Thursday, January 19, 2012

အန်အယ်လ်ဒီပါတီထုတ် ဒီလှိုင်းစာစောင်တွင် ပြည်တွင်း ၊ ပြည်ပ သတင်းများပေးပို့နိုင်

ဝင့်သင်ဇာကျော် (ရွှေမြစ်မခ)
by Myit Makha Mediagroup on 18 Jan, 2012

အန်အယ်လ်ဒီပါတီရုံးမှ ထုတ်ဝေသော ဒီလှိုင်းစာစောင်တွင် ပြည်တွင်း ၊ ပြည်ပမှ မည်သူမဆို သတင်းရေးသားကာ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒီလှိုင်းရုံးခန်း(သို့မဟုတ်) အန်အယ်လ်ဒီ အီးမေးလ်သို့ ပေးပို့နိုင်ကြောင်း သိရှိရသည်။
အဆိုပါ ဒီလှိုင်းစာစောင်အတွက် ပေးပို့ရာတွင် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး အစရှိသော မည်သို့သော သတင်းမျိုးမဆို ၊ ဆောင်းပါးမျိုးမဆို ပေးပို့နိုင်ပြီး အယ်ဒီတာများမှ စိစစ်ပြီးသော သတင်းများကိုသာ အသုံးပြုမည်ဖြစ်ကြောင်း နှင့် ဒီလှိုင်းစာစောင်အတွက် အသုံးမပြုသော သတင်းများကို သတင်းရေးပေးသူထံသို့ ပြန်လည်ပေးပို့ပေးမည် မဟုတ်ကြောင်း သိရှိရသည်။
“အမတို့က အပြင်က သတင်းထောက်တွေကိုတော့ မခေါ်နိုင်သေးဘူး ဒါပေမဲ့ စာမူပေးပို့ရင် အပြင်ဂျာနယ်တိုက်တွေက ပေးတဲ့ စာမူတစ်ပုဒ်ရဲ့ နှုန်းထားအတိုင်း ပေးဖို့တော့ အစီအစဉ်ရှိတယ်” ဟု မနီမိုလှိုင်က ပြောဆိုသည်။
အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးမှ ဒီလှိုင်းစာစောင်ကို တစ်သိန်းခန့်ထုတ်ဝေထားပြီး တစ်စောင်လျှင် ၂၀၀ (နှစ်ရာ)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

ဒီလှိုင်းစာစောင်တွင် ပါဝင်ရေးသားချင်သူများအနေဖြင့် ဒီလှိုင်းစာစောင်တာဝန်ခံ ဦးအုန်းကြိုင် ဖုန်းနံပတ် -၀၉၄၃၀၂၇၃၇၆ သို့ ဆက်သွယ်နိုင်ပြီး ၊ အန်အယ်လ်ဒီပါတီ အီးမေးလ် contact@nldburma.org သို့ ဆက်သွယ် ပေးပို့နိုင်ကြောင်း သိရှိရသည်။
http://www.myitmakhamediagroup.com/detail.php?newid=578

0 အကြံပြုခြင်း: