Monday, December 12, 2011

လက်မဲကြီးတစ်စုံ



by Eimmet Mahotpar on face book Thursday, December 1, 2011 at 10:41am

ဒီကနေ့ နိုင်ငံစီးပွားရေးကို ကိုင်လှုပ်နိုင်တဲ့ လက်မဲကြီး တစ်စုံရှိပါတယ်။

လက်မဲကြီး တစ်ဖက်က နောက်ကွယ်က စစ်အာဏာရှင်တွေ လိုင်စင်ကိုဗန်းပြပြီး ထူထောင်ပေးခဲ့တဲ့ စီပွားရေးလုပ်ငန်းရှင်တွေရဲ့လက်ထဲက ပိုက်ဆံပုံကြီးပါ။
စားအုံးဆီသွင်းခွင့် ဒီဇယ်သွင်းခွင့် ကားသွင်းခွင့် တယ်လီဖုန်းပေးခွင့် ဆန်အတ်စပို့ ပဲအိတ်စပို့ စတဲ့ အခြားနိုင်ငံတွေမှာ လူတိုင်းအလွယ်တကူရနိုင်တဲ့ အခွင်းအရေးတွေကို လက်ဝါးကြီးအုပ် မတန်တဆဈေးတွေ ဖြစ်အောင်လုပ်ပြီး ရထားတဲ့ ပိုက်ဆံပုံကြီးပါ။
ကျွန်းသစ် ရေနံ သဘာဝဓါတ်ငွေ့ ကျောက်မျက်ရတနာ ရွှေ နဲ့ ငါးဖမ်းခွင့်စတဲ့ ဘိုးဘွားအမွေအနှစ်တွေကို မောင်ပိုင်စီး တဖြဲနှစ်ဖြဲလုပ် နိုင်ငံခြားက ပထွေးတွေဆီ အတင်းလက်သိပ်ထိုးရောင်းပြီး ရထားတဲ့ ပိုက်ဆံပုံကြီးပါ။

နောက်ထပ်လက်မဲကြီးတစ်ဖက်ကတော့ အရင်စစ်အာဏာရှင်ဟောင်းတွေရဲ့ လက်ထဲက စာရင်းမရှိ အင်းမရှိ ဗဟိုဘဏ်ကနေ ရိုက်ထုတ်ထားတဲ့ ပိုက်ဆံပုံကြီးပါ။
(ဦးသန်းရွှေတစ်ဦးတည်းပိုင်တာကိုက မနဲပါဘူးတဲ့။ ငါးထောင်တန်တွေကို ရထားအစီးလိုက်တင်ပြီး ရထားတွဲအရှည်ကြီးနဲ့ လှိုင်ခေါင်းထဲမှာ သိမ်းထားတယ်လို့ သိရပါတယ်။)


အဲဒိပိုက်ဆံတွေဒီအတိုင်းထုတ်သုံးလိုက်ရင် ငွေကြေးဖောင်းပွမှုလည်းဖြစ်မယ် ငွေတန်ဖိုးလည်းကျသွားမယ်လေ။
ဒီတော့ ငွေတန်ဖိုးလည်းငြိမ်ရမယ် ငွေကြေးဖောင်းပွမှုလည်းမဖြစ်ရအောင် လှည့်ကွက်တွေထုတ်လာရတယ်။

အလွယ်ဆုံးနည်းကတော့ ပြည်သူတွေလက်ထဲက ငွေတွေကို တစ်ဖက်လှည့် သိမ်းတဲ့နည်းပါပဲ။
ခုပဲကြည့်လေ ကားပါမစ်ဖိုးကိုက ငွေကျပ် သိန်းတစ်ရာလောက်ရှိတယ်တဲ့။ နိုင်ငံတကာက ပညာရှင်တွေကို မေးကြည့်ကြပါ၊ လူတိုင်းလိုအပ်တဲ့ သာမန်အိမ်သုံးလူစီးကားတွေကို (ပြည်တွင်းမှာမထုတ်နိုင်လို့) ပြည်ပကမှာတဲ့အခါ သွင်းခလိုင်စင်ကြေးချည်းပဲ ဒေါ်လာတစ်သောင်းနှစ်ထောင် (သိန်းတစ်ရာ)လောက်ပေးနေရမယ်ဆိုရင် အဲဒီတိုင်းပြည် တိုးတက်ပါ့မလား။ ကဲ ကားအစီးတစ်သိန်းသွင်းမယ်ဆိုပါတော့၊ ကားတစ်စီး သွင်ခွင့်ပါမစ်က ကျပ် တစ်ကုဋေဆိုတော့ ကားတစ်သိန်းဆို ကျပ်ကုဋေပေါင်းတစ်သိန်းပေါ့။

ဟန်းဖုန်းတွေလည်း ဒီလိုပဲလေ။ အရင်ဈေး ဆယ့်ငါးသိန်း၊ အခုငါးသိန်းတဲ့၊ နိုင်ငံတကာမှာ တစ်ဒေါ်လာကျော်ကျော်နဲ့ ရနေတဲ့ ဟန်းဖုန်းဆင်းကတ်ကို ငါးသိန်း (ဒေါ်လာ၆၂၅) နဲ့ဖုန်းအလုံးရေ သန်း၃၀ ရောင်းမယ်တဲ့။ ဗမာကျပ်ငွေ ကုဋေပေါင်း တစ်သန်းငါးသိန်းကိုပြည်သူတွေအိတ်ကပ်ထဲက ဆွဲထုတ်မယ်ပေါ့။ ဒါတွေပဲလား မဟုတ်ပါဘူး ဒီ့ပြင်လူမသိ သူမသိ ဗုန်းလိုက်တာတွေ၊ ဗုန်းဖို့လုပ်နေတဲ့အစီအစဉ်တွေ မနဲပါဘူး။
ဒီအစီအစဉ်တွေ ကိုကြည့်ရင် အဲဒီလက်မဲကြီးတစ်ဖက်ထဲမှာ ရှိနေတဲ့ ဗမာငွေတွေ ဘယ်လောက်များသလဲဆိုတာအားလုံးစဉ်းစားမိမှာပါ။

အဲဒီလက်မဲကြီးတွေထဲက ဗမာငွေတွေက ဟိုနေရာဈေးကောင်းမယ်ဆိုကြိုဝယ်လိုက်၊ ဒီပစ္စည်းရှားတော့မယ်ဆိုလှောင်ထားလိုက် နဲ့ ဗမာ့စီးပွားရေးလောကထဲ ၀င်ဝင်ပြီးချယ်လှယ်နေတာ ဘယ်တော့များမှ ဒီဗမာနိုင်ငံ စီပွားတိုးတက်တော့မှာလဲ၊ ဘယ်တော့များမှဒီဗမာပြည်ရဲ့ လူငယ်လေးတွေ အနာဂတ် အလင်းရောင် ဖြစ်လာမှာလဲ။

လက်ရှိသမ္မတလုပ်နေတဲ့ ဦးသိန်းစိန်ကလည်း လူပါးတစ်ယောက်ပါ။ သူ့အဓိက တာဝန်က အာဏာရှင် ဦးသန်းရွှေ မိသားစု ဘေးမသီရန်မခ ဖို့ပါ။ နိုင်ငံ့ကောင်းစားရေးလုပ်ချင်ယောင်ဆောင်ပြီး အာဏာရှင်ကို နောက်ဆုံးထွက်သက်အထိ ကာကွယ်သွားမယ့် အာဏာရှင်ရဲ့သစ္စာခံ (တိုင်းပြည်ရဲ့ သစ္စာဖောက်လောက်ကောင်) အုပ်စုပါ။

သူတို့က စစ်တပ်ထဲကယူနီဖောင်းလဲလာတဲ့ စစ်ဗိုလ်တွေနိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အသင့်ရှိပါသည် ဆိုတဲ့ စစ်သားတိုင်း ဆိုရတဲ့ အဓိဌာန်ကို ဆိုခဲ့ဘူးတာ ဟုတ်မဟုတ်မသိပါဘူး။ အခုလက်ရှိမှာ သမ္မတ တစ်ယောက်အနေနဲ့တိုင်းပြည်ကောင်းဖို့ဆိုရင် ဘယ်နေရာက ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် အရိုးကြေကြေ အရည်ခန်းခန်း အနစ်နာခံလုပ်မယ်ဆိုပြီး အစိုးရတစ်ဖွဲ့လုံးရဲ့ ရှေ့မှာ စံပြဖြစ်အောင် လုပ်နေတာလား၊ ကောင်းတဲ့အစိုးရ သန့်ရှင်းတဲ့အစိုးရဖြစ်အောင် ကြိုးစားပါ့မယ်ပြောပြီးဝတ်ကျေတန်းကျေ ဟန်ပြသတ်သတ် လုပ်ပြနေတာလား၊ မေးခွန်းထုတ်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။(အဲဒီတုန်းကလည်း ပြည်တွင်းမှာရှိတဲ့ လော်ဘီမီဒီယာတွေက ဒီလို ကောင်းတဲ့အစိုးရ သန့်ရှင်းတဲ့အစိုးရ ဆိုတဲ့စကားလုံးကိုပဲ အာဇာနည်တစ်ယောက်ရဲ့ နှုတ်ထွက်စားတစ်ခွန်းလို ချီးမွမ်းခန်းတွေ ဖွင်ခဲ့တာ ပြန်ကြည့်ရင် သိနိုင်ပါတယ်။)

ကဲ ပြောတာလည်းများသွားပြီ၊ ပညာရှင်အပေါင်းတို့၊ ခင်ဗျားတို့ရဲ့ နောက်ကျောက လက်မဲကြီးတစ်စုံကို ဘာဆက်လုပ်ကြမှာလဲ၊ စဉ်းစားပေးကြပါအုံး၊ သိပ်နောက်မကျခင်ပေါ့။

ဘိုကလေးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား အကူအညီ လိုအပ်နေ



by Naung Taw Lay  Face book on Monday, December 12, 2011 at 10:28am

ဘိုကလေးမြို့နယ်၊ဆူးပဒေါင်းကုန်းကျးရွာအုပ်စု၊အိုင်ဘုန်းကျေးရွာတွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရေနံရှာဖွေရေးကုမ္ပဏီများသည် ပေ၃၀ ခန့်နက်သော ကျင်းများ ရာနှင့်ချီ၍ တူးခဲ့ပြီး ကျင်းတစ်ကျင်းလျှင် ဗုံးသီးသုံးလုံးထည့်၍ ၀ါယာကြိုးများဖြင့် သွယ်တန်းကာ သင်္ဘောပေါ်မှ လျှော့ရိုက်၍ ဖေါက်ခွဲကြသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

အချို့ဗုန်းသီးများမှာ မပေါက်ကွဲဘဲ အပေါ်ပြန်ကန်တက်လာပြီး ကျန်ရှိနေသည်ကို စနစ်တကျ ဖယ်ရှားရှင်းလင်းခြင်း မပြုသည့်အတွက်ကြောင့် ယခု ၂၀၁၁ ခုနှစ် အတွင်း ကလေးငယ်တစ်ဦး သည် ( 6.12.2011) ညနေ ( 6း00)အိုင်ထဲမှ ငါးဖမ်းရင်း ဗုံးသီးကို ယူလာခဲ့ရာ ဗုန်းသီးမှ ပေါက်ကွဲစေနိုင်သည့် အစိတ်အပိုင်း ( ဒီတိုနေတာ )ကို အိမ်သို့ ယူဆောင်လာရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ဖခင်ဖြစ်သူ ဦးအောင်မျိုးဆန်းမှာ လက်သုံးချောင်း ပြတ်သွားခဲ့ပြီး မိခင်ဖြစ်သူ လက်တွင် အနာတရ ဖြစ်သည်ဟု သိရသည်။ မိသားစုဝင် ၇ ဦး ရှိရာ နှစ်ဦးမှာ အပြင်သွားနေသဖြင် အိမ်ရှိ မိခင် ဖခင်နှင့် ကလေးငယ်သုံးဦးမှာ ဒဏ်ရာ အနာတရ ဖြစ် သည်ဟုသိရသည်။ ယူဆောင်လာသည့် ကလေးငယ်မှာ ပြင်းပြင်းထန်ထန် ထိခိုက်မှုရှိသည်ဟု သိရသည်။

ယခုအခါတွင် ဘိုကလေးမြို့ကုတင် ၁၀၀ ဆေးရုံသစ်တွင် ကုသနေသည်ဟု သိရပြီး မြိုပေါ်တွင် ကုသရန်အတွက် အကူအညီတောင်းခံရာ ရန်ပုံငွေ ၈၀၀၀၀ ကျော်သာရရှိသည်ဟု ပြောသည် ။ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ကုမ္ပဏီကို စုံစမ်းပေးခြင်း မရှိသည့် အတွက် ဒေသခံများက စိတ်မချမ်းမြေ့ဖွယ်ဖြစ်နေကြသည်။
အကူအညီ လိုအပ်နေသည် ။ ဘိုကလေး မြို့သို့ဆက်သွယ်မေးမြန်းကြပါ။

ပီဒီပီ ပါတီဥက္ကဌ ဘိုကလေးမြို့ပေါ်တွင် ရှိနေသည်။ ဖုန်း ၀၉၈၆၁၀၇၁၉ သို့ဆက်သွယ်မေးမြန်း၍ ကူညီပေးကြပါ။ ဒေသခံများနှင့်လည်း ပြောဆိုနိုင်ပါသည်။




ရေနံရှာဖွေရေးကုမ္မဏီတာဝန်မဲ့လုပ်ရပ် by yeyintnge


အသံဖိုင်ဒေါင်းလုပ်

The taxi driver in Yangon who safed me




Alexandra Rösch  Face book


The taxi driver in Yangon who safed me after I left my bag with all my papers, passport, ticket and money in his car. I was so shocked and unbelievably relieved when after 15 minutes he came back waving with my bag!






အစိုးရသစ်ကြီးရဲ့ သမ္မတ သစ်ကြီးရဲ့ မျက်နှာကို အိုးမဲသုတ်

Ah Bayah(Facebook)

ဒီလိုနေရာတွေမှာ ဒီလိုboard တွေ တရားဝင်တင်လို့ရနေပြီးမှ နှောင့်နှေးအောင်လုပ်မယ်ဆိုရင်
အစိုးရသစ်ကြီးရဲ့ သမ္မတ သစ်ကြီးရဲ့ မျက်နှာကို အိုးမဲသုတ်ရာရောက်နေတာကို မသိကြတာလား ။




ကောင်းမွန် ကုမ္ပဏီပိုင် တိုးဂိတ်တွေက ကုန်တင်ကားတွေအပေါ် လမ်းတံတားကြေး ဖြတ်သန်းခတွေ တိုးမြှင့် ကောက်ခံနေ

Burma VJ Media Network

မကွေးတိုင်းအတွင်း၇ှိ ကောင်းမွန် ကုမ္ပဏီပိုင် တိုးဂိတ်တွေက ကုန်တင်ကားတွေအပေါ် လမ်းတံတားကြေး ဖြတ်သန်းခတွေ တိုးမြှင့် ကောက်ခံနေတဲ့ အတွက် ကားသမားတွေနဲ့ ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေရပါတယ်။



NLD ကြေငြာချက်အမှတ် ၁၉-၁၂-၁၁

Burma VJ Media Network


ရွှေပြည်တော် မျှော်တိုင်းမဝေးချင်ပါ


Posted by admin on December 12, 2011

ကြည့်စမ်း ကျမ ငယ်ငယ်တုန်းက သိထားတဲ့ အရာတွေ ခုထိ မှတ်မိနေတုန်းပဲ။ အမှန်လား အမှားလား ကျမ လည်း မသိ တော့ဘူး။ ဘာကြောင့် မှတ်မိနေတာလဲလို့ သိချင်ကြမယ်ထင်တယ်။ ကျမ ငယ်ငယ် ခုနှစ် အတိအကျဆိုရင် ၁၉၈၈ ပေါ့။ လမ်းပေါ်မှာ လူတွေများမှများပဲ။ သွားလိုက်ကြ လာလိုက်ကြ ပြေးလိုက်ကြ လွှားလိုက် ကြနဲ့ မြင်ကွင်းထဲမှာ အရမ်းကို ရှုပ်ထွေးတဲ့ အရာတွေ။ ဒါပေမယ့် အစုလိုက် အစုလိုက် လက်ထဲမှာလည်း ဓာတ်ပုံတွေကိုင်ပြီး ပါးစပ်ကလည်း မနားတမ်း အော်နေကြတာ။ ရှေ့ကတယောက်က တိုင်ပေးရင် နောက်လူတွေက လိုက်အော်ကြတယ်။ ကျမ စိတ်ထဲ အချက်ကျကျ လှုပ်ရှားနေတဲ့ နာရီလက်တံတွေလိုပဲ။ စီစီရီရီနဲ့ အတန်းလိုက် လှည့်တဲ့ သူတွေကလည်း တဖွဲ့နဲ့ တဖွဲ့ လမ်းထိပ်တွေမှာ တောင် ဆုံနေကြသေးတယ်။ စီတန်းလမ်းလျှောက်နေကြတဲ့ သူတွေကို လမ်းဘေးကနေ အအေးတိုက်တဲ့သူတွေ၊ မုန့် ကျွေးတဲ့ သူတွေ၊ ရေတိုက်တဲ့ သူတွေနဲ့ လမ်းအပြည့် အပ်ကျစရာတောင် မရှိဘူးလို့ ထင်တာပါပဲ။ ကျမ ကြည့်ကောင်း ကောင်းနဲ့ ကြည့်နေတာပေါ့။ ဘာလို့ ဒီလိုတွေ သွားနေလာလှုပ်ရှားနေကြတာလဲဆိုတာ ကျမ မသိဘူး။ ကျမ ကလေးပီပီ
ပျော်နေတယ်လို့တော့ ထင်မိတယ်။ ဟုတ်တယ်။ ကျမ ပျော်နေခဲ့တာ။ ကျမရဲ့ လက်ကိုကိုင်ထားတဲ့ အဖေ့ကို မနေနိုင် မထိုင်နိုင် မေးကြည့်လိုက်မိတယ်။

“အဖေ….အဲဒါဘာလုပ်နေကြတာလဲဟင်။ ပျော်စရာကောင်းတယ်နော်” ဆိုတော့ အဖေက ကျမကို ကြည့်တယ်။ ကြောက်စိတ်ထက် ဘာပြန်ဖြေမလဲဆိုတာကို အာရုံစိုက်နေမိတာ။

“ဒီမြင်ကွင်း ကို တနေ့နေ့ကျရင် သမီးသဘောပေါက်လာလိမ့်မယ်။ ခုတော့ သမီးကိုပြောလည်း နားလည်နိုင်အုံးမယ် မထင်ဘူးတဲ့”

ကျမ သိချင်တဲ့ အဖြေကို ဘာလို့ အဖေမပြောတာလဲလို့တော့ ရှည်ရှည်ဝေးဝေး မတွေးမိတော့ပါဘူး။ ဒီလိုနဲ့ပဲ နောက်တ နေ့ကို ရောက်ခဲ့တယ်ပေါ့။ ကျမ အိပ်နေရင်း ဆူဆူညံညံ အသံတွေကြားလို့ ကြည့်လိုက်တော့ အဖေ၊ ဦးလေးတွေနဲ့ ကျန် တဲ့ လူတွေ အလုပ်တွေရှုပ်နေကြတယ်လေ။ ဘာတွေဖြစ်နေကြတာလဲ။ လူတွေကလည်း အများကြီးဆိုတော့ သိချင်လာ တယ်။ ဒီတခါ အဖေ့ကို မေးရင် ဖြေမှာမဟုတ်လို့ ဦးလေး တယောက်ကို မေးလိုက်တယ်။

“ဦးလေး။ ဘာတွေလုပ်နေကြတာလဲ။ လူတွေကလည်း အများကြီး ဆိုင်းဘုတ်တွေလည်း ပါတယ်။” ဆိုတော့ “သမီးရေ ဦးလေးတို့ ဌာနဆိုင်ရာတွေက စီတန်းလှည့်လည်တဲ့ အဖွဲ့တဖွဲ့ ထွက်ရမယ်။ မထွက်မနေရ အမိန့်လေ တဲ့”

အော် ဒါ ခိုင်းလို့ လုပ်နေကြတာပါလားလို့တော့ သိလိုက်တယ်။ ဒီထက်လည်း ပိုမတွေးမိပါဘူး။ တကယ်ပါ။

ဒီလိုနဲ့ ရက်တွေကြာလာတော့ အာဏာသိမ်းလိုက်တယ်တဲ့။ ပြည်တွင်းမငြိမ်သက်မှုများကြောင့် စစ်အစိုးရက အုပ်ချုပ်မှု ပိုင်းကို ယာယီလွှဲပြောင်းယူလိုက်ရပါတယ်တဲ့လေ။ အော်
……. ကျေးဇူးကြီးပါပေ့ … ရွှေဉာဏ်တော် စူးရောက်လှပါပေ့။
ယာယီ… ယာယီ… ယာယီ…. ဘယ်တော့ဆုံးမလဲ ကျမသေချာမသိဘူး။ ယာယီ တနှစ်…ယာယီ နှစ်နှစ်… ရာသီတွေ အလီလီပြောင်း၊ ရွက်ဟောင်းတွေ အခါခါကြွေ၊ ရွက့်သစ်တွေ အကြိမ်ကြိမ် လဲ။ တနေကုန်လို့ တမိုးသောက် ပုံစံခွက်တွေ အောက်ကို ရောက်ခဲ့ရတယ်ဆိုတာတောင် ကျမ နားလည်နေခဲ့ပြီ။ ဒါပေမယ့် ယာယီဆိုတဲ့ စနစ်အောက်မှာပဲ ကျမ ကြီး ပြင်းလာခဲ့ရတယ်ထင်ပါ့။ အမှန်တရားတွေ တောတိုး ၊ ပြောပိုင်ခွင့် လုပ်ပိုင်ခွင့်တွေ ဘောင်ခတ် နိုင်ငံရေးဘက်လှည့်ရင် အကျဉ်းကျ နိုင်သတဲ့။ လူတွေပါးစပ်ဖျား ထောင်ကိုတော့ မသွားချင်ဘူးတဲ့လေ။ ကဲ .. ကိုယ့်ပါးစပ်ကို ဘာနဲ့ပိတ်ထား မှန်းတောင် မသိနိုင်တော့ပါဘူး။ အချင်းချင်း စကားပြောကြရင်တောင် နိုင်ငံရေး မပါကြေးလို့ ပြောလာကြတာ ခေတ်စ ကားတခုလိုတောင် ဖြစ်နေရပြီ။ ကျောင်းသင်ခန်းစာ သမိုင်းဘာသာသင်ရတော့ နိုင်ငံ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို တိုတိုတုတ်တုတ် သင်သတဲ့လေ။

ကျမ သိချင်တာတွေ များနေပေမယ့် မေးခွင့်မသာခဲ့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စပ်စုတတ်တဲ့ ကျမကို ချည်ပြီးတုတ်ပြီး ပြောထားကြတယ်။ နင်စပ်စုလို့ နင့်အဖေအဖမ်းခံရရင် နင်တို့ တအိမ်လုံး နေစရာပျောက်သွားမယ်။ ထမင်းငတ်သွား မယ်။ အဲလိုနေချင်လား။ ကဲ….ကျမ ဘာများ ပြောထွက်ပါတော့မလဲ။ ကျမ သိချင်တာက နည်းနည်းလေးပါ။ မဖြေရဲ လောက်အောင်ကို ဘယ်အရာတွေက ဖိနှိပ်ထားတယ် မသိပါဘူး။

ဘယ်နိုင်ငံမှာ ဘာတွေဖြစ်နေလဲ ဘယ်သူသိလဲ။ ဘယ်နိုင်ငံမှာ ဘယ်လိုစီးပွားရေးတွေလုပ်နေလဲ ဘယ်သူသိလဲ၊ ဘယ် နိုင်ငံမှာ ဘယ်လိုတွေ တိုးတက်ထွန်းကားနေလဲ ဘယ်သူသိလဲ။ ကျမတို့ နိုင်ငံသမိုင်းကြောင်း ကောင်းကောင်း ဘယ်သူ သိလဲ။ ကျမတို့နိုင်ငံ စီးပွားရေး ဘယ်သူတွေ သိလဲ။ ကျမတို့နိုင်ငံ ပညာရေး ဘယ်သူတွေသိလဲ။ “ဘာမှ လာမမေးနဲ့ အေးအေးပဲ နေချင်တယ်။ ဆားဖြူးစားရရင် စားရပါစေ၊ နေရာသစ်မှာ ဆန်သစ်တော့ ပြောင်းမစားနိုင်ဘူးတဲ့” ….

“ကိုယ့်ဝမ်းစာတောင် အနိုင်နိုင်ရယ်…နိုင်ငံရေး စိတ်မဝင်စားနိုင်ဘူးတဲ့”
“အမလေး မပြောပါနဲ့ ၊ ခေါင်းနဲ့ကိုယ် အိုးစားကွဲနေပါ့မယ်” တဲ့
“ဟေ့ .နေရေးစားရေးထက် ဘယ်အရေးမှ အလေးမပေးနိုင်ဘူး” တဲ့
“နိုင်ငံရေးတွေမပြောကြေးနော်” တဲ့
“ဟဲ့.. ကိုယ့်စာကိုယ်လုပ် ကျန်တာတွေ ဘာမှလာမမေးနဲ့ အလုပ်ပြုတ်တာ မြင်ချင်တာလား” တဲ့

အော်… စီးပွားရေးတွေ ကြပ်တည်း၊ နေထိုင်ရေးတွေ ခက်ခဲ။ လွတ်လပ်ခြင်းတွေ ဘောင်ခတ်၊ လွှမ်းမိုးမှုရဲ့စနက်ကြောင့် လူတွေလည်း လွန့်လွန့်လူး၊ ဆင်းရဲ မွဲတေခြင်းက ရုန်းမထွက်နိုင် စားဝတ်နေရေးကို ဦးစားပေးနေရလို့ ဘယ်အရေးတွေမှ လှည့်ကြည့်ဘို့ မအားနိုင်ကြပါဘူး။ အသိဥာဏ်တွေ ကန့်လန်ကာချ၊ နားလည်သူတွေ မဟနိုင်အောင် အိမ်အသစ်မှာ ဆန် သစ်တွေ ကျွေးဘို့ ခေါ်သွားခံရတာတွေကလည်း ဒုနဲ့ဒေး။ အသိဉာဏ်တွေ လမ်းပွင့် စာတတ်သူတွေ လက်ဆင့်ကမ်းပြီး တိုင်းပြည် အရေးတွေ နားလည်သူများလာခဲ့ရင် တိုင်းပြည်မှာ ပညာတတ်ပေါ၊ ဘယ်သဘောက ဘယ်လိုဆိုတာ ထောက် ပြလာကြရင် ယာယီတွေ ပျောက်ဆုံးကုန်မှာစိုးတော့ ဘယ်ဘက်ကိုမှ မလှည့်နိုင်အောင် စီးပွားရေးတွေ ပိတ်လှောင်လိုက် ကြတယ်။ မလုပ်၊ မရှုပ် ၊ မပြုတ်တွေ များလာတယ်။ ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ဆိုတဲ့ အာဏာရှင်အမိန့်တွေနဲ့ နေရာတိုင်းမှာ မလှုပ်နိုင်အောင် ချုပ်ကိုင်ထားကြတယ်။

နိုင်ငံခြားဆိုတာ တော်တော်ကို ကြီးမှာပဲလို့တောင် တွေးတဲ့ ကလေးတွေ ရှိလာတယ်။ ခရီးသွားတွေလာရင် လက်ဖြန့် တောင်းလို့ ပျော်နေတဲ့ ဘဝတွေများလာတယ်။ တောမှာ နွားကျောင်းရင်း လွတ်လပ်ရေး ဖခင်ကြီးဟာ သီဟတင်စိုး လို့ ထင်လာတဲ့ ကလေးတွေရှိလာတယ်။ ၁၂ လက်မ TV သေးသေးလေးကို ဘက်ထရီနဲ့ ကြည့်ရင်း ဟယ် ဒီကားကြီးက လှ လိုက်တာ၊ ဟယ် ဒီတိုက်ကြီးက မိုက်လိုက်တာနဲ့ အားကျချင်းတွေနဲ့ နှစ်သိမ့်၊ အိပ်ယာဝင် ပုံပြင်တပုဒ်လောက်တောင် မခိုင်မာနိုင်တဲ့ ဘဝတွေ များလာခဲ့တယ်။

ယုံကြည်ခြင်းတွေချုပ်နှောင် နားလည် တတ်သိတဲ့ ပညာတတ်တွေ ထောက်မပြနိုင်အောင် နိုင်ငံကို အမှောင်ချပြီး မိန့်မိန့် ကြီးပျော်နေလိုက်ကျတာများ ပြောလို့တောင် ကုန်နိုင်တော့မယ် မထင်ဘူး။ “အဘတို့ခေတ်တုန်းကတော့ စားဝတ်နေရေး ဆိုတာ ဒီလောက်ပူစရာမလိုခဲ့ဘူး။ ငွေတကျပ်ရှိရင် မိသားစုအားလုံး ထမင်းစားလို့ရတယ်။ ခုတော့ကွယ်”

အဘ ညည်းညူခဲ့ဘူးတဲ့ အသံကို ခုတော့ ကောင်းကောင်းသိနေခဲ့ပြီ။ စာလေးမတောက်တခေါက် တတ်လာတော့ စာ လေးပေးလေးက ဖတ်ချင်လာတယ်။ ကိုယ်လက်လှမ်းမီတဲ့ သတင်းစာကို ကြည့်လိုက်တော့ နိုင်ငံကြီးက တိုးတက်နေ လိုက်တာ။ ခေတ်တွေမီနေလိုက်တာ။ ပညာတတ်တွေ ပေါနေလိုက်တာ။ သယံဇာတတွေ တွင်းထွက်တွေနဲ့ နိုင်ငံကိုများ စိန်တွေစီထားလိုက်တာ ဘယ်နေ့ ကိုယ့်နေတဲ့ဘက် အလှည့်ကျမလဲ မဆီမဆိုင် ထိုင်တွေးခဲ့ဘူးတယ်။ချောက်ဖြစ်နေတဲ့ ချိုင့်တွေကို ကျော်ခွပြီး တမနက်စနစ်လမ်းတွေမှာ ခေါင်းတွေမော့ပြီး ဖဲကြိုးဖြတ်တဲ့ပွဲကို လက်ခုပ်ဝင်တီးပေးခဲ့ရသေး တယ်။

စားဝတ်နေရေးလေး အဆင်ပြေအောင် ဆယ်တန်းအောင်လက်မှတ်လေး ဖုန်ခါပြီး အလုပ်သွားလျှောက်တော့ ပါတီနိုင်ငံ ရေး ကင်းရှင်းရမယ်တဲ့။ ရပ်ကွက်ထောက်ခံစာရဘို့ ငွေ ၅၀၀ ပေးခဲ့ရတာ မှတ်မိသေးတယ်။ ရဲစခန်း ထောက်ခံစာက လည်း လိုသေးတော့ နောက်ထပ် ငွေ ၅၀၀ ထပ်ကုန်ခဲ့တာပေါ့။ ဒါပေမယ့် အလုပ်က မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမ စာနည်းနည်းတတ်နေတယ်လေ။ စာမတတ်မှာ အသုံးတည့်မှာကိုး။ တက္ကသိုလ်ပညာလေးကို ဖင်လိမ်ဖင်လိမ်နဲ့ တက်ခဲ့ရတာ။ ထမင်းစားလက်မှတ်ဖြစ်တဲ့ ဘွဲ့လေးတခုရတော့ အလုပ်လေး ထပ်လျှောက်မိပါတယ်။ ဘယ်အသင်းဝင် ထားလဲ၊ မဝင်ရသေးရင် ဝင်၊ ဘယ်အဖွဲ့ထဲ ဝင်ထားလဲ၊ ဘယ်အသင်းထဲဝင်တဲ့ အသင်းဝင်လက်မှတ် ပူးတွဲတင်နိုင်ရင် အောင်မှတ် ဘယ်လောက်တိုးတယ်။ ဘယ်သူနဲ့ သိရင် ဘယ်အဆင့်ကို ရောက်မယ်။ တယ်ဟုတ်တဲ့ ငါပါလား။ ဘယ်အ သင်းမှလည်း မရှိ၊ ဘယ်လူကြီးမှလည်း မသိ နောက်ဆုံးက တန်းစီရင်တောင် ခဲလုံးခံနေလို့ ပထမ နေရာတောင် မရခဲ့ ဘူး။

ခက်ခဲတဲ့သူတွေကသာ ခက်ခက်ခဲခဲ ရုန်းကန်နေရတာ။ လက်မလှုပ် ခြေမလှုပ်၊ “ဝ” ကလေးကို ဝိတ်နိုင်တဲ့သူတွေက ဟန်တွေကို ကျလို့၊ အနုတ်စုတ် ဂုတ်စုတ် ကျမ ဘွဲ့လက်မှတ်က ဘာအရောင်မှကို ထွက်မလာပါဘူး။

ဒီအရေး ဒီလိုဘဝတွေကို ကြိုသိနေကြလို့ လူ့အခွင့်အရေးတွေ တောင်းဆိုနေကြတာကို ပိတ်လှောင်မှုတွေနဲ့ ခြိမ်းခြောက် မှတ်လောက်အောင်ကို အပြစ်ပေးတယ်ဆိုပဲ။ ဘယ်သူ့အတွက် လုပ်နေကြတာလဲ ကျမကတော့ ကောင်းကောင်းကြီးကို သဘောတွေပေါက်နေခဲ့ပြီ။ အာဇာနည် မိခင်ကြီးက မားမားမတ်မတ်နဲ့ ပြည်သူ့ဘဝနဲ့ ထပ်တူချထားခဲ့တာ။ ဒါအပြစ်လား ကျမ အလေးအမြတ်ပြုတာ အပြစ်တဲ့လား။ ပြည်သူတွေ အလေးအမြတ်ပြုတာ အပြစ်တဲ့လား။ ဘယ်သူတွေက ဘယ် ဘဝတွေကို ဝင်ကြည့်ဖူးခဲ့သလဲ။ ဘာတွေလုပ်ပေးခဲ့ကြသလဲ။ နောက်ဆုံးတော့လည်း အာဏာတည်မြဲရေးနဲ့ မိသားစု ရေရှည်ကောင်းစားရေးကို ထောက်ရှုပြီး တိုင်းပြည်ကို ပြာပုံပဲကျန်အောင် တဖဲ့ချင်းဖဲ့ခြွေပစ်လိုက်ကြတယ်။ သယံဇာတ တွေ ပေါကြွယ်လွန်းလို့ အလုပ်မလုပ်ဘဲ နေရင်တောင်ရတဲ့ တိုင်းပြည်မှာ အငတ်ဘေးဆိုက်နေတယ်။ ဘယ်မလဲ ပြည် တန်တဲ့ ပတ္တမြား….

ကိုယ့်နိုင်ငံ ကောင်းစားဘို့ ကိုယ့်ပြည်သူတွေ ချမ်းသာဘို့ ကိုယ့်ပြည်သူတွေ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဘို့ ကြိုးစား အားထုတ်ပေးကြတဲ့ ၈၈ မျိုးဆက်ကြီးတွေကို ကျမ အလေးအမြတ်ပြုရပြန်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျမ ငယ်ငယ်က မသိခဲ့တဲ့ အရာတခု၊ ကျမ အဖေ ပြောခဲ့ဖူးတဲ့ တနေ့တော့ နားလည်လာမှာပါဆိုတာကို ခုသိလာပြီ။

အမေစု လွတ်လာတော့ ပြည်သူတွေဟစ်ကြွေးတဲ့ အသံကို နှလုံးသားနဲ့ အသံဖမ်းထားတယ်။ အမြဲတမ်းပြန်ကြားယောင် နေတာ။ မျက်ရည်တွေ လှိမ့်လှိမ့်ကျပြီး “အမေစု ရေ … ကိုယ့်တိုင်းပြည်မှာ ကိုယ်နေထိုင်နေပေမယ့် နောက်ကျောမလုံ ရတဲ့ ဖိနှိပ်ခံဘဝတွေကို ကယ်တင်နိုင်ပါစေ။ ကိုယ့်မြေ ကိုယ့်ရေမှာ ကိုယ့်အတွက် နေစရာမရှိတဲ့ ဘဝတွေကို ကယ်တင် ပေးနိုင်ပါစေ။ ပြည်သူတွေကို ချစ်ခင်တဲ့ အမေစုကို ပြည်သူတွေရဲ့ နှလုံးသားတိုင်းက ချစ်ခင်နေပါတယ်။ နှလုံးသားရဲ့
နတ်နေကိုင်းမှာ အမေစုကို ဘုရားတဆူလို အားကိုးယုံကြည်နေကြပါတယ် ဆိုတာ မပြောလည်း အမေစု သိနိုင်မှာပါ။ မကြည့်လည်း အမေစု မြင်နိုင်မှာပါ။ ဒါကိုတော့ ကျမ ကောင်းကောင်း နားလည်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အမေ စု ဖြစ်နေလို့ ပါပဲ။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ဘဝများစွာအတွက် ကျမ အလေးအနက် ဆုတောင်းတယ်။ ဘယ်သူ့အတွက် လုပ်နေတယ်ဆိုတာ ကျမ လက်လှမ်းမီသလောက်ကိုဖြန့်ဝေမယ်။ ကျမ တတ်သိသလောက် ပြောပြမယ်။ ကျမ နားလည် သလောက် အားပေးတိုက်တွန်းမယ်။ ကျမ အင်အားဟာ မြူတမှုန်လောက်သာရှိပါစေ ကျမ အဲဒီမြူတမှုန်ကို ကျေပွန် အောင် ကျမလုပ်ဆောင်သွားမယ်လို့ … ဒါကျမ သစ္စာ… ပါ။

ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးကိုကျတော့ စားဝတ်နေရေး ဖူလုံအောင် လုပ်မပေးဘူး။ အငတ်ငတ်အပြတ်ပြတ် ရှိလာတဲ့ ဘဝ တွေကို ကယ်တင်မပေးဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ပြည့်စုံအောင် လုပ်မပေးနိုင်ပဲနဲ့ ကယ်တင်အုန်းမတဲ့။ ရွှေဉာဏ် ရှင်တို့ရယ်… ဟုတ်မှလည်း လုပ်ကြပါ။ သူများကို ဟီးရိုးလုပ်ပြီးကယ်တင်ဘို့ တွေးမယ့်အစား ကိုယ့်နိုင်ငံထဲက တိုင်းချစ် ပြည်ချစ် ပုဂ္ဂိုလ်တွေကို အရင်လွှတ်ဖို့တွေးပါလား။ ကိုယ့်ပြည်သူတွေ ဆင်းရဲမွဲတေနေတာကို အရင် ဖြေရှင်းပေးပါလား။ အခုတော့ အမေကျော် ဒွေးတော်ကို လွမ်းနေကြတယ်။ အသိခေါက်ခက် အဝင်နက်နေကြတယ်။ ဦးပေါ်ဦးပြောတဲ့ ခွေးမြီး ပညာရှင်တွေပဲ။ ဘယ်နေရာမှ အံမဝင်တဲ့ အတွေးတွေ။ ချစ်လို့ ကပ်နေကြတာ မဟုတ်ဘူး။ ဂုတ်သွေးစုပ်ချင်လို့ လည်ပင်း အစောင်းကို စောင့်နေကြတာ။ မြှောက်ပေးရင် ..ဘာ..တက်အောင် ကတယ်ဆိုလား။ တော်ပါပေ့ ရွှေဉာဏ်ရှင်တို့ရယ် လိုက်လို့ကို မမီတော့ပါဘူး။ တကယ်ပါ။

ဟိုးအရင် ခေတ်အခါက မြန်မာနိုင်ငံဟာ သယံဇာတတွေ ဝေသီနေတဲ့ ချမ်းသာတဲ့ နိုင်ငံတနိုင်ငံ ပါပဲ။ လိုသလိုလှည့် လည်သလိုယူ ရသလိုရောင်းရင်းနဲ့ အလည်အလတ်ကို ရောက်ခဲ့ရတယ်။ ခုတော့ ကမ္ဘာ့မြေပုံမှာ မြန်မာနိုင်ငံပါလို့
ထောက်ပြရင် အမွဲဆုံးနိုင်ငံအဖြစ် သမိုင်းမော်ကွန်းသစ် တင်နိုင်ခဲ့ပြီ။

အနာဂတ်ကို ဟိတ်ဟန်ကောင်းကောင်းနဲ့ မြင်သာအောင် မီးမောင်းထိုးကြည့်မိတယ်။

“ရွှေပြည်တော် မျှော်တိုင်းမဝေးချင်ပါဘူး… အမေစု… ရယ်”

ဧက (မန္တလေး)

From group mail
http://www.naytthit.net/?p=22748

ခေတ်သစ်လူငယ် သိကြစေ (၂)



Posted by on December 12, 2011

၁၉၇၄ ခုနှစ် နိုဝင်္ဘာလ ၂၅ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန် ကြောင်းသိရပါတယ်။ ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ အဲဒီအကြောင်းပဲပြောနေကြတယ်။ နောက်ရက်တွေမှာ ဆက်တိုက်ပဲ ဦးသန့် ရုပ်ကလာပ်ကို မြန်မာပြည်ပြန်သယ်မယ်ဆိုတဲ့အကြောင်း၊ ဦးနေဝင်း အစိုးရက နိုင်ငံတော် ဈာပနအဖြစ် လုပ်ခွင့် မပေးနိုင်ကြောင်း၊ ကြံတောသင်္ချိုင်းမှာပဲ မြှုပ်နှံရမယ်ဆိုတဲ့အကြောင်း၊ ဦးနေဝင်းကလည်း သူ့မယား ဒေါ်ခင်မေသန်း (ပထမ မယားကြီးက ပြည်မြို့သူဒေါ်တင်တင်) ကိုတောင် ကြံတောမှာ သဂြုင်္ိဟ်တာဖြစ်ကြောင်းတွေ ကြားရတယ်။
ကျနော်က အဲဒီ အချိန်မှာ ရှစ်တန်းကျောင်းသား၊ ပညာသင်နေတဲ့ကျောင်းက အထက(၂) ရန်ကင်း၊ ကျနော်တို့ရင်ထဲမှာ မကောင်းဘူး၊ နိုင်ငံရေးတွေဘာတွေလည်း နားမလည်သေးဘူး၊ သေချာပေါက်နားလည်တာက ကမ္ဘာက လေးစားတဲ့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာသမိုင်းတင်ရမယ့် ပုဂ္ဂိုလ်တယောက်ကို လက်လွတ်စပယ်နှင့် သာမန်လူတန်းစားတွေလို မြှုပ်နှံမယ်ပြောတာကို လုံးဝ မကျေနပ်တာဘဲ။ ဒါနဲ့ပဲ သူငယ်ချင်းတသိုက် စုပြီးတိုင်ပင်ကြတယ်။ ‘‘ဒို့တတွေဘာလုပ်ကြမလဲ’’ ‘‘တက္ကသိုလ် ကျောင်းသားတွေလည်း တိုင်ပင်နေကြပြီ’’ ‘‘ဘာလုပ်ကြမလဲသိကြလား’’၊  ‘‘မသိသေးဘူးကွ သူတို့ အစီအစဉ်နဲ့သူတို့ရှိမှာပေါ့’’၊ ‘‘တတ်နိုင်တာတစ်ခုခုလုပ်မယ်ကွာ’’၊ ‘‘ဒါဆို ပန်းခွေတော့ သွားပို့မယ်ကွာ ပြီးမှ  အခြေအနေအရပေါ့’’ ။
ဒီလိုနဲ့ သူငယ်ချင်း ခုနှစ်ယောက် မုန့်ဖိုးလေးတွေစုပြီး ရန်ကုန်မြို့လယ်က ၂၈ လမ်းမှာ ပန်းခွေ သွားဝယ်တယ်။ အဲဒီနေ့ က ဦးသန့်ဈာပနပြုလုပ်မယ့်နေ့ဖြစ်တဲ့ ဒီဇင်္ဘာလ ၅ ရက်နေ့ပေါ့။ ပန်းခွေဝယ်ပြီး ကျောင်းပြန်လာခဲ့တယ်။ ကျောင်းလည်း ရောက်ရော ကျောင်းအုပ်ဆရာမကြီး ဒေါ်လှကြည်က ရုံးခန်းထဲက နေမြင်ပြီး ကျောင်းစောင့်ကြီးကို အော်ပါလေရော။ “ကိုခင်မောင် ဒီကောင်တွေကျောင်းထဲ မဝင်စေနဲ့ ဝန်းတံခါးလည်း ကျော်မတက်စေနဲ့”။ ကျနော်တို့လည်းလန့်သွားတယ်။ ဒါနဲ့ ကျနော်တို့ ကျောင်းနောက်ဘက်လမ်းက ကျောက်ကုန်းတောရမေဒိနီ ဘုန်းကြီးကျောင်း ထောင့်မှာရှိတဲ့ သစ်ပင်ကြီး အောက်မှာ ပန်းခွေကြီးချပြီး ကျောင်းဆင်းတဲ့အချိန်အထိ စောင့်နေလိုက်တယ်။
အဲဒီအချိန်ဟာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ မြို့နယ်ကောင်စီနှင့် ပါတီယူနစ်တွေ တန်ခိုးကြီးနေတဲ့အချိန်၊ တ ကယ်ပါ ကြောက်စိတ်လုံးဝမရှိဘူး။ နေ့လည် ၁၂ နာရီထိုး ကျောင်းဆင်းတာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် (၆၅ နှစ်) ဆိုတဲ့ စာတမ်းကပ်ထားတဲ့ ပန်းခွေကိုင်ကြပြီး ကျောက်ကုန်းလမ်းမကြီးကနေ ဆင်းလာကြတုန်း ရန်ကင်းမြို့ နယ် ကောင်စီရုံးက တရုံးလုံး ထွက်ကြည့်နေကြတယ်။ ကျနော်တို့လည်း ရင်ကော့ပြီး ကျိုက္ကဆံလမ်းအတိုင်း တပ်မတော် မှတ်တမ်းရုံးကိုဖြတ်၊ ကျိုက္ကဆံရဲတန်းလျားကိုကျော်၊ ပြီးတာနဲ့ ကျိုက္ကဆံဝန်းကြီးထဲကို ဝင်ခဲ့တယ်။ ဝန်းအပေါက်မှာ အတူ ပါလာတဲ့ စိန်ဝင်းက လှမ်းပြောတယ်။ “ဟေ့ကောင်တွေ ကြောက်ကြောက်နဲ့ စွတ်သွားနေတာလား၊ နောက်လှည့်ကြည့် ပါအုံး” ဆိုတာနဲ့ လှည့်ကြည့်လိုက်တော့ နောက်မှာ လေးယောက်တတန်း၊ ငါးယောက်တတန်း အဖြူအစိမ်းဝတ်ထားကြ တဲ့ ကျောင်းသူကျောင်းသားတွေ ဆရာဆရာမတွေပါ ပါလာတယ်။ ရင်ထဲမှာ ပျော်လိုက်တာလေ။ စည်းရုံးထားတာ လုံးဝ မဟုတ်ပါဘူး။ သူတို့အသိစိတ်ဓာတ်နှင့် သူတို့ လိုက်လာကြတာ။ သြော် တို့ကျောင်းသားတွေ မညံ့ဘူးဆိုတဲ့အသိတရား အဲဒီကတည်းက ရလိုက်တာ။
ကျိုက္ကဆံဝန်းကြီးထဲရောက်တော့ ကျနော်တို့လိုပဲ တာမွေမြို့နယ် အ.ထ.က (၃) မင်္ဂလာတောင်ညွန့် မြို့နယ် အ.ထ.က (၁) စတဲ့ ဆိုင်းဘုတ်တွေနဲ့အတူ ချီတက်လာတဲ့ အထက်တန်းကျောင်းသားတွေ တွေ့ရပါတယ်။ (အထက်တန်းကျောင်း အတော်များများ ဖော်ပြရန်ကျန်ရစ်ခဲ့ပါတယ်။ ခွင့်လွှတ်ပါ။) ဦးနေဝင်း အစိုးရက ဦးသန့်ရဲ့ အစ်ကိုဦးခန့်၊ ညီတဝမ်းကွဲ ဦးသောင်းတို့နှင့် ဈာပနကော်မတီ ဖွဲ့ပေးပြီး ဦးသန့်ရဲ့ရုပ်ကလာပ်ကို ကြံတောသင်္ချိုင်းမှာ ပို့ဆောင်သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။ ဦးသန့်ရုပ်ကလာပ်ရှိတဲ့ မဏ္ဍပ်ထဲရောက်တော့ တစ်ဖွဲ့စီ တစ်ဖွဲ့စီ ပန်းခွေချပြီး ဦးညွှတ်အလေးပြုကြတယ်။ ကျနော်တို့လည်း ဦးညွှတ်အလေးပြုပြီးတဲ့နောက် လူစုခွဲလိုက်တဲ့အချိန်မှာပဲ ပုခုံးကို ဆုပ်ကိုင်လိုက်တာခံလိုက်ရတယ်။ “ဟေ့ကောင်၊ မင်း ငါနဲ့လိုက်ခဲ့” တဲ့၊ ကြည့်လိုက်တော့ အလုံမြို့နယ်က ကိုတင်မောင်ဝင်း (မဆလခေတ် အခြေခံပညာ ဦးစီးဌာနက ၁၉၇၃ ခုနှစ်မှာ ရှားရှားပါးပါး တကြိမ်တည်းဖွင့်ခဲ့တဲ့ ကျောင်းစာကြည့်တိုက်သင်တန်း အတူတက်ခဲ့သူ) ဖြစ် နေတယ်။ သူက ကျနော့လက်မောင်းကို တင်းတင်း ကြပ်ကြပ်ဆုပ်ကိုင်ရင်း ကျိုက္ကဆံကွင်း (အရင် မြင်းပွဲတွေလုပ်စဉ်ကာ လက အထူးတန်း) အပေါ်ထပ်ကို ခေါ်သွားတယ်။ ကျနော် အံ့သြသွားတယ်။ များလိုက်တဲ့မှန်ပြောင်းတွေ၊ ကင်မရာတွေ မျိုးစုံပဲ၊ အဝေးကနေ လှမ်းရိုက်နေတာလေ။
၂ နာရီလောက်မှာ တက္ကသိုလ်ကောလိပ်ကျောင်းပေါင်းစုံက ကျောင်းသားတွေ အင်္ကျီအဖြူ၊ ယောလုံချည်အနက်၊ အချို့ ကတော့ ကချင်ပုဆိုးတွေနှင့်၊ ကျောင်းသူတွေကလဲ အင်္ကျီအဖြူ၊ ထမိန်အနက်၊ တူညီဝတ်ဆင်ထားကြတယ်။ လူတိုင်း ရဲ့လက်မောင်းမှာဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပိတ်စနက်တွေ ပတ်ထားကြတယ်။ သူတို့တွေကို ကြည့်ရတာ အင် မတန် စည်းကမ်းရှိတယ်။ ညီညီညာညာနှင့်၊ ဦးသန့် ရုပ်ကလာပ်ရှိတဲ့ မဏ္ဍပ်ကိုလက်ချင်းချိတ်ပြီး သုံးထပ်ဝန်းရံလိုက်ကြ တယ်။ ပြီးတာနဲ့ မဏ္ဍပ်မှာရှိတဲ့ စပီကာ ကနေ “မိဘပြည်သူအပေါင်းတို့ ခုချိန်ကစပြီး ကျနော်တို့ ကျောင်းသားတွေနှင့် ရဟန်းသံဃာတော် များပါဝင်တဲ့ပြည်သူ့ဈာပနကော်မတီကို ဖွဲ့စည်းလိုက်ပါပြီ။ ပြည်သူ့ကော်မတီအသစ်က ဆက်လက် တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် မဏ္ဍပ်အတွင်းမှ မသက်ဆိုင်သော သူများချက်ချင်း ထွက်ပေး ကြရန်ဖြစ်ပါတယ်” လို့အထပ်ထပ်ကြေငြာလိုက်တယ်။ ပြီးတာနဲ့ ဦးသန့်ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ် ကျောင်းဝန်းထဲကိုသယ်ယူလာ ခဲ့ကြတယ်။ ပြည်သူ့ဈာပနကော်မတီဆိုတာ ဘယ်သူတွေလဲဆိုတာ နောက်ပိုင်းစုံစမ်းလိုက်တော့ ပထမဦးဆုံး ဦးစိုတင့် (ရာဇာ) ဖြစ်ပြီး၊ နောက်တော့ ဦးကြည်ဝင်း (မင်္ဂလာဒုံ) (၁၉၉၀ ရွေးကောက်ပွဲမှာ မင်္ဂလာဒုံမဲဆန္ဒနယ်အမှတ် (၁) အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် တယောက်အနေနဲ့ ရွေးကောက်ခံရပြီး ၁၉၉၉ ခုနှစ် ဇွန်လ (၁၄) ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားမပြုတော့ကြောင်း ပါတီ၏ တရားဝင်ကြေငြာခံရသူ၊ ဒီလိုသမိုင်း ကြောင်းရှိခဲ့ တဲ့ သူလိုလူကိုဘာကြောင့်?) ဖြစ်ပြီး ဦးအောင်သိန်း(ဓါတုဗေဒ) က လုံခြုံရေး၊ ဦးလှကြူ (ဓါတုဗေဒေ)က ဘဏ္ဍရေးနှင့် ဦးသန်းမြင့်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဘဆွေ၊ ကိုတိတ် တို့ ပါတယ်ဆိုတာ သိလိုက်ရတယ်။
ဒီလိုနဲ့ ညနေ (၅) နာရီမှာ ရန်ကုန်တက္ကသိုလ်ကျောင်းအတွင်း ရောက်တယ်ဆိုပါတော့။ ကျနော့်ကို ယာယီထိန်းသိမ်း တားတဲ့ ကိုတင်မောင်ဝင်းက ကျောင်းသားတွေ ကျိုက္ကဆံဝန်းထဲကထွက်သွားမှ လွှတ်ပေးတယ်။ ပြီးတော့ သူကမှာလိုက် သေးတယ်။ “ငါ့ညီမင်းလျှောက်သွားပြီး စိတ်ထင်ရာတွေ မလုပ်နဲ့နော်၊ မင်းမြင်တဲ့အတိုင်းပဲ၊ သူတို့ကို မမြင်နိုင်တဲ့နေရာက စောင့်ကြည့်နေတာ၊ တို့အကုန်လုံး သိနေတယ်”တဲ့။ သူ့ကြောင့် ကျနော် နောက်ပိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေအတွက် သင် ခန်းစာ ကောင်းကောင်းရလိုက်တယ်။ရန်သူကို တယ်တော့မှလျှော့မတွက်ဖို့။
ကျောင်းထဲက ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ပထမထားကြတယ်။ နောက်တော့ခန်းမထဲသို့ ရွေလိုက်တယ်။ နေ့ရောညပါ တရားပွဲတွေ ကျင်းပကြတယ်။ ကျနော်လဲနေ့တိုင်းရောက်တယ်။ အဲဒီတရားပွဲတွေက ကျနော့်ရဲ့ နိုင်ငံရေးမျိုးစေ့ကနေ အပင်ပေါက်ဖို့ စတင်တော့တာပါပဲ။
“ဦးသန့်အုတ်ဂူဘယ်မှာ လုပ်မလဲ”
“ကန်တော်မင်ပန်းခြံပေးမှာလား”
“ကြံတောမှာတော့ မထားနိုင်ဘူး”
“ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဘေးမှာ ပေးမှာလား”
“အချိန်မီ် အကြောင်းမပြန်ရင် သမဂ္ဂမြက်ခင်းပြင်မှာ ဂူသွင်းမယ်”
အချိန်မီပြန်ကြားတာတွေ ညှိနှိုင်းတာတွေ လုပ်မလာတဲ့အတွက် (၈) ရက်နေ့မှာ ရန်ကုန်စက်မှု တက္ကသိုလ် ဗိသုကာ ကျောင်းသားတွေက ဂူပုံစံဆွဲတယ်။ မြို့ပြအင်ဂျင်နိယာကျောင်းသားတွေက ကျောင်းထဲရောက်လာတဲ့ ကျနော်တို့လို ကျောင်းသားလေးတွေ၊ ပြည်သူတွေ၊ ဘုန်းတော်ကြီးတွေနဲ့ အုတ်ဂူဆောက်တယ်။ ဆေးတက္ကသိုလ်ကျောင်းသားတွေက ဆေးခန်းဖွင့်ပေးထားတယ်။ ပြည်သူတွေ လှူတဲ့ထမင်းထုပ်တွေ ကလဲများမှများ။ ကျနော်လည်း လုပ်အားပေးနေတုံး ကျနော့်ရဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါ်လှကြည် ကို ဆရာမ ဒေါ်ခင်စန်းနဲ့ အတူ တွေ့လိုက်ရတော့ အရမ်းအံ့သြသွား တယ်၊ ပန်းခွေနဲ့ကျောင်းထဲဝင်ဖို့ ကြိုးစားနေတုန်း အအော်ခံထားရတော့ မထင်မှတ်ထားဖူးပေါ့၊ ဆရာမကြီးက ကျနော်ကို ခေါ်ပြီး “ဟဲ့ကောင်..နင်တို့ကို ပန်းခွေကြီးနဲ့ ကျောင်းထဲအဝင်ခံလိုက်ရင် ငါဘာဖြစ်သွားမလဲ၊ အခု ငါလာချင်လွန်လို့လာ တာ၊ လုပ်စရာရှိတာလုပ်ဟေ့ ဒါဟာ အမျိုးသားရေး ဒို့နိုင့်ငံရဲ့ ဂုဏ်သိက္ခာအရေး’’ ဆိုပြီးအားပေးသွားတယ်။ နောက်မှ ဆရာမကြီးဟာ ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံးမှာ စည်းရုံးရေးတာဝန်ယူခဲ့တာလို့ သိရပါတယ်။
ဒီဇင်ဘာလ (၁၁) ရက်နေ့ (၉) နာရီလောက် ကျနော် ကျောင်းထဲရောက်တော့ ကျောင်းသားကြီးတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်။ ကျောင်းကိုစစ်တပ်က မျက်ရည်ယိုဗုံးနဲ့ပစ်ပြီး လူစုခွဲမယ်ဆိုတဲ့ စကားတွေပျံ့နေပြီ။ မျက်ရည်ယိုဗုံးနဲ့ ပစ် ရင် ခံနိုင်ဖို့ လက်ကိုင်ပုဝါတွေ စုထားရန် လိုက်ဆော်သြနေတယ်။ ဒါနဲ့ ကျနော်လည်း အိမ်ပြန်ပြီး ရသလောက် လက်ကိုင် ပုဝါတွေ စုပြီးလာပို့လိုက်တယ်။ ပြီးတာနဲ့ အိမ်ခဏပြန်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ကျနော့်အိမ်ကို အမေနဲ့ ရင်းနှီးတဲ့ ပါတီကောင်စီက ပုဂ္ဂိုလ်တွေရောက်လာပြီး အခုကစပြီး အိမ်ထဲမှာပဲနေဖို့ လာပြောတာကြောင့် အိမ်မှာ ခြေချုပ်မိသွား တယ်။
ဒီဇင်ဘာလ (၁၂) ရက်နေ့ အိပ်ယာကနိုးတာနဲ့ ချက်ချင်းပဲ မျက်နှာသစ်ပြီး အိမ်အပြင်ထွက်လိုက်တာနဲ့ သတင်းဆိုး ကြား ရတော့တာပဲ။ ရန်ကုန်တက္ကသိုလ်ကျောင်းဝန်း ခြင်္သေ့နှစ်ကောင်ရှိတဲ့ တံခါးမကြီးကို ဆောက်လုပ်ရေးက ယန္တယားကြီး တွေနဲ့ဖျက်ပြီး ဦးသန့်အုတ်ဂူကို ဘူဒိုဇာနဲ့ထိုးကလော် သွားတယ်တဲ့။ ကျောင်းသားတွေကိုလည်း သေနတ်နဲ့ပစ် ဒုတ်နဲ့ ရိုက်တယ်တဲ့။ အုတ်ဂူကိုမှောက်ပြီးကာကွယ်ထားတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း ရောပြီးနင်းပစ်လိုက်တယ် တဲ့။ နောက်တော့ ဦးကြည်ဝင်းကို နံပါတ်တစ်တရားခံ သတ်မှတ်ပြီး ကျောင်းသားခေါင်းဆောင် (၅၃) ယောက်ကို ထောင် ချပစ်လိုက်တယ်။
ပြောချင်တာက ကျနော်တို့ မြန်မာပြည်က ကျောင်းသားလူငယ်တွေဟာ နိုင့်ငံဂုဏ်သိက္ခာ အရေးနဲ့ပတ်သက်ပြီး ဘယ် တော့မှ နောက်မတွန့်ခဲ့ကြဘူး။ သတ္တိအပြည့်ရှိတယ်။ ရာဇဝင်မှာထွန်းပြောင်တယ်လို့ ရဲရဲကြီး ပြောချင်တာပါ။ ဒါကြောင့် အခုလို မြန်မာနိုင်ငံမှာ မျှော်လင့်ချက်လမ်းစတွေ ပေါ်ထွက်နေတဲ့ အချိန်မှာ လူငယ်တွေကို ညီညွှတ်စေချင်တယ်။ ပါတီစွဲ၊ အဖွဲ့အစည်းစွဲ၊ လူပုဂ္ဂိုလ်အစွဲအလမ်းတွေ မထားဘဲ ကျရာနေရာမှာ တတပ်တအား ပါဝင်စေချင်တယ်။
ယနေ့ခေတ် မြန်မာပြည်မှ လူငယ်များ ကိုယ့်တိုင်းပြည်ကို နိုင်ငံတကာက ရိုသေခန့်ညားအောင် ဝိုင်းဝန်းကူညီဆောင်ရွက် နိုင်ကြပါစေလို့…
ဦးသန့်အရေးအခင်း (၃၇) နှစ်ပြည့် အထိမ်းအမှတ်
သန့်စင်အောင် (ရန်ကင်း)
၁၁-၁၂-၂၀၁၁
http://www.naytthit.net/?p=22739

စင်္ကာပူမှာ မြန်မာ မိန်းကလေး တစ်ဦး သေကြောင်း ကြံ မှု ဖြစ်


by FNG on December 12, 2011
20111211_at_lcn_kpe-accident_img_main
သက်(စင်္ကာပူ)၊       ၊စင်္ကာပူ နိုင်ငံ က  အိမ်ဖော် ရှာဖွေ ပေး ရေးဧဂျင်စီတစ်ခု က ထွက်ပြေးလာပုံ ရတဲ့အသက် ၂၇ နှစ်အရွယ်ရှိမြန်မာ မိန်း ကလေးတစ်ဦး ဟာ ၄.၅ မီတာ မြင့်တဲ့ လူသွားစင်္ကြန်
ကုန်းကျော် တံတားပေါ် က  ခုန်ချခဲ့တယ် လို့ စင်္ကာပူ ကွန်မြူနတီ သတင်း ဆိုတ် တစ်ခုဖြစ်
တဲ့ OMY မှာဖော်ပြထားပါတယ်။
သူခုန်ချ ချိန်မှာ သစ်ကိုင်း တစ်ခု နဲ့  ချိတ်မိခဲ့ ပြီး တံတား အောက် ကား လား ပေါ်ရောက်တဲ့ အခါမှာ
လည်း မော်တော်ယာဉ် တစ်ခုခု နဲ့  တိုက်မိ ခဲ့ ခြင်း မရှိ တာ က သူ့  ကို ကံကောင်း စေခဲ့ ပါတယ်။
သူ ခုန် ချတဲ့ နေရာ ဟာ KPE၊PIE နဲ့  ရှမ်း ရိပ်သာ လမ်းမ လမ်းဆုံ ရှိ တဲ့ နေရာ တွေ မှာ ဖြစ်ပြီး
မော်တော် ယာဉ် သွား လာ မှု အရမ်း ရှုပ်တဲ့ နေရာ ဖြစ်ပါတယ်။
အဲဒီမိန်းကလေး ဟာ မနေ့ က တနင်္ဂနွေ နေ့ က တံတားပေါ် က နေ ခုန် ချပြီး သတ်သေတာ လို့ 
ဒီနေ့  ညနေ ထုတ် United Evening News မှာလည်း ဖော်ပြ ထား ပါတယ်။ သူမ ဟာ မခုန်
ချခင် အချိန် မှာ ကန် တုန် ဈေးရောင်း ဌာန ရဲ့  အိမ်အကူ ရှာ ဖွေ ရေး ဧဂျင် စီက ထွက်ပြေးလာ
ပုံ ရတယ် လို့  သတင်း မှာ ဖော်ပြ ထား ပါတယ်။
ဂျင်းဘောင်ဘီ အပြာ ရောင် ၊ အကျီ အပြာ ရောင် တို့  ကို ၀တ် ဆင်ထား ပြီး  ခုန်ချခဲ့တဲ့ အရှိန်
ကြောင့် အသက် မသေဆုံး သော်လည်း ပြင်းထန် တဲ့ ထိခိုက် မှု တွေ ရှိ ပြီး သတိလစ် မေ့
မျော နေကာ ပြန်လည် သတိရရှိ အောင် ဆေးရုံ မှာ ကုသ ခံနေရ ပါတယ်။
ဆေးရုံရောက် ချိန် မှာ ညာဘက်လက် နဲ့  ဘယ်ခြေ ကျိုး နေ ခဲ့ ပြီး ဆေးရုံကုတင် မှာ သူ့  ကို
လှုပ်ရှား မပြု နိုင်အောင် စီစဉ်ထားထား ပါတယ်။
အဆိုပါ အမျိုးသမီး ခုန် ချပြီး သတိလစ် မေ့မျော နေတာ ကို အငှားယာဉ် မောင်းသူ တစ်ဦး က
တွေ့ ရှိပြီး ရဲစခန်း ကို ဖုန်းဆက် အကြောင်း ကြား ခဲ့ တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ လ က မြန်မာ အမျိုးသမီး ငယ် တစ်ဦးဟာ လည်း လေးထပ်တိုက်ပေါ်က ခုန်
ချပြီး သေကြောင်း ကြံခဲ့ရာ အထ မြောက် ခဲ့ ပါတယ်။
http://freedomnewsgroup.com/2011/12/12/burmese-gilr-suicide-in-sg/#more-23207

ရုပ်ရှင်လောကကအနှေးဆုံးပဲ



http://moemaka.com

ဟိုတယ် = ဘိ



http://moemaka.com

ရဟန်းတော်များနှင့် နိုင်ငံ့အရေး

Ashin Pinnar Nanda –
ဒီဇင်ဘာ ၁၂၊ ၂၀၁၁


ရဟန်းတော်တွေ နိုင်ငံ့ရေးရာကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့လုပ်သင့် မလုပ်သင့် စတဲ့စကားသံတွေနဲ့ပတ်သက်ပြီး မကြာခဏ ငြင်းခုံနေကြာတာတွေကို ကြားရပါတယ်။

လွန်ခဲ့တဲ့၂၀၁၀ခုနှစ်က အစည်းအဝေးကိစ္စတခုနဲ့ နယူးယောက်က မိတ်ဆွေကျောင်းမှာတည်းခိုနေခိုက် ဒကာသုံးယောက်လောက်က ရဟန်းတော်တွေ နိုင်ငံရေးမလုပ်သင့်ကြောင်း လျောက်ထားနေတာကို ကြားမိလိုက်ပါတယ်။ မိတ်ဆွေရဟန်းက ဘာများပြန်လည် ပြော ကြားလေမလဲလို့ နားစွင့်မိပေမဲ့ ဘာမှပြန်လည်ပြောကြားသံမကြားရလို့ အားမလိုအားမရ ဖြစ်မိပါတယ်။

ဒီကိစ္စတွေက အသစ်အဆန်းတော့မဟုတ်ပါဘူး။ အများပြောနေကြလို့ နားရေ၀နေပါကြပြီ။ အဲဒီမှာ ဘာကိုသွားပြီးသတိရလိုက်သလဲဆို တော့ န၀တ၊ နအဖလက်ထက်ကနေ ယနေ့အချိန်အထိ ရဟန်းတော်တွေ နိုင်ငံရေး မလုပ်ကောင်းဘူး။ ရဟန်းကိစ္စ နှစ်ဓူရဆိုတဲ့အတိုင်း ၀ိပဿနာဓုရနဲ့ ဂန္ဓဓုရနှစ်ပါးသာလုပ်ရမယ်ဆိုတဲ့ စစ်အစိုးရသတင်းစာတွေကနေ သံဃာ့နာယကဆရာတော်တွေ မကြာခဏသြ၀ါဒပေးနေ တာတွေကို သတိရမိလိုက်ပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ပက်သက်လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးအပြီးမှာ စစ်အာဏာရှင်တွေက သံဃာ့နာယကဆရာတော်တွေကနေ တဆင့် အမိန့်ဒီဂရီအမျိုးမျိုးထုတ်ပြန်ပြီး စစ်အစိုးရကိုဆန့်ကျင်တဲ့ သံဃာ့လှုပ်ရှားမှုတွေမပြုလုပ်ကြဘို့ သံဃာတော်တွေအတွက် တင်းတင်း ကြပ်ကြပ် သီးသန့်အမိန့်တွေထုတ်ပြန်ခဲ့တာ အားလုံးအသိပါ။ အဲဒီလိုအမိန့်တွေထုတ်ပြန်ခဲ့တဲ့ကြားထဲက သံဃာတော်တွေဟာ မကြောက် မရွံ့နောက်မဆုတ်ဘဲ စစ်အာဏာရှင်တွေရဲ့အနှိပ်စက်ခံ၊ ထောင်ကျခံပြီး ဒီနေ့အချိန်အထိ စစ်အစိုးရရဲ့အမိန်အာဏာတွေကို ဖီဆန်နေကြ တာ ဘာကြောင့်လဲ။ နိုင်ငံရေးအာဏာရရေးအတွက်လား သို့မဟုတ် တကိုယ်တော်ကောင်းစားရေးအတွက်လုပ်ဆောင်နေကြတာလား။ တကယ်တမ်းဆိုရရင် သံဃာတော်တွေဟာ စာပေသင်ကြားပို့ချပြီး အေးအေးဆေးဆေး နေချင်ကြာတာပါ။ နိုင်ငံရေးဇာတ်ထုတ် ဇာတ်ရှုပ် တွေထဲပါချင်ကြတာ မဟုတ်ပါဘူး။

ဒါဆို ဘာကြောင့်ပါဝင်ဆောင်ရွက်နေကြတာလဲလို့ မေးစရာရှိပါတယ်။ စစ်အာဏာရှင်တွေရဲ့ တိုင်းပြည်နဲ့လူထုအပေါ်မှာ မတရားဖိနှိပ် စိုး မိုးပြီး အနိုင်ကျင့်စော်ကားနေတာတွေကိုမကြည့်ရက်လို တဖက်တလမ်းကနေ ပါဝင်ဆောင်ရွက်နေကြရတာပါ။ မြန်မာ့လွတ်လပ်ရေးသမိုင်း ကိုကြည့်ရင် ဆရာတော်ဦးဥတ္တမတို့၊ ဆရာတော်ဦးဝိစာရတိုရဲ့လုပ်ဆောင်ချက်တွေကို သမိုင်းစာမျက်နှာမှာ ထင်ထင်ရှားရှားတွေ့ရမှာပါ။

ဒီဆရာတော်တွေဟာ ကိုယ်ကျိုးအတွက် လုပ်ဆောင်ခဲ့ကြတာမဟုတ်ပါဘူး။ အဖိနှိပ်ခံဘ၀ကနေ မိမိတို့အမျိုးသားတွေလွတ်မြောက်ဖို့ လူထုဘက်ကရပ်တည်ပြီး လုပ်ဆောင်ခဲ့ကြပေမဲ့ ဆရာတော်တွေရတဲ့ဆုကတော့ ထောင်နန်းစံရခြင်းနဲ့ အဖိနှိပ်ခဲ့ရခြင်းဆိုတဲ့ဆုတွေပါ။ အဲဒီ လိုဘဲ ရှစ်လေးလုံးအရေးအခင်းကာလကစလို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအထိ လူထုဘက်ကရပ်တည်ခဲ့တဲ့ ဦးဥတ္တမလေးတွေ၊ ဦးဝိ စာရလေးတွေ ထောင်ထဲမှာရှိနေဆဲဖြစ်သလို ရဟန်းသံဃာတော်တွေ အဖိနှိပ်ခံနေရဆဲပါ။

န၀တစစ်အစိုးရလက်ထက်ကစလို့ ယနေ့အချိန်အထိ စားဝတ်နေရေး အဆင်မပြေရတဲ့ကြားထဲ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုမျိုးစုံအောက်မှာအလူးလူးအလိမ့်လိမ့်ခံနေရတာ ပြည်သူအများစုပါ။ အဲဒီလို ဆင်းရဲသားကျောမွဲမိဘတွေက မွေးဖွားလာတဲ့ ကျောင်းမနေနိုင်တဲ့ ကလေး သူငယ်တွေကို ဘ/က ကျောင်းတွေဖွင့်ပြီး ပညာသင်ကြားပေးနေတာဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေပါ။

အစားလည်းကျွေး အ၀တ်လည်းပေးပြီး ချို့ချို့တဲ့တဲ့နဲ့ ပညာသင်ကြားပေးနေကြရတာပါ။ သဘာဝဘေးအန္တရယ်တွေနဲ့ ကြုံတွေ့ကြပြန် တော့လည်း ဒီဘုန်းကြီးတွေကဘဲဦးဆောင်ပြီး ဆန်လှူ ဆီလှူ ဆေးလှူလုပ်ပေးကြပြန်ပါတယ်။ ဆေးရုံဆေးခန်းတွေဖွင့်ပြီး ဆင်းရဲတဲ့ဒကာ ဒကာမတွေကို အခမဲ့ဆေးကုသပေးနေတာလည်း ဘုန်းတော်ကြီးတွေဘဲ မဟုတ်ပါလား။ အစိုးရကတော့ သူနဲ့ မဆိုင်သလိုနေပြီး ဘာမှ အကူအညီမပေးတဲ့အပြင် အကူအညီပေးတဲ့ ဘုန်းတော်ကြီးတွေနဲ့ စေတနာရှင်ဒကာ ဒကာမတွေကိုလိုက်လံနှောက်ယှက်ရုံတင်မက အကူ အညီပေးသူတွေကို ဖမ်းဆီးထောင်ချပြန်ပါတယ်။ အစိုးရလုပ်ရမဲ့အလုပ်တွေကို ရဟန်းရှင်လူတွေက ကူညီတာကိုတောင် မနာလို မရှုစိမ့်တဲ့ စစ်အစိုးရပါ။

ရဟန်းတော်တွေရဲ့လုပ်ဆောင်ချက်တွေဟာဟာ ဉာတ္ထရစရိယဆိုတဲ့ ဘုရားဟောနဲ့အညီ ကိုယ့်ဒကာ ဒကာမတွေကို တတ်နိုင်သလောက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေသက်သာအောင် ကူညီနေကြတာပါ။ အဲဒီတော့ အများကောင်းကျိုးအတွက်ဆောင်ရွက်နေတဲ့ ဘုန်း ကြီးတွေဟာ စစ်အစိုးရ၀ါဒဖြန့်သလို နိုင်ငံရေးလုပ်နေတာလား၊ နိုင်ငံ့အရေးလုပ်နေတာလားဆိုတာ သေချာစဉ်းဘို့လိုပါတယ်။

စစ်အစိုးရရဲ့ ဘာသာရေးဖိနှိပ်မှု၊ လူမျိုးရေးဖိနှိပ်မှုနဲ့ နိုင်ရေးဖိနှိပ်မှုတွေရှိနေသရွေ့ကာလပတ်လုံးတော့ ရဟန်းတော်တွေဟာ လူထုနဲ့ တ သားထဲရပ်တည်ပြီး အာဏာရှင်တွေကို ဆန့်ကျင်သွားအုံးမှာကတော့ အသေအချာပါ။ မတရားတာတွေကို မတရားဘူးပြောရမှာက ရဟန်း တော်တွေရဲ့အလုပ်ဖြစ်သလို အဓမ္မ၀ါဒတွေကိုဖယ်ရှားပြီး ဓမ္မ၀ါဒတွေထွန်းကားလာအောင်လုပ်ရမှာ ရဟန်းတွေလုပ်ရမဲ့အလုပ် မဟုတ် ပါလား။ ငါးရာ့ငါးဆယ်ဇာတ်တော်တွေနဲ့ ဓမ္မပဒတွေကို ဖတ်ရှုလေ့လာကြည့်ပါ။ ဘုရားရှင်ကိုယ်တော်တိုင် လောကီကိစ္စတွေမှာပါဝင်ဆောင် ရွက်ခဲ့တာတွေကို အများအပြားတွေ့ရမှာပါ။

ဗုဒ္ဒဘုရားရှင်ကိုယ်တိုင် လောကရဲ့အကျိုးရှိရာရှိကြောင်းနဲ့ လူတွေရဲ့ အကျိုးရှိရာရှိကြောင်းအလုပ်တွေကိုလုပ်ဆောင်ကြဘို့ ရဟန်းတော် တွေကိုညွန်ကြားခဲ့သလို သူကိုယ်တိုင်လည်း စံပြနိုင်ငံရေးသမားကြီး ငြိမ်းချမ်းရေးသမားကြီးအဖြစ်နဲ့ ရပ်တည်သွားခဲ့တာပါ။ မဟုတ်တာတွေ လုပ်ပြီး မဟုတ်တာတွေပြောတဲ့ စစ်အာဏာရှင်တွေလက်ထက်ကြမှ လူထုအထင်အမြင်မှားအောင် ရဟန်းတော်တွေကိုအပုပ်ချပြီး ၀ါဒဖြန့် ချီရေးတွေလုပ်နေတာ၊ တရားပွဲတွေ မကျင်းနိုင်အောင်ပိတ်ပင်တားဆီးနေတာတွေဟာ တကယ့်ကို ရယ်စရာကောင်းလှပါတယ်။

အဲဒါကြောင့် ရဟန်းတော်တွေလုပ်ဆောင်နေကြာတာဟာ နိုင်ငံရေးလား၊ နိုင်ငံ့အရေးလားဆိုတာ စစ်အာဏာရှင်တွေ ကွဲကွဲပြားပြား သ ဘောပေါက်သင့်ပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။
http://moemaka.com

ထပ်လွှတ်ပေးမယ်လို့ မျှော်လင့်နေပါတယ်


Published on December 12, 2011 by နေသွင်

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို အစိုးရက ထပ်လွှတ်ပေးဖို့​ ​မျှော်လင့်နေတယ်လို့ ပြောပါတယ်။ ​လောလောဆယ် ကော်မရှင်က ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာခဲ့သလို၊ အကျဉ်းထောင်တွေက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း​ ​လေ့လာသွားမယ်လို့​ ​ပြောပါတယ်။

ကော်မရှင်ရဲ့​ အဖွဲ့ဝင်တဦးဖြစ်တဲ့​ ​ဒေါက်တာ ဒေါ်သန်းနွဲ့ကို​ ​မေးမြန်းထားပါတယ်။

လူ့အခွင့်အရေးကော်မရှင်က ဘယ်လုပ်ငန်းတွေကို အဓိက ဦးစားပေး လုပ်နေပါသလဲ။

“နံပါတ်တစ်ကတော့ တဦးချင်းရဲ့ တိုင်ကြားချက်တွေပေါ့။ အဲဒါတွေကိုတော့ ဆရာမတို့က နေ့တိုင်း ကိုင်ပြီးတော့လေ လုပ်စရာရှိတာတွေလုပ်၊ ဆက်ပို့စရာ ရှိတာတွေပို့တယ်၊ သူတို့ဆီ အကြောင်းပြန်စရာရှိတာတွေ ပြန်တယ်ပေါ့နော်။ ပညာပေးရေးပေါ့။ တင်လာတဲ့ဟာတွေ တချို့ကလေ လူ့အခွင့်အရေးနဲ့ မဆိုင်တာတွေပေါ့ သူတို့ တဦးချင်းအခွင့်အရေးတွေ၊ မိသားစုအရေးတွေလည်း ပါတယ်ဆိုတော့ သတင်းစာမှာ ဆရာမတို့က ဘာတွေ မပါဘူး ပါတယ်လို့ အကြမ်းဖျင်းပြောထားသော်လည်းပဲ သူတို့ နားမလည်ဘူးပေါ့။ အဲဒီတော့ လူ့အခွင့်အရေးဆိုတာ ဘာလဲဆိုတာ သိဖို့ သင်တန်းတွေ လုပ်ဖို့လည်း ကျမတို့ အစည်းအဝေးတွေ လုပ်နေတယ်။ ယူနီဆက်တို့ ဘာတို့နဲ့လည်း ညှိနှိုင်းနေပါတယ်။

“နောက်ပြီးတော့ တကယ်တမ်း နိုင်ငံတော်မှာ အခုနပြောသလိုပေါ့ အကျဉ်းသားလွှတ်ပေးရေးတို့ပေါ့နော် အဲဒါမျိုးတွေလည်း အချိန်အခါနဲ့ ဟတ်ပြီးတော့ ဘာတွေ ပြောပေးရရင် ကောင်းမလဲ ဆိုတာတွေ ဆွေးနွေးပြီး အဲဒါတွေလည်း လုပ်ပေးနေပါတယ်။ နောက်ပြီးတော့ ကချင်ပြည်နယ်တို့ ဘာတို့လည်းပဲ အုပ်စုနဲ့ သွားပြီးတော့ လေ့လာတာတွေ၊ ဆွေးနွေးတာတွေလည်း လုပ်နေပါတယ်။”

ကျနော်တို့​ တော်တော်များများ စိတ်ဝင်စားကြတဲ့ အချက်ပေါ့။ ပထမ တခေါက်က ဆရာမတို့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အစိုးရကို မေတ္တာရပ်ခံတဲ့စာ ထွက်လာပြီးတာ့မှ အကျဉ်းသားတွေ လွတ်လာတယ်ပေါ့လေ။ ယုံကြည်ချက်ကြောင့် ပြောထားတာရှိတယ်။ နိုင်ငံရေးအကျဉ်းသား ဘယ်လိုပဲ သုံးသုံးပေါ့ တချို့လွတ်လာတာ ရှိတယ်ပေါ့လေ။ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်း​ လောက်က ထင်ပါတယ်။ ဆရာမတို့ တခါ ပန်ကြားတဲ့စာပေါ့။ အဲဒါပြီးတော့ လွတ်လာတာ မတွေ့ရသေးဘူးလို့လည်း ပြောကြပါတယ်။

“ဟုတ်ပါပြီ။ အဲဒီထဲမှာဆိုရင် ဆရာမတို့က နံပါတ်တစ်က ထပ်မံပြီးတော့ လွှတ်ပေးဖို့ရယ်၊ နောက်တချက်က လောလောဆယ် လွှတ်ပေးနိုင်တဲ့ အနေအထား မရှိဘူးဆိုရင်တောင်မှ သူတို့ မိသားစုတွေနဲ့ ဆက်သွယ်လို့ နေရာတွေ ပြောင်းရွေ့ပေးဖို့ ပေါ့နော် နှစ်ခု ပြောထားပါတယ်။ ဆရာမ သိရသလောက်ကတော့ အဲဒီလို မိသားစုနဲ့ ဆက်သွယ်လွယ်၊ သွားရေးလာရေး လွယ်တဲ့ နေရာတွေကိုတော့ တော်တော်များများ ရွှေ့ပြီးပြီးလို သိရှိရပါတယ်။ နောက်ပြီးတော့ ထပ်လွှတ် ပေးဖို့လည်း ဆရာမတို့ကတော့ မျှော်လင့်နေပါတယ်။ လွှတ်လည်း လွှတ်ပေးလိမ့်မယ်လို့လည်း ယူဆပါတယ်။”

ဆရာမတို့ စာထဲမှာလည်း ယုံကြည်ချက်တို့ ဘာတို့သုံးတာ ရှိတာပေါ့ ဆရာမရယ်။

“ဟုတ်ပါတယ် ယုံကြည်ချက်ဆိုတာကလည်းလေ သူတို့ တခုတခု ဖော်ပြလိုက်တာပေါ့ သိလား။ ဒါမျိုး ဘာရည်ညွှန်းတယ် ဆိုတာကတော့ ကိုယ်ကြိုက်သလို အဓိပ္ပာယ် ကောက်ကြတာပေါ့။”

ဘယ်နှယောက် ဘယ်လို ရှိတယ်ဆိုတာမျိုးလည်း တယောက် တမျိုးစီ ဖြစ်နေကြတာပေါ့။

“အဲဒီ တယောက်တမျိုး ဖြစ်နေတဲ့ အတွက်ကြောင့် ဆရာမတို့ရဲ့ ဒုတိယအကြိမ် ဆရာမတို့ရဲ့ လွှတ်ပေးဖို့တဲ့ request (ပန်ကြားချက်) ထဲမှာလေ အကုန်လုံး အနီးစပ်ဆုံး ခန့်မှန်းချေ ဆိုပြီးတော့ ဆရာမတို့ ရေးထည့်ထားပါတယ်။ အဲဒါက လွှတ်ပြီးတာက ၂၀၀ ကျော် ရှိပါတယ်။ အရင်တုန်းက သူတို့ စာရင်းကတော့ ၅၀၀ ကျော်လောက် ရှိတယ်ပေါ့နော်။ ဆိုတော့ ကျန်တာကတော့ တော်တော်လေး ခိုင်မာ သေချာတာကတော့ ဆရာမ နားလည်တာကတော့ ၃၀၀ လောက်တော့ ရှိကောင်း ရှိမယ်ပေါ့နော်။ တိတိကျကျ ဆရာမတို့ကလည်း အကျဉ်းထောင် ဦးစီးဌာနတို့ ဘာတို့ သေသေချာချာ သွားမေးပါတယ် ပြည်ထဲရေးရော။ သူတို့ ညှိနှိုင်းထားတာတွေ၊ နှစ်ဦးနှစ်ဖက် လက်ခံထားပြီးသားတွေ ဖြစ်ပါတယ်။”

ဆရာမတို့ ကော်မရှင်က တိတိကျကျ သိချင်လို့ ဒီတလောမှာ လေ့လာတာတွေ လုပ်တယ်လို့ ပြောတယ် ဟုတ်ပါသလား။

“လုပ်တယ် military တွေကိုလည်း သွားတယ်၊ နေပြည်တော်ကို သွားတာပေါ့နော်။ အခုလည်းပဲ ဆရာမတို့ မြစ်ကြီးနား ဝိုင်းမော်တို့အထိ ဆရာမတို့ အဖွဲ့တွေ သွားပြီး ပြန်လာပါပြီ။ အဲဒီဘက်လည်း သွားပြီး အကုန်ကြည့်ခဲ့ပါပြီ အနေအထားတွေလေ။”

အဲဒါလေး ကျနော်တို့ ကြားလို့ပါ။ ဆရာမတို့ ထောင် တော်တော်များများ ရောက်ပြီးပြီလား။

“ထောင် အထဲထိတော့ ဆရာမတို့ မရောက်သေးပါဘူး။ အခုဆရာမတို့ ဒီလထဲမှာပဲ သွားဖို့ အစီအစဉ် လုပ်ထားပါတယ်။ ဆရာမတို့ သွားမှာက အဲဒီအတွင်းထဲမှာ ရှိနေတဲ့ လူတွေရဲ့ နေထိုင်ရေးပေါ့။ သူတို့ နေရထိုင်ရတဲ့ ပုံစံတွေကို ဆရာမတို့က ကြည့်မှာပေါ့နော်။ ထောင်တွေကို လေ့လာတယ် ဆိုတာကလေ။ ဒီနေ့ပဲ ဆရာမတို့ စာရင်းချသေးတယ်။ ဆရာမ ဒီလထဲမှာတော့ ဖြစ်တယ် သေချာတယ်။”

နောက်တချက်က ဆရာမတို့ အရင်လုပ်သလိုမျိုးပေါ့လေ။ ပန်ကြားချက်တွေ ဘာတွေ ထပ်ထုတ်ဖို့ ရှိပါသေးလား။

“လိုအပ်တာလေးတွေကိုတော့ ဆရာမတို့ ထုတ်သွားမှာပါ။ ဘယ်ဟာ ဘယ်အတိအကျ ဆိုတာကတော့ အရေးကြီးမယ် ထင်တဲ့ဟာတွေကိုတော့ ဦးစားပေးပြီး လုပ်သွားမှာပါ။ အခု ကချင်ပြည်နယ်ကိုသွားတာ။ ဆရာမတော့ မပါဘူးပေါ့နော် အဖွဲ့တဖွဲ့ပေါ့နော်။ အဲဒီက အခြေအနေတွေ အကုန်သွားကြည့်ခဲ့ပါပြီ။ နောက် ကူညီမှုတွေလည်း လုပ်သင့်တာတွေ လုပ်ခဲ့ပါပြီ။”

ဘယ်လိုမျိုးတွေ အဓိက တွေ့​ရှိတယ်လို့ ပြောလို့ရမလဲ ကချင်ဘက် သွားတာက။

“အဲဒါ ကြေညာပေးလိုက်ပါလိမ့်မယ် တရားဝင်လေ။ သူတို့ပြောတာကတော့ ဒီဘက်ကို ဝင်လာတဲ့လူတွေပေါ့နော်။ အဲဒီလူတွေကို ကယ်ဆယ်ရေးစခန်းတွေ ဘာတွေမှာတော့ ကလေးတွေ ပါလာရင်ကအစ ကလေးတယောက်မကျန် ကျောင်းထဲကို ရောက်အောင် စာသင်ဖို့ အချိန်မပျက်အောင် အဲဒီအထိ လုပ်ပေးထားတယ်လို့ ပြောကြပါတယ်။”
http://burmese.dvb.no/archives/18751

ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲရက်ရွှေ့

Published on December 12, 2011 by ရွှေအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုလုပ်မယ့် ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ရက်ရွှေ့လိုက်တဲ့အကြောင်း ဂီတဖျော်ဖြေပွဲကျင်းပရေး ကော်မတီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မူလကြေညာထားတဲ့ ဒီဇင်ဘာ ၁၅ ရက်အစား ဒီဇင်ဘာနောက်ဆုံးပတ်ကို ရွှေ့ဆိုင်းလိုက်တဲ့အကြောင်းနဲ့ ကျင်းပမယ့် ရက်အတိအကျကိုတော့ ထပ်မံထုတ်ပြန်ကြေညာမယ်လို့ ကျင်းပရေးကော်မတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂီတပွဲကျင်းပဖို့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တဲ့အကြောင်းနဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ သုဝဏ်ဏအားကစားရုံတာဝန်ခံက ၁၆ ရက်မှာ အမျိုးသမီးအားကစားပွဲတခုနဲ့ ရက်တိုက်နေလို့ ခွင့်မပြုနိုင်ဘူးလို့ အကြောင်းကြားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမျိုးသမီးအားကစားပွဲရှိတယ် ဆိုတဲ့ရက်နဲ့ ဂီတပွဲကျင်းပမယ့်ရက် မတိုက်တာကြောင့် ခုလိုပြန်ကြားလာတာဟာ အကျိုးအကြောင်း ဆီလျော်မှုမရှိဘူးလို့ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ကိုဖြိုးမင်းသိမ်းက ပြောပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဂီတဖျော်ဖြေပွဲ မလုပ်စေလိုတာနဲ့ အနှောင့်အယှက်ပေးတဲ့ သဘောမျိုး လုပ်တာရော မဖြစ်နိုင်ဘူးလားလို့မေးတော့ ကိုဖြိုးမင်းသိမ်းက အခုလို ပြောပါတယ်။

“ကျနော်ထင်တာတော့ ပြောင်းလဲလာတဲ့ အခြေအနေသစ်ပေါ်မှာ ကွင်းဆက်တွေပျောက်နေတဲ့အတွက် တချို့တနေရာနဲ့ တနေရာ ချိန်တွဲမှုမှာ အားနည်းနေလို့ လို့ပဲ ကျနော် အကောင်းဘက်က ရှုမြင်ပါတယ်။ ဒီပွဲဖြစ်မြောက်ရေးကိုတော့ အတတ်နိုင်ဆုံး ညှိနှိုင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ လုပ်သွားမှာပါ။”

သက်ဆိုင်ရာ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အပတ်စဉ် ကြာသာပတေးနေ့တိုင်း ဖျော်ဖြေပွဲကျင်းပဖို့ ပွဲမိန့်ချထားပေးရေး အစည်းအဝေး ကျင်းပလေ့ရှိတဲ့အကြောင်းနဲ့ အဲ့ဒီနေ့မှာ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြုလုပ်မယ့် ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှာ လက်ရှိ ဂီတလောကသား ကိုးဆယ်ရာခိုင်နှုန်းကျော် ပါဝင်ဖျော်ဖြေတင်ဆက်ဖို့ ရှိပါတယ်။
http://burmese.dvb.no/archives/18734

နိုင်ငံရေးဆက်လုပ်မည့် အကျဉ်းသားကို လွှတ်ပေးမည်


Published on December 12, 2011 by မင်းလွင်

ပြည်သူ့​လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးဖို့ နီးလာပြီလို့ ပြီးခဲ့တဲ့အပတ်က ပြောသွားပါတယ်။

ဒါဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နိုင်ငံရေး အကျဉ်းသားကို လွှတ်ပေးတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကို ဆောင်ရွက်နေတဲ့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။

“ဒီမိုကရေစီနိုင်ငံ​ တည်ထောင်ရေးမှာ အားလုံး အင်အားစုအသီးသီး လက်တွဲပါဝင်ဖို့ လိုတယ်ဆိုတဲ့ ပုံသဏ္ဌာန်မျိုးလည်း တရားဝင်နေတာ ရှိတဲ့အခါကျတော့ ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေးမှာ ပူးပေါင်းဆောင်ရွက်မယ်လို့ သူတို့ယုံကြည်တဲ့ လူတွေဆိုရင်တော့ လွှတ်ပေးမယ်ဆိုတဲ့သဘော ကျနော် ခန့်မှန်းလို့ ရတယ်။”

တဆက်တည်းမှာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကနေပြီးတော့ လွှတ်ပေးစေချင်တဲ့ အကျဉ်းသားစာရင်းကိုပေးဖို့ ပြောခဲ့တာနဲ့ ပတ်သက်ပြီး ကိုတိုးကျော်လှိုင်က အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ နိုင်ငံရေးအကျဉ်းသားစာရင်း ပြုစုနေတဲ့ အင်အားစုတွေ အနေနဲ့ကျတော့ ဒီစာရင်းကတော့ နည်းနည်း တွန်းလုပ်ဖို့ လိုနေပြီ။ ဒီစာရင်းကို အစိုးရလက်ထဲကို ထည့်လို့ ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးလည်း ပေါ်လာသလို တဖက်ကလည်း စာရင်းပေးလေ ကျနော်တို့ လွှတ်ပေးပါ့မယ် ဆိုတာက စာရင်းပေးတဲ့ နောက်မှာ တာဝန်ယူမှု၊ ဒီလူတွေနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားတာဝန်ယူမလား မည်သူမည်ဝါပေါ့ တာဝန်ခံမလားဆိုတဲ့ တာဝန်ယူမှု အပိုင်းမျိုးတွေလည်း ညှိနှိုင်းတဲ့ထဲမှာ ပါကောင်းပါနိုင်ပါတယ်။ ဒါဆို ငါ့တို့ စာရင်းမြန်မြန်လုပ်မယ်၊ စားရင်းမြန်မြန်လုပ်ပြီးရင် သက်ဆိုင်ရာကို ရောက်အောင် ဒီစာရင်းကို ပို့ပေးလိုက်မယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကျတော့ အကုန်လုံးကို အကုန်လုံးလွှတ်ပေးပါလို့ အန်တီက ပြောမှာပဲလေ။ နိုင်ငံရေးအကျဉ်းသားအကုန်လုံး လွှတ်ပေးပါ။ ဒီအကုန်လုံးကို ဒေါ်စုတာဝန်ယူသလားဆိုတဲ့ မေးခွန်းမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်တာပေါ့။”

အခုလို နိုင်ငံရေးလုပ်မယ်လူကို ဦးစားပေးလွှတ်တာဟာ အံ့ဩစရာပဲလို့ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ကျနော်တို့ ထောင်ထဲရှိတုန်းက အပြင်မှာ နိုင်ငံရေး လုပ်မလားလို့ မေးတယ်။ ကျနော်ဆိုရင် ဒီမိုကရေစီရတဲ့အထိ နိုင်ငံရေးလုပ်မယ်လို့ ပြောမိလို့ ကျနော် လုံးဝမလွှတ်ပေးဘဲ ၁၆ နှစ်တိတိ နေခဲ့ရတာပဲ အဲဒါမျိုးတွေ ရှိတယ်။ အခုလို အစိုးရက နိုင်ငံရေးဆက်လုပ်မယ်ဆိုရင် နိုင်ငံရေးသမားလို စဉ်းစားမယ် ဆိုတာကတော့ တိုင်းပြည်အတွက် ကောင်းတယ်လို့တောင် ကျနော် ပြောချင်တယ်။ နိုင်ငံရေးဆိုတာ အများစုအတွက် လုပ်တဲ့အလုပ်၊ အဲဒီလို အလုပ်မျိုး လုပ်တဲ့လူမျိုးလို့ သဘောပေါက်သွားပြီဆိုရင်တော့ ဒါ တိုင်းပြည်အတွက်က အလွန်ကောင်းတဲ့ စကားလို့ ပြောရမလို ဖြစ်နေတယ်။ သူက အဲဒီလိုပြောတယ်ဆိုတော့ ဒါ အံ့ဩစရာကြီးပဲ။ ဒါဆိုရင်တော့ တကယ်လည်း အားတက်စရာ ကောင်းတာပေါ့ဗျာ။ အဲဒီလို ပြောရမလို ဖြစ်နေတာပေါ့။”

ပြည်ထောင်စုအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ အဖွဲ့ဝင်အဖြစ် ပါဝင်သူ တဦးကတော့ လက်ရှိ အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မယ်ဆိုတာကို အတည်ပြု ပြောကြားပါတယ်။

အကျဉ်းထောင် အသီးသီးမှာ ယုံကြည်ချက်ကြောင့် ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၅၉၁ ဦး ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်ချက်အရ သိရပါတယ်။
http://burmese.dvb.no/archives/18758

ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့ ကျင်းပ


Published on December 12, 2011 by နော်နိုရင်း

ဒီကနေ့ ကျရောက်တဲ့ ကလေး​ ကူသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့​ကို ထိုင်း-မြန်မာ​ နယ်စပ် မဲဆောက်မြို့ မြန်မာရွှေ့ပြောင်း​ ​ကျောင်းတခုမှာ ပြုလုပ်ပြီး မြန်မာ့ဒီမိုကရေစီ​ ​ခေါင်းဆောင်​ ​ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို​ မိန့်ခွန်းပေးပို့ ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ကလေး​ရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့​ ဆိုတာ​ ​နေ့တိုင်း ဖြစ်သင့်ပါတယ်။ ဒီလိုကိစ္စမျိုးဟာ ကျမတို့​ ​နေ့တိုင်း​ ​နေ့တိုင်း ဆန့်ကျင်ရမှာပါ။ ဒါကြောင့်မို့လို့ အခုလို မြန်မာ-ထိုင်း​ နယ်စပ်မှာ အားလုံးကနေ ဝိုင်းဝန်းပြီးတော့ ဒီကိစ္စတွေအတွက်​ ​ဆောင်ရွက်ကြတာကို ကျမ အင်တန်မှပဲ​ ​လေးစားပါတယ်။ အင်မတန်မှလည်း ကျေးဇူးတင်ပါတယ်။ အင်မတန်မှလည်း အားပေးချင်ပါတယ်။ ကလေးသူငယ်များဆိုတာဟာ ကျမတို့ နိုင်ငံရဲ့ ကျမတို့ ကမ္ဘာကြီးရဲ့ အနာဂတ်တွေပါ။ ကိုယ့်အနာဂတ်ကို စောင့်ရှောက်တဲ့​ ​အ​နေနဲ့ ကလေးသူငယ်တွေကို​ ​စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ကလးသူငယ်တွေကို ကူးသန်း​ ​ရောင်းဝယ်ရေး လုပ်တယ် ကျမတို့ရဲ့ အနာဂတ်ကို ကုန်ကူးတယ်ဆိုတာ အင်မတန်မှ မလုပ်သင့်တဲ့ ကိစ္စပါပဲ။ ဒါဟာ လူသားမဆန်တဲ့အပြင် အင်မတန်မှာ ပညာမဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။ ကိုယ့်ရဲ့​ အနာဂတ်နဲ့ လောင်းကစား​ လုပ်နေသလိုပါပဲ။ ဒါကြောင့်မို့လို့ ဒီကလေးသူငယ်များ ကူးသန်းရောင်းဝယ်ရေး ကိစ္စဆိုတာ လုံးဝ လုံးဝကို ပပျောက်ဖို့ လိုပါတယ်။ အဲဒီလို ပပျောက်ရေးအတွက် ဆောင်ရွက်နေသူအားလုံးကို ကျမအနေနဲ့ တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ ကူညီချင်ပါတယ်၊ အားပေးချင်ပါတယ်၊ ဂုဏ်ပြုချင်ပါတယ်။” လို့ မိန့်ခွန်းမှာ ပြောကြားပါတယ်။

ကလေး​ ကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့ကို စီဒီစီကျောင်းမှာ ပြုလုပ်ပြီး မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာ ကျောင်း ​၇၂ ကျောင်းက တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးအကြောင်း ဟောပြောပွဲအပြင် ပညာပေးပြခန်းတွေကိုလည်း ဖွင့်လှစ်ပြသပြီး ကလေး ကူးသန်းရောင်းဝယ်မှု​ ဆန့်ကျင်ရေး ပညာပေး ပြဇာတ်တွေကိုလည်း တင်ဆက်ခဲ့ပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံကလေးကူးသန်းရောင်းဝယ်မှု တားဆီးရေးအဖွဲ့ (Burma ACT) က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။

Burma ACT ရဲ့ တာဝန်ခံ ဒေါ်နန်းမူက နယ်စပ်ဒေသမှာ ကလေးငယ်တွေကို ရောင်စားမှုတွေ ပိုများလာနေပြီး အောက်တိုဘာကနေ ဒီဇင်ဘာအထိ ရောင်းစားခံရတဲ့ ကလေးအမှု ၁၂ မှု ရောက်လာကြောင်း ပြောပါတယ်။

“အရင်တုန်းကဆိုရင်တော့ မိန်းကလေးတွေပဲ ရောင်းစားတာလို့ သတင်းရထားတာပေါ့နော်။ နောက်ပိုင်းဆိုရင် မိန်းကလေးငယ်ရော ယောက်ျားလေး ငယ်ရော။ ကျမတို့ဆီကို ရောက်လာတာဆိုရင် အသက် ၃ လ ကနေပြီးတော့ အသက် ၁၆ နှစ်ဝန်းကျင်မှာ ပိုများတယ်။ အခု ဒီ ၃ လ အတွင်းမှာ ဆိုရင်တော့ ၁၂ မှုလောက် ကျမတို့ဆီ ရောက်လာတာပေါ့နော်။ မိခင်တဦးကနေ ပြီးတော့မှ သူက ကိုယ်ဝန်ဆောင်နေစဉ် အချိန် မှာပေါ့နော် ဒီကလေးကို သူရောင်းစားတာပေါ့။ အမှန်ကတော့ သူ့ကလေး မွေးလာရင် ကလေးကို ကျောင်းထားပေးမယ်၊ ပညာတွေ သင်ပေးမယ်၊ ကြီးပြင်းလာအောင် စောင့်ရှောက်ပေးမယ်ဆိုပြီး အဲဒီလို သူ့ကို လာပြောပြီးတော့ ပိုက်စံပေးထားတာပေါ့နော်။ ကလေးမွေးတဲ့အခါကျတော့ အဲဒီကလေးကို သူက ပေးလိုက်ရတယ်။ ပြီးရင် သူများက သူ့ကို ပိုက်ဆံပေးတာပေါ့။ အဓိကကတော့ မွေးစားမယ်ဆိုပြီးတော့ သူက ယုံကြည်လိုက်တဲ့အခါကျတော့ ပေးလိုက်တဲ့ သဘောပေါ့နော်။ ဒါပေမယ့် အဒါက ရောင်းစားမှု မြောက်တယ်ဆိုတာ သူတို့ မသိကြတော့ အဲဒီအမှု ပုံစံတွေလည်း ရှိတယ်။ တချို့ကျတော့ ဘန်ကောက်ကို ခေါ်သွားပေးမယ်၊ အလုပ်ကောင်းတွေ ရှာပေးမယ် ဆိုပြီး လူတွေက လာခေါ်သွားတယ် ပြီးရင် တကယ့်တကယ်ကျတော့ ဘန်ကောက်အထိ မရောက်ဘဲနဲ့ လမ်းခုလပ်မှာ သူတို့ ဖျက်ဆီးလိုက်တယ်၊ ပြီးရင် ရောင်းစားလိုက်တာပေါ့နော်။”

ကလေးသူငယ်တွေ ရောင်းစားခံရတဲ့ အဓိက အကြောင်းအရင်းဟာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ စီးပွားရေး မပြေလည်မှုကြောင့်လို့ ဆိုပါတယ်။

အမျိုးသမီးနဲ့ ကလေးတွေအပေါ် လူကုန်ကူးမှုတွေကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ပြီး နိုင်ငံတွေက ပူးပေါင်းတိုက်ဖျက်ဖို့ တာဝန်ပေးထားတဲ့ ပါလာမိုစာချုပ် အသက်ဝင်လာတဲ့နေ့ကို အစွဲပြုပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ကို ကလေး ကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့လို့ သတ်မှတ်ခဲ့တာပါ။

ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ် နိုင်ငံတွေမှာလည်း ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးအတွက် လှုံ့ဆော်တဲ့ အခမ်းအနားတွေကို ဒီနေ့ ကျင်းပကြပါတယ်။
http://burmese.dvb.no/archives/18741

ပြုပြင်ပြောင်းလဲမှု နဲ့ သတင်းလွတ်လပ်ခွင့်

တနင်္ဂနွေ, 11 ဒီဇင်ဘာ 2011
By ဦးစံမိုးဝေ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးသုံးသပ်ခန်းမှာ ဦးစံမိုးဝေ က မြန်မာပြည်အတွင်း သတင်းလွတ်လပ်ခွင့်အခြေအနေ၊ နိုင်ငံတကာ သုံးသပ်ချက်များကို ပြင်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ဦးဇင်လင်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။

ဦးစံမိုးဝေ ။ ။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတချို့ ကို တွေ့လာနေရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်နဲ့ တွေ့တယ်။ နိုင်ငံရေးအကျဉ်းသမားတချို့ ကို လွှတ်ပေးတယ်။ အဓိက အတိုက်အခံပါတီကြီးတခုဖြစ်တဲ့ အန်အယ်လ်ဒီ ကို တရားဝင်ပါတီအဖြစ် မှတ်ပုံတင်နိုင်အောင် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေရှိတယ်။ တိုင်းရင်းသားအဖွဲ့တွေကို ငြိမ်းချမ်းရေးစကား ကမ်းလှမ်းတယ် စတာတွေအပြင် မီဒီယာတွေအပေါ် တင်းကြပ်မှုတွေကိုလည်း လျှော့ပေါ့ပေးနေတယ်။ ပိုမိုလွတ်လပ်လာတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဘယ်လိုအချက်တွေပေါ် အခြေခံပြီး ပြောနေတာလဲ။ မီဒီယာအရေးနဲ့ ပတ်သက်ပြီး ပြင်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂရဲ့  ဒုတိယဥက္ကဋ္ဌ ဦးဇင်လင်းကို မေးမြန်းတဲ့အခါ။

ဦးဇင်လင်း ။ ။ သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်မှာ ပထမဦးဆုံး မီဒီယာကို ဖြေလျှော့တယ်လို့ ယူဆစရာက သူတို့ရဲ့  တဖတ်သတ်ဆောင်ပုဒ်တွေကို ဖြုတ်လိုက်တာဖြစ်တယ်။ နောက်တဆင့်ကတော့ သတင်းဂျာနယ်တွေမှာ ဖော်ပြခွင့်မရခဲ့တဲ့ သဘာဝဘေးရန်ကိစ္စမျိုးတွေ၊ ပြည်သူလူထုအတွင်းမှာ ဖြစ်ပေါ်လေ့ရှိတဲ့ သတ်မှုဖျက်မှု၊ လိမ်လည်မှုတွေ၊ လူတွေနမူနာယူစရာ ဆောင်ရန်ရှောင်ရန်ရေး ဒီလိုပါတဲ့ လူထုထဲမှာ ဖြစ်ပျက်နေတဲ့ ဒုက္ခသုက္ခတွေ။ ဒီလို ဖြစ်စဉ်ဖြစ်ရပ်တွေကို အရင်တုန်းက ဖော်ပြခွင့်မရခဲ့ဘူး။ အခုကြတော့ ဖော်ပြလာနိုင်တာကို တွေ့ရတယ်။ အဲဒါအပြင် တပိုင်းကလည်း သူတို့ပိတ်ပင်တားမြစ်ထားတဲ့ ပုဂ္ဂိုလ်များရဲ့  ဓါတ်ပုံတွေ၊ အကြောင်းအရာတွေ ဒါတွေလည်း နည်းနည်းဖော်ပြခွင့်ရလာတယ်။ အပေါ်ယံ အသွင်လက္ခဏာအသွင်ကြည့်ရင်တော့ ပြည်သူလူထုအနေနဲ့ တော်တော်လေး လွတ်လပ်လာတယ်လို့ ထင်မြင်ယူဆနိုင်စရာ ရှိပါတယ်။

ဦးစံမိုးဝေ ။ ။ မကြာခင်တုန်းက အစိုးရက ဂျာနယ်၊ မဂ္ဂဇင်းတွေ (၅၀) ကျော်ကို တင်ထုတ်စနစ် - အရင်ထုတ်လိုက်ပြီးမှ တင်ပြခြင်း - အဲဒီစနစ်နဲ့ ခွင့်ပြုလိုက်ပါတယ်လို့ သိရပါတယ်။ ဒါကို စာပေလွတ်လပ်ခွင့် ရှိလာတယ်လို့ ယူဆနိုင်မလား။

ဦးဇင်လင်း ။ ။ ထုတ်တင်စနစ်ပဲဖြစ်ဖြစ်၊ တင်ထုတ်စနစ်ပဲဖြစ်ဖြစ် ကျနော်တို့ မြန်မာနိုင်ငံရဲ့  စာနယ်ဇင်းလောကမှာက self-censorship ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်နေရတဲ့ ဒုက္ခက အခုထက်ထိ မလွတ်သေးပါဘူး။ သတင်းစာသမားတချို့ ကို မေးစမ်းကြည့်တော့လည်း သူတို့အနေနဲ့ သတိထားပြီးတော့ အသုံးအနှုန်းတွေ၊ ရေးတာတွေပြုတာတွေ စသဖြင့် ဒါတွေ သတိထားပြီးတော့ ဖော်ထုတ်နေရတယ်။ စကားနှုန်းအသုံးအနှုန်း လွဲသွားရင်လည်း တစုံတရာ သူတို့မှာ ပြဿနာဖြစ်နိုင်တယ်ဆိုတာမျိုး သူတို့ဟာသူတို့ သိနေတာရှိတယ်။ အဲဒီအခါကြတော့ အခုပြောရင်တော့ အရင်က ဒုက္ခတခုတော့ ငြိမ်းသွားတယ်အတွက်ကြောင့်မို့ ဘာပဲပြောပြော တိုးတက်မှုတခုလို့တော့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အလုံးစုံ ဒါကြီးက လွတ်လပ်သလား၊ မလွတ်လပ်ဘူးလားဆိုတာကို စောင့်ကြည့်ရအုံးမှာ ဖြစ်တယ်။ အဲဒါအပြင် အခုထက်ထိ ပုဂ္ဂလိကသတင်းစာတွေ ထုတ်ခွင့်မရသေးတဲ့အချက်ကလည်း သတင်းစာလွတ်လပ်ခွင့်ရပြီလို့ မပြောနိုင်သေးတဲ့ အဓိကအချက်ဖြစ်တယ်။

ဦးစံမိုးဝေ ။ ။ နောက်တချက်က အခုတလော ကျနော်တို့ လှိုင်လှိုင်ကြီးကြားနေရတာက စတုတ္ထမဏ္ဍိုင်ကိစ္စပါ။ စီးပွားရေး၊ နိုင်ငံရေးသမားတွေကလည်း စတုတ္ထမဏ္ဍိုင်အကြောင်းကို ပြောနေကြပါတယ်။ မဏ္ဍိုင်ကြီးလေးရပ်ရှိတယ်။ ဥပဒေပြုရေး မဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် နောက်ပြီးတော့ သတင်းမီဒီယာ က စတုတ္ထမဏ္ဍိုင် ဆိုတဲ့ အဆိုရှိပါတယ်။ အဲဒီတော့ စတုတ္ထမဏ္ဍိုင်က ဒီမိုကရေစီတိုင်းပြည်တွေမှာ ဘာတာဝန်တွေကို ယူသလဲ။ ဘယ်လောက်အရေးပါသလဲ။

ဦးဇင်လင်း ။ ။ စတုတ္ထမဏ္ဍိုင်က တကယ်တမ်းဆိုရင် ဒီမိုကရေစီနိုင်ငံတွေမှာတော့ တခြား မဏ္ဍိုင်ကြီး (၃) ရပ်နဲ့ တန်တူအရေးကြီးပါတယ်။ သူက ပိုတောင်မှ အရေးကြီးတယ်လို့ ပြောရမယ်။ ဘာကြောင့်လည်းဆိုတော့ သူက ပြည်သူလူထုရဲ့  ရပိုင်ခွင့်တွေ၊ ပြည်သူလူထုကို အာဏာပိုင်အသိုင်းအဝိုင်းကနေပြီးတော့ ဖိနှိပ်မှုတွေ၊ မတရားမှုတွေ လုပ်လာခဲ့ရင် ဒါတွေကို စတုတ္ထမဏ္ဍိုင်က ဖော်ပြ၊ ဖွင့်ချပြီးတော့ ပြည်သူလူထုကို အကာအကွယ်ပေးရတဲ့ အဖွဲ့အစည်းမျိုး ဖြစ်တယ် - ဒါက ဥပဒေပြုပိုင်း။ အုပ်ချုပ်ရေးမှာလည်း မတရားဖြစ်နေတဲ့ကိစ္စတွေ၊ လာဘ်စားမှုတွေ၊ အဂတိလိုက်စားမှုတွေ ဒါတွေကို ကျနော်တို့ ဖော်ပြပြီးတော့ ပြုပြင်ပေးဖို့ကိစ္စကို စတုတ္ထမဏ္ဍိုင် အဓိက လုပ်ဆောင်ရမှာပဲ။ အဲဒီတော့ ဒီမိုကရေစီစနစ်မှာ စတုတ္ထမဏ္ဍိုင်က အလွန်အရေးကြီးပါတယ်။ ဒီကနေ့ အစိုးရသွားချင်တယ့် ဒီမိုကရေစီ ကောင်းမွန်မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်တခု ဖော်ထုတ်တဲ့နေရာမှာ စတုတ္ထမဏ္ဍိုင် မပါဘဲနဲ့ ဘယ်လိုမှ သွားလို့မရပါဘူး။

ဦးစံမိုးဝေ ။ ။ အခု ကြားနေရတာကတော့ တချို့ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေက သူတို့လုပ်၊ သူတို့ပြောချင်တာကို မီဒီယာသမားတွေကို ဖိတ်ခေါ်ပြီးတော့ ပြောကြတယ်။ ဒါကို သတင်းသမားတွေက စာမျက်နှာအထက်ကို မတင်ပေးလို့ရှိရင် စတုတ္ထမဏ္ဍိုင် တာဝန်မကြေဘူးလို့ ပြောဆိုနေကြတာကို ကြားနေရပါတယ်။ နောက်တခုက အင်တာနက်ကိစ္စပါ။ မြန်မာနိုင်ငံမှာ အရင်က အစိုးရပိတ်စို့ထားတဲ့ အင်တာနက် ဝက်ဆိုက်တွေကို ဖွင့်ပေးလိုက်ပြီလို့ ဆိုပါတယ်။ ဆရာအနေနဲ့ ဘယ်လို သိထားပါသလဲ။ ဒီ အင်တာနက်အွန်လိုင်း ဆက်သွယ်မှုကွန်ယက်တွေ မြန်မာနိုင်ငံမှာ တော်တော် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်နေပြီလား။

ဦးဇင်လင်း ။ ။ ကျနော် သိရသလောက်တော့ အင်တာနက်က နေ့စဉ် ကျနော်နဲ့ ဆက်သွယ်နေတဲ့ မိတ်ဆွေများရဲ့  ပြောပြချက်အရတော့ ဒီ ဝက်ဆိုက်တွေကို ဖွင့်ပေးတယ်လို့ ပြောတာပဲ .. သို့သော်လည်း အင်တာနက် speed က အကြောင်းအမျိုးမျိုးပြပြီးတော့ အားနည်းအောင်လုပ်ထားတဲ့အခါကြတော့ အင်တာနက် server က အမြဲတမ်းလိုလို weak ဖြစ်နေတယ်။ အားနည်းနေတယ့်အခါကြတော့ လွယ်လွယ်ကူကူနဲ့ ကိုယ်တက်ချင်တဲ့ ဆိုက်တွေကို တခြားနိုင်ငံတွေမှာလို အနှိမ့်ဆုံးပြောရရင် လောနိုင်ငံတောင် မမှီဘူးဖြစ်နေတယ်။ အဲဒီတော့ ဆိုတာက တဖတ်က သူတို့ပြောတဲ့အတိုင်း ဖွင့်ပေးထားတယ်ဆိုပေမယ့်လည်း ဒီကနေ့ မြန်မာနိုင်ငံ အင်တာနက် က ဘယ်လိုမှ အလုပ်မဖြစ်သေးဘူးလို့ ပြောရမှာပဲ။

ဦးစံမိုးဝေ ။ ။ တဖတ်မှာက အင်တာနက် တင်းကြပ်မှုတွေကို လျှော့ပေးနေပြီလို့ ပြောဆိုနေပေမယ့် တဖတ်မှာတော့ Electronic Act အီလက်ထရောနစ်ဥပဒေ၊ နောက်ပြီးတော့ လွတ်လပ်စွာ သတင်းရေးသားခွင့်ဆိုတဲ့ နေရာမှာလည်း ဟိုအရင် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်က မထင်ရင်မထင်သလို ထောင်ချနိုင်တဲ့အထိ အရေးယူနိုင်တယ်ဆိုတဲ့ ဥပဒေတွေက ရှိနေဆဲဆိုတော့ အဲဒီအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။

ဦးဇင်လင်း ။ ။ ဒါကလည်း ကျနော်တို့က ထပ်ခါတလဲလဲ ပြောနေတာပဲ။ ဒီမိုကရေစီနိုင်ငံတခုကို သွားတော့မယ်ဆိုရင် စစ်အစိုးရတွေလက်ထက်က၊ အာဏာရှင်အစိုးရလက်ထက်တွေတုန်းက ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေက ဒီမိုကရေစီ လမ်းစဉ်နဲ့ ဘယ်လိုမှ မအပ်စပ်ဘူး။ ဒါကြောင့်မို့ ကျနော်တို့က ဖိနှိပ်တဲ့ ဒီမိုကရေစီကို အကျိုးမပြုတဲ့ ဥပဒေတွေဟာ ဖျက်သိမ်းသင့်တယ်။ အဲဒီ ဥပဒေတွေကို အစားထိုးပြီးတော့ ဒီမိုကရေစီလမ်းစဉ်နဲ့ ညီညွတ်တဲ့ ဥပဒေမျိုးတွေ ပြန်လည်ပြီး ရေးဆွဲသင့်တယ်ဆိုတာကို ကျနော်တို့ တလျှောက်လုံး ပြောနေခဲ့တဲ့ကိစ္စပါ။ အဲဒီလို ဥပဒေတွေနဲ့ ခြိမ်းခြောက်နှိပ်ကွပ်နေသမျှကတော့ မီဒီယာလွတ်လပ်ခွင့် အပြည့်အဝ မရှိဘူးလို့ နိုင်ငံတကာ သတင်းစောင့်ကြည့်ရေးအဖွဲ့ကြီးတွေက သုံးသပ်ထားပါတယ်။ ဒါကြောင့်မို့ ဒီဥပဒေတွေကို ဖျက်သိမ်းပေးရမှာဖြစ်တယ်။ အဲဒီတော့ အများနဲ့ သဟဇာတဖြစ်တဲ့ ဥပဒေသစ်တွေကို ရေးဆွဲကြရမှာဖြစ်တယ်။

ဦးစံမိုးဝေ ။ ။ တနေ့ကပဲ နယူးရော့ခ်မှာ အခြေစိုက်တဲ့ သတင်းသမားကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ဖမ်းဆီးအကျဉ်းချတဲ့နေရာမှာ ထိပ်ဆုံး နံပတ် (၄) နေရာမှာ ရှိနေတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ သတင်းမီဒီယာသမားတွေအပေါ် ဒီလို ဆိုးဆိုးဝါးဝါး အရေးယူတာမျိုးတွေ မရှိတဲ့အတွက် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲနေပါပြီဆိုတဲ့ ဖြစ်စဉ်ကို ဒီရှု့ ထောင်ကနေ ကြည့်မယ်ဆိုရင် တိုးတက်မှုဆိုတာ ဘာမှပြောလောက်စရာ မရှိဘူးဆိုပြီး ဗွီအိုအေကို ပြောခဲ့ပါတယ်။ အဲဒီအပေါ်မှာ ဆရာရဲ့  သဘောထားက ဘယ်လိုရှိပါသလဲ။

ဦးဇင်လင်း ။ ။ CPJ ကနေ ပေးထားတဲ့ စံနှုန်းအတိုင်း သတင်းစာလွတ်လပ်ခွင့် မရှိဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အမြဲတမ်းပါနေတယ်။ နံပတ် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး မှာ မြန်မာနိုင်ငံက ပါနေတယ်။ အဲဒါဘာကြောင့်လည်းဆိုတော့ သတင်းသမားတွေကို ထောင်ချထားတဲ့ကိစ္စ။ ဒါကို အခု ပြုပြင်ပြောင်းလဲပါမယ်ဆိုတဲ့အချိန်မှာလည်း လွှတ်မပေးသေးတဲ့ကိစ္စ။ ဒီအချက်တွေက မြန်မာနိုင်ငံဟာ ဒီမိုကရေစီသွားမယ်။ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတာသည် အပေါ်ယံအရပဲ ပြောနေတာ ဖြစ်ပြီးတော့ နက်နက်ရှိုင်းရှိုင်း လုပ်စရာ၊ ကိုင်စရာရှိတာတွေကို လုပ်ဆောင်ပြသခြင်း မရှိဘူး။ သတင်းသမားတွေကို ထောင်ထဲသွင်းထားတာကတော့ အလွန်ဆိုးတဲ့ပြယုဂ်တခု ဖြစ်နေတယ်လို့ ကျနော်တို့ အဲဒီလို သုံးသပ်ပါတယ်။

ဦးစံမိုးဝေ ။ ။ အခု မကြာသေးခင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ၊ တနည်းပြောရရင် နိုင်ငံရေးအကျဉ်းသား (၂၀၀) ဝန်းကျင် လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ သတင်းသမား အကျဉ်းသားတွေရဲ့  အရည်အတွက်က လက်ချိုးရေမယ်ဆိုရင် လက်တဖတ်စာတောင် မရှိပါဘူး။ အဲဒါ ဘာဖြစ်လို့လဲ။ ဒီမိုကရေစီလမ်းကြောင်းပေါ် ဦးတည်နေပြီဆိုရင် ဒီလိုအခြေအနေမျိုးမှာ ထောင်ဒဏ်ကျခံနေရတဲ့ မီဒီယာသမားတွေကို ဆက်ထိန်းချုပ်ထားတာက ဘယ်လိုသဘောကို ဆောင်ပါသလဲ။

ဦးဇင်လင်း ။ ။ ဟုတ်ပါတယ်။ ဒီဥစ္စာကတော့ အငြင်းပွားစရာမရှိတဲ့ကိစ္စပါ။ Reporters Sans Frontières (RSF) တို့ CPJ တို့ တခြား Freedom House, Amnesty International တို့က ဒီကနေ မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ဖမ်းဆီးရုံမက ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေဟာ နှစ်ပေါင်း (၁၅) နှစ်၊ နှစ် (၂၀) (၃၀) မီဒီယာသမားတယောက် သူ့ရဲ့  သတင်းစာအလုပ်ကို လုပ်လို့၊ သတင်းယူတဲ့အလုပ်လုပ်လို့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချထားတယ်ဆိုတာကတော့ အင်မတန်မှ ရုပ်ဆိုးပါတယ်။ ဒါကြောင့်မို့ ဒီအချက်က တကယ်က တိုင်းပြည်တပြည်မှာ ဒီမိုကရေစီကို လက်ခံသလား။ လူ့အခွင့်အရေး၊ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေကို လိုက်နာသလား စသည်ဖြင့် နိုင်ငံတနိုင်ငံရဲ့  ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းကို ကျနော်တို့ တွက်ချက်တဲ့နေရာမှာ ဒီကိစ္စက အများကြီးအရေးကြီးပါတယ်။

ဦးစံမိုးဝေ ။ ။ ဒါကတော့ နိုင်ငံတကာမှာ ထင်ရှားတဲ့သတင်းစာကြီးတွေမှာ မြန်မာ့အရေးသုံးသပ်ချက် ဆောင်းပါးတွေ ရေးသားနေသူ၊ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ဆရာဦးဇင်လင်း ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/democracy-forum/burma_forum_12-11-2011-135410328.html

မပြောချင်လို့ကြည့်နေတာကြာပြီ...



ဟဲလေး၊မေခလာ



မဲခေါင်မြစ်တွင်း တိုက်ခိုက်ခံရမှု မြန်မာစစ်သား ၃ ဦးသေ

တနင်္လာ, 12 ဒီဇင်ဘာ 2011


By ကိုမိုးဇော်

မဲခေါင်မြစ်ကြောင်း လုံခြုံရေးအတွက် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း လေးနိုင်ငံ ပူးပေါင်းကင်းလှည့်နေချိန် ရွှေတြိဂံဒေသအတွင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် မြန်မာစစ်သား ၃ ယောက် သေဆုံးသွားခဲ့ပါတယ်။ အစိုးရတပ်နဲ့တိုက်ပွဲဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့ဟာ ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ စိုင်းနော်ခမ်း ဦးဆောင်တဲ့ မူးယစ်မှောင်ခိုအဖွဲ့ ဖြစ်တယ်လို့လည်း မြန်မာအာဏာပိုင်တွေ ဘက်က ယူဆထားပါတယ်။ အခြေအနေအသေးစိတ်ကို နယ်စပ်ဒေသခံတချို့ကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မဲခေါင်မြစ် လုံခြုံရေးအတွက် မြန်မာနိုင်ငံအပါအ၀င် ၄ နိုင်ငံ ပူးပေါင်းကင်းလှည့်တဲ့ အစီအစဉ် စတင်ခဲ့အပြီး နောက်တစ်ရက်မှာပဲ တိုက်ခိုက်မှုတွေကြောင့် အသေအပျောက်တွေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက ထိုင်း၊ မြန်မာ၊ လာအိုနယ်စပ်ဒေသ မဲခေါင်မြစ်အတွင်းမှာ တရုတ်ကုန်တင် သင်္ဘောသား ၁၃ ယောက် အသတ်ခံရပြီးတဲ့နောက် မဲခေါင်မြစ်ကြောင်း လုံခြုံရေးကို တရုတ်နိုင်ငံက ဦးဆောင် အကောင်အထည်ဖော်လာတာ ဖြစ်ပါတယ်။

ဒီလ ၁၀ ရက်နေ့မှာတော့ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း လုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မဲခေါင်မြစ်ကြောင်း စောင့်ကြပ်ရေးအတွက် ကင်းလှည့်တာတွေ စတင်ခဲ့တယ်လို့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။

နောက်တစ်ရက်မှာပဲ မြန်မာအစိုးရတပ်နဲ့ စိုင်းနော်ခမ်း အဖွဲ့ဟာ မဲခေါင်မြစ်ကမ်းက ရွာတစ်ရွာ တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် အစိုးရစစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ တာချီလိတ် ဒေသခံတစ်ယောက်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက မိုင်းကိုးအုပ်စုပဲ ဆန်ကွမ်းရွာ၊ လားဟူရွာ။ မဲခေါင်မြစ်ဘေးမှာပဲ။ တိုက်ပွဲဖြစ်တာက သူတို့ စိုင်းနော်ခမ်းအဖွဲ့တွေက အဲဒီရွာမှာပဲ ခိုလှုံနေတာ။ ခိုလှုံနေတော့ ဒီက တာလေအခြေစိုက် (၃၁၆) စစ်တပ်တွေက နယ်လှည့်ရင်းနဲ့ အဲဒီမှာ သူတို့နဲ့ တွေ့လို့ တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်။”

ဒီလိုတိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ တာချီလိတ်မြို့အခြေစိုက် နယ်ခြားစောင့်တပ် အမှတ် (၁၀၀၉) ကလည်း ဒီဒေသတွင်းကို နယ်လှည့် စစ်ဆင်ရေးလုပ်ဖို့အတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့က ထွက်ခွာသွားတယ်လို့ တာချီလိတ်ဒေသခံက ပြောပါတယ်။

တာချီလိတ်မြို့က အာဏာပိုင်တွေနဲ့ နီးစပ်သူတစ်ယောက်ကတော့ တိုက်ပွဲဖြစ်တဲ့တပ်ဟာ တာချီလိတ် အခြေစိုက် ခမရ (၅၂၆) ဖြစ်ပြီး သူတို့နဲ့ တိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့ဟာ စိုင်းနော်ခမ်းဦးဆောင်တဲ့ အဖွဲ့လို့ အာဏာပိုင်တွေဘက်က ယူဆထားကြောင်းပြောပါတယ်။

ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းမှာတော့ ၄ နိုင်ငံ ပူးပေါင်းကင်းလှည့်တာတွေ စတင်ချိန်မှာ တရုတ် လက်နက်ကိုင် ရဲတပ်ဖွဲ့က အင်အား ၃၀၀ ကျော်၊ သင်္ဘော ၁၁ စင်းနဲ့ တရုတ် ကုန်တင်သင်္ဘောတွေကို လုံခြုံရေးလိုက်ပါပြီး မြန်မာနဲ့ လာအိုအစိုးရ တပ်ဖွဲ့တွေက မဲခေါင်မြစ်ကြောင်းတလျှောက်မှာ လုံခြုံရေး ယူခဲ့တယ်လို့ ဖော်ပြပါတယ်။

မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်တဲ့နေရာကတော့ ထိုင်း၊ မြန်မာနဲ့ လာအို သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသနဲ့ ၁၂ မိုင်လောက်ဝေးတဲ့ ဘန်ဒုံဆန်ဖူးဆိုတဲ့ရွာမှာ ဖြစ်ပြီး မြန်မာစစ်သား ၃ ယောက် သေဆုံးကြောင်း ဖော်ပြပါတယ်။

ရွှေတြိဂံဒေသဟာ မူးယစ်ဆေးဝါးနဲ့ မက်တာမက်ဖက်တမင်း ခေါ် စိတ်ကြွဆေးပြား ရောင်းဝယ်မှုကြောင့် ကမ္ဘာမှာ ထင်ရှားတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က တရုတ် ကုန်တင်သင်္ဘော ၂ စင်းက သင်္ဘောသား ၁၃ ယောက်ကို အမည်မသိ လက်နက်ကိုင်တွေက စီးနင်းတိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ရွှေတြိဂံဒေသမှာ လှုပ်ရှားနေတဲ့ စိုင်းနော်ခမ်းရဲ့ မူးယစ်မှောင်ခိုအဖွဲ့ လက်ချက်ဖြစ်ကြောင်း အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ထိုင်းစစ်တပ်အရာရှိ ၉ ယောက်ကို ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခဲ့ပါတယ်။

တရုတ်သင်္ဘောသား ၁၃ ယောက် သတ်ဖြတ်မှုဟာ ဒီကနေ့ထိ လက်သည်တရားခံ အတိအကျ မဖော်ထုတ်နိုင်သေးပေမဲ့ တရုတ်နိုင်ငံဘက်က ဒီသတ်ဖြတ်မှုအပြီးမှာ မဲခေါင်မြစ်ကြောင်းလုံခြုံရေးကို တိုးမြှင့်ဖို့အတွက် စတင် အကောင်အထည်ဖော်လာတာ ဖြစ်ပါတယ်။

ဒေသတွင်း ကျွမ်းကျင်သူတွေကတော့ မဲခေါင်မြစ်ကြောင်းလုံခြုံရေးဟာ သက်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ တည်ငြိမ်အေးချမ်းမှုအပေါ်မှာ အဓိက မူတည်ကြောင်း သုံးသပ်ထားပါတယ်။
http://www.voanews.com/burmese/news/Burma-Mekong-12-12-11-135433703.html

ကလေးရောင်းဝယ်ခြင်းမှာ တိုင်းပြည်အနာဂတ်ကို အလောင်းအစားလုပ်ဟု ဒေါ်စု ပြော


ထွန်းထွန်း | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကလေးသူငယ်များအား ကူးသန်း ရောင်းဝယ်နေခြင်းသည် တိုင်းပြည်၏ အနာဂတ်အား အလောင်းအစား ပြုလုပ်နေခြင်း ဖြစ်ကြောင်း နိုင်ငံတကာ ကလေးကူးသန်းရောင်းဝယ်ရေးနေ့၌ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ထိုင်း-မြန်မာနယ်စပ် မဲ့ဆောက်မြို့တွင် ကလေးကူးသန်း ရောင်းဝယ်မှုတားဆီးရေးအဖွဲ့ - Burma ACT အဖွဲ့မှ ဦးစီး ပြုလုပ်သည့် ယင်းအထိမ်းအမှတ်နေ့ပွဲသို့ ပေးပို့သည့် ဗီဒီယိုမိန့်ခွန်းမှတဆင့် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကလေးသူငယ်တွေကို ကူးသန်းရောင်းဝယ်ရေး လုပ်တယ်၊ ကျမတို့ရဲ့ အနာဂတ်ကို ကုန်ကူးတယ် ဆိုတာဟာ အင်မတန်မှ မလုပ်သင့်တဲ့ကိစ္စပါ။ ဒါဟာ လူသားမဆန်တဲ့အပြင် အင်မတန်မှ ပညာမဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အနာဂတ်နဲ့ လောင်းကစားလုပ်နေသလိုပါပဲ” ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

အမျိုးသမီးနှင့် ကလေးများအား လူကုန်ကူးခြင်းအား ရာဇဝတ်မှုအဖြစ် သတ်မှတ်၍ နိုင်ငံတကာက ပူးပေါင်း တိုက်ဖျက်ရန်အတွက် ရည်ရွယ်သည့် ပါလာမိုစာချုပ် စတင်အသက်ဝင်သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ကို အစွဲပြု၍ ကလေးကူးသန်းရောင်းမှုဆန့်ကျင်ရေးနေ့အဖြစ် နိုင်ငံတကာက သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအထိမ်းအမှတ်ပွဲကို ထိုင်း-မြန်မာနယ်စပ် မဲ့ဆောက်မြို့ရှိ CDC ကျောင်းတွင် ပြုလုပ်ခြင်းဖြစ်ကာ ကျောင်းသား
ကျောင်းသူ၊ ဆရာဆရာမ၊ ကျောင်းသားမိဘများ၊ ဒီမိုကရေစီရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများမှ တက်ရောက် ခဲ့ပြီး လူအင်အား ၂၀၀၀ ကျော်ရှိသည်။

ကလေးများအား ကူးသန်းရောင်းဝယ်ခြင်းအား ယနေ့မှတင်မဟုတ်ဘဲ နေ့တိုင်းနေ့တိုင်းအား ကလေး ကူးသန်း
ရောင်းဝယ်မှု ဆန့်ကျင်ရေး အဖြစ် သတ်မှတ်ရလည်း လူထုခေါင်းဆောင်က ဗီဒီယိုမိန့်ခွန်းမှ တိုက်တွန်းထားသည်။

“ကလေးတွေဟာ ရိုးရိုးလေးပြောရရင် သူတို့ကို မွေးပေးပါဆိုပြီးတော့ ဒီလောကကြီးထဲကို ရောက်လာတာ မဟုတ် ပါဘူး။ လူကြီးတွေက မွေးလိုက်လို့ ရောက်လာတာတဲ့ ကလေးလေးတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ လူကြီး
တွေ အားလုံးဟာ ကျမတို့ အနာဂတ်ဖြစ်တဲ့ ရင်သွေးလေးတွေအတွက် တာဝန်ရှိတယ်ဆိုတာ ကို နေ့တိုင်းနေ့တိုင်း သတိရပြီးတော့၊ နေ့တိုင်းနေ့တိုင်းဟာ ကလေးသူငယ်များ ကူးသန်းရောင်းဝယ်ရေး ဆန့်ကျင်ရေးနေ့ဆိုပြီးတော့ ကျမတို့ စွဲစွဲမြဲမြဲမှတ်ထားဖို့ လိုတယ်” ဟု လူထုခေါင်းဆောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည်အစီရင်ခံစာအရ ၂ဝ၁၁ ဇွန်လအထိ လူကုန်ကူးမှု ပေါင်း ၆၈ မှုရှိပြီး တရားခံ ၁၆ဝ ဦးကို ဖမ်းမိထားသည်ဟု သိရသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ၂ဝဝ၆-၂ဝ၁ဝ ငါးနှစ်စီမံကိန်းအတွင်း လူကုန်ကူးမှုပေါင်း ၃၂၆ မှုရှိခဲ့ပြီး အများဆုံးမှာ ရှမ်းပြည်မြောက်ပိုင်းနှင့် ရန်ကုန်တိုင်းတို့ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဒုရဲမှူးကြီး ရာလျှံမုန်းကို ကိုးကား၍ ပြည်တွင်းထုတ် 7 days ဂျာနယ်တွင် ပါရှိသည်။ ရန်ကုန်တိုင်းအတွင်း ၇၃ မှုသာ ရှိခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းတွင်မူ ၂၅၃ မှုထိ ရှိသည်။

ယခုကဲ့သို့ ကလေးကူးသန်းရောင်းဝယ်မှုမြင့်မားရခြင်းမှာ စားဝတ်နေရေးဆိုင်ရာ ပြဿနာကြောင့်ဟု Burma Act အဖွဲ့က သုံးသပ်ထားသည်။ Burma Act အဖွဲ့မှာ ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ပပျောက်ရေး အတွက် ပညာပေးလုပ်ငန်း လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

“စားဝတ်နေရေး အဆင်မပြေတော့ မိဘတွေ ကိုယ်တိုင်ကလည်း ရှာဖွေနေရတယ်။ ကလေးတွေ ကိုယ်တိုင်ကလည်း စားဝတ်နေရေး အဆင်မပြေတော့ အလုပ်လုပ် ပိုက်ဆံများများပေးရင် သူတို့ကိုယ်တိုင် လိုက်တာတွေ ရှိတယ်။
နောက်ပြီး ကလေးတွေ ရောင်းစားလို့ ရတယ်ဆိုတဲ့ အသိတွေကို ပြောင်းလဲ မပေးနိုင်ခဲ့ဘူး ။ ကလေးကို ရောင်းစား ရင် ပြစ်မှုမြောက်တယ်၊ ရာဇဝတ်မှု မြောက်တယ်ဆိုတာ သူတို့ မသိဘူး။ စာဝတ်နေရေး အဆင်မပြေတော့ သိဖို့ ခက်ခဲတဲ့ အခြေအနေပေါ့” ဟု Bumra Act အဖွဲ့တာဝန်ခံ ဒေါ်နန်းမူက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံမှ ကလေးငယ်များမှာ အိမ်နီးချင်းနိုင်ငံများသို့ နည်းအမျိုးမျိုးဖြင့် ကူးသန်းရောင်းဝယ်ခြင်း ခံနေရသည့် အပြင် ပြည်တွင်းတွင်လည်း တောမြို့မှ မြို့ကြီးများပေါ်သို့ အိမ်စေအဖြစ် ကူးသန်းခံနေရသည်။ ယင်းအပြင် အစိုးရစစ်တပ်များတွင်လည်း စစ်သားသစ်စုဆောင်းသည်ဟုဆိုကာ လိမ်ညာရောင်းချခံနေရခြင်း များလည်း ရှိသည်။

“တရုတ်နယ်စပ်မှာ မယားအဖြစ် ရောင်းစားတာ ရှိတယ်။ ထိုင်းဘက်မှာတော့ သူတောင်းစား လုပ်ခိုင်းတာ၊ ဘိန်းရောင်းခိုင်းတာ၊ ပြည့်တာဆန်လုပ်ငန်းတွေနဲ့ ကလေးတွေကို ပင်လယ်ထဲမှာ လွှတ်ပြီး ငါးဖမ်းလုပ်ငန်းတွေမှာ
ရောင်းစားခံရတာတွေရှိတယ်” ဟု ဒေါ်နန်းမူက ဆိုသည်။

ယင်းကဲ့သို့ ရောင်းချခံရသူများကို ကယ်ဆယ်ရမည့်အပြင် လွတ်မြောက်လာသူများကိုလည်း ပြန်လည် ထူထောင်ပေးရန်အတွက် လိုအပ်ကြောင်း လူထုခေါင်းဆောင်က သတိပေးထားသည်။

“ဒီကလေးတွေရဲ့ ဘဝတွေကို ပြန်လည်ထူထောင်ပေးဖို့ဆိုတာဟာလည်း အရေးကြီးတယ်ဆိုတာလည်း ကျမတို့
မေ့လို့မရပါဘူး။ ကူးသန်းရောင်းဝယ်ရေးကနေပြီးတော့ ကူညီပေးတယ်၊ မစပေးတယ်၊ ကယ်ထုတ် ပေးလိုက်ပြီးတဲ့ အခါကျရင် ဒီကလေးတွေဟာ သူတို့ရဲ့ အနာဂတ်ကို ပြန်လည်ပြီးတော့ ထူထောင်နိုင်ဖို့ ဆက်ပြီးတော့ အကူအညီ
တွေ အများကြီး လိုပါတယ်။ အဲဒါအတွက်လည်း ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြ ပါလို့ ကျမအနေနဲ့ သတိပေး ချင်ပါတယ်” ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်းမှ တဆင့် ပြောကြားခဲ့သည်။
http://www.mizzimaburmese.com/news/regional/8748-2011-12-12-13-43-26.html

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး နဲ့ပတ်သက်လို့..ဦးရွှေမန်း ပြောကြားချက်အား သုံးသပ်ခြင်း


by Maung Maung Wann on Sunday, December 11, 2011 at 7:50pm
Myanmar Protest Law Myanmar lower house speaker Thura Shwe Mann speaks to journalists the second regular session at Hluttaw Building in Naypyitaw, Myanmar, Friday, Nov. 25, 2011. Parliament approved Thursday a law guaranteeing the right to protest, one of a series of reforms under the new elected government. (AP Photo/Khin Maung Win) AP
  ဦးရွှေမန်းပြောသွားတဲ့ အချက်ထဲမှာ ရှင်းရှင်းလင်းလင်းနားလည်မိတာကတော့
(အကျဉ်းသားထဲကမှ အားလုံးပါဝင် နိုင်ဖို့အတွက် နိုင်ငံ့အရေးနဲ့ပတ်သက် လို့ စိတ်ဝင်စားပြီးတော့ လုပ်မယ့် ပုဂ္ဂိုလ်မျိုးကိုတော့ အထူးဦးစားပေး စဉ်းစားရေးအတွက် ဆောင်ရွက်ပါ မယ်လို့ပြောခဲ့တာရှိပါတယ်။ )
          ဖော်ပြပါ စကားရပ်အရဆိုလျှင်…ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ ၊ ကိုကိုကြီး ၊ ကိုဌေးကြွယ်အပါဝင် ၈၈ မျိုးဆက်ကျောင်းသားတွေ၊ရွှေဝါရောင်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေ၊နောက်တခါ..အခြားအကြောင်းအမျိုးမျိုးနဲ့နိုင်ငံရေးလုပ်ဆောင်မှု့ကြောင့်ဖမ်းထားသူတွေအတွက်ကတော့ရှင်းတယ်လို့မြင်တယ်….ဘာလို့လည်းဆို တော့…သူတို့က..နဂိုစလှုတ်ရှားကထဲကနိုင်ငံရေးနဲ့ပတ်သက်ပြီး..စိတ်ဝင်စားလို့လုပ်လာခဲ့ကြသူတွေ….အမြဲ လည်းစိတ်ဝင်စားနေဦးမှာပဲ…..သို့သော် တဘက်မှာ…လူထုနဲ့…နိုင်ငံတကာမသိနိုင်တဲ့ လုပ်ရပ်မျိုးတွေဖြစ်တဲ့….အခု အကျဉ်းကျနေတဲ့…နိုင်ငံရေးအကျဉ်းသားတွေဆီကို သွားရောက်ပြီး….လက်ရှိအစိုးရဆန့်ကျင်ရေးမလုပ်ပါဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံကို အနှောက်အယှက်မပြုပါဘူး…နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားအောင်မလုပ်ပါဘူး…ဆိုတဲ့ခံဝန်ကတိတွေကိုတောင်းဆိုတာမျိုး….လက်မှတ်ရေးထိုးခိုင်းတာမျိုးတွေလုပ်ဦးမယ်ဆိုရင်တော့……နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဆိုတဲ့…ကြွေးကြော်တောင်းဆိုမှု့တွေက…ဆက်လက်ရှင်သန်နေဦးမှာပါပဲ……အခုလို လုပ်ရပ်မျိုးတွေ လုပ်ခဲ့မယ်ဆိုရင်လည်း….တော်တော်များများက လုပ်ဆောင်ကြမှာ မဟုတ်သလို…..ဦးရွှေမန်း ဟီလာရီ ကလင်တန်လာတုန်းက နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးမှာပါဆိုတဲ့..ကတိဟာ…မဖျက်ပဲနဲ့..ပျက်သွားပါလိမ့်မယ်…..
စကားကုန်ကုန်ပြောရရင်…ကျနော်တို့ အကျဉ်းထောင်အတွင်းက လွတ်မြောက်ခဲ့တုန်းက…စစ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါမယ်လို့ ကတိပေးလွှတ်ခဲ့တာမဟုတ်ပါဘူး…..ဒါ့ကြောင့် အဲဒီအချိန်တုန်းက လွှတ်ပေးခဲ့တဲ့သူတွေကို ပြစ်မှု့ဆိုင်ရာ…ဥပဒေပုဒ်မ ( ၄၀၁ ) နဲ့လွှတ်ပေးခဲ့ပါတယ်…..ပြစ်မှု့ဆိုင်ရာ ဥပဒေ ပုဒ်မ ( ၄၀၁ ) ဆိုတာ…ကျန်ရှိပြစ်ဒဏ်များကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်သတ်မှတ်ထားခြင်းပါ……( ၁၀ နှစ်ကျတဲ့သူတွေက…လေးနှစ်နေပြီးသားဆို…ခြောက်နှစ်ကျန်တယ်....တကယ်လို့ ပြင်ပမှာ…သူတို့ကဆန့်ကျင်ရေးလုပ်မယ်ဆို….ကျန်တဲ့ ပြစ်မှု့ခနထားဦး..ကျန်ရှိပြစ်ဒဏ်နဲ့တင်…ထောင်ထဲဆွဲထဲ့ထားလို့ရတယ်ဆိုတဲ့သဘော……ဒါပေမဲ့…နိုင်ငံရေး မလုပ်တော့ပါဘူးတို့…ဘာတို့ဆိုတဲ့..အညံ့ခံခံ ဒူးထောက်ခိုင်းတဲ့ ခံဝန်ကတိတွေကိုတော့ ဘယ်သူမှလည်း မထိုးခဲ့ရသလို…ဘယ်သူကိုမှလည်း အထိုးခိုင်းတယ်လို့မကြားပါ…… အထက်ဖော်ပြပါ ပုဒ်မ နဲ့လွှတ်လိုက်တယ်ဆိုတာကိုတော့ပြောပြီး…အဓိပ္ပါယ်ကိုပါ….ရွတ်ပြဘူးပါတယ်……ကျနော်တို့အားလုံးလည်း နားလည် သဘောပေါက်ပါတယ်….သို့သော် တလောက နောက်ဆုံး လွှတ်လိုက်တဲ့ အသုတ်မှာတုန်းကတော့..လုံးလုံးလွှတ်လိုက်သလိုလိုနဲ့…ထောင်ထွက် ၀ရမ်းပေါ်မှာ ပုဒ်မ ( ၄၀၁ ) နဲ့ လွှတ်လိုက်တယ်ဆိုတာရေးသားဖော်ပြထားကြောင်း တချို့လွတ်မြောက်လာသူတွေ ကတဆင့် သိရှိရပါတယ်……ကျနော်ဆိုလိုတာက…အခုလွှတ်ပေးမဲ့သူများသည်….အစိုးရအဖွဲ့ဝင်လူကြီးများကိုယ်တိုင်က…ကတိက၀တ်များပေးပြီး…လွှတ်ပေးတာဖြစ်တဲ့အတွက်…ရိုးသားဘို့တော့လိုပါလိမ့်မည်…မည်သည့်နှောင်ကြိုး များမှချည်နှောင်ခြင်းမရှိပဲ…အကြွင်းမဲ့လွှတ်ပေးဘို့လိုပါလိမ့်မည်….သို့မဟုတ်ဘူးဆိုရင်…အခုလွှတ်ပေးပြီး… နောက်တပတ်လောက်မှာပဲ…ကျန်ရှိပြစ်ဒဏ်နဲ့ ထောင်ထဲထပ်သွင်းဦးမယ်ဆိုရင်တော့…..ကျနော် တင်ပြခဲ့သလိုပဲ…..နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဆိုတဲ့..တောင်းဆိုမှု့တွေက ညံနေဦးမှာပါပဲ……။
          ဦးရွှေမန်းပြောသွားတဲ့ အထဲမှာ နားမလည်တာလား…နားမလည်ဟန်ဆောင်တာလားဆိုတာ…တခုမေးချင်ပါတယ်……ဒါဘာလည်းဆိုတော့… နိုင်ငံရေးအကျဉ်းသားလို့ပဲပြောပြော…ယုံကြည်ချက်အကျဉ်းသားလို့ပဲဆိုဆို….ကျနော်သဘောပေါက်သလောက် အဓိပ္ပါယ်ဖွင့်ဆိုရရင်….မြန်မာနိုင်ငံက..အာဏာရှင်နဲ့ စစ်အာဏာရှင်တွေ သက်တမ်းတလျှောက်မှာ…ခင်ဗျားတို့ကို မကျေနပ်လို့ ( မကြိုက်လို့၊မနှစ်သက်လို့၊ အလိုမရှိလို့ ) နည်းပေါင်းစုံနဲ့ဆန့်ကျင်ကြသူတွေ…အဲဒီလိုဆန့်ကျင်ခြင်းကြောင့်..သူတို့ကို နည်းပေါင်းစုံနဲ့ ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ အမျိုးမျိုးတပ်ထောင်ချထားသူများ….( သို့မဟုတ် ) ထိန်းသိမ်းထားသူများ ကိုဆိုလိုပါတယ်…….
          ဒီနေရာမှာ…အများပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း မသိနိုင်လောက်ဘူးထင်တဲ့ အချက်ရှိနေပါတယ်…ဒါဘာလည်းဆိုတော့…စစ်အစိုးရ သက်တမ်းတလျှောက်လုံးမှာ…နိုင်ငံရေးလှုတ်ရှားမှု့ကြောင့် ဖမ်းဆီးအရေးယူခံရသူ ဘယ်သူမဆို….ရာဇ၀တ်ပြစ်မှု့များနဲ့သာ ပြစ်ဒဏ်စီရင် ဆုံးဖြတ်ပါတယ်….နိုင်ငံရေးမှု့ဆိုတာ သတ်မှတ်ထားခြင်းမရှိပါဘူး…….သို့သော်…သက်ဆိုင်ရာ..နယ်မြေခံအာဏာပိုင်များ၊ထောက်လှမ်းရေးများ၊အစိုးရအနေဲ့…ဘယ်သူ့ကို ဘာ့ကြောင့် ထောင်ချတယ်ဆိုတာ…အသေးစိတ်အစီရင်ခံစာ ၊ မှတ်တမ်း ရှိပါတယ်……     ( ဆိုလိုတာက…သူတို့်ကို ဆန့်ကျင်လို့ ခင်ဗျားကို အမြင်ကပ်ပြီး…ရာဇ၀တ် ပုဒ်မတတ်ပြီး ထောင်ချပစ်လိုက်တာလား……ဒီအမှု့ကတော့….သူ့ဖာသာသူ…ရာဇ၀တ်ပြစ်မှု့ကိုကျူးလွန်လို့ အပြစ်ပေးခံရတာလားဆိုတာ…..မှတ်တမ်းတွေရှိပါတယ်…..။ ) သာဓက အနည်းငယ်ပြောပြပါမယ်…….
                   ကျနော့်မြို့က…၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်…ဦးခင်ကျော်ဟန်….သူ့ကိုထောင်ချတုန်းက…ရာဇ၀တ်ပြစ်မှု့ကြီးနဲ့ လုပ်ကြံထောင်ချတယ်…..အဲဒီ့ပြစ်မှု့နဲ့သူနဲ့ဘယ်လိုမှမပတ်သက်ဘူးဆိုတာ..ဒေသတခုလုံးမှာရှိတဲ့လူထုအကုန်သိတယ်….ကျနော့်ကိုလည်း….၁၉၉၀မှာထောင်စချတော့….တရားမ၀င်လက်နှက်ကိုင်ဆောင်မှု့နဲ့ချတယ်….. ဒါပေမဲ့…ကျနော်တို့ထောင်ထဲရောက်တဲ့အခါပုဒ်မ၅(ည)လိုပဲ….တိုက်ပိတ်ထားခံခဲ့ရတာပါ…..ရဲဘက်မထဲ့ခဲ့ပါဘူး….သူတို့မှာ မှတ်တမ်းအစစ်အမှန်တွေရှိပါတယ်….ဘယ်လို ရာဇ၀တ်မှု့ကြီးတွေနဲ့ပဲ ပြစ်ဒဏ်ချထားပါစေ…ဘယ်လိုကြောင့်ထောင်ချလိုက်တယ်ဆိုတာ…အထောက်အထားတွေရှိပါတယ်….. ဦးရွှေမန်းတို့ ရွေးချယ်နိုင်ပါတယ်…ရာဇ၀တ်မှု့ကို သူတို့အကြောင်းနဲ့ သူတို့ကျူးလွန်ခဲ့ကြသူများနဲ့…ခွဲခြာ်းနိုင်ပါတယ်..မသိချင်ရောင်ဆောင် ရောတော့မချပါနဲ့ဗျာ……
                   သို့သော် ကျွှန်တော့် အတွေ့အကြုံအရ….ပြောပြချင်တာလေးတခုတော့ရှိတယ်….( မကြိုက် မနှစ်သက်သောသူများလည်း ကလော်တုတ်နိုင်ပါတယ် )…….ဒီလိုပါ…ကျနော် အကျဉ်းထောင်အတွင်းမှာရှိနေတော့….တချို့သောပါတီဝင်တွေ…နိုင်ငံရေးလှုတ်ရှားမှု့တွေမှာ ပါဝင်ခဲ့ဘူးသူတွေထောင်ကျလာတာရှိတယ်….တကယ်က..သူတို့ ကိုယ်ရေးကိုယ်တာလုပ်ဆောင်ချက်တွေကြောင့်ထောင်ကျ ကြတာ….( ဥပမာ…ချဲမှု့၊ မူးယစ်ဆေးဝါးမှု့၊လောင်းကစားမှု့၊ ကျန်တာတွေရောပေါ့ ) အမှန်က ချဲမှု့ဆို…သူ့ဖာသာ သူတကယ်ချဲရောင်းလုပ်ကိုင်နေလို့အဖမ်းခံရပြီး….ထောင်ကျလာတာ…မူးယစ်ဆေးဝါးမူ့ ၊ မိန်းမမှု့ …တကယ်ကျူးလွန်လို့ဖြစ်ကြတာ….နိုင်ငံရေးလုပ်လို့အမြင်ကတ်ပြီးချလိုက်တာမဟုတ်….စုံစမ်းလိုက်ရင်ပေါ် တယ်….(ပါတီဝင်ဖြစ်တာ…နိုင်ငံရေးလှုတ်ရှားမှု့မှာပါဝင်ပတ်သက်တာက..တခြား)….ဒါပေမဲ့…ထောင်ထဲရောက်တော့…သူတို့က…နိုင်ငံရေးကြောင့် လုပ်ကြံပြီး..ထောင်အချခံလိုက်ရတာဆို.လုပ်ပါလေရော…..(အဲဒီ လိုလုပ်တဲ့သူတွေရှိ လို့ စာရင်းတွေက ရှုတ်ကုန်တာ…ကိုယ့်ကိုယ်ရေးကိုယ်တာကြောင့်ဖြစ်တာတော့ ကိုယ့်ဖာသာကိုယ်ခံပေါ့ ) လူအခွင့်ရေးလှုတ်ရှားမှု့အဖွဲ့တွေက စလို့…အတိုက်အခံအဖွဲ့အသီးသီးထံ သတင်းတွေရောက်အောင်ပို့ကြတယ်…….……..တကယ်က…ကျနော် အထက်မှာ တင်ပြခဲ့သလိုပဲ….တကယ်နိုင်ငံရေးလုပ်လို့…လှုတ်ရှားလို့..ဘယ်လိုပဲ..ပြစ်မှု့ဆိုင်ရာ ဥပဒေ ပုဒ်မ တတ်နေပါစေ…သူတို့ဆီမှာ မှတ်တမ်းအပြည့်ရှိပါတယ်….နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါဆိုတာ…ဒီလိုလူတွေကို ဆိုလိုတာပါ…………အစိုးရခွဲခြားနိုင်လောက်အောင် အထောက်အထားတွေရှိပါတယ်……..သူ့ဖာသာသူ ပါတီဝင်ပဲပြောပြော ၊ ကျောင်းသားပဲပြောပြော…သူ့ပြသနာကြောင့် သူ့ဖာသာသူထောင်ကျတာ….အစိုးရလူကြီးမင်းများ…ခင်ဗျားတို့သိပါတယ်…..ခွဲခြားနိုင်ပါတယ်…..မြို့နယ်အသီးသီးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက စလို့ ကျောင်းသား၊အလုပ်သမား၊ ရဟန်း သံဃာ တွေ ပြည်သူတွေကို စုံစမ်းလိုက်ရင် သိပါတယ်……..။
                   ဦးရွှေမန်းပြောခဲ့တဲ့စကားကို အနှစ်ပြန်ချုပ်ပါ့မယ်………..
(ဘယ်သူ့ကို လွှတ်ပေးစေချင် တာလဲ။ ဘာကြောင့် လွှတ်ပေးချင် တာလဲ အကြောင်းအရာဖော်ပြပြီး ပြောပါလို့ဒီ လိုပြောခဲ့တာရှိပါတယ်။)….ဒါ ဦးရွှေမန်း…စကား
ဘယ်သူ့ကိုလွှတ်ပေးစေချင်တာလည်း……….ကျနော် အထက်မှာဖော်ပြခဲ့သလိုပဲ……
….မြန်မာနိုင်ငံက..အာဏာရှင်နဲ့ စစ်အာဏာရှင်တွေ သက်တမ်းတလျှောက်မှာ…ခင်ဗျားတို့ကို မကျေနပ်လို့           ( မကြိုက်လို့၊မနှစ်သက်လို့၊ အလိုမရှိလို့ ) နည်းပေါင်းစုံနဲ့ဆန့်ကျင်ကြသူတွေ…အဲဒီလိုဆန့်ကျင်ခြင်းကြောင့်..သူတို့ကို နည်းပေါင်းစုံနဲ့ ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ အမျိုးမျိုးတပ်ထောင်ချထားသူများ….( သို့မဟုတ် ) ထိန်းသိမ်းထားသူများ ကိုဆိုလိုပါတယ်…….
ဘာ့ကြောင့်လွှတ်ပေးစေချင်တာလည်း………….
သူတို့လည်း တိုင်းပြည်ကိုချစ်မြတ်နိုးသူများဖြစ်တယ်……သူတို့ဟာ ကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးအကြိုးစီးပွားကြောင့်….ထောင်ကျခဲ့ကြတာမဟုတ်ဘူး…..သူတို့မှာ တိုင်းပြည်အတွက် တထောင့်တနေရာကနေ လုပ်ပေးနိုင်တဲ့…စွမ်းရည်တွေရှိကြတယ်…..ယခုအချိန်မှာ သူတို့ကို လွှတ်ပေးလိုက်ခြင်းအတွက်….အဆိုးထက်…အကောင်းဘက်ကို ပိုများတယ်…….ဦးရွှေမန်းတို့ ကသာ ကတိတည်တည်…တိုင်းပြည်အတွက် လုပ်ဆောင်ပေးရမဲ့ ကိစ္စများကို လုပ်ဆောင်ပေးကြည့်စမ်းပါ…ဘယ်သူမှ အားအားရားရား…မဆူပူဘူး…မထကြွဘူး….ခင်ဗျားတို့မှာ မှတ်တမ်းအစစ်အမှန်တွေရှိပါတယ်….
       
                          အဲ…..ပါတီဝင်ပဲပြောပြော…ကျောင်းသားပဲဆိုဆို…သူတို့ ကိုယ်ရေးကိုယ်တာကြောင့် ပြစ်ဒဏ်စီရင် ထောင်ကျနေသူများကိုတော့…ခင်ဗျားတို့သဘော…လွှတ်ချင်လွှတ်…မလွှတ်ချင်နေ……..
          ခင်ဗျားတို့ မှာရွှေးချယ်နိုင်တဲ့….မှတ်တမ်းအစစ်တွေရှိတယ်ဆိုတာ…သိပါတယ်ဗျာ…။
သာမာန် ရာဇ၀တ်သားတွေကို နိုင်ငံရေးအကျဉ်းသားတွေဆို…..ရောတုတ်ပြီးတော့…မလုံးလိုက်ပါနဲ့။ စောင့်ကြည့်နေသူများကလည်း ခံရပါများနေလို့…မချဉ်တော့ပါဘူး နော…..။ တကယ်လွှတ်ပေးမယ်ဆိုရင်တော့…ပြောသလိုလုပ်တတ်တဲ့…သူရ ဦးရွှေမန်းဆိုတာ…သမိုင်းတွင်နေမှာမလွဲပါ။

                                                                   ( မောင်မောင်ဝမ်း )


       



(မောင်မောင်ဝမ်း )

Greenland rises as global warming heats up

12 Dec 2011
24 Hours Toronto
QMI AGENCY
Global warming has resulted in the southern half of Greenland losing an extra 100 billion tons of ice last year, scientists say. And this has caused large portions of the island’s bedrock to rise an additional quarter of an inch.
REUTERS  
An ice island four times the size of Manhattan broke off from one of Greenland’s two main glaciers in 2009. Scientists say global warming has resulted in the southern half of Greenland losing an extra 100 billion tons of ice last year.
The findings from a network of nearly 50 GPS stations planted along the Greenland coast to measure the bedrock’s natural response to the ever-diminishing weight of ice above it was unveiled at the American Geophysical Union meeting in San Francisco Friday.
Every year, as the Greenland Ice Sheet melts, the rocky coast rises, Michael Bevis, a professor in the School of Earth Sciences at Ohio State University, said.
Some GPS stations around Greenland routinely detect uplift of 15 mm or more year after year, but a temperature spike in 2010 lifted the bedrock a detectably higher amount over a short five-month period — as high as 20 mm in some locations, he said.
“Pulses of extra melting and uplift imply that we’ll experience pulses of extra sea level rise,” Bevis told the conference.
“The process is not really a steady process.”
Bevis is the principal investigator for the Greenland GPS Network (GNET), and says he’s confident that the anomalous 2010 uplift that GNET detected is due to anomalous ice loss during 2010. “Really, there is no other explanation. The uplift anomaly correlates with maps of the 2010 melting day anomaly. In locations where there were many extra days of melting in 2010, the uplift anomaly is highest.” A melting day anomaly refers to the number of extra melting days — days that were warm enough to melt ice — relative to the average number of melting days per year over several decades.

http://eedition.toronto.24hrs.ca/epaper/viewer.aspx

ရွှေညဝါ ဆရာတော် ဖိအားပေးခံနေရ




By , on December 12, 2011 1:54 pm
နိုင်ငံရေး အခမ်းအနားများ မကြာခဏ ကျင်းပလေ့ရှိသော ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေညဝါ ဆရာတော် အရှင် ပညာသီဟကိုအာဏာပိုင်များက အမျိုးမျိုး ဖိအားပေးနေကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားမိန့်ခွန်းတွင် ဆရာတော်က ထည့်သွင်း မိန့်ကြားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗဲလ်ဆု ရရှိခြင်း အနှစ် ၂၀ ပြည့် အခမ်းအနားတွင် ရွှေညဝါဆရာတော် မိန့်ခွန်းပြောစဉ် (ဓာတ်ပုံ - ဧရာဝတီ)

“ဟီလာရီကလင်တန်နဲ့ တွေ့ဆုံခဲ့လို့လား၊ အမျိုးသားနေ့ အောင်ပွဲ ကျင်းပဖို့ လက်ခံခဲ့လို့လား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ တောင်းလို့လား၊ ဘာကြောင့်မှန်းမသိဘဲ လေး၊ ငါး၊ ခြောက်ရက် ရှိနေပြီ၊ ဘုန်းကြီး ဘ၀တခုလုံးကို အပြောင်းအလဲ ဖြစ်စေမယ့် ဖိအားတွေပေးနေတယ်။ ဘုန်းကြီး ဘ၀ တသက်တာ လုပ်ခဲ့သမျှ အခြေအနေတွေကို ဖျက်ဆီးမယ့် ဖိအားမျိုးတွေ ရင်ဆိုင် နေရတယ်” ဟု ရွှေညဝါ ဆရာတော်က ဆိုသည်။
ဆရာတော် အရှင်ပညာသီဟသည် မည်သို့သော ဖိအားများ ရင်ဆိုင်နေရသည်ကို ပွင့်လင်းစွာ ထုတ်ဖော် ပြောဆိုသွားခြင်း မရှိသော်လည်း ရင်ဆိုင်နေရသည့် ဖိအားများကို ဆရာတော်က အကြောက်တရား ကင်းကင်းဖြင့် ရင်ဆိုင်သွားမည်ဟု ပြောသည်။
“အဲဒီလို ရင်ဆိုင်ရလို့လည်း ဘုန်းကြီး စိတ်ဓာတ်မကျဘူး၊ မျက်နှာမပျက်ဘူး၊ ငါ့ဘ၀ ပျက်ချင် ပျက်ပစေ၊ လုပ်သင့် လုပ်ထိုက်တာ၊ အမှန်တရားအတွက် စွန့်လွှတ်မယ်ဆိုတဲ့ စိတ်မျိုးဘုန်းကြီးမှာ အပြည့်ရှိတယ်” ဟု ရွှေည၀ါ ဆရာတော်က ဆက်လက် မိန့်ကြားသည်။
သာဓု ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့်ပွဲ လုပ်ချင်သည်ဟု လာရောက် လျှောက်ထားသဖြင့် ဆရာတော်က အသာတကြည် လက်ခံလိုက်ကြောင်း ပြောသည်။
“တကယ်တော့ သူတို့ကသာ လာလျှောက်လို့ လက်ခံတယ်လို့ စကားလှအောင် ပြောတာ။ သူတို့ မလျှောက်ခင်ကတည်းက ဘုန်ကြီးက ခွင့်ပြုပြီးသား” ဟု ရွှေညဝါ ဆရာတော်က ဆိုသည်။
မြန်မာပြည်တွင်းတွင် ငြိမ်းချမ်းရေး ရရှိသည်အထိ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဆရာတော်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
“အားလုံး တောင်းဆိုကြတာက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ ပြည်တွင်းစစ်ရပ်ဖို့။ ဒါပေမယ့် ဘုန်းကြီးကတော့ တခွန်းတည်းပဲ ပြောချင်တယ် ငြိမ်းချမ်းရေးရဖို့ပဲ။ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း အကျဉ်းကျ နေတဲ့အတွက် မငြိမ်းချမ်းနိုင်ဘူး၊ နယ်စပ်တွေမှာ စစ်ပွဲတွေဖြစ်နေတော့ မငြိမ်းချမ်းနိုင်ဘူး။ အဲဒီတော့ ငြိမ်းချမ်းရေးရဖို့ အရမ်းကို အရေးကြီးပါတယ်” ဟု ဆရာတော်က ဆိုသည်။
ယင်းနေ့ အခမ်းအနားတွင် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးရရှိရေးသည် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအတွက် အလွန်လိုအပ်လျက်ရှိကြောင်း၊ မြန်မာပြည် လွတ်လပ်ရေး ရပြီးကတည်းက တောက်လျှောက် ငြိမ်းချမ်းရေး မရရှိဘဲ စစ်ပွဲများနှင့်သာ အချိန်ကုန်ဆုံး ခဲ့ရကြောင်း ပြောဆိုသည်။
“ပထမ ငြိမ်းချမ်းရေး၊ ဒုတိယ ငြိမ်းချမ်းရေး၊ တတိယ ငြိမ်းချမ်းရေးပဲ။ ကျမတို့ခေတ်မှာ အရင်ခေတ် အဆက်ဆက်က မရခဲ့တဲ့ ငြိမ်းချမ်းရေးကို ရအောင်လုပ်နိုင်ဖို့ အခွင့်အရေး ရနေပြီဆိုတဲ့ စိတ်တွေထားပြီးတော့ ဒီအခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင်ဖို့ အရေးကြီးပါတယ်။ အခွင့်အရေးဆိုတာ တခါတလေ တော်တော်နဲ့ ပြန်မလာတတ်ပါဘူး။ လာတဲ့အခါမှာ ရအောင် ဆုပ်ကိုင်ရမယ်။ ဒီအခွင့်အရေးကို အများအကျိုးအတွက် ဖြစ်အောင်လို့ သုံးစွဲသွားရမယ်။ အဲဒီလိုစိတ်နဲ့ ကျမတို့အားလုံး ဆက်ပြီးတော့ သွားနိုင်လို့ရှိရင် ကျမတို့ရဲ့ နိုင်ငံဟာ မကြာမီကာလမှာ အားလုံးလိုချင်တဲ့၊ ငြိမ်းချမ်းတဲ့၊ လူ့အခွင့်အရေးကို အပြည့်အ၀ အကာအကွယ်ပေးတဲ့ ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားများ အပါအ၀င် ပြည်တွင်းနိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသားများ ကလည်း ဒီမိုကရေစီနိုင်ငံအဖြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လိုအပ်ကြောင်း တရားဝင် ကြေညာချက်များ ထုတ်ပြန် တောင်းဆို နေကြသည်။
http://burma.irrawaddy.org/archives/3487

ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်နာယက ဦးခင်အောင်မြင့်တွေ့ဆုံ


2011-12-12
ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့မှာ မနေ့က ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားလွှတ်တော်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။


AFP PHOTO/POOL/NYEIN CHAN NAING
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် နေ့တွင် ကျင်းပသည့် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သဘာပတိ အမှာစကား ပြောကြားသည့် မြင်ကွင်း ဖြစ်ပါသည်။

လွှတ်တော်နာယက ဦးခင်အောင်မြင့်ရဲ့ ဖိတ်ကြားချက်အရ ရန်ကုန်မြို့မှာရှိတဲ့ ဦးခင်အောင်မြင့်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံချိန် တနာရီလောက် ကြာတယ်လို့ သိရပါတယ်။ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ အခုလို တွေ့ဆုံတဲ့သတင်းကို ကြားရတာ ရှိပေမယ့် အတည်မပြုနိုင်ကြောင်း ပြောပါတယ်။

လွှတ်တော်အကြီးအကဲ ဦးခင်မောင်မြင့်ဟာ အန်အယ်လ်ဒီပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုကြောင်း၊ ဒါဟာ ဖျောက်ဖျက်လို့ရတဲ့ ကိစ္စမဟုတ်ကြောင်း ရန်ကုန်တိုင်းမ် သတင်းဂျာနယ်နဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ မှတ်ပုံပြန်တင်မယ်ဆိုရင် လွှတ်တော် အကြီးအကဲဖြစ်တဲ့ မိမိနဲ့တကွ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေက ကြိုဆိုမှာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်သူတွေ ရွေးချယ်မယ်ဆိုရင် လွှတ်တော်ထဲကို ရောက်ရှိလာမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ ဗဟုသုတ ကြွယ်ဝတဲ့ ပညာတတ်တယောက် ဖြစ်တာကြောင့် နိုင်ငံ တည်ဆောက်ရေးအတွက် အများကြီး အားကိုးရမှာ ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
http://www.rfa.org/burmese/news/assk-khin-aung-myint-12122011092802.html

KNU မန်းငြိမ်းမောင် ရန်ကုန်မှာ အမှုဖွင့်စစ်ဆေးခံနေရ


2011-12-12
KNU ခေါင်းဆောင်တဦးဖြစ်တဲ့ ဖဒို မန်းငြိမ်းမောင်ကို မြန်မာအစိုးရ သတင်းတပ်ဖွဲ့က မတရားသင်း ဥပဒေနဲ့ စွဲချက်တင်ထားပြီး မင်္ဂလာဒုံတရားရုံးမှာ ဒီဇင်ဘာ ၈ ရက်နေ့က ရုံးတင်စစ်ဆေးနေတယ်လို့ ပြည်တွင်းထုတ်သတင်းဂျာနယ်တစောင်က ရေးသားလိုက်ပါတယ်။
Prisoner_Mahn_Nyein_Mg75.jpg
သြဂုတ်လနဲ့ စက်တင်ဘာလပိုင်းက တရုတ်ပြည် ခရီးစဉ်အတွင်း ပျောက်ဆုံးနေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဖဒိုမန်းငြိမ်းမောင်ဟာ တရုတ်ပြည် ကူမင်းလေဆိပ်ကတဆင့် ရန်ကုန်လေဆိပ်ကို အပို့ခံရပြီး ရန်ကုန်လေဆိပ်မှာ မြန်မာ အာဏာပိုင်တွေက လူဝင်မှုကြီးကြပ်ရေး ပုဒ်မနဲ့ အမှုဖွင့် အရေးယူခဲ့ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့က ထောင်ဒဏ် တနှစ် ချမှတ်ခံခဲ့ရကြောင်း အခုတပတ် ရန်ကုန်မှာ ထုတ်ဝေတဲ့  ပန်းစကား သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဖဒိုမန်းငြိမ်းမောင်ဟာ KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ တဦးအဖြစ် စုံစမ်း တွေ့ရှိရတဲ့အတွက် မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန သတင်းတပ်ဖွဲ့က မတရားသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ အခုလ ၈ ရက်နေ့မှာ အမှုဖွင့် စစ်ဆေးနေတယ်လို့ ဂျာနယ်သတင်းမှာ ဖော်ပြထားပါတယ်။

မန်းငြိမ်းမောင်ဟာ KNU အပါအဝင် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှာ KNU ကိုယ်စား ဦးဆောင်လှုပ်ရှားနေသူ တဦးလည်း ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ KNU နဲ့ မန်းငြိမ်းမောင်ရဲ့ မိသားစုထံက သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။
http://www.rfa.org/burmese/news/mahn-nyein-maung-12122011095603.html



ဖဒိုမန်းငြိမ်းမောင် ကို မင်္ဂလာဒုံမှာ ရုံးထုတ်စစ်ဆေး
ပန်းသတင်းဂျာနယ်
ဒီဇင်ဘာ ၁၂၊ ၂ဝ၁၁

ကိုးကား – http://www.thithtoolwin.com/2011/12/blog-post_5594.html
KNU တပ်မဟာတွင် တာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသားတစ်ဦး တရုတ်ပြည်မှ ရန်ကုန်လေဆိပ်သို့ လက်မှတ်အတုဖြင့် ဝင်ရောက်လာသဖြင့် မတရားအသင်းအက်ဥပဒေဖြင့် မင်္ဂလာဒုံတရားရုံးက ဒီဇင်ဘာ ၈ ရက်တွင် စစ်ဆေးနေကြောင်း သိရသည်။
သိုက်ထွန်း (ခ) ဖဒိုမန်းငြိမ်းမောင် ဆိုသူသည် သားထူးဇော် အမည်ဖြင့် နိုင်ငံကူးလက်မှတ် M-073525 ကိုင်ဆောင်၍ တရုတ်ပြည် ကူမင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လွန်ခဲ့သည့် လပိုင်းအတွင်း လာရောက်ခဲ့ရာ လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူများက ၎င်း ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်ပေါ်တွင် လေဆိပ်လဝကအတွက် တံဆိပ်တုံး အတုရိုက်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရ၍ လေဆိပ်ရဲစခန်းက (ပ) ၈၀/၁၁၊ ပုဒ်မ ၄၂၀/၄၆၈/၄၇၁ နှင့် လဝက အက်ဥပဒေ (ပ) ၉/၁၁ ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၆၁၃ (၁) ၁၇ (၇) (က) (ဃ) တို့ဖြင့် အမှုဖွင့်အရေးယူပြီး မင်္ဂလာဒုံတရားရုံးသို့တင်ပို့ရာ တရားရုံးက သိုက်ထွန်းအား အပြစ်ရှိကြောင်း စစ်ဆေးသိရှိရ၍ စက်တင်ဘာ ၂၇ ရက်က မင်္ဂလာဒုံတရားရုံးက ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ်ခြောက်လ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃(၁) အရ ထောင်ဒဏ်ခြောက်လ စုစုပေါင်းတစ်နှစ်ချမှတ်ခဲ့သည်။
“လေဆိပ်ရဲစခန်းက တာဝန်ရှိသူတွေအနေနဲ့ ပြည်ပအဝင်အထွက်တွေ စနစ်တကျ သေချာစစ်ဆေးတယ်။ မသင်္ကာတဲ့သူ၊ ပြစ်မှုကျူးလွန်တဲ့သူလို့ ယူဆရင် သီးခြားအခန်းမှာ အဲဒီသူရဲ့ ပစ္စည်းတွေကို တစ်ခုချင်းစနစ်တကျစစ်ဆေးနေပါတယ်။ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေပါတယ်” ဟု လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သိုက်ထွန်းဆိုသူကို ထပ်မံစစ်ဆေးချက်များအရ ၎င်းသည် တရားမဝင်အသင်းအဖြစ် ကြေညာထားသော ကရင်အမျိုးသားအစည်းအရုံး၊ KNU ဗဟိုကော်မတီဝင်၊ နောင်လွမ်းရာ၊ အုန်းပန်မြို့နယ် ထိုင်းနိုင်ငံမှဖြစ်ကြောင်း သိရှိရသည့် အပြင် ၎င်းသည် KNU တပ်မဟာ ၆ တွင်လည်းကောင်း၊ KNU အထူးတပ်ရန်း ၁၀၁ ဝမ်ခဂိတ်တွင် KNU အဖွဲ့ဝင်ဖြစ်ပြီး KNU ဗဟို ညီလာခံ ဗဟိုကော်မတီအဖြစ် ၎င်းတာဝန်ထမ်းဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ (၃-၁၁-၁၈၈၉) ပါ အမိန့်ကြေညာစာ အမှတ် (၃/၈၉) ဖြင့် တရားမဝင်အသင်းအဖြစ် ကြေညာထားသော KNU တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွက် သတင်းအဖွဲ့မှ တရားလိုပြုလုပ်ကာ တိုင်တန်းသဖြင့် မင်္ဂလာဒုံရဲစခန်းမှ (ပ) ၆၉၀/၁၁၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဒီဇင်ဘာ ၈ ရက်တွင် အမှုဖွင့်ကာ ထပ်မံစစ်ဆေးလျက်ရှိသည်။
http://moemaka.com/2011/12/mann-nyein-maung-arrested-at-mingaladon-intl/



ပဒိုမန်းငြိမ်းမောင် မြန်မာအစိုးရ၏ ဖမ်းဆီးခံရမှုကို ကေအဲန်ယူ လက်ခံ
Submitted by on Monday, 12 December 2011--
ဒီဇင်ဘာလ ၁၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်သည် ယခုလ ၈ရက်နေ့က ရန်ကုန်မြို့၊ မင်္ဂလာဒုံ တရားရုံးတွင် အမှုဖွင့် စစ် ဆေးနေသည် ဟု ပြည်တွင်းထုတ် သတင်းဂျာနယ်တစ်စောင် ၏ ရေးသားဖော်ပြမှု သည် ဖြစ်နိုင်ကြောင်း ကေအဲန်ယူက ပြောသည်။
ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ကျနော်တို့ ရတဲ့သတင်းအရနဲ့ အတွင်းက စာနယ်ဇင်းတွေ သတင်းရေးသားတဲ့အပေါ်မှာ အဲဒီ ၂ခုကို တိုက်ကြည့်လို့ရှိရင် ဖြစ်နိုင်ချေ တော်တော်များတယ်။”ဟု ပြောသည်။
ထို့အပြင် မကြာသေးခင်တုန်းကလည်း အင်းစိန်ထောင်တွင်ရှိကြောင်း စာရွက်စာတန်းထွက်ပေါ်ခဲ့သလို စစ်ကြောရေးစခန်းတစ် ခုတွင် တွေ့ရှိခဲ့ရသည်ဟု ၎င်း(ပဒိုမန်းငြိမ်းမောင်)နှင့် နီးစပ်သူများက သတင်းပို့လာမှုအပေါ် အခြေခံပြီး ဖြစ်နိုင်ချေ ၉၀ရာခိုင် နှုန်းရှိသည်ဟု ဗိုလ်မှူးစောလှငွေက ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လက တရုတ်ပြည် ခရီးစဉ်အတွင်း ပျောက်ဆုံးခဲ့သည်ဟု သတင်းထွက်နေသူ ပဒိုမန်းငြိမ်းမောင်ကို တရုတ် ပြည် ကူမင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ပြန်လည်ပို့ခံခဲ့ရာတွင် မြန်မာအစိုးရ၏ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး မင်္ဂလာဒုံ တရားရုံးက စက်တင်ဘာလ ၂၇ရက်နေ့တွင် အမှု ၂ခုဖြင့် ထောင်ဒဏ် ၁နှစ်ချမှတ်ခဲ့သည်ဟု ယခု ရက်သတ္တပတ်ထုတ် ပန်းသတင်းဂျာနယ်က ဖော်ပြထားသည်။
ပဒိုမန်းငြိမ်းမောင်သည် ကေအဲန်ယူ ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု စုံစမ်းသိရှိရသဖြင့် မြန်မာ အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းတပ်ဖွဲ့က မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ယခုလ ၈ရက်နေ့တွင် အမှု ဖွင့် စစ်ဆေးသည်ဟု အဆိုပါသတင်းဂျာနယ်က ဖော်ပြထားသည်။
ထိုင်းနယ်စပ်တနေရာရှိ ပဒိုမန်းငြိမ်းမောင်၏ ဇနီးဖြစ်သူ နော်ဝါးက “သတင်းတွေကတော့ အမျိုးမျိုးထွက်နေတယ်။ ဒါပေမယ့် အခုထက်ထိ အဆက်အသွယ် မရသေးတဲ့အတွက် ဘာမှ မသိရသေးဘူး။ အထဲက ကျမတို့အမျိုးတွေကလည်း ကြောက်နေ ကြတော့ ဘာအဆက်အသွယ်မှ မရဘူး။”ဟု ကေအိုင်စီကို ပြောသည်။
ပဒိုမန်းငြိမ်းမောင် အဖမ်းခံရစဉ် ကေအဲန်ယူ၏ ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် တာဝန်ယူထားသကဲ့သို့ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ တစ်ဦးအဖြစ်လည်း တာဝန်ယူထားသည်။
ပဒိုမန်းငြိမ်းမောင်သည် ၁၉၆၇ခုနှစ်တွင် နိုင်ငံရေးအမှုဖြင့် မြန်မာအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရကာ ကိုကိုးကျွန်းအကျဉ်းစခန်းသို့ အပို့ခံခဲ့ရသည်။
ထိုမှတစ်ဆင့် အခြားရဲဘော် ၂ဦးနှင့်အတူ ပင်လယ်ကို လှေဖြင့် ဖြတ်သန်းကာ ထွက်ပြေးလွတ်မြောက်လာခဲ့သည့် အတွေ့အ ကြုံများကို ‘မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ’ ဟူသော စာအုပ်ကို ‘ရဲဘော်ရှောင်း’ ကလောင်အမည်ဖြင့် ရေးသား ထုတ်ဝေခဲ့သည်။
http://www.kicnews.org/?p=8878