Thursday, November 24, 2011

ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးအောင်သန်းရဲ့ ကွယ်လွန်ခြင်း နှစ်နှစ်ဆယ်ပြည့် ဆွမ်းကျွေးအလှူကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်

Burma VJ Media Network

ဒီကနေ့ပြုလုပ်တဲ့ လွတ်လတ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးအောင်သန်းရဲ့ ကွယ်လွန်ခြင်း နှစ်နှစ်ဆယ်ပြည့် ဆွမ်းကျွေးအလှူကို လူထုခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပါ တယ်။
ဒီဆွမ်းကျွေးအလှူကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က ကျန်ရစ်သူမိသားစုတွေရဲ့နေအိမ်မှာ မနက် ၈ နာရီက နေ နေ့လည် ၁၁ နာရီထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီအလှူပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်ဒီဒုဥက္ကဌ ဦးတင်းဦး ၊ ဦးဝင်းထိန်း ၊ ကိုဖြိုးမင်းသိန်း နဲ့ အန်အယ်ဒီအဖွဲ့ဝင်တွေ ၊ နိုင်ငံရေးနယ်ပယ်ကသူတွေ ၊ လည်းတက်ရောက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဦးအောင်သန်းရဲ့ ကွယ်လွန်ခြင်း ၁၉ နှစ်ပြည့်ဆွမ်းကျွေးအလှူတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့သားငယ် ကိုထိန်လင်းနဲ့အတူသွားရောက်ခဲ့ပါသေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးအောင်သန်းဟာ ၁၉၉၁ ခုနှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ် ရှိပြီဖြစ်ပါတယ်ခင်ဗျ။

အကျဉ်းကျအနုပညာဖန်တီးရှင်ဆုရှင်ကိုဝင်းမော်အတွက်ကိုဇာဂနာ၏ဗွီဒီယို အမှာစကား

Burma VJ Media Network
ကျောက်ဖြူထောင်တွင် ထောင်ဒဏ် ၁၇ နှစ် ကျခံနေရသည့် တေးရေးနှင့် ဂီတာတီးသူ ကိုဝင်းမော်ကို အကျဉ်းကျအနုပညာဖန်တီးရှင်ဆု (Imprisoned Artist Prize) ကို FREEDOM TO CREATE အဖွဲ့ က တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့ တွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ချီးမြှင့်ခဲ့ သည်။ ကိုဝင်းမော်ကို ၂၀၀၇ ရွေဝါရောင် လှုပ်ရှားမှုအပြီး နိုဝင်ဘာလအတွင်း စစ်ထောက်လှမ်းရေးအဖွဲ့ (စရဖ) မှ ဖမ်းဆီးခဲ့ပြီး အီလက်ထရောနစ် ဆက်သွယ်မှုဥပဒေ၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု စသည့် ဆွဲချက် များဖြင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ်က အလားတူ ဆုရရှိခဲ့ဖူးသော လူရွင်တော် ကိုဇာဂနာ ကလည်း ကိုဝင်းမော်အတွက် ဗွီဒီယို အမှာစကား ပေးပို့ ခဲ့သည်။

အန်အယ်လ်ဒီပါတီ အသစ်၏ အမှတ်တံဆိပ် ပြောင်းလဲမည်



ဝင့်သင်ဇာကျော်(မြစ်မခ)
by Myit Makha Mediagroup on 24 Nov, 2011

အန်အယ်လ်ဒီပါတီ အသစ်အနေဖြင့် မှတ်ပုံတင်ပြီးပါက အဖွဲ့ချုပ်အဖွဲ့ဝင်များကို အသစ်ပြန်လည်ဖွဲ့စီးမည့်အပြင် အမှတ်တံဆိပ်ကိုလည်း ပြောင်းလဲမည်ဖြစ်ကြောင်း သိရှိရသည်။

အန်အယ်လ်ဒီပါတီ အလံတွင် ကြယ်နီတစ်လုံးနှင့် ခွပ်ဒေါင်းပုံပါရှိပြီး အဆိုပါ ခွပ်ဒေါင်း၏ အောက်ခြေတွင် ခမောက် တံဆိပ်အစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟူသော စာတမ်း ကိုသာ ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။

“ လက်ရှိ အခြေအနေကို သုံးသပ်ရမှာ အဲ့ဒါကြောင့် ပါတီမှတ်ပုံတင်လိုက်တာနဲ့ လိုဂို(အမှတ်တံဆိပ်)ကို အရင်က ခမောက်တံဆိပ်ကို မသုံးတော့ဘူး” ဟု ဗဟိုအလုပ်မှုဆောင် ကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုကဲ့သို့ အန်အယ်လ်ဒီပါတီ အမှတ်တံဆိပ် (လိုဂို)ကို ပြောင်းလဲရခြင်းမှာ နိုင်ငံရေးပါတီတစ်ခုဖြစ်သော အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ခမောက်နှင့် ဆင်တူရိုးမှား ဖြစ်နိုင်ခြေရှိသောကြောင့် ပြောင်းလဲရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပါတီမှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ကတည်းက အကုန်အသစ်ပြန်ဖွဲ့ရမယ် ပါတီဝင်တွေကိုလည်း အသစ်ပြန်ဖွဲ့ရမယ် အန်အယ်လ်ဒီပါတီအလံက ကြယ်နီနဲ့ ခွပ်ဒေါင်းလည်းရှိမယ် ဒါပေမဲ့ ခမောက်နေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတဲ့ စာတမ်းထားရှိမယ် အဲ့လို ပြောင်းဖို့အစီအစဉ်ရှိတယ်လို့ အန်တီပြောသွားတယ်”ဟု ရှမ်းပြည်နယ်မှ မှတ်ပုံတင်ရေးကော်မတီ အဖွဲ့ဝင် ဒေါ်ခင်မိုးမိုးက ပြောသည်။

အန်အယ်လ်ဒီပါတီသည် တိုင်းနှင့်ပြည်နယ်မှ လစ်လပ်နေသော ၄၉ နေရာစလုံးတွင် အမျိုးသားလွှတ်တော် ၊ ပြည်သူ့ လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်များတွင် ၀င်ရောက်အရွေးချယ်ခံမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
http://www.myitmakhamediagroup.com

အမျိုးသမီးတွေ လွှတ်တော်ထဲရောက်လာရင် မြန်မာနိုင်ငံ့အရေးမှာ ဘယ်လောက်အားကောင်းလာနိုင်ပါသလဲ

ဗိုဟိန်၊ ကြယ်စင်(မြစ်မခ)
by Myit Makha Mediagroup on 24 Nov, 2011

လွှတ်တော်(၃)ရပ်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် လစ်လပ်လွှတ်တော်ကိုယ်စားလှယ် (၄၈)နေရာထက်မနည်းရှိကြောင်း ကြားသိရသည်။ နိုင်ငံရေးပါတီများ ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြပြီ၊ တစ်ချို့ ပါတီက အောင်နိုင်ရေးအတွက် ပြင်ဆင်နေကြသလို တစ်ချို့ပါတီများ မှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲပြန်လည်ဝင်ရောက်ရန်အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လာကြောင်း သိရှိရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေဖြင့်လည်း အမျိုးသမီးအများစုအား ရွေးချယ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် (၁) မြန်မာနိုင်ငံတွင် အမျိုးသမီးကဏ္ဍမည်မျှ အရေးပါနေပြီလဲ၊ (၂) အမျိုးသမီးများ မြန်မာ့နိုင်ငံရေးလောကအတွင်းသို့ ၀င်ရောက်လာမှုအပေါ်အမြင်၊

(၃) လွှတ်တော်တွင် အမျိုးသမီးအများစုနေရာရရှိလာပါက အားကောင်းလာနိုင်သည့် ကဏ္ဍများ နှင့်

(၄) အမျိုးသမီးများ၏ အဓိက အားနည်းချက်မှာ မည်သည့်အရာများဖြစ်ပါသနည်းဆိုသည့် အစရှိသည့် မေးခွန်း တို့အား လွှတ်တော်တွင်းတက်ရောက်နေသော အမျိုးသမီး ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်းနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြစ်ဥာဏစိုး၊ အန်ဒီအက်ဖ်ပါတီမှ နိုင်ငံရေး ဦးဆောင်သူ ဦးခင်မောင်ဆွေ၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဒေါ်ရီရီစံ တို့အား မေးမြန်းဖြစ်ခဲ့ပါသည်။



ဒေါက်တာမြတ်ဥာဏစိုး

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာ အမျိုးသမီးလူဦးရေက အမျိုးသားလူဦးရေထက်ပိုများပါတယ်။ ပညာရပ် နယ်ပယ် အသီးသီးမှာ ဆိုရင်လည်း အမျိုးသမီးတွေက ဘွဲ့ထူးဂုဏ်ထူးတွေ အများကြီးနဲ့ စွမ်းဆောင်နိုင်တာ လည်း မြင်တွေ့နိုင်မှာပါ။ အထင်ကရ ပြောရမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ ဘယ်လိုမှငြင်းဆိုလို့မရတဲ့ မျက်ကွယ်ပြုလို့မရတဲ့ ဒီမိုကရေစီအမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း အမျိုးသမီး ဖြစ်ပါတယ်။ အဲဒီ့တော့ အမျိုးသမီးတွေရဲ့ ကဏ္ဍကို ကျွန်တော်တို့လျစ်လျူရှုထားလို့မရပါဘူး။ နိုင်ငံရေး နယ်ပယ်မှာလည်း အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာဖြစ်သလို အမျိုးသမီးတွေအတွက် နေရာအခွင့်အလမ်းတွေကိုလည်း ဖန်တီးပေးရခြင်းမျိုးမဟုတ်ပဲနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေနိုင်ငံရေးမှာ ပါဝင်လာတာကောင်းပါတယ်။ နိုင်ငံရေးဆိုတာ အမျိုးသမီးရယ်၊ အမျိုးသားရယ် လူငယ်ရယ်၊ လူကြီးရယ် လူမျိုးခွဲခြားသတ်မှတ်ထားတယ်ဆိုတာ အရေးမကြီးပါဘူး။ စွမ်းဆောင်ရည် မြင့်မား သူက သူစွမ်းဆောင်နိုင်တာကို စွမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် လက်ရှိနိုင်ငံခြားရေး ၀န်ကြီး တာဝန်ထမ်းဆောင်နေတဲ့ မစ္စကလင်တန်၊ ဖိလစ်ပိုင် ဒီမိုကရေစီခေါင်ဆောင် မစ္စ အာကွီနို၊ Iron Lady မာဂရက်သက်ချာ လိုပုဂ္ဂိုလ်မျိုးတွေရှိလာတဲ့အတွက်ကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့က တစ်သီးတစ်သန့်ထားလို့မရတော့တဲ့အခြေအနေဖြစ်ပါတယ်။

အမျိုးသမီးတွေလွှတ်တော်ထဲ ၀င်လာမယ်ဆိုရင်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ် ခွဲခြားဆက်ဆံနေဖို့ မရှိပါဘူး။ တစ်ချို့တွေက အမျိုးသမီးတွေ လွှတ်တော်ထဲရောက်လာရင် အမျိုးသမီးရေးရာ စောင့်ရှောက်ရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဒီလိုလုပ်ငန်းတွေမှာ ပိုပြီးတိုးတက်လာမယ်လို့ မြင်တာမျိုးတွေရှိတယ်။

အမျိုးသမီးတွေမှာလည်း စီးပွားရေး၊ နိုင်ငံရေးအမြင် ပြည့်ဝပြီးသားတွေဖြစ်ပါတယ်။ အဲဒီ့တော့ လူမှုရေးဆိုင်ရာလုပ်ငန်းတွေမှာသာမက ဘယ်နယ်ပယ်ကဏ္ဍမှာမဆို အမျိုးသမီးတွေက စွမ်းဆောင်ရည်မြင့်မြင့် နဲ့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

အမျိုးသမီးတွေရဲ့ အဓိကအားနည်းချက်အပေါ် အမြင်ကမရှိပါဘူး။ အမျိုးသမီးနဲ့ အမျိုးသား တန်းတူရည်တူ ပါပဲ။ ကျွန်တော်တို့က အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ပြည်သူ့ဆန္ဒကို တစ်ထပ်တည်းဖော်ဆောင်ပေးနိုင် မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံကို ခေါင်းဆောင်မယ့်ပုဂ္ဂိုလ်တွေအားလုံးကို လက်ကမ်းကြို နေပါ့မယ်။



ဒေါက်တာညိုညိုသင်း

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

အမျိုးသမီးတွေရဲ့အခန်းကဏ္ဍအရေးပါတာက ဗမာ့လွတ်လပ်ရေးရစဉ် ကာလကတည်းက မြန်မာအမျိုးသမီး တွေရဲ့ ကဏ္ဍက အရေးပါတဲ့နေရာရောက်ခဲ့တယ်။ နောက်ပိုင်းမှာ တာဝန်ရှိပုဂ္ဂိုလ်တွေက ဒါကို သတိမူတာ အားနည်းလာတယ်။ အခု NLD က အမျိုးသမီး၊ အမျိုးသားတွေကို Balan မျှမျှ ရွေးချယ်ပေးခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုတာ ကောင်းတာပေါ့။

အမျိုးသမီးတွေက နိုင်ငံရေးလောကထဲကို ၀င်ကိုဝင်ရမှာ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက် ကျော်က အမျိုးသမီးတွေဖြစ်နေတဲ့အတွက်ကြောင့် ဒီနိုင်ငံတိုးတက်ကြီးပွားပြီး ကောင်းစားဖို့ဆိုရင် အမျိုးသမီး တွေ နိုင်ငံရေးလောကထဲကို မဖြစ်မနေ၀င်ကို ၀င်လာရမယ်။ ၀င်တယ်ဆိုတာကလည်း နည်းနည်းလေးဝင်လို့ မရဘူး။ အင်နဲ့အားနဲ့ ၀င်မှဖြစ်မယ်။ ဒါမှသာ ဒီနိုင်ငံ ကြီးပွားတိုးတက်မှု လမ်းစပေါ်ရောက်မှာပါ။ မဟုတ်ရင် ဖွံဖြိုးတိုးတက်မှုကို ဘယ်လိုမှ ရမှာမဟုတ်ဘူး။

နိုင်ငံတော်ရဲ့ မူဝါဒချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေကို ထည့်သွင်းပါဝင်စေခြင်းအားဖြင့် နိုင်ငံတော်မှာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုတွေရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြဿနာတစ်ရပ်ကို ရှင်းပြကိုင်တွယ်တဲ့နေရာမှာ မွေးရာပါ ဗီဇအရကိုက အမျိုးသမီးနဲ့အမျိုးသားက မတူတာ။ ပြဿနာတစ်ရပ်ကို ရှုမြင်ပုံကိုက ကွဲပြားတယ်။ မြန်မာနိုင်ငံ မှာက နိုင်ငံတော်ရဲ့ မူဝါဒကို အများအားဖြင့် အမျိုးသားထုကသာ ဆုံးဖြတ်သတ်မှတ်ကြတာ တွေ့ရတယ်။ ကျွန်မတို့မွေးပြီး အနှစ်လေးဆယ်အတွင်းမှာ နိုင်ငံတော်ရဲ့မူဝါဒချမှတ်တဲ့နေရာမှာ အမျိုးသားထုကသာလျှင် ကြီးစိုးခဲ့တဲ့အတွက်ကြောင့် မူဝါဒတွေက ပြည့်စုံမှုမရှိခဲ့ဘူး။ ပြည့်စုံမှုမရှိတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုမရှိဘဲ တိုင်းပြည်ဟာ ခေတ်နောက်ကျခဲ့တယ်။ အခုကစပြီးတော့ နိုင်ငံတော်ရဲ့ မူဝါဒတွေကို ရေးဆွဲတဲ့ နေရာမှာရော၊ အကောင်အထည်ဖော်တဲ့ နေရာမှာရော အမျိုးသမီးထုက ပါဝင်လာခြင်းအားဖြင့် စနစ် ဟောင်းမှာရှိခဲ့တဲ့ အားနည်းချက်တွေကို ပြင်သွားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးနဲ့ အမျိုးသား က ပြဿနာတိုင်းကို ရှင်းတတ်ပုံ၊ ရှုမြင်ပုံ၊ ဆုံးဖြတ်ပုံက ကွဲကိုကွဲပြားတယ်။ အမျိုးသမီးဖြေရှင်းရင် ကိစ္စ တော်တော်များများက လွယ်လွယ်ကူကူနဲ့ အစဉ်ပြေပြေချောမွေ့စွာနဲ့ အောင်အောင်မြင်မြင်ပြီးဆုံးတယ်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေမှာ Decision Making Power ကို အမျိုးသမီးတွေလက်ထဲကို မဖြစ်မနေ ထည့်ဖို့ အခုနောက်ပိုင်းမှာ တော်တော်လေးဦးစားပေးလာကြတယ်။

အဓိကအားနည်းချက်က မြန်မာအမျိုးသမီးတွေက သူများပြောတာယုံလွယ်တာပေါ့။ နောက်ပြီး ပြဿနာတစ်ခု ကို စိတ်ခံစားချက်နဲ့ဆုံးဖြတ်တတ်တာ။ စိတ်ခံစားချက်ကိုဦးစားပေးတာ။ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်ရင် တိုင်းပြည်မှာလည်း မဖြစ်သင့် မဖြစ်ထိုက်တာတွေဖြစ်ခဲ့တာ အများကြီးရှိတယ်။ ဒါ Emotion ကြောင့်ပါ။ အထူး သဖြင့် နိုင်ငံရေးလုပ်မယ့်ခေါင်းဆောင်တွေမှာ စိတ်ခံစားမှုကို ဦးစားမပေးဖို့အရေးကြီးတယ်။ ဘယ်ကိစ္စမဆို အယုံမလွယ်ဖို့ အရေးကြီးတယ်။



ဒေါ်ရီရီစံ

ခေတ်သစ်ပြည်သူ့ပါတီ

မြန်မာနိုင်ငံအမျိုးသမီးကဏ္ဍမှာ အမျိုးသမီးပညာတတ်တွေ ပေါများလာတယ်။ လုပ်ငန်းခွင်တွေမှာလည်း အမျိုးသမီးတွေ ပါဝင်လာတယ်။ အမျိုးသားတွေနဲ့ တန်းတူပါဝင်ပြီး ရင်ဘောင်တန်းလာတယ်။ ဒီနေရာ အမျိုးသမီး မ၀င်ရဘူး။ အမျိုးသမီးတွေက ဒီလိုမလုပ်ရဘူးဆိုတဲ့ အရင်တုန်းက ကန့်သတ်ချက်မျိုးတွေ လျော့ ပါး လာတာတွေ့ရတယ်။ နိုင်ငံပြောင်းလဲလာတာနဲ့အတူ တခြားနိုင်ငံများနည်းတူ မြန်မာအမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ နိုင်ငံဖွံ့ဖြိုးရေးမှာ ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။

Globalization ခေတ်ကြီးမှာ အမျိုးသားရယ် အမျိုးသမီးရယ်ဆိုပြီး ခွဲခြားလို့မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ထိုးဖောက်လာပြီး အမျိုးသမီးရယ်လို့ ကန့်သတ်ချက်မရှိတော့ဘူး။ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်လာတယ် ဆိုတာ အားရ၀မ်းသာဖြစ်တယ်။ လွှတ်တော်မှာလည်း အမျိုးသမီးတွေ ဒီထက်မက အများကြီး ပါဝင်သင့်တယ် လို့ ယူဆတယ်။ နိုင်ငံတကာမှာလည်း အမျိုးသမီးဝန်ကြီးချုပ်တွေ ရှိလာတယ်။ နောင်တစ်ချိန်မှာ သမ္မတအဆင့် ထိ တက်လှမ်းလာနိုင်မယ်။ နောင်တစ်ချိန်မှာ အမျိုးသမီးကဏ္ဍတွေက အရေးပါလာမယ်လို့မျှော်လင့်ထား တယ်။

လွှတ်တော်မှာ အမျိုးသမီးတွေများလာရင် အထူးသဖြင့်ကတော့ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ကဏ္ဍတွေ၊ ကျမ်းမာရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်ရင် ဒီထက်မက စွမ်းစွမ်းတမံဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။

အမျိုးသမီးတွေရဲ့ အားနည်းချက်က စိုးရိမ်စိတ်ရှိတာပေါ့။ စိုးရိမ်စိတ်တွေကို ပပျောက်အောင်ဖျောက်ပြီး ကိုယ့် ကိုကိုယ် ယုံကြည်စိတ်အပြည့်အ၀ ထားနိုင်ရင်အမျိုးသမီးတွေရဲ့ အားနည်းချက်တွေ လျော့ပါးသွား မယ်လို့ ထင်ပါတယ်။

ဒီမိုကရေစီမှာတင် အဆုံးသတ်မှာမဟုတ်ပါဘူး။ ကမ္ဘာကြီးကအချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေပါတယ်။ ဒီထက်မက တိုးတက်ပြောင်းလဲလာမယ်။ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်လာမယ်။ အုပ်ချုပ်စရာ လူတန်းစား မရှိတဲ့အချိန်ထိ တိုးတက်လာရင် ကမ္ဘာမှာ တော်တော်လေးကို ပြောင်းလဲတိုးတက်နိုင်မယ်လို့ ယူဆပါတယ်။



ဦးခင်မောင်ဆွေ

နိုင်ငံရေးဦးဆောင်သူ ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေသန်း၆၀ မှာ သန်း ၃၀က အမျိုးသမီးဖြစ်နေပြီး ၂၅သန်းက အမျိုးသား ဖြစ်နေတဲ့ အတွက် အမျိုးသမီးဦးရေကများတယ်။ အမျိုးသမီးတွေက ပညာရေး၊ ကျမ်းမာရေး၊ စီးပွားရေး အစရှိတဲ့ ဘက်ပေါင်းစုံမှာ ပါဝင်လုပ်ဆောင်လာကြတော့ အမျိုးသမီးရဲ့အခန်းကဏ္ဍက ပိုပြီးတော့မြင့်မားနေတာ တွေ့ရ တယ်။ အမျိုးသမီးတွေရဲ့ဦးနှောက်က အမျိုးသားတွေရဲ့ဦးနှောက်ထက် ဘာမှထူးပြီးတော့ ပိုနိမ့်ကျတာ မရှိတဲ့ အတွက် အမျိုးသမီးတွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အားလုံးမှာ ထဲထဲဝင်ဝင်ပါဝင်လာတာကို အားလုံးက သဘောတူတယ်။ အမျိုးသမီးလည်း နိုင်ငံသားပဲ။ နိုင်ငံသားအခွင့်အရေးက အားလုံးအပေါ်မှာ တန်းတူရည်တူ ရှိရမှာပေါ့။ လူ့အခွင့်အရေးနဲ့ ပတ်သတ်တဲ့အပိုင်းတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေ ထက်ပိုပြီး ထဲထဲဝင်ဝင်ရှိတယ်။ အခုခေတ်မှာတော့ အမျိုးသမီးတွေရဲ့ လုပ်အား၊ ကိုယ်စွမ်းအား ဥာဏ်စွမ်းအား တွေကို အသုံးပြုတဲ့ခေတ် ရောက်လာပြီမို့ ကောင်းတဲ့လက္ခဏာဆောင်ပါတယ်။ အမျိုးသမီးတွေ လွှတ်တော်ထဲ ရောက်မယ်နိုင်ငံရေးလုပ်မယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုရမှာဖြစ်ပါတယ်။

အမျိုးသမီးတွေလွှတ်တော်ထဲရောက်လာရင်တော့ ကျမ်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားရေး၊ လူမှုရေး စောင့်ရှောက်ရေးတွေမှာ ထဲထဲဝင်ဝင်လုပ်နိုင်တဲ့အပိုင်းတွေရှိတယ်။ အမျိုးသမီးရေးရာနဲ့ ပတ်သတ်တဲ့ ကိစ္စတွေ ကို တိုက်ရိုက်တင်ပြနိုင်ခွင့်တွေ ရှိတယ်။ ဒါတွေက ဆင့်ကဲဖြစ်လာမယ့် ဖြစ်လာမယ့် အကြောင်းအရာတွေပါ။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် အမျိုးသမီးခေါင်းဆောင်ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးပါတယ်။ မပါဘူးဆိုတာ ပေါ်လွင်နေတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ခေါင်းဆောင်မှုကို တတ်ကျွမ်းပြီးလကောင်းမွန်ထိပ်တန်းရောက်တဲ့ ခေါင်းဆောင်မှုရှိမယ်ဆိုရင် အမျိုးသမီးတွေ အနေနဲ့လည်း ဆောင်ရွက်နိုင်မယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပြယုဒ်တစ်ခုပါပဲ။

အမျိုးသမီးတွေရဲ့ အဓိကအားနည်းချက်က ဘာသာရေးနဲ့ပတ်သတ်ပြီး အမျိုးသမီးတွေအနေနဲ့အမြင်ရှင်းရှင်း သိဖို့လိုတယ်။ ဗုဒ္ဓဘာသာနိုင်ငံမှာအများဆုံးဖြစ်တတ်တာက ဟိန္ဒူအယူအဆ၀င်လာတာဖြစ်တဲ့ ဘုရားကျောင်း ထဲ အမျိုးသမီးမ၀င်ရဘူး။ အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုနိမ့်ကျတယ်ဆိုတဲ့ အယူအဆအလွဲတွေ ရှိမနေဖို့လိုတယ်။ ဗုဒ္ဓဘုရားက လူသားဝါဒအပေါ်မှာ အတန်းအစားခွဲခြားတာမရှိဘူး။ ဒါကို ရှိတယ်ထင်ပြီး အမျိုးသမီးတွေအနေနဲ့ယူဆနေရင် အမျိုးသမီးတွေက အမျိုးသားတွေနောက်မှာ ရှိနေမယ်။ အမျိုးသမီးတွေက အမျိုးသားတွေရှေ့ဖြတ်လျှောက်သွားရင် ခေါင်းငုံ့သွားရမယ်ဆိုတာတွေက ရိုးရာကျင့်စဉ်မို့လို့ လက်ခံရမယ် ဆိုပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် မျိနိမ့်ကျတယ်ဆိုတဲ့အယူအဆမျိုးတော့ အယူဆမိဖို့ လိုပါတယ်။ အမျိုးသားတွေကို တိုက်ခိုက်ဖို့ပြောနေတာမဟုတ်ဘူး။ အမျိုးသားဝါဒချည်း၊ အမျိုးသမီးဝါဒချည်း ဆိုတာမရှိသင့်ပါဘူး။ တန်းတူရည်တူပဲရှိသင့်တယ်။ အားလုံးကမွေးရာပါ အရည်အချင်းပါပြီးသားပါ။ သူတို့မှာ လည်း စွမ်းဆောင်ရည်အပြည့်ရှိတယ်။
http://www.myitmakhamediagroup.com/detail.php?newid=371

ကဗျာဆရာတင်မိုး အောက်မေ့ဖွယ် ကျောက်တုံး တောင်လေးလုံးကျောင်း​တွင် ဖွင့်လှစ်

Published on November 18, 2011 by ရွှေအောင်   ·   

ကဗျာဆရာတင်မိုး ​ ​အောက်မေ့ဖွယ်​ ​ကျောက်တုံးကို မန္တလေးတိုင်း၊ အမရပူရမှာရှိတဲ့ ​တောင်လေးလုံးကျောင်းမှာ နိုဝင်ဘာ ၁၈ ရက်နေ့က​ ​ဖွင့်လှစ်လိုက်ပါတယ်။
ဆရာတင်မိုး အောက်မေ့ဖွယ်​ ကျောက်တုံးကို ဆရာမောင်သစ်လွင်​ လူထုနဲ့ ဆရာဦးအေးမြင့်တို့​​က  မနက် ၁၁ နာရီမှာ ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
ဖွင့်ပွဲတက်ရောက်လာသူတွေထဲက  စာရေးဆရာ၊ ကဗျာဆရာတွေ​ ​ဖြစ်ကြတဲ့ မောင်သစ်လွင်(လူထု)၊ ဦးအေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)၊ တက္ကသိုလ်တေဇာလင်း၊ နေ၀င်းမြင့်၊ ညီစေမင်း၊ ဆူးငှက်၊ သိုက်ထွန်းသက်၊ စိုးနိုင်(မန်းတက္ကသိုလ်)၊ ညီပုလေး၊ ကိုထွန်းဦး(ထွန်းဦးစာပေ)တို့က တင်မိုးအမှတ်တရ စကားတွေ ပြောကြားခဲ့ကြပြီး တင်မိုးကဗျာတွေလည်း ရွတ်ဆိုခဲ့ကြပါတယ်။
တောင်လေးလုံးကျောင်းတိုက်မှ ဆရာတော် ကိုပညာ၊ လူထုသတင်းစာက သတင်းစာ ဆရာကြီးတွေ ဖြစ်တဲ့ မောင်သစ်လွင်(လူထု)၊ နတ်မောက်ထွန်းရှိန်နဲ့ ဒေသခံ စာရေးဆရာ၊ စာနယ်ဇင်းဆရာ၊ ကဗျာဆရာပေါင်း သုံးဆယ်လောက် တက်ရောက်ခဲ့ကြတယ်လို့ ဖွင့်ပွဲတက်ခဲ့တဲ့ ဆရာ နေ၀င်းမြင့်က ပြောပါတယ်။
ကဗျာဆရာတင်မိုးဟာ ၂၀၀၇ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်ခဲ့ပါတယ်။
http://burmese.dvb.no/archives/18009

ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​ဖွံ့​ဖြိုး​တိုး​တက်မှု- အပိုင်း​ (၅)


Published on November 24, 2011 by ထက်​အောင်    ထိုင်း​နိုင်ငံက မက်တဖွတ် Map Ta Phut စက်မှုဇုန်၏ သဘာဝပတ်ဝန်း​ကျင်နှင့်​ ပြည်သူ့​ကျန်း​မာ​ရေး​ပြဿနာများ

ထိုင်း​ပင်လယ် ​ကွေ့​ဒေသက ရ​ယောင်း​ (Rayong) ​ဒေသဟာ ထား​ဝယ်လိုပဲ ​ဖြောင့်​တန်း​လှပတဲ့​ သဲဖြူ ပင်လယ်ကမ်း​ခြေတခုကို ပိုင်ဆိုင်ထား​ပါတယ်။ ၁၉၈၀ ပြည့်​လွန်နှစ်​တွေ အ​စောပိုင်း​ကာလ ထိုင်း​ပင်လယ်​ကွေ့​မှာ သဘာဝဓာတ်​ငွေ့​သိုက် ​တွေ့​ရှိခဲ့​ချိန်ကစလို့​ ပင်လယ်ငါး​ဖမ်း​လုပ်ငန်း​၊​ စိုက်ပျိုး​ရေး​လုပ်ငန်း​တွေနဲ့​ အသက်​မွေး​ဝမ်း​ကျောင်း​ပြု​နေတဲ့​ ဒီ​ဒေသဟာ စက်မှုလုပ်ငန်း​တွေရဲ့​ ဗဟိုချက်အဖြစ် အကြီး​အကျယ် ​ပြောင်း​လဲခဲ့​ပါတယ်။

Map Ta Phut စက်မှုဇုန်တည်ရှိရာ ကမ်းခြေကို ရေတိုက်စားခံနေရပုံနဲ့ ပင်လယ်ထဲမှာ တည်ဆောက်ထားတဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ

အဲဒီအချိန်ကာလမှာ ထိုင်း​နိုင်ငံဟာ ကမ္ဘာ့​ရေနံ​ဈေး​ကြီး​မြင့်​မှု ပြဿနာနဲ့​ ရင်ဆိုင်​နေရသလို၊​ ထိုင်း​ဘတ်​ငွေတန်ဖိုး​ဟာလည်း​ အ​မေရိကန်​ဒေါ်လာ၊​ ဂျပန်ယန်း​ငွေတန်ဖိုး​တို့​နဲ့​ ယှဉ်ရင် အ​တော်​လေး​ ကျဆင်း​နေချိန်လည်း​ ဖြစ်ပါတယ်။ နိုင်ငံတွင်း​ ထုတ်လုပ်မှုစရိတ် ကြီး​မြင့်​လာတဲ့​ ဂျပန်၊​ ​တောင်ကိုရီး​ယား​နဲ့​ ထိုင်ဝမ်တို့​လို ဖွံ့​ဖြိုး​ပြီး​စ အ​ရှေ့​အာရှနိုင်ငံ​တွေက စက်မှုလုပ်ငန်း​ရှင်​တွေဟာ ထုတ်လုပ်မှုစရိတ် သက်သာတဲ့​ အ​ရှေ​တောင်အာရှနိုင်ငံ​တွေမှာ ရင်း​နှီး​မြှုပ်နှံဖို့​ ရှာ​ဖွေ​နေချိန်လည်း​ ဖြစ်ပါတယ်။
ဒီအ​ခြေအ​နေ​ တွေကို သုံး​သပ်မိတဲ့​ ထိုင်း​အစိုး​ရဟာ ရင်ဆိုင်​နေရတဲ့​ စီး​ပွား​ရေး​ အခက်အခဲကို ​ကျော်လွှား​နိုင်မယ့်​ အခွင့်​အလမ်း​တရပ်အဖြစ် သဘာဝဓာတ်​ငွေ့​သိုက် တည်ရှိရာ ထိုင်း​ပင်လယ်​ကွေ့​ ရ​ယောင်း​ခရိုင်မှာ အ​ရှေ့​ဘက်ပင်လယ်ကမ်း​ခြေဖွံ့​ဖြိုး​ ​ရေး​ (Eastern Seaboard Development Plan) အမည်ရှိတဲ့​ ဖွံ့​ဖြိုး​ရေး​စီမံကိန်း​ တရပ်ကို အ​ကောင်အထည် စ​ဖော်ခဲ့​ပါတယ်။ မက်တဖွတ် (Map Ta Phut) ​ဒေသကို စက်မှုဇုန်ထူ​ထောင်ပြီး​ အ​ရှေ့​အာရှနိုင်ငံ​တွေဆီက အရင်း​အနှီး​တွေ ထိုင်း​နိုင်ငံတွင်း​ စီး​ဝင်လာ​အောင် လုပ်နိုင်ခဲ့​ပါတယ်။
မက်တဖွတ် စက်မှုဇုန်မှာ အ​ခြေခံအ​ဆောက်အုံ​တွေ တည်​ဆောက်ဖို့​ ရင်း​နှီး​မြှုပ်နှံမှုဟာ ထိုင်း​ဘတ်​ငွေ သန်း​ပေါင်း​ ၃၇၀,၀၀၀ ရှိခဲ့​ပါတယ်။ လက်ရှိ ​ဒေါ်လာ​ဈေး​နဲ့​တွက်ရင် ​ဒေါ်လာ သန်း​ပေါင်း​ ၁၂,၀၀၀ (၁၂ ဒသမ ၅ ဘီလျံ) ရှိပါ တယ်။ ဒါ​ကြောင့်​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​နဲ့​ စက်မှုဇုန်ရဲ့​ အ​ခြေခံအ​ဆောက်အအုံ တည်​ဆောက်မှုမှာ ရင်း​နှီး​မြှုပ်နှံမှုပမာဏချင်း​ သိပ်မကွာပါဘူး​။
အလား​တူပဲ မက်တဖွတ် တည်​ဆောက်​ရေး​ လုပ်ငန်း​တွေမှာ အဓိကပါဝင်ခဲ့​တာဟာ ထား​ဝယ်စီမံကိန်း​ကို အ​ကောင်အထည်​ဖော်​နေတဲ့​ အီတာလျံ-ထိုင်း​ကုမ္ပဏီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့​ ထား​ဝယ်စီမံကိန်း​ မန်​နေဂျင်း​ ဒါရိုက်တာ ဆွမ်ချက် တီနာ​ပေါင် (Somchet Thinaphong) ဟာလည်း​ မယ့်​တဖွတ် စက်မှုဇုန်စီမံကိန်း​ ​ရေး​ဆွဲတဲ့​အထဲမှာ ပါဝင်ခဲ့​သူတဦး​ ဖြစ်ပါတယ်။
အဲ့​ဒါ​ ကြောင့်​ မြန်မာနိုင်ငံမှာ တည်​ဆောက်မယ့်​ ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်ဟာ မက်တဖွတ်နဲ့​ နှိုင်း​စာရင် ဆယ်ဆ​လောက် ကြီး​မား​တာကလွဲပြီး​ တည်​ဆောက်မယ့်​ စက်ရုံအမျိုး​အစား​၊​ ကနဦး​ ရင်း​နှီး​မြှုပ်နှံမှု၊​ ​ရေ​မြေ အ​နေအထား​နဲ့​ ​ဒေသခံပြည်သူ​တွေရဲ့​ လူမှုစီး​ပွား​ဘဝအ​ခြေအ​နေဟာ အ​တော်​လေး​ ဆင်တူတာ ​ကြောင့်​ မြန်မာပြည်သူ​တွေနဲ့​ အထူး​သဖြင့်​ ထား​ဝယ်​ဒေသခံ​တွေအ​နေနဲ့​မက်တဖွတ် စက်မှုဇုန်ရဲ့​ အကျိုး​သက်​ရောက်မှု​တွေကို သိထား​သင့်​ပါတယ်။
နှစ်​ပေါင်း​ ၂၀ ကြာပြီး​နောက် မက်တဖွတ် စက်မှုဇုန်ဟာ ထိုင်း​နိုင်ငံရဲ့​ စီး​ပွား​ရေး​ အသက်​သွေး​ကြော ဖြစ်လာပြီး​ တိုင်း​ပြည်ရဲ့​ အသား​တင်ထုတ်လုပ်မှု (GDP) ကို အဓိကမြှင့်​တင်​ပေး​တဲ့​ ​ဒေသလည်း​ ဖြစ်လာပါတယ်။
တချိန်တည်း​ မှာပဲ ထိုင်း​လူမှုအဖွဲ့​အစည်း​တွေနဲ့​ သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​ လှုပ်ရှား​မှုအဖွဲ့​တွေကြား​မှာ ထိုင်း​နိုင်ငံရဲ့​ အကြီး​ဆုံး​စက်မှုဇုန်ကြီး​ ဖြစ်လာတဲ့​ မက်တဖွတ်ဟာ ဓာတုအဆိပ်မျိုး​စုံ ခြုံလွှမ်း​နေတဲ့​ ​ဒေသကြီး​တခုအဖြစ် ရှုမြင်လာကြပါတယ်။

Map Ta Phut စက်မှုဇုန်တည်ရှိရာ ရ ယောင်းဒေသက ကမ်းခြေတ လျှောက်လုံး ရေတိုက်စားခံထားရပုံကို Google Earth မှ မြင်တွေ့ရပုံ

“ထိုင်း​ နိုင်ငံကို လူသား​တဦး​အ​နေနဲ့​ သ​ဘောထား​မယ်ဆိုရင် မက်တဖွတ်ဟာ ကင်ဆာပါပဲ။ ခင်ဗျား​ရဲ့​ခန္ဓာကိုယ်ထဲမှာ ကင်ဆာဖြစ်​နေမှန်း​ အစပထမ​တော့​ သတိပြုမိမှာ မဟုတ်ပါဘူး​။ ဒါ​ပေမယ့်​ ခင်ဗျား​သတိပြုမိလိုက်တဲ့​အချိန်မှာ ကုသဖို့​ သိပ်ခက်ခဲသွား​ပါပြီ” လို့​ မက်တဖွတ်​ဒေသမှာ နှစ်ရှည်လများ​ ​နေထိုင်ခဲ့​ဖူး​တဲ့​ ဘန်​ကောက်အ​ခြေစိုက် Greenpeace Southeast Asia (GPSEA) ရဲ့​ ထိုင်း​နိုင်ငံဆိုင်ရာကိုယ်စား​လှယ် တာရာ ဘူအာခမ်စရီ (Tara Buakamsri) က ရှင်း​ပြပါတယ်။
မက်တဖွတ် စက်မှုဇုန်ကို စတင်လည်ပတ်ပြီး​ ၁၀ နှစ်​လောက်အကြာ ၁၉၉၇ ခုနှစ်မှာ ​ဒေသခံပြည်သူ​တွေကို အကြီး​အကျယ် တုန်လှုပ်သွား​စေတဲ့​ ဖြစ်ရပ်တခု ​ပေါ်​ပေါက်ခဲ့​ပါတယ်။ ​ရေနံချက်စက်ရုံတခုနဲ့​ ခြံစည်း​ရိုး​ပဲခြား​တဲ့​ စာသင်​ကျောင်း​ တခုက ​ကျောင်း​သား​နဲ့​ ဆရာဆရာမ ၁,၀၀၀ ​လောက် အဆိပ်သင့်​ ဓာတ်​ငွေ့​တွေ ပါတဲ့​လေကို ရှူရှိုက်မိလို့​ ​ဆေး​ရုံတင်လိုက်ရပါတယ်။ အဲဒီဖြစ်ရပ်​နောက်ပိုင်း​မှာ​တော့​ စက်မှုဇုန်​ကြောင့်​ ​လေထုနဲ့​ရေထု ညစ်ညမ်း​လာတာကို ဆန့်​ကျင်တဲ့​လှုပ်ရှား​မှု​တွေ ​ဒေသခံပြည်သူ​တွေနဲ့​ လူမှုအဖွဲ့​အစည်း​တွေအကြား​ စတင်ခဲ့​ကြပါတယ်။
အဲဒီနှစ်ထဲမှာပဲ Greenpeace ဟာ Campaign for Alternative Industry Network (CAIN) နဲ့​ Global Community Monitor (GCM) စတဲ့​ ထိုင်း​လူမှုအဖွဲ့​အစည်း​တွေနဲ့​ ပူး​ပေါင်း​ပြီး​ မက်တဖွတ် ​လေထုနဲ့​ရေထုကို သိပ္ပံနည်း​ကျ စမ်း​သပ် စစ်​ဆေး​လေ့​လာမှု​တွေ လုပ်ခဲ့​ပါတယ်။ ​နောက်ပြီး​ Thailand’s Air: Poison Cocktail ဆိုတဲ့​ အစီရင်ခံစာတ​စောင် ထုတ်ပြန်ခဲ့​ပါတယ်။
အစီရင်ခံစာအရ မက်တဖွတ်စက်မှုဇုန်မှာ ကင်ဆာ​ရောဂါဖြစ်​စေတဲ့​ Carcinogenic ဒြပ်​ပေါင်း​ ၂၀ ထဲက ၁၉ မျိုး​ဟာ ​လေထုထဲရှိသင့်​တာထက် အဆ​ပေါင်း​များ​စွာ များ​ပြား​နေတာကို ​တွေ့​ရှိခဲ့​ပါတယ်။ အဲ့​ဒါ ​ကြောင့်​ လည်း​ အစီရင်ခံစာကို Poison Cocktail လို့​ အမည်တပ်ခဲ့​ပါတယ်။
၂ဝဝ၇ ခုနှစ်မှာ ထိုင်း​ကျန်း​မာ​ရေး​ဌာနက မက်တဖွတ်​ဒေသခံ ၂,၁၇၇ ဦး​ကို စမ်း​သပ်ပါတယ်။ အဲဒီအထဲက လူ​ပေါင်း​ ၃၀၀ မှာ Benzene Level ထူး​ထူး​ကဲကဲ မြင့်​မား​နေတာ ​တွေ့​ခဲရပါတယ်။ မက်တဖွတ်​ဒေသအတွင်း​ အများ​ပြည်သူသုံး​စွဲတဲ့​ ​ရေတွင်း​ရေကန် ၂၅ ခုက ​ရေနမူနာ​တွေကို ဓာတ်ခွဲစမ်း​သပ်ခဲ့​ရာမှာလည်း​ သံဓာတ် ၁၅၁ ဆ၊​ ခဲဓာတ် ၄၇ ဆ၊​ မန်ဂနိစ် ၃၄ ဆ၊​ ဇင့်​ ၁၀ ဆနဲ့​ ကက်မီယမ် ၆ ဆ ပိုလွန်ပါဝင်​နေတာ ​တွေ့​ရှိခဲ့​ပါတယ်။
ဆေး​ သိပ္ပံပညာရှင်​တွေရဲ့​ ​လေ့​လာ​တွေ့​ရှိချက်တခုမှာလည်း​ မက်တဖွတ်စက်မှုဇုန်နဲ့​ ကပ်ရက် ရ​ယောင်း​ခရိုင် (Muang Rayong District) ဟာ တခြား​ဒေသ​တွေထက် ​သွေး​ကင်ဆာ (Leukemia) ဖြစ်ပွား​နှုန်း​ ၅ ဆ မြင့်​မား​နေပါတယ်။
အဆိပ်သင့်​ နေတဲ့​ မက်တဖွတ်စက်မှုဇုန်တဝိုက်မှာရှိတဲ့​ ​ကျေး​ရွာ​ပေါင်း​ ၂၅ ရွာရဲ့​ အ​တွေ့​အကြုံအရ နှစ်စဉ် မိုး​ရာသီ​ရောက်လာရင် ပထမဆုံး​ရွာတဲ့​မိုး​ကို သတိထား​ ​ရှောင်ရတယ်လို့​ ​ပြောပါတယ်။ အက်ဆစ်မိုး​ဖြစ်တာ​ကြောင့်​ပါ။ အက်ဆစ်မိုး​ကြောင့်​ စိုက်ခင်း​တွေ၊​ သီး​နှံ​တွေ ပျက်စီး​ထိခိုက်ခဲ့​ပါသည်။
ရေကန်​တွေနဲ့​ ​မြေ​အောက်​ရေ​တွေ အဆိပ်အ​တောက်ဖြစ်​နေတဲ့​အတွက် ပြည်သူ့​ကျန်း​မာ​ရေး​ ထိခိုက်ရတဲ့​ ကိစ္စအ​ပေါ် အရင် ထိုင်း​ဝန်ကြီး​ချုပ် အဖိဆစ် ​ဝေ့​ချာချီဝ (Abhisit Vejjajiva) လက်ထက်တုန်း​က ​ဒေသခံ​တွေစု​ပေါင်း​ပြီး​ အစိုး​ရ ကို တိုင်ကြား​ခဲ့​ပါတယ်။ အစိုး​ရက စစ်​ဆေး​မှု​တွေလုပ်ခဲ့​ပေမယ့်​ စစ်​ဆေး​မှုရဲ့​ရလဒ်ကို ​ဒေသခံ​တွေကို အသိမ​ပေး​ခဲ့​ပါဘူး​။
ဝန်ကြီး​ ချုပ်အဖိဆစ်ကိုယ်တိုင် မက်တဖွတ်​ဒေသကို ကြည့်​ရှုစစ်​ဆေး​ဖို့​ ​ရောက်လာစဉ်မှာ ​ဒေသခံ​တွေက ဝန်ကြီး​ချုပ်ကို သူတို့​ဒေသက ​ရေဟာ သန့်​ရှင်း​တယ်ဆိုရင် အခုခပ်လာတဲ့​ရေကို ​သောက်ပြပါလို့​ ​တောင်း​ဆိုခဲ့​ပေမယ့်​ ဝန်ကြီး​ချုပ်က မ​သောက်ခဲ့​ဘူး​လို့​ သိရပါတယ်။
ဒီလို အ​ခြေအ​နေ​တွေ ဆိုး​သထက်ဆိုး​လာ​နေ​ပေမယ့်​ ထိုင်း​ဝန်ကြီး​ချုပ်ဦး​ဆောင်တဲ့​ အမျိုး​သား​ ပတ်ဝန်း​ကျင်​ရေး​ရာ ဘုတ်အဖွဲ့​ National Environmental Board (NEB) အ​နေနဲ့​ မက်တဖွတ်​ဒေသကို ပတ်ဝန်း​ကျင်ညစ်ညမ်း​မှု ထိန်း​ချုပ်ရာ​ဒေသ (Pollution Control Area) အဖြစ် ​ကြေညာဖို့​ ပျက်ကွက်​နေမှုအ​ပေါ် ​ဒေသခံ​တွေက ၂၀၀၇ ခုနှစ်မှာပဲ စတင်တရား​စွဲပါတယ်။
ထိုင်း​ နိုင်ငံရဲ့​ ၂၀၀၆ ခုနှစ် ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေအရ အစိုး​ရဟာ သူ့​ရဲ့​တာဝန်ဝတ္တရား​တွေအတိုင်း​ ​ဆောင်ရွက်ဖို့​ ပျက်ကွက်ခဲ့​ရင် နိုင်ငံသား​တွေက ထိုအစိုး​ရကို တရား​စွဲခွင့်​ အခွင့်​အ​ရေး​ပေး​ထား​ပါတယ်။
၂၀၀၉ ခုနှစ် မတ်လမှာ ရ​ယောင်း​ဒေသတရား​ရုံး​ (Rayong Provincial Administrative Court) က ​ဒေသခံ​တွေရဲ့​ တရား​စွဲဆိုမှုကို အနိုင်​ပေး​ခဲ့​ပြီး​ အစိုး​ရအ​နေနဲ့​ ရက်​ပေါင်း​ ၆၀ အတွင်း​ မက်တဖွတ်စက်မှုဇုန်ကို Pollution Control Area အဖြစ် သတ်မှတ်ဖို့​ အမိန့်​ချမှတ်ပါတယ်။ ညစ်ညမ်း​စက်ရုံ​တွေကိုလည်း​ ရှင်း​လင်း​ခိုင်း​ပါတယ်။ အဲဒီနှစ် စက်တင်ဘာလမှ ထပ်မံတိုး​ချဲ့​တည်​ဆောက်မယ့်​ စက်ရုံ​ပေါင်း​ ၇၆ ရုံကို ရပ်ဆိုင်း​ခဲ့​တဲ့​အတွက် ဘတ်​ငွေ ၄၀၀ ဘီလီယံဖိုး​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ရပ်ဆိုင်း​ခဲ့​ရတယ်။ စက်မှုလုပ်ငန်း​ရှင်​တွေဘက်က ပြန်လည်ကြိုး​စား​တဲ့​အတွက် ဒီဇင်ဘာလမှာ တရား​ရုံး​ချုပ် (Supreme Administrative Court) က ပတ်ဝန်း​ကျင် ညစ်ညမ်း​မှုမရှိတဲ့​ စက်ရုံ ၁၁ ရုံကို ပြန်လည်ခွင့်​ပြုခဲ့​ပါတယ်။
ထိုင်း​ နိုင်ငံဟာ ဒီမိုက​ရေစီအ​ခြေခံ​တွေ အ​တော်အတန် တည်​ဆောက်ထား​နိုင်ပြီး​ နိုင်ငံသား​အခွင့်​အ​ရေး​ကို ကာကွယ်​စောင့်​ရှောက်ရာမှာ အစိုး​ရကို​တောင် တရား​စွဲပိုင်ခွင့်​ အခွင့်​အ​ရေး​ပေး​ထား​သလို၊​ ထိုင်း​အစိုး​ရကလည်း​ တိုင်း​ပြည်ရဲ့​ သဘာဝပတ်ဝန်း​ကျင်ညစ်ညမ်း​မှုကို ကာကွယ်တဲ့​ ဥပ​ဒေ​တွေ ပြဌာန်း​ထား​ပါတယ်။ ဝန်ကြီး​ချုပ်ကိုယ်တိုင် ဦး​ဆောင်တဲ့​ NEB လို ဥပ​ဒေကို အ​ကောင်အထည်​ဖော်မယ့်​ အဖွဲ့​မျိုး​လည်း​ ဖွဲ့​စည်း​ထား​ပါတယ်။
ဒါ​ပေမယ့်​ နိုင်ငံတကာရင်း​နှီး​မြှုပ်နှံမှု​တွေ များ​များ​ဝင်​ရောက်နိုင်​အောင် စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေကို မျက်နှာသာ​ပေး​ရတာ​ကြောင့်​ ဥပ​ဒေကို ပြည့်​ပြည့်​ဝဝ အ​ကောင်အထည်မ​ဖော်နိုင်တာ၊​ ဗျူရိုက​ရေစီ အုပ်ချုပ်​ရေး​ယန္တရား​ထဲက အကျင့်​ပျက်ချစား​မှု​တွေနဲ့​ ဖွံ့​ဖြိုး​ပြီး​စက်မှုနိုင်ငံ​တွေက ကုမ္ပဏီကြီး​တွေဟာ သူတို့​နိုင်ငံ​တွေမှာ အသုံး​ပြုတဲ့​ အဆင့်​မြင့်​ စက်မှု နည်း​ပညာကို မက်တဖွတ်မှာ မသုံး​စွဲဘဲ စရိတ်သက်သာတဲ့​ အဆင့်​နိမ့်​နည်း​ပညာ​တွေ သုံး​စွဲခဲ့​တာ​ကြောင့်​ အခုလို သဘာဝပတ်ဝန်း​ကျင်နဲ့​ ပြည်သူ့​ကျန်း​မာ​ရေး​ပြဿနာ​တွေကို အချိန်တိုတိုအတွင်း​ ဆိုး​ဆိုး​ရွား​ရွား​ ခံစား​နေရခြင်း​ဖြစ်တယ်လို့​ ပညာရှင်များ​က Thailand’s Air: Poison Cocktail အစီရင်ခံစာမှာ သုံး​သပ်ထား​ပါတယ်။
http://burmese.dvb.no/


တိုင်းရင်းသားပြဿနာ ဖြေရှင်းပြေလည်ရေး အလားအလာ

ဗုဒ္ဓဟူး, 23 နိုဝင်ဘာ 2011
By ဦးကျော်ဇံသာ

ဒီတပတ် မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပြဿနာပြေလည်ရေး အလားအလာကောင်းတွေ ရှိနေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့ က သုံးသပ်နေကြပါတယ်။ အထူးသဖြင့် မြန်မာအစိုးရဝန်ကြီးတဦးနဲ့ ဒီရက်အတွင်း တွေ့ဆုံဖြစ်ခဲ့သူတွေဆီက ဒီအဖြစ်မျိုးကို ကြားနေရတာ ဖြစ်ပါတယ်။ ဒီအရေးကိစ္စနဲ့ ပတ်သက်လို့ ချင်းအမျိုးသားကောင်စီ (CNF – Chin National Front) က ဒေါက်တာရွှေခါး၊ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်း တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဒေါက်တာရွှေခါး ကို မေးချင်ပါတယ်။ ဒေါက်တာရွှေခါး က CNF ရဲ့  ခေါင်းဆောင်တဦးဖြစ်ပါတယ်။ အခု တွေ့ဆုံဆွေးနွေးမှုဟာ နောက်ဆုံး အာဏာပိုင်ဖက်က ပုဂ္ဂိုလ်တွေနဲ့ latest တွေ့ဆုံမှု ဖြစ်ပါတယ်။ အဲဒီ တွေ့ဆုံမှုကို ဘယ်လိုမြင်ပါသလဲ။ လွှမ်းခြုံပြီးတော့ သုံးသပ်ရရင် အပြုသဘောဆောင်ပါသလား။ Positive ဖြစ်ပါသလား။ အခက်အခဲတွေ အများကြီး တွေ့ရပါသလား။ မပြေလည်မှုတွေ တွေ့ရပါသလား။ ဒီတွေ့ဆုံခဲ့တဲ့အပေါ်မှာ အကြမ်းမျဉ်း သုံးသပ်ပေးပါ။ ခပ်တိုတိုလေး။

ဒေါက်တာရွှေခါး ။ ။ ကျနော့်အမြင်ကတော့ positive ဖြစ်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ တွေ့ဆုံတဲ့ ဝန်ကြီးကလည်း ဒဲ့ဒိုးပြောတတ်ပါတယ်။ ပြီးတော့ ပွင့်ပွင့်လင်းလင်း ရှိတယ်။ ရင်းရင်းနှီးနှီးနဲ့ ကျနော်တို့ကို လာရောက်တွေ့ဆုံတော့။ ပြီးတော့ ကျနော်တို့ သိချင်တာမှန်သမျှ၊ မေးချင်တဲ့မှန်သမျှကို သူက စိတ်ရှည်ရှည်နဲ့ ရှင်းပြတာမျိုးတွေ။ ဖြစ်နိုင်တဲ့ဟာမျိုးကို ဖြစ်နိုင်တယ်။ မဖြစ်နိုင်တဲ့ဟာကိုတော့ ဟာအဲဒါကတော့ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်တော့ ကျနော်ထင်တယ် ဒီလူသာ ကျနော်တို့ဆက်သွားရင် ဖြစ်နိုင်စရာအကြောင်း ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ သူဟာ ဒဲ့ဒိုးပြောတတ်တယ်။ ပွင့်ပွင့်လင်းလင်းရှိတယ်။ မဖြစ်နိုင်တာကို မဖြစ်နိုင်ဘူးပြောတယ်ဆိုရင်တော့ မဖြစ်နိုင်တာက စပြောရအောင်ပါ။ သိပ်ပြီးတော့မှ လူတွေကြိုက်ချင်မှကြိုက်မယ်။ အဓိက မဖြစ်နိုင်တာ ဘာလို့ဆိုပါသလဲ။

ဒေါက်တာရွှေခါး ။ ။ မဖြစ်နိုင်တဲ့ဟာက သူ့အနေနဲ့ မလုပ်နိုင်တဲ့ဟာကိုတော့ သူကပြောတယ် ဒါကတော့ သမ္မတဆီကို တင်ပြအုံးမယ်ဆိုပြီး ပြောတယ်။ လွယ်လွယ်နဲ့ ကျနော်တို့ကို ဒါကတော့ ဖြစ်နိုင်ပါတယ်လို့ မပြောဘူး။ ဥပမာ ကျနော်တို့က ဒီတခုပြောတာကတော့ cessation of hostility ကို လုပ်သင့်တယ်ဆိုတော့ ဒါကတော့ ကျနော် အထက်ကိုတင်ပြပေးပါမယ်လို့ ပြောတယ်။

ဦးကျော်ဇံသာ ။ ။ အပစ်အခတ်ရပ်စဲရေးကိစ္စပေါ့။

ဒေါက်တာရွှေခါး ။ ။ တနိုင်ငံလုံး အပစ်ရပ်ရေး - သူတို့ဘက်က စလုပ်ဖို့ ကျနော်တို့က လုပ်တာပါ။

ဦးကျော်ဇံသာ ။ ။ အပစ်အခတ်ရပ်စဲရေးကိုပေါ့။ Hostility ဆိုတာ အပစ်အခတ်ရပ်စဲရေးကို အဓိကပြောတာပေါ့။

ဒေါက်တာရွှေခါး ။ ။ Cessation of hostility က ဘယ်လိုပြောမလဲ အပစ်အခတ်ရပ်စဲရေးအပါအဝင် ပဋိပက္ခ ဖြစ်ပွါးမယ့်။ အမုန်းတွေဖြစ်ပွါးမယ့် ကိစ္စတွေအားလုံးကို ရပ်ဖို့ကိစ္စပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒါကို သူတို့ဘက်က စပြီးလုပ်ပါဆိုတာကို သူတို့က သမ္မတကို တင်ပြရမယ်ဆိုတဲ့ သဘောပေါ့။

ဒေါက်တာရွှေခါး ။ ။ ဟုတ်ကဲ့။

ဦးကျော်ဇံသာ ။ ။ ဆရာဦးခွန်ဆိုင်း … ဆရာကတော့ သတင်းသမားအနေနဲ့ အဲဒီ ဆွေးနွေးပွဲကို တက်ရောက်ခွင့်ရတဲ့ ကံထူးတဲ့ သတင်းသမားတယောက်ပေါ့။ ဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရဝန်ကြီးတို့ ဆွေးနွေးပွဲကို ဦးခွန်ဆိုင်း က အကောင်းမြင်ပါသလား။ အလားအလာကောင်းလို့ ထင်ပါသလား။

ဦးခွန်ဆိုင်း ။ ။ ကောင်းတဲ့အခြေအနေလို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးသိန်းစိန်တို့ကလည်း အခု ရှင်းရှင်းပြောရင် မဟာမိတ်တွေ ပြုနေကြပြီ။ အရင်ကလို ၁၉၈၉ နဲ့ မတူကြဘူး။ ၁၉၈၉ မှာဆိုရင် စစ်အစိုးရက စစ်မျက်နှာကို ရင်ဆိုင်နေရတယ်။ မြို့ တွင်းနဲ့ မြို့ ပြင်ကနေ ရင်ဆိုင်နေရတဲ့ကာလဖြစ်တယ်။ အခုကြတော့ မြို့ တွင်းက ဆူပူလှုပ်ရှားမှု ဆန့်ကျင်မှုဆိုတာတွေ သူတို့က အများကြီးဖြေရှင်းနိုင်ပြီ။ ဒေါ်စုနဲ့ ပေါင်းလိုက်ပြီဆိုတော့။ အခုတော့ ကျနော်တို့ မြို့ ပြင်ဘက်မှာရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေပဲ ကျန်တာပေါ့။ ဒီတပ်ဖွဲ့တွေပဲ ကျန်တဲ့အခါကြတော့ သူတို့ကို လာရောက်ဆွေးနွေးခြင်းဆိုတော့ နိုင်ငံတနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ဆိုတာ အလားအလာအများကြီးကောင်းတယ်လို့ ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခွန်ဆိုင်း က ဒေါ်အောင်ဆန်းစုကြည် နံမည်ပြောလို့ တဆက်တည်း မေးချင်တာက။ အစကတော့ သုံးပွင့်ဆိုင်ဆိုပြီး တိုင်းရင်းသားတွေ ပြောကြတယ်။ တိုင်းရင်းသားတွေ၊ အာဏာပိုင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရယ်ဆိုပြီး သုံးပွင့်ဆိုင်ဆိုတဲ့ တောင်းဆိုချက်၊ ကြွေးကြော်ချက်က ဘယ်ရောက်သွားသလဲ ဒေါက်တာရွှေခါး။

ဒေါက်တာရွှေခါး ။ ။ ကျနော်တို့ အခုက ပြောရရင် သုံးပွင့်ဆိုင်ဆိုတဲ့ဟာက issue ကတော့ အခုထက်ထိကို relevant ဖြစ်သေးတယ်။ ဥပမာ ကျနော်တို့ တိုင်းရင်းသား issue, ဒီမိုကရေစီ issue, ပြီးတော့မှ စစ်တပ်ရဲ့  အခန်းကဏ္ဍ။ ဒီသုံးခုစလုံးက မဆွေးနွေးလို့ မရတဲ့ဟာဖြစ်တယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို ဘယ်သူတွေက ကိုယ်စားပြုပြီး ဆွေးနွေးကြမယ်ဆိုတဲ့ ကိုယ်စားပြုမှုကတော့ အရင်တုန်းကလို့ ဟုတ်ခြင်းဟုတ်မှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ပြောင်းလဲလာပြီကို။

ဦးကျော်ဇံသာ ။ ။ ဦးခွန်ဆိုင်း ကို နောက်တခုမေးချင်တာကတော့ သူတို့ဆွေးနွေးပွဲမှာ ပြေလည်မှုရဖို့အတွက် အဓိက အခက်အခဲက ဘာလို့ ဦးခွန်ဆိုင်း မြင်ခဲ့ပါသလဲ။

ဦးခွန်ဆိုင်း ။ ။ အခု ဆွေးနွေးတဲ့နေရာမှာတော့ အခုလောလောဆယ် ကျနော်က SSA ကို ကြည့်ရတာပေါ့။ SSA အတွက်ကတော့ အထူးအခက်အခဲဆိုတာ အခုလောလောဆယ် ပထမအဆင့်မှာတော့ မမြင်ရသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပထမအဆင့်က အပစ်အခတ်ရပ်စဲရေး။ နောက်တချက်က ဘာလဲဆိုတော့ အပြန်အလှန် ဆက်သွယ်ရေးရုံးတွေ ဖွင့်ရေး။ နောက်ပြီးမှ အစိုးရ control လုပ်ထားတဲ့ နယ်မြေထဲဝင်သွားပြီဆိုရင် လက်နက်မပါဘဲ သွားလာရေး။ နောက်ပြီးတော့ နောက်ထပ်တဆင့် အဆင့်မြင့် ဆွေးနွေးဖို့ နေရက်အချိန်အခါ နေရာသတ်မှတ်ရေး။ ဒီဥစ္စာက ပထမအဆင့်ဖြစ်တဲ့အတွက် အခက်အခဲ မရှိပါဘူး။ ဒီ လေးချက်စလုံးကို ကြည့်လိုက်မယ်ဆိုရင် ဘာမှအခက်အခဲ မရှိဘူးပေါ့။ သို့သော် ဒုတိယအဆင့်ကြတော့ ဘာဖြစ်မလဲဆိုတော့ အဆင့်မြင့် ဆွေးနွေးပွဲတွေ ဖြစ်လာမယ်။ အဲဒီအခါမှာတော့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအကြောင်းတွေ ဆွေးနွေးကြမယ်။ ဒီကိစ္စက တော်တော်လေး အကြိတ်အနယ်ပြောရမယ့် အဆင့်ဖြစ်တယ်။ အဲဒီလို ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေနဲ့ ပြဿနာမှာ သမ္မတ ဦးသိန်းစိန်ကလည်း ဘာလီမှာ သတင်းသမားတွေနဲ့ တွေ့ဆုံတော့ သူပြောပါတယ်။ အရှေ့ ဘက်ပိုင်း ရှမ်းပြည်မှာတော့ သေနတ်သံ မရှိတော့ပါဘူး။ ဒါပေမဲ့ ကချင်နဲ့ကိစ္စကတော့ ကြာမယ်လို့ ပြောပါတယ်။ ဆိုတော့ အခု တိုင်းရင်းသားတချို့ က ပြေလည်တဲ့သဘောကို ပြောနေကြတယ်။ ကချင်ကိစ္စကို ချန်ထားခဲ့ကြမလား။ အစကတော့ အကုန်လုံး တပေါင်းတစည်းတည်း ဆွေးနွေးမှုရမှ ဆွေးနွေးမယ်လို့ ပြောထားကြတာဖြစ်တယ်။ ဆိုတော့ ကချင်ကိစ္စကို ဘယ်လိုလုပ်ထားကြမလဲ။ ဒေါက်တာရွှေခါး စပြောပါခင်များ။

ဒေါက်တာရွှေခါး ။ ။ ကျနော်တို့ ဒီတခေါက် ဝန်ကြီးနဲ့ သွားတွေ့တော့လည်း ကေအိုင်အိုကိုယ်တိုင် ဗိုလ်ချုပ် ~ ကိုယ်တိုင်လာပြီးတော့ ဆွေးနွေးတယ်။ ဘယ်လိုဖြစ်သလဲ။ ဘာဖြစ်လို့ ဒီလို တိုက်ပွဲဖြစ်ရတာကို သူတို့ ရှင်းရှင်းလင်းလင်း ပြောပြတယ်။ ဆိုတော့ ကျနော် သိရသလောက်ဆိုလိုရှိရင် ဝန်ကြီးကလည်း ဖြစ်ရပ်မှန်ကို သိသွားတော့ ဒီကိစ္စကို သမ္မတဆီကို အသေးစိတ် တင်ပြမယ်လို့ သူကပြောပါတယ်။ ဆိုတော့ ကျနော် မျှော်လင့်တာကတော့ မကြာခင်မှာပဲ ကချင်ကိစ္စနဲ့ ပတ်သက်လို့ ထူးခြားမှုတခုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ ကချင်ပိုင်းကို ဒီနေ့မခေါ်တာကတော့ အစိုးရဘက်ကလူလည်း မပါဘူး။ အဓိက ဖြစ်နေတာက သူတို့ နှစ်ဘက်မှာဆိုတော့ သူတို့နှစ်ဘက်စလုံး မပါဘဲနဲ့ တိုင်းရင်းသားဘက်က ဆွေးနွေးခဲ့တယ့်သူနဲ့ သတင်းသမားဆိုပြီး ဆရာတို့နှစ်ယောက်ကို ကျနော်က ဖိတ်တာဖြစ်ပါတယ်။ ဦးခွန်ဆိုင်း … စောစောကတခုကို ပြောရမယ်ဆိုရင် တိုင်းရင်းသားပြဿနာ ပြေလည်ရေးကတော့ အခုလောလောဆယ်မှာ ဖြစ်နေတဲ့ hostility ရန်ဆောင်တဲ့ အပြုအမှုတွေပဲ ဆိုကြပါစို့။ အပစ်အခတ်ရပ်စဲရေးမှာ။ အဲဒါတွေကို ရပ်စဲမဲ့ကိစ္စတွေကို ဆွေးနွေးကြတယ်။ မူအားဖြင့်က ဖွဲ့စည်းပုံအခြေခံမှာ တိုင်းရင်းသားတွေရဲ့  ရပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အဓိကပြောရမယ်ဆိုရင် တိုင်းရင်းသားတွေက ကိုယ်ပိုင်ပြဌာန်းခွင့် လိုချင်တယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် လိုချင်တယ်။ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့  အနိုင်ကျင့်မှုကို မလိုချင်ဘူး စသဖြင့် ကျနော်တို့ မကြာခဏ ကြားနေရပါတယ်။ အဲဒီ issue တွေကို ဆွေးနွေးမယ့်ကိစ္စက ဘယ်အခါမှ ရောက်လာမယ် ထင်ပါသလဲ။ ဘယ်အခါမှာ ပါလာမလဲ။

ဦးခွန်ဆိုင်း ။ ။ ကျနော်တို့ ဆွေးနွေးပွဲ စကတည်းက ဦးအောင်မင်း က ကျနော်တို့ကို ပြောပါတယ်။ သူလာပြောတာက အကုန်လုံးက သုံးဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူမှု ရယူဖို့။ နံပါတ် နှစ်ကတော့ ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးပြီး သဘောတူညီချက် ရယူဖို့။ တတိယအဆင့်ကတော့ ဒီဥစ္စာဟာ နိုင်ငံရေးအဆင့်ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးကို ဆွေးနွေးဖို့အတွက်ကြတော့ ဆွေးနွေးပြီးမှ ပြည်လုံးကျွတ် နှီးနှောဖလှယ်ပွဲ Conference ကြီးကို ကျင်းပဖို့ရန် စီစဉ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်ပြီး လုပ်ဆောင်သွားရန် ရည်မှန်းထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါ လွှတ်တော်ကိုပြောတာ မဟုတ်ဘူးပေါ့။

ဦးခွန်ဆိုင်း ။ ။ လွှတ်တော်ကိုပြောတာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာရွှေခါးတို့ သဘောထားကိုလည်း သိချင်ပါတယ်။ ဖွဲ့စည်းပုံဥပဒေမှာ တိုင်းရင်းသားတွေရဲ့  ရပိုင်ခွင့် အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ မကျေနပ်တာ။ အဲဒီကိစ္စကို ဘယ်လိုနားလည်းထားပါသလဲ။ ဦးခွန်ဆိုင်း ပြောသလို နေပြည်တော်မှာ ပြည်လုံးကျွတ် ကွန်ဖရန့်လုပ်မယ်…

ဒေါက်တာရွှေခါး ။ ။ ဟုတ်တယ်။ ကျနော်တို့ KNPP က မေးပါတယ် ဝန်ကြီးကို။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့ရလားဆိုတော့ ဝန်ကြီးကပြောတာကတော့ ဒါက လူတွေလုပ်တာ။ ပြင်လို့ရပါတယ်။ အခုတောင် ကြည့်ပါလား - အန်အယ်လ်ဒီ ပြန်ပြီးတော့ မှတ်ပုံတင်နိုင်ဖို့ ကျနော်တို့ ပြင်လိုက်တာပဲ။ ဒါက မပြင်နိုင်စရာ အကြောင်းမရှိဘူးလို့ သူပြောတယ်။ နောက် ဒီနေ့မှာလည်း အားလုံးသိတဲ့အတိုင်း Bangkok Post မှာပြောတယ် တကယ်လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ ပိုနိုင်လာတယ်။ အဲဒီမှာ လွှတ်တော်ကိုယ်စားလှယ် ပိုများလာမယ်ဆိုလို့ရှိရင် အဲဒီမှာ ပိုပြီးတော့တောင် ပြင်ဆင်လို့ရမယ်ဆိုတာကို ပြောပြပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခွန်ဆိုင်း ကို နောက်ဆုံးမေးချင်တာက ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ SNLD ရဲ့  ခေါင်းဆောင် ခွန်ထွန်းဦး တသိုက်ဟာ မလွတ်သေးဘူး။ ဆိုတော့ ဒီတိုင်းရင်းသားတွေနဲ့ ပြဿနာ ပြေလည်ရေး ရတဲ့အခါမှ ခွန်ထွန်းဦး တို့ လွတ်လာရမလား။ ပြဿနာပြေလည်ဖို့ ခွန်ထွန်းဦးတို့ကို လွှတ်ပေးဖို့ လိုပါသလား။ ဒီပြဿနာ ပြေလည်ရေးနဲ့ အဲဒီ ပုဂ္ဂိုလ်တွေ လွတ်မြောက်ရေးက ဘယ်ဟာကို ဦးစားပေးထားပါသလဲ။

ဦးခွန်ဆိုင်း ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးမှ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ဆွေးနွေးခဲ့တာ ရှိပါတယ်။ တကယ်လို့ ပြည်တွင်းငြိမ်းချမ်းရေး တကယ်ရချင်တယ်။ ငြိမ်းချမ်းရေးကို ရအောင်လုပ်မယ်ဆိုလို့ရှိရင် နိုင်ငံရေးကြောင့်မို့လို အဖမ်းခံနေရတဲ့ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့လိုတယ်။ နောက်ပြီးတော့ ကျနော်မြင်တာက ဒီတခေါက် တကယ်လို့ ပင်လုံကဲ့သို့ ညီလာခံတရပ်ကို နေပြည်တော်မှာ ကျင်းပမယ့်ဆိုလို့ရှိရင် ဦးခွန်ထွန်းဦးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ဦးမင်းကိုနိုင်၊ ကိုကိုကြီးတို့ အကုန်လုံးကို လွှတ်ဖို့လိုပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_11-23-2011-134441653.html

သီလ၀ါမြို့ပြစီမံကိန်းကြောင့် သံလျင် မြေဈေးတက်

ကြာသပတေး, 24 နိုဝင်ဘာ 2011
By မစုမြတ်မွန်

ရန်ကုန်တိုင်း၊ သံလျင် သီလဝါဆိပ်ကမ်းနဲ့ ဆက်နေတဲ့နေရာမှာ တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ သန်း ၅,၀၀၀ ဖိုးလာရောက်ရင်းနှီးမယ့် စီမံကိန်းတွေကြောင့် အဲဒီနေရာတွေမှာ မြေဈေးတွေ အရင်ကထက် ၁၀ ဆလောက် တက်သွားပါတယ်။ ဈေးတွေ ခေါင်ခိုက်နေပေမဲ့ မြေကွက်ဝယ်ဖို့ စိတ်ဝင်စားသူတွေကလည်း အများအပြားရှိနေတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပြပါတယ်။ ဒီတော့ ဘယ်လို စီမံကိန်းတွေလုပ်မှာမို့ ဘယ်လိုလူတွေက မြေတွေ လိုက်ဝယ်နေကြတာပါလဲ။ ဒီလို ကြီးကျယ်တဲ့ နိုင်ငံခြားက စီမံကိန်းကြီးတွေ မြန်မာနိုင်ငံမှာ နောက်ထပ် ဘယ်လောက်ရှိလာနိုင်မလဲ ဆိုတာကို စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

တောင်ကိုရီးယားနိုင်ငံက HANA International Inc ကနေပြီး ရန်ကုန်မြို့နဲ့ မဝေးတဲ့ သီလဝါ အထူး စီးပွားရေးဇုန်မှာ မြန်မာနဲ့ ကိုရီးယားပေါင်းပြီး (Myanko) မြန်ကိုဆိုတဲ့ စီးပွားရေး မြို့တော်သစ် တည်ဆောက်သွားဖို့ ရှိနေချိန်မှာ မြေဈေးတွေ အဆမတန်တက်သွားခဲ့တာ ဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန်မှာ အဆင့်မြင့် အိမ်ယာစီမံကိန်း၊ စက်မှုဇုန်စီမံကိန်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိမ်းသိမ်းမဲ့ အစိမ်းရောင် စီမံကိန်း၊ အဆင့်မြင့်ဆိပ်ကမ်း စီမံကိန်း စ တဲ့ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွေ လုပ်ဖို့ရှိနေတာကြောင့် အဲဒီနေရာမှာ မြေဈေးတွေတက်သွားတာလို့ လုပ်ငန်းရှင် တယောက်က VOA ကို ပြောပြပါတယ်။

“အခုတက်တာကတော့ အကုန်ပဲ၊ အိမ်ခြံမြေတွေလည်းတက်သွားတယ်။ လူတွေနေတဲ့ မြေတွေလည်း တက်သွားတယ်။ အရင်က အဲဒီမှာ ဖလန်းဆိုတဲ့ ရပ်ကွက်လေးရှိတယ်။ ကျနော်တို့က ၄၀-၆၀ တကွက်ကို လွန်ခဲ့တဲ့ ၃ လက ၅၉ သိန်းပဲ ရှိတယ်။ လမ်းမကြီးဘေးမှာ။ အခုက သိန်း ၅၅၀ ဖြစ်သွားပြီ”

သီလဝါဆိပ်ကမ်းနဲ့ ကပ်နေတဲ့နေရာမှာ သီလဝါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်လိုက်တဲ့ သီလဝါဟာ ရန်ကုန်မြို့ရဲ့ တောင်ပိုင်း ၁၅ မိုင်လောက်မှာတည်ရှိပြီး သွားရေးလာရေးလည်း လွယ်ကူလှတဲ့အတွက် စီးပွားရေးအတွက် အင်မတန် အချက်အခြာကျတဲ့ နေရာဖြစ်လာနိုင်ပါတယ်။ လောလောဆယ်မှာ ရန်ကုန်ဘက် ကနေ သံလျင်ဘက်ကို ဒါကြောင့် စီးပွားရေးသမားတွေက မြေတွေကို အလုအယက်ဝယ်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်တဲ့။

“အရင်တုန်းကဆိုရင် သွားရင်ကားက တစီး ၂ စီးပဲရှိတယ်။ အခုကတော့ ပွဲတော်ကြီးလိုပဲ။ မြန်မာပြည်အနှံ့နှံ့ကနေလာပြီး investment လုပ်မယ့်သူတွေ အကုန်လုံးလာပြီးတော့ လက်ဦးမှုယူကြတာပေါ့။ အများဆုံးတွေ့ရတာတော့ တရုတ်လူမျိုးတွေလည်း တွေ့ရပါတယ်။ တချို့လုပ်ငန်းရှင်တွေလည်း သူတို့ ဒီမှာလာပြီးတော့ လက်ဦးမှုယူထားတာပေါ့နော်။ ဒီနေရာကြီးက တချိန်မှာ တကယ်ကို ဖွံ့ဖြိုးမယ့် နေရာကြီးဖြစ်တော့မှာကို”

ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို စွဲဆောင်အောင်လို့ဆိုတဲ့ သီလဝါစက်မှုဇုန်နဲ့ဆိုင်တဲ့ ဥပဒေတခုကို အစိုးရက ထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ ခုလို တောင်ကိုရီးယားနိုင်ငံက Hana ကုမ္ပဏီက ဒေါ်လာ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး ခေတ်မီမြို့သစ် တည်ဖို့အတွက် မြန်မာအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်းမှာလည်း အထူးစီးပွားရေဇုံအဖြစ် သတ်မှတ်ထားတဲ့ နေရာမှာ Italian Thai ကုမ္ပဏီက ဒေါ်လာ ၈ ဘီလျှံ ရင်းနှီးမယ့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို ဆောက်ရွက်နေပါတယ်။

ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြီးကြောင့်လည်း အဲဒီဘက်မှာ မြေဈေးတွေ အဆမတန် တက်ခဲ့ပါတယ်။ အစိုးရက အပြောင်းအလဲတွေ စတင်လုပ်နေပြီလို့ နိုင်ငံတကာက လက်ခံစပြုနေပြီမို့ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံချင်သူတွေက သင့်တော်မယ့် အချိန်ကို စောင့်နေကြတယ်လို့ မြန်မာ့အရေး လေ့လာသူတချို့က ပြောကြပါတယ်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ ကာလမှာ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ပေးထားတဲ့ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဥပဒေသစ်ကလည်း မြန်မာနိင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံသူတွေအတွက် မျက်စိကျစရာဖြစ်တယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးက ပြောပါတယ်။

“အရင်ကလို ပြည်ပပို့ကုန်လုပ်တဲ့ကိစ္စတွေမှာ သိပ်ပြီးခက်ခက်ခဲခဲနဲ့ ကြန့်ကြာမှုတွေ မရှိဘဲနဲ့ ဒီဇုန်ထဲမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့သူ မှန်သမျှဟာ ဒီဇုန်ကနေ အပြင်ကို တိုက်ရိုက် ဆက်သွယ်နိုင်မယ်၊ ပို့ကုန်တွေပို့နိုင်မယ်။ နောက်ပြီးတော့ ဒီဇုန်တွေဟာ အခုနပြောသလို ဒီ လမ်းပန်းဆက်သွယ်ရေး အချက်အခြာကောင်းပြီးတော့ ရေ၊ မီး၊ ပါဝါ စတဲ့ အခြေခံအဆောက်အဦးတွေကပါ တိတိကျကျ အစိုးရက ဖန်တီးပေးထားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဇုန်ထဲမှာလာပြီးတော့ စက်ရုံလုပ်လိုက်ရင် အနေအထားက အရင်ကလို ရေရမှာလား၊ မီးရမှာလား၊ ပါဝါကို ဘယ်လိုဆွဲရမှာလဲ၊ ဖုန်းက ဘယ်ကနေယူရမှာလဲဆိုတဲ့ နောက်ထပ် ဆင့်ပွားလုပ်ရမယ့် ကိစ္စတွေအားလုံးကို စိတ်ပူနေစရာမလိုဘူးလေ။ ဒီဇုန်ထဲကနေ တိုက်ရိုက်လုပ်သွားနိုင်တယ်ဆိုတဲ့ အခွင့်အလန်းတွေကိုလည်း တိုးချဲ့ဆောင်ရွက်ပေးထားမယ်ဆိုတဲ့ ကတိကဝတ်တွေလည်း ရှိနေတယ်ပေါ့လေ။ ဆိုတော့-အဓိက ကတော့ ကျနော်တို့ဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးဝန်းကျင်ကောင်းတခုကို မဖန်တီးနိုင်ခင် စပ်ကြားမှာ အနည်းဆုံးတော့ ဒီစီးပွားရေးဇုန်တွေမှာ ကျနော်တို့ အစိုးရကနေ သတ်သတ်မှတ်မှတ်နဲ့ ဆောင်ရွက်ပေးထားမယ်ဆိုတဲ့ ကတိကဝတ်မျိုးကို ဒီဥပဒေက ပြဌာန်းပေးထားတယ်လို့ နားလည်လို့ရပါတယ်”

စီးပွားရေးကြီး တခုလုံးကို ကောင်းမွန်အောင် မလုပ်နိုင်ခင် အချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်နိုင်အောင် အထူးစီးပွားရေးဇုန်တွေ အစိုးရက လုပ်နေတဲ့ တချိန်တည်းမှာလည်း တနိုင်ငံလုံး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ လိုတယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးက သုံးသပ်ပါတယ်။

“တချို့သော စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ ဆိုတဲ့ ကိစ္စကိုလည်း စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။ သူတို့သည် စီးပွားရေးဇုန်ထဲမှာပဲ လာရောက်လုပ်တာမဟုတ်ဘဲနဲ့ တနိုင်ငံလုံးကို အကျိုးရှိစေမယ့် စီးပွားရေးလုပ်ကိုင်မှုမျိုးလည်း သူတို့မှာ စဉ်းစားမှုတွေ ရှိနေတာ ရှိပါတယ်”

မြန်မာနိုင်ငံမှာ စက်မှုလက်မှု လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လုပ်ခွင့်ပေးထားတဲ့ စီးပွားရေးဇုန်ပေါင်း ၂၀ လောက်ရှိပြီး ဘက်စုံ အဆင့်မြင့် စီမံကိန်းတွေအတွက် နိုင်ငံတကာက ဒေါ်လာသန်း ထောင်ချီ လာရောက် ရင်းနှီးမြှုပ်နှံမယ့် အထူးစီးပွားရေးဇုန်ကတော့ လောလောဆယ် ထားဝယ်နဲ့ သီလဝါ ၂ ခုပဲ ရှိပါတယ်ရှင်။

http://www.voanews.com/burmese/news/--11_24_11_my_news_burma-----134457403.html

ကလင်တန်နှင့်တွေ့လျှင် ပိတ်ဆို့မှုနှင့် နိုင်ငံရေးအကျဉ်းသားကိစ္စ တင်ပြမည်


ထွန်းထွန်း | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ်အတွင်း စီးပွားရေး ပိတ်ဆို့မှုကိစ္စနှင့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကိစ္စများ ဆွေးနွေးသွားမည်ဟု လွှတ်တော်အမတ်များက ပြောဆိုသည်။

မစ္စကလင်တန်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်မြင့် အပါအဝင် ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ တိုင်းရင်းသား
နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၃၀ ဦး နှင့် နေပြည်တော်၌ ဒီဇင်ဘာလ ၁ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်သည်ဟု အမတ်များက ပြောသည်။

“အခြေအနေပေါ် မူတည်မှာပါ။ ကျနော်တို့မှာလည်း မေးမယ့်မေးခွန်းတွေ ရှိလာနိုင်ပါတယ်။ ဆန်ရှင်နဲ့ ပတ်သက်လို့
တော့ မေးခွင့်ကြုံရင် မေးကြမှာပဲ။ ဆန်ရှင်နဲ့ ပတ်သက်လို့လည်း ကျနော်တို့ ပြောပါတယ်” ဟု အစိုးရအဖွဲ့၏ ကတိကဝတ် စိစစ်ရေး ကော်မတီမှ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတဦး၏ နှစ်ငါးဆယ်ကျော်အတွင်း ပထမဆုံး ဖြစ်လာမည့် နှစ်ရက်တာ လည်ပတ်မည့် ခရီးစဉ်အတွင်း အမျိုးသားလွှတ်တော်နှင့် တွေ့ဆုံမည်ဖြစ်သော်လည်း ပြည်သူ့လွှတ်တော်သို့မူ တရားဝင် အကြောင်း ကြားထားခြင်း မရှိသေးပေ။

“သူလာတဲ့အခါမှာ စီးပွားရေး ပိတ်ဆို့တဲ့ ကိစ္စ။ ဒီဥစ္စာ ဘာကြောင့်ပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံကတော့ လိုက်လျော
ပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့က ကျန်သေးတဲ့ အကျဉ်းသားတွေကိစ္စကို လွှတ်ပေးဖို့ကို မြန်မာ အစိုးရကို တိုက်တွန်းမယ်လို့ ယုံကြည်တယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ဆိုသည်။

မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအား တဖက်တွင် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ဆက်ထားရှိသော်လည်း တဖက်တွင် တွေ့ဆုံညှိနှိုင်းရေး မူဝါဒဖြင့် ဆက်ဆံနေခဲ့သည်။

အမေရိကန်မှ လက်ခံလာရန်မှာမူ နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရေးကိစ္စမှာ အရေးကြီးနေပြီး လျင်မြန်စွာ
ဆောင်ရွက်ရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။ သို့သော် အစိုးရကမူ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ရှိတော့ကြောင်းနှင့် တည်ငြိမ်ရေးအတွက် စောင့်ကြည့်နေသေးကြောင်း သဘောထား ထုတ်ပြန် ခဲ့သည်။

“အခု ၈၈ ကျောင်းသားတွေ အနေနဲ့ အခုထပ်ထိကို မလွတ်လာသေးဘူး။ ၈၈ ကျောင်းသားအနေနဲ့ ပါဝင်သူ ဆိုရင် ကျနော်တယောက်ပဲ လွှတ်တော်ထဲမှာ ရှိတယ်။ ကျန်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ကျောင်းသားအများစု လွတ်လာဖို့ အတွက်။ ဒါဟာ ထင်သာမြင်သာတဲ့ နိုင်ငံရေးအဖြစ် ဖြေလျော့ပေးဖို့ဆိုတာ ဒီဘက်အစိုးရမှာလည်း တာဝန်ရှိတယ်” ဟု ဦးခင်မောင်ရီက ဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ကဲ့သို့သော အဖွဲ့အစည်း
များမှ ကူညီမှုပေးနိုင်ရန်အတွက် ဦးဆောင်စေလိုကြောင်းနှင့် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲအား တရားမျှတ စွာ ကျင်းပနိုင်ရေးကိုလည်း မြန်မာအစိုးရကို တိုက်တွန်းစေလိုကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုမှု
များရှိသည်။
http://www.mizzimaburmese.com/news/inside-burma/8674-2011-11-24-13-41-49.html

NLD တည်ထောင်သူများတွင် အမျိုးသမီး ထက်ဝက်ကျော်ပါဝင်

ကိုဝိုင်း | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင်သလို ကယားပြည်နယ်မှလွဲ၍ နယ်စုံမှပါဝင်သည်ကို တွေ့ရသည်။

၂ဝ၁ဝ ခု မတ်လ ၈ ရက် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ (က) အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်နှင့်ပင် ပါတည်ထူထောင်လိုသူ အနည်းဆုံး ၁၅ ဦးရှိရမည်ဖြစ်သော်လည်း ၂၁ ဦးရွေးထားသည့် NLD စာရင်းတွင် အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၁ဝ ဦးပါဝင်ပြီး လူငယ်နှင့် သက်လတ်ပိုင်းများဖြင့် ပြောင်းလဲအားဖြည့် ထားကြောင်း ပါတီတွင်း သတင်းရပ်ကွက်က ပြောသည်။

nend1
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင် (ဓါတ်ပုံ မဇ္ဈိမ)

ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် စသည့် NLD ပါတီကို စတည်ထောင်သူ သုံး ဦး၊ နောက်တိုး ဗဟို အလုပ်အမှုဆောင်ထဲမှ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်တို့ အပါအဝင် ပြည်နယ်/ တိုင်း ၁၃ ခုမှ ကိုယ်စားလှယ်များဖြင့် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ကရင်နီဟုလည်း ခေါ်ဝေါ်လေ့ရှိသော ကယားပြည်နယ် တွင် NLD ရုံးခွဲမရှိပေ။

“ကယားမရှိတဲ့အတွက် ရှမ်းကို နှစ်ယောက်လုပ်တယ်။ ရန်ကုန်အတွက်ကို ညီနောင်ပါတီက ဦးစိုးဝင်းကို ထည့်တယ်။” ဟု NLD အဖွဲ့ဝင်တဦးက ပြောသည်။ ဦးစိုးဝင်းသည် ဖျက်သိမ်းခံထားရသော အမျိုးသား ဒီမိုကရေစီ ပါတီမှဖြစ်ပြီး ညီနောင်ပါတီအဖြစ် နိုင်ငံရေးသဘောတူညီချက် ရှိကြသည်။

နိုဝင်ဘာ ၂၃ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင်နှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်များ တွေ့ဆုံကြပြီး သင့်တော်သူများအဖြစ် အပြီးသတ် ဆုံးဖြတ်ခဲ့သည့် အဆိုပါစာရင်းနှင့်အတူ ကိုယ်စားလှယ်အဖြစ် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့က ပါတီတည်ထောင်နိုင်ရေး လျှောက်ထားရန် နေပြည်တော်သို့ သွားရောက်နေသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) အရ ပုဒ်မ ၃ (ခ) အရ တည်ထောင်ခွင့်ရလျှင် ယခု ၂၁ ဦး ထဲမှ ရွေးချယ်ရမည့် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က မှတ်ပုံတင်ကြေး ကျပ် သုံးသိန်း ပေးသွင်း၍ ပါတီအမည်၊ အလံနှင့် တံဆိပ်၊ နိုင်ငံရေးသဘောတရားနှင့် လုပ်ငန်းစဉ်၊ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ ပါတီ တည်ထောင်လိုသူများ၏ ကိုယ်ရေးအချက်များ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည့် အကြောင်း ဝန်ခံချက်နှင့် အတူ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထား ရမည်ဖြစ်
သည်။

ထို့အပြင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကို စည်းရုံးရမည် ဖြစ်သည်။

လက်ရှိ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီးအဖွဲ့ အပြောင်းအလဲ၊ အလံ၊ တံဆိပ်တို့ကိုမူ နေပြည်တော်မှ မှတ်ပုံတင် ခွင့်ပြုပြီးနောက်မှ ပြန်လည် ရွေးချယ်ကြမည်ဟု ပါတီအကြီးတန်းတာဝန်ရှိသူတဦးက ပြောသည်။

နိုဝင်ဘာ ၂၃ ရက်နေ့က ပါတီဌာနချုပ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ်မှ ကိုယ်စား လှယ်များက တာဝန်ယူသွားကြရန်လည်း ဆွေးနွေးခဲ့ကြသည်။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်လိုသူ ၂၁ ဦးစာရင်း (ကြယ်ပွင့်ပြထားသူများမှာ ၁၉၉၀ ခု ရွေးကောက်ခံ အမတ်များ ဖြစ်သည်။)

nldelectionamoun
http://www.mizzimaburmese.com/news/inside-burma/8672-nld---.html

ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားဟု အစိုးရသတင်းစာ၌ ဖော်ပြ



By featured, ခင်ဦးသာ on November 24, 2011 1:01 pm


ယခင် နအဖစစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား အငြိမ်းစားဟူသည့် သုံးနှုန်းဖော်ပြချက်ကို ပထမဆုံး အကြိမ်အဖြစ် ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မထင်မရှား တွေ့ရသည်။

ယမန်နှစ် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့တွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Getty Images)

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)+ ဒေါ်ကြိုင်ကြိုင် မိသားစုက အမေရိကန်ဒေါ်လာ ၁၃၀၀၊ ပတ္တမြားတာ ၁၁ ပွင့်၊ မြိတ်ပုလဲ တစ်ပွင့်၊ ကာလ တန်ဖိုးကျပ် ၄၈၈၀၀၀ရှိ ရွှေလက်စွပ်တကွင်း လာရောက်လှူဒါန်းခဲ့”ဟု ဗုဒ္ဓစွယ်တော်အတွက် လှူဒါန်းခဲ့ခြင်း အား သတင်းစာများ၏ အတွင်းစာမျက်နှာ၌ ရေးသားထားသည်ကို တွေ့ရခြင်းဖြစ်သည်။

ဗုဒ္ဓစွယ်တော်သည် တရုတ်နိုင်ငံမှ ယခုလဆန်းပိုင်းတွင်ပင့်ဆောင်ခဲ့ပြီး အများပြည်သူ ဖူးမြော်နိုင်ရေးအတွက် နေပြည်တော်နှင့် ရန်ကုန်မြို့၌ တလှည့်စီ အပူဇော်ခံယူလျက်ရှိသည်။

မြန်မာနိုင်ငံအား စစ်အာဏာရှင် တဦးအဖြစ် နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့သော အသက် ၇၈ နှစ်အရွယ် ဦးသန်းရွှေ သည် စစ်တပ်မှ အငြိမ်းစားယူသွားကြောင်း သမ္မတ ဦးသိန်းစိန် အစိုးရက စတင်ကြေညာခြင်းဖြစ်သည်။

စစ်တပ်အစိုးရမှ အရပ်သားအစိုးရ တရပ်ပေါ်ပေါက်လာရေး၊ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်တရပ်” ထူ ထောင်မည်ဟု ကြွေးကြော်ကာ လမ်းပြမြေပုံ ၇ ဆင့်ရေးဆွဲခြင်း၊ အမျိုးသားညီလာခံ ကျင်းပခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခြင်းတို့ကို ကန့်ကွက်မှုများကြားမှ အောင်မြင်စွာ ဖော်ဆောင်ထားခဲ့သည်။

၎င်းဦးဆောင်သော နအဖ စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီးရာထူးဖြင့် ၀န်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့သူ လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်း စသည့် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များသည် အစိုးရသစ်လက်ထက်တွင် လည်း ထိပ်တန်းခေါင်းဆောင်များအဖြစ် ပြန်လည်တာဝန်ယူထားသည့်အတွက် အစိုးရသစ်အား ဦးသန်းရွှေက နောက်ကွယ်မှ ကြိုး ကိုင်ထားဆဲဖြစ်သည်ဟု အများက ယူဆနေကြသည်။

ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံ၏ အာဏာအရှိဆုံး အဖွဲ့ဖြစ်သော အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီ အား ဦးသန်းရွှေ က ကြိုးကိုင် လမ်းညွန်မှု ပေးနေသည်ဟုလည်း လူအများက ပြောဆိုနေကြသည်။

အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီသည် သမ္မတ၊ ဒု-သမ္မတများ၊ ကာကွယ်ရေး ဦးစီချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ဒု-ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေး ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး စသည့် အဖွဲ့ဝင် ၁၁ ဦး ဖြင့် ဖွဲ့စည်းထားကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပါရှိသည်။

ဦးသန်းရွှေနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား Wall Street Journal က အင်တာဗျူးရာ ၎င်း၏ နေအိမ်၌ စာဖတ်၍ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း ဖြေဆိုခဲ့သော်လည်း အစိုးရသစ်အပေါ် သြဇာလွှမ်းမိုးမှု ရှိမရှိဆိုသည်ကို တိကျစွာ ဖြေဆိုခြင်း မရှိပေ။

“(ဦးသန်းရွှေက) သူ့အိမ်မှာပဲ ရှိနေပါတယ်၊ သူ့အိမ်မှာနေပြီး စာတွေ အများကြီး ဖတ်နေပါတယ်” ဟု ဦးကျော်ဆန်းက ပြော ဆိုကြောင်း Wall Street Journal ၌ နိုဝင်ဘာလ ၁၅ ရက်က ဖော်ပြခဲ့သည်။
http://burma.irrawaddy.org/archives/2745




http://moemaka.com/2011/11/ex-general-than-shwes-donation/

အရွယ်မရောက်သေးသူ မိန်းကလေးအား သားမယားအဖြစ် ပြုကျင့်မှု တိုင်းကြားခြင်း





မြန်မာနိုင်ငံ ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ရေး ဈေးပြိုင်ခေါ်


2011-11-24
မြန်မာနိုင်ငံ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်အသစ်တွေ အတွက် တင်ဒါစနစ်နဲ့ ဈေးပြိုင်ခေါ်ရာမှာ တရုတ်နဲ့ အနောက်နိုင်ငံ ကုမ္ပဏီကြီးတွေက စိတ်မဝင်စားကြဘဲ အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှား ကုမ္ပဏီတွေသာ စိတ်ဝင်စားတာ တွေ့ရတယ်လို့ ရိုက်တာ သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။


Photo: Shwe Gas Movement
ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ ဖြစ်ပါသည်။ (Photo: Shwe Gas Movement)

မြန်မာအစိုးရက ကုန်းတွင်းနဲ့ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် အသစ် ၁၈ ခုအတွက် နိုင်ငံခြားကုမ္ပဏီ အားလုံးကို ဒီရက်ပိုင်းအတွင်း အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံခွင့် ပေးရာမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး Sinopec၊ CNPC နဲ့ CNOCC တရုတ်ကုမ္ပဏီကြီး ၃ ခု ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံ နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ Total ကုမ္ပဏီ၊ ရုရှနိုင်ငံက Gazprom နဲ့ Royal Dutch Shell ကုမ္ပဏီတွေကလည်း အခုလုပ်ကွက်အသစ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အခုအသစ်ခေါ်ယူတဲ့ လုပ်ကွက်တွေက သဘာဝဓာတ်ငွေ့နဲ့ ရေနံ ထွက်ရှိမယ့်ပမာဏ လေ့လာချက်အရ ထွက်ရှိနိုင်မှုကို အားမရတာကြောင့် တရုတ်ကုမ္ပဏီကြီးတွေ မပါဝင်တာလို့ ပြောပါတယ်။ အနောက်နိုင်ငံ ကုမ္ပဏီကြီးတွေကတော့ ရင်းနှီးမြှုပ်နှံလိုပေမယ့် မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်နေသေးတယ်လို့ ပြောကြောင်း သိရပါတယ်။ လက်ရှိ မြန်မာအစိုးရက ကမ်းလှမ်းထားတဲ့ ကုန်းတွင်းနဲ့ကမ်းလွန် လုပ်ကွက် အသစ် ၁၈ ခုမှာ အဓိက ရင်းနှီးမြှုပ်နှံမှာကတော့ မလေးရှားနိုင်ငံက Petronas၊ ထိုင်းနိုင်ငံက PTT နဲ့ အိန္ဒိယနိုင်ငံက ONGC Videsh ကုမ္ပဏီတွေပါ။ မြန်မာအစိုးရ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စာရင်းအရ ကုန်းတွင်းနဲ့ ကမ်းလွန် ရေနံထွက်ရှိမယ့် ပမာဏက ကုန်းတွင်းပိုင်းမှာ ပီပါပေါင်း ၁၁၅ သန်းနဲ့ ကမ်းလွန်ပမာဏက ပီပါသန်းပေါင်း ၁၀၀ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုန်းတွင်းပိုင်းမှာ ရှိနေတဲ့ သဘာဝဓာတ်ငွေ့ ပမာဏက ကုဗပေ ၄၀၀ ဘီလီယမ် ရှိပြီး ကမ်းလွန်မှာတော့ ကုဗပေ ၁၆ တရီလီယမ် ရှိမယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/gas-companies-11242011112245.html

လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ တိုင်ကြားကြဖို့ သမ္မတအကြံပေး ဦးစစ်အေး ပြောကြား


2011-11-24
သမ္မတဦးသိန်းစိန်ရဲ့ ဥပဒေ အကြံပေးပုဂ္ဂိုလ် ဦးစစ်အေး က မြန်မာနိုင်ငံသားများ အနေနဲ့ မိမိတို့ရဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေကို အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားကြဖို့ လိုကြောင်းနဲ့ တရားသူကြီးတွေ ဟာလည်း တရားမျှတစွာနဲ့ သြဇာလွှမ်းမိုးမှု ကင်းစွာ စီရင်ကြရမှာဖြစ်ကြောင်း၊ အခုဆိုရင် အဂတိလိုက်စားမှုတွေ ပိုမိုလျော့ပါး နေပြီဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။


RFA
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အာဆီယံ ထိပ်သီးညီလာခံတွင် လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်း အစီအစဉ်နှင့် သမ္မတဦးသိန်းစိန်ရဲ့ ဥပဒေ အကြံပေး ဦးစစ်အေး တွေ့ဆုံခဲ့စဉ်။

အာဆီယံထိပ်သီး ညီလာခံကို သမ္မတဦးသိန်းစိန် နဲ့အတူ လိုက်ပါလာခဲ့တဲ့ ဦစစ်အေးကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းခဲ့တာကို နားဆင်ပါ။ ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/interview/sitaye-11242011095941.html

ရှေ့ ၂၅ နှစ်ကာလ အရှေ့တောင်အာရှမှာ မြန်မာ စီးပွားရေး ထိပ်တန်းနိုင်ငံ ဖြစ်လာနိုင်

2011-11-24
မြန်မာနိုင်ငံဟာ လာမဲ့ ၂၅ နှစ်ကာလအတွင်း အရှေ့တောင်အာရှမှာ စီးပွားရေး ထိပ်တန်းနိုင်ငံ ဖြစ်လာမယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်က အာရ်အက်ဖ်အေကို ပြောပါတယ်။

အစိုးရအနေနဲ့ မှန်ကန်တဲ့ စီးပွားရေး မူဝါဒတွေချမှတ်ပြီး ပြုပြင်ပြောင်းလဲရေးတွေ အားမြှင့် လုပ်ဆောင်နေပြီဖြစ်လို့ လက်ရှိ အရှိန်အဟုန်အတိုင်း ဆက်ဆောင်ရွက်သွားရင် အရှေ့တောင်အာရှမှာ အဆင့်တစ်က သုံးအတွင်း စီးပွားရေး ထိပ်တန်းနိုင်ငံ ဖြစ်လာနိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံ ကာလအတွင်း အာရ်အက်ဖ်အေနဲ့ သီးသန့် တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့ထားခဲ့တာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ထိခိုက် နစ်နာခဲ့ရတဲ့အပြင် ငွေကြေးအကူအညီ၊ စီမံခန့်ခွဲမှု၊ နည်းပညာ၊ ဈေးကွက်၊ လူဝင်မှု စတဲ့ ကဏ္ဍရပ်တွေမှာလည်း ဆုံးရှုံးမှု ရှိခဲ့တယ်လို့ ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။ အခုအခါမှာတော့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဒဏ်ခတ်မှု ရုပ်သိမ်းရေး အပါအဝင် အကူအညီတွေ ပြန်လည်ရရှိဖို့ လမ်းစပွင့်လာပြီ ဖြစ်တာကြောင့် မြန်မာနိုင်ငံဟာ လာမယ့် ၁၀ စုနှစ်အတွင်း ကမ္ဘာ့အဆင်းရဲဆုံး တတိယနိုင်ငံ အဆင့်ကနေ ဒုတိယနိုင်ငံ အဆင့်ကို ရုန်းထွက်နိုင်တော့မယ်လို့ ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။ မြန်မာနိုင်ငံဟာ အာရှတိုက်မှာ သဘာဝ အရင်းအမြစ်၊ လူသား အရင်းအမြစ် ပေါများကြွယ်ဝပေမဲ့ စစ်အာဏာရှင် စနစ်အောက်မှာ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ၁၉၈၇ ခုမှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုနဲ့ ဒေါက်တာနေဇင်လတ် တွေ့ဆုံမေးမြန်းချက် အပြည့်အစုံကို မေးမြန်းခန်း ကဏ္ဍတွင် နားဆင်နိုင်ပါတယ်။


RFA
သမ္မတရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်ကို ၂၀၁၁ ခုနှစ် အာဆီယံ ညီလာခံတွင် တွေ့ရစဉ်။

ဘာလီကျွန်း မှာကျင်းပခဲ့တဲ့ အာဆီယံ ညီလာခံကို သမ္မတနဲ့လိုက်ပါလာခဲ့တဲ့ ဒေါက်တာနေဇင်လတ် ကို ဦးခင်မောင်စိုးက မြန်မာကိုယ်စားလှယ်တွေ တည်းခိုရာ နစ်ကိုးအပန်းဖြေဟိုတယ်မှာ နိုဝင်္ဘာလ ၁၈ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့တာကို နားဆင်ပါ။ ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese

ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းသစ် ဆွေးနွေးတိုင်ပင်မယ်

2011-11-24
အင်န်အယ်လ်ဒီ ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ အသုံးပြုမယ့် တေးသီချင်းအသစ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆို/အတီး အနုပညာရှင်တွေ မနက်ဖြန်ကျရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ တွေ့ဆုံပွဲကို တက်ရောက်မယ့် ဟစ်ပ်ဟော့ အဆိုတော် ကိုဇေယျာသော်က ပြောပါတယ်။


NLD
အင်န်အယ်လ်ဒီ ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်း စပ်ဆိုမည့် ဂီတပညာရှင် ကိုရဲလွင်နှင့် တေးသံရှင်များကို ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်းပွဲတော် စင်တင်တေးဂီတဝိုင်းတွင် အတူတွေ့မြင်ရစဉ်။

အင်န်အယ်လ်ဒီ ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး တေးသီချင်းအသစ် စပ်ဆိုဖို့ ဂီတပညာရှင်တွေ ဖြစ်ကြတဲ့ မစ္ဇျိမလှိုင်း ကိုရဲလွင်၊ ကိုသားထွေး ၊ ဆောင်းဦးလှိုင်နဲ့ အခြားဂီတ ပညာရှင်တွေအပြင် အဆိုတော်တွေဖြစ်ကြတဲ့ အနဂ္ဂ၊ သံသာဝင်း၊ မီးမီးခ၊ဲ ထူးအယ်လင်းနဲ့ တခြား အဆိုတော်တွေလည်း ပါဝင်ကြောင်း သိရပါတယ်။ ၁၉၉၀ မေလ ရွေးကောက်ပွဲ ကာလတုန်းက အင်န်အယ်လ်ဒီ ပါတီရဲ့ “စုနိုင်မှ ချမ်းသာမည်” ဆိုတဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်း နာမည်ကြီးခဲ့ပါတယ်။
http://www.rfa.org/burmese/news/nld-singers-11242011110118.html


ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင် ၅၀ ကျော်တို့ တွေ့ကြမည်

By , on November 24, 2011 5:54 pm
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင် ၅၀ ကျော်သည် ရွေးကောက်ပွဲ အောင်နိုင်ရေး လှုံ့ဆော်တေးများ ဖန်တီးရန်အတွက် မနက်ဖြန် ညနေ ၃ နာရီခန့်၌ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံမည်ဟု သတင်း ရသည်။


ပညာရေးကွန်ရက် ၁ နှစ်ပြည့်ပွဲနေ့က အဆိုရှင်တချို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

အဆိုပါတွေ့ဆုံပွဲကို ဂီတပညာရှင်များဖြစ်သည့် ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ သားထွေး၊ ကိုးတိုးလွင်နှင့် ဆောင်ဦးလှိုင်တို့က စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဖိတ်ကြားခြင်းခံရသည့် အနုပညာရှင်များမှာ တေးရေးနောင်နောင် (ဆန်းဖလားဝါး)၊ စံလင်း၊ ရင်ဂို၊ မာရဇ္ဇ၊ ဆောင်းဦးလှိုင်၊ ဇေယျာသော်၊ အနဂ္ဂ၊ ကျားပေါက်၊ ချောစုခင်၊ ကဗျာဘွဲ့မှူး၊ ချစ်သုဝေ၊ သံသာဝင်း၊ ချမ်းချမ်း စသည်တို့ အပါဝင် အနုပညာရှင် ၅၀ ကျော်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုတော် ဇေယျာသော်က “ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ဂီတအနုပညာနဲ့ ပတ်သက်ပြီး ဘယ်သူ ဘယ်အပိုင်းက တာဝန် ယူမယ်ဆိုတာ ကော်မတီဖွဲ့ဖို့ လူစုတဲ့သဘောပါ” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ပြုလုပ်သည့် အခမ်းအနားများတွင် စာပေဂီတ၊ပန်းချီ အနုပညာရှင် အများအပြား လာရောက်ပူးပေါင်းကာ ဖျော်ဖြေမှုများ ပြုလုပ်ကြသည်ကို တွေ့ရသည်။
မကြာသေးမီက ပြည်လမ်း ရန်ကုန်တက္ကသိုလ်ရှေ့ ယုဒဿန်ရိပ်သာတွင် ကျင်းပသည့် ပညာရေးကွန်ယက် တနှစ်ပြည့် ဈေးရောင်း ပွဲ အခမ်းအနားတွင်လည်း ကိုရဲလွင်၊ ဆောင်းဦးလှိုင် ဦးဆောင်သည့် ဂီတပညာရှင် အများအပြား လာရောက်ဖျော်ဖြေ ခဲ့သေးသည်။
၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စတင်တည်ထောင် ကာစကလည်း ရုပ်ရှင်၊ ဂီတနှင့် စာပေအသိုင်းအ၀န်းမှ စာရေးဆရာ မောင်ဝံသ၊ ကဗျာဆရာကြီး ဦးတင်မိုး၊  ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်၊ ဒါရိုက်တာ မောင်မိုးသူ၊ အဆိုတော် စိုင်းထီးဆိုင် စသည့် အနုပညာရှင်များ လာရောက် ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီခေါင်းဆောင်များက ပါတီကို ပြန်လည် မှတ်ပုံတင်ကာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ယနေ့တွင်မူ ပါတီဦးဆောင် ၂၁ ဦးပါ စာရင်းကို နေပြည်တော် ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက် တင်ပြမည်ဟုသိရသည်။
 http://burma.irrawaddy.org/archives/2766