Friday, December 23, 2011

ရှေ့နေ ၃၂ ဦးအတွက် တရားသူကြီးချုပ်ထံ မေတ္တာရပ်ခံလွှာ



အာရှလူ့အခွင့်အရေးကော်မရှင်က အတင်းအဓမ္မလိုင်စင် အသိမ်းခံရသော မြန်မာပြည်မှ ရှေ့နေ ၃၂ ဦးအတွက် တရားသူကြီးချုပ်ထံ အိတ်ဖွင့်ပေးသော မေတ္တာရပ်ခံလွှာ တင်သွင်းထားကြောင်း သိရသည်။ ဗဟိုတရားရုံးရှေ့နေ ၂၅ ဦးနှင့် အထက်တန်းရှေ့နေ ၇ ဦးတို့မှာ နိုင်ငံရေးနှင့်ပတ်သက်မှုကြောင့် ဥပေဒလျှောက်လဲခွင့်လိုင်စင် အတင်းအဓ္မအသိမ်းခံထားကြရပြီး နိုဝင်္ဘာလ လေးရက်နေ့ကလည်း အာရှလူ့အခွင့်အရေးကော်မရှင်က ၄င်းတို့အတွက် သမ္မတကြီးထံ အသနားခံစာတင်ထားကြောင်း သိရသည်။ အဆိုပါရှေ့နေများမှာ -

ဗဟိုတရားရုံးရှေ့နေများ (လိုင်စင်နံပါတ်)
1. U Aye Myint (4377)
2. U Myint Than (2639)
3. U Har Mar Nyunt (1756)
4. U Myint Htay (1827)
5. U Khin Maung Thein (2694)
6. U Thaung Myint
7. Daw Khin San Hlaing (4203)
8. U Kyi Win (1506)
9. U Htay (3860)
10. U Khin Maung Thant (1784)
11. U Thein Than Oo (3695)
12. U Sein Nyo Tun (3978)
13. U Aung Thein (2703)
14. U Khin Maung Shein (4660)
15. U Robert Sann Aung (2469)
16. U Saw Hlaing (4666)
17. Daw Tin Htwe Mu (1447)
18. U Saw Htun (2791)
19. U Htun Htun Han
20. Thura U Tin Oo
21. U San Ni Tin Pe
22. U Aye Myint (Guiding Star) (4821)
23. U Myat Hla (1154)
24. Daw Hla Myint
25. “BBC” U Ne Min (2090)

အထက်တန်း တရားရုံးရှေ့နေများ (လိုင်စင်နံပါတ်)
1. Daw Ohn Kyi (6764)
2. U Aung Kyi Nyunt (3710)
3. U Htun Oo (11942)
4. U Nyi Nyi Htwe (24702)
5. Saw Kyaw Kyaw Min (28261)
6. Ko Phyo Phyu / Yan Naing Aung
7. U Tin Aung Tun (21483)

တို့ဖြစ်ကြကြောင်း သိရသည်။


source: Asian Human Rights Commission

source... greenwood(မြန်မာကျူ့ ပစ်ဖိုရမ်)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ကင်ဂျုံအီ - ဘယ်သူက ပိုတော်သလဲ






Friday, 23 December 2011 17:45
Written by ညီစောလွင်

ကင်ဂျုံအီ သေဆုံးသွားတာ မျက်မှောက်ခေတ်မှာ ကမ္ဘာ့ အရက်စက်ဆုံး၊ လူထူး လူကြောင်၊ အထီးကျန်ဆန်ဆန်နေထိုင်တဲ့ အာဏာရှင်တယောက် ဇာတ်သိမ်းသွားတာပါပဲ။
မြောက်ကိုရီးယားလည်း မရေမရာ၊ မတည်မငြိမ် အခြေအနေ၊ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ အရင်ထက်ပိုလာနိုင်မလား စိုးရိမ်စရာ အခြေအနေတွေဖြစ်ပေါ်နေပါတယ်။  အာဏာရှင်တွေ ဒယိမ်းဒယိုင် ဖြစ်နေကြတဲ့ နှစ်တနှစ်ရဲ့ အဆုံးသတ်နိမိတ်ပုံလည်းဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်ကစလို့ အာဏာရှင်တွေ များများစားစား မြင်ကွင်းကနေ တယောက်ပြီး တယောက် ပျောက်ကွယ်သွားတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာတော့ တူနီးရှားက ဘန်အာလီ၊ အီဂျစ်က မူဘာရတ်၊ လစ်ဗျားက ကဒါဖီတို့ရဲ့ ကျဆုံးခန်းတွေကို မြင်တွေ့ခဲ့ရပါတယ်။  ဆီရီးယားနဲ့ ဘာရိန်းမှာလည်း ရက်စက်တဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်နေတဲ့ လူထုအုံကြွမှုတွေ မြင်ခဲ့ရပါတယ်။
မြန်မာပြည်မှာဆိုရင်လည်း တိုင်းပြည်ကို နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ လူကြီး အနားယူသွားပြီး၊ သူ့ကိုဆက်ခံတဲ့ နောက်တယောက်က ပြုပြင်ပြောင်းလဲရေးတွေကို စတင်လုပ်ဆောင်လာပါတယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူသွားပြီး၊ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး ကနဦး ခြေလှမ်းတွေအပေါ်မှာ အကောင်းမြင်သူတွေရှိသလိုပဲ သတိနဲ့ စောင့်ကြည်သူတွေလည်း ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာမည်တောင် မကြားချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး၊ လွှတ်တော်ထဲ ၀င်ဖို့ကလည်း လပိုင်းအတွင်းမှာ တကယ်ဖြစ်လာတော့မှာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီကို သတ်သွားတာ သတင်းတွေအရဆိုရင် နှလုံးရောဂါဖြစ်ပါတယ်၊ လူထုဆန္ဒပြပွဲတွေမဟုတ်ပါဘူး။ ဒါကြောင့် မြောက်ကိုရီးယားမှာ ချက်ချင်လက်ငင်း ထူးထူးခြားခြားအပြောင်းအလဲဖြစ်လာနိုင်ခြေမရှိပါဘူး။ ဒါပေမယ့် ကင်ဂျုံအီရဲ့ အနိစ္စသဘောကနေ တရားပြနေတာတွေတော့ ရှိပါတယ်။ ဥပမာအနေနဲ့ အာဏာရှင်တွေဟာ အားပျော့နေပြီး၊ ဒယိမ်းဒယိုင်ဖြစ်နေပြီး၊ ထာဝရမြဲတဲ့ အရာမဟုတ်ဘူးဆိုတဲ့ အနိစ္စတရားတွေပါပဲ၊ ဒါကို သံဝေဂယူပြီး အာဏာရှင်တွေအနေနဲ့ အချိန်ရှိတုန်း၊ ကိုယ့်မှာ ရွေးချယ်စရာရှိသေးတဲ့ အခြေအနေမှာ အာဏာကို စွန့်မလား၊ သို့မဟုတ် နိုင်မနိုင်သိမ်းမရဖြစ်ပြီး အာဏာာလက်လွှတ်သွားတာမျိုး အဖြစ်ခံမလား၊ ပထမနည်းလမ်းက ပိုကောင်းပါတယ်လေ။
မြောက်ကိုရီးယားနှင့် မြန်မာပြည်ဟာ အာရှမှာတော့ အပယ်ခံတိုင်းပြည်ချင်း အတူတူပါပဲ။ ကမ္ဘာ့အရက်စက်ဆုံး အစိုးရတွေ အုပ်ချုပ်တာချင်းလည်း တူပါတယ်၊ အစိုးရနှစ်ရပ်စလုံးဟာ ကိုယ့်ပြည်သူတွေအပေါ် လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်တယ်လို့ စွပ်စွဲခံရပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကုလသမဂ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ တိုက်တွန်းထားကြပါတယ်။ မူးယစ်ဆေးဝါးကုန်သွယ်မှု၊ လူတွေကို ကျွန်သဖွယ် ကုန်ကူးမှုတွေမှာလည်း အစိုးရနှစ်ရပ်စလုံးဟာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက် နေကြပါတယ်၊ နိုင်ငံရပ်ခြားမှာ သူတို့ အပ်နှံ့ထားတဲ့ ဘဏ်စာရင်းတွေလည်း ချိတ်ပိတ် ခံထားရတာချင်းလည်း တူပါတယ်။
စစ်တပ်ကျောထောက်နောက်ခံထားတဲ့ အစိုးရချင်းလည်း တူပါတယ်။ မြောက်ကိုရီယား စစ်တပ်က ကမ္ဘာပေါ်မှာ စတုထ္ထအကြီးဆုံးဖြစ်သလို၊ မြန်မာစစ်တပ်ကလည်း အရှေ့တောင် အာရှမှာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ မြောက်ကိုရီးယားက နျူးကလီးယား ပိုင်ဆိုင်ထားသလို၊ မြန်မာအစိုးရကလည်း မြောက်ကိုရီးယားအကူအညီနဲ့ နျူးကလီးယား ပိုင်ဆိုင်ဖို့ ကြိုးစားနေပါတယ်။
အစိုးရနှစ်ရပ်စလုံးဟာ တိုင်းပြည်စီးပွားရေးကို ဗုန်းဗုန်းလဲအောင် စီမံခဲ့ပြီး၊ ပြည်သူတွေ ငတ်ပြတ်နေတာကို လက်ပိုက်ကြည့်ခဲ့ကြပါတယ်၊ နိုင်ငံတကာ အကူအညီတွေကို ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ပြီး အုပ်ချုပ်သူတွေကျတော့ မသန့်ရှင်းတဲ့ စည်းစိမ် ချမ်းသာတွေကို စံစားနေကြပါတယ်။ ဒီလို အချက်တွေမှာ မြန်မာနှင့် မြောက်ကိုရီယား တူညီကြပါတယ်။
ဒါပေမယ့် မတူတဲ့ အချက်တွေလည်း ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူအာဏာယူထားတဲ့ အချိန်မှာ သူ့ကိုယ်သူ အမွှမ်းတင်ဖို့ ၀ါဒဖြန့် ကြိုးစားခဲ့တာတွေရှိခဲ့ပါတယ်၊  ဥပမာအနေနဲ့ သူ့ဓာတ်ပုံကို အစိုးရရုံးတွေမှာ ချိတ်ခိုင်းတာ၊ မင်းနေပြည်တော်လို့ အဓိပ္ပါယ်ရတဲ့ နေပြည်တော် မြို့တော်သစ်ကို တည်ဆောက်ခဲ့တာတွေမျိုးပါ။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကင်ဂျုံအီရဲ့ ခြေဖျားကိုတောင် မမှီခဲ့ပါဘူး။
ဗိုလ်ချုပ်မှူးကြီးရဲ့ သားသမီးတွေ အစိုးရအဖွဲ့ထဲမှာ နေရာရခဲ့ပါတယ်။ သူ့အချစ်တော် မြေးကလေး လမ်းသရဲဂိုဏ်းဆန်းဆန်းနေတာကို ဗိုလ်ချုပ်မှူးကြီးရာထူးက အကာအကွယ် ပေးနိုင်ခဲ့ပါတယ်၊ ဒါတွေဟာ သူ့မိသားစုအပေါ် ဗိုလ်ချုပ်မှူးကြီး ကာကွယ်နိုင်ခဲ့တာတွေသာ ဖြစ်ပါတယ်။
မြန်မာနှင့် မြောက်ကိုရီးယားကြားမှာ အသိသာဆုံးခြားနားချက်ကတော့ နိုင်ငံရေးစနစ်ဖြစ်ပါတယ်။ ကင်ဂျုံအီရဲ့ မြောက်ကိုရီးယားဟာ ကွန်မြူနစ်နိုင်ငံပါလို့ ကြွေးကြော်ပြီး လက်တွေ့မှာ ဘုရင်စနစ်လို အုပ်ချုပ်နေတဲ့ နိုင်ငံပါ၊ လက်တွေ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ၊ ဥပမာ ညှဉ်းပမ်းနှိပ်စက်မှု၊ မုဒိမ်းကျင့်မှု၊ အဓမ္မလုပ်အားပေး၊ သတ်ဖြတ်မှုတွေကတော့ ထူးမခြားပါ။ အစိုးရနှစ်ရပ်စလုံးဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်တာချင်းအတူတူလို့ စွပ်စွဲခံရပါတယ်။
ဒါပေမယ့် ကင်ဂျုံအီ အစိုးရက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရထက်သာတာက လူတွေရဲ့ အတွေးအခေါ်ကို ထိန်းချုပ်နိုင်တာဖြစ်ပါတယ်၊ ဒီနေရာမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မအောင်မြင်ပေမယ့်၊ ကင်ဂျုံအီက အောင်မြင်ခဲ့ပါတယ်။
မြောက်ကိုရီယားမှာ အတိုက်အခံတွေ ဖွဲ့စည်းခွင့်လည်းမရှိ၊ တရားမ၀င်နည်းလမ်းနဲ့ မရှိပါဘူး၊ လူထုအခြေပြုအဖွဲ့အစည်းတွေမရှိ၊ အတိုက်အခံလည်းမရှိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် လည်းမရှိ၊ အန်အယ်ဒီလည်းမရှိ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့လည်း မရှိပါဘူး၊ မြောက်ကိုရီယားကို သွားမယ်ဆိုရင် သူစိမ်းတွေနဲ့ ရဲရဲတင်းတင်းစကားပြောရဲတဲ့ လူတယောက်ကို ရှာဖွေနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ပုန်လျှိုးဝယ်လျှိုးပြောမယ့် လူလည်းမရှိပါဘူး၊ လူတိုင်းလူတိုင်းဟာ တယောက်ကိုတယောက် အချိန်ပြည့် စောင့်ကြည့်နေကြပါတယ်။
မြောက်ကိုရီးယားကို သွားရင် အစိုးရက တွေ့စေချင်တဲ့ လူတွေနဲ့ တွေ့ရ၊ စကားပြောရမှာ ဖြစ်ပါတယ်။ လမ်းပေါ်က လူတွေကို သူတို့ စိတ်ရင်းတွေကို သိရဖို့ စကားပြောဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် အစိုးရက လိုက်ပို့တဲ့ ကျောင်းတွေ၊ ဆေးရုံတွေဆီကို သွားရင်တော့ ဆရာဝန်ကြီးတွေ၊ ပါမောက္ခတွေက မဟာခေါင်းဆောင်ကြီး ကင်အီဆွန်း၊ နဲ့ ချစ်လှစွာသော သူတို့ခေါင်းဆာင်ကြီး ကင်ဂျုံအီ ကောင်းကြောင်းတွေ ရွှန်းရွှန်းဝေအောင် ပြောတာကို ကြားရမှာဖြစ်ပါတယ်၊ သူတို့ ဓာတ်ပုံတွေက အခန်းတိုင်း၊ နံရံတွေပေါ်ကနေ ခင်ဗျားကို စိမ်းစိမ်းကြိး စိုက်ကြည့်နေပါလိမ့်မယ်၊ သူတို့ နာမည်တွေကိုလည်း စာကြောင်း၊ သုံးကြောင်း၊ လေးကြောင်းတိုင်းမှာ မကြားချင်အဆုံး ကြားရပါလိမ့်မယ်။
ဖျော်ဖြေပွဲတခုကို သူတို့ပြလို့ လိုက်ကြည့်မယ်ဆိုရင်လည်း လယ်ကွင်းတွေ၊ စက်ရုံတွေဆီကို ကင်အီဆွန်နဲ့ ကင်ဂျုံအီတို့ သွားရောက် စစ်ဆေးနေတဲ့ ပုံတွေကို သံစုံတီးဝိုင်းကြီးရဲ့ အနောက်ဘက် ပိတ်ကားပေါ်မှာ အဆက်မပြတ်ပြနေပါလိမ့်မယ်၊ တင့်ကားကြီးတွေ ဖြတ်သွားတဲ့ မြင်ကွင်း၊ ဒုံးကျည်တွေ ပစ်လွှတ်လိုက်တဲ့ ပြကွက်တွေ ဆက်တိုက် ပြနေပါလိမ့်မယ်။ ဒုံးကျည်တချက်ပစ်လိုက်တဲ့ တိုင်းမှာ ပရိတ်သတ်တွေအားလုံးက တခဲနက် လက်ခုပ်တီးအားပေးနေလိုက်ကြတာ ဂျော့အော်ဝဲလ်ရဲ့ ၁၉၈၄ ၀ထ္ထုထဲ ရောက်နေ သလားတောင် အောက်မေ့ရပါတယ်၊
မြန်မာပြည်မှာတော့ ဒါမျိုးမရှိပါဘူး၊ သာမန်လူမပြောနဲ့ အစိုးရထဲက လူတွေတောင် ဘယ်သူမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကောင်းကြောင်း မပြောကြပါဘူး၊ လူတချို့ကတော့ အရင်းအနှီးကြီးကြီးပေးပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကောင်းတဲ့အကြောင်းကိုတော့ လူရှေ့သူရှေ့မှာ ပြောကြပါတယ်။ တော်တော်များများကတော့ တိုးတိုတိတ်တိတ်၊ အမြင်ကွယ်ရာမှာ ပြောပြပါတယ်။
မြောက်ကိုရီးယားမှာတော့ ကင်ဂျုံအီ မကောင်းကြောင်း တစွန်းတစဖြစ်ဖြစ် တိုးတိုးစကား၊ ပေါက်ကြားသွားလို့ကတော့ ထောင်ချခံရဖို့ သေချာပါတယ်။ ကံဆိုးရင် သေဒဏ်ပေးခံရနိုင်ပါတယ်။
မြောက်ကိုရီးယားမှာ နိုင်ငံရေးအကျဉ်းသား ၂ သိန်းရှိပါတယ်။ မြန်မာပြည်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ထက် အဆတရာ လောက်ပိုများ ပါတယ်။ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ မတူတာက မြောက်ကိုရီးယားက နိုင်ငံရေးအကျဉ်းသားတွေဟာ အစိုးရကို သိသိသာသာ အတိုက်အခံလုပ်လို့ ထောင်ချခံရတာ မျိုးမဟုတ်ပါဘူး။
ကင်ဂျုံအီရဲ့ ဓာတ်ပုံကို အကြည့်မတော်လို့၊ ဒါမှမဟုတ် တချိန်တုန်းက တောင်ကိုရီးယာနဲ့ အဆက်အသွယ်ရှိခဲ့ဖူးလို့ အစိုးရက ရန်လိုတယ်လို့ သတ်မှတ်ထားတဲ့ မိသားစုအသိုင်းအ၀ိုင်းမှာ လူဖြစ်လာလို့ ၊ ဒါမှမဟုတ် သမ္မာကျမ်းစာကို လက်ဝယ်တွေ့ ရှိလို့ အဖမ်းခံရတဲ့ လူတွေပဲ များပါတယ်။ မြောက်ကိုရီးယားမှာ လူတယောက်အပြစ်ကျူးလွန်မိရင် မျိုးဆက် ၃ ဆက် ဒဏ်ပေးခံရမယ်ဆိုတဲ့ ပေါ်လစီ လည်းရှိပါတယ်၊
အခုတော့ ကင်ဂျုံအီရဲ့ သားဖြစ်တဲ့ ကင်ဂျုံအန်းကို ကြီးမြတ်သော ဆက်ခံသူ Great Successor’ လို့ ခေါ်ဝေါနေကြပါပြီ၊ ဒါပေမယ့် သူရဲ့ အာဏာအခြေခံက အားနည်းပါတယ်။ တကယ်ပဲ သူက ဆုံဖြတ်ချက်ချတဲ့ လူဖြစ်မလား၊ သို့မဟုတ် အာဏာပြိုင်တာတွေဖြစ်မလား၊ မသေချာပါဘူး။
ဒါပေမယ့် အကယ်၍ အခြေအနေ ဖရိုဖရဲဖြစ်ရင် အနာဂတ်ကို ခန့်မှန်းဖို့ ခက်ပါတယ်၊ ကင်ဂျုံအန်းရဲ့ ကံကြမ္မာကလည်း စိတ်ချရတဲ့ အခြေအနေမရှိပါဘူး။ မြောက်ကိုရီးယားကနေ ထွက်ပြေးခဲ့ရသူတွေက ကင်ဂျုံအီ ကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးကို ပို့ဖို့ စည်းရုံးဆော်သြနေကြပါတယ်။ ခုံရုံးမရောက်ခင်မှာပဲ အဖေဖြစ်တဲ့ ကင်ဂျုံအီ ကွယ်လွန်သွားပါတယ်၊ အသက် ၂၈ နှစ်ဝန်းကျင် သားဖြစ်တဲ့ ကင်ဂျုံအန်းအတွက် ကံမကောင်းလှပါဘူး။
ဒီအဖြစ်အပျက်တွေက မြန်မာပြည်အတွက် သင်ခန်းစာကတော့ သင်ခန်းစာတော့ အာဏာရှင်စနစ်ဟာ ရေရှည်မှာ ဘယ်လိုမှ အကျိုးမများနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ပြည်သူတွေက ဆန့်ကျင်အုံကြွလို့ပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးကြောင့်ဖြစ်ဖြစ်၊ အသက်အရွယ် ကြောင့်ဖြစ်ဖြစ် တခုခုဖြစ်လာရင် အာဏာရှင်တွေနဲ့ သူတို့ မိသားစုလုံခြုံရေးအတွက်လည်း ဘာအာမခံချက်မှ မရှိပါဘူး။
လူထုဆန္ဒကို လိုက်လျှောတဲ့ အာဏာရှင်တွေ၊ အချိန်မလွန်ခင်မှာ အသွင်ကူးပြောင်းရေးအတွက် တွေ့ဆုံဆွေးနွေးပြီး အာဏာလက်လွှတ်ပေးတဲ့ အာဏာရှင်တွေဟာ အသက်နဲ့ကိုယ် အိုးစားမကွဲ၊ သူတို့ မိသားစုတွေ အခြေမပျက်ဘဲ ထွက်တော်မူနန်းက ခွာနိုင်ခဲ့ကြပါတယ်၊ ဥပမာအနေနဲ့ တောင်အာဖရိက ဒီကလက်၊ ဆိုဗီယက်ပြညထောင်စုက ဂိုဘာ့ချော့ဗ်၊ အင်ဒိုနီးရှားက ဆူဟာတိုနှင့် ဟာဘီဘီတို့က ကြည့်ပါ။
ဒါကြောင့် ကင်ဂျုံအီရဲ့ အနိစ္စတရားက မြန်မာပြည်က သမတဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ဆက်လက်အကောင်အထည်ဖော်ဖို့၊ လက်တွေ့ဖြစ်အောင် လုပ်ဖို့ တိုက်တွန်းနေပါတယ်၊
သမိုင်းစာမျက်နှာမှာတော့ ကင်ဂျုံအီဟာ လူသတ်သမား၊ နိုင်ငံတကာ ရာဇ၀တ်ကောင် ဟစ်တလာ၊ စတာလင် တို့နဲ့ တတန်းတည်းနေရာရသွားပါပြီး၊ နောက်ထပ် ထေ့ငေါ့ချင်စရာကောင်းတဲ့ တိုက်ဆိုင်မှု တခုက ကင်ဂျုံအီ သေပြီး နောက်တရက်မှာ ချက်ကိုစလိုဗက်ကီးယားက လွတ်မြောက်ရေး ခေါင်းဆောင် ဗားကလက်ဟာဗယ်လ် အနိစ္စရောက်ပါတယ်၊ ဟာဗယ်လ်က ကင်ဂျုံအီကို ကမ္ဘာ့အဆိုးဆုံးအာဏာရှင်၊ လူသန်းပေါင်းများစွာရဲ့ အသက်ကို သတ်တဲ့ တရားခံ လို့ ပြောခဲ့ဖူးပါတယ်။
မြန်မာပြည်က သမ္မတဦးသိန်းစိန်အနေနဲ့ အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး တိုင်းပြည်ကို ဒီမိုကရေစီထွန်းကားအောင် အကူအညီပေးခဲ့တဲ့ ဒီကလက်တို့၊ ဂိုဘာ့ချော့တို့၊ ဟာဗီဗီတို့ အတန်းအစားထဲမှာ ပါချင်သလား၊ သို့မဟုတ် ကင်ဂျုံအီတို့ ဟစ်တလာတို့ လမ်းလိုက်မလား၊ ဘယ်လမ်းရွေးမလဲ ဆိုတာကတော့ ဘယ်လိုလူမျိုးကို အားကျသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။
ညီစောလွင်
Ref: Unlike Than Shwe, Kim Jong Il was a master of thought control by Benedict Rogers
 http://www.maukkha.org/index.php/feature-article/1673-maukkha-than-shwe-and-kim


တိုင်းရင်းသားပညာရေးရံပုံငွေပွဲအား ဒီဇင်ဘာလ ၃၀ရက်နေ့တွင် MCC ခန်းမ၌ပြုလုပ်ကျင်းပသွားမည်

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 23 Dec, 2011


ဒေါ်အောင်ဆန်းစုကြည်လမ်းညွှန်ချက်ဖြင့် ကျင်းပပြုလုပ်သော ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရံပုံငွေပွဲနှင့် ဂီတဖျော်ဖြေရေးပွဲကို ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC (Myanmar Convention Center) ၌ ညနေ၃နာရီမှ ၁၁နာရီ ၀န်းကျင်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သော နေ့ရက်တွင် ပွဲမကျင်းပခဲ့ရခြင်းမှာ ပွဲခွင့်ပြုချက် မရရှိခဲ့ခြင်းကြောင့် ဖြစ်ပြီး ယခုအခါတွင် ပွဲကျင်းပမည့်နေရာခွင့်ပြုချက်အပြင် ၀န်ကြီးမှ ပွဲပြုလုပ်ခွင့်ပြုသော ကြောင့် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် ဧကန်ကျင်းပမည်ဖြစ်ကြောင်း ၂၃-၁၂-၁၁ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပွဲတာဝန်ခံ ဥက္ကဌ ဦးဝင်းတင်မှ ပြောကြားခဲ့သည်။

“အမှန်တော့ သတင်းစာရှင်းလင်းပွဲက တစ်ကြိမ်ပ၊ဲလုပ်ရတာ အခုနှစ်ကြိမ်တဲ့ သုံးကြိမ်ဖြစ်ဖို့တော့ မမျှော် လင့်ပါဘူး ဒါဟာ တကယ်သေချာပါပြီ ဘာလို့လဲဆိုတော့ ပွဲခွင့်ပြုချက်လဲရပြီ နေရာအတွက်လည်း ခွင့်ပြုချက် ရပြီဆိုတော့ ပွဲမဖြစ်စရာ မရှိတော့ပါဘူး”ဟု အန်အယ်လ်ဒီ ဥက္ကဌ ဦးဝင်းတင်က ပြောသည်။

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကျင်းပရာ MCC ၀င်းအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူများနှင့် တွေ့ဆုံကာ မိန့်ခွန်းအနည်းငယ် ပြောကြား မည်ဖြစ်ပြီး ဖျော်ဖြေရေးတင်ဆက်မှုများဖြင့် စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

တိုင်းရင်းသားများ ပညာရေးရံပုံငွေပွဲ ကျင်းပရာတွင် ယခင်စီမံထားသော အနုပညာရှင်များမှာ ခရစ်စမတ်နေ့ နှင့် happy new year ပွဲများနှင့် တိုက်နေသောကြောင့် အချို့သော အနုပညာရှင်များမှာ ပါဝင်ချင်သော်လည်း လာရောက် သီဆိုနိုင်ခြင်း မရှိကြောင်းကိုလည်း သိရှိရသည်။

“အနုပညာရှင်တွေက လာပြီးတော့ သီဆိုချင်တယ် ဒါပေမဲ့ အဲ့လိုပေါ့ ၂၅ ရက်နေ့ဆိုရင် ခရစ်စမတ်လိုနေ့မျိုး ရှိနေတာတို့ နောက် Happy New Year လိုနေ့မျိုးရှိနေတဲ့ အဲ့လိုပွဲအတွက်သူတို့ နယ်မှာ ရှိုးပွဲတွေရှိတယ် တခြား ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး အဲ့အထဲမှာလည်း ညီမငယ် ဖြူဖြူကျော်သိန်းလဲ ပါတာပေါ့နော် သူအရမ်း အန်တီပွဲအတွက် ပါဝင်ကူညီသီဆိုပေးချင်တယ် ဒါပေမဲ့ ခုဏကလို အခက်အခဲလေးတွေ ရှိတာ ကြောင့် သူမပါဖြစ်တော့တာပါ” ဟု တေးရေး ၊တေးဆို ကိုဆောင်းဦးလှိုင်က ပြောသည်။

လာမည့် ၃၀ ရက်နေ့တွင် ကျင်းပမည့် တိုင်းရင်းသား ပညာရေးရံပုံငွေပွဲတွင် Lazy Club နှင့် Iron Cross အဖွဲ့သားများ မပါဝင်နိုင်တော့ကြောင်းကိုလည်း သိရှိရသည်။

ဒီဇင်ဘာ ၁၅ရက်နေ့တွင် တိုင်းရင်းသား ရံပုံငွေကျင်းပမည်ဟု ပြောဆိုထားခြင်းကြောင့် လက်မှတ်များလည်း ကြိုတင်ရောင်းချထားခြင်းအတွက် လက်မှတ်နှုန်းထားနှင့်အညီ ဖျော်ဖြေရေးအစီအစဉ်ကို ၀င်ရောက်ကြည့်ရှု့နိုင် ကြောင်း သိရသည်။

“လက်မှတ် ကြိုရောင်းထားတဲ့ကိစ္စကလည်း ပြသာနာမရှိဘူး ဘာလို့လဲဆိုတော့ သူတို့ကလည်း လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးရံပုံငွေရှာတဲ့ပွဲကို အားပေးချင်တော့ ဘယ်လိုဘဲဖြစ်ဖြစ် လာကြည့်ကြမယ်ဆိုတဲ့ လူတွေချည်းဘဲ အဲ့ဒါကြောင့် ဘယ်လိုဘဲ ရက်ရွှေ့ရွှေ့သူတို့ကတော့ ကိစ္စမရှိဘူး အားပေးမယ်လို့ ပြောကြတယ် သူတို့ဝယ်ထားတဲ့လက်မှတ်နဲ့ညီတဲ့ ခုံတန်းကိုဘဲ ကျွန်တော်တို့က စီစဉ် ပေးမှာပါ” ဟု တိုင်းရင်းသားများ ပညာရေးရံပုံငွေ ဖြစ်မြောက်ရေး တာဝန်ခံ ကိုဖြိုးမင်းသိန်းက ပြောသည်။

တိုင်းရင်းသားများ ပညာရေးရံပုံငွေ ဖျော်ဖြေပွဲ ဖြစ်ခြင်းကြောင့် ရရှိလာသော အကျိုးအမြတ်များကို အဖွဲ့ချုပ်မှ ပညာရေးကွန်ယက်များမှ လက်တွေ့တွင် နေထိုင်မှု အခက်အခဲဖြစ်နေသူများ ပညာရေး ချို့တဲ့သူများကို ကိုယ်တိုင် သွားရောက်လေ့လာပြီး လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာရေးရံပုံငွေပွဲတွင် ဈေးရောင်းပွဲပါ ကျင်းပမည်ဖြစ်သောကြောင့် ဈေးရောင်းပွဲတွင် လွတ်လပ်စွာ ၀ယ်ယူနိုင်ပြီး အနုပညာရှင်များ၏ ဂီတဖျော်ဖြေပွဲသို့ ၀င်ရောက်ကြည့်လိုပါက လက်မှတ်ဝယ်ယူရမည်ဖြစ် ကြောင်း သိရှိရသည်။

လက်မှတ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ၊ Moon Star လ္ဘက်ရည်ဆိုင် နှင့် ဗိုလ်ချုပ်လမ်းမှ အမေ့အိမ် ကျောင်းတွင် ၀ယ်ယူနိုင်ပြီး လက်မှတ်တစ်စောင်လျှင် ၃၀၀၀၀(သုံးသောင်း)ကျပ်၊ ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ ၁၀၀၀၀ (တစ်သောင်း)ကျပ်နှင့် ၅၀၀၀(ငါးထောင်)ကျပ်တို့ဖြစ်ကြောင်းသိရှိရသည်။
http://www.myitmakhamediagroup.com/detail.php?newid=485

ငွေကစားမှုကြောင့် မန္တလေး အိမ်ခြံမြေဈေးကွက် မြင့်တက်

Published on December 23, 2011 by အံ့ဘုန်းမြတ် · No Comments

မန္တလေးမြို့က အိမ်ခြံမြေဈေးကွက်​ ​ရောင်းဝယ်မှုတွေမှာ​ ​ငွေကစားမှုကြောင့်​ ​ဈေးနှုန်းတွေ​ ​ခေါက်ချိုးမက မြင့်တက်နေတယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ အိမ်ခြံမြေ​ ​လုပ်ငန်းရှင်တွေက ပြောပါတယ်။

မန္တလေးမြို့ထဲ ဧရိယာတွေ အပါအ၀င် တိုးချဲ့မြို့သစ်ရပ်ကွက်တွေမှာပါ မနှစ်က ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် အိမ်ခြံမြေဈေးနှုန်းတွေ ​ခေါက်ချိုးမက​ ​မြင့်တက်နေတယ်လို့ ဆိုပါတယ်။

အိမ်ခြံမြေလုပ်ငန်းရှင်တဦးက “မနှစ်တုန်းက သိန်း ၂၃,၅၀၀ နဲ့ ဖြစ်တဲ့ ၄၀x၆၀ အကွက်က အခုဒီနေ့အချိန်မှာ ဖြစ်သွားတာ သိန်း ၅၅,၀၀၀၊ ပြီးတော့ မြို့သစ်ကလည်း အဲဒီမှာ​ ​ခေါက်ချိုးတက်သွားတယ်။ အရင်က သိန်း ၅,၀၀၀ လောက် ရှိတဲ့ဈေးက အခု သိန်း ၁၀,၀၀၀ ကျော်တယ်။ ၁၂,၀၀၀ တို့ ဖြစ်ကုန်တယ်”လို့ ပြောပါတယ်။

အရောင်းအ၀ယ်တွေဟာ အစိုးရကို တရားဝင် အမြတ်တော်ခွန် ပေးဆောင်ပြီး အရောင်းအ၀ယ် လုပ်တာမျိုး မဟုတ်ဘဲ တရားမ၀င်ငွေကြေးနဲ့ ဈေးကစား အရောင်းအ၀ယ် ပြုလုပ်နေကြတယ်လို့လည်း အိမ်ခြံမြေလုပ်ငန်းရှင်က ဆိုပါတယ်။

“အခွန်အခလည်း တပြားတချပ်မှ မပေးရဘူး။ အိမ်ခြံမြေ၀ယ်တဲ့ ပိုက်ဆံက၊ လုပ်ငန်းပြစရာ မလိုတဲ့အတွက်ကြောင့် တရုတ်လုပ်ငန်းရှင်တွေက ဒီမှာ ဗမာလူမျိုးတွေနဲ့ ချိတ်ဆက်ပြီးတော့ ၀ယ်ကြတယ်။”

တရားမ၀င် ငွေကြေးနဲ့ တရားမ၀င် အရောင်းအ၀ယ် ပြုလုပ်နေတာတွေအပေါ် အစိုးရက ထိန်းချုပ် ကိုင်တွယ်နိုင်စွမ်း မရှိတာကြောင့် ဈေးနှုန်းတွေ အဆမတန် မြင့်တက်ပြီး ဈေးကစားခွင့်ရနေတာလို့လည်း စီးပွားရေးပညာရှင်အချို့က သုံးသပ်နေကြပါတယ်။

ဒါ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း နည်းတာကြောင့် ဒီလို ငွေကစားတဲ့အနေနဲ့ အိမ်ခြံမြေ အရောင်းအ၀ယ်တွေကို ပြုလုပ်နေကြတာလို့ စီးပွားရေးပညာရှင် ဒေါက်တာ ခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။

“စက်မှုလုပ်ငန်းတို့ ကုန်ချောထုတ်လုပ်မှုတို့မှာ မြှုပ်နှံဖို့က ခုကတော့ အဲဒီဘက်တွေမှာ မမြှုပ်နှံကြသေးဘူး။ နောက်တခုက စတော့ရှယ်ယာ ဈေးကွက် မရှိသေးဘူး။ စတော့ရှယ်ယာ ဈေးကွက် ရှိခဲ့ရင်လည်း အရင်းအနှီးတွေက အဲဒီမှာ သွားရောက်နိုင်တာပေါ့။ မြေတွေကို ကိုင်ထားကြတယ်ဆိုတာ ရင်းနှီးမြှုပ်နှံတယ် မခေါ်ဘူး။ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ လုပ်ထားကြတာ။ အဲဒီတော့ ဟိုဘက်က ထုတ်လုပ်မှုကဏ္ဍတွေ ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်အဟုန် မြင့်လာပြီဆိုရင်တော့ ဒီဘက်က အရှိန်ကတော့ လျော့သွားမယ်လို့ ယူဆတယ်။”

လက်ရှိ အခြေအနေမှာ မန္တလေးသာမက ရန်ကုန်ပတ်ဝန်းကျင်နဲ့ အထူးစီးပွားရေးဇုန် ပြုလုပ်မယ့် ထားဝယ်ပတ်ဝန်းကျင်ဒေသ၊ သန်လျင်-ကျောက်တန်း ဧရိယာတွေမှာ မြေဈေးတွေ ထိုးတက်နေပြီး ဒီအခြေအနေဟာ​ ​မြန်မာ့စီးပွားရေး​ ကဏ္ဍအတွက် စိုးရိမ်စရာ ဖြစ်နေပြီလို့လည်း​ ​အ​ခြားပညာရှင်တွေက​ ​ထောက်ပြ ဝေဖန်နေကြပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ အိမ်ခြံမြေဥပဒေတွေအတိုင်း ကြပ်မတ် ဆောင်ရွက်ဖို့လည်း အစိုးရကို တိုက်တွန်းနေကြပါတယ်။ http://burmese.dvb.no/archives/19120

လွတ်လပ်ရေးနေ့တွင် စီတန်းသွားလာခွင့်မရ




Published on December 23, 2011 by ကို​ထွေး​   · 

ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေ ပါတီရုံးကနေ စုဝေးစီတန်းပြီး လွတ်လပ်ရေး ကျောက်တိုင် အလေးပြုမယ့်​ အစီအစဉ်ကို သက်ဆိုင်ရာက ခွင့်မပြုဘူးလို့ ပြောပါတယ်။


လွတ်လပ်ရေးကျောက်တိုင်

ဒီမိုကရက်တစ်ပါတီ ​ ​ခေါင်းဆောင်တဦးဖြစ်တဲ့​ ​ဒေါ်သန်းသန်းနုက “အဲလိုဆိုရင် စီတန်းမသွားဘူး။ ဟိုမှာ တခါ သွားပြီးတော့ ဆုံကြမယ့်ပေါ့။ အဲလို လုပ်ပြန်တော့လည်း၊ လွတ်လပ်ရေးကျောက်တိုင်ရှိတဲ့ ရဲဌာနက တခါခွင့်မပြုဘူး။ သူတို့က ဘာဖြစ်လို့လဲ​ ဆိုတော့ စီတန်းသွားဖို့ဟာက ဥပဒေက​ ​ပြဋ္ဌာန်း​ ​ပြီးပြီပေါ့။ ဒါ​ပေမယ့် နည်းဥပဒေဆိုတာက ထွက်မလာ​သေးဘူးတဲ့။ ဒါကတော့​ ​အကြောင်းပြချက်​ပေါ့လေ​ ​အဲဒါကြောင့်​ သွားလို့မရဘူး”​ လို့ ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီရုံးဟာ မင်္ဂလာတောင်ညွန့်​ ​မြို့နယ်မှာရှိပြီး လွတ်လပ်ရေး​​ကျောက်တိုင်က​ ​ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံ​မှာ ရှိတဲ့အတွက် မင်္ဂလာတောင်ညွန့်ရဲစခန်းနဲ့​​ကျောက်တံတားရဲစခန်းကို ခွင့်ပြုချက်​ ​တောင်းတာပါ။
ရဲစခန်းက ခွင့်မပြုတဲ့အတွက် ပါတီရုံးချုပ်ကနေ လွတ်လပ်ရေးပန်းခြံကို စီတန်းမသွားတော့ဘဲ လွတ်လပ်ရေးပန်းခြံမှာလူစုပြီး လွတ်လပ်ရေးနေ့အခမ်းအနားပွဲ ကျင်းပခွင့်ရဖို့ မြို့တော်ဝန်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်နဲ့ စည်ပင်သာယာကို တင်ထားတယ်လို့​ ​ဒေါ်သန်းသန်းနုက​ ​ပြောပါတယ်။
“စည်ပင်ကလည်း ပြန်လာပြီ၊ အဲဒီရဲဌာနတွေကလည်း ပြန်လာပြီ။ စည်ပင်က ပြန်လာ တယ်ဆိုတာက မြို့တော်ဝန်ဆီက ပြန်လာတာနဲ့ အတူတူပေါ့။ အဲသလိုပဲ ယူဆရတယ်။ အဲဒီထဲကို ၀င်ခွင့်မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာပေါ့။ ကျမတို့ကလည်း အများပြည်သူထဲပါတာပဲ။ ဒါပေမယ့် ဘယ်လိုထုတ်ခဲ့လိုက်လဲတော့မသိဘူး။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာဆိုတော့ ကျမတို့သွားပြီး အလေးပြုဖို့ ပါတီအနေနဲ့ လုပ်လို့မရဘူး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတွေရဲ အခွင့်အရေးအဖြစ် ပေးထားပြီးဖြစ်သလို လက်ရှိအာဏာရ အစိုးရကလည်း ဥပဒေပြဋ္ဌာန်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့တုန်းကလည်း ဒလမြို့နယ်က တသီးပုဂ္ဂလ ကိုယ်စားလှယ် တဦးအဖြစ် ၀င်အရွေးခံခဲ့ဖူးတဲ့ဦးဝင်းချို ခေါင်းဆောင်တဲ့အဖွဲ့က တင်ပြတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကိုလည်း အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။
http://burmese.dvb.no/archives/19128

လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော် မှာပါဝင်ယှဉ်ပြိုင်မဲ့ My very first short film

My very first short film for Freedom of Art Film Festival
tomchopper86

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံ




သောကြာ, 23 ဒီဇင်ဘာ 2011
NLD ပါတီ မှတ်ပုံတင် လျှောက်လွှာ တင်သွင်း
By မစုမြတ်မွန်


ဓာတ်ပုံ ASSOCIATED PRESS

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ပါလီမန်အဆောက်အဦးမှာ တွေ့ဆုံနေစဉ်။ (ဒီဇင်ဘာလ ၂၃၊ ၂၀၁၁)

နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်လိုက်ပါပြီ။ NLD ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် နေပြည်တော်ကိုသွားပြီး ဒီနေ့ သောကြာနေ့မှာ ရွေးကောက်ပွဲ ကော်မရှင်မှာ လက်မှတ်ထိုး မှတ်ပုံတင်လိုက်တာ ဖြစ်ပါတယ်။ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ လွှတ်တော်နှစ်ရပ်တို့ရဲ့ ဥက္ကဋ္ဌတွေနဲ့လည်း သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။
လူအများစိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နိုင်ငံရေးပါတီ မှတ်ပုံတင် လျှောက်လွှာကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တင်လိုက်ပါပြီ။ ပါတီမှတ်ပုံတင်ဖို့ ဆောင်ရွက်စရာတွေ ဆောင်ရွက်နေတဲ့ အချိန်တွင်းမှာပဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ NLD ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးဖြစ်တဲ့အကြောင်း ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ခုလိုပြောပြပါတယ်။
“ကော်မရှင်ဥက္ကဋ္ဌအနေနဲ့လည်း တိုင်းပြည်အကျိုးရှိဖို့၊ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖြစ်ဖို့၊ ဒါတွေကို သူ့ရဲ့တာဝန်လည်းဖြစ်တယ်၊ သူ လုပ်မယ် ဆိုတဲ့အကြောင်းလည်း ပြောပါတယ်။ တိုင်းပြည် တိုးတက်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်မှသာ ထိရောက် မြန်ဆန်မယ် ဆိုတဲ့ဟာကိုလည်းပဲ အိုင်ဒီယာကိုလည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပနိုင်မလဲ ဆိုတာရယ်၊ နောင် လိုအပ်တဲ့အခါမှာ မသိတာ၊ မရှင်းလင်းတာတွေကို မေးမြန်းဖို့ တွေ့ဆုံခွင့်၊ ဒါတွေကိုပြောပါတယ်။ ဒါကို ကော်မရှင်ဥက္ကဋ္ဌကလည်း လက်ခံပါတယ်။”
အဲဒီတော့ သူတို့ ရွေးကောက်ပွဲ ဘယ်တော့လုပ်မယ်ဆိုတာကို သူတို့ အန်ကယ်တို့ကို ပြောလိုက်ပါလားရှင့်။ -
“မပြောပါဘူး။ သူ့အနေနဲ့ အဆိုပြုတင်ပြထားတာ ရှိတယ်။ ဒါက အတည်ပြုမှသာ သူ ပြောနိုင်မယ် ဆိုတဲ့အကြောင်း ရှင်းပြပါတယ်။”
ရွေးကောက်ပွဲလုပ်ရင် လွတ်လွတ်လပ်လပ် မျှမျှတတဖြစ်အောင် လုပ်ဖို့ကိုလည်း NLD ဘက်က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကောင်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတယ်လို့ လွှတ်တော်ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မကြာခင် ရက်ပိုင်းကပဲ ပြောထားတာရှိတဲ့အတွက် တွေ့ဆုံတဲ့အခါမှာရော ဘယ်လိုမြင်ရသလဲလို့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။
“လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ အားလုံးစိတ်ထဲ တရားမျှတမှု၊ တိုင်းပြည် တိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ သူ့စိတ်ထဲရှိတာတွေကိုလည်း သူ ရှင်းပြတယ်။”
နေပြည်တော်မှာ ပါတီမှတ်ပုံတင် လျှောက်လွှာတင်တဲ့ခရီးစဉ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ ဦးခင်အောင်မြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်လောက် တွေ့ဆုံမှုအတွင်းမှာ လွှတ်တော်ရဲ့ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် မေးတာတွေကို ဖြေခဲ့တယ်လို့ ဦးခင်အောင်မြင့်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အဓိကလုပ်နေတဲ့ လွှတ်တော်ထဲ ဒေါ်အောင်ဆန်းစုကြည် ရောက်လာရင် ပိုပြီး အားရှိတယ်လို့လည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောပါတယ်။
နေ့ချင်းပြန် နေပြည်တော်သွားတဲ့ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့လည်း သီးခြားတွေ့ဆုံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က တွေ့ဆုံဖို့ စာရေး အကြောင်းကြားတဲ့အတွက် တွေ့တာဖြစ်ပြီး တစ်နာရီကျော်လောက် ဆွေးနွေးဖြစ်ကြတာနဲ့ ပတ်သက်လို့ ဦးရွှေမန်းက သတင်းထောက်တွေကို ခုလို ပြောခဲ့ပါတယ်။
“ဒီနေ့တွေ့ဆုံတဲ့အခါမှာလည်း လွှတ်တော်ရေးရာနဲ့ ပတ်သက်ပြီး သိချင်တဲ့အချက်တွေကို သူ မေးပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဖြေကြားပေးပါတယ်။ အဲဒီနည်းတူပဲ အိန္ဒိယခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မေးတာရှိပါတယ်။ အဲဒါတွေကို ပြန်ပြီးတော့ ရှင်းပြခဲ့ပါတယ်။”
ပြည်သူ့လွှတ်တော် ဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မကြာခင်ကပဲ အိန္ဒိယနိုင်ငံက ပါလီမန်ဒီမိုကရေစီစနစ်၊ အစိုးရအုပ်ချုပ်ရေးစနစ်တွေကို သွားရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် နှစ်ရပ်လုံးက ဥက္ကဋ္ဌတွေ တွေ့ဆုံမှုဟာ ပထမဆုံး တရားဝင်တွေ့ဆုံမှုလို့ ပြောလို့ရပါတယ်။
နေ့လည်ပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်ကြည်၊ ဦးစိုးသိန်းနဲ့ ဦးသိန်းဌေးတို့နဲ့ နေ့လည်စာအတူ စားခဲ့ကြပါတယ်။
http://www.voanews.com/burmese/news/NLD-registration-12-23-11-136139653.html


2011-12-23
အင်န်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖို့ တာဝန်ရှိပုဂ္ဂိုလ် ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီ တခြားခေါင်းဆောင်တွေနဲ့အတူ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်ကို လေကြောင်းခရီးနဲ့ ရောက်ခဲ့ကြပါတယ်။


AFP
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ပါတီမှတ်ပုံတင်ရန် သွားရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တို့ တွေ့ဆုံစဉ်။

ပါတီမှတ်ပုံတင် လျှောက်ထားတာကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က ဒီကနေ့ လက်ခံလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့အဖွဲ့က အားနည်းချက် တွေကို တတ်နိုင်သမျှ ပြုပြင်ပြီး လာမယ့်ရွေးကောက်ပွဲကို ပိုပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုကြောင်း အင်န်အယ်လ်ဒီ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။

“တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ကိုင်သွားဖို့ဟာ သူတို့ရဲ့ တာဝန်ပါ... ပေါ့။ ဝင်ပြိုင်မယ့် ပါတီတွေကလည်း သူတို့နဲ့ပူးပေါင်းပြီး တတ်နိုင်သမျှ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ပြောတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်မဲကိစ္စနဲ့ ပတ်သက်လို့ ရှေ့ဆက် ဘယ်လို ဆောင်ရွက်ထားပါသလဲ ဆိုတဲ့အပေါ် ဖြေတာကတော့… သူတို့ စည်းကမ်းတွေ ထုတ်ပြန်ထားတာတွေမှာ လုပ်ပါတယ် ဆိုတဲ့အကြောင်း ကို သူက အသေးစိတ် ရှင်းပြတာကို ကျနော်တို့ နားထောင်လိုက် ပါတယ်။ သို့သော် ဥက္ကဋ္ဌ ဦးတင်အေး ပြောတာကတော့ အဲဒီ ဆောင်ရွက်ခဲ့တဲ့ အချက်တွေထဲမှာ အားနည်းချက်၊ ချို့ယွင်းချက်တွေ အားလုံးကို ကျနော်တို့က တတ်နိုင်သမျှ ကြိုးစားပြုပြင်ပြီးတော့ ပိုမို တရားမျှတမှု ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်”

အခုလို အင်န်အယ်လ်ဒီပါတီ ပါတီမှတ်ပုံတင်ကိစ္စ ဆောင်ရွက်အပြီးမှာ တော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ရော၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ပါ သီးသန့် တွေ့ဆုံ ဆွးနွေးကြောင်းသိရပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ အင်န်အယ်လ်ဒီ ပါတီက ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီး ဦးအောင်ကြည်၊ ဦးစိုးသိန်း၊ ဦးသိန်းဌေးတို့နဲ့ နေ့လယ်စာ သုံးဆောင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြောဆိုရတာကို ဝမ်းမြောက်ကြောင်းနဲ့ ပူပေါင်းဆောင်ရွက်ခြင်း ဟာ တိုင်းပြည်အတွက် အင်အားဖြစ်စေကြောင်း AFP သတင်းဌာနကို ပြောပါတယ်။

ပါတီမှတ်ပုံတင်ကြေးအဖြစ် ကျပ်ငွေ ၃ သိန်းပေးသွင်းခဲ့ရပြီး ပါတီမှတ်ပုံတင်ကျဖို့ နောက်ထပ် အနည်းဆုံး သုံးပတ်လောက် စောင့်ဆိုင်းရမှာဖြစ်ကြောင်း အင်န်အယ်လ်ဒီ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/assk-registration-12232011090020.html



ကြိုတင်မဲကို အမှန်ကန်ဆုံးဖြစ်အောင် လုပ်မည်
By , on December 23, 2011 3:36 pm

လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ကြိုတင်မဲကိစ္စ အပါအဝင် အမှန်ကန်ဆုံး ဖြစ်စေရန် ဆောင်ရွက်မည်ဟု  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ဒေါ်အောင်ဆန်းစုကြည်အားပြောဆိုလိုက်သည်။


ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော အမျီုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ဦးတင်အေး ဦးဆောင်သော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီအပြီးသတ် မှတ်ပုံတင်ရေး အတွက် ဦးတင်အေးနှင့် ယနေ့နံနက် ၁၀ နာရီခန့်က တွေ့ဆုံရာတွင် ထိုသို့ပြောဆိုခြင်း ဖြစ်ကြောင်း NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ပြောသည်။
“ကြိုတင်မဲကိစ္စကိုပြောတော့ သူက အကောင်းဆုံး အမှန်ကန်ဆုံးဖြစ်အောင် လုပ်ရမှာက သူ့တာဝန်ပါလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။
၂ နာရီခန့် ကြာမြင့်သည့် အဆိုပါတွေ့ဆုံမှုတွင် နိုင်ငံကောင်းကျိုးအတွက် အတူတကွ ၀ိုင်းဝန်းလုပ်ဆောင်ကြရန်၊ တိုင်းပြည်စီးပွားရေး ကောင်းမွန်မှ နိုင်ငံရေးလည်း ကောင်းမွန်မည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ဦးတင်အေးက ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း လာမည့် ရွေးကောက်ပွဲတွင် မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဟု ပြောဆိုသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ပါတီအချင်းချင်းလည်း ကူညီဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလကို လွှတ်တော်ကသာ သတ်မှတ်နိုင်မည်ဖြစ်သည့်အတွက် မည်သည့်အချိန်တွင် ကျင်းပမည်ဆိုသည်ကိုမူ မပြောနိုင်သေးကြောင်း ဦးတင်အေးက ပြောသည်ဟု သိရသည်။
ပထမဆုံး အကြိမ်တွေ့ဆုံမှုတွင် ဦးတင်အေးက ရင်းနှီးဖော်ရွေစွာ ပြောဆိုပြီး ၎င်း၏ အယူအဆများကိုလည်း ပွင့်လင်းစွာ ပြောဆိုသည်ကိုတွေ့ရကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သည့် NLD အဖွဲ့ဝင်များသည် နေပြည်တော်ရှိ ရွိုင်ယယ်နေပြည်တော် ဟိုတယ်တွင် ခေတ္တတည်းခိုပြီး ယနေ့ညနေ ၄ နာရီခန့်တွင် ရန်ကုန်မြို့သို့ ထွက်ခွာမည်ဟု သိရသည်။
လက်ရှိသမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အာဏရ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲများဖြင့် ပြိုင်ဘက်ပါတီများကို အနိုင်ရရှိခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာကာ ရွေးကောက်ကော်မရှင်၌ တရားစွဲဆိုမှုများ နိုင်ငံအနှံအပြားတွင် ဖြစ်ပွားခဲ့သည်။
http://burma.irrawaddy.org/archives/4055




ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ဒုတိယခရီး

Friday, December 23, 2011  Sithu Linn  6 comments




ဒီကနေ့ နေပြည်တော်ကို သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း တွေ့ဆုံမှု မှတ်တမ်း ဓာတ်ပုံများ ဖြစ်ပါတယ်။




ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် (ဓာတ်ပုံ - ဧရာဝတီ)



ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း (ဓာတ်ပုံ - ဧရာဝတီ)


ဦးဝင်းမြင့်၊ ကော်မရှင်အဖွဲ့ဝင်တဦး၊ ဦးဥာဏ်ဝင်း၊ သူရဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်အေး၊ ကော်မရှင်အဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
http://www.irrawaddyblog.com/2011/12/blog-post_7862.html