Sunday, December 18, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် လွှတ်တော်က ထိုက်တန်သော နေရာအခန်းကဏ္ဍ ပေးနိုင်ပါ့မလား


Published On: Sun, Dec 18th, 2011
By Aye Myat Htet

ရွေးကောက်ပွဲ ဝင်ရောက်မည့် NLD ပါတီ ကိုယ်စားလှယ်လောင်းများနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံထူထောင်ရန် လွှတ်တော်က ထိုက်တန်သော နေရာအခန်းကဏ္ဍ ပေးနိုင်ပါ့မလား?

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ရန်နှင့် ကြားဖြတ် ရွေးကောက်ပွဲ၌ လစ်လပ်နေရာ အားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။

ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည့် စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်း ဖော်ဆောင်ရေးအတွက် လွှတ်တော်အတွင်း ၀င်ရောက်ရခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ (၁၈) ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအစည်းအဝေး၊ ဒုတိယပိုင်းအစီအစဉ်၌ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

NLD အပေါ် သဘောထားအမြင်များ

၂၀၁၁၊ နိုဝင်ဘာလ (၂၅) ရက်နေ့၌ နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံရုံးခန်းတွင် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က ပထမဆုံးအကြိမ် ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တွေ့ဆုံလျှက် သတင်းစာ ရှင်းလင်းပွဲပြုလုပ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ကြားဖြတ်ရွေးကောက်ပွဲ နောက်သုံးလအထိ ကျင်းပဖွယ် မရှိသေးကြောင်း ပြောဆိုခဲ့သည်။ မကြာမီ ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မည်ကို ပြည်သူ့လွှတ်တော်ဥက္ကဌ အနေဖြင့် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက NLD ပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခြင်းကို ကြိုဆိုကြောင်း၊ မိမိတို့ပါတီ အနေဖြင့်လည်း မဲဆန္ဒနယ် (၂၀) ခန့် ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်နေသည်ဟု ဦးဟန်ရွှေက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က NLD ပါတီမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းကို ကြိုဆို သော်လည်း NLD အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို အပြတ်နိုင်နိုင်တဲ့ အခွင့်အရေးကတော့ နည်းသွားပြီဟု မှတ်ချက်ပြုသည်။ ၄င်းတို့ NDF အနေဖြင့် နေရာ (၂၀) ခန့် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဦးခင်မောင်ရွှေက ပြောကြားခဲ့သည်။

NLD ပါတီသည် အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ စည်းမျဉ်းရေးဆွဲရန်၊ ပါတီဝင်များ လက်ခံရန် စသည့် လုပ်ဆောင်ရမည့် လုပ်ငန်းများစွာ ရှိနေသည်။ “ဒါကြောင့် တခြားပါတီတွေနဲ့ ပူးပေါင်းညှိနှိုင်းဖို့ဆိုတဲ့ မဟာဗျူဟာ နည်းဗျူဟာတွေကို မစဉ်းစားရသေးပါဘူး “ ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောကြားခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီ ပါတီသစ် (New National Democracy Party) ဥက္ကဌ ဦးသိန်းညွှန့်ကမူ ၄င်းအနေဖြင့် NLD ပါတီနှင့် ပူးပေါင်းမည်ဟု ပြောကြားခဲ့ခြင်းအပေါ် ဦးဝင်းတင်နှင့် ဦးတင်ဦးတို့၏ တုန့်ပြန်မှုကို မကြိုက် သောကြောင့် “ကျွန်တော့် ကမ်းလှမ်းချက်ကို ပုတ်ချလိုက်တယ်လို့ ကျွန်တော်ယူဆတယ်“ ဟုပြောဆိုပြီး၊ NLD ပါတီဝင်များနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်မှ လွှဲ၍ ကျန်သူများကို ရင်ဆိုင်ယှဉ်ပြိုင် သွားမည်ဟု Hot News Journal Vol-2, N.68 တွင် ပြောကြားခဲ့သည်။

၎င်း၏ ပြောကြားချက်များတွင်
“ကျွန်တော်တို့ ၂၀၁၀ တုန်းက အခြေခံဥပဒေကို လက်ခံပြီး ရွေးကောက်ပွဲဝင်ဖို့ ပါတီက ထွက်ခဲ့တာ။ အဲဒီတုန်းက အခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့ သူတွေ (NLD လက်ရှိပုဂ္ဂိုလ်များကို ဆိုလိုသည်) အခု မအောင်မြင်ဘူး။ အခု ရွေးကောက်ပွဲဝင်မယ်” ဟူသော မှတ်ချက်ပြုစကားများပါဝင်ခဲ့သည်။

NLD ရွေးကောက်ပွဲဝင်ခြင်း၊ မဝင်ခြင်း

NLD နှင့် ပတ်သက်လျှင် ပါတီအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အချို့က “ ကျုပ်တို့အ၇င်ကတည်းက ရွေးကောက်ပွဲ ၀င်ဖို့ တိုက်တွန်းခဲ့တာပဲ၊ အခုမှဝင်တော့ နည်းနည်းတောင် နောက်ကျတယ်ထင်တယ်၊ လွှတ်တော်ကိုယ်စားလှယ် နေရာ နည်းသွားတာပေါ့“ ဟု ယေဘူယျ သဘောပြောကြသည်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က NLD အနေဖြင့် မဝင်သင့်၍ မဝင်ခဲ့သည်မှာ မှန်ကန်ကြောင်း၊ ယခုအခါ သမိုင်းရေး ကောက်ချက်ချ၍ ရနေပြီဖြစ်သည်။

NLD အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့လျင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးတို့ မပါဘဲ ရွေးကောက်ပွဲဝင်ရမည်ဖြစ်သည်။ ထိုစဉ်က ရွေးကောက်ပွဲ မဝင်ဘဲ တင်းခံခဲ့ခြင်းကြောင့် ယခု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သော ဥပဒေကြမ်း အတည်ပြုပေးခဲ့ရသည်။ ယခု ရွေးကောက်ပွဲ ဝင်လျှင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးတို့သာမက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ မည်သူမဆို ရွေးကောက်ပွဲ ဝင်လိုက ဝင်နိုင်ပြီ ဖြစ်သည်။

အကယ်၍သာ ၂၀၁၀ ရွေးကောက်ပွဲသို့ NLD အနေဖြင့် အလုံးအရင်းအလိုက် ဝင်ရောက်ခဲ့လျှင် အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် အခွင့်အလမ်း အလွန်နည်းသွားလိမ့်မည်။ NLD ပါတီ မှတ်ပုံ မတင်ခဲ့ခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ခဲ့ခြင်းတို့၏ အကျိုးဆက်အဖြစ် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ထိရောက်သော တွေ့ဆုံ ဆွေးနွေးမှုများ စတင်နိုင်ခဲ့သည်။ ၂၀၁၁ သြဂုတ်လ (၁၉) ရက်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်းတွင် အသိအမှတ် ပြုနိုင် လောက်သော အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့သည်။ ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း၊ ယုံကြည်ချက် အကျဉ်းသား (၂၀၀) ကျော် လွတ်မြောက်ခြင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုခြင်း၊ မီဒီယာ လုပ်ထုံးလုပ်နည်းများကို ဖြေလျော့ခြင်း၊ ယာဉ်အိုယာဉ်ဟောင်း အစားထိုးကား တင်သွင်းခွင့်ပြုခြင်း၊ စီးပွားရေးနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲမှု အချို့ စတင် ဆောင်ရွက်ခြင်း စသည်ဖြင့် အစိုးရဘက်မှ ဆောင်ရွက်ပေးခဲ့သည်။

အခြားတစ်ဖက်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး၊ ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခြင်း၊ အမေရိန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပထမဆုံး သမိုင်းဝင် မိန့်ခွန်းပြောကြားပြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခြင်း၊ ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးကို မြန်မာနိုင်ငံရရှိခြင်း၊ အမေရိကန်မြန်မာ ဆက်ဆံရေး အခြေအနေ တိုးတက်လာခြင်းတို့သည် မြန်မာနိုင်ငံ ပြောင်းလဲမှု စတင်ခြင်းကို အသိအမှတ်ပြုပေးမှုများ ဖြစ်ပေသည်။

ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ကြခြင်းနှင့် ယခုကြားဖြတ်ရွေးကောက်ပွဲသို့ NLD ဝင်ရောက်ခြင်းမှာ မတူသော အခြေအနေ နှစ်ခုဖြစ်သည်။ အခြေအနေ အချိန်အခါ မတူသည့် အလျောက် လုပ်သင့် လုပ်ထိုက်သော နိုင်ငံရေး လုပ်ငန်းစဉ်များမှာလည်း မတူညီနိုင်ပေ။

ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်အခြေအနေ

မည်သို့ပင်ဖြစ်စေ၊ သမိုင်းစာမျက်နှာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်မည့် NLD ပါတီကိုယ်စားလှယ်လောင်းများအား၊ လွှတ်တော်အတွင်း၌ လက်ရှိလွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ရောက်ရှိနေကြသည့် လူပုဂ္ဂိုလ်နှင့် ပါတီများက မည်သို့ မည်ပုံ ကြိုဆိုကြမည်ဆိုသည့် အခြင်းအရာများနှင့် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံထူထောင်ရေး အတွက် လွှတ်တော်၌ ထိုက်ထိုက်တန်တန် နေရာ အခန်းကဏ္ဍပေးကြပါ့မလား ဆိုသည့် တာဝန်ပိုင်းများကိုမူ အားလုံးသတိဖြင့် စောင့်ဆိုင်း ကြည့်ရှုရတော့မည် ဖြစ်ပေ သည်။

ဒေါ်အောင်ဆန်းစုကြည်က “ တခါတလေ အမှန်ပြောရမယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်တဲ့ နေရာမှာ အောင်နိုင်ဖို့ အလားအလာနည်းတယ်လို့ ထင်ရင်တောင် လုပ်ရမှာပါ။ ကိုယ်လုပ်တဲ့အချိန်မှာ မအောင်မြင်တောင် ကိုယ်က မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချခဲ့တာကြောင့် နောက်လာမယ့် လူတွေအတွက် လမ်းက ပိုပြီးတော့ ခိုင်မာသွားမယ်၊ ရှင်းလင်းသွားမယ်“ ဟု နိုဝင်ဘာ (၁၈) NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမိန့်ခွန်းတွင် ပြောကြားခဲ့ပြီး ဖြစ်ပေသည်။

မောင်မိုးပြာ
http://www.burmavjmedia.net/?p=2473

ကိုကိုကြီးမိသားစု၏ရွှေရတုမွေးနေ့ အလှု


Burma VJ Media Network



























ဗွီအိုအေရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေးအဖြေ အစီအစဉ်ကို ရပ်နားပြီ...



ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး (နိဂုံးပိုင်း)
ဒီဇင်ဘာ ၁၈၊ ၂၀၁၁


ဒီတပတ် အစီအစဉ်မှာတော့ တကသ အဆောက်အအုံကို မူလပုံအတိုင်း ပြန်ဆောက်နိုင်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းချက်၊ နိုင်ငံအ၀ှမ်းမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှု လျော့ပါးရေးနဲ့ ပတ်သက်လို့ မေးမြန်းချက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်မယ့်အပေါ် အမြင်ဆွေးနွေးချက်နဲ့ ပါတီ နိုင်ငံရေး အသုံးအနှုန်းအသုံးအနှုန်း စတဲ့ ဗွီအိုအေ သောတရှင်တွေရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားပေးထားပါတယ်။
အရင်ဆုံးတော့ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်လို့ ဆွေးနွေးချက်နဲ့ စချင်ပါတယ်။ မောင်လက်ဝဲ ဆိုတဲ့ သောတရှင်က မေးမြန်းထားတာပါ။
မေး။ အဲဒီ အကျင့်ပျက် ခြစားမှုတွေကို အမှန်တကယ် လုံးလုံး လျားလျား ပပျောက်သွားအောင် ဘယ်လောက်ကြာကြာ လုပ်ဖို့လိုပါသလဲ။ အကျင့်ပျက်ခြစားမှုတွေ ပပျောက်ဖို့ ပြည်သူတွေဖက်က ကြိုးစားနိုင်ပါမလားခင်ဗျာ။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းတုန်းကလို ပြည်သူတွေ ဝိုင်းဝန်း ကန့်ကွက်၊ ဝိုင်းဝန်း ဆောင်ရွက်ကြတဲ့ ပုံစံမျိုး ကို ဆိုလိုတာပါ။ ဥပဒေဘောင်အတွင်းကနေ ပြည်သူတွေ စနစ်တကျ ကြိုးပမ်း မယ်ဆိုရင် ဖြစ်နိုင်မယ်ထင်လို့ပါ။ ပြည်သူတွေလို့ ဆိုရာမှာ ပြည်သူတွေ ကိုယ်တိုင်က အကျင့်ပျက် ခြစားမှုတွေနဲ့ မကင်းနိုင်တော့ ခက်မယ်ထင်တယ် အန်တီစုရယ်။

ဖြေ။ အကျင့်ပျက် ခြစားမှုတွေ ရေရှည်ဖြစ်ပွားခဲ့ပြီးမှ ပပျောက်အောင် လုပ်ဖို့ဆိုတာ မလွယ်ကူကြောင်းကို ကမ္ဘာအ၀ှမ်း နိုင်ငံတွေများစွာရဲ့ အတွေ့အကြုံအရ သိရပါတယ်။ တိကျတဲ့ စည်းမျဉ်းဥပဒေတွေ ပြတ်သားတဲ့ အရေးယူမှုတွေ သင့်လျော်တဲ့ ၀န်ထမ်း လခတွေနဲ့တင်မက ပြည်သူတွေ အပါအ၀င် သက်ဆိုင်သူ အားလုံး စိတ်ဓါတ် အတွေးအခေါ် ပြောင်းလဲအောင် လုပ်ကြရမှာပါ။ အင်မတန်ခက်မယ်ဆိုတာကို မငြင်းနိုင်ပေမယ့် အန်တီတို့ မြန်မာတွေ ပြောလေ့ရှိတဲ့အတိုင်း ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်၊ ဆန္ဒ ၀ီရိယ စိတ်ဓါတ် ပညာနဲ့ အောင်နိုင်မှု ရနိုင်တယ် ဆိုတာကိုတော့ ယုံကြည်ပါတယ်။ ဒါကြောင့် အားလုံးဟာ အမျိုးသားရေး တာဝန် တရပ် အနေနဲ့ ဒီကိစ္စမှာ ပါဝင် ကြိုးပမ်းရမှာဖြစ်ပါတယ်။
အသက် ၈၀တွင်းရောက် ကျောင်းသားဟောင်းတစု ဆိုပြီးတော့ မိုင်းခွဲ ဖျက်ဆီးခံရတဲ့ ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံကို မူလပုံအတိုင်း ပြန်လည်တည်ဆောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကမကထ လုပ်ပေးပါလား ဆိုပြီး တိုင်တည် ရေးသားလာပါတယ်။

မေး။ မကြာမီက ၁၉၅၀-၁၉၅၆ တက္ကသိုလ်ကျောင်းသားဟောင်းတစ်စု ဆုံမိကြတယ်။ အသက် ၈၀ တွင်းတွေပေါ့။ ၁၉၅၃ ခုနှစ် တကသ ရွေးကောက်ပွဲ မိုင်းဗုံးခွဲတဲ့အကြောင်း ရောက်သွားကြရာကနေ တကသ အဆောက်အအုံကြီး မိုင်းခွဲခံရတဲ့ အကြောင်းအထိ ရောက်သွားကြပြီး နောက် စိတ်ကူးရကြတာကတော့ ဒေါ်အောင်ဆန်းစုကြည်က ကမကထ လုပ်လိုက်ပြီး တကသ အဆောက်အအုံကြီးကို မူလပုံအတိုင်း ပြန်ဆောက်နိုင်အောင် ကြိုးစားလိုက်ရင် အလွန်ကောင်းမှာပဲလို့ ဆန္ဒဖြစ်ပေါ်လာကြပါတယ်။ ဆောင်ရွက်ပေးပါလို့ ဒေါ်အောင်ဆန်းစုကြည် ကို လေးလေး နက်နက် တိုက်တွန်းလိုက်ပါတယ်။

ဖြေ။ အသက် ၈၀တွင်း ရောက်နေတဲ့ ကျောင်းသားဟောင်းကြီးတွေ ဆိုတော့ အန်ကယ်တို့လို့ ပြောပါရစေ။ အန်ကယ်တို့ရဲ့ တက္ကသိုလ်သမဂ္ဂ ပြန်လည် ဆောက်တည်ချင်တဲ့ ဆန္ဒကို ကျမ လေးစားသလို လုံးဝလည်း ထောက်ခံပါတယ်။ သမိုင်းအရ အရေးပါရုံမက ဖေဖေနဲ့ ဆက်စပ်နေလို့ ပုဂ္ဂိုလ်ရေးအရပါ ကျမအတွက် အန်မတန် အဓိပ္ပါယ်ရှိတဲ့ ကိစ္စမို့ အခွင့်အခါကြုံရင် ဖြစ်မြောက်အောင် ကျမ ကြိုးစားချင်ပါတယ်။ အန်ကယ်တို့တွေ အားလုံး ကျန်းမာချမ်းသာစွာနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ပြန်လည် ပေါ်ထွန်းလာတာကို မြင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ်။
မောင်နဆိုတဲ့ သောတရှင်ရဲ့မေးခွန်းကတော့ တလောက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်လောကသားအချို့ တွေ့ဆုံခဲ့ကြတာကို ရည်ညွှန်းဟန် တူပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ ဆုတောင်းပြီး သူ့အမြင်ကို ရေးသား ပေးပို့လာတာပါ။

မေး။ နိုင်ငံတော် တည်ဆောက်ရေးအတွက် အားလုံးသော အလွှာပေါင်းစုံ လိုအပ်တယ် ဆိုတာ နားလည်ပါတယ်။ အဲဒီထဲမှာမှ ဆူလွယ်နပ်လွယ် ဗီဒီယိုသမားတွေက ဆရာဝန် အင်ဂျင်နီယာ စတဲ့ လူငယ်ပညာရှင်တွေထက် ပိုအရေးပါပြီး လိုအပ်တယ်လို့ ထင်မြင်ပါသလားခင်ဗျာ။ အမေ လွတ်ပြီး ဦးကျော်သူ လာကန်တော့တဲ့အခါ အားလုံးက ၀မ်းသာခဲ့တယ်။ ဦးဇာဂနာ လာကန်တော့တဲ့အခါ အားလုံးက ကြည်နူးခဲ့တယ်။ ဂီတသမားတွေနဲ့ တွေ့တဲ့အခါ ပီတိဖြစ်ကြတယ်။ ဘာလို့လည်းဆိုတော့ ဂီတ သမားထဲမှာ အများစုက ပြည်သူ့ဖက်က ရပ်တည်သူတွေမို့ပါ။ အခု ဆူလွယ် နပ်လွယ် ဗီဒီယို သမားတွေနဲ့တွေ့တော့ တော်တော် စိက်ပျက်ကြတယ်။ မြန်မာပြည်တွင်း က ကောင်မလေးတစ်ယေက်ရဲ့ စာမျက်နှာပေါ်မှာ “အခု ဒီလိုလူတွေက ချစ်ပြနေတော့ သာမာန် အရပ်သူတွေကရော တွေ့ခွင့် ချစ်ပြခွင့် မရှိတော့ဘူလား” ဆိုပြီး ရေးထားပါတယ်။ အဲဒါဟာ ပြည်တွင်း ပြည်ပက လူငယ်အားလုံးရဲ့ ခံစားချက်ပါ။

ဖြေ။ ဘယ်သူမဆို သံသယရဲ့အကျိုးကို ခံစားပိုင်ခွင့်ရှိသလို မိမိတို့ကိုယ် မိမိ ပြုပြင် ပြောင်းလဲပိုင်ခွင့်လည်း ရှိရပါလိမ့်မယ်။ တကယ်တော့ ဒီနှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း အမေ အဓိက ထိတွေ့မှုရှိနေခဲ့တာက ပြည်သူတွေပါပဲ။ ဘာ အလုပ်ပဲ လုပ်လုပ် ဘယ်လိုပဲ နိုင်ငံရေးနဲ့ ပတ်သက်မှု ရှိခဲ့ မရှိခဲ့ နိုင်ငံသူ နိုင်ငံသားများအကြား ကျောသားရင်သား မခွဲခြားချင်ပါဘူး။ သွေးစည်း ညီညွတ်တာကိုပဲ မြင်ချင်ပါတယ်။ သဘောထား ကြီးကြီးထားပြီး မိသားစုစိတ်ဓါတ်နဲ့ အားလုံး လက်တွဲ လုပ်နိုင်မယ် ဆိုရင် အမေတို့နိုင်ငံအတွက် ဘယ်လောက် ကောင်းမလဲ ဆိုတာ မှတ်ထားစေချင်ပါတယ်။ ဗွီဒီယိုသမားမဟုတ်လည်း အမေတို့နဲ့ ဆက်သွယ်နိုင်တာပါပဲ။ အခု သားလည်း ဆက်သွယ်နေတယ်မဟုတ်လား။
နိုင်ငံရေးအကျဉ်းသား ကိုလှမောင် ဆိုသူကတော့ ပြည်ပ တနေရာ ရောက်နေတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇော မြန်မာပြည်ကို ပြန်လာနိုင်ဖို့ ဖိတ်ခေါ်ပေးပါဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်တည် ရေးပါတယ်။

မေး။ ဒီနေ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော အသက် ၉၂ နှစ်ပြည့်ပါပြီ။ ဗမာပြည်ရဲ့သက်ရှိထင်ရှား သမိုင်းဝင်ပုဂ္ဂိုလ်ကြီးပါ။ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးကို မထင်မရှားနဲ့တရုပ်ပြည်မှာခေါင်းမချစေချင်ပါဘူး။ ဦးသိန်းစိန် အစိုးရအနေနဲ့လဲ တပ်မတော်ကိုထူထောင်ခဲ့တဲ့ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးကို ပြန်ခေါ်ဖို့ ခွင့်ပြုမယ်လို့ ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တောင်းဆိုမယ်ဆိုရင် ငြင်းစရာအကြောင်းမရှိပါဘူး။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး အဖွဲ့ဝင် ဗိုလ်ချုပ်ကျော်ဇောအနေနဲ့ တိုင်းရင်းသားများအရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး မှာ အများကြီး အထောက်အပံ့ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံရေး အယူအဆ မတူတာကတော့ ဒီမိုကရေစီ ကျင့်စဉ်မှာ မထူးဆန်းဘူး လို့ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ၁၀၀ပြည့် ရုပ်ရှင်ရိုက်မယ်ဆိုရင်လဲ ဗိုလ်ချုပ်ကျော်ဇောထက် သိတဲ့သူမရှိနိုင်ပါဘူး။ ဒါကြောင့်မို့ အန်တီဒေါ်အောင်ဆန်းစုကြည် ခင်ဗျား ဗိုလ်ချုပ်ကျော်ဇောကို ဖိတ်ခေါ် ကြိုဆိုပေးပါရန် လေးစားစွာ မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်ခင်ဗျား။

ဖြေ။ ဗိုလ်ချုပ်ကျော်ဇော သာမက မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ နိုင်ငံသူ နိုင်ငံသား အားလုံး ပြန်လာနိုင်မယ့် အခြေအနေမျိုးကို အန်တီတို့ အားလုံး လိုလားလို့ နိုင်ငံရေး လုပ်နေတာပါ။ ဗိုလ်ချုပ်ကျော်ဇောကို ငယ်ငယ်ကတည်းက ပုဂ္ဂိုလ်ရေးအရ ခင်မင် ရင်းနှီးခဲ့ပါတယ်။ ဒါပေမယ့် အန်တီတို့ဟာ နိုင်ငံရေး လုပ်တဲ့အခါမှာ လူတဦး တယောက်အတွက် အဖွဲ့အစည်း တခုအတွက်သာ အထူးလုပ်ဆောင်ခြင်းမဟုတ်ပဲ ပြည်သူအားလုံးအတွက် လုပ်ဆောင်ရမယ်ဆိုတာကို ဗိုလ်ချုပ်ကျော်ဇော ကိုယ်တိုင်က သဘောတူမယ်လို့ ယုံကြည်ပါတယ်။
ကွန်ပြူတာ တက္ကသိုလ်က မင်းသူရိန်စိုး ဆိုတဲ့ သောတရှင်တဦးကလည်း အခုလို ရေးသားလာပါတယ်။
မေး။ ကျနော်နဲ့ ကျနော့်အဒေါ်တို့ဟာ နေ့စဉ်(၈)နာရီ သတင်းကို နားထောင်ပါတယ်။ အထူးသဖြင့် ကျနော်တို့မိသားစုဟာ အမေစု သတင်း လာမယ့်နေ့ဆို အမေစု သတင်း မလာမချင်း စောင့်ကြည့်ကြပါတယ်။ အဲဒီသတင်းတွေကလည်း voa က ပြောမှ သိရတာပါ။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်သူတွေလာပြီး၊ ဘာတွေ ပြောကြတယ် ဆိုတာ VOA ကပဲ အရင်ပြောတယ်လေ။ တနေ့ အမေစု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့တဲ့နေ့ပေါ့။ VOA က အရင်ပြောလို့ အဲဒီနေ့ မှာ သူတို့ တွေ့ဆုံကြတာ (၈)နာရီ သတင်းမှာ ပါမယ် ထင်လို့ စောင့်ကြည့်ကြပါတယ်။ သတင်းထဲလဲ ပါပါတယ်။ ခက်တာက နောက်ဆုံးမှ အမေစု သတင်း ပါဝင်ခြင်း ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး ကျနော့်အဖေက ကျနော်တို့ကို ပြောပါတယ်။ ၈နာရီသတင်း ကြည့်ရတာ နှစ်ပါးသွားကြည့်ရသလိုပဲတဲ့။ ဘာလို့လဲလို့ ကျနော်ကမေးတော့ “မင်းစဉ်းစားကြည့်လေ။ အဖေတို့နှစ်ပါးသွားကြည့်ရင် ဇတ်အဖွဲ့ရဲ့ အဓိက ဇာတ်ဆရာ၊ အရေးပါဆုံး မင်းသားက နောက်ဆုံးမှ ထွက်တာလေ။ အဲဒီလိုဘဲ အဖေတို့ ကြည့်ချင်တဲ့ ဒေါ်စုသတင်း၊ ဒေါ်စုမျက်နှာ၊ဒေါ်စုအသံ ( TV မှာတော့ မပါ ) ဒေါ်စု အပြုံးတွေဟာလည်း နောက်ဆုံးမှ ပါတာပေါ့။” တဲ့။

ဖြေ။ ကိုမင်းသူရိန်စိုးရဲ့စာကို ဖတ်ပြီး ပြုံးရပါတယ်။ အမေသတင်းတွေ ဖတ်ပြီး နားထောင်တဲ့ အဖေရဲ့ မှတ်ချက်ကိုလည်း သဘောကျပါတယ်။ ဒီလို ဟာသလေးနဲ့ အားပေးလိုက်တော့ တနေ့လုံး – ဒီနေ့ကလည်း တနင်္ဂနွေနေ့ပါနော် – ဆက်တိုက် အလုပ် လုပ်ရတာတွေအတွက် အမော ပြေသွားတာပါပဲ။ သားတို့လို ပြည်သူတွေရဲ့ လိုအင် ဆန္ဒတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားသွားပါမယ်။
မစ္စတာ RAMPAGE ဆိုသူကတော့ ပြည်ထာင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် တလောတုန်းက သတင်းမီဒီယာတွေကို ပြောဆိုခဲ့တာကို အခြေခံပြီး ဆွေးနွေးမေးမြန်းလာပါတယ်။

မေး။ ဦးခင်အောင်မြင့်တို့ အနေနဲ့ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲကို အသိအမှတ်ပြုတယ် ဆိုရင် အကောင်အထည် ဖော်ပေးသင့်တယ်လို့ ယူဆပါတယ်။ ဘယ်လို အကောင်အထည် ဖော်မလဲ ဆိုတာကတော့ လွယ်ပါတယ်။ Next Presidency Term ကို NLD လက်ထဲ အပ်လိုက်ရင် ဒီပြဿနာ ပြေလည်မယ် လို့ ထင်ပါတယ်။ အကြီးမားဆုံးသော ခြွင်းချက်တခုတော့ ဖြစ်လာနိုင်စရာ ရှိတာပေါ့။ တူတာတွေ တွဲလုပ်မယ် ဆိုတော့ NLD ကလည်း ပြည်ခိုင်ဖြိုးနဲ့ ရွေးကောက်ပွဲတွေမှာ အနိုင်ရတာခြင်း အတူ တူပါပဲ။ NLD အနေနဲ့ ဒီနည်းနဲ့ပဲ ၁၉၉၀ ကိစ္စ ကိုပြန်ကုစားလို့ ရနိုင်ပါတယ်။

ဖြေ။ Mr.Rampage ကတော့ NLD အပေါ်မှာ ယုံကြည်မှု စေတနာ အပြည့်နဲ့ သမတ နေရာတောင် ပေးအပ်ချင်တာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျမတို့က ရွေးကောက်ပွဲ ၀င်တယ်ဆိုတာ ရာထူး တနေရာအတွက် မဟုတ်ပဲ ပြည်သူ့ ထောက်ခံမှုနဲ့ ပြည်သူကို အကျိုးပြုဖို့ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်နဲ့ ယနေ့ကြားမှာ ဆယ်စုနှစ် နှစ်စုကျော် ကွာခြားသွားပေမယ့် ကျမတို့ဟာ ယုံကြည်မှု အပြည့်အ၀နဲ့ ပြည်သူတွေရဲ့ထောက်ခံမှုကို အသစ်တဖန် တောင်းခံဖို့ ပြင်ဆင်နေတာပါ။ Mr.Rampage လည်း NLD ကို မဲထည့်ဖို့ မပျက်ကွက်ပါနဲ့နော်။
အခုနောက်ဆုံး ဦးနွယ်တိုး ကျောက်မြောင်း ဆိုတဲ့ သောတရှင်တဦး မေးမြန်းချက်နဲ့ အဆုံးသတ်ပါမယ်။ ပါတီနိုင်ငံရေး ဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်လို့ မေးမြန်းထားချက်ပါ။
မေး။ အန်တီစုခင်ဗျား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်ကြားတာ အထူးသဖြင့် အန်တီ ကိုယ်တိုင် အရွေးခံမယ်လို့ကြားရတာ တမျိုးစဉ်းစားမိပါတယ်။ ထောက်ခံခြင်း မထောက်ခံခြင်း မဟုတ်ပါဘူး။ ပါတီ နိုင်ငံရေးကို ဦးတည်လိုက်သလားလို့ပါ။ အန်တီစုဟာ တမျိုးသားလုံး မျှော်လင့်ချက်ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့အားကိုးရာလည်း ဖြစ်ပါတယ်။ သူသူငါငါ အုတ်ရောရော ကျောက်ရောရော လွှတ်တော်ထဲမှာ သူများတွေနဲ့ တန်းတူ မမြင်ချင်ပါဘူး။ အထူးသဖြင့် လွှတ်တော်ထဲ လူများစုက အန်တီကို အနိုင်ကျင့်မှာပါ။ သူတို့က လူထုထောက်ခံမှုမဲကို ရိုးရိုးသားသား ယူပြီး လွှတ်တော်ထဲ ၀င်လာသူတွေမဟုတ်ပါဘူး။ ဒါ တနိုင်ငံလုံးအသိပါ။ အန်တီက ထောင်ထဲမှာရှိနေတုန်း ဖြစ်သွားတာပါ။ အန်တီအပါအ၀င် အဖွဲ့ချုပ်ကိုက ပြည်သူတွေ ရွေးခြယ်ပြီးသားဖြစ်ပါတယ်။ ကျနော်မေးမြန်းချင်တာက ပါတီနိုင်ငံရေးဆိုတဲ့ အသုံးအနှုန်းပါ။ အမျိုးသားရေးနဲ့ ကွာခြားသလား။ အန်တီအမြင်ကိုလည်း သိချင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ပြီး လိုရာခရီးပေါက်နိုင်ပါစေ။

ဖြေ။ ဒီမိုကရေစီစနစ်ကို အမှန်တကယ် ကျင့်သုံးချင်တယ် ဆိုရင် ခိုင်မာပြီး သိက္ခာရှိတဲ့ နိုင်ငံရေးပါတီတွေ ထူထောင်ဖို့ဟာ မဖြစ်မနေ လိုအပ်ချက်ပါ။ ပါတီနိုင်ငံရေးနဲ့ အမျိုးသား နိုင်ငံရေးရယ်လို့ ခွဲခြားပြီးမြင်တာဟာ ဒီမိုကရေစီ လုပ်ထုံး လုပ်နည်းတွေကို အသေအချာ မလေ့လာထားလို့ ဖြစ်နိုင်သလို ပါတီနိုင်ငံရေးရဲ့ အဓိပ္ပါယ်ကို တမျိုး မြင်လို့လည်း ဖြစ်နိုင်ပါတယ်။ အန်တီ ဖေဖေကိုယ်တိုင် ပါတီ နိုင်ငံရေးမှတဆင့် မြန်မာနိုင်ငံ လွတ်လပ်ရေးကို ဦးတည်တဲ့ ၁၉၄၇ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တာပါ။ တောင်အာဖရိက က တကမ္ဘာလုံး လေးစားရတဲ့ ခေါင်းဆောင်ကြီး နယ်ဆင်မန်ဒဲလား ဆိုရင်လည်း မိမိ နိုင်ငံရေး သက်တမ်း တလျှောက် ANC ပါတီဝင်အဖြစ် လှုပ်ရှား ရပ်တည်ခဲ့တာပါ။ အနားယူနေပြီ ဖြစ်ပေမယ့်လည်း ခုထိတောင် ပါတီဝင်ဖြစ်ဆဲ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ကိုယ့်ပါတီ နိုင်ငံရေးအထက်မှာ ရှိတယ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်များဟာ တကယ်တော့ ဒီမိုကရေစီအရေးထက် ကိုယ့်အနေအထားကို ပိုပြီး အလေးထားတယ်လို့ အန်တီ ထင်မိပါတယ်။ နောက်ပြီး လွှတ်တော်ထဲက လူတွေထက် ကိုယ့်ကိုကိုယ် သာတယ်လို့လည်း မမြင်သင့်ပါဘူး။ သူတို့တွေလည်း နိုင်ငံသားတွေ မဟုတ်ပါလား။ ကိုယ်စားလှယ်တွေ အရည်အသွေး တက်လာပြီး အန်တီကို အနိုင်မကျင့်နိုင်အောင်လို့ သားတို့က ၀ိုင်းပြီး လုပ်ပေးကြလေ။
ဗွီအိုအေ သောတရှင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ မြန်မာပိုင်းက အထူး ကျေးဇူးတင်ပါတယ်။ အခု နားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေသောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။
နောက်အပတ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေးအဖြေ အစီအစဉ်ကို ရပ်နားမှာဖြစ်ပြီး၊ ဒီနေရာမှာ တိုက်ရိုက်လေလှိုင်းအစိအစဉ်ကို အချိန်တိုးမြင့် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

http://moemaka.com/

ထားဝယ်စီမံကိန်း တွင် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံနှင့် ရေနံဓာတုအခြေပြု လုပ်ငန်းများ ပါဝင်မည်ဖြစ်၍ ဒေသခံများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်ခြေရှိနေ



Sunday, 18 December 2011 11:42
7123a
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် အကောင်အထည်ဖော်လျက် ရှိသည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတု အခြေပြုလုပ်ငန်းနှင့် အခြားသော အလားတူလုပ်ငန်းများ ပါဝင်မည် ဖြစ်သည့်အတွက် ဒေသခံတို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် အပေါ် သက်ရောက်နိုင်ခြေများ ရှိနေကြောင်း သတင်းရရှိပါသည်။
အဆိုပါစီမံကိန်းကို ထိုင်းနိုင်ငံ ရှိ Italian-Thai Development Public Co.,Ltd  မှလုပ်ဆောင်နေပြီး ဧရိယာသည် စတုရန်း ကီလိုမီတာ ၂၅၀ ရှိကာ နှစ်ပေါင်း ၇၅ နှစ် ၀န်းကျင် လုပ်ကိုင်မည်ဖြစ်သည်။
ဓာတုအခြေပြုလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူတို့၏ ကျန်းမာရေး ထိခိုက်မှုတို့ကို ဖြစ်ပေါ်စေသည့် လုပ်ငန်းများပါဝင်နေကာ ယင်းအနက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံလည်း ပါဝင်မည်ဖြစ်သည်။
“ဒေသကလူတွေကတော့ ကောင်းကျိုးဆိုးကျိုးကို သိပ်မသိကြပါဘူး။ အခု ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံပါတယ်။ လူထုကို ထိခိုက်နိုင်တယ်။ ဟောပြောပွဲတွေ ပြောစေချင်တယ်၊ သိစေချင်ပါတယ်”ဟု ထားဝယ်မြို့မှဒေသခံ ဦးစိုးသိန်းက ပြောကြားသည်။
7123
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတစ်နေရာကို တွေ့ရစဉ်

ထားဝယ်အထူးစီးပွားရေးဇုန် သည် မြန်မာအထူးစီးပွားရေး ဇုန်ဥပဒေအမှတ် (၈/၂၀၁၁)၊ ပုဒ်မ (၄) အရ အစိုးရအဖွဲ့က သတ်မှတ်ထားသောဇုန် ဖြစ်သည်။ ယင်းဥပဒေအရ ထားဝယ် အထူးစီးပွားရေးဇုန်တွင် အဆင့်မြင့်နည်းပညာဇုန်များ၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဇုန်များ၊ ပို့ကုန်ပစ္စည်း ထုတ်လုပ်မှုဇုန်များ၊ ဆိပ်ကမ်းနယ် မြေဇုန်များ၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ၊ သိပ္ပံနှင့် နည်းပညာသုတေသနဖွံ့ဖြိုးတိုးတက် ရေးဇုန်များ၊ ၀န်ဆောင်မှုလုပ်ငန်းဇုန်များ၊ တစ်ဆင့်ခံ ကုန်သွယ်မှုဇုန်များ နှင့်အစိုးရအဖွဲ့ကအခါအားလျော်စွာ သတ်မှတ်သည့်ဇုန်များ ပါဝင်သည်။
“ထိုင်းနိုင်ငံက Mat Ta Phut  မှာ ရပ်နားလိုက်ရတဲ့စက်ရုံတွေ မြန်မာနိုင်ငံကို ရွှေ့လာတာပါ။ အဲဒီစက်မှုဇုန်ရှိတဲ့ဒေသမှာ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုတွေ ကြုံခဲ့ရတယ်။ တခြားဒေသထက် ကင်ဆာဖြစ်ပွားမှု သုံးဆ၊ သွေးကင်ဆာဖြစ်ပွားမှု ငါးဆရှိခဲ့ပါတယ်”ဟု လေ့လာသိရှိ ထားသူ ထားဝယ်ဒေသခံ ကိုသန့်ဇင်က ပြောကြားသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန်အတွင်း တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ရှိ ကျေးရွာ ၂၉ ရွာ ပါဝင်နေသည်။
“ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံက မဂ္ဂါဝပ် ၄၀၀၀ ထုတ်မယ်လို့ သိရပါတယ်။ စက်မှုဇုန်မှာသုံးရင် ကုန်မှာမဟုတ်ဘူး။ ထိုင်းကို ၃၀၀၀ လောက် ရောင်းမယ်လို့ သိရပါတယ်”ဟု ကိုသန့်ဇင်က ပြောကြားသည်။
ထားဝယ် အထူးစီးပွားရေးဇုန် အတွင်းဓာတုဗေဒစက်မှုလုပ်ငန်း များ၊ ရေနံဓာတုလုပ်ငန်းများ၊ အိမ် သုတ်ဆေးလုပ်ငန်းများ၊ ရော်ဘာ လုပ်ငန်းများ၊ စားသောက်ကုန်လုပ် ငန်းများ စသည်တို့ပါဝင်လုပ်ကိုင် မည်ဖြစ်ရာ ထိုလုပ်ငန်းများသည် ဓာတုပစ္စည်းများကို ပမာဏမြောက် မြားစွာ အသုံးပြုရသော စက်ရုံ၊ လုပ် ငန်းများဖြစ်သည်။ ယင်းလုပ်ငန်းများမှ ဓာတုဘေးပစ္စည်းမြောက်မြား စွာထွက်ရှိသည့်အပြင် ပတ်ဝန်းကျင် ရှိ လေထု၊ ရေထု၊ မြေထုကို ညစ်ညမ်းစေနိုင်သည့်အတွက် စနစ်တကျ စွန့်ပစ်မှုလိုအပ်နေသည်ဟု သိရသည်။
ထိုင်းနိုင်ငံအတွင်းတွင်လည်း Man Ta Phut Area ၌ ရေနံဓာတု စက်ရုံကဲ့သို့သော စက်မှုဇုန်များကြောင့် ဖြစ်ပွားနေသော ကျန်းမာရေး၊ ပတ်ဝန်းကျင်ရေးရာ ပြဿနာများ၊ ရသင့် ရထိုက်သော အခွင့်အရေးများကို တောင်းဆိုခြင်းများ၊ စက်မှုလုပ်ငန်းများကို တရားစွဲဆိုခြင်း စသော ပြဿနာများ ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
http://news-eleven.com/index.php?option=com_content&view=article&id=11527:2011-12-18-05-21-06&catid=45:2009-11-10-07-45-41&Itemid=113

ကချင်=ဗမာ သမိုင်း နှင့် မျက်မှောက်အခြေအနေ

by Yeyint Kyaw (Facebook) on Sunday, December 18, 2011 at 4:03am
ကချင်လူမျိုး တို့သည်  ၁၈၈၅-ခု၊ ဒီဇင်ဘာ၂၈-ရက် တွင် အင်္ဂလိပ်တို့ ရေကြောင်းခရီးဖြင့် ဗန်းမော်မြို့သို့ စတင်၍ ကျုးကျော် လာစဉ် ကတည်းက အလွန်တရာ မုန်းတီးခဲ့ပြီး ဗမာနှင့်အခြားတိုင်းရင်းသားများနည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် ခုခံ တွန်းလှန်ခဲ့ကြပါသည်။ ကချင်လူမျိုးတို့၏ စရိုက်တစ်ခုမှာ မဟုတ်မခံစိတ်ရှိသည်၊ ရိုးသားဖြောင့်မတ်သည်၊ မတရား အနိုင်ကျင့်တာကို မကြိုက်၊ အထူးသဖြင့် ခေါင်းကို လက်နှင့် ပုတ်ရိုက်ခြင်း၊ လက်နှစ်ဘက် ချည်နှောင်ခြင်း၊ အတင်းအဓမ္မ ဒူးထောက် အညံ့ခံခိုင်းခြင်းများ လုံးဝမကြိုက်ပါ။

၁၉၄၂- ခု၊ မေလ(၅)ရက်တွင် ဂျပန်တပ်များ ကချင်နယ်မြေဒေသများနှင့် မြစ်ကြီးနားသို့ ရောက်ရှိလာစဉ်ကလည်း အင်္ဂလိပ် စစ်တပ်ကို ခုခံတိုက်ခိုက်သည့်နည်းအတူ မျိုးချစ်စိတ်ဓါတ်ဖြင့် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ကြပြီး၊ ဂျပန်တပ်များ ဆွမ်ပရာဘွမ်သို့ချီတက်စဉ် ကမ်းပါးစောက်နက်သောလမ်းအကွေ့တစ်နေရာမှ ကချင်များ၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဂျပန် စစ်သားများ ချောက်ထဲသို့ကားကိုလီဗာတင်မောင်း၍အသေခံသွားကြသည်အထိ စွမ်းရည်ပြခဲ့ကြသည်။ ထိုနေရာကို( ဂျပန် ပျံကွေ့)ဟု သမိုင်းဝင်တစ်နေရာအဖြစ် ဂျပန်ကမ္ဘာလှည့်ခရီးသည်များ ယနေ့တိုင်သွားရောက်ကြည့်ရှုကြသည်မှာ ကချင် တို့၏ ကျုးကျော်မခံသော ပြည်ထောင်စုစိတ်ဓါတ်ကို ပေါ်လွင်စွာမြင်နိုင်ပါသည်။

၁၉၄၅-ခု၊ သြဂုတ်လ(၁၅)ရက်နေ့တွင် ဂျပန်များအကြွင်းမဲ့လက်နက်ချပြီးနောက် အင်္ဂလိပ်တို့ပြန်လည် ဝင်ရောက်လာသော အခါ လွတ်လပ်ရေးအတွက် တောင်တန်းဒေသများ၏သဘောတူညီမှုစာချုပ် ချုပ်ဆိုပြရမည်ဟုဆိုခဲ့ရာ ၁၉၄၆-ခု၊ နိုဝင်ဘာ (၂၈)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြစ်ကြီးနားမြို့သို့ ရောက်ရှိ လာစဉ်က အခြေအနေကို ကြည့်လျှင် ကချင်ဗမာ ချစ်ကြည်ရေးကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ထိုနေ့က ကချင်ခေါင်းဆောင်များနှင့်ကချင်တိုင်းရင်းသား အများအပြား သည် မြစ်ကြီးနားဘူတာကြီးတွင် စုဝေးကြိုဆိုခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ယူနီဖောင်းကြီးဝတ်လျက် ခန့်ခန့် ညားညား တွေ့မြင့်ရမည်ဟုမျှော်လင့်ထားရာ ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူအရပ်သားတို့နှင့်မခြား အရပ်ဝတ်ဖြင့် ထွက်လာသဖြင့် အံ့သြလျက် ထိုစဉ်ကတည်းကပင် ဗိုလ်ချုပ်ကို သဘောကျခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကချင် တိုင်းရင်းသားခေါင်းဆောင် ဆမားဒူဝါ ဆင်ဝါးနောင်၏ နေအိမ်တွင် တည်းခိုလျက် တစ်ညလုံး လွတ်လပ်ရေး ဆိုင်ရာ ကိစ္စများဆွေးနွေးခဲ့ပြီး ကချင်ဒေသအတွက်ထိုမျှအလေးထားခဲ့သည်။ (ဗိုလ်ချုပ်သည် ရှမ်းစော်ဘွားများနှင့် ချိန်းဆိုထား သော အစီအစဉ်ကို ကိုလှထွန်းအား ရှေ့ပြေးစေလွတ်လျက် ကချင် အရေးကို ဦးစားပေး ရောက်လာခြင်းဖြစ်သည်။)

ထို့အတူ မန်ခိန်း (Man Hkaring) ကျေးရွာတွင်ပြုလုပ်သော ကချင်ဒေသ လူထု အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားရာ၌ “ ဗမာများက ကချင်များအပေါ် စိုးမိုးအုပ်ချုပ်မည်မဟုတ်ကြောင်း၊ တောင်တန်းဒေသကို ကချင်များ စိတ်တိုင်းကျ အုပ်ချုပ် နိုင်ကြောင်း၊ သို့ပါသော်လည်း တစ်ပြည်လုံးနှင့် သက်ဆိုင်သာ ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စသည်တို့ကိုမူ ကချင်ဝန်ကြီးပါဝင်သော ဗဟိုအစိုးရ(ပြည်ထောင်စုအစိုးရ)က တိုင်ပင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဘာသာရေး၌ လည်း လွတ်လပ်စွာကြိုက်နှစ်သက်သည့် ဘာသာကို ယုံကြည်ကိုးကွယ်နိုင်ကြောင်း၊ ကချင်တပ်ရင်းသီးခြား ဖွဲ့စည်းပေး မည်ဖြစ်ကြောင်း၊ ဗမာ တစ်ကျပ်၊ ကချင် တစ်ကျပ် တန်းတူ အခွင့်အရေး ရမည် ဖြစ်ကြောင်း၊ ခင်ဗျားတို့က ဗမာ မကောင်းဘူးလို့ထင်ရင် လက်တွေ့ ပေါင်းကြည့်နိုင်ကြောင်း၊ ယခု ဗမာက ယခင် ဗမာနှင့် မတူကြောင်း ခင်ဗျားတို့ ယုံပါ ”ဟု မိန့်ကြားခဲ့ရာ ကချင်လူမျိုးများသည် ဗိုလ်ချုပ်ကို အလွန်ပင်ကြည်ညိုလေးစားသွားကြပါသည်။ မိန့်ကြားချက်ကို အလွန် နှစ်ထောင်းအားရခဲ့ပြီး ဗမာနှင့်အတူ မိမိတို့ လွတ်လပ်ရေးရယူရန် စိတ်ဝင်စားမှု  ထက်သန်လာကြသည်။ ထိုနေ့ညတွင်ပင် ဂုဏ်ပြုညစာ စားပွဲကျင်းပရာ ကချင်ခေါင်းဆောင်များက ဗိုလ်ချုပ်အောင်ဆန်း အား “ ခင်ဗျားတို့ ဗမာတွေက အရာရာမှာ အရင်တတ်ကျွမ်းနားလည်တဲ့ အတွက် ဘာမှမတတ်သေးတဲ့ ကျွန်တော်တို့ ဂျိန်းဖော့(ကချင်)တွေကို ညီအစ်ကိုရင်းချာ ပမာ အမြဲတမ်း ပံ့ပိုးကူညီ လမ်းပြပေးကြပါ ” ဟုပြောဆိုလျက် ဗိုလ်ချုပ်အား ကချင် ခေါင်းပေါင်း ပေါင်းပေးပြီး ကချင်ငွေဓါးလွယ်၊ ကချင် လွယ်အိတ် များ လွယ်ပေးကြရာ ခေါင်းပေါင်းက မတော်သဖြင့် ခေါင်းအနေအထားတူသော ဒူဝါဇော်ရစ်က သူ့၏ ခေါင်းပေါင်းနှင့်လဲပေးလိုက်သည်။ ထိုနောက် အမှတ်တရဓါတ်ပုံရိုက်ကူးရန် ဗိုလ်ချုပ်ကို ကချင်အမျိုးသမီး(၆)ဦး၏ အလယ် တွင် ထိုင်စေလျက် ဓါတ်ပုံရိုက်ရန် ချိန်ထားစဉ် ကချင်တိုင်းရင်သားတစ်ယောက်မှ “ ဗိုလ်ချုပ်တော့ ကချင်မလေးတွေနဲ့ ဓါတ်ပုံအတူရိုက်တာ အိမ်ပြန်ရောက်လို့တော့ ဓါတ်ပုံကို ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် တွေ့သွားရင် ဗိုလ်ချုပ်တော့ ဗိုက်ခေါက်ဆွဲ အလိမ်ခံရတော့မှာပဲ ” ဟု ချစ်စနိုးဖြင့် စလိုက်ရာ ပရိသတ်အားလုံး ဝါးကနဲ ရယ်ပွဲကျသကဲ့သို့ အလွန်တရာ ရယ်ခဲလှသော ဗိုလ်ချုပ်သည်ပင်လျှင် သဘောကျနှစ်ချိုက်စွာ ရယ်မောလိုက်သည်ကို သတင်းထောက်ဦးပုလေးသည် အမိ အရ ရိုက်ယူနိုင်ခဲ့ရာ ယနေ့ထိ သမိုင်းဝင်ဓါတ်ပုံအဖြစ် ( အထူးသဖြင့် တိုင်းရင်းသား ချစ်ကြည်ရေး အခမ်းအနားပွဲများတွင် ) ဂုဏ်ယူစွာ မြင်တွေ့ရပေမည်။

 
ယနေ့ထိ သမိုင်းဝင်ဓါတ်ပုံအဖြစ် ( အထူးသဖြင့် တိုင်းရင်းသား ချစ်ကြည်ရေး အခမ်းအနားပွဲများတွင် ) ဂုဏ်ယူစွာ မြင်တွေ့ ရသည့် ချစ်ကြည်ရေး ဓါတ်ပုံ ။

အင်္ဂလိပ်အစိုးရမှ တောင်တန်းဒေသအုပ်ချုပ်ရေးမှူး ( Director of Frontier Area Administration) H.N.C Stevenson မြစ်ကြီးနားသို့ရောက်ရှိစဉ် ကချင်ခေါင်းဆောင်များနှင့်တွေ့ကာ(ကချင်ပြည်နယ်သီးခြားဖြစ်မှကချင်လူမျိုးများ တိုးတက် ကြီးပွားနိုင်မည်ဖြစ်၍ကချင်ပြည်နယ်သတ်မှတ်ပြီး ဗမာနှင့်ခွဲခြား အုပ်ချုပ်ရန်တင်ပြထားကြောင်း၊သို့သော် ကချင်တို့က ဗမာ များနှင့် ခွဲခြားမနေလိုကြောင်းကန့်ကွက်ပြောဆိုနေ၍မစီမံရသေးတာဖြစ်ကြောင်း၊ထို့ကြောင့် ဂျိန်းဖော့(ကချင်)တို့ကသီးခြား ပြည်နယ်ရယူလိုကြောင်း  တောင်တန်းဒေသအုပ်ချုပ်ရေးအောက်   ဆက်နေလိုကြောင်း ပါလီမန်အထူးကိုယ်စားလှယ် ရှေ့တွင် တစ်သံတည်းထွက်ပေးရန်နှင့်ဆက်နေပါက(၅)နှစ်အတွင်း ကချင်တို့ကို ဗမာတို့နှင့်တန်းတူ ပညာတတ်စေရန် အင်္ဂလိပ် အစိုးရက အစီအစဉ်ဆွဲထားပါကြောင်း ) စည်းရုံးပြောဆိုခဲ့ရာ ကချင်ခေါင်းဆောင်တစ်ဦးက ( ခင်ဗျားတို့ အင်္ဂလိပ်တွေ ကျွန်တော်တို့ ကချင်တွေကို နှစ်ပေါင်းငါးဆယ် အုပ်ချုပ်ခဲ့ပြီ ဖြစ်သော်လည်း တိုးတက်အောင် ဘာမှမလုပ်ပေးခဲ့ဘူး၊ ပညာလည်းကောင်းကောင်း မသင်ပေး ခဲ့ဘူး။ ယခုမှ ခင်ဗျားပြောသလို တိုးတက်အောင် လုပ်ပေးမယ်၊ ပညာသင်ပေးမယ် ဆိုတာကို မယုံဘူး)ဟု ငြင်းပယ်ခဲ့ပြီး ဗမာနှင့်အတူလွတ်လပ်ရေးရယူပြီး ပြည်ထောင်စုဖွဲ့ရန်သာ စိတ်အားထက်သန်ခဲ့သည် ကို ကြည့်ခြင်းအားဖြင့် ထိုစဉ်ကတည်းက ကချင်လူမျိုးများသည်မည်မျှချစ်ကြည်မှုရှိနေပြီဆိုတာ သမိုင်းတစ်ခု ပြနိုင်ခဲ့သည်။

သို့သော် ပင်လုံညီလာခံပြီးနောက်ပိုင်း ၁၉၄၇-ခု၊ ဇွန်လ(၁၀)ရက်နေ့တွင်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက် နိုင်သည့်ဖဆပလညီလာခံတွင်ကချင်ပြည်နယ်ကိုသတ်မှတ်ပေးရန် အချက်အလက်မပြည့်စုံသဖြင့် ကချင်ခေါင်းဆောင် (၇) ဦး၏အဆိုအား ဦးနုနှင့်ဖဆပလကိုယ်စားလှယ်အများစုက ပယ်ချခဲ့ပြီး ကချင်ရေးရာဌာန(Kachin Affairs Department ) ကိုသာ သတ်မှတ်ရန်ဆွေးနွေးခဲ့ကြသည်။ ထို့ကြောင့်ကချင်ကိုယ်စားလှယ်(၇)ဦးမှာ စိတ်ပျက်လက်ပျက်ဖြင့် ညီလာခံမှ သပိတ်မှောက်ထွက်ခွာ၍ အလုံရပ်ကွက်ရှိ တည်းခိုသော ကချင်ဧည့်ဂေဟာသို့ ပြန်သွားခဲ့ကြပြီး နောက်နေ့ မှာပင် မြစ်ကြီးနားသို့ ပြန်ရန် ဆုံးဖြတ်ကြလေသည်။ ထိုသို့သာ ကချင်နှင့်အတူ ရှမ်း၊ ချင်းကိုယ်စားလှယ်များ လိုက်လုပ်ကြ လျှင် ပြည်ထောင်စုဖွဲ့စည်းရေးရည်ရွယ်ချက် ပျက်ပျယ်တော့မည်ကို ချက်ချင်းရိပ်စားမိသော ဗိုလ်ချုပ်အောင်ဆန်းသည် ညတွင်း ချင်းပင် ကချင်ဂေဟာသို့ အပြေးအလွား သွားရောက်၍ ကချင်ခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ (“ဒူဝါကြီးတို့ စိတ်ရှည်ကြပါ၊ မနက်ဖြန် ငါကိုယ်တိုင် ညီလာခံကို ဦးဆောင်ပါ့မယ်၊ ဒူဝါကြီးတို့ တောင်းဆိုတဲ့ အတိုင်း ကချင်ပြည်နယ်ကို သတ်မှတ်ပေးမှာပါ၊ဒူဝါကြီးတို့ လိုအင်ဆန္ဒပြည့်ဝစေရမယ်၊ မနက်ဖြန် မြစ်ကြီးနားပြန်ဖို့ အစီအစဉ်ကို ဖျက်သိမ်း ပြီး ညီလာခံ ပြန်တက်ကြပါ ” ) ဟု ဖြောင့်ဖျ ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်သည့် ဖဆပလညီလာခံ၏ ဆုံးဖြတ်ချက်အကြောင်း မတင်ပြခင်၊ တောင်တန်း ဒေသ တိုင်းရင်းသား တို့နှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည် သမိုင်းဝင် (ပင်လုံ) စာချုပ် ပါ အချက်များကို ဖော်ပြလိုသည်။


ပင်လုံစာချုပ်
ဖေဖော်ဝါရီလ(၁၂)ရက်၊ ၁၉၄၇ ခု။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ် အဖွဲ့တို့သည် (၁၂-၂-၄၇) နေ့တွင် သမိုင်းဝင် ပင်လုံညီလာခံကို ကျင်းပခဲ့ကြပါသည်။ ညီလာခံ အစတွင် ဗိုလ်ချုပ်အောင်ဆန်း က “ ဒီကနေ့ ကျွန်တော် ဒီနေရာမှာ ပြောကြားချင်တဲ့ စကားတွေ အားလုံး အဆွေတော်တို့ကို ပြောပြခဲ့ပြီး ဖြစ်တယ်။ ဗမာနှင့်ပေါင်းပြီး လွတ်လပ်ရေး အတူတူ ယူမလား၊ မယူဘူးလား ဆိုတာကို အဆွေတော်တို့ ဘာသာ ဆုံးဖြတ်ကြပါ။ ကျုပ်တို့ဗမာတွေက လွတ်လပ်ရေးယူတော့မယ်၊ ဒီကိစ္စ အဆွေတော်တို့လည်း ဆုံးဖြတ်ပြီးပြီ ဖြစ်မယ် ထင်တယ်။ ကျုပ်တို့က အဆွေတော်တို့ကို အဓမ္မ မတိုက်တွန်းဘူး ”ဟု အဖွင့်မိန့်ခွန်းတွင် တိုတိုပဲပြော ကြားခဲ့ပါသည်။  
(ပင်လုံညီလာခံသို့ ဗိုလ်ချုပ်နှင့်အတူ တက်ရောက်ခဲ့သော ဦးဖေခင်၏ပြောပြချက်)

တက်ရောက်လာသူများမှ ကြားဖြတ်ဗမာ အစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ကချင်၊ချင်း တို့သည် လွတ်လပ်ရေးကို ပိုမိုလျှင်မြန်စွာ ရရှိလိမ့်မည်ဟူသောအားဖြင့် သဘောထားဆုံးဖြတ်ချက်ကို ကန့်ကွက်မည်သူ မရှိပဲ အောက်ပါအတိုင်း သဘောတူခဲ့ကြသည်။

၁။ တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့(တစညဖ)ကြိုးကိုင်အဖွဲ့ကိုယ်စားလှယ်များ၏ ထောက်ခံချက် အရ တောင်တန်းသားများ၏ကိုယ်စားလှယ်တစ်ဦးကိုဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့် ပတ်သက် ၍ ဆောင်ရွက်ရန် အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ဤအတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ကောင်စီဝင်တစ်ဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေး နှင့် ပြည်သူကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏အာဏာလက်အောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့် အာဏာ ကို ပေးအပ်ရမည်။

၃။ အဆိုပါ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးခြင်းမတူသော ဒုတိယအတိုင်ပင်ခံ နှစ်ဦးက ကူညီပေးရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးနှင့် သက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များ ကို ဆောင်ရွက်ရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရတွဲဖက်တာဝန်ယူရသည့် မူအတိုင်း ဆောင်ရွက် စေရမည်။

၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏တစ်ဦးတည်း သော ကိုယ်စားလှယ်အဖြစ်ပါဝင်စေရမည် ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်များသည် နယ်စပ်ဒေသ များနှင့် သက်ဆိုင်သောကိစ္စရပ်များကို ဆွေးနွးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်ခွင့် ရှိစေရန် ရမည်။

၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနုန်းပြည့်ရှိစေရမည်ဟူသော မူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့် ပြည်ထောင်စု ဤမြန်မာနိုင်ငံအတွင်း သီးသန့် ကချင်ပြည်နယ်တစ်ခု နယ်နမိတ် သတ်မှတ်၍ တည်ထောင်ရန် ကိစ္စမှာ တိုင်းပြုပြည်ပြုလွတ်တော်တွင် ဆုံးဖြတ်ရန် ဖြစ်သော်လည်း ဤကဲ့သို့ သီးခြား ပြည်နယ်တစ်ခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်း အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအစိုးရအက်ဥပဒေအရ နောက်ဆက်တွဲပါ စာရင်းပါ အပိုင်း(၂)ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံ အသိအမှတ်ပြုထားသော အခွင့်အရေးများကို ခံစားနိုင်ခွင့်ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ်စုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့်ကိုယ်ပိုငအုပ်ချုပ်ရေးကို ထိခိုက်စေခြင်းမရှိရန်။

၉။ ဤစာချုပ်တွင်သဘောတူညီကြသည့် အစီအစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်း နယ်များ နှင့်ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်စေခြင်း မရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ်ရှမ်းပြည်စု၏ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့်ချင်းတောင်တန်း များအတွက် အလားတူအစီအစဉ်များထားရှိကျင့်သုံးရန်ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏အမှုဆောင် ကောင်စီက နယ်စပ်ဒေသများ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် အတူ စစ်ဆေးကြည့်ရှု ရမည်။

ထိုသမိုင်းဝင် ပင်လုံစာချုပ်၌ အစည်းအဝေး တက်ရောက်သော အောက်ပါ ပုဂ္ဂိုလ်များ လက်မှတ်ရေးထိုး ခဲ့ကြ ပါသည်။ ဗမာကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ရေးထိုး၍ ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ် များ အသီးသီးက လက်မှတ်ရေးထိုးကြပါသည်။



ဗမာ ကိုယ်စားလှယ်- (ပုံ) အောင်ဆန်း

ကချင် ကိုယ်စားလှယ်- (ပုံ) ဆမားဒူဝါဆင်ဝါးနောင်(မြစ်ကြီးနား) ။ (ပုံ) ဒူဝါဇော်ရစ် (မြစ်ကြီးနား) ။ (ပုံ) ဒူဝါ ဒိန်ရတန် (မြစ်ကြီးနား) ။ (ပုံ) ဒူဝါဇော်လ (ဗန်းမော်) ။ (ပုံ) ဒူဝါဇော်လောန် (ဗန်းမော်) ။ (ပုံ) ဦးလဘန်ဂရောင်း (ဗန်းမော်)

ချင်း ကိုယ်စားလှယ်- (ပုံ) ပိုးလွှာမှုန်း (အေတီအမ်၊အိုင်တီအိုင်(စ်)အမ်းဖလမ်း) ။ (ပုံ) ပိုးသောင်စာခပ် (အေတီအမ်၊တီးတိန်) ။ (ပုံ) ပိုးကွယ်မန်း (အေတီအမ်၊ ဟားခါး )

ရှမ်း ကိုယ်စားလှယ်- (ပုံ) ခွန်ပန်းစိန် (တောင်ပိုင်စဝ်ဖလုံး) ။ (ပုံ) စပ်ရွေသိုက် (ညောင်ရွှေစဝ်ဖလုံး) ။ (ပုံ) စပ်ဟုန်ဖ (မြောက်ပိုင်းသိန္နီစဝ်ဖလုံ) ။ (ပုံ) စပ်နွံ (လေးချား စဝ်ဖလုံ) ။ (ပုံ) စပ်စံထွန်း (မိုင်းပွန် စဝ်ဖလုံ) ။ (ပုံ) စပ်ထမ်းအေး (တာမိုင်းခမ်းစဝ်ဖလုံ) ။ (ပုံ) ဦးဖြူ (သထုံ စဝ်ဖလုံ၏ကိုယ်စားလှယ်) ။ (ပုံ) ခွန်ဖုံ (မြောက်ပိုင်း သိန္နီ ) ။ (ပုံ) ဦးတင်အေး ။ (ပုံ) ဦးထွန်းမြင့် ။ (ပုံ) ဦးကြာပု ။ (ပုံ)  ဦးခွန်စော ။ (ပုံ) စဝ်ရဖ ။ (ပုံ) ဦးခွန်ထီး ။  တို့ဖြစ်ကြပါသည်။


ပင်လုံညီလာခံကျင်းပပြီးနောက် မိမိတို့ ဒေသ အသီးသီးတွင် လူထုအစည်းအဝေးပွဲများ ကျင်းပလျက် ညီလာခံနှင့် စပ်လျဉ်း ၍ သဘောတုညီချက်များကို ဒေသပြည်သူများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့အတူ တိုင်းပြု ပြည်ပြု လွတ်တော် ကျင်းပမည် ဖြစ်သဖြင့် တက်ရောက်ရန် ကိုယ်စားလှယ် အဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။

ရှေ့ အပိုင်း(၁) တွင် ဖော်ပြခဲ့သည့်အတိုင်း ဖဆပလ ခေါင်းဆောင်များနှင့် ပြေလည်မှုမရ၍ ပြန်တော့မည် ဒူဝါကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မေတ္တာရပ်ခံချက်နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ကြည်ညိုလေးစား ယုံကြည်မှုများကြောင့် နောက်တစ်ရက်တွင် ညီလာခံ ပြန်လည်တက်ရောက်ခဲ့သည်။ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းမှ ကချင်ခေါင်းဆောင်များ တောင်းဆိုသည့် အတိုင်း ကချင်ပြည်နယ် သတ်မှတ်ရေးကို ဆွေးနွေး ဆုံးဖြတ် အတည်ပြုပေးခဲ့သည်။

အခြေခံ ဥပဒေ ပုဒ်မ ၁/၆တွင် “ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များဟူ၍ ယခင် က ခေါ်တွင်ခဲ့သော နယ်မြေများကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင် နယ်မြေတစ်ခု အဖြစ် သီးသန့် ဖွဲ့စည်းရမည်။ ထို ပြည်ထောင်စု အဖွဲ့ဝင် နယ်မြေကို ဤမှနောင်အခါတွင် ( ကချင်ပြည်နယ်)ဟူ ခေါ်ဆိုရမည် ဖြစ်သည်။ ” ဟု ရေးဖွဲ့ထားသည့် အတိုင်း မြစ်ကြီးနား အပိုင်း(၁)၊(၂) နှင့် ဗန်းမော်အပိုင်း (၁)၊(၂)တို့အား ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်ပေါင်းစည်း၍ ကချင်ပြည်နယ် ဟု သတ်မှတ် ခဲ့ကြသည်။ ကချင် ပြည်နယ်၏ နယ်မြေ အကျယ်အဝန်းသည် အရှေ့လောင်ဂျိတွဒ် ၉၆ံ နှင့် ၉၈ံ ၄၈ ကြား ၊ မြောက် လတီ တွဒ် ၂၃ံ ၂ရ နှင့် ၂၈ံ ၅၅ ကြား ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း(၃၄၃၇၉)ခန့် ရှိသည်။ ကချင်ပြည်နယ်သည် ပြည်နယ်များ တွင် ဒုတိယအကြီးဆုံးဖြစ်သည်။ နယ်စပ်မျဉ်းအဖြစ် အိန္ဒိယနိုင်ငံ၊ တိဘက်ပြည်၊ တရုတ်ပြည် တို့မှ နယ်မြေသတ်မှတ်ယူ၍ ကချင်ပြည်နယ် အဖြစ် သတ်မှတ်ခဲ့သည်။

အပိုင်း(၃)  လွတ်လပ်ရေး ရပြီးနောက်ပိုင်းအခြေအနေများ နှင့် ကချင်ပြည်နေ့ ဟုခေါ်တွင်သော(နေ့) စတင် ကျင်းပခဲ့ခြင်း တို့ကို ဆက်လက် ဖော်ပြပေးပါမည်။   

မေတ္တာရပ်ခံလိုသည်မှာ ရှေးယခင်ကတည်းက ချစ်ကြည်ရေး ရေခံမြေခံ ကောင်းခဲ့ပြီး ရှိထားခဲ့သော အနေအထား များကို ပြန်လည်သတိမူမိစေရန် နှင့် လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများ ပြေငြိမ်းလျက် ပြန်လည်သင့်မြတ်ရန် ချစ်ကြည်ရေးကို ရှေးရှု ရေးသားနေခြင်း ဖြစ်ပါသည်။ သို့အတွက်ကြောင့် စာရှုသူ အနေဖြင့် အပျက်သဘောဆောင်၍ လူမျိုးရေး၊  ပုဂ္ဂိုလ်ရေးများ ထိခိုက်ပုတ်ခတ်သော (မှတ်ချက်များပေးခြင်း) ရေးသားခြင်း မပြုလုပ်ရန် ပြောကြားလိုပါသည်။

မည်သို့ အဖြေရှာ၍ မည်သို့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မလဲ အပြုသဘော ဆောင်သော မှတ်ချက်များကို မျှော်လင့်ပါသည်။ သူ့ကြောင့်၊ ငါ့ကြောင့်နှင့် ဇာတ်မျောကြီးအတိုင်း ဆက်သွားနေရမည့် အချိန် မဟုတ်တော့ပါ။ နှစ်ဦးနှစ်ဖက်တိုင်းရင်းသားများ အပြန်အလှန် အကျိုးမဲ့ထိပါးလျက် သေဆုံးနေမှုများနှင့်အတူ စစ်ခင်းရာ ဒေသတွင် နေထိုင်ရာမှပြေးလွားနေရသော မြေဇာပင် တိုင်းရင်းသားတို့၏ ကျီးလန့်စာစား ဘဝများကို စာနာအလေးထားပြီး လက်တွဲဖြေရှင်း ရပါမည်။

ထို့ကြောင့် ပြီးခဲ့တာတွေထက် ယခု အခါသမယတွင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် အားလုံးသော ပြည်သူတို့မှ ပြည်ထောင်စု စိတ်ဓါတ် ဖြင့် ဝိုင်းဝန်းပေးကြပါ ဟု အထူးမေတ္တာရပ်ခံ အပ်ပါသည်။

ကိုဝိုင်ဝိုင်ကေ
(ခေတ္တ-ပြင်ဦးလွင်)
၁၇-၁၂-၁၁၊ ည(၁၁း၃၀)နာရီ ။


ကိုးကား-
ဒေါက်တာ ဦးမနာမ်တူးဂျာ ၏ ကချင်တိုင်းရင်းသားများ၏ နိုင်ငံရေးနောက်ခံသမိုင်း ဖြစ်ရပ်မှန်အကျဉ်း ။

မေတ္တာရပ်ခံလိုသည်မှာ ရှေးယခင်ကတည်းက ချစ်ကြည်ရေး ရေခံမြေခံ ကောင်းခဲ့ပြီး ရှိထားခဲ့သော အနေအထား များကို ပြန်လည်သတိမူမိစေရန် နှင့် လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများ ပြေငြိမ်းလျက် ပြန်လည်သင့်မြတ်ရန် ချစ်ကြည်ရေးကို ရှေးရှု ရေးသားနေခြင်း ဖြစ်ပါသည်။ သို့အတွက်ကြောင့် စာရှုသူ အနေဖြင့် အပျက်သဘောဆောင်၍ လူမျိုးရေး၊  ပုဂ္ဂိုလ်ရေးများ ထိခိုက်ပုတ်ခတ်သော (မှတ်ချက်များပေးခြင်း) ရေးသားခြင်း မပြုလုပ်ရန် ပြောကြားလိုပါသည်။

မည်သို့ အဖြေရှာ၍ မည်သို့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မလဲ အပြုသဘော ဆောင်သော မှတ်ချက်များကို မျှော်လင့်ပါသည်။ သူ့ကြောင့်၊ ငါ့ကြောင့်နှင့် ဇာတ်မျောကြီးအတိုင်း ဆက်သွားနေရမည့် အချိန် မဟုတ်တော့ပါ။ နှစ်ဦးနှစ်ဖက်တိုင်းရင်းသားများ အပြန်အလှန် အကျိုးမဲ့ထိပါးလျက် သေဆုံးနေမှုများနှင့်အတူ စစ်ခင်းရာ ဒေသတွင် နေထိုင်ရာမှပြေးလွားနေရသော မြေဇာပင် တိုင်းရင်းသားတို့၏ ကျီးလန့်စာစား ဘဝများကို စာနာအလေးထားပြီး လက်တွဲဖြေရှင်း ရပါမည်။

ထို့ကြောင့် ပြီးခဲ့တာတွေထက် ယခု အခါသမယတွင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် အားလုံးသော ပြည်သူတို့မှ ပြည်ထောင်စု စိတ်ဓါတ် ဖြင့် ဝိုင်းဝန်းပေးကြပါ ဟု အထူးမေတ္တာရပ်ခံ အပ်ပါသည်။

ကိုဝိုင်ဝိုင်ကေ ။

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပြင်ဆင်



2011-12-18
နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်တော့မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီ တည်ထောင်ခွင့်ရပြီးနောက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ် ၄၈ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သင့်တော်မယ့် ကိုယ်စားလှယ် လောင်း နေရာတွေ လျာထား စီစဉ်နေပါတယ်။


AFP
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်သည့် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ပါတီဌာနချုပ်ရုံးတွင် တွေ့ရသည့် NLD အဖွဲ့ဝင်များ။

ဒီအစီအစဉ်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးရဲ့ ရုံးအဖွဲ့မှူးလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း လည်း ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ တာဝန်ပေးချက်အရ သူ့ဇာတိဖြစ်တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားတယ်လို့ RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို တောက်လျှောက် ကြည့်ရှု စစ်ဆေးပေးနေတဲ့ ဒေါက်တာတင်မျိုးဝင်းက တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့ စီစဉ်နေသလို နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်တဲ့ စာရေးဆရာ မုံရွာအောင်ရှင်က စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကနေ ရွေးကောက်ပွဲဝင်နိုင်ဖို့ ပြင်ဆင်နေ တယ်လို့ သိရပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးဝင်းထိန်ကို အာအက်ဖ်အေ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

http://www.rfa.org/burmese/news/by-eletion-nld-12182011042143.html

မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်မှုကြောင့် စီးပွားရေး ပတ်ဝန်းကျင် တစ်ခုလုံး ထိခိုက်စေသည့် အတွက် ဗဟိုဘဏ်မှ ကိုင်တွယ်ဖြေရှင်းပေးရန် ဟားဗတ်ပညာရှင်အဖွဲ့ တိုက်တွန်း

မြန်မာကျပ်ငွေ ဈေးနှုန်း မြင့်တက်ပြီး အမေရိကန်ဒေါ်လာ ဈေးနှုန်း ကျဆင်းနေမှုကြောင့် မြန်မာစီးပွားရေး ပတ်ဝန်းကျင်တစ်ခုလုံး ထိခိုက်စေသည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကိုင်တွယ် ဖြေရှင်းပေးရန် အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ ပညာရှင်များက ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

“နိုင်ငံတစ်နိုင်ငံရဲ့ မက်ခရို စီးပွားရေး ပတ်ဝန်းကျင်တစ်ရပ်လုံး တည်ငြိမ်မှုရှိဖို့လိုတယ်။ မက်ခရို ဆိုတာက စီးပွားရေးတစ်ခုလုံးကို ခြုံကြည့်တာ။ သစ်ပင်တစ်ပင်ချင်းကို ကြည့်တာမဟုတ်ဘဲ သစ်တောတစ်ခုလုံးကို ခြုံကြည့်တာပါ။ အဲဒီ မှာ အဓိကက Money Supply ပဲ။ သိပ်မတက်အောင် ထိန်းရသလို သိပ်မကျအောင်လည်း ထိန်းနိုင်ဖို့လိုတယ်။ ငွေလဲနှုန်းက အရေးကြီးဆုံးပဲ။ ငွေလဲနှုန်းက ဈေးနှုန်းအားလုံးရဲ့ မိခင်ဈေးနှုန်းဖြစ်ပါတယ်။ ဒါကြောင့် ခုလိုငွေလဲနှုန်း အခြေအနေကို ပြင်ဆင်ပြောင်းလဲနိုင်ဖို့ လိုတယ်။ ဒီအခြေအနေမှာ ဗဟိုဘဏ်က ၀င်ရောက်ထိန်းကျောင်း ပေးဖို့ လိုလာပါပြီ။ ဗဟိုဘဏ်အနေနဲ့ ကျပ်ငွေကို ဈေးကွက်ထဲထည့်ပေးပြီး ဈေးကွက်ထဲက နိုင်ငံခြားငွေတွေကို ဆွဲထားပေးသင့်တယ်။ တစ်နည်းပြောရရင် ဈေးကွက်ထဲ က အမေရိကန်ဒေါ်လာကို ၀ယ်ပေးတာမျိုးလုပ်ပေးဖို့ တိုက်တွန်းပါတယ်။ အခုထိန်းရင် အခုရတယ်။ ၁၅မိနစ်၊ တစ်ရက်နဲ့ ပြောင်းလဲပေးနိုင်တယ်” ဟု ဒီဇင်ဘာလ ၁၅ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်း နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘဏ် များမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင် Mr Thomas J Vallely က ပြောကြားပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေလဲနှုန်းများမှာ ကျဆင်းလျက်ရှိသည့်အတွက် တောင်သူများ၊ အခြေခံလူတန်းစားများ၊ လူလတ်တန်းစားများ၊ စီးပွားရေး လုပ်ငန်းရှင်များ အပါအ၀င် လူအားလုံးထိခိုက်မှုကြုံတွေ့နေရကြောင်း၊ စီးပွားရေးကဏ္ဍတွင် ငွေလဲနှုန်းမှာ အရေးပါဆုံးဟု ယူဆနိုင်ပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ငွေလဲနှုန်း အခြေအနေကြောင့် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကျဆင်း နိုင်သကဲ့သို့ ရှိနှင့်ပြီး စီးပွားရေးအခြေအနေမှ ပြန်လည်ထိုးကျနိုင်ကြောင်း Mr Thomas J Vallely က ဆွေးနွေး ခဲ့ကြောင်း သိရပါသည်။

ပြည်သူ့လွှတ်တော်ဘဏ် များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက လည်း” မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်မှုက အခြေအနေအများကြီးနဲ့ သက်ဆိုင်နေပါတယ်။ မမြင်ရတဲ့ ဒေါ်လာတွေဝင်နေတာကြောင့်လည်း ပါတယ်။ ဗဟိုဘဏ်ကနေ ဒေါ်လာ ကို ၀ယ်ပေးပြီး ကျပ်ငွေထုတ်ပေးဖို့ နည်းလမ်းအတွက် ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အခြေအနေ မရှိသေးဘူး။ လုပ်နိုင်အောင်တော့ ကြိုးစားနေတယ်”ဟု ဆိုပါသည်။
http://news-eleven.com/index.php?option=com_content&view=article&id=11520:2011-12-18-03-19-47&catid=99:2011-04-10-07-08-41&Itemid=174

ဒီမိုကရေစီ ချာချာလည်ခြင်း



Written by ဇေ၀င်းနောင်
Sunday, 18 December 2011 15:41
w82_13 ဒီမိုကရေစီသည် ပန်ကာနှင့် တူသည်ဟုထင်သည်။
သဘောကွဲလွဲစရာ အမြင်ဖြစ်နိုင်ပါသည်။ ဒီထက်ပိုပြီးရှင်းအောင် ပြောရလျှင် ဒီမိုကရေစီဆိုသည်မှာ ကျွန်တော်ဖတ်ဖူးသော ဥာဏ်စမ်း ပဟေဠိထဲက ပန်ကာနှင့် တူသည်ဟု ဆိုရမည်ဖြစ်ပါသည်။
အချစ်သည် လေပြေ၊ ဘ၀ဆိုတာတိုက်ပွဲ ဘာညာစသည်ဖြင့် တင်စားဖွင့်ဆိုမှုကို သုံးတတ်ကြသလို ဒီမိုကရေစီကိုလည်း ပေါက်ကရ ဥပမာ ဖြင့် တင်စားကြည့်ခြင်း ဖြစ်ပါသည်။
အရှင်းဆုံးဖြစ်အောင် ပြောဖို့လိုပါလိမ့်မည်။ ငယ်ငယ်တုန်းက ဖတ်ဖူးသော ဉာဏ်စမ်းတစ်ပုဒ်ဖြစ်သည်။ ''ရှေ့ကကြည့်လည်း ပန်ကာ၊ နောက် ကကြည့်လည်း ပန်ကာ၊ ဘေးကကြည့်လည်း ပန်ကာ၊ ဘယ်လိုကြည့်ကြည့် ပန်ကာ၊ ဒါပေမဲ့ မလည်တာဘာလဲ'' ဆိုသော ဥာဏ်စမ်းဖြစ်သည်။ ဥာဏ်ကလည်း ခပ်ထိုင်းထိုင်းမို့ စဉ်းစားကြည့်လည်း အဖြေထွက်မလာတာနှင့် အဖြေလှန်ကြည့်ခဲ့သည်။ ပလပ်တပ်မထားသော ပန်ကာ၊ ပျက်နေသော ပန်ကာဟု ရေးထားသည်။ သိပ်တော့လက်မခံချင်။ ဒါလူလည်ကျတာပဲ။ဒါတော့ သူပြောမှလားဟု အဲဒီတုန်းက စဉ်းစားမိသည်။ အဖြေက မပြည့်စုံတာလည်း ဖြစ်နိုင်ပါသည်။ အခု ပြန်စဉ်းစားကြည့်တော့ ပန်ကာအစစ်ပင်ဖြစ်စေကာမူ ပလပ်တပ်မထားလျှင်၊ ပလပ်တပ်ထားသော်လည်း လျှပ်စစ်ဓာတ်အားမလာလျှင်၊ ဓာတ်အားလာသော်လည်း ခလုတ်ဖွင့်မထားလျင်၊ ခလုတ် ဖွင့်သော်လည်း ပျက်နေလျှင် ပန်ကာမည်သော်လည်း မလည်။
ထို့ကြောင့် ဒီမိုကရေစီသည် ပန်ကာနှင့်တူသည်ဟု ကျွန်တော် ဆိုချင်ပါသည်။ မလည်သော ပန်ကာဟုတော့ မဆိုချင်ပါ။ လည်ချင်လည်း လည်လို့ရနိုင်သော ပန်ကာသာဖြစ်သည်ဟုသာ ယူဆပါသည်။
ဒီမိုကရေစီဆိုသောအသံသည်  အခုတလော တော်တော်ညံနေပါသည်။ ယခုနှစ်အတွက် သတင်းဂျာနယ်များတွင် အဖော်ပြဆုံး၊ အထင်ရှားဆုံး စာလုံး ၁၀ စာရင်းကိုဖော်ပြလျှင် နံပါတ်နှစ်(ဒါမှမဟုတ်) သုံး လောက်တော့ ချိတ်နိုင်ပါသည်။ ပြောပါများတော့ 'ဟုံ' လာတတ်သည်ဟု ပင်ထင်မိပါသည်။ မူလပထမပင် ရင်းအဓိပ္ပာယ်ကို မေ့သွားမှာပင် စိုးမိသည်။
ဂရိစကား  demokratía မှလာ သော dêmos ပြည်သူ၊ Kratos အာဏာဆိုသော စကားလုံးသည် ပြည်သူ့အုပ်စိုးမှုဆိုသော အဓိပ္ပာယ်ဖြင့် ကမ္ဘာတစ်လွှားတွင် အောင်လံလွှင့်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပါသည်။ ပြည်သူ့အုပ်စိုးမှုစစ်လေလေ ဒီမိုကရေစီ စစ်လေလေဟု ယေဘုယျပြောနိုင်ပါသည်။ ဒါကို ဖော်ဆောင်ပုံကတော့ အမျိုးမျိုးရှိပါသည်။ ဂရိခေတ်ကလို လူတိုင်း (ထိုစဉ်က လူတိုင်းတွင် အမျိုးသမီးနှင့်ကျွန်များမပါ) တက်ရောက်ဆွေးနွေးသလို ယနေ့ခေတ်မှာတော့ ဆွေးနွေး၍မရတော့။ သို့ ဖြစ်သောကြောင့် ကိုယ်စားပြု ဒီမိုကရေစီဆိုသော အသုံးအနှုန်းဖြင့်ပြည်သူတို့ကို ဒေသအလိုက် ကိုယ်စားပြုပေးသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့သော လွှတ်တော်တို့သည် ပြည်သူ့အရေးလုပ်ပေးဖို့ ပေါ်လာကြရသည်။(ကြုံ၍ ပြောရမည်မှာ ပြည်သူ့အာဏာဖြစ်သောကြောင့် ပြည်သူကိုယ်စား အာဏာပိုင်ထားရသူသည် ပြည်သူ့စိတ်တိုင်းကျ ပြည်သူ့ကျွန်သာ ဖြစ်သည်ဆိုခြင်းကို ဖြစ်သည်)
ဂရိစကား  demokratía မှလာ သော dêmos ပြည်သူ၊ Kratos အာဏာဆိုသော စကားလုံးသည် ပြည်သူ့အုပ်စိုးမှုဆိုသော အဓိပ္ပာယ်ဖြင့် ကမ္ဘာတစ်လွှားတွင် အောင်လံလွှင့်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပါသည်။ ပြည်သူ့အုပ်စိုးမှုစစ်လေလေ ဒီမိုကရေစီ စစ်လေလေဟု ယေဘုယျပြောနိုင်ပါသည်။ ဒါကို ဖော်ဆောင်ပုံကတော့ အမျိုးမျိုးရှိပါသည်။ ဂရိခေတ်ကလို လူတိုင်း (ထိုစဉ်က လူတိုင်းတွင် အမျိုးသမီးနှင့်ကျွန်များမပါ) တက်ရောက်ဆွေးနွေးသလို ယနေ့ခေတ်မှာတော့ ဆွေးနွေး၍မရတော့။ သို့ ဖြစ်သောကြောင့် ကိုယ်စားပြု ဒီမိုကရေစီဆိုသော အသုံးအနှုန်းဖြင့်ပြည်သူတို့ကို ဒေသအလိုက် ကိုယ်စားပြုပေးသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့သော လွှတ်တော်တို့သည် ပြည်သူ့အရေးလုပ်ပေးဖို့ ပေါ်လာကြရသည်။(ကြုံ၍ ပြောရမည်မှာ ပြည်သူ့အာဏာဖြစ်သောကြောင့် ပြည်သူကိုယ်စား အာဏာပိုင်ထားရသူသည် ပြည်သူ့စိတ်တိုင်းကျ ပြည်သူ့ကျွန်သာ ဖြစ်သည်ဆိုခြင်းကို ဖြစ်သည်)
ဒီနေရာတွင်ပင် ကိုယ်စားပြုပေးမည့်သူများကို ခွဲဝေမှု၊ ရွေးကောက်မှု၊ ရွေးချယ်မှုမှာ ခေတ်အလိုက်၊ နိုင်ငံအလိုက် ကွဲပြားမှုရှိခဲ့သလို ရှိလည်း ရှိနေဆဲဖြစ်ပါသည်။ ဒီအချက်ကို အငြင်းမပွားလိုသေးပါ။ နောက်တစ်ချက်မှာ ဒီမိုကရေစီ စနစ်အောက်တွင် လူ့ဘ၀ကိုရသောကြောင့် ရသင့်ရ ထိုက်သည့် ကိစ္စများဖြစ်သည်။ လွတ်လပ်စွာပြောဆို ထုတ်ဖော်ပိုင်ခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် အစချီသော ဒီမိုက ရေစီနိုင်ငံသားတစ်ယောက်၏ မွေးရာပါ အခွင့်အရေးများကိစ္စ ဖြစ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် ကိုယ်စားပြုသည့် ကိုယ် စားလှယ် ခွဲဝေမှုပုံစံ၊ ဒီမိုကရေစီ အခွင့်အရေးတို့သည် အခြေခံအကျဆုံး တောင်းဆိုဆွေးနွေးဖွယ်ဖြစ်သော်လည်း ဒီထက်အခြေခံကျသော အကြောင်းကိုသာ ဦးစွာပြောရဦး မည်ထင်ပါသည်။
ပန်ကာမှရယ် မဟုတ်၊ လေအေး ကိုပေးသော ဘယ်စက်ကိုသုံးသုံး လိုအပ်မည့်အခြေခံအရာကို စပြောလိုခြင်းဖြစ်ပါသည်။ ဒီမိုကရေစီရယ် မဟုတ်၊ ဘယ်စနစ်ကိုသုံးသုံး လိုအပ်မည့် အခြေခံလိုအပ်ချက်အကြောင်း ဖြစ်ပါသည်။ ပန်ကာနှင့် လေအေးပေးစက်(Air Con) တို့တွင် ရှိသော တူညီမှုများကို ယုတ္တိဗေဒအရ ဘုံထုတ်ကြည့်လျှင် အေးမြမှုကိုပေးခြင်း၊ လျှပ်စစ်ဓာတ်အားကိုသုံးရခြင်း စသည်တို့ကို တွေ့နိုင်ပါသည်။ ယခုပြောလိုသည်မှာ ယင်းသို့သော ဘုံထုတ်ကြည့်၍ရနိုင်သော လိုအပ်ချက်အကြောင်း ဖြစ်ပါသည်။
မဖြစ်မနေလိုအပ်သော၊ တိုးတက်မှုအတွက် လိုအပ်သော လိုအပ်ချက်များအကြောင်းကို ရှင်းသည့်နေရာမှာ စိတ်ပညာရှင် အေဘရာဟင်မ် မက်စလို၏ လိုအပ်ချက် အဆင့်ဆင့်ပြ ပိရမစ်ပုံဇယား (Maslow's Hierarchy of Needs) က စာဖြင့်ပြသည်ထက် ပိုရှင်းမည်ဟု ထင်ပါသည်။ အဆင့်ဆင့်ခွဲပြထားပုံကို အပေါ်တွင်ပါသောပုံတွင် ကြည့်နိုင်ပါသည်။

အခြေခံလိုအပ်ချက်များသာ မပြည့်စုံလျှင်ဖြင့် ဆိုးရွားသော မနှစ်မြို့သော ခံစားချက်များမှသည် ၀မ်းနည်းဖွယ် အကျိုးဆက်များဆီသို့ ဦးတည်သွားနိုင်သည် ...

မဖြစ်မနေ လိုကိုလိုသော လိုအပ်ချက်များ((Deficiency Needs (D-needs) )နှင့် တိုးတက်မှုအတွက် လိုအပ်သော လိုအပ်ချက်များ(သို့မဟုတ်)ဖြစ်တည်မှုအတွက် လိုအပ်ချက်များ(Growth Needs or Being Need(B needs) ) ဟူ၍ နှစ်မျိုးခွဲထားပါသည်။ မဖြစ်မနေ လိုကိုလိုအပ်သော လိုအပ်ချက်များမှစပြောရပါမည်။
အောက်ဆုံးအဆင့်မှာ အသက်ရှူမှု၊ အစားအစာ၊ ရေ၊ လိင်ကိစ္စ၊ အိပ်စက်နားနေမှု၊ ဆောက်တည်ရာရမှုမှသည် အညစ်အကြေးစွန့်ထုတ် မှုအထိ ပါသည်။ ဒီကိစ္စသည် သူ့ဘာသာသူဖြစ်သည့် လိုအပ်ချက်တွေပဲဟုတော့ မထင်စေလိုပါ။ အသက်ရှူကြပ်လှသော ဘတ်စကားထဲမှ ဗိုက် ဆာဆာနှင့် ဆင်းလာစဉ်မှာ နေကပူ၊ ရေကငတ်၊ ဗိုက်ကနာ၊ အိမ်သာက အလွယ်တကူရှာမရသည့် ဘ၀မျိုးသည် ယင်းလိုအပ်ချက်များ မပြည့်ဝ မှုကို ဖော်ညွှန်းသည့် နမူနာလူသားပုံစံ ဖြစ်သည်။ ဒီအောက်ဆုံးအချက်တွေ ဦးစွာ အဆင်ပြေစေရေးကို စလုပ်ရမည်ဟု ထင်ပါသည်။ ထမင်းတစ် လုတ်စားရဖို့ ခက်ခြင်းမှသည် ဗိုက်နာ၍ အိမ်သာရှာမရသော၊ နေ့စဉ် သွားနေကျခရီးကိုပင် စိတ်လက်ချမ်းသာစွာ မသွားရောက်နိုင်သော ဘ၀ မျိုးသည် အခြေခံအကျဆုံး လိုအပ်ချက်ပင် မပြည့်စုံသေးသောဘ၀ဆိုသည်ကို ကျွန်တော်တို့ အမှတ်ရဖို့ လိုပါသည်။ ဒါသည် ရုပ်ပိုင်းဆိုင်ရာ အခြေ ခံလိုအပ်ချက်မျှသာ ရှိပါသေးသည်။
နောက်တစ်ချက်က ဘ၀လုံခြုံမှုဆိုင်ရာ လိုအပ်ချက်များဖြစ်သည်။ ခန္ဓာကိုယ်၊ အလုပ်အကိုင်၊ ကျန်းမာရေးနှင့် လူမှုပတ်ဝန်းကျင် ဘ၀လုံခြုံမှုဖြစ်သည်။ အလုပ်မရှိသော၊ ဒီကနေ့အလုပ်ရှိသော်လည်း မနက်ဖြန်အတွက် မသေချာသော၊ ကိုယ်သန်တုန်းမြန်တုန်း အကြောင်းမဟုတ်သော်လည်း အလုပ်မလုပ်နိုင်တော့ ချိန်တွင် ထမင်းပင်နပ်မှန်ရန် မသေချာသော၊ ရောဂါဖြစ်လျှင်မကုနိုင်မှာ သေချာသော၊ ကိုယ့်ခန္ဓာကိုယ်ပင် မလုံခြုံသော (တိုနံ့နံ့နှင့် ဟိုပေါ်ဒီပေါ် မလုံခြုံခြင်းကို မဆိုလိုပါ) ဘ၀များသည် ဘ၀လုံခြုံမှုဆိုသောအောက်ဆုံးနားက လိုအပ်ချက်ပင် မပြည့်စုံသေးသော အခြေအနေဖြစ်ပါသည်။
အောက်မှရေကြည့်လျှင် တတိယအဆင့်တွင်ရှိသည်က လူမှုရေးလိုအပ်ချက်၊ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်သော လိုအပ်ချက်များဖြစ်ပါသည်။ မိတ်ဆွေအပေါင်းအသင်း၊ မိသားစုဘ၀၊ ဆွတ်ပျံ့ဖွယ် သံယောဇဉ် စသည်တို့ ဖြစ်သည်။ ဒီအချက်များကတော့ လူမှုဘ၀ကို တန်ဖိုးထားသော ဒီနိုင်ငံမှာ အတော်အတန် ပြည့်စုံသည်ဟု ဆိုနိုင်ပါသည်။ သို့ပေမဲ့ ပထမဆင့် လိုအပ်ချက်နှစ်ခုအတွက်  အချစ်ကို စတေးလိုက်ရသူများ၊ မိသား စုဘ၀အတွက် တန်ဖိုးထားရာကို ရင်းလိုက်ကြသူများ၊ လိုအပ်ချက်များအတွက် မိတ်ဆွေအပေါင်းအသင်းကို ရောင်းစားရက်သူများ ပေါများလာခြင်းကတော့ ပြည့်စုံပြီးသား လိုအပ်ချက်တစ်ခုပင် ပြန်လည်လျော့ရဲလာပြီဟု ဆိုရမလိုဖြစ်နေသည်။
ဒီသုံးချက်စလုံး ပြည့်စုံပြီဆိုလျှင်ဖြင့် မိမိကိုယ်ကိုယ် လေးစားယုံကြည်နိုင်သော အခြေအနေရှိမှု၊ သူတစ်ပါးက လေးစားယုံကြည်မှု၊ အပြန်အလှန် အလေးဂရုပြုမှုစတာတွေ ပါဝင်သောအဆင့်ကို လိုအပ်လာပြီဖြစ်သည်။ ဒီအချက်မှာတော့ လူ့အဖွဲ့အစည်းက အဓိကကျသည်ဟု ထင်ပါသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းသည် အသိအမှတ်ပြုရမှာ ကြောက်တတ်၊ နေရာပေးရမှာ ကြောက်တတ်၊ ချီးမြှောက်ရမှာ ကြောက်တတ်သော စရိုက်ဆိုးကို နှစ်ရှည်လများ ရိုက် သွင်းခံထားရသလို ဖြစ်နေသည်။ လူတစ်ကိုယ်စာကိုယ်ပင် အပြည့်အ၀ နေရာမပေးချင်တတ်။ ဟိုးအထက်ကနေ အောက်အထိ ပြင်ဖို့လိုသော ကိစ္စဖြစ်သည်။ အုပ်ချုပ်မှုပိုင်းကနေ ဘတ်စကားပေါ်မှာအထိ ပြင်ရမည့်ကိစ္စဖြစ်သည်။ နှစ်ယောက်နှင့် တင်ပါးတစ်ခြမ်းသာဆံ့သော ထိုင်ခုံကို သုံးယောက် ကျပ်ညပ်ထိုင်ခိုင်းတတ်သည့် အကျင့်၊ သူကြီးဘုရား ရွာသားကောင်းမှုဖြစ်အောင် လုပ်တတ်သည့် အကျင့်ဆိုးမျိုး ဖြစ်သည်။
ဒီအခြေခံ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးရေးသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်နေသည်ဆိုသော ကာလနှင့်တစ်ပြေးညီ လုပ်ရမည့်ကိစ္စဖြစ်သည်။ သို့မှသာ ဒီမိုကရေစီ ပန်ကာဖြစ်ဖြစ်၊ ဘာကရေစီ အဲကွန်းကြီးပဲဖြစ်ဖြစ် အလုပ်လုပ်မှာဖြစ်သည်။
မက်ဆလိုကတော့ ပြောပါသည်။ ဒီအခြေခံ လိုအပ်ချက်များသာ မပြည့်စုံလျှင်ဖြင့် ဆိုးရွားသော မနှစ်မြို့သော ခံစားချက်များမှသည် ၀မ်းနည်းဖွယ် အကျိုးဆက်များဆီသို့ ဦးတည်သွားနိုင်သည်ဟု။
အခြေခံလိုအပ်ချက်များ၏ အပေါ်ဆုံးတွင်တော့ တိုးတက်မှုလို အပ်ချက်များက ရှိပါသေးသည်။ ကိုယ်ကျင့်သီလ၊ တီထွင်ဖန်တီးနိုင်စွမ်း၊ပြဿနာဖြေရှင်းနိုင်စွမ်း၊ အဂတိကင်းစင်မှု စသည်တို့ဖြစ်သည်။ ဒါမှသာ အတ္တအစစ်အမှန်ဖြစ်မှုဆိုသည်မှာ ရှိလာနိုင်ပြီး တိုးတက်ဖွံ့ဖြိုးမှုဆိုသည်မှာ ရှိလာမည်ဟု မက်ဆလိုက ဆိုပါသည်။ အနတ္တသာရှိသည်ဟုတော့ မပြောစေလိုပါ။ လောကီရေးအရဆိုသည့် သဘောသာဖြစ်ပါသည်။ ဒီလိုအပ်ချက်တွေ ပြည့်စုံမှသာ ဘာ စနစ်နှင့်သွားသွား လည်နိုင်မှာဖြစ်သည်။ ပန်ကာလည်း ရှိပြီ၊ မီးလည်း လာပြီဆိုပါမှ အမြန်နှုန်းကို အတိုးအလျော့လုပ်ပြီး သုံးနိုင်မှာဖြစ်သည်။ ဒီနှစ်ခုစလုံးရှိလျက်နှင့် မလည်သေးလျှင်လည်း ပျက်၊ မပျက်ပြန်စစ်ကာ ပျက်လျှင် ပြင်ရပါမည်။ ဒီကိစ္စအတွက် စွမ်းနိုင်သူတို့၊ အာဏာပိုင်သူတို့တွင် အဓိကတာဝန်ရှိသည်ဟု ဆိုချင်ပါသည်။
ဗိုလ်ချုပ်ပြောခဲ့သလို ကျွန်တော်တို့လည်း ကျွန်တော်တို့ 'စောက်ကျင့်' တွေကို ပြင်ကြရပါမည်။
သို့မှာသာ ဒီမိုကရေစီပန်ကာ ကြီးချာချာလည်ပြီး အအေးဓာတ် ပေးနိုင်ပါလိမ့်မည်။ (
စာကြွင်း - ပန်ကာကို မိမိဖက်မှ အမြင်ဖြင့် တည့်တည့်ကြည့်လျှင် ဘယ် ဖက်ကို လည်သလား၊ ညာ ဖက်ကို လည်သလားဆိုသည်ကို သတိထားမိပါလိမ့်မည်။ ပန်ကာသည် မိမိဖက်မှ မျက်နှာချင်းဆိုင်ကြည့်လျှင် နာရီလက်တံလည်သလို လက်ယာရစ်လည်ပါသည်။ လက်ဝဲ ရစ်နောက် ပြန်ပြန်မလည်ပါ။ ထို့အတူ ဒီမိုကရေစီသာ ပန်ကာဖြစ်လျှင် နောက်ပြန် လည်မရ၊ နောက်ပြန် မလည်တော့ဟု ကျွန်တော်ယူဆပါသည်။ ထို့ကြောင့် ဒီမိုကရေစီသည် ပန်ကာနှင့်တူသည်ဟု စကားဦးသမ်းရခြင်း ဖြစ်ပါသည်)
http://news-eleven.com/index.php?option=com_content&view=article&id=11548:2011-12-18-09-46-15&catid=78:2009-11-13-06-25-17&Itemid=135

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တစ်နှစ်လျှင်ကျပ်ငွေသိန်းပေါင်းထောင်ချီ၍နိုင်ငံတော်သို့ပြန်လည်သွင်းပေးနိုင်ခဲ့

ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝန်ကြီးဌာနဆိုပြီးဝန်ကြီးသီးသန့် ခန့် လို့ ရပြီ...(အသစ်...အသစ်) 
ပြည်သူတွေ စိတ်ချမ်းသာစေချင်တယ်ဆိုရင် ...
Written by လူထုစိန်ဝင်း Sunday, 18 December 2011 10:10
w82_05  ၂၀၁၁ ခုနှစ်ဟာ နှစ်ပေါင်းနှစ် ဆယ်ကျော်ကာလအတွင်းမှာ သက်ဝင်လှုပ်ရှားမှုအရှိဆုံးနှစ်အဖြစ် သတ်မှတ်ရလိမ့်မယ်။ ၁၉၈၈ အရေးအခင်းကတည်းက တစ်နှစ်လာပြောင်းနိုးနိုး၊ နောက်တစ်နှစ်လာကောင်းနိုးနိုးနဲ့ သောင်မတင် ရေမကျ အီလယ်လယ်ကြီးဖြစ်နေခဲ့ရတာကို အားလုံးက စိတ် ပျက်လက်ပျက် ဖြစ်နေကြရတယ်။
စစ်အုပ်ချုပ်ရေး ဖျက်သိမ်း
၂၀၁၁ ခုနှစ်ရောက်တော့ ရုတ်တရက်ချက်ချင်း ပြောင်းလဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတယ်။ ၁၉၆၂ ခုနှစ်ကတည်းက အာဏာသိမ်းပြီး အုပ်ချုပ်လာခဲ့တဲ့ တစ်သွေးတစ်သံတစ်မိန့် စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်း ကြောင်း တရားဝင်ထုတ်ပြန်ကြေညာပြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် က လွှတ်တော်ကရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတဦးသိန်းစိန်ကို အာဏာလွှဲပေးလိုက်တယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း အစိုးရရာထူး တပ်ရာထူး အားလုံးက အငြိမ်းစားယူသွားတယ်။ သမ္မတဦးသိန်းစိန်ရာထူး လက်ခံရယူတဲ့မိန့်ခွန်းမှာ သူနဲ့တကွ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သူများဖြစ်တဲ့အတွက် ပြည်သူများရဲ့ဆန္ဒသဘောထားကို အမြဲတမ်းလေးစားလိုက်နာပြီး ပြည်သူများ စိတ်ချမ်းသာစေရန် ဆောင်ရွက်သွားမယ်။ ပြည်သူအားလုံး လိုလားတဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်သွားမယ်လို့ ထည့်သွင်း ပြောကြားသွားခဲ့တယ်။
သမိုင်းဝင်ကြေညာချက်

အဲဒီနောက်ပြီးခဲ့တဲ့နှစ်ကုန်ခါနီးမှာ နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ၀န်ကြီး ဦးအောင်ကြည်က တွေ့ဆုံခဲ့တယ်။ ဦးအောင်ကြည်နဲ့ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက်မှာ သမ္မတဦးသိန်းစိန်ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့တယ်။ အဲဒီ နောက် မတူတာတွေဖယ်ထားပြီး တူတာတွေ အတူလက်တွဲ လုပ်ဆောင်သွားမယ်ဆိုတဲ့ သမိုင်းဝင် ပူးတွဲကြေညာချက် ထွက်လာတယ်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း ပြောင်းလဲမှု လမ်းစကို မြင်တွေ့နေရပြီ၊ သမ္မတ ဦးသိန်းစိန်ဟာ ပြောင်းလဲမှုကို အမှန်တကယ်လိုလားသူဖြစ်တယ်လို့ သူယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်။
တင်မယ်၊ ၀င်မယ်

အဲဒီနောက်တော့ ရေခဲတောင်ကြီး အရည်ပျော်ကျသလို အပြောင်းအလဲတွေ ဆက်တိုက်တွေ့မြင်လာရတယ်။ ဧရာဝတီမြစ်ဆုံရေကာတာစီ မံကိန်းကို ပြည်သူများရဲ့ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ဆိုပြီး သမ္မတက ရပ်ဆိုင်း ထားဖို့ ညွှန်ကြားခဲ့တယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော် အပြင်းအထန် ဆန့်ကျင်ဝေဖန်ခဲ့ကြတဲ့ အမေရိကန်၊ အင်္ဂလန်နဲ့ ဥရောပနိုင်ငံတွေက ၀န်ကြီးဝန်ကလေးတွေ ၀င်လာမစဲ တသဲသဲ ဖြစ်လာတယ်။ ကူညီထောက်ပံ့မှု တွေ ပြန်ပေးမယ်။ ချေးငွေတွေပေးမယ်စတဲ့ အသံတွေလည်း ကြားလာရတယ်။ နောက်ဆုံးအပြောင်းအလဲကတော့ လူတိုင်းကိုပါးစပ်ဟောင်းလောင်းနဲ့ မယုံနိုင်အောင် ဖြစ်သွားကြရတဲ့ကိစ္စဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ နေရာပြည့် ၀င်အရွေးခံမယ်။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်အရွေးခံမယ်လို့လည်း တရားဝင် ထုတ်ပြန်ကြေညာခဲ့တယ်။
ယုံကြည်မှုတိုးစေ

ဒီဖြစ်စဉ်တွေအားလုံးဟာ ပြည်သူအားလုံးရွှင်လန်းအားတက်စေတဲ့ အပေါင်းလက္ခဏာ သတင်းတွေဖြစ်တယ်။ သမ္မတဦးသိန်းစိန်အစိုးရအပေါ်မှာလည်း ယုံကြည်မှု တိုးလာစေတယ်။ နိုင်ငံတကာမှာလည်း မျက်နှာပန်းလှ လာတယ်။ ဒီခြေလှမ်းတွေအတွက် ဖြောင့်ဖြောင့်တန်းတန်းဆက် ပြီးလျှောက်လှမ်းသွားရင် ပြည်သူအားလုံး မျှော်လင့်တောင့်တနေကြတဲ့ အကြောက်တရားအားလုံးကင်းစင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်လိမ့် မယ်လို့ ယုံကြည်နိုင်ပါတယ်။ လမ်းချော်မသွားအောင်လည်း သတိရှိကြရပါမယ်။

ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာကမြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ယခုနှစ်များအတွင်းနိုင်ငံတော်သို့ တစ်နှစ်လျှင် ကျပ်ငွေသိန်းပေါင်း ထောင်ချီ၍ပြန်လည် သွင်းပေးနိုင်ခဲ့ကြောင်း ပြောကြား
ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာက မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ယခုနှစ်များအတွင်း နိုင်ငံတော်သို့ တစ်နှစ်လျှင် ကျပ်ငွေသိန်းပေါင်း ထောင်ချီ၍ ပြန်လည် သွင်းပေးနိုင်ခဲ့ကြောင်း ပြောကြား

ပုဆိန်နဲ့ မပေါက်ရအောင်

အပေါင်းလက္ခဏာဆောင်တဲ့ ဆောင်ရွက်ချက်တွေကြောင့် မျက်နှာပန်းလှနေတဲ့အချိန်မှာ ယုံကြည်မှုအပေါ် ဒွိဟ၊ သံသယပွားစေတဲ့ အနုတ် လက္ခဏာပြကိစ္စရပ်များကို ရှင်းလင်းဖယ်ရှားပစ်စေချင်ပါတယ်။ သတင်းသမား တစ်ယောက်အနေနဲ့ ပြည်သူများရဲ့အသံတွေကို အမြဲနားစွင့်နေတာဖြစ်တဲ့အတွက် ကြားသိမြင်တွေ့ရတဲ့ ပြည်သူ့အသံတွေနဲ့ ပြည်သူ့ဆန္ဒတွေကို သက်ဆိုင်ရာများသိအောင် တင်ပြချင်ပါတယ်။ အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ပေါက်ရတဲ့အဖြစ်မျိုး ရောက်မသွားစေချင်လို့ပါ။ ထောင်ထဲမှာကျန်ရစ်သူတွေကိစ္စနဲ့ ပြည်တွင်းစစ် ရပ်စဲရေးကိစ္စကတော့ အခုတလော အဆက် မပြတ်ရေးခဲ့တာကြောင့် ဒီတစ်ခါမရေးတော့ပါဘူး။ သားရွှေအိုးထမ်းပြီး ပြန်လာမှာကိုပဲ စောင့်မျှော်နေပါတော့မယ်။
ဘယ်သူမှမပြောကြလို့

အခုပြောချင်တာက ဂျာနယ်တွေမှာ သတင်းအမြဲပါနေပေမယ့် ဘယ်ပါတီ ဘယ်အဖွဲ့အစည်းတွေကမှ အရေးထားပြီး ပြောတာဆိုတာမရှိတဲ့အတွက် စာဖတ်ပရိသတ်များက နေ့စဉ်မပြတ် ဖုန်းဆက်ပြီး ရင်ဖွင့်နေကြတဲ့ အကြောင်းတွေပါ။သူတို့အတွက်တော့ အင်မတန်အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အရင်ဆုံးပြောကြတာကတော့ ရထားခတွေ ဆယ်ဆတက်သွားတဲ့ ကိစ္စဖြစ်တယ်။ ဒီခေတ်မှာ မီးရထားက သာမန်ပြည်သူ ပြည်သားများအတွက် အဓိကအားထားရတဲ့ အရာဖြစ်တယ်။ ရန်ကုန်မြို့နေလူထုအတွက် ဘတ်စကားခနှစ်ရာမတတ်နိုင်လို့ မြို့ပတ်ရထားကို တစ်ဆယ်ပေးစီးရတယ်။ အခုမြို့ပတ်ရထားက အသွားအပြန် နှစ်ရာပေးဝယ်စီးရမှာဆိုတော့ အများကြီး ခက်ခဲသွားပါတယ်။ ရန်ကုန် - မန္တလေးကားခတွေက တစ်သောင်းအထက်ပေးရတော့ ဆင်းရဲသားများ မစီးနိုင်ကြဘူး။ ရထားစီးရင် တစ်ထောင်တောင်မကျတော့ ရထားပဲ အားကိုးရတယ်။
ဈေးတက် စီးပွားရေး

ရထားခတက်တဲ့သတင်းနောက်က လိုက်လာတာက စာပို့ခတွေ ပြည်တွင်းဆို နှစ်ဆယ်ကတစ်ရာ၊ ပြည်ပဆို သုံးဆယ်က ငါးရာဖြစ်သွားတယ် ဆိုတဲ့ သတင်းဖြစ်တယ်။ အဲဒီကိစ္စပြောလို့ ပါးစပ်တောင်မပိတ်ရသေးခင်မှာ နောက်ထပ်ဂျာနယ်တွေထဲပါလာတာက မီတာခတွေလည်း နောက်ထပ်တစ်ဆတိုးပြီး တက်ဦးမယ်ဆိုတဲ့ သတင်းပြီးတော့ ရေခွန်တွေ၊ အမှိုက်ခွန်တွေလည်း တိုးဦးမယ်တဲ့။ ဈေးကွက်စီးပွားရေးဆိုတာ အပြိုင်အဆိုင်ဈေးတွေ လျော့ရောင်းကြလို့ စားသုံးသူတွေ သက်သာချောင်ချိစေတယ်လို့ ဆရာကြီးတွေက ပြောကြပေမယ့် လက်တွေ့မှာတော့ ဈေးတွေတက်ချင်တိုင်း တက်နေလို့ ဈေးကွက်စီးပွားရေးလို့ မခေါ်ဘဲ ဈေးတက် စီးပွားရေးလို့ ခေါ်ချင်တယ်လို့တောင် ညည်းညူပြောဆိုနေကြရတယ်။
w82_05_1 ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား

အဲဒီလိုညည်းညူသံတွေ ကြားနေရချိန်မှာ ထူးဆန်းတဲ့သတင်းတစ်ပုဒ် ဖတ်လိုက်မိတဲ့အတွက် ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ ခွဲခြား မရနိုင်တဲ့ ခံစားမှုတစ်မျိုး ခံစားလိုက်ရတာကို ပြောပြချင်ပါတယ်။ သတင်းက ၂၄-၁၁-၂၀၁၁ ထုတ် Popular News  ဂျာနယ်အတွဲ -၃  အမှတ် ၄၆ မှာပါလာတာပါ။ 'ရန်ကုန်ပြည်သူ့ဆေးရုံကြီး နိုင်ငံတော်သို့ တစ်နှစ် သိန်းထောင်ချီ ပြန်သွင်းပေးနိုင်' လို့ ခေါင်းစီးတပ်ထားပါတယ်။ လိုရင်းပြောရ ရင်တော့ နိုဝင်ဘာ ၁၅ ရက် နေ့က ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာပြုလုပ်ခဲ့တဲ့ ကျန်းမာရေး အသုံးစရိတ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာက မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ယခုနှစ်များအတွင်း နိုင်ငံတော်သို့ တစ်နှစ်လျှင် ကျပ်ငွေသိန်းပေါင်းထောင်ချီ၍ ပြန်လည်သွင်းပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်လို့ ရေးထားပါတယ်။

စရိတ်မျှပေးက၀င်ငွေ

"ဖြည့်ဆည်းပေးစရာများ ရှိနေသည့်ကြားကပင် နိုင်ငံတော်သို့ ယခုနှစ် ပထမလေးပတ်က ငွေကျပ်သိန်း ၁၃၀၀ နှင့် ဒုတိယလေးပတ်တွင် ငွေကျပ်သိန်း ၁၂၀၀ ကျော်ပေးသွင်းနိုင်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။ ယင်းပြန်ပေးသွင်းနိုင်ခဲ့သည့် ငွေကြေးများမှာ စားစရိတ်မျှပေး စနစ်တစ်ခုတည်းက ပြန်လည် ပေးသွင်းခဲ့သည့် ပမာဏဖြစ်ပြီး တခြားဝန်ဆောင်မှုများအတွက် ကောက်ခံထားသော ငွေကြေးပမာဏများ မပါလာသေး ကြောင်း ဒေါ်နုနုသာက ဆိုသည်" လို့ ဆက်ပြီးဖော်ပြထားတယ်။ ဒီသတင်းကို ဖတ်ပြီးတဲ့အခါ မီးရထားဌာနလို လျှပ်စစ်ဌာနလို ဌာနကြီးတွေက နှစ်စဉ်ကျပ်ငွေဘီလျံရာနဲ့ချီ အရှုံးပြနေချိန်မှာ နိုင်ငံတော်ကိုတောင် ငွေပြန်သွင်းပေးနိုင်တယ်လို့ သိလိုက်ရလို့ တယ်ဟုတ်ပါလားဆိုပြီး ၀မ်းသာသလို ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့လို့ ချက်ချင်းပြန်တွေး ကြည့်လိုက်တော့ ဈေးကွက်စီးပွားရေးဆိုတဲ့ထဲမှာ ဆေးရုံတွေပါ ထည့်ထားတာလားဆိုပြီး စိတ်ထဲစနိုးစနှောင့် ဖြစ်သွားရတယ်။ အထူးသဖြင့် ပြည်သူ့ဆေးရုံဆိုတာက ပြည်သူပြည်သားများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် နိုင်ငံတော်ဘဏ္ဍာငွေက ထုတ်ယူပံ့ပိုးပေးထားတာဖြစ်တယ်။ ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ မြန်မာ့ဆိုရှယ်လစ်ခေတ် စတဲ့ခေတ်တိုင်းမှာ ပြည်သူ့ဘဏ္ဍာငွေနဲ့ ရပ်တည်ခဲ့တာချည်း ဖြစ်တယ်။ ကိုလိုနီခေတ်နဲ့ ဖဆပလခေတ်တွေမှာ လူနာတွေ စားရေး၊ သောက်ရေးပါ ဆေးရုံက တာဝန်ယူပါတယ်။ အပြင်က အစားအစာတွေနဲ့ မတည့်မှာစိုးလို့ အိမ်ကထမင်းပို့တာတောင် အားမပေးပါဘူး။ လိုအပ်တဲ့ စွပ်ပြုတ်၊ နွားနို့၊ ဆန်ပြုတ်စတာတွေလည်း ဆေးရုံကပဲ ပေးတယ်။ အဲဒီခေတ်က ရန်ကုန်ဆေးရုံကြီးနဲ့ မန္တလေး ဆေးရုံကြီးမှာ ထမင်းပေါင်း ဘွိုင်လာကြီးတွေနဲ့ အ၀တ်လျှော် ဘွိုင်လာကြီးတွေပါ ထားရပါတယ်။
နားလည်ဖို့ခက်

အဲဒီခေတ်က ပြည်သူအားလုံးအတွက် အခမဲ့ ဆေးကုခွင့်ရှိတယ်။ ငွေကြေးတတ်နိုင်သူများအတွက် အထူးပိုက်ဆံခန်းတွေလည်း ထားပါတယ်။ အခုခေတ်မှာ အခြေအနေအရ စရိတ်မျှပေး ကျန်းမာရေးဆိုပြီး လုပ်လာတာကို နားလည်နိုင်ပေမယ့် အဲဒီစရိတ်မျှပေးက ရတဲ့ငွေကြေးကို ပြန်ယူတယ်ဆိုတာတော့ နားလည်ဖို့ ခက်ပါတယ်။ ဒီလိုကိစ္စတွေဟာ သမ္မတဦးသိန်းစိန်အစိုးရ ရှေ့မျက်နှာစာမှာ ကြိုးစားပမ်းစားလုပ်ပြနေတဲ့ ပြည်သူတွေ စိတ်ချမ်းသာစေဖို့ဆိုတဲ့ လုပ်ငန်းတွေကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် ဒီအချက်တွေကိုလည်း ပြုပြင်ပါဦးလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။
http://news-eleven.com/index.php?option=com_content&view=article&id=11523%3A2011-12-18-04-18-38&catid=78%3A2009-11-13-06-25-17&Itemid=135#.Tu13spUB408.facebook

ဘန်ကောက်ကကိုသူရ



infront of condoms tree

at bkk

At FNF office(BKK)

meeting with film THAIdirectors


ကိုသူရဖေ့စ်ဘွတ်မှ

အခြေခံဥပဒေ အငြင်းပွားမှုမှာ ဒေါက်တာအေးမောင်တို့ ဘာကြောင့် အနိုင်ရသလဲ


by ခင် ရတနာ on Saturday, December 17, 2011 at 12:27pm
ခင်ရတနာ Facebook မှ

(ဒိန်ဖန်ခူးဆောင်းပါးကို တိုက်ရိုက်ကူးချခြင်းမှ ကာကွယ်ရန် ကိန်းဂဏန်းအချို့ကို တမင်ပြောင်းလဲထားသည်)
=======================================================
ဒိန်ဖန်ခူး






အမှုနောက်ခံအကျဉ်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ၀န်ကြီးတွေရဲ့ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အဆောင်အယောင် ဥပဒေ ၃/၂၀၁၁ ပါ ပုဒ်မ ၅ နဲ့ ပုဒ်မ ၁၇ ပါ ပြဋ္ဌာန်းချက်တွေဟာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေနဲ့ တန်းတူ မသတ်မှတ်တဲ့အတွက် အခြေခံ ဥပဒေနဲ့ မကိုက်ညီလို့ စိစစ်ပေးဘို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့အဖွဲ့က အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို လျှောက်ထားခဲ့ပါတယ်။ ဒီမှာတင် ခုံရုံးက အနိုင်ပေးခဲ့တာဖြစ်ပါတယ်။

 
ဒေါက်တာအေးမောင် RNDP

ဒါ့ကြောင့် အခြေခံဥပဒေအရ အစိုးရအဖွဲ့နဲ့ လွှတ်တော်က အဲဒီ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။

ဒီအမှုမှာ ဘာကြောင့် ဒေါက်တာအေးမောင်တို့ကို အနိုင်ပေးရသလဲဆိုတာ နားလည်ဘို့အတွက် စစ်အစိုးရအခြေခံဥပဒေ ၂၀၀၈ အရ ၀န်ကြီးအမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ အရင် သိဖို့လိုပါတယ်။

ဦးသိန်းစိန်အစိုးရခေတ်လောက်ဝန်ကြီးရာထူးတွေ အောတိုက်အောင်များတာ ဒီခေတ်ဘဲ ရှိပါတယ်။

ဝန်ကြီးရာထူးတွေကတော့-

ပြည်ထောင်စုဝန်ကြီး

ဗဟိုအစိုးရ ကက်ဘိနက်က ၀န်ကြီးဖြစ်ပီး ဗဟိုအစိုးရ သတ်မှတ်တဲ့ ၀န်ကြီးဌာန တခုခုကို တာဝန်ယူရပါတယ်။ ဦးသိန်းစိန်အစိုးရတက်စက ၀န်ကြီး အရေအတွက် ၃၀နဲ့ ၀န်ကြီးဌာန ၃၄ ခု ရှိပါတယ်။ ခုတော့ နည်းနည်း အပြောင်းအလဲ ရှိပါတယ်။

ပြည်နယ်ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး

ပြည်နယ် တိုင်းဒေသကြီး ၁၄ ခုမှာလဲ ပြည်နယ်ဆိုင်ရာ တိုင်းဒေသကြီးဆိုင်ရာ ၀န်ကြီးဌာန ၉ ခုစီ (နောက်ပိုင်း အပြောင်းအလဲ နည်းနည်းရှိ) ဖွဲ့ထားတဲ့အတွက် ပြည်နယ်ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ဆိုတာ ရှိပါတယ်။

တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး

ပြည်နယ် တိုင်းဒေသကြီး ၁၄ ခုမှာ ပြည်နယ်ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးတွေအပြင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဆိုပီး ရှိပြန်ပါတယ်။ စုစုပေါင်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ၂၇ ဦးရှိပါတယ်။

တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဆိုတာ ပြည်နယ် တိုင်းဒေသကြီး ၁၄ ခုဖွဲ့စည်းရာမှာ သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီး ၁၄ ခုအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်စီရင်စုရပီးတဲ့ တိုင်းရင်းသားများမှအပ ကျန်လူမျိုးတွေထဲက နိုင်ငံတော်စုစုပေါင်း လူဦးရေရဲ့ ၀.၁% နှင့် အထက် အရေအတွက်ရှိတဲ့ တိုင်းရင်းသားလူမျိုးတွေက လူမျိုးတမျိုး တဦးကျစီ ရွေးကောက်တင်မြှောက်တဲ့ ပြည်နယ်ကိုယ်စားလှယ်တွေကို “တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး” လို့ ခေါ်တာ ဖြစ်ပါတယ်။ (အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၁၆၁(ဂ)--)။

ဥပမာ- ရန်ကုန်တိုင်းဒေသကြီးမှာ မြန်မာအများစုနေထိုင်တဲ့အတွက် ဒီမြန်မာတွေထဲက ရွေးကောက်တင်မြှောက်ခံရသူတွေက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထဲက ၀န်ကြီးဌာန ၉ ခုမှာ တိုင်းဒေသကြီးဝန်ကြီး ဖြစ်လာပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းဒေသကြီးထဲမှာ မြန်မာအပြင် ရခိုင် ကရင်စတဲ့ တခြားတိုင်းရင်းသားတွေပါ နေထိုင်တာဖြစ်တဲ့အတွက် အဲဒီထဲက နိုင်ငံတော်စုစုပေါင်း လူဦးရေရဲ့ ၀.၁% နှင့် အထက် အရေအတွက်ရှိတဲ့ တိုင်းရင်းသားလူမျိုးတွေက ရခိုင်နဲ့ ကရင်သာရှိပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးထဲမှာ ရခိုင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးအဖြစ် ဦးဇော်အေးမောင်က အရွေးခံရပီး ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ဦးစောထွန်းအောင်မြင့်က အရွေးခံရပါတယ်။ ကျန်ပြည်နယ် တိုင်းဒေသကြီးတွေမှာလဲ အလားတူ ဖြစ်ပါတယ်။

 ပြဿနာက ဘာလဲ

အခြေခံဥပဒေအပိုင်းကကြည့်ရင် တိုင်းပြည်လူဦးရေရဲ့ ၀.၁% နှင့် အထက်ရှိတဲ့ တိုင်းရင်းသားလူမျိုးတွေကို ပြည်နယ်လွှတ်တော်တွေမှာ ပါအောင်ရေးဆွဲထားတာဟာ တိုင်းရင်းသားအချင်းချင်း ပြဿနာတက်အောင် ရည်ရွယ်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဥပမာ-ကချင်လွှတ်တော်မှာ အများစု ဂျိန်းဖောတွေအပြင် ၀.၁%နဲ့အထက် အနည်းစုလူမျိုးထဲက ဂျိန်းဖောနဲ့မတဲ့တဲ့ ရ၀မ်လို လူမျိုးစုတွေပါအောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထဲ့ထားတာမျိုး၊ ရှမ်းပြည်မှာ ရှမ်းနဲ့မတဲ့တဲ့ လူမျိုးစုတွေ လွှတ်တော်မှာပါအောင် ထည့်ထားတာမျိုးဟာ အကောင်းဆုံး သက်သေဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသားချင်း မတည့်မှ စစ်ဗိုလ်လူထွက် ကြံ့ဖွံတွေ အုပ်ချုပ်ရတာ အဆင်ပြေမယ်လို့ တွက်ပုံရပါတယ်။

ခုဒေါက်တာအေးမောင်တို့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးကို တင်ပြတဲ့အမှုကလဲ ဒီသဘောဖြစ်ပါတယ်။

ပြည်နယ် တိုင်းဒေသကြီးက အစိုးရတွေကိုကြည့်ရင် ၀န်ကြီးရာထူးတွေကို အများစုတိုင်းရင်းသားတွေကသာ ယူထားပီး ၀.၁%နဲ့အထက် လူမျိုးစုထဲက အရွေးခံထားရတဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၂၇ ဦးအတွက် ၀န်ကြီးအမည်ခံထားပေမဲ့ ဌာနလက်ကိုင်မရှိဖြစ်နေပါတယ်။

နအဖ ထုတ်ပြန်ခဲ့တဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေကို ပြန်ကြည့်တဲ့အခါမလဲ ပုဒ်မ(၁၀)(က) ပုဒ်မခွဲ (၂)အရ နိုင်ငံတော်သမ္မတသည်-

"၀န်ကြီးများဖြစ်သည့် တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးရေးရာများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ရမည်" လို့ ပြဌာန်းထားပါတယ်။

လက်တွေ့မှာ ပြည်နယ် တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကို ဘာတာဝန်မှ မပေးတဲ့ပြင် ရန်ကုန်တိုင်းဒေသကြီးဆိုရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကို လိုမှ ရုံးလာပါလို့ ပြောတဲ့အတွက် ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် မကျေမနပ်ဖြစ်ပီး မီဒီယာတွေကို မကြာခင်က ဖွင့်ချခဲ့ပါတယ်။

ပြည်နယ် တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုသူအများစုကလဲ နအဖစစ်အစိုးရလက်ထက်မှာ ရားထူးကြီးကြီးယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေက အများစု ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကို ပြည်နယ်ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ ရန်တိုက်ပေးတာဘယ်သူလဲလို့ စစ်ကြည့်တော့ စစ်ဗိုလ်လူထွက်တွေဖြစ်တဲ့ ပြည်နယ် တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။

တိုင်းရင်းသားအချင်းချင်း သွေးခွဲဘို့အတွက်  တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေရဲ့လစာ စရိတ်နဲ့ အဆောင်အယောင်တွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုးထုတ်ပြန်ခဲ့တဲ့ ချီးမြှင့်ငွေ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ ၃/၂၀၁၁ မှာ ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေထက်  အစကထဲက တမင်လျှော့ပေးထားတာ တွေ့ရပါတယ်။

ဇယား(၁)


လစာချင်းယှဉ်ကြည့်ရင်ကို ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေက တလကျပ်ငွေ သိန်း ၂၀ ရပေမဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေရဲ့လစာက ကျပ်ငွေ ၁၀ သိန်းသာရပါတယ်။ တခြားအဆောင်အယောင် ကွာခြားချက်တွေကိုလဲ အထက်ပါ ဇယား(၁)မှာ ကြည့်နိုင်ပါတယ်။

ဒီလိုအခြေအနေတွေကိုမြင်လာတဲ့ ဒေါက်တာအေးမောင်နဲ့အဖွဲ့က အခြေခံဥပဒေ ပုဒ်မ ၂၆၂ မှာ ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေကို တန်းတူအခွင့်အရေးပေးထားတယ်။ ဒါကို
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကနေ စိစစ်ပေးပါဆိုပီး တင်ပြတာ ဖြစ်ပါတယ်။

ဒီမှာတင် ဒေါက်တာအေးမောင်တို့ တင်ပြချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကနေ အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။

ဘာကြောင့် အနိုင်ပေးသလဲ

ဒေါက်တာအေးမောင်တို့ တင်ပြချက်ကိုကြည့်ရင်

အခြေခံဥပဒေ ၂၀၀၈ မှာ အားနည်းချက်ရှိတယ်လို့ အပေါ်ယံထင်ရပေမဲ့ တကယ်တော့ ဒီအားနည်းချက်ကို တမင်ဖန်တီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေ အချင်းချင်း မသင့်မတင့်ဖြစ်နေမှ စစ်ဗိုလ်လူထွက် ပြည်နယ်ဝန်ကြီးချုပ်တွေက အုပ်ချုပ်လို့ကောင်းမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကနေ့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအရ လွှတ်တော်တွေမှာ ကြံ့ဖွံပါတီအမတ်တွေက အသာစီးရနေတာတောင် လူနည်းစုဘက်က တင်ပြတဲ့ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုကို အနိုင်ပေးပီး မျှတအောင် လုပ်နေပါတယ်လို့ နိုင်ငံတကာကို လိမ်ချင်တဲ့အတွက် အနိုင်ပေးတာက ပထမအချက် ဖြစ်ပါတယ်။ဒုတိယအချက်က တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေရဲ့ နစ်နာချက်ကို ပြင်ပေးတဲ့အတွက် ကြံ့ဖွံပါတီအမတ်တွေကို မထိခိုက်ဘူးလို့ ယူဆတဲ့အချက်၊ ပြည်နယ် တိုင်းဒေသကြီးလွှတ်တော်တွေမှာ အင်အား ချိန်ခွင်လျှာ သိသိသာသာ မပြောင်းနိုင်ဘူးလို့ ယူဆတဲ့အတွက်လဲ ကြံ့ဖွံ့ပါတီ မျက်နှာပန်းလှအောင် ဒေါက်တာအေးမောင်တို့ကို အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။
>တတိယအချက်က အခြေခံဥပဒေမှာကိုက ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ရှင်းရှင်းလင်းလင်း ရေးမထားနိုင်ခဲ့တဲ့ အခြေခံဥပဒေဆိုင်ရာ အားနည်းချက်ဖြစ်နေတာလဲ ဒေါက်တာအေးမောင်တို့ကို အနိုင်ပေးရတဲ့ အကြောင်းတခု ဖြစ်ပါတယ်။


သုံးသပ်ချက်


ဒါက်တာအေးမောင်တို့ဘက်က အနိုင်ရတဲ့အတွက် ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေရဲ့ လစာနဲ့ အဆောင်အယောင်တွေ အတူတူ ဖြစ်ပါတယ်ဆိုတာ လွှတ်တော်ကနေ ပြင်ဆင်ချက် တင်သွင်းပီး ထပ်မံအတည်ပြုပေးရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေကို ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ အဆင့်အတန်း အတူတူလို့ သတ်မှတ်ပီးတာနဲ့ သက်ဆိုင်ရာ ပြည်နယ်တွေ တိုင်းဒေသကြီးတွေအတွက် ဘာတွေ တိုးတက်အောင် လုပ်ပေးနိုင်မယ်ဆိုတာ မသိရပေမဲ့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေကတော့ တလကို ကျပ်ငွေ ၁၀ သိန်းထီ ပေါက်သလို အကျိုးအမြတ်ရမှာ ဧကန်ဖြစ်ပါတယ်။
ဆိုလိုတာက မူလက တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတဦးရဲ့လစာက တလကို ကျပ်ငွေ ၁၀သိန်းကနေ  ပြင်ဆင်ချက်အရ နောက် ၁၀သိန်းတိုးပေးမှာမို့ လစာ ကျပ်ငွေ သိန်း ၂၀ ရတော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဒုဝန်ကြီးတဦးလစာနဲ့ အတူတူ ဖြစ်သွားမှာပါ။ ကားတစီးလဲ ထပ်ရတော့မှာမို့ စုစုပေါင်း ကား ၂ စီးရတော့မှာ ဖြစ်ပါတယ်။
တွက်ကြည့်ရင် တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတဥိးကို တလ ကျပ်ငွေ ၁၀ သိန်းထပ်တိုးပေးရမှာမို့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီး ၂၇ ဦးအတွက် တလကို ကျပ်ငွေ သိန်း ၂၇၀ နိုင်ငံတော်က အပိုကုန်ကျတော့မှာ ဖြစ်ပါတယ်။ တနှစ်ဆိုရင် ကျပ်ငွေ သိန်း ၃၂၄၀ အပိုကုန်ကျတော့မှာ ဖြစ်ပါတယ်။
ထို့အတူ မော်တော်ကားနဲ့ တခြားအဆောင်အယောင် စရိတ်တွေလဲ တက်လာမှာမို့ ဘာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၂၇ ဦးအတွက် အစိုးရဘဏ္ဍာတိုက်က အပိုထပ်ကုန်ရမှာ တနှစ်ကို ကားဘိုးပါထဲ့ပေါင်းရင် ကျပ်ငွေ သိန်းပေါင်း သောင်းနဲ့ချီ ကုန်တော့မှာ ဖြစ်ပါတယ်။ ဒီငွေတွေကို ပြည်သူတွေရဲ့ ကျန်းမာရေး ပညာရေးမှာသာ သုံးခွင်ရရင် အင်မတန်အကျိုးရှိမှာဖြစ်ပါတယ်။
ဒီလိုငွေတွေ အပိုကုန်ကျတာဟာ မူလက အခြေခံဥပဒေ ၂၀၀၈ ကို စေတနာဆိုးနဲ့ ပေါ့ပေါ့ လျော့လျော့ရေးဆွဲခဲ့တဲ့ အကျိုးဆက်၊ ပြည်နုယ်လွှတ်တော်တွေ တိုင်းဒေသကြီးလွှတ်တော်တွေမှာ နိုင်ငံရေးအရ ချုပ်ကိုင်ထားဘို့သာ အာရုံထားပီး အခြေခံဥပဒေရေးဆွဲခဲ့တဲ့အတွက် တိုင်းရင်းသားလူမျိုးရေးရာဆိုတဲ့အပိုင်းမှာ အားနည်းချက် ပေါ်လွင်သွားတဲ့အချက်တွေဖြစ်ပီး မူလရေးဆွဲခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နအဖ စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတာ မငြင်းနိုင်တဲ့ အချက် ဖြစ်ပါတယ်။
သဘောကတော့ တချိန်က အခြေခံဥပဒေရေးဆွဲရေး ညောင်နှစ်ပင် အမျိုးသားညီလာခံမှာ ဥက္ကဌတာဝန်ယူခဲ့တဲ့ လက်ရှိအစိုးရ သမ္မတ ဦးသိန်းစိန်မှာလဲ တာဝန်ရှိတာ ထင်ရှားနေပါတယ်။

 ဒေါက်တာအေးမောင်တို့ကို အနိုင်ပေးတာဟာ ဦးသိန်းစိန်အစိုးရဟာ သူတို့အားနည်းချက်ကို ဖုံးဖိဘို့၊ အခြေခံဥပဒေအားနည်းချက်ကို ဖုံးဖိဘို့၊ နိုင်ငံတကာကို လိမ်လည်ဘို့အတွက် အနိုင်ပေးတာသာ ဖြစ်ပီး ဖြောင့်မတ်တဲ့ တရားစီရင်မှု မဟုတ်ပါ။ ဖြောင့်မတ်တဲ့ တရားစီရင်မှုဆိုရင် နိုင်ငံတော်ကို တနှစ် ကျပ်ငွေ သိန်းသောင်းနဲ့ချီ အပိုကုန်ကျအောင် ပေါ့ပေါ့ဆဆနဲ့ အခြေခံဥပဒေရေးဆွဲခဲ့သူတွေကိုပါ ဖော်ထုတ် အရေးယူ သင့်ပါတယ်။

ချုပ်ကြည့်ရင် ဦးသိန်းစိန်အပါအ၀င် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ၂၀၀၈ ဟာ လက်တွေ့ကျင့်သုံးကြည့်တဲ့အခါ မအောင်မြင်ဘဲ တိုင်းရင်းသားအချင်းချင်း သွေးကွဲတာသာ အဖတ်တင်ပါတယ်။





(၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သော မွေးနေ့အတွက် ကျေးဇူးရှင် မိခင်အား ဂုဏ်ပြုရေးစပ်ထားခဲ့သော ရင်တွင်းခံစားမှု။)

နှစ် ၅၀ပြည့်မွေးနေ့ အမှတ်တယပါ။














ဂျိင်းကနဲ
မင်းတုန်းထိုးသံ
သော့ခတ်သံ
မက်တဲလ်လစ်သံတွေ
သံစဉ် မရှိ
နရီ မရှိ
စည်းချက်မကျ
တရွေ့ရွေ့ဝေးသွားတဲ့ ဖိနပ်သံများ
ခါတိုင်းစကားသိပ်များလေ့ရှိတဲ့ အခန်းဖော်က
ရုတ်တရက် စူးစမ်းတ့အဲ ကြည့်
ချက်ချင်းသဘောပေါက်သွားတဲ့ပုံ
သက်ပြင်းချ
တိတ်ဆိတ်
ပြန်လာကတည်းက ဘာစကားမှ မပြောဖြစ်
ပြောချင်စိတ်လည်း မရှိ
ပရိတ်သတ်အမြင်မှာတော့
တည်ငြိမ် ကြံ့ခိုင်နေသယောင်
တကယ်က
ရုပ် နဲ့နာမ် မကပ်တာ။
အခန်းထဲ ပြန်အရောက်
အိပ်ရာနေရာပေါ်လှဲ အချ
လက်ထက်က ယပ်တောင်ကို
တွေတွေကြီးငေးကြည့် နေမိ
ဝဲလာတဲ့ မျက်ရည်တွေကို
ပုတ်ခတ်ပစ်လိုက်ဖို့ 
မကြိုးစားတော့
ကျပါစေလေ
လွတ်လွတ်လပ်လပ်ကြီး ကျပါစေလေ
တိတ်ဆိတ်အခန်းငယ်လေးထဲ
မြေဆွဲအားကို ဆန့် ကျင်နေတဲ့ အိမ်မြှောင်ငယ်က
စုတ်တသပ်သပ်
ရင်းနှီးနေကျ မျက်နှာကျက် ညစ်ထပ်ထပ်ကို
မော့အကြည့်
တအိအိ ပြိုကျလာသလို
“မေမေ အဲဒီမှာနေ သား လာခဲ့မယ်”

“မဟုတ်ဘူး မဟုတ်ဘူး ခုဏ နေရာကို ပြန်သွား သားလာကြိုမယ်”
“သားရယ် မေမေ့ခေါင်းပေါ်မှာ အထုပ်ကြီးနဲ့သားရဲ့“
“မရဘူး ပြန်သွား ပြန်သွား သားလာကြိုမယ်လို့ ပြောနေတဲ့ ဟာကို”
“ကဲ ကဲ သားကျေနပ်အောင် ပြန်သွားပြီ ဟုတ်ပြီလား”
“သားကလေ မေမေ့ကို သိပ်ဆိုးတာပဲ”
“မောလိုက်တာ သားရယ်”
ဆိုးတယ်သာဆိုတယ် မေမေ့ မျက်နှာက ပြုံးလို့
ခေါင်းပေါ်က အထုပ်ကြီးကိုချ
သားကို ပွေ့ ဖက်နမ်း
ပြီးတော့
သားလက်ကို ဆွဲပြီး အိမ်ပြန်
လမ်းထဲက လူတွေက
ဒီသားအမိ ကိုကြည့်ပြီး
သဘောကျ
မေမေက ပုတတ်ပုတက်နဲ့
ဘယ်သူ့ကိစ္စ ဖြစ်ဖြစ် လက်မနှေးတမ်း
ကူညီတတ်တဲ့သူ
လူချစ်လူခင်များတဲ့သူ
ကျနော်တို့ အိမ်က
တောင်ဥက္ကလာ ကတ္တရာလမ်းမကြီး တခုကနေ
ချိုးဝင်ရတဲ့ လမ်းသွယ်လေး
မေမေ ပြန်လာမယ့် အချိန်
ညနေစောင်းဆို
အိမ်ရှေ့ကနေ အဲဒီလမ်းချိုးလေးကို မျှော်နေတာ
မေမေ အ၀တ်ထုပ်ကြီးထမ်းပြီး
ရွက်လာပြီး
ဝင်လာတာ တွေ့တာနဲ့
ထွက်ကြိုနေကျ
အဝေးကနေ
အော် ပြီးတော့ ပြေးကြိုတာ
ရောက်တဲ့နေရာမှာ ရပ်နေမှ
ကိုယ်တိုင်လာကြိုမယ်ပေါ့
မေမေ ကလည်း
သား လာကြိုတာတွေ့လို့ 
ဆက်ပြီးလျှောက်လာရင်
မရဘူး
လာကြိုမယ်လို့ အော်ထားတုန်းက နေရာကို
ပြန်သွား
အဲဒီနေရာမှာပဲ လာကြိုမယ်
ဒါဆို ဒါမှ
ဇွတ်
အဲတုန်းက မေမေ က
နှလုံးသွေးကြောကျဉ်းတဲ့ ဝေဒနာကို
ခွဲစိပ်ကုသပြီးလို့ ပြန်ကောင်းလာတဲ့ အချိန်
မေမေ့ပေါင်ပေါ်ခေါင်းတင်ရင်းနဲ့
အဲဒီချုပ်ရိုးကြီးကို ခဏခဏ ကြည့်ဖူးတယ်
ရင်သားအောက်ဖက်မှာ
တပေပတ်လည်လောက်
ကင်းခြေများကြီး တကောင်
ကန့်လန့်ဖြတ် ကပ်နေသလိုကြီး
တရုတ်-ဗမာ အရေး အခင်းဖြစ်နေတဲ့ အချိန်
ဆေးရုံပေါ်မှာ ချည်းပဲ
မေမေက ခြောက်လလောက်ကြာတယ်
ညီလေးက အခါလည် မရှိတရှိ
အဖွားနဲ့ နို့ဘူးတိုက်ပြီး ထားခဲ့ရတာ
အဲဒီတုန်းက နှလုံးခွဲစိပ်မှုကလည်း ခေတ်ဦး
အဖိတ်အစင်တွေကလည်းရှိ
ကံကောင်းထောက်မစွာပဲ
မေမေ တယောက်
ခွဲစိပ်ပြီးတော့
လူကောင်းလို လုပ်နိုင်ကိုင်နိုင်လာတယ်
ဖေဖေက လက်နှိပ်စက်စာရေး
ခြွဲပီးကောင်းလာတော့
မိသားစု ၀င်ငွေအတွက်
တစ်ဖက်တစ်လမ်းက
ရှာရတယ်
သုံးဆယ်ရှစ်လမ်းဈေးက
မေမေ့ရဲ့ အစ်မကြီးဆိုင်မှာ
ပါတိတ် အဆင်ဒီဇိုင်းမျိုးစုံကို လက်ခံ
တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ တာမွေ ပါတိတ်ရုံတွေမှာ
ဒီဇိုင်းနာမည်တွေ၊ နံပါတ်တွေနဲ့
လိုက်ပြီးတော့အပ်
ပြီးတော့ ပြန်ရွေး
ဆိုင်မှာ အပ်ထားတဲ့
ဖေါက်သည်တွေကို ပြန်ပေးပေါ့
ရောင်းတာလည်း ရောင်းပေါ့
အဲဒီအချိန်က
ပေါ်ပလင် အနားပြာ
ပိတ်အဖြူတွေကို
ပါတိတ်ဆေးရိုက်ပြီးတော့
လုံချည်တို့ အင်္ကျီတို့ ချုပ်ပြီး ၀တ်ကြတာ
အခုခေတ်လို
နိုင်ငံခြားကနေ
ဖောဖောသီသီ မ၀င်ဘူးလေ
အဲဒီအပ်ထည်တွေကို
အပေါ်အ၀မှာ
ရှုံ့ကြိုးတပ်ထားတဲ့ အ၀တ်အိပ် အစင်းကြီးထဲကိုထည့်
ပါတိတ်ရုံတွေမှာ ပိတ်စနဲ့
အပ်တဲ့ဒီဇိုင်း နံပါတ်တွဲပြီးအပ်
ပြီးတာတွေ ပြန်ထည့်
အဲဒီအ၀တ်ရှုံ့အိပ် အစင်းကြီးကို ရွက်ပြီး
ညနေစောင်း
အိမ်ပြန်လာတဲ့ မေမေ့ကို
“မေမေ အဲဒီမှာရပ်နေ သားလာခဲ့မယ်”
“သား … ရော့ … အောက်က ခေါင်းခုလေး ခံပြီးတော့ရွက်”
“သွားနှင့် မေမေ လိုက်ခဲ့မယ်”
ပုဆိုးဟောင်း တထည်ကို ကရွတ်ခွေပြီးတော့
ခေါင်းခုလေး လုပ်ပေးတယ်
ပြီးတော့ ချဉ်ဖတ်ဇလုံ ခေါင်းပေါ်တင်
ဘောက်ဆတ်ဘောက်ဆတ်နဲ့
နံနက်စောစော
နန္ဒ၀န်ဈေးမှာ
ဆိုင်ဖွင့်မယ်လေ
မေမေကလည်း ဇလုံတလုံးရွက်လို့ 
နောက်က လိုက်လာ
အဲသလို
နှစ်ခေါက် သုံးခေါက်
ဇလုံတွေ သူ့နေရာနဲ့သူချ
ခင်းကျင်းပြီး အိမ်အပြန်
ရေမိုးချိုးပြီးမှ ကျောင်းတက်ရတာ
မူလတန်းကျောင်းက
အိမ်နဲ့ ဈေးကြား
အိမ်နဲ့ နှစ်လမ်းပဲ ခြားတယ်
အထက်တန်းကျောင်းကလည်း လမ်းထိပ်တင်
အော်ခေါ်ရင် ကြားရတဲ့ နေရာ
ချည်ဖတ်က အရင်က အဖွားရောင်းတာလေ
ခြေထောက် သံဆူးလို့
မေမေက ဆိုင်ခဏ ကူထွက်ပေးရင်းနဲ့
ချည်ဖတ်သည် ဖြစ်ကရော
ငယ်ငယ်က
သူငယ်ချင်းတွေက
နောက်တယ်
“ချည်ဖတ်” တဲ့
ဘာဖြစ်သေးလဲ “ချဉ်ဖတ်ပေါ့”
ဖေဖေကလည်း
တောင်ဥက္ကလာ အိမ်ကနေ
အလုံ သစ်လုပ်ငန်းဌာနကို
တခါတလေ
စက်ဘီးနဲ့ ရုံးတက်တယ်
အပြန်မှာ စက်ဘီးနဲ့
ဟင်းဂလာရွက်တွေ
အချိန်တဆယ်
ပုဆိုးနဲ့ ထုပ်ပြီး တင်လာတယ်
ပုဆိုးတထည်ကို
အောက်က စုချည်
ပြီးတော့ ပြောင်းပြန်လှန်ပြီး
ဟင်းဂလာ အချိန်တဆယ်ထည့်
ထိပ်ကနေချည်
စက်ဘီးနောက်ခုံပေါ်မှာ
ကြိုးနဲ့သေချာတုတ်ပြီးတော့
သယ်ရတာ
အဲတုန်းက အလုံအမှိုက်ပုံပေါ်မှာ
ဟင်းဂလာ စိုက်ပြီးရောင်းတဲ့သူတွေ ရှိတယ်
မြေသြဇာကလည်း ကောင်းတော့
အရမ်း သန်တယ်
ဟင်းဂလာချဉ်ဖတ်ကလည်း
လူကြိုက်များမှ များ
ချည်ဖတ်ကလည်း အစုံ
ပဲပင်ပေါက်၊ မုန်လာဥ၊ မုန်လာအပင်
ကန်စွန်း၊ ကြောင်လျှာ၊ ဇရစ်၊ မာလာဖူး
သရက်ကင်း၊ ငှက်ပျောဖူး၊ ငှက်ပျောအူ
ခံတက်ချဉ်၊ ဟင်းဂလာချဉ်
သရက်သီး ဆားစိမ်၊ သရက်သီးပိုးတီ
အို … အစုံတကာကို စေ့လို့ 
ပင်ပန်းတာကတော့ အရမ်းကို ပင်ပန်းတာ
မိသားစု လက်ရေ တပြင်တည်းလေ
ကိုယ်ပြန်တွေးတာတောင်
အဲဒီဘ၀လေး ပျော်တုန်း
နောက် ချဉ်ဖတ်ကနေပြီး
မေမေ့လက်ငုတ် အထည်ဆိုင်လေး
ပြန်ဖွင့်တယ်
ဓားစက်လိုက်တယ်
ဘီတင်လိုက်တယ်
မိန်းမ၀တ်၊ ကလေးဝတ်
လက်ခံတယ်
ချုပ်ပြီးတော့လည်း ရောင်းတယ်
ဖေဖေက
အလုပ်အားရင် ဆိုင်ဝိုင်းထိုင်တယ်
စက်တွေဘာတွေ ပျက်ရင်လည်း
တော်ရုံတန်ရုံဆို ဖေဖေပဲပြင်တယ်
ညီလေးကလည်း အရွယ်ရောက်ပြီ
ကြုံတဲ့သူ
ဓါးစက်ဝင်လိုက်
ဘီတင်ဝင်လိုက်
စက်ချုပ်ပစ္စည်း မျိုးစုံရောင်း
မိသားစု
စည်းစည်းလုံးလုံး
တခရီးတည်း
ဦးတည်ရာ တခုတည်း
မေမေနဲ့ အတူဆိုင်ဖွင့်
မေမေနဲ့ အတူ ဆိုင်သိမ်းပေါ့
“သားရယ် အစစအရာရာ ဂရုစိုက်နော်”
“မေမေ ကတော့ စိတ်ပူတာပဲ”
“သား အတွက်စိုးရိမ်တာပဲ သိတယ်”
ဟုတ်တယ်
တကယ်တော့
မေမေက ဘာမှ နားလည်တာ မဟုတ်ဘူး
သူ့သားလုပ်နေတာတွေကို နားမလည်ရိုး အမှန်ပါ
အကြောင်းကိစ္စရှိလို့ 
စာရွက်ပေါ်မှာ လက်မှတ်ထိုးဆိုရင်
“၀င်းကြည်” လို့ 
တွန့်တွန့်လောက်ပဲ ထိုးတတ်တဲ့ အမေ
သူ့သားကို သူ ယုံတာ တခုပဲရှိတယ်
သူ့သားဟာ ငယ်ငယ်ကတည်းက မဟုတ်တာ မလုပ်ဘူး
သူ့သားလုပ်တာ ဆိုရင် ဟုတ်တာပဲ ဖြစ်ရမယ်
မေမေသိတာ ဒါ အကုန်ပဲ
ဒါဆိုလုံလောက်ပြီလေ
စိတ်ထဲ ကတော့
မိခင်တစ်ယောက်ရဲ့ မေတ္တာ
သည်းသည်းကိုလှုပ်လို့ 
တလောကလုံးကိစ္စထက်
သူ့သားကိုချစ်တာ သူ့အရေးကိစ္စပဲ
ဖေဖေ ကတော့ သိတယ်
ထောက်ခံတယ်
သူ့သားကို ယုံလည်း ယုံတယ်
အဲဒီအချိန်တုန်းက
ဖေဖေ သစ်ကုမ္ပဏီမှာ လုပ်နေတဲ့အချိန်
ပိန်းပိတ်အောင် မှောင်နေတဲ့ခေတ်
သားတွေ အတွက်
မျှော်လင့်ချက် တံခါးလေးများ
ပွင့်လာမလားလို့ 
စိတ်ရှည်သည်းခံမှုတွေနဲ့ လုပ်နေတာ
အဲဒီတံခါးချပ်ကလေး
ပွင့်လာတဲ့ အချိန်
ညီလေးက ဖေဖေ့ သစ်ကုမ္ပဏီရဲ့ အစီအစဉ်နဲ့
ဟိုး အဝေးမှာ
ပြန်လာရင်
မိသားစု အနာဂတ်တွေ
တပွေ့ တပိုက်နဲ့ပေါ့
ကျနော့်မှာလည်း မျှော်လင့်ချက်တွေ
တလှေကြီး
မေမေက သူ့သားအလုပ်ကို
ဂဃ ဏန မသိပေမယ့်
ကြားဖူး နားဝတော့ ရှိတာပေါ့
သူလည်း သူ့အသက်အရွယ်
သူ့ဖြတ်သန်းမှု
နည်းတာမှ မဟုတ်ဘဲ
သူ့တသက်မှာ
ဒီအလုပ်သဘာမျိုးဆိုတာက
သူ့အနီးအပါးက
တချို့ခပ်လှမ်းလှမ်းက
ဖြတ်သွားတာ တိုးသွားတာတွေ
ရှိမှာပေါ့
အခုတော့
ဆိုင်းမဆင့် ဗုံမဆင့်
အချစ်ဆုံးသားနဲ့မှ ပက်ပင်းတွေ့တော့
ခြေမကိုင်မိ လက်မကိုင်မိ
တဖက်ကလည်း အတန်းပညာ မရှိပေမယ့်
ဘယ်ဟာက မှားတယ်
ဘယ်ဟာက မှန်တယ် ဆိုတာလောက်တော့
အရိုးခံနဲ့ပဲ သိသပေါ့
စိုးရိမ်တာက တဖက်
တားရမှာကလည်း အခက်
တားဖို့ ကလည်း မလွယ်
ရင်က ဖြစ်တဲ့သား
ဘယ်အရွယ်ရောက်ရောက်
ရင်ခွင်ပိုက် ကလေးတယောက်လိုပဲ မြင်နေတဲ့ သား
အဲဒီ သားကလည်း
ဒါဆိုဒါမှ
ဇွတ်
ပျောက်သွားလိုက်တာ
ပျောက်ကျား ပျောက်ကျား အသံတွေကတော့ ကြားနေရသား
မိုးသံ လေသံတွေ ကလည်း ညံလို့ 
တော်ပါသေးရဲ့
သား အငယ်က ပြန်ရောက်လာလို့ 
ရှိတာမှ သားနှစ်ယောက်
သားအမိ သားအဖ ပေါင်း လေးယောက်
ညီလေးက ငယ်ငယ်ကတည်း က
အိမ်နဲ့ကျောင်း၊ ဈေး
ဒီလောက်ပဲ သွားသွားလာလာ ရှိတာ
ဆယ်တန်း အောင်တော့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ
(RC 2) အာစီ တူးဆိုတာ ဒါ နယ်ကုန်ပဲ
အမျိုးတွေအိမ်
ဖေဖေ့ရုံး
ဒါသူသွားတတ်တဲ့ နေရာတွေပေါ့
ရပ်ဝေးဘယ်မှ မသွားဖူးဘူး
မိသားစု အနာဂတ်အတွက်
ပင်လယ်ရပ်ခြား ခရီးဆိုတာ
တကယ့် အိပ်မက်ပဲ
စွန့်စားခန်းပဲ
အခုလိုလည်း ဥဒဟို သွားလာနေကြတဲ့အချိန်
မဟုတ်ဘူးလေ
ဒီကြားထဲ
အလုပ်ထဲမှာ
လက်ကို မီးဟပ်သွားတယ် ဆိုလို့ 
မေမေ မသိအောင် သားအဖ နှစ်ယောက်
ဖုံးဖိထားရ
တိတ်တိတ်ကလေး စိတ်ပူခဲ့ကြရတာ
ညီလေး အနေနဲ့
သူစိမ်း သက်သက် ပတ်ဝန်းကျင်
အတွေ့ အကြုံသစ်မှာ
ဘယ်လောက်ရုန်းကန်ခဲ့ရမလဲ ဆိုတာ
တွေးကြည့်ရုံ နဲ့သိလောက်ပါတယ်
ညီလေးက ဆက်နေလို့ ရှိရင်
အခွင့်အလမ်းတွေ
အများကြီးရှိရဲ့သားနဲ့
မိသားစု အခြေအနေကို ကြားလို့ 
ပြန်လာတာ
အဓိက
ကျနော့်ကြောင့်ပါ ပဲ
ညီလေး ရှာဖွေလာသလောက်ကလည်း
မိသားစုကို တဆစ်ချိုး
ပြောင်းသွားစေလောက်တဲ့ ပမာဏပါ
ခြိုးခြိုး ချန်ချန်စုခဲ့တာကိုး
တလှေတည်း စီး
တခရီးတည်း သွားခဲ့
လှော်ခဲ့ခတ်ခဲ့ရတာတွေ
ကမ်းခြေ ဖွေးဖွေး
လေနုအေးအေးလေးတော့
ကြုံရချည်သေးရဲ့လို့ တွေးရင်း
သားကြီးကို မျှော်နေမှာ
အသေအချာပေါ့
သားငယ်ရောက်လို့ 
သားကြီးကို အစားထိုးတယ် ဆိုပေမယ့်
မေမေ သိပါတယ်
သားငယ်ကို ချစ်တာက ချစ်တာ
သားကြီးကို ချစ်တာက ချစ်တာ
တူမှ မတူတာ
ခု ပိုလို့ တောင်သတိရသေး
မျှော်သေး
တလျှောက်လုံး
ပင်ပန်းကြီးစွာရုန်းခဲ့ကြရတာ မဟုတ်လား
မေမေ အမျှော်ကြီး မျှော်နေတုန်း
ညီလေး ပြန်ရောက်လာတယ် ကြားလို့ 
ဗြုန်းဆို အိမ်ပြန်ရောက်လာတော့
မေမေလေ
အံ့လည်းသြ ၀မ်းလည်းသာ
တုန်လို့ ဆို့နင့်လို့ 
ခဏ တဖြုတ်
မေမေနဲ့အတူနေ
စားသောက်
မေမေကလည်း မျက်စေ့အောက်က ပျောက်သွားမှာ
စိုးနေတဲ့ အချိန်
ဘာတတ်နိုင်မှာလည်း
မေမေရယ်
ခွဲခဲ့ရဦးမယ်
ချန်ထားခဲ့ရဦးတော့မယ်
ကလေး ဘဝကတည်းက
ကျောင်းပြီးရင်း ကျောင်းတက်
မိဘ ကူနဲ့လုပ်လာလိုက်တာ
မိသားစု စိုက်ခဲ့သမျှ
ရိတ်သိမ်းရတော့မယ့် အချိန်
ဂျီးတော် နွားက ကျောင်းမှ ဖြစ်မှာမို့ 
တား မရမယ့် သားကို
ခွင့်လွှတ်ပါ မေမေရယ်
အေးအေး ဆေးဆေး တနေ့ 
မကြာတော့ပါဘူးရယ်လို့ 
လေးတွဲ့ တွဲ့ ခြေလှမ်းများနဲ့
ဝေးရွေ့  ဝေးရွေ့  ဝေးရာ ဝေးရာ ။
သြော်
မေမေ ရယ်
အခု ချိန်အထိ
သားကို စောင့်နေတုန်းပါလား
တွေးရင်း အောက်နုတ်ခမ်းကို
ဖိကိုက်ထားလိုက်မိတယ်
“ကိုကိုလာမှ မေမေ့ကိုထုတ်မယ် ဆိုပြီး စောင့်နေတာ”
“ရောက်မှ လာပါ့မလားလို့ စိတ်ပူရင်းနဲ့ပဲ စောင့်နေတာ” လို့ 
တည်တည် ငြိမ်ငြိမ်နဲ့ နုတ်ဆက်နေတဲ့
ညီလေးကို ငေးကြည့်နေရင်း
အိမ်မှာ အငယ်ဆုံး ကလေးလိုပဲ ထင်ပြီးတော့
ဆူလိုက် ငေါက်လိုက်နဲ့ လုပ်ခဲ့တာတွေဆီကို
ပြန်ရောက်သွားတယ်
လွန်ခဲ့တဲ့ နှစ်နှစ်က
ဖေဖေ့ ဈာပန
အခု ဒီညီလေး တယောက်တည်း
မေမေ့ ဈာပနကို ဦးစီးပြီးတော့နေတယ်
တကယ့် လူကြီးတယောက်လို
ဖေဖေရော မေမေရော
မရှိတော့တဲ့ နောက်
နှစ်ကောင်ကြွက်
တယောက် တနေရာစီ
တကောင်ကြွက်ဆီမှာ
တကောင်ကြွက် ညီလေးက အိမ်ရှင်
တကောင်ကြွက် အကိုက ဧည့်သည်
ဧည့်သည်မှ ဘွားကနဲ
ကိုယ်ထင်ပြလာတဲ့ ဧည့်သည်
အတွေးတွေကို လက်စသတ်ရင်းနဲ့
အအေးတိုက်ထဲ ကနေ
မေမေ့ကို ထုတ်
အလောင်းစင်မှာ ပြင်ဆင်
မေမေ့ မျက်နှာကို
တစိမ့်စိမ့် ကြည့်နေမိတယ်
နှလုံးရောဂါသည် မေမေ
ခွဲစိတ်ပြီးလို့ ပြန်ကောင်းလာတယ်ဆိုပေမယ့်
စိတ်ပူစရာရှိရင်
သူများထက် ပူတတ်တဲ့ မေမေ
သားအတွက် စိုးရိမ်စိတ်တွေ
တထိပ်ထိပ်နဲ့
မျှော်နေမယ့် မေမေ
မျှော်ကိုး မျှော်ရိပ်တွေ
ခုထိ ထင်းနေတုန်း
မေမေ့ နောက်ဆုံးခံစားချက်
နောက်ဆုံး အတွေးတွေကို
အေးခဲပြီး သိမ်းထားတာ ထင်ပါတယ်
ကျနော့် ဖက်ပြီး
ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့
ဝမ်းကွဲ အစ်မတွေ ညီမတွေ
ခပ်လှမ်းလှမ်းကနေ
အသံတိတ်
စိတ်ထိခိုက်နေကြ
ကရုဏာ သက်နေကြသူတချို့
ကျနော် ငိုရမလား
ငိုနေတာလား
တခုခု စဉ်းစားနေတာလား
မျက်ရည် မကျဘူး
တည်ငြိမ်ရင့်ကျက်နေတာလား
တရားသံဝေဂ ယူနေတာလား
မဟုတ်ဘူး
မဟုတ်ဘူး
ဘာမှ မဟုတ်ဘူး
ငိုလို့ မရတာ
ငိုရမယ်ဆိုတာ မေ့နေတာ
အသိ မဲ့နေတာ
ဝိဥာဉ် မဲ့နေတာ
ရုပ်နဲ့နာမ် မကပ်တာ
စိတ်ထဲမှာ ကျိတ်ပြီး
အသံတိတ် ပူဆွေးနေတာက
သောက
ရှိုက်ကြီး တငင် ငိုကြွေးဟစ်အော် ပူဆွေးနေတာက
ပရိဒေဝ
ငို လို့မရတော့လောက်အောင်
လောင်ကျွမ်းပြီး မှင်သက် ကြောင်တက်နေတာက
ဥပါယာသ တဲ့
လက်မောင်းကို လာကိုင်ပြီး
“ကိုကို ကန်တော့ ကြရအောင်” လို့ 
ညီလေးက ပြောမှ
ညီအကို နှစ်ယောက်
လက်အုပ်ချီပြီး
မေမေ့ အလောင်းကို
ကန်တော့
“သားကို ခွင့်လွှတ်ပါ မေမေရယ်”
အားပေး နှစ်သိမ့် နုတ်ဆက်သူ တချို့ကို
အသိအမှတ်ပြုရုံ
ပြန်ပြုံးပြရမယ် ဆိုတဲ့
ဗီဇ အသိနဲ့
အသိမဲ့ တုံ့ပြန်














“ပြန်ကြရအောင်” တဲ့
လက်မောင်းကို ကိုင်ထားရင်းနဲ့
သတိပေးလိုက်တဲ့ အသံတသံ
ဟုတ်တယ်
ပြန်ရဦးမယ်လေ
သူတို့ သဘောကို ကိုယ်က ဆောင်နေရတာကိုး



















မကြာခင် မေမေ့ကို
မီးသဂြိုလ်တဲ့ အခန်းထဲ ထည့်ကြတော့မယ်
ချစ်သူ ခင်သူတွေနဲ့
ဘ၀ ခြားသွားတော့မယ့် အသံ
ဂျိုင်းကနဲ ဆိုတဲ့ အသံ
မကြားရက်တော့
မကြားဝံ့တော့
မကြားလိုတော့
မေမေ
ဘ၀ တလျှောက်လုံး
တောက်တဲ့ ဖားယား
ရုန်းကန် ကျွေးမွေးခဲ့တဲ့ မေမေ
ခုတော့
တဘ၀တာ အမောတွေ
ရပ်သွားပြီပေါ့
ဒီခရီးဟာ
အားလုံး သွားရမယ့် ခရီးပါ
သားလည်း သွားရမှာပါ
ဒီနေရာ
သားလည်း လာရမယ့် နေရာပါ
မေမေဟာ
ဒီကို မလာခင်
ဒီနေရာကို မရောက်ခင်
မေမေ့ မိသားစု
မေမေ့ ပတ်ဝန်းကျင်လေးကို
စွမ်းနိုင်သမျှ အကျိုးပြုခဲ့ပြီပဲ
ပိုအရေးကြီးတာက
မေမေဟာ ရှင်သန်နေတဲ့ အခိုက်မှာ
ဘယ်သူ့ကိုမှ မျက်ရည် ကြီးငယ် မကျစေခဲ့ဘူးလေ
ဒါပါပဲ
သားတို့လည်း စွတ်စိုနေတဲ့
မျက်ရည်တွေကို သုတ်ပေးဖို့ 
မျက်ဝန်းတွေ လင်းလက်စေဖို့ 
ကိုယ့်ကိုယ်ကို လောင်ကျွမ်းခံနေကြတာပါ
မေမေရယ်
“မေမေ အဲဒီမှာ ရပ်နေ သားလာခဲ့မယ်” လို့ အော်ရင်း
တောက်တောက် တောက်တောက်နဲ့ ပြေးကြိုခဲ့တဲ့သား
ပျော်ပျော်ပါးပါး
အတူတူ သွားနေကြရာကနေ
ခွဲထွက်သွားတဲ့သား
အခု
မေမေ ရပ်သွားပြီလေ
ရပ်နေပြီ
သား သွားမယ် မေမေ လိုက်ခဲ့မယ်ဆိုတဲ့ မေမေရေ
သွားနှင့်တော့
သွားနှင့်ဦးတော့
သား လိုက်လာခဲ့မှာပါ။


ကိုကိုကြီး


နန္ဒထွန်းဖေ့စ်ဘွတ်မှ....

ယနေ့ ၁၈.၁၂.၁၁ မှာကျရောက်သော နှစ် ၅၀ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် ကျောင်းသားတယောက်ရဲ့ ပေးဆပ်ရဲတဲ့ ဘ၀ဆိုတာကို မျိုးဆက်သစ်ကျောင်းသားတွေ ကိုလက်ဆင့်ကမ်းနိုင်ပါစေ။
" ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးအား ချက်ချင်းလွှတ်ပေးပါ "

သားလိမ်မာ။
88 Gen Student Leader Ko Ko Gyi's 48th Birthday Tribute