Saturday, December 10, 2011

မြန်မာနိုင်ငံ ငြိမ်းချမ်းချိန် ဒေါ်စုမျှော်မှန်း


စနေ, 10 ဒီဇင်ဘာ 2011

By ဦးတင်မောင်သန်း

ဓာတ်ပုံ ASSOCIATED PRESS
ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ငြိမ်းချမ်းရေးဆုရရှိတဲ့ နှစ် (၂၀) မြောက် ဂုဏ်ပြု အခမ်းအနား အမှတ်တရဓါတ်ပုံ။ (ဒီဇင်ဘာလ ၁၀၊ ၂၀၁၁)

ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရရှိတဲ့ နှစ် (၂၀) မြောက် ဂုဏ်ပြု အခမ်းအနားတရပ်ကို ဒီကနေ့ ရန်ကုန်မြို့ ကြည့်မြင်တိုင် နတ်စင်လမ်း၊ သာဓုပရိယတ္တိ စာသင်တိုက်ထဲက ရွှေည၀ါ ပညာဗိမ္မာန် ဘုန်းကြီးကျောင်းမှာ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ရရှိနေတဲ့အခွင့်အရေးတွေကို ဆုပ်ကိုင်ပြီးတော့ ငြိမ်းချမ်းရေး ရရှိအောင်ကြိုးစားဖို့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် အခွင့်အလမ်းပွင့်နေတာကြောင့် ငြိမ်းချမ်းပြီး လူ့အခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံကို ရောက်ရှိအောင် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အကဲဖြတ်ဆော်သြသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရရှိခဲ့တဲ့ အနှစ် (၂၀) မြောက်နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့ ကြည့်မြင်တိုင် ရွှေည၀ါ ဘုန်းကြီးကျောင်းမှာ ကျင်းပရာမှာ အခုလို ပြောဆိုသွားခဲ့တာပါ။
“ကျမတို့ခေတ်မှာ အရင်ခေတ်အဆက်ဆက်က မရခဲ့တဲ့ငြိမ်းချမ်းရေးကို ရအောင်လုပ်နိုင်ဖို့ အခွင့်အရေး ရနေပြီဆိုတဲ့ စိတ်တွေထားပြီးတော့ ဒီအခွင့်အရေးကို လက်မလွှတ်တမ်းဆုပ်ကိုင်ဖို့ အရေးကြီးပါတယ်။ အခွင့်အရေးဆိုတာ တခါတလေ တော်တော်နဲ့ ပြန်မလာတတ်ပါဘူး။ လာတဲ့အခါမှာ ရအောင်ဆုပ်ကိုင်ရမယ်။ ဒီအခွင့်အရေးကို အများအကျိုးအတွက်ဖြစ်အောင်လို့ သုံးစွဲသွားရမယ်။ အဲဒီလိုစိတ်နဲ့ ကျမတို့အားလုံး ဆက်ပြီးတော့ သွားနိုင်လို့ရှိရင် ကျမတို့ရဲ့ နိုင်ငံထဲမှာ မကြာမီကာလမှာ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းတဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ အကာအကွယ်ပေးတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာမှာပါ။”
မြန်မာနိုင်ငံရဲ့ မှတ်တမ်းတင် သမိုင်းကာလ နှစ်ပေါင်း ၁,၀၀၀ ကျော်မှာ ငြိမ်းချမ်းတဲ့ကာလက နှစ်ပေါင်း ၇၀ လောက်ပဲ ရှိခဲ့တယ်လို့ သမိုင်းဆရာ ဒေါက်တာ တိုးလားက သူ့ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပြောခဲ့ဖူးပါတယ်။ အဲဒီအဖြစ်ကနေ မြန်မာနိုင်ငံ ရုန်းထွက်နိုင်ပြီး ပြည်သူတွေ အိပ်ကောင်းခြင်းအိပ်ရ၊ နိုးကောင်းခြင်းနိုးရတဲ့ ဘ၀မျိုးကို ဒေါ်အောင်ဆန်းစုကြည်က မျှော်မှန်းပြောကြားပါတယ်။
“အိပ်တဲ့အခါမှာ အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံနဲ့ အိမ်နိုင်တယ်၊ နိုးတဲ့အခါမှာလည်း ဒီအတိုင်းပဲဖြစ်ရမယ်။ နိုးလာပြီ၊ နိုးနိုးချင်း ဒီနေ့တော့ ဘာဖြစ်ဦးမှာလဲ။ ဘယ်သူက ဘာလုပ်ဦးမှာလဲ၊ ဘယ်သူကနေ အနိုင်ကျင့်ဦးမှာလဲ၊ ဒီနေ့ဝမ်းစာကို ဘယ်လိုရှာရဦးမှာလဲ၊ ဒီလို ပူပင်သောကတွေ ဘာမှမရှိဘဲနဲ့ နိုးရခြင်းဟာ ဒါ ငြိမ်းချမ်းရေးရဲ့ အရသာပဲ။ နိုးတဲ့အခါမှာလည်း ချမ်းသာရတယ်။ ဒီတော့ ကျမတို့နိုင်ငံ တနိုင်ငံလုံးကို ငြိမ်းချမ်းစေချင်တယ်ဆိုတာ ဒါပါပဲ။ ကျမတို့ရဲ့ ပြည်သူပြည်သားအားလုံး အထူးသဖြင့် အခုချိန်မှာဆိုလို့ရှိရင် စစ်မက်တွေကြောင့် စစ်နဲ့ဆိုင်တဲ့ကိစ္စတွေ၊ အပစ်အခတ်တွေကြောင့်မိုလို့ ရန်ပွားမှုတွေကြောင့်မိုလို့ အေးအေးချမ်းချမ်း မနေရတဲ့ ကျမတို့ရဲ့ တိုင်းရင်းသားတွေကို အထူး ကျမ စဉ်စားမိပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်က အဲဒီအတိတ်က အဖျက်သဘောဆောင်ခဲ့တဲ့ လုပ်ရပ်တွေကို ပစ္စုပ္ပန်နဲ့ အနာဂတ် အတွက် အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေအဖြစ် အားလုံးကပြောင်းလဲကြဖို့ တိုက်တွန်းလိုက်ပါတယ်။
“အဓိက အကုသိုလ်တွေကို အခု ပစ္စုပ္ပန်နဲ့ အနာဂတ် အတွက် ကုသိုလ်တွေဖြစ်အောင်လို့ ကျမတို့ ကြိုးစားရမယ်။ အဲဒီလိုလုပ်ခြင်းမှသာလျင် ကျမတို့ပြည်သူတွေ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ဆီကို ကျမတို့ လျောလျောရှူရှူ နိုင်မယ်။”
ဒါ့အပြင် မေတ္တာ၊ ဂရုဏာစိတ်ဓါတ်အပြင် မုဒိတာစိတ်နဲ့ မြန်မာနိုင်ငံကို တည်ဆောက်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။
“တစ်ဦးအပေါ်တစ်ဦး မေတ္တာ၊ ဂရုဏာတင်သာမက မုဒိတာပွားပြီးတော့ ကျမတို့အထဲက တိုးတက်နိုင်တာ မှန်သမျှအတွက် အားလုံးက ၀ိုင်းပြီးတော့ ဂုဏ်ယူပြီးတော့ ကိုယ်လည်း ဒီလိုပဲ တတ်နိုင်သမျှ တိုးတက်အောင် လုပ်မယ်လို့ စိတ်တွေနဲ့ ကျမတို့ လုပ်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးပန်းတိုင်ဟာ သိပ်ပြီးတော့ ဝေးမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးပန်းတိုင်ဟာ ထင်သလောက် ခက်မှာမဟုတ်ပါဘူး။”
ဒီပွဲမှာ အမှာစကားပြောကြားခဲ့တဲ့ ဆရာဦးဝင်းတင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ဆု ချီးမြှင့်တာဟာ ကမ္ဘာ့ထောက်ခံမှုကို ပြသတာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
http://www.voanews.com/burmese/news/Burma-Peace-12-10-11-135372848.html

လွမ်းလျလို့ ရေးလိုက်တဲ့ စာ

Sat, Dec 10th, 2011 By KoSan

၁၉၉၁၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ။ ကျမတို့တွေရဲ့ အသက်တွေလည်း ၄၀ ကျော်တွေ ဖြစ်သွားပါပြီ။ ၁၉၉၁ တုန်းက ကျမတို့တွေရဲ့ အသက်က ၂၀ ကျော်ဝန်းကျင်တွေပါ။ အဲဒီအချိန်တုန်းက ကျမတို့က တက်ကြွလှုပ်ရှားသူတွေပေါ့။ အန္တရာယ် ဘယ်လောက်ကြီးကြီး မမှုတတ်တဲ့ အရွယ်တွေလေ။ တုံးဆိုရင်တိုက်၊ ကျားကိုက်ရင်လဲ မကြောက်တတ်တဲ့ အရွယ်၊ ဘာကိုပဲဖြစ်ဖြစ် ခံစားချက်ကို အဓိကထား ပေါက်ကွဲတတ်သူတွေပါ။ ဒါကြောင့်လည်း ကျမတို့ ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရတဲ့ အထိမ်းအမှတ်နဲ့ ပေါက်ကွဲလိုက်ကြပါတယ်။

၁၉၉၁၊ အောက်တိုဘာလကုန်ပိုင်းလောက်မှာ ပြည်ပသတင်းဌာနတွေဖြစ်တဲ့ ဘီဘီစီ၊ ဗွီအိုအေကနေ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးတဲ့ ပြည်သူလူထုတွေ အတော်ကို ပျော်ရွှင် ဝမ်းမြောက်ကြပါတယ်။ လူတိုင်းရဲ့ ရင်ထဲက မျှော်လင့်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ပါ။

ကျမကျောင်းက သူငယ်ချင်းတွေနဲ့ စကားစပ်မိတော့ သူငယ်ချင်းတွေက မေးကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုဗယ်ဆုကနေ ရရှိတဲ့ ငွေကြေးတွေကို ဘယ်လို သုံးစွဲမလဲတဲ့။ ကျမက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းပြည်ရဲ့ ပညာရေးကဏ္ဍအတွက် ဒီငွေတွေကို သုံးမယ်လို့ ပြန်ဖြေလိုက်တာကို မှတ်မိနေပါတယ်။ ဘယ်သူတွေကပြောလို့ ကျမသိခဲ့ရတယ်ဆိုတာတော့ မမှတ်မိပါ။ ကျမစိတ်ထင်တော့ ဒေါ်အောင်ဆန်းစုကြည် မိသားစုက အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာ ဖြစ်နိုင်ပါတယ်။ မှတ်မှတ်ထင်ထင်ပါပဲ ကျမရဲ့ သူငယ်ချင်း စောအယ်ထူးဆိုတဲ့ နွမ်းပါးတဲ့ ကျောင်းသားတစ်ယောက်က ဒေါ်စု ထောက်ပံတဲ့ အထဲမှာ သူတို့ပါရင် သိပ်ကောင်းမှာပဲလို့ ပြောခဲ့တာကို သတိရမိပါတယ်။

၁၀ ဒီဇင်ဘာရဲ့ အကြောင်းကို ပြောမယ်ဆိုရင်တော့ အဲဒီမတိုင်ခင်ရဲ့ နိုင်ငံရေးအခြေအနေကို ပြောပြမှပဲ ပြည့်စုံပါလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ စစ်တပ်က အာဏာ မအပ်လေ တော့ ပြည်သူတွေရော၊ ကျောင်းသားတွေပါ န.ဝ.တကို မကျေနပ်ခဲ့ပါ။ အဲဒီအချိန်ကထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ရက် ၁၀၀ ပြည့်ပြီးချိန်မှာ အာဏာမအပ်တဲ့ အတွက် Black September လို့ခေါ်တဲ့ ထောင်တွင်း ဆန္ဒပြပွဲတစ်ခုကို ဆင်နွဲခဲ့ကြပါတယ်။ အဲဒီပွဲမှာ ထောင်အာဏာပိုင်တွေက ဆန္ဒပြသူတွေကို ရိုက်နှက်၊ ညှင်းပန်းပြီး ထောင်တွေ ပြောင်းခဲ့တာကြောင့် ဆန္ဒပြပွဲကို ရပ်တန့်လိုက်ရပေမဲ့ အားလုံးရင်ထဲမှာ မကျေနပ်နိုင်ခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆု ရတယ်လို့ သတင်းကြားတော့ ထောင်တွင်းမှာ ရှိနေတဲ့ ရဲဘော်တွေက အပြင်ကလူတွေ အနေနဲ့ တိုက်ပွဲခေါ်ဖို့ စဉ်းစားသင့်တဲ့ အကြောင်းကြားစာ ထုတ်ပေးခဲ့ပါတယ်။ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၊ ကြေးမုံသတင်းစာတွေရဲ့ ဆောင်းပါးရှင်ကဏ္ဍကနေ နိုဗယ်ဆုရရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေ့စဉ် တိုက်ခိုက်နေသလို နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့ကိုလည်း ၂၀ ရာစုနယ်ချဲ့နည်းနဲ့ အမေရိကန်ရဲ့ သြဇာသက်ရောက်အောင် လုပ်နေတယ် ဆိုတာမျိုးတွေကို ရေးသားနေတဲ့ အချိန်ပါ။

နိုင်ငံရေးသမားဟောင်းတချို့ကတော့ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရလိုက်တဲ့ အတွက် မြန်မာ့ဒီမိုကရေစီ အရေးကို နိုင်ငံတကာက အသိအမှတ်ပြုလိုက်တာ ဖြစ်ပေမဲ့ စစ်အစိုးရရဲ့ အရှိုက်ကို ထိုးလိုက်တာမို့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးမှာ မဟုတ်ဘူးလို့ ထင်မြင်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ကောလာဟာလ သတင်းတွေ ထွက်လာပြန်ပါတယ်။ စစ်အုပ်စုက ဒေါ်အောင်ဆန်း စုကြည်ကို နိုဗယ်ဆုကို လက်ခံဖို့အတွက် နိုင်ငံခြားကို ထွက်ခွင့်ပြုမယ်။ ဒါပေမဲ့ ပြန်မလာရတော့ဘူးလို့ သွားပြောတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ တိုင်းပြည်ရဲ့ ပြင်ပကို ထွက်ခွာသွားမှာတော့ မဟုတ်ဘူး လို့ ပြန်ပြောတယ်တဲ့။ သာမန်ပြည်သူဖြစ်တဲ့ ကျမတို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်အပေါ် တန်ဖိုးထားမှုကို ကြည်နူး ဝမ်းမြောက်ရပါတယ်။

အဲဒီအချိန်က ပြည်သူပြည်သားတိုင်းဟာ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရရှိတဲ့ အပေါ်မှာ စိတ်ဝင်စား နေကြသလို ဘာတွေများ အကျိုးသက်ရောက်မှု ရှိနေမလဲ ဆိုတာကို အမျိုးမျိုး တွေးဆနေကြပါတယ်။ ကျမတို့က ထောင်ထဲက သူငယ်ချင်းတွေရဲ့ ဆန္ဒကို သိရတော့ ကျမတို့လည်း လှုပ်ရှားမှုတစ်ခုခုကို လုပ်ဖို့ ဆန္ဒပြင်းပြလာပါတယ်။ ဒီ ၁၀ ဒီဇင်ဘာပွဲမှာ ကျမက ပါဝင်သူတစ်ဦးသာ ဖြစ်ပါတယ်။ စီစဉ်သူတော့ မဟုတ်ပါဘူး။

ဒီဇင်ဘာလဆန်းလောက်မှာ ကျမကို ကျမရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းမိတ်ဆွေ ရီရီထွန်းက မေးပါတယ်။ တကယ်လို့ ကျောင်းထဲမှာ ပွဲတစ်ခုခုဖြစ်ခဲ့ရင် ဘယ်လို ဝင်ရောက် ပါဝင်မလဲတဲ့။ ရီရီထွန်းက ကျောက်တံတား မြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကပါ။ ကျမကတော့ မဆိုင်းမတွပဲ ပါမှာပေါ့၊ ဘယ်လိုနေရာကဖြစ်ဖြစ် အဓိကက ပွဲစီစဉ်နိုင်ဖို့ပဲ အရေးကြီးတယ်လို့ ပြန်ပြောခဲ့ပါတယ်။ အဲဒီလိုပြောပြီးတဲ့ နောက်နေ့ကစပြီး ကျမ၊ ရီရီထွန်းနဲ့ ကျောင်း ထဲမှာ ရှိနေတဲ့ တော်လှန်ရေးအုပ်စုတွေဟာ R.C ထဲမှာ ကျင်းပနေတဲ့ အားကစားပွဲတွေဆီကို နေ့တိုင်းသွားပြီး အော်ဟစ် အားပေးနေပါတယ်။ ကျမတို့ရဲ့ အဓိက ရည်မှန်းချက်က ဘယ်သူတွေ ဘယ်လို လှုပ်ရှားလာမလဲ ဆိုတာကို စောင့်နေပေးတာပါ။

ဒီဇင်ဘာ ၅၊ ၆ လောက်ရောက်တော့ အားကစားပွဲတွေမှာ ကျောင်းသားတချို့က ဘာမှ မဟုတ်ဘဲနဲ့ သံရှည်စွဲပြီး အော်နေတာတွေ ရှိလာပါတယ်။ ကျမတို့ကလည်း အားပေးတဲ့ အနေနဲ့ နောက်ကနေ လိုက်အော်ပေး တာမျိုးတွေ လုပ်ကြပါတယ်။ ကျမသူငယ်ချင်း အိန်ဂျယ်က “နင်တို့ လျှောက်အော်နေ၊ တော်ကြာ အော်နေတဲ့ သူတွေ က ငထောက် (စစ်ထောက်လှမ်းရေး) တွေ ဖြစ်နေဦးမယ်” တဲ့။ ကျမတို့ကတော့ “အို.. ဘယ်သူဖြစ်ဖြစ် အရေးမကြီးပါဘူး၊ အရေးကြီးတာက အသံထွက်နေဖို့ပဲ မဟုတ်လား” လို့ ပြန်ပြောပြခဲ့ပါတယ်။

ဒီဇင်ဘာ ၇၊ ၈ ရက်လောက် ရောက်တော့ အားကစားပွဲတွေကို အားပေးတဲ့ ကျောင်းသားတွေ ပိုများလာ ပါတယ်။ ကျောင်းသားတွေက R.C ခေါင်မိုးက ထုတ်တန်းတွေပေါ် တက်ပြီး လင်းကွင်းတွေ တီးကြ၊ စလောင်းဖုံးတွေ တီးကြ၊ အော်ကြ၊ ဟစ်ကြနဲ့ အားပေးပါတယ်။ အမှန်ကတော့ ကျောင်းသားအားကစားပွဲတွေ ဆိုတာက အမြဲတမ်း ဒီလိုပဲ အားပေးနေကြပါပဲ။

ဒီလိုအချိန်၊ ဒီလိုရာသီမှာ ကျောင်းသားအားကစားပွဲတွေကို ကျင်းပပေးတဲ့ မော်ကွန်းထိန်း အပါအ၀င် တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့တွေက ကျောင်းသားတွေကို အာရုံလွှဲတဲ့ သဘောလို့ ကျမတို့ ထင်ပါတယ်။ ကျောင်းသားတွေရဲ့ အာရုံက ကျောင်းအားကစားပွဲတွေပေါ်မှာပဲ ရှိနေအောင်လို့ အဲဒီနေ့တွေမှာ ပွဲစဉ်တွေကို ကောင်းအောင် စီစဉ်ထားပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ ရူပဗေဒ ဂုဏ်ထူးတန်းက ကျောင်းသားတစ်ဦး အဖမ်းခံရပါတယ်။ ကျောင်းသား အားကစားပွဲတော်အတွင်းမှာ ဆန့်ကျင်ရေးစာဝေတာကြောင့် ထောက်လှမ်းရေးက နောက်ကလိုက်ပြီး ဖမ်းတာပါ။ အဲဒီ ကျောင်းသားနံမည်က ဘိုဘိုဟန်ပါ။ ဘိုဘိုဟန်က ထွက်ပြေးတော့ သူ့ကို ဝိဇ္ဇာကန်တင်းနားမှာ သူခိုးလို့ အော်ပြီး ဖမ်းခဲ့တဲ့ အကြောင်း ကျောင်းသားထုကြားထဲမှာ ပျံ့လွင့်သွားခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ အားကစားပွဲတွေကို ရပ်ဆိုင်းလိုက်ပါတော့တယ်။

ကျမတို့ ပထမ စီစဉ်ထားတာက အားကစားပွဲတော်မှာ အားပေးနေတဲ့ ကျောင်းသားတွေကို ဆွဲချမယ်လို့ပါ။ ဒါပေမဲ့ အားကစားပွဲတွေကို ရပ်လိုက်ပြီဆိုတာ သိတော့ ကျမတို့ တော်တော် စိတ်လှုပ်ရှားသွားပါတယ်။ ဒီနေ့ပွဲက စည်စည်ကားကားမှ ဖြစ်ပါ့မလားပေါ့လေ။ ဒါကြောင့်လည်း ကျမတို့ရဲ့ အဆောင်တွေဖြစ်တဲ့ သိပ္ပံတွဲတွေထားတဲ့ ကျောင်းဆောင်တွေဘက်မှာ ကျမတို့ သင်္ချာတွေကို သီးသန့်ထားတဲ့ စာကြည့်တိုက်အဆောင် ULB ဘက်မှာ “လိုက်ကြမလား၊ ဒီနေ့ပွဲရှိတယ်” ဆိုပြီး လှည့်ပြောကြပါတယ်။ တချို့က မနေ့က ကိစ္စကြောင့် ရပ်သွားတဲ့ အားကစားပွဲ တွေကို ပြန်လုပ်မယ်ထင်ပြီး ဘယ်မှာလဲ ဆိုတဲ့ စကားကို လိုက်မေးပါတယ်။ ကျမတို့က “R.C မှာပဲလေ” လို့ ခပ်တည်တည်နဲ့ ပြောလိုက်ပါတယ်။ တချို့ကလည်း ဘာမှန်း သေချာမသိဘဲ ကျမတို့နောက်ကို လိုက်လာပါတယ်။

အဓိပတိလမ်းပေါ် ရောက်တော့ ရီရီထွန်းက ကျမကို “ရီတို့ လွယ်အိတ်တွေနဲ့ တားကြရအောင်” ဆိုလို့ ကျမရဲ့ လွယ်အိတ်နဲ့ ရီရီထွန်းရဲ့ လွယ်အိတ်ကို ပူးချည်လိုက်ပြီး အဓိပတိလမ်းမကို လွယ်အိတ်တွေနဲ့ တားလိုက်ပါတယ်။ ပြီးတော့မှ ဒီကနေ့ ကျမတို့တွေရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရတဲ့နေ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရင် ကျမတို့နဲ့ ပူးပေါင်း ပါဝင်နိုင်ပါတယ်လို့ တိုက်ပွဲစခေါ်ကြပါတယ်။ အဲဒီအချိန်မှာပဲ ကျောက်တံတားလူ့ဘောင်သစ်နဲ့ ညှိနှိုင်းထားတဲ့ အင်းစိန်အုပ်စုလည်း ခွပ်ဒေါင်းအလံတွေကို ဝှေ့ရမ်းပြီး အဓိပတိလမ်းပေါ် ရောက်ရှိလာပါတယ်။

ကျမတို့တွေ ကြွေးကြော်သံတွေ တိုင်လိုက်၊ ချီတက် ဆန္ဒပြလိုက် လုပ်နေရင်းက မနက် ၁၀ နာရီဝန်းကျင် ရောက်တော့ R.C ရှေ့မှာ ရပ်လိုက်ပြီး အမျိုးသမီးတစ်ဦး တရားဟောပေးပါလို့ အင်းစိန်အုပ်စုက ဆန္ဒပြုပါတယ်။ တရား မဟောခင်မှာ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသူတွေ၊ ဒီမိုကရေစီအတွက် ရန်သူရဲ့ အကျဉ်းထောင်တွေ ထဲမှာ၊ စစ်ကြောရေးတွေမှာ ကျဆုံးသွားသူတွေကို အလေးပြုမယ်လို့ စီစဉ်ကြပါတယ်။

ကိုဆန်နီက R.C ပေါ်ကနေ “နိုင်ငံတော် အလံကို အလေးပြု” လို့ အော်လိုက်တာနဲ့ ကျမတို့ ကျောင်းသား တွေ အားလုံး အလေးပြုဖို့ ထရပ်လိုက်ကြပါတယ်။ ကျမတို့ အားလုံးရဲ့ မြင်ကွင်းထဲမှာ မော်ကွန်းထိန်း ဦးမြငွေ အပါအ၀င် တိုက်ပုံဝတ်ထားတဲ့ ဆရာတွေပါ မတ်တပ်ရပ်ပြီး ကျမတို့တွေ အလေးပြုသလို အလေးလိုက်ပြုပါတယ်။ ကျဆုံးသွားတဲ့ ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းတွေကို အလေးပြုဆိုပြန်တော့ ခုနက ဆရာအုပ်စုက အလေးလိုက်ပြုပြန်ပါတယ်။ ဝမ်းနည်းတဲ့ အထိမ်းအမှတ်နဲ့ တစ်မိနစ် ငြိမ်သက်ချိန်မှာလည်း ဆရာတွေက လိုက်ပြီး ငြိမ်သက်ပေးခဲ့တာကို အံသြဖွယ် မြင်တွေ့ခဲ့ရပါတယ်။

၁၀ ဒီဇင်ဘာဟာ ကျမတို့ လိုချင်တဲ့ပုံစံမျိုးနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကျမ ကျောင်း မရောက်တော့ပါ။ မနေ့က ကျမရဲ့ နေအိမ်ကို ထောက်လှမ်းရေးလာတော့ ကျမမိသားစုက ကျမကို လုံခြုံတဲ့နေရာကို ပို့လိုက်ပါတယ်။ ဒါပေမဲ့ ကျမတို့နောက်မှ သိရတာက အဲဒီနေ့က ကျောင်းသားတွေက ပါချုပ်ဆီကို တောင်းဆို ချက်တွေ သွားပို့ပါတယ်။ အဲဒီအထဲမှာ SB က ထည့်ထားတဲ့ ကျောင်းသားထောက်လှမ်းရေးတစ်ဦး ပါဝင်ခဲ့ပါတယ်။ အဲဒီကျောင်းသားက ဒီအရေးတော်ပုံကြီးတစ်ခုလုံးမှာ ရှိနေပေမဲ့ သူ့ရဲ့ ရီပို့ တက်မလာလို့ အရေးယူခံခဲ့ရပါတယ်။ အဲဒီကျောင်းသားက ထောင်ထဲမှာ နှစ်စေ့တဲ့အထိ နေခဲ့ရပါတယ်။

၁၉၉၅ ခုနှစ်ရောက်တော့ ကျမတို့ အင်းစိန်ထောင်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် ရောက်ရှိသွားပါတယ်။ ကျမတို့ ရောက်ရောက်ချင်း လာနှုတ်ဆက်တဲ့ ကောင်မလေးဟာ ၁၀ ဒီဇင်ဘာ ၁၉၉၁ ခုနှစ်က ဖမ်းခံရတဲ့ ကျောင်းသူ ၈ ဦးထဲမှာ ပါဝင်ခဲ့ပြီး ၇ ယောက်က ၁၁/ ၉၂ နဲ့ လွတ်သွားပေမဲ့ တစ်ဦးတည်း ကျန်နေခဲ့တဲ့ တိုးတိုးမြင့် ခေါ် ဖိုးသာထူးပဲ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်စေ့အောင် နေခဲ့ရပြီး ထောင်ထဲမှာ အစာအိမ်ရောဂါကို အပြင်းအထန် ခံစားနေခဲ့ရချိန်လည်း ဖြစ်ပါတယ်။

၁၀ ဒီဇင်ဘာ ၁၉၉၁ မှာ ကျောင်းသား ၄၀၀ ကျော်ကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ်ကြီးတွေ ချခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် အစောပိုင်းမှာ ဗိုလ်စောမောင်ဆီကနေ၊ ဗိုလ်သန်းရွှေက အာဏာသိမ်းလိုက်ပြီး ၁၁/၉၂ အမိန့်ကြေညာချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးလိုက်ပြီး ၁၉၉၁ ခုနှစ် ဒီဇင်ဘာလက မတရားဖမ်းဆီးထားသူ တော်တော်များများကို ပြန်လွှတ်ပေးလိုက်ပေမဲ့ ချန်ထားခဲ့တဲ့ လူတွေကို အညှိုးတကြီးနဲ့ နှစ်စေ့တဲ့ အထိ ထားခဲ့ပါတယ်။

ဒီနှစ်ဆိုရင် ၁၀ ဒီဇင်ဘာပွဲဖြစ်ခဲ့တာ နှစ်ပေါင်း ၂၀ တင်းတင်း ပြည့်ခဲ့ပါပြီ။ ကျမတို့နိုင်ငံရဲ့ နိုင်ငံရေး စီးကြောင်းထဲကို မျိုးဆက်သစ်တွေလည်း စီးဝင်လာသလို မျိုးဆက်ဟောင်းတွေကလည်း ဆက်လက် စီးဆင်းလျက်ပါ။ ကျမတို့ ချစ်ခင်လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် မောင်းနှင်နေတဲ့ ဖြစ်စဉ်ကြီးထဲမှာ ကျရာနေရာက ပါဝင်နေကြတဲ့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေကို လွမ်းလျလို့ ရေးဖြစ်လိုက်တဲ့ စာတစ်စောင်ပဲ ဖြစ်ပါတယ်။



ခင်ငြိမ်းသစ်

http://www.burmavjmedia.net/

ခင်မောင်ဆွေ၊ သန်းငြိမ်း ဦးဆောင်သည့် NDF ပါတီ ကြံ့ဖွံ နှင့် ပူးပေါင်း ......

ပုံသတင်း × ဒီမို ဖက်တီး


အမေစုကလက်ခံရင်လည်းပြန်လာချင်သေးတယ်...
ရန်ကုန်ကခြံစည်းရိုးတွေက၀ါးချွန်တွေနဲ့ ကာထားတာ...
ပါးစပ်ကပြန်ထွက်လာလိမ့်မယ်...

ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားဖြစ်မြောက်ရေးအတွက်လုပ်ငန်းကော်မီတီရဲ့ပထမအကြိမ်စည်းဝေးပွဲကို ဒီနေ့ဆာကူရာမှာကျင်းပ


ဦးမိုးသူ(ဥက္ကဌ)ဇာဂနာ(အတွင်းရေးမှူး)အဖြစ်လုပ်ဆောင်မဲ့ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေးကော်မီတီကိုဖွဲ့စည်းခဲ့ပါတယ်။ဒါရိုက်တာမောင်မျိုးမင်း
(ရင်တွင်းဖြစ်)နဲ့ကြည်ဖြူသျှင်တို့ဦးဆောင်မဲ့ရန်ပုံငွေရှာဖွေရေးအဖွဲ့၊မောင်မောင်ဦး(စနှိုးဝှိုက်)ကိုလွင်တို့ဦးဆောင်မဲ့ဇာတ်ညွှန်းအဖွဲ့၊အချက်အလက်
စုဆောင်းရေးအဖွဲ့ကိုမောင်စိမ်းနီ(ပိတောက်ပွင့်သစ်)ကိုမော်လင်း(ပြည်သူ့ခေတ်)တို့ကဦးဆောင်ပါတယ်




ကိုဇာဂနာဖေ့စ်ဘွတ်မှ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ရန်ကုန် (ရုံးခွဲ)

The Voice Weekly
သုံးသပ်ရေး ကော်မရှင် မှာတရုတ်သံအမတ်လာပြီးလွှတ်တော်အတွက်လှုတာတွေယူနေတယ်
(လွှတ်တော်ခွဲ-ရန်ကုန်)လို့အမည်တတ်လဲရတာပဲဟာကို...

















ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်(လ်) ဆု ရရှိခြင်း နှစ် (၂၀) ပြည့် ဂုဏ်ပြုပွဲနှင့် ရန်ကုန် ဗုဒ္ဓတက္ကသိုလ် ပိဋကတ် စာကြည့်တိုက် ဖွင့်ပွဲ အခမ်းအနား



The Voice Weekly




>