Friday, December 9, 2011

ခေါင်းဆောင်အလိုရှိသည်။



ယုံကြည်ချက်။ ။

သင်ဘာကိုယုံထားလဲ။
အများစုယုံတာကတော့စစ်အာဏာရှင်စနစ်မရှိတော့ပဲဗမာအပါတိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်။

တော်တော်လေးတော့အစွဲတွေချွတ်ရအုံးမှာပါ။ဒီနေ့ (သို့ ) ဘယ်သောအခါပေါ့။
ချက်ချင်းကြီးသွားမရသေးတာကတော့ကချင်မှာလတ်တလောသေကြေနေတာတွေကသက်သေပြနေသလို
ကိုမင်းကိုနိုင်တို့ ကိုမလွှတ်သေးတာတွေကသက်သေပြနေပါတယ်။
(ကနေဒါမှာနိုင်ငံရေးအမှု(ရိုးရိုးဆန္ဒပြမှု)ရှေ့တိုးလာရင်၂၄နာရီပဲထိန်းသိမ်းခွင့်ရှိပါတယ်။)မြန်မာပြည်မှာ၆၅နှစ်...
ဒါတွေမရှိတော့ဖို့ ဆက်ပြီးတိုက်ပွဲဝင်ကြရမှာပါ။ဒါယုံကြည်ချက်ရဲ့တစိတ်တဒေသပါ။

လက်ရှိနိုင်ငံရေး။

ဦးသန်းရွှေစနက်လား၊ဦးခင်ညွန့် စနက်လားမကွဲပြားတဲ့လမ်းပြမြေပုံကြီးကိုတော့ပြန်လည်မတူးဆွတော့ပါဖူး။
အပုတ်နံ့ တွေ၊ သွေးညှီနံ့ တွေအပေါ်ယင်ကောင်တွေအုံလာမှာပဲအဖတ်တင်မှာပါ။
ဒါပေမဲ့လှိုင်နေဆဲ၊ကြိုင်နေဆဲပါပဲ။

တော်လှန်သောနိုင်ငံရေးဖက်ပဲကြည့်ရအောင်....
စစ်အာဏာရှင်ကိုဆန့် ကျင်တယ်။... တော်လှန်တယ်..အဲ့ဒီအနောက်မှာအောင်မြင်ရင်ဘာဆက်လုပ်မယ်ဆိုတာ
ကတော့၁၉၈၈ထဲကဥာဏ်မှီသလိုစဉ်းစားခဲ့ကြတာတွေရှိပါတယ်။မပြီးမြောက်ခဲ့ကြတာကတော့အားလုံးရဲ့ ကြမ္မာပါပဲ။
၂၃နှစ်ကြာခဲ့ပါပြီ။ဒီတော့ရွှေဂုံတိုင်တို့ ညောင်၂ပင်တို့ မှတ်တိုင်တွေမှာမရပ်ပဲလွှတ်တော်ရှိတဲ့ကြပ်ပြေးမှတ်တိုင်မှာ
ခဏဆင်းကြည့်ရအောင်...

ဦးသန်းရွှေကတော့အရေခွံလဲတွေရောတမတ်သားတွေရောတိုင်းရင်းသားတွေရော၊အမေကျွေးတာမစောင့်ပဲဟင်းခိုးစားတတ်တဲ့
သူတွေရော(မိမိသည်အန်အယ်ဒီ၏တစိတ်တဒေသဖြစ်သည်ဟုခံယူထားလျှင်ကောင်းလျှင်စံ၊နာလျှင်ခံရဲသည့်သတ္တိရှိရပေမည်။)
လွှတ်တော်ထဲထိုးထည့်ပြီးသူကိုယ်တိုင်ကတော့အဆင်ပြေရာရှောင်ထွက်သွားပါပြီ..လက်ရှိနိုင်ငံရေးပါ...

အန်အယ်ဒီမှတ်ပုံတင်ပြီးကြားဖြတ်ရွေးကောက်ပွဲဝင်မည်။
အဲမှာအကြီးကြီး...အကြီးကြီး စတွေ့တော့တာပဲ...
ယုံကြည်ချက်တွေခံယူချက်တွေရှုတ်ရှက်ခတ်ကုန်သည်။နိုင်ငံရေးရေစီးကြောင်းကိုလိုက်မမှီသူတွေ၊လိုက်မှီသူတွေရောထွေးကုန်သည်။
နဲနဲတော့အတိတ်ကိုပြန်လှန်သင့်တော့သည်။တိုတိုနဲ့လိုရင်းလေးပေါ့...
၁၉၉၀မှာအန်အယ်ဒီနိုင်သည်။ညီလာခံထဲဆွဲသွင်းပြီးန၀တချထားတဲ့ခေါင်းစဉ်တွေအောက်မှာပဲဆွေးနွေးခိုင်း၊ရေးခိုင်းသည်။
ပြည်သူကမထောက်ခံသလို၊အန်အယ်ဒီကလဲလက်မခံခဲ့ပါ။။
မတရားတာဆန့်ကျင်သည်။ဒေါ်အောင်ဆန်းစုကြည်ကလဲဆန့်ကျင်သလိုရဲရင့်ငယ်တို့လဲလူမသိသူမသိဆန့်ကျင်သည်။

ဒေါ်အောင်ဆန်းစုကြည်အကျယ်ချူပ်ကျနေပေမယ့်ပြည်ပနိုင်ငံတွေရောဦးသန်းရွှေ၊ဦးခင်ညွန့် ရောအလေးထားခဲ့တာသူမတယောက်ထဲကိုပါ။
ဒီစက်ဝိုင်းထဲကိုကျန်သူတွေဝင်မရအောင်န၀တ(နအဖ)ကတားထားခဲ့သလိုဖေါက်ထွင်းဝင်ရောက်နိုင်အောင်ကြိုးစားနိုင်ခဲ့သူ
လဲမရှိခဲ့ပါ။အဲဒီတော့ခေါင်းဆောင်မျှော်ဝါဒဆက်လက်ကျင့်သုံးခဲ့ကြရသည်။

၈၈၈၈နောက်ပိုင်းမှာနိုင်ငံရေးလှုပ်ရှားမှုတွေမှာငါကွ၊ငါကွဆိုပြီးရှေ့ကိုချီတက်ရင်းနောက်လှည့်ကြည့်လိုက်ရင်ကိုယ့်အရိပ်ပဲကိုယ့် နောက်က
လိုက်နိုင်တော့သည်။မလိုက်တဲ့သူတွေကိုလည်းအပြစ်မတင်မိပါ။နအဖကလဲရက်ရက်စက်စက်နှိပ်စက်လွန်းတာကိုး...
ရွှေဝါရောင်မှာပဲကြည့်..သံဃာတော်တွေနဲ့ ပြည်သူတချို့ မိုးရေထဲမှာ..တိုက်ပေါ်ကနေလက်ခုပ်လေးခဏထွက်တီး.
ကျော်သွားရင်အထဲပြန်ဝင်ကိုရီးယားဇတ်လမ်းတွဲအခွေလေးစက်ထဲထည့်ထားတာဆက်ကြည့်နေသူတွေကပိုများနေသည်။ဒီတော့
အီဂျစ်လိုလူထုအုံကြွမှုမျိုးအိပ်မက်ထဲခဏထားခဲ့ရအောင်...

အထက်ကပြောသလိုခေါင်းဆောင်မျှော်ဝါဒအရ၂၀၁၀မှာအန်အယ်ဒီဘာမှလှုပ်လို့ မရခဲ့။ဟင်းခိုးစားသူတွေတော့ရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အကျယ်ချူပ်ကျလွတ်လာပြီ။၂၃နစ်တာနိုင်ငံရေးပြန်စဉ်းစားရပြီ။ယုံကြည်ချက်မပြောင်းမဲ့နိုင်ငံရေးအကွက်
ရွှေ့ ပြောင်းလိုက်ပြီ။အဲဒီအကွက်ကိုတော်လှန်သူအချို့လည်းလိုက်မမှီကြသလိုဦးသိန်းစိန်အဖွဲ့ လည်းခေါင်းစားနေပါပြီ။
ပွင့်ပွင့်လင်းလင်းဝေဖန်ရရင်ကိုယ့်အနောက်မှာကိုယ့်အရိပ်ပဲရှိတော့လို့ ဒီလမ်းရွေးလိုက်ရတာပါ။အမေရိကန်ကလည်း၂၃နှစ်တာ
အတွင်းအနောက်ကမလိုက်ခဲ့ပါဖူး။ဝန်းရံအဆင့်ပဲရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ဦးသိန်းစိန်၊အမေရိကန်၃ဦးဆွေးနွေးမှုတွေဟာဖွင့်မပြောပေမယ့်နိုင်ငံရေးလိုက်စားသူမှန်ရင်၆၀%လောက်တော့
တွေးယူလို့ ရပါတယ်။ လောလောဆယ်ကတော့ဈေးဆစ်နိုင်ငံရေးအဆင့်မှာရှိနေပါတယ်။အဲဒီအထဲမှာနိုင်ငံရေးသမားတွေ
လွတ်မြောက်ရေး၊တိုင်းရင်းသားအရေးပြေလည်ရေးတွေပါပါနေပါတယ်။

ဒီအတွက်ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်(ထောင်ချောက်)ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာလည်းတစိတ်တဒေသပါဝင်ပါတယ်။
ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ပညာရှိမှန်ရင်ဆက်တွေးကြည်လို့ ရမှာပါ (ကဲ..အခုအချိန်ကစလို့ သင်ဟာပညာရှိ
ဖြစ်သွားပါပြီ)....သတိချပ်ရမှာကဒေါ်အောင်ဆန်းစုကြည်အသက်၆၆နှစ်ရှိပါပြီ၊

အန်အယ်ဒီကိုအကြံပြုစရာရှိလာပါပြီ။အကြံမပြုခင်ဒေါ်အောင်ဆန်းစုကြည်အကျယ်ချူပ်ကျခံနေရစဉ်အခြေအနေမပျက်ဆက်
ထိန်းထားခဲ့တဲ့ကွယ်လွန်သွားတဲ့ဦးလွင်ကိုလေးစားဂုဏ်ယူပါကြောင်းမှတ်တမ်းတင်လိုပါတယ်။
ဦးလွင်၊ဦးဝင်းတင်၊ဦးတင်ဦးတို့ ကိုအန်အယ်ဒီရဲ့ ပထမမျိုးဆက်လို့ တင်စားပါတယ်။ဒေါ်အောင်ဆန်းစုကြည်၊ဦးဥာဏ်ဝင်းတို့
အရွယ်ပိုင်းကိုဒုတိယမျိုးဆက်လို့တင်စားကြပါတယ်။တတိယမျိုးဆက်ကဘယ်သူတွေဖြစ်လာမလဲ..

အထက်ကပြောခဲ့သလိုလက်ရှိနိုင်ငံရေးမှာခေါင်းဆောင်မျှော်မှုတွေရှိပါတယ်..ပါဝါပိုင်းတွေလည်းပါပါတယ်..
၈၈ကျောင်းသားခေါင်းဆောင်တွေအဲ့ဒီတတိယမျိုးဆက်နေရာကိုသမိုင်းပေးတာဝန်အရယူသင့်ပါပြီ။
အန်အယ်ဒီကလည်းလက်ကမ်းကြိုဆိုသင့်ပါပြီ..လုံလောက်တဲ့အင်အားတခုပါ။
အမျိုးသားနိုင်ငံရေးချည်းပဲကြွေးကြော်နေရမဲ့အချိန်မဟုတ်တော့တာတော့အမှန်ပါပဲ..
အဲ့ဒီအတွက်နိုင်ငံရေးလိုအပ်ချက်အရဦးသိန်းစိန်အစိုးရကအမြန်လွတ်ပေးဖို့ လိုအပ်ပါတယ်။

နိဂုံးချူပ်အနေနဲ့ပြောရရင်လက်ရှိဖြစ်စဉ်ဟာအကွက်တခုရွှေ့ လိုက်တာကလွဲလို့ အန်အယ်ဒီကနိုင်ငံရေးအင်အားစုတွေကို
မျက်ကွယ်ပြုတာမဟုတ်ပါဖူး..ယုံကြည်ချက်ကတူနေဆဲပါပဲ..
(.ဘေးကကြည့်တဲ့သူပိုအကွက်မြင်တယ်လို့ ဆိုရိုးရှိတော့..
အန်အယ်ဒီ ဒီအကွက်ရွှေ့ တာမကြိုက်ရင်သင်ဘယ်အကွက်ရွှေ့ စေချင်ပါသလဲ..))))))))

ရဲရင့်ငယ်
၀၉.၁၂.၂၀၁၁











လယ်အသိမ်းခံခဲ့ရတဲ့ လယ်သမားတွေ သမ္မတထံ အသနားခံစာတင်





by Burma VJ Media Network on Friday, December 9, 2011 at 7:04am
မှော်ဘီမြို့နယ်ပိုင် စိန်ကျောင်း(မြောက်)ကွင်းဆိုပြီး ခတ်ထားတဲ့ ကွင်းအမှတ်၂၈၂ ကွင်းမှာရှိတဲ့ လယ်သမားဦးရေ ၂၈ ဦးထံမှ လယ်မြေဧက ၂၈၅ ဧကကို  ရွှေပြည်သာမြို့သစ် တည်ထောင်ရန်အတွက် ၁၉၉၀-၉၁ ခုနှစ်မှာ အိုးအိမ်ကနေ မြေကွက်တွေရိုက်မယ်ဆိုပြီး သိမ်းယူခဲ့ပါတယ်။ လယ်အသိမ်းခံခဲ့ရတဲ့ လယ်သမားတွေက သူတို့လယ်အစားပြန်ရဖို့  နိုင်ငံတော်သမ္မတကြီးထံ ဒီဇင်ဘာ (၂)ရက်နေ့က အသနားခံစာ ပေးပို့ခဲ့ကြပါတယ်။

နဝတ အတွင်းရေးမှူး (၂) ဦးတင်ဦး လက်ထက်တုန်းက လယ်သမားတွေကို ခေါ်ပြီးတော့ ဒီမြေကြီးတွေကို အိုးအိမ်ချထားမယ်ဆိုပြီး  လယ်ပိုင်ရှင်လယ်သမားတွေဆီက သိမ်းယူခဲ့တာပါ။ လယ်သမားတွေကို လျော်ကြေးပေးတာမျိုးလည်း တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ အသိမ်းခံရတဲ့ လယ်သမားတွေက အိုးအိမ်မဆောက်ရသေးတဲ့ လယ်ကွင်းနေရာတွေမှာ ဝမ်းစာရအောင်  စိုက်ပျိုးနေခဲ့ကြပါတယ်။ အဲလိုစိုက်ပျိုးတဲ့အပေါ်မှာတော့ အရေးယူဆောင်ရွက်တာမျိုး မရှိဘူးလို့ လယ်သမားတစ်ဦးက ပြောပါတယ်။

အခု လယ်ယာမြေအသိမ်းခံရတဲ့ကိစ္စအပေါ်ကို နိုင်ငံတော်သမ္မတကြီးနဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါအဝင် တခြားဌာနတွေထံသို့ ဒီဇင်ဘာ ၂ ရက်နေ့က အသနားခံစာတင်ထားပါတယ်။ ပေးပို့ခဲ့ပြီးအချိန်မှ ရက်သတ္တပတ် နှစ်ပတ်ကြာသည်အထိ အကြောင်းမပြန်ရင်တော့ နိုင်ငံတော် သမ္မတကြီးနဲ့ဝန်ကြီးချုပ်ဆီကို ထပ်မံပြီး အသနားခံစာ တင်မယ်လို့လယ်သမားအခွင့်အရေးကို ကူညီဖော်ထုတ်သူများက  ပြောဆိုခဲ့ပါတယ်။

“လယ်သမားတွေက လယ်မရှိတော့ လုပ်ကိုင်စားသောက်လို့မရဘူး။အခု ကျွန်တော်တို့ဘိုးဘွားပိုင်လယ်တွေ အသိမ်းခံရတော့ ဘာမှလုပ်ကိုင်စားလို့ မရဘူး။ ကျွန်တော်တို့လယ်သမားတွေက အလုပ်အကိုင်လက်မဲ့ဖြစ်နေတာကြောင့် အသနားခံတာပေါ့” ဟု ဘိုးဘွားပိုင် လယ် ၁၂ ဧက အသိမ်းခံခဲ့ရတဲ့ လယ်သမားဦးသန်းမြင့်က သူတို့ရဲ့ အခက်အခဲကို ဘားမားဗီဂျေကို ပြောပြခဲ့ပါတယ်။

“အခု ကျွန်တော်တို့ ဒီအမှုတွဲမှာ ၂၈၅ ဧက အသိမ်းခံခဲ့ရတာဖြစ်ပြီး တကယ်အသိမ်းခံရခဲ့တာက ဧက ၂၀၀၀ကျော် ရှိပါတယ်။ ဝါးတရာ၊သိမ်ကျောင်း၊သံတည်း၊လှော်ကား၊လိပ်ကုန်း ရွာတွေမှာရှိတဲ့ လယ်တွေကိုစုပြီး သိမ်းယူခဲ့တာပါ။ တောင်သူလယ်သမား အခွင့်အရေးတွေ၊လယ်ယာမြေသိမ်းကိစ္စတွေနဲ့လယ်သမားကိစ္စတွေကို ဥပဒေပညာတတ်တဲ့ လူငယ်တွေစုပေါင်းပြီးတော့ ဒီကိစ္စကို ကူညီဆောင်ရွက်ပေးနေကြတာပါ။ ကျွန်တော်တို့က လောလောဆယ် တရားဥပဒေနည်းအရ ကျွန်တော်တို့ လယ်အစားရရှိဖို့အတွက် လူမှုရေးအရ အစားပြန်ရရှိဖို့ မျှော်လင့်တယ်။ မရရင် ဥပဒေအရ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။”လို့ လယ်သမားအခွင့်အရေးကို လိုက်ပါကူညီပေးနေသူတစ်ဦးက ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

ဒီလယ်ယာမြေတွေကို သိမ်းပြီးတော့ စက်ရုံတွေဆောက်တယ်။ နိုင်ငံတော်ရဲ့  စီးပွားရေးကို လက်ဝါးကြီးအုပ်နေတဲ့ ကိုယ်ကျိုးရှာအုပ်စုတွေက သူတို့အကျိုးစီးပွားအတွက် လယ်ယာစိုက်ပျိုးနေတဲ့ လယ်မြေများကို သိမ်းယူပြီးတော့ ကိုယ်ကျိုးရှာရေးအတွက် အစိုးရရဲ့ အပေါ်မှာ စီးပွားရေးကို လက်ဝါးကြီးအုပ်ထားကြတဲ့ လက်တစ်ဆုပ်စာလူတစ်စုက နိုင်ငံတော်ရဲ့အကျိုးစီးပွားမူဝါဒတွေကို ပြည်သူလူထုရဲ့အကျိုးစီးပွားတွေကို
ကောင်းဖို့ ဖြစ်မလာပဲနဲ့ ဒီလက်တစ်ဆုပ်စာလူတွေအတွက် ကောင်းကျိုးတွေကိုပဲ ဖြစ်နေတယ်။ အဲတော့ လယ်ယာမြေသိမ်းတာဟာ လယ်သမားတွေရဲ့ ဘဝကို ထိခိုက်စေပါတယ်။ နိုင်ငံတော် ဖွံ့ဖြိုးလာစေရန်အတွက် လယ်သမားတွေ ရပိုင်ခွင့်အခွင့်အရေးကို နိုင်ငံတော်ကနေပြီးတော့ အမှန်တကယ်ကာကွယ်ပေးနေဖို့ လိုပါတယ်။ လယ်ယာမြေကဏ္ဍတွေ၊လယ်သမားတွေရဲ့ဘဝတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်စူးပါတယ်။ နိုင်ငံတော်သမ္မတကြီးထံသို့အပါအဝင် ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနအသီးသီးကိုလည်း အကြောင်းကြားသွားမှာပါ။” လို့ လယ်သမားအခွင့်အရေးကို လိုက်ပါကူညီပေးနေသူတစ်ဦးက ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။



By ဇာဏီ (Burma VJ Media Network)



အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိခြင်း အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားဖိတ်ကြားလွှာ




by Burma VJ Media Network on Friday, December 9, 2011 at 11:54am
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိခြင်း
အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားနှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ပိဋကတ်စာကြည့်တိုက်ဖွင့်ပွဲကို

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈း၃၀ နာရီမှ နံနက် ၁၁း၀၀ နာရီအထိ

သာဓုပရိယတ္တိစာသင်တိုက်၊ ရွှေညဝါပညာ့ဗိမာန်၊ နတ်စင်လမ်း၊ ကြည့်မြင့်တိုင်မြို့နယ်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါသည်။

(၁၉၉၁ ခုနှစ်၊ 10-D/ နိုဗယ်လ်ကျောင်းသားများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ)




ဘာကြောင့် စင်ပြိုင်အစိုးရကို မြန်မြန် ဖျက်ရသလဲ





by ခင်ရတနာ Facebook on Tuesday, November 22, 2011 at 10:43am
ဘာကြောင့် စင်ပြိုင်အစိုးရကို မြန်မြန် ဖျက်ရသလဲ
ဒိန်ဖန်ခူး


အဝေးရောက် စင်ပြိုင်အစိုးရရှိဖို့ မလိုတော့ဘူးလို့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း မကြာခင်က ပြောလိုက်ပါတယ်။ အမှတ်တမဲ့ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်က ၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုတော့လို့ လွှတ်တော်ခေါ်ဖို့အော်နေတာတွေ လက်တွေ့မကျဘူးလို့ပြောလို့ စင်ပြိုင်အစိုးရကို ဖျက်တော့မယ်လို့ ထင်စရာရှိပါတယ်။

တဘက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဆူနာမီလှိုင်းကြောင့် စင်ပြိုင်အစိုးရဖျက်တာမှန်ပေမဲ့ တဘက်ကလဲ ခုလို မြန်မြန်ဖျက်လိုက်တဲ့အတွက် ၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို အမွေခွဲဖို့လုပ်နေသူတွေကိုပါ ဆူနာမီလှိုင်းထဲပါသွားအောင် ဒေါက်တာစိန်ဝင်းက လက်ဦးအောင် ကန်ချလိုက်တာ ဖြစ်ပါတယ်။

ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရကို တိုင်းရင်းသားတွေနဲ့ တိုးချဲ့ဘို့ မူအားဖြင့် သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ တိုးချဲ့စင်ပြိုင်အစိုးရကို ထူးခြားတဲ့အဖွဲ့အစည်းလို့ မယူဆတဲ့ လက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေထဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ နဲ့ မွန်ပြည်သစ်ပါတီစတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရကို တိုးချဲ့တာကောင်းပေမဲ့ လောလာဆယ် စင်ပြိုင်အစိုးရထဲ မဝင်နိုင်သေးဘူးလို့ ဗိုလ်မှူးကြီး ယော့ဆဒ်ခေါင်းဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီက အကြောင်းပြန်ခဲ့ပါတယ်။ စင်ပြိုင်အစိုးရ လုပ်လာတာ နှစ် ၂ဝ ရှိပီဖြစ်ပေမဲ့ ဒီအဖွဲ့ထဲဝင်လဲ ဘာမှထူးခြားမှာ မဟုတ်ဘူးလို့ မြင်နေတဲ့အကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက အကြောင်းပြန်ခဲ့ပါတယ်။

စင်ပြိုင်အစိုးရ တိုးချဲ့ဖွဲ့စည်းတာကို မူအားဖြင့် သဘောတူပေမဲ့ တိုးချဲစင်ပြိုင်အစိုးရမှာ လောလောဆည် ပါဝင်နိုင်ခြင်း မရှိသေးပါဆိုပီး စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီကလဲ အကြောင်းပြန်ခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီကတော့ ၉ဝ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို ထိမ်းသိမ်းရန်လိုတယ်ဆိုပီး အကြံပေးခဲ့ပါတယ်။

စင်ပြိုင်အစိုးရ တိုးချဲ့ဖွဲ့စည်းရေးနဲ့ ပတ်သက်ပီး ၂ဝဝ၉ နှစ်မှာ ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ကေအန်ယူ၊ ကေအန်ပီပီ စတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်း အတော်များများရဲ့ တုံ့ပြန်ချက်ကိုကြည့်ရင် စင်ပြိုင်အစိုးရ တိုးချဲ့ဖွဲ့တာကို လက်ခံတယ်- ပြည်ထောင်စုမူ Federalism ဦးတည်ရမယ်ဆိုတဲ့အချက်တွေဟာ ယေဘုယျတူညီတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရကို တိုင်းရင်းသားတွေနဲ့ တိုးချဲ့ရာမှာ တိုင်းရင်းသားနဲ့ ပတ်သက်ပီး သတ်မှတ်ချက်တွေ ပြဌာန်းခဲ့ပါတယ်။ တိုးချဲ့စင်ပြိုင်အစိုးရမှာပါမဲ့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ နယ်မြေရှိရမယ်-ပါတီရှိရမယ်-အုပ်ချုပ်ခံ လူထုရှိရမယ်-ကိုယ့်ဒေသထဲမှာ ပညာရေး ကျန်းမာရေး ဝန်ဆောင်မှုတွေ ရှိရမယ်-လူထုကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ ညီလာခံတွေရှိရမယ်-မိမိလူမျိုးကို ကာကွယ်စောင့်တဲ့ လက်နက်ကိုင်တပ်ရှိရမယ်လို့ သတ်မှတ်ထားပါတယ် ခုလိုမျိုး တိုင်းရင်းသားနဲ့ ၉ဝ ခုနှစ် လွှတ်တော်ကိုယ်စားလှယ်တွေပေါင်းရင် ပိုပီး အားကောင်းတဲ့ စင်ပြိုင်အစိုးရဖြစ်လာမယ်လို့ မြန်မာနိုင်ငံ အမျိုးသားကောင်စီ ဒုဥက္ကဌ ဦးခွန်မာကိုဘန်းကလဲ ယုံကြည်ခဲ့ပါတယ်။

ဒေါက်တာစိန်ဝင်း ခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ထပ်မံတိုးချဲ့ဘို့ ၂ဝဝ၈ ခု ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ  ညီလာခံမှာကထဲက မူအားဖြင့် သဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် NCUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ တပ်ပေါင်းစုကနေ အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government ဖွဲ့တော့မယ်ဆိုပီး ၂ဝဝ၉ ခု ဇန္ဒဝါရီလထဲမှာ ကြေငြာခဲ့တဲ့အတွက် အတိုက်အခံအဖွဲ့တွေကြား အထင်လွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ NCUB ဒုဥက္ကဌ ဖြစ်တဲ့ ဦးခွန်မားကိုဘန်းကိုယ်တိုင် မသိရပါဘူးဆိုပီး အဲဒီအချိန်က ကန့်ကွက်ခဲ့ပါတယ်။

နောက်တခါလက်ရှိ စင်ပြိုင်အစိုးရကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ထပ်မံတိုးချဲ့ဘို့ ဒေါက်တာစိန်ဝင်းက သဘောတူလိုက်ပြန်ပီဖြစ်ပါတယ်။ တွက်ကြည့်ရင် ဒေါက်တာစိန်ဝင်း ခေါင်းဆောင်တဲ့ စင်ပြိုင်အစိုးရကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တိုးချဲ့ဘို့ သဘောတူတဲ့အချိန်ဟာ စစ်အစိုးရဘက်က ရွေးကောက်ပွဲလုပ်ဘို့ လပိုင်းသာ လိုတော့တဲ့အချိန်ဖြစ်နေလို့ လက်နက်ကိုင်တိုင်းရင်းသားတွေလုပ်ရပ်၊ FTUB ဦးမောင်မောင်တို့ရဲ့ လုပ်ရပ်ကို အတိုက်အခံ အတော်များများက သံသယရှိခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ထိုင်းမြန်မာနယ်စပ်မှာ ဖုတ်ပီမီးတိုက် ဖွဲံ့စည်းလိုက်တဲ့ နောက်ဆုံးလွှတ်တော်ကတော့ ဖွဲ့စည်းပီးမကြာခင် ပြသနာတက်နေတဲ့ နယ်စပ် စင်ပြိုင်လွှတ်တော်ဖြစ်ပါတယ်။ ဒီလွှတ်တော်ကို ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမတ်တချိုံနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တချို့ပူးပေါင်းဖွဲံစည်းခဲ့တာဖြစ်ပေမဲ့ သဘောထားကွဲပြားမှုတွေကြောင့် ရှေ့မတိုးနိုင်ဖြစ်ခဲ့ပါတယ်။

အထုးသဖြင့် အဝေးရောက်ညွှန်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ ထိုင်းမြန်မာနယ်စပ်က MPU ခေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကြား အဆင်မပြေတဲ့အတွက် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တချိုံရဲ့ နယ်စပ်စင်ပြိုင်လွှတ်တော်နဲ့ ပုးပေါင်းမှုကို အရှင်ထားစောင့်ကြည့်နေခဲ့ပါတယ်။

ဒီနေရာမှာ ထိုင်းမြန်မာနယ်စပ်မှာ ဘာကြောင့် စင်ပြိုင်လွှတ်တော်ဖွဲ့ရသလဲဆိုတာ သိဘို့လိုပါတယ်
အကျဉ်းချုပ်ပြောရရင် ဒေါက်တာစိန်ဝင်း ဦးဆောင်တဲ့ စင်ပြိုင်အစိုးရကို လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ တိုးချဲ့ဖွဲ့စည်းရေး မုလက သဘောတူခဲ့ပါတယ် ဒါပေမဲ့ စင်ပြိဲုင်အစိုးရတိုးချဲ့တာကို မလုပ်နိုင်ခင် စင်ပြိုင်လွှတ်တော်ဖွဲ့စည်းမယ်ဆိုပီး ဖွဲ့ရာမှာ ပြည်ပရောက် ၉၀ ခုနှစ် အမတ်များကြား အများသဘောဆန္ဒမရဘဲ လွှတ်တော်ဖွဲ့စည်းလိုက်တာကို ဒေါက်တာစိန်ဝင်းက လက်မခံနိုင်ဖြစ်ခဲ့ပါတယ်။

ထိုင်းမြန်မာနယ်စပ် စင်ပြိုင်လွှတ်တော်ဖွဲံစည်းတုံးက ၉၀ခုနှစ်အမတ် ၇ ဦးသာတက်နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပြည်ပအမတ်ဦးရေရဲ့၂၃ ရာနှုန်းသာ တက်နိုင်ခဲ့တယ်….. အဲသလို  ပြည်ပရောက် ၉၀ ခုနှစ်အမတ်တွေရဲ့ အများသဘောဆန္ဒရစေချင်တယ်ဆိုရင် MPU ညီလာခံခေါ်ပေးပါဆိုပီး ဒေါက်တာစိန်ဝင်းကို တောင်းဆိုခဲ့ပေမဲ့ ငွေမတတ်နိုင်လို့ မခေါ်နိုင်ဖြစ်ရတယ်-ပြည်ပက အမတ်တွေသဘောထားသိအောင် စာရေးတော့လဲ ပြန်စာမရဖြစ်ခဲ့တယ်လို့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် MPU ဒု ဥက္ကဌ ဒေါ်စန်းစန်းကလဲ ရှင်းပြပါတယ်။

ထိုင်းမြန်မာနယ်စပ် စင်ပြိုင်လွှတ်တော် မအောင်မြင်ဘဲ ရှေ့မတိုးနိုင် နောက်မဆုတ်နိုင် ဖြစ်နေတာနဲ့ ပတ်သက်ပီး သက်ဆိုင်ရာ ခေါင်းဆောင်တွေကို စုံစမ်းမေးမြန်းတဲ့အခါ နိုင်ငံရေးသဘောထား ကွဲပြားတာထက် တဦးနဲ့တဦး ပုဂ္ဂိုလ်ရေး မကျေနပ်မှုတွေ-အထင်လွဲ အပြစ်တင်တာတွေက အရေးပါတဲ့ကဏ္ဍကပါနေတာ တွေ့ရပါတယ်။

ကရင်နီအမတ်တွေ၊ ထိုင်းမြန်မာနယ်စပ်က ဒီအေဘီတပ်ပေါင်းစုတွေ ဒေါ်စန်းစန်းခေါင်းဆောင်တဲ့ ၉၀အမတ်တချိုံတွေက ဒေါက်တာစိန်ဝင်းကို ဖြေရှင်းချက်မျိုးစုံတောင်းပီး ၀ိုင်းရာဇသံပေးထားချိန်မှာ (ဒေါ်) အောင်ဆန်းစုကြည် နိုင်ငံရေးဆူနာမီလှိုင်း ၂၀၁၁ ရိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားပါတယ်။

ဒီမှာတင် ဒေါက်တာစိန်ဝင်းက လက်ဦးမှုယူပီး စင်ပြိုင်အစိုးရ မရှိသင့်တော့ဘူးလို့ကြေငြာလိုက်တဲ့အတွက် ဒေါက်တာစိန်ဝင်းကို တိုက်နေသူတွေရော စင်ပြိုင်အစိုးရအမတ်တွေရော နိုင်ငံရေးဆူနာမီနဲ့ ဒလိမ့်ခေါက်ကွေး ရောပါသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ကနေ ၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုတော့ဘူး… လွှတ်တော်ခေါ်ဖို့အော်နေတာ လက်တွေ့မကျဘူးလို့ ပြောနေချိန်မှာ ဒေါက်တာစိန်ဝင်းက ပြည်ပကနေ စင်ပြိုင်အစိုးရဖျက်သိမ်းမယ်လို့ပြောလိုက်တော့ ထိုင်းမြန်မာနယ်စပ်က ၉၀ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို အမွေခွဲဖို့ ကြံနေသူတွေကို အထက်မီး အောက်မီးနဲ့ နှစ်ဘက်ညှပ် တိုက်သလိုဖြစ်ပီး ပြားချပ် နိုင်ငံရေးဇာတ်သိမ်းသွားတာ ဖြစ်ပါတယ်။

သြဇာကြီးမားတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦးရဲ့ ဆုံးဖြတ်ချက်ကြောင့် နောက်ဆက်တွဲ ခံစားရတဲ့ နိုင်ငံရေးဂယက်တွေ ဘယ်လောက်ကြီးမားသလဲသာ ဆိုလိုရင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လုပ်ရပ် မှားသလား မှန်သလားဆိုတာ သမိုင်းက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။




ဦး သိ န်း စိ န်အ စိုး ရ အ ဖွဲ့ လ စာ နဲ့ အဆောင် အယောင်


by ခင်ရတနာ facebook on Tuesday, December 6, 2011 at 2:28am
သ မ္မတ ဦး သိ န်း စိ န် အ စိုး ရ အ ဖွဲ့ လ စာ တွေ ဘ ယ် လို ယူ ထား သ လဲ
ကျော်လှမောင်(ကျောက်ဖြူ) ဒီဇင်ဘာ ၆၊ ၂၀၁၁



မေး။    ။ သမ္မတ ဦးသိန်းစိန်ရဲ့ လစာ ဘယ်လောက်ရပါသလဲ။

ဖြေ။     ။ သမ္မတ ဦးသိန်းစိန်က တလကို ကျပ်ငွေ သိန်း ၅၀ ရပါတယ်။

မေး။    ။ သမ္မတ ဦးသိန်းစိန်လစာက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနေပါသလား

ဖြေ။     ။ ကျပ် သိန်း၅၀ ဆိုတာ တရားဝင်ငွေလဲနှုန်း တဒေါ်လာ ၆ကျပ်နဲ့တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရမဲ့ လစာဟာ တလကို အမေရိကန်ဒေါ်လာ ၈သိန်း ၃သောင်း ကျော်ပါတယ်။ ဒါကြောင့် တရားဝင်ငွေလဲနှုန်ူနဲ့ တွက်ရင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက အမေရိကန်သမ္မတ ကြီး အိုဘားမားရဲ့ တလ ၀င်ငွေထက် ၂၅ ဆ များနေသလို တလ ဒေါ်လာ ၂သောင်းခွဲရတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထက်လဲ ၄ ဆနီးပါး များနေပါတယ်။ တွက်ရလွယ်အောင် တဒေါ်လာကို မှောင်ခိုဈေး ကျပ်တထောင်ထားတွက်ရင်တောာင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက တလကို အမေရိကန်ဒေါ်လာ ၅ ထောင် ရမှာဖြစ်ပါတယ်။



မေး။    ။ အာရှတိုက်က နိုင်ငံအကြီးအကဲတွေလစာနဲ့စာရင် ဘယ်လိုနေပါသလဲ။

ဖြေ။     ။ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက မြန်မာကို အကူအညီပေးနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးသမ္မတ ကြီး ပရာဒိဗ္ဗ ဒေ၀ီဆင်းပတ္တေးလ် ထက် ဒေါ်လာ ၂ ထောင်များနေသလို အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်း လစာထက် ဒေါ်လာ တထောင်များနေပါသေးတယ်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ် သမ္မတ ရဲ့ လစာက ဒေါ်လာ ၂၄၀ သာရှိတာမို့ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက ဗီယက်နမ်သမ္မတ  လစာထက်  အဆ ၂၀ များနေပါတယ်။

မေး။    ။ မြန်မာပြည်သူတွေ ဆင်းရဲတွန်းနက်လို့ စီးပွားကျပ်နေချိန်မှာ သမ္မတလစာကို ခုလောက်အများကြီးပေးထားတာ သင့်တော်ပါသလား။

ဖြေ။     ။ ဘယ်လိုမှ မသင့်တော်ပါ။ တနေ့ တဒေါ်လာအောက် ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေက တိုင်းပြည်လူဦးရေရဲ့ ၃၂% ရှိနေတဲ့ မြန်မာနိုင်ငံမျိုးမှာ၊ တဦးချင်း GDP 469 ဒေါ်လာသာရှိတဲ့ မြန်မာလို နိုင်ငံမျိုးမှာ သမ္မတဦးသိန်းစိန်ရဲ့လစာက ပြည်သူတဦးချင်း ဂျီဒီပီထက် ဆယ်ဆကျော် များနေတာမို့ နိုင်ငံတကာကကြည့်ရင် အမြင်မတော် ဆင်တော်နဲ့ခလောက်ဆိုတဲ့ကိန်း ဖြစ်နေပါတယ်။

မေး။    ။ သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက်အများကြီးပေးဖို့ ဘယ်သူက ဆုံးဖြတ်ခဲ့ပါသလဲ။ တခြား ဘာခံစားခွင့်တွေ ပေးထားပါသေးလဲ။

ဖြေ။     ။ သမ္မတ ဦးသိန်းစိန်ကို လစာတွေ ခုလောက်အများကြီးပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းက စစ်အစိုးရလက်ထက်မှာ လျို့ဝှက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ သူထုတ်ချင်တဲ့ ဥပဒေကို ထုတ်ခွင့်ရဖို့ ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုထားပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်မဲ့သူတွေရဲ့ လစာကို ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေ ၅ မျိုးနဲ့ ထုတ်ပြန် သတ်မှတ်ခဲ့တာပါ။ သမ္မတ ကြီး ဦးသိန်းစိန်အတွက် ကား ၆ စီးနဲ့ ယာဉ်မောင်း ၆ ဦး ဆိုပီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဥပဒေနဲ့ ပြဌာန်း ပေးထားပါတယ်။

မေး။    ။ တခြားဆောင်အယောင်တွေ ဦးသိန်းစိန်အတွက် ဘာပေးထားပါသလဲ

ဖြေ။     ။

၁။အိမ်တော်ဝန်နဲ့ အိမ်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခ၀ါ၊ အိမ်အကူ၊ သန့်ရှင်းရေး စသည်များ)

၂။ အိမ်တော်နဲ့ အိမ်တော်ဝန်း ထိန်းသိမ်းစောင့်ရှောက်ရေး အခမဲ့ ခံစားခွင့်၊

၃။ အိမ်တော်ဆိုင်ရာ လိုအပ်တဲ့ ပရိဘောဂနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်

၎။ လုံခြုံရေးအစောင့်အရှောက်၊

၅။ ကိုယ်ရံတော် အရာရှိနှစ်ဦးနဲ့ ကိုယ်ရေးအရာရှိ ၂ ဦး

၆။ ရေအခမဲ့ သုံးစွဲခွင့်၊

၇။ လျှပ်စစ်ဓါတ်အား အခမဲ့ သုံးစွဲခွင့်

၈။ ပြည်တွင်း ပြည်ပ ဖုန်းအခမဲ့ပြောဆိုခွင့်

၉။ မော်တော်ယာဉ် ၆ စီး။

၁၀။ ယာဉ်မောင်း ၆ ဦး။

၁၁။ မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်သုံးဆီ၊

၁၂။  မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ။

မေး။    ။ သမ္မတ ကြီး ဦးသိန်းစိန်မှာ နိုင်ငံတာဝန်ထမ်းဘို့အတွက် ကား ၆ စီးတောင် လိုပါသလား

ဖြေ။     ။ ဘယ်လိုကားမျိုးတွေ ဘယ်လောက်တန်တဲ့ကားတွေလို့ သတ်မှတ်မထားတဲ့အတွက် ကမ္ဘာမှာဈေးအကြီးဆုံးကားမျိုးကိုတောင် နိုင်ငံဘဏ္ဍာငွေနဲ့ ၀ယ်စီးခွင့်ရှိတယ်ဆိုတဲ့သဘော ဖြစ်နေပါတယ်။

ဒီနေရာမှာ သမ္မတဦးသိန်းစိန်လို တခြားနိုင်ငံခေါင်းဆောင်တွေရော ကား ၆ စီးတောင်သုံးသလားဆိုတာ ပြန်ကြည့်ဘို့လိုပါတယ်။ မြန်မာနိုင်ငံထက် စီးပွားရေးကောင်းတဲ့ အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား သမ္မတဆိုရင် Mercedes Benze S600L W221 အမျိုးအစား ကျည်ကာကား ၂ စီးကိုသာ သုံးပါတယ်။ တစီးကိုသာ သမ္မတ စီးပီး ကျန်တစီးကို လုံခြုံရေးအတွက် တည်ကြက်ကားအဖြစ်သုံးပါတယ်။ဒါကြောင် သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှားသမ္မတ ထက် ကားအစီးရေ ၃ ဆ ပိုသုံးထားပါတယ်။

မလေးရှားဝန်ကြီးချုပ်ဆိုရင်လဲ ကား ၃ စီးဘဲ သုံးပါတယ်။ မြန်မာထက် စီးပွားရေးတိုးတက်တဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ်ဆိုရင် Mercedes Benze S600L- W220 ကျည်ကာကား တစီး BMW 730LI (E66) တစီးနဲ့ Range Rover ကျည်ကာကား တစီး ပေါင်း ၃ စီးသာသုံးပါတယ်။ တောင်ကိုရီးယားသမ္မတ ဆိုရင် ၂၀၀၅ ခုနှစ်ထဲက၀ယ်ထားတဲ့ BMW7 Series ကားတစီးဘဲသုံးပါတယ်။ မကြာခင်ကမှ သမ္မတ အတွက် ပြည်တွင်းဖြစ် ဟွန်ဒိုင်း ကျည်ကာကား ၃ စီး ထပ်ဝယ်ပေးထားပါတယ်။

မေး။    ။ ဒုသမ္မတ ဦးတင်အောင်မြင်ဦးနဲ့ စိုင်းမောက်ခမ်းတို့ရော လစာနဲ့ အဆောင်အယောင် ဘယ်လိုရပါသလဲ။

ဖြေ။     ။ ဒုသမ္မတ လစာကို တလ ကျပ်ငွေ သိန်း၄၀ ပေးထားပါတယ်။ အဆောင်အယောင်တွေကတော့

၁။အိမ်တော်ဝန်နဲ့ အိမ်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခ၀ါ၊ အိမ်အကူ၊ သန့်ရှင်းရေး စသည်များ)

၂။ အိမ်တော်နဲ့ အိမ်တော်ဝန်း ထိန်းသိမ်းစောင့်ရှောက်ရေး အခမဲ့ ခံစားခွင့်၊

၃။ အိမ်တော်ဆိုင်ရာ လိုအပ်တဲ့ ပရိဘောဂနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်

၎။ လုံခြုံရေးအစောင့်အရှောက်၊

၅။ ကိုယ်ရံတော် အရာရှိတဦးနဲ့ ကိုယ်ရေးအရာရှိ ၂ ဦး

၆။ ရေအခမဲ့ သုံးစွဲခွင့်၊

၇။ လျှပ်စစ်ဓါတ်အား အခမဲ့ သုံးစွဲခွင့်

၈။ ပြည်တွင်း ပြည်ပ ဖုန်းအခမဲ့ပြောဆိုခွင့်

၉။ မော်တော်ယာဉ် ၅ စီး။

၁၀။ ယာဉ်မောင်း ၅ ဦး။

၁၁။ မော်တော်ယာဉ် ၅ စီးအတွက် အမှန်ကုန်ကျသည့် စက်သုံးဆီ၊

၁၂။  မော်တော်ယာဉ် ၅ စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ။

မေး။    ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် နဲ့ ပြည်ထောင်စု တရားသူကြီးချုပ် ၃ ဦးလစာက ဘယ်လောက်ရပါသလဲ

ဖြေ။     ။ ချီးမြှင့်ငွေ စရိတ်နဲ့ အဆောင်ယောင်များဆိုင်ရာ ဥပဒေအရ တဦးကို တလ ကျပ်ငွေ ၃၅ သိန်း ပေးထားပါတယ်။ အဆောင်အယောင်တွေကတော့-

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း ပြည်ပ အခမဲ့ ဆေးကုသခွင့် (ဒီအချက်ကို သမ္မတနဲ့ ဒုသမ္မတမှာ ထဲ့မထားပါ)

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူနှစ်ဦး

-ထမင်းချက်နှစ်ဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၄ စီး

-ယာဉ်မောင်း ၄ ဦး

-မော်တော်ယာဉ်၎ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၄ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ

မေး။    ။ ပြည်ထောင်စုဝန်ကြီးတဦးကို လစာနဲ့ အဆောင်အယောင် ဘယ်လိုပေးထားပါသလဲ

ဖြေ။     ။ ပြည်ထောင်စုဝန်ကြီးတဦးကို တလကျပ် သိန်း၃၀ ပေးပါတယ်။ ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ အမျိုးသားလွှတ်တော် ဒု ဥက္ကဌတွေရဲ့လစာနဲ့ အတူတူ ဖြစ်ပါတယ်။ အဆောင်အယောင်တွေကတော့

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့ (မပေးပါ)

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း အခမဲ့ ဆေးကုသခွင့်

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူနှစ်ဦး

-ဥယျာဉ်လုပ်သားနှစ်ဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၃ စီး

-ယာဉ်မောင်း ၃ ဦး

-မော်တော်ယာဉ် ၃ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၃ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ

မေး။    ။ ပြည်ထောင်စု ဒုဝန်ကြီးတဦးကိုတော့ တလ ကျပ်ငွေ သိန်း ၂၀ ပေးပါတယ်။  ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ဒု ရှေ့နေချုပ်၊ ဒု စာရင်းစစ်ချုပ်နဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့  အဖွဲ့ဝင်တွေနဲ့ လစာ အဆောင်ယောင်တူပါတယ်။ အဆောင်အယောင်တွေကတော့-

-အစိုးရအိမ်တွင် အခမဲ့ နေထိုင်ရမည်

-နေအိမ် ပရိဘောဂစရိတ် အခမဲ့

-လုံခြုံရေးအစောင့်အရှောက်

-ပြည်တွင်း အခမဲ့ ဆေးကုသခွင့်

-ရေအခမဲ့သုံးခွင့်

-လျှပ်စစ်ဓါတ်အား အခမဲ့သုံးခွင့်

-ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးခွင့် (ပြည်ပအတွက် ဘယ်သူက ကျခံရမယ်ဆိုတာ ရေးမထားပါ)

-ကိုယ်ရေးအရာရှိတဦး

-အိမ်အကူတဦး

-ဥယျာဉ်လုပ်သားတဦး

-ဥယျာဉ်ထိန်းသိမ်းစရိတ် အခမဲ့

-မော်တော်ယာဉ် ၃ စီး

-ယာဉ်မောင်း ၃ ဦး

-မော်တော်ယာဉ် ၃ စီးအတွက် တစီးကို တလ စက်သုံးဆီ ဂါလံ ၆၀ နှုန်း

-မော်တော်ယာဉ် ၃ စီးအတွက် တလ အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ




မေး။    ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခုလို ဥပဒေမျိုးကို သူ့သဘောနဲ့သူ ဘာကြောင့်ထုတ်ခွင့်ရခဲ့ပါသလဲ

ဖြေ။     ။ အဲသလိုလုပ်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းကို အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၄၄၃ မှာထဲက ပြဌာန်းထားလို့ဖြစ်ပါတယ် ဒီဥပဒေ ၅ မျိုးကို နအဖက ထုတ်တယ်လို့ဆိုတဲ့အတွက် နအဖအဖွဲ့ဆိုတာ အဲဒီဥပဒေထုတ်တဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ၂ ဦးသာကျန်တော့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ဦးသိန်းစိန်အစိုးရတဖွဲ့လုံးရဲ့ လစာ စရိတ်နဲ့ အဆောင်အယောင်တွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေတဦးတည်းက ဆုံးဖြတ်ပီး ဥပဒေထုတ် ပြဌာန်းခဲ့တာပါ။



မေး။    ။ ဒီ ဥပဒေကို ပြင်နိုင်မဲ့အလားအလာ ရှိပါသလား

ဖြေ။     ။ ဒီဥပဒေတွေကို မတရားဘူးဆိုပီး လွှတ်တော်မှာ အတိုက်အခံက ပြင်နိုင်သလားဆိုရင် အတိုက်အခံ အားနည်းနေတဲ့အတွက် လွှတ်တော် ပထမ ၅နှစ်သက်တမ်းအတွင်း ပြန်ပြင်ဘို့ မဖြစ်နိုင်တာ သေချာနေပါတယ်။ သဘောကတော့ လွှတ်တော် ဥက္ကဌတွေဖြစ်တဲ့ သူရဦးရွှေမန်း ဦးခင်အောင်မြင့်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ ဦးသိန်းစိုးတို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ ၅ နှစ်အတွင်း ရထားတဲ့ ကား ၄ စီးကို စိတ်ချလက်ချသုံးနို်င်သလို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌလို ပုဂ္ဂိုလ်မျိုးကလဲ လေရှီး လဟယ် နန်းယွန်းဘက်တွေမှာ ကား ၃ စီးနဲ့ ၅ နှစ်ထိ (မောင်းစရာနေရာ ရှိရှိ မရှိရှိ) စိတ်အေးလက်အေး မောင်းနှင်နိုင်မှာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

မေး။    ။ သမ္မတ အပါအ၀င် အရပ်သား အစိုးရသစ်တဖွဲ့လုံး လစာသစ်ကို အပြည့်အ၀ မခံစားသေးဘဲ နအဖလက်ထက် အစိုးရအဖွဲ့ဝင်တွေ ခံစားတဲ့လစာကိုသာ ခံစားသွားမယ်လို့ သမ္မတ  ဦးသိန်းစိန်ပြောတဲ့အကြောင်း မြန်မာသတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အစိုးရသစ်က ဘာကြောင့် လစာလျှော့ယူပါသလဲ

ဖြေ။     ။ အဓိကအချက်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ပေးထားတဲ့ သူတို့လစာတွေက ပြည်သူတွေရဲ့ဝင်ငွေနဲ့ အရမ်းကွာနေတော့ ပြည်သူတွေ အုံကြွမှာ စိုးရိမ်ပီး ချွေးသိပ်တဲ့အနေနဲ့ လုပ်ပြတာပါ။ ရာသက်ပန် လျှော့ယူမယ်လို့ မပြောသလို ဘယ်လောက်ကြာအောင် လျှော့ယူမယ်လဲ ကတိပေးမထားပါ။

မေး။    ။ သမ္မတ  ဦးသိန်းစိန်ရဲ့ မိန့်ခွန်းအရဆိုရင် နိုင်ငံတော်ရဲ့ လက်ရှိအခြေနေ နိုင်ငံတော်ရဲ့ ငွေကြေးအခြေအနေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ရှေ့ရှုတဲ့အနေနဲ့ လစာသစ်ကို မခံစားသေးဘဲ နအဖလက်ထက်က လစာဟောင်းကိုသာ အစိုးရတဖွဲ့လုံး ခံစားမယ်လို့ ပြောပါတယ်။ ဟုတ်ပါသလား။

ဖြေ။     ။ မဟုတ်ပါ။ နိုင်ငံတော်ရဲ့ လက်ရှိအခြေနေ နိုင်ငံတော်ရဲ့ ငွေကြေးအခြေအနေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ရှေ့ရှုတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်နဲ့ ထုတ်ထားတဲ့ ဥပဒေကို ဖျက်သိမ်းမှသာ ပြည်သူက ယုံမှာဖြစ်ပါတယ်။

နအဖလက်ထက်က လစာဟောင်းဆိုတာလဲ သိသူနည်းပါတယ်။ စစ်အစိုးရအာဘော်လို့ လူသိများတဲ့ ပိတောက်မြေ ဘလော့ဆိုက်အာဘော်အရဆိုရင် တလ ကျပ်ငွေ သိန်း၅၀ ရမဲ့ သမ္မတ  ဦးသိန်းစိန်က ယခင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ယူခဲ့တဲ့ လစာ တလ ကျပ်ငွေ ၁၂သိန်းသာယူမှာဖြစ်ပီး တလကျပ်ငွေ သိန်း ၃၀ ရမဲ့ ၀န်ကြီးတွေက နအဖ၀န်ကြီးလစာ တလကို ၆သိန်း သိန်း၂၀ ရမဲ့ ဒုဝန်ကြီးတွေက ယခင် နအဖဒုဝန်ကြီးလစာ ၄ သိန်းသာ ယူမယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့က နိုင်ငံခြားသတင်းစာဆရာတဦးကတော့ နအဖ၀န်ကြီးတဦးလစာက ပိတောက်မြေ ဘလော့ဆိုက်ပြောသလိုမဟုတ်ဘဲ တလကျပ်ငွေ ၄ သိန်းဖြစ်ပီး ဒုဝန်ကြီးလစာက ၃ သိန်းသာဖြစ်တယ်လို့ ပြောတဲ့အတွက် ဘယ်လစာကို အမှန်ထားပီး အစိုးရသစ်က ခံစားမယ်ဆိုတာ မသဲမကွဲ ဖြစ်နေပါတယ်။

နအဖအစိုးရလက်ထက် စစ်အစိုးရခေါင်းဆောင်တွေရဲ့လစာကို နအဖက မထုတ်ပြန်ခဲ့လို့ အတိအကျ မသိရတဲ့လစာမျိုးကို သမ္မတ  ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်က ခံစားမယ်လို့သာပြောပီး လစာကိန်းဂဏန်းကို သမ္မတ က ထဲ့မပြောလို့ ဘယ်လောက်လျှော့ယူမလဲဆိုတာ တိုင်းပြည်ကို မထုတ်ပြန်ဘဲ ရသလားဆိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နောက်ဆုံးတိုးတဲ့လစာဆိုရင် ၁၂ သိန်းဖြစ်ပီး ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့လစာက ၁ဝ သိန်းဖြစ်ပါတယ်။ ၂ဝဝဝ ခုနှစ် ဧပြီ တရက်နေ့မှာတိုးတဲ့  ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခြေခံလစာက တသိန်း၅သောင်းဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လစာက တလကို ၁၂ သိန်းဖြစ်တာမို့ ၆နှစ်အတွင်း ၇ဝဝ ရာခိုင်နှုန်းတိုးလိုက်တဲ့ သဘောဖြစ်ပါတယ်။

၂ဝဝဝ ခုနှစ် ဧပြီ တရက်နေ့မှာတိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာက တလကို တသိန်းဘဲရှိပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာသစ်က ရှစ်သိန်းဖြစ်ပါတယ်။ ဒါကြောင့် ၆နှစ်အတွင်း မြန်မာ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာလဲ ၇ဝဝ ရာနှုန်းတက်လာပါတယ်။

ဗိုလ်မှူးချုပ်တဦးရဲ့လစာက ၃သိန်းရှိပီး ဗိုလ်ချုပ်တဦးရဲ့လစာက ၄သိန်းရှိပါတယ်၊ စစ်အစိုးရ ဝန်ကြီးတဦးရဲ့လစာကိုလဲ ၄ သိန်းပေးထားတဲ့အတွက် ဝန်ကြီးတဦးနဲ့ ဗိုလ်ချုပ်တဦး တန်းတူ ဖြစ်နေပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၆သိန်းပေးထားပီး ဗိုလ်ချုပ်ကြီးတဦးရဲ့လစာကို ၈သိန်းပေးထားပါတယ်။

ဆိုလိုတဲ့သဘောက တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ယူထားရတဲ့ နအဖခေတ် ဝန်ကြီးတဦးက ဒု ဗိုလ်ချူပ်ကြီးတဦးလောက် အရေးမပါတဲ့သဘော ဖြစ်ပါတယ်။ နအဖခေတ် ဒုဝန်ကြီး တဦးရဲ့လစာကိုလဲ ၃ သိန်းပေးထားတာမို့ ဗိုလ်မှူးချုပ်တဦးနဲ့ တန်းတူ ဖြစ်နေပါတယ်။ တဘက်ကြည့်တော့လဲ လစာ ၄သိန်းသာရတဲ့ တချိုံဝန်ကြီးတွေ ကား ၂ဒါဇင်ကျော် ထည်လဲ စီးနေတာ ဘယ်ကရတဲ့ငွေနဲ့ဝယ်တာလဲလို့ မေးစရာရှိပါတယ်။

အပေါ်ယံကြည့်ရင် လူထုက ဆင်းရဲနေချိန်မှာ အစိုးရခေါင်းဆောင်တွေက လစာသစ်ကို အပြည့်မခံစားထိုက်ဘူးလို့ သမ္မတ ဦးသိန်းစိန်ပြောတာ ကြိုဆိုထိုက်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ လစာသစ်ကို လုံးဝမခံစားတော့ဘူးလို့ ဦးသိန်းစိန်ပြောတာမဟုတ်သလို အချိန်ဘယ်လောက်ကြာကြာ နအဖအစိုးရအဖွဲ့ လစာဟောင်းနဲ့နေမယ်ဆိုတာလဲ သမ္မတ သစ်က ကတိပေးထားတာ မရှိပါဘူး။ ဒါကြောင့် လပိုင်းအတွင်းမှာဘဲ လစာသစ်ကို ပြန်လည်ခံစားတယ်ဆိုပီး လုပ်ခွင့်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေပါတယ်။

Source:
-ချီးမြင့်ငွေ စရိတ်နဲ့ အဆောင်အယောင်များဆိုင်ရာ ဥပဒေ ၅ မျိုး
-Press reports

ထိုင်းနိုင်ငံမှာ ကျည်ကာကားတွေ ဈေးကောင်း




by ခင်ရတနာ facebook on Monday, December 5, 2011 at 10:19amထိုင်းဝန်ကြီးချုပ် အဖီဆစ်နှင့်ကျည်ကာကား

ထိုင်းနိုင်ငံမှာ အနီဝတ်ဆန္ဒပြသူများ၏ အကြမ်းဖက်မှုနောက်ပိုင်း ထူးခြားသည့်အချက်မှာ ကျည်ကာ ကားများ ခေတ်စားလာခြင်းဖြစ်သည်။ ကားကုမ္ပဏီများကလည်း မိမိတို့ကျည်ကာကား မည်မျှအစွမ်းထက်ကြောင်း ထိုင်းနိုင်ငံရေးသမားတွေကို အလုအယက် ကြော်ငြာကြသည်။

ဝန်ကြီးချုပ် အဖီဆစ်၏ BMW ကားကို ပတ္တယားမြို့မှာ အနီဝတ်တွေ တိုက်ပြီးနောက်ပိုင်း ထိုင်းဝန်ကြီးချုပ် အတွက် အစိုးရက၀ယ်ထားသည့် ကျည်ကာကားကို အဖီဆစ်က ပြောင်းစီးသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှာ အဖီဆစ်စီးသည့် ကျည်ကာကားကို အကြမ်းဖက်သူတွေက ပန်းအိုးများ၊ ကျောက်ခဲများ၊ တုတ်များဖြင့် ပစ်ပေါက်ခဲ့ သော်လည်း ၀န်ကြီးချုပ် အဖီဆစ်ကို မထိခိုက်ခဲ့ပေ။ ကျည်ကာကားက ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ထိုမြင်ကွင်းကို ရုပ်မြင်သံကြားလိုင်းမျိုးစုံက မကြာခဏပြခဲ့သည်မှာ အဖီဆစ်၏ ကျည်ကာကားကို ကြော်ငြာပေးနေသလား မှတ်ရသည်။

ပီအေဒီခေါင်းဆောင် ဆွန်ထိကိုပါ လက်နက်ကိုင်အုပ်စုက သေနတ်ဖြင့် ၀ိုင်းဝန်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ကျည်ကာကားကို ထိုင်းခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ မျက်စိကျလာသည်။

အဖီဆစ်နှင့် မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ်

ဝန်ကြီးချုပ် အဖီဆစ်စီးသည့် ကျည်ကာ ကားအမျိုးအစားမှာ ဂျာမဏီနိုင်ငံ မာစီဒီးကားကုမ္ပဏီမှ ထုတ်လုပ်သည့် မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစားဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်လက်ထက်မှာ ၎င်းအား လုပ်ကြံသတ်ဖြတ်နိုင်သည်ဟု ယူဆသည့်အတွက် တစီး ဘတ်ငွေ (၂၅) သန်း တန်သည့် မာစီဒီး ကျည်ကာကား သုံးစီးကိုဝယ်ရန် တပ်ဆင်က အမိန့်ပေးခဲ့သည်။

မာစီဒီး S600 Guard ကျည်ကာကား

တနည်းဆိုရလျှင် တပ်ဆင်၏ ကျေးဇူးကြောင့် ၀န်ကြီးချုပ် အဖီဆစ် အသက်ရှင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ တပ်ဆင်သာ ကျည်ကာကား မ၀ယ်ခဲ့လျှင် အဖီဆစ်၏ ကံကြမ္မာ မစဉ်းစားဝံ့အောင်ဖြစ်မည်ဟု မီဒီယာအချို့က ယူဆသည်။

အဖီဆစ်၏ မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစား ကျည်ကာကားသည် အိုဘားမား၏ The Beast စီးတော်ယာဉ်လောက် လက်နက်ကြီးဒဏ် ခံနိုင်ရည်မရှိသော်လည်း နိုင်ငံ့ခေါင်းဆောင်တဦးကို စစ်သုံးအသေးစား လက်နက်များဒဏ်မှ လုံလောက်စွာ အကာအကွယ်ပေးနိုင်သည်။ အန္တရာယ်ကြားမှ အချိန်မီ လွတ်မြောက်နိုင်ရန် မောင်းနိုင်မည့် အားကောင်းသည့် အင်ဂျင်ပါဝါတပ်ဆင်ထားပြီး အဆင့်မြင့် ကာကွယ်နိုင်ရန် သံမဏိအစိတ်အပိုင်း (၅၀၀) ဖြင့် တည်ဆောက်ထားသည်။

မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ်၏ ထူးခြားချက်

သံချပ်ကာ ကားများနှင့် ခြားနားသည့်အချက်မှာ မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစား ကျည်ကာကားကို ၀ယ်မည့်ပုဂ္ဂိုလ်တွေ လိုချင်သည့်ပုံစံအတိုင်း ထုတ်လုပ်ပေးနိုင်ခြင်း ဖြစ်သည်။

ကျည်ကာမှန်နှင့် သံမဏိများက သေနတ်ဖြင့် ပစ်ခတ်မှုကို ခံနိုင်ရည်ရှိသည့်ပြင် စီးနင်းလိုက်ပါလာသူများအား ရိုင်ဖယ်သေနတ်၊ ပစ္စတိုသေနတ် စသည့် စစ်သုံးအသေးစားလက်နက်မျိုးစုံ ပစ်ခတ်မှုကို ကာကွယ်နိုင်သည်။ ထို့ပြင် ကားထဲမှ စီးနင်းသူများအား လက်ပစ်ဗုံးဆန်များ ထိမှန်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

မာစီဒီး S600 Guard ကျည်ကာကားကို စမ်းသပ်နေစဉ်

ကားတာယာများမှာလည်း ပေါက်နေသည့်တိုင် မောင်းလို့ရသည့် တာယာများဖြစ်သည့်အတွက် တိုက်ခိုက်ခံရသည့်နေရာမှ ကားကို အမြန်မောင်းထွက်နိုင်သည်။

ကားတွင်းမှာ တပ်ဆင်ထားသည့် နောက်ဆုံးပေါ် အထူးကိရိယာများထဲတွင် အရေးပေါ် လေသန့်ထုတ်ပေးစနစ် လည်းပါ၏။ ဓာတုလက်နက်နှင့်တိုက်ခိုက်ခြင်းခံရပါက ကားတွင်းမှာ အရေးပေါ် လေသန့်စက်ထုတ်ပေးနိုင်သည့် အဆိုပါစနစ်ကိုမူ ၀ယ်လိုသူက တပ်ခိုင်းမှသာ ကျသင့်တန်ဖိုးသတ်မှတ်ပြီး တပ်ပေးသည်ဆို၏။

ပြင်ပမှ မျက်ရည်ယိုဗုံး အဆိပ်ဓာတ်ငွေစသည်တို့ကို ကားတွင်းရှိ ဆင်ဆာက စမ်းသပ်မိသည်နှင့် ကားထဲရှိ လေအေးပေး စနစ်သည် ပြင်ပမှ လေသန့်ဝင်သည့်စနစ်ကို အလိုအလျောက် ပိတ်လိုက်မည်ဖြစ်သည်။

ကားနောက်ဖုံးကလဲ ထွက်ပြေးနိုင်

အရေးပေါ်အခြေအနေတွင် ကားတွင်းမှပုဂ္ဂိုလ်များ ကားနောက်ဘက် boot အံဖုံးနောက်တံခါးမှ ထွက်လိုပါက ကားတွင်းရှိ ခလုတ်တခုကို ဆွဲလိုက်သည်နှင့် ထွက်နိုင်အောင်လည်း စီမံထားသေးသည်။

ကားလောင်စာဆီအိုးမှာလည်း တခုတခုကြောင့် ပေါက်သွားပါက အလိုအလျောက် ပြန်ပိတ်နိုင်ရန် စီမံထားသည်။ အိုဘားမားကားလည်း ထိုစနစ်ကို သုံးသည်။

ရေဒါသုံး ဘရိတ်စနစ်လဲပါ

ကားနောက်မှာတပ်ထားသည့် ကင်မရာက ကားနောက်ပိုင်းအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။
ညပိုင်းမောင်းနှင်သည့်အခါ ထိခိုက်မှုနည်းပါးစေရန် ရှေ့မြင်ကွင်းကို အင်ဖရာရက်ရောင်ခြည်သုံး မီးလုံးများဖြင့် ထိုးထားသည်။ ကားလေကာမှန်ဘေးမှာ တပ်ဆင်ထားသည့် အင်ဖရာရက် ကင်မရာက လမ်းပေါ်မှထင်လာသည့် ပုံရိပ်များကို ကားတွင်းရှိ ထိန်းချုပ်ဖန်သားပြင်သို့ ပို့ပေးသည်။

ကားဘရိတ်ကိုလည်း ရေဒါသုံး BAS PLUS စနစ် သုံးထားသည့်အတွက် ရှေ့ကားနှင့်နီးလာပြီဆိုလျှင် အလိုအလျောက် သတိပေးသည်။ ကားချင်းတိုက်တော့မည့် အခြေအနေရောက်ပြီဆိုလျှင် ဘရိတ်ကို မည်မျှအတိုင်းအတာထိ အုပ်ရမည်ကို အလိုအလျောက်တွက်ချက် ထိန်းလိုက်သည့်အတွက် ကားမောင်းသူကို လိုသလောက် ဘရိတ်မအုပ်လည်း BAS PLUS စနစ်က လိုသလောက် အလိုလို ဘရိတ်အုပ်ပေးသည်ဆို၏။

ကျည်ကာကားတွေ ဈေးကောင်း

မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစား ကျည်ကာကားများကို လက်တင်အမေရိက၊ တောင်အာဖရိကနှင့် ဥရောပတောင်ပိုင်းနိုင်ငံတွေအပြင် ဥရောပအလယ်ပိုင်းနိုင်ငံများ၊ ယခင်ဆိုဗီယက်နိုင်ငံ ပြည်နယ်များက အ၀ယ်လိုက်၏။
မကြာခင်က ထိုင်းနိုင်ငံ ခေါင်းဆောင်များအပေါ် လုပ်ကြံဖို့ကြိုးပမ်းမှုတွေအပြီး ကျည်ကာကား ထုတ်လုပ်သည့် အခြားကုမ္ပဏီများကလည်း ထိုင်းနိုင်ငံရေးသမားများအား နောက်ဆုံးပေါ် ကျည်ကာကားများ ကမ်းလှမ်းလာသည်။
BMW ကုမ္ပဏီက နောက်ဆုံးပေါ် X5 Security Plus ဆိုသည့် ကျည်ကာကားကို ပွဲထုတ်သည်။ AK-47 မောင်းပြန်သေနတ်ဒဏ်ခံနိုင်သည့် ပထဆုံး ကျည်ကာကားဟုဆို၏။

Ford ကုမ္ပဏီကလည်း ထိုင်းဒု-၀န်ကြီးချုပ် ဆူထက်၏ လုံခြုံရေးအစောင့်အား ကျည်ကာကား (၂) စီး စမ်းသပ်မောင်းခိုင်းပြီး ကြော်ငြာလာသည်။ ထိုင်းနိုင်ငံရေးလှုပ်လေ ကျည်ကာကားတွေ အရောင်းသွက်လေ ဖြစ်သည်။

အရေးအခင်းကာလက အနီဝတ်များ၏ တိုက်ခိုက်မှုခံခဲ့ရသည့် ၀န်ကြီးချုပ် အဖီဆစ်၏ မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစား ကျည်ကာကားကို ပြန်ပြင်ရန်အတွက် ဂျာမဏီသို့ပို့ထားချိန်တွင် အခြား ကျည်ကာကားတစီးကို အဖီဆစ်က ပြောင်းစီးနေသည်ဟု The Nation သတင်းစာက ရေးသည်။ သို့သော် ယခုတကြိမ်တွင် ကျည်ကာကားသာမက ကျည်ကာအကျီကိုပါ ထိုင်းဝန်ကြီးချုပ်က ၀တ်ဆင်နေပြီ ဖြစ်သည်။

သတင်းထောက် ဟန်တင်အောင် / ၂၃ ဧပြီ ၂၀၀၉

(၂၀၀၉ ခုနှစ် ဧပြီလ ခေတ်ပြိုင်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကို လူငယ်တွေ ဗဟုသုတအလို့ငှာ ကူးယူတင်ပြခြင်း ဖြစ်ပါတယ်။ အဖီဆစ်ဟာ ခုအချိန် ၀န်ကြီးချုပ်မဟုတ်တော့ဘဲ အတိုက်အခံ ဒီမိုကရက်ပါတီ ခေါင်းဆောင်ဖြစ်ပါတယ်)
========================================================


======================================================
ထိုင်းနိုင်ငံနှင့် ကျည်ကာကားဆိုင်ရာ ရေဒီယိုသုံးသပ်ချက် (၂၀၀၉) ကိုပါ စုစည်းတင်ဆက်ထားပါတယ်။
======================================================

အာဆီယံနဲ့ ကျည်ကာကား

၁၅ ကြိမ်မြောက် ထိုင်းနိုင်ငံ အာဆီယံထိပ်သီးစည်းဝေးပွဲရဲ့ ထူးခြားချက်ကတော့ အာဆီယံခေါင်းဆောင်တွေရဲ့ လုံခြုံရေးအတွက် ထိုင်းအစိုးရက ကျည်ကာကားအသစ် အစီး ၂ဝကို ကြိုတင်ဝယ်ယူ စီမံထားတဲ့အချက်ဖြစ်ပါတယ်။

လောလောဆည် ထိုင်းနိုင်ငံ ဟွာဟင်းမှာ ကျင်းပနေတဲ့ ၁၅ကြိမ်မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲတက်နေတဲ့ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးအတွက် Range Rover အမျိုးအစား ကျည်ကာ ကားအစီး ၂ဝကို ထိုင်းအစိုးရက ဝယ်ထားပါတယ်။

ဒီထဲက ၈ စီးကို လုံခြုံရေးရာ တာဝန်ယူထားတဲ့ ထိုင်း ဒုတိယဝန်ကြီးချုပ် ဆူထက်ကို ပေးထားပါတယ်၊ တစီးကို ထိုင်းဘတ်ငွေ ၈ သန်းတန်တဲ့ Range Rover  အမျိုးအစား ကျည်ကာ ကားဟာ ပီးခဲ့တဲ့ သင်္ကြန်မတိုင်ခင် အာဆီယံစည်းဝေးပွဲမှာ တပ်ဆင်ထောက်ခံတဲ့ ဆန္ဒပြသူတွေ တိုက်ခိုက်မှုကြောင့် ဘန်ကောက်မှာ ဝန်ကြီးချုပ် အဖီဆစ်စီးတဲ့ မာစီးဒီး အမျိုးအစား ကျည်ကာကားလောက် ဈေးမကြီးတဲ့အတွက် လက်နက်နဲ့တိုက်ခိုက်မှုဒဏ် ခံနိုင်ရည် ဘယ်လောက်ရှိသလဲ နှိုင်းယှဉ်ကြည့်ဘို့လိုပါတယ်။

အာဆီယံခေါင်းဆောင်တွေအတွက်ဆိုပီး ထိုင်းအစိုးရ နောက်ဆုံးဝယ်တဲ့ ကျည်ကာကားက အပြင်ကရုတ်တရက်ကြည့်ရင် သာမန် Range Rover ကားလိုထင်စရာရှိပေမဲ့ တကယ်တန်းအထဲမှာ တည်ဆောက်ထားတာကတော့ ကျည်ဆန်အမျိုးမျိုးကို ကာကွယ်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

ဆင်ပစ်သေနတ်နဲ့ ပစ်တဲ့ဒဏ်ကိုတောင် ခံနိုင်စွမ်းရှိသလို ကားထဲမှာ အောက်ဆီဂျင်ထုတ်ပေးနိုင်စွမ်း ရှိပီး လက်ပစ်ဗုံးတိုက်ခိုက်မှုနဲ့ ဓါတ်ငွေ့တိုက်ခိုက်မှုဒဏ်လဲ ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။

Range Rover ကျည်ကာကား

 Range Rover vogue အမျိုးအစား အဆင့်မြင့် ကျည်ကာကားဆိုရင် လုံခြုံရေးကာကွယ်တဲ့စနစ် အဆင့်လေးမျိုးနဲ့ခွဲခြားထားပါတယ် ပထမသုံးမျိုးက ပစ္စတိုသေနတ် မောင်းပြန်သေနတ်စတဲ့ သေနတ်အမျိုးမျိုးဒဏ်ကို ခံနိုင်စွမ်းရှိပီး B6 Plus Standard ကားကတော့ AK 47 မောင်းပြန်သေနတ်ဒဏ်ကို ခံနိုင်တဲ့အတွက် နိုင်ငံခေါင်းဆောင်တွေ သံတမန်တွေ နိုင်ငံရေးသမားတွေ အကြိုက်များပါတယ်။

Range Rover Vogue ကျည်ကားကား ကြမ်းပြင်ကိုလဲ DM51 အမျိုးအစား လက်ပစ်ဗုံး ၂လုံး ပေါက်ကွဲမှုဒဏ်ခံနိုင်အောင် တည်ဆောက်ထားပါတယ်။ အရေးပေါ် အတိုက်ခံရလို့ ကားတာယာတွေ ပေါက်နေတာတောင် ကားဘီးတွေ အလိုလို လေပြန်ပြည့်ပီး အခင်းဖြစ်တဲ့နေရာက မောင်းထွက်သွားနိုင်အောင် စီမံထားပါတယ်။

အာဆီယံခေါင်းဆောင်တွေ ကာကွယ်ဘို့အတွက် ထိုင်းအစိုးရဝယ်တဲ့ ကျည်ကာကားက Range Rover အမျိုးအစား ကျည်ကာ ကားလို့ဆိုပေမဲ့ ဈေးက တစီးကို ဘတ်ငွေ ၈ သန်းဘဲ ပေးရတဲ့အတွက် ပီးခဲ့တဲ့သင်္ကြန်တိုက်ခိုက်မှုမှာ ဝန်ကြီးချုပ်အဖီဆစ်စီးတဲ့ မာစီဒီး S600 Guard အမျိုးအစားကားလောက် ခံနိုင်ရှိပါ့မလားလို့ အကဲခတ်တွေက တွက်ပါတယ်။

ဝန်ကြီးချုပ်အာဖီဆစ်စီးတဲ့ မာစီဒီး S600 Guard အမျိုးအစား ကျည်ကာ ကားကို ဝန်ကြီးချုပ်ဟောင်း တပ်ဆင်လက်ထက်က လုပ်ကြံခံရမှာ စိုးရိမ်တဲ့အတွက် အစိုးရစရိတ်နဲ့ ၃စီး ဝယ်ခဲ့တာဖြစ်ပါတယ်။ တစီးကို ဘတ်ငွေ ၂၅ သန်းတန်ပါတယ်။ ပီးခဲ့တဲ့သင်္ကြန်အရေးအခင်းမှာ အနီဝတ်ဆန္ဒပြသူတွေ အထုအရိုက်ခံလိုက်ရတဲ့ ဝန်ကြီးချုပ်အဖီဆစ်စီးတဲ့ မာစီဒီး ကျည်ကာကားကိုတော့ ပြန်ပြင်ဘို့အတွက် ဂျာမဏီပြန်ပို့ခဲ့ရပါတယ်။

အဖီဆစ်ရဲ့ S600 Guard အမျိုးအစား ကျည်ကာကားဟာ အမေရိကန်သမတ အိုဘားမားရဲ့ The Beast စီးတော်ယာဉ်လောက် လက်နက်ကြီးဒဏ် ခံနိုင်ရည်မရှိပေမဲ့ နိုင်ငံ့ခေါင်းဆောင်တဦးကို စစ်သုံး အသေးစားလက်နက်ဒဏ်က လုံလောက်အောင် အကာအကွယ်ပေးနိုင်ပါတယ်။

ထိုင်းနိုင်ငံမှာ အနီဝတ်ဆန္ဒပြသူတွေ အကြမ်းဖက်မှုနောက်ပိုင်း ထူးခြားတဲ့အချက်က ကျည်ကာ ကားတွေ ခေတ်စားလာတာ ဖြစ်ပါတယ်။ ကားကုမ္ပဏီတွေကလည်း မိမိတို့ကျည်ကာကား ဘယ်လောက်အစွမ်းထက်ကြောင်း ထိုင်းနိုင်ငံရေးသမားတွေကို အလုအယက် ကြော်ငြာကြပါတယ်။

မကြာခင်က ထိုင်းနိုင်ငံ ခေါင်းဆောင်တချိုံအပေါ် လုပ်ကြံဖို့ကြိုးပမ်းမှုတွေအပြီး ကျည်ကာကား ထုတ်လုပ်တဲ့ တခြားကုမ္ပဏီတွေကလည်း ထိုင်းနိုင်ငံရေးသမားတွေကို နောက်ဆုံးပေါ် ကျည်ကာကားတွေ ကမ်းလှမ်းလာပါတယ်။
BMW ကုမ္ပဏီက နောက်ဆုံးပေါ် X5 Security Plus ဆိုတဲ့ ကျည်ကာကားကို ပွဲထုတ်ပါတယ်။ AK-47 မောင်းပြန်သေနတ်ဒဏ်ခံနိုင်တဲ့ ပထမဆုံး ကျည်ကာကားလို့ဆိုပါတယ်။

BMW X5 Security ကျည်ကာကား

Ford ကုမ္ပဏီကလည်း ထိုင်းဒု-ဝန်ကြီးချုပ် ဆူထက်ရဲ့ လုံခြုံရေးအစောင့်ကို ကျည်ကာကား (၂) စီး စမ်းသပ်မောင်းခိုင်းပြီး ကြော်ငြာလာပါတယ်။ ထိုင်းနိုင်ငံရေးလှုပ်လေ ကျည်ကာကားတွေ အရောင်းသွက်လေ ဖြစ်ပါတယ်။
၂ဝဝဝ ခုနှစ်တုံးကလဲ ထိုင်းအမတ်တချို့ကို လုပ်ကြံဘို့ ကြိုးပမ်းမှုတွေ ဖြစ်အပီးမှာ ထိုင်းနိုင်ငံရေးသမားတွေ ကျည်ကာအကျီ အလုအယက်ဝယ်ခဲ့ကြပါတယ်။ ထိုင်းဥပဒေအရ ကျည်ကာအကျီကို အရပ်သားဝတ်ခွင့်မရှိတာတောင် တိုးတိုးတိတ်တိတ် အရောင်းအဝယ်ဖြစ်ခဲ့ပါသတဲ့။

အံ့သြစရာ ကောင်းတာက ကျည်ကာအကျီဝတ်တဲ့ ထိုင်းအမတ်ဦးရေက အဲဒီအချိန်မှာ ၈ဝ ရာနှုန်းကျော်တောင် ရှိတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရေးလောကမှာ ခုလိုမျိုး ကျည်ကာကားတွေ ကျည်ကာအကျီတွေ ခေတ်စားနေတာကိုကြည့်ရင် ထိုင်းနိုင်ငံရေးသမားအချင်ချင်း ဘယ်လောက်ထိ အန္တရာယ်ပေးနေသလဲ တိုင်းတာကြည့်နိုင်တယ်လို့ဆိုပါတယ်။

ဝန်ကြီးချူပ် တပ်ဆင်လက်ထက်မှာ ကျည်ကာကား ၃ စီးသာရှိခဲ့ပေမဲ့ ဝန်ကြီးချုပ် အဖီဆစ်လက်ထက်မှာ ကျည်ကာကား အစီး ၂ဝ ထပ်တိုးလာတာမို့ အဖိဆစ်အစိုးရလက်ထက်မှာ တပ်ဆင်လက်ထက်ကထက် နိုင်ငံရေးခေါင်းဆောင်တွေမှာ အန္တရယ် ၈ ဆများလာတဲ့သဘောလို့ တချို့ကလဲ တွက်ပါတယ်။

ဒိထက်ပိုပီး အံ့သြဘို့ကောင်းတာက ထိုင်းနိုင်ငံမှာ နိုင်ငံရေးခေါင်းဆောင်တွေသာ ဈေးကြီးလွန်းတဲ့ ကျည်ကာကားတွေကို ဝယ်စီးကြတာမဟုတ်ဘဲ တခြား စီးပွားရေးသမား အရပ်သားတွေကလဲ ကျည်ကာကားတွေ ဆောင်ကြပါသတဲ့။

ပီးခဲ့တဲ့ ၈ နှစ်မှာ ထိုင်းနိုင်ငံက ဝယ်တဲ့ ကျည်ကာကားပေါင်း ၄ဝဝဝ လောက်သာရှိပေမဲ့  ၂ဝဝ၈ ခုနှစ်ကဆိုရင် ထိုင်းနိုင်ငံက ဝယ်တဲ့ ကျည်ကာကားပေါင်း တသောင်းရှစ်ထောင်ထိ များလာတယ်လို့ The Nation သတင်းစာက သုတေသနပြုထားပါတယ်။ ၈ နှစ်အတွင်း ထိုင်းနိုင်ငံမှာ ကျည်ကာကား အသုံးပြုတဲ့နှုန်း ၅ ဆနီးပါးတိုးလာတာ တွေ့ရပါတယ်။

ဦးတေဇ အီးယူကိုတရားစွဲတာ နိုင်မလား



by ခင်ရတနာ Facebook on Friday, December 9, 2011 at 3:11am
(မည်သည့် ပြည်တွင်း ပြည်ပ အသံလွှင့်မီဒီယာဖြစ်စေ ပုံနှိပ် သတင်းမီဒီယာဖြစ်စေ ယခုဆောင်းပါးကို တဆင့်ကူးယူခြင်း အသုံးပြုခြင်း ခွင့်မပြုပါ။ Facebook မိတ်ဆွေများ ရှယ်ယာလုပ်ခြင်း၊ ဘလော့ဆိုက် ရှယ်ယာလုပ်ခြင်းများကို ခွင့်ပြုသည်။ သို့သော် ခင်ရတနာ Facebook မှဟု ဖော်ပြပေးစေလိုပါသည်)
===========================================================

                               ဦးတေဇသား အီးယူကို တရားစွဲတာ တရားပြိုင်ရှေ့နေက ထောက်ခံပြီ

ရန်နောင် (ဗဟိုတရားရုံးရှေ့နေ) ပြုစုသည်။

ကိုပြည့်ဖြိုးတေဇ

နိဒါန်း

စစ်အစိုးရနဲ့ပေါင်း စီးပွားရေးအကျိုးအမြတ်တွေ ရယူနေတယ်ဆိုပြီး အီးယူဒဏ်ခတ်ထားတာကို မကျေနပ်တဲ့အတွက် ဦးတေဇရဲ့သား ကိုပြည့်ဖြိုးတေဇက အီးယူ နာမယ်ပျက်စာရင်းက သူ့အမည် ဖယ်ရှားပေးရေးအတွက် လန်ဒန်က အင်္ဂလိပ် ရှေ့နေတွေငှားပီး အီးယူကို တရားစွဲခဲ့ပါတယ်။

ဒါပေမဲ့ အောက်ရုံး(General Court) က ပယ်ချထားတဲ့ စီရင်ချက်ကို ပလပ်ပေးဖို့ အထက်ရုံး European Court of Justice (ECJ) မှာ အယူခံထားဆဲအချိန်မှာ ECJ တရားရုံးဆိုင်ရာ အမြဲတန်း ဥပဒေရေးရာ အကြံပေးရှေ့နေ Advocate General တဦးက ထောက်ခံပီး တရားသူကြီးထံ တင်ပြအကြံပေးထားပါတယ်။ မကြာခင် ECJ တရားရုံးကနေ စီရင်ချက် ချတော့မှာ ဖြစ်ပါတယ်။

အမှုနောက်ခံအကျဉ်း

ဒီအမှုနဲ့ပတ်သက်ပီး ဖခင်ဖြစ်သူ ဦးတေဇက နိုင်ငံခြားငွေ အမြောက်အများ အကုန်ခံပီး လန်ဒန်မြို့ရှိ နာမယ်ကြီး ရှေ့နေကုမ္ဗဏီ Carter-Ruck ကို ငှားပါတယ်။ အမှုကို ပထမ ဥရောပ လပ်ဇင်ဘတ်မြိုမှာ ရှိတဲ့ အီးယူ အောက်ရုံး General Court တရားရုံးကို ဦးတေဇငှားထားတဲ့ အင်္ဂလိပ် ရှေ့နေတွေက ဦးတိုက်လျှောက်ထားပါတယ်။

ဦးတေဇငှားသည့် လန်ဒန်ရှေ့နေကုမ္ပဏီ

General Court တရားရုံး

General Court ဆိုတာ European Court of Justice တရားရုံးကြီးနဲ့ တွဲထားပေမဲ့ လွတ်လပ်တဲ့ တရားရုံးတခုဖြစ်ပီး လပ်ဇင်ဘတ်(Luxembourg) နိုင်ငံမှာ အခြေစိုက်ပါတယ်။ မြန်မာနိုင်ငံ အောက်ရုံးသဘောမျိုးမို့ (အတိအကျမဟုတ်သည့်တိုင် ဖတ်ရလွယ်အောင်) အောက်ရုံးလို့ ယာယီ သုံးပါမယ်။ Court of First Instance လို့အရင်ကခေါ်တဲ့ General Court တရားရုံးကို အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံက တရားသူကြီး တဦးကျစီနဲ့ စုစုပေါင်း တရားသူကြီး ၂၇ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ECJ လို အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General တွေ ခန့်မထားပါဘူး။

ဦးတေဇ

ဥပဒေရေးရာ အကြံပေးရှေ့နေကြီး Advocate General ဆိုတာ

Advocate General ဆိုတဲ့ ဥပဒေအကြံပေး ရှေ့နေတွေဟာ အထူးသဖြင့် ဥရောပတရား စီရင်ရေးစနစ်မှာ အရေးပါသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တရားရုံးအမြဲတန်းအဖွဲ့ဝင်တွေဖြစ်ပေမဲ့ တရားသူကြီး မဟုတ်သလို တရားရုံးတွေမှာ အမှုသည်ကို ကိုယ်စားပြုသူတွေလဲ မဟုတ်ပါ။ တရားစွဲလက်စ အမှုတွေနဲ့ ပတ်သက်ပီး တရားသူကြီးတွေကို ဥပဒေရေးရာ အကြံပေးရသူတွေ ဖြစ်ပါတယ်။ ရာဇ၀တ်မှုနဲ့ တရားမမှုတွေမှာ အစိုးရရှေ့နေပုံစံမျိုးတာဝန်လဲ ယူကြပါတယ်။

အမြင့်ဆုံး အီးယူတရားရုံးဖြစ်တဲ့ ECJ ခေါ် ဥရောပတရားရုံးဟာ အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံက တရားသူကြီး၂၇ ဦးနဲ့ဖွဲ့ထားပီး ဒီတရားရုံးကို စောစောကပြောတဲ့ Advocate General ဆိုတဲ့ရှေ့နေ ၈ ဦးက ဥပဒေရေးရာ အကြံပေးနေတာ ဖြစ်ပါတယ်။

အောက်ရုံးမှာ နှစ်ဘက်ကြားနာ

တရားလို ကိုပြည့်ဖြိုးတေဇဘက်က ရှေ့နေများအဖြစ် ဗြိတိသျှရှေ့နေတွေဖြစ်တဲ့ D Anderson, M. Lester နဲ့ G. Martin တို့ ၃ ဦးက လိုက်ပါဆောင်ရွက်ပါတယ်။ တရားပြိုင်တွေကတော့ အီးယူကောင်စီအပြင် အင်္ဂလိပ်အစိုးရ၊ မြောက်အိုင်ယာလန်အစိုးရနဲ့ ဥရောပကော်မရှင်တို့ ပါဝင်ပါတယ်။

နှစ်ဘက်လျှောက်လဲရာမှာ ကိုပြည့်ဖြိုးတေဇဘက်က

-ဒဏ်ခတ်ထားတဲ့ အီးယူနာမယ်ပျက်စာရင်းကနေ သူ့နာမယ်ကို ဖယ်ထုတ်ပေးသင့်ကြောင်း၊

-သူနဲ့ ပတ်သက်တဲ့ အီးယူ ဒဏ်ခတ်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို ပယ်ဖျက်ပေးသင့်ကြောင်းနဲ့

-တရားရုံးစရိတ်တွေကို အီးယူကောင်စီက ပေးဆောင်စေသင့်ကြောင်း လျှောက်ထားခဲ့ပါတယ်။

တရားပြိုင် အီးယူကောင်စီကလဲ တရားရုံးကနေ ကိုပြည့်ဖြိုးတေဇ လျှောက်ထားချက်ကို ပယ်ဖျက်သင့်ကြောင်း၊  တရားရုံးစရိတ်အတွက် ကိုပြည့်ဖြိုးတေဇကို ပေးဆောင်ရန်အမိန့်ချသင့်ကြောင်း လျှောက်ထားခဲ့ပါတယ်။

ထူးခြားချက်က ကိုပြည့်ဖြိုးတေဇလျှောက်ထားချက်ကို တရားရုံးက ပယ်ချသင့်ကြောင်း အဓိက တရားပြိုင်မဟုတ်တဲ့ အင်္ဂလန်နဲ့ မြောက်အိုင်ယာလန်အစိုးရတွေက လျှောက်လဲခဲ့ပြီး ဥရောပ ကော်မရှင်ကလဲ ကိုပြည့်ဖြိုးတေဇ လျှောက်လဲချက်ကို ပယ်ချသင့်ကြောင်း၊ တရားရုံးစရိတ်တွေကို ကိုပြည့်ဖြိုးတေဇကသာ ကျခံစေသင့်ကြောင်း လျှောက်ထားခဲ့ပါတယ်။

ဒီနေရာမှာ အင်္ဂလန်အစိုးရ မြောက်အိုင်ယာလန်အစိုးရနဲ့ ဥရောပကော်မရှင်တို့က အယူခံရုံးမှာ intervenor (Intervener လို့လဲ သုံးပါတယ်) အနေနဲ့ လျှောက်လဲခဲ့တာဖြစ်ပါတယ်။ အဓိကအချက်ကတော့ အမှုတခု စီရင်ချက်ကြောင့် တရားလို တရားပြိုင်မဟုတ်တဲ့ နိုင်ငံ အဖွဲ့အစည်းတွေရဲ့ အခွင့်အရေးကို ထိခိုက်မဲ့အလားအလာရှိတယ်လို့ ယူဆရင် intervenor အနေနဲ့ လျှောက်ထားခွင့်ပေးထားတဲ့ သဘော ဖြစ်ပါတယ်။

ရှည်လျားတဲ့ ဥပဒေကြောင်းဆိုင်ရာ နှစ်ဘက်လျှောက်ထားမှုတွေ ကြားနာအပြီးမှာ လပ်ဇင်ဘတ် အီးယူ အထွေထွေ တရားရုံးကနေ စီရင်ချက်ချပါတယ်။

စီရင်ချက်မှာ -

-ကိုပြည့်ဖြိုးတေဇ လျှောက်ထားချက်ကို ပယ်ချကြောင်း၊

-တရားရုံးစရိတ်နဲ့ ပတ်သက်ပီး ကိုပြည့်ဖြိုးတေဇ စရိတ်အတွက် သူကိုယ်တိုင်ကျခံရမှာဖြစ်သလို အီးယူကောင်စီရဲ့ တရားရုံးစရိတ်တွေလဲ
ကျခံပေးရမှာဖြစ်ကြောင်း၊

-အင်္ဂလန်အစိုးရ မြောက်အိုင်ယာလန်အစိုးရနဲ့ ဥရောပကော်မရှင်တွေကတော့ သူတို့ တရားရုံးစရိတ်ကို သူတို့ဘာသာ ကျခံစေဆိုပီး ၂၀၀၉  ခု မေလ ၁၉  ရက်နေ့က အမိန့်ချခဲ့ပါတယ်။

ဦတေဇ မိသားစု

ကိုပြည့်ဖြိုးတေဇဘက်က အယူခံတက်ပြီ

လပ်ဇင်ဘတ် အထွေထွေ တရားရုံး စီရင်ချက်ကို မကျေနပ်တဲ့ ကိုပြည့်ဖြိုးတေဇ ရှေ့နေတွေက ၂၀၀၉  ခု ဇူလိုင် ၂၇ ရက်မှာ လပ်ဇင်ဘတ်ရှိ အမြင့်ဆုံး အီးယူတရားရုံးဖြစ်တဲ့ European Court of Justice (ECJ) ကို အယူခံဝင်ပါတယ်။

European Court of Justice ဆိုတာဘာလဲ

European Court of Justice (ECJ) ဆိုတာ အီးယူဥပဒေရေးရာတွေနဲ့ ပတ်သက်ပြီး အီးယူမှာ အမြင့်ဆုံး တရားရုံုးုဖြစ်ပါတယ်။ လပ်ဇင်ဘတ်မှာ အခြေစိုက်ပါတယ်။ ECJ တရားရုံးကြီးမှာ အီးယူ ၂၇ နိုင်ငံက တရားသူကြီး တဦးကျစီ စုစုပေါင်း တရားသူကြီး ၂၇ ဦး ပါဝင်ပါတယ်။

တရားရုံးအမြဲတန်းအဖွဲ့ဝင် ဥပဒေအကြံပေး Advocate General ရှေ့နေကြီး ၈ ဦးကလဲ တာဝန်ပေးတဲ့အမှုအတွက် ဥပဒေရေးရာ ထင်မြင်ချက် အကြံပေးချက်တွေကို တရားသူကြီးတွေထံ တင်သွင်းရပါတယ်။

ကိုပြည့်ဖြိုးတေဇဘက်က အဓိက အယူခံ လျှောက်ထားတာကတော့-

-အီးယူ General Court အောက်တရားရုံးက စီရင်ချက်ကို ပလပ်ပေးဖို့၊

-ကိုပြည့်ဖြိုးတေဇနှင့် ပတ်သက်တဲ့ ၂၀၀၈ခု ဖေဖော်ဝါရီ ၈ ရက် အီးယူဒဏ်ခတ်မှု စည်းမျဉ်း ၁၉၄/၂၀၀၈ ပါ စည်းနှောင်ထားမှုများကို ပျက်ပြယ်ကြောင်း ကြေငြာပေးရန်နဲ့

-အီးယူတရားရုံးချုပ် အယူခံစရိတ်နဲ့ အီးယူ General Court တရားရုံးစရိတ်တွေကို ဥရောပကောင်စီက ကျခံစေဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီးဥပဒေအကြံပေးရှေ့နေကြီးက ကိုပြည့်ဖြိုးတေဇကို ထောက်ခံပြီ

ဒါပေမဲ့ ၂၀၁၁ ခုနှစ် ပီးခဲ့တဲ့ နိုဝင်ဘာ ၂၉  ရက်နေ့မှာတော့ ECJ တရားရုံးရဲ့ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီးတဦးဖြစ်တဲ့ Advocate General မန်ဂိုးဇီးက ကိုပြည့်ဖြိုးတေဇ ရှေ့နေတွေဘက်က အယူခံလျှောက်လဲချက်တွေကို ထောက်ခံဆွေးနွေးထားတဲ့ ဥပဒေရေးရာ ထင်မြင်သုံးသပ်ချက်ကို ECJ တရားရုံးမှာ တင်သွင်းပါတယ်။

ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General မန်ဂိုးဇီးရဲ့ ထောက်ခံချက်တွေကတော့-
-ကိုပြည့်ဖြိုးတေဇအပေါ် အီးယူ General Court ကဆုံးဖြတ်ထားတဲ့ စီရင်ချက်ကို ပယ်ဖျက်ပေးသင့်ကြောင်းအပြင် ကိုပြည့်ဖြိုးတေဇနဲ့ ပတ်သက်တဲ့ အငြင်းပွားနေတဲ့ အီးယူဒဏ်ခတ်မှု စည်းမျဉ်းတွေထဲက ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ရေးဆိုင်ရာ စည်းနှောင်မှုတွေကို ပယ်ဖျက်ပေးသင့်ကြောင်း ဖော်ပြထားပါတယ်။

-အီးယူဒဏ်ခတ်မှုဆိုင်ရာ ဥပဒေ အသက်ဝင်မလာခင် မိမိအမည် ဒဏ်ခတ်စာရင်းမှာပါကြောင်း ကြိုတင်အကြောင်းကြားမှုမရှိတဲ့ပြင်
ဒီအကြောင်းခုခံပြောဆိုနိုင်အောင် မည်သည့် ကြားနာခွင့် အခွင့်အရေးကိုမျှ ကိုပြည့်ဖြိုးတေဇ မရခဲ့ပါကြောင်းလဲ
မန်ဂိုးဇီးက ထောက်ပြထားပါတယ်။

-ကိုပြည့်ဖြိုးတေဇအနေနဲ့ သူ့အမည် အီးယူဒဏ်စာရင်းမှာ မပါခင်ကဖြစ်စေ ပါပြီးနောက် ဘယ်လိုအကြောင်းကြောင့် သူ့ကို အီးယူဒဏ်ခတ်စာရင်းမှာပါသလဲ နောက်ဆက်တွဲ မေးတဲ့အချိန်မှာဖြစ်စေ သူ့နာမယ်ကို ဘာအကြောင်းကြောင့် ခုလို ဒဏ်ခတ်စာရင်းမှာ ထဲ့သွင်းထားသလဲ ဆိုတာလဲ သိခွင့်မရခဲ့ပါ။

-အီးယူဒဏ်ခတ်စာရင်းမှာ အမည်ဖော်ပြထားတဲ့ ကုမ္ဗဏီ မန်နေဂျင်းဒါရိုက်တာ ဦးတေဇရဲ့သား အဖြစ်သာ ဖော်ပြထားပြီး အခြား မည်သည့်အချက်မျှ ဖော်ပြမထားပါလို့ Advocate General မန်ဂိုးဇီးက သုံးသပ်ထားပါတယ်။

ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး မန်ဂိုးဇီးရဲ့ ဥပဒေရေးရာ သုံးသပ်ချက် နိဂုံးပိုင်း

-အငြင်းပွားနေတဲ့ အီးယူဒဏ်ခတ်မှု စည်းမျဉ်းဆိုင်ရာ ဥပဒေအခြေခံအရ မှားယွင်းတဲ့ ဥပဒေကို အခြေခံထားတာ ဖြစ်တဲ့အတွက် အီးယူတရားရုံး General Court ရဲ့ စီရင်ချက်ကို ပလပ်သင့်ပါသည်။

-ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ရေးဆိုင်ရာနဲ့ပတ်သက်ပီး မည်သည့်အတွက် ထိန်းချုပ်ရသည်ဆိုသည့် အကြောင်းပြချက် ဖော်ပြရန်တာဝန်ကို အီးယူကောင်စီဘက်က ချိုးဖောက်ခဲ့သည်။

-ကိုပြည့်ဖြိုးတေဇ မည်သို့မျှပြုပြင်ပြောင်းလဲရန် တတ်နိုင်စွမ်းမရှိသည့် မိသားစုဝင်တဦးဖြစ်ရုံမျှနှင့် ပြင်းထန်သည့်အကျိုးဆက်များကို ကိုပြည့်ဖြိုးတေဇက ခံရမည်ဆိုသည်မှာ တရားမျှတမှု မရှိပါ။

-အီးယူက ဒဏ်ခတ်လိုတဲ့ တတိယနိုင်ငံအစိုးရတခုရဲ့ စီးပွားရေးပေါ်လစီကနေ အကျိုးအမြတ်ရနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရွယ်ရောက်တဲ့ သားးသမီးတွေကို မိဘတွေကြောင့်ဆိုတဲ့ အကြောင်းတခုတည်းထဲနဲ့ ပစ်မှတ်ထား ဒဏ်ခတ်တာမျိုး မလုပ်သင့်ပါ ဆိုပီး ထောက်ခံ သုံးသပ်ထားတာ ဖြစ်ပါတယ်။

ကိုပြည့်ဖြိုးတေဇ အယူခံတာ နိုင်တော့မလား

ECJ တရားရုံးရဲ့ စီရင်ချက် မချမှတ်သေးတဲ့အတွက် ကိုပြည့်ဖြိုးတေဇ အယူခံထားတဲ့အမှု နိုင်ပီလို့ မပြောနိုင်သေးသလို အနိုင်ရဘို့များတယ် နည်းတယ်လို့လဲ မပြောသင့်သေးဘူးလို့ မြန်မာရှေ့နေကြီးတဦးက မှတ်ချက်ပေးပါတယ်။ ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General မန်ဂိုးဇီးက ကိုပြည့်ဖြိုးတေဇ အယူခံထားတဲ့အမှုကို ထောက်ခံထားတဲ့အဆင့်သာ ရှိပါသေးတယ်။

ကိုပြည့်ဖြိုးတေဇအမှုနဲ့ပတ်သက်တဲ့ ECJ တရားရုံးရဲ့ ဥပဒေအကြံပေးရှေ့နေ Advocate General မန်ဂိုးဇီးရဲ့ ဥပဒေရေးရာ သဘောထားတွေဟာ ECJ တရားရုံးရဲ့ စီရင်ချက်နဲ့ စည်းနှောင်ထားခြင်းမရှိပါလို့ ကိုပြည့်ဖြိုးတေဇငှားထားတဲ့ လန်ဒန်ရှေ့နေရုံး ၀က်ဆိုက်ကလဲ မှတ်ချက်နဲ့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ တာဝန်ပေးထားတဲ့ အမှုတခုအတွက် တရားရုံးကို ဥပဒေရေးရာ ဖြေရှင်းချက် အဆိုပြုတင်ပြရတာဟာ ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General တွေရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်လို့လဲ ဖော်ပြထားပါတယ်။
ခုအခါ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ကိုပြည့်ဖြိုးတေဇဟာ အီးယူဒဏ်ခတ်စာရင်းမှာ သူ့အမည်စပါတဲ့အချိန် ၂၀၀၃ ခုနှစ်က အသက် ၁၆ နှစ်သာရှိပါသေးတယ်။

ဒါပေမဲ့ ၂၀၀၅ ခုနှစ် ပိုင်ဆိုင်မှုထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းတွေမှာ ဖော်ပြထားတာက အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသား ကလေးတွေကိုသာ ဒဏ်ခတ်စာရင်းမှာ အီးယူကောင်စီက ထည့်ရမယ်လို့ ပြဌာန်းထားတာကို ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General မန်ဂိုးဇီးက သူ့ရဲ့ ဥပဒေရေးရာ သုံးသပ်ချက်မှာ ထောက်ပြပါတယ်။

ခုလို အီးယူက ဒဏ်ခတ်ရတာကလဲ မြန်မာနိုင်ငံက စစ်အစိုးရကို ဦးတည်တာဖြစ်ပီး အခြေခံ လူ့အခွင့်အရေးတွေကို လေးစားဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်က Carter-Ruck ရှေ့နေကုမ္မဏီကြီးကနေ ကိုပြည့်ဖြိုးတေဇကိုယ်စား အီးယူကို တရားစွဲတာက အီးယူအဖွဲ့အစည်းတွေဟာ ကိုပြည့်ဖြိုးတေဇရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့အတွက် ဥပဒေအာဏာမရှိဘူးဆိုတဲ့ အချက်ပေါ်မှာ အခြေခံပီး ကိုပြည့်ဖြိုးတေဇနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းတွေကို ပယ်ဖျက်ရေးနဲ့ အငြင်းပွားနေတဲ့ အီးယူစည်းမျဉ်းတွေဟာ ကိုပြည့်ဖြိုးတေဇကို မျှတတဲ့ ကြားနာခွင့်မျိုးရနိုင်မဲ့အခြေခံ လု့အခွင့်အရေးကို ချိုးဖောက်တဲ့အချက်စတာတွေပေါ် အခြေခံခဲ့တာ ဖြစ်တယ်လို့ Carter-Ruck ရှေ့နေကုမ္မဏီကြီးက ယူဆပါတယ်။

သုံးသပ်ချက်

မြန်မာစစ်အစိုးရအပေါ် အီးယူကဒဏ်ခတ်တဲ့နေရာမှာ စစ်ခေါင်းဆောင်ပိုင်းနဲ့ စစ်အစိုးရအဖွဲ့ဝင်တွေသာမက နောက်ပိုင်းမှာ စစ်အစိုးရနဲ့ စီးပွားဆက်ဆံပြီး အကျိုးအမြတ်ရှိသူတွေပါ ဒဏ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သားဖြစ်သူကို အီးယူက ဒဏ်ခတ်တာ မကျေနပ်တဲ့အတွက် မြန်မာလူမျိုး မိဘလုပ်ငန်းရှင်တဦးက အီးယူတရားရုံးအဆင့်ဆင့်ထိ အီးယူကိုတရားစွဲဆိုတာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အများအားဖြင့် စစ်အစိုးရနဲ့ စီးပွားဘက်နေတဲ့ မိဘတွေရဲ့လုပ်ငန်းတွေမှာ သားသမီးအများစု ပါဝင်ပတ်သက်လေ့ရှိပေမဲ့ ကိုပြည့်ဖြိးတေဇဟာ အီးယူဒဏ်ခတ်တဲ့အချိန်မှာ အသက်မပြည့်သေးတဲ့အရွယ်ဖြစ်နေခြင်း၊ မိဘလုပ်ငန်းနဲ့ ဆက်စပ်လုပ်ကိုင်ခြင်းမရှိတာကို သက်သေပြနိုင်ခြင်းစတဲ့ ခြွင်းချက်တွေပေါ် အခြေခံပြီး လူ့အခွင့်အရေးနစ်နာမှု ရှုထောင့်ကနေ ကိုပြည့်ြုဖိုးတေဇငှားထားတဲ့ လန်ဒန်ရှေ့နေတွေက အီးယူကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ကိုပြည့်ဖြိုးတေဇအမှုအတွက် ဖခင်ဖြစ်သူ ဦးတေဇက နိုင်ငံခြားငွေ အမြောက်အများ အကုန်ခံပြီး အင်္ဂလိပ်ရှေ့နေတွေငှား တရားစွဲနိုင်ခဲ့တဲ့အချက်၊ ငှားထားတဲ့ လန်ဒန်ရှေ့နေကုမ္ပဏီ Carter-Ruck ကလဲ ကိုပြည့်ဖြိုးတေဇအမှုနဲ့ အလားတူ အမှုဖြစ်တဲ့ ယာဆင်းကာဒိ နဲ့ ECJ စီရင်ထုံးအမှုအတွက် လိုက်ပါခဲ့တုံးက ECJ တရားရုံး တရားသူကြီး ၂၇ ဦးအနက် ၁၄ဦး (ထက်ဝက်ကျော်) ကို အောင်အောင်မြင်မြင် အယူခံဝင်နိုင်ခဲ့တဲ့ စီရင်ထုံးကိုပါ ကိုးကားခဲ့တဲ့ အတွေ့အကြုံတွေကလဲ အီးယူဆန်ရှင်ကို အာခံဖို့ အင်အားဖြစ်ခဲ့တာ တွေ့ရပါတယ်။

နောက်ဆုံး ECJ တရားရုံးရဲ့ ဥပဒေအကြံပေးရှေ့နေ Advocate General မန်ဂိုးဇီးကနေ တရားလို ကိုပြည့်ဖြိုးတေဇဘက်က ရှေ့နေတွေ အယူခံထားတဲ့အချက်တွေကို ထောက်ခံပြီး ECJ တရားရုံး တရားသူကြီးထံ တင်ပြပေးရတဲ့ထိ တိုးတက်လာတာ ဖြစ်ပါတယ်။
ဦးတေဇကို ယခင်စစ်အစိုးလက်ထက် စစ်ခေါင်းဆောင်တွေ အကျိုးစီးပွားအတွက် လုပ်ကိုင်ပေးရာက ခေတ်ပျက်သူဌေးဖြစ်လာသူလို့ အီးယူနဲ့ အများပြည်သူက မြင်ကြပေမဲ့ ဦးတေဇက သူ့သားကို အီးယူဒဏ်ခတ်မှုကနေ လွတ်မြောက်အောင် ဥပဒေကြောင်းနဲ့ အီးယူကို တရားစွဲနိုင်ခဲ့တာဟာ မြန်မာရှေ့နေတွေ လေ့လာထိုက်တဲ့ နိုင်ငံတကာ ဥပဒေအတွေ့အကြုံတခု ဖြစ်ပါတယ်။

အီးယူဒဏ်ခတ်စာရင်းမှာ ကိုပြည့်ဖြိုးတေဇလို အသက်မပြည့်ဘဲ မိဘလုပ်ငန်းနဲ့ မပတ်သက်ဘဲ ဒဏ်ခတ်ခံရသူ သားသမီးတွေရှိခဲ့ရင် ဦးတေဇလို အီးယူအပေါ် တရားစွဲခွင့်ရှိပေမဲ့ ဦးတေဇလို နိုင်ငံခြားငွေအမြောက်အများ အကုန်ခံ တရားစွဲနိုင်ဖို့ မလွယ်ပါ။

ဦးတေဇ တရားစွဲတဲ့အမှု နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အီးယူဒဏ်ခတ်မှု ဥပဒေမှာ အားနည်းချက်တွေ ဥပဒေယိုပေါက်တွေ ရှိနေတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

အီးယူဒဏ်ခတ်စာရင်းကို ပြန်ကြည့်တဲ့အခါ တခြားဝန်ကြီးတွေပါသလို စက်မှုတစ်ဝန်ကြီး ဦးအောင်သောင်းအပြင် သူမိသားစုဝင်တွေ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေပါ ဒဏ်ခတ်စာရင်းမှာ ထဲ့ထားတာ တွေ့ရပါတယ်။

ဦးအောင်သောင်းရဲ့သား ဗိုလ်မှူး မိုးအောင်နဲ့ဇနီး၊ ဦးအောင်သောင်းရဲ့သား အောင်ရီဖြိုးကုမ္ပဏီနဲ့ အိုင်ဂျီအီးကုမ္ပဏီ ဒါရိုက်တာ ဦးနေအောင်၊ ဦးအောင်သောင်းရဲ့သားလဲဖြစ် အိုင်ဂျီအီးကုမ္ပဏီဒါရိုက်တာလဲဖြစ် ဒု ဗိုလ်ချုပ်မှူးကြိးမောင်အေးသမက်လဲဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်၊ ဦးအောင်သောင်းသမီး ခင်ငုရည်ဖြိုး၊ ဦးအောင်သောင်းသမီး ဒေါက်တာ သုနဒ္ဒအောင်၊ ဦးအောင်သောင်းသမီး အေးမြတ်ဖြိုးအောင်အပြင် ဦးအောင်သောင်း မိသားစုပိုင်တဲ့ အောင်ရီဖြိုးကုမ္ပဏီနဲ့ Queen Star ကွန်ပြူတာကုမ္ပဏီတွေပါ ၂ဝဝ၉ ခုနှစ် အီးယူ ဒဏ်ခတ်စာရင်းမှာ ပါနေတာ တွေ့ရပါတယ်၊

ဒါကြောင့် ဦးအောင်သောင်းဟာ ဦးတေဇလို ငွေတတ်နိုင်တဲ့တိုင်အောင် ဦးတေဇလို အီးယူကို တရားစွဲရင် ဦးအောင်းသောင်းဖြစ်စေ သူ့သားသမီးတွေဖြစ်စေ ရှုံးဖို့သေချာနေပါတယ်။

ကိုပြည့်ဖြိုးတေဇအမှုနိုင်ရင် ဘာခံစားခွင့်ရှိမလဲ


-တရားရုံးကုန်ကျစရိတ်တွေ ပြန်ရမယ်

-တကမ္ဘာလုံး မည်သည့်နိုင်ငံမဆို လွတ်လပ်စွာ သွားလာခွင့်ရမယ်။

-အီးယူ ၂၇ နိုင်ငံသွားမယ်ဆိုလဲ ဗီဇာပိတ်ပင်မှုမရှိတော့။

-ငွေတတ်နိုင်လို့ ပညာသင်ချင်ရင် ကြိုက်တဲ့ ဥရောပနိုင်ငံတွေ အနောက်နိုင်ငံတွေမှာ သင်နိုင်တယ်။

-အီးယူက ဒဏ်ခတ်ထားတဲ့ ပိုင်ဆိုင်မှုထိန်းချုပ်ရေးဥပဒေ ချည်နှောင်ထားတာ ပြုတ်သွားတဲ့အတွက် အီးယူ ၂၇ နိုင်ငံမှာကိုပြည့်ဖြိုးတေဇအမည်နဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခဲ့တာရှိရင် လွတ်ကင်းမယ်။

- အီးယူ ၂၇ နိုင်ငံမှာကိုပြည့်ဖြိုးတေဇအမည်နဲ့ ပိုင်ဆိုင်မှုအသစ်တွေ ထားနိုင်တယ်။

ကိုပြည့်ဖြိုးတေဇအမှုရှုံးရင် ဘာဖြစ်မလဲ

-အမှုရှုံးရင် ဘယ်လိုတရားရုံးစရိတ်တွေ ပေးရမလဲဆိုတာ အောက်ရုံး General Court ရဲံ စီရင်ချင်မှာ ပါပြီး ဖြစ်တဲ့အတွက် ဒီစီရင်ချက်ကို ပြန်ဖတ်ပါ။
 https://www.facebook.com/profile.php?id=100002714014995


ပြည့်ဖြိုးတေဇအမှုကို ခိုင်ဖုံးတရားရုံးမှ ကြားနာဆုံးဖြတ်ခြင်း

Friday, December 9, 2011

အွန်လိုင်းမှာ ဟိုကြည့်ဒီကြည့်လျှောက်ကြည့်ရင်းနဲ့ ဦးတေဇ အီးယူကိုတရားစွဲတာ နိုင်မလား ဆိုတဲ့ မခင်ရတနာ ဖေ့ဘွတ်ပေ့ခ်ျမှာ တင်ထားတဲ့ပို့စ်ကို ဖတ်လိုက်ပြီးတဲ့နောက်မှာတော့ ကျုပ်လည်း အလုပ်တော်တော်ရှုပ်သွားတယ်။

ပထမဆုံးအနေနဲ့ ECJ တရားရုံးရဲ့ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီးတဦးဖြစ်တဲ့ Advocate General မန်ဂိုးဇီးကို ဖုန်းဆက်ပြီး ဆူတန်တာဆူ၊ ပြောတန်တာပြော၊ သင်ပေးစရာရှိတာတွေ ထပ်သင်ပေးရတယ်။ သူ့ဘာသာသူ ညံ့တာက ကိစ္စမရှိဘူး။ တပည့်မကောင်း ဆရာခေါင်း ဆိုသလို ဖြစ်လာရင် မခက်ပေဘူးလား။

ပြီးတော့တခါ တလွန်တရာမှ သိက္ခာသမာဓိရှိပြီး အမှန်တရားဘက်တော်သားလို့ လူသိများထင်ရှားလှတဲ့ ဆွေမျိုးပေါက်ဖော် ရောင်းရင်းကြီး ပေါင်ချိန်ထန်း ကိုလည်း အီးမေးလ်ပို့ပြီး အကူအညီတောင်းရပါတယ်။ ပြည်ဖြိုးတေဇအမှုကို ခိုင်ဖုန်းတရားရုံးတော်ကြီးကနေပြီး လွှဲပြောင်းကြားနာစစ်ဆေးပေးဖို့.....။ ဆွေမျိုးပေါက်ဖော်တွေဆိုတော့ အီးမေးလ်တစောင်တည်းနဲ့ အဆင်ပြေသွားပါတယ်။

နောက်ဆုံးအနေနဲ့ European Court of Justice (ECJ) က တရားသူကြီးမင်းများကိုလည်း ပြည်ဖြိုးတေဇအမှုကို ခိုင်ဖုန်းရုံးကို လွှဲပြောင်းမယ့်အကြောင်း skype ကနေတဆင့် လှမ်းပြောရပြန်ပါတယ်။ ဗီတိုအာဏာသုံးလိုက်တဲ့အတွက်ကြောင့် တရားသူကြီးမင်းများလည်း ဘာမှ စောဒက မတက်နိုင်ကြတော့ပါဘူး။

ဒီလိုနဲ့ပဲ အမှုကို ခိုင်ဖုန်းတရားရုံးမှာ ကြားနာမယ့်အချိန် ရောက်လာပါတော့တယ်.........။

(၀ယ်.................)

ပေါင်ချိန် ။ ။ တရားလို ပြည့်ဖြိုးတေဇကို ရှေ့တော်သွင်းစေ......။

တရားခွင်သို့ ပြည့်ဖြိုးတေဇ ရောက်လာပြီးနောက်............။

ပေါင်ချိန် ။ ။ စစ်အစိုးရနဲ့ပေါင်း စီးပွားရေးအကျိုးအမြတ်တွေ ရယူနေတယ်ဆိုပြီး အီးယူကဒဏ်ခတ်ထားတဲ့ တေဇဟာ ယခုတရားလိုဖြစ်တဲ့ မောင်မင်းပြည့်ဖြိုးတေဇရဲ့ အဖေဆိုတာ ဟုတ်ပါသလား။

ပြည့်ဖြိုးတေဇ ။ ။ ဟုတ်ပါတယ် ပေါင်တာရဲ။

ပေါင်ချိန် ။ ။ မောင်မင်းအဖေက မြန်မာစစ်အာဏာရှင်တွေနဲ့ပေါင်းပြီး စီးပွာရှာတဲ့အတွက် ဥရောပနိုင်ငံတွေက မောင်မင်းအဖေကို ဒဏ်ခတ်ထားတယ်။ ထိုနည်းတူစွာပဲ မောင်မင်းကိုလည်း ဒဏ်ခတ်အရေးယူထားတယ် ဆိုတာ ဟုတ်သလား။

ပြည်ဖြိုးတေဇ ။ ။ မှန်ပါတယ် ပေါင်တာရဲ။ သူတို့ သားကိုအရေးယူတုန်းက သားအသက်က ၁၆-နှစ်ပဲ ရှိပါသေးတယ်။ သားအဖေလုပ်ခဲ့တာတွေ သားဘာမှမသိပါဘူး။ ဒါကြောင့် သားဘာမှမသိဘဲနဲ့ သားကို အရေးယူထားလို့ ပြန်ပြီး တရားစွဲရပါတယ်။ သူတို့ သားအပေါ်မှာ လူအခွင့်အရေး ချိုးဖောက်နေတာပါ။ သားမတရားခံရတာပါ ပေါင်တာရဲ။

ပေါင်ချိန် ။ ။ ၀ယ်........ တိုတိုနဲ့လိုရင်းပြော။ ငါသိတယ်။ အကုန်ဖတ်ပြီးပြီ။ (Carter-Ruck ကုမ္ပဏီမှ ရှေ့နေများဖက်လှည့်၍)မောင်မင်းတို့ဆီကရှေ့နေတွေကို တေဇက ငှားထားတယ်ဆိုတာ ဟုတ်ပါသလား။

Carter-Ruck ။ ။ ရက်စ် ပေါင်တာရဲ။ ဒါကြောင့် ကျနော်မျိုးတို့လည်း ပေါင်တာရဲ ရှေ့မှောက်မှာ ရှိနေကြတာပါ။

ပေါင်ချိန် ။ ။ (မန်ဂိုးဇီး အား) မောင်မင်းကလည်း ပြည့်ဖြိုးတေဇရဲ့ ရှေ့နေတွေဖက်က ထောက်ခံပြောဆိုမှုရှိနေတယ်လို့ သိရတယ်။ ဟုတ်ပါသလား။

မန်ဂိုးဇီး ။ ။ သက်စ်ရိုက် ပေါင်တာရဲ။ ပြည့်ဖြိုးတေဇဟာ လူမမယ်အရွယ်လေးတည်းက မတရားခံခဲ့ရတာဖြစ်ပြီး ဘာမှကျူးလွန်ခဲ့ခြင်း မရှိပါဘူး။ ဒဏ်ခတ်စာရင်းထဲမှာလည်း တေဇရဲ့သားအဖြစ်နဲ့သာ ဖော်ပြထားတာဖြစ်လို့ အဖေလုပ်တဲ့အမှုကို သားက ဗလာချည်ခံရတာဖြစ်ပါတယ်။ အဖေလုပ်တာ အဖေနဲ့ပဲဆိုင်ပါတယ် ပေါင်တာရဲ။

ပေါင်ချိန်ထန်းလည်း ကျန်ကျောင်းတို့အဖွဲ့နှင့် ခဏမျှ တီးတိုးတီးတိုး သဖန်းပိုးလုပ်ပြီးနောက်.........


ပေါင်ချိန် ။ ။ "နှစ်ဖက်ရှေ့နေများရဲ့ လျှောက်လှဲချက်အကျယ်ကို ငါအပြည့်အစုံဖတ်ပြီးပြီ ဖြစ်တဲ့အတွက် ထပ်မမေးတော့ဘဲ အမိန့်ချမယ်။ (၀ယ်.................) တရားလို ပြည့်ဖြိုးတေဇနဲ့ တရားလိုရှေ့နေများရဲ့ လျှောက်လှဲချက်တွေအရ အဖေလုပ်ခဲ့တဲ့ မကောင်းမှုတွေဟာ သားအပေါ်မှာ အကျိုးသက်ရောက်နေတာ မတရားဘူးဆိုတာကို ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းပေးဖို့အတွက် အဓိကလျှောက်လှဲချက်အဖြစ် တွေ့ရပြီး သင့်လျော်မှန်ကန်တဲ့ လျှောက်လှဲချက်တခုဖြစ်တယ်။ ခိုင်းဖုန်းတရားရုံးအနေနဲ့ ဒီလျှောက်လှဲချက်ကို လက်ခံပြီး တရားလိုဖက်က မှန်ကန်ကြောင်း၊ အီးယူမှ ပြည့်ဖြိုးတေဇအပေါ် လူ့အခွင့်အရေးချိုးဖောက်ကြောင်း သတ်မှတ်တယ်။

သို့ပေမယ့် ယခုအမှုအတွက် တရားလိုဖက်မှ တရားရုံးစရိတ်၊ ရှေ့နေငှားခနဲ့ အထွေထွေကုန်ကျစရိတ် အမြောက်အများဟာ တရားလိုရဲ့အဖေ တေဇက အရင်တုန်းက စစ်အာဏာရှင်နဲ့ပေါင်း၊ မကောင်းမှုပြုလုပ်ပြီး ရှာထားတဲ့ငွေကြေးများသာ ဖြစ်ကြောင်း ကိုယ်ရံတော်ကျန်ကျောင်းမှ စစ်ဆေးတွေ့ရှိရတယ်။ အဖေရဲ့ မကောင်းမှု သားဖြစ်သူနဲ့ မသက်ဆိုင်ဟု တရားလိုဖက်မှ ယူဆသည့်အားလျော်စွာ အဖေရဲ့ ဆိုးမွေကို လက်မခံချင်ရင် အဖေမကောင်းမှုလုပ်ပြီး ရှာထားတဲ့ပိုက်ဆံတွေနဲ့ တရားပြိုင်လုပ်တာကိုလည်း ခိုင်ဖုံးရုံးတော်မှ လက်မခံပါဘူး။

ဒါကြောင့် တရားလို ပြည့်ဖြိုးတေဇဟာ အမှုရင်ဆိုင်လို့ ကုန်ကျတဲ့ငွေအားလုံးကို ဖခင်တေဇဆီက ရတဲ့ပိုက်ဆံနဲ့ မဟုတ်ဘဲ မိမိရဲ့ကိုယ်ပိုင်ငွေကြေးအားဖြင့်သာ ကျခံနိုင်သည့်ဟု ရုံးတော်မှ ယုံကြည်သည့်အချိန်မှသာ ဒီအမှုကို ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး ယခုအချိန်တွင် ပြည့်ဖြိုးတေဇအမှုအား ခိုင်ဖုံးရုံးတော်မှ ရက်အကန့်အသတ်မရှိ ပယ်ချကြောင်း အမိန့်ထုတ်လိုက်တယ်။

ဝမ်ချောင်၊ မာဟန့်......၊ ကျန်းလုံ၊ ကျောက်ဟု.........။"


"ရှိ......... ပေါင်တာရဲ" (ပြိုင်တူထူးသံ)

"ရုံးတော်နားမယ်"

(၀ယ်.........................)

မောင်ပါလ
၉.၁၂.၂၀၁၁
http://mgpala.blogspot.com/2011/12/blog-post.html

ဓည၀တီ ဘူးသီးတောင်မှသည် ဧရာဝတီ မြောင်းမြဆီသို့




News Date:12/9/2011
(ဦးမြတ်ထွန်းပြောတဲ့ ထောင်တွင်း အတွေ့အကြုံ )
ဓည၀တီ ဘူးသီးတောင်မှသည် ဧရာဝတီ မြောင်းမြဆီသို့

Font size: Decrease font Enlarge font
နိဒါန်း
-----
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဇာတိ ဦးမြတ်ထွန်းဟာ ဘင်္ဂလာဒေခ်ျ့ အခြေစိုက် နိရဉ္စရာ သတင်းဌာနကို သတင်းပေးပို့တဲ့ စွပ်စွဲချက်နဲ့ ၂၀၀၉ ခုနှစ် မတ်လမှာ မောင်တော- ဘူးသီးတောင် ကားလမ်းပေါ်မှာ ရှိတဲ့ ဗျူဟာဂိတ်မှာ စစ်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရပြီးတဲ့ နောက်မှာ လ၀က အမူနဲ့ ထောင် (၅) နှစ်ချမှတ်ခံရပြီး ဘူးသီးတောင်ထောင်ကို အပို့ခံခဲ့ရပါတယ်။ ဘူးသီးတောင်ထောင်ရဲ့ ဆိုးဝါးလှတဲ့ ထောင်အခြေအနေတွေကို ပြည်ပ အခြေစိုက် သတင်းဌာနတွေဆီ ပေါက်ကြားမှာကို စိုးရိမ်တဲ့အတွက် ထောင်အာဏာပိုင်တွေက ဦးမြတ်ထွန်းကို (၅) လအကြာမှာ ဘူးသီးတောင်ထောင်ကနေ မြောင်းမြထောင်ကို ပို့ဆောင်လိုက်ပါတယ်။ သူဟာ အခုတော့ သမ္မတရဲ့လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာခဲ့ပြီ ဖြစ်ပါတယ်။ သူရဲ့ တသက် မမေ့နိုင်စရာ ထောင်တွင်း အတွေ့အကြုံတွေကိုတော့ ဦးမြတ်ထွန်းက ခုလို ပြောပြထားပါတယ်။



Burma-Prisoners-Walking
အပိုင်း (၁)

၂၀၀၉ ခုနှစ် မတ်လ ၁၈ ရက်နေ့ မောင်တော့ကနေ ဘူးသီးတောင်သို့ အသွား ဘူးသီးတောင် အ၀င် ကားဂိတ်မှာ ကျွန်တော့်ကို စရဖက ဖမ်းပါတယ်။ အဲဒီ ဖမ်းတဲ့ အချိန်မှာ ကျွန်တော့်ဆီက USB တခု၊ ဧရာဝတီ မဂ္ဂဇင်း တစ် အုပ်၊ Arakan Post စာစောင်တွေနဲ့ လူ့အခွင့် အရေးနဲ့ သက်ဆိုင်တဲ့ စာအုပ် တအုပ်ကို ထောက်လှမ်းရေးက ရသွားပါ တယ်။ အဲသလို ရရှိပြီးတဲ့ နောက်မှာ ကျွန်တော်ကို မောင်တော ရဲစခန်းကို ပို့လိုက်ပါတယ်။ မတ်လ ၂၁ ရက်နေ့မှာတော့ ကျွန်တော့်ကို ရဲစခန်း ကနေပြီး တရားရုံးမှာ စတင် တရားစွဲ ပါတယ်။ တရားရုံးမှာ စရဖက တပ်သား တင်ရီဆိုသူက လာပြီး သက်သေခံပါတယ်။ အချုပ်ထဲမှာ ၄၃ ရက် နေခဲ့ရပြီး ဧပြီလ ၂၇ ရက်နေ့မှာတော့ လ၀က အမူနဲ့ ထောင်ဒဏ် ၅ နှစ် မောင်တောမြို့ နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ မေလ ၃ ရက်နေ့မှာ ကျွန်တော့်ကို ဘူးသီးတောင် ထောင်ကို ပို့ပါ တယ်။ ဘူးသီးတောင် ထောင်ကို ရောက်တဲ့ အချိန်မှာ ကျွန်တော်တို့ကို ထားတာ လူသားတွေကို ထားသလို မျိုးမဟုတ်ဘဲ တိရိစ္ဆာန်တွေကို ထားသလို ထားပါတယ်။ စည်းကမ်းတွေ သတ်မှတ်ထားတဲ့ အတွက် မနက် ၅ နာရီခွဲ ဆိုရင် အိပ်ရာထပြီး ဘုရား ရှိခိုး ရတယ်။ ဘုရား ရှိခိုးပြီး တန်းဖွင့်တယ်။ ၁၂ နာရီ မှာ တန်းပိတ်တယ်။ ၁၂ နာရီနဲ့ ၂ နာရီကြားမှာ စားချိန် ထမင်းကျွေးတဲ့ အခါ ဖြစ်သလို ချက်ထားတဲ့ ပဲနဲ့ စားရတယ်။ ဆားမပါ ဟင်းချိုမှုန့်မပါ။ ပြုတ်ထားသလို။ ညနေ ကျရင် တာလဘော ဆိုတဲ့ ဟင်းနဲ့စားရပါတယ်။ တာလဘော ဆိုတာက ၀က်စားဖို့ ချက်သလို ကင်းဇွန်းနဲ့ ချဉ်ပေါင်ရွက်ကို ဓါးနဲ့စင်းပြီး ဖြစ်သလို ချက်ထားတာ ဖြစ်ပါတယ်။ တပတ်ကို ၂ ခါ အသားကျွေးတယ်။ ဘူးသီးတောင် ထောင်မှာက မွတ်ဆလင်တွေများတဲ့ အတွက် အမဲသားဘဲ ကျွေးပါတယ်။ တခြားအသား မကျွေးဘူး။ အမဲသား မစားတဲ့သူတွေကို ကြက်ဥ တစ်လုံး။ မဟုတ်ရင် လက်သန်းလောက် အရွယ်ရှိတဲ့ ငနီတူ ခြောက် လေးငါးကောင် ပေးပါတယ်။ အဲလို မ၀ေ ရစာ စားရတယ်။ ရေချိုး ရတာကလည်း တယောက်ကို ၅ခွက် ၆ ခွက်။ အများဆုံးက ၁၀ ခွက် ချိုးရတယ်။ ပူတဲ့ ရာသီတွေမှာဆို စိုရုံလောက်ဘဲ ချိုးရတယ်။ ရေကတော့ ထောင်နောက်ဘက်မှာရှိတဲ့ ဆည်က ရေကို သုံးရတယ်။ ဆေးလိပ် မသောက်ရ။ ဆေးလိပ်တွေ့ရင် အပြစ်ဒဏ်အဖြစ် ခြေချင်း ခတ်ပါတယ်။ ခြေချင်းခတ်လို့ နောက် အပြစ်တခုတွေ့ရင် ဒေါက်ခတ်တယ်။ ဘူးသီးတောင်မှာ ၁ဆောင်၊ ၂ ဆောင်၊ ၃ ဆောင် ဆိုပြီး အဆောင် ၃ ဆောင်ရှိပါတယ်။ ကျွန်တော် ၀င်ခါစက အကျဉ်းသား ၁၂၇၀ ရှိတယ်။ နောက်ထပ် တဖြည်းဖြည်း တိုလာပြီး လူဦရေများ လာတဲ့အတွက် အိပ်ရတာ အခက်အခဲရှိတယ်။ တတောင်ခန့်ရှိတဲ့နေရာမှာ ပြွတ် သိပ်ပြီး တဘက်စောင်းပြီး အိပ်ရတယ်။ ဆေးဝါးကုသမှုကတော့ မျိုးမင်းဦးဆိုတဲ့ ဒုထောင်မှူးက အလွန် ဆိုးဝါး ပါတယ်။ ဆေးခန်းသွားပြရင် မင်းတို့ အလုပ်မလုပ်ချင်လို့ ဟန်ဆောင်တယ်ဆိုပြီး အကျဉ်း သားတွေကို ဆေးကုဖို့ ဝေးစွ။ ကိုယ်ထိ လက်ရောက် စော်ကား တတ်ပါတယ်။ နေမကောင်းလို့ ဆေးထိုးချင်ရင် ဆေးရုံက ၀န်ထမ်းတွေကို ငွေပေးပြီး ထိုးရတယ်။ ပိုက်ဆံမရှိတဲ့သူတွေကတော့ ဆေးမထိုးရပါဘူး။ ငှက်ဖျား ၀င်နေတဲ့ သူတွေကိုလည်း ပါရာစီတာမောလ်နဲ့ ဘာမီတွန်ဘဲ ပေးပါတယ်။ ဆေးဝါးကုသမှုမှာ ဘူးသီးတောင် ထောင်ဟာ အခြေအနေ အလွန် ဆိုးဝါး လွန်းလှပါတယ်။ အကျဉ်းသားတွေကို ဂရု တစိုက် ဆေးကုသ မပေးတဲ့ အပြင် အကျဉ်းသားတွေကို ရိုက်တယ်။ ကန် ကျောက်ပါတယ်။ ကိုယ်ထိ လက်ရောက်စော်ကားပါတယ်။ ပိုက်ဆံရှိတဲ့ သူတွေ အနေနဲ့ အပြင်ဆေးရုံတွေနဲ့ ဆေးခန်း တွေမှာ ကုသခွင့်ပေးပါတယ်။ ပြီးတော ပိုက်ဆံ ရှိတဲ့သူတွေ ကိုကျတော့ ထောင်ပိုင်ကြီး။ ထောင်မှူးကြီး၊ ဆေးရုံ တာဝန်ခံ၊ ဒုထောင်မှူး မျိုးမင်းဦးတို့က ပိုက်ဆံယူပြီးတော့ ဘာအလုပ်မှ မလုပ်ခိုင်းပဲ အနားယူရင်းနဲ့ ဆေးရုံတက်ခိုင်းပါတယ်။ သူတို့က လူနာသဘောမျိုးနဲ့ နေကြတာ ကိုတွေ့ ရပါတယ်။ အပြင်မှာ လယ်လုပ်တယ်။ တောင်ယာ လုပ်တယ်။ အဲဒီလို လုပ်ငန်းတွေလည်း ရှိပါတယ် ။ လွတ်ရက် နီးတဲ့ အကျဉ်းသားတွေကို အပြင်ကို ထုတ်ပြီးတော အလုပ်ခိုင်းပါတယ်။ ပထမတော့ ခြေချင်း ခတ်ပါတယ်။ ခြေချင်းခတ်လို့ တစ်လနှစ် လခန့် အပြင်ကို ထွက်လို့ အလုပ်လုပ်တဲ့ အကျဉ်းသားတွေကို သူတို့ ယုံကြည် စိတ်ချတယ် ဆိုလို့ရှိရင် သူတို့ ခြေချင်း ဖြုတ်ပေးပါတယ်။ တချို့ ပိုက်ဆံရှိတဲ့ သူတွေ ဆိုရင်လည်း ပိုက်ဆံပေးရင် ခြေချင်း ဖြုတ်ပေးပါတယ်။ ခြေချင်း တစ်ခါဖြုတ်ဖို့ အတွက် သူတို့ကို ပိုက်ဆံ တစ်သောင်း နှစ်သောင်း သုံးသောင်းပေးပြီတော့ ခြေချင်းဖြုတ် ရပါတယ်။ မိုးခါ ဆိုလို့ ရှိရင်လယ်ထွန်ရတယ်။ စပါးရိတ်သိမ်းချိန်ဆို လို့ရှိရင် စပါးရိတ်ရပါတယ်။ ဘယ်လောက်ပဲ လုပ်လုပ် သူတို့တွေက လုပ်အားခ ဆိုတဲ့ သဘောနဲ့ တပြားမှ မရကြပါဘူး။ အလုပ်ပဲ ခိုင်းပါတယ်။ တစ်ခါ တစ်ခါ နေမကောင်းဖြစ် လို့ရှိရင်လည်း ဖျားနာ နေရင်လည်း ဖျားနာနေတဲ့ အတိုင်းပဲ သူတို့ခိုင်းတဲ့ အလုပ်ကိုပဲ လုပ်ရပါတယ်။ အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ ၄၅ အရ ဆိုပြီးတော အကျဉ်း သားတွေ အလုပ် လုပ်ရမယ်။ အထက်က ၀ာာဝန်ပေးအပ်တာကို ကျေကျေပွန်ပွန် လုပ်ဆောင်ရမယ်။ စည်းကမ်း တကျ နေရမယ်။ တစ်ဆောင်နဲ့ တစ်ဆောင် မကူးရဘူး။ ရန်မဖြစ်ရဘူး။ အဲဒီလို ပုဒ်မ ၄၅ အရ နေပြီးတော အချက်လက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အလုပ် မလုပ် ချင်ဘူး ဆိုလို့ရှိရင်လည်း ပုဒ်မ ၄၅အရ သူတို့ကို အရေးယူပြီးတော့ ပြစ်ဒဏ်ပေးပါတယ်။

(အပိုင်း ၂)

ဘူးသီးတောင် အကျဉ်း ထောင်ထဲမှာ အနီးအနား ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် ဒေသက လူတွေ အပြင် ရပ်ဝေးက နေပြီးတော့ ပြစ်ဒဏ်ကျလို့ ပြောင်းရွှေ့ လာတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီ ထဲမှာ ဦးနေ၀င်းမြေး အေးနေ၀င်း၊ဇော်နေ၀င်းတို့ နဲ့ ပတ်သတ်တဲ့ အမူသည် ထောင်ကျသားတွေလည်း ရှိပါတယ်။ နောက်ပြီးတော ဦးခင်ညွန့်နဲ့ ပတ်သတ်ပြီး ထောင်ကျလာတဲ့ ထောက်လှမ်းရေးတွေလည်း ရှိပါတယ်။ ကာစတင်၊ ရဲ၊ အဲဒီလို လူတွေလည်း ရှိပါတယ်။ ဗမာပြည် အလယ်ပိုင်း ရေနံချောင်း၊ မကွေးက လူတွေလည်း ဘူးသီးတောင် ထောင်ထဲမှာ ပြောင်းရွှေ့ ကျခံနေ ရပါတယ်။ အကျဉ်းကျခံ နေရပြီးတော အဝေး တစ်နေရာကနေ ပြောင်းရွှေ့ကျ ခံနေရ သူတွေလည်း ရှိပါတယ်။ မိသားစုနဲ ဝေးကွာနေတော့ မိသားစုတွေက ထောင်ဝင်စာ တွေ့ဖို့လည်း မရောက် ။ငတ်မွတ်ပြီး အဟာရ ချို့တဲ့ နေသူတွေလည်း ရှိပါတယ် ။ တစ်ချို့ ဆိုလို့ရှိရင် မရှိဆင်းရဲ၊ ထောင်ဝင်စာက မရောက်၊ ထောင်ဝင်စာ မပေးနိုင် အဲဒီလိုသူတွေ ဆိုလို့ရှိရင် ထောင်ကပေးတဲ့ အစားအစာတွေ ကိုပဲစားပြီးတော နေရပါတယ်။ အဲဒီလို ထောင်ကကျွေးတဲ့ဟာကို စားပြီးတောနေရတဲ့ အထဲမှာ သက်ကြီးရွယ်အို တွေလည်းရှိပါတယ်။ အသက် ၅၉နှစ် ရှိပြီဖြစ်တဲ ဦးပြူးဆိုတဲ့ လူဟာ အဟာရပြတ်ပြီးတော့ သေသွားခဲ့ပါတယ်။ သေသွားတဲ့ သူကို ဓလေ့ထုံးတန်း အရ ခေါင်းလေး တစ်လုံးတောင် မရပဲ စောင်နဲ့ လိပ်ပြီးတော ဘူးသီး တောင် ၀င်ဝမှာရှိတဲ သချိင်္င်းမှာသွားပြီး မြုပ်နှံတာကို ကျွန်တော်တို့ မြင်ရပါတယ်။ တော်တော် စိတ်မကောင်း ဖြစ် မိပါတယ်။ အသက်၆၀ ရှိပြီ လူတစ်ယောက်လည်း အဲဒီလို သေသွားပါတယ်။ ကုလားလေးတစ်ယောက်ဟာ ဓါးမြရမှုနဲ့ ကျလာပါတယ်။ အဲဒီ ကုလားလေးဟာ လတ်တလော အသက်ရူမ၀ပဲ မွမ်းကျပ်လို့ ဖြစ်တဲ့ချိန်မှာ သူ့ကိုဆေးရုံတင်ပြီး ဆေးတွေသွင်း ပါတယ်။ အဲဒီ ဆေးဒဏ်ကို သူမခံနိုင်။ နားလည်တတ်ကျွမ်းတဲသူလည်းမရှိ။ တစ်ပွင့်နဲ့ ထောင်အရာရှိ မျိုးမင်းဦးက နေပြီးတော အဲဒီ ကုလားလေးကို ဟန်ဆောင်တယ်ဆိုပြီးတော ကန်ကျောက်ပစ်ပါတယ်။ များမကြာခင်မှာဘဲ အဲဒီ ကုလားလေးလည်း သေဆုံး သွားပါတယ်။ အဲဒါတွေကို ကျွန်တော်တို့မြင်တွေ့ရပါတယ်။

Burma-Prisoners-working
(အပိုင်း ၃)

၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ ရက် နေ့မှာ မစ္စတာကင်တေးနား ရောက်လာပြီး ကျွန်တော်နဲ့ အတူ ကိုဌေးကြွယ်၊ ကိုဝဏ္ဏ၊ ဦးခွန်ထွန်းဦး အဖွဲက ဦးထွန်းညို၊ မောင်တောမှ ကုလားကြီး ဦးမီရာမတ်တို့ ၅ယောက်ကို မစ္စတာ ကေတေးနား လာတွေ့ ပါတယ်။ လာတွေ့တဲ့ အချိန်မှာ ကျွန်တော်တို့ကို အပြင်မှာ ဘယ်လိုဘယ်လို လှုပ်ရှားခဲ့တယ်။ ဘယ်သူ ကဖမ်းတယ်။ ဖမ်းလို့ တရားစွဲတဲ့ အခါ အယူခံ မ၀င်ဘူးလား။ အယူခံဝင်လို့ ရသလား။ ထောင်ထဲမှာနေရ ထိုင်ရတာနဲ့ ပတ်သတ်လို့ စစ်ဆေးမေးမြန်း ပြီးတော့ ပြန်သွားပါတယ်။ အဲဒီလို ပြန်သွားပြီးတဲ့ နောက်ပိုင်းမှာ ၂၀၁၀ ဇူလိုင်လ ၂၇ ရက်နေ့ ကျွန်တော်ကို ထောင်ဘူးဝကို ထွက်လာဖို့ ညွှန်ကြားပါတယ်။ ပစ္စည်းတွေပါ တခါတည်း ယူလာဖို့နဲ့ စားသောက်စရာတွေပါ ယူလာဆိုပြီး ၀န်ထမ်းတစ်ယောက်ကနေ ကျွန်တော်ကို လာပြောပါတယ်။ ကျွန် တော်က ပစ္စည်းတွေ အကုန်သိမ်းပြီး ထောင်ဘူးဝကို ထွက်သွားပါတယ်။ အဲဒီချိန်မှာ ကျွန်တော်ရဲ့ စိတ်ထဲမှာ ကြီတ်ပြီးတော့ ၀မ်းသာ နေပါတယ်။ မစ္စတာ ကင်တေးနားလာတဲ့ အချိန်မှာ ခင်ဗျားတို့ကို မြန်မာ နိုင်ငံ အစိုးရဆီမှာ အမြန်လွှတ်ဖေးဖို့ တောင်းဆို ပါမယ် ဆိုပြီး ပြောသွားပါတယ်။ အဲဒါကိုကြားသိထားတဲ့ အတွက် ကျွန်တော်က ၀မ်းသာနေပါတယ်။ ကျွန်တော် ထောင်ဘူးဝကို ရောက်သွားတဲ့ အချိန်မှာ ကျွန်တော်ကို ထောင်ပြောင်းမယ်လို့ ပြောတယ်။ အဲဒီလို ပြောတော့လည်း ကျွန်တော်က ၀မ်းသာ ပါသေးတယ်။ ဘာဖြစ်လိုလည်း ဆိုတော့ ဘူးသီးတောင် ထောင်မှာ နေရတာ မိသားစုနဲ့လည်း ဝေးတယ်။ လူဦးရေလည်း များတယ်။ အဲဒါကြောင်း ကျွန်တော်က စစ်တွေထောင်မှာ ဆိုရင် ပိုကောင်းမေဆိုပြီး ၀မ်းမြောက်ဝမ်းသာနဲ့ စစ်တွေထောင်ကို ပို့ရင်လည်းပို့ ဆိုပြီးတော စိတ်က မှတ်နေတဲ့ အချိန်မှာကျွန်တော်ကို ခြေချင်းခတ်ပါတယ်။ ခြေချင်းခတ်ပြီးတဲ့နောက်မှာ ဘူးသီးတောင် ရဲကနေပြီးတော့ ကျွန်တော်ကို လာခေါ်ပါတယ်။ ထောင်ပိုင်ကြီးက ကျွန်တော်ကို သူတို့ လက်ထဲအပ်ပေး လိုက်ပါတယ် ။ ထောင်ကနေ ထော်လာဂျီနဲ့ ဘူးသီးတောင် သင်္ဘောဆိပ်ကို ယူပါတယ်။ သင်္ဘောထက် ရောက်တာနဲ့ ယာယီစခန်မှူး ဆိုသူ တဦးက လာပြောတယ်။ မြောင်းမြကို ပြောင်းရမယ်ဆိုတော့ စိတ်ဓါတ် ကျသွားတယ်။ ဘူးသီးတောင်ဆိုတာက ကိုယ့်ရခိုင်ပြည်ထဲမှာ မိသားစုလည်း မကြာ မကြာလာတွေ့နိုင်တယ်။ မြောင်းမြမှာဆို လာတွေ့နိုင်မဲ့ အခြေအနေမရှိဘူး။ တခေါက်လာမယ် ဆိုရင်လည်း လမ်းစရိတ်က သိန်းနဲ့ ချီကုန်မယ်။ လမ်းကဝေးတော့ အန္တရာယ်လည်းများတယ်။ စိတ်ဓါတ်ကျ သွားခဲ့ပါတယ်။ စစ်တွေထောင်မှာ ၂ ညအိပ်ပြီး တောင်ကုတ်ကို ပို့ပါတယ်။ တောင်ကုတ်ကနေ ပြည်၊ ပြည်က တဆင့် ရထားနဲ့အင်းစိန်ထောင်ကိုပို့တယ်။ အင်းစိန်ထောင်မှာ ၂ ရက်နေခဲ့ရတယ်။ အင်းစိန်းကနေ ကျွန်တော့်ကို သင်္ဘောနဲ့ မြောင်းမြထောင်ကို ပို့ပါ တယ်။

(အပိုင်း ၄)

မြောင်းမြထောင်ကို ၂၀၁၀ ခုနှစ် သြဂတ်စ် ၃ရက်နေ့မှာ ရောက်သွားပါတယ်။ မြောင်းမြထောင်ကို ရောက်သွားတဲ့ အခါ ထောင်ပိုင်ကြီး ဦးတင်ဝင်း၊ ထောင်မှူးကြီး ဦးမြင့်သိန်းတို့က ကျွန်တော့်ကို ထောင်ပိုင်ကြီး ရုံးမှာခေါ်ပြီး ကျွန်တော်ကို " ဦးမြတ်ထွန်း - ခင်ဗျား ရောက်လာတက ပြဿနာမရှိဘူး။ ခင်ဗျားနောက်မှာ မီဒီယာဆိုတဲ့ ဟာတခု ပါလာတော့ ကျွန်တော်တို့ ကြောက်တယ်။ ကျွန်တော့် မှာလည်းသားသမီးနဲ့ ခင်ဗျား ထောင်နဲ့ ပတ်သတ်ပြီး အဆက်အသွယ်မလုပ်ပါနဲ့ လို့ ပြောတယ်။" "ကျွန်တော်လည်း ပြန်ပြောခဲ့တယ်။ ထောင်ပိုင်ကြီး ကျွန်တော်လည်း ၀န်ထမ်းလုပ်ခဲ့ပါတယ်။ ကိုယ်ချင်းစာပါတယ်။" ဆိုပြီး ကျွန်တော်ပြော ပါတယ်။ ကျွန်တော်ကို ထောင်ပိုင် ရုံးမှာ ခေါ်ပြီးအလုပ်ခိုင်းတဲ့ အကျဉ်းသားတွေရှိတယ်။ အဲဒီအထဲမှာ ကာစတင်၊ လ၀ကနဲ့ ကုန်သွယ်ရေး ၁ က လဒ်ပေးလဒ်ယူမှုနဲ့ကျနေတဲ့ ဒိုင်မှူးတွေလည်းရှိတယ်။ အဲဒီလူတွေနဲ့ ကျွန် တော့်ကို ထားတယ်။ မြေင်းမြထောင်မှာ အကျဉ်းသား ၆၀၀ လောက်ဘဲရှိတယ်။ ဘူးသီးတောင်ထောင်နဲ့ အများကြီးကွာပါတယ်။ ဘူးသီးတောင်ထောင်မှာ ကျွန်တော် ထွက်လာတဲ့အခါ ၁၄၀၀ ကျော် လောက်ရှိပါ တယ်။ ဘူးသီးတောင်ထောင်မှာ မွတ်စလင် ကုလားတွေရှိတယ်။ ဒီမှာက ဗုဒ္ဓဘာသာ အချင်းချင်းနေရတယ်ဆို တော့ ကျွန်တော် နည်းနည်း စိတ်ချမ်းသာပါတယ်။

ထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေကို အင်္ဂလိပ် ခေတ်ကလို ကိုလိုနီစနစ်နဲ့ အုပ်ချုပ်နေတာကို ကျွန်တော်တွေ့ရပါ တယ်။ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ၊ အတင်းအဓမ္မ အလုပ် ခိုင်းစေမှုတွေကို တွေ့ရပါတယ်။ တပ်ကြပ်ကြီး အရာခံဆိုတဲ့ သူတွေကလည်း အကျဉ်းသား တွေဆီက အမျိုးမျိုး ခြိမ်းခြောက် လိမ်ညာပြီး ငွေတောင်းပါတယ်။ တောင်းမရရင် အလုပ်ခိုင်း အနိုင်ကျင့်တာတွေ တွေ့ရတယ်။ ထောင်ထဲမှာ အလုပ်ကြီး ဆိုတာရှိတယ်။ အဲဒါက ဘာလည်းဆိုရင် အပြင်က အုန်းသီးခွံတွေကို ၀ယ်ပြီး အထဲမှာ ထုတယ်။ ရလာတဲ့ အုန်းဆံတွေကို အုန်းဆံကြိုး ကျစ်တယ်။ ခြေသုတ် တွေလုပ်တယ်။ အကျဉ်းသား တယောက်ဟာ တနေ့ကို ခြေသုတ် ၂ ခု ပြီးအောင် လုပ်ရတယ်။ အုန်းဆံကြိုး ကြိတ်တဲ့ စက်ရှိပါတယ်။ အဲဒီစက်မှာ နေ့ဆိုင်း ညဆိုင်းပြီး ရှိတယ်။ တစ်ဆိုင်းမှာ လူ ၂၀ ခန့်ပါပြီးတော့ ညအချိန်လည်း အကျဉ်းသားတွေ အလုပ်လုပ်ရပါတယ်။ ၂၄ နာရီ မှာ အုန်းဆံကြိုး ၁၅ ပိဿာခန့်နဲ့ ခြေသုတ်ခုံက တနေ့ကို လေးဆယ်၊ ငါးဆယ် ပြီးအောင် လုပ်ရ ပါတယ်။ အဲဒီ ပစ္စည်းတွေကို သူတို့က အပြင်ကိုထုတ်ပြီး ရောင်းချပါတယ်။ ရလာတဲ့ငွေကို အကျဉ်းသားတွေကို တပြားတချပ်မှ ထောက်ပံ့ ပေးတာမရှိဘူး။ ထောင်ကပေးတဲ့ အရသာမရှိတဲ့ အစားအစာတွေကို စားပြီး အင်အား ပြတ်ပြီး အကျဉ်းသားတွေက အလုပ်လုပ်ပေးနေရတယ်။ အလုပ် မလုပ်နိုင်ရင် ဆဲဆိုရိုက်နှက်တယ်။ ဆေးရုံ တက်ရင်လည်း ပါရာစီတာမေလ်နဲ့ ဘာမေတွန်ဘဲ ရပါတယ်။ ဆေးထိုးမယ် ဆိုရင်လည်း ဘူးသီးတောင် ထောင်လို ငွေပေးရတယ်။ ဒေါက်တာ ရဲဝင်းအောင်ဆိုတာ ထောင်ဆရာဝန်ပါ။ သူကအကျဉ်းသားတွေ ကို မတူမတန် ဆက်ဆံတယ်။ သူ့မှာ အပြင်ကဆေးခန်းမှာ အချိန်ပြည့်ထိုင်ပြီး ထောင်ကို အချိန်မှန် မရောက်။ အကျဉ်းသားတွေကို ဂရုတစိုက်မရှိ။ နောက် မြအောင်ဆိုတဲ့ တပ်ကြပ်တဦးရှိတယ်။ ဆေးတလုံးထိုးရင် ၁၅၀၀-၂၀၀၀ တောင်းစားတယ်။ အပြင်က ဆေးအကောင်းတွေ ၀ယ်လာရင်လည်း သူတို့ သိမ်းထားတယ်။ သူတို့ ပေးတာကိုမှ သောက်ရတယ်။ တခါတခါ “ဒီဆေးနဲ့ ခင်ဗျာနဲ့မသင့်ဘူး။ ဒီဆေး ကပြင်းတယ်။ ခင်ဗျား တို့ သောက်လို့မရဘူးဆိုပြီး။” အဲဒီ ဆေးေiတွကို သိမ်းသွားပြီး အပြင်ကို ရောင်းစားတာတွေလည်း တွေ့ရတယ်။

(အပိုင်း ၅)

ပေါ်တာကို အကျဉ်းထောင်တွေက ယူပါတယ်။ လူ ၂၀-၃၀ ပေါ်တာ ထုတ်သွားတယ်။ ပေါ်တာက ထွကပြေးပြီး ပြန်အဖမ်းခံရလို့ ထောင်ပြန်ကျလာတဲ့ အကျဉ်းသားတွေကိုလည်း မြောင်းမြထောင်မှာ တွေ့ရပါတယ်။ ဇော်မင်းဦးဆိုတဲ့ ကလေးတယောက်။ ညက်စိလို့လည်း ခေါ်တယ်။ သူက ပေါ်တာပါသွားပြီး ထွက်ပြေးလို့ အဖမ်းခံရပြီး နောက်ပြန်ပြီး မြောင်းမြထောင်ကို ရောက်လာတာ တွေ့ရပါတယ်။ ၀န်ထမ်းတွေကလည်း နိုင်ငံ ရေးအကျဉ်းသားတွေကို ရိုက်နှက်တာတွေကိုလည်း တွေ့ရပါတယ်။ ၂၀၁၁ ခု မေလ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အခါ ကြိုးသမားတွေကို ထောင်တသက် လွတ်ရက်မရှိ ဆိုပြီး အမိန့်ကို ပြောင်းလိုက်တယ်။ တိုက်ခန်းကလူတွေကို တယောက်စီခေါ်ပြီး စစ်ဆေးနေတဲ့အချိန်မှာ ကိုကျော်ဇင်သက်ခေါ် စိုးသီဟဆိုတဲ့ သူဟာ ရွေဘိုဇာတိ ဖြစ်ပါတယ်။ သူက ၈၈ ကျောင်းသား။ မြို့တော်ခန်းမကို ဗုံးခွဲဖို့လုပ်တယ် ဆိုပြီး သူဆီက ဘာအထောက်အထား တခုမှမရဘဲ ကြိုးဒဏ်ချမှတ်ခံရ သူဖြစ်တယ်။ ကြိုးဒဏ်ကို လျှော့ပြီး လွတ် ရက်မရှိ ထောင်တသက်ဆိုပြီ ပြောင်းလိုက်တဲ့အခါ သူက ထောင်ပိုင်ကြီးနဲ့ ထောင်မှူးကြီးကို တင်ပြနေတဲ့ အချိန်မှာ ဒုထောင်မှူး ရဲမင်းအောင် (က ၃၈၈၉) ကိုယ်ပိုင်နံပါတ်က ၀င်လာပြီး "ဟေ့ကောင် မင်းနိုင်ငံရေးလုပ်တာ အများအကျိုးအတွက်လား ကိုယ်ကျိုး အတွက်လားဆိုပြီး မေးတယ်။ ဆိုတော့ စိုးသီဟက ပြန်ပြောတယ်။ ဟေးကောင် မင်းအဆင့်နဲ့ ငါစကားမပြောဘူး။ ငါထောင်ပိုင်ကြီး ထောင်မှူးကြီးနဲ့ စကားပြောနေတာ။ မင်းဒီနေရာမှာ ၀င်ပြောစရာမလိုဘူး။ မင်းလည်း အလားကောင်း။ မင်းလည်း သူခိုးဘဲ ဆိုပြီးပြောတယ်။"

ရဲမင်းအောင်နဲ့ အပေါင်းပါတွေက စိုးသီဟကိုရိုက်နှက်တယ်။ သူ အလူးအလိမ့် ခံရတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ အဆောင်မှာ ရှိတဲ့ လူ ၄၁ ယောက်ကို အခန်းတွေ ၀င်ခိုင်းပြီး ပိတ်ထား လိုက်ပါတယ်။ စိုးသီဟက နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး တို့အရေး ဆိုပြီး အော်တယ်။ ကျွန်တော်တို့ကြားရ တယ်။ အဲဒီ ရိုက်တဲ့ဒဏ်ရာကြောင်း သူ့ခေါင်းမှာ တလက်မခွဲခန့်ကွဲတယ်။ နောက်တနေရာမှာ ချိုင့်ဝင်သွား တယ်။ ဘယ်ဘက်လက် ကျိုးသွားတယ်လို့ သိရတယ်။ အဲဒီ လိုမျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။ ရဲမင်းအောင်ဆိုတဲ့ လူဟာ သီးခြား အကျဉ်းသားတွေကို အနိုင်ကျင်တဲ့ သူတယောက်ဖြစ်တယ်။ အဲဒီ ရဲမင်းအောင်ကိုတော့ ကျွန်တော် ထောင်ထဲက ထွက်လာတဲ့အထိ အပြစ်ပေး အရေးယူတာ မကြားခဲ့ဘူး။

(ပြီး) 

http://www.narinjara.com/detailsbur.asp?id=3652

ရန်ကုန်ကို စင်္ကာပူနှင့် တူချင်တယ်ဆိုရင် …

by FNG on December 9, 2011
2045

ညီညီ (သံလွင်)၊ ၊ခုတလော မီဒီယာတွေမှာ ဖတ်လိုက်ရသည်။ ရန်ကုန်ကို စင်္ကာပူနှင့်
တူအောင် လုပ်ရန် သမ္မတကြီးက လမ်းညွှန်မှု ပေးထားသည်ဟူ၍ ဖြစ်သည်။ ထို့အတွက်
စင်္ကာပူတွင် ၁၂နှစ်တာမျှ နေထိုင်ခဲ့သည့် ကျွန်တော့် အတွက် တွေးစရာတွေ ရလာသည်။
တခေတ်တခါက အာရှတွင် ထိပ်တန်းဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့် ရန်ကုန်မြို့တို့ကို စင်္ကာပူ၏
အမျိုးသားခေါင်းဆောင်ကြီး ဖြစ်သည့် လီကွမ်ယူက အားကျခဲ့ရသည်ဟု ၎င်းရေးသားသည့်
စာအုပ်ထဲတွင် ၀န်ခံထားပြီး စင်္ကာပူရှိ အချို့သော နေရာများတွင် ရန်ကုန်လမ်း၊ ပဲခူးလမ်း၊ မော်လမြိုင်
လမ်း စသဖြင့် မှည့်ခေါ်ခဲ့သည့် လမ်းနာမည်များ ခုထိ ရှိဆဲ ဖြစ်သည်။ ခုတော့ သံသရာ
ချားတပတ်ပြန်လည်ပြီ ထင်ပါသည်။ ကျွန်တော်တို့၏ ရန်ကုန်ကို အထင်ကြီး အားကျစိတ်ဖြင့်
အတုယူခဲ့ရသည့် စင်္ကာပူကို ကျွန်တော်တို့ ပြန်၍ နမူနာ ယူရချေဦးမည်။ ဤအတွက် ကျွန်တော်
စိတ်ဓာတ်မကျပါ။ ရည်မှန်းချက်ကင်းမဲ့စွာ ဖြတ်သန်းခဲ့ကြရသည့် အနေအထားမှ ဦးတည်
ချက်များ ရှိလာ၍ စိတ်အား တက်ရပါသည်။ ရည်မှန်းသည့် အတိုင်း လုပ်ဆောင်ကြဖို့တော့
လိုပါမည်။

သွားလာရေးလွယ်ကူ

ဤတွင် စင်္ကာပူနှင့် တူအောင် ဘာတွေ လုပ်ကြမည်လဲဟု မေးခွန်းထုတ်ချင်စရာ ဖြစ်
လာပါသည်။ စင်္ကာပူတွင် လူဦးရေ ၅ သန်းခန့် နေထိုင်သည်။ ကျွန်တော် နေထိုင် ဖြတ်
သန်းခဲ့သည့် အတွေ့အကြုံအရ စင်္ကာပူသည် တစ်နှစ်ထက် တစ်နှစ် လျင်မြန်စွာ တိုးတက်
ပြောင်းလဲလာခဲ့သည်ကို တွေ့ရသည်။ ရှေးဦးစွာ စင်္ကာပူရှိ အခြေခံအဆောက်အအုံ
(infrastructure) နှင့် ပတ်သက်၍ ပြောပြချင်သည်။ စင်္ကာပူတွင် အဝေးပြေးလမ်း
မကျယ်ကြီးများ ရှိသည်။ ရုံးဆင်းရုံးတက်ချိန်တွင် မြို့ပတ်ရထားများ (MRT) ၂ – ၃ မိနစ်ကို
တစ်စီးခန့် ရှိသည်။ ရထားနောက်ကျသည်ဟူ၍ မရှိ။ ၃ မိနစ်အကြာတွင် ရထားဆိုက်မည်ဟု
ကြေညာထားလျှင် ၃ မိနစ် အတိအကျတွင် ရထားရောက်လာသည်။ ဘတ်စ်ကားများ
စီးရသည်မှာ လွယ်ကူအဆင်ပြေသည်။ ဘတ်စ်ကားများ စုပေါင်းရပ်နားသည့် စနစ်
(Bus Interchange System) ကို အသုံးပြုထားသဖြင့် တစ်နေရာမှ တစ်နေရာသို့
သွားရာတွင် အဆင်ပြေသည်။ ဥပမာ – ဆူးလေတွင် ကား အတော်များများ ဂိတ်ဆုံး
သကဲ့သို့ ဖြစ်ရာ ဆူးလေ Bus Interchange ၊ တာမွေတွင် ဂိတ်စ-ဂိတ်ဆုံးသည့်ကားများက
တာမွေ Bus Interchange စသဖြင့် သတ်မှတ်ထားပြီး အဆိုပါ ဘတ်စ်ကားများ စုပေါင်း
ရပ်နားရာသည် အများအားဖြင့် ဘူတာရုံများနှင့် အနီးအနားတွင် ရှိသည်။ ထို့ကြောင့်
အနီးဆုံးသွားလိုရာ ဘူတာရုံသို့ ရထားစီးပြီး ထိုမှတဆင့် ရပ်ကွက်ကြို ရပ်ကွက်ကြား
သွားလိုက်ပြန်လိုက်လုပ်နေသည့် Feeder Bus ဟုခေါ်သည့် ဘတ်စ်ကားများ စီးကာ
မိမိအလိုရှိရာသို့ အရောက်သွားနိုင်သည်။ အိုင်ဖုန်းကဲ့သို့ စမတ်ဖုန်းတစ်လုံး ရှိလျှင်
ဘတ်စ်ကား နံပါတ်နှင့် လမ်းကြောင်းများကို ကြည့်ရှုနိုင်သည်။ မြို့ပတ်ရထားနှင့်
ဘတ်စ်ကားများစီးရန် ကြိုတင်ပိုက်ဆံဖြည့်ထားသော စမတ်ကဒ်များကို
အသုံးပြုနိုင်သည်။ ဖြည့်ထားသည့် ပိုက်ဆံကုန်သွားလျှင် ရထားဘူတာရုံများနှင့်
ဘတ်စ်ကားများ စုပေါင်းရပ်နားသည့်နေရာ (Bus Interchange) တွင် အေတီအမ်
ကဒ်ဖြင့် လည်းကောင်း၊ ပိုက်ဆံဖြင့်လည်းကောင်း ထပ်မံ ဖြည့်သွင်းနိုင်သည်။

လူအရင်းအမြစ်အဓိက

စင်္ကာပူတွင် မည်သည့် သယံဇာတမှ မရှိသည့်အပြင် သောက်သုံးရန်ရေကိုပင်
မလေးရှားနိုင်ငံမှ နေ့စဉ် ဂါလန်သန်းပေါင်းများစွာ ၀ယ်ယူနေရသည်။ ထို့ကြောင့်
အခြား သယံဇာတကြွယ်ဝသည့် နိုင်ငံများကဲ့သို့ သယံဇာတကျိန်စာသင့်နေခြင်း မရှိပါ။
စင်္ကာပူ၏ အဓိက အရင်းအမြစ်သည် လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည့်အတွက်
ပညာရေးကို အထူးအားပေးသည်။ ကျောင်းများတွင်လည်း စာကြည့်တိုက်များကို
လူကြီးလာစစ်လျှင် ပြသရန်အတွက် မဟုတ်ဘဲ ကောင်းမွန်သပ်ရပ်စွာ ထားရှိပြီး
စာအုပ်စာတမ်းများ အတော်ပင်စုံလင်ပါသည်။ ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတ
ကြွယ်ဝရေးအတွက် စာကြည့်တိုက်များ မြို့နယ်တိုင်းတွင် ထားရှိသည်။

စာကြည့်တိုက်များမှာ ခနော်နီခနော်နဲ့ စာကြည့်တိုက်ကလေးများ မဟုတ်ပါချေ။
အချို့စာကြည့်တိုက်ကြီးများမှာ ၂ ထပ်- ၃ ထပ် အပြည့် ကဏ္ဍများ စုံလင်စွာ ခွဲထားပြီး
စာအုပ်များ သိန်းသောင်းချီ၍ ရှိမည် ထင်သည်။ စင်္ကာပူနိုင်ငံတွင် အမျိုးသား စာကြည့်
တိုက် ၁ ခု (၁၆ ထပ် အမြင့်ရှိ) ၊ ဒေသဆိုင်ရာ စာကြည့်တိုက် ၃ ခုနှင့် အခြား ပြည်သူ့
စာကြည့်တိုက်ပေါင်း ၂၄ ခု ရှိပါသည်။ ၂၀၀၇ ဘဏ္ဍာရေးနှစ်အထိ စာကြည့်တိုက်
အဖွဲ့ဝင်ထားသူ စုစုပေါင်း ၂ သန်းနီးရှိပြီး စာအုပ်ဌားရမ်းမှု ၂၈ သန်း ရှိခဲ့သည်ဟု
သိရသည်။ အဆိုပါ စာကြည့်တိုက်များတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့်
စာအုပ်များ ၅ သန်းကျော်၊ မလေးဘာသာဖြင့် စာအုပ် ၆သိန်း ၂ သောင်းကျော်၊
တရုတ်ဘာသာဖြင့် စာအုပ် ၁ သန်း ၉ သိန်းကျော်၊ တမီးလ်ဘာသာဖြင့် ၃သိန်း ၁
သောင်းကျော် ရှိပြီး စုစုပေါင်း ဌားရမ်းနိုင်သည့် စာအုပ်၊ ဒီဗီဒီ၊ စီဒီ စသဖြင့် အမျိုးအစား
စုံလင်စွာ ရှိကာ အရေအတွက်အားဖြင့် ၉ သန်းမျှ ရှိသည်ဟု သိရသည်။ ကောင်းသည်က
စင်္ကာပူအရှေ့ပိုင်းရှိ စာကြည့်တိုက်တွင် ဌားလာသော စာအုပ်ကို ကြုံသည့် စာကြည့်တိုက်
တွင် အပ်၍ ရသည်။ ထို့ပြင် ဌားလာပြီး ဖတ်၍ မပြီးသေးလျှင်လည်း အင်တာနက်မှ
တဆင့် သက်တမ်းတိုး၍ ရသည်။ ထပ်မံ၍ ဖတ်လိုသေးလျှင်လည်း ရက်လွန်ကြေးပေး၍
ဖတ်နိုင်သည်။ မိမိဌားလိုသည့် စာအုပ်ကို သူများဌားသွားလျှင်လည်း ကြိုတင် reserve
လုပ်ထားမည်ဆိုပါက အဆိုပါ စာအုပ် စာကြည့်တိုက်ပြန်ရောက်လျှင် အကြောင်းကြား
ပါလိမ့်မည်။ စာအုပ်အပ်ရန် မေ့လျော့နေပါကလည်း သက်တမ်းမပြည့်မီ ၃ ရက်အလိုတွင်
အီးမေးလ်သို့ လည်းကောင်း၊ လက်ကိုင်ဖုန်းသို့လည်းကောင်း အသိပေးသည့်စာ
ရောက်လာပါသည်။ မိမိရှာလိုသည့် စာအုပ်ကိုလည်း စာကြည့်တိုက်၏ အင်တာနက်
စာမျက်နှာမှ တဆင့် ရှာဖွေနိုင်ပြီး မည်သည့် စာကြည့်တိုက်တွင် ဌားရမ်းနိုင်သည်ကို
သိရှိနိုင်သည်။

ပညာတော်သင်များ

စင်္ကာပူကို တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ရောက်အောင် ဦးဆောင်ဦးရွက်ပြုခဲ့ကြသူများသည်
ပညာတတ်များ ဖြစ်ကြသဖြင့် နောင်မျိုးဆက်သစ် မပြတ်စေရန် ပညာထူးချွန်သူများကို
အထူးပင် အားပေးအားမြှောက်ပြုသည်။ ထူးချွန်ထက်မြက်သည့်သူများကို ပညာတော်သင်
များအဖြစ် အနောက်နိုင်ငံများသို့ ၀န်ကြီးဌာနအသီးသီးမှ နှစ်စဉ် အများအပြား စေလွှတ်သည်။
ထို့သို့ သွားရောက် ပညာသင်ကြားပြီး မိမိနိုင်ငံသို့ ပြန်လာလျှင်လည်း ၀န်ကြီးဌာနအသီးသီး
တွင် သင့်တော်သည့် နေရာများကို ပေးကာ စဉ်ဆက်မပြတ် အကဲခတ်၍ ခေါင်းဆောင်ကောင်း
များ ဖြစ်လာစေရန် အားထုတ်ကြသည်။ စင်္ကာပူတွင် နှစ်စဉ် ဘဏ္ဍာရေးလျာထားငွေ၏
၂၀ ရာခိုင်နှုန်းခန့်ကို ပညာရေးဘက်တွင် အသုံးပြုသည်ဟု လေ့လာသိရှိရသည်။
လန်ဒန်အခြေစိုက် International Institute for Strategic Studies မှ ထုတ်ပြန်သည့်
မှတ်တမ်းအရ မြန်မာနိုင်ငံတွင်မူ ၀.၅ ရာခိုင်နှုန်းခန့်သာ အသုံးပြုသည်ဟု
ဝမ်းနည်းဖွယ်ရာ သိရသည်။

အဂတိကင်းမဲ့

ဒါ့အပြင် စင်္ကာပူတွင် ရုံးလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်သလို
မည်သည့် အပိုကြေး၊ လက်ဘက်ရည်ကြေးမှ မပေးရသည့်အပြင် ပြက္ခဒိန်ဝယ်ရခြင်း၊ ရန်
ပုံငွေထည့်ရခြင်း ဒုက္ခတို့မှ ကင်းဝေးပါသည်။ လိုအပ်သည့် အချက်အလက်များကိုလည်း
သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများမှ တဆင့် ကြိုတင်ဖတ်ရှုနိုင်သလို
ကြေညာချက်များကိုလည်း ရှင်းလင်းတိကျစွာ ဖော်ပြထားသည်။ မလိုအပ်သည့် ကြိုးနီစနစ်
များကို အစွမ်းကုန် လျှော့ချထားပြီး လုပ်ကိုင်စရာ ကိစ္စများကို လျင်မြန်စွာ ပြီးစီးနိုင်စေရန်
အဓိက ထား၍ ဆောင်ရွက်ကြသည်။ Transparency International မှ ၂၀၁၁ နှစ်တွင်
ပြုလုပ်သည့် စစ်တမ်းအရ ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အကင်းဆုံး နိုင်ငံများထဲ၌
ပဉ္စမနေရာကို ရရှိထားပြီး အာရှတိုက်ရှိ နိုင်ငံများထဲတွင် အဂတိလိုက်စားမှု အကင်းဆုံး
ဖြစ်သည်။ မြန်မာနိုင်ငံမှာမူ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် အောက်ဆုံးမှ စရေလျှင် မြောက်
ကိုရီးယားနှင့် ဆိုမားလီယားတို့၏ အထက်တွင် ရပ်တည်နေကာ အာဖဂန်နစ္စတန်နိုင်ငံနှင့်
အတူ အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံများထဲတွင် တတိယနေရာ ရောက်နေသည်။

ကျန်းမာရေးစောင့်ရှောက်မှု

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင်လည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ရလျှင် မြန်မာနိုင်ငံရှိ
ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများသည် စင်္ကာပူရှိ အစိုးရဆေးရုံ ဆေးခန်းများကိုပင် မမီပါချေ။
ယေဘုယျအားဖြင့် ဆိုရလျှင် သန့်ရှင်းသပ်ရပ်မှု ရှိသလို ပေးရသည့် ၀န်ဆောင်ခနှင့် ထိုက်
တန်သည့် ဆရာဝန်များ၊ သူနာပြုများနှင့် ၀န်ထမ်းများ၏ ၀န်ဆောင်မှုကို ပြန်ရသည်။ ပြီးစလွယ်
မလုပ်သလို စရိတ်မျှပေး ဆေးခန်းများတွင်လည်း ဆရာဝန်ရေးပေးလိုက်သည့် ဆေးစာရွက်လေး
သွားပြနေစရာ မလိုချေ။ ထို့ပြင် အမြဲတမ်းနေထိုင်ခွင့်ရထားသူ (ပီအာ)နှင့် စင်္ကာပူနိုင်ငံသားများ
မှာလည်း Central Provident Fund (CPF) ဟု ခေါ်သည့် လစဉ် မစုမနေရ ထည့်ဝင်ရသည့်
စုငွေထဲမှ ပေးနိုင်သည့်အပြင် ကျန်းမာရေးအာမခံများ ၀ယ်ယူထားပါက ဆေးရုံစရိတ်စကများ
အတွက် အထူးတလည် သောကရောက်ကြရခြင်း မရှိပေ။ စင်္ကာပူတွင် ကျန်းမာရေးစောင့်
ရှောက်မှုအတွက် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း အကြား အသုံးပြုပြီး မြန်မာနိုင်ငံတွင်မူ
လန်ဒန်အခြေစိုက် International Institute for Strategic Studies မှ ထုတ်ပြန်သည့်
မှတ်တမ်းအရ ၀.၄ ရာခိုင်နှုန်း အသုံးပြုသည်ဟု စိတ်မကောင်းဖွယ်ရာ သိရသည်။



အင်တာနက် မြန်ဆန်

ထို့အပြင် စင်္ကာပူနှင့် ပတ်သက်၍ ပြောချင်သည်က စာတတ်မြောက်မှုနှုန်းနှင့် ကွန်ပျူတာ
တတ်ကျွမ်းမှုနှုန်း (Computer Literacy) မြင့်မားခြင်း ဖြစ်သည်။ အင်တာနက်သုံးစွဲမှုနှုန်း
မှာလည်း ၂၀၀၃ ခုနှစ်တွင် ၆၅% ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၇၆% အထိ တိုးတက်လာခဲ့သည်။
အင်တာနက်အမြန်နှုန်းတွင်လည်း 2Mbps မှ 10 Mbps သုံးစွဲသူ စုစုပေါင်းမှာ ၂၀၀၅ ခုနှစ်
တွင် ၅ သိန်းခဲ့သာ ရှိခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် ၁.၅ သန်း နီးပါး ရှိလာခဲ့သည်။ နိုင်ငံတ
ကာတွင် အင်တာနက် အမြန်နှုန်း သူထက်ငါ မြန်ဆန်အောင် ကြိုးစားနေချိန်တွင် ကျွန်တော်တို့
နိုင်ငံမှာတော့ အီးမေးလ်လေး တစ်ခု ပို့ဖို့ အတော် အချိန်ယူနေရသည်။ စင်္ကာပူတွင် အင်တာ
နက်ပေါ်မှ ရုပ်ရှင်တစ်ကား ကြည့်ရန် အတွက် မိနစ် ၂၀ ခန့်သာ Download လုပ်သည်ကို
စောင့်ရပါသည်။ နောက်ပြီး Video Conferencing လုပ်လို့ ရနေသည်။ ရန်ကုန်မှာတော့
အင်တာနက်ကဖေးမှ တဆင့် Voice Chat လောက် လုပ်သည်ကိုပင် အင်တာနက်လိုင်းက
ပြတ်လိုက်တောက်လိုက်နှင့် ခန္တီစ တရားကို အာရုံပြုနေရသည်။ အဓိကကျသည့် အချက်က
စင်္ကာပူတွင် အင်တာနက်သုံးစွဲရန် အဖိုးအခမှာ များစွာ သက်သာနေသော်လည်း မြန်မာနိုင်ငံ
တွင်မူ နိုင်ငံတကာနှင့် ယှဉ်ပါက အဆများစွာ ပေးနေရပြီး အင်တာနက်လိုင်းများမှာလည်း
အလွန်တရာ နှေးကွေးဆဲဖြစ်သည်။ အင်တာနက် အမြန်လမ်းမကြီးပေါ်တွင် စင်္ကာပူက
ပြိုင်ကားနှင့် မောင်းနှင်နေချိန်ဝယ် မြန်မာနိုင်ငံက ဆိုက်ကားနှင့် ယှဉ်မောင်းနေ၍
မသင့်တော့ပါ။

ဘဏ်စနစ်ကောင်းမွန်

စင်္ကာပူ၏ ဘဏ်စနစ်မှာလည်း သုံးစွဲသူများ အဆင်ပြေစေရန် ဖန်တီးပေးထားသည်။
အေတီအမ်စက်များက နေရာတိုင်းလိုလိုမှာ ရှိနေသည်။ NETS ဟု ခေါ်သည့် စနစ်ဖြင့်
အေတီအမ်ကဒ်များကို အသုံးပြုပြီးလည်း ဈေးဝယ်စင်တာများ၊ စူပါမားကတ်များ၊
စားသောက်ဆိုင်များတွင် ပေးနိုင်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အသုံးပြုနိုင်ရန်
Myanmar Payment Union (MPU) ကို ကြိုးစားလုပ်ကိုင်နေသည်ဟု သတင်းတစ်ပုဒ်
ထဲတွင် ဖတ်လိုက်ရသည်။ လက်ကျန် ရှင်းတမ်းကြည့်ခြင်း၊ ငွေထုတ်ငွေသွင်း စာရင်းကြည့်ခြင်း
၊ ငွေလွှဲခြင်း၊ ဘီလ်များဆောင်ခြင်းတို့ကိုလည်း အင်တာနက်မှ တဆင့် အချိန်မရွေး
လုပ်ဆောင်နိုင်သည်။ ထို့ပြင် ငွေသွင်းစက် (Cash Deposit Machine) များမှ တဆင့်
မိမိဘဏ်အကောင့်ထဲသို့ ငွေသွင်းခြင်း ပြုလုပ်နိုင်ပါသည်။ ထို့အပြင် အိမ်ဝယ်ခြင်း၊
ကားဝယ်ခြင်း၊ စီးပွားရေး လုပ်ငန်း စတင်ခြင်း စသည့် ကိစ္စ အ၀၀တွင် ဘဏ်များထံမှ
ချေးငွေရယူ၍ သင့်တင့်သည့် အတိုးနှုန်းဖြင့် အရစ်ကျပြန်လည် ပေးဆပ်နိုင်ပါသည်။
အိမ်ဝယ်ရာတွင် နှစ် ၂၀ မှ နှစ် ၃၀ အထိ အရစ်ကျ ပေးဆပ်နိုင်သလို ကားဝယ်ရာတွင်
လည်း ၁၀ နှစ် အထိ အရစ်ကျ ပေးဆပ်နိုင်သည်ဟု သိရသည်။

အလုပ်အကိုင်ဖန်တီးမှု

စင်္ကာပူတွင် အလုပ်အကိုင်ဖန်တီးမှု မြင့်မားပြီး အလုပ်လက်မဲ့နှုန်းမှာ စက်တင်ဘာ ၂၀၁၁
တွင် ထုတ်ပြန်သော စာရင်းဇယားအရ ၂ ရာခိုင်နှုန်းသာ ရှိသည်။ လက်ရှိ အလုပ်လုပ်ကိုင်နေ
သူ လုပ်သား စုစုပေါင်း ၃.၁၉ သန်း ရှိသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ကိုင်နေသူ
စုစုပေါင်း ၅ သိန်း ၄ သောင်းကျော် ရှိပြီး ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်နေသူ
စုစုပေါင်း ၄ သိန်းကျော်ရှိသည်။ စင်္ကာပူရှိ လုပ်ငန်းခွင် အသီးသီးတွင် လုပ်ကိုင်နေကြသည့်
မြန်မာများမှာလည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာခဲ့သလို သင်္ဘောကျင်းနှင့်
ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူများ၊ အင်ဂျင်နီယာများ၊ ဆေးရုံဆေးခန်းများ
တွင် လုပ်ကိုင်နေသော ဆရာဝန်များ၊ သူနာပြုများ၊ ကွန်ပျူတာပညာရှင်များ၊ စာရင်းကိုင်များ
စသဖြင့် များစွာ ရှိသည်။ ၂၀၀၈ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ထုတ်ဝေသည့် စင်္ကာပူနိုင်ငံထုတ်
The Straits Times သတင်းစာက ရေးသားရာ၌ တရားဝင်ထုတ်ပြန်သည့် စာရင်းမှာ ၅
သောင်းမှ ၆သောင်းကြား ဖြစ်သော်လည်း မြန်မာနိုင်ငံသား သိန်းနှင့်ချီ၍ လာရောက်
အလုပ် လုပ်ကိုင်နေကြသည်ဟု ခန့်မှန်းရသည်ဟူ၍ ရေးသားထားသည်ကို တွေ့ရသည်။

ပွင့်-လင်း-မြင်-သာ

စင်္ကာပူနှင့် ရန်ကုန်တို့၏ ကွာခြားချက်များစွာ ကျန်ပါလိမ့်ဦးမည်။ သို့သော် အထက်ဖော်ပြပါ
အချက်များတွင် စင်္ကာပူနှင့် ရင်ဘောင်တန်းနိုင်ပြီ ဆိုလျှင် ကျေနပ်ပါသည်။ ထို့ကြောင့်
တာဝန်ရှိသူ အားလုံး မိမိကျရာ အခန်းကဏ္ဍမှ ကြိုးစားပေးစေလိုပါသည်။ စင်္ကာပူနှင့် နိုင်ငံ
အသီးသီးတွင် ရောက်ရှိကာ ပညာသင်နေသော၊ လုပ်ငန်းခွင်တွင် ရောက်နေသော လူငယ်
လူရွယ်များစွာ ရှိပါသည်။ ထို လူငယ်လူရွယ်များ ပြည်တော်ပြန်ရန် ခေါ်နေရုံဖြင့် မဖြစ်ဘဲ
လုံလောက် ကောင်းမွန်သည့် အခြေအနေများကို ဖန်တီးပေးစေလိုပါသည်။ သို့မဟုတ်လျှင်
မြန်မာနိုင်ငံတွင် မွေးသော လူတော်များကို စင်္ကာပူက အဆင်သင့် မွေးစားသွားသည့် အဖြစ်မျိုး
ပိုမို ကြုံတွေ့ရပါလိမ့်မည်။ ဧရာဝတီမြစ် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ စင်္ကာပူတွင်
လာရောက်ဟောပြောသွားသော ဆရာအော်ပီကျယ်၏ စကားနှင့် ဆိုရလျှင် ပွင့်လင်းမြင်သာမှု
(Transparency) ရှိဖို့ အရေးကြီးပါသည်။ ပိတ်ထားလျှင် မှောင်နေပါလိမ့်မည်။ ပွင့်မှ လင်းမည်။
လင်းမှ မြင်ပါမည်။ မြင်မှ သာ(ယာ) ၀ပြောပါလိမ့်မည်။ မည်မျှပင် နောက်ကျနေပါစေ။
ကျွန်တော်တို့ အတူတကွ တွန်းတင်ကြရပါမည်။ သူများ ခြေတလှမ်းလှမ်းလျှင်
အလှမ်းပေါင်းများစွာ လှမ်းကြဖို့ လိုပါမည်။ ကျွန်တော်တို့ မြန်မာပြည်သားများ ညီညီညွတ်ညွတ်
စည်းစည်းလုံးလုံးဖြင့် ကြိုးစားကြမည်ဆိုလျှင် စင်္ကာပူကို ဆယ်စုနှစ်အနည်းငယ်အတွင်း
ကျော်ဖြတ်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ လူကြီးမင်းတို့၏ ဖုန်းများ ဆက်သွယ်မှု
ဧရိယာပြင်ပသို့ ရောက်နေခြင်း မရှိမှသာ လျင်မြန်စွာ ရွေ့လျောနေသည့် ကမ္ဘာကြီးနှင့်
ကျွန်တော်တို့ မြန်မာနိုင်ငံသားများ ပြန်လည် ချိတ်ဆက်မိမည် ဖြစ်ပါကြောင်း။

ညီညီ (သံလွင်) ၏ Facebook စာမျက် နှာ မှ ဤ ဆောင်းပါး ကို ရယူပါသည်။

ကိုးကား။

၁။ IDA’s Annual Survey on Infocomm Usage in Households and by Individuals for 2008

၂။ www.mof.gov.sg

၃။ www.singstat.gov.sg

၎။ www.nlb.gov.sg
http://freedomnewsgroup.com

ပျဉ်းမနားတွင် မီတာပုံးများ တရားမ၀င်ရောင်းချနေ

Published on December 8, 2011 by ဒီဗွီဘီ · No Comments

ပျဉ်းမနား လယ်ဝေးမှာ လျှပ်စစ်အင်ဂျင်နီယာတွေက လူကြီးစစ်ဆေးရေး လမ်းကြောင်းရှိရင် ငွေပုံပေးဝယ်ထားရတဲ့ မီတာပုံးတွေကို လာဖြုတ်သိမ်းနေပါတယ်။

လယ်ဝေးလျှပ်စစ်က အင်ဂျင်နီယာတွေ၊ လျှပ်စစ်ဦးစီးမှူးတွေ၊ အထက်က ဘာမှမကျဘဲနဲ့ တရားမ၀င်ဘဲနဲ့ မီတာပုံးတွေကို ရောင်းတာပေါ့။ အစိုးရမှာလျှောက်ရင် ၇ သောင်းခွဲပဲကျတယ်။ လျှောက်ရင် ​လျှောက်လို့ရတယ်။ လျှောက်ခတွေက သူတို့သတ်မှတ်ထားတာ ၁၀၀၀ ပဲ။ တောင်းတာက ၃၀၀၀၊ အဲဒါက ရလားဆိုတာတော့ မရဘူး။ ရပ်ကွက်ထဲမှာ သွယ်ထားတာကျတော့ မီတာက တအိမ်ကို ၅ သိန်းတန် မီတာရှိတယ်။ ၆ သိန်းတန် မီတာရှိတယ်။ ဒီလိုမျိုးလုပ်စားနေတာ ဦးစီးမှူးက မသိဘူး။ လက်အောက်ငယ်သားတွေနဲ့ ပေါင်းစားနေတာပေါ့။ အခု ဦးစီးမှူးကို တိုင်တဲ့အခါကျတော့ ကျမတို့ကို လူကြီးတွေလာစစ်ဆေးမယ်ဆိုပြီးတော့ စစ်ဆေးတဲ့အခါကျရင် ကြိုးတွေကို လာဖြုတ်ထားလိုက်တယ်။ ပြီးရင် အဲဒီလူကြီးတွေက မစစ်ဆေးဘဲနဲ့ ပြန်သွားတဲ့လူကြီးလည်း ရှိတယ်။ စစ်ဆေးပြီးမှ ပြန်သွားတဲ့လူလည်း ရှိတယ်။ စစ်ဆေးပြီးမှ ပြန်တဲ့လူကြီးဆိုရင် သူတို့က ကြိုးတွေကို ဖြုတ်ထားတယ်။ မစစ်ဆေးဘဲ ပြန်တဲ့လူကြီးဆိုရင် သူတို့ လယ်ဝေး ထိပ်တန်း စားသောက်ဆိုင်မှာ လိုက်ကျွေးတယ်။

ကျမတို့ရပ်ကွက်မှာဆိုရင် သုံးသိန်း တခါတည်း ပေးလိုက်ရပြီးတော့ အခု စစ်ဆေးရေးဝင်မှာဆိုးလို့ဆိုပြီးတော့ အဲဒီကောင်မလေးတွေဆိုရင် မီတာအလုံးလိုက်ပြန်သိမ်းသွားတယ်။ နောက်ထပ်အိမ်တွေမှာလည်း ၅ သိန်း၊ ၆ သိန်း ပေးထားတဲ့အိမ်တွေတော့ရတယ်။ အဲဒီလိုမျိုး လူကြီးလာစစ်ဆေးမယ်ဆိုရင်တော့ ဖြုတ်သိမ်းထားတာပေါ့။ အစိုးရဈေးနဲ့တော့ လုံးဝမရဘူး။ အဲဒါ အထက်ကလူကြီးတွေက လုံးဝမသိဘူး။ တကယ်လို့ လာစစ်တဲ့သူကလည်း အဖွဲ့နဲ့အတူတူပဲဆိုရင်တော့ ဒီလိုမျိုး လုပ်စားနေတာက ပျောက်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီဗွီဘီကနေ တင်ပြလိုက်တာပါ။

လယ်ဝေးဒေသခံတဦး
http://burmese.dvb.no/archives/18623

ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်အမှု ​နေပြည်​တော်​ရောက်




Published on December 9, 2011 by နေသွင်   
အင်း ​စိန်​ထောင်မှာ ကျန်း​မာ​ရေး​ဆိုး​ရွား​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကို​နေမျိုး​ဇင်ရဲ့​ အမှုကို ​နေပြည်​တော်မှာ ပြင်ဆင်ချက်​လျှောက်ထား​လိုက်တယ်လို့​ သူ့​ရှေ့​နေ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။

ကို နေမျိုးဇင်

အီလက်ထ​ ရောနစ်ပုဒ်မနဲ့​ ​ထောင်ဒဏ် ၁၀ နှစ်ချခံထား​ရတဲ့​ ကို​နေမျိုး​ဇင်ရဲ့​ အယူခံကို ရန်ကုန်တိုင်း​ဒေသကြီး​ တရား​ရုံး​အမှတ် ၆ က ပယ်လိုက်ပြီး​နောက် ​နေပြည်​တော်ပြည်​ထောင်စု တရား​ရုံး​ချုပ်မှာ ဒီဇင်ဘာ ၇ ရက်​နေ့​က ပြင်ဆင်ချက် ​လျှောက်ထား​လိုက်တာပါ။>
ဒီတခါ ပယ်ချခံရရင် ​နောက်ဆုံး​အဆင့်​ အယူခံတက်စရာပဲ ကျန်​တော့​တယ်လို့​ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။
“ပထမဆုံး​က အယူခံ၊​ အယူခံပြီး​ရင် ပြင်ဆင်မှု၊​ ပြင်ဆင်မှုပြီး​ရင် အထူး​အယူခံဆိုတာ ရှိ​သေး​တယ်။ ​နောက်ဆုံး​အဆင့်​က သုံး​ပါး​ထိုင်​ခေါ်တာ​ပေါ့​။ အဲဒီအဆင့်​ ကျန်​သေး​တယ်။ အဲဒါက အထူး​အယူခံ​ခေါ်တာ​ပေါ့​။ အဲဒါပြီး​ရင်​တော့​ ကုန်ပြီ။ အခုက ​နောက်တဆင့်​ကျန်​သေး​တယ်။”
ဗိုလ်ကြီး​ ဟောင်း​ဖြစ်တဲ့​ ကို​နေမျိုး​ဇင်ကို ပြီး​ခဲ့​တဲ့​ ဧပြီလက ဖမ်း​ဆီး​ခဲ့​ပြီး​တဲ့​နောက် ဩဂုတ်လအတွင်း​မှာ အီလက်ထ​ရောနစ်ပုဒ်မနဲ့​ ​ထောင် ၁ဝနှစ် ချမှတ်ခဲ့​ပါတယ်။
ကို​နေမျိုး​ ဇင်ကို ဖမ်း​ဆီး​တဲ့​အချိန်က​နေ တရား​ရုံး​မှာအမိန့်​ချတဲ့​အထိ သက်ဆိုင်ရာ အဆင့်​ဆင့်​ရဲ့​ လုပ်​ဆောင်ချက်​တွေ အား​လုံး​ မှား​ယွင်း​ခဲ့​တာ​တွေ​ကြောင့်​ လုံး​ဝ လွှတ်​ပေး​သင့်​တယ်လို့​ ​ရှေ့​နေ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။
ကို​နေမျိုး​ ဇင်ဟာ လွန်ခဲ့​တဲ့​ နှစ်လ​ကျော်က ​ထောင်ထဲမှာ ​ချော်လဲရာက​နေ ခါး​ရိုး​တ​ချောင်း​ ပဲ့​သွား​ပြီး​နောက် ​လော​လောဆယ် အင်း​စိန်​ထောင်တွင်း​က ​ဆေး​ရုံမှာ တက်​ရောက်​နေရပါတယ်။
ဒဏ်ရာက ​အောက်ပိုင်း​သေနိုင်တဲ့​ အ​ခြေအ​နေရှိတယ်လို့​ ဆရာဝန်​တွေက မှတ်ချက်​ပေး​တဲ့​အတွက် ကို​နေမျိုး​ဇင်ကို အပြင်​ဆေး​ရုံမှာ​ဆေး​ကုသခွင့်​ရဖို့​ မိသား​စုက သက်ဆိုင်ရာကို ​တောင်း​ဆိုထား​ပေမယ့်​ အခုထိ မရ​သေး​ပါဘူး​။
လွန်ခဲ့​တဲ့​တပတ်​ကျော်က ကို​နေမျိုး​ဇင်နဲ့​ သွား​တွေ့​ခဲ့​တဲ့​ မိခင်ဖြစ်သူ ​ဒေါ်ခင်သီက အ​ခြေအ​နေကို အခုလို ​ပြောပါတယ်။
“လူ​လေး​ ယောက်ထမ်း​ပြီး​တော့​ အန်တီတို့​တွေ့​တဲ့​အခန်း​ထဲကို လာထိုး​ထည့်​သွား​တယ်။ စား​ပွဲ ၂ လုံး​ဆက်ထား​ပြီး​တော့​။ စဖြစ်ကတည်း​က ​ဆေး​ကုသခွင့်​ပေး​မယ်ဆိုပြီး​ မ​ပေး​ဘဲနဲ့​ ဒီတိုင်း​ပဲထား​တယ်။ ​ဆေး​လည်း​ ဟုတ်တိပတ်တိ မဟုတ်ဘူး​။ အကိုက်အခဲ​ပျောက်​ဆေး​ပဲ တိုက်တယ်တဲ့​။ ကြာလာ​တော့​ အစာအိမ်ထိခိုက်သွား​ပြီတဲ့​။ မ​သောက်နဲ့​တော့​လို့​ ​ပြောခဲ့​တယ်။ လိမ်း​ဆေး​လေး​လိမ်း​ပြီး​ ကျန်း​မာ​ရေး​တော့​ ဂရုစိုက်​တော့​လို့​ မှာခဲ့​တယ်။”
ကို​နေမျိုး​ ဇင်ဟာ ၂၀၀၅ ခုနှစ်မှာ တပ်က​နေ ထွက်ပြီး​တဲ့​နောက် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်လူငယ်​တွေ အများ​စုပါဝင်တဲ့​ ​သွေး​ကူညီ​ပေး​ရေး​ အဖွဲ့​မှာ ကူညီ​နေရင်း​ ဖမ်း​ဆီး​ထောင်ချခံခဲ့​ရတာပါ။>
http://burmese.dvb.no/archives/18678


အန်အယ်လ်ဒီပါတီ ပြန်လည်တည်​ထောင်ခွင့်​အဖွဲ့​ဝင်များ​ စစ်​ဆေး​ခံ​နေရ


Published on December 9, 2011 by မင်းလွင်  

အန်အယ်လ်ဒီပါတီ ပြန်လည်တည်​ထောင်ခွင့်​ရဖို့​အတွက် ​လျှောက်ထား​ခဲ့​တဲ့​ ၂၁ ဦး​ပါ အဖွဲ့​ဝင်​တွေကို နယ်​မြေခံသတင်း​တပ်ဖွဲ့​နဲ့​ စုံစမ်း​စစ်​ဆေး​ရေး​(စစစ) အဖွဲ့​ဝင်​တွေက စစ်​ဆေး​နေတယ်လို့​ သိရပါတယ်။
မ​​ကွေး​ တိုင်း​ သတင်း​တပ်ဖွဲ့​က လာ​ရောက် စစ်​ဆေး​သွား​တာနဲ့​ ပတ်သက်ပြီး​ ပထမ ၂၁ ဦး​ထဲမှာ ပါဝင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် မ​ကွေး​တိုင်း​က ​ဒေါ်ခင်​စော​ဌေး​က အခုလို ​ပြောပါတယ်။
“အန်တီကို စစ်တာ​တော့​ ဒီဇင်ဘာ ၁ ရက်နဲ့​ ၂ ရက်​လောက်က။ မ​ကွေး​တိုင်း​ကကို ဆင်း​လာတာ။ ရဲသတင်း​ အထူး​တပ်ဖွဲ့​လို့​ ​ခေါ်မှာ​ပေါ့​။ ​နောက်ပြီး​တော့​ စသုံး​လုံး​က သပ်သပ်။ ပြည်ထဲ​ရေး​လက်​အောက်ကလို့​ ​ပြောတယ်။ နှစ်ဖွဲ့​လာတယ်။ သူတို့​က ရဲနဲ့​ မဆိုင်ဘူး​တဲ့​။”
၂၁ ဦး​ အဖွဲ့​ဝင်​တွေရဲ့​ နိုင်ငံခြား​က အ​ထောက်အပံ့​ခံရတာ ရှိသလား​ ဆိုတာကိုလည်း​ အဓိက စစ်​ဆေး​တယ်လို့​ အစစ်​ဆေး​ခံရတဲ့​ ​ဒေါ်ခင်​စော​ဌေး​က ​ပြောပါတယ်။
“အန်တီတို့ ​ကိုလည်း​ ကိုယ်​ရေး​ရာဇဝင် လာစစ်တယ်​လေ။ အဓိက သူတို့​လိုချင်တဲ့​ အချက်က မူး​ယစ်​ဆေး​ဝါး​နဲ့​ ကင်း​လွတ်သလား​၊​ နိုင်ငံခြား​အဖွဲ့​တွေက ​ထောက်ပံ့​မှု ခံရသလား​၊​ အန်ဂျီအို (အစိုး​ရမဟုတ်​တော့​ အဖွဲ့​အစည်း​) ​တွေနဲ့​ ဆက်သွယ်သလား​၊​ ဒါ​တွေ အဓိက ထား​တာ​လေ။ ​နောက်ပြီး​ အန်တီတို့​ကို ဘာသင်တန်း​တွေ တက်​သေး​လဲ၊​ ဘာလဲ​ပေါ့​။ သူတို့​က နိုင်ငံခြား​က အသင်း​တွေကို တရား​မဝင် အဖွဲ့​အစည်း​လို့​ သတ်မှတ်တာကိုး​။ သူတို့​က ကိုယ်​ရေး​ရာဇဝင်​တွေကို ယူသွား​တာ​ပေါ့​။ ယူပြီး​တော့​ အန်တီတို့​ ဓာတ်ပုံနဲ့​ ယူသွား​တယ်။ အန်တီတို့​ကလည်း​ ရိုး​ရိုး​သား​သား​ လုပ်တဲ့​သူဆို​တော့​ ​ပေး​တယ်​လေ။”
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ ချုပ်က​နေ ပါတီပြန်လည်တည်​ထောင်ခွင့်​ရဖို့​ ​လျှောက်ထား​ရမှာ တိုင်း​နယ် ပြည်နယ်က လူငယ်နဲ့​ အမျိုး​သား​သမီး​တွေကို အဓိကထား​ပြီး​ စုစု​ပေါင်း​ ၂၁ ဦး​နဲ့​ နိုဝင်ဘာလ ၂၄ ရက်​နေ့​က ဖွဲ့​စည်း​ခဲ့​ပါတယ်။
အဲဒီ ၂၁ ဦး​ကို ဥပဒအရ လွတ်ကင်း​မှသာ နိုင်ငံ​ရေး​တည်​ထောင်ခွင့်​ကို ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်က ခွင့်​ပြုမယ်လို့​ သိရပါတယ်။
http://burmese.dvb.no/archives/18668