Friday, February 3, 2012

လောင်းကစားမှုနဲ့ အဖမ်းခံရသူမှာ ရဲသတင်းပေးဖြစ်နေ၍ သေစာရင်းပြပြီး အမှုမှလွှတ်


by Burma VJ Media Network on Friday, February 3, 2012 at 4:17am


By ဇာဏီ ၊ ဖေဖော်ဝါရီလ ၂ ၊ ၂၀၁၂ ။

လောင်းကစားမှု နှင့် အဖမ်းခံရသော တရားခံကို ကျောက်ဆည်ခရိုင် တရားသူကြီးနှင့် မြို့နယ်ရဲမှူး  ပေါင်းပြီး သေဆုံးစာရင်းပြ၍ အမှုမှ လွှတ်ပေးလိုက်ပါတယ်။

၂၀၀၈ ခုနှစ်တုန်းက ကျောက်ဆည်မြို့ရှိ အိမ်တအိမ်မှ ဖဲဝိုင်းကို ရဲက ဝင်ဖမ်းရာမှာ အိမ်ရှင်အပါအဝင် လူ ၃ဦးကို ဖမ်းမိပြီး ကျောက်ဆည်မြို့နယ် တရားရုံးမှာ လောင်းကစား ဥပဒေပုဒ်မ ၂၂ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီး ဒေါ်ခင်စန်းလင်းနဲ့ မြို့နယ်ရဲမှူး အောင်နိုင်စိုး ၊ အက်စ်ပီ ခင်မောင်လွင် တို့ကို လာဘ်ထိုးခဲ့သောကြောင့် တရားရုံးမှာ အမိန့်ချရာတွင် ကျန်တရားခံ၂ ဦးကိုသာ ထောင်ဒဏ် ၁ နှစ်စီ ချ၍ ကိုမင်းသိန်း  ဆိုသူကို အသေစာရင်းပြပြီး အမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ပါတယ်။

အဆိုပါလူမှာ  ဘောလုံးပွဲ၊ ၂လုံးထီ၊ ချဲထီ လောင်းကစားများ လုပ်ကိုင်နေသူဖြစ်ပြီး တဖက်မှာလဲ  ကျောက်ဆည်မြို့နယ် အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့  သတင်းပေး တိုင်ကြားနေသူတဦး ဖြစ်ပါတယ်။ ကိုမင်းသိန်းမှာ အရင်ကလဲ လောင်းကစားမှု ၊မုဒိန်းမှုတွေနဲ့ ထောင် ကျခဲ့ဖူးသည့်အကြောင်းကို ကျောက်ဆည်မြို့ ဒေသခံတဦးက ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။

"ကျနော်တို့ အနေနဲ့တော့ ဒီပုဂ္ဂိုလ်က မလွှတ်သင့်ပါဘူး။ သူနဲ့အတူ အဖမ်းခံရတဲ့ တခြားလူတွေကျတော့ အပြစ်ဒဏ်ကျခံရပြီး သူကျတော့  သေစာရင်းပြပြီး လွတ်မြောက်သွားတဲ့အတွက် တရားဥပဒေက ကွယ်ပျောက်နေသလို ဖြစ်နေပါတယ်။ အခုဆိုရင် သူနဲ့အတူ အဖမ်းခံရတဲ့လူတွေက အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာပါပြီ။ သူက သေစာရင်းပြပြီး လွတ်မြောက်နေတာဖြစ်ပါတယ် ။ အခု သူက အများပြည်သူတွေ ဒုက္ခရောက်အောင် လိမ်လည် သတင်းပေးတိုင်တန်းနေဆဲဖြစ်တဲ့အတွက် အခုလို အကူအညီတောင်းရတာပါ"လို့ ကျောက်ဆည်မြို့ ဒေသခံတဦးက ဘားမားဗီဂျေကို ပြောဆိုခဲ့ပါတယ်။


0 အကြံပြုခြင်း: