Thursday, December 22, 2011

NLDမှတ်ပုံတင်ရန်မြန်မာ့လေကြောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွါ

Burma VJ Media Network

NLD တရားးဝင်ပါတီအဖြစ် မှတ်ပုံတင်ရန်အတွက် ယနေ့ နံနက် ၇း၀၀ နာရီက မြန်မာ့လေကြောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွါခဲ့ရာ နေပြည်တော်လေဆိပ်သို့ ၇း၄၅ နာရီတွင် ရောက်ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ
ဦးတင်ဦး၊ ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးခွန်သာမြင့်၊ ဦးစိုးဝင်း နှင့် ဒေါက်တာ တင်မာအောင် တို့အတူ လိုက်ပါသွားခဲ့ကြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုေ၇ွးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း တို့ တွေ့ဆုံကြမယ်လို့ သတင်းရရှိပါတယ်......


ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ဇာဂနာ့အမြင်



ပြည်တွင်းအပြောင်းအလဲ နဲ့ ဗဟုအဖွဲ့ရဲ့  အမြင်သုံးသပ်ချက်များ

ဗုဒ္ဓဟူး, 21 ဒီဇင်ဘာ 2011


By ဦးကျော်ဇံသာ
ယနေ့ မြန်မာပြည်မှာ ဖြစ်ထွန်းပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စီးပွားရေး တိုးတက်ပြောင်းလဲလာမှု အလားအလာတွေဟာ အောက်ခြေခိုင်တဲ့ တိုးတက်မှုတွေ ဟုတ်ရဲ့ လား။ နောက်ကို လျှောကျသွားနိုင်တဲ့ အခြေအနေတွေ ရှိနေသလား။ ရှေ့ ကိုဆက်ပြီး တိုးတက်ပြောင်းလဲဖို့အတွက် ဘာတွေလိုအပ်သလဲဆိုတာတွေကို ဗဟုဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဦးတင်မောင်သန်း၊ ဦးဝင်းမင်း တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး အရိပ်အရောင်၊ အလားအလာတွေ တွေ့နေရတယ်။ အခြေအနေကောင်းလာတယ်လို့ လူတော်တော်များများက သုံးသပ်ကြပါတယ်။ တချို့ ကလည်း ဒီအလားအလာတွေဟာ အမြဲတမ်း မဖြစ်လာနိုင်ဘူး။ နောက်ပြန်လှည့်သွားနိုင်တယ်လို့ ဆိုကြပါတယ်။ ဆရာတို့ နှစ်ယောက်လုံးက မြန်မာ့အရေးကို ထဲထဲဝင်ဝင် လေ့လာစောင့်ကြည့်နေကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြလို့ ဆရာတို့နဲ့ ကျနော်ဆွေးနွေးချင်ပါတယ်။ ပထမဦးဆုံး ပြုပြင်ပြောင်းလဲရေး အလားအလာတွေ ရှိနေတယ်ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ နောက်ပြန်လှည့်မလှည့် မပြောခင်။ ပြုပြင်ပြောင်းလဲရေး အလားအလာ တကယ်ရှိနေပါသလားဆိုတာကို အရင်ဆုံး ဆွေးနွေးချင်ပါတယ်။ ဆရာဦးတင်မောင်သန်း တကယ်တွေ့မြင်နေရပါသလား။

ဦးတင်မောင်သန်း ။ ။ တွေ့ရတယ်လို့ ပြောရမှာပါ။ ချုပ်ပြောရရင်တော့ ခေါင်းတည်နေတယ်။ ရွေ့ လည်းရွေ့ နေတယ်။ ဒါပေမဲ့ နိုင်ငံတကာ စံတွေ၊ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက ကြည့်လို့ရှိရင်တော့ ခရီးက ဒီလောက်တော့မပေါက်သေးဘူးလို့ ပြောရမှာပါ။

ဦးကျော်ဇံသာ ။ ။ တဆက်တည်း ဆက်ဆွေးနွေးစေချင်တာက အဲဒီ အလားအလာတွေက ရှေ့ တိုးနိုင်တဲ့ အခြေအနေတွေ ရှိနေပါသလား။ သို့တည်းမဟုတ် အချိန်မရွေး နောက်ကို ပြန်လှည့်သွားနိုင်တယ်လို့ ထင်ပါသလား။

ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ မြန်မာနိုင်ငံရေးသမိုင်းကြောင်းအရ ဖြစ်ပေါ်ပြောင်းလဲခဲ့တဲ့ အခြေအနေအရဆိုလို့ရှိရင် နောက်ကြောင်းပြန်လှည့်နိုင်ဖို့ အလားအလာကို ကျနော်တို့က မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ အနှိမ့်ဆုံးတော့ ရှေ့ လည်းမရောက် နောက်လည်းမဆုတ် ပြောင်းဖို့ ဦးတည်နေတဲ့နေရာမှာပဲ ဦးတည်နေတဲ့အတိုင်း ဆိုင်းနေတဲ့ အဖြစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်းရဲ့  သဘောထားကို သိချင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး အလားအလာတွေ တွေ့နေရပြီ။ ပြုပြင်ပြောင်းလဲရေး လမ်းစနေပြီဆိုတာနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထား ရှိပါသလဲ။

ဦးဝင်းမင်း ။ ။ စတွေ့နေရပါပြီ။ အစပိုင်းပေါ့။ တဖြည်းဖြည်းဆက်သွားပြီးတော့ ဒီထက်ပိုပြီး ပြောင်းလဲဖို့တော့ လိုပါသေးတယ်။ ဥပမာ ပထမဦးဆုံး အဓိက လက္ခဏာအနေနဲ့ သမ္မတသစ် ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ စတွေ့လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပါတီကို ရွေးကောက်ပွဲမှာ ဝင်လာနိုင်အောင် စပြီးလမ်းဖွင့်ပေးတာက ကျနော်ထင်တယ် ဒီနှစ်ထဲမှာ ဖြစ်ခဲ့တဲ့ အကြီးမားဆုံး တိုးတက်ပြောင်းလဲမှုကြီးလို့ ပြောလို့ရပါတယ်။ ဒီနေရာမှာ ပြောင်းသွားရခြင်း အကြောင်းကို ကြည့်ရင်တော့ အဓိက နှစ်ချက်တွေ့ပါတယ်။ တချက်က ခေါင်းဆောင်ပိုင်းရဲ့  မျိုးဆက်ပြောင်းသွားပြီ။ အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျိုးဆက်မဟုတ်တော့ဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ထိပ်ပိုင်းမှာရှိစဉ်က ၁၉၈၈ လောက်မှာဆိုရင် ဗိုလ်မှူးလောက်အဆင့်ရှိတဲ့ ဦးသိန်းစိန်လို လူမျိုး။ ဒါအပြင် အရင်တုန်းက ၈၈ မှာဆိုရင် တာဝန်တောင် စမယူရသေးတဲ့ အသက် (၅၀) ကျော်လောက်ပဲရှိတဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လို လူမျိုး အဲဒီလိုမျိုး မျိုးဆက်သစ်တွေ ပြောင်းသွားတဲ့အတွက် ခေတ်ကြီးကလည်း စပြောင်းလာတဲ့အတွက် ကျနော်ထင်တယ် အပြောင်းအလဲကိုတော့ ဆက်သွားမယ်သဘောတော့ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ခေါင်းဆောင်ပိုင်း ပြောင်းလဲလာပြီလို့ ကိုဝင်းမင်း က သုံးသပ်တယ်ပေါ့။ ကျနော်တို့ သဘောတရားပိုင်း မသွားခင်မှာ ဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ခေါင်းဆောင်ပိုင်း ပြောင်းသွားပြီလား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ မျိုးဆက် ကျန်ရစ်ခဲ့ပြီလို့ ပြောလို့ရလား။ ကျနော်တို့ သတင်းသမားတွေ ဆရာတို့ တွေ့နေရတဲ့အတိုင်း ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲဖို့ သမ္မတက ညွှန်းကြားတယ်။ ဗိုလ်ချုပ်ကြီးက မလိုက်နာဘူး။ တချို့ သောတရှင်တွေ စာရေးလာကြတယ်။ အဲဒီလို မလိုက်နာတာ စစ်ဦးချုပ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့  အမိန့်ကို နာခံနေဆဲဖြစ်လို့ဆိုတာ ပြသနေတာ ဘာညာပြောကြတယ်။ ဆိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ မျိုးဆက် တကယ်ကျန်ရစ်ခဲ့ပြီလို့ ထင်ပါသလား။

ဦးတင်မောင်သန်း ။ ။ အပြောင်းအလဲတွေတိုင်းဟာ အတိတ်နဲ့ တိတိပပပြောင်းလဲပြီးတော့ ပြောင်းကြတာ မဟုတ်ဘူး။ အမြဲတမ်း အတိတ်က တစုံတရာကျန်တယ်။ အဲဒီအထဲကနေမှ အနာဂတ်အသစ်ကို သွားချင်တာ တဖြည်းဖြည်း ပေါ်ထွက်လာရတယ်။ အဲဒီကြားထဲမှာ အားပြိုင်မှုတွေ ရှိနေကြတယ်။ ဒီတော့ မြန်မာနိုင်ငံမှာလည်း နယ်ပယ်အသီးသီးမှာ စောစောက ဆရာပြောတဲ့ နယ်ပယ်အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်တဲ့နယ်ပယ် အပါအဝင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ပညာရေးပြုပြင်ပြောင်းလဲမှု နယ်ပယ်တိုင်းမှာ အဲဒီလို အဟောင်းနဲ့အသစ်၊ အတိတ်နဲ့ အနာဂတ် အားပြိုင်မှုတွေ အားဆွဲနေတာတွေတော့ ရှိနေအုံးမှာပါ။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း သဘောထား ပြောပါအုံး။ အဲဒီတော့ အပြောင်းအလဲကို မလိုလားတဲ့ အင်အားစုတချို့ က ရှိနေတယ်။ သဘောထား တင်းမာတဲ့အုပ်စုလို့ ပြောကြတယ်ဆိုတာလည်း ကြားနေရပါတယ်။ အဲဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။

ဦးဝင်းမင်း ။ ။ အဓိကတော့ ပြောင်းလဲမှုမလိုဘူး။ လက်ရှိအခြေအနေတိုင်း ဆက်သွားလို့ ရနိုင်ကောင်းရနိုင်တယ်လို့ ထင်ထားတဲ့ အုပ်စုလေးတစုတော့ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့က အခုအချိန်မှာတော့ လူနည်းစုသဘောမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ ဆိုလိုတာက အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ပြီးတော့ တိုင်းပြည်ရဲ့  စီးပွားရေးကောင်းလာအောင်။ နိုင်ငံတကာမှာလည်း ဝင်ဆန့်လာအောင် လုပ်ချင်တယ့်။ အပြောင်းအလဲအတွက် လုပ်လိုသူတွေ ရှိသလို။ တရုတ်နိုင်ငံနဲ့ပဲဆက်ပြီး ပူးပေါင်းဆောင်ရွက်ပြီးတော့ နိုင်ငံတကာနဲ့ ပွင့်ပွင့်လင်းလင်း မလုပ်ဘဲ မြန်မာနိုင်ငံ ဆက်သွားလို့ရတယ်လို့ အမြင်ရှိတဲ့ လူတချို့ လည်း ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ကျနော်အခုန ပြောသလို အပြောင်းအလဲ လုပ်လိုသူတွေဘက်က အားနည်းနည်းသာနေတာကို တွေ့ရတဲ့အတွက် အပြောင်းအလဲလုပ်ဖို့ မလိုဘူးဆိုတဲ့လူတွေကတော့ တားတယ့်အနေအထားမျိုးတော့ မတွေ့ရဘူး။ သူတို့ကတောင်မှ သူတို့လည်း ပြောင်းလဲလိုချင်သူတွေဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး နည်းနည်းစပြလာတာကို တွေ့ရတဲ့အတွက် အပြောင်းအလဲ ရှေ့ မှာဆက်သွားမယ့် အလားအလာရှိတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ ဆရာ အခုနပြောတဲ့ စစ်တိုက်တဲ့ကိစ္စ - ကချင်မှာ သမ္မတ က အမိန့်ပေးပြီးတော့ ကာကွယ်ဦးစီးချုပ်အနေနဲ့ စစ်ရပ်ဖို့ပြောတဲ့ကိစ္စမှာ ကျနော့်အမြင်က တင်းမာတဲ့လူတွေဘက်ကနေ အမိန့်ကို မနာခံဘူးဆိုတာထက် ဒီအမိန့်က အောက်ခြေကို သေသေချာချာ နားလည်းအောင် မရောက်သေးဘူးလို့ထင်တယ်။ အပြောင်းအလဲတွေမှာ အဲဒါ ဖြစ်လေ့ရှိပါတယ်။ ဒီနေရာမှာ ကျနော်အမြင်ကတော့ သမ္မတအနေနဲ့ ဒီနေရာမှာ ထူးထူးခြားခြား လုပ်တာတခုတော့ တွေ့ရတယ်။ အရင် စစ်ကောင်စီအုပ်ချုပ်တဲ့ ပုံစံမျိုး လုံခြုံရေးကောင်စီကသာ အုပ်ချုပ်မယ်ဆိုလို့ရှိရင် သမ္မတအနေနဲ့ လုံခြုံရေးကောင်စီထဲမှာပဲ စုပေါင်းပြီး၊ တိုင်ပင်ပြီး ဆောင်ရွက်ရမယ့်သဘောမျိုး သူလုပ်ရမှာပါ။ အခုကကြတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တုန်းကလို့ မဟုတ်ဘဲနဲ့ သူက သမ္မတအမိန့်နဲ့ တိုက်ရိုက်ပေးတာ။ ပေးတာကိုလည်း ကျနော်တို့ သိရသလောက် ကာကွယ်ရေးဦးစီးချုပ်ကလည်း အောက်ခြေတွေကို အဆင့်ဆင့် ဆက်ညွှန်းကြားထားပြီးပြီ။ အောက်ခြေတွေမှာ အမိန့်ကို သေသေချာချာ နားလည်းမှု မရှိသေးတဲ့ အနေအထားမျိုး ကာလဖြစ်တဲ့အတွက် မကြာခင်မှာတော့ အပစ်အခတ်တဖြည်းဖြည်း ရပ်လာမယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ စစ်တပ်အချင်းချင်း အဲဒီလောက်အမိန့်ပေးတာ အဲဒီလောက်ကြာရင်တော့။ နောက်တခုရှိတာက ကိုဝင်းမင်း ပြောတဲ့အထဲမှာ သူတို့ရဲ့  အရင်ရရှိခဲ့တဲ့ အကျိုးစီးပွားတွေကို မစွန့်လွှတ်ချင်တဲ့အပိုင်းဆိုတာ လုံးဝမပါဘဲနဲ့ တိုင်းပြည်အတွက် ဘယ်လိုဆိုရင် ဆက်လို့ရမယ်ဆိုတာပဲ မြင်တယ်။ သူတို့အကျိုးစီးပွားကို စွန့်လွှတ်ဖို့ ခက်ခဲနေတယ်ဆိုတဲ့အပိုင်း မရှိဘူးလား။

ဦးတင်မောင်သန်း ။ ။ ရှိတာပေါ့။ ယေဘုယျအားဖြင့် ကျနော်တို့က အကျိုးစီးပွားထောင့်ကနေကြည့်တာ သိပ်ပြီးမသန်ပေမယ့်လို့ တကယ်ဘဝမှာတော့ အကျိုးစီးပွားတွေကို ကြည့်ကြတယ်။ ဒါကြောင့်မို့ အခုန ကိုဝင်းမင်း ပြောတဲ့အချက်တွေကလည်း အဓိက အချက်တွေပဲ။ ပြီးတော့ လက်တွေ့မှာ ကျနော်တို့သွားတဲ့အခါမှာ တွေ့ရတာက ပြောင်းတယ်ဆိုတာကို ဝန်ထမ်းတွေကြားထဲမှာ အလုပ်လုပ်နေကြတဲ့ လူတွေကြားထဲမှာကိုက အဲဒီလို ပြောင်းတယ်လို့ ယုံကြည်နိုင်ဖို့ ခက်နေတာရှိတယ်။ သူတို့ကြည့်တာက ဘယ်လိုကြည့်သလဲဆိုရင် တကယ့်အာဏာက ဘယ်ထဲမှာလဲ။ ဘယ်လောက်ကော ရှိနေတဲ့ အနေအထားတွေက အားကောင်းသလဲ။ ဥပမာဆိုရင် ယေဘုယျအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှု လိုတယ်ဆိုတာကတော့ အားလုံးနီးနီးက လက်ခံကြပါတယ်။ သို့သော်လည်း လက်တွေ့အနေနဲ့ ကြည့်ကြတဲ့အခါကြတော့ ကိုယ့်အနေအထားနဲ့ အလုပ်တခုကို လုပ်ကြတော့မယ် လက်တွေ့လုပ်ငန်းခွင် အလုပ်အနေနဲ့ လုပ်ကြတော့မယ်ဆိုတဲ့အခါမှာ ကြည့်ရတဲ့အချက်က ဘယ်သူက တကယ်အားကောင်းနေတာလဲ။ ဘယ်သူလက်ထဲမှာ တကယ် ပါဝါ (power) ရှိသလဲလို့ ကြည့်လိုက်တဲ့အခါကြတော့ မီဒီယာတွေက ပြောသလို ဦးသိန်းစိန် က နည်းနည်းပြောင်းချင်တယ်။ ဦးတင်အောင်မြင့်ဦး က မပြောင်းချင်ဘူး။ တခါ သဘောထား တင်းမာတဲ့လူတွေလို့ ပြောကြတဲ့အုပ်စုတွေ ရှိတယ်။ အဲဒီလူတွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို စီးထားတယ်။ လွှတ်တော်ကို စီးထားတယ် အစရှိသဖြင့် မြင်နေရတဲ့အခါကြတော့ လူတွေကိုယ်၌က ပြောင်းချင်ပေမယ့်လို့ တကယ်ပြောင်းတာကော ဟုတ်ရဲ့ လားဆိုတဲ့ သံသယတွေကလည်း ဆက်ပြီး ရှိနေတယ်။ အဲဒါကြီးကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာက ပြုပြင်ပြောင်းလဲရေးရဲ့  အဓိကကျတဲ့ လက်တွေ့ထောင့်ကပြောရင် အဓိကကျတဲ့ အချက်ကြီးတချက် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါကိုပဲ မေးချင်တာပါ။ ပြုပြင်ပြောင်းလဲရေးအတွက် ဆရာ အခုနပြောတဲ့ stagnation ရပ်တန့်နေတာလား။ ရှေ့ ကိုနည်းနည်း တိုးသလား။ နောက်ကို ပြန်လှည့်နိုင်တယ်ဆိုတဲ့အပိုင်း ထားလိုက်တော့။ နောက်ကိုပြန်လှည့်တာကို မစဉ်းစားတော့နဲ့ အပြုသဘောဆောင်ပြီး ရှေ့ ကိုတိုးအောင် ဘာလုပ်မလဲဆိုတာကို ပြောကြရအောင်။ ကိုဝင်းမင်း ရှေ့ ကို တိုးအောင် ဘာလုပ်ကြမလဲ။ ဘာလုပ်ရမယ် ထင်ပါသလဲ။

ဦးဝင်းမင်း ။ ။ အဓိကတော့ လက်ရှိ အပြောင်းအလဲ လိုလားတဲ့အုပ်စုတွေကို နည်းနည်း ထင်ထင်ပေါ်ပေါ် ပိုမြင်လာရပြီ။ သူတို့နဲ့ ပိုပူးပေါင်း ဆောင်ရွက်မှုတွေ လိုပါတယ်။ ဆိုလိုတာက ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုတွေလည်း ပြုပြင်ပြောင်းလဲရေး လိုလားတဲ့လူတွေနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုသလို။ နိုင်ငံတကာကလည်း သူတို့ ပိုလုပ်လာနိုင်အောင် ဝိုင်းပြီး ကူပေးသင့်ပါတယ်။ အဲဒီလို လုပ်သွားလို့ ရှိရင်တော့ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေဘက်က ပိုဆက်အားသာပြီးတော့ အပြောင်းအလဲတွေ နောက်ပြန်မလှည့်မယ့် အနေအထား ရောက်နိုင်ပါတယ်။ အဲဒီလို မဟုတ်ရင် အခုန ပြုပြင်ပြောင်းလဲရေး မလိုဘူးဆိုတဲ့အုပ်စုက ကာလတခုမှာ တိုးတက်မှုတွေ မဖြစ်လာလို့ရှိရင် သူတို့ပြန်ပြီး အားရှိလာအောင် ကြိုးစားတာမျိုးတွေကို ကျနော်တို့ ရင်ဆိုင်ရလာဖို့ ရှိပါတယ်။ အဲဒီလိုဖြစ်ရင် နောက်ပြန်လှည့်သွားနိုင်တာကို ကျနော်တို့ စိုးရိမ်ရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း ပြောတာက နှစ်ချက်။ အခု ကျနော် ကြည့်တာကတော့ အကုန်ပြည့်စုံနေတာပဲ။ ပြည်တွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဟာ ပူးပေါင်းဆောင်ရွက်မယ်။ ရွေးကောက်ပွဲဝင်မယ့်။ လွှတ်တော်ကလည်း ကြိုဆိုနေတာကို ကြားနေရတယ်။ ဒါကတော့ အဆင်ပြေနေပါပြီ။ ပြည်ပကလည်း အင်မတန် စိမ်းကားခဲ့တယ့် အမေရိကန်ပြည်ထောင်စုကိုယ်တိုင် သမ္မတကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် ကို ဖုန်းဆက်တယ်။ နိုင်ငံခြားရေးဝန်ကြီးသွားတယ်။ သူတို့ကလည်း အလားအလာ ကောင်းတယ်။ အားပေးတယ်ဆိုတာ ဖြစ်လာပြီဆိုတော့ အဲဒီ နှစ်ချက်က ပြည့်စုံနေပြီ။

ဦးဝင်းမင်း ။ ။ အဲဒီလိုတော့ ပြောလို့မရသေးဘူး။ အဓိက institutional အဖွဲ့အစည်းအုပ်ချုပ်မှု ယန္တယားထဲမှာ ခိုင်မာသွားအောင် လုပ်ဖို့ လိုပါသေးတယ်။ အခုဟာက ခေါင်းဆောင်တွေကြားမှာ နားလည်းမှုရှိတဲ့ အားပေးမှုမျိုးပဲ ဖြစ်နေပါသေးတယ်။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် လက်ရှိ ပါလီမန်ထဲမှာ ဝင်ရောက်ဆွေးနွေးပြီးတော့ အပြောင်းအလဲတွေကို လုပ်လာနိုင်အောင် စစ်တပ်ကိုစည်းရုံး။ စစ်တပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အပြောင်းအလဲလုပ်လိုသူတွေက အပြန်အလှန် အပေးအယူတွေ ညှိပြီးတော့ ဒီမိုကရေစီဘက်ကို သွားနိုင်တဲ့ အုပ်ချုပ်ပုံယန္တယားတွေ ဖြစ်လာအောင် တဖြည်းဖြည်း တည်ဆောက်ယူသွားရမှာပါ။ အလားတူ နိုင်ငံတကာအနေနဲ့လည်း အခု အပြောင်းအလဲလုပ်လိုတဲ့ သမ္မတဦးဆောင်တဲ့အဖွဲ့ သူတို့အတွက် လိုအပ်တဲ့ ဖွဲ့စည်းဆိုင်ရာကိစ္စတွေကို ဝိုင်းကူပေးဖို့ လိုပါတယ်။ အဲဒီလိုမျိုး အဖွဲ့အစည်း ယန္တယားတွေကအစ ခိုင်လာမှသာ ဒါတွေကိဖြတ်ပြီး နောက်ပြန်လှည့်ဖို့ ခက်မှာပါ။

ဦးကျော်ဇံသာ ။ ။ ဆရာဦးတင်မောင်သန်း သဘောထားလည်းပြောပါ။ ရှေ့ ကိုဆက်ဖို့ ဘာလုပ်ကြမလဲ။

ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ အခုန အတိုက်အခံနဲ့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာလည်း နားလည်းမှု တစုံတရာရှိတယ်လို့ ဒီလိုပဲ သိကြတယ်။ ဒါပေမဲ့ ခေါင်းဆောင်ပိုင်းတွေကို ကြည့်လိုက်လို့ရှိရင်လည်း လက်တွေ့လုပ်ဆောင်မှုအရ ဆွေးနွေးပြောဆိုတဲ့ကိစ္စတွေကို မတွေ့ရသေးဘူး။ ဥပမာ workshop တွေ လာတယ်ဆိုတာ ပညာရှင်တွေလာတယ်။ ပြဿနာတွေ ဒီလိုရှိတယ်။ နိုင်ငံခြားမှာတော့ ဒီလို လုပ်ကြတယ်။ ဒီလို ဖြေရှင်းကြတယ်လို့ ပြောပေမယ်လို့ ခေါင်းဆောင်ပိုင်း အချင်းချင်းကြားထဲမှာ ပြဿနာတွေက ဘာတွေလဲ။ ဘာကိစ္စတွေကို ငါတို့ ကိုင်တွယ်ကြရမှာလဲ။ တခြားနိုင်ငံတွေမှာ ဘယ်လို ဖြေရှင်းကြသလဲ။ အဲဒါတွေက ဗမာပြည်အတွက် နည်းယူဖို့ကောင်းလား။ မကောင်းဘူးလားဆိုတဲ့ ထိုင်ပြီးတော့ ပြောဆိုတဲ့။ အလုပ်သဘော နားလည်းမှုကို ထူထောင်တာကို အခုထက်ထိ ကျနော်တို့ တခုမှ မတွေ့ရသေးဘူး။ အလားတူ အခုန ကိုဝင်းမင်း ပြောတဲ့အထဲမှာ အဲဒီသဘောတွေ ပါမယ်လို့ ထင်ပါတယ်။ အဖွဲ့အစည်းတွေကို ထူထောင်ဖို့ လိုတယ်ဆိုတာ။ ဥပမာ မလေးရှားမှာဆိုရင် policy council လို့ခေါ်တဲ့ မူဝါဒကောင်စီ ဆိုတာတွေရှိတယ်။ မူဝါဒတခု ချမှတ်မယ်ဆိုရင် အစိုးရက မူဝါဒ ချမှတ်နိုင်တာ ဟုတ်တယ်။ လွှတ်တော်ကလည်း မူဝါဒပေါ်မှာ သြဇာသက်ရောက်နိုင်တာ ဟုတ်တယ်။ သို့သော်လည်း ပါဝင်ပတ်သက်နေတဲ့ လူတွေအားလုံးက ဒီမူဝါဒတရပ်ကို ထိုင်စဉ်းစားပြီးတော့မှ ဘယ်လိုလုပ်မယ်ဆိုတာကို စဉ်းစားတဲ့ဟာမျိုး။ Policy council တွေ ရှိသလိုပဲ ဆိုလိုတာကတော့ လက်တွေ့ ငါတို့နိုင်ငံကို တိုးတက်အောင်လုပ်တော့မယ်ဆိုရင် တိုးတက်အောင်လုပ်ဖို့အတွက် လက်တွေ့အားဖြင့် နားလည်းမှု ထူထောင်တဲ့ ကော်မတီပဲဖြစ်ဖြစ်၊ ကော်မရှင်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲဖြစ်ဖြစ် နေရာတနေရာ ဖွဲ့စည်းပုံတခု၊ ဒီလိုတခုတော့ လုပ်ဖို့တော့ လိုလိမ့်မယ်။ အဲဒီလို မရှိဘဲနဲ့ အခု နားလည်းမှုဆိုတာနဲ့တော့ ခရီးသက်ပေါက်လိမ့်မယ်လို့ မထင်ဘူး။
http://www.voanews.com/burmese/news/news-analysis/news_analysis_12-21-2011-136044068.html

ပါတီဝင်ဟောင်းများ ပြန်လက်ခံရေး NLD စိစစ်မည်

ကြာသပတေး, 22 ဒီဇင်ဘာ 2011

By မသင်းသီရိ

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်သွားကြတဲ့သူတွေ ဟာ အခု ပါတီဝင်အဖြစ် ပြန်လည် လျှောက်ထားလာရင် စိစစ်ပြီးမှ လက်ခံမယ်လို့ NLD ပါတီက ပြောပါတယ်။ NLD ပါတီဝင်ဟောင်းတွေဟာ ပါတီရဲ့စည်းကမ်းနဲ့ ညိစွန်းခဲ့ခြင်းရှိမရှိ ဆိုတာကို စိစစ်လက်ခံသွားဖို့အတွက် NLD ဗဟိုအလုပ်အမှုဆောင်တွေ ဆွေးနွေးခဲ့ကြတာပါ။ ဒီသတင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ့် NLD ပါတီဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုချက် ကျပြီဆိုရင် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာတွေ အတွက် NLD ဗဟိုအလုပ်အမှုဆောင်တွေ ဒီကနေ့ ဆွေးနွေးကြတဲ့အထဲ အဖွဲ့ဝင် စိစစ်ရေးအဖွဲ့ ဖွဲ့စည်းကာ ပါတီဝင်လက်ခံရေးကိစ္စ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ NLD ပါတီအတွက် အဖွဲ့ဝင်သစ်တွေရော အဖွဲ့ဝင်ဟောင်းတွေပါ ပါတီဝင်အဖြစ် အားလုံးပြန်လည် လျှောက်ကြရမှာပါ၊ အထူးသဖြင့်တော့ ပါတီဝင်ဟောင်းတွေဟာ NLD ပါတီရဲ့စည်းကမ်းနဲ့ ညိစွန်းခဲ့တာ ရှိမရှိဆိုတာကို စိစစ်နိုင်ဖို့ ဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ ပါတီစည်းကမ်းဆိုတာ နဂိုရ်ထဲကရှိတယ်။ အဖွဲ့ဝင်တွေလိုက်နာရမယ့်စည်းကမ်းနဲ့ ညိစွန်းခြင်းရှိမရှိကိုစိစစ်မယ်။ အဖွဲ့ဝင် မဟုတ်ခဲ့တဲ့ သူတွေကိုတော့ စိစစ်စရာမလိုဘူးပေါ့ဗျာ။ အဖွဲ့ဝင်ဟုတ်ခဲ့တယ်၊ ပါတီနဲ့ကင်းကွာမယ်၊ ပါတီကနေ နုတ်ထွက်မယ်၊ ပါတီက ဘာမှ မပြောမဆိုကင်းကွာမယ်၊ အမျိုးမျိုးပေါ့။ အဲဒီလူတွေနဲ့ပတ်သက်ရင်တော့ စည်းကမ်းထိန်းသိမ်းရေးနဲ့ အကျုံးဝင်တာရှိသလား၊ အဲဒါစိစစ်ဖို့ပေါ့။ ပါတီဝင်မဖြစ်ခဲ့ဘူး၊ NLD အဟောင်းမဟုတ်ဘူးဆိုရင် ဘာမှ သိပ်ထွေထွေထူးထူး ပြဿနာမရှိဘူးပေါ့ဗျာ။ ပါတီဝင်ဖြစ်ခဲ့ရင်တော့ သူတို့နဲ့ပတ်သက်လို့ စိစစ်ဖို့လိုမှာပေါ့။ အဲဒါပါ”

NLD ပါတီဝင်အဖြစ် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားအားလုံးလျှောက်ထားနိုင်တယ်လို့လည်း NLD က ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအတွက် NLD ပါတီဟာ မှတ်ပုံမတင်ဘူးလို့ ငြင်းဆိုထားချိန်က NLD ပါတီကနေ နုတ်ထွက်ကာ ရွေးကောက်ပွဲတွင်း တခြားနိုင်ငံရေးပါတီတွေကနေ ၀င်ရောက်ယှဉ်ပြိုင်ကာ လက်ရှိမှာလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေကြသူ တချို့NLD ပါတီထဲ ပြန်ဝင်မယ်လို့ ပြောဆိုတာတွေရှိသလို လက်ရှိပါတီတွေကနေ နုတ်ထွက်ကာNLD ပါတီဝင်ပြန်လျှောက်မယ်လို့ ပြောနေသူတွေ လည်း ရှိနေပါတယ်။

အခုတော့ NLD ပါတီဟာ မနက်ဖန် ဒီဇင်ဘာ ၂၃ ရက် သောကြာနေ့မှာတော့ တရားဝင်နိုင်ငံရေးပါတီအဖြစ် လျှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ကို သွားမှာ ဖြစ်ပါတယ်။

“မနက်ဖြန်ကာ ကျနော်တို့ မနက် ၇ နာရီလေယာဉ်နဲ့သွားပါမယ်။ နောက်ဟိုမှာ ကျနော်တို့ ပါတီဝင်ကြေးကို ဘဏ်မှာသွင်းရမယ်။ အဲဒါသွင်းပြီးတော့မှာ ကျနော်တို့ ပြည်ထောင်စုကော်မရှင်ရုံးသွားမယ်။ နေ့ခင်းလောက်နေရင်တော့ ပီးလောက်တာပေါ့။ ညနေ ၃ နာရီ ဖလိုက်နဲ့ပြန်မယ်။ ကျနော်တို့ ပြည်ထောင်စုကော်မရှင်ပေါ်မှာလည်းတည်ပါတယ်။ လျှောက်လွှာနဲ့ပတ်သက်ပြီးတော့ ပြီးပြည့်စုံအောင်တော့ သေချာစီစဉ်ပြီးတော့ လုပ်ထားပါတယ်။ တခြားပါတီတွေတော့ တလ၊ နှစ်လ ကြာတာတွေ သတိထားမိတယ်။ အဲဒီတော့ ဒီဟာ ဘယ်လောက်ကြာမလဲဆိုတာ ကျနော်တို့တော့ မပြောနိုင်ပါဘူး။ သိပ်တော့ အကြာကြီးတော့ ဟုတ်မယ်မထင်ပါဘူး”

NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းပါရှင်။

အစိုးရကတော့ ကြားဖြတ်ရွေးကော်ပွဲရက်ကို ၃ လကြိုတင်အသိပေးမှာဖြစ်သလို ပါတီမှတ်ပုံတင်ခွင့် ကျထားပြီးသား နိုင်ငံရေးပါတီတွေလည်း စည်းရုံးရေးတွေ လုပ်ဆောင်နိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ နေရာအားလုံးမှာ NLD က ၀င်ပြိုင်မှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယှဉ်ပြိုင်ဖို့လည်း စီစဉ်ထားတာပါ။

ဒါပေမယ့် ဘယ်သူ ဘယ်နေရာကနေ ၀င်ပြိုင်ကြမယ်ဆိုတာကတော့ စာရင်းအတိအကျ မရှိသေးဘဲ စဉ်းစားနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်လို့လည်း NLD ပါတီခေါင်းဆောင်တွေက ပြောပါတယ်ရှင်။
http://www.voanews.com/burmese/news/--12_22_11_my-news-burma-----136062738.html

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် မှာပါဝင်ယှဉ်ပြိုင်မဲ့ Beyond

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival)မှာပါဝင်ယှဉ်ပြိုင်မဲ့ Beyond



Beyond ... from Tun Tun Aye on Vimeo.

http://www.dawnmanhon.com/

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ် ရထားဝန်ကြီး ပြော




2011-12-22
လာမယ့် ဇန်န၀ါရီ ၄ ရက်နဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ နောက်ထပ် အကျဉ်းသားတွေ လွှတ်ပေးမှာဖြစ်ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်မှာ ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းက ပြောလိုက်ပါတယ်။


Photo: RFA
၂၀၁၁ ဒီဇင်ဘာလ ၂၁ ရက်၊ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကေအင်ယူ ကရင်အမျိုးသားအစည်းအရုံးတို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပခဲ့စဉ်။ မီးရထားဝန်ကြီး ဦးအောင်မင်း (ဝဲ ရှေ့တန်း- တတိယ)
မနေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပခဲ့စဉ်မှာ မီးရထားဝန်ကြီး ဦးအောင်မင်းက အဲဒါကို သတင်းကောင်းအနေနဲ့ ပါးခဲ့တယ်လို့ ကေအင်ယူ ငြိမ်းချမ်းရေး ကော်မီတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စောဒေးဗစ်ထောက ပြောပါတယ်။ ဒါ့အပြင် မကြာသေးခင်က တရုတ်နိုင်ငံ ခွေမင်မြို့ကနေ ရန်ကုန်ကို ပို့ဆောင်ခံခဲ့ရပြီး ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံရတဲ့ ကေအင်ယူ ခေါင်းဆောင်တစ်ဦးဖြစ်သူ မန်းငြိမ်းမောင် အပါအဝင် တခြားကေအင်ယူ အဖွဲ့ဝင်တွေကို လွှတ်ပေးမယ်လို့ အာမမခံနိုင်ပေမယ့် နိုင်ငံတော် သမ္မတဆီမှာ တင်ပြပေးမယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောသွားတယ်လို့ ဆိုပါတယ်။ အစိုးရသစ် အာဏာလွှဲပြောင်းယူစဉ် လက်ခံရရှိတဲ့ အကျဉ်းသား စာရင်းတွေမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မပါကြောင်း၊ ပြစ်မှုတစ်ခုခုကို ကျူးလွန်လို့ အရေးယူထားသူတွေသာ ရှိကြောင်း ဝန်ကြီးဦးအောင်မင်းက ရှင်းပြသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးဟာ လာမယ့် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလ လွှတ်မယ့် အသုတ်တွေထဲမှာ ပါနိုင်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ပြောတယ်လို့ ဆိုပါတယ်။
http://www.rfa.org/burmese/news/political-prisoner-12222011104625.html

နိုင်ငံရေးအကျဉ်းသား ထပ်လွှတ်မည်

By featured, ပြည်တော်မြင့် on December 22, 2011 3:13 pm


မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို လာမည့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှစတင်၍ နှစ်ကြိမ်ခွဲ လွှတ်ပေးမည်ဟု အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန် အင်းစိန်ထောင်ရှေ့တွင် လွတ်မြောက်လာမည့် သူများကို စောင့်ဆိုင်းနေသူများ (ဓာတ်ပုံ - ဧရာဝတီ)

ဦးအောင်မင်းသည် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။

ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် နှစ်ဘက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ လာရောက်ဆွေးနွေးစဉ် ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်သူ KNU ကိုယ်စားလှယ်တဦးက“၀န်ကြီး ဦးအောင်မင်းပြောတာက နိုင်ငံရေးအကျဉ်းသားတွေကို လာမယ့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှာတကြိမ် ၁၂ ရက်နေ့မှာတကြိမ် ၂ ကြိမ်ခွဲပြီး အားလုံးနီးပါးကို အစိုးရက လွှတ်ပေး ဖို့ ရှိတယ်လို့ ကျနော်တို့ကို အလွတ်သဘောပြောခဲ့ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆွေးနွေးပွဲတွင်ပါရှိသည့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုဒေးဗစ်ထော ကလည်း အလွတ်ဆွေး နွေးပြောဆိုကြရာတွင် နိုင်ငံရေးအကျဉ်းသား လွှတ်မည့်ကိစ္စများအပြင် ပဒိုမန်းငြိမ်းမောင် အပါအ၀င် အဖမ်းခံထားရသည့် အဖွဲ့ ၀င်များနှင့် ပတ်သက်သည့် ကိစ္စရပ်များလည်းပါရှိသည်ဟု ပြောကြားသည်။

KNU ခေါင်းဆောင်တဦးကလည်း“ဒီကိစ္စကိုကျနော်တို့ဘက်က ဆွေးနွေးတောင်းဆိုမှု မရှိပါဘူး၊ ဦးအောင်မင်းပြောတာက ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရင် KNU အတွက်အကျိုးဖြစ်မှာလားဆိုပြီးတော့မေးပါတယ်၊ ကျနော်တို့ဘက်ကပြန်ပြော တာက သူ့ကိုလွတ်ပေးရင်တော့ လက်ရှိနှစ်ဘက်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေကို အထောက်အကူဖြစ်စေ မှာဖြစ်ပြီး ပဒိုမန်းငြိမ်းမောင်အပါအ၀င် အခြားအဖမ်းခံထားရတဲ့ KNU အဖွဲ့ဝင်တွေကိုလည်း လွတ်စေချင်တယ်လို့ ကျနော်တို့ဘက် က သဘောထားပြန်ပေးခဲ့ပါတယ်”ဟု ပြောသည်။

မန်းငြိမ်းမောင်သည် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှတဆင့် မြန်မာ နိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် မကြာသေးခင်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည်။

ယနေ့ရက်စွဲဖြင့် ထွက်ရှိလာသည့် ပြည်တွင်း အပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွှေမန်း က ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ လွတ်မြောက်ရန် ပိုနီးကပ်လာပြီဖြစ်သည်ဟု ရန်ကုန်တွင် ပြုလုပ်သည့် ပြည့်သူ့လွတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်(ရန်ကုန်-ရုံးခွဲ) ဖွင့်ပွဲ အခမ်း အနားတွင် ပြောကြားသွားသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းသား ၆၃၅၉ ဦး ကို လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား၂၀၀ ခန့် ပါဝင်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ နောက်ဆုံးရ စာရင်းများအရ မြန်မာ နိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၅၄၆ ဦးရှိပြီး မြန်မာအစိုးရ၏ စာရင်းတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၂၀၀ ကျော်သာရှိသည်ဟု သိရသည်။
http://burma.irrawaddy.org/archives/3998


နိုင်ငံရေးအကျဉ်းသား​ နှစ်သုတ် ခွဲလွှတ်မည်ဟု သတင်းထွက်ပေါ်

Published on December 22, 2011 by မင်းလွင်

နိုင်ငံရေးအကျဉ်းသားတွေကို ဇန်န၀ါရီ လဆန်းပိုင်းမှာ နှစ်သုတ်ခွဲပြီးတော့ အကျဉ်းထောင်တွေထဲကနေ ပြန်လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို နှစ်သုတ်ခွဲပြီး ဇန်န၀ါရီ ၄ ရက်နေ့မှာ တခါ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တခါ လွှတ်ပေးမယ်ဆိုပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က တာဝန်ရှိသူ တဦးဖြစ်တဲ့ ရထားဝန်ကြီးက တိုင်းရင်းသား​ ​ခေါင်းဆောင်တွေကို ပြောခဲ့တာပါ။

မနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နဲ့​တွေ့ဆုံစဉ်​ ​ပြောခဲ့တာဖြစ်ကြောင်း​ ​ကေအန်ယူမှ ဖဒိုဒေးဗစ်ထောက ပြောပါတယ်။

“အစိုးရသစ်လက်ထဲ အကျဉ်းဦးစီးဌာနက ဒီအကျဉ်းသားတွေ စာရင်းကို လွှဲပြောင်းပေးတဲ့အချိန်မှာ သူတို့အနေနဲ့ ရရှိတာက အားလုံးက ရာဇဝတ် အကျဉ်းသားလို့ပဲ သူတို့ သိရတယ်လေ။ ဆိုတော့ ဒီဟာကို သေချာအောင် ကိုဇာဂနာ ဦးစီးတဲ့ အကျဉ်းသားဟောင်းတွေကနေပြီးတော့ တထောင်ဝင် တထောင်ထွက် လိုက်လံ စာရင်းကောက်ယူ ပြုစုတဲ့ဟာက အခု စာရင်းအရ ပြောမယ်ဆိုရင် ၆၀၀ နီးနီး ရှိတယ်လို့ သူ အဲဒါကို ပြောပြပါတယ်။ ကျနော်တို့ အေအေပီပီကနေ တင်ပြထားတဲ့ ဦးရေနဲ့ ဆိုရင်တော့ နည်းနည်းတော့ ကွာဟမှုတော့ ရှိတာကိုတော့ တွေ့ရတယ်ပေါ့လေ။ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ လွတ်မြောက်ရေး အတွက် ဦးအောင်မင်းက ဆက်လက်ပြီး ရှင်းပြတာကတော့ ဒီ ဇန်နဝါရီလ ၄ ရက်နေ့မှာ အကျဉ်းသားတွေ လွှတ်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားအချို့လည်း ပါဝင်မယ်။ နောက်ပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ နောက်တကြိမ် လွှတ်မယ်ဆိုရင်လည်း နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မယ်။ ဒီအကြိမ်ကျရင်တော့ နိုင်ငံရေး အကျဉ်းသားတွေက ကုန်သလောက် ရှိသွားပြီလို့ ကျနော်တို့ကို ပြောပြသွားတာ ရှိပါတယ်။”

ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေပီပီ အတွင်းရေးမှုး ကိုတိတ်နိုင်က

“အဲဒီလိုတော့ ကြားနေတာပဲ။ သို့ပေမယ့် သူတို့ပြောတာကတော့ နှစ်သုတ်ခွဲလွှတ်မယ်၊ ဒုတိယအသုတ်မှာတော့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးမယ်လို့ သူတို့ပြောတယ်။ သို့ပေမယ့် သူတို့က နိုင်ငံရေးအကျဉ်းသား ဆိုတာကို ဘယ်လို သတ်မှတ်ထားလဲ ဆိုတဲ့ကိစ္စ တခါမှ မကြေညာတဲ့အခါကျတော့ ဘယ်လိုလူတွေကို လွှတ်ပေးမှာလဲ၊ အရေအတွက် ဘယ်လောက်ကို လွှတ်ပေးမှာလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမယ့် အခြေအနေမျိုး ရှိတယ်။ သေချာတာကတော့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်လာဖို့အတွက်ကတော့ နည်းနည်း ခက်လိမ့်ဦးမယ် ထင်တယ်။ အကန့်အသတ်အနေနဲ့ပဲ လွှတ်ပေးဖို့ များပါတယ်။”

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အပြောအရ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေး ဆက်လုပ်မယ်ဆိုတဲ့ အကန့်အသတ်နဲ့ လွှတ်နိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

အေအေပီပီရဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းအရဆိုရင်တော့ ၁၅၄၆ ဦး ရှိနေပြီးတော့ အစိုးရနဲ့ အခြား အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းဟာ ကွာဟာတာတွေ ရှိပါတယ်။ အစိုးရစာရင်းအရ ရာဂဏန်း အနည်းငယ် လွှတ်ပေးမှာကို အတိုက်အခံအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။

အေအေပီပီက စာရင်းရယ်၊ အန်အယ်ဒီက စာရင်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက စာရင်းတွေကတော့ ကွဲပြားနေတယ်လို့ နိုင်ငံတော် သမ္မတ အကြံပေး ဦးနေဇင်လတ်က ပြောပါတယ်။

“အေအေပီပီပြောထားတဲ့ စာရင်းရယ်၊ နောက်တခါ အန်အယ်လ်ဒီက ဒေါ်အောင်ဆန်းစုကြည်တို့ ပြောထားတဲ့ စာရင်းရယ်၊ နောက်တခါ ပြည်ထဲရေးက ပြောထားတဲ့ စာရင်းရယ် အဲဒီ သုံးခုကတော့ နည်းနည်းလေး ကွာတယ်ပေါ့ဗျာ။ တခု ရှိတာကတော့ အေအေပီပီကတော့ ကျနော် အမှတ်မမှားရင် ၁၅၀၀ လား​ ​ပြောထားတယ်။ ​ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က​ ​ပြောတာကျတော့ ၅၉၁ ယောက်ပေါ့ဗျာ၊ နောက်တခါ ပြည်ထဲရေးက ပြောတာကျတော့ ၅၀၀ ကျော်ပေါ့ဗျာ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထဲရေးပြောတာကတော့ နီးစပ်တယ်ပေါ့။ ဒါကတော့ နည်းနည်းလေး ဝိဝါဒလေး ကွဲတဲ့ဟာ ဖြစ်နိုင်တယ်ပေါ့။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ကနေ ပြောထားပြီးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးနိုင်မယ်လို့ ဦးနေဇင်လတ်က ပြောပါတယ်။
http://burmese.dvb.no/archives/19051

ကမ္ဘာအရပ်ရပ်မှာအလုပ်လုပ်နေကြတဲ့ မြန်မာပြည်သားတွေအတွက် မင်္ဂလာနှစ်သစ်ဖြစ်ပါစေ။




ရွှေညဝါဆရာတော်အား အရေးယူဆောင်ရွက်ရန် ခေတ္တဆိုင်းငံ့






ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက (၁၅)ပါးစုံညီ အစည်းအဝေးမှ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည်..
Friday, December 23, 2011  ဒီမိုဝေယံ  

ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက (၁၅)ပါးစုံညီ အစည်းအဝေးမှ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ပြီး လာမည့် တပေါင်းလမှာ ပြုလုပ်မယ့် နိုင်ငံတော် သံဃမဟာနာယက (၄၇)ပါးစုံညီ အစည်းအဝေးမှာ ရွှေညဝါဆရာတော်ကြီး၏ အသနားခံစာအား အားလုံးစုံညီ ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရှိရပါသည်...။
လောလောဆယ် ဆိုင်းငံ့ထားစဉ်ကာလ၌ ရွှေညဝါပညာ့ဗိမ္မာန် ကျောင်းတိုက်၌  ရွှေညဝါဆရာတော်ကြီး  ဆက်လက်သီတင်းသုံး နေထိုင်လျှက်ရှိပါတယ်...။ ဗုဒ္ဓတက္ကသိုလ်အားလည်း ဆက်လက်ဖွင့်လှစ် ထားရှိပါတယ်..။ ထိုသို့ ဆက်လက် ဖွင့်လှစ်ထားကြောင်း အသိပေး အကြောင်းကြားစာအား မနက်ဖြန်မှာ လာပို့ရန် သံဃမဟာနာယက ဆရာတော်ကြီးများမှ မိန့်ကြားလိုက်ကြောင်း လက်ထောက် ဆရာတော် ဦးသူရိယမှ မိန့်ကြားသွားပါတယ်...။

ဒီဇင်ဘာလ(၂၁)ရက်နေ့က  ဘီဘီစီမြန်မာပိုင်း အစီအစဉ် (သံဃာတော်များအပေါ် ပိတ်ပင်တားဆီးမှု) အသံလွှင့်ထုတ်ချက်ပါ ..ရွှေညဝါဆရာတော်ကြီးနဲ့ ပါဝင်ဆွေးနွေးသူများ၏ ဆွေးနွေးပြောဆိုချက်များအား မဟန ဆရာတော်ကြီးများ အပါအဝင် ပြည်တွင်းမှ အထူးစိတ်ဝင်စားစွာ နားဆင်ကြကြောင်း သိရှိရပါတယ်..။ ဘီဘီစီ ဆွေးနွေးချက် ပြန်လည် နားဆင်ချင်ရင် Click


ရွှေညဝါဆရာတော် ဆရာတော်ကြီးအား ၂၀၁၁ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်ပါ..။ အောက်ပါအချက် (၃)ချက်မှာ (က)နဲ့(ဂ) အချက်အား လက်ရှိအနေအထားအရ ဆိုင်းငံ့ထားပြီး။ (ခ)အချက်ပါ ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး လာမည့် တပေါင်းလ စုံညီ အစည်းအဝေးမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်..။ ယနေ့အထိ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ထုတ်ပြန်ကြေငြာချက်အား ရပ်ဆိုင်းပေးရန် လက်မှတ်ရေးထိုး တောင်းဆိုကြသူ ၅သောင်းနီးပါး ရရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်..။

 ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးနဲ့ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးတို့ရဲ့ အမှတ်တရ ဓာတ်ပုံတွေပါ...။ ဗန်းမော်ဆရာတော်ကြီးမှ တပည့်ဖြစ်သူ ရွှေညဝါဆရာတော်ကြီးအား ရဲရင့်တည်ကြည်တဲ့ "ခြင်္သေ့ကြီး" ဆိုပြီး အမြဲခိုင်းနှိုင်း အမည်နာမ သမုတ် ခေါ်တော်မူပါတယ်..။

သတင်း၊ ဓာတ်ပုံ .... ဒီမိုဝေယံ
ဒီဇင်ဘာ ၁၂ရက်နေ့က  နိုင်ငံတော် သံဃမဟာနာယက ၄၇ပါးစုံညီ ထုတ်ပြန်ချက်...
အကြောင်းအရာ.... ရွှေညဝါဆရာတော်အား အရေးယူဆောင်ရွက်ရန်ကိစ္စ
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ၂၈ရက် ၁၁လ ၂၀၁၁ခုနှစ်၌ ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီအစည်းအဝေးက ဖော်ပြလတ္တံပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်..။
ဆုံးဖြတ်ချက်....
ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍
(က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်..။
(ခ) သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်သည်ကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်။
() နိုင်ငံတော် သံဃမဟာနာယအဖွဲ့၏ ခွင့်ပြုချက်မရပဲ မည်သည့်ပုဂ္ဂိုလ်မှ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမျှ ဖွင့်လှစ် ဆောင်ရွက်ခြင်းမပြုရန်။
သို့ဖြစ်ပါ၍ အထက်ပါ အပိုဒ်(၁)ပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရေး ရန်ကုန်တိုင်း ဒေသကြီး သာသနာရားသို့ ဆက်လက်ညွှန်ကြား ဆောင်ရွက်သွားပါရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည်တင်ပြရန် အကြောင်းကြား လျှောက်ထားအပ်ပါသည်..။
ဘဒ္ဒန္တဝါယမ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင် ဆရာတော်
http://www.demowaiyan.co.cc/2011/12/blog-post_23.html

မြောင်းမြထောင်တွင်း နှိပ်စက်ပုံများ

မြောင်းမြထောင်တွင်း ထောင်အာဏာပိုင်များမှ နိုင်ငံရေး အကျဉ်းသားများ အပေါ် မတရား နှိပ်စက်ပုံများ နှင့် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများကို ၂၀၁၁ ခုနှစ်
အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် နှင့် မြောင်းမြထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုတွင်း အကျဉ်းကျခဲ့သည့်နိုင်ငံရေးအကျဉ်းသား ကိုမြတ်ထွန်း၏ ပြောကြားချက်…..


ပန်းချီဆရာမောင်မောင်သိုက်ရဲ့ ပန်းချီကား ၂၀

Burma VJ Media Network
သရုပ်ဖော်ပန်းချီဆရာမောင်မောင်သိုက်ရဲ့ ပန်းချီကား ၂၀ နဲ့ ပန်းချီဆရာ ၆၀ ကျော်ရဲ့ ပန်းချီကား ၈၆ ကားကို စုပေါင်းပြသထားတဲ့ Memorial 2011 ပန်းချီပြပွဲကို မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံး ဗဟို ပြခန်းမှာ ဒီဇင်ဘာလ ၂၁ ရက်ကနေ ၂၅ ရက်နေ့အထိ ခင်းကျင်းပြသထားပါတယ်။

ငါးခိုးဖမ်းသည်ဟု စွပ်စွဲကာ မတရား ဖမ်းဆီး

Burma VJ Media Network

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ သစ်တိုအုပ်စု ဆည်ရွာအနီးရှိ ဗေဒါများပြည့်နှက်နေသည့် ချောင်းအား ရွာသားများက ဆယ်ယူပေးသည်ကို ငါးခိုးဖမ်းသည်ဟု အင်းလေလံသမားများက စွပ်စွဲကာ မတရား ဖမ်းဆီး တရားစွဲဆိုထားသည်ကို ရွာသားများနှင့် လိုက်ပါဆောင်ရွက်သူများက ပြန်လည် ရှင်းလင်း ပြောကြားချက်များ

ထောင်ဒဏ်တသက် ကျခံနေရတဲ့ နိုင်/ကျဉ်း ကိုသက်နွယ်(ခ) ငြိမ်းလူ၏ ကျန်းမာရေး အခြေအနေ စိုးရိမ်ရ

အင်းစိန်အကျဉ်းထောင်မှာ ပုဒ်မ ၃ ၊ ၁၇/၁ ၊ ၁၃/၁ နဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခံနေတဲ့ ကိုသက်နွယ်(ခ) ငြိမ်းလူ ဟာ ထောင်ထဲမှာ သတိလစ်မေ့မောသွားသောကြောင့် အင်းစိန်ထောင်ထဲကနေ အင်းစိန်ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာ ၂၂ရက်နေ့က ပို့ဆောင်ခဲ့ရပါတယ် ။ ကိုသက်နွယ်(ခ) ငြိမ်းလူ၏ ကျန်းမာရေးအခြေအနေကို သွားရောက်ကြည့်ရှုခဲ့သည့် သူ၏ အမ မမာလာနွယ်ကို ဘားမားဗီဂျေ မီဒီယာက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး – ဒီကနေ့ အမတို့ အင်းစိန်ထောင်ကိုသွားတွေ့တဲ့အကြောင်းပြောပြပေးပါ။

ဖြေ – အင်းစိန်ထောင်ကနေပြီးတော့ ကျန်းမာရေးမကောင်းတဲ့အတွက်ကြောင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးကို အမရဲ့မောင်လေး ထုတ်ထားတာကို သွားကြည့်တာပါ။

မေး – အမရဲ့မောင်လေးနာမည် ပြောပြပေးပါ။

ဖြေ – ကိုသက်နွယ်(ခ) ငြိမ်းလူပါ။

မေး – သူက ဘာပုဒ်မနဲ့ ဘယ်လို ထောင်ကျနေတာလဲ။

ဖြေ – ပုဒ်မ က ပုဒ်မ ၃ ၊ ၅၁/၀၃၊ ၅၂/၀၃၊ ၁၇/၁ ၊ ၁၃/၁ အဲတာတွေနဲ့ တသက်တကျွန်းကျခံထားရတာပါ ။

မေး – ဘယ်တုန်းက ဘာကိစ္စနဲ့ကျတာလဲ ။

ဖြေ – ၁၀/၁၂/၂၀၀၂ ခုနှစ်ကပါ ။ သူတို့လာရှာတာကတော့ လက်နက် နဲ့ စာရွက်စာတမ်းပေါ့ ။ ဒါပေမယ့် သူတို့ရှာတဲ့ လက်နက်နဲ့စာရွက်စာတမ်းတွေ သူတို့မတွေ့သွားပါဘူး ။ ကျမတို့ဆီမှာလည်း မရှိခဲ့ပါဘူး ။

မေး – အခုသူက ဘာရောဂါဖြစ်ပြီးတော့ အင်းစိန်ဆေးရုံကို ပို့ထားတာလဲ။

ဖြေ – သူက ပထမတုန်းကတော့ စစ်ကြောရေးမှာ တော်တော်လေး ဦးနှောက် အာရုံကြောတွေကို ထိခိုက်ထားတာကြောင့်မို့လို့ စိတ်ရောဂါအထူးကုဆေးရုံကို နှစ်ခေါက် သွားတက်ခဲ့ရပါတယ် ။ နောက်ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ခဏခဏတက်ရပါတယ် ။ အခုမကြာသေးခင်က ၈/၁၂/၂၀၁၁ ရက်နေ့ ကြာသာပတေးနေ့က သူ့ကို အဆုတ်ထဲကို ရေဝင်တာရယ် ၊ အသည်းတွေရောင်နေတာရယ် အဲဒီရောဂါနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ထုတ်ပါတယ် ။ အဲဒီမှာပဲ တစ်ပတ်လောက်နေပြီးတော့ လုံးဝနေမကောင်းသေးပဲနဲ့ ထောင်ထဲကို ပြန်သွင်းပါတယ် ။ အခုထောင်ထဲမှာ သတိလစ်မေ့မျောနေသောကြောင့် ဒီဇင်ဘာ ၂၁ရက်နေ့ မနေ့က ၁ နာရီထိုးလောက်မှာ အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ပြန်ပြီးတော့ ပို့ပါတယ်။

မေး – အခုလို သူ ဝေဒနာခံစားနေရတာနဲ့ ပတ်သတ်ပြီးတော့ အင်းစိန်ထောင်ထဲမှာ သူ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လိုလုပ်ပေးသလဲ၊ ဆေးကုသခွင့်ဘယ်လို ခံရသလဲ ။

ဖြေ – သူ့ကို ထားတာကတော့ သူဟာ နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်နေပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ ထားတဲ့တိုက်ထဲမှာ မထားပဲ အရူးထောင်ထဲမှာ ထည့်ထားပါတယ်။ အဲတော့ အရူးထောင်ထဲမှာ ထည့်ထားတယ်ဆိုတဲ့ဟာကိုက သူဟာ မျိုးရိုးကြောင့် ရူးနေတာလည်း မဟုတ်ဘူး။ နောက် သွေးသားကြောင့် ရူးနေတာလည်း မဟုတ်ပါဘူး ။ သူ့ကို စဖမ်းတုန်းက ထောက်လှမ်းရေး (၂၆) ရဲ့ ရက်စက်မှုတွေကြောင့် သူ့ရဲ့အာရုံကြောတွေ တော်တော်များများ ချို့ယွင်းခဲ့ပါတယ်။ အဲတာကြောင့်မို့လို့ သူ ရူးနေတာ မဟုတ်ပါဘူး ၊ သူ ကြောင်တောင်တောင် ဖြစ်နေတာပါ။ အဲဒီဟာ သူ့ကို အရူးတိုက်ထဲမှာ ထည့်ထားတယ် ။ အဲဒီတိုက်ထဲကိုလည်း ဘယ်သူမှ အသွားအလာ မရှိပါဘူး ။ ဝန်ထမ်းလည်း မရှိဘူး ။ ထောင်မှူး ၊ ထောင်ပိုင်လည်း တခါမှ မလာဘူး ။ အခုသတိလစ် မေ့မျောတာတောင်မှ ဆေးမှူးပဲ လာတယ်လို့ ပြောတယ် ။ ဆရာဝန် လုံးဝ မလာပါဘူး ။ အဲတော့ သူ့ရဲ့ရောဂါအခြေအနေနဲ့ ပတ်သတ်ပြီးတော့ ထောင်ထဲမှာလည်း သူ့ကို ကြပ်မတ်ပြီးတော့ ကုသပေးတာ မရှိဘူးလို့ပဲ ထင်ပါတယ် ။

မေး – အမတို့ အနေနဲ့ရော သူ့ဆီကို ထောင်ဝင်စာ ဘယ်လောက် တစ်ခါ သွားတွေ့လဲ ။

ဖြေ – ကျမကတော့ ကျမမောင်လေးဆီကို သုံးပတ် တစ်ခါ ၊ နှစ်ပတ် တစ်ခါ သွားတွေ့ပါတယ် ။ အမလည်း သူနဲ့အတူ အမှုတွဲအဖြစ်နဲ့ ထောင်ထဲမှာ တသက်တကျွန်း ကျခံခဲ့ရတာပါ ။ အမက ထောင်ထဲမှာ တသက်တကျွန်း ကျခံရပြီးတော့ နှစ်နှစ် ၊ ခြောက်လနဲ့ ၂၀၀၅ ခုနှစ်က အပြင်ကို ပြန်ထွက်လာတာပါ ။ အဲဒီရက်ကစပြီးတော့ အမလည်း မောင်လေးကို သုံးပတ် တစ်ခါ ၊ နှစ်ပတ် တစ်ခါ မပြတ်အောင် အမြဲတမ်း သွားတွေ့ပါတယ် ။

မေး – အမတို့ ထောင်ဝင်စာ သွားတွေ့တဲ့အခါမှာ သူ့ရဲ့ပုံစံက သာမန် လူကောင်း တယောက်လိုပဲလား။

ဖြေ – မဟုတ်ပါဘူး ။ သာမန် လူကောင်းတယောက် မဟုတ်ပါဘူး ။ ပထမပိုင်းတုန်းကလည်း အဆုတ်ထဲ ရေဝင်ပြီးတော့ အသည်းတွေ ရောင်နေတဲ့ အချိန်မှာလည်း သူက စကားလည်း မပြောနိုင်ဘူး ။ လမ်းကိုလည်း ဝန်ထမ်းတယောက်က တွဲလာရပါတယ် ။ နောက် မျက်လုံးကလည်း လုံးဝကို ကြောင်တောင်တောင် ဖြစ်နေပါတယ် ။ အခုနောက်တခေါက် အင်းစိန်ပြည်သူ့ဆေးရုံကို ရောက်လာတဲ့ အချိန်မှာလည်း သူဟာ အခုချိန်ထိလည်း စကားကို မပြောနိုင်ပါဘူး ။ စကားပြောရင်း ပြောရင်းနဲ့ ဘာပြောနေသလဲဆိုတာကို သူ့ကိုယ်သူ မသိလောက်အောင် သူသတိလစ်လစ် သွားပါတယ် ။ အခုလည်း မျက်လုံးတွေကလည်း မကောင်းသေးဘူး ။ အဲလို စကားပြောနေရင်းနဲ့ သတိလစ်လစ်ပြီးတော့ တခါတလေကျရင် ကျမ သွားတဲ့အခါ အမကိုတောင် မမှတ်မိလောက်အောင် အခုချိန်ထိ ဖြစ်နေပါသေးတယ် ။

မေး – အခု အင်းစိန်ပြည်သူ့ဆေးရုံမှာ ဆေးကုသခွင့် ခံနေတဲ့အခါကျတော့ သူ့ကို ဆေးရုံရဲ့ စောင့်ရှောက်မှု ၊ နောက် ထောင်က ဘယ်လိုပါဝင်ပတ်သတ်မှုတွေ ရှိလဲ ပြောပြပေးပါ ။

ဖြေ – အခု သူ့ကို အင်းစိန်ထောင်ကနေပြီးတော့ အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ပို့တဲ့အခါမှာ အခုဒီဇင်ဘာ ၂၂ရက်(ကြာသာပတေးနေ့)ဒီနေ့ ၁၀ နာရီခွဲမှာ သူတို့အခန်းထဲကို ဒေါက်တာက ရောင်း(round)လှည့်ပါတယ် ။ ရောင်း(round)လှည့်တဲ့အခါမှာ ဘာပြောသလဲဆိုတော့ “မင်းတို့တွေ အားအားယားယားနဲ့ ထောင်ထဲကနေ ပြီးတော့ အပြင်ဒီဆေးရုံကို လာလာပြီး တက်နေတယ် ။ မင်းတို့ လာတက်တဲ့ အတွက်ကြောင့်မို့လို့ ငါတို့က ဘာပိုက်ဆံမှ မရဘူး ။” အဲဒီစကားကို ရောင်း(round)လှည့်တဲ့ ဒေါက်တာ ကိုယ်တိုင်က ပြောသွားတာပါ ။ အဲတော့ အားလုံးကို သိမ်းကြုံးပြောသွားတာပါ ။ “ဒီလောက်တောင်မှ ထောင်ထဲက အင်းစိန်ပြည်သူ့ဆေးရုံကို လာပြီးတော့တက်နေတယ်ဆိုရင် ထောင်ထဲက ဆေးရုံကို ပိတ်လိုက်ပါလား” လို့ ပြောပါတယ် ။ ထောင်ထဲက ဆရာဝန်ကလဲ ဆေးဝါး မပြည့်စုံတာရယ် ၊ သူ မလုပ်ပေးချင်တာရယ်ကြောင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ပို့တယ် ။ အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ရောက်တော့လဲ ဆရာဝန်တွေက ပြည်သူ့ဆရာဝန်တွေ ဖြစ်ပြီးတော့ သူတို့ကလဲ ဒီစကားမျိုးကို ပြောပါတယ် ။ သူတို့ကလဲ နေကောင်းကောင်း ၊ မကောင်းကောင်း ထောင်ထဲကို ပြန်ပို့တယ် ။ အဲတော့ ထောင်ထဲက ဆရာဝန် နဲ့ အင်းစိန်ပြည်သူ့ဆေးရုံက ဆရာဝန်ကြီးတွေ သူတို့ ဘောလီဘော ပုတ်တဲ့ကြားထဲမှာ အလယ်ကောင်က လူနာက သေပါတော့မယ် ။ ဒါကြောင့်မို့လို့လဲ အမတို့အနေနဲ့ ဒီထောင်ထဲက လူတွေက သူတို့က ပျော်လို့ ဒီဆေးရုံကို လာတက်နေတဲ့ ပုံစံမျိုးနဲ့ ဆရာဝန်ကိုယ်တိုင်က ပြောတာပါ ။ နောက်ဘယ်သူမှ ထောင်ထဲက ဒုက္ခ၊ ဒီဆေးရုံထဲမှာ နေရတဲ့ဒုက္ခတွေကို ဘယ်သူမှ မခံစားချင်ပါဘူး ။ သူတို့ကလဲ ဘယ်သူမှ ပျော်လွန်းလို့ ဆေးရုံလာတက်နေကြတဲ့သူတွေ မဟုတ်ပါဘူး ။ အဲဒီမှာ ဆရာဝန်ကိုယ်တိုင်က ပြောတဲ့စကားကို ဒီနေ့ အမကြားခဲ့တာ တော်တော်လေး စိတ်မကောင်းပါဘူး ။ လူနာတွေ ကြည့်ရတာလဲ တယောက်မှ ကောင်းကောင်းမွန်မွန် မရှိဘူး ။ အကုန်လုံးက ကြောင်တောင်တောင်နဲ့ ဖြစ်နေတဲ့ အနေအထားမျိုးလေးတွေကို အမတွေ့ရတဲ့အတွက်ကြောင့် တော်တော်ကြီးကို စိတ်မကောင်းပါဘူး ။

မေး – အင်းစိန်ထောင်ရဲ့ အရူးတိုက်ထဲမှာ သူနဲ့အတူတူ တခြားနောက်ထပ် ဘယ်နှယောက်လောက် ရှိလဲ ။

ဖြေ – အရူးတိုက်ထဲမှာ မောင်လေးတယောက်တည်း ထားပါတယ် ။ ကျန်တဲ့သူ့မှာ စကားပြောဖော် ၊သူနဲ့ တိုင်ပင်ဖော်၊တိုင်ပင်ဖက် ဆိုတာလဲ မရှိပါဘူး ။ တယောက်တည်းထားတဲ့အတွက်ကြောင့် သူက ပိုကြောင်သွားတယ်လို့ စိတ်ထဲမှာ ထင်ရပါတယ် ။ နောက်တစ်ခု အဲဒီတိုက်ထဲကို ဘယ်သူမှ အသွားအလာ မရှိဘူး ။ ဝန်ထမ်းလည်း မရှိဘူး ။ ထောင်မှူး ၊ ထောင်ပိုင်လည်း တခါမှ မလာဘူး ။ ဆရာဝန်လည်း မလာပါဘူး ။ မိုးတွင်းတုန်းက ဆိုရင် သူအိပ်တဲ့ အပေါ်က မိုးရေတွေ ယိုပါတယ် ။ ယိုပေမယ့်လည်း ဘယ်သူမှ လာပြီးတော့ ပြုပြင်ဖာထေးပြီးတော့ ကြည့်ရှုပြီးတော့ လုပ်ပေးမယ့်လူ မရှိခဲ့ပါဘူး ။ ဒါကိုလည်း သူပြောမှ ကျမ သိရတာပါ ။

မေး – အခု အမမောင်လေးနဲ့ ပတ်သတ်ပြီးတော့ အခုကျန်းမာရေး ဆိုးဝါးနေတယ် ။ အင်းစိန်ထောင်ထဲကနေ အင်းစိန်ပြည်သူ့ဆေးရုံ ထွက်တယ် ။
ပြည်သူ့ဆေးရုံကနေ တခါ ပြန်ထည့်လိုက်တယ် ။ ဒီနေ့ တခါ သတိလစ်သွားတဲ့ အတွက်ကြောင့် ဆေးရုံ ပြန်ထုတ်ပေးတယ် ။ အဲဒိကိစ္စနဲ့ ပတ်သတ်ပြီးတော့ အမအနေနဲ့ အခု ဖြည့်စွက်ပြီးတော့ ပြောကြားချင်တာ ရှိရင် ပြောပေးပါ ။

ဖြေ – အခု ဆရာဝန်ပြောသွားတဲ့ အနေအထားအရကတော့ သူတို့က ဒီထောင်ထဲက ဆေးရုံမှာ မတက်ပဲနဲ့ ဒီဆေးရုံကို လာလာတက်နေတယ် ဆိုတဲ့အတွက်ကြောင့်မို့လို့ မင်းတို့တွေ လာတက်တဲ့အတွက်ကြောင့်မို့လို့ ငါတို့တွေ ပိုက်ဆံတပြားမှ မရဘူးဆိုတဲ့ စကားလုံးကို သုံးသွားပါတယ် ။ အမမျက်မြင်ကလဲ ပိုက်ဆံပေးနိုင်တဲ့လူတွေ အသုံးအဆောင်အပြည့်နဲ့ နေနေတာ တွေ့ရပါတယ် ။ အမတို့ နိုင်ငံရေးသမားတွေကတော့ ကုတင်ဖိုးလည်း မပေးနိုင်ပါဘူး ။ မပေးနိုင်တဲ့အတွက်ကြောင့် သူတို့ ဒီလိုစကားမျိုးကို ပြောတာပါ ။ အဲတော့ အမတို့ ဖြစ်စေချင်တာက အခုမကြာခင်မှာပဲ အမမောင်လေးက အခုချိန်ထိ မကောင်းပါဘူး။ သူ့ရဲ့ရောဂါအခြေအနေလည်း မကောင်းဘူး ။ လူကလဲ သတိလစ်နေတဲ့အခြေအနေ ၊ စကားပြောတာတောင် ကောင်းကောင်းမပြောနိုင်ဘူး ။ မျက်လုံးတွေကလည်း ကြောင်တောင်တောင် ဖြစ်နေပြီးတော့ လုံးဝ ကျန်းမာရေးမကောင်းတဲ့အချိန်မှာ ဒီတရက်နှစ်ရက်ကိုပဲ ဆရာဝန်က အထဲကို ထင်နေရတယ် ။ မနက်က ဒီဆရာဝန် ပြောသွားတဲ့ စကားအရ အထဲကို ပြန်ပို့ဖို့ အလားအလာ ရှိနေပါတယ် ။

မေး – အဲတာနဲ့ ပတ်သတ်ပြီးတော့ အမ ဘယ်လိုဆောင်ရွက်ချင်လဲ ။

ဖြေ – အမကတော့ ဒီအင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ ထပ်ပြီးတော့ ဒီကလေးကို ကျန်းမာတဲ့အထိ ဆရာဝန်တွေကနေပြီးတော့ ပြုစုစောင့်ရှောက် ပေးစေချင်ပါတယ် ။ အမတို့ ဘက်ကလဲ ဆေးတွေကို လိုအပ်သမျှ ဝယ်ပေးနေပါတယ် ။ နောက်တခုက ဒီနေ့ ထပ်ကြားလိုက်တာက ခါတိုင်းတုန်းကဆိုရင် ဒီအကျဉ်းသားတွေကို ရေသန့်ဘူး ဘူးကြီးတဘူး ပေးတယ် ။ အဲဒီထဲမှာ ဆေးရုံတက်နေတဲ့ အကျဉ်းသားတွေက အများကြီးဆိုတော့ ရေသန့်ဘူး တဘူးနဲ့ တနေ့ကို မလောက်ဘူး ။ မလောက်တော့ ဆရာဝန်ကြီးကို ပြောတယ် ။ အဲတော့ ဆရာဝန်ကြီးက လောက်အောင် ထပ်ပေးပါလို့ ညွှန်ကြားချက်ပေးတယ် ။ အဲလို ညွှန်ကြားချက် ပေးကတည်းက အရင်တဘူး ပို့နေကြက အခုလုံးဝ မပို့တော့တဲ့ အခြေအနေမျိုး ၊ ဒါကိုလည်း အထဲက အကျဉ်းသားတွေက ပြောနေသံကို ကြားပါတယ် ။ အဲတော့ အမအနေနဲ့ ပြောချင်တာက ပြည်သူ့ဆရာဝန် တယောက်ပီပီ ဒီလူနာတွေကို လူနာလို့ မြင်ပြီးတော့ ကြပ်ကြပ်မတ်မတ်နဲ့ ရောဂါ ပျောက်ကင်းအောင် ကုပေးစေချင်ပါတယ် ။ နောက်ပြီးတော့ ဒီလိုလူနာတွေဟာ သူတို့ မြင်နေတဲ့ ထောင်ထဲက လူဆိုတာက ကြမ်းပိုး၊သူခိုးတွေ မဟုတ်ပါဘူး ။ တိုင်းပြည် နဲ့ လူမျိုး အတွက်နဲ့ ဆောင်ရွက်တဲ့ နိုင်ငံရေးသမားတွေပါ ။ အဲတော့ သူတို့ ဒီလိုမျိုး စကားကို မပြောသင့်ဘူးလို့ အမအနေနဲ့ ယူဆတယ် ။ အဲတော့ လူနာကို လူနာလို့ မြင်ပြီးတော့ လူနာဆီက ရသည်ဖြစ်စေ ၊ မရသည် ဖြစ်စေ အမတို့လည်း အပြင်မှာ လိုအပ်တဲ့ဆေး ဝယ်ပေးနေတာပဲ ။ အဲတော့ ကြပ်ကြပ်မတ်မတ်နဲ့ ရောဂါ ပျောက်ကင်းအောင် ကုပေးပါလို့ အမတို့က တောင်းဆိုချင်ပါတယ် ။
http://www.burmavjmedia.net/?p=2830