Thursday, February 23, 2012

(DKBA) ပိုင် လက်နက်များအား သမ္မတဦးသိန်းစိန်အမိန့်ဖြင့် ယနေ့ညနေပိုင်းတွင် ပြန်လည်ရရှိမည်


ပျက်ပြယ်ပြီး ငြိမ်းချမ်းရေး ပိုနေမြဲကျားနေမြဲပြန်ရှိမည်

by Yangon Press International on Thursday, February 23, 2012 at 10:30am ·
ဖေဖော်ဝါရီ(၂၃)၊၂၀၁၂ (YPI)

အစိုးရနယ်ခြားစောင့်တပ် (BGF)က သိမ်းယူထားသော တိုးတက်သောကရင်ဗုဒ္ဒဘာသာတပ်မတော် (DKBA) ပိုင် လက်နက်များအား သမ္မတဦးသိန်းစိန်အမိန့်ဖြင့် ယနေ့ညနေပိုင်းတွင် ပြန်လည်ရရှိမည် ဖြစ်ကြောင်း DKBAက ဗိုလ်မှုးစောလုတ်လုံက ပြောသည်။

“အဓိကဖြစ်ပွားတာက ကျွန်တော်တို့ဆီကလက်နက်ကို သိမ်းသွားလို့ ပြန်တောင်းတယ်။ မရတော့ ငြိမ်းချမ်းရေးပျက်ပြီ သဘောထားတယ်။ အခု သူတို့ပြန်ပေးမယ်ဆိုရင်တော့ ယာယီငြိမ်းချမ်းရေး စာချုပ်ထား တာက ပိုနေမြဲကြားနေမြဲအတိုင်း ပြန်ဖြစ်အုံးမှာပါ”ဟု ၄င်းက ပြောသည်။

DKBA ပိုင်လက်နက်များအား BGFက သိမ်းယူထားမှုကြောင့် အစိုးရနှင့်ငြိမ်းချမ်းရေးရယူထားမှုကို ရပ်စဲလိုက်ပြီဖြစ်ကြောင်း DKBAက ယမန်နေ့က ကြေညာပြီး နာရီပိုင်းအကြာတွင် အစိုးရက ယခုကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။

DKBA သည် ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး ပဏာမ သဘော တူညီချက်ကို ရယူခဲ့သော ကရင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

မြိုင်ကြီးငူဧရိယာအတွင်းရှိ DKBA စခန်းခြောက်ခုမှ လက်နက် ၃၀ ကျော်ကို BGF က သိမ်းယူသွားခြင်းကြောင့်  DKBA က ၄င်းတို့ပိုင် လက်နက်များကို ပြန်လည်ရယူလိုကြောင်း တောင်းဆိုသော်လည်းမရသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးစောလုတ်လုံက ပြောသည်။

“ ကျွန်တော်တို့မူကိုက ကျွန်တော်တို့လက်နက်ဟာ ကျွန်တော်တို့လက်ထဲမှာပဲရှိရမယ်။ ဘယ်အဖွဲ့အစည်း ၊ဘယ်ပုဂိုလ်ကမှ လာရောက်သိမ်းယူတာ မလိုချင်ဘူး။ တကယ်တော့ သူတို့တပ်သားတွေကိုလည်း ကျွန်တော်တို့ဘက်က လက်မခံခဲ့ပါဘူး။”ဟု ၎င်းကပြောသည်။

ယင်းလက်နက်များအား ပြန်လည်ရယူရန် BGF DKBA  နှင့် အစိုးရစစ်တပ်မှ အရာရှိများ ပါဝင်သော ဆွေးနွေးပွဲတစ်ခုကို ယမန်နေ့နံနက်ပိုင်းတွင် ဘားအံမြို့၌ ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် BGF က ၄င်းတို့သိမ်းယူထားသော လက်နက်များကို ပြန်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း အစိုးရစစ်တပ်က လက်မခံခဲ့မှုကြောင့် DKBAက ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားမှုအား ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ယမန်နေ့ညနေပိုင်းတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။

DKBA တပ်ဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ခွဲထွက်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စနှင့်ပတ်သတ်၍ သဘောမတူသဖြင့် လက်နက်ကိုင် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့သည်။  

0 အကြံပြုခြင်း: