Friday, November 18, 2011

၁၈ ရက်နေ့အစည်းအဝေးဒေါ်အောင်ဆန်းစုကြည်အဖွင့်မိန့်ခွန်း

On blog


On youtube

၁၈ ရက်နေ့အစည်းအဝေးဒေါ်အောင်ဆန်းစုကြည်နိဂုံးချုပ်မိန့်ခွန်း


On youtube(part1+2)

On blog 1

On blog 2


NLD Statement (18.11.2011)




သူ့မှာတမ်း

ကိုလှိုင်ဘွားဖေ့စ်ဘွတ်မှ..



NLD to contest in the election



အားလုံးကို နှုတ်ဆက်ပါတယ်



by Burma Thwe on Friday, November 18, 2011 at 5:39amတ်ဆွေတို့ရေ........

၂၀၀ ခုနှစ်  ရွှေဝါရောင် တော်လှန်ရေး နှင့် ၂၀၀၈ ခုနှစ် မှာ အတည်ပြုထား တရားမျှတမှု လုံးဝ မရှိတဲ့ ဥပဒေကို အခြေခံထားပြီး ကျင်းပတဲ့ ၂၀၁၀ ခုနှစ်  ရွေးကောက်ပွဲကို  ပြည်သူလူထု အသိအမှတ်ပြုလိုက်ရင် တသက်လုံး စစ်ကျွန်ဘ၀ ရောက်မှာစိုးလို့  ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ရာက စလို့ ကျနော် ဒီလောကထဲကို ၀င်ရောက်ခဲ့တာပါ ။

NLD မပါလျှင် နေရာရနိုင်ဖို့ လွယ်တယ်ဆိုတဲ့ ဆန္ဒများနဲ့ လူအများအပြားဟာ  ပါတီတွေ အပြေးအလွှားထောင်ကာ စစ်အာဏာရှင်များရဲ့ ရွေးကောက်ပွဲကို အထမြောက်အောင် ၀ိုင်းဝန်းကူညီပေးခဲ့ကြပါတယ် ။


အခုချိန်ခါမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ပြီး လွှတ်တော်ထဲကို ရောက်အောင်သွားကာ
တိုင်းပြည်အပြောင်းအလဲဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အားလုံးကြားသိခဲ့ကြပြီးဖြစ်ပါတယ် ။

NLD ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်တယ်ဆိုတဲ့  ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံမှာ
ဘုံရန်သူမရှိတော့ပါဘူး ။

အမျိုးသားနိုင်ငံရေး အခန်းဂဏ္ဍ နည်းပါးသွားပြီး ပါတီ နိုင်ငံရေးများကိုသာ ဆက်လက်တွေ့မြင်ရမှာဖြစ်တဲ့ အတွက်ကြောင့်
ပါတီနိုင်ငံရေးကို စိတ်မ၀င်စားတဲ့ ကျနော်အနေဖြင့်  နိုင်ငံရေး သတင်းများ ဖြန့်ဝေခြင်း ၊ နိုင်ငံရေး ဆောင်းပါးများ ရေးသားခြင်းတို့ကို
ဒီနေ့က စပြီး ရပ်တန့်လိုက်ပါတော့မယ် ခင်ဗျာ ။


အမေစု ဆိုတာ တကမ္ဘာလုံးက လေးစားတဲ့ အသိပညာရှင် တဦးပါ ။
ယုံကြည်ချက် အတွက် တိုင်းပြည် အတွက် အဘက်ဘက်က ပေးဆပ်ခဲ့တဲ့  တိုင်းပြည်ကို အင်မတန်ချစ်တဲ့ ဒီမိုကရေစီ သူရဲကောင်းပါ ။
ပြည်သူလူထုကို ရင်ဝယ်သားလို သဘောထားပြီး တိုင်းသူပြည်သားတွေ ကောင်းစားစေချင်တဲ့ ဆန္ဒနဲ့ နှစ်ပေါင်းများစွာ
ဒုက္ခဆင်းရဲခံကာ ကြိုးစားခဲ့သူ တဦးပါ ။


အမေစုလို ပညာရှင်ကိုယ်တိုင်က လက်ရှိ အစိုးရ အသစ်ရဲ့  ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံလိုက်ပြီ ဆိုတော့
ကျနော်တို့ အနေဖြင့် ဘာမှ ပြောကြားစရာ မလိုတော့ပါဘူး ခင်ဗျာ ။

ကျနော် အမေစုကို အင်မတန်လေးစားကာ ယုံကြည်ခဲ့တဲ့ လူတစ်ဦးဖြစ်လို့ NLD ပါတီ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရင်လည်း
NLD ကိုသာ မဲပေးမှာ ဖြစ်ပါတယ် ။


မြန်မာ့နိုင်ငံရေးကို ဦးဆောင်လုပ်ရှားနေသူများ အားလုံးကို လေးစားစွာ မေတ္တာရပ်ခံလိုတာက  ပထမဦးဆုံး အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်အောင် ၀ိုင်းဝန်း ကြိုးစားစေလိုပါတယ် ။

တိုင်းရင်းသား လူမျိုးစုများနဲ့ ဖွဲ့စည်းထားလို့ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်ဆိုခဲ့ကြတာလေးကို သတိရပြီး ညီအစ်ကို မောင်နှမ အချင်းချင်း စစ်ခင်းနေကြတာတွေကို ရပ်တန့်သွားအောင် ကြိုးစားပေးကြပါ ။

ကမ္ဘာပေါ်မှာ မြန်မာလူမျိုးတွေ အနှိမ်ခံဘ၀နဲ့ ဘ၀ရပ်တည်ရေး အတွက်  ရင်ထဲက နာကြည်းဒေါသကို သိမ်းထားပြီး ရှင်သန်ကြီးပြင်းခဲ့ကြရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ ။ အုပ်ချုပ်သူ အစိုးရ မကောင်းလို့ နွမ်းပါး နိမ့်ကျခဲ့ရတဲ့ ပြည်သူလူထ ဘ၀ အဆင့်အတန်းများ ကို  ပြန်လည် မြှင့်တင်ပေးနိုင်အောင် ၀ိုင်းဝန်းကြိုးစားပေးကြပါ ။


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက  သူတို့ လျှော့ပေးနိုင်သမျှ ထဲက  နောက်ဆုံးကြိုးတချောင်းကို   လျှော့ပေးလိုက်တာကို  စစ်အာဏာရှင်များဘက်က အခွင့်သာပြီလို့ ယူဆကာ ဆက်လက် ပြီး မမိုက်မဲကြပါနဲ့ ........။


တနေ့ထက် တနေ့ ပိုမို ငတ်မွတ်ခေါင်းပါး တဲ့ ပြည်သူလူထု ဘ၀ ၊ ပညာရေး မဏ္ဍိုင် ယိမ်းယိုင်မှုကြောင့် ပျက်စီးနဲတဲ့  လူတွေရဲ့ စာရိတ္တ လဘ်စားမှုကို ယဉ်ကျေးမှု သဖွယ် အသုံးချနေမှုကြောင့် အကျင့်စာရိတ္တပျက်ပြားနေတဲ့ ၀န်းထမ်းလောက ၊ ရာထူးကို အသုံးချကာ တိုင်းပြည် ဘဏ္ဍာကို ကိုယ်ကျိုး အတ္တ အတွက် အသုံးချနေသူများ ကို ထိရောက်သော ဥပဒေများနှင့် အညီ အပြစ်ပေးခြင်း ၊   အစရှိသည်ဖြင့်  ပြုပြင်စရာတွေ အများကြီးပါ ခင်ဗျာ ။


လူတယောက်ဟာ အတ္တနဲ့ မာနကို ခ၀ါချလိုက်တာ အရှုံပေးလိုက်တာတော့ မဟုတ်ပါဘူး ။ ဒေါသနဲ့ မာန်ထောင်ပြမှ တော်လှန်တာ မဟုတ်ပါဘူး ။  အကြောင်းနဲ့ အကျိုး ဆက်စပ်နေတဲ့ လူလောကကြီးမှာ  တိုင်းပြည်ကို ကောင်းစားစေချင်တဲ့ အကြောင်းတရားများနဲ့ စေတနာမှန်နဲ့ လုပ်ဆောင်ကြမယ်ဆိုရင် ခေတ်မှီဖွံ့ဖြိုး တိုးတက်သော တိုင်းပြည်ကြီး ဆိုသော အကျိုးတရားကို ရရှိလာမှာ အမှန်ပါဘဲ ခင်ဗျာ ။


ကျနော် ကကြီးခခွေး နိုင်ငံရေး သမားလေး အနေဖြင့် တခါတရံ ဆွေးနွေး ငြင်းခုန်ခဲ့စဉ် အချိန်ကာလက  စကားပြောတဲ့ နေရာမှာ ကြမ်းတမ်း မှုကြောင့် ထိခိုက်နာကျင်ခံစားခဲ့ရသူတွေလည်း ရှိကြမှာပါ ။ ကျနော် အနိုင်ရလိုတဲ့ ဆန္ဒနဲ့ ပြောကြားခဲ့တာ မဟုတ်ပါဘူး ။ အမှားတခုကို အမှန်ထင်သွားမှာ စိုးရိမ်တဲ့  ဆန္ဒကြောင့်  အပြင်းအထန် ငြင်းခုန်ခဲ့ခြင်းသာ ဖြစ်ပါတယ် ခင်ဗျာ ။


ဥပမာ အားဖြင့် ရဟန်းသံဃာများ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ပြစ်တင်ဝေဖန် ခဲ့ကြသူများကို
အနည်းငယ် ပြေားကြားလိုပါတယ် ခင်ဗျာ ။

ကျနော် အမြင်ကတော့ ဆရာတော် သံဃာတော်တွေ တောင်းဆိုတဲ့ အချက်တွေမှာ သဘောမတူစရာ အချက်တခုမှ မပါဘူးလို့ ထင်မြင်ယူဆမိပါတယ် ။  ဘာဖြစ်လို့လည်း ဆိုတော့ ဒီအချက်တွေကြောင့် ကျနော်တို့ တိုင်းပြည် ပျက်လုနီးပါး ဖြစ်ပျက်  ပြည်သူလူထု ဘ၀ ဒုက္ခမျိုးစုံကို တွေ့ကြုံခံစားခဲ့ရတာပါ ။

ကိုယ်ကျင့်တရားကို ထိန်းသိမ်း တည့်မတ်ပေးသော ဘာသာရေးနှင့် စဉ်းစားတွေးခေါ်မှုကို အားကောင်းစေသော ဘာသာရေးနှင့်  ပညာရေးမှာ အားနည်းမှုကြောင့်မြန်မာနိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကြီး ယိမ်းယိုင်ခဲ့ရတာပါ ။ ဒီလိုဖြစ်အောင် တမင်ကြံစည် ပုံသွင်းခဲ့ကြသူများက စစ်အာဏာရှင်များပါဘဲ ။

နိုင်ငံရေး အကျဉ်းသားများကို မလွှတ်ပေးဘဲ အကြောင်းအမျိုးမျိုးပြကာ ဆက်လက် ချုပ်နှောင်ထားတာက အာဏာရှင် စနစ်နဲ့ ဆိုးမွေကို ဆက်လက် ထိန်းသိမ်းထားပြီး ပြည်သူလူထု ဆန္ဒကို လှစ်လျူရှုထားတာနဲ့ တူနေပါတယ် ။

သံဃာတော်များက တောင်းဆိုတာက အုပ်ချုပ်မှု အာဏာပြောင်းလဲရေး မဟုတ်ပါဘူး ။ တရားမျှတသော တာင်းဆိုချက်များကို ပြည်သူလူထု ကိုယ်စား အစိုးရထံမှ တောင်းဆိုတာကို အားပေးသင့်ပါလျှက် ကန့်ကွက်နေကြတာတော့ တလွဲဆံပင်ကောင်းနေကြသလို ဖြစ်နေပြီလို့ ထင်မိတယ် ။

ဒီလို အလုပ်လုပ်တာ သံဃာကျင့်ဝတ်နဲ့ မညီညွတ်ဘူးဆိုတာက တော့ အာဏာရှင် စနစ်ရဲ့ ၀ါဒဖြန့်မှုနဲ့ ကြီးပြင်းလာတဲ့  အကျိုးဆက်ကြောင့်ဘဲ ဖြစ်မယ်လို့ ထင်မြင် ယူဆမိပါတယ် ။

၁၉၁၁ ခုမှ ၁၉၂၀ ၀န်းကျင်အတွင်း ဆရာတော်သည် သူရိယသတင်းစာကြီးမှတဆင့်  ယခုခေတ်စားနေသော “လူ့အခွင့်အရေး” နှင့် လွတ်လပ်ရေး အကြောင်းကို   နိုင်ငံရေး ဆောင်းပါးများ ဖြင့် ရှင်းလင်းပြတ်သားစွာ ရေးသား၍  ကျွန်သဘောက်ဘ၀တွင် အိပ်မောကျနေသော မြန်မာလူထု၏ အမျိုးသားရေး စိတ်ဓာတ်များကို နှိုးထခဲ့စေသူမှာ ဆရာတော် ဦးဥတ္တမ ပင်ဖြစ်သည် ။

ထို့အပြင် နိုင်ငံသူနိုင်ငံသားများ ဦးထိပ်တင်သော ရဟန်း သံဃာတော်များကိုလည်း သင်္ကန်းခေါင်းမြီးခြုံကာ အိပ်မနေဘဲ တိုင်းသူပြည်သားများအတွက် လောကတ္ထစရိယ၊ ဉာတတ္ထစရိယ တည်းဟူသော ကိုယ့်လူမျိုးအတွက် ကိုယ့်လောကအတွက် အလုပ်လုပ်ကြရန် ရေးသားခဲ့တဲ့  မြန်မာနိုင်ငံ လွတ်လပ်ရေးရဲ့ မီးရှူးတန်ဆောင်ဟာ  ဆရာတော် ဦး ဥတ္တမပါဘဲ ခင်ဗျာ ။

ဆရာတော်သည် ယင်းသို့ ရေးသားမှုကြောင့် ထိုခေတ်က သံဃာတော်များ၏ ၀ိုင်းပယ်ခြင်းကို ခံခဲ့ရသကဲ့သို့ ဘာသာရေးအမြင်သာရှိပြီး နိုင်ငံရေးအမြင် အားနည်းသော သို့မဟုတ် အကြောက်လွန်သော သူများ၏ ဖယ်ကျဉ်ခြင်းကို ခံခဲ့ရလေသည်။ သို့သော် ဆရာတော်ကား အလျဉ်းမမှုဘဲ မိမိရည်မှန်းချက်အတိုင်း ဆယ်စုနှစ်တခုခန့် အမျိုးသားရေး စိတ်ဓာတ်၊ လွတ်လပ်ရေး စိတ်ဓာတ်များကို ပျိုးထောင်ပေးခဲ့ရာ ၁၉၂၀ ပြည့်နှစ်ရောက်သောအခါ မြန်မာပြည်သူများ၏ နှလုံးသားတွင် ရှေးဦးစွာ ဖူးပွင့်လာခဲ့ရပါ ခင်ဗျာ ။


ဒါ့အပြင် ဆရာတော်ဟာ   အစိုးရအရာရှိ ဆိုသောစကားမှာ အင်္ဂလိပ်ဘာသာတွင် ‘ပြည်သူ့ဝန်ထမ်း’ ဟူ၍ ဆိုသည့်အတိုင်း အရာရှိမဟုတ်၊ ပြည်သူ့အစေခံသာဖြစ်၍ သူတို့ကို ဘာမှ ကြောက်စရာမလိုဟု လှုံ့ဆော်ရေးသားထားခဲ့ပြန်သေးတယ်  ။

ကျန်ာတို့ မြန်မာလူမျိုးတွေ စာဖတ်အား အရမ်းနည်းပါးခဲ့ကြ သလို သမိုင်းအမှန်များကို ဖျောက်ပြစ်ခံခဲ့ရခြင်း အကျိုးဆက်ကြောင့် တိုင်းပြည်ဟာ တိုးတက်မှုတွေ နည်းပါးခဲ့ရတာပါ ။ လူငယ်တွေ အနေဖြင့်လည်း တိုင်းပြည်ကို တကယ်ချစ်တယ် ဆိုရင် ပညာရေး ကဏ္ဍမှာ အစွမ်းကုန် ကြိုးစားစေလိုပါတယ် ။ ကျောင်းသားသမဂ္ဂ ဖျက်စီး ခံလိုက်ရပြီး ကတည်းက  အာဏာရှင်တွေရဲ့ပေးတဲ့ ပညာရေးနဲ့ ကြီး ပြင်းလာခဲ့ရတဲ့ ကျနော်တို့ ဟာ နိုင်ငံတကာမှာ ၀င်တိုးနိုင်ဖို့ သိပ်ကို ခက်ခဲခဲ့ပါတယ် ။
ဒါကြောင့် ကျောင်းသားများရဲ့ အခက်အခဲများကို  အုပ်ချုပ်သူ အစိုးရထံ တိုက်ရိုက် တင်ပြတောင်းဆိုနိုင်တဲ့ ကျောင်းသားသမဂ္ဂ ပြန်လည် ဖွဲ့စည်းနိုင်ရေး အတွက် ပညာရှင်များအနေဖြင့် ဦးဆောင်ကာ ကြိုးစားပေးစေလိုပါတယ် ခင်ဗျာ ။

ကျနော် ဖေ့ဘွတ်မီဒီယာကို အသုံးချကာ သတင်း ။ ဆောင်းပါး ၊ ကဗျာများကို ဖြန့်ဝေးခဲ့ကြချိန်မှာ ကျနော်ကို အားပေးခဲ့ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကိုလည်း အထူးဘဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ။  ကျနော် ဖြစ်ချင်တဲ့ စားရေးဆရာ ဘ၀နဲ့  ပြည်သူလူထု ခံစားနေရတဲ့  ဒုက္ခများကို   ထင်ဟပ်စေတဲ့ စာတွေ ရေးသားနိုင်အောင်  အတတ်နိုင်ဆုံး  ကြိုးစားပါ့မယ် ။


အရေကိုလွှာ ၊ အသားကို လှီး ဂုတ်သွေးစုတ် အားမရတော့ တိုင်းပြည်ရဲ့ နှလုံးသားကို ဆွဲထုတ်တဲ့ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းလို ကိစ္စမျိုး ၊  ဘယ်သမိုင်းမှာမှ ရှာမတွေ့နိုင်တဲ့ လူမျိုးတစုကို   ရိုဟင်ဂျာ တိုင်းရင်းသား အမည်ခံကာ ပြည်နယ်တခုလုံး ထိုးအပ်ဖို့ ကြံစည်တဲ့ ကိစ္စမျိုးဖြစ်တဲ့ အမျိုးသား နိုင်ငံရေး ကိစ္စများနှင့် အလွန်ထူးခြားတဲ့ သတင်းများကိုတော့ကျနော် တတ်နိုင်တာထက် ကြိုးစားပြီး လုပ်ဆောင်သွားပါ့မယ်လို့ ဂတိပေးပါတယ် ခင်ဗျာ ။

 ကျနော်တို့ တိုင်းပြည်က ညီအစ်ကို မောင်နှမများ အားလုံး  ငြိမ်းချမ်းစွာနဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးမှာ လူ့အခွင့်အရေး အပြည့်အ၀ ရတဲ့ နိုင်ငံသားများ အဖြစ် မြင်တွေ့ခွင့်ရပါစေ လို့ ဆုမွန်ကောင်းတောင်းပေးရင်း .........ကျနော်ရဲ့ ကကြီးခခွေး နိုင်ငံရေး သမားလေး ဘ၀ကို အဆုံးသတ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားပါတယ် ခင်ဗျာ ။


အားလုံးကို ခင်မင်လေးစား ယုံကြည်လျှက်

ဗမာ့သွေး

ပါဝါကွင်းကြီးတိုက်တော့မယ်.



ကျွန်တော့်အမြင်ကတော့NLD ၀င်ခြင်းမ၀င်ခြင်းထက်နိုင်ငံရေးစီးကြောင်းဒီအတိုင်းသွားနေတယ်။ဒီရေစီးကြောင်းထဲမှာ
ကြံ့ဖွတ်တခုထဲမဟုတ်ဖူး၊ရပ်ပစ်လိုက်ဖို့မလွယ်ဖူး။...
၁၉၉၀၊၂၀၀၄၊၂၀၀၈၊၂၀၁၀၊ကိုယ်ပိုင်နိုင်ငံရေးစီးကြောင်းအောင်မြင်အောင်
မဖေါက်နိုင်ပေမဲ့ရင်ဆိုင်သင့်တာရင်ဆိုင်ခဲ့ကြတာပဲ၊ဘာလို့ရင်ဆိုင်လဲ..
သူတို့ဖက်ကတင်းမာလို့..အခုရောတင်းမာသေးလား။
မထင်ထားခဲ့တဲ့ရာခိုင်နုန်းတွေနဲ့ကိုလျော့ပေးခဲ့တာတွေရှိတယ်..
နောက်တခုကမျိုးဆက်အသစ်NLDလူငယ်လေးတွေအနာဂတ်..
ခေါင်းဆောင်ကရင်ဆိုင်ရင်သူတို့လဲရင်ဆိုင်မှာပဲ..လူငယ်တွေခါးသီး
အတွေ့အကြုံတွေမရစေချင်တော့ဖူး
တူညီဝတ်စုံနဲ့လက်ကမ်းစာစောင်လေးတွေသူတို့လဲဝေချင်မှာပေါ့..
နောက်တခုတပ်မတော်အပြောင်းအလဲ...
ရဲရင့်ငယ်နဲ့ကျောင်းနေဖက်သူငယ်ချင်းရခိုင်တယောက်ဒုဗိုလ်မှုးကြီးဖြစ်သွားပြီ။ဒီကောင်၈၈၈၈လုံးမှာပါဖူးတယ်။
လက်ရှိစစ်ဖက်မှာအများစုကအမေစုထက်ငယ်တယ်...လေးစားမှုတွေတွေ့ရတယ်ဥပမာဗိုလ်သိန်းဌေးတို့လိုပေါ့။
၁၉၉၀မှာတစညအမတ်တယောက်ကဒီကောင်မလေးဆိုပြီးသုံးတယ်..အသက်ကအရမ်းကွာတာကိုး။။
အမေစုလွတ်တော်ထဲရောက်ဖို့အကြိမ်ကြိမ်လွဲခဲ့တယ်..
အခုအမေစုလွှတ်တော်ထဲရောက်သွားရင်ဘယ်သူမှအိပ်မငိုက်လောက်တော့ဖူးလို့ထင်တယ်..
ုသူတို့ကိုအပြင်ကစကားပြောမလားအထဲသွားပြောမလား..
ဟာ..ရဲရင့်ငယ်..၂၀၀၈..၂၀၁၀..မင်းတို့ဘလော့ကာတွေပဲနာဂစ်ဖွဲ့စည်းပုံတို့..အတုအယောင်ရွေးကောက်ပွဲ
တို့ဆိုပြီးကုန်းအော်နေကြတာမဟုတ်လားအခုဘီလိုဖစ်ရပြန်တာလဲပြောမလို့လား....
အဲဒီတုန်းကကျွန်တော်တို့ပါဝါကွင်း(QUEEN)ကြီးကနောက်မှာပိတ်နေလို့အရှေ့ကပွန်းတွေငယ်သံပါသလိုဖြစ်နေတာ။
အခုအတော်အသင့်လမ်းပွင့်သွားပြီ..တိုက်တော့မယ်..ဘေးနဲ့အနောက်ကတော့လိုက်ရံကြတာပေါ့မဟုတ်လား။ ။
အမေစုမ၀င်လဲထောက်ခံရမှာပဲ..
သူတယောက်ပဲပါဝါတူယှဉ်နိုင်တာ..အခုဝင်တာကိုလည်းထောက်ခံပါတယ်..

( ရဲရင့်ငယ် ၁၈နိုဝင်ဘာ၂၀၁၁ )

ဒီဇင်ဘာလ ၁ ရက်မှာဟီလာရီ ကလင်တန်မြန်မာနိုင်ငံ သွားမည်


အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံ သွားမည်
2011-11-18
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း တိုးတက်မှု အရိပ်အယောင် တချို့ မြင်တွေ့လာရပေမဲ့ မြန်မာ အစိုးရ အနေနဲ့ အပြောင်းအလဲတွေကို အခုထက် ပိုပြီး ထင်သာမြင်သာအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက ဒီကနေ့ ပြောဆိုပါတယ်။

AFP
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်သည့် အာရှ ထိပ်သီး ဆွေးနွေးပွဲတွင် သမ္မတ အိုဘားမားက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က မိန့်ခွန်း ပြောဆိုနေစဉ်။


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်တဲ့ အာရှ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ သမ္မတ အိုဘားမားက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်း ပြောဆိုခဲ့တာပါ။ မနေ့က ဘာလီကျွန်းကို အလာ သူရဲ့အထူး လေယာဉ်ပေါ်ကနေ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် အဖြစ် တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အမေရိကန် ပြည်ထောင်စုရဲ့ ပါဝင် ဆောင်ရွက်မှုကို ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပြောကြားခဲ့တယ် လို့လည်း ဆိုပါတယ်။ မကြာခင်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။ "မစ္စစ် ကလင်တန်ရဲ့ ခရီးစဉ်ဟာ နှစ် ၅ဝ ကျော် အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တစ်ဦး ပထမဆုံး အကြိမ် မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါလိမ့်မယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ အသွင် ကူးပြောင်းရေး အတွက် ပါဝင် ဆောင်ရွက်နိုင်မယ့် အခြေအနေ ရှိမရှိ သွားရောက် လေ့လာမှာ ဖြစ်ပါတယ်" လို့ အမေရိကန် သမ္မတက ပြောသွားပါတယ်။ တကယ်လို့ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်း ကနေ သွေဖီလာရင်တော့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ဆက်ပြီး ရင်ဆိုင်ရလိမ့်မယ် လို့လည်း အမေရိကန် သမ္မတက မြန်မာ အစိုးရကို သတိပေး ပြောဆိုလိုက်ပါတယ်။ မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ထိန်းသိမ်းထားတဲ့ ကိစ္စ၊ တိုင်းရင်းသား လူမျိုးစုတွေ အပေါ် ပြုမူ ဆက်ဆံနေပုံ၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး စတာတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်မကင်း ဖြစ်နေတုန်းပဲ လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ လာမဲ့ ဒီဇင်ဘာလ ၁ ရက်မှာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ် အဖြစ် သွားရောက်မယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/clinton-to-burma-11182011095838.html




အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်
By , on November 18, 2011 6:34 pm
အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမားက  မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို တွန်းအားပေးရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်ရေး အခြေအနေများကို လေ့လာရန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်အား မြန်မာနိုင်ငံသို့ မကြာမီ စေလွှတ်မည်ဟု ယနေ့ ပြောကြားလိုက်သည်။
ဆယ်စုနှစ်များစွာအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတဦး၏ မြန်မာပြည်ခရီးစဉ်ဖြစ်လိမ့်မည်ဟု အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သော အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်စဉ် အိုဘားမားက ပြောလိုက်သည်။

ယနေ့ အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ရသော မစ္စဟီလာရီ ကလင်တန် နှင့် သူ၏ မြန်မာပြည်ခရီးစဉ်ကို ထုတ်ဖော်ကြေညာနေသော သမ္မတ အိုဘားမား (ဓာတ်ပုံ - AP)

ယမန်နေ့ ညနေပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောခဲ့သည်ဟု အိုဘားမားက ဆိုသည်။
“သူကလည်း အမေရိကန်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ရေး အစီအစဉ်ကို ထောက်ခံပါတယ်” ဟု အိုဘားမားက ပြောသည်။
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး ထပ်မံ လုပ်ဆောင်နိုင်ခြင်း မရှိပါက ဒဏ်ခတ် ပိတ်ဆို့မှု၊ နိုင်ငံတကာ၏ ဖယ်ကြဉ်မှုတို့ကို ဆက်လက် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ယနေ့ နှောင်းပိုင်းတွင် ပြုလုပ်မည့် အမေရိကန် နှင့် အာဆီယံခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ဤအကြောင်းအရာကို အလေးထား ပြောကြားမည်ဖြစ်ကြောင်း အိုဘားမားက ပြောသည်။ ထိုအစည်းအဝေးကို မြန်မာသမ္မတ ဦးသိန်းစိန်လည်း တက်ရောက်မည် ဖြစ်သည်။
မကြာသေးမီက မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်ခဲ့သော ဖြစ်ထွန်းတိုးတက်မှုများမှာ နှစ်ပေါင်းများစွာအတွင်း တွေ့မြင်ရသည့် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများဖြစ်သည်ဟုလည်း အိုဘားမားက မှတ်ချက်ပြုလိုက်သည်။
သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့ရေး သာမက မြန်မာအာဏာပိုင်တို့နှင့် ထိတွေ့ ဆက်ဆံရေးမူဝါဒကို ကျင့်သုံးခဲ့သည်။
ထိုသို့ မူဝါဒ ပြောင်းလဲပြီး နောက်ပိုင်းကာလနှင့် မြန်မာနိုင်ငံတွင် စစ်အစိုးရမှ အရပ်သားအစိုးရသို့ ပြောင်းလဲပြီးနောက်ပိုင်းတွင် နိုင်ငံခြားရေးဌာနမှ အဆင့်မြင့်အရာရှိများ၏ မြန်မာပြည်ခရီးစဉ် အများအပြား ပေါ်ပေါက်လာသည်။
ထိုအရာရှိများကလည်း ယနေ့ အိုဘားမား အင်ဒိုနီးရှားတွင် ပြောကြားသကဲ့သို့ တိုင်းရင်းသားလူမျိုးစု၊ နိုင်ငံရေးအကျဉ်းသား၊ မြောက်ကိုရီးယား-မြန်မာဆက်နွယ်မှုတို့နှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
နှစ်ဘက် တွေ့ဆုံမှုများတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် အမေရိကန် ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်း ပါဝင်သည်။
မကြာမီ မြန်မာပြည်သို့ သွားရောက်မည့် ဟီလာရီ ကလင်တန်ကလည်း ဒဏ်ခတ်ပိတ်ဆို့ရေး မူဝါဒကို အဆုံးသတ်ဦးမည်မဟုတ်ကြောင်း Fox News ရုပ်မြင်သံကြားကို ပြောကြားလိုက်သည်ဟု AP သတင်းတပုဒ်တွင် ရေးသားထားသည်။
http://burma.irrawaddy.org/archives/2548

အမေရိကန် မြန်မာ ဆက်ဆံရေး တရုတ် စိုးရိမ်ဖို့ မလိုဟု အမေရိကန် အရာရှိပြော



2011-11-18
အမေရိကန် အစိုးရနဲ့  မြန်မာ အစိုးရ အကြား ဆက်ဆံရေး တိုးမြှင့်မှုဟာ တရုတ်နိုင်ငံကို အနီးကပ် စောင့်ကြည့်ဖို့  ရည်ရွယ်ချက် မရှိတဲ့ အတွက် တိုးတက်မှု တစ်ရပ် အဖြစ် တရုတ် အစိုးရ ရှုမြင် ကြိုဆိုသင့်တယ်လို့  အမေရိကန် အစိုးရက ဒီကနေ့  ပြောလိုက်ပါတယ်။


RFA
မြန်မာ၊ တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အလံများ။

နိုင်ငံခြားရေး ၀န်ကြီး Hillary Clinton ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့  သမ္မတ ဘာရက် အိုဘားမားက ကြေညာလိုက်တဲ့နောက် အမေရိကန် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေက အခုလို ပြောတာပါ။ တစ်ဆက်တည်းမှာပဲ မြန်မာနဲ့ အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်တဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တရုတ် အစိုးရကိုလည်း တိုင်ပင် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ အမည် မဖေါ်လိုတဲ့ အမေရိကန် အစိုးရ အရာရှိ တစ်ဦးကတော့ မြန်မာ အမေရိကန် ဆက်ဆံရေး တိုးမြှင့်တဲ့ ကိစ္စဟာ မြန်မာနိုင်ငံ အရေး ဖြစ်ပြီး တရုတ်နိုင်ငံ အရေး မဟုတ်ဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနဲ့  နိုင်ငံတကာ အ၀န်းအ၀ိုင်းမှာ ပါဝင်လာနိုင်ရေးကို တရုတ် အစိုးရ အနေနဲ့  လိုလားသင့်ပါတယ်လို့ ဆိုပါတယ်။ နိုင်ငံရေး အကဲခတ်သူတွေ ကတော့ တရုတ်ရဲ့အိမ်နီးချင်း နိုင်ငံတွေ အပေါ် အမေရိကန် သြဇာ လွှမ်းမိုးလာမဲ့ အရေးကို တရုတ် အစိုးရ စိုးရိမ်မှု ကြီးမားလာတယ်လို့  ရှုမြင် သုံးသပ်နေကြပါတယ်။
http://www.rfa.org/burmese/news/us-burma-china-11182011105932.html

NLD ပါတီ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်



2011-11-18
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဒီကနေ့ နံနက် ၁၀ နာရီမှာ ပြုလုပ်တဲ့ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သူ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောပါတယ်။


RFA
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသူများနှင့် တွေ့ရပုံ။ နိုဝင်ဘာလ ၁၈ ရက်နေ့က ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်လိုက်သည်။
ဒီအစည်းအဝေးကို အင်န်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်တွေ၊ ဗဟိုအမျိုးသမီးလုပ်ငန်း အဖွဲ့၊ ဗဟို လူငယ်လုပ်ငန်း ဖေါ်ဆောင်ရေး အဖွဲ့နဲ့ တိုင်းနဲ့ပြည်နယ်က ဗဟိုဦးစီး အဖွဲ့ဝင်တွေ အပြင် အင်န်အယ်လ်ဒီ ပါတီရဲ့  ညီနောင် ပါတီဖြစ်တဲ့ ဒီမိုကရေစီ ပါတီက ဗဟိုဦးစီး အဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။ အစည်းအဝေး တက်ရောက်ခွင့်ရှိသူ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၆ ဦးရှိတဲ့အနက် ၁၀၆ ဦး တက်ရောက်တယ်လို့ သိရပါတယ်။ အစည်းအဝေးမှာ သဘာပတိ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက အဖွင့် အမှာစကား ပြောကြားပြီး ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပါတယ်။ "ဒီမိုကရေစီ နည်းအရ အများရဲ့ ဆုံးဖြတ်ချက်ကို လက်ခံရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အများရဲ့ ဆုံးဖြတ်ချက်ကို လက်ခံတယ်ဆိုတာ မည်ကာမတ္တ လက်ခံတာကို ပြောတာမဟုတ်ပါဘူး။ တကယ်ဘဲ လက်ခံတယ်ဆိုရင် စိတ်ရော ကိုယ်ပါ လုပ်ရပါလိမ့်မယ်။ ဆုံးဖြတ်ချက် မချခင်မှာ ကိုယ့်ရဲ့ အမြင်ကို တင်ပြချင်သလို တင်ပြလို့ ရတယ်။ ကိုယ်သဘောတူတာ မတူတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ ရတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင် အဲဒီ ချမှတ်တဲ့ ဆုံးဖြတ်ချက် အတိုင်း စိတ်ရောကိုယ်ပါ လိုက်ပြီး လုပ်ပေးရမှာဟာ ဒါဟာ ဒီမိုကရေစီ တာဝန် ဖြစ်တယ်ဆိုတာ ကျမ အားလုံးကို နားလည်စေချင်ပါတယ်။" နာမကျန်းဖြစ်နေလို့ အစည်းအဝေး မတက်ရောက်နို်င်တဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေရဲ့သဝဏ်လွှာကိုလည်း အခမ်းအနားမှူးက ဖတ်ကြားပါတယ်။ အဲဒီိနောက် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက သမ္မတ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပြင်ဆင်ချက်များနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြတယ်လို့ သိရပါတယ်၊၊ ဆက်လက်ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးက ဗဟိုဦးစီး အဖွဲ့ဝင် တစ်ဦးစီ ဆွေးနွေးကြပြီး ဗဟို အမျိုးသမီးလုပ်ငန်း အဖွဲ့၊ ဗဟို လူငယ်လုပ်ငန်း ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ဒီမိုကရေစီ ပါတီက ဦးစိုးဝင်းတို့ကလည်း ဆွေးနွေးကြပါတယ်။ ဗဟိုဦးစီး အဖွဲ့ဝင် အားလုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ တညီတညွတ်တည်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။ ဒီိနောက် ဆွေးနွေးချက်တွေကို အခြေခံပြီး ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မဲ့ အကြောင်း တရားဝင် ကြေညာချက်ကို ဗဟိုအလုပ် အမှုဆောင် အဖွဲ့က အထူးကြေညာချက် ၁/၁၁/၁၁ နဲ့ ထုတ်ပြန်လိုက်ပါတယ်။ အင်န်အယ်လ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်ကို အစိုးရကလည်း ကြိုဆိုကြောင်း ဒီကနေ့ ဘာလီမြို့မှာ ကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးကို တက်ရောက်လာတဲ့ မြန်မာ အစိုးရအဖွဲ့ ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။ ဦးကျော်ဆန်းကို အာရ်အက်ဖ်အေ သတင်းဌာနနဲ့ အတူ ကျိုတိုနဲ့ ယူရီယူမီ သတင်းဌာနတို့က သီးသန့် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ မေးမြန်းခဲ့သူ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။ ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

NLD ရွေးကောက်ပွဲဝင်မည့် ဆုံးဖြတ်ချက် ကြိုဆိုကြ
မျိုးသန့် | သောကြာနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။         ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြန်လည် မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်သည်ကို ပြိုင်ဘက်ဟောင်းများနှင့် မိတ်ဆွေများက ကြိုဆိုလိုက်ပြီး NLD နှင့် ပူးပေါင်းရန် ဆန္ဒရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၏ မူဝါဒရေးရာကော်မတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

NLD ခေါင်းဆောင်ဟောင်းဖြစ်ခဲ့သူ ဦးခင်မောင်ဆွေက “ကျနော်တို့ကတော့ လက်တွဲလုပ်သွားဖို့ အဆင်သင့်ပါပဲ။ အတွဲခံမယ့် လူကသာ အတွဲခံဖို့ လိုပါတယ်။ ပေါင်းချင်တယ်ဆိုရင် ကျနော်တို့က ငြင်းစရာ အကြောင်း မရှိပါဘူး။
ဒေါ်စုက ဟိုလို လုပ်ချင်ပါတယ် ဒီလို လုပ်ချင်ပါတယ် ဆိုရင်လည်း ကျနော်တို့က လက်ကမ်းဖို့ အသင့်ပါပဲ။” ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေး၏ မီးရှုးတန်ဆောင်ဟု ဦးခင်မောင်ဆွေက ညွှန်းဆိုလိုက်ပြီး ဒေါ်စု ကိုယ်တိုင် လွှတ်တော်အတွင်း ဝင်ရောက်လာပါက ပြည်သူအတွက် အကျိုးပြု ဥပဒေများ ပြဋ္ဌာန်းနိုင်မည်ဟု ယုံကြည်ခြင်းကြောင့် ထောက်ခံရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
nend2
“လွှတ်တော်ထဲမှာ ပြည်သူအတွက် အကျိုးပြုမယ့် ဥပဒေတွေကို ဖန်တီးနိုင်မယ်လို့ ကျနော် ယုံကြည်တဲ့အတွက် NLD မှတ်ပုံတင်မယ် ဆိုတာကိုလည်း ထောက်ခံပါတယ်။ ရွေးကောက်ပွဲ ဝင်မယ်ဆိုတာကိုလည်း အပြည့်အဝ ထောက်ခံ ပါတယ်။” ဟု ဦခင်မောင်ဆွေက ပြောသည်။

ယင်းအပြင် ၁၉၉၀ ရွေးကောက်ပွဲ ကာလအတွင်း ပြိုင်ဘက်ဖြစ်ခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကလည်း NLD ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်သည်ကို ထောက်ခံလိုက်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ခြေလှမ်းတခုဟု တစည ပါတီ၏ ပြောခွင့်ရ ဦးဟန်ရွှေက ပြောသည်။

“ကျနော်တို့အနေနဲ့ အားလုံး လက်ခံပါတယ်။ နောက်တခုက တမျိုးသားလုံး ပြန်လည်သင့်မြတ်ရေပေါ့။ ဒီကိစ္စဟာ လည်း ခြေလှမ်းတခုအနေနဲ့ ကျနော်မြင်ရပါတယ်။” ဦးဟန်ရွှေက မဇ္ဈိမကိုပြောသည်။

ယင်းအပြင် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များအဖွဲ့မှ ကိုတိုးကျော်လှိုင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မှတ်ပုံတင်ရေး ဆုံးဖြတ်ချက်ကို ထောက်ခံလိုက်ပြီး ပြည်သူအများစု၏ ဆန္ဒဖြစ်သည်ဟု ဆိုသည်။

“NLD ရဲ့ ဆုံးဖြတ်ချက်က NLD အဖွဲ့ဝင် အများစုရဲ့ သဘောထားအပေါ်မှာ အခြေခံတယ်လို့ ကျနော်တို့ ယုံကြည် ပါတယ်။ သူတို့ သယ်ဆောင်လာတဲ့ ဆုံးဖြတ်ချက်ကလည်း သူတို့ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ လိုလားချက်ကို ထင်ဟပ်ထားတယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။” ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် သောကြာနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပါတီရုံးချုပ်တွင် ပြည်နယ်နှင့်တိုင်း ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၆ ဦးမှ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်ဟု ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/8652-nld----.html



NLD နိုင်ငံရေးပါတီအဖြစ် ပြည်သူ့ဘက်မှ ရပ်တည်သွားမည်ဟုဆို

By , on November 18, 2011 3:53 pm
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တရားဝင် မှတ်ပုံတင် ပြီးနောက် နိုင်ငံရေးပါတီတရပ်အဖြစ် ပြည်သူ့ဘက်မှ ရပ်တည်ဆောင်ရွက်သွားမည်ဟု ယနေ့ ပြောသည်။


NLD မှတ်ပုံတင်မည်ဟု ကြေညာပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

NLD ပြန်လည် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ အပါအ၀င် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အများစု၏ ဆန္ဒဖြင့် ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း NLD ဗဟိုကော်မတီက ယနေ့ တရားဝင် ထုတ်ပြန် ကြေညာလိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။
“ကျမသဘောက ရွေးကောက်ပွဲကို မဲဆန္ဒနယ်အားလုံးမှာ ယှဉ်ပြိုင်မယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ တခုလို မလှုပ်ရှားရတာ တော်တော်ကြာပြီ။ နိုင်ငံရေးပါတီတခုလို မလုပ်ရတာ တော်တော်ကြာပြီ။ ကျမတို့ လေ့ကျင့်ရမယ်။
နိုင်ငံရေးပါတီ တရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဗဟိုဦးစီးအဖွဲ့ဝင်များကို ပြောသည်။
ဆက်လက်၍ ၎င်းက NLD ပါတီ ပြန်လည်မှတ်ပုံတင်ရေးကို ၎င်းအနေဖြင့် သဘောတူထောက်ခံ ရခြင်းမှာ ပါတီ အကျိုး စီးပွားတခုတည်းအတွက် မဟုတ်ဘဲ ပြည်သူလူထုအတွက် ရပ်တည်သွားမည် ဖြစ်ကြောင်း၊ တရားဝင် နိုင်ငံရေးပါတီ တရပ်အနေဖြင့် ဥပဒေစိုးမိုးရေး၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ မီဒီယာ လွတ်လပ်ခွင့် ရရှိရေး၊ ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ရေးတို့ကို ဦးတည်ချက်ထား ဆောင်ရွက်သွားမည်ဟု ဆိုသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာ နိုင်ငံရဲ့အနာဂတ်ကို ကြည့်ပြီးပြောတာပါ။ NLD တခုတည်းအတွက် မဟုတ်ဘူး။ တနိုင်ငံလုံးအတွက်၊ ပြည်ထောင်စု တခုလုံးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ရမယ်။ ဥပဒေ စိုးမိုးဖို့ဆိုရင် နိုင်ငံကို အကျိုးမပြုတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့က နိုင်ငံသားတွေရဲ့ တာဝန်တခုအနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက် သွားမယ်လို့ ကျမပြောချင်ပါတယ်” ဟု သူက ပြောသည်။
ဥပဒေ စိုးမိုးရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မှန်ကန်ပြီး တရားမျှတမှု ရှိရမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ဆက်ပြောသည်။
NLD ပြန်လည်မှတ်ပုံတင်၊ မတင် ကိစ္စကို တိုင်းနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များ ပါဝင်သော ဗဟို ကော်မတီဝင် ၁၀၀ ကျော်တို့က ယနေ့နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အထိ အစည်းအဝေး ပြုလုပ်ခဲ့ရာ ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ ကိုယ်စားလှယ်များ၊ NLD အမျိုးသမီးအဖွဲ့၊ NLD လူငယ်အဖွဲ့များ အားလုံးတို့က ပါတီပြန်လည်မှတ်ပုံတင်ရေး၊ ကြားဖြတ် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ရေးအား ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
“အားလုံး ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီကို တညီတညွတ်တည်း ကြိုးစားသွားကြပါ” ဟု NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ အသက် ၉၅ နှစ်အရွယ်ရှိ ဦးအောင်ရွှေမှာမူ အစည်းအဝေး မတက်ရောက်နိုင် သော်လည်း အစည်းအဝေးသို့ သ၀ဏ်လွှာပေးပို့ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် အားလုံး စုစည်း ညီညွတ်ကြရန် ပါတီဝင်များနှင့် ဗဟိုဦးစီးအဖွဲ့ဝင် အားလုံးကို သတင်းစကား ပါးခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အစိုးရက အသိအမှတ်ပြုထားပြီး ဖြစ်သည့်အတွက် NLD အနေဖြင့် လက်ခံနိုင်သည့် အခြေအနေတွင် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။ ပြန်လည်မှတ်ပုံတင်မည့် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲများ အားလုံးတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
NLD ပါတီ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကျင်းပနေချိန်တွင် မှတ်ပုံတင်ရန် ထောက်ခံသော ပါတီဝင် ရာပေါင်းများစွာတို့ NLD ရုံးချုပ်ရှေ့တွင် လာရောက်စုဝေးခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများကို ဦးဆောင်ကျင်းပသူ ဒေါ်နော်အုန်းလှက NLD မှတ်ပုံတင်ခြင်းကို ကန့်ကွက်သော စာများ လိုက်လံဝေငှခဲ့သည်။
http://burma.irrawaddy.org/archives/2508




သောကြာ, 18 နိုဝင်ဘာ 2011
NLD မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည်
By မစုမြတ်မွန်

ဓာတ်ပုံ REUTERS
ရန်ကုန်မြို့ NLD ပါတီရုံးချုပ်တွင် ပါတီဝင်များကို မိန့်ခွန်းစကားပြောကြားနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာလ ၁၈၊ ၂၀၁၁)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မြန်မာနိုင်ငံမှာ တရားဝင်ပါတီတစ်ခုအနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ပြည်နယ်နဲ့တိုင်း အသီးသီးက ဗဟိုဦးစီးအဖွဲ့ဝင်တွေ ဒီကနေ့ NLD ရုံးချုပ်မှာ စည်းဝေးပြီး အားလုံးသဘောတူ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ ခုလို NLD ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျန်တဲ့ နိုင်ငံရေးပါတီတွေကရော ဘယ်လို သဘောထားပါသလဲ။ ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က စုံစမ်းပြီး အပြည့်အစုံ တင်ပြထားပါတယ်။
“ဒါဟာ ကျမတို့ပါတီရဲ့ အနာဂတ်အတွက် လုပ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီမိုကရေစီလှုပ်ရှားမှု တခုတည်းရဲ့ အနာဂတ်အတွက်လည်း ကျမတို့လုပ်နေတာမဟုတ်ပါဘူး။ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် လုပ်နေတာဆိုတာကိုတော့ စွဲစွဲမြဲမြဲ ခေါင်းထဲမှာ ထားစေချင်ပါတယ်။”
ဒါကတာ့ ဒီကနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီအဖွဲ့ဝင်တွေရဲ့ ဆွေးနွေးပွဲမစခင်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တာဖြစ်ပါတယ်။ ပြည်နယ်တဲ့တိုင်း ၁၄ ခုက ကိုယ်စားလှယ်ပေါင်း ၁၀၆ ယောက် တက်ရောက်ကြတဲ့ အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ မှတ်ပုံတင်မယ်၊ နောင်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သဘောထား ဆုံးဖြတ်အပြီး ကြားဖြတ် ရွေးကောက်ပွဲကျရင် ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့ပါတယ်။
“ပထမအသုတ်မှာ ကျမတို့ စမ်းပြီးတော့ ထည့်လိုက်တာလို့ ပြောလို့ရပါတယ်။ စမ်းပြီးတော့ထည့်လိုက်တာ ဆိုတာ ကျမတို့အတွက် စမ်းတာမဟုတ်ဘူးနော်။ ပြည်သူကလည်း ကျမတို့ကို စမ်းမှာပဲ။ အစတုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထပ်တလဲလဲ ပြောခဲ့တယ်။ ရွေးကောက် ခံခဲ့ရတယ်။ သို့သော်လည်း ဘာမှလုပ်ပိုင်ခွင့် မရခဲ့ဘူး။ အခု လုပ်ပိုင်ခွင့် ပိစိကွေးလေး ရတဲ့အချိန်မှာ ဘယ်လောက် လုပ်နိုင်သလဲ ဆိုတာကို ပြည်သူက ကြည့်နေမှာဖြစ်တယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုကြည့်ပြီးတော့ နိုင်ငံရေး လိုအပ်ချက်ကိုကြည့်ပြီးတော့ ကျမတို့ ဆုံးဖြတ်ပြီးတော့ သွားရမှာပါ။”
ခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်တာကို လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကြိုဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်စုကြည်က ဒီမိုကရေစီရရှိနိုင်ရေးကို ပိုပြီး လုပ်နိုင်မှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ အမျိုးသား လွှတ်တော်ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်ရွှေက ခုလို မှတ်ချက်ပေးပါတယ်။
“welcome လုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဝင် ရွေးကောက်ပွဲဝင်၊ ၀င်ပြီးတော့ လွှတ်တောထဲ ဒါမှမဟုတ် နိုင်ငံတော်အစိုးရအဖွဲ့ထဲ ပါဝင်ပြောတာကတော့ အကောင်းဆုံးပဲ။ သာမှန်လူတစ်ယောက် လုပ်နိုင်တာထက်ကို အန်ကယ်တို့က ပိုလုပ်နိုင်တယ်။ အန်ကယ်တို့ထက်ကို သူ ပိုလုပ်နိုင်ပါတယ်။ ဒီမိုကရေစီ ရသွားအောင်လို့။”
အန်ကယ်တို့အနေနဲ့က ဒါ ပြိုင်ဘက်ပါတီတစ်ခု တိုးလာတယ်လို့ သတ်မှတ်ပါလား။ -
“ပြိုင်ဘက်ရယ်လို့ မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်လိုပဲ သတ်မှတ်မှာပဲ။”
၂၀၁၀ ရွေးကောက်ပွဲမှာ ဒုတိယအများဆုံး မဲအနိုင်ရခဲ့တဲ့ တစည ပါတီကလည်း ကြိုဆိုတယ်၊ ၀မ်းသာတယ်လို့ ပြောပေမဲ့ NLD ပါတီကို နိုင်ငံရေးလောကထဲမှာ ပြိုင်ဘက်ပါတီတစ်ခုလို သဘောထားတယ်လို့ တစည ပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေက ဆိုပါတယ်။
“ဘာလို့လဲဆိုတော့ NLD ပါတီအနေနဲ့ကလည်း ပါတီကြီးတစ်ခုပါ။ တတိုင်းပြည်လုံးကို ကိုယ်စားပြုပြီးတော့ ဖွဲ့စည်းထားနိုင်တဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ကျနော်တို့ပါတီအနေနဲ့ကတော့ တတိုင်းပြည်လုံးကို ကိုယ်စားပြုတဲ့ ဖွဲ့စည်းထားတဲ့ပါတီ ဖြစ်ပါတယ်။ နောက်တခါ NLD ပါတီနဲ့လည်းပဲ ပြီးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ပြည်သူလူထု ထောက်ခံမှု အများကြီးရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ကလည်းပဲ ဒီကနေ့ နိုင်ငံတော်မှာသွားနေတဲ့ လမ်းကြောင်းဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးလမ်းမှာ အတူတကွ လျှောက်လှမ်းဖော်တွေ အနေနဲ့ပဲ ကျနော်တို့ သဘောထားပါတယ်။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အားလုံး ပြိုင်ပြီးတော့လုပ်ကြမယ့် ပြိုင်ဘက်ပါတီလို့ ကျနော်တို့ သဘောထားပါတယ်။”
လက်ရှိလွှတ်တော်မှာ ကိုယ်စားလှယ်တတိယအများဆုံး ကိုယ်စားပြုနေတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တဲ့အတွက် လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ အင်အားရှိလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ NDF ပြောခွင့်ရသူ ဦးခင်မောင်ဆွေ ပြောတာက -
“မှတ်ပုံတင်တာကိုလည်း ကြိုဆိုတယ်၊ မှတ်ပုံတင်ပြီးတဲ့အခါမှာ ရွေးကောက်ပွဲကိုလည်း အင်နဲ့အားနဲ့ပေါ့ဗျာ။ ၄၈ နေရာရှိတဲ့အထဲမှာ ၄၈ နေရာလုံး ၀င်နိုင်အောင် ကြိုးစားသွာမယ် ဆိုလို့ရှိရင် ကျနော်တို့ လွှတ်တော်ထဲမှာ မျက်နှာငယ်နေတဲ့ အင်အားစုတွေက အားရှိတာပေါ့ဗျာ။”
NLD နဲ့ ပြန်ပြီး ပူးပေါင်းမှာပါလားလို့ ဦးခင်မောင်ဆွေကို မေးတော့ -
“ကျနော်တို့ဘက်ကတော့ သိပ်ပြီးတော့ ငြင်းစရာအကြောင်း မရှိပါဘူး။ သူကသာ လိုလားတယ်ဆိုရင် ကျနော်တို့က ကမ်းတဲ့လက်တွေကို ဆက်ပြီးတော့ လှမ်းသွားမှာပါ။”
၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် မဲဒုတိယအများဆုံး အနိုင်ရခဲ့သလို လက်ရှိမှာ ခေါင်းဆောင်တွေ အကျဉ်းကျနေလို့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မဝင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ သဘောထားသိရဖို့လည်း ပြောခွင့်ရသူ ဦးစိုင်းလိတ်ကို မေးကြည့်ပါတယ်။
“အခု NLD အနေနဲ့ မှတ်ပုံဆက်တင်တယ်၊ ရွေးကောက်ပွဲ ၀င်မယ်ဆိုတာကလည်း သူ့ရဲ့ ရပ်တည်ရေးအတွက် အရေးကြီးသလို ဒီမိုကရေစီ ရရာရကြောင်းအတွက်လည်း ကြိုးစားမှုတရပ်လို့ပဲ၊ မတူတာတွေကို ခွဲလုပ်ပြီး ဆက်လက်ပြီးတော့ မဟာမိတ်ပြုသွားဖို့ပဲ ရှိပါတယ်။”
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကရော NLD မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲဝင်မယ့် အတွက် ဘယ်လိုဖြစ်သွားမှာပါလဲ။
“အန်ကယ်တို့ကလည်း CRPP ရဲ့ အနေအထား ရှေ့ဆက်သွားမယ့် အန်ကယ်တို့ရဲ့ လုပ်ငန်း ရည်ရွယ်ချက် ဒါတွေကို ပြန်သုံးသပ်ဖို့ရှိပါတယ်။”
CRPP ပြောခွင့်ရ ဦးအေးသာအောင် ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/NLD-Decides-To-Register-134110278.html


NLD မှတ်ပုံတင်၍ ရွေးကောက်ပွဲ ဝင်ရန် ပြည်နယ်/တိုင်း အားလုံးထောက်ခံ

မျိုးသိဏ်း | သောကြာနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၃၁ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ပြည်နယ်နှင့် တိုင်း ၁၃ ခုမှ ဗဟိုဦးစီး ကော်မတီဝင်များ သောကြာနေ့ နေ့လည်ပိုင်းတွင် ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မွန်၊ မန္တလေး၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ရှမ်း၊ ကယား (ပူးပေါင်း) တို့၏ ဗဟိုဦးစီးအဖွဲ့ဝင် ၁၃ ဖွဲ့မှ ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် သဘောတူခဲ့ခြင်း
ဖြစ်သည်။

nldmetting
ဆွေးနွေးပွဲရပ်နားချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် တွေ့ရသည့် ဧရာဝတီတိုင်း ဗဟိုဦးစီး ကော်မတီအဖွဲ့ဝင် ဦးမန်းဂျော်နီ။ ဓာတ်ပုံ- မဇ္ဈိမ

NLD ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး မဝင်ရေး အစည်းအဝေးကို ပါတီရုံးချုပ် ရန်ကုန်
ရွှေဂုံတိုင်တွင် သောကြာနေ့ နံနက် ၁၀ နာရီမှ စတင်ကျင်းပနေခြင်း ဖြစ်သည်။

အစည်းအဝေးသို့ ဖိတ်ကြားထားသူ ၁၁၆ ယောက် ရှိသည့်အနက် ၁၀၆ ယောက်တက်ရောက်ပြီး၊ NLD မှ ဖွဲ့စည်း ထားသည့် NLD လူငယ်အဖွဲ့နှင့် NLD အမျိုးသမီး လုပ်ငန်းဖေါ်ဆောင်ရေး အဖွဲ့တို့ ဆက်လက် ဆွေးနွေးရန် ကျန်ရှိနေသေးသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/8648-nld-.html