတွေကလည်း မလိုလားဘူး၊ အာဏာပိုင်တွေကလည်း မရွေးချယ်ချင်ဘူးဆိုရင် ကျနော်တို့တတွေမှာ အကျိုးတူတဲ့ ရပ်တည်မှုရှိပြီလို့ ပြောနိုင်ပြီပေါ့ဆရာ။
- ဟုတ်ပါတယ်။ ကျနော်တို့တွေ အားလုံးက စိတ်မတိုဘူး၊ စိတ်ရှည်ရှည်ထားကြမယ်။ ပြေပြေလည်လည် ပြောဆို ဆွေးနွေးဖြေရှင်းတာတွေကို ကျနော်တို့တွေအားလုံးက ခုချိန်မှာ အလေ့အကျင့်လုပ်ကြရမယ်လို့ ကျနော်က မျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။ ။ ။
http://moemaka.com

NLD – သုံးခွ အင်န်အယ်ဒီလူငယ်ခေါင်းဆောင် ခေါင်းကွဲဒဏ်ရာဖြင့် နေအိမ်အနီးသေဆုံး



မိုးမခ၊ အောက်တိုဘာ ၄။ ၂၀၁၁
ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်သန်းထူးလမ်းတွင်နေထိုင်သူ အဘဦးချစ်ဦး+အမိဒေါ်သန်းဦးတို့၏သား၊ သုံးခွမြို့နယ် NLD လူငယ်တာဝန်ခံ(၂) ကိုနိုင်ဝင်းသည် ယနေ့ မနက် ၃ နာရီခန့်တွင် နောက်စေ့ခေါင်းကွဲ ဒဏ်ရာဖြင့် ၄င်း၏နေအိမ်အနီး သေဆုံးနေသည်ဟု ဆိုသည်။ ကိုမောင်မောင် (သေဆုံးသူယောက်ဖ) က သုံးခွမြို့နယ် လူငယ်တာဝန်ခံ(၁) ကိုဝင်းဇော်(ခ) ကိုတွတ်ပီအား “ကိုနိုင်ဝင်းသေပြီ” ဟု လာရောက် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
မနက် ၅ နာရီ ခွဲအချိန်တွင် အဆိုပါလူငယ်တာဝန်ခံက လိုက်ကြည်သည့်အခါ ကိုနိုင်ဝင်းသည် မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရပါသည်။ မျက်နှာမှာရွံ့ဗွက်ထဲတွင် မှောက်လျက်ဖြစ်နေပြီး နောက်စေ့တွင် တုတ်နှင့်ရိုက်ထားသည့်ဒဏ်ရာကို တွေ့ရှိရသည်။ မျက်နှာမှာ ဖူးယောင်ကိုင်းလျက် နှာခေါင်းရိုးကျိုးမှ သွေးထွက်နေသည်ဟု ဆိုသည်။
ယမန်နေ့က ကိုဝင်းဇော်နှင့်အတူ သေဆုံးသူ ကိုနိုင်ဝင်းတို့ ယမန်နေ့ အင်န်အယ်ဒီရုံးချူပ်တွင် ရန်ကုန်တိုင်း မြို့နယ်စုံ အစည်းအဝေးကို အတူတက်ရောက်ခဲ့သေးကြောင်း၊ ညဘက်မှ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ကိုဝင်းဇော်က ပြောကြားသည်။
ကိုနိုင်ဝင်း သေဆုံးအောင် တုတ်ဖြင့် ရိုက်ခဲ့သူမှာ ၉ ရပ်ကွက်တွင်နေထိုင်သည့် အမှတ် ၈ မှော်ဘီရဲတပ်ရင်းက ရဲတပ်သား ဇင်မင်းထွန်း (ခ) ပြသဒါး ဖြစ်သည်ဟု နောက်ပိုင်းတွင် သိရှိရသည်။ အဆိုပါ ရဲတပ်သားက သုံးခွရဲစခန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံပြီး ခံဝန်ချက် ပေးနေကြောင်း သတင်းရရှိသည်။
သတင်းကို အင်န်အယ်ဒီမိတ်ဆွေ အီးမေးကတဆင့် ရရြှိခင်းဖြစ်ပြီး ဓာတ်ပုံများ ပူးတွဲထည့်သွင်းထားသည်။

http://moemaka.com

မြစ်ဆုံဆည်ကိစ္စ ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဟု တရုတ်ကုမ္ပဏီပြော


ကိုဝိုင်း | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်မှ ကချင်ပြည်နယ် မြစ်ဆုံဆည် လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းလိုက်သည့် အပေါ် ဥပဒေ ကြောင်းအရ ရင်ဆိုင်ဖြေရှင်းရမည်ဟု စီမံကိန်းတွင် အဓိက ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI က တနင်္လာနေ့က သတိပေး ပြောကြားထားသည်။

သမ္မတသစ်အဖြစ် တာဝန်မထမ်းဆောင်မီ နှစ်လအလို စစ်အစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေစဉ်
ဖေဖော်ဝါရီလ အတွင်းက မြစ်ဆုံ စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ခဲ့စဉ် စီမံကိန်း တည်ဆောက်မှုများကို အရှိန်မြှင့် ရန် ပြောခဲ့သေးသဖြင့် နားမလည်နိုင်အောင် ဖြစ်ရသည်ဟု China Power Investment Corporation ဥက္ကဋ္ဌ
မစ္စတာ LU Qizhou က တရုတ်နိုင်ငံပိုင် ဆင်ဝှာသတင်းသို့ ပြောခြင်း ဖြစ်သည်။

မစ္စတာ LU Qizhou ၏ ပြောကြားချက်ကို ဆင်ဝှာသတင်းက ကိုးကားထားရာတွင် “ကျနော်တော့ တကယ့်ကို အံ့သြသွားတာ” ဟု ပါရှိသည်။ "အခုလို စီမံကိန်းကို ရွှေ့ဆိုင်းထားမယ်လို့ ကြေညာလိုက်တဲ့ အတွက် ဆောက်
လုပ်ရေး လုပ်ငန်းတွေ ရပ်ထားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဥပဒေကြောင်းအရ ဆက်သွား ရမှာပေါ့” ဟုလည်း
ရေးသားထားသည်။
myitsone

မြစ်ဆုံဆည်လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းလိုက်သည့်အပေါ် ဥပဒေ ကြောင်းအရ ရင်ဆိုင်ဖြေရှင်းရမည်ဟု တရုတ်စွမ်းအင် ရင်းနှီးမြှုတ်နှံမှု ကော်ပိုရေးရှင်း CPI က သတိပေးပြောကြား (ဓါတ်ပုံ SENG AUNG)
ရင်းနှီးမြှုပ်နှံငွေ ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ရှိပြီး ၂၀၁၉ တွင် အပြီးလျာထားသည့် BOT စနစ် အကျိုးတူ မြစ်ဆုံစီမံကိန်းကို “၂၀၀၆ ခု ဒီဇင်ဘာတွင် CPI နဲ့ အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဌာနတို့ အကြား ချုပ်ဆို
သည့် နားလည်မှု စာချွန်လွှာ၊ ၂ဝဝ၉ ခု မတ်လ နှစ်နိုင်ငံ အစိုးရအကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေး သဘော တူညီချက်တွေအရ CPI က လုပ်ပိုင် ခွင့်ရှိနေတာပါ” ဟု သူက ဆက်ပြောသည်။

အေးရှားဝေါလ် ကုမ္ပဏီလည်း ပါဝင်သည့် စီမံကိန်းအတွက် ဥပဒေကြောင်းအရ လိုအပ်သည့် အကျိုးတူ စီးပွားရေး အကျိုးအမြတ်နှင့် ရင်းနှီး မြှုပ်နှံမှု ခွင့်ပြုချက်များ၊ တရားသူကြီးများ၏ မှတ်ချက်နှင့် သဘောတူ ခံဝန်ချက်များလည်း ရှိနေသည်ဟု CPI ဥက္ကဋ္ဌက အတိအလင်း ထည့်ပြောထားသည်။

စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးပြီး ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ် ဆုံးရှုံးရပြီး ဧရာဝတီ
မြစ်ဝကျွန်းပေါ် လယ်ယာများလည်း ပင်လယ်ရေငံဝင်ကာ ပျက်စီးမည့် အန္တရာယ် ရှိနေသဖြင့် လူထုလူတန်းစား အသီးသီးက ကန့်ကွက်နေကြသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ဧရာဝတီမြစ်ကို ထိန်းသိမ်းခြင်းသည် နိုင်ငံ၏ စီးပွားရေး
နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း သာမက၊ ကျွန်ုပ်တို့၏ ယဉ်ကျေးမှု အမွေနှစ်ကို စောင့်ရှောက်ခြင်းလည်း မည်ပါသည်” ဟု ၂ဝ၁၁ ခု သြဂုတ်လက ပန်ကြားခဲ့သည်။

CPI က နှစ် ၅ဝ စီမံလုပ်ကိုင်ခွင့်ရထားသည့် မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီ အထက်ပိုင်းအပေါ် သက်ရောက်မှုကို CPI က အကုန်ကျခံပြီး တရုတ်နိုင်ငံမှ ရေအားလျှပ်စစ်ဆိုင်ရာ လေ့လာဒီဇိုင်းရေးဆွဲသည့် Changjiang Institute အပါဝင် နှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင် ၁၀၀ ကျော်တို့က တိုင်းထွာ လေ့လာခဲ့ကြသည်။

“ရေလွှမ်းမယ့် ဧရိယာက ဧရာဝတီမြစ်ညှာတခုလုံးရဲ့ ၁.၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ စိုက်ပျိုးဧရိယာကလည်း နည်းနည်းလေးပါ။ ဇီဝမျိုးကွဲတွေလည်း မထိခိုက်နိုင်ပါဘူး။ မြန်မာလျှပ်စစ် ဝန်ကြီးဌာနကလည်း ကျွမ်းကျင်သူ
တွေနဲ့ ဆွေးနွေးပြီးတော့ လက်ခံထားပြီး ဖြစ်ပါတယ်” ဟု မစ္စတာ LU Qizhou က ဆက်ပြောသည်။

နိုင်ငံတကာ မြစ်ချောင်းများ ကာကွယ်ရေး အန်ဂျီအိုအဖွဲ့ International Rivers ၏ ထိုင်းနိုင်ငံ တာဝန်ခံတဦးဖြစ်သူ မစ္စတာ ဖီယန်ဖွန် ဒီထက်စ် Pianporn Deetes ကမူ မြစ်ဆုံဆည် တခုတည်းကို ပြော၍ မရဘဲ ဧရာဝတီမြစ်ညှာရှိ အခြား စီမံကိန်းများလည်း ရှိသေးသည်ဟု ဆိုသည်။ ဧရာဝတီမြစ်သည် မြောက်ပိုင်းကချင်ပြည် နယ်မှ ဧရာဝတီ
မြစ်ဝကျွန်းပေါ်အထိ မှီတင်းနေထိုင်သူ အားလုံး၏ ဘဝပင် ဖြစ်သည်ဟု ဆိုသည်။

“တနိုင်ငံလုံး အားထားရတဲ့ ဆန်စပါး အဓိကထွက်ရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ထိခိုက်မှာ အရေးတကြီး စိုးရိမ်စရာပါပဲ။ ပြီးတော့ ဆည်တမံကြောင့် ငါးနဲ့ ရေသတ္တဝါတွေရဲ့ ရွှေ့ပြောင်းသွားလာတဲ့ လမ်းကြောင်းတွေလည်း ပိတ်သွားမှာပါ” ဟု မစ္စတာ ဖီယန်ဖွန် ဒီထက်စ်က မဇ္ဈိမကို ပြောသည်။

ဧရာဝတီမြစ်ဖျား မေခနှင့် မလိခမြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်း ရှစ်ခုအနက် စက်တပ်ဆင်အား မဂ္ဂါဝပ် ၆,၀၀၀
ဖြင့် အကြီးဆုံး မြစ်ဆုံ စီမံကိန်း တည်ဆောက်မှုသည် ၁၀ ရာခိုင်နှုန်းပြီးနေပြီဟု လွှတ်တော်တွင်း တရားဝင် ပြောဆို ချက်များအရ သိရသည်။

ယင်းစီမံကိန်းများ လည်ပတ်လျင် မြန်မာအနေဖြင့် အခွန်ကောက်ခံမှုမှ အမေရိကန်ဒေါ်လာ သန်း ၅,၄၀၀ ရရှိပြီး လျှပ်စစ် အခမဲ့ရနိုင်မည်ဟု CPI ဥက္ကဋ္ဌက ပြောသည်။

အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ယင်းစီမံကိန်းကို မဖြစ်မနေ ဆက်လုပ်မည်ဟု စက်တင်ဘာ ၁ဝ ရက်နေ့
က ပြောကြားခဲ့ပြီးနောက် ကန့်ကွက်သူများအကြား ဝေဖန်မှုများကြီး ထွားလာပြီးနောက် စက်တင်ဘာ ၁၇ ရက်နေ့ တွင် နေပြည်တော်၌ အလုပ်ရုံ ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ရာ CPI ဥက္ကဋ္ဌ လည်းတက်ရောက်ပြီး စာတမ်းတစောင် ဖတ်ကြားသွားသေးသည်။

ဆွေးနွေးပွဲတွင် ဝန်ကြီးဦးဇော်မင်းက စီမံကိန်း အကျိုးဆက်နှင့် ပတ်သက်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အထိ မလေ့လာရသေးကြောင်း ဝန်ခံသွားပြီး သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုစံ အဖြစ် အသုံးပြုနိုင်မည့် “သဘာဝ ပတ်ဝန်းကျင် ဥပဒေ” မရှိသေးသဖြင့် လေ့လာချက်များ မပြည့်စုံ နိုင်ကြောင်း ပြောဆိုသည်။

International Rivers ၏ ထိုင်းနိုင်ငံ တာဝန်ခံ Pianporn Deetes ကလည်း မြန်မာနိုင်ငံတွင် ပြီးပြည့်စုံသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတခု စတင်ရေးဆွဲရန် လိုအပ်နေကြောင်း သဘောတူသော်လည်း ဧရာဝတီ
မြစ်ညှာ စီမံကိန်းများ၏ အချက်အလက်များကို လူထုအား ပွင့်ပွင့်လင်းလင်း ချပြရန် လိုအပ်သည်ဟု ဆိုသည်။

“စီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ကြေညာပြီးတော့ နှစ်နိုင်ငံအစိုးရ တရုတ်ကုမ္ပဏီတွေနဲ့ နောက်ကွယ်မှာ ကြိတ်ပြီး
ညှိနှိုင်းတာမျိုး မဖြစ်စေလိုပါဘူး။ လုပ်ငန်းစဉ် အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး စီမံကိန်း ဆိုးကျိုးကို ခံရမယ့် သူတွေအတွက် တာဝန်ခံတာကို မြင်တွေ့လိုပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဝှမ်းပေါ်၌ ရေအားလျှပ်စစ်စီမံကိန်း ၁၈ ခုကို အကောင်အထည် ဖော်နေရာ
မြစ်ဆုံစီမံကိန်းသည် စက်တပ်ဆင်အား ၆,၀၀၀ မဂ္ဂါဝပ်ဖြင့် အကြီးဆုံးဖြစ်ပြီး ထာခ စီမံကိန်းသည် ၆ မဂ္ဂါဝပ်ဖြင့် အသေးဆုံး ဖြစ်သည်။ စီမံကိန်း ၁၈ ခုပေါင်းလျင် စက်တပ်ဆင် အား ၂၀,၇၆၀ မဂ္ဂါဝပ်ရှိကြောင်း ၂၀၁၁ နှစ်ဆန်း
ပိုင်း တရားဝင် ထုတ်ပြန်ချက်များက ဆိုသည်။

http://www.mizzimaburmese.com/

ခုနှစ်နှစ်အတွက် သမဝါယမ အမြတ် ၁၈၉ ကျပ်


မျိုးသန့် | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၂ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ခုနှစ်နှစ်တာ ကာလအတွင်း ရန်ကုန်တိုင်း သမဝါယမ အသင်းသားများ၏ အစုငွေနှင့် ကုန်ဝယ်ပေါ် အမြတ်ငွေတို့အတွက် ကျပ်ငွေ ၁၈၉ ကျပ် သာပေးနိုင်ခဲ့ကြောင်း သမဝါယမ ဝန်ကြီး ဦးအုန်းမြင့်မှ အင်္ဂါနေ့ အောက်လွှတ်တော်တွင် ပြောကြားသွားဟု အမတ်များက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ အမတ် ဦးခိုင်မောင်ရည်၏ ရန်ကုန်တိုင်းအတွင်းရှိ သမဝါယမ အသင်းသား
များ အစုငွေအမြတ်နှင့် ကုန်ဝယ်အမြတ်များ မရရှိခြင်းနှင့် စပ်လျင်းသည့် မေးခွန်းကို ဝန်ကြီးမှ ရန်ကုန်တိုင်း အတွင်း သမဝါယမ အသင်းဝင်ပေါင်း ၁ဝ၆,၆၂၉ ဦး အတွက် ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ အမြတ်ငွေ ၂,ဝ၁၉ သိန်း ထုတ်ပေးပြီးဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အသင်းဝင်ပေါင်း ၁၀၆,၆၂၉ ဦးအတွက် အမြတ်ငွေ သိန်း ၂,၀၁၉ ကို တွက်ချက်ကြည့်မည်ဆိုပါက အသင်းဝင် တဦးအတွက် ကျပ်ငွေ ၁၈၉ ကျပ်သာ ရရှိနေခြင်းဖြစ်သည်။

ဝန်ကြီးက ရန်ကုန်တိုင်းအတွင်း ၂၀၁၁၊ ၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် သမဝါယမ အသင်း၏ အစုငွေမှာ ၂,၂၄၅ သိန်းရှိပြီး၊ ရင်းနှီး ပစ္စည်းတန်ဖိုးမှာ ၁,၂၁၅ သိန်းရှိသည်ဟု ထည့်သွင်းပြောသွားသည်။

ရန်ကုန်တိုင်း အတွင်းရှိ သမဝါယမ အသင်းသားများအတွက် ၁၉၉၃ ခုနှစ်မှ၂ဝဝ၃ ခုနှစ်အထိ ၁ဝ နှစ်တာကာလ အတွင်း အသင်းသား တဦးလျှင် အမြတ်ငွေ ၁,၅၃၁ ကျပ် ပေးနိုင်ခဲ့ကြောင်းလည်းဆိုသည်။ သို့သော် ထိုနှစ်များ
အတွင်း ရင်းနှီးငွေများနှင့် အသင်းသားဦးရေကို ထည့်သွင်းပြောသွားခြင်းမရှိဟု လွှတ်တော် အမတ်များက ဆိုကြ
သည်။

သမဝါယမ ဝန်ကြီးဌာန လက်အောက်တွင် တနိုင်ငံလုံး သမဝါယမ အသင်းစုပေါင်း ၃၇ သင်း၊ အခြေခံအသင်း ၄၃၆ သင်းနှင့် သမဝါယမ အသင်းစုစုပေါင်း ၄၇၅ သင်း ရှိသည်ဟုလည်း ဝန်ကြီးကဆိုသည်။

အမတ် ဦးခိုင်မောင်ရည်၏ မေးခွန်းတွင် သမဝါယမ အမှုဆောင်များအနေဖြင့် တဦးလျှင် ဆိုင်ခန်း ၄ ခန်း၊ ၅ ခန်းထိ ရယူက ဆိုင်ခန်းငှားရမ်းခများ ရယူနေကြောင်း စွပ်စွဲကာ မေးခွန်းတွင် ထည့်သွင်း ပြောသွားသည်ကို ဝန်ကြီးက လက်ခံပြီး အဆိုပါ ဖြစ်ရပ်များကို အရေးယူသွားမည်ဟု ဖြေသွားကြောင်း ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

"ဒါကိုတော့ မအောင်မြင်ဘူးဆိုတာကို သူက လက်ခံတယ် အဓိက ကတော့ ကျနော် စွပ်စွဲခဲ့သလိုပဲ အောက်ခြေမှာ မသမာမှုတွေ ရှိတာကြောင့် မအောင်မြင်တာလို့ ပြောတာပေါ့နော်။ အဲဒါကြောင့် ဒီဟာတွေကို တိတိကျကျ တိုင်ပြီး
တော့ သူ့အနေနဲ့ တကယ်ပဲ အရေးယူပေးမယ်၊ လက်ဝါးကြီး အုပ်တာတွေကို တိတိကျကျ တိုင်ပါလို့ပြောတယ်" ဟု ဆိုသည်။

တနိုင်ငံလုံး သမဝါယမ အသင်းပေါင်း ၄၇၅ သင်းတွင် အသင်းဝင် ၆၄၇,၄၅ဝ ယောက်မှ အစုငွေပေါင်း ၇၅၁.၂၅ သန်းဖြင့် ၂ဝ၁၁၊ ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလည်ပတ် နေကြောင်းလည်း သိရသည်။

သမဝါယမ အသင်းများအနေဖြင့် အရစ်ကျ ချေးငွေလုပ်ငန်း၊ ဆေးရုံ၊ ဘော်ဒါဆောင်၊ သကြားစက်များ၊ ဆီစက်၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်းများ လုပ်ဆောင်ပေးနေသည်။
http://www.mizzimaburmese.com/news/business/8432-2011-10-04-14-26-27.html

ရာဇသင်္ကြန်အမတ်ကြီး နှင့် ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး



by Hla Shwe on Monday, October 3, 2011 at 10:25am

ရာဇသင်္ကြန်အမတ်ကြီး နှင့် ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး

ဒီရက်ပိုင်းအတွင်းတက်လာတဲ့ မြန်မာနှင့်တရုတ် သတင်းတွေကိုကြည့်ပြီး ကျနော်တို့ငယ် ငယ်ကသင်ခဲ့ရတဲ့ ပုဂံ ရာဇ၀င်ထဲက ရာဇသင်္ကြန်အမတ်ကြီးရဲ့ သံတမန်ပရိယာယ် ကျွှမ်းကျင်ပုံ ကိုသတိရမိပါတယ်။ ကူဗလန်ခမ် ရဲ့တပ်တွေ ပုဂံကို ကျူးကျော်လာတော့ရာဇသင်္ကြန်အမတ် ကြီးဟာ ခမ်မင်းကြီးဆီကို သံတမန်တဦး အနေနှင့်(၁၂၈၆) သွားရောက် ခဲ့တယ် လို့သမိုင်း အထူး ပြုကျောက်စာမှာ သင်ခဲ့ရတယ်။ ကူဗလန်ခမ် နှင့်တွေ့တော့ “ အရှင်မင်းကြီး ရဲ့တိုင်း ပြည်က ကြီးမားလှပါတယ်၊ စစ်သည်အင်အားလည်း သိန်းနှင့်ချီ ရှိနေပါတယ်၊ ကျွှန်တော် မျိုးတို့၏ ပုဂံ မှာကား သဲကန္တရ ထဲမှာ တည်နေသော တိုင်းပြည်ငယ်ဖြစ်သည်၊ အရှင်မင်းကြီး၏ စစ်သည် တော်တို့ ပုဂံသို့ချီတက်မည် ဆိုပါက စားစရာမရှိ သော နယ်မြေ၊ ထန်းပင်အတိ သာရှိသော နယ်မြေ ကိုဖြတ်သန်းရမည်၊ ထန်းသီး ပေသီးများ ကိုစားသုံးရပါက ၀မ်းကိုက်ရော ဂါဖြစ်ပွား လျက် သေကြေပျက်စီးမှုအများကြီးဖြစ်ပေါ်လိမ့်မည်၊ အရှင်မင်းကြီး၏ အကျိုးကိုလို သော ငှာလျောက်တင်သောစကားဖြစ်ပါသည်” လို့လျောက်တင်လိုက်တော့ ခန်မင်းကြီးဟာ သူ့တပ် သား တွေကို ဆုတ်ခွာဖို့အမိန့်ပေးခဲ့တယ်လို့ သမိုင်းမှာလေ့လာခဲ့ဖူးပါတယ်။

လက်ရှိ မြန်မာနှင့်တရုတ်ဖြစ်နေတဲ့ အကျိုးစီးပွားမဟာဗျူဟာနှင့်တော့ ရာဇသင်္ကြန်ရဲ့ သံတမန် ပရိယယ်က ကိုက်ညီမှုရှိမှာမဟုတ် ပါဘူး။ အေဒီ(၁၃)ရာစု ကျူးကျော်တုန်းက ပုဂံကိုလက် အောက်ခံနိုင်ငံအဖြစ် ပဏာဆက်သဖို့တောင်းဆိုရာက ပုဂံမင်း(နရသီဟပတေ့)ကလက်မခတဲ့ အတွက် မွန်ဂို တပ်တွေကျူးကျော်လာတာဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ပြသနာမှာရာဇသ င်္ကြန်အမတ်ကြီးပြောသလိုမျိုးနှင့်ပြေလည်သွားမှာမဟုတ်ပါဘူး။

သမ္မတ ဦးသိန်းစိန်ရဲ့ မြစ်ဆုံရေကာတာစီမံကိန်း ကိုသူ့ရဲ့အစိုးရလက်ထက်မှ ရပ်တန့်ထားမယ် လို့ စက်တင်ဘာ( ၃၀) ရက်နေ့မှာကြေငြာခဲ့ပါတယ်။ ကြေငြာချက်နှင့်အတူတွေ့ရတာကတော့ မြန်မာ ပြည်သူတွေရဲ့ ချီးးကျုးထောပနာ ပြုတဲ့အသံနှင့် ဆန့်ကျင်ဘက်အသံကတော့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ပြောခွင့်ရပုဂ္ဂိုလ် (Hong Lei) သက်ဆိုင်တဲ့ နိုင်ငံအနေဖြင့် တရုတ် ကုမ္ပဏီတွေရဲ့အကျိုးစီးပွား တွေကို အာမခံပေးရမယ်လို့ပြောဆိုလိုက်ပါတယ်။ ဒီလိုပြောဆိုတဲ့ အထဲမှာတရုတ်နိုင်ငံဘက်ကဘယ်အနေအထားထိ ပြောနေသလဲဆိုတာ ဝေဖန်ပိုင်းခြားသုံး သတ်ဖို့လိုအပ်နေပါတယ်။

တရုတ်နိုင်ငံဟာအထီးကျန်ဖြစ်နေတဲ့ စစ်အစိုးရနဲ့ (၁၉၉၀) ကျော်မှာပေါင်းဖက်မိလာကြတယ်။ တရုတ်နိုင်ငံရဲ့စီးပွားရေးဟာလည်းနှစ်နှစ်ဆယ်အတွင်း တဟုန်ထိုးတက်လာခဲ့ပါတယ်။ကမ္ဘာ့စီး ပွားရေးရဲ့နံပါတ်(၂)နေရာကိုရောက်လာခဲ့တယ်။ စီးပွားရေးတိုးတက်မှုနှင်အတူစွမ်းအင်လိုအပ် ချက်ကလည်းကြီးမာလာခဲ့ပါတယ်။ ဒီနေ့တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကမီဂါဝတ် (၁,၀၀၀,၀၀၀) တစ်သန်းရှိပါတယ်။ဒီနေ့မြန်မာနိုင်ငံ မှာ မီဂါဝတ် (၃၅၀၀) ဘဲရှိပါသေးတယ်။

တရုတ်နိုင်ငံရဲ့အနောက်တောင်ပြည်နယ်တွေမှာ ကုန်ခန်းသွားပြီဖြစ်တဲ့ ကျောက်မီးသွေးတွင်း တွေနေရာမှာအစားထိုးမယ့်စီမံကိန်းတွေကတော့မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်တွင်းရှိ မြစ်ချောင်းတွေကို ဆည်အဖြစ်ပြောင်းလဲရေးဘဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံက လိုချင်တဲ့စွမ်းအင် ပမာဏကရေအား လျပ်စစ်တခုတည်းကနေ မီဂါဝတ် (၂၀,၀၀၀) ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာသုံးစွဲနေတဲ့ပမာဏရဲ့ (၆) ဆလောက်ရှိ ပါတယ်။ လက်ရှိအ နေအထားအရလည်း မြန်မာနိုင်ငံဟာ သဘာဝအရင်းအမြစ်တွေ ပျက်စီးနေတဲ့နိုင်ငံစာရင်း ထဲမှာ ပါနေပြီ။ တရုတ်လိုချင်တဲ့ရေအားလျပ်စစ်က မီဂါဝတ် (၂၀,၀၀၀) နှစ်သောင်းဖြစ် ပါတယ်(တရားဝင်ကြေငြာချက်)။ အမှန်တကယ် တရုတ်အစိုးရမြန်မာနိုင်ငံအတွင်း ရေအား လျပ်စစ်စီမံ ကိန်းပေါင်းမြောက်မြားစွာမှာရင်းနှီုးမြှုတ်နှုံဖို့်အတွက်သဘောတူ လက်မှတ်ရေးထိုး ထားပါတယ်။ အဲဒီသဘောတူညီချက်အရတရုတ်အစိုး ရလိုချင်တဲ့ပမာဏက မီဂါဝတ် (၄၀,၀၀၀) လေးသောင်း လောက်ဖြစ်နေပါတယ်။

မီဂါဝတ် (၂၀,၀၀၀) ဆိုတာ လက်ရှိထိုင်းနိုင်ငံမှာသုံးနေတဲ့လျပ်စစ်စွမ်းအားနှင့် မတိမ်းမယိမ်း ဘဲရှိပါတယ်။ ထိုင်းနိုင်ငံရဲ့လျပ်စစ်စွမ်းအင် သုံးစွဲမှုက (၂၀၁၀) ခုနှစ်မှာ မီဂါဝတ် (၂၄၀၀၀) ဘဲရှိပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ကုမ္ပဏီတွေအကောင်အထည် ဖေါ်မယ့်ရေအားလျပ်စစ် စီမံကိန်း အားလုံးကိုပေါင်းလိုက်ရင် မီဂါဝတ် (၄၀၀၀၀) လေးသောင်းလောက် ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံလိုစက်မှု ဖွဲ့ဖြိုးနေဆဲနိုင်ငံနှစ်ခုလောက် သုံးစွဲလို့ရတဲ့ လျပ်စစ်ပမာဏ ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီတွေ ဧရာဝတီမြစ်ညာပိုင်းမှာတည်ဆောက်မယ့် ဆည် (၇) ခုရှိပါတယ်။ အဲဒီစီမံ ကိန်းအတွက် ကုန်ကျမယ့် ငွေစုစုပေါင်းက အမေရိကန်ဒေါ်လာ (၂၀) ဘီလီကျော်ရှိတယ်လို့ တရုတ်အစိုးရ ရဲ့ဝါဒဖြန့်ချီရေး အင်တာနက်စာမျက်မှာ“www.uachn.com မှာတင်ထား တယ်။ မြစ်ဆုံဆည် ဆိုတာ အဲဒီ (ရ) ခုထဲကတခု။  (၁) မြစ်ဆုံဆည် (၂) ချီဗွေဆည် (၃) ပါရှီဆည် (၄) လာကင်ဆည် (၅) ဖိဖောဆည် (၆) ကောင်းလန်းဖူးဆည် (၇) လိုင်ဇာဆည်တို့ဖြစ်ပါ တယ်။ မြန်မာအစိုးရ ရဲ့လျပ်တပြတ် ဆုံးဖြတ်မှု အပေါ် တရုတ်အစိုးရ တော်တော် လည်း စိုးရိမ် သွားပုံရပါတယ်။ အဲဒါကြောင့် ဦးသိန်းစိန် အစိုးရနှင့်တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုလိုက်တာပါ။

တရုတ်ရင်းနှီုးမြှုတ်နှုံမှုတွေကိုကြည့်ရင် မူဆယ်-ကျောက်ဖြူရထားလမ်းအတွက် အမေရိကန် ဒေါ်လာ(၂၀)ဘီလီယံ၊ ဧရာဝတီမြစ်ညာပိုင်းဆည်(၇)ခုအတွက်အမေရိကန်ဒေါ်လာ(၂၀) ဘီလီယံ၊ ရေနက်ဆိပ်ကမ်း၊ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ ခြားသော သံလွင်မြစ်အ တွင်းမှာ ဆည်(၆)ခု၊ မြန်မာနိုင်ငံ တ၀ှမ်းဆည်ပေါင်း (၉) ခုတည်ဆောက်ဖို့ စ်ခေါင်းဆောင်တွေနှင့်လက် မှတ်ရေး ထိုးထားပါပြီ။ စုစုပေါင်းရင်းနှီုးမြှုတ်နှုံမှုဟာ ဒေါ်လာ(၁၀၀) ဘီလီယံအထိရောက်သွား နိုင်ပါတယ်။ ဒီလောက်ရင်းနှီုးမြှုတ်နှုံမှုကို ကြည့်ရင်တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထား တဲ့စွမ်းအင်ဆိုင်ရာ မဟာဗျူဟာကို ခန့်မှန်းလို့ရနိုင်ပါတယ်။

အမေရိကန်နိုင်ငံထုတ် (Foreign Policy) မဂ္ဂဇင်းမှာ အနာဂါတ်ကာလမှာဖြစ်ပေါ်လာမယ့် စစ်ပွဲတွေဟာတောင်တရုတ်ပင်လယ်မှာဖြစ်မယ်လို့ဟော ကိန်းထုတ်ထားတာကို ကြည့်ရင် တရုတ်အနေနဲ့မြန်မာနိုင်ငံရဲ့ ပထ၀ီအနေအထားမဟာဗျူဟာ ကျမှုကိုလွန်ခဲ့တဲ့ (၇)နှစ်လောက် ကတည်းက မျက်စိကျနေပုံရပါတယ်။ ဒါကြောင့်တရုတ်ကုမ္ပဏီ (၂၄)ခုဟာ ရေအားလျပ်စစ်နှင့် စွမ်းအင်လုပ်ငန်းတွေမှာ ဘီလီယံရာချီပြီးမြှုတ်နှုံနေကြတာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေ နှင့်မြန်မာ့ပိုင်နက်ထဲမှာ ဘာကြောင့်ရင်းနှီုးမြှုတ်နှုံမှုအကြီးဆုံးလုပ်နေရသလဲဆိုတဲ့အချက်က မြန်မာပြည် သူတွေအတွက် မေးခွန်းတခုဖြစ်လာပါတယ်။

ဒီမေးခွန်းရဲ့အဖြေကို ဦးသိန်းစိန်အစိုးရကကော အဖြေပေးနိုင်ပါ့မလား။ လက်ရှိဦးသိန်းစိန်အစိုး ရရဲ့ဆုံးဖြတ်ချက် ကိုအသိအမှတ်ပြုသင့်ပါတယ်။ ဒါပေမဲ့ (၂၀၁၀) မတိုင်မီက လက်မှတ်ရေးထိုး ထားတဲ့ နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေတဲ့ နောက်စီမံကိန်းကိုကော ဘယ်လို ကိုင်တွက်ဖြေရှင်းမလဲဆိုတဲ့အချက်က ပြည်သူတွေအတွက် မြစ်ဆုံစီမံကိန်းလိုစိတ်ဝင်စားမှုရှိ မှာပါ။ အဲဒီလို စိုးရိမ်မှုနှင့်အတူအာရှ နဂါးနှင့်ပတ်သတ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက် တွေလည်းရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ မကြာခင်မှာအမေရိကန်ရဲ့စီးပွားရေးကို ကျော်တက်နိုင်တယ်ဆိုတဲ့ ဟောကိန်းထုတ်မှုတွေရှိနေပါတယ်။ တရုတ်ရဲ့စက်မှုတိုးမှုမှာ မြန်မာနိုင်ငံကိုကြားခံနိုင်ငံအဖြစ် သုံးပြီး စွမ်းအင်လုံခြုံမှုကို ထိမ်းထားမယ်ဆိုရင် တရုတ်ရဲ့တိုးတက်မှုကမြန်မာနိုင်ငံ အကျိုးခံစား ခွင့်တွေရှိနိုင်ပါတယ်။ ဘယ်လောက်ထိမကြိုက်သည်ဖြစ်စေ ပထ၀ီအနေအထားကတရုတ်နိုင်ငံ
နှင့်ကင်းကွာလို့ မဖြစ်နိုင်ဘူးဆိုတာကို သိထားသင့်ပါတယ်။ ပထ၀ီအနေ အထားနှင့်ကမ္ဘာ့ သမိုင်းရဲ့ပြောင်းလဲမှု ဖြစ်စဉ်ကို ကျနော်တို့ကျော်လွန်၍မရနိုင်ပါ။ (၁၉)ရာစုမှာ ဥရောပ တိုက်သားတွေရဲ့ရွှေရောင်လွှမ်းခဲ့တယ်၊ (၂၀)ရာစုမှာ အမေရိကန်ကရွှေရောင်လွှမ်းခဲ့ တယ်။ (၂၁) ရာစုမှာ တရုတ်ကကမ္ဘာ့နံပါတ် (၁)နေရာကိုယူလာနိုင်တဲ့ အချက်ကိုမြန်မာခေါင်းဆောင် တွေစဉ်းစားထားသင့်တယ်။

နိဂုံးအနေနှင့်တင်ပြရရင်တော့ ကျနော်တို့နိုင်ငံဟာ စီးပွားရေးနှင့်  မဟာလူဦးရေပေါက်ကွဲမှု ဖြစ်နေတဲ့ နိုင်ငံ နှစ်ခုကြားညှပ်နေလေတော့ နိုင်ငံရဲ့အချုပ်အချာအာဏာပိုင်မှုကို (၁၃) ရာစုခေတ် ပုဂံရာဇ၀င်ထဲကရာဇသင်္ကြန်အမတ်ကြီးလို သံတမန်ပရိယာယ်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ် များကသာထိမ်းသိမ်းနိုင်လိမ့်မယ်လို့ယူဆမိပါ တယ်။

Sources
1. China calls for talks over shelved Myanmar dam (Reuters)

2. Political Events in the late 13th century, immediate causes (Origins of modern Burma)

3. www. burmariversnetwork.org

4. Upstream Ayeyawady Hydropower Projects Can Promote the Transformation of Myanmar’s Resources Advantage into Its Economic Advantage and Accelerate the Development of Its National Economy


လေးစားစွာဖြင့်
လှရွှေ

စာရေးသူလှရွှေသည် ရန်ကုန်တက္ကသိုလ်တွင် ခေတ်ဟောင်းသမိုင်းကိုလေ့လာခဲ့သည်။ ၁၉၉၆ ခုနှစ်ကျောင်းသားလှုပ်ရှား မှုတွင်ပါဝင်မှုကြောင့် စစ်အစိုးရ၏ထိမ်းသိမ်းမှုကိုခံခဲ့ရသည်။ နယ်စပ်ဒေသတွင် ရခိုင်သတင်းစဉ် အယ်ဒီတာ၊ ရခိုင်ပြည်အမျိုး သားကောင်စီ နိုင်ငံခြားရေးကော်မတီအဖွဲ့င်၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ကောင်စီရုံးတွင် လက်ထောက်ဒါရိုက်တာ အဖြစ်တာဝန်ထမ်း ဆောင်ခဲ့သည်။ သမိုင်းနှင့်နိုင်ငံရေးသိပ္ပံဘာသာရပ်ကို CDC တွင်တာဝန်ယူသင်ကြားလျက်ရှိသည်။

ဒီဗွီဘီကိုပြည်တွင်းနက်ဝတ်တုံ့ပြန်

Press_Sig




DVB ငွေကြေး အရှုပ်တော်ပုံ VJ အဖွဲ့တချို့ နှုတ်ထွက်

ကျော်ခ | တနင်္လာနေ့၊ အောက်တိုဘာလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၈ မိနစ်

နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ - DVB သတင်းဌာနတွင် မြန်မာကျပ်ငွေ သိန်း ၃,၀၀၀ ခန့် တန်ဖိုးရှိသည့် အမေရိကန်ဒေါ်လာ သုံးသိန်း ငွေစာရင်းကွာဟာမှုကြောင့် ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်
နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့နှစ်ဦးက အုပ်ချုပ်ရေးရာထူးများမှာ ယာယီ နှုတ်ထွက်ထားပြီး အမှုမှန်ပေါ်ပေါက်ရန်အတွက် နော်ဝေရဲဌာနမှ အမှုဖွင့်စစ်ဆေးနေကြောင်း DVB က ထုတ်လွှင့်သွားသည်။

လက်ရှိ DVB ၏ ယာယီ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ကိုယူထားသည့် ဦးဟန်ညောင်ဝေ က “ငွေကြေး ကွာဟ
မှု အဓိကဖြစ်ပွားသည့် နေရာသည် မဲဆောက်အခြေစိုက် ဌာနခွဲမှ ဖြစ်ကြောင်း” ထုတ်ဖော်ပြောဆိုထားသဖြင့် DVB ၏ ပြည်တွင်း လုပ်ငန်းစဉ်များကို တဆင့်လုပ်ကိုင်ဆောင်ရွက် ပေးနေသည့် မဲဆောက်အခြေစိုက် ဌာန ဦးဆောင် တာဝန်ရှိသူ ကိုစံ (ခ) ကိုအောင်ထွန်းနှင့် မဇ္ဈိမ သတင်းထောက် ကျော်ခ က မေးမြန်းထားသည်။

ကိုအောင်ထွန်းသည် ၂ဝဝ၆ ခုနှစ် မဲဆောက်အခြေစိုက် DVB ဌာနခွဲ တည်ထောင်စဉ်ကပင် ပါဝင်ခဲ့သူ တဦးဖြစ်ပြီး Burma VJ အဖွဲ့တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

DVB ရဲ့ အမေရိကန်ဒေါ်လာ ၃ သိန်းကွာဟမှုဖြစ်နေတဲ့နေရာဟာ မဲဆောက်ရုံးက အဓိကလို့ DVB ဘုတ်အဖွဲ့က သတင်းမီဒီယာတွေကို ပြောဆိုနေတာတွေဟာ တကယ်အမှန်ပဲလားခင်ဗျ။

“ဒါကဒီလိုပါ။ ဒါရိုက်တာ အပါအဝင် ဘုတ်အဖွဲ့ဝင် ဦးဟန်ညောင်ဝေတို့ ပြောသွားသလိုမျိုး မဲဆောက်မှာ အဓိက
ငွေကွာဟမှုဖြစ်တယ်လို့ ပြောသွားတာတွေ စွပ်စွဲချက်တွေက အပေါ်ယံပါ။ ဒီကိစ္စက မဲဆောက်တင် မဟုတ်ဘဲနဲ့
အော်စလိုက တာဝန်ခံပြီး လက်မှတ်ထိုးထားတဲ့ ကိုခင်မောင်ဝင်းတို့ စသဖြင့် အားလုံးပါဝင်ပတ်သက်နေတဲ့ ကိစ္စပါ။ ဒီကိစ္စကို မဲဆောက်ရုံးဆိုပြီးတော့မှ ဦးဟန်ညောင်ဝေက မကွဲမပြား ပြောသွားတာရှိပါတယ်။ သူ့စကားကို ပြန်ကြည့် လိုက်ရင်လည်း တာဝန်ရှိသူ ၃ ယောက်ဆိုတာက စီနီယာတွေ မန်နေဂျာတွေ ကျနော် အပါအဝင် ပေါ့လေ အဲဒီ လူတွေကို ဆိုလိုတာလား ဒါမှမဟုတ် အောစလိုမှာရှိတဲ့ ဒီ Network တခုလုံးရဲ့ အကြီးအကဲ တယောက်ဖြစ်တဲ့ တယောက်ကို ဆိုလိုတာလား စသဖြင့် သူတို့က ကွဲကွဲပြားပြား မပြောတဲ့ အချိန်မှာ ကျနော်တို့ကလည်း ဘာမှ
ပြန်မပြောနိုင်ပါဘူး။”

“ဒီကိစ္စ စဖြစ်ကတည်းက လွန်ခဲ့တဲ့ ၂ လ ၃ လလောက်ကတည်းက သူတို့က ဒီလိုကွာဟမှု ရှိနေတယ်ဆိုတာ
နှုတ်နဲ့ အကြောင်းကြားတဲ့အတွက် ကျနော်တို့ ဒီမှာ စရင်းဇယားတွေ ကိုင်နေရတဲ့လူတွေ ပြုလုပ်ပေးနေရတဲ့
လူတွေကို ဘယ်နေရာတွေမှာ ကွာဟတယ်။ ဘယ်လိုဆိုတာကို တိတိပပ တရားဝင် အီးမေးနဲ့ဖြစ်ဖြစ်၊ စာနဲ့ဖြစ်
ဖြစ် အကြောင်းကြားခဲ့တာ မရှိပါဘူး။”

“ဒီဟာကို နှုတ်နဲ့ပဲပြောလာတော့ ကျနော်တို့က ဒီအပ်ါမှာ ဖြေရှင်းခဲ့ပါတယ်။ သူတို့က ဒီဟာကို ပြေလည်မှု မရှိဘဲနဲ့
နောက်ဆုံး ထိုင်းနိုင်ငံကို ကိုအေးချမ်းနိုင် ကိုယ်တိုင်လာပြီးတော့ မြန်မာပြည်ထဲကလာတဲ့ သတင်းထောက်တွေ စီမံနေရတဲ့ လူတွေနဲ့ ဒီဟာကို အကျေအလည် ဆွေးနွေးပြီးတဲ့နောက်မှာမှ သေချာ အဖြေမရှာသွားဘဲနဲ့
အောက်တိုဘာ ၁ ရက်နေ့မှာ မီဒီယာ ထုတ်ပြန်ချက်အနေနဲ့ တဘက်သတ် လုပ်လိုက်တဲ့သဘောမျိုးပါ။”

မဲဆောက်ရုံးရဲ့ တာဝန်က ဘာလဲ။ DVB ရဲ့ အဓိက ဘယ် Program အတွက်၊ ဘာတွေ လုပ်ပေးနေရ
တာလဲ။

“မဲဆောက်ရုံးဆိုတာက ပြည်တွင်း Network အားလုံးကို အုပ်ချုပ်နေတဲ့ ဌာနချုပ်နေရာပါ။ နဂိုကတည်းက ပြည်တွင်း
က လာတဲ့သတင်းရုပ်သံ အကြမ်းတွေကို သက်ဆိုင်ရာ တခြားဌာနတွေကို ပို့ပေးရတဲ့ တာဝန်ပဲ ရှိခဲ့တာပါ။ နောက်ပိုင်း ကြတော့ ရွှေဝါရောင်လိုကာလမှာ Network မျိုးမှာ ပိုမိုအောင်မြင်လာပြီးတော့ အလုပ်တွေ ပိုအောင်မြင်လာတဲ့ ကာလမှာ။ ကျနော်တို့ကလည်း သတင်းအချောလုပ်ရတဲ့ အနေအထားတွေပါ လုပ်လာရပါတယ်။”

“အခြေခံအားဖြင့်တော့ ကျနော်တို့ဒီမှာကတော့ သတင်းအချော သတင်းရုပ်သံအတွက် ပုံမှန်သတင်းတွေအပြင် Feature မှတ်တမ်းတွေပါ လုပ်ရပါတယ်။ ပြီးတော့ ပြည်တွင်းသတင်းထောက်တွေကို သင်တန်းပေးတာမျိုးတွေ
ပြည်တွင်း သတင်းထောက်တွေ လာတဲ့အခါမှာ လာတဲ့အခါမှာ ဆက်ဆံရတဲ့အခါ၊ နိုင်ငံတကာ သတင်းထောက်
တွေ လာတဲ့အခါတွေမှာ ကူညီဆောင်ရွက်ပေးတာမျိုးတွေ လုပ်ငန်းဆောင်တာတွေကတော့ အများကြီးရှိပါတယ်။”

မဲဆောက်ရုံးကို စထောင်တာ ဘယ်တုန်းကလဲ။ လူဦးရေ ဘယ်လောက်ရှိလဲ။

“၂ဝဝ၆ နှစ်ဆန်းကတည်းက ဒီမှာ ရုံးအနေနဲ့ ရှိခဲ့တာပါ။ လူဦးရေကတော့ ပုံမှန်မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာ လတ်မှတ်တွေကလည်း မရှိဘူးဆိုတော့ ဒုက္ခသည်စခန်းထဲမှာ သွားနေရတဲ့ အခါမျိုးတွေ၊ ပြည်တွင်း ပြန်ဝင်
နေရတဲ့ ဟာမျိုးတွေရှိပါတယ်။ ပုံမှန် ပျမ်းမျှအားဖြင့်တော့ ဒီမှာ ၁၅ ယောက်လောက် ရှိပါတယ်။”

မဲဆောက်ရုံးက တာဝန်ခံရတဲ့ ပြည်တွင်း သတင်းထောက် ဘယ်နှစ်ယောက်ရှိလဲ။ ဘယ်လိုတွေလုပ်ကိုင်ရလဲ။

“ပြည်တွင်းမှာ ကျနော်တို့ Network မှာပျမ်းမျှအားဖြင့် လူ ၅၀ ဝန်းကျင်လောက်ရှိတာပေါ့။ စာရင်းဇယား အတိအကျ ကိုတော့ ကျနော်မသိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေက အမြဲတမ်းအဝင်အထွက်ရှိတယ်။ တချို့တွေက Network အပေါ် အဖွဲ့ဝင်အဖြစ်အနေနဲ့ ပါဝင်လုပ်ကိုင်နေသူတွေ ရှိနေသေးသလို စိတ်ဓါတ်အရ ပါဝင်ကူညီပေးနေ
တဲ့ လူတွေလည်း ရှိပါတယ်။”

“ဒါပေမယ့် အဲဒီမှာ အယောက် ၅ဝ လုံးကတော့ ကင်မရာကိုင်၊ ဘောလ်ပင်၊ စာရွက်ကိုင်ပြီးလုပ်နေတဲ့ သတင်းထောက်တွေ လို့တော့ ပြောလို့မရပါဘူး။ တချို့တွေက သူတို့ သက်ဆိုင်ရာ သက်ဆိုင်ရာ ကဏ္ဍတွေကို တာဝန်အသီးသီး ခွဲယူရတာပါ။ တချို့တွေက ဗွီဒီယို ရိုက်ကူးနေတဲ့ အချိန်မှာ တချို့တွေက အင်တာနက်ဆိုင် ကနေပြီးတော့ ဒီဘက်ကို ပြန်တင်ပေးနေတာ၊ တချို့ကလည်း လူကိုယ်တိုင်သယ်ပြီးတော့ ထိုင်းကို လာပို့တာမျိုး၊ သုတေသနတွေရှိတယ်။”

ဒီကဏ္ဍတွေကိုကတော့ ချင်းမိုင်ရုံးနဲ့ ဆက်သွယ်ပြီး လုပ်တာလား အော်စလိုနဲ့ တိုက်ရိုက် ချိတ်ပြီး လုပ်တာလား။ ဘယ်သူက ဦးဆောင်လုပ်ပေးလဲခင်ဗျ။

“ကျနော်တို့က နဂို Network စတည်ထောင်ကတည်းက နော်ဝေးမှာရှိတဲ့ ထိပ်တန်း အကြီးအကဲတွေ ဖြစ်တဲ့ ကိုခင်မောင်ဝင်း၊ ကိုအေးချမ်းနိုင်နဲ့ အယ်ဒီတာတချို့လောက်ပဲ သိခဲ့တာပါ။ ဒီချင်းမိုင် မှာရှိတဲ့ သတင်းရုံးနဲ့ မဲဆောက်မှာရှိတဲ့ တခြားသတင်းရုံးတွေက လူတွေတောင် ကျနော်တို့ ဒီမှာရှိတယ်ဆိုတာ ပြီးခဲ့တဲ့ ၂ဝ၁ဝ လောက်
က တိတိပပ သိခဲ့တာမဟုတ်ဘူး။”

အခုကွာဟနေတယ်ဆိုတဲ့ ငွေကြေးတွေဟာ ဘယ်ကာလတုန်းက ဖြစ်တာလဲ။ ဘယ်ကဏ္ဍတွေမှာ
ဖြစ်သွားတာလဲ။ ဘယ်လို စသိတာလဲ။

“ငွေရေးကြေးရေး Report လုပ်ရတဲ့ အပိုင်းကို ပြောရမှာပဲဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ငွေကြေးက ပြန်တင်တဲ့ အခါမျိုးမှာ အကြမ်းလုပ်တဲ့ လုပ်ငန်းနဲ့ Output ကိုပဲ အစပိုင်းမှာ အကြမ်း လုပ်တဲ့ စရင်းဇယားတွေပဲ ရှိပါတယ်။
နောက်ပိုင်းမှာ လုပ်ငန်းချဲ့ထွင်ဖို့နဲ့ ရံပုံငွေတွေ ပိုချပေးတဲ့အခါကြတော့ စရင်းဇယားစနစ်က အမြဲတမ်း ဒီအော်စလို
က ဦးခင်မောင်ဝင်းတို့ တောင်းနေတဲ့ ပုံစံ စနစ်တွေက အမြဲတမ်းပြောင်းလဲနေတာ။ သူတို့ Donors တွေကို
ပြန်တင်ပြတဲ့ အခါမျိုးမှာလား ဒါမှမဟုတ် စရင်း ဇယား အသစ်အတွက်လားဆိုတာ ကျနော်တို့ အတိအကျ မသိပါ
ဘူး။”

“ကျနော်တို့ဘက်မှာလည်း ဘယ်သူက ဘာရာထူးနဲ့ ဆိုတာ ခွဲထားတာမရှိပါဘူး။ လုပ်နိုင်တဲ့လူက ပိုလုပ်နေပြီးတော့ မလုပ်နိုင်တဲ့လူတွေက အခါအားလျော်စွာ အပတ်စဉ်လုပ်နေတာမျိုးတွေလည်း ရှိပါတယ်။ ဒါတွေကို သူတို့ဘက် ကလည်း နားလည်ပြီးတော့ လူဦးရေ အတိအကျ မဖြစ်လည်း ကိစ္စမရှိပါဘူး။ ဥပမာအားဖြင့် သတင်းထောက်
မောင်ဖြူ၊ မောင်မဲ၊ မောင်နီ စသဖြင့် အဆင်ပြေအောင် စရင်းဇယားမှာ ထည့်လိုက်ပါပေါ့။ လစာကိုလည်း အဆင်ပြေ
အောင်ထည့်လိုက်ပါ စသဖြင့် ဒါတွေက အဲလိုမျိုး တင်ပေးခဲ့တာရှိတယ်။”

“ကျနော်တို့က နဂိုကတည်း က Ground မှာလုပ်နေတဲ့ဟာတွေနဲ့က တူနိုင်မှာမဟုတ်ဘူး။ အရင်ကတည်းက အုပ်စုလိုက် မျှဝေပြီး သုံးနေရတဲ့ အနေအထားတွေရှိပါတယ်။ ၂ဝဝ၉ ၊ ၂ဝ၁ဝ နောက်ပိုင်းမှာ ဒီစနစ်နဲ့ပဲ Network ကကြီးထွားလာတယ်။ ငွေကြေးသုံးစွဲမှုများလာတယ်။ စသဖြင့်ရှိခဲ့ပေမယ့်လည်း အားလုံးသွားနေတဲ့ စနစ်က ဒီပုံစံအတိုင်းပါပဲ။”

“ဒါပေမယ့် ၂ဝ၁၁ နောက်ပိုင်းမှာ စရင်းစဇယားတွေ ကွာဟနေပါတယ်။ စရင်းကိုင်က တွေ့ရှိပါတယ်ဆိုပြီး အကြောင်းကြားလာပြီး ဘက်ဂျက် ဖြတ်တာမျိုး သြဂုတ်လက စလုပ်လာပါတယ်။ စလုပ်လာတဲ့ အခါမျိုးကျတော့ ကျနော်တို့က ဒီဘက်ဂျက်နဲ့ ရှိတဲ့ လူဦးရေနဲ့ လုပ်ငန်းတွေကို လုပ်နိုင်မှာမဟုတ်ဘူး။ ဒီတော့ သူတို့ဆီက တခုခု တုန့်ပြန်ချက်တောင်းတဲ့အခါမှာ ပြန်လည်ပြောကြားနိုင်ခြင်းမရှိပဲနဲ့ ဦးအေးချမ်းနိုင် ကိုယ်တိုင် ဒီထိုင်းနိုင်ငံကို လာပြီးတော့ ပြည်တွင်းထဲက သတင်းထောက်တွေကို ကိုင်တွယ်နေတဲ့ မန်နေဂျာတွေ ဘာတွေနဲ့ ဆက်လုပ်ဖို့ ကိစ္စတချို့ ဆွေးနွေးခဲ့ပါတယ်။”

“သူတို့က စရင်းကိုင်ဘက်က သိတာလို့ နောက်ပိုင်းမှာပြောတယ်။ ဘယ်လိုကွာတာလဲ။ ဘယ်လိုကနေ ရှာဖွေတွေ့
ရှိပြီးတော့ ကွာတာလဲ။ အဲဒီလိုတိတိကျကျ မေးတဲ့အခါမှာ တိတိကျကျ ခုချိန်ထိကို မရှိသေးပါဘူး။ မရှိတဲ့ အခါကြ
တော့ Ground မှာ လုပ်နေတဲ့လူတွေကရော ဒီဘက်မှာ Network အားလုံးကို စီမံအုပ်ချုပ်နေတဲ့ တာဝန်ရှိ သူတွေ ကရော ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။”

ဒီလောက် ငွေကွာဟမှုကြီးကိုဘာဖြစ်လို့ခုမှ သိရတာလဲခင်ဗျ။

“ဒီလိုမျိုးကွာတယ်။ မကွာဘူးဆိုတာက တချို့လုပ်ငန်းတွမှာ ပြည်တွင်းမှာ လုပ်ငန်းကိစ္စအားလုံးကို လူပုဂ္ဂိုလ် တချို့ရဲ့
နိုင်ငံရေးသိက္ခာ၊ ဂုဏ်သိက္ခာ၊ လုံခြုံရေး စသဖြင့် အတိအကျ မပြောနိုင်တာဘဲ ရှိပါတယ်။ အဲဒီအခါမျိုးကျရင် နှုတ်အား
ဖြင့် ဖြစ်စေ စရင်းဇယားနဲ့ Network ဦးဆောင်လှုပ်ရှားနေတဲ့ လူတွေကလည်း ပြောထားတဲ့ဟာတွေရှိပါတယ်။”

“ဒါကိုစရင်းဇယားမှာ အဆင်ပြေသလိုမျိုး သူတို့ လုံခြုံရေးအရ ထည့်သွင်းလိုက်ရတာတွေ ရှိပါတယ်။ နောက်ပိုင်း
ကြတော့ ဒီစရင်းဇယားတွေကို စစ်ဆေးတဲ့အခါမျိုးကြတော့ ဒါကို နဂိုကတည်းက သိရှိခဲ့တဲ့လူတွေက မသိရှိတော့ ပါဘူး။ ဒါမျိုးက မဖြစ်ခဲ့ပါဘူး။ ပြန်လည်ပြီးတော့ အစဖေါ်ပြီးတော့ တာဝန်ခံမှုမရှိတော့ပဲနဲ့ အဲဒီနေရာတွေကနေ ဆွဲထုတ်လိုက်ပြီးတော့ ကွာတယ်ဆိုပြီး ဖြစ်လာတာပါ။ အဲဒီတော့ သူတို့ ဘယ်လိုကွာသလဲ၊ တွေ့ရှိလဲဆိုတာကတော့ သူတို့ စရင်းကိုင်တွေပဲပြောနိုင်မယ်ထင်ပါတယ်။”

“ကျနော်တို့အနေနဲ့ကတော့ ဒီဟာတွေ ဘယ်လိုသုံးစွဲခဲ့တယ်။ ပြည်တွင်းမှာ သတင်းကိစ္စတွင် မဟုတ်ဘဲနဲ့ သတင်းနဲ့ ဆက်စပ်နေတဲ့ သတင်းရင်းမြစ်တွေ မှာသုံးစွဲနေတဲ့ ကိစ္စတွေမှာ နှုတ်အားဖြင့် သူတို့ကို ပြောထားခဲ့ပြီးဖြစ်ပါတယ်။”

ဒီအဖြစ်အပျက်က ဘာကြောင့်ဖြစ်သွားရတယ်လို့ ထင်လဲ။

“ဒီစရင်းဇယားတွေကိုကြည့်မယ်ဆိုရင် ၂ဝဝ၆ ကတည်းက နိုင်ငံတကာ လုပ်ပုံကိုင်ပုံတွေနဲ့ ကြည့်မယ်ဆိုရင် ကျနော်တို့ဆီမှာက စရင်းဇယားကျွမ်းကျင် ပိုင်နိုင်တဲ့လူ ရှိခဲ့တာမှမဟုတ်ဘဲ။ ကျနော်တို့က မြေအောက်လုပ်ငန်း ဆန်ဆန် သတင်းတွေ ထုတ်လုပ်ရေး ထွက်ရှိရေးအတွက် အလုပ်ဖြစ်ရေးတာ ဦးတည်ခဲ့တာ ဖြစ်တဲ့အတွက် ဒီစရင်းဇယားတွေက တကယ့် Ground က ပုံစံနဲ့ ကြည့်လိုက်ရင် တူညီနိုင်မှာမဟုတ်ပါဘူး။ ဒါကိုလည်း သူတို့သိရှိနားလည်ပြီးသား ဖြစ်ပါတယ်။”

“ဒါပေမယ့် ဒီဘက်နှစ်ကာလမှာ ဒီ Network တွေကို အော်စလိုကလူတွေက တိုက်ရိုက်ချုပ်ကိုင် မောင်းနှင်လိုလာတဲ့ အတွက် ဦးဆောင်လှုပ်ရှားနေတဲ့လူတွေကို ဖယ်ရှားလိုတဲ့အတွက်၊ ငွေရေးကြေးရေးတွေကို အကြောင်းပြပြီးတော့ စွဲဆိုတယ်လို့ပဲ ကျနော်က မြင်ပါတယ်။”

ဒါဆိုရင် ပြည်တွင်း Network တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ မဲဆောက်က အဖွဲ့တွေဟာ လုံးဝ ရပ်ဆိုင်း လိုက်ပြီ ဆိုတဲ့ သဘောလားခင်ဗျ။

“စက်တင်ဘာ ၁၉ ရက်နေ့ကတည်းက အားလုံးသဘောတူဆန္ဒနဲ့ DVB နဲ့ဆက်လုပ်နိုင်မယ့် အနေအထား မရှိတော့
ဘူး။ ကိုအေးချမ်းနိုင်လာတုန်းက ကျနော်တို့က တခြားနည်းလမ်းနဲ့ ညှိနှိုင်းလို့ရတဲ့နည်းလမ်းရှိရင် လုပ်မယ်လို့ ကျနော်တို့က ပြောခဲ့တယ်။ ဒါပေမယ့် အဆင်မပြေတဲ့အတွက် ကျနော်တို့ဘာသာ ကျနော်တို့ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်။”

“တချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် DVB နဲ့ဆက်ပြီးလုပ်ကိုင်သူတွေရှိပါတယ် အများစုကတော့ ၉ဝ ရာခိုင်နှုန်းကတော့ ကျနော်တို့လိုပါပဲ။ နှုတ်ထွက်လိုက်ကြပါတယ်။ ဒီအတွက်လည်း ကျနော်တို့ အဖွဲ့ကြီးတခုလုံး ဆက်လက်ရပ်တည် လှုပ်ရှားနိုင်အောင် လမ်းစဉ်တွေကို ကျနော်တို့ ရှာနေတာပါ။”

“ကျနော်တို့အနေနဲ့ နှုတ်ကတိတွေနဲ့ သဘောတူခဲ့တဲ့ ကိုခင်မောင်ဝင်းတို့ အနေနဲ့လည်း ဒီလိုအချိန်မှာ တာဝန်ကနေ ယာယီနှုတ်ထွက်ပြီးရှောင်သွားတဲ့ဟာကလည်း ကျနော်တို့အပေါ်မှာတာဝန်မဲ့ရာ ကျပါတယ်။”

ဒီကိစ္စနဲ့ ပါတ်သက်ပြီး တရားရုံး တင်မယ်ဆိုတော့ ဒါနဲ့ပါတ်သက်ပြီး ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။

“ဒီကိစ္စတွေစဖြစ်ကတည်းက တာဝန်ရှိတဲ့ အော်စလိုက အုပ်ချုပ်သူက ဒါတွေက လူတဦးတယောက်တည်းပေါ်မှာ ပုံချလို့ရတာ မဟုတ်ဘဲနဲ့ ငွေရေးကြေးရေး အတွင်းမှာ တာဝန်ခံစီစဉ်နေရတဲ့ တာဝန်ခံ မန်နေဂျာတွေကိုလည်း
ခေါ်ယူပြိးတော့ တကယ်သုံးစွဲခြင်း ရှိမရှိ အကြံပြုခဲ့တာတွေလည်း ရှိပါတယ်။ စရင်းဇယားတခုတည်းကို ကိုင်တွယ်ပြီး
ပြောမယ်ဆိုရင် မြေအောက်လှုပ်ရှားခဲ့တဲ့ စရင်းဇယားတွေအရ လုပ်ခဲ့တဲ့ တချို့ဟာတွေက တိကျမှုရှိနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့မှာက လူသက်သေပဲရှိပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီ Burma VJ မှာ ပါဝင်ခဲ့တဲ့ သူတယောက်ပါပဲ။ ကျနော်တို့လုပ်ခဲ့တဲ့ အလုပ်နဲ့ လူသက်သေတွေနဲ့ပဲ ပြနိုင်အောင် ကျနော်တို့ ဘက်ကလည်း ကြိုးစားနေပါတယ်။”
http://www.mizzimaburmese.com/interview/8426-dvb---vj--.html

တောင်အာဖရိကနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်


2011-10-03

တောင်အာဖရိကနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းကို ဒရွတ်ဆွဲပြီး လျှောက်နေတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

ဂျိုဟန်နက်စဘတ် တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ဗီဒီယိုက တဆင့် တွေ့ဆုံမေးမြန်းပွဲမှာ အခုလို ဝေဖန် ပြောဆိုခဲ့တာပါ။

ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် တောင်အာဖရိက အာဏာပိုင်တွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ရုန်းကန် ရင်ဆိုင် နေရတာတွေ အပေါ် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးလောက် အူလှိုက်သည်းလှိုက် အားမပေးကြဘူးလို့ ခံစားရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မိမိတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တောင်အာဖရိက ပြည်သူတွေကို စိတ်ဓာတ် တူသူတွေ၊ တူညီတဲ့ တိုက်ပွဲတွေကို တိုက်နေကြတဲ့ ညီအစ်ကို မောင်နှမတွေ အဖြစ် သဘောထားကြောင်း၊ တိုက်ပွဲကို ပြီးမြောက် အောင်မြင်သွားသူတွေ အနေနဲ့ ဆက်လက်ပြီး ကြိုးစား ရုန်းကန်နေကြရဆဲ သူတွေကို အမှတ်ရကြဖို့ ကောင်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဘုန်းတော်ကြီး ဒက်စမွန်တူးတူးရဲ့ မွေးနေ့ပွဲကို ဖိတ်ကြားခံရသူ တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်လားမားကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်မပေးဘဲ နှောင့်နှေးတဲ့ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။ http://www.rfa.org/burmese/news/assk-south-africa-10032011233915.html

အင်္ဂါ, 04 အောက်တိုဘာ 2011
ဒလိုင်လားမားကို တောင်အာဖရိက ဗီဇာမပေး

By ဗွီအိုအေ(မြန်မာဌာန)

အီးမေးလ်
ပုံနှိပ်ရန်

တိဗက်က နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ပြည်ဝင်ခွင့်ဗီဇာကို တောင်အာဖရိက အစိုးရက မပေးသေးတဲ့အတွက် တောင်အာဖရိက အသားအရောင်ခွဲခြားရေး တိုက်ပွဲဝင်ကာလ ခေါင်းဆောင် တဦးဖြစ်သူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး (Desmond Tutu) ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ပွဲ အခမ်းအနားကို မိမိ မတက်ရောက်နိုင်တော့ဘူးလို့ ဒလိုင်းလားမားက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အိန္ဒိယမှာရှိတဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ရုံးက ဒီကနေ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ လာမယ့် ကြာသာပတေးနေ့မှာ စတင်ကျင်းပမယ့် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ အသက် (၈၀) ပြည့် မွေးနေ့ပွဲ အခမ်းအနားကို တက်ရောက်ဖို့အတွက် ဒလိုင်းလားမားက လွန်ခဲ့တဲ့ ၅ လ ကတည်းက တောင်အာဖရိက အစိုးရဆီမှာ ဗီဇာရရှိရေး မေတ္တာရပ်ခံခဲ့ပါတယ်။

တောင်အာဖရိကရဲ့ အဓိကကုန်သွယ်ဘက်၊ တရုတ်နိုင်ငံက ဖိအားပေးထားလို့ ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဗီဇာမပေးခဲ့တာဆိုတဲ့ ပြောဆိုမှုတွေကို တောင်အာဖရိက အစိုးရ အရာရှိတွေက ငြင်းပယ်ခဲ့ပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားတဲ့ နိုင်ငံတွေကို ဗီဇာမပေးဖို့ တရုတ်နိုင်ငံက ပုံမှန် ဖိအားပေးလေ့ရှိပါတယ်။
http://www.voanews.com/burmese/news/--10-04_11_my-news-International--131050133.html

သော့ခတ်ထားသော အင်တာနက်နှင့် ဆင်ဆာစလောင်း




အေးချမ်းမြေ့ Thursday, 29 September 2011 16:30 အောက်မေ့ဖွယ်



၎ နှစ်ဆိုသော်လည်း မနေ့တနေ့ကလို ဘာမှ မကြာလိုက်ဘူး ထင်ရသည်။

၈ နှစ်တာခန့် ပျော်ပိုက်ခဲ့သော မြန်မာပြည်တွင်းက စာနယ်ဇင်းလောကကို စိတ်လိုက်မာန်ပါ ကျောခိုင်းခဲ့သည့် အကြောင်းတရားများထဲမှ တခုအဖြစ် ထိုကာလကို ပြန်ပြောင်းသတိရမိသည်။ ထိုစဉ်က ရွှေဝါရောင် သင်္ကန်းများနှင့် မေတ္တာပို့သံများ ရန်ကုန်မြို့ ပေါ်က လမ်းများပေါ်တွင် လွှမ်းခဲ့ဖူးသည်။ ပခုက္ကူမြို့က သံဃာတော်များ အနိုင်ကျင့် အစော်ကားခံရသည့် ဖြစ်ရပ် နောက်ဆက်တွဲ အနေဖြင့် လမ်းမများပေါ်တွင် သံဃာတော်များ မေတ္တာပို့ဆုတောင်းသံတို့ကို ရန်ကုန် မြို့လူထု ကြားကြရသည်။

burma-monk-protest“အေးချမ်းကြပါစေ … ငြိမ်းချမ်းကြပါစေ” ဆိုသော အသံများ၊ ခြေဗလာ သင်္ကန်းတလွှားလွှား လျင်မြန်သော အဟုန်ဖြင့် လျှောက်သွားသည့် ဖြတ်ခနဲ ပုံရိပ်များ။ တက္ကသိုလ်ကျောင်းသားများက စာမေးပွဲခန်းထဲမဝင်တော့ဘဲ သံဃာတော်များအား အကာအကွယ်ပေးသည့် အနေဖြင့် လက်ခြင်းဆက်ထားကြသည့် မြင်ကွင်းများ၊ ပထမရက်များတွင် အံ့သြတကြီး ကြည့်နေသည့် မြို့လူထု၊ ထို့နောက် လက်ခုပ်သံများ၊ အအေးဗူးများနှင့်ရေဗူးများကို အပြေးဝယ်ကြ၊ သံဃာတော်များအား ကပ်ကြ။

တရက်၊ နှစ်ရက်၊ သုံးရက်မှသည် ၄၊ ၅၊ ၆ ရက်၊ ၇ ရက်လောက်တွင် မြို့လူထုက သတိထားမိလာသည်၊ တမင်စောင့်ကြည့် လာသည်၊ နောက်တော့ သံဃာတော်များနောက်က လိုက်ပါ လမ်းလျှောက်သည်။ ရက်ဆက် ခရီးဝေးလျှောက်ခဲ့ရ သောကြောင့် ခြေဗလာများ သွေးဖြင့်နီရဲခဲ့ကြသည်၊ မနေနိုင်သော ဒကာများက ခေတ္တ ရပ်ဖို့တောင်းပန်ပြီး ပတ်တီးများ စည်းပေးကြသည်။ လမ်းလျှောက် သံဃာတော် အရေအတွက်၊ လူအရေအတွက် တရက်ထက် တရက် များလာသည်။

ကျမ ရုံးသို့လာရာလမ်း ဖြစ်သည့် ၄၆ လမ်းထိပ်တွင် စစ်ကားများတန်းစီ ရပ်တံ့နေသည်။ တစီး၊ နှစ်စီး၊ သုံးစီးမက၊ အစီးပေါင်းများစွာပေါ်တွင် မျက်နှာသေနှင့် စစ်သားများ။ လက်ပတ်အနီများနှင့် အသင့်အနေအထား ရှိနေသည်။ အမိန့် တစုံတရာကို စောင့်ဆိုင်းနေဟန် ငြိမ်သက်နေသည်။ သံဃာတော်များကတော့ နေ့ဆွမ်းစားပြီးချိန်မှ စ၍ မပျက်မကွက် ထွက်လျှောက်မြဲ။

“ကိုဇာဂနာနဲ့ ကိုကျော်သူတို့တွေ ရွှေတိဂုံဘုရားပေါ်မှာ ဆွမ်းကပ်ကြတာ”
“ဖုန်းထဲကို မက်ဆေ့ခ်ျ ဝင်လာပြီ၊ မြေနီကုန်းရောက်ပြီတဲ့”
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံရှေ့က ဖြတ်နေပြီ”
“ဒေါ်အောင်ဆန်းစုကြည် ထွက်လာတယ်တဲ့”

သတင်းစကား အမျိုးမျိုး ကျမတို့ မီဒီယာတိုက်ခန်းကျယ်ဆီ လွင့်လာသည်။ ထိုကာလတွင် ကျမတို့ မီဒီယာတိုက်ကြီး၌ အင်တာနက် ရှိသည်၊ တီဗီရှိသည်။ သို့သော် ထိုအင်တာနက်က သော့ခတ်ခံထားရသည်၊ ထိုတီဗီက စစ်အစိုးရ စိစစ် ဖြတ်တောက်ပြီးမှ အလွှင့်ခံရသည့် CNN၊ BBC စသည်တို့ကို ဖွင့်ထားသည်။ သံဃာတော်များ သတင်းမပါ။ ရန်ကုန် မြို့လယ်က မီဒီယာ တိုက်ကြီးပေါ်တွင် ထိုင်ရင်း သတင်းအမှောင်ချ ခံထားရသည့် အယ်ဒီတာများကို ပြပါဆိုလျှင် ကျမတို့ပဲ ဖြစ်မည်။

ကျမအလုပ်က သတင်းထောက်အလုပ် မဟုတ်သောကြောင့် အပြင်ထွက်ဖို့ခက်သည်။ ခဏတဖြုတ် လက်ဖက်ရည်သောက် ဆင်းရုံသာ ထွက်နိုင်သည်။ ရုံးမှာထိုင်ပြီး ဖောင်ပိတ်အမီ သတင်းများ၊ ဆောင်းပါးများကိုတည်းဖြတ်၊ ဘာသာပြန်စရာရှိပြန်၊ စာစီသမားများထံ စာမူများချပေး၊ ပရုစစ်နေရသည်။ သတင်းထောက်များကတော့ ကံကောင်းသည်။ အပြင်ထွက်ခွင့်ရများ ဖြစ်သောကြောင့် သူတို့ယူလာသည့် သတင်းစကားကို ကြားပြီး ဘာတွေဖြစ်နေသည်ကို ခန့်မှန်းရသည်။

ညနေ ရုံးအဆင်းကျမှ အင်တာနက်ဆိုင် ကမန်းကတန်းပြေးဝင် သတင်းဖတ်ရသည်။ အမှောင်ထဲကလူ ဖြစ်သောကြောင့် တုံးတယ်ပဲ ဆိုဆို ဘယ်ဝက်ဘ်ဆိုက်တွင် ဘာရှိမှန်းပင်မသိ။ နိုင်ငံခြားရောက်နေသည့် သူငယ်ချင်းများထံ သတင်း လှမ်းမေး ရသည်လည်း ရှိသည်။ ဘယ်လောက် အူကြောင်ကြောင် နိုင်လိုက်ပါသလဲ။ ဘလော့ဂ် ဆိုသည့် အရာ ရှိကြောင်းကို ထိုစဉ် အခါကျမှ တအံ့တသြ သိရသည်။ အင်တာနက်အား သော့ခတ်သိမ်းထားသည့် မီဒီယာတွင် အယ်ဒီတာ လုပ်နေရသူ မဟုတ်လား။

သော့ခတ်ထားသည့် အင်တာနက် ဆိုသည်ကို ကျမ နည်းနည်း ရှင်းပြပါမည်။ ကျမတို့၏ ဆရာသမား တိုက်ပိုင် အယ်ဒီတာချုပ်က ရုံးတွင် အင်တာနက်ဆင်ပြီး လိုင်းခွဲ ၂ ခုထုတ်ထားသည်။ ကြိုး ၂ စ ထုတ်ထားခြင်း ဖြစ်သည်။ ကြိုးတစကို သူ့အခန်းထဲက ကွန်ပျူတာတွင် တပ်၍ ကျန်တစကို ကွန်ပျူတာ တလုံးနှင့် လူတယောက်ဆန့်သာရုံ အခန်းဖွဲ့ တပ်ဆင် ပေးထားသည်။ ထို မှန်ခန်းငယ်ကလေးကို အမြဲသော့ခတ်ထားပြီး အင်တာနက် သုံးလိုသူက သုံးလိုသော အကြောင်းကို ပြော၍ ရုံးအဖွဲ့ထံမှ သော့ကိုတောင်းယူရသည်။ ထို့ကြောင့်ကျမက သော့ခတ်ထားသော အင်တာနက်ဟု ဆိုခြင်းဖြစ်သည်။ ထိုအင်တာနက်ကို အသုံးပြုလို ကြသော်လည်း ရုံးရှိ လူကုန်က ကျားမြီးဆွဲရသည်ထက် ကြောက်ကြသည်။ အသုံးမပြုရဲကြ။

ရွှေဝါရောင် အကြောင်း ပြန်ဆက်ရလျှင် ညနေရုံးအဆင်း အင်တာနက်ဖွင့်ကြည့်ပြီး သိရသည့် သတင်းများနှင့် ကျမတို့ သတင်းထောက်များ ပြန်ပြောသည်ကို ဆက်စပ်ပြီး ခန့်မှန်းကြရသည်။ ညကျတော့ ပြည်ပအခြေစိုက် ရေဒီယိုများ နားထောင်ကြကာ သတင်း အပြည့်အစုံကို သိရသည်။

စက်တင်ဘာ ၂၃ ရက်လောက် ရောက်တော့ ကျမတို့ မနေနိုင်ကြတော့။ သံဃာတော်များ၏ လမ်းလျှောက် မေတ္တာပို့ ဆုတောင်းသံကလည်း ပိုမို ကျယ်လာပြီ၊ လူထုတလည်း လိုက်ပါလာပြီ၊ ကျမတို့၏ တိုက်ပိုင် ဆရာသမားကိုယ်တိုင် သူ့ကားဖြင့် ထွက်ကြည့်ကာ ဓာတ်ပုံ ထွက်ရိုက်နေပြီ။ ကျမတို့ သတင်းထောက်များ၊ အယ်ဒီတာများအားလုံး တနေ့တနေ့ ဒီအကြောင်းပဲ ပြောနေကြသည်။ အစိုးရရုံးများတွင် လုပ်ကိုင်နေသည့် သူငယ်ချင်းများ၏ ပြောစကားအရ သူတို့ ရုံးရောက်သည်နှင့် ပြန်ထွက်ခွင့်မရတော့၊ မနက် ၉ နာရီခွဲလောက်တွင် အစိုးရရုံးသူရုံးသားများ အားလုံး အထဲဝင်ရပြီး တံခါးများ ပိတ်လိုက်ကြသည်။ ညနေ ရုံးဆင်းမှ ထွက်ခွင့်ရသည်။

ကျမတို့ ဆာငတ်သည်က သတင်း။ ညဘက်တွင် သတင်းအတွက် ကျမတို့ အားကိုးအားထားရာက တရုတ်လုပ် ရေဒီယို ကလေးများ ဖြစ်သည်။ အသံလွှင့်ချက်များအရ သတင်းများကို ခန့်မှန်းရသည်။ ထိုကာလက လျှပ်စစ်ပစ္စည်းဆိုင်များတွင် ရေဒီယိုများ ပြတ်လပ်သွားသည်ကို အမှတ်ရသည်။

ရုံးတွင်တော့ မဖြတ်မတောက်သည့် CNN၊ BBC နှင့် ထိုအချိန်က စတင် ခေတ်စားလာသော အယ်လ်ဂျာဇီးယား၊ DVB တို့ကို ကြည့်ချင်သည်။ ကျမနှင့် လုပ်ဖော်ကိုင်ဖက် အယ်ဒီတာတယောက်က ကျမတို့ ဆရာသမားအား တောင်းဆိုသည်။

“ဆရာ ကျနော်တို့ကို စလောင်း တပ်ပေးပါလား။ ဒါမှ ကျနော်တို့ သတင်းတွေ အပ်ဒိတ်ဖြစ်မှာ။ အခုတော့ ကျနော်တို့ ဘာမှ မသိရဘူး။ သူများတွေကြေညာမှ သိရသလို ဖြစ်နေတယ်”

ကျမတို့ ဆရာသမား စဉ်းစားသွားသည်။ လက်ခံသည်။ သူကိုယ်တိုင်လည်း တိုက်ပိုင်ဆိုသည်ထက် သတင်းသမားဟု အမြဲဆိုတတ်သူကိုး။ ထိုအချိန်က သံဃာတော်များ အောင်ပွဲခံရန် နီးစပ်နေပြီဟု သူကိုယ်တိုင်လည်း ယုံကြည်နေပုံရသည်။ ကျမတို့လည်း အပြောင်းအလဲတခု ဖြစ်တော့မလားဟု စိတ်လှုပ်ရှားမိသည်။ အမှန်အတိုင်းပြောရလျှင် လူထုတရပ်လုံး ပါဝင်ခဲ့သည့် ၈၈ ကာလကို ပြန်သတိရပြီး စိတ်ကူးယဉ်ကြည့်မိကြသည်။

၂၄ ရက်နေ့ကျတော့ ကျမတို့ရုံးမှာ ထိုင်မနေနိုင်ကြတော့။ သံဃာတော်များနှင့် လူထု လမ်းလျှောက်သည့်နောက် လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ ဘယ်လိုပုံစံနှင့် သွားနေလဲ၊ ဘာကြောင့် စစ်အစိုးရက မဖြိုခွင်းသေးတာလဲ၊ အသင့်အနေအထားနှင့် အခြေအနေကို စောင့်ကြည့်နေတာလား၊ ဒါမှမဟုတ် သံဃာတော်များဖြစ်သောကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ပီပီ အရေးမယူဘဲ လွှတ်ပေးထားတာလား ဆိုသည့် လားပေါင်းများစွာဖြင့် ကျမတို့ လိုက်သွားကြသည်။

မြေနီကုန်းရောက်နေပြီ ဆိုသည့်စကားကြောင့် ကျမတို့ မြေနီကုန်းထိ ဘတ်စ်ကား စီးသွားကြသည်။ ဟိုရောက်တော့ သံဃာတော်နှင့် လူတန်းကြီးကို တွေ့လိုက်သည်။ ကျမစိတ်ထဲ ၈၈ အရေးအခင်းကို သွားသတိရမိသည်။ သို့သော် တူတာတော့ မတူ၊ နည်းနည်းတော့ ကွဲနေသည်။ လူထုက အားပေးသည်၊ ကျောင်းသားများပါသည်၊ သို့သော် လူထု အကုန်မပါ အခြေအနေ စောင့်ကြည့်နေပုံ ရသည်၊ အစိုးရဝန်ထမ်းများ ပါခွင့်မရ၊ ကျောင်းသားများက တကွဲတပြားစီ ဖြစ်နေသည်။ ကျမ မျက်မှန်းမတန်းမိသည့် သတင်းသမားများ ဓာတ်ပုံရိုက်နေသည်။

လူတန်းထဲတွင် ကျမ မျက်မှန်းတန်း မိသူ စာပေနယ်မှ လူပိုများသည်။ သံဃာထုကတော့ တနေ့ထက်တနေ့ များလာသည်။ “အေးချမ်းကြပါစေ၊ ငြိမ်းချမ်းကြပါစေ” ဆိုသည့် အသံများ ပိုကျယ်လာသည်။ ကျမတို့ မြေနီကုန်းမှတဆင့် ကြည့်မြင်တိုင်အထိ လိုက်သွားကြသည်။ မြန်မာ့အသံရှေ့ ရောက်တော့ ချန်နေရစ်ခဲ့သည်။ ရုံးပြန်ရဦးမည်၊ အလုပ်က တဝက်တပြက်။

ရုံးပြန်ရောက်တော့ ကျမတို့လိုပဲ ဆန္ဒထုတ်ဖော်သူများနောက် လိုက်၍ ဓာတ်ပုံရိုက်ယူခဲ့သူ ဆရာသမားက တက်ကြွနေသည်။ သူ့ကိုကြည့်၍ ကျမတို့လည်း ဝမ်းသာမိသည်။ ကျမစိတ်ထဲ မျှော်လင့်မိသည့် အပြောင်းအလဲများထဲတွင် စာပေစိစစ်ရေး အောက်က လွတ်မြောက်လိုသည့် အပြောင်းအလဲကို မျှော်လင့်မိခြင်းက ပိုများနေသည်ဟု ဝန်ခံရပါမည်။ နိုင်ငံရေး အပြောင်းအလဲ တခုခုမှသည် မီဒီယာအပြောင်းအလဲ ဖြစ်လာလေမလား။ တပတ် တပတ် စိစစ်ရေးက ဖြုတ်ပယ်လိုက်သော သတင်းများကို ကြည့်ကာ နှမျောနေရသည့်အဖြစ်၊ ဆောင်းပါးရေးလျှင် အနှောင့်လွတ် အသွားလွတ် ရေးနေရသည့် အဖြစ်တို့ကို စိတ်ကုန်လှပြီ။  

၂၅ ရက်နေ့။ မအားလပ်သဖြင့် မေတ္တာပို့ဆုတောင်းသူများ နောက်သို့ မလိုက်နိုင်တော့။ သို့သော် ညနေခင်း ဆူးလေ ဘုရားအကွယ်မှ ထွက်လာသည့် သံဃာထုနှင့် လူတန်းကြီးကို စောင့်ကြည့်ဖြစ်သည်။ သံဃာတော်ကော လူတန်းကြီးပါ မဆုံးနိုင်အောင်ရှည်လျားလှသည်။ ကျမ၏ စိတ်ထဲတွင် မသိုးမသန့် ဖြစ်မိသည့်အချက်ကတော့ ခါတိုင်း နေ့များတွင် သာသနာ့အလံကို အရင်ဆုံးမြင်နေကျ၊ ထိုနေ့က ခွပ်ဒေါင်းအလံကို သာသနာ့အလံများကြားတွင် မြင်တွေ့ လိုက်ရသည်။

ဘေးက ကျမထက် ငယ်သည့် သူငယ်ချင်းအယ်ဒီတာကို ကျမက “မနက်ဖြန်တော့ တခုခုဖြစ်တော့မယ် ထင်တယ်” ဟု ပြောမိသည်။ အထင်ဖြင့် ပြောခြင်း မဟုတ်ကြောင်း ကျမဘာသာသိသည်။ စစ်အစိုးရ၏ လက်စလက်နကို ၈၈ ကာလတုန်း ကတည်းက ကြုံခဲ့ပြီး ဖြစ်သောကြောင့် တကြောင်း၊ စစ်ကားများ၊ လုံထိန်းကားများ အဆင်သင့် အနေအထားဖြင့် ရန်ကုန်မြို့ကြီးကို စစ်မြေပြင်ကဲ့သို့ ဆင်ယင် ထားသောကြောင့်တကြောင်း ခန့်မှန်းပြောလိုက်ခြင်းသာ ဖြစ်သည်။ သူငယ်ချင်းက ရေဗူးများ ဝယ်ပြီး သံဃာတော်များကို ကပ်နေသည်။

ထိုနောက်ပိုင်း ဖြစ်ရပ်များကတော့ အားလုံးအသိပင်။ သံဃာတော်များကို ရိုက်နှက်ဖြိုခွင်းခဲ့သည်။ ရန်ကုန်မြို့ကြီးက တစပြင်သဖွယ် ဖြစ်ခဲ့သည်၊ ဂျပန်သတင်းထောက် ပစ်သတ်ခံရသည်၊ မကြားရတာ ကြာပြီဖြစ်သည့် သေနတ်သံကို ကြားရသည်။ လူစုလူဝေးကြီး၏ ကမ္ဘာမကျေ သီချင်းသံကို မြို့လယ်တွင် ပြန်ကြားရသည်။ ကျမတို့မျက်စိရှေ့တွင်ပင် ရုံးက ကြော်ငြာတာဝန်ခံ ညီမလေးတယောက် သေနတ်သံများကြားမှ ပြေးလာပြီး အကြောက်လွန်ကာ မူးမေ့သတိလစ်သွားသည်။

အဖြစ်အပျက်များက မြန်ဆန်သလို၊ ကောလာဟလများကလည်း အမျိုးမျိုး။ မဂ္ဂင် ကျောင်းတိုက် ဝင်စီးခံရသည့်သတင်း၊ လူများ အစုလိုက်အပြုံလိုက် အဖမ်းခံရသည့်သတင်း၊ သံဃာတော်များ သွေးမြေကျသည့် သတင်းများ။ သို့သော် တချို့ ကိစ္စများအား အကြားနှင့်သာ ခန့်မှန်းနေရခြင်း ဖြစ်သည်။ အင်တာနက်ဆိုင်များကိုလည်း မသွားရဲကြတော့။  မြန်မာ့ ရုပ်မြင်သံကြားကတော့ စတင် ဝါဒဖြန့်သည်။ မေတ္တာပို့ဆုတောင်းသည့် သံဃာတော်များအား သံဃာတုများဟု စွပ်စွဲသည်။ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများ ကိုယ်တိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ ကျမတို့မှာ ရေဒီယိုများကိုသာ အားကိုးကြရတော့သည်။ ကြားရသမျှ အသည်းတယားယား၊ တောက်တခေါက်ခေါက်။ ပြောင်လိမ်နေသည်ကို သိသိကြီးနှင့် ဒီတိုင်း ထိုင်ကြည့်နေရခြင်းဖြစ်သည်။

မကြာခင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံကြသည်။ မြင်ရကြားရသူ အားလုံး အလွန်အံ့အားသင့်သွားကြသည်။ ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အကျယ်ချုပ်ခံထားရသည်။ အနှစ် ၂၀ နီးပါးကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး မီဒီယာများ၌ တွေ့လိုက်ရခြင်း ဖြစ်သောကြောင့် လူအများ တအံ့တသြဖြစ်ကြရတာ မဆန်း။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖော်ပြခွင့် ရသော သတင်းဂျာနယ်များက ဝက်ဝက်ကွဲ ရောင်းရသည်။ ကျမတို့ ဆရာသမားလည်း အတော်ပျော်နေသည်။ သို့သော် ကျမကတော့ မပျော်နိုင်။ လူထုကို လှည့်ဖျားဖို့ ကြိုးစားနေမှန်း သိသိကြီးနှင့် ပျော်နေနိုင်သော ဆရာသမားကိုလည်း အံ့သြသည်။

ဆရာသမား၏ အပြောင်းအလဲကို ကြည့်၍ ကျမတဦးတည်း တော်တော် စိတ်ပျက်မိသည်။ သူ့ စကားလုံးများက ရွှေဝါရောင်ကာလက တမျိုး၊ အနှိမ်နင်းခံလိုက်ရပြီး အစိုးရဝါဒဖြန့် ဒီရေထဲ လိုက်ပါ စီးမျောချိန်၌ တမျိုး။ ကျမ မနှစ်မျို့နိုင်။ ကျမလိုပဲ ကျန်သည့် သတင်းထောက်များ၊ လုပ်ဖော်ကိုင်ဖက် အယ်ဒီတာများလည်း မနှစ်မျို့ကြ။ သို့သော် ပြောလည်း မပြောရဲကြ။

ဒီလိုနှင့် လပတ်အစည်းအဝေး ကျင်းပချိန်ရောက်လာသည်။ ဆရာသမားက လမ်းဖွင့်ပေးသည်။ တိုင်းပြည်က ဒီမိုကရေစီစနစ်ကို သွားတော့မည်၊ ထိုအချိန်တွင် သူ့သတင်းတိုက်ကလည်း ဒီမိုကရေစီနှင့်အံဝင်ခွင်ကျ ဖြစ်နေရမည်၊ ထို့ကြောင့် သူ့ဝန်ထမ်းများကလည်း ဒီမိုကရေစီဆန်ဆန် စကားပြောတတ်ရမည် စသည်ဖြင့် နားထောင်ကောင်းသော စကားလုံးများကို တန်ဆာဆင် ပြောဆိုတော့သည်။ ကျမကတော့ အတွေ့အကြုံအရ အန္တရာယ်ရနံ့ကို ခံစားမိသည်။ သနားစရာကောင်းသည်က ကျမနှင့် လုပ်ဖော်ကိုင်ဖက် အယ်ဒီတာ မောင်ငယ် ဖြစ်သည်။

ဆရာသမား၏ ဒီမိုကရေစီ တွင်တွင်သုံးသော မိန့်ခွန်းကြောင့် အားတက်သွား၍ ထင်သည် ရွှေဝါရောင်လှုပ်ရှားမှု ကာလက ကျမတို့ တောင်းဆိုခဲ့သည့် စလောင်းတပ်ပေးရေးကိစ္စကို ပြန်အစဖော်သည်။ သတင်းတွေ အချိန်နှင့်တပြေးညီ သိရရန် စလောင်းက အရေးကြီးသည် မဟုတ်လား။

သို့သော် ဆရာသမားက လှလှပပကလေး ရူးချင်ယောင် ဆောင်လိုက်သည်။

“မင်းတို့ကို ဆရာ စလောင်းတပ်ပေးချင်ပါတယ်။ ဒါပေမယ့် မင်းတို့က စလောင်းတပ်ပေးရင် သတင်းနားထောင်မှာ မဟုတ်ဘူး။ ရုပ်ရှင်ကြည့်နေကြမှာ။ မဖြစ်ပါဘူး။ မတပ်ပေးတော့ဘူး” ဆိုသည့်စကားများ ပြောလာသည်။ ကျမက မျှော်လင့်ပြီးသား။ သတင်းမကြည့်ဘဲ ရုပ်ရှင်ထိုင်ကြည့်နေရလောက်အောင် ကျမတို့အားလုံး ကလေးများ မဟုတ်ကြတော့ ဆိုသည်ကို စိတ်ထဲကသာ ပြောဖြစ်သည်။ စလောင်းကို ဒီမိုကရေစီကျကျ တောင်းခံမိသော မောင်ငယ်အယ်ဒီတာကတော့ မှတ်သွားပြီ။

ကျမလည်း မှတ်သွားသည်။ ပြောင်လိမ်သည့် စစ်အစိုးရ၊ ရူးချင်ယောင်ဆောင်သော ဆရာသမား၊ အင်္ဂါမစုံသော ပုဂ္ဂလိက သတင်းဂျာနယ်များ၊ သတင်းဂျာနယ် ဈေးကွက်ကြီးအတွင်း အိမ်ကြက်ချင်း ခွပ်နေကြသော မီဒီယာသမားအမည်ခံများ။ အစကတည်းက သိသော်လည်း ထိုအချိန်တွင်တော့ လက်ပါမြှောက်မိတော့သည်။

ရွှေဝါရောင်အပြီးတွင် စစ်အစိုးရ၏ ကမ်းကုန်အောင် ဆိုးရွားရက်စက်မှုကို ကျမတို့အားလုံး မျက်ဝါးထင်ထင် မြင်လိုက်ကြရပြီ။ ထိုဆိုးရွားမှု၊ ပုပ်ပွ နံစော်နေမှုများကို အများပြည်သူ သိရှိစေရန် ရေးသားဖော်ပြခွင့်မရှိသည်ကို ထားဦး၊ ကျမတို့ ဂျာနယ်တိုက် ကလေး အတွင်းတွင်တော့ လွတ်လပ်စွာ ပြောဆိုခွင့် ရချင်မိသည်။ အချင်းချင်း လွတ်လပ်စွာ သတင်းဖလှယ်ခွင့်၊ မနှစ်သက် သည်ကို ဝေဖန်ခွင့် အနည်းငယ်ဖြစ်ဖြစ် လိုချင်မိသည်။ ကန်းနေသော၊ ပင်းနေသော မီဒီယာသမားတော့ မဖြစ်လိုပါ။

ဤစာကို ရေးနေရခြင်းက ကျမဆရာသမားကို တိုက်ခိုက်ချင်သောကြောင့် မဟုတ်ပါ။ သူ့အပေါ်တွင်လည်း မည်သည့် အာဃာတမှ မထားပါ။ တခြားသော မည်သည့် ပြည်တွင်း စာနယ်ဇင်းသမားများကိုမှ မတိုက်ခိုက်ပါ။ ပြည်တွင်း စာနယ်ဇင်း လောကကို ကျောခိုင်းထွက်လာခြင်းက ကျမ၏ ပုဂ္ဂလိက ခံစားချက် သက်သက်၊ ကျမ တဦးတည်းနှင့်သာ သက်ဆိုင်ပါသည်။ ကျမ၏ လုပ်ဖော်ကိုင်ဖက်များကို ယခုအချိန်ထိ ကျမချစ်သည်။ သူတို့၏ တချို့သော အနစ်နာခံ လုပ်ရပ်များကိုလည်း လေးစားသည်။ ပြည်တွင်းတွင် မီဒီယာဖြင့် စီးပွားရှာနေရ သူများ၏ အဆင်ပြေသလို မီးစင်ကြည့် ကနေရသော ဘဝများကို ကျမ နားလည်ပါသည်။ 

အခုတော့ လက်ပ်တော့ပ်များ ပေါများလာချိန်၊ ဝါယာလက်စ် အင်တာနက်များလည်း ပေါ်လာပြီ ဖြစ်သောကြောင့် ထို မီဒီယာ တိုက်ကြီးတွင် အင်တာနက်ကို သော့မခတ်တော့ကြောင်း လုပ်ဖော်ကိုင်ဖက်များထံမှ ကြားသိရပါသည်။ လက်ကိုင်ဖုန်းများလည်း ပေါများလာပြီ။ ကျမတို့ တောင်းဆိုခဲ့ကြသော စလောင်းလည်း တပ်ထားပြီဟုသိရသည်။ ၄ နှစ်ဆိုသော အချိန်ကာလအတွင်း အပြောင်းအလဲများစွာ ဖြစ်နိုင်သည် မဟုတ်ပါလား။
http://www.bur.irrawaddy.org/index.php/special/2010-03-04-07-10-48/7448-2011-09-29-09-36-12

ဒေါ်လာ ၃ သိန်းတန် ခြစားမှုအကြောင်း ရှင်းရှင်းလင်းလင်း



ဧရာဝတီ Tuesday, 04 October 2011 12:07 အင်တာဗျူး

စက်တင်ဘာ ၃၀ ရက်နေ့တွင် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ၎င်းတို့ အဖွဲ့အစည်းအတွင်း ထိုင်းဘတ်ငွေ ၉ သန်း (အမေရိကန်ဒေါ်လာ ၃ သိန်း) ခြစားမှု ရှိခဲ့သည်ဆိုသော ယူဆချက်တရပ်ကြောင့် အများသိစေရန် ထုတ်ပြန်ခဲ့သည်။ ၎င်း ထုတ်ပြန်ချက်၌ DVB ၏ ဒါရိုက်တာဦးအေးချမ်းနိုင်နှင့် တွဲဖက် ဒါရိုက်တာ ဦးခင်မောင်ဝင်းတို့ကလည်း အဆိုပါ ခြစားမှုကို တာဝန်ယူသည့်အနေဖြင့် အုပ်ချုပ်မှု အပိုင်းမှ ခေတ္တနုတ်ထွက်ကြောင်း DVB အုပ်ချုပ်မှုအပိုင်းကို လတ်တလောတွင် ဦးဟန်ညောင်ဝေက တာဝန်ယူထားကြောင်း ပါရှိသည်။

Toe Zaw Latt
ဦးတိုးဇော်လတ် (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန်အတွက် အဖွဲ့အတွင်း ခြစားမှုကို အရေးယူ ဆောင်ရွက်မှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိသူ DVB ၏ ထိုင်းနိုင်ငံတာဝန်ခံ ဦးတိုးဇော်လတ်အား ဧရာဝတီသတင်းထောက် အေးချမ်းမြေ့က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။     ။ DVB ရဲ့ အဖွဲ့တွင်း ခြစားမှုကိစ္စ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီတော့ မြန်မာ ပရိသတ်အနေနဲ့ ရှင်းရှင်း လင်းလင်း သိရအောင် ဒီဖြစ်စဉ် တခုလုံးကို အရင်ဆုံး ရှင်းပြပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခု ခြစားမှုက မဲဆောက်ရုံးက ဆိုပြီး ကောလာဟလ သတင်းတွေ အမျိုးမျိုး ထွက်နေတယ်။ ဟိုလူလား၊ ဒီလူလား ဆိုပြီး သိချင်တဲ့ သူတွေလည်း ရှိတယ်။ ဒါကြောင့် ဒီဖြစ်စဉ်ကို ရှင်းပြပေးပါ။

ဖြေ။     ။ DVB တည်ဆောက်ပုံ အကြောင်းကို နည်းနည်းလေးပြောပြမှ ပိုရှင်းသွားမယ်နဲ့ တူတယ်။ နော်ဝေးက အော်စလို ဌာနချုပ်ပေါ့။ အဲဒီ ဌာနချုပ်အောက်မှာ DVB ရဲ့ စီမံခန့်ခွဲမှု ဆိုတာ ရှိတယ်။ အဲဒါ ကိုအေးချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းပေါ့။ သူတို့က ဒါရိုက်တာနဲ့ တွဲဖက်ဒါရိုက်တာ။ အဲဒီထဲမှာမှ နောက်ထပ် စီမံခန့်ခွဲရေး ကော်မတီဆိုတာ ထပ်ရှိတယ်။ အဲဒါ ကိုအေးချမ်းနိုင်၊ ကိုခင်မောင်ဝင်း၊ ကျနော်နဲ့ ကိုခင်မောင်စိုးရယ်၊ ပြည်တွင်း ကွန်ရက်ကို ကိုင်တွယ်တဲ့ မန်နေဂျာ တယောက်ရယ် ၅ ယောက်ပေါ့။

DVB ရုံးခွဲအနေနဲ့ကတော့ အော်စလိုက ဌာနချုပ်၊ ပြီးရင် ထိုင်းဗျူရို၊ ထိုင်းဗျူရိုအနေနဲ့က ချင်းမိုင်က အဓိက၊ ဘန်ကောက်မှာ သတင်းထောက် ရှိမယ်၊ မဲဆောက်မှာ ရုံးတခုရှိတယ်။ ပြီးတော့ အိန္ဒိယမှာက Outsource တခု ရှိတယ်။ ပြည်တွင်း ကွန်ရက် အနေနဲ့ကတော့ ပြည်တွင်းက ကွန်ရက် အဖွဲ့တွေကို ထိန်းချုပ်တဲ့ ရုံးတရုံး မဲဆောက်မှာရှိတယ်။

ပြည်တွင်း ကွန်ရက်ကိုကိုင်တွယ်တဲ့ မဲဆောက်ကအဖွဲ့ကို တရားဝင် တည်ဆောက်ပုံထဲမှာ ထည့်မထားဘူး။ ပြည်တွင်း လုပ်ငန်း လုပ်ရတယ်ဆိုတော့ သူတို့ရဲ့ လုံခြုံမှုနဲ့ လျှို့လျှို့ဝှက်ဝှက် လုပ်ရတာကြောင့်ပါ။ DVB ချင်းမိုင်ရုံးရဲ့ အောက်မှာ ပုံမှန်လည်ပတ်နေတဲ့ မဲဆောက်ကရုံးနဲ့ မဲဆောက်အခြေစိုက် ပြည်တွင်း ကွန်ရက်ရုံးနဲ့ မဆိုင်ဘူး၊ သပ်သပ်ပါ။ အခုကိစ္စကို တချို့က သေချာမသိတော့ ရှုပ်ထွေးကုန်တာပေါ့နော်။ တကယ်တမ်းက ပြည်တွင်း ကွန်ရက်ဆိုတာ DVB အင်တာနက် စာမျက်နှာမှာ တရားဝင်ဖော်ပြထားတဲ့ ဆက်သွယ်ရန် နံပါတ်တောင် ပေးမထားပါဘူး။

မေး။     ။ ဘတ်ငွေ ၉ သန်း၊ အမေရိကန်ဒေါ်လာနဲ့ဆို ၃ သိန်းတောင် အလွဲသုံးစား ရှိခဲ့တယ် ဆိုတဲ့ အကြောင်းရင်းက ဘာကြောင့်လို့ ထင်ပါသလဲ။ ဖြစ်နေတာ ကြာပြီလို့လဲ ကြားတယ်။ ဘာကြောင့် အုပ်ချုပ်မှုအပိုင်းက အခုမှ သိတာလဲ။

ဖြေ။     ။ အခု ဖြစ်သွားတဲ့ ကိစ္စကို ပြောရရင်တော့ အဓိကက ပြည်တွင်း လုပ်ငန်းဆိုတာ လုပ်ရကိုင်ရတာ ခက်တယ်။ ပြည်တွင်း ကွန်ရက်ရဲ့ အောက်မှာ လုပ်နေတဲ့ မန်နေဂျာတွေ အနေနဲ့ တချို့ စာရင်းပြန်ပြရတာ တော်တော်ခက်တယ် ပေါ့ဗျာ။ နံပါတ် ၁ က လုံခြုံရေးကြောင့် ပါတယ်။ ဒီလုပ်ငန်းရဲ့ သဘော သဘာဝကိုက အင်မတန် ရှုပ်ထွေးတယ်။ နောက် သတင်းထောက် ငွေပေး၊ ငွေယူ ကိစ္စတွေမှာ လက်မှတ် ထိုးခိုင်းဖို့လည်း တော်တော်ခက်တယ်။ ဒီစာရင်းထွက်သွားရင်လည်း သူတို့ရဲ့ လုံခြုံရေးက အန္တရာယ် ရှိတာကိုး။ သူတို့တွေထဲမှာ တချို့ ထောင်ကျနေတာလည်း ရှိတယ်ဆိုတော့ သူ့ရဲ့ သဘောသဘာဝကိုက လျှို့ဝှက်ရတယ်။ ဒါပေမယ့် ကျနော်တို့ DVB အုပ်ချုပ်ရေး အပိုင်း အနေနဲ့ ကလည်း ဒီပိုက်ဆံကို တကယ် ဘယ်လိုသုံးနေလဲ ဆိုတာကို သိချင်တယ်။ လျှို့ဝှက်မှုရှိတယ်ဆိုတာ နားလည်တယ်၊ လုံခြုံရေးကို ဦးစာပေးရမယ် ဆိုတာလည်း နားလည်တယ်။ ဒါပေမယ့် အဲဒီအပေါ်မှာမှ ကိုယ်က ဘယ်လောက် ပွင့်လင်းမြင်သာမှု ရနိုင်မလဲ၊ ဘယ်လောက်အထိကို ပြောပြလို့ ရနိုင်မလဲ၊ ဘယ်လောက်အထိ တင်ပြလို့ရမလဲ၊ ဘယ်လောက်အထိ စစ်လို့ရမလဲပေါ့၊ အဲဒါတွေ သိချင်ခဲ့တယ်။

နောက်တခု သူ့မှာ ပိုရှုပ်ထွေးတာက ယုံကြည်မှုနဲ့ လျှို့ဝှက်မှု ၂ ခုရှိတယ်။ အဖမ်း ခံရနိုင်တယ်၊ ထောင်ကျနိုင်တယ်၊ အချိန်မရွေး ဒုက္ခရောက်နိုင်တယ်။ အဲဒီလိုဟာတွေ နားလည်ပေး ထားရတယ်။ အစကတည်းက ကျနော်တို့ ဒီအတိုင်း လွှတ်ထားတာတော့ မဟုတ်ပါဘူး။ မျှတအောင် စစ်ဆေးတာတော့ ရှိပါတယ်။ ဒါပေမယ့် အများစုကတော့ ယုံကြည်မှုအပေါ်မှာ တည်ဆောက် ထားတယ်။ အဲဒီအပေါ်မှာ ယိုပေါက်တွေ၊ ထွက်ပေါက်တွေ အများကြီးဖြစ်နိုင်တာပေါ့နော်။ အဲဒီကြားထဲမှာ ကျနော်တို့ လုပ်ရတဲ့အပိုင်းက ခက်ခဲတော့ အဖြစ်အပျက်ကို သိဖို့ ကြန့်ကြာတဲ့ သဘောရှိတယ်။

ဒီကိစ္စ ဖြစ်နေတယ်လို့ သံသယ ဖြစ်တာက သိပ်တော့မကြာသေးဘူး။ ကျနော်တို့ အတွင်းထဲမှာ ပထမ ကြိတ်ပြီးတော့ ညှိခဲ့ပါသေးတယ်။ ဒါပေမယ့် DVB ဆိုတာကလည်း အလှူရှင်တွေ ပိုက်ဆံတွေ ယူထားရတာ။ နော်ဝေးမှာ ဖောင်ဒေးရှင်း အနေနဲ့ တရားဝင် မှတ်ပုံတင်ထားတာ။ ဒီကိစ္စကို ကျနော်တို့ အနေနဲ့ ဖုံးထားချင်ရင် ဖုံးထားလို့ ရပေမယ့် ဖုံးထားတဲ့အတွက် ဘာအကျိုးမှ မရှိဘူးလို့ ဆုံးဖြတ်ပြီး ဖော်ထုတ်ဖို့ ကြိုးစားတယ်။ အခုပြောနေတာက ဖြစ်နိုင်ခြေရှိတဲ့ ခြစားမှုနော်။ ဒီ ပြည်တွင်း ကွန်ရက်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တချို့ထဲမှာ ခြစားမှု ရှိနေခဲ့တယ်လို့ သံသယ ရှိတယ်။ ကွန်ရက် တခုလုံးနဲ့ မဆိုင်ဘူး။ တာဝန်ရှိတဲ့လူက အစောက ပြောတဲ့ အဓိက ငွေကိုင်သုံး ပေးရတဲ့လူ၊ လက်မှတ်ထိုး ပေးရတဲ့ လူ ၂ ယောက်၊ ၃ ယောက် လောက်ကို ပြောနေတာပါ။

တကယ်တော့ ပြည်တွင်းနဲ့ တွဲလုပ်နေရတဲ့ လုပ်ငန်းသဘာဝကိုက တော်တော်လေးကို ခက်ခဲတယ်၊ ရှုပ်ထွေးတယ်။ အခုမှ မဟုတ်ပါဘူး၊ အရင်က ပြည်တွင်းနဲ့ လုပ်ငန်းတွေ တွဲလုပ်ခဲ့တဲ့ လူ တော်တော်များများဟာ ဒီပြဿနာကို ကြုံခဲ့ဖူးပြီးသားပါ။ ဒါပေမယ့် သူများတွေ ပွင့်ပွင့်လင်းလင်း ရှိတာ၊ မရှိတာထက် ကျနော်တို့ကတော့ တရားဝင် မီဒီယာ ဖောင်ဒေးရှင်း တခုအနေနဲ့ အများကို အသိပေးတာပါ။

မေး။     ။ အခု ကိုအေးချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းက ခဏ နုတ်ထွက်ပေးတယ်လို့သိရတယ်။ ကြေညာချက် အနေနဲ့ကတော့ ရှင်းပေမယ့်၊ မြန်မာ ပရိသတ်အနေနဲ့ တော်တော်များများ ဒါကို မရှင်းလင်းဘူး၊ မကွဲပြားဘူး။ သူတို့ကရော ဒီ အလွဲသုံးစားမှုမှာ ပါဝင်ပတ်သက် နေလို့လား၊ ဒါကြောင့် သူတို့လည်း နုတ်ထွက်သွားရတာလား ဆိုတဲ့ အသံတွေ ကြားနေရတယ်။ အဲဒါ တကြောင်း၊ နောက်တခုက ခုနက ပြည်တွင်း ကွန်ရက်ရဲ့ ခေါင်းဆောင်ပိုင်း တချို့ အလွဲသုံးစားမှုလို့ ပြောတယ်ဆိုတော့  ဘယ်သူနဲ့ ဘယ်လို ပတ်သက်နေတာလဲ ဆိုတာ ရှင်းအောင်ပြောပြပါလား။

ဖြေ။     ။ ကိုအေးချမ်းနိုင်ရော၊ ကိုခင်မောင်ဝင်းရော ၂ ယောက်စလုံး ဒီဖြစ်နိုင်ခြေရှိတဲ့ ခြစားမှုထဲမှာ မပါပါဘူး။ သူတို့ ကိုယ်တိုင်လည်း ၀င်ပြီတော့ ငွေရေးကြေးရေး ကိုင်တွယ်ပြီး သုံးစွဲခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် တာဝန်ရှိတဲ့ အနေနဲ့၊ တာဝန်ယူတဲ့ အနေနဲ့ သူတို့ နုတ်ထွက်ပေးတယ်။ နုတ်ထွက်တယ် ဆိုတာက အုပ်ချုပ်ရေး အပိုင်းမှာပဲ နုတ်ထွက်ပေးရတာပေါ့။ ဒါပေမယ့် သတင်း ထုတ်လုပ်မှု အပိုင်းမှာတော့ သူတို့ ဆက်လုပ်နေမှာပါ။ သူတို့ တာဝန်ခံမှုကို ပြချင်လို့ သူတို့ နုတ်ထွက် ပေးတဲ့ သဘောပါ။ သူတို့မှာလည်း တာဝန်မကင်းဘူး ဆိုတဲ့ သဘောပေါ့။ သတင်းထောက်နဲ့ အယ်ဒီတာလိုပေါ့။ သတင်းထောက် မှားလည်း အယ်ဒီတာ ခံရတာပဲလေ။ အယ်ဒီတာ အလုပ်က သတင်းမမှားအောင် စစ်ပေးရမှာကိုး။

အခုတော့ တရားဝင် စစ်ဆေးဖို့အတွက် တရားဝင် ဖွင့်ပေးလိုက်တယ်။ ဖွင့်ပေးပြီးတော့ ဒီ ဒါရိုက်တာနဲ့ တွဲဖက် ဒါရိုက်တာက အုပ်ချုပ်ရေး နေရာက ဖယ်ပေး လိုက်တယ်။ ပွင့်ပွင့်လင်းလင်း၊ ထင်သာမြင်သာ အားမနာဘဲ ရှင်းလို့ရအောင် လုပ်ပေး လိုက်တဲ့ သဘောပါ။

အစက သူတို့ ၂ ယောက်က သတင်းလည်ပတ်မှု အပိုင်းရော၊ အုပ်ချုပ်မှု အပိုင်းရော၊ ထုတ်လုပ်ရေး အပိုင်းရော တာဝန်ခံထား ကြတာပါ။ အုပ်ချုပ်မှု အပိုင်းမှာတော့ သူတို့က ဘတ်ဂျက် ချပေးတာတို့ ဘာတို့ တာဝန်ရှိတယ်။ ဒါပေမယ့် ခုနက ပြောတဲ့ စာရင်း မပြနိုင်တဲ့ ကိစ္စမှာ သူတို့ ၂ ယောက်က အဝေးကြီး၊ အလွတ်ကြီးပါ။ ဒါပေမယ့် စာရင်းတွေကတော့ သူတို့ဆီလည်း သွားတာပေါ့။ ဒါကြောင့် သူတို့မှာလည်း တာဝန်ရှိတယ်။ သူတို့ လုပ်နေတဲ့ အလုပ်တွေထဲက အုပ်ချုပ်မှုဆိုတဲ့ နေရာကို ဖယ်ပေးလိုက်တယ်။ ဒါပါပဲ။

မေး။     ။ အခု သတင်းဌာန တော်တော်များများမှာ ဒီသတင်းတက်နေတယ် ဆိုတော့ တချို့က ပြောနေကြတယ် DVB ဘက်က၊ အော်စလိုဘက်က ပြောတဲ့ အသံတွေပဲရှိတယ်။ ခြစားတယ်လို့ အထင်ခံရတဲ့ သူတွေရဲ့ အသံတော့ မပါဘူးလို့လည်း ပြောနေတယ်။ နောက်တခု ကြားတာကတော့ အခု ခြစားမှုနဲ့ သံသယဖြစ် ခံနေရတဲ့သူတွေက VJ တွေပဲ၊ DVB နဲ့ မပတ်သက်ဘူး၊ သီးခြား အဖွဲ့အစည်း တခုဖြစ်တယ်လို့လည်း ပြောကြတယ်။ ပြည်တွင်းမှာ ရှိတဲ့ သတင်းထောက် တွေဘက်ကလည်း သူတို့က ဒီလူတွေနဲ့ပဲ တိုက်ရိုက် ဆက်သွယ်တာဖြစ်တယ်၊ DVB နဲ့ မသက်ဆိုင်ဘူး ဆိုပြီတော့ သိထားတယ် ဆိုတော့ DVB နဲ့ VJ က မတူဘူးလား၊ တဖွဲ့စီသပ်သပ်လားဆိုတာ သိချင်ပါတယ်။

ဖြေ။     ။ အဲဒါကတော့ တချို့ ပြန်ရှုပ်ထွေးကုန်တာပါ။ ဘားမား VJ ကွန်ရက်က သပ်သပ်၊ DVB နဲ့ မဆိုင်ဘူးဆိုပြီး ပြောကြတယ်။ တကယ်တော့ ဘားမား VJ ဆိုတာ ၂၀၀၈ ကမှ ထွက်လာတာပါ။ ဒီကွန်ရက်က ၂၀၀၅ ကတည်းက စတည်ခဲ့တာလေ။ အဲဒါကတော့ တော်တော်လေးကို အဓိပ္ပာယ် မရှိတဲ့ ကိစ္စပေါ့။ နောက်တခုကလည်း အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်ပါ။ အကုန်လုံးက DVB အောက်ကချည်းပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ခုနက ပြောတဲ့ တာဝန်ယူထားတယ် ဆိုတဲ့ လူတွေက လစဉ် လက်မှတ်ထိုးပြီး DVB Letter Headနဲ့ ပိုက်ဆံ ယူထားကြတာပါ။ အဲဒါကို တချို့က မသိတော့ ဒီ အုပ်စုတွေ ကွဲနေသလိုလို၊ နည်းနည်း ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာပါ။ ဘားမား VJ ဆိုတာ DVB သတင်းထောက်တွေရဲ့ အကြောင်းကို ရိုက်ထားတာပဲလေ။ ဒါကတော့ ရှင်းပါတယ်။

နောက်တခုကလည်း စပြီတော့ ပိုက်ဆံချပေးကတည်း ကိုက DVB လုပ်ငန်းပဲ လုပ်ခဲ့တာပဲ။ နောက်မှ တချို့က မသိရပါဘူး ဆိုတာမျိုး ပြောကြတာတော့ မဟုတ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူတွေကို တာဝန်ပေးကတည်းက ယုံကြည်မှု ရှိခဲ့တယ်ဆိုတာ ဒီကွန်ရက်အနေနဲ့ DVB အတွက် လုပ်ပေးဖို့၊ DVB ဘတ်ဂျက်နဲ့ ချပေးခဲ့တာပဲ။ သူတို့ကိုယ်တိုင်  လက်မှတ် ထိုးပြီး ငွေထုတ်ခဲ့တဲ့ DVB စာရွက်စာတမ်းတွေ ရှိပါတယ်။ အဲဒါကတော့ ကျနော်ထင်ပါတယ်၊ နည်းနည်း ပိုရှုပ်ထွေးအောင် လုပ်တာပဲ။

မေး။     ။ အစောပိုင်းက ကိုခင်မောင်ဝင်းနဲ့ ကိုအေးချမ်းနိုင်တို့ ပြောသွားတာ ရှိတယ်လေ၊ ပြည်တွင်းမှာ DVB သတင်းထောက် တရာလောက် ရှိတယ်ဆိုတာ၊ အခုအတိုင်းဆို အဲဒီလောက် မရှိဘူးပေါ့ ဟုတ်လား။

ဖြေ။     ။ အဲဒီလောက် နီးနီးတော့ ရှိတယ်။ သူတို့ရဲ့ ကွန်ရက်ပေါ့။ အကုန် သတင်းထောက်ကြီးပဲတော့ မဟုတ်ဘူး။ သတင်းပေးတဲ့ သူတွေလည်း ရှိမယ်၊ ကြားထဲက ဆက်သွယ်ပေးမယ့် လူတွေလည်းရှိမယ်၊ အဲဒီလို လူတွေပေါ့နော်။ အုပ်ချုပ်ပေးမယ့် လူတွေလည်း ရှိမှာပေါ့။ အရင်တုန်းက DVB ပြည်တွင်း ကွန်ရက် အယောက် ၁၀၀ လောက် ရှိတယ်ဆိုတာ တကယ်လည်း ရှိခဲ့တယ်။ အဲဒီအထဲမှာ ကျနော်တို့နဲ့ DVB နဲ့ အလုပ်လုပ်ရင်း အဖမ်းခံသွားရတဲ့ လူတွေကအစ ကျနော်တို့ မထုတ်ပစ် ပါဘူး။ အဲဒီလိုလူတွေလည်း ပါမှာပေါ့။ သူတို့က ထောင်ထဲ ရောက်နေတယ်။ အဲဒီလို စာရင်းတွေနဲ့ ရှိခဲ့တာပါ။

မေး။     ။ အခု ခြစားမှုထဲမှာ အဲဒီလိုမျိုး ထောင်ထဲရောက်သွားတဲ့ လူတွေအတွက် ပံ့ပိုးပေးရတဲ့ ငွေကြေးတွေပါ ပါတယ်လို့ ကြားတယ်။ အဲဒါ ဟုတ်လား။

ဖြေ။     ။ အဲဒါတွေကတော့ ကျနော်တို့ စိစစ်နေတုန်းပဲ။ ကျနော်တို့ကို တင်ထားတဲ့ စာရင်းနဲ့ တကယ်ရတဲ့ စာရင်းနဲ့ ဟုတ်မဟုတ် ဆိုတာသိရဖို့ အခု နော်ဝေနိုင်ငံမှာ တရားဝင် အမှုဖွင့်လိုက်တာ။ အမှုဖွင့်လို့ တရားရုံး ဘာညာ ဆင့်ခေါ်ပြီ ဆိုရင်တော့ ထွက်မှာပါ။ အခုထက်ထိ တရားဝင် အမှု ရင်မဆိုင်သေးတဲ့အတွက် ကျနော်တို့ သူများတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးလို့ မပြောတာပါ။ တရားရုံးက တရားဝင် ဆင့်ခေါ်ပြီ ဆိုတာနဲ့ အဲဒီနာမည်တွေ ပေးရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ငွေအလွဲသုံးစားမှု ဆိုတာက နော်ဝေး ဥပဒေအရ ရာဇ၀တ်မှု မြောက်တာလေ။ ရာဇ၀တ်မှုက တယောက်ချင်းနဲ့ပဲ ဆိုင်တယ်။ ဒီရာဇ၀တ်မှု ဥပဒေဆိုတာ အကုန်လုံးနဲ့ မဆိုင်ဘူး။ အဲဒီကျရင်တော့ ရှင်းပါလိမ့်မယ်။ ထွက်လာပါလိမ့်မယ်။

အခုလောလောဆယ် မပြောတာ သူတို့ရဲ့ ဂုဏ်သိက္ခာကြောင့်ပါ။ အခုထိ ကျနော်တို့ဘက်က ဖြစ်နိုင်ခြေရှိတဲ့ ခြစားမှုလို့ပဲ ပြောနိုင်သေးတယ်။ အဲဒါကို စုံစမ်းတာ တရားရုံးက စုံစမ်းမယ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စုံစမ်းလိမ့်မယ်။

ကျနော်တို့ကတော့ ဒီလိုဖြစ်နေတယ်ဆိုတာ အသိပေးတယ်။ အလှူရှင်တွေကိုလည်း အသိပေးတယ်။ သက်ဆိုင်တဲ့ နိုင်ငံတွေ
ကိုလည်း အသိပေးတယ်။ တရားဝင်လည်း ဖြစ်စဉ်အတိုင်း လုပ်ထားတယ်။ အဲဒီကျရင် ထပ်ကြားလာရမှာပေါ့။ သူတို့တွေ အနေနဲ့ တိုက်ရိုက် မေးခွင့်ရှိပါတယ်။ ဒီအထဲမှာ ပတ်သက်တဲ့လူတွေကလည်း ချေပခွင့် ရှိပါတယ်။ ဒါ တဘက်သက် မဟုတ်ပါဘူး။ အခုကိစ္စက ဖြစ်နိုင်ခြေရှိလို့ ကျနော်တို့ ဖုံးမထားဘဲနဲ့ ပွင့်ပွင့်လင်းလင်း ရှင်းလိုက်တာပါ။ တရားရုံးရဲ့ ရာဇ၀တ်မှု ဥပဒေကလည်း အပြစ်ရှိတယ်လို့ မယူဆမချင်းမှာ သူက အပြစ်ကင်းလွတ်တယ်လေ။ အခုထက်ထိလည်း သူတို့ အပြစ်ရှိတယ်လို့ မပြောဘူး။ ဒီလိုဒီလိုကြားထဲမှာ ကွာဟချက်တွေ ရှိနေတယ်၊ တရားဝင် ရှင်းပေးပါ။ အဲဒီအဆင့်ကိုပဲ ကျနော်တို့လုပ်တယ်။ အဲဒါကိုလည်း ကျနော်တို့ တရားဝင် ထုတ်ပြန်ထားတယ်။

နောက်ထပ် ရှင်းရှင်းလင်းလင်း ပြောရရင် ပြည်တွင်းမှာ လူတွေအများကြီး ရှိပါတယ်။ သတင်းထောက်တွေ အပါအဝင် ဒီကွန်ရက်ကြီး တခုအနေနဲ့ လူတော်တော်များများ ပါတယ်။ ကျနော် နာမည်တွေတော့ မပြောလိုဘူး။ လူအရေအတွက်လည်း မပြောချင်ဘူး။ သူက ကြာလည်းကြာနေပြီ။ ကျနော် ပြောချင်တာက ကွန်ရက်ကြီး တခုလုံးနဲ့ ဘာမှ မဆိုင်ဘူး။

ကျနော်တို့ အခု သံသယရှိတာက ဒီပြည်တွင်းက ကွန်ရက်ကို တဆင့် ထပ်အုပ်ချုပ်ရတဲ့ လူတွေ၊ အထူးသဖြင့် ဒီက ပိုက်ဆံပြန်ထုတ်၊ ပိုက်ဆံပြန်ပေး အဲဒီကြားထဲမှာ ပြဿနာဖြစ်တယ်လို့ ကျနော်တို့ သံသယဖြစ်ပြီးတော့ အခုလို ပြောထားတာပါ။ အခုလို အရေးယူဖို့လုပ်တာ။ ကွန်ရက်တခုလုံးရဲ့ အောက်ခြေပိုင်းနဲ့လည်း မဆိုင်ဘူး၊ ဒီလှုပ်ရှားနေတဲ့ သတင်းထောက်တွေနဲ့လည်း မဆိုင်ဘူး၊ အော်စလို ဌာနချုပ်နဲ့ ငွေပေးငွေယူလုပ်ပြီး ကြားထဲက ဖြတ်သုံးတဲ့ လူတချို့ပေါ့။ ဌာနချုပ်ကနေ လက်ခံယူပြီး ပြည်တွင်းကို ပြန်လွှဲပေးတယ်၊ ပြီးရင် စာရင်းပြန်တင်တယ်။ အဲဒီကြားမှာ ကွာဟမှုဖြစ်တာပါ။ အဲဒါတော့ ကျနော်တို့ အရှင်းဆုံးပြောတာပါ။ အဲဒါကြောင့်လည်း ကျနော်တို့ ထပ်ပြောချင်တာ ဒီကွန်ရက်ကြီး တခုလုံး ဟို အောက်ခြေအထိ မပါပါဘူး။ ဒီကွန်ရက်ထဲက အုပ်ချုပ်မှုပိုင်းနဲ့ ငွေကြေးကိုင်တဲ့ ထိပ်ပိုင်း မန်နေဂျာပိုင်းလောက်ပဲ ပါတာပါ။

မေး။     ။ ၂၀၀၇ - ၂၀၀၈ နောက်ပိုင်းမှာ ဘားမား VJ ဆိုတာရယ်၊ DVB ဆိုတာရယ်၊ ရွှေဝါရောင် တော်လှန်ရေးရယ် အရမ်းကို နာမည်ကြီးခဲ့တယ်။ နောက် နာဂစ်ဖြစ်တယ်။ အဲဒီမှာလည်း နာမည်ထပ်ရတယ်။ DVB ဆိုတာ ပြည်တွင်းမှာ တခုတည်းသော အတိုက်အခံ TV ဖြစ်တယ်၊ VJ ဆိုရင်လည်း အော်စကာ ဆန်ခါတင် အပါအဝင် ဆုတွေ အများကြီး ရခဲ့တယ်။ အဲဒီလိုမျိုး အောင်မြင်ခဲ့တဲ့ အဖွဲ့အစည်းတခုက အခုလို ဖြစ်သွားတာ ဆိုတော့ ကိုတိုးဇော်လတ်အနေနဲ့ ဘာပြောချင်လဲ။

ဖြေ။     ။ တကယ်တမ်းတော့ ကျနော်တို့ စိတ်မကောင်းပါဘူး။ အကုန်လုံး လုပ်ဖော်ကိုင်ဖက် တွေပဲလေ။ အဓိကကတော့ ယုံကြည်မှုပေါ့၊ ဒီအလုပ်ကို တာဝန်ခံတဲ့လူအပေါ်ကို ယုံကြည်တာရယ်၊ နောက်တခုက လျှို့ဝှက်မှုတွေရယ်၊ လုံခြုံရေးနဲ့ ဆိုင်တဲ့ ဟာတွေရယ် ဆိုတော့ တော်တော်လေးကို ရှုပ်ထွေးတဲ့ လုပ်ငန်းကြောင့် ဖြစ်သွားတာပါ။ စိတ်တော့ မကောင်းဘူး။ ကျနော်တို့ ဆိုလိုနေတာက အကုန်လုံးမှာလည်း အပြစ်ရှိချင်မှ ရှိမယ်။ အားလုံးလည်း ရှင်းသွားနိုင်တယ်။ အကောင်းဆုံး ဖြစ်သွားနိုင်တဲ့ အခြေအနေက သူတို့တွေ စာရင်းလည်း ပြနိုင်တယ်၊ ဘာမှ အလွဲသုံးစာမှုလဲမရှိဘူး၊ အကုန်လုံးလည်း ဖြေရှင်းလို့ရတယ်၊ အကုန်လုံးလည်း ပြလို့ ရတယ်ဆိုရင်တော့ သားရွှေအိုးထမ်းလာသလို အားလုံးပြီးသွားမှာပေါ့။ ဒီလူတွေလည်း အရင်အတိုင်းပဲ ဆက်လက် တာဝန် ယူကြမှာပေါ့။ ဒါပေမယ့် တကယ်လို့ အခုလိုမျိုး ယုံကြည်မှုရယ်၊ လုံခြုံမှုရယ်၊ လျှို့ဝှက်မှုရယ် အဲဒီကြားထဲမှာ ဒီ တယောက်၊ နှစ်ယောက်က အလွဲသုံးစား လုပ်ထားတာ ဆိုရင်တော့ ကျနော်လည်းစိတ်မကောင်းဘူး၊ အဲဒီအတွက် ကိုလည်း ကျနော် ဖုံးထားမှာ မဟုတ်ဘူး။

အဲဒီအတွက်လည်း ကျနော်တို့က တာဝန်ရှိတဲ့လူကို တာဝန်ရှိသလို ဖော်ထုတ်ပြီတော့ အတတ်နိုင်ဆုံး အရေးယူပေးမှာပေါ့။ ဒါမှလည်း ကျနော်တို့ DVB ရဲ့ ပွင့်လင်းမြင်သာမှုကိုလူတိုင်းသိနိုင်မယ်။ ကြိုက်တဲ့ အချိန် ၀င်စစ်လို့ရမယ်။ ကြိုက်တဲ့ အချိန်ပြောလို့ရမယ်။ တကယ်တော့ သတင်း အလုပ်လုပ်နေပြီး လျှို့ဝှက်နေတယ်ဆိုရင် မကောင်းဘူးလေ။ အကုန်လုံး ပွင့်ပွင့်လင်းလင်း ကြိုက်တဲ့အချိန် ကြည့်လို့ရရမယ်။ အဲဒီအတွက် ကြိုးစားတာပါပဲ။ အဓိက ကတော့ DVB တခုလုံး၊ တစုံလုံး အနေနဲ့ မထိခိုက်အောင်လို့ DVB ဟာ ဒါမျိုး ပြဿနာ ဖြစ်ခဲ့တယ်၊ ဖြစ်တဲ့အတိုင်းလည်း ဖြေရှင်းဖို့ ကြိုးစားတယ်။ အဖြေ ရအောင် ကြိုးစားမယ်။ ပြီးရင် အကုန်လုံးကို တင်ပြမယ်။ အဲဒါပဲ ပြောချင်ပါတယ်။

မေး။     ။ ဒီအဖြစ်အပျက် ဖြစ်သွားတဲ့ အတွက် DVB ရဲ့ ရှေ့ အလားအလာအနေနဲ့ ဘယ်လိုဖိအားတွေနဲ့ ရင်ဆိုင်ရဖို့ရှိလဲ။ DVB ကရော ဘယ်လို ဆက်လက် ပြင်ဆင်သွားမလဲ။

ဖြေ။     ။ ကျနော်တို့က အလှူရှင်တွေရဲ့ ပိုက်ဆံယူထားရတာ၊ အဲဒီအတွက် ကျနော်တို့က တာဝန်ခံထားရတယ်။ တာဝန်ရှိရှိနဲ့ သုံးစွဲတာကို မပြနိုင်ဘူးဆိုရင် ကျနော်တို့ မယူဘူး၊ ပြနိုင်တဲ့ ဟာပဲ ကျနော်တို့ယူမယ်။ အဓိကက အဲဒါပဲ။ အကုန်လုံးမှာ ကိုယ့် ဂုဏ်သိက္ခာနဲ့ ဒီ မီဒီယာ တခုရဲ့ ဂုဏ်သိက္ခာ ရှိနေချင်တယ်။ ခုနက DVB ရှေ့ဆက် ဘယ်လို ဖြစ်နိုင်လဲ ဆိုတဲ့ မေးခွန်းကို ဖြေရရင် ၂ ခု ဖြစ်နိုင်တယ်။ တခုက ပိုပြီးတော့ တင်းကျပ်တဲ့ စည်းကမ်းတွေ ချလာနိုင်တယ်၊ နောက်တခုက ပိုပြီးတော့တောင် ပွင့်လင်း သွားနိုင်တယ်။ ဒီလိုပြဿနာရှိတာကို ရှိတဲ့အတိုင်း သူတို့သိအောင် အမှန်တိုင်း ဖွင့်ပြီးတော့ ကိုင်တွယ်တဲ့အတွက် အကောင်းလည်း ဖြစ်နိုင်တယ်၊ အဆိုးလည်း ဖြစ်နိုင်တယ်။ အခု ဒီကိစ္စ ဖြစ်သွားပေမယ့် ကျန်တဲ့ သတင်းကိစ္စတွေကတော့ ဆက်လက် လည်ပတ်နေမှာပါ။ နောက်တချက်ကတော့ မြန်မာပြည် နိုင်ငံရေး အခြေအနေနဲ့လည်း ဆိုင်တယ်။ အခု အချိန်မှာ အလှူရှင်တွေက ပြည်တွင်းကို ဝင်ချင်နေတဲ့အချိန်၊ ပြည်တွင်းက မီဒီယာပွင့်လင်းနေပြီ ဆိုပြီး ပြောနေတဲ့အချိန်မှာ ဒါမျိုး ဖြစ်လာတော့ ကျနော်တို့အတွက် ကျပ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဟားးးးးးးးးးးးး
written by သာကီ, October 04, 2011

အားလုံးက ကိုယ်ကျိုး သမားတွေပဲလေနော်... .ဟန်ညောင်ဝေ လာဦးမယ်.. .သတိသာထားကြပေတော့...
....ကြားရသမျှ သံဝေဂရစရာပါလား ဒီမိုဘက်တော်သားတို့ရေ.......

agree
written by all the same, October 04, 2011

hahaha is absolutely right

VJ
written by သြော်, October 04, 2011

VJ က လူတွေ သေချာတာကတော့ အကျင့်ပျက်ချစားမှုဟာ ဒီထက်ပိုမယ်လို ယုံကြည်ပါတယ်။ မဲဆောက်က VJ ဆိုတာ သတင်းပွဲစားပါ။ ပြည်တွင်းကို ဗဟို ကနေပေးတဲ့ အခကြေးငွေ မပေးဘူးဆိုတာ အားလုံးသိကြမယ် ထင်ပါတယ်။ ဗဟိုကနေပေးလိုက်တဲ့ ကင်မရာကို စာရင်းပြတော့ ဘတ် ၃သိန်း၊ ပြည်တွင်းကို တကယ်ဝယ်ပေးတော့ တရုပ်လုပ် ကျပ်ငွေ ၅သိန်း၊၆သိန်းတန်ပါ။ မဲမှာ VJ ပွကြီးဆိုရင် မဲဆောက်ရောက်ပြီး ၄လလောက်အကြာမှာ ဇိမ်ခံကားကြီး တဝှီဝှီ စီးနိုင်လောက်အောင် ဗမာပြည်ထဲ ငွေပါမလာပါဘူး။ ပွကြီးစီးတဲ့ကားမျိုးက တပ်ပေါင်းစု ခေါင်းဆောင်တွေ မစီးနိုင်ပါဘူး။ နှစ်မပြည့်ခင် စီးနိုင်တဲ့ပွကြီး ပြီးတော့ မဲဆောက်က ဖာရုံနဲ့ တွဲရက်ဘီယာဆိုင်တွေက ကောင်မလေးတွေ VJ ကသူတွေ ဆိုတာ အကုန်သိကြပါတယ်။ VJ က ပွကြီးနဲ့ အေးမင်းစိုး ဆိုရင် ဖာမလေး ၂ ယောက်ကို တရားဝင် မယားငယ်အဖြစ် ယူထားတာ မဲဆောက် အတိုက်အခံ အားလုံး သိနေကြပြီးသားပါ။ VJ ကပွကြီးကို ဒီမိုကရေစီ ရံပုံငွေ အလွဲသုံးစား လုပ်မှုနဲ့ ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ပြောလိုပါတယ်။

...
written by BaGyi, October 04, 2011

ရှုပ်နေတာပဲ သူရှင်းပြတာကိုက ပိုရှုပ်နေတယ် ဘယ်လိုတွေလဲ ဟ

မီဒီယာပွဲစားချင်းအ� ��ူတူ အငယ်လေးက တမူးပိုရှုတာလား။
written by သတင်းထောက်တဦး။, October 04, 2011

အမေးကောင်းသလောက် အဖြေက ခပ်ရွီးရှီးပါဘဲ့။

ရွှီးဆို သူလဲ ဘာမှသိပ်မသိဘူး။ အခုတရားစွဲခံရမဲ့ မီဒီယာပွဲစားလိုဘဲ့ အခုပြောနေတဲ့ ဗျုရိုချိ-ဆိုတာကလဲ မနေ့တနေ့ကမှ ပွဲစားဘ၀နဲ့ ဒီဗွီဘီ-ကိုရောက်လာသူပါ။ တကယ်က အစကတည်းကပါလာပီး ဒီငွေတွေ အားလုံးကို ကိုင်ထားတဲ့ ခင်မောင်ဝင်း ကိုမေးသင့်ပါတယ်။

ပီးတော့ ဘာတဲ့လဲ။ အုပ်ချုပ်မှုကနေ ခနနားထားပီး ထုတ်လုပ်မှုအပိုင်းကို တာဝန်ယူမယ်တဲ့..။ ဒီဗွီဘီ-ပရိသတ်တွေကိုသာ မေးပေတော့ ဒီညွန်မှုး ၂-ဦးရဲ့ ပြောင်မြောက်တဲ့ထုတ်လုပ်မှု လွန်ခဲ့တဲ့ နှစ် ၂၀-အတွင်း ဘယ်နှစ်ပုဒ်တွေ့ဖူးလဲလို့...။ အခုပြောနေတဲ့ ဗျုရိုချိ-အပါဝင် ခေါင်းဆောင်ဆိုသူတွေ ရေးထားတဲ့ .. ဆောင်းပါးတပုဒ်။ သတင်းတပုဒ် ..ပရိတ်သတ်တွေ တွေ့ဖူးလို့လား..။

ဇါတ်လမ်းကတော့ ဇါတ်ရှုပ်ပါဘဲ့။ လာဒ်စားတာချင်းအတူတူ အယင်ထုတ်ပြောသူက အနိုင်ရသလို ဖြစ်နေပါတယ်။
စွပ်စွဲခံရသူဖက်က အမြင်တွေကိုလဲ မေးပီးတင်ပေးပါဦး။

ဒီလိုလာဒ်စားမှုတွေ ရှိနေတယ်လို့ ပြောတဲ့အတွက် အလုပ်ထုတ်ခံရသူတွေရဲ့ အမြင်တွေကိုလဲ မေးမြန်းတင်ပေးပါဦး။

ပြည်သူ့အခွန်ငွေတွေနဲ့ လည်ပါတ်နေတဲ့ဌာနဆိုတော့ ပြည်သူအားလုံးကို ရှင်းရှင်းလင်းလင်း အသိပေးဖို့ ကျနော်တို့ မီဒီယာသမားတွေမှာ တာဝန်ရှိပါတယ်။

တကယ်အဖြစ်မှန်အတိုင်း တရားမျှတစွာပေါ်ပေါက်လာပါစေ။
မီဒီယာပွဲစားတွေကျဆုံးပါစေ။
စစ်မှန်တဲမီဒီယာသမားတွေနဲ့ လွတ်လပ်တဲ့မီဒီယာခေါတ်ကို အမြန်ရောက်ပါစေ။
http://www.bur.irrawaddy.org/index.php/interview/4-interview/7479-2011-10-04-05-11-19