Wednesday, December 21, 2011

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် ဇာတ်ကားပေါင်း ၁၈၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်





လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival) သို့ မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်သည့် ရုပ်ရှင်ကားပေါင်း ၁၈၀ ရှိသော်လည်း ပြည်ပနိုင်ငံများမှ ပေးပို့ယှဉ်ပြိုင်သောဇာတ်ကားများမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာတိုက်ကြီးမှ ဆက်သွယ်ရေးစည်းကမ်းစနစ်နှင့် အင်တာနက်ကွန်နက်ရှင်တို့ကြောင့် ပြိုင်ပွဲမှ ပယ်ဖျက်ရရန်အခြေအနေ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။


“စာတိုက်ကနေတစ်ဆင့်ပို့တာတွေက ဒီဗီဒီတွေဖြစ်နေတဲ့အတွက် ဆင်ဆာကနေတစ်ဆင့်ထုတ်ယူဖို့ စာတိုက်ကြီးက အကြောင်းကြားတယ် ၊ဆင်ဆာကို ဖြတ်နေရင် တစ်လလောက်ကြာမှာမို့ဒီကားတွေက အဆင်မပြေဘူး။ နောက်ပြီး ကိုသူရ စာနယ်ဇင်းရှုင်းလင်းပွဲမှာ ပြောသွားခဲ့တဲ့ အွန်လိုင်းမှာ ၁၆ ကားလောက်ရောက်နေပြီဆိုတာအပြင် နောက်ထပ်ထပ်ပို့ထားတာတွေ ရှိနေပေမယ့် မြန်မာပြည်ကွန်နက်ရှင်အနေအရ ဒေါင်းလော့ဒ်ဆွဲဖို့အဆင်မပြေဘူး။ ဒါကြောင့် ပြည်ပအနေနဲ့က လူကြုံနဲ့ထည့်ပေးလိုက်တဲ့ ဇာတ်ကားလောက်ပဲပါတော့မယ်” ဟု ရုပ်ရှင်ပွဲတော်မှအကဲဖြတ် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။


လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်သို့ ပေးပို့ယှဉ်ပြိုင်သည့် ဇာတ်လမ်းများမှာ ဇန်န၀ါရီလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပပြသမည့် ရုပ်ရှင်ပွဲတော်အတွက် အလွန်များပြားသည့်ပမာဏဖြစ်နေပြီး ပြိုင်ပွဲကပေးထားတဲ့ Theme အား ဖေါ်ပြနိုင်မှုနှင့် အရည်အသွေးပေါ်ကို အကဲဖြတ်အဖွဲ့မှ ကိုသူရ (ခ) ဇာဂနာနှင့် မင်းထင်ကိုကိုကြီးတို့က ပထမအဆင့်အနေဖြင့် ရွေးချယ်ကာ ပြပွဲအတွက်ပြသသွားမည်ဖြစ်သည်။

ထိုမှပြပွဲအပြီး ဒုတိယအဆင့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အကဲဖြတ်အဖွဲ့ဝင်နှစ်ဦးမှ ရွေးချယ်အကဲဖြတ်ပြီး Best Shoot ဆု၊ Bes tDocumentary ဆု၊ Audience Choice ဆုအပြင် အခြားခေါင်းစဉ်တစ်ခုဖြင့် ဆုတစ်ခုလည်းရှိကြောင်း သိရသည်။

ထိုပြိုင်ပွဲအတွက် မောင်မောင်ဦး(စနိုးဝှိုက်)၊ ကိုပေါက်၊ ၀ိုင်း စသည့်နာမည်ကြီး ဒါရိုက်တာအများအပြားပါဝင်ရိုက်ကူးယှဉ်ပြိုင် ထားကြပြီး ဇာတ်ကား ၁၈၀ ကို ပထမအဆင့်စီစစ်ရွေးချယ်ပြီးပါက ဒီဇင်ဘာ ၃၁ ရက် ညနေတွင်  တော်ဝင်စင်တာ ၇ ထပ်တွင်းကျင်းပမည့်  ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအား ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများမှ တက်ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ထို့နောက် ဇန်န၀ါရီ ၁ ရက်မှ ၃ ရက်အထိ ပထမအဆင့်ရွေးချယ်ခံရသည့် ရုပ်ရှင်များကို တော်ဝင်စင်တာရှိ ရုပ်ရှင်ရုံ ၃ ရုံ၌ပြသကာ ဇန်န၀ါရီ ၄ ရက်တွင် ဆုပေးပွဲ ကျင်းပသွားမည်ဖြစ်သည်။ ထိုအတွက် ယခုအချိန်အထိ ရုပ်ရှင်အစည်းအရုံးဆင်ဆာဋ္ဌာနမှ တစ်စုံတစ်ရာ တားမြစ်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်(The Art of Freedom Film Festival)မှာ လွတ်လပ်ခြင်းအပေါ်ဖွင့်ဆိုမှုကို အခြေခံ၍ရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇတ်ကားများမှတစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏ အနှစ်သာရအတွေးအခေါ်အယူအဆများ ပျံ့နှံ့စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ရုပ်ရှင်ပွဲတော်တွင် ဆုရရှိသူများအား ဒေါ်အောင်ဆန်းစုကြည်မှ ဆုချီးမြှင့်သွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ New York Institute ၏ကမ်းလှမ်းချက်ဖြင့် အဆိုပါတက္ကသိုလ်တွင် ရုပ်ရှင်သင်တန်း သုံးလ သင်ယူခွင့်ရမည်ဖြစ်သည်။

by 7Day News Journal

စင်္ကာပူက ငွေလွှဲသူ မြန်မာအမျိုးသမီးတဦး သိန်းထောင်ပေါင်းများစွာ ခိုးယူထွက်ပြေး

မိုးမခအထောက်တော်၊ စင်္ကာပူ၊ ဒီဇင်ဘာ၊ ၂၂၊ ၂၀၁၁
စင်္ကာပူနိုင်ငံ၊ ပင်နဆူလာပလာဇာမှာ ဖွင့်လှစ်ထားတဲ့ "ရွှေရတနာ" မြန်မာဆိုင်ပိုင်ရှင်အမျိုးသမီးက ငွေလွှဲဖို့ အများက အပ်ထားတဲ့ ငွေ ယူအက်စ်ဒေါ်လာ ၄ သန်းမှ ၅ သန်းဖိုးကြားကို ခိုးယူပြီး အင်္ဂလန်နိုင်ငံသို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ စင်္ကာပူမှာသာမက မြန်မာပြည်က လွှဲငွေများအပါအ၀င်ဖြစ်တာကြောင့် ရန်ကုန်က (ရွှေရတနာ) ရုံးခန်းကို အစိုးရက ချိတ်ပိတ်လိုက်ပြီလို့ ဆိုပါတယ်။
ငွေလွှဲက မိမိအကျိုးအတွက်အလွဲသုံးစားပြီး လိမ်ညာခိုးယူထွက်ပြေးတဲ့အကြောင်း စင်္ကာပူရဲကို တိုင်ကြားတဲ့အတွက် စင်္ကာပူရဲက သူ့မှတ်ပုံတင်နဲ့ လိုက်ရာမှာ အင်္ဂလန်ကို ထွက်သွားတဲ့အကြောင်း၊ လန်ဒန်မှာ တည်းခိုနေတဲ့ ဟိုတယ်လိပ်စာကို ထုတ်ဖော်နိုင်တဲ့အကြောင်း ၊ ဟိုတယ်မှာ ဖမ်းဆီးရမိပြီ ဖြစ်တဲ့အကြောင်း စင်္ကာပူက မြန်မာများအသိုင်းအ၀ိုင်းမှာ သတင်းဖြစ်နေပါတယ်။ အတည်ပြုချက်မရသေးပါဘူး။
"လူမိပြီး ပိုက်ဆံတွေ မဖမ်းမိရင်တော့၊ ငွေတွေအားလုံး လူတွေ ဆုံးကြမှာပဲ။ ပင်နဆူလာမှာ ဆူနာမိဝင်တိုက်လိုက်သလိုပဲလို့ ပြောနေကြတယ်။ မြန်မာပြည်ကို ပိုက်ဆံပို့တဲ့ စနစ်ကလည်း တရားမ၀င် Hondi နဲ့ ငွေလွှဲနေကြရတာဆိုတော့ ဘယ်လိုနည်းနဲ့မှ လုံခြုံမှုတွေ၊ အာမခံတွေ မရှိဘူးလေ။"
လို့ မြန်မာစင်္ကာပူနိုင်ငံသားတဦးက မိုးမခကို ပြောပြပါတယ်။
အဆိုပါအမျိုးသမီးကိုယ်တိုင်က ၂၀၀၅ ခုနှစ်မှာ (ရွှေမန္တလေး) အမည်နဲ့ မြန်မာဆိုင်တဆိုင် ဖွင့်ပြီး လွှဲငွေတွေကို အပိုင်စီးပြီး ထွက်ပြေးခဲ့ဘူးတယ်။ အဲသည်တုန်းက စင်္ကာပူအစိုးရကို တိုင်တာ တောတာတွေ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ အခု (ရွှေရတနာ) အမည်နဲ့ ဆိုင်သစ်တခု ပြန်လာဖွင့်တာ ၂ နှစ်လောက်ပဲ ရှိသေးကြောင်း၊ ယခု (ရွှေရတနာ) ဆိုင်ကို ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းသည်က ဟန်မပျက်ဖွင့်ထားတာ မနေ့ကအထိ ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးရဲ့ ဆွေမျိုးတွေကလည်း မန္တလေးမြို့က ဖြစ်ကြောင်း၊ မြန်မာပြည်က အစိုးရအသိုင်းအ၀ိုင်းထဲက အကောင်ကြီးကြီးတကောင်ရဲ့ ငွေတွေပါသွားလို့ အမှုမှာ လူသိရှင်ကြားဖြစ်ရတယ်လို့ မိုးမခမိတ်ဆွေတဦးက ဖြေကြားပါတယ်။
ဆိုင်လိပ်စာက အောက်ပါအတိုင်းဖြစ်တာကို အင်တာနက်မှာ တွေ့ရပါတယ်။
SHWE YADANAR TRADING PTE LTD, #03-52, Peninsula Plaza, Tel : 6337 0891

http://moemaka.blogspot.com/2011/12/burmese-hondi-run-away-with-us-4-5-m.html

Thee four Thee Reunion Show

Western Park Royal, Yangon


http://vimeo.com/33635631
http://gossip.myanmarcelebrity.com

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို တဦးတည်းကူညီမည့် ဂျော့ဆိုရော့စ် မြန်မာပြည်လာမည်


by General Knowledge on Wednesday, December 21, 2011 at 1:22pm
သစ်ထူးလွင်
 

သူကြွယ်တစ်ဦးဖြစ်သည့် ဂျော့ဆိုရော့စ်

ရုပ်ရှင်လုပ်ငန်းဆိုင်ရာ ပညာရပ်များ လေ့လာရန် ဒါရိုက်တာ လူရွှင်တော် ဦးဇာဂနာဦးဆောင်သည့် အဖွဲ့ဝင်များသည် ပြည်ပနိုင်ငံများသို့ ၁၆-၁၂-၂၀၁၁ ရက်တွင် လေ့လာရေး ခရီးစတင်ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ လေ့လာရေးခရီးတွင် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်၍ ရုပ်ရှင်စတူဒီယိုများ ရုပ်သံသတင်းဌာန များအား လေ့လာမည်ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာများနှင့်လည်း တွေ့ဆုံဆွေးနွေးမေးမြန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် အတွက်သွားတာပါ။ ဒီလိုသွားရင်း ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိရိုက်ကူးရန် အတွက်ပါ ရုပ်ရှင်စတူဒီယိုတွေနဲ့ ပတ်သက်တာတွေ လေ့လာသွားမှာပါ။ ကမ္ဘောဒီးယားမှာ မှတ်တမ်းရုပ်ရှင်ဇာတ်ကား ဘယ်လိုရိုက်လဲ ဆိုတာ သင်တန်းပို့ချတဲ့ Metal Film School ရှိတယ်၊ အဲဒီကို သွားလေ့လာမယ်။ မြန်မာပြည်ကိုလာဖို့လဲ ဖိတ်ခေါ်မယ်”  ဟု ဦးဇာဂနာက ပြောသည်။

ထို့ပြင် ရုပ်ရှင်သင်တန်း ပို့ချမှုနှင့် ပတ်သက်၍ အမေရိက၊ ပြင်သစ်၊ ဂျာမနီရှိ ပညာရှင်များမှာ ဒီဇင်ဘာလကုန်မှ စ၍ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည့် လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်အား ၂၀၁၂ ဇန်နဝါရီလ ၂ ရက်မှ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသူများအား New York Film Institute တွင် (၃) လကြာ ရုပ်ရှင်သင်တန်း တက်ရောက်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ ဇာတ်လမ်းရိုက်ကူးရန် ပြည်တွင်းရှိ အကြီးအကဲများနှင့် အနုပညာရှင်များ၏ ဝိုင်းဝန်းကူညီမှုများ အပါအဝင် ပြည်ပနိုင်ငံရှိ ဟန်ဂေရီဖွား ဂျူးလူမျိုး အမေရိကန် ရင်းနှီးမြှုပ်နှံသူ သူကြွယ်တစ်ဦးဖြစ်သည့် ဂျော့ဆိုရော့စ်က ဗိုလ်ချုပ်ဇာတ်လမ်းအတွက် တစ်ဦးတည်း ငွေကြေးထောက်ပံ့ရန် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ မည်ဖြစ်ကြောင်း  ပြည်မြန်မာ သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။


လာမည့် ပညာသင်နှစ်မှ စတင်ကာ ၀ိဇ္ဇာ၊ သိပ္ပံနှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အားလုံး ပညာသင်နှစ်တစ်နှစ် ထပ်တိုးမည်


Wednesday, 21 December 2011 13:22

လာမည့် ပညာသင်နှစ်မှ စတင်ကာ ၀ိဇ္ဇာ၊ သိပ္ပံနှင့် အသက်မွေးဝမ်း ကျောင်းတက္ကသိုလ် အားလုံးတွင် ပညာသင်နှစ် တစ်နှစ်ထပ်မံတိုးချဲ့ကာ သင်ကြားသွားရမည် ဖြစ်သည် ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဒီဇင်ဘာလ ၁၆ ရက် နေ့က နည်းပညာတက္ကသိုလ် (လားရှိုး) တွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြောကြားခဲ့ပါသည်။

စက်မှုနိုင်ငံတည်ထောင်မည်ဆိုလျှင် နည်းပညာရှင်များ၏ အရည်အသွေး ပြည့်ဝမှုအပေါ်တွင် များစွာ အခြေခံနေသည်ကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံ တွင် စက်မှုကဏ္ဍ ဖွံ့ဖြိုးလာစေရန်နည်း ပညာရှင် အရေအတွက်များစွာ မွေးထုတ်ပေးရဦးမည် ဖြစ်ခြင်းတို့ကြောင့် လာမည့် ပညာသင်နှစ်မှစ၍သိပ္ပံ၊ ၀ိဇ္ဇာဘာသာရပ်များအား ပညာသင်နှစ်ထပ်တိုးပြီး သင်ကြားတော့မည် ဖြစ်သည့်အပြင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင်လည်း ပညာသင်ကာလ အလားတူ ထပ်တိုး၍ သင်ကြားစေတော့မည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးတွင် ဒုတိယသမ္မတက ထည့်သွင်း ပြောကြားခဲ့ပါသည်။

အခြေခံ ပညာသင်နှစ်များကို မူလရှိရင်းစွဲ စာသင်နှစ်များထက် တစ်နှစ်ထပ်မံတိုးချဲ့ခြင်းမှာ အာဆီယံ အဆင့်နှင့်အညီ ပြုလုပ်ခြင်းအပြင် နိုင်ငံတကာပညာရေးနှင့် တစ်ပြေးညီ အဆင့်ရှိသွားစေနိုင်သည်ကို ရန်ကုန် ပညာရေးတက္ကသိုလ်မှ အငြိမ်းစား ဒုတိယပါမောက္ခချုပ်က ပြောကြားခဲ့ သည်။

ထို့ပြင် နည်းပညာတက္ကသိုလ် များတွင်လည်း စာသင်နှစ်ဝက်ဆုံး စာမေးပွဲစစ်ဆေးရာတွင် ယခင်နှစ်များကနှင့်မတူ ကျရှုံးသည့်ကျောင်းသား ဦးရေများစွာရှိခဲ့ကြောင်း နည်းပညာ တက္ကသိုလ် ကျောင်းသားအချို့ကပြော ကြားခဲ့ကြသည်။

“ဒီနှစ်သမီးတို့ civil ဘာသာ မှာဆိုလူ ၁၃၀၀ ဖြေရင် ၈၀၀ ကျော် လောက်ပဲအောင်တယ်။ ဒီနှစ်မှာ အရမ်းကျတယ်။ ဆရာမတွေက နှစ်စကတုန်းကတည်းကတော့ ပြောထားပြီးသား။ ဒီနှစ်မှာ အရေအတွက် ကို ဦးစားမပေးဘဲ အရည်အသွေးကို ဦးစားပေးစိစစ်မယ်လို့ ပြောထားတယ်” ဟု နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတစ်ဦးက ပြောကြားခဲ့ပါ သည်။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=11579:2011-12-21-07-00-05&catid=42:2009-11-10-07-36-59&Itemid=112

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေး ပဏာမဆွေးနွေး

အင်္ဂါ, 20 ဒီဇင်ဘာ 2011

By မသင်းသီရိ
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးရေးကိစ္စအတွက် ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးကော်မတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလ ၂၀ ရက်၊ အင်္ဂါနေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဇာတ်ညွန်းရေးဖို့ အပါအဝင် ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်မယ့် ဇာတ်ဆောင်ကို ရွေးချယ်ရေးကိစ္စတွေ၊ ရိုက်ကူးရေး နည်းပညာပိုင်းဆိုင်ရာတွေကို ပဏာမ ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဇာတ်ကားဖြစ်မြောက်ရေး ပါဝင်လုပ်ဆောင်နေကြသူတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ဖွဲ့စည်းလိုက်တဲ့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာ၂၀ ရက်၊ အင်္ဂါနေ့ နေ့လည်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ခဲ့ကြတာပါ။

ကော်မတီအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကြောင်းတွေကို ပြည့်ပြည့်စုံစုံ သိရအောင် စာအုပ်စာပေတွေထဲမှာသာမက သမိုင်းပညာရှင်တွေရဲ့ အချက်အလက်စုဆောင်းပေးမှုတွေကိုလည်း လေ့လာနေပြီး ဇာတ်ညွန်းရေးနိုင်ဖို့ စီစဉ်နေကြတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကား ဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။

ဒီလိုဇာတ်ညွန်းကိစ္စအပြင် ဗိုလ်ချုပ်နဲ့ဒေါ်ခင်ကြည်တို့ နေရာကနေ သရုပ်ဆောင်ဖို့ ရွေးချယ်ရမယ့် မျက်နှာသစ်သရုပ်ဆောင်ကိစ္စတွေ အတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားဖြစ်မြောက်ရေးကော်မတီက ပြန်ကြားရေးတာဝန်ခံ ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင် ကပြောပါတယ်။

“ဇာတ်ညွှန်းအတွက်ကို ဗိုလ်ချုပ်ရဲ့သမိုင်းကြောင်း၊ ကော်မတီဝင်တွေအားလုံးသိဖို့လိုတယ်ဆိုပြီးတော့ သမိုင်းကြောင်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ ဝယ်လို့ရတဲ့စာအုပ်တွေရော၊ ဝယ်လို့မရတဲ့ ပုံနှိပ်ပေါ်ကို မရောက်လာတဲ့ တကယ့် ဗိုလ်ချုပ်ရဲ့အကြောင်း အတ္ထုပ္ပတ္တိကို သမိုင်းပညာရှင်များအနေနဲ့ ရှာပေးတယ်။ ရှာပေးပြီးတဲ့အခါမှာ မိတ္တူဆွဲပြီးတော့ ကော်ပီတွေ တယောက်တအုပ်ယူကြတယ်။ တယောက်တအုပ်ယူပြီးတဲ့အခါမှာ ကိုယ့်အိုင်ဒီယာနဲ့ကိုယ် gist (အကျဉ်းချုပ်) တွေ ထုတ်ရမယ်။ ထုတ်ပြီးတော့ ဆွေးနွေးရမယ်။ ဆွေးနွေးပြီးတဲ့အခါမှာ ဇာတ်ညွှန်းပေါ့လေ- အကြိမ်ကြိမ်ရေးမှတ်မယ်လို့ ဆုံးဖြတ်ထားကြတယ်။ ဆုံးဖြတ်ပြီးတော့ ဒီနေ့တွေ့တဲ့အခါမှာ အန်တီစုကို အဲဒီအကြောင်း ပြောပြတယ်။ ပြောပြပြီးတဲ့အခါမှာ အန်တီစုက သရုပ်ဆောင်ကိုစိတ်ပူတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနေရာက သရုပ်ဆောင်က မျက်နှာသစ်ဖြစ်မယ်၊ ဒေါ်ခင်ကြည်နေရာကလည်း မျက်နှာသစ်ဖြစ်မယ်။ မျက်နှာသစ် ၂ ယောက်က လုပ်နိုင်ဖို့အတွက်ပေါ့လေ၊ ကြိုတင်ပြီးတော့ ရှာထားဖို့ရယ်၊ ဗိုလ်ချုပ်အောင်ဆန်းနေရာက သရုပ်ဆောင်မယ့်သူကို သေချာ train လုပ်ဖို့ရယ်ကို အန်တီစုက စိတ်ပူတဲ့အတွက်ကြောင့်မို့လို့ ဇာတ်ညွှန်းမပီးခင်၊ ဇာတ်ညွှန်းစပြီးတော့ အကောင်အထည်ဖော်နေတဲ့အချိန်မှာကိုပဲ သရုပ်ဆောင်လေ့ကျင့်မှုအပိုင်းကို လုပ်စေချင်တဲ့အကြောင်း ပြောတယ်”

ဇာတ်ကားရိုက်ကူးရေးအတွက် ရုပ်ရှင်သရုပ်ဆောင် ကျော်သူက သူတို့ပိုင်တဲ့ အမျိုးသားရုပ်ရှင်ကို လုပ်ငန်းတွေနဲ့ ရိုက်ကူးရေးအတွက် လှူဒါန်းခဲ့သလို ဇာတ်ကားအတွက် လိုအပ်မယ့် နိုင်ငံခြားဆီက နည်းပညာပိုင်းဆိုင်ရာတွေ ကိစ္စတွေအတွက်လည်း တိုင်ပင်ခဲ့ကြပါတယ်။

“ဦးကျော်သူပေါ့လေ။ ဦးကျော်သူက သူတို့ရဲ့အမျိုးသားရုပ်ရှင်ကို ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရိုက်ကူးရေးအတွက် သူက လှူတယ်လို့ အန်တီစုကိုပြောတယ်။ ဆွေးနွေးရင်းကနေပြီးတော့မှ ကော်မတီထဲမှာ ဆွေးနွေးကြတာကတော့ ဦးကျော်သူက ဒုတိယဥက္ကဋ္ဌအနေနဲ့ ပါဝင်သွားပြီပေါ့လေ။ ပါဝင်တဲ့သူတွေနဲ့ နောက်တခုက နိုင်ငံခြားပေါ့လေ၊ နိုင်ငံခြားဘက်က အကူအညီလာမယ်ဆိုတဲ့အခါမှာလည်း အင်္ဂလန်နိုင်ငံပါဖြစ်လာမယ်။ ဂျပန်ပါဖြစ်လာမယ်။ဒါကြောင့် အင်္ဂလန်ပြည်က အကူအညီလိုတယ်။ ဂျပန်ပြည်က အကူအညီလိုတယ်။ စက်ပစ္စည်းပိုင်းဆိုင်ရာ အကူအညီဆိုရင်လည်း ကိုယ့်ရဲ့ဘက်က ဘာတွေလိုအပ်လဲ။ လိုအပ်တဲ့အရာကို သေချာပြောပေါ့။ ဟိုဘက်က ကူညီမယ့်အရာတွေကလည်း ဘာတွေကူညီမှာလဲ။ အဲဒါတွေကို နည်းနည်းထပ်ပြီးတော့ ကော်မတီနဲ့ နိုင်ငံခြားဘက်က ကူညီမယ့်သူတွေနဲ့တွေ့ဆုံပြီးတော့မှ ထပ်ပြီးနောက်တဆင့်ဆွေးနွေးရမယ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း အကြမ်းဖျင်းလေးပြောကြတယ်”

ဒါရိုက်တာ ကြည်ဖြူသျှင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့နဲ့ ဇနီးဖြစ်တဲ့ ဒေါ်ခင်ကြည်ရဲ့နေရာတွေအတွက် မျက်နှာသစ် သရုပ်ဆောင်တွေကို မကြာခင် ကြေညာကာ စတင်ရွေးချယ်ဖို့ စီစဉ်နေပြီလို့ ကော်မတီဝင်တဦးဖြစ်တဲ့ ဒါရိုက်တာ ၀ိုင်းက ပြောပါတယ်။ ဘာကြောင့် လက်ရှိ သရုပ်ဆောင်တွေထဲက မရွေးဘဲ မျက်နှာသစ်တင်ကာရိုက်ဖို့ စီစဉ်သလဲဆိုတာနဲ့ပတ်သက်လို့တော့

“လောလောဆယ်လက်ရှိသရုပ်ဆောင်တွေထဲမှာပေါ့နော်-ဗိုလ်ချုပ်အောင်ဆန်းနဲ့ အသွင်သဏ္ဍန်တူတဲ့သူ မရှိပါဘူး။ ၁-အချက်၊ ၂-အချက်က သူနဲ့တော်တော်လေး ရုပ်တူတဲ့သူရွေးပြီးတော့ သူ့ရဲ့လေသံကအစ၊ အပြောအဆိုကအစ တူမှ ဗိုလ်ချုပ်လို့ ကျနော်တို့ ဗမာပြည်သူပြည်သား တွေက လက်ခံပြီး ခံစားနိုင်မယ်၊ ကျနော်တို့အတွက် သင်ရတာက အခက်အခဲရှိသော်ငြားလည်း ကျနော်တို့ တနှစ်လောက်အချိန်ရတဲ့အတွက် သူ့ကို ကျနော်တို့ ဗိုလ်ချုပ်နဲ့တူအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ တပတ် နှစ်ပတ်အတွင်းမှာ ရုံးခန်းလိပ်စာ အတည်တကျဖြစ်ရင် မျက်နှာသစ်သရုပ်ဆောင်ရွေးတာနဲ့ပတ်သက်ပြီး ဂျာနယ်တွေမှာ ဖောင်ပုံစံကိုတင်ပေးပါမယ်။ ဗမာတနိုင်ငံလုံး အတိုင်းအတာနဲ့ရွေးမှာပါ။ အသက်အပိုင်းအခြားလေး ၂၀ ကနေ၊ ၃၀ ကြား ကန့်သတ်ထားတာတခုပဲရှိပါတယ်”

ရုပ်ရှင် ဒါရိုက်တာ ၀ိုင်းပြောပြခဲ့တာပါရှင်။ လာမယ့် ၂၀၁၅ ဟာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ဖြစ်တဲ့အတွက် အဲဒါအမှီ ဗိုလ်ချုပ် အထ္ထုပ္ပတ္တိ ရိုက်ကူးဖို့ မြန်မာ့ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စီစဉ်နေကြတာဖြစ်ပြီး ဒီဇာတ်ကားဖြစ်မြောက်ရေး ကော်မတီရဲ့ နာကယအဖြစ်လည်း ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားတာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/----12_20_11_my-news-burma----135968053.html

မီတာခ တက်ကြောင်းအစိုးရကြေညာ


Wednesday, December 21, 2011  Khet Htan
၂ ဆ တိုးကောက်မယ်၊ တိုးတော့ ကောက်မယ် ဖြည်းဖြည်းချင်း တိုးကောက်မယ် စသဖြင့် သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ လျှပ်စစ်မီတာခကို တကယ်ကောက်တော့မယ်လို့ အစိုးရသတင်းစာမှာ ရေးလိုက်ပါပြီ။




လျှပ်စစ်သုံး​စွဲခနှုန်း​ တိုး​မြှင့်​သည့်​အတွက် အိမ်တွင်း​လုပ်ငန်းများ​ ထိခိုက်
Published on December 21, 2011 by မင်းလွင်

အစိုး​ရက လျှပ်စစ်သုံး​စွဲခနှုန်း​ထား​ တိုး​မြှင့်​လိုက်တာဟာ ​အောက်​ခြေလူတန်း​စား​နဲ့​ အိမ်တွင်း​စီး​ပွား​ရေး​လုပ်ငန်း​တွေကို အများ​ဆုံး​ ထိခိုက်နိုင်တယ်လို့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေက ​ပြောပါတယ်။

နိုင်ငံပိုင် သတင်း​စာ​တွေက​နေ ဇန်နဝါရီလကစပြီး​ လျှပ်စစ်မီတာ သုံး​စွဲခနှုန်း​ထား​ကို စီး​ပွား​ရေး​သုံး​အတွက် ၁ ယူနစ်ကို ၅၀ ကျပ်က​နေ ၇၅ ကျပ်နှုန်း​၊​ အိမ်သုံး​အတွက်ဆိုရင်​တော့​ ၁ ယူနစ်ကို ၂၅ ကျပ်က​နေ ၃၅ ကျပ် တိုး​မြှင့်​မယ်လို့​ ​ကြေညာပါတယ်။

ရာခိုင်နှုန်း​အား​ဖြင့်​ စီး​ပွား​ရေး​သုံး​အတွက် ၅၀ ရာခိုင်နှုန်း​ဖြစ်သွား​ပြီး​တော့​ ​နေအိမ်သုံး​အတွက်ဆိုရင်လည်း​ ၄၀ ရာခိုင်နှုန်း​တိုး​သွား​တာပါ။

စား​သောက်ဆိုင်ဖွင့်​ထား​တဲ့​ လုပ်ငန်း​ရှင်တဦး​က “​အောက်​ခြေလူတန်း​စား​ ထိခိုက်မှာပဲ။ ကွမ်း​ယာဆိုင်၊​ လက်ဖက်ရည်ဆိုင်၊​ စား​သောက်ဆိုင်​တွေက မီး​ထွန်း​ပြီး​သုံး​တာ၊​ မီး​ရောင်ကိုသုံး​တာ မီး​အား​ကိုသုံး​တာမဟုတ်ဘူး​။ သူတို့​ ဆုံး​ဖြတ်တာက မီး​အား​ကိုအသုံး​ပြုတာလို့​ ​ပြောရာက​နေ အခု ပါဝါမီတာ​တွေ တက်တာ​ပေါ့​။ တကယ်တမ်း​ ပါဝါမီတာ​တွေ တက်ရမှာ။ ပါဝါမီတာကျ​တော့​ အဲဒီဟာအတွက်တင် မဟုတ်ဘဲနဲ့​ ကျန်တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​တွေပါ အကုန်လုံး​ချတဲ့​အခါကျ​တော့​ ကွမ်း​ယာဆိုင်၊​ အ​ကြော်ဆိုင်က စပြီး​ ​ကောက်တာ။ မီး​ထွန်း​ရင် စီး​ပွား​ရေး​လုပ်ငန်း​ လုပ်တယ်ဆိုပြီး​ ထွန်း​တာ။ အခုထိမှာ​လေ မနည်း​ဘူး​ တက်သွား​မှာ။

“​နောက်တခု မီတာထိန်း​သိမ်း​ခဆိုတာ ရှိ​သေး​တယ်။ ကိုယ့်​အိမ်ကိုယ် မီတာချိတ်ထား​တာပဲ။ အဲဒီမီတာထိန်း​သိမ်း​ခက တလကို တ​ထောင်ထည့်​ပေး​ရတာ။ တအိမ်​ထောင်ကို တ​ထောင်ဆို​တော့​ ဗမာပြည်မှာ ရှိတဲ့​ အိမ်​ထောင်စု​ပေါင်း​များ​စွာ တွက်ကြည့်​လိုက်ဗျာ၊​ အဲဒါ ဗလာသက်သက်ဝင်တဲ့​ ​ငွေပဲ” လို့​ ​ပြောပါတယ်။

လျှပ်စစ်သုံး​စွဲရာမှာ အဓိကအား​ဖြင့်​ စီး​ပွား​ရေး​သုံး​နဲ့​ အိမ်သုံး​ဆိုပြီး​တော့​ အစိုး​ရက နှစ်မျိုး​ခွဲထား​ပေမယ့်​ အိမ်တွင်း​တနိုင်တပိုင် လုပ်ငန်း​ လုပ်တဲ့​သူ​တွေကိုလည်း​ စီး​ပွား​ရေး​သုံး​ဆိုပြီး​ စက်ရုံကြီး​တွေသုံး​တဲ့​ နှုန်း​ထား​နဲ့​ တတန်း​တည်း​ထား​ပြီး​ သုံး​စွဲခ​ကောက်ခံပါတယ်။

အစိုး​ရလျှပ်စစ်ဌာနကလည်း​ စီး​ပွား​ရေး​လုပ်ငန်း​သုံး​အတွက် ပါဝါမီတာကို သုံး​စွဲသူ အ​ရေအတွက် လိုသ​လောက်ချ​ပေး​ထား​ခြင်း​ မရှိဘူး​လို့​လည်း​ သိရပါတယ်။
http://burmese.dvb.no/archives/19042

http://www.irrawaddyblog.com/2011/12/blog-post_782.html

ရှော့ ဖြစ်သွားတဲ့ ဇာဂနာ


By , on December 21, 2011 3:33 pm

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်လာတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာက မြင်မြင်သမျှ ဆိုသလို သူ့မှာ ရှော့ (အံ့ဘနန်း)ဖြစ် ရတယ်လို့ ပြောလိုက်ပါတယ်။
“လေယာဉ်ကြီးကို တွေ့တဲ့အခါမှာလည်း ကျနော် ရှော့ဖြစ်တယ်၊ နိုင်ငံတကာ လေဆိပ်ကြီးကို မြင်ရတဲ့အခါမှာလည်း ကျနော် ရှော့ဖြစ်သွားတယ်၊ အဆောက်အအုံကြီးတွေ တံတားကြီးတွေ ကောင်းမွန်တဲ့ လမ်းမကြီးတွေကို မြင်ရတဲ့ အခါမှာလည်း ကျနော်ရှော့ ဖြစ်သွားခဲ့တယ်”လို့ ဇာဂနာက ပြောလိုက်တာပါ။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) တွင် သတင်းစာရှင်းလင်းပွဲ လုပ်နေသော ကိုဇာဂနာ (ဓာတ်ပုံ - ဧရာဝတီ)

သူ့ရဲ့ နိုင်ငံရပ်ခြား ပထမ အမြင်ပေါ်မှာ ရှော့ ဖြစ်ရပုံတွေကို တနင်္လာနေ့က ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT)သတင်းစာ ရှင်းလင်းပွဲမှာ ပြောတာပါ။
သူတွေ့မြင်ရတဲ့ ထိုင်း လူငယ်တွေရဲ့မျက်နှာတွေကလည်း ပူပင်ကြောင့်ကျမှုတွေမရှိဘဲ လွတ်လပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိတဲ့ မျက်နှာမျိုးတွေ ဖြစ်တယ်လို့လည်း မှတ်ချက် ပေးပါသေးတယ်။
တချိန်တည်းမှာပဲ မြန်မာပြည်က လူငယ်တွေကိုလည်း သတိရပြီး လူရွှင်တော်ကြီးက စိတ်မကောင်း ဖြစ်မိသွားပုံ ရပါတယ်။
“ကျနော်တို့ တိုင်းပြည်က လူငယ်တွေရဲ့မျက်နှာတွေမှာတော့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ပါ”လို့ သူက ပြောဆို လိုက်ပြီး“ထိုင်းနဲ့ မြန်မာဟာ အိမ်နီးချင်းတွေ ဖြစ်ရဲ့နဲ့ ဘာဖြစ်လို့များ ဒီလောက် ကွာခြားရတာလဲ”လို့လည်း မေးခွန်း ထုတ်သလို ဆိုပါတယ်။
သူက အစိုးရနဲ့ ပတ်သက်တဲ့ ဟာသတခုလည်း ပြောသွားပါသေးတယ်။
အဲဒီ ဟာသ က“ကင်းကောင်ကြီး တကောင်က ကောင်းကင်မှာ ပျံနေတဲ့ လေယာဉ်တွေကို လိုက်ဖမ်းနေတယ်တဲ့၊ အဲဒါကို တရုတ် တို့၊ ရုရှား တို့၊ အမေရိကန်တို့က ခေါင်းဆောင်ကြီးတွေက မဖြေရှင်းနိုင်ဘဲ လက်လျှော့လိုက်ရတယ်တဲ့၊ ဒါပေမယ့် မြန်မာ ခေါင်းဆောင်ကြီးက ခြိမ်းခြောက် ပြောဆိုလိုက်တဲ့ အခါမှာတော့ ကင်းကောင်ကြီးဟာ တခါတည်း ထွက်ပြေး သွားပါလေရောတဲ့၊ မြန်မာ ခေါင်းဆောင်ကြီး ပြောလိုက်တာကတော့ အခုလို လေယာဉ်လိုက်ဖမ်းနေတာ မရပ်ရင် ကြံ့ဖွံ့ ပါတီထဲ ၀င်ရမယ်လို့ ပြောလိုက်တာ” ဆိုတဲ့ ဟာသပါ။
ဇာဂနာ ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက ရုပ်ရှင်ဆိုင်ရာ အစီအစဉ်နဲ့ပတ်သက်ပြီး ဖိတ်ကြားလို့ ပြည်ပကို ထွက်ခွာလာတဲ့ သူ့ရဲ့ ပထမဆုံး အတွေ့အကြုံဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဇာဂနာဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်က ကချင်ပြည်နယ် မြစ်ကြီးနား ထောင် ကနေ ပြန်လွတ်လာတာပါ။ သူ့ကို အစိုးရက ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်း ဒဏ်ခံ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး လုပ်နေတုန်း ဖမ်းပြီး ထောင် ၃၅ နှစ်ချခဲ့တာဖြစ်ပါတယ်။
http://burma.irrawaddy.org/archives/3908

အီတာလျံ-ထိုင်း ကုမ္ပဏီကားများ ပြန်ပေးဆွဲခံရ



By , on December 21, 2011 5:28 pm
တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို တည်ဆောက်နေသည့် အီတာလျံ-ထိုင်း Italian-Thai Development (ITD) ကုမ္ပဏီမှ ကား ၁၆ စီးနှင့် ကားသမားများကို BBKဟု ဆိုသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ယမန်နေ့က ပြန်ပေးဆွဲကြောင်း သိရသည်။


ထားဝယ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း စတင်ရန် ပြင်ဆင်နေသည့် မြင်ကွင်း
ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်ထားသော ကားလမ်းပေါ်တွင် အလုပ်လုပ်နေစဉ် ပြန် ပေးဆွဲခဲ့ခြင်း ဖြစ်သည်။
ပြန်ပေးဆွဲထားသည့် ကားများကို ၆ နာရီခန့် ထိန်းသိမ်းထားပြီး နေ့လယ် ၁၂ နာရီတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ကရင်တိုင်းရင်း သား သတင်းဌာန ကွယ်ကလူမှ အယ်ဒီတာ စောအယ်နာက ဧရာဝတီသို့ ပြောသည်။
“အဲဒီနေ့ မနက်မှာ ပြန်ပေးဆွဲပြီးတော့ နေ့လယ် ၁၂ နာရီမှာ ပြန်လွှတ်ပေးလိုက်တယ်၊ ကားသမားတွေဆီက ဂြိုဟ်တုဖုန်း ၃ လုံးနဲ့ ဘတ်ငွေ ၁၀၀၀၀ သိမ်းယူလိုက်တယ်”ဟု ၎င်းက ဆိုသည်။
BBK လက်နက်ကိုင်အဖွဲ့က ၎င်းတို့၏ ပိုင်နက်အတွင်း၌ အလုပ်သမားများ ကျူးကျော် ၀င်ရောက်ပြီး အလုပ်လုပ်မည်ဆိုလျှင် တဦးကို ဘတ်ငွေ ၁၀၀၀ ပေးဆောင်ရန် သတိပေးခဲ့ကြောင်း စောအယ်နာက ဆက်ပြောသည်။
ယင်းဒေသတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၄ တပ်ဖွဲ့ဝင်များ လှုပ်ရှားနေပြီး ITD ကုမ္ပဏီ က လမ်းဖောက်လုပ် နေခြင်း ဖြစ်သည်။
ITD ကုမ္ပဏီမှ ကားများကို ပြန်ပေးဆွဲခဲ့သော BBK တပ်ဖွဲ့သည် မည်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း မသိရှိရသေးပေ။
KNU ထားဝယ်ခရိုင် ဥက္ကဌ စောကွယ်ထူးဝင်းကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ ITD ကုမ္ပဏီက အကြောင်းကြားထား သော ကြောင့်၊ ၎င်း၏ KNU တပ်ဖွဲ့ဝင်များကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း ITD ကုမ္ပဏီတွင် အလုပ်လုပ်နေသော အလုပ်သမား ၅၀ခန့်သည် အစိုးရတပ်နှင့် KNU တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင်ရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ITD ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံသန့်စင်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အ၀န်းရှိကြောင်း စီမံကိန်း ဆောက်လုပ်ခွင့်ရ ITD ကုမ္ပဏီ၏ မှတ်တမ်းများအရ သိရသည်။
မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကုန်တင် သင်္ဘောကြီး ၂၅ စင်းတပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု သိရသည်။
ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက် ဆိပ် ကမ်း စီမံကိန်း၏ အရေးပါပုံ၊ စီမံကိန်းကြောင့် နိုင်ငံ၏စီးပွားရေး တိုးတက်လာနိုင်ပုံတို့ကို မြန်မာစာနယ်ဇင်းများတွင် ဖော်ပြခဲ့ကြ သည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိပြီး ဆုံးရှုံးနစ်နာမှုများ ရှိလာမည်ကို စိုးရိမ်သောကြောင့် ITD ကုမ္ပဏီ ယာဉ်များ KNUထိန်းချုပ်ဒေသတွင် သွားလာနေခြင်း မပြုလုပ်ရန် ပိတ်ပင်ခဲ့ဖူးသည်။
http://burma.irrawaddy.org/archives/3946


KNU နဲ့ မြန်မာအစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမည်



2011-12-21
လာမယ့် ဇန်န၀ါရီလ ၁၂ ရက်မှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးနိုင်ဖို့ အတွက် ဖားအံမြို့မှာ ဆွေးနွေးဖို့ မယ်လို့ သိရပါတယ်။


Karen Information Centre
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က KNU တပ်မဟာ (၅) နယ်မြေတွင် ကျင်းပသော (၆၁) နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားတွင် တွေ့ရသည့် KNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- ကရင်သတင်းဌာန)
ဒီကနေ့ မနက်ပိုင်းက KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ တွေ့ဆုံ ဆွေးနွေး အပြီး အခုလို ရက်သတ်မှတ်လိုက်တာပါ။ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ တွေ့ဆုံ ဆွေးနွေးပွဲမှာ နှစ်ဘက် အပစ်အခတ် ရပ်စဲပြီးတဲ့နောက် စစ်ရေးအရ အခွင့်အရေး ယူလာတာမျိုးတွေကို ရှောင်ရှားနိုင်အောင် ကြိုးစားဖို့ ဒီကနေ့ ဆွေးနွေးကြတယ်လို့ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောဒေဗစ်ထောက ပြောပါတယ်။ ဒါ့အပြင် နယ်မြေ သတ်သတ်မှတ်မှတ် ပိုင်းခြားရေး၊ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရေးနဲ့ ခရီးသွားလာခွင့် ဆိုင်ရာ ကိစ္စရပ်တွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း အနေနဲ့ လက်နက်ကိုင် ၆ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေကို တာဝန်ယူ ဆောင်ရွက်နေတာ တွေ့ရတယ်လို့ စောဒေးဗစ်ထောက ပြောပါတယ်။ အဲ့ဒီအဖွဲ့တွေ ကတော့ KNU၊ မွန်ပြည်သစ် ပါတီ၊ ပအို့ အဖွဲ့၊ SSA တောင်ပိုင်း၊ KNPP နှင့် CNF ချင်းအဖွဲ့တို့ ဖြစ်ကြပါတယ်။ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ပြောခွင့်ရသူ စောဒေးဗစ်ထောနဲ့ RFA ဦးတင်အောင်ခိုင် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/knu-government-ceasefire-12212011120049.html


မြန်မာရုပ်ရှင်ဆင်ဆာ အဖွဲ့ကို တိုက်ရိုက် ဝေဖန်တဲ့ ဇာတ်လမ်းတစ်ခု အင်တာနက်မှာ ပျံ့နှံ့





2011-12-21
မြန်မာအစိုးရ ရုပ်ရှင် တည်းဖြတ်ရေး ဆင်ဆာအဖွဲ့ အဂတိ လိုက်စားမှုတွေကို ဝေဖန် ထောက်ပြ သရော်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတို တစ်ပုဒ် အခု ရက်ပိုင်းအတွင်း Youtube အင်တာနက် ဗွီဒီယို စာမျက်နှာတွေက တစ်ဆင့် ပျံ့နှံ့ခဲ့ပါတယ်။


Photo: RFA
မြန်မာအစိုးရ ရုပ်ရှင် တည်းဖြတ်ရေး ဆင်ဆာအဖွဲ့ အဂတိ လိုက်စားမှုတွေကို ဝေဖန် ထောက်ပြ သရော်ထားတဲ့ Ban That Scene (အဲဒီ့အခန်းဖြတ်) ရုပ်ရှင်ဇာတ်လမ်းတို၏ ဇာတ်ကားအဖွင့်ပုံ ဖြစ်ပါသည်။
ဒါဟာ မြန်မာ အစိုးရ အဆက်ဆက် သြဇာ အာဏာကြီးတဲ့ ဆင်ဆာအဖွဲ့ကို နှစ်ပေါင်း ၅၀ ကျော်အတွင်း တိုက်ရိုက် ဝေဖန်တဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ရှေ့နှစ်ဆန်း ဇန်န၀ါရီလ ၁ ရက်ကနေ ၄ ရက် အထိ ကျင်းပမယ့် အနုပညာ လွတ်လပ်ခွင့်လို့ အဓိပ္ပါယ်ရတဲ့ Freedom of Art အမည်နဲ့ ကျင်းပမယ့် မှတ်တမ်းနဲ့ ဇာတ်လမ်းတို ရုပ်ရှင် ပြိုင်ပွဲဝင်မှာပါ။ ဒါကြောင့် အဲဒီဇာတ်ကားကို ဆင်ဆာတင်စရာ မလိုကြောင်း၊ ဒါပေမယ့် ဒီဇာတ်ကား အင်တာနက် ယူကျူ့မှာ ဘယ်လို ရောက်သွားရသလဲ ဆိုတာ မသိတဲ့ အကြောင်း၊ အဲဒီ ဇာတ်ကားထဲမှာ ပါဝင် သရုပ်ဆောင်သူ တစ်ဦးဖြစ်တဲ့ လူရွှင်တော် အရိုင်းက ပြောပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားကြောင့် တုံ့ပြန်လာမှာ အားလုံးကို ရင်ဆိုင်မယ်လို့ ကိုအရိုင်းက ပြောပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ ဆင်ဆာအဖွဲ့မှာ အဓိက လုပ်ပိုင်ခွင့်ရှိတဲ့ ဗိုလ်မှူးနဲ့ ဌာနဆိုင်ရာ အရာရှိတချို့က ရုပ်ရှင်တစ်ကားကို ကြည့်ရှု စိစစ်ကြရာမှာ ဆင်းရဲသား ပြကွက်တွေ၊ အမျိုးသမီး ဘောင်းဘီတို ၀တ်တာတွေ၊ ၀န်ထမ်းတွေကို လာဘ်ထိုးတာတွေ၊ ဥပဒေ စိုးမိုးမှု မရှိတာတွေ စတဲ့ အခန်းတွေကို ဆင်ဆာအဖွဲ့ဝင် လူကြီးတွေက စိတ်ဆိုးမာန်ဆိုးနဲ့ ဖြတ်တောက်ခိုင်းနေတာတွေကို ဟာသပုံစံနဲ့ သရော်ထားပါတယ်။ ဇာတ်လမ်းထဲက မီးပျက်တဲ့ ပြကွက်ကို ဆင်ဆာအဖွဲ့ ဦးဆောင် ဗိုလ်မှူးက ဖြတ်တောက်ခိုင်းနေတုန်း ရုံထဲမှာ တကယ်မီးပျက်သွားတဲ့ အခန်းလည်း ပါပါတယ်။ အဲဒီဇာတ်ကားကို ပြည်တွင်းက ဟာသနဲ့ ဇာတ်ရံ အမျိုးသား အမျိုးသမီး သရုပ်ဆောင်တွေ ပါဝင်ထားကြပြီး အင်္ဂလိပ်စာတန်း ထိုးထားပါတယ်။ ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ကိုအရိုင်းကို ဆက်သွယ်ပြီး အာရ်အက်ဖ်အေ ၀ိုင်းတော်သား ကိုခင်မောင်စိုးမင်း စုစည်း တင်ပြထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

http://www.rfa.org/burmese/news/movie-censorship-12212011131750.html

'အဲ့ဒီအခန်းဖြတ်' က ဖြစ်ရပ်မှန်ဟု ဒါရိုက်တာ ဝိုင်း ပြော
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၁ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့ ရုပ်ရှင်ဆင်ဆာဘုတ် အဖွဲ့၏ ရုပ်ရှင်နှင့် ဗီဒီယိုများအပေါ် ဆင်ဆာဖြတ်တောက်မှု အခြေအနေများကို ပထမဆုံး သရုပ်ဖေါ် ရိုက်ကူးထားသည့် “အဲ့ဒီအခန်းဖြတ်” ရုပ်ရှင်ကားတိုသည် တကယ့်
ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားခြင်းဟု ထိုရုပ်ရှင်ကို ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့သူ ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

“အဲဒီထဲမှာ တကယ်အမှန်အကန် အကုန်ပါတာ။ ကျနော် လုပ်ကြံပြီး ရိုက်ထားတာ တခုမှ မပါဘူး။ တကယ့် ဖြစ်ရပ် မှန်တွေပါ။” ဟု ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။ အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ မိမိတို့ ရုပ်ရှင်လောကသားများ ခံစားနေရသည့် ဆင်ဆာဖြတ်တောက်မှုများကို တင်ပြလိုခြင်းဟုလည်း ဒါရိုက်တာ ဝိုင်းက ပြောသည်။

၁၈ မိနစ်ကြာမြင့်သည့် အဆိုပါ ရုပ်ရှင်ကားတွင် ပြန်ကြားရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သာသနာရေး စသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် ရုပ်ရှင်ဆင်ဆာဘုတ် အဖွဲ့သည် ယင်းတို့ ကိုယ်စားပြုသည့် ဝန်ကြီးဌာနကို ထိခိုက်စေမည့် ပြကွက်များ စိစစ်ဖြတ်တောက်ပုံကို သရုပ်ဖေါ် ရိုက်ကူးထားခြင်း ဖြစ်သည်။


ဒါရိုက်တာ ရိုက်ကူးတင်ပြလာသည့် သူတောင်းစား အခန်းကို ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမှ “သူတောင်းစားက အပြင်မှာရှိချင်ရှိမယ် ရုပ်ရှင်ထဲမှာ မရှိရဘူး။ ဒါ နိုင်ငံတော်ကို သိက္ခာချနေတာ။”ဟု ဆိုကာ
ဖြတ်ပစ်သည့် ဇာတ်ဝင်ခန်းကိုလည်း ရိုက်ကူး တင်ပြထားသည်။

ယင်းအပြင် ဝန်ထမ်းများ လာဘ်စားသည်ကို သရော်သည့် ရုပ်ရှင်ဇာတ်ဝင်ခန်း တင်ပြရိုက်ကူး ထားသည်ကိုလည်း
ပြည်ထဲရေး ဝန်ကြီးဌာနမှ ဝန်ထမ်းက “ Good Governance Clean Government လုပ်နေတဲ့အချိန်မှာ အဲဒီ
ပြကွက်တွေ ခွင့်ပြုလိုက်ရင် အကုန်လုံး ကွိုင်တက်ကုန်မှာပေါ့။” ဟုဆိုကာ ဖြတ်ခိုင်းပြန်သည်။

ထိုကဲ့သို့ မိမိတို့ ဖန်တီးထားသည့် အနုပညာကို ဖြတ်တောက်မှုများကြောင့် စိတ်ထိခိုက်ရသည်ဟုလည်း ဒါရိုက်တာဝိုင်းက ပြောသည်။

“တခါတလေကျရင် အသေအလဲ သရုပ်ဆောင်ထားတဲ့ ပြကွက်တွေ ဘာမှန်းမသိဘဲနဲ့ ဖြတ်ခံလိုက်ရတယ်။ ဒီမှာ လုပ်ထားတာက ရင်ဘတ်တွေနဲ့ လုပ်ထားတာ သေရော။ သူတို့တွေက ကျနော်တို့ နှလုံးသားတွေကို ဓါးနဲ့ ဖြတ် လိုက်သလိုပဲ။ အဲဒီအခါကျတော့ သရုပ်ဆောင်တွေမှာလည်း အခက်အခဲ၊ ဒီဘက်က စဉ်းစားပြီးလုပ်ထားတဲ့ ဇာတ်ညွန်းဆရာမှာလည်း အခက်အခဲ၊ ဖန်တီးထားတဲ့ ဒါရိုက်တာမှာလည်း အခက်အခဲ Felling တွေက သွားပြီ
ပေါ့ဗျ။ လူကိုသတ်တာထက် Felling တွေကို သတ်တာ ပိုဆိုးတယ်။” ဟု ဝိုင်းက မဇ္ဈိမကို ပြောသည်။

အဲဒီအခန်းဖြတ် ဇာတ်ကားတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းအဖြစ် သရုပ်ဆောင်ခဲ့သူ သရုပ်ဆောင် ကိုဇော်ဝင်းနိုင်ကလည်း “ကိုယ်ရိုက်တဲ့ အခန်းလေး ဖြတ်တဲ့အထဲ ပါသွားတယ်ကွ ဆိုတာ ကျနော်တို့ ကားတွေ
တော်တော်များများ ခံစားဖူးပါတယ်။ အဲဒါဖြတ်တဲ့အထဲ ပါသွားတယ်ဆို ရင်ထဲမချမ်းသာဘူးလေ။ ဪ ငါတို့ လုပ်ထားတာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတို့ ဘာတခုမှလည်း မစော်ကားဘူး၊ နောက် ဆဲရေးတိုင်းထွာ တာလည်း မဟုတ်ဘူးဗျ။” ဟု မဇ္ဈိမကို ပြောသည်။

ယင်းအပြင် ဆင်ဆာဘုတ်အဖွဲ့သည် ရိုက်ကွက် တခုတည်းကိုပင် ပေးချင်သည့်သူကိုပေးကာ၊ မပေးချင်သည့်သူကို ဆင်ဆာဖြတ်တောက်မှုများ ပြုလုပ်သည်ဟု ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

“အဲဒီအခန်းဖြတ်” ရုပ်ရှင်ဇာတ်လမ်းတိုသည် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ဒါရိုက်တာ ကိုသူရတို့ ဦးဆောင် ကျင်းပသည့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကား ဖြစ်သည်ဟုလည်း သိရသည်။

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကားပေါင်း ၁၈၀ ခန့် လက်ခံရရှိပြီး ဇန်နဝါရီလ ၁၊ ၂၊ ၃ ရက်နေ့များတွင် ရွေးချယ်ကာ လေးရက်နေ့တွင် ဆုပေးပွဲ ကျင်းပမည်ဟုလည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မဇ္ဈိမကို ပြောသည်။

ဆုပေးပွဲအခမ်းအားကို ရန်ကုန်မြို့ တော်ဝင်စင်တာ ဟိုတယ် အထပ် ခုနှစ်တွင် ကျင်းပမည်ဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ ဆုချီးမြှင့်မည်ဟုလည်း သိရသည်။ ဆုကြေးကို ကျပ်ငွေ ၁၀ သိန်း ပေးမည်ဟု သိရသည်။
http://www.mizzimaburmese.com/news/inside-burma/8799-2011-12-21-13-13-50.html

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး ဆောင်ရွက်မှုတွေကို ထိုင်းဝန်ကြီးချုပ် ထောက်ခံ




2011-12-21
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်မှာကို ထိုင်းဝန်ကြီးချုပ်က အားပေး ထောက်ခံကြောင်း ထိုင်းအစိုးရ ပြောခွင့်ရ အမျိုးသမီး Ms. Thitima Chaiisang က ဒီကနေ့ ပြောကြားလိုက်ပါတယ်။


RFA
ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီးနေအိမ်တွင် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ပထမဆုံး အကြိမ် တွေ့ဆုံစဉ်။ (ဓာတ်ပုံ - RFA)
ရန်ကုန်မြို့ထိုင်းသံအမတ်ကြီး နေအိမ်မှာ မနေ့က နှစ်ဦး တွေ့ဆုံ ဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ထုတ်ဖော် ပြောကြားခဲ့ကြောင်း Ms. Thitima Chaiisang က အာရ်အက်ဖ်အေကို ပြောပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မျှော်လင့်ထားကြောင်းနဲ့ ဒီလို ဖြစ်လာဖို့ဟာ ပြည်သူတွေရဲ့အပေါ်မှာ မူတည်နေကြောင်း ပြောပြတယ်လို့ သူက ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်လတ်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး ကိစ္စ အလေးပေး ပြောဆိုခဲ့တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။ ထိုင်းအစိုးရ ပြောခွင့်ရ အမျိုးသမီးနဲ့ အာရ်အက်ဖ်အေက မအင်ကြင်းနိုင် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/assk-yingluck-12212011103947.html

ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက်ကျောင်းသား ၁ဝ ဦးတို့ အဖွဲ့ချုပ်ရုံး၌ တွေ့ဆုံဆွေးနွေး


Burma VJ Media Network
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက်ကျောင်းသား ၁ဝ ဦးတို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၁၁ နာရီ မှ ၁၂ နာရီ ၁၅ မိနစ်အချိန်ထိရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းမှာရှိသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးသွားခဲ့ပါသည်။ ၈၈ ကျောင်းသားအဖွဲ့ဝင်များအနေနဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ထားခဲ့သော ကြေငြာချက်နှင့်ပက်သက်သည့် သဘောထားများကို အဓိကထား၍ တင်ပြဆွေးနွေးသွားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံခဲ့သည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး (စမ်းချောင်း)မှ ဘားမားဗီဂျေ မီဒီယာ သို့ ပြောဆိုသွားခဲ့ပါသည်။










၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး

2011-12-21
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က အဖွဲ့ချုပ် ရုံးချုပ်မှာ ဒီကနေ့ နံနက် ၁၁ နာရီက သွားရောက် တွေ့ဆုံတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ပြောပါတယ်။


RFA/Photo courtesy of 88 Generation
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က အဖွဲ့ဝင် ၁၀ ဦးတို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ဆုံ ဆွေးနွေးနေကြစဉ်။ (ဓါတ်ပုံ-၈၈ ကျောင်းသားများအဖွဲ့)
ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေတဲ့ နိုင်ငံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်လို့ ပြောဆိုမှုတွေ ရှိနေတဲ့ အတွက် ရှင်းလင်းပြဖို့နဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အခုလို တွေ့ဆုံခဲ့တာလို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုထွန်းမြင့်အောင်က အာရ်အက်ဖ်အေကို ပြောပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ စမ်းချောင်း ကိုကိုကြီး၊ ကိုမြတ်သူ၊ ကိုဇော်ထက်ကိုကို၊ ကိုချစ်ကိုလင်း၊ ကိုရဲဝင်းနဲ့ အမျိုးသမီး အဖွဲ့ဝင် မမီမီလွင်၊ မနုနုအောင်နဲ့ မစန်းစန်းမော်တို့ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရုံးအဖွဲ့မှူး ဦးဝင်းထိန် ရှိနေတယ်လို့ သိရပါတယ်။ အခုလို တွေ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဝင်ရတာနဲ့ ပတ်သက်ပြီး ပြည်သူလူထု ထိခိုက်နစ်နာမှု နည်းတဲ့ နိုင်ငံရေး နည်းလမ်းကို အကောင်းဆုံး ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း၊ နိုင်ငံရေး အင်အားစုတွေ ပူးပေါင်း ဆောင်ရွက်ရုံ မဟုတ်ဘဲ တပ်မတော်နဲ့ပါ လက်တွဲ ဆောင်ရွက်ဖို့ လိုကြောင်း ပြောဆိုသလို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တဲ့ လမ်းကြောင်းဟာ ပိတ်ဆို့နေတဲ့ အခြေအနေ တစ်ရပ်ကို ဖေါက်ထွက်ခြင်း ဖြစ်တဲ့ အတွက် အပြစ်မမြင်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထောက်ခံ ဝန်းရံသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ကိုထွန်းမြင့်အောင်က ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ တစ်နာရီ ကျော်ကျော် ကြာတယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/assk-88-students-12212011111904.html

ရွေး​ကောက်ပွဲဝင်​ရေး​နဲ့​ ပါတီနိုင်ငံ​ရေး​ကို ဆန့်​ကျင်တာ မဟုတ်ဘူး
Published on December 21, 2011 by ရွှေအောင်

၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​ဟာ ဒီ​နေ့​မနက်ပိုင်း​က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သွား​ရောက်​တွေ့​ဆုံပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ဆက်လက် ဝန်း​ရံ​ထောက်ခံသွား​မယ့်​အ​ကြောင်း​ ​ဆွေး​နွေး​တင်ပြခဲ့​ကြပါတယ်။

ကိုကိုကြီး (စမ်းချောင်း)

ရန်ကုန်မြို့​ ​ရွှေဂုံတိုင်ရှိ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရုံး​ခန်း​မှာ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေဖြစ်တဲ့​ ကိုကိုကြီး​ (စမ်း​ချောင်း​)၊​ ကိုထွန်း​မြင့်​အောင်၊​ ကိုစိုး​ထွန်း​၊​ ကိုမြတ်သူ၊​ မမီမီလွင် တို့​ အပါအဝင် ၁၀ ဦး​ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံခဲ့​ကြတာပါ။

ဆွေး​နွေး​ခဲ့​တဲ့​ အ​ကြောင်း​အရာ​တွေကို ကိုကိုကြီး​ (စမ်း​ချောင်း​) ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

“အဓိက အ​ကြောင်း​က​တော့​ ကျ​နော်တို့​ ထုတ်ခဲ့​တဲ့​ ၅ ရက်​နေ့​က ထုတ်ခဲ့​တဲ့​ ​ကြေညာချက်နဲ့​ ပတ်သက်ပြီး​တော့​ နည်း​နည်း​ သ​ဘောထား​အမြင်​လေး​တွေက တချို့​ ​ကောက်ယူတာ​လေး​တွေ လွဲ​နေတဲ့​ ကိစ္စ​လေး​တွေကို အဓိက ကျ​နော်တို့​က သွား​ရောက် ရှင်း​ပြခဲ့​တာ​ပေါ့​နော်။”

ဘယ်လို လွဲ​နေတာလဲခင်ဗျ။

“တချို့​က အန်အယ်လ်ဒီနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ရွေး​ကောက်ပွဲကို ဆန့်​ကျင်တယ် မဝန်း​ရံဘူး​ဆိုတဲ့​ စကား​သံ​လေး​တွေ ထွက်လာတယ်​လေ။ အဲဒီအတွက် ဟိုး​အရင်ကတည်း​ကလည်း​ ကျ​နော်တို့​က အန်အယ်လ်ဒီအ​ပေါ် ​ထောက်ခံရင်း​နဲ့​ ​ထောင်​တွေ အကြိမ်ကြိမ် ကျခဲ့​ကြတယ်​ပေါ့​နော်။ အန်တီစုအ​ပေါ် ​ထောက်ခံရင်း​နဲ့​ ​ထောင်​တွေ အကြိမ်ကြိမ် ကျခဲ့​ကြတယ်။ အခုလည်း​ ဆက်လက်ဝိုင်း​ရံဆဲပါ။ အန်တီရဲ့​ ဒီမိုက​ရေစီလမ်း​ခရီး​မှာလည်း​ ကျ​နော်တို့​က ဆက်လက်ပြီး​တော့​ အင်ပြည့်​အား​ပြည့်​နဲ့​ ဆက်လက်ဝိုင်း​ရံပြီး​ ပူး​ပေါင်း​ပါဝင်သွား​မယ်ဆိုတဲ့​အ​ကြောင်း​ကို သွား​ရောက် ရှင်း​ပြကြတာပါခင်ဗျ။”

ဦး​ကိုကိုကြီး​တို့​က ၈၈ မျိုး​ဆက်​ခေါင်း​ဆောင်​တွေ မလွတ်​သေး​တဲ့​အတွက် ​ရွေး​ကောက်ပွဲ မဝင်ဘူး​ဆိုတဲ့​ ​ကြေညာချက်ထုတ်ခဲ့​တာ မဟုတ်လား​ခင်ဗျ။

“ဟုတ်ပါတယ်ခင်ဗျ။”

အဲဒါကို ဘယ်လိုသတင်း​တွေ ​ပေါက်ပြီး​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဘယ်လို နား​လည်သွား​လို့​ သွား​ရှင်း​ပြတာလဲခင်ဗျ။

“ကျ​နော်တို့​ဒါကလည်း​ ပြန်ကြား​တာ​ပေါ့​နော်။ ကျ​နော်တို့​က ​ရွေး​ကောက်ပွဲ မဝင်ဘူး​၊​ အန်တီက ​ရွေး​ကောက်ပွဲလမ်း​ကြောင်း​ကို သွား​နေတယ်၊​ အဲဒီအတွက် လမ်း​ကြောင်း​ချင်း​ မတူလို့​ ဆန့်​ကျင်တယ် ဆိုတဲ့​ သ​ဘောမျိုး​တွေ ဖြစ်ကုန်တာ ​ပေါ့​ဗျာ။ အဲဒီဟာ​လေး​တွေကို ကျ​နော်တို့​က နည်း​နည်း​ ပြန်ပြီး​တော့​ ရှင်း​ပြတာပါ။ ကျ​နော်တို့​က ​ရွေး​ကောက်ပွဲ ဝင်​ရေး​နဲ့​ ပါတီနိုင်ငံ​ရေး​ကို ဆန့်​ကျင်တာ မဟုတ်ဘူး​။ ဒီဟာက ဒီမိုက​ရေစီနည်း​မှာ လိုအပ်တဲ့​ သွား​ရမယ့်​ ဖြတ်သန်း​ရမယ့်​ အဆင့်​တခု ဖြစ်တယ်ဆိုတာ လက်ခံတယ်။ ဒါ​ပေမယ့်​ လက်ရှိအ​ခြေအ​နေမှာ ကျ​နော်တို့​ရဲ့​ အ​ပေါင်း​အသင်း​တွေက ​ထောင်ထဲမှာ ​တော်​တော်များ​များ​ကျန်​နေကြ​သေး​တယ်။ ကျ​နော်တို့​ အမှုတွဲ ၃၇ ​ယောက်မှာ ၁၀ ​ယောက်လွတ်ပြီး​ ၂၇ ​ယောက် ကျန်​တော့​ ​လေး​ပုံပုံ သုံး​ပုံ​လောက် ကျန်​နေ​သေး​တယ်​ပေါ့​ဗျာ။ အဲဒီလို အ​နေအထား​မျိုး​မှာ ဒီလူ​တွေ လွတ်​မြောက်​ရေး​အတွက် အဓိက ​ဆောင်ရွက်​နေဖို့​အတွက် ကျ​နော်တို့​က ​ရွေး​ကောက်ပွဲ မဝင်တာပါဆိုပြီး​ ကျ​နော် ရှင်း​ပြခဲ့​တာပါ ခင်ဗျ။”

အဲဒီ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဘယ်လိုတုံ့​ပြန်ပြီး​ ဘယ်လို ​ဆွေး​နွေး​ပါသလဲခင်ဗျာ။

“အဲဒီအ​ပေါ်ကို သူ့​အ​နေနဲ့​ နား​လည်နိုင်ပါတယ်တဲ့​။ ဒီဟာ​တွေကလည်း​ သူ့​အ​နေနဲ့​ကလည်း​ ဒီလူ​တွေ လွတ်​မြောက်​ရေး​အတွက်က နံပတ်တစ် ဦး​စား​ပေး​အ​နေနဲ့​ ဆက်လုပ်​နေတာ ​ပေါ့​နော်။ ကျ​နော်တို့​ရဲ့​ လုပ်ရပ်ကိုလည်း​ သူ့​အ​နေနဲ့​ နား​လည်ပါတယ် ဆိုပြီး​ အဲဒီလို ရှင်း​ပြပါတယ်ခင်ဗျ။”

ဦး​ကိုကိုကြီး​တို့​ ၈၈ မျိုး​ဆက်​တွေကို ဘာများ​ မှာကြား​လိုက်တာ ရှိပါ​သေး​လဲခင်ဗျ။

“အခု အန်တီတို့​နဲ့​ ဘာ​တွေ ပူး​ပေါင်း​ဆောင်ရွက်ရမယ် ဆိုတဲ့​ ကိစ္စ​တွေ​ပေါ့​။ ဘာ​တွေ ပူး​ပေါင်း​ဆောင်ရွက်ရမလဲဆို​တော့​ ဒီပါတီမှတ်ပုံတင်ပြီး​ရင် ပြင်ဆင်မှု​တွေ အတွက်​ပေါ့​နော် ​ရွေး​ကောက်ပွဲ စည်း​မျဉ်း​ဥပ​ဒေ​တွေကို ကျယ်ကျယ်ပြန့်​ပြန့်​ နား​လည်​အောင်၊​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို ပြည်သူလူထု ​အောက်​ခြေ လူတန်း​စား​အထိ ကျယ်ကျယ်ပြန့်​ပြန့်​ နား​လည်ရန် ကျ​နော်တို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေအ​နေနဲ့​ ပါဝင်ပြီး​တော့​ ပူး​ပေါင်း​ဆောင်ရွက်ကြဖို့​ ​ပေါ့​နော်။ ဥပမာ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ​တွေကို ပြင်ချင်တယ်ဆိုရင် ဘယ်ဥပ​ဒေ​တွေကို ဘာ​ကြောင့်​ မကြိုက်တာလဲ အဲဒါ​တွေကို ပြည်သူလူထုကြား​ထိ ​ရောက်​အောင် ကျယ်ကျယ်ပြန့်​ပြန့်​ ပူး​ပေါင်း​ဆောင်ရွက်သွား​ဖို့​ကို ကျ​နော်တို့​ကို မှာကြား​ပါတယ်။ ကျ​နော်တို့​ကလည်း​ ဒီမှာ အခုလို လွှတ်​တော်ထဲ ဝင်သွား​လို့​ရှိရင် ယခု လက်ရှိ ရှိ​နေတဲ့​ ဒိုင်ယာ​လော့​ကို ဆက်ပြီး​တော့​ ရှိမရှိ ဆိုတဲ့​ဟာကို ​မေး​ပါတယ်။ ​မေး​တော့​ အန်တီက​တော့​ လွှတ်​တော်တွင်း​ နိုင်ငံ​ရေး​လည်း​ ရှိ​နေမယ်၊​ ​နောက်ပြီး​တော့​ လွှတ်​တော်ပြင်ပမှာ ရှိတဲ့​ နိုင်ငံ​ရေး​ဖြစ်စဉ်​တွေကလည်း​ ဆက်ရှိ​နေမှာပဲ။ အဲဒီ နှစ်ခုက အခုထက် ပိုမိုကျယ်ပြန့်​လာပြီး​ ပူး​ပေါင်း​ဆောင်ရွက်သွား​မှာ ဖြစ်တဲ့​အတွက် ပိုမိုပြီး​တော့​ အား​ကောင်း​လာမယ် အဲဒီလို ​ပြောပါတယ်။”

၈၈ မျိုး​ဆက်​တွေ ​ရွေး​ကောက်ပွဲဝင်ဖို့​ကို​ရော အန်တီက တိုက်တွန်း​ပါ​သေး​လား​ခင်ဗျ။

“၈၈ မျိုး​ဆက်​တွေအ​နေနဲ့​က​တော့​ ဒီပါတီနိုင်ငံ​ရေး​မှာ ပူး​ပေါင်း​ပြီး​တော့​ ​ဆောင်ရွက်မယ် ဆိုရင်​တော့​ ပိုမိုအား​ကောင်း​လာနိုင်ပါတယ် ဆိုပြီး​တော့​ သူ့​အ​နေနဲ့​က​တော့​ ​ပြောပါတယ်ခင်ဗျ။”

ဒီ​နေ့​ ​တွေ့​ဆုံပွဲနဲ့​ ပတ်သက်ပြီး​ ​ပြောလိုတာ ရှိရင်လည်း​ ​ပြော​ပေး​ပါဦး​။

“အကျဉ်း​သား​ လွတ်​မြောက်​ရေး​နဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ကိစ္စ​တွေလည်း​ ကျ​နော်တို့​ ​မေး​ခဲ့​ပါတယ်ခင်ဗျ။ ​ဆွေး​နွေး​ဖြစ်ခဲ့​တယ်​ပေါ့​နော်။ အန်တီကို အကျဉ်း​သား​လွတ်​မြောက်​ရေး​ ကိစ္စကို ကျ​နော်တို့​ ​မေး​တော့​ အန်တီက​တော့​ လွတ်မှာပါတဲ့​။ အန်တီ အဲဒီ​လောက်ပဲ ​ပြောပါရ​စေ ဆိုပြီး​တော့​ သူက အဲဒီလိုပဲ ​ဖြေခဲ့​ပါတယ်။ ​နောက် တိုင်း​ရင်း​သား​ အ​ရေး​ကိစ္စ​တွေနဲ့​ ပတ်သက်ပြီး​တော့​ ကျ​နော်တို့​ ဘယ်လို ပူး​ပေါင်း​ပါဝင် ​ဆောင်ရွက်ပြီး​တော့​ အန်တီကို ဘယ်လိုကူညီရမလဲ၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ရရှိ​ရေး​အတွက် ဘယ်လို​ဆောင်ရွက်မလဲ​ပေါ့​။ အန်တီအ​နေနဲ့​က​တော့​တဲ့​ တိုင်း​ရင်း​သား​အ​ရေး​တွေကို အမြဲတမ်း​စိတ်ဝင်စား​ပြီး​တော့​ ဦး​စား​ပေး​အ​နေနဲ့​ လုပ်​ဆောင်​နေပါတယ်​ပေါ့​နော်၊​ တိုင်း​ရင်း​သား​အား​လုံး​ဟာ တန်း​တူညီမျှ ရှိ​စေရပါမယ်၊​ ရှိနိုင်တဲ့​ အ​နေအထား​ထိ​ရောက်​အောင်လည်း​ ကြိုး​စား​ပါ့​မယ် ဆိုတဲ့​ဟာမျိုး​ ကျ​နော်တို့​ကို ​ပြောခဲ့​ပါတယ်ခင်ဗျ။”
http://burmese.dvb.no/archives/19028

ရန်ကုန်ဗုံးကွဲမှု အမျိုးသမီးတစ်ဦးသေဆုံး

Burma VJ Media Network
http://www.burmavjmedia.net/?p=2718

ဒီကနေ့နေ့လည် ၁၁ နာရီဝန်းကျင်လောက်က ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ အများသုံးအိမ်သာမှာဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလို ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့သလို နောက်ထပ်အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲပြီးသိပ်မကြာခင်မှာပဲအဲဒီအခင်းဖြစ်ပွားရာနေရာကိုစစ်သားတွေနဲ့ရဲတွေ ရောက်ရှိလာပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။
အဲဒီအခင်းဖြစ်ပွားရာနေရာရဲ့ အနီးတဝိုက်မှာပဲ မပေါက်ကွဲသေးတဲ့နောက်ထပ် ချိန်ကိုက်ဗုံးတစ်လုံးကိုလည်းရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အခင်ဖြစ်ပြီးသိပ်မကြာခင်မှာပဲ အာဏာပိုင်တွေက တက္ကသိုလ်ရိပ်သာလမ်းရဲ့ ယာဉ်ကြေားတစ်ခြမ်းကို ခေတ္တာယာယီ ပိတ်ထားလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်းရန်ကုန်မြို့မြို့တော်ခန်းမမှာဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး နောက်ထပ်တွေ့ရှိတဲ့ဗုံးတစ်လုံးကိုလည်းဖောက်ခွဲဖျက်ဆီးခဲ့ရတာပါ။

အရင်စစ်အစိုးရလက်ထက်ကတော့ ဗုံးပေါက်ကွဲမှုဖြစ်တဲ့အခါတိုင်းမှာ ပြင်ပအခြေစိုက် အတိုက်အခံအဖွဲ့အစည်းတွေကိုနိုင်ငံတော်ပိုင်သတင်းစာတွေကနေတဆင့် စွတ်စွဲပြောဆိုလေ့ရှိခဲ့တာပါ။











ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှင်နာဝါထရာရွှေတိဂုံဘုရားကို သွားရောက်ဖူးမြှော်

Burma VJ Media Network
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှင်နာဝါထရာတို့ ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးရဲ့နေအိမ်မှာ ညနေ ၅း၄၅ ကနေ ၆း၁၅ နာရီ အထိ နာရီဝက်ကြာ တွေ့ဆုံ စကားပြောခဲ့ကြပါတယ်။ အဲ့ဒီနောက် ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြှော်ခဲ့တယ်လို့ သတင်းရရှိပါတယ်။