Thursday, November 3, 2011

မြန်မာနိုင်ငံ၏ အိမ်နီးချင်း မျှော်ကြည့်ရေး မူဝါဒ


by Save Irrawaddy Face book on Wednesday, November 2, 2011 at 11:53pm

(Vahu Development Institute မှ Deputy Director ဖြစ်သူ ဦးအောင်နိုင်ဦး ရေးသားသည့် Burma’s “Look to the Neighbors Policy” ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)


အာရှဒေသဆီက စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံက အနောက်မျှော်မူဝါဒ(Go West) ကို လက်ကိုင်ထား ကျင့်သုံးနေစဉ် ဒီမိုကရေစီ အထွန်းကားဆုံး အိန္ဒိယကအရှေ့မျှော်မူဝါဒ(Look East Policy) ကို ကျင့်သုံးရန်အားပေးမှုများ ပြုလုပ်လျက်ရှိသည်။ ယင်းမူဝါဒနှစ်ရပ်မှာ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ လွန်စွာဝေးလံခေါင်သီပြီး ဖွံ့ဖြိုးမှုနောက်ကျ ကျန်ရစ်သည့် ဒေသများအတွက် စီးပွားရေးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုတို့ကို ဆောင်ကြဉ်းပေးရန် အလို့ငှာ အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍကို အဓိကအလေးပေးသည်။

မြန်မာနိုင်ငံသည်လည်း လတ်တလောကာလများအတွင်း အိမ်နီးချင်းအိန္ဒိယနိုင်ငံနှင့် ကောင်းမွန်သော ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ချက်များ အခိုင်အမာ ဖြစ်ပေါ်လာရေးအတွက် သံတမန်ရေး လုပ်ဆောင်ချက်များကို မြှင့်တင်လာခဲ့သည်။ သို့သော်မြန်မာနိုင်ငံတွင် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးအတွက် တရုတ်နှင့် အိန္ဒိယတို့၏ Look East နှင့် Go West ကဲ့သို့ တိတိပပ အမည်နာမမျိုးမရှိပေ။ စိတ်ကူးသက်သက်ဖြင့် ပြောကြည့်မည် ဆိုပါက"အိမ်နီးချင်းနိုင်ငံများ မျှော်ကြည့်ရေး မူဝါဒ"(Look to the Neighbors Policy) ဟု ခေါ်ဆိုသင့်သည်ဟု ထင်ပါသည်။
အဆိုပါ Look to the Neighbors မူဝါဒအတွက် အရေးအကြီးဆုံးဟု ယူဆမိသည့်အချက်မှာ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုနီးကပ်မှုရှိသည့် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ချက်များ အခိုင်အမာ ဖြစ်ပေါ်လာရေးအတွက် ရှင်းလင်းတိကျသောရည်ရွယ်ချက်နှင့် မူဝါဒရေးရာ ထုတ်ဖော်ဆောင်ရွက်မှုပင် ဖြစ်သည်။
ပြည်တွင်းရေးအရ ကြည့်မည်ဆိုလျှင်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးအပေါ် ရှင်းလင်းတိကျ ပြတ်သားသော မူဝါဒရေးရာ ညွှန်ကြားချက်တစ်ရပ် စီစဉ်ခင်းကျင်းထားခြင်းက စိန်ခေါ်မှုများကိုဖြေရှင်းရာ၌ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်ဒေသအုပ်ချုပ်ရေး အဖွဲ့များနှင့် အင်စတီကျူးရှင်းများ (Institutions) အကြား ပိုမိုကောင်းမွန်သော ညှိနှိုင်းလုပ်ဆောင်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ထွက်ပေါ်လာရေးအတွက် တွန်းအားတစ်ရပ် ဖြစ်စေပါမည်။
မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးဆန္ဒပြမှုများအပေါ် စစ်တပ်က ဖြိုခွင်းနှိမ်နင်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမှာ တင်းမာသွားခဲ့ရသည်။ အိန္ဒိယနိုင်ငံကလည်း အနောက်နိုင်ငံများဘက်တွင် ရှိနေခဲ့သည်။ ငွေကြေးလည်းမရှိ၊ မိတ်ဆွေနိုင်ငံများလည်း မရှိတော့သည့် အားလျော်စွာ မြန်မာအနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အထောက်အပံ့များ ရရှိနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် တရုတ်တို့ဘက်သို့ ဦးလှည့်ရတော့သည်။ (အထူးသဖြင့်တရုတ်ကိုပို၍ သိသိသာသာအလေးပေးရခဲ့ရပါသည်)။
အဆိုပါ ၁၉၈၈ ခုနှစ်မတိုင်မီကဆိုလျှင် မြန်မာ-တရုတ် အကြားဆက်ဆံရေးမှာ ပြေပြစ်ချောမွေမှု အလျင်းမရှိခဲ့ပေ။ အကြောင်းမှာ ထိုစဉ်က မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ ပြည်တွင်း နံပါတ်-၁ ရန်သူဖြစ်သော ကွန်မြူနစ်များကို တရုတ်နိုင်ငံက ၁၉၈၀ ပြည့်နှစ်များအတွင်း ကူညီထောက်ပံ့    ပေးခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ယင်းသို့ ယုံကြည်စိတ်ချမှု မရှိသည့် သမိုင်းမွေများ မည်သို့ပင် ရှိစေခဲ့သော်ငြား တပ်မတော်အစိုးရ လက်ထက်သို့ အရောက်တွင် နှစ်နိုင်ငံစလုံးအတွက်၊ (အထူးသဖြင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများအတွက်) အပြန်အလှန် အကျိုးအမြတ် ဖြစ်ထွန်းစေမည့် စီစဉ်ဆောင် ရွက်မှုများ လုပ်ကိုင်ခြင်းဖြင့် တရုတ်-မြန်မာဆက်ဆံရေးမှာ ဖွံ့ဖြိုးဝေဆာလာသည်။
မြန်မာစစ်ဗိုလ်ချုပ်ကြီးများက မြန်မာနိုင်ငံ၏ ကာလကြာရှည်စွာ ကျင့်သုံးခဲ့သော ဘက်မလိုက်ရေး နိုင်ငံခြားရေး မူဝါဒကို ၎င်းတို့အနေဖြင့် စွန့်လွှတ် ရမည်ဟူသော အချက်ကို နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ သို့သော် ပြည်တွင်း လူ့အခွင့်အရေး အခြေအနေများ အမြန်ဆုံး တိုးတက်ကောင်းမွန် လာအောင် လုပ်ပေးရေးဟူသည့် အနောက်နိုင်ငံများ၏ တောင်းဆိုချက်များကိုလည်း ၎င်းတို့အနေဖြင့် လိုက်လျောမှု မပေးလိုပေ။ သမိုင်းကြောင်းအရ တင်းမာမှုများ ရှိခဲ့ခြင်းကြောင့် တရုတ်နိုင်ငံနှင့် အလွန်နီးကပ်သည့် ဆက်ဆံရေးမျိုးပြုလုပ်ရန် အစပိုင်းတွင် တွန့်ဆုတ်မှုများရှိခဲ့သည့်တိုင် စစ်ဗိုလ်ချုပ်ကြီး များက ၎င်းတို့တွင် 'မှတစ်ပါးအခြားမရှိ' တော့ပြီဟူသောအချက်ကို သိရှိလာကြသည်။ မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသတစ်လျှောက်မှ ရန်သူများ ဝိုင်းရံခံ လိုက်ရသောအခါ မြန်မာစစ်တပ်က အတိုက်အခံများအပေါ် သိသာစွာ ဖိနှိပ်ဖြိုခွင်းမှုများ စတင်လုပ်ဆောင်လာသည်။ အနောက်က လက်တုံ့ပြန်မှုများ ပြုလုပ်သကဲ့သို့ ယင်းဖြစ်ရပ်များက မြန်မာစစ်တပ်အတွက် ပေးဆပ်မှု အလွန်အမင်းကြီးမား သွားစေသည်။ ဖဲကြဉ်ခံရမှုများနှင့် အဆက်အသွယ် ဖြတ်တောက်ခံရမှု များ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်မှာ ယနေ့ထိတိုင်ပင် ဖြစ်သည်။
အနောက်မှ အကူအညီအထောက်အပံ့များနှင့် စစ်အစိုးရအပေါ် အသိအမှတ်ပြုမှုများ ရုပ်သိမ်းလိုက်ခြင်း၊ လွဲမှားပြီး ထိခိုက်နစ်နာမှုများသည့် နည်းလမ်းများ အသုံးပြုမှုများအပေါ် ပြစ်တင်ဝေဖန်မှုများ အဆက်မပြတ် ပြုလုပ်ခြင်းတို့နှင့်အတူ အိန္ဒိယက ဒီမိုကရေစီအင်အားစုများအပေါ် အားပေး ထောက်ခံခြင်းများက တရုတ်နိုင်ငံအတွက် စင်းလုံးချော အခွင့် အရေးကြီးတစ်ရပ် ဖြစ်ပေါ်အောင် ဖန်တီးပေးလိုက်သကဲ့သို့ရှိသည်။
၁၉၈၈ အရေးအခင်းပြီးဆုံးသွားပြီးနောက် နှစ်အနည်းငယ်အတွင်းမှာပင် တရုတ်က စစ်လက်နက်များ စတင်ရောင်းချပြီး မြန်မာနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ အခိုင်အမာဖြစ်လာအောင် လုပ်ဆောင်ခဲ့သည်။ အနောက်နိုင်ငံများမှ အသံများ ပိုမိုကျယ်လောင် လာသည်နှင့်အမျှ မြန်မာစစ် အစိုးရနှင့် ဆက်ဆံရေးတွင် ဘေဂျင်းအစိုးရ၏ အရေးပါမှုမှာ ပို၍ပင်ကြီးမားလာခဲ့သည်။
၁၉၉၀ ပြည့်နှစ်အစောပိုင်းကာလများတွင် အိန္ဒိယနိုင်ငံက ၁၈၀ ဒီဂရီ အချိုးအကွေ့ အလှည့်အပြောင်းတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့်မြန်မာပြည်တွင်း ကြီးမားများပြားသော အကျိုးအမြတ်များ ဖြစ်ထွန်းအောင် လုပ်ကိုင်နိုင်သည့် အချက်ကို သဘောပေါက်လာသည့် အိန္ဒိယက 'အရှေ့မျှော်မူဝါဒ'ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပင် ထုတ်ဖော်ကာမြန်မာအတိုက်အခံအင်အားစုများ၏ လှုပ်ရှားမှုများအပေါ် ထောက်ပံ့ပေးမှု များကိုလည်း လျှော့ချပစ်လိုက်သည်။ မည်သို့ပင်ဆိုစေ တရုတ်နိုင်ငံက နယ်ပယ်အသီးသီးတွင် နေရာပိုမိုရရှိလာရာ ဒေသတွင်း ပါဝါနိုင်ငံများနှင့် မြန်မာနိုင်ငံ အကြား ပါဝါချိန်ခွင်လျှာမှာ တစ်ဖက်စောင်းနင်း ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ နံပါတ် ၁ အဆင့်ရှိ ကုန်သွယ်ဘက် နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်လာတော့သည်။
တစ်ဖက်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း အိမ်နီးချင်း ဧရာမနိုင်ငံကြီးနှစ်နိုင်ငံနှင့် ဆက်ဆံရေးအား ကောင်းမွန်စွာ ပြန်လည်ချိန်ညှိရန် လိုအပ်သည် ဟူသောအချက်ကို သဘောပေါက်လာသည့် အားလျော်စွာ စစ်ဘက်ခေါင်းဆောင်ကြီးများက အိန္ဒိယနှင့် သံတမန်ရေးရာ ကြိုးပမ်း လုပ်ဆောင်မှုများကို တိုးမြှင့်လာကြသည်။ သို့သော်အိန္ဒိယ အနောက်မြောက်ပိုင်းဒေသမှ လက်နက်ကိုင်ပုန်ကန်ထကြွမှုများ၊ အိန္ဒိယဗျူရိုကရေစီ ယန္တရား၏ နှေးကွေးညံ့ဖျင်း မှုများ၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင်သူပုန် ပြဿနာများ အစရှိသည့် အရေးကိစ္စတို့က နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် တစ်နည်းတဖုံဖြင့် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ထို့အတူပင် အနောက်နိုင်ငံမျာ၏ ဖိအားပေးမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် မြန်မာအနေဖြင့် တရုတ် နိုင်ငံအပေါ်  မှီခိုအားထားနေရမှုမှာလည်း လျော့နည်းသွားခြင်းမရှိခဲ့ပေ။ ပါဝါညီမျှခြင်းတွင် အိန္ဒိယကို ထည့်သွင်းတွက်ချက်ရာ၌  မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ ပို၍ပင် သတိတကြီး ဖြစ်စေခဲ့သည်။
မည်သို့ပင်ဖြစ်စေ အဆိုပါ အခြေအနေမှာ ပြောင်းလဲနေဖွယ်ရှိပါသည်။ ယခုနှစ်အတွင်း သမ္မတဦးသိန်းစိန် ဦးဆောင်သော
 အစိုးရအဖွဲ့သစ် အာဏာရရှိလာသည့်အချိန်မှစ၍ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်ချိန်ညှိနိုင်မည့် နည်းလမ်းများ ရှာဖွေခဲ့သည့်ကို တွေ့ရသည်။ ကုန်သွယ်ရေးနှင့် စီးပွားရေးအရသာမက တရုတ်နှင့် အိန္ဒိယနယ်စပ်ဒေသရှိ လက်နက်ကိုင်သောင်းကျန်းမှုများ အပါအဝင် လုံခြုံရေးနှင့် အခြားသော အရေးကိစ္စများအရပါ ပြန်လည်ချိန်ညှိရန် ကြိုးပမ်းခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ အနောက်မျှော်မူဝါဒမှာ ဖွံ့ဖြိုးတိုးတက်မှု  နောက်ကျကျန်ရစ်သော အနောက်မြောက်ပိုင်းဒေသမှ ပြည်နယ်များ စီးပွားရေး တိုးတက်မှု ဆောင်ကြဉ်းနိုင်ရန် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါမဟာဗျူဟာမှာ ယခုအခါ အကျိုးအမြတ်များ ဖန်တီးပေးနေပြီ ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့်ကပ်လျက်ရှိပြီး လူဦးရေ ၄၅ သန်းခန့် ရှိသော ယူနန်ပြည်နယ်တွင် ဖြစ်သည်။ တစ်ချိန်တစ်ခါက ဖွံ့ဖြိုးမှုနိမ့်ကျခဲ့ပြီး မတည်မငြိမ်မှု များနှင့် တိုက်ခိုက်မှုများရှိခဲ့သော အဆိုပါယူနန်ပြည်နယ်မှာ ယခုနှစ်များအတွင်း စီးပွားရေးအံ့မခန်း ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာပြီဖြစ်သည်။ ယူနန်ဗဟို စာရင်းစစ်ဗျူရို(YSB) အဆိုအရ ယူနန်၏ ဂျီဒီပီမှာ ယခု ၂၀၁၁ ခုနှစ် ပထမသုံးလတာအတွင်း ၁၂ ဒဿမ ၅ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့သည်။ မြန်မာ နိုင်ငံ၏ တရုတ်နှင့် ကုန်သွယ်မှုတန်ဖိုးမှာမူ ယခုအခါ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၇ ဘီလီယံသို့ ရောက်ရှိနေပြီဖြစ်သည်။
သိသာထင်ရှားသည့်အချက်ကို ပြောပါက ယူနန်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးလာမှုတွင် မြန်မာနိုင်ငံ၏ ဖြည့်ဆည်းပံ့ပိုးမှုများလည်း ပါဝင်ခဲ့ပေသည်။ အထူးသဖြင့် တရုတ်ပြည်သို့ မြန်မာ့သဘာဝရင်းမြစ်များ ကန့်သတ်ထိန်းချုပ်မှုမရှိ ရောင်းချပေးခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ အဆိုပါယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအနောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်ဒေသသို့ စွမ်းအင်ပိုက်လိုင်းများနှင့် မီးရထားလမ်းများ သွယ်တန်း ဖောက်လုပ်ခြင်းနှင့် တရုတ်နိုင်ငံက ငွေကြေး ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်လျက်ရှိသော အခြားဖွံ့ဖြိုးရေးစီမံကိန်းကြီးများ တိုးမြင့်လာမှုတို့ကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံ ရေးမှာ ဆက်လက်၍ ကြီးမား နက်ရှိုင်းလာမည်သာဖြစ်ပါသည်။
၁၉၉၀ ပြည့်နှစ်များ အစောပိုင်းတွင် အိန္ဒိယနိုင်ငံက စတင်အကောင်အထည်ဖော်ခဲ့သော အရှေ့မျှော်မူဝါဒမှာ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသရှိ ပဋိပက္ခပေါများပြီး တည်ငြိမ်မှုမရှိသော ပြည်နယ် ၇ ပြည်နယ်တွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများဆောင်ကြဉ်းပေးရန်ဖြစ်သည်။
အဆိုပါပြည်နယ်များသည် လုံးလုံးလျားလျား ကုန်းတွင်းပိတ် အနေအထားမျိုးဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ဗဟိုအချက် အခြာကျသည့် ဒေသများနှင့် လမ်းပန်းဆက်သွယ်ရေးမှာလည်း ကန့်သတ်ချက်များရှိကာ လူဦးရေ သန်း ၄၀ ခန့် နေထိုင်လျက်ရှိသည်။ အိန္ဒိယသည် မြန်မာနိုင်ငံအတွက် စတုတ္ထ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့်တိုင် ယမန်နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံတန်ဖိုးမျှသာ ရှိခဲ့သည်။ မည်သို့ပင်ဆိုစေ လာမည့် ၂၀၁၅ ခုနှစ်မှစ၍ အိန္ဒိယ-မြန်မာကုန်သွယ်ရေး နှစ်ဆ(ဒေါ်လာ၃ ဘီလီယံ)အထိတိုးမြှင့်သွားရန် နှစ်နိုင်ငံစလုံးက ရည်ရွယ်သတ် မှတ်ထားပြီး ဖြစ်သည်။ သို့သော် အနောက်ဘက်ဆီမှ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံကြီးက မြန်မာသာမက အရှေ့တောင် အာရှနိုင်ငံများ (အာဆီယံ)နှင့် ကုန်သွယ်မှုများ တိုးမြှင့်သွားရန် ဦးတည်ချက်ရှိသည်။ ထိုသို့အာဆီယံနှင့် ကုန်သွယ်မှုတိုးမြှင့်ရာ၌  မြန်မာအား လွန်စွာအရေးပါသော ကြားခံတံတား တစ်ခုသဖွယ် အသုံးပြုရန်လည်း ဦးတည်ထားသည်။
မြန်မာနိုင်ငံသည် အိန္ဒိယအတွက် ဒေသတွင်း ပါဝါချိန်ခွင်လျှာမျှရေးနှင့် အရှေ့ဘက်ဒေသများသို့ ကုန်သွယ်ရေး လမ်းကြောင်းတိုးချဲ့ရေး အစရှိသည့် အရေးကိစ္စများတွင် လွန်စွာအရေးကြီးသည့် မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်လာပြီး  မြန်မာအတွက်မူ အိန္ဒိယသည် ဒေသတွင်း လွန်စွာအရေးပါ သည့် မဟာဗျူဟာ ချိန်ခွင်လျှာနိုင်ငံတစ်ခု ဖြစ်လာသည်။ အရှေ့ဘက်ကိုကြည့်မည်ဆိုပါက ထိုင်းနိုင်ငံသည် ထားဝယ် ရေနက်ဆိပ်ကမ်းဟူသည့် ဧရာမ စီမံကိန်းကြီးဖြင့် မြန်မာ နိုင်ငံသို့ တိုးဝင်လာသည်။ ယင်းစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၅၈ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းရသည်။ အခင်းအကျင်း တစ်ခုလုံးကိုခြုံငုံကြည့်မည်ဆိုပါက ထိုင်းနှင့် ဒေသတွင်းအုပ်စုဖြစ်သော အာဆီယံတို့သည် မြန်မာအတွက် ဒုတိယ အရေးအပါဆုံးသော ရင်းနှီးမြှုပ်နှံ သူများနှင့် ကုန်သွယ်ရေးမိတ်ဖက်ကြီးများဖြစ်ကြသည်။ မည်သို့ပင်ဆိုစေ ပို၍ သိသာထင်ရှားသည့်အချက်မှာ မြန်မာ့စီးပွားရေးသည် လာမည့် ၂၀၁၅ ခုနှစ်မှ စ၍ အကောင်အထည်ဖော်မည့် အာဆီယံ စီးပွားရေးအသိုက်အမြုံ(Asean EconomyCommunity) ၌ ပေါင်းစပ် ပါဝင်သွားလိမ့်မည်ဟူသော အချက်ပင် ဖြစ်သည်။
အနာဂတ်မြန်မာနိုင်ငံသစ်အတွက်မူ  အနောက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးမှာ လွန်စွာ အရေးကြီးပါသည်။ အနောက်သည် အနာဂတ် မြန်မာနိုင်ငံအတွက် အဓိကကျသည့် ဈေးကွက်ကြီးတစ်ခု ဖြစ်လာဖွယ် ရှိသည်။ မြန်မာ အစိုးရနှင့် အနောက်နိုင်ငံများဆက်ဆံရေး တင်းမာမှုများ ရှိနေသော်ငြား မြန်မာပြည်သူလူထုကတော့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများရရှိရန် ဆန္ဒပြင်းပြလျက်ရှိပါသည်။ မြန်မာအစိုးရ ခေါင်းဆောင်သစ်များ ကလည်း အမေရိကန် ပြည်ထောင်စုနှင့် ကောင်းစွာ မဟာမိတ်ဖွဲ့နိုင်ပါမှ ကောင်းမွန်သော ဒေသတွင်း ပါဝါချိန်ခွင်လျှာမျှရေးနှင့် တည်ငြိမ်အေးချမ်းမှု    ဖော်ဆောင်ရေးတို့ကို အထောက်အပံ့ဖြစ်စေမည် ဟူသောအချက်ကို နားလည်သဘောပေါက် ထားသည်။ မြန်မာအတွက် အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ကောင်းမွန်မှု ရှိထားပါမှ စီးပွားရေး ပိတ်ဆို့အရေးယူမှုနှင့် လက်နက်ရောင်းချမှု ပိတ်ပင်ထားမှုများ ပြန်လည် ရုပ်သိမ်းကာ အနောက်ကမ္ဘာနှင့် စီးပွားရေး ပြန်လည်ချိတ်ဆက်နိုင်ကာ မြန်မာစစ်တပ်ခေတ်မီ၍ အင်အားတောင့်တင်းလာစေနိုင်မည့် သဘောတွင်ရှိသည်။
မည်သိုပင်ဆိုစေ မြန်မာအနေဖြင့် အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ကောင်းမွန်ရန် ကြိုးပမ်းနေစဉ် အိမ်နီးချင်း များ၏ နိုင်ငံရေးနှင့် စီးပွားရေး လှုပ်ရှားပြောင်းလဲဖြစ်ပေါ်မှုကြီးများကိုလည်း ခရေစေ့တွင်းကျနားလည်ထားရန် လိုအပ်ပါသည်။ အိမ်နီးချင်း နိုင်ငံများ အကြောင်း မြန်မာတို့ အနည်းငယ်မျှသာ နားလည်သဘောပေါက်ကြသည့် အချက်မှာ များစွာစိတ်မကောင်းစရာဖြစ်သည်။ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှာ မြန်မာများအတွက် အရေးပါမှု အတိုင်းအတာ လွန်စွာမြင့်တက်လာလျက်ရှိပြီး မြန်မာနိုင်ငံမှာ အဆိုပါနှစ်နိုင်ငံနှင့် ၎င်းတို့၏ လှုပ်ရှား ပြောင်းလဲမှုများနှင့် ထိတွေ့မှုရရှိထားပြီးဖြစ်သည်ကို တွေ့ရပါသည်။
မြန်မာသည် ကမ္ဘာ့လူဦးရေထက်ဝက်ခန့်မျှ ဝိုင်းရံခံထားရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အိမ်နီးချင်း တရုတ်ပြည်တွင် လူဦးရေ ၁ ဒဿမ ၃ ဘီလီယံကျော်ရှိပြီး အိန္ဒိယ၌ ၁ ဒဿမ ၂ ဘီလီယံခန့်ရှိသည်။ အိန္ဒိယမှာ တရုတ်လူဦးရေကို အမီလိုက်နေပြီး မကြာမီကာလအတွင်း ကျော်တက် သွားလိမ့်မည်ဖြစ်သည်။ အာဆီယံမှာ လူဦးရေသန်း ၅၀၀ ခန့် (မြန်မာ မပါ)၊ ဘင်္ဂလားဒေ့ရှ်မှာ သန်း ၁၆၀ ခန့်ရှိသည်။ ဤဒေသကြီးမှာ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လွန်စွာ လျှင်မြန်လာခဲ့သည်ကို တွေ့နိုင်သည်။ အဆိုပါ တရုတ်နှင့် အိန္ဒိယအပါအဝင် ဒေသတွင်း နိုင်ငံများနှင့် မြန်မာနိုင်ငံအကြားကုန်သွယ်မှုပမာဏနှင့် ဥရောပဒေသနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏကို နှုန်းယှဉ်ကြည့်လျှင် ဥရောပဒေသနှင့် ကုန်သွယ်မှုမှာ ထူးထူး ခြားခြားပင် မည်ကာမတသဘောမျှ ဖြစ်နေသည်ကိုတွေ့ရပေမည်။ (ယမန်နှစ်အတွင်း ယင်းနိုင်ငံများနှင့် ဥရောပဒေသ ကုန်သွယ်မှုမှာ ယူရို ၂၄၄ သန်းခန့် ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်ဖြစ်သည်)။ ခန့်မှန်းခြေအားဖြင့် ဆိုပါက မြန်မာနိုင်ငံမှ ပြည်ပ တင်ပို့မှု များ၏ ၉၀ ရာခိုင်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် အခြားသော အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ ပြည်ပမှ တင်သွင်းမှုများ၏ ၈၀ ရာခိုင်နှုန်းမှာလည်း ယင်းနိုင်ငံနှင့်ဒေသများမှပင်ဖြစ်သည်။
ပို၍ အရေးကြီးသည်ဟု ယူဆမိသည့်အချက်မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများဟူသည် တစ်ဖက်သတ်သဘောမျိုး ဖြစ်နေခြင်းပင် ဖြစ်သည်။ သို့မဟုတ် မြန်မာနယ်စပ်ဒေသများအကြား ကရင်၊ ကချင်၊ ‘ဝ’ အစရှိသကဲ့သို့တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် နိုင်ငံတကာ အကူအညီ အထောက်အပံ့များအပေါ် မှီခိုအားထားနေရသော ပုန်ကန်တော်လှန်မှုများတွင် ပါဝင်ပတ်သက်နေသည့်အခြားသော အဖွဲ့အစည်းများသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ အဆိုပါနိုင်ငံများနှင့် ထိစပ်နေသော မြန်မာနယ်စပ်ဒေသများမှာ ရှည်လျားပြီး လုံခြုံရေးဆိုင်ရာ အားနည်းချက်များ ရှိသည်။ နယ်စပ်ဒေသတစ်လျှောက် မြန်မာ့ သဘာဝသယံဇာတများနှင့် ရင်းမြစ်များ တရားမဝင်မှောင်ခိုကူးမှုမှာ ဆိုးဆိုးရွားရွားပင် စိစစ်ထိန်းချုပ်၍ မရနိုင်သလို တရားမဝင် လက်နက် ကုန်ကူးမှုမှာလည်း ယခုထက်ထိ ရင်ဆိုင် ကြုံတွေ့နေရဆဲပင်ဖြစ်သည်။
သို့အတွက်ကြောင့် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းနိုင်ငံများ မျှော်ကြည့်ရေးမူဝါဒမှာ လွန်စွာ အရေးကြီးသလို မရှိမဖြစ်လိုအပ်သော အရာတစ်ခုဟု ဆိုရပါမည်။ ယင်းမူဝါဒမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် သဘာဝရင်းမြစ်များ ထုတ်ယူရောင်းချမှုများအပေါ် ကောင်းမွန်စွာစီမံခန့်ခွဲရေးအတွက် ဖိုးကပ်စ်(Focus) လုပ်ရန်သာမက အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခြင်းဖြင့် မြန်မာနယ်စပ် မျက်နှာစာမှ ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများအတွင်း ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာရေးအတွက် အကူအညီအထောက်အပံ့များ ရရှိရန်ပါဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာ၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်းအကြား အစိုးရချင်းဆက်ဆံရေး(G to G) ကိုကျော်လွန်ပြီး ပြည်သူအချင်းချင်း ဆက်ဆံရေးကိုပါ အာရုံစိုက်သင့်ပါသည်။ အပြန်အလှန်လေးစားမှု၊ ပြည်သူများ အားလုံး၏ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းနိုင်ရေးအတွက် အသိအမှတ်ပြု နားလည်ရေးနှင့် ကွန်ယက်ဖွဲ့ဆက်သွယ်ရေး စသည်တို့ကို အဆိုပါ နိုင်ငံများအားလုံးက အကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်ပါသည်။ ဤသို့ ဆောင်ရွက်ပေးခြင်းဖြင့် သက် ဆိုင်ရာနိုင်ငံများမှ အာဏာပိုင်များ၏ ရေတိုအကျိုးစီးပွားများကို ချိန်ညှိပေးနိုင်မည်ဖြစ်သည်။ အထူးသဖြင့် အဆိုပါ ကိစ္စသည် မြန်မာပြည်သူများနှင့် မြန်မာအစိုးရသစ်အတွက် အထူးပင် အဓိကကျသည်ဟု ယူဆမိသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး အခင်းအကျင်း သစ်နှင့် စီးပွားရေးညီမျှခြင်းတွင် လွန်စွာအချက်အချာကျသည့် နေရာသို့ ဝင်ရောက်လာပြီဖြစ်သောကြောင့်ပင်။
“မြန်မာနိုင်ငံတွင် စစ်အစိုးရကို ကျောထောက်နောက်ခံပေးသည့် အိမ်နီးချင်းကောင်းများရှိလာပြီ” ဟူသော ဆောင်းပါးတစ်ပုဒ်ကို ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်အတွင်း ကျွန်တော်ရေးသားခဲ့ဖူးသည်။ ယခု ၂၀၁၁ ခုနှစ်မှစ၍ နောင်ကာလ များတွင်မူ မြန်မာနှင့် အဆိုပါအိမ်နီးချင်းနိုင်ငံများ မဟာဗျူဟာမိတ်ဖွဲ့မှုဖြင့် ဒေသတွင်း ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှု များကို မဖြစ်မနေအကောင်အထည်ဖော် တွန်းအားပေးသင့်သည်ဟု ထင်မြင်မိပါသည်။ အနောက်မျှော်မူဝါဒ လမ်းစဉ် ကျင့်သုံးရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှု၊ အိန္ဒိယအနေဖြင့် အရှေ့မျှော်မူဝါဒ ကျင့်သုံးလာမှု၊ မြန်မာနှင့် တရုတ်ဆက်ဆံရေး အရေးပါမှုအပေါ် အာဆီယံ၏ အလေးပေးအာရုံစိုက်မှု အစရှိသည်တို့မှာ လွန်စွာအရေးပါသည့် အနေအထားသို့ ရောက်ရှိ လာပြီဖြစ်ပါသည်။
သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ၎င်းရေးသားသော “Where China meets India” စာအုပ်တွင် မြန်မာ နိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံတို့ တွေ့ဆုံသည့် လမ်းဆုံလမ်းခွသစ်ပေါ်သို့ လျင်မြန်စွာရောက်ရှိလာပြီဟု ဖော်ပြ ထားပါသည်။ အဆိုပါလမ်းဆုံလမ်းခွ၏ အလယ်တည့်တည့်တွင် မြန်မာနိုင်ငံက မဟာဗျူဟာကျစွာ တည်ရှိနေပါသည်။ သို့သော် အခြားသောဒေသတွင်း နိုင်ငံများထက် ဖွံ့ဖြိုးတိုးတက်မှုတွင် ခေတ်နောက်ကျ ကျန်ရစ် လျက်ရှိကာ လာမည့် နှစ်များအတွင်း ထွက်ပေါ်လာမည့် ထူးခြားသော သမိုင်းစာမျက်နှာသစ်အတွက် ကြိုတင်ပြင်ဆင်ထားမှုလည်း အနည်းငယ် သာ ရှိသည့်သဘောတွင် တွေ့ရသည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ မျှော်ကြည့်ရေး မူဝါဒသစ်ကို စတင်အကောင်အထည်ဖော်ကာ အရေးတယူပြု ဆောင်ရွက်နေသည်ဟူသော အချက်ကို လတ်တလောထွက်ပေါ်လာသည့် အပြောင်းအလဲများက ဖော်ကျူးပြသလျက်ရှိသည်။ သို့သော် အဆိုပါ လတ်တလော ကြိုးပမ်းချက်များမှာ ရှင်းလင်းပြတ်သားမှု၊ ပွင့်လင်းမြင်သာရှိမှု၊ ဦးဆောင် လမ်းညွှန်မှုတို့ လျော့နည်းနေသည့်သဘောမျိုးဖြစ်နေပါသည်။ သို့အတွက်ကြောင့် အဆိုပါမူဝါဒသစ်ကို ပြန်လည် ဆန်းစစ်ပြီး အင်အားပိုမိုကောင်းမွန်လာအောင် ပြုလုပ်သင့်ပါသည်။ ယင်းမူဝါဒသစ် ကျင့်သုံးခြင်းဖြင့် ကုန်သွယ်ရေးနှင့် လုံခြုံရေး ကိစ္စရပ်များကို ချိန်ညှိပေးသင့်သလို ရှေ့ဆက်ကြုံတွေ့လာရမည့် ဒေသတွင်းစိန်ခေါ်မှုများကို ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်သော (လက်ရှိအစိုးရနှင့် အပ်စပ်သော) အင်စတီကျူးရှင်းသစ်များကိုလည်း ဖန်တီးပေးသင့်ကြောင်း ရေးသားဖော်ပြ လိုက်ရပါသည်။
***************************************************************************************

Yangon Chronicle

၀၃.၁၁.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/17159756/3Nov2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/17159757/3Nov2011Yeyintngesdiary.doc.html

http://www.scribd.com/doc/71497914/3-Nov-2011-Yeyintnge-s-Diary 

3 Nov 2011 Yeyintnge's Diary

အနံ့အသက်မကောင်းသည့် စားအုန်းဆီကိုပြုပြင်ပြီး ပဲဆီအဖြစ် ရောင်းချနေ


Published on November 3, 2011 by ရွှေအောင်

အနံ့အသက်မကောင်းတဲ့ စားအုန်းဆီအခဲကို ပြုပြင်ပြီး ပဲဆီအဖြစ် ရောင်းချနေတယ်လို့ ရန်ကုန်၊ ဘုရင့်နောင်က ကုန်သည်တဦးက ပြောပါတယ်။

“chemical (ဓာတုဗေဒ) ပေါ့နော်။ washing powder (ဆပ်​ပြာ​မှုန့်​)လိုဟာမျိုးပေါ့။ အဲဒီဟာနဲ့ အရောင်ချွတ်ပြီးတော့ ပဲဆီအနံ့ထည့်တာ။ အဲဒါနဲ့ ပဲဆီ ရောရောင်းတာ။”

အဲဒီလိုမျိုး ပဲဆီနဲ့ ရောလိုက်တဲ့အတွက် အရောင်ကောင်းသွားပြီး ပဲဆီအနံ့လည်း ရသွားတယ်လို့ ဆိုပါတယ်။

စားအုန်းဆီက တပိဿာ ကျပ် ၂,၆၀၀၊ ၂,၇၀၀ လောက်ရှိပြီး ပဲဆီက တပိဿာ ကျပ်သုံးထောင်ကျော် ရှိတဲ့အတွက် လုပ်ရောင်းတဲ့သူက အမြတ်ထက်ဝက် ကျန်လို့ လုပ်ရောင်းနေကြတာ ဖြစ်ကြောင်း ပြောပါတယ်။

နယ်စပ်က တရားမ၀င် ၀င်လာတဲ့ စားအုန်းဆီတွေကို အခုလို လုပ်ရောင်းတာ ဖြစ်နိုင်သလို ပြည်ပကတရားဝင် တင်သွင်းထားတဲ့ စားအုန်းဆီတွေလည်း ဖြစ်နိုင်တဲ့အကြောင်း၊ တလောကတင် ပြည်ပက တရားဝင် တင်သွင်းထားတဲ့ စားအုန်းဆီတွေဟာ ဆီသိုလှောင်ကန်မသန့်လို့ အနံ့ဆိုးတွေ ထွက်ခဲ့တဲ့အကြောင်း ကုန်သည်တဦးက ပြောပါတယ်။

စားအုန်းဆီကို ဆပ်ပြာမှုန့်ရောပြီး ပဲဆီအဖြစ် ရောင်းချနေတဲ့အကြောင်း ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာလည်း ဖော်ပြပါရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လင်းက အခုလိုပြောပါတယ်။

“ဆပ်ပြာရောတဲ့ကိစ္စပေါ့လေ။ ဆပ်ပြာထည့်ပြီဆိုရင် ကျနော်တို့ စစ်ဆေးလို့ ရပါတယ်။ စမ်းလို့ရပါတယ်။ ဌာနအနေနဲ့ ဒါတွေကို စစ်ဆေးပြီးမှ လူတွေကို အသိပေးတာတို့ ကြေညာတာတို့ လုပ်ပေးပါတယ်။ နောက် အရေးယူတဲ့ ကိစ္စတွေ ဆောင်ရွက်ပေးပါတယ်။ ကျနော်တို့အပိုင်းက ဆောင်ရွက်ပေးရမယ့် အပိုင်းဖြစ်ပါတယ်။”

စားသုံးဖို့မသင့်တဲ့ ဆိုးဆေးတွေ ပါဝင်တဲ့ ငရုတ်သီးမှုန့်၊ မျှစ်၊ ငရုတ်ချဉ်၊ စိမ်းစားငါးပိ၊ ပဲကြီးလှော်၊ ငါးလေးချဉ်နဲ့ အသင့်စား ကလေးမုန့်တွေကို ရန်ကုန်ဈေးတွေက သိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးပစ်တဲ့အကြောင်း ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့တော် စည်ပင်ဈေးများဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လုပ်တာလို့ သတင်းက ဆိုပါတယ်။
http://burmese.dvb.no/archives/17317

ဘူးသီးတောင် လွှတ်တော်အမတ်နှစ်ဦး အမတ်အဖြစ်က ပယ်ဖျက်ခံရ


Published on November 3, 2011 by နေသွင် · No Comments

ရခိုင်ပြည်နယ်ထဲက လူနည်းစုတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်နှစ်ဦးကို​ ​ရွေးကောက်ပွဲဥပဒေ ချိုးဖောက်လို့ ဆိုပြီး ပြည်ထောင်စု​ ​ရွေးကောက်ပွဲ​ ​ကော်မရှင်က လွှတ်တော်အမတ်​ အဖြစ်ကနေ ပယ်ဖျက်လိုက်ပါတယ်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရက်တစ်ပါတီက ဘူးသီးတောင် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်​ အမတ် ၂ ဦးကို ရွေးကောက်ပွဲကာလတုန်းက လူမျိုးရေးလှုံ့ဆော်ပြီး စည်းရုံးခဲ့တယ်လို့ အကြောင်းပြပြီး အရေးယူခဲ့တာလို့ ပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

“မောင်တောမှာ နေတဲ့လူတွေကို တိုင်းရင်းသားလို့လည်း မပြောဘူး၊ နိုင်ငံခြားသားလည်း မပြောဘူး၊ အခြားလူမျိုးဆိုတာ ရေးထားတာ တွေ့တယ်။ အဲဒါကို ကျနော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တယောက်က မဲဆွယ်တဲ့အချိန်မှာ ဘာပြောလဲဆိုရင် ဒီလူတွေဟာ ကျနော်တို့ကို နိုင်ငံသားလည်း မပြောဘူး။ ကျနော်တို့ကို နိုင်ငံမဲ့သား လုပ်နေကြပြီ။ အဲဒီလူမျိုးတွေကို ကျနော်တို့က မဲပေးမလား၊ ကျနော်တို့လို ကျနော်တို့ အမျိုးသားတွေကို အခြေခံတဲ့ လူတွေကို မဲပေးမလား။ အဲဒါ စဉ်းစားပြီး မပေးကြပါ ဆိုတဲ့ ပြောတဲ့ စကားတခွန်း ရှိခဲ့တယ်။ ဒီလို သူလုပ်လိုက်ခြင်းက ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို စော်ကားရာ ကျရောက်တယ်။ အဲဒါကြောင့် မတရားပြုကျင့်ပြီးတော့ အနိုင်ယူခြင်းဖြစ်တယ် ဆိုပြီးတော့ ဆုံးဖြတ်ပြီးတော့ အရှုံးပေးလိုက်တာ။”

ပယ်ဖျက်ခံရသူ နှစ်ဦးမှာ ဘူးသီးတောင် မဲဆန္ဒနယ် အမတ် (၁) က အနိုင်ရခဲ့တဲ့ ဦးအောင်မြင့် (ခေါ်) ဦးဇာဟိဒုလ္လာနဲ့ အမတ် ၂ က ဦးဘောရှီး အာမတ်တို့ဖြစ်ပြီး သူတို့နေရာမှာ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမတ်တွေနဲ့ အစားထိုးတော့မှာ ဖြစ်ပါတယ်။

ကော်မရှင်က ဆုံးဖြတ်ချက်မချခင် ၂ ရက်မှာပဲ ပါတီက လူနည်းစု အခွင့်အရေးနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တခု ပြုလုပ်ခဲ့တယ်လို့လည်း ပါတီဒုဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

“ကျနော်တို့ အရင်က ရိုဟင်ဂျာဆိုပြီး လူမျိုးတစု ရှိခဲ့တယ်။ လူမျိုးတစု ရှိပါလျက်နဲ့ အခု မရှိဘူးဖြစ်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ရှိတယ် မရှိဘူး ဆိုတာကို ကျနော်တို့ကို ကော်မရှင်ကရှင်းပေး။ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးပူးပေါင်းပြီး စစ်ဆေးပြီးတော့ သတ်မှတ်ပေးပါဆိုပြီးတော့ ကျနော်တို့ လျှောက်လွှာတင်ထားတာ။ ကုန်သွားတဲ့လ ၂၆ ရက်နေ့က တင်လိုက်တာ။ ကျနော်တို့ကလည်း နိုင်ငံတော်သမ္မတကနေတဆင့် နောက်ပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ လဝက၊ နောက်ပြီး သက်ဆိုင်ရာ သမိုင်းပညာရှင်၊ လူ့အခွင့်ရေးပါတီတို့၊ အစိုးရက ဖွဲ့တဲ့ လူ့အခွင့်ရေး အဖွဲ့ရှိတယ်၊ အဲဒါတွေကို ပြန်တင်ပြတာပေါ့လေ။”

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရက်တစ်ပါတီဟာ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ အမတ်နေရာ ၁၅ ၀င်ပြိုင်ခဲ့ပြီး ဘူးသီးတောင် မဲဆန္ဒနယ် ၂ နေရာမှာပဲ အနိုင်ရခဲ့တာပါ။

ဒီအမှုကို အယူခံနဲ့ ပြင်ဆင်မှု လျှောက်ခဲ့တဲ့ အဆင့်တိုင်းမှာ ရှုံးခဲ့ပြီးဖြစ်တာကြောင့် နောက်ထပ် အယူခံစရာ လမ်းဆုံးသွားပြီလို့ ပါတီဒုဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။
http://burmese.dvb.no/archives/17341

BBC ကိုဆန္ဒပြဖို့ကမ်းနားလမ်းကိုလာခဲ့ပါ



နိုဝင်ဘာလ ၉ ရက်နေ့  နေ့  ၁၂ နာရီ အချိန် မှာ ရန်ကုန်မြို့  ကမ်းနားလမ်းက ဗြိတိသျှ သံရုံး အရှေ့ မှာ ဆန္ဒပြ ကြပါမယ်။ BBC သတင်းဌာ န ရဲ့ မြန်မာ နိုင်ငံ ဆိုင် ရာ အေးရှား-ပိစိဖိတ် ဌာန က သတင်း တစ်ပုဒ် အတွက် ဖြစ်ပါတယ်။



မဖြေရှင်းနိုင်သေးတဲ့ တိုင်းရင်းသားအရေး

ဗုဒ္ဓဟူး, 02 နိုဝင်ဘာ 2011
By ဦးကျော်ဇံသာ
ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ သမ္မတဦးသိန်းစိန် အစိုးရဟာ တိုင်းရင်းသားပြဿနာ ပြေလည်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ ကမ်းလှမ်းတာတွေ ကြားနေရပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအင်အားစုတွေက တဖွဲ့ချင်း မဆွေးနွေးနိုင်ဘဲ တိုင်းရင်းသားအင်အားစုအားလုံးကို ကိုယ်စားပြုတဲ့အဖွဲ့အနေနဲ့သာ ဆွေးနွေးဖို့ တောင်းဆိုနေကြပါတယ်။ ဒီလိုမျိုး အစိုးရရဲ့  ကမ်းလှမ်းချက်နဲ့ တိုင်းရင်းသားတွေရဲ့  တောင်းဆိုချက် ကွာဟနေတာကို ပြေလည်အောင်ညှိနှိုင်းလို့ရမယ့် အလားအလာ ရှိပါသလား။ ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေနဲ့ စစ်အစိုးရကိုယ်စား တိုင်းရင်းသားအင်အားစုတွေနဲ့ တွေ့ဆုံစေ့စပ်ဆွေးနွေးခဲ့ဘူးသူ ဗိုလ်မှူးဟောင်းအောင်လင်းထွဋ်တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကေအန်ယူ က ဗိုလ်မှူးစောလှငွေ ကို အရင်မေးချင်ပါတယ်။ တိုင်းရင်းသားတွေကို အခု သမ္မတဦးသိန်းစိန် အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးဖို့ စေ့စပ်တယ်၊ ဘာညာဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ အဲဒီလို ကမ်းလှမ်းတဲ့အခါတိုင်းမှာ တိုင်းရင်းသားတွေဘက်က တဦးချင်း တပါတီချင်း ဆွေးနွေးတာကို လက်မခံနိုင်ဘူး။ အဖွဲ့အစည်းတွေအားလုံး စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရှိတယ်။ အဲဒီ အဖွဲ့အစည်းက ကိုယ်စားပြုပြီး ဆွေးနွေးချင်တယ်လို့ ပြောကြားပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဗိုလ်မှူးစောလှငွေ ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘာကြောင့် ဒီ ခံယူချက်ကို ဆရာတို့ ထားရတယ်ဆိုတာကို အကျဉ်းချုံးပြောပြပါ။

ဗိုလ်မှူးစောလှငွေ ။ ။ ကျနော်တို့ တိုင်းပြည်ကို ကျနော်တို့လူမျိုးကို တည်ဆောက်တုန်းက ပင်လုံစာချုပ်မှာ တိုင်ပင်ပြီး တည်ဆောက်ခဲ့ကြတာပါ။ ၆၂၊ ၆၃ တုန်းကလည်း သုံးပါတီ ဆွေးနွေးပွဲတို့၊ မဒညတ နဲ့ ဆွေးနွေးပွဲတို့ကို ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်မှာ လက်ခံဆွေးနွေးခဲ့တာ ရှိပါတယ်။ အဲဒီလို ဆွေးနွေးဖို့အတွက် ပိုပြီးကောင်းတာက အားလုံးကို အပစ်ရပ်ထားဖို့အတွက် အဲဒီအခြေအနေကို ဖန်တီးဖို့ နံပတ်တစ်က အလိုအလျောက်ပြီးသွားမယ်။ နောက်တခုက ကျနော်တို့ မျက်နာစုံညီ စည်းဝေးတဲ့အခါ အဓိက ဆွေးနွေးမှာက နိုင်ငံရေးကို ဆွေးနွေးမှာဖြစ်တဲ့အတွက်ကြောင့် တူညီတဲ့ နိုင်ငံရေးအမြင်တွေ အဲဒီမှာ မျက်နာစုံညီတိုင်ပင်ပြီး ဆွေးနွေးနိုင်မယ်ဆိုတဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးအောင်လင်းထွဋ်ရဲ့  သဘောထားကို သိချင်ပါတယ်။

ဗိုလ်မှူးစောလှငွေ ။ ။ တိုင်းရင်းသားတွေအကုန်လုံး UNFA ဆိုတဲ့ အနေနဲ့ ပထမဦးဆုံး ဆွေးနွေးဖို့ကတော့ ကျနော်အနေနဲ့ သိပ်မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ ကျနော့်အတွေ့အကြုံအရ ၁၉၉၀ နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အလားတူပါပဲ ကေအန်ယူ ဘက်ကနေ ဒီအေဘီ ဆိုပြီး တင်းခံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ခဲ့တာ ရှိပါတယ်။ သို့သော် ပထမဦးဆုံး ကေအိုင်အေ ပဲထွက်လာတယ်။ ဦးနိုင်ရွှေကျင်ရဲ့  မွန်အုပ်စု ပဲထွက်လာတယ်။ နောက်ပိုင်းမှာ ကေအန်ယူ ကိုယ်တိုင်လည်း တဖွဲ့ချင်းလာပြီး ဆွေးနွေးရတဲ့ အနေအထားတွေ ရှိခဲ့ဘူးတဲ့ အနေအထားတွေရှိခဲ့ပါတယ်။ ကျနော် ပြောချင်တာက ပထမပိုင်းအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံးအနေနဲ့ မိမိလက်နက်ကို မိမိကိုင်ပြီး အပစ်အခတ်ရပ်စဲရေးကို အရင်ဆုံး ရယူသင့်ပါတယ်။ ဒုတိယအပိုင်းနေကြမှ အားလုံးမြေပေါ် ရောက်လာကြပြီဆိုတဲ့အခါကြမှ တူညီတဲ့ ဘုံလမ်းစဉ်တခုကို ချမှတ်ပြီးတော့ အစိုးရကို နိုင်ငံရေးအရ ဆွေးနွေးဖို့ကို တွန်းအားပေးသွားဖို့ လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအောင်လင်းထွဋ် ပြောတဲ့အထဲမှာ အပစ်အခတ်ရပ်စဲရေးအဆင့်ကိုတော့ တဖွဲ့ချင်းအနေနဲ့ ဆွေးနွေးသင့်တယ်။ အကုန်လုံး အပစ်အခတ်ရပ်ပြီး မြေပေါ်ကို တရားဝင်ရောက်လာတဲ့အခါမှ နိုင်ငံရေးကိစ္စကို အားလုံးစုပြီး ဆွေးနွေးပါလို့ ဆိုပါတယ်။ ဒီကိစ္စကို ဘာပြောလိုပါသလဲ ဆရာစောလှငွေ တို့က။ အပစ်အခတ်ရပ်စဲရေးအဆင့်ကို နှစ်ဖွဲ့ချင်း လုပ်လို့မရဘူးလား။

ဗိုလ်မှူးစောလှငွေ ။ ။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ရှိရင် တဖွဲ့ချင်းကို လုပ်ခဲ့ပြီးပါပြီ။ အဲဒီ လုပ်ခဲ့ပြီးတဲ့အပေါ်မှာလည်း ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲကို မရောက်ခဲ့ပါဘူး။ အပစ်အခတ်ရပ်စဲရေး တဖွဲ့ချင်းလုပ်ပြီး ကျန်တဲ့အဖွဲ့တွေကို သူတို့က ဆက်တိုက်ပြီးတော့ အဲဒီကတပ်ကို တခြားနေရာမှာ တိုက်နေတာပဲ။ အခုလည်းပဲ ဝ နဲ့ မိုင်းလဘက်မှာ ရပ်ထားပြီး အဲဒီကတပ်ကို ကချင်ကို တိုက်နေတာပဲ။ ကျနော်တို့ ရပ်ယူခဲ့တုန်းကလည်း ကေအန်ယူတဖွဲ့တည်းကျန်ခဲ့တဲ့နောက်မှာ တဖွဲ့တည်းဆွေးနွေးစရာအကြောင်းရှိလို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှ ကျနော်တို့က တဖွဲ့တည်းလည်း ဆွေးနွေးလို့ရတယ်။ စုပေါင်းပြီးတော့လည်း ဆွေးနွေးလို့ရတယ်။ စုပေါင်းပြီး ဆွေးနွေးဖို့ အများက ဆန္ဒရှိမယ်မယ်ဆိုရင်လည်း စုပေါင်းဆွေးနွေးဖို့ကို ပထမဦးစားပေးမယ်။ အဲဒီလိုမှ မဆွေးနွေးဘဲ မယုံကြည်လို့ တဖွဲ့တဖွဲ့ထွက်သွားလို့ရှိရင် ခါတိုင်းလို့လုပ်ရင် ကျနော်တို့က နောက်ဆုံးအနေနဲ့ ဆွေးနွေးမှုဆိုတာ ဘယ်နည်းနဲ့မဆို ဆွေးနွေးတာပဲ။ အဓိကကတော့ ပြဿနာရှင်းဖို့ပါ။ ဒီလိုပြဿနာ ဖြေရှင်းတဲ့နေရာမှာ အင်အားရှိတဲ့လူ။ ဥပမာ သဘောကောင်းမှုနဲ့ ရက်ရောမှုကို ပြသရမယ်။ သဘောထားကြီးသူတွေအနေနဲ့ အဲဒီလို မပြသဘဲ တောက်လျှောက် ဒီလိုပဲ တိုက်ပွဲတွေ တိုတိုတဖုံ ကျယ်ကျယ်တမျိုးနဲ့ လုပ်နေ၊ လုပ်လာခဲ့တာတွေက များလာတော့ ဒီသင်ခန်းစာတွေအနေကနေ ကျနော်တို့က စုပေါင်းဆွေးနွေးဖို့ကို ပြန်တိုင်တာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ အပစ်အခတ်ရပ်စဲရေးကို အရင်ကြေညာရမှာပေါ့။ တည်တည်ပြောရမယ်ဆိုရင် အစိုးရဘက်က။

ဗိုလ်မှူးစောလှငွေ ။ ။ ဟုတ်တယ်။ တခုတည်းတပြိုင်တည်း အပစ်အခတ်ရပ်စဲရေးကို ကြေညာရမှာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြီးတော့မှ ဆွေးနွေးဖို့ကိစ္စပြောမယ်။ ဦးအောင်လင်းထွဋ် … အဲဒါကော အာဏာပိုင်တွေအနေနဲ့ အခက်အခဲ ရှိပါသလား။

ဦးအောင်လင်းထွဋ် ။ ။ အခက်အခဲ မရှိပါဘူး။ အလားတူပဲ ကေအန်ယူ၊ ကေအိုင်အို တို့နဲ့ ယခင်လုပ်စဉ်တုန်းကလည်း အစိုးရဘက်က အရင်ဆုံး အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ ရပ်စဲတယ်ဆိုတာ တရားဝင်ထုတ်ပြန်တာလည်း ရှိတယ်။ မထုတ်ပြန်တာလည်း ရှိတယ်။ ရပ်စဲပါတယ်။ ကျနော် တခု သတိပေးချင်တာက အရင်အခြေအနေနဲ့ အခုအခြေအနေနဲ့ကတော့ နည်းနည်းတော့ ကွာသွားပါပြီ။ အဲဒါက အခြားမဟုတ်ဘူး။ အရင်အခြေအနေတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ တို့က အခုလို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်အနေအထားမျိုးမရှိခဲ့ပါဘူး။ နောက်တခုက ကျနော်တို့ ခေတ်အခါတုန်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ ကို လက်ရှိ အရင်တုန်းက ငြိမ်းချမ်းရေးရယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ မတွေ့ရဘူးဆိုတဲ့ နှုတ်မိန့်နဲ့ ကန့်သတ်ခဲ့ဘူးတာတွေ ရှိခဲ့ဘူးပါတယ်။ အခုအချိန်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အဖွဲ့တွေ မြေပေါ်တက်လာရင်တော့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့နဲ့ ပူးပေါင်းပြီးမှ နိုင်ငံရေးအရ တောင်းဆိုမယ်ဆိုရင်တော့ အလားအလာကောင်းတွေ အများကြီးရှိလိမ့်မယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အခန်းကဏ္ဍကို အာဏာပိုင်တွေက ဒီကိစ္စမှာ ခွင့်ပြုမယ် ထင်ပါသလား။

ဦးအောင်လင်းထွဋ် ။ ။ သူတို့အနေနဲ့ ခွင့်ပြုရမယ် ထင်ပါတယ်။ ဒီလောက်တောင်မှ လိုက်လိုက်လျောလျော လုပ်ထားပြီးရင်တော့ ဒီဥစ္စာတွေကို ခွင့်ပြုရလိမ့်မယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဆရာစောလှငွေ … ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် ပါဝင်ပြီး စေ့စပ်ပေးမယ်ဆိုရင်ကော ဘယ်လိုနေပါသလဲ။

ဗိုလ်မှူးစောလှငွေ ။ ။ ကျနော်ထင်ပါတယ်။ အခုလောလောဆယ် ပြည်သူ့လွှတ်တော်ထဲမှာ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး စေ့စပ်ဆွေးနွေးဖို့ကိစ္စနဲ့ ကော်မတီဖွဲ့တဲ့နေရာမှာတောင်မှ ပါသင့်ပါထိုက်တဲ့ လူရိုသေ၊ ရှင်ရိုသေ ပုဂ္ဂိုလ်တွေပါဖို့ တောင်းတာကိုတောင်မှ မပေးဘဲနဲ့။ ကျနော်ထင်တယ် ဒီကိစ္စက စိတ်ကူးယဉ်ပဲ ဖြစ်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ … ဦးအောင်လင်းထွဋ်။

ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်။ ဗိုလ်မှူးစောလှငွေ ပြောတာကို ထောက်ခံပါတယ်။ အခုလုပ်နေတဲ့ ဦးအောင်သောင်းတို့၊ ကိုသိန်းဇော်တို့ဆိုတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့  လက်ရင်းတပည်တွေပါ။ ဒီလို ပုဂ္ဂိုလ်မျိုးတွေဟာ အရိပ်အငွေ့တွေအားလုံး အခုထိ ရှိနေတုန်းပါ။ ဒီလူတွေပေါ်မှာတော့ ကျနော်လည်း မထောက်ခံပါဘူး။ တခြား ရှင်ရိုသေ၊ လူရိုသေ ပုဂ္ဂိုလ်များကို ပါဖို့တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တွေ့တဲ့အခါမှာ တောင်းဆိုဖို့ လိုပါမယ်။

ဦးကျော်ဇံသာ ။ ။ တခုလုံးကို ခြုံပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့စိတ်ဆန္ဒ political will လို့ ခေါ်တဲ့ဟာ အာဏာပိုင်တွေအားလုံးကို လွှမ်ခြုံပြောမယ်ဆိုရင် ရှိလာပြီလို့ ယူဆလို့ရမလား။ ယူဆနိုင်သလား။

ဦးအောင်လင်းထွဋ် ။ ။ အဲဒီလိုတော့ ယူဆနိုင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိနေသမျှတော့ မြန်မာပြည်ကြီးဟာ ဘယ်လိုမှ ဒီမိုကရေစီနိုင်ငံပဲဖြစ်ဖြစ် တိုးတက်ဖွံ့ဖြိုးဖို့ပဲဖြစ်ဖြစ် မဖြစ်နိုင်ဘူးဆိုတဲ့ အမြင်မျိုးက လွန်ခဲ့တဲ့ နှစ် (၂၀) လောက်ကတည်းက ရှိခဲ့တဲ့အမြင်မျိုးပါ။ အခုထိလည်း ရှိနေတုန်းပါ။ အလားတူပဲ လက်ရှိခေါင်းဆောင်ပိုင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့လူတွေ အများအပြားရှိပါတယ်။ မလုပ်ချင်တဲ့လူတွေလည်း အများအပြားရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာစောလှငွေ တို့ကလည်း ဒီအာဏာပိုင်တွေထဲမှာ တော်တော်များများဟာ ငြိမ်းချမ်းရေးအမှန်တကယ် တည်ဆောက်လိုကြတယ့် စိတ်ဆန္ဒရှိတယ်ဆိုတာကို လက်ခံပါသလား။ အဲဒီအဆင့်အထိကို လက်မခံနိုင်ဘူးလား။

ဗိုလ်မှူးစောလှငွေ ။ ။ အာဏာပိုင်တွေထဲမှာ ငြိမ်းချမ်းရေးလိုလားတဲ့လူတွေက အခုမှ မဟုတ်ပါဘူး။ အစဉ်အဆက်မှာလည်း ရှိပါလိမ့်မယ်။ အနည်းနဲ့အများကတော့။ ဒါပေမဲ့ အဲဒါက ပြဿနာ မဟုတ်ပါဘူး။ တကယ် စွဲမြဲ၊ သံမှိုစွဲထားတဲ့ ချုပ်ကိုင်ထားတဲ့ စနစ်က ပြဿနာပါ။ အဲဒီ စနစ်နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမျိုးဆိုတာတွေက legal ဆိုးတွေက ပြဿနာပါ။ ဒီ legal ဆိုးတွေပေါ်မှာ ကျနော်တို့က ဝင်လိုက်တာနဲ့ တပြိုင်တည်း national interest, national security တို့နဲ့ အချုပ်အခြာ တည်မြဲရေးဆိုတာတွေနဲ့ ဝင်လိုက်တာနဲ့တပြိုင်တည်း ဒီဘက်က သွားတဲ့လူတွေက ခေါင်းငုံပြီးတော့၊ ဟိုဘက်က ပြုသမျှ နုပြီး လိုက်ဖို့ တကြောင်းတည်းရှိတဲ့ကိစ္စကို ကျနော်က အဲဒါမျိုးကို သိပ်စိတ်မဝင်စားပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုလိုတဲ့သဘောက ဘာတွေပြင်သင့်သလဲ။ ပထမဦးဆုံးအနေနဲ့ ဦးစောလှငွေတို့က ဒီလူတွေအကုန်လုံး ဖယ်ပစ်လိုက်တာဆိုတာကတော့ ဖြစ်ချင်မှဖြစ်မှာပေါ့။ ဒါပေမဲ့လည်း ၂၀၀၈ ဥပဒေကို မလိုချင်ဘူးဆိုတဲ့ သဘောလား။ တိုင်းရင်းသားတွေအပေါ် ပေးထားတဲ့ အခွင့်အရေးက ဘယ်လိုပါသော ဥပဒေဖြစ်ရမယ်။ အဲဒီလို လိုချင်တဲ့ အချက်တွေ နည်းနည်းရှိရင် အရှင်းဆုံးပြောပါ။

ဗိုလ်မှူးစောလှငွေ ။ ။ ကျနော်တို့က ပြောထားပြီးပါပြီ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို မလိုချင်ပါဘူး။ အထူးသဖြင့် ၂၀၀၈ ဥပဒေဖွဲ့စည်းပုံထဲမှာ အချိန်မရွေး တပ်မတော်က အာဏာပြန်သိမ်းနိုင်တဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးအဖွဲ့အစည်းကနေ သမ္မတနဲ့ လွှတ်တော်အပေါ် အမြဲတမ်းရှိနေတယ်အရာမျိုးတွေ ရှိနေပြီး တခြားအပိုင်းတွေမှာလည်း လူ့အခွင့်အရေးတွေ၊ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ အာမခံချက်တွေ ဒီမိုကရေစီ ရပိုင်ခွင့်တွေက ခိုင်ခိုင်မာမာ မရှိတဲ့အချက်တွေ ။ အဲဒီအပိုင်းတွေ ရှိနေသမျှ ကာလပတ်လုံး အဲဒီဘောင်အတွင်းကို ဝင်သွားပြီး အဲဒီဘောင်အတွင်းမှာ လုပ်ရမယ်ဆိုရင် ဟိုတုန်းကနဲ့ ဘာမှမထူးပါဘူး။ ဒါက အပစ်ရပ်ရေး၊ အပစ်ရပ်ပြီး ဖွံ့ဖြိုးရေးလုပ်၊ ဖွံ့ဖြိုးရေးလုပ်ပြီးတော့ ဥပဒေအတွင်းကို လိုက်တယ်ဆိုရင်။ ဟိုအရင်တုန်းကတည်းက တော်လှန်ရေးမလုပ်လည်း ရတာပဲ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ၂၀၀၈ ဥပဒေထဲက အခုနပြောတဲ့ အချက်အလက်တွေကို တရားဥပဒေဘောင်အတွင်းက ဝင်ပြီး ဆောင်ရွက်စရာ၊ အဖြေရှာစရာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီးတော့ တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်နိုင်စရာအကြောင်းမရှိဘူးလို့ ဦးစောလှငွေတို့ ထင်တယ်ပေါ့။

ဗိုလ်မှူးစောလှငွေ ။ ။ ဟုတ်တယ် ကျနော်တို့က အဲဒီလိုပဲ legal fold အတွင်းမှာ ဝင်လုပ်မယ်ဆိုရင် ကျနော်တို့အတွက် လုပ်နိုင်စရာ မရှိပါဘူး။ အခုတောင်မှာ ထောင်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသမားတွေကိုတောင်မှ … တစတစနဲ့ ကစားပြီး လွှတ်နေတဲ့အပေါ်မှာ သူတို့လက်ထဲမှာ ဆုပ်လည်းဆုပ်ရတယ်။ ဖြေလည်းဖြေလို့ရတဲ့ လူတွေ။ အငြိုးအာဂတမရှိဘဲနဲ့ ရက်ရက်ရောရောနဲ့ ကျကျနန သဘောထားကြီး ပြသမယ်ဆိုပြီး မပြသဘဲနဲ့ လက်နက်ကိုင်တိုက်နေတဲ့ ကျနော်တို့အနေအထားက legal fold ထဲရောက်သွားရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားလို့ရပါတယ်။ ရောက်ခဲ့ဘူးတဲ့လူတွေလည်း မရောက်ခင်ကတမျိုး ရောက်တဲ့အခါတမျိုး ခံလိုက်ရတာကို လက်တွေ့ပြသနေပြီပဲ။ တချိန်လုံးဖြစ်တဲ့ ပြဿနာက ဒီပြဿနာပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ခင်များ။ ဦးအောင်လင်းထွဋ် … ကြားတဲ့အတိုင်းပါပဲ။ သူတို့ဘက်က သံသယရှိတာကိုလည်း အပြစ်တင်စရာလည်း မဟုတ်ဘူး။ မပြေးသော်လည်း ကန်ရာရှိ … အစိုးရဘက်ကလည်း ဒါတွေရှိနေတော့။ အဲဒါကို ပြေလည်အောင် ဘယ်လိုလုပ်လာနိုင်တဲ့ အကြောင်းအရာ အလားအလာ ရှိပါသလဲ။ ဘာများလုပ်နိုင်ကြမလဲ။

ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်မှူးစောလှငွေရဲ့  ခံစားချက်ကိုလည်း ကျနော်နားလည်းပါတယ်။ ဟိုယခင် အန်ကယ်မြကြီး ရှိတုန်းကလည်း ကျနော်တို့ကို ပြောခဲဘူးပါတယ်။ ဗမာအစိုးရတွေက ခေတ်အဆက်ဆက် သူတို့ တိုင်းရင်းသားတွေအပေါ်မှာ လိမ်ခဲ့တယ်ဆိုပြီး ပြောခဲ့ပါတယ်။ အင်မတန်မှ စိတ်မကောင်းစရာကောင်းတဲ့ အနေအထားမျိုးပါ။ ခေတ်အခါ အခြေအနေပေါ့။ ၂၀၀၀ ခုနှစ် မရောက်ခင်တုန်းကဆိုရင် နိုင်ငံတကာက ဗမာနိုင်ငံကို စိတ်ဝင်စားတဲ့ အနေအထားမျိုး မရှိဘူး။ ၂၀၀၀ ခုနှစ်ကျော်တဲ့အချိန်ကြမှ နိုင်ငံတကာက ဆွေးနွေးလာတဲ့အခါမှာ နိုင်ငံတကာရဲ့  ဖိအားတွေ၊ ပေးလာတဲ့အနေအထားမျိုးတွေ ရှိလာပါလိမ့်မယ်။ ဒါကိုလည်း ထည့်တွက်ပေးဖို့ လိုပါတယ်။ ကျနော်အနေနဲ့ အပစ်အခတ် အရင်ရပ်စဲဖို့ကို တောင်းဆိုပါ။ ပြီးရင်တော့ နိုင်ငံရေး ဆွေးနွေးပွဲကိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အားလုံး တတိုင်းပြည်လုံး တပြည်ထောင်စုအားလုံး စစ်တပ်ထဲကလူတွေ လုပ်ချင်တဲ့လူတွေ ပေါင်းပြီးတော့ လုပ်ပြလိုက်စမ်းပါ။

ဗိုလ်မှူးစောလှငွေ ။ ။ ကျနော်တို့ ပြောချင်တာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဗမာအမျိုးသား ထိပ်တန်းခေါင်းဆောင်ကြီးတွေ၊ စစ်တပ်က ခေါင်းဆောင်ကြီးတွေက တကယ်ကို သူတို့တောက်လျှောက်မှာ ဖြေရှင်းနိုင်တဲ့ဟာကို စစ်မှန်တဲ့ သဘောထားကြီးကြီးနဲ့ ပွင့်ပွင့်လင်းလင်း၊ ရက်ရက်ရောရော နဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ ဒီကိစ္စက ပေါင်းပြီးဆွေးနွေးနွေး၊ တဖွဲ့ချင်းဆွေးနွေးနွေး ဒီကိစ္စက ပြဿနာမဟုတ်ဘူး။ ကေအန်ယူအပေါ်မှာလည်း မူတည်တာ မဟုတ်ပါဘူး။ အဓိက က စိတ်ရင်းစေတနာပါ။ တဖက်ကနေ ပိုပြီး အားကြီးတဲ့လူမျိုး၊ ပိုပြီးအားကြီးတဲ့အဖွဲ့၊ ပိုပြီးရှေ့ ရောက်တဲ့အဖွဲ့ကနေ နောက်ကျတဲ့လူကို handicap မပေးဘဲနဲ့ အမြဲတမ်း ကျနော်တို့က စစ်တပ်တွေက ဘယ်လောက်အထိ အကုန်အကျခံ၊ အဆုံးအရှုံးခံ တိုက်ရလို့ ငါတို့က အဲဒီက လျှော့မပေးနိုင်ဘူးဆိုရင် အဲဒီက စစ်တပ်က ဆုံးရှုံးတာကလည်း ကျနော်တို့ ဆုံးရှုံးတာပါပဲ။ ကျနော်တို့ ဆုံးရှုံးတာကလည်း သူတို့ ဆုံးရှုံးတာပါပဲလို့ ခံယူနိုင်မယ်ဆိုလို့ရှိရင် မဆုတ်ပေးနိုင်စရာ ယုံကြည်မှု တည်ဆောက်မှု မဆောင်ရွက်နိုင်စရာ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နှစ်ယောက်စလုံးရဲ့  စေတနာကိုလည်း ကျနော်နားလည်းပါတယ်။ နောက်ဆုံး တခွန်းဆီ မေးချင်တာက အခု ကွဲလွဲချက်တွေကို ကျနော်တို့ တွေ့ရတယ်။ ဘယ်လို ဖြစ်နိုင်တယ်ဆိုတာ လူထု နားထောင်တဲ့ ပရိတ်သတ်ကို အားတက်စရာသတင်းတခု ဘာများပေးနိုင်မလဲ။ ဒီလို အလားအလာကောင်းဟာ ဘယ်အချိန်မှာ ဖြစ်လာနိုင်မလဲ …

ဗိုလ်မှူးစောလှငွေ ။ ။ အခုလက်ရှိ အခြေအနေကတော့ ဦးအောင်လင်းထွဋ် တို့ ပြောသလိုပေါ့ ကျနော်တို့ လူထုကို ကြည့်တဲ့အခါမှာ အရာရာအားလုံးကို တဦးတယောက်၊ တဖွဲ့တစည်းကိစ္စ မဟုတ်ဘဲနဲ့ ပြည်တွင်းစစ်ကိုပဲ ဖြစ်စေ၊ အမျိုးသားကိစ္စကိုပဲဖြစ်စေ၊ ဒီမိုကရေစီ လှုပ်ရှားမှုကိုပဲဖြစ်စေ အားလုံး ကိုယ့်ကိစ္စလို့ စဉ်းစားတဲ့အတွက်ကြောင့် ဒီကိစ္စတွေအပေါ် ပြည်သူလူထုတရပ်လုံးကလည်း စိတ်ဝင်စားလာပြီးတော့ သူတို့ရဲ့  ဆန္ဒအမြင်တွေနဲ့ တောင်းဆိုချက်တွေ ပူးပေါင်းမယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်မှာ ပျော့ပျောင်းတဲ့ပုဂ္ဂိုလ်တွေ ပြည်တွင်းစစ်ကို ရပ်စဲပြီးတော့ အစစ်အမှန်ကို ရှာလိုတဲ့ အတွင်းဝိုင်းကလူတွေနဲ့ စစ်တပ်ထဲက ပုဂ္ဂိုလ်တွေ သဘောထားကြီးမှု ပိုမြင့်တင်လာမယ်လို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအောင်လင်းထွဋ် အနေနဲ့ ဘာများ အားတက်စရာ ဖြစ်လာနိုင်သလဲ။ အနာဂတ်ကို အားတက်စရာ ရှုထောင့်ကကြည့်ပြီး ပြောပေးပါ။

ဦးအောင်လင်းထွဋ် ။ ။ ပထမဦးဆုံး ကျနော်ပြောချင်တာက သမ္မတကြီးဦးသိန်းစိန် အနေနဲ့ အရင်ကထက် ပျော့ခဲ့ပြီးပါပြီ။ ထပ်မံပြီးတော့ သူ့ရဲ့  ရိုသားမှု။ သူ့ရဲ့  ကတိတည်မှု။ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာ အပြန်အလှန် လေးစားမှုအနေနဲ့ တခုခုကို ပြသင့်တယ်လို့ ကျနော်မြင်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးမှ ဒီလို ပြလာရင်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တဖွဲ့ချင်း အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေးကိုတော့ အဖွဲ့အစည်း အားလုံးစုပေါင်းပြီး တောင်းဆိုကြပါ။

http://www.voanews.com/burmese/news/news-analysis/news_analysis_11-02-2011-133128313.html

ဒေါ်အောင်ဆန်းစုကြည်မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် အားတွေ့ ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေ ၄နာရီက မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် အား ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် သွားရောက် တွေ့ ဆုံ နှုတ်ဆက်ခဲ့ပြီး ၄၅ မိနစ်ခန့် တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။

By: Burma VJ Media Network







ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဗီဂျေးနမ်ဘီယားနှင့် အဖွဲ့  အား တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် တနာရီခန့် လက်ခံတွေ့ ဆုံ




Burma VJ Media Network

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေ ၅နာရီခွဲ က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယားနှင့် အဖွဲ့  အား တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် တနာရီခန့် လက်ခံတွေ့ ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။ ဆွေးနွေးမှု အပြီးမှာ မီဒီယာ များရဲ့ မေးခွန်းများကို ဖြေကြားခဲ့ပါတယ်။ (ဖြေကြားချက်များကို ထပ်မံ ဖော်ပြပါမယ်)။
— with Aung San Suu Kyi.


ဒိုင်ဗင်ကျွန်းမှ Fight Stars ဂီတပွဲတော်(၁)




by ဖိုး သိကြား (face book) on Thursday, November 3, 2011 at 10:36am


နေရာကား.. အနုအပညာ ဂီတသမားများ၏ ပွဲများကျင်းပရာ ဘူမိနက်သန် အောင်မြေ မျှော်စင်ကျွန်း(မဟုတ်ပါ)။
ထိုကျွန်းနှင့် ဆန့်ကျင်ဖက်အရပ်ဆီမှ ဒိုင်ဗင်ကျွန်းဖြစ်သည်..။ အဘယ့်ကြောင့် ဒိုင်ဗင်ကျွန်းဟု အမည်တွင်ရသနည်း
ရှင်းရပါအံ့.. မျှော်စင်ကျွန်းဆိုသည်မှာ အထက်ဘုံ(နတ်ဘုံ။ဗြဟ္မာ့ဘုံ)ကို မျှော်မှန်းသည်ဟူသော အဓိပ္ပါယ်ဖြင့်ပေး
ထားသော အမည်ဖြစ်သည်။ထို့အတူ ထိုအမည်နှင့် ဆန့်ကျင်ဖက် ဒိုင်ဗင်ကျွန်းဆိုသည်မှာ အောက်ဘုံ(အ၀ီစိ)သို့
ဒိုင်ဗင်ပစ်ဆင်းရန် ဟူသော အဓိပ္ပါယ်ဖြစ်၏။

ထိုထို အဓိပ္ပါယ်များ ထုံမွမ်းနေသော ဒိုင်ဗင်ကျွန်းတွင် ယနေ့ည၌ ဂီတဖျော်ဖြေပွဲကြီးတခု တင်ဆက်ကပြမည်
ဖြစ်သည်။သို့သော်ထိုပွဲသို့ လူတိုင်း ကြည့်ခွင့်မရ..။ VIP(Very Immoral Person) များသာကြည့်ရှုခွင့်ရကြသည်။
အများအားဖြင့် မတရားသဖြင့် စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာသူများ ဖြစ်သည့် ဘောင်းဘီဝတ်၊ချိတ်ထမီဝတ်
လူတန်းစားများနှင့် ၎င်းတို့၏ အနွယ်တော်များ ဖြစ်ကြ၏။

လွန်ခဲ့သော ၁လခန့်မှစ၍ လက်မှတ်များ ရောင်းချပေးရာ ခုဆိုလက်မှတ်များမှာ ကုန်သလောက်ရှိသွားလေပြီ။
ပိုစတာများကိုလည်း အနယ်နယ်အရပ်ရပ်မှာ ကြော်ငြာအားကောင်းကောင်းဖြင့် ကြော်ငြာခဲ့ကြသဖြင့် လူတိုင်း
ကစိတ်ဝင်တစားရှိနေကြသည်။ VIP မဟုတ်သည့်အတွက် မကြည့်နိုင်ကြသော်လည်း MRTV4 မှ တိုက်ရိုက်တင်
ဆက်မည်ဖြစ်သဖြင့် တော်ပေသေး၏။

တင်ဆက်အသုံးတော်ခံကြမည့် သူများမှာ Five Star အဖွဲ့ပြီးနောက် နာမည်ကျော်ကြားလာခဲ့ကြသော Fight
Star အဖွဲ့ဖြစ်သည်။ ပြည်သူများ မီဒီယာများအပေါ် ပြန်ဖိုက်တဲ့နေရာမှာ Star များဖြစ်သဖြင့် ထိုသို့ နာမည်
တွင်ကြခြင်းဖြစ်၏။ Fight Star ဟုအမည်မတွင်ခင် ယခင်ကတော့ ဖွတ်ရွှေမဟာသဘင်မှာ ပညာများဆည်း
ပူးခဲ့ကြလေ၏။ ဖွတ်ရွှေမဟာသဘင်ရဲ့ ဇာတ်ခေါင်းဖြစ်သည့် ရွှေဝဒတ် (ဒေ၀ဒတ်၏သားတပည့်) ထံမှ ပညာ
စုံရရှိခဲ့သဖြင့် ၎င်းတို့၏ အရည်အချင်းမှာလည်း ဆိုဖွယ်ရာမရှိပေ.။ ထိုဖွတ်ရွှေမဟာသဘင်ကြီး ဇာတ်ခေါင်း
ကွဲပြီးနောက် ယခုကဲ့သို့ Fight Star အမည်ဖြင့် ရပ်တည်ခဲ့ကြခြင်းဖြစ်၏။ သို့သော် ဇာတ်ဆရာကြီး ရွှေဝဒတ်မှ
ယခုတိုင် အကြံညဏ်ပေး ညွှန်ကြားနေဆဲဖြစ်သည်ဟု အများက ယုံကြည်ထားကြသည်။

ဂီတပွဲကြီး တင်ဆက်ကပြမည့် ဒိုင်ဗင်ကျွန်းတခွင်တွင် ညနေလောက်ထဲမှစ၍ နောက်ဆုံးပေါ်ကားကြီး ကား
ငယ်တို့ဖြင့်ပရိတ်သတ်များဝင်လာမစဲ တသဲသဲဖြစ်နေ၏..။ နောက်ဆုံးပေါ်ကားများကို လေ့လာကြည့်ရှုချင်
သူများ ယခုပွဲကိုသာလာ။ ကားရောင်စုံများကို တွေ့ရှိရမည်ဖြစ်သည်။ ဒီလောက်တော့ ရှိပေမပေါ့.. သူတို့လက်ထဲမှာ မြစ်တွေချောင်းတွေ ရေနံ ကျွန်းသစ် ကျောက်မျက်ရတနာ တွေက ရောင်းချင်တိုင်းရောင်း
လို့ရနေတာကိုး..

ထိုပွဲသို့ ဇာတ်ဆရာကြီး ရွှေဝဒတ်တို့ မိသားစုလည်း လာကြသည်။ ဦးရွှေဝဒတ်ရဲ့ သမီးကြီး၂ယောက်လည်း
ပါသည်။ သူတို့မှာ အလကားရ၍သာ လာကြည့်ကြခြင်းဖြစ်ကြ၏။ သူ့တို့သည် "ယူ"ဆိုသောစကားကိုသာ ကြား
လိုပြီး"ပေး"ဆိုသော ဝေါဟာရကိုမူ သူတို့၏ အဘိဓါန်မှ ထုတ်ထားပြီးဖြစ်ကြသည်။ ထိုသူများမှာ ရေနစ်နေလျှင်
ပင် ကယ်မယ့်သူက သင့်လက်ကိုပေးဆိုလျှင် ဘယ်တော့မှပေးမည်မဟုတ် အသက်ကို အသေခံသွားကြမည့်
သူများ ဖြစ်သည်။ ငါ့လက်ကိုယူပါဆိုပြီး ကယ်တင်မှသာ လက်ကိုဆွဲ၍ လွတ်ရာပြေးမည့် သူများပင်။ မကြာ
သေးမီက လှိုင်သာယာ စက်မှုဇုန်မှ မြေကွက်များကို တောင်းယူနေသည့် သတင်း ကြားလိုက်ရသေး၏။ ဘ၀တလျှေက်လုံး တောင်းစားခဲ့ကြသည့် အကျင့်များက ပြင်နိုင်ဖွယ်မရှိ။

ထို့ကြောင့်လည်း VIP(Very Immoral Person) ထဲမှာ Top One မိသားစု ဖြစ်နေကြခြင်းဖြစ်ပေ၏။ ပြည်သူ့
ချဉ်ဖတ် ဖိုးလောက်လန်း တယောက်ကလည်း ရူးထရိတ်ဒင်း သဌေးကြီးမှဝယ်ပေးထားသည့် ဟက်စကီးနဲ့
မျက်စိနောက်အောင်ပင်.။ ထို့ပြင် အထူးဖိတ်ကြားထားသည့် တရုတ်များ ကုလားများကလည်း နေရာအနှံ့
ခြေရှုပ်နေကြ၏။

ပွဲမှာမစသေး၍ VIP လူကြီးများမှာ ချိတ်ထမီအဆင်ရောင်စုံများ တရွမ်းရွမ်းနဲ့ လမ်းသလားနေကြသည်။
တယောက်နဲ့တယောက် သားပေး သမီးယူကိစ္စများ သူတို့ရဲ့ စမောလေးတွေအကြောင်း နိုင်ငံကို ခွဲဝေယူကြဖို့
စသဖြင့် ၎င်းတို့၏ Immoral Role ကို မြင့်အောင် ကြိုးစားနေကြလေ၏။

MRTV4 မှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသရန်အတွက် ပြင်ဆင်နေကြလေ၏။ ဤသို့ဖြင့် ပွဲစဖို့အချိန် နီးကပ်
လာပြီဖြစ်သဖြင့် VIP များအားလုံး နေရာယူလိုက်ကြပြီ..။ တီဗွီမှ တိုက်ရိုက်ကြည့်ကြမည့် သူများမှာလည်း
မိမိတို့တီဗွီရှေ့၌ အသီးသီး ရောက်ရှိ နေကြလေပြီ..။ ဂီတပွဲကြီးကား စတင်ပြီဖြစ်သည်..။

ကတီပါကားလိပ်ကြီးကား ပွင့်လာပါပြီ။ ရှေးဦးစွာ နိုင်ငံတော်သီချင်းအား Version ပြောင်းထားသောသီချင်းဖြင့်
စတင်ဖွင့်လှစ်သည်။ အောက်မှ VIP များကလည်း လှိုက်လှိုက်လှဲလှဲ စိတ်ပါလက်ပါ လိုက်ဆိုကြသည်.။

♪ ♥ ♫ ♥ ♪တရားမျှတ လွတ်လပ်ခြင်းမသိပေ.. တို့တွေ.. အများလူခပ်သိမ်း စိတ်ညစ်စေဖို့ အခွင့်တူမညီမျှ
ဝါဒ မဖြူစင်ဖို့လေ..တို့တတွေ.. ပြည်ထောင်စုအမွေ အဓိဌာန်ပြုမလေ ရောင်းချစို့လေ...♪ ♥ ♫ ♥ ♪

♪ ♥ ♫ ♥ ♪ကမ္ဘာမကြေ..မြန်မာပြေ တို့စီးပွားအမွေနှစ်မို့ ချစ်မြတ်နိုးပေ.
ကမ္ဘာမကြေ..မြန်မာပြေ တို့စီးပွားအမွေနှစ်မို့ ချစ်မြတ်နိုးပေ
ပြည်ထောင်စုကို အမွေခွဲလို့ တို့ပိုင်ဆိုင်စေ...♪ ♥ ♫ ♥ ♪

♪ ♥ ♫ ♥ ♪ဒါတို့ပြေ.ဒါတိုမြေ.. တရုတ်ပိုင်ဖို့လေ..တို့တတွေ..တို့တတွေ
အကျိုးကို ညီညာစွာတို့တွေ ထမ်းဆောင်ပါစို့လေ.. တို့တာဝန်ပေ
အဖိုးတန်မြေ..။♪ ♥ ♫ ♥ ♪

ထို့နောက် စတိတ်ရှိုးများနှင့်ဖျော်ဖြေကြသည်။ စတိတ်ရှိုးမှာတော့ Star ထဲမှာ Star အဖြစ်ဆုံးက ဇော်မင်း
ဖွတ်(လျှပ်စစ်) Rockerကြီးဇော်ဝင်းထွဋ္ဋ်ကိုကြိုက်၍ ဇော်မင်းဖွတ်ဟု နာမည်ခံထားပြီး Rap အဖွဲ့ အက်စစ်ကို
သဘောကျလို့ လျှပ်စစ်လို့ ရောသမမွှေထားခြင်းဖြစ်သည်။ အနှီ အဆိုချော်ကြီးမှာ VIP အဖွဲ့ထဲသို့ နောက်မှ
ရောက်သော်လည်း ၎င်း၏ ကြိုးစားမှုကြောင့်ပြည်သူ့ချဉ်ဖတ် အောင်လက်မှတ်ကို စောစီးစွာရရှိပြီး ယခု Fight
Star အဖွဲ့ဝင်တဦးအဖြစ် ရောက်ရှိလာခြင်းပင်..။ ဟိုတလောကပင် "ဧရာဝတီမှသည်ဒေါ်လာတွေဆီသို့" ဆိုသည့်
စာတမ်းဖြင့် (VIP)Advance Diploma အတွက် စာတမ်းတစောင်ဖြင့် သူရဲ့ immoral level ကိုမြှင့်တင်ခဲ့သေးသည်..။

"အားလုံးမင်္ဂလာဒုံဘားးး... ကျေးဇူးပြုပြီး မတ်တပ်မရပ်ပါနဲ့.. ဖွတ်စတိုင် ၀ပ်ပေးပါ.. ဒီကနေ့ ဒီပွဲကို လာကြည့်တဲ့
တ၀က်လောက်က ကျနော့်ကို အစဉ်အဆက် အားပေးခဲ့တဲ့ တရုတ်ပေါက်ဖော်တွေနဲ့ ကျန်တ၀က်လောက်က ကျနော်
တို့ ဖွတ်မျိုးတွေပါ..။ ကျနော် ဖွတ်မျိုးတွေကို ဆိုပြချင်တဲ့ သီချင်းကတော့'ပြောင်းပြန်စီးသောမြစ်" ဖြစ်ပါတယ်..။"
စပါပြီ..ကိုဇော်မင်းဖွတ် တယောက် စတိုင်အပြည့်ဖြင့်...

(၀န်ကြီး၅ ဦးပြုတ်သည့်သတင်းအား ကြားရသောအခါ ပီတိဖြစ်ပြီး ၎င်းတို့ အကြောင်းဇာတ်လမ်းတပုဒ် ဖန်တီးလို
သော်လည်း ထိုသတင်းမှာ Confirm မဖြစ်သေးသဖြင့် ဇာတ်လမ်းလွှဲ၍ ရေးသားလိုက်ရပါကြောင်း...)

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအား ချွင်းချက်မရှိ လွှတ်ပေးပါ..။
တိုင်းရင်းသား သွေးချင်းများအပေါ် ဆင်နွှဲနေသော စစ်ပွဲများ အမြန်ဆုံး ရပ်တန့်ပေးပါ..။

အားလုံးကို ချစ်ခင်လေးစားသော..ဖိုးသိကြား(03/11/2011)