Saturday, March 17, 2012

စိန့်မာတင်၊ ရှင်မဖြူ နဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်(ငြိမ်းချမ်းအေး)

by Nyein Chan Aye on Saturday, March 17, 2012 at 5:33am ·
စိန့်မာတင်ကျွန်း

ခု ဘင်္ဂလားဒေ့ရှ် ကိုပေးလိုက်ရတယ်လို့ ပြောနေကြတဲ့ စိန့်မာတင် ကျွန်းအကြောင်း နည်းနည်းပြောချင်ပါတယ်။

St. Martin's Island (စိန့်မာတင်ကျွန်း)က ဒေသခံ အခေါ် ဘင်္ဂလီလို "Nirical Gingira"၊ မြန်မာလို "အုန်းကျွန်း" လို့ အဓိပ္ပာယ် ရတယ်။  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို ခြားထားတဲ့ နယ်ခြားမြစ် နတ်မြစ်ဝ (Naf River)ပေါ်မှာရှိပြီး  မြန်မာနိုင်ငံ အနောက်မြောက်ကမ်းရိုးတန်းမှ အနောက်ဘက် (၈) ကီလိုမီတာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာ-တက်ခ်နတ် ကျွန်းဆွယ်မှ (Cox's Bazar-Teknaf Peninsular) တောင်ဘက် (၉) ကီလိုမီတာ အကွာအဝေးမှာ ရှိတယ်။ အရင် ဗြိတိသျှ-အန္ဒိယ၊ အန္ဒိယ၊ အရှေ့ပါကစ္စတန်၊ ခု ဘင်္ဂလားဒေ့ရှ် အဆက်ဆက် မြန်မာမပိုင်ခဲ့ပါ။ ဗြိတိသျှ-အန္ဒိယ ခေတ်မတိုင်မီ၊ မြန်မာက ရခိုင်ကို မသိမ်းခင် ရခိုင်ဘုရင်တွေ ပိုင်ခဲ့တဲ့ အချိန်တွေ ရှိကောင်းရှိနိုင်တယ်။  ဒါပေမဲ့ အဓိကထား ဆိုလိုချင်တာက ခုလတ်တလော ကုလခုံရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ် ကို ပေးလိုက်ရတာ မဟုတ်ဘူးဆိုတာကို ပါ။

မိတ်ဆွေများ ပြောနေတဲ့ စိန့်မာတင်ကျွန်း နဲ့ ရှင်မဖြူကျွန်း အတူတူပဲ ဆိုတာ (ကျနော့်တစ်ဦးတည်း သဘောထားအမြင်အရ) လက်မခံပါ။

ရှင်မဖြူကျွန်း

ရှင်မဖြူကျွန်းက အင်္ဂလိပ်လို Shapuree (ရှပူရီ) လို့ခေါ်တယ်။ နတ်မြစ်ဝ ပေါ်မှာပဲရှိတယ်။ (ကျနော့်တစ်ဦးတည်း အယူအဆအရ) စိန့်မာတင်ကျွန်းထက် သေးရမယ်၊ မြန်မာပြည်နဲ့ ပိုနီးပြီး ခုအချိန်မှာ မြန်မာပိုင်တယ်။

ဒါက ကျနော့်ကိုယ်ပိုင် ဗဟုသုတအပေါ် အခြေခံတဲ့ တစ်ဦးတည်း အမြင်နဲ့ ကောက်ချက်ဆွဲတာပါ။

ကောင်းပြီ..။ အဲ့ကောက်ချက်မှားရင်ကော..။ ကောက်ချက်မှားလို့ ရှင်မဖြူကျွန်းနဲ့ စိန့်မာတင်ကျွန်း အတူတူပဲဆိုလည်း ပြောစရာ ရှိပါတယ်။

ဘာလို့လဲဆိုတော့ ရှင်မဖြူကျွန်းက (ဗြိတိသျှ-အန္ဒိယ/ ဗြိတိသျှ-ဘားမားခေတ်မတိုင်မီ ခေတ်တွေမပါ) မြန်မာပိုင်ခဲ့တယ်လို့ ယူဆလို့မရပါ။ ဒီအကြောင်းရှင်းရာမှာ အင်္ဂလိပ်-မြန်မာ (အင်ဂလို-ဘားမား ) ပထမစစ် ဖြစ်ရတဲ့ နောက်ခံကို ရှင်းရပါ့မယ်။

အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆)

(စစ်အစိုးရ အဆက်ဆက်) ကျောင်းသင်ရိုးညွှန်တမ်းတွေမှာ ရှင်မဖြူကျွန်းနဲ့ ပတ်သက်ပြီး အငြင်းပွားရာမှ စစ်စတင်ဖြစ်တယ်လို့ ဆိုလေ့ရှိပေမဲ့ အဲ့အကြောင်းက စစ်ကိုဖြစ်စေတဲ့ မီးစတစ်စ လို့ပဲ ပြောနိုင်ပြီး နောက်ကွယ်မှာ စစ်ဖြစ်စေတဲ့ အကြောင်းအချက်တွေ အများကြီးရှိတယ်။

အင်္ဂလိပ်က အန္ဒိယကို (၁၇)ရာစုကတည်းက အရှေ့အန္ဒိယကုမ္မဏီ အနေနဲ့ ဝင်တယ်။ (၁၈)ရာစု အလယ်လောက်ရောက်တော့ အန္ဒိယတစ်တိုက်လုံးနီးပါး ကုမ္မဏီက တဆင့် အုပ်ချုပ်နေပြီလို့ ဆိုလို့ရတယ်။ တကယ် ဗြိတိသျှ-အန္ဒိယ နာမည်နဲ့ အုပ်ချုပ်တာကတော့ (၁၉)ရာစုအလယ်လောက်မှာ ဖြစ်တယ်။

အဲ့သလိုနောက်ခံအခြေအနေမှာ ကုန်းဘောင်မင်းဆက်ရဲ့ သတ္တမမြောက် မင်းဆက် ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက် (၁၈၁၉-၁၈၃၇) ၁၈၂၂ မှာ မြန်မာက အာသံနဲ့ မဏိပူရ (Assam & Manipur)  ကို သိမ်းလိုက်တယ်။ သိမ်းရတဲ့အကြောင်းကတော့ ဘကြီးတော်ရဲ့ ဘိသိက်မင်္ဂလာပွဲကို မဏိပူစော်ဘွား မတက်တာကို အကြောင်းပြုပြီး မထီမဲ့မြင်ပြုတယ်လို့ယူဆကာ နောင်မှာ နောင်ကျင်သွားစေဖို့အတွက် ရည်ရွယ်တယ်။ အဲ့သလို သိမ်းလိုက်တဲ့ အတွက် (အင်အားကြီးတဲ့) အင်္ဂလိပ်အုပ်ချုပ်နေတဲ့ ဗြိတိသျှ-အန္ဒိယနဲ့ နယ်နိမိတ် ထိစပ်မှုက ပိုများလာတယ်။ အင်္ဂလိပ်ကလည်း သူတို့ရဲ့ အကျိုးစီးပွားဖြစ်နေတဲ့ ဗြိတိသျှ-အန္ဒိယ နယ်ပယ်တွေကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ ယူဆပြီး မြန်မာတပ်တွေကို ပြန်လည် တော်လှန်နေတဲ့ အာသံနဲ့ မဏိပူရ၊ ရခိုင် (ရခိုင် (Arakan) က ၁၇၈၄ ကတည်းက ကုန်းဘောင်မင်းဆက်အောက် ရောက်ပြီးဖြစ်) တော်လှန်ရေးတပ်သား (မြန်မာတွေ အခေါ် သူပုန်) တွေကို လက်နက်၊ ရိက္ခာ ထောက်ပံပေးတယ်။

မဏိပူကို မြန်မာဝင်လာတော့ နယ်ချင်းဆက်နေတဲ့ ကချာစော်ဘွားကပါ သူ့နယ်ကိုဆက်သိမ်းမှာ ကြောက်ပြီး အင်္ဂလိပ်အုပ်ချုပ်နေတဲ့ ဗြိတိသျှ-အန္ဒိယဘက်ကို ဝင်ပြီးခိုလှုံတယ်။ အင်္ဂလိပ်ကလည်း ကချာနယ် (Cachar) အပြင် အခြားနယ်ချင်းဆက်နေတဲ့ ဂျိန်းတိယ (Jaintia) နယ်တွေကို သူ့ရဲ့ ကိုလိုနီအဖြစ်ကြေညာပြီး ဗြိတိသျှ-အန္ဒိယထဲကို ထည့်တယ်။ အဲ့နယ်တွေ ကာကွယ်ဖို့အတွက်ဆိုပြီး စစ်တပ်လွှတ်တယ်။

အင်းဝနေပြည်တော် (ဘကြီးတော်က အမရပူရ ကနေ အင်းဝကို ၁၈၂၃ မှာ ပြန်ပြောင်းပြီး နန်းစိုက်ပြီ) ဘက်က အဓိကကျတဲ့ (သြဇာရှိတဲ့) ပုဂ္ဂိုလ်များ ဖြစ်တဲ့ ဘကြီးတော်၊ မဟာဗန္ဒုလ၊ နန်းမတော်မယ်နု နဲ့ သူ့မောင် စလင်းမြို့စား မောင်အို စသူတို့ရဲ့ (အထူးသဖြင့် စစ်သူကြီး ဖြစ်တဲ့ မဟာဗန္ဒုလ) မျှော်မှန်းယူဆချက်ကလည်း အင်းဝအာဏာစက်ကို အာသံနဲ့ မဏိပူရတင်မက အင်္ဂလိပ်အုပ်ချုပ်နေတဲ့ အရှေ့ဘင်ဂေါ ထိပါသက်ရောက်စေနိုင်တဲ့ အင်အားမိမိတို့မှာ ရှိတယ်လို့ ယူဆတယ်။

နယ်စပ်မှ ပြဿနာများ

အထက်ကတင်ပြသလို ရခိုင်၊ အာသံနဲ့ မဏိပူရ တို့က မြန်မာအုပ်ချုပ်မှုအောက်ရောက်နေတော့ အင်္ဂလိပ်အုပ်ချုပ်နေတဲ့ ဗြိတိသျှ-အန္ဒိယ နဲ့ နယ်စပ်ထိစပ်နေပြီ ဖြစ်တဲ့အတွက် မဖြစ်မနေ ရင်ဆိုင်လာရတာက နယ်မြေချင်းထိစပ်တဲ့ နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နယ်ခြားမျဉ်းကိစ္စ၊ ဟိုဘက်ဒီဘက် ကျူးကျော်ဝင်ရောက်မှု စတဲ့ ပြဿနာတွေဖြစ်တယ်။ အဲ့သလို ဖြစ်စဉ်တစ်ခုမှာ အရှေ့အန္ဒိယကုမ္မဏီက ဆင်ဖမ်းသမားတွေ မြန်မာ့ပိုင်နက်ထဲ ဝင်လာလို့ မြန်မာဘက်က ဖမ်းထားလိုက်တယ်။ အဲ့ဒါကို အကြောင်းပြုပြီး နှစ်ဘက်တင်းမာ နေတဲ့ အချိန် ၁၈၂၃ စက်တင်ဘာ မှာ မြန်မာက အင်္ဂလိပ်စစ်တပ်ငယ်တစ်ခုတပ်စွဲထားတဲ့ ရှင်မဖြူကျွန်းကို တက်သိမ်းတယ်။ အဲ့သလိုတက်သိမ်းတော့ အင်္ဂလိပ်က ရှင်မဖြူကျွန်းကနေ မြန်မာတပ်တွေ ဆုတ်ခွာပေးဖို့တောင်းဆိုတယ်။ ပြီးတော့ နောင်နယ်စပ်ပဋိပက္ခ မဖြစ်အောင် နယ်စပ်မျဉ်း အတိအကျ ဆွဲဖို့ဆိုပြီး ကိုယ်စားလှယ်နှစ်ယောက်လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့ ကိုယ်စားလှယ် နှစ်ယောက်ကိုပါ မြန်မာဘက်က ဖမ်းထားလိုက်တယ်။ အဲသလိုနဲ့ နှစ်ဘက် နယ်စပ်ပဋိပက္ခတွေ က ပိုကြီးထွားလာတယ်။

၁၈၂၄ နှစ်ဆန်းမှာပဲ အင်းဝနေပြည်တော်က စစ်သူကြီး သတိုးသီရိ မဟာဥဇန (နာမည်အမှတ်မှားနိုင်တယ်) ကို အင်္ဂလိပ်အုပ်ချုပ်နေပြီဖြစ်တဲ့ ကချာနယ်၊ ဂျိန်းတိယနယ်ထဲ အထိလိုက်ပြီး ရခိုင်၊ အာသံနဲ့ မဏိပူ တော်လှန်ရေးတပ် (သူပုန်တပ်) တွေကို နှိမ်နင်းဖို့ လွှတ်လိုက်တယ်။  အင်္ဂလိပ်ကလည်း သူတို့ရဲ့ တပ်တွေကို မြန်မာတပ်နဲ့ ရင်ဆိုင်ဖို့ လွှတ်တော့ ကချာနယ်မှာ ရင်ဆိုင်တိုက်ပွဲတွေစဖြစ်တယ်။  အဲ့သလိုနဲ့ နယ်စပ် ပြဿနာကို အကြောင်းပြုပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ကို ၁၈၂၄ မတ်လ၊ ၅ ရက်နေ့မှာ တရားဝင် စဖြစ်တယ်။

အင်္ဂလိပ်ဘက်က စစ်တိုက်ချင်တဲ့ အကြောင်းများ

(ဒီနေရာမှာ သတိပြုစေချင်တာက မြန်မာဘုရင်က အထက်မှာ တင်ပြသလို အင်္ဂလိပ်အုပ်ချုပ်တဲ့ ဒေသတွေနဲ့ နယ်စပ်ချင်းထိတဲ့ အထိ နယ်မချဲ့ဘဲနေလည်း အင်အားကြီးမားနေပြီဖြစ်တဲ့ အင်္ဂလိပ်က (အဲ့အချိန်မှာ အင်္ဂလိပ်က ကမ္ဘာမှာ နပိုလီယံရဲ့ ပြင်သစ်အင်ပါယာကိုလည်း နိုင်ပြီးဖြစ်) တဖြည်းဖြည်းနဲ့ နယ်စပ်က နိုင်ငံငယ် လေးတွေကို သိမ်းပြီး တစ်ချိန်ချိန်မှာ မြန်မာပြည်ကိုလည်း သိမ်းမှာဖြစ်တယ်။)

အင်္ဂလိပ်ဘက် က စစ်တိုက်ချင်တဲ့ အဓိက အကြောင်းတွေကတော့


၁) ကုန်ကြမ်းရှာလို့ရတဲ့၊ ကုန်ချောပြန်ရောင်းလို့ရတဲ့ ဈေးကွက် လိုချင်မှု၊
၂) ပထဝီနိုင်ငံရေး၊
၃) မိမိရဲ့ အကျိုးစီးပွား နဲ့ အကျိုးစီးပွားဖြစ်နေတဲ့ နယ်ပယ်ကို ကာကွယ်လိုမှု၊
၎) အင်ဂလို-ဖရန်းစစ် အားပြိုင်မှု၊
(အဲ့အချိန်မှာ ပြင်သစ်ကလည်း မြန်မာမင်းတွေနဲ့ အဆက်အဆံရှိနေပြီ ဖြစ်တယ်။ အထူသဖြင့် ပြင်သစ်သင်္ဘောတွေ မြန်မာ့ပင်လယ်ဆိပ်ကမ်းတွေမှာ အသုံးချခွင့်ရသွားမှာ စိုးရိမ်တယ်။)
၅) လတ်တလောဖြစ်နေတဲ့ နယ်စပ် ပဋိပက္ခများ

မြန်မာဘုရင်ဘက်မှ စစ်တိုက်ဖြစ်စေတဲ့ အကြောင်းများ


၁)  အင်းဝနေပြည်တော် အင်ပါယာကို အနောက်ဘက်မှာ ဆက်လက်ချဲ့ထွင်လိုမှု၊
၂) နိုင်ငံငယ်လေးတွေကို အစဉ်အဆက် နိုင်နေကျ ဖြစ်တဲ့အတွက် အခြားမည့်သည့် နိုင်ငံနှင့်မဆို မိမိအလိုကျ ဆက်ဆံနိုင်ဟု ယူဆမှု၊
၃) ဘကြီးတော် လက်ထက် အာဏာထက်နေတဲ့ ပုဂ္ဂိုလ်များရဲ့ မိမိအင်အားကို အထင်ကြီးမှု၊
၎) နိုင်ငံတကာမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို မသိတော့ အင်္ဂလိပ်ရဲ့ အင်အားကို မှန်မှန်ကန်ကန် မသုံးသပ်တတ်မှု၊
၅) ပထီဝီနိုင်ငံရေးကို မသိမှု၊
၆) လတ်တလောဖြစ်နေတဲ့ နယ်စပ် ပဋိပက္ခများ၊

စစ်ပွဲစတင်ဖြစ်စ နှစ်ဘက် အနိုင်၊ အရှုံး အခြေအနေ

ရခိုင်၊ အာသံနဲ့ မဏိပူနယ်စပ်တွေမှာ စစ်စတင်ဖြစ်တော့ မြန်မာက အဲ့ဒေသတွေမှာ စစ်တိုက်နေတာ ဆယ်စုနှစ်တွေနဲ့ ချီကြာနေပြီဆိုတော့  (လက်နက် မယှဉ်နိုင်ပေမဲ့) ရေမြေကျွမ်းကျင်မှုကြောင့် တပန်းသာတယ်။  မဟာဗန္ဒုလက အင်္ဂလိပ်ကို တိုက်ရာမှာ စစ်မျက်နှာနှစ်ခု ဖွင့်ပြီးတော့ တိုက်ဖို့ ဆုံးဖြတ်တယ်။ ရခိုင်မှ တဆင့် ဘင်္ဂလားရဲ့ အရှေ့တောင်ပိုင်းဖြစ်တဲ့ စစ်တကောင်းကို သိမ်းမဲ့ ထိုးစစ် ရယ်၊ ကချာ၊ ဂျိန်းတိယနယ်တွေမှ တဆင့် ဘင်္ဂလားရဲ့ မြောက်ပိုင်းဖြစ်တဲ့ Sylhet ကို သိမ်းမဲ့ ထိုးစစ်ရယ် ဖြစ်တယ်။ မဟာဗန္ဒုလက ရခိုင်စစ်မျက်နှာကို သူကိုယ်တိုင် ဦးစီးပြီးတော့ ကချာ၊ ဂျိန်းတိယ စစ်မျက်နှာကိုတော့ သတိုးသီရိ မဟာဥဇန (နာမည်အမှတ်မှားနိုင်တယ်) ကိုဦးစီးစေတယ်။ သတိုးသီရိ မဟာဥဇနရဲ့ တပ်က စစ်တရားဝင် မဖြစ်ခင်ကတည်းက ကချာ၊ ဂျိန်းတိယနယ်မှာ အင်္ဂလိပ်တပ်ကို နိုင်ပြီး ဖြစ်တယ်။ အဲ့တော့ သူ့ကို Sylhet ထိ ဆက်သိမ်းစေတယ်။

မဟာဗန္ဒုလဦးစီးတဲ့ ရခိုင်စစ်မျက်နှာမှာ မြဝတီမင်းကြီး ဦးစက စစ်တရားဝင်စဖြစ်ပြီး လပိုင်းအတွင်းမှာပဲ သူ့တပ်ကို ကော့ဘဇား (Cox's Bazzar) အရှေ့ဘက် (၁၀) မိုင်အကွာအထိ သိမ်းနိုင်တယ်။ နောက်ပိုင်း မဟာဗန္ဒုလ တပ်ကိုစောင့်ပြီး တပ်နှစ်တပ်ပေါင်းကာ ကော့ဘဇားကို ဆက်သိမ်းတယ်။ စစ်တကောင်း (Chittagong) နဲ့ ကုမ္မဏီ ဌာနချုပ် ရှိတဲ့ ကာလကတ္တား (Calcutta) မှာ အင်္ဂလိပ်တွေက ကော့ဘဇားကျ သွားတဲ့ သတင်းကြောင့် တော်တော် ထိန်လန့်တုန်လှုပ်ကုန်ကြတယ်။ တကယ်လည်း အဲ့အချိန်မှာ ဗန္ဒုလ တပ်က ဆက်ချီတက်မယ်ဆိုရင် စစ်တကောင်းတင်မက ကာလကတ္တားကိုပါ သိမ်းနိုင်တဲ့ စစ်ရေးအသာရမှုမျိုး မြန်မာဘက်မှာ ရှိတယ်။ ဒါပေမဲ့ ဗန္ဒုလက ရန်သူ့နယ်ထဲ တအားဝင်သွားမှာကို မလိုလားတော့ မြဝတီမင်းကြီး တပ်ကို  စစ်တကောင်းထိ ဆက်မချီတော့ဖို့ အမိန့်ပေးလိုက်တယ်။

စစ်ပွဲ အလယ်နှင့် အဆုံးသတ်

ဗန္ဒုလရဲ့ စစ်တကောင်းထိ တက်မသိမ်းဖို့ ဆုံးဖြတ်ချက်ဟာ တစ်ဘက်က အင်္ဂလိပ်တပ် ပြည်မကို ဝင်တော့ ကိုယ့်တပ်ကို အမြန်ပြန်ဆုတ်နိုင်ခဲ့တဲ့ အကျိုးရလဒ်ရခဲ့ပေမဲ့ အခြားတစ်ဘက်အနေနဲ့ နောက်ဆုံး စစ်ရှုံးလို့ အင်္ဂလိပ်နဲ့ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဖို့ ဆွေးနွေးတော့ အရင်က စစ်တကောင်းကိုပါ သိမ်းပြီး ကာလကတ္တားကိုပါ ထိထိရောက်ရောက် တကယ် ခြိမ်းခြောက်နိုင်ခဲ့ရင် စာချုပ်အရ (စစ်ရှုံးလို့) အင်္ဂလိပ်ကို ပေးရမဲ့ ဒေသ စကားပြောရာမှာ မြန်မာဘက်က အသာစီးရနိုင်မယ်လို့လည်း တချို့ သမိုင်းပညာရှင်တွေက သုံးသပ်ခဲ့ကြတယ်။

စစ်ပွဲအစ ရခိုင် စစ်မျက်နှာမှာ အင်္ဂလိပ်က မြန်မာကို (လက်နက်သာပေမဲ့လည်း) ဒေသကျွမ်းမကျင်မှု၊ ရာသီဥတု အခက်အခဲ စတဲ့ သဘာဝအတားအဆီးတွေကြောင့် ဘယ်လိုမှ မယှဉ်နိုင်ခဲ့တော့ အင်္ဂလိပ်က ဗျူဟာပြောင်းပြီး ရေလမ်းမှတဆင့် မြန်မာ ပြည်မကို ဝင်ခဲ့တယ်။ မြန်မာမှာ ခေတ်မှီတဲ့ စစ်ရေးအမြင်မရှိတော့ အင်္ဂလိပ်တွေ ရေလမ်းကနေ ဝင်လာနိုင်တယ်ဆိုတာကို ကြိုမတွက်မိခဲ့ဘူး။ နောက်ဆုံး အင်္ဂလိပ်ရေတပ်က စစ်သင်္ဘောတွေ ရန်ကုန်ဆိပ်ကမ်းကိုဝင်လာတော့မှ အံ့သြောတကြီးနဲ့ ပြန်ခုခံခဲ့ရတယ်။ ဘကြီးတော်က ဗန္ဒုလကို ရခိုင်စစ်မျက်နှာက ပြန်ခေါ်ပြီး ရန်ကုန်ကို ခုခံစေတယ်။ ရခိုင်မှာ ဦးစ ကျန်ခဲ့ပြီး ရခိုင်စစ်မျက်နှာကို ထိန်းထားတယ်။

ရန်ကုန်တိုက်ပွဲ ၁၈၂၄ မေမှာ စဖြစ်ပြီး နှစ်ကုန်မှာ မြန်မာ ရှုံးလို့ ရန်ကုန်ကနေ ဆုတ်ပေးလိုက်ရတယ်။  ၁၈၂၅  နှစ်ဆန်းမှာပဲ နာမည်ကျော် ဓနုဖြူ တိုက်ပွဲဖြစ်တယ်။ မြန်မာဘက်က ဦးစီးတိုက်တဲ့ ဗန္ဒုလကျတယ်။ ဗန္ဒုလက သတ္တိပြောင်မြောက်တဲ့ စစ်ဗိုလ်ချုပ်ဖြစ်တော့ စစ်ပွဲရဲ့ အရှိန်အမြင့်ဆုံးဖြစ်နေတဲ့ အချိန်မှာ သူ့ရဲဘော်တွေ အားမငယ်အောင် သူကိုယ်တိုင် စစ်မြေပြင်တလျောက် လမ်းလျှေက်ပြီး အားပေးတယ်။ ဒါပေမဲ့ ထုံးတမ်းစဉ်လာ အဆောင်အယောင်ဖြစ်တဲ့  သွားလေရာ ရွှေထီးမိုးတာကို စစ်မြေပြင်မှာပါ ဆက်ကျင့်သုံးတော့ အင်္ဂလိပ်ဘက်က အလွက်တကူပဲ ဗန္ဒုလရှိတဲ့နေရာကို ခန့်မှန်းနိုင်ပြီး စက်အမြှောက်နဲ့ ပစ်တော့ ကျခဲ့ရရှာတယ်။

အင်္ဂလိပ်က ရန်ကုန်ကိုရပြီးတဲ့နောက် ရခိုင်စစ်မျက်နှာကို ပြန်ဖွင့်တယ်။ ဓနုဖြူမှာ ဗန္ဒုလကျတဲ့ ရက်တစ်ရက်တည်းမှာပဲ ရခိုင်မြို့တော် မြောက်ဦးကနေ မြဝတီမင်းကြီး ဦးစ ဦးစီးတဲ့ မြန်မာတပ် ဆုတ်ပေးလိုက်ရတယ်။  ပြည်မမှာ ဓနုဖြူတိုက်ပွဲပြီးတဲ့နောက် မြန်မာဘက်က ပြည်မှာ အပြင်းအထန် (၁၈၂၅ နှစ်ကုန်ပိုင်း) ခုခံခဲ့တယ်။ ပြည်က ဆုတ်ပေးလိုက်ရပြီးတဲ့နောက်တော့ ၁၈၂၆ နှစ်စမှာ ဘကြီးတော်က အင်္ဂလိပ်တပ် နေပြည်တော် အနီးကို ရောက်လာပြီ ဖြစ်တဲ့ အတွက် စစ်ပြေငြိမ်းဖို့ သဘောတူလိုက်ရတယ်။  ၁၈၂၆ ဖေဖော်ဝါရီ ၂၄ အင်းဝနေပြည်တော်နဲ့ (၄၅)မိုင်အကွာ ရန္တပိုမှာ ရခိုင်၊ တနင်္သာရီ၊ အာသံနှင့် မဏိပူရ အင်္ဂလိပ်ကို ပေးမယ်၊ ကချာနဲ့ဂျိန်းတိယကိုလည်း နောင်မှာ မနှောင့်ယှက်တော့ဘူး၊ စစ်လျော်ကြေးငွေ စတာလင်ပေါင် တစ်သန်းလည်းပေးမယ်၊ သံအဖွဲ့အပြန်အလှန်ထားရှိမယ်၊ အင်္ဂလိပ်နဲ့ စီးပွားရေးစာချုပ်တွေလည်း ချုပ်မယ် စတဲ့ သဘောတူညီချက်တွေပါရှိတဲ့ ရန္တပိုစာချုပ်နဲ့ အင်္ဂလိပ် မြန်မာ ပထမစစ် အဆုံသတ်ခဲ့တယ်။

နိဂုံး

အင်္ဂလိပ် မြန်မာ ပထမစစ် သမိုင်းနောက်ခံကို အတိုချုပ်တင်ပြပြီးသွားတော့ ကျနော် အဓိက ပြောချင်တဲ့ စိန့်မာတင်ကျွန်းကို မြန်မာနိုင်ငံက ခုမှ ပေးရတာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို နိဂုံးချုပ်အနေနဲ့ ဆက်လက် ဆွေးနွေးပါမယ်။

ကျနော် ပထမဦးဆုံး တင်ပြတဲ့  စိန့်မာတင် နဲ့ ရှင်မဖြူက သပ်သပ်တစ်ကျွန်းဆီဆိုတဲ့ အယူအဆ အရဆို စိန့်မာတင်ဟာ အစကတည်းက မြန်မာ မပိုင်ခဲ့ဘူး၊ တလျောက်လုံးလည်း မြန်မာ ပိုင်မလာခဲ့ဘူး၊ ခုလည်း မပိုင်ဘူးဆိုတာ ထင်ရှားစေတယ်။ ရခိုင်ဘုရင်လက်ထက်က ပိုင်ခဲ့တာဆိုတာကို ကျနော်အနေနဲ့ မငြင်းပါ။ ပဒေသရာဇ်ခေတ်တစ်လျောက်လုံး နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အင်အားကြီးတဲ့ အချိန်တွေ မှာ အပြန်အလှန် သိမ်းပိုက်ခဲ့ဖူး၊ သြာဇာခံခိုင်းခဲ့ဖူးကြတာ အစဉ်အလာပါ။

မိတ်ဆွေတွေ ခုပြောနေတဲ့ စိန့်မာတင် နဲ့ ရှင်မဖြူ အတူတူပဲ ဆိုတာ မှန်တယ်ဆိုရင်လည်း အဲ့ဒီ ရှင်မဖြူဟာ  အစက မြန်မာပိုင်ခဲ့တာ မဟုတ်ဘူး၊ ကုန်းဘောင်မင်းဆက် အင်ပါယာ ချဲ့ထွင်ရင်းနဲ့ သိမ်းခဲ့တဲ့ နေရာများမှ တစ်ခုသောနေရာသာ ဖြစ်တယ်။ အဲ့သလို ပဒေသရာဇ်လက်နက်နိုင်ငံတော် ဘဝက သိမ်းပိုက်ခဲ့တဲ့ နေရာတွေတိုင်းသာ ခုမပိုင်တော့လို့ အငြင်းပွားကန့်ကွက်နေရမယ်ဆိုရင် ကော့ဘဇာ၊ အာသံ၊ မဏိပူ၊ ဇင်းမယ်၊ အယုဒယ စတဲ့ အဆက်ဆက် နယ်ချဲ့သိမ်းပိုက်ခဲ့ဖူးတဲ့ နေရာတွေအားလုံးအတွက်ပါ ကန့်ကွက်ရမလို၊ မပိုင်တော့လို ဒေါသဖြစ်ရတော့မလို ဖြစ်နေတယ်။ တရုတ်က ပုဂံကို သူတို့လက်လွှတ်လိုက်ရပါတယ် ပြောရင် အဓိပ္ပာယ်မဲ့သလို ခု စိန့်မာတင်ကျွန်းကို ဘင်္ဂလားကို ပေးလိုက်ရလေခြင်းလို့ ကြိတ်မနိုင်၊ ခဲမရဖြစ်နေရတာ အဓိပ္ပာယ်ရှိရဲ့လား ဆိုတာ ဝေဖန်၊ သုံးသပ်၊ စဉ်းစား စေချင်တယ်။

တိုင်းပြည်ကို မှန်မှန်ကန်ကန် ချစ်တတ်ကြပါစေ။

ငြိမ်းချပ်းအေး
၁၇၊ မတ်၊ ၂၀၁၂


မှတ်ချက်။      ။ ကျနော်ရဲ့ ပထမဆောင်းပါး "မြန်မာ၊ ဘင်္ဂလားဒေ့ရှ့်  အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု တရားရုံး ဆုံးဖြတ်ချက်အပေါ် ရှင်းလင်းချက်" အပေါ် ပေးတဲ့မှတ်ချက်များကို ပြန်လည်ရှင်းလင်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ (ခရီးတို တစ်ခုထွက်ရင်းနဲ့ တမ်းလန်း) လက်တမ်း အမြန်ရေးလိုက်ရလို့  အကိုးအကား စာအုပ်နာမည်တွေ ရေးမပေးနိုင်ပါ။ Online Link တွေ ရှာပေးရလောက်အောင်လည်း အင်တာနက်သုံးဖို့ အချိန်မရတဲ့ အတွက် အညွှန်းမပေးနိုင်တော့ပါ။ စိန့်မာတင်ကျွန်း အချက်အလက်ကို ဘင်္ဂလား စွယ်စုံကျမ်းမှ ယူတယ်။  ရှင်မဖြူကျွန်းနဲ့ ပတ်သက်လို့တော့ wikipedia က ယူတယ်။

အဓိကတော့ ဖတ်ခဲ့ဖူးတဲ့  အင်္ဂလိပ် မြန်မာ ပထမစစ် သမိုင်း စာအုပ်တွေ ကို အခြေခံပါတယ်။ မှားတဲ့ အချက်အလက် (အထူးသဖြင့် ခုနှစ်၊ ရက်စွဲ) တွေ့လို့ ပြင်ပေးရင် ကျေးဇူးကြီးပါတယ်။ ဆက်လက်လေ့လာချင်လို့ သမိုင်းစာအုပ်တွေ ဖတ်ချင်တယ်ဆိုရင်တော့ ကိုယ့်လူမျိုးရေး၊ နိုင်ငံခြားသားရေး နှစ်ခုစလုံးကို ဖတ်ဖို့ အကြံပေးချင်ပါတယ်။ "There's always two sides to every story." ဆိုတာကို မမေ့စေချင်ပါ။

ဝေဖန်၊ အကြံပြု၊ အမှားပြင် အားလုံးကို ကြိုဆိုပါတယ်။
 
Photo: myweb.tiscali.co.uk/kenanderson/


မြန်မာ အမြောက်တပ် ဘင်္ဂလာ ငါးဖမ်းစက်လှေကို ပြန်ပေးဆွဲပြီး ကျပ် ၂၅ သိန်းနှင့် ပြန်လွှတ်ပေး
သောကြာနေ့၊ အောက်တိုဘာလ 28 ရက် 2011 ခုနှစ် နိရဉ္စရာ သတင်းဌာန သတင်း - နိရဉ္စရာ သတင်းဌာန
ရခိုင်ကမ်းလွန်ပြင် မေယုမီးပြတွင် တာဝန်ကျနေ သော အမြှောက်တပ် ကင်းစခန်းမှ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်း စက်လှေ တစီးကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၂၅ ယူကာ ပြန်လည် လွှတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။
ဆင်မဖြူကျွန်းတွင် စီးပွားရေး လုပ်ကိုင်နေသူ ကိုမောင်သန်းမှ နိရဉ္စရာသို့ ယခုလို ပြောသည်။

Mayu-lighthouse-Sittwe-350"သူတို့ တောင်းတာက ကျပ်သိန်း ၃၀ တောင်းပါတယ်။ ငါးဖမ်း စက်လှေပေါ်မှာ ပါသွားတဲ့ မိုဘိုင်းဖုံးနဲ့ ဆက်သွယ်ပြီး တောင်းတာပါ။ ပိုင်ရှင်က ကျပ် ၂၅ သိန်းပေးပြီး ငါးဖမ်းလှေကို ပြန်ရွှေးခဲ့ရပါတယ်" ဟု ပြောသည်။

စစ်တွေမြို့ အနောက်ဘက်ရှိ မေယုမီးပြတွင် တာဝန်ကျနေသော အမြှောက်တပ်မှ အဖွဲ့တစ်ဖွဲ့သည် ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက် အတွင်းသို့ အောက်တိုဘာလ ၂၅ ရက်နေ့ ညဥ့်အချိန်တွင် စက်ဘုတ် တစီးဖြင် ရုတ်တရက် ၀င်ရောက်လာပြီး အုန်းကျွန်း အနီးရှိ မော်လဗီကျောက် ပင်လယ်ပြင်တွင် ငါးဖမ်းနေသော ဘင်္ဂလာဒေခ်ျ့မှ ငါးဖမ်း စက်လှေ တစီးကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့သည်။

" အဲဒီ ငါးဖမ်းဘုတ်ပိုင်ရှင်က ဆူလတန် မာဇီး ဖြစ်ပါတယ်။ သူက ရှင်မဖြူကျွန်းကပါ။ ပထမ သိန်း ၃၀တောင်း တော့ ဘင်္ဂလာ တာကာ(၃) သိန်းပို့ပါတယ်။ အမြောက်တပ်က ပြောတာက ဘင်္ဂလာ တာကာ မလိုချင်ဘူး။ ကျပ်ဘဲ လိုချင်တယ်လို့ ပြောတဲ့ အတွက် မောင်တောက ငွေလဲပြီး အချိုရည်ဗူးတွေ၊ သောက်ရေသန့် ဗူးတွေနဲ့ အတူ အောက်တိုဘာလ ၂၆ ရက်နေ့မှာ မေယုမီးပြကို သွားပြီး စက်လှေကို ရွေးယူခဲ့ရပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ မြန်မာ အမြောက်တပ်မှ ဘင်္ဂလာ ငါးဖမ်းစက်လှေကို ပြန်ပေးဆွဲပြီး ငွေ ၂၅ သိန်းတောင်းယူသွား သည့် အပေါ် ဆင်မဖြူကျွန်းမှ တခြား ဒေသခံများကလည်း နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

သို့သော်လည်း မြန်မာ့ အမြောက်တပ်နှင့် ဆက်သွယ်ရန်ခက်ခဲ သဖြင့် အဆိုပါ သတင်း ဟုတ် မဟုတ်ကို အတည်ပြုရန် မေးမြန်းနိုင်ခြင်း မရှိပါ။

မြန်မာ အမြောက်တပ်သာမက နယ်စပ်တွင် တပ်စွဲထားသော နစက တပ်ဖွဲ့ဝင်များ အနေဖြင့် သူတို့တွင် ငွေ အသုံး လိုလာတိုင်း ယခုကဲ့သို့ ဘင်္ဂင်္လာဒေခ်ျ့ ငါးဖမ်းစက်လှေများကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားကာ ငွေတောင်းခံလေ့ရှိကြောင်း နယ်စပ်နေ ပြည်သူများက ပြောသည်။



အုန်းကျွန်း

ဘင်္ဂလာဒေခ်ျ့မှ ငါးဖမ်း စက်လှေ ပိုင်ရှင်က ဆူလတန် မာဇီး ရှင်မဖြူကျွန်းက ဆိုတော့ ရှင်မဖြူကျွန်း
ကိုလည်း ဘင်္ဂလာဒေ့ခ်ျကပိုင်တယ်လို့ ယူဆရပါတယ်။

1 အကြံပြုခြင်း:

Anonymous said...

ကို ငြိမ်းချမ်းအေးရေ။

အကိုပြောတဲ့ အထဲမှာ စိန့်မာတင်ဟာ ဆင်မဖြူ ဟုတ်၊မဟုတ် အကိုကိုယ်တိုင်တောင် ဂဃနဏ မသိသေးဘူးနော်။နတ်မြစ်ဝမှာ ကျွန်းဆိုလို့ ရေတက်ရေကျ ငူးငူးကြီးပေါ်နေတာ ဒီတကျွန်းပဲရှိတယ်။အကိုလဲ အင်တာနက်ကိုင်နေတာပဲ Google Map ဖြစ်၊ Google Earth ဖြစ်ဖြစ် သုံးလို့ရနေတာပဲ။ နတ်မြစ်ဝကို ရှာကြည့်လိုက်ပါ။ အကိုပြောတဲ့ မြန်မာပြည်ဘက်ခြမ်းက အခြားကျွန်းရှိရင်ပြပါ။ အကိုစိတ်ထင်တယ် တခုထဲနဲ့ ကောက်ချက်စွဲလို့ မရဘူးနော်။

ဒီကျွန်းက ဆင်မဖြူ ဟုတ်၊မဟုတ်တောင် သေသေချာချာ မသိသေးပဲနဲ့။ ပိုင်ခြင်း၊ မပိုင်ခြင်းအထိ ဆွဲခေါ်သွားတာ တခုခုလွဲနေသလိုပဲ။

နောက်ဆုံးမှာ အကိုက "ဟုတ် ဟုတ်၊မဟုတ် ဟုတ်" ဒါ မြန်မာမပိုင်ခဲ့ဘူးလို့ ပြောတာ မြန်မာ့သမိုင်းတခုလုံး၊ ရခိုင်သမိုင်းတခုလုံးကို လှောင်ပြောင်လိုက်တာပဲ။

မတူဘူးလို့ အကြောက်အကန် ကိုးကားပြနေစရာ မလိုပါ။ နည်းပညာတိုးတက်ပြီး ကောင်းကင်မြေပုံ အလွယ်အကူပြနိုင်တဲ့ ခေတ်မှာ ဘယ်ဟာ ဆင်မဖြူ၊ ဘယ်ဟာ အုန်းကျွန်း၊ ဘယ်ဟာ စိန့်မာတင်လဲဆိုတာ ရဲရဲချပြလိုက်ပါ။